မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 December 2010

26 လှိုင်းများ



အသစ် မဟုတ်ပါ။ ဒီနေ့ မရွှေစင်ဦး ဆီမှာ တင်ထားတဲ့ ဘာသာပြန် ဆောင်းပါးလေး တစ်ခုကို ဖတ်မိပြီး ပြန်လည် သတိရလို့ ဖော်ပြလိုက်တာပါ။ တကယ်တော့ ဒီနေ့ ပို့စ်တင်ဖို့ အစီအစဉ် မရှိပါဘူး။ အစ်မ ရွှေစင်ဦးရဲ့ ဆောင်းပါးလေးကတော့ ကိုယ့်ဘ၀နဲ့ကိုယ် ...ဟုတ်တယ်မဟုတ်လား? ပါ။



         ငယ်ငယ်က ကျွန်တော်တို့ ရပ်ကွက်ထဲမှာ မြင်းကို ပိုက်ဆံ ပေးပြီး စီးလို့ရ၏။ အဲဒီလူက နေ့တိုင်း မြင်းကို စီးစီးပြီး လာတတ်သည်။ ရပ်ကွက်ထဲက ကလေးတွေကလည်း သူ့မြင်းကြီးလာရင် စီးရမှာ ဆိုတော့ သူ့အလာကိုပဲ မျှော်ပြီး စောင့်နေတတ်၏။ သူလာရင် ပျော်ကြသည်။ သူ့ထက် ငါ အလုအယက် စီးဖြစ်ကြ၏။ မြင်းပိုင်ရှင်ကလည်း အရွယ် အရမ်းငယ်တဲ့ ကလေးတွေဆိုရင် သူက နောက်ကနေ ထိုင်ပြီး အဖော်လိုက် ပေးသည်။ အရွယ်နည်းနည်း ကြီးတဲ့ သူတွေ ဆိုရင်တော့ ကိုယ့်ဖာသာ စီးရဲရင် စီးလို့ ရအောင် တစ်ယောက်တည်း မြင်းပေါ် တင်ပေးလိုက်လေ့ရှိ၏။

        ကျွန်တော် ကလည်း သိတဲ့ အတိုင်းပါပဲ ၊ ဆော့လိုက်ရင် မျောက်ရှုံးဆိုတော့ မြင်းတောင်မှ မခံနိုင်ဘူး။ ကောင်းဘွိုင်ကားတွေ ကြည့်မိပြီး ကိုယ့်ကိုယ်ကိုယ် ကောင်းဘွိုင်လိုလို ထင်နေမိတာ ကလားဗျာ။ မြင်းလာရင် ကောင်းဘွိုင်လို လုပ်စီးရတာ အမော။ တစ်နေ့တော့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်က “ ကောင်းဘွိုင်တွေ ဆိုတာ ရုပ်ရှင်တွေထဲမှာ သူတို့ဖိနပ်မှာ သံစူးတွေ ပါတယ်။ မြင်းတွေကို ဒါနဲ့ တို့ပြီး ပြေးခိုင်းတာ ” ဆိုပြီး ပြောပါလေရော။ နဂိုကတည်းက အသစ်အဆန်းဆို ကလိချင်နေတဲ့ ကျွန်တော့်က အဖွားဝယ်ပေးထားတဲ့ ဖိနပ်မှာ အတွင်းကနေ သံကို ရိုက်ထည့်ပြီး အချွန်လေး ထွက်အောင် လုပ်ထားလိုက်၏။ ဒါနဲ့ မြင်းစီးရင် မြင်းကို တို့မယ် ပေါ့လေ။

       မြင်းသမားလည်း လာရော ကျွန်တော့်မှာ သံချွန်တပ်ထားတဲ့ ဖိနပ်နဲ့ ကြွ ရွနေ၏။ စီးချင်နေတာလည်း ပြောမနေနဲ့တော့။ မြင်းပေါ်လည်း ရောက်ရော ဖိနပ်က သံချွန်နဲ့ မြင်းအသားကို ကောင်းဘွိုင်တွေလို ဆက်ခနဲ ထိုးလိုက်၏။ မြင်းကလည်း သံချွန်နဲ့ အထိုးခံနေကျ မဟုတ်လေတော့ လန့်ပြီး ကမူးရှူးထိုး ပြေးတော့တာပဲဗျ။ ရုတ်တရက် ဆိုတော့ ကျွန်တော်လည်း မြင်းပေါ်မှာ လန်ပြီး အိပ်သလို ဖြစ်ပြီး ပါသွား၏။ ပြုတ်ကျတော့မလိုလည်း ဖြစ်နေတော့ ဘေးလူတွေလည်း ဝိုင်းအော် ၊ ကျွန်တော်က စီးနေကြ ဆိုတော့ မြင်းပိုင်ရှင်ကလည်း နောက်က အထိန်းအဖြစ် မထိုင်ဘူး ၊ ဒီတော့ ပြေးနေတဲ့ မြင်းပေါ်မှာ ကို့ယို့ကားယား ပါသွားတဲ့ ကျွန်တော့်ပြုတ်မကျအောင် နောက်ကနေ ပြေးလိုက်သည်။

        ဘေးက လူတွေက အော် ၊ မြင်းပေါ်က ကျွန်တော်က ဗြောင်းဆန် ၊ နောက်က မြင်းသမားက လိုက်နဲ့ တစ်လမ်းလုံး ဆူညံနေ တော့တာပါပဲ။ နောက်ဆုံးတော့ မြင်းစီးကျွမ်းကျင်သူ တစ်ယောက်က ကျွန်တော်မြင်းပေါ်မှာ ဒုံးစိုင်းပြီး ပါသွားတာကို မြင်းဇတ်ကို လှမ်းဆွဲပြီး မြင်းကို ရပ်လိုက်နိုင်တော့မှ ကျွန်တော်လည်း အသက်ရှူ ချောင်တော့၏။ ဒါပေမဲ့ အဲဒီအချိန်က စပြီး ကျွန်တော့်ကို မြင်းစီးခွင့် လိုင်စင်ကို အိမ်က ရက်ရက်စက်စက် တစ်လပိတ်တာ ခံရပါတော့သည်။ ဒါကြောင့် နောက်ပိုင်း မြင်းစီးဖို့ မြင်းသမား လာတယ် ဆိုရင် ကျွန်တော့်မှာ မျက်နှာငယ်လေးနဲ့ အိမ်ရှေ့ကနေပြီး သူများတွေ စီးနေတာကို ထိုင်ငေး နေရတော့လေ၏။

        တစ်နေ့ကျတော့ အငှားစီးတဲ့ အဲဒီမြင်းက ကျွန်တော်တို့ အိမ်ရှေ့ ကတ္တရာလမ်းမပေါ်မှာ အပေါ်က စီးနေတဲ့သူ တစ်ယောက်နဲ့ ရှိနေတုန်း ရပ်ပြီး သေးပေါက်ပါလေရော။ မြင်းသေးပေါက်တယ် ဆိုတာ ကျွန်တော်တို့ ကလေးတွေ တစ်ခါမှ မတွေ့ဖူးတော့ တအံ့တသြ ဝိုင်းပြီး ကြည့်နေမိကြ၏။ မြင်းသေးပေါက်တာကလည်းဗျာ အကြာကြီးပဲ။ ခြေလေး နှစ်ဖက်ကို ဆန့် ၊ လက်နှစ်ဖက်ကို ဆန့်ပြီးတော့ စိမ်ပြေနပြေကို ပေါက်နေတာ။ ကျွန်တော်တို့ကလည်း မမြင်ဖူးတော့ မူး မြစ်ထင် ဆိုသလို ကြည့်နေတာပေါ့။

        အတော်ကြာလို့ မြင်းက သေးလည်း ပေါက်လို့ ပြီးရော ကျွန်တော်တို့ မြင်းသေး ပေါက်ထားတဲ့ နေရာကို သွားကြည့်တော့ ကတ္တရာလမ်းလေးမှာ ကျပ်စိလောက်ရှိတဲ့ အပေါက်လေးတစ်ခု ဖြစ်နေတာကို တွေ့ရတယ်။ ဟ . . မြင်းသေး အားကလည်း တော်တော်ပြင်းတာပဲလို့ တွေးမိ၏။ နောက်တော့ တွေ့သမျှ သူငယ်ချင်းတွေကို ခေါ်ခေါ်ပြတာပေါ့လေ။

       “ ဟေ့ကောင် ဒီနေရာမှာ မြင်းသေးပေါက်သွားတယ် လာကြည့် အပေါက်တောင်မှ ဖြစ်သွား သေးတယ်။ ” 

        ဘာညာပေါ့။ သူငယ်ချင်းတွေကလည်း ထူးထူးဆန်းဆန်း ဆိုတော့ ပြူးတူးပြဲတဲလေး ကြည့်ရှာပါ၏။ ပိုစိတ်ဝင်စားတဲ့ ကောင်တွေဆို အပေါက်လေးကို လက်လေးနဲ့တောင်မှ နှိုက်ပြီး ကြည့်ကြသေး။

       နောက်နေ့ကျတော့ ကျွန်တော့်ဦးလေးကို ကျွန်တော်က ပြမိသည်။ ဒီတော့ ကျွန်တော့် ဦးလေးက သူ့အတွက် မထူးဆန်းဘူး ၊ ဒါပေမဲ့ သေချာ ကြည့်ပြီး ကျွန်တော့်ကို စကား တစ်ခွန်းပြော၏။

        “ မြင်းသေးပေါက်လို့ အခု ဖြစ်လာတဲ့ ချိုင့်ခွက်လေးက ကြီးလာလိမ့်မယ် ကြည့်နေ။ ”

         တဲ့။ ဒါပဲ ပြောသလို ကျွန်တော်ကလည်း ဘာမှ ပြန်မပြောလိုက်ပါဘူး။ ဒါပေမဲ့ ကျွန်တော့် စိတ်ထဲမှာ လက်တော့ မခံနိုင်ဘူး။ ဘာဖြစ်လို့ ဒီလောက် ချိုင့်ခွက် သေးသေးလေးက ကြီးသွားရမှာလဲလို့ ပေါ့လေ။ သို့သော်လည်း တစ်ပတ်လောက် ကြာတော့ ကျွန်တော်တို့ ကလေးတွေ ဟိုလူ့ခေါ်ပြ ဒီလူ့ခေါ်ပြရင်း တုတ်နဲ့ ထိုးထိုးဆွရင်း ချိုင့်ခွက်လေးက ပိုကျယ်လာ၏။ နောက်တော့ ကား ၊ ဆိုင်ကယ် ၊ ဆိုက်ကား ၊ စက်ဘီး ဘီးတွေ  ကြိတ်ရင်း ၊ ကျရင်းနဲ့ ပိုပိုကျယ် လာခဲ့၏။ နှစ်လလောက်လည်း ကြာပြီးရော ကျွန်တော်တို့ ကားတောင်မှ ရှောင်သွားရတဲ့ ချိုင့်ခွက်ကြီး တစ်ခု ဖြစ်နေခဲ့ပြီ။

       ကျွန်တော် တကယ်ကို မယုံကြည်နိုင်ခဲ့ဘူး။ မယုံချင်ပေမဲ့ ကျွန်တော့် မျက်မြင်ပါပဲ တကယ်ကို ဖြစ်ခဲ့တာ ၊  နောက်တော့ ကျွန်တော့် ဦးလေးက . . . .

        “ မင်း တွေ့ပြီ မဟုတ်လား။ ချိုင့်ခွက်လေး သေးတယ် ဆိုပေမဲ့ ပေါ့ပေါ့ ထားလို့ မရဘူး။ အချိန်မရွေး ကြီးထွား လာနိုင်တယ်။ ဒီလိုပဲ လိမ်လည်မှု ၊ မကောင်းမှု ဆိုတာတွေကလည်း သေးသေးလေးပါ ဆိုပြီး ဒီအတိုင်း ထားလို့ မရဘူး။ မကောင်းမှု ဆိုတာကို တစ်ခါတည်း သေးသေးလေး အချိန်ထဲမှာ ကတည်းက မြေဖို့ပြီး အပြီးသတ် ပစ်ရတယ်။ မဟုတ်ရင် အခုလိုပဲ ချိုင့်ခွက်လေး ကနေ ချိုင့်ခွက်ကြီး ဖြစ်လာတော့တာပဲ။

       လို့ ပြောခဲ့တယ်။ အဲဒီ နောက်ပိုင်းမှာတော့ ကျွန်တော် မြင်းသေးပေါက်လို့ ဖြစ်သွားတဲ့ ချိုင့်ခွက်လေးကနေ ချိုင့်ခွက်ကြီး ဖြစ်လာတာကို မျက်လုံးထဲ အမြဲ မြင်ယောင်ကြည့်မိ၏။ ဟုတ်ပါတယ်။ လိမ်လည်တယ် ဆိုတာလည်း တကယ်တော့ ဘာမှ မဟုတ်ပါဘူး  သေးသေးလေး ဆိုပြီး လိမ်လိုက်တာပါ။ ဒါပေမဲ့ ဒီသေးသေးလေးကို သိမှာ စိုးလို့ ထပ်ပြီး ဖုံးအုပ် လိမ်လည်ရင်းနဲ့ နောက်ဆုံးမှာ ကားတွေကိုတောင်မှ ဖင်ထောင်ကျသွားစေနိုင်တဲ့ ချိုင့်ခွက်ကြီးလိုမျိုး လိမ်လည်မှုတွေ ဖြစ်လာရပြီး ကျဆုံးကြရတာပါ။

       ကျွန်တော် အသက်လေး နည်းနည်းကြီးလာတော့ ကျွန်တော့် ဦးလေးနဲ့ ငယ်ငယ်က မြင်းသေးပေါက် လို့ ချိုင့်ခွက်လေးကနေ ချိုင့်ခွက်ကြီး ဖြစ်လာတာကို သတိတရ ပြန်ပြောမိရင်း သူက ကျွန်တော် လက်မခံနိုင်စရာ စကား တစ်ခွန်းကို ထပ်ပြော၏။

       “ ဒီလိုပဲကွ။ ချိုင့်ခွက်လေးက ချိုင့်ခွက်ကြီး ဖြစ်လာရတယ် ဆိုတာ ချိုင့်ခွက်လေး နေရာတင် ဖြစ်နေတာပါ ဆိုပြီး ချိုင့်ခွက်လေး ဘေးနားက ခဲလုံးတွေက သူတို့နဲ့ မဆိုင်သလို နေခဲ့လို့ပဲ။ လူတွေ ပြောပြောနေတဲ့ စကားနဲ့ ပြောရရင် “ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး ” ဆိုတဲ့ စကားလိုပေါ့လေ။ ဒါပေမဲ့ အခုတော့ ဒီစကားလေးက မှားနေတယ် ဆိုတာ ချိုင့်ခွက်လေးက သက်သေပြနေတာပဲ မဟုတ်လား။ ”

       “ ဟာ . . လေးလေးကလည်း ချိုင့်ခွက်လေးက ချိုင့်ခွက်လေးလေ ၊ လူတွေနဲ့တော့ ဘယ်တူမလဲ။ လူတွေမှာတော့ ကိုယ်က ကောင်းနေရင် သူများတွေ ဘယ်လောက် ပျက်ဆီးဆီး ဘယ်ပျက်ဆီးမလဲ။ ”

        “ ဟုတ်ပါ့မလား ငါ့တူရာ။ မင်း စဉ်းစားကြည့်ပါဦး။ ဒါကို ဘယ်လို ခေါ်လဲ ဆိုတော့ “ လှိုင်းများ ” ( Waves ) လို့ခေါ်တယ်။ လှိုင်းဆိုတာ အမျိုးမျိုး ရှိတယ်ကွ ရေလှိုင်း ၊ လေလှိုင်း ၊ အသံလှိုင်း အမျိုးမျိုးပေါ့။ ဥပမာကွာ ရေလှိုင်းတွေ တတ်လာတော့မယ် ဆိုတာကို ကိုယ်က ငါ့အိမ်က တောင့်ပါတယ် ဆိုပြီး ကာကွယ်ရေးတွေ မလုပ်ဘူးဆိုရင် လှိုင်းကြီးလာမှ လုပ်ရင် မှီနိုင်ပါ့မလား။ တချို့လှိုင်းသေးတာကတော့ ဘယ်လာဖြုံမလဲကွာ။ မဟုတ်ဘူးလား။ ”

         “ ဟုတ်ပါတယ်။ ဒါပေမဲ့. . . လူပတ်ဝန်းကျင်မှာကျတော့ ကိုယ်က ကောင်းနေရင် ပြဿနာ မရှိဘူး မဟုတ်လား။ ”

         “ ရှိတာပေါ့ ငါ့တူရ ၊ လေးလေး ပြောပြမယ်။ လူ့ပတ်ဝန်းကျင်မှာ ကျတော့ “ လှိုင်းတွေ အားလုံးကို ပတ်ဝန်းကျင် ” လို့ သဘောထားတယ်။ ကိုယ်က ကောင်းနေလို့ ပတ်ဝန်းကျင်က ကိုယ့်အပေါ် မသက်ရောက်ဘူး မထင်နဲ့။ သက်ရောက်တယ်။ ဥပမာကွာ မင်းက  မင်းသူငယ်ချင်း တစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင် ထိုင်နေတယ်ပေါ့။ ဒါပေမဲ့ သူက မင်းမသိပဲ မူးယစ်ဆေးဝါးတွေ ရောင်းနေတယ် ဆိုပါတော့ ၊ တကယ်လို့ ရဲက လာဖမ်းတော့ ကျွန်တော်က မရောင်းပါဘူးလို့ မင်း ပြောလို့ မရဘူး။ ဘာလို့လဲ ဆိုတော့ မူးယစ်ဆေးဝါးရဲ့ ဥပဒေ အရကို သူ့ရဲ့ ပေ ၅၀ ပတ်လည်က သူနဲ့ သက်ဆိုင်သူ အားလုံး အကျုံးဝင်တယ် လို့ ဆိုထားလို့ပဲ။ အခုက မင်းက အတူတူတောင်မှ ထိုင်နေတာလေ။

         ဒါကြောင့် လူတွေ ပြောကြတာပေါ့။ တံငါ နားနီး တံငါ ၊ မုဆိုး နားနီး မုဆိုး ဆိုတာလေ။ ဒါပေမဲ့ တံငါ နားနီးပေမဲ့ တံငါ မဖြစ်တဲ့ သူတွေ ရှိပါတယ်။ ဒါပေမဲ့ လေးလေး ပြောချင်တာက လောကမှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုလှိုင်း ဆိုတာ ကိုယ့်အပေါ်မှာ သက်ရောက်ကို သက်ရောက်တယ်။ ဒါကို သူ့ဖာသာ မကောင်းတာ ငါနဲ့ ဘာဆိုင်လို့လဲ ဆိုပြီး လုပ်လို့ မရဘူး။ ကိုယ်က ကြည့်ရှောင်ပြီး နေတတ်ရမယ်။ ”

        “ ဟုတ်ကဲ့။ ဒီတော့. . . . ”

        “ ဒီတော့ မင်းကို လေးလေး အဖြစ်အပျက်လေး တစ်ခု ပြောပြမယ်။ ”

        တစ်ခါက . . .

      လူသုံးယောက်က လှေတစ်စီးနဲ့ မြစ်ကို ဖြတ်ကူးကြ၏။ သူတို့ သုံးယောက်စလုံး ကလည်း ရေမကူး တတ်ကြဘူး။ မြစ်လယ်လောက်လည်း ရောက်ရော သူတို့ထဲက အတူတူပါလာတဲ့ တစ်ယောက်က လွယ်အိတ်ထဲက လွန်ပူကို ယူပြီး သူထိုင်နေတဲ့ လှေရဲ့ ကြမ်းပြင်ကို ဖောက်ဖို့ ပြင်ပါလေရော။ ဒီတော့ သူနဲ့ လှေအတူတူ စီးလာတဲ့ နှစ်ယောက်က. . .

        “ ဟာ . . ဟေ့လူ . . ၊ ခင်ဗျား ဒါ ဘာလုပ်တာလဲ။ ”

       လို့ အလန့်တကြားလည်း မေးလိုက်ရော။ လွန်ပူနဲ့ ဖောက်ဖို့ ပြင်နေတဲ့ လူက သူတို့ကို အေးဆေး ကြည့်ပြီး . . .

