မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 August 2011

29 ဘလော့ဒေး ( Tag )



တကယ်တော့ ကျွန်တော်ဟာ အူတူတူ ၊ အတတ ဆိုတဲ့ ကျွန်တော့်ရဲ့ မူရင်းစွဲ လက်ကိုင် ပုံစံအတိုင်း ဘလော့ လောကထဲကို အူလည်လည် ရောက်ရှိလာခဲ့တာပါ။ ဘလော့ . . . ဘလော့ . . . ဆိုပြီး သူများတွေ ပြောနေကျပေမဲ့လည်း ကျွန်တော်က တကယ်ကို ဘာဆို ဘာမှ မသိခဲ့ပါဘူး။ အခုလို ဘလော့ဒေး ဘာညာဆို ပိုလို့တောင်မှ ဝေးရောပေါ့ဗျာ။ ကျွန်တော် တကယ်ကို မသိပါဘူး။ ကျွန်တော်က ကျွန်တော် ရေးချင်တာကိုပဲ သိခဲ့တဲ့ လူတစ်ယောက်ပါ။

ဘလော့ ဆိုတာနဲ့ ကျွန်တော့် ပထမဦးဆုံး ရင်းနှီးခဲ့တာက ကျွန်တော့်ရဲ့ အစ်မကြီးလို အစစ အရာရာ သွန်သင်ပေးတတ်တဲ့ အစ်မ “ မေမဒီ ” ရဲ့ ဘလော့ကနေ ဘလော့ဆိုတာကို သိခွင့်ရခဲ့တာပါ။ စာအကြောင်း ပေအကြောင်းတွေ ပြောရင်းနဲ့ ဘလော့ရေးပါလား ဆိုပြီး အစ်မက သူ့ဘလော့လေးကို ပြခဲ့တာပါ။ ဒါပေမဲ့ အစ်မက ဘလော့သာ လုပ်ပြီး ရေးတာပါ ၊ ဖြစ်ချင်တော့  မြန်မာ လက်ကွက် တောင်မှ မရေးတတ်ပါဘူး။ မောက်စ်လေးနဲ့ ထောက်ပြီး ရေး ၊ ကော်ပီကူးပြီးမှ ခက်ခက်ခဲခဲနဲ့ ဘလော့ကို ရေးတင်ရတဲ့ လူတစ်ယောက်ပါ။ ပြီးတော့ အလွန်ကို အလုပ်များသူ တစ်ယောက်ပါ။ ဒါကြောင့် သိပ်လည်း ဖြစ်ဖြစ်မြောက်မြောက် မရေးဖြစ်ခဲ့ပါဘူး။

ဒါပေမဲ့လည်း ဒီလို ဘလော့လေးကပဲ နှစ်ပေါင်းများစွာ ပြာဖုံးနေတဲ့ ကျွန်တော့်ရဲ့ စာရေးချင်စိတ်ကို ခပ်ပြင်းပြင်း ယပ်ခတ်ထုတ်ကာ မီးတောက်လေး ပေါ်လာစေခဲ့တာပါပဲ။ ဒါနဲ့ပဲ ကျွန်တော် စာရေးမယ် ဆိုကာ ဘလော့လေး တစ်ခုကို တောင်လုပ် မြောက်လုပ်နဲ့ လုပ်မိပါတော့တယ်။ ဘလော့သာ ပြီးတယ် ဘလော့စရေးသူတွေရဲ့ ထုံးစံ အတိုင်း ဘာအကြောင်းအရာကို ရေးရမှန်း မသိ။ ကျွန်တော်က များသော အားဖြင့် လူ့ဘဝရဲ့ သာမာန် ဖြစ်ရပ်တွေကို သူများတွေ ရှု့မြင်လေ့ မရှိတဲ့ တခြားသော ဘက်က ရှု့မြင်ပြီး ပျော်ရွှင် ရယ်မောတတ်သူ ဆိုတော့ ဒီလို တွေးမိတဲ့ အကြောင်းလေးတွေကို ရေးရင် ကောင်းမလား ရယ်လို့ စဉ်းစားမိပြန်ပါတယ်။

ဒီလိုနဲ့ ချရေးလိုက်တော့ ကပေါက်တိ ကပေါက်ချာ ၊ ဟိုရောက် ဒီရောက်ပါပဲ။ ငါ့ဘလော့မှာ ပို့စ်လေးတွေ တော်တော်များလာမှ သူငယ်ချင်းတွေကို ကြွားမယ် ဆိုပြီး ကိုယ့်ဖာသာ လူမသိ သူမသိ ကျိတ်ရေးနေတာဗျ။ ဒါပေမဲ့ တစ်နေ့မှာတော့ ညီလေး “ ကိုဟိန်း ” ကို ပြောပြမိတော့ သူက “ အစ်ကို . . . Blogspot တွေကို မြန်မာနိုင်ငံက ပိတ်ထားတယ်လေ။ ” လို့ ဆိုလာပြန်ပါတယ်။ ဒီတော့မှ Blogspot ကို မြန်မာမှာ ပိတ်ထားတယ် ဆိုတာ သိရတဲ့ ကျွန်တော်ပါ။ “ ဟင် . . . ဒါဆို ဘယ်မှာ ရေးမှ မြန်မာနိုင်ငံက ဖတ်လို့ ရမှာလဲ။ ” လို့ မေးတော့ သူက ကျွန်တော့်ကို လင့်လေး တစ်ခု ပေးပါတယ်။ ဒါကတော့ www.multiply.com ပါပဲ။

ဒီနောက်ပိုင်း အချိန်တွေမှာတော့ ကျွန်တော် Multiply မှာပဲ ဆက်တိုက် ရေးခဲ့ပါတယ်။ Blogspot မှာမှ ၊ Multiply မှာမှ ၊ Wordpress မှာမှ ဆိုပြီးတော့ ကျွန်တော့်မှာ အစွဲ မရှိပါဘူး။ ကျွန်တော်က စာရေးချင်တယ် ၊ ဒါကြောင့် စာရေးတယ် ၊ ရေးလို့ အဆင်ပြေမဲ့ နေရာမှာ ရေးတယ် ဆိုရုံလေးသာ ရှိတာပါ။ ဒါကြောင့် ရေးလက်စ ဘလော့စပေါ့လေးကို ပိတ်ထားပြီးတော့ မာတီမှာပဲ ဆက်ရေးခဲ့ပါတယ်။ အဆင်ပြေပါတယ်။ အရာရာက အဆင်ပြေပြီးတော့ တစ်နေ့မှာတော့ ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်တွေထဲက တစ်ယောက်က Ning ဆိုက်တစ်ခုမှာ ကျွန်တော့် ပို့စ်တွေကို တခြားလူက သူ့နာမည်နဲ့ တင်တယ် ဆိုပြီး ကျွန်တော့်အစား ရန်ုဖြစ်ပေးပါတယ် :D

တခြားသူတွေ အတွက် သာမာန် ဖြစ်နေနိုင်ပေမဲ့ ဒီကိစ္စဟာ တော်တော်နဲ့ မပြီးခဲ့ပါဘူး။ ပိုင်ရှင် ကျွန်တော်ကိုယ်တိုင်က ဝင်တောင်းပန်တာတောင် အတော်ကို အကျယ်အကျယ် ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော့်အစား ဝင်ရန်ဖြစ်တဲ့ သူကလည်း မှန်နေတော့ မလျော့ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ကျွန်တော့်ဖာသာပဲ လွယ်လွယ်ကူကူ Copy & Paste လုပ်မရအောင် ဘယ်လို လုပ်ရမလဲ ဆိုပြီး မေးမြန်းကြည့်ရင်း ဒီဘလော့စပေါ့ကို ပြန်ရောက်လာခဲ့တာပါ။ မာတီမှာ HTML အလုပ်မလုပ်ဘူး လို့ ဆိုကြတယ်။ ဒါနဲ့ပဲ ကျွန်တော် အရင်က ရေးရင်း ရပ်ထားတဲ့ ဘလော့စပေါ့ကို မာတီက ပို့စ်တွေ ပြန်ကူးတင်ရင်း ပြန်ရောက်လာခဲ့တာပါ။

ဒါလေးပါပဲ။ ကျွန်တော့်ရဲ့ ဘလော့ဂါသမား တစ်ယောက် ဘဝက ဘာမှ ထွေထွေထူးထူး မရှိဘူးလို့ပဲ ထင်ပါတယ်။ ဒါပေမဲ့ တစ်ခု ရှိတာကတော့ ကျွန်တော့်မှာ ခံယူချက် ပြင်းပြင်းပြပြ တစ်ခုတော့ ရှိပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ “ အနုပညာ သမား စစ်စစ် တစ်ယောက်ဟာ လူကြိုက်များအောင် လုပ်မနေဘူး။ ” ဆိုတာပါပဲ။ အထူးသဖြင့် ကျွန်တော် သဘောကျတဲ့ အနုပညာသမား ပန်းချီဆရာ “ ဗင်းဆင့် ဗင်ဂိုး ” ရဲ့ စိတ်ဓါတ်မျိုးပါပဲ။ “ သူများကြိုက်တာ လိုက်လုပ်နေရင် ကိုယ့်ရဲ့ ပုံစံဆိုသော အနုပညာ ရပ်တည်မှုက ရှိတော့မည် မဟုတ်။ ” ဟု ဆိုပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ စိတ်ခံစားမှု အတိုင်းပဲ ကျွန်တော့်ရဲ့ စာတွေကို ပုံဖော်ခဲ့ပါတယ်။

ဒီမှာ စာဖတ်သူတွေ အနေနဲ့ ကြိုက်နှစ်သက်တာတွေ ရှိနိုင်သလို ၊ မနှစ်မြို့စရာတွေလည်း ရှိနေနိုင်မှာ အသေအချာပါပဲ။ ဘလော့ရပ်ဝန်းမှာ ပျော်ရွှင်စွာ ရေးကြတဲ့ Tag ပို့စ်များမှ လွဲ၍ ကျွန်တော် ဘယ်သူ့ကိုမှလည်း မတုပ ခဲ့သလို ၊ ဘယ်သူနဲ့မှလည်း ယှဉ်ပြိုင်မရေးခဲ့ပါဘူး။ Tag ပို့စ် ဆိုရင်လည်း တကယ်ကို Tag ပို့စ်ဆန်အောင် ရေးခဲ့ပါတယ်။ ကျွန်တော် စိတ်ပါပြီး အားရင် အားသလို စာရေးဖြစ်ပြီးတော့ စိတ်မပါရင် အတင်းညှစ်ပြီးတော့ကို စာတစ်လုံးတောင်မှ ရေးချင်သူ မဟုတ်ခဲ့ပါ။ ရေးလည်း မရေးဖြစ်ခဲ့ပါ။ စာရေးချင်စိတ် ပြင်းပြနေရင်တော့ အလုပ် ဘယ်လောက် များများ အိပ်ရေးပျက်ခံပြီးတော့ စာကို ရေးဖြစ်ပါတယ်။

တကယ်တမ်း အမှန် အတိုင်းပြောရရင် Tag ပို့စ်တွေ ရေးရတာ ပျော်ပေမဲ့ ကျွန်တော် အခု “ ဘလော့ဒေး ” Tag ပို့စ် အတွက် ဘာရေးရမှန်းလည်း မသိပါ။ ရေးစရာကလည်း မရှိပါ။ ဘလော့ဒေးရဲ့ ထုံးစံ အတိုင်း လူသိနည်းသော တခြားသော ဘလော့ ၅ ခုကို မိတ်ဆက်ကြတယ် ဆိုသော ထုံးစံ ဆိုတာကိုလည်း သိပ်တော့ သဘောမကျပါ။

ဘာလို့လဲ ဆိုတော့ ကျွန်တော်က ဘယ်သူက ဘာပဲ ရေးရေး ကိုယ့်အတွက် ဘာများ ရနိုင်မလဲ ဆိုတဲ့ စိတ်နဲ့ပဲ ဖတ်ဖြစ်တာ များပါတယ်။ တချို့သော အချစ်တွေ ထုံအီနေတဲ့ စာတွေကိုတော့ ဆုံးအောင်ကို ဆက်မဖတ်ဖြစ်တာ အမှန်ပါ။ ဒါကြောင့် ကျွန်တော့်မှာ ဘယ်ဘလော့ကတော့ အရမ်းကောင်းပါတယ် ဆိုပြီး ညွှန်းဆိုစရာ မရှိခဲ့သလို . . .  ထို့အတူပဲ ဘယ်ဘလော့ကိုတော့ လုံးဝ ဖတ်လို့ မကောင်းပါဘူး ဆိုပြီးတော့လည်း ဖော်ပြစရာ မရှိပါ။

ဒါကြောင့် ဘယ်သူတွေရဲ့ ဘယ်ဘလော့ကတော့ ဘယ်လိုဆိုပြီးတော့ မဖော်ပြဖြစ်တော့ပါ။ ဒါပေမဲ့ ဘလော့ဒေး ဆိုသော 31.08 ကို လေးစားသော အားဖြင့် . . . . ပြီးတော့ ဒီပို့စ် အတွက် Tag လုပ်လာသော “ ကိုအောင် ( ပျူနိုင်ငံ ) ” ကို လေးစားသော အားဖြင့် ကျွန်တော် သိသော်လည်း လူသိနည်းသော ဘလော့ ( ၅ ) ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

၁။ http://billibird.wordpress.com ကွန်ပျူတာနဲ့ ပတ်သတ်သော ဈေးကြီး အင်္ဂလိပ် စာအုပ်တွေကို Ebook အဖြစ် လုပ်ပေးထားသော ဘလော့လေးပါ။ ကျွန်တော့်ကို ကုန်ကျစရိတ်နည်းအောင် ကျေးဇူးပြုတဲ့ ဘလော့ဂါပါ။

၂။ http://www.dl4all.com လိုချင်နေတဲ့ နောက်ဆုံးပေါ် ဆော့ဝဲလ် ၊ ရုပ်ရှင် ၊ Ebook ၊ ဂိမ်း ၊ မဂ္ဂဇင်း အစရှိတာတွေကို Full Version နဲ့ကို ရအောင် ပြန်လည် ဝေငှတဲ့ ဘလော့လေးပါ။ ဆော့ဝဲလ်တွေ လိုချင်တိုင်း ကျွန်တော် အဲဒီမှာ ရှာပါတယ်။ တကယ်ကို အကျိုးရှိစေတဲ့ ဘလော့တစ်ခုပါ။

၃။ http://m0rris.com/download-ebook-myanmar-version ကွန်ပျူတာနဲ့ ပတ်သတ်ပြီးတော့ လေ့လာချင်တယ်။ ဖတ်ချင်တယ် ဆိုတဲ့ မြန်မာစာအုပ်တွေ အားလုံးကို စုစည်းပေးထားတဲ့ နေရာပါ။ တကွဲတပြားစီ လိုက်ရှာနေရတာထက် ဒီတစ်နေရာတည်းနဲ့ အဆင်ပြေစေပါတယ်။

၎။ http://www.buddhafm.net ဆရာတော် ရှင်ဆန္ဒဓိက ရဲ့ အာဘော်စကားလေးနဲ့ ပြောရရင် “ ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဥာဏ်ထက်၏ ” လို့ ဆိုရမဲ့ နေရာလေးပါ။ နေ့စဉ် တရားတွေကို မရိုးအောင် ထုတ်လွှင့်ပေးပါတယ်။

၅။ http://www.sagarwarmyae.info စာအုပ်တွေနဲ့ အဝေးရောက်နေတဲ့ ကျွန်တော့်အတွက်တော့ ဒီလို စာအုပ်တွေကို ဝါသနာ အရ စုဆောင်းပြီးတော့ တင်ပေးထားတဲ့ ဒီနေရာလေးကို ကျေးဇူး အထူးတင်ပါတယ်။ ဒီနေရာကတော့ လူတွေ သိပြီးသား ဖြစ်မှာပါ။


*** ဘလော့ရေးဖော် ညီအစ်ကို မောင်နှမ သူငယ်ချင်းများနဲ့ စာဖတ်သူများ အားလုံး ပျော်ရွှင်ကြပါစေဗျာ။ ဒီပို့စ်လေးကို ရေးဖို့ Tag လာတဲ့ ကိုအောင် ( ပျူနိုင်ငံ ) ကိုလည်း ကျေးဇူးတင်ပါတယ်။ ***


လေးစားစွာဖြင့်
ကိုဇော်
30.8.2011

Share/Bookmark

21 August 2011

17 တရုတ်ပစ္စည်းတွေက အရည်အသွေး ကောင်းလို့လား



ဟိုးနှစ်ပေါင်း တော်တော်ကြာကြာကပေါ့။ ကျွန်တော်တို့ သူငယ်ချင်းတွေ ဟိုရောက် ဒီရောက် စကားပြောဖြစ်ကြပါတယ်။ အဲဒီတုန်းက သူငယ်ချင်း တစ်ယောက်က ပြောတယ်။

“ တရုတ် ပစ္စည်းတွေက အလကားပါပဲကွာ။ ”

အားလုံးက သူပြောတဲ့ စကားကို ဆုံးအောင် နားထောင်နေတဲ့ သဘောနဲ့ ဘာမှ ဝင်မပြောကြပါဘူး။ ဒီတော့ သူက အားလုံးကို တစ်ချက်ဝေ့ကြည့်ြ့ပီးတော့ ဆက်ပြောတယ်။ 

“ ဝယ်သုံးလည်း ခဏပါပဲကွာ။ “ တရုတ်လုပ် - အစုတ်ထုတ် ” ပါပဲ။ ”

လို့ ဆိုပါတယ်။ သူ့ဆီက ဒီစကားလည်း ထွက်လာပြီးတော့ ကျွန်တော်က မနေနိုင်စွာ သူ့ကို မေးမိပါတယ်။ 

“ ဘာလို့ တရုတ်လုပ် - အစုတ်ထုတ် လို့ မင်းက ပြောရတာလဲ။ ”

ဒီတော့ သူက အောက်ပါ အတိုင်းပါပဲ ချက်ချင်း ပြန်ပြောပါတယ်။ 

“ တရုတ် ပစ္စည်းလေကွာ။ တရုတ် ပစ္စည်းတွေက အရည်အသွေး ကောင်းလို့လား။ ”

ဆိုသော အမေးကို ဗဟိုပြုသော စကား ထွက်လာပါတော့တယ်။ ဒီတော့ ကျွန်တော် အပါအဝင် တချို့သော သူငယ်ချင်းတွေနဲ့ သူနဲ့ အဲဒီနေ့က စကား အတော်ကို ပြောမိခဲ့ကြတယ်။ ဒီအထဲကနေမှ တချို့သော အချက်တွေကို ကျွန်တော် ပြန်ပြောပြပါ့မယ်။ ( အကုန်လုံးတော့ မပြောသာသေးပါဘူး။ )



“ တရုတ် ပစ္စည်းတွေက အရည်အသွေး ကောင်းလို့လား။ ”

လို့ ကျွန်တော့် သူငယ်ချင်းက မေးခဲ့ပါတယ်။ သူ့ရဲ့ ပြောပုံဆိုပုံ နဲ့ စကား အသွားအလာ အရ ဆိုရင် “ တရုတ် ပစ္စည်းတွေက အရည်အသွေးမှ မကောင်းတာကွာ။ ” ဆိုသော စကားဘက်ကို ပိုပြီးတော့ လေသံရောက်ကာ ၊ အဓိပ္ပါယ်ပေါက်စေသော စကား ဖြစ်ပါတယ်။

“ မဟုတ်ပါ။ တကယ်တော့ တရုတ် ပစ္စည်းတွေဟာ အရည်အသွေး မညံ့ကြပါဘူး။ ”

ဒီလို ကျွန်တော် ပြောလို့ ကျွန်တော့်ကို တရုတ်ပစ္စည်း ထောက်ခံသူ လို့ အထင်မစောလိုက်ပါနဲ့ဦး။ ဆက်ဖတ်ကြည့်ပါ။

“ တကယ်တော့ တရုတ်ပစ္စည်း ဆိုတာ ကမ္ဘာ့စက်မှု ထိပ်တန်းနိုင်ငံ နဲ့ အာကာသ ထိပ်တန်း နိုင်ငံဖြစ်တဲ့ အမေရိကန် နိုင်ငံရဲ့ NASA အာကာသ စခန်းအတွက် စက်ပစ္စည်းတွေကို ရာခိုင်နှုန်း အတော်များများတောင်မှ တရုတ်နိုင်ငံက ထောက်ပံ့ပေးနေတာပါ လို့ NASA ကိုယ်တိုင်က ထုတ်ဖော် ဝန်ခံခဲ့ရဖူးပါတယ်။

ဒီလို ကမ္ဘာ့ထိပ်တန်း နိုင်ငံရဲ့ အာကာသ ပစ္စည်းတွေကိုတောင်မှ ထောက်ပံ့ပေးနေနိုင်တဲ့ တရုတ်ပစ္စည်းရဲ့ အရည်အသွေးတွေဟာ တကယ်ကို မညံ့ပါဘူး။ ဒါဆို ဘာဖြစ်လို့ တရုတ်ပစ္စည်းတွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံကို ရောက်လာတဲ့ အခါမှာ အရည်အသွေး မကောင်းရတာလဲ။ ဒီ့အတွက် အဖြေက တရုတ်တွေရဲ့ ကုန်ထုတ်လုပ်မှု သဘောထားနဲ့ပဲ ဆိုင်ပါတယ်။ ဒါကတော့. . . .

၁။ အရည်အသွေး
၂။ ဈေးနှုန်း

ဆိုသော အဓိက အချက်ပါပဲ။

အရည်အသွေးကို အဓိက အားထားသော နိုင်ငံကြီးတွေကို တရုတ်က သူတို့ရဲ့ ပစ္စည်းကို ပို့တဲ့ အခါမှာ အရည်အသွေးကို လျော့ချပြီးတော့ ပို့လို့ မရတဲ့ အတွက်ကြောင့် သူတို့ရဲ့ လုပ်သားအင်အား ပေါများမှုကို အခြေခံပြီးတော့ ဈေးနှုန်းလျော့ချကာ တခြားသော ယှဉ်ပြိုင်ဖက် ထုတ်လုပ်မှု နိုင်ငံတွေကို ယှဉ်ပြိုင်ပါတယ်။ ဒီတော့ အရည်အသွေးခြင်းတူနေတဲ့ အခါမှာ ဈေးနှုန်းသက်သာသော တရုတ်ပစ္စည်းတွေရဲ့ ရောင်းလိုအားက တတ်လာခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်တွေကတော့ သူတို့ရဲ့ ပစ္စည်းကို ဈေးနှုန်းသက်သာ သထက် သက်သာအောင် တီထွင်ကြံဆရင်းနဲ့ လမ်းလွဲကာ အမှားတွေ များစွာ လုပ်ဆောင်မိတတ်ကြတယ်။ ၂၀၀၄ ခုနှစ်လောက်က သတင်းတစ်ခု ကျွန်တော် ဖတ်လိုက်ရပါသေးတယ်။ အမေရိကန်ကို တရုတ်မှ တင်သွင်းတဲ့ ကလေးကစားစရာ ရထားလေးတွေမှာ အလှဆင်ထားတဲ့ ပစ္စည်းတချို့မှာ ခဲတွေပါကာ ဒီရထားတွေနဲ့ သုံးစွဲတဲ့ ကလေးတွေမှာ ခဲဆိပ်သင့်မှုတွေ ဖြစ်ခဲ့ရတယ်လို့ ဖတ်မိပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံ ဆိုတာ သူတို့ နိုင်ငံသားတွေကို အရမ်းကို ကြည့်ရှု့တတ်တဲ့ နိုင်ငံ ဖြစ်လေတော့ ချက်ချင်းကို တရုတ်ပစ္စည်းတွေ ရောင်းချမှုကို ရပ်ဆိုင်းကာ ဒီပစ္စည်းတွေကို ပြန်လည် သိမ်းယူစေခဲ့ပါတယ်။

ဟိုတလောကလည်း တရုတ်ထုတ် နို့မှုန့်တွေမှာ မယ်လမင်း အမှုန့်တွေကို ရောထည့်လို့ ကလေးငယ်တွေ များစွာ သေကြေ ဒုက္ခရောက်ကြရပါသေးတယ်။ ဒီနို့မှုန့်ဒဏ်တွေကို ကမ္ဘာတဝှမ်းလုံးက ကလေးငယ်ပေါင်းများစွာ ခံစားခဲ့ကြရတာပါ။ နောက်တော့လည်း မသမာမှု ပြုသူတွေရဲ့ ထုံးစံအတိုင်း အဲဒီအကျိုးကို သူတို့ ခံစားသွားရတာပါပဲ။ ဒီလို အဖြစ်အပျက်ပေါင်း များစွာ တရုတ်ပစ္စည်းရဲ့ ထုတ်လုပ်မှု အရည်အသွေး နဲ့ ဈေးနှုန်းကြောင့် ဖြစ်ပေါ်ခဲ့ ၊ ဖြစ်ပေါ်ဆဲ ၊ ဖြစ်ပေါ်လာဦးမှာပါပဲ။



ကမ္ဘာနဲ့ အဝှမ်း ဖြစ်နေတဲ့ တရုတ်ပြည် ဆိုင်ရာ အရည်အသွေးနဲ့ ဈေးနှုန်းတွေကို ကျွန်တော် ပြောပြလို့ ကုန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့သာ သက်ဆိုင်သော တရုတ်ပစ္စည်းတွေရဲ့ အရည်အသွေး နဲ့ ဈေးနှုန်း ထိန်းချုပ်မှု ပုံစံကို ကျွန်တော် သိသလောက် ပြောပြချင်ပါတယ်။

ဒါလေး မပြောခင် ကျွန်တော့် ကင်မရာလေး အကြောင်းကို ပြောပြပါဦးမယ်။ အရင်က ရှိခဲ့တဲ့ ကင်မရာလေးက မာလကီးယားသွားတော့ ကျွန်တော် ကင်မရာ ပေါ့ပေါ့ပါးပါးလေးပဲ ဝယ်ဦးမယ် ဆိုပြီး စဉ်းစားနေတုန်း ( မပေါ့မပါကြီးလည်း မဝယ်နိုင်သေးပါဘူး။ ) အသိမိတ်ဆွေ တစ်ယောက်က အမေရိကားကနေ မလေးရှားကို လာစရာ ရှိတယ် ဆိုလို့ ကျွန်တော် လူကြုံ အနေနဲ့ သူ့ကို Canon ကင်မရာ အသေးလေး ဝယ်ခိုင်းလိုက်ပါတယ်။ နောက်တော့ သူ မလေးရှားကို အလည်ရောက်လာတော့ သူ့ဆီမှ ကင်မရာကို လက်ခံ ရရှိပါတယ်။ ( ကျွန်တော် လက်ခံရတော့ ပိုက်ဆံ ပေးလို့ မရခဲ့ပါဘူး။ ဒါကြောင့် လက်ဆောင် အဖြစ် လက်ခံ ရခဲ့တာပါ။ )

ဘာရယ် မဟုတ်ဘဲ ကင်မရာရဲ့ Made In ဆိုတာရဲ့ နောက်ကို ကြည့်လိုက်တော့ Malaysia လို့ ရေးထားပါတယ်။ ဒီမှာ ကျွန်တော် တကယ်ကို ဟက်ဟက်ပက်ပက် ရယ်မိပါတယ်။ မလေးရှားက လူဆီကို မလေးရှားထုတ်က ရောက်ရတယ်လို့ပေါ့လေ။ နောက်တော့ ကင်မရာတွေ ရောင်းတဲ့ ဆိုင်ကို ရောက်တော့ မလေးရှား အတွက် ရောင်းတဲ့ ကင်မရာတွေကျတော့ Made In China ဆိုပြီး ဖြစ်နေပါရောလားဗျာ။ တကယ်တော့ အဲဒီကင်မရာရဲ့ အမျိုးအစားက Canon တစ်ခုတည်းပါပဲ။ ဒါပေမဲ့ ရောင်းချတဲ့ နိုင်ငံပေါ်ကို လိုက်ပြီးတော့ အရည်အသွေး နဲ့ တန်ဖိုးက ကွာသွားတာပါပဲ။

ကျွန်တော်တို့ မြန်မာနိုင်ငံကို ဝင်လာသော တရုတ်ပစ္စည်းတွေရဲ့ အရည်အသွေးကတော့ ကျွန်တော့် နိုင်ငံကို ကြည့်ပြီးတော့ တရုတ်တွေက ရောင်းချတာပါ။ အမေရိကန်တို့ ၊ ဂျပန် နဲ့ တခြားသော ဥပရောပ နိုင်ငံများသို့ တရုတ်တင်ပို့သော အရည်အသွေးမျိုးတော့ မရနိုင်သေးဘူး ဆိုတာ သေချာပါတယ်။  ( တစ်နေ့နေ့တော့ မပြောတတ်ပါ။ ) ကျွန်တောတို့ နိုင်ငံကို ဝင်လာသော တရုတ်ပစ္စည်းတွေကိုလည်း ဘယ်လို အရည်အသွေးမျိုးမှ ဝင်ခွင့်ပြုမယ်လို့ သေချာစွာ စည်းကမ်းဖြင့် သတ်မှတ်ထားခြင်း မရှိသေးတာကလည်း ကိုယ့်နိုင်ငံထဲကို အရည်အသွေးနည်းသော ပစ္စည်းတွေ ဝင်လာရခြင်း အချက်တွေထဲက တစ်ချက်ပါပဲ။

ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံကို ဝင်လာတဲ့ တရုတ်ပစ္စည်းတွေက အရည်အသွေး မကောင်းဘူးတော့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကုန်ပစ္စည်း ရောင်းချတဲ့ အခါမှာ သူတို့ သုံးသော စီးပွားရေးဆိုင်ရာ နည်းဗျူဟာ တစ်ခု ရှိပါတယ်။ ဒီနည်းဗျူဟာကို ကျွန်တော် အခု ပြောပြချင်တာပါ။ ဒါပေမဲ့ ဒီလို ပြောပြတာက တရုတ်ပစ္စည်းတွေနဲ့ လုပ်ကိုင်နေကြတဲ့ လူတွေရဲ့ ထမင်းအိုးကို တုတ်နဲ့ ထိုးတာ မဟုတ်ပါဘူး။ ဒီလို တရုတ်ပစ္စည်းတွေနဲ့ လုပ်ကိုင်ရင်းနှီးနေကြတဲ့ လူတွေအထဲမှာ ကျွန်တော်တို့ အမျိုးတွေလည်း ပါပါတယ်။ ဒါပေမဲ့ ဒီလို နည်းဗျူဟာတွေ သုံးပြီးတော့ တရုတ်ပစ္စည်းတွေကို ရောင်းချတာ ဆိုတာလေးကို သိစေချင်တာပါပဲ။

ဒီနည်းဗျူဟာကတော့ ကုန်ပစ္စည်း တစ်မျိုးတည်းကို အရည်အသွေး နှစ်မျိုးနဲ့ တစ်ခါတည်း ထုတ်လုပ်ပြီးတော့ စောင့်ဆိုင်း ရောင်းချခြင်းပါပဲ။ ဒီလို ပြောလိုက်လို့ နားလည်ဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော် ဥပမာလေး တစ်ခုနဲ့ ရှင်းပြပါ့မယ်။



သိပ်မကြာသေးတဲ့ နှစ်တွေက မြန်မာနိုင်ငံကို  ဓါတ်ခဲ ထည့်စရာ မလိုဘဲနဲ့ လျှပ်စစ်နဲ့ ပြန်လည် အားသွင်းကာ ခြင်ရိုက်သော ဘတ်တံလေးတွေ တရုတ်ပြည်ကနေ ဝင်လာခဲ့ပါတယ်။ တရုတ်ပြည်ကနေ ဝင်တာ ဆိုတော့ ကောင်းမှ ကောင်းပါ့မလား ဆိုတဲ့ အတွေးနဲ့ ဝယ်မသုံးကြပါဘူး။ ပြီးတော့ ဈေးကလည်း အတော်ကို များနေပါသေးတယ်။ ဒါကြောင့် ငွေပိုငွေလျှံ ရှိတဲ့ လူတွေလောက်သာ ဝယ်သုံးကြပါတယ်။ အခြေခံလူတန်းစားတွေကတော့ ဈေးနှုန်း ကြီးမြင့်တာရယ် ၊ တရုတ်ပြည်ထုတ် ဆိုတဲ့ အရည်အသွေးကို စိတ်မချတာရယ်ကြောင့် ဝယ်မသုံးကြသေးပါဘူး။

ဒါပေမဲ့ ဓါတ်ခဲလဲစရာ မလိုဘဲနဲ့ လျှပ်စစ်အား ပြန်သွင်းလို့ ရတာလေး တစ်ခုနဲ့ အတော်ကို သုံးရ လွယ်တော့ ငွေပိုငွေလျှံရှိတဲ့ လူတွေ အတော်ကို အဝယ်လိုက်ကြပါတယ်။ ပြီးတော့ ပထမဦးဆုံးကတည်းက ဝယ်တဲ့ လူတွေကလည်း ၄ ၊ ၅ လ သုံးတာတောင်မှ ဘာမှ မဖြစ်တော့ တရုတ်ပစ္စည်းပေမဲ့ အသုံးခံတယ် ဆိုပြီးတော့ လူကြိုက်များလာချိန်မှာ ထိုခြင်ရိုက်ဘတ်တံလေးတွေ ဈေးကွက်တွင် ကုန်သွားပါတော့တယ်။ ဒါပေမဲ့ သိပ်မကြာခင် အချိန်မှာပဲ တရုတ်ပြည်က ဆက်တိုက် ဝင်လာပါတော့တယ်။

ဒီတော့ ဈေးကွက်မှာ ဝယ်လိုအားက များနေပြီး ရောင်းလိုအားက နည်းနေတော့ ဈေးကွက်ထဲကို  လျှပ်စစ်ဘတ်တံလေးတွေ ရောက်လာတာနဲ့ အလုအယက် အပြိုင်အဆိုင် ဝယ်ကြတော့တာပါပဲ။ ဝယ်လိုအားက ကောင်းသလောက် အခု တစ်ခါတော့ ရောင်းလိုအားက ပြတ်သွားတယ် ဆိုပြီး မရှိပါဘူး။ ဝယ်သလောက်ကို ရောင်းနေတာပါပဲ။ ဒါနဲ့ ငွေပိုငွေလျှံ ရှိသူတွေသာမက ၊ အိမ်မှာ အသုံးတည့်တယ် ဆိုပြီးတော့ မရှိမဖြစ် ဝယ်သူတွေနဲ့ အတော်ကို ရောင်းရပါတယ်။

ဒါပေမဲ့ . . . . .

