မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 June 2016

1 စာအန်ခြင်း (၂)

" စာအန်ခြင်း (၂) "

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

ချစ်ရေးချစ်ရာ ဆိုတာ
အပြစ်ရေး ၊ အပြစ်ရှာလောက်
မလွယ်ကြောင်း လူတချို့ကို
မ . . .ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

ချစ်ရသူရဲ့ မျက်နှာ မြင်ရခြင်းဟာ
ကျောက်ခေတ်က လူတွေ " လ " ကို မြင်ရသလိုပဲ လို့
ရင်ဖွင့် အသံထွက်ကာ
မ . . . ရှင်း . . . ပြ . . . မိ. . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

လက်ခုပ် ဆိုတာ
နှစ်ဘက် တီးမှ မြည်နိုင်ပေမယ့်
အချစ် ဆိုတာက အသံမြည်စရာ မလိုကြောင်း
မ . . . ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

သုတေသီတွေရဲ့ အဆိုအရ
ငါးတွေဟာ ငိုကြွေး တတ်ကြကြောင်း သိခဲ့ရပြီး
ဘာကြောင့် မိုးရေထဲ ခဏခဏ ထွက်လျှောက်ကြောင်း
မ . . . ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

လက်နဲ့ ယက်ပြီး နှင်နှင်
မျက်စိမျက်နှာနဲ့ နှင်နှင်
အနှင်ခံရသူရဲ့ခံစားမှု ဆိုတာကို
မ . . . ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

ကိုယ့်ကို မြင်နေပေမယ့်
မမှတ်မိတော့တာထက် စာရင်
မှတ်မိနေမယ် ထင်ပြီး မတွေ့တော့တာက သာကြောင်း
မ . . . ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

ဇီဝဇီုးတွေ အန်ပါများရင်
သွေးစ သွေးနတွေ ပါလာတတ်သလို
လူက ရင်ထဲမှာ နှလုံးကွဲကာ သွေးလွန် နိုင်ကြောင်း
မ . . . ရှင်း . . . ပြ . . . မိ . . . ဘူး။

မျိုသိပ်ရလွန်းလို့
" အ " သွားတဲ့ လူတစ်ယောက်ပါ။

ရပါတယ် ၊ အဆင်ပြေပါတယ်
သဘောပါပဲ ၊ အိုကေလေ လို့ ဆိုပြီး
အခု ကျနော် မိုးရေထဲ လမ်းလျှောက်နေတဲ့ အကြောင်း
မ . . . ရှင်း . . . ပြ . . . တော့ . . . ဘူး။

ကိုဇော်
5-Jun-2016

( http://zaw357.blogspot.com/2013/03/blog-post_21.html?m=1 မှာတော့ " စာအံခြင်း ( ၁) " ကို ဖတ်နိုင်ပါတယ်။ )

.
Share/Bookmark

08 November 2014

5 အိပ်ပျက်သွားတဲ့ည ( Tag )


ကိုယ့်ဖာသာလည်း အံ့သြနေမိသည်။ အိပ်ယာထဲ ရောက်ပြီး ငါးမိနစ် အကြာတွင် ကျနော့် ဟောက်သံ ထွက်လာလေ့ရှိသည် ဟု အိမ်သားတွေက ပြောလေ့ရှိသည်။ ဒီလောက် ကျနော်က အိပ်ပျော်ဖို့ လွယ်ကူသောသူ တစ်ယောက်ဖြစ်သည်။

သို့သော် ဒီညတော့ အဝေးမှ ကားလမ်းပေါ်ရှိ ကားများ အရှိန်ပြင်းစွာ  ဖြတ်မောင်းသွားသံများကို ကြားနေရသည်။ နံရံမှ နာရီကလည်း သုံးကြိမ်မြောက် တီးလုံးသံကြားသည် အထိ ကျနော် အလူးလူး အလှိမ့်လှိမ့်ဖြင့်သာ ရှိနေခဲ့သည်။ 



ကျနော်တို့ မောင်နှမတွေမှာ ကျနော်က အကြီးဆုံး ဖြစ်သည်။ နှမ နှစ်ယောက် ကျနော့်မှာ ရှိသည်။ အိမ်မှာ အဖေ ၊ အမေ ၊ အဖိုး ၊ အဖွား ၊ ဦးလေး ၊ အဒေါ်တို့ ကိုယ့်ထက် အကြီး ရှိနေပေမယ့် မောင်နှမထဲမှာ ကိုယ့်ထက် အကြီး မရှိ။ ဒီအခြေအနေက ကျနော့်ကို တခြား သူငယ်ချင်း ၊ ကိုယ့်ထက် အကြီး အစ်ကို ၊ အစ်မတွေ အပေါ် ပိုခင်တွယ်မိစေသည်။

ကျနော့်မှာ သူက ကိုယ့်အပေါ် အချစ်ဆုံး သူငယ်ချင်း မဟုတ်ပေမယ့် ကိုယ့်က သူ့အပေါ် အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးသည်။ ရှစ်တန်းကျောင်းသား ဘဝ ခပ်ကဲကဲ ၊ ခပ်ရွတ်ရွတ်တွေ စုမိရာမှ သူနှင့် ကျနော် သူငယ်ချင်းတွေ ဖြစ်လာခဲ့သည်။ နောက်တော့ တတွဲတွဲ ဖြစ်ခဲ့သည်။ ထိုသူငယ်ချင်းသည် ကျနော့်ထက် အရပ်ပုသူ ဖြစ်၏။ တခြားသူနှင့် ယှဉ်ရင်လည်း ပု၏။ သို့သော် အလွန် ရုပ်ချောသူ တစ်ယောက်လည်း ဖြစ်သည်။

သူနဲ့ ကျနော် ခင်မင်ရင်းနှီးခဲ့တဲ့ အချိန်ကာလ အတွင်း သူက ရုပ်ချောသူတို့ရဲ့ ထုံးစံအတိုင်း ချစ်ရေးချစ်ရာ ကိစ္စတွေ များသလောက် ကျနော်ကတော့ ဘောလုံးကန်ဖို့ ၊ သူများကို စိတ်ညစ်အောင် စဖို့ နောက်ဖို့ လောက်သာ အာရုံရှိနေခဲ့သည်။ သူ သူ့ကောင်မလေးတွေဆီကို သွားတိုင်း ၊ လိုက်စကားပြောတိုင်း ကျနော်က ဘေးကနေ အဖော်လိုက်ပေးလေ့ ရှိသလို ၊ ကျနော် ဘောလုံးချိန်းကန်တိုင်း သူက အဖော် လိုက်လေ့ ရှိသည်။ တစ်ခါတလေ လူလိုရင် စိတ်လိုလက်ရ ဂိုးဝင်ဖမ်းလေ့ ရှိသည်။ သူ ကောင်မလေးတွေနဲ့ ခပ်ရှုပ်ရှုပ်နေတာကို ကျနော်ကလည်း ဘာမှ မဝေဖန်သလို ၊ ကျနော် ပေါက်ကရ လျှောက်လုပ်သမျှကိုလည်း သူက ငြီးငြူးခြင်း အလျင်းမရှိခဲ့။

တစ်နေ့တော့ သူက ကျနော့်ကို တိုက်တွန်းမှု တစ်ခု ပြုလုပ်ခဲ့သည်။

“ ဟေ့ကောင် ငါတို့ ကျောင်းကို နယ်က ပြောင်းလာတဲ့ မမကြီး လေးယောက် မိုက်တယ်။ အဲဒီ့ အထဲမှာမှ အရပ်ရှည်ရှည်နဲ့ တစ်ယောက်က အရမ်းမိုက်တယ်။ မင်း လိုက်ပါလား။ "

အဲဒီတုန်းက ကျနော်တို့က ၉ တန်း ၊ ထိုအစ်မတွေက ၁၀ တန်းကို နယ်ကနေ ရန်ကုန်ကို လာဖြေသူတွေ။ အဲဒီကိစ္စတွေကို သိပ်စိတ်မဝင်စားတဲ့ ကျနော်က သတိမထားမိတာ သိပ်တော့ မဆန်း။

“ အာ . . . မင်းဖာသာ လိုက်ပါလားကွ။ ငါက ဘာလိုက်လုပ်ရမှာလဲ။ ”

 “ အဲဒီ့ အစ်မကြီးက အရမ်းမိုက်တယ်ကွ။ ငါလည်း လိုက်မလို့ဘဲ ၊ လိုက်ဖို့ ပြင်တော့ သူက ငါ့ထက် အရပ် အရမ်းမြင့်နေလို့ကွ။ ”

“ ဟားဟားဟား . . . .”