       “ ခင်ဗျားတို့ အပူလားဗျ။ ကျုပ်ထိုင်နေတဲ့ အောက်ကို ကျုပ်ဖောက်တာ ခင်ဗျားတို့နဲ့ ဆိုင်လို့လား။ ”

       လို့ ပြန်ဖြေ၏။ ဒီတော့ ကျန်တဲ့ လူနှစ်ယောက်ကလည်း မနေနိုင်တော့ပဲ သူ့လက်ထဲက လွန်ပူကို အတင်းလုယူပြီး ပြောလိုက်သည်။

        “ ဘာလို့ မဆိုင်ရမှာလဲဗျ။ ကျွန်တော်တို့က တစ်လှေတည်းစီးပြီး တစ်ခရီးတည်း သွားနေကြတာလေ။ ”

        တဲ့။ အဖြစ်အပျက်လေးကတော့ ဒါပါပဲ။ လောကကြီးမှာလည်း သူများ ဘာဖြစ်ဖြစ် ငါကောင်းရင် ပြီးတာပဲ ၊ သူ့ဖာသာ မကောင်းလုပ်နေတာ သူ့ဖာသာ ခံစားရလိမ့်မယ်လို့ မထင်နဲ့။ သူ့ရဲ့ လုပ်ရပ်ကလည်း ကိုယ့်ကို ကိုယ့်ဆီကို တိုက်ရိုက် မဟုတ်ရင်တောင်မှ သွယ်ဝိုက်ပြီးတော့ အကျိုးသက်ရောက် လာလိမ့်မယ်။ ဒါလေးကို မှတ်ထား။ ”

        ကြာခဲ့ပါပြီ. . . တကယ်ကို ကြာခဲ့ပါပြီ . . . တော်တော်ကို ကြာခဲ့ပါပြီလေ။ ဒါပေမဲ့ ဒီနေ့ အထိ မှန်နေဆဲပါပဲ။


*** သဘာဝပတ်ဝန်းကျင် နဲ့ လူ့စိတ်ပတ်ဝန်းကျင် ထိန်းသိမ်းစေချင်လို့ ရေးပါတယ်။ ***


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

29 December 2010

8 စတုတ္ထအကြိမ် စာပေဟောပြောပွဲမှ ဆင့်ပွား မှတ်ချက်များ ( သို့ ) လက်မ



        26.12.2010 နေ့က စတုတ္ထအကြိမ် စာပေ ဟောပြောပွဲကို သွားဖြစ်ခဲ့ပါသည်။ ဆရာမ ခင်ခင်ထူး ၊ ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ၊ ဆရာ ဟိန်းလတ် တို့ အစီအစဉ် အလိုက် ဟောပြောကြသည်။

        ဆရာမ ခင်ခင်ထူးကတော့ သူ့ရဲ့ ကိုယ်ပိုင်ဟန်လည်း ဖြစ် ၊ သူ ပိုင်နိုင်သော အညာတော ဓလေ့များ အကြောင်းကို အဓိက ထားပြီး ဟောပြောခဲ့ပါသည်။ ဆရာမ ဖြတ်သန်းခဲ့ရသော အညာအကြောင်း ၊ ဘဝအကြောင်း ၊ ဖြတ်သန်းခဲ့ရတဲ့ ဒေသအကြောင်းလေးတွေကို အညာလေ ၊ အညာဟန်လေးနဲ့ ဆရာ နေဝင်းမြင့် ဟောပြောသော လေသံအတိုင်း ဟောပြောခဲ့ပါသည်။ ဟောပြောပုံ ၊ သီချင်း ဆိုဟန်က အစ ဆရာ နေဝင်းမြင့် အတိုင်ပါပဲ။ အင်း . . တူမှာပေါ့လေ ၊ လက်ထပ် သင်ပေးထားတာကိုး။

          ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ကတော့ သုတစာပေ နဲ့ ရသစာပေ အကြောင်းကို ရှင်းပြရင်း သူ့ရဲ့ စာပေဟောပြောပွဲတွေ ၊ ဖြတ်သန်းခဲ့ရသော ဘဝအကြောင်းတွေကို အချက်လေးတွေနဲ့ ဟောပြောခဲ့ပါသည်။ ဆရာက စင်ပေါ်သို့ တတ်လာလာချင်း တစ်ခု ပြော၏။ “ တကယ်တော့ ကျွန်တော် ဒီနေ့ ဒီကို လာပြီး ဟောပြောဖို့ မဟုတ်ပါဘူး။၂၆ ရက်မှာ ကျွန်တော်တို့ ကျောင်းမှာ နှစ်ပတ်လည်နေ့ ရှိပါတယ်။ နှစ်တိုင်းလည်း မသွားဖြစ်ဘူး တခြားကို ရောက်နေတတ်တယ်။ ဒီနှစ်တော့ သွားဖြစ်အောင် သွားမယ် ၊ သူငယ်ချင်းတွေကလည်း မင်း ဘယ်မှ မသွားနဲ့ ဆိုပြီး တားထားလို့ ကျွန်တော်လည်း ဘယ်မှ မသွားဘူးလို့ နေတာပါပဲ။ အခုတော့ဗျာ . .  တကယ်တော့ အခု ကျွန်တော် ဟောနေတဲ့ နေရာမှာ ဟောမဲ့ ဆရာက ဆရာ မောင်သာချို ပါ။ ဒါပေမဲ့ အခုတော့ သူက မလာဖြစ်လို့ ကျွန်တော်က ကြိုတင်မဲ အနေနဲ့ ဒီစင်မြင့်ပေါ်ကို ဝုန်းဆိုပြီး ရောက်လာခဲ့ရတာပါ။ ” ဆိုပြီးတော့ အဖွင့်စကားလေးနဲ့ စတင် ဟောပြောပါသည်။

         ဆရာ ဟိန်းလတ်ကတော့ ကမ္ဘာ့ခေါင်းဆောင်များ အကြောင်းကို သူ၏ ဗဟုသုတ ကြွယ်ဝမှုဖြင့် ဥပမာပေါင်းများစွာ ပေးကာ ဟောပြောသွားပါသည်။ နောင် ၂၀၁၅ ခုနှစ်အထိ အခု တိုးတတ်မှု အတိုင်းသာ သွားခဲ့မည် ဆိုရင် ကမ္ဘာမှာ တရုတ်က ပထမ ၊ အိန္ဒိယက ဒုတိယ ၊ ဘရာဇီးက တတိယ ဆိုပြီး ဖြစ်လာလိမ့်မယ်။ ဒုတိယ ကမ္ဘာစစ်ပြီးတော့ အင်္ဂလန်က အကျ ၊ အမေရိကန်က အတတ် ဆိုပြီး ဖြစ်ခဲ့ပေမဲ့ အခု ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာတော့ အမေရိကန်က အကျ ဖြစ်လာပါပြီ ဟု ဆိုကာ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ တိုးတတ်မှု များကို ဗဟုသုတ အနေနဲ့ စတင်ကာ ဟောပြောခဲ့ပါသည်။ ထို့နောက်မှာတော့ ကမ္ဘာပေါ်မှာ ခေါင်းဆောင်ကောင်းလျင် တိုင်းပြည် ဘယ်လို တိုးတတ်ပြီး ခေါင်းဆောင် မကောင်းလျင် ဘယ်လို တိုင်းပြည် နစ်နာတယ် ဆိုတဲ့ အကြောင်းကို ဗဟုသုတများစွာ ၊ သာဓက များစွာဖြင့် ဟောပြောသွားခဲ့ပါသည်။ 

        ဒီလို စာပေဟောပြောပွဲ အကြောင်းတွေကို ကျွန်တော် အသေးစိတ် အသံဖမ်းထားတာရော ၊ သေချာ လိုက်နားထောင် ထားတာရောနဲ့ ( အိပ်ငိုက်တာ မပါ :P ) ရေးရင် အကြောင်းအရာ စုံစုံ ပြန်ပြီး ရေးပြနိုင်ပေမဲ့ ကျွန်တော် အတွေးလေး တစ်ခု ရလို့ ပြီးခဲ့တဲ့နှစ် စာပေဟောပြောပွဲ ကတည်းက  ပို့စ် တစ်ခုသာ ရေးခဲ့ပြီး ကျွန်တော် ဆက်မရေး ဖြစ်ခဲ့တော့ပါဘူး။ နိုင်ငံရပ်ခြားမှာ ဟောပြောတယ် ဆိုတာ နိုင်ငံတွင်းထဲမှာထက်တော့ အနည်းငယ်ပဲ ဖြစ်ဖြစ် ဟောပြောရသော ဆရာတွေ အဖို့ ပိုပြီးတော့ လွတ်လပ်မယ် လို့ ကျွန်တော် ထင်မြင်မိပါသည်။ ဒါကြောင့် နိုင်ငံ ရပ်ခြားမှာ လွတ်လွတ်လပ်လပ် ဟောပြောနေသော ဆရာများကို သူတို့ရဲ့ စကားကို ကိုယ်က ထပ်ဆင့်ပြန် ဖော်ပြလိုက်လို့ ကျဉ်းကြပ် သွားတာမျိုး ကျွန်တော် မဖြစ်စေလိုပါ။ 

         ဒါကြောင့် ဘယ်သူရေးရေး ၊ မရေးရေး ကျွန်တော် မဖော်ပြတော့ဘူး ဆိုပြီး ကျွန်တော် ဆရာတွေ ဟောပြောတဲ့ အတိုင်း ကျွန်တော် မရေးဖြစ်တော့ပါ။ ဆရာ ၊ ဆရာမတွေ ဟောပြောချက်ထဲမှာ ကျွန်တော် ခံစားလိုက်ရသမျှကိုသာ ကျွန်တော့် ခံစားရသမျှ ပုံစံဖြင့်သာ ရေးပါတော့မည်။ ထိုအကြောင်းအရာသည် ဝတ္ထု ပုံစံမျိုး ဖြစ်ချင် ဖြစ်နေမည် ၊ မှတ်စု ပုံစံမျိုး ဖြစ်ချင် ဖြစ်နေမည် ၊ ဗဟုသုတ ပုံစံမျိုး ဖြစ်ချင် ဖြစ်နေပါလိမ့်မည်။ ဒီအတိုင်းလေးပဲ ကျွန်တော် ဆင့်ပွား ခံစား ဖော်ပြပါတော့မည်။ 

         ဟိုတလောက ဆိုးရွားသော ခံစားမှု တစ်ခု ရခဲ့ပါသေးသည်။ ဘယ်ကို သွားပြီး လှူလှူ ၊ လှူဖြစ်သမျှကို ဓါတ်ပုံရိုက်ကာ မှတ်တမ်းတင် ထားတတ်သော ဆရာတော် ဦးကောဝိဒက ထိုဓါတ်ပုံတွေကို သူ့ရဲ့ မာတီ ဘလော့မှာ တင်ထားတတ်ပါသည်။ ဒါ ဦးဇင်းရဲ့ ထုံးစံလို့ ဆိုရမှာပါ။ တစ်နေ့တော့ ဦးဇင်းက ရေကြီးနေသော မန္တလေးမှ နေရာအချို့အတွက် အစားအစာ ၊ အဝတ်အထည် ၊ အသုံးအဆောင်များ လှူဒါန်းနိုင်ဖို့ ကျွန်တော့်ကို အလှူခံပို့စ်လေး တင်ပေးပါဦး ဟု မိန့်ပါသည်။ ရေကြီးနေသော နေရာများ ၊ အတိဒုက္ခ ရောက်နေသူများရဲ့ဓါတ်ပုံများကိုတော့ ဦးဇင်းရဲ့ မာတီ ဆိုက်လေးကနေ လိုတာတွေ ယူပါလို့ ဆိုပါသည်။ 

          ဒီတော့ ကျွန်တော်လည်း အလှူခံပို့စ် ရေးကာ အလှူခံခဲ့ပါသည်။ ဒါပေမဲ့ ကျွန်တော် ဦးဇင်းပြောသလို လိုအပ်သော ပုံတွေကို ယူပြီး မတင်ဘဲ ၊ ထိုနေရာကို သွားကြည့်ပါ ဆိုပြီး ထပ်ဆင့် လင့်ညွှန်းခဲ့ပါသည်။ ဘာလို့လဲ ဆိုတော့ များပြားလှသော ဓါတ်ပုံများထဲမှ ဘယ်ဓါတ်ပုံကို ကျွန်တော် ယူကာ တင်ရမယ်မှန်း မရွေးနိုင်ခဲ့လို့ ဒီလို လင့်လေးက သွားကြည့်ရင်တော့ အားလုံးကို ကြည့်လို့ ရမှာပဲ လို့ တွေးမိလို့ လင့်ကို ညွှန်းလိုက်တာပါ။ ဒီလို အလှူခံခဲ့တဲ့ အတွက်လည်း နိုင်ငံ အသီးသီးမှ အလှူငွေ များကို လက်ခံရရှိပါ၏။ ကျွန်တော်လည်း တကယ် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါသည်။

          ဒါပေမဲ့ ကျွန်တော် နောက်တစ်နေ့ကျတော့ တကယ်ကို ဝမ်းမသာနိုင်တော့ပါ။ ကျွန်တော် ညွှန်ထားသော လင့်မှ တဆင့် ဓါတ်ပုံများကို သွားကြည့်မိသော နိုင်ငံရေး ခုတုံးလုပ်သော ဆိုက်တစ်ခုမှ သတင်းထောက် တစ်ယောက်က သူနဲ့ပဲ ဦးဇင်းက အင်တာဗျူး လုပ်ထားသလိုလိုနဲ့ ဦးဇင်း တင်ထားသော ဓါတ်ပုံနှင့် စာများကို ဖတ်ကာ သူ့ဖာသာ စိတ်ကူးနဲ့ အင်တာဗျူး ပုံစံ ရေးထားပါသည်။ ဒီနောက်မှာတော့ သူ့ဆိုက်ကနေ တဆင့် ကိုယ်ကျိုး မဖက်ဘဲ လှူဒါန်းနိုင်အောင် အကျိုးပြုကာ ၊ ကြားဝင် လှူဒါန်းပေးနေသော ဦးဇင်းမှာ အတော်ကို အကြပ်အတည်း ဖြစ်သွားပါသေးသည်။ ကျွန်တော်လည်း တကယ်ကို စိတ်မကောင်းပါ။ ဦးဇင်းက ကျွန်တော့်ကြောင့် မဟုတ်ဘူး ၊ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်း အသင်းမှာလည်း တင်ထားတာပဲ ဟု ဆိုသော်လည်း ကျွန်တော့်ဆိုက်ကနေ ညွှန်းလို့ ဖြစ်ရတာလို့ ခံစားရ၏။

          ဒါကြောင့် အထက်က ကျွန်တော် ပြောသလို လွတ်လွတ်လပ်လပ် ပြောဆိုမိသော ဆရာ ၊ ဆရာမတွေ ကျွန်တော့်ကြောင့် အကြပ်အတည်း ၊ ကျဉ်းကြပ်သွားသလို ကျွန်တော် မဖြစ်စေချင်လို့ ဆရာ ၊ ဆရာမတွေ ဟောတဲ့ အတိုင်း မရေးတော့ဘဲ ၊ သူတို့ဟောတဲ့ အထဲက မှတ်သားဖွယ်ရာ ဗဟုသုတ ၊ ရသလေးတွေကိုသာ ဆင့်ပွားပြီး ရေးတော့မယ် လို့ ဆုံးဖြတ်ချက်ဟာ ပိုပြီးတော့ ခိုင်မာသွား ခဲ့ရပါတော့သည်။ ဒီနေရာမှာ အလျင်းသင့် လို့ ဆရာ ချစ်ဦးညိုရဲ့ စကားလေး တစ်ခွန်းကို ဖော်ပြချင်ပါသည်။ ဆရာချစ်ဦးညိုက အထက်က ဟောပြောလိုက် ၊ ပရိသတ်က အောက်ကနေ လက်ခုပ်တွေ တဖြောင်းဖြောင်း တီးလိုက်နဲ့ အတော်ကို စည်ကားနေသော ဟောပြောပွဲမှာ ဆရာက ဒီလို ပြောပါ၏။

        “ ခင်ဗျားတို့နဲ့တော့ ခက်နေပြီဗျ။ ကျုပ်ဟောတာ တရားနော် ၊ ခင်ဗျားတို့ အောက်က လက်ခုပ် တီးတော့မှပဲ နိုင်ငံရေး ဖြစ်ပြီး အဆွဲခံရတော့တယ်။ အဲသလိုတော့ ဖြစ်နေပြီ ”

         ဆိုတာလေးပါ။ လူတွေရဲ့ သဘောကိုက ကိုယ် မလုပ်နိုင်ပေမဲ့ ကိုယ်စိတ်ထဲက အတိုင်း တခြား တစ်ယောက်ယောက်က လုပ်နိုင်ရင် ဘေးကနေ ဝမ်းသာ အားရ ထောက်ခံ တတ်သော သဘော ရှိပါ၏။ ဒါကို လူ့သဘော ၊ လူ့မနောပါ။

         ဒါကြောင့် အခု ဖော်ပြ ဒီနေရာမှာ ကျွန်တော့် ဖော်ပြမှာက ဆရာ ၊ ဆရာမတွေ ဟောပြောချက် အတိုင်း မဟုတ်ပါဘူး။ သူတို့ ဟောပြောချက်ကနေ ကျွန်တော် ခံစားမိသမျှလေးတွေကိုသာ သုတ ၊ ရသ အတိုင်း ရေးသားပါ့မယ်။ အခု ပထမဦးဆုံး ကျွန်တော် ရေးချင်တာကတော့ ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ဟောပြောချက်ထဲက ရသ အကြောင်းအရာလေး တစ်ခုပါပဲ။ 

        ကျွန်တော့်ဖာသာတော့ “ လက်မ ” လို့ နာမည်ပေးလိုက်ပါသည်။



လက်မ 

         အလုပ်ပိုင်းဆိုင်ရာ ဌာနကြီးထဲတွင်မှ ကျွန်တော်တို့ ဌာနက အလုပ်အများဆုံးနဲ့ အပင်ပန်းဆုံးပင် ဖြစ်သည်။ အထူးသဖြင့် ဝရိန် ဟု ခေါ်သော ဂဟေဆော်မှု အပိုင်း ၊ ကရိုင်းနင်းသည် ဟု ခေါ်သော သံပြားချပ်ကြီးကို အပေါ်မှ ပုံစံမိုဖြင့် လိုချင်သော ပုံစံများ ထွက်လာအောင် လုပ်ရသော အပိုင်းများကြောင့် အလွန့် အလွန်ကို ပင်ပန်းလွန်းလှသည်။

        အလုပ် ဆိုသည်မှာ သူ့နေရာနှင့်သူ ပင်ပန်းတာခြင်း တူတယ် ဆိုရင်တောင်မှ ကျွန်တော်တို့ ဌာနမှာ လုပ်ရသော ဝရိန်ဆော်သည့် အပိုင်းမှာ မျက်လုံးကလည်း ထိခိုက်သေး ၊ ဝရိန်ဆော်၍ ထွက်လာသော သံငွေ့ပူများကို အသက်ရှူရန် ရှူရှိုက်ကာ သွင်းလိုက်ရသဖြင့် အဆုတ်ကလည်း လူတိုင်း ၉၀ ရာခိုင်နှုန်း မကောင်းပေ။ သို့သော်လည်း မိမိ ပင်ပန်းရေးထက် မိသားစု ဝမ်းရေးကို အဓိက ထားကာ ဦးဆောင်နေသူများ အဖို့ ဒါတွေကို အဓိက မထားနိုင်ပေ။ အဆုတ် . . . အဆုတ် . . . ၊ အခုမှ အဆုတ် ဆိုတာ နာမည်နဲ့ လိုက်တာလို့ သူတို့များ မှတ်ယူထားလေမလား မပြောတတ်ပါ။

         သူတို့တင်ပဲလား ဆိုတော့လည်း မဟုတ်။ ကရိုင်းနင်းသော စက်ဖြင့် အလုပ်လုပ်သူများကို ကျွန်တော် ပြောလေ့ပြောထ စကားလို့ပဲ ဆိုရမလား ၊ သူတို့ကို သတိပေးထားသော စကားလို့ပဲ ဆိုရမလား စကားတစ်ခွန်း ရှိသည်။ ထိုစကားက ဆောင်ပုဒ်လို ဖြစ်ကာ နံရံပေါ်က ဝှိုက်ဘုတ် ပေါ်မှာပင် ရေးသားထားတာ ကြာပြီဖြစ်၍ ခပ်မှုန်မှုန် မြင်တွေ့နိုင်ပါသေးသည်။

      “ အလုပ်ကို ဖြေးဖြေးလုပ် ၊ မလောနဲ့ ၊ စိတ်တွေကို မလေလွင့်စေနဲ့ ၊ အလုပ်ထဲမှာ စိတ်ကို နှစ်ပြီး လုပ်ပါ။ မိမိရဲ့ အန္တရာယ် မဖြစ်ရေးကို ဂရုစိုက်ပြီး လုပ်ပါ။ အလုပ်ကို ဖြေးဖြေးတော့ လုပ်ပါ သို့သော် အလုပ် မပျက်ပါစေနှင့် ”

       ကျွန်တော် ကိုယ်တိုင် ဒီလို ရေးသားထားပါသည်။ ဒီလို မရေးလို့လည်း မရ။ ကရိုင်းနင်းတယ် ဆိုတာက ခြေ ၊ လက် ၊ မျက်လုံး ၊ ဦးနှောက် အကုန်ကို အလုပ်လုပ်ရသော အလုပ်ဖြစ်၏။ လက်က ကိုယ်ပုံဖော်ချင်သော သံပြားကို ကိုင်ကာ အပေါ်မှ ကျလာမည့် ပုံစံမိုနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ထည့်သွင်းရသည်။ မျက်လုံးကလည်း ဒီလို အံဝင်ပြီလား ၊ မဝင်သေးဘူး ဆိုလားကို ကြည့်ရသည်။ ဦးနှောက်ကလည်း စိတ်ထင်တဲ့ အတိုင်း ဖောက်ချလို့ မရ။ ဘယ်လိုလေး ဖောက်လိုက်ရင် ပုံစံများများ ရမည်ဟု ဆိုကာ ဖောက်ဖို့ စဉ်းစားကာ ဆုံးဖြတ်ရသည်။ နောက်ဆုံး ဒါတွေကို ဆင်ခြင်ကာ အဆင်ပြေပြီ ဆိုမှ ခြေထောက်အောက်မှာ နင်းဖို့ အရံသင့် တင်ထားသော ခလုတ်ကို နင်းလိုက်ကာ အပေါ်မှ မော်တာဖြင့် တပ်ထားသော ပုံစံမိုကို ပြုတ်ကျလာစေသည်။ ဒါဆိုရင် လိုချင်သော ပုံစံလေး တစ်ခု ရပြီ ဖြစ်သည်။

      ဒီလို ခြေ ၊ လက် ၊ မျက်လုံး ၊ ဦးနှောက် အားလုံး အလုပ်လုပ်နေရသော လူတစ်ယောက် အဖို့ စိတ်ဆိုတာ တည်ငြိမ်နေဖို့ လို၏။ သူ့မှာ စိတ်ပူပန်မှုတွေ ၊ အတွေးများနေမှုတွေ ၊ စိတ်သောက ရောက်နေမှုတွေ အလုပ်လုပ်ချိန်မှာ နည်းနေနိုင်သမျှ နည်းဖို့ လိုသည်။ ထိုသို့ မဟုတ်ရင် လက်ဖြင့် ထည့်နေတာက အံမကျသေးဘူး။ ဦးနှောက်က အာရုံများ နေသောကြောင့် မျက်လုံးက ကြည့်သာ ကြည့်နေတာ မမြင်ဘူးလို ဖြစ်ကာ အပေါ်က ပုံစံမိုအောက်က လက်က မထုတ်ရသေးဘူး ၊ အောက်ခြေက ခလုတ်ကို နင်းဖို့ အဆင်သင့် တင်ထားသော ခြေထောက်က အာရုံများကာ နင်းမိပြီ ဆိုရင် အပေါ်က ပုံစံမိုက ကျလာကာ မထုတ်ရသေးသော လက်ကို ထိမိ ၊ ဖိမိကာ အန္တရာယ် ဖြစ်စေတော့သည်။ အန္တရာယ် ဖြစ်တယ် ဟုသာ လွယ်လွယ် ပြောလိုက်တာပါ ၊ တကယ်တော့ လက်ပြတ်သွားခြင်းပါပဲ။

        ဒါကြောင့် သူတို့ကို ကျွန်တော် အမြဲတမ်း ပြောသည်။ “ အလုပ်ကို ဖြေးဖြေးလုပ် ၊ အာရုံစိုက်ပြီး လုပ် ၊ ကိုယ့်အန္တရာယ်ကို ကိုယ် ရှောင်ပြီး လုပ် ၊ အလုပ်ကို ဖြေးဖြေးလုပ် ဒါပေမဲ့ အလုပ်တော့ ပျက်လို့ မရဘူး ” လို့ ကျွန်တော် ပြောလေ့ ရှိပါသည်။ အလုပ် ဘာလို့ ပျက်လို့ မရတာလဲ ဆိုတော့ ကျွန်တော်တို့ အလုပ်ဌာနက လူအင်အား အရမ်းနည်းသောကြောင့် ဖြစ်၏။

       ထိုသို့ ရေးထားသော ကျွန်တော်တို့ အလုပ်ရဲ့ ဆောင်ပုဒ်လို့ ဆိုရမည့် ထိုစာသား ဝှိုက်ဘုတ်လေးရဲ့ ဘေးမှာတော့ လူမှုဖူလှုံရေးရဲ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ ၊ အချက်အလက်များကို လူမှုဖူလှုံရေးက ချပေးသည့်အတိုင်း ကပ်ထားလေ့ရှိသည်။ ထိုစာရွက်ထဲမှာ ဘယ်လို ထိခိုက်ဒဏ်ရာ ရရင် ဘယ်လို ခံစားခွင့်တွေ ရှိသည် အစ ပြု၍ ထိုထိခိုက် ဒဏ်ရာကြောင့် ကိုယ်လက်အင်္ဂါများ ဆုံးရှုံးခဲ့ရင် လျော်ကြေးငွေ ဘယ်လောက် ရရှိမည် ဆိုတာတွေ အထိ အသေးစိတ် ရေးသားထားသည်။ ထိုစာရွက် နှင့် ကျွန်တော့်ရဲ့ ဆောင်ပုဒ် ဝှိုက်ဘုတ်လေးက အတူတူ ယှဉ်တွဲကာ ကျွန်တော့် အလုပ်စားပွဲရဲ့ အပေါ်ဘေးမှာ နေရာယူထားလေသည်။

       တစ်နေ့. . . . . .