အခု နောက်တစ်ကြိမ် ဝင်လာတဲ့ လျှပ်စစ်ဘတ်တံလေးတွေကတော့ အရင် ပထမဦးဆုံး မြန်မာနိုင်ငံကို ဝင်လာတဲ့ လျှပ်စစ်ဘတ်တံလေးတွေလောက် ကြာရှည်မခံတော့ပါဘူး။ တစ်လ ၊ နှစ်လတည်းနဲ့ ပျက်ကုန်ကြတော့တာပါ။ ပျက်လို့ နောက်ထပ်ဝယ်လည်း နောက်ထပ် ဘတ်တံလေးတွေကလည်း ခဏပဲ ခံပါတယ်။ ဒါပေမဲ့ ဟိုးအရင်က မြန်မာနိုင်ငံကို ပထမဦးဆုံး ဝင်လာတဲ့ လျှပ်စစ်ခြင်ရိုက် ဘတ်တံလေးတွေကတော့ ကောင်းမြဲ ကောင်းလျှက်ပါပဲ။

“ ငါတို့ ဝယ်တော့မှ ဘတ်တံတွေက ပျက်တယ် ကြည့်စမ်း ၊ ဘယ်သူ ဝယ်တုန်းကတော့ ခံလိုက်တာ ”

ဆိုသော စကားများကို ထိုစဉ်အခါက တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြပြီး ၊ တွင်တွင်ကျယ်ကျယ် ကြားခဲ့ရမှာပါ။ ဒီလိုပါပဲ။ အခုလတ်တလောမှာလည်း ပစ္စည်း အသစ် တစ်မျိုး ထွက်ပြီ ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ထုံးစံကိုက အသစ်ဆိုရင် စမ်းသပ်ရမှာ ကြောက်တတ်ကြပါတယ်။ ပြီးတော့ ပစ္စည်း အသစ်ဆိုရင် တန်ရဲ့လား ဆိုကာ ငွေကြေးနဲ့ ထပ်ပြီးတော့ စစ်ကြပြန်ပါတယ်။ နောက်တော့သူများတွေ သုံးကြပြီ ဆိုတော့မှ ကောင်းလား ၊ ကောင်းလား ဆိုကာ စုံစမ်းပြီးမှ လိုက်သုံးတတ်ကြပါတယ်။

ဒါဟာ တရုတ်ပစ္စည်းတွေနဲ့ ပတ်သတ်ရင် အလွန်ကို မှားပါတယ်။ ဘာလို့ ကျွန်တော်မှားတယ်လို့ ပြောတယ် ထင်ပါသလဲ။ တကယ်တော့ တရုတ်တွေဟာ သူတို့ တင်သွင်းမဲ့ နိုင်ငံကို ကြည့်ပြီးတော့ ပစ္စည်းရဲ့ အရည်အသွေးကို ထုတ်လုပ်ကြတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို တင်သွင်းမယ် ဆိုရင်လည်း သူတို့ မြန်မာနိုင်ငံက လူတွေရဲ့ အကျင့်စရိုက်ကို နောကျေနေသူတွေပါ။ ဘယ်လိုထုတ်ရမယ် ဘယ်လို ဝင်ရမယ် ဆိုတာ သိနေကြသူတွေပါ။

ဒါကြောင့် သူတို့ ပစ္စည်း တစ်ခုခု ထုတ်တော့မယ် ဆိုရင် . . .  ထိုပစ္စည်း တစ်ခုတည်းကိုပဲ  . . . 

၁။ အဆင့်အတန်းကောင်းသော အရည်အသွေးနဲ့ ပစ္စည်း
၂။ အဆင့်အတန်းနိမ့်သော အရည်အသွေးနဲ့ ပစ္စည်း 

ဆိုပြီး အရည်အသွေး နှစ်မျိုးနဲ့ တစ်ခါတည်း ထုတ်လိုက်တာ ဖြစ်ပါတယ်။ ပြီးတော့မှ အရည်အသွေးကောင်းသော ပစ္စည်းကို ဈေးကွက်ထဲ အရင်ဖြန့်လိုက်ပြီးတော့မှ ဈေးကွက်ရဲ့ ဝယ်လိုအားကို စုလိုက်တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ လူတွေက သိပ်ပြီးတော့ မသုံးရဲသေးတော့ ဈေးကွက်ရဲ့ ဝယ်လိုအားက နည်းသေးပါတယ်။ ဒီအချိန်မှာ အရည်အသွေးကောင်းတဲ့ ပစ္စည်းဆိုတော့ သူတို့ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က များနေပေမဲ့ အရှုံးတော့ မရှိပါဘူး။ အမြတ်နည်းနေယုံလေးပါ။

ဒီလိုနဲ့ အရည်အသွေးကောင်းတဲ့ ပစ္စည်းကြောင့် ဝယ်လိုအားတွေ များလာပြီဆိုတော့မှ ၊ ပြီးတော့လူတွေ သုံးတတ်ပြီ ၊ အကြိုက်တွေ များလာပြီ ဆိုတော့မှ အရည်အသွေးနိမ့်သော ပစ္စည်းတွေကို ထုတ်ပြီးတော့ ရောင်းလိုက်တော့တာပါပဲ။ တကယ်တော့ ဒီပစ္စည်းတွေက အရည်အသွေးကောင်းသော ပစ္စည်းတွေ ထုတ်ကတည်းက တစ်ခါတည်း ထုတ်ပြီးသားပါ။ ဒါပေမဲ့ ထုတ်မရောင်းသေးဘဲနဲ့ အောင်းထားတာပဲ ဖြစ်ပါတယ်။ ဈေးကွက်မှာ သုံးတတ်ပြီ ၊ ဝယ်လိုအားများလာပြီ ဆိုတော့မှ ထုတ်ရောင်းလိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ နိုင်ငံမှာ တရုတ်နိုင်ငံမှ ပစ္စည်း တစ်ခု ဝင်လာပြီ ဆိုရင် ချက်ချင်း ကိုယ်က ဝယ်မသုံးဖြစ်ဘဲနဲ့ ၊ သူများတွေ သုံးတော့ အရမ်းကောင်းတယ် ဆိုလို့ ကိုယ်က လိုက်ဝယ်သုံးမိပါတယ်။ ကိုယ်လည်း ဝယ်သုံးရော . .  “ ပစ္စည်းတွေက အရင်က စထွက်သလောက် မကောင်းဘူးနော် ၊ ဟိုလူ ဝယ်သုံးတုန်းက ကောင်းလိုက်တာ ” ဆိုတာတွေက အဲဒါကြောင့်ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံကို ဝင်လာတဲ့ တရုတ်ပစ္စည်းတွေကို သုံးမယ် ဆိုရင် စစပေါ်ကတည်းက ဝယ်သုံးတာ အကောင်းဆုံးပါပဲ။ မဟုတ်ရင်တော့ နောက်မှ ထွက်လာသော အရည်အသွေးနိမ့်သော ပစ္စည်းများကိုသာ ဝယ်မိနေမှာပါ။

အခု ကျွန်တော် ရေးပြနေတာတွေဟာ တရုတ်ပစ္စည်းတွေနဲ့ စီးပွားဖြစ်နေသော လူတွေရဲ့ ထမင်းအိုးကို တုတ်နဲ့ ထိုးချင်လို့ မဟုတ်ပါဘူး။ တရုတ်တွေရဲ့ မြန်မာနိုင်ငံ အပေါ်မှာ ထားသော စီးပွားရေး နည်းဗျူဟာများထဲမှ တစ်ခုကို အခွင့်သင့်လို့ ချပြမှုသာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကလည်း ကျွန်တော် ကိုယ်ပိုင် လေ့လာထားတာ ဖြစ်လို့ လွဲချင်တဲ့ နေရာတွေမှာလည်း လွဲနေနိုင်ပါသေးတယ်။ အားလုံး အမှန်ပါလို့လည်း မပြောလိုပါဘူး။

ဒါပေမဲ့ ကျွန်တော် အဓိက ပြောချင်တာကတော့ တရုတ်ပစ္စည်းတွေဟာ အရည်အသွေး မကောင်းဘူး ဆိုတာထက် အရည်အသွေး မကောင်းတာ မဟုတ်ပါ။ ကျွန်တော်တို့လို ဖွံ့ဖြိုးရန် အရှိန်ယူနေသော နိုင်ငံလေး တစ်ခုဖြစ်သောကြောင့် အရည်အသွေး စစ်ဆေးမှု အားနည်းခြင်းကို အခွင့်ကောင်းယူကာ အရည်အသွေးကောင်းသော ပစ္စည်းများကို အစမှာ ဗန်းပြပြီးတော့ သုံးတတ်လာပြီ ဆိုရင် အရည်အသွေးနိမ့်သော ပစ္စည်းများနဲ့ အစားထိုးကာ ဝင်ရောက် ရောင်းချခြင်းပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ . . . . တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ နိုင်ငံတိုးတတ် ဖွံ့ဖြိုးလာခဲ့မယ် ဆိုရင်တော့ ဒီလို အရည်အသွေးနိမ့် ပစ္စည်းတွေကို စစ်ဆေးနိုင်သော စစ်ဆေးရေး အဖွဲ့များနဲ့ ကျွန်တော်တို့ရဲ့ ပိုက်ဆံများကို ဖြုန်းတီးပြီး ၊ တိုင်းပြည်ကို နိမ့်ကျအောင် လုပ်နေသော တရုတ်နိုင်ငံမှ အရည်အသွေးနိမ့် ပစ္စည်းများကို သုံးစွဲရခြင်းမှ အမြန်ဆုံး ကင်းဝေးနိုင်ပြီး ၊ အရည်အသွေးမြင့် ပစ္စည်းများကိုသာ သုံးစွဲနိုင်ရပါလိမ့်မည်ဟု မျှော်လင့်မိပါတယ်။

လေးစားစွာဖြင့်
ကိုဇော်
21.8.2011

Share/Bookmark

19 August 2011

11 ဒုက္ခမွေးသူများ



# iPad သမားကလည်း မြန်မာလို ကောင်းကောင်းပေါ်ဖို့ လုပ်ရင်းနဲ့ ဒုက္ခရောက်ရတယ်။ 

# iPhone သမားကလည်း Flash တွေ မမြင်ရလို့ မချိတင်ကဲနဲ့ ဒုက္ခရောက်ရတယ်။ 

# သူဌေးကြီးကလည်း ဘဏ်တွေ ဖျက်သိမ်းပြီး ဒေဝါလီခံသွားမှာကို တွေးပြီး ဒုက္ခရောက်တယ်။ 

# လမ်းဘေးဈေးသည်လေးကလည်း တစ်နေ့ အမြတ် ၃၀၀၀ မပြည့်မှာကို စိုးရိမ်ပြီး ဒုက္ခရောက်တယ်။ 

# ကျောင်းသားလေးကလည်း ဆရာမဆီမှာ ကျူရှင် မတတ်နိုင်ရင် မျက်နှာငယ်ပြီး ဒုက္ခရောက်တယ်။ 

# ဆရာကလည်း ကျူရှင်ခတွေ နည်းလို့ တိုးတောင်းရင် ကောင်းမလား ဆိုပြီး ဂဏာန်းပေါင်းစက် တစ်လုံးနဲ့ ဒုက္ခရောက်ရတယ်။ 

# မာစီဒီကားကြီး စီးသူကလည်း သူ့ကားကို အကြွေစေ့နဲ့ ခြစ်သွားမှာ တွေးပြီး ဒုက္ခရောက်ရတယ်။ 

# ဘတ်စ် စောင့်နေတဲ့ လက်လုပ်လက်စားကလည်း ကားကြပ်လို့ အလုပ်နောက်ကျမှာ စိုးရိမ်ပြီး ဒုက္ခရောက်ကြတယ်။ 

# လေယာဉ်ပျံ ပိုင်ရှင် သူဌေးကြီးကလည်း အခု စီးနေတဲ့ လေယာဉ်ပျံကို သေးတယ် ဆိုပြီး စိတ် ဒုက္ခရောက်ကြတယ်။ 

# ညနေစာကို အကြော်ဝယ်စားပြီး ဖြေရှင်းနေရတဲ့ မိသားစုကလည်း ဆီဈေးတတ်ပြီး အကြော်ဈေးတတ်မလား လို့ ဒုက္ခရောက်ကြတယ်။ 

*** လူဆိုတာ စိတ် ရှိနေသ၍ ကိုယ့်ရဲ့ လုပ်ရပ် ၊ ကိုယ့်ရဲ့ အတွေး ၊ ကိုယ့်ရဲ့ ပစ္စည်းကြောင့် ဒုက္ခရောက်နေကြရတဲ့ သတ္တဝါတွေပါပဲ။ ***
 

မှတ်ချက်။   ။ အခုမှ facebook မှာ Note အသစ်လေး ရေးမလို့ ကြည့်လိုက်တော့ facebook မှာ ရေးထားပြီးတော့ ဘလော့မှာ မတင်ထားမိလို့ တင်လိုက်ပါတယ်။ အဟောင်းတစ်ပုဒ်ပါ။ အဲဒီတုန်းက ဘာကြောင့် ချရေးမိတာလဲတော့ မမှတ်မိတော့ပါဘူး။

လေးစားစွာဖြင့် 
ကိုဇော် 
26.6.2011

Share/Bookmark

15 August 2011

11 ဒလက်မဲ့ ပန်ကာ



ကျွန်တော် မြန်မာနိုင်ငံကို ပြန်ရောက်နေတုန်းက သူငယ်ချင်း တစ်ယောက်နဲ့ ပန်ကာ အသစ် တစ်မျိုး အကြောင်း ပြောဖြစ်တယ်။ ဒါပေမဲ့ အဲဒီပန်ကာက မြန်မာနိုင်ငံ ဈေးကွက်ထဲကို မဝင်သေးပါဘူး။ အဲဒီပန်ကာကတော့ လေမှုတ်ထုတ်တဲ့ “ ဒလက်မပါတဲ့ ပန်ကာ ” ( သို့ ) “ ဒလက်မဲ့ ပန်ကာ ” ပါတဲ့ဗျာ။ ဒီအကြောင်းကို ကျွန်တော် ကြားလိုက်ကတည်းက နက်ထဲမှာ ရှာကြည့်ချင်လိုက်တာ ပြောမနေနဲ့တော့။ ဒါပေမဲ့ သိတော် မူကြတဲ့ အတိုင်း မြန်မာနိုင်ငံ ကွန်နဲ့က ၊ ပြီးတော့ ကိုယ်ကလည်း စိတ်က မရှည်တော့ မရှာဖြစ်ခဲ့ဘူး။ ဒီနေ့မှ မေးလ်တစ်စောင်ကြောင့် ပြန်ပြီးတော့ သတိရလို့ နက်ထဲမှာ ရှာပြီးတော့ အားလုံးကို ဗဟုသုတ အနေနဲ့ မျှဝေ လိုက်ပါတယ်။

