မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 July 2010

11 အခမဲ့ နေလည်စာ



တစ်ခါက . . .

ဥာဏ်ပညာကြီးမားသော ဘုရင်အိုကြီး တစ်ပါးက သူ၏ပညာရှိများ အားလုံးကို ခေါ်ယူပြီး တာဝန်တစ်ခု ပေးသည်။

“ သင်တို့ အနေနှင့် ခေတ်အဆက်ဆက်က အသိပညာများကို စုစည်းပြီး နောင်လာနောင်သားများ အလွယ်တကူ အသုံးပြုနိုင်ရန် အတွက် တတ်ကျမ်း စာတစ်ခုကို ပြုစုရမည်။ ”

ဟု အမိန့်ချမှတ်ခဲ့သည်။ ပညာရှိများက ဘုရင့်အမိန့်အတိုင်း နာခံပြီး အချိန်ကာလ အတန်ကြာအောင် စုဆောင်းရှာဖွေ ခဲ့ကြသည်။ နောက်ဆုံး၌ “ ခေတ်အဆက်ဆက် အသိပညာ အစစ်အမှန်များ ” ဟု ခေါင်းစဉ်တပ်နိုင်သော စာအုပ် ( ၁၂ ) အုပ်ကို ဂုဏ်ယူဝင့်ကြွားနိုင်စွာ ယူဆောင်နိုင်ခဲ့ကြသည်။

သို့သော် ဘုရင်ကြီးက သူတို့ ယူဆောင်လာသော စာအုပ် ( ၁၂ ) အုပ်ကို ကြည့်ကာ . . .

“ ဒီစာအုပ် ( ၁၂ ) အုပ်မှာ ခေတ်အဆက်ဆက်က ပညာတွေ ၊ အတွေးအခေါ်တွေ ပါရှိပြီး လူသားတွေ အတွက် အားလုံးကို သိသင့် သိထိုက်တယ် ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမဲ့ ( ၁၂ ) အုပ်တောင် ဆိုတာ အလွန်ကို များပြား ရှည်လျားလွန်းလှတယ်။ ရှည်လျားလွန်းတော့ လူတွေ မဖတ်ဖြစ်မှာ စိုးရိမ်ရတယ်။ ဒါကြောင့် ချုံ့ပစ်ပါဦး။ ”

လို့ ပြောခဲ့သည်။ ထို့ကြောင့် ပညာရှိများကလည်း ထပ်၍ ကြိုးစားပမ်းစား ချုံ့လေတော့သည်။ ထိုအခါ စာအုပ် ( ၁၂ ) တွဲမှ တစ်အုပ်သာ ရလာလေတော့သည်။ သို့သော် ဘုရင်ကြီးက ထိုစာအုပ်ကိုလည်း ဖတ်ကြည့်၍ “ ရှည်လျား များပြားနေသေးသည်။ ထပ်၍ ချုံ့ပါဦး ” ဟုသာ ပြောလေသည်။

ထိုသို့ဖြင့် ပညာရှိများက . . .

~ ( ၁၂ ) အုပ်မှ ( ၁ ) အုပ် ၊

~ ( ၁ ) အုပ်မှ တစ်ခန်း ၊

~ တစ်ခန်းမှ တစ်ရွက် ၊

~ တစ်ရွက်မှ တစ်မျက်နှာ ၊

~ တစ်မျက်နှာမှ တစ်ပိုဒ် ၊

~ နောက်ဆုံး တစ်ပိုဒ်မှ တစ်ကြောင်းမျှသာ ကျန်တော့လေသည်။

ထိုအခါမှ ဘုရင်ကြီးက ထိုစာကြောင်းကို အားရဝမ်းသာစွာဖြင့် လက်ခံရယူပြီး ဒါဟာ ခေတ်အဆက်ဆက်ရဲ့ တကယ့် အမွေအနှစ်ပဲ ဟု ကြည်နူးမိလေသည်။ ဒီအကြောင်းအရာကို လူတိုင်းက နားလည် သဘောပေါက်မယ် ဆိုရင် လူတွေမှာ ဖြစ်နေတဲ့ ပြဿနာ အတော်များများလည်း ပြေလည် သွားလိမ့်မည်ဟု သူက လက်ခံ ယုံကြည်လေသည်။

ထို့နောက် ဘုရင်ကြီးက ထိုစာကြောင်းကို ဝမ်းမြောက် ဝမ်းသာစွာ အသံထွက်၍ ဖတ်လေသည်။ ထိုစာကြောင်းမှာ ရိုးရိုးလေးသာ ဖြစ်သည်။

“ အလကားရသော နေ့လည်စာ ဆိုတာ မရှိ ၊ ထမင်း အလကားစားရသည် ဆိုတာ မရှိ။ ”

ဟူ၍ ဖြစ်လေသည်။ ထိုစကားလေးသည် လွန်စွာမှ အရေးပါ အရာရောက်လှပါသည်။ မိမိက ဘာမှ မလုပ်ဘဲနဲ့ ထမင်း အလကားစားချင်သည် ၊ အခွင့်အရေး အလကားလိုချင်သည် ဆိုတာ လွန်စွာမှ မိုက်မဲရာ ကျပါသည်။ ဘယ်အရာမဆို မိမိရဲ့ ကြိုးစား အားထုတ်မှု တစ်ခု မဖြစ်မနေပါရပါမည်။ 

ဘာလို့လဲ ဆိုတော့ လောကမှာ “ တစ်ခုလိုချင်ရင် တစ်ခုကို စွန့်လွှတ်ကာ ရင်းနှီးမြှုပ်နှံရသည် မဟုတ်ပါလား။ ”

source; See You At The Top By Zig Ziglar
ထိပ်ဆုံးမှာ တွေ့ကြမယ် - ခင်မောင်ညို ( ဘောဂဗေဒ )


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

9 ဖွဲ နဲ့ ဆန်ကွဲ


ဖွဲ နဲ့ ဆန်ကွဲ


တစ်တစ်ရစ်ရစ် ခွစီးခံထားရတဲ့
အတ္တတွေနဲ့ အချစ်က
အလျားလိုက် အပြားလိုက်
ငြိမ်

အချစ်ဆုံးလို့ ပြောတိုင်း
ဒီအတိုင်းအတာကို မရောက်တဲ့
အရေအတွက် ဘယ်နှစ်ယောက်လဲလို့
တွေး

ဘဝက ကြမ်းတယ် ပြောတိုင်း
ကိုယ့်ကိုယ်ကိုယ် လား
သူများကို လား စုန်ဆန်ပြန်
ကြည့်

မျက်စိအောက်က
မပျောက်မခံနိုင်ဘူး ဆိုတိုင်း
ဘာကိုလဲလို့ တိတ်တဆိတ်
မေး

အချစ် နဲ့ အလွမ်းကို
ချိန်ခွင်ပေါ်ဘယ်လိုပုံတင်ရကြောင်း
စာစီစာကုံး တစ်ပုဒ် ချကာ
ရေး

ငယ်ငယ်က စီးခဲ့ရတဲ့
အုန်းလက်မြင်းလိုပေါ့
အချစ်က ငါ ပြေးသလောက် ငါ
မော

မဝယ်ပဲနဲ့
ခဏခဏ အခေါက်ခံရတဲ့
အိုးလိုပေါ့ ၊ ကြာတော့လည်း
ကွဲ

လေတင်ရာရောက်နေတိုင်း
လေသာတတ်သူကြောင့်
လေအောက်သူတွေ
မွှန်

မြေနိမ့်လို့ လှံစိုက်တာလား
လှံစိုက်လို့ မြေနိမ့်တာလား
ပြော ၊ မေး ၊ တွေး ၊ ငေး ၊ ခေါင်းကို
ခါ

အခုတော့လေ. . . .
ဘယ်သူမှ မသိပါဘူး
တိတ်တဆိတ်နဲ့ပေါ့
ပြို

ပြီးတော့လေ. . .

ဖွဲ နဲ့ စကွဲ ဆိုပြီး
အခုတော့ . . “ ဖွဲ ” ကနဲ
“ စ” ပြီး “ ကွဲ” တော့တာပဲ
ဝေး

ကိုဇော်
30.7.2010

မှတ်ချက်။   ။ စကွဲ ကို အသံအတိုင်း ချရေးထားပါတယ်။


Share/Bookmark

29 July 2010

19 အွန်လိုင်း အက်ဆေး ( ၃ )



ဒီပို့စ် မရေးခင် ကျွန်တော် အရင်ဆုံး ပြောထားချင်တာလေး တစ်ခုရှိပါသည်။ ဒါကို သေချာစွာ ဖတ်သင့်ပါသည်။

“ တကယ်တော့ လူတွေ အားလုံးဟာ သာမာန်အားဖြင့် ကောင်းကြပါသည်။ သို့သော် အခြေအနေ တစ်ရပ်ကို ဖြတ်သန်းခံရသော အခါမှာတော့ လူတချို့ဟာ ပြောင်းလဲသွားတတ် ကြပါသည်။ ”

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ 

“ အချစ်ရဲ့ အစ ဘဝက လူရည်မလည် ” လို့ သီချင်းတစ်ပုဒ်မှာ ကြားဖူးခဲ့ပါသည်။ သို့သော် ယခု ကျွန်တော်ရဲ့ အဖြစ်အပျက်များကိုတော့ “ အွန်လိုင်းရဲ့ အစ ဘဝက လူရည်မလည် ” လို့သာ ဆိုချင် မိပါတော့သည်။ အူကြောင်ကျား ကျလှတဲ့ ကျွန်တော်ရဲ့ အဖြစ်အပျက်လေးတွေကို ပြောပြချင်သည်။ သိပ်တော့ သာယာလှသည် မဟုတ်ပါ။

အင်တာနက် ဆိုတာကို ကျွန်တော် စစ အသုံးပြုရခြင်း အကြောင်းတရားမှာ ဈေးကြီးလှသော ဖုန်းခေါ်ခကို သက်သာစေဖို့ ဆိုသော အချက်ကိုသာ ဦးတည်စေခဲ့ပါသည်။ Gtalk မှ မိသားစုနဲ့ ချိန်းပြီး ပြောခြင်းဖြင့် ဖုန်းပြောခထက် များစွာ ကုန်ကျစရိတ် သက်သာမည် ဆိုသော ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိပါသည်။ နောက်တစ်ခုကတော့ VZO ကဲ့သို့သော အကူအညီဖြင့် မျက်နှာပါ မြင်ရပြီး ပြောလို့ရခြင်း ဖြစ်ပါသည်။ သို့သော် ကျွန်တော့်မှာ အင်တာနက် တပ်ဖို့ မပြောနဲ့ ကွန်ပျူတာတောင်မှ မရှိသေးပါ။ ထို့ကြောင့် တစ်နာရီ 3 RM နဲ့ ဆိုင်မှာ သွားသုံးခဲ့ရပါသည်။ ထိုဆိုင်များမှာ တရုတ်ဂိမ်းဆိုင်များ ဖြစ်သောကြောင့် မြန်မာလို ဖတ်မရပါ။ လေးထောင့်တုံးလေးတွေနဲ့ ပြည့်နေတဲ့ စာမျက်နှာဟာ မြန်မာစာ ဆိုပြီး တခြားသူတွေ ပြောတာကို ကျွန်တော် တအံ့တသြ နားထောင်ခဲ့ရသည်။

ဒါဆို ဇော်ဂျီဖောင့်လေး သွင်းလိုက်ရုံများ ဆိုပြီး ပြောကြပါလိမ့်မည်။ မရပါ။ ထိုဆိုင်များကို ဆော့ဝဲလ်ဖြင့် ထိန်းထားပြီး ကွန်ပျူတာ Restart ဖြစ်သွားတာနဲ့ သွင်းထားသမျှ ဆော့ဝဲလ်တွေ အကုန်ပျောက်ကုန်ကာ သူတို့ လက်ရှိထည့်ထားသော ဆော့ဝဲလ်များသာ ကျန်ခဲ့ပါသည်။ ဒါကြောင့် ဇော်ဂျီဖောင့်သွင်းအပြီး Restart ချခိုင်းသော အခါမှာ မချရင်လည်း သုံးမရ ၊ ချလိုက်တော့လည်း ဘာမှ မကျန် ဆိုပြီး ကျွန်တော့်မှာ အင်တာနက် သုံးရတာ မြန်မာလို မမြင်သောကြောင့် ဘယ်လိုမှ အဆင်မပြေပါ။ သို့သော် ကျွန်တော့်ရဲ့ အဓိက ရည်ရွယ်ချက်ကလည်း မိသားစုနဲ့ စကားပြောရုံသာ ဆိုတော့ အဆင်ပြေခဲ့ပါသည်။

ထို့နောက်မှာတော့ ၄ လုံးထီ ရုတ်တရက်ထပေါက်ကာ ကွန်ပျူတာလေး ဝယ်ပြီး အင်တာနက် ချိတ်မယ် လို့ စိတ်ကူးရပါတော့သည်။ ဒါကြောင့် ဝယ်လိုက်ပါသည်။ အင်တာနက် ချိတ်အပြီးမှာတော့ ကျွန်တော့် ကွန်ပျူတာက မြန်မာလို မမြင်ရသေးပါ။ ဇော်ဂျီကို အင်စတော လုပ်ရတယ် လို့သာ သိတာ ဘယ်က ဘယ်လို ယူရမယ် ဆိုတာကိုလည်း မသိပါ။ ဒီမှာ ကျွန်တော့်ကို အရာရာ အကူအညီပေးတာကတော့ သူငယ်ချင်း တစ်ယောက်ရဲ့ ညီမ “ မိုးမိုး ” ပါ။ သူပြောပြလို့ ဇော်ဂျီဖောင့်ဆိုတာကို ထည့်ပြီး အတုံး အတုံး လေးထောင့်တုံးလေးတွေကို မြန်မာစာ ဝိုင်းဝိုင်းလေးတွေ အဖြစ်ပြောင်းလဲပြီး ဖတ်ခွင့်ရခဲ့ပါသည်။ သို့သော် ဘလော့ ဆိုတာကို ကျွန်တော် တကယ် မသိခဲ့ရိုး အမှန်ပါ။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

ကျွန်တော့်မှာ မကောင်းလှသော အကျင့် တစ်ခုကလည်း ရှိပါသေးသည်။ သတိထား ပြင်ဆင်နေသော်လည်း သတိကို သူက အနိုင်ယူသွားလေ့ ရှိပါသည်။ သူကတော့ “ အားနာတတ်ခြင်း ” ပဲ ဖြစ်ပါသည်။

အလုပ်က ပြန်လာလို့ Gtalk လေး အွန်လိုင်းပေါ်တတ်ထားရင် ကျွန်တော့် အကောင့်ထဲမှာ မိသားစု အကောင့်နဲ့ သူငယ်ချင်း အနည်းငယ်မှ တစ်ပါး တခြားသူတွေ မရှိပါ။ အကောင့်ထဲမှာ ရှိနေသူတွေ အားလုံးရဲ့ အကောင့်လေးတွေကလည်း မည်းမည်းလေးတွေပါပဲ။ ဘယ်သူမှ လိုင်းပေါ်မှာ မရှိ။ ဘယ်သူ့နဲ့ ချက်ပြီး စကားပြောရမယ် ဆိုတာကိုလည်း ကျွန်တော် မသိ။ ပြောစရာလူကလည်း မရှိ။ ဒါနဲ့ သူငယ်ချင်းတစ်ယောက်က ပြောလို့ www.person.com မှာ အကောင့်လေး လုပ်ကာ မြန်မာလို လက်ကွက်လေးလည်း ကျင့်ရင်း ချက်ကာ သူငယ်ချင်းတွေ ရှာဖွေရပါသည်။ ဒီတော့မှ Gtalk လေးတတ်ထားရင် အကောင့်မှာ လေး ငါးယောက် စိမ်းနေတာ တွေ့ရင် အတော်ကို ဝမ်းသာရသော အခြေအနေ ဆိုပါစို့။

နောက်တော့ အဲဒီလိုနဲ့ ခင်မင်မိလာသော မိတ်ဆွေတွေ ကြားထဲမှာ အစ်မကြီး တစ်ယောက်နဲ့ ခင်မင်မိပါသည်။ သူနဲ့ ပြောရင်း ဆိုရင်းနဲ့ သူက အင်တာနက်မှာ ဘလော့ရေးတယ် ဆိုတော့ အတော်ကို အံ့သြမိသည်။ “ ဘာလဲဟ ဘလော့ ” လို့လည်း မေးမိပါသည်။ သူက သူ့ဘလော့လိပ်စာလေးကို ပြတော့ ဘာဆို ဘာမှ မသိသေးသော ကျွန်တော့် အတွက် အတော်ကို အထူးအဆန်း ဖြစ်ရသည်။ နှစ်လမှ တစ်ပုဒ်လောက် တင်ထားပြီး ဘယ်သူ့မှ မသိသော သူ့ဘလော့ကို ကျွန်တော် ကြည့်ပြီး အတော်ကို နှစ်ထောင်းအားကျ ကျေနပ်စွာ ဖြစ်မိသည်။ တော်လိုက်တာပေါ့။ ဒီလိုနဲ့ သူ့ရဲ့ ဘလော့လေးကို ကြည့်မိလေ ဟိုးအရင်ကတည်းက စာပေရွပိုးတွေက အညှောင့်ထွက်ကာ ထွက်လာလေလေပါပဲ။

ဒါနဲ့ ကျွန်တော် ဘလော့ရေးမယ် ဆိုပြီး စလုပ်မိသည်။ သို့သော် ဘာကို ရေးရမှန်းမသိ။ နဂိုကတည်းက ခပ်ရွတ်ရွတ် ခပ်ပြောင်ပြောင် ဖြစ်သောကြောင့် ဒီလို ပေါက်ကရ အတွေးတွေ ၊ ပေါက်ကရ အဖြစ်အပျက်တွေကိုပဲ အစအနေနဲ့ ချရေးမိသည်။ ရည်ရွယ်ချက် ရေရေရာရာ မရှိသလို ၊ စာတွေကလည်း သေသေချာချာ မဖြစ်ခဲ့ပါဘူး။ ဝပ်ပြအုံဖွဲ့ကာ ဖတ်လို့လည်း မကောင်း။ ဘယ်သူမှ လာမဖတ်ပေမဲ့လည်း ကိုယ်ရေးတဲ့ စာလေး ချက်ချင်း ဘလော့ပေါ် ရောက်သွားတော့ အရင်က မဂ္ဂဇင်းမှာ စပြီး ဖော်ပြ ခံရခဲ့တုန်းကလိုပါပဲ ပျော်မိပါသည်။

ဒါပေမဲ့ စိတ်ငြိမ်ငြိမ်နဲ့ ရေးတာ မဟုတ်တော့ ရေးလိုက် မရေးလိုက်နဲ့ပါပဲ။ ပြီးတော့ ဘာရေးမယ် ဆိုပြီး အသေအချာ မရှိတော့ စာတွေကလည်း ဟိုရောက် ဒီရောက်လိုပါပဲ။ တစ်နေ့တော့ ချက်ရင်း ပြုရင်းနဲ့ အကောင့်တစ်ခုကို ရသည်။ ဒီအကောင့်ကို ကြည့်လိုက်တော့ ၁၀ တန်းတုန်းက သူငယ်ချင်း နာမည်နဲ့ အတော်ကို တူနေတယ်။ အက်ပြီးတော့ လိုင်းပေါ်မှာ တွေ့တော့ တကယ်ကို ကျောင်းတုန်းက ငယ်သူငယ်ချင်း ဖြစ်နေသည်။ သူငယ်ချင်းဟောင်းနဲ့ စကားပြောရတာ အတော်ကို ပျော်ဖို့ ကောင်းပါသည်။ ကိုယ်မသိတာ သူက ပြောပြ ၊ သူမသိတာ ကိုယ်က ပြောပြရင်း အတိတ်တွေကို ပြန်ဝါးမိကြသည်။

အားနာတတ်တဲ့ ကျွန်တော်ဟာ အလုပ်ကပြန်ပြီး စားသောက်ပြီးပြီ ဆိုရင် အကောင့်ထဲက သူငယ်ချင်းတွေနဲ့ ကြီးကြီးကျယ်ကျယ် ကမ္ဘာ့ရေးရာတွေ ဘာတွေ ပြောပြီး ခဏနေရင် ကျွန်တော်က အိပ်တာပါပဲ။ ဒီအချိန်မှာ အခန်းမှာ ရှိနေတဲ့ သူငယ်ချင်းတွေက သူတို့လည်း အင်တာနက် သုံးချင်တယ် လို့ ဆိုလာသည်။ ပြီး သူတို့လည်း ချက်ချင်တယ်ပေါ့လေ။ ဒါနဲ့ ကျွန်တော်ကလည်း အားကလည်း နာတတ်သူ ၊ ပြီးတော့ ကိုယ်မသုံးလည်း နက်က လစဉ်ကြေး ဒီလောက်ပဲ ဆိုတော့ သူတို့ကို Person မှာ အကောင့်ဖွင့်ပြီး ချက်ခိုင်းပါသည်။ သူတို့ဖာသာပေါ့လေ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ Gtalk အကောင့်ကိုလည်း မပိတ်ထားပါဘူး။

ဒီတော့ ကျွန်တော် ရှိနေတယ် လို့ ထင်ပြီး ချက်သူများကို သူကလည်း ချက်တာပါပဲ။ ဒါပေမဲ့ ဒီလို လာချက်သူ သူငယ်ချင်းက တစ်ယောက်တည်းတော့ မဟုတ်ပါ။ ကျွန်တော့်မှာလည်း ကိုယ့်အကောင့်ထဲမှာ သူငယ်ချင်းက နည်းနေလေတော့ အားရင် Person မှာ သွားသွားပြီး သူငယ်ချင်း ရှာရသည်။ အဲဒီတုန်းက အကောင့်ထဲမှာ လူ အယောက် ၁၀၀ လောက် ရရင်ကို ပျော်နေမိတာပါ။ ဖြစ်ချင်တဲ့ တစ်နေ့မှာတော့ ထုံးစံ အတိုင်း ကျွန်တော် စားသောက်ပြီး အိပ်နေတဲ့ အချိန်မှာ အခန်းက အလုပ်မဆင်းသော သူငယ်ချင်း တစ်ယောက်က ကျွန်တော်စက်မှာ သုံးပြီး ချက်နေပါသည်။

ကျွန်တော် အိပ်ပျော်ပြီး တစ်နာရီကျော်လောက်မှာ ရုတ်တရက် ကျွန်တော့်ဖုန်း အစုတ်လေးက ထအော်ပါလေရော။ လန့်နိုးသွားပြီး ဖုန်းအစုတ်လေးကို ကြည့်လိုက်တော့ စလုံးက ကျွန်တော့်သူငယ်ချင်းမ က ခေါ်တာပါ။ “ ဘာလဲဟ ” ဆိုပြီး ကိုယ့်ကို နှိုးလို့ စိတ်တိုပြီး ထူးလိုက်တော့။ ဟိုဘက်ကနေ ကျွန်တော့်ကို အဆက်မပြတ် ပွမ်ပါလေရော။ သူပြောတာတွေကို ရုတ်တရက် ကျွန်တော်လည်း နားမလည်ဘူး။ အိပ်ချင်မူးတူးကိုး။ နောက်မှ သူပြောတာကို နားလည်မိတော့တယ်။

ခုနက သူက ပြောစရာ ရှိလို့ ကျွန်တော့်ကို လိုင်းပေါ်ကနေပြီး လှမ်းခေါ်သည်။ ဒီတော့ ကျွန်တော်ကလည်း ပြန်ထူးတယ်တဲ့။ နောက်တော့ သူကသာ ပြောတာ ကျွန်တော်က ပေါက်ကရတွေ ပြောရုံ မကဘဲ နောက်ဆုံး သူ့ကိုပါ “ ချစ်တယ် ချစ်တယ် ” ဆိုပြီး ဆက်တိုက်ရိုက်ကာ ရည်းစားစကားပါ ပြောသွားသတဲ့။ ဟာ ဆိုပြီး ကျွန်တော်လည်း လေသွားသည်။ ဒီတော့ သူယုံအောင်ပဲ ပြောရတော့တာပေါ့။ သူငယ်ချင်း အရင်းကြီးတွေ ဆိုတော့ သိပ်တော့ မပြောရပါ။

“ နင်ကလဲဟာ ငါက နင့်ကို ရည်းစားစကား ပြောပါ့မလား။ နင့်ကို ကြိုက်မဲ့ အစား ၊ ငါ့ဖာသာပဲ ဗူးသီးကို ခြေလက် တပ်ပြီး ယူတော့မှာပေါ့။ ”

ဆိုပြီး သူ ယုံကြည်လောက်သော သက်သေကို ပေးရသည်။ ဒီတော့ သူက . .