ကျနော် အော်ရယ်လိုက်မိသည်။

“ မင်းကွာ . . . မင်းထက် အရပ်မြင့်တာနဲ့ မင်းက ငါ့ကို လိုက်ခိုင်းတာ ဘာဆိုင်လို့လဲ။ ”

“ မင်းက ငါ့ အခင်ဆုံး သူငယ်ချင်းထဲက တစ်ယောက်ပဲလေ၊ ဒီလို ခပ်မိုက်မိုက် မမကြီး တခြားလူနဲ့ ငြိတာထက်စာရင် ငါ့ သူငယ်ချင်းနဲ့ ငြိတာကို ငါက ပိုသဘောကျတယ်။ ”

“ နေစမ်းပါကွာ။ ပြီးတော့ ငါကလည်း လိုက်မပြောရဲပါဘူး။ ကိုယ့်ဖာသာ အေးဆေး ဘောလုံးပဲ ကန်နေမယ် ဟေ့ကောင် . . . ”

သူက စိတ်ပျက်သွားသလို တစ်ချက် ကျွတ်စုတ်ပြီး ကျနော့်ဘက်ကို လက်ခါပြသည်။ ပြီးမှ . . . .

“ ဘာပဲ ဖြစ်ဖြစ် မင်း လိုက်တော့ ကြည့်လိုက် ဟေ့ကောင် . .”

ကျနော် ငြင်းမလို လုပ်ပြီးမှ သူ့ရဲ့ တက်ကြွနေမှုကို အားနာသွားလို့ . . .

“ အေးပါကွာ . . . ငါ လိုက်ကြည့်ပါ့မယ်။ မင်းကလဲ . . ”

 ပြောပြောဆိုဆို ကျနော်က သူ့ပခုံးကို လှမ်းဖက်လိုက်ရင်း တွန်းထိုးလိုက်၏။ သိပ်တော့ မကြည်လင်ပေမယ့် သူ အနည်းငယ်တော့ စိတ်ပြေသွားပုံပေါ်သည်။



နောက်နေ့ ကျနော် လိုက်ကြည့်တော့ သူပြောတဲ့ မမက အရပ်မြင့်မြင့်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတဲ့ ပုံပေါ်သည်။ လှတာကတော့ လှလား ဘာလား ကျနော် မျက်လုံးထဲ မကြည့်တတ်။

 “ အဲဒီ့ မမပဲ ၊ မိုက်တယ် မလား။ ”

အင်းးးးး ဆိုပြီး သံရှည်ဆွဲပြီး ကျနော် ထောက်ခံသလိုလို အသိအမှတ်ပြုသလိုလို အသံပြုလိုက်သည်။ ဒါပေမယ့် သူ ညွှန်ပြတဲ့ မမထက် ဘေးက မမက ကျနော့် အကြည့်ထဲ ပိုဝင်လာသည်။ အဓိက က ထိုမမရဲ့ အပြုံး ဖြစ်ပေလိမ့်မည်။

 “ ငါကတော့ မင်းပြတဲ့ မမထက် သူ့တစ်ယောက်ကျော်က မမကို ပိုသဘောကျတယ်။ အဲဒီ့ မမ အပြုံးက အေးချမ်းတယ်ကွ။ ”

သူက ကျနော့်ကို နားမလည်နိုင်သလို ကြည့်ပြီး . . .

 “ မင်းကတော့ တောကျတဲ့ ကောင်ပဲ။ ”

လို့ မှတ်ချက်ပြု၏။ ကျနော် ရယ်ကျဲကျဲသာ နေဖြစ်ခဲ့သည်။



သိပ်မကြာခင် အချိန်မှာပဲ ကျနော်နှင့် ထိုမမ ခင်မင်ရင်းနှီးခွင့်ရလာခဲ့သည်။ မမ နာမည်ကို ကျနော်က “ မနွေး ” ဟု ခေါ်သည်။ မမက ကျနော့်ကို “ မောင်လေး ” ဟုသာ ခေါ်သည်။ သူ့ကိုယ်သူတော့ “ မမ ” ဟု သုံးစွဲလေသည်။

 ကျောင်းဆင်းချိန် ၊ ကျောင်းမတက်ခင် ၊ မုန့်စားလွှတ်ချိန်တွေမှာ ဘောလုံး အမြဲတမ်း မကန်ဖို့ မမက ပြောလေ့ရှိသည်။ ပြီးတော့ ကျနော့် လက်ရေးကလည်း အလွန်လှသူမို့ ကျောင်းမှာ ကျနော်က ရည်းစားစာ အမြဲရေးပေးရလေ့ ရှိသည်။ ကူးရေးပေးသည် ဆိုပါတော့။ တစ်ခါတလေတော့လည်း သူတို့ ကောင်မလေးရဲ့ ပုံပန်းသဏ္ဍာန်တွေ ၊ အကျင့်စရိုက်တွေ ပြောပြရင် ကျနော်က စိတ်ကူးစာစီကာ ရည်းစားစာ ရေးပေးဖြစ်သည်။ ဒီအတွက် ရည်းစားစာကို ကိုင်ကာ ဆရာမထံ သွားတိုင်၍ ပြဿနာဖြစ်ပြီ ဆိုရင် ကျနော် အမြဲတမ်း အဆူခံရလေ့ ရှိသည်။

ကျနော့် လက်ရေးကို ဆရာ / ဆရာမတွေ အားလုံးက အလွတ်ရနေတာကိုး။ ဒီအတွက်လည်း မမက ဆုံးမလေ့ ရှိသည်။

 မမ နှင့် ကျနော့်ရဲ့ ဆက်ဆံရေးက ဘာလဲလို့ မေးရင် ကျနော်လည်း မဖြေတတ်။ ကိုယ့်ထက် အကြီး မရှိသော ကျနော့် အတွက် သွန်သင်ဆုံးမသော အစ်မကြီး တစ်ယောက်ရဲ့ ခင်မင်မှု ထက်မကတာတော့ သိပေမယ့် မနွေး ကို ဖွင့်တော့ မပြောဖြစ်သေး။ ချစ်ရေးချစ်ရာမှာ ကျွမ်းကျင်သူ မဟုတ်တာကြောင့် ဘယ်ကနေ ဘယ်လို ပြောရမယ် ဆိုတာကိုလည်း ကျနော် မသိ။ ကျနော့် သူငယ်ချင်းတွေကို မေးမြန်းရင်လည်း ဟားလွှတ်ခံရပေဦးမည်။

ကျနော့် အတွက်လည်း မနွေးဆီက အချစ်ကို ရဖို့ထက် ကျနော့်ဘေးမှာ ရှိနေတဲ့ ကိုယ့်ထက် ကြီးသော အစ်မကြီး တစ်ယောက်ပုံစံက ပိုပြည်စုံသလို ဖြစ်နေခဲ့သည်။

“ ဒါနဲ့ ငါ မေးပါဦးမယ် ၊ မင်းနဲ့ မနွေး နဲ့က ကြိုက်နေကြပြီလား။ ”

ကျနော့်ကို တွေ့တော့ သူငယ်ချင်းက မေး၏။

 “ ဘယ်လို ပြောရမလဲ။ အခုတော့ မကြိုက်သေးပါဘူး။ ဒါပေမယ့် သူလည်း ငါ့အပေါ် သံယောဇဉ်တော့ ရှိပုံ ရပါတယ်။ တစ်နေ့နေ့တော့ ငါ ဖွင့်ပြောတဲ့ အချိန်မှာ ပြန်ချစ်လာနိုင်ပါရဲ့။ ”

“ ဘာ . . . မင်းက အခုထိ မပြောရသေးဘူး ဟုတ်လား။ ”

“ အေး . . ဟုတ်တယ်။ ငါကလည်း ဘယ်က စပြောရမှန်း မသိတာရယ်။ ပြီးတော့ အခု လက်ရှိ အခြေအနေလေးကို မပျက်ဆီးစေချင်တာရယ်ကြောင့် မပြောဖြစ်သေးတာ။ ”

 “ မင်း တော်တော် ပေါတဲ့ ကောင်။ အဲဒီလို စကားတွေက တောမှာပဲ သွားပြောတော့ ဟေ့ကောင်။ အခုခေတ်မှာ မင်း ပြောသလို ဘယ်သူ့မှ စောင့်မနေကြတော့ဘူး။ ငါ့ အမြင်အတိုင်း ပြောရရင်တော့ မင်း မနွေးက မင်းကို တကယ် ကြိုက်မှာ မဟုတ်ဘူး။ သူ့မျက်နှာက ပြုံးစစ နဲ့ ယောက်ျားတွေကို အရူးလုပ်မယ့် ရုပ်ကွ။ ”

သူ့စကားကြားတော့ ကျနော် ရှူးရှူးရှားရှားဖြစ်သွား၏။

 “ မင်း ဒီလိုတော့ မပြောနဲ့ ဟေ့ကောင်။ မင်း ငါ့ကို ဝေဖန်လို့ ရတယ်။ မင်း မနွေးကိုတော့ ဒီလို မပုတ်ခတ်သင့်ဘူး။ သူ ငါ့အပေါ် ခင်မင် ဆက်ဆံနေတာတွေက မင်း ပြောသလို မဟုတ်ဘူး။ အေး . . . တကယ်လို့ ဟုတ်ခဲ့ရင်လည်း ငါ့ထိုက်နဲ့ငါ့ကံပဲ ငါပဲ ခံမယ်။ မင်း ဝင်ပြောစရာ မလိုဘူး။ ”

ကျနော် တကယ် ဒေါသထွက်သွားတာကို သူ သိလိုက်လို့ ထင်တယ် ပြေရာ ပြေကြောင်း သူ ဟိုဟိုဒီဒီ ပြောရှာပါသေးသည်။ သို့သော် သူ့ကို ကျနော် စိတ်မဆိုးပေမယ့် စိတ်ထဲမှာ အဖု အထစ် တစ်ခုတော့ ဖြစ်သွားခဲ့သည်။ သူက စကားလမ်းကြောင်း ပြောင်းပြီး ဟိုဟိုဒီဒီ ပြောနေပေမယ့်လည်း ကျနော်က ဘာမှ ဆက်မပြောဖြစ်တော့ . . . ခဏကြာမှ . . .

“ ငါ သွားတော့မယ် ဟေ့ကောင်”

ဟု ဆိုကာ လှည့်ထွက်လာခဲ့သည်။



ဒီနောက်မှာတော့ သူနဲ့ ကျနော် သိပ်စကား မပြောဖြစ်တော့။ ကျနော်ကလည်း ကျောင်းချိန်ပြီးရင် ဘောလုံးကန်ရင် ကန် ၊ မကန်ရင် မနွေး နဲ့ စကားသွားပြောနေခဲ့သည်။ မလွှဲသာ မရှောင်သာ သူငယ်ချင်းနဲ့ တွေ့ရင်တော့ ဟန်မပျက် မေးထူးခေါ်ပြောက လွဲလို့ သူ့ကို ကျနော် သိပ်စကားမပြောဖြစ်တော့။ သူကလည်း ကျနော် ရှောင်နေမှန်း သိလို့ ခပ်ခွာခွာပဲ နေပေးပါသည်။

 ဒီလိုနဲ့ ကျနော်တို့ ၉ တန်းတွေ စာမေးပွဲဖြေဖို့ တစ်လလောက် အလိုမှာ မနွေးကို ကျနော် ချစ်ကြောင်း စာရေးကာ ပြောပြဖြစ်သည်။ မနွေး စိတ်များ ဆိုးမလားလို့ ပထမတော့ ကျနော် ကြောက်နေခဲ့သေး၏။ မနွေး စိတ်မဆိုးပါ။ စာသင်နေစဉ်မှာ ဒီလိုတွေ လျှောက်တွေးနေတာ မကောင်းကြောင်း ၊ ကျောင်းစာကိုသာ အာရုံစိုက်သင့်ကြောင်း ၊ ကျနော့် အတွက် အဖြေကို စာမေးပွဲ နောက်ဆုံးနေ့မှာ ပေးမည် ဖြစ်ကြောင်း ကျနော် နားလည်အောင် ရှင်းပြသည်။

 ဒီနောက်မှာတော့ မနွေး နဲ့ ကျနော့် ဆက်ဆံရေးက ပုံမှန်ပင် ပြန်လည် လည်ပတ်နေခဲ့သည်။ စာမေးပွဲကလည်း ဖြေဖို့ နီးသထက် နီးလာပြီ။ ကျနော့် ရင်ခုန်သံတွေကလည်း မြန်သထက် မြန်လာခဲ့သည်။ ကျောင်းတွေကလည်း ပိတ်နေပြီ။ မနွေးတို့လို ၁၀ တန်းဖြေမယ့် ကျောင်းသား ကျောင်းသူတွေ အဖို့ ကျောင်းမတတ်တော့ဘဲ အိမ်မှာပဲ စာကျက်ကြတော့သည့် အချိန် ဖြစ်သည်။

ကျနော် စာမေးပွဲဖြေသော နေ့တိုင်း အပြန်မှာ မနွေးက လာကြိုလေ့ ရှိသည်။ ဘာတွေ မေးသလဲ ၊ ဘယ်လိုတွေ ဖြေသလဲ ကျနော့်ကို နေ့တိုင်း စစ်ဆေးပေးလေ့ ရှိသည်။ တစ်ရက်ပြီး တစ်ရက် ဖြေလာခဲ့တာ စာမေးပွဲ နောက်ဆုံးရက်မှာ ကျနော် အမြန်ဆုံး ဖြေခဲ့သည်။ အဖြေစာရွက်ကို ပြန်အပ်ပြီး ကျနော် စာမေးပွဲခန်းထဲက ထွက်လာတော့ ကျောင်းရှေ့ ကျနော့်ကို စောင့်နေကျနေရာမှာ မနွေးက သူ့ထုံးစံ အပြုံးဖြင့် ရပ်စောင့်နေသည်။

“ ဖြေနိုင်လား မောင်လေး ”

“ ဟုတ် ဖြေနိုင်ပါတယ်။ အေးဆေးပါ။ ”

ကျနော့်ဆီက မေးခွန်းကို သူက တောင်းယူပြီး ဖတ်ကာ ဘယ်မေးခွန်းကို ဘယ်လို ဖြေလဲ ဆိုပြီး ကျနော့်ကို ထပ်မေး၏။ မနွေးကိုသာ ပြန်ဖြေနေရတာ ကျနော်က စာမေးပွဲ မေးခွန်း အပေါ် သိပ်စိတ်မပါတော့။ မနွေး ပေးမယ့် ကျနော့် အတွက် အဖြေကိုသာ စိတ်ရောက်နေခဲ့သည်။ မနွေး နဲ့ ကျနော် လမ်းအတူ တွဲလျှောက်လာရင်း ကားမှတ်တိုင်ဘက်ကို ရောက်ခါနီးတော့ . . . .

“ မနွေး . . . ကျနော့်ကို အဖြေ ပေးရဦးမယ်လေ။ ”

ဒီတော့ မနွေးက လှပစွာ ပြုံးပြီး . . .

“ အင်း . . မေ့များ မေ့ပြီး ပြန်သွားမလားလို့ . .  ”

 “ အာ. . . မနွေးကလည်း မေ့စရာလား။ ဒီလောက် အရေးကြီးတာကို . . . ”

“ ဟုတ်ပါပြီ။ ဒီမှာ စာတစ်စောင် ၊ ပြီးတော့ ဒီမှာ ဒိုင်ယာရီ စာအုပ် အသစ်လေး တစ်အုပ်။ ”

မနွေး လှမ်းပေးတာကို ကျနော်က လှမ်းယူလိုက်ပြီး . . . ငေးကြည့်နေမိသည်။

“ ဒီစာက မမ မင်းအတွက် ရေးပေးထားတာတွေ ပါတယ်။ အခု မဖတ်ရဘူး။ အိမ်ရောက်မှ အေးဆေး ဖတ် ၊ ဟုတ်ပြီလား။ ဒီဒိုင်ယာရီလေးကတော့ စာမေးပွဲပြီးသွားလို့ မမလည်း မော်လမြိုင်ကို ခဏပြန်နေတုန်းမှာ မောင်လေးက ဒိုင်ယာရီထဲမှာ သတိရတာတွေ ၊ လွမ်းတာတွေ ရေးထားပေါ့။ နောက်တစ်ခါ ပြန်ဆုံရင်  မမ ပြန်ဖတ်မယ်။”

 ကျနော် မနွေးပြောနေတာတွေကို ငေးကြည့်နေရင်း အညှို့ခံရသူလို ငြိမ်သက်နေမိသည်။

“ ကဲ သွားတော့ မောင်လေး စီးမယ့် ဘတ်စ် လာနေပြီ။ ”

ကျနော် စီးပြီး ပြန်လာတဲ့ ဘတ်စ်က မနှေးလှပေမယ့် ကျနော့် စိတ်တွေက ဘတ်စ်ထက် မြန်နေခဲ့၏။ အိမ်ရောက်တော့ ကျနော့် အခန်းထဲကို ပြေးဝင်ပြီး မနွေး ပေးသော စာကို ဖွင့်ဖတ်မိသည်။

 စာကြိုးစားဖို့ ၊ ကျောင်းနေစဉ် စာသင်ချိန် အရွယ်မှာ ဒီလို စိတ်မကစားဖို့ ၊ အရွယ်ရောက်လာမှ ဒီလို ချစ်ရေးချစ်ရာတွေကို စဉ်းစားဖို့ . . . အစရှိသဖြင့် စာ ၅ မျက်နှာကို ကျနော် နားဝင်လေ့ ရှိသော စကားလုံးများဖြင့် ရေးထားသည်။ အဲဒီ စာမျက်နှာ ၅ မျက်နှာထဲမှာ ကျနော် အထပ်ထပ် ဖတ်မိပြီး အနာကျင်ဆုံး စကားလုံးကတော့  . . . .

