မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


03 February 2010

2 ထိန်းချူပ်မှု

ထိန်းချုပ်မှုနဲ့ ပတ်သတ်ပြီး ကျွန်တော် ပြောနေကြ အဖြစ်အပျက်လေး တစ်ခုရှိပါတယ်။ အခုလည်း ဒါလေးကိုပဲ ထပ်ပြောပြမယ်။ ကျွန်တော် အခုလို ရေးပြောလေး ပြောနေတဲ့ အချိန်မှာ စာဖတ်သူက ကျွန်တော် ရေးနေတဲ့ ဇာတ်ကောင်နေရာမှာ ဝင်ပြီး ကိုယ်တိုင် ဖြစ်နေသလို ပါဝင်ခံစားပေးပါ။ ဒါဆိုရင် ကျွန်တော် ပြောချင်တာကို ပိုပြီး မြင်သာပါလိမ့်မယ်။

တစ်နေ့တော့ . . .

လူတစ်ယောက်ရှိတယ်။ သူက သူ့ကိုယ်သူ ကိုယ်နဲ့ ပြောပါတယ်။

ကိုယ်တစ်ယောက်တည်း မြို့ထဲက အိမ်ပြန်ဖို့ ကားမှတ်တိုင်မှာ ကားစောင့်နေတယ်။ ကိုယ်ကားစောင့်နေတာက ဆိပ်ကမ်းသာ လမ်းမှာ။ ကားကလည်း မလာသေးဘူး။ ဒီအချိန်မှာ လက်ထဲမှာ ကိုင်ထားတဲ့ ဖိုင်တွဲနဲ့ ထမင်းချိုင့်ကို သတိမထားမိတော့ပဲ ကိုယ့်ဗိုက်ထဲက နာလာတယ်။ ဗိုက်အောင့်တာတော့ မဟုတ်။ ကိုယ် အိမ်သာတတ်ချင်လာတာ။

အနီးဆုံး အိမ်သာကို ကိုယ် သတိရလိုက်တော့ ဆူးလေက အိမ်သာ။ ဒီအိမ်သာတွေက သန့်တယ်။ တခြားအိမ်သာတွေလို မဟုတ် သန့်ရှင်းတယ် ပြောလို့ရတယ်။ ဆိပ်ကမ်းသာ လမ်းနဲ့ ဆူးလေ က အိမ်သာ ဆိုတာ ဝေးလှတယ်တော့ မဟုတ်။ ဒါပေမဲ့ နီးတော့ မနီး။ ကိုယ့်ဗိုက်ထဲက အခြေအနေကလည်း ကိုယ့်ကို သတိပေးနေရုံသာ ထိန်းမယ် ဆိုရင် ထိန်းထားလို့ ရသော အခြေအနေ။

ကိုယ် ဆူးလေကို လမ်းပြန်လျှောက်သွားရင် ကောင်းမလား။ အိမ်ရောက်မှ ကိစ္စ ရှင်းရင် ကောင်းမလားဆိုပြီး စဉ်းစားနေတုန်း ကိုယ် စီးမဲ့ ကားက ရောက်တယ်။ ဒီတော့ ပြင်းပြင်းထန်ထန်လည်း အခြေအနေ မဆိုးသေးတော့ ကိုယ် စီးမဲ့ ကားပေါ်ကို တတ်လာခဲ့တယ်။ ကားတွေကလည်း ထုံးစံ အတိုင်းပါပဲ။ ကိုယ် တတ်ခဲ့တဲ့ ကားဂိတ်မှာ တင် ကျောက်ချထားတယ်။ ကိုယ့် ဗိုက်ထဲက ဆစ်ခနဲ ပညာပြတယ်။ ဒီတော့ ကိုယ် ကားပေါ်က ဆင်းပြီး ဆူးလေကို လမ်းပြန်လျှောက်ရင် ကောင်းမလား စဉ်းစားနေတဲ့ အချိန်မှာပဲ ကားက စပြီး ထွက်လာတယ်။ ဒီတော့ ကိုယ်လည်း မဆင်းဖြစ်တော့ဘူး။

ကားလည်း စထွက်ရော ကိုယ့် ဗိုက်က သက်သာလာပြန်တယ်။ ဒီတော့ ကိုယ် လည်း နေလို့ထိုင်လို့ ကောင်းလာတော့ ငါ မနက်က ဘာတွေများ စားမိပါလိမ့်လို့ ပြန် စဉ်းစားမိတယ်။ မနက်က နိုးနိုးချင်း အသုတ်တစ်ပွဲစားတယ်။ နောက်တော့ စမူဆာ နှစ်ခုကို အချဉ်နဲ့ စားသေးတယ်။ နောက်တော့ နေ့လည် ထမင်းစားတော့ ကိုယ့်မှာ ပါလာတဲ့ ဘဲဥချဉ်ရည်ဟင်း အပြင် သူများတွေနဲ့ အတူတူ စားတော့ သူတို့ဆီက ငါးဖယ် ငါးဆုပ်ဟင်းတွေရော။ အစားစုံသွားတယ်။ ဒါကြောင့် ခုနက ဗိုက်က ထရစ်လာတာ။

အာ...ဒီလို စဉ်းစားလိုက်တော့မှ ခုနက သက်သာနေတဲ့ ဗိုက်က ပြန်ရစ်လာတယ်။ ဒုက္ခ။ ကားကလည်း အခုမှ မောင်းနေတယ်။ ဆင်းချင်လို့လည်း မဆင်းရ။ လူကသာ ဟန်မပျက်နေနေတာ။ မျက်နှာမှာ ချွေးတွေက ထွက်လာတယ်။ ချွေးတွေမှ ချွေးစေးတွေ မတော်တဆ ထွက်ကျမှ မကောင်းဖြစ်နေဦးမယ်။ ကံကောင်းချင်တော့ ကားထဲကို လေလေးက ဝင်လာတယ်။ လေအေးလေးနဲ အတူ ကိုယ် ဖြစ်နေတဲ့ ကိစ္စလေး နည်းနည်း ပြန်သက်သာလာတယ်။ ဟူးးတော်ပါသေးရဲ့။ ဒီအချိန်မှာပဲ ကားက မင်္ဂလာဈေးမှာ ထောက်ပြီး ရပ်စောင့် လူတင်နေတယ်။

ကိုယ့်ဗိုက်ကလည်း ဘယ်လိုမှ မနေ။ ခုနက သူပဲ မဟုတ်သလိုနဲ့ ငြိမ်လို့။ ကားကလည်း ကြာလိုက်တာ ၊ မတတ်တဲ့ လူတွေကို စောင့်ပြီး တင်နေတယ်။ မတော်တဆ ငါ့ဗိုက်ပြန်လာနာလာပြီး ထွက်ကျမှ ပြဿနာလို့ တွေးလိုက်မိတော့မှ တကယ်ကို ဗိုက်က နာလာတယ်။ အဲ...သူ့အကြောင်းတွေးလိုက်လို့ ထင်တယ်။ ပြန်မေ့ထားမှ ဆိုပြီး စိတ်ပြောင်းတာတောင်မှ မရတော့ဘူး။ အား...တကယ်နာလာပြီဟ။ မရတော့ဘူး ဆင်းမှ ဆိုပြီး ကားထဲက တိုးထွက်မယ် ကြံတော့မှ ကားက မောင်းထွက်သွားတယ်။

ဟာ..ခက်ပြီ။ မထူးပါဘူး ပြန်အောင့်ထားရတော့မှာပဲ။ ခုနက လေအေးလေး ရလို့ ပြန်တိတ်သွားတဲ့ ချွေးတွေကလည်း အပြိုင်းအရိုင်း ထွက်လာကြတယ်။ ဗိုက်ထဲကလည်း ပိုရစ်ပြီး နာလာတယ်။ ဆိုးလိုက်တဲ့ အခြေအနေ ။ မှတ်တိုင်ရောက်ရင်တော့ ဆင်းမှပဲ လို့ တွေးနေမိတယ်။ ဒါပေမဲ့ ကားကလည်း မရပ်။ နောက်က ကားတစ်စီးနဲ့ ပြိုင်မောင်းနေတယ်။ ဆင်းလို့မရ။

အခုမှ ဆင်းမယ် ဆိုပြီး ပြောရင်လည်း ခုနက မှတ်တိုင်မေးတုန်းက ဘာလို့ မပြောတာလဲ ဆိုပြီး စပယ်ယာက ဟောက်ဦးမယ်။ မသိမသာလေးပဲ ကျိတ်မှိတ်နေမှ။ ကားထိုင်ခုံ နေရာ မရတာကိုပဲ ပထမဦးဆုံး အကြိမ် ဝမ်းသာ ကျေးဇူးတင်မိတယ်။ အခုလို ကားပြိုင်မောင်းပုံ နဲ့ဆို ကားက ခုန်နေတော့ လူကပါ ခုန်နေတယ်။ လူက ခုန်နေတော့ ထိုင်ခုံနဲ့ တင်ပါးက မိတ်ဆက်နေပြီး ရစ်နေတဲ့ ဗိုက်ကို ပိုပြီး အလုပ်ရှုပ်ကုန်မှာ အခုဆို တော်ပါသေးရဲ့။

အား..ဗိုက်က ပိုဆိုးလာပြီဟ..။ ကားထဲမှာ စောင့်ကြောင့်ပဲ ထိုင်နေရမလို။ ခုန်ပဲ ခုန်နေရတော့မလို။ ပြေးပဲ ပြေးနေရမလို ဖြစ်နေတယ်။ သူများတွေကတော့ ဒီလို အခြေအနေကို.....( အဟီး...ချေးပါရမလို သေးပေါက်ရမလို ဖြစ်နေတယ် ဆိုပဲ။ ) မဟုတ်ဘူး အခုက သေချာတယ်။ အိမ်သာ တတ်ချင်နေတာ။ အပြင်ကို ခေါင်းငုံကြည့်လိုက်တော့ တော်ပါသေးရဲ့ နောက်ထပ် ၄ မှတ်တိုင်ဆိုရင် ကိုယ်ဆင်းရမဲ့ မှတ်တိုင်ရောက်တော့မယ်။

ဘေးကို အခုမှ သတိထားမိတော့ ကိုယ့်ကို အဒေါ်ကြီး တစ်ယောက်က ကြည့်နေတယ်။ ဘာဖြစ်နေတာလဲပေါ့..နဖူးမှာလည်း ကြက်ဥလောက်ရှိတဲ့ ချွေးတွေက မျိုးကောင်းတဲ့ မာလကာပင်က အသီးတွေလို ပြွတ်နေတာကိုး။ သူ့ဘေးက ကလေးလေးကလည်း ပြောင်စပ်စပ် မျက်နှာနဲ့ ကြည့်ရင်း ပြုံးနေတယ်။ ဒေါသလည်း ထွက်သွားတယ်။ ငါ ဖြစ်နေတာကို သူတို့ သိနေလို့လားပေါ့။

ဒါနဲ့ ကိုယ့်ဖာသာ မသိမသာ နောက်ကို လှည့်ကြည့်လိုက်တော့ တော်ပါသေးရဲ့ ၊ ဘာမှ မထွက်သေး....အဲလေ... ဘာမှ မဖြစ်ပါဘူး။ ဟာကွာ..ဘာပဲ ဖြစ်ဖြစ် နောက်ထပ် သုံးမှတ်တိုင်ဆိုရင် ကိုယ်ဆင်းမဲ့ မှတ်တိုင်ရောက်နေပြီပဲ သူတို့ကို ဂရုစိုက်စရာ လိုလို့လား။

ခဏနေတော့ နောက်က ကားက ကျော်တတ်ပြီးမှ ကားမှတ်တိုင်မှာ ပိတ်ရပ်တယ်။ ဒီတော့ ကိုယ်စီးလာတဲ့ ကားက ချက်ချင်း ကျော်တတ်လို့ မရဘူး။ ရှေ့ကဖြစ်သွားတဲ့ ကားကလည်း လူတွေ အတင်းချနေတယ်။ ဟိုဘက် ကားလမ်းမမှာ ကားတစ်စီးကလည်း ရှိနေတော့ ကျော်တတ်လို့မရ။ လုပ်လို့ရတာကတော့ ဟွန်းတီးတာပဲ။ ဒါကြောင့် ဒရိုင်ဘာက ဟွန်းကို ခပ်နာနာတီးတယ်။ ဟွန်းတီးသံနဲ့ အတူ ရောက်ခါနီးပါပြီ ဆိုမှ ကိုယ့်ဗိုက်ထဲက လည်း ခပ်နာနာ ပိုနာလာတယ်။ ကြာရင်တော့ အခြေအနေက မကောင်းဘူး။

ခဏကြာတော့ ရှေ့က ကားက ထွက်သွားတော့ ကိုယ်တို့ ကားလည်း နောက်က လိုက်တယ်။ ကားကလည်း အရင်က အရမ်းမောင်းသလောက် အခု မြန်စေချင်တော့မှ နှေးပြနေတယ်။ လုပ်ပါဟ..ဒီမှာ ထွက်...ထွက်..။

“ အဲ... XXX မှတ်တိုင်ပါတယ်နော်။ ”

“ ဘယ်လို ဖြစ်တာလဲ ရပ်ပေးမှာပေါ့.။ အဝေးကြီး ရှိသေးတယ်။ ကြားမှာ နှစ်မှတ်တိုင် လိုသေးတယ်။ ”

အယ်..ဟုတ်သားပဲ။ ကိုယ်ကလည်း ကိုယ့်ပြဿနာနဲ့ ကိုယ်ဆိုတော့ သွားအော်မိတယ်။ အီး...မရတော့ဘူးနော်။ မရတော့ဘူး။ ဒါပေမဲ့ ဟန်မပျက် ကိုယ့်ဖာသာ ရပ်နေလိုက်တယ်။ ကားကလည်း မောင်းတော့ မောင်းတယ်။ ကြားက နှစ်မှတ်တိုင်ကျော်ပြီး ကိုယ်ဆင်းရမဲ့ မှတ်တိုင်ရောက်တော့ လူက နဂိုကတည်းက ဆင်းချင်နေတာ ဆိုတော့ ကားပေါ်က ခုန်ချမိမတတ်ပဲ။ ကိုယ်ကားပေါ်က ဆင်းတော့. .

“ ဟ ဘယ်လိုဖြစ်နေတာလဲ။ ဖြေးဖြေးဆင်းပါဟ... ကိုယ့်အိမ်ပဲ မရောက်ဖူးတာ ကျနေတာပဲ။ ”

တဲ့။ စပယ်ယာက အော်သွားတယ်။ သူ့ဖာသာ ပြောချင်တာပြော ကိုယ့်အရေးအခင်းနဲ့ ကိုယ် ဗိုက်ထဲက မမူးပဲ ရစ်နေတဲ့ ကောင်ကို အပြင်ပေးထွက်လို့ မရ။ လမ်းထဲကို ဒုန်းစိုင်းသလို ကမ္ဘာ့အမြန်ဆုံး လမ်းလျှောက်နည်းနဲ့ လျှောက်တယ်။ ကလေးသာ ဆိုရင် ပြေးတာ လစ်နေမှာပဲ။ အခုတော့ ခပ်မြန်မြန်ပဲ လျှောက်ရတယ်။

“ ဟဲ့..ဟဲ့ XXX ”

နောက်ကနေ လှမ်းခေါ်တာ ကြားလိုက်လို့ လှည့်ကြည့်လိုက်တော့ လမ်းထဲက အဒေါ်ကြီး တစ်ယောက်...

“ ဘာလဲ အန်တီ။ ”

ကိုယ့်ဖာသာ အသက်အောင့်ပြီး ပြောလိုက်တယ်။ စိတ်လည်း ညစ်ပ။

” ဟိုလေ..အန်တီမေးစရာ ရှိလို့။ ”

ဟာ..ဒီလို အချိန်မှာမှ မေးစရာက ပေါ်နေသေးတယ်။

“ အန်တီ သမီးလေးကွယ်။ စာတွေ ကျက်ရင် မေ့မေ့နေလို့ အဲဒါ ဘယ်လိုလုပ်ရမလဲလို့......”

“ ဟုတ်ကဲ့..အန်တီ နောက်ပြီးမှ လာပြောမယ်နော်။ အခု ကိစ္စ တစ်ခု အရေးကြီးနေလို့ ။ ခဏနော်။ ”

လို့ ပြောပြီး ကိုယ့်ဖာသာ သုတ်ခြေတင်လာတယ်။ သူ့ကိုတောင်မှ လှည့်မကြည့်နိုင်တော့။ သူလည်း သူ့ဖာသာ ကျန်ခဲ့တယ်။ အိမ်ပေါက်ဝရောက်တော့ အိမ်တံခါးကို တွန်းလိုက်တော့ “ ဟာ လုပ်ပြီ အိမ်ကို အထဲက ချက်ထိုးထားတယ်။ ”

“ အမေရေ..။ ”

ဒီအသံကို “ ခုနှစ်သံချီနဲ့ အော်တယ် ” လို့ ခေါ်ကြမှာပဲ။ ဘေးအိမ်က ပြူတင်းပေါက်ကနေ ခေါင်းထွက်ကြည့်တယ်။ “ ဘာလဲဟ ” ပေါ့။ မဟနိုင်ဘူး။ ဒီမှာနော်....ထွက်....ထွက်..