ဒီပန်ကာကို ဒလက်မဲ့ ပန်ကာ ( Bladeless Fan ) လို့ပဲ ခေါ်ကြပါတယ်။ တကယ်ကို ဟိုးအရင်က ပန်ကာတွေလို ဒလက်ကြီး တဝှီးဝှီး ဆိုတာမျိုး မပါတော့ပါဘူး။ ဘာဒလက်မှ မပါဘဲနဲ့ကို ပန်ကာအဝိုင်းဆီမှ လေရပါတယ်။ ဒီလို ပန်ကာ အဝိုင်းဆီကို လေရောက်လာအောင် အောက်ခြေမှ လေမှုတ်ပန့် ကနေပြီးတော့ လေတွေကို အောက်ကနေ စုပ်ပြီးတော့ အပေါ်ကို မှုတ်ထုတ်ပေးနေတာပဲ ဖြစ်ပါတယ်။ အခု ဆိုရင် မြန်မာနိုင်ငံကို ဝင်ရောက်နေလို့ ဝယ်လို့ ရနေပြီဆိုတာ ကျွန်တော့်ဆီကို ဝင်လာတဲ့ မေးလ်တစ်စောင်ကနေပြီးတော့ သိရပါတယ်။ 

ထုတ်လုပ်တာကတော့ တရုတ်နိုင်ငံက ဖြစ်ပြီးတော့ တန်ဖိုး မြန်မာငွေ ၄ သောင်းခွဲ ကျပ် လောက်ပဲ ရှိတယ်လို့ သိရပါတယ်။ တရုတ် ပစ္စည်း ဆိုတဲ့ အတိုင်း စောစောဝယ်ထားတာ အရည်အသွေး ကောင်းကောင်းကို ရပါလိမ့်မယ်။ နောက် လူသုံးများလာပြီ ဆိုရင် သိတော်မူကြတဲ့ အတိုင်း ဖြစ်ကုန်တော့မှာပါ။ တရုတ်ပစ္စည်းတွေ အကြောင်းကို ကျွန်တော် တရုတ်ပစ္စည်းတွေက အရည်အသွေး ကောင်းလို့လား ” ဆိုပြီးတော့ ရေးနေတာ ကြာပါပြီ။ ပြီးလည်း ပြီးခါနီးပါပြီ။ ဆက်မရေးဖြစ်ဘဲ ရပ်ထားတာပါ။ 

ဘာလို့လဲ ဆိုတော့ တရုတ်ပစ္စည်းတွေနဲ့ လုပ်စားနေကြတဲ့ ဆွေမျိုးပေါက်ဖော်တွေကို အားနာလို့ မတင်ဖြစ်တာပါ။ အခုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် သိပ်မကြာခင် အချိန်မှာ ကျွန်တော် တရုတ်ပစ္စည်းတွေ မြန်မာနိုင်ငံကို ဝင်ပုံ ဝင်နည်း အကြောင်းကို ဗဟုသုတ အနေနဲ့ ရေးပေးပါ့မယ်။ 

အခုတော့ ဒလက်မဲ့ပန်ကာတွေကို ဗဟုသုတ အဖြစ် ကြည့်လိုက်ကြရအောင်ဗျာ။



ဒီလိုပုံစံတွေ အစုံ ရှိပါတယ်။ 

 

ဒီလို ဘာမှ မပါတဲ့ အဝိုင်းကနေပြီးတော့ လေထွက်တာဗျ။

 

 

ဒီလို အသည်းပုံလေးတွေလည်း လာပါလိမ့်ဦးမယ်။



ပန်းသီးကို စွဲမက်တဲ့ သူတွေ အတွက် 


ရိုးရိုးပန်ကာ နဲ့ ဒလက်မဲ့ ပန်ကာရဲ့ လေထွက်ပုံတွေပါ။

သူရဲ့ လေထွက်ပုံ

 

 

လေပန့်အောက်ခြေမှ အပေါ်သို့ လေသွားပုံကို အပူလှိုင်းနဲ့ ရိုက်ထားသောပုံ

 

ဒီလို ရိုးရိုးစင်းစင်းလေးပါ



ဒီလိုဆိုတော့ ကလေးတွေ အန္တရာယ် မရှိတော့ဘူးပေါ့

 

ဂလိုလေး လေညှင်းခံလို့ ရတာပေါ့


*** တကယ်တော့ ကျွန်တော် ဓါတ်ပုံတွေ ဒီဘလော့မှာ မတင်တာ အတော် ကြာပါပြီ။ Facebook မှာပဲ သွားတင်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ Facebook မှာ Friend မဖြစ်တဲ့ လူတွေ မသိမှာ စိုးလို့ ဗဟုသုတ အနေနဲ့ ဒီမှာ ဖော်ပြလိုက်တာပါ။ *** 

မှတ်ချက်။ ။ အထက်ပါ ပုံတွေ အားလုံးကို Google ကနေပြီးတော့ ရှာဖွေ တင်ပြပါတယ်။ 

လေးစားစွာဖြင့်
ကိုဇော်
15.8.2011

Share/Bookmark

12 August 2011

16 ကြည့်တတ် မြင်တတ်တဲ့ ပညာ



တစ်ခါက . . . 

နာမည် ကျော်ကြားပြီး အလွန်ကို တော်တဲ့ လိပ်ခေါင်း အထူးကု ဆရာဝန်ကြီး တစ်ယောက်ရှိတယ်။ နာမည်ကျော်ကြားသလို တကယ်ကိုလည်း အလွန်တော်ပါတယ်။ ဘယ်လောက်ထိ တော်လည်း ဆိုရင် လိပ်ခေါင်း အထူးကုလို့သာ ပြောတယ်။ သူများတွေလို လိပ်ခေါင်း ရှိနေတဲ့ စအိုဝကို လှန်ပြီးတော့ ကြည့်စရာကို မလိုအောင် တော်ပါပေတယ်။ 

ဟင် . . . လှန်မကြည့်ဘဲနဲ့ လိပ်ခေါင်း ဘယ်လို ဖြစ်နေတယ် ဆိုတာကို ဘယ်လိုလုပ် သိမလဲ လို့ စောဒက တတ်စရာ ရှိပါတယ်။ ဟုတ်ပါတယ်. . . အဲဒါကိုက ဆရာဝန်ကြီးရဲ့ ပညာလို့ ဆိုရမှာပါ။ ဆရာဝန်ကြီးက သူ့ရှေ့ကို ရောက်လာတဲ့ လူနာကို စကား အနည်းငယ် ပြောပြီးတော့ လူနာမှာ ဖြစ်နေတဲ့ လိပ်ခေါင်းကို ဘယ်လောက် ဖြတ်ပါလို့ ညွှန်ကြားလိုက်သတဲ့။  လှန်လှောကြည့်ခြင်းမျိုး လုံးဝကို မရှိဘူး ဆိုပဲ။ 

လိပ်ခေါင်း ဖြတ်တောက် ကုသတဲ့ ဌာနကလည်း ဆရာဝန်ကြီးက ဒီလောက် ဖြတ်ပါလို့ ညွှန်ကြားရင် အဲဒီလောက်သာ ဖြတ်လိုက်။ လိုတယ် ၊ ပိုတယ် လို့ကို လုံးဝ မရှိဘူးတဲ့။ ဒါကြောင့်မို့လည်း ဆရာဝန်ကြီးဆီမှာ လူနာတွေ အမြဲတမ်း ကြိတ်ကြိတ်တိုး များနေတတ်တယ်။ 

ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာတော့ ဆရာဝန်ကြီး အနားမှာ အကူလုပ်ပေးရတဲ့ နာ့စ်မလေးက ဆရာဝန်ကြီးရဲ့ ပညာကို အရမ်းကို လေးစားနေမိတယ်။ ပြီးတော့ သူ အံ့လည်း အံ့သြနေမိတယ်။ လိပ်ခေါင်းဆိုတဲ့ ရောဂါကို လုံးဝကို လှန်မကြည့်ဘဲနဲ့ ကွတ်တိဖြစ်အောင် ခန့်မှန်းနိုင်တဲ့ ပညာဆိုတာ တော်ရုံ အတွေ့အကြုံနဲ့ မဖြစ်နိုင်ဘူး ဆိုတာ သူမက သိနေလို့ ဖြစ်တယ်။

အချိန်ကြာလာတာနဲ့ အမျှ ဆရာဝန်ကြီး ဘယ်လို သိတာလဲ ဆိုတာကို သူမ ပို၍ ပို၍ သိချင်လာတယ်။ သူမ ဖာသာလည်း စဉ်းစား တွေးတောလို့ မရတဲ့ အဆုံးမှာ ဆရာဝန်ကြီးကို ဖွင့်မေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါနဲ့ တစ်နေ့ ဆေးခန်းမှာ လူနာ နည်းနည်း ရှင်းနေတဲ့ နေ့မှာ သူက ဆရာဝန်ကြီးကို ဖွင့်မေးခဲ့တယ်။

“ ဆရာ . . .  ဆရာ့ကို တစ်ခုလောက် မေးပါစေ။ ”

“ အင်း  . . . မေးပါ။ ”

“ လိပ်ခေါင်း လူနာတွေကို ဆရာ သူတို့ရဲ့ ရောဂါ ဖြစ်နေတဲ့ စအိုဝကို လုံးဝကို လှန်မကြည့်ဘဲနဲ့။ သူတို့ ခံစားနေရတဲ့ ရောဂါကို မေးပြီးတော့ ဖြတ်တောက် ကုသရေး ဌာနကို ဘယ်လောက် ဖြတ်ပါလို့ ညွှန်ကြားလိုက်တာ အမြဲတမ်း ကွက်တိ ဖြစ်နေတယ်နော် . . . ဆရာ။ ”

“ သြော် . .  . ဟုတ်ပါတယ်။ ”

“ အဲဒါ ဘာကြောင့် သူတို့ရဲ့ ရောဂါ ဖြစ်နေတဲ့ နေရာကို လှန်ကြည့်စရာ မလိုဘဲနဲ့ ဘယ်လိုလုပ် သိတာလဲ ဆိုတာကို ကျွန်မက သိချင်လို့ မေးတာပါ ဆရာ။ ”

သူမက ဒီလို ပြောတော့ ဆရာဝန်ကြီးက သူမကို သေချာ ကြည့်ပြီးတော့ သေချာစွာ လှလှပပ ပြုံးလိုက်တယ်။ ပြီးတော့မှ သူမက သေချာ ရှင်းပြတယ်။

“ ဒါက ဒီလို ရှိပါတယ်ဗျာ။ တကယ်တော့ လူတိုင်း လူတိုင်းက လိပ်ခေါင်း ရှိပါတယ်။ ရောဂါပြင်းသူ နဲ့ ရောဂါပျော့သူ ၊ ရောဂါရင့်သူ နဲ့ ရောဂါ မသိသာသူလောက်ပဲ ကွာတာပါ။ ကျွန်တော်ကလည်း လိပ်ခေါင်းကို ကုလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ လူနာတွေရဲ့ လိပ်ခေါင်းကို လှန်ကြည့်စရာ မလိုဘဲနဲ့ကို သိပါတယ်။ ”

“ ဟုတ်ကဲ့ . . . ဘယ်လို သိနိုင်တာလဲ ဆရာ။ ဒါလေး ပြောပြပေးပါ။ ”

“ ဒီလိုပါ . . . လိပ်ခေါင်းဆိုတာ လူတိုင်းမှာ ရှိတာ မို့လို့ သူတို့ရဲ့ ပါးစပ်ကို ကြည့်ပြီးတော့ ကျွန်တော်က သိနိုင်တာပါ။ သူတို့ ပါးစပ်ပြဲရင် လိပ်ခေါင်းက ဘယ်လောက် ၊ သူတို့ရဲ့ပါးစပ်က စူနေရင် ဘယ်လို ပုံစံ  ၊ သူတို့ ပါးစပ်က ဘယ်လို ဖြစ်နေရင် လိပ်ခေါင်းက ဘယ်လို ဆိုတာတွေကို ကျွန်တော့်ရဲ့ လိပ်ခေါင်း ကုသခဲ့တဲ့ ဆရာဝန် သက်တမ်း အရ အလိုလို သိနေတာပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ လူနာတွေကို သူတို့နဲ့ စကားပြောကြည့်ပြီးတော့ သူတို့ရဲ့ ပါးစပ်ကို ကြည့်ပြီး လိပ်ခေါင်း အတို ၊ အရှည်ကို ခန့်မှန်း ပြောလိုက်နိုင်တာပါဗျာ။ ”

လို့ ပြောသတဲ့။ ဒီလိုလည်း ဆရာဝန်ကြီးက ပြောပြီးရော လိပ်ခေါင်း ခန့်မှန်းချက်ကို မေးနေတဲ့ နာ့စ်မလေးက သူမမှာ လိပ်ခေါင်း ရှိနေတာကို ဆရာဝန်ကြီး သိသွားပြီလားလို့ စိုးရိမ်သွားခဲ့တယ်။ ပြီးတော့ သူမရဲ့ လိပ်ခေါင်း အတို အရှည်ကို ဆရာဝန်ကြီး သိသွားမှာ စိုးတဲ့ အတွက်ကြောင့် ပါးစပ်လေးကို ခပ်တင်းတင်း စေ့ကာ  . . . .

“ ဝုတ်ရား . . . ချရာ . . . . ဂရိုကိုး . . . ကျမွ  . . . တိပါဘီ . . . ”

လို့ ပြောသတဲ့။



ရယ်စရာလေး ဖြစ်သလို ၊ ပြုံးစရာ ဟာသလေးလည်း ဖြစ်ပါတယ်။

အဲဒီလို အဖြစ်အပျက်လေး ဖြစ်ပြီးတော့ အချိန်ကာလ တစ်ခုကြာတော့ ဆရာဝန်ကြီးဟာ လူငယ်လေး တစ်ယောက်ကို ပါးစပ်ကို ကြည့်ပြီးတော့ လူတွေရဲ့ လိပ်ခေါင်း အတို ၊ အရှည်ကို ခွဲခြားတဲ့ နည်းကို သင်ပေးလိုက်သတဲ့။

ထိုလူငယ်လေးက အခု ဘလော့ရေးနေတဲ့ ကျွန်တော် “ ကိုဇော် ” ပါပဲ။ အခု ဒီဟာသလေးကို ဖတ်ပြီးတော့ လွတ်လွတ်လပ်လပ် ရယ်နေတဲ့သူတွေ ၊ ပြုံးနေတဲ့ လူတွေ ၊ အသံထွက်ပြီး ရယ်နေတဲ့ လူတွေရဲ့ ပါးစပ်ကို ကျွန်တော်က ကြည့်ပြီးတော့ သူတို့ရဲ့ လိပ်ခေါင်းကို ခန့်မှန်း မိသွားတာပေါ့ဗျာ။

ဟော . . .

ဟော . . . မရတော့ပါဘူး။ အခု အချိန်မှတော့ ပါးစပ်ကို လက်နဲ့ မပိတ်လိုက်ပါနဲ့တော့။ လုံးဝ . . . လုံးဝကို နောက်ကျသွားပါပြီ။ ကျွန်တော် အလုံးစုံကို ခန့်မှန်းမိသွားခဲ့ပါပြီ . . . . . . . . :D :D :D


*** ပျော်ရွှင် ရယ်မောရစေရုံပါပဲ။ ***

လေးစားစွာဖြင့်
ကိုဇော်
12.8.2011

Share/Bookmark

07 August 2011

20 ငယ်ငယ်တုန်းက ရယ်စရာလေးတွေ ( ၄ )



ငယ်ငယ်တုန်းက အကြောင်းလေးတွေကို ရေးမယ်လို့ ပြန်စဉ်းစားလိုက်ရင် ကပေါက်တိ ကပေါက်ချာ အကြောင်းလေးတွေကိုပဲ သွားသွားသတိရမိတယ်။ အခုနေ အချိန်မှာ ပြန်တွေးမိတော့ အတော်ကို ဂျစ်တီးဂျစ်ကန် လုပ်ခဲ့တာတွေပါလားလို့ ပြန်မြင်မိပါတယ်။ ဒါပေမဲ့လည်း အဲဒီ အချိန်တုန်းက ပျော်ခဲ့သလို အခုနေ ပြန်တွေးမိတော့လည်း ပျော်စရာ ကောင်းတာပါပဲ။

ဟိုတလောက မထင်မှတ်ဘဲနဲ့ သူငယ်ချင်း တစ်ယောက်ကို ကျွန်တော် ငယ်ငယ်က ပေါက်ကရ လုပ်တာလေးကို ပြန်ပြောမိပါတယ်။  ကိုယ်တိုင် ဖြစ်ခဲ့တာပေမဲ့ ပြောရင်းပြောရင်းနဲ့ ဘေးလူ တစ်ယောက် နေရာကနေ ရပ်ကြည့်နေရသလို ဖြစ်လာခဲ့တယ်။ ပြီးတော့ အထွေထွေ ကိစ္စတွေကြောင့် ၂၈.၆.၂၀၁၁ ကနေ ၃.၈.၂၀၁၁ ထိ မြန်မာနိုင်ငံကို ကျွန်တော် ပြန်သွားတော့ အရင်က သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့ရင်း ဒီအဖြစ်အပျက်လေးကို ပြန်သတိရစရာ ဖြစ်လာပြန်တယ်။ ဒီအဖြစ်အပျက်ကလည်း ကျွန်တော့်ကို တွေ့တိုင်း ၊ ပြီးတော့ သူ့ကို တွေ့တိုင်း ဘယ်တော့မှ မရိုးနိုင်သော ရယ်စရာ ဖြစ်ရပ်လေး တစ်ခု ဖြစ်နေမှာပါပဲ။

တကယ်တော့ ဒီအဖြစ်အပျက်လေးဟာ မထင်မှတ်ဘဲနဲ့ ဖြစ်လာခဲ့တာပါ။



အဲဒီတုန်းက ကျွန်တော် ၉ တန်း ကျောင်းသားပဲ ရှိပါသေးတယ်။ ဒါပေမဲ့ တောက်မဲ့မီးခဲ တရဲရဲ မဟုတ်လား။ အထက်တန်းကျောင်းမှာကို မစဖူး ၊ မနောက်ဖူးတဲ့ လူဆိုတာ မရှိလောက်အောင်ကို လူသိများသလို ၊  စိတ်မညစ် ညစ်အောင် အစ မခံရဖူးတဲ့ ဆရာမ မရှိအောင်ကိုလည်း ဆရာမတွေနဲ့ ခင်ပါတယ်။

အဲဒီနေ့က မှတ်မှတ်ရရ သရော်ကဗျာလေး တစ်ပုဒ်ကို ချရေးနေချိန်မှာပေါ့။ ဖတ်ခနဲ ကျွန်တော့် ပုခုံးကို ပုတ်တာ ခံလိုက်ရလို့ ကျွန်တော် လှည့်ကြည့်လိုက်တော့ မခံချိ မခံသာသော မျက်နှာပေးတွေနဲ့ ရပ်နေတဲ့ ကျွန်တော့် သူငယ်ချင်းတွေကို အနောက်မှာ မတ်တပ်ရပ်လျက် တွေ့လိုက်ရတယ်။ အရင်ကဆို ကျွန်တော် ရေးနေတာတွေ ကောင်းကောင်းဆိုးဆိုး လုဖတ်ပြီး တဟားဟား ရယ်နေကြပေါ့။ အခုတော့ သူတို့ မျက်နှာတွေက တစ်ခုခုကို အလိုမကျသလို ပုံစံကြီး ဖြစ်နေတယ်။ 

“ ဘာလဲ . . ဘာဖြစ်နေကြတာလဲ။ ”

အဲဒီလို ကျွန်တော်က မေးလိုက်တော့မှ သူတို့ထဲက မိစွာတေး “ ဇာဇာအောင် ” က ချက်ချင်း ပြန်ပြောတယ်။

“ ဝဏ္ဏလေ . . . ဟိုဟာမကို လိုက်ပြီး စကားပြောရင်း စာပေးတာကို ဟိုဟာမက သူ့ကို လုပ်ချသွားတာလေ။ ”

“ ဟင် . . . ဘာတွေ လုပ်ချသွားလို့လဲ။ ပါးချလိုက်တာလား။ ”

“ ပါးတော့ မချဘူးပေါ့ဟ။ သူ့လုပ်နေကြအတိုင်းပဲ လုပ်တာပေါ့။ ”

တကယ်တော့ သူမ နာမည်ကို နာမည်တပ်စရာကို မလိုဘဲ ဟိုဟာမ ၊ ဟိုကောင်မ စသဖြင့် မိန်းကလေးတွေ လောကမှာ အတော်ကို တာစားပါတယ်။ အဓိက ကတော့ မနာလိုလို့ ခေါ်ကြတာပါ။ အမှန်တော့ သူမ နာမည်က ဟိုဟာမ မဟုတ်ပါဘူး။ သူမ နာမည်က “ အိန္ဒြာမြင့် ” သာ ဖြစ်ပါတယ်။ မိန်းကလေးတွေ ကြားထဲမှာသာ ဒီလို နာမည်ဆိုးနဲ့ ကျော်ကြားပေမဲ့ ကျွန်တော်တို့ ယောက်ျားလေးတွေ ကြားထဲမှာတော့ သူက အိပ်မက် နတ်သမီး ( ဘလော့ဂါ အဖြူရောင် နတ်သမီး မဟုတ်ပါ :D ) တစ်လက် ဖြစ်နေတတ်ပါတယ်။ 

ဒါပေမဲ့ သေချာတာကတော့ ကျွန်တော့် အတွက် သူမကတော့ ကျောင်းက မုန့်စားတန်းက မုန့်ဟင်းခါးသည် အဒေါ်ကြီး မျက်နှာလောက်ကို ထွေထွေထူးထူး ကြည့်စရာ မရှိပါဘူး။ အဲဒီ အဒေါ်ကြီး ဆိုရင် သူ့စိတ်ဆိုးနေချိန် ဆိုရင် မုန့်ဟင်းခါးဖတ်က မပါသလောက် နည်းနေတတ်ပြီးတော့ ဟင်းရည်ကလည်း ကျဲရတဲ့ အထဲ ဇွန်းနဲ့ တဝက်လောက်သာ ပါပါတယ်။ ဒီကြားထဲ ပန်းကန်ထဲကို ထည့်အပြီးမှာ ပြန်ပြီးတော့ ဇွန်းထဲမှာ ကျန်အောင် ပြန်ကော့တင်သွားသေးတယ်။ ဒီတော့ သူ့ဆီက မုန့်ဟင်းခါး ဝယ်စားရတာ သူ့စိတ်ဆိုး မဆိုး ဆိုပြီးတော့ကို မျက်နှာကြည့် စားနေရသလိုပါပဲ။ သူနဲ့ အဆင်ပြေအောင်လည်း ပေါင်းထားရသေးတယ်။ ဒါမှ မုန့်ဖတ်များများ ၊ ဟင်းရည် ရွှဲရွှဲနဲ့ စားလို့ ရမှာ။ 

အခုနက ပြောတဲ့ အိန္ဒြာမြင့်ကို ကျတော့ ကျွန်တော်က သူ့မျက်နှာကို မုန့်ဟင်းခါးသည်ကြီးလောက် ဂရုစိုက် ကြည့်မနေနိုင်ပါဘူး။ သူကလည်း ဘာမှ မရောင်းဘဲနဲ့ကို မျက်နှာကြောကြီးက တင်းနေတတ်တယ်။ ဒါကြောင့်လည်း ကျန်တဲ့ မိန်းကလေးတွေ အားလုံးက သူ့ကို မာနကြီးတယ် ၊ ဘဝင်ကိုင်တယ် ၊ ဖင်ခေါင်းကျယ်တယ် ( တကယ်လည်း မမြင်ဖူးဘဲနဲ့များ ) ဘာညာဆိုပြီး အလိုလိုကို အမြင်က ကပ်နေကြတာပေါ့။

ကျွန်တော်ကတော့ အမြင်လည်း မကပ်ပါဘူး။ ဒါပေမဲ့ အရမ်းချောတယ် ဆိုတဲ့ မိန်းကလေးတွေကို ကျွန်တော်က သိပ်ပြီးတော့ သတိထား ကြည့်မိလေ့ မရှိဘူး။ စိတ်လည်း မဝင်စားတတ်ဘူး။ ယောက်ျားလေးတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတယ် ဆိုရင် ကျွန်တော် ပိုပြီးတော့ စိတ်မဝင်စားမိဘူး။ အုတ်ရောရော ၊ ကျောက်ရောရော လူတွေထဲမှာလည်း ငယ်ငယ်ကတည်းက မပါချင်တာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သူမ နဲ့ ကျွန်တော်က ဘယ်လိုမှ ပတ်သတ်စရာ မရှိပါဘူး။

အခုတော့ . . . . အဲဒီမှာပဲ စပြီးတော့ ပတ်သတ်စရာက ဖြစ်လာခဲ့တယ်။

“ အဲဒီတော့ ဘာဖြစ်လဲ။ ”

“ ဝဏ္ဏက စာလိုက်ပေးတာကို သူက ဖွင့်ဖတ်တယ် ၊ နောက်တော့ ဖြဲလိုက်ပြီး မြောင်းထဲကို ပစ်ချလိုက်တယ်။ ”

ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ ဝဏ္ဏက အတော်ကို ရုပ်ဖြောင့်တဲ့ ကောင်ပါ။ အဲ . . . တကယ်တမ်း တိတိကျကျ ပြောရမယ် ဆိုရင် ရုပ်တင်မကပါဘူး။ ခန္ဓာကိုယ်ကလည်း ဖြောင့်ပါတယ်။ မီးချောင်းကတောင်မှ ကောက်ချင်ကောက်ဦးမယ် ဝဏ္ဏကတော့ တဖြောင့်တည်းလို့ ဆိုရအောင်ကို ပိန်ပိန်ရှည်ရှည်နဲ့ ဘာကြွက်သားမှ မရှိဘဲ ၊ တဖြောင့်တည်း နန်းကြိတ်ထားသလို ဖြောင့်တဲ့ကောင်ပါ။ အဲဒီလို ငဖြောင့် ဝဏ္ဏ့ကို ဇာဇာအောင်ကလည်း နည်းနည်း ဟိုဒင်း ဖြစ်နေပုံရတော့ ဝဏ္ဏကို ထိရင် သူကပါ အလိုလို မီးပွင့်ပါတယ်။ တကယ်တော့ အနေသာကြီးပေမဲ့ သူကလည်း မီးပွင့်မှတော့ မနေသာတော့ဘဲ ဝင်ပူတတ်တဲ့ သဘောပါ။

“ ဟာ . . . နင်ကလဲ။ ဒါက အိန္ဓြာမြင့်ရဲ့ စတိုင်လ်လို ဖြစ်နေတာပဲလေ။ နင်တို့ မသိဘူးလား။ သူတို့ လိုက်စကားပြောတဲ့ လူဆိုရင် ရပ်ပြီးတော့ မျက်ထောင့်နီနဲ့ ကြည့်မယ်။ စာလိုက်ပေးရင် အဲဒီ့စာကို ဖတ်သလိုလိုနဲ့ ဖွင့်ပြီးတော့ ရေမြောင်းထဲကို တကူးတက သွားပစ်မယ်။ သူ့ရဲ့ အတွေးကို ငါဖမ်းကြည့်မိတာကတော့ ဒီလို ပစ်လိုက်ရင် ရိုးရိုးလွှင့်ပစ်တာထက် သေချာတယ်လေ။ ”

“ ဘာကို သေချာတာလဲ။ ”

“ သြော်. . . ရိုးရိုး အိတ်ထဲကနေ ထုတ်ပြီး မြေကြီးပေါ် ပစ်ချရင် ပြန်ကောက်ပြီးတော့ လိုက်ပေးနေဦးမယ်။ အခုလို ရေမြောင်းထဲ ပစ်ချလိုက်တယ် ဆိုတော့ ရေစိုသွားတော့ ပြန်ပေးရလည်း ခက်သွားမယ်လေ။ ဒါကြောင့် သူက ဒီလို လုပ်တယ်လို့ ငါ ထင်တယ်။ အတော် ဦးနှောက်ပြေးတဲ့ မိန်းကလေးပါ။ ”

“ ဟဲ့ . . . ငါက နင့် အိန္ဓြာမြင့်ရဲ့ ဦးနှောက် ပြေးကြောင်း ချီးမွမ်းခန်းကို လာနားထောင်တာ မဟုတ်ဘူးနော်။ ”

“ ဒါကတော့ ဘယ်တတ်နိုင်မလဲဟာ။ ငါကလည်း မြင်တာကို ပြောတာပေါ့။ ဒါနဲ့ နင်က ဘာလို့ ဝဏ္ဏ့ကို ထိရင် မချိအောင် ဖြစ်နေရတာလဲ။ ဘာလဲ ဝဏ္ဏက အဲဒီ့စာကို နင့်ကို မပေးဘဲ အိန္ဓြာမြင့်ကို သွားပေးလို့ နင် ဒီလောက် ပွက်လောရိုက်နေတာ မဟုတ်လား။ ”

“ ဟဲ့. . . . နင် ဒီလို ပြောစရာလား။ ”

ဇာဇာအောင်က ရှက်သလိုနဲ့ မျက်နှာကြီး ရဲတတ်လာပြီးတော့ ဝဏ္ဏ့မျက်နှာကို ရှက်ခိုးလေး ခိုးကြည့်တယ်။ ရိုးရိုးလည်း ကြည့်လို့ရသားနဲ့ အဲဒီလို ခိုးကြည့်လိုက်တာကိုက မှားတာ။ ဒီတော့ ခိုးထုပ် ခိုးထည်နဲ့ မိတာပေါ့။

“ အေးလေ . . . ထားပါတော့. . . . အခု ဘာဖြစ်လို့ ငါ့ဆီကို လာပြီးတော့ ငါ့ရဲ့ ကဗျာ စိတ်ကူးတွေကို ဖျက်ရတာလဲ။ ”

“ အမယ် . . အမယ် . . . ”

“ ဟဲဟဲ . . . နောက်တာပါ။ ဘာဖြစ်ချင်ကြလို့လဲ။ ဘာလုပ်ကြဖို့လဲ။ ”

ဒီတော့မှ သူငယ်ချင်းတွေ အားလုံး ကျွန်တော့်ဘေးမှာ ဝင်ထိုင်ပြီးတော့ ပြောကြတယ်။

“ အဓိက ကတော့ ငါတို့ အိန္ဒြာမြင့်ကို ပညာပြန်ပေးချင်တယ်ကွာ။ ”

“ ဘယ်လို ပညာပြန်ပေးချင်ရတာလဲ။ ”

“ ဘယ်လိုလဲတော့ မသိဘူးလေ။ အဲဒါကို မင်းက စဉ်းစားပေးပေါ့။ ပြီးရင်တော့ အတူတူ လုပ်ကြမယ်လေ။ ”

ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကလည်း သူငယ်ချင်းတွေကို ခင်တယ် ၊ ချစ်တယ်။ ဒါကြောင့် သူငယ်ချင်းတွေရဲ့ လိုအပ်ချက်တွေဆိုရင် အမြဲတမ်း ဦးစားပေးပြီးတော့ လုပ်ပေးလေ့ ရှိပါတယ်။ ဒါပေမဲ့ အခုလို သူများကို ထိခိုက်အောင် လုပ်ဖို့ကျတော့ အတော်ကို စဉ်းစားယူရပါတယ်။ ဘယ်သူ့ကို မနစ်နာစေချင်တာပါ။ သူနဲ့ကိုယ် ရန်သူတွေလည်း မဟုတ်ဘဲနဲ့ နစ်နာသွားဖို့ ဆိုတာ အတော်ကို မလုပ်သင့်တဲ့ အရာလိုလည်း ဖြစ်နေတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေရဲ့ အောင့်သီးအောင့်သက် ခံစားနေရတဲ့ ခံစားမှုကိုလည်း ပြေပျောက်သွားစေချင်ပါတယ်။

ဒါနဲ့ပဲ . . . .

“ ဒါဆိုရင် ငါစဉ်းစားမိတာ တစ်ခုတော့ ရှိတယ်။ ငါ တစ်ယောက်တည်းလည်း လုပ်လို့ အဆင်မပြေဘူး။ မင်းတို့တွေ အားလုံးပါ ဝိုင်းကူညီမှ ဖြစ်မယ်။ ငါ လိုတာတွေ ဝိုင်းရှာပေးမယ် ဆိုရင်တော့ အိန္ဒြာမြင့်ကို ပညာပေးဖို့ ကိစ္စကို ငါ လုပ်မယ် လို့ ကတိပေးတယ်။ ”

“ ဟေး . . . တကယ်နော်။ ”

အားလုံး ဝိုင်းအော်ကြတယ်။ ဇာဇာအောင်ရဲ့ အသံက အကျယ်ဆုံး ဖြစ်နေလိမ့်မယ်။ သူ့ရဲ့ ဝဏ္ဏ ခံထားရတော့ သူက အစာ မကြေဆုံး ဖြစ်မယ် ထင်တယ်။ 

“ ငါ လိုချင်တာတွေကို နင်တို့ အားလုံးက ဝိုင်းရှာပေး ၊ လုပ်ပေးရမှာနော်။ မဟုတ်ရင်တော့ အဆင်ပြေလာမှာ မဟုတ်ဘူး။ ”

“ အေးပါ . . . နင်လိုတာတွေက ဘာလဲ ဆိုတာပဲ ပြော . . . ငါတို့ အားလုံး ရအောင် ဝိုင်းရှာပေးမယ်။ ”

“ အင်း . . . ငါလိုတာတွေက ဘာလဲဆိုတော့ . . . . . . ”

မုတ်ဆိတ်မွှေးလည်း မရှိပါဘဲနဲ့ ကျွန်တော့်ရဲ့ မုတ်ဆိတ်ကို တစ်ချက် နှစ်ချက်လောက် သပ်လိုက်မိတယ်။ ပြီးတော့မှ သူတို့ကို စိတ်ဝင်စားအောင် ခေါင်းလေး ရှေ့တိုးပြီး အသံတိုးတိုးနဲ့ ပြောလိုက်တယ်။

“ ငါ လိုချင်တာတွေက . . .  x x x x x x x x x x x x ”



နောက်ထပ် သုံးရက်လောက်မှာတော့ ကျွန်တော်ဟာ ကျောင်းဆင်းတာနဲ့ အိန္ဒြာမြင့် လာရာလမ်းမှာ မလှမ်းမကမ်းကနေ ရပ်စောင့်နေခဲ့တယ်။ ကျွန်တော် သူ့ကို ရပ်စောင့်နေတယ် ဆိုတာကိုလည်း သူသိအောင် ပုံစံမျိုးစုံနဲ့ လုပ်ပြခဲ့တယ်။ သူနဲ့ မျက်နှာချင်း မဆိုင် ဆိုင်မိအောင် လုပ်တယ်။ မျက်လုံးချင်း ဆုံမိရင်လည်း သေသေချာချာ လှလှပပ ပြုံးပြပါတယ်။ ( သေသေချာချာ လှလှပပ ပြုံးပြတယ် ဆိုတာက မခို့တရို့ ယောက်ျားကြီးတန်မဲ့ ရှက်ပြုံး ပြုံးပြနေတာ မဟုတ်ဘူးလို့ ပြောချင်တာပါ။ )

အရင်က သူမကို ခပ်တန်းတန်း နေတဲ့ လူက အခုမှ ပြုံးပြ ရယ်ပြ လုပ်နေတော့ သူလည်း အူတူတူ ဖြစ်ပြီး ဟုတ်ရဲ့လား ဆိုပြီး လမ်းကွေ့တွေ ဘာတွေမှာ ကျွန်တော့်ကို သမင်လည်ပြန်လေး လှည့်ကြည့်ရင်လည်း ကျွန်တော်က ကြိုတင်ပြင်ဆင်ထားတဲ့ လှတပတ အပြုံးလေးနဲ့ သူမကို လက်လေး လှမ်းပြပါတယ်။ တစ်ပတ်လောက် အထိ ကျွန်တော် သူမ လာရာလမ်းကို စောင့်နေပြီးတော့ ပြုံးပြယုံ ၊ လက်ပြယုံလောက်ပဲ လုပ်ပါတယ်။ ကျွန်တော့်ရဲ့ ဘေးမှာ ဘယ်သူငယ်ချင်းကိုမှ လာစောင့် မနေခိုင်းဘဲ။ မလှမ်းမကမ်းမှာမှ သူငယ်ချင်း အုပ်စုလိုက်က အခြေအနေကို အကဲခတ်နေပါတယ်။

အဲဒီလိုနဲ့ တစ်ပတ်လောက် ပြီးတော့မှ ကျွန်တော် အိန္ဒြာမြင့် ကျောင်းက ပြန်ရာမှာ ကျွန်တော် လိုက်သွားပါတယ်။ သူများတွေလို ရှက်သလိုလို ၊ ကြောက်သလိုလိုနဲ့ မခို့တရို့ လိုက်သွားတာတော့ မဟုတ်ပါဘူး။ တကယ်ကို ရဲရဲဝံ့ဝံ့ သူမဘေးကနေ လိုက်သွားတာပါ။ သူမကို ကိုယ်က မရရင် သေရပါလိမ့်မယ် ဆိုပြီးတော့လည်း ချစ်ခင်နှစ်သက်နေတာ မဟုတ်လေတော့ မရဲတရဲလည်း ဖြစ်နေစရာ မလိုဘူးပေါ့လေ။

“ ဟဲ့ . . .အိန္ဒြာမြင့် . . . ”

အဲဒီလိုပဲ ခပ်တင်းတင်း ခေါ်လိုက်တော့ သူမကလည်း သူမရဲ့ ခပ်ချောချော မျက်နှာကို တင်းလိုက်ပြီးတော့ ကျွန်တော့်ကို လှည့်ကြည့်လာပါတယ်။ ပြီးတော့မှ. . . . .

“ ဘာလဲ . . . ”

ကျွန်တော်ကလည်း လန့်သွားသလိုနဲ့ ကိုယ်ကို နည်းနည်း ယို့ပြလိုက်ပါတယ်။

“ ဖြေးဖြေး လုပ်ပါဟ . . . နင်ကလဲ။ ”

“ ဘာလဲ . . . ဘာပြောစရာ ရှိလို့လဲ။ ”

ဖြေးဖြေးလုပ်ပါလို့ ပြောထားပေမဲ့ သူမက နာခံပုံ မရပါဘူး။ ခပ်တင်းတင်းပဲ မေးတယ်။

“ ဘာမှ ပြောစရာ ထွေထွေထူးထူး မရှိပါဘူးဟ။ ငါ နင့်ကို စာလေး တစ်စောင်ပဲ ပေးဖို့ ရှိတာပါ။ ဒီစာလေးကို နင်က ယူပြီးတော့ ဖတ်ဖို့ပဲ လိုတာပါ။ ”

“ ဘာ . . . နင်က . . . ”

သူမက မျက်လုံးပြူးပြီးတော့ အော်ပါတယ်။ ကျောင်းဆင်းချိန်ဆိုတော့ ဘေးနားက လူတွေကလည်း နည်းနည်းတော့ များနေတာပေါ့လေ။ ပြီးတော့ အဝေးက နေမြင်နေသူတွေရော ၊  အနီးကနေ မြင်နေသူတွေရော ဘယ်တော့များ အသက်ဝင်လာမလဲ ဆိုပြီး သူမရဲ့ နှလုံးသား သူယောင်မယ်လေးကို စောင့်နေကြတဲ့ ဇော်ဂျီတွေက အများသား မဟုတ်လား။

“ နင်ကလည်း ဘာလို့ အော်နေရတာလဲ။ ဖြေးဖြေး လုပ်ပါဆိုနေမှပဲ။ ဘာမှ ဒေါသတွေ ထွက်စရာ မလိုဘူး။ ငါပေးတဲ့ စာလေးကို ယူပြီး ဖတ်လိုက်ယုံပဲ။ ဒါပဲ။ ပြီးရင် နင်က ငါ့ကို ပြန်စာလေး ပြန်ပေးယုံပဲ။ ”

“ ဘာ . . . ”

သူမက ထပ်အော်ပြန်ပါရော . . . .

“ နင် နားလေးနေလား . . . ”

“ နင်နော်. . . . ”

“ အိုကေ . . ငါ ထပ်ပြောမယ်။ နေဦး . . ဒီမှာဟ . . . ”

ကျွန်တော်လည်း လွယ်အိတ်ထဲက လက်ထပ်ဖိတ်စာလောက် ကြီးတဲ့ စာအိတ်လေးကို ထုတ်ယူပြီး ကိုင်ထားလိုက်ရင်း . . .

“ ဒီမှာဟ။ ဒီစာလေးပဲ။ အထဲမှာ ကဒ်လှလှလေးပါတယ်ဟာ။ အဲဒီထဲမှာ ငါရေးထားတာပဲ။ ဒါလေးကို နင်က ယူပြီးတော့ ဖတ်ကြည့်။ ပြီးရင် နင် စိတ်ထဲမှာ ရှိတဲ့ အတိုင်း ငါ့ကို စာပြန်ပေးပေါ့။ ဒါမှဘဲ ငါ့စာကို လက်မခံနိုင်ရင်လည်း ငါ့ကဒ်လေးကို ပြန်ပေးပေါ့။ ရော့ . . . ရော့. . .”

သူမရဲ့ ကောင်းတဲ့ အချက်တွေထဲမှာတော့ ဘယ်သူက စာလိုက်ပေးပေး သူများတွေလို ဟိုပြေးဒီပြေး လုပ်ပြီးတော့ ဣနြေ္ဒပျက်အောင် မလုပ်ဘဲ ၊ ပေးတဲ့ စာကို အေးအေးဆေးဆေး ယူပြီးတော့ အဲဒီနေရာမှာပဲ ဖောက်လိုက်ခြင်းပါပဲ။ အခုလည်း ကျွန်တော်ပေးတဲ့ စာကို ယူပြီးတော့ သူက ဖွင့်ဖတ်လိုက်ပါတယ်။

“ ဖလပ် . . . ဗြတ် . .  ” ( စာဖွင့်ဖတ်သံရဲ့ မြည်သံစွဲလို့ ယူဆကြပါကုန် )

အဲ . . သူမရဲ့ မကောင်းတဲ့ အချက်တွေထဲမှာတော့ ဘယ်သူက စာလိုက်ပေးပေးတဲ့ စာကို ဖြစ်ဖြစ် ယူဖတ်ပြီးရင်တော့ ဖြဲပြီးတော့ ရေမြောင်းထဲကို တကူးတက သွားပစ်တတ်တာပါပဲ။ အခုလည်း ကျွန်တော့်စာကို ဖောက်ဖတ်ပြီးတော့ သူမရဲ့မျက်နှာကြီး ချက်ချင်း ရဲတတ်လာပါတယ်။ ပြီးတော့ ကျွန်တော့်ကို မျက်လုံးကြီး ပြူးကြီးပါတယ်။ ( သူ့ကို မြင်နေတွေ့နေတာ ကြာပြီ ဖြစ်ပေမဲ့ အခုမှ သေချာ ကျွန်တော်ကလည်း သတိထားမိပါတယ်။ လှတဲ့ သူတွေကျတော့ မျက်လုံးပြူးပြလည်း လှတာပါပဲ။ ဒါပေမဲ့ သူ့ကို ကျွန်တော် ချစ်လည်း မချစ် ၊ ကြိုက်လည်း မကြိုက်ပါ။ )

“ ဟင် . . . နင် . . . နင်. . . . တော်တော် မိုက်ရိုင်းပါလား။ ”

သူမက ကျွန်တော့်ရဲ့ စာကို ဖောက်ဖတ်ပြီးတော့ မျက်နှာကြီး ရဲ ၊ မျက်လုံးကြီး ပြူးကာ ဒေါသတွေ ထွက်ပြီး ပြောပါတယ်။

“ ဘာလဲဟ . . . အဲဒီ စာအိတ်ထဲမှာ ကဒ်ကလေးလေ။ အဲဒီကဒ်လေးကို ဖွင့်လိုက်ရင် အသည်းပုံလေး ဖောင်းကြွ ထွက်လာတယ်လေ။ အဲဒီကဒ်လေးထဲမှာ နင့်အတွက် စာကို ရေးထားတယ်လေ။ အများကြီး မဟုတ်ပါဘူး။ မတွေ့ဘူးလား။ ”

“ တွေ့တယ် . . . တွေ့တယ် . . . တွေ့လို့ ပြောတာ။ နင် တော်တော် မိုက်ရိုင်းပါလား။ ဒီလောက်တောင်မှ ဖြစ်လှတာ . . ကဲဟာ . . ကဲဟာ . . . ”

အထက်မှာ ကျွန်တော် ပြောခဲ့တဲ့ အတိုင်း သူမရဲ့ မကောင်းတဲ့ အချက်ထဲက အတိုင်း ကျွန်တော့် စာရေးထားတဲ့ ကဒ်လေးကို ဆွဲဖြဲပြီးတော့ စက္ကူအစတွေ အားလုံးကို ရေမြောင်းထဲကို ရောက်အောင် သွားလွှင့်ပစ်ပါတော့တယ်။

“ အဲဒါပဲ. . . မှတ်ပလား . . . မိုက်ရိုင်းချင်ဦး။ ”

“ ဟာ . . နင် ဘယ်လို လုပ်လိုက်တာလဲ။ နင့်ကို ငါ စပြီးတော့ စာပေးကတည်းက ပြောထားတယ်လေ။ နင် မကြိုက်ရင်လည်း ငါ့ကို ပြန်ပေးပါလို့. . . ဘာလို့ နင်က ဖြဲလိုက်ရတာလဲ။ ”

“ နင် ရေးထားတာကိုလည်း ကြည့်ဦးလေ။ ”

“ ဟာ ဘာဖြစ်လို့လဲ. . . . နင့်ဖာသာ မကြိုက်ရင် ငါ့စာ ငါ့ကို ပြန်ပေးပေါ့ ၊ အခုတော့ ဘာလို့ ဖြဲပြီးတော့ ရေမြောင်းထဲ သွားပစ်လိုက်ရတာလဲ။ ”

ကျွန်တော်တို့ကသာ အခြေအတင် ပြောနေကြတာပါ။ သူမရဲ့ ပတ်ဝန်းကျင်မှာတော့ သူမကို စာလိုက်ပေး ၊ သူမက ယူပြီးတော့ ဖတ် ၊ ဖတ်ပြီးတော့ ဖြဲ ၊ ဖြဲပြီးတော့ ရေမြောင်းထဲ လွှင့်ပစ်တယ် ဆိုတာ အားလုံး အဖို့တော့ ရိုးနေပါပြီ။ ဖြစ်ရိုး ဖြစ်စဉ်လည်း ဖြစ်လို့ နေပါပြီ။

“ နင် ရေးထားတာကိုလည်း ကြည့်ဦးလေ။ ရည်းစားစာ ပေးတာတောင်မှ အထက်စီးက . . . . ၊ ငါ ပါးပါ ပိတ်ရိုက်လိုက်ရ . . . ”

“ ငါကလည်း ငါ ရေးတတ်သလို ငါရေးတာလေ။ မကျေနပ်ရင် ငါ့စာကို ပြန်ပေးပါလား။ ဘာလို့ ရေမြောင်းထဲ လွှင့်ပစ်ရတာလဲ။ ”

“ နင် . . . နင်. . . . ”

သူမ ဘာမှလည်း ဆက်မပြောဘဲ ဆောင့်အောင့် ခြေဆောင့်ကာ ထွက်သွားပါတော့တယ်။ သူမ ထွက်သွားတော့မှ ကျွန်တော်လည်း အနောက်ကနေ အခြေအနေ ကြည့်ရင်း ပါလာတဲ့ ကျွန်တော့် သူငယ်ချင်းတွေ ဆီကို ခြေဦးလှည့်လိုက်ပါတော့တယ်။



“ သူ တော်တော် စိတ်ဆိုးသွားတာနော်။ နင် ဘာတွေ ရေးပေးလိုက်တာလဲ။ ”

“ စာလုံးလေး နှစ်လုံးထဲပါဟာ . . . ဒါကို သူက ဖြစ်နေတာ . . . ”

“ သူက အဲဒီလို ဒေါသထွက်တာ ရှားတယ်ကွ။ သူကပဲ အားလုံး အပေါ်မှာ အထက်စီးက ဆက်ဆံနေကြ။ အခု မင်းက ဘာသွားရေးပေးလိုက်တာလဲ။ ”

“ စာအိတ်ထဲမှာကွာ . . . ကဒ်လှလှလေး တစ်ခုပါတယ်လေ။ ”

“ အေးလေ . . ဒါကို ငါတို့ သိတယ်လေ။ ငါတို့ပဲ ရှာဝယ်ပေးလိုက်တာပဲ။ ”

“ အင်း . . . အဲဒီကဒ်လေးကို ဖွင့်လိုက်ရင် အသည်းပုံလေးက ဖောင်းကြွလေး ဖြစ်ပြီး ထွက်လာတယ်။ ”

“ သိတယ်လေ။ ငါတို့ပဲ ရှာဝယ်ပေးတာလေ။ အထဲက စာကို ဘာရေးလိုက်လဲ မေးတာလေ. . . ”

“ အင်း . . .အဲဒီ အသည်းပုံလေးရဲ့ အောက်က စာရွက် အလွတ်ထဲမှာတော့ ငါက သူ့အတွက် စာလေး နှစ်လုံးထဲ ရေးပေးလိုက်တာ. . . ”

“ စာနှစ်လုံးထဲ ဆိုတော့ “ ချစ်တယ် ” လို့ ရေးပေးလိုက်တာလား။ ”

“ မဟုတ်ဘူး . . . . တခြား စာလုံးလေး နှစ်လုံးထဲ . . . ”

“ ဒါဆို ဘာရေးပေးလိုက်တာလဲ ၊ မြန်မြန်ပြောလေကွာ . . . ”

“ ငါရေးပေးလိုက်တာ ရိုးရိုးလေးပါကွာ . . . .”

“ ဘာရေးပေးလိုက်တာလဲ။ ”

အားလုံးက သိချင်ဇောနဲ့ ခေါင်းတွေ တိုးလာပြီး သံပြိုင်မေးကြတယ်။ ဒီတော့မှ ကျွန်တော်က ဖြေလိုက်တယ်။

“ နှစ်လုံးထဲပါပဲကွာ. . . . ဒါပေမဲ့ . . . “ အာဘွား ” . . . . ”



ထိုစာလေးနဲ့ ကဒ်ကလေးကတော့ အစိတ်စိတ် အမွှာမွှာဖြစ်ပြီးတော့ ရေမြောင်းထဲမှာ ရေတွေ နူးကာ ဆွေးမြေ့နေလောက်ပြီဖြစ်ပေမဲ့ ကျွန်တော့် အတွက်ကတော့ ဒီလောက်နဲ့ မပြီးခဲ့ပါဘူး။ အခုမှ ဇာတ်လမ်းက စတယ် လို့ ပြောရမယ် ထင်ပါတယ်။ ကျွန်တော် နောက်နေ့က စပြီးတော့ ကျွန်တော် ရှေ့ဆက်လုပ်မဲ့ ကိစ္စတွေကို သူငယ်ချင်းတွေကို သေချာ ပြောပြပြီး တိုင်ပင်ပါတယ်။ သူတို့ကလည်း သူတို့ လုပ်ရမှာတွေကို သိလေလေ ပိုပြီးတော့ တတ်ကြွလေ ဖြစ်ကြတာပါပဲ။

နောက်နေ့ ကျောင်းဆင်းတော့ ကျွန်တော် ခပ်တည်တည်နဲ့ အိန္ဒြာမြင့် ဆီကို သွားပါတယ်။ သူနဲ့ ဘေးချင်း ယှဉ်လျှောက်မိတော့မှ သူ့ကို ခပ်တည်တည်နဲ့ ပြောလိုက်ပါတယ်။

“ ဘာပဲ ဖြစ်ဖြစ်ပေါ့ဟာ . . . နင် ငါ့ကို “ အာဘွား ” ပြန်ပေးသင့်ပါတယ်။ ”

“ ဘာ . . .  ”

အဲဒီ ဘာ ကတော့ ကြားခဲ့ဖူးသမျှထဲမှာ အကျယ်ဆုံးပါပဲ။ နားလည်း အတော်ကို အူသွားပါတယ်။ သူနဲ့ ကျွန်တော်က ဘေးချင်းကပ်လျက် လမ်းလျှောက်နေတာ ဆိုတော့ . . . . ဒါကို ခြေစုံရပ်ပြီးတော့ ခါးလေး ကုန်းကာ ကုန်းကာ အော်လိုက်တာ ဆိုတော့ လူက ရုတ်တရက် မရှောင်နိုင်ဘဲ နားကို အူသွားတာပါ။

“ နင်ကလည်း မကြားလိုက်တာလား ၊ ထပ်ကြားချင်တာလား။ ငါ ပြောတာက နင် ငါ့ကို အာဘွား ပြန်ပေးသင့်တယ်လို့ ပြောတာ။ ”

“ နင် . . နင်. . .တော်တော် စော်ကားပါလား။ နင့်ကိုတော့ ငါ မနက်ဖြန် စည်းကမ်းထိန်းသိမ်းရေး ဆရာမနဲ့ တိုင်ပြောမယ်။ ”

“ ဟ . . . ဆရာမကို ဘာပြောစရာ လိုလို့လဲ။ နင့်ကို ငါ အာဘွားပေးတဲ့ ကိစ္စကို ဆရာမတွေ သိကုန်မှာပေါ့။ ”

“ ဘာ . . . ”

ဒီ ဘာ ကလည်း ဟို ဘာ ထက် အသံ မလျော့ပါဘူး။ ကျယ်ပါတယ်။

“ ဟုတ်တယ်လေ။ နင် နဲ့ ငါနဲ့ ကိစ္စကို ဆရာမတွေ သိကုန်မှာပေါ့။ ဒါဆို ငါက နင့်ကို အာဘွားပေးတာ လူတွေလည်း သိကုန်မှာပေါ့။ ”

“ နင် . . . . နင်. . . . နင် . . .  တောက် . . . နင် . . .တွေ့မယ် ၊ မနက်ဖြန်မှ တွေ့မယ်။ ”

“ အေး . . အေး . . ရပါတယ်။ မနက်ဖြန် တွေ့ရင်တော့ ငါ့ကို အာဘွား ပြန်ပေးပါဟာ နော်. . . . ငါ စောင့်နေမယ်။ ”

“ ဘာ . . . ”

ဒီ ဘာ အော်နေချိန်မှာတော့ ကျွန်တော် သူမ ရှေ့က ခပ်တည်တည်နဲ့ လှည့်ထွက်လာခဲ့တယ်။ ကျွန်တော်တို့ အနောက်ကနေ အခြေအနေ လိုက်စောင့်ကြည့်နေတဲ့ သူငယ်ချင်းတွေဆီကိုလည်း လက်မ ထောင်ပြခဲ့တယ်။ သူမကတော့ စွေ့စွေ့ခုန်လား ၊ ခုန်ခုန်စွေ့လား မသိနိုင်တဲ့ ပုံစံနဲ့ ကျန်ခဲ့လေရဲ့။



ကျွန်တော့် သူငယ်ချင်းတွေဆီကို ရောက်မှ သူတို့က ပြုံးဖြီးဖြီးကြီးတွေက ဝိုင်းကြည့်ရင်း မေးကြတယ်။

“ မင်းကွာ . . မင်း အစား ငါတို့တောင်မှ ပါးတွေ ယားနေတာ . . . အတော်လည်း ပေါက်ကရ လုပ်ရဲတယ်။ ”

“ ဟင် . . . မင်းတို့ပဲ လုပ်ပေးပါလို့ ပြောလို့ ငါက လုပ်ရတာလေ။  တကယ်ဆို ငါနဲ့ သူ ဘာမှကို ပတ်သတ်စရာ မရှိဘူးလေ။ မင်းတို့ လုပ်ခိုင်းလို့ လုပ်ရတာလေ။ ”

“ အေးပါ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီလိုကြီး လုပ်လိမ့်မယ်လို့ မထင်မိဘူးလေ ဟီးဟီး . . ”

“ သြ . . အခုတော့ ငါက လွန်နေလို့လား။ ”

“ ဒီလိုလည်း မဟုတ်ပါဘူး။ ထားပါတော့ကွာ . . . အခု ငါတို့ လုပ်ရမဲ့ အပိုင်းဆို  . . အဲဒါ ဘာလဲ။ ငါတို့ ဘာတွေ လုပ်ရမှာလဲ။ ”

“ အင်း . . . အခု လောလောဆယ်တော့ ငါ အထင်သာ မှန်မယ် ဆိုရင် သူ ငါ့ကို ဆရာမတွေနဲ့ မနက်ဖြန် တိုင်ဦးမှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ သူ့မှာ သူ့ဖာသာ လွှင့်ပစ်လိုက်လို့ သက်သေ မရှိတော့ဘူးလေ။ ဒါကြောင့် မင်းတို့က မနက်ဖြန်က စပြီးတော့ ငါက သူ့ကို အာဘွားပေးတယ် လို့ ကြားတယ် ဆိုပြီးတော့ မတိကျ မသေချာတဲ့ အနေနဲ့ သတင်းလွှင့် ၊ ပြီးတော့ ငါကလည်း အာဘွား ပြန်တောင်းနေတယ် ဆိုပြီးတော့ သတင်းထပ်လွှင့်. . . . . ဒါပေမဲ့ . . ဘာမှ ဖြေရှင်း မနေနဲ့ ၊ ဘယ်သူ့ကိုမှ ရှင်းပြမနေနဲ့။ ”

“ ဟာ . . . ဒါဆို သူ သေချာ မင်းကို တိုင်တော့မှာပေါ့။ ”

“ အင်း . . တိုင်တာကတော့ မတိုင် တိုင်အောင် လုပ်ရမှာပဲ။ တကယ်လို့ သူ မတိုင်ဘူး ဆိုရင် ငါတို့ရဲ့ လုပ်ရပ်လေးက ဟာသ မမြောက်တော့ဘူး။ တကယ်လို့ သူ တိုင်ပြီ ဆိုရင် သူ လုံးဝကို မှားသွားလိမ့်မယ်။ ဒါပေမဲ့ မပူပါနဲ့ကွာ။ သုံး လေးရက် အတွင်းတော့ သူ တိုင်ဦးမှာ မဟုတ်ဘူး။ ပြီးရင်တော့ သူ တိုင်လိမ့်မယ်လို့ ငါ ထင်တယ်။ ”

“ အိုကေ . . ဒါဆို မနက်ဖြန်က စပြီး ငါတို့ မင်းက သူ့ကို အာဘွားပေးတယ် ၊ ပြီးတော့ သူ့ဆီကလည်း အာဘွား ပြန်တောင်းနေတယ်လို့ သတင်းလွှင့်မယ်။ ”

“ ဟုတ်ပြီ. . . အိုကေ . . ”

“ ဒီကြားထဲမှာ မင်းက ဘာတွေ လုပ်မှာလဲ. . . ”

“ ငါကလား . . . ”

“ အေး . . . ”

“ ငါကတော့ သူ့ဆီကို နေ့တိုင်းသွားပြီးတော့ ငါ့အာဘွား ပြန်တောင်းရမှာပေါ့ကွာ။ ”



ကျွန်တော် ထင်တဲ့အတိုင်းပဲ သူက နောက်နေ့ ကျတော့ ဆရာမတွေနဲ့ မတိုင်ပါဘူး။ ဘယ်ကနေ စတိုင်ရမှန်း မသိဖြစ်နေတာ ဖြစ်နိုင်သလို။ အာဘွားကို သက်သေပြဖို့ သက်သေ မရှိတော့တာကြောင့်လည်း ပါမယ် ထင်တယ်။ တကယ်တော့လည်း အာဘွား ဆိုတာ အစစ်တောင်မှ “ သက်သေနဲ့ လက်ဗွေ ” ပြသလို ပြလို့ မရနိုင်တာကလည်း ခက်တယ် မဟုတ်လား။ တိုင်သင့် မတိုင်သင့် သူကလည်း စဉ်းစားနေတာ ပါလိမ့်မယ်။

ဒီအချိန်မှာ ကျွန်တော်ကလည်း ငြိမ်မနေပါဘူး။ ကျောင်းမတတ်ခင် ၊ မုန့်စားဆင်းချိန် တွေမှာ သူ့အခန်းကို ရောက်အောင် သွားပြီးတော့ . . . .

“ ငါ့ကို အာဘွား ပြန်ပေးဦးလေဟာ . . ”

လို့ သွားသွားပြောတတ်တယ်။ ကျောင်းဆင်းချိန်ဆိုရင်လည်း သူ့ဘေးကနေ ကပ်လိုက်ပြီးတော့ . .

“ ငါ့ကို အာဘွား ပြန်ပေးဦးလေ။ ”

လို့ သွားသွား စတတ်တယ်။ စတယ် ဆိုပေမဲ့ သူ့မှာ ဘယ်လို ပြန်ပြောရမလဲ မသိလို့ ထင်ပါတယ်။ ၄ ရက်မြောက်တဲ့ နေ့မှာတော့ ကျွန်တော့် သူငယ်ချင်းတွေကလည်း သတင်းလွှင့်ထားလို့ တစ်ကျောင်းလုံး တိုးတိုး တိုးတိုးနဲ့ အာဘွား ကိစ္စက သတင်းတွေ ထွက်နေသလို ၊ ကျွန်တော်ကလည်း သူ့ဆီကို လာလာပြီးတော့ အာဘွား ပြန်လာတောင်းနေတော့ သူ့မှာ စိတ်တွေ ညစ်ပြီး အတန်းထဲမှာ ငိုပါလေရောဗျာ။

အော်ကြီး ဟစ်ကျယ် ငိုတာ မဟုတ်ပေမဲ့ စားပွဲပေါ် ခေါင်းမှောက်ပြီးတော့ ငိုလိုက်တာ တိတ်ကို မတိတ်တော့ဘူး။ သူကလည်း ကျောင်းမှာ အလှဆုံး အချောဆုံး ဆိုတော့ ဆရာ ၊ ဆရာမတွေကလည်း ချစ်ကြပါတယ်။ ဒီလိုပဲ ကျောင်းသူ သူငယ်ချင်းတွေကလည်း ချစ်ကြတယ်။ ဒီတော့ သိပ်မကြာခင်မှာ သူငိုနေတဲ့ အကြောင်းကို တစ်ယောက် စကား တစ်ယောက်နားနဲ့ ဆရာမတွေ သိသွားပြီးတော့ စည်းကမ်းထိန်းသိမ်းရေး ဆရာမက ကျွန်တော့်ကို လာခေါ်ပါလေရောဗျာ။

စည်းကမ်းထိန်းသိမ်းရေးက ဆရာမက တစ်ကျောင်းလုံးမှာ ကျောင်းအုပ်ဆရာမကြီး ပြီးရင် သူက သြဇာ အရှိဆုံးပါ။ အဲဒီဆရာမကို ကျွန်တော်က “ အမေ ” လို့ပဲ ခေါ်ပါတယ်။ စလွန်း ၊ နောက်လွန်း ၊ ပြောင်လွန်းလို့ ခဏခဏ ဆရာမနဲ့ တွေ့နေကြပါပဲ။ အခုလည်း လာခေါ်တော့ သူများတွေလို တဆင့် မဟုတ်ဘဲ ဆရာမ ကိုယ်တိုင် အတန်းဝက လာခေါ်ပြီးတော့ ကျွန်တော့်ကို တွေ့တာနဲ့ ဗိုက်ခေါက်ကို ဆွဲခေါ်တာပါပဲ။

“ အား . . . နာတယ် . . နာတယ် . . . အမေကလဲ ”

“ ဘာနာတယ်လဲ။ ထစ်ခနဲဆို မင်းပဲ။ အခုလည်း ဘာတွေ လျှောက်လုပ်ပြန်တာလဲ။ ဟိုမှာ ငိုနေပြီ။ ဟင် . . . နင်တော့လား. . . ”

“ ဘာလုပ်လို့လဲ အမေကလဲ ”

“ အေး လုပ်လား မလုပ်လား ဆိုတာကတော့ ဟိုက တိုင်တာကို မင်းကိုယ်တိုင် နားထောင် ၊ မင်း ဆိုတာ သိတာနဲ့ တန်းလာခေါ်တာ . . . သူ ပြောတာကိုတောင်မှ နားမထောင်ရသေးဘူး။ ”

ဗိုက်ခေါက်ကို လိမ်ဆွဲရင်း ဆရာ ၊ ဆရာမတွေ နားနေခန်းထဲကို ရောက်တော့ စားပွဲပေါ်မှာ မှောက်ပြီး ငိုနေတဲ့ အိန္ဒြာမြင့်ကို တွေ့လိုက်ရတယ်။ တကယ်ဆိုရင်တော့ ခေါင်းလေးကို သွားပွတ်ပြီးတော့ ချော့ပေးသင့်တာပါ။ ဒါပေမဲ့ သူနဲ့ ကျွန်တော်က ဘာမှမှ မဆိုင်တော့ မချော့ဖြစ်ပါဘူး။ သူကလည်း ကျွန်တော် ရောက်လာတော့ ခေါင်းထောင်ကြည့်ပါတယ်။ ပြီးတော့ မျက်စောင်းခါးခါးကြီးတွေနဲ့ ဝင်းဝင်းတောက်လျက်ပေါ့။

“ ဘာဖြစ်တာလဲ ပြော . . . ”

ဆရာမက ကျွန်တော့်ကို သေချာ ကြည့်ပြီး မေးပါတယ်။ နာမည်သာ မပါပေမဲ့ ကျွန်တော့်ကို မေးတယ် ဆိုတာ သိလေတော့ ကျွန်တော်ကလည်း ပြန်ဖြေရတာပါပဲ။

“ ဘာမှတော့ မဟုတ်ပါဘူး အမေရယ်။ ကျွန်တော်က သူ့ကို အာဘွားပေးပါတယ်။ အခုတော့ သူ့ဆီက အာဘွား ပြန်တောင်းတာပါ။ ဒါပါပဲ။ ”

“ ဟေ . . . ဘယ်လို . . . ”

ဆရာမက အတော် နားထွေးသွားပုံ ရပါတယ်။ အဲဒီမှာ သူက ခါးခါးသီးသီး ထလုပ်ပါလေရော . . .

