မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 February 2010

4 တိမ်ပေါ်ရောက်ခဲ့ရသော နေ့တစ်နေ့

“ တီ. . .တီ. . .တီ. . .”

တစ်ယောက်ယောက်က တီကောင်ကို တွေ့လို့ လန့်အော် အော်လိုက်တာ မဟုတ်ပါ။ ကျွန်တော့်ဖုန်းက အသံပါ။ ဘယ်သူဆက်တာလဲဟ ဆိုပြီး ကြည့်လိုက်တော့ ဟိုနေ့က ဘယ်နေရာသွားသွား ကျွန်တော့်ကို အဖော်ခေါ်သွားတတ်တဲ့ စူပါဗိုက်နာ... အဲ..စူပါဗိုက်ဇာ။

ဒီကောင် ငါ့ကို ဘာနှိပ်စက်ဦးမလဲ ဆိုပြီး ဖုန်းကိုင်လိုက်တော့. . ( ဖုန်းကိုင်တယ် ဆိုတာ ခိုးချောင်ခိုးဝှက် ဖုံးပြီးကိုင်တာကို ပြောတာ မဟုတ်ဘူးနော်။ စကားပြောစက်ကို စကားပြောဖို့ ပြင်ဆင်လိုက်တာလို့ ဆိုလိုတာပါ။ )

“ ဟလို . .။ ”

“ မင်း အခုဘယ်မှာလဲ။ ဘာလုပ်နေလဲ။ ”

အသံကြားတော့ ကျွန်တော် လန့်လာတယ်။ ဒီကောင် ဘာလုပ်ဦးမလို့လည်း မသိဘူးလို့။

“ အင်း. .ငါ အခု အလုပ်က ပြန်လာတာလေ။ ကားလမ်းလည်ခေါင်မှာပဲ လမ်းကူးဖို့ စောင့်နေတယ်။ မင်း ဘာလုပ်မလို့လဲ။ ”

“ အေး. . ဒါဆို မင်း ငါနဲ့ လိုက်ခဲ့မလား။ ကိစ္စတစ်ခုရှိနေလို့ အဲဒါ သွားမလို့။ ”

“ အင်း သွားလေ။ လိုက်ခဲ့မယ်။ ”

အားလည်း နာ ၊ ခင်လည်း ခင် မိတော့ ကျွန်တော် ဒီလိုပဲ ပြောလိုက်တယ်။ အခန်းရောက်တော့ ရေးချိုးပြီးရုံ ရှိသေး ၊ သူက ဖုန်းဆက်ထပ်ဆက်တယ်။

“ ငါ ရောက်နေပြီနော် မင်းအိမ်အောက်မှာ . . .။ ”

သူဘာများ အရေးကြီးနေပါလိမ့် ဆိုပြီး ခပ်မြန်မြန်လုပ်ပြီး ဆင်းလာတော့ သူက အောက်မှာ။ ဒါနဲ့ သူ့ကားပေါ်တတ်ပြီး လိုက်လာခဲ့တယ်။ သူကလည်း မောင်းမယ် ဆိုတာချည်းပဲ။ လမ်းတစ်ဝက်ရောက်မှ ပြောတယ်။

“ ငါ အခု Genting Highland သွားမလို့ကွ။ ”

တဲ့။ ကျွန်တော်လည်း အခုမှပြောတော့ ဘာမှ လုပ်လို့မရတော့ဘူး။


Genting Highland ကို အပေါ်စီးမှ ပုံ


“ မင်းကွာ.။ ငါ့ကို ကြိုပြောပါလားကွ။ ငါ့မှာ ပြင်ဆင်ချိန် ရှိတာပေါ့။ ”

“ ဟီး..ဟီး. . တမင် မပြောတာ။ ငါ့မိန်းမက အခု အလုပ်မပိတ်သေးဘူးလေ။ ငါ အခု ဖဲသွားရိုက်မလို့ ၊ ဒါကို ဒီလို ပြောခေါ်ရင် မင်းက လိုက်မှာ မဟုတ်ဘူး။ ဒါကြောင့် အလုပ်ကိစ္စ လိုလိုနဲ့ ခေါ်တာ..ဟား . .ဟား . .ဟား။ ”

ဟာ. . ဒီကောင် လူလည်ကျပြီ။ တကယ်လည်း ပြီးခဲ့တဲ့ အပတ်ကလို အလုပ်ကိစ္စ သွားပြန်ပြင်ပေးရမှာ မှတ်လို့ သာမာန်ဝတ်ပြီး ထလာခဲ့တာ။ ဒီလိုမှန်း သိရင် နည်းနည်းတော့ လန်းအောင် ဝတ်လာပါတယ် . . အဟီး။ ဘယ်တတ်နိုင်တော့မလဲ။ ဒါပေမဲ့ အခုမှ မထူးတော့ဘူး ဆိုတော့ သူ့ကို တခြားလှည့်ပြောရတယ်။

( အဟဲ.. ဒီနေရာမှာ နည်းနည်းကြွားဦးမယ်ဗျာ..အားလည်း နာတယ် . . ကြုံလို့ ကြွားတာပါ. . ကြုံကြွားပေါ့။ အရင်စက်ရုံမှာ ကုလည်ကုလားမ အစ်မကြီး တစ်ယောက်ရှိတယ်။ သူက လူက သေးသေးလေး ကလေးကတော့ ၄ ယောက် ရှိတယ်။ ကျွန်တော်နဲ့ တော်တော် ခင်တယ်။ သူက တခြားစက်ရုံတွေမှာ ထုတ်တဲ့ အဝတ်အစား ကတ်ကလောက်တွေကို ယူယူလာပြီး ကျွန်တော်တို့ စက်ရုံမှာ အော်ဒါ မှာပေးတယ်။

ဒီအတွက် သူက ၁၀ % ကော်မရှင်ရတယ်။ ဖုန်းခနဲ့ ပစ္စည်း လိုက်ရောင်းတဲ့ ပင်ပန်းတာတော့ ရှိတာပေါ့။ သူ့ကို သနားပြီး တော်တော်ခင်တယ်။ သူ့ကို ကျွန်တော်က သနားတော့ မနေနိုင်ပဲ တပြားမှ မရပဲနဲ့ သူ့အဝတ်အစားတွေကို တခြားစက်ရုံက မြန်မာတွေဆီကို ကတ်ကလောက်တွေ ယူသွားပြီး ဝိုင်းရောင်းပေးတယ်။ တစ်ပြားမှ ကျွန်တော် မယူပါ။

တော်တော်လည်း ရောင်းရတယ်။ သူလည်း တော်တော် ရတယ်ပေါ့လေ။ ဒီအတွက် သူက ကျွန်တော့်ကို အမြဲတမ်း အားနာနေတတ်တယ်။ ဒါကြောင့် အတင်းတွေ ကော်မရှင်တွေ ခွဲပေးတယ်။ ကျွန်တော်က မယူတော့ သူက ဒါဆို နင့်ကို အင်္ကျီတစ်ထည်တော့ လက်ဆောင် ဝယ်ပေးမယ် ဆိုပြီး အတင်းပြောတယ်။ ကျွန်တော်လည်း နောက်ဆုံး ငြင်းလို့ မရတော့ လက်ခံလိုက်တယ်။

အကောင်းလက်ခံတာတော့ မဟုတ်။ ကျွန်တော်က တော်တော် ချေးများတဲ့ ကောင်ပါ။ အင်္ကျီ ၊ ဘောင်းဘီဆိုရင် တော်တော်နဲ့ကို စိတ်ကြိုက်တွေ့တာ မဟုတ်။ သူများကြိုက်တိုင်းလည်း မကြိုက်တတ်။ ဒါကြောင့် နိုင်ငံခြား ကုမ္ပဏီတွေမှာတွေ့ထားတဲ့ အင်္ကျီလေးတစ်ထည်ကိုတော့ ကြိုက်တယ်။ ဒီမှာက ဝယ်လို့ မရဘူး။ ဒါနဲ့ သူ့ဆီက ဝယ်ပေးတာကိုလည်း လက်မခံချင်ဘူးဗျာ အားနာတယ်။ ဒါကြောင့် ဒီအင်္ကျီပုံလေး အတိုင်းရရင်တော့ ယူမယ်လို့ သူ့ကို ပြောလိုက်တော့ သူက ဒီပုံလေးကို ယူပြီး အဲဒီစက်ရုံကို တကယ်ကို သွားပြတယ်။

ဒီတော့ နောက်ထပ် ၁၀ ရက်လောက်နေတော့ ကျွန်တော့်ကို အဲဒီစက်ရုံက ဒီဇိုင်နာ ဆိုတာ လာပြီး အပြင်မှာ ချိန်းတွေ့တယ်။ ကျွန်တော် မှာလိုက်တာက အခု ကျွန်တော် ပုံမှာ ပါတဲ့ လက်စက အင်္ကျီလေးပါပဲ။ သူတို့ဆီမှာ ဒီဇိုင်း မရှိ။ စေတနာ ရောင်ပြန်ဟပ်တာလို့ ပြောရမယ် ထင်တယ်။ ဒီကုမ္ပဏီက ကျွန်တော့်ကို သူတို့ကို စိတ်ကူးတွေပဲ ပြောပြပေးပါ ဆိုပြီး ကျွန်တော် စိတ်ထဲက ရှိတာတွေ ပြောတဲ့ အတိုင်း တကယ်ကို ဒီဇိုင်းဖော်ပြီး ရအောင် ထုတ်တယ်။