     ကျွန်တော် အထက်ကို တင်ရမဲ့ တစ်လစာ လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများကို အလုပ်ရှုပ်စွာ လုပ်နေရင်း ကျွန်တော့်ရဲ့ အလုပ်ထဲမှ အလုပ်သမား တစ်ဦးက ကျွန်တော့် အခန်းထဲ သူ့လက်ကို နောက်ထပ် လက်တစ်ဘက်ဖြင့် အုပ်ကိုင်ရင်း အပြေး ဝင်လာ၏။ လက်ကလည်း အုပ်ကိုင်ထားရင်း ပါးစပ်ကလည်း ကျွန်တော့်ကို တကြော်ကြော် အော်ခေါ်ရင်းပေါ့။

      “ ဆရာ . . . ဆရာ ”

      အသံနဲ့ အတူ လူက အပြေး ဝင်လာတာ ဆိုတော့ အဝေးကတင် သူ့ကို ကျွန်တော် တွေ့လိုက်ရသည်။ တွေ့လိုက်ရတာနဲ့ ကျွန်တော် သိလိုက်ပြီ။ သူက သူ့ရဲ့ လက်တစ်ဘက်ကို နောက်ထပ် လက်တစ်ဘက်ဖြင့် အုပ်ကိုင်လျက် မဟုတ်လား။ ပြီးတော့ အခုလို အုပ်ကိုင်ထားရင်းနဲ့ကို နောက်ထပ် လက်တစ်ဘက်မှ သွေးတွေကလည်း နီနီစွေးကာ ယိုစီးကျလျက် ရှိသည်။ ကျွန်တော် သိလိုက်ပြီ သူတော့ ကရိုင်းနင်းရာမှ လက်တော့ ထိပြီလို့။ ဒီလို သူ့ကို မြင်ပေမဲ့ ကျွန်တော် ဘာစကားမှ မထွက်နိုင်ခင် သူက အမောတကော လေသံဖြင့် ထပ်ပြော၏။

       “ ဆရာ  . . . ဆရာ . . ကျွန်တော်တို့ လက်ထိသွားပြီ ဆရာ ”

       သူ့ဆီက ပြောသော လေသံကို ကြားတော့ ကျွန်တော် အတော်ကို အံ့သြသွား၏။ သူ့ထိသွားသော လက်တစ်ဘက်ကို ကိုင်ပြီး သွေးတွေ ယိုစီးကျလျက် သူ ပြေးလာနေတဲ့ အချိန်မှာ ကျွန်တော် သူ့ကို ကြည့်ပြီး အတော်ကို စိတ်ညစ်သွားတာ အမှန်ဖြစ်၏။ ကျွန်တော်ကလည်း ကျွန်တော့် အကြောင်းနှင့် ကျွန်တော် ရှိ၏။ သူကတော့ သူ့ဖာသာ လက်ထိတယ် ဆိုပေမဲ့ လူအင်အား နည်းပါးလှသော ကျွန်တော်တို့ ဌာနအတွက် သူ့လို ကျွမ်းကျင် လုပ်သား တစ်ယောက် လျော့နည်းကာ ကျွန်တော် အတွက် တစ်လအထွက်နှုန်း လျော့ကျကာ အထက်မှ ညွှန်ကြားချက် အတိုင်း ပြည့်မှီအောင် ကျွန်တော် ဘယ်လို လုပ်ရမည်။ ဘယ်လို အထက်ကို တင်ပြရမည် ဆိုသော စိတ်တို့ဖြင့် ကျွန်တော် ရုတ်တရက် ရှုပ်ထွေးသွားချိန် ဖြစ်သည်။

        အခုတော့ ကျွန်တော့်ဆီကို အပြေးအလွှားလာကာ သူ လက်ထိကြောင်းကို ပြောသော သူ့ရဲ့ လေသံက ရိုးရိုးမဟုတ်။ သာမာန် လက်ထိသွားသော လူတစ်ယောက် ဆိုရင် မိမိရဲ့ လက်ထိသွားသော လက်အတွက် နာကျင်စိတ် ၊ ဝမ်းနည်းစိတ်တို့ဖြင့် တုန်ယင်နေလိမ့်မည်။ အခုတော့ သူ့ရဲ့ လေသံက လုံးဝ တုန်ယင်မနေ။ ထိုမျှပင် မကသေး သူ့ရဲ့ လေသံက ရုတ်တရက် အလကား ကောက်ရသော ထီလက်မှတ် တစ်စောင်မှ သိန်း ၅၀၀ ဆုကြီး ထပေါက်နေသလို ဝမ်းသာသော ၊ အပျော်လွန်နေသော လေသံ ဖြစ်သည်။

       “ မင်းကလည်းကွာ ၊ လက်ထိသွားတာကို ဝမ်းသာသလို ၊ ပျော်သလို လေသံကြီးနဲ့ ”

     ကျွန်တော်ကလည်း ကျွန်တော့်ရဲ့ အလုပ်ပိုင်း ဆိုင်ရာတွေ နှောင့်နှေး သွားရပြီ ဆိုသော အသိ ၊ စိတ်ကြောင့် သူ့ကို ခပ်ဟန့်ဟန့် ပြောလိုက်မိသည်။ သို့သော် သူက နောက်တွန့် မသွား။

       “ မဟုတ်ဘူး ဆရာရဲ့ ကျွန်တော် တကယ်ကို လက်ထိသွားတာ။ လက်ထိသွားတာမှ ရိုးရိုး မဟုတ်ဘူး ဆရာ လက်တစ်ဆစ်လောက်ကို ပြတ်ထွက်သွားတာ . .   ”

      သူ့ဆီက ဝမ်းနည်း နာကျင်သံ မဟုတ်ဘဲ ၊ သူ အမြင်ကပ်သော ယောက္ခမ သေပြီး ရှိသမျှ အမွေတွေ အားလုံး သူ့ကို ပေးထားခဲ့တယ် ဆိုသော ပုံစံဖြင့် ဆက်၍ ပြောလာခဲ့၏။

      “ ဟာ . . . မင်းကလည်း လက်ပြတ်တာကို ဝမ်းသာ ရသလားကွ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ခန္ဓာ ဆုံးရှုံး သွားတာလေ။ အခု မင်း လူမှုဖူလှုံရေး ဆေးခန်းကို သွား ”

      “ မဟုတ်သေးဘူး ဆရာ။ အခု ကျွန်တော် ထိတာ လက်မဗျ  . . . လက်မ ”

      သူ့ကို ကြည့်ပြီး ကျွန်တော် ပို၍ ပို၍ အံ့အားတကြီး ဖြစ်မိသည်။

       “ လက်မ ထိတော့ရော ဘာဖြစ်လဲ။ မင်း ခန္ဓာကိုယ်က ဆုံးရှုံး သွားတာပဲလေ။  ”

       ကျွန်တော် ဒီလို ပြောလိုက်မှ သူက မျက်နှာ အနည်းငယ် ညှိုးကျသွားပြီး ခပ်တိုးတိုး ရေရွတ်ကာ ကျွန်တော့်ကို ပြော၏။

        “ ဒီလိုပါ ဆရာရယ်။ လက်ကတော့ ထိသွားပြီလေ။ ပြတ်သွားတာကို ဘယ်လို ပြန်လုပ်မလဲ။ ထိချင်းထိ လက်မကို ထိတော့ ကျွန်တော့် အတွက် လျော်ကြေး ပိုရတာပေါ့ ဆရာ။ လက်မ ဆိုတာ တခြား လက်ချောင်း ဆိုတာထက် ပိုပြီးတော့ လျော်ကြေး ပိုရတယ် မဟုတ်လား။ ကျွန်တော် . . . ဆရာ ဟိုမှာ ကပ်ထားတဲ့ လူမှုဖူလှုံရေး စာရွက်ကို ဖတ်ထားတာ ဆရာ။ လက်မက တခြားလက်တွေထက် လျော်ကြေး ပိုရတယ်တဲ့။ ဒါဆို ကျွန်တော် . . . ကျွန်တော့်သားလေး ကျောင်းအပ်ဖို့ အတွက် အဆင်ပြေသွားပြီပေါ့ ဆရာရယ် ”

        သူ့စကားသံ ဆုံးတော့ ကျွန်တော် သူ့မျက်နှာကို ကြည့်ပြီး ဘာမှ ဆက်မပြောနိုင်ဘဲ ဆို့နင့်နင့်ကြီး ဖြစ်နေခဲ့၏။ လက်ထိတာတောင်မှ ၊ လက်ပြတ်တာတောင်မှ လျော်ကြေးပိုရတဲ့ “ လက်မ ” ကို ထိလို့ ၊ ပြတ်လို့ ဝမ်းသာရ သတဲ့လားဗျာ။ ကျွန်တော် သူ့ရဲ့ လက်ကို ကြည့်လိုက်တော့ သူ အုပ်ကိုင်ထားတဲ့ လက်ကြားမှ ပြတ်နေတဲ့ လက်မရဲ့ သွေးတွေက တစိမ့်စိမ့် ယိုစီးကျလို့ ကောင်းနေတုန်း။

       သူ့ရဲ့ လက်မလေးကတော့ဖြင့်. . . . . . . ။




ဝန်ခံချက်။  ။ ဇာတ်လမ်း ပြောပြသူက ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ရဲ့ ကိုယ်တွေ့ပါ။ ဒါကို ကျွန်တော်က ဆရာ့ဟောပြောပွဲမှာ နားထောင် လိုက်ရကတည်းက ရင်ထဲ လှိုက်ခနဲ ဖြစ်သွားလို့ သူ့ဇာတ်လမ်းလေးကို ဆက်ပြီး ခဏငြိမ် နားထောင်ကာ သူ့နေရာမှာ ဝင်ခံစား မိပါတယ်။ ပြီးတော့ အခုလို လိုနေတဲ့ နေရာတွေကို ဝင်ဖြည့်ခံစားကာ ရေးလိုက်တာပါ။ ဘာလိုပဲ ဖြစ်နေပါစေ လိုအပ်ချက်များ ရှိနေပါက ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) နဲ့ ဘာမှ မသက်ဆိုင်ဘဲ ကျွန်တော့်ရဲ့ ညံဖျင်းမှုသာ ဖြစ်ပါသည်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

17 လမ်းဖြတ်ကူးသူများ



    “ ဝူး. . . . . ”

     “ $&**#&@*@*_$&_@) ”

        ဆဲသံ တစ်စုံတစ်ရာတို့ လွင့်ထွက်လာသည်။ တကယ်ဆို ဒီနေရာက ကူးမျဉ်းကြား နေရာ မဟုတ်။ ကျွန်တော်တို့က စည်းကမ်းမဲ့စွာ လမ်းဖြတ်ကူး နေကြသူများသာ ဖြစ်သည်။ ဒီနေရာက အဝေးပြေး လမ်းမပေါ်မှာ ကျနေတဲ့ နေရောင်တွေကို အံတုပြီး ဟိုးတစ်ဖက် တစ်ချက်မှာ ရှိနေတဲ့ လူကူး တံတားပေါ်ကို လျှောက်သွားဖို့ ဆိုတာ တော်တော် ခဲယဉ်းမိသည်။

       မန္တလေး တစ်ပြ ဆိုတာက ဘယ်လောက် ဝေးလည်း ကျွန်တော် မသိပါ။ ဒီနေရာကနေတော့ ထိုတံတားကို ရောက်ဖို့ ပြတတလေးသာ။ မြင်နေရတဲ့ လူကူးတံတားပေါ်က လူဖြတ်ကူးဖို့ ထမင်းစားချိန် ဆိုတဲ့ အကန့်အသတ် အချိန်နဲ့ ပူပြင်းစပ်လောင်လှတဲ့ နေရောင်က ထွေးပွေ့လောင်မြှိုက်၏။

        ဟင့်အင်း . . ဒီလိုပဲ ခေါင်းခါပြီး ကျွန်တော် ငြင်းမိ၏။ ကျွန်တော် စည်းကမ်း မရှိလို့ မဟုတ်ဘူး။ ကျွန်တော် နိုင်ငံကြီးသား မပီသချင်လို့ မဟုတ်ဘူး။ ဒီဘက် ကားလမ်းကနေ ဟိုဘက် ကားလမ်းကို ကူးလိုက်ရင် ရောက်တော့မဲ့ အလုပ်နဲ့ အိမ်ကို မြင်နေရပြီလေ။ ဒါလို ခရီးကို ဝေးအောင်လို့ ကိန္နရီ ချောင်းခြားသလို ကာထားတဲ့ ဒီကားလမ်းမ အလယ်က ကွန်ကရစ်တုံး ပေါ်မှာ ဖြတ်မကူးအောင် သံပန်းတွေကလည်း တောက်လျှောက် ကာထား၏။ ဟိုးအရင်ကတော့ မဖြစ်မနေ လူကူးတံတားဆီကို ရောက်အောင်သွားပြီးမှ ဟိုဘက်က လမ်းကို ဖြတ်ကူးရလေ၏။

         အခုတော့ ကျောင်းက ပြန်လာတဲ့ လူငယ်တွေက တံတားဆီကို ရောက်အောင် မသွားကြတော့ဘဲ ၊ ဟိုဘက် ဒီဘက် ကာရံထားတဲ့ သံပန်းတွေကနေ တွယ်တတ်ပြီး ခုန်ကျော်သွားကြ၏။ ခုန်ပါ ၊ ကျော်ပါ ၊ နှဲ့ပါ များတော့ သံပန်းတွေက ကျိုးပျက်ပြီး ဒီနေရာက ပြင်လိုက် ၊ ခဏနေရင် ကျိုးလိုက်နဲ့ ၊ နောက်ဆုံး မပြင်ဖြစ်တော့တဲ့ ဒီနေရာက ကျွန်တော်တို့ တံတားပေါ်ကို တကူးတက သွားပြီး လမ်းဖြတ် ကူးမနေချင်တဲ့ လူတွေရဲ့ ကူးနေရာလေး ဖြစ်လာခဲ့လေတော့သည်။ ငပျင်းတွေရဲ့ လမ်းဖြတ်ကူးရာ နေရာလေး ဟု ဆိုကြပါစို့။

         “ ဝေါ. . . . ”

         “ )(&)%#%+_Q#%_^+#*^  ”

        ကူးမလို ကူးမလို ရွယ်နေကြတဲ့ လူတွေ အားလုံး လွတ်လောက်တယ် ဆိုပြီး ကူးမယ် အလုပ်မှာ ဖြတ်တတ်လာတဲ့ ကားကြောင့် တရုတ်ဆဲသံ ၊ မလေးဆဲသံ ၊ ကုလည်ဆဲသံ ၊ မြန်မာရေရွတ်သံ ၊ အော်ဟစ် ပြောဆိုတဲ့ အသံများ ထပ်ထွက်လာခဲ့၏။

        တစ်ခါတစ်လေ ကျတော့လည်း ရုံးဆင်းချိန်တွေမှာ ဆိုရင်တော့ စိတ်ချလက်ချသာ တံတားဆီကို ရောက်အောင်သွားပြီး ကူးတာက ဒီနေရာလေးကနေ ဖြတ်ကူးဖို့ စောင့်နေတဲ့ လူတွေထက် စောပြီး ဟိုဘက်ကို ရောက်နေတတ်သည်။ ရုံးဆင်းချိန် ဆိုတာ ကားအပြန်တွေနဲ့ လမ်းက အဆက်မပြတ် ဖြစ်နေတတ်သည်။ ဒီအချိန် ငပျင်း ၊ သူတို့မှာ ဖြတ်ကူးဖို့ ပြင်ရင်း ပြင်ရင်းနဲ့ တံတားပေါ်က အေးအေးဆေးဆေး ကူးလာသူက သူတို့ရဲ့ မျက်နှာချင်းဆိုင်ကို ရောက်နေပြီ သူတို့ကတော့ ဖြတ်ကူးဖို့ ပြင်တုန်း ပြင်တုန်းပါပဲ။

        တကယ်တော့ ကျွန်တော်တို့ အတွက် ဒီနေရာက ဖြတ်ကူးတာ အန္တရာယ် အတော်ကို များပါသည်။ ဒီမှာက ကားတစ်စီးဟာ သာမာန် အားဖြင့် အနည်းဆုံး ကီလို ၆၀ မောင်းရ၏။ ဒီထက် နှေးရင် ယာဉ်ကြော ပိတ်ဆို့မှုနဲ့ သူတို့ကို ရဲက အရေးယူနိုင်တယ် မဟုတ်လား။ ဒီတော့ ကားတစ်စီးနဲ့ တစ်စီး ရှေ့ကားနဲ့ နောက်ကားက ၈ ပေလောက် အကွာလေးကို အရှိန်နဲ့ ဖြတ်မောင်းသွားကြ၏။

         အဝေးပြေးလမ်းမ ဆိုတာကလည်း မီးပွိုင့်က မရှိ။ ဒီတော့ လမ်းပေါင်းစုံက အဝေးပြေး လမ်းမပေါ်ကို တတ်လာတဲ့ ကားတွေက အဆက်မပြတ်။ ဒီလိုအချိန်မှာ လမ်းမရဲ့ တခြား တစ်နေရာရာက မီးပွိုင့်မိသွားလို့ ကားလမ်းကြောလေး နည်းနည်းပြတ်သွားပြီး ကား အဆက်ပြတ်သွားတဲ့ နေရာလေးမှာမှ လမ်းဖြတ်ကူးဖို့ စောင့်နေသူတွေက ဇောင်းထဲက လွှတ်လိုက်တဲ့ မြင်းရိုင်းတွေလို အရှိန်ပြင်းပြင်း ခပ်သွက်သွက် ပြေးကူးကြရလေ၏။

    “ ပွမ်းးးးးးးးးးးးးးးးးးးးးးးး . . . . .. ”

        မလွတ်မလပ်နဲ့ ကားလေး နည်းနည်းကျဲ သွားတာကို လူငယ်ကျောင်းသား တချို့ကျတော့ ဇွတ်အတင်း ရအောင် ဖြတ်ကူးတတ်လေ၏။ အခုလည်း ကျောင်းသားလေး နှစ်ယောက် ဖြတ်ကူးလို့ အရှိန်နဲ့ မောင်းလာတဲ့ ကားတစ်စီးက မလွတ်မလပ် တိုက်မိနိုင်ကြောင်း ဟွန်းတီး အချက်ပေး သွားတာပါ။ ဟူး. . . . တကယ်ကို မလွယ်လှဘူး ဒီနေရာက လမ်းကူးရတာ။ တကယ်ကို အန္တရာယ် ရှိသည်။

        ကားတွေကိုသာ ကြည့်နေရတာ ကားလမ်းရဲ့ တစ်ဘက် ၊ ကျွန်တော်တို့ရဲ့ ဆန့်ကျင်ရာ အရပ်ကို ကြည့်လိုက်တော့ ကားလမ်းရဲ့ တစ်ဖက်မှာလည်း ကျွန်တော်တို့လို ကားလမ်းကို လူကူးတံတားပေါ်မှာ သွားပြီး ဖြတ်မကူးချင်ပဲ နီးရာကနေ ဖြတ်ကူးဖို့ စောင့်နေကြတဲ့ လူတစ်သိုက်ကိုလည်း တွေ့ရလေ၏။ ကျွန်တော့်ဘေးနားမှာလည်း ထမင်းစား အတူတူပြန်တဲ့ သူငယ်ချင်း နှစ်ယောက်နဲ့။ ကားလမ်းဖြတ်ကူးဖို့ လူတစ်စုက စုစုဝေးဝေး။ 

        အသွားနဲ့ အပြန် ကားလမ်းမမှာ လမ်းကြောသုံးခု ရှိ၏။ ကားတွေက အရှိန်မြန်ရတယ် ဆိုပေမဲ့ ကားတွေထက် ဆိုင်ကယ်တွေကို ပိုပြီး ကြောက်စရာ ကောင်းသည်။ ဆိုင်ကယ်က ကားကြိုကားကြားကနေ မထင်မှတ်တဲ့ နေရာက ထွက်လာတတ်၏။ ပြီးတော့ သူတို့က ကိုယ်ထည် သေးတယ် ဆိုပြီး မြွေလိမ်မြွေကောက်ကလည်း မောင်းသေး။ လမ်းကြောတစ်ခု ရှင်းတယ် ဆိုပြီး လမ်းကြောအလယ်မှာ သွားရပ်နေလိုက်မဟဲ့ ဆိုပြီး သွားရပ်နေရင်တော့ ကားမတိုက်ပဲ ဆိုင်ကယ်တိုက်ခံရမှာ သေချာလေသည်။ ဒါကြောင့် လမ်းကြော သုံးခုလုံး ရှင်းပြီ ဆိုတဲ့ အချိန်ကျမှုသာ ဟိုဘက်က စောင့်နေတဲ့ သူတွေရော ဒီဘက်က စောင့်နေတဲ့ ကိုယ်တွေရော အရှိန်တင် အတင်းလု ပြေးကြရတော့သည်။ 

          တစ်ဘက်က လူသွားလမ်းမကို ခြေချမိပြီ ဆိုတော့မှ တင်းထားတဲ့ စိတ်တွေကို လျော့ချပြီး “ ဟင်း ” ခနဲ သက်ပြင်းကို ချရလေ၏။ တစ်ဘက်က လူသွားလမ်းမပေါ် ခြေမချရခင်ထိတော့ လူကသာ ရှေ့ကို လျင်မြန်လှတဲ့ ခြေလှမ်းနဲ့ သွားနေတာ မျက်နှာ နဲ့ မျက်လုံးတွေ ကတော့ ဘေးမှ ကားတွေ လာရာ လမ်းမဆီကို မျှော်ကြည့်ထားရ၏။ မကြည့်လို့လည်း မရဘူး။ ဒီမှာက ကားမောင်းတဲ့ အရှိန်တွေက မြင့်လို့ ကိုယ်က ဝေးလို့ လွတ်ပါတယ် ဆိုပြီး ဖြေးဖြေးလျှောက်မိရင် “ ပွမ်..............” ဆိုတဲ့ ကားဟွန်းသံ ကြားမှ ကားက ကိုယ့်နား ရောက်နေတာမျိုး တုန်လှုပ်ဖို့ ကောင်းလှစွာ ကြုံရဖူးသည်။

     “ ပွမ်. . . . ပွမ်. . . . ပွမ်. . . .  ပွမ်. . . . . ”