“ မဟုတ်ဘူး ဆရာမ။ သူက သူ့ဖာသာ ပေါက်ကရ လျှောက်လုပ်တာ သူပြောသလို မဟုတ်ဘူး။ ”

“ ဟင် . . . ဒါဆို ဘယ်လိုလဲ။ ”

ဆရာမ ခင်ဗျာမှာလည်း ဟိုဟာ ယုံရနိုးနိုး ၊ ဒီဟာ ယုံရနိုးနိုးပေါ့လေ။ ( တကယ်ဆို ဒီစကားကြီးကိုက ဘယ်လိုမှန်းကို မသိတာ။ ယုံရနိုးနိုး ဆိုတော့ ( ယုံရ No No ပေါ့။ ) No No ဆိုမှတော့ဗျာ။ မယုံရတော့ဘူးပေါ့။ အဲဒီလိုကြီး ဖြစ်နေတာ ၊ မြန်မာ စကားတွေကိုက ဘယ်လို စကားတွေ မှန်းကို မသိပါဘူးလေ။ )

“ မဟုတ်ဘူး ဆိုတာ ဒီလိုပါ ဆရာမ။ သူက သမီးကို အာဘွား လာပေးတယ် ဆိုတာတော့ ဟုတ်တယ် ဆရာမ။ ”

“ ဟေ . . . ”

“ တွေ့လား ကျွန်တော် ပြောသားပဲ အမေကလဲ ”

“ မဟုတ်ဘူး ဆရာမ ၊ သူ ပြောသလို မဟုတ်ဘူး။ သူက အာဘွားသာ ပေးတယ်။ ဟိုလို ပေးတာ မဟုတ်ဘူး။ စာနဲ့ ရေးပြီးတော့ဘဲ အာဘွားပေးတာပါ။ ”

“ ဟင် . . . ”

“ အဟီး . . . နင်က ဟိုလို မပေးလို့ ၊ ဒါကို စိတ်မကောင်း ဖြစ်နေတာလား။ ”

“ ဘာ . . .  ”

“ ဟဲ့ . . . ခွေးကောင် ၊ အကြောကို မသေဘူး။ ”

သူက အော်သလို ၊ ဆရာမကလည်း နားရွက်ကို လှမ်းဆွဲပါတယ်။ ကျွန်တော်ကလည်း အဆွဲခံနေရတာ အကြိမ်များနေပြီ ဆိုတော့ ရှောင်နည်းတွေလည်း အတော် ကျွမ်းနေတာပါ။ ဒါကြောင့် ကိုယ်လေးကို အသာလေး ယို့လိုက်ပြီးတော့ ရှောင်လိုက်ပါတယ်။ ဆရာမရဲ့ လက်က လေထဲမှာ တန်းလန်းကြီးနဲ့ စွန်ပြတ်သွားတဲ့ ကြိုးစကြီးလို တွဲလွဲဖြစ်ပြီးတော့ နောက်တော့ အောက်ကို ကျသွားပါတယ်။

“ ဒါဆို သူက သမီးကို စာနဲ့  အာဘွား လို့ ရေးပြီးတော့ ပေးတာလား။ ”

“ ဟုတ်တယ် ဆရာမ။ ”

“ အဟီး . . . ”

ကျွန်တော်က ရယ်ပြပေမဲ့ ဆရာမနဲ့ သူနဲ့က မျက်စောင်းတွေ ဝိုင်းထိုးကြပါတယ်။

“ ဒါနဲ့ ဘာဆက်ဖြစ်တာလဲ။ ”

“ သူက ဒီလို ရေးပေးတော့ သမီးက ဖတ်ပြီးတော့ ဖြဲပြီးတော့ ရေမြောင်းထဲ ပစ်ချလိုက်တယ် ဆရာမ။ ”

“ အင်း . . . ”

“ အဲဒါကို သူက နောက်နေ့က စပြီးတော့ သူရေးပေးတဲ့ အာဘွား စာကို လာပြန်တောင်းနေတာပဲ။ ”

“ ဟင် . . လွှင့်ပစ်လိုက်ပြီဆို . . ”

“ ဟုတ်တယ် ဆရာမ။ ဒါကြောင့် ပြန်ပေးစရာမှ မရှိတော့တာ။ ဒါကို သူက တောင်းတာ ရိုးရိုး မတောင်းဘဲနဲ့။ “ နင့်ကို ငါ အာဘွား ပေးထားတယ်နော်။ ငါ့ကို အာဘွား ပြန်ပေးဦးနော်။ ငါ့ကို အာဘွား ပြန်ပေး ” ဆိုပြီးတောင်းတော့ ဘေးက ကြားသူတွေက သူ့ကိုပဲ သမီးက ဟိုလို အာဘွား ပေးရဦးမယ် လို့ ထင်နေကြတာပေါ့ ဆရာမ။ ”

“ အဟီး . . . အဲသလိုလေ အမေကလဲ။ ”

“ သြော်. . ဟော်ဟော် . . . လာစမ်းပါဦး ၊ တော်တော်လည်း ပေါက်ကရတွေ လုပ်တတ်တယ်နော်။ နင်တော့လား . . . ”

“ အား . . . နာတယ် အမေရဲ့ . . . အဟီး ”

ဒီအချိန်မှာပဲ ဘယ်ကနေ ဘယ်လို သတင်းရလဲ မသိပါဘူး။ ကျောင်းအုပ်ဆရာမကြီးက ဆရာမတွေ နားနေခန်းထဲကို ဝင်လာပြီးတော့ စည်းကမ်းထိန်းသိမ်းရေးက ဆရာမကို တိုးတိုး တိုးတိုး နဲ့ မေးပါတယ်။ ဒီတော့ ဆရာမကလည်း တိုးတိုး တိုးတိုး နဲ့ ပြန်ဖြေပါတယ်။

တိုးတိုး တိုးတိုး ဆိုတဲ့ အတွက် ကျွန်တော်လည်း မကြားပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို ကြည့်ကြည့် ပြောနေတာ ဆိုတဲ့ အတွက် ကျွန်တော့် အကြောင်း “ အတင်း ” ပြောနေတာလို့ပဲ ယူဆရပါတယ်။ သူတို့ ကျယ်ကျယ် မပြောရဲကြလို့ပါ။ အတင်းပြောသူတွေဟာ တိုးတိုး နဲ့ မျက်နှာကို မဲ့ကာ ပြောတတ်ကြတယ် ဆိုတာ မြန်မာရုပ်ရှင်ထဲမှာ မြင်ဖူးထားတဲ့ ကျွန်တော်ဟာ ဆရာမကြီး နဲ့ ဆရာမတို့ရဲ့ ပြောနေဟန်တွေကလည်း ဒီလိုနဲ့ ပြည့်စုံလေတော့ ဒီလိုပဲ ယူဆလိုက်ပါတယ်။

အတော် ကြာကြာ ပြောပြီးတော့မှ ဆရာမကြီးက ကျွန်တော့်ကို ခပ်တည်တည် ကြည့်ပြီးတော့ . . . .

“ မင်း . . ဆရာမကြီးနဲ့ ရုံးခန်းထဲကို လိုက်ခဲ့စမ်း။ ”

လို့ အသံ ကျယ်ကျယ်နဲ့ ဟောက်ပြော ပြောပြီး ခေါ်လို့ ကျွန်တော်လည်း ကုတ်ပြီးတော့ လိုက်သွားရပါတယ်။ ရုံးခန်းထဲကို ရောက်မှ ဆရာမကြီးက တည်နေတဲ့ မျက်နှာကြီးကို လွှတ်ချလိုက်ပြီး တဟီးဟီး ရယ်ကာ ကျွန်တော့်ကို ပြောပါတယ်။

“ မင်း ဒီလို ပေါက်ကရတွေ ဘယ်က စိတ်ကူးရလာတာလဲ။ ”

တဲ့။ တကယ်တော့ ကျွန်တော်လည်း ဘယ်ကမှ ရတာ မဟုတ်ပါဘူး။ ရုတ်တရက် ရလာတဲ့ စိတ်ကူးထဲက အတိုင်း လုပ်လိုက်တာပါပဲ။ တစ်ခုတော့ ရှိပါတယ်။ ကျွန်တော့်ရဲ့ လုပ်ရပ်က သူများကို ကြီးကြီးကျယ်ကျယ် မထိခိုက်အောင်လို့ သတိတော့ ထားပါတယ်။ ခဏနေတော့ ဆရာမကြီးက နောက်တစ်ခါ ဒါမျိုး မလုပ်ဖို့ ပြောပြီးတော့ ပြန်ခိုင်းလိုက်ပါတယ်။ ကျွန်တော်ကလည်း နောက်တစ်ခါ ဒါမျိုး မလုပ်တော့ပါဘူး ဆိုပြီး ပြန်လာခဲ့ပါတယ်။

ကျွန်တော်လည်း တကယ်ကို နောက်တစ်ခါ ဒါမျိုး မလုပ်တော့ပါဘူးဗျာ။ တကယ်ပါ။ မဟုတ်ဘူးလားဗျာ. . . နောက်တစ်ခါ ဒါမျိုးလုပ်ရင် ဘယ်ရယ်ရမလဲလေ။ နောက်တစ်ခါ နောက်တစ်မျိုးပေါ့ . . . နော့။



ဒီအဖြစ်အပျက်လေးက နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အဲဒီတုန်းက ဆရာမကြီးကလည်း အခုဆိုရင် ရှိတောင်မှ ရှိသေးရဲ့လား မသိပါဘူး။ ဆရာမကြီး နဲ့ ကျွန်တော် အလွန်ကို ရင်းနှီးသလို ၊ စည်းကမ်းထိန်းသိမ်းရေး ဆရာမကလည်း ကျွန်တော့်ကို အချစ်ဆုံး ဆရာမတွေထဲမှာ ပါပါတယ်။ အဲဒီတုန်းက ငိုခဲ့ ၊ စိတ်ဆိုးခဲ့တဲ့ “ အိန္ဒြာမြင့် ” လည်း ဒီအဖြစ်အပျက်လေး ပြီးတော့ သူ့ကို ကျွန်တော်က တောင်းပန်ပြီးတော့ သူနဲ့ ကျွန်တော် . . . . . . . . . . . . . . . . .

ဆိုပြီးတော့များ ရပ်ထားလိုက်ရင် စာဖတ်သူတွေ တမျိုး ထင်သွားနိုင်တယ်နော်။ ဒါပေမဲ့ မထင်ပါနဲ့။ သူနဲ့ ကျွန်တော် အလွန်ခင်သော သူငယ်ချင်း ဖြစ်လာခဲ့ပါတယ်။ ကျွန်တော် ဒီအဖြစ်အပျက်လေးကိုလည်း ရေးမယ် ဆိုပြီး သူ့ဆီက ခွင့်တောင်းထားတာ ကြာပါပြီ။ ဒါတင် မကသေးပါဘူး။ အခု သူ့ရဲ့ ခင်ပွန်း ဖြစ်နေသူနဲ့ သူ့ရဲ့ အကြောင်းလေးကိုတောင်မှ ဝင်ရောက်ခံစားပြီးတော့ ကျွန်တော် “ လိပ်ပြာကျုံး ” ဆိုပြီး ဝတ္ထုရှည် တစ်ပုဒ်ကို သူ့ရဲ့ ခွင့်ပြုချက်နဲ့ ရေးထားပါသေးတယ်။

သူနဲ့ ပတ်သတ်ပြီးတော့ သူနဲ့ တွေ့တိုင်း ကျွန်တော် သူ့ကို ပြောလေ့ ရှိပါတယ်။

“ ဟဲ့ . . နင် ငါ့ကို အာဘွား ပေးရဦးမယ်နော်။ ”

လို့။ ဒီလို အချိန်ဆိုရင် သူ့ရဲ့ ဘေးမှာ သူ့ အမျိုးသားလည်း ရှိနေတတ်ပါတယ်။ သူ့အမျိုးသားကလည်း တစ်ကျောင်းထဲ ထွက်တွေ ဆိုတော့ ဒီအကြောင်းတွေ အားလုံး သိနေပါတယ်။ ပြီးတော့ ကျွန်တော်နဲ့လည်း ခင်မင် ရင်းနှီးသူ ဆိုတော့ သူကပါ ဝင်ပြီးတော့. . . .

“ ဟုတ်သားပဲ မိန်းမရာ ၊ ပြန်ပေးလိုက်ပါဦး။ ”

လို့ ဝိုင်းစတတ်တယ်။ ငယ်ငယ်ကလို စိတ်ဆိုး ၊ စိတ်ကောက် ငိုယိုနေရမဲ့ အရွယ် မဟုတ်တော့လည်း သူ မငိုတော့ပါ။ ဒါပေမဲ့ ကျွန်တော့်ကို သူတို့တွေ အခေါ်များတဲ့ နာမည်တစ်ခုဖြစ်တဲ့ . . . . 

“ သေနာကောင် . .  ”

လို့ တုံ့ပြန်ပါတယ်။ ဒီတစ်ခေါက် ကျွန်တော် ရန်ကုန်ပြန်တော့ သူတို့ မိသားစုနဲ့ သွားတွေ့ဖို့ အချိန်မရလို့ သွားမတွေ့ဖြစ်ပါဘူး။ ဒါပေမဲ့ ကျောင်းက သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံတိုင်း သူ့ကို သတိရမိပြီးတော့ သူငယ်ချင်းတွေက သတိတရ ကျွန်တော့်ကို ပြောကြပါတယ်။

“ ဟေ့ကောင် . . . မင်း အိန္ဒြာမြင့် ဆီက “ အာဘွား ” ရပြီးပြီလား . . တဲ့။ ”

ကျွန်တော် ဘယ်လိုမှ ပြန်မဖြေခဲ့ပါ။ ကျွန်တော် ရယ်မြဲသာ ရယ်နေခဲ့ပါတယ်။ အခု အချိန်မှလည်း “ အာဘွား ” အကြွေးကို သွားမတောင်းချင်တော့ပါ။ အခုနေ သွားတောင်းရင်ဖြင့် မတော်လို့ သူ့ဆီကတင် မကဘဲ . . သူ့အမျိုးသားနဲ့ သူ့ကလေးတွေဆီကပါ ဝိုင်းပေးလိုက်လို့ ကျွန်တော့် မသယ်နိုင်ဘဲ ပြန်လာရရင် မလွယ်ဘူး မဟုတ်လား။



အခု နောက်ပိုင်းတော့ ဒီလို ငယ်ငယ်က အဖြစ်အပျက်လေးကို ကျွန်တော် ခဏခဏ သတိ ရနေမိတယ်။ အသက်တွေက မငယ်တော့ဘူး ဆိုပေမဲ့ အခုလို ငယ်ငယ်က ပျော်စရာ ၊ ရယ်စရာ ပေါက်ကရ လုပ်ခဲ့တာလေးတွေကို ပြန်တွေးမိတော့လည်း ပြန်လည် အမှတ်ရပြီး ပျော်ဖို့ ကောင်းတာပါပဲ။

အခုနေ အချိန်ကတော့ တစ်ယောက်ယောက်ကို ငယ်ငယ်ကလိုမျိုး နောက်ပြောင်ကာ စာနဲ့ပဲ ရေးပြီး “ အာဘွား ” ပေးမိရင်တောင်မှ ပြန်မတောင်းရဲတော့ပါဘူးဗျာ။ ဘာရယ် မဟုတ်သော စိတ်မလွတ်လပ်မှုတွေ ၊ ထိန်းချုပ်မှုတွေက ရှိနေခဲ့ပြီ မဟုတ်လား။ ဘယ်လိုပဲ ဖြစ်ဖြစ် ငယ်ငယ်က အကြောင်းတွေ ပြန်တွေးရတာ ပျော်ဖို့ ကောင်းတယ်ဗျာ။ အားလုံးပဲ ပျော်ရွှင်ကြပါစေ။



*** မအားတာရော ၊ ရန်ကုန်ကို ခဏပြန်သွားတာရောကြောင့် စာရေးဖို့ အတော် ပြတ်သွားတယ်ဗျာ။ ရေးစရာတွေက ရှိပြီးတော့ ရေးဖို့ အချိန်က မရှိဖြစ်နေလို့ပါ။ အချိန်ရပြီး အားခဲ့ရင် အရင်လို စာတွေ ပြန်ရေးနိုင်အောင် ကြိုးစားပါ့မယ်။ ***


လေးစားစွာဖြင့်
ကိုဇော်
7.8.2011

Share/Bookmark