မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


16 February 2010

0 မေမေ့ကို ပြောပြနေကျ ပုံပြင်လေး



“ သားရေ...၊ ဟိုဘက် အိမ်က အဘိုးကြီးကတော့ မနက် မနက် ရေထချိုးတယ်..။ ဘယ်နေ့ လေဖြတ်မလဲ မသိဘူး..။”


“ သားရေ...၊ လမ်းထိပ်က ကောင်မလေးလေ..အခု တလော ကျူရှင် ဆိုပြီး ညနက်မှ အိမ်ပြန်ရောက်တယ်.။ သူ့မိဘတွေကလည်း မအားတော့ ဘယ်ပြောအားမလဲ..။ ဒီကောင်မလေးတော့ ဒုက္ခရောက်ဦးမယ်..။ ”


“ သားရေ...၊ အကြော်ရောင်းတဲ့ ဒေါ်ပိန်လေ..။ ၂ လုံးတွေ ထိုးနေတယ် ကြားတယ်.။ ဒီမိန်းမကြီးတော့ ဒုက္ခ ပိုရောက်ဦးမယ်.။

“ သားရေ...၊ တရုတ်ပြည်မှာ ရေတွေကြီးလို့ ကုန်ဈေးနှုန်းတွေ တတ်မယ်လို့ ကြားနေတယ်.။ ”

ဒါတွေက ကျွန်တော့်အမေ ပြောတတ်တဲ့ စကားလေးတွေပါ..။ ဒီလို စကားတွေဟာ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ အကြောင်းအရာတွေပါပဲ..။ အမေဆိုတော့လည်း ဒီလို မပြောနဲ့လို့ ပြောလို့ မရပြန်ဘူး.။ ဒီမှာ ကျွန်တော့်အမေကို ပြောပြနေကြ ပုံပြင်လေး တစ်ခု ရှိပါတယ်.။



တစ်ခါက....

ဖားကလေး တစ်ကောင်ဟာ ကင်းခြေများ တစ်ကောင်ရဲ့ ခြေထောက်တွေကို တအံ့ တသြ ကြည့် နေ သတဲ့..။ နောက်ပြီး ကြည့်ရုံတင် မဟုတ်ပဲ ...ကင်းခြေများတွေ ဒီလောက် ခြေထောက်များတာ သူတို့ လမ်းလျှောက်ရင် ဘယ်လိုလုပ် စလျှောက်မလဲ မသိဘူး ဆိုပြီး ကင်းခြေများ ခြေထောက်တွေ များတာကို ကြည့်ပြီး ကြားထဲက သူက ဝင်ပြီး စိတ်ဒုက္ခရောက်နေတယ်.။


ဒါပေမဲ့...သူ ဒီလို တအံ့တသြ ငေးကြည့်နေပေမဲ့ ကင်းခြေများ ကတော့ သူဒီလို ကြည့်နေတယ် ဆိုတာတောင်မှ မသိပဲ ..သူ့ဖာသာသူ သွားစရာ ရှိတာကို သွားဖို့ လမ်းလျှောက်သွားတယ်တဲ့..။ ဒီလိုနဲ့ ကင်းခြေများ အဝေးလည်း ရောက်သွားရော..။ သူကလည်း သူ့ခရီးသူသွားဖို့ ခြေလှမ်းလှမ်းဖို့ ပြင်တာကို တောင်မှ သူ့ခြေထောက်ကလေး ၄ ချောင်းကို ဘယ်လို သွားရမလဲ မသိတော့ဘဲ..ကွတီးကွတ နဲ့ ဂွတီးဂွကျ ဖြစ်နေတယ် ...တဲ့..။ ”


ပုံပြင်လေးကတော့ ဒါပါပဲ..။

ကျွန်တော့်ကို မေမေ အဲဒီလိုမျိုး သူများ အကြောင်းတွေ လာပြောရင် ကျွန်တော် ဒီပုံပြင်လေး ပြောပြတတ်ပါတယ်.။ ပြောရဖန်များလာတော့လည်း နောက် မေမေ ဒီလို အကြောင်းတွေ လာပြောတော့မယ် ဆိုရင် ..“ မေမေ..တစ်ခါကလေ...ဖားလေးတစ်ကောင် ရှိတယ်..။ ” ဆိုတာ နဲ့ တင် မေမေ သိသွားပါပြီ..။

လောကကြီးမှာ မေမေလို လူတွေ အများကြီးပါ..။

ကိုယ်ကိုယ်တိုင်ရဲ့ ကိစ္စတွေ များမြောင်နေတဲ့ ကြားထဲမှာ ကိုယ်နဲ့ တိုက်ရိုက် ဘယ်လိုမှ မပတ်သတ်နိုင်တဲ့ သူများ အပူတွေကိုလည်း ကိုယ့်စိတ်ထဲ အလိုလို ထည့်ထားတဲ့ လူတွေ အများကြီးပါ..။ သူကိစ္စ သူ့ဖာသာသူ ပူပါစေ..။ သူ့အပူပါ ကိုယ်က ယူမပူမိပါစေနဲ့..။


ကိုဇော် ခံစားတင်ပြသည်။


http://zaw357.multiply.com/journal/item/650 မှာ 25.9.2009 က ရေးထားတာပါ။

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: