မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


23 January 2012

13 ကြုံရင် ပုံပြင် ပြောပါ ( ၅ )



လူတွေမှာ အမျိုးမျိုး အစားစား ရှိတတ်ကြတယ် မဟုတ်လား။ တချို့က ဘာရယ် မဟုတ် ၊ ကိုယ့်အမြင် ကိုယ့်အတွေးတွေကို တိုက်ရိုက် ချရေးပြကြသလို ၊ တချို့ကျတော့လည်း ပုံတို ပတ်စလေးတွေ ၊ စကားပုံလေးတွေ ၊ ဆိုရိုးစကားလေးတွေ ၊ ပုံပြင်လေးတွေနဲ့ ပြောတတ်ကြတယ်။ ကျွန်တော်ကတော့ ပုံပြင်တွေကို ချစ်တယ်။

အခုတလော တိုက်ပွဲ ပြင်းထန်နေတဲ့ Facebook ပေါ်မှာ ဟိုဟိုဒီဒီ လိုက်ဖတ်ရင်းနဲ့ ဟိုးအရင်က ပုံပြင်လေးတွေကို ပြန်သတိရမိပါတယ်။ သတိရတဲ့ ပုံပြင်ထဲက နှစ်ပုဒ်ကို ဟိုးအရင်က ကျွန်တော့်ကို အိပ်ယာဝင် ပုံပြင်တွေ အနေနဲ့ အဘွား ဖြစ်သူက ပြောပြခဲ့ဖူးပြီး ကျွန်တော် နားထောင်ခဲ့ရဖူးတဲ့ အတိုင်း ပြန်လည် ဝေမျှလိုက်ပါတယ်။



ပုံပြင် ( ၁ )

တစ်ခါက . . .

ရွာကြီး တစ်ရွာမှာရှိတဲ့ လူတွေ အားလုံးဟာ ကြောက်ရွံ့ထိတ်လန့်စွာနဲ့ နေနေကြရသတဲ့။ သူတို့တွေ ဘာကို ကြောက်နေကြတာလဲ ဆိုရင် သူတို့ ရွာကနေ အပြင်ကို သွားမယ် ဆိုရင် တောအုပ်ကြီး တစ်ခုကို ဖြတ်ကျော်ကာ သွားကြရသည်။ အဲဒီ့ တောအုပ်ကြီးထဲက ကျောက်ဂူကြီးထဲမှာ နေထိုင်တဲ့ ဘီလူးကြီး တစ်ကောင်ဟာ လာသမျှ လူတွေကို ဖမ်းဆီးပြီးတော့ စားသောက်လေ့ ရှိ၏။ လူတွေက ကြောက်တာတော့ ကြောက်တယ် ဘယ်လို သုတ်သင် ရှင်းလင်း ရမယ် ဆိုတာတော့ မသိခဲ့ကြဘူး။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ခံစားလာရတော့ ဒီဘီလူးကြီးကို ရှင်းလင်းသုတ်သင်ပစ်ဖို့ စဉ်းစားလာကြ၏။ ဒါပေမဲ့လည်း ဘယ်သူက ဦးဆောင်ပြီးတော့ ရှင်းလင်းမယ် ဆိုတဲ့ ခေါင်းဆောင်ကို ရှာမရတော့ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေရသတဲ့။

ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ရဲ့ ရွာလေးကို လူငယ်လေး တစ်ယောက် ရောက်လာခဲ့၏။ သူက ကိုယ်ခံပညာ သိုင်းကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။ ဒါနဲ့ ထိုလူငယ်လေးက တောအုပ်ထဲမှာ မင်းမူနေတဲ့ ဘီလူးကြီးကို နှိမ်နင်းမယ် ဆိုပြီးတော့ လူငယ်လေးက ဆို၏။ နောက်တော့ သူက တောအုပ်ထဲကို တတ်ကြွစွာ ဝင်ရောက် သွားလေတော့သည်။ ဒါပေမဲ့ သူ့ကို ပြန်ထွက်လာနိုး ပြန်ထွက်လာနိုးနဲ့ ရွာက လူတွေက မျှော်လင့်နေပေမဲ့ ဘယ်တော့မှ ပြန်မထွက်လာတော့ဘူးတဲ့။

ဒီလိုနဲ့ အချိန် တစ်ပတ်လောက်လည်း ကြာရော တောအုပ်ထဲမှာ ဟိုးအရင်က ဘီလူးကြီး ပျောက်ကွယ် သွားကာ သိုင်းကျွမ်းကျင်သော ဘီလူးကြီး တစ်ကောင် ပေါ်ထွက်လာသတဲ့။ ဒီတော့ ရွာသားတွေ အရင်က ဘီလူးထက် ပိုပြီးတော့ ကြောက်ရွံ့လာခဲ့ကြရ၏။ အရင်က ရိုးရိုး ဘီလူးထက် သိုင်းတတ်သော ဘီလူးကို ပိုကြောက်လာရတော့သည်။ အချိန်ကာလ တစ်ခုကြာတဲ့ အထိ သိုင်းကျွမ်းသော ဘီလူးကြီးကို ဘယ်သူမှ မဖီဆန်ရဲတော့ဘူးတဲ့။

တစ်နေ့ကျတော့ သူတို့ရဲ့ ရွာလေးကို ဓါးကိုင်ထားသော လူငယ်လေးတစ်ယောက် ရောက်လာခဲ့သည်။ သူက သူ့ကိုယ်သူ ဓါးသိုင်းပညာရှင်လို့ ဆို၏။ ရွာသားတွေကို ကြောက်လန့်အောင် ခြောက်လှန့်နေသော သိုင်းကျွမ်းတဲ့ ဘီလူးကြီးကို သုတ်သင်ပေးမယ် လို့ ကြွေးကြော်ကာ တောထဲကို ဝင်သွားလေတော့သည်။ ဒါပေမဲ့ တောထဲက ဘာသံမှ မကြားရဘဲ ဓါးကိုင်ထားတဲ့ လူငယ်လေးပါ ပြန်မထွက်လာတော့ဘဲ ပျောက်ကွယ်သွားတော့သည်။

ဒီလိုနဲ့ တစ်ပတ်လောက် ကြာတော့  တောအုပ်ထဲမှာ ဓါးကိုင်သော ဘီလူးကြီး တစ်ကောင် သောင်းကျန်း ခြောက်လှန့်နေတော့သည်။ ရွာသားတွေ အားလုံးလည်း အရင်က ရိုးရိုးဘီလူးထက် သိုင်းတတ်တဲ့ ဘီလူး ၊ သိုင်းတတ်တဲ့ ဘီလူးထက် အခု ဓါးကိုင်တဲ့ ဘီလူးကို ပိုပြီးတော့ ကြောက်ရွံ့လာခဲ့ကြရ၏။ ဓါးကိုင်တဲ့ ဘီလူးကလည်း အရင်က ဘီလူးတွေနဲ့ ဘာမှ မဆိုင်အောင် ပိုပြီးတော့ ရက်စက် သတဲ့။ ဒီလိုနဲ့ အချိန်ကာလ တစ်ခုကြာတဲ့ အထိ ဓါးကိုင်တဲ့ ဘီလူးကို ဘယ်သူ့မှ မဆန့်ကျင်ရဲတော့ဘူးတဲ့။

တစ်နေ့ကျတော့ သူတို့ရဲ့ ရွာလေးကို လှံကိုင်ထားတဲ့ လူငယ်လေး တစ်ယောက် ရောက်လာပြန်၏။ သူက လှံသိုင်းပညာရှင်လို့ ဆို၏။ ရွာသားတွေကို နှောက်ယှက်နေသော ဓါးကိုင် ဘီလူးကြီးကို သုတ်သင်မယ်လို့ ကြွေးကြော်သည်။ ပြီးတော့ ဓါးကိုင် ဘီလူးကြီး ရှိရာ တောအုပ်ထဲသို့ နှိမ်နင်းမယ် ဆိုကာ ဝင်သွားလေတော့သည်။ ဒါပေမဲ့ သူဝင်သွားပြီးတော့ ဘာသံမှ မကြားရတော့ဘဲ လှံကိုင်သော လူငယ်လေးပါ ပြန်မထွက်လာတော့ဘူးတဲ့။

ီဒီလိုနဲ့ တစ်ပတ်လောက် ကြာတော့ တောအုပ်ထဲမှာ လှံကိုင်သော ဘီလူးကြီးတစ်ကောင် ပေါ်ထွက်လာပြီးတော့ ရွာသားတွေကို သောင်းကျန်း ခြောက်လှန့် နှောက်ယှက်နေတော့၏။ လှံကိုင်သော ဘီလူးကြီးကလည်း အရင်က ဘီလူး ၊ သိုင်းဘီလူး ၊ ဓါးဘီလူးတွေနဲ့ ဘာမှ မဆိုင်စွာ ပိုပြီးတော့ ရက်စက် ကြမ်းကြုတ်လာသတဲ့။ ဒီိလိုနဲ့ အချိန်ကာလ တစ်ခု ကြာတဲ့ အထိ ထိုလှံကိုင်သော ဘီလူးကြီးကို ဘယ်သူမှ မဆန့်ကျင်ရဲတော့ဘူးတဲ့။

တစ်နေ့ကျတော့ သူတို့ရဲ့ ရွာလေးကို လေးနဲ့မြား ကိုင်ထားသော လူငယ်လေး တစ်ယောက် ရောက်လာခဲ့သည်။ သူက သူက မြားပစ် ဝိဇ္ဇာ ဟု ဆိုသည်။ ရွာသားတွေကို နှောက်ယှက်နေသော လှံကိုင်ထားသော ဘီလူးကြီးကို နှိမ်နင်းမည်ဟု ဆိုသည်။ ထို့နောက် သူ့ရဲ့ လေးနဲ့မြားကို ယူကာ ဘီလူးရှိရာ တောအုပ်ထဲသို့ ဝင်ရောက်သွားလေတော့သည်။ ဒါပေမဲ့ သူ ဝင်ရောက်သွားပြီးတဲ့နောက် ဘာသံမှ မကြားရတော့ဘဲ လေးနဲ့မြား ကိုင်ထားသော လူငယ်လေးပါ ပြန်မထွက်လာတော့ဘူးတဲ့။

ဒီလိုနဲ့ တစ်ပတ်လောက်လည်း ကြာရော တောအုပ်ထဲမှာ လေးနဲ့မြား ကိုင်သော ဘီလူးကြီး တစ်ကောင် ပေါ်ထွက်လာခဲ့သည်။ ထိုလေးနဲ့မြားကိုင်သော ဘီလူးကြီးက အရင်က ရိုးရိုးဘီလူး ၊ သိုင်းကျွမ်းသော ဘီလူး ၊ ဓါးကိုင်သော ဘီလူး ၊ လှံကိုင်သော ဘီလူးတွေထက် ပိုဆိုးလာကာ ပို၍ ရက်စက်လာလေတော့သည်။ ထိုအခါမှာ ရွာသားတွေက ဟိုးအရင်က ဘီလူးပေါင်းများစွာထက် အခု လေးနဲ့မြား ကိုင်ထားသော ဘီလူးကို ပို၍ ကြောက်ရွံလာကြတော့သည်။

ဒီလိုမျိုး အခြေအနေတွေ အချိန်အခါတွေ များစွာ ပြောင်းလဲလာသော အခါမှာ ရွာသားတွေက စဉ်းစားလာကြ၏။ " ငါတို့မှာ ရိုးရိုးဘီလူးကို ကြောက်နေရတဲ့ အထဲ သိုင်းတတ်တဲ့ ဘီလူးက ပေါ်လာလို့ ပိုကြောက်ကြရတယ်။ သိုင်းတတ်တဲ့ ဘီလူးကို နှိမ်နင်းလို့ မရှိတော့ဘူး ဆိုပေမဲ့ ဓါးကိုင်တဲ့ ဘီလူးပေါ်လာလို့ ပိုပြီး ကြောက်ရပြန်တယ်။ ဓါးကိုင်တဲ့ ဘီလူးပျောက်သွားပြန်တော့လည်း ပိုဆိုးတဲ့ လှံကိုင်တဲ့ ဘီလူးပေါ်လာပြန်တယ်။ လှံကိုင်တဲ့ ဘီလူးပျောက်သွားပြန်တော့လည်း အခုဆို အရမ်းဆိုတဲ့ လေးနဲ့မြားကိုင်တဲ့ ဘီလူးပေါ်လာပြန်တယ်။ နောက် . . . ဒီအတိုင်းသာ ဆက်နေရင် ဒီ့ထက် ဆိုးတဲ့ ဘီလူးတွေပဲ ထပ်ပေါ်လာဦးမယ် ထင်တယ်။ ဒါကြောင့် ငါတို့ ရွာသားတွေရဲ့ စည်းလုံး ညီညွှတ်မှုနဲ့ပဲ ဒီလေးနဲ့မြားကိုင်ထားတဲ့ ဘီလူးကို နှိမ်နင်းရမယ်။ "

ဆိုပြီးဆုံးဖြတ်ကာ ရွာသားတွေ စုပေါင်းပြီးတော့ လေးနဲ့မြား ကိုင်ထားတဲ့ ဘီလူးကို နှိမ်နင်းလိုက်တော့သည်။ လေးနဲ့မြား ကိုင်ထားတဲ့ ဘီလူးကို နှိမ်နင်းပြီးလို့ ဘီလူးကြီး သေသွားတော့မှ သူနေထိုင်ရာ ကျောက်ဂူကြီးထဲကို ဝင်ကြည့်လိုက်တော့ ဒီကျောက်ဂူကြီးထဲမှာ ရတနာ ကျောက်သံပတ္တမြားတွေက အပြည့်ပဲကိုး။ ဒီရတနာတွေရဲ့ လောဘနဲ့ လူစင်စစ်ကနေ ဘီလူး ဖြစ်ပြီးတော့ ဒီနေရာက ရတနာတွေကို သူများတွေ လာယူမှာ စိုးသော စိုးရိမ်စိတ်ကြောင့် ရွာသားတွေကို နှောက်ယှက်ကာ ရက်စက်နေကြတော့တာ ဖြစ်တယ် ဆိုတာ ရွာသားတွေ အားလုံး သဘောပေါက်သွားကြတော့၏။

ဒါနဲ့ သေသွားသော လေးနဲ့မြားကိုင် ဘီလူးအလောင်းကို မြေမြှုပ်ပြီးတော့ ကျောက်ဂူထဲမှာ ရှိသော ရတနာတွေကို ခွဲခြမ်းစိတ်ဖြာ သယ်ယူကာ ရပ်ရွာ အတွက် ကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်ကာ ပျော်ရွှင်စရာကောင်းပြီး စိုးရိမ် ထိတ်လန့်ဖွယ် မရှိသော ရွာလေး တစ်ရွာ ဖြစ်လာခဲ့ပါတော့သည်။

ပုံပြင်လေးကတော့ ဒါပါပဲ၊



ဒီပုံပြင်လေးကိုတော့ ငယ်ငယ်တုန်းက အပေါ်မှာ ကျွန်တော် ရေးပြထားတဲ့ အတိုင်း အဲဒီနေရာလောက် အထိပဲ ကျွန်တော် နားထောင်ခဲ့ရပါသည်။ အခုတော့ ဒီပုံပြင်လေးကို ရေးနေရင်းနဲ့ ကျွန်တော် ဆက်စဉ်းစားနေမိ၏။

ထိုပုံပြင်ရဲ့ အဆုံးသတ်မှာလို ကျောက်ဂူထဲက ရရှိလာတဲ့ ကျောက်မြတ်ရတနာတွေကို အညီအမျှ ဝေခွဲ မယူဘဲ သူတို့ရဲ့ ရပ်ရွာလူကြီး ( သို့ ) ခေါင်းဆောင်က လက်ဝါးကြီးအုပ်ကာ လောဘစိတ်နဲ့ ယူဆောင်သွားခဲ့မယ် ဆိုရင် အရင်က လေးနဲ့မြား ကိုင်သော ဘီလူး အပါအဝင် ဘီလူးပေါင်းများစွာထက် ပို၍ ဆိုးသော ဘီလူး တစ်ကောင်များ ထပ်မံ ပေါ်ပေါက် လာလေဦးမလားလို့ ကျွန်တော် ဆက်စဉ်းစား နေမိပါတော့သည်။



ပုံပြင် ( ၂ )

တစ်ခါက . . .

တိုင်းပြည် တစ်ပြည်မှာ အလွန်ဆိုးသော ၊ အလွန်ပင် ရက်စက် ကြမ်းကြုပ်သော ဘုရင် တစ်ပါး အုပ်စိုးသတဲ့။ ထိုဘုရင်က ပြည်သူလူထုရဲ့ လိုအပ်ချက်တွေ ၊ တောင့်တချက်တွေ ၊ မျှော်လင့်ချက်တွေ ၊ တောင်းဆိုချက်တွေကို ဘယ်တော့မှ မဖြည့်ဆည်းပေးတဲ့ အပြင် အမြဲတမ်း လျစ်လျူရှု့နေသတဲ့။

တိုင်းသူပြည်သားတွေ ငတ်မွတ်ခေါင်းပါးလာပြီးတော့ ဆင်းရဲမွဲတေလာမှုကြောင့် လိုအပ်ချက်တွေကို သွားရောက်တောင်းဆိုသူတွေတော့ ရှိခဲ့ဖူးပါ၏။ သို့သော် ဆူပူမှုဖြင့် တိုင်းပြည် မငြိမ်မသက်အောင် လုပ်တယ် ဆိုသော အကြောင်းပြချက်ဖြင့် ထိုသို့ တောင်းဆိုသူများကို ဖမ်းဆီးလိုက်လေ့ရှိသည်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာလေတော့ လိုအပ်ချက်ကို တောင်းဆိုရဲသူက တောင်းဆိုလိုက် ဘုရင်က ဖမ်းဆီးလိုက် ဆိုတာကြောင့် ဘယ်သူမှ မတောင်းဆိုရဲကြတော့ဘူး။ တောင်းဆိုသမျှ လူတွေ အားလုံးကလည်း ဖမ်းဆီးခံကြရတာကိုး။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ ထပ်ကြာအောင် သူတို့ ငတ်မွတ်စွာ ၊ ဆင်းရဲစွာ ထပ်နေကြရ၏။ ဒါပေမဲ့ တစ်နေ့တော့ သူတို့ထဲက တစ်ယောက်သော ခေါင်းဆောင်က အကြံ တစ်ခု ရ၏။ ဒီအကြံက သူတို့ရဲ့ လိုအပ်ချက်တွေကို ဘယ်လိုမှ တောင်းဆိုလို့ မရတဲ့ ဒီဘုရင်ကို မြန်မြန်သေအောင်လို့ သူတို့ အားလုံး စုပေါင်းက စိတ်ညွှတ်ပြီးတော့ ဆုတောင်းကြမယ် လို့ အဆိုတင်သွင်းသည်။ အားလုံးသော သူတွေကလည်း ဘုရင်ကို မုန်းတီးနေတာ ဆိုတော့ သူ့ရဲ့ အကြံအစည်က အထမြောက်သွားလေသည်။

ဒါနဲ့ တိုင်းသူပြည်သားတွေဟာ မြို့ထဲ ရပ်ကွက်ထဲမှာ ပေါ်ပေါ်တင်တင် လုပ်လို့ မရတဲ့ အတွက် ရွာတစ်ရွာရဲ့ အနောက်ဘက်မှာ ရှိတဲ့ ဝေးလံခေါင်ပါးသော အရပ်ဒေသမှာ ရှိတဲ့ ကျောက်ဂူကြီး တစ်ဂူထဲမှာ တိတ်တဆိတ် ကျင်းပကြသည်။ တိတ်တဆိတ်လို့ ဆိုရတာကတော့ အားလုံးက အသံပြိုင်နဲ့ " ရှင်ဘုရင်ကြီး သေပါစေ " လို့ အော်ဟစ် ဆုတောင်းနေမယ် ဆိုရင် သူတို့အားလုံး အသံက ဟိန်းထွက်လာပြီးတော့ ကျောက်ဂူ အပြင်ဘက် အထိ ရောက်ပြီးတော့ ဘုရင့်ရဲ့ ဘက်တော်သားတွေ ကြားသိကာ သူတို့ အားလုံး ဖမ်းဆီးခံရကာ ဒုက္ခ ရောက်ကုန်မှာ စိုးလို့ပဲ ဖြစ်၏။

ဒါကြောင့် သူတို့ဟာ မဖြစ်မနေ အနေနဲ့ တစ်ပတ်ကို တစ်ကြိမ် ၊ အားလပ်သူများက တစ်ပတ်ကို နှစ်ကြိမ် ၊ ဒီထက် အားလပ်သူများကတော့ တစ်ပတ်ကို သုံးကြိမ် ၊ အလုပ်အကိုင် မရှိသော သက်ကြီးရွယ်အိုတွေကတော့ နေ့စဉ် ကျောက်ဂူထဲကို သွားရောက်ကာ " ဘုရင်ကြီး သေပါစေ " လို့ ရွတ်ဆိုကာ ဆုတောင်းကြသည်။ သူတို့မှာ ဒီလို လူမသိအောင် ကျိတ်ဆုတောင်းရုံက လွဲပြီး တခြား ဘယ်နည်းနဲ့မှလည်း ဖြေရှင်းစရာ နည်းလမ်း မရှိခဲ့ကြဘူး မဟုတ်လား။

ဒီလိုနဲ့ နေ့ရက်မှာ လပြောင်း ၊ လမှ နှစ်ကူး လာခဲ့၏။ အစ ပထမကတော့ သူတို့ရဲ့ ရင်တွင်း ခံစားချက်များကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ခြင်း မလုပ်နိုင်လို့ သူတို့ဟာ ကျောက်ဂူထဲမှာ လွတ်လပ်တိတ်ဆိတ်စွာ ဆုတောင်းပြီး ကျိန်စာ တိုက်နေခဲ့ကြခြင်း ဖြစ်ပေမဲ့ လူတွေ အားလုံး တညီတညွှတ်ထဲ လေးနက်စွာ ဆုတောင်းနေကြလို့ စူးရှသော မေတ္တာ သက်ရောက်ကာ ပို၍ ထက်မြက်လာခဲ့လေတော့သည်။ ဘာလို့လဲ ဆိုတော့ သိပ်မကြာခင် အချိန်မှာ သူတို့ နိုင်ငံက ဘုရင်ကြီးဟာ လူကောင်း ပကတိကနေ ရုတ်တရက် သေဆုံး သွားခဲ့သည်။

ဘုရင်ကြီး သေဆုံးသွားတယ် ဆိုတဲ့ သတင်းလည်း ကြားရော ကျောက်ဂူထဲမှာ တိတ်တဆိတ် ဆုတောင်းပြီး ကျိန်စာ တိုက်နေခဲ့ကြသော တိုင်းသူပြည်သား များစွာ လမ်းမပေါ် တက်ပြီး ပျော်ရွှင်စွာနဲ့ ကခုန်ကြ၏။ သူတို့ကို ဆိုးသွမ်းစွာ ၊ ယုတ်မာစွာ အုပ်ချုပ်နေခဲ့သော ဘုရင်ကြီး သေဆုံးကာ အခုဆို သူတို့မှာ နောက်တက်မည့် ဘုရင်ကြောင့် အေးချမ်းစွာ နေကြရတော့မယ် လို့ သူတို့ မျှော်လင့်လိုက်လို့ပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ မျှော်လင့်ချက် မှားသွားခဲ့သည်။ နောက်ထပ် တက်လာသော ဘုရင်က အရင်က သေဆုံးသွားသော ဘုရင်ထက် လွန်စွာမှ ဆိုးသွမ်းနေလေသည်။

လိုအပ်ချက်တွေ အတွက် တောင်းဆိုတဲ့ တိုင်းသူပြည်သားတွေကို ဖမ်းဆီးရုံတင် မကဘူး။ ကြီးစွာသော အပြစ်ဒဏ်တွေကိုပါ ပေး၏။ ဆူပူသော တိုင်းသူပြည်သားတွေကိုလည်း ရက်စက်စွာ နှိပ်ကွပ်၏။ ဒီလိုနဲ့ ပို၍ ဆိုးသော မင်းတစ်ပါးကို တိုင်းသူပြည်သားတွေ ရရှိခဲ့လေတော့သည်။ ဒီတော့ သူတို့ ဟိုးအရင်တုန်းကလိုပဲ ကျောက်ဂူကြီးထဲကို သွားကာ တိတ်တဆိတ်နဲ့ နောက်ထပ်လာတဲ့ ဘုရင် မြန်မြန်သေအောင် ဝိုင်းပြီးတော့ ဆုတောင်းကြ၏။ သူတို့ရဲ့ ဝိုင်းဝန်း ဆုတောင်းကြတဲ့ စိတ်ဓါတ် ၊ မေတ္တာ အစွမ်းက ကြီးမားတာလား မပြောတတ်ပါ။ နောက်တက်လာတဲ့ ဘုရင်က သိပ်ကြာကြာ ထီးနန်းမှာ မစံစားလိုက်ရဘဲ ဘာရောဂါမှ မရှိဘဲ သေဆုံးသွာ၏။

အခုလို နောက်တက်လာတဲ့ ဘုရင်လည်း ရုတ်တရက် သေဆုံးသွားတော့ တိုင်းသူပြည်သားတွေက ဒါဟာ သူတို့ အားလုံး တညီတညွှတ်တည်း ဝိုင်းဝန်း ဆုတောင်းကြလို့ ဆိုတာကို ပို၍ လက်ခံလာကြ၏။ သူတို့ ပျော်ရွှင်စွာ နေမယ် လို့ စဉ်းစားနေစဉ်မှာပဲ နောက်ထပ် ဘုရင် တစ်ပါးက နန်းတက်လာလေသည်။ ထိုဘုရင်သည် ဟိုးအရင်က ဘုရင်တွေထက် ပို၍ ရက်စက် ကြမ်းကြုပ်လာ၏။ ပို၍ အညှာအတာ ကင်းမဲ့လာ၏။ ထို့ပြင် သူက တိုင်းပြည် အုပ်ချုပ်နေသော ဘုရင်သေအောင်လို့ တိုင်းသူပြည်သားတွေ စုပြီး ဆုတောင်းရွတ်ဆိုနေတာကို သိနေလေသည်။

ထို့ကြောင့် သူက ဘုရင် ဖြစ်လာနဲ့ တပြိုင်နက် သူ့ကို သေပါစေ ဆိုပြီးတော့ ရွတ်ဆို ဆုတောင်းနေသော နေရာများကို စုံစမ်းကာ ပြင်းထန်စွာ အရေးယူလေတော့သည်။ ဒီတော့ တိုင်းသူပြည်သားတွေမှာ ပို၍ လုံခြုံသော နေရာကို ရှာဖွေကာ ဘုရင် မသိနိုင်သော အခြေအနေကျမှ ဆုတောင်းရလေတော့သည်။ ထိုသို့ ဘုရင်က ပို၍ ဆိုးလာသလို ၊ တိုင်းသူပြည်သားတွေကလည်း ဘုရင့် အပေါ်မှာ ပို၍ မုန်းတီးလာကြလေတော့သည်။ သူတို့မှာ တခြားလည်း လုပ်စရာ မရှိ ၊ လုပ်လို့လည်း မရတဲ့ အတွက် . . . သူတို့ လုပ်ခွင့် ရသော ဆုတောင်းခြင်း တစ်မျိုး ဖြစ်သော ဘုရင် မြန်မြန်သေပါစေ ဆိုတဲ့ ဆုတောင်းခြင်းကိုသာ ပို၍ စူးစိုက်စွာ လုပ်ဆောင် ကြလေတော့သည်။

ဒီလိုနဲ့ တိုင်းသူပြည်သားတွေရဲ့ ချစ်ခင်မှု ဆိုသော မေတ္တာစိတ်ကို မရဘဲ ၊ မုန်းတီးမှု ဆိုသော ကျိန်စာတွေသာ ရသော ဘုရင်ဟာလည်း သိပ်ကြာကြာ မခံဘဲ ဘာရောဂါမှ မရှိလျက် ရုတ်တရက် သေဆုံးသွားပြန်လေတော့သည်။ ဒီအချိန်မှာတော့ သူတို့ရဲ့ ရွတ်ဆို ဆုတောင်းပွဲဟာ တိုင်းပြည်မှာ လွန်စွာမှ ထင်ပေါ်ကျော်ကြားနေခဲ့ပြီ။ နောက်တက်လာမဲ့ ဘုရင်ကလည်း ဒီအကြောင်းကို ကြားသိထားခဲ့ပြီးသား ဖြစ်၏။ ဒီတော့ သူကလည်း သူ ဘုရင် ဖြစ်လာတာနဲ့ တပြိုင်နက် သူ့ကို သေပါစေ ဆိုပြီးတော့ ရွတ်ဆို ဆုတောင်းလို့ မရအောင် ပိုပြီးတော့ ရက်စက်စွာ နှိမ်နင်းလေးတော့သည်။ ဆုတောင်းပွဲ ရှိနေသော နေရာတွေကို စုံစမ်းကာ နှိမ်နင်း၏။ ဖမ်းဆီး၏။ အကျဉ်းချလေသည်။

ဒီလိုနဲ့ နောက်တက်လာသော ဘုရင်က ပိုပြီး ပိုပြီး ရက်စက် လာလေတော့သည်။ ဒါပေမဲ့ ဆုတောင်းသူများကလည်း ပို၍ လုံခြုံသော နေရာကို ရှာဖွေကာ ဆုတောင်းလျက် ၊ ကျိန်စာ တိုက်လျက်ပါပဲ။ လူထု အပေါင်းရဲ့ ကျိန်စာကို ခံစားရသော ဘုရင် ခဗျာမှာလည်း ရေရှည် သက်ဆိုး မရှည်နိုင်ဘဲ ဘာရောဂါမှ မရှိလေဘဲ ရုတ်တရက် မေတ္တာစူးကာ သေဆုံးရပြန်လေသည်။ ထို့နောက် ဒီထက် ဆိုးသော ဘုရင် တစ်ပါး နန်းတတ်လာလေတော့သည်။ ဒီတော့ တိုင်းသူပြည်သားတွေကို ပို၍ ရက်စက်စွာ နှိမ်နင်းပြန်လေသည်။ ပြည်သူတွေကလည်း ကျိန်စာတိုက်ကြပြန်သည်။

ဒီလိုနဲ့ ဘုရင် အသစ်တစ်ပါးပြီး တစ်ပါး တတ်လာလိုက် ၊ တက်လာသော ဘုရင် အသစ်ကလည်း ဟိုးအရင်က ဘုရင်တွေထက် ပို၍ ဆိုးလာကာ ပို၍ ရက်စက်လာလေတော့သည်။ ဒီမှာ တိုင်းသူပြည်သားတွေကလည်း ကျိန်စာ တိုက်လိုက်နဲ့ သူတို့ လုံးလည် ချာလည် လည်နေလေတော့သည်။

ဒီနေ့တော့ တိုင်းပြည်မှာ လေးစားရသော ဘုန်းတော်ကြီး တစ်ပါးက အကြံကောင်း တစ်ခုကို ရလေ၏။ သူ့အကြံကောင်းကို အကောင်အထည်ဖော်ဖို့ သူ့ရဲ့ ဒကာတွေကို ဖိတ်ခေါ်ကာ အေးဆေးစွာ ပြောပြလေသည်။ ပထမတော့ သူ့ရဲ့ ဒကာတွေက လက်မခံပေ။ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့လည်း ဆိုကြ၏။ နောက်တော့ ဘုန်းတော်ကြီးရဲ့ ဆိုလိုရင်းကို သဘောပေါက်ကာ ဘုန်းတော်ကြီး ပြောဆိုတဲ့ အတိုင်း လိုက်နာကာ ကျင့်သုံးပါမည် ဟု ဝန်ခံ ကတိပြုလိုက်လေတော့သည်။

ဘုန်းတော်ကြီးရဲ့ အတွေးက ထူးခြားတယ် မဟုတ်ပေမဲ့ ဆန်းကြယ်မှုတော့ ရှိ၏။ တိုင်းသူပြည်သားတွေ ဘုရင် အဆက်ဆက် ဆိုးလွန်းလို့ ဆိုကာ မြန်မြန်သေကြေအောင် ဆုတောင်းကျိန်စာတွေ တိုက်ခဲ့ကြ၏။ ထိုသို့ လုပ်ခဲ့တဲ့ အတိုင်းလည်း ထိရောက်စွာ ထိုဘုရင်တွေသည် လျင်မြန်စွာ နန်းသက် မကြာဘဲ သေဆုံးခဲ့ကြရသည်။ ထိုသို့ ကျိန်စာ တိုက်ခြင်းတွေ ဘုန်းတော်ကြီးတွေ မပါပေမဲ့ ကန့်ကွက်ခြင်းတော့ မရှိခဲ့။ သေဆုံးသွားသော ဘုရင့် နေရာမှာ နောက်ထပ် တက်လာသော ဘုရင်က ရှေ့က ဘုရင်ထက် ပို၍ သာလွန်ကာ ဆိုးသွမ်းနေလေသည်။ ဒီတော့ တိုင်းသူပြည်သားတွေ ဒီဘုရင် သေအောင် ထပ်ကျိန်စာ တိုက်ကြပြန်လေတော့သည်။

