မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 June 2010

12 သရော်စာ



သရော်စာ

ကိန်းကြီးခန်းကြီး
လူအထင်ကြီးအောင်
မဖတ်ဘဲနဲ့ ဝယ်ဝယ်ထားတဲ့
သတင်းစာမှာ ဘာတွေပါလဲ လို့
သူငယ်ချင်းတစ်ယောက်ကို မေးကြည့်တော့
သူက အထာခပ်ကြီးကြီးနဲ့
ထိုအရာကို
ခပ်ရဲရဲ ဖွင့်ကိုင်တယ်
ဟိုဟိုဒီဒီ ခပ်တည်တည်ကြည့်တယ်
ခဏနေတော့ ခပ်မိန့်မိန့်ပြောတယ်
“ ဒီနေ့ ကားတွေ တော်တော်မှောက်တယ်။ ” တဲ့။
သူ ဖတ်နေတာ ဇောက်ထိုးကြီး . . . ။

ထိုအရာရဲ့
နောက်ကျော မရောက်ခင်မှာ
အသက်မရှိတော့တဲ့ လူတွေကို
အသက်တွေနဲ့ တကွ 
ရေးထားတာတွေ ရှိတယ်။
လွမ်းဆွတ် သတိရကြောင်းကို
နှုတ်ခမ်းနီရဲရဲ ၊ မျက်နှာချေ သဲသဲနဲ့
လာထည့်သူတွေ ရှိတယ်။
ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းကို
ခပ်ပြုံးပြုံးနဲ့ ဝတ်ကျေတန်းကျေ 
မဖြစ်မနေ လာထည့်သူတွေ ရှိတယ်။
ဘယ်နာမည်ကြီး နေရာမှာ
အလှူငွေ ဘယ်နှစ်သိန်းကိုတော့
ဘယ်သူ့ကို ရည်ရွယ်ပြီး လှူဒါန်းလိုက်ပါကြောင်း
အပြင်မှာ အမျှ မဝေဘဲ 
ထိုအထဲမှာမှ ခပ်သည်းသည်း
လူသိရှင်ကြား ကြွားသွားတာတွေ ရှိတယ်။

ထိုအရာသာ
ဝိညာဉ်တစ်ကောင်ရဲ့ လက်ထဲ 
မတော်တဆ ရောက်သွားရင်
သူ . . .
ဘာတွေကို ဖတ်ဖြစ်မလဲ။
ဖတ်ရော ဖတ်တတ်ပါ့မလား။
ဖတ်ရော ဖတ်နိုင်ပါ့မလား။
ဖတ်ဖို့ ကိုင်ရော ကိုင်နိုင်ပါ့မလား။
ဖတ်ဖြစ်ရင်ရော ဘာကို ယူရမှာလဲ။
သူလေ. . . စဉ်းစားများ နေမလား
ငါ့ကို 
ဘယ်မှာ “ အမျှ ” ဝေထားတာလဲ 
ဆိုပြီးတော့ ယောင်ချာချာလေးနဲ့လေ။ 

ကိုဇော်

မှတ်ချက်။    ။ ညီမလေး ဒီဒီ ပေးတဲ့ Title နဲ့ Inspiration ကို ပုံဖော်ပါသည်။

လေးစားစွာဖြင့်
ကိုဇော်

.
Share/Bookmark

26 June 2010

23 Shakira - Waka Waka နောက်ဆက်တွဲ



ဒီနှစ် ကမ္ဘာ့ဖလားပွဲရဲ့ သီချင်း Waka Waka ( This time for Afirca ) ကို Shakira က ဆိုခဲ့ပါတယ်။ ဒီသီချင်းက အခု လောလောဆယ် နံပါတ် ( ၁ )  အအောင်မြင်ဆုံး သီချင်းပါပဲ။ အားလုံးလည်း နားထောင်ပြီးပြီလို့ ထင်ပေမဲ့ နှိုင်းယှဉ်ပြစရာလေးတွေ ရှိလာလို့ ဒီမှာ ထပ်ပြီး တင်ပေးလိုက်ပါတယ်။ 


ဒီသီချင်းလေးရဲ့ စာသားတွေကိုတော့ ညီလေး တစ်ယောက်က ပို့ပေးလို့ သူပို့ပေးတဲ့ အတိုင်းပဲ တင်လိုက်ပါတယ်။  ( တချို့စာမချောတာတော့ ပြင်ထားပါတယ်။ စာလုံးပေါင်း အမှားများလည်း ရှိနေနိုင်ပါသေးတယ်။ )

Shakira -  Waka Waka (This time for Africa)အာဖရိကအတွက် ဒီအချိန် You're a good soldierChoosing your battlesPick yourself upAnd dust yourself offAnd back in the saddle မင်းဟာ စစ်သည်ကောင်းတစ်ယောက်ပါမင်းရဲ့ စစ်မြေပြင်ကို ရွေးချယ်မင်းကိုယ်မင်း ထူမမင်းကိုယ်မင်း ဖုန်ခါမင်းကိုယ်မင်း တည်ဆောက်ပါ။ You're on the front lineEveryone's watchingYou know it's seriousWe're getting closerThis isn't overမင်းက ရှေ့တန်းမှာအားလုံးက စောင့်ကြည့်နေဒါဟာ အရေးကြီးမှန်း မင်းသိတယ်ငါတို့ ရှေ့တိုးနေကြပြီနောက်မကျသေးပါ။ The pressure is onYou feel itBut you've got it allBelieve itဖိအားတွေ များလွန်းတယ်မင်းလည်း ခံစားနားလည်ဒါပေမယ့် အားလုံးကို ကျော်လွှားမယ်မင်းယုံထားလိုက် When you fall get upOh oh...And if you fall get upEh eh...လဲကျတိုင်း ပြန်ထအို အိုး .....ထပ် လဲကျတိုင်း ပြန်ထအေ့ အေ့ ..... Tsamina mina ZangalewaCuz this is AfricaTsamina mina eh ehWaka Waka eh ehဆာမီနာ မိနာ ဇန်ဂလဲဝါးဒါဟာ အာဖရိကဆာမိနာ မီနာ အေ့ အေ့ဝါကာ ၀ါကာ အေ့ အေ့ Tsamina mina zangalewaThis time for Africaဆာမီနာ မီနာ ဇန်ဂလဲဝါဒီအချိန်ဟာ အာဖရိကအတွက်
 Listen to your godThis is our mottoYour time to shineDon't wait in lineYvamos por Todoဘုရားစကားကို နားထောင်ပါဒါဟာ ငါတို့ဆောင်ပုဒ်ပါမင်းတောက်ပရမယ့် အချိန်မှာစောင့်မနေတော့နဲ့ကွာယဗာမိုစ် ပိုတိုဒို People are raisingTheir ExpectationsGo on and feed themThis is your momentNo hesitationsလူသားအားလုံး မြင့်တင်နေကြသူတို့ရဲ့ မျှောင့်လင့်ချက်များရှေ့ဆက်ကာ သူတို့အတွက် ဖြည့်ဆည်းပေးဒါဟာ မင်းအချိန်ပဲတုန့်ဆိုင်းမနေနဲ့ Today's your dayI feel itYou paved the wayBelieve itဒီနေ့ဟာ မင်းရဲ့နေ့ပါငါခံစားမိတယ်မင်းက လမ်းခင်းခဲ့ပြီယုံလိုက်တော့ If you get downGet up Oh oh...When you get downGet up eh eh...မင်းလဲကျတဲ့အခါ ထပါအို အိုးမင်းလဲကျတဲ့အခါ ထပါအိုအိုး Tsamina mina zangalewaThis time for Africaဆာမီနာ မီနာ ဇန်ဂလဲဝါဒီအချိန်ဟာ အာဖရိကအတွက် Tsamina mina eh ehWaka Waka eh ehဆာမီနာ မီနာ အေ့ အေ့ဝါကာ ၀ါကာ အေ့ အေ့ Tsamina mina zangalewaAnawa aaTsamina mina eh ehWaka Waka eh ehTsamina mina zangalewaThis time for Africaဆာမီနာ မီနာ ဇန်ဂလဲဝါအနာဝ အားဆာမီနာ မီနာ အေ့ အေ့ဝါကာ ၀ါကာ အေ့ အေ ဆာမီနာ မီနာ ဇန်ဂလဲဝါဒီအချိန်ဟာ အာဖရိကအတွက်ဒီအချိန်ဟာ အာဖရိကအတွက်။ 
** ကျွန်တော် ထပ်ပြောပါမယ်။ တချို့စကားလုံးများ အမှားများ ရှိနေနိုင်ပါတယ်။ ကျွန်တော် နားမလည်သော နောက်ခံ သီဆိုမှုတွေလည်း မထည့်ထားပါဘူး။ အဓိက သီချင်းနေရာတွေကိုသာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ကာရာအိုကေ လိုမျိုး သီချင်းစာသားတွေကို မြင်ရရင်တော့ အတိအကျဖော်ပြနိုင်ပါလိမ့်မယ်။ **

သီချင်းထဲမှာ မြန်မာမလေး နှစ်ယောက်ပါတယ် ဆိုတာလည်း အားလုံး သိပြီး ကြမှာပါ။ အပြာရောင် ထမီဝမ်းဆက်နဲ့ သူတို့လိုပဲ လိုက်ကနေတာပါ။ ဒီသီချင်းနဲ့ ပတ်သတ်ပြီး ကျွန်တော် ရေးချင်တာ တစ်ခု ရှိပါတယ်။ ဒါပေမဲ့ မရေးတော့ပါဘူး။ အခုကတော့ ဒီသီချင်း မူရင်းကို ကြည့်ပြီးရင်လည်း ထပ်ကြည့်ရအောင် တင်ပေးလိုက်တာပါ။

ဒါပေမဲ့ Shakira - Waka Waka သီချင်းကိုပဲ နောက်ခံဖွင့်ပြီး မြန်မာမော်ဒယ် ( Dancer ) တစ်ယောက်က ကထားတာကို အတော်များများ မကြည့်ရသေးဘူးလို့ ယုံကြည်လို့ ဒါကိုပါ တွဲပြီး တင်ပေးလိုက်ပါတယ်။ ရှာကီယာတောင်မှ သူ့လောက် မဆိုးပါဘူးဗျာ။ ကျွန်တော့် အပြော မဟုတ်ပါဘူး ကြည့်လိုက်ပါဦး။






အခု ဒီလို ကနေတာထက် စာရင် Shakira နဲ့ အတူတူ မြန်မာလို ထမီနဲ့ ဝတ်ပြီး ကနေတဲ့ မြန်မာမလေး နှစ်ယောက်ကို ကျွန်တော် ဂုဏ်ယူပါတယ်။ အခုတော့ ဒီလို ကနေတာ မြင်ရရင် ကျွန်တော် တကယ်ကို စိတ်မချမ်းသာ ဖြစ်မိတယ်။ ဒါပေမဲ့လည်း ပေါ့လေ။ အင်း . . . . ထား . . လိုက် . . ပါ . . ပြီ။

ဒီပို့စ်လေး ရေးမယ် လို့ စဉ်းစားနေချိန်မှာ ညီတစ်ယောက်က လာပြီး မေးလ်ပို့တယ်။ အဟီး။ သူကလည်း   Shakira - Waka Waka သီချင်းကို မြန်မာလို စာသားသွင်းပြီး သီချင်းစပ်ထားတယ်တဲ့ဗျာ။ အကုန်လုံးတော့ ပြီးအောင် စပ်တုန်း ဆိုပဲ။ အခုလောလောဆယ်တော့ အဓိက ကောရပ်ပုဒ်လေးပဲ ဆိုပြီး ပေးပို့လာပါတယ်။ အားလုံးဆိုချင်လည်း လိုက်ဆိုလို့ ရအောင် ဒီသီချင်းလေးကိုပါ ဖော်ပြပေးလိုက်ပါတယ်။ ကြံကြံဖန်ဖန်လည်း ရေးတတ်ပလေတယ်။

ရှပ်ကီသမားများ အရက်သောက်ပြိုင်ပွဲ 

အာမီရမ် အာမီရမ် အေ့ အေ့ 
ဝီစကီ ၀ီစကီ အေ့ အေ့
သောက်မလား ဟေ့ ဟေ့
This time for ယမကာ


တဲ့။ ကဲ . . ကြည့်ဦး။ သူ့သီချင်းစာသားကို ဖတ်ပြီးတော့ လူတောင်မှ တအေ့အေ့ ဖြစ်လာသေးတယ်။ ရေးလည်း ရေးတတ်ပါ့ဗျာ။

ပျော်ရွှင်ကြပါစေ . . ဝီစကီ ဝီစကီ အေ့ အေ့. . . အဲလေ . . . :P


လေးစားစွာဖြင့်
ကိုဇော်
.


Share/Bookmark

25 June 2010

11 အကြားမှန် ၊ အထင်မှား ( ၃ )




လွန်ခဲ့တဲ့ ၃ လလောက်က သူငယ်ချင်းတွေ အတင်းခေါ်လို့ သူတို့ အဆောင်ကို သွားလည်ပါတယ်။ ပိတ်ရက်လည်း ဖြစ်တော့ သူတို့တွေလည်း ရှိကြပါတယ်။ သူတို့နဲ့ မတွေ့တာ တော်တော်ကို ကြာသွားပြီ ဆိုတော့ သူတို့ကလည်း ဒန်ပေါက်ချက်တဲ့ လူနဲ့ ကြက်ကြော် ကြော်တဲ့ လူနဲ့ အတော်ကို စုံစုံလင်လင် လုပ်ထားကြတာပါ။ ကျွန်တော် ရောက်သွားတော့ အရည်သောက် အနေနဲ့ တုန်ရမ်းဟင်းချိုချက်မယ် ဆိုပြီး ကျွန်တော်က ထပ်ချက်လိုက်ပါသေးတယ်။ 

ချက်ပြုတ်လို့ ပြီးတော့ သူတို့တွေက ကျွန်တော့်ကို မင်းက အဝေးက လာရတဲ့ လူ ၊ ရေသွားချိုးတော့ ငါတို့ စားဖို့ သောက်ဖို့ ပြင်ထားလိုက်မယ် ဆိုပြီး  ရေချိုး ခိုင်းပါလေရောဗျာ။ ဒီနေရာ ၊ ဒီရေချိုးခန်းက ကျွန်တော်နဲ့ မစိမ်းပါ။ ဒီနေရာမှာ ကျွန်တော် အရင်က ၄ နှစ် နေခဲ့တဲ့ နေရာပါ။ ကိုယ်ရေးကိုယ်တာကြောင့် ကျွန်တော် အဲဒီအလုပ်က ထွက်ပြီး မြန်မာနိုင်ငံကို ပြန်သွားခဲ့တာ။ အရင်ကဆိုရင် ဒီနေရာလေးမှာ ကျွန်တော်တို့ သူငယ်ချင်းတွေ အရမ်းပျော်ဖို့ ကောင်းပါတယ်။

အလုပ်က ပြန်လာကြပြီ ဆိုရင် ဆူဆူညံ့ညံ့နဲ့ ချက်ပြုတ်ကြ ၊ ပြီးရင် ရေချိုးမယ် ဆိုလည်း အုပ်လိုက်ကြီး ရေချိုးခန်းထဲမှာ ပျော်စရာကြီးပါ။ ကျွန်တော်တို့ နေရာတာက အဆောင်တစ်ခု ဆိုပြီး သီးသန့် ဆောက်ထားတဲ့ အဆောင်တွဲကြီးမှာပါ။ ဒီမှာ မြန်မာ သပ်သပ် ၊ ဘင်္ဂလားသပ်သပ် ၊ နီပေါ သပ်သပ် ထားလေ့ ရှိတယ်။ ဒီလို အဆောင်တွေ ခွဲထားတော့ ဒီလူတွေ နေဖို့ အတွက် မီးဖိုချောင် ၊ ထမင်းစားဆောင် ၊ ရေချိုးခန်း ၊ အိမ်သာ သီးသန့် လုပ်ပေးထားပါတယ်။ 

ရေချိုးခန်းကတော့ အထွေအထူး မဟုတ်ပေမဲ့ လူအများကြီးကို တစ်ခါတည်း အဆင်ပြေအောင် အုတ်ကန်ကြီး တစ်ခုကို နံရံဘေးမှာ ကပ်ပြီး လုပ်ထားပါတယ်။ နံရံမှာ ကပ်ထားတဲ့ အတွက် အုတ်ကန်ကို ပတ်ပြီး ရေချိုးရင် မျက်နှာစာ သုံးဘက်ပဲ ရတယ် ဆိုပါတော့။ အဲဒီအရှေ့အုတ်နံရံမှာတော့ ရေချိုးဖို့ ရေပန်းတွေ ၅ ခု တပ်ပေးထားပါတယ်။ ရေချိုးချင်သူတွေက ရေပန်းမှာ သွားချိုးပြီး အဝတ်လျှော်ချင်သူတွေက အုတ်ကန်မှာ အဝတ်လျှော် ကြတယ်ပေါ့လေ။ အဝတ်လျှော်စက် တွေကလည်း အဲဒီဘေးနားမှာပဲ ထားတာ ဆိုတော့ အုတ်ကန်က ရေနဲ့ပဲ ခပ်ထည့်ဆိုတော့ နီးတာပေါ့လေ။

ကျွန်တော် ဒီလို တွေးနေရင်း ရေချိုးနေပါတယ်။ ရေချိုးရင်း ဒုတိယအကြိမ် ဆပ်ပြာတိုက်အပြီးမှာတော့ ပြောပြောဆိုဆို ဆူဆူညံ့ညံ့ အသံတွေနဲ့ သူငယ်ချင်းတွေ ဝင်လာကြတယ်။ ရေပန်းနဲ့ ချိုးသူချိုး ၊ မြန်မြန်ဆန်ဆန် အုတ်ကန်ကပဲ ခပ်ပြီး ချိုးသူချိုးနဲ့ တဝုန်းဝုန်း ချိုးနေချိန်မှာ ကျွန်တော်ကတော့ ရေချိုးလို့ ပြီးပါပြီ။ ဒါကြောင့် ရေခံပုဆိုးကို လဲနေရင်း ကျွန်တော့်သူငယ်ချင်း “ စိုးသန့် ” ကို လှမ်းကြည့်မိလိုက်တယ်။ ဒီမှာ သူ့ရဲ့ ထူးခြားချက်လေးကို သွားတွေ့လိုက်တယ်။ သူက အုတ်ကန်မှာ ရေလောင်းချိုးနေရင်း ခဏလေး ငြိမ်သွားတယ်။ ဒီမှာ ကျွန်တော်က  . . . . . 

“ ဟေ့ကောင် စိုးသန့် ၊ ဘာလို့ ရေချိုးနေရင်း သေးပေါက်တာလဲကွ။ ”

ဆိုပြီး အော်လိုက်တော့ အားလုံးလည်း ရေချိုးနေရာကနေ ငြိမ်ပြီး သူ့ကို လှမ်းကြည့်ကြတယ်။ သူကလည်း ရုတ်တရက် ငြိမ်နေရာကနေ ထပ်တွန့်သွားပြီး . . .

“ ဘာလဲ ၊ ဘယ်မှာပေါက်လို့လဲ။ ငါ့ဖာသာ ရေချိုးနေတာ။ ”

ဆိုပြီး ခပ်တည်တည် ငြိမ်နေရာကနေ ပြန်လှုပ်ရှားပြီး ရေဆက်ချိုးပါတယ်။

“ ဟေ့ကောင် မလိမ်နဲ့။ မင်းခုနက သေးပေါက်နေတာ ငါ သိတယ်ကွ။ ”

ဆိုပြီး ထပ်လှမ်းပြောလိုက်တော့မှ သူက “ အဟီး ” ဆိုပြီး ရယ်ပါလေရော။ အားလုံးကလည်း အတူတူနေလာတာ ကြာပြီ ဖြစ်တော့ ဘာမှလည်း ဒီလိုဟာလေးက ရှက်စရာ မဟုတ်ပါဘူး။ အမြဲတမ်း စ ၊ နောက် နေကြဆိုတော့ ဒီလောက်ကတော့ အပျော့ပေါ့လေ။ သူက “ အဟီး ” ဆိုပြီး လုပ်တော့ အားလုံးကလည်း သူ့ကို ဝိုင်းနောက် ကျတော့တာပေါ့။ ဒီတော့ သူက ရှက်ရယ် ရယ်ရင်း. . . .

“ နေပါဦးကွာ။ မင်းက အုတ်ကန် ဟိုဘက်ခြမ်းမှာ ငါက ဒီဘက်ခြမ်းမှာ ဒါကို မင်းက ငါ ရေချိုးရင်း သေးပေါက်တာကို ဘယ်လိုလုပ် သိတာလဲကွ။ ”

ဆိုပြီး မေးတယ်။ သူက ဒီလို မေးတော့ ကျွန်တော်ကလည်း သူ့အမေးကို ပြန်မဖြေခင် အောက်က ဟာသလေးကို ပြောပြရတာပေါ့ဗျာ။ 

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

တစ်ခါက . . . .

လူတစ်ယောက်ဟာ ခရီးတစ်ခုက ပြန်လာရင်း တောအုပ်တစ်ခုကို ဖြတ်ပြီး ပြန်လာတော့ တောထဲမှာ စမ်းချောင်းလေး တစ်ခုကို တွေ့သတဲ့။ ဒီတော့ သူလည်း ရေချိုးချင်လာတာနဲ့ အဝတ်အစားတွေကို ချွတ်ပြီး ရေဆင်းချိုးနေတာပေါ့။ ရေချိုးရင်း ဆီးသွားချင်လာတော့လည်း သူက အဲဒီစမ်းချောင်းလေးထဲမှာပဲ သွားလိုက်တယ် ဆိုပဲ။

သူရေချိုးနေရင်း ခဏနေတော့ လူစိမ်းတစ်ယောက် ရောက်လာပြီး သူ့လိုပဲ စမ်းချောင်းလေးထဲကို ဆင်းပြီး ရေချိုးပါလေရော။ ရေချိုးနေတဲ့ လူစိမ်းက ရေချိုးနေရင်း ခဏကြာတော့ ငြိမ်သွားပြီး ရေထဲမှာ အသာလေး ငြိမ်ပြီးတော့ ဖော့နေလိုက်တာကို သူတွေ့လိုက်ရတယ်။ ဒီတော့ သူကလည်း သူဖြစ်ရပ်ကို ပြန်တွေးမိပြီး ဒီလူစိမ်းတော့ အခုနေလောက်ဆိုရင် ဆီးသွားနေတာ ဖြစ်မယ် ဆိုပြီး ခန့်မှန်းမိပြီးတော့. . . .

“ ဟေ့လူ ဘာလို့ စမ်းချောင်းထဲ သေးပေါက်ချ ရတာလဲဗျ။ ” 

ဆိုပြီး ခပ်တည်တည်နဲ့ လှမ်းအော် လိုက်တယ်။ ဒီတော့ စမ်းချောင်းထဲမှာ ငြိမ်နေတဲ့ လူကလည်း ရုတ်တရက် လန့်သွားပြီး သူ့ကို လှမ်းကြည့်တယ်။ ဒါပေမဲ့ မှန်နေလို့ ထင်ပါတယ် မျက်နှာပဲ ကွပ်ခနဲ ပျက်သွားပြီး ဘာမှတော့ မပြောဘဲ မျက်နှာက သူ့ရဲ့ ဆန့်ကျင်ဘက် တခြားဘက်ကို လှည့်သွားတယ်။ ဒီတော့ သူက ထပ်ပြီး စဉ်းစားလိုက်တယ်။ “ ဒီလူ ငါပြောလိုက်တာ ဟုတ်သွားလို့ ဘာမှ မပြောဘဲ ရှက်ပြီး ဟိုဘက် လှည့်သွားတာပဲ။ သူ့စိတ်ထဲမှာ ငါ ဘာလို့ သိနေပါလိမ့် ဆိုပြီး ငါ့ကို စိတ်ထဲမှာ ဆဲနေလောက်ပြီ။ ” လို့ တွေးပြီး ဟိုလူ့ကို ခပ်တည်တည်နဲ့ ထပ်ပြောလိုက်တယ်။

“ ဟေ့လူ ၊ ကျုပ်ကို ဘာလို့ စိတ်ထဲက ဆဲနေတာလဲ။ ”

သူလည်း ဒီလိုလည်း ပြောလိုက်ရော စမ်းချောင်လေးထဲမှာ ရေချိုးနေတဲ့ လူစိမ်းက သူ့ကို တအံ့တသြနဲ့ လှည့်ကြည့်ပြီး . . . .

“ ဟုတ်ကဲ့။ ဘာမှ မပြောတော့ပါဘူး ခင်ဗျာ။ ကျွန်တော် စိတ်ထဲက ပြောသမျှကိုတောင်မှ ခင်ဗျားက လိုက်သိနေတော့ ကျွန်တော် သွားပါတော့မယ်။ ” 

ဆိုပြီး ကြောက်ကြောက်လန့်လန့်နဲ့ ကမူးရှူးထိုး ပြေးတတ်ကာ ထွက်သွားပါတော့တယ်။ လူစိမ်းလည်း ထွက်သွားရော စမ်းချောင်းထဲမှာ ရေချိုးနေသူက အားရပါးရ ဟက်ဟက်ပက်ပက် ရယ်ချလိုက်ပြီး . . .

“ သြော် . . ငါ့ကိုများ အကြားအမြင်ရနေတယ် လို့ ထင်သွားတယ်နဲ့ တူပါတယ်။ တကယ်တော့ ငါက ငါ လုပ်ခဲ့တဲ့ အတိုင်း သူဆိုရင်လည်း လုပ်မှာပဲ ဆိုပြီး တွေးနေမိတာကို ရမ်းပြောလိုက်ရင်း တိုက်ဆိုင်သွားတာ. . ဟား . . ဟား . . . ဟား . . ။ ”

အဖြစ်အပျက်လေးကတော့ ဒါပါပဲ။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

အခု ကျွန်တော် သူငယ်ချင်းက ကျွန်တော်တို့ မေးနေပါတယ်။

“ နေပါဦးကွာ။ မင်းက အုတ်ကန် ဟိုဘက်ခြမ်းမှာ ငါက ဒီဘက်ခြမ်းမှာ ဒါကို မင်းက ငါ ရေချိုးရင်း သေးပေါက်တာကို ဘယ်လိုလုပ် သိတာလဲကွ။ ”

ဒါကြောင့် ကျွန်တော်က ဒီဟာသလေးကို ပြန်ပြောပြပါတယ်။ ဒီတော့ အားလုံးကလည်း ရယ်လိုက်ကြတာမှ အုန်းအုန်းကျွက်ကျွက်ပါပဲ။ ပြီးတော့ အားလုံးက ပြောပါတယ်။ 

“ ဒီဟာသထဲက အတိုင်းဆိုရင်. . . မင်းက . . . . . . . . . . . . . . . . . . . . . . . . . . . . ”

တဲ့။ 

ဘာမှ မဟုတ်ပါဘူးဗျာ။ အဖြစ်အပျက်လေးကတော့ ဒါပါပဲ။ အဲဒီနေ့က သူငယ်ချင်းတွေနဲ့ မိတ်ဆုံစားပွဲလေး စားဖြစ်ခဲ့တဲ့ အကြောင်း ရေးပြချင်တာပါ။ ပြီးတော့ ကျွန်တော် ပြန်ခဲ့တယ်ပေါ့ ဒါပါပဲ။ ဒါကို ကျွန်တော်ပြောတာတွေ အားလုံးကြားပြီး ကိုယ့်ဖာသာ ထင်ချင်သလိုတွေ ထင်လိုက်မယ် ဆိုရင်တော့. . . . . . . . . . . . . . . . . . . . . . . . . . . . အင်း . . . မ. . . လွယ် . . . ဘူး :P :P :P

မှတ်ချက်။       ။ ရေးထားတာ ကြာပါပြီ။ ဒါပေမဲ့ ညစ်ညစ်ပတ်ပတ်တွေ လျှောက်ရေးတယ် ဖြစ်မှာ စိုးလို့ မတင်ဖြစ်တာပါ။ အခုတော့ “ အကြားမှန် ၊ အထင်မှား ” ခေါင်းစဉ်လေးနဲ့မှ တင်လို့ အဆင်ပြေသလို ရှိလို့ တင်လိုက်ပါတယ်။ အားလုံးကို ပြုံးစေလိုတဲ့ ဆန္ဒတစ်ခုတည်းပဲ ရှိပါတယ်။ ပျော်ရွှင်ကြပါစေ။ 


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

24 June 2010

17 သူဌေး နှာဘူးမကျရင် အလုပ်ထွက်မဲ့ လူစားများ



လောကမှာ “ သူဌေးက နှာဘူးကျလို့ အလုပ်ထွက်ခဲ့ရတယ်။ ”  ဆိုပြီးတော့ ကြားဖူးကြမှာပါ ၊ ဖြစ်ရိုးဖြစ်စဉ်ကိုး။ အခုတော့ဗျာ မပြောပေမဲ့ ကြားနေရတယ် ဆိုသလိုပဲ ဖြစ်နေတယ်။ ( တိုးတိုးလေး ပြောပြမယ်။ ) ကျွန်တော့် အလုပ်မှာလေ “ သူဌေးက သူတို့ကို နှာဘူး မကျလို့ အလုပ်ထွက်မယ်။ ” ဆိုပြီး ဖြစ်နေကြပါရောလား။ ခက်တယ် . . . ခက်တယ်. . . တကယ်ကိုလည်း ဒီသဘောပဲ ဖြစ်နေပါတော့တယ်။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

အခုတလော ကျွန်တော် တကယ်ကို စိတ်မကောင်း ဖြစ်နေမိတယ်။ ပြီးခဲ့တဲ့ လက စတိုက မန်နေဂျာလို့ ပြောလို့ ရတဲ့ တရုတ်မက အလုပ်ထွက်မယ် လို့ ပြောတယ်။ သူက ဒီမှာ ၈ နှစ်ရှိပြီ။ သူပြီးရင် အကုန်ပြီး သလောက်ပါပဲ။ ဒါကို ဘာပြဿနာမှလည်း ဖြစ်တာ မကြားဘဲ ထွက်မယ်ဆိုတော့ ကျွန်တော်လည်း အံ့သြပြီး သူ့ကို မေးမိတယ်။ 

“ ဘာလို့ ထွက်မှာလဲ။ ”

သူနဲ့ ကျွန်တော်က အတော်ကို ခင်ပါတယ်။ သူ့ကလေးတွေ ဓါတ်ပုံ ၊ သူတို့ မိသားစု ဓါတ်ပုံတွေဆိုရင် ကျွန်တော်က ဖိုတိုဖရိန်လေးနဲ့ လှလှပပ လုပ်ပေးနေကြ ဆိုတော့ သူကလည်း ခင်တာပေါ့လေ။ ဒါကြောင့် သူက တိုးတိုး တိုးတိုးပဲ ပြောတော့ ကျွန်တော်ကလည်း သူ့အနားကို တိုးတိုး တိုးတိုးပြီး နားထောင်ရပါတယ်။

“ ဘော့စ်က “ အန်း ” ကို နှာဘူး ထနေတယ်လေ။ ဒါကြောင့် ထွက်တာ. . . . ။ ”

“ ဟင် . . . ”

ဘော့စ်က အန်း ကို နှာဘူးထနေတာနဲ့ သူက အလုပ်ထွက်တာ ဘာဆိုင်လို့လဲ။ ဒီလိုဆိုတော့ ပေါက်ပေါက်မြောက်မြောက် တွေးမိတတ်တဲ့ ( အဟဲ ) ကျွန်တော်က “ ဟိုတစ်ယောက်ကို နှာဘူးထပြီး သူ့ကို နှာဘူး မထလို့ သူက အလုပ်က ထွက်တာလား ” ဆိုပြီး တွေးမိသွားတာပဲ။ ကံကောင်းချင်တော့ ကျွန်တော် ဒီလို သွားမမေးဖြစ်ဘဲ မသိသလို နေလိုက်တော့ သူက သူ့ဖာသာ ဆက်ပြောတယ်။

“ အန်းက အလုပ်ဝင်တာ ၆ လလောက်ပဲ ရှိသေးတယ်။ ဒါကို အခု ဘော့စ် မရှိတဲ့ အချိန်တွေမှာ ပစ္စည်းလာဝယ်လို့ Approved By မှာ လက်မှတ်ထိုးရမယ် ဆိုရင် သူ့ကို ထိုးဖို့ ဘော့စ်က ခွင့်ပေးလိုက်တယ်လေ။ တကယ်တော့ သူ့ရှေ့က စီနီယာတွေက အများကြီးပါ။ ဒီလို ကျော်လုပ်တော့ ဘယ်သူကမှ မကျေနပ်ဘူးပေါ့။ ”

“ သြော်. . . ဒီ လက်မှတ် မထိုးရတာလေးနဲ့ နင်က အလုပ်ထွက်မှာလား။ ”

“ ဒီလိုတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အန်းက အသစ်ရောက်လာတာ သူကကျတော့ ဘာမှ မလုပ်ရဘဲနဲ့ အလုပ်လုပ်စရာတွေ ငါကပဲ ပိုပိုများလာတယ်။ ဒါကြောင့်လည်း ထွက်တာ။ ”

“ သြော်. . . ”

ဒုတိယအကြိမ် ထပ်သြော် လိုက်ပြီးတော့ ကျွန်တော် နောက်ထပ် မသြော် ဖြစ်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ သူကလည်း သူ့အလုပ် သူလုပ်ပြီး ကျွန်တော်ကလည်း အလုပ်ပြီးလို့ ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် သိလိုက်တာကတော့ သူ နောက်လ ၁၂ ရက်နေ့ အလုပ်ထွက်မယ် လို့ ပြောသွားတာပါပဲ။ 

တကယ်လည်း ဒီလ ၁၂ ရက်နေ့မှာ သူ အလုပ်ထွက်သွားပါတယ်။ သူမထွက်ခင် သူ့အလုပ်နေရာကို ဝင်လုပ်ဖို့ တရုတ်မတစ်ယောက် ရောက်ပါတယ်။ အဲဒီတရုတ်မရဲ့ နောက်ထပ် ၃ ရက်လောက်ပဲ ခြားပြီး ကုလည်မ တစ်ယောက် အလုပ်ဝင်ပါတယ်။ ကုလည်မကို Receptionist အတွက် ခေါ်တာပါ။ လက်ရှိရှိနေတဲ့ Receptionist ကို ရုံးစာရေးမှာ ထည့်မယ်။ အသစ်တရုတ်မကိုတော့ ထွက်သွားတဲ့ တရုတ်မနေရာမှာ ထည့်မယ်ပေါ့။ ဒီလို ရည်ရွယ်ပြီး အလုပ်ခေါ်လိုက်တာပါ။

ထွက်တဲ့ လူက ထွက်သွားပြီး ဝင်တဲ့ လူကလည်း ဝင်ရော ရှုပ်ကုန်တော့တာပဲ။ ဒီမှာမို့လို့လည်း အထင်ကြီးလို့ မရပါဘူး။ စာနဲ့ ဝေးလို့လား ၊ သူတို့လည်း ပါတိတ်နဲ့ အောင်ခဲ့လို့လား မသိဘူး။ ဘာမှ သေချာ မတတ်ရှာပါဘူး။ ဒီတော့ အရင် Receptionist က လူကို ရုံးခန်းပို့တော့ သူက ကွန်ပျူတာနဲ့ စာရင်းလုပ်ရင် လက်က အိမ်မြှောင်ဥ ကိုင်ထားရသလို ဖြစ်နေတယ် ၊ တုန်တုန်ချိချိနဲ့။ နောက်ထပ် ရောက်တဲ့ တရုတ်မကို ဟိုမန်နေဂျာ ရာထူးမှာထားတော့ သူက လာသမျှ လူတွေကို ထိုင်ရယ်ပြနေတယ်။ အဲဒီမှာ ရှုပ်ကုန်တော့တာပဲ။

သူ့ကိုလည်း ဘယ်သူ့မှ မကြောက်သလို ၊ သူကလည်း ဘာဆို ဘာမှ မသိဘူး။ လေ့လာမှုကလည်း အားနည်းတယ်။ နောက်ဆုံးတော့ Receptionist အတွက် ခေါ်ထားတဲ့ ကုလည်မကို မေးလိုက်တော့ သူက အလုပ်ရှိဖို့ ဆိုပြီးသာ အလုပ်ဝင်လာတာ ၊ အလုပ်ကို လာတဲ့ ကားက အစ အတောင်ပံနဲ့။ ( ပျံနေတာပဲ လို့ ပြောချင်တာပါ။ ) ဒီတော့ Receptionist နေရာနဲ့ ဝင်လာသူကို မန်နေဂျာ ရာထူးမှာ ထားကြည့်တော့ အံ့ကို ဝင်လို့ ၊ ဒီတော့ ဂွင်ကျသွားတာပေါ့ဗျာ။ ( ဒါကို အံ့ဝင်ခွင်ကျတယ် လို့ ဆိုတယ် မလား။ ) မန်နေဂျာ အတွက် ခေါ်ထားတဲ့ တရုတ်မကို ရုံးစာရေးမှာ ထားလိုက်တော့ သူ့ဖာသာ အဆင်ပြေသား။ သူက လူတွေနဲ့ မဆက်ဆံတတ်ဘဲ သူ့ဖာသာ စာရွက် စာတမ်းတွေပဲ လုပ်နေချင်တဲ့ လူမျိုး။

ဒါနဲ့.. . .  ဒါနဲ့  . . . ဇာတ်သိမ်းတော့. . ။ အရင် Receptionist က လူကတော့ နေရာ မရွေ့ဘူး။ Receptionist ဆိုပြီး ခေါ်ထားတဲ့ ကုလည်မက မန်နေဂျာ ဖြစ်ပြီး ၊ မန်နေဂျာနဲ့ ခေါ်ထားတဲ့ တရုတ်မက ရုံးစာရေး ဖြစ်သွားတယ်။ ကျွန်တော့်မှာ နားတွေကို နှစ်ဘက်တည်းနဲ့တင် ရှုပ်လို့ နဝေတိမ်တောင် တောင်မှ ဖြစ်နေသေးတယ်။ ဒါပေမဲ့ သူတို့ကတော့ သူတို့ဖာသာ အဆင်ပြေပါတယ်။ ဒီကြားထဲမှာ ရုံးအကူကို နောက်ထပ် တရုတ်မ တစ်ယောက် ဝင်လာလို့ ကျွန်တော်ကလည်း ရတဲ့ အခွင့်အရေးကို အသုံးချပြီး QA ဘက်ကို ခုန်ပြီး ပြောင်းလိုက်တာပေါ့လေ။ ဟဲဟဲ. . . ငါကွ ဆိုပြီးတော့။ 

ကျွန်တော်ကလည်း ကိုယ့်ဖာသာ အကြံနဲ့ပါ။ QA ဆိုပြီး ကားနဲ့ လိုက်စစ်ရရင် တစ်နေရာကို ရောက်ဖို့ ၂ နာရီ ၊ ၃ နာရီ လောက် မောင်းရတာ မဟုတ်လား။ ကားပေါ်မှာ အိပ်လိုက်မယ် ၊ ဒါမှမဟုတ် စာဖတ်လိုက်မယ်။ ဟိုရောက်မှ စစ်မယ် ဆေးမယ်။ ပြီးလို့ နောက်တစ်နေရာသွားရင် ပြန်အိပ်မယ်။ ဒါဆို ကျွန်တော် အိပ်ရေးဝပြီ။ နေ့ဘက်မှာ သင်တန်းလေး ဘာလေး တတ်မယ်ပေါ့လေ။ အဟဲ. . . ကိုယ့် အကြံ ၊ ကိုယ့် အကြံ ပြောပါတယ်။ သင်တန်းကလည်း ၁၉ ရက်နေ့က စတတ်မယ်ပေါ့။ 

၁၅ ရက်နေ့လည်း ကျရော အလုပ်က နောက်ထပ် တစ်ယောက်က အလုပ်ထွက်သွားတယ် ဆိုတာ သိလိုက်ရတယ်။ သူကတော့ ယောက်ျားကြီးပါ။ ဟာ . . . ဘယ်နှယ်ဟာတုန်း ဆိုပြီး မေးကြည့်တော့မှ သူကလည်း အလုပ်ထွက်ဖို့ ပြီးခဲ့တဲ့ လကတည်းက တင်ထားတာတဲ့လေ။ ဒီတော့ ကျွန်တော်လည်း တိုးတိုးတိတ်တိတ် လိုက်စုံစမ်းတော့ နောက်ထပ် တစ်ယောက်ကလည်း ဒီအပတ်ထဲမှာ ထွက်မယ် ဆိုပဲ။ ( တကယ်ပါပဲ ပြီးခဲ့တဲ့ သောကြာနေ့က ထွက်သွားပါပြီ။ ) ဒီအချိန်မှာပဲ ကျွန်တော်နဲ့ တော်တော်ကို ခင်တဲ့ တရုတ်အဒေါ်ကြီးက ကြာသပတေးနေ့က ပြောတယ်။ ၂၂ ရက်နေ့ ဆိုရင် “ အားလီ ” လည်း ထွက်တော့မယ်တဲ့။

တကယ်ပါ။ ကျွန်တော့်ရင်ထဲမှာ ဘယ်လိုကြီးမှန်း မသိဖြစ်သွားတယ်။ ဒီအချိန်မှာပဲ သူက ဆက်ပြောတယ်။ သူလည်း နောက်လ ၂၂.၇.၂၀၁၀ ဆိုရင် ထွက်တော့မှာတဲ့။ ဟာ ခနဲပါပဲ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ သူနဲ့ ကျွန်တော်က ဒီမှာ အလုပ်ဝင်တာ ရက်ပိုင်းပဲ ကွာတာပါ။ ဒါကြောင့် သူနဲ့ ကျွန်တော် တော်တော်ကို ရင်းနှီးတယ်။ သူက Shipping ကပါ။ နောက်ထပ် ရင်းနှီးတဲ့ တစ်ချက်ကလည်း ဒီအလုပ်မှာ သူဌေးကလွဲပြီး ကျွန်တော့်ကို “ အန်ပေါင်း ” အများဆုံး ပေးသူက သူပဲလေ။  ( ကျွန်တော် ဝမ်းနည်းတဲ့ အထဲမှာ ဒါကလည်း ပါတယ် :P ) အဲ . . အဲလေ . . တကယ်လည်း ကိုယ့် အဒေါ်လိုပဲ ခင်ပါတယ်။ 

အန်ပေါင်းကတော့ နိုင်ငံခြားသားတွေထဲမှာ ကျွန်တော်က အရဆုံးပါ။ ( ဘယ်သူ့မှတော့ သွားမပြောနဲ့နော်။ ) အားလုံးနဲ့ ခင်တော့ ကျွန်တော်ကတော့ မတောင်းပါဘူး ၊ သူတို့ဖာသာ  ခင်လို့ ပေးတာပါ။ ဒီတော့လည်း ကျွန်တော်က အခင်အမင်ကို အပျက်အဆီး မခံနိုင်သူ ဆိုတော့ အသာတကြည်ပဲ ယူလိုက်တာပါ။  ဒါပေမဲ့ ကျွန်တော်က မာနက ကြီးတယ်လေ။ ဒါကြောင့် ဘယ်တော့မှ လက်ဖြန့်ပြီး မယူဘူး။ “ ရော့. . အင့် . . အိတ်ထဲ ထည့်လိုက် ” ဆိုပြီး အိတ်လေးပဲ ဖြဲပေးလိုက်တယ်။ ငြင်းလိုက်ရင် ကိုယ်က ရိုင်းရာ ကျမယ် မဟုတ်လား။ “ ရှဲရှဲ ” ဆိုပြီး သုံးလလောက် အလွတ်ကျက်ထားတာလေး တစ်ကြောင်းကိုတော့ အားရ ပါးရ ပြောချလိုက်ပါသေးတယ်။ 

အခု ဒီအဒေါ်ကြီးက ပြောတော့ ကျွန်တော် တကယ်ကို စိတ်မကောင်းတာပါ။ ဒါနဲ့ သူက ဆက်ပြီး ဟိုပြော ဒီပြောပြောရင်း အလုပ်ထွက်ရတဲ့ အကြောင်းကို ရောက်လာပြန်ပါလေရော။ ဒီတော့ သူကလည်း ဘော့စ်က အန်းကို နှာဘူးကျပြီး အခွင့်အရေးတွေ ပေးနေတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ထွက်ရတာလို့ ပြောပါတော့တယ်။ “ ဘော့စ် နဲ့ အန်း နဲ့ လုံးနေကြတယ်။ ” ဆိုသော စကားက သူ့စကားထဲမှာ အခွန်းပေါင်းများစွာ ပါပါတယ်။ သူတို့လုံးနေတာ မုန့်လုံးရေပေါ်တော့ မဖြစ်နိုင်ပါဘူး။ ဘယ်လိုပဲ ဘာကြီးကိုပဲ လုံးလုံးပေါ့လေ ကျွန်တော့် အတွက်တော့ နေသာပါတယ် လို့ ထင်ခဲ့ပါတယ်။

ဒါပေမဲ့ မနေသာပါဘူး။ နောက်နေ့ ကျတော့ သူဌေးက ခေါ်ပြီး ပြောတယ်။ Shipping က အဒေါ်ကြီး အပါအဝင် နောက်ထပ် လူ ၃ ယောက်ထပ်ထွက်မယ် ဆိုပဲ။ ကျွန်တော် တော်တော်ကို မျက်လုံးပြူး ထွက်သွားပါတယ်။ ဒါနဲ့  . . . ဒါနဲ့ ပေါ့ဗျာ။ ကျွန်တော့်မှာ အရင် ထိုင်ခုံလေးမှာ ပြန်ထိုင်ပြီး အခု အလုပ်ပြန်လုပ်နေရပြန်တယ်။  တကယ်ကို စိတ်ခုတယ်။ ဟိုကို ပြောင်းရတာ ဘာများ ကြာသေးလို့လည်း ဗျာ။ ဒါကို သူဌေးက ပြောလိုက်သေးတယ်။ “ မင်း သွားစစ်ချင်ရင် တစ်ပတ်နှစ်ရက်လောက် သွားစစ်ပေါ့။ ” တဲ့. . . ၊ ကတောက် . . . ပြောပုံကို ကြည့်ဦး။

ဒါနဲ့ ကျွန်တော့်မှာ အလုပ်နဲ့ ချာချာကို ပြန်လည်နေတော့တာပါပဲ။ လူ ၇ ယောက် ထွက်တယ် ဆိုတဲ့ အားကလည်း နည်းတာ မဟုတ်ပါဘူး။ အားလုံးကလည်း အလုပ်မှာ အနည်းဆုံး ၅ နှစ် သက်တမ်းတွေချည်းပါပဲ။ Shipping က အဒေါ်ကြီး တစ်ယောက်ပဲ ၃ နှစ်ကျော်။ ( အလုပ်များပြီး ရှုပ်နေတဲ့ အကြောင်းတွေ နောက် မရေးတော့ပါဘူးဗျာ။ ) ပို့စ်မတင်နိုင်လို့ ဘာဖြစ်နေတာလဲ ထင်နေမဲ့ စာဖတ်သူတွေကို အားနာလို့ အခု လက်ရှိ ဖြစ်နေတာလေးကို ပြောပြချင်လို့ မနေ့က အလုပ်ထွက်တော့ မပြန်သေးဘဲ ကမန်းကတန်း ရေးနေတုန်း Marketing က တရုတ်မ Sandra က ဘာလုပ်နေတာတုန်း ဆိုပြီး လာကြည့်တယ်။

အဲဒီတော့မှ ကျွန်တော်လည်း သူ့ကို သတိရသွားတယ်။ အလုပ်မှာ သူများတွေ သူဌေးက အန်းကို နှာဘူးကျနေလို့ ဆိုပြီး ခံစားကာ အလုပ်ထွက်နေချိန်မှာ သူကတော့ အစားမပျက် ၊ အသောက် မပျက်ဘဲ အေးဆေး အလုပ်ဆက်လုပ်နေတယ်။ သူ့ကို ကျွန်တော် တိုးတိုးမေးကြည့်လိုက်တော့ သူက ပေါ့ပေါ့ပါးပါးပဲ တိုးတိုးဖြေတယ်။

“ သူဌေးကလည်း သူဌေး အလုပ် သူဌေးလုပ်တယ်။ သူတို့အလုပ် သူတို့ လုပ်တယ်။ ငါက ငါ့အလုပ် ငါလုပ်တာလေ။ ”

သူက ဒါပဲ ပြောသွားပါတယ်။ ဒါပေမဲ့ ကျွန်တော် ရေးလက်စ စာလေးကို ဖျက်လိုက်မိတဲ့ အထိ အတွေးတွေ ပြောင်းသွားရတယ်။ ဟုတ်တယ်။ ကျွန်တော်တို့ မှားနေတယ်။ တကယ်တော့ သူဌေးက အန်းကို နှာဘူး ထနေပြီး အသစ်ရောက်လာသူကို လုပ်ပိုင်ခွင့်တွေ ချပေးလို့ ကိုယ့်ရဲ့ ရပိုင်ခွင့်ထဲကများ ဆုံးရှုံးသွားလို့လား။ မဆုံးရှုံးပါဘူး။ ဒါဆို သူဌေးနဲ့ အန်းကို နှာဘူးကျနေတယ် ဆိုတာ သူ့တို့ ဖာသာ အဆင်ပြေနေတာပဲလေ။ ဘာလို့ ကိုယ်က ကြားကနေ ဖြစ်နေရမှာလဲ ၊ မဟုတ်ဘူးလား။

တကယ်လို့. . . . သူဌေးက အန်းကို နှာဘူး ကျသလို ကိုယ့်ကို လာပြီး နှာဘူးကျရင်ရော ကိုယ်က အန်းလို ပြန်ပြီး ဆက်ဆံ နိုင်ပါ့မလား။ ပြန်ပြီး မဆက်ဆံနိုင်ဘူး လို့ ကျွန်တော် ထင်တာပါပဲ။ ဒါကြောင့် နှာဘူးကျသူနဲ့ နှာဘူး အကျခံသူ ၊ သူတို့ဖာသာ အဆင်ပြေနေတာကို ကိုယ်က ဘာလို့ ကြားမှာ နေရခက်ပြီး အလုပ်ထွက်ကြတာလဲ။ သူ့လိုလည်း ကိုယ်က လိုက်မလုပ်နိုင်ပါဘူး။ သူ့လို ကိုယ်က ဖြစ်လာခဲ့ရင်ရော . . . . ဒါဟာ တော်တော်ကို ပြောရခက်သွားပါတယ်။ သူဌေး နှာဘူးထနေလို့ ဆိုပြီး အလုပ်ထွက်သွားသူတွေနဲ့ သူ့အလုပ် သူလုပ် ၊ ကိုယ့်အလုပ် ကိုယ်လုပ် ဆိုပြီး စိတ်ထားနိုင်တဲ့ Sandra ရဲ့ စိတ်ဓါတ်က ပိုပြီးတော့ ဖြစ်သင့်ပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ကြည့်ရင် မြင်သာပါတယ်ဗျာ။ သူများ အလုပ်လုပ်နေတာ ၊ အောင်မြင်နေတာကို သွားကြည့်မိပြီး နေရင်းထိုင်ရင်း ဖြစ်ပျက် ခံစားမိကာ ဒေါသတကြီး ထွက်နေသူတွေကိုပေါ့။ ဒီလို လူမျိုးကို အရင်က ကျွန်တော် ဘယ်လို နာမည်တပ်ရမှန်း တကယ်ကို မသိခဲ့ပါဘူး။ အခုတော့ ဒီလူတွေကို “ သူဌေး နှာဘူး မကျရင် အလုပ်ထွက်မဲ့ လူစားများ ” ဆိုပြီး ကိုယ့်ဖာသာကိုယ်ပဲ နာမည်ပေးပြီး အဲဒီ အုပ်စုထဲကို ထည့်ထားလိုက်ပါတော့တယ်။

တကယ်တော့ ဘဝဆိုတာက နေတတ်ရင် ကျေနပ်စရာပဲ မဟုတ်လား။ ကောင်းကင်မှာ တိမ်တွေ အုပ်အုပ်ပြာပြာ ဖြစ်နေတယ်။ လျှပ်စီးတွေ လက်နေတယ်။ ပန်းကလေး တစ်ပွင့် ကြွေကျတယ်။ ငှက်ကလေး နှစ်ကောင် ပကျိပကျိ လုပ်နေကြတယ်။ ခွေးနှစ်ကောင် ကိုက်နေတယ်။ ကားတိုက်သွားတယ်။ မြေပြိုတယ်။ ငလျင် လှုပ်တယ်။ မိုးကြိုးပစ်တယ် အစရှိသဖြင့် အစစ အရာရာပေါ့လေ။ ဘာတွေပဲ ဖြစ်နေပါစေ ဖြစ်ပြီးသွားတာကို ကျွန်တော်တို့ ထိတွေ့ခံစားကာ ဝမ်းနည်း ကြေကွဲနေမလား ၊ ဖြစ်တာကို ဖြစ်တယ် ဆိုပြီး လက်ခံကာ ကိုယ့်လုပ်သင့်တာကိုပဲ ကိုယ်လုပ်ကြရမှာပါ မဟုတ်လား။ ဒါဆိုရင် လောကကြီးက သာယာပြီး နေချင့်စဖွယ် ပျော်စရာ ကောင်းပါတယ်ဗျာ။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

လောကမှာ “ သူဌေးက နှာဘူးကျလို့ အလုပ်ထွက်ခဲ့ရတယ်။ ”  ဆိုပြီးတော့ ကြားဖူးကြမှာပါ ၊ ဖြစ်ရိုးဖြစ်စဉ်ကိုး။ အခုတော့ဗျာ မပြောပေမဲ့ ကြားနေရတယ် ဆိုသလိုပဲ ဖြစ်နေတယ်။ ( တိုးတိုးလေး ပြောပြမယ်။ ) ကျွန်တော့် အလုပ်မှာလေ “ သူဌေးက သူတို့ကို နှာဘူး မကျလို့ အလုပ်ထွက်မယ်။ ” ဆိုပြီး ဖြစ်နေကြပါရောလား။

ခက်တယ် . . . ခက်တယ်. . . လောကမှာ ဒီလို သဘောမျိုးနဲ့ လူတွေ အများကြီးကို ရှိပါတယ်။ ပြီးတော့ အခုနောက်ပိုင်း ပိုပိုပြီး တွေ့လာရတယ်ဗျာ။

သြော်. .  ဒါနဲ့။ သူများတွေက သူဌေး နှာဘူး မကျရင် အလုပ်ထွက်မယ် ဆိုပြီး အလုပ်တွေ ထွက်ကုန်တာ “ ကိုဇော်က ဘာလို့ မလုပ်မထွက်တာလဲ။ ” လို့တော့ မလုပ်နဲ့နော်။ အဟဲ. . ဒါကလည်း ပြောရသေးတယ်။ ကျွန်တော်နဲ့ သူဌေးက ဘာမှ မဟုတ်ပါဘူး။ ( ဟူး . .  တော်ပါသေးရဲ့၊ မမေ့ မလျော့ ပြောလိုက်မိလို့ :P )

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~  ~ ~ ~ ~ ~ 

ဖြည့်စွက်။ ။ တစ်ယောက်က “ ကုလည်မ ” လို့ ကျွန်တော် ရေးထားတာကို မျက်စိလည်သွားတယ် ထင်ပါတယ်။ ဒါကြောင့် အောက်ကနေ ဖြည့်စွက် ရေးပေးလိုက်တာပါ။ အိန္ဒိယမှာ များသောအားဖြင့် “ ဟင်ဒီ ” နဲ့ “ တမီလ် ” လို့ ခေါ်တဲ့ ဘာသာစကားကို ပြောကြပါတယ်။ ( များသော အားဖြင့် ) ဒီလူတွေက မြန်မာနိုင်ငံထဲကို ရောက်လာတဲ့ အခါမှာ ဟင်ဒီ စကားကိုတော့ နားထောင်လို့ လွယ်ပေမဲ့ ၊ တမီလ်စကားကိုတော့ နားထောင်ရတာကို လည်လည်ထွက်သွားသလို ၊ သူတို့ ပြောနေတဲ့ စကားကလည်း သူတို့ လျှာကိုလည်း လည်လည်နေတာပဲ။ ဒါကြောင့် သူတို့ ပြောတဲ့ စကားသံကို မြည်စွဲ၍ သူတို့ကို “ ကုလည် ” လို့ အလွယ်ခေါ် လိုက်ကြပါတယ်။ တကယ်တော့ သူတို့က တမီလ်ပါ။ ဒါကြောင့် တမီလ်တွေကို မြန်မာနိုင်ငံမှာ “ ကုလည် ” လို့ ခေါ်ပါတယ်။ ဒါကြောင့် ကျွန်တော်က အလွယ် အနေနဲ့ “ ကုလည်မ ” လို့ပဲ ရေးလိုက်တာပါ။ ဘာသဘောမှတော့ မပါသလို ၊ ဘာကိုမှလည်း မရည်ရွယ်ပါဘူး။ လူအများ နားလည်လွယ်တဲ့ စကားလုံးကိုပဲ ယူသုံးလိုက်တာပါ။

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

21 June 2010

18 အတ္တ



 အတ္တ

ကိုယ့်အရိပ်ကို ကိုယ်
ခိုစီးမလို လုပ်တုန်း
ဖျတ်ခနဲ မီးက ပျက်သွားတယ်။

အလှူအိမ်ကို 
အစီးခံရလာတဲ့ ဖိနပ်လိုပေါ့
ဘဝက ထားစရာကို မရှိဘူး။

ကျီးပေါင်းတတ်နေတဲ့
ဓါးတစ်လက်နဲ့ စိတ်တွေကို 
ခုတ်ရတာ . . .ေ မာ တ ယ်။

ကျစ်ကျစ်ပါအောင် ဆုပ်ထားပါ 
ထပ်၍ ကျစ်ကျစ်ဆုပ်ထားပါ
လက်ထဲမှာ ဘာရှိမလဲ။

အသစ်တိုင်းလည်း 
သူတို့နဲ့ မတော်ဘူး
သူတို့က အရိုးကြီးတယ်။

ဒီလိုနဲ့ပဲ 
အဟောင်းလေးတွေကို
ဖုန်သုတ် စားသုံးနေကြတာပါပဲလား။

ကိုဇော်
21.6.2010 

.
Share/Bookmark

20 June 2010

12 အကြားမှန် ၊ အထင်မှား ( ၂ )



ကျွန်တော်တို့ ၁၀ တန်းတုန်းက “ ခက်ဆစ် ” ဆိုတာ ကျက်ရတယ်။ အဲဒီထဲက “ ဝေလီဝေလင်း ” ဆိုသော စကားလုံးလေး အကြောင်းကို အခုပဲ သတိရမိတယ်ဗျာ။ ဒီ ဝေလီဝေလင်း ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်ကို စာမေးပွဲမှာ ထည့်မေးတော့ တချို့လူတွေက မရကြဘူး။ မရတာကို မရဘူး ဆိုပြီး ဒီအတိုင်းထားရင် ကွက်လပ် ဖြစ်မှာ စိုးလို့ ထင်ပါတယ်။ သူတို့ စိတ်ထဲမှာ ထင်ရာတွေ လျှောက်ရေးကြတယ်။ 

ကျွန်တော်တို့ အိမ်နားက ဆရာမ တစ်ယောက်ကလည်း ၁၀ တန်း မေးခွန်းရဲ့ အဖြေတွေကို သွားစစ်ပါတယ်။ ဒီတော့ သူက မေးခွန်းတွေ သွားစစ်ပြီး ပြန်လာရင် သူစာမေးပွဲမှာ စစ်ခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို ပြန်ပြောပြလေ့ ရှိပါတယ်။  ဒီမှာ အခုလို ခက်ဆစ်စာလုံးတွေကို မသိရင်လည်း မသိဘူးလို့ မထားဘဲ ပေါက်ကရ လျှောက်ရေးထားတာကို ဟာသ သဖွယ် ပြန်ပြန်ပြောပြတတ်တယ်။ သူပြန်လာရင် ကျွန်တော်ကလည်း. . . “ ဆရာမ လုပ်ဦးလေ။ ဒီနေ့ ဘာတွေ့ခဲ့လဲ။ ” လို့ သွားသွားမေးလေ့ ရှိတယ်။ ဒီတော့လည်း သူက ထိုထိုဤဤ ပြောပြလေ့ ရှိတယ်။ ဒါဆို ကျွန်တော်ကလည်း အရမ်းသဘောကျပြီး တဟားဟား နဲ့ ရယ်လေ့ရှိတယ်။

ဥပမာ - 

ရင်းထောင် = အရင်းမှ ထောင်ထားသော။

ရင်းဆွဲ = အရင်းမှ ဆွဲသည်။

ကျက်မြေ = ဆူးလေ ၊ ပန်းဆိုးတန်း။

နံကာလ = မိုးရွာ၍ အိမ်သာများ လျှံသော အချိန်။

ဂနိုင် = အဆိုတော် အနိုင် ကို ချစ်စနိုးနဲ့ ခေါ်သော အိမ်နာမည်။

ဝေလီဝေလင်း = တရုတ် အမွှာညီအစ်ကို နှစ်ယောက်။ ( ဝေလီ သည် အကြီးဖြစ်၍ ၊ ဝေလင်း သည် ညီဖြစ်သည်။ )

အဲသလို . . . အဲသလိုတွေဗျာ။ အများကြီးမှ အများကြီး အကြောင်းအရာ တိုက်ဆိုင်လို့ သွားတွေးမိရင် လူက ရောက်နေတဲ့ နေရာကို ဂရုမစိုက်နိုင်တော့ဘူး။ “ ခွိး ” ခနဲ ရယ်ချမိတယ်။ ဘေးဘီကိုလည်း ဂရုမစိုက်နိုင်ပါဘူး။ ဘာလို့လဲ ဆိုတော့ “ ဘေးဘီ ” ဆိုတာ ကျွန်တော့် အဘိုးရဲ့အဘိုးတွေ မဟုတ်လား။ သူတို့မှ မရှိတော့တာ ဂရုမစိုက်မိတော့ဘူးလို့ ပြောတာပါ။ ထားပါတော့လေ။

အခု ကျွန်တော် ရေးမဲ့ ပို့စ်မှာ “ ဝေလီဝေလင်း ” ဆိုတာလေး ပါနေလို့ မဆီမဆိုင် ဝင်ပြီး လျှာရှည်မိတာပါ။ ကျွန်တော်ရေးမဲ့ “ ဝေလီဝေလင်း ” က တရုတ် အမွှာညီအစ်ကို မဟုတ်ပါဘူး လို့ဘဲ အဓိက ကျွန်တော်က ပြောချင်တာပါ။  ဒါလေးပါပဲ။ တကယ်တော့ ကျွန်တော် ရေးချင်တာက ဒီလိုဗျ. . . .