 “ မောင်လေး မင်း ငယ်ပါသေးတယ်။ ဒီအရွယ်မှာ အချစ်ရေးကြောင့် လမ်းမလွဲစေချင်ဘူး။ ဒီအရွယ်မှာ ပညာရေးကိုပဲ ဂရုစိုက်ပါ။ ”

ဆိုတဲ့ စကားလုံးပဲ။ ရင်နှင့်အမျှ ကျနော် နာကျင်ခံစားရပါသည် သို့သော် ကျနော် ညဘက်တော့ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ပါသည်။



“ မင်း ပြောတာ မှန်တယ် သူငယ်ချင်း။ တကယ်တော့ သူက ငါ့ကို ကလေးတစ်ယောက် ကစားသလို ကစားသွားတာပဲ။ ငါကို ငယ်ပါသေးတယ်တဲ့။ သူကတော့ ချစ်ရေးချစ်ရာမှာ အတွေ့အကြုံများနေတယ်ပေါ့။ ”

ကျနော်က နာနာကျင်ကျင် ပြောနေပေမယ့် သူငယ်ချင်းက ငြိမ်သက်စွာပဲ နားထောင်နေခဲ့သည်။ သူ့ဆီက အမြဲရလေ့ ရှိသော ဝေဖန်ချက်မျိုး မကြားရ။

 “ ပြီးတော့ ငါ့ကို ပြောသွားသေးတယ်။ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့ တဲ့။ အဲဒါ ဘာအဓိပ္ပါယ်လဲ မင်းသိလား။ ”

သူက ကျနော့်ကို နားမလည်နိုင်သလိုမျိုး ငေးကြည့်နေ၏။

 “ ဘုရင်တွေ သေတာကို ကံတော်ကုန်တယ်လို့ ဆိုတယ်ကွ။ ကံကုန်တယ် ဆိုတော့ သေတယ် ဆိုပါတော့ ကံမကုန်ရင် ပြန်ဆုံမယ် ဆိုတော့ မသေရင် ပြန်ဆုံမယ် လို့ ပြောတာပဲ ဟားဟားဟား  . . .  ”

 ကျနော့်ရဲ့ နာကျင် အက်ကွဲစွာ ရယ်သံကို သူက ငေးနားထောင်နေရင်း ကျနော့်ကို တစ်ခု ပြော၏။

 “ ဒီလို ရှိတယ် သူငယ်ချင်း။ ငါ အရင်က မင်း မနွေး နဲ့ ပတ်သတ်ပြီး အမြင်လွဲခဲ့ဖူးတယ်။ ချစ်ရေးချစ်ရာ နဲ့ ပတ်သတ်ပြီး အတွေ့အကြုံမှာ မင်း ငါ့ကို မမှီပါဘူးကွာ။ ငါက မင်းထက် အများကြီး ပိုပါတယ်။ ”

သူက ကျနော် နားထောင်နေလားလို့ ကျနော့် မျက်နှာကို အကဲခတ်ကြည့်၏။ ပြီးမှ ဆက်ပြောသည်။

“ ငါ အရင်က မင်း မနွေး မင်းကို ကစားသွားမှာ စိုးလို့ မင်းကို ပြောခဲ့ဖူးတယ်။ ဒါပေမယ့် မင်းက သတိမထားမိပေမယ့် ငါကို မင်းတို့ကို အမြဲ အကဲခတ်နေတာပါ။ မနွေးက မင်းအပေါ် သံယောဇဉ် ရှိရှာပါတယ်။ အခု အခြေအနေက သူ ပြောတာလည်း အမှန်ပဲ။ ငါတို့က ငယ်သေးတာကိုး။ ဘာလို့ ငါ ဒီစကားပြောတာလဲ ဆိုတော့ ဥပမာ ငါကွာ။ ငါက ချစ်ရေးချစ်ရာလို့ လူကြားကောင်းအောင် ပြောနေပေမယ့် တကယ်တော့ ငါက ရည်းစားပဲ ထားတာကွ။ ငါ ဘယ်သူ့ကိုမှ မယူချင်သေးဘူး။ ဘာလို့လဲ ဆိုတော့ ငါကလည်း ဘယ်သူ့ကိုမှ တကယ် မချစ်သေးဘူးလေ။

မင်းကတော့ မတူဘူး။ မင်းက မနွေးကို တကယ်ချစ်သွားတာ ဆိုတော့ မင်းက နီးစပ်ဖို့ ကြိုးစားတော့မယ်။ ငါတို့က အခုမှ ၉ တန်းရယ် . . . မင်း မရရအောင် နီးဖို့ ကြိုးစားရင် မင်းလည်း ပညာ တစ်ပိုင်းတစ်စ ဖြစ်မယ်။ ဘဝဒဏ်တွေကိုလည်း မင်း စောစောစီးစီး ခံစားရမှာပဲ။ ”

သူ ပြောနေတဲ့ စကားတွေက ကျနော့်နားထဲကို အဝေးမှ လှမ်းပြောနေသလို ကြားနေရသည်။

 “ ငါ အခု ပြောနေတာတွေကို မင်း လက်ခံနိုင်ချင်မှ လက်ခံနိုင်လိမ့်မယ်။ ဒါပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန် မှာတော့ မင်း နားလည် သဘောပေါက်လာလိမ့်မယ်။ ”

သူ ပြောတာတွေ တကယ်လည်း ကျနော် လက်မခံနိုင်ပါ။ ကျနော့်ရဲ့ အချစ်ကို လှည့်စားကာ ငယ်ပါသေးတယ် ဆိုတဲ့ မနွေး အပေါ် ကျနော် နာကြည်းနေမိသည်။

“ ကဲပါကွာ ငါတို့ ပြန်ကြပါစို။ မင်းကို ငါ နောက်ဆုံး စကားတစ်ခွန်း ပြောမယ်။ ဘုရင်တွေ သေတာကို ကံကုန်တယ်လို့ ခေါ်လို့ ကံမကုန်ရင် ပြန်ဆုံမယ် ဆိုတာ မသေရင် ပြန်ဆုံမယ် လို့ ပြောတာ ဖြစ်နိုင်သလို ၊ ဗုဒ္ဓဘာသာ အရ ကံ ကံ၏အကျိုး ၊ အတိတ်ကုသိုလ်ကံ မကုန်ရင်လည်း လူမသေပေမယ့် ပြန်ဆုံနိုင်ပါသေးတယ်ကွာ။

 ကဲ . . သွားစို့။ ”



နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

ကျနော်လည်း အသက်တွေ ကြီးလာပြီး နိုင်ငံရပ်ခြားသို့ ရောက်ကာ အလုပ်လုပ်ရင်း အင်တာနက် ဆိုတာကို မြန်နှုန်းမြင့်သော နိုင်ငံမှာ သုံးစွဲခွင့် ရခဲ့သည်။ ကျနော့် အလုပ် အရ အင်တာနက်ကို သုံးကာ ရှာဖွေပေးရခြင်း ၊ အလုပ်မများသောကြောင့် အင်တာနက်ကို အချိန်ပြည့်နီးပါး ကျနော် သုံးဖြစ်ခဲ့သည်။ အင်တာနက်ထဲမှာ မွှေနှောက်ရှာဖွေရင်း အတွေ့အကြုံ ဗဟုသုတများ မျှဝေကာ blog ရေးကြတာကို ကျနော် သဘောကျမိသည်။ ကျနော်ကလည်း ငယ်ငယ်ကတည်းက စာရေးရတာကို ဝါသနာပါသူ မဟုတ်လား။

ဒါကြောင့် အင်တာနက်မှာ blog လေး တစ်ခု လုပ်၍ ကျနော် စာတွေ အများကြီး ရေးဖြစ်ခဲ့သည်။ ကျနော် ဖတ်ခဲ့ဖူးသော စာများ ၊ တွေးခဲ့ဖူးသော အတွေးများ ၊ ကြုံခဲ့ဖူးသော အဖြစ်အပျက်များ ၊ ခံစားခဲ့ရသော ရသများကို ကျနော် ရေးဖြစ်ခဲ့သည်။

တစ်နေ့တော့ ချစ်ရေးချစ်ရာ ဆိုတော့ အကြောင်း တစ်ခုနဲ့ ပတ်သတ်ပြီး ကျနော့် ရင်ထဲမှာ ၊ စိတ်ထဲမှာ နှစ်ပေါင်းများစွာ ခံစား မေ့ပျောက်ထားသော မနွေးနှင့် အကြောင်းက ကျီးပေါင်းထကာ နိုးကြွလာခဲ့သည်။


ကျနော့် အပေါ်မှာ လှည့်စားသူ ၊ ကျနော့် အချစ်ကို လျစ်လျူရှု့သူ ၊ ငယ်ရွယ်သူ ဆိုကာ အလေးမထားသူ ဆိုပြီး ကျနော် မနွေးကို ဦးတည်ကာ စာတွေ များစွာ ရေးသားမိခဲ့သည်။ ကျနော် နောက်ဆုံး ရေးသားသော စာထဲမှာတော့ မနွေးရေးထားသော “ ကံမကုန်ရင် ပြန်ဆုံတာပေါ့ ” ဆိုသော စာကို ရည်ညွှန်းပြီး ကျနော် ရေးသားခဲ့၏။ ထိုစာသားကတော့ . . . .

 “ ကံမကုန်သေးပေမယ့် ပြန်မဆုံချင်တော့ပါဘူး။ ”

 ဟု ဆိုကာ ကျနော့် နာကျည်းချက်ကို အမြင့်ဆုံး ကျနော် ရင်ဖွင့်ချခဲ့သည်။ ဒီနောက်မှာတော့ ဘာမှန်း မသိပေမယ့် ကျနော် ရင်ထဲ အတော် ပေါ့သွားခဲ့သည်။ အချစ်ကို ငယ်သေးလို့ မလေးစားခြင်း ဆိုသော သဘောလား ဆိုသော အဲလက်စ် ရဲ့ သီချင်းထဲက “ ငယ်သေးတဲ့ အချစ်မို့ မလေးစားတာလား ပြောပါ ” ဆိုတဲ့ သီချင်းထဲက အတိုင်း ကျနော် ခံစားခဲ့ရတာပါ ဆိုရင် တိုင်းသိ ပြည်သိ ကျနော် အသည်းကွဲပြခဲ့သည်။

ဒီနောက်မှာတော့ ကျနော် မနွေးကိုရော ၊ သူနဲ့ ပတ်သတ်သော ချစ်ရေးချစ်ရာတွေကိုပါ လုံးဝ . . . လုံးဝ မေ့ထားလိုက်ပါတော့သည်။  



တစ်နေ့တော့ ကျနော့်ဆီကို စာတစ်စောင် ရောက်လာခဲ့သည်။  ရန်ကုန်မှ လှမ်းပို့လိုက်သော သူငယ်ချင်းရဲ့ စာပါပဲ။

မင်း နေကောင်းမယ်လို့ မျှော်လင့်ပါတယ်ကွာ။ ပျော်ရော ပျော်နေရဲ့လား သူငယ်ချင်း။

မင်းကိုတော့ ငါ တကယ်ကို နားမလည်တော့ဘူး။ မင်းရဲ့ တစ်ဖက်သတ် စွတ်စွဲချက်တွေက အရမ်းပြင်းထန် လွန်းတယ်ကွာ။ ငယ်ရွယ်သေးတယ် ဆိုတဲ့ အရာဟာ အသက်ကိုတင် ပြောတာ မဟုတ်ဘူး သူငယ်ချင်း . . . အတွေ့အကြုံ ၊ အတွေးအခေါ်တွေပါ ပါတယ်။ အခု မင်း လူလတ်တန်း အရွယ် ရောက်နေပြီပေါ့။ ဟုတ်တယ် မင်း မငယ်တော့ဘူး။ ဒါပေမယ့် ဒါဟာ မင်းရဲ့ အသက်အရွယ်ကိုပဲ ကိုယ်စား ပြုနေလိမ့်မယ်။ မင်း အသက်သာ ကြီးလာတာ မင်းရဲ့ အတွေးအခေါ်တွေက ရင့်ကျက်မလာဘူး။ ငယ်နေတုန်းပါပဲလား။

မင်းကွာ . . . ဘာလို့ မင်း အပေါ် ဒီလောက် ကောင်းခဲ့တဲ့ မနွေး အပေါ် ရက်စက်ချင်ရတာလဲ။ မင်း ဘဝကို မနစ်မွန်းစေချင်လို့ ပြောခဲ့တဲ့ စကားအပေါ် မင်း ဘာလို့ ကလေးဆိုးကြီးလို့ စိတ်ကောက်နေရတာလဲ။

မင်း အင်တာနက်မှာ ရေးတဲ့ စာတွေ ငါလည်း ဖတ်ရတယ်။ ဒီလိုပဲ မော်လမြိုင်က မနွေးကလည်း ဖတ်ရတယ်။ မင်း blog နဲ့ မင်းစာဖတ် ပရိတ်သတ် အရ မင်း အောင်မြင်တယ် လို့ ဆိုရမယ်လေ။ စာဖတ်သူတွေ တော်တော်များများ ရထားတာကိုး။ အေး . . . ဒါပေမယ့် မင်းရဲ့ စာဖတ် ပရိတ်သတ်က မင်း ရေးသမျှကိုပဲ သိမှာပေါ့။ အမှန်တရား ဆိုတာ သူတို့ ဘယ်လိုလုပ် သိပါ့မလဲ။

 စေတနာရဲ့ ပြောတဲ့ စကား တစ်ခွန်းရဲ့ ရလာဒ်က ဒါလားကွာ။ ကိုယ့် စေတနာအတွက် မင်း ရေးတဲ့ စာတွေကို တိတ်တဆိတ် ဖတ်နေရတဲ့ မနွေး ဘယ်လို ခံစားရမလဲ မင်း သိရဲ့လား။ မင်းကတော့ ပြောမှာပေါ့။ မင်းရေးတဲ့ စာတွေ မနွေး မဖတ်မိနိုင်ပါဘူးလို့။ ဒါပေမယ့် သူ ဖတ်နေရတယ် ဆိုတာ ငါလည်း တဆင့် ပြန်ကြားလို့ အခုလို မင်းဆီကို စာရေးလိုက်တာပဲ။ မင်းတော်တော် ရက်စက်တဲ့ ကောင်လို့ပဲ မင်းကို ငါ ပြောချင်တယ်။

 မင်း စာတွေထဲမှာ ရေးခဲ့သလို ဆုတောင်း ပြည့်မှာပါ။ ဘာတဲ့ " ကံမကုန်သေးပေမယ့် ပြန်မဆုံချင်တော့ပါဘူး ” ဆိုတာလေ။ မင်းကို စောင့်နေခဲ့တဲ့ မနွေးနေရာမှာ ငါဆိုရင်တော့ ပြန်ဆုံချင်တော့မှာ မဟုတ်ဘူး။

အသက်သေမှ မဟုတ်ဘူးကွ။ အချစ်သေ ၊ ဘဝသေသွားတဲ့ လူတစ်ယောက်ကလည်း ကံတော်ကုန်တယ်လို့ ဆိုနိုင်တာပါပဲ။ ဒီတော့ ပြန်မဆုံချင်တော့ဘူးပေါ့ကွာ။

 ဒါပါပဲကွာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ပျော်ရွှင်ပါစေ သူငယ်ချင်း။

ခင်တဲ့
နေဇော်အောင်



ကိုယ့်ဖာသာလည်း အံ့သြနေမိသည်။ အိပ်ယာထဲ ရောက်ပြီး ငါးမိနစ် အကြာတွင် ကျနော့် ဟောက်သံ ထွက်လာလေ့ရှိသည် ဟု အိမ်သားတွေက ပြောလေ့ရှိသည်။ ဒီလောက် ကျနော်က အိပ်ပျော်ဖို့ လွယ်ကူသောသူ တစ်ယောက်ဖြစ်သည်။ 

သို့သော် ဒီညတော့ အဝေးမှ ကားလမ်းပေါ်ရှိ ကားများ အရှိန်ပြင်းစွာ  ဖြတ်မောင်းသွားသံများကို ကြားနေရသည်။ နံရံမှ နာရီကလည်း သုံးကြိမ်မြောက် တီးလုံးသံကြားသည် အထိ ကျနော် အလူးလူး အလှိမ့်လှိမ့်ဖြင့်သာ ရှိနေခဲ့သည်။ 

ထိုညသည် ကျနော့် ဘဝအတွက် အိပ်ပျက်ည တစ်ည ဖြစ်ပါလိမ့်မည်။ သို့သော် ကျနော် ဒီလို ဖြစ်နေခဲ့သည် ဆိုတာကို ဘယ်သူမှ သိလိမ့်မည် မဟုတ်။ ယုတ်စွအဆုံး Blog မှာ စာလာဖတ်သော ကျနော့် စာဖတ်သူတွေလည်း သိလိမ့်မည် မဟုတ်ပါ။


*** ပစ်ပစ်ရဲ့ Tag ပို့စ်ပါ။ ***

လေးစားစွာဖြင့်
ကိုဇော်


.

