မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 June 2013

5 ခေတ်သစ် ကုလားအုပ်ပုံပြင်




တစ်ခါက . . .

ကုလားအုပ်သားလေးက ကုလားအုပ် အမေကို မေးသတဲ့။

“ မေမေ . . . သားတို့မှာ ဘာလို့ သူများတွေထက် ကြီးတဲ့ ဘို့ကြီးတွေ ရှိနေရတာလဲ ဟင် ”

သားဖြစ်သူက အမေ့ရဲ့ လည်ပင်းရှည်ရှည်တွေကို သူ့ရဲ့ ဦးခေါင်းနဲ့ ပွတ်တိုက်ရင်း မေးလာတာကို အမေ ဖြစ်သူ ကုလားအုပ်မကြီးက သားငယ်ကို ချစ်လှစွာသော မျက်ဝန်းတွေနဲ့ ကြည့်ရင်း . . . .

“ ဒါဟာ မေမေတို့ ကုလားအုပ်တွေရဲ့ ထူးခြားချက်ပေါ့ သားရဲ့။ တခြား ဘယ်တိရစ္ဆာန်မှာမှ ဒီလောက်ကြီးတဲ့ ဘို့ကြီးတွေ မပါဘူး။ ဒီဘို့ကြီးတွေထဲမှာ မေမေတို့ ရက်ပေါင်းများစွာ သောက်သုံးဖို့ ရေတွေ သိုလှောင်ထားနိုင်တယ်။ ပမာဏနဲ့ ပြောရရင်တော့ ရေတစ်တိုင်ကီခွဲလောက်အထိ မေမေတို့လို အရွယ်ရောက်နေတဲ့ ကုလားအုပ်တွေက သိုလှောင်ထားနိုင်တယ် သားရဲ့။ ဒါဟာ ကုလားအုပ်တွေ အတွက် ဂုဏ်ယူစရာပဲပေါ့။ ”

မေမေ ကုလားအုပ်မကြီး ပြောနေတာကို ဘေးကနေ သားလေး ကုလားအုပ်က မျက်လုံးလေး ကလယ် ကလယ်နဲ့ မော့ကြည့်နေရှာတယ်။ ပြီးတော့မှ . . . . .

“ နောက်ပြီးတော့ ရှိသေးတယ် မေမေ။ ”

“ ပြောပါဦး ငါ့သားရဲ့။ ”

“ သားတို့ရဲ့ လည်ပင်းတွေကလည်း တခြား သတ္တဝါတွေထက် ရှည်တယ်နော် မေမေ။ သားတို့ထက် ရှည်တာ ဆိုလို့ သစ်ကုလားအုပ်တွေပဲ ရှိမယ်နော် မေမေ။ သူတို့ ရှည်တာနဲ့ သားတို့ ရှည်တာလည်း မတူဘူးနော်။ ”

သားရဲ့ စကားဆုံးတော့ မေမေ ကုလားအုပ်ကြီးက ဟက်ခနဲ တစ်ချက် ရယ်ရင်း . . . .

“ ဒါကလည်း မေမေတို့ ကုလားအုပ်တွေ အတွက် ထူးခြားချက်ပဲ သားရဲ့ မေမေတို့ အဓိက နေတာက သဲကန္တာရထဲမှာလေ။ သဲကန္တာရဆိုတာ သဲမုန်တိုင်း ဆိုတာနဲ့ ကင်းကွာနိုင်တာ မဟုတ်ဘူး သားရဲ့။ မကြာခဏ သဲမုန်တိုင်းတွေက တိုက်နေတာလေ။ ဒီလို သဲမုန်တိုင်း မတိုက်ခင်မှာ ကြိုတင်ပြီးတော့ မြင်နိုင်အောင်လို့ မေမေတို့ လည်ပင်းတွေက ရှည်ထားရတာ။ ပြီးတော့ ရှည်နေတဲ့ လည်ပင်းကလည်း အပေါ်ကို ရှည်ထွက်နေတာမျိုး မဟုတ်ဘဲ ၊ အရှေ့ကို ရှည်ထွက်နေမှ တိုက်ခတ်လာတဲ့ မုန်တိုင်းကို အံ့တုနိုင်မှာပေါ့ သားရဲ့။ ”

“ သြော် . . . ”

သားဖြစ်သူ ကုလားအုပ်လေးက တွေးတွေးဆဆ နဲ့ ခဏငြိမ်သွားပြီးမှ . . . .

“ သားတို့ရဲ့ မျက်လုံး တည်ရှိနေပုံ နဲ့ နှာခေါင်းပေါက် တည်ဆောက်ပုံတွေကလည်း သူများ သတ္တဝါတွေနဲ့ မတူဘူးနော် မေမေ။ ”

“ အမှန်ပဲပေါ့ သားလေးရေ။ မေမေ ခုနက ပြောခဲ့တဲ့ အတိုင်း မေမေတို့က ကန္တာရမှာ ကျင်လည်နေရတဲ့ ကုလားအုပ်တွေ ဆိုတော့ သဲမုန်တိုင်း တိုက်ခတ်လာတဲ့ အခါမှာ သဲတွေ မျက်လုံးထဲကို မဝင်ရလေအောင် သဘာဝက ပေးထားတဲ့ လက်ဆောင်ပေါ့ သားရယ်။ မျက်လုံးတွေထဲကို သဲတွေ မဝင်နိုင်အောင်လို့ မျက်လုံးက နှာရိုးရဲ့ အကွယ်မှာ ရှိနေတာပေါ့ကွယ်။ ဒါမှလည်း တော်ရုံ သဲတွေ မဝင်နိုင်မှာပေါ့။ နှာခေါင်းကလည်း ဒီလိုပဲ တိုက်ခတ်လာတဲ့ လေတွေ နှာခေါင်းထဲ တန်းမဝင်လေအောင် ထိပ်က နှာပွ အသားမာတွေနဲ့ ကာကွယ်ထားတာပေါ့ကွယ်။ ပြီးတော့ နှာခေါင်းဝမှာ ရှိနေတဲ့ အသားစိုင်ကလည်း လေတွေနဲ့ အတူ သဲတွေ ပါလာရင် ပိတ်ပြီးတော့ ကာကွယ်ထားနိုင်တယ်။ အသက်ရှူချင်မှ ပြန်ဖွင့်ပြီးတော့ ရှူနိုင်တာပေါ့ကွယ်။ ဒါကိုက မေမေတို့ ကုလားအုပ်တွေရဲ့ သဘာဝက ပေးတဲ့ ထူးခြားချက်ပေါ့ သားရယ်။ ”

သဘာဝက ပေးတဲ့ လက်ဆောင်တွေ အများကြီး ပိုင်ဆိုင်ထားမှန်း သိသွားတဲ့ အတွက် သား ကုလားအုပ်လေး မျက်လုံးထဲမှာ အရောင်တွေ လက်ထလာတယ်။ စိတ်အားလည်း တက်ကြွလာသလို ခံစားရတယ်။

“ ပြီးတော့ သားတို့ ခန္ဓာကိုယ်ပေါ်မှာလည်း အမွှေးတွေ ကြမ်းကြမ်းတမ်းတမ်းနဲ့ ရှည်ရှည်တွေ ရှိပေမယ့်လည်း ထူထူထဲထဲတော့ များများစားစား ရှိနေဘူးနော်။ ဒါကလည်း ဘာကြောင့်လဲ မေမေ။ ”

အမေး အမြန်းထူတဲ့ သားငယ် ကုလားအုပ်လေးကို မေမေ ကုလားအုပ်မကြီးက ချစ်မြတ်နိုးစွာဖြင့် ကြည့်လိုက်ပြီး . . .

“ ဒါဟာ ဘာဖြစ်လို့လဲ ဆိုတော့ မေမေတို့က ကန္တာရထဲမှာ နေရတာ ဆိုတော့ သဲမုန်တိုင်း ဒဏ်ကို ခံစားရပြီ ဆိုရင် သဲတွေရဲ့ ဒဏ်ကို ကာကွယ်နိုင်ဖို့ အမွှေးတွေကလည်း ကြမ်းကြမ်း ရှိနေရမယ်။ ဒါပေမယ့် အမွှေးတွေ များများကြီး ရှိနေပြန်တော့လည်း အမွှေးတွေ ကြားထဲမှာ သဲတွေ ကပ်ဝင်ကုန်ပြီးတော့ ကိုယ်ခန္ဓာကြီးက လေးလံပြီးတော့ ခရီး မတွင်မှာ စိုးလို့ သဘာဝက ပေးထားတဲ့ လက်ဆောင်ပါ သားရေ။ ဒါမှလည်း သဲတွေက ခန္ဓာကိုယ်ကို လာစင်ပြီးတော့ တွယ်ကပ် မနေဘဲ အောက်ကို လျှောကျပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ခရီးသွားရတာ တွင်ကျယ်မှာပေါ့ကွယ်။ ”

“ ဝေးးးးးးးးးးးး ”

မေမေ ကုလားအုပ်မကြီးရဲ့ စကားလည်း ဆုံးရော သားငယ် ကုလားအုပ်လေးက ပျော်ရွှင်ပြီးတော့ မြူးတူး ဟစ်ကြွေးလိုက်လေတယ်။ ပြီးတော့ ဟိုဟိုဒီဒီလည်း ပြေးလွှားလိုက်သေးတယ်။ မေမေ ကုလားအုပ်မကြီးကတော့ အခုမှ ကြီးကောင်ပေါက် ဖြစ်လာတဲ့ သားငယ်လေးကို ကြည့်ရင်း ပြုံးနေလေတော့တယ်။ ကုလားအုပ်တွေ ကြီးကောင်ပေါက်လာရင် လောကကြီး အကြောင်းကို သိလိုစိတ်ဖြင့် အခုလို စကားများကာ သိလိုတာတွေ မေးမြန်းလာတတ်ကြတာ ထုံးစံပဲ မဟုတ်ပါလား။

ကုလားအုပ်မကြီး ငယ်ငယ်ကလည်း သူ့ရဲ့ မေမေကို မေးခဲ့တာပါပဲ။ အဲဒီတုန်းကလည်း ကုလားအုပ်မကြီးရဲ့ မေမေကလည်း ကုလားအုပ်မကြီးကို အခုလိုပဲ ပြန်ဖြေခဲ့တာပဲ မဟုတ်လား။ ပြေးလွှားနေရာမှ အတန်ငယ် မောလာတော့ ကုလားအုပ်လေးက မေမေ ကုလားမကြီးဆီကို ပြန်ပြေးလာပြီးတော့ သူ့ရဲ့ ခြေထောက်နဲ့ခွာတွေကို ငုံ့ကြည့်ရင်း . . .

“ မေမေ . . . သားတို့ ကုလားအုပ်တွေရဲ့ ခြေထောက်ကလည်း တခြား သတ္တဝါတွေရဲ့ ခြေထောက်နဲ့ မတူဘူးနော် မေမေ။ အထူးသဖြင့် ခွာတွေဆိုရင် သူများတွေရဲ့ ခြေထောက်နဲ့ ခွာရဲ့ အချိုးအစားထက် ကြီးတယ်နော်။ ”

မေမေ ကုလားအုပ်မကြီးက ထပ်ပြုံးလိုက်ရင်း . . .

“ ဒါပေါ့ . . . သားရယ်။ ဒါကလည်း သဘာဝက ပေးတဲ့ ကုလားအုပ်တွေ အတွက် အထူးလက်ဆောင်ပေါ့ကွယ်။ ဒီလို မေမေတို့ ကုလားအုပ်တွေရဲ့ ခြေထောက်တွေက ပိန်သွယ်ပြီးတော့ ရှည်လျားထားမှ တကယ်လို့ သဲကန္တာရထဲကို ခြေကျွံကျသွားတယ် ဆိုရင်တောင်မှ ပြန်ဆွဲထုတ်ရ လွယ်တာပေါ့ သားရဲ့။ ဒါကလည်း ပြောမယ့်သာ ပြောရတာပါ။ မေမေတို့ရဲ့ ခွာက တခြားသော သတ္တဝါတွေရဲ့ ခြေထောက်နဲ့ခွာ အချိုးအစားကို ယှဉ်ကြည့်မယ် ဆိုရင် မေမေတို့ရဲ့ ခြေထောက်နဲ့ခွာရဲ့ အချိုးအစားက ပိုကြီးနေတယ် သားရဲ့။ ခွာပိုကြီးတဲ့ သတ္တဝါက ခွာသေးတဲ့ သတ္တဝါထက် ခြေကျွံကျဖို့ နည်းတာပေါ့ကွာ။ ဒါကလည်း ကုလားအုပ်တွေ အတွက် အထူး ရရှိထားတဲ့ သဘာဝရဲ့ လက်ဆောင်ပါပေါ့ သားရဲ့။ ”

မေမေ ကုလားအုပ်မကြီးက တက်ကြွစွာ ပြောလိုက်တော့ သားငယ် ကုလားအုပ်က အားရ ကျေနပ်သွားတဲ့ မျက်နှာဖြစ်သွားတယ်။ ဒါပေမယ့် ချက်ချင်းပဲ သားငယ် ကုလားအုပ်လေးက ဘေးပတ်ဝန်းကျင်ကို မျက်စိ ဝေ့ကြည့်လိုက်ပြီး . . .

“ ဒါပေမယ့် မေမေရယ်။ ”

ဟု ဆိုကာ မျက်နှာလေး ချက်ချင်း ငယ်သွားတယ်။

“ ဘာဖြစ်လို့လဲ သားရဲ့။ ”

သားငယ် ကုလားအုပ်လေးက သက်ပြင်းရှည်ရှည်ကြီးကို မှုတ်ထုတ်လိုက်တယ်။ ပြီးမှ . . .

“ ဒါပေမယ့် မေမေရယ်။ သားတို့ရဲ့ ရေတစ်တိုင်ကီခွဲ ဆန့်ပါတယ် ဆိုတဲ့ ဘို့ကြီးရယ် ၊ သဲမုန်တိုင်း ဒဏ်ကို ခံနိုင်ပါတယ် ဆိုတဲ့ အမွှေးကြမ်းကြမ်းတွေ ရှိနေတဲ့ ခန္ဓာကိုယ်ရယ် ၊ သဲမုန်တိုင်းကို အဝေးကနေ မြင်နိုင်ပါတယ် ဆိုတဲ့ လည်ပင်းရှည်ရှည်တွေရယ် ၊ သဲတွေ မဝင်နိုင်အောင် သဘာဝက အကာအကွယ် ပေးထားပါတယ် ဆိုတဲ့ မျက်လုံး နဲ့ နှာခေါင်းပေါက်တွေရယ် ၊ သဲထဲကို ခြေမကျွံကျအောင် သဘာဝက လက်ဆောင် ကြီးပေးထားတဲ့ ခွာရယ် ၊ ခြေကျွံကျရင်တောင်မှ ပြန်နုတ်ရ လွယ်ပါတယ် ဆိုတဲ့ ခြေထောက်တွေရယ်က သားတို့ အတွက် အသုံးမဝင်ပါလား မေမေရယ်။ ”

သားငယ် ကုလားအုပ်လေးရဲ့ စကားသံကို ကြားတော့ မေမေ ကုလားအုပ်မကြီးက အလန့်တကြား ဖြစ်သွားပြီးတော့ သားငယ်လေးကို လှမ်းပြောလိုက်တယ်။

“ မဟုတ်တာဘဲ သားရယ်။ ဒါတွေ ရှိနေလို့ သဘာဝရဲ့ လက်ဆောင် ရရှိထားလို့ မေမေတို့က ကုလားအုပ် ဆိုပြီးတော့ သူများတွေထက် ထူးခြားနေတာပေါ့ သားရယ်။ ”

သားငယ် ကုလားအုပ်လေးက ဟိုးအဝေးကို ငေးကြည့်ပြီးတော့ ဆက်ပြောတယ်။

“ ဒါတွေ ရှိနေလို့ သားတို့က ကုလားအုပ်လို့ ခေါ်တာတော့ ဟုတ်ပါတယ် မေမေရယ်။ ဒါပေမယ့် သားတို့ အခု ရောက်နေတဲ့ နေရာက ကန္တာရနဲ့ မိုင်ထောင်ပေါင်းများစွာ ဝေးတဲ့ နိုင်ငံ တစ်ခုရဲ့ တိရိစ္ဆာန်ရုံထဲကို ရောက်နေတာလေ မေမေ။ တိရိစ္ဆာန်ရုံရဲ့ သံမံသလင်းပေါ်မှာတော့ သားတို့ရဲ့ သဲကန္တာရကို အံ့တုနိုင်တဲ့ အစွမ်းတွေက ဘာမှ သုံးမရတော့ဘူးပေါ့ မေမေရယ်။ ”

“ x x x x x x ”

“ သဲကန္တာရမှာ ဒီလိုတွေ အသုံးဝင်ပါတယ် ဆိုတဲ့ အကောင် တစ်ကောင် ဒီနေရာမှာ ပြသ ခံနေရတာထက် သားတို့ရဲ့ အစွမ်းသတ္တိတွေက ဘာများ အသုံးကျတော့လို့လည်း မေမေရယ်။ ”

“ x x x x x x ”

သားငယ် ကုလားအုပ်လေးရဲ့ စကားလည်း ဆုံးရော မေမေ ကုလားအုပ်မကြီး ဘာမှ ပြန်မပြောနိုင်ဘဲ တိတ်ဆိတ်ကာ နေလေတော့တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။



တကယ်လို့ . . . .

တကယ်လို့ပေါ့ . . . .

ကျွန်တော်သာ ကုလားအုပ်လေး တစ်ကောင် ဖြစ်ခဲ့မယ် ဆိုရင် . . . ပြီးတော့ လူထုခေါင်းဆောင် ဆိုသော ( အများက အမေလို့ တင်စား ခေါ်ဝေါ်သော ) ကျွန်တော်တို့ မေမေကို ကျွန်တော်လည်း ပြောခွင့်သာ ရမယ် ဆိုရင် ပြောချင်လိုက်တာဗျာ။

“ မေမေရယ် . . . .

- နိုင်ငံရေး လုပ်တယ် ဆိုတာ နိုင်ငံ ရှိမှ နိုင်ငံရေး လုပ်လို့ ရတာပါ။ နိုင်ငံ မရှိတော့သူတွေ အတွက် နိုင်ငံဆိုတာ အရင် ရအောင် ပြန်လည် တိုက်ယူရတော့မှာပါ။ နောင်တစ်နေ့ ကျွန်တော်တို့ ပြန်လည် တိုက်ယူနေရတဲ့ လူနည်းစု မဖြစ်ချင်ဘူး မေမေ။

- လူနည်းစုကို မေတ္တာထားတယ် ဆိုတာကြောင့် လူအများစုကို လျစ်လျူရှု့တာမျိုးတော့ မဖြစ်စေချင်ဘူး မေမေရယ်။ လူနည်းစုက ပိုအရေးကြီးလား ၊ လူအများစုက ပိုအရေးကြီးလား မေမေ။

- ဖွံဖြိုးတိုးတက်ပြီးသား နိုင်ငံတွေမှာ လူ့အခွင့်အရေး ဆိုတာ အဓိက အရေးကြီးတာ ဖြစ်ပေမယ့် ဖွံဖြိုးဖို့ အားယူနေတဲ့ နိုင်ငံမှာတော့ လူ့အခွင့်အရေး ဆိုတာ နောင်မှ ကြွေးကြော်ပြီးတော့ တိုက်ယူရင်လည်း နောက်မကျသေးပါဘူး။ ပီကေကို တက်နင်းထားမိလို့ လမ်းဆက် မလျှောက်နိုင်တော့တဲ့ လူတစ်ယောက်လိုတော့ မဖြစ်စေချင်ဘူး မေမေရယ်။ ပီကေ ဆိုတာ ပီကေ လောက်ပဲ ကပ်မှာပေါ့ မေမေရယ်။

- ပြီးတော့ အခု ကျွန်တော်တို့ ရောက်နေတာက ကုလားအုပ်မကြီး ပြောနေသလို သဲကန္တာရကြီး မဟုတ်ဘူး မေမေ။ သံမံသလင်းပေါ်ကို ရောက်နေတာလေ။ ဒီတော့ ဒီအတွက် မေမေ ခြေကျွံကျမှာ စိုးပြီးတော့ အရမ်းကြီး စိုးရိမ်မနေပါနဲ့။

- ပြီးတော့ ကျယ်ပြောလှတဲ့ ကန္တာရကြီးကို တွေးတွေးပြီးတော့ ကိုယ်ရောက်နေတဲ့ တိရိစ္ဆာန်ရုံ အကျယ် အကျဉ်း ဆိုတာကိုလည်း မေ့မနေစေချင်ဘူး မေမေရယ်။

ပြောရရင်တော့ အများကြီးပဲ မေမေရယ်။ ဒါပေမယ့် သားကလည်း ကုလားအုပ်ငယ်လေး မဟုတ်လား။ သိချင်တဲ့ အရွယ် ၊ မေးမြန်းချင်တဲ့ အရွယ် ဆိုတော့လည်း မေးမိ ပြောမိတာတွေ ရှိသလို ၊ ပြောမိ ဆိုမိတာတွေလည်း ရှိတာပေါ့ မေမေရယ်။ သားက ဘာမှတော့ မသိပါဘူး။ ဒါပေမယ့် သားရောက်နေတဲ့ နေရာက သဲကန္တာရလို ကျယ်ပြောတဲ့ နေရာ မဟုတ်ဘဲ တိရိစ္ဆာန်ရုံလောက်သာ ကျယ်ဝန်းတဲ့ နေရာ ဆိုတာလောက်တော့ သားသိပါသေးတယ်။

ဘာလို့လဲ ဆိုတော့ သားက အမြင် မကျယ်ဘူးလေ။ မေမေကတော့ အမြင်ကျယ်ပါတယ်။ ဒါပေမယ့် မေမေရယ် . . . ကိုယ်ရောက်နေတဲ့ လက်ရှိနေရာဟာ ဘာလဲ ၊ ဘယ်လိုလဲ ဆိုတာတော့ အရှိအတိုင်း မြင်ဖို့ လိုမယ် ထင်ပါတယ်။

မေမေ ကျန်းမာ ပျော်ရွှင်ပါစေ။

သားသား ကုလားအုပ်လေး

လေးစားစွာဖြင့်
ကိုဇော်


Share/Bookmark

11 June 2013

0 Profile ပုံ




Profile ပုံပြောင်းလဲခြင်းနှင့် ပတ်သတ်ပြီး နည်းနည်းတော့လည်း ပြောစရာ ရှိပါတယ်။ များများစားစားလည်း ဖြစ်သွားနိုင်တယ်ပေါ့လေ။

ပြောရမယ် ဆိုရင် လူတွေရဲ့ စိတ်ထွက်ပေါက်ကနေ စပြောရမယ် ထင်ပါတယ်။ တချို့က စိတ်ထဲမှာ တင်းကျပ်လာရင် သီချင်း အော်ဆိုပစ်လိုက်တယ်။ တချို့ကတော့ ကစားကွင်းသွားပြီးတော့ ဝေးလားဝါးလား အော်ကာ ဆော့ပစ်လိုက်တယ်။ တချို့ကျတော့ တိတ်တဆိတ် စာဖတ်နေလိုက်တယ်။ တချို့ကျတော့ ဂေါ့ဖ်ရိုက်ထွက်တယ်။ တချို့ကျတော့ ကားလျှောက်မောင်းတယ်။ ( ဒါကတော့ အန္တရာယ် ရှိပါတယ်။ ) တချို့ကျတော့ ကျိတ်ငိုတယ်။ တချို့ကျတော့ စိတ်ညစ်ရင် အိပ်ပစ်တယ်။ လူအမျိုးမျိုး ရှိသလို စိတ်ကလည်း အထွေထွေပေါ့။ 

သို့သော် ဒီလို မတူရာကနေ လူတိုင်းနဲ့ သင့်တော်သော ဖြစ်ရပ်လေးတွေက အစွဲလေးတွေ ဖြစ်လာပြီးတော့ အလေ့အကျင့် လေးတွေ ဖြစ်လာကြတယ်။ နောက်တော့ အလေ့အကျင့်ကနေ အစွဲလေးတွေ ဖြစ်လာတယ်။ အစွဲကနေ ဓလေ့ ဖြစ်လာတယ်။ နောက်တော့ ရိုးရာ ဆိုပြီးတော့ ကျင့်သုံးလာတယ်ပေါ့လေ။ ရိုးရာ ဆိုတဲ့ အခြေအနေ အထိ မရောက်ခင် အလေ့အကျင့် ဆိုတဲ့ အစွဲသာသာလေး နေရာဆီကို ကျွန်တော်တို့ သွားကြည့်ရအောင်။ 



ငယ်ငယ်ကတည်းက ခပ်ရွတ်ရွတ်ကလေး ဆိုတော့ ဘာမှန်း မသိပေမယ့် ပေါက်ကရလေးတွေတော့ စိတ်ကူးပေါ်ရာ လျှောက်လုပ်ပါတယ်။ ကျောင်းမှာ ဆော့လွန်းလို့ အဆူခံရ ၊ အရိုက်ခံရတယ် ဆိုတာကတော့ မထူးတော့ပြီမို့ ထူးထူးထွေထွေ မပြောပြချင်တော့ပါဘူး။ ထူးခြား ဖြစ်စဉ်လေးပဲ ပြောပြပါတော့မယ်။ အဲ . . တစ်နေ့တော့ အတန်းထဲကို ဆရာမက မဝင်တဲ့ အချိန်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေ ယောက်ျားလေးတွေ ထုံးစံ အတိုင်း အတန်းထဲမှာ စစ်တိုက်တန်း ကစားကြပါတယ်။ သေနတ် အတုကြီးတွေနဲ့ ဒိုင်း ဒိုင်း ဒိုင်း ဒက် ဒက် ဒက် နဲ့ ပါးစပ်က ပေါက်ကွဲပြပြီးတော့ ပစ်ကြ ခတ်ကြတာ မဟုတ်ပါဘူး။ 

ကျောင်းစာအုပ်တွေ ထည့်ထားတဲ့ လွယ်အိတ်လေးတွေကို ယူလိုက်ပြီးတော့ စာအုပ်တွေနဲ့ ကွန်ပါဗူးကို သွန်ထုတ်ကာ စားပွဲ အတွင်းထဲကို ထည့်ထားလိုက်ပြီး လွယ်အိတ်ကို လွယ်ကာ ကျွန်တော်တို့ ပြောင်းဖူးရိုးတွေ လိုက်ကောက်ပါတယ်။ ( ဟိုလူကြီး တစ်ယောက်လို သွားလေရာမှာ ဘေးက သူ့လူက ပြောင်းဖူးကြီး ထောင်ပြနေတာတော့ မဟုတ်ဘူးပေါ့။ ) ကိုယ့်ဖာသာ အသာအယာ လွယ်အိတ်ထဲကို ကောက်ထည့်ပြီးတော့ ပြန်လာကာ အတန်းထဲမှာ မိန်းကလေးတွေကို ခေါင်းချ အိပ်နေခိုင်းပြီးတော့ အခန်းကို အရှေ့ ၊ အနောက် ခွဲပြီးတော့ အုပ်စုလိုက် ပြောင်းဖူးရိုးနဲ့ ပစ်ပြီး စစ်တိုက်တန်း ကစားကြတာပါ။

 သေနတ်တုတွေနဲ့ ဒိုင်း ဒိုင်း ဒက် ဒက် လုပ်ရတာလောက် အာညောင်းတာ မရှိဘူး။ တကယ်လည်း ထိတာ မဟုတ်ဘဲနဲ့ မင်းထိ သွားပြီ ထွက်တော့ ဆိုတာကလည်း အငြင်းအခုန် ဖြစ်ရခြင်းရဲ့ အကြောင်းအရာ တစ်ခုပါပဲ။ ကျွန်တော် မကြိုက်။ ထိရင် ထိတယ်။ နာရင် နာတယ်။ အနာခံနိုင်ရင်လည်း ဘယ်လောက် အနာခံနိုင်တယ်။ ရှောင်ရင်လည်း ဘယ်လောက် ရှောင်နိုင်တယ် ဆိုတာကို သိသိသာသာ ဖြစ်စေတဲ့ အဲဒီလို ပြောင်းဖူးရိုးနဲ့ စစ်တိုက်တာကိုပဲ ကျွန်တော် ကြိုက်တယ်။ အနာမခံနိုင်တဲ့ ကောင်ကတော့ ကိုယ့်ဖာသာ ခုံအောက်ထဲမှာပဲ ပုန်းနေပေါ့။ နောက်တစ်နေ့ မိုးလင်းရင်တော့ လက်မောင်းရင်းတွေ ပစ်ထား ၊ ခတ်ထားလို့ နာနေတာတော့ အမှန်ပဲ။ တောင့်ပြီးတော့ အောင့်ပါ အောင့်နေတတ်တယ်။ 

ဘယ်ဘက်လက်မှာ ပြောင်းဖူးရိုး သုံးလေးခု ကိုင်ထားပြီးတော့ ညာဘက်ကနေ ဆက်တိုက် ယူပစ်ရင် ခေါင်းထောင်လာသူကို ရှာရသလို သူတို့ ပစ်လိုက်တဲ့ ပြောင်းဖူးရိုးကိုလည်း ရှောင်ရသေးတယ်။ ဒီ့ထက် ကျွန်တော် ရဲတင်းလာပြီ ဆိုရင်တော့ ခုံအောက်ဝင်ပြီး ကာမနေတော့ဘဲ ၊ မတ်တပ် ထရပ်ပြီးတော့ သူတို့ ဘက်က ပစ်လာတဲ့ ပြောင်းဖူးရိုးကို ဘယ်ဘက်နဲ့ ပုတ်ချရင်း ပစ်လာနိုင်တဲ့ လူတွေဆီကို အဆက်မပြတ် ပစ်တယ်။ ဟိုဘက်က ပစ်တဲ့ လူအင်အား များနေတယ် ဆိုရင်တော့ ရှောင်တာရော ၊ ပုတ်ချတာရောနဲ့ ဘယ်လုံလောက်မလဲ။ ကျွန်တော့်ကို ထိတာပေါ့။ ထိလည်းထိ ကျွန်တော်က တစ်ယောက်ကိုပဲ ဦးတည်ပြီးတော့ နည်းနည်းမဲတတ်တယ်။ ဒီတော့ ကိုယ်လည်း ခံရသလို ဟိုဘက်က အဓိက ပစ်နေတဲ့ သူလည်း ခေါင်း မဖေါ်နိုင်တော့ဘူး။ 

အဲဒီလို ပြောင်းဖူးရိုးနဲ့ ပစ်ရခတ်ရ စစ်တိုက်ရတာ ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ အခန်းထဲက သူငယ်ချင်းတွေကလည်း ငယ်ပေါင်းတွေ ဆိုတော့ မိန်းကလေးတွေရော ၊ ယောကျာ်းလေးတွေပါ ညီညွတ်ကြတယ်။ ပျော်စရာ ကောင်းပါတယ်။ 



တစ်နေ့တော့ . . . 

 အခန်းရဲ့ အဝင်အထွက် တံခါးမကြီးရဲ့ မှန်တံခါး တစ်ချပ်က ကွဲနေပါတယ်။ အတန်းထဲမှာ ဆရာ ၊ ဆရာမ အဝင်တဲ့ အချိန်ဆိုရင် အခန်းထဲမှာ ဆော့နေတာတွေ သိမှာ စိုးလို့ ကျွန်တော်တို့က အသံ မထွက်အောင် ဒီအပေါက်ကို ကတ္ထူစက္ကူနဲ့ ကပ်ပြီးတော့ ပိတ်ထားလေ့ ရှိတယ်။ ဒါမှ အခန်းထဲမှာ ကျွန်တော်တို့ ဆော့ချင်သလို ဆော့ ၊ အသံ မကြားရမှာလေ။ အဲဒီ့နေ့တော့ ရက်ပေါင်းများစွာ ကြာနေပြီ ဖြစ်တဲ့ ဒီစက္ကူကလည်း သိပ်ကောင်းပုံ မပေါ်တော့ပါဘူး။ ဒါပေမယ့် ဘယ်သူမှလည်း သတိမထားမိကြဘူး။ 

ဆရာမ တစ်ချိန် မဝင်တဲ့အချိန်မှာ ထုံးစံ အတိုင်း မိန်းကလေးတွေက ခုံပေါ်မှာ မှောက်အိပ်နေပြီးတော့ မျက်နှာချင်းဆိုင် အတင်းပြောကြ ၊ ရုပ်ရှင်အကြောင်းတွေ ပြန်ပြောပြ လုပ်နေချိန် ၊ ကျွန်တော်တို့ ယောက်ျားလေးတွေကတော့ ထုံးစံ အတိုင်း ပြောင်းဖူးရိုးနဲ့ အရှေ့ ၊ အနောက် ခွဲပြီးတော့ စစ်တိုက်နေတဲ့ အချိန်မှာ တံခါးမှာ ကပ်ထားတဲ့ စက္ကူက ကွာပြီးတော့ ကျနေလေတယ်။ ကျွန်တော်တို့က သတိမထားမိတော့ အခန်းထဲက အသံတွေက အပြင်ကို ထွက်နေမှာပေါ့လေ။ ကျွန်တော်တို့ကသာ သတိမထားမိတာ သတိထားမိတဲ့ အပြင်ကတော့ အတော် ဆူနေတဲ့ အခန်းထဲက အသံတွေ အပြင်ကို ထွက်နေတာ ကြားရတယ်။ 

ဒီတော့ ဖြတ်သွား ဖြစ်လာနဲ့ ဆရာ တစ်ယောက်က အခန်းထဲကို မှန်ကွဲနေတဲ့ အပေါက်ကနေ ချောင်း အကြည့်။ အထဲမှာ ပြောင်းဖူးရိုးနဲ့ စစ်တိုက်နေကြတဲ့ ကျွန်တော်တို့ကလည်း သည်းသည်းမည်းမည်းပေါ့လေ။ မဲသဝေါ တိုက်ပွဲ ဆိုတာ ဒီလောက် ဘယ်ဆိုးလိမ့်မတုန်း။ ကျွန်တော်က အရှေ့ဘက်ကနေ သူငယ်ချင်းတွေနဲ့ အနောက်ဘက်က ကောင်တွေကို တိုက်နေသလို အတန်း အနောက်က ကောင်တွေကလည်း ကျွန်တော်တို့ အရှေ့ဘက်က ကောင်တွေကို ပြောင်းဖူး လောင်ချာတွေနဲ့ ပစ်နေချိန်ပေါ့။ ကျွန်တော်ကလည်း ထုံးစံ အတိုင်း နည်းနည်း စိတ်က တင်းလာရင် မတ်တပ်ရပ်ပြီးတော့ ထထ ပစ်တတ်တယ်။ ခေါင်းထောင် လာတဲ့ ကောင်တွေကို အပီဆွဲ ၊ ဟိုဘက်က ပြန်ပစ်တဲ့ ပြောင်းဖူးရိုးတွေကိုလည်း တတ်နိုင်သမျှ လက်နဲ့ ပုတ်ချပေါ့လေ။ 

 ကျွန်တော် ဒီလို ထပစ်နေတဲ့ အချိန်မှာ နောက်တန်းက ကောင်တစ်ကောင်ကလည်း ခုံ အကွယ်ကနေ ထပြီးတော့ မတ်တပ်ရပ်ပြီး ကျွန်တော့်ဆီ ပစ်လိုက်တယ်။ ကျွန်တော်ကလည်း သူတို့ကို ပစ်နေရင်းနဲ့ ဒီကောင် ထပြီးတော့ ကျွန်တော့်ကို ပစ်လိုက်တာ လှမ်းမြင်လိုက်တယ်။ နီးနေတဲ့ ပြောင်းဖူးရိုးတွေကို ရှောင်ပြီးတော့ သူ ပစ်လိုက်တဲ့ ပြောင်းဖူးရိုးကိုတော့ ပစ်ဖို့ ပြင်ထားတဲ့ ညာဘက်နဲ့ပဲ လေပေါ်မှာ လှမ်းပုတ်ထုတ်လိုက်တယ်။ ထိချက်က မှန်ကန်စွာ ထိသွားတဲ့ အတွက် ပြောင်းဖူးရိုးဟာ လေထဲမှာ လွင့်လာရင်းနဲ့ပဲ လမ်းကြောင်းပြောင်းပြီးတော့ အဝင်အထွက် တံခါးဘက်ကို လွင့်ထွက်သွားတယ်။ ဝင်အောင် ပစ်ရင်တောင်မှ ဝင်ချင်မှ ဝင်မယ့် ဒီပြောင်းဖူးရိုးဟာ အခုတော့ မှန်ကွဲနေတဲ့ အပေါက်ကနေ အပြင်က ချောင်းနေတဲ့ ဆရာမျက်နှာ့ကို တန်းထိပါလေရော။ 

 ဖြစ်စဉ်က လျင်မြန်လွန်းလှပါတယ်။ အသံကြားလို့ မှန်ကွဲပေါက်ကနေ ဆရာက လာအကြည့် ၊ အနောက်က ကောင်က ကျွန်တော့်ကို ပြောင်းဖူးရိုးနဲ့ အပစ် ၊ ဆရာ လာကြည့်နေတယ် ဆိုတာကို မြင်တဲ့ မိန်းကလေး သူငယ်ချင်းတွေကလည်း သတိပေးဖို့ အလုပ် ၊ ပြောင်းဖူးရိုးကလည်း ကျွန်တော့်နားကို အရောက် ၊ ရောက်လာတဲ့ ပြောင်းဖူးရိုးကိုလည်း ကျွန်တော်က မှီနေတဲ့ လက်နဲ့ လှမ်း အပုတ် ၊ ပြောင်းဖူးရိုးနဲ့ လက်နဲ့ ထိပြီးတော့ ရောက်ရာ ပေါက်ရာ ထွက်သွား ၊ တိုက်တိုက်ဆိုင်ဆိုင် မှန်ကွဲပေါက် ထဲကို အဝင် . . . . ဒီတော့ လာချောင်းတဲ့ ဆရာ မျက်နှာကို ပြောင်းဖူးရိုး ထိသွားတာပေါ့ဗျာ။ 

တကယ့် တကယ့် အပစ်ပေးရမယ် ဆိုရင်တော့ ချောင်းသူကိုတောင်မှ အပြစ်ပေးရင် ပေးလို့ ရနိုင်မယ် ထင်တယ်။ ဒါပေမယ့်လည်း သူက ဆရာ မဟုတ်လား။ မပြောသာပေဘူး။ အဲဒီ့ ပြောင်းဖူးရိုးနဲ့ ဆော့နေတဲ့ ကောင်တွေ အားလုံး အတန်းရှေ့ထွက် ဆိုပြီး ခေါ်ထုတ်ကာ ဆရာက ကျွေးတော့တာပဲ။ ကြိမ်လုံးပေါ့ဗျာ။ တစ်ယောက်ကို နှစ်ချက်ဆီ သတ်မှတ်ပေမယ့်။ သူ့မျက်နှာကို ထိအောင် အနောက်ကနေ ပေါက်လိုက်တဲ့ သူငယ်ချင်းနဲ့ ပုတ်လိုက်တဲ့ ကျွန်တော်တို့ကိုတော့ အထူးနှုန်းသတ်မှတ်ပြီးတော့ နှစ်ဆ ဆုချပါတယ်။ 

အများသူငှာတွေ ပြောသလို ပြောရရင်တော့ ဆရာ ရိုက်တာက သူ့ရဲ့ လက်ဆွဲတော့ ထားဝယ်ကြိမ်နဲ့ပေါ့။ ဒါပေမယ့် ထားဝယ်ကြိမ် စစ်လား ၊ မစစ်ဘူးလား ဆိုတာတော့ ကျွန်တော်လည်း သေချာ မစစ်ဆေးမိဘူး။ တကယ်တမ်း မလိမ်ဘဲ ပြောရမယ် ဆိုရင်တော့ အဲဒီ့ကြိမ်လုံးနဲ့ အဆက်အယှက်ကို မလုပ်ချင်တာပါ။ သူနဲ့ကိုယ်နဲ့ မပတ်သတ်ရလေ ကောင်းလေပဲလေ။ ဒါပေမယ့် အခုတော့ ကိုယ်က မပတ်သတ်ချင်ပေမယ့်လည်း သူက လာပြီးတော့ အတင်း ပတ်သတ်လေတော့ ကျွန်တော်လည်း အောင့်ကာ ခံရတာပေါ့။ တစ်ယောက် နှစ်ချက်ဆီ သတ်မှတ်ခံရတဲ့ သူငယ်ချင်းတွေကို အရင် ဆုပေးပါတယ်။ ဆရာက အားယူပြီးတော့ တစ်ချက် ရိုက်လိုက်တိုင်း သူတို့ဆီက အသံထွက်လာတယ်။ 

 “ အား ” 

“ အမလေး ” 

“ ကြောက်ပါပြီ ”

“ အီး ”

“ အမေကြီးရေ ”

အသံစုံပေါ့လေ။ နောက်ဆုံးပိတ် အိတ်နဲ့ လွယ်မယ် လို့ ထိုဆရာက ကျွန်တော်တို့ကို သတ်မှတ်ထားပုံ ရပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ကို နောက်ဆုံးမှာ နေခိုင်းပါတယ်။ ထိုဆရာကတော့ သူ့အတွေးနဲ့သူ ဟုတ်နေပြီ ထင်ပေမယ် ကျွန်တော်တို့ကတော့ ဒီလို မတွေးပါဘူး။ ဆော့နေတာ တစ်တန်းလုံးပဲလေ။ ယောကျာ်းလေး အားလုံး လိုလိုပါပဲ။ တချို့ ကျားထိုးနေတဲ့ ၊ ဖဲရိုက်နေတဲ့ ကောင်တွေကလွဲရင် အားလုံးကို သူ ရိုက်ရမှာလေ။ အနည်းဆုံး အယောက် ၂၀ ကျော်လောက် ရှိတယ်။ ဒါကို တစ်ယောက် နှစ်ချက်နဲ့ ဆိုတော့ နောက်ဆုံးမှ ကျွန်တော်တို့ နှစ်ယောက်ကို ရိုက်ရင် သူလည်း လက်ရည်ကျနေနိုင်ပြီ။ ကျွန်တော်တို့ကတော့ ဒီလိုပဲ တွေးတယ် ဟဲ ဟဲ ဟဲ . . .

ဘေးက သူငယ်ချင်းနဲ့ ကျိတ်ကျိတ် ကျိတ်ကျိတ်ပြောင်းရင်း ကျွန်တော်တို့ နှစ်ယောက် တိုင်ပင်ပြီးတော့ ပျော်လို့တောင်မှ နေနေသေးတယ်။ ဒီအချိန်မှာပဲ အပေါ်က ကျွန်တော် ပြောခဲ့သလို အရိုက်ခံရလို့ ထွက်လာတဲ့ အသံတွေက တစ်ယောက်တမျိုး ထွက်ချင်သလို ထွက်နေကြတယ်။ သို့သော် များသော အားဖြင့်ကတော့ လူတွေ အသုံးများသော အလေ့အကျင့်လေးတွေကို အားပြုပြီးတော့ အော်ကြတာပါ။

“ အား ”

“ အမလေး ”

“ ကြောက်ပါပြီ ”

“ အီး ”

“ အမေကြီးရေ ”

စသဖြင့်ပေါ့။ ဒါကို ကျွန်တော့် သူငယ်ချင်းက နားထောင်ရင်း အရိုက်ခံရခါနီးမှာ သူက ပြုံးစိစိနဲ့ တခွိခွိ ကျိတ်ရယ်နေတယ်။ သူ့ကို ကျွန်တော်က လှည့်ကြည့်ရင်း . . .

“ ဟေ့ကောင် ဘာဖြစ်တာလဲ။ ”

ဆိုတော့ သူက ပြုံးစိစိနဲ့။

“ ဒီကောင်တွေကလည်းကွာ ၊ ဆရာ ရိုက်လို့ အော်တာကိုများ စာကျက်ထားသလို အသံတူညီ အော်နေကြသေးတယ်။ ”

“ ဟင် ဘာလဲ၊ မင်းပြောတာ ငါ သဘော မပေါက်ဘူး။ ”

“ ဒီလိုလေကွာ။ ဆရာက ရိုက်တယ်။ ရိုက်တဲ့ အတွက် ငါတို့ နာတယ်။ နာလို့ အော်အော် ၊ မအော်အော် နာတဲ့ အနာကတော့ ပျောက်သွားမှာ မဟုတ်သလို လျော့သွားမှာလည်း မဟုတ်ဘူး။ ဒါပေမယ့် စိတ်ထွက်ပေါက် အနေနဲ့ အော်ကြတာလေကွာ။ ဒါကိုများ အားတို့ ၊ အမလေးတို့ ၊ ကြောက်ပါပြီတို့ ၊ အီးတို့ကို တူအောင် အော်နေကြသေးတယ်။ ဒါကို ပြောတာကွာ။ ”

“ဟေ . . . . အေးကွ။ မင်းပြောတော့လည်း ဟုတ်သလိုလိုပဲ။ ဒါဆို ငါတို့ ဘယ်လို အော်ကြမလဲ။ ”

“ မင်းကလည်းကွာ။ အော်တာပဲ အော်ချင်တာ အော်ပေါ့။ အော်လို့ အနာသက်သာသွားတာမှ မဟုတ်တာဘဲ။ မင်းလည်း အော်ချင်သလို လျှောက်အော် ငါလည်း အော်ချင်သလို လျှောက်အော်မယ်။ ”

“ အော်ချင်သလို ဆိုတာ ဘယ်လို အော်ရမှာလဲ။ ”

“ မင်း မသိရင် စောင့်ကြည့် ၊ ငါ အရင် အရိုက်ခံမယ်။ ငါ အော်တာကို ကြည့်ပြီးတော့မှ မင်းဖာသာ အော်ချင်သလို အော်ပေတော့။ ”

“ အေး ကောင်းတယ်။ ဟီးး ဟီး ”

အနောက်ကနေ တကျိတ်ကျိတ် စကားပြောနေတဲ့ ကျွန်တော်တို့ နှစ်ယောက်ကို ဆရာကလည်း ကွက်ကြည့်ကြည့် လုပ်နေတာပါပဲ။ အရှေ့က အယောက် နှစ်ဆယ်လောက်ကို ရိုက်အပြီးမှာတော့ သူငယ်ချင်းက အရင် ထွက်သွားပါတယ်။ မျက်နှာကတော့ မျက်နှာသေလေးနဲ့ပါပဲ။ ဆရာကလည်း ဆရာပါပဲ။

“ မင်းမှာ အပြစ်ရှိသလား။ ”

လို့ ထပ်မေးပါတယ်။ မရှိဘူးလို့ ငြင်းရင်လည်း သူနဲ့ ထပ်ပြီးတော့ အငြင်းအခုန်က ဖြစ်ရဦးမယ်။ ပြီးတော့ အပြစ်ရှိတယ်လို့ ယူဆလို့ သူပဲ ရိုက်ဖို့ ပြင်နေပြီကိုများ။ တကယ့် တကယ် ပြောရမယ် ဆိုရင်တော့ ဆရာကတောင်မှ အပြစ်ရှိတာပါ။ တကယ်လို့ ဆရာ လာချောင်းတဲ့ အခန်းဟာ ကျွန်တော်တို့ အတန်းသာ မဟုတ်ဘဲနဲ့ ဆရာမ အိမ်သာ ဆိုရင် ဒီတံခါးချပ် မှန်ကွဲဟာ ဆရာ့ အတွက် ဘယ်လောက် အပြစ်ကြီး ဖြစ်သွားနိုင်တယ် ဆိုတာ ဆရာ စဉ်းစားမိပုံ မရဘူး။ ကျွန်တော်တို့ကလည်း သွန်သင် မပေးချင်တော့ပါဘူး။ ဆရာရိုက်ရင် ဟိုကောင် ဘယ်လို ပြန်အော် မလဲ ဆိုတာကိုပဲ ကျွန်တော်က ပိုစိတ်ဝင်စားနေတော့တယ်။

“ မင်းမှာ အပြစ်ရှိတယ်နော်။ ဒါကြောင့် အပြစ်ပေးမယ်။ ”

ဟော . . . ကြည့်။ သူ့ဖာသာ စွဲချက်တင်ပြီးတော့ သူ့ဖာသာ ဆုံးဖြတ်ချက် ချလိုက်တယ်။ ပြီးတော့ ထားဝယ်ကြိမ်လုံးကို အားယူကာ လွဲလိုက်ပြီးတော့ ဟိုကောင် “ တင်ပြား ” ပေါ်ကို ကျသွားပါတယ်။ ဒီနေရာမှာ တစ်ခု ပြောချင်တာကတော့ ကျွန်တော့် သူငယ်ချင်းက “ တင်ကြီး ” ပြားနေသူပါ။ ဒါကြောင့် တင်ပါးနေထက်ပိုနေလို့ “ ပါး ” နေရာမှာ “ ပြား ” လို့ပဲ သုံးလိုက်ပါတယ်။ သူ့တင်က ပြားတားတားကြီးကိုး။

ဆရာရဲ့ ထားဝယ်ကြိမ်လုံးက သူ့တင်ပြားပေါ် ရောက်သွားတယ် ဆိုရင်ဘဲ သူ့ဆီက အသံထွက်လာပါတယ်။

“ ကျား ”

တဲ့။ ရုတ်တရက် ဆိုတော့ ဆရာရော ကျွန်တော်တို့ရော ကြောင်သွားတယ်။ သိုင်းသမား တစ်ယောက်က ကြုံးဝါးသံ လိုလိုနဲ့။ ဒါပေမယ့် ဆရာက လျစ်လျူရှု့တဲ့ သဘောနဲ့ သူ့ကို နောက်တစ်ချက် ဆက်ရိုက်ပါတယ်။

“ ကျောင်းဆရာကြီး ”

ဒီအသံထွက်လာတော့ ဆရာက အတော် လက်ရွံသွားတယ်။ ဘာပြောရမှန်းလည်း မသိ ဖြစ်နေပုံပဲ။ ရိုက်တာက သူ ရိုက်လို့ ရပေမယ့် ဘယ်လို အော်ရမယ်လို့တော့ သူ့မှာ ပြောခွင့်မှ မရှိတာဘဲလေ။ ဟိုကောင့် မျက်နှာကို ကြည့်လိုက်တော့လည်း မျက်နှာက ပြောင်စပ်စပ် မဟုတ် ၊ နာကျင်နေတဲ့ မျက်နှာနဲ့။ ဆရာက ဆက်ရိုက်ရမလို ရပ်ရမလို ဖြစ်နေတယ်။ ခုနက သူပဲ ကျွန်တော်တို့ကို သူများတွေရဲ့ နှစ်ဆ လေးချက် ရိုက်မယ် လို့ ပြောထားတာကိုး။ ဒါပေမယ့် ဆရာ အတော် စိတ်ရှုပ်သွားပုံ ရတယ်။ နောက်ထပ် ထပ်ရိုက်လို့ ဘာများ ထပ်အော် လာမလဲ ဆိုတာကိုလည်း သူ ဝေခွဲနိုင်ပုံ မရတော့ဘူး။

“ တော်ပြီ။ ဟိုကောင် ဒီနားလာ . . . ”

ကျွန်တော့်ကို လှမ်းခေါ်တာပါ။ ကျွန်တော့် နာမည်က ဟိုကောင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဆရာ့နားကို သွားလိုက်ပါတယ်။ ဆရာနဲ့ နီးနီး နေရာကို ရောက်အောင် အနီးဆုံးကို တိုးသွားလိုက်တယ်။ ဆရာက ဒီနားကို လာဆိုလို့ပါ။ ဒါပေမယ့် နီးလွန်းလို့ သူ ရိုက်မရဘူးလေ။ ကြိမ်လုံး လွဲဖို့ နေရာက မရှိတော့ဘူး။

“ဟိုရှေ့ နည်းနည်းပြန်တိုး ”

ဆရာက သူ့စိတ်ကြိုက် နေရာမှာ ရပ်ခိုင်းပြီးတော့မှ ကျွန်တော့်ကို ရိုက်ဖို့ သူ့အကျီလက်ကို ပင့်တင်ပါတယ်။ ပြီးမှာ ကြိမ်လုံးကို အားနဲ့ လွဲယူပြီးတော့ စရိုက်ချလိုက်ပါတယ်။ ဆရာ့ကြိမ်လုံးက ကျွန်တော့် “ တင်ပါး ” ပေါ် ကျလာပါတယ်။ ကျွန်တော့် “ တင် ” ကတော့ ဟိုကောင် “ တင် ” လောက် မပြားပါဘူး။ ယောက်ျားလေးဆိုတော့လည်း နည်းနည်းတော့ ပါးပါးလျလျလေးပဲ ရှိတာပေါ့။ ဒါကြောင့် ကျွန်တော် “ တင်ပါး ” လို့ပဲ သုံးလိုက်ပါတယ်။

“ အနာ . . . အနာ . . . ”

ကျွန်တော်က ဒီလို အော်လိုက်ပါတယ်။ ကျွန်တော့် အော်သံ ကြားတော့ တစ်တန်းလုံးလည်း ခေါင်းတွေ ထောင်ကာ ကျွန်တော့် တင်ပါးကို လှမ်းကြည့်တယ်။ ကျွန်တော်ကလည်း သူများတွေလို တင်ပါးကို ပွတ် မနေဘဲနဲ့ တစ်နေရာထဲကိုပဲ ဆုပ်ကိုင်ထားလိုက်တယ်။ ဒါပေမယ့် ဆရာက နောက်တစ်ချက်ကို ရိုက်ဖို့ အားယူလိုက်ပြီး . . .

“ လက်ဖယ်လိုက်စမ်း ”

လို့ အော်ရင်း နောက်တစ်ချက် ထပ်ရိုက်တယ်။ သေချာအောင် ပြောရရင်တော့ ခုန ပထမက ရိုက်ထားတဲ့ နေရာရဲ့ အောက်ကို လျောပြီး ရိုက်တာပါ။ အနာရှိတယ် ဆိုတဲ့ နေရာကို မထိအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ဆရာ ရည်မှန်းချက် အောင်မြင်တယ် ပြောရပါမယ်။ ပထမ ထိထားတဲ့ နေရာရဲ့ အောက်ကို ဆရာ ကြိမ်လုံးက ကျလာပါတယ်။

“ သွေးစုနာ . . . သွေးစုနာ . . . ”

ကျွန်တော်က ဒီလို အော်ရင်းနဲ့ တင်ပါးကို လာထိတဲ့ နေရာကို လက်နဲ့ ဆုပ်ကိုင်ထားလိုက်ပြီးတော့ အတော်ကို မချိမဆံ ခံစားနေရတဲ့ ပုံစံနဲ့ ခုန်နေလိုက်တယ်။ ဆရာ့ မျက်နှာ တော်တော်ကို ပျက်နေတယ်။ တင်ပါးက သွေးစုနာ ဆိုတာကို အတန်းထဲမှာ ချွတ်ပြခိုင်းလို့ ဖြစ်တာလည်း မဟုတ်။ တကယ်လို့ ရှိနေရင်လည်း သူ့ရိုက်ချက်က ဒီအနာကို သွားထိပြီး ပြဿနာတက်လာနိုင်သေးတယ် မဟုတ်လား။

“ ကဲ တော်ပြီ။ မင်းတို့ သွားထိုင်တော့ . . .”