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

မနက်စောစော “ ဝေလီဝေလင်း ” အချိန် ဆောင်းရာသီဥတုရဲ့ အအေးဓါတ်က လူတကာတို့ကို အိပ်ယာထဲတွင် မထချင်နိုင်လောက်အောင် ကွေး၍ နေစေချင်၏။ ထိုသို့ ကွေးနေသူများလည်း ရာခိုင်နှုန်းနဲ့ ဆိုရင် အများအပြား ကွေးနေကြလိမ့်မည်။ သို့သော် ဒီလို မနက်စောစော “ ဝေလီဝေလင်း ” အချိန်တွင် အိပ်ယာထဲတွင် ကွေးမနေနိုင်ဘဲ အိပ်ယာမှ ထကာ ဝမ်းရေးအတွက် ဈေးရောင်းသူများလည်း ရှိကြပေသည်။ 

ထိုအထဲတွင်မှ တစ်ယောက် ဖြစ်သော မိန်းမတစ်ယောက်သည် သူရောင်းနေသော ပစ္စည်းကို လူတွေ သိရစေရန်အတွက် သူ လာရောင်းနေပြီဆိုတာ အားလုံးကြားရန် အော်ရလေသည်။ မနက်စောစော “ ဝေလီဝေလင်း ” အချိန်ဆိုတော့ အိပ်ယာထဲမှာ ကွေးနေသူများလည်း နိုးစေရန် အတွက် အသံကို မြှင့်ကာ အော်ရလေသည်။

“ ပဲပြုတ် . . . . . .”

သူ၏ အသံကား အောင်လှပေသည်။ နေ့စဉ် နေ့တိုင်း မနက်စောစောလည်း ဖြစ်သောကြောင့် ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်လျက် ရှိနေသည် မဟုတ်လား။ ဓါတ်တိုင် နှစ်တိုင်စာနားလောက် အရောက်မှာတော့ သူက နောက်တစ်ခါ ထပ်၍ သူရောင်းသော ပစ္စည်းကို ကြော်ငြာပြန်လေသည်။

“ ပဲပြုတ်. . . . ”

ဆောင်းရာသီ၏ အေးစက်မှုကြောင့် အိပ်ယာထဲတွက် ကွေးနေနိုင်သူများက ကွေးနေကြပြီး အလုပ်သွားရန် အတွက် ချက်ပြုတ်ပြင်ဆင်ရန် အတွက်သောလည်းကောင်း ၊ ကိုယ်တိုင်အတွက်သော်လည်းကောင်း ၊ တခြားသူ အတွက်သော်လည်းကောင်း ပြင်ဆင်ကြရမည့် သူတွေကတော့ အိပ်ယာထဲမှာ ကွေးမနေနိုင်တော့ပဲ ထကာ ပဲပြုတ်ဝယ်မယ် ဆိုရင် ပဲပြုတ်သည် အသံကို နားစွင့်ကာ သူမရောက်လာခင် ကတည်းက စောင့်ကာ အော်ခေါ်တတ်ကြသည်။ တချို့ကလည်း ပဲပြုတ်သည် အော်သံကြားမှ အော်ခေါ်တတ်သည်။

“ ပဲပြုတ်. . . ”

တတိယအကြိမ် အော်အပြီးမှာတော့ ပဲပြုတ်သည်ရဲ့ အော်သံပြီးပြီးချင်း ခေါ်သံတစ်ခုကို ကြားလိုက်ရသည်။

“ လာပါဦး။ ”

ဒီလိုပဲ ခေါ်ကြတာ မဟုတ်လား။ ဒီတော့ ပဲပြုတ်သည်ကလည်း သူ့ဆီက ပဲပြုတ်ကို ဝယ်ဖို့ ခေါ်တယ် ဆိုတော့ သွားရောင်းဖို့ ခေါ်တယ် ထင်ရတဲ့ နေရာကို လှမ်းကြည့်တော့ အိမ်တွေ အားလုံးက တံခါးတွေ ပိတ်ထား၏။ ဘယ်က ခေါ်မှန်း သူမှန်း မရဘူး။ ဒီတော့ သူကလည်း ဘယ်က ခေါ်မှန်း သိအောင်လို့ ဘယ်က ခေါ်တာလဲ ဆိုပြီး ပြန်မေးရသည်။

“ ဘယ်က ခေါ်တာလဲ။ ”

ဒီတော့ ခေါ်တဲ့ လူကလည်း ခေါ်သာ ခေါ်လိုက်တာ လူက အိပ်ယာက မထသေးဘူး။ ပဲပြုတ်သည် အသံကြားလို့သာ အော်လိုက်တာ။ မအော်ဘဲ ထလိုက်ရင်လည်း ပဲပြုတ်သည်က ကျော်သွားဦးမယ်လေ။ ဒါကြောင့် အသံကြားတော့ အိပ်ယာထဲက ကွေးနေရာက အော်လိုက်တာ ဆိုတော့ ပဲပြုတ်သည်က “ ဘယ်ကလဲ ” လို့ မေးတော့ သူကလည်း ပြန်ဖြေမိ၏။

“ အိပ်ယာထဲက. . . ”

သူလည်း ဒီလို ဖြေလိုက်ရော ပဲပြုတ်သည်က တစ်မျိုးထင်သွားပြီး . . . . .

“ သေနာကောင်ကြီး ၊ မသာကြီး လူကိုများ ဘယ်လို အစားများ မှတ်နေလဲ။ ”

ဆိုပြီး ဆဲဆိုကာ ပဲပြုတ်ကို မရောင်းဘဲ စိတ်ဆိုးပြီးတော့ ထွက်သွားတော့တယ်။ ဒီအချိန်မှာမှ အိမ်ထဲက လူက ပဲပြုတ်ဝယ်ဖို့ ဇလုံလေးကိုင်ပြီး ထွက်လာတော့ သူက အဝေးကြီးကို ရောက်သွားပြီ။ အိပ်ယာထဲက ထပြီး အိမ်အပြင်ထွက်လာသူကလည်း ဘာလို့ ပဲပြုတ်သည် ဒီလို ဆောင့်ကြီး အောင့်ကြီး ထွက်သွားတာလဲ ဆိုတာကို နားမလည်ဘဲ ခေါင်းကိုပဲ တွင်တွင် ကုတ်နေတယ် ဆိုပဲ။

အရင်က ဖတ်ခဲ့ရတဲ့ ဟာသလေး တစ်ခုပါ။ တကယ်တော့လည်း နှစ်ယောက်စလုံးက တစ်ယောက်ပြောတာကို တစ်ယောက် အစွန်အဖျားလေးတွေနဲ့ နားလည်ကြပါတယ်။ ဒါပေမဲ့ ဒီလို အစွန်အဖျားလေးတွေနဲ့ပဲ သူတို့ နားလည်မှု လွဲသွားကြတာပါပဲ။

ပဲပြုတ်သည်ကလည်း “ ဘယ်အိမ်က ခေါ်တာလဲ။ ” လို့ မမေးဘူး။ ဒါကို ဖြေတဲ့ လူကလည်း “ ဘယ်နေရာက ဆိုပြီး နေရာကို အတိအကျ ဖြေမိပြန်ပါလေရော။ ” သူက ဘယ်အိမ်ကပါ လို့ မဖြေတော့ ပဲပြုတ်သည်ကလည်း သူဖြေတာကို တစ်ခါထပ်ပြီး တလွဲတွေးမိသွားပြန်ပြီး စိတ်ဆိုးသွားပြန်တာပါပဲ။ တကယ်တော့ အဲဒီလူကလည်း ဘာသဘောနဲ့မှ ဖြေတာ မဟုတ်နိုင်ပါဘူးလေ။ သူက အတည်ပြန်ဖြေတာ ဖြစ်ချင် ဖြစ်မယ်။ နောက်ပြီး ဖြေတာ ဖြစ်ချင် ဖြစ်မယ်။

ဘယ်လိုပဲ ဖြေဖြေ သူတို့ ကြားလိုက်ရတာကတော့ အမှန်ပါပဲ ၊ ဒါပေမဲ့ ဒါကို ကိုယ့်အထင်တွေနဲ့ လျှောက်တွေးလိုက်တော့ ပြုံးစရာ ဖြစ်သွားသလို ၊ ရယ်စရာ ဟာသလေးလည်း ဖြစ်သွားတာပါပဲ။

ဒါလေးကိုလည်း ကျွန်တော် “ ဝေလီဝေလင်း ” ဆိုတဲ့ တရုတ် အမွှာညီအစ်ကို လိုပဲ ပြန်တွေးမိတိုင်း ပြုံးမိစေတဲ့ ဟာသလေးပါပဲ။ ဒီနေ့ ညီမလေး တစ်ယောက်နဲ့ စကားပြောရင်း သူ့ကို ပြောပြမိလို့ အားလုံးလည်း ပြုံးမိစေဖို့ သက်သက်ပါပဲ တင်ပေးလိုက်တာပါ။ ဖတ်ဖူးသူများ ရှိရင်လည်း ထပ်ပြုံးမိပါစေ။ မဖတ်ရသေးသူတွေဆိုလည်း “ ငါသာ ” ဆိုပြီး ဝင်ခံစားကာ ပြုံးနိုင်ကြစေဖို့ သက်သက်ပါပဲ။

ပျော်ရွှင်ကြပါစေ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

5 ရင်းနှီးထားရသော တန်ဖိုး




“ အဲဒီလို အပြာရောင် နောက်ခံမှာ သစ်ပင်တွေက စိမ်းညို့ညို့လေး ၊ ဒါကို မြူခိုးတွေနဲ့ ဝေဆိုင်းနေစေပြီးမှ အုတ်နံရံတွေကို နဂိုအုတ်ရောင် ဖြစ်တဲ့ နီကျင်ကျင်ရောင်လေးနဲ့ ထားမယ်။ အုတ်ကွက်တွေကို တွဲတဲ့ အင်္ဂတေကိုတော့ အဖြူရောင်လေး နဲ့ ပုံဖော်စေချင်တယ်။ ရဲတိုက်ရဲ့ ရှေ့မှာ ရေပန်းလေး တစ်ခုထားပြီး ၊ သူ့ဘေးမှာ ပန်းပင်တွေက သူ့နေရာနဲ့ သူ ရောင်စုံဖူးပွင့်နေ ချင်တယ် ၊ နောက်. . . .x x x x x x x x x x x x x ”

သူမရဲ့ မျက်လုံးလေး ပေကလပ် ပေကလပ် နဲ့ ရင်တထိတ်ထိတ် ပြောဆိုနေသံ အပြီးမှာတော့ သူက . . . 

“ စိတ်ချပါ။ ခင်ဗျားပြောတာကို ကျွန်တော် သဘောပေါက်ပါတယ်။ ကျွန်တော် ရအောင် ဆွဲပေးထားပါ့မယ်။ ”

ဒီလို ပန်းချီဆရာ ၊ သူက ပြောလိုက်မှ သူမက စိတ်အေးသွားသလို သက်ပျော့တစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်ပြီး . . . .

“ ကျေးဇူးတင်ပါတယ်ရှင်. . ၊ ဒါနဲ့ ဘယ်တော့များ ကျွန်မရဲ့ ပန်းချီကားလေး ပြီးနိုင်မလဲ မသိဘူး။ ”

“ ဒါကတော့ ပြောရခက်ပါတယ်။ တစ်ခု ကျွန်တော် ကတိပေးနိုင်တာကတော့ ကျွန်တော် အမြန်ဆုံး ဆွဲပေးပါ့မယ်။ ပြီးတာနဲ့ ကျွန်တော့် တပည့်လေးကို လွှတ်ပြီး အကြောင်းကြားလိုက်ပါ့မယ်။ ”

“ ဟုတ်ကဲ့ . . ဒါဆို ကျေးဇူးပါပဲ။ ဒီမှာ စရံငွေကို လက်ခံပါ။ ”

ဒေါ်လာ ၃၀၀၀ လို့ ရေးထားသော ချက်လက်မှတ်လေးကို သူ့ဆီ လှမ်းပေးပြီး သူမ လှမ်းထွက်သွားတယ်။ သူမ ထွက်သွားတာနဲ့ ပန်းချီဆရာက သူ့ရဲ့ ပန်းချီဆွဲခန်းထဲကို ဝင်လာပြီး အဝေးကို လှမ်းငေးတယ်။ သူငေးနေရာမှာ မိုးတွေ ညိုနေပေမဲ့ သူ့အာရုံထဲမှာ ကောင်းကင်ပြာကြီးကို နောက်ခံထားတဲ့ ရဲတိုက်ကြီး တစ်ခုကို မြင်လိုက်ရတယ်။ 

သူ့လက်များက ဒေါက်တိုင်မှာ တင်ထားတဲ့ ကင်းပတ်စ အဖြူရောင်ပေါ်သို့ စုတ်တံများရဲ့ အကူအညီနဲ့ ရောက်သွားတယ်။

တစ်ချက်ပြီး တစ်ချက်. . . . .  ၊

တစ်ကွက်ပြီး တစ်ကွက် . . . . .၊

တစ်ရက်ပြီး တစ်ရက် . . . . . ။

ရက်ပေါင်း ၁၁ ရက် အပြီးမှာ ပန်းချီဆရာက သူဆွဲထားသော ပန်းချီကားကို သေချာစွာ ပြန်ကြည့်လိုက်တယ်။ “ စိမ့် ” ခနဲ သူ့ဖာသာ ပြန်လည် ခံစားရမှုက ပတ်ဝန်းကျင်ကိုပါ ငြိမ်သွားစေတယ်။ တောင်ထွတ်တစ်ခုမှာ ဆောက်ထားတဲ့ ရဲတိုက်ကြီး တစ်ခုရဲ့ ခန်ငြားမှု ၊ တင့်တယ်မှု ၊ တည်ငြိမ်မှု ဒါတွေကို ထင်ဟပ်စေတယ်။ ပတ်ဝန်းကျင်မှ မြင်ကွင်းများကလည်း ထင်ထင်ရှားရှား။ ပန်းချီဆရာ သူ့ရဲ့ ပန်းချီကားကို သူ့ဖာသာ သဘောကျသွားတယ်။

“ ရစ်ချက်. . .၊ ဟေ့ ရစ်ချက်။ ”

သူ့ရဲ့ အစေအပါး တစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။ 

“ ဗျာ . . ဆရာ ၊ လာပါပြီ။ ”

သူ့တပည့်ကို သူ တစ်ချက် ကြည့်ပြီးမှ ဆက်ပြောတယ်။ 

“ ဒီပန်းချီကားကို လာအပ်သွားတဲ့ အမျိုးသမီးကို သိတယ် မဟုတ်လား။ ”

“ ဟုတ်ကဲ့ သိပါတယ် ဆရာ ၊ ဒါဆို သူ့အိမ်ကို သွားပြောတော့ သူ့ပန်းချီကားပြီးပြီလို့။ ”

ပြီးတော့ ပတ်ဝန်းကျင်က ပြန်လည် တိတ်ဆိတ်သွားခဲ့တော့တယ် ၊ လှည့်ထွက်ခွာသွားတဲ့ သူ့တပည့်ရဲ့ ခြေသံတွေက လွဲလို့ပေါ့။ ခဏကြာတော့ ပန်းချီဆရာရဲ့ အိမ်ရှေ့ကို ရထားလုံး တစ်စီးက ဆိုက်ရောက်လာပြီး ပန်းချီလာအပ်တဲ့ အမျိုးသမီး သုတ်သုတ်ပြာပြာနဲ့ ဆင်းလာတယ်။ ပန်းချီဆရာကို တွေ့တော့ အားရဝမ်းသာစွာ နဲ့ပဲ မေးတယ်။

“ ကျွန်မ ပန်းချီကား ဆွဲပြီး သွားပြီဆို. . . ”

“ ဟုတ်ပါတယ်။ ဟိုမှာ အုပ်ထားတဲ့ အဝတ်စကို ဖယ်ပြီး ကြည့်နိုင်ပါတယ်။ ”

အမျိုးသမီးက အိပ်မက်ထဲမှာ လမ်းလျှောက်နေရတဲ့ လူတစ်ယောက်လိုမျိုး ပန်းချီကားဆီကို လက်နှစ်ဖက် ဆန့်တန်းပြီး တရွေ့ရွေ့သွားတယ်။ ပန်းချီကားဆီရောက်တော့ တံတွေးကို မျိုချရင်း အသက်ပြင်းပြင်း တစ်ချက် ရှူပြီးမှ ပန်းချီကားကို အုပ်ထားတဲ့ အဝတ်စကို ဖယ်လိုက်တယ်။ 

“ အို. . . ”

သူမ လက်ထဲက အဝတ်စက ရုတ်တရက် လွတ်ကျသွားတယ်။ သူမ ပန်းချီကားကိုပဲ အာသာ ငမ်းငမ်း ကြည့်နေမိတော့တယ်။ ခဏကြာမှ . . . 

“ တကယ်ကို အသက်ဝင်တဲ့ ပန်းချီကားပါပဲရှင်။ ကျွန်မ အတွေးထဲကအတိုင်း ရအောင် လိုက်ဆွဲနိုင်ပါပေတယ်။ ”

“ - - - -- - ”

ပန်းချီဆရာကတော့ ဘာမှ မပြောပဲ မိန့်မိန့်ကြီး ပြုံးတယ်။ 

“ ဒီပန်းချီကားကို ကျွန်မ ယူသွားလို့ ရပြီလားရှင်။ ”

“ ဟုတ်ကဲ့။ ကျသင့်ငွေ ရှင်းပြီးရင်တော့ ယူသွားလို့ ရပါပြီ။ ”

“ ပန်းချီဖန်တီး ပုံဖော်ခ အနေနဲ့ ဘယ်လောက်များ သတ်မှတ်ထားပါလဲရှင်။ ”

“ ဒီပန်းချီကားကို ဆွဲခက ဒေါ်လာ ' ၅ သောင်း ' ပါ။ ”

“ ရှင် . . ၊ မများလွန်းဘူးလားရှင်။ ဒီပန်းချီကားလေးကို ရှင်ဆွဲတာ ၁၁ ရက်တည်း မဟုတ်လား။ ဒါကို ဒေါ်လာ ၅ သောင်း တောင်မှ တောင်းတယ် ဆိုတာ များလွန်းတယ် ထင်တယ်။ ”

ဒီတော့ ပန်းချီဆရာက ခပ်ကွေးကွေးလေး ပြုံးပြီး. . . . 

“ ဒါကတော့ ခင်ဗျားက ကျွန်တော် ဆွဲတဲ့ ၁၁ ရက် ဆိုတာပဲ မြင်တာကို။ ဒီလို ပန်းချီဆွဲတတ်အောင် ကျွန်တော် ၁၅ နှစ်တိုင်တိုင် လေ့ကျင့်ခဲ့ရတယ်။ ဒါပေမဲ့ ဒါက ကိုယ့်ဖာသာ အာရုံမှာ ဖြစ်ပေါ်နေတာကို ကိုယ့်ဖာသာ ဆွဲတာပဲ။ နောက်ထပ် အနှစ် ၃၀ ကတော့ သူများ အာရုံမှာ ဖြစ်ပေါ်နေတာကို ကိုယ့်ဆီကို ရောက်အောင် ဆက်သွယ် ခံစားပြီးတော့ ဆွဲတတ်အောင် လေ့ကျင့်ခဲ့ရတယ်။ 

နှစ်ပေါင်း ၄၅ နှစ် လေ့ကျင့်ပြီး ဆွဲမှ အခုလို ခင်ဗျား အာရုံမှာ ဖြစ်ပေါ်နေတာကို ကျွန်တော့်အာရုံမှာ လာ ထင်ဟပ်လာပြီး အချိုးကျ လှပတဲ့ ပန်းချီကားကို ကျွန်တော် ဆွဲနိုင်ခဲ့တာပါ။ အခု ဆွဲလို့ ကြာချိန် ဆိုတဲ့ ၁၁ ရက်ထဲကို ခင်ဗျား မြင်မယ် ဆိုရင်တော့ ခင်ဗျား မှားသွားလိမ့်မယ်။ ဒီတော့ ခင်ဗျားမှာ လုပ်စရာ နှစ်နည်း ရှိတယ်။ ”

“ ဟုတ်ကဲ့ ပြောပါ။ ”

“ ပထမနည်းကတော့. . . . ဒီပန်းချီကို ခင်ဗျား မယူဘူး ဆိုရင် ကျွန်တော်က အခုပဲ ဓါးနဲ့ စုတ်ဖြဲပစ်ပြီး ခင်ဗျား စရံငွေ ဆုံးပါလိမ့်မယ်။ ဒါဆို ခင်ဗျား ဖာသာ ခင်ဗျား ကြိုက်တဲ့ တန်ဖိုး နဲ့ တခြားသူ တစ်ယောက်ကို သွားဆွဲခိုင်းပါ။ ဒါပေမဲ့ သူ့ဆီက လက်ရာကို မနှစ်သက်လို့ ကျွန်တော့်ဆီမှာ နောက်တစ်ကြိမ် ထပ်လာပြီး ဆွဲခိုင်းမယ် ဆိုရင်တော့ ကျွန်တော်ရဲ့ ပန်းချီဆွဲ သက်တမ်းက နောက်ထပ် ၁၁ ရက်ပိုပြီး ၄၅ နှစ်နဲ့ ၁၁ ရက် အတွေ့အကြုံ ရှိလာခဲ့ပြီ ဆိုတော့ ခင်ဗျား နောက်ထပ် ဒီလို ပန်းချီကားအတွက် တန်ဖိုးက အခု ဒေါ်လာ ၅ သောင်း ထက် နှစ်ဆ ဖြစ်ချင်လည်း ဖြစ်မယ် ၊ သုံးဆ ဖြစ်ချင်လည်း ဖြစ်မယ်။ ဒါနဲ့ ခင်ဗျား ထပ်ဆွဲရလိမ့်မယ်။

ဒုတိယနည်းကတော့. . . ဒီခင်ဗျား ဒီပန်းချီကားကို ကျွန်တော် ပြောတဲ့ နှစ်ပေါင်း ၄၅ နှစ်အတွေ့အကြုံနဲ့ ဆွဲထားတဲ့ အကောင်းဆုံး လက်ရာ ဆိုတာကို တန်ဖိုး သိပြီး အဖိုးထိုက်တန်စွာနဲ့ ပေးချေ ဝယ်ယူသွားပြီး ခင်ဗျား အိမ်နံရံမှာ အမြတ်တနိုး တပ်ထားလိုက်စေချင်တာပါပဲ။ ”

ပန်းချီဆရာရဲ့ စကားလည်း ဆုံးရော အမျိုးသမီးက သူ့ရဲ့ အိတ်ထဲမှ ချက်လက်မှတ်ကို ထုတ်ပြီး ချရေးကာ ပန်းချီဆရာ လက်ထဲကို လှမ်းထည့်ပေးလေတော့သည်။ ချက်လက်မှတ်မှာ ရေးထားတာက. . . .

“ ဒေါ်လာ ၄၇၀၀၀ ”


မှတ်ချက်။    ။ အထက်ပါ ပန်းချီကားလေးကို ကြည့်မိပြီး ဖြစ်ပေါ်လာတဲ့ ကျွန်တော့်ရဲ့ စိတ်ကုးမျှသာ ဖြစ်ပါသည်။( ဒီပို့စ်မတင်ခင် စိတ်ကူးလေး ဖြစ်ပေါ်လာစေတဲ့ ပို့စ်ကတော့ ညီမလေး သျှင် ဆီကပါ။ http://troths.multiply.com/journal/item/473/473  သူ့ဆီက လင့်ချိတ်ဖို့ အွန်လိုင်းမှာ စောင့်ပေမဲ့ မတွေ့လို့ မချိတ်လိုက်ရပါဘူး။ အခုတော့ သွားပြောပြီး ခွင့်ပြုစာ မပြန်ခင် ချိတ်လိုက်ပါတယ်။ )



မူရင်း စိတ်ကူးရစေတဲ့ ပုံလေးပါ။ ညီမလေး သျှင် ပို့ပေးထားတာပါ။

လေးစားစွာဖြင့်
ကိုဇော်

.


Share/Bookmark

18 June 2010

7 အကြားမှန် ၊ အထင်မှား



စာရေးဖို့ အချိန်မရှိလို့လား မသိပါဘူး အခုတလော စာတွေတော့ တော်တော် ဖတ်ဖြစ်တယ်။ ဖတ်ဖြစ်တဲ့ အထဲက တချို့အကြောင်းအရာလေးတွေကို ဆင့်ပွားခံစားမိတာကြောင့် ထပ်ပြီး တင်ပြချင်ပါတယ်။ မူရင်းကို ဖတ်ချင်ရင်တော့ မူရင်းစာအုပ်ကိုလည်း  ညွှန်းပေးထားပါ့မယ်။ ကျွန်တော်ကတော့ ဖတ်ပြီး ကျွန်တော့်ဖာသာ ထပ်ဆင့် တွေးမိတာလေးကို ရေးပြမှာ ဖြစ်ပါတယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

ဖြစ်စဉ် ( ၁ )

ကျွန်တော်တို့ အလုပ်မှာ ကျွန်တော်နဲ့ တော်တော်ခင်တဲ့ တရုတ်မက ပြီးခဲ့တဲ့ အပတ်က ကလေးမွေးပါတယ်။ ကလေးက ကြီးတော့ ရိုးရိုးမမွေးနိုင်လို့ ခက်ခက်ခဲခဲ ခွဲမွေးရတယ်တဲ့။ ကလေးက ထွားထွားကြိုင်းကြိုင်း ဖြူဖြူဖွေးဖွေးကြီး ဆိုပဲ။ ဒီလိုကြီးလို့လည်း ခွဲမွေးရတာလို့ ပြောကြတယ်။ ဒါကြောင့် သူ အလုပ်ကို တော်တော်နဲ့ ပြန်မဆင်းနိုင်ဘူးပေါ့လေ။ သာမာန်မွေးတယ် ဆိုရင်တောင်မှ ခွင့်က နှစ်လပေးတာ ဆိုတော့ အခုလို ခက်ခက်ခဲခဲ ခွဲမွေးရတာ ဆိုတော့ သူလည်း တော်တော် ခံစားရမှာပဲ လို့ ကျွန်တော်လည်း သူ့ကို စာနာပြီး ရင်တွင်းမှာ ဖြစ်မိပါတယ်။

“ ခွဲမွေးတယ် ဆိုတာ မလွယ်ပါလား ” လို့လည်း တွေးလိုက်မိပါတယ်။
~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

ဖြစ်စဉ် ( ၂ )

ကျွန်တော့်ကားကို မောင်းနေတဲ့ လက်ရှိ ဒရိုင်ဘာကြီးမှာ ကရင်ကြီး တစ်ယောက် ဖြစ်သည်။ အလွန် အစားစားနိုင်သလေက် အလုပ်လည်း အလွန်လုပ်နိုင်၏။ သူထံမှ  စကား အထူးအဆန်းများကိုလည်း အရမ်းကြားရလေ့ ရှိသည်။

တစ်နေ့မှာ သတ်မှတ်ချိန်ထက် နောက်ကျပြီး သူ ရောက်လာ၏။ ရံဖန်ရံခါ ဖြစ်တတ်သည့် ကိစ္စမျိုးကို  ကျွန်တော် ဆူပူစရာ အကြောင်း မရှိပါ။ သို့သော် သူက ကျွန်တော့်ကို မျက်နှာချိုသွေးလျှက် ပြုံးရယ်ပြကာ. . . . 

“ နည်းနည်းနောက်ကျသွားတယ် ဆရာရယ်။ အိမ်မှာ ဘဲကို ခွဲမွေး ပေးနေရလို့။ ”

( အထက်က ကျွန်တော့်အလုပ်က တရုတ်မ ခွဲမွေးနေရတာနဲ့ အခု ဘဲခွဲမွေးရတာကို အတူတူပဲ သတ်မှတ်လိုက်ရင် တော်တော်ကို လွဲသွားပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ဘဲဆိုတာ ဥလိုက် ပေါက်တာကိုး။ ဒါကြောင့် ဆက်ဖတ်ကြည့်ရအောင်. . . ။ )

“ ဘာရယ်။ ဘဲကို ခွဲမွေးတယ် ဟုတ်လား.။ ”

“ ဘဲဥထဲက ဘဲပေါက်ကလေးလေ။ ဥခွံကို ဖောက်ရာပေးပြီးမှ မထွက်နိုင်ဖြစ်နေလို့ ကျွန်တော်ကပဲ ဥကိုခွဲပြီး မွေးပေးနေရတာ။ အဲဒီတော့မှ သူထွက်လာတယ်။ လုံးလုံးဝါဝါလေး ဆရာရဲ့ ၊ ချစ်စရာလေး. . .”

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~  ~ ~ ~ ~ ~ ~ ~ ~ 

နိဂုံး

ဒီလို သေချာကြားတော့မှ ဘဲလေးကို ဘဲမကြီး ဗိုက်ကနေ ခွဲမွေးတာ မဟုတ်ဘဲ။ ဘဲလေးက သူ့ဖာသာ မထွက်နိုင်လို့ ဘဲဥထဲမှာ ကြာနေလို့ ဥခွံလေးကို ခွဲပြီး မွေးပေးလိုက်တာကို ဆိုလိုတာပါ။ ဒါပေမဲ့လည်း အထက်က တရုတ်မ ကလေးမွေးတာကို ကျွန်တော်တို့ အားလုံးက ဒီလိုပဲ သိထားတော့ ဘဲအကောင်ပေါက်တယ် ဆိုရင် ဘဲက ဥထဲက ထွက်တယ် ဆိုတာပဲ ပြောနေကြတော့ အခုလို ဘဲကို ခွဲမွေးရတယ် ဆိုပြီး ကြားလိုက်ရင် ကျွန်တော်တို့ အထင်တွေ မှားသွားစေတတ်ပါတယ်။

တကယ်တော့ ဘဲဆိုတာ ကြက်လို နှုတ်သီးက မချွန်လေတော့ ဥခွံကို စဖောက်ခါစမှာ ထိုးခွဲဖို့ တစ်ခါတစ်လေ ခက်တတ်တာပါ။ ဒါကြောင့် ဘဲဥလေးကို ခွဲပြီး ဘဲလေးကို အပြင်ကို ထုတ်ပေးရတာပါ။ ဒါပေမဲ့ ဘဲကို ခွဲမွေးတယ် ဆိုရင် ကျွန်တော်တို့ သိနေတဲ့ အသိကြောင့် အကြားက မှန်ပေမဲ့ အထင်က လွဲသွားနိုင်ပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ဒီလိုပဲ သူများပြောတာ ဘာကို ဆိုလိုလည်း ဆိုတာကို အရင် သေချာ သဘောက်ပေါက်အောင် နားထောင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီလို မဟုတ်ဘဲ သူများပြောတာကို ကိုယ့်ရဲ့ အခံ အတ္တနဲ့ နားထောင်တယ် ဆိုရင်တော့ ကြားတာကတော့ ကြားလိုက်ရမှာပါ။ ဒါပေမဲ့ သူပြောချင်တဲ့ အဓိပ္ပါယ်ကို မရဘဲနဲ့ ကိုယ့်ရဲ့ အတ္တအထင်မှားတွေပဲ ဆုပ်ကိုင်မိနေပါလိမ့်မယ်။ သူများလိုဆိုရင်းကို သေချာ သိနားအောင် ဖတ် ၊ နားထောင် ၊ မေးမြန်း သင့်ပါတယ်။


source; ဖြစ်စဉ် ( ၂ ) ကို ဆရာ တာရာမင်းဝေ ၏ ကျွန်တော်နဲ့ ဆောင်းရာသီဒဿန ( ၂ ) ကနေ ကောက်နှုတ် ဖော်ပြပါတယ်။ ဒါကို ကျွန်တော့် မှတ်စု အဟောင်းလေးထဲက ဖတ်မိလို့ ဒီပို့စ်လေး ဖြစ်အောင် ဆင့်ပွားတွေးမိတာပါ။ 


လေးစားစွာဖြင့်
ကိုဇော်
.

Share/Bookmark

17 June 2010

15 အမရာ နှင့် တူသော ယောက်ျား


အမှာ. . . .

ကျွန်တော် နည်းနည်းတော့ ပြောရပါစေ။ ကျွန်တော် စာရေးတဲ့ အထဲမှာ အားထုတ်ပြီး တင်ပြပုံ အဆန်းဆုံး ရေးချင်တဲ့ ပုံစံလေးတွေကို ကျွန်တော် “ ရသစာတမ်း ”  မှာ ကျွန်တော် အားကုန်ထည့်ရေးလေ့ ရှိပါတယ်။ ဝတ္ထုထက် ၊ ရသထက် ၊ ဗဟုသုတထက် “ ရသစာတမ်း ” မှာ တစ်ခုခုကို ကျွန်တော် ချပြချင်မိတယ်။ ဒါကြောင့် ရသစာတမ်းလေး ကျွန်တော် ရေးပြီ ဆိုရင် လက်ရှိ ကျွန်တော် ဆန်းသစ်ချင်တဲ့ စာပေပုံစံ တစ်မျိုးကို အားထည့်ရေးလေ့ ရှိပါတယ်။

ဒါကြောင့် အခု ပို့စ်မှာတော့ . . . ၊ ကျွန်တော် တိတ်တခိုး ရင်ထဲမှာ ရှင်သန်နေတာ ကြာပြီ ဖြစ်တဲ့ စာပုံစံလေး တစ်မျိုးနဲ့ ရေးထားမိပါတယ်။ ဒါကြောင့် စကားပြောနေရာတွေမှာ “ ” တွေနဲ့ တစ်ကြောင်းချင်းစီ မပြထားတဲ့ အတွက် စာဖတ်သူများ အနည်းငယ် မျက်စိ ရှုပ်နိုင်ပါတယ်။ ဒီလိုသာ ဖြစ်ခဲ့ရင် ကျွန်တော်ရဲ့ တခြားသော တင်ပြချင်တာလေးကြောင့် ခွင့်လွှတ်ပြီး ဖတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ရသစာတမ်းမှာက လွဲပြီး ကျွန်တော် တခြားအမျိုးအစားတွေမှာ မကွန့်ပါဘူး။

ဒီပို့စ် ၊  ရသစာတမ်းလေးမှာတော့ ကျွန်တော် အသံတွေကို အားထည့်ပြီး ရေးထားတာ ဖြစ်လို့ တစ်မျိုးတစ်ဖုံ ကိုယ့်ဖာသာ ဆန်းသစ်ထားပါတယ်။ ကျွန်တော် ပေးချင်တဲ့ မက်ဆေ့ မရခဲ့ဘူး ဆိုရင် ၊ စာပေရေးရာမှာ တင်ပြပုံ ညံ့ဖျင်းခဲ့တယ် ဆိုရင် ဘယ်သူ့ရဲ့ အားနည်းချက်မှ မဟုတ်ဘဲ ၊ ကျွန်တော်ရဲ့ ညံ့ဖျင်း အားနည်းချက်သာ ဖြစ်ပါတယ်။ ကျွန်တော် ပြောပြချင်တဲ့ အသံအားတွေကို စာဖတ်သူများ ကြားမိပါစေ။

လေးစားစွာဖြင့် 
ကိုဇော်



“ ငြိမ့် ” ခနဲ ကားရှေ့ဘီးက မြောက်တတ်သွားတယ် ဆိုရင်ပဲ ပေါင်ပေါ်ကို တင်ပြီး စာတွေ ဖတ်နေတဲ့ စက်လေးကို လက်နှစ်ဖက်နဲ့ မြှောက်ကိုင်လိုက်မိတယ်။ အတတ်ပြီးသွားလို့ ပြန်ကျတယ် ဆိုတော့လည်း စက်ကလေးကို ပေါင်ပေါ်ကို ပြန်ပြီး မချရဲသေး။ အသာလေး မထား ရသေးတယ်။ ရှေ့ဘီး နောက်ဘီး ၊ ဘီး နှစ်ဘီး စလုံးက လမ်းတွေမှာ အမြန်နှုန်းကို လျော့ကျအောင် ခုခံထားတဲ့ အခုံးလေးကို ကျော်သွားမှ လက်ထဲက စက်လေးကို ပေါင်ပေါ် ပြန်တင်ပြီး စာလေးကို ဆက်ဖတ်ရတော့တယ်။

“ ဟူး ”  ခနဲ သက်ပြင်းကို ချပြီး ငါ့ဘဝကလည်း မလွယ်ပါလား လို့ ကိုယ့်ဖာသာ တွေ့ရင်း ပြုံးလိုက်မိတယ်။ ဒါတောင်မှ ဒီက လမ်းတွေက အခုလို ခုခံထားတဲ့ အခုံးလေးက လွဲပြီး ဒီမှာက လမ်းတွေက ဖြောင့်ဖြူးနေတာ . . ၊ ရွှေပြည်က လမ်းတွေမှာသာ  ဒီလို စာဖတ်ရရင် လက်ထဲက စက်လေးက ပေါင်ပေါ်ကို ပြန်မရောက်ပဲ လက်ထဲမှာတင် မြှောက်ထားရလို့ တောထဲက လူရိုင်းတွေ ယစ်ပူဇော်တော့မဲ့ အချိန်မှာ ဆိုရင် ပင့်မြှောက်ရသလို ဖြစ်နေမယ် ထင်တယ်။ အခုတော့လည်း ကြုံသလို အဆင်ပြေ ရတာပါပဲ စာဖတ်ချင်တော့ ဒီလိုပဲ ဖတ်ရတော့တာပေါ့။

“ ရိပ် ” ခနဲ မြင်လိုက်ရတဲ့ ကားအရှိန်ကြောင့် ကိုယ့်ကားသမားကလည်း သူရဲ့ ဟွန်းကြီးကို နာနာ ဖိတီးတယ်။ အပြင်ကတော့ မသိ ကိုယ့်ကား ခေါင်းခန်းထဲကတောင် တော်တော်ကို ဆူညံသွားတယ်။ ဖတ်နေတဲ့ စာရဲ့ အာရုံတွေကလည်း ဟွန်းသံကြောင့် ဘယ်ရောက်ကုန်မှန်း မသိ။ ကိုယ် ခေါင်းထောင်ပြီး ကားမှန်ကနေ အပြင်ကို ကြည့်လိုက်တော့ ကလပ်က ပြန်လာတယ် လို့ ထင်ရတဲ့ ကားနှစ်စီး ပြိုင်လုမောင်းသွားကြရင်း ကိုယ့်တို့ ကားရှေ့က ဖြတ်လု မောင်းသွားကြတယ်။ 

“ တောက် ” ခနဲ တတ်ခတ်သံ နဲ့ အတူ ပွစိပွစိ စကားတွေ စလာတော့မဲ့ ကိုယ့်ကားက ဒရိုင်ဘာ “ ဆီဗား ” ကို ကိုယ်ကပဲ တခြားအလုပ်ကိစ္စနဲ့ စကားလမ်းကြောင်းပြောင်းပြီး မေးလိုက်ရသေးတယ်။ “ ရောက်ဖို့ တော်တော် လိုသေးလား ဆီဗား။ ” “ အင်း. . . . နောက် နှစ်ကွေ့ ဆို ရောက်တော့မှာပါ။ ” သူလည်း စကားပြန်ပြောလိုက်ရလို့ ခုနက ဒေါသ နည်းနည်းလျော့သွားပုံ ရတယ်။  “ ငါကလည်း ဒါ ပထမဦးဆုံး ညဘက် လိုက်ဖူးတာ မဟုတ်လား။ ဒါကြောင့် မေးတာ ၊ ” “ နေ့ဘက်ရော ရောက်ဖူးလား။ ” “ အင်း  . . နေ့ဘက်က ၄ ၊  ၅ ခေါက်လောက်  ရောက်ဖူးတယ်။ ” “ သြော်. .”

“ သြော် ”  ခနဲ စကားလုံးနဲ့ ၊ အဲဒီလို အဆုံးသတ်ကာ ခဏပြောပြီး သူရော ကိုယ်ရော ပြန်လည် ငြိမ်သက်ကာ တိတ်ဆိတ်သွားပြီး သူလည်း သူ့ဖာသာ ရေဒီယိုက ကုလား သီချင်းသံနဲ့ ငြိမ်ပြီး ဆက်မောင်းလာတယ်။ ကိုယ်ကလည်း ကိုယ့်ဖာသာ ဆက်ပြီး စက်ကလေးကို မျက်နှာမူပြီး သူများတွေ ရေးတင်ထားတဲ့ ဘလော့က ပို့စ်တွေကို လိုက်ဖတ်လာခဲ့တယ်။ လော်ရီကား တစ်စီးရဲ့ ဝိတ်အရတော့ ငြိမ်သက်မှု ဆိုတာ မရှိ။ ဖတ်ရတာ ကိုယ့်အတွက် အတော်ကို အနှောင့်အယှက် ဖြစ်စေတယ်။ ဒါပေမဲ့လည်း. . . .

“ မှောင် ”  ခနဲ ဖြစ်သွားလို့ အပြင်ကို ဝေ့ကြည့်လိုက်ရင် တောင်ကို ဖြတ်ဖောက်ထားတဲ့ လိုဏ်ဂူထဲ ဝင်နေပြီ ဆိုရင် ကိုယ် ဖတ်နေတဲ့ စာမျက်နှာကို မပြောင်းရဲဘူး။ အရင်က အိမ်မှာ  ၊ အလုပ်မှာလို သုံးခဲ့ရတဲ့ တည်ငြိမ်တဲ့ Internet Connection  မဟုတ်တော့ ၊ အခုက USB Stick Broadband Connection ဆိုတော့ ပိတ်မှောင်မွန်းကြပ်တဲ့ နေရာတွေမှာဆို သူကလည်း မှိတ်တုပ် မှိတ်တုပ် အလင်းရောင်လေးပါ ပျောက်သွားတတ်တယ်။ ဒီအချိန်မှာ စာမျက်နှာ ပြောင်းလိုက်လို့ကတော့ Access Denied တို့ ၊ The Connection Has Time Out  တို့ ဖြစ်ပြီသာ မှတ်။ 

“ ချက် ” ခနဲ Comment ရေးပြီးလို့ Publish Your Comment ကို နှိပ်လိုက်ပြီးမှ Access Denied တို့ ၊ The Connection Has Time Out  တို့ ဒီလိုသာ ပေါ်လာပြီ ဆိုရင် ကိုယ့်မှာ ရင်ခံရတယ်။ ရေးထားသမျှ Comment လေးတွေလည်း ပျောက်ခဲ့တာ အကြိမ်ပေါင်း များပြီ။ ဒါဆိုရင် လိုဏ်ဂူထဲက ထွက်ပြီး Connection  ပြန်မိအောင် စောင့်ရတာ ဘာမှနဲ့ မတူဘူး။ ရင်. . .မော. . တယ်. . .။ ဒါနဲ့ပဲ သွားဖတ်မိတဲ့ နေရာတွေမှာ “ ကိုယ့်ခြေရာလေး ” တွေ မချန်ခဲ့နိုင်တော့ဘူး။

“ လက် ”  ခနဲ Connection လေး ပြန်မိလို့ ဖတ်ထားတဲ့ ပို့စ်မှာ Comment ရေးမယ် ကြံတော့မှ စီးလာတဲ့ ကားက လမ်းချိုးတစ်ခုကို ဆွဲကွေ့ ဝင်သွားတယ်။ ကိုယ်မော့ကြည့်လိုက်တော့ ကိုယ်သွားချင်တဲ့ စက်ရုံကို ဝင်တဲ့ ကွန်ကရစ်ခင်းလမ်းပေါ်ကို ရောက်လာခဲ့ပြီ။ စက်မှုဇုံရဲ့လမ်း ၊ ကွန်ကရစ်ခင်းတဲ့ လမ်းရဲ့ ထုံးစံအတိုင်း အဝေးပြေးလမ်းမပေါ်က လမ်းတွေလို မဖြူးတော့ဘူး။ ကိုယ့်ပေါင်ပေါ်က စက်လေးကလည်း ငြိမ် မလိုက်နိုင်တော့ဘူး။ ကိုယ့်ရဲ့ လက်နှစ်ဖက်နဲ့ မ ထားရမဲ့ အတူတူတော့ စက်ကို ပိတ်ပြီး သိမ်း လိုက်ရတော့တယ်။

“ ကျွီ ” ခနဲ အသံနဲ့ အတူ စီးလာတဲ့ လောရီကားက စက်ရုံတစ်ခု ရှေ့ ဝန်းတံခါးမှာ ရပ်သွားတယ်။ ဟုတ်တယ် ဒီစက်ရုံက နေ့လည်ဘက် ကိုယ်ရောက်ခဲ့ဖူးတဲ့ စက်ရုံပဲ။ Production အတွက်သာ အဓိက ရည်ရွယ်ထားတဲ့ စက်ရုံဆိုတော့ လမ်းပန်း အချက်အချာ ကျစရာ မလိုဘူး ဆိုတဲ့ အချက်ကြောင့် ဒီလို အတွင်းဘက် ဆိတ်ငြိမ်တဲ့ စက်မှုဇုံထဲမှာပဲ တည်ရှိတယ်။ နေ့ဆိုင်း ညဆိုင်း လည်ပတ်ပေမဲ့ ညဆိုင်းကတော့ နေ့ဆိုင်းလောက် လူများများ စားစား မရှိတာ သေချာတာပေါ့။ ပြီးတော့ အားလုံးက နိုင်ငံခြားသားများသာ. . .။

“ အီ ” ခနဲ အသံနဲ့ အတူ ဆီငတ်နေတဲ့ တံခါးက ဆွဲဆွဲငင်ငင် ဒရွတ်တိုက်ကာ သူ့လမ်းကြောင်းအတိုင်း ပျင်းတိပျင်းတွဲနဲ့ လိမ့်ထွက်သွားတယ်။ စက်ရုံဝန်းထဲကို လှမ်းကြည့်လိုက်တော့ “ ကိုမိုးမြင့် ” က သူ့ထုံးစံအတိုင်း ပြုံးတုံ့တုံ့နဲ့ စက်ရုံဝန်းတံခါးနားကို လျှောက်လာတယ်။ တကယ်ဆို သူ့လက်က ရီမုကို နှိပ်ပြီး အေးဆေး ဝန်းတံခါးကို ဖွင့်လို့ ရပေမဲ့ သူ့ရဲ့ စိတ်ရင်းကိုက ဒီလိုပဲ။ မျက်နှာလွဲ ခဲပစ် မလုပ်တတ်သလို သူများကို မခန့်လေးစား ဖြစ်မှာ စိုးတဲ့ အတွက် ခရီးဦးကြိုပြုသလို ထွက်ကြိုတတ်တယ်။


“ ဝုန်း ” ခနဲ လော်ရီတံခါးကို ပိတ်ပြီးမှ ပြန်ဖွင့်ရင်း . . . “ သိုးကလေး . . .၊ ဟေ့ကောင်. .ထ . .ရောက်ပြီ။ ” ဆိုပြီး လှုပ်နှိုးကာ လော်ရီတံခါးကို ပိတ်ပြီး စက်ရုံဝန်းထဲကို လမ်းလျှောက်ဝင်လာခဲ့တယ်။ စက်ရုံထဲက လျှောက်လာတဲ့ ကိုမိုးမြင့် နဲ့ စက်ရုံဝန်း အလယ်မှာ ဆုံတယ်။ ဒီအချိန်မှာပဲ လော်ရီကို မောင်းလာတဲ့ ဆီဗားကလည်း ဘေးနား ရောက်လာတယ်။ “ ငါ ဘယ်မှာ ရပ်ထားရမလဲ၊ ” ဆီဗားက မေးတယ်။ “ ရတယ် ဆီဗား။ မင်းဖာသာ လွတ်ရာနေရာမှာ ရပ်ပြီး အိပ်နေတော့ ၊ ငါက တော်တော်ကြာမှာ။ ပစ္စည်းတင်တော့မယ် ဆိုမှ မင်းကို နှိုးလိုက်မယ်။ ” လျှာကို ထုတ်ပြီး ပြောင်ပြကာ “ အိုကေ ” လို့ ပြောပြီး စက်ရုံထဲက နေရာလွတ်တစ်ခုမှာ ဆီဗား လော်ရီကို သွားပြီး ရပ်တယ်။

“ ရှပ် ” ခနဲ ၊ ရှပ်ခနဲ ဖိနပ်ကို ရှပ်တိုက် စီးသံနဲ့ အတူ ဘေးကို “ သိုးကလေး ” ရောက်တယ်။ တကယ်တော့ သူ့နာမည်က “ စိုးကလေး ”ပါ။ ဒါပေမဲ့ ဘယ်ကို သွားသွား ကားပေါ်ကို ရောက်ရင် သုံးမှတ်တိုင်ထက် ပိုမခံဘူး။ သူက အိပ်ပျော်သွားပြီ။ အိပ်တာမှ ဘေးက လူက မနှိုးရင် မထတမ်း “ သိုး ” နေအောင် အိပ်တတ်တယ်။ ဒါကြောင့် “ စိုးကလေး ” ကနေ “ သိုးကလေး ” လို့ နာမည်ရသွားတယ်။ သူက ကိုယ်နဲ့ အတူ သွားရတာကို အရမ်းပျော်တဲ့ သူ။ ဘာသယ်စရာ ရှိလဲ ကြိုက်တာ သယ်ခိုင်း မငြီးမငြူလုပ်ပေးတယ်။ “ စစ်တာ ဆေးတာတော့ မခိုင်းပါနဲ့ အစ်ကိုရာ ၊ စိတ်ညစ်တယ် မှားတာနဲ့ မထူးဘူး။ ”  လို့ ပြောတတ်တယ်။ သူစစ်ရင်လည်း လူက မလွတ်ဘူးလေ။

“ အေး ” ခနဲ တိုက်လာတဲ့ လေကြောင့် ကိုယ် မိုးကောင်းကင်ကို မော့ကြည့်လိုက်တော့ ကိုမိုးမြင့်က “ ဟုတ်တယ်ဗျာ ၊ မိုးရွာနိုင်တယ်။ ” ဒီလို ပြောတယ်။ “ မိုးရွာတော့လည်း ကောင်းတယ် ကိုမိုးမြင့်ရာ ၊ အခု တလော အရမ်းအိုက်နေတာ။ ” သူကလည်း ခေါင်းငြိမ့်ပြတယ်။ ပြီးမှ. . . “ အခု ဘယ်လို နေလဲ ကိုဇော် ၊ အဆင်ပြေရဲ့လား။ ” ကိုယ်လည်း ခေါင်းကို မငြိမ့်ပြဖြစ်ပါဘူး။ “ ဒီလိုပါပဲ ကိုမိုးမြင့်ရေ ၊ အပြောင်းအလဲ တစ်ခုရဲ့ နောက်မှာတော့ ပေးဆပ်ရတာတွေ ရှိတာပေါ့ဗျာ။ ” သူကလည်း ခေါင်းကို ထပ်ငြိမ့်တယ်။ “ ဒါပေါ့ဗျာ။ ဒါပေမဲ့. . . . ”

“ စို ” ခနဲ ကိုယ့်လက် နဲ့ ခေါင်းပေါ် မိုးဖွားလေးတွေ ကျလာတယ်။ ဒါကြောင့် ကိုယ်တို့ စက်ရုံထဲကို ခပ်သွက်သွက် ဝင်လိုက်ပြီးမှ ကိုမိုးမြင့်က ဆက်ပြောတယ်။ “ ကိုဇော်  QA ဘက်ကို ပြောင်းလိုက်တော့ ကျွန်တော်လည်း အံ့သြသွားတာ။ ”  “ ဟုတ်တယ် ကိုမိုးမြင့် အရင် လုပ်နေရတာက ကိုယ်နဲ့ ဘာမှ မဆိုင်သလိုပဲ  ကြာတော့ ခံစားလာရတယ်။ ဟိုးအရင်ကလည်း ဒီအလုပ်ပဲ ၄ နှစ်လုပ်ခဲ့တော့ စိတ်ထဲမှာကို ပြောင်းချင်လာတာ။ ”  “ အေးလေ . . ဒီလိုပါပဲ။ ”

“ ဆက် ” ခနဲ သူ့လက်က နာရီကို ပင့်ကြည့်လိုက်ပြီး ကိုမိုးမြင့်က ပြောတယ်။ “ တစ်နာရီ ခွဲနေပြီ။ ကိုဇော် ထမင်းစားပြီးပြီလား။ ” ကိုယ်လည်း ခေါင်းငြိမ့်ပြလိုက်ပြီး . . . “ ဟုတ်ကဲ့ . . ကိုမိုးမြင့် ကျွန်တော် တီးတိုင်း မှာတင် စားလိုက်တယ်။ ”  “ ဒါဆို ထမင်းချိန်ကျတော့ရော။ ” ကိုယ်လည်း ခပ်ပါးပါးလေး ပြုံးလိုက်ပြီး . . . . “ ထမင်းစားချိန်မှာ ဘလော့က စာတွေ လိုက်ဖတ်တယ် ကိုမိုးမြင့်။ ”  “ သြော်. . . ” ဆိုပြီး သူ ခပ်လေးလေး ညည်းတယ်။

“ ဝှူး ” ခနဲ သူ လေပူတွေကို မှုတ်ထုတ်ပြီးတော့ . . “ ကိုဇော် ဘလော့မှာ တင်ထားတာ ကျွန်တော်လည်း ဖတ်လိုက်ရတယ်။ ရုတ်တရက် ဆိုတော့ အံ့သြသွားတယ်။ နောက်နေ့ ကိုဇော် ဖုန်းဆက်တော့မှ ပြောင်းလိုက်တယ် ဆိုတာ သိလိုက်ရတာ။ ”  “ ဟုတ်တယ် ကိုမိုးမြင့်။ ”  “ ဒါပေမဲ့ဗျာ။ ကျွန်တော် တစ်ခုတော့ ကိုဇော့်ကို ပြောရဦးမယ်။ ”   “ ဟုတ်. . ပြောလေ ကိုမိုးမြင့် ၊ ဘာများလဲ။ ”  “ တခြားတော့ မဟုတ်ပါဘုးဗျာ။ ' ညှပ်မရတဲ့ လက်မများ ' ပို့စ်အတွက်ပါ။ ”

“ ဖျတ် ” ခနဲ ကိုယ် သူ့ကို ကြည့်လိုက်တော့ သူက လက်ကာပြပြီး . . . “ ပြောမှာ တခြား မဟုတ်ပါဘူးဗျာ။ ကျေးဇူးတင်တယ် ပြောမလို့ပါ။ အဲဒီအကြောင်း ကိုဇော်နဲ့ ကျွန်တော် အချိန် အကြာကြီး ထိုင်ပြောဖြစ်တယ်နော်။ ဒါပေမဲ့ ကိုဇော် ရေးလိုက်တာ ကျွန်တော်နဲ့ ပြောတဲ့ အကြောင်းတွေ မပါပဲ တခြားက အကြောင်းလေးတွေကို ထည့်ရေးလိုက်တော့ ကျွန်တော့်ကိုယ် ကျွန်တော်လည်း သေချာ စစ်မိလိုက်သလိုပဲ ဖြစ်သွားတယ်။ ”  “ ဟုတ်တယ် ကိုမိုးမြင့် ၊ တကယ်တော့ ဒီပို့စ်ဟာ ကိုမိုးမြင့်ရယ် ၊ အဲဒီအချိန်က အစ်မတစ်ယောက်ရဲ့ အလုပ်ကိစ္စ အတွက်ရယ် ၊ ကျွန်တော့်ကိုယ် ကျွန်တော်ရယ် ရည်ရွယ်ပြီး ရေးလိုက်တာပါ။ ”

“ ငြိမ် ” ခနဲ သူဖြစ်သွားတယ်။ နောက်မှ တစ်ခုခုကို အတည် ပြောတော့မယ် ဆိုရင် လုပ်နေကြ ပုံစံ အတိုင်း သူ အပေါ်ကို မော့ကြည့်ပြီး “ ကျွန်တော်တို့ လက်မတွေ ညှပ်ဖို့ ဖြစ်လာတော့မှာပါဗျာ။ ” ကိုယ် ဘာမှ ပြန်မပြောမိ သူကပဲ ဆက်ပြောတယ်။ “ ကျွန်တော်လည်း စိတ်ကုန် လာပြီလေဗျာ။ ” ဒီစကားပြောပြီးတော့ သူနဲ့ ကိုယ် စကားတွေ တိတ်ဆိတ်သွားသလို အရာရာဟာလည်း မိုးရွာနေရင်းနဲ့ ခြောက်ကပ်သွားသလို တိတ်ဆိတ်သွားတယ်။ အပြင်မှာတော့ မိုးတွေက စွေနေသလို ၊ လော်ရီကား ခေါင်းခန်းထဲမှာလည်း ဆီဗား က အိပ်ပျော်နေမှာပဲ။

“ ဖြောင်း ” ခနဲ သူ့လက်ကိုသူ လက်ခုပ်တီးပြီး သတိပေး အားယူလိုက်သလို တစ်ချက်တီးပြီးမှ “ ကဲ . . ကိုဇော်လည်း စစ်စရာတွေ သွားစစ်လိုက်ဦးဗျာ။ ကျွန်တော်လည်း အထဲကို သွားကြည့်လိုက်ဦးမယ်။ ” ကိုယ်လည်း ခေါင်းကို ငြိမ့်ပြလိုက်ပြီး “ ဟုတ်ကဲ့  ကိုမိုးမြင့် ။ ” သူက လှည့်ထွက်သွားပြီးမှ တစ်ချက်ရပ်ကာ ပြန်လှည့်ကြည့်ပြီး . . . “ တီးတိုင်းကျရင်တော့ ကျွန်တော် ခေါက်ဆွဲပြုတ် ထားလိုက်မယ်ဗျာ။ ရယ်ဒီမိတ်ဘူးလေးတွေ ရှိတယ်။ အပြင်မှာ စားမနေနဲ့တော့။ အတူတူ စားကြတာပေါ့။ ” ကိုယ်လည်း ခေါင်းကို ငြိမ့်လိုက်ပြီး “ ဟုတ်ကဲ့ ။ ” တကယ်လည်း သူနဲ့ ကိုယ်က အားနာပြီး ငြင်းနေရမဲ့ သူမျိုး မဟုတ်။

“ နင့် ” ခနဲ အတော်လေးပြီး တွန်းရခက်အောင် ပိတ်နေတဲ့ Rack ကြားထဲက ပစ္စည်းထည့်ထားတဲ့ လှည်းကို အားစိုက်တွန်းနေတုန်း “ သိုးကလေး ” ကပြေးလာပြီး တွန်းပေးရှာတယ်။ သူက ဒီလိုတွေ အားကိုးရတယ်။ တွန်းပြီးတော့ ပြောသေး “ ကိုဇော်ကလည်း လုပ်စရာ ရှိရင် ခေါ်ပါဆိုမှ. .  ” တကယ်တော့ သူက အပြစ်တင်တာ မဟုတ်ဘူး။ သူက လိုက်သာ လိုက်လာတာ ဘာမှ အလုပ်ရှိတာ မဟုတ် ၊ သူ အလုပ်မရှိဘူး ဆိုပြီး တခြား တစ်ယောက်ယောက်က တိုင်လိုက်ရင် နောက်နေ့ သူ့ ညဆိုင်းကနေ ပြောင်းရမှာ စိုးလို့ . . .၊ သူ့ကို အလုပ်ပေးစေချင်တာ တစ်ခုပါပဲ။ “ အေးပါ . . . အခုက ရမလားလို့ တွန်းကြည့်တာပါကွ။ အခု မင်းလာတော့မှ အဆင်ပြေတော့တယ်။ ”

“ ဟိ ” ခနဲ သူက သဘောကျသွားတယ်။ ပြီးမှ အနားကို ပိုတိုးကပ်လာပြီး “ ကိုဇော့်ကို တစ်ခု မေးချင်တယ်။ ” ကိုယ်က ခေါင်းငြိမ့်ပြပြီး “ မေးလေ. . မင်းက လုပ်ပြန်ပြီ။ ” ဒီတော့ သူက ခေါင်းကုတ်ပြီး . . . “ မဟုတ်ဘူးဗျ။ အဲဒီ ကိုမိုးမြင့်ကို ကျွန်တော်က အရမ်းကြောက်တာ ၊ သူက အရမ်းတည်တယ်ဗျ။ အခုတော့ ကိုဇော် နဲ့ လေပေးဖြောင့်နေလို့ ဘယ်လို သိတာလဲ သေချာ မေးချင်လို့. . ”  ဒီတော့မှ ကိုယ်လည်း သဘောပေါက်သွားတယ်။ “ ဒီလိုလေ . . သူက ဒီဘက် စက်ရုံမှာ ညဆိုင်း ၊ အစ်ကိုက အစ်ကိုတို့ စက်ရုံမှာ ညဆိုင်းဆိုတော့ ညဖက် အလုပ်ကိစ္စ ရှိရင် သူနဲ့ ဖုန်းလှမ်းဆက်ပြီး ပြောရတယ်လေ။ ဒါကြောင့် ကြာလာတော့ ခင်သွားတာပါ။ ”

“ အိ ” ခနဲ သူ့ရဲ့ ဇက်လေးကို ပုလိုက်ရင်း “ သူက ရုပ်ကြီးတည်ပြီး အပြောကလည်း ပြတ်တယ်ဗျ။ ဒါကြောင့် ကျွန်တော်က သူ့ရှေ့ဆို တုန်နေအောင် ကြောက်တာ။ ” ကျွန်တော်လည်း ဘာမှ သူ့ကို ဆက်ပြီး မရှင်းပြဖြစ်တော့ပါဘူး။ “ ဟိုဂျပ်ထဲက TRB ၊ CLS တွေကို နှစ်စုခွဲထားလိုက်။ ပြီးမှ အစ်ကို လာခဲ့မယ်။ ”  “ ဟုတ်ကဲ့။ ” သိုးကလေးက တကယ်ကို ဖင်ပေါ့တယ်။ လုပ်တာ ကိုင်တာလည်း စေတနာ ပါတယ်။ ဒါပေမဲ့ ငယ်သေးလို့ စိတ်ဝင်တစား မလုပ်တတ်တာပဲ ရှိတယ်။ သူပြောတဲ့ ကိုမိုးမြင့်. . . ဆိုတာက . . .