ဒီလိုနဲ့ ဘုရင် အသစ်သေလိုက် ၊ နောက်ထပ် အသစ်တက်လာလိုက် ၊ တတ်လာတဲ့ ဘုရင်က အရင် ဘုရင်ထက် ဆိုးနေလိုက် ၊ တိုင်းသူပြည်သားတွေ ကျိန်စာတိုက်လိုက် ၊ သေဆုံးသွားလိုက် ၊ နောက်ထပ် အသစ် တတ်လာလိုက် ၊ တတ်လာတဲ့ ဘုရင် အသစ်ကလည်း အရင်က ဘုရင်တွေထက် ဆိုးလာလိုက်နဲ့ ငါတို့ လုံးလည် ချာလပတ် ရမ်းနေခဲ့ရပြီ။ အခုတော့ ဒကာတို့ ဒီလို မလုပ်သင့်တော့ဘူး ဟု ဘုန်းတော်ကြီးက ဆို၏။ အခု လက်ရှိ ဘုရင်ကို မကောင်းဘူး ဆိုကာ ကျိန်စာတိုက်တယ် ဆိုပါစို့။ ဒီဘုရင်က သေဆုံးပြီး နောက်ထပ် တတ်လာသော ဘုရင်က ပို၍ ဆိုးနေမည် ဆိုပါက ဒကာတို့ရဲ့ လိုအပ်ချက် ဖြစ်သော ဘုရင်ကောင်း ဆိုတာကို ဘယ်မှာ ရလာပါတော့မည်နည်း။

ဒါကြောင့် လုပ်သင့်တာက အခု လက်ရှိ ဘုရင်သာ သေသွားပြီး နောက်ထပ် ပိုဆိုးသော ဘုရင်သစ် တတ်မလာလေအောင် လက်ရှိ ဘုရင်ကိုပဲ အကောင်းဘက်ကို ပြောင်းလဲနိုင်အောင် အသက်ရှည်စေဖို့ ဝိုင်းပြီး ဆုတောင်းပေးရင် မကောင်းဘူးလား ဟု ဘုန်းတော်ကြီးက မြိန့်ကြားလေသည်။ အစ ပထမမှာ တိုင်းသူပြည်သားတွေက လက်မခံ ၊ မဖြစ်နိုင်ဘူးဟု ဆိုပေမဲ့ သူတို့လည်း သိတော့ သိနေခဲ့ပြီ။ ဒါနဲ့ နောက်ဆုံးမှာ ဘုန်းတော်ကြီး ပြောတဲ့ အတိုင်း လက်ခံပြီး သူတို့ ရွတ်ဆိုကာ " ဘုရင် မြန်မြန် သေပါစေ " ဆိုတဲ့ ကျိန်စာ အစား ၊ " ဘုရင် သက်တော် ရာကျော် ရှည်ကာ ကျန်းမာပါစေ ၊ ပြည်သူလူထုကို စောင့်ရှောက်ပါစေ။ " ဆိုတဲ့ ဆုတောင်းကို ပြောင်းဆုတောင်းခဲ့ကြသည်။

ဒီအချိန်မှာတော့ နောက်ထပ် တတ်လာတဲ့ ဘုရင်ကြီးက သူ့အပေါ်မှာ တိုင်းသူပြည်သားတွေ ဟိုးအရင်က ဘုရင်တွေလိုပဲ " မြန်မြန်သေပါစေ " လို့ပဲ ဆုတောင်းနေမယ် လို့ ထင်နေခဲ့ပြီး သူလည်း ကျိန်စာ သင့်ကာ မြန်မြန်သေတော့မှာပဲ လို့ ထင်နေခဲ့၏။ ဒါကြောင့် တိုင်းသူပြည်သားတွေ ကျိန်စာတိုက်မဲ့ နေရာတွေကို စုံစမ်းနေခဲ့၏။ စုံစမ်းလို့ ရသမျှ နေရာတွေကိုလည်း ဆက်လက် ဆုတောင်းလို့ မရအောင် နည်းမျိုးစုံနဲ့ နှောက်ယှက် ဟန့်တားသည်။ ဒီလိုနဲ့ လပေါင်း အတော် ကြာတဲ့ အထိ ဘုရင်ကြီး မသေဆုံးပေ။ သူ့အရင်က ဘုရင်တွေ ဆိုရင် လ အနည်းငယ်သာ ဘုရင်အဖြစ် စံစားရကာ သေဆုံး ကြရလေသည်။ အခုတော့ လမှ နှစ်တောင်မှ ကူးတော့မည် သူ ဘာဆို ဘာမှ မဖြစ်။

ဒီအချိန်မှာတော့ တိုင်းသူပြည်သားတွေဟာ ဘုန်းတော်ကြီးရဲ့ ဆိုဆုံးမမှု အောက်မှာ အားလုံး တညီတညွှတ်တည်း ဘုရင်ကို သေပါစေ ဆိုပြီး ကျိန်စာ မတိုက်တော့ဘဲ ၊ ဘုရင်ကြီး အသက်ရှည်ပါစေ ၊ ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါစေ ဟုသာ ဆုတောင်းမေတ္တာ ပို့နေခဲ့ကြတော့သည်။ အချိန်ကြာလာတာနှင့်အမျှ တိုင်းသူပြည်သားတွေရဲ့ မေတ္တာပို့မှုကလည်း ပိုပြီးတော့ အင်အား ကောင်းလာခဲ့၏။ ဘုရင်ကြဲီး လအနည်းငယ်နဲ့ မသေရုံမက နှစ်စွန်းတောင်မှ ဘာဆို ဘာမှ မဖြစ်။ ကျန်းမာလျက်ပါပဲ။ ဒီအချိန်မှာ ဘုရင်ကြီးက အတော်ကို အံ့သြလျက် ရှိနေခဲ့ပြီ။

