မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


29 September 2014

5 ကလေး အတွေး



နိဒါန်း

ကျွန်တော် ကလေးတွေကို ချစ်တယ်။ ကလေးတွေရဲ့ ကလေးဆန်သော အတွေး ၊ ကလေးဆန်သော လှုပ်ရှားမှု ၊ ကလေးဆန်သော တုံ့ပြန်မှုကိုတွေကို ချစ်တယ်။ ကလေးတွေနဲ့ အားတိုင်း စကားပြောဖြစ်ပြီး ကလေးတွေရဲ့ အတွေးလေးတွေကို အမှတ်မထင် မှတ်ထားဖြစ်ခဲ့တယ်။

ကလေးအတွေး ဆိုတာ လွတ်လပ်တယ် မဟုတ်လား။



ဖြစ်စဉ် (၁)

Channel 7 ကနေ အစီအစဉ် တစ်ခု အနေနဲ့ ထုတ်လွှင့်နေတဲ့ " ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင် " မှာ နိုင်ငံသိ အနုပညာရှင်များကို ဖိတ်ခေါ်ပြီး ကလေးများ နှင့် မေးခွန်းများကို မေးကာ အဖြေ ဖြေခိုင်းပြီး ယှဉ်ပြိုင်စေတာ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။

တစ်နေ့မှာတော့ မေးခွန်း တစ်ခုကို မေးပါတယ်။ ကွက်လပ်ဖြည့်ပါလေးပေါ့။ အမေးက . . .

" ------- ကို သူ့အမေ ရိုက်ပါလို့
မှောင်မိုက်မှာ ငို "

ဆိုပြီး ကွက်လပ်ကို ဖြည့်ခိုင်းတာပါ။ အဖြေကတော့ အားလုံးလည်း သိနေတော့ လွယ်ပါတယ်ပေါ့။ ကွက်လပ်မှာ " ဂျာအေး " ပဲ ဖြည့်လိုက်ရမှာကိုး။ ဒီလိုပဲ အမေးခံရသူကလည်း " ဂျာအေး " လို့ ဖြေလိုက်တာပါပဲ။

ဒါပေမယ့် တကယ့် အဖြေထွက်လာတော့ "ဂျာအေး " မဟုတ်ပါဘူးတဲ့။ " ကြာအေး " ပါတဲ့။ ကျွန်တော်တို့ရော ဖြေနေသူရော ဟာ ခနဲ ဖြစ်ပြီး အားလုံး မှားကြတော့တာပါပဲ။

" ဂျာအေး " ကနေ " ကြာအေး " ကို ဘယ်တုန်းက နာမည်ပြောင်းလိုက်တာလည်း ကျွန်တော်တို့လည်း မသိလိုက်ဘူး။ ကလေးတွေ အသိ ၊ ကလေးတွေ အတွေးနဲ့ ကျွန်တော်တို့ ဘယ်လောက်တောင်မှ ကွာခြားနေပြီလဲ။ သမိုင်းကြောင်းတွေ ဘယ်လောက်တောင် လွဲကုန်ပြီလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။



ဖြစ်စဉ် ( ၂ )

တစ်နေ့တော့ ကျွန်တော့် အသိအိမ်တစ်အိမ်ကို အလည်သွားပါတယ်။ အဲ့ဒီအိမ်မှာ ၃ နှစ်လောက် ရှိတဲ့
ကလေးမလေး တစ်ယောက်လည်း ရှိပါတယ်။ ကျွန်တော် ရောက်သွားချိန်မှာ ကလေးမလေးက တီဗီက လာနေတဲ့ ကြော်ငြာ သီချင်းတွေကို လိုက်ဆို ၊ သူကိုယ်တိုင်လည်း လိုက်သရုပ်ဆောင်နေတဲ့ အချိန်ပါ။