“ ဝေ့ ” ခနဲ ကိုယ် အတိတ်ကို ခဏပြန်ရောက်သွားတယ်။ ကိုမိုးမြင့်က ကိုယ့်ထက် အသက် ၅ ကျော်ကြီးသူ တစ်ယောက် ဒီစက်ရုံမှာတော့ ညဖက် စူပါဗိုက်ဇာ အဖြစ်ထက် မကသူ တစ်ယောက်ပါပဲ။ ညဆိုင်းမှာ နိုင်ငံခြားသားတွေ အားလုံးကို ကြီးကြပ်ဖို့ သူ့တစ်ယောက်ထဲကို ထားထားတာ။ နိုင်ငံသားတောင်မှ တစ်ယောက်မှ မရှိ။ သူ ဒီ Production နဲ့ ပတ်သတ်လို့ သူ မသိတာ ဘာမှ မရှိလောက်အောင် အရာရာ တတ်သိ ကျွမ်းကျင်သူ တစ်ယောက်။ သူဌေးကလည်း သူပြီးရင် အကုန်ပြီးအောင် ညဆိုင်းမှာ လွှဲထားတယ်။ သူကလည်း သူများရဲ့ အမှားကို သွန်သင်ပြသပြီး ကိုယ်တိုင် အမှားကင်းအောင် ကြိုးစားနေသူ တစ်ယောက်။ သူ့ရဲ့ ထုးခြားချက်ကတော့ သူပို့လိုက်တဲ့ ပစ္စည်း ကိုယ် ဒီဘက်က လက်ခံရင် တစ်ခါမှ မှားပါလာတာ ၊ လျော့ပါလာတာ ၊ ပိုပါလာတာ တစ်ခုမှ မဖြစ်ဖူးဘူး။

“ ထောက် ” ခနဲ မီးချောင်းကို ဖွင့်လိုက်ပြီး Rack တွေကြားက ပစ္စည်းတွေကို စစ်ဖို့ ဝင်လိုက်တော့ ပစ္စည်းတွေ ဒီလောက်များများနဲ့ ပြည့်နေမယ် လို့ မထင်မိ ၊ ဒါနဲ့ အလုပ်ကို ကျွန်တော် အာရုံရောက်သွားတယ်။ Rack တွေ တစ်ခုပြီး တစ်ခုကြားမှာ ချိတ်ထားတဲ့ ဖိုင်တွဲတွေကို တစ်ခုချင်းစီ ဖြုတ်ပြီး ထည့်ထားတဲ့ ပစ္စည်းတွေနဲ့ တိုက်စစ်ပြီး ရေကြည့် ၊ စစ်ကြည့် ၊ တစ်ခုချင်းစီရဲ့ အရည်အသွေးကို ပျမ်းမျှ စစ်ကြည့်တယ်။ အားလုံး Accept လုပ်နိုင်စရာတွေချည်းပါပဲ ဒါကြောင့် အားလုံးမှာ QA Passed တုံးလေး ထုလိုက်တယ်။

“ ဝေါ ” ခနဲ အသံနဲ့ အတူ မိုးက ပိုသည်းလာတယ်။ အထဲမှာကတော့ အေးစိမ့်စိမ့်နဲ့ အတူ နေလို့ ကောင်းပါတယ်။ သိုးကလေးကို တစ်ချက် လှမ်းကြည့်တော့ သူ ပစ္စည်း နှစ်မျိုး ခွဲတာ မပြီးသေးဘူး။ ကိုမိုးမြင့်ကို လှမ်းကြည့်လိုက်တော့ သူက သူ့အလုပ်စားပွဲမှာ ထိုင်ပြီး စာရွက်ပေါ်မှာ ပေတံလေးတင်ပြီး ဘေးက ဂဏာန်းပေါင်းစက်နဲ့ စာရင်းတွေ ပေါင်းနေတယ်။ ကိုယ် သူတို့ ညဆိုင်းသမားတွေ လုပ်ရထားတဲ့ ပစ္စည်းတွေဘက်ကို ထွက်လာပြီး ပစ္စည်းတွေကို လော့လိုက် စစ်နေမိတယ်။ သူ့ရဲ့ ညဆိုင်း ပစ္စည်းထုတ်အားကလည်း လိုချင်တဲ့ Target ထက်ကို ပိုနေတာပါလား။

“ တီ ” ခနဲ အသံနဲ့ အတူ နံရံမှာ တပ်ထားတဲ့ ဘဲလ်သံက ထမြည်တယ်။ ကိုယ် ဖုန်းက နာရီကို ထုတ်ကြည့်လိုက်တော့ ၃ နာရီထိုးပြီ ဆိုတာကို ပြတယ်။ ဒါပေမဲ့ ကိုယ်တို့မှာက သီးသန့် နားချိန်ရယ် ဆိုတာ မရှိပါဘူး။ အလုပ်ပြတ်မှ သောက်စားရင်လည်း ပြဿနာ မရှိပါဘူး။ ကိုယ့်ရဲ့ ဗိုက်ကလည်း ဆာခြင်း အကြောင်းကို အူမကြီးက သတင်း မပို့သေးဘူး။ ကိုယ့်ဖာသာ ဆက်ပြီး စစ်လိုက်ဦးမယ်။ အလုပ်မှာ လုပ်နေတဲ့ နိုင်ငံမျိုးစုံက နိုင်ငံခြားသားတွေကတော့ သူတို့ရဲ့ တီးတိုင်း အတွက် အလုပ်က စက်တွေကို ရပ်ပြီး တစ်ခုခု စားဖို့ ဒါမှမဟုတ် တစ်ခုခု သောက်ဖို့ အပြင်ကို ထွက်သွားကြတယ်။

“ စီ ” ခနဲ ဆို ဖိုးစီ ဆိုသလို သိုးကလေးကလည်း ဘယ်နေရာရောက်ရောက် လူခင်ကတော့ တကယ်ကို ပေါတယ်။ ဒီစက်ရုံက လူတွေ အားလုံးနဲ့လည်း သူက အတော်ကို ခင်ပါတယ်။ သူကြောက်တာ ကိုမိုးမြင့် တစ်ယောက်တည်းကိုပါပဲ။ “ ကိုဇော် ”  ခေါ်သံလိုလို ကြားမိလို့ ကိုယ် နောက်ကို လှည့်ကြည့်လိုက်တော့ “ သိုးကလေး ” က ခေါ်နေတာ . . “ ကိုမိုးမြင့်က ပြောတယ် ၊ ကိုဇော် စစ်တာ ပြီးရင် ခေါက်ဆွဲပြုတ် စားရအောင်တဲ့ သူအဆင်သင့် ပြုတ်ထားမယ်တဲ့။ အလုပ်ပြီးမှ လာစားပါတဲ့။ ” ကိုယ်လည်း သိုးကလေးကို ခေါင်းငြိမ့်ပြလိုက်ပြီး “ အေးအေး. . ခဏနေ အစ်ကို လာခဲ့မယ်။ ”

“ ချာ ” ခနဲ သိုးကလေး လှည့်ထွက်သွားပြီးမှ ကိုယ်လည်း သတိရတယ်။ “ သိုးကလေး. . .” ကိုယ်ခေါ်လိုက်တော့ သူ ခြေထောက်ကို ဘရိတ်အုပ်ပြီး လှည့်ကြည့်တယ်။ “ ဗျာ။ ”  “ အစ်ကို အခုမှ သတိရတယ်ကွာ။ မိုးကတော့ ဖွဲဖွဲကျနေသေးတယ်။ လော်ရီကားခေါင်းထဲက အစ်ကို့စက်လေးကို ယူပြီး ကိုမိုးမြင့် အခန်းထဲမှာ ဘတ်ထရီ ချာဂျာ သွင်းထားလိုက်ပါဦးကွာ။ တစ်လမ်းလုံး စာဖတ်လာတော့ အားနည်းနေလောက်ပြီ။ အစ်ကိုလည်း မေ့နေတယ်။ ” သိုးကလေး ခေါင်းငြိမ့်ရင်း. . . “ ဟုတ်ကဲ့ ကိုဇော်။ ” ဆိုပြီး လှည့်ထွက်သွားတယ်။ ဟုတ်တယ် ကိုယ်လည်း မေ့နေတာ အပြန်လမ်းမှာ ဒါလေးနဲ့ပဲ စာဖတ်ရမှာ။

“ ဖတ် ” ခနဲ ဒီလော့ရဲ့ နောက်ဆုံး ပစ္စည်းတွေကို စစ်ပြီးလို့ Passed တုံးကို ထုပြီးတော့ ကိုယ် ထိုင်ရာကနေ မတ်တပ်ရပ်ပြီး နောက်ကို လှည့်ကြည့်လိုက်တော့ စက်ရုံရှေ့မှာ ပန်ကာ တစ်ခုကို လူတွေ ဝိုင်းနေတာ တွေ့လိုက်ရတယ်။ စက်ရုံသုံး ပန်ကာ ဆိုတော့ ၁၈ လက်မ ရှိတဲ့ ပန်ကာ ဒလက်ကြီးနဲ့ လေအား ကောင်းလှတယ်။ သူတို့ ဘာလုပ်နေပါလိမ့်လို့ ကြည့်လိုက်တော့ . . . တစ်ယောက်ချင်းစီ ကိုယ်စီ  ကိုယ်ငှ ခြောက်ဆွဲဘူးလေးတွေကို ကိုင်ထားရင်း ရေနွေးရဲ့ အပူ မြန်မြန် လျော့သွားအောင် ပန်ကာလေက တိုက်တဲ့ လေအေးပေးပြီး အအေးခံနေကြတာပါပဲ။

“ ဝှီ ” ခနဲ ၊ ဝှီခနဲ တိုက်နေတဲ့ ပန်ကာရဲ့ ရှေ့မှာ အားလုံးရဲ့ လက်တွေက ရောက်နေပြီး သူတို့ရဲ့ ခေါက်ဆွဲဘူးလေးတွေကို အအေးခံနေတာကို ကိုယ် ခပ်ဝေးဝေးကနေ လှမ်းမြင်နေရတယ်။ လူတွေက များလှပေမဲ့ လက်တွေသာ ပန်ကာရှေ့ကို သွားပြီး ကိုယ့်ဘူးလေးတွေကို အအေးခံနေတော့ သူ့နေရာနဲ့ သူဆန့်ပါတယ်။ ဒါပေမဲ့ ကိုယ်ထူးထူးခြားခြား မြင်နေရတာက ကိုမိုးမြင့်က သူများတွေလို ပန်ကာရှေ့ကနေ ပန်ကာလေကို ခံပြီး အအေးခံ မနေဘူး။ သူက နောက်နေ ခေါက်ဆွဲဘူးလေးကို ထားပြီး အအေးခံနေတယ်။ “ အရှေ့မှာ လူတွေ များနေလို့ ၊ သူက သူ့လူတွေကို ဦးစားပေးပြီး ရှောင်ပေးတာလား ” ကိုယ်ကတော့ ဒီလိုပဲ ထင်လိုက်မိတယ်။

“ သုတ် ” ခနဲ ၊ သုတ်ခနဲ ကိုယ်စားနိုင်တဲ့ အပူချိန် ရောက်တဲ့ အချိန်ဆိုရင် ပန်ကာရှေ့မှာ လေတိုက်ခံပြီး အအေးခံနေတဲ့ သူတို့ လက်တွေ ရုတ်သွားပြီး ဘေးနားက ထိုင်ခုံတွေ ၊ စားပွဲတွေပေါ်မှာ တတ်ပြီး စားကြတယ်။ ကိုယ် ပန်ကာနားရောက်တော့ ပန်ကာရှေ့မှာ အအေးခံနေတဲ့ သူ သုံးယောက်နဲ့ ပန်ကာ နောက်မှာ အအေးခံနေတဲ့ ကိုမိုးမြင့် ပဲ ရှိတော့တယ်။ “ ကိုဇော်. . ဟိုမှာ ကိုဇော့်အတွက် ခေါက်ဆွဲဘူးက. . . ” ကိုယ်လှမ်းကြည့်တော့ ဘေးက စားပွဲပေါ်မှာ အဖုံးလေး ပိတ်ထားတဲ့ ခေါက်ဆွဲဘူးလေးကို ရေနွေး ထည့်ထားပြီးသား တွေ့ရတယ်။

“ စွေ့ ” ခနဲ ကိုယ်မပြီး ယူလိုက်တော့ ရေနွေးက ခပ်နွေးနွေးထပ် ပိုပြီး ပူနေသေးတယ်။ ဒီအချိန်မှာ ပန်ကာ ရှေ့ကို ကြည့်လိုက်တော့ ပန်ကာလေ အတိုက်ခံပြီး အအေးခံနေသူ သုံးယောက်နဲ့ ပန်ကာနောက်က အအေးခံနေသူ ကိုမိုးမြင့်ကို ကိုယ် တွေ့လိုက်ရတယ်။ ပန်ကာရှေ့မှာ လူနည်းသွားပြီပဲ ၊ ဒါကို သူက ဘာလို့ ပန်ကာရှေ့ကို ပြောင်းပြီး အအေးမခံတာလဲ။ ဘာရယ် မဟုတ်ပဲ ကိုယ်ကလည်း မေးမိသွားတယ်။ “ ကိုမိုးမြင့် ဘာဖြစ်လို့ ပန်ကာရှေ့မှာ အအေးမခံဘဲ ပန်ကာ နောက်ကနေ အအေးခံနေတာလဲ။ ”

“ ဟက် ” ခနဲ သူက တစ်ချက် ရယ်လိုက်ပြီး “ နောက်မှ ပြောပြမယ် ကိုဇော်ရာ။ ” ဆိုပြီး သူက သူ့လက်ထဲက ခေါက်ဆွဲဘူးလေးကို ခရင်းလေးနဲ့ မွှေရင်း စစားတယ်။ ကိုယ့်လက်ထဲက ခေါက်ဆွဲကလည်း သိပ်တော့ မပူတော့ပါဘူး။ စားလို့ကောင်းတဲ့ အချိန်ဆိုတော့ ကိုယ်လည်း အအေးမခံတော့ပဲ ဒီအတိုင်းပဲ ခရင်းလေးနဲ့ မွှေပြီး စ စားလိုက်တယ်။ “ အာ. . . ကိုမိုးမြင့်ကလည်း ပြောစရာ ရှိရင် အခု ပြောဗျာ။ ကျွန်တော်တို့လည်း သတိရတာပေါ့။ ” ပန်ကာရှေ့မှာ အအေးခံနေကြတဲ့ ကောင်လေး သုံးယောက်ထဲက တစ်ယောက်က ပြောတယ်။ ပြောရင်း သူတို့ လက်ထဲက ခေါက်ဆွဲဘူုးလေးတွေကို သူတို့စားနိုင်တဲ့ အပူချိန် ရောက်လို့ စစားတယ်။

“ ရှူး ” ခနဲ  ပူသွားလို့ ထင်တယ် လေကို တစ်ချက် စုပ်သွင်းပြီး “ ဘာကို ပြောပြရမှာလဲကွ။ ” ဆိုပြီး သူက ခုနက ကောင်လေးကို လှမ်းမေးတယ်။ ဒီတော့ ကောင်လေးက . . “ ကျွန်တော်တို့နဲ့ နေတိုင်း စားနေကြပဲလေ။ စားတိုင်းလည်း ကိုမိုးမြင့်က ပန်ကာ နောက်ကနေပဲ အအေးခံတယ်။ ကျွန်တော်တို့က အရှေ့မှာ လူတွေ များနေလို့ နောက်ကနေ အအေးခံနေတယ် ထင်နေတာ အခုမှ ကိုဇော် မေးလို့ တခြား အကြောင်း ရှိတယ် ဆိုတာ သိတာ ၊ ဒါကို ပြောပြဗျာ။ ” သူက ခေါင်းကို တစ်ချက် ခါရင်း. . “ တချို့ဟာတွေက ကိုယ်ပိုင် အယူအဆ ဆိုတော့ ပြောပြလို့ အတွေး မတူရင် ပေါတောတော ဖြစ်သွားမှာ စိုးလို့ မပြောတာပါကွာ။ ”

“ ကျွတ် ” ခနဲ ကောင်လေးက စုတ်သတ်ပြီး . . “ ပြောပြပါဗျာ ကိုမိုးမြင့်ကြီးကလဲ။ ကျွန်တော်တို့လည်း သိရတာပေါ့။ အတွေး တူတူ ၊ မတူတူပေါ့ ၊ ကိုမိုးမြင့်က ကျွန်တော်တို့ထက် ကြီးတော့ ဗဟုသုတ တစ်ခုခုတော့ ရမှာပဲ။ ” သူက စားနေတဲ့ ခေါက်ဆွဲဘူးလေးထဲက ခရင်းလေးကို ခေါက်ဆွဲဘူးလေးထဲ ထည့်ပြီး . . “ တချို့ဟာကျတော့ မပြောတာက ကောင်းတယ်ကွ။ ဒါကြောင့်. . . . ” ကောင်လေးကလည်း အတင်းပဲ. . “ ပြောပြပါဗျာ။ ကိုမိုးမြင့်ကလည်း သိချင်ပါတယ် ဆိုမှ ဈေးကိုင်နေပြန်ပြီ။ ” သူက ခေါင်းကို ခါပြရင်း . . “ ငါက ဈေးမကိုင်တတ်ပါဘူးကွာ။ မင်းတို့ သိပါတယ်။ ”

“ ရုတ် ” ခနဲ ကိုယ်က ကိုယ့်လက်ကို ရှေ့ကို ဆန့်တန်းပြီး သူတို့ကြားကို ကန့်လန့် ဖြတ်တားပြီး . . “ ကဲပါ.. . ကိုမိုးမြင့်ရယ်။ ကောင်လေးတွေ သိချင်နေသလို ကျွန်တော်ကလည်း သိချင်နေတာပါပဲ။ ဒါကြောင့် ပြောပြလိုက်ပါဗျာ။ ” ဒီတော့ သူက လက်ကျန်နေတဲ့ ခေါက်ဆွဲကို ဘူးလေးထဲကနေ ခရင်းလေးနဲ့ ကော်စားလိုက်ပြီး . . “ အင်း . . ပြောဆိုတော့လည်း ပြောရတာပေါ့ဗျာ။ ဒီလိုဗျ. . . ” ဆိုပြီး ဘူးလေးထဲက အရည် လက်ကျန်တွေကို အကုန် စောင်းသောက်လိုက်တယ်။

“ ဝဲ ” ခနဲ တစ်ချက်ကြည့်လိုက်ပြီး “ ဒီလိုဗျ။ ကျွန်တော်တို့ စက်ရုံက သံထည်တွေနဲ့ လုပ်တဲ့ စက်ရုံဆိုတော့ ဝရိန်ဆော်တာတို့ ၊ ချောအောင် ကျောက်စက်တိုက်ရတာတို့ အချိန်ပြည့်လုပ်နေရတာ မဟုတ်လား။ ဒီတော့ အမြဲတမ်းလိုလိုက စက်ရုံထဲမှာ ဝရိန်မီးခိုးတွေ ၊ ညော်တွေ ၊ ကျောက်စက်က ထွက်တဲ့ အမှုန့်တွေ ၊ တခြား ဖုန်တွေက အမြဲတမ်း လွင့်နေတာဗျ။ ကိုဇော်တို့က Marketing ပဲ ဆိုတော့ ဘာမှ မရှိပဲ အမြဲတမ်း သန့်ပြန့်နေတာပေါ့ဗျာ။ အဲ. . . သူများနေရာမှာ လိုက်ပြီး ပစ္စည်းဆင်ပေးတာကိုတော့ ထားလိုက်တော့၊  အခု ကျွန်တော်တို့ စက်ရုံက Production ဆိုတော့ အမြဲတမ်း ဖုန်တွေ ၊ အမှုန်တွေက လွင့်နေတာ. . ၊ ”

“ ဟမ်း ” ခနဲ သူက ချောင်းတစ်ချက် ရှင်းပြီး ဆက်ပြောတယ်။ “ ဒါကြောင့် ကိုဇော် စဉ်းစားကြည့်လေ။ ပန်ကာ ဆိုတာ အနောက်က လေကို စုပ်တယ်။ အရှေ့ကို လေကို မှုတ်ထုတ်တယ်။ ဟုတ်တယ်နော်။ ဒီတော့ လေထဲမှာ ပျံ့လွင့်နေတဲ့ အမှုန်တွေ ၊ ဖုန်တွေက ပန်ကာက အနောက်က စုပ်ပြီး အရှေ့က ထုတ်လိုက်မှတော့ ကျွန်တော်သာ ခေါက်ဆွဲဘူးကို အရှေ့မှာ အေးအောင် လေသလပ်ခံရင် ဖုန်တွေ ၊ အမှုန်တွေကို ဝင်အောင် လုပ်တာနဲ့ တူမနေဘူးလား။ ”