        တချို့ ကျတော့လည်း ကားက လမ်းကို ဖြတ်ကူးဖို့ ပြင်နေတဲ့ လူတွေဆီကို မရောက်သေးဘူး။ ကားလာနေကြောင်း သိအောင် ကြိုပြီး ဟွန်းတီးထား၏။ တချို့ကကျတော့ လွတ်လို လွတ်ငြား ကြားနည်းနည်း လှမ်းတာနဲ့ ပြေးပြီး ဖြတ်ကူးမိလို့ ကားက အတင်း ဘရိတ်အုပ်ရတာတွေ ရှိ၏။ တချို့ကျတော့ လွတ်ပြီ ထင်လို့ ဖြတ်ပြေးတော့မှ နောက်ထပ် လမ်းကြောက ကားက မြန်လာလို့ တိုက်မိသွားသူတွေလည်း ရှိ၏။ အို . . . ပြောမကုန်အောင် အစုံပါပဲလေ။

      “ ဘုန်း. . . . ”

         ဆိုတဲ့ အသံဟာ အရမ်းကို ထုးဆန်း၏။ ကားဆိုတာ ကားကားချင်း တိုက်မိရင် “ ဝုန်း ” လို့ မြည်ပေမဲ့ ကားက လူကို ဖြစ်ဖြစ် ၊ တိရစ္ဆာန်ကို ဖြစ်ဖြစ် တိုက်မိသွားရင်တော့ ကားရဲ့ ဘောနပ်ပေါ်ကို လက်ဝါးနဲ့ ရိုက်လိုက်သလို “ ဘုန်း ” ဆိုပြီးပဲ မြည်၏။ ထူးတော့ ထူးဆန်းပါ၏။ မယုံရင် ကားဘောနပ်ပေါ်ကို လက်ဖြင့် ခပ်ပြင်းပြင်း ပိန်ချိုင့်သွားအောင် ပုတ်ပြီးပဲ ဖြစ်ဖြစ် ၊ ကိုယ်တိုင်ပဲ ကားနဲ့ အတိုက်ခံ ပြီးတော့ပဲ ဖြစ်ဖြစ် အသံကို စမ်းသပ် နားထောင် ကြည့်စေချင်၏။ ( ကိုယ့်ပြဿနာတော့ ကိုယ်ရှင်းပေါ့လေ။ )

         ကားတိုက်တာကို ကျွန်တော် စမြင်ဖူးတာ တော်တော်တော့ ထူးဆန်းနေ၏။ ကျွန်တော် မြင်ဖူးတဲ့ ကားတိုက်ခံရသူက လူတစ်ယောက် မဟုတ်ပဲ နွားတစ်ကောင် ဖြစ်နေခြင်းက ပို၍ ထူးဆန်းနေစေ၏။ နွားကို ဟိုင်းလတ် ကားတစ်စီးက ဝင်တိုက်တာပဲ ဖြစ်သည်။ “ ဘုန်း ” ဆိုတဲ့ အသံကြောင့် “ ဟာ  . . တိုက်ပြီ။ ”  ဆိုပြီး ကျွန်တော် လှည့်ကြည့်လိုက်တော့ ကားက လူကို တိုက်တာ မဟုတ်ပဲ နွားကို တိုက်လိုက်တာသာ ဖြစ်၏။ တိုက်ခံရမိတဲ့ နွားကလည်း ကမူးရှူးထိုးနဲ့ ထပြီး လမ်းအောက်ဖက် ပြေးဆင်းသွားတာပါပဲ။ သြော်. . . ကားတိုက်ခံရသူက ဒီလိုပဲ ကမူးရှူးထိုး ဖြစ်တတ်တာပါလားလို့ ကျွန်တော် တွေးကြည့်မိဖူးသည်။

        နောက်တော့ ကားတိုက်တာတွေ မမြင်ချင်လည်း မြင်နေရ ဆိုသလို ကျွန်တော် သိလာ ပါတော့သည်။ ကားတိုက်ခံရတဲ့ လူတစ်ယောက်သည် သူ့ကို တတ်သာ မကြိတ်သွားဘူး ဆိုရင် ဒဏ်ရာ ပြင်းနေရင်တောင်မှ အယောင်ယောင် အမှားမှားနဲ့ ကမူးရှူးထိုး ထိုင် ၊ ထ ၊ လမ်းလျှောက် တတ်ကြသေး၏။ နောက်မှ ဒဏ်ရာကြောင့် လဲကျပြီး သတိလစ် သွားတတ်ကြတာ များလေသည်။ ဒဏ်ရာ ပြင်းလွန်းလို့ တုံးခနဲ သေဆုံးသူတွေက လွဲလို့ပေါ့။

         “ ကိုဇော် . . ဒီကားပြာလေး ပြီးရင် ဖြတ်ကူးလို့ ရလောက်ပြီ။ နောက်ကားက တော်တော် ဝေးတယ်။ ပြေးရင် လွတ်လောက်တယ်။ ” 

        ဘေးက ထမင်းစား အတူ ပြန်တဲ့ ညီလေးက ပြောတော့မှ ကားလမ်းဖြတ်ကူးဖို့ စောင့်နေရင်း အတွေးများ နေခြင်းကနေ ပြန်ပြီး သတိထားမိသွား၏။ 

        “ အေး . . . ဟုတ်တယ်။ ခပ်မြန်မြန်လေး ဖြတ်ကူးကြတာပေါ့။ ”

       ပြောလည်း ပြော ၊ ပြင်လည်း ပြင် ဆိုတာလို ကားလမ်းကို ဖြတ်ပြေးဖို့ ပုဆိုး မဟုတ်ပေမဲ့ ဘောင်းဘီကို မသိမသာ မ လိုက်မိ၏။ တကယ်တော့ ဘောင်းဘီက မစရာ မလိုပါ။ သူက အလယ်မှာ လာရှုပ်နေတာမှ မဟုတ်ဘဲ။ သို့သော် အကျင့်အတိုင်း အောက်သို့ လျောမကျပေမဲ့လည်း မ တင်လိုက်မိသည်။  ပြီးတော့ သူ့နောက်မှာ ကားကြော အတော်ပြတ်သွားတဲ့ ကားပြာရောင်လေးကိုပဲ မျက်စိထဲကို ဆွဲသွင်းထား လိုက်တော့၏။ 

       “ ရပြီ . . . ဒီကားပြီးရင် . . ဖြတ်ကူးလို့ ရပြီ. . ။ ”

       “ ရပြီ . . . ဒီကားပြီးရင် . . ဖြတ်ကူးလို့ ရပြီ. . ။ ”

        “ ရပြီ . . . ဒီကားပြီးရင် . . ဖြတ်ကူးလို့ ရပြီ. . ။ ”

        ဒီလိုလည်း စိတ်ထဲက ကိုယ့်ဖာသာ အကြိမ်ကြိမ် ပြောနေမိ၏။ ဘာရယ် မဟုတ်ပဲ ဘေးနဲ့ အရှေ့ကို ဖြတ်ခနဲ ကြည့်လိုက်တော့ ဘေးက လူဆယ်ယောက်ကျော်ကလည်း ဖြတ်ကူးဖို့ စိုင်းပြင်းနေသလို အရှေ့က ဆန့်ကျင်ဘက် ပလက်ဖောင်းမှ လူ ၈ ယောက် လောက်ကလည်း ဖြတ်ကူးဖို့ တာဆု နေကြပြီ။ ဒီကားပြာလေး ပြီးရင် အကုန်လုံး ဖြတ်ကူးဖို့ ဆော်လောနေကြပြီ။ အောက်မှာ ချထားတဲ့ အိတ်ကို ကောက်ကိုင်သူက ကိုင် ၊ ကလေး လက်ဆွဲသူက ဆွဲ ၊ ကျောပိုးအိတ် မသူက မ ၊ အသက်ဝအောင် ရှူသူက ရှူ နဲ့ ကိုယ်စီ ကိုယ်င အလုပ်ရှုပ်ပြီး လှုပ်လှုပ်ရှားရှား အသက်ဝင်လာကြ၏။ 

    “ လာပြီ. . .”

    “ လာပြီ. . .”

    “ ဖြတ်ပြီ. . .”

    “ ကျော်ပြီ. . .”

    “ ကူး. . . ”

        ကိုယ့်ဖာသာ စိတ်ထဲက တိုင်ပင် ယူပြီး ကားပြာလေး ကျွန်တော့် ဘေးက ဖြတ်သွားတော့  နောက်က လိုက်လာမဲ့ ခပ်လှမ်းလှမ်းက ကားကို ကြည့်နေရင်း လမ်းကို ဖြတ်ကူးလိုက်မိသည်။ ကျွန်တော့်ကို ကျော်ဖြတ်သွားပြီးတဲ့ ကားပြာလေးဘက်ကိုတော့ လှည့်မကြည့်မိ။ ကျော်သွားပြီးသား ကားကလည်း နောက်ပြန် ဆုတ်လာရိုး ထုံးစံ မရှိပါ။ ဒါကြောင့် စိတ်ချလက်ချ . . . နောက်ထပ် လာနေတဲ့ ကားကိုပဲ ကြည့်ပြီး လမ်းဖြတ်ကူးလိုက်၏။

       ကျွန်တော့် ခြေထောက် တစ်ဘက်က ဟိုဘက် လမ်းသွားလမ်း ဘောင်ပေါ်ကို ခြေချဖို့ နှစ်လှမ်းလောက် အလိုမှာ ကျွန်တော့် နားထဲကို အသံမျိုးစုံ ဝင်လာတာ ကြားလိုက်ရလေ၏။

     “ ဘုန်း . . . ”

     “ ဟာ . . . တိုက်မိပြီ။ ”

     “ ကျွီ . . . . .  ”

        ကျွန်တော့်ကို ဖြတ်ကျော်သွားတဲ့ ကားပြာလေးရဲ့ ဘက်က အသံတွေ ကြားလိုက်ရသလို ၊ ကျွန်တော် ကြည့်နေတဲ့ ဘက်က လာနေတဲ့ ကားဘက် အခြမ်းကလည်း အသံတွေ ကြားလိုက်ရ၏။ ဘာရယ် မသိပေမဲ့ ကျွန်တော်လည်း နေပူပူ အောက်မှာ အပြေး သွားနေရင်း မျက်လုံးတွေ ပြာဝေသွားမိ၏။ 

        “ ဟာ. . . တိုက်မိပြီ။ ”

         ဆိုသော အသံက ကျွန်တော့်ဘေးနားက ညီလေး ဆီက ထွက်လာတဲ့ အသံ ဖြစ်ပြီး။

         “ ဘုန်း. . . ”

         ဆိုတဲ့ အသံကတော့ ဝင်တိုက်မိသံ ဖြစ်တယ်။ 

         “ ကျွီ . . . ”

         ဆိုတဲ့ အသံကတော့ အရှိန်ပြင်းစွာ မောင်းလာတဲ့ ကားတစ်စီးနဲ့ ဘရိတ်ဆွဲသံ ဆိုတာကို ဘယ်သူ့မှ ငြင်းလို့ မရဘူး။ ကြောက်တတ်တာ မဟုတ်ပေမဲ့ ထမင်းစား လာနေရင်း သွေးသံ ရဲရဲတော့ ကျွန်တော် မမြင်ချင်။ ဒါကြောင့် ဖြစ်နေပြီလား ဆိုတဲ့ အတွေးနဲ့ ကျွန်တော် လှည့်မကြည့်သေးဘဲ ဘေးနားက ညီလေးကိုပဲ မေးလိုက်မိ၏။

         “ တော်တော်များလားကွ။ ”

         “ နှစ်ယောက်တော့ ပက်လက်လန်နေတယ် အစ်ကို။ ”

         “ ဖြစ်ရလေကွာ။ ”

        လူဆိုတာ မကြည့်ရလည်း မနေနိုင်လေတော့ ပြောပြောဆိုဆိုပဲ ကျွန်တော် လှည့်ကြည့်လိုက်တော့ လူနှစ်ယောက် ကားလမ်းမပေါ်က ဂမူးရှူးထိုး ကုန်းထနေတာကို တွေ့လိုက်ရလေ၏။ ကမူးရှူးထိုးကြောင့် ကားလမ်းပေါ်ကနေ သူတို့ ကုန်းထနေတာကို တွေ့လိုက်ရပေမဲ့ ကျွန်တော် အံ့သြသွားမိသည်။ ဒါကြောင့် ကျွန်တော့် နှုတ်ဖျားက နောက်ထပ် တစ်ကြိမ် အသံထွက် သွားမိသည်။

        “ ဖြစ်ရလေကွာ။ ”

       ဆိုပြီး ကျွန်တော် ထပ်ပြီး ရေရွတ်မိ၏။ သို့သော် . . . ဒီဖြစ်ရလေကွာ နဲ့ ပထမက ရေရွတ်တဲ့ “ ဖြစ်ရလေကွာ ”  နဲ့ အဓိပ္ပါယ်ရော ၊ အသံရော ၊ ဟန်ပန်ရော မတူဘူး ဆိုတာ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ သိလိုက်ပါတော့သည်။ 



      “ နေ့လည်က ကားလမ်းမှာ လူနှစ်ယောက်ကို ကားတိုက်မိလို့ဆို . . . ပက်လက်တောင်မှ လန်ကျသွားတယ် ဆို . . . ဟုတ်လား ကိုဇော်။ ”

        “ အင်း . . ဟုတ်တယ်။ ဒါပေမဲ့ . . မဟုတ်ဘူး။ ”

        “ သြော် . . .  အမ် . . . ဘယ်လိုကြီးလဲ မင်းဖြေတာကြီးက. . ။ ”

        “ အေးလေ။ အမှန်ကိုပဲ ဖြေတာလေ။ သူတို့နှစ်ယောက် တိုက်မိပြီး ပက်လက်တော့ လန်နေကြတယ်။ နောက်တော့ သူတို့ ကမူးရှူးထိုး နဲ့ ကုန်းထပြီး ထွက်သွားကြတယ်။ ဒါပေမဲ့ . . . .  ”

        “ ဒါပေမဲ့ ဘာဖြစ်တာလဲ။ ”

        “ ဒါပေမဲ့ . . . သူတို့ကို ကားတိုက်တာ မဟုတ်ဘူး။ ”

        “ ဟင် . .  ဒါဆို သူတို့ကို ဘာက တိုက်တာလဲ။ ”

       “ ဒီလိုကွ။ နှစ်ဘက်စလုံးက ကားလမ်း အရှင်းကိုပဲ စောင့်ကြည့်နေကြတယ်လေ။ နောက်တော့ ကားရှင်းတော့ ကူးကြတယ်။ ဒီအချိန်မှာ နောက်က ပါလာတဲ့ ကားကိုပဲ ကြည့်နေကြတော့ အရှေ့က ကိုယ်နဲ့ မျက်နှာချင်းဆိုင် လာနေတဲ့ လူတွေကို မကြည့်မိပဲ လူလူချင်း တိုက်မိပြီး ကားလမ်းမ ပေါ်မှာ ပက်လက်လန် သွားကြတာပါ။

        “ သြော် . . . ဒီလိုကိုး။ ”

        “ အေးကွ။ ငါလည်း ပထမကတော့ “ ဘုန်း ”  ဆိုတဲ့ အသံ ၊ မောင်စိုင်းက “ ဟာ. . တိုက်မိပြီ။ ” လို့ အော်တဲ့ အသံ ၊ ကားဘရိတ်အုပ်တဲ့  “ ကျွီ.. . . .” ဆိုတဲ့ အသံ အရ ကားနဲ့ တိုက်မိပြီပဲ ထင်တာပေါ့။ ဒါပေမဲ့ ကားဘရိတ်အုပ်တဲ့ အသံကြောင့် ဘရိတ်အုပ်တဲ့ ကားကို ကြည့်လိုက်တော့ အနောက်က ပါလာတဲ့ ကားက သူတို့ လူအချင်းချင်း တိုက်မိပြီး လမ်းပေါ်မှာ လဲနေတာကို ထပ်ပြီး တိုက်မိမှာ စိုးလို့ ဘရိတ်အုပ် လိုက်တာပါ။ ”

        “ သြော်. . . ဒီလိုကိုး။ ”

        “ အေး . . မင်းကလည်း “ သြော်. . ဒီလိုကိုး ” တွေ များနေတယ်။ လမ်းကူးရင်လည်း သတိထားဦး။ ”

     ဒီလိုပါပဲ။ တစ်ခါတစ်လေတော့လည်း လောကကြီးက ကျွန်တော်တို့ကို ပြောင်ချော်ချော်နဲ့ ကျီစားတတ်၏။ ကားလမ်းပေါ်မှာ ကားတိုက်ခံရမှာ စိုးလို့ ဖြတ်ကူးနေရင်း ကားနဲ့ မတိုက်မိပဲ လူအချင်းချင်း တိုက်မိတတ်အောင် လူ့လောကကြီးက ကျီစယ်တတ်လေသည်။

         သြော် . . . ဒါနဲ့ . . . မေးရဦးမယ်။ အခု စာဖတ်သူကရော ဒါမျိုး ကြုံဖူးလား။ 


လေးစားစွာဖြင့်
ကိုဇော်
18.5.2010

.

Share/Bookmark

27 December 2010

16 ခြေသံ တစ်စုံ




         “ ရှပ် . . . ရှပ် . . . ရှပ် . .  ”

         ခြေသံလေးကို ကြားရင် ကြားချင်း သူမ တံခါးနားသို့ အသားလေး တိုးကပ်ကာ နားထောင်မိ၏။ တံခါးက ကျွန်းတံခါး ဖြစ်ပြီး အပြင်မှာ သံပန်း ၊ သံတံခါး တစ်ခုက နောက်ထပ် လုံခြုံရေးအဖြစ် ထပ်ကာ ကာရံထားပြီး လုံခြုံရေး သော့ဖြင့် တိတိကျကျ ပိတ်ထားသည်။

          “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

         သံပန်း ၊ သံတံခါး တစ်ခု နှင့် ကျွန်းတံခါး တစ်ခု ၊ တံခါးနှစ်ခု ထပ်ကာ ကာရံထားသော်လည်း လှမ်းလျှောက်ကာ တတ်လာသော ထိုခြေသံကို လုံခြုံအောင် တားဆီးနိုင်စွမ်း မရှိပါ။ သာမာန် တိုက်ခန်း တစ်ခုမှာ တပ်ထားသော တံခါးက အသံလုံခန်း ကဲ့သို့ တားဆီးပေးနိုင်စွမ်း မရှိခြင်းက လူလတ်တန်းစားတို့ နေထိုင်ရာ တိုက်တစ်လုံးမှ တိုက်ခန်း တစ်ခု ဆိုတာကို ပိုမို ဖော်ကျူးပြီး အထူးပြု ပေးရာ ရောက်ပေသည်။

          “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

       ကျွန်းတံခါးကို နားလေးနဲ့ ကပ်ထားရင်း သူမရဲ့ အသက်ရှူနှုန်းတွေကို အတတ်နိုင်ဆုံး လျော့ချထားကာ သူမ နားစွင့်နေမိ၏။ အပေါ်ကို တတ်လာသော ခြေသံတွေ တဖြေးဖြေး နီးလာလေလေ ၊ သူမရဲ့ အသက်ရှူသံတွေ တိုးဖျော့ကာ လာလေလေဖြင့် အသက်ရှူနှုန်းကလည်း ကျလာခဲ့သည်။ အနီးကပ်ဆုံးသော သူမရဲ့ အခန်းတံခါး ဘေးနား ရောက်နေမိပြီ ဆိုသော အသိနဲ့ ကြားနေရသော ခြေသံ အကျယ်ဆုံးသော အချိန်မှာတော့ သူမ အသက်မဲ့သူ တစ်ယောက်လို အသက်မရှူမိတော့။ ငြိမ်သက်ကာ တိတ်ဆိတ် နေမိသည်။

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

        သူမတို့ အခန်း ၃ ထပ်မြောက်မှာ ၊ တစ်ခါတလေ ထိုခြေသံက ၆ ထပ်မြင့်သော တိုက်ခန်းတွဲမှ အလယ်ထပ် ဆိုသော ခရီးထက်ဝက်ကို ရောက်ရှိချိန်မှာတော့ လှမ်းလျှောက်ကာ တတ်လာသော ခြေသံက ခဏလေး ရပ်သွားကာ လက်တစ်ဖက်ကို အရာဝတ္ထု တစ်ခုဖြင့် တဖတ်ဖတ် ရိုက်သံ ကြား၍ နေရသည်။ ခဏနေရင် “ ချွင် ” ဆိုသော အသံနှင့် သူမ သိသလောက် ဇစ်ပို မီးခြစ်ဟု ထင်သော မီးခြစ်ကို ဖွင့်ကာ ဆေးလိပ်ကို မီးညှိသံ ကြားရ၏။ ထိုတဖတ်ဖတ် အသံက စီးကရက်ဘူးကို မဖောက်ခင် ဆေးသားညှိသော အကျင့်ဖြင့် ရိုက်ခြင်း ဖြစ်ပေလိမ့်မည်။ ထိုနောက် ဆေးကရက်ကို ဖွာကာ ဆက်လက်၍ တရှပ်ရှပ်ဖြင့် တတ်သွားသံကို ကြားရမြဲ ဖြစ်၏။

         အပေါ်ကို တတ်ကာ ဝေး၍ ဝေး၍ သွားသော ခြေလှမ်းကို  ကျွန်းတံခါးမှာ နားလေး ကပ်ကာ လိုက်ပြီး သူမ နားထောင်နေမိသည်။

         “ သမီး . . . ဘာလုပ်နေလဲ ”

       စာကျက်နေရာမှ ငြိမ်သွားသော သူ့အသံကြောင့် မေမေက အိပ်ခန်းထဲမှ လှမ်းခေါ်ကာ မေး၏။ ဒီအချိန်ဆိုရင် ကျွန်းတံခါးမှာ ကပ်ထားသော ခေါင်းကို အမြန်ခွာကာ  စာကျက်ရာ ဆိုဖာဆက်တီ ထိုင်ခုံ နားသို့ အပြေးလေး သွားလျက် . . . . . .  

        “ ရှင်  . . . . မေမေ ၊ သမီး ရှိတယ် မေမေ ၊ ဒီမှာ . .  ”

        “ ဘာလုပ်နေလဲ သမီး ၊ ဘယ်ရောက်သွားတာလဲ ၊ အသံပျောက်သွားလို့ ”

        “ စာကျက်နေရင်းနဲ့ အိပ်ငိုက်လာလို့ လမ်းထလျှောက်တာ မေမေ ”

        “ အိပ်ငိုက်ရင်လည်း အိပ်လိုက်တော့လေ ၊ မနက်မှ ဆက်ကျက်ပါလား သမီး ”

        “ အခု မငိုက်တော့ဘူး မေမေ ၊ သမီး နည်းနည်း ဆက်ကျက်လိုက်ဦးမယ် ”

         “ အေးအေး . . . ဒါဆိုလည်း ညဥ့် မနက်စေနဲ့နော် ၊ အခု ဘယ်နှစ်နာရီ ထိုးပြီလဲ သမီး ”

         “ အခု တစ်နာရီခွဲကျော်ပြီ မေမေ ”

         “ ဒါဆို နှစ်နာရီ ထိုးရင် အိပ်တော့နော် သမီး ”

         “ ဟုတ်ကဲ့ မေမေ ၊ သမီးလည်း နည်းနည်းကျက်ပြီးရင် အိပ်တော့မှာပါ ”

         “ အေးအေး . . ဒါဆိုလည်း ဆက်ကျက် ၊ အိပ်ငိုက်ရင် အိပ်လိုက်သမီး ၊ အိပ်ငိုက်နေရင် စာလည်း ရမှာ မဟုတ်ဘူး ”

          “ ဟုတ်ကဲ့ မေမေ ”

          “ - - - - - - - ”

         ပြီးရင် ဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါ။ သူမ ကိုယ့်ဖာသာ ကိုယ် စာဆက် ကျက်နေမိသည်။



       ဧည့်ခန်းထဲမှာ သူမ တစ်ယောက်တည်းသာ ရှိ၏။ ဆိုဖာဆက်တီတွေ အလယ်မှာ ချထားသော ကျွန်းစားပွဲပုလေးက ဧည့်လာရင် ကော်ဖီနဲ့ တင်ကာ ဧည့်ခံရသော စားပွဲ ဆိုပေမဲ့ ညပိုင်း တချိန်လုံးကတော့ သူမ အိမ်စာများ လုပ်ဖို့ ဧရိယာသာ ဖြစ်၏။

        တစ်အိမ်လုံးပေါင်းမှ မိသားစု သုံးယောက်သာ ရှိသော သူမတို့ အိမ်မှာ ည ၁၀ နာရီခွဲကျော် တီဗီ အစီအစဉ်ပြီးရင် ဖေဖေ နဲ့ မေမေ က အိပ်သွားလေ့ရှိသည်။ ဒီအချိန်ဆိုရင် ဧည့်ခန်းထဲမှာ သူမ တစ်ယောက်တည်းသာ။ ဆက်တီဆိုဖာပေါ်မှာ ထိုင် ၊ ထ ၊ လဲ ၊ ခွေခေါက် ပုံစံမျိုးစုံဖြင့် စာကျက်သည်။ အနည်းငယ် ပျင်းလာကာ အီလာရင် စားဖို့ မေမေ ပြင်ပေး ထားခဲ့တာတွေကို ယူစား၏။ ပြီးရင် စာဆက်ကျက် ပြန်သည်။

        ဒီလိုနဲ့ ညနက်နက်၂ နာရီကျော် ဆိုရင် သူမ အိပ်လေ့ ရှိသည်။ မနက် ကျူရှင် တတ်ရမဲ့ အချိန်အတွက် အလွန်အကျွံ ညဥ့်နက်ခံလို့လည်း မဖြစ်ပေ။

       ထိုသို့ ညဥ့်စဉ် စာကျက်နေသော သူမ အတွက် တစ်ညမှာတော့ ထူးခြားတယ် မဟုတ်ဘဲ အပေါ်ထပ်သို့ တတ်နေသော ခြေသံတစ်စုံကို ကြားလိုက်ရ၏။ မြန်မြန်သွက်သွက် တတ်ခြင်း မရှိသလို ၊ နှေးကွေးကာ ဖြေးလေးလွန်းသည်လည်း မဟုတ်သော ခြေသံတစ်စုံက ခြေခါးထစ်များ အတိုင်း အပေါ်သို့ လှမ်းတတ်သွားသံကို ကြားရ၏။

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

       စစခြင်း သတိထားမိသော ညကတော့ ဘာမှ မထူးခြားလှပါ။ သူမ အတွက်လည်း သာမာန် ခြေသံ တစ်စုံသာ ဖြစ်၏။ အပေါ်ထပ်သို့ ထိုသူ၏ ခရီးလိုရာသို့ တတ်သော ခြေသံတစ်စုံ ဟုသာ သူမ ထင်နေမိသည်။ သို့သော် ညတိုင်း ည တစ်နာရီခွဲ ဝန်းကျင် ဆိုရင် ကြားလာရသော ခြေသံက သူမကို စိတ်ဝင်စားသထက် ဝင်စား လာမိစေ၏။ သူက ဘယ်သူများပါလဲ ၊ ဘာကြောင့် ဒီအချိန်မှ ပြန်လာရတာပါလဲ ၊ သူက ဘာအလုပ်လုပ်လို့ ဒီလောက် နောက်ကျပြီးမှ ပြန်ရတာပါလဲ ၊ သူက ဘာကြောင့် ခြေသံ တရှပ်ရှပ် မြည်ကာ အပေါ်ထပ်ကို တတ်ရတာလဲ။

       အတွေးမျိုးစုံ ၊ မေးခွန်းပေါင်း မျိုးစုံဖြင့် သူမ သူ့ရဲ့ ခြေသံများကို စောင့်ဆိုင်းကာ နားထောင် တတ်လာခဲ့သည်။ သူ ဘယ်သူလဲ သူမ တကယ်ကို မသိခဲ့ပါ။ သူမရဲ့ တံခါးဘေးက ဖြတ်လျှောက်သွားသော ခြေသံလေး တစ်စုံမျှသာ သူမ သိရှိထားခဲ့သည်။ ညစဉ် အချိန်မှန် တစ်နာရီခွဲ ဝန်းကျင်မှာ တရှပ်ရှပ်နဲ့ တတ်လာခဲ့သော ထိုခြေသံလေးကို သူမ တိတ်တခိုး နားထောင်နေမိယုံသာ ဖြစ်သည်။ တစ်ခါတလေ နောက်ကျလွန်းရင် ၁၀ မိနစ်ခန့်လောက် ဖြစ်ပြီး ၊ တစ်ခါတလေ စောလွန်းရင် ၁၀ မိနစ်ခန့်လောက်သာ ဖြစ်သည်။

         ထုံးစံ အတိုင်းကတော့ တစ်နာရီခွဲ ဝန်းကျင်မှာ သူမတို့ တိုက်ခန်းတွဲတွေရဲ့ ဘုံလှေကားထစ်များဆီမှ သူ့ရဲ့ အပေါ်ကို တတ်လာသော ခြေသံ တစ်စုံကို နေ့စဉ် ကြားခွင့်ရနေ၏။

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”




       ထိုညကတော့ သူမ စိတ်ထဲမှာ ရင်ခုန်သက်ဝင် နေမိသော ညတစ်ည ဖြစ်၏။ သူ့ခြေသံများ လှေကားထစ်ပေါ်သို့ ရောက်မလာခင်မှာ သူမရဲ့ စိတ်ထဲမှာ အလိုလို တစ်ခုခုကို သိခွင့်ရသလို ဖြစ်နေမိသည်။ ထို့ကြောင့် သူမ နာရီကို ဖြတ်ခနဲ လှမ်းကြည့်တော့ တစ်နာရီ ခွဲဖို့ မိနစ် အနည်းငယ်သာ လိုတော့သည်။ လှေကားထစ်များကို နင်းကာ သူမရဲ့ အခန်းတံခါးဘေးက ခြေသံ တရှပ်ရှပ်ဖြင့် ဖြတ်သန်းသွားသူက ဘယ်လိုလူ ဖြစ်လိမ့်မလဲ ဆိုသော လှုံ့ဆော်မှုဖြင့် သူမ အခန်းရှေ့ ဝရန်တာသို့ ထွက်လာခဲ့မိသည်။

        ညက တဆိတ်မှု အောက်မှာ ငြိမ်သက်လျက် ရှိသည်။ ဟိုမှ ဒီမှ သွားလာနေသော ကားအချို့တို့လည်း နေ့ခင်း အရှိန်ထက် ပိုမိုမြန်စွာ မောင်းလျက် လမ်းရှင်းမှုကို အခွင့်ကောင်း ယူနေကြ၏။ နီယွန်မီးလုံးများ အောက်မှာ အရာရာကလည်း တိတ်တခိုး အလှသွေး ကြွယ်နေ၏။ မူးယစ်နေဟန် တူသော လူအချို့ကလည်း ယိုင်ထိုးစွာ လမ်းဘေး ပလက်ဖောင်း တလျှောက် လှမ်းလျှောက်နေကြသည်။ သာမာန်လူတို့ အဖို့ အိပ်စက်ချိန် ဖြစ်သော်လည်း သူမ ကဲ့သို့သော ညဥ့်နက်မှုရဲ့ တိတ်ဆိတ်မှုကို အခွင့်ကောင်းယူကာ ဘဝအစိတ်အပိုင်း တချို့ကို ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ပြင်ဆင်သူများကိုလည်း ဝရန်တာပေါ်မှ တွေ့လိုက်ရသည်။

     ဒီအချိန်မှာ သူမတို့ရဲ့ တိုက်အရှေ့ ဟိုဘက် ကားလမ်းမ အခြမ်းသို့ တောင်းအေ့စ် အဖြူရောင် ကားလေးက ငြိမ့်ခနဲ လာရပ်၏။ သူမ ဖာသိဖာသာ သတိမထားမိတဲ့ အချိန်မှာပဲ တောင်းအေ့စ်ထဲမှ ဆူဆူညံညံဖြင့် နောက်ပြောင် နှုတ်ဆက်သံများ ကြားရ၏။ ထို့နောက် တောင်းအေ့စ် နောက်ခန်းမှ လူငယ်တစ်ယောက် ခုန်ဆင်းလာသော ဟန်ကိုလည်း မြင်လိုက်ရ၏။ အပေါ်ကနေ စီးမိုးကာ ကြည့်နေရ၍ ထိုသူ့ မျက်နှာကို သူမ မမြင်ရပါ။ ပြီးတော့ ထိုလူက ကောင်းဘွိုင်တို့ ဟန်ပန်အတိုင်း ဝတ်ဆင်ထားပြီး သက္ကလပ် ဦးထုပ်ကိုလည်း ခပ်ငိုက်ငိုက် ဆောင်းထား၏။ ထို့ကြောင့် ထိုသူရဲ့ ဟန်ပန်ကိုသာ မြင်ရပြီး သူ့မျက်နှာကို မြင်ခွင့် မရ။

       ထွက်ခွာတော့မဲ့ တောင်းအေ့စ် ကားလေးကို လက်ပြ နှုတ်ဆက်ပြီး ထိုသူက ကားလမ်းကို ဖြတ်ကူးကာ ဒီဘက် အခြမ်းသို့  အေးဆေးစွာ လျှောက်လာခဲ့၏။ ပြီးတော့ သူမတို့ အပေါ်တတ်ဖို့ လှေကားထဲကို လှမ်းဝင်လိုက်တော့မှ သူမ ရုတ်တရက် အံ့သြတွေဝေ သွား၏။ သူမ ညတိုင်း တံခါးနားမှာ နားရွက်လေး ကပ်ကာ ခိုးနားထောင်နေသော ခြေသံတစ်စုံ ပိုင်ရှင်က “ သူ ” များလား ဆိုသော အတွေးကြောင့် အပေါ်ကို တတ်လာသော ခြေသံ မကြားရခင်ကတည်းက တံခါးနားသို့ သွားကာ နားကို တံခါးမှာ ကပ်ပြီး ကြိုတင်စောင့်ကာ နားစွင့်ထားမိသည်။

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

          ဟုတ်ပါတယ်။ သေချာပါပြီ။ သူမှ သူပါပဲ။ သူမ ကိုယ့်ဖာသာ ကြိတ်၍ ပျော်နေမိ၏။ သူကတော့ သူ့ရဲ့ ခြေသံတစ်စုံကို တံခါးမှာ နားကို ကပ်ကာ တိတ်တဆိတ် နားထောင်နေသော သူမ ရှိနေတယ် ဆိုတာကို သိပုံမပေါ်ပါ။ နှေးခြင်း ၊ မြန်ခြင်း မရှိသော ခြေလှမ်းများဖြင့် လှေကားထစ်ပေါ်ကို သူ့ရဲ့ ခြေလှမ်းများကို စည်းချက်ကျစွာ ကျရောက်စေပြီး သူ့ရဲ့ ခြေသံများဖြင့် တတ်သွားခဲ့၏။

         သူမကတော့ သူမ ဖာသာ တစ်ယောက်တည်း ဘယ်သူ့မှ မသိဘဲ ညနက် တစ်နာရီခွဲ ဝန်းကျင်မှာ သူပြန်လာတာကို စောင့်ပြီး လှေကားထစ်များပေါ် တတ်လာသော သူ့ရဲ့ ခြေသံများကိုသာ တံခါးမှာ နားလေး ကပ်ကာ နားထောင်ရင်း ကြည်နူးပျော်ရွှင် နေမိသည်။ သူ ဘာကြောင့် ညဥ့်နက်မှ ပြန်လာတာလဲ ဆိုတာကို သူမရဲ့ ကလေး ဦးနှောက်လေးနဲ့ ဖြည့်စွက်ကာ မစဉ်းစားနိုင်ပေ။ လှေကားပေါ်ကို နင်းတတ်လာသော သူ့ရဲ့ ခြေသံလေး တစ်စုံကို နားထောင်ရင်း သူမရဲ့ ညပေါင်းများစွာ လတ်ဆတ်ကာ အသက်ရှင်နေခဲ့သည်။

         သို့သော် သူ့ရဲ့ ခြေသံလေးကို စောင့်ပြီး နားထောင်နေသူ တစ်ယောက် ဒီလောကကြီးမှာ ရှိနေတယ် ဆိုတာကို သူကတော့ သိပုံ မပေါ်ပေ။ သူကတော့ သူ့ရဲ့ ပုံမှန် ခြေလှမ်းတွေဖြင့် . . .

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”



          “ ဘယ်သွားဦးမလို့လဲ သမီး ”

         “ ခဏလေး အိမ်ရှေ့ ဝရန်တာကို ထွက်ကြည့်မလို့ ဖေဖေ ”

        “ အခုမှ နေကောင်းကာစလေ သမီးရယ် ၊ အိပ်ရေးပျက်တာတွေ များသွားလို့ အားနည်းပြီး နေမကောင်း ဖြစ်တာလေ ”

         “ အခု သမီး နေကောင်းလာပါပြီ ဖေဖေရဲ့ ၊ ခဏလေး ဝရန်တာကို ထွက်ကြည့်မလို့ပါ ၊ တရေးနိုး ဆိုတော့ ခဏလေး ထွက်ကြည့်ချင်တာ ၊ ခဏလေးပဲ ချက်ချင်း ပြန်ဝင်လာခဲ့မယ် ဖေဖေ ”

         သူမက ဖေဖေ့ကို ချွဲကာ ပြောလိုက်ပေမဲ့ ၊ မေမေ့ဆီက ချက်ချင်း အသံထွက်လာသည်။

        “ အို . . . မဟုတ်တာ သမီးရယ် ၊ ညကြီး သန်းကောင် ဝရန်တာကို ထွက်ကြည့်တော့ ဘာတွေ့မှာ မို့လို့လဲ ၊ နှစ်ရက်လုံးလုံး သမီး အားနည်းပြီး မထနိုင်အောင် ဖျားနေတာနော်။ ဒီနေ့ နည်းနည်းလေး နလန်ထကာစ ရှိသေး ၊ အပြင်ထွက်လို့ ပြန်အအေးပတ်မှာပေါ့။ ပြီးတော့ တရေးနိုး ည တစ်နာရီခွဲကြီး ဘာထကြည့်စရာ ရှိနေလို့လဲ ၊ ပြန်အိပ်ပါ သမီးရယ် ”

       သူမ ဘာမှ ဆက်ပြီး အကြောင်းပြချက် မပေးသာ။ နံရံမှာ တွယ်ကပ်နေသော နာရီကိုသာ လှမ်းကြည့်နေမိသည်။ နာရီမှ စက္ကန့်တံလေး တချပ်ချပ် သွားနေတာကို ကြည့်ရင်း သုံးရက်တိတိ အိပ်ယာထဲမှာ လှဲနေရသော သူမကိုယ်ကို သူမ မကျေနပ် ဖြစ်နေမိ၏။ ခဏကြာတော့ ဖေဖေ နဲ့ မေမေဆီမှ အသက်ရှူသံ ပြင်းပြင်းတွေ ကြားရသည်။ ဖေဖေ နဲ့ မေမေတော့ နှစ်နှစ်ခြိုက်ခြိုက် ပြန်လည် အိပ်ပျော် သွားရှာပေပြီ။ ဒါပေမဲ့ သူမ ဘယ်လိုမှ လှုပ်၍ မရပေ။ မေမေက သူမကို လက်တစ်ဖက်ဖြင့် အုပ်ဖက်ရင်း အိပ်နေခြင်း ဖြစ်သည်။

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

           ဟော . . . သူ့ရဲ့ ခြေသံလေးကို ထုံးစံ အတိုင်း လှေကားမှာ လှမ်းတတ်လာသံကို ကြားရ၏။ သူမ ရုတ်တရက် ပို၍ ငြိမ်သက်စွာဖြင့် အိပ်ခန်းထဲမှ နေကာ သူ့ရဲ့ ခြေသံကို ကြားရစေရန် အသက်ရှူသံတွေကို တိုးစေဖို့ ခဏ အသက် အောင့်ထားလိုက်၏။ ရင်ခုန်သံတွေကိုလည်း အတတ်နိုင်ဆုံး တိုးစေရန် ပို၍ ပို၍ ငြိမ်သက်နေလိုက်၏။

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

           “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

      သူ့ရဲ့ ခြေသံတစ်စုံကို ပို၍ ပို၍ ပီပြင် ကျယ်လောင်စွာ ကြားလာရသည်။ သူမရဲ့ အခန်း ၊ သုံးထပ်မြောက် သူမ သူ့ရဲ့ ခြေသံတွေကို ခိုးနားထောင်နေကျ တံခါးနား အရောက်မှာတော့ သူ့ရဲ့ ခြေသံတွေ ရုတ်တရက် တုံ့ခနဲ တိုးတိတ်သွားသည်။

          “ ဖတ် . . . . ဖတ် . . . . ဖတ် . . .  ”

          ဒါ . .  သူ့ရဲ့ ဆေးလိပ်သောက်ဖို့ စီးကရက်ဘူးကို လက်နဲ့ ရိုက်နေတဲ့ အသံပဲ။

          “ ချွင် . . . .  ”

          ဒါ . . . သူ ဆေးလိပ်သောက်ဖို့ သူ့ရဲ့ ဇစ်ပိုမီးခြစ်ကို ဖွင့်ပြီး မီးခြစ်လိုက်တဲ့ အသံ။ ပြီးတော့ . . .

          “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

          “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

          ဟော . . . သူ ဆက်တတ်သွားပြီ . . . ဆက်တတ်သွားပြီ။ သူ့ရဲ့ ခြေသံလေးတွေ တဖြေးဖြေးနဲ့ ဝေးသွားပြီ . . . ဝေးသွားပြီ . . . ဝေးသွားပြီ။ နောက်ဆုံးမှာ သူ့ခြေသံလေး ပျောက်ကွယ်သွားပြီ။ သူ . . . သူ့အခန်းကို ရောက်သွားပြီ ထင်ပါသည်။

         ပြီးမှ သူမ နှစ်ခြိုက်စွာ အိပ်၍ ပျော်တော့သည်။



         “ နေကောင်းတာမှ သုံးရက်ပဲ ရှိသေးတယ်နော် သမီး ၊ စောစော အိပ်နော် ၊ ညဥ့် မနက်စေနဲ့ ”

         “ ဟုတ်ကဲ့ပါ မေမေ ၊ သမီး စောစော အိပ်မှာပါ ”

        မေမေက ပြောလည်း ပြော ၊ သူမရဲ့ နဖူးကိုလည်း လက်ဖဝါးလေးနဲ့ လှမ်းစမ်းပြီးမှ အိပ်ခန်းဘက်ကို ဝင်သွားတော့၏။ သူမကတော့ သုံးရက်ကြာ အိပ်ယာထဲမှာ လှဲနေရပြီး နောက်ထပ် သုံးရက် ည ၁၂ နာရီ မတိုင်ခင် စောစော အိပ်ယာ ဝင်ထားရ၍ သူ့ရဲ့ ခြေသံလေးတွေကို ခြောက်ရက်တိတိ အိပ်ယာထဲကသာ နားထောင်နေခဲ့ရ၏။ အခုတော့ သူမ ဧည့်ခန်းထဲမှာ စာပြန်ကျက်ပြီး သူ့ရဲ့ ခြေသံလေးတွေကို တံခါးနားမှာ နားဖြင့် ကပ်ကာ တိတ်တခိုး နားထောင်ခွင့် ပြန်ရပြီ မဟုတ်ပါလား။

        မေမေတို့ ကြားအောင် အသံထွက်ပြီး စာကျက်နေရသော်လည်း သူမရဲ့ စိတ်တွေ အားလုံးက ညတစ်နာရီခွဲ ဝန်းကျင်မှာ ပြန်လာမဲ့ သူ့ရဲ့ ခြေသံလေး တစ်စုံဆီကိုပဲ စိတ်ရောက်နေခဲ့၏။ နံရံမှာ ကပ်ထားသော နာရီမှ စက္ကန့်တံလေးတွေ တရွေ့ရွေ့သွားနေရင်း မိနစ်တံလေးတွေ ပြောင်းလဲကာ တစ်နာရီခွဲဖို့ နီးလာတော့ သူမရဲ့ စိတ်တွေ ထူးထူးခြားခြားကို လှုပ်ရှားနေမိသည်။ ခြောက်ရက်တိတိ အိပ်ယာပေါ်မှသာ သူ့ရဲ့ ခြေသံလေးတွေကို စောင့်ပြီး နားထောင်ခဲ့ရသော သူမ အဖို့ ဒီနေ့က သူ့ရဲ့ ခြေသံလေးတွေကို အသစ် ပြန်လည် မွေးဖွားပေးလိုက်သလို ဖြစ်စေသည်။

          “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

          “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

          “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

         ဟော . . . သူမ ထခုန်မိ မတတ် ပျော်သွား၏။ ပြီးတော့မှ မေမေတို့ အိပ်ခန်းထဲက ကြားသွားဦးမယ် ဆိုသော အသိစိတ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ထိန်းချုပ်လိုက်ရ၏။ စာကျက်နေသော ဆိုဖာဆက်တီမှ အသာလေး ထကာ တံခါးနားသို့ သွား၍ ထိုင်ကာ တံခါးမှာ နားလေးကို ကပ်ပြီး သူ့ရဲ့ ခြေသံလေးတွေကို နားထောင်နေမိသည်။

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

      သူကတော့ ဘာမှ မသိသလို မနှေးလွန်း ၊ မမြန်လွန်းသော ပုံမှန် ခြေလှမ်းများဖြင့် လှေကားထစ် များပေါ်သို့ နင်းလျှောက်ကာ တတ်လာ၏။ တဖြေးဖြေး သူမ နားထဲမှာ ကျယ်၍ ကျယ်၍ ကြားလာနေရသော သူ့ရဲ့ ခြေသံလေးကို သူမ ရင်ဖိုစွာ နားထောင်နေမိ၏။

      ပို၍ ပို၍ ကျယ်လာသော သူ့ခြေသံများက သူမရဲ့ အခန်းရှေ့ တံခါး အရောက် ရုတ်တရက် ရပ်သွားကာ တိတ်ဆိတ်သွား၏။ အတန်ငယ်ကြာမှ . . . . .

          “ ဖတ် . . .  ဖတ် . . . ဖတ်. . .  ”

         သြ . . . သူ စီးကရက် သောက်ဖို့ ဆေးလိပ်ဘူးလေးကို ရိုက်နေတာကိုး။

         “ ချွင် . . . ”

         ဟော . . . ဇစ်ပို မီးခြစ်လေးနဲ့ မီးညှိနေပြီ ထင်၏။ ပြီးတော့ ဘာဆို ဘာမှ လှုပ်ရှားမှု မရှိတော့။ သူမလည်း သူမဖာသာ အသံမထွက်ဘဲ တိတ်ဆိတ်စွာ နားစွင့်နေမိ၏။ သူမရဲ့ အသက်ရှူနှုန်းတွေကို လျော့ချထားရာမှ ထိုအချိန်မှာ လုံးဝ အသက် မရှူမိတော့။ ဆက်၍ ဆက်၍ နားစွင့်နေရင်း သူ့ဘက်မှ ဘယ်လိုမှ လှုပ်ရှားမှု လုံးဝ မကြားရတော့။ သူမ ရင်ခုန်သံတွေ  သိချင်စိတ်ဖြင့် ပို၍ ပို၍ ခုန်လာခဲ့သည်။ သို့သော် သူ့ဘက်ကတော့ အပေါ်သို့လည်း ဆက်လက်တတ်ခြင်း မရှိတော့။ ငြိမ်သက်စွာ ရပ်နေတယ် ဆိုတာကို သူ့ရဲ့ တိတ်ဆိတ်နေသော ခြေသံများက သက်သေပြုနေ၏။

         တံခါး နှင့် နား ကပ်ထားရလွန်းသောကြောင့် သူမရဲ့ ဦးခေါင်း တစ်ခုလုံး ကျွန်းတံခါးကြီးမှ ကျွံဝင်ကာ အပြင်ကို ထွက်သွားမလားပင် အောက်မေ့ရသည်။ သို့သော် အရာရာဟာ ငြိမ်သက်လျက်။ သူ့ဆီမှာ ဘာသံမှ မကြား။ ခြေလှမ်းသော ခြေသံလေးကိုလည်း မကြားတော့။ လောကကြီး တစ်ခုလုံး ရုတ်တရက် လုံးဝ တိတ်ဆိတ်ကာ ခြောက်ကပ်သွားသလို ဖြစ်၏။

         ထိုစဉ် . . .

        “ ဒေါက် . . . ဒေါက် . . . ဒေါက် . . . ”

        ဖြေးညှင်း တိုးလျသော တံခါးခေါက်သံက သူမရဲ့ နားစည်ထဲသို့ ပြေးဝင်ဆောင့်သည်။

        “ ဟင် . . . . ”

        သူမဆီက အာမေဋိတ်သံ တစ်ခု ပါးစပ်ဖျားမှ လွတ်ထွက်သွားပြီး သူမ လန့်သွားမိသည်။ သူမ ပတ်ဝန်းကျင်ကို အခုမှ ပြန်ကြည့်မိလိုက်၏။ သူမ ထိုင်နေသော တံခါးနေရာက အလင်းထဲမှာ ၊ အပြင် လှေကားနေရာက အမှောင်။ ဒါကြောင့် တံခါးနားမှာ သူမ ရှိနေတယ် ဆိုတာ အမှောင် လှေကားထဲမှ သူက တံခါး အောက်ကြားထဲက အလင်းရောင်ကို ကြည့်ကာ သိသွားခြင်းလား ဆိုပြီး သူမ စိုးထိတ်သွားမိသည်။ ကိုယ့်ကိုယ်ကိုယ် အတိုင်းထက် အလွန် ချုံ့လိုက်ကာ သေးကွေးထားမိသည်။

         အရာရာဟာ ခဏ တိတ်ဆိတ်သွားပြန်သည်။ အပြင်မှ သူက တံခါးနားမှာ သူမ ရှိနေတာကို သိ၍ ပြုံးပြီး ကြည့်နေလေမလား။

         “ ဒေါက် . . . . ဒေါက် . . . ဒေါက်. . . . ”

         ဒုတိယအကြိမ် တိုးလျသော တံခါးခေါက်သံ အပြီးမှာ သူမ ဆတ်ခနဲ မတ်တပ် ရပ်လိုက်မိ၏။ အပြင်မှာ အားကောင်းသော သံချောင်းတွေဖြင့် စီမံထားသော သံပန်း ၊ သံတခါး တစ်ခုကို လုံခြုံရေး အာမခံသော့ဖြင့် နေ့စဉ် ဖေဖေ ပိတ်နေကြ ဖြစ်သည်။ ထို့ကြောင့် အခုလို အတွင်းမှ ကျွန်းတံခါးကို ဖွင့်လိုက်ယုံဖြင့် သူ အခန်းထဲကို ဝင်မလာနိုင်ပါ။ သူမ ဖွင့်လိုက်ရင် ကောင်းမလား။ သူ့ကို သူမ မြင်တွေ့ဖူးချင်ပါသည်။

          ချီတုံချတုံ ဖြစ်နေသော သူမ တံခါးကို ပိရိအောင် ပိတ်ထားသော မင်းတုံးကို ဖွင့်ဖို့ စဉ်းစားနေစဉ်မှာ . . . .

         “ ဒေါက် . . . ဒေါက် . . . ဒေါက် . .  ”

        တိုးညှင်းလှသော သူ့ဆီမှာ တံခါးခေါက်သံကို တတိယအကြိမ် ကြားလိုက်ရ၏။ ဆတ်ခနဲ လန့်သွားသော သူမကိုယ် သူမ ရဲစိတ်တင်ကာ အနည်းငယ် ငြိမ်လိုက်ပြီး ကျွန်းတံခါးမှ မင်းတုံးကို ဖွင့်ဖို့ လက်အရွယ်လိုက်မှာ . . .

        “ ဘာလုပ်နေတာလဲ သမီး ”

        သူမရဲ့ အနောက်မှ ဖေဖေ့ အသံ ထွက်ပေါ်လာ၏။

       “ ဟို . . ဟို . . . တံခါးခေါက်သံ ကြားလို့ ဖေဖေ ၊ အဲဒါ . . .  ”

       ဖေဖေက သူမကို နားမလည်သလို ကြည့်ပြီး . . .

      “ တံ  . . ခါး . . ခေါက် . . သံ ”

       ဟု သံယောင်လိုက်ကာ အံ့သြသလို မေး၏။ သူမက ခေါင်းငြိမ့်ပြရင်း . .

       “ ဟုတ်တယ် ဖေဖေ ၊ ခုနက သမီး စာကျက်နေရင်း တံခါးခေါက်သံ ကြားလို့ ထပြီး ဖွင့်ကြည့်မလို့ပါ ”

        ဖေဖေက သူမကို သေချာ ကြည့်ပြီး . . .

        “ မဟုတ်သေးပါဘူး သမီးရယ် ၊ ဘာတံခါး ခေါက်သံမှ ဖေဖေ မကြားပါလား။ တကယ်လို့ တံခါးခေါက်သံ ဆိုရင်လည်း သမီးရယ် ၊ ဖေဖေတို့ကို အရင်နှိုးပါ လို့ ပြောထားတယ် မဟုတ်လား။ သမီးစိတ်နဲ့ သမီး သွားဖွင့်ရင် အန္တရာယ် ရှိတယ် လို့ ဖေဖေ ပြောထားတယ်လေ ”

         “ ဟုတ်ပါတယ် ဖေဖေ ၊  သမီးကလည်း အခုမှ ကြားကြားချင်း ထလာတာပါ။ တံခါးနား ရောက်တော့ ထပ်ပြီး ခေါက်သံ မကြားရတော့လို့ပါ ၊ နောက်ထပ် ထပ်ခေါက်ရင် ဖေဖေတို့ကို လာနှိုးမှာပါ ”

         “ ဒီအချိန်ကြီးမှ ဘယ်သူက လာခေါက်ပါ့မလဲ သမီးရယ် ၊ ဖေဖေလည်း မကြားလိုက်ပါဘူး ”

         “ သမီးကတော့ တကယ် ကြားလိုက်တယ် ဖေဖေ ”

         ဖေဖေက ခေါင်းကို ခါရမ်းရင်း ကျွန်းတံခါး မင်းတုံးကို လက်လှမ်းပြီး ဖွင့်လိုက်လေသည်။ သူမကလည်း သူမ ထင်ထားသလို အပြင်မှာ သူ ရှိနေမယ် အထင်နဲ့ လှေကားကို ကြည့်လိုက်တော့ သူမတို့ အခန်းဝမှာ ဘယ်သူမှ မရှိ။ ဖေဖေက အပြင်ကို တစ်ချက် ကြည့်လိုက်ပြီး လှေကား အပေါ်ဘက် ၊ အောက်ဘက်သို့ ခေါင်းငဲ့စောင်းကာ ကြည့်လိုက်၏။

          “ လာကြည့် သမီး ၊ ဘယ်သူမှ မရှိဘူး ”

          သူမ အနီးနား တိုးကပ်သွားပြီး သံပန်း ၊ သံတံခါးကြားမှ အပြင် လှေကားနေရာကို ကြည့်လိုက်၏။ တိုက် ခြောက်ထပ်လုံးအတွက် ထွန်းထားသော မီးချောင်းက နှစ်ထပ်မှ တစ်ချောင်းနှုန်းဖြင့် ၂ ပေ မီးချောင်း သုံးချောင်းသာ ရှိသည်။ အားကောင်းစွာ လင်းပြမှု မရှိ။ သို့သော် လူတစ်ယောက် ရှိနေသည် ၊ မရှိနေဘူး ဆိုတာကိုတော့ ထိုအလင်းရောင်ဖြင့် မြင်နိုင်စွမ်း ရှိသည်။ ယခုတော့ မှိန်ပြပြ အလင်းရောင် အောက်မှာ လှေကား အပေါ်မှ အောက်သို့ တလျှောက်လုံး ဘယ်သူမှ ရှိမနေ။

         “ တွေ့လား ၊ ဘယ်သူမှ မရှိဘူး ”

        သူမ မယုံနိုင်သလို လှေကား အပေါ်မှ အောက်သို့ ထပ်ကာ ပြူးပြဲကြည့်မိသည်။ တကယ်ကို ဘယ်သူမှ ရှိမနေခဲ့ပါ။ လှေကား တလျှောက်လုံး လူသူ ကင်းမဲ့ကာ တိတ်ဆိတ်ငြိမ်သက်လျက်။

         “ သမီး တကယ်ကို ခုနက အသံကြားလိုက်တယ် ဖေဖေ ”

        “ ညက အေးချမ်း တိတ်ဆိတ်နေတော့ သမီး စိတ်ထင်တာ နေမယ် သမီး ၊ နောက်တစ်ခုက တစ်ခါတလေ အိမ်မြှောင်ရဲ့ အမြီးရိုက်သံက ညဘက် ဆိုတော့ တံခါးခေါက်သံလို ဖြစ်နေတတ်တယ် သမီး ”

        “ အင်း . .  ဒါပေမဲ့ . . . . ”

       “ ကဲ. . . ဒါပေမဲ့တွေ ထားလိုက်တော့။ အခုတော့ ညလည်း နက်ပြီ။ လာ . . . အိပ်တော့ သမီး ”

       သူမကို ဖေဖေက ပုခုံးလေးမှ ပွေ့ကာ သူမ အိပ်ခန်းဆီသို့ ခေါ်လာခဲ့၏။ “ မဟုတ်ဘူး ဖေဖေ ၊ တံခါးခေါက်သံ မကြားခင်မှာ သူ့ရဲ့ ခြေသံလေးတွေ ကြားရသေးတယ်။ နောက်ပြီး ဆေးလိပ်ဘူးကို ရိုက်သံ ၊ ပြီးတော့ မီးခြစ်ပြီး မီးညှိသံ . .  ဒါတွေလည်း ကြားရတယ် ဖေဖေ ” လို့ သူမ ပြောချင်ပေမဲ့ ဖေဖေ နားလည် သဘောပေါက်အောင် သူမ ရှင်းပြနိုင်လိမ့်မည် မဟုတ်။

        “ ကဲ . . . အိပ်တော့နော် ”

        သူမကို စောင်ပါးပါးလေး လွှမ်းပေးရင်း ဖေဖေက နှုတ်ဆက်ကာ ထွက်သွားတော့၏။ သူမရဲ့ စိတ်ထဲမှာတော့ မတင်မကျ ဖြစ်နေမှုက နေရာယူနေတော့သည်။ သူမ သေချာ ကြားလိုက်ရသော ခြေသံ ၊ ဆေးလိပ်သောက်သံ ၊ ပြီးတော့ တံခါးခေါက်သံ ၊ နောက် ဖေဖေ နဲ့ အတူ တံခါးဖွင့်ကြည့်တော့ သု့ရဲ့ အရိပ်အယောင်ကို မတွေ့ရတော့။

          သူ ဘယ်ရောက်သွားတာလဲ။ တုံ့ဆိုင်းသွားသော သူမရဲ့ အချိန်နဲ့ ဖေဖေနဲ့ စကားပြောသံ ကြားလို့ပဲ သူ အမြန် သူ့ရဲ့ အပေါ်ထပ်ကို တတ်သွားတာလား။ အောက်ဘက်ကို ပြန်ပြေးဆင်း သွားတာလား။ ဒါဆိုရင်တော့ သူက အတော်ကို သူရဲဘောကြောင်သူ တစ်ယောက်လို့ သူမ ဖာသာ မှတ်ချက်ချလိုက်၏။ သူ့ကို သူမ ဒေါသ ထွက်သလိုလို ၊ ရယ်ပဲ ရယ်ချင်မိသလိုလိုနဲ့ မမြင်ဖူးသော သူ့အကြောင်း စဉ်းစားရင်း သူမ အိပ်ပျော်သွားလေတော့သည်။



         “ သမီး ပြန်လာပြီ မေမေ ”
 
         ကျူရှင်က ပြန်လာလို့ အိမ်ထဲ ဝင်ဝင်ချင်း သူမ ထုံးစံအတိုင်း အော်ပြောရင်း အခန်းတံခါးကို ဖွင့်ကာ ဝင်လိုက်တော့ အိမ်ထဲမှာ ဧည့်သည် အဖြစ် အပေါ်ထပ်မှ အန်တီကို တွေ့လိုက်ရ၏။ ထို့ကြောင့် ထုံးစံအတိုင်း အော်လိုက်မိခြင်းကို ချက်ချင်း အရှိန်ထိန်းကာ တံခါးကို အသာလေး ပိတ်ပြီး အခန်းထဲကို ယို့ယို့ကလေး ဝင်လာခဲ့သည်။

        “ ဟော . . . သမီးလေးတောင်မှ ကျူရှင်က ပြန်လာပြီကိုး ”

       မေမေ ပြောလိုက်ခြင်း မဟုတ်ပါ။ သူမတို့ အခန်း အပေါ်ထပ်မှ အန်တီက အိမ်ကို လာလည်ရင်း မေမေနဲ့ စကားပြောနေရာမှ လှမ်းပြောခြင်း ဖြစ်သည်။

       “ ဟုတ်ကဲ့ အန်တီ ”

       သူမ ပြန်ဖြေရင်း မေမေ့ ရင်ခွင်ထဲသို့ ခေါင်းတိုးကာ မေမေ့ကို ဖက်ထားလိုက်သည်။ မေမေကလည်း သူမကို ပြန်ဖက်ထားရင်း အပေါ်ထပ်မှ အန်တီ့ကို ဆက်၍ စကားပြော၏။

        “ ကျွန်မတို့ကလည်း အိမ်ထဲက အိမ်ပြင် သိပ် မထွက်တော့ ဘာမှ မသိလိုက်ဘူး အစ်မရယ်။ ဘယ်လို ဖြစ်သွားတာလဲ ကောင်လေးက . . . . ”

        “ သူ့ အလုပ်က အပြန်မှာ သူနဲ့ အတူတူ ပြန်တဲ့ မိန်းကလေးတွေကို အမူးသမားတွေက ဆွဲလား ၊ ရမ်းလား လုပ်လို့ သူက ဝင်ပြီး တောင်းပန် ဖြန်ဖြေတယ်လေ။ ဒါကို ဟိုဘက်က မူးရူးနေတော့ ပြောလို့ မရဘူး။ ဒီမှာ သူတို့ထဲက ပါလာတဲ့ တခြား ကောင်လေးတွေနဲ့ ထိုးကြ ၊ ကြိတ်ကြ ဖြစ်တယ်။ ဒါကို သူက အလယ်ကနေ ဝင်ဆွဲနေရင်း အမူးသမားတွေ ဘက်က ဓါးနဲ့ ထိုးလိုက်တာမှာ သူက ဝင်ဆွဲနေတော့ သူ့ကို ထိုးမိသွားတာ . . .  ”

       “ သြော်. . . ဖြစ်ရလေ အစ်မရယ် ”

       “ ဟုတ်တယ် ၊ ဒီကောင်လေးက တော်တော်ကို အေးရှာတာ။ ဘာဆို ဘာပြဿနာမှ မရှိသလို ၊ လူချစ် လူခင်လည်း အရမ်းပေါတယ်။ ဓါးနဲ့ အထိုးခံရတော့ အမူးသမားတွေလည်း ထွက်ပြေး ၊ သူ့ကိုလည်း ဆေးရုံကို ကားနဲ့ ပို့ဖို့ ချက်ချင်း လုပ်ပေမဲ့ ဆေးရုံထိတောင်မှ မခံလိုက်ပါဘူး။ လမ်းမှတင် ဆုံးသွားတယ် ”

       “ သြော်. . . သနားစရာပါပဲ အစ်မရယ် ”

       “ ဟုတ်တယ်  . . . ”

       မေမေ နဲ့ အပေါ်ထပ်က အန်တီ ပြောနေတာကို သူမ ကြားဖြတ်ကာ နားထောင်ရသူမို့ ဘာမှ နားမလည်ပါ။ သို့သော် အရေးတကြီး ဟန်ဖြင့် စိတ်ဝင်စားစွာ နားထောင်နေသော မေမေ့ မျက်နှာ အမူအရာကြောင့် သူမလည်း ငြိမ်ကာ နားထောင်နေမိသည်။

        “ ဒါနဲ့ သူ့ အသုဘ ကိစ္စတွေကို သူ့မိဘအိမ်မှာပဲ လုပ်တာပေါ့။ ”

       “ ဟုတ်တယ် ကောင်လေးက ရည်ရည်မွန်မွန်လေးပါ။ သူက အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် နေချင်တယ် ဆိုပြီး ဒီမှာ တိုက်ခန်း လာဝယ်နေတာလေ ”

          “ ဘယ်သူလဲ ဟင် အန်တီ ”

          သူမ စိတ်ဝင်စားစွာဖြင့် မေးလိုက်၏။ မေမေ့ကို ဦးတည်ကာ ပြောနေသော အပေါ်ထပ်မှ အန်တီက သူမကို လှည့်ကြည့်ရင်း . . .

         “ အပေါ်ဆုံးထပ် ၆ ထပ်မြောက်မှာ နေတဲ့ ကောင်လေးပါကွယ်။ သမီးထက်တော့ ကြီးတာပေါ့။ ညဘက် တစ်နာရီခွဲလောက်မှာ ပြန်လာတတ်တယ်လေ။ သူက စားသောက်ဆိုင်မှာ သီချင်းဆိုတာ ”

         “ ရှင်. . . ”

         သူမ မျက်ဝန်းတွေ ပြာဝေကာ ခေါင်းတစ်ခုလုံး မူးနောက် သွားသလို ခံစားလိုက်ရ၏။ သူမ နားမလည်ဘူး မသိဘူး အထင်နဲ့ အပေါ်ထပ်မှ အန်တီက ဆက်ရှင်းပြသည်။

         “ ဟုတ်တယ် သမီးလေးရဲ့ ၊ သမီးလေးကတော့ သတိထားမိမှာ မဟုတ်ဘူး။ အင်း . . . တိုက်ခန်းတွေရဲ့ ထုံးစံကလည်း ဒီလိုပါပဲလေ ၊ ကိုယ့်အခန်းထဲမှာ ကိုယ်နေတော့ တစ်ခန်းနဲ့ တစ်ခန်း ဆက်သွယ်မှု ဆိုတာ အရမ်းနည်းတယ်။ ညဘက်ဆိုရင် သူတို့ စားသောက်ဆိုင် သိမ်းအပြီး ပြန်လာတာ ဆိုတော့ တစ်နာရီခွဲလောက်မှ ဒီကို ရောက်လာတတ်တယ်လေ ”

          “ - - - - - - ”

         “ လွန်ခဲ့တဲ့ အပတ်က သူတို့ စားသောက်ဆိုင်မှာ သူများတွေ ရန်ဖြစ်တာကို ဝင်ဆွဲရင်း အမူးသမားတွေရဲ့ ဓါးနဲ့ ထိုးမိပြီး ဆုံးသွားတာကွယ့်။ ”

          ရင်ထဲမှာ လှိုက်မောလာပြီး မေမေ့ကို မေးလိုက်မိ၏။

         “ ဒါ . . . . ဒါဆို . .  မေမေ ၊ အဲဒီ အစ်ကို ဆုံးတဲ့ နေ့ဆိုတာ သမီး နေမကောင် ဖြစ်နေတဲ့ နေ့လား မေမေ ”

         “ အေးပေါ့ သမီးရယ် ၊ သမီး နေမကောင်း ဖြစ်ပြီး အိပ်ယာထဲ လဲပြီး မထနိုင်တဲ့ နေ့မှာ အဲဒီကောင်လေး ဆုံးသွားတာပေါ့။ သမီး အဖျားပျောက်ကာစ နေ့မှာ သူ့အသုဘကို ချတာ . . . ”

         “ ဒါဆို မနေ့က အဲဒီ အစ်ကိုကြီး ရက်လည်ပေါ့နော် ၊ သမီးတို့လည်း မသိလိုက်ပါလား ”

         ထူးထူးခြားခြား ဘာမှ ပြောင်းလဲမှု မရှိတဲ့ သူမတို့ တိုက်ခန်းတွဲကို ရည်ညွှန်းကာ သူမ မေးလိုက်၏။

         “ ဒါတော့ ဟုတ်တယ် သမီးလေးရဲ့။ သူ့ရဲ့ အသုဘရော ၊ ရက်လည်ကိုရော သူ့တို့ မိဘ အိမ်မှာ လုပ်ကြတာကိုး။ ဒီတိုက်ခန်းကို အခန်းတံခါး လာပိတ်သွားတာက လွဲလို့ ဘာမှ မလုပ်ကြတော့ ဒီတိုက်ခန်းက တချို့လူတွေ မသိကြဘူးလေ။ အခုတောင်မှ အန်တီနဲ့ သမီးလေး မေမေ စကားစပ်မိလို့ ပြောဖြစ်ကြတာ . . . . . . . . . . . ”

        ပြီးတော့ . . . . ပြီးတော့ ဆက်ပြောနေသော မေမေ နဲ့ အပေါ်ထပ် အခန်းမှ အန်တီတို့ အသံတွေကို သူမ မကြားတော့ပါ။ မနေ့က သူ့ရဲ့ ရက်လည်နေ့ ဖြစ်သည် တဲ့။

      သူ ဒီတိုက်ခန်းလေးကို သူ သေဆုံးသွားတာတောင် နေ့တိုင်း လာနေခဲ့တယ် ဆိုတာ သူ့ရဲ့ ခြေသံလေးတွေကို သူမ နေမကောင်းတာတောင်မှ အိပ်ယာထဲကနေ ကြားနေရတာ မဟုတ်လား။ ဒီအခန်းလေးထဲက သူမကတော့ နေ့တိုင်း ည တစ်နာရီခွဲ ဝန်းကျင်မှာ လှေကားထစ်လေးတွေပေါ် သူ့ရဲ့ မနှေးလွန်း ၊ မမြန်လွန်းသော ခြေလှမ်း တစ်စုံ နှင့် လှမ်းတတ်သွားသံကို ပီပီသသကို ကြားနေခဲ့ရပါသည်။

        မနေ့ကလည်း သူတတ်လာသော ခြေသံတစ်စုံကို သူမ အခန်းတံခါးကို နားဖြင့် ကပ်ကာ သေချာစွာ နားထောင်ခဲ့ရ၏။ သူ့ရဲ့ လုပ်နေကျ အတိုင်း စီးကရက်ဘူးကို တဖတ်ဖတ် ရိုက်ကာ ၊ ချွင်ခနဲ အသံ မီးခြစ်ဖြင့် မီးညှိကာ ဆေးလိပ်သောက်သံကိုလည်း သူမ တကယ်ကို နားဖြင့် ကြားခဲ့ရခြင်း ဖြစ်၏။ ပြီးတော့. . . . ပြီးတော့ . . .