“ အမေရေ။ ”

ဒုတိယအကြိမ်မြောက်လှမ်းခေါ်တော့ အဲ အတွင်းအားနဲ့ ညှစ်အော်လို့ မဖြစ်ပေဘူး။ ငါနော်..။

“ အေး လာပြီ။ အမေ အထဲမှာ ဟင်းချက်နေလို့။ ”

မေမေက ပြောရင်း တံခါးလာဖွင့်တယ်။ တံခါးပွင့်တော့ မေမေ့ကိုတောင်မှ ဘာမှ မပြောနိုင်။ လက်ထဲက ဖိုင်တွေနဲ့ ထမင်းဗူးကို ဧည့်ခန်းက စားပွဲပေါ်တင်ပြီး နောက်ဖေးကို ပြေးရတယ်။ ဒီတော့ အမေက. .

“ ဟဲ့ ဘာဖြစ်လာတာလဲ။ အလန့်တကြား။ ” “ ဟုတ်တယ် အမေရေ။ အထဲက ခြုံခို တိုက်ခိုက်နေလို့ ။ ”

လို့ အော်ရင်း အိမ်သာကို ပြေးရတယ်။ ပြေးနေရင်းနဲ့ စဉ်းစားမိတယ်။ ငါနော် အဖြစ်အပျက်ကလည်း ခက်ပါ့။ ဒါပေမဲ့ လူတွေမှာ အိမ်သာ ဆိုတဲ့ အရာနဲ့ ဝေးနေတယ် ဆိုတဲ့ အချိန်မှာ ဖာသိဖာသာ ဘာမှ မဖြစ်သလို ထိန်းထားနိုင်သေးတယ်။ နီးလာလေ ပိုပြီး ထိန်းချုပ်ရခက်လေ။ ဆင်းရမဲ့ မှတ်တိုင် ရောက်လေ လူက ပိုပြီး ဆင်းချင်လေ။ ဆင်းပြီးတော့လည်း လမ်းထဲရောက်တော့ အိမ်ကို မြန်မြန်ရောက်ပြီး အိမ်သာမြန်မြန် တတ်ချင်လာတော့ ခြေလှမ်းတွေက ပိုမြန်လာတယ်။

အရင်က ဆိပ်ကမ်းသာလမ်းနဲ့ စာရင် ဒီလောက်နီးနေပြီပဲ။ ဒါပေမဲ့ နီးလာလေ ထိန်းချုပ်နိုင်စွမ်းက ပိုပြီး ကျဆင်းလာလေပဲ။ အခု အိမ်ထဲလည်း ရောက်ရော ခြေလှမ်းက လမ်းလျှောက်တာတောင်မှ မဟုတ်တော့ပဲ ကိုယ် ပြေးတောင်မှ ပြေးနေမိပြီ။ ရောက်နေမှပဲ လမ်းလေး လျှောက်တော့ရော ဘာဖြစ်သွားမှာမို့လို့လဲ။ ဒါပေမဲ့ နီးလာလေ ထိန်းချူပ်နိုင်စွမ်းက ကျဆင်းလာလေ ဆိုတာလား။ ဒီလို စဉ်းစားမိပြီး ကိုယ် အိမ်သာတံခါးကို ဆွဲဖွင့်လိုက်တော့ အိမ်သာက မပွင့်..။

“ ဟင် . . .”

“ ဟာ လုပ်ပါဦး..။ အထဲမှာ ဘယ်သူလဲ။ အိမ်သာထဲက ဘယ်သူလဲ။ ”


သူ စိတ်လေသွားပြီး လှမ်းမေးလိုက်တော့...

