မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


27 June 2011

18 စာပေဟောပြောပွဲများ


မထင်မှတ်ဘဲ စာမရေးအားသေးတဲ့ အချိန်မှာ သူငယ်ချင်း “ အာရုဏ် ” ဆီက စာပေဟောပြောပွဲ အသံဖိုင်လေး ရလို့ တင်ပေးလိုက်တာမှ အတော်ကို ဝမ်းမြောက်ဝမ်းသာ နားထောင်ကြ ၊ ဒေါင်းကြတာကို တွေ့ရလို့ တကယ်ကို ဝမ်းသာမိပါတယ်။  

ဒါကြောင့် စာပေဟောပြောပွဲတွေကိုပဲ သီးသန့် နားထောင်ချင်သူများ ၊ စာပေဟောပြောပွဲတွေကို စုပြီး သိမ်းထားချင်သူများ အတွက် စာပေဟောပြောပွဲတွေချည်းပဲ သီးသန့်စုထားတဲ့ နေရာလေးကို ညွှန်ပြချင်ပါတယ်။ ဟောပြောပွဲပေါင်း ရာကျော်ဆိုတော့ ကျွန်တော်လည်း ဒီနေရာမှာ  တစ်ခုချင်းစီ မတင်အားတော့ပါဘူး။ ဒါကြောင့် ပေးထားတဲ့ လင့်ကနေ သွားပြီးတော့ ဒေါင်းပြီး နားထောင်နိုင်ပါတယ်။ မြန်မာနိုင်ငံက လူတွေပါ အလွယ်တကူ ဒေါင်းလို့ ရနိုင်မဲ့ နေရာမှာ တင်ထားတာပါ။ 

ဒေါင်းရန် လင့်လေးကတော့ အောက်မှာပါ။


အားလုံးပဲ အဆင်ပြေ ပျော်ရွှင်ကြပါစေ။


လေးစားစွာဖြင့်
ကိုဇော်
27.6.2011

Share/Bookmark

21 June 2011

21 မြောက်ဥက္ကလာ စာပေဟောပြောပွဲ



မြောက်ဥက္ကလာ ( ဈ ) ရပ်ကွက်တွင် 29.5.2011 နေ့က ဟောပြောခဲ့တဲ့ စာပေဟောပြောပွဲမှာ ဆရာ အကြည်တော် ၊ ဆရာ ချစ်ဦးညို နှင့် ဆရာ ဦးအောင်သင်းတို့ ဟောပြောခဲ့တဲ့ အသံဖိုင်တွေပါ။



ဆရာ အကြည်တော်ရဲ့ ဟောပြောချက်


ဒီဟောပြောချက်လေးကို နားထောင်လို့ မရပါက ဒီနေရာ မှာ သွားရောက် နားထောင်နိုင်သလို ၊ ဒေါင်းလို့လည်း ရပါတယ်။



ဆရာ ချစ်ဦးညိုရဲ့ ဟောပြောချက်


ဒီဟောပြောချက်လေးကို နားထောင်လို့ မရပါက ဒီနေရာ မှာ သွားရောက် နားထောင်နိုင်သလို ၊ ဒေါင်းလို့လည်း ရပါတယ်။



ဆရာ ဦးအောင်သင်းရဲ့ ဟောပြောချက်


ဒီဟောပြောချက်လေးကို နားထောင်လို့ မရပါက ဒီနေရာ မှာ သွားရောက် နားထောင်နိုင်သလို ၊ ဒေါင်းလို့လည်း ရပါတယ်။



ဒီ အသံဖိုင်တွေကို DVD ကနေ MP3 ပြောင်းပြီးတော့ မအားလို့ စာမရေးနိုင်တဲ့ ကျွန်တော့်ဆီကို ပို့ပေးလာတဲ့ သူငယ်ချင်း “ အာရုဏ် ” ကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်။

လေးစားစွာဖြင့်
ကိုဇော်
21.6.2011

Share/Bookmark

17 June 2011

12 ဖန်ဆင်းရှင်



ဖန်ဆင်းရှင် ၊ ဖန်တီးရှင် ဆိုတဲ့ အရာ ၊ အကြောင်းကို ပြောတိုင်း ဒီကာတွန်းလေးကို သတိတရ မှတ်မိနေစေချင်တယ်။ တကယ်ကို အနှစ်သာရ ရှိတဲ့ ကာတွန်းလေးပါပဲ။ သင်တို့ရဲ့ ဖန်ဆင်းရှင်ကရော ဘာတွေကို ဖန်ဆင်းပါသလဲ။ တကယ်လို့ သင်သာ ဖန်ဆင်းရှင် ဆိုရင် ဘယ်လို အရာတွေကို ဖန်ဆင်းချင်ပါသလဲ။

*** ပြောမယ် ဆိုရင် ပြောစရာတွေက အများကြီးပါပဲ။ ဒါပေမဲ့ ကိုယ့်ဖာသာကိုယ်ပဲ တွေးယူလိုက်တာ ပိုကောင်းပါတယ်။ ပိုပြီး တန်ဖိုး ရှိတာပေါ့ဗျာ။ ***

ကျွန်တော် ကူးယူတဲ့ နေရာကတော့ ဒီဗီယိုလေးကို “ ဖန်တီးလိုက်ရင် တလွဲတွေချည်းပဲ ” လို့ ဆိုထားပါတယ်။ ဘာတွေများ လွဲနေတယ် ဆိုတာ ကြည့်ကြရအောင်လား။



ဒီနေရာမှာ ကွန်ကြောင့်ပဲ ဖြစ်ဖြစ် ၊ အကြောင်းကြောင်းကြောင့် ကြည့်လို့ အဆင်မပြေသူများ ဒီနေရာ မှာ သွားကြည့်နိုင်သလို ၊ Download လုပ်ချင်လည်း လုပ်နိုင်ပါတယ်။

Facebook တွင် China Michel တင်ထားသော ဗီဒီယိုလေးမှ ကူးယူ၍ ဖော်ပြပါတယ်။

လေးစားစွာဖြင့်
ကိုဇော်
17.6.2011

Share/Bookmark

08 June 2011

33 နှုတ်ဆက် လမ်းခွဲ


 
ရေးလက်စ ပို့စ်တွေပေါ့။

လွန်ခဲ့သော ၁၀ နှစ်ကျော်လောက်က ဖြစ်ပါလိမ့်မည်။ ငှားနေကျ စာအုပ်ဆိုင်ကို ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက်ရောက်သွားပြီး စာအုပ်ငှားနေကြတုန်း “ ကလျာ ” မဂ္ဂဇင်း တစ်အုပ်ကို ကျွန်တော့် သူငယ်ချင်း တစ်ယောက်က ဘာရယ် မဟုတ်ဘူး ကောက်ကိုင်ကာ ဟိုလှန် ဒီလှန် ဖတ်နေပါသည်။ နောက်တော့ သူက ငြိမ်ကာ စာအုပ်ရဲ့ တစ်နေရာကို ဖတ်နေလေတော့၏။

ပထမတော့ စာအုပ်ငှားဖို့ ရွေးနေကြတာ ဆိုတော့ သူ့ကို သတိမထားမိသေးပါဘူး။ အားလုံးလည်း စာအုပ် ငှားပြီးတော့မှ သူ့ကို သတိထားမိတော့၏။ ငြိမ်ချက်သား ကောင်းလွန်းလို့ သူ့ကို လှမ်းမေးလိုက်တော့မှ သူက သူဖတ်နေတဲ့ စာအုပ် စာမျက်နှာကို ကိုင်ကာ အလျားလိုက် ကမ်းပေးလာတော့သည်။