Share/Bookmark

29 September 2014

5 ကလေး အတွေး



နိဒါန်း

ကျွန်တော် ကလေးတွေကို ချစ်တယ်။ ကလေးတွေရဲ့ ကလေးဆန်သော အတွေး ၊ ကလေးဆန်သော လှုပ်ရှားမှု ၊ ကလေးဆန်သော တုံ့ပြန်မှုကိုတွေကို ချစ်တယ်။ ကလေးတွေနဲ့ အားတိုင်း စကားပြောဖြစ်ပြီး ကလေးတွေရဲ့ အတွေးလေးတွေကို အမှတ်မထင် မှတ်ထားဖြစ်ခဲ့တယ်။

ကလေးအတွေး ဆိုတာ လွတ်လပ်တယ် မဟုတ်လား။



ဖြစ်စဉ် (၁)

Channel 7 ကနေ အစီအစဉ် တစ်ခု အနေနဲ့ ထုတ်လွှင့်နေတဲ့ " ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင် " မှာ နိုင်ငံသိ အနုပညာရှင်များကို ဖိတ်ခေါ်ပြီး ကလေးများ နှင့် မေးခွန်းများကို မေးကာ အဖြေ ဖြေခိုင်းပြီး ယှဉ်ပြိုင်စေတာ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။

တစ်နေ့မှာတော့ မေးခွန်း တစ်ခုကို မေးပါတယ်။ ကွက်လပ်ဖြည့်ပါလေးပေါ့။ အမေးက . . .

" ------- ကို သူ့အမေ ရိုက်ပါလို့
မှောင်မိုက်မှာ ငို "

ဆိုပြီး ကွက်လပ်ကို ဖြည့်ခိုင်းတာပါ။ အဖြေကတော့ အားလုံးလည်း သိနေတော့ လွယ်ပါတယ်ပေါ့။ ကွက်လပ်မှာ " ဂျာအေး " ပဲ ဖြည့်လိုက်ရမှာကိုး။ ဒီလိုပဲ အမေးခံရသူကလည်း " ဂျာအေး " လို့ ဖြေလိုက်တာပါပဲ။

ဒါပေမယ့် တကယ့် အဖြေထွက်လာတော့ "ဂျာအေး " မဟုတ်ပါဘူးတဲ့။ " ကြာအေး " ပါတဲ့။ ကျွန်တော်တို့ရော ဖြေနေသူရော ဟာ ခနဲ ဖြစ်ပြီး အားလုံး မှားကြတော့တာပါပဲ။

" ဂျာအေး " ကနေ " ကြာအေး " ကို ဘယ်တုန်းက နာမည်ပြောင်းလိုက်တာလည်း ကျွန်တော်တို့လည်း မသိလိုက်ဘူး။ ကလေးတွေ အသိ ၊ ကလေးတွေ အတွေးနဲ့ ကျွန်တော်တို့ ဘယ်လောက်တောင်မှ ကွာခြားနေပြီလဲ။ သမိုင်းကြောင်းတွေ ဘယ်လောက်တောင် လွဲကုန်ပြီလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။



ဖြစ်စဉ် ( ၂ )

တစ်နေ့တော့ ကျွန်တော့် အသိအိမ်တစ်အိမ်ကို အလည်သွားပါတယ်။ အဲ့ဒီအိမ်မှာ ၃ နှစ်လောက် ရှိတဲ့
ကလေးမလေး တစ်ယောက်လည်း ရှိပါတယ်။ ကျွန်တော် ရောက်သွားချိန်မှာ ကလေးမလေးက တီဗီက လာနေတဲ့ ကြော်ငြာ သီချင်းတွေကို လိုက်ဆို ၊ သူကိုယ်တိုင်လည်း လိုက်သရုပ်ဆောင်နေတဲ့ အချိန်ပါ။

ကျွန်တော် ရောက်လာတော့ သူ့အမေက "သမီးရေ ခဏလေး ငြိမ်ငြိမ်နေနော် ဒီမှာ ဧည့်သည်ရောက်နေတယ်လေ။ " ဆိုတော့ ခဏတော့ ငြိမ်သွားပြီး ကြော်ငြာတွေထဲမှာ သူစိတ်ဝင်စားတဲ့ ကြော်ငြာ ပါလာတော့ ပြန်အသံ ထွက်လာပြန်တယ်။ သူ့အမေက ဟန့်မလို လုပ်တော့. . . " နေပါစေ အစ်မ ၊ ကလေးပဲ " ဆိုပြီး လွှတ်ထားလိုက်တယ်။

သူကလည်း ကျွန်တော်တို့ကို သိပ်သတိမထားမိပါဘူး။ သူ့ဖာသာ တီဗီက အစီအစဉ်တွေကိုပဲ ပိုစိတ်ဝင်စားတာပါ။ ဒါပေမယ့် တစ်ခါ တစ်ခါတော့ တီဗီထဲက သူမရှင်းတာလေး ဆိုရင် သူက လှမ်းလှမ်းမေးတတ်တယ်။ ပြီးရင် သူ့ဖာသာ ဆက်ကြည့် ၊ လိုက်ဆို ၊ သရုပ်ဆောင်နေတာပါပဲ။

ခဏနေတော့ ကြော်ငြာ တစ်ခု လာပါတယ်။ အဲဒီ့ ကြော်ငြာက ခနော ကြက်သားမှုန့် ကြော်ငြာပါ။ သမီး လုပ်သူက ဟင်းချက်မို့ ပြင်နေတုန်း အမေဖြစ်သူက ခေါင်းကြီး ပေါ်ပေါ်လာပြီး အချိုမှုန့်ထည့်ဦး ၊ ဆားမမေ့နဲ့ ဆိုပြီး ဝင်ပြော သမီးက ကျမကတော့ ကျမ ယုံကြည်တာပဲ အမြဲသုံးတယ် ဆိုပြီး ပြောတဲ့ အခန်း ၊ ဟင်းလည်း ချက်ပြီးရော အမေဖြစ်သူကို သမီးက သူချက်ထား တာလေးတွေ ကျွေးလိုက်တော့ အမေဖြစ်သူက မှတ်ချက် ပေးတယ်။

" အမေ့ လက်ရာ အတိုင်းပါပဲလား။ "

တဲ့။ ဒီကြော်ငြာလေးပါ။ကျွန်တော်တို့လည်း တွေ့နေမြင်နေရတာ ကြာနေပါပြီ။ ဘာမှလည်း မထူးခြားပါဘူး။ အခုတော့ ကြော်ငြာတွေ လိုက်ဆိုနေတဲ့ ကလေးမလေးက အဲဒီ့ ကြော်ငြာကို ကြည့်နေရင်း မျက်ခုံးကို အတွန့်ချိုးပြီး သူ့အမေကို လှမ်းမေးတယ်။

" မေမေ . . . မေမေ . . ."

" ဘာလဲ သမီးရယ် ၊ ဒီမှာ လူကြီးတွေ စကားပြောနေတယ်လေ။ မရှုပ်ရဘူးလို့ မေမေ ပြောထားတယ်လေ။ "

" မရှုပ်ပါဘူး မေမေရဲ့ မေးမလို့ပါ။ "

ကျွန်တော်ကလည်း ကလေး ချစ်တတ်သူ ဆိုတော့ . . ပြီးတော့ ကလေးတွေရဲ့ ဆန္ဒကို လျစ်လျူရှု့တာမျိုး မဖြစ်စေချင်တော့ ကျွန်တော်ကပဲ ကြားဝင် မေးလိုက်တယ်။

" မေး မေး ဘာမေး မလို့လဲ မီးမီးရဲ့။ "

ဒီတော့ သူက ခေါင်းလေးကို ကုတ်ပြီး . . .

" အခုနက ပြောသွားတယ်လေ။ အမေ့လက်ရာ အတိုင်းပဲတဲ့။ "

" အေးလေ ဘာဖြစ်လို့လဲ မီးမီးရဲ့ "

" အဲဒါလေ အမေ့လက်ရာ အတိုင်းပဲ ဆိုတာ ကောင်းတာကို ပြောတာလား ၊ မကောင်းတာကို ပြောတာလား မေးချင်လို့ "

သူ့စကား ဆုံးတော့ ကျွန်တော်တို့မှာ ငြိမ်ကျသွားပြီး ခဏနေမှ တဟားဟားနဲ့ ဝိုင်းရယ် မိကြတယ်။ အေးလေ ဟုတ်သားပဲ အမေ့လက်ရာ ဆိုတာကိုက ကောင်းမှန်း မသိ ၊ မကောင်းမှန်း မသိကြီးကိုးးး

အဲဒီလို ကလေး အတွေးလေးတွေ ကျွန်တော် သဘောကျတယ်။



ဖြစ်စဉ် ( ၃ )

ဟိုတလောက ဘတ်စ်ကားစီးပြီး မြို့ထဲသွားတော့ ကျွန်တော်စီးတဲ့ ဘတ်စ်က တာမွေ ရဲစခန်းကို ဖြတ်သွားရပါတယ်။ ကျွန်တော် ထိုင်ခုံနောက်မှာ သားအဖ နှစ်ယောက် ပါလာခဲ့တယ်။ ကလေးလေးက ယောက်ျားလေးပါ။ယောက်ျားလေးလည်း ဖြစ်တော့ လုံးဝ မငြိမ်ဘူးပေါ့။ ဟိုဟာမေး ဒီဟာမေးနဲ့ တစ်လမ်းလုံးကို မေးနေသူပါ။