“ ဖေဖေပါ။ ခဏလေး..ဖေဖေ အိမ်သာ တတ်နေလို့။ ”

“ ဟာ...ဒီမှာ ဆိပ်ကမ်းသာလမ်း ကနေ ဒီအထိ အောင့်လာရတာ။ ဖေဖေ မြန်မြန်လုပ်။ ဒီမှာ မရတော့ဘူး။ ”


“ အေးပါကွာ။ ခဏလေးပါ။ ”

အဟင့်နော်။ ခဏလေးတဲ့ ဒီမှာ မရတော့ဘူး။ ကိုယ်လည်း အိမ်သာရှေ့မှာ ဗိုက်ကို နှိပ်ရင်း ထိုင်ကျသွားတယ်။ ဒီလောက်ပြေးလာတာတောင်မှ ဒီအိမ်သာ ရှေ့ရောက်တော့မှ အထစ်အငေါ့က ဖြစ်ရသေးတယ်။ ငါနော်။ ကိုယ့်ဖာသာ ကိုယ်လည်း ဒေါသတွေ ထွက်တယ်။

“ ဖေဖေရေ...။ ”

ရှိသမျှ အားတွေ စုပြီး ဟစ် လိုက်တော့...

“ အေးပါ.။ ပြီးပြီဟေ့။ ဘယ်လို ဖြစ်နေတာလဲ မသိဘူးကွာ။ ”

ဆိုတဲ့ အသံနဲ့ အတူ။ ဖေဖေ အိမ်သာကို ထွက်လာတယ်။ ကဲကွာ ဖေဖေကိုတောင်မှ ဘာမှ ပြန်မပြောနိုင်ဘူး။ အိမ်သာထဲ ဒိုင်ဗင် ပစ်ဝင်လိုက်တယ်။ ကဲ..မှတ်ကရော။ အထဲရောက်တော့ ထိုင်လိုက်တော့မှ...

“ သြော်...အိမ်သာထဲကို ဝင်တဲ့ အချိန်က အမြန်ဆုံးပါပဲလား။ ”

လို့ ကိုယ့်ဖာသာ ကိုယ်လည်း တွေးလိုက်မိတယ်။

------------------------------------------------------------------------------------------------

အဖြစ်အပျက်လေးကတော့ ဒါပါပဲ။

ဒါလေးကိုပဲ ကျွန်တော်တို့ စဉ်းစားကြည့်ကြမယ်။ ဒါက ဗိုက်ထဲမှာ မမူးပဲ ရစ်နေတဲ့ အတွင်းခြုံခို တိုက်နေသော စစ်ပွဲကို ကိုယ်ရဲ့ ထိန်းချုပ်မှု လေး ဖြစ်စဉ်ကို ကျွန်တော် ပြန်လည် လေ့လာ စဉ်းစားမိတာပါ။

တကယ့်လောကမှာရော လူတွေ ဘယ်လို ဖြစ်တတ်ကြလဲ။ ကိုယ်လိုချင်နေတဲ့ အရာတစ်ခု ရဖို့ မသေချာသေးပဲနဲ့ ၊ ရအောင် ကြိုးစားနေတယ် ဆိုတဲ့ အချိန်မှာ ကိုယ်ရဲ့ ဒီအရာအပေါ်မှာ လိုချင်မှု ဆိုသော ထိန်းချုပ်မှုကလည်း ထိန်းထားနိုင်တယ်။ ဒီအရာလေးကို ရရှိဖို့ ကြိုးစားရင်းနဲ့ ဒီအရာကို ရဖို့ နီးစပ်လာပြီ ဆိုလေ လူက ကိုင်ကြည့်ချင်တာတို့ စမ်းသပ်ချင်တာတို့ ဆိုတဲ့ ထိန်းချုပ်မှုတွေ အားနည်းလာတတ်တယ်။

ဒီမှာ ထိန်းချုပ်မှု အားနည်းလာလေလေ မလိုလား အပ်တဲ့ ပြဿနာတွေလည်း ပေါ်ပေါက်လာတော့တာပဲ။ နောက်ဆုံး ကိုယ်လိုချင်တာလေး ရခါနီး အချိန်မှာ မထင်မှတ်ထားတဲ့ အခက်အခဲလေးနဲ့ ရင်ဆိုင် ရတဲ့ အချိန်မှာ ထိန်းချုပ်မှုတွေက အိမ်သာထဲ ဝင်ခါနီးမှာ အထဲမှာ လူရှိနေသလိုပေါ့။ ပေါက်ကွဲသွားတတ်တယ်။

နောက်တစ်ခုက ပိုပြီး အရေးကြီးပါတယ်။

ချစ်သူ ၊ ရည်းစားတွေ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ချစ်သူ မဖြစ်ခင်မှာ သူ့ကိုယ် မတွေ့ရလည်း ဘာမှတော့ သေချာ မဖြစ်ကြပါဘူး။ ဒါပေမဲ့ သူနဲ့ကိုယ် ချစ်သူတွေ ဖြစ်လာပြီး တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး နီးစပ်လာပြီ ဆိုလေ ထိန်းချုပ်မှုတွေ ပိုပြီး နည်းလာတတ်ပါတယ်။ တစ်နေ့ မတွေ့ရရင် မနေနိုင်ဘူးတို့ ဘာတို့ပေါ့လေ ( ကြားဖူးတာ ပြောပါတယ်။ )

ဒီတော့ နေ့စဉ်တွေ့ရဖို့ ကြိုးစားရင်း ထိန်းချုပ်မှုတွေ အားနည်းလာတော့ မိဘတွေ သိ ၊ သဘောတူရင် တော်သေးရဲ့ သဘောမတူဘူး ၊ ဘာညာဆိုရင် ပြဿနာတွေက အရစ်ရှည်လာပြန်ရော။ ဒီကြားထဲ တစ်ယောက်နဲ့တစ်ယောက် အခု ခေတ်မှာ ပိုပြီး သတိထားရပါတယ်။ နီးစပ်လွန်းပြီး ထိန်းချုပ်မှုတွေ နည်းလို့ တစ်ယောက်နဲ့ တစ်ယောက် လွန်လွန် ကျွံကျွံတွေ ဖြစ်လာပြီး နောက်ဆုံးမှာ ကိုယ်လိုသလို ဖြစ်မလာပဲ။ အခက်အခဲ တစ်ခုခုနဲ့ တွေ့ခဲ့ရင် နှစ်ဖက်လုံး အတွက် မကောင်းပါဘူး။

ဘာလို့လဲ ဆိုတော့ “ အချစ်ဆိုတာ နှလုံးသား နဲ့ ရင်းထားရတာလေ။ ” ဒါကြောင့် ကိုယ့်မှာ သူ့အပေါ် ထိန်းချုပ်မှု ၊ သူက ကိုယ့်အပေါ်ထိန်းချုပ်မှု အားနည်းလာပြီ ဆိုရင် ဒါဟာ သူနဲ့ ကိုယ်နဲ့ အရမ်းကို နီးစပ်လာလို့ပါ။ ဒီလို အချိန်မှာ ကိုယ်တွေ လိုချင်သော ပန်းတိုင် ရည်မှန်းချက် မပျောက်ပျက်ဖို့က ပိုပြီး အရေးပါတယ် လို့ ပဲ ကျွန်တော် တွေးမိပါတယ်။

ခင်မင်လေးစားစွာဖြင့်
ကိုဇော် ခံစားတင်ပြသည်။


--------------------------------------------------------------------------------------------------

နောက်ဆက်တွဲ

အထက်ပါ ကျွန်တော် တင်ပြထားသော လူ ကို ဘယ်သူလို့ ထင်ပါသလဲ။ ထိုလူမှာ...



ဒါ ဘယ်သူလို့ ထင်ပါသလဲ။
“ ကိုဇော် ” ပါ။
တစ်ယောက်ယောက်ပေါ့။
စိတ်ကူးပြီးရေးတာပါ။
မပြောတတ်ဘူး။





Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

YM said...

ရေးဘဲရေးတတ်ပါပလေ့။
ဖတ်နေရင်း ဗိုက်ထဲတောင် ရစ်လာပါကြောင်း။
:)

မြသွေးနီ

ချော (အစိမ်းရောင်လွင်ပြင်) said...

ကိုဇော်က ကိုယ်တွေ့ရေးတဲ့နေရာမှာတော့ စူပါဘဲနော်.. ခုလို ကိုယ်တွေ့တွေကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ရေးနိုင်တဲ့ ပညာရပ်ကို ချီးကျူးလိုက်ပါ၏....

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.