ကျွန်တော်ကလည်း ထိုတင်ပါး တစ်နေရာကို ဆုပ်ကိုင်ရင်း ထိုင်ခုံနေရာကို ပြန်လာထိုင်ပါတယ်။ နောက်တော့ ထိုဆရာက တစ်တန်းလုံးကို ဆရာ ၊ ဆရာမ မဝင်နိုင်တဲ့ အချိန်မှာ ဆော့ မနေဘဲ စာလုပ်နေဖို့ ငြိမ်ငြိမ်သက်သက်နေကြဖို့ ပြောဆိုပြီးတော့ သူ့လက်နက်ကြီးကို ဆွဲကာ ထွက်သွားပါတော့တယ်။

ဆရာ ထွက်သွားတော့ သူငယ်ချင်းတွေက ဝိုင်းလာပြီးတော့ . . .

“ မင်း ဖင်မှာ သွေးစုနာ ပေါက်နေလို့လား။ ”

ဘာညာပေါ့ ဝိုင်းမေးကြပါတယ်။ ကျွန်တော်နဲ့ ဟိုသူငယ်ချင်းနဲ့ တစ်မျက်နှာ တစ်ယောက်ကြည့်ပြီးတော့ ရယ်လိုက်ကြရတာ တခွိးခွိးနဲ့ပါပဲ။

ကြာတော့ ကြာခဲ့ပါပြီလေ။ ကျွန်တော်တို့ ကိုးတန်း ကျောင်းသား ဘဝမှာ ဖြစ်ခဲ့တာလေးပါ။ ကပ်သီးကပ်သပ် လုပ်တတ်သူတွေ ဆိုပါတော့။ တခြားသော အရာရာနဲ့ အကြောင်းကြောင်းလေးတွေလည်း ရှိသေးပ။ နောက်ထပ်ကြုံရင်လည်း ပြောပါဦးမယ်။


ထားပါတော့လေ ငယ်စဉ်က အကြောင်းလေးကို။

အခု တကယ် ပြောချင်တာက Facebook ပေါ်က အနက်ရောင် ပရိုဖိုင်းပုံလေးတွေ အကြောင်းပါ။

တကယ်တော့ အနက်ရောင် ပရိုဖိုင်းပုံလေးတွေ ပြောင်းတင်မှ ဝမ်းနည်းတဲ့ အထိမ်းအမှတ်လို့ ဆိုချင်တာ မဟုတ်ဘူးပေါ့လေ။ အားလုံး ညီညွတ်စေချင်တဲ့ သဘောနဲ့ အရာ တစ်ခုကို သတ်မှတ်လိုက်တာပါ။ ဒါကို ကျင့်သုံးပါ များတော့ အလေ့အကျင့်လေး ဖြစ်ပြီးတော့ ကြာလာတော့ ထုံးစံ ၊ အစွဲ ဆိုတာလေး ဖြစ်လာတယ် ဆိုပါတော့။

အရောင်တွေမှာ ထင်ထင်ရှားရှား ဖြစ်စေချင်တဲ့ အခါမှာ အဖြူရောင် ၊ အနက်ရောင် ၊ အနီရောင် ကို အဓိက ထားသုံးစွဲခဲ့တယ်။ ဒီအထဲမှာမှ အဖြူရောင် ဆိုရင် သန့်ရှင်းခြင်း ၊ ရှင်းသန့်ခြင်းကို ဖော်ဆောင်တယ်။ အနီရောင်က တတ်ကြွခြင်းကို ဖော်ဆောင်တယ်။ ဒီလို ဖြစ်နေလေတော့ “ အနက်ရောင် ” ကို ဝမ်းနည်းတဲ့ အထိမ်းအမှတ် အနေနဲ့ ယူဆပြီးတော့ စိတ်တူ ကိုယ်တူ အလေ့အကျင့် လုပ်ယူရင်း အစွဲလေးတွေ ဖြစ်နေကြတာပါ။

အဓိကကတော့ ညီညွတ်ခြင်းကသာ အဓိက မဟုတ်ဘူးလားဗျာ။

ဒီနေရာမှာ ဝမ်းနည်းတယ် ဆိုတဲ့ စကားလုံးနဲ့ သူ့ရဲ့ ခံစားမှု အကြောင်းကို နည်းနည်းတော့ ပြောချင်ပါတယ်။ ဝမ်းနည်းခြင်း ဆိုတာ ဘာလဲ။

ဟိုးအရင်က ကျွန်တော် မြင်ခဲ့ ၊ ကြည့်ခဲ့ရဖူးတယ်။ စိုင်းထီးဆိုင် အလွမ်း မပြေ ၊ လွမ်းမိုး အလွမ်း မပြေ . . . စသဖြင့်ပေါ့။ အလွမ်း မပြေ ၊ အလွမ်း မပြေ ဆိုပြီးတော့ ပြုံးဖြီးဖြီး မျက်နှာတွေကို ပိုင်ဆိုင်ထားသော ထုတ်ဝေသူတွေ ၊ စီစဉ်သူတွေက စင်တင်ရှိုးတွေ လုပ်ပြီးတော့ သေသူကို လွမ်းတယ် ၊ ဝမ်းနည်းတယ် ဆိုတဲ့ စကားလုံးလေးကို တွင်တွင်သုံးပြီးတော့ သူ့တို့ အတွက် ပွဲသွင်းကာ အမြတ်ထုတ်သွားခဲ့ကြတယ်။ ဒါဆို ဒါဟာ တကယ် ဝမ်းနည်းတယ် လို့ ဆိုနိုင်ပါ့မလား။

IC ရဲ့ ရှိုးပွဲတစ်ခုမှာ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ စောဘွဲ့မှူးကို သတိရခြင်း အဖြစ် ရောဂါ သီချင်းကို အားလုံးနဲ့ အတူတူ ဆိုဖို့ လုပ်တော့ ချစ်စမ်းမောင်ရဲ့ မျက်နှာပေါ်က အကြည့် ၊ ကြေကွဲမှု ၊ ဝမ်းနည်းမှုတွေကို သတိထားလိုက်မိပါသလား။ အလွမ်းမပြေ ၊ အလွမ်းမပြေ လို့ ချစ်စမ်းမောင်က မပြောခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ လုပ်ရပ်က စကားလုံးတွေ များစွာထက် အဖိုးတန်ခဲ့ပါတယ်။ ဝမ်းနည်းနေသူ တစ်ယောက်ရဲ့ လုပ်ရပ်တွေကို ပုံနဲ့ စာနဲ့ ဖော်ပြလို့ ရနိုင်ပါ့မလားလို့ ကျွန်တော် တွေးနေမိတယ်။


ဒါကြောင့် အခု လောလောဆယ် facebook ပေါ်မှာ တင်နေတဲ့ Profile အနက်ရောင်တွေ အတွက် ကျွန်တော့်မှာ ဘာမှ ဝေဖန်စရာ မရှိပါ။ ဟိုးအရင်က လူတွေ သတ်မှတ်သွားတဲ့ အနက်ရောင်ဖြင့် ဝမ်းနည်းခြင်းကို ပြကြပါစို့ ဆိုသော အလေ့အကျင့် တစ်ခုဟာ အချိန်ကာလ တစ်ခု အကြာမှာ အစွဲလေး တစ်ခု ဖြစ်သွားပြီး သုံးစွဲနေခြင်းလို့သာ လက်ခံလိုက်ရုံပါပဲ။ Profile ပုံ အနေနဲ့ အနက်ရောင်ပဲ တင်တင် ၊ အဖြူရောင်ပဲ တင်တင် ၊ အနီရောင်ပဲ တင်တင် ၊ အစိမ်းရောင်ပဲ တင်တင် . . . . တကယ် ဖြစ်စေချင်တာကတော့ တကယ့်ကို ကိုယ့်စိတ်ထဲ ရင်ထဲက ထိထိခိုက်ခိုက် ဝမ်းနည်း ခံစားနေရတယ် ဆိုတဲ့ ခံစားမှုက အဓိကပဲ မဟုတ်ပါလားဗျာ။

ကျွန်တော်လည်း မလေးရှားမှာ ၁၀ နှစ်နီးပါး နေခဲ့တဲ့ သူ တစ်ယောက်ပါပဲ။ မလေးရှားမှာ ဖြစ်တတ် ၊ ဖြစ်နေ ၊ ဖြစ်ခဲ့တာတွေ အားလုံးအတွက်ရော ၊ ကိုယ့်သူငယ်ချင်းတွေရော ၊ အသိတွေရော အားလုံးသော မြန်မာနိုင်ငံသားတွေ အတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပြီး ၊ ဝမ်းနည်းမိပါတယ်။ ဒီ့ထက် ဆိုးတာက အခုလို ဖြစ်နေတာတောင်မှ အခွန်ကောက်ရုံ ၊ သက်တမ်းတိုးတဲ့ အခါမှာ ကောင်တာ တစ်ခုကို ဖြတ်ကျော်တိုင်း ဘောင်ချာ မဖြတ်ထားသော ၁၂ ရင်းဂစ်ပေး ၊ ၁၀ ရင်းဂစ် ပေးဆိုသော ပိုက်ဆံ တောင်းရုံက လွဲလို့ ဘာမှ ကူညီမှု မရှိတဲ့ မြန်မာသံရုံးက သံအမတ်ကြီးကိုလည်း အံ့သြကာ ရှုတ်ချလိုက်ပါတယ်။

မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေသူ အားလုံးလည်း စိတ်၏ ကျန်းမာခြင်း ၊ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း ၊ ချမ်းသာခြင်းနှင့် အမြဲတမ်း ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုဇော်


Share/Bookmark

21 March 2013

6 စာအန်ခြင်း


" စာအန်ခြင်း "

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

၁ ၂ ၃ ၄ ဘဝကို ရေး
ခဏနေတော့ . . .
၁ ၂ ၃ ၄ ဘဝကို ရေး
ကိန်းဂဏာန်းက လက်တစ်ဖက် မပြည့်သေးဘူး။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

ဧည့်စာရင်း မတိုင်လို့
အဖမ်းခံရတဲ့ ဂျစ်ပစီ လောက်
ဝမ်းနည်းစရာကောင်းတာ မရှိဘူး။
ညဥ့်ကလည်း မှောင်လိုက်တာ . . .

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

ကဗျာ ဆိုတာ စာအန်ဖတ်နဲ့ တူတယ်။
ငှက်အန်ဖတ်က ငှက်သိုက်
ငါးအန်ဖတ်က ငါးကြီးအန်ဖတ် ဒီလို အမျိုးမျိုးပါပဲ။
ကြာတော့ သွေးစ သွေးန နည်းနည်းတော့ ပါတာပေါ့။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

နွေရာသီ ရောက်ပြီ။
ငှက်ဥသြကို လွမ်းနေသူတွေ . . .
ကားဥသြကို လန့်နေသူတွေ . . .
အတူတကွ ရှင်သန်ကြတယ်။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

မှော်ဆရာ တစ်ယောက်ရဲ့ အိပ်မက်ထဲမှာ
ဘာတွေများ ရှိလိမ့်မလဲလို့
ကျနော် သူ့နေရာမှာ ဝင်အိပ်မက် မက်ခဲ့ဖူးတယ်။
ဟင့်အင်းးးး မှော်ဆရာ ဖြစ်ရုံနဲ့ ကျနော် လန့်နိုးခဲ့ရတယ်။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

ကိုယ့်နာမည်နဲ့ အိမ်ပိုင်တစ်လုံး မရှိသူထံ
မွေး ဖို့ ခွေးလက်ဆောင် ရတာလောက်
စိတ်ဓာတ်ကျစရာ ကောင်းတာ မရှိဘူး။
ဒီလိုပဲ ဖာသိဖာသာ နှုတ်ဆိတ်နေလိုက်တယ်။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

လက်တစ်ဆုပ်စာ မပြည့်တဲ့ လောဘတွေထဲမှာ . . .
တိတ်ဆိတ်အေးချမ်းစွာ ဘဝကို ဖြတ်သန်းချင်တာ
နံပါတ် ၁ ဖြစ်နေခဲ့တယ်။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

လွှင့်ပစ်ဖို့ အမှိုက်ကို ကိုင် . . .
လွှင့်ပစ်ဖို့ အမှိုက်ပုံးရှာရင်း
ရိုးရိုးသားသား အိမ်ပြန်ရောက်သူ တစ်ယောက်ပါ။
ကျနော် တူတူပုန်းတမ်း ကစားခဲ့တာ မဟုတ်ရပါ။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

လူအ တွေနဲ့ စကားပြောရတာ. . .
အ လူတွေနဲ့ စကားပြောတာထက်
အနုပညာဆန်ပါတယ်။
နည်းနည်းတော့လည်း အထီးကျန်ဆန်ချင် ဆန်မယ်။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

ကံဝဋ်ကြွေး ဆိုတာ အတိတ်နဲ့ ဆိုင်သတဲ့။
ဒါနဲ့များ ဝဋ်ကြွေးပြေဘုရားကို
ဘာကြောင့်သွားကြတယ် ဆိုတာ
ကျနော် နားမလည်ဘူး။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

တချို့အရာတွေကို ထားခဲ့တယ်။
တချို့အရာတွေက ထားသွားတယ်။
တချို့ အရာတွေကို ချန်ခဲ့တယ်။
တချို့အရာတွေက ကျန်ခဲ့တယ်။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

မျိုချရဖန်များလို့
လည်မျိုတောင် အတော်ကျယ်နေခဲ့ပြီ။
ဒါပေမယ့် . .
တစ်ခါတလေ ကျနော် စာအန်မိရင် သွေးစ သွေးနတော့ ပါနေလိမ့်မယ်။

မျိုသိပ်ရလွန်းလို့
အ သွားတဲ့ လူတစ်ယောက်ပါ။

အဲဒီလိုပါပဲ။
ကျနော်က လူအ တစ်ယောက်ပါ။
ကိုယ့်ဖာသာ အိပ်မက်တွေ မက်ရင်း . . .
စာအန်ဖတ်တွေနဲ့ အတူ သွေးအလိမ်းလိမ်းနဲ့ပေါ့။

ကိုဇော်
21-Mar-2013

Share/Bookmark

16 March 2013

2 သမိုင်းရဲ့ တရားခံများ





" သမိုင်းရဲ့ တရားခံများ "

နိဒါန်း

အခုတလော ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ပတ်ဝန်းကျင်မှာ တွင်တွင်ကျယ်ကျယ် ကြားနေရတဲ့ စကားစုလေး တစ်စု ရှိပါသည်။ ကြားနေကျ ဆိုပေမယ့် ပေါ်ထွက်လာရာ နေရာတွေကတော့ မတူကြပါဘူး။ ဒီလိုပဲ တစ်ခုခု ဖြစ်ပြီ ဆိုရင် ဒီစကားစုလေးကို ကိုင်ဆွဲကာ ပြောဆိုတတ်ကြပါ၏။ ဒီစကားစုလေးကတော့ “ သမိုင်းရဲ့ တရားခံ ” ဆိုတာလေးပါပဲ။

ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်မှာလည်း ဒီစကားစုလေးကို ခဏခဏကြားရတာပေါ့ဗျာ။ အဲဒီ့ ဖြစ်စဉ်လေးတွေကို ခင်ဗျားတို့ကို ကျွန်တော် ပြန်လည် ဖောက်သယ်ချ ပြောပြရဦးမယ်ဗျာ။ ဒီလိုဗျ . . .
 




ဖြစ်စဉ် ( ၁ )

“ အမေ . . သမီးရဲ့ ခဲဆံဘောပင်လေး စားပွဲပေါ်တင်ထားတာ ဘယ်ရောက်သွားပြီလဲ။ ”

၁၀ တန်းသွားဖြေမည့် အိမ်ရှေ့အိမ်က ကလေးမလေးက သူ့အမေကို မေးလိုက်တာ ဖြစ်သည်။

“ မသိဘူးလေ သမီး။ အမေ မတွေ့မိဘူး။ ”

“ အာ . . . သမီး ဒီစားပွဲပေါ်မှာ သေချာ တင်ထားတာ။ ”

“ ဒါဆို ခုနက အမေ . . သမီးရဲ့ စာရွက် အတိုလေးတွေ ညှပ်စလေးတွေကို လွှင့်ပစ်ဖို့ ယူသွားရင်းနဲ့ ပါသွားလား မသိဘူး။ ”

“ ဒါဆို အမေ မြန်မြန် သေချာ ပြန်ရှာထားလိုက်နော်။ ဒီခဲဆံဘောပင်က သမီး ၈ တန်းတုန်းက သမီး သူငယ်ချင်းက လက်ဆောင်ပေးထားတာ။ ဒါ ပျောက်သွားလို့ကတော့ အမေက သမိုင်းရဲ့ တရားခံ ဖြစ်ပြီသာမှတ်။ ”

“ x x x x x x x x ”



ဖြစ်စဉ် ( ၂ )


“ ကားခလေးတွေ လက်လွယ်ရင် လှမ်းထားနော်။ ”

ယာဉ်နောက်လိုက် ခေါ် စပယ်ယာက ယာဉ်စီးခများကို လိုက်လံကောက်ခံနေလေ၏။

“ လက်လွယ်ရင် ဆက်သွယ်ပေးပါဦး။ လက်တို့တောင်းရင် ရှက်ဖို့ ကောင်းတယ်နော်။ ”

ကျွန်တော့် အနီးနား ရောက်လာတဲ့ ယာဉ်နောက်လိုက်ကို ကျွန်တော် လက်ထဲမှာ ကိုင်ထားတဲ့ ၂၀၀ ကျပ်တန် ခြင်္သေ့လေးကို လှမ်းပေးလိုက်သည်။ ကျွန်တော့်ဆီက ယာဉ်စီးခလေးကို လှမ်းယူပြီးတော့ ယာဉ်နောက်လိုက်က ဆက်ပြောကာ သွားလေ၏။

“ ယာဉ်စီးခလေးတွေ ကျန်သေးရင် လှမ်းထားနော်။ ပိုက်ဆံလေး ၂၀၀ ထဲမှ ဘာမှ ထူးပြီးတော့ ချမ်းသာသွားတာ မဟုတ်ဘူး။ လှမ်းတောင်းခံရမှ ကိုယ့်သိက္ခာကို အကျမခံနဲ့။ ပိုက်ဆံလေး ၂၀၀ ထဲနဲ့ ကိုယ့်ဖာသာ တစ်သက်လုံး ရှက်နေရမယ့် “ သမိုင်းရဲ့ တရားခံ ” တော့ အဖြစ်မခံနဲ့။ ”

ယာဉ်နောက်လိုက်ရဲ့ ယာဉ်စီးခ တောင်းသံ ဆုံးတော့ ကျွန်တော် ပြုံးမိသွား၏။



ဖြစ်စဉ် ( ၃ )


“ ပန်းလိမ္မော်တွေ . . ပန်းလိမ္မော်တွေ . . . ”

ဘတ်စ်ဘေးမှာ ပလတ်စတစ်အိတ်လေးတွေထဲ ထည့်ပြီးတော့ လိုက်ရောင်းသော လူတစ်ယောက်က အော်ကာ ရောင်းနေလေသည်။ ဝယ်ရင် ကောင်းမလား စဉ်းစားနေစဉ်မှာပဲ။

“ တစ်ထုပ် ဘယ်လောက်လဲ။ ”

ကျွန်တော့် ရှေ့ခုံမှ အစ်မကြီးက လှမ်းမေးလိုက်လေ၏။ သူ့ရဲ့ ဘေးချင်းကပ်လျက်မှာ ထိုင်နေသော သူ့သမီးလေးက ပူဆာသောကြောင့် လှမ်းမေးလိုက်ပုံရလေသည်။

“ တစ်ထုပ် ၈၀၀ အစ်မ။ အရမ်းချိုတယ်နော်။ ဆွေမျိုးမေ့အောင် ချိုတယ်။ ”

တစ်ထုပ် ၈၀၀ ကတော့ များတယ် ထင်သည်။ ကျွန်တော်တို့ ရပ်ကွက်နားမှာ တစ်ထုပ်မှာ ငါးရာကျပ်သာ ဖြစ်၏။ ကာလံဒေသံ အရ များတာလည်း ဖြစ်နိုင်တာပါပဲ လို့ ကိုယ့်ဖာသာ ဖြေတွေးလိုက်ရင်း မဝယ်တော့ပါဘူးလို့ ဆုံးဖြတ်လိုက်မိသည်။

“ ၈၀၀ ဟုတ်လား။ များလှချည့်လား။ ငါတို့ နားမှာ ငါးရာပဲ ရှိပါတယ်။ ”

ကျွန်တော်လိုပဲ ရှေ့က အစ်မကြီးက ဆုံးဖြတ်လိုက်ပုံ ရ၏။ ဆုံးဖြတ်ရင်း ရောင်းနေသူကို တစ်ခါတည်း လှမ်းပြောလိုက်လေသည်။

“ ဈေးကို မကြည့်နဲ့လေ အစ်မ။ ဒီပန်းလိမ္မော်က အရမ်းချိုတာ။ ငါးရာတန်ကတော့ ငါးရာပဲပေါ့ အစ်မရယ်။ ”

သူ ပြောတာကို ကျွန်တော် လက်မခံပါ။ ဒီလိုပဲ ရှေ့က အစ်မကြီးကလည်း လက်ခံပေါ် မပေါ်။ မဝယ်တော့ဘူး ဆိုကာ မျက်နှာကို တခြားဘက်သို့ လွှဲလိုက်လေ၏။ သို့သော် သူ့ဘေးက ကလေးက စားချင်ပြီး ပူဆာနေလေသည်။

“ လိမ္မော်သီး စားမယ် မေမေ ၊ လိမ္မော်သီး စားချင်တယ်။ ”

“ အိမ်နား ရောက်မှ စားနောက် သား ”

အမေ လုပ်သူက ချော့မော့ပေမယ့် ကလေးက သိပ်တော့ ကြည်လင်ပုံ မပေါ်ပါ။ တအင်အင် နဲ့ ဂျီကျနေ၏။ ကားအောက်က ရောင်းသူကလည်း သူတို့နားမှ မခွာ။ ကလေးကလည်း လိမ္မော်သီးကို လက်ညှိုးထိုးကာ ဂျီနေလေသည်။ ဒီအချိန်မှာပဲ ကားအောက်မှ ပန်းလိမ္မော်ရောင်းသူက ရောင်းရင်း အော်သွားလေသည်။

“ ပန်းလိမ္မော် ချိုချိုလေးတွေနော်။ ငါးရာတန် အပေါစားတော့ မဟုတ်ဘူး။ တကယ်ကို ဈေးနှုန်းနဲ့ ပစ္စည်းတန်အောင် ရောင်းတာ။ သားသမီး စားချင်နေတာကို ပိုက်ဆံလေး ၃၀၀ ကို မြင်ပြီး ဝယ်မကျွေးမိတဲ့ “ သမိုင်းရဲ့ တရားခံ ” တော့ အဖြစ် မခံနဲ့နော်။ ”

သူ့က အော်လည်း အော် ထွက်လည်း ထွက်သွား၏။ သူ့အော်သံ ကြားတော့ အရှေ့က အစ်မကြီးက မျက်နှာ နီရဲကာ စူပုပ်သွားပေမယ့် ကျွန်တော့်မှာတော့ ရယ်ချင်လိုက်တာ ပြောမနေနဲ့တော့။ ကိုယ့်ကလေး ကိုယ် ဝယ်မကျွေးမိတာနဲ့ “ သမိုင်းရဲ့ တရားခံ ” တောင်မှ ဖြစ်ရဦးမတဲ့လေ။



 
ဖြစ်စဉ် ( ၄ )


“ ဘုတ် ”

ပစ်ချသံ တစ်ခုကို ကြားလိုက်ရ၍ လှည့်ကြည့်လိုက်မိသည်။ ကြက်သားသည်ရဲ့ ဈေးခုံပေါ်ကို ကြက်သားထုပ်ထားသော အထုပ်လေးကို ပစ်တင်လိုက်တာ ဖြစ်၏။

“ ညည်း အထုပ်ကို ညည်း ပြန်ချိန်ကြည့်ဦး။ ”

ဈေးဝယ်သူ လို့ ထင်ရသော မိန်းမကြီးက ကြက်သားရောင်းသူကို လှမ်းပြောလေသည်။

“ ဘာလို့ ပြန်ချိန်ကြည့်ရမှာလဲ။ ”

ကြက်သားသည်ကလည်း ခပ်တင်းတင်း ပြန်ပြောလေ၏။

“ ဘာလို့ ချိန်ရမလဲ ဟုတ်လား။ ငါ ဝယ်တာ လေးဆယ်သားလေ။ အခု ဟိုဘက်က ဆိုင်မှာ ပြန်ချိန်ကြည့်တာ သုံးဆယ်သားတောင်မှ မပြည့်ဘူး။ နင် အလေးခိုးလိုက်တာ မဟုတ်လား။ ”

“ အမလေး ရာရာစစ ၊ အလေးပြည့် ရောင်းလာတာ တဈေးလုံး အသိ။ ရှင့်ဖာသာ ဘယ်မှာ ဘယ်လို ကြက်သားတွေ နုတ်ပြီးတော့ ချိန်လာလည်း မသိဘဲနဲ့များ။ ”

“ ဟဲ့ . . . ငါက နင့်ကြက်သားကို နုတ်စရာလား။ ဒီလောက် ငါက အားအားယားယား မဟုတ်ဘူး။ အခုတောင်မှ လူလည် လုပ်လို့ မရဘူး ဆိုတာ သိအောင် ပြန်လာပြောတာ။ အခု ငါ့ကို အလေးပြည့်ပြည့် ပြန်ချိန်ပေးမလား။ နင် ဈေးခေါင်းနဲ့ တွေ့မလား ပြော။ ”

ဈေးဝယ် မိန်းမကလည်း ဆတ်ဆတ်ကျဲ ဖြစ်ပုံရ၏။ သူက ဒီလို ပြောလိုက်တော့ ကြက်သားသည်က နည်းနည်းတော့ ရှိန်သွားပုံ ရသည်။ မလုပ်ချင် လုပ်ချင်ပုံနှင့် ကြက်သားထုပ်ကို လှမ်းကိုင်ပြီးတော့ ဖြေလိုက်ကာ ချိန်ခွင်ပေါ်ကို တင်လိုက်၏။ ပြီးတော့ တစ်ဘက်ကို နှစ်ဆယ်သား အလေး နှစ်ခုကို ထည့်ပြီးတော့ ကြက်သားဘက်ကို နောက်ထပ် ပေါင်တုံး အရွယ်တော် နှစ်တုံး ထပ်ထည့်လိုက်လေသည်။ ပြီးမှ ချိန်ခွင်ကို လှမ်းမလိုက်တော့ ကြက်သားဘက်က ချိန်ခွင်က ဦးစိုက်ဆင်းသွားသည်။ ပြီးမှ ပလတ်စတစ်အိတ် အသစ်ထဲသို့ ပြောင်းထည့်ပေးရင်း ဈေးဝယ် မိန်းမဆီသို့ လှမ်းပေးလိုက်သည်။

“ ရပြီ အစ်မ။ တခြား ဘယ်မှာ မဆို ထပ်ချိန်ကြည့်ပါဦး။ ”

လေသံကတော့ အတော် ပျော့သွားတာပဲ လို့ ကျွန်တော် တွေးနေမိတုန်း ဈေးဝယ် မိန်းမက အထုပ်ကို လှမ်းယူကာ သူ့ဈေးခြင်းတောင်းထဲကို ထည့်လိုက်ရင်း . . .

“ ချိန်ဦးမှာ စိတ်ချ။ လျော့ရင်လည်း ပြန်လာပြောဦးမှာ။ ဒီလိုတော့ လာမလုပ်နဲ့ မရဘူး။ အေးမိတို့က မှန်ရင် တိမ်ပေါ်အထိ တက်လိုက်ဦးမယ်။
ကြက်သားလေး လေးဆယ်သားနဲ့ “ သမိုင်းရဲ့ တရားခံ ” အဖြစ်ခံချင်ရင်တော့ လုပ်ကြည့်လိုက်လေ ဟင်းဟင်း . . . ”

ပြောလည်း ပြောရင်း ဈေးဝယ် မိန်းမက ချာခနဲ လှည့်ထွက်သွားလေတော့သည်။




ဖြစ်စဉ် ( ၅ )


ဒီနေ့ လေဗာပူးလ် နဲ့ စပါးပွဲကို အတော်ကို စိတ်ဝင်စား၏။ စပါးက ဒုတိယနေရာ အတွက် အမှတ်ရအောင် ကြိုးစားရမှာ ဖြစ်သလို ၊ လေဗာပူးလ်ကလည်း ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဒီအမှတ်ကို အဆုံးရှုံးခံလို့ မဖြစ်။ တော်တော် အကြိတ်အနယ် ရှိမယ့် ပွဲမို့ ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး စောင့်နေကာမှ အမေကလည်း အိမ်မက်ဆုံရာကို ကြည့်ချင်နေသည်ဟု ဆို၏။ အိမ်မှာကလည်း တီဗီ နှစ်လုံး မရှိ။ မထူးပါဘူး ဟု တွေးကာ လက်ဖက်ရည်ဆိုင်ကို ထထွက်လာမိသည်။

အခု နောက်ပိုင်း ဘောပွဲ အချိန်ဆိုရင် လက်ဖက်ရည်ဆိုင်တွေက ဘောပွဲတော့ သေချာ ပြကြသည်။
ဆိုင်ထဲကို ဝင်လိုက်တော့ ပွဲက မစသေး။ သို့သော် ဆိုင်ထဲမှာ လူတွေ ပြည့်လုနီးပါး ဖြစ်နေသည်။ လွတ်နေသော နေရာတစ်ရာမှာ ဝင်ထိုင်လိုက်ရင်း ဘောပွဲ အလာကို စောင့်နေမိသည်။ ခဏကြာတော့ ကျွန်တော့် ဘေးဝိုင်းသို့ ၂၀ ဝန်းကျင် ကောင်လေး ငါးယောက် ရောက်လာကာ ဝင်ထိုင်လေသည်။ ဘောပွဲက မလာသေး။

“ အစ်ကို ဘာပွဲပြမှာလဲဗျ။ ”

ဘေးဝိုင်းမှာ ကောင်လေး တစ်ယောက်က ဆိုင်ရှင် အစ်ကိုကြီးကို လှမ်းမေးလိုက်ခြင်း ဖြစ်သည်။ သူ မေးလိုက်တော့မှ ကျွန်တော်လည်း ယောင်တောင်တောင် ဖြစ်သွားသည်။ လေဗာပူးလ် နဲ့ စပါးပွဲ အပြင် တခြား ပွဲကောင်း ဘာပွဲများ ရှိနေလဲ မသိ။ ကျွန်တော် သေချာ မသိ။ ဒီနေ့ လေဗာပူးလ် နဲ့ စပါးပွဲ ရှိတယ် ဆိုတာကိုပဲ မှတ်ထားမိသည်။ ဆိုင်ရှင် အစ်ကိုကြီး အဖြေကိုသာ နားစွင့်ထားလိုက်မိသည်။

“ အားလုံးကြည့်ချင်တဲ့ ပွဲပြတာပေါ့ကွာ။ ”

အမ် . .ဒါဆိုရင် လေဗာပူးလ် နဲ့ စပါးပွဲတင် မက ၊ တခြားသော ပွဲကောင်း တစ်ပွဲလည်း ရှိနေပြီ ထင်သည်။ ဘာပွဲလဲတော့ ကျွန်တော် မသိ။

“ FA ပွဲ မန်ယူ နဲ့ ချဲလ်ဆီး ပွဲပဲ ပြပါဗျာ။ ”

“ လေဗာပူးလ် နဲ့ စပါးပွဲလည်း ပွဲကောင်းပဲ ဟေ့ကောင် ”

သူတို့ အချင်းချင်း ပြောနေတာကို ကြားတော့မှ ဒီနေ့ FA Cup ပွဲလည်း ရှိမှန်း သတိရတော့သည်။ မန်ယူ နဲ့ ချဲလ်ဆီး ဒီပွဲလည်း ပွဲကောင်းပဲ။

“ မန်ယူ နဲ့ ချဲလ်ဆီး ပွဲပဲ ပြပါဗျာ။ ”

“ လေဗာပူးလ် နဲ့ စပါးပွဲ အစ်ကို ”

“ မန်ယူ နဲ့ ချဲလ်ဆီးပွဲပဲကွာ။ ဒါ FA ရှုံးထွက်ပွဲကွ။ ဒါမကြည့်လိုက်ရလို့ နောက်မှ “ သမိုင်းရဲ့ တရားခံ ” ဖြစ်နေဦးမယ်။ ”

ဟိုက် . . . .

ဒီကလေးတွေ စကားကြားတော့ ကျွန်တော် လန့်တောင်မှ သွားသည်။ အင်္ဂလန်မှာ ဘောလုံးပွဲ ကျင်းပနေတာနဲ့ မြန်မာနိုင်ငံက လက်ဖက်ရည်ဆိုင်မှာ ဘောပွဲကြည့်ရင်း သမိုင်းရဲ့ တရားခံတောင်မှ ဖြစ်ဦးမယ် ဆိုပါလား။ ကြောက်စရာ ပေပဲ။



နိဂုံး

အဲဒီလို “ သမိုင်းရဲ့ တရားခံ ” ဆိုသော စကားလုံး ကျွန်တော်ရဲ့ ပတ်ဝန်းကျင်မှာ ဒီလိုပဲ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပါသည်။ အခု စာဖတ်သူတွေလည်း သတိမထားမိလို့ ထင်ပါသည်။ သတိသာ ထားကြည့်မယ် ဆိုရင် စာဖတ်သူတို့လည်း ကြားနေကြရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေမိသည်။

ဒါနဲ့ စကားမစပ် . . .

ကျွန်တော် ရေးတာတွေကို ဖတ်ပြီး ပြုံးစိစိ ၊ ရယ်ဟဟ ၊ တခွိခွိ နဲ့ ရယ်နေ ၊ ပြုံးနေရုံ လုပ်မနေပါနဲ့။ ဖတ်ပြီးရင်လည်း Like လုပ်ပါ ၊ Comment ရေးပါ။ ပြီးရင် Share လုပ်ပါ။ ပြုံးစိစိ နဲ့ ဖတ်နေရုံပဲ ဆိုရင်တော့ ခင်ဗျားနဲ့ ကျွန်တော် ပြဿနာတွေ တက်ပြီးတော့ ခင်ဗျား “ သမိုင်းရဲ့ တရားခံ ” ဖြစ်နေဦးမယ်နော် ဟွင်းဟွင်း . . . ။

ပျော်ရွှင်ကြပါစေဗျာ။

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

09 March 2013

15 ကြုံရင် ပုံပြင်ပြောပါ ( ၃ )



         ကျွန်တော် ပုံပြင်လေးတွေကို စုပြီး ကလေးတွေ အတွက် ဒီခေါင်းစဉ်လေးမှာ မရေးဖြစ်တာ အတော်ကို ကြာသွားပါတယ်။ စုထားသော ၊ စဉ်းစားထားသော ပုံပြင်လေးတွေ ရှိပေမဲ့ လူက လျှာရှည်ပြီး ရေးကောင်းကောင်းနဲ့ ရေးလိုက်တာမှာ ပုံပြင်တိုလေးတွေ မဟုတ်တော့ဘဲ ရှည်ပြီး ဝတ္ထုတွေ ဖြစ်ဖြစ် သွားတယ် :P ဒါနဲ့ပဲ အဆက်ပြတ်သလို ဖြစ်သွားတာပါ။ အခုတော့ ဟိုနေ့က စီဘောက်မှာလည်း ပုံပြင်လေးတွေ ရေးပါဦးလို့ လာအော်သွားလို့ အကြမ်းမှတ်ထားတဲ့ စာရွက်ကလေး ထဲကနေ ချရေး ပေးလိုက်ပါတယ်။ ထုံးစံ အတိုင်း ပြောရမယ် ဆိုရင်တော့ ဒီနေရာက ပုံပြင်လေးတွေဟာ အဓိက အားဖြင့် ကလေးတွေ အတွက်သာ ဖြစ်ပါတယ်။ လူကြီးတွေကတော့ သဘောပါ။



ဆယ့်တစ်

       ဟိုးနှစ်ပေါင်း များစွာက အရှေ့ ဂျေရုစလင် မှာ အာရေဗစ် တက္ကသိုလ်ကြီး တစ်ခုရှိခဲ့ဘူးတယ်။ အဲဒီ တက္ကသိုလ်ကြီးမှာ သူငယ်ချင်း နှစ်ယောက်ဟာ ဂဏာန်းသချာင်္ အတတ်ကို လာသင်ကြတယ်။ ပညာစုံလို့ မွေးရပ်ကို ပြန်ကြတော့ လမ်းမှာ သူငယ်ချင်းနှစ်ယောက် ထဲက တစ်ယောက်က နောက်တစ်ယောက်ကို ပုစ္ဆာတစ်ခု မေးတယ်။ 

        “ ၁ + ၂ = ဘယ်လောက်လဲ ”

       တဲ့။ တစ်ယောက်က ဖြေတယ် ၃ တဲ့။ ဒီတော့ မေးခွန်း မေးသူက မှားတယ် ၁ဝ ဆိုပြီး ငြင်းကြရင်း အဆုံးဖြတ်ခံဖို့ ၊ ဆရာဆီကို ပြန်လာကြတယ်။ ဆရာဆီလည်း ရောက်ရော ၊ ဆရာက ၁၀ ဆိုတဲ့ လူကို ဘာမှမလုပ်ဘဲ ၊ ၃ လို့ ဖြေတဲ့ လူကို တုတ်နဲ့ ရိုက်သတဲ့။ အရိုက်ခံရတဲ့လူက . . .

       “ ဆရာအဖြေက ၃ မဟုတ်ဘူးလား ၊ ဘာလို့ရိုက်တာလဲ ”

       လို့မေးတော့ ဆရာက  . . . . 

       “ ဒီပုစ္ဆာကို ကလေးတောင် သိတယ်။ ဒါကို အလုပ်မရှိ အလုပ် ရှာပြီး ၃ မှန်း သိလျှက်နဲ့ ကိုယ်သွားမဲ့ ခရီး ဖြောင့်ဖြောင့် မသွားဘဲ ၊ ဟိုလူမိုက် ကို ဒုက္ခရှာပြီး ပြန်လှန် ချေပတာရယ်။ လောကမှာ အမှန်တရား ဆိုတာ အယူဝါဒကြောင့် ၊ အတွေးအခေါ် အယူအဆကြောင့် ၊ အသိဥာဏ် မဖွင့်ဖြိုးအောင် ပြုစုပျိုးထောင် ခံရခြင်းကြောင့် ၊ မွေးရာပါ ဗီဇကြောင့် အဲလို အကြောင်းတွေကြောင့် ၊ အမှန်တရားကို မသိကြဘူး။ 

       ဒီအထဲမှာ ဟိုလူမိုက်ဟာ ၃ ကို ၃ မှန်း မသိတာဟာ အယူဝါဒကြောင့်လည်း မဟုတ်ဘူး ၊ အတွေးအခေါ် ကြောင့်လည်း မဟုတ်ဘူး ၊ သူတပါးက အနိုင်ကျင့်လို့ ( တနည်း ) အသိဥာဏ် တုန်းအောင် လုပ်ခံ ထားရလို့လည်း မဟုတ်ဘူး ၊ မွေးရာပါ ဗီဇကြောင့်သာ သေသေချာချာ သင်ပေးထားပါလျှက် ၃ ကို ၃ မှန်းမသိတာ။ အဲဒီလို အသိတရား မရှိတဲ့ လူကို မင်းပြန်လှန်ပြီး ငြင်းခုန် ချေပတဲ့ မင်းဟာ အဲဒီ လူထက်ကို မိုက်လို့ ငါရိုက်တာ ” 

        လို့ ဆိုသတဲ့။
      


        ကလေးတို့ရေ . . .

       ကလေးတို့တွေလည်း အမှန်တရား ဆိုပေမဲ့လည်း မွေးရာပါ ဗီဇကြောင့် အမှန်ကို အမှန်မှန်း မသိအောင် ဖြစ်နေတဲ့ လူတွေ ၊ သူများက သွေးထိုးခံထားရတဲ့ လူတွေကို အမှန်တရားကို သိလိုဇောနဲ့ ကိုယ့်ရဲ့ အချိန်တွေကို အကုန်ခံကာ ပြောဆို ရှင်းပြနေတာမျိုး မဖြစ်စေနဲ့ပေါ့ကွယ်။ အခု ပုံပြောပြနေတဲ့ ကိုဇော် ဆိုတဲ့ ဦးဦးကလည်း မှားနေပါတယ် ဆိုရင် အဲဒီ မှားနေတဲ့ သူ သိများ သိလာနိုင်မလား ဆိုပြီးတော့ အရင်က အရမ်းကို ပြောဆို ရှင်းမိတတ်သူပေါ့ကွယ်။ အခုတော့လည်း ဒီပုံပြင်လေးက ဦးဦးကို အများကြီး ပြောဆို ဆုံးမ သင်ကြားပေး နေပါတယ်။

        ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။



ဆယ့်နှစ်

          တစ်ခါက . .

       တယောဆရာ တစ်ယောက်ဆီကို သူ့ကို တယောသင်ပေးတဲ့ သူ့ဆရာကြီးက အလည်အပတ် ရောက်နေသတဲ့။ ထိုတယောဆရာက အလွန်ကို နာမည်ကြီးသော တယောသင်ဆရာ တစ်ယောက် ဖြစ်တယ်။ သူဘယ်လောက်ပဲ နာမည်ကြီးကြီး သူ့ဆရာကိုတော့ သူ အလွန် လေးစားတယ်။ အခုလို သူ့ရဲ့ ဆရာ ရောက်နေတဲ့ အချိန်မှာ သူ့ရဲ့ သင်တန်းကိုလေ့လာပြီး လိုတာတွေကို ထောက်ပြပေးပါလို့ ဆိုသတဲ့။

        သူ့ဆရာ ရောက်လာပြီး ရက်အနည်းငယ်ကြာတော့ တယောဆရာရဲ့ သင်တန်းကို လူငယ်လေး နှစ်ယောက် ရောက်လာသတဲ့။ ပြီးတော့ သူတို့ဟာ တယောဆရာကြီးဆီမှာ သူတို့ကို တယောသင်ပေးဖို့ ပန်ကြားကြတယ်။ တယောဆရာကလည်း သူ့ရဲ့ ထုံးစံအတိုင်း သူ့ဆီမှာ တပည့်အဖြစ် လာရောက် သင်ကြားတဲ့သူတွေကို သူ့ရဲ့ မေးမြန်းနေကြ အတိုင်း မေးမြန်းတယ်။

       “ အမောင် လုလင်ငယ် နှစ်ယောက်ကို ဆရာ့ရဲ့ သင်တန်းမှာ သင်ကြားပေးဖို့ သဘောတူပါတယ်။ ဒါပေမဲ့ ဆရာ့ရဲ့ ထုံးစံ အတိုင်း နည်းနည်းတော့ စစ်ဆေးရမယ်။ အမောင်လုလင်တို့ရဲ့ အဖြေပေါ်မှာ မူတည်ပြီး လုလင်တို့ရဲ့သင်တန်းကြေးနဲ့ စတင် သင်ယူရမှာလည်း ကွာခြားသွားမှာ ဖြစ်ပါတယ်။ ”

      ဒီတော့ လာရောက် ပညာသင်တဲ့ လုလင်ငယ်နှစ်ယောက်ကလည်း “ ဟုတ်ကဲ့ပါ ဆရာ ” လို့ ခေါင်းညိတ်ကာ သဘောတူ လက်ခံကြတယ်။ ဒီတော့မှ ဆရာက ဆက်ပြောရင်း မေးတယ်။

      “ မင်းတို့မှာ တယောနဲ့ ပတ်သတ်ပြီး ဘယ်လောက် အခြေခံများများ တတ်ခဲ့ကြပြီလဲ။ ပြီးတော့ တခြား ဘယ်နေရာမှာ သင်ယူခဲ့ပြီးပြီလဲ။ ဒါကို ဆရာ့ကို ပြောပြပါဦး ”

       ဒီတော့ သင်တန်း လာတတ်တဲ့ လုလင် နှစ်ယောက်ကလည်း သူတို့ရဲ့ တယောတတ်ကျွမ်းမှု အခြေအနေကို ဆရာဆီကို တင်ပြပြောဆိုကြတယ်။ ဒီလို မေးမြန်း ပြောဆိုနေတာကို သင်တန်းဆရာရဲ့ ဆရာကြီးကတော့ ဘေးကနေ ဘာမှ မပြောဘဲ အသာအယာ ကြည့်နေသတဲ့။ ဆရာက မေးတော့ တပည့်တစ်ယောက်က ပြောတယ်။

        “ ကျွန်တော်ကတော့ သူများတွေ တယောထိုးနေတာကို မြင်မိလို့ တယောကို သင်ချင်ပါတယ် ဆရာ။ ဒါပေမဲ့ ဘယ်မှာမှ မသင်ဖူးသလို ၊ တစ်ခါမှလည်း မလေ့လာဖူး ၊ မတီးကြည့်ဖူး ၊ မစမ်းသပ်ဖူးပါဘူး။ ဒါကြောင့် ကျွန်တော့်မှာ တယောနဲ့ ပတ်သတ်သော ပညာ ဘာမှမရှိဘဲ  ၊ ဗလာလို့ ပြောလို့ ရပါတယ် ဆရာ ”

         လို့ ဖြေသတဲ့။ နောက်ထပ် တစ်ယောက်ကတော့  . . .

         “ ဆရာ . . . . ကျွန်တော်ကတော့ တယောကို အလွန်ကို ဝါသနာကြီးတဲ့ အတွက် ရောက်လေရာ နေရာမှာ သူများတီးတာကို သေချာ နားထောင်ပါတယ်။ ပြီးတော့ သူတို့ ဘယ်လိုတီးလဲ ဆိုတာကို လေ့လာမိပါတယ်။ တကယ်လို့ အခွင့်ကြုံရင်လည်း ကိုယ်နဲ့ ကြုံတဲ့ လူဆီက တစ်ကွက်ကျ ၊ နှစ်ကွက်ကျ သင်ယူမိပါတယ်။ ဒါကြောင့် တယောကို အကျွမ်းကျင်ကြီး မဟုတ်တာတောင်မှ အနည်းငယ်တော့ တီးတတ်ပါတယ် ဆရာ ”

      လို့ ဆိုသတဲ့။ ဒီတော့ တယောဆရာက သူ့ရဲ့ တပည့်နှစ်ယောက်ကို ကြည့်ပြီး . . .

      “ အိမ်း . . . ဘာမှမတတ်ဘူး ဆိုတဲ့ လုလင်ဆီကတော့ တယောသင်ယူခ ငွေသား ၂၀၀၀ ပဲ ယူပါ့မယ်။ ဟိုလူဒီလူဆီက အနည်းငယ် တတ်ထားတယ် ဆိုတဲ့ လုလင်ဆီကတော့ တယောသင်ယူခ ငွေသား ၅၀၀၀ ယူပါ့မယ်။ ဒါမှလည်း ဆရာ မင်းတို့ကို တယော သင်ပေးနိုင်ပါ့မယ် ”

       တယောဆရာကြီးက ဒီလိုလည်း ပြောလိုက်ရော . . . . ဘာမှ မတတ်တဲ့ လုလင်က ဘာမှ မပြောပေမဲ့ အနည်းငယ်တတ်တဲ့ လုလင်က တယောဆရာကို ပြန်မေးသတဲ့။

        “ ဆရာရယ်. . . ဘာမှ မတတ်တဲ့ လူကို ၂၀၀၀ ယူပြီး ၊ အနည်းငယ်တတ်တဲ့ ကျွန်တော့်ကို ကျတော့ ၅၀၀၀ တောင်မှ တောင်းတယ် ဆိုတာ လွဲမနေဘူးလား ဆရာ ”

         လို့ စောဒက တတ်သတဲ့။ ဒီတော့ တယောဆရာကြီးက . . . .

         “ ဒါက ဒီလို ရှိတယ် တပည့်ကြီးရဲ့၊ သူ့မှာက ဘာမှ မတတ်ဘူး ၊ ဒီတော့ သူက ဗလာစာရွက် အနေနဲ့ ပြောရရင် အဖြူထည်လို့ ခေါ်နိုင်သလို ၊ ခွက်ဆိုရင်လည်း ခွက်လွတ် တစ်လုံးပဲ။ ဒါကြောင့် သူ့ဆီကို ရေးချင်တာ ရေးလိုက်လို့ ရသလို ၊ ထည့်ချင်တာ ထည့်လိုက်လို့လည်း ရတယ်။ သူက အသင့်ဖြစ်နေတယ် လို့ ဆိုရမယ်။

        မင်းက ကျတော့ မင်းရဲ့ ဗလာစာရွက်မှာ ရေးလက်စတွေ ရှိနေတယ် ၊ မင်းရဲ့ ခွက်ထဲမှာ ထည့်ထားတာတွေ ရှိနေတယ်။ ဒီလို လက်ကျန် ရှိနေတဲ့ အရာပေါ်မှာ အသစ်ကို သွားထည့်ဖို့ ဆိုတာ လက်ကျန်ကို ပျောက်အောင် ရှင်းရတယ်။ ဘာလို့လဲ ဆိုတော့ မင်းက တခြားနေရာက ဖြစ်သလို သင်ယူလာတဲ့ အမှားတွေကို ငါက အရင်ဆုံး ပြုပြင်ပေးရဦးမှာကိုး။ အဲဒီအတွက် ဗလာစာရွက် ဆိုလည်း ရေးလက်စတွေကို ပျောက်ပြီး ဗလာ ဖြစ်အောင် အရင် ဖျက်ရဦးမယ် ၊ ခွက်ဆိုလည်း ရှိနေတာတွေကို သွန်ပြီး ဆေးကြော သန့်စင်ရဦးမယ်။ ပြီးမှ မင်းရဲ့ ဗလာစာရွက် ၊ ခွက်ထဲကို လိုအပ်တာတွေ ရောက်အောင် ရေးရ ၊ ထည့်ရမှာ မဟုတ်လား။ ဒါကြောင့် အရင်က အမှားတွေကို အရင် ရှင်းထုတ်ဖို့ မင်းကို ဈေးပိုယူရတာပါကွာ ”

       လို့ ရှင်းပြတယ်။ ဒီတော့ တယောကို လေ့လာဖူး ၊ အနည်းငယ် သင်ယူဖူးတဲ့ တပည့်ဟာ တယောဆရာရဲ့ ရှင်းပြမှုကို သဘောပေါက်သွားပြီး “ ကျွန်တော် နားလည်ပါပြီ ဆရာ ” လို့ ဆိုကာ ငြိမ်သက်သွားတော့သည်။

         ဒီအချိန်မှာ တယောဆရာရဲ့ တပည့်လက်ခံပွဲကို အစအဆုံး ဘာမှ မပြောဘဲ ဘေးနားက ထိုင်နားထောင်နေတဲ့ တယောဆရာ ရဲ့ ဆရာကြီးက တယောဆရာကို သေချာ လှမ်းကြည့်လိုက်ပြီး . . . .

        “ ဒီမှာ တပည့်ကြီး ၊ တပည့်ကြီး ဘာလို့ ဒီလို ဆုံးဖြတ်ရတာလဲ ဆိုတာကို ဆရာ့ကို ရှင်းလင်းအောင် ပြောပြနိုင်မလား ”

         ဒီတော့ တယောဆရာကလည်း သူ့ဆရာကို သူ့ရဲ့ လေ့လာထားမှုကို အရင်ကတည်းက ပြချင်နေတာ ဆိုတော့ ဝမ်းသာ အားရပဲ ပြောလိုက်တယ်။

          “ ရတာပေါ့ဆရာ ၊ ကျွန်တော် ဘာလို့ ဒီလို ဆုံးဖြတ်တာလဲ ဆိုတော့ ဟိုး ရှေးဟောင်း ရာဇဝင် တစ်ခုမှာလည်း ပညာရှိ စောင်းဆရာက ဒီလိုပဲ သူ့ဆီကို လာပြီးတော့ စောင်းပညာ လာသင်တဲ့ တပည့်တိုင်းကို ဒီလို မေးပြီး ဆုံးဖြတ်ခဲ့တဲ့ သဘောသဘာဝ ရှိနေခဲ့ဖူးပါတယ်။ ဒီအဖြစ်အပျက်လေးကို ကျွန်တော် သဘောကျလွန်းလို့ ကျွန်တော့်ဆီမှာ လာပြီး ပညာသင်ကြားတဲ့ တပည့်တိုင်းကို ဒီလိုပဲ ဆုံးဖြတ်ခဲ့တာပါ ဆရာ ”

         လို့ ဖြေတယ်။ ဒီတော့ တယောဆရာ ရဲ့ ဆရာကြီးက ဦးခေါင်းကို လေးပင်စွာ ခါရမ်းလိုက်ပြီး  . . .

        “ ဒီလို ဆိုရင်တော့ ငါ့တပည့် အရမ်းကို မှားသွားခဲ့ပြီ။ တကယ်တော့ အဖြစ်အပျက် ၊ ပုံပြင် ၊ ဝတ္ထု ၊ ရာဇဝင် တွေ ဆိုတာ ခေတ်ကာလ တစ်ခုမှာ ဖြစ်ပျက်ခဲ့တာကို သင်ခန်းစာ ယူနိုင်အောင်လို့ ပညာပေးအနေနဲ့ ရေးခဲ့တာပဲ ဖြစ်တယ်။ ဒါကို ကိုယ်က ကိုယ့်ခေတ် ၊ ကိုယ့်ခါ နဲ့ လိုက်အောင် ကိုယ့်ရဲ့ ဥာဏ်နဲ့ ပြုပြင်ပြီး အသုံးပြုရတယ်။

        တပည့်ကြီး အခု ပြောသလိုသာ ဆိုရင် ဘာမှမသိ ၊ မတတ်သူကပဲ ၊ အနည်းငယ် သိသူ တတ်သူထက် ပိုပြီး အကျိုးရှိနေသလို ဖြစ်နေမှာပေါ့။ ဒါဆို တစ်ခုခုကို တကယ် ဝါသနာပါပြီး သင်တန်း တစ်ခုခုကို တတ်ရောက် သင်ယူခွင့် မရခဲ့တဲ့ လူတွေ အဖို့ သူတို့မှာ သင်တန်း မတတ်ရမချင်း သူတို့ ဝါသနာ ပါရာကို ထိတွေ့ပိုင်ခွင့် မရှိဘူးလား။ ဘာမှ မသိသူ မတတ်သူကို သူ ဝါသနာ မပါရာ ပညာ တစ်မျိုးမျိုးကို သင်ပေးရင်ရော အဆင်ပြေမယ် လို့ ထင်လား။

       ဒါဆိုရင် ငါ့တပည့်ကြီးတော့ လုံးဝ မှားသွားပြီ။ လောကမှာ လူဆိုတာ ကိုယ် ဝါသနာပါတယ် ဆိုသော ကိစ္စမှာ ပညာပေးသော သင်တန်းကျောင်းတွေကို တတ်ရောက် မသင်ယူနိုင်ခင် အထိတော့ သူတို့ဖာသာ ပြင်ပမှာ သူတို့ရဲ့ ဦးနှောက်နဲ့ မှီသလို သူတို့ဖာသာ လေ့လာထား မိတတ်ကြတယ်။ ဒီလို လေ့လာထား မိတာလည်း မှန်တယ်။ ဘဝ ဆိုတာ ဘယ်အချိန်မှာ ဘယ်သင်တန်းကျောင်းကို တတ်ရပါမယ် ဆိုပြီးတော့ သေချာ သတ်မှတ်ထားတာမှ မဟုတ်တာ။ ဒီတော့ မတတ်ရောက် ဖြစ်လိုက်ရင် သူ့အဖို့ သူ ဝါသနာပါရာ ကိစ္စကို တစ်သက်လုံး လုပ်ခွင့် မရှိတော့ဘူးလား။ တသက်လုံးပဲ လေ့လာခွင့် မရှိတော့ဘူးလား။

        တကယ်တော့ မိဘ ၊ ဆရာ ဆိုတာ တပည့်သားသမီး အပေါ်မှာ သင်ကြားလမ်းကြောင်း ပြနိုင်ရသလို ၊ တတ်မြောက်ပြီးသားကိုလည်း သူတို့ အနောက်ကနေ ဘယ်လို အသုံးချရမယ် ဆိုပြီးတော့ ပဲ့ကိုင်ပေးပြီး ထိန်းကျောင်းနိုင်ရမယ်။ ဒါမှလည်း တပည့်တွေရဲ့ ဝါသနာ ၊ ဗီဇ ၊ အရည်အသွေးတွေကို တိုးတတ်အောင် လုပ်ဆောင်ပေးနိုင်မှာပေါ့။ ဒီလို မဟုတ်ဘဲ ၊ ဘယ်ကပဲ ဘယ်လို တတ်လာခဲ့ တတ်လာခဲ့ ၊ ငါ့ဆီရောက်ရင် ငါ့ပုံစံခွက် အတိုင်း ဖြစ်စေရမယ် ဆိုရင်တော့ ငါ့တပည့်ကြီးရဲ့ တပည့်တွေ အရည်အသွေးက သူတို့ဖာသာ ဆန်းသစ်တီထွင်မှု ဆိုသော တီထွင်မှုကို ရရှိကြတော့မှာ မဟုတ်တော့ဘူး။

      တပည့်ကြီး ပြောသလို သူက ရေးလက်စ စာရွက် ဖြစ်နေပါစေ ၊ ဒီစာရွက်ရဲ့ အပေါ်မှာ ရေးထားတာကို ဘယ်လို ချိတ်ဆက်မိအောင် အောက်ကနေ ဘယ်လို ဆက်ရေးသွားရမယ်။ အပေါ်မှာ ဘယ်လို လက်ရေး မကောင်းတာကို ဘယ်လို ကောင်းအောင် လုပ်ရမယ် ဆိုပြီး ပဲ့ထိန်း လမ်းညွှန်ပေးနိုင်ရမှာ . . . ၊ အဲဒါ ဆရာ ဆိုသူရဲ့ အလုပ်လေ။ ခွက်ထဲမှာ လက်ကျန် ရှိနေလို့ ကျင်းပစ်ပြီး သွန်စရာ မလိုပါဘူး။ ဒီခွက်ထဲက အရည်က ဘာလဲ ဆိုတာကို အရင်လေ့လာရမှာ . . . ၊ ဒါမှ ဒီအရည်ကို ဘယ်လို အသုံးချရမလဲ ဆိုပြီးတော့  သိတော့မှာပေါ့။ ခွက်ထဲမှာ ရှိနေတဲ့ အရည်ကို ဘာမှန်း မသိဘဲ အရင်ဆုံး ကျင်းပစ်မယ် ဆိုရင် ဒီအရည်ဟာ ပျားရည်တွေ ဖြစ်နေပါပြီတဲ့ ၊ ဘယ်လောက်များ နှမြောဖို့ ကောင်းလိုက်လေမလဲ။

      ပြီးတော့ ဆရာတို့ တပည့်ကြီးတို့ လေ့လာ ဖတ်ရှုနေရတဲ့ စာပေ ၊ ကျမ်းဂန်တွေကလည်း စာရွက် အလွတ်တွေပေါ်မှာ ရေးသားထားတဲ့ စာတွေပဲ မဟုတ်လား။ ဒါကို စာရွက် အလွတ်က ပိုတန်ဖိုး ရှိတယ် ဆိုရင် ဆရာတို့ ၊ တပည့်ကြီးတို့ အဖို့ ဒီစာတွေကို လေ့လာစရာ မလိုတော့ဘူးလို့ ဖြစ်သွားတော့မှာပေါ့။ ဒါဆို စာရွက်တွေမှာ ရေးထားတဲ့ စာတွေကို ဖျက်ပစ်ရတော့မလား။ တကယ်တော့ ဗလာစာရွက် တစ်ရွက်ရဲ့ တန်ဖိုး ဆိုတာ သူ့ဖာသာသူ လောက်ပဲ တန်ဖိုး ရှိမှာပါ။ အဲဒီ ဗလာစာရွက်ပေါ်မှာ ကျလာမဲ့ စာလုံးတွေရဲ့ တန်ဖိုးကသာ စာရွက်ရဲ့ တန်ဖိုးကို ပိုပြီးတော့ အဖိုးတန်အောင် လုပ်ပေးနိုင်တာ မဟုတ်ဘူးလား တပည့်ကြီး။

      ဒါကြောင့် တပည့်ကြီးကို ဆရာကြီး ပြောလိုတာကတော့ ကိစ္စတစ်ခုမှာ ဝါသနာပါသူ ဆိုတာ ဘယ်သူ သင်ပေးပေး ၊ မသင်ပေးပေး သူ့ဖာသာ သူ့နည်း သူ့ဟန်နဲ့ လေ့လာတတ်ကြတယ်။ ဒီတော့ အနည်းငယ်တော့ တတ်မြောက်နေကြတာပေါ့။ ဒီမှာ ဘာမှ မတတ်မြောက်သူ ဆိုတာ တကယ်တော့ သူ ဒီကိစ္စမှာ သူ့အတွက် ထင်သလောက် ဝါသနာမပါဘဲ ၊ သူများတတ်လို့ လိုက်တတ်ချင်ယုံ ၊ သူများ လုပ်လို့ လိုက်လုပ်ချင်ယုံ ဆိုတဲ့ လူတွေကတော့ ဘယ်လိုလုပ် လေ့လာထား ၊ သင်ယူထားပါ့မလဲ။ ဒီလိုလေး ကွဲကွဲပြားပြား မြင်မယ်။ ပြီးတော့ သူတို့ တတ်မြောက်ထားတာကိုလည်း ကိုယ်က ပဲ့ပြင်ထိန်းကျောင်း ပေးနိုင်မယ် ဆိုရင် ပြီးပြည့်စုံတဲ့ ဆရာ ဖြစ်လာလိမ့်မယ် တပည့်ကြီး ”

        လို့ ရှင်းပြသတဲ့။ ဒီတော့ ဆရာကြီးရဲ့ စကားကို နာယူမှတ်သားပြီး တယောဆရာဟာ သူ့ရဲ့ တပည့်တွေ အပေါ်မှာ အရင်က သူဆုံးဖြတ်သလို လွတ်နေတဲ့ ခွက်က ပိုအဖိုးတန်တယ် ၊ ဗလာဖြစ်နေတဲ့ စာရွက်က ပိုတန်ဖိုး ရှိတယ် ဆိုသော အယူအဆကို စွန့်လွှတ်ပြီး သူ့ဆီကို ပညာလာသင်သော တယော သင်တန်းသား တပည့်တွေကို သူတို့ နဂို ဗီဇ အရ ဘယ်လိုတွေ လေ့လာထားတယ် ၊ ဘာတွေကို သင်ယူတတ်မြောက် ထားတယ် ဆိုတာကို လေ့လာပြီး သူတို့ရဲ့ တော်ရာ ၊ တတ်ရာကို ပဲ့ပြင် ထိန်းကျောင်းပေးရင်း ပို၍ အောင်မြင်သော တယောဆရာကြီး တစ်ယောက် ဖြစ်လာခဲ့လေတော့သည်။



       ကလေးတို့ရေ . . .

      ကလေးတို့တွေလည်း တစ်ခုခုကို ထည့်ထားတဲ့ ခွက်ထက် ဘာမှ မရှိတဲ့ ခွက် အလွတ်က ပိုကောင်းတယ် ၊ စာတွေ ရှိနေတဲ့ စာရွက်ထက် ဘာမှ ရှိမနေတဲ့ ဗလာစာရွက်က ပိုကောင်းတယ် ဆိုတာထက် ၊ ကိုယ်နဲ့ ထိတွေ့ အပ်စပ်မှုတိုင်းမှ ကိုယ့်အတွက် ဗဟုသုတ ၊ မှတ်သားဖွယ်တွေ ရသလောက် ယူထားနိုင်ရမှာပဲ မဟုတ်လား။ ပြီးတော့ ကိုယ် ဝါသနာပါရာကို စနစ်တကျ မသင်ယူနိုင်သေးခင် အချိန်မှာလည်း ကိုယ် ဝါသနာပါရာကို လေ့လာနိုင်သမျှ နေရာကနေပြီး လေ့လာထားကာ နောင်တစ်ချိန် ကိုယ်ဝါသနာပါရာကို စနစ်တကျ သင်ယူနိုင်ပြီ ဆိုတဲ့ အခါမှာ အစွမ်းကုန် ကြိုးစားကြရမှာပေါ့။

       ပုံပြင်လေးကတော့ ဒါပါပဲကွယ်။



မှတ်ချက်။  ။ အရင်ကတော့ အပိုင်းတစ်ပိုင်းမှာ ပုံပြင်တိုလေးတွေ ( ၅ ) ခု ကျွန်တော် တင်ပါတယ်။ အခု အပိုင်း ( ၃ ) မှာတော့ ပုံပြင်ရှည်တွေ ဖြစ်သွားတာကြောင့် ၂ ပုဒ်ပဲ တင်ပေးလိုက်ပါတယ်။ သိပ်မကြာခင်မှာ ကျွန်တော် ဆက်ရေးပေးပါ့မယ်။ အခု တလော စာတွေပဲ ဖတ်ဖြစ်နေပြီး စာ သိပ်မရေးချင်လို့ပါ။ ပုံပြင် နံပါတ် ( ဆယ့်တစ် ) ကိုတော့ ဒီနေရာက လူသား အားလုံးအတွက် ရေးထားတာကို ကူးယူဖော်ပြတာ ဖြစ်ပါတယ်။ ကျန်တဲ့ ပုံပြင်ကတော့ ကျွန်တော့် အတွေးမျှသာ ဖြစ်ပါတယ်။

အရင်က ပို့စ်အဟောင်းကို ဖတ်ချင်ရင် . . .

- ကြုံရင် ပုံပြင်ပြောပါ

- ကြုံရင် ပုံပြင်ပြောပါ ( ၂ )


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

11 February 2013

4 ဗယ်လင်တိုင်းနေ့ အတွက် ကဗျာ



တချို့သော အရာတွေကို
တိုးတိုးတိတ်တိတ် စဉ်းစားခဲ့ဖူးတယ်။

တချို့သော ကိစ္စတွေကို
ကျယ်ကျယ်လောင်လောင် တွေးခဲ့ဖူးတယ်။

တချို့က " လူ " တွေနဲ့ ထပ်တူကျပြီးတော့
တချို့က " လူ့ " တွေနဲ့ သဟဇာတ ဖြစ်ခဲ့ပြီး
တချို့က " လူး " တွေနဲ့ ပလူးပလဲ ဖြစ်နေတတ်တယ်။

ဗယ်လင်တိုင်းနေ့ အကြောင်း ကဗျာတစ်ပုဒ်လောက် ရေးကြမယ် . . .
ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ရေးလာတဲ့ ကဗျာတိုင်း
လှပ ၊ တင့်တယ် ၊ ဝင်ကြွား ၊ ကြည်နူး ၊ မြတ်နိုး . . . .
အစရှိသဖြင့် စကားလုံးတွေ တန်ဆာ ဆင်ထားတတ်ကြတယ်။

ဗယ်လင်တိုင်းနေ့ အကြောင်း ရေးကြပြီ ဆိုရင် . .
တချို့က ဗယ်လင်တိုင်းနေ့ ဖြစ်ပေါ်လာပုံကို ရှာဖွေတင်ပြတယ်။
တချို့က ဗယ်လင်တိုင်းနေ့ရဲ့ ခမ်းနားပုံ ၊ လုပ်နည်း လုပ်ဟန်တွေကို ဖော်ထုတ်တယ်။
တချို့က ကောင်လေးနဲ့ ကောင်မလေး ဘယ်လို ချစ်ကြည်နူးစွာ ပေါင်းဖက်ကြတာကို ရေးတယ်။
တချို့က လက်မထောက်ဘဲ မှောက်လျက်လဲတာတောင်မှ မျက်နှာ မပျက်နိုင်သလို တင်စားတယ်။
တချို့က ဘယ်လင်နဲ့မှ မတိုင်းတော့ဘူး ၊ ငါ့လင်ပဲ ကောင်းတယ်လို့ ခပ်ရွတ်ရွတ် ပြောတယ်။
တချို့က . . . . . . .
တချို့က . . . . . . .

အဲဒါနဲ့ပဲ . . .
ကျွန်တော် . . .
ကျွန်တော့် ချစ်သူ အတွက် ဗယ်လင်တိုင်းနေ့ ကဗျာ တစ်ပုဒ် ရေးမိပါတယ်။
ကျောင်းက စာတွေထဲက အတိုင်း ဆိုရင်တော့ . .
" အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။ " လို့ ဆိုရပါ့လိမ့်မယ်။

ဗယ်လင်တိုင်းနေ့ အတွက် ကဗျာ

အသံမှာ လှိုင်းနှုန်းတွေ ရှိသတဲ့။
ကြိမ်နှုန်း မတူကြဘူး ဆိုပဲ။
အတိုးဆုံး အသံကြိမ်နှုန်း နဲ့
အကျယ်ဆုံး အသံကြိမ်နှုန်းတွေရဲ့
ဟိုဘက် ဒီဘက်ကနေ လှမ်းလျှောက်လာရင်းနဲ့
လူတွေ ကြားနေနိုင်သော ကြိမ်နှုန်းမှာ
ကျွန်တော်က သူ့ကို ပြောလိုက်မိတယ်။
" ချစ်တယ် " . . . ။

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

လူတွေမှာ စိတ်ရဲ့ အကွာအဝေး တူညီနေရင် . . .
လူတွေမှာ စိတ်ရဲ့ အကွာအဝေး ထပ်တူကျနေရင် . . .
လေသံလေးနဲ့ ပြောရင်တောင်မှ
တစ်ဘက်သားက ခံစား ရရှိနိုင်သတဲ့။
တကယ်လို့ . . .
တခြားသော အမျိုးမျိုး စိတ်ခံစားမှုတွေကြောင့်
စိတ်ချင်းဝေးကွာနေပြီး အော်ဟစ်ပြောနေမိရင်
ကျွန်တော့်ကို သူက သတိပေးပါ။
ကျွန်တော်ကလည်း သူ့ကို သတိပေးမယ်။
ဒါဆို ကျွန်တော်တို့ အချိန်မီ ပြင်ဆင်လိုက်နိုင်မယ်။

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

တစ်နှစ်မှာ ၃၆၅ ရက် အဖြစ် သတ်မှတ်ထားကြတယ်။
တစ်နှစ်ထက် တစ်နှစ် တိုးလာနိုင်တဲ့
အထိမ်းအမှတ်နေ့တွေထဲက
တစ်ရက်ရက်မှာ တစ်ခုခု လုပ်ဖို့
ကျွန်တော်က မေ့နေတယ် ဆိုရင် သတိပေးပါ။
ကျွန်တော်ကလည်း သူ မေ့နေတယ် ဆိုရင် သတိပေးမယ်။
ဒါဆို စိတ်ကောက်လို့ တင်းမာပြီး
ကုန်ဆုံးမယ့် အချိန်တွေကို ကျွန်တော်တို့ အကျိုးရှိရှိ အသုံးချနိုင်လိမ့်မယ်။

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

အရိုး မရှိတဲ့ လျှာ နဲ့
အသွေး မရှိတဲ့ သွားတို့တောင်မှ
မတော်တဆ ကိုက်မိ ၊ ထိုးမိကြသေးတာပဲ။
အရိုး ၊ အသွေး ၊ အသား ရှိတဲ့
ကျွန်တော်တို့ နှစ်ယောက်လည်း စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့
စကားလုံးတွေနဲ့ ထိုးခုတ်မိတဲ့ အခါ
ကျွန်တော် မေ့နေတယ် ဆိုလည်း သတိပေးပါ။
သူ မေ့နေတယ် ဆိုရင်လည်း သတိပေးပါ့မယ်။
" ဘဝတိုတိုမှာ အရသာ ချိုချိုကို
ပျော်ရွှင်မှုဖြင့် ဖြတ်သန်းကြရအောင် . . ." လို့။

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

တစ်ခါတလေ . . .
ကျွန်တော် ဖြစ်စေချင်တဲ့ အရာကို
သူက ကျွန်တော့် စိတ်တိုင်းကျအောင် မလုပ်နိုင်သောအခါ . . ၊
တစ်ခါတလေ . . .
သူ ဖြစ်စေချင်တဲ့ ကိစ္စကို
ကျွန်တော်က သူ့စိတ်တိုင်းကျ မလုပ်နိုင်တဲ့အခါ . . ၊
ကျွန်တော် မေ့နေတယ် ဆိုလည်း သတိပေးပါ။
သူ မေ့နေတယ် ဆိုရင်လည်း သတိပေးပါ့မယ်။
အဲဒါက စကားစုလေး တစ်ခု ဖြစ်တယ်။
" သူများ၏ လုပ်ရပ်ကို စိတ်တိုင်း မကျခြင်း အတွက်
အပြစ်မတင်ပါနဲ့။
ကိုယ်ကိုယ်တိုင်တောင်မှ အောင်မြင်အောင် မလုပ်နိုင်တာတွေ
ရှိနေသေးသည်ကို သတိပြုပါ။ " တဲ့။

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

တကယ်လို့ . . .
တကယ်လို့ပေါ့ . . . 
ဘယ်လိုကိစ္စမျိုးပဲ ဖြစ်နေပါစေ။
ကျွန်တော် မေ့နေတယ် ဆိုရင် သတိပေးပါ။
သူ မေ့နေတယ် ဆိုရင်လည်း သတိပေးပါ့မယ်။
အဲဒီ့နေ့ဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဆိုပြီး
အများက သတ်မှတ်ထားတဲ့ " ဗယ်လင်တိုင်းနေ့ "
ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် . . . ကျွန်တော်ကတော့ ဒီလို သတ်မှတ်တယ်။
" ချစ်သူကို ချစ်ခွင့် ရနေတဲ့ နေ့ရက်တိုင်းဟာ
ဗယ်လင်တိုင်းနေ့ပါပဲ။ "

ဒါဆို အဲဒီ့နေ့ကို ကျွန်တော် သိလိုက်တယ်။
အဲဒီ့နေ့ဟာ " ဗယ်လင်တိုင်းနေ့ " ပါပဲ။

ကိုဇော်
11-Feb-2013 

.

Share/Bookmark

04 February 2013

3 ပွဲ





နံနက်ခင်းဟာ မိုးရိပ်တွေကြောင့် အုံ့အုံ့ဆိုင်းဆိုင်း ရှိလှသည်။ မိုးရိပ်တွေကြောင့် ရပ်ကွက်တွင်းမှာ ရှိသော လူတွေ အတွက် တွန်းအား တစ်ရပ်လို သွားလာလှုပ်ရှားမှုကို ပို၍ သွက်လက်မြန်ဆန် နေစေသည်။ မကြာခင် မိုးရွာတော့မှာလား ဟု မိုးကောင်းကင်ကို မကြာခဏ မော့မော့ကြည့်နေမိကြလေသည်။ 

ကျွန်တော် ထိုင်နေသော အသုတ်ဆိုင်လေးကနေ အသုတ်စားရင်း မျက်နှာရှေ့ရှုရာမှာ လမ်းတိုလေး နှစ်ခုဆုံနေတဲ့ လမ်းဆုံလေး တစ်ခု ရှိ၏။ လမ်းတိုလေး တစ်ခုကနေ ရှေ့ဆက်သွားရင် ဈေးကို ရောက်နိုင်သလို ဒီဘက်က လမ်းတိုလေးဘက်ကို ချိုးကွေ့ကာ ဝင်လာရင် ဟိုဘက်ရပ်ကွက်နှင့် ဘုံလမ်းမကြီးပေါ်ကို ရောက်နိုင်သည်။ ထိုလမ်းတိုကလေးရဲ့ လမ်းကတော့ နိုင်လွန်လမ်းခင်းလည်း မဟုတ် ၊ ကွန်ကရင် ခင်း လမ်းလည်း မဟုတ် ၊ အုတ်ခဲကျိုးများဖြင့် ခင်းထားသော လမ်းမျှသာ ဖြစ်သည်။ လမ်းကြမ်းသောကြောင့် ထိုလမ်းကို ရောက်ရင် စက်ဘီးသမားတွေ တော်တော်များများက ဆင်းတွန်းကြရလေသည်။ 

ကျွန်တော်က ထိုဘုံလမ်းမကြီးပေါ်မှာ ဖွင့်ထားသော အသုတ်ဆိုင်လေးမှာ ထိုင်စားနေခြင်းဖြစ်၏။ 

ထိုအသုတ်ဆိုင်လေးရဲ့ သက်တမ်းက ဘယ်လောက် ရှိပြီလဲ ဆိုတာကို ကျွန်တော် မပြောတတ်တော့ပါ။ ထိုအသုတ်ဆိုင်လေးမှ လင်မယားနှင့် ကျွန်တော် မောင်နှမတွေလို ခင်မင်ရင်းနှီး နေခဲ့တာတောင်မှ ၁၂ နှစ်မက ရှိနေခဲ့ပြီ။ တစ်နှစ်ထက် တစ်နှစ် ခင်မင်မှု တိုးလာပြီး အခုဆိုရင် မောင်နှမ အရင်းတွေလောက်ကို ခင်မင်နေခဲ့ပြီ။ ထိုဆိုင်လေးမှာ အခြေတည်၍ ကျွန်တော် ဘလော့အတွက် ၊ ပို့စ်ပေါင်းများစွာကို အထောက်အကူ ဖြစ်နေသော ကုန်ကြမ်းများစွာ ရခဲ့ပါသည်။

အခုလို နှစ် အတန်ကြာဝေးကွာ နေခဲ့ရပြီးတော့မှ ဤအသုတ်ဆိုင်လေးကို ကျွန်တော် ရောက်လာမိပြီး မုန့်စားကာ ဆိုင်ရှင် လင်မယားနှင့် စကားစမြည် ပြောဖြစ်ခဲ့သည်။ သာကြောင်း ၊ မာကြောင်း အပြင် အတွေ့အကြုံ အပြောင်းအလဲများ ၊ ဝေးကွာ ပြောင်းလဲ သွားသော သူငယ်ချင်းများ ထိုထိုဤဤ ပြောဖြစ်ခဲ့သည်။ ပြောရင်း နားထောင်ရင်းနဲ့ ကျွန်တော့် စိတ်တွေ အတိတ်မှ သူငယ်ချင်းတွေနဲ့ ပျော်ရွှင် ခဲ့တာတွေဆီကို ရောက်သွားမိသည်။

ဤလမ်း ဤပတ်ဝန်းကျင်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေ အခုလို မိုးလေး တဖျောက်ဖျောက်ကျနေသော အချိန်ဆိုရင် လမ်းမပေါ်မှာ ဘောလုံးတစ်လုံးနဲ့ တဖုန်းဖုန်း ကန်နေကြပြီ။ ဒီ့ထက် လူများပြီ ဆိုရင် ဒဂုံတက္ကသိုလ်နားမှ လယ်ကွင်းတွေဆီ သွားကာ အုပ်စုလိုက် ဘောလုံးကန်ကြ၏။ လယ်ပုစွန်လုံး နှိုက်ကြ၏။ ပြီးရင် ဘာမှန်းမသိ ရပ်ကွက်ကို လျှောက်ပြေးနေတတ်ကြသည်။ ပြန်မရနိုင်တော့သော လူငယ်ဘဝရဲ့ အမှတ်တရ ပျော်ရွှင်မှု များစွာထဲက တစ်ခုဟု ဆိုရပေမည်။

အခုတော့ " ငွေကြည် " ရာ ၊ " ကုန်ဈေးနှုန်း နု" ရာ နေရာတွေကို ပြောင်းရွှေ့ကြရင်း သူငယ်ချင်းတွေ ကျကွဲသွားသော ပလာစတာ အရုပ်ကဲ့သို့ နေရာ အနှံ့သို့ ပြန့်ကျဲသွားကာ အသီးသီး ဝေးကွာ သွားခဲ့ကြပြီ။ အရင်လို ပျော်ရွှင်စရာ ကောင်းသော သူငယ်ချင်းတွေ ဘဝမျိုး ကျွန်တော်တို့ ပြန်မရနိုင်တော့ပြီ။ အဝေးကြီးကို မမြင်ပေမယ့် အဝေးကြီးကို ငေးနေမိ၏။

လမ်းတိုလေး နှစ်ခုဆုံရာ လမ်းမှ ညာဘက်ကို ချိုးကွေ့လိုက်မယ် ဆိုရင် ဘုံလမ်းမကြီးပေါ်မှာ မေးတင်ကာ ဖွင့်ထားသော အသုတ်ဆိုင်လေးဆီကို ရောက်လာနိုင်၏။ ကျွန်တော် အခု ထိုဆိုင်လေးမှာ ထိုင်ကာ မုန့်စားနေရင်း မျက်နှာမူထားတာက လမ်းတို လမ်းဆုံလေးကို ဖြစ်သည်။ အတွင်းလမ်းပေမယ့် ဈေးကို ရောက်သော လမ်းဖြစ်သောကြောင့် အတွင်းလမ်းလေးကလည်း လူသွားလူလာ နည်းတယ်လို့ မဆိုနိုင်ပါဘူး။ ရပ်ကွက်ထဲက လူတွေကလည်း များသော အားဖြင့် ရင်းနှီးပြီးသား လူတွေ ဆိုတော့ မနက်မိုးလင်းရင် တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ် နှုတ်ဆက်နေတာနဲ့ နံနက်ခင်းဟာ လှပနေလေ့ရှိတယ်။



ဒီနေ့ နံနက်ခင်းဟာလည်း အရင်နေ့တွေလိုပဲ ပုံမှန် နိုးထလာခဲ့ပါသည်။ ကျွန်တော် အသုတ်ဆိုင်လေးမှာ ထိုင်စားရင်း မျက်နှာမူမိထားသော လမ်းဆုံလေးကို ရည်ရွယ်ချက် မရှိဘဲ ဖာသိဖာသာ ကြည့်နေမိသည်။ မနက် ရုံးမီအောင် ဈေးသွားဝယ်သူကလည်း ပြေးပြေးလွှားလွှား ဈေးကို သွားနေ၏ ၊ ဈေးက ပြန်နေ၏။ မနက် စောစော ရုံးတက်ရသူတွေကလည်း ခပ်သုတ်သုတ် လျှောက်နေကြ၏ ၊ မနက်ပိုင်း ကျောင်းသူ ကျောင်းသားလေးတွေကလည်း သူတို့ရဲ့ လွယ်အိတ် ၊ ကျောပိုးအိတ် ကိုယ်စီနဲ့ လှုပ်လီလှုပ်လဲ့ဖြင့် သွားနေကြ၏။

ဒီလို မြင်ကွင်းနှင့် ၁၀ နှစ်နီးပါးလောက် အဆက်ပြတ်နေသော ကျွန်တော့် အတွက် ဒါဟာ နံနက်ခင်း ပန်းချီကား တစ်ချပ် ဖြစ်သည်။ အနုပညာမြောက်သော နံနက်ခင်းလေးပဲ ဖြစ်၏။ နံနက်ခင်းကို အသက်သွင်းနေသူများကို ကြည့်ကာ ကျွန်တော့် အသက်မဲ့နေသလို ငေးမောကြည့်နေမိသည်။



ဒီအချိန်မှာပဲ လမ်းတို လမ်းဆုံလေးကနေ ကျွန်တော် ထိုင်နေတဲ့ အသုတ်ဆိုင်လေး ရှိရာ ဘုံလမ်းမ လမ်းချိုးဘက်ကို စက်ဘီးလေး တစ်စီးတွန်းကာ လူတစ်ယောက် ချိုးကွေ့ ဝင်လာလေသည်။ သူ့ရဲ့ ခြေလှမ်း နဲ့ စက်ဘီးတွန်းလာပုံမှာ ဘာမှ မထူးခြား။ စက်ဘီး တစ်ခုခု ဖြစ်လို့ ၊ ဥပမာ - ဘီးပေါက်လို့ ၊ စပေါ့ကတ်ဝှီး ချော်လို့ တွန်းလာတယ် လို့သာ စိတ်ထဲက တွေးမိပြီး ချက်ချင်း သူ့ဆီမှ အာရုံ လွှင့်ပျံ့ကာ တခြား နေရာကို ငေးနေမိသည်။ သူကလည်း သာမာန် လူတွေထဲက လူတစ်ယောက် ပုံစံ ဆိုတော့ ဘာမှ သိပ်ထူးခြားပုံ မပေါ်ဘူးလေ။

မထင်မှတ်သော ဒီအချိန်မှာပဲ စက်ဘီးတွန်းလာသူက လမ်းတို လမ်းဆုံလေးရဲ့ အကွယ်ကို ရောက်ပြီး ဘုံလမ်းမပေါ်ကို လာသော လမ်းပေါ်ကို ရောက်တယ် ဆိုတာနဲ့ စက်ဘီးကို ရုတ်တရက် အမြန် တွန်းလေတော့သည်။ သာမာန် လှုပ်ရှားနေတဲ့ အခြေအနေကနေ ရုတ်တရက် သွက်လက်မြန်ဆန်သွားတော့ ကျွန်တော် အပါအဝင် အနီးအနားက လူတွေ အားလုံးကလည်း ဘာဖြစ်တာလဲ ဆိုကာ လူတွေ အားလုံးရဲ့ အာရုံတွေက ထို စက်ဘီး သမားပေါ်ကို ကျရောက်သွားခဲ့သည်။

ဒီလို စက်ဘီး သမားက လမ်းတိုလေးမှာ ခပ်သွက်သွက် တွန်းကာ ဘုံလမ်းမပေါ်သို့ တက်ရန် တွန်းလာသည်ကို နားမလည်စွာ ကြည့်နေမိသည်။ ထိုလမ်းတိုလေးကတော့ လမ်းဆိုးသောကြောင့် အမြန် နင်း၍ မရတာ လူတိုင်း သိကြလေသည်။ သူ ဒီလို အမြန်တွန်းတဲ့ အချိန်မှာပဲ လမ်းဆုံရဲ့ ဟိုဘက်ခြမ်းမှ လူတွေ မမြင်ရသော်လည်း အော်သံ ဟစ်သံများနှင့် ပြေးသံ လွှားသံများကို ကြားလိုက်ရသည်။ သို့သော် ဘာကို အော်ကြ ဟစ်ကြသည်ကို သဲသဲကွဲကွဲ မကြားရ။

ဟေး ဟေး . . . ဟု အော်သံပါသည်။

လိုက်ကြ လိုက်ကြ . . . . ဟု အော်သံပါသည်။

မိရင်တော့ အသေပဲ . . . . ဟု ကျိန်းဝါးသံ ပါသည်။

ဟေ့ကောင်. . . မပြေးနဲ့ . . . ဟု အမိန့်သံပါသည်။

ထိုအသံတွေ အားလုံး ပေါင်းလိုက်တော့ သူတို့ အော်ဟစ်နေသံတွေက ဝူး ဝူး ဝေါ ဝေါ နဲ့ ဘာသံမှန်း ပြတ်ပြတ်သားသား မကြားရတော့။

ရှေ့မှ စက်ဘီးတွန်းသူက အမြန်တွန်းလာရင်း ဘုံလမ်းမပေါ်ကို တက်ရန် မြောင်းကူး ကွန်ကရစ် တံတားလေးပေါ်သို့ အရောက်မှာတော့ အနောက်က လိုက်လာသူ အယောက် ၂၀ လောက်က လမ်းဆုံလေး နားကို ရောက်လာကြလေတော့သည်။ အရှေ့မှ သွားနေသူ တစ်ယောက် နဲ့ အနောက်မှ နောက်နေသူ လူအုပ်ကြီးကို ဘာမှန်း မသိစွာဖြင့် ကျွန်တော် အပါအဝင် လူတွေ အားလုံး ရုတ်တရက် ကြောင်ကာ ငေးကြည့်နေမိသည်။ အနောက်က လိုက်သူတွေ လက်ထဲမှာလည်း တုတ်တွေ ၊ ဓါးတွေ ၊ ထင်းချောင်းတွေ နဲ့ ရရာ ဆွဲကိုင်ကာ ရိုက်မယ် နှက်မယ် ဆိုသော ပုံစံတွေက အထင်းသား။

ဒီအချိန်မှာ အရှေ့က စက်ဘီးတွန်းလာသူက မြောင်းကူး ကွန်ကရစ် တံတားပေါ်မှာ ရပ်ကာ စက်ဘီးကို မြောင်းထဲကို တွန်းချလိုက်ပြီးတော့ သူ့ရဲ့ ပုဆိုးကို ခပ်တိုတိုကို ပြင်ဝတ်ကာ . . .

“ ဟေ့ကောင်တွေ မင်းတို့ အုပ်စုလိုက် ဆိုပြီးတော့ အနိုင် မကျင့်နဲ့။ မိုက်ရင် တစ်ယောက်ချင်း လာခဲ့။ ”

သူက ဒီလို အော်ပြောရင်း အနီးမှာ ရှိသော အုတ်ခဲကျိုး တစ်ခုနဲ့ လူအုပ်ထဲကို ကောက်ပစ်လိုက်လေသည်။ သူ့ရဲ့ အုတ်ခဲကျိုး လေထဲမှာ ပျံဝဲလာသောကြောင့် အနောက်က လိုက်လာသော လူအုပ်က . .

“ အုတ်ခဲနဲ့ ပစ်နေပြီ။ ရှောင်ဟေ့ ’’

“ ခွေးမသား မိုက်ရိုင်းလို့ ပြန်ပစ်ကွာ ’’

ဟု ဆိုကာ အုတ်ခဲကျိုးကို ရှောင်သူ ရှောင် ၊ ပြန်ပစ်သူ ပစ်နဲ့ ။ အခြေအနေက အတော် ရှုပ်ထွေးသွားလေတော့သည်။ စက်ဘီး တွန်းလာသူရဲ့ စက်ဘီးလေးကတော့ ရေမြောင်းထဲကို ဦးစိုက်ကာ ကျနေလေသည်။

“ မင်းတို့ မိုက်ရင် စောင့်နေ ဟေ့ကောင်တွေ ၊ ငါ့လူတွေ သွားခေါ်ပြီး ပြန်လာခဲ့မယ်။ ’’

စက်ဘီးတွန်းလာသူက ဒီလို ပြောလည်း ပြော ၊ ပြီးတော့ ဘုံလမ်းမပေါ်ကို တက်ကာ ဟိုဘက် ရပ်ကွက်ဆီသို့ ပြေးလေတော့သည်။ ဒီတော့မှ အနောက်က လူတွေကလည်း . . .

“ ဖမ်းထားပါဗျို့ . . . အဲဒီလူကို ဖမ်းထားပါ။ ’’

“ အဲဒီကောင် သူခိုးဗျို့ . . ဖမ်းထားကြပါ။ ’’

“ ဟုတ်တယ် . . ဒီကောင့်ကို တားထားကြပါ။ ’’

လို့ အနောက်ကနေ အော်ကာ လိုက်လာကြလေသည်။ ကျွန်တော် အပါအဝင် ပတ်ဝန်းကျင်က လူတွေကလည်း သူတို့ အချင်းချင်း ကျွန်တော်တို့ မမြင်ကွယ်ရာမှာ ဘာတွေ ဖြစ်ခဲ့မှန်း မသိ ၊ ဘယ်ကနေ ရန်စ ဖြစ်ခဲ့မှန်း မသိ ၊ ဘာပြဿနာမှန်း မသိတာကို အခုမှ သူခိုးအော်ပြီး ပတ်ဝန်းကျင်ကို ဖမ်းခိုင်းတာတော့ မကောင်းဘူး ဟု ကျွန်တော် တွေးနေမိသည်။

အရှေ့က ပြေးသွားတဲ့ လူကလည်း . . . .

“ ခွေးမသားတွေ မင်းတို့ မမိုက်ရိုင်းနဲ့ ၊ စောင့်နေ ဟေ့ကောင်တွေ ၊ ငါ့လူတွေ ခေါ်ပြီး ပြန်လာခဲ့မယ်။ ’’

လို့ ပြန်အော်ကာ ပြေးလေတော့သည်။ သူ့လက်ထဲမှာလည်း ခုနက ဟိုဘက်က လူအုပ်ကို ပစ်လက်စ အုတ်ခဲကျိုး နှစ်ခုကို ကိုင်လျက်သား ဖြစ်၏။ သာမာန် ရန်ဖြစ်သော ပုံစံမို့ ၊ သူ့ကိုလည်း ဘယ်သူမှ အုတ်ခဲကျိုးနဲ့ ထုမှာကို ရင်းကာ မတားဆီးမိကြ။

ထိုင်နေရာမှ မတ်တပ်ရပ်ကာ သူတို့ရဲ့ ဖြစ်ရပ်ကို ကျွန်တော် ကြည့်နေမိ၏။ သို့သော် သေချာတော့ မရှင်းလင်းသေး။ သာမာန် ရန်ဖြစ်ခြင်း ဟုသာ စိတ်ထဲက ထင်မြင်နေမိသည်။ ဒါပေမယ့် ဘာလို့ စက်ဘီးကို မြောင်းထဲ တွန်းချသွားတာလဲ ဆိုတာတော့ မရှင်း။ အနောက်က လူအုပ်ကြောင့် အသက်ကို ငဲ့ကာ ပစ္စည်းကို စွန့်ခဲ့ခြင်းများလား။ ကိုယ်လွတ်ရုန်းပြေးရသည် မဟုတ်လား။

ဟိုဘက်ကို ကြည့်လိုက် ဒီဘက်ကို ကြည့်လိုက်နဲ့ ကြည့်နေရင်း စက်ဘီးတွန်းလာသူက ပြေးကာ ပြေးကာ နဲ့ ဝေးရာ ဝေးရာကို ရောက်သွားသလို ၊ အနောက်က လိုက်လာသူတွေကလည်း ကျွန်တော်တို့ ရပ်နေရာ ဘုံလမ်းပေါ်ကို နီးကာ နီးကာဖြင့် ရောက်လာလေသည်။ သူတို့ လက်ထဲမှာလည်း တုတ်တွေ ၊ ဓါးတွေ ၊ သံတုတ်တွေ အစ ရှိသဖြင့် ကိုင်ဆွဲထားကြသည်။

“ ဖမ်းထားပါ ဆိုတာကိုဗျာ။ ဘာလို့ ရပ်ကြည့်နေကြတာလဲ။ ’’

လူအုပ်ထဲမှ တစ်ယောက်က ပတ်ဝန်းကျင်မှာ ဝိုင်းကြည့်နေကြသော လူတွေကို အပြစ်တင်သလို လှမ်းပြော၏။

“ တောက် . . လွတ်သွားတာ နာသကွာ။ အမုန်းဆွဲမလို့ဟာကို ’’

နောက်ထပ် တစ်ယောက်ကလည်း မြည်တွန် တောက်တီး ပြောလေသည်။

တချို့သော လူတွေကတော့ မြောင်းထဲ ကျနေသော စက်ဘီးကို ဆယ်ယူရန် ကြိုးစားနေကြသည်။ တချို့ကတော့ ဟိုလူ ပြေးသွားသော ဘက်ကို မချိတင်ကဲ လှမ်းကြည့်နေတုန်း။ သူတို့ဖာသာ အလုပ်ရှုပ်နေတာရယ် ၊ မချိတင်ကဲ ဖြစ်နေတာရယ်ကြောင့် ကိုယ့်ဘက် အပြစ်တင်သံ ရောက်မလာခင် မသိမသာဘဲ ကျွန်တော် အသုတ်ဆိုင်လေးထဲ ပြန်ဝင်ကာ ထိုင်နေလိုက်သည်။

“ ဘာဖြစ်တာတဲ့လဲ မောင်လေး ’’

အသုတ်ရောင်းသော အစ်မကြီးက မေး၏။

“ ရန်ဖြစ်တာလို့ပဲ ထင်တယ်။ ဘာကြောင့် ဆိုတာတော့ သေချာ မသိဘူး။ သူတို့ဖာသာ ရှူးရှူးရှားရှား ဖြစ်နေတော့ ဘာမှန်းကို မသိဘူး။ ပြေးသွားတဲ့ လူကို ဖမ်းမထားလို့ ဆိုပြီးတော့ သူတို့ကတောင်မှ ပတ်ဝန်းကျင်ကို အပြစ်တင်နေသေးတယ်။ သူတို့ ဖာသာ ဘာဖြစ်လာတယ် ဆိုတာ ဘယ်သူမှတောင်မှ မသိဘူး။ ’’

“ အမလေး . . . သူတို့ ရန်ဖြစ်တာမှာ ကိုယ်က လက်ဝင်လျှိုစရာလား။ ကိုယ့်ဖာသာ ခပ်ဝေးဝေး နေပါ။ ဟိုက ဓါးမဟုတ်ပေမယ့် လက်ထဲမှာ အုတ်ခဲကျိုးနဲ့ မတော်လို့ ကိုယ့်ကို ထုသွားမှ ကိုယ်ပဲ ခေါင်းကွဲနေပါဦးမယ် မောင်လေးရေ။ ခပ်ဝေးဝေးသာ နေ။ ’’

အသုတ်ရောင်းသော အစ်မကြီးက ဒီလို ပြော၏။ ဒီအချိန်မှာပဲ အသုတ်ဆိုင်ထဲကို ကျွန်တော်နဲ့ သိသော အစ်ကိုကြီး တစ်ယောက် ဝင်လာသည်။ သူက အနောက်က လိုက်လာသော လူအုပ်ရဲ့ အနောက်က ထပ်လိုက်ပါသူထဲက တစ်ယောက် ဖြစ်ပုံ ရ၏။ အသုတ်ဆိုင်ထဲ ဝင်ကာ ရေဝင်သောက်ခြင်း ဖြစ်သည်။

“ ဘယ်လို ဖြစ်တာလဲ ကိုမောင်ကြီး ၊ ရန်ဖြစ်ကြတာလား။ ’’

ကျွန်တော် မေးလိုက်တော့ သူက ကျွန်တော့်ကို မျက်လုံးပြူးကြည့်ပြီးတော့ . . .

“ သူခိုးလေ . . . သူခိုး လိုက်တာ ’’

“ ဗျာ . . . သူခိုး ဟုတ်လား။ မနက် စောစောစီးစီးကြီးဗျာ။ ’’

“ အေးလေ . . ဒီလို လူတွေ မထင်တဲ့ အချိန်မို့ သူက ခိုးတာပေါ့။ ’’

“ သူက ဘာခိုးတာလဲ ကိုမောင်ကြီး။ ’’

“ စက်ဘီးလေကွာ။ စက်ဘီး သူခိုး . . . ’’

သူ့ဆီက အဖြေသံ ကြားတော့ ကျွန်တော် အံ့သြသွား၏။

“ ဒါဆို သူက မြောင်းထဲ တွန်းချသွားတဲ့ စက်ဘီးကို ခိုးလာတာလား။ ’’

“ ဟုတ်တယ်ကွ။ ’’

သူ ပြောလိုက်မှ ကျွန်တော် ရှင်းသလို ရှိပေမယ့် ဝေလေလေတော့ ဖြစ်နေသေးသည်။

“ ဖြစ်သမျှ သေချာ ရှင်းပြစမ်းပါ ကိုမောင်ကြီးရာ။ ’’

“ ဒီလိုကွ။ သူက ကိုလှမောင်အိမ်ရှေ့မှာ ခဏရပ်ထားတဲ့ စက်ဘီးကို သူ့စက်ဘီးလိုလိုနဲ့ ဒေါက်ဖြုတ်ပြီးတော့ ခပ်တည်တည် တွန်းသွားတာကွ။ ကှိုလှမောင်က အိမ်ထဲကနေ သူ့စက်ဘီးကို လှမ်းကြည့်လိုက်တော့ မတွေ့တော့ဘူး။ ဒါနဲ့ အိမ်ရှေ့ထွက်ကြည့်တော့ သူက သူ့စက်ဘီးလိုလိုနဲ့ ဟန်မပျက် တွန်းသွားတာ ဒီတော့မှ သူက သူခိုးလို့ အော်တော့ ပတ်ဝန်းကျင်က လူတွေ ဝိုင်းလိုက်တော့ သူက လမ်းဆုံလေးကို ချိုးကွေ့သွားပြီ။

ဒါနဲ့ နောက်က တုတ်တွေ ဆွဲပြီး လိုက်ကြတော့တာပေါ့။ အားလုံးကလည်း ထုံးစံ အတိုင်း အော်ကြ ဟစ်ကြတာပေါ့။ ဒါပေမယ့် သူခိုးကလည်း သူ့ဘီးလိုလိုနဲ့ လမ်းမပေါ်ကို ဟန်မပျက် တွန်းသွားတာ။ ငါတို့ လမ်းဆုံကို ရောက်လာလို့သာ သူက မလွတ်နိုင်တော့ဘူး ဆိုတာ သိလို့ စက်ဘီးကို ရေမြောင်းထဲ တွန်းချပြီးတော့ သူနဲ့ ငါတို့ ရန်ဖြစ်သလိုလို လုပ်သွားတာ။ ’’

“ သြော် . . . ဒါပေမယ့် . . . ’’

“ ဒါပေမယ့် ဘာဖြစ်လဲ။ ’’

“ ကိုမောင်ကြီးတို့ အနောက်က လူတွေကလည်း သူ့ကို စက်ဘီး သူခိုး ဆိုလည်း သူခိုးလို့ သေချာ မအော်ဘူး။ ပြီးတော့ အော်တာတွေကလည်း ဆဲတာတွေ ၊ ဖမ်းခိုင်းတာတွေပဲ များနေတယ်။ ဘာမှ သေချာ မကြားရဘူး။ ’’

ကျွန်တော် ပြောလိုက်တော့ သူ တွေခနဲ ငြိမ်သွား၏။ ပြီးမှ . . . .

“ ဖြစ်နိုင်တယ်ကွ။ ငါတို့ကလည်း ဒေါသထွက်ပြီးတော့ ရှူးရှူးရှားရှား ဖြစ်ပြီး အနောက်က လိုက်နေရတာကိုး။ ဒီကောင်ကို ဆုံးမဖို့ပဲ အာရုံက ရနေတာ ဆိုတော့ အားလုံးက တစ်ယောက် တစ်ပေါက် အော်နေမိတာပေါ့။ ’’

“ ကျွန်တော်တို့ အနားကို ရောက်တော့ စက်ဘီး သူခိုးက သူနဲ့ ကိုမောင်ကြီးတို့ပဲ ရန်ဖြစ်သလိုလို ၊ သူ့ကိုပဲ ကိုမောင်ကြီးတို့ အုပ်စုက ဝိုင်း အနိုင်ကျင့်သလိုလိုနဲ့ အော်သွားတာဗျ။ သူကလည်း သူ့လူတွေ ခေါ်ပြီးတော့ ပြန်လာခဲ့မယ် ဆိုတော့ ကျွန်တော်တို့ကလည်း “ ရန်ပွဲ ’’ လို့ပဲ ထင်တာပေါ့ဗျာ။ ’’

“ ဘယ်ကလာ ရန်ပွဲ ဖြစ်ရမှာလဲကွာ။ တကယ်က “ သူခိုးဖမ်းပွဲ ’’ ကွ။ ဒါပေမယ့် သူကလည်း သူလွတ်အောင်လို့ ပြီးတော့ ပတ်ဝန်းကျင်က လူတွေ အားလုံး သူ့ကို ဝိုင်းမဖမ်းအောင်လို့ “ သူခိုးဖမ်းပွဲ ’’ ကို “ ရန်ပွဲ ’’ ပုံစံ ဖြစ်အောင် ပုံပြောင်းလိုက်တာကွ။ ’’

“ အင်း . . ဟုတ်တယ်ဗျာ။ သူခိုး ဆိုပေမယ့်လည်း ဒီသူခိုးရဲ့ ရုတ်တရက် ဖြတ်ထိုးဥာဏ်ကိုတော့ လျော့တွက်လို့ မရဘူးဗျ။ ’’

“ ဟုတ်တယ် . . . ပတ်ဝန်းကျင်က လူတွေ အားလုံးကို လှည့်စားသွားနိုင်တယ်လေ။ မဟုတ်ရင် ဒီကောင့်ကို အားလုံးက ဝိုင်းဖမ်းပြီးနေပြီပေါ့ကွာ။ အခုတော့ . . . .တောက် . . . ’’

ကိုမောင်ကြီးရဲ့ စကားဆုံးတော့ ကျွန်တော် အတွေးတွေနဲ့ ငြိမ်သွားမိသည်။

“ ပွဲ ’’ တစ်ပွဲရဲ့ နောက်မှာ မမြင်နိုင်သော အကြောင်းအရာများ ရှိနေနိုင်တယ် မဟုတ်ပါလား။

ပြီးတော့ . . . . .

ဟိုတလောက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်သွားသော ရခိုင် - ဘင်္ဂလီ အဓိကရုဏ်းပွဲ ဆိုလည်း ဒီလိုပါပဲ။ ဒီပွဲ မဖြစ်ခင်ကတည်းက BBC က မြန်မာနိုင်ငံ မြေပုံမှာ ရခိုင်ဒေသကို " ရခိုင် " လို့ မရေးဘဲ “ ရိုဟင်ဂျာ ’’ လို့ ရေးကာ ကမ္ဘာကို ဝါဒဖြန့်ပွဲ ကျင်းပခဲ့ပြီးတော့ ရိုဟင်ဂျာတွေက ရခိုင်တွေကို သတ်နေတာ ၊ မီးရှို့နေတာကိုတောင်မှ မွတ်စလင် မီဒီယာတွေက ရခိုင်တွေက ဘင်္ဂလီတွေကို သတ်နေပါတယ် ဆိုတဲ့ လုပ်ကြံ အသံလွှင့်ပွဲတွေ ဆင်နွဲသွားကြသေး၏။ နိုင်ငံကို ကျူးကျော်ကာ လူမျိုးရေး အဓိကရုဏ်းပွဲကို မွတ်စလင် နိုင်ငံတွေက မီဒီယာ အားကိုး နဲ့ “ ဘာသာရေး အဓိကရုဏ်းပွဲ ’’ ဖြစ်အောင် ဖန်တီးခဲ့ကြတယ် မဟုတ်ပါလား။ ***

ဒီမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေမှာလည်း အားနည်းချက်တွေ ရှိခဲ့ပါသည်။

- ပြောတာကို ပြတ်ပြတ်သားသား မပြောခြင်း
- ကိုယ်နဲ့ မဆိုင်ဘူး ၊ ကိုယ့်ကို မထိဘူး ဆိုပြီး နေကြခြင်း
- တစ်ဖက်သားကို အခွင့်အရေးပေးခြင်း
- ဟိုဖက်က စမှ ဒီဘက်က ပြန်ချခြင်း
- ပွဲတစ်ပွဲရဲ့ ရည်ရွယ်ချက်ကို မမြင်ကြခြင်း
- ကြိုတင် ပြင်ဆင်မှု မရှိခြင်း

အစရှိသဖြင့်ပေါ့ဗျာ။

ဒါကြောင့် “ ပွဲ ’’ တစ်ပွဲရဲ့ နောက်မှ မမြင်နိုင်သော အကြောင်းအရာ များစွာ ၊ တကယ့် ဖြစ်ရပ်ပေါင်းများစွာ ၊ ရည်ရွယ်ချက်ပေါင်းများစွာ ရှိနေမယ် လို့ ကျွန်တော် ယူဆနေမိပါတော့သည်။

*** MMG သုံးနှစ်ပြည့် တွေ့ဆုံပွဲလေးမှာ ကျွန်တော် ပြောမယ် လို့ စဉ်းစားထားတာလေးပါ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မပြောဖြစ်ခဲ့ပါဘူး။ အခုမှပဲ ဘလော့ပေါ် တင်လိုက်ပါတော့တယ်။ ရခိုင် အရေးဖြစ်ကတည်းက ရေးဖို့ တွေးထားတာလေးပါ။ ***

လေးစားစွာဖြင့်
ကိုဇော်
Share/Bookmark

30 January 2013

11 အထင်ဆိုတာ လွဲနိုင်သည်




အခုတလော ကျွန်တော်နဲ့ ပတ်သတ်သော လူများကို ကျွန်တော် အမြဲတမ်းလိုလို ပြောနေကျ စကားလုံး တစ်ခု ရှိပါသည်။ အကြောင်းကိစ္စ ရှိတိုင်း ကျွန်တော် သုံးနှုန်းလေ့ ရှိသည်။ ဒီစကားလေးကတော့ . . . . . .

“ X X X X X X X X X X X X “



“ ငါနဲ့ ခဏလိုက်ခဲ့ကွာ။ “

ဟု သူငယ်ချင်းက ခေါ်တော့ ဘယ်ကိုရယ်လို့ မမေးဖြစ်ပါ။ ခင်မင်ရသော သူငယ်ချင်း ဖြစ်နေတာ တစ်ကြောင်း ၊ ကျွန်တော်ကိုယ်တိုင် အားလပ်နေချိန် ဖြစ်တာ တစ်ကြောင်းကြောင့် “ သွားလေ။ “ ဟု ဆိုကာ ကျွန်တော် ထလိုက်ခဲ့ခြင်းမျှသာ ဖြစ်ပါသည်။ 

သူ့ရဲ့ ဦးတည်ချက်က ဘယ်ကို ဆိုတာ ကျွန်တော် မသိပါ။ ဘတ်စ် တစ်စီးပြီး တစ်စီးပြောင်းစီးရင်းမှ ဒီနေရာက ငါ မရောက်ဖူး ၊ မကျွမ်းကျင်သော နေရာ ဆိုတာ ပိုမို သေချာ လာခဲ့ပါသည်။ မြင်သမျှက စက်ရုံ ၊ အလုပ်ရုံတွေဖြင့်သာ . . . . 

“ ဟေ့ကောင် ဒါ ဘယ်နေရာလဲ ၊ ငါတို့ အခု ဘယ်ကို သွားနေတာလဲ။ “

ဒီလို မေးလိုက်တော့မှ သူငယ်ချင်းဆီမှ အဖြေစကားကို ကြားရ၏။ 

“ ဒါ လှိုင်သာယာလေကွာ။ ငါတို့က လှိုင်သာယာ စက်မှုဇုံထဲကို သွားကြမှာ။ ရှေ့မှတ်တိုင်ဆိုရင် ဆင်းရတော့မယ်။ “

“ ဟမ် . . . ငါတို့က လှိုင်သာယာ စက်မှုဇုံထဲကို ဘာသွားလုပ်ကြမှာလဲ။ “

ဒီတော့မှ ဒီကောင့် မျက်နှာက မချိုမချဉ် ဖြစ်လာလေသည်။ 

“ ရောက်တော့ သိမှာပေါ့ကွာ။ “

“ မင်းကလည်း လျှို့ဝှက်သည်းဖို လိုလိုနဲ့ ၊ ဘာကြီးလဲကွ။ “

“ ငါပြောထားသားပဲ ၊ မင်းရောက်ရင် သိမှာပါဆိုနေမှပဲ။ ဟော . . . အခု ရပ်မယ့် မှတ်တိုင်မှာ ဆင်းရတော့မယ်။ ဆင်းမယ် ဟေ့ကောင် . . . “

အခုမှတော့ ထုံးစံအတိုင်း မတ်ထူး ( မထူး ) ကို ဇာတ်ခင်းပြီးတော့ ဘုရော ဘရော မသိလည်း ဆက်လိုက် သွားရတော့မှာပဲလေ။ မှတ်တိုင်က ဆင်းပြီးပြီးချင်း စက်မှုဇုံ ဆိုသော ဆိုင်းဘုတ်ကြီး ထောင်ထားသော လမ်းမကြီးထဲကို သူက စတင်ပြီး ချိုးဝင်သွားလေသည်။ ကျွန်တော်ကတော့ ဆက်လျှောက်မြဲ ၊ ဆက်လိုက်မြဲ . . . . . 

မိုးလင်းလင်းချင်း မဟုတ်သော အချိန်မှာ ထွက်လာတဲ့ အတွက် အခုလို စက်မှုဇုံထဲကို လှမ်းဝင်လိုက်ချိန်မှာတော့ နေက မိုးတည့်ခါနီး ဖြစ်နေလေပြီ။ 

“ ဟေ့ကောင် ရေငတ်လာပြီ။ ငါက ဗြုန်းစားကြီး ထလိုက်လာရတာ ဒီလောက် အဝေးကြီးကို သွားမယ်လို့ မထင်ဘူး။ ငါ့ကို ရေဝယ်တိုက်ဦး။ “

“ အေးပါကွာ . . သောက် . . သောက် . . .” 

ပြောပြောဆိုဆိုနဲ့ နီးရာ ဆိုင်ထဲကို သူက ဝင်သွားပြီး ရေသန့် တစ်ဗူး သွားဝယ်နေသည်။ ပြီးတော့ ဆိုင်ထဲက အဒေါ်ကြီးကိုလည်း ဘာဘာညာညာ မေးနေသေး၏။ အဒေါ်ကြီးကလည်း လက်တွေ မြှောက်ကာ ဟိုဟိုဒီဒီ ညွှန်ပြလျက် ပြန်ဖြေ၏။ ဘာတွေလဲဟ ၊ ဒီကောင် ဒီကို ဘာလာလုပ်ပါလိမ့်။

ရေသန့်ဗူး ဝယ်ပြီး ထွက်လာတဲ့ သူ့ကို ကြည့်ပြီး ကျွန်တော် မနေနိုင်တော့ . . . 

“ ဟေ့ကောင် . . . ငါ့ကို ပြောဦး။ အခု မင်း ဘယ်ကို လာနေတာလဲ။ ဘာလာလုပ်တာလဲ။ “

“ အဟဲ . . . “

ကျွန်တော် ခပ်ဆတ်ဆတ် မေးလိုက်တော့ သူက သွားလေး ဖြဲက ဖြေလေသည်။ သွားဖြဲတယ် ဆိုကတည်းက သူ မချိတော့ဘူး ဆိုတာ ထင်သာ မြင်သာ ဖြစ်နေပြီလေ။ 

“ ဘာ အဟဲ လဲ။ ဖြေ . . . မင်း ဘာလာလုပ်တာလဲ။ ငါ့မှာ ဘု မသိ ၊ ဘ မသိ နဲ့ လိုက်လာရတာ။ “

မသိရင် ချက်ချင်းပဲ ခေါင်းတွေထဲ ဗောက်တွေ ထိုးပွလာ သလိုနဲ့။ သူ ခေါင်းကို တဗြီးဗြီး ကုတ်၏။ ပြီးမှ . . . .

“ ငါ့ ကောင်မလေးဆီလာတာကွ။ “

“ ဒါများကွာ . . . အစောကြီးကတည်းက ကြိုပြောလည်း ငါ လိုက်ပေးပါတယ်ကွ။ အရင်ကလည်း အဖော်လိုက်ပေးနေကြပဲ ဟာကို . . . “

“ အဟီး . . . “

ဟော . . သူ ထပ်သွားဖြဲပြန်ပြီ။ နှစ်ခါ မချိတဲ့ သဘောပေါ့။ 

“ ဒီလိုကွ။ မနေ့က သူနဲ့ ချိန်းထားတဲ့ ဆီကို ငါ သွားခါနီးမှာ အိမ်မှာ ဧည့်သည်က ရောက်လာတယ်။ ဒါနဲ့ ငါလည်း နောက်ကျသွားတယ်။ ငါရောက်တော့ သူက မရှိတော့ဘူး။ ငါက ဖုန်းဆက်တော့လည်း လာမကိုင်တော့ဘူး။ မနက်က သွားစောင့်တော့လည်း မတွေ့ဘူး။ ဒါကြောင့် မင်းကို လာခေါ်ပြီးတော့ သူ အလုပ်လုပ်နေတဲ့ ဒီကို ထွက်လာတာပဲ။ “

“ အမ် . . . ဒါဆို မင်း ဒီကို လာတာ ရည်းစားချော့ဖို့ သက်သက်ပဲပေါ့ ဟုတ်လား။ “

“ အေးကွ . . . အဟီး “

“ အေးလေ ရောက်နေပြီ ဆိုတော့လည်း မထူးတော့ပါဘူး။ ဒါနဲ့ မင်း ကောင်မလေး အလုပ်ကိုရော ရောက်ဖူးရဲ့လား။ “

“ တစ်ခေါက်တော့ ရောက်ဖူးတယ်ကွ။ ကြာတော့ ကြာပြီ။ “

“ မှတ်ရော မှတ်မိသေးရဲ့လား။ “

“ နည်းနည်းတော့ ဝါးတားတား ဖြစ်နေလို့ ခုနက မင်း အတွက် ရေသန့် ဝင်ဝယ်ရင်းနဲ့ မေးနေတာလေ။ “

“ ကောင်းကွာ။ ဒီမှတ်တိုင် ဆိုတာရော သေချာရဲ့လား။ “

“ ဒါတော့ သေချာတယ်။ ဒီကနေ တန်းဝင်ပြီးတော့ သွားရတာပဲ။ စက်မှုဇုံ ဆိုတော့ အဆောက်အအုံတွေ အသစ် ပြောင်းကုန်တော့ မမှတ်မိတော့တာ။ သွားရင်းနဲ့ ရောက်မှာပါ။ “

“ ကောင်းကွာ . . . . ဒါနဲ့ လမ်းနာမည်က ဘာတဲ့လဲ။ “

“ လမ်းနာမည်က စံပယ်လမ်း တဲ့။ “

“ စံပယ်လမ်း . . . အင်း . . အခု ဒီလမ်းက ပိတောက်လမ်း ၊ ဟိုဘက်လမ်းက အင်ကြင်းလမ်း ဆိုတော့ ဒီ စက်မှုဇုံကို ပန်းနာမည်လမ်းတွေချည်းပဲ ပေးထားပုံ ရတယ်။ ငါတို့ ရပ်ကွက်က လမ်းတွေကလည်း ပန်းနာမည်တွေချည်းပဲ ပေးထားတာပဲ။ ငါတို့ ရပ်ကွက်ထဲက လမ်းတွေလို စီထားတာ ဆိုရင်တော့ ရှာရတာ အဆင်ပြေမယ် ထင်တယ်။ ကဲ အခုမှတော့ ဆက်ရှာရမှာပေါ့။ “

ပြောပြောဆိုဆို နဲ့ ဆက်လျှောက်ခဲ့သည်။ ခက်တာက စက်မှုဇုံ ဆိုတာ လူနေ ရပ်ကွက်တွေလို လူတွေက များများစားစား လမ်းပေါ်မှာ တွေ့တတ်တာ မဟုတ်။ သူ့ဖာသာ စက်ရုံထဲမှာ အလုပ်လုပ် နေကြတာ ဆိုတော့ လမ်းမ ဆိုတာ ခွေးတစ်ကောင် ၊ ကြောင်တမြီးမှ မရှိ။ နေ့လည်လည်း ဖြစ် နေပူကျဲကျဲမှာတော့ ခွေးထက် ကြောင်ထက် မိုက်တဲ့ ကျွန်တော်တို့ နှစ်ယောက်ပဲ လမ်းမပေါ်မှာ ရှိနေသည်။ လမ်းမသိလို့ မေးစရာလည်း လူမရှိ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ လမ်းမကြီးကို ဖြတ်ကာ တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ စံပယ်လမ်း ဆိုတာကို ရှာနေခဲ့ပါသည်။ 

သို့သော် မတွေ့။ ကြာတော့ လူကလည်း မောလာပြီ။ နေကလည်း ကျနေ ဖြစ်ကာ ပို၍ပူကာ လာပြီ။

“ ဟေ့ကောင် မရောက်သေးဘူးလား။ မင်း သေချာရော မှတ်မိရဲ့လား။ “

“ မရောက်တာ ကြာတော့ မမှတ်မိတော့ပါဘူး ဆို မင်းကလဲ။ လူ တစ်ယောက်ယောက် တွေ့ရင် မေးကြမယ်ကွာ။ ခဏလေး တောင့်ခံထားစမ်းပါ။ “

သြ . . . သူကတော့ သူ့ အပူနဲ့ သူ ဆိုတော့ တောင့်ခံနိုင်ပေမပေါ့။ ကိုယ်ကသာ ငထွား ဖြစ်နေရတာ။ ဒီလိုနဲ့ နှစ်ယောက်သား လိမ်ဖယ် လိမ်ဖယ်နဲ့ လျှောက်လာချိန်မှာ မျက်နှာချင်းဆိုင်ကနေ ကားတစ်စီး မောင်းလာတာ တွေ့လိုက်ရသည်။ ကုန်တင်ကား ငယ်လေး ပေမယ့် အငှားကားတော့ မဖြစ်နိုင် ၊ အိမ်မှာ လုပ်ငန်းသုံးတဲ့ ကားမျိုးပဲ ဖြစ်ပေလိမ့်မည်။ 

အခုလို နေ့လည် နေပူကြီးထဲမှာ ဆောင်းစရာ အကာအကွယ် မရှိ ၊ မေးစရာ လူမရှိနေတဲ့ အချိန်မှာ အခုလို ကားတစ်စီးကို တွေ့လိုက်ရတာ ကျွန်တော် ဝမ်းသာ မိသည်။ ဒီစက်မှုဇုံထဲကို လာတယ် ဆိုကတည်းက သူတို့ ဒီဒေသကို ကျွမ်းကျင်နေနိုင်သည်။ ဒါဆို ကျွန်တော်တို့ သွားချင်သော နေရာကို သူတို့ကို မေးလို့ ရနိုင်၏။ 

“ ဟေ့ကောင် ရှေ့မှာ ကားတစ်စီး ၊ ဒီကားကို မေးမယ် ဆိုရင် မင်း သွားချင်တဲ့ စံပယ်လမ်းကို သိနိုင်တယ်။ မေးကြည့်ကြရအောင် . . “

ကျွန်တော့် အကြံပြုချက်ကို သူငယ်ချင်းကလည်း အမောတကောဖြင့် ဝမ်းပန်း တသာ လက်ခံသည်။ အဝေးမှ မောင်းလာသော ကားက ကျွန်တော်တို့ကို မြင်တော့ အရှိန်လည်း အနည်းငယ် လျော့သွားလေသည်။ မထူးဘူး ဆိုကာ ကျွန်တော်ကလည်း အနီးနား ရောက်လာရင် လက်တားက မေးမည်ဟု တွေးထားလိုက်သည်။ 

ဒါပေမဲ့ ကျွန်တော်တောင်မှ လက်မတားရသေးပါ။ ထိုကားလေးက ကျွန်တော်တို့ ဘေးနား အရောက်မှာ ရပ်ကာ သွားသည်။ ဘေးနားမှာ ရပ်သွားတော့ ခေါင်းခန်းမှာ ကားမောင်းလာသော ဦးလေးကြီးက ခေါင်းထွက်လာကာ . . . 

“ ငါ့တူတို့ . . . “

ဟုခေါ်လေသည်။ ဗျ . . . ဟု ကျွန်တော်တို့ မထူးဘဲ သူ့ကိုပဲ ပြောပါ ဆိုသော ပုံစံဖြင့် ခေါင်းဆတ်ပြလိုက်သည်။ ဒီတော့ သူက ကျွန်တော်တို့ကို ကြည့်ကာ ပြောလေသည်။ 

“ ဒီ စက်မှုဇုံထဲမှာ သစ္စာလမ်းဆိုတာ ဘယ်နားမှာလဲ။ ဦးက ဒီကို အခုမှ ရောက်ဖူးတာ ဆိုတော့ ရှာရင်းနဲ့ လည်နေလို့ . . . ဒီမှာကလည်း မေးစရာ လူက မရှိဘူးလေ။ ငါ့တူတို့ကို တွေ့တာ အတော်ပဲ။ “

ဟာ ခနဲ စိတ်ထဲမှာ ဖြစ်ပြီး စိတ်ထဲမှာလည်း ထောင်းခနဲ အချဉ်ပေါက်သွားမိသည်။ ထိုဦးလေးကြီးကိုတော့ မဟုတ်ပါ။ မသိလို့ မေးပါမယ် ဆိုနေမှ ကိုယ့်ကို လာမေးတဲ့ လူနဲ့ တွေ့ရလေခြင်း ဆိုပြီးတော့ပါ။ ဒါပေမဲ့ သူ့ကိုတော့ ကူညီချင်ပါတယ်။ သို့သော် ကျွန်တော်ကလည်း မသိဘူး ဖြစ်နေပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ရပ်ကွက်က လမ်းတွေလို စီထားတာ ဆိုရင်တော့ သစ္စာလမ်း ဆိုတာ အခု ရောက်နေတဲ့ ကျွန်းရွှေဝါလမ်းပြီးရင် ဟိုဘက် အဆုံးမှာ ဖြစ်နေနိုင်သည်။ 

“ ကျွန်တော့် အထင်တော့ ဟိုးဘက် လမ်းဆုံးမှာ ဖြစ်လိမ့်မယ် ဦးလေး။ “

“ ဟုတ်လား ကျေးဇူးပါပဲကွယ်။ နေပူက အရမ်းပူတော့ သွားရတာ မသက်သာဘူးလေကွယ်။ “

“ သြော် ဟုတ်တာပေါ့။ “

ကျွန်တော်လည်း စကားဆုံးရော ထိုဦးလေးကြီး ကားကို မောင်းကာ ကျွန်တော် ညွှန်ပြတဲ့ ဆီကို ထွက်သွားလေတော့သည်။ သူ့အထင်မှာတော့ ကျွန်တော်တို့ကို ဒီနားက လူတွေလို့ ထင်သွားပုံ ရတယ်။ သူက ကားထဲကတောင်မှ ပူနေတယ် ဆိုတော့ ကျွန်တော်တို့ လမ်းမပေါ်မှာ လျှောက်နေတဲ့ သူတွေ ဘယ်လောက် ပူမလဲ သူ တွေးကြည့်ပုံ မရဘူး။ 

တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး ကျွန်တော်နဲ့ သူငယ်ချင်း ဆက်လျှောက်လာခဲ့ကြ၏။ ဟိုလမ်းကြည့်လိုက် ဒီလမ်းကြည့်လိုက်နဲ့ သူရှာနေသော စံပယ်လမ်းကိုလည်း အခုထိ မတွေ့သေး။ နောက်ထပ် မိနစ် နှစ်ဆယ်လောက် ကြာတော့ ကျွန်တော်တို့ နောက်ကနေ ကားတစ်စီး မောင်းလာသံကို ကြားလိုက်ရသည်။ မေးဖို့ ကားတစ်စီးတော့ လာပြီ ဆိုပြီး လှည့်ကြည့်လိုက်တော့ ခုနက ကျွန်တော်တို့ကို မေးကာ ဖြတ်သွားသော ကားလေးကို တွေ့လိုက်ရသည်။
ကားလေးက ကျွန်တော်တို့ အနားကို ရောက်တော့ ဒေါသတကြီး ဘရိတ်အုပ်ကာ ၊ ကားထဲက လူကြီးက ခေါင်းထွက်လာပြီးတော့ . . . 

“ မင်းတို့ကွာ တော်တော် ဒုက္ခပေးတယ်။ မင်းတို့ ပြောလိုက်တဲ့ လမ်း အဆုံးထိ မောင်းသွားပြီးတော့ ဟိုဘက်မှာ ဘာမှ မရှိတော့ဘူး။ အဲဒီ့နားက ကွမ်းယာဆိုင်လေးကို မေးကြည့်တော့ သစ္စာလမ်း ဆိုတာ မင်းတို့ ပြတဲ့ နေရာရဲ့ ဆန့်ကျင်ဘက်မှာတဲ့။ မင်းတို့ ငါ့ကို အရူးလုပ်လိုက်ပြီ လို့ ပြောနေကြတယ်။ တော်တော် ဆိုးတဲ့ ကောင်တွေကွာ။ “

“ ကျွန်တော်တို့ အရူး လုပ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း ဧည့်သည်တွေပါပဲ။ အဲဒီ့ဘက်မှာ ထင်လို့ ပြောလိုက်တာပါ။ ဆောရီးပဲ ဦးလေး။ “

“ မသိရင်လည်း မသိဘူးပေါ့ကွာ။ လူကို အရူးလုပ်ဖို့တော့ မကောင်းဘူးပေါ့။ ငါ့မှာ နေက ပူရတဲ့ အထဲ . . . “

“ အရူးလုပ်တာတော့ တကယ် မဟုတ်ပါဘူး။ ထင်တာကို ပြောမိတာပါ။ အထင်ဆိုတော့လည်း ဦးရယ် လွဲနိုင်တာပေါ့။ အထင် ဆိုတာ လွဲတတ်တယ် မဟုတ်လား။ “

ကျွန်တော့် စကားလည်း ဆုံးရော ထိုဦးလေးကြီး ကားကို အရှိန်ပြင်းပြင်းနဲ့ ဒေါသတကြီး မောင်းထွက်သွားပါတော့သည်။ ကျွန်တော်တို့ အရူးလုပ်လိုက်တာတော့ မဟုတ်တာ ကျွန်တော် အသိဆုံးပါ။ ဒါပေမဲ့ အထင်ကိုတော့ ပြောလိုက်မိပါသည်။ အဲဒီ့ အထင်က လွဲသွားတော့ မှားသွားတာပါ။ 

" အထင်ဆိုတာ လွဲနိုင်တယ် " မဟုတ်ပါလား။ 



ကျွန်တော် အခု ရောက်နေတဲ့ နေရာက . . . ကျွန်တော်တို့ မိခင် မြန်မာဘာသာ စကားကို အဓိက သုံးတဲ့ နိုင်ငံ မဟုတ်ပါဘူး။ အင်္ဂလိပ် လိုနဲ့ တရုတ်လိုသာ အဓိက ပြောသော နိုင်ငံ တစ်ခုကို ကျွန်တော် ရောက်နေခဲ့သည်။ ပြီးတော့ ဒါဟာ ကျွန်တော့်ရဲ့ ဒီနိုင်ငံကို ပထမဦးဆုံး ရောက်ဖူးသော အခေါက် . . . 

မာမီ့ဆီကို ဖုန်းဆက်တော့ မာမီက . . . . 

“ သားဇော် . . . Jurong East ဘူတာကို ရောက်အောင် လာခဲ့။ အဲဒီ့ကနေ အပြင်ကို ထွက်ပြီးတော့ ကားနံပါတ် 182 / 96 / 18 အဲဒါတွေ စီးလာခဲ့ရင် သုံးမှတ်တိုင်ပဲ စီးရတယ်။ အဲဒီ့နား ရောက်ရင် ထပ်ဆက်လိုက် သားဇော်။ “

လို့ ဆို၏။ ဘတ်စ် မှတ်တိုင် တစ်ခုရဲ့ နာမည်ကိုလည်း ရွတ်ပြ၏။ ကျွန်တော် မှတ်ထားလိုက်သည်။ 

ကျွန်တော် စင်ကာပူကို ခဏ ရောက်တော့ မာမီကလည်း စင်ကာပူကို ရောက်နေသည်။ ကျွန်တော် ရောက်နေတယ် ဆိုတာနဲ့ လာခဲ့ဖို့ ပြောတော့ ကျွန်တော် သွားဖို့ ဖုန်းဆက်ခြင်း ဖြစ်သည်။

“ ဟုတ်ကဲ့ မာမီ။ ဒါဆို သား ၃ နာရီလောက် လာခဲ့မယ်။ “

ဟု ဆိုကာ ကျွန်တော် ဖုန်းချကာ သွားဖို့ ပြင်ဆင်နေမိသည်။ မာမီ ( အန်တီတင့် ) ဆီက အပြန် အပြင်ကိုလည်း သွားစရာ ရှိတော့ လိုတာတွေကိုလည်း ထုပ်ပိုးရ၏။ ပြီးတော့ ရေချိုးကာ ထွက်လာခဲ့လေသည်။ ကျွန်တော် ခေတ္တ တည်းခိုရာ နေရာနှင့် ဂျူတောင်းအိ့စ်က သိပ်မဝေးလှပေမယ့်လည်း မိနစ် ၃၀ လောက် စီးရသည်။ 

ဂျူတောင်းအိ့စ်ကို ရောက်တော့ ဘူတာ အပြင်ကို ထွက်လာလိုက်သည်။ စင်ကာပူမှာ ဘတ်စ် မစီးဖူးသေး။ သူတို့ရဲ့ အထာ ဘယ်လို ရှိလဲ မသိပေမယ့် သိပ်တော့ ထူးခြားလိမ့်မယ် မထင်။ ဘတ်စ်ဝန်းထဲကို ရောက်တော့ ကိုယ်စီးချင်တဲ့ ကားနံပါတ်ကို ရှာလိုက်သည်။ တွေ့ပြီ။ ကားသုံးစင်း ရောက်တယ် ဆိုပေမယ့် 182 ကိုပဲ စီးတော့မယ် လို့ ဆုံးဖြတ်ကာ သူလာရပ်မယ့် နေရာမှာ တန်းစီနေလိုက်သည်။ ငါးမိနစ် သာသာမှာ ဘတ်စ်တစ်စီး လာဆိုက်သည်။ တစ်ယောက်ချင်း တက်လိုက်ပြီး ကားပေါ်ရောက်မှ ကားသမားကို မာမီပြောတဲ့ ကားမှတ်တိုင် နာမည်ကို ပြောတော့ သူက နောက်ထပ် သုံးမှတ်တိုင်လို့ ဆိုသည်။ 

အေးအေးဆေးဆေးပဲ ထိုင်စီးလာပြီး သုံးမှတ်တိုင် မြောက်တော့ ကျွန်တော် ခလုတ်နှိပ်ကာ ဆင်းလာခဲ့သည်။ မှတ်တိုင် ရောက်မှ မာမီကို ဖုန်းဆက်ကာ တိုက်နံပါတ်နှင့် အခန်းနံပါတ်ကို ထပ်မေးပြီး သွားလိုက်သည်။ ပြီးတော့ မာမီ နှင့် တွေ့သည်။ မာမီကလည်း ဆူရှီ လုပ်ထား၏။ စကားတွေပြော ဆူရှီလည်း စားပေါ့။ ခဏနေတော့ ကျွန်တော် နှုတ်ဆက်ကာ ပြန်လာခဲ့သည်။

အဖြစ်အပျက်က အခုမှ စပါတော့သည်။ 

ကျွန်တော့် အထင် ဂျူတောင်းအိ့စ်ကနေ မာမီဆီကို သုံးမှတ်တိုင် စီးရသော ကား ဒီမှတ်တိုင် ဒီဘက် အခြမ်းမှာ ရပ်သည်။ ဒီကားကိုပဲ ကျွန်တော် ဟိုဘက် အခြမ်းကနေ ပြန်စီးသွားရင် ဂျူးတောင်းအိ့စ်ကို ပြန်ရောက်လိမ့်မယ်လို့ ထင်ထားခဲ့မိ၏။ 

ဒါကြောင့် မာမီ့ အိမ်က ပြန်လာတော့ အလာတုန်းက ကျွန်တော် ဆင်းခဲ့တဲ့ ကားမှတ်တိုင်ရဲ့ တခြား တစ်ဘက်ကနေ ကျွန်တော် ကားစောင့်ကာ စီးဖို့ ပြင်နေမိသည်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ရောက်တဲ့ ကား သုံးစီး ရှိတဲ့ အထဲက အလာတုန်းက ကျွန်တော် စီးလာသော 182 ကားနံပါတ် ကားတစ်စင်း ဝင်လာသည်။ အလာတုန်းက အတိုင်းပဲလို့ ထင်ပြီး ကျွန်တော် တက်စီးခဲ့မိသည်။ ကားပေါ်တက်စီးပြီး ပထမမှတ်တိုင်ကို ရပ်အပြီးမှာတော့ ကားက အလာတုန်းက လမ်းဘက်ကို မကွေ့ဘဲ တခြားဘက်ကို ကွေ့သွားတယ် ဟု ကျွန်တော် ထင်နေမိသည်။ 

ဒါပေမဲ့ တစ်လမ်းမောင်းကြောင့်လား ဟု ထင်ကာ ကျွန်တော် ထိုင်လိုက်သွားမိသည်။ ဒါပေမဲ့ အလာတုန်းက အချိန် ဒီလောက် မကြာပေမယ့် အခု အလာတုန်းက ထက် ပိုကြာနေပြီ ဟု စိတ်ထဲက ပိုထင်လာနေမိသည်။ လမ်းတွေကလည်း အလာတုန်းက လမ်းတွေ မဟုတ်တော့။ စိတ်ထဲက ရှင်းသွားအောင် ဒရိုင်ဘာကို သွားမေးလိုက်တော့မှ သူက ဒီကားက ဒီလမ်းကြောင်း အတိုင်း မောင်းတာ မဟုတ်ဘူး။ ဒါက ပတ်ကားလို့ ပြန်ဖြေသည်။ 

“ ဟာ “ ခနဲ ဒီတော့မှ ကျွန်တော် ဖြစ်ကာ ဂျူတောင်းအိ့စ်ကို ဘယ်လို သွားရလဲ ဆိုတော့ သူက အခု ရပ်မယ့် မှတ်တိုင်မှာ ဆင်း ၊ ပြီးတော့ ဟိုဘက်ကနေ 155 ကို စီးလို့ ဆိုတယ်။ သူ ပြောသလို ဆိုတော့ ကျွန်တော် မှတ်တိုင်မှာ ဆင်းလိုက်ရသည်။ သို့သော် သူပြောတဲ့ ကားက မိနစ် ၂၀ ကျော်သည့် အထိ တစ်စီးမှ မလာ။ ဒါနဲ့ မှတ်တိုင်မှ လူတချို့ကို မေးကြည့်တော့ သူတို့ဖြေတာ ရှင်းသည်။ 

“ I Don’t know. “

ဒါနဲ့ ထိုပတ်ဝန်းကျင်မှာ နေတယ်လို့ ထင်ရတဲ့ လူတွေကို လိုက်မေးကြည့်တော့ တချို့က ဒီဘက်အခြမ်းကနေ စီးသွားရတယ်လို့ ပြောပြီး ၊ တချို့ကျတော့ ဟိုဘက် အခြမ်းကနေ သွားပြောင်းစီးလို့ ဆိုသည်။ ဒါပေမဲ့ သူတို့ ပြောတဲ့ စီးသွားရမယ့် ကားနံပါတ်တွေက မတူပြန်ဘူး။ ဒါကိုမှ သေချာအောင် ထပ်မေးလိုက်ရင်တော့ သူတို့ ပြန်ပြောတာ တစ်ခွန်းထဲ တစ်သံထဲ . . . 