ဘာလို့လဲ ဆိုတော့ သူ စုံစမ်းခိုင်းလို့ တိုင်းသူပြည်သားတွေ ဟိုးအရင်ကလို ဆုတောင်းပွဲတွေ လုပ်နေတုန်း ဆိုတာကိုလည်း သတင်းက ရ၏။ ထိုဆုတောင်းပွဲတွေမှာ ဘာတွေ ဆုတောင်းနေတယ် ဆိုတာ သူက မသိပေမဲ့ သူ့အထင်တော့ " ဘုရင် မြန်မြန်သေပါစေ " လို့ဆိုတောင်းနေတာပဲ ဖြစ်ရမည် ဟု သူက ထင်၏။ ဒါကြောင့် ထိုဆုတောင်းပွဲတွေ မလုပ်ဖြစ်အောင် သူ နည်းမျိုးစုံနဲ့ နှောက်ယှက်ဟန့်တားလေ့ ရှိသည်။ အခုတော့ ဒီလို ဆုတောင်းပွဲတွေ တိုင်းသူပြည်သားတွေ လုပ်နေရင်းနဲ့ကို သူ အသက်မသေ ၊ အသက်ရှည်ကာ ကျန်းမာလျက် ရှိနေလေသည်။

ဒါဆို တိုင်းသူပြည်သားတွေ ဘာတွေကိုများ ဆုတောင်းနေကြသလဲ လို့ သူ သိချင်လာသည်။ ဒါကြောင့် တစ်ညသော အခါမှာ ဘုရင်ကြီးဟာ သူ့ရဲ့ လူယုံနဲ့ အတူ ရုပ်ဖျက်ကာ တိုင်းသူပြည်သားတွေ လျှို့ဝှက်စွာ ဆုတောင်းသော ဆုံရပ်နေရာကို တိတ်တဆိတ် စုံစမ်းကာ သာမာန်လူ အသွင်ဖြင့် သွားရောက်လေတော့သည်။ တိုင်းသူပြည်သားတွေ ဆုတောင်းနေသော နေရာကို ရောက်တော့ သူ့အထင်ထက် လွန်စွာမှ များပြားသော ဆုတောင်းနေသူတွေကို မြင်ရလေတော့သည်။ သူကလည်း ရောယောင် လိုက်ပါသွားကာ ဆုတောင်းသူ လိုလိုဖြင့် အထဲကို လိုက်ဝင်သွားလေတော့သည်။

အထဲကို ရုပ်ဖျက်ထားသော ဘုရင်ကြီး ရောက်သွားတော့ ဆုတောင်းနေသူများ၏ အသံများကို ကြားရလေတော့သည်။ တကယ်တော့ ဆုတောင်းနေသူများက တီးတိုး ရွတ်ဆိုကြခြင်းမျှသာ ဖြစ်၏။ သို့သော် လူပေါင်းများစွာရဲ့ ရွတ်ဆိုမှု ဆိုတော့ အသံတွေကို ထင်ရှားစွာ ကြားရလေတော့သည်။

" တိုင်းပြည်ကို အုပ်ချုပ်နေသော ဘုရင်ကြီး ကျန်းမာပါစေ ၊ ချမ်းသာပါစေ ၊ ပြည်သူ လူထုရဲ့ အကျိုးကို သယ်ပိုးနိုင်ပါစေ။ "

ဆိုသော အသံကို ဘုရင်ကြီး လုံးဝ မမျှော်လင့်ထားဘဲ ကြားလိုက်ရလေတော့သည်။ ဒီအသံကို ကြားလိုက်ရတော့ ဘုရင်ကြီးရဲ့ စိတ်ထဲမှာ နွေးခနဲ ဖြစ်သွားကာ ခေါင်းထဲမှာလည်း မိုက်ခနဲ ခံစားလိုက်ရသည်။ သူ့ရဲ့အထင်မှာ တိုင်းသူပြည်သားတွေက သူ့ကို သေပါစေ ဆိုကာ ကျိန်စာ တိုက်နေမယ် လို့ သူက ထင်ထားခဲ့ပေမဲ့ တကယ်တော့ တိုင်းသူပြည်သားတွေက သူ့ကို ဆုတောင်းမေတ္တာ ပို့သနေခဲ့ကြတာ မဟုတ်ပါလား။

အထင်နဲ့ အမြင် လွဲမှားမှုကို လက်တွေ့ မြင်ခဲ့ရသော ဘုရင်ကြီးဟာ အပြန်လမ်း တလျှောက်မှာ များစွာသော အတွေးတွေနဲ့ နန်းတော်ကို ပြန်လာခဲ့၏။ ငါကသာ ငါ့အပေါ်မှာ ကျိန်စာ တိုက်နေမှာပဲ ဆိုပြီးတော့ တားဆီးခဲ့တဲ့ ဆုတောင်းပွဲတွေမှာ သူတို့က တကယ်တော့ ငါ့အပေါ်မှာ ဆုတောင်းမေတ္တာပို့သနေတာပါလား။ ငါကသာ သူတို့ကို နှိပ်ကွပ်နေတာ တကယ်တော့ သူတို့က ငါ့ကို ကောင်းကျိုးလုပ်ပေးဖို့ ဆုတောင်းနေကြတာပါလား ဆိုတဲ့ အသိတွေ ၊ နောင်တတွေနဲ့ ပြန်လာခဲ့သည်။

ဒီလိုစိတ်ကူးတွေနဲ့ အသိတရားတွေ ရသွားခဲ့တဲ့ ဘုရင်ကြီးဟာ နောက်နေ့ မနက်မိုးလင်းတယ် ဆိုတာနဲ့ တပြိုင်နက် သူ့ရဲ့ တိုင်းပြည်မှာ ရှိသော တိုင်းသူပြည်သားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာ မက ဆုတောင်းရွတ်ဆိုပွဲများ ၊ လိုအပ်ချက်များကို လာရောက်တောင်းဆိုပွဲများကို လွတ်လပ်စွာ ပြုလုပ်ခွင့်ပေးပြီးတော့ တိုင်းသူပြည်သားတွေရဲ့ တကယ့် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးကာ ပျော်ရွှင်စွာနဲ့ တိုင်းသူ ပြည်သားတွေ ချစ်သော ဘုရင် တစ်ပါး အဖြစ်နဲ့ နှစ်ပေါင်းများစွာ စိုးစံရင်း အသက်ကြီးရင့်ထိတိုင်အောင် အုပ်ချုပ်ကာ မင်းလုပ်သွားခဲ့ရလေတော့သည်။

ဒီဘုရင်ကြီးကို အတုယူပြီးတော့ နောက်ထပ် တတ်လာတဲ့ ဘုရင်တွေ အားလုံးကလည်း ဒီဘုရင်ကြီး အတိုင်းပဲ ဆက်လက် တိုင်းသူပြည်သားတွေရဲ့ ဆုတောင်းမှုတွေကို လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပေးပြီးတော့ ၊ တိုင်းသူပြည်သားတွေရဲ့ ရင်တွင်းအသံတွေကိုလည်း နားထောင်ကာ ဖြည့်ဆည်းပေး၍ ကောင်းမွန်စွာ အုပ်ချုပ်ပေးနေလေတော့သည်။

အဲဒီအချိန်မှာတော့ တိုင်းသူပြည်သားတွေရဲ့ စုပေါင်းရွတ်ဆိုကာ ဆုတောင်းတဲ့ ဆုတောင်းကတော့  . . . .