ကျွန်တော် ရောက်လာတော့ သူ့အမေက "သမီးရေ ခဏလေး ငြိမ်ငြိမ်နေနော် ဒီမှာ ဧည့်သည်ရောက်နေတယ်လေ။ " ဆိုတော့ ခဏတော့ ငြိမ်သွားပြီး ကြော်ငြာတွေထဲမှာ သူစိတ်ဝင်စားတဲ့ ကြော်ငြာ ပါလာတော့ ပြန်အသံ ထွက်လာပြန်တယ်။ သူ့အမေက ဟန့်မလို လုပ်တော့. . . " နေပါစေ အစ်မ ၊ ကလေးပဲ " ဆိုပြီး လွှတ်ထားလိုက်တယ်။

သူကလည်း ကျွန်တော်တို့ကို သိပ်သတိမထားမိပါဘူး။ သူ့ဖာသာ တီဗီက အစီအစဉ်တွေကိုပဲ ပိုစိတ်ဝင်စားတာပါ။ ဒါပေမယ့် တစ်ခါ တစ်ခါတော့ တီဗီထဲက သူမရှင်းတာလေး ဆိုရင် သူက လှမ်းလှမ်းမေးတတ်တယ်။ ပြီးရင် သူ့ဖာသာ ဆက်ကြည့် ၊ လိုက်ဆို ၊ သရုပ်ဆောင်နေတာပါပဲ။

ခဏနေတော့ ကြော်ငြာ တစ်ခု လာပါတယ်။ အဲဒီ့ ကြော်ငြာက ခနော ကြက်သားမှုန့် ကြော်ငြာပါ။ သမီး လုပ်သူက ဟင်းချက်မို့ ပြင်နေတုန်း အမေဖြစ်သူက ခေါင်းကြီး ပေါ်ပေါ်လာပြီး အချိုမှုန့်ထည့်ဦး ၊ ဆားမမေ့နဲ့ ဆိုပြီး ဝင်ပြော သမီးက ကျမကတော့ ကျမ ယုံကြည်တာပဲ အမြဲသုံးတယ် ဆိုပြီး ပြောတဲ့ အခန်း ၊ ဟင်းလည်း ချက်ပြီးရော အမေဖြစ်သူကို သမီးက သူချက်ထား တာလေးတွေ ကျွေးလိုက်တော့ အမေဖြစ်သူက မှတ်ချက် ပေးတယ်။

" အမေ့ လက်ရာ အတိုင်းပါပဲလား။ "

တဲ့။ ဒီကြော်ငြာလေးပါ။ကျွန်တော်တို့လည်း တွေ့နေမြင်နေရတာ ကြာနေပါပြီ။ ဘာမှလည်း မထူးခြားပါဘူး။ အခုတော့ ကြော်ငြာတွေ လိုက်ဆိုနေတဲ့ ကလေးမလေးက အဲဒီ့ ကြော်ငြာကို ကြည့်နေရင်း မျက်ခုံးကို အတွန့်ချိုးပြီး သူ့အမေကို လှမ်းမေးတယ်။

" မေမေ . . . မေမေ . . ."

" ဘာလဲ သမီးရယ် ၊ ဒီမှာ လူကြီးတွေ စကားပြောနေတယ်လေ။ မရှုပ်ရဘူးလို့ မေမေ ပြောထားတယ်လေ။ "

" မရှုပ်ပါဘူး မေမေရဲ့ မေးမလို့ပါ။ "

ကျွန်တော်ကလည်း ကလေး ချစ်တတ်သူ ဆိုတော့ . . ပြီးတော့ ကလေးတွေရဲ့ ဆန္ဒကို လျစ်လျူရှု့တာမျိုး မဖြစ်စေချင်တော့ ကျွန်တော်ကပဲ ကြားဝင် မေးလိုက်တယ်။

" မေး မေး ဘာမေး မလို့လဲ မီးမီးရဲ့။ "

ဒီတော့ သူက ခေါင်းလေးကို ကုတ်ပြီး . . .