       သူမ ကပ်နားထောင်နေသော ကျွန်းတံခါးကို သူ့လက်ဖြင့် ခေါက်ကာ အချက်ပေး သွားသေး၏။ ထိုသို့ တံခါးကို ခေါက်တာ သူမကို သူက နှုတ်ဆက်သွားတာလား ၊ သူမက သူ့ကို နေ့တိုင်း စောင့်ပြီး သူ့ရဲ့ ခြေသံလေးကို နားထောင်နေတယ် ဆိုတာကို သူ သိတယ် လို့ ဆိုချင်တာလား သူမ တကယ်ကို နားမလည်နိုင်စွာ မသိနိုင်ခဲ့တော့ပါ။

       သူမ သိတာ တစ်ခုသာ ရှိတော့၏။ သူမသည် ညဘက် ဆိုရင် တိုက်ခန်းတွဲများရဲ့ ဘုံဖြစ်သော လှေကားထစ်များမှာ သူ့ရဲ့ ခြေသံလေး တစ်စုံကို အဲဒီနေ့ နောက်ပိုင်းကတည်းက လုံးဝ မကြားရတော့တာပါပဲ။ ထိုနေ့က သူမရဲ့ တံခါးကို ခေါက်ခဲ့ခြင်းသည် သူ့ရဲ့ ရက်လည်နေ့ ဖြစ်လို့ သူမကိုလည်း သူက နှုတ်ဆက်သွားတာ ဖြစ်ပေလိမ့်မည်။



        တစ်ခါကတော့ သူမတို့ တိုက်ခန်းတွဲ လှေကားမှာ ညဘက် တစ်နာရီခွဲ ဝန်းကျင် ဆိုရင် လှေကားပေါ်ကို မနှေး မမြန်သော နှုန်းဖြင့် လှမ်းတတ်လာသော ခြေသံလေး တစ်စုံ ရှိခဲ့ဖူးပါသည်။ ထိုခြေသံလေး တစ်စုံသည် . . . 

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”

         “ ရှပ် . . . ရှပ် . . . ရှပ် . . . ”


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

25 December 2010

10 ကျွန်တော့်ရဲ့ ဒီဇင်ဘာ




         ဒီဇင်ဘာ . . . တဲ့။

       ကျွန်တော့် အတွက်တော့ ၃၁ ရက်ဖြင့် ကုန်ဆုံးသော လပေါင်း ခုနစ်လထဲမှာ ပါဝင်သော လတစ်လ ဟုသာ သိခဲ့ရပါသည်။ ကျွန်တော့် အပေါ်မှာ သူက ထူးထူးခြားခြား မရှိခဲ့သော်လည်း ကျွန်တော်နှင့် ပတ်သတ်သူများ အပေါ်မှာတော့ ထူးခြားခဲ့ဖူးသည်။

       တချို့ အတွက်တော့ Sweet December ဟု ဆိုကြသည်။ သူတို့ အတွက် ချိုမြိန်ခဲ့ရင်တောင်မှ ကျွန်တော့် အတွက်တော့ ဒီဇင်ဘာဟာ မချိုမြိန်ခဲ့ပါဘူး။ ခင်မင်ရသော သူငယ်ချင်းပေါင်း များစွာ ဒီလမှာ အဝေးသို့ ခွဲခွာသွားကြသည်။  တကယ့် ညီအစ်ကို မောင်နှမ လို ခင်မင်ရသော အွန်လိုင်းမှ မောင်နှမများ နှင့် ခွဲခွာခဲ့ရသည်။ ချစ်သော သူတွေနဲ့ ခွဲခွာခဲ့ရသည် ၊ ခွဲခွာရဦးမည် ၊ ခွဲခွာလတ္တံ။

       Blogspot.com ဆိုတာရဲ့ အရှေ့မှာ zaw357 ဆိုတာလေးကို တပ်ပြီး ဘလော့လေး စဖွင့် ဖြစ်ခဲ့တာ September 2008 ရဲ့နေ့ရက်တစ်ခုမှာ . . . ။ ဒါပေမဲ့ ကျွန်တော် ပို့စ်မရေးဖြစ်ခဲ့ပါ။ စာရွက်မှာသာ ချရေးတတ်သော ကျွန်တော့်အတွက် ဘာချရေးရမယ်မှန်း မသိခဲ့ပါ။ ဒါနဲ့ပဲ ဘလော့ပေါ်မှာ စာဆိုပြီး စိတ်ကူးတည့်ရာ ချရေးမိတာက အလုပ်ပိတ်ရက် ဖြစ်တဲ့ ၂၅ ရက်နေ့ ဒီဇင်ဘာလမှာ ဖြစ်၏။ ပထမဦးဆုံး ပို့စ် ဆိုတော့လည်း ဘာမှလည်း နားမလည်သလို ၊ ဘယ်ဘလော့ကိုမှလည်း လိုက်မဖတ်တတ်ပါ။

      ဒီဇင်ဘာ ၂၅ ရက်နေ့ရယ်လို့ သတ်သတ်မှတ်မှတ် ဘလော့ ရေးဖြစ်ခဲ့တာ မဟုတ်ပါ။ စိတ်ကူး ပေါက်ရာ စိတ်ကူး ရှိရာလေးကို ချရေးကာ ဘလော့ရေးတော့မည် ဟု ဆိုကာ ဘလော့ စရေးဖြစ်ခဲ့တဲ့ နေ့လေး တစ်နေ့ပါပဲ။ ဒီဇင်ဘာရဲ့ ရက်ပေါင်း ၃၁ ရက်မှာ ဒီနေ့လေး တစ်နေ့သာ ကျွန်တော့် ဘဝအတွက် အမှတ်တရ နေ့လေး တစ်နေ့ ဖြစ်သည်ဟု ဆိုရမည်။

     September 2008 က စဖွင့်ခဲ့သော ဘလော့လေးကို December 25 မှာ စပြီး ပြင်ဆင် ရေးသား ဖြစ်ခဲ့တာ အခု December 25 မှာဆိုတော့ ဘလော့ ရေးသက် ၂ နှစ်ပြည့် ပြန်ပါရောလားဗျာ။ ဒီနှစ်နှစ် အတောအတွင်းမှာ ကျွန်တော် ဘလော့ပေါ်မှာ ကောင်းတာတွေချည်းပဲလည်း မဟုတ်ပါဘူး။ ကျွန်တော် စိတ်ကူးပေါက်ရာကို စိတ်ကူးပေါက်သလို ချရေးခဲ့ပါသည်။ တချို့ကို တိုက်ရိုက် ၊ တချို့ကိုတော့ အားမတန်၍ သွယ်ဝိုက်ကာ ရေးခဲ့ပါသည်။

        ဘယ်လိုပဲ ဖြစ်နေပါစေ . . . အချိန်ပေး၍ ဖတ်ရှု့ပေးသူ အားလုံးကို ကျေးဇူးတင်ပါသည်။

ပျော်ရွှင်ကြပါစေ။

လေးစားစွာဖြင့်
ကိုဇော်
.

Share/Bookmark

24 December 2010

9 ဖြစ်ချင်ခဲ့သော ၊ ဖြစ်မလာခဲ့သော ( Tag )



      ကျွန်တော်သည် ဤကမ္ဘာ လောကကြီး အတွက် မသိကိန်း တစ်လုံးသာ ဖြစ်သည်။ မသိကိန်းတို့ရဲ့ ထုံးစံအတိုင်း  ကျွန်တော့်ကိုယ် ကျွန်တော် X ဟု နာမ်စား သုံးချင်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် X ဖြစ်ပါသည်။



      ကျွန်တော် နှစ်သက်သော အိမ်ခေါင်မိုးပေါ်ကို မိုးစက်တွေ တဝုန်းဝုန်းကျနေတဲ့ အချိန်မှာ ထိုအသံတွေကို ကျွန်တော် နားစွင့်ရင်း လူသား တစ်ဦး၏ ပေါင်ပေါ်တွင် ကျွန်တော် ခေါင်းအုံးကာ သူပြောပြသော ပုံပြင်များ ၊ အဖြစ်အပျက်များကို နားထောင်နေမိ၏။ ထိုသူသည် လူသား ဖြစ်သော်လည်း လူတစ်ယောက် အသွင်အပြင် မဟုတ်ပါ။ အဘယ့်ကြောင့် ဆိုသော် ထိုသူသည် ရဟန်း တစ်ပါးမျှသာ ဖြစ်ပါသည်။ ပို၍ တိတိကျကျ ဆိုရင် ထိုသူသည် ကျွန်တော့် အဖွားရဲ့ အစ်ကို ဝမ်းကွဲတော်သူ တစ်ယောက် ဖြစ်သည်။

       သူသည် ပဲခူးမှာ ရှိသော ဘုန်းကြီးကျောင်းတစ်ခုမှ ထိုစဉ် အခါက စာပြ ရဟန်း တစ်ပါးမျှသာ ဖြစ်၏။ အခုတော့ ကျောင်းထိုင် ဆရာတော် ဖြစ်၍ နေပေပြီ။ နက္ခတ် ၊ ဗေဒင် ၊ အတိတ်တဘောင်တွေကို နှံ့စပ် ကျွမ်းကျင်သော ရဟန်း ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည်။ သူ့ကို ကျွန်တော်က မှားနေမှန်း သိသော်လည်း ငယ်စဉ်ကတည်းက ကျင့်သားရနေသော အခေါ်အဝေါ်ဖြင့် “ အဖိုးလေး ” ဟုသာ ဆက်လက်၍ ခေါ်ပါသည်။ 

        အဖိုးလေး ဆီကို အလည်သွားတိုင်း ( သို့မဟုတ် ) ရန်ကုန်ကို ကိစ္စ ရှိလို့ အဖိုးလေး ရောက်လာတိုင်း ကျွန်တော်တို့ အိမ်ကို ဝင်ရောက်ပါသည်။ ထိုအခါ ကျွန်တော်က အဖိုးလေး ပေါင်ပေါ်မှာ ခေါင်းအုံးက အဖိုးလေး ပြောသမျှ ရှေးဟောင်း နှောင်းဖြစ်တွေကို ငြိမ်ပြီး နားထောင်နေလေ့ ရှိသည်။  အဖိုးလေးက ကျွန်တော့်ကို သူ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ ၊ ဗဟုသုတတွေ ၊ သိမှတ်ဖွယ်ရာတွေ ပြောပြယုံတင် မကပါဘူး။ ကျွန်တော်ရဲ့ လက်ကို ဆွဲကာ ဘယ် ညာ လက်ဖဝါးမှ အရေးအကြောင်းတွေကို ကြည့်ရင်းဖြင့် လည်းကောင်း ၊ တစ်ခါတလေ ကျွန်တော့်ရဲ့ မွေးရက် ၊ မွေးလတွေကို မျဉ်းကြောင်း ၊ ဂဏာန်းများဖြင့် ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား လုပ်ကာ ပါးစပ်ကလည်း တတွတ်တွတ် ရေရွတ်နေလေ့ ရှိသည်။

        ပြီးရင်တော့ အဖိုး ဘာလုပ်နေတာလဲ ကျွန်တော် မေးရင် ကျွန်တော့်ကို ပြန်မဖြေနိုင်ဘဲ မေမေ နဲ့ အဖွားကို သတိပေးသလိုနဲ့ လှမ်းပြောလေ့ ရှိ၏။

       “ ငါ့မြေးက မသိကိန်း အထိုင်သမားဟေ့။ သူတို့လို လူတွေက  ၁ နေရာမှာ ထိုင်နေရင် ထိုင်နေရမှ ဒါမှ မဟုတ်ဘူး ဆိုရင်တော့ နံပါတ် ၂ မှာ ဆိုပြီး ရောင့်ရဲ တင်းတိမ်တတ်သူတွေ မဟုတ်ဘူး။ “ ၁ ” သာ မဖြစ်ရဘူး ဆိုရင် သူတို့က ဟိုဘက် “ ၂  ” ကိုတော့ အရောက်မခံဘူး ၊ ဒီဘက်မှာ ရှိတဲ့ “ ၀ ” ဘက်ကိုပဲ သွားမယ် ဆိုတဲ့ စိတ်မျိုး။

        “ အကောင်းဆုံး ဖြစ်ရင် ဖြစ် ၊ အကောင်းဆုံး မဖြစ်ရင် အဆိုးဆုံး လုပ်မယ် ” ဆိုတဲ့ စိတ်ဓါတ်မျိုး။ လူကောင်း ဖြစ်ရင် ဖြစ် ၊ မဖြစ်ရင် လူဆိုး ဆိုပြီး ဖြစ်မယ် ၊ သာမာန် သူလို ငါလိုနဲ့တော့ ပြီးသွားမဲ့ လူမျိုး မဟုတ်ဘူးဟ။ သူ့ကို ဂရုစိုက် သူက မသိကိန်း ဂဏာန်းသမား ”

         လို့ ပြောလေ့ ရှိပါသည်။ သို့သော် ကျွန်တော်က ငယ်ရွယ်လွန်း နေသောကြောင့် ဘာဆို ဘာမှ နားမလည်ခဲ့ပါ။



          ကျွန်တော်သည် မသိကိန်း တစ်လုံးသာ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့်ကို X ဟုသာ သတ်မှတ်စေချင်ပါသည်။

         ကျွန်တော် ငယ်ငယ်က ရူးရူးမိုက်မိုက် ဖြစ်ချင်ခဲ့တာ တစ်ခုတည်းပဲ ရှိခဲ့ပါသည်။ အဲဒီတုန်းက ကလေးမို့လို့ ဒီလို စိတ်ကူးမျိုး ဖြစ်ပေါ်ခဲ့တာ လို့လည်း ပြောလို့ ရပါသည်။ ကျွန်တော် ငယ်ငယ်က သူများ ကလေးတွေလို စက်ရုပ်ကြီးတွေ ၊ ကားတွေ ၊ အရုပ်တွေ ဆိုတာထက် ကိုယ် နှစ်သက်သော အရာမှာ “ သေနတ် ” သာ ဖြစ်သည်။

         မွေးရာပါ ဗီဇ ပါလာလား မပြောတတ်ပါ။ လမ်းဘေးမှာ အရုပ်ကလေးကို ထောင်ကာ ပိုက်ဆံ ငါးမူးပေးကာ ပစ်ရပြီး ထိရင် ၅ ကျပ် တန် ပစ္စည်း ရသော လမ်းဘေး အရုပ်ရောင်းသော လူကြီးဆီမှာလည်း ကျွန်တော် ဝင်၍ စမ်းဖူးပါ၏။ ကျွန်တော်က ငါးမူး ပေးတိုင်း သူက ကျွန်တော့်ကို ၅ ကျပ်တန် ပစ္စည်းများ ပြန်ပေးရလေ့ ရှိသည်။

      ထို့နောက် . . ကျွန်တော်တို့ ခေတ်မှာ Happy World သာ ရှိပါသေးသောကြောင့် ကျွန်တော် ထိုနေရာကို သူငယ်ချင်းများနှင့် သွားဖြစ်ရင် ကျွန်တော် တိုက်ကား မစီးပါ ၊ တခြားသော အရုပ်တွေလည်း ညှပ်ကာ မယူပါ ၊ ကျွန်တော် စိတ်ဝင်စားတာက တစ်နေရာသာ ရှိသည်။ ထိုနေရာသည် ပိုက်ဆံဖြင့် လဲထားသော ကွိုင်လေးထည့်ကာ ပစ်ရသော သေနတ်ပစ်ခန်းပင် ဖြစ်သည်။

        ထိုနေရာကတော့ ဆင် ၊ ကျား ၊ မြွေ အစုံ ရှိနေသော တောကြီးလို လုပ်ထားသော နေရာထဲမှာ LED မီးနီလေးတွေ ထွန်းထား၏။ ထိုနေရာကို ကိုယ်စားပြုသော ဆင်ဆိုရင် သူ့နဲ့ သတ်ဆိုင်သော မီးလုံးလေးကို လေဆာဖြင့် ထိရင် ထိုဆင်သည် လှုပ်ရှား၍ ပြ၏။ ထိုကဲ့သို့ ၁၀ ကြိမ် မီးနီလေး ပြထားသော နေရာကို ထိအောင် ပစ်ရ၏။ ၁၀ ကြိမ်ထိရင် နောက်ထပ် ၁၀ ကြိမ် Timer ဖြင့် ထပ်ပစ်ရလေသည်။ သူပေးထားသော အချိန် အတိုင်းအတာ အတွင်းမှာ နောက်ထပ် ၁၀ ကြိမ် ၊ စုစုပေါင်း အကြိမ် ၂၀ ထိခဲ့ရင် ဆုအဖြစ် အရုပ်ကြီး တစ်ခုကို လက်ဆောင် ရပါသည်။

        ကျွန်တော့် လက်ထဲ သေနတ်ရောက်လာရင် စိတ်ကူးထဲမှာ ပေါ်နေတဲ့ ပစ်မှတ်ကို ထိအောင် ကျွန်တော် ပစ်နေကြ ၊ ကျွန်တော်က ထိုသို့ စမ်းသပ်ပွဲများမှာ လက်ဆောင်များစွာဖြင့် ကျေနပ် ပျော်ရွှင် ခဲ့ရဖူးပါသည်။ နောက်တော့ ထိုလူများသည် ကျွန်တော့်ကို မြင်ရင် “ ညီလေးရယ် အစ်ကိုက စီးပွားရေး လုပ်နေတာ ညီလေးရဲ့။ ငါ့ညီကို အစ်ကို မုန့်ဝယ်ကျွေးပါ့မယ်။ ဝင်တော့ မပစ်ပါနဲ့ ” ဟု ဆိုကာ လမ်းဘေးမှ လူကြီးကလည်း ပြောလာခဲ့သည်။ Happy World မှာတော့ ကျွန်တော် ထိုနေရာကို ပစ်မယ် ဆိုပြီး သွားရင် သူများတွေ ပစ်နေတုန်းက အကောင်း ၊ ကျွန်တော် ရောက်သွားရင် စက်ပျက်နေသည် ဟု ဆိုကြ၏။

         ဒါနဲ့ ပိုက်ဆံဖြင့် လဲထားသော သူတို့ဆီမှ သုံးရသော ကွိုင်ပြားလေးကို ကိုင်ကာ ကျွန်တော် သုံးကြိမ် တိုင်တိုင် ပြန်လာခဲ့ဖူးသည်။ နောက်တော့ ကျွန်တော် ထိုကစားကွင်းတွေဆီကို မရောက်တော့ပါ။ ဒီအချိန်မှာပဲ ကံကောင်း ထောက်မစွာ ကျွန်တော် သူငယ်ချင်း တစ်ယောက်ရဲ့ ခေါ်ဆောင်မှုဖြင့် “ တောင်ဥက္ကလာမှာ ရှိသော လေသေနတ်ပစ်ကွင်း ” သို့ ရောက်သွားပါ၏။

       ထိုအချိန်က ပိုက်ဆံ ၅ ကျပ် ဖိုးဝယ်မယ် ဆိုရင် ခဲကျည်ဆံ ၁၀ တောင့်ရသော ခေတ်ဖြစ်သည်။ ခဲကျည်ဆံတွေက ပုံစံ လှလှပပ ကောင်းကောင်းလေးတွေ ဖြစ်ပေမဲ့ ကျည်ဆံ ၅ ကျပ် ဖိုးဝယ်လို့ တွဲပစ်ကာ ကစားခွင့်ရသော သေနတ်တွေကတော့ လွန်စွာမှ စုတ်ပြတ်လွန်းလှသည်။ ပစ်မှတ်ပုံစံ စက္ကူကိုလည်း အသစ် တစ်ရွက်သာ ပေးသည်။ ထိုစက္ကူကို ပစ်မှတ်တစ်ချက် မှန်သွားရင် နောက်ထပ် အကောင်းအတိုင်း ဖြစ်စေရန် အနောက်မှ တခြားသော ပစ်မှတ် အဟောင်းများဖြင့် ခံကာ ပစ်မှတ်ကို အပေါက်ပျောက်အောင် လုပ်ရ၏။ ထိုပစ်မှတ်ကို နောက်တစ်ကြိမ် ထပ်ပစ်ရလေတော့သည်။

        ထိုပစ်မှတ်ကို လှလှပပ ခဲသီးလေးနဲ့ ပစ်တာတောင်မှ သေနတ်၏ ကောင်းမှုကြောင့် အလယ် ပစ်မှတ်ကို ချိန်ရင် ဘေးဘက်ဘေး ၊ အပေါ် ၊ အောက် ၂ ပေ လောက်ကို ထိ၏။ ၃ ချက်လောက် ပစ်ပြီး ပြင် ပစ်ပြီးမှ ပစ်မှတ်ရဲ့ စက်ဝိုင်းထဲကို ထိတွေ့ခွင့် ရလေတော့သည်။ သို့သော် အလယ်ဗဟိုကို မဟုတ်။ ကျွန်တော် ရသမျှ မုန့်ဖိုးတိုင်းက ထိုအချိန်မှာ ခဲသီး ဝယ်ဖို့သာ ဖြစ်နေလေတော့သည်။ သို့သော် ကျွန်တော် အလွန်ပျော်သည်။ လေသေနတ် ပစ်နေရသော အချိန်ဟာ ကျွန်တော့် အတွက် စိတ်အငြိမ်ဆုံးသော အချိန်သာ ဖြစ်သည်။

          ထိုလေသေနတ်ကွင်းကို ဝင်ဝင်ချင်း အခန်းမှာ ကျွန်တော်တို့လို သာမာန်လူတွေ ပိုက်ဆံပေး၍ ခဲကျည်ဆံ ဝယ်ပြီး ပစ်၍ ရသော သေနတ် ၅ လက်ဖြင့်သာ ကျင်လည်စေ၏။ ထိုမှ ကျော်လွန်သွားရင် လေသေနတ် အကောင်းစား ၊ အပျံစားများဖြင့် ပြိုင်ပွဲဝင်များ လေ့ကျင့်နေသော အခန်းကို ရောက်သွား၏။ ကျွန်တော်တို့မှာ ဝင်ခွင့် မရှိပါ။ သို့သော် လှမ်းမြင်နေရသော ဘေးမှ ခပ်လှမ်းလှမ်း ငေးကြည့်ခွင့်တော့ ရှိသည်။ သူတို့ရဲ့ လေသေနတ်များကား အလွန်မှ ကောင်းလှသည်။ ထိုသေနတ်ဖြင့် တစ်ခါလောက် ပစ်ခွင့်ရရင် ကျေနပ်ပြီဟု ကျွန်တော် တောင့်တခဲ့ဖူးသည်။

