မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


17 February 2010

1 အမှားမှ အမှန်သို့

အမှားကနေ အမှန်သို့ ပြုပြင် ပြောင်းလဲချင်သော လူတစ်ယောက်ဟာ ပထမဦးဆုံး လက်ခံရမဲ့ အချက်က ငါ လုပ်ခဲ့တာ ၊ ငါလုပ်နေတာ မှားနေပါတယ် ဆိုသော အချက်ပါပဲ။ အမှားကို အမှားလို့ လက်မခံမချင်း ဒီလူတစ်ယောက်ဟာ အမှန်ပြင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အရက်ဖြတ်ချင်တဲ့ လူတစ်ယောက်ဟာ သူ့ကိုယ်သူ တကယ် အရက်စွဲနေပါတယ် ဆိုတာကို လက်ခံမှ အရက်စဖြတ်လို့ ရပါတယ်။ မဟုတ်ရင်တော့ “ ငါအရက်သောက်တာက တစ်ခါတစ်လေပါ။ တစ်နေ့ နည်းနည်းသောက်ရင် ရပါတယ်။ ငါက စိတ်ညစ်လို့ သောက်တာပါ။ ” အစရှိသဖြင့် အကြောင်းပြချက် အမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကိုယ် အရက်စွဲနေပါတယ် ဆိုတာကို လက်မခံမချင်း ဒီလူဟာ အရက်ဖြတ်လို့ မရနိုင်ဘူး။

လောကကြီးမှာ လူတွေဟာလည်း ဒီလိုပါပဲ။ ကိုယ့်အမှားကို ကိုယ်ကိုယ်တိုင် ဝန်ခံ ၊ လက်ခံမှ အမှန်သို့ ပြုပြင်ပြောင်းလဲလို့ ရနိုင်ကြပါတယ်။

ငါကတော့ အားလုံးကောင်းအောင် လုပ်နေတာပဲ။
ငါက ကြိုးစားပေမဲ့ ကံမှ မကောင်းတာ။

ငါ့ကြောင့် မဟုတ်ဘူး အခြေအနေတွေက မကောင်းတာ။

ငါက ကြိုးစားတယ် ကျန်းမာရေးက မကောင်းတာ။
ငါက လုပ်တာပဲ ကုန်ဈေးနှုန်းတွေက တတ်နေတာ။

ငါက ကြိုးစားပေမဲ့ အခြေအနေတွေက မှန်းလို့ မှ မရတာ။


အစရှိသဖြင့် ကိုယ့်အမှားကို ကာကွယ်သော အကြောင်းပြချက်နဲ့ ဖုံးထားသမျှ အမှန်ကို ပြင်လို့ မရဘူး။

ဒါကြောင့်. . .

အမှားမှ အမှန်သို့ ပြင်ချင်ပါသလား။

၁) အမှားကို မှားပါတယ် လို့ ကိုယ့်ရဲ့ ကိုယ် ၊ စိတ် ၊ နှလုံးထဲကကို လှိုက်လှိုက်လှဲလှဲ ဝန်ခံမိဖို့ ၊ လက်ခံဖို့ ပထမဦးစွာ အရေးကြီးပါတယ်။

၂) ပြီးမှ အမှန်ပြင်ဖို့ လိုအပ်တာတွေ လေ့လာရှာဖွေ တွေ့ရှိပါလိမ့်မယ်။


၃) ဒါမှ အမှားကို အမှန်ပြင်ဖို့ လွယ်ကူပါလိမ့်မယ်။

ဒါမှမဟုတ်ပဲ. . .

အမှားကို အမှားလို့ ဝန်ခံသိမြင်ခြင်း မရှိပဲ အမှန်ကို ပြင်ပါတယ် ဆိုရင်တော့. . .

“ ဟိုဘက် ဒီဘက် ဆွဲဆန့်ခံထားရတဲ့ ကပ္ပလီမရဲ့ ဆံပင်လို ဆွဲထားတုန်း ခဏပဲ ဖြောင့်မှာပါ။ ဆွဲထားတာ ပြန်လွှတ်လိုက်ရင်တော့ . . . ဟဲ. .ဟဲ . .ဟဲ. . . ကောက်ကောက်လေးကတော့ ကွေးကွေးလေးပါပဲ. . .။ ”

မှတ်ချက်။ ။ စာအုပ်ပုံကို ရှင်းရင်းနဲ့ ထွက်လာတဲ့ စာရွက်တွေထဲက အကြမ်းရေးထားတာလေး တစ်ခုပါ။ ဘယ်က ဘာအကြောင်းကို ရေးထားတာမှန်းတောင်မှ အောက်မှ Source ရေးထားတာ မတွေ့ဘူး။ ကိုယ့်ဖာသာ စိတ်ကူးပေါက်ရေးထားတာလား မသိဘူး။ ဘာပဲ ရေးရေး အောက်မှာ နေ့စွဲတပ်တတ်တဲ့ ကျွန်တော်က 30.11.2007 လို့တော့ ရေးထားတာတွေ့တယ်။ တော်တော်ကြာခဲ့ပြီပဲ။

ကိုဇော် ခံစားတင်ပြသည်။

.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ကိုဇော်ရေ
မရောက်တာကြာပြီ
ခံစားမှတ်သွားပါတယ်