" အခုနက ပြောသွားတယ်လေ။ အမေ့လက်ရာ အတိုင်းပဲတဲ့။ "

" အေးလေ ဘာဖြစ်လို့လဲ မီးမီးရဲ့ "

" အဲဒါလေ အမေ့လက်ရာ အတိုင်းပဲ ဆိုတာ ကောင်းတာကို ပြောတာလား ၊ မကောင်းတာကို ပြောတာလား မေးချင်လို့ "

သူ့စကား ဆုံးတော့ ကျွန်တော်တို့မှာ ငြိမ်ကျသွားပြီး ခဏနေမှ တဟားဟားနဲ့ ဝိုင်းရယ် မိကြတယ်။ အေးလေ ဟုတ်သားပဲ အမေ့လက်ရာ ဆိုတာကိုက ကောင်းမှန်း မသိ ၊ မကောင်းမှန်း မသိကြီးကိုးးး

အဲဒီလို ကလေး အတွေးလေးတွေ ကျွန်တော် သဘောကျတယ်။



ဖြစ်စဉ် ( ၃ )

ဟိုတလောက ဘတ်စ်ကားစီးပြီး မြို့ထဲသွားတော့ ကျွန်တော်စီးတဲ့ ဘတ်စ်က တာမွေ ရဲစခန်းကို ဖြတ်သွားရပါတယ်။ ကျွန်တော် ထိုင်ခုံနောက်မှာ သားအဖ နှစ်ယောက် ပါလာခဲ့တယ်။ ကလေးလေးက ယောက်ျားလေးပါ။ယောက်ျားလေးလည်း ဖြစ်တော့ လုံးဝ မငြိမ်ဘူးပေါ့။ ဟိုဟာမေး ဒီဟာမေးနဲ့ တစ်လမ်းလုံးကို မေးနေသူပါ။

တာမွေ ရဲစခန်းရှေ့ကလည်း ဖြတ်ရော သူက ရဲစခန်းကို လှမ်းကြည့်ပြီး သူ့အဖေကို မေးပါလေရော။

" ဖေဖေ . . . ရဲ လို့ ဘာလို့ ခေါ်တာလဲ။ "

ရုတ်တရက် ဆိုတော့ သူ့အဖေလည်း ပြန်မဖြေနိုင်ဘူး။ ကျွန်တော်လည်း တစ်ခါမှ မစဉ်းစားမိဘူး။ သူ့အဖေ ဘယ်လို ပြန်ဖြေမလဲ လို့ နားစွင့်နေမိတယ်။

" ပြည်သူတွေကို ရဲရဲဝံ့ဝံ့ ကာကွယ်ပေးလို့ ရဲ လို့ ခေါ်တာပေါ့ သားရဲ့။ "

သူ့အဖေ အဖြေကို ကြားတော့ မဆိုးဘူးဟ ဆိုပြီး သဘောကျနေမိတယ်။ ဒီအချိန်မှာပဲ ကောင်လေးက ဆက်ပြောတယ်။

" သူတို့ အိမ်ရှေ့မှာ ဘာလို့ သဲအိတ်တွေနဲ့ ကာထားရတာလဲ။ "

ရဲစခန်းကို အိမ်လို့ ထင်နေပုံရတယ်။ သူ့အဖေက ဆက်ဖြေတယ်။

" လူဆိုးတွေ ဝင်လာရင် ပုန်းပြီး သေနတ်နဲ့ ပစ်လို့ ရအောင်ပေါ့ကွ။ "

" အာာ ဖေဖေပဲ ခုနက ပြောတော့ ရဲဝံ့တယ် ဆို ဒါဆို ဘာလို့ သဲအိတ်တွေ နောက်မှ ပုန်းနေရမှာလဲ။ ပုန်းတယ် ဆိုတာ သတ္တိ မရှိသူမှ ပုန်းတာဆို . . "

" #%#&@&#)?/&#* "

သူ့ အဖေ လုပ်သူ ဘယ်လို ဆက်ရှင်းပြနေတယ် ကျွန်တော် သတိမထားမိတော့ဘဲ ဒီကောင်လေးရဲ့ အမေး နဲ့ အတွေးလေးတွေ အပေါ် ကျွန်တော် ပြန်တွေးပြီး သဘောကျနေမိတယ်။




ဖြစ်စဉ် ( ၄ )

အခုခေတ် ကလေးတွေ ကျွန်တော်တို့ ငယ်ငယ်တုန်းကလို ပြေးလွှား ခုန်ပေါက် ကစားတယ် ဆိုတာ တော်တော်ကို ရှားသွားခဲ့ပါပြီ။ ဒါပေမယ့် ဟိုတလောက လမ်းထဲမှာ ကလေးတွေက မိုးတွေ အရမ်းရွာ အပြီး မြောင်းထဲကို ရေအစီးများနေတုန်း စက္ကူလှေကလေးတွေ ၊ သဗ္ဗာန်လေးတွေ မျှောချင်တယ် ဆိုပြီး ကျွန်တော့်ကို လှေလေးတွေ လာလုပ်ခိုင်းတယ်။

သူတို့ ပျော်နေရင် ပြီးတာပါပဲ ဆိုပြီး ကျွန်တော် စက္ကူလှေလေးတွေ လုပ်ပေးနေတယ်။ သူတို့ကလည်း ရေထဲ မျှောချပြီး အပြိုင်အော်ဟစ် ပျော်ရွှင် ကျေနပ်နေကြတယ်။ တဖြေးဖြေး ကလေးတွေ များလာပြီး စက္ကူလှေ လုပ်ပေးရတဲ့ ကျွန်တော်လည်း မနိုင်ဘူး ဖြစ်လာတယ်။ ဒါနဲ့ အချိန်ဆွဲလို့ ရအောင် စကား စပြော လိုက်တယ် . . .

" ဒါနဲ့ မင်းတို့ ဒီလို စက္ကူလှေလေး လွှတ်ဖို့ ဘယ်လို အကြံရတာလဲ။ "

ဟုတ်တယ် ဒါက အရေးကြီးတယ်။ ကျွန်တော်တို့ ငယ်ငယ်ကဆို ဒီလို ကစားနည်းတွေနဲ့ပဲ ကြီးပြင်းခဲ့ကြရတာလေ။ ဖုန်းက ဂိမ်းတွေ ၊ PS 2 , 3 တွေ ၊ ဘာတွေ ရှိမှ မရှိတာပဲ။ ကျွန်တော် မေးတော့ သူတို့ ပြန်ဖြေတယ်။

" တီဗီက လာတဲ့ သွားတိုက်ဆေး ကြော်ငြာ ထဲကနေ တွေ့တာ. . ."

သြော် Signal သွားတိုက်ဆေးကို ပြောနေတာကိုး ဆိုပြီး ကျွန်တော် သိလိုက်တယ်။ ကျွန်တော် ဒီကြော်ငြာ တွေ့နေတာကိုး။ ကျွန်တော် တွေးနေတုန်း သူတို့ထဲက ကောင်လေး တစ်ယောက် မေးတယ်။

" ဦးဇော် . . . အဲဒီ့ သွားတိုက်ဆေးက သွားပိုးပေါက်လေးတွေကို ဖာပေးတယ် ဆို "

" အေးလေ အဲဒီလိုပဲ ကြော်ငြာတာပဲလေ။ "

" တားလည်း အဲဒီ့ သွားတိုက်ဆေးကိုနဲ့ တိုက်တာပဲ။ ဒါပေမယ့် သူက တားသွားတွေကို ကျတော့ ဖာမပေးဘူး။ " 

" ဟေ . . . မင်းမှာ သွားပိုးပေါက် ရှိနေလို့လားကွ။ "

" ရှိတာပေါ့ဂျ ဒီမှာကြည့် . . . "

ဆိုပြီး သူ့ပါးစပ်လေးကို ဟပြတယ်။ သူ့သွားတွေက သွားပိုးပေါက်တင် မကဘဲ သွားတွေပါ ကုန်အောင် ပိုးက စားထားတယ်။

" အာ မင်းသွားက သွားပိုးပေါက်တောင်မှ မဟုတ်ဘူး။ တစ်ချောင်းလုံးတောင် ပိုးစားလို့ ကုန်တော့မယ်။ သူက ဘယ်လိုလုပ် ဖာပေးနိုင်မလဲကွ။ "

" ဒါဆို သူက ဘယ်လိုကို ဖာပေးတာလဲ။ "

" သူပြောတာကတော့ မျက်စိနဲ့ မမြင်နိုင်တဲ့ အပေါက်သေးသေးလေးတွေကို ဖာပေးတယ်လို့ ပြောတာပဲ။ "

" အာ ဦးဇော်ကလဲ ၊ မျက်စိနဲ့ မမြင်နိုင်တာကို သူက ဖာပေးတယ် ဆိုတော့ သူ ဖာတယ် မဖာတယ် ဆိုတာရော ကျွန်တော်တို့က ဘယ်လိုလုပ် သိပါတော့မလဲ။ "

အဲ ဟုတ်သားပဲ။ ကျွန်တော်လည်း ဒီတော့မှ ကလေးတွေ ပြောသလို သွားစဉ်းစားမိတယ်။

" အေးကွာ ဒါတော့ ငါလည်း မသိဘူး။ "

ဒီတော့ သူတို့ဖာသာ ဆက်ပြောတယ်။ 

" ဒါဆို ငါတို့ သွားတွေကို တကယ် ဖာပေးနေတာမှ ဟုတ်ပါ့မလား မသိဘူးကွာ "

တဲ့။

အင်းးးးးး

Signal သွားတိုက်ဆေး ကျွန်တော်တို့ဘက်ကို ပရိုမိုးရှင်း လာရင်တော့ ဒီကာင်လေးတွေနဲ့ တွေ့ပေးဦးမှပဲ လို့ ကျွန်တော် တေးထားလိုက်တယ်။



ဖြစ်စဉ် ( ၅ )

လောလောလတ်လတ်ပါပဲ။ မနေ့က ကားစီးသွားရင်း ကျွန်တော့် အနောက်ဘက်မှာ ကောင်လေး တစ်ယောက် သူ့အမေနဲ့ အဖေနဲ့ အတူ ပါလာပြန်တယ်။ ကောင်လေးက ၁ တန်းလောက် ဖြစ်လိမ့်မယ် ထင်တယ်။ လမ်းမှာ တွေ့သမျှ ကြော်ငြာ ဆိုင်းဘုတ်တွေ အော်ဖတ်လာခဲ့တယ်။

" သင်ဟာ VIP ပါ "

ဖတ်ပြီးတာနဲ့ သူ့အဖေကို မေးတော့တာပဲ။

" ဖေဖေ VIP ဆိုတာ ဘာလဲ။ "

" အရေးကြီးတဲ့ လူပေါ့ ၊ ဒီကော်ဖီကို သောက်ရသူကလည်း အရေးပါတဲ့ လူလို့ ပြောချင်တာ . . ." 

သူနားလည် သွားရင် အပြင်ကို လျှောက်ကြည့်ရင်း ဖတ်နေပြန်ပါတယ်။ 

" ရောဂါပိုး ၁၀ မျိုးကို ကာကွယ်ပေးတဲ့ လိုက်ဘွိုင် ဆပ်ပြာ "

တကယ်တော့ ဒီနေရာမှာ သူ သေချာ မဖတ်နိုင်ဘူး။ အဖေ လုပ်သူက ဘေးကနေ လိုက်ဖတ်ပေးလို့ သူ ဖတ်နိုင်သွားတယ်။ ဖတ်ပြီးတာနဲ့ မေးတော့တာပဲ။

