မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 February 2010

2 လက်ပြနှုတ်ဆက်ခြင်း


ကျွန်တော် ရေးသားသော စာများကို အင်တာနက်တွင် Blog မှာသော်လည်းကောင်း ၊ Email မှသော်လည်း ဖတ်၍ အဆင်မပြေသော သူများကို ဖတ်စေချင်သောကြောင့် Print ထုတ်၍ ဖြန့်ဝေခွင့်ပြုပါဟု ပြောလာသော သူငယ်ချင်းများကို အဆင်ပြေစေခြင်းအလို့ငှာ ဤ Post မှ စ၍ ကျွန်တော်ကိုယ်တိုင်ရေးသားသော စာများကို Print ထုတ်လွယ်ကူစေရန် နှင့် အမှတ်တရ သိမ်းချင်သူများအတွက် ကျွန်တော် pdf ဖိုင်ကို တခါတည်း တွဲ ပေး ပါ့မယ်..။

pdf ဖိုင်လေးကနေ Print ထုတ်မယ် ဆိုရင် ဘာပဲ ပြောပြော mail ကနေတိုက် ရိုက်ထုတ်တာ ထက် စာရင် စာလုံးတွေ လှပမယ်လို့ ထင်မိသောကြောင့် ဖြစ်ပါသည်..။ ကျွန်တော့်စာတွေကို တဆင့်မျှဝေပေး သော သူငယ်ချင်းများကိုလည်း အထူးကျေးဇူး တင် ပါတယ်..။


------------------------------------------------------------------------------------------


သူ့အလုပ်က ညဆိုင်းဖြစ်သည်...။

အလုပ်ဆင်းချိန်က မနက် ၈ နာရီခွဲ ၊ ဒါပေမဲ့ မနက် ရ နာရီကျော်လျှင် အလုပ်က ဘာမှ မယ်မယ် ရရ မရှိတော့ပါ။ ၈ နာရီခွဲ အလုပ်ဆင်းချိန်မတိုင်ခင် နေ့ဆိုင်း ၊ ညဆိုင်း အပြောင်းအလဲမှာတော့ သူ အလုပ်နည်းနည်း ရှုပ်တယ်။ အဝင်အထွက် စာရင်းတွေ အပ်ရ ၊ လွှဲရတယ်။

၇ နာရီ ကျော်ကျော် သူအားနေတဲ့ အချိန်မှာတော့ စက်ရုံက ပတ်ဝန်းကျင်ကို သူခဏတဖြုတ် လမ်းလျှောက်လေ့ရှိတယ်။ စက်ရုံရဲ့ မျက်နှာစာမှာက ကားတွေ ဥဒဟို သွားနေတဲ့ လမ်းမကြီး။ ဘေးနှစ်ဖက် နဲ့ အနောက်ဘက်ကတော့ စက်ရုံတွေပါပဲ။ သူတို့အလုပ် သူတို့ လုပ်ပြီး တိတ်တဆိတ် လည်ပတ်နေတယ်။

မျက်နှာစာက ကားလမ်းပေါ်မှာတော့ မနက်က အလုပ်ဝင်ဖို့ သွားနေတဲ့ ကားတွေ ၊ ကျောင်းချိန်မှီအောင် မိဘတွေက လိုက်ပို့နေတဲ့ ကားတွေ ၊ ပြီးတော့ မိဘက လိုက်မပို့နိုင်လို့ ကျောင်းကားနဲ့ သွားရတဲ့ ကျောင်းကားတွေ အသီးသီး ဖြတ်သန်းမောင်းနှင်သွားကြတယ်။

သူ ဒီလို ဘာရယ် မဟုတ်ပဲ ကားလမ်းမပေါ်က ကားတွေကိုငေးနေမိတယ်။ ဒီအချိန်မှာ သူ တစ်ခုကို သတိထားမိတယ်။ ကားဝါဝါကြီးတွေမှာ School Bus လို့ ရေးထားပြီး ဒီကားတွေမှာလိုက်ပါ နေကြတဲ့ ကလေးလေးတွေ။ မူလတန်း ကျောင်းသား လေးတွေကိုပေါ့

ကျောင်းကားထဲမှာ တချို့က ငိုက်မြည်းလို့ ၊ တချို့က ပြန်အိပ်ပျော်နေတယ်။ တချို့က အိပ် ချင်မူးတူး ၊ တချို့ကတော့ ငူငူငိုင်ငိုင်..၊တချို့ကျတော့ စုစူပုပ်ပုပ် ၊ တချို့ကျတော့ ခံစားမှု ကင်းမဲ့တဲ့ မျက်နှာနဲ့ ကျောင်းကို လိုက်ပါသွားကြတယ်။


ကျောင်းကားတစ်စီး ၊ နှစ်စီး သူ့အကြည့်ထဲက ဖြတ်ကျော်သွားတယ်။ နောက်ထပ်ကျောင်းကား တစ်စီးလာတော့ ကျောင်းကားထဲကို သူလိုက်ကြည့်ရင်း ကျောင်းကားထဲက ကောင်လေးတစ်ယောက်နဲ့ သူ အကြည့်ချင်းဆုံတယ်။ ဘာရယ်မဟုတ်ပဲ သူပြုံးပြလိုက်ပြီး လက်ကလေးပါ မြှောက်ပြီး ဝှေ့ရမ်းပြလိုက် တယ်။ ကောင်းကားထဲက ကောင်လေးကလည်း ချက်ချင်းပြုံးလာပြီး ပြန်လည်လက်ဝှေ့ရမ်း နှုတ်ဆက် တယ်။


ကျောင်းကားလေးဖြတ်ကျော်သွားတော့ သူငယ်စဉ်က ရထားလမ်းတွေမှာသူ့အဖေနဲ့ မနက် စောစော လမ်းထလျှောက်တဲ့ အဖြစ်ကို သူပြန်သတိရတယ်။ သူတို့ဘေးက ရထားသံလမ်းကို ရထား တစ်စင်း ဖြတ်သွားရင် ကိုယ်နဲ့ သိသိ ၊ မသိသိ “ဟေး” လို့ အော်ရင်းလက်ပြ နှုတ်ဆက်နေမိတာကို သူပြန် သတိရတယ်။ အဲဒီတုန်းက ဘာရယ်မဟုတ်ပဲ သူပျော်နေခဲ့တာလေ။


ဒါနဲ့ နောက်နေ့တွေမှာလည်း သူဂရုတစိုက် ကျောင်းကားထဲက ကျောင်းသားလေးတွေကို စောင့်ကြည့်နေမိတယ်။ သူနဲ့ မျက်လုံးချင်းဆုံမိရင် သူချက်ချင်းပြုံးပြပြီး လက်ဝှေ့ရမ်းနှုတ်ဆက်လိုက် တယ်။ ပထမတော့ ကျောင်းသားလေးတွေ ဆွံ့အသွားတယ်။ နောက် ချက်ချင်းပြုံးရွှင်လာပြီး သူ့ကိုလက် ဝှေ့ရမ်းပြီး ပြန်လည်နှုတ်ဆက်တယ်။


ဒီလိုနဲ့။ နေ့တိုင်း သူ့ရှေ့
က ဖြတ်သွားတဲ့ ကျောင်းကားပေါ်က ကျောင်းသားလေးတွေကို သူလက်ပြ နှုတ်ဆက်ရတာအကျင့်ဖြစ်လာတယ်။ တာဝန်လို ဖြစ်လာတယ်။ ကျောင်းကားထဲက ကျောင်း သားလေးတွေကလည်း တစ်ယောက်ကို သူနှုတ်ဆက်ရာကနေ ကျောင်းကားထဲက ကျောင်းသားလေးတွေ တစ်ယောက်ပြီးတစ်ယောက် သတိထားမိပြီး သူ့ထက်ငါ ဦးအောင်ကလေးပီပီ သူ့ကို အပြိုင်အဆိုင်နှုတ် ဆက်ကြတယ်။

သူကလည်း အားလုံးကို လက်ဝှေ့ရမ်းပြီးနှုတ်ဆက်တယ်။ သူ့ဘက်က ဘာမှ မလျော့ သွားပါ။ တစ်ခုတော့ သူ သိသိသာသာ ခံစားရတယ်။ ဒါကတော့ သူပျော်ရွှင်နေတာပါပဲ။


နေ့တိုင်း သူ့ရှေ့က ဖြတ်သွားတဲ့ ကျောင်းကားပေါ်က ကျောင်းကားလေးတွေကို သူ လက်ပြ နှုတ်ဆက်နေခဲ့တယ်။ တစ်ခု ထူးခြားလာတာက အရင်က ငေးငေးငိုင်ငိုင် ၊ စူစူပုပ်ပုပ် ဖြစ်နေတဲ့ ကလေး
တွေရဲ့မျက်နှာဟာ အရင်လို မဟုတ်တော့ပဲ ငါတို့ ကောင်းကိုဖြတ်သွားတဲ့ လမ်းပေါ်မှာ ငါတို့ကို အရေးတယူ လက်ပြနှုတ်ဆက်မဲ့သူ တစ်ယောက် ရှိနေပါလား ဆိုတဲ့ အသိနဲ့ ကလေးတွေ သူ့ကို လက်ပြနှုတ်ဆက် ရမဲ့နေရာ မရောက်ခင်ကတည်းက တတ်ကြွနေခဲ့ကြတယ်။

ပြီးတော့သူတို့တွေ သူတို့ကို လက်ပြ နှုတ်ဆက်မဲ့သူဆီကို ရောက်တာနဲ့ Hi ဆိုပြီး လက်တွေ ကိုဝှေ့ရမ်းပြီး သူ့ထက်ငါ အလုအယက် လက်တွေကို ဝှေ့ရမ်းပြီး ပျော်ရွှင်စွာ နှုတ်ဆက်ကြတယ်။

တကယ်တော့ ဒါဟာ ခက်ခဲတဲ့ ကိစ္စ မဟုတ်ပါ။ ပြုံးပြီး လက်ဝှေ့ရမ်းပြတတ်ဖို့ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံးဟာ ကိုယ်လုပ်ချင်တာတွေ ၊ ဖြစ်ချင်တာတွေနဲ့ ပြည့်ကြပ်နေပြီး ပတ်ဝန်းကျင်ကို သတိမထားမိတော့တာပါ။ ဒါကြောင့် ကြာတော့ ပတ်ဝန်းကျင်မှာစိတ်ဖိစီးမှု ပြဿနာတွေ ပေါ်လာရတယ်။ ကြာတော့ လောကကြီးဟာ ပျော်စရာ မကောင်းတော့ဘူး ဖြစ်လာတာပေါ့ဗျာ။

ဒီင့်္အတွက် ကျွန်တော် အကောင်းဆုံးအကြံပေးပါ့မယ်။


ခက်ခက်ခဲခဲတော့ မဟုတ်ပါ။ ဘယ်နေရာကို ရောက်ရောက် ၊ ဘယ်သူနဲ့ပဲ တွေ့တွေ့ ၊ အလှပဆုံးပြုံးပြီး Hello လို့လက်ပြနှုတ်ဆက်ကြည့်ပါ။ ပထမတော့ သူတို့ ပြန်နှုတ်မဆက်ရင်လည်း ဘယ်လိုမှ သဘောမ ထားပါနဲ့။ ဆက်ပြီး နှုတ်ဆက်ကြည့်ပါ။ သင်၏ကမ္ဘာဟာ မကြာခင် လှပလာပါလိမ့်မယ်။



ကျွန်တော့်ကိုယ့်တွေ့ ဖြစ်ရပ်လေး တစ်ခုပါ။ အခု အချိန်အထိလည်း ကျွန်တော် မနက်စောစော ကျောင်းကားပေါ်က ကလေးတွေကို လက်ပြနှုတ်ဆက် နေတုန်းပါပဲ။ ပျော်ရွှင်စွာနဲ့ပေါ့။

ကိုဇော် ပျော်ရွှင်စွာ ရေးသားသည်။

http://zaw357.multiply.com/journal/item/548 မှာ 18.8.2009 က ရေးထားတာပါ။

.


Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

မြသွေးနီ said...

ဖတ်ပြီးသားများလားလို့တော့ထင်မိသား။
ဒါပေမယ့် နှစ်ထပ်ရှိ မှတ်မိအောင် ပြန်ဖတ်သွားပါတယ်။

မြသွေးနီ

Anonymous said...

မှန်ပါတယ် ကိုဇော်
သိသိမသိသိ ကိုယ်ကအရင်နှုတ်ဆက်ရင်တော့
ကိုယ်အရင်ဆုံးပျော်ရွှင်မိမှာပါ