နောက်မှ ကျွန်တော် သိရတာ ဒီဇိုင်းတွေက တော်တော် အောင်မြင်တယ် ဆိုပဲ။ ဒီအတွက် ကျွန်တော့်ကို လစဉ် သူတို့ အင်္ကျီနှစ်ထည် ကန်တော့တယ်... အဲလေ.. လက်ဆောင် ပေးတယ်။ အဲဒီတော့ ကျွန်တော့်မှာ အဝတ်အစား လုံးဝ မဝယ်ရပါဘူး။ အခု ဒီတစ်ခေါက်လည်း ဒီမှာ နေတာ သုံးနှစ် ရှိတော့တယ်။ သေတ္တာထဲက အဝတ်အစားတွေ ( ဘယ်မှ မသွားဖြစ်တာလဲပါတယ်။ ) ထုတ်မဝတ် ဖြစ်တာတွေ အများကြီး။

ကျွန်တော် တကယ်ကို စိတ်ကြိုက်တွေ့ပြီး ဒီဇိုင်းထုတ်ပေးမိတဲ့ အင်္ကျီတွေ အားလုံးကလည်း လက်စက တွေချည်းပဲ။ ထုတ်သမျှ အင်္ကျီတွေလည်း အလကားရတယ်။ ဒါကြောင့် ကျွန်တော့်ဝတ်တာတွေကို ဈေးကြီးပေးဝယ်ထားတယ် မထင်ကြပါနဲ့လို့ :P အားလုံးက အလကားရထားတာတွေ ဒါပေမဲ့ ကျွန်တော် တန်ဖိုးထားပါတယ်။ ဒါက ကျွန်တော် အိုင်ဒီယာ ဒီဇိုင်းလေးတွေလေ။ ဘယ်သူမှတော့ မသိကြပါဘူး။ အခုမှ ပြောပြတာ။

ဤအရာကား စာကြွင်း - - -စာရေးသူ )

“ မဟုတ်ဘူးကွ။ မင်းက ငါ့ကို ကြိုပြောရင် ငါက တစ်ခါမှ မရောက်ဖူးဘူးလေ။ ဒီတော့ ကင်မရာ ယူလာတယ်။ ဓါတ်ပုံရိုက်ရတာပေါ့ကွ။ ”

ဒီတော့ သူက . . .

“ အေး. .ဒါတော့ ဟုတ်ပါတယ်။ မင်းမှာ ကင်မရာ ရှိလို့လား။ ”

“ မရှိဘူးကွ..အဟီး။ ”

တကယ်လည်း ကျွန်တော့်မှာ မရှိပါ။ ရှိတဲ့ ကင်မရာလေးကလည်း အိမ်ရောက်လို့ ပျက်တောင်မှ ပျက်ရောပေါ့။ ကင်မရာလေး တစ်လုံးတောင်မှ မဝယ်နိုင်ဘူး အဟင့်။ ဓါတ်ပုံရိုက်တာကို ကျွန်တော် အရမ်းဝါသနာပါတယ်။ အနေအထား ထူးထူးခြားခြားလေးတွေ နဲ့ မြင်ကြည့်ပြီး ရိုက်ဖူးတယ်။

ကျွန်တော် ရန်ကုန် အလည်ပြန်တဲ့ ၇ လမှာ ဒီကင်မရာလေးနဲ့ပဲ ဓါတ်ပုံရိုက်စားခဲ့တာ..။ မင်္ဂလာဆောင် ၊ အလှူ ၊ အောက်ဒိုး ဒါတွေ လိုက်ရိုက်ပြီး အေးဆေးပဲ နေလို့ရတယ်။ အခုတော့ ကင်မရာ မရှိတော့ လူက အနုပညာ မျက်ဝန်းတွေပါ ကန်းနေတယ်။

“ ကင်မရာ မရှိပဲနဲ့များ ကြိုပြောတော့ မင်းက ပြေးဝယ်မှာ မို့လို့လား။ ”

“ ဒီလိုတော့ မဟုတ်ဘူးလေကွာ။ သူငယ်ချင်းဆီက ကြိုငှားထားလို့ ရတာပေါ့။ အခုတော့ ငါ့မှာ ဓါတ်ပုံ မရိုက်ရတော့ဘူးပေါ့။ ”

“ ဟ . . ဒါအတွက် မပူနဲ့လေ။ မင်း ဖုန်းက ကင်မရာ နဲ့ ရိုက်လေ။ ”

ကျွန်တော် ပိုးစိုးပက်စက်ကို ရယ်လိုက်မိတယ်။

“ ဘာရယ်တာလဲ.. ဘာရယ်တာလဲကွ။ ”

သူက ဒီလိုမေးတော့ ကျွန်တော်က ကျွန်တော့်ဖုန်းကို ထုတ်ပြရင်း . . .

“ ငါ့ဖုန်းက စကားပြောဖို့ပဲ ရတယ်။ ကင်မရာ မပြောနဲ့ MP3 တောင်မှ မပါဘူး။ ”

“ မင်းကတော့လေ. . မင်းသူငယ်ချင်းတွေဆိုရင် ၃ လ တစ်ကြိမ် ဖုန်းကို Update လုပ်နေတာ မင်းက ဘာလို့ မလုပ်တာလဲ။ ”

“ ငါမှ ဝါသနာမပါတာ။ ဖုန်းလေးနဲ့လည်း မကျေနပ်နိုင်ဘူး။ ကွန်ပျူတာ အတွက်ဆိုရင်တော့ ဝယ်ကလိတယ်။ ကိုယ်နှစ်သက်ရာနဲ့ ကိုယ်ပေါ့ကွာ။ ”

“ ဒါဆိုလည်း ဘာဖြစ်လဲကွာ။ ငါ့ဖုန်းနဲ့ ရိုက်ပေါ့။ ”

ဒါမျိုးကျတော့ ကျွန်တော် မသုံးချင်ပါ။ ဘယ်လောက်ခင်ခင် ကျွန်တော် မသုံး။ ဒါပေမဲ့လည်း သြော်..ငါ့ Genting Highland ခရီးကတော့ ဘာမှ မှတ်တမ်း မတင်လိုက်ရပါလား လို့တော့ တွေးမိနေတယ်။ တကယ်လည်း ကျွန်တော့်ဖုန်းက အစုတ်ပါ။ ဘာမှမပါ။

ဒါနဲ့ ကားက တော်တော်မောင်းယူရတယ်။ ကျွန်တော်တို့ မြို့နယ်ကနေ ကွာလာလမ်ပူကို ၆ မိုင် ခွဲပဲ ရှိတယ်။ အခု တောင်ပေါ်ကို တတ်ဖို့ တောင်ခြေကို ရောက်ကတည်းက ရာသီဥတုက စပြောင်းနေတယ်။ မလေးရှားရဲ့ ရာသီဥတုက အမြဲပူ ၊ မိုးရွာချင်ရင် ထရွာတတ်တယ်။ ရွာရင်လည်း နာရီဝက်လောက် သည်းကြီးမည်းကြီး ရွာတယ်။ ပြီးရင် ချက်ချင်းတိတ် ၊ အေးတယ် ဆိုတာ မရှိ။

အခုတော့
Genting Highland တောင်အတတ်လမ်းမှာကတည်းက အေးစိမ့်မှုတွေကို ဝိုးတဝါးနဲ့ ပျံ့လွင့်လာတယ်။ စူပါကလည်း ကားပြူတင်းပေါက်မှန်ကို ချထားလိုက်တယ်။ သူကိုယ်တိုင်လည်း လက်လေး အပြင်ထုတ်ပြီး အေးမြမှုရဲ့ အရသာကို ထိတွေ့ ကြည်နူးနေတယ်။ ကျွန်တော်လည်း သူ့ကို လက်ထုတ်လိုက်တော့ မြန်မာနိုင်ငံရဲ့ ဆောင်းတွင်း အအေးနှုန်းကို ခံစားမိတဲ့ ကျွန်တော်တို့ အတွက် ဘာမှ မပြောပလောက်။ ဒါပေမဲ့ ကြည်နူးမှုတွေကတော့ ရင်ထဲကို စိမ့်ဝင်နေတယ်။

တောင်ပတ်လမ်းကို မြွေလိမ်မြွေကောက် တတ်နေရပေမဲ့ လမ်းတွေက တစ်ခုမှ အပေါက်မပြဲ မရှိ ၊ ယိုယွင်းခြင်း မရှိ။ မြစ်ကြီးနားကို တစ်ခေါက် အလည်သွားဖူးတဲ့ ကျွန်တော် ၊ လုံးခင်း - ဖားကန့် ကို ဖြတ်သွားရတဲ့ ကားလမ်းတွေကို ရုတ်တရက် မြင်ယောင်မိသေးတယ်။ တရုတ်နှစ်ကူး အဝင်ကာလ ဆိုတော့
Genting Highland ကို လာလည်ကြသော စင်ကာပူမှ တိုက်ရိုက်ဖြတ်ဝင်လာသော ကားများကိုလည်း ကားနံပါတ် အစမှာ S နံပါတ်တွေနဲ့ မြင်နေရတယ်။ ဒီအချိန်ဆိုရင် စင်ကာပူက သူဌေးတွေ ၊ ပိုက်ဆံ တတ်နိုင်သူတွေ ဒီနေရာကို လာအပန်းဖြေရင်း ကာစီနို လာကစားလေ့ရှိတယ်။

ကားတွေက အဆက်မပြတ် ၊ ဒီကားတွေကို သူက ကျွန်တော့်ကို ပြရင်း . . .

“ ဒါက အလုပ်တွေ အားလုံး မပိတ်သေးလို့ ၊ အလုပ်တွေသာ ပိတ်လို့ကတော့ ကားတွေက ဆက်နေတာ။ အပေါ်လည်း ကားပါကင်ထိုးဖို့ နေရာ မရှိဘူး။ ဟိုတယ်တွေလည်း လူတွေ အပြည့်။ ”

ဒီကောင် ဒီလောက်ညွှန်းရအောင် တောင်ပေါ်ဆိုတဲ့ နေရာလေးမှာ ဘယ်လောက်များ ကျယ်မှာလဲ လို့ ကျွန်တော် တွေးနေမိတယ်။

မြွေလိမ်မြွေကောက် တတ်လာတဲ့ တောင်ပေါ်လမ်းလေးရဲ့ ဘေးတစ်ချက်တစ်ဖက် နေရာတွေမှာ တောင်ပေါ်ကနေ တောင်အောက်ခြေနဲ့ ကားတတ်လမ်းတွေကို ကြည့်ဖို့ ရှုမျှော်ခင်းလေးတွေ ရှိနေတယ်။ ဒါပေမဲ့ ကျွန်တော် မဆင်းအားပါ။ သူလာတဲ့ အဓိက ရည်ရွယ်ချက်က သူ ဖဲရိုက်ချင်နေတာလေ။ ကျွန်တော့်ကို သူက ဘောထီ်းဂတ် အဲ..ဘော်ဒီဂတ် ငှားနေတာ။

တောင်ပေါ်တတ်လာရင်း တောင်ရဲ့ သုံးပုံနှစ်ပုံကို ရောက်တော့ အအေးဓါတ်တွေကို ပိုပြီး ပျံ့နှံ့လာတယ်။ လွင့်နေတဲ့ စိတ်ကူးတွေနဲ့ လွှင့်နေတဲ့ ရေငွေ့အေးအေးလေးတွေ ၊ လွင့်နေတဲ့ ချစ်သူ့ဆံနွယ်လေးတွေနဲ့ တောင်ပေါ်ကနေ လေလွင့်လွင့်လေးတွေမှာ အပြင်မှာ ချစ်သူနဲ့ လမ်းလျှောက်ခွင့်ရရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲလို့ ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူကို ယောင်ဝါးဝါး သတိရပြီး လွမ်းမိပါသေးရဲ့။

ဒါပေမဲ့ ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူကလည်း ကမ္ဘာမြေ တစ်နေရာမှာသာ သူ့ဖာသာ တိတ်တဆိတ်လမ်းတွေ လျှောက်နေမလား ၊ တခြားသူတွေနဲ့ ပျော်ရွှင် ရယ်မောနေမလား ဒါလည်း ကျွန်တော် မသိနိုင်။ တိတ်တခိုးပဲ ယောင်ဝါးဝါးနဲ့ သက်ပြင်းချမိပါသေးတယ်။

ဒါနဲ့ ကဗျာလေး တစ်ပိုင်းတစ်စတောင်မှ သတိတရ အပြင်မှာ ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူ လမ်းလျှောက်နေရတယ်လို့ သဘောထားပြီး ရွတ်မိပါသေးရဲ့. . . .


အပေါ်ကို တတ်လာလေလေ စွတ်စိုပြီး ဝေ့ဝဲနေတဲ့ မြူမှုန်တွေကလည်း ပိုပိုပြီး သိပ်သည်းလာတယ်။ တောင်ပေါ်ဒေသရဲ့ အေးချမ်းမှု အရသာက ကျွန်တော့်ကို တိတ်တဆိတ် ဆွဲဆောင်တယ်။ ကျွန်တော့်လက်ထဲမှာသာ ကင်မရာပါလာရင် ဒီအခြေအနေကို မျက်မြင် ကျွန်တော် ပိုပြီး ပုံဖော်ပြမိမယ်။ အခုတော့ စိတ်ကင်မရာနဲ့ တချပ်ချပ် ၊ တဖျတ်ဖျတ် လက်နေအောင် မှတ်ထားနေမိတယ်။

နောက်ထပ် တောင်ပေါ်တဆင့် ထပ်တတ်တော့ ခုန သိပ်သည်းနေတဲ့ မြူနှင်းတွေ နည်းသွားတယ်။ ကြည်လင်မှုက တစ်နေရာရာနဲ့ နီးစပ်နေပြီလို့ သတိပေးနေသလိုပါပဲ။ ကြည်လင်လာမှုက ပတ်ဝန်းကျင်ကို လှုပ်နိုးတယ်။ ဘေးနားမှာ ကစားကွင်းတွေ ၊ စားသောက်ဆိုင်တွေ ၊ အမှတ်တရ အရောင်းဆိုင်တွေကို တွေ့လာရတယ်။ အပေါ်ကို ကျွန်တော် လှမ်းမော့ကြည့်လိုက်တော့ အာမေဋိတ်တွေ လွတ်ကျတယ်။

“ ဟိုက်. . ဒီလောက်များတဲ့ အဆောက်အဦးနဲ့ ဒီလောက်တောင်မှ ကြီးအောင် ဆောက်ထားတာကိုး။ ”

အပေါ်ကို မော့ကြည့်ပြီးတော့ ဖြတ်သန်းခဲ့တဲ့ ကျွန်တော် အောက်ကို တောင်ပေါ်က ငုံကြည့်လိုက်တော့ ကျွန်တော်က တိမ်တွေရဲ့ အပေါ်မှာ ရောက်နေခဲ့ပြီ။ ခုနက ကျွန်တော့်အမြင်တွေကို မှုန်ဝါးသွားစေတဲ့ မြူခိုးတွေဆိုတာ တိမ်တွေရဲ့ လက်ပါးစေတွေပဲ ဖြစ်မယ်။ ခုနက ကျွန်တော် တိမ်ထဲကို ဝင်တိုးခဲ့တာပေါ့လေ။ အခုတော့ ကျွန်တော့်တိမ်ပေါ်ကို ရောက်နေခဲ့ပြီ။ တိမ်တွေက ကျွန်တော် ရဲ့ အောက်ခြေမှာ . . ဒီနေ့ဟာ “ တိမ်ပေါ်ရောက်ခဲ့ရသော နေ့တစ်နေ့ ” ပါပဲ။

အံ့သြမှုတွေနဲ့ အတူ ကျွန်တော့်တို့ ကားလေးကို စူပါ က မြေအောက် ကားပါကင်ထဲကို မောင်းသွင်းတယ်။ သူ့ဖာသာ တိတ်ဆိတ်နေတဲ့ ဒေသမို့ ထင်ပါတယ်။ မြေအောက် ကားပါကင်ထဲက ပိုပြီး အထီးကျန်တယ်။ ကားထားပြီး အပေါ်ကို ဓါတ်လှေကားနဲ့ ပြန်တတ်လာတော့ စူပါက အပြင်ကို အတင်းခေါ်ပြီး ရိုက်တော့တာပဲ။ အဲ. . ကြိမ်လုံးနဲ့ မဟုတ်ဘူးနော်။ သူ့ဖုန်းကင်မရာနဲ့ ဓါတ်ပုံ။ ကျွန်တော်က ကိုယ်တိုင် ဓါတ်ပုံရိုက်ချင်တာ မဟုတ်။ သူများကိုသာ ၊ သူများမှာ ရှိနေတဲ့ အလှအပတွေကို ပိုပြီး ထင်ရှားအောင် ဖွင့်ထုတ်ပြချင်သူ တစ်ဦးပါ။

ဒါပေမဲ့ ကိုယ့်မှာ မရှိတော့လည်း သူပြုသမျှ နုပြီး ( အဲ. .ဓါတ်ပုံ အရိုက်ခံတာကို ပြောတာနော်။ ) အရိုက်ခံရတာပါပဲ။ နောက်မှ ငါ့ဖာသာ လာပြီး ရိုက်မယ်ကွာလို့ပဲ အပြင်ကို သိပ်မထွက်တတ်တဲ့ ကျွန်တော် ၊ ကွန်ပျူတာ ရှေ့မှာပဲ ကမ္ဘာအနှံ့ လျှောက်သွားနေတဲ့ ကျွန်တော် ဒီနေရာကိုတော့ နောက်တစ်ခေါက် ကိုယ်တိုင် လာမယ်လို့ ဆုံးဖြတ်ထားမိတယ်။

ဟိုလို ဒီလိုဆိုပြီး ၊ ဟိုနေရာ ဒီနေရာ ဆိုပြီး ကျွန်တော့်ကို ညွှန်ကြားနေတဲ့ စူပါကို ကြည့်ပြီး ကျွန်တော် ရယ်မိသေးတယ်။ ငါ အရင်က သူများတွေကို ရိုက်တုန်းက ဒီလိုပဲ ညွှန်ပြနေမိတာကိုး။ ဒါပေမဲ့ အခုတော့ သူရိုက်တဲ့ ပုံတွေကို ကျွန်တော် ပြန်မကြည့်မိပါ။ အားနာတာလည်း တစ်ကြောင်းပါတယ်။ ကိုယ့်မှာမှ မရှိပဲ ဆရာ မလုပ်ချင်။ သူကတော့ ဟိုနေရာ ဒီနေရာတွေ ပြနေဆဲ။

ကျွန်တော် ကြိုက်နေတဲ့ နေရာတွေမှာ မရိုက်မိသေး။ ကျွန်တော် နှစ်သက်တဲ့ အမြင်လေးလည်း သူက မမြင်တတ်။ ဒါနဲ့ ပုံနည်းနည်းရိုက်ပြီးတော့ သူ့နဲ့ ကျွန်တော် ကာစီနိုလောင်းကစားရုံထဲကို ဝင်လာတယ်။ ဝင်ဝင်ချင်း ကျွန်တော်တို့ အရေးအကြီးဆုံး အလုပ်ကို လုပ်ကြတယ်။ ကစားဖို့ ပိုက်ဆံလဲတာလို့ ထင်ပါသလား မဟုတ်ပါ WC ဝင်တာပါ။ ဟုတ်တယ်လေ တစ်လမ်းလုံး မောင်းလာရတာ။ ကွာလာလမ်ပူနဲ့ ဒီတောင်ပေါ် အကွာအဝေးကို ဆိုင်းဘုတ်လေးတစ်ခုက ဒီလို ညွှန်ပြတယ်။

Genting Highland To Kuala Lumpur - 85 KM

တဲ့။ 85 KM ဆိုတာ 53 မိုင်ပါ။ ဒီလောက်မောင်းလာရတော့လည်း ရောက်ရောက်ချင်း ဝိတ်က လျှော့ရတယ်။ အဲဒီကထွက်လာတော့ ငါတို့ တစ်ခုခု “ မီနွမ်း ” ရအောင် လို့ သူက ပြောတယ်။ မလေးလို “ မီနွမ်း ” ဆိုတာ “ သောက်တာ ” ကို ပြောတာပါ။ ဒီတော့ ဒီလို နေရာမှာ တစ်ခုခုဆို ဈေးအတော်ကြီးတာ ကျွန်တော်က သိတယ်။ ဒီကောင်ခေါ်လာတာပဲလေ သူတိုက်လိမ့်မပေါ့ လို့ ကျွန်တော်လည်း တွေးမိတယ်။

ဟိုးအရင် အပြင်မှာ Code တစ်ဘူးကို 1.10 RM မှာတောင်မှ Sunway ကစားကွင်းထဲမှာ 3 RM ဆိုတော့ အခု ဒီလို တောင်ပေါ်နေရာဆို မလွယ်ကြောပဲလို့ ကျွန်တော် စဉ်းစားပြီး သူနောက် လိုက်သွားတော့ သူက ကောင်တာတစ်ခု သွားရပ်တယ်။ သူ့ရှေ့က လူတွေရှိနေလို့ တန်းစီစောင့်နေတာ။ တဖြည်းဖြည်း ကျွန်တော်တို့ အနားရောက်လာတော့ သူက ကျွန်တော့်ကို လှည့်ပြီးပြောတယ်။

“ ဒီနေရာမှာ မိုင်လို ၊ နက်ကဖေး ၊ Lemon Tea ၊ Code ၊ Orange ဒါတွေ အားလုံး အလကားပဲ။ မင်းသောက်ချင် သလောက်သောက်။ ”

တဲ့။ ကောင်းလိုက်တဲ့ စေတနာ ။ ငါကတော့ သူ တော်တော် ကုန်မှာပဲ ဆိုပြီး အားနာနေတယ်။ အခုတော့... ။ အအေးသောက်ပြီးတော့မှ သူနဲ့ ကျွန်တော် လောင်းကစားခန်းမထဲ ဝင်လာခဲ့တယ်။

သွားရတယ် ခင်ဗျာ..၊ တော်တော်ကို သွားရတယ်။ လမ်းတော်တော် လျှောက်ရတယ်။ သူကလည်း သွားတယ် ခင်ဗျ။ လမ်းလျှောက်သွားရာ ဘေးပတ်ဝန်းကျင်မှာ ကာစီနို ကစားတဲ့ ဝိုင်းတွေ ၊ ဖဲ ၊ အံစာ နည်းတဲ့ ခုံတွေမှမဟုတ်တာ။ ဒါကိုသူက ကျွန်တော့်ကို ကပ်ပြောသေးတယ်။

“ ဒါ အလုပ်တွေ အားလုံး မပိတ်သေးလို့ လူဒီလောက်ပဲ ရှိနေတာ တကယ်လို့ အလုပ်အားလုံး ပိတ်ပြီ ဆိုရင် လမ်းတောင်မှ မနည်းလျှောက်ရတယ်။ ”

ဖြစ်နိုင်ပါတယ်။ ကျွန်တော် ယုံမိတယ်။ အခုတောင်မှ လူတွေ မနည်း။ အထဲမှာ ဓါတ်ပုံရိုက်လို့ မရဘူး။ ကျွန်တော့် လက်တော့လေးကိုလည်း ကားထဲမှာ ထားခဲ့ရတယ်။ ဖုန်းတော့ သယ်လို့ ရပေမဲ့ ဓါတ်ပုံ ရိုက်လို့ မရ။ လုံခြုံရေးတွေက ဗလတောင့်တယ်ဗျ။ မိုက်ကန်းကန်း ကြည့်နေသေး။

ကျွန်တော်တို့ ဟိုရှာ ဒီရှာ နဲ့ သူလျှောက်သွားရာ အတိုင်း ကျွန်တော် လိုက်သွားတော့ သူကလည်း နောက်ဆုံး သူကစားချင်တဲ့ နေရာကို ရှာမတွေ့တော့ဘူးနဲ့ တူတယ်။ အနားက တရုတ် လုံခြုံရေးတစ်ယောက်ကို “ ကွိစိ ကွစ ” နဲ့ မေးတော့ ဟိုတရုတ်ကလည်း “ ကွိစိ ကွစ ” နဲ့ ပြန်ဖြေတယ်။ ဒီတော့မှ သူက “ လာ. . ရပြီ။ ဟိုဘက်မှာ တဲ့။ ” ဆိုပြီး နောက်ထပ် ခန်းမ တစ်ခုထဲ ကျွန်တော်တို့ ဝင်သွားတယ်။

ဒီနေရာမှာကတော့ ဖဲပဲ ကစားကြတယ်။ Three Cards နဲ့ Poker လို့ပဲ ရေးထားတဲ့ ကစားဝိုင်းတွေချည်းပဲ။ ကစားကြေးကတော့ အနည်းဆုံးနဲ့ အများဆုံးတွေကို ဘေးမှာ ရေးပြထားတယ်။ ကျွန်တော်များ ဘယ်လောက်တုံးလဲ ဆိုရင် မရောက်ဖူးတာလည်း ပါတာပေါ့လေ။ ကစားဝိုင်း တစ်ခု ရှေ့ကို ကျွန်တော် ရောက်သွားတော့ ကျွန်တော် အံ့သြမှင်သက်သွားတယ်။

ကစားနေကြတဲ့ ငွေတွေကြောင့်လည်း မဟုတ်ပါ။ ကစားသမားတွေကြောင့်လည်း မဟုတ်။ ဒိုင် အဖြစ်ဆောင်ရွက်နေတဲ့ လူကြောင့်။ ဒီလို ပြောလိုက်လို့ သူက မိန်းကလေး မှတ်နေဦးမယ်။ မဟုတ်ပါ။ သူက ယောက်ျားစစ်စစ်မျှသာ၊ ဒါပေမဲ့ သူ့ရဲ့ လှုပ်ရှားဟန်လေးတွေက ကျွန်တော့်ကို မှင်သက်စေတာ။ ဖဲချပ်လေးတွေ ဝေအပြီး ၊ ဖဲတွေကို လိုက်စစ်အပြီး ၊ လျော်ကြေး ၊ စားကြေးများကို သူ ရှင်းတဲ့ အခါမှာ သူ့ရဲ့ လက်ကလေးတွေက အရမ်းကို နှစ်လိုဖွယ်ကောင်းအောင် ချစ်ဖို့ ကောင်းတယ်။ တစ်ခု ရှင်းပြီးရင် လက်ကလေးတွေကို ပက်လက်လှန်ပြပြီး အချက်ပြတယ်။

ဒါနဲ့ တခြားဝိုင်းတွေကို သွားကြည့်တော့လည်း ကစားဝိုင်းတိုင်းရဲ့ ဒိုင်တွေ အားလုံးရဲ့ လှုပ်ရှားဟန်တွေက ဒီလိုပါပဲ တစ်ပုံစံတည်း။ သြော်..သူတို့ကို လေ့ကျင့်ပေးထားတာကိုး လို့ အခုမှ တွေးမိတော့တယ်။ တစ်ခါမှ မရောက်ဖူးတော့ ကျွန်တော် မသိ။ အခု လက်ရှိ ကျွန်တော် သိနေတာကတော့ ရုပ်ရှင်တွေထဲမှာ ဂျိန်းစဘွန်းကားတွေထဲမှာ မြင်နေရတဲ့ ကာစီနို ကစားရုံတွေထက် ဒီနေရာကတော့ ပိုပြီး ကျယ်ဝန်း များပြားတာကိုပါပဲ။

ဘာလုပ်နေမှန်း မသိပဲ ဟိုလျှောက် ဒီလျှောက်လုပ်နေတဲ့ စူပါ နောက်ကို လိုက်နေတဲ့ ကျွန်တော်ကလည်း ဟိုပါ ဒီပါ ဖြစ်နေတယ်။ ဒါကြောင့်

“ မင်းကစားဘူးလား။ ”

လို့ ကျွန်တော်က မေးတော့ သူက

“ ငါက ဘယ်သူ လပ်ကီးကောင်းလဲ လိုက်ကြည့်နေတာကွ။ ”

တဲ့။ ဘယ်လိုကြီးလဲ ကိုယ်ကစားမှာကို သူများ လပ်ကီးကောင်းတာ ကြည့်စရာလား ဆိုပြီး စဉ်းစားနေမိတော့. . . ဘယ်ဟုတ်မလဲ။ ကျွန်တော့်စူပါက ဝိုင်းထဲ ဝင်မထိုင်ဘူးဗျ။ သူကြိုက်တဲ့ ဝိုင်းလည်း ရောက်ရော အိတ်ထဲက ပိုက်ဆံကို ထုတ်ပြီး ဒီမှာကစားရတဲ့ ကွိုင်လေးတွေ လဲတော့ သူလဲလိုက်တာ ကျွန်တော့်တစ်လစာ နီးနီးပဲ။ လဲပြီးတော့ အဲဒီဝိုင်းမှာ မကစားသေးပြန်ဘူး။ နောက်ထပ် လျှောက်ပြန်တယ်။

သူကစားချင်တာ ဖဲဝိုင်းကို လုံခြုံရေးဆီမှာ သေချာ မေးလာတာ ဆိုတော့ သူကစားမဲ့ ဖဲက ဘာဖဲလဲ မသိဘူးလို့ ကျွန်တော် သိချင်နေတယ်။ အဲ. . .တစ်ဝိုင်းလည်း ရောက်ရော ကျွန်တော့်စူပါက စပြီး ထိုးပါလေရော။ လက်သီးနဲ့ထိုးတာ မဟုတ်ပဲ လောင်းကြေးကွိုင်လေးကို ချပြီး ကစားတာကို အံ့သြစွာ တွေ့လိုက်ရတယ်။ ( ဒါကိုများ ထိုးတယ်လို့ ပြောကြတယ်နော်။ ) အမဲရောင်ကွိုင်လေး တစ်ခုက 100 RM သူက နှစ်ခု ချထိုးတယ်။ အံ့သြစရာ ကောင်းလှစွာပဲ သူက ဆက်တိုက်နိုင်တယ်ဗျာ။

ကျွန်တော် ဘေးက အကဲခတ်နေတာ။ အခုဝိုင်းက ဒိုင်လုပ်နေတာက တရုတ်မလေး။ အသစ်ဖြစ်ပုံရတယ်၊ ကျွမ်းကျွမ်းကျင်ကျင် မရှိသေး။ အမှားမှား အယွင်းယွင်းနဲ့ လျော်နေမိတယ်။ ဒီကြားထဲ ဒီလို ဝိုင်း ၅ ဝိုင်းကို ဝိုင်းထိန်း တစ်ယောက်ရှိတယ်။ အခု ဒီကောင်မလေး ဝိုင်းကို ထိန်းနေတဲ့ တရုတ်လေးက ငယ်ငယ်လေး ၊ အလွန်ဆုံး ရှိမှ ၂၆ ပေါ့။ ရုပ်လေးကလည်း အတော်ဖြောင့်တယ်။ ဒါပေမဲ့ ဒီကောင့်ကို ကျွန်တော် ကြည့်မရတော့ဘူး။ ကောင်မလေးရဲ့ မကျွမ်းကျင်လို့ မှားတာကို သူက မသင်ပေးပဲ နောက်ကနေ ဘောပင်နဲ့ တဖျတ်ဖျတ်ရိုက်ပြီး ဆူနေတယ်။

ဒီလို နောက်ကနေ ဒေါက်ထောက်ကြည့်နေတော့ ကောင်မလေးလည်း ပိုပြီး အမှားအယွင်း ဖြစ်တာပေါ့။ ဒါပေမဲ့ ချီးကျူးဖို့ ကောင်းတယ်။ ကောင်မလေး အပြုံးတစ်ချက်မှ မပျက်သွား။ သူ့ရဲ့ ဝန်ဆောင်မှု အပေါ်မှာ အကောင်းဆုံးသူ လုပ်နေတယ်။ မကျွမ်းသေးလို့သာ အမှားအယွင်းဖြစ်နေတာ။ အနောက်က သွန်သင်သူကလည်း အများကြီး လိုနေသေးတယ်။ အခုတော့ ဒီဂလောင်က မသင်ပဲ အမှားတွေကို ဆူနေတယ်။ ကျွန်တော် သာဆို ထရိုက်တယ် အဲ...မဖြစ်သေးပါဘူး။

ဒီအချိန်မှာ ကျွန်တော် သတိရလို့ ကျွန်တော့်စူပါ ကို ကြည့်လိုက်တော့ သူက မျောက်နှာကိုကြီးက အဲ..မျက်နှာကြီးက ပြုံးလို့။ ပြုံးမှာပေါ့။ သူ တော်တော် နိုင်နေတယ်။ အောက်မှာများလာရင် သူက ဂျာကင်ထဲ ကောက်ကောက်ထည့်နေတာ။ အခု သူ့ဂျာကင်ထဲမှာ ကွိုင်လေးတွေ တော်တော်များနေလို့ ဖောင်းနေတာ ကျွန်တော် တွေ့တယ်။ ဒီအချိန်မှာ သူထလိုက်ရင် သူ့အရင်း ၅ ဆလောက်ဖြစ်နေပြီ ကျွန်တော်သိတယ်။

သွားမယ်လို့ ကျွန်တော် မျက်စပစ်ပြတယ်။ သူကလည်း ကျွန်တော့်ကို မျက်စ ပြန်ပစ်ပြတယ်။ ( ကျွန်တော် ရင်မခုန်ပါ။ သူ့ကို ကျွန်တော်မှ မချစ်ပဲ . .အဟဲ။ ) နေဦး . . ခဏလေး . . ထပ်ကစားဦးမယ် ဆိုတဲ့ သဘောပေါ့။ ဒီအချိန်မှာပဲ သူ့တို့ ဝိုင်းကို ဒီလောက်လျော်နေရတော့ တခြားကစားမဲ့ သူတွေ ဝင်လာထိုင်တယ်။ ဝိုင်းမှာ ၆ ယောက် ဖြစ်သွားတယ်။

ကျွန်တော့်စူပါ ကစားနေတဲ့ ဖဲကစားနည်းကလည်း ပထမတော့ ကျွန်တော် မသိ။ ဘာနည်းများလည်းပေါ့လေ။ ကျွန်တော်က ဖဲလည်း သိပ်မကစားတတ်ပါ။ သူငယ်ချင်းတွေ သင်ပေးလို့ 21 လောက်ပဲ ရတာ။ ပိုကာ ဆိုရင်တော့မှ ကျွန်တော် ကျွမ်းထိုးနေပြီ။ ခြေတွေရော လက်တွေရော နဲ့ ကိုင်ထားရတယ်။ အခုတော့ သူ့ကစားနည်းက ဖဲလေး ၃ ချပ်တည်း။ နောက်မှ တော်တော်ခက်တဲ့ ကစားနည်းဗျ။ ဖဲသုံးချပ်ကို ပေါင်း များတဲ့ လူနိုင်တဲ့ ကစားနည်း။ ကျွန်တော့်စူပါကလည်း ဒီလို ဖဲဝိဇ္ဇာ ကျတယ်။ ဒါကလွဲလို့ သူလည်း တခြား မကစားတတ်ဘူးတဲ့။ ဂလိုတော်တာ။

အခုတော့ ဝိုင်းထဲမှာ ၆ ယောက်ဖြစ်နေတော့ ဖဲရဲ့ အလှည့်တွေ ပြောင်းကုန်လို့ ထင်တယ်။ ဒိုင်က ပြန်စားနေရတယ်။ ကျွန်တော့်စူပါလည်း အိတ်ထဲက ပြန်ထုတ်ထုတ်နေရတော့တာပဲ။ ဒိုင်က ဖဲမလှန်ရသေးဘူး။ သူက အိတ်ထဲကို လက်နှိုက်ထားပြီးနေပြီ သူ့ဖဲက အဲဒီလို ညံ့သွားတယ်။ ခဏလေးနဲ့ကို ရထားတဲ့ ၅ ဆကနေ ၃ ဆလောက်ပြန်ကုန်သွားတယ်။ ဒီအချိန်မှာ ဘေးက တရုတ်မတစ်ယောက် ကုန်သွားလို့ ထထွက်သွားတယ်။

ဒီတော့ ဝိုင်းထဲမှာ ၅ ယောက်ပဲ ရှိတော့တယ်။ ကျွန်တော့်စူပါလေးခင်ဗျာ အားကြိုးမာန်တတ် ထိုးရှာပါတယ်။ ဒါပေမဲ့ ဒိုင်နဲ့ သူ “ သရေ ” ကျနေပြီ။ တစ်မျိုးမထင်နဲ့နော်။ “ သွားရည် ” မဟုတ်ပါ။ ဒိုင်လုပ်တဲ့ ကောင်မလေးကလည်း ဘာမှ စားစရာ မရောင်းပါ ၊ ဖဲပဲ ကစားဖို့ ဒိုင်ကိုင်နေတာပါ။ ဒါကြောင့် အခုတော့ သူတို့ နှစ်ယောက် ဖဲက ဒီလိုပဲ “ သရေ ” ကျတယ်ဗျ။ အပွင့်ချင်းတူတယ်။ ဒိုင်က စားသွားတယ်။ နောက်တစ်ပွဲ ပြန်လျော်တယ်။ နောက်တစ်ပွဲစားတယ်။ ဒါနဲ့ပဲ အချိန်ကုန်နေတယ်။

ဒီတော့ ကျွန်တော့်စူပါလည်း စိတ်ပျက်ပြီး ထလာတယ်။ ပြီးတော့ ပြောသေးတယ်။

“ တော်ပြီကွာ။ နိုင်ဖို့ မလွယ်တော့ဘူး။ ”

တဲ့။ ကျွန်တော်လည်း ခပ်နာနာပဲ ဖိပြောလိုက်တယ်။

“ ငါပြောတဲ့ အချိန်ကတည်းက ထရင် မင်း တော်တော် နိုင်နေပြီ။ ”

ဒီတော့ သူက သူ့ရဲ့ လျှို့ဝှက်ချက်တစ်ခုကို အံ့သြဖို့ ကောင်းအောင် ဖွင့်ပြောပြတယ်။

“ ငါ ဒီမှာ ဖဲလာကစားတာ တစ်ခါမှ မနိုင်ဖူးဘူး။ ဘယ်လောက်ကစားမယ် ဆိုပြီး ယူလာသမျှ အကုန်ကုန်တာပဲ။ ငါကလည်း အပျော်လာ ကစားတာလေ။ စီးပွားပျက်အောင် မကစားဘူး။ ငါ့ဒီမှာ လာကစားခဲ့သမျှမှာ နိုင်တာ ဆိုလို့ ဒီတစ်ခါပဲ ရှိတယ်။ ဒါက မင်းပါလို့ ဖြစ်မယ်။ မင်းက လပ်ကီး ကောင်းတယ်။ ”

တဲ့။ အမ်.. . .ကျွန်တော် ကြောက်သွားတယ်။ ဒီကောင်တော့ လုပ်ပြီ နောက်တစ်ခါ ခေါ်ချင်လို့ ငါ့ကို လမ်းကြောင်းတွေ ပေးနေတာလို့။ တကယ်လည်း သူ နိုင်ခဲ့ပါတယ်။ ကွိုင်လဲတဲ့ ကောင်တာမှာ ပိုက်ဆံ သွားလဲတော့ တော်တော်များများ ဟိုက ထုတ်ပေးလိုက်တာ တွေ့လိုက်ရတယ်။ ပြီးတော့ ကျွန်တော်တို့ WC ဝင်အပြီး ပြန်ထွက်လာတော့ အလကားရတဲ့ နေရာက အအေး တစ်ယောက်တစ်ခွက်ဆီ ထပ်သောက်လိုက်ကြတယ်။


Genting Highland မှ တောင်ပေါ်ကြိုးရထား


ပြီးတော့ ကစားရုံထဲက ထွက်ပြီး သူက တောင်ပေါ် ကြိုးရထားစီးမလား လုပ်သေးတယ်။ သူနဲ့ကျတော့လည်း ကိုယ့်လူအချင်းချင်း မဟုတ်တော့ သိပ်ပြီးတော့ ပျော်စရာ ကောင်းမှာ မဟုတ်။ ဒီမှာ က သူ့ဖုန်းကို ထပ်ထုတ်ပြီး ကျွန်တော့်ကို ဓါတ်ပုံ ထပ်ရိုက်တော့တာပဲ။ ကျွန်တော့်ရိုက်ချင်တာ ဒီနေရာ ပတ်ဝန်းကျင်မှာ အများကြီး။ သူများပစ္စည်းကို ကျွန်တော် သိပ်မကိုင်ချင်လို့ မပြောဖြစ်ဘူး။ ကျွန်တော် လိုချင်တဲ့ တချို့နေရာလေးတွေကို သူပြောသလိုပဲ ရိုက်ထားလိုက်ပါတော့တယ်။

ပြီးတော့ သူက တစ်နေရာ ရောက်လိုက် ကျွန်တော့်ကို လိုက်ပြလိုက် နဲ့ ဆင်းဆင်း ဓါတ်ပုံရိုက်ပါတယ်။ သူကတော့ ကျွန်တော် ရောက်ခဲ့ကြောင်း အမှတ်တရ ဖြစ်စေချင်တဲ့ သဘောပါ။ ဒါနဲ့ တစ်နေရာကို ထပ်သွားတော့ တရုတ်ပြည်မှာ အတိုင်း ပြဿဒ်ဘုံဆင့်နဲ့ ဆောက်ထားတဲ့ ကျောင်းဆောင်ရော ၊ သူ့ရှေ့မှာ ဆောက်ထားတဲ့ ငရဲခန်း ဇာတ်တော်တွေရော ၊ တရုတ်ရိုးရာ စောင့်ရှောက်တယ်လို့ ယူဆတဲ့ သူတို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို တွေ့ရပါတယ်။

ဒီလိုတောင်ပေါ်တောင်မှ ဘယ်လို ရအောင် သယ်လာလည်း မသိသော ဗုဒ္ဓရုပ်ပွားတော်ကိုလည်း တင်ပ္ပလင်ခွေထိုင်လျှက်ပုံစံနဲ့ မြင်တွေ့ရပါတယ်။ တခြားနေရာတွေလည်း အလှအပနေရာတွေ တွေ့ပါသော်လည်း ကျွန်တော့်ကိုယ်ပိုင် ကင်မရာ မဟုတ် ၊ နောက်တစ်ခုကလည်း ဖုန်းက ကင်မရာ ဆိုတော့ သိပ်ပြီး ကျွန်တော် မရိုက်ချင်လို့ မရိုက်ဖြစ်တော့ပါဘူး။

အခုတော့ ရိုက်ခဲ့မိသမျှထဲက အမှတ်တရ ပုံလေးတွေကို တင်လိုက်ပါတယ်။ ကျွန်တော် ခန္ဓာကိုယ်ကြီးပါနေလို့ ရှုခင်းကြည့်ချင်သူများ ကို ခွင့်လွှတ်ပါလို့ ကြိုတင် တောင်းပန်ချင်ပါတယ်။ နောက်တစ်ခါ သွားဖြစ်ရင်တော့ ကျွန်တော် ကိုယ်တိုင် ရိုက်ထားတဲ့ လက်ရာလေးတွေ မြင်တွေ့ရပါမယ်။ အခုတော့ ဒီအတိုင်လေးပဲ အမှတ်တရ ကြည့်ပေါ့။

အဲ . . တစ်ခုကြိုတင် တောင်းပန်ထားချင်တာက တောင်ပေါ်မှာ လိပ်ပြာလေးတွေ ပေါတယ်ဗျာ။ တကယ်လို့ တချို့ဓါတ်ပုံတွေမှာ လိပ်ပြာလေးတွေ ပါနေရင် ခွင့်လွှတ်ပြီး ကြည့်ပေးပါ. . :P ။ နောက်တစ်ခါဆိုရင်တော့ မပါအောင် ရိုက်ပြီး ကျွန်တော် လက်ရာတွေကို တင်ပြချင်ပါတယ်။



ဒီနေရာကတော့ Genting Highland တောင်ပေါ်ရောက်ရောက်ချင်း ကားပါကင် နေရာနဲ့ ဟော်တယ် အဆောက်အဦးတွေပါ။ ( ကြည့်ဦး ကျွန်တော့်ကို ဘယ်နေရာကို သွားရိုက်ခိုင်းလဲလို့။ ကောင်းလိုက်တဲ့ ရှုခင်းပဲ။ :P )




ဒီနေရာကလည်း ကားပါကင်နေရာမှာပါပဲ။ အပေါ်တတ် အပေါ်တတ်တဲ့။ နောက်က ဟော်တယ်ကြီးက လှတယ် ဆိုပဲ။ ကျွန်တော် ကြည့်လိုက်တော့လည်း လှပါတယ်.။ ရိုက်လည်း ရိုက်ရော ဟော်တယ်က သေချာမပါ. . ဟိဟိ။



ဒါကတော့ နေရာ အတူတူပါပဲ။ ဟော်တယ်ကြီး နှစ်ခုကို ပါတယ် လှတယ် ဆိုပြီး ရိုက်ထားတာပါ။ ဝဏ္ဏခွားနီတို့ ငိုမဲ့ ကင်မရာ ဆရာပေါ့ဗျာ။



နောက်မှာက တောင်ပေါ်ကြိုးရထားတွေကို ပါတယ်ဆိုပြီး ရိုက်တာလေ။ မင်းကလည်း ဒီအတိုင်းကြီးပဲ ရပ်နေတာပဲ လက်ပိုက်လိုက်ဆိုလို့..ဟီး။ သူက ကျောင်းအုပ်ဆရာကြီး ကျနေတာပဲ...း)



တရုတ်ပြည်မှာ ရှိနေတဲ့ အတိုင်း ဘုံပြဿဒ်ပါ။ တော်ချက်က ကြည့်ပါဦး...၃ ဆင့်တော့ ပါသား..ဟီး။ ဒါလေးကို ရအောင် သူက တော်တော်ချိန်နေတာနော် ကျွန်တော့်မှာ ကုန်းရမလို ကွရမလိုတောင်မှ ဖြစ်လို့..ဟဟဟဟ။



ဒီဘက်ကို လာတဲ့..ဒါဆိုရင် ပြဿဒ်က အကုန်ပါတယ် ဆိုပဲ ချိန်လိုက်တာ နာရီဝက်... အခု ကြည့်တော်မူကြပါဦး အရပ်ကတို့ ၊ ဘေးလေးပဲပါတယ် . . ဟီးဟီး။



ဒီနေရာလေးကတော့ အပေါ်ထပ်က ဗုဒ္ဓရုပ်ပွားတော်မြတ် ၊ ဒီနေရာကို တည်ဆောက်ဖို့ စတင် အကြံဥာဏ်ရသူတို့ ရုပ်ထုတွေ ထားတဲ့ နေရာကို တတ်တဲ့ နေရာလေးပါ။




လှေခါးထပ်မှာ ကျွန်တော် မင်းက အောက်ကို ငုံ့ကြည့်နေတဲ့။ အတော်လှတယ် ဆိုပဲ။ ပုံထွက်လာတော့ မျက်နှာကြီးကို မည်းလို့...ဟီး။ မည်းမှာပေါ့။ နေက ကျွန်တော် ခေါင်းပေါ်မှာလေ။ သူက မကြည့်တတ်လို့။




ဒါကတော့ အပေါ်ရောက်သွားပါပြီ။ နောက်မှ မြင်နေရတဲ့ ကျောက်နံရံကြီးပေါ်ကနေ ရေတွေ စီးကျနေတယ်။ အတော်လှတဲ့ နေရာဖြစ်သလို အတော်လည်း ရှုခင်းကောင်းတယ်။ လှတဲ့ သူတွေများ ဓါတ်ပုံရိုက်ရင် တော်တော် လှမဲ့နေရာပေါ့။




ဒါက သူပြောတယ် ကျောက်ဖရုံသီး ဆိုလားပဲ ..ဒါကို သူတို့ ရာဇဝင်မှာ ဘယ်လို သုံးတယ်ပေါ့ဗျာ။ ဒါကြောင့် ကျွန်တော်ကလည်း အမှတ်တရ ဓါတ်ပုံ ရိုက်ထားလိုက်ပါတယ်။ လိပ်ပြာလေးအတွက်တော့ ဆောရီးနော်။ ကျောက်ဖရုံသီးလေး မြင်နေရတာပဲဟာ....ပဲဟာ....ပဲဟာ.။




ဒါကတော့ ဗုဒ္ဓရုပ်ပွားတော်ပါ။ သူ မရိုက်တတ်တော့ ရုပ်ပွားတော်က မြင်ကွင်း မရှင်းဘူး ဖြစ်နေတယ်။ ဘာပဲ ပြောပြောပါ ကျေးဇူးတော့ တင်ဖို့ ကောင်းပါတယ်။ သူ လိုက်ပို့လို့ ရောက်ရတာ ကျွန်တော့်ဖာသာဆို အခန်းထဲက ထွက်တာ မဟုတ်ဘူး။




ဟိုးနောက်မှာက တရုတ်ဘုံကျောင်းတွေမှာ တစ်ခုနဲ့ တစ်ခု ဖြတ်သွားဖို့ လမ်းလေး ဖောက်ထားသလိုမျိုး ဖောက်ထားတာပါ။ အပြင်မှာ တကယ်ကို လှတယ်။ သူက အဲဒီမှာ ရိုက်မယ် ဆိုတော့ ကျွန်တော်က ခုံပေါ်မှာ တတ်ထိုင်လိုက်တာပါ။ သူက ရိုက်ဖို့ ချိန်နေတာနဲ့ တော်တော်ကြာတယ်။ ဒါကြောင့် ရလား လို့ မေးလိုက်တော့မှပဲ....ကဲကွာ ဆိုပြီး ရိုက်လိုက်တော့တယ်.... ဟီး... ကောင်းရော။




ဒါကလည်း ဒီနေရာလေးမှာပါပဲ။ ခုံပေါ်က ဆင်းပြီး အနောက်တည့်တည့်ကို ရိုက်လိုက်တာပါ။ မြူမှုန်တွေနဲ့ ဆိုတော့ အပြင်မှာ တကယ်လှတယ်.။ အခုတော့ လိပ်ပြာလေး ဝဲနေတာက လွဲလို့ပေါ့နော်..ဟီး။




ဒါကတော့ ကျွန်တော့် အမျိုးတွေနဲ့ သိုင်းကျင့်နေတာပါ။ ဒီလို ပေါတောတော ပုံတွေ ဆိုရင်တော့ လိပ်ပြာက လာမဝဲတော့ဘူး...ဟီး။ ဒါပေမဲ့ Resolution ကတော့ ကျနေတယ်။ နောက်ပြီး မြူမှုန်တွေကြောင့် ဝါးနေတာပါ. . ဟဲ..ဟဲ။




ဒီလိုမျိုး . . .အမျိုးပုံတွေက အများကြီးပဲဗျ..။ ဒါတွေကို အမှတ်တရ ရိုက်ရမှာ..။ “ ဘိုးဘိုးများ နဲ့ ကျွန်တော် ”ပေါ့။





ဒီပုံလေးကတော့ မနေနိုင်တော့လို့ သူ့ဆီက ကျွန်တော် ယူပြီး ဖုန်းကင်မရာနဲ့ ရိုက်ထားတာပါ။ ဒါကြောင့် ကျွန်တော် မပါ ၊ လိပ်ပြာ ဗလာ။




ဒီပုံလေးကလည်း ကျွန်တော် ရိုက်ထားတာပါပဲ။ သူရိုက်တုန်းကလို အရှေ့က ဘာညာ ရှုပ်မနေတော့ဘူးလေ။ နေရာက ဘေးစောင်းကနေ ရိုက်ထားတာပါ။ ဘေးမှာက လက်ကိုင်တန်းကြီး ရှိနေတယ်။ တည့်တည့်ရိုက်ချင်ရင် တခြားနေရာကနေ ရိုက်ရမှာ.. နောက်တစ်ခါပေါ့ဗျာ။




ဒီပုံလေးကတော့ ခုနက အမျိုးတွေရဲ့ အပေါ်က ပုံလေးပါပဲ။ ကျွန်တော်တို့လို အယူနဲ့ ဆိုရင် ဘယ်သူက ဆောက်မလဲဗျာ။ အမျိုးတွေရဲ့ ဦးခေါင်းပေါ်မှာ လူသွားလမ်း ရှိနေတယ်။ အဲဒီအပေါ်မှာ ဒီလို ဂဝံကျောက်တွေနဲ့ အလှဆင်ထားတာ။ အပေါ်မတတ်ခဲ့လို့ ကျွန်တော် မရိုက်ခဲ့ရဘူး။ ဒါကြောင့် အောက်ကပဲ ဆွဲလိုက်တာ။




ဒါကတော့ ဘုံကျောင်းကို နောက်ထပ် တစ်နေရာကနေ ရိုက်ထားတာပါ။ မဆိုးဘူးဟ တော်လာပြီ ၊ ပိုများလာတယ် အဆောင် အရေအတွက်။ နောက်ထပ် ၁၅ ခါလောက် နေရာ ၁၀ နေရာလောက် ပြောင်းရိုက်ရင်တော့ အကုန်အပြည့်ပါလာနိုင်ပြီ :P ။




ဒါကတော့ အပေါ်က ဂဝံကျောက်တုန်းတွေကို ငှက်တွေနဲ့ သူတို့ ရာဇဝင်ပုံဖော်ထားတာပါ။ ကျွန်တော်လည်း သူတို့ ရာဇဝင်တွေကို မသိတော့ ဘာတွေမှန်းတော့ မသိဘူး။ လှလို့သာ ရိုက်ခဲ့တာ။




သူကတော့ ကျွန်တော်နဲ့ ဘာမှ မတော်ပါဘူး။ Genting Highland ဆိုတဲ့ နေရာဖြစ်လာအောင် သာမာန်တောင်လေး တစ်ခုကို အသွင်ပြောင်းဖို့ စတင် စိတ်ကူးဖြစ်လာပြီး စီစဉ်ခဲ့သူ ဖြစ်ပါတယ်။ သူ့နာမည်က ဘယ်သူ...အဲ.. မေ့နေပြန်ပြီ။ ဒါကို ကျွန်တော် ရိုက်တာပါ။




သူပါပဲ.။ ရှေ့ကကြည့်လည်း ယဉ်တယ်။ နောက်က ကြည့်လည်း ယဉ်တယ်။ ဘေးက ကြည့်လည်း ယဉ်တယ် ဆိုလို့ ရိုက်ကြည့်တာ..။ ကျွန်တော့်လက်ရာလေ။



ကွိစိ ကွစ . . တရုတ်လို ဖတ်တတ်သူတွေ ဖတ်လို့ရအောင်ပါ။ ဘာတွေ ရေးထားတာလည်းတော့ မသိ..။




ဒါကတော့ Genting Highland အတတ်လမ်းလည်း ဖြစ်သလို အဆင်းလမ်းကလည်း သူ့ဘေးနားကပါပဲ။ ပြန်ခါနီး WC ဝင်တော့မှ WC ဘေးနားကနေ လှမ်းရိုက်လိုက်တာ။ နောက်မှ သေချာ လာမယ်။



ဒါလေးကလည်း ကားမောင်းနေရင်းနဲ့ လှလို့ လှမ်းကစ် လိုက်တာ။ အပြင်မှာ ပိုပြီး သာသာယာယာ ရှိတယ်။


အပြန်ခရီးမှာတော့ နိုင်လာတဲ့ ပိုက်ဆံတွေနှင့် မြောက်ကြွ မြောက်ကြွ ဖြစ်နေပြီး ကားလမ်းဘေးက စားသောက်ဆိုင်မှာတောင်မှ မစားပဲ ဟော်တယ် တတ်စားတယ်။ ဒီဟော်တယ်ကလည်းဗျာ တရုတ်နိုင်ငံက လာဖွင့်တာ။ ကြည့်လိုက်တော့ သတ်သတ်လွတ်တဲ့။

ကျွန်တော်တို့ စားပွဲမှာ သွားထိုင်တော့ မလှမပ တရုတ်မ နှစ်ယောက်က လာပြီး မီနူးကဒ် တစ်ယောက်တစ်ခု လာပေးတယ်။ ပြီးတော့ ကျွန်တော့်ကိုလည်း တရုတ်လိုတွေ မေးလိုက်တာ မိုးမွှန်နေတာပဲ. ဟီး။ ကိုယ်ကလည်း ရုပ်တည်ထားလိုက်တော့ သူတို့ နည်းနည်းရှိန်သွားတယ်။

ဒါနဲ့ ကျွန်တော့်တပည့်ကိုပဲ စွတ်မေးတော့တယ်။ ကိုယ့်မှ မမှာတတ်တာ။ အကုန်တရုတ်လိုတွေချည်း ရေးထားတယ်။ သူကပဲ မှာပြီးတော့ ကျွန်တော် ဆိုင်ထဲ လိုက်ကြည့်တော့ အင်္ဂလိပ်လို ၊ မလေးလို ၊ တရုတ်လို ရေးထားတာ တစ်ခုပဲ ရှိတယ်။ ဒါကတော့ ဒီဆိုင်က သတ်သတ်လွတ် အစားအစာတွေကိုပဲ ရောင်းတယ် ဆိုတာပဲ။

ခဏကြာတော့ ဟင်းချို လာချတယ်။ ပြီးတော့ ထမင်း နဲ့ ဟင်းလေးပွဲ။ ထမင်းကတော့ သိတဲ့ အတိုင်းပါပဲ ကြွေဇလုံ သေးသေးလေးနဲ့ပေါ့။ ဟင်းတွေကို ကျွန်တော်ကြည့်လိုက်တော့ မျက်လုံးပြူးသွားတယ်။ သတ်သတ်လွတ်လို့သာ ပြောတာ ဝက်သားလုံးကြော် ၊ ဝက်အခေါက်ကင် ၊ ကြက်တောင်ပံ့ကြော် ၊ ဘေးက ဟင်းခွက်က ငါးဟင်းအစပ်ချက် ၊ ငါးဟင်းခွက်ဆို ငါးတစ်ကောင်ရဲ့ဘေးမှာ အမည်းအရေပြား ရှိတယ် မဟုတ်လား။ အားလုံး တကယ့်အသားတွေ အတိုင်းပဲ။

နောက်မှ ကျွန်တော်လည်း သတိရတော့တယ်။ ငါတို့ ရန်ကုန်က တရုတ်တန်းမှာလည်း ဒီလိုမျိုးရှိတာပဲလေ လို့။ ဒါပေမဲ့ ဒီမှာက ကျတော့ ဟော်တယ် လို့ မပြောရဘူး အပြင်အဆင်က တကယ်ကို မိတယ်။ တကယ့် အသားငါး အစစ်တွေလား မှတ်ရတယ်။ စားကြည့်တော့လည်း တကယ့် အသားငါး အစစ်နီးပါးတူတယ်။ အနံ့အရသာက အစ။ အသားဖတ်တွေ မပါပဲ ဖွယ်နေတာကလွဲလို့ပေါ့။

မကောင်းတာကတော့ ဟင်းချိုခွက်ပဲ။ ဘာမှ အရသာ မရှိဘူး။ စူပါ ကတော့ ပြောတယ်။ ဒါက ဂျင်ဆင်းတွေပါ ပါတယ် ဆိုပဲ ၊ နောက်ပြီး ဘာအရွက်တွေ ၊ အသီးတွေ မှန်းလည်း မသိဘူး။ မသိရင် လမ်းဘေးက သစ်ရွက်ခြောက်တွေ ကောက်ထည့်ထားတဲ့ အတိုင်းပဲး) ဒါပေမဲ့ နောက်တော့လည်း သောက်ရင်း မဆိုးပါဘူး..ဟုတ်တယ်မလား. အလကား စားရ ၊ သောက်ရတာလေ။

စားသောက်ပြီးတော့ . . အင်း . . ကျွန်တော် ထင်တယ်။ သူ တော်တော် ရှင်းလိုက်ရမှာဗျ။ ဒါပေမဲ့လည်း သုက တော်တော်နိုင်လာတာ ဆိုတော့ ဒီလောက် မကြည့်တော့တာ။ သူ့အပြောကတော့ တစ်ခါမှ မနိုင်ဖူးဘူး ဆိုပဲ။ ဟဲဟဲ . . သူ့ကိုယ်သူ ဂုဏ်ပြုလိုက်တာလည်း ဖြစ်မယ်လေ။

မလေးရှားကို အလည်လာတယ် ဆိုရင် ဒီနေရာကိုတော့ ရောက်အောင် သွားသင့်တယ်။ မလေးရှားကို အလည်လာတဲ့ နိုင်ငံခြားတွေ အားလုံးကတော့ မဖြစ်မနေသွားတဲ့ နေရာ သုံးခု ရှိတယ်။

၁) KLCC

၂) Genting Highland နှင့်

၃) Langkawi


တကယ်လို့ သူငယ်ချင်းတွေ စုပြီး သွားကြမယ် ဆိုရင် ကျွန်တော် ထပ်ပြီး သွားချင်ပါသေးတယ်။ ပြီးတော့ ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူ နဲ့ လည်း သွား. . . .ချင်. . . ပါ. . .သေး. . . . တယ်. . . ဗျာ. . . . ။


ကိုဇော် ခံစားပုံဖော်သည်။


.

Share/Bookmark

4 ယောက် ရဲ့ ထင်မြင်ချက်:

ချော (အစိမ်းရောင်လွင်ပြင်) said...

ကိုဇော်က ကာစီနို သွားတာ ဘာကိစ္စ မျက်နှာဖုံးကြီး စွပ်သွားရတာလဲ..
အော် သိပြီ..
အခွင့်သာရင် လစ်ပြီးပြေးဖို့ထင်တယ်..
ရည်ရွယ်ချက်ကောင်းသားဘဲ.. ဒါပေမဲ့
အခွင့်မသာတော့ ဘာမှ အလစ်မရခဲ့ဘဲ ဓာတ်ပုံလေးရိုက်ပြီး ပြန်ခဲ့ရတယ်မဟုတ်လား
ဓာတ်ပုံလေးတွေက အရမ်းမိုက်တယ်..
အဲ... အရှေ့က ရှုခင်းကို ကွယ်နေတဲ့ ပုံတွေ မပါရင် ပိုမိုက်မယ်.. ဟိဟိ

Anonymous said...

မတွေ့ဘူးတဲ့ပုံတွေတွေ့လိုက်ရလို့ကျေးဇူး....
ကာစီနိုကို ရုပ်ရှင်ထဲမှာတွေ့ဖူးတယ်...

ခင်တဲ့
သဒ္ဓါ

သိင်္ဂါကျော် said...

ပုံတွေ လာကြည့်တယ်နော်..
ကင်မရာ ဝယ်ဖို့တော့ နှမြောမနေပါနဲ့ဗျာ..။

မြစ်ကျိုးအင်း said...

အခွင့်ကြုံရင်တော့ အဲဒီတောင်ပေါ်မှာ ကစားလိုက်ချင်သေးတယ်။

လိပ်ပြာတွေကလည်း တအားများတာပါပဲလားဗျ

ရိုက်တဲ့သူသာ မကောင်းတယ် အရိုက်ခံတဲ့သူက ဒီဇိုင်းက တအားပေးတာ ပါပဲလား။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.