တာမွေ ရဲစခန်းရှေ့ကလည်း ဖြတ်ရော သူက ရဲစခန်းကို လှမ်းကြည့်ပြီး သူ့အဖေကို မေးပါလေရော။

" ဖေဖေ . . . ရဲ လို့ ဘာလို့ ခေါ်တာလဲ။ "

ရုတ်တရက် ဆိုတော့ သူ့အဖေလည်း ပြန်မဖြေနိုင်ဘူး။ ကျွန်တော်လည်း တစ်ခါမှ မစဉ်းစားမိဘူး။ သူ့အဖေ ဘယ်လို ပြန်ဖြေမလဲ လို့ နားစွင့်နေမိတယ်။

" ပြည်သူတွေကို ရဲရဲဝံ့ဝံ့ ကာကွယ်ပေးလို့ ရဲ လို့ ခေါ်တာပေါ့ သားရဲ့။ "

သူ့အဖေ အဖြေကို ကြားတော့ မဆိုးဘူးဟ ဆိုပြီး သဘောကျနေမိတယ်။ ဒီအချိန်မှာပဲ ကောင်လေးက ဆက်ပြောတယ်။

" သူတို့ အိမ်ရှေ့မှာ ဘာလို့ သဲအိတ်တွေနဲ့ ကာထားရတာလဲ။ "

ရဲစခန်းကို အိမ်လို့ ထင်နေပုံရတယ်။ သူ့အဖေက ဆက်ဖြေတယ်။

" လူဆိုးတွေ ဝင်လာရင် ပုန်းပြီး သေနတ်နဲ့ ပစ်လို့ ရအောင်ပေါ့ကွ။ "

" အာာ ဖေဖေပဲ ခုနက ပြောတော့ ရဲဝံ့တယ် ဆို ဒါဆို ဘာလို့ သဲအိတ်တွေ နောက်မှ ပုန်းနေရမှာလဲ။ ပုန်းတယ် ဆိုတာ သတ္တိ မရှိသူမှ ပုန်းတာဆို . . "

" #%#&@&#)?/&#* "

သူ့ အဖေ လုပ်သူ ဘယ်လို ဆက်ရှင်းပြနေတယ် ကျွန်တော် သတိမထားမိတော့ဘဲ ဒီကောင်လေးရဲ့ အမေး နဲ့ အတွေးလေးတွေ အပေါ် ကျွန်တော် ပြန်တွေးပြီး သဘောကျနေမိတယ်။




ဖြစ်စဉ် ( ၄ )

အခုခေတ် ကလေးတွေ ကျွန်တော်တို့ ငယ်ငယ်တုန်းကလို ပြေးလွှား ခုန်ပေါက် ကစားတယ် ဆိုတာ တော်တော်ကို ရှားသွားခဲ့ပါပြီ။ ဒါပေမယ့် ဟိုတလောက လမ်းထဲမှာ ကလေးတွေက မိုးတွေ အရမ်းရွာ အပြီး မြောင်းထဲကို ရေအစီးများနေတုန်း စက္ကူလှေကလေးတွေ ၊ သဗ္ဗာန်လေးတွေ မျှောချင်တယ် ဆိုပြီး ကျွန်တော့်ကို လှေလေးတွေ လာလုပ်ခိုင်းတယ်။

သူတို့ ပျော်နေရင် ပြီးတာပါပဲ ဆိုပြီး ကျွန်တော် စက္ကူလှေလေးတွေ လုပ်ပေးနေတယ်။ သူတို့ကလည်း ရေထဲ မျှောချပြီး အပြိုင်အော်ဟစ် ပျော်ရွှင် ကျေနပ်နေကြတယ်။ တဖြေးဖြေး ကလေးတွေ များလာပြီး စက္ကူလှေ လုပ်ပေးရတဲ့ ကျွန်တော်လည်း မနိုင်ဘူး ဖြစ်လာတယ်။ ဒါနဲ့ အချိန်ဆွဲလို့ ရအောင် စကား စပြော လိုက်တယ် . . .

" ဒါနဲ့ မင်းတို့ ဒီလို စက္ကူလှေလေး လွှတ်ဖို့ ဘယ်လို အကြံရတာလဲ။ "

ဟုတ်တယ် ဒါက အရေးကြီးတယ်။ ကျွန်တော်တို့ ငယ်ငယ်ကဆို ဒီလို ကစားနည်းတွေနဲ့ပဲ ကြီးပြင်းခဲ့ကြရတာလေ။ ဖုန်းက ဂိမ်းတွေ ၊ PS 2 , 3 တွေ ၊ ဘာတွေ ရှိမှ မရှိတာပဲ။ ကျွန်တော် မေးတော့ သူတို့ ပြန်ဖြေတယ်။

" တီဗီက လာတဲ့ သွားတိုက်ဆေး ကြော်ငြာ ထဲကနေ တွေ့တာ. . ."

သြော် Signal သွားတိုက်ဆေးကို ပြောနေတာကိုး ဆိုပြီး ကျွန်တော် သိလိုက်တယ်။ ကျွန်တော် ဒီကြော်ငြာ တွေ့နေတာကိုး။ ကျွန်တော် တွေးနေတုန်း သူတို့ထဲက ကောင်လေး တစ်ယောက် မေးတယ်။

" ဦးဇော် . . . အဲဒီ့ သွားတိုက်ဆေးက သွားပိုးပေါက်လေးတွေကို ဖာပေးတယ် ဆို "

" အေးလေ အဲဒီလိုပဲ ကြော်ငြာတာပဲလေ။ "

" တားလည်း အဲဒီ့ သွားတိုက်ဆေးကိုနဲ့ တိုက်တာပဲ။ ဒါပေမယ့် သူက တားသွားတွေကို ကျတော့ ဖာမပေးဘူး။ " 

" ဟေ . . . မင်းမှာ သွားပိုးပေါက် ရှိနေလို့လားကွ။ "

" ရှိတာပေါ့ဂျ ဒီမှာကြည့် . . . "

ဆိုပြီး သူ့ပါးစပ်လေးကို ဟပြတယ်။ သူ့သွားတွေက သွားပိုးပေါက်တင် မကဘဲ သွားတွေပါ ကုန်အောင် ပိုးက စားထားတယ်။

" အာ မင်းသွားက သွားပိုးပေါက်တောင်မှ မဟုတ်ဘူး။ တစ်ချောင်းလုံးတောင် ပိုးစားလို့ ကုန်တော့မယ်။ သူက ဘယ်လိုလုပ် ဖာပေးနိုင်မလဲကွ။ "

" ဒါဆို သူက ဘယ်လိုကို ဖာပေးတာလဲ။ "

" သူပြောတာကတော့ မျက်စိနဲ့ မမြင်နိုင်တဲ့ အပေါက်သေးသေးလေးတွေကို ဖာပေးတယ်လို့ ပြောတာပဲ။ "

" အာ ဦးဇော်ကလဲ ၊ မျက်စိနဲ့ မမြင်နိုင်တာကို သူက ဖာပေးတယ် ဆိုတော့ သူ ဖာတယ် မဖာတယ် ဆိုတာရော ကျွန်တော်တို့က ဘယ်လိုလုပ် သိပါတော့မလဲ။ "

အဲ ဟုတ်သားပဲ။ ကျွန်တော်လည်း ဒီတော့မှ ကလေးတွေ ပြောသလို သွားစဉ်းစားမိတယ်။

" အေးကွာ ဒါတော့ ငါလည်း မသိဘူး။ "

ဒီတော့ သူတို့ဖာသာ ဆက်ပြောတယ်။ 

" ဒါဆို ငါတို့ သွားတွေကို တကယ် ဖာပေးနေတာမှ ဟုတ်ပါ့မလား မသိဘူးကွာ "

တဲ့။

အင်းးးးးး

Signal သွားတိုက်ဆေး ကျွန်တော်တို့ဘက်ကို ပရိုမိုးရှင်း လာရင်တော့ ဒီကာင်လေးတွေနဲ့ တွေ့ပေးဦးမှပဲ လို့ ကျွန်တော် တေးထားလိုက်တယ်။



ဖြစ်စဉ် ( ၅ )

လောလောလတ်လတ်ပါပဲ။ မနေ့က ကားစီးသွားရင်း ကျွန်တော့် အနောက်ဘက်မှာ ကောင်လေး တစ်ယောက် သူ့အမေနဲ့ အဖေနဲ့ အတူ ပါလာပြန်တယ်။ ကောင်လေးက ၁ တန်းလောက် ဖြစ်လိမ့်မယ် ထင်တယ်။ လမ်းမှာ တွေ့သမျှ ကြော်ငြာ ဆိုင်းဘုတ်တွေ အော်ဖတ်လာခဲ့တယ်။

" သင်ဟာ VIP ပါ "

ဖတ်ပြီးတာနဲ့ သူ့အဖေကို မေးတော့တာပဲ။

" ဖေဖေ VIP ဆိုတာ ဘာလဲ။ "

" အရေးကြီးတဲ့ လူပေါ့ ၊ ဒီကော်ဖီကို သောက်ရသူကလည်း အရေးပါတဲ့ လူလို့ ပြောချင်တာ . . ." 