ဒီစာအုပ်ရဲ့ မျက်နှာလေးပေါ်မှာ ကဗျာလေး တစ်ပုဒ်ကို ပုံနှိပ်ကာ ဖော်ပြထားပါ၏။ ထိုကဗျာလေး နာမည်က “ လမ်းခွဲ ” တဲ့။ ဆရာ မောင်လှမျိုး ( ချင်းချောင်းခြံ ) ရေးထားတာပါ။ ထိုနေ့က ထိုကဗျာလေးကို ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံး မဂ္ဂဇင်း စာမျက်နှာကို စုပြုံကာ ခေါင်းတိုးဝှေ့ပြီး ဖတ်ခဲ့ကြရသည်။ ဒါနဲ့တင် မပြီးသေး။ ဒီကဗျာလေးက ကျွန်တော်တို့ကို လပေါင်းများစွာ ၊ နှစ်နဲ့ကို ချည်ကာ အတွေးငွေ့ငွေ့လေးတွေ ပေးပါ၏။

လမ်းခွဲ

လမ်းခွဲတာ မဟုတ်ပါဘူး
ကိုယ် တံတားကျိုးနေလို့
လမ်းလွှဲက လျှောက်ခိုင်းတာပါ။

ဒီလို ကဗျာလေးက အစချီထားပြီးတော့ စာပိုဒ် နှစ်ပိုဒ်ကို ကဗျာစပ်ပုံတူ စကားလုံးကွဲတွေနဲ့ တင်ပြထားသည်။ အတော်ကို “ တာ ” သွားသော ကဗျာလို့ ဆိုနိုင်ပါသည်။ ဒီအချိန်မှာ အသက် ၁၁ နှစ် အရွယ်သာ ရှိသေးသော ကျွန်တော့် နှမ အငယ်ဆုံးလေးကိုတောင်မှ ဒီကဗျာကို ပေးဖတ်ဖြစ်ပါသေး၏။ ဆော့ကစားဖို့သာ စိတ်ရှိနေသေးသော ကျွန်တော့် နှမ ဆီမှ ထိုကဗျာကို ဖတ်ပြီး မှတ်ချက်ပြုသံကို ကျွန်တော် အခုထိ မမေ့နိုင်သေးပါ။

လှမ်းလျှောက်နေရင်း
လမ်းပေါ်က ခလုတ်တိုက်မိတဲ့ ခဲလုံး တစ်လုံးကို တွေ့ရင်
တံတားအောက်က ချောင်းရေထဲကို ပစ်ချပေးပါ။
အဲဒီ ခဲလုံးက ကိုယ့် အသည်းနှလုံးလေ . . . ။

ဆိုတဲ့ နေရာလေးမှာ “ အဲဒီ ခဲလုံးက ကိုယ့် အသည်း နှလုံးလေ . . ” ဆိုတဲ့ နေရာလေး မိုက်တယ် လို့ ကလေး သာသာ ကျွန်တော့် နှမကတောင်မှ မှတ်ချက်ပြုခဲ့ပါသည်။ ဒါပေမဲ့ သူက ကဗျာကို ခံစားတတ်လား ဆိုတော့လည်း “ ဟင့်အင်း ” ပါပဲ။ စာတွေ ရေးလား ဆိုတော့လည်း “ No ” ပါပဲ။ သူကလည်း သူ့ကိုသူ ရဲဝံ့စွာ ကြွေးကြော်ပါသည်။ 

“ ညီမလေးက အရေးသမား မဟုတ်ဘူး။ အဖတ်သမား ” တဲ့။

တကယ်လည်း သူက စာတွေကိုသာ ကျွတ်ကျွတ်နေအောင် ဝါးမျို ဖတ်ရှု့သူ ဖြစ်ပါ၏။ ဖတ်သမျှကိုလည်း ပိစိပေါက်စ ကအစ မှတ်မိပြီး တိတိပပ ပြန်ပြောကာ တစ်ဘက်လူ သက်ပြင်းတွေ ရှည်သထက် ရှည်အောင် ကိုးကား ပြောတတ်သူ ဖြစ်ပါသည်။ သူပြောချင်တဲ့ “ အရေးသမား ” နဲ့ “ အဖတ်သမား ” ဆိုတာက ဖတ်ပြီးတော့ ပြန်ရေးတတ်သူ နဲ့ ဖတ်ယုံသာ ဖတ်သူကိုပဲ ဆိုချင်တာပါ။ မဖတ်ဘဲနဲ့တော့ ဘယ်သူကမှ ပြန်ရေးနိုင်မှာ မဟုတ်ပါ။ ထားတော့ . . . ။

ဒီကဗျာလေးကို ဖတ်ရပြီးကတည်းက ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားထဲမှာ ကဗျာရေးတာ ၊ စာရေးတာလေးတွေ အတော်ကို ပြောင်းလဲ ကုန်ကြ၏။ ဒီကဗျာလေးကို တုပကာ ရေးဖြစ်ကြ၏။ မှီငြမ်း ချဲ့ထွင်ကာ ရေးဖြစ်ကြ၏။ ကိုးကားကာ ရေးဖြစ်ကြ၏။ အတော်ကို ပျော်စရာ ကောင်းခဲ့သော အချိန်အခါလေးဟု ဆိုရမည် ဖြစ်ပါသည်။



ဘာရယ် မဟုတ်ပါဘူး။ ဒီနေ့ ဒီကဗျာလေးကို ကျွန်တော် တော်တော်ကို သတိရမိသည်။ တစ်ခါတလေတော့လည်း “ လမ်းခွဲတယ် ” ဆိုပေမဲ့ သူများကိုတော့ “ လမ်းလွှဲ ” က လျှောက်စေချင်တဲ့ သဘောလား ၊ ဘာညာတွေလည်း လျှောက်စဉ်းစားမိပါသည်။ ဘာရယ် ညာရယ်လည်း မဟုတ်ပါဘူး။ ပျော်လို့လည်း မဟုတ်ပါဘူး ၊ ပျင်းလို့လည်း မဟုတ်ပါဘူး။ တောင်စဉ် ရေမရ စဉ်းစားမိတာပါ။



အခု ရက်ပိုင်းမှာ ကျွန်တော့် ကိုယ်ရေး ကိုယ်တာ ကိစ္စတွေ ၊ အလုပ်ကိစ္စတွေ ၊ အထွေထွေ ကိစ္စတွေကြောင့် အတော်ကို မအားပါ။ ဒါပေမဲ့ အားတဲ့ အချိန်လေးတိုင်းမှာ စာတွေတော့ ချရေးဖြစ်ပါသည်။ တခြားလည်း ကျွန်တော့်မှာ လုပ်စရာ မရှိ ၊ လုပ်လည်း မလုပ်တတ်ခဲ့။ ဒါကြောင့် စိတ်ကူးထဲမှာ ပေါ်လာသမျှတွေကိုတော့ နေ့တိုင်း ရေးဖြစ်နေတာပါပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ကူးတိုင်းကို သူများကို ချပြလို့ ရတာ မဟုတ်လေတော့ ဘလော့မှာတော့ မတင်ဖြစ်ပါ။ ကိုယ့်ဖာသာ ကိုယ်ပဲ တစ်နေရာမှာ စုထားမိပါ၏။

စိတ်ခံစားမှု အရ “ နှုတ်ဆက်ရင်တောင်မှ ပျော်ရွှင်စွာ ” နဲ့ပဲ နှုတ်ဆက်ချင်သူမို့ ဟာသပို့စ်လေး တစ်ခုကို ကျွန်တော် ကြိုးစားရေးပေမဲ့ ဘယ်လိုမှ ရေးလို့ မပြီးပါ။ ရေးရင်းနဲ့ပဲ အချိန်တွေ ကုန်ကာ အရာ မရောက်သလို ဖြစ်လာခဲ့၏။



“ နှုတ်ဆက်ပို့စ် ” 

ဟုတ်ပါသည်။ ကျွန်တော် နှုတ်ဆက်ပို့စ်လေး တစ်ခုကို ဟာသဖြင့် ပျော်ရွှင်စေဖို့ ရေးနေမိပေမဲ့လည်း အကြောင်းကြောင်းကြောင့် မအောင်မြင်ခဲ့ပါ။ ဒါကြောင့် အခုတော့ ဒီအတိုင်းပဲ နှုတ်ဆက်ရပါတော့မည်။ ကိုယ်ရေးကိုယ်တာ ကိစ္စများမြောင်နဲ့ အချိန် အတိုင်းအတာ တစ်ခု အထိ ကျွန်တော် မအားနိုင် ဖြစ်နေမှာမို့ ကျွန်တော် ဘလော့ပေါ်မှာ စာရေးခြင်း နဲ့ စာလိုက်ဖတ်ခြင်းကို အချိန် အတိုင်းအတာ တစ်ခုအထိ လုပ်နိုင်တော့မည် မဟုတ်ပါ။

ဘယ်လိုပဲ နှုတ်ဆက် နှုတ်ဆက် ၊ လမ်းခွဲ လမ်းခွဲ  “ အပြုံးများနဲ့သာ နှုတ်ဆက် လမ်းခွဲချင်ပါသည်။

ဒီပို့စ်လေးကလည်း ဆရာ မောင်လှမျိုး ( ချင်းချောင်းခြံ ) ရဲ့ ကဗျာလေးထဲကလို ပြောရရင်တော့ “ လမ်းခွဲ ” တာ မဟုတ်ပါဘူး။ ကျွန်တော် တံတားကျိုး သလို မအားလပ်တော့လို့ ၊ တခြား ဘလော့တွေကို သွားဖတ်နိုင်ဖို့ သတိပေးတဲ့ “ လမ်းလွှဲပို့စ် ” လေးတစ်ပုဒ်ပါပဲ။





တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျွန်တော် စိတ်အေး ၊ လက်အေး ၊ အေးအေးချမ်းချမ်း ဘဝလေး တစ်ခုမှာတော့ စာပြန် ရေးဖြစ်ချင်လည်း ရေးဖြစ်ပါမည်။ ရေးဖြစ်ချင်မှလည်း ရေးဖြစ်မည်ပေါ့။

“ လူဆိုတာ ပြောပြလို့ မရတဲ့ ဘဝရဲ့ ဖြစ်ရပ် ၊ ဖြစ်စဉ်တွေ ရှိတတ်ကြတယ် မဟုတ်လား။ ”

ကျွန်တော် ဘလော့ ရေးတဲ့ သက်တမ်း တလျှောက် ကောင်းကောင်း ၊ ဆိုးဆိုး ၊ ကောင်းရင်လည်း ကောင်းတယ် ၊ ဆိုးရင်လည်း ဆိုးတယ် ဆိုပြီး အားပေးသူများ အားလုံးကိုလည်း ရင်ထဲမှာ ထာဝရ ကျေးဇူးတင်နေမှာပါ။

ပျော်ရွှင်ကြပါစေဗျာ။

လေးစားစွာဖြင့်
ကိုဇော်
8.6.2011

Share/Bookmark

01 June 2011

17 သတိ ဆိုသော အရာ



ညဥ့်က တိတ်ဆိတ် ငြိမ်သက်လှ၏။ လူသူ လေးပါးလည်း ကင်းရှင်းသော ညဥ့်နက်နက် ၁ နာရီခွဲလောက် အချိန် မဟုတ်လား။ အမြီးလေး ထောင်ရင်း ခြေဆန့် လက်ဆန့် ဖြစ်နေသော ခုနှစ်စဉ်ကြယ်က လောကကို ဇောက်ထိုး ပြန်ကြည့်နေလေပြီ။ ညဥ့်က တိတ်ဆိတ် လွန်းသောကြောင့် ညဘက်တွင် နိုးထပြီး လှုပ်ရှားတတ်ကြသူတို့ ဖြစ်သော ညစောင့် ၊ ညဥ့်ငှက် ၊ ဇီးကွက် ၊ အစောင့်ခွေးတွေတောင်မှ တိတ်ဆိတ်သော ညဥ့်ရဲ့ ဆွဲဆောင်မှုကြောင့် ငြိမ်သက်ရင်း မျက်ကြောစင်းကာ မှေးနေကြလေ၏။ 

ပတ်ဝန်းကျင်ကလည်း ဆောင်းရဲ့ အငွေ့အသက်တွေကြောင့် စိမ့်စိမ့်ချမ်းချမ်း ရှိလှသည်။ တစ်ခါတရံ ထထပြီး အော်မြည်လိုက်သော ပရစ်ရဲ့ အော်သံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို စည်းချက်ကျအောင် အသက်ဝင်မှု ပေးနေသလိုလို။ တစ်ခါတလေ ဟိုးအဝေးက ခွေးဟောင်သံ သဲ့သဲ့ကို ခပ်ပျပျ ကြားရလေ၏။ တစ်ခါတစ်ခါ ငှက်ညဥ့်ရဲ့ “ ဂစ် ” ခနဲ ထိုးသွားသော အသံကို ရှားရှားပါးပါး ကြားခွင့် ရမည်။ တစ်ချိန်တစ်ချိန်မှာ ကားလမ်းမပေါ်မှ ခရီးသွား ကားတစ်စီး၏ ခပ်မြန်မြန် မောင်းနှင်သွားသော အင်္ဂျင်သံကြောင့် ပတ်ဝန်းကျင်မှာ ဆူညံသွားသလို မြန်လွန်းလှသောကြောင့် ချက်ချင်းပင် ပြန်လည် တိတ်ဆိတ်သွားတတ်၏။ 

ထိုအရာမှ တပါး ပတ်ဝန်းကျင်တစ်ခုလုံးက ဆောင်းလေအေး နှင့်အတူ တိတ်ဆိတ်စွာ ငြိမ်သက်လျက် ရှိ၏။

“ ကျိ  . . . ကျိ . . . ကျိ . . . ”

တိတ်ဆိတ်လှသော ညဥ့်နက်နက်မှာ အိပ်ယာထက်၌ အိပ်ကောင်းနေသော ဦးထွန်းဝေရဲ့ အသိစိတ်ထဲသို့ အိပ်မက်လိုလိုဖြင့် ကြားယောင်မိလေ၏။ သို့သော် ကြားရသော အသံက ချက်ချင်း ပြန်လည် တိတ်ဆိတ်သွားသောကြောင့် မနိုးတဝက် ၊ နိုးတဝက် အိပ်ပျော်ခြင်း အခြေအနေမှ ချမ်းစိမ့်လှသော ရာသီဥတု နဲ့ တိတ်ဆိတ်လှသော အခြေအနေက ပြန်လည် အိပ်ပျော်ခြင်း အခြေအနေဆီသို့ ပြန်လည် ဆွဲခေါ်သွားလေ၏။ အရာရာက ပြန်လည် ငြိမ်သက်ကာ တိတ်ဆိတ်နေလေသည်။ 

“ ကျိ . . . ကျိ . . . ကျိ . . . ”

ဟိုးအဝေးမှ ကြားနေရသော အသံလိုလို ၊ အိပ်မက်ထဲမှ ကြားနေရသော အသံလိုလို နိုးတဝက်မှ ထပ်ကာ ကြားလာရမိ၏။ ဘာသံလဲ လို့ အိပ်ချင်မူးတူးဖြင့် မျက်လုံး မဖွင့်ဘဲ နားစွင့်မိတော့ အရာရာက အေးစက် တိတ်ဆိတ်လျက် ရှိသည်။ အိပ်မက် မက်နေတာပဲ ဖြစ်မှာပါ လို့ မျက်လုံးကို မဖွင့်ဘဲ တွေးမိရင်း ပြန်လည် အိပ်စက်မိသည်။ ချက်ချင်းပင် မသိစိတ်များက ချက်ချင်းပင် အိပ်ပျော်ခြင်းကို ရောက်လုနီးပါး ဖြစ်အောင် ဆွဲဆောင်သွားနိုင်ကြ၏။ ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်နိုင်လွန်းလှသည်။

“ ကျိ . . . ကျိ . . . ကျိ . . . ”

မျက်ဝန်းများကို မဖွင့်သေးဘဲ  အိပ်မက်လိုလို ၊ အစွဲလိုလို ဖြစ်နေသော အသိစိတ်ကို ကြည်လင်အောင် ငြိမ်၍ နားထောင်နေမိသည်။ ငါ အခု ဘယ်ကို ရောက်နေတာလဲ။ ဟုတ်ပြီ။ ငါက အခု အိပ်ယာထဲမှာ။ ဘယ်က အိပ်ယာထဲမှာလဲ။ ယာယီဆောက်ထားသော ဆောက်လုပ်ရေးအိမ် ထဲမှာ အိပ်နေခြင်း ဖြစ်၏။ ငါ့ အပြင် ဘယ်သူတွေ ရှိနေသေးလဲ။ ယာယီအိမ်ရဲ့ အပေါ်ထပ်မှာ သမီးကြီးနဲ့ သား နှစ်ယောက်က အိပ်နေပြီ။ သားလတ် ညက ပြန်အိပ်ရဲ့လား။ အင်း . . . အိပ်တယ်။ သေချာတယ်။ သူကိုယ်တိုင် တံခါးပိတ်ခါနီးမှာ သားလတ် အပြင်က ပြန်လာတာ ဖြစ်၏။ သူ့ရဲ့ ဘေးမှာတော့ ဇနီးဖြစ်သူက အိပ်ပျော်ခြင်း ချောက်ကမ်းပါး ထဲသို့ ခေါင်းဖြင့် ခပ်နက်နက် ကျလျက်ရှိသည်။

“ ကျိ . . . ကျိ . . . ကျိ . . . ”

အသံက ခဏတာ တိတ်ဆိတ်သွားပြီးမှ ပြန်လည်၍ ပေါ်ထွက်လာခြင်း ဖြစ်၏။ ပရစ်အော်မြည်သံလည်း မဟုတ်။ အိမ်မြောင် စုတ်ထိုးသံလည်း မဟုတ်။ တစ်စုံတစ်ယောက်ကများ သူတို့ နေထိုင်သော ယာယီ ဆောက်လုပ်ထားသော အိမ်လေးကို ဖောက်ထွင်းကာ ခိုးယူချင်မိများလား။ ဒီလို အတွေး ဝင်လာသောကြောင့် သူ ဆတ်ခနဲ ထထိုင်မိလျက်သား ဖြစ်သွား၏။ သို့သော် ဘေးမှ ဇနီးနဲ့ အပြင်မှ ဖောက်ထွင်းသူ သိသွားနိုင်သောကြောင့် ခဏပြန်ငြိမ်ကာ အသံကြားရာဆီသို့ နားစွင့်နေမိသည်။ နားစွင့်နေတော့မှ ဘာသံမှ မကြားရတော့။

“  - - - - - - -  ”

ကျောက်မြောင်းရဲ့ အဓိက လမ်းမကြီး ဖြစ်သော ကျိုက္ကဆံလမ်းမပေါ်မှာ အိုဟောင်းနေသော သူ့ရဲ့ အိမ်ကို ကန်ထရိုက်တိုက် ဆောက်ရန် ဖျက်ပြီး ထိုမြေကွက်ရှေ့ လူသွားလမ်းပေါ်မှာ နှစ်ထပ် ယာယီ အိမ်လေးကို အိမ်ဟောင်းမှ သစ်သားများဖြင့် ဆောက်ပြီး အကာကို အိမ်ဟောင်းမှ သွပ်ပြားဖြင့် ကာထားခြင်း ဖြစ်သည်။ ထိုယာယီ အိမ်ထဲမှာ သူတို့ မိသားစု နဲ့ အတူ လုပ်ငန်း ဖြစ်သော ဈေးကြီး နှစ်ဈေးမှ ရွှေဆိုင် ပစ္စည်းများနှင့်အတူ အိပ်ကြ၏။ ဇနီးနှင့် သမီးကြီးက ရွှေဆိုင်ကို ထိုင်ပြီး သူကတော့ ပန်းတိမ်ကို ဦးစီးသည်။

“ ကျိ . . . ကျိ . . . ကျိ. . .  ”

ဟော  . . သေချာပါပြီ။ ဒါဟာ သူတို့ရဲ့ ယာယီ အိမ်လေးကို ဖောက်ထွင်းဖို့ တိတ်ဆိတ် အေးစက်နေတဲ့ ဆောင်းညကို အခွင့်ကောင်းယူကာ လာသော ဖောက်ထွင်းသူ သူခိုးပဲ ဖြစ်ရပေလိမ့်မည်။ အိမ်မှာ ရှိနေသော ရွှေထည်ပစ္စည်းများ အတွက်တော့ စိတ်မပူရပေ။ ထိုရွှေထည်များက သူတို့ အိပ်နေသော သစ်သား ကုတင်ကြီးရဲ့ အထဲတွင် ရှိနေခြင်း ဖြစ်သည်။ ကုတင်ကို သေတ္တာသဖွယ် လုပ်ထားသောကြောင့် သူတို့ မနိုးထဘဲ ဘယ်လိုမှ ယူမသွားနိုင်ပေ။ ဒါကို မသိသော သူခိုးက သူ့ရဲ့ ယာယီအိမ်လေး ရဲ့ တံခါးမှ အကာ ဖြစ်သော သွပ်ပြား အဟောင်းကို တစ်ခုခုဖြင့် ညှပ်ကာ ဖောက်ထွင်းနေပုံ ရ၏။

“ - - - - - - - - - - ”

အသံက ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ လုပ်နေကျ ကိုင်နေကျ ကျွမ်းကျင် ဖောင်းထွင်းမှု ဖြစ်ပုံရ၏။ ညဥ့်ဘက် တိတ်ဆိတ်နေချိန်မှာ သွပ်ပြားကို ဆက်တိုက် ကိုက်ညှပ်နေရင် ထွက်တဲ့ အသံကြောင့် အိမ်ရှင်နိုးသွားမှာ စိုး၍ သုံးလေးချက် ညှပ်လိုက် ၊ ရပ်လိုက်ဖြင့် ကျင်လည်စွာ လုပ်ကိုင်နေခြင်း ဖြစ်၏။ ယာယီအိမ်မှာ ဝင်ပေါက်ရော ၊ ထွက်ပေါက်ရောဟု ဆိုကာ ပေါင်းပြီး ဆောက်လုပ်လက်စ မြေကွက်ကို မျက်နှာ မူပြီး ဖောက်လုပ်ထားသော တံခါးမကြီး တစ်ချပ်သာ ရှိ၏။ အပေါ်ထပ်မှာတော့ ပြတင်းပေါက် နှစ်ပေါက် ရှိနေပါ၏။ ယခုတော့ ဖောက်ထွင်းသူက အောက်မှ သွပ်ပြား တံခါးမကြီးကို ညှပ်နေခြင်း ဖြစ်သည်။

“ ကျိ . . . ကျိ . . . ကျိ . . . ”

ဖောက်ထွင်းသူရဲ့ လှုပ်ရှားမှုက အိမ်ရှင်တွေ နှစ်ခြိုက်စွာ အိပ်ပျော်နေတယ် ဆိုသော ယုံကြည်မှုဖြင့် ပြန်လည် လှုပ်ရှားလာ၏။ သို့သော် သူ အအိပ်ဆတ်မှန်း ထိုသူ သိပုံမပေါ်။ အသံထွက်လာရာ သွပ်ပြား တံခါးမကြီးဆီသို့ အသံမကြားအောင် ကုတင်ပေါ်မှ ထ၍ ခြေကို ဖော့နင်းကာ လှမ်းလျှောက် သွားလိုက်မိ၏။ ယာယီအိမ်ထဲမှာက အားလုံး အိပ်နေကြ၍ မဲမှောင်နေပြီး အပြင်မှာတော့ ဓါတ်မီးတိုင် အရောင်က သွပ်ပြားဟောင်းများရဲ့ အပေါက်တချို့မှ ကွက်တိကွက်ကျား အလင်းရောင်တချို့က တိုးဝင်နေကြ၏။  သွပ်ပြား တံခါးကို ကိုက်ညှပ်နေသော ဖောက်ထွင်းသူကို အပြင်မှ ဓါတ်မီးတိုင် အလင်းရောင်ကြောင့် ရိုးတိုးရိပ်တိတ် မြင်နေရသည်။

“ - - - - - - - - ”

ကိုက်ညှပ်နေရာမှ ခဏငြိမ် နားလိုက်ပြီး ဖောက်ထွင်းသူက အထဲမှ အိမ်ရှင်တွေ နိုးမနိုး သွပ်ပြားကို နားကပ်ကာ နားစွင့်နေလေ၏။ သူ အသက်ရှူနှုန်းကိုပါ လျော့ချလိုက်ပြီး ငြိမ်သက်စွာ ရပ်ကြည့်နေမိသည်။ ဖောက်ထွင်းသူ ဖောက်ထားသော သွပ်ပြားမှာ တစ်မိုက်ခန့်ကျယ်ပြီး သုံးပုံ နှစ်ပုံက ပြတ်လု ပြတ်ခင် ဖြစ်နေလေပြီ။ နောက်ထပ် နှစ်ကြိမ်ခန့် ညှပ်လိုက် ၊ ရပ်လိုက် လုပ်ရင် ထိုအပေါက်ငယ်လေး ဖြစ်လာပေတော့မည်။ ဒါဆို ထိုအပေါက်ငယ်မှ လက်လျှိုထည့်ကာ သွပ်ပြားတံခါး မင်းတုံးကို လှမ်းဖြုတ်၍ ရပေတော့မည်။ သို့သော် အထဲမှလည်း သော့ခတ်ထားကြောင်းကို ဤအနှီ ဖောက်ထွင်းသူ မသိရှာချေ။

“ ကျိ . . . ကျိ . . . ကျိ . . . ”

ယာယီအိမ်ထဲမှ ဘာသံမှ မကြားရသောကြောင့် အိမ်ရှင်တွေ အိပ်မောကျနေပြီလို့ ဖောက်ထွင်းသူ ယုံကြည်သွားပုံ ရ၏။ တကယ်တော့ အိမ်ရှင် ဖြစ်သော သူက ဖောက်ထွင်းသူ လုပ်သမျှကို အိမ်ထဲ ၊ အမှောင်ထဲမှာ ငြိမ်သက်စွာ ကြည့်နေခြင်း ဖြစ်သည်ကို ထိုသူ မသိရှာပေ။ တစစနှင့် ပြတ်လုပြတ်ခင် ဖြစ်လာသောကြောင့် ရပ်မနေတော့ဘဲ တစ်ခါတည်း အဝိုင်းလိုက်လေး ပြတ်သွားအောင် ညှပ်ချလိုက်လေတော့သည်။ သွပ်ပြား အဝိုင်းလေးကို အထဲကို ကျသွားပြီး အသံထွက်သွားမှာ စိုးသောကြောင့် ချစ်သူရဲ့ ပါးလေးကို ကိုင်သလို တရိုတသေဖြင့် ယူကာ အပြင်ကို ထုတ်ယူသွား၏။

ပြီးတော့ အပေါက်ဖြစ်လာသော သွပ်ပြားပေါက်မှ အိမ်ထဲကို မျက်နှာဖြင့် ကပ်ကာ ကြည့်လေ၏။ ဖောက်ထွင်းသူက ဒီလို ကြည့်လိုက်တော့မှ သူ ရုတ်တရက် ထိတ်လန့်သွားမိသည်။ တကယ်လို့ ဖောက်ထွင်းသူက လက်နှိပ်ဓါတ်မီး အငယ်စားလေးဖြင့် ထိုးကြည့်လိုက်ပါက သူ အပေါက်တည့်တည့် အမှောင်တည်းမှာ ငြိမ်သက်စွာ ရပ်နေသော သူ့ကို ဗြုန်းစားကြီး တွေ့လိုက်ရမှာ ဖြစ်သည်။ အခုလို မျက်နှာကပ်ကြည့်တော့မှ သူလည်း မလှုပ်ရှားဝံ့တော့။ အသက်အောင့်က ငြိမ်နေမိသည်။ ကံကောင်းထောက်မစွာပင် ဖောက်ထွင်းသူမှာ လက်နှိပ်ဓါတ်မီး အသေးစားလေး မပါတာလား ၊ မထိုးတာလား မသိ။ ပြီးတော့ သူ့ကို မြင်မသွားချေ။

အထဲမှာ အိမ်ရှင်တွေရဲ့ လှုပ်ရှားမှု မရှိဘူး ဆိုတာ သေချာတော့မှ ဖောက်ထွင်းသူက သူဖောက်ညှပ်ထားသော တစ်မိုက်ခန့် သွပ်ပြားပေါက်မှ လက်လျှိုသွင်းကာ အတွင်းမှ တံခါးဂျက်ကို စမ်းလေတော့သည်။ တကယ်လို့ သူသာ အိမ်ထဲမှ သော့ဖြင့် ထပ်မခတ်ခဲ့ဘဲ ၊ နှစ်ခြိုက်စွာ အိပ်ပျော်နေပါက  ဖောက်ထွင်းသူ တကယ်ပင် သူ့ရဲ့ ယာယီအိမ်ထဲသို့ ရောက်လာပေတော့မည်။ အခုတော့ သူ့ရဲ့ ယာယီအိမ်ထဲကို ဖောက်ထွင်းသူ ဒီလောက် အပေါက် ပေါက်သွားယုံဖြင့် အလွယ်တကူ ဝင်မလာနိုင်ပါ။ ဒီလိုပဲ သူကလည်း ထိုဖောက်ထွင်းသူကို မဖမ်းနိုင်ပါ။ ဖမ်းမိဖို့ ဝေးစွ ကိုက်ညှပ်ထားသော အပေါက်က သေးသောကြောင့် ဖောက်ထွင်းသူရဲ့ မျက်နှာကိုပင် မမြင်ရချေ။

“ - - - - - - - - ”

ဟိုစမ်းဒီစမ်းဖြင့် ဖောက်ထွင်းသူက သွပ်ပြားတံခါးမှာ တပ်ထားသော မင်းတုံးကို စမ်းနေချေ၏။ မင်းတုံးကို စမ်းလို့ ရပြီး ဖွင့်လိုက်နိုင်သည် ထားဦး။ သော့ကိုတော့ ထပ်ဖွင့်ဖို့ အတော် ကြိုးစားရဦးမည်။ တကယ်လို့ သော့ကို မဖွင့်နိုင်လို့ စိတ်ပျက်ကာ ဖောက်ထွင်းသူ လှည့်ထွက်သွားပါက သူ့ရဲ့ အိပ်ရေးပျက်ခံကာ ယာယီအိမ်လေးကို ဖောက်ထွင်းသောသူကို စောင့်ဖမ်းသော လုပ်ရပ်က အလကား ဖြစ်ပေလိမ့်မည်။ သို့သော် လက်တစ်ချောင်းသာ ဝင်သော ထိုအပေါက်မှ ဖောက်ထွင်းသူကို သူ ဘယ်လိုများ ဖမ်းရပါလိမ့်မလဲ။ ဝင်လာသော လက်ကို ကြိုးဖြင့် တုပ်နှောင်ပြီး ဖမ်းလိုက်ပါက ဖြစ်နိုင်သော်လည်း ကြိုးက အပေါ်ထပ်မှာ ထား၏။ ဒါကို သွားယူတာနဲ့ ဖောက်ထွင်းသူ ကြားသွားနိုင်သည်။

ဒီလို သူ့စိတ်ထဲမှာ တွေးနေတဲ့ အချိန်မှာ ဖောက်ထွင်းသူကတော့ ဘာမှ မသိစွာ သူ့ရဲ့ ဖောက်ထွင်းမှု အောင်မြင်ရန် ဖောက်ထားသော အပေါက်မှ လက်လျှိုသွင်းကာ မင်းတုံးကို တွေ့ဖို့ ဟိုစမ်း ဒီစမ်း စမ်းနေလေ၏။ ဖောက်ထွင်းသူကို ဘယ်လိုဖမ်းရမလဲ လို့ သူ စဉ်းစားနေစဉ်မှာပဲ ဖောက်ထွင်းသူက တံခါးမှ မင်းတုံးကို စမ်းမိကာ ဖြေးညှင်းစွာဖြင့် မင်းတုံးကို ဆွဲလိုက်ချ၏။ “ ချပ် ” ခနဲ အသံ ကြားရပြီးတော့ သူ နေလို့ မရတော့။ တံခါး မပွင့်ဘူး ဆိုရင် ဖောက်ထွင်းသူ နောက်ထပ် တစ်ခုကို ထပ်ဖွင့်ဖို့ ကြိုးစားမည် ၊ သို့မဟုတ် သော့ကို တွေ့ရင် လှည့်ထွက်ချင် ထွက်သွားလိမ့်မည်။

သူထင်နေတဲ့ အတိုင်းပဲ ဖောက်ထွင်းသူက တံခါး ပွင့်မလာသေးသောကြောင့် နောက်ထပ် မင်းတုံး တစ်ခုများ ရှိလို ရှိငြား စမ်းနေ၏။ စမ်းရင်း စမ်းရင်း လက်က သော့ခလောက်နားကို ရောက်လာတော့ သူ လုံးဝကို မနေနိုင်တော့။ ထိန်းချုပ်ထားရသဖြင့် တကိုယ်လုံးကလည်း စိတ်လှုပ်ရှားကာ တဆတ်ဆတ် တုန်နေလေပြီ။ ဖောက်ထွင်းသူ စမ်းနေသော လက်က သော့ခလောက်ကို စမ်းမိသွားတယ် ဆိုရင်ပဲ သူ့ဖာသာ သူတောင်မှ လုံးဝ မစဉ်းစားမိတော့ လုပ်ရပ်တစ်ခုကို သူ လုပ်လိုက်မိလေတော့သည်။ ဒါကတော့ ဖောက်ထားသော အပေါက်မှ ဝင်လာသော ဖောက်ထွင်းသူရဲ့ အေးစက်စက် လက်ကို သူ့လက်နှစ်ဘက်ဖြင့် အထဲမှ လှမ်းဆွဲ ထားလိုက်ခြင်းပင် ဖြစ်လေတော့သည်။

ပြီးတော့ . . . . .

“ သူခိုး . . . သူခိုး . . . ”

ဖောက်ထွင်းသူရဲ့ ကျွံဝင်နေသော လက်ကို သူ့လက်နှစ်ဘက်ဖြင့် ခြေစုံကန် ဆွဲပြီး ပါးစပ်မှလည်း အများနည်းတူ အော်မိလေတော့သည်။



ဖြေးညှင်း အေးဆေးစွာ တံခါးချက်တွေကို ဖြုတ်နေသော ဖောက်ထွင်းသူကလည်း အထဲမှ လူတစ်ယောက်က သူ့လက်ကို ဒီလို လာဆွဲလိမ့်မည် ဟု လုံးဝကို မျှော်လင့် ထားပုံ မရပါ။ ပြီးတော့ အဆွဲခံရယုံသာ မက အထဲမှ သူက သူ့ရဲ့ ဒုတိယ နာမည်ဆိုးကိုပါ အော်နေလေပြီ။ ဒီလို အခြေအနေမှာ သူ့ရဲ့ အတွေ့အကြုံ အရ အကောင်းဆုံး လုပ်ရပ်ကတော့ ထွက်ပြေးခြင်းပါပဲ။

သို့သော် သူ့မှာ ပြေးလို့မရ။ သူ့ရဲ့ လက်ကို အထဲမှာ အိမ်ရှင်က မိမိရရဖြင့် လက်နှစ်ဘက်ဖြင့် ခြေစုံကန် ဆွဲထားလေပြီ။ ပြေးချင်သော်လည်း ပြေး၍ မရသော ဘဝ။ သူ့ရဲ့ လက်ကို အဆွဲခံထားရာမှ လွတ်အောင် ရုန်းပြီးမှသာ ပြေးနိုင်ပေတော့မည်။ သို့သော် အထဲက ဆွဲထားသော အိမ်ရှင်နဲ့ သူက မိတ်ဖြစ် ဆွေဖြစ် လက်ဆွဲ နှုတ်ဆက်နေတာ မဟုတ်သောကြောင့် ဘယ်လိုမှ စည်းချက်မကျ။ လိုက်လျောညီထွေ မရှိ။ သူက အထက်ကို ဆွဲရုန်းရင် အထဲမှ အောက်ကို ပြန်ဆွဲ၏။ သူက အောက်ကို ရုန်းဆွဲရင် အထဲမှ အပေါ်ကို ပင့်ဆွဲ၏။ သူက ဘယ်ဆို အထဲမှ ညာ ၊ သူက ညာဆို အထဲမှ ဘယ်။ ရုန်းရင်း ဆန်ခတ်ဖြစ်နေ၏။ ရိုးရိုးတန်းတန်း ဆွဲခြင်းလည်း မဟုတ်။ ပါးစပ်ကလည်း သူ့ရဲ့ ဒုတိယ နာမည်ကို တကျော်ကျော် အော်ခေါ်နေသေး၏။

သူက ပိုကြိုးစားပြီး ရုန်းသော အခါ အထဲမှလည်း ပိုကြိုးစားပြီး ဆွဲလေသည်။ အထဲကို ကျွံဝင်နေသော သူ့ရဲ့ လက်က တစ်ဘက်တည်း ၊ အထဲမှ ဆွဲထားသော လက်က နှစ်ဘက်ဖြင့် မြဲမြံစွာ။ ပြီးတော့ အော်သံက ကျယ်လောင်စွာ။ သူ မျိုးစုံ လှုပ်ရှားပြီး ရုန်းကြည့်၏။ မရ။ ပို၍ ဆိုးသည်က သူ သွပ်ဖြတ် ကက်ကြေးဖြင့် ကိုက်ညှပ်ကာ ဖောက်ထားသော အပေါက်က သွပ်ပြားဖြစ်၏။ ပြီးတော့ မညီမညာ ကိုက်ညှပ်ထားသောကြောင့် သွပ်ပြားက မညီမညာ သွပ်စများက လွှသွားတွေလို ဖြစ်ကာ သူ့လက်ကို လှီးဖြတ်နေ၏။ အသားက နာလာလေ သူ ပိုပြီး ရုန်းလေလေ ၊ အထဲက အိမ်ရှင်ကလည်း ပိုပြီး ဆွဲလေလေ။

အပေါ်ဘက်ကို သူ အားပြုပြီး ဆွဲတော့ ညှပ်ထားသော သွပ်ပြားမှ အစတွေက သူ့ရဲ့ လက်ကောက်ဝတ်ကို ထိုးရှကာ စုတ်ပြဲကုန်၏။ နာလွန်းသောကြောင့် အောက်ကို ဆန်ကာ ဆွဲမိပြန်တော့လည်း လက်ကောက်ဝတ်ကို ထိုးခွဲပြန်၏။ ဟိုဘက် ယိုင်ထိုး ၊ ဒီဘက် ယိုင်ထိုးရင်း သူ့ရဲ့ လက်ကောက်ဝတ်ကို သွပ်ပြားပေါက်က ပတ်လည် လှည့်ကာ ထိုးခွဲလေတော့သည်။ လက်ကောက်ဝတ် တစ်ခုလုံးက တစ်မိုက် ခန့်သာ ဖောက်ထားသော အပေါက်ထဲ လက်ထည့်ကာ လှီးဖြတ်သလို ခံစားနေ ရလေတော့သည်။ လက်တစ်ခုလုံး သွေးချင်းချင်း နီနေလေတော့၏။ နာကြင်မှုကလည်း ခန္ဓာကိုယ်ကိုပါ တဆတ်ဆတ် တုန်စေသည်။ သို့သော် သူရပ်၍ မဖြစ်။ နာကြင်မှုကို ဦးစားပေးရင် သူ ထောင်နန်းစံရပေမည်။

အချိန်အားဖြင့် သုံးမိနစ်ပင် မရှိ။ သို့သော် သူ့အတွက်တော့ ကမ္ဘာပေါင်းများစွာ ဖြစ်တည်နေသလို ကြာနေပေသည်။ အိမ်ရှင်ရဲ့ အော်သံကြောင့် ဘေးနား အိမ်တွေ ဆီမှာ မီးဖွင့်သံ ကြားရ၏။ အိမ်ရှင်ရဲ့ အပေါ်ထပ်မှလည်း ဝရုန်းသုန်းကား ထလာသံများ ကြားရ၏။ သူ မလွတ်မြောက်၍ မဖြစ်တော့။ အထဲသို့ အဆွဲခံထားရသော လက်ကို ပြန်ရဖို့ သွပ်ပြား တံခါးကို ခြေစုံကန်ကာ သူ ဆွဲလိုက်လေတော့သည်။ တဖြေးဖြေး အထဲမှ ဆွဲသူက သူ့ကို မယှဉ်နိုင်သလို သူ့ရဲ့ လက် အပြင်ကို ထွက်လာ၏။ ကိုက်ညှပ်ထားသော အဝနားကို အထဲမှ ဆွဲသူ၏ လက်ရောက်လာတော့ သွပ်ပြားရဲ့ ညှပ်စတွေက အထဲမှ ဆွဲသူ၏ လက်ကို ဆူးလေတော့သည်။

“ အား . . . ”

“ ဝုန်း . . . ”

အထဲမှ အိမ်ရှင်က သူ့လက်ကို သွပ်ပြားစ ဆူးရှသောကြောင့် အော်သံနှင့်အတူ သူ့ကိုပါ လွှတ်လိုက်လေ၏။ သူ့ကို လွှတ်လိုက်သည်နှင့် တပြိုင်နက် တံခါးကို ခြေကန် ဆွဲထားသောကြောင့် သူ နောက်ပြန် ပစ်ကျ၏။ နာကြင်မှုကို ဘေးချိတ်မျှပင် မထားနိုင်ဘဲ။ နာကြင်မှုကို ထိုနေရာမှာပင် ပုံလျက် ပြုတ်ကျသော နေရာမှာ ထားခဲ့ပြီး သွပ်ပြားဖြင့် လှည့်ပတ်၍ လှီးဖြတ်ခံထားရသကဲ့သို့ သူ့လက်ကို ဆုပ်ကိုင်ကာ ပြေးရလေတော့သည်။

ပြေးရင်း လွှားရင်း အနောက်က လူများ လိုက်လာမလားလို့ နောက်ပြန် လှည့်ကြည့်တော့ အိမ်ရှင် အပါအဝင် လူတွေ တော်တော်နဲ့ သူ့နောက်သို့ လိုက်မလာနိုင်ကြချေ။ ပထမဦးဆုံး တွေ့တွေ့ချင်း လမ်းချိုးလေးထဲကို ပြေးဝင်ကာ သူ ကိုယ်ယောင် ဖျောက်လိုက်မိသည်။ အနောက်မှ သူခိုးလိုက်သူတို့ လမ်းမပေါ် ရောက်လာတဲ့ အချိန်မှာတော့ သူက အတော်ကို လှမ်းလှမ်းနေရာသို့ သွပ်ပြားဖြင့် လှည့်ဝိုက်ကာ အလှီးခံထားရပြီး သွေးများ တစက်စက် ကျနေသော လက်ကို အုပ်ကိုင်ကာ အဝေးကြီးကို ရောက်ကာ လွှတ်မြောက်သွားခဲ့လေပြီ။



“ ဖြစ်တာကတော့ အဲဒါပဲ သားရဲ့။ ”

ကျွန်တော်တို့ ကျောက်မြောင်းအိမ်ရဲ့ မျက်စောင်းထိုးမှ ဦးထွန်းဝေရဲ့ အိမ် ဖောက်ထွင်းခံရတုန်းက အဖြစ်အပျက်ကို ဖေဖေက ကျွန်တော့်ကို ပြန်ပြောပြနေခဲ့တာ ဖြစ်၏။

“ ဒါဆို သူခိုးက လွတ်သွားတာပေါ့။ ”

ကျွန်တော်က မချိတင်ကဲ ပြောလိုက်မိသည်။ ဖေဖေက ပြုံးပြီးတော့ . . .

“ အင်း . . လွတ်သွားတယ် ဆိုပါတော့။ ဘာလို့လဲ ဆိုတော့ ကိုယ့်အိမ်ကို လုံခြုံအောင် ပိတ်ထားလွန်းတော့လည်း အရေးဆို ရုတ်တရက် ထွက်မရတော့ပြန်ဘူး။ ဒါကြောင့် တချို့ မီးလောင်တယ် ဆိုတဲ့ အခါမှာ အိမ်ထဲမှာ ပိတ်မိပြီး သေကြရတာပဲ။ ”

“ သြော် . . . ဒါပေမဲ့လည်း လုံခြုံမှု မရှိတော့လည်း ဘယ်ကောင်းမလဲ။ ”

“ ဒါပေါ့။ ဒါပေမဲ့ ကိုယ် လိုအပ်လာရင် လွယ်လွယ်နဲ့ ဖွင့်နိုင်အောင်လည်း လုပ်ထားဖို့ လိုတယ်လေ။ ”

“ ဟို သူခိုးကို လုံးဝကို ဖမ်းမမိတော့ဘူးလား။ ”

“ မဟုတ်ဘူး . . .  ဖမ်းမိတယ်။ မနက်မိုးလင်းတော့ ညက အိမ်ကို သူခိုးဝင်ဖောက်တယ် ဆိုပြီးတော့ ရဲစခန်းကို အကြောင်းကြားတော့ ရဲတွေက လာစစ်တယ်။ ပြီးတော့ ဖြစ်ပုံ ဖြစ်နည်းကို မေးပြီးတော့ သူခိုး လက်ကောက်ဝတ်မှာ ဓါးနဲ့ ပတ်လည် လှီးဖြတ်ထားသလို ဖြစ်သွားတယ် ဆိုတော့ ဒီလောက် ဒဏ်ရာ ကြီးရင် ဆေးခန်းတွေက လုပ်ပေးခွင့် မရှိဘူး။ ဒါဆို ဆေးရုံရောက်လာမှာပဲ ဆိုပြီးတော့ ဆေးရုံတွေကို ကြိုတင်ပြီးတော့ အကြောင်းကြား ထားလိုက်တယ်။ ”

“ ဟုတ်လား . . ပိုင်တာပဲ ၊ ဒီတော့ ဖမ်းမိသွားလား။ ”

“ အင်း . . ဖမ်းမိသွားတယ်။ ဆေးခန်းတွေက လက်မခံတော့ ဆေးရုံကို လာပြတယ်။ ဒီအချိန်မှာ လက်ကောက်ဝတ် တစ်ခုလုံး လှည့်ပတ် ဝိုက်လှီးထားသလို ဆိုတော့ အသားတွေတင် မကဘူး သွေးကြောတွေရော ၊ အကြောတွေရော ပြတ်တာ ဆိုတော့ သွေးထွက်ကလည်း တော်တော် လွန်နေပြီ။ ဒါကြောင့် မသေယုံတမယ်နဲ့ သူ့ကို ဖြူဖပ်ဖြုရော်မှာ ဖမ်းမိလိုက်နိုင်တယ်။ ”

“ တော်သေးတာပေါ့ . . ဖမ်းမိတာ. . . ”

“ သူ့ကို ဘာလို့ ဖမ်းမိသွားတာလဲ သိလား။ ”

“ သူ ကြောက်သွားလို့ ထင်တယ်။ ”

ကျွန်တော့် အဖြေကို ရတော့ ဖေဖေက ပြုံးပါ၏။ ပြီးမှ  . . .

“ ကြောက်သွားလို့ ဆိုတာထက် ရုတ်တရက် ဆိုတော့ “ လန့် ” သွားပြီးတော့ သူ့ရဲ့ “ သတိ “ လွတ်သွားတာ ၊ ဒီတော့ ရုန်းမိရုန်းရာ ၊ ဆွဲမိဆွဲရာ ဆွဲလိုက်တော့ သူ့လက်က သွပ်ပြားရဲ့ ထက်နေတဲ့ စောင်းတွေရဲ့ ထိုးခွဲမှုကို ခံလိုက်ရတာပဲ။ ”

“ သြော် . .  ”

“ တကယ်လို့ပေါ့။ ဦးထွန်းဝေ ရဲ့ နေရာမှာ ဖေဖေသာ ဆိုရင် သူခိုးရဲ့ လက်ကို သူ့လို ဆွဲမနေဘူး။ အပ်ကလေးနဲ့ပဲ ထိုးလိုက်မယ် ဆိုရင်တောင်မှ ဟိုဘက်က မထင်တော့ လန့်သွားပြီးတော့ သူ့ဖြတ်ထားခဲ့တဲ့ သွပ်ပြားနဲ့ ပြန်ရှမိသွားဦးမှာပဲ၊ အခုလောက်တော့ ဆိုးချင်မှ ဆိုးမှာပေါ့။ ဒါမှမဟုတ် သူ့လက် ဝင်လာပြီး စမ်းနေတော့မှ “ ဟေ့ကောင် ” ဆိုပြီး ကပ်အော် လိုက်ရင်လည်း ဒီလိုပဲ လန့်ပြီး သွပ်ပြားနဲ့ ရှသွားမှာပဲ။ ”

“ ဟုတ်တာပေါ့ . . လန့်ပြီး ရှသွားနိုင်တာပဲ။ ”

“ ဒါကြောင့် ဘယ်လို အခြေအနေ တစ်ရပ်ပဲ ဖြစ်ဖြစ် ၊ ဘာဖြစ်လာနိုင်တယ် ဆိုတဲ့ သတိလေးကို ကပ်ထားမယ် ဆိုရင် ထိခိုက်ဒဏ်ရာ ရမှု အနည်းဆုံး အခြေအနေကို ရှောင်ကွင်းနိုင်မှာပါပဲ။ ”

“ ဟုတ် . . .”

“ ဒါကြောင့် မြတ်စွာဘုရားက သတိ မေ့လျော့သူ ၊ ပေါ့ပျက် သတိကင်းသူတို့ကို “ အာနာပါန တရားတော် ” ကို ငါ မဟောလို့ မိန့်တော် မူခဲ့တာပေါ့။ သတိ နဲ့ ပတ်သတ်ပြီးတော့ ဘုရားဟောတွေထဲက တစ်ချက်က ဒီလို  . . . ”

“ ဟုတ်ကဲ့ . . ”

အပ္ပမာဒေန သမ္ပာဒေထ

“ အနက် အကျယ်က ဘာလဲ ဖေဖေ . . ”

အပ္ပမာဒေန - မမေ့ ၊ မလျော့ ၊ မပေါ့ ၊ မဆ ၊ မြဲမြံတဲ့ သတိတရားဖြင့် ၊ သမ္ပာဒေထ - ပြည့်စုံ ရစ်ကြပါကုန်လော့။ ”




*** ဟိုနေ့က ကိုအဖြူလေး ဆီမှာ သွားဖတ်မိတဲ့ တရား သဘောလေးတွေကြောင့် အရင်က ဖေဖေ ပြောပြခဲ့တာလေးကို သတိရမိပြီး ချရေးလိုက်တာပါ။ လူမျိုးမရွေး ၊ ဘာသာမရွေး သတိ တရားကို လက်ကိုင်ထား နိုင်ကြပါစေ။ ***

လေးစားစွာဖြင့်
ကိုဇော်
1.6.2011

Share/Bookmark