“ ဘာ. . . ”

ဆိုပြီး ထအော်ပါသည်။ နောက်တော့မှ ကျောင်းမှာကတည်းက ဒီလိုပဲ ပြောနေကြဆိုတော့ ခုနက သူ့ကို မဖွယ်မရာ ပြောတာ ကျွန်တော် မဟုတ်မှန်း သူ ယုံကြည်သွားပါတော့သည်။ ဒါဆို ခုနက ဘယ်သူပြောတာလဲ ဆိုတဲ့ အမေးကိုလည်း ကျွန်တော်က သေချာစွာ ရှင်းပြနိုင်ခဲ့တယ် မဟုတ်ပါလား။

ဒါပေမဲ့ ကျွန်တော်ဟာ အမှတ်မရှိပါ။ သူငယ်ချင်းတွေ သုံးချင်တယ် ပြောတိုင်း ၊ ကိုယ်အိပ်နေတဲ့ အချိန်မှာ သူတို့ ဝင်ပြီး ချက်တာကို မတားမြစ်ခဲ့ပါဘူး။ ဒါကြောင့် နောက်ထပ် တစ်ခါ ကျောင်းမှာ ဒုတိယနှစ်အထိ အတူတူတတ်ပြီး အခုတော့ သူက ကျောင်းမှာ ရူပဗေဒ ကျူတာ ပြန်လုပ်နေတဲ့ သူငယ်ချင်း “ ကစ်ကစ် ” နဲ့ တွေ့တဲ့ အချိန်မှာတော့ သူက ကျွန်တော့်ကို အသားကုန်ကို “ ကစ် ” ပါလေတော့သည်။ သူနဲ့ ပြေလည်မှု ရပြီးတော့မှ သူက ပြောသည်။ Chat History တွေကို ပြန်စစ်ကြည့်ဆိုတော့ ကျွန်တော်လည်း အဲဒီကျမှ ပြန်စစ်မိတော့ . . .တွေ့သမျှ မိန်းကလေး ဆိုရင် အွန်လိုင်းမှာ ပါးရိုက်မခံရဘူး ဆိုတိုင်း ငါ့အကောင့်နဲ့ ရည်းစားစကား ပြောထားတာပါလား။

သို့သော် ဘယ်သူကပဲ ဘာပြောပြော ကျွန်တော့် အကောင့်နဲ့ ပြောတာ ဆိုတော့ ကျွန်တော်လို့ပဲ ထင်ကြမှာပါပဲ။ ဒါပေမဲ့ ဒီကိစ္စရဲ့ ဖြစ်ရပ်တွေကို ကျွန်တော်ကလည်း ထွေထွေထူးထူး မစဉ်းစားခဲ့မိပါဘူး။ မေ့မေ့ပျောက်ပျောက် နေလာခဲ့မိပါသည်။ အဲဒီနောက်မှာတော့ ကျွန်တော် ဘလော့ပေါ်မှာ စာလေးတွေကို ဂရုတစိုက် ရေးခဲ့မိသည်။ ထို့ကြောင့် ခင်မင်ရသော သူငယ်ချင်းများကို ကျွန်တော် Person မှာ သွားရှာစရာ မလိုတော့ပဲ။ အလိုလို မေးလ်ကို အက်လာကာ သူငယ်ချင်းတွေ များလာခဲ့သည်။

အခု ဆိုရင် ကျွန်တော့်အကောင့်ထဲမှာ အယောက်ပေါင်း ၇၀၀၀ ကျော်နေခဲ့ပြီ။ ဒါကြောင့် အွန်လိုင်းပေါ်မှာ ဘယ်အချိန် တတ်ကြည့်ကြည့် ခင်မင်ရသော မိတ်ဆွေပေါင်း အယောက် ၃၀၀ ၊ ၄၀၀ ကျော် အမြဲ ရှိနေတတ်သည်။ တစ်ခါတလေ ကိစ္စရှိလို့ လိုင်းပေါ် ခဏလေးတတ်ရင်တောင်မှ ခင်မင်ရသော သူငယ်ချင်းများက နှုတ်ဆက်တာကို ကျွန်တော် နိုင်အောင် ပြန်ပြီး တစ်ဦးချင်း မနှုတ်ဆက်နိုင်ပါ။ ကြိုးစားပြီး ပြန်နှုတ်ဆက်နေရင်းကကို မော်နီတာ တစ်ခုလုံး ပြည့်မတတ် အကောင့်တွေ တတ်လာကာ နောက်ဆုံး မနိုင်လို့ Custom Message မှာပဲ နှုတ်ဆက်ကာ အောက်ပြေးရပါတော့သည်။ ပြီးတော့မှ Chat History ထဲကို ဝင်ပြီး တစ်ယောက်ချင်းစီ မေးလ်နဲ့ တောင်းပန် ရပါသည်။

ခင်မင်စွာနဲ့  နှုတ်ဆက် ချက်ထားသူများ Chat History ထဲမှာ အားလုံးကို ရေတွက် ကြည့်လိုက်တော့ အယောက် ၃၀၀ ကျော် ရှိပါသည်။ ခင်မင်သူများကို တစ်ယောက်ချင်းစီ အလျင်မှီအောင် ပြန်ပြီး မနှုတ်ဆက် နိုင်တဲ့ အတွက် ကျွန်တော်လည်း စိတ်မကောင်း ဖြစ်မိပါသည်။ ဒါကြောင့် ချက်ထားသမျှကနေ ပြန်ပြီး မေးလ်ပို့ကာ ကျွန်တော် ပြန်တောင်းပန်ခဲ့ပါသည်။ ဒီလို ခင်မင်သူ သူငယ်ချင်းတွေ များနေသောကြောင့် ရုတ်တရက် ချက်ချင်း ပြန်ပြီး အလျင်မှီအောင် မနှုတ်ဆက်နိုင်တဲ့ အတွက် တချို့က ကျွန်တော့်ကို မာနကြီးတယ် ဆိုကာ အထင်လွဲမှားတာကိုလည်း ခံစားဖူးပါသည်။ တကယ်တော့ တစ်ကွက်ပြီး တစ်ကွက် တတ်လာတာကို နိုင်အောင် ပြန်နှုတ်ဆက်ရင်း မနိုင်လို့ ဆင်းပြေးခဲ့ရသူပါ။

အခုနောက်ပိုင်းတော့ ခင်မင်ရသော မိတ်ဆွေတွေကို လိုင်းပေါ်မှာ စကားမပြောဖြစ်တော့ပါ။  အားလုံးကို နိုင်အောင် ကျွန်တော် မနှုတ်ဆက်နိုင်သောကြောင့် ကျွန်တော့်ဖာသာပဲ ပုန်းလျှိုးကာ နေရပါတော့သည်။ ဒါကြောင့် Gmail မှာ ပုန်းနေလို့ ကျွန်တော့်ကို “ ဂျီပုန်း ” လို့ ခေါ်ချင်လည်း ရပါသည်။ အားလုံးကို ခင်မင်မိသော်လည်း အားလုံးကို အဆင်ပြေအောင် ကျွန်တော် ပြန်မပြောနိုင်၍ပါ။ ဟိုနေ့ကတော့ စိတ်ကူး ပေါက်လာသောကြောင့် ကျွန်တော့် အကောင့်ထဲက Active မဖြစ်သော အကောင့်တော်တော်များများကို ဖယ်ရှားသန့်ရှင်းလိုက်တော့ အခုတော့ အကောင့်က လူတစ်ထောင်နီးပါးလောက် လျှော့သွားပါသည်။

ဘာလို့ ကျွန်တော် ဒီလို လုပ်တာလဲ ဆိုတော့ ကျွန်တော့်မှာ တစ်နေ့ကို မေးလ်အစောင် ၃၀၀ ကျော် ၄၀၀ နီးပါး စစ်ရသည်။ Spam မေးလ်ဆိုတာချည်းပဲ ၂၀၀ နီးပါး ဝင်သည်။ ပြီးတော့ ning ဆိုက်တွေမှ ဖိတ်စာတွေကလည်း မနည်း။ ဒါကြောင့် နောက်ဆုံးတော့ ကျွန်တော့်မှာ Ning ဆိုက်မှန်သမျှကို Filter လုပ်ထား ရတော့သည်။ အားနာပေမဲ ကျွန်တော်လည်း တကယ်ကို မတတ်နိုင်ပါ။ ၃ ရက်တစ်ခါ Inbox ထဲမှ မေးလ်တွေကို ရှင်းရသည်။ ထို့နောက် Trash ထဲမှာ မေးလ်များကို ရှင်းမယ် ဆိုရင် အားလုံးပေါင်း ၁၇၀၀ ကျော်နေတတ်သည်။ ဒီလောက် မေးလ်တွေ ဝင်မှတော့ ကျွန်တော့်ရဲ့ Gmail က ပေးထားတဲ့ Data Space ဆိုတာကလည်း တဖြေးဖြေးကျဉ်းလာတော့ ကျွန်တော့်မှာ မလိုတဲ့ မေးလ်တွေ ၊ Spam တွေ ၊ Chat History ဆိုတာတွေကို ကျွန်တော် ၃ ရက်တစ်ခါ ရှင်းပစ်ရလေ့ရှိသည်။

အခုနောက်ပိုင်းတော့ ကျွန်တော့် တွေးမိလာတော့တယ်။ တကယ်တော့ အင်တာနက် စစ သုံးတုန်းကလို ကျွန်တော့်ရဲ့ အကောင့်နဲ့ သူများတွေကို ပေးချက်တယ် ဆိုတာ ဘယ်လောက်များ ရူးသွပ်မှုလဲ ဆိုတာ အခုနောက်ပိုင်းမှ ကျွန်တော် သိမြင် ခံစားနားလည်တော့သည်။ တကယ်တော့ ကျွန်တော်ကတော့ ဘယ်လိုမှ မခံစားမိပဲ ပြောချင်နေသူ ၊ ချက်ချင်နေသူ နှစ်ယောက်ကို ပေးချက်လိုက်ယုံမျှသာ ဖြစ်ပါသည်။ အခု နောက်ပိုင်းတော့ သူတို့တွေ ဘယ်လိုပဲ စိတ်ဆိုးပါစေ ကျွန်တော့် စက်နဲ့ အကောင့်ဖြင့် သူတို့ကို ပေးမသုံးတော့ပါ။ သူတို့ အရင်က လိုသလို ဖြစ်နေတုန်းက ကျေးဇူးစကား မဆိုပေမဲ့ အခုလို လိုဘ မပြည့်တော့တဲ့ အချိန်မှာတော့ ကျွန်တော့်ကို ငြူစူစောင်းမြောင်း ပြောဆိုတာ ခံခဲ့ရပါသည်။

ဒီနောက်ဆက်တွဲ အခြေအနေတွေ အရတော့ သူတို့ ကိုယ်ပိုင်စက်လေးတွေ စုပေါင်း ဝယ်ကာ အင်တာနက် တပ်ကြတာပါပဲ။ ဘာပဲ ပြောပြောပေါ့လေ။ သူတို့လည်း ကိုယ်ပိုင်တပ်လိုက်တော့ သတင်း အချက်အလက်များနဲ့ မဝေးကွာတော့ဘူးပေါ့။ ကျွန်တော် ဘလော့မှာ စာရေးနေရခြင်းရဲ့ အကြောင်းများထဲမှာ တစ်ချက်က အရည်မရ မဖတ်မရ ချက်တင်ထိုင်နေတာထက် စာရင် စာပေလေး ဖတ်ဖြစ်ရင် ပိုကောင်းမယ်လို့ တွေးမိလို့ပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ ကိုယ်ပိုင် အချိန်များထဲမှ လူအများ ဖတ်ပျော်သော စာများကို ကျွန်တော် ရေးသားခဲ့တာပါ။

ဒီနေရာမှာ ကျွန်တော် ပြောလိုတာကတော့ ကျွန်တော် ဘလော့ရေးတာ နာမည်ကြီးချင်လို့ မဟုတ်သလို ၊ ကျွန်တော့်ရဲ့ စိတ်ထွက်ပေါက်အနေနဲ့ ဆိုပြီး စာတွေ ရေးနေခြင်း မဟုတ်ပါ။ ကျွန်တော့် အတွက် စိတ်ထွက်ပေါက် ဆိုရင် ကျွန်တော့်ဖာသာပဲ စာတွေ ဖတ်နေမှာပါ။ ဒါပေမဲ့ ကျွန်တော် ရေးသမျှ စာတွေ အားလုံးမှာ လက်ရှိအချိန်ရဲ့ ကျွန်တော် အင်အားအပြည့်စိုက်ထုတ်ကာ ကျွန်တော် ရေးခဲ့ပါသည်။ 

ကျွန်တော်ရေးသော စာတွေမှာ “ သ ” သုံးသ လည်း ပါစေချင်သည်။ ထိုသသုံးသ ကတော့ - “ ဟာသ ” ၊ “ ရသ ” ၊ “ သုတ ” ဆိုသော သသုံးသ ပါအောင် ကျွန်တော် အစွမ်းကုန် ထည့်ရေးခဲ့ပါသည်။ သို့သော် အပုဒ်တိုင်းတွင်တော့ ဖြစ်နိုင်လိမ့်မည် မဟုတ်။ တချို့စာတွေကို ဖတ်ပြီး ထိုနေရာမှ ပြန်လာပြီး ဘာမှလည်း ကျွန်တော့် ခေါင်းထဲမှာ မကျန် ၊ ဒါဆို အချိန်ဖြုန်းတာ သက်သက်လားလို့လည်း ကျွန်တော် မကြာခဏ စဉ်းစားမိသည်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ထွက်ပေါက် အနေနဲ့ ရေးထားတာ ဆိုတော့လည်း သူတို့အတွက်တော့ အဆင်ပြေမှာပေါ့လေ။ စာဖတ်သူတွေ ဖတ်တုန်းသာ ဟီးဟီးဟားဟား နဲ့ ဘာမှ မရသွားတာကိုသာ ကျွန်တော့်ဖာသာ လျှောက်တွေးနေမိတာ။ တကယ်တော့ သူတို့ဖာသာလည်း အဆင်ပြေနေကြပါ၏။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ 

ကျွန်တော်ဟာ ကျွန်တော်ရေးသော စာတစ်ပုဒ်ကို ဘယ်လိုပဲ လာပြောပြော ၊ ဘယ်လိုပင် ဝေဖန်ဖန် ကျွန်တော် ချပြချင်သော အကြောင်းအရာကို မမြင်မိရင် ထိုသူကို ဂရုဏာ ဖြစ်ရုံမှ လွဲလို့ ကျွန်တော် မခံစားရပါ။ သို့သော် ရောင်စဉ်တွေနဲ့ ဝေ့သီက ကောက်ကြောင်းများနှင့် ပုံဖော်ထားသော “ ဓါတ်ပုံ ” တွေကို မလှမပ ဖြစ်နေရင် ကျွန်တော် အတော်ကို ခံစားရသည်။ ကျွန်တော်က တကယ်ကို အဲဒီလို အနုပညာမှာ “ စာပေ ” နဲ့ “ ဓါတ်ပုံ ” ဆိုရင် ဓါတ်ပုံရဲ့ အနှစ်သာရကို ပိုပြီး ရင်ခုန်ခံစားတတ်ပါသည်။

ကျွန်တော် ရိုက်ထားသော ဓါတ်ပုံများမှ ရှုခင်းများ ၊ လျှပ်တပြက်ပုံများ ၊ အလှပုံများကို ချပြဖို့ လူမသိ သူမသိအောင် နေရာလေး တစ်ခုတောင်မှ လုပ်ထားပါသေးသည်။ ဘယ်သူမှ မသိအောင် ဆိုပေမဲ့လည်း ဘယ်ကနေ ဘယ်လို ရှာတွေ့သွားကြသည် မသိ။ ထိုနေရာသို့ ရောက်လာသူ အတော်များများကိုလည်း ကျွန်တော် Counter ကြောင့် သိခဲ့ရသည်။ သို့သော် ကျွန်တော် ဒီနေရာလေးကို အသက်သွင်းဖို့ အခက်အခဲ တစ်ခုကို ရင်ဆိုင်နေခဲ့ရသည်။ ဟိုးအရင် ဓါတ်ပုံ အဟောင်းများ နဲ့ ဝေးကွာနေပြီး နောက်ထပ် အသစ်ရိုက်ဖြစ်ဖို့ ဆိုတာမှာ အခြေအနေ ၊ အဖြစ်အပျက် တစ်ခုက ကျွန်တော့်ကို ဟန့်ထားနေလေ့ရှိသည်။

ကျွန်တော့်မှာ ရှိသော ကင်မရာလေးကို အိမ်ကို ပြန်တော့ အိမ်မှာ ပေးထားခဲ့ပြီး အခုတော့ တစ်ကြိမ်မှာ ကျွန်တော် ကင်မရာ မဝယ်ဖြစ်သေးပါ။ စွမ်းဆောင်ရည် ပိုကောင်းလာသော ကင်မရာများနှင့် ဈေးနှုန်းတွေ တစ်လထက် တစ်လ ကျလာသော ကင်မရာများမှာ ဈေးအတော်ပင် သက်သာပါသည်။ ဒီအတောအတွင်းမှာ ဓါတ်ပုံကို ကိုယ်တိုင် ရိုက်ဖို့ထက် သူများကို လှပအောင် ရိုက်ဖို့ ပိုပြီး ဝါသနာကြီးသော ကျွန်တော့်ကို ဓါတ်ပုံရိုက်ဖို့ သူငယ်ချင်းများက ခေါ်လေ့ရှိပါသည်။ ထိုအခါ လက်တုန်ရင် ဝါးသွားတတ်သော ဒီဂျစ်တယ် ကင်မရာကြောင့်လည်း သူတို့ အပြင်မှာ သွားရိုက်ရင် ဝါသနာကြောင့် ကျွန်တော်က ပါသွားလေ့ရှိသည်။

သူငယ်ချင်းတွေ အတူတူ သွားတာ ဆိုတော့လည်း သူတို့ကိုလည်း အနေအထားနဲ့ အလင်းအမှောင်လေးတွေပြ ၊ ကိုယ်ကလည်း ဝင်ပြီး ဟန်ပြရနဲ့  ( အဟီး ) ဓါတ်ပုံတွေ ရိုက်ဖြစ်ပါသည်။ တချို့ကကျတော့ ဘာမှ မပြောသလို ဘာမှ မသိ။ တချို့ကျတော့ ဘာမှ မသိဘဲ ဒီနေရာမှာ ရိုက်ချင်တယ် ဆိုပြီး နေကို ကျောခိုင်းကာ ရိုက်တတ်သည်။ မလှဘူး ဆိုလည်း မရ။ ဒါဆိုရင်တော့ သူတို့ သဘောကျ ရိုက်ပေးလိုက်သည်။ နောက်ပုံတွေ ထွက်လာတော့မှ သူတို့ မျက်နှာ ပေါင်ချိန်လို ဖြစ်နေတာ သူတို့ဖာသာ တွေ့ရတော့ ရင်တွေ နာလို့ မဆုံးကြ။

ကိုယ့် အခန်းပြန်ရောက်ပြီ ဆိုရင် သူတို့ ရိုက်ထားတာ သူတို့ ဓါတ်ပုံ ကူးပြီး ခွဲဝေ ယူကြသည်။ ကျွန်တော်ကတော့ ဓါတ်ပုံလည်း မထုတ်ဖြစ်ပါဘူး။ ကင်မရာ မန်မိုရီထဲက ဓါတ်ပုံလေးတွေကို ကိုယ့်ရဲ့ မန်မိုရီ စတစ်ထဲကို ကူးထည့်လိုက်သည်။ ပြီးတော့ သူ့ရဲ့ မန်မိုရီကဒ်လေးကို သူ့ကို ပြန်ပေးလိုက်သည်။ ဒါပါပဲ. . . ဒါပါပဲ. . ဒါဟာ ကျွန်တော်တို့ ဓါတ်ပုံရိုက်ထွက်တဲ့ ခရီးတစ်ခုပေါ့။

ဒါပေမဲ့ ပြဿနာက ဒီမှာ မပြီးသွားပါဘူး။ ချက်တင် လောကမှာ အမှန်မပြောကြဘူး လို့ ဆိုသည်။ ကျွန်တော်ကတော့ လိမ်စရာ မရှိပါ။ ဒါကြောင့် မေးသမျှ သိသမျှကို ဒီအတိုင်းပဲ ဖြေလိုက်တာပါပဲ။ ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရှိပါသည်။ သူက အသက် ၃၇ နှစ်ပါ။ ဒါပေမဲ့ အင်တာနက် ထဲမှာတော့ သူက အသက် ၂၂ နှစ်ထက် မကြီးသေး။ မိန်းမလည်း မရသေးသလို အိမ်က ကလေး သုံးယောက်ကိုလည်း သန်းခေါင်စာရင်းထဲက ဖျောက်ထားသည်။ သူ့ရဲ့ အတော်ဆုံး အချက်ကတော့ မိန်းကလေးတွေဆီက ဓါတ်ပုံ တောင်းတာပါပဲ။ “ ရတယ်ခင်ဗျ . .လိမ်တယ် . . ခေါက်တယ် . .တောင်းတယ်. . ပေးတယ် ခင်ဗျ . . ” ဆိုပြီး ဘောပွဲ ကြေငြာသူတွေလိုပဲ ပြောရတော့မယ်။

ဟိုက သူ့ကို ပေးပြီးတော့ သူ့ပုံကို ပြန်တောင်းတော့ သူက သူ့ပုံကို သူ မပြရဲ။ ဒီတော့ သူများပုံတွေကို လိုက်ပေး၏။ ထိုဓါတ်ပုံများက အပြင်မှာ လျှောက်ရိုက်လာသော မန်မိုရီကဒ်ထဲက ပုံများ ဆိုတော့ အဲဒီအထဲမှာ ကျွန်တော်ပုံတွေလည်း ပါသွားဖူးသည်။ ဖြစ်ချင်တော့ သူနဲ့ နက်ထဲမှာ ဘာဘာညာညာ ဖြစ်သော တစ်ယောက်က ကျွန်တော့်သူငယ်ချင်းရဲ့ သူငယ်ချင်းဆိုတော့ ကျွန်တော့်ကို လိုင်းပေါ်မှာ တွေ့တော့ ပြောပါလေရော။ ကျွန်တော်ကပဲ တခြား အကောင့်တွေနဲ့ ကြူနေ ၊ အီနေသလိုလို။ နောက်ဆုံး အကောင့်ကို မေးလိုက်မှ သူ ဆိုတာ သိရတော့သည်။

တကယ်ကို အခါရာသီတွေ မလှပပါ။ ထိုနေ့ရက်များကား တော်တော်ကို အကျည်းတန်ပါသည်။ အွန်လိုင်းက ခင်သော သူငယ်ချင်းများနဲ့ လမ်းမှာ ပခုံးချင်းဝင်တိုက်တာတောင်မှ မသိလိုက်ရဘဲ မင်းဘာကောင်လဲ ၊ ငါဘာကောင်လဲ ဖြစ်မှာ စိုးလို့ ၊ သူငယ်ချင်းတွေ ခင်မင်ပြီ ဆိုရင် အချင်းချင်း ဓါတ်ပုံဝေငှတာကို ကျွန်တော် အပြစ်လို့ မပြောချင်ပါ။ ဒါက ဖြစ်သင့်ပါသည်။ ဒါပေမဲ့ သူများ ဓါတ်ပုံကို ကိုယ့်ပုံဆိုပြီး လုပ်ကာ လျှောက်ဝေခြင်းကတော့ အတော်ကို ဆိုးပါသည်။ လက်ခံရရှိသူက ဘာမှ မသိဘူးပဲ ဆိုပါစို့။ တခြားသိနေသူ တစ်ယောက်က ဒါ ဘယ်သူဆိုရင် အဓိပ္ပါယ်တွေ ပြောင်းကုန်နိုင်ပါသည်။

အနုပညာနဲ့ ပတ်သတ်ပြီး ကျွန်တော်က ဈာန်ဝင်ခံစားတတ်ပေမဲ့ ကိုယ်တိုင်ဖန်တီးဖို့တော့ အားနည်းသူ တစ်ယောက်ပါ။ ဒီလို ရှားပါးလှတဲ့ ဖန်တီးမှုထဲမှာမှ ကျွန်တော်က အနုပညာမှာ စာရေးခြင်း နဲ့ ဓါတ်ပုံကို လှလှလေး ရိုက်ချင်မိသူ တစ်ယောက်မျှသာ ဖြစ်ပါသည်။ သို့သော် ကိုယ်ရုပ်ကို ကိုယ် ပြစားခြင်းမျိုး လုပ်ဖို့လည်း စိတ်ကူး မရှိလို့ ကျွန်တော့် ဓါတ်ပုံကို သူငယ်ချင်းတွေနဲ့ အမှတ်တရ ပုံက လွဲပြီး ကျွန်တော် မတင်ခဲ့တာပါ။ ကိုယ်တစ်ယောက်တည်းပုံကို တင်လိုက်ရင်လည်း ဘလော့ကို တကူးတက လာပြီး စာဖတ်သူများ ထမင်းစားပျက်ကာ အယောင်ယောင် အမှားမှား ဖြစ်သွားနိုင်သည် မဟုတ်ပါလား။ ဒီလိုမျိုးတော့ အအိပ်ပျက် ၊ အစားပျက် မဖြစ်စေလိုပါ။

သို့သော်လည်း တခြားတစ်နေရာရာမှာ ( သို့ ) တခြား တစ်ဦးဦးဆီမှာ မတော်တဆ ကျွန်တော့် ဓါတ်ပုံက တခြားသူ တစ်ဦး၏ အမည်ခံကာ ရောက်ရှိနေမယ် ဆိုရင်လည်း ကျွန်တော် ဘယ်လိုမှ လက်ခံလို့ မရပါ။ ဒါကြောင့် ကျွန်တော် ဓါတ်ပုံ မရိုက်ဖြစ်တာ အတော်ကို ကြာနေခဲ့ပါပြီ။ ဟိုတလောက ကျွန်တော် မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ ဆုံတွေ့ရင်း ကျွန်တော့်ပုံကို သူငယ်ချင်းက ဓါတ်ပုံ ရိုက်လိုက်တော့ ဘေးနားက ညီလေး တစ်ယောက် ပုံပါ ပါပါသည်။ ကျွန်တော်ကလည်း အမှတ်တရ ဆိုပြီး တင်လိုက်ပေမဲ့ နောက်တော့ အဲဒီပုံကို ကူးယူ ဖြတ်တောက်ကာ တစ်စုံတစ်ယောက်ရဲ့ ပုံနဲ့ ဘေးချင်းယှဉ်ပြီး ကဗျာတစ်ပုဒ်မှာ ထည့်ထားကာ ကျွန်တော့်ဆီကို ပို့လာပါသည်။

ဆန်းကြယ်လာသော ဓါတ်ပုံ ပညာများကို ကျွန်တော် အပြစ်မဆိုချင်ပေမဲ့ ဒီလို လုပ်တာတော့ မကောင်းပါ။ မသိသူတွေဆိုရင် ဒီဓါတ်ပုံကို မြင်ရင် ဘယ်လိုများ ထင်ကြလိမ့်မလဲ။ တကယ်တော့ ကျွန်တော့်ကို ပြောဆို ဝေဖန်လို့လည်း ရပါ၏။ ( ကျွန်တော်က ဘာမှ မဟုတ်တာလေးကို တွေးကြောက်နေသူ တစ်ယောက် ဆိုပြီးတော့ ဝေဖန်နိုင်ပါသည်။ ) ဟုတ်ပါသည်။ ဒါပေမဲ့ ကျွန်တော်က တွေးကြောက်နေတာ မဟုတ်ပါ။ လူဆိုတာ ကိုယ်တိုင် ဖြစ်ဖူးမှသာ သိရတာပါ။ ကိုယ့်ဓါတ်ပုံကို သူများ နာမည်ခံပြီး အပို့ခံကြည့်ပါ။ ကိုယ်နဲ့ ဘာမှ မဆိုင်သူ ( ဥပမာ - ဒေါ်ဂွတ်ထော် ) နဲ့ ဘေးချင်းဆိုင်ပြီး အထင်မှားအောင် လုပ်ထားသော ပုံကို ဆိုက်တစ်ခုခုမှာ တွေ့ကြည့်ပါ။ ဘယ်လိုမှ သက်တောင့်သက်သာ မရှိတာကိုတော့ လက်တွေ့မှ ခံစားရပါလိမ့်မည်။

~ ~ ~ ~ ~ ~ ~ ~  @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

တကယ်တော့ အင်တာနက် ဆိုတာ ဗဟုသုတ ဘဏ်တိုက်ကြီးလို့ တင်စားပြောဆိုကြပါသည်။ တကယ်လည်း လက်တွေ့မှာ ဟုတ်ပါသည်။ သို့သော် “ စားပြီးပြီလား ” “ ဘာလုပ်နေလဲ ” “ ငါက မင်းနဲ့ပဲ ချက်နေတာနော် ” ဆိုပြီး အကောင့် ၅ လောက်ဖွင့်ကာ အရည်မရ ၊ မဖတ်မရ ပြောနေသူများကိုလည်း မြင်တွေ့ရပါသည်။ ဒီလို ချက်တင်ထိုင်ပြီး အချိန်တွေ ကုန်မဲ့ အစား ၊ တစ်ခုခုတော့ တစ်နေရာရာမှာ ဖတ်နေတာ တော်သေးတယ်လို့ ကျွန်တော် ခံစားတွေးမိသည်။ ဒါကြောင့် ဘလော့ရေးသူတွေ ပေါများစွာ ဖြစ်လာတာ ကျွန်တော် နှစ်သက် ဝမ်းမြောက်စွာ ကြိုဆိုပါသည်။

သို့သော် ထိုဘလော့ရေးသူများကလည်း ရောက်ရင် ဟီးဟီးဟားဟား ဆိုပြီး ဖတ် ၊ နောက်တော့ ဘာမှ မကျန်ဘဲ လက်ဗလာနဲ့ ပြန်သွားသော စာများထက် ဟာသဆိုလည်း ဟာသစစ်စစ်လေးကို အတွေးလေးနဲ့ ( တွေးတွေးပြီး ရယ်ရသော ) စာလေးတွေ ရေးနိုင်စေချင်သည်။ တခြားသော အတွေ့အကြုံလေးတွေကို ရေးသူတွေကိုလည်း “ ရောက် ၊ ဖတ် ၊ ရယ် ၊ ပြန် ၊ ဗလာ ” ဆိုတာမျိုး မဖြစ်ဘဲ ရေးစေချင်သည်။ ( ဒါကတော့ ကျွန်တော့် ဆန္ဒ ၊ စိတ်ကူးမျှသာ ) အချိန်ရှားပါးသော လူတစ်ယောက် အဖို့ တစ်နေ့ တစ်နေ့ မိတ်ဆွေများရဲ့ စာတွေကို လိုက်ဖတ်ရတာ တကယ်တော့ မလွယ်လှပါ။ အခု နောက်ပိုင်းတော့ ဖတ်ပြီးတော့ အခုပဲ ထိုဘလော့ကို ပိတ်လိုက်တယ် ဘာမှ မမှိတ်မိတော့ဘူး ဆိုသော  အတွေးဗလာ ဘလော့တွေကို မဖတ်တော့ဘူးရယ် လို့လည်း စဉ်းစားမိပြန်တယ်။

ဘာပဲ ဖြစ်ဖြစ်ပါ . . . . 

ကျွန်တော့်မှာ ဘလော့ အကယ်ဒမီ ပေးဖို့ အခွင့်အာဏာသာ ရှိပါစေ။ အခု လက်ရှိ အချိန်အထိ ကျွန်တော် ဖတ်ခဲ့ရသမျှမှာ ဘလော့ အကယ်ဒမီ ပေးချင်သူ သုံးယောက်သာ ရှိပါသည်။


၁။ ကိုပီတာ ရဲ့ အတွေးပုံရိပ်များ

သူကတော့ လက်ရှိ အကယ်ဒမီဆုရှင်ပါပဲ။ တကယ်လည်း ရထိုက်ပါသည်။ စာကို လှလှပပ ရေးတာမဟုတ်ဘဲ အကြောင်းအရာ များများ တင်နိုင်တာ တစ်ခုတည်းနဲ့တင် သူ့ကို ပေးထိုက်ပါသည်။ သူ့ဆီက ဗဟုသုတ ၊ သတင်း အတော်များများ ကျွန်တော် ရရှိပါသည်။ သူ့ရဲ့ သတင်းရှာဖွေအား နဲ့ စာဖတ်အားကိုလည်း ပါးစပ်က ပြောနေတာ မဟုတ်ဘဲ။ သူ့ရဲ့ တစ်နေ့ကို ပို့စ် ဘယ်နှစ်ခု တင်လဲ ဆိုတာကနေ အဆုံးအဖြတ် အနေနဲ့ မှတ်ကျောက်တင်ပြပါသည်။ ဒါပေမဲ့ မျှဝေဖို့သက်သက်သာ စိတ်ထဲမှာ ရှိသူတွေရဲ့ ထုံးစံအတိုင်း ကိုပီတာ့ ပို့စ်တွေမှာ Comment နည်းလွန်းလှပါသည်။ ( ကျွန်တော်က အစ သွားသာ ဖတ်ပြီး မန့်ဖို့ မေ့မေ့နေခဲ့ပါသည်။ ) Comment ရမှ ပို့စ်တင်မယ် ဆိုတဲ့ စိတ်မရှိဘဲ သူ့ရဲ့ မျှဝေလိုသူ စစ်စစ်တစ်ယောက်ရဲ့ စိတ်ဓါတ်ကိုလည်း ကျွန်တော် လေးစားပါသည်။ သူသည် Comment မစားပါ။ နောက်တစ်ခုက သူ့ရဲ့ စကားလုံး အသုံးအနှုန်းနဲ့ ဟာသဥာဏ်ကို ကျွန်တော် သဘောကျသည်။

၂။ မခင်ဦးမေ

မမကွန် လို့ လူတွေ ခေါ်ကြတာကို ကျွန်တော် ဘာကြောင့်လဲ ဆိုတာ မသိ။ အဲဒီလောက်ကို ကျွန်တော်ကလည်း တုံးသည်။ နောက်မှ K O M ဆိုသော နာမည်အတိုကောက်ကို စုခေါ်လို့ မမကွန် ဆိုပြီး ဖြစ်သွားတယ် ဆိုတာ သိလိုက်ရသည်။ မမကွန်ရေးသော စာတွေကို ကျွန်တော် အရင်က မဖတ်ဖူးပါ။ ပထမဦးဆုံး စဖတ်ဖူးတဲ့ စာလေးကတော့ Push ဆိုသော ပို့စ်ပါ။ အဲဒီပို့စ်နဲ့တင် မမကွန်ဆီကို ကျွန်တော် အမြဲတမ်း ရောက်ဖြစ်သည်။ အရိုးရှင်းဆုံး ဝန်ခံရရင် ကျွန်တော် စာရေးချင်သော ပုံစံဟာ မမကွန်ရဲ့ ပုံစံ ဖြစ်ပေမဲ့ သူ့လို ကျွန်တော် ဖြစ်မြောက်အောင် မရေးတတ်ပါ။ သူ့စာတွေမှာ တိုတို ထိထိ မိမိ နဲ့ အတွေးတွေက ကျယ်ဝန်းလှပါသည်။ တချို့ဆိုရင် စာလေး ၃ ကြောင်းလောက်ကို ကျွန်တော် အတော်ကြီးကို တွေးဖတ်ရလောက်အောင် ကျယ်ပြန့်ပါသည်။

၃။ မရွှေစင်ဦး

ကိုယ်ဖတ်ခဲ့သမျှ စာတွေကို သူများတွေကို ဖတ်စေချင်လို့ ဒိုမိန်းတောင်မှ ဝယ်ပြီး တကူးတက ရေးပေးနေတဲ့ အစ်မတစ်ယောက်ပါ။ စာဖတ်အားကို လေးစားသလို ၊ ရေးအားကိုလည်း ကျွန်တော် လေးစားရပါသည်။ သူများစာတွေကို ရေးတင်ပေးနေရုံ သက်သက်လား ဆိုတော့လည်း ကိုယ်ပိုင် အတွေးအရေးတွေမှာလည်း ပြောင်မြောက်လှသူ တစ်ဦးပါ။ ဥပမာ - ရွှေစင်ဦးရဲ့ ချစ်ကိုယ်တွေ့ ၊ ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ အစရှိသည်တို့မှာလည်း မရွှေစင်ရဲ့ တင်ပြရေးသားပုံတွေက ကောင်းလှပါသည်။ ကိုယ်ပိုင် အတွေးအရေးတွေကလည်း ညက်ညောလှပါသည်။ တစ်ခါတစ်လေ ကျွန်တော် ဘယ်လို မန့်ရမယ် ဆိုပြီး မသိအောင်တောင်မှ ဖြစ်မိသည်။ အခု တစ်ပုဒ်ဖတ်ပြီးလို့ ခဏလေး နေပါတယ် နောက်တစ်ပုဒ် တတ်လာအောင်ကို စာရေးအားကလည်း ကောင်းလှပါသည်။ အတိုချုပ်ပြီး ဆိုရရင်တော့ မရွှေစင်ဦးနေရာက ကျွန်တော့်အတွက်တော့ နှစ်ပေါင်းများစွာက ကျွန်တော် လက်လှမ်းမမှီသော စာများကို စုစည်းပေးထားတဲ့ “ စာကြည့်တိုက်ကြီး ” လိုပါပဲ။

ထိုလူသုံးယောက်ရဲ့ တင်သမျှ ပို့စ်တွေကိုတော့ ကျွန်တော် မလွတ်တမ်း ဖတ်နေပါတယ်။ တခြားသော နေရာများကိုတော့ ကျွန်တော် အလျင်းသင့်သလို ရောက်ပြီး ဖတ်ဖြစ်ပါသည်။ “ အရမ်းကောင်းတယ် ၊ ခံစားရတယ် ၊ ကြိုက်တယ်နော် ”  ဒီလိုတွေ မမန့်ချင်သော ကျွန်တော့် အတွက် တချို့နေရာတွေမှာ တိတ်တဆိတ်ပဲ ပြန်လာခဲ့တာတွေလည်း ရှိပါသည်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က သေချာ မဖတ်ဘဲနဲ့လည်း မမန့်ချင်ပါ။ ထိုစာရေးသူကို စော်ကားလိုက်သလိုပဲလို့လည်း ခံစားရသည်။ တချို့ကတော့ သေချာ မဖတ်ဘဲ ရောက်ကြောင်း မန့်သွားလေ့ရှိပါသည်။ တင်ထားသော ပို့စ်နဲ့ သူ မန့်ထားတာ တခြားစီ ဖြစ်နေတတ်သည်။

ဒါကြောင့် တခြားနေရာတွေမှာ ကျွန်တော် ရောက်ဖြစ်ပြီး စာတွေလည်း ဖတ်ဖြစ်ပါသည်။ ဒါပေမဲ့ ကျွန်တော် စိတ်ထဲမှာ ဖြစ်ပေါ်ခံစား ခဲ့ရရင်တော့ ကျွန်တော် မန့်သွားမှာပါ။ သို့သော် များသော အားဖြင့် အတွေးမပါသော ဟီးဟီးဟားဟား နေရာများကိုတော့ ကျွန်တော့်ရဲ့ မအားလပ်မှုကြောင့် ရောက်ဖြစ်တော့မည် မဟုတ်။ အတွေးပေးနိုင်သော ၊ အသိပညာပေးနိုင်သော နေရာတွေကိုတော့ ကျွန်တော် အချိန်လေး အားတာနဲ့ ရောက်ဖြစ်နေဦးမှာပါပဲ။

အင်တာနက်ကို သူများတွေ ဘယ်လို အသုံးချနေတယ် ဆိုတာ ကျွန်တော် မသိပါ။ ကျွန်တော်အတွက်တော့ ဘလော့ရေးတယ် ဆိုတာ ကျွန်တော့် စိတ်ထွက်ပေါက် အနေနဲ့ ရေးနေတာ မဟုတ်တာတော့ သေချာပါသည်။ ချက်တင်ထိုင်ပြီး ကုန်သွားမဲ့ အချိန်လေးမှာ တစ်ခုခုကို ဖတ်မိ မှတ်မိသွားစေချင်သော စိတ်နဲ့ ကျွန်တော်စာရေးပါသည်။ အရင်က ရူးရူးမိုက်မိုက်နဲ့ ကိုယ့်အကောင့်နဲ့ သူများကို ချက်ခိုင်းတာမျိုး ၊ ကိုယ့်ဓါတ်ပုံကို ကူးပြီး မဖျက်ဘဲ ပြန်ပေးလိုက်တာမျိုး ( ဖျက်လိုက်ရင်တောင်မှ Recover Software တွေနဲ့ ပြန်ယူနိုင်ပါတယ်။ ) အခုနေ အချိန်မှာတော့ ကျွန်တော် မဖြစ်တော့ဘူးပေါ့ဗျာ။ ဒီလိုပါပဲ ကျွန်တော့်လိုလည်း ဘယ်သူ့ကိုမှ မဖြစ်စေချင်ပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က ကြုံလိုက်ရရင် အထူးဆန်းတွေ ချည်းပဲလေဗျာ။

နောက်ထပ်သာ ကျွန်တော် အွန်လိုင်း အက်ဆေး ရေးဖြစ်ခဲ့ရင် ကျွန်တော် ပေးချင်သော နောက်ထပ် ဘလော့အကယ်ဒမီရှင်များ များများစားစား ပေါ်လာပါစေ။

*** အင်တာနက် ဆိုတာ ဗဟုသုတ ဘဏ်တိုက်ပါ။ ***

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

ဒီပို့စ်ရဲ့ အဆုံးမှာ  ကျွန်တော် နောက်ဆုံး အနေနဲ့ ပြောထားချင်တာလေး တစ်ခုရှိပါသည်။ ဒါကို သေချာစွာ ဖတ်သင့်ပါသည်။

“ တကယ်တော့ လူတွေ အားလုံးဟာ သာမာန်အားဖြင့် ကောင်းကြပါသည်။ သို့သော် အခြေအနေ တစ်ရပ်ကို ဖြတ်သန်းခံရသော အခါမှာတော့ လူတချို့ဟာ ပြောင်းလဲသွားတတ် ကြပါသည်။ ”


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

27 July 2010

12 ပြဿနာ အစ အာဒံ ၊ ဧဝ က



“ တောက်...ဟင်း နော်..။ ”

အာဒံ တစ်ယောက် ဗွေဖောက်ပြီး သူ့အလိုလို ဒေါသတွေ ထွက်နေပါတယ်။ သူ့ပြဿနာကို ဘယ်သူ့ကိုမှလည်း မပြောရဲ။ ဖွင့်ပြောလိုက်မှ သူ့ကို ပေါတောတောလို့ ထင်မှာလည်း သူကြောက်တယ်။ တကယ်ဆို “ ပေါတယ် ” လို့ အပြောခံရမှာထက် “ တောတယ် ” လို့ အပြောခံရမှာ ပိုကြောက်ပုံ ရသည်။

“ လူတွေကွာ. .။ ”

ပါးစက်က အသံထွက် ရေရွတ်မိပြီးမှ သူ့အသံ ဘယ်သူများ ကြားသွားမလဲလို့ ဘေးဘီကို လှည့်ကြည့်လိုက်တော့ ဘယ်သူမှ အနီးနားမှာ မရှိ။ ( ဘေးဘီ ဆိုလို့ ဘိုးဘွား ဘေးဘီ ကိုပြောတာ မဟုတ်။ လူ့လောကမှာ သူက ပထဦးဆုံး လူသားလို့ ပြောတာပဲ . . .ပြောကြတာပါပဲ။ ) သက်ပြင်းကို ပင့်မလိုနဲ့ ထုတ်လိုက်ပြီး ၊ ခဏနေတော့ ထုတ်မလိုနဲ့ ပင့်ရှိုက်သွင်းလိုက်တယ်။

“ လူတွေကွာ ငါ့နာမည်ကို ဖျက်ချင်ကြတယ်။ ငါ့နာမည်ကို မြန်မာလို “ အာဒမ် ” လို့ ပေါင်းတာ.။ အခုတော့ သူတို့ကပါ သူတို့ကို ကိုယ်သူတို့ လေဒီ ( Lady ) ကနေ ဘာ. . .ဘာတဲ့။ ဂုဏ်တတ်အောင် ဆိုလား “ မဒမ် ” ( Madam ) လို့ ပြောင်းသုံးကြတယ်တဲ့။ ”

ရှူးရှူးရှဲရှဲ သူ ဒေါပွနေတယ်။ ပွလည်း ပွချင်စရာ. . .။

“ အခုတော့ ငါ့မှာ ငါနာမည်နဲ့ ငါ ဟုတ်နေတာကို သူတို့ “ မဒမ် ” လုပ်တော့ ငါ့မှာ မိန်းမလျာ လို့ ထင်မှာ စိုးလို့ လိုက်ပြောင်းပေးရတယ်။ ဒီတော့ ငါက “ အာဒန် ” လို့ ပြောင်းလိုက်တယ်။ ဒါပေမဲ့. . .”

ငိုမလို ပြိုမလို မျက်နှာနဲ့ အာဒံ အဝေးကို ငေးတယ်။ ပြီးတော့ မြေပြင်ပေါ်မှာရေးထားတဲ့ သူ့နာမည် “ အာဒန် ” ဆိုတာကို ဖနောက်နဲ့ ပေါက်လိုက်တယ်။

“ အခုတော့ ဟိုတလောက အိမ်ရှေ့မှာ ကောင်လေးတစ်ယောက်က လမ်းလျှောက်ရင်း အော်သွားတယ်။ သူ့ဖာသာ အော်တာ အကြောင်း မဟုတ်ဘူး။ အခုတော့ အိမ်ရှေ့မှာ ချက်ပြုတ်နေတဲ့ ဧဝ ကို လှမ်းမေးတယ်။

“ အန်တီ “ ဒန် ” တွေ ၊ “ ကြေး ” တွေ ရောင်းစရာ ရှိလား “

တဲ့။ ဧဝကလည်း အလုပ်ရှုပ်နေပြီး သူနဲ့ ငါ အဆင်ပြေနေကြလို့ ၊ စိတ်အခန့်မသင့် လို့ စကားများထားကြတဲ့ အခါဆို ဒီကောင်လေးကို ခေါ်ပြီး . . .

“ အေး ရှိတယ်။ အန်တီ ရောင်းချင်နေတဲ့ “ ဒန် ” က အဲဒီ “ ဒန် ” ပဲ။ သူက “ အာဒန် ”

ဆိုပြီး ရောင်းလိုက်မှဖြင့် ဆိုပြီး ကြက်သီးတွေ ထပြီး ချက်ချင်း ကောက်ခါ ငင်ခါ နာမည်ထပ်ပြောင်းလိုက်ရတာ. . .။

အခုတော့ နာမည်က “ အာဒံ ” ပဲပေါ့လေ။ ဒါပေမဲ့ ဒီနာမည်ကို ဘယ်လိုမှ မကြိုက်။ ဘယ်လိုမှလည်း ခံစားလို့ မရ။ လူကို နံနှိမ်ထားသလိုကြီး။ ကြည့်ပါလား။

မြေပြင်ပေါ်က “ အာဒံ ” ဆိုသော စကားလုံးကို သူက တငွေ့ငွေ့ စိုက်ကြည့်ရင်း ပြောတယ်။

“ ငါကို သူများက လာကျောဖို့ မပြောနဲ့ သေးသေးတင်တောင်မှ ခံချင်တာ မဟုတ်ဘူး။ အခုတော့ နာမည်ကြောင့် “ သေးသေးတင် ” ခံနေရပြီ “ အာဒံ ” တဲ့ကွာ။ အေးလေ သေးသေးတင် ဆိုတာ လုံးကြီးတင် ထက်တော့ တော်ပါသေးတယ်။ လုံးကြီးတင်လိုက်ရင်တော့ မလွယ်။ “ အာဒိ ” ဆို ပိုဆိုးမယ်။

ဒေါသတွေ ပိုပို ထွက်လာပြီး ဒေါသတွေက ဘယ်ကို ပုံချရမှန်း မသိ။ ဒါနဲ့ပဲ. . .

“ ဧဝ. . ဟေ့. . ဧဝ ”

“ တော်. . .၊ ဘာတုန်း။ ”

“ ဘာတုန်းကို ထားခဲ့။ ဒီကိုလာဦး။ ”

“ တော်. . . လာပါပြီတော်။ ”

ပြာယိပြာယာ နဲ့ ဧဝ ရောက်လာတော့ အာဒံ က . . .

“ ဧဝ . .နင့်ကို ငါမေးဦးမယ်။ ”

“ မေးတော်. .။ ”

“ နင်က ဘာလို့ “ ဧဝ ” ဖြစ်နေရတာလဲ။ ”

“ အို ထာဝရ ဘုရားရှင်က ရှင့် နံရိုးတစ်ချောင်းနဲ့ ဖန်ဆင်းထားလို့လေ။ ”

“ ဒါကို ပြောတာ မဟုတ်ဘူး။ နင်နာမည်က ဘာလို့ “ ဧဝ ” ဖြစ်နေရတာလဲ။ ဘာလို့ “ အေးဝ ” ဆိုပြီး ဖြစ်မနေတာလဲ။ ”

“ မဟုတ်တာတော်.. . ကျုပ်နာမည်က “ ဧဝ ” ဆိုပြီး ရှင် အသံထွက်ပေါင်းသလို “ အေးဝ ” မဟုတ်ဘူးရှင့်။ ”

“ အောင်မာ . . ဧဝ လို့ မြင်နေတာတောင်မှ ဧဝ ( အေးဝ ) မဟုတ်ဘူး ဆိုတော့ နင့်နာမည်က ဘာလဲ။ ”

“ လူတွေ မှားခေါ်နေကြတာလေ။ ကျုပ်နာမည်က “ ဧဝ ” ။ အသံထွက်က “ အေဝ ” ပါတော်။ “ အေ ” ရဲ့ နောက်မှာ “ ဝစ္စနှစ်လုံးပေါက် ” မပါဘူး။ “ အေဝ ” “ အေဝ ” ရှင့် သိပြီလား။ ”

“ နင်က သေချာလို့လား ။ အားလုံးကတော့ “ ဧဝ” ( အေးဝ ) လိုပဲ ခေါ်နေကြတယ်။ ”

“ သေချာတာပေါ့ရှင် ၊ လူတွေ မှားနေကြတာ “ ဧဝ ( အေဝ ) ” လို့ပဲ အသံထွက်ရတယ်။ တကယ်လို့ “ ဧ ” ကို “ အေး ” လို့ အသံထွက်မယ် ဆိုရင် ဟိုစကားလုံးကို ဘယ်လိုလုပ် အသံထွက်မလဲ။ ”

“ ဘယ်စကားလုံးလဲ။ ”

ဧရာဝတီ လေ။ ”

“ ဧရာဝတီက ဘာဖြစ်နေလို့လဲ ၊ ဘယ်လို ခေါ်နေကြလို့လဲ။ ”

“ သြ . .ကျုပ်နာမည် “ ဧဝ ” ကို “ အေးဝ ” လို့ ခေါ်မှတော့ “ ဧရာဝတီ ” က “ ဧ ” စကားလုံးကိုလည်း “ အေး ” လို့ ခေါ်ပေါ့။ ဒါဆို “ ဧရာဝတီ ” ကို “ အေးရာဝတီ ” လို့ ခေါ်လေ။ ”

“ နင် ကပ်သီးကပ်သပ် မပြောနဲ့နော်။ ”

“ အလိုတော်. . ကပ်သီးကပ်သပ် ပြောတာမှ မဟုတ်တာ ၊ ကျုပ်ကို “ အေးဝ ” လို့ ခေါ်မှတော့ ဒီမြစ်ကိုလည်း “ အေးရာဝတီ ” လို့ ခေါ်လေ။ မခေါ်ဘူး မဟုတ်လား။ မှတ်ထား။ ကျုပ်နာမည်က “ ဧဝ ” ( အေဝ ) နော်။ အခုက စပြီး ရှင်လည်း ကျုပ်ကို ခေါ်ရင် ပီအောင် “ ဧဝ ( အေဝ ) ” လို့ ခေါ်ပေတော့။ ”

“ အောင်မာ နင်ကတောင်မှ လေသံမာကြီးနဲ့။ ”

“ ဟုတ်တယ်လေ . ၊ ဟုတ်တာပြောတာပဲ။ မာတာပေါ့။ ”

“ အေးထားတော့. .ခုနက နင်က ပြောတယ်နော်။ ထာဝရ ဘုရားရှင်က နင့်ကို ငါ့ရဲ့ နံရိုးတစ်ချောင်းနဲ့ ဖန်းဆင်းထားတယ် ဆို. . ။ ”

“ ဟုတ်တယ်လေ. .ဒီလိုပဲ အားလုံး သိကြတာပဲ။ ”

“ ဒါဆို ပြ . .ပြ. . ”

“ အလိုတော်. .ဘာကို ပြရမှာတုန်း ၊ ရှက်စရာ ။ ”

“ ဟ. . ငါ့နံရိုးကနေ နင့်ကို ဖန်ဆင်းထားတယ်ဆို ဒါဆို ငါ့နံရိုးက နင့်ဆီမှာ ရှိနေမှာပဲ။ ဒါကို ပြ . . ပြ . .။ ”

“ အို. . ရှင် မဟုတ်တာ လာမပြောနဲ့နော်။ ”

“ ဘာ မဟုတ်တာလဲ၊ ငါ့ နံရိုးနဲ့ နင့်ကို ဖန်ဆင်းတာ ဆို နင့်မှာ သေချာ ရှိရမှာပေါ့။ ပြ . . ပြ။ ”

“ အလိုတော် ရှင်က ဇွတ်ကြီးပါလား။ မပြဘူးတော်။ ”

“ မပြလို့ ရမလား။ ငါတို့ ယောကျာ်းတွေကျတော့ နံရိုးတစ်ချောင်း လျော့သွားတယ်။ နင်တို့ကျတော့ နံရိုးအပြည့်အစုံ ရှိနေတာပေါ့လေ။ ”

“ အို . .ဒါကတော့ ကျူပ်တို့က တခြားဘာမှမှ ထပ်ပြီး မဖန်ဆင်းတာကိုး ။ ”

“ အေးလေ. . ။ ဒါကြောင့် ငါတို့ ယောက်ျားလေးတွေက မပြည့်မစုံ ဖြစ်နေရပြီး ငါ့ရဲ့ နံရိုးလေး ဖြစ်တဲ့ နင့်ကို လိုက်ရှာနေရတာပေါ့လေ။ ဒါမှ ငါ့ဘဝက ပြည့်စုံမှာပေါ့လေ။ ”

“ ဒါကတော့ ဒီလိုပဲ ဖြစ်သင့်လို့လေ။ ဒါပေမဲ့ ကျုပ်ကတော့ ရှင့်ကို မကျေနပ်ဘူးရှင့် ”

“ အောင်မာ. . ဘာကို မကျေနပ်တာလဲ။ ”

“ ဟုတ်တယ်လေ။ ရှင့်နံရိုးနဲ့ ဖန်ဆင်းမယ် ဆိုလည်း နှစ်ချောင်းလောက်နဲ့ ဖန်ဆင်းပေါ့ရှင်။ အခုတော့ နံရိုးတစ်ချောင်းထဲဆိုတော့ ကျုပ်တို့ မိန်းမတွေက အားနွဲ့သူတွေ ဖြစ်သွားကြတာပေါ့။ နှစ်ချောင်းလောက်ဆို ဒီထက် ကြံခိုင်မှာပေါ့။ ”

“ သြော်. .ငါ့ရဲ့ နံရိုးနှစ်ချောင်းနဲ့ နင့်ကို ဖန်တီးမဲ့ အစား . . ငါ့ဖာသာ မိန်းမနှစ်ယောက်ပဲ ဖန်ဆင်းလိုက်တော့မှာပေါ့။ နင့်ကို တစ်ယောက်တည်း ဘယ်ဖန်ဆင်းတော့မလဲ။ ”

“ သိပါတယ်. . ရှင်တို့ ယောက်ျားတွေ သစ္စာမရှိဘူးဆိုတာ . .အခုတော့ ရှင့်နံရိုးနဲ့ မိန်းမ နှစ်ယောက် ဖန်းဆင်းမယ်ပေါ့လေ။ ဒါကြောင့် ရှင်တို့ ယောက်ျားတွေ မျောက်မ ထားတာ။ ”

“ ဘာကွ. . ၊ မျောက်မ ထားတယ် ဆိုတာ နင်တို့ မိန်းမတွေ အတွက် စကားလေ။ ”

“ ဘယ်ကလာ ဟုတ်ရမှာလဲ ။ ရှင်တို့ယောက်ျားလေးတွေ အတွက် စကား။ ”

“ ဘာဆိုင်လို့လဲ.. . .။ ”

“ ဆိုင်တာပေါ့. . .ရှင် ကျုပ် တောထဲမှာ မှိုခူးထွက်နေတုန်းက မျောက်မကို ငှက်ပျောသီး ကျွေးနေတာ ကျုပ် တွေ့တယ်လေ။ ”

“ ဟ . . ၊ မျောက် . ငှက်ပျောသီး ကျွေးတာနဲ့ မျောက်မ ထားတာ ဘာဆိုင်လို့လဲ။ ”

“ ဆိုင်တာပေါ့။ မျောက်က မျောက်မလေ။ ”

“ အင်. . .”

အာဒံလည်း နင်သွားတယ်။ ဧဝကတော့ ပြုံးဖြီးဖြီးနဲ့. . .။ ဒါနဲ့ အာဒံ က ဆက်ပြောတယ်။

“ ဒါဆို နင်လည်း ဖောက်ပြန်တာပဲလေ.. .။ ”

“ အောင်မာ ဘယ်မှာ ဖောက်ပြန်လို့လဲ။ ဒီလောကမှာ ယောက်ျားဆိုလို့ ရှင်ပဲ ရှိတာလေ။ ကျုပ်က ဘာဖောက်ပြန်လို့လဲ။ ”

“ ဟိုတစ်ခါလေ. . တောထဲမှာ နင်လေ မြွေတစ်ကောင်ကို ကိုင်ထားတာလေ။ အဲဒီမြွေကလည်း နင့်ကိုယ်လုံးကို ပတ်ထားတယ်လေ။ ”

“ အဲဒါ ဘာဖြစ်လဲ. . .ကျုပ်က ကျုပ်ဖာသာ မြွေကို ချစ်လို့ ကိုင်တာလေ။ ”

“ အေး. .ဒါပေမဲ့ နင့်မှာလည်း အဝတ်အစား မရှိဘူး။ မြွေမှာလည်း အဝတ်အစား မပါဘူး။ ”

“ ဟင်. . ”

ဧဝ ဆီက အာမေဋိတ် စကားတစ်လုံးထွက်ကြတယ်။ အဲဒီနောက်မှတော့ သူနိုင် ကိုယ်နိုင် အပြိုင် စကားနိုင်လု ရန်ဖြစ်ကြတော့တာပါပဲ။

“ $%&#*$%#*))&&@&$@&(!*_ ”

“ $^#^@^$&^@*((*#&*$!$%^%*”

အဲဒီအချိန်က စပြီး. . . .ယောက်ျားနဲ့ မိန်းမ တစ်ယောက်နဲ့ တစ်ယောက် စိတ်အခန့်မသင့်လို့ စကားများပြီ ဆိုရင် တစ်ယောက်တစ်ခွန်းနဲ့ ပြဿနာတွေ ဖြစ်လာပြီး ဒီပြဿနာကလည်း ပိုပိုကြီးထွားလာတော့တာပါပဲ။

သို့သော်. . . လောကမှာ လင်နဲ့ မယား ဆိုတာ “ လျှာ နဲ့ သွား ” တဲ့ ရှေးက ပြောကြတယ်။ အနေနီးပြီး မကြာခဏ တိုးတိုက် ထိခိုက်မိတတ်တယ် လို့ ဆိုချင်တာပေါ့လေ။ ဒါပေမဲ့ . . . ကဗျာလေး တစ်ပုဒ်ကတော့ ဒီလို ဆိုတယ်။


လင်နဲ့ မယား လျှာနဲ့ သွား

“ လင် ”
က ဖွေ “ ရှာ ( လျှာ )

ငွေအသပြာကို
ကြင်ယာ “ မယား ”
ဝတ် ၊ စားအတွက်
“ သွား ” ဖြုန်းပစ်လိုက်ပါရောလား။ ။


ပျော်ရွှင်ကြပါစေ

ကိုဇော်


မှတ်ချက်။ ။ ဤအတွေးလေးကို ညီမလေး “ သျှင် ” ရဲ့ ကဗျာ တစ်ပုဒ် ၊ “ ကိုတိုးကြီး ” ရဲ့ ကွန်မန့်တစ်ခုကနေ ရတာပါ။

.

Share/Bookmark

25 July 2010

14 အပ် နဲ့ အပ်ချည်များ



ကျွန်တော့်နာမည်က “ ကိုဇော် ” လို့ ခေါ်ပါတယ်။ ယောင်ယောင်ဝါးဝါးနဲ့ ကျွန်တော့်မှာ ထွေထွေထူးထူး အလုပ် မရှိပါဘူး။ ဘောလုံးကန်တယ် ၊ ချက်ထိုးတယ် ၊ ညဘက်ဆိုရင် လက်ဖက်ရည်ဆိုင် ထိုင်တယ် ၊  သူငယ်ချင်းတွေနဲ့ ပေါက်ကရတွေ ပြောတယ် ၊ စိတ်ဝင်စားရာ စာတွေကို ဖတ်တယ် ၊ စိတ်ကူးပေါက်ရာတွေ ချချ ရေးတတ်တယ် ၊ အိမ်အလုပ်ကိုတော့ အခါအခွင့်သင့်သလို လုပ်ပေးပါတယ်။ ပူပူပင်ပင် မရှိရလေတော့ ပူပူလောင်လောင်လည်း မဖြစ်မိပါဘူး။

အချစ်ဆိုတာကို လက်ငင်း မတွေ့ဖူးသလို ၊ အကြွေး အနေနဲ့လည်း မတွေ့ဖူးတော့ သူများတွေလိုလည်း အသည်းကွဲပြီး အရက်သောက်စရာ မလိုဘူးပေါ့ဗျာ။ ဒါပေမဲ့ လူငယ်အရွယ် သာသာကတည်းက အဖေက ခိုးကြောင်ခိုးဝှက် ချက်အရက်တွေ မသောက်နဲ့ ၊ သောက်ချင်ရင် အရက်အကောင်းစားကို စိတ်ရှိ လက်ရှိသာ သောက် ဆိုလို့ ကျွန်တော်ကလည်း မိဘကို ရိုသေသမှုနဲ့ သူတို့ ရှေ့မှာ မူးရစ်တာ မလုပ်ပေမဲ့ ပုံမှန်လေးတော့ ရစ်မူးတတ်ပါတယ်။

စီးကရက်ကတော့ တွေးစရာ ငေးစရာ ဖြစ်လာခဲ့ရင် ဟိုဖွာဒီဖွာ ဖွာတတ်ပါတယ်။ တစ်လိပ်ချင်းက ဈေးများတော့ ဘူးလိုက်တော့ ကိုင်သောက်တယ်။ ဒါပေမဲ့ ကျွန်တော်က ဆေးလိပ်စွဲသူ တစ်ယောက်တော့ မဟုတ်ဘုးဗျ။ မသောက်ချင်ရင် လုံးဝကို လပေါင်းများစွာ မသောက်ပါဘူး။ ကွမ်းကတော့ ကျွန်တော် မစားပါ။ ကိုယ်တိုင် ပါးစပ်နဲ့ သွား ညစ်ပတ်သလို ၊ ပတ်ဝန်းကျင်ကိုလည်း ညစ်ပတ်စေတယ်လို့ ကျွန်တော် ယူဆတယ်။ သူများစားနေတာတွေကို ကျွန်တော် ဘာမှ မပြောသလို ၊ ကိုယ်တိုင် မစားတဲ့ အတွက်လည်း ဘာကွ ၊ ညာကွ ဆိုပြီး ဂုဏ်ယူပြောမနေတော့ပါဘူး။ ဒီလိုပဲ ကိုယ်ဖာသာကိုယ် “ ရေငုပ် ၊ မီးလှုံ ၊ တုံးခုန် ၊ ဇယ်ခတ် ” နေလိုက်တာပါပဲ။

သူများတွေ ကိုယ်စီ ကိုယ်ငှ နေ့ဘက်အချိန်လေးတွေမှာ တစ်ယောက်သောသူကို အချိန်ပေးရပြီး ၊ ညနေဘက် အချိန်တွေမှာ တစ်ယောက်သော သူကို သွားကြိုဖို့ ဆိုပြီး ပေးနေရကာ ညဘက်တွေမှာ လက်ဖက်ရည်ဆိုင်ထိုင်ဖို့ ပျက်ကွက်လာတတ်ကြတယ်။ ကွမ်းစားသူတွေကလည်း ကွမ်းပြတ်ကုန်တယ်။ ဆေးလိပ်သမားတွေကလည်း ဖွာတော် လပ်ကုန်တယ်။ ပေပေတေတေ ကောင်တွေကလည်း သန့်သန့်ရှင်းရှင်း ဖြစ်လာကြတယ်။ စုတ်စုတ်ပြတ်ပြတ် ဖြစ်သလို နေသူတွေကလည်း တောက်တောက်ပြောင်ပြောင် ဖြစ်လာကြတယ်။

ဒါတွေ အားလုံးရဲ့ အဓိက အချက်တွေကတော့ “ ချစ်သူ ” ဆိုသော ရင်ခုန်ဘက်တစ်ယောက်က လူတစ်ယောက်ကို ပြောင်းလဲ သွားစေတာပါပဲ။ သြော် . . . အချစ်ဆိုတာ ဒါလား လို့ ယောင်ဝါးဝါး ကျွန်တော် စဉ်းစားမိရင်း ၊ ယောင်ဝါးဝါးနဲ့ပဲ ကျွန်တော် မေ့သွားခဲ့ပါတော့တယ်။ ကျွန်တော့်မှာမှ ချစ်သူ မရှိသေးတာကိုး။ အချစ်ဆိုတာ လူတစ်ယောက်ကို ဒီလို ပြောင်းလဲ သွားစေနိုင်လားလို့ တွေးမိတဲ့ အချိန် ခဏလေးက ဆပ်ပြာပူဖောင်းလောက်တော့ သက်တမ်းကြာရှည်ခဲ့တယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ဘဝရဲ့ တိမ်ပြာပြာနေ့ တစ်နေ့မှာ ကျွန်တော် ချစ်သူ တစ်ယောက် ကောက်ရတယ်။ အဲဒီနေ့က တိမ်ပြာပြာနေ့ပေမဲ့ Sunday တော့ မဟုတ်ပါဘူး။ သူကလည်း လောကရဲ့ ကွက်လပ်ထဲမှာ အေးဆေးပေါ့ပါး လွတ်လပ်စွာ လွင့်မျောနေတဲ့ လူသားတွေဆိုတဲ့ အထဲက အမှိုက်စ တစ်စပါပဲ။ ချစ်သူနဲ့ ကျွန်တော် လောကဓံ ဆိုတဲ့ လေအဝှေ့မှာ လာရောက်ထိတွေ့ တွေ့ဆုံခွင့် ရတဲ့ အမှိုက်စလေး နှစ်စ ဆိုပါတော့။ လေမဝှေ့ရင်တော့ ကျွန်တော်တို့ က မြေပေါ်မှာ ငြိမ်သက်နေခဲ့ရတဲ့ အမှိုက်စလေးတွေ ဖြစ်မယ် ထင်တယ်။ အခုတော့ လောကရဲ့ အချစ်လေ အဝှေ့ခံရတော့ ကျွန်တော်တို့ဟာ ချစ်သူတွေ ဖြစ်လာခဲ့ပါတယ်။

ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်မိတဲ့ လူတစ်ယောက်ရဲ့ အံ့သြခြင်းတွေမျိုးနဲ့ ကျွန်တော် ချစ်သူကို ချစ်ခဲ့မိတယ်။ ကျွန်တော့်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် မြင်ယောင်နေရသလို ခံစားမှုမျိုးနဲ့ ချစ်သူနဲ့ ကျွန်တော်ဟာ အရာရာ ထပ်တူ ကျနေခဲ့တယ်။ ချစ်သူဟာ ကျွန်တော့် ဘဝ ဖြစ်သလို ၊ ချစ်သူရဲ့ စိတ်ကလည်း ကျွန်တော့်ရဲ့ စိတ်တွေ ဖြစ်နေခဲ့တယ်။ ချစ်သူရဲ့ နာမည် ဆိုတာထက် ကျွန်တော့်ရင်ကို တွယ်ငင် ရစ်ပတ်စေနိုင်တဲ့ သူ့ရဲ့ အချစ်များအတွက် ကျွန်တော် . . . သူ့ရဲ့ နာမည်အစား သူ့ကို ကျွန်တော် “ နွယ် ” လို့သာ ခေါ်ပါတယ်။

သူဟာ ကျွန်တော့်ရဲ့ ချစ်ရပါသော နွယ်. . . . . ။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ 

ချစ်သူတို့ရဲ့ ဘာသာဘာဝ ကြားလေသွေးရင် ဝေးမှာ စိုးတယ် လို့ အပိုအထွား ဆိုကြပေမဲ့ ကျွန်တော်တို့ကတော့ ဒီလောက်ကြီး သည်းသည်းလှုပ် အပိုတွေနဲ့ ချစ်ပြမနေပါဘူး။ ကျွန်တော် ဖြစ်စေချင်တာကို သူက လိုက်လျောယုံ ၊ သူမကြိုက်တဲ့ ကိစ္စတွေကို ကျွန်တော်က ဆင်ခြင်ရုံနဲ့ ကျွန်တော်တို့ ချစ်သူဘဝက တိမ်ရှင်းတဲ့ ကောင်းကင်ပြာကြီးလို သာယာလှပခဲ့ပါတယ်။ ချစ်သူရဲ့ ငြိုငြင် မျက်နှာပျက်ရမဲ့ ကိစ္စကို ဘယ်သူကများ လုပ်ချင်ကြပါ့မလဲလေ။

သာမာန်ချစ်သူ စုံတွဲတွေလိုပဲ ကျွန်တော် နဲ့ သူဟာ အားလပ်ရက်တွေမှာ အပြင်လျှောက်သွားသလို ၊ ရုပ်ရှင်လည်း သွားကြည့်ဖြစ်ကြပါတယ်။ ချစ်သူရဲ့ တွတ်တီး တွတ်တာပြောတာလေးတွေကို နားထောင် ၊ ချစ်သူလိုချင်တာလေးတွေကို သူနဲ့ လိုက်မလိုက် သူ အတင်းအကြပ် ကြည့်ခိုင်းတာကို ဝိုင်းကြည့်ရွေးပေး ၊ သူ စားလိုရာကို အစားအသောက်ဆိုင်မှာ သွားစား ၊ ပျော်ပျော်ပါးပါး ကျွန်တော်တို့ အပြင်ထွက်ရတဲ့ နေ့ရက်တွေကို ကုန်စေခဲ့တယ်။ ချစ်သူနဲ့ တွေ့နေရတဲ့ အချိန်က နေ့လယ်ခေါင်ကြီးတောင်မှ “ လအစင်းသာတဲ့ ညခင်းပြာ ” လိုပါပဲ။

ချစ်သူတတ်မဲ့ မှတ်တိုင်လေးကို အရင်ဦးဆုံး ရောက်အောင် ကျွန်တော်က သွားစောင့်နေရပြီး ချစ်သူ လာရာလမ်းကို မျှော်ငေးကာ ခပ်ဆွေးဆွေးလေး အတွေးနဲ့ စောင့်နေမိတယ်။ ဟိုးအဝေးက ညင်ညင်သာသာ ခြေကြွလှမ်းလာတဲ့ ချစ်သူကို မြင်လိုက်ရတာနဲ့ စစ်ခရာသံကြားတဲ့ စစ်မြင်းတစ်ကောင်လို ဖြတ်လတ်တတ်ကြွ နေမိတယ်။ အနားရောက်လာတဲ့ ချစ်သူလက်ထဲက တစ်လမ်းလုံး ကိုင်ဆောင်းလာတဲ့ ထီးကို ရုတ်တရက်ပဲ လေးသွားတော့ မလို လှမ်းယူလိုက်ပြီး အနူးညံ့ဆုံး အသာအယာ ပြုံးပြလိုက်တယ်။ အချစ်ဆိုတာ ဒါလား. . . .။

ဘယ်ကိုသွားမယ် ဆိုတာ အရင်ကတည်းက တိုင်ပင်ပြီးပေမဲ့ “ ဘယ်ကို အရင်သွားမလဲ ” ဆိုပြီး ထပ်ကာ မေးမိပြန်ပါတယ်။ ချစ်သူကလည်း မနေ့က ပြောပြီးသားကို အခုမှ ဆုံးဖြတ်ချက်ကျသလို ထပ်ရေရွတ်ပြီး နှစ်ဦးသဘောတူ အကန့်ကွက် မရှိဖြစ်ပြီး နှစ်ယောက်သား ပြုံးကာ ကားမှတ်တိုင်ကနေ လာမဲ့ ကားဆီသို့ လှမ်းမျှော်ကာ ချစ်သူ့လက်လေး ခပ်နွေးနွေးကို ဆုပ်ကိုင်ပြီး ရင်ခုန်သံတွေပါ ရောယောင် နွေးထွေးနေမိတယ်။ ချစ်သူဆိုတာ ကမ္ဘာဦးကတည်းက ရေးဖွဲ့ထားခဲ့တဲ့ ကဗျာ တစ်ပုဒ်ပဲ မဟုတ်လား။ ရင်ခုန်သံတူသူတွေမှ ဖတ်ခွင့်ရစေ ဆိုသော စာတစ်ကြောင်းနဲ့တော့ ကန့်သတ်ခြင်း ခံထားရတယ်။

လေရဲ့ အလျင်လို ဝုန်းခနဲ ရောက်လာပြီး ခပ်ကြာကြာ မှတ်တိုင်မှာ စောင့်ဆိုင်း လူတင်ဦးမယ် ဆိုတာ သိပေမဲ့လည်း ရပ်လာတဲ့ ဘတ်စ်ပေါ်က ဆင်းမဲ့သူတွေ ပြီးပြီးချင်း ဘတ်စ်ပေါ်ကို စုပြုံတိုးဝှေ့ တတ်နေကြတဲ့ လူတွေကို နားမလည်ပေမဲ့ နားလည်စွာ ပြုံးပြီး နောက်ဆုံးမှပဲ ဘတ်စ်ပေါ်တတ်လိုက်တယ်။ ဆက်တတ်မဲ့သူ မရှိတော့ပေမဲ့ လီဗာလေးကို တဝူးဝူးနဲ့ ပုတ်နင်းက အခုပဲ ထွက်တော့ မလိုလို  ဟန်ရေးပြင်နေတဲ့ ယာဉ်မောင်းသူ နဲ့ “ ဆူးလေကို ဆူးလေကို ” ဆိုပြီး ဘယ်သူမှ မမေးတာကို ပြန်အော်ဖြေနေတဲ့ လက်မှတ်မရောင်းပါပဲ လက်မှတ်ရောင်းလို့ အမည်တပ်ထားသူတို့က နောက်ထပ် ၁၅ မိနစ် ကြာအောင် မှတ်တိုင်မှာ ရပ်ကာ ၊ လူခေါ်ကာ နောက်ကား မလာခင် အထိ စောင့်နေတတ်တယ်။

ရပ်ရပ်ချင်း နောက်ဆုံးက တတ်ခဲ့တာ ဆိုပေမဲ့ ရပ်ဆိုင်းမှုကာလက ကြာလာတာနဲ့ အမျှ နောက်ထပ် နောက်ဆုံးတွေ ထပ်တတ်လာကာ ကျွန်တော်တို့က ကားအလယ်ကို တိုးတိုးပေးရတယ်။ မတိုးပေးလို့လည်း မဖြစ် “ ဒီအပေါက်လေးနဲ့ လုပ်စားနေရတာပါ ၊ X X X X X X  ”  ဆိုတဲ့ လက်မှတ်ရောင်းရဲ့ ခပ်ဆတ်ဆတ် အော်သံက လူကို ကျုံ့ဝင်စေတယ်။ ဘေးက ချစ်သူကို အထဲကို ထပ်တိုးစေရင်း ချစ်သူဘေးနားကို ကြည့်လိုက်တော့ အဝတ်အစား လျော့တိလျော့ရဲနဲ့ အဆီပျံနေတဲ့ မျက်နှာကို တပ်ဆင်ထားတဲ့ ခပ်ထွေထွေ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။

ဒီလူက အချောင်သမားလည်း မဖြစ်နိုင်သလို အကြပ်သမားလည်း မဖြစ်နိုင်ဘူး။ ဘာလို့လဲ ဆိုတော့ သူ့ဖာသာသူတောင်မှ မဟန်နိုင်အောင် မကြပ်မချောင် ဖြစ်နေတဲ့ ပုံစံက အထင်းသား။ သူက အရက်သမား။ “ တောခြေဝယ် မောနေတယ် အပြောတွေ ကြွယ်ပါလို့ . . . ” ဆိုပြီး မြန်မာဗီဒီယို ဇာတ်လမ်းထဲကလိုမျိုး လျှောက်မအော်နေပေမဲ့ သူက အရက်မူးသမားမှန်းကို သူ့ဆီက အယ်လ်ကိုဟော ရနံ့က လေထဲက အောက်ဆီဂျင်နဲ့ ပေါင်းက ကျွန်တော့်နှာခေါင်းကို မိတ်ဆက်တယ်။ ဒီအချိန်မှာ ကျွန်တော်ကလည်း “ ကိုဇော် နှာစေးနေပါတယ် ” ဆိုပြီး ပြောရန် မဖြစ်နိုင်ပါ။ ဒါကြောင့် သူ့ဆီက အရက်နံ့ကို ရတယ်။

ဒါကြောင့် ချစ်သူကို ကျွန်တော့် ညာဘက်ကနေ ဘယ်ဘက်ကို အသင်းပြောင်းရွှေ့ခ မပါဘဲ ပြောင်းခိုင်းလိုက်တယ်။ အမူးသမား နားကို ကျွန်တော်က ရောက်သွားပြီး ကျွန်တော့် နောက်တစ်ဘက်ဘေးကို ချစ်သူက ရောက်နေတယ်။ ချစ်သူကို အားပေးအပြုံးကို လှည့်ပြုံးပြတော့ သင်းပျံ့ပျံ့မွှေးရနံ့လေးက ကျွန်တော့်နှာခေါင်းကို လာကျီစယ်တယ်။ ခုနက ကိစ္စကို ပြန်တွေးမိရင်း ဒေါသထွက်လာလို့ ဟိုလူ့ဘက်ကို မျက်နှာလှည့်လိုက်တော့ ချဉ်စုပ်စုပ် ရနံ့ကို သူ့ဆီက ရတယ်။ ဘယ်ဘက်မှ မလှည့်ဘဲ အလယ်မှာ ခေါင်းကို ထားတော့ နှာခေါင်းဆီသို့ ဝင်လာတဲ့ အနံ့က မွှေးမြမြ နဲ့ ချဉ်စုတ်စုတ် နှစ်ခုကို ရောမွှေပြီး မွှေးချဉ်စုတ်စုတ် အနံ့အဖြစ်ပြောင်းပြီး ဝင်လာတယ်။ ဘယ်လိုမှ ခံစားလို့ မကောင်း။ ကဗျာကို မဆန်။

ဒီအချိန်မှာပဲ ကျွန်တော်ရဲ့ ဘယ်ဘက် လက်မောင်းကို အသာလေး ကိုင်ထားတဲ့ ချစ်သူလက်လေးက ရုတ်တရက် တင်းခနဲ ဆုတ်ကိုင်လိုက်တာကို ခံစားလိုက်ရတယ်။ ဘာဖြစ်တာလဲလို့ ချစ်သူ နွယ်ကို ကြည့်လိုက်တော့ ချစ်သူက နောက်ထပ် လက်တစ်ဘက်နဲ့ သူ့ရဲ့ ခေါင်းလေးကို ကိုင်ထားတာကို တွေ့လိုက်ရတယ်။ ချစ်သူ တစ်ခုခုများ ဖြစ်တာလား ဆိုတဲ့ စိတ်ကြောင့် ချစ်သူကို ငုံ့ပြီး မေးလိုက်တယ်။ ( သေချာစွာ ဖတ်ပါ။ ငုံ့ပြီး မေးလိုက်တာပါ။ အောက်ကမြစ် ပါပါတယ်။ ငုံပြီး မေးခြင်း မဟုတ်ပါ။ ချစ်သူက ကျွန်တော့် ပါးစပ်နဲ့ မဆန့်ပါ။ )

“ နွယ်  ဘာဖြစ်နေတာလဲ ၊ နေမကောင်းလို့လား။ ”

မော့ကြည့်လာတဲ့ ချစ်သူရဲ့ မျက်ဝန်းထဲမှာ စိုးရိမ်မှု တချို့နဲ့ စိတ်ပျက်ခြင်းတစ်ဝက်က ရောနှောနေတယ်။ နွယ့်နဖူးစပ်မှာလည်း ချွေးလေးတွေ စို့နေတယ်။

“ ကို ဆင်းရအောင် ၊ နွယ် မနေနိုင်တော့ဘူး။ ”

“ ဟင် ”

ဆိုသော အာမေဋိတ်သံကိုသာ ရေရွတ်ပြီး ဘတ်စ်ပေါ်က ဆင်းဖို့ ပြင်လိုက်တယ်။ ဘတ်စ်ပေါ်က ဆင်းတယ် ဆိုရင်ပဲ ပြင်ပက လေကို နွယ်က အလုအယက် ရှူလိုက်ပြီး လမ်းဘေးလေးမှာ ဆောင့်ကြောင့်လေး ထိုင်ကာ ရင်ဘတ်လေးကို နှိပ်၍ ပျို့ကာ ပျို့ကာ တတ်လာပြီး အန်ပါလေတော့သည်။ ဒါပေမဲ့ ဘာမှတော့ ထွက်မလာပါ။ ဒီလို မထွက်တာကဘဲ နွယ့်အတွက် ပိုပြီး ခံစားရစေသလား မပြောတတ်။ ပတ်ဝန်းကျင်ကိုလည်း နွယ့်မှာ မရှက်နိုင်။ ကျွန်တော်လည်း နီးရာ ဆိုင်ကနေ ရေသန့်တစ်ဗူး ပြေးဝယ်ကာ နွယ့်ကို ဘေးကနေ နှိပ်ပေးနေရတယ်။

ခဏနေတော့မှ နွယ် သက်သာလာသလို ရေဗူးထဲက ရေကို တစ်ငုံ ငုံကာ ပလုပ်ကျင်းလိုက်တယ်။ နွယ့်မျက်နှာပေါ်မှာ ချွေးတွေက နင့်နင့်နဲနဲ နေရာယူထားကြတယ်။ နွယ် အတော်ခံစားလိုက်ရတယ် ဆိုတာသာ သိလိုက်ပြီး နွယ် ဘာဖြစ်နေတယ် ဆိုတာကို ကျွန်တော် မသိပါ။ သက်သာလာတဲ့ နွယ့်ကို လက်တစ်ဘက်နဲ့ ဖေးမရင်း လမ်းလေးလျှောက်လာတော့ နွယ်က ကမ္ဘာမြေရဲ့ အလကားရသော အောက်ဆီဂျင်ကို အခုမှ စပြီး ရှူသွင်းဖူးတဲ့ လူသားတစ်ယောက်လို့ အသက်ကို ပြင်းပြင်း ရှူသွင်းကာ ခြေလှမ်းလေးကို ဖွဖွ စလှမ်းတယ်။

“ နွယ် ၊ ဘာဖြစ်သွားတာလဲ။ အကောင်းကြီးနေ ဖြစ်တယ် ဆိုတော့ ကို စိတ်ပူသွားတယ်။ ”

နွယ်က သက်သာလာဟန် နဲ့ ကျွန်တော့်ကို ဖျော့တော့တော့ ကြည့်ရင်း ကျွန်တော့် လက်ကို တင်းခနဲ ဆုပ်ကိုင် လိုက်တယ်။

“ ကိုရယ် ၊ နွယ်ကလေ။ အရက်နံ့ကို မခံနိုင်ဘူး သိလား။ အခုနကလေ ကို့ဘေးက အရက်သမားဆီက အရက်နံ့ကလေ နွယ့်ဆီကိုပါ ရောက်တယ်။ ဘတ်စ်ထဲမှာကလည်း ပိတ်လှောင်နေတော့ အနံ့တွေက အပြင်ကို မထွက်ဘူးလေ။ အပြင်က လေကလည်း အထဲကို မဝင်တော့ ပိုဆိုးသွားတာပေါ့။ ဒါကြောင့် နွယ်လေးက မူးပြီး အန်ချင်သလို ဖြစ်သွားလို့ ကို့ကို ခေါ်ပြီး ရောက်ရာ ကားမှတ်တိုင်မှာ ဆင်းလိုက်တာ။ ”

“ သြော်. . နွယ်ရယ်။ ကို့ကို ပြောပါလား။ ဒါဆိုရင် အစောကြီးကတည်းက ကိုတို့ ဘတ်စ် ပြောင်းစီးလိုက်မှာပေါ့။ ”

“ ရပါတယ် ကိုရယ်။ နွယ်လေးကလည်း ရမလားလို့ ထိန်းနေရင်းနဲ့ နောက်ဆုံးမှ မခံနိုင် ဖြစ်လာလို့ ဆင်းမယ် ဆိုပြီး ကို့ကို ပြောလိုက်တာ။ ”

“ အေးပါ။ နောက်ဆိုရင် ကိုတို့ သတိထားပြီးတော့ စီးတာပေါ့ကွာ။ ”

“ အင်းပါ ကိုရယ်။ ဒါပေမဲ့ နွယ်လေး ကို့ကို တစ်ခုတော့ ပြောချင်တယ်။ ”

“ အင်း ပြောလေ နွယ်လေးရဲ့။ ”

“ နွယ်လေးကလေ အရက်နံ့ကို အရမ်းမုန်းတော့ နွယ်လေး ချစ်တဲ့ ကို့ဆီမှာလည်း နွယ်လေး မုန်းတဲ့ အရက်နံ့တွေ မရှိစေချင်ဘူး ကိုရယ်။ ကိုလည်း နွယ်လေးကို ချစ်ရင် အရက်မသောက်ပါနဲ့လား ကိုရယ်။ ”

“ - - - - - - ”

“ ကို. . .၊ နွယ်လေးကို ကတိ မပေးနိုင်ဘူးလား ကိုရယ်။ နွယ်လေးကို ချစ်တယ် ဆိုရင်လေ ၊ ဒါလေးတော့ ဆင်ခြင်ပေးပါ ကိုရယ်နော်။ ”

နောက်ဆုံးမှ ပြောလိုက်သော “ နော် ” ဆိုသော အသံက “ နော့ ” ဆိုတာနဲ့ “ နော ” ဆိုတာရဲ့ ကြားထဲမှာ ဖြစ်ပြီး “ နော် ” လို့လည်း အတိအကျ အသံ မထွက်ပါ။ အရင်က သူငယ်ချင်းတွေ ချစ်သူ ရသွားပြီး တစ်ယောက်ပြီး တစ်ယောက် အရက်ပြတ်သွားတာ ဘာကြောင့် ဆိုတာကိုလည်း အခုမှ ခပ်ရေးရေး သဘောပေါက်မိ သလိုလို ဖြစ်လာမိတယ်။

“ ကို. . ”

“- - - - - - ”

“ ကို ၊ နွယ်လေး ခေါ်နေတယ်လေ။ ”

“ အင်းးးးးးးးးးးးးးးးးးးးးးး ”

အခုမှ သတိလည်လာသူ တစ်ယောက်လို သက်ပြင်းရှည်ကြီးကို ချရင်း ပြန်ထူးသလိုလို နဲ့ ရောချမိတယ်။

“ ဘာလဲ ကိုက နွယ်လေးကို ဒါလေးတောင်မှ အဖြေ မပေးချင်ဘူးပေါ့ ဟုတ်လား။ ဒါလေးတောင်မှ မဆင်ခြင်နိုင်ဘူးပေါ့ ဟုတ်လား။ နွယ်လေး ဒီလို အနံ့တောင်မှ မခံနိုင်တဲ့ အရက်ကို ကိုက မဖြတ်နိုင်ဘူးပေါ့ ဟုတ်လား . . . ”

တိမ်ဝင်သွားတဲ့ ချစ်သူ နွယ်ရဲ့ အသံ နောက်မှာ သူ့မျက်ဝန်းများမှာလည်း ငွေ့ရည်ကြည်တွေက ချက်ချင်း တွဲလွဲခိုလာခဲ့တယ်။ နွယ် ငိုချတော့ မလို့လား။ ပြာပြာသလဲ ဖြစ်သွားတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြမိတယ်။

“ မဟုတ်ပါဘူး နွယ်ရယ်။ ကိုက ဘယ်လို စပြီး ကတိ ပေးရမလဲ စဉ်းစားနေတာပါ။ ”

“ ဘယ်လို ၊ ကိုက ဘယ်လို ကတိ ပေးချင်နေသေးလို့လဲ။ မတွေ့မချင်း မသောက်ပါဘူး ဆိုပြီး ကတိပေးမယ်။ တွေ့မှ သောက်မယ် ဆိုပြီး ကတိပေးချင်နေသေးလို့လား။ ”

“ ဟာ . . . မဟုတ်ဘူး ၊ မဟုတ်ဘူး။ ကိုယ်ပြောချင်နေတာ နွယ့်ကို အခုက စပြီး ကို ဘယ်တော့မှ မသောက်တော့ဘူး လို့ ကတိပေးတယ် ဆိုပြီး ပြောမလို့ စဉ်းစားနေတာပါကွာ။ ”

“ ဟင်. . . ကို တကယ် ပြောတာလား။ ကတိပေးပြီးမှ မဖျက်ရဘူးနော်။ ဒါကြောင့် နွယ်လေးက ကို့ကို အရမ်းချစ်တာ. . .  ”

မည်းနေတဲ့ မိုးကောင်းကင်က တိမ်ညိုတွေကို လေပြင်းက ဖြတ်တိုက်လိုက်သလို တိမ်တွေ စင်ပသွားတဲ့ ချစ်သူ နွယ်ရဲ့ မျက်နှာလေးကို ထပ်ပြီး အံ့သြစွာ တွေ့လိုက်ရတယ်။ ဒီလိုပါပဲလေ။ ကမ္ဘာဦး လူသား “ အာဒံ နဲ့ ဧဝ ” တို့က စခဲ့တယ်ပဲ ပြောရမှာပါပဲ။ ကိုယ်ချစ်တဲ့ လူကို စိတ်ချမ်းသာစေချင်ကြတယ် မဟုတ်လား။ ဒါနဲ့ပဲ ကျွန်တော်ဟာ အရက်ကို ဘုရားမကြိုက် ၊ တရားမကြိုက်သလို ချစ်သူ မကြိုက်တာနဲ့ ပြတ်ခဲ့ပါပြီ။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ 

“ ချစ်သူကို မြင်ရခြင်း၌ မျက်စိသည် ရောင့်ရဲခြင်း မရှိ။ ”  လို့ လောကနီတိ ထဲမှာ ဆိုထားပါတယ်။ ကျွန်တော်ကလည်း ချစ်သူကို မြင်နေချင်တဲ့ အချိန်တွေက တစ်နေ့ထက် တစ်နေ့ တိုးလာပါတယ်။ ချစ်သူရဲ့ အချိန်နေ့ရက်တွေတိုင်း ချစ်သူ့ နံဘေးမှာ ကျွန်တော်က ရှိနေချင်တယ်။

“ ကိုရေ။ ဒီနေ့လေ နွယ်လေး သူငယ်ချင်း တစ်ယောက်ရဲ့ ယောက်ျား ဆေးရုံတတ်ထားရတယ် ဆိုတာကို သတင်းသွားမေးချင်တယ်။ ကို နွယ်လေးနဲ့ အဖော်လိုက်ခဲ့ပါလား။ ”

ချစ်သူ အနားမှာ ကပ်ပါးကောင် ဖြစ်ချင်နေတဲ့ ကျွန်တော်ဟာ နွယ်ခြေလှမ်းရာ တစ်ဖဝါးမှ မခွဲတမ်း လိုက်နေချင်ခဲ့သူ ဆိုတော့ ခေါင်းငြိမ့်ပြခဲ့မိပါတယ်။ ဆေးရုံရောက်တော့ ဆေးရုံက အဆုတ်အထူးကု ဆေးရုံ ဆိုတာကို ရေးထားတဲ့ ဆိုင်းဘုတ်အရ သိရတယ်။ အထဲကို ရောက်သွားတော့ နွယ့်ရဲ့ သူငယ်ချင်း ဖြစ်သူကို ချောင်ကျနေတဲ့ မျက်နှာတစ်ခုနဲ့ ငေါင်စင်းစင်း ထိုင်ကာ သူ့ယောက်ျားကို ပြုစုနေတာကို တွေ့လိုက်ရတယ်။ ကျွန်တော်တို့ ရောက်နေတာတောင်မှ ချက်ချင်း သတိမထားမိသေး။ နောက်မှ နွယ်က သူ့လက်လေးကို ကိုင်လိုက်မှ လှည့်ကြည့်တယ်။

နွယ့်ကို တွေ့တော့ ဝမ်းသာသွားသလို မျက်နှာက ပြုံးလာပြီး ချက်ချင်း ညှိုးကျသွားတယ်။ နွယ်က သူ့လက်ကို ဆွဲကာ အခန်းပြင်ထွက်သွားပြီး သူတို့ ဖာသာ ကွိစိကွစ နဲ့ တွတ်ထိုးကြတယ်။ ပွစိပွစိနဲ့ပဲပြောနေတော့ ကျွန်တော်လည်း ဘာမှ ကွိကွိကွကွ ဆိုပြီး တိတိကျကျ မကြားရပါ။ ဒါကြောင့် သူတို့ ဘာပြောနေမှန်း မသိ။ ကျကျလာတဲ့ မျက်ရည်တွေကို နွယ့်သူငယ်ချင်း သုတ်နေတာတော့ မျက်လုံးထောင့်ထဲကနေ လှမ်းတွေ့လိုက်ရတယ်။ ကုတင်ဘေးက ခုံလေးမှာသာ ကျွန်တော် ထိုင်နေပေမဲ့ ကုတင်ပေါ်က လူကိုလည်း လုံးဝ မသိဘူး။ သူကလည်း ဆေးရှိန်နဲ့လား ၊ ဘာလား မသိ။ လုံးလုံးရော ၊ ပြားပြားရော အိပ်နေတယ်။ ( ခေါင်းလုံးလုံးလေးနဲ့ ကိုယ်ခန္ဓာ ပြားပြားကို ဆိုလိုသည်။ ) ငြိမ်သက်လျက်။

ခဏနေတော့ လူနာကို ကြည့်လိုက် ၊ အခန်းထဲ လျှောက်ကြည့်လိုက် ၊ ပြတင်းပေါက်ကနေပြီး ကြည့်လိုက် လုပ်နေတဲ့ ကျွန်တော့်လက်ကို နွယ့်လက်လေးက လာကိုင်တယ်။ နောက်တော့ နွယ့်သူငယ်ချင်းကို နှုတ်ဆက်ပြီး ကျွန်တော်တို့ ပြန်လာခဲ့ပါတော့တယ်။ ဆေးရုံက ပြန်လာတဲ့ လမ်းတလျှောက်မှာ ကျွန်တော်ကတော့ ဘာမှမဟုတ်ပေမဲ့ နွယ်ကတော့ အထူးကို တိတ်ဆိတ်နေတယ်။ စကားလုံးတွေ အားလုံး ရုတ်တရက် ပျောက်ဆုံးသွားရသူ တစ်ယောက်လိုပေါ့။ အတီး အတ နဲ့ ညနေတစ်ခင်းလုံးကို တိတ်ဆိတ်မှုဆိုတဲ့  ခပ်မှိုင်းမှိုင်း ဝတ်ရုံကြီးက လွှမ်းအုပ်ထားတယ်။

“ နွယ် ၊ ဘာဖြစ်သွားတာလဲ။ ”

“ အင်းးးးးးးးးးး”

သက်ပြင်းချသံလိုလို ပြန်ထူးသံလိုလိုနဲ့ နွယ့်ဆီက အဖြေပြန်ပေးတယ်။ တကယ့်ကို ခွတီးခွကျကြီးပါ။ ကိုယ်သာ လုပ်လို့ ကောင်းတာ သူများလုပ်ရင် သိပ်တော့ စိတ်မချမ်းမြေ့ရဘူး။ သဘောမကျဘူး ဆိုပါတော့။

“ ဘာဖြစ်သွားတာလဲ နွယ်။ ”

“ သြော်. . နွယ်လေး စဉ်းစားနေတာပါ။ နွယ့်သူငယ်ချင်း ယောက်ျားကလေ သင်္ဘောသား ၊ ကမ္ဘာပတ်ပြီး အလုပ်လုပ်နေတာလေ။ သူကတော့ သင်္ဘောပေါ်မှာရော ၊ ကုန်းပေါ်ပြန်ရောက်ရင်ရော ဆေးလိပ် အရမ်းသောက်တာ . . . အခုတော့ အဲဒီ ဆေးလိပ်သောက်တဲ့ ဒဏ်ကြောင့်ပဲ အဆုတ်ထဲမှာ စကာဖြစ်တယ် ဆိုလား ၊ အဆုတ်ထဲမှာ အစေးတွေ ပိတ်နေတယ် ဆိုလားပဲ။ အခုတော့ နှစ်လပဲ ခံတော့မယ် လို့ ပြောတယ်။ ”

“ သြော်. . ”

“ ကိုရေ. . . ”

“ ဟေ ”

“ ကိုလေ နွယ်လေးကို ချစ်ရင်လေ။ ဆေးလိပ်တွေ မသောက်ပါနဲ့လား ကိုယ်ရယ်။ မဟုတ်လို့ ကိုသာ ဆေးလိပ်တွေ သောက်ပြီး အဲဒီလိုများ ဖြစ်ရင် နွယ်လေး ဘယ်လောက်တောင်မှ ပူလောင်ရမလဲ မသိဘူးနော်။ ဒါကြောင့် ကိုရယ် နွယ်လေးကို ချစ်ရင်လေ ဆေးလိပ် ဖြတ်ပေးပါလား ကိုရယ်။ ”

“ - - - - - -  ”

သြော် . . ဒါကြောင့်လည်း ငါ့သူငယ်ချင်းတွေ ဆေးလိပ် ပြတ်ကုန်တာကိုး လို့ ခပ်ဝါးဝါး တွေးမိပြန်ပါတယ်။

“ ကို............ ”

“ ဟေ  ပြောလေ နွယ်လေး။ ”

“ ကိုက နွယ်လေး တောင်းတဲ့ ကတိကို မပေးချင်လို့လား။ နွယ်လေးကို ကို မရှိဘဲနဲ့ မုဆိုးမ ဖြစ်ပြီး ကျန်တာမျိုး ဖြစ်စေချင်လို့လား။ ”

 “ မဟုတ်ပါဘူး နွယ်ရယ်။ ကိုလေ. . . ကို . . ကို . . ”

“ ဘာဖြစ်လဲ ဟင်. . ”

အဲဒီ “ ဟင် ” ဆိုတဲ့ အသံကလည်း “ ဟွင် ” လည်း မဟုတ်သလို ၊ “ ဟင့် ” လည်း မဟုတ်ပါ။ စာဖြင့် ဘယ်လိုမှလည်း ချရေးပြလို့မရပါ။ ( သက်သာဘိခြင်း )

“ အခု အချိန်က စပြီး မသောက်တော့ပါဘူးလို့ ပြောမလို့ပါကွာ . .  ( ဟူးးးးးးးးးးးး ) ”

အဲဒီလိုပဲ နောက်က သက်ပြင်းလေးကို ခပ်ဖွဖွလေး ချလိုက်မိပါတယ်။ နွယ့်ကိုလည်း မကြားစေချင်ဘူးလေ။

“ တကယ်နော် ကို။ ကတိပေးပြီးမှ မဖျက်ရဘူးနော်။ ဒါကြောင့် နွယ်လေးက ကို့ကို အရမ်းချစ်တာ. . . ”

ရွှင်ပြသွားတဲ့ ချစ်သူကိုကြည့်ပြီး ကျွန်တော် ဆိုတဲ့ ကိုဇော် ခေါင်းကို တွင်တွင်ကြီး ငြိမ့်ပြယုံမှ လွဲ၍ ကျန်တာ ဘာများလုပ်စရာ ကျန်ပါတော့မလဲဗျာ။ ဒါနဲ့ပဲ  . . . . ချောင်းတွေ တအားဆိုးတုန်းက ဆရာဝန်က ဖြတ်ခိုင်းသော ဆေးလိပ် ၊ အိမ်က အဖေ နဲ့ အမေ ဖြတ်ခိုင်းသော ဆေးလိပ်ကို . . . ၊ အခုတော့ ချစ်သူကလည်း ဖြတ်ခိုင်းလေတော့ ကျွန်တော် ဆေးလိပ် ပြတ်ခဲ့ပါပြီ။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

ဒါနဲ့ပဲ . . . . ကာလရာသီကလည်း တသွင်ပြီး တဖုံ ပြောင်းလဲ နေပါသည်။ မပြောင်းလဲ တာကတော့ ချစ်သူခေါ်သော အသံ. . . .

“ ကိုရေ. . . . ”

နောက်ပြီး . . . .ကျွန်တော် ပြန်ထူးသော အသံ. . . .

“ ဟေ . . . . .”

နောက်ထပ်. . . . ကျွန်တော့်ဆီက ချစ်သူတောင်းဆိုလာသော တောင်းဆိုချက်. .

“  ကိုရေ နွယ့်လေးကို ချစ်ရင်လေ. .  - - - - - -- - ”

နောက်တစ်ခါ. . . ကျွန်တော့်ရဲ့ ဆွံအ သွားသံ. . .

“ - - - - - - - -”

နောက်တစ်ဖန် . . . .  ချစ်သူရဲ့ ငြူစူ ၊ စိတ်ကောက် ၊ ဝမ်းနည်းသော အသံ. . . .

“ ဒါဆို ကိုက နွယ်လေးတောင်းတဲ့ ကတိကို မပေးနိုင်ဘူးပေါ့လေ။ နွယ်လေးကို  - - - - - ” 

နောက်တစ်ကြိမ်. . . . ကျွန်တော့်ရဲ့ ချစ်သူအပေါ် ချစ်မြတ်နိုးစွာ လိုက်လျောရသော အသံ. . . .

“ မဟုတ်ပါဘူး နွယ်ရယ်။ ကိုက အခု ကတိပေးမလို့ပါ။ ”

နောက်ဆုံး . . . . . ချစ်သူရဲ့ ဝမ်းသာ ကျေနပ်သွားသော အသံ. . .

“ တကယ်နော် ကို ။ ဒါကြောင့် နွယ်လေးက ကို့ကို အရမ်းချစ်တာ။ ”

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ဒါကြောင့် ကျွန်တော် ဒီလို ပြောချင်ပါတယ်။ လောကကြီးမှာ ချစ်ခြင်းဆိုတာက “ အပ်  ” လို့ ဆိုပါစို့။ ချစ်သူရဲ့ စကားများက “ အပ်ချည် ” များပါပဲ။ ချိုချိုသာသာနဲ့ လိုရာကို ရောက်အောင် ပြောတတ်မှုကတော့ “ အပ်ချုပ်သော လက် ”  ဆိုပါတော့ဗျာ။

အခုတော့. . .  ကိုဇော် ဆိုသော ကျွန်တော် ၊ ချစ်သူရဲ့ ချိုချိုသာသာ စကား အသံလေးများ ကြားမှာ ပိတ်မိပြီး ရုန်းမထွက်နိုင်စွာ အပ်ချည်ကြိုးများနဲ့ ရစ်နှောင် ပိတ်မိနေပါတော့သည်။

ဒါကြောင့် ချစ်သူရဲ့ စကားကို ချစ်မြတ်နိုးစွာ လိုက်လျောပေးမိချင်သော ကျွန်တော် ဒီပို့စ်လေးကို “ အပ် နဲ့ အိပ်ချည်များ ” လို့ပဲ နာမည် ပေးချင်မိပါသည်။ ကျွန်တော်ကလည်း ချစ်သူကို ချစ်တတ်သူ မဟုတ်ပါလား။ ဒါကြောင့် ချစ်သူပြောသမျှလေးတွေကို လိုက်လျော မိချင်နေတာပါပဲ။ ကျွန်တော်မှ မဟုတ်ပါဘူးလေ။ ဘယ်သူမဆို ကိုယ့်ချစ်သူကို ကိုယ်ချစ်ပြီး ၊ ချစ်သူ မကြိုက်တာတွေကို ရှောင်ကြဉ်ချင်ကြတာ သဘာဝပဲ မဟုတ်ပါလားဗျာ . . . . . . . . . . . . . . . . . . . . . . .( ဒီအချိန်မှာပဲ . .  )

“ ကိုရေ. . . . ”

ဟော . . . . ချစ်သူ ခေါ်နေပြီ။ ခဏလေးဗျာ သူ ဘာကိစ္စ ရှိတယ် မသိဘူး။ 

“ ဟေ  . . . .”

ကျွန်တော် ပြန်ထုးလိုက်ပါတယ်။

“ နွယ်လေး သူငယ်ချင်း တစ်ယောက်ကလေ နေ့တိုင်း ဘလော့တွေ အရမ်းရေးတယ် ၊ အရမ်းလည်း ဖတ်တယ် သိလား။ အခုလေ သူ မျက်လုံး အောင့်လို့ ဆိုပြီး ဆေးခန်းသွားပြတာ အခုတော့ ဆေးရုံတတ်ပြီး ခွဲရတော့မယ်တဲ့ သိလား။ ”

ကဲ. . . ချစ်သူက အဲဒီလို ပြောလာတယ်ဗျာ။ ( လှပသော အပ် နဲ့ ခိုင်လှသော အပ်ချည်လေးနဲ့ပေါ့။ )

“ အင်း . . .  ”

ကျွန်တော့်ရဲ့ ထုံးစံ အတိုင်း စိတ်မပါသော အသံ. . . ။

“ အဲဒီတော့လေ။ ကိုလည်း ဘလော့တွေ နေ့တိုင်းရေး ၊ ဘလော့တွေ နေ့တိုင်း ဖတ်နေတာ မဟုတ်လား ၊  ဒီတော့လေ နွယ်လေးက ကို့ကို စိုးရိမ်မိတယ် ကိုရယ်။ x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x ”

အချစ်ဆိုတာ အပ်
သံယောဇဉ် ဆိုတာ အပ်ချည်
ဒီလိုနဲ့ပဲ. . . ပိတ်လှောင်မွန်းကြပ်
ကျွန်တော်လေ ရုန်းဖို့ ခက်ပြီ။




*** ကျွန်တော့်ရဲ့ ဘလော့ရေးသက် တစ်နှစ်နဲ့ ခုနှစ်လမြောက် အမှတ်တရ ပို့စ်ပါ။ ***


လေးစားစွာဖြင့်
ကိုဇော်
25.7.2010

.

Share/Bookmark

3 ကဗျာ အစ ၊ ကျွန်တော့် ဘဝ


ကျွန်တော် ဘယ်တုန်းက စပြီး ကဗျာ ရေးတတ်တာလဲ ကျွန်တော်လည်း သေချာ မမှတ်မိပါ။ ကပေါက်တိ ကပေါက်ချာ ကျွန်တော် ကဗျာတွေကို ရေးတော့ ကျောင်းက ခုံတွေမှာ ၊ စာအုပ်နောက်ကျောတွေမှာ ၊ ကျောင်းနံရံတွေမှာ ၊ ပြီးတော့ နေရာတကာမှာ လျှောက်ရေးဖြစ်ခဲ့တယ်။

အချစ်ဆိုတာ ဘယ်လို ခံစားရတယ် ဆိုတာကို ရေရေရာရာ မသိသေးတဲ့ အချိန်မှာကို ကျွန်တော်က အသည်းကွဲသူ တစ်ယောက် အဖြစ် ကဗျာတွေနဲ့ ကျော်ကြားခဲ့ပါတယ်။ တကယ်တော့လည်း မရှိသေးဘဲ ဝင်ရောက်ခံစားရင်း အညတရ နဲ့ ခဏခဏ အသည်းလေးက ကွဲခဲ့တာပါ။ ဒါပေမဲ့ အဲဒီကဗျာတွေ မှတ်တမ်း အဖြစ်နဲ့ ကျွန်တော့်မှာ မကျန်ခဲ့ပါဘူး။ လေအဝှေ့ခံရတဲ့ ကန္တာရက သဲခြေရာလေးလိုပါပဲ။ ပကတိ လွင်ပြင်သာ။ ကဗျာ ဆိုတာ ရင်ထဲက အသံ ဆိုပြီး သာသာယာယာ နားထောင်တတ်ပြီး တန်ဖိုးထားရကောင်းမှန်း မသိသေးတဲ့ အရွယ် ဆိုပါစို့။

ဒီလိုနဲ့ ကာလ အတော်များများကို အလျားလိုက် ဖြတ်သန်းရင်း တစ်နေ့တော့ ဘာမှ မရေးထားတဲ့ စာအုပ်တစ်အုပ်ကို ကျွန်တော့် စာအုပ်တွေ အဟောင်းထဲက သွားတွေ့လိုက်ရတယ်။ စာအုပ်ထူထူကြီးထဲမှာ ဘာဆို ဘာမှ မရေးထားရသေးပါဘူး။ ဒါပေမဲ့ အဲဒီထဲမှာ ကဗျာလေး နှစ်ပုဒ်တော့ ရေးထားပါတယ်။ ဒါဟာ ကျွန်တော့် ကဗျာ သမိုင်းကျောက်စာမှာတော့ “ ရာဇကုမ္မာ ကျောက်စာ ” ပါပဲ။ ဘာလို့လဲ ဆိုတော့ စာမျက်နှာပေါ်မှာ ချရေးပြီး သက္ကရာဇ် အခိုင်အမာ အနေနဲ့ ကိုယ်ပိုင် စာရွက်ပေါ်မှာ ချရေးထားမိတဲ့ ကဗျာလေး နှစ်ပုဒ်ပါ။

အဲဒီနောက်မှာတော့ ရေးမိတဲ့ ကဗျာတိုင်း ကောင်းကောင်း ၊ မကောင်းကောင်း အဲဒီစာအုပ်ထဲကို ထည့်ကာ ကျွန်တော့်ဖာသာ ကျောက်စာ ရေးထိုးထားခဲ့ပါတယ်။ နောက်တော့လည်း ကဗျာလေးတွေ စိတ်ကူးပေါ်တာလေးတွေ ရေးမိပါတယ်။ အခုကတော့ အမှတ်တရ အဖြစ် ကျွန်တော့်ဘဝ အစောပိုင်းကာလမှာ ကျွန်တော် ရေးသားဖူးတဲ့ ကဗျာလေး နှစ်ပုဒ်ကို “ ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူ ”  ကို သတိရ လွမ်းမိသော အားဖြင့် တင်လိုက်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော် မကတော့ ကြာခဲ့ပြီပေါ့လေ။

“ ရင်ခုန်ခုန် မခုန်ခုန်  ဒါမှမဟုတ် ကြုံကြုံ မကြုံကြုံပေါ့လေ ခံစားပေးလို့ ရပါတယ်။ ”


လွမ်း

ရင်မှာတမ်းတ
လွမ်းလျသော်လည်း
တွယ်ငြိသူမှာ
သိပါလေစ . . ။



ရင်ထဲက ဝေဒနာ

ဝေဒနာ
ပွေသာ ခက်သမို့
လေညာအရပ်ကပဲ
နေလိုနေ . . ။
ဖြေမပြေ
ရင်မှာ ချိပါဘိ. . .
သေမသေ
အဘယ်သူ သိပါ့မလဲ. . ။
ကြွေကြွေ ဒီရင်မှာ ကွဲရအောင်
အသင်္ချေ မာယာမြားတွေနဲ့
ချွေ ချွေကာ ရင်ကိုကွဲရအောင်
ဆထက်ကာ မွှန်း..။


*** အခု ကျွန်တော်က ဘာလို့ ဒီကဗျာလေးတွေကို တင်လိုက်တာလဲ ဆိုတော့ ကျွန်တော့်ဘဝမှာ အစောဆုံး မဟုတ်ပေမဲ့ စာအုပ်ထဲမှာတော့ အစောဆုံး အမှတ်တရ အက္ခရာတင်ထားတဲ့ ကဗျာလေး ဖြစ်သလို နောက်ထပ် အချစ် ပို့စ်လေး တစ်ခုလည်း ရေးချင်လို့ ဒါလေးကို ပြန်တင်လိုက်တာပါ။ ***


လေးစားစွာဖြင့်
ကိုဇော်


Share/Bookmark

24 July 2010

4 သင်ခန်းစာ ရှစ်ရပ်



အာဖရိက ခေါင်းဆောင်ကြီး ၊ ယုံကြည်မှု တစ်ခု အတွက် ( ၂၇ ) နှစ် ထောင်ကျခံရသူ ၊ တောင်အာဖရိက သမ္မတနိုင်ငံ၏ သမ္မတဟောင်း ၊ စိတ်ဓါတ်ဖြင့် အလှပဆုံး စွမ်းဆောင်ပြခဲ့သော ကမ္ဘာကျော် နိုင်ငံခေါင်းဆောင် နယ်လ်ဆင် မန်ဒဲလား အသက် ( ၉၀ ) ပြည့် မွေးနေ့ အမှတ်တရ ၂၀၀၈ ခု ဇူလိုင်လ  ( ၂၁ ) ရက်ထုတ် တိုင်းမ် မဂ္ဂဇင်းတွင် မန်ဒဲလား အတ္တုပ္ပတ္တိကို ပြုစုသူ ( လွတ်လပ်မှုဆီသို့ ခရီးရှည် လျှောက်လှမ်းခြင်း Long Walk To Freedom ရေးသူ ) ရစ်ချက် စတန်ဂဲလ် ( Richard Stengel ) က  စာတမ်းရေးခဲ့သည်။

ထိုစာတမ်းတွင် ပတ်သတ်ပါဝင်သော " The Secrets of Leadership " ခေါင်းဆောင်မှု သင်ခန်းစာ ရှစ်ချက် “ Eight Lessons ” ဆောင်းပါးတွင် ဖော်ပြထားသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ မန်ဒဲလ်လား၏ ကျော်ကြားလှသော လက်သုံးစကား ( His Famous Words ) ကတော့  . . . . 

“ The struggke is my life.I will continue to fight for freedom untill the end of my days. "

“ ရုန်းကန်မှုသည် ကျွန်ုပ်၏ ဘဝ ၊ အသက်ထက်ဆုံးတိုင် လွတ်လပ်မှုအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်။ ”

ဟူ၍ ဖြစ်ပါသည်။ မန်ဒဲလားကို တွေ့ဆုံ မေးမြန်းသူ စာရေးဆရာက. . . .

“ ထောင်ထဲဝင်တုန်းက ခပ်ရင့်ရင့်။ ခပ်ကြမ်းကြမ်း စိတ်မာတဲ့ လူရွယ် တစ်ယောက်ဟာ ထောင်ထဲက ထွက်လာတော့ ဘာကြောင့် ပြောင်းလဲ သွားရတာလဲ။ ” 

ဟူ၍ မေးရာ မန်ဒဲလားက. . . . 

“ I come out mature." There is nothing so rare _ or so valuable_ as a mature man."

“ ကျွန်တော် ရင့်ကျက်သွားပြီလေ။ ရင့်ကျက်တဲ့ လူတစ်ယောက်ထက် ပိုပြီး တန်ဖိုး ရှိတဲ့အရာ ၊ ရှားပါးတဲ့ အရာ မရှိပါဘူး။ ” 

ဟု မန်ဒဲလားက တုန့်ပြန် ပြောကြားခဲ့သည်။ ထို့အတူ သူ့ရဲ့ သင်ခန်းစာ ရှစ်ရပ်ကိုလည်း အောက်ပါ အတိုင်း ပြောကြားခဲ့ပါသည်။

၁။ ပထမ သင်ခန်းစာ
“ Courage is not the absence of fear_ it's in shiring to move beyond it."
“ သတ္တိဆိုတာ မကြောက်တာ မဟုတ်ဘူး။ အဲဒီထက် ပိုတယ်။ ”

၂။ ဒုတိယ သင်ခန်းစာ
“ Lead from the front _ but don't leave your base behind. "
“ ရှေ့က ဦးဆောင် ၊ အခြေကိုလည်း ချန်မထားနဲ့။ ”

၃။ တတိယ သင်ခန်းစာ
“ Lead from the back _ and let others believe they are in front. "
“ နောက်က ခေါင်းဆောင် ၊ လူတွေကို ရှေ့က နေခွင့်ပေး။ ”

၎။ စတုတ္ထ သင်ခန်းစာ
" Know your enemy _ and learn about his favorite sport. "
“ ရန်သူကို သိ ၊ ရန်သူ့ အကြိုက်ကို လေ့လာ။ ”

၅။ ပဉ္စမ သင်ခန်းစာ
" Keep your friends close _ and your rivals even closer. "
“ မိတ်ဆွေများနဲ့ နီးကပ်စွာ နေပါ ၊ ပြိုင်ဘက်နဲ့ဆို ပိုပြီး ကပ်ထားပါ။ ”

၆။ ဆဋ္ဌမ သင်ခန်းစာ
" Apperances matter _ and remember to smile. "
“ ခေါင်းဆောင်မှု သွင်ပြင် ၊ ပြုံးပါ။ ”

၇။ သတ္တမ သင်ခန်းစာ 
" Nothing is back or white. "
“ အပြတ် ဆိုတာ မရှိ။ ”

၈။ အဋ္ဌမ သင်ခန်းစာ
" Quitting is leading too. "
“ လွမ်းခိုင်းပါ။ ”

အဋ္ဌမ သင်ခန်းစာတွင်  “ လွမ်းခိုင်းပါ ” ဟူ၍ မှာကြားပါသည်။ ဘာသာပြန်ဆိုသူ အယ်ဒီတာ တစ်ဦးက “ လွမ်းအောင် လုပ်မှ ခေါင်းဆောင် ” ဟူ၍ အဓိပ္ပါယ် ဖွင့်ဆိုပါသည်။ 

ဦးသန်းထွတ် ( ပါမောက္ခ - ငြိမ်း )


*** အထက်ပါ သင်ခန်းစာ ရှစ်ရပ် စာလေးကို ကျွန်တော် Light of English မှ  ဦးသန်းထွတ် ( ပါမောက္ခ - ငြိမ်း ) ရေးသားသော “ စိတ်ဝင်စားဖွယ် လမ်းရှစ်သွယ် ”  ဆိုသော ဆောင်းပါးမှ လိုချင်သော အချက်အလက်တွေကို တိုက်ရိုက်ကူးယူ ဖော်ပြပါတယ်။ ဒါကြောင့် ဘာသာပြန်ဆိုတာမှာလည်း ဦးသန်းထွတ် ( ပါမောက္ခ - ငြိမ်း ) ရဲ့ ဘာသာပြန်ဆိုချက်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော့်အတွက် စာလုံးတွေက ဖတ်ရတာ ထောက်နေပေမဲ့ မူရင်းအတိုင်းပဲ ကူးယူ ဖော်ပြလိုက်ပါတယ်။ ***


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

15 အကြားမှန် ၊ အထင်မှား ( ၄ )



တစ်ခါက ............တဲ့

ကောင်မလေး တစ်ယောက်ကို ကောင်လေးတွေ အများကြီးက ဝိုင်းပြီးတော့ ကြိုက်ကြတယ် တဲ့။ ဒီလို ကောင်လေးတွေ အများကြီးက ဝိုင်းကြိုက်နေတော့ ကောင်မလေးကလည်း ဘယ်သူ့ကို ရွေးရမှန်း မသိဘူးတဲ့။ ဒီလိုနဲ့ ကောင်မလေးက ဟိုလူ့ကို ရွေးရနိုးနိုး ၊ ဒီလူ့ကို ရွေးရနိုးနိုးနဲ့ အချိန်တွေ ကုန်လာတယ်တဲ့။

ဒီတော့ နောက်ဆုံးမှာ အကြံလေး တစ်ခု ရပြီးတော့ သူ့ကို တကယ်ချစ်တဲ့ ကောင်လေးတွေ ဆိုရင် သူ့အိမ်ကို လာခဲ့ပါ ဆိုပြီး ဖိတ်ခေါ်လိုက်တယ်တဲ့။

ဒါနဲ့ တကယ်ကြိုက်တဲ့ ကောင်လေးတွေ လာကြတာပေါ့။ အများကြီးပါပဲ။ ဒီတော့မှ ကောင်မလေးက ကောင်လေးတွေကို ခုံပေါ်မှာ တင်ထားတဲ့ အိုးကြီးထဲက သစ်စေ့လေးတွေ တစ်ယောက် တစ်စေ့စီ ပေးလိုက်တယ်တဲ့။ အဲဒီ အိုးကြီးထဲက သစ်စေ့လေးတွေကလည်း အိုးကြီးနဲ့ ထည့်ပြီး ပြုတ်ထားပုံ ရတယ်။ ပြီးမှ အခြောက်ခံ ထားတဲ့ပုံ။ ဒါပေမဲ့ ကောင်မလေးက ပေးတော့လည်း ကောင်လေးတွေက အားလုံးကလည်း တစ်ယောက် တစ်စေ့စီ ယူကြတာပေါ့။

ပြီးတော့မှ ကောင်မလေးက ပြောတယ်။ ဒီသစ်စေ့လေးတွေကို ယူသွားပြီး စိုက်ကြပါ။ နောက်ထပ် ၃ လ နေတဲ့ အခါမှာ အလှဆုံး သစ်ပင်စိုက်နိုင်တဲ့ လူကို ကျွန်မ လက်ထပ်မယ်ပေါ့။ ဒါနဲ့ ကောင်လေးတွေ ပြန်သွားပြီးတော့........

နောက်ထပ် ၃ လလည်း နေရော ကောင်လေးတွေ အားလုံးက ကောင်မလေး ခေါ်ထားတဲ့ စုရပ်ကို ပြန်လာကြတာပေါ့။ ဒါပေမဲ့ ကောင်လေးတွေရဲ့ လက်ထဲမှာ တစ်ယောက်မှာမှ သစ်ပင်စိုက်ထားတဲ့ အိုးတွေ မပါဘဲ သစ်စေ့လေးတွေကိုသာ ကိုင်ကာ ယူလာကြတယ်တဲ့။ ကောင်လေး တစ်ယောက်ကပဲ ပိန်ပိန်လိမ်လိမ် သစ်ပင်လေး တစ်ပင်ကို ကိုင်ပြီး လာတယ်တဲ့။ ဒီတော့ အားလုံးကလည်း ဝိုင်းပြီးတော့ ရယ်ကြတာပေါ့လေ။

ကောင်မလေးက ဟိုးရှေးရှေးတုန်းက ဘုရင်ကြီး စမ်းသပ်သလို သစ်စေ့ကို ပြုတ်ပြီးတော့ အစေ့ကို အပင်မပေါက်နိုင်အောင် လုပ်ထားတာ ၊ ဒါကိုလည်း အားလုံး ကြားဖူးလို့ သိကြတယ်။ ဒီကောင်လေးကတော့ ဒီအဖြစ်အပျက်ကို မသိလို့ သစ်စေ့ကို ယူပြီး ပြန်လာရမဲ့ အစား အပင်တော့ ပေါက်လာပါတယ် ဆိုပြီး တခြား အပင်ကို စိုက်လာတယ် ဆိုတဲ့ သဘောနဲ့ ယူလာလို့ ကျန်တဲ့ ကောင်လေးတွေက ဝိုင်းဟားကြတာပေါ့လေ။ ဒီအချိန်မှာပဲ ကောင်မလေးက ထွက်လာပြီးတော့ အားလုံးကို ပြောတယ်။

“ ကျွန်မရဲ့ ဖူးစာရှင်ကတော့ ဟောဒီက အပင်ပေါက်လေး ကိုင်လာတဲ့ သူပါပဲရှင်။ ရှင်တို့တွေ အားလုံးက အရင်က ဘုရင်ကြီးပုံပြင်ကို ကြားထားဖူးလို့ ဒါကို ယူပြီး နောက်ဆိုရင်လည်း ဒီလိုပဲ လုပ်လိမ့်မယ် ဆိုပြီး တကယ့်သစ်စေ့လေးတွေ ပေးတာတောင်မှ ကြိုးစား မစိုက်ကြပဲ ရေသာခို အချောင်လိုက်ချင်ကြတယ်။ မစမ်းသပ်ချင်ကြဘူး။ နည်းနည်းလေးတော့ မြေကြီးမှာ ချပြီး ရေလောင်း ၊ နေရောင်ခြည်လေးတော့ ပေးပါလား။ ဒီတော့ အပင်လေး ပေါက်မပေါက် ဆိုတာကို စမ်းသပ်သင့်တယ်။  တကယ်တော့ ကျွန်မက ဒီသစ်စေ့လေးတွေကို ဘာမှ မပြုလုပ်ထားဘဲ ၊ သစ်စေ့လေးတွေရဲ့ မျိုးရင်း အမှန်အတိုင်းပါပဲ။ အားလုံးကလည်း သစ်ပင်လေးတွေ အဖြစ် ပေါက်ရောက်နိုင်ပါတယ်။ အခုတော့ သူများတွေ ပြောတာကို ကြားထားမိတဲ့ အတွက် အခုတော့ သင်တို့ရဲ့ အထင်တွေ အားလုံး မှားပြီးတော့ ကျွန်မရဲ့ ချစ်သူ အဖြစ်ကနေ လွဲခဲ့ရပါပြီ။ ”

လို့ ပြောသတဲ့ကွယ်။

အဲဒီထဲက ကောင်လေးကတော့ “ ကိုဇော် ” ဆိုတာပဲ ဖြစ်ပြီး ကောင်မလေးကတော့ “ သက်မွန်မြင့် ” ဆိုတာပဲ ဖြစ်တယ်။ အဲဒီလိုပါပဲ ထပ်ပြီး ကြားလိုက်ရတယ် ဆိုပါစို့။ ကြားသမျှကို လိုက်ပြီးတော့ အမှန်လို့ ထင်လို့ မရနိုင်ပါဘူး။ ကိုယ်တိုင်လေး သေချာ ဟုတ်မဟုတ် ၊ မှန်မမှန် လေ့လာပြီးမှ လက်ခံသင့်ပါသည်။

တကယ်တော့ ကျွန်တော်နဲ့ သက်မွန်မြင့် ဘာမှ မဖြစ်ပါ။ တကယ်ကို ဘာဆို ဘာမှ မဖြစ်ပါ။ သူနဲ့ ကျွန်တော် ဘာမှကို မဟုတ်ပါ။ နည်းနည်းလေးတောင်မှ ယောင်ယောင်လေး ဘာမှ မဖြစ်တာပါ။ ဘုရားစူး မိုးကြိုးပွတ် ဘာမှ မဟုတ်ပါ။ လူမြင် သူမြင်လည်း ယောင်ယောင်လေး မသွားဖြစ်ပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့က ဘာမှ မဟုတ်လို့ပါ။ ( မဖြစ်တာကိုပဲ ရှင်းပြရတာ အရသာတောင်မှ ရှိသလိုလိုပါပဲလား. . .  ကြားရတာ များလာရင် အထင်မှာ ဟုတ်သလိုလို ဖြစ်လာတာကိုး. . .:P )

ပုံပြင်လေးကတော့ ဒါပါပဲ...ဟီးဟီး။

source; လူတိုင်းကြားဖူးနေတဲ့ သစ်စေ့လေး ပုံပြင်ကို ပြောင်းပြန် ဇောက်ထိုးလုပ်ကာ ပြန်လည် စဉ်းစား၍ ရေးပါသည်။ ဒါက ကျွန်တော့် မူပိုင်ပါ ၊ ဘယ်စာအုပ်ထဲကမှတော့ မဟုတ်ပါ။ 

လေးစားစွာဖြင့်
ကိုဇော်

.


Share/Bookmark

23 July 2010

10 ကုဋေတန်သော ပုံပြင်



တစ်ခါတုန်းက . . . .

စေတန်နတ်ဆိုးဟာ သူ့ရဲက အဖျက်လုပ်ငန်းတွေကို စွန့်လွှတ်တော့မယ် လို့ ဆုံးဖြတ်ပြီး သူ၏ လုပ်ငန်းသုံးကိရိယာ တန်ဆာပလာတွေကို ရောင်းချရန်အတွက် ဆိုင်လေးတစ်ဆိုင်ကို စီစဉ်သည်။ နတ်ဆိုးသည် ဆိုင်တစ်ဆိုင်ဖွင့်လှစ်ကာ သူ၏ ပစ္စည်းကိရိယာများကို လှပစွာ ခင်းကျင်းပြသပြီး ပစ္စည်းများ အသီးသီး၌ ဈေးနှုန်း တံဆိပ်ကလေးများ ကပ်ကာ ရောင်းချဖို့ပြသထားသည်။ စေတန်နတ်ဆိုး ခင်းကျင်းပြသထားသော ပစ္စည်းကိရိယာများမှာ လောဘ ၊ မောဟ ၊ ဒေါသ ၊ အာဃာတ ၊ မစ္ဆရိယ ၊ မာန ၊ ရမ္မက် ၊ တဏှာ စသည်တို့ဖြစ်သည်။

သို့သော် ဆိုင်၏ တစ်နေရာတွင်မူ ထူးထူးခြားခြား လည်းမရှိ ၊ ကိုင်တွယ်သူ အတွက်လဲ အန္တရာယ် ရှိပုံမရသည့် သပ်ပုံသဏ္ဌာန် ပစ္စည်းလေးတစ်ခုကို တွေ့ရ၏။ ၄င်းပစ္စည်း၌ ကပ်ထားသော ဈေးနှုန်းမှာ အခြားပစ္စည်းများထက် အတော်ပင် ကြီးမားနေသည်။ ထိုပြင် ထိုပစ္စည်းမှာ များစွာလည်း သုံးစြွဲပီး ဖြစ်ပုံရသည်။

“ ဒါက ဘာပစ္စည်းလဲဗျ။ သူက ဘာကြောင့် သည်လောက်ဈေးကြီးနေရတာလဲ။ ”

ဈေးဝယ်သူ တစ်ယောက်က စေတန်နတ်ဆိုးအား မေးသည်။

“ ဟာ . . . ဒါက စိတ်ဓါတ်ချ ကိရိယာပဲ။”

“ သူက ဘာလို့ ကျန်တာတွေထက် အများကြီးပိုဈေးကြီးနေရတာလဲ။ ”

ဈေးဝယ်သူက ထပ်မေးသည်။

“ ဒီကောင်က အရမ်း အစွမ်း ထက်တာဗျ။ လူတစ်ယောက်ရဲ့ သိစိတ်အာရုံထဲကို ကျွန်တော် တခြား ကိရိယာတွေနဲ့ ဘယ်လိုမှ ၀င်လို့ ၊ နှိုက်လို့ ဖျက်ဆီးလို့ မရတော့ဘူး ဆိုတဲ့ အခါမျိုးဆိုရင် ဒီကိရိယာကို သုံးရတယ်။ ဒီကောင် အထဲဝင်လို့ ရပြီဆိုရင် ကျန်တဲ့ ကိရိယာတွေနဲ့ အားလုံးထည့်ပြီး လှုပ်ရှားခိုင်းလို့ ရတော့တာပဲ။ ”

စေတန်နတ်ဆိုးက ရှင်းပြလေသည်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

မှန်သည်။ အနုတ်လက္ခဏာ ဆောင်သော လူ့အပြုအမူများ ၊ လုပ်ရပ်များ၏ နောက်ကွယ်၌ “ စိတ်ဓါတ်ကျဆင်းမှု ” သည်ပုန်းခိုလျက် ရှိနေတတ်သည်။ မည်သူ့မဆို နေ့စဉ်ဘ၀၌ စိတ်ပျက်စရာ ၊ စိတ်ဓါတ်ကျစရာ ကိစ္စကြီးငယ်များကို မပြတ် ကြုံတွေ့ကြရမည်ဖြစ်သည်။ ထိုသို့ နေ့စဉ်ကြုံတွေ့ရသည့် စိတ်ဓါတ်ကျစရာ အကြောင်းတို့ကို သင်မည်သို့ ရင်ဆိုင် ကိုင်တွယ်သွားသနည်း ဟူသော အချက်သည်ပင် ရေရှည်တွင် သင့်ရည်မှန်းချက် ပန်းတိုင်သို့ သင် ရောက်ခြင်းမရောက်ခြင်း ဟူသည်ကို အဆုံးအဖြတ် ပေးသွားမည် ဖြစ်သည်။

ထို့ကြောင့် အကယ်၍ အကြောင်း တစ်စုံတစ်ရာကြောင့် စိတ်ဓါတ်ကျသည် ဆိုပါစို့။ ငါ အပျက်ဘက်ကို ရောက်နေမိပြီပဲ ဟု သတိရကာ ဒီအတွင်းမှ လမ်းကြောင်းထဲမှ မြန်မြန်ရုန်းထွက်နိုင်အောင် ကြိုးစားပါ။ လောကကြီးမှာ အနှောင့်အယှက် အခက်အခဲဆိုတာ မလွဲမသွေ တွေ့ရမည့်အရာပဲ ဟု အားပေး ဆင်ခြင်သောစကားမျိုး မိမိကိုယ့်ကို ပြောပေးပါ။ သန်းခေါင်ကျော်ပြီးရင် မိုးလင်းရမှာပဲ စသဖြင့် အားပေးဆင်ခြင်သော စကားမျိုးဖြင့် မိမိကိုယ့်ကို အကောင်းမြင် အပြုတွေးသော လမ်းကြောင်းပေါ်သို့ ပြန်ဆွဲတင်ပေးပါ။

ဘ၀မှာ တစ်ခါတစ်လေ ကိုယ့်ဖာသာကိုယ့် စိတ်ဓါတ်ကျဆင်းနေတဲ့ အချိန်ကာလတွေ ရှိဖူးမှာပါ။ ကိုယ့်ဖာသာကိုယ် မမြင်နိုင်လောက်အောင် စိတ်ဓါတ်ပျက်ပြားနေတဲ့ အချိန်မှာ ဘ၀အဖော်ဆိုတဲ့ သူတွေက သင့်အတွက် ကူညီဖေးမပါလိမ့်မယ်။ ဘ၀အတွက် အဖော်ဆိုတာ ဒီလို ကိုယ်စိတ်ဓါတ်ကျနေတဲ့ အချိန်မှာ ဖေးမ ခေါ်မြှင့်တင်ပေးတဲ့ သူ့ကို ပေးအပ်တဲ့ ဘွဲ့ထူး တစ်ခုပါ။



Bill Andatan ရဲ့ ပုံပြင်လေးကို A.L. Williams က သူရေးတဲ့ All You Can Do Is All You Can Do..But All You Can Do Is Enough ! ဆိုတဲ့ စာအုပ်ထဲမှာ ထည့်ရေးထားတဲ့ ပုံပြင်လေးပါ။ “ ကုဋေတန်သော ပုံပြင် ” လို့တော့ ကျွန်တော့်ဖာသာ နာမည်ပေးထားတာပါ။ မူရင်းပုံပြင်က နာမည်မပါပါဘူး။ မြန်မာလို ဘာသာပြန်တာ ဖတ်ချင်ရင်တော့ ဆရာဖေမြင့် ရေးတဲ့ “ ခြုံကြားမှ ဘုံဖျားသို့ ” စာအုပ်ကို ဖတ်ကြည့်နိုင်ပါတယ်။ လူတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓါတ်တွေ အကြောင်းရေးထားတဲ့ စာအုပ်လေးပါ။ အရာရာမှာ လက်စွဲပြုနိုင်ပါတယ်။ ကျွန်တော်ရဲ့ Ideal စာအုပ်တစ်အုပ်ပါ။

ကိုဇော်

http://zaw357.multiply.com/journal/item/213 မှာ 17.4.2009 ကရေးထားတာပါ။




Share/Bookmark

21 July 2010

12 ကြုံရင် ပုံပြင် ပြောပါ ( ၂ )



    “ ကြုံရင် ပုံပြင် ပြောပါ ” ကို ရေးဖြစ်တာက “ ကလေးတွေ ” အတွက် တကယ်ကို ရည်ရွယ်ပါသည်။ သို့သော် စာဖတ်သူ လူကြီးတွေ အတွက်လည်း ဖျော်ဖြေမှု ပေးနိုင်ခဲ့သည် ဆို၍ ဝမ်းသာမိပါသည်။ ထို့ကြောင့် ဖတ်မိ ၊ မြင်မိ ၊ တွေးမိသမျှ ပုံပြင်များကို ကျွန်တော် နားလည်သလို ကလေးများကို ဆက်၍ ပြောပြချင်ပါသည်။ ဒါကြောင့်. . . .

“ ကြုံရင် ပုံပြင် ပြောပါ ( ၂ ) ”



ခြောက်




တစ်ခါက . . . 

လူနဲ့ နံပြားတို့ အကြွားပြိုင်ရင်း ပြဿနာ ဖြစ်ကြသတဲ့။ အမှန်တကယ်ကတော့ ပြိုင်စရာကို မလိုပါဘူး။  တူမှ မတူဘဲနဲ့။ ဒါပေမဲ့လည်း ပြိုင်မိပြီဆိုတော့ ကိုယ်နိုင်အောင်လို့ သူ့အပြစ်တွေကို ပြော ၊ သူရှုံးအောင်လို့ ကိုယ့်ဂုဏ်တွေကို ဖော်ပြီး ပြောသတဲ့။ 

ဒါပေမဲ့လည်း နဂိုကကို သဘာဝ မတူညီလေတော့ သူတို့ရဲ့ ပြိင်ပွဲကို ဘယ်သူကမှလည်း စိတ်မဝင်စားပဲ သူတို့ဖာသာ တအုံနွေးနွေး ကျင်းပနေတဲ့ ပြိုင်ပွဲကြီး ဖြစ်နေသတဲ့။ သူနိုင် ကိုယ်နိုင် အပြိုင်ပြောတဲ့ ပြိုင်ပွဲ ဖြစ်လေတော့ နောက်ဆုံး လူသားက သူ့မှာ ပြိုင်ပြောစရာ မရှိတော့ဘဲ စိတ်ကူးပေါက်ရာကို ပြောလိုက်မိတယ်။

“ ဟေ့  . . . ငါက ငယ်ရာက ကြီးလာတဲ့ လူသားကွ။ ”

ဆိုပြီး သူက ကျိန်းဝါးလိုက်တယ်။ ဒီတော့ နံပြားက ဘယ်လိုလုပ်ပြီး ပြန်ပြောရမှန်း မသိတော့ဘူးတဲ့။ ပြန်မပြောနိုင်ရင်လည်း သူက ရှုံးဦးမှာ ဆိုတော့ သူက ချက်ချင်း စဉ်းစားလိုက်ပြီးတော့ ပြောချလိုက်တယ်။

“ ငါက ကြီးရာက ငယ်လာတဲ့ နံပြားကွ။ ”

တဲ့။ နံပြားက ဒီလိုလည်း အော်လိုက်ရော လူသားနဲ့တကွ ကျန်တဲ့ အရာတွေ အားလုံးကလည်း အံ့သြသွားတာပေါ့။ ဘာလို့ ဒီလို အော်ရတာလဲ ဆိုတာကိုလည်း အရမ်းကို သိချင်သွားတယ်။ ဒါကြောင့် နံပြားကို ဝိုင်းမေးကြတော့ နံပြားလေးက ဖြေတယ်။

“ ငါတို့ နံပြားဆိုတဲ့ အရာဝတ္ထုတွေက လူတွေလို တစစ လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီးတော့ မကြီးထွားနိုင်ဘူးလေ။ လူတွေရဲ့ လိုအပ်ချက်အရ ကုန်ဈေးနှုန်းတွေ တတ်လာပြီ ဆိုရင် ငါတို့က ဈေးနှုန်း တတ်မရတော့ ငါတို့ ခန္ဓာကိုယ်ပဲ အလိုလို သေးသွားရတယ်။ တကယ်လို့ ငါတို့ နဂို ခန္ဓာကိုယ်အရွယ်ကို ပြန်ရောက်တဲ့ အချိန်ကတော့ ငါတို့ကို ဈေးတတ်လိုက်တဲ့ အချိန်ပဲ။ ”

လို့ ဆိုသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။


ကလေးတို့ရေ. . . . 

ကလေးတို့တွေလည်း လူသားစစ်စစ်ဆိုတာကို ပြနိုင်အောင်လို့ နေ့စဉ် ဦးနှောက် နဲ့ ကိုယ်ကာယက ဖွံဖြိုးတိုးတတ် ပါစေကွယ်။ မဟုတ်ရင်တော့ နံပြားလေးလို သူများတွေ ဈေးနှုန်းတတ်သွားတာနဲ့ အမျှ ကိုယ်က သေးငယ်ပြီး နေရာကျုံ့ ပေးလိုက်ရလိမ့်မယ်ကွယ့်။



ခုနှစ်



တစ်ခါက . . . 

မိုးပျံပူဖောင်းသည် တစ်ယောက်ဟာ လမ်းမပေါ်မှာ မိုးပျံပူဖောင်းတွေကို လက်ကဆွဲပြီး ရောင်းနေတယ်။ ခဏကြာတော့ သူ့ကို လူတွေက သတိမထားမိတော့ဘဲ သိပ်မရောင်းရတော့ဘူးတဲ့။ ဒီတော့ သူက မိုးပျံပူဖောင်းလေး တစ်လုံးကို မိုးပေါ် ကြိုးဖြတ်ကာ လွှတ်လိုက်တယ်။ ဒီတော့ မိုးပျံပူဖောင်းလေး တစ်လုံး မိုးပေါ် ပျံတတ်သွားတာကို လူတွေက ကြည့်ပြီး ဘယ်က လာတာပါလိမ့် ဆိုကာ သူ့ကို သတိထားသွားမိကြတယ်။ ဒီတော့ ကလေးတွေကလည်း မိုးပျံပူဖောင်း လိုချင်တယ် ပူဆာရင်း မိုးပျံပူဖောင်းသည်ကြီး မိုးပျံပူဖောင်းတွေ ရောင်းရပြန်တယ်။

ဒါပေမဲ့ ခဏကြာပြန်တော့ လူတွေက သွားရင်း လာရင်း သူ့ကို သတိမထားမိတော့ပြန်ဘူး။ ဒီတော့ သူက သူ့ မိုးပျံပူဖောင်း ထဲက ခုနက လွှတ်လိုက်တဲ့ အရောင်နဲ့ မတူတဲ့ တခြား အရောင် မိုးပျံပူဖောင်းလေး တစ်လုံးကို မိုးပေါ် လွှတ်တင်လိုက်ပြန်တယ်။ ဒီတော့ လူတွေက သတိထားမိပြီး သူ့မိုးပျံပူဖောင်းတွေ ရောင်းလာရပြန်တယ်။ ဒါပေမဲ့ ခဏနေတော့ လူတွေ သတိမထားမိပြန်ဘူး။ ဒီတော့ သူက အရောင်မတူတဲ့ နောက်ထပ် မိုးပျံပူဖောင်းလေး တစ်လုံးကို ထပ်ဖြတ်ပြီး ကောင်းကင်ပေါ်ကို လွှတ်တင်လိုက်ပြန်တယ်။ သူလွှတ်တင်နေတဲ့ မိုးပျံပူဖောင်း အရောင်တွေကတော့ အဖြူ ၊ အပြာ ၊ အဝါ ၊ အနီ ၊ အစိမ်း အတူဘူးပေါ့ကွယ်။

သူ ဒီလို လုပ်နေတာကို ဘေးနားကနေပြီး ကပ္ပလီလေး တစ်ယောက်က ကြည့်နေပြီး သူ့ရဲ့ ခံစားချက်ကို မိုးပျံပူဖောင်းသည်ကြီးကို မေးလိုက်တယ်။ 

“ ဦးလေး မိုးပေါ်ကို လွှတ်တင်နေတဲ့ မိုးပျံပူဖောင်းတွေမှာ အမည်းရောင် မိုးပျံပူဖောင်း ဆိုရင်ရော အထက်ကို တတ်ပါ့မလားဗျ။ ဦးလေး လွှတ်တင်တဲ့ အထဲမှာ အမည်းရောင် တစ်လုံးမှ ကျွန်တော် မပါလို့ မေးကြည့်တာပါ။ ”

လို့ မေးသတဲ့။ ဒီတော့ မိုးပျံပူဖောင်းသည် ဦးလေးကြီးက ကပ္ပလီလေးကို သေချာကြည့်ပြီး ပြောလိုက်တယ်။ ကပ္ပလီဆိုတာကလည်း အသားမည်းသူ တစ်ယောက်ပဲ မဟုတ်လား။ 

“ ဒီမှာ ကလေးရဲ့။ တကယ်တော့ မိုးပျံပူဖောင်း မိုးပေါ်ကို တတ်တယ် ဆိုတာ သူ့ရဲ့ အပြင်က အရောင်တွေနဲ့ လုံးဝ မဆိုင်ဘူး။ မိုးပျံပူဖောင်းထဲမှာ ထည့်ထားတဲ့ ဓါတ်ငွေ့ကြောင့်သာ ပူဖောင်းက အပေါ်ကို တတ်တာကွဲ။ ပူဖောင်းက အနီရောင်ပဲ ဖြစ်ဖြစ် ၊ အဖြူရောင်ပဲ ဖြစ်ဖြစ် ၊ အမည်းရောင်ပဲ ဖြစ်ဖြစ် သူ့မှာ မိုးပေါ် တတ်စေတဲ့ ဓါတ်ငွေ့ မထည့်ထားရင် သူ ဘယ်လိုမှ အပေါ်မတတ်ဘူး။ မိုးပေါ်ကို တတ်စေတဲ့ ဓါတ်ငွေ့ထည့်မှသာ မိုးပျံပူဖောင်း ဆိုတာ ဖြစ်လာတာ။ ”

လို့ ရှင်းပြသတဲ့ကွယ်။ ကပ္ပလီလေး မေးတာကို ပညာရှိသော မိုးပျံပူဖောင်းသည် ဦးလေးကြီးက ဖြေလိုက်တာပေါ့။ သူက ဆက်ပြီးတော့ ပြောတယ် ။ “ မိုးပျံပူဖောင်းမှ မဟုတ်ဘူး ၊ လူတွေမှာလည်း ဘယ်သူက ဘယ်လို အသားအရောင် ၊ ဘယ်လို ရုပ်ရည်တွေက အဓိက မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ကိုယ်ထဲမှာ ရှိနေတဲ့ အထက်ကို တတ်စေနိုင်တဲ့ စိတ်ဓါတ်ကြောင့်သာ လူတွေက အထက်ကို ရောက်နိုင်ကြတာပါ။ ” လို့ ရှင်းပြသတဲ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။



ကလေးတို့ရေ. . . . 

ကလေးတို့တွေလည်း လူတစ်ယောက်ကို အသားအရောင် ၊ ရုပ်ရည်တွေနဲ့ မဆုံးဖြတ်ဘဲ။ သူ့ရဲ့ ရင်ထဲမှာ ရှိနေတဲ့ စိတ်ဓါတ်ကို မြင်အောင် ကြည့်နိုင်ပြီး ကိုယ်ကိုယ်တိုင်လည်း ရုပ်ရည် ၊ အသားအရောင်တွေ ဆိုတာထက် အထက်ကို ရောက်စေနိုင်တဲ့ “ စိတ်ဓါတ် ” လေးကိုပဲ ကောင်းအောင် မွေးမြူကြပေါ့ကွယ်။



ရှစ်




တစ်ခါက . . . .

အရမ်းကို ဆင်းရဲတဲ့ ညီအစ်ကို နှစ်ယောက် ရှိသတဲ့။ သူတို့ဟာ ဆင်းရဲလွန်းလို့ အဆင်ပြေအောင်တောင်မှ မနည်း လုပ်ကိုင်စားသောက်နေရသတဲ့။ တစ်နေ့တော့ ဒီလို ဆင်းရဲစွာ နေရတာကို မခံနိုင်တဲ့ အဆုံး အစ်ကို လုပ်သူက မိဘတွေ သူတို့ကို အမွေအဖြစ်ပေးသွားတဲ့ “ မျက်လုံးတစ်လုံးရွာသို့ ” ဆိုတဲ့ မြေပုံအတိုင်း သွားပြီး အဲဒီမှာရွာမှာသာ တကယ်ကို မျက်လုံးတစ်လုံးနဲ့ လူတစ်ယောက်လောက်ကို ဖမ်းပြီး ရုံသွင်းပြစား လိုက်ရင် သူတို့အတွက် အဆင်ပြေမယ် လို့ စဉ်းစားမိတယ်။

ဒီတော့ အစ်ကို လုပ်သူက ညီဖြစ်သူကို မျက်လုံးတစ်လုံးရွာကို သွားပြီး မျက်လုံးတစ်လုံးနဲ့ လူကို ဖမ်းခေါ်လာဖို့ စည်းရုံးတယ်။ ဒါပေမဲ့ ညီဖြစ်သူက စိတ်မဝင်စားဘူး။ အစ်ကိုလုပ်သူလည်း ညီဖြစ်သူကို မျိုးစုံ ဆွဲဆောင်ပေမဲ့ ညီဖြစ်သူက စိတ်မဝင်စားလို့ နောက်ဆုံးတော့ ကိုယ့်ဖာသာ တစ်ယောက်တည်း သွားမယ် ဆိုပြီး ဆုံးဖြတ်လိုက်သတဲ့။ ဒါကြောင့် သူက ညီဖြစ်သူကို နှုတ်ဆက်တယ်။

“ အစ်ကိုကတော့ မျက်လုံးတစ်လုံးရွာကို သွားရှာဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒါပေမဲ့ ညီလေးက စိတ်မဝင်စားတော့လည်း မလိုက်နဲ့ပေါ့။ ဒါကြောင့် အစ်ကို မြေပုံလေးကို ညီလေးအတွက် ထားခဲ့မယ်။ အစ်ကို ထွက်သွားပြီး လအနည်းငယ်ကြာလို့မှ မျက်လုံးတစ်လုံးလူနဲ့ အတူတူ အစ်ကို ပြန်မရောက်လာဘူး ဆိုရင်တော့ အစ်ကိုနောက်ကို လိုက်ခဲ့ပါ။ ”

လို့ ဆိုပြီး ထွက်သွားတော့တယ်။ ညီဖြစ်သူကလည်း အစ်ကို ပြောသွားတဲ့ အတိုင်း စောင့်နေခဲ့တယ်။ ဒါပေမဲ့ လပေါင်းများစွာသာ ကြာသွားတယ် သူ့ရဲ့ အစ်ကို ပြန်မလာဘူး။ ဒါကြောင့် နောက်ဆုံးမှာ အစ်ကို မှားကြားထားတဲ့ အတိုင်း မြေပုံလေး ကိုင်ပြီး အစ်ကို သွားတဲ့ မျက်လုံးတစ်လုံးရွာကို လိုက်လာခဲ့တယ်။ မြေပုံအညွှန်းက အရမ်းကောင်းလွန်းတော့ မကြာခင် အချိန်မှာပဲ မျက်လုံးတစ်လုံးရွာ အဝင်ဝကို ရောက်သွားခဲ့တယ်။ ပြီးတော့ သူ ရွာထဲကို ဝင်လာခဲ့တယ်။

သူရောက်သွားတဲ့ အချိန်မှာပဲ အဲဒီရွာက လူတွေက ရုံကြီးတစ်ခုထဲကို လက်မှတ်လေးတွေ ဝယ်ပြီး ဝင်သွားကြတယ်။ ရုံမှာရေးထားတာက “ လူထူးဆန်းပြပွဲ ” လို့ ဆိုတယ်။ ညီဖြစ်သူကလည်း ထူးဆန်းတာကို ဝါသနာပါလေတော့ ရုံထဲကို လက်မှတ်ဝယ်ပြီး ဝင်ကြည့်လိုက်တယ်။ သူလည်း အထဲကို ရောက်ပြီး အထဲမှာ ပြထားတဲ့ လူထူးဆန်းကို ကြည့်လိုက်တော့ သူ့အစ်ကို ဖြစ်နေတယ်။ ညီဖြစ်သူလည်း အရမ်းကို တုန်လှုပ်သွားပြီး သူ့အစ်ကိုကို မေးလိုက်တယ်။

“ အစ်ကို ဘယ်လိုဖြစ်ပြီး အခုလို လူထူးဆန်း ပြပွဲရုံထဲ ရောက်နေရတာလဲ။ ”

လို့ သူက မေးလိုက်တော့ သူ့အစ်ကိုက ပြန်ဖြေတယ်။

“ ဒီလို ညီလေးရေ ၊ အစ်ကိုက မျက်လုံးတစ်လုံးထဲ ရှိတဲ့ လူကို ဖမ်းပြီး အစ်ကိုတို့ မျက်လုံး နှစ်လုံး ရှိနေတဲ့ လူတွေဆီမှာ လူထူးဆန်း ဆိုပြီး ပြစားရင် ပိုက်ဆံတွေ ရမယ် ဆိုပြီးသာ စဉ်းစားခဲ့မိတယ်။ ဒါကြောင့် သူတို့ထဲက တစ်ယောက်ကိုပဲ ဖမ်းပြီး ခေါ်ဖို့ ကြိုးစားနေတာလေ။ တကယ်တော့ မျက်လုံးတစ်လုံးထဲ ရှိနေတဲ့ လူတွေဆီမှာတော့ မျက်လုံးတစ်လုံးက မထူးခြားဘူးပေါ့ကွာ။ သူတို့ဆီမှာက အစ်ကိုတို့လို မျက်လုံးနှစ်လုံး ရှိနေသူတွေကသာ ထူးခြားကြတာလေ။

ဒါကြောင့် သူတို့ အစ်ကိုလည်း မြင်ရော  ဝိုင်းဖမ်းပြီးတော့ လူထူးဆန်း ဆိုပြီး ရုံသွင်းပြလိုက်တာပါပဲကွာ။ တကယ်တော့ ကိုယ့်မှာ မထူးဆန်းပေမဲ့ သူများဆီမှာ ထူးဆန်းနေတတ်ပြီး သူများဆီက ထူးဆန်းနေတာက ကိုယ့်မှာ ဘာမှ မဟုတ်ဘဲ ဖြစ်ချင် ဖြစ်နေတတ်တယ် ညီလေး။ ”

လို့ ပြောသတဲ့ကွယ်။


ပုံပြင်လေးကတော့ ဒါပါပဲကွယ်။



ကလေးတို့ရေ. . . . .

ကလေးတို့တွေလည်း ကိုယ့်မှာ ရှိနေတာကို တန်ဖိုး မထားတတ် ၊ မထူးဆန်းသလို ဖြစ်ပြီး သူများမှာ ရှိနေတာကိုမှ ထူးဆန်းတယ် ဆိုပြီး ဖြစ်ကာ အားကျနေရင် မျက်လုံးတစ်လုံးရှိတဲ့ လူကို ဖမ်းချင်တဲ့ အစ်ကိုလိုမျိုး နောက်ဆုံးမှာ ကိုယ်က ရုံသွင်းဖို့ကို မသွင်းလိုက်ရဘဲ ကိုယ့်ကိုယ် ပြန်ပြီး ရုံသွင်းခံ လိုက်ရလိမ့်မယ်ကွယ်။ ကိုယ့်ကိုယ်ကိုယ်သာ ရှုမြင်ပေါ့ကွယ်။



ကိုး



တစ်ခါက . . . .

တရုတ်ပြည်မှာ အရမ်းဆင်းရဲလို့ လမ်းဘေးမှာ လှည်းလေးနဲ့ တွန်းပြီး ဆန်ပြုတ် ၊ ခေါက်ဆွဲပြုတ် ရောင်းရတဲ့ မြေးအဘိုး နှစ်ယောက် ရှိသတဲ့ကွယ်။ သူတို့ဟာ ဆင်းရဲလွန်းတော့ သူတို့ရဲ့ လှည်းလေးကိုလည်း အရမ်းကောင်းအောင် မပြင်နိုင်ဘူးတဲ့ကွယ်။ သူတို့ရဲ့ လှည်းလေးရဲ့ ဘီးတွေက တွန်းလို့ ရယုံပဲ ဖြစ်နေသတဲ့။ ဒီတော့ သူတို့ဆန်ပြုတ်ရောင်းတဲ့ အခါမှာ ထည့်တဲ့ ကြွေပန်းကန်လုံးလေးတွေ ကွဲမှာ စိုးလို့ လှည်းပေါ်တောင်မှ တင်ပြီး မတွန်းနိုင်ဘူးတဲ့။ သူတို့လှည်းလေးက အဲဒီလောက်ကို စုတ်နေပြီးတော့ ခုန်နေတာတဲ့ကွယ်။

ဒါကြောင့် သူတို့ ဆန်ပြုတ်ရောင်းဖို့ ဆိုင်သွားဖွင့်တာပဲ ဖြစ်ဖြစ် ၊ ဆိုင်ဖွင့်ပြီး ပြန်လာတာပဲ ဖြစ်ဖြစ် သူတို့ မြေးအဘိုး နှစ်ယောက်ဟာ လှည်းလေး ခုန်နေလို့ ကွဲရှနိုင်တဲ့ ပန်းကန်ခွက်ယောက်တွေကို တင်ပြီးတော့ တွန်းလို့ မဖြစ်တော့ အဲဒီ ပန်းကန်ခွက်ယောက်တွေကို ခြင်းကြီးထဲမှာ ထည့်ပြီး တစ်ယောက်က လက်က ဆွဲရသတဲ့။ ဒီအချိန်မှာတော့ နောက်ထပ် တစ်ယောက်က ခေါက်ဆွဲတွေ ၊ ဆန်ပြုတ်အိုးတွေ ၊ မီးဖိုတွေ တင်ထားတဲ့ မကောင်းတဲ့ လှည်းလေးကို ရွေ့အောင် အားစိုက် တွန်းရသတဲ့။ လှည်းလေးကလည်း မကောင်းတော့ လက်နှစ်ဘက်လုံးနဲ့ ဆန့်ကာထားပြီး ခြေအစုံကိုလည်း အားစိုက်ယက်ကာ တွန်းကြရတယ်။

ဒီလိုနဲ့ သူတို့ ဈေးရောင်းတဲ့ နေရာကို ရောက်တယ် ဆိုရင်ပဲ တစ်လမ်းလုံး လက်တစ်ဘက်ဆီကို ပြောင်းပြီး ပန်းကန်ခွက်ယောက်တွေ ဆွဲလာရတဲ လူကလည်း ညောင်းညာကိုက်ခဲနေပြီ။ လှည်းလေးကို တောက်လျှောက်တွန်းလာရတဲ့ သူကလည်း ခြေထောက်တွေ တောင့်တင်းပြီး ခါးတွေလည်း ညောင်းလှပြီ။ ဒါပေမဲ့လည်း ဒါဟာ သူတို့ရဲ့ ဘဝပေးကြောင့် ဖြစ်လာရတာလို့ တွေးမိပြီး အံကြိတ်ကာ ဆက်လုပ်ကြရတယ်။ ဒီလိုနဲ့ နေစဉ် ရက်ဆက်ပေါ့။

ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ ဒီလို လာပြီး ဆိုင်ဖွင့်တော့ သူတို့ဆိုင်နားမှာ အရုးတစ်ယောက်က သူတို့ မြေးအဘိုးကို ကြည့်နေပြီး . . . . .

“ သြော်. . . တော်တော် မိုက်တဲ့ လူတွေပါလား။ “ မမောခင် နား ”  ဆိုတာကို မသိကြပါလား ”

လို့ ပြောသတဲ့။ ဒီတော့ သူတို့က သူတို့ကို ပြောနေတယ် ဆိုတာကိုတော့ သိတယ်။ ဒါကြောင့် အရူးကြီးကို ဘယ်လို အဓိပ္ပါယ်လဲလို့ မေးတော့ . . . ၊ အရူးကြီးက

“ မင်းတို့ကိုပဲ ကြည့်လေ။ တောင်းထဲက ပန်းကန်တွေကို ဆွဲတဲ့ လူကလည်း လိုချင်တဲ့ နေရာ ရောက်တဲ့ အထိ ဆွဲနေတယ်။ လှည်းကို တွန်းနေတဲ့ လူကလည်း လိုရာကို မရောက်မချင်း တွန်းနေတယ်။ တကယ်တော့ လောကကြီးမှာ လျှို့ဝှက်ချက် ရှိတယ် ဆိုပေမဲ့ အဲဒီ လျှို့ဝှက်ချက်ကိုတော့ ဘယ်သူကမှ ဖုံးထားလို့ လျှို့ဝှက်ချက် ဆိုပြီး ဖြစ်လာတာ မဟုတ်ဘူး။ ကိုယ့်ဖာသာကိုယ်ပဲ မဖော်နိုင်တာလေ။ ”

ဆိုပြီး ပြောတယ်။ ဒီတော့ သူတို့ မြေးအဘိုးက ....

“ ဟုတ်ကဲ့။ ကျွန်တော်တို့ကို ညွှန်သင်ပေးပါလို့ ဆိုတယ်။ ”

ဒီတော့မှာ အရူးကြီးက . . .

“ တကယ်ဆိုရင် ပန်းကန်ခြင်းတောင်းကို ဆွဲလာတဲ့ လူကလည်း ဓါတ်တိုင်နှစ်တိုင် စာလောက်ကို ဆွဲလာလိုက် ၊ လှည်းတွန်းတဲ့ သူကလည်း သူ့ဘေးကနေ ဓါတ်တိုင် နှစ်တိုင်စာလောက် တွန်းလာလိုက် ပြီးရင်တော့ အချင်းချင်း လူချိန်းလိုက်ပေါ့။ အခုတော့ မင်းတို့က ဘဝခရီးကို တောက်လျှောက် ရိုးရိုးကြီး ဖြတ်သန်းနေတော့ ပျင်းရိစရာကောင်းပြီး ပင်ပန်းတာပေါ့။ ခဏလေး လုပ်လိုက် ပြီးရင် အပြောင်းအလဲလေး လုပ်လိုက် ဒီလို ဆိုမှ ဘဝဆိုတာ နေပျော်တော့ မပေါ့။

မှတ်ထား ဒါကို ခေါ်တာကွ “ မမောခင် နား ” ဆိုတာ။ အခုတော့ မင်းတို့က ခရီးဆုံးသည် အထိ တောက်လျှောက်ကြီး တစ်ခုတည်းကို လုပ်နေတော့ မင်းတို့ ဘဝတွေက မောပန်းတာပေါ့လေ။ ဟား . . ဟား . . ဟား. . .အရူးတွေ ...အရူးတွေ ”

လို့ ပြောပြီး ထွက်သွားပါတော့တယ်.

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။



ကလေးတို့ရေ......

ကလေးတို့တွေလည်း ဘဝမှာ ဘာပဲ လုပ်လုပ် မပြီးမချင်းဆိုတဲ့ အတိုင်း ထိုင်ရာ မထ လုပ်နေကြနဲ့ကွဲ။ တချို့ အရာတွေကျတော့ ခဏနားလိုက် ပြီးမှ ပြန်လုပ်ရင် ပိုပြီးတော့ အလုပ်ပြီးတတ်တယ်။ ဘဝဆိုတာကလည်း အရမ်းမောပန်းသွားအောင်လို့ အလုပ်လုပ်မိသွားရင် လူက မလှုပ်နိုင်တော့သလို ဖြစ်ပြီး ပင်ပန်းသွားကာ စိတ်ဓါတ်တွေ ကျတတ်တယ်ကွယ်။ ဒါကြောင့် မမောခင် နားတတ်ကြပါစေကွယ်။



တစ်ဆယ်



တစ်ခါက. . . .

ဘိုးဘွားရပ်သာ တစ်ခုကို လေ့လာတဲ့ အဖွဲ့တစ်ဖွဲ့က ရောက်လာပြီး ဘိုးဘွားရိပ်သာထဲက ဘိုးဘွားတွေကို စစ်ဆေးကြတယ်။ အဲဒီတော့ အားလုံးက သတိမထားမိတဲ့ အဖြစ်လေး တစ်ခုကို သူတို့က ဖော်ထုတ်လိုက်နိုင်တယ်။ ဒါက ဘာလဲ ဆိုတော့ ဘိုးဘွားတွေဟာ ပြုံးရယ် ပျော်ရွှင်မှု အရမ်းနည်းသွားပြီး သူတို့ကိုယ် သူတို့လည်း အရမ်းကို အိုမင်းသွားပြီ လို့ ခံစားနေကြတယ်တဲ့။ ဒါကြောင့် ဘိုးဘွားတွေဟာ အရမ်းကို စိတ်ဓါတ်ကျသလို မသွက်လက်ကြတော့ဘူးတဲ့။

ဒီလို လေ့လာတွေ့ရှိချက်ကို သူတို့ ဆက်ပြီး ဘယ်လို ပြုပြင်မလဲ ဆိုတာကို တိုင်ပင်ခဲ့ကြတယ်။ နည်းမျိုးစုံ နဲ့ ဘိုးဘွားတွေကို စိတ်ဓါတ်တွေ မြင့်တင်ပေးပေမဲ့ ဘိုးဘွားတွေ အတွက် ဘယ်လိုမှ မထူးခြားခဲ့ကြဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ အဖွဲ့ထဲက တစ်ယောက်က သူ့ဖာသာ အလှပြင်ရင်း မှန်ထဲမှာ ကြည့်မိပြီး စဉ်းစားမိတယ်။ ငါတို့တောင်မှ လှအောင် မိတ်ကပ်လိမ်းရသေးတယ်။ မိတ်ကပ်လိမ်းပြီးရင် စိတ်ထဲမှာလည်း ကိုယ့်ဖာသာ ပိုလှသွားတယ် လို့ ထင်မိပြီး ယုံကြည်မှုလည်း ပိုရလာတယ်။ ဒါဆို ဘိုးဘွားတွေကိုလည်း မိတ်ကပ်လိမ်းပေးရင် သူတို့ကို သူတို့ ပိုပြီးတော့ ယုံကြည်မှု ရလာနိုင်တယ်  လို့ တွေးမိတယ်။

ဒီလို သူတွေးမိတဲ့ အတိုင်း သူတို့ လေ့လာရေးအဖွဲ့ကို တင်ပြတယ်။ ပထမတော့ ဘယ်သူမှ သူပြောတာကို လက်မခံဘူး။ ဒါပေမဲ့လည်း ဒါကို စမ်းကြည့်လို့ ဘိုးဘွားတွေ စိတ်ဓါတ်တတ်ကြွလာမယ် ၊ ပြန်လည် နုပျိုလာမယ် ဆိုရင် သူတို့ စမ်းသပ်သင့်တယ် လို့ ယူဆပြီး ဘိုးဘွားများကို ခေါ်ကာ ရေမိုးချိုးသန့်စင်ပေးပြီး အဘိုးတွေကိုဆိုလည်း မျက်နှာသစ်ဆေး ၊ မျက်နှာပေါင်းတင် ၊ မျက်နှာလိမ်းခရင် တွေနဲ့ လိမ်းပေးစေတယ်။ အဘွားတွေကိုဆိုရင်လည်း မျက်နှာသန့်စင်ပေး ၊ မျက်နှာပေါင်းတင် ၊ မိတ်ကပ်တွေလိမ်းပေး ၊ မျက်ခုံးလေးတွေ ဆွဲပေး ၊ ပြီးတော့ လိုင်နာတွေ ဘာတွေနဲ့ အလှပြင်ပေးလိုက်တယ်။

ဒီတော့ တကယ့်ကို အံ့သြစရာ တစ်ခု သူတို့ တွေ့လိုက် မြင်လိုက်ရတော့တယ်။ အရင်က အမြဲတမ်း ညှိုးနွမ်းနေတဲ့ မျက်နှာထားနဲ့ နေနေတဲ့ ဘိုးဘွားတွေဟာ အဲဒီလို သူတို့ကို အလှလည်း ပြင်ပြီးတော့ သူတို့ကို သူတို့ မှန်ထဲမှာ ပြန်ကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက် ပြုံးသွားကြတယ်။ များသော အားဖြင့် အဘိုးတွေက သူတို့ကို အလှပြင်ပေးပြီးတော့ လမ်းလျှောက်တဲ့ ခြေလှမ်းတွေက အစ ပိုပြီး သွက်လက်လာတယ်။ အဘွားတွေကျတော့ အလှလည်း ပြင်ပြီးရော “ ကျွန်မ အသက်က ၅၀ လောက် ပြန်ပြီး ဖြစ်သွားပါရောလား။ ” ဆိုကာ သူတို့ အသက် ၇၀ ၊ ၈၀ ဆိုတာကို မေ့ကာ ပြောမိတတ်ကြတယ် ဆိုပဲ။

အဲဒီအချိန်မက စပြီး ဘိုးဘွားများကို လေ့လာသူများက “ လူဆိုတာ ပြုပြုပြင်ပြင် နေထိုင်မယ် ဆိုရင် ကိုယ်ကိုယ်တိုင်လည်း နုပျိုစေသလို ထိုသူကို မြင်ရသူများကလည်း နုပျိုစေနိုင်တယ် ” ဆိုပြီး မှတ်ချက်ချခဲ့ပါတယ်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။



ကလေးတို့ရေ. . . .

ကလေးတို့တွေလည်း ပေပေရေရေ ၊ ညစ်ညစ်ပတ်ပတ် နေမယ် ဆိုရင် ကိုယ်တိုင်လည်း စိတ်မရွှင်လန်းသလို ကိုယ့်ကို မြင်နေရတဲ့ သူတွေကလည်း မတတ်ကြွစေဘူးပေါ့။ ဒါကြောင့် မိမိကိုယ်ကိုယ် တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပြီး သပ်သပ်ရပ်ရပ် ကျကျနနလေး ဖြစ်အောင် နေပြီး ကိုယ်တိုင်လည်း စိတ်ရွှင်လန်း ကိုယ့်ကို မြင်သူတွေကလည်း စိတ်ဓါတ်တတ်ကြွအောင် နေထိုင်ကြရမယ်နော်။ ဒီလို တစ်ဦးချင်းစီ တစ်ကိုယ်ရေ သန့်ရှင်းရေး ကောင်းသွားရင် တစ်ကမ္ဘာလုံးလည်း တစ်ကိုယ်ရေ သန့်ရှင်းရေး ကောင်းလာမှာပေါ့ကွယ်။ ဒါကြောင့် “ ဘဝမှ ပြုပြုပြင်ပြင်လေးတော့ နေကြပါကွယ်။ ”



ဒီပို့စ်ကို ဖတ်ရသောသူများ ခင်ဗျား။ 

ကျွန်တော်ကတော့ ကျွန်တော်နဲ့ တွေ့ကြုံရသော ကလေးတွေကိုသာ ဒီပုံပြင်လေးများကို ပြောပြနိုင်ပါလိမ့်မည်။ ဒါကြောင့် အခု ဒီပို့စ်ကို  ဖတ်ရသူများက ကျွန်တော် လက်လှမ်း မမှီနိုင်သော တခြားကလေးများကို “ ကြုံရင် ဒီပုံပြင်လေးတွေ ပြောပြပေးပါ။ ”

source; Zig Ziglar , DeDe and Everything ( Read , See & Think ).

လေးစားစွာဖြင့်
ကိုဇော်
21-7-2010

.

Share/Bookmark
Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.