မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 February 2010

2 ဘောလုံးသမား စိတ်ဓါတ်




“ ဆာဟာ က သူ့ကိုသာ ပုံမှန်ကစားခွင့် မပေးဘူးဆိုရင် သူ အသင်းက နေပြောင်းတော့မယ် တဲ့။ ”

“ ဟုတ်လား။ အေးကွာ မန်ယူကလည်း ဝယ်ထားပြီး မသုံးတာတော့ မကောင်းဘူးပေါ့ကွာ။ ”

ကျွန်တော်တို့ ဒီလိုပဲ ဟိုဟိုဒီဒီ ပေါက်ပေါက်ဖောက်နေတော့ ကျွန်တော်တို့ ဘေးကနေ သူ့ဖာသာ ထိုင်နေတဲ့ အဒေါ်လုပ်သူက ဘာမသိ ၊ ညာမသိ ဝင်ပြောတယ်။ ဝင်ပြောတယ်ဆိုတာ ကျွန်တော်တို့ နှစ်ကြားကို သူက ဝင်ပြောတာတော့ မဟုတ်ဘူး။ သူ့ဖာသာ နေရာက မထပဲ ထိုင်ရာ မထ ပြောတာပါ။ ကျွန်တော်တို့ စကားဝိုင်းထဲကို ဝင်ပြောတာလို့ ဆိုလိုတာပါ။

“ သူက မကစားရတော့ သူ့အတွက် လခ မရလို့လား။ ”

“ မဟုတ်တာ ဒေါ်လေးကလဲ ၊ သူတို့က လစာကို လခနဲ့ မဟုတ်ဘူးဗျ။ သူတို့က အပတ်ရှင်းဗျ။ တစ်ပတ်ကို ဘယ်လောက်ဆိုပြီး ပေးတာ။ ”

“ ဟုတ်လား။ အခု သူက ဘောလုံး မကန်ရတော့ သူအတွက် လုပ်ခမရလို့ အသင်းမှာ ဝင်မကစားရရင် အသင်းပြောင်းမယ်လို့ သူက ပြောတာလား။ ”

“ အာ..မဟုတ်တာ ဒေါ်လေးကလဲ။ သူတို့က အသင်းမှာ ဝင်ကစားရရ ၊ မကစားရရ သူတို့ အတွက် လခက ရပြီးသား။ ”

“ ဟယ်...ဒါများဟာ ၊ ငါသာဆိုရင် မကန်ရလည်း ဘာဖြစ်လဲ အိမ်မှာ အေးဆေးပဲ နေမှာပေါ့။ သူတို့ လေ့ကျင့်ခန်းဝင်ဆို ဝင်လိုက်မယ်။ ပြီးရင် လခလေးယူပြီး အေးဆေး နေမှာပေါ့။ အခုတော့ သူတို့ ဘောလုံးကန်နေတာများ ကြည့်လိုက်ရင် သနားဖို့တောင်မှ ကောင်းတယ်။ ပင်ပန်းလိုက်တာလည်း ပြောမနေနဲ့တော့။ ဒဏ်ရာတွေကလည်း ရသေး။ ”

“ မဟုတ်သေးဘူး ဒေါ်လေးရ ၊ ဘောလုံးသမားဆိုတာ ဘောလုံး မကန်ရရင်ကို မနေနိုင်တဲ့ သူတွေလေ။ ဒါကြောင့် လခကတော့ ရတာပေါ့ ၊ ဒါပေမဲ့ သူတို့ ဘောလုံးပြိုင်ပွဲမှာ မပါရရင် နေလို့ ထိုင်လို့ မရဖြစ်တတ်ကြတာ။ ပြိုင်ပွဲကို ဝင်ပြီး ပြိုင်ချင်ကြတာ။ ”

“ အေးလေ ဒေါ်လေး ပြောတာကလည်း လေ့ကျင့်ကွင်းမှာ ကန်နေရတာပဲလေ။ မပါရလည်း ဘာဖြစ်လဲ မဟုတ်ဘူးလား။ ”

ဒေါ်လေးက ဒီလို ပြောလို့ ကျွန်တော် ထပ်ရှင်းပြမယ် လုပ်တော့ မေမေက ဒေါ်လေး နောက်ကနေ ကျွန်တော့်ကို ခေါင်းခါပြတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း ဒေါ်လေးကို ဆက်မရှင်းပြတော့ပဲ ကိုယ့်ဖာသာကိုယ် ဘရိတ်ဆွဲလိုက်တော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော် ငယ်ငယ်ကတည်းက အခု အချိန်ထိ အားပေးနေတဲ့ အသင်းက “ လီဗာပူး ” ။ ရှုံးသည်ဖြစ်စေ ၊ နိုင်သည် ဖြစ်စေ ကိုယ့်စိတ်တိုင်းကျ လုပ်ပိုင်ခွင့် မရှိပေမဲ့ လီဗာပူး ကိုပဲ ဆက်အားပေးသွားမှာပါ။ ကျွန်တော့်အမေကလည်း အားပေးနေတဲ့ အသင်းက “ လီဗာပူး ” ပဲ။ ကျွန်တော်တို့ သားအမိ ဒုတိယအားပေးတဲ့ အသင်းက “ မန်ယူ ” ။

ဘောပွဲဆိုရင် မေမေက တော်တော်ကို ဝါသနာပါတယ်။ ညကြီးအချိန်မတော်တောင်မှ ထပြီးကြည့်တယ်။ ဒါကြောင့် ဘောလုံးပွဲရဲ့ စည်းကမ်းတွေ ၊ အချက်အလက်တွေကို မေမေက သာမာန်လူတစ်ယောက်ကို ရှင်းပြနိုင်လောက်ကို သိတယ်။ အခုလည်း ဒေါ်လေးပြောတာ မှားနေတယ် ဆိုတာ သိပေမဲ့ သူ့ကို နားလည်အောင် ရှင်းပြရင် တော်တော် ခက်မှာ မို့ ခေါင်းခါပြတာ နေမယ်။

ကျွန်တော်လည်း ဒေါ်လေးကို ဘာမှ ဆက်မပြောတော့ပဲ။ သူ့လို ငါ တစ်ခါမှ မစဉ်းစားမိပါလားလို့ တွေးမိတယ်။

ကျွန်တော့်ဘဝရဲ့ အစောပိုင်းကာလတွေမှာ ကျွန်တော့်မှာ အိမ်က အလုပ်က လွဲရင် ဘာမှ လုပ်စရာ မရှိပါ။ အိမ်က အလုပ်ဆိုတာကလည်း အကြမ်းထည် အပိုင်းတွေကို အလုပ်သမားတွေနဲ့ မေမေက ဦးစီး လုပ်တယ်။ အချောထည်အပိုင်းကျမှသာ ဖေဖေ နဲ့ ကျွန်တော် လုပ်တယ်။

သို့သော် များသော အားဖြင့် ဖေဖေက လုပ်နေတာ များတော့ ကျွန်တော့်မှာ အိမ်အလုပ်ကို မီးမမှန်လို့ ၊ ပစ္စည်း အရေးကြီးလို့ ဆိုသော အချိန်တွေမှာသာ ကျွန်တော်က ညဆိုင်း ဝင်လုပ်ပေးရတယ်။ ကျန်တဲ့ အချိန်က ဘာမှ လုပ်စရာ မရှိတော့ ကျွန်တော့်မှာ တစ်နေ့တစ်နေ့ ကျွန်တော့်လုပ်ဖြစ်တာတွေက ဘောလုံးကန်တယ် ၊ ချက်ထိုးတယ် ၊ စာအုပ်ဖတ်တယ် ၊ စာရေးတယ်။ ဒါနဲ့ပဲ အချိန်ကုန်ခဲ့မိတယ်။