“ ဟာ ” ခနဲ ကိုယ်ရော ၊ ဘေးက စားနေတဲ့ ကောင်လေးတွေရော အာမေဋိတ်တွေ ထွက်လာတယ်။ သူက ဆက်ပြောတယ်. . . “ တကယ်တော့ဗျာ။ ပန်ကာ လေတိုးတာကို လူတွေက ခံစားရလို အဲဒီရှေ့မှာ အအေးခံရင် အအေးမြန်မယ် လို့ ထင်နေကြတာ။ အနောက်က လေကို စုပ်မှ အရှေ့ကို ထွက်မယ် ဆိုတာကို မစဉ်းစားမိကြဘူး။ ခေါက်ဆွဲဘူးထဲက အပူကို ပန်ကာရှေ့က ထွက်တဲ့ လေနဲ့ တိုက်ထုတ်မှ မဟုတ်ပါဘူးဗျာ။ ပန်ကာနောက်ကနေပြီးတော့လည်း ခေါက်ဆွဲဘူးထဲက အပူကို စုပ်ခိုင်းလိုက်ရင်လည်း အေးသွားတာပါပဲ။ ဒါကို လူတွေက သတိမထားမိတော့ ပန်ကာရှေ့မှာ လေတိုးခံနေမှ အေးမယ် ထင်နေတာလေ။ ဒီတော့ဗျ လေထဲမှာ ပျံ့လွင့်နေတဲ့ ဖုန်တွေ ၊ အမှုန်တွေကိုလည်း သူတို့ စားမဲ့အထဲ ဝင်ခိုင်းသလို ဖြစ်တော့တာပေါ့ဗျာ။ ”

“ ထောက် ” ခနဲ ဘေးမှာ စားနေတဲ့ ကောင်လေး သုံးယောက် ၊ စားနေတဲ့ ခေါက်ဆွဲဘူးတွေထဲကို ခရင်းတွေ ပစ်ထည့်လိုက်ပြီး သူတို့ စားနေတာက ဖုန်တွေ ၊ အမှုန့်တွေ ဝင်နေပြီလားလို့ ပြူးတူး ပြဲတဲ ငုံကြည့်တယ်။ “ ဒါကြောင့် ငါက မပြောချင်တာပေါ့ကွ။ သူများစားနေတာကို မကောင်းတာတွေ စားနေတယ် ဆိုပြီး ပြောသလို ဖြစ်နေမှာ စိုးလို့။ ” သူက ဒီလို ဆက်ပြောတယ်။ “ ဟာဗျာ ၊ ကိုမိုးမြင့်ကလည်း မထင်ပါဘူးဗျာ။ ဒါပေမဲ့ ဟိုးအရင်ကတည်းက ကျွန်တော်တို့ကို ဒီလို ရှင်းပြရင် ကျွန်တော်တို့ ပန်ကာရှေ့မှာ ဘယ်အအေးခံပါ့မလဲ။ ”

“ ခါ ” ခနဲ သူက သူ့ခေါင်းကို ခါလိုက်ပြီး . . . “ မဟုတ်ဘူးကွ ၊ မင်းတို့က အခုမှ သေချာ စဉ်းစားပြီး လက်ခံလို့ ၊ တကယ်လို့သာ မင်းတို့ စ စားကတည်းက ငါက ဒီလို ပြောလိုက်ရင် မင်းတို့က ငါ့ကို အရာရာ တွေးကြောက်နေတဲ့ “ လူ့ငကြောင်ကြီး ” ဆိုပြီး ကွယ်ရာမှာ ပြောလာလိမ့်မယ်။ ဘာလို့လဲ သိလား။ ” ကိုယ် အပါအဝင် အားလုံး ခေါင်းခါပြလိုက်ကြတယ်။ ဒီတော့မှ သူက ဆက်ပြောတယ်။ “ ဘာလို့လဲ ဆိုတော့ . . . ငါ အရင်က လူတွေကို ဒီလို ပြောပြဖုးလို့ပဲ။ သူတို့က ဒီလောက်များ ဘာမှ မဖြစ်ဘူး ဆိုပြီး ငါ့ နောက်ကွယ်မှာ အတင်းတုပ် ကြတော့တာပဲ။ ဒါကြောင့် ငါလည်း ဘာမှ မပြောတော့တာ။ ဘယ်သူ့ကိုမှ ငါ့လို မလုပ်ခိုင်းပါဘူး။ ငါက ငါ့ဖာသာ စဉ်းစားမိသလိုလေး လုပ်ကြည့်တာပါပဲ။ ”

“ ဝုန်း ” ခနဲ မိုးက ချုံးလိုက်တယ်။ အပြင်ကို ကိုယ် လှည့်ကြည့်လိုက်တော့ မိုးက တိတ်နေပြီ။ မိုးအတိတ် လက္ခဏာ ပြတဲ့ အနေနဲ့ မိုးချုံးပေးသွားတာ ထင်တယ်။ ဒီအချိန်မှာပဲ “ တီ ” ဆိုတဲ့ အသံနဲ့ အတူ တီးတိုင်း အချိန်က ပြည့်သွားတယ်။ ဘေးက ကောင်လေး သုံးယောက်က သူတို့ လက်ထဲမှာ အေးနေပြီ ဖြစ်တဲ့ ခေါက်ဆွဲဘူးထဲက ခေါက်ဆွဲတွေကို ဆက်ပဲ စားရနိုးနိုး ၊ သွန်ပဲ ပစ်ရနိုးနိုး ချီတုံချတုံ ဖြစ်နေတယ်။ နောက်ဆုံးမှ အမှိုက်ပုံးထဲ ပစ်လိုက်တာ ကိုယ် တွေ့လိုက်ရတယ်။ သူတို့ စိတ်ထဲမှာ စားနေရင်းကို မသန့်တော့ဘူး ဆိုတာလို ဖြစ်သွားတာကိုး။


“ လွင့် ” ခနဲ ကိုယ်အားစိုက် ပစ်လိုက်တဲ့ ခေါက်ဆွဲဘူး အလွတ်လေးက အမှိုက်ပုံးထဲ ဝင်သွားတယ်။ ကိုယ်လည်း အလုပ်ဆက်လုပ်ဦးမှ အခုတောင်မှ မနက် ၃ နာရီခွဲနေပြီ။ ပြီးတော့ ဒီက သယ်စရာ ရှိတာတွေ ယူပြီး ကိုယ့်စက်ရုံကို ပြန်ရဦးမယ်။ တစ်လော့ပြီး တစ်လော့ ကိုယ်စစ်ပြီး ဒီနေ့ စာရင်းကို ကိုမိုးမြင့်ဆီကို အပ်ပြီးတော့ မနက် ၄ နာရီခွဲနေပြီ။ “ ကိုမိုးမြင့်ရေ . . ကျွန်တော်တို့ စက်ရုံအတွက် တင်စရာ ရှိတာတွေ တင်တော့ဗျာ။ ကျွန်တော်လည်း ပြန်လိုက်ဦးမယ်။ နောက်တစ်ခေါက်ကျမှ တွေ့ကြတာပေါ့။ ” သူက သူ့စားပွဲက ထလာပြီး Forklift ကို မောင်းပြီး ကိုယ့်စက်ရုံအတွက် ပို့မဲ့ ပစ္စည်းတွေကို ယူပြီး လော်ရီကားပေါ် တင်ပေးတယ်။

“ ငြိမ့် ” ခနဲ လော်ရီက ဖြစ်သွားလို့ ထင်တယ် ဆီဗား နိုးလာပြီး ကားခေါင်းခန်းထဲက ထွက်လာတယ်။ “ ပြီးပြီလား။ ” ကိုယ်လည်း ခေါင်းငြိမ့်ပြလိုက်ပြီး . . . “ ပြီးပြီ. . . ပစ္စည်း တင်ပြီးရင် ထွက်မယ်။ ” ကိုမိုးမြင့် ပစ္စည်းတွေကို လေးခေါက်တင်ပြီးတော့ လော်ရီနောက်ဖက်မှာ ပြည့်နေပြီ။ ဒါဆို ယူရမဲ့ စာရင်း အတိုင်းလည်း ကွက်တိပဲ။ ကိုယ်တို့ ပြန်ဖို့ အဆင်သင့်ဖြစ်ပြီ။ “ သွားတော့မယ် ကိုမိုးမြင့် ၊ နောက်မှ တွေ့မယ်ဗျာ။ ” သူကလည်း ခေါင်းငြိမ့် လက်ပြကာ . . “ အိုကေ . . ကိုဇော် ၊ နောက်မှ တွေ့မယ်။ ” ကိုယ်လည်း လက်ပြပြီး လော်ရီခေါင်းခန်းပေါ်ကို တတ်မယ် လုပ်တော့ “ သိုးကလေး ” က ကိုယ့်စက်လေး ကိုင်ပြီး ရောက်လာတယ်။ တော်ပါသေးရဲ့ ကိုယ် မေ့တော့ မလို့။ ဒါတွေ သိုးကလေးက အားကိုးရတာ. . .။

“ ဗွမ်း ” ခနဲ ရေဘုံဘိုင်ကနေ မျက်နှာ သစ်ပြီး ဇက်ပိုးကို တစ်ချက် နှစ်ချက် ဆီဗားက ရိုက်ပြီး လော်ရီ ခေါင်းခန်းပေါ် တတ်လာတော့ ကိုယ်တို့ စက်ရုံကို ပြန်ဖို့ အားလုံး အဆင်သင့် ဖြစ်နေပြီ။ ကားစထွက်တော့ ကိုယ် စက်လေးကို မဖွင့်ရဲသေးဘူး။ ဒီလမ်းက မကောင်းသေးဘူးလေ။ စက်မှုဇုံရဲ့ ကွန်ကရစ်လမ်း ဆိုတော့ နိုင်လွန်လမ်းလို မဖြူးဘူး။ ဒါပေမဲ့ နိုင်လွန်လမ်းပေါ် ရောက်တာတောင်မှ ကိုယ့်မှာ အတွေးတချို့က ငြိနေလို့ ကိုယ် စက်လေးကို ဖွင့်ပြီး နက်ထဲ မဝင်ဖြစ်ဘူး ဖြစ်တယ်။ ဘေးနားက သိုးကလေးကတော့ ထုံးစံ အတိုင်း သိုး နေရှာပြီ။ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာကို ကိုယ်လုပ်ချင်လာတယ်။ ကိုယ့်ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ပြီး နံပါတ် တစ်ခုကို နှိပ်လိုက်တယ်။

“ တူ ” ခနဲ ၊ တူခနဲ အသံရှည် နှစ်ချက် အပြီးမှာတော့ တစ်ဖက်က ကိုင်တယ်။ “ ကိုဇော် ဘာကျန်နေသေးလို့လဲ။ ” ကိုမိုးမြင့် ဖုန်းထဲကနေ လှမ်းမေးတယ်။ “ ပစ္စည်းကတော့ မကျန်ဘူး ကိုမိုးမြင့် ၊ ပြောစရာလေး ကျန်နေလို့ လှမ်းဆက်လိုက်တာ။ ” သူ့ဘက်က တစ်ချက် တိတ်ဆိတ်သွားတယ်။ ပြီးမှ. . .“ ဟုတ်ကဲ့ ၊ ပြောလေ ကိုဇော်။ ” ကိုယ်လည်း လေတစ်ချက်ကို ပြင်းပြင်းရှူပြီးမှ သူ့ကို ပြောလိုက်တယ်။ “ ကိုမိုးမြင့် ကျွန်တော် အကျဉ်းချုံးပြီးပဲ ပြောလိုက်တော့မယ်ဗျာ။ မဟော်သဓာ နဲ့ အမရာ တွေ့ဆုံပြီး ၊ သူတို့ မေးကြ မြန်းကြနဲ့ အဆင်ပြေပြီးတော့ မဟော်သဓာ နဲ့ အမရာ ပေါင်းသင်းတယ် ဆိုပါစို့ဗျာ။ နောက်တော့ မဟော်သဓာက အမရာကို သူ့အခစား ဝင်တဲ့ နန်းတော်ကို ခေါ်လာတော့ လမ်းမှာ အမရာရဲ့ လုပ်ဆောင်ပုံတွေကို မှတ်မိလား။ ”

“ ဟူး ” ခနဲ သူ့ဘက်က လေတစ်ချက် ခပ်ဖြေးဖြေး မှုတ်ထုက်လိုက်သံ ကြားလိုက်ရတယ်။ ပြီးမှ. . . “ ဟုတ်ကဲ့ မှတ်မိပါတယ်။ ဘာဖြစ်လို့လဲ ကိုဇော်။ ” ကိုယ်လည်း သူမမြင်နိုင်တာ သိပေမဲ့ ခေါင်းတော့ တစ်ချက် ဆတ်လိုက်တယ်။ ပြီးမှ. . “ အဲဒီမှာဗျာ။ အမရာက ကုန်းပေါ်မှာဆို ဖိနပ် မစီးဘူး။ ရေထဲကို ဖြတ်တော့မှာဆိုမှ ဖိနပ်ကို ထုတ်စီးတယ်။ မဟော်သဓာက မေးတော့ ကုန်ပေါ်မှာက ဆူးညောင့်တွေကို မြင်ရတယ် ၊ ရေထဲမှာက မမြင်ရဘူး ဒါကြောင့် စီးတာပါလို့ ဖြေတယ်။ ဒါနဲ့ သူတို့ ဖြတ်နေရတဲ့ လွင်ထီးခေါင်မှာ ထီးကို ထုတ်မဆောင်းဘူး။ တောအုပ်ထဲ ဝင်ပြီး အရိပ် အာဝါသ အောက်ရောက်ဖြတ်တော့မှ ထီးကို ထုတ်ဆောင်းတယ်။ ဒါကို မဟော်သဓာက မေးတော့ လွင်ထီးခေါင်မှာက ဘာမှ ခေါင်းပေါ်ကို ကျစရာ မရှိပါဘူး။ သစ်ကြီး ဝါးကြီး အောက်မှာ ကျတော့ ခေါင်းပေါ်ကို သစ်ကိုင်းဆွေးတွေ ကျိုးပြီး ကျလာနိုင်ပါတယ် လို့ အဖြေပေးတယ်ဗျာ။

“ ဟုတ် ”  ခနဲ သူက စကားထောက်တယ်။ “ ဒါပဲ ကိုမိုးမြင့်ရဲ့ ခုနက ကိုမိုးမြင့် ပြောလိုက်တဲ့ ပန်ကာလေ နဲ့ အအေးခံတဲ့ နေရာမှာ အရှေ့မှာ အအေးခံတာနဲ့ အနောက်မှာ အအေးခံတာ ကျွန်တော် တစ်ခါမှ မစဉ်းစားမိဘူး။ တကယ်လို့ ကျွန်တော်လည်း အအေးခံရင် ပန်ကာရှေ့မှာ အအေးခံမိမှာ သေချာတယ်။ ကိုမိုးမြင့်ကတော့ ဒီလို မဟုတ်ဘူး။ ကိုမိုးမြင့်က “ အမရာ ” လို တွေးလိုက်တာကိုး ၊ ဒါကို ကျွန်တော် အခု တစ်လမ်းလုံး စဉ်းစားလာတာဗျ။ ဟုတ်တာပဲ လူတွေက ကိုယ့်ကို လေ လာတိုးမှ လေတိုက်တယ် ၊ အပူအေးမယ်လို့ ထင်နေကြတာကိုး ၊ တကယ်တော့ အပူကို အေးသွားစေချင်ရင် လေတိုက်နေမှ မဟုတ်ပါဘူး။ လေစုပ်ပြီး အပူတွေ ပါသွားရင်လည်း အေးသွားတာပါပဲ။ ဒါကို ကျွန်တော် အခုမှ စဉ်းစားလိုက်မိတယ်ဗျာ။ ”

“ ဟင် ” ခနဲ သူ့ဆီက အာမေဋိတ် ထပ်ထွက်လာတယ်။ ပြီးမှ . . .“ ဘာများလဲလို့ ကိုဇော်ရယ်။ ဒါက ကျွန်တော်လည်း ပေါက်ပေါက်ရှာရှာ တွေးမိတာလေးပါဗျာ။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ ဘယ်သူ့မှတော့ မပြောမိဘူး။ အခုမှ ကိုဇော်က ကြုံလို့ ကြားလိုက်ရတာဗျာ  အဲ. . . အတွေးမျှမိသွားတယ် ဆိုပါစို့ဗျာ။ ဒီလိုပါပဲဗျာ ကျွန်တော်ကလည်း ဒီလိုပဲ ကြောင်ကြောင်တောင်တောင် အတွေးတွေ ရှိတယ်လေဗျာ။ ဒါကြောင့်လည်း ကျွန်တော်က ကိုဇော့်နဲ့ တစ်ခါတစ်လေ ပြောဖြစ်တာ။ ဒါပေမဲ့ လူတိုင်းကိုတော့ မပြောဖြစ်ဘူးဗျာ။ ဒါတော့ တကယ်ပဲ။ ”

“ ဟား ” ခနဲ ကိုယ်က ပျော်သွားသလို သူ့ကို တစ်ချက်အော် လိုက်ပြီး. . . “ ဒီမှာ ကိုမိုးမြင့်ရေ ၊ ကျွန်တော် တစ်ခု ခွင့်တောင်းမယ်ဗျာ။ ” သူ့ဘက်က ချက်ချင်း တုံ့ပြန်တယ်။ “ ဟုတ်ကဲ့. . . ကိုဇော် ၊ ပြောပါ။ ” ကိုယ်က တစ်ချက် စဉ်းစားသလို ခဏငြိမ်ပြီး သေချာ စဉ်းစားပြီးမှ. . “ တကယ်လို့ဗျာ ၊ ကိုမိုးမြင့်သာ မိန်းကလေးဆိုရင် ကျွန်တော်က မဟော်သဓာ မဟုတ်ပေမဲ့ အခု ချက်ချင်းကို “ လက်သီး ” ပြမိမှာပဲဗျာ။ ” ဒီလို ကိုယ်က နောက်လိုက်တော့. . သူက . . . “ ဟား ဟား ဟား . . ကိုဇော်ရယ် ၊ မလုပ်ပါနဲ့ဗျာ။ ကျွန်တော်က ယောက်ျား စစ်စစ်ပါ။ အခုနေ ပြရင်တော့ ကျွန်တော်ကလည်း ယောက်ျား ဆိုတော့ ကိုဇော့်ကို ပြန်ပြီး “ လက်သီး ” ပြရမှာပါပဲ။ ဟား ဟား ဟား .။ ”

“ ဟဲ ” ခနဲ ၊ ဟဲ ခနဲ ကိုယ်လည်း တစ်ချက်ချင်း ရယ်လိုက်ပြီး . . . “ နောက်တာပါဗျာ။ လက်သီး ပြလို့ မရတော့လည်း ကိုမိုးမြင့်ကို ကျွန်တော် တစ်ခု ခွင့်တောင်းမယ်ဗျာ။ ” သူ အတော်ကြာကြာကို ငြိမ်သွားတယ်။ ပြီးမှ. . . “ ဟုတ်ကဲ့. . . ပြောလေ ကိုဇော်။ ” “ ဒီလိုပါ ကိုမိုးမြင့် ၊ အခု ကျွန်တော်တို့ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်လေးကို ကျွန်တော့်ဘလော့မှာ ပို့စ် အနေနဲ့ ကျွန်တော် တင်ချင်တယ်ဗျာ။ ပို့စ်တင်ခါနီးရင်တော့ ကိုမိုးမြင့်ဆီကို အကြမ်း ပို့လိုက်ပါ့မယ်။ ကိုမိုးမြင့် အရင် ဖတ်ကြည့်ပေါ့။ လိုတာ ပြောဗျာ။ ”

“ အား ” ခနဲ သူက အော်တယ်။ ပြီးမှ . . .“ မလွယ်ပါလား ဘလော့ဂါရယ်။ ဒါကြောင့် ဘလော့ဂါ ရှေ့မှာ ချောင်းတောင်မှ မဆိုးနဲ့လို့ ပြောကြတာကိုး။ ရပါတယ် ကိုဇော်ရာ တင်ပါ။ ကျွန်တော်ကလည်း ခွင့်ပြုပါတယ်။ အတွေးလေးတွေ မျှတာပဲလေ။ စာကတော့ ကျွန်တော်က ချောအောင် မရေးတတ်တော့ ကိုဇော့်ဖာသာပဲ ရေးပြီး တင်လိုက်ပါဗျာ။ ” သူ့ဆီက စကားကြားတော့ ကိုယ်လည်း ပြုံးလိုက်ပြီး. . .“ အိုကေဗျာ။ ခွင့်ပြုလို့ ကျေးဇုးပါပဲ။ ” ဒီတော့ သူ့ဆီက မေးတဲ့ စကားသံ တစ်ခု ထွက်လာတယ် . . “ ဒါပေမဲ့ တစ်ခုတော့ ကြိုပြောဗျာ။ ” ကိုယ်ကလည်း ပြန် စကားထောက်လိုက်တယ်. . “ ဟုတ်ကဲ့ . . ဘာကို ကြိုပြောရမှာလဲ။ ” သူက ချင့်ချိန်နေသလိုနဲ့ ခဏ ငြိမ်နေပြီးမှ ဆက်မေးတယ်. .“ ကိုဇော့်က ပို့စ်တင်ရင် ခေါင်းစဉ်ကို ဘာလို့ ပေးမှာလဲ။ ” ဒီတော့မှ ကိုယ်ကလည်း တစ်လုံးချင်း ပြန်ဖြေလိုက်တယ်။

“ အ မ ရာ နှင့် တူ သော ယော က်ျား ”


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark