မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 February 2010

4 အပြုံးများ ( ၃ ) (OR) ငါ ဘယ်လို ဆက်ဆံခဲ့လဲ



“ ၆ ကြိမ် ရှိပြီ။ ”

အခု သွားတာနဲ့ဆို ၆ ကြိမ်ရှိပြီ။ အပြင်မှာလည်း အသံထွက် ကျွန်တော် ရေရွတ်မိတယ်။ စိတ်ထဲကလည်း ရေရွတ်တယ်။ စဉ်းစားကြည့် ဒီ ကုမ္ပဏီကနေ အင်တာနက် တပ်မိကတည်းက ကျွန်တော့်မှာ မငြိမ်နေရတော့။ စက်က လွတ်လို့ ဆိုပြီး သွားရတယ်။ စင်တာခွဲတွေကလည်း မိန်းစင်တာကိုပဲ သွားပါလို့ ညွှန်တယ်။

“ တောက် သွားရတာ နီးတယ် မှတ်နေလား။ ”

တစ်ခါတစ်လေ နောက်တစ်မျိုး ပြောင်းပြောကြည့်တယ်။

“ ငါမှာ ကိုယ်ပိုင်ကား ရှိနေတယ် မှတ်နေလား မသိဘူး။ ဘတ်စ်နဲ့ သွားနေရတာ။ ”

ဒေါသတွေကလည်း အချောင်းချောင်းရော ၊ အလုံးလိုက်တွေရော ၊ အတုံးလိုက် အတစ်လိုက်တွေရော ထွက်တယ်။ ပြောလိုက်ချင်တဲ့ လျှာတွေ ၊ အာတွေလည်း ယားတယ်။

ပထမတစ်ခါ စက်က ဝါယာလက် ဆိုတော့ စက်လွတ်သွားလို့ မရဘူး။ ဒါကြောင့် လာရတယ်။ စက်လဲပေးတယ်။ ကောင်းသွားတယ် ပြန်တယ်။ ဒါပဲ အခက်အခဲ မရှိ။ ဒုတိယအကြိမ်က နာမည်မှားနေလို့ လာတာ နာမည်မှာ g တစ်လုံးပိုရေးထားတယ်။ ဒါကို လာပြောတာ ပြင်ပေးဖို့ ။ “ အင်း ” ဆိုပြီး ကွန်ပျူတာထဲ ချောက်တီး ချောက်ချက်တွေ ရိုက်ထည့်ပြတယ်။ နောက်လကျတော့လည်း ဒီအတိုင်း။ မပြောင်းသေး။

နောက်ထပ် နှစ်လလောက်ကြာတော့လည်း ဒီအတိုင်း နာမည်မပြောင်းသေးလို့ သွားပြောရတယ်။ တတိယအကြိမ်။ ဒေါသတွေက ထွက် ထွက်လာပြီ။ ဒါလည်း မပြောင်းသေး။ ဒါနဲ့ တစ်နှစ်ပြည့်တော့ ဒီစက် ပြန်အပ်ပြီး ဒီထက် ပိုမြန်တဲ့ စက်ကို ပြောင်းသုံးတော့ အခုစက်အတွက် အပေါင်ပေးထားရတဲ့ ပိုက်ဆံ ကို ၃ လ စောင့်ရမယ်တဲ့။ အံ့သြပြီး ဒေါသတောင်မှ ထွက်မိတယ်။ ဒါပေမဲ့ အပ်ပြီးမှတော့ အပ်လို့ပေါ့။ ဒါက စတုတ္ထအကြိမ်။

ဒီမှာ သေချာ ပြောခဲ့တယ်။ နာမည် အခုထိ လွဲနေတယ်လို့ “ ပြင်ပေးမယ် ” ဆိုပြီး လကုန်တော့ နက်ကြေးလာတော့ မပြောင်းသေး။ သူတို့က အပေါင်ငွေကို ပြန်ပေးရင် ချက်လက်မှတ်နဲ့ လာမှာ ဒါကို ဘဏ်ထဲ ထည့်မှာ ဆိုတော့ နာမည်မတူရင် လုပ်လို့မရ။ ဒါကြောင့် နောက်တစ်ခေါက်သွားပြောတယ်။ ဒါက ပဉ္စမအကြိမ်။ ဒီနာမည်လေး မှားနေလို့ လာပြောတာ ၄ ကြိမ် ၊ ၄ ခါတိုင်ခဲ့ပါပြီ။ စင်တာကို ရောက်တာ ၆ ကြိမ်။

လွန်ခဲ့တဲ့ လက ချက်ရောက်လာတယ်။ နာမည်မှားနေတုန်း ၊ ဘယ်လောက် ဒေါသထွက်ဖို့ ကောင်းလဲ ။ ဒါကြောင့် ဘဏ်မှာ ထုတ်လို့မရ။ ၅ ကြိမ် မြောက် သွားပြောရတယ်။ ကိုယ့်ပိုက်ဆံ ကိုယ်ရဖို့ ၃ လကျော် စောင့်ထားပြီးသွားပြီ။ စင်တာကို ရောက်တော့ အလှည့်ကျဖို့ တိုကင်ယူပြီး စောင့်နေရတယ်။ ကိုယ့်အလှည့်ရောက်တော့ ကုလည် ကုလားမလေး ၊ သူ့အပေါ်ပဲ ဒေါသတွေ ပုံကျပြီး တင်းတင်းနဲ့ ဖိပြောပစ်လိုက်တယ်။

“ ငါ အကြိမ်ကြိမ် လာပြောတယ် အခုလည်း မှားနေတုန်းပဲ ”

ဘာညာ သာရကာ နေကြာ ကွာစိ ( ဘာတွေလဲတော့ မသိဘူး ) အဲဒီလိုတွေ စွတ်ပြောပစ်တော့ ကောင်မလေးကလည်း ငိုမဲ့မဲ့နဲ့ သူ့အထက်က တရုတ်မလေးဆီကို ပြောင်းပေးလိုက်တယ်။ ဒီကောင်မလေးကတော့ တော်တယ်။ ကျွန်တော် ပြောတာကို လေအေးလေးနဲ့ ပြောသွားတယ်။ သူက အေးဆေးပြောနေတော့ ကြာတော့ ကိုယ့် ဒေါသတွေတောင်မှ ဘယ်လို ထွက်ရတော့မှန်း မသိ။

သူက ချောက်ချောက်ချက်ချက်နဲ့ ကွန်ပျူတာလေးကို နှိပ်ပြီး ကွန်ပျူတာ ဖန်သားပြင်ကို ပြတယ်။

“ ပြင်လိုက်ပြီနော်။ နောက်ထပ် သုံးပတ် ဆိုရင် ရောက်လာလိမ့်မယ်။ ”

တဲ့။ ထပ်၍ ထပ်၍ အံ့သြသွားမိတယ်။

“ ဒါဆို ငါ့ပိုက်ဆံ ငါပြန်ရအောင် လေးလလောက် စောင့်နေရတာပေါ့။ ”

သူက ပုခုံးတွန့်ပြုံးပြရင်း .. .

“ ဒါတော့ ကုမ္ပဏီ စည်းမျဉ်းဆိုတော့ ဒီအတိုင်းပါပဲ။ ”

ဆက်ခနဲ ကျွန်တော် လက်ခံရရှိကြောင့် စာရွက် ပြန်ယူလာပြီး ပြန်လာခဲ့တယ်။ တစ်လမ်းလုံးလည်း ဒေါတွေ ပွလို့။ ကိုယ့်မျောက်ခွက်ကြီးလည်း... အဲလေ.. ကိုယ့်မျက်ခွက်ကြီးလည်း အရင်ကတည်းက တင်းပါတယ် ဆိုမှ စူပုပ်နေမယ် ထင်တယ်။ တဗျစ်တောက်တောက်နဲ့ပဲ အခန်းရောက်ပြီး နောက် သုံးပတ်စောင့်ရပါတော့တယ်။

ဟိုတစ်ပတ်က သုံးပတ် ကျော်သွားတာတောင်မှ ဘာမှ ချက် အသစ်မလာ။ ပိုက်ဆံကလည်း နည်းနည်းဆိုရင် မပြောတော့။ အခုတော့ နိုင်ငံခြားသား ဆိုပြီး တင်ထားရတဲ့ စပေါ် အပေါင်ငွေက တော်တော်ပေးထားရတာ။ ဒါကြောင့် သုံးပတ်နဲ့ မရောက်လာရင် ဆက်သွယ်ရန် ဆိုတဲ့ ဖုန်းနံပါတ်ကို ဆက်လိုက်တော့ တစ်ယောက်လာကိုင်တယ်။ မိန်းကလေး။

ဂွတ်တမောင်းနင်းတွေ ဘာတွေ လာလုပ်နေတယ်။ ဒီက ဒေါသတွေ စုပြုံပြီး ပြောလိုက်တော့ ဖုန်းချသွားတယ်ဗျာ။ တော်တော်ကောင်းတဲ့ ဆက်ဆံရေး။ ဒီလောက်နဲ့တော့ မရသေး။ ထပ်ခေါ်တယ် ။ ကျွန်တော်မှန်း သိတာနဲ့ ဖုန်းချသွားတယ်။ ဒီဘက်ကလည်း ဒေါသငွေ့တွေကို ဖုန်းထဲကနေ သူ့နားကို ဘယ်လောက် ပူသွားလည်း မသိ။ နောက်ထပ် ထပ်ခေါ်တော့ ယောက်ျားတစ်ယောက် လာကိုင်တယ်။

သူကတော့ ပြေပြေပြစ်ပြစ်ပါပဲ ပြန်ပြောတယ်။ ဘာတွေ ပြန်ပြောမှန်းကို မသိ။ ကိုယ်က ပြောတာ တခြား သူက ပြန်ပြောတာ တခြား စိတ်တွေလည်း လေလို့။ တမင်လုပ်တာ ဖြစ်မယ်။ ဒါနဲ့ ဖုန်းချပြီး အချိန် နည်းနည်းပိုအားတဲ့ တစ်ရက်သွားမယ် ဆိုပြီး အခု ဒီနေ့မှာ ထွက်လာဖြစ်တာ။ စိတ်ထဲမှာလည်း မောင်းတင်ထားတယ် ၊ ငါ့ကို ဖုန်းထဲမှာ သေချာ မပြောတဲ့ ဟာတွေ မန်နေဂျာ တတ်တိုင်မယ်လို့။ (ကျွန်တော်က ဒီလိုပဲ လုပ်တတ်တယ်။ အောက်ခြေတွေနဲ့ သိပ်ပြီး စကားမပြော။ ငယ်ငယ်ကတည်းက ဖေဖေကလည်း သင်ပေးထားတယ်။ )

ဒါကြောင့် အခု ကားစီးလာရင်း ဒေါသတွေ ထွက်လာတယ်။ ကျွန်တော် နေတဲ့ နေရာကနေ မြို့ထဲကို ကားတစ်ဆင့် စီးတယ်။ နောက်ပြီး သူ့စင်တာ နေရာကို နောက်ထပ် တစ်စီး ပြောင်းစီးရတယ်။ အခု ဒုတိယပြောင်းစီးလာတဲ့ ကားပေါ်စီးရင်း ၊ ဒေါသတွေ လှိမ့်ထွက်နေရင်း ဘတ်စ်က မီးပွိုင့်တစ်ခုမှာ ခဏရပ်တော့ ကိုယ့်ဘတ်စ်ကား ဘေးကို ကားတစ်စီးက ကိုယ့်လိုပဲ မီးပွိုင့်မှာ လာရပ်တယ်။ ပွိုင့်မှာ ကားရပ်တာ မထူးဆန်းပါ။ လာရပ်တဲ့ ကားလေးကလည်း ကုမ္ပဏီက အလုပ်ကားလေး။

ဒါပေမဲ့ ဒီကားကို လှည့်ကြည့်လိုက်တော့ ဒီကားက ကုမ္ပဏီက ပစ္စည်းလိုက်ဖြန့်တဲ့ ကားလေးဆိုတော့ ကားနောက်က ကွန်တိန်နာလို ပုံးကြီးပေါ်မှာ ကုမ္ပဏီက သူတို့ ရောင်းနေတဲ့ ပစ္စည်းတွေကို ပန်းချီဆွဲထားတယ်။ ဒါကို ကျွန်တော် သေသေချာချာ လိုက်ကြည့်မိတယ်။ တစ်ယောက်က အဲဒီကုမ္ပဏီက ပစ္စည်းကို ကြည့်ပြီး မဲ့နေတယ်။ တစ်ယောက်က ကြည့်ပြီး ပြုံးပြနေတယ်။ တစ်ယောက်က ကြည့်ပြီး ရယ်ပြနေတယ်။ တစ်ယောက်က ကြည့်ပြီး သူ့ကိုယ်သူ ကြည့်နေတယ်။ တစ်ယောက်က ကြည့်ပြီး အထဲက သူများကို ထပ်ကြည့်နေတယ်။ ဘယ်လိုပဲ ကြည့်ကြည့် သူတို့ ကြည့်နေတဲ့ အတိုင်း ပြန်ပေါ်နေတယ်။

အဲဒီ ကုမ္ပဏီကရောင်းနေတဲ့ ပစ္စည်းက “ ကြည့်မှန် ” တွေပါ။ ဒီပစ္စည်းပို့တဲ့ ကားလေးမှာ စာတန်းတစ်ခု ရေးထားတယ်။

“ How do you make up , you will return to see back. ”

တဲ့။ ဘာတွေ ရေးထားမှန်းလည်း မသိ။ စိတ်လည်း မဝင်စားမိပါဘူး။ ခဏလေးကြာတော့ မီးပွိုင့်က စိမ်းသွားတယ်။ ကားတွေလည်း ကိုယ့်ဖာသာ အလုအယက် မောင်းထွက်ကြတယ်။ ကျွန်တော်လည်း သူတို့နဲ့ အတူတူ မောင်းထွက်ရင်း ပါလာတယ်။

ဒါပေမဲ့ စိတ်ထဲမှာ ခုန ကားမှာ ဆွဲထားတဲ့ ပန်းချီပုံတွေကို ပြန်မြင်နေမိတယ်။ ဒါနဲ့ အခု ငါ့မျက်နှာ ဘယ်လို ဖြစ်နေလဲ ၊ သူတို့ကရော ငါ့မျက်နှာကို ဘယ်လို မြင်မလဲ ၊ ငါပြုံးနေတာကို မြင်ရင် သူတို့လည်း ပြုံးပြလာမှာပဲ။ ငါက မဲ့ရွဲ့နေတော့ သူတို့ကလည်း ပြန်မပြုံးပြနိုင်တာ ၊ ပြန်မပြုံးပြချင်တော့တာလား ။ သူတို့ မျက်နှာတွေ ဆိုပေမဲ့ ဒါကလည်း ငါ့မျက်နှာရဲ့ အရိပ်သူတို့ မျက်နှာပေါ်မှာ သွားထင်တာ ၊ ဒါကို ငါက ပြန်မြင်လိုက်ရတာပဲ လို့ ကျွန်တော် သွားတွေးမိသွားတယ်။

ဒီစင်တာ နေရာကို ရောက်ပြီး ကားမှတ်တိုင်က ဆင်းတော့ ကျွန်တော် ချက်ချင်း စင်တာထဲ မဝင်သေးပဲ။ စင်တာက KLCC မှာ ရှိတယ်။ KLCC ကို အထဲထဲမှာ တစ်ပတ် လျှောက်ကြည့်လိုက်တယ်။ ကလေးတွေ ကစားနေတဲ့ နေရာကို သွားလိုက်သေးတယ်။ လူလည်း နည်းနည်းနေသာသလို ရှိတော့မှာ ဆိုင်တွေမှာ တပ်ထားတဲ့ အကြည်မှန်ထဲက ဝိုးတဝါးနဲ့ ကျွန်တော် အရိပ်ကို ပြန်ကြည့်လိုက်တော့ ဒေါသတွေတော့ မမြင်ရတော့ ၊ ပြုံးဖို့တော့ လိုနေသေးတယ်။

“ အဟီး..။ ”

“ အဟဲ..။ ”

ကိုယ့်ဖာသာ ညှစ်ပြီး မှန်ထဲက ကောင်ကို ပြုံးပြလိုက်တော့ မှန်အကြည် ရဲ့ နောက်မှာ ထိုင်နေတဲ့ ကောင်မလေးက သူ့ကို ရယ်ပြတယ် ထင်ပြီး လန့်ကာ ဆိုင်ထဲကို ထဝင်သွားတယ်။ အဲ.. . .ငါနှယ်နော်။ ရလောက်ပါပြီ ဝင်မယ် ဆိုပြီး စင်တာထဲကို ဝင်လာတယ်။

Reception
က လူဆီမှာ တိုကင်လေး သွားယူတော့ သူ့ကို အရင်ပြုံးပြီး နာမည်မှားနေလို့ ဘယ်လိုလုပ်ရမလဲလို့ အေးဆေး ခပ်ပြုံးပြုံးပဲ မေးလိုက်တော့ သူက တိုကင်လေး စက်ထဲက ထုတ်ပေးရင်း ဘယ်နှစ်ယောက်ကျန်သေးတယ် ၊ ဘယ်မှာ ကြည့်ပါ ၊ ကိုယ့်နံပါတ်ပေါ်လာရင် ခေါ်တဲ့ ကောင်တာကို သွားပါ ဆိုပြီး ပြောတယ်။ သူက ကျွန်တော့်ကို အခုမှ ရောက်တဲ့ လူသစ်တစ်ယောက်လို့ ထင်နေတယ်။ ကျွန်တော့်မျက်နှာက ပြုံးထားတော့ သူက ပြန်ပြီး ပြုံးပြတာပဲ။ ဆက်ဆံရေးတွေ ပြေပြစ်လို့။

ဒါနဲ့ ထိုင်ခုံမှာ ထိုင်စောင့်နေပြီး ခဏကြာတော့ ကျွန်တော့် တိုကင် နံပါတ်လေး ပေါ်လာတယ်။ ဒီမှာ သွားရမဲ့ ကောင်တာက ၈ ဆိုတော့ ကောင်တာ ၈ ကို လှမ်းသွားလိုက်တယ်။ ထိုင်နေတာက ကောင်လေးတစ်ယောက် ၊ ကျွန်တော်လည်း ခပ်ပြုံးပြုံးနဲ့ သူ့ကို ဖြစ်သမျှ ရှင်းပြတော့ သူက “ ဟုတ်လား ၊ မရသေးဘူးလား ” ဆိုပြီး ပြာပြာသလဲ အားနာသွားသလို တတောက်တောက်နဲ့ ကွန်ပျူတာထဲကို ရှာတယ်။ ပြီးတော့ . . .

“ ကျွန်တော်တို့ ချက်ပို့ပေးလိုက်ပြီ ၊ လမ်းမှာ ကြာနေတာ ထင်တယ်။ ”

တဲ့။ ကျွန်တော်လည်း ပြုံးလက်စနဲ့ပြုံးထားလိုက်ပြီး . .

“ ငါ့ကို ဘယ်လို ကူညီနိုင်မလဲ ။ ”

လို့ မေးလိုက်တော့ သူက ပြာပြာသလဲပဲ သူ့အထက်လူကြီးဆီကို သွားပြောတယ်။ အဲဒီအထက် လူကြီးက ဟိုတစ်လက ကျွန်တော်လာတုန်းက လုပ်ပေးလိုက်တဲ့ တရုတ်မလေး။ သူကတော့ ကျွန်တော့်ကို မမှတ်မိပါ။ သူကိုယ်တိုင် လုပ်ပေးလိုက်တာဆိုတာပဲ သိတယ်။ ကျွန်တော်ကလည်း ကျွန်တော် အခက်အခဲတွေကို ပြောပြတော့ သူက ကျွန်တော့်မျက်နှာပေါ်က အပြုံးကို သူလည်း ယူဆောင်တပ်ဆင်ပြီး ပြန်ပြုံးရင်း သူ့အထက် တစ်ယောက်ဆီကို ခေါ်သွားတယ်။

အရင်တစ်ခေါက်တော့ သူ့မှာ တာဝန် မျက်နှာ ၊ တာဝန် စကားတွေပဲ ထွက်ကျလာတယ်။ အခုမှသာ. . .ဒါ ကျွန်တော့်မျက်နှာပေါ်က အပြုံး သူ့မျက်နှာမှာ သွားပွင့်နေတာ။ သူ့အထက် တစ်ယောက်ဆီရောက်တော့ ကျွန်တော်လည်း အားရပါးရ ပိုပြုံးလာနိုင်တယ်။ ဒေါသတွေနဲ့ လောင်ကျွမ်းမှုလည်း ငြိမ်းလို့ ၊ ကျွန်တော့်ကို တွေ့တော့ အထက်လူကြီးက ပြာပြာသလဲ စစ်ပေးတယ်။

“ ငါတို့ တကယ်ကို ချက်ပို့လိုက်ပြီ ၊ သောကြာနေ့အထိ ချက် မရောက်ရင် အားတော့ နာတယ် ထပ်လာပေးပါ။ Cash ပေးနိုင်အောင် ပြင်ဆင်ပေးထားပါ့မယ်။ ”

လို့ ပြောတယ်။ တကယ်တမ်း သူတို့ ချက်ပို့ထားတာ မှန်ရင် ကျွန်တော် အတွက် စောင့်နေရုံမျှသာ ၊ ဘာမှ မတတ်နိုင်။ အခုတော့ ကျွန်တော့် လက်ခံစာရွက်မှာ အဲဒီနေ့က လာရောက်စစ်ဆေးကြောင်းနဲ့ ဒီအထက်လူကြီးရဲ့ နာမည်နဲ့ လက်မှတ် ၊ နေ့စွဲ ထိုးလိုက်တယ်။ ကျွန်တော် ပြန်မထွက်လာခင် ဒီအထက်လူကြီးကပဲ သူတို့ လွဲမှားမှု အတွက် အကြိမ်ကြိမ် တောင်းပန်နေသေးတယ်။

သြော်. . . ငါ အရင်က “ မင်း ဘာကောင်လဲ ၊ ငါ ဘာကောင်လဲ ” ဆိုတုန်းက သူတို့ကလည်း သူတို့ လုပ်ပိုင်ခွင့်ဆိုတဲ့ အထဲကပဲ ကာကွယ်ယူပြီး “ ငါကလည်း ဒါပဲ. . ဒါပဲ။ ” လို့ ရှောင်ထွက်သွားကြတယ်။ အခု ကိုယ်က ဒီလို ခက်ခဲနေလို့ ကူညီပေးပါ ဆိုတော့ သူတို့ လုပ်ပိုင်ခွင့်အပြင်ကပါ ထွက်ပြီး ဆောင်ရွက်ကြတယ်။

ဒါဟာ တကယ်တော့ ဘာမှတော့လည်း မဟုတ်ပါ။ ကိုယ့်မျက်နှာပေါ်က အမူအရာက ကြေးမုံပြင်လို့ ဖြစ်နေတဲ့ သူ့မျက်နှာပေါ်မှာ သွားအရိပ်ထင်တာပါပဲ။ ကိုယ်က သူများကို မဲ့ပြနေတော့မှ သူကလည်း ကိုယ့်ကို မပြုံးပြနိုင်တာ သိပ်တော့ မဆန်းပါဘူး။ ကိုယ်က ပြုံးနေတော့ သူကလည်း ပြန်ရယ်ပြတာ သဘာဝပါပဲ။

ဒါကြောင့် လူ့လောက ဆက်ဆံရေးမှာ လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ဆက်ဆံကြတယ် ဆိုတာမှာ သူက ငါ့ကို ဘယ်လို ဆက်ဆံတယ် ဆိုတာထက် “ ငါ ဘယ်လို ဆက်ဆံခဲ့လဲ . ” ဆိုတာက ပိုပြီး အရေးပါပါတယ်။ ကျွန်တော် ခဏခဏ ပြောပြောနေတဲ့ ဒီစကားလေးလည်း ရှိတယ်လေ။

“ ကမ္ဘာလောကကြီး လှပလာစေရန် သင်၏ မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ။ ”




Source;
Andrew Jackson Mirror Smile နှင့် ကျွန်တော် အဖြစ်အပျက်လေး ပေါင်းစပ်ရေးပါတယ်။

ကိုဇော် ခံစားပုံဖော်သည်။



.
Share/Bookmark

4 ယောက် ရဲ့ ထင်မြင်ချက်:

အဆိပ်သင့်သူ said...

အမြဲတမ်းပြုံးနိုင်ပါစေ။

အဆိပ်သင့်သူ said...

မင်းဘာကောင်လဲ။ ငါဘာကောင်လဲ။ ဘယ်သူဘာကောင်လဲ...ဟဲဟဲ...။:)

အဆိပ်သင့်သူ said...

မင်းဘာကောင်လဲ။ ငါဘာကောင်လဲ။ ဘယ်သူဘာကောင်လဲ...ဟဲဟဲ...။:)

Flower said...

အဟီး
အဟဲ
အဟမ်း
ဘွတ်..
အဲ.. ထွက်သွားပြီ..
ဆောရီးကိုဇော်..
အိမ်ပြန်ပြေးလိုက်ဦးမယ်...