" သူက ဘာလို့ ၁၀ မျိုးပဲ ကာကွယ်ပေးရတာလဲ။ "

" တခြားပိုးတွေကို သူ မကာကွယ်နိုင်လို့ပေါ့ သားရယ် "

" သြော် "

ဆိုပြီး ငြိမ်သွားပြန်တယ်။ ဒါပေမယ့် တစ်နေရာ ရောက်တော့ သူ ကြော်ငြာ တစ်ခုကို အသံထွက် ဖတ်လိုက်တယ်။

" ဥ ကော်ဖီ "

တဲ့။ ကျွန်တော် ကြားကြားချင်း ကြောင်သွားတယ်။ ဒီကော်ဖီ တံဆိပ် ကြားမှ မကြားဖူးတာကိုး။ ခွေးတံဆိပ် ၊ မျောက်တံဆိပ်တွေ ရှိနေပေမယ့် အခုလို " ဥ " တံဆိပ်ကတော့ တကယ် မသိဘူးလေ။ သူ ဖတ်နေတဲ့ နေရာကို လှည့်ကြည့်လိုက်တော့မှ နားလည်သွားရတော့တယ်။ ဒီအချိန်မှာပဲ သူ့ အဖေကလည်း ရှင်းပြပါတယ်။

" ဥ ကော်ဖီ မဟုတ်ပါဘူးကွ ၊ 2 ( တူး ) ကော်ဖီ ပါ။ "

အေးလေ ကလေး ဖတ်မယ် ဆိုလည်း ဖတ်ချင်စရာပဲ သူတို့ရေးထားတာကလည်း " ဥ " လိုလို " 2 " လိုလို နဲ့ကိုး။




ဖြစ်စဉ် ( ၆ )

ကျွန်တော် အနှစ်သက်ဆုံး အဖြစ်အပျက်လေး တစ်ခု ရှိပါတယ်။ ကလေးလေး တစ်ယောက်ရဲ့ အတွေးပါပဲ။ ဒီလို . . .

ကျွန်တော်နဲ့ သိတဲ့ ကောင်လေး တစ်ယောက် ရှိတယ်။ သူက Red Bull Energy Drink ဆိုသော  " ကျွဲရိုင်း  " အချိုရည်ကို အလွန် နှစ်သက်သူ တစ်ယောက် ဖြစ်တယ်။ သူအချိုရည်သောက်ပြီ ဆိုရင် ကျွဲရိုင်း ကိုသာ သောက်လေ့ရှိတယ်။  ကျွဲရိုင်း အချိုရည် မရှိတော့ဘူး ဆိုမှသာလျှင် တခြား အချိုရည်ကို သောက်လေ့ရှိတယ်။

သူ့မှာ ၄ နှစ် အရွယ် တူလေး တစ်ယောက်ရှိတယ်။ သူ့အစ်မရဲ့ သား ။ တစ်အိမ်ထဲ အတူတူ နေကြတယ်။ သူ အအေးသောက်တိုင်း တစ်ယောက် တစ်ဘူးသော် လည်းကောင်း ၊ သူ့ဘူးထဲက ခွဲပြီးတော့သော် လည်းကောင်း ထိုကောင်လေးကို တိုက်လေ့ရှိတယ်။ ကြာလာတော့ ကောင်လေးကလည်း ကျွဲရိုင်းဘူး ဆိုတာကို သိလာသလို သူ့ဦးလေး သောက်ရင်လည်း ကျွဲရိုင်းမှ သောက်လေ့ရှိတာ သိနေပြီပေါ့။ ကျွဲရိုင်းဘူးကိုလည်း သူ မှိတ်မိနေပြီ။

ဖြစ်ချင်တော့ တစ်နေ့ . . .