        တစ်နေ့တော့ ကျွန်တော့်ရဲ့ တောင့်တမှု ပြည့်စုံခဲ့ပါသည်။ နေ့စဉ် ကျူရှင် အားချိန်တိုင်းမှာ ရောက်ခဲ့သော လေသေနတ်ပစ်ကွင်းမှ ပြိုင်ပွဲဝင် အစ်ကိုကြီး တစ်ယောက်နှင့် ရင်းနှီးကာ သူ့ရဲ့ သေနတ်ကို ကိုင်ခွင့် ၊ ပစ်ခွင့် ရခဲ့ပါသည်။ ခဲသီးဝယ်ပြီး ပစ်ရသော လေသေနတ်လို ပေါ့ရွှတ်ရွတ် ဖြစ်မနေပါ။ နင့်နင့်လေးလေး နှင့် လွန်စွာမှ ချိန်လို့ ကောင်းပါသည်။ လေသေနတ်ကို ဘယ်ဘက်လက်ပေါ်မှာ တင်ထားပြီး ခါးလေးကို အနည်းငယ် ကော့စောင်းထားရသော ဟန်နှင့် အလေးချိန်ကိုက လိုက်လျောညီထွေ ရှိလှသည်။ ပထမဦးဆုံး ထိုသေနတ်က ထွက်သွားသော ကျည်ဆံကိုက ပစ်မှတ်၏ ဒုတိယကွက် မျဉ်းလေးကို ထိလေတော့သည်။

        ထိုနေ့က ပစ်ပြီးတော့ ကျွန်တော့်ရဲ့ ပစ်မှတ်များကို ကြည့်ပြီး ထိုအစ်ကိုကြီးက ဝမ်းသာ အားရဖြင့် “ ညီလေးက ဘယ်အသင်းကနေ ကစားတာလဲ ” ဟု မေးခဲ့သော်လည်း ကျွန်တော် သူ့အမေးကို နားမလည်သောကြောင့် ပြန်မဖြေနိုင်ခဲ့ပါ။ ကျွန်တော် ဝေဝေဝါးဝါး ဖြစ်နေခဲ့ပါသည်။ အိမ်အပြန်မှာ ထိုဝေဝေဝါးဝါး အမေးကို ကျွန်တော့် အဖေကို ပြန်ပြောပြ အပြီးမှာ ကျွန်တော့်ကို ဖေဖေက ထိုတောင်ဥက္ကလာ လေသေနတ်ပစ်ကွင်းသို့ သွားခွင့် မပြုတော့ပါ။

        ကျွန်တော်ရဲ့ ပစ်ချင် ၊ ခတ်ချင်သော စိတ်နဲ့ လက်များ အတွက် အိမ်မှာ လေသေနတ်တု ပလတ်စတစ် သေနတ်နဲ့ အခန်းထဲမှာ ပစ်မှတ်များ ဖေဖေ လုပ်ပေးခဲ့ပါသည်။ သို့သော် ကျွန်တော် တောင်ဥက္ကလာ လေသေနတ် ပစ်ကွင်းထဲမှာ ပစ်ရတာလောက် မပျော်ပါ။ သို့သော် ဖေဖေ့ကို ကတိပေးထား၍ ကျွန်တော် နောက်ထပ် တစ်ခါမှ မသွားဖြစ်တော့ပါ။

         ဒါကြောင့် လေသေနတ်နဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ်နေတဲ့ ကျွန်တော်ဟာ ၁၉၉၄ ခုနစ် ကျိုက်ထီးရိုး တက်စဉ်မှာတော့ လေသေနတ်တွေကို ထမ်းကာ တောင်ပေါ်ကို တက်သွားသော လူတစ်စုကို တွေ့လိုက်ရပါသည်။ တောင်ပေါ်မှာ လေသေနတ်ဖြင့် ကျေးငှက်တွေကို ပစ်မလို့ ထင်တယ် ဆိုကာ ကျွန်တော် သူတို့ကို အံ့သြမိခဲ့ပါသည်။ သို့သော် ထိုအံ့သြခြင်းဟာ အလွဲ ဖြစ်ခဲ့ရပါ၏။ တကယ်တော့ ကျိုက်ထီးရိုး တောင်ပေါ်မှာ ပိုက်ဆံပေး၍ ခဲကျည်ဆံ ဝယ်ကာ ပစ်၍ ရသော နေရာလေး တစ်ခု ထိုစဉ်က ရှိခဲ့ပါသည်။

         ရန်ကုန်မှာ ၅ ကျပ် ဖိုး ခဲကျည်ဆံ ၁၀ တောင့် ရသော အချိန်မှာ ကျိုက်ထီးရိုးတောင်ပေါ်မှာ ၂၀ ကျပ်ဖိုး ၁၅ တောင့်သာ ရပါသည်။ သို့သော် သေနတ်ကို တွေ့ရင် မနေနိုင်သော ကျွန်တော်က ထိုစဉ်က ဈေးကြီးသော ခဲကျည်ဆံကို ဝယ်ကာ အပျင်းပြေ ပစ်ခတ်ခဲ့ပါသေး၏။ ကျွန်တော် ဝယ်ထားသော ခဲကျည်ဆံ ၁၅ တောင့်ကို မောင်းချောင်ကာ ပြောင်းလှုပ်နေသော သေနတ်စုတ်ဖြင့် ပစ်နေတုန်း ကျိုက်ထီးရိုး ဘုရားပေါ်ကို လေသေနတ်တွေဖြင့် တက်လာသူ လူတစ်စု လေသေနတ် ပစ်ကွင်းထဲကို ဝင်လာတာကို တွေ့လိုက်ရပါသည်။

         ထိုလူများသည် ပစ်ကွင်းကိုသာ အသုံးပြုချင်သည် ဟု ဆို၏။ သူတို့ သေနတ် ၊ သူတို့ ခဲကျည်ဆံ ဖြင့်သာ အသုံးပြုမည်ဟု ဆိုပါသည်။ ကွင်းငှားခ သီးသန့် ပေးမည်ဟု ဆိုကာ သဘောတူညီ နေကြပါသည်။ ကျွန်တော် သူတို့ရဲ့ လေသေနတ်ကို အလွန်ကို သဘောကျပါသည်။ ကျွန်တော် သူတို့ ဘယ်လို ပစ်မလဲ ဆိုပြီး ခဏ စောင့်ကြည့်တော့ သူတို့ ပစ်မှတ် စာရွက်လေးဖြင့် မပစ်ကြပါ။ ဖယောင်းတိုင် တစ်တိုင်ကို ဘုံထွန်းကာ သူတို့ သူငယ်ချင်း သုံးယောက် တစ်ယောက် တစ်ချက်စီ ပစ်ကြပါသည်။ သူတို့ရဲ့ အဓိက ပစ်မှတ်ဟာ ဖယောင်းတိုင် မဟုတ်ပါ။ ဖယောင်းတိုင်ရဲ့ မီးတောက်သာ ဖြစ်ပါ၏။

       သို့သော် သူတို့ထဲမှ တစ်ယောက်သည် ကျွန်တော့် အထင် သာမာန်မဟုတ်ဘဲ အနည်းငယ် မူးရစ်နေမည် ဟု ထင်မိပါသည်။ ထို့ကြောင့် ဖယောင်းတိုင် မီးကို မဆိုထားနှင့် ၊ ဖယောင်းတိုင်ရဲ့ ဝန်းကျင်နေရာကိုတောင်မှ မထိပါ။ အတန်ကြာသော အခါ သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်ဟု ကျွန်တော် ထင်သော အစ်ကိုကြီးက “ မင်း  . . တော်တော့ ၊ ထိမှာလည်း မဟုတ်ဘူး ” ဟု ဆိုကာ သူ့သူငယ်ချင်းကို ရပ်ခိုင်းလိုက်ပါသည်။ သူတို့ ပစ်နေကြသော ဖယောင်းတိုင်လေးကို ကြည့်ကာ ကျွန်တော် ထိုခေါင်းဆောင် အစ်ကိုကြီးကို ခွင့်တောင်းလိုက်မိ၏။

       “ အစ်ကို ၊ ကျွန်တော် အစ်ကိုတို့နဲ့ ဝင်ပစ်လို့ ရမလား ”

       ကျွန်တော့်ကို သူ အံ့သြသလို လှည့်ကြည့်ပြီး . . .

       “ ပစ်လေကွာ ၊ အစ်ကိုတို့ကလည်း ပျင်းနေတာပဲ ၊ အဖော်ရတာပေါ့ ”

       ဟု ဆိုကာ ကျွန်တော့် လက်ထဲမှာ ခပ်စုတ်စုတ် လူတိုင်းသုံးနေသော လေသေနတ်လေးကို တစ်ချက် ကြည့်ပါသည်။ ကျွန်တော် လေသေနတ်လေးကို တစ်ချက် ပင့်တင်လိုက်ပြီး ဖယောင်းတိုင်လေးကို ချိတ်လိုက်သည်။ ဒီလေသေနတ်က ပြောင်းလှုပ်ကာ မောင်းချောင်နေပါ၏။ သို့သော် ကျွန်တော် ၇ ချက် ပစ်ခဲ့ပြီးပါပြီ။ ဒါကြောင့် ထိုလေသေနတ်၏ အထာကို သိနေပြီဟု ဆိုနိုင်ပါသည်။ ထိုသို့ ဖယောင်းတိုင်လေးကို ချိန်နေချိန်မှာ အရာရာဟာ ခဏ တိတ်ဆိတ်သွားသလို ခံစားရ၏။

        “ ဖောင်း . . .  ”

       ဆိုသော အသံနှင့် အတူ ဖယောင်းတိုင်ရဲ့ မီးတောက်လေးကို မထိပါ။ သို့သော် ရုတ်ခနဲ ဖယောင်းတိုင်လေး လွင့်ထွက်သွားသည်။ ကျွန်တော် ပစ်တာကို စောင့်ကြည့်နေသော ထိုအစ်ကိုကြီးက ကျွန်တော့် ပုခုံးကို ပုတ်လျက်  . . .

         “ ငါ့ညီက ဘယ်ဆိုးလို့လဲ ”

         ဟု ဆိုသည်။ ပြီးတော့ ကျွန်တော့်ရဲ့ လက်ထဲမှာ ဆိုင်သုံး လေသေနတ်ကို ပြန်ပေးခိုင်းပြီး သူ့သူငယ်ချင်းရဲ့ လေသေနတ်နဲ့ ပစ်စေပါသည်။ ထို့နောက်မှတော့ ထိုအစ်ကို နဲ့ ကျွန်တော် အလွန်ကို ခင်မင်ခဲ့ပါသည်။ သို့သော် သူ့ကို ကျွန်တော် မသိသလို ၊ သူလည်း ကျွန်တော့်ကို မသိပါ။  နောက်တော့လည်း သူက ဘယ်အချိန် ပြန်သွားသည် မသိပေမဲ့ ၊ ကျွန်တော်တို့ရဲ့ ခရီး နှစ်ညအိပ် ၊ သုံးရက်ခရီးမှာ ခဏတာ တွေ့ဆုံခွင့်ရပြီး ကျွန်တော်တို့ ခွဲခွာခဲ့ပါသည်။

         အပြန်ခရီးလမ်းမှာမှ ကျွန်တော့် သူငယ်ချင်းနဲ့ စကားစပ် ပြောမိပါ၏။ သူက ဆိုသည် ကျွန်တော်နှင့် အတူတူ လေသေနတ်ပစ်သော အစ်ကို ကို သိလား ဟု ဆိုသည်။ တကယ်ကို ကျွန်တော် မသိပါ။ ဒါကြောင့် မသိဘူး ဟုသာ ဖြေခဲ့ပါသည်။ ထိုအခါ သူက အံ့သြသလို မျက်နှာဟန်ကို ပြ၍ “ အဲဒါ ကိုနိုင် လေကွာ ” ဟု ဆို၏။ ထိုအခါမှ ကျွန်တော်သည် “ သြော်  ” ဟုသာ အာမေဋိတ် ထွက်နိုင်ပါတော့သည်။ ကိုနိုင် ဆိုတာ ရုပ်ရှင်မင်းသား နဲ့ ဒါရိုက်တာ အဖြစ် အခုနောက်ပိုင်းမှာ အနုပညာ လောကထဲမှာ ကျင်လည် လှုပ်ရှားပါသည်။ ထိုစဉ်အခါကတော့ ကျွန်တော် သိသော ကိုနိုင်မှာ ကျွန်တော်နှင့် လေသေနတ် အတူတူ ပစ်ဖူးသူ တစ်ယောက်မျှသာ ထိုစဉ်က သိခဲ့ပါ၏။

         ကျွန်တော် ဒီလောက်ထိကို သေနတ်ပစ်တာကို ဝါသနာပါ၏။ လမ်းလေးမှာ တွေ့ရင်လည်း လမ်းဘေးမှာ ဝင်ပစ်သည်။ ပစ်ကွင်းမှာ တွေ့ရင်လည်း ပစ်ကွင်းမှာ ဝင်ပစ်သည်။ ကစားရုံမှာ တွေ့ရင်လည်း ကစားရုံမှာ ဝင်ပစ်သည်။ ကျွန်တော် ထိုမျှ တွေ့မရှောင်ကို ဝါသနာပါသည်။ ကလေး ကစားစရာဆိုင်ကို ရောက်ရင် ကားအရုပ်တွေကို ကျွန်တော် မကိုင် ၊ စပိုက်ဒါမန်းကိုလည်း ကျွန်တော် လက်မလှမ်း ၊ ဝက်ဝံရုပ်တွေကိုလည်း ကျွန်တော် မကြည့် ၊ ကျွန်တော် ကိုင်ကြည့်မိတာ အသံမြည်မြည် ၊ မမြည်မြည် ၊ ကျည်ဆံ ထွက်ထွက် ၊ မထွက်ထွက် သေနတ်များသာ ဖြစ်နေတတ်ပါသည်။

         ဒီလောက် သေနတ်ကို ဝါသနာပါနေ၍ ကျွန်တော့် သူငယ်ချင်း ၊ အသိမိတ်ဆွေ ၊ ဆွေမျိုးများက ဆိုကြသည်။ မင်း သေနတ်ကို ဒီလောက် ဝါသနာပါနေရင် သေနတ်ကိုင်ပြီး ဘာလုပ်မှာလဲ ဟု ဆိုသည်။ ထိုစဉ်က ကျွန်တော် ကြည့်ခဲ့သော ရုပ်ရှင်များ ၊ ဖတ်ခဲ့သော ဝတ္ထုများကလည်း ထိုကဲ့သို့ သေနတ်ကိုသာ အခြေခံသော ဝတ္ထု ၊ ဇာတ်လမ်းများ ၊ ဇာတ်ကောင်များသာ ဖြစ်နေတတ်သည်။ ထို့ကြောင့် သူတို့ အမေးကို ကျွန်တော် ငယ်ငယ်က ဆိုတော့ ကလေးအတွေးဖြင့် ပြန်ပြောခဲ့ဖူးပါသည်။

       “ ငါကြီးလာရင် သေနတ်နဲ့ လက်ဖြောင့် သေနတ်သမား “ Assassin ” လုပ်မယ် ”

      လို့ ကလေးတွေးဖြင့် ပြောခဲ့ဖူးပါသည်။ သို့သော် ကလေး အတွေးက ကလေး အတွေးသာ ဖြစ်၍  “ ဖြစ်ချင်ခဲ့သော စိတ် ” သည် ကလေးစိတ်ကုန်သော အခါမှာ အရာ အားလုံးဟာ “ ဖြစ်မလာခဲ့သော စိတ် ” တစ်ခု အဖြစ် ဘဝရဲ့ အတိတ်မှာ ကျန်နေခဲ့ပါပြီ။ သေနတ်ဖြင့် ကျွန်တော် မည်သူ့ကိုမှ မထိခိုက် စေချင်တော့ပါ။ ဒီလို ဆိုသောကြောင့် ကျွန်တော့် ရင့်ကျက်လာ၍ ဟု မဆိုလိုပါ။ “ ဖြစ်မလာသင့်သော စိတ် ” ဟုသာ ကျွန်တော့်ရဲ့ အတိတ်ထဲမှာ ထားခဲ့တာ ဖြစ်ပါသည်။

      ထူးထူးထွေထွေတော့ မဟုတ်ပါ။ ကျွန်တော်ဟာ ဤကမ္ဘာ လောကကြီး အတွက် မသိကိန်း တစ်လုံးသာ ဖြစ်သည်။ မသိကိန်းတို့ရဲ့ ထုံးစံအတိုင်း  ကျွန်တော့်ကိုယ် ကျွန်တော် X ဟု နာမ်စား သုံးချင်ပါသည်။ ထို့ကြောင့် ကျွန်တော်သည် X ဖြစ်ပါသည်။



       အထက်ပါ အတိုင်း ကျွန်တော် ရေးသောကြောင့် အတော်များများ ရယ်ကြပါလိမ့်မည်။ ထို့ကြောင့် ကျွန်တော် အနည်းငယ်တော့ ရှင်းပြချင်ပါသည်။

         လောကမှာ လူတိုင်းက ငယ်စဉ်က “ ဖြစ်ချင်ခဲ့သော ” စိတ် ကြောင့် တတ်ကြွမှုတွေ ၊ ရည်မှန်းချက်တွေ ရှိခဲ့နိုင်သော်လည်း နောင်တစ်ချိန် အသက်အရွယ် ၊ ပြောင်းလဲမှု ၊ ပတ်ဝန်းကျင်အရ “ ဖြစ်မလာခဲ့သော ” ဆိုကာ အတိတ်မှာ ကျန်နေခဲ့ကာ ၊ မျှော်လင့်ချက် ကုန်ဆုံးသွားပြီ ဆိုသော အဖြစ်မျိုး ဖြစ်စေနိုင်ပါသည်။ ဒါကြောင့် ကျွန်တော် အပေါ်မှာ  ဖြစ်ချင်ခဲ့သော်လည်း ဖြစ်မလာခဲ့သော ဆိုပြီး ခေါင်းစဉ်တပ်ကာ ကျွန်တော် ရေးခဲ့သော်လည်း . . . . .

         ဒီဖြစ်စဉ် တစ်ခု ၊ ဖြစ်ရပ် တစ်ခု ၊ ဒီဖြစ်ချင်ခဲ့သော ရွေးခြယ်မှု တစ်ခုက လွဲလို့ ကျွန်တော့်ဘဝမှာ ( ကျွန်တော်တို့ ဘဝမှာ ) ကျန်သော အရာများကို ဆက်လက်ပြီး ကြိုးစားခွင့် ရှိနေပါသေးသည်။ ဘယ်အရာကတော့ ဖြစ်မလာနိုင်တော့ပါဘူး ဆိုပြီး မရှိပါဘူး။ ကိုယ်ကိုယ်တိုင်က “ ဖြစ်မလာ သင့်တော့ပါဘူး  ” ဆိုမှသာလျှင် “ ဖြစ်ချင်ခဲ့သော ” ဆန္ဒတစ်ခုဟာ “ ဖြစ်မလာခဲ့သော ” ဆိုသော ခေါင်းစဉ် အောက်မှာ အကျုံးဝင် သွားမှာ မဟုတ်ပါလား။

        ကျွန်တော့် ဘဝမှာ ငယ်စဉ် ကလေးဘဝက “ ဖြစ်ချင်ခဲ့သော ” ဆိုသော ခေါင်းစဉ်ဟာ ကိုယ်ဝါသနာပါသော သေနတ်ပစ် ကစားခြင်း ဖြစ်သောကြောင့် အထက်ပါ ကဲ့သို့ စဉ်းစားခဲ့မိသော်လည်း အရွယ်ရောက်သော အခါမှာ ကျွန်တော်ရဲ့ “ ဖြစ်ချင်ခဲ့သော ” ခေါင်းစဉ် အောက်မှ  “ ဖြစ်မလာခဲ့သော ( ခေါ် ) ဖြစ်မလာခဲ့သေးသော ” ခေါင်းစဉ်အောက်ကို အကျုံး မဝင်ခဲ့ပါ။ ထိုစိတ်ကူးသည် “ ဖြစ်မလာသင့်သော ” ခေါင်းစဉ် အောက်ကိုသာ ထည့်သွင်းရမှာ ဖြစ်ပါသည်။

          တကယ်တော့ ဘယ်သူ့ ဘယ်သူပင် ဖြစ်နေပါစေ။ ကျွန်တော်တို့ အားလုံးသည် မိမိရဲ့ မျှော်လင့်ချက် ၊ ရည်မှန်းချက်များ လုံးဝ ဖြစ်မလာနိုင်တော့ပါဘူး ဆိုတာ မရှိပါ။ မိမိကိုယ်တိုင်က “ ဖြစ်မလာသင့်ပါဘူး ” ဆိုကာ လုံးဝ ကြောက်ရွံ နောက်ဆုတ်လိုက်မှသာ “ ဖြစ်မလာခဲ့သော ” ဆိုသော ခေါင်းစဉ် အောက်ကို ရောက်ရှိသွားမှာ ဖြစ်ပါသည်။

         ထိုသို့သော ကျွန်တော့်ကဲ့သို့ ကလေး အတွေး ဖြစ်ချင်ခဲ့သော ဆန္ဒမှ လွဲ၍ ကျန်သော “ ဖြစ်ချင်ခဲ့သော ” ဆန္ဒ ၊ စိတ်ကူးများဟာ မိမိကိုယ်တိုင် တတ်ကြွစွာ မျှော်လင့် စိတ်ကူးခဲ့ရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဖြစ်လာမှာ သေချာပါတယ် လို့သာ ကျွန်တော် ပြောချင်ပါသည်။

         “ မျှော်လင့်ခြင်း ” ဆိုတာ “ ဖြစ်ချင်သော ဆန္ဒ ” ကို  “ ဖြစ်ကို ဖြစ်ရမယ် ” ဆိုသော စိတ်ဓါတ်နဲ့ ထိန်းကျောင်း ထားသော အရာ တစ်ခု မဟုတ်ပါလားဗျာ။



မည်သို့ပင် ဖြစ်စေ။ ကျွန်တော်သည် မသိကိန်း တစ်လုံးသာ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့်ကို X ဟုသာ သတ်မှတ်စေချင်ပါသည်။



*** ကျွန်တော့်ကို Tag ထားသော ငွေလမင်း နဲ့ အုပ်ကြီး ရဲ့ “ ဖြစ်ချင်ခဲ့သော ၊ ဖြစ်မလာခဲ့သော ” Tag ပို့စ်ပါ။ စာရေးချင်စိတ် ပျောက်နေတဲ့ အချိန်မှာ Tag ထားသော ပို့စ်အတွက် ကြာသွားမှာ စိုးလို့ ရေးရတော့ စာတွေ ထောက်နေရင် ဆောရီးပါ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark
Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.