သူနားလည် သွားရင် အပြင်ကို လျှောက်ကြည့်ရင်း ဖတ်နေပြန်ပါတယ်။ 

" ရောဂါပိုး ၁၀ မျိုးကို ကာကွယ်ပေးတဲ့ လိုက်ဘွိုင် ဆပ်ပြာ "

တကယ်တော့ ဒီနေရာမှာ သူ သေချာ မဖတ်နိုင်ဘူး။ အဖေ လုပ်သူက ဘေးကနေ လိုက်ဖတ်ပေးလို့ သူ ဖတ်နိုင်သွားတယ်။ ဖတ်ပြီးတာနဲ့ မေးတော့တာပဲ။

" သူက ဘာလို့ ၁၀ မျိုးပဲ ကာကွယ်ပေးရတာလဲ။ "

" တခြားပိုးတွေကို သူ မကာကွယ်နိုင်လို့ပေါ့ သားရယ် "

" သြော် "

ဆိုပြီး ငြိမ်သွားပြန်တယ်။ ဒါပေမယ့် တစ်နေရာ ရောက်တော့ သူ ကြော်ငြာ တစ်ခုကို အသံထွက် ဖတ်လိုက်တယ်။

" ဥ ကော်ဖီ "

တဲ့။ ကျွန်တော် ကြားကြားချင်း ကြောင်သွားတယ်။ ဒီကော်ဖီ တံဆိပ် ကြားမှ မကြားဖူးတာကိုး။ ခွေးတံဆိပ် ၊ မျောက်တံဆိပ်တွေ ရှိနေပေမယ့် အခုလို " ဥ " တံဆိပ်ကတော့ တကယ် မသိဘူးလေ။ သူ ဖတ်နေတဲ့ နေရာကို လှည့်ကြည့်လိုက်တော့မှ နားလည်သွားရတော့တယ်။ ဒီအချိန်မှာပဲ သူ့ အဖေကလည်း ရှင်းပြပါတယ်။

" ဥ ကော်ဖီ မဟုတ်ပါဘူးကွ ၊ 2 ( တူး ) ကော်ဖီ ပါ။ "

အေးလေ ကလေး ဖတ်မယ် ဆိုလည်း ဖတ်ချင်စရာပဲ သူတို့ရေးထားတာကလည်း " ဥ " လိုလို " 2 " လိုလို နဲ့ကိုး။




ဖြစ်စဉ် ( ၆ )

ကျွန်တော် အနှစ်သက်ဆုံး အဖြစ်အပျက်လေး တစ်ခု ရှိပါတယ်။ ကလေးလေး တစ်ယောက်ရဲ့ အတွေးပါပဲ။ ဒီလို . . .

ကျွန်တော်နဲ့ သိတဲ့ ကောင်လေး တစ်ယောက် ရှိတယ်။ သူက Red Bull Energy Drink ဆိုသော  " ကျွဲရိုင်း  " အချိုရည်ကို အလွန် နှစ်သက်သူ တစ်ယောက် ဖြစ်တယ်။ သူအချိုရည်သောက်ပြီ ဆိုရင် ကျွဲရိုင်း ကိုသာ သောက်လေ့ရှိတယ်။  ကျွဲရိုင်း အချိုရည် မရှိတော့ဘူး ဆိုမှသာလျှင် တခြား အချိုရည်ကို သောက်လေ့ရှိတယ်။

သူ့မှာ ၄ နှစ် အရွယ် တူလေး တစ်ယောက်ရှိတယ်။ သူ့အစ်မရဲ့ သား ။ တစ်အိမ်ထဲ အတူတူ နေကြတယ်။ သူ အအေးသောက်တိုင်း တစ်ယောက် တစ်ဘူးသော် လည်းကောင်း ၊ သူ့ဘူးထဲက ခွဲပြီးတော့သော် လည်းကောင်း ထိုကောင်လေးကို တိုက်လေ့ရှိတယ်။ ကြာလာတော့ ကောင်လေးကလည်း ကျွဲရိုင်းဘူး ဆိုတာကို သိလာသလို သူ့ဦးလေး သောက်ရင်လည်း ကျွဲရိုင်းမှ သောက်လေ့ရှိတာ သိနေပြီပေါ့။ ကျွဲရိုင်းဘူးကိုလည်း သူ မှိတ်မိနေပြီ။

ဖြစ်ချင်တော့ တစ်နေ့ . . .

သူ အပြင်က ပြန်လာတော့ အအေး သောက်ချင်လာတာနဲ့ ထုံးစံအတိုင်း သူ့တူကို အိမ်နားက ဆိုင်က ကျွဲရိုင်း နှစ်ဘူး သွားဝယ်ခိုင်းလိုက်တယ်။ သူတစ်ဘူး ၊ သူ့တူကို တစ်ဘူး ဆိုပါတော့။ သူ့တူ သွားဝယ်နေချိန်မှာ သူက အဝတ်အစားလဲ နေတယ်။

သူလည်း အဝတ်အစားလဲ ပြီးချိန်မှာ သူ့တူက ဆိုင်ကနေ . . .  ကျွဲရိုင်း သွားဝယ်ရာကနေ ပြန်ရောက် လာတယ်။ လက်ထဲမှာလည်း ကျွဲရိုင်း ဘူး အရောင် ရွှေရောင် သံဘူး နှစ်ဘူးကို ပလတ်စတစ် ထဲမှာ ထည့်ပြီး ဆွဲလျက် ပြန်ဝင်လာတယ်။

အိမ်ထဲကို အပြေးဝင်လာရင်း သူ့ဦးလေးကို မြင်တော့ အမောတကောနဲ့ လှမ်းပြောတယ်။

" လေးလေး . . . ဆိုင်မှာက ကျွဲရိုင်း ကုန်နေတယ်တဲ့။ ဒါကြောင့် သား " ငါးရိုင်း " ပဲ ဝယ်လာခဲ့တယ်။ "

ရုတ်တရက် ဆိုတော့ သူလည်း နားမလည်လိုက်ဘူး။ ပြီးတော့ ငါးရိုင်း အချိုရည် ဆိုတာ ကြားမှ မကြားဖူးတာ။

" ဘာ . . . မင်း ဘာဝယ်လာတယ်။ "

" ငါးရိုင်းလေ လေးလေးကလဲ။ ငါးရိုင်း ကလည်း ကောင်းပါတယ် ကျွဲရိုင်းလိုပဲလေ။ "

ကျွဲရိုင်း မရှိဘူး ဆိုရင် သူလည်း မသောက်ရမှာ စိုးလို့ ရှိတာ ဝယ်လာပုံပါပဲ။ ကောင်လေးက ပိုစိတ်ရှုပ်သွားပြီး . . .

" ပေးစမ်းပါကွာ. . .  မင်းဝယ်လာတာ ဘာလဲ "

ဆိုပြီး လှမ်းယူလိုက်ပြီး ကြည့်လိုက်တော့မှ ကလေးလေး ဝယ်လာတာက. . . .

" Shark အချိုရည်လေ။ "



ဒီတော့မှ ကောင်လေးလည်း တဟားဟား အော်ရယ် မိတော့တယ်။ ကလေး ဆိုတော့လည်း " ကျွဲ " ပုံပါတာကို " ကျွဲရိုင်း " လို့ ခေါ်တယ် ဆိုတော့ " ငါး" ပုံ ပါတာကို " ငါးရိုင်း " ဆိုပြီး သူ့ဖာသာ နာမည်ပေးလိုက်တာပါပဲ။

အဲဒီလိုပါ။ ကလေးတွေရဲ့ အတွေးတွေက အလွန် ချစ်စရာ ကောင်းပါတယ်။



နိဂုံး

ကလေးတွေကို ကျွန်တော် အလွန်ချစ်ပါတယ်။ အထူးသဖြင့် ဟန်ဆောင်မှု မရှိသော ၊ လွတ်လပ်စွာ တွေးတောနိုင်စွမ်း ၊ လွတ်လပ်စွာ ပြောဆိုနိုင်စွမ်းကို ကျွန်တော် လေးစားစွာ ပိုချစ်တယ်။

ကလေးများ အားလုံး လွတ်လပ်စွာ ပြောဆို တွေးတော ပျော်နိုင်ကြပါစေ။


လေးစားစွာဖြင့်
ကိုဇော်
29/9/2014


.





Share/Bookmark
Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.