ဒါကြောင့် ကျွန်တော် ဘောလုံးကန်တာကို ပြန်တွေးမိပြီး ငါ ဘယ်လိုများ ဘောလုံးကန်မိလဲ ၊ ဘယ်လို စိတ်ဓါတ်မျိုးနဲ့ ဘောလုံးကန်လဲ လို့ ပြန်တွေးမိတယ်။ ဒီမှာ “ ဘောလုံးသမား စိတ်ဓါတ် ” ဆိုတာကို သတိထားမိတယ်။

ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူလည်း ကျွန်တော်တို့နဲ့ ဘောလုံး အတူတူကန်တာပါပဲ။ ဒါပေမဲ့ သူကတော့ ဘောလုံးကန်တယ် ဆိုတာထက် ဘောလုံးကန်တာကို ထိုင်ကြည့်ရတာ သူပိုပြီး စိတ်ထက်သန်တယ်။ တစ်ခါတစ်လေ တခြား အသင်းတွေနဲ့ ကျွန်တော်တို့ ဘောလုံး ပိုက်ဆံကြေးချိန်းကန်တယ် ဆိုရင် သူက ဝင်ကန်တာတယ် ဆိုတာ မရှိဘူး။ ဘယ်တော့ သွားကန်ကန် သူက လိုက်တယ် ၊ လောင်းကြေးလည်း ထည့်တယ်။ ဝင်တော့ မကန်။ ကြည့်နေရတာနဲ့ သူ ကျေနပ်တယ်။

ကျွန်တော်တို့ကျတော့ မရဘူး ၊ ဝင်များ မကန်ရရင် သေတော့ မလိုကို ဖြစ်နေတာ။ ၁၁ ယောက်ကြေး ကန်လို့ပဲ ဖြစ်ဖြစ် ၊ ၇ ယောက်ကြေးကန်လို့ပဲ ဖြစ်ဖြစ် လူပြည့်နေလို့ ဘေးမှာ ထိုင်နေရရင် နည်းနည်းပြေးအားကျနေတဲ့ ကောင် ကို. . .

“ ဟေ့ကောင့် မင်းမောနေပြီ မလား ၊ ခဏထွက်နားလေ။ ”

ဆိုပြီး ဝင်ကန်ချင်နေတာ။ တကယ်လို့ ကိုယ်က ဝင်ကန်နေရတယ် ဆိုရင်လည်း သူများက “ ဟေ့ကောင် မင်းမောနေပြီလား ” ဆိုပြီး မေးရင် “ ဘယ်တော့မှ မမော ၊ ပိုပြေးပြတယ်။ ” ။ ထွက်မပေးချင်။

တကယ်လည်း ကျွန်တော် ကစားခဲ့သမျှ ဘောလုံးပွဲတွေမှာ ကျွန်တော် ခြေထောက်ခေါက်သွားလို့က လွဲရင် ကျွန်တော့် ပွဲမပြီးခင် နားတယ် ဆိုတာ မရှိဖူး ၊ လူစားလဲလို့သာ ဘေးထွက်နေရရင် နေရမယ်။ ကိုယ့်ဖာသာတော့ ဘယ်တော့မှ ဘေးမှာ ထွက်မထိုင်။ ဒါဟာ “ ဘောလုံးသမား စိတ်ဓါတ် ” ပဲ ဖြစ်မယ်။

ဒီလို “ ဘောလုံးသမား စိတ်ဓါတ် ” နဲ့ ပတ်သတ်ပြီး ကမ္ဘာကျော် ဘောလုံးသမားတစ်ယောက် ၊ အထူးသဖြင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ရွှေဖိနပ်ကို နှစ်ကြိမ်တိုင်တိုင် ရထားပါလျှက်နဲ့ ဒီလိုမျိုး ကြိုးစားချင်စိတ်နည်းလာပြီး ကွင်းဘေးမှာ ၊ အရံမှာ ထိုင်နေရင်လည်း ငါ့လခတော့ ရတာပါပဲ ဆိုသော စိတ်ဓါတ်ကြောင့် နာမည်ပျက်သွားသော နာမည်ကြီး ဘောလုံး ကစားသမား တစ်ယောက် ပူပူနွေးနွေး ရှိနေပါတယ်။

သူကတော့ အားလုံးသိကြတဲ့ ဘရာဇီး နိုင်ငံသား “ ရော်နယ်ဒို ” ( ဒိုကြီး ) လို့ ခေါ်ကြတယ်။ အခု ရီးရဲမက်ဒရစ်မှာ ကစားနေသော “ စီရော်နယ်ဒို ” မဟုတ်ပါ။ ရော်နယ်ဒို ဟာ မွေးရာပါ ဘောလုံး ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သည်။ ဘောလုံးကို ဥာဏ်စွမ်းထက် သူ့ရဲ့ မွေးရာပါ လှပသော အလိမ်အခေါက် ပညာလေးများဖြင့် ခန္ဓာကိုယ်ကို အသုံးချကာ ကစားတတ်သည်။



သူ ဘာစီလိုနာမှာ ကစားခဲ့သော အချိန်များမှာ သူ့ဘဝရဲ့ ရွှေရောင်တောက်သော နေ့ရက်များဖြစ်သည်။ ဒီမှာ သူ့ရဲ့ အကောင်းဆုံး ရွှေရောင် ကစားသမားဘဝကို ရရှိကာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အဖြစ် နှစ်နှစ် ဆက်တိုက် ရွေးခြယ်ခြင်း ခံရသည်။ ထိုနောက်မှတော့ သူ့ကို စံချိန်တင် ပြောင်းရွေ့ကြေးဖြင့် အင်တာမီလန် အသင်းက ခေါ်လိုက်လေသည်။ အင်တာမီလန် အသင်းမှာ သူရဲ့ အကောင်းဆုံးသော ကစားဟန်များနဲ့ အကောင်းဆုံး ရင်သပ်ရှုမောဖွယ် ကစားပြသည်။

သို့သော် သူ့ကံမကောင်းလှ။ သိပ်မကြာခင် အချိန်မှာ သူ ဒဏ်ရာပြင်းထန်စွာ ရသည်။ ထိုကြောင့် အနားယူကာ သူခွဲစိတ်ကုသရသည်။ ထိုနောက် ပြန်လည်သက်သာလာတော့ သူ့ကို ဈေးကြီးပေးဝယ်ထားရသော အင်တာမီလန် အသင်းနှင့် အားပေးသူ ပရိသတ်များက လိုလားကြသည်။ သူ ကြိုးစား ပြန်ကစားသော်လည်း သိပ်မကြာခင်မှာ ပိုပြီး ပြင်းထန်သော ဒဏ်ရာ ပြင်းပြင်း ထပ်ရသည်။ ထို့ကြောင့် သူထပ်ပြီး ခွဲစိတ်ရတော့သည်။

ပြင်းထန်သော ဒဏ်ရာ ဖြစ်သောကြောင့် ခွဲစိတ်ကုသပြီးတာတောင်မှ သူတော်တော် နှင့် ပြန်မကစားနိုင်။ သို့သော် ကျွန်တော် အဒေါ်ပြောသော သူ့အတွက် လုပ်ခအပတ်စာ ကတော့ သူ ပုံမှန်ရနေတာ ဖြစ်သည်။ ထို့နောက် သူ ဒဏ်မှာ ပြန်လည် သက်သာလာတော့ အရင်လို “ ရော်နယ်ဒို ကွ ” ဆိုပြီး အားကြိုးမာန်တတ် မကစားတော့ သူ့ကို ထိခိုက်မှာ ကြောက်စွာနဲ့ပဲ သူ ရှောင်ကစားတယ်။ အင်တာမီလန် အသင်းက သူ့ကို ကြေးကြီးပေးပြီး ဝယ်ထားကာ ဘာမှ အသုံးမချလိုက်ရ။ သူရဲ့ စွမ်းရည်တွေကို မြင်ချင်လှသော ပရိသတ်များကလည်း မျှော်လင့်သလို ဖြစ်မလာ။

ထိုစဉ် သူ နောက်တစ်ကြိမ် ဒဏ်ရာမှ ပြန်လည် နာကြင်မှု ခံစားရ အပြီးမှာတော့ သူ ထပ်၍ အတော်ကြာ နားလေတော့သည်။ ထိုကာလ အတောအတွင်းလည်း သူ့အတွက် လုပ်ခ လစာက ပုံမှန်ရနေခဲ့ပါတယ်။ သူအသင်းကို စရောက်ပြီး လက်ရှိ အချိန်ထိ ပြန်လည် ထွက်ကြည့်ရင် နှစ်နှစ် လုံးလုံး သူ ဘာပွဲမှ သေသေချာချာ မကစားခဲ့ရ။ လုပ်ခလစာတွေကတော့ ပုံမှန် ရနေခဲ့တယ်။

တစ်ချိန်က ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှူး ရော်နယ်ဒို ဆိုတာကို နောက်တန်း သမားတွေ မေ့လာကြတယ်။ သူ့ရဲ့ အလိမ်အခေါက် အပြေးအလွှားများကို လူတွေ သတိမရကြတော့.. ။ ဒါ ရော်နယ်ဒို ရဲ့ ကျဆုံးခန်း မဟုတ်လား။ ဒါပေမဲ့ ဒီကိစ္စက ဒီလောက်နဲ့ မရပ်ခဲ့ပါဘူး။ သူ့ကို ဈေးကြီးပေးဝယ်ထားပြီး ဘာမှ သူ့ရဲ့ စွမ်းဆောင်ရည် ပြည့်ပြည့်ဝဝ မရရှိသေးပဲ လုပ်ခ လစာတွေသာ ပုံမှန်ပေးပြီး သူကျန်းမာရေး ပြန်အကောင်းကို စောင့်နေတဲ့ အသင်းကို သူ နှုတ်ဆက်ပြီး ရီးရဲမက်ဒရစ်ကို ပြောင်းမယ် ဆိုတော့ အားလုံးက ဒေါသထွက်ကြတယ်။ အမျက်ရှကြတယ်။

ဒါပေမဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ရော်နယ်ဒို နေကောင်းလာတော့ ရီးရဲမက်ဒရစ်ကို ပြောင်းလာတယ်။ အစွမ်းအစ ရှိပြီးသား သူ့ကို ရီးရဲ ကလည်း အကြွင်းမရှိ ယုံကြည်စွာ ခေါ်လိုက်တယ်။ “ ရော်နယ်ဒို ပြန်လာပြီ။ ” ပေါ့လေ။ သူ နှစ်နှစ် အပေါ့စား လေ့ကျင့်ခန်းတွေသာ လုပ်ခဲ့ရသူ အခုတော့ အသင်းသစ်မှာ ညှစ်ပြီး ကစားရတော့မယ်။ ဒါပေမဲ့ နှစ်နှစ် အတောအတွင်း သူက အရင် ရော်နယ်ဒို မဟုတ်တော့ ခန္ဓာကိုယ်ကလည်း ဝလာခဲ့တယ်။ ကစားအားတွေလည်း ကျလာခဲ့တယ်။ အမြန်နှုန်းတွေလည်း လျော့လာခဲ့တယ်။

ဒီထက် ဆိုတာက နောက်တစ်ကြိမ် ဒဏ်ရာ ထပ်မရရေး ဆိုသော အကြောင်းတရားက သူ့ခေါင်းထဲမှာ စွဲမြဲနေခဲ့တယ်။ အရင်လို အတင်းတိုးဝင် ဖောက်ထွက် မလုပ်တော့ သူ ရှောင်ကွင်းသာ ကစားတော့သည်။ ရော်နယ်ဒို ဆိုတာ ဟုတ်မှ ဟုတ်ပါရဲ့လားလို့ အားလုံးက သံသယ ရှိကြတယ်။ ဒါပေမဲ့ ရော်နယ်ဒို အစစ်ပါ။ သို့သော် ကွင်းပြင်မှာ ပြေးလွှားဆော့ကစားပြီး ပြိုင်ဘက်ကို ထိုးဖောက်နေခဲ့သော ရော်နယ်ဒိုတော့ မဟုတ်တော့ ၊ အခု ရော်နယ်ဒိုက ဒဏ်ရာ မရအောင် ရှောင်ကစားမယ်။ သူ့ကို ကွင်းကနေ အနားပေးရင်လည်း လခကတော့ ပုံမှန်ရနေတာပဲ ဆိုသော စိတ်ကူးမျိုးဖြင့် မှိုင်းဝနေသော စိတ်ဓါတ်တွေ သူ့မှာ ရှိနေပြီ။

တိုက်ရဲ ခိုက်ရဲ ထိုးဖောက်ရဲသော “ ဘောလုံးသမား စိတ်ဓါတ် ” တွေသူ့မှာ ပျေုာက်ကွယ်နေခဲ့ပြီ။ အချိန်တန် လစာ ရတာပါပဲ ဆိုသော မှိုင်းဝနေသော စိတ်ဓါတ်များဖြင့် “ မှိုင်းမိ ဘောလုံးသမား စိတ်ဓါတ်နဲ့ လူ ” တစ်ယောက် ဖြစ်နေခဲ့ပြီ။ ဒါကြောင့်ပဲ သူ ရီးရဲမက်ဒရစ်မှာ မအောင်မြင်စွာနဲ့ ဆုတ်ခွာပြီး နောက်ထပ် အသင်းပြန်ပြောင်းတယ်။

ဒီမှာလည်း မအောင်မြင်ပြန် ၊ နောက်ထပ် ... . . . .၊ နောက်ထပ်. . . . .

နောက်ထပ်ပေါင်းများစွာ အသင်းတွေ ဘယ်လို ပြောင်းပြောင်း တကယ်တော့ သူ့ရင်ထဲ ၊ စိတ်ထဲ ၊ နှလုံးသားထဲမှာ ဖြစ်နေတဲ့ ရေသာခိုချင်သော မှိုင်းမိ စိတ်ဓါတ်များကို သူ့ဖာသာ မရှင်းနိုင်သမျှ သူ ဘယ်လိုမှ ပြန်လည် အောင်မြင်တော့မှာ မဟုတ်ပါ။ အသက်သိပ်မကြီးသေးတဲ့ အရွယ်မှာပဲ သူရဲ့ စိတ်ဓါတ်က သူ့ကို ရင့်ရော်စေခဲ့ပြီ။
အခုတော့ ရော်နယ်ဒို တစ်ယောက် ကမ္ဘာမြေရဲ့ ဘောလုံးလောကမှာ အရင်က ဘယ်လို တောက်ပခဲ့တယ် ဆိုတာ ရာဇဝင်တစ်ခု အနေနဲ့ ကျန်ခဲ့ပါပြီ။

ဒါက မကစားလည်းပဲ အချိန်တန်ရင် လခရနေတာပါပဲ ဆိုသော ဘောလုံးသမား တစ်ယောက်ရဲ့ စိတ်ဓါတ် နဲ့ လခက ရရ ၊ မရရ အချိန်ပြည့် မကစားရရင် ဘောလုံးပွဲတွေမှာ တွေ့ဖူးမှာပါ ဒေါသတွေ ပေါက်ကွဲတတ်တဲ့ ဘောလုံးသမားတွေ ။ ဒါက ဘောလုံးသမားချင်း တူပေမဲ့ သူတို့ရဲ့ ရင်ထဲမှာ ထည့်ထားတဲ့ “ ဘောလုံးသမား စိတ်ဓါတ် ” တွေပါပဲ။

ထားတော့.. . . ၊ ထားတော့. . . ၊ ဘောလုံးသမားတွေကို ထားလိုက်ပါတော့. .။

ကျွန်တော်တို့ကရော ငါ ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်မှာ သက်သက်သာသာနဲ့ ပိုက်ဆံ ရနေတယ် ဆိုပြီး မှိန်းနေတတ်ပါသလား။ တစ်ခုခုကို မကြိုးစားပဲနဲ့ ငြိမ်နေပြီး ရေသာခိုကာ ၊ ကိုယ့်ကိုယ်ကိုယ် မှိုင်းမိခံနေပါသလား။ ဒါဆိုရင် ကျွန်တော့်တစ်ခုပဲ ပြောစရာ ရှိပါတယ်။ ယခု
စာဖတ်သူ အောင်မြင်ရင် အောင်မြင်နေပါလိမ့်မယ်။ နောင်တစ်နေ့ စာဖတ်သူ ရဲ့သမိုင်းကြောင်း ဆိုတာ လေထဲက မိုးခိုးငွေ့လို ရေးရေးမျှသာ ကျန်နေခဲ့ပါလိမ့်မည်။

ကိုယ်ရောက်နေတဲ့ နေရာမှာ အောင်မြင်နေတာပဲ ဖြစ်ဖြစ် ၊ ကျရှုံးနေတာပဲ ဖြစ်ဖြစ် ၊ ဝင်ငွေတွေ အများကြီး ဝင်နေတာပဲ ဖြစ်ဖြစ် ၊ ဝင်ငွေနည်းနေတာပဲ ဖြစ်ဖြစ် စာဖတ်သူကတော့ “ မနေ့က ငါထက် ဒီနေ့ ငါက ပိုသာအောင် ကြိုးစားနေသင့်ပါတယ်။ ” ။ ဘဝဆိုတာ တိုက်ရဲခိုက်ရဲ ၊ အမြဲတမ်း ဝင်ရောက် ယှဉ်ပြိုင်နေရဲတဲ့ “ ဘောလုံးသမားလို စိတ်ဓါတ်မျိုး ” မရှိမဖြစ်ကို လိုအပ်ပါတယ်။


မှတ်ချက်။ ။ ပြည်ထောင်စုနေ့ အတွက် ပြည်ထောင်စုသား အားလုံးအတွက် အမှတ်တရ ရေးပါသည်။

pdf ဖြင့် ဒီနေရာ မှ ယူပါ။

ကိုဇော် ခံစားပုံဖော်သည်။

.
Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

အကိုကြီး ရေးထားတဲ့ ဘောလုံးသမား စိတ်ဓါတ် ဆောင်းပါးလေး အရမ်းကို ကောင်းပါတယ် သင်ခန်းစာလည်းရပါတယ် အဲ့လိုနေသလို ဖြစ်နေတဲ့ ကျွန်တော်တို့ စိတ်ဓါတ်ကိုလည်း မီးမောင်းထိုးပြသလိုပါပဲ ကျေးဇူး အထူးတင်ပါတယ် အကိုကြီး

Flower said...

ဘောလုံးသမားစိတ်ဓာတ်က လူတိုင်းထားသင့်တဲ့ စိတ်ဓာတ်ပါ.. ရေသာခို အချောင်လိုက်ခြင်းအားဖြင့် လူရောစိတ်ဓာတ်ပါ ပျက်စီးစေပါတယ်..
လူငယ်တွေကို အသိတရားပေးတဲ့ ဒီပိုစ့်လေးဟာ သိပ်ကိုကောင်းပါတယ်..
လူငယ်တိုင်းကို ဖတ်မိစေချင်ပါတယ်..