သူ အပြင်က ပြန်လာတော့ အအေး သောက်ချင်လာတာနဲ့ ထုံးစံအတိုင်း သူ့တူကို အိမ်နားက ဆိုင်က ကျွဲရိုင်း နှစ်ဘူး သွားဝယ်ခိုင်းလိုက်တယ်။ သူတစ်ဘူး ၊ သူ့တူကို တစ်ဘူး ဆိုပါတော့။ သူ့တူ သွားဝယ်နေချိန်မှာ သူက အဝတ်အစားလဲ နေတယ်။

သူလည်း အဝတ်အစားလဲ ပြီးချိန်မှာ သူ့တူက ဆိုင်ကနေ . . .  ကျွဲရိုင်း သွားဝယ်ရာကနေ ပြန်ရောက် လာတယ်။ လက်ထဲမှာလည်း ကျွဲရိုင်း ဘူး အရောင် ရွှေရောင် သံဘူး နှစ်ဘူးကို ပလတ်စတစ် ထဲမှာ ထည့်ပြီး ဆွဲလျက် ပြန်ဝင်လာတယ်။

အိမ်ထဲကို အပြေးဝင်လာရင်း သူ့ဦးလေးကို မြင်တော့ အမောတကောနဲ့ လှမ်းပြောတယ်။

" လေးလေး . . . ဆိုင်မှာက ကျွဲရိုင်း ကုန်နေတယ်တဲ့။ ဒါကြောင့် သား " ငါးရိုင်း " ပဲ ဝယ်လာခဲ့တယ်။ "

ရုတ်တရက် ဆိုတော့ သူလည်း နားမလည်လိုက်ဘူး။ ပြီးတော့ ငါးရိုင်း အချိုရည် ဆိုတာ ကြားမှ မကြားဖူးတာ။

" ဘာ . . . မင်း ဘာဝယ်လာတယ်။ "

" ငါးရိုင်းလေ လေးလေးကလဲ။ ငါးရိုင်း ကလည်း ကောင်းပါတယ် ကျွဲရိုင်းလိုပဲလေ။ "

ကျွဲရိုင်း မရှိဘူး ဆိုရင် သူလည်း မသောက်ရမှာ စိုးလို့ ရှိတာ ဝယ်လာပုံပါပဲ။ ကောင်လေးက ပိုစိတ်ရှုပ်သွားပြီး . . .

" ပေးစမ်းပါကွာ. . .  မင်းဝယ်လာတာ ဘာလဲ "

ဆိုပြီး လှမ်းယူလိုက်ပြီး ကြည့်လိုက်တော့မှ ကလေးလေး ဝယ်လာတာက. . . .

" Shark အချိုရည်လေ။ "



ဒီတော့မှ ကောင်လေးလည်း တဟားဟား အော်ရယ် မိတော့တယ်။ ကလေး ဆိုတော့လည်း " ကျွဲ " ပုံပါတာကို " ကျွဲရိုင်း " လို့ ခေါ်တယ် ဆိုတော့ " ငါး" ပုံ ပါတာကို " ငါးရိုင်း " ဆိုပြီး သူ့ဖာသာ နာမည်ပေးလိုက်တာပါပဲ။

အဲဒီလိုပါ။ ကလေးတွေရဲ့ အတွေးတွေက အလွန် ချစ်စရာ ကောင်းပါတယ်။



နိဂုံး

ကလေးတွေကို ကျွန်တော် အလွန်ချစ်ပါတယ်။ အထူးသဖြင့် ဟန်ဆောင်မှု မရှိသော ၊ လွတ်လပ်စွာ တွေးတောနိုင်စွမ်း ၊ လွတ်လပ်စွာ ပြောဆိုနိုင်စွမ်းကို ကျွန်တော် လေးစားစွာ ပိုချစ်တယ်။

ကလေးများ အားလုံး လွတ်လပ်စွာ ပြောဆို တွေးတော ပျော်နိုင်ကြပါစေ။


လေးစားစွာဖြင့်
ကိုဇော်
29/9/2014


.





Share/Bookmark