“ I Don’t know. “

ကျွန်တော့်မှာ ဟိုဘက်မှာလည်း ချိန်းထားတဲ့ နောက်တစ်ယောက်နဲ့ ကိစ္စ တစ်ခု အတွက် သွားစရာ နေရာ တစ်ခုကလည်း ချိန်းထားပြီးသား ဖြစ်ပြီ။ မကျွမ်းကျင်တဲ့ နေရာမှာ ပထမဦးဆုံး ဘတ်စ်စီးပြီး ရောက်ဖူးနေတာ ဖြစ်လို့ သေချာအောင် မေးရင်းကကို ပိုကြာနေ၏။ တက္ကစီ စီးမယ် ဆိုတာတောင်မှ ဘယ်တက္ကစီမှ မလာ။ အတွင်းရောက်ပြီး ကားပြတ်သော နေရာ ဖြစ်နေ၏။ ဘယ်ကို ၊ ဘယ်ဘက်ကို ပြန်စီးရမှန်း မသိဖြစ်နေချိန်မှာ ဆုံးဖြတ်လိုက်တာတော့ ခုနက တက်စီးလာတဲ့ နေရာကို ပြန်စီးသွားပြီးတော့ ပြန်မေးစီးတာ ပိုကောင်းမယ်လို့ စဉ်းစားနေချိန်မှာ လက်ထဲမှာ အထုပ်လေး ဆွဲပြီး လမ်းလျှောက်လာတဲ့ ကောင်လေး တစ်ယောက်ကို မြင်လိုက်ရ၏။ 

သူ့ပုံစံက ဒီနား ပတ်ဝန်းကျင်မှာ နေထိုင်တယ် ဆိုတာ မြင်ကတည်းက သိသာလွန်းသည်။ အိမ်နေရင်း အဝတ်အစား နဲ့ ဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဝတ်စားထားသောကြောင့် ကျွန်တော် ကောက်ချက်ဆွဲလိုက်တာ ဖြစ်သည်။ သူ့ကို မေးရင်တော့ သိမှာပဲ လို့ ကျွန်တော့် စိတ်ထဲက ထင်နေမိသည်။ သူ့နားကို သွားပြီးတော့ သူ့ကို လက်ပြတားက ဒီကနေ ဂျူတောင်းအိ့စ်ကို ဘယ်လို သွားရလဲလို့ မေးလိုက်မိသည်။ 

ကျွန်တော် မေးလိုက်တော့ သူ့မျက်နှာမှာ ထူးခြားသော အရောင်များ ဖြတ်ပြေးသွားတာ ကျွန်တော် မသိမသာ မြင်လိုက်ရသည်။ သို့သော် ဘာမှန်းတော့ ကျွန်တော် မသိ။ ကျွန်တော်ကလည်း ကိုယ့်ဖာသာ သွားစရာ ကိစ္စကို စိတ်က ရောက်နေခဲ့တယ် မဟုတ်လား။ သူက ကျွန်တော့်ကို ပြောတာကို နားထောင်ပြီးတော့ ပြန်ပြောပါသည်။

“ ငူဝမ့်ဂူ ဂိုး ဂူတောင်းဂေ့စ် . . ဝိုက် . .” 

အဲဒီမှာမှ ကျွန်တော် ဟာခနဲ ဖြစ်သွားပါတော့သည်။ ကျွန်တော် သွားမေးမိသူက လျှာခင်ကွဲကာ အသံမပီသော ၊ အသံထွက်အောင် မနည်းကြိုးစား ပြောနေရသူ ဖြစ်နေခဲ့သည်။ သူ့ပုံစံက ရိုးရိုး အမြင်မှာ ထင်စရာ မရှိတော့ ကျွန်တော် မထင်ဘဲ မေးခဲ့တာပါ။ ဒါပေမဲ့ သူ့မှာ သူများကို ပြန်ဖြေချင်သော စိတ်ကလည်း ရှိနေလို့ ကျွန်တော့်ကို ကြိုးစား ပြန်ဖြေခဲ့ခြင်းပါ။ 

“ မင်း ဂျူတောင်းအိ့စ် သွားချင်တာ . . . ဟုတ်တယ်နော်။ “

လို့ သူ ပြန်မေးတော့ ကျွန်တော့် သူ့ကို အားနာ သနားသွားပြီး ခေါင်းသာ ငြိမ့်ပြီး အဖြေပေးမိပါတော့သည်။ သူက . . 

“ ဒိဝေး ဒုတ်ဝိုး . . . ယူဝိုး အာတားဆိုက် အန် ဘတ် နံပါ ဝမ်းချစ်တူး . . ယူဝိုး . . . သရီးဘတ်စ် စတော့ ဒိုးအောက် . . .နိတ် ဘတ် ချိန်း . . ဘတ် နံပါ နိုင်းတီတူး . . . ဆိုး . . .ယူ အရိုက်ဗင်း ငူတောင်းဂေ့စ် “

သူကသာ အားကြိုးမာန်တတ် ပြောနေပေမယ့် ကျွန်တော် သူပြောတာကို နားထောင်နေကျ မဟုတ်တော့ နားမလည်ဘူး။ သားမကျဘူးလို့ ဆိုရမယ်။ ကျွန်တော် နားမလည်တာကို သိတော့ သူက . . . 

“ ခမ်း . . ခမ်း . . .” 

ဆိုပြီး ကျွန်တော့် လက်ကို ဆွဲကာ ဟိုဘက် လမ်းတစ်ဘက်ကို ကူးလိုက်ပါသည်။ ပြီးတော့ “ ဝိတ်ခီးယား “ ဟု ဆိုကာ ကျွန်တော်နဲ့ အတူတူ ဘတ်စ် မှတ်တိုင်မှာ ရပ်စောင့်ပေးနေသည်။ ခဏကြာတော့ ကားနံပါတ် 162 လာတော့ သူက “ ယူဝိုး . . .ယူဝိုး “ ဟု ဆိုကာ ကျွန်တော့်ကို တက်ခိုင်းတော့သည်။ ပြီးတော့ အနောက်ကနေ “ နိတ် တရီး ဘတ် စတော့ အန် ချိန်း ဘတ် နံပါ နိုင်းတီတူး “ လို့ သူ ပြောလိုက်ချိန်မှာတော့ ကျွန်တော် သဘောပေါက်သွားခဲ့ပါပြီ။

သူ ပြောချင်တာ . . . . 

“ ဟိုဘက် ကားလမ်းကူး စောင့်နေ ၊ ကားနံပါတ် 162 လာရင် တက်စီးပြီးတော့ သုံးမှတ်တိုင်မှာ ဆင်းပြီးရင် နောက်ထပ် ဘတ်စ် နံပါတ် 92 ကို ပြောင်းစီးလို့ ပြောချင်တာပါ။ “

သူ့ဆိုလိုချင်တာက ကျွန်တော် သဘောပေါက်တဲ့  အချိန်မှာ ကျွန်တော် ဘတ်စ်ပေါ်ရောက်လို့ ဘတ်စ်က တံခါး ပိတ်နေပါပြီ။ သူ့ကို ကျေးဇူးတင်ကြောင်း ပြောဖို့ အသံ မကြားနိုင်တော့ပေမယ့် ကျွန်တော် ဘတ်စ်ထဲကပဲ သူ့ကို အသံ မထွက်ဘဲ “ သိုင်းကျူး “ လို့ လှမ်းပြောလိုက်ပါသည်။ ကျွန်တော်လည်း ပြောပြီး ဘတ်စ်က စတင် မောင်းပါတော့သည်။ 

မရောက်ဖူးတဲ့ နေရာမှာ မျက်စိလည်နေတဲ့ လူတစ်ယောက် အဖို့ ကျွန်တော် ပတ်ဝန်းကျင်တွေကို သေချာ ကြည့်နေရင်း ကူညီပေးခဲ့သော ထိုကောင်လေးကို သတိတရ ကျွန်တော် တစ်ချက် ပြန်လှည့်ကြည့်လိုက်တော့ သူက ကျွန်တော်လည်း ကားပေါ်တက်ပြီးရော သူက အနောက်ဘက်က တိုက်ခန်းတွေ ရှိတဲ့ အုတ်လှေကားပေါ်ကို ပြေးတက်သွားတာ တွေ့လိုက်ရသည်။ ဒါတင် မကသေးဘူး သူက တိုက်တန်းလျားကို ရောက်တော့လည်း မရပ်သေးဘဲ ဆက်ပြေးကာ တိုက်တွေ ကြားထဲကို ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။

သူ ဒီလို ပြေးသွားတာကို ကြည့်နေရင်းနဲ့မှ ကျွန်တော် ဟိုး အရင်က လှိုင်သာယာ စက်မှုဇုံမှာ သူငယ်ချင်းနဲ့ သွားရင်းနဲ့ စိတ်ထဲမှာ ထင်တဲ့ လမ်းကို လျှောက်ပြောမိတာကို သွားသတိရမိသည်။

“ ဟာ . . . ဒါဆို င့ါကို သူ့စိတ်ထဲ ထင်တာ လျှောက်ပြောပြီး လွှတ်လိုက်တာလား မသိဘူး။ “

ဟု ဆိုကာ စိတ်ထဲမှာလည်း ပူသွားမိသည်။ သို့သော် ထူးတော့ မထူးတော့ ရောက်လက်စ ၊ စီးလက်စနဲ့ သူပြောသလို စီးသွားမယ်။ အခုလို အတွင်းလမ်းထဲကနေ အပြင် လမ်းမကြီးပေါ်ကို ရောက်မှ ငါ့ဖာသာ တက္ကစီ ငှားစီးသွားမယ် လို့ တွေးလိုက်မိသည်။ ငါ့မှာတော့ သူ့ကို လျှာခင်ကွဲပြီး စကားမပီသူ ဆိုပြီးတော့ သနားနေလိုက်ရတာ သူကတော့ ငါ့ကို ကားပေါ်တင်ပေးပြီးတော့ တခါတည်း လှည့်ပြေးသွားတော့တာပဲ ဟု စိတ်ထဲမှာ တွေးထင်ကာ ကျွန်တော် နည်းနည်းတော့ ဒေါသထွက်နေမိသည်။ 

ကျွန်တော် စီးလာတဲ့ ဘတ်စ်က အတွင်း ပတ်လမ်းတွေကနေ လမ်းမကြီးပေါ်သို့ တက်လာခဲ့သည်။ ပြီးတော့ ဒုတိယမြောက် မှတ်တိုင်မှာ ရပ်လေသည်။ ဒါဆို ငါ အခု ထပ်ရပ်မယ့် မှတ်တိုင်မှာ ဆင်းရမှာပဲ ဟု ဆိုကာ ထိုကောင်လေးပြောခဲ့တဲ့ တတိယမြောက် မှတ်တိုင်မှာ ဆင်းဖို့ အသင့်ပြင်ကာ ဘဲလ်ကို နှိပ်လိုက်၏။ 

ကားက မှတ်တိုင်မှာ ရပ်ပြီး ဆင်းရန် တံခါးဖွင့်ပေးတော့ ကျွန်တော်နဲ့ အတူတူ ကုလားကြီး တစ်ယောက်လည်း ဆင်းသည်။ ကျွန်တော်တို့ ဆင်းပြီးတော့ ဘတ်စ်က ဆက်ထွက်သွားတော့ ကျွန်တော်က ကျွန်တော်နဲ့ အတူတူ ဆင်းသော ကုလားကြီးကို ဒီကနေ ဂျူတောင်းအိ့စ်ကို ရောက်လားလို့ မေးတော့ သူက “ ရောက်တယ် ၊ ငါလည်း အဲဒီကို သွားမလို့ “ ဟု ပြန်ဖြေသည်။ 

ဒီလိုဆိုတော့လည်း ဟိုကောင်လေး ငါ့ကို ပြောလိုက်တာ အမှန်ပါပဲလား။ ဒါဆို ငါ ဘတ်စ်ပေါ်တက်တော့ သူက ဘာလို့ တိုက်တွေ ကြားထဲ ပြေးဝင်သွားရတာလဲ ၊ ဘာကြောင့် ပြေးသွားရတာလဲ ၊ ဘာကိစ္စများ ရှိနေလို့လဲ လို့ ကျွန်တော် တွေးနေမိသည်။ ကျွန်တော့် အထင်တော့ သူ ကျွန်တော့်ကို အရူးလုပ်ကာ တိုက်တွေ ကြားထဲ ပြေးဝင်သွားသည် ဟု ထင်နေမိသည်။ 

ဒီအချိန်မှာပဲ ဘတ်စ် တစ်စင်းကို မြင်လိုက်ရသည်။ ဘတ်စ်ရဲ့ မျက်နှာစာမှာကို ဂျူတောင်းအိ့စ် လို့ ရေးထားတာ တွေ့လိုက်ရသည်။ ကျွန်တော့် ဘေးက ကုလားကြီးကလည်း “ ဒီကား စီးလို့ ရတယ် ၊ ငါလည်း စီးမှာ “ လို့ ကျွန်တော့်ကို ကပ်ပြော၏။ အိုကေ ဒါဆို ငါလည်း စီးမယ် ဆိုပြီးတော့ ကျွန်တော် ထရပ်တဲ့ အချိန်မှာ ကျွန်တော့် ရှေ့က ကုလားကြီးက ဘတ်စ်ပေါ် အရင်တက်လေသည်။ သူ့နောက်မှ ကျွန်တော် တက်တော့မယ့် အချိန်မှာ ကျွန်တော့် အနောက်က ပြေးလာသော အသံ တစ်သံကို ကြားလိုက်ရသည်။ 

ပြေးလာသံ ကြားလို့ ကျွန်တော် လှည့်ကြည့်လိုက်တော့ အမောတကောဖြင့် လက်ထဲက ဈေးဝယ်လာတာလေး ကိုင်ထားသော ၊ ခုနက ကျွန်တော့်ကို လမ်းညွှန်လိုက်သော ၊ စကားမပီသော ကောင်လေးကို မြင်လိုက်ရသည်။ သူက ကျွန်တော့်ကို မြင်တော့ . . . . ပြီးတော့ ကျွန်တော် နှင့် အတူ . . . . ရပ်ထားသော ကျွန်တော် တက်မလို လုပ်နေသော ဘတ်စ်ကို မြင်တော့ . . . 

“ ဒိဘတ် ဒိဘတ် . . . ယူကန်ရိုက် “

“ ဒီဘတ်စ် မင်း စီးသွားလို့ ရတယ်။ “ လို့ အမောတကောဖြင့် လှမ်းအော်ပြော၏။ 

အဲဒီ့ အချိန်မှာ ကျွန်တော့် ခန္ဓာကိုယ် တစ်ခုလုံး ဘယ်လို ဖြစ်သွားမှန်း မသိ ဖြစ်သွားမိသည်။ အေးနေရာမှ ရုတ်တရက် မီးမြှုက်ခံလိုက်ရသလို ၊ ပူနေရာမှ ရေခဲရေ နှင့် အပက်ခံလိုက်ရသလို ဖြစ်သွားမိသည်။ သူရယ် ကျွန်တော်ရယ်သာ သိခဲ့သော အဖြစ်အပျက်မှာမှ ကျွန်တော့်ဖာသာသာ သိသော အထင်မှားခြင်းကို ကျွန်တော် ရှက်ရွံစွာ ခံစားလိုက်ရသည်။ 

တကယ်တော့ သူက ကျွန်တော် ဘတ်စ်ပေါ်တက်သွားပြီး တိုက်တွေကြားထဲ ဝင်ပြေးသွားခြင်းဟာ အတွင်း ပတ်လမ်းကနေ အထွက် ကျွန်တော် ဘတ်စ်မှားစီးမှာ စိုးလို့ သူက အတွင်း တိုက်တွေ ကြားထဲကနေ ပြေးပြီး ကျွန်တော် ဆင်းမယ့် သုံးမှတ်တိုင် ကားဂိတ်ကို အမှီလိုက်လာကာ နောက်ထပ် ပြောင်းစီးမယ့် ဘတ်စ်ကို ပြောပြချင်၍ မျှသာ ဖြစ်ပါသည်။ သို့သော် ကျွန်တော်ကတော့ ဟိုးအရင်က ကျွန်တော် သူများကို အထင်နဲ့ ပြောထားမိသလို ကိုယ့်စိတ်နဲ့ နှိုင်းကာ ငါ့ကိုတော့ ချောက်တွန်းပြီ ၊ အရူးလုပ်ပြီ ဆိုကာ ထင်လိုက်မိခြင်းပါ။

ဘယ်သူမှ မသိဘူး ဆိုပေမယ့် ကျွန်တော် စိတ်ထဲမှာ သူ့အပေါ် အထင်မှားခဲ့ခြင်းကို ကျွန်တော် ကိုယ်တိုင် သိနေခဲ့ပါပြီ။ ကျွန်တော် တက်တော့မယ့် ဘတ်စ်ကို တောင်းပန်ပြီးတော့ မလိုက်တော့ဘူး ဟု ဆိုကာ လက်လှမ်းပြလိုက်ပါသည်။ ဒရိုင်ဘာက ဘာမှန်း မသိပေမယ့် မလိုက်တော့ဘူး ဆိုတော့လည်း တံခါးပိတ်က ဆက်ထွက်သွားတော့သည်။

“ ဝှိုင်း . . ဝှိုင်း . . “

သူက ကျွန်တော့်ကို မေးရင်း မောရင်းနဲ့ ကျွန်တော့်နား ရောက်လာခဲ့သည်။ ကျွန်တော့် သူ့ကို ဘာမှ ပြန်မပြောဖြစ်ပါ။ ပြုံးပြပြီးမှ 

“ ငါ ရေသောက်ချင်နေလို့ပါကွာ။ နောက်ကားမှ လိုက်မယ် ကားရှိနေသေးတယ် မဟုတ်လား။ “

ဆိုတော့ သူက ခေါင်းငြိမ့်ပြသည်။ ကျွန်တော် ကားမှတ်တိုင်ရဲ့ အပေါ်မှာ ရှိနေသော ဆိုင်လေးမှ Coke နှစ်ဗူး ဝယ်ကာ သူ့ကိုလည်း တစ်ဗူးပေးလိုက်၏။ သူက ပထမတော့ မယူ။

“ ငါ ဘတ်စ်ပေါ်ကို မတက်ဘဲ ဆင်းနေခဲ့တဲ့ အထဲမှာ မင်းကို ကျေးဇူးတင်စကား မပြောခဲ့ရသေးလို့လည်း ပါတယ်။ “

လို့ ပြောရင်း အအေးကို ထပ်ပေးတော့မှ သူက ယူသောက်ပါသည်။ 

အအေးသောက်နေရင်း သူ့ကို ကျွန်တော် ကြည့်နေမိသည်။ တချို့လူတွေ ပြောပြောနေတဲ့ ဟန်ဆောင်ပြုံးတွေပဲ ရှိသော နိုင်ငံ ၊ တစ်ယောက်နှင့် တစ်ယောက် စက်ရုပ် ဆက်ဆံမှုတွေပဲ ရှိသော နိုင်ငံ ၊ ကျေးဇူးတင်စကား လွယ်လွယ် ပြောသော နိုင်ငံ ဆိုတာတွေကို ဟိုးအရင်ကလည်း ကျွန်တော် လက်မခံခဲ့သလို ၊ အခုလည်းပဲ လက်မခံပါဘူး။ လူဆိုတာ နေရာတိုင်းမှာ ကောင်းသူရော ဆိုးသူတွေပါ ရှိတတ်ကြတာ သဘာဝပဲ မဟုတ်ပါလား။ 

သိပ်စကားများများ မပြောရသေးခင်မှာပဲ ကျွန်တော် စီးမယ့် ဘတ်စ် နောက်ထပ် တစ်စီး ဆိုက်လာခဲ့သည်။ သူ့ကို ကျွန်တော် သေချာ လက်ဆွဲနှုတ်ဆက်ပြီး ကျေးဇူးတင်စကား ပြောတော့ သူက . . . 

“ နဲဗားမိုင်း . . ဝဲခမ်း . . . “

လို့ပဲ မပီကလာ ထပ်ပြော၏။ 

ကျွန်တော် ဂျူတောင်းအိ့စ်ရောက်ပြီး MRT ထဲ ဝင်ကာ နောက်ထပ် ထပ်စီးပြီး ပိုင်အိုးနီးယားကို ရောက်တော့ ချိန်းထားသူနဲ့ တော်တော်ကို နောက်ကျနေခဲ့ပြီ။ ဘာကြောင့် နောက်ကျတာလဲလို့ စောင့်နေသူက မေးတော့ ကျွန်တော် ဖြစ်ကြောင်း ကုန်စဉ် ပြောပြဖြစ်၏။ ကျွန်တော် ပြောသမျှကို နားထောင်ပြီးတော့ စောင့်နေသူကလည်း ကျွန်တော့် ရင်ထဲက ခံစားမှုကို မျှဝေခံစားပေးပါသည်။ သူစောင့်ဆိုင်းနေရခြင်း အပေါ်မှာလည်း မည်သို့မှ ခံစားရပုံ မပေါ် ၊ လမ်းခရီးမှာ တစ်ခုခုကြောင့် ကြာနေတယ်လို့သာ ခံယူထားပုံ ရ၏။ ကျေးဇူးတင်စရာပါပဲ။ 

နောက်တော့ ကျွန်တော်တို့ သွားစရာ ရှိသော ကိစ္စကို ဆက်သွားဖြစ်ခဲ့သည်။ သို့သော် ကျွန်တော် ထိုနေ့ကို မေ့မရတော့ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် သူ့အပေါ်မှာ ထင်နေသော အထင်ဟာ လွဲနေသောကြောင့် ဖြစ်ပါသည်။



အခုတလော ကျွန်တော်နဲ့ ပတ်သတ်သော လူများကို ကျွန်တော် အမြဲတမ်းလိုလို ပြောနေကျ စကားလုံး တစ်ခု ရှိပါသည်။ အကြောင်းကိစ္စ ရှိတိုင်း ကျွန်တော် သုံးနှုန်းလေ့ ရှိသည်။ ဒီစကားလေးကတော့ . . . . . . 

“ အထင်ဆိုတာ လွဲနိုင်သည်။ “

လေးစားစွာဖြင့်
ကိုဇော်



နောက်ဆက်တွဲ. . .

ကျွန်တော် စာမရေးဖြစ်တာ အတော်ကို ကြာခဲ့ပါပြီ။ စာမရေးဖြစ်ဘူး ဆိုတာထက် စာတွေ မတင်ဖြစ်တာပါ။ စိတ်ကူးပေါ်ရာ ဟိုဟိုဒီဒီလေးတွေတော့ ရေးဖြစ်ပါတယ်။ ဘလော့မှာ မတင်ဖြစ်ခြင်းပါ။ ဒီ့အတွက် ကိုဇော်တော့ မြန်မာနိုင်ငံ ပြန်သွားပြီးကတည်းက စာ မရေးတော့ဘူး။ ဘလော့ကို မေ့နေပြီ။ ဘလော့ကို ပစ်သွားပြီ လို့ တချို့က ထင်ကာ ကျွန်တော့်ကို “ စာဆက်ရေးပါဦး ၊ ဘလော့ မရေးတော့ဘူးလား။ “ ဟု အားပေး မေးမြန်းကြပါသည်။ 

စာရေး အားပေး မေးမြန်းသူများကို ကျွန်တော် လေးစားစွာ ပြန်ပြောချင်တာ တစ်ခုပဲ ရှိပါတယ်။ 

“ ဟုတ်ကဲ့ ကျွန်တော် ၉ လလောက် စာတွေ မတင်ဖြစ်ပေမယ့် ကျွန်တော် စာမရေးတော့ဘူး ဆိုတဲ့ အထင် မဟုတ်ပါဘူး။ ကျွန်တော် စာတွေ ရေးဖြစ်ပါတယ်။ ဘလော့ပေါ်မှာ မတင်ဖြစ်တာပါ။ အခုတော့ အားရင်း အားသလို ကျွန်တော် စာတွေ ပြန်ရေးကာ ဘလော့မှာ တင်ပါ့မယ်။ “

ကျွန်တော့် စာမရေးတော့ဘူးလို့ ထင်နေသူတွေကို လေးစားစွာ ပြန်ပြောချင်တာကတော့ . . . . 

“ အထင် ဆိုတာ လွဲနိုင်သည်။ “

လေးစားစွာဖြင့်
ကိုဇော်

Share/Bookmark