" ဘုရင်မင်းကြီး ကျန်းမာ ချမ်းသာပါစေ ၊ အသက်ရှည်ပါစေ ၊ တိုင်းပြည်ရဲ့ အကျိုးကိုလည်း တိုးတတ်အောင် ဆောင်ရွက်နိုင်ပါစေ။ "

ဆိုသော သံပြိုင်ရွတ်ဆိုသံများပဲဖြစ်ပါတော့သည်။

ပုံပြင်လေးကတော့ ဒါပါပဲ။



ဒီပုံပြင်လေးကိုတော့ ငယ်ငယ်တုန်းက အပေါ်မှာ ကျွန်တော် ရေးပြထားတဲ့ အတိုင်း အဲဒီနေရာလောက် အထိပဲ ကျွန်တော် နားထောင်ခဲ့ရပါသည်။ အခုတော့ ဒီပုံပြင်လေးကို ရေးနေရင်းနဲ့ ကျွန်တော် ဆက်စဉ်းစားနေမိ၏။

ဒီလို ဘုရင်မျိုးသာ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိနေခဲ့မယ် ၊ ရှိနေခဲ့တယ် ဆိုရင်ပေါ့လေ။ ကျွန်တော်တို့ တိုင်းသူပြည်သားတွေရဲ့ ရင်ထဲက တကယ်ကို ရွတ်ဆိုချင်နေတဲ့ အသံတွေကို ဒီလို တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဘုရင်ကြီး ပြည်သူတွေထဲ အထိ ရုပ်ဖျက်ဝင်ရောက်ကာ လာရောက် နားထောင်နိုင်ပါစေ . . . လို့သာ။



ကျွန်တော် ငယ်ငယ်တုန်းက နားထောင်ခဲ့ရသော ပုံပြင်လေးတွေပါ။ အခုလို အရွယ်မှာ ပြန်လည် တွေးကြည့်တော့ ထပ်ပြီးတော့ ကွန့်ချင်သော အကြောင်းအရာလေးတွေ ပေါ်လာမိ၏။ ဒါကလည်း ကောင်းစေချင်တဲ့ စိတ်စေတနာနဲ့ပါ။ အခြေအနေ ပေးရင် တခြားသော ပုံပြင်လေးတွေ ဆက်ရေးပါဦးမယ်။ ဖြစ်နိုင်မယ် ဆိုရင်ပေါ့ . . . ဒီပုံပြင်လေးတွေကို ကလေးတွေရဲ့ စိတ် ၊ နား ၊ ရင်ထဲ ရောက်အောင် " ကြုံရင် ပုံပြင် အဖြစ်နဲ့ ပြောပြပေးပါ။ "


ဘာလိုလိုနဲ့ ကျွန်တော် စုထား ၊ စိတ်ကူးပုံဖော်ထားတဲ့ ပုံပြင်လေးတွေကို " ကြုံရင် ပုံပြင် ပြောပါ " ခေါင်းစဉ် အောက်မှာ ရေးခဲ့တာ အခုဆို နံပါတ် ( ၅ ) တောင်မှ ရောက်လာခဲ့ပြီ။ အားပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ အရင်က ပုံပြင်လေးတွေကို ဆက်ဖတ်ချင်ရင် - 







လေးစားစွာဖြင့်
ကိုဇော်
23-Jan-2012

Share/Bookmark

15 January 2012

12 ဝိုင်းတွေးကြည့်ရအောင်


လေးစားရပါသော စာဖတ်သူများ ခင်ဗျာ။

၁၂ ရက်နေ့က ကျွန်တော် စာရေးနေပါသေးတယ်။ ဒါပေမဲ့ ရေးနေရင်း ရင်ခုန်စရာ သတင်းကို ကြားပြီးတော့ ဖြစ်မှ ဖြစ်ပါ့မလား ဆိုတဲ့ အတွေး ၊ ဖြစ်များ ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးတွေကြောင့် စာလည်း ဆက်မရေးနိုင်တော့ပါဘူး။ မောတာ နဲ့ ပျော်တာ ရောသွားတယ် ဆိုပါတော့ဗျာ။ ဒါနဲ့ပဲ နောက်နေ့ ၁၃ ရက်လည်း ရောက်ရော ကိုယ့်အမျိုးတွေ မပါဘဲနဲ့ကို အလွန်ကို ပျော်သဗျာ။ ဝမ်းလည်း လွှတ်သာတယ်။ 

ဒါနဲ့ပဲ ဒီနေ့ အထိ စာရေးဖို့ ပြန်ပျင်းသွားပြန်ရော ဆိုပါတော့။ ဒါပေမဲ့ ဒီနေ့တော့ ပျော်စရာ နှစ်သစ်ကူးပြီး ပျော်စရာ သတင်းတွေ ကြားအပြီးမှာ ရယ်စရာ ပျော်စရာလေး ဖြစ်အောင် " ပုံအတွေး " ပုံလေး တစ်ပုံကို တင်လိုက်ပါတယ်။ ဒီပုံလေးကို ကြည့်ပြီးတော့ လွတ်နေတဲ့ စာနေရာမှာ ဘာဖြည့်ရေးရင် ကောင်းမလဲလို့ ဝိုင်းတွေးကြည့်ရအောင်ဗျာ။ 

အပျော်ပေါ့။ 

ဒါပေမဲ့ ဒီလို ကိုယ်တွေးလိုက်တဲ့ အပျော် အတွေးလေးက မြန်မာနိုင်ငံမှာ မတ်လဆိုရင် သုံးသိန်းကျပ်နဲ့ ရောင်းမဲ့ စီမံချက်အစား မြန်မာနိုင်ငံသား အားလုံး လွယ်ကူစွာ သုံးစွဲ ဝယ်ယူနိုင်သော ၅၀၀၀ ကျပ်တန် ဟန်းဖုန်း စီမံချက် အတွက် အထောက်အကူသာ ဖြစ်လာခဲ့မယ် ဆိုရင် အခုလို တွေးရ ရေးရတာလေးက ပျော်စရာလေး အပြင် ပီတိလေးပါ ဖြစ်လာရမှာပေါ့ဗျာ။ 

ဒီပို့စ်လေးရဲ့ ခေါင်းစဉ် " ဝိုင်းတွေးကြည့်ရအောင် " ဆိုတာလေးကို ထပ်နှိပ်လိုက်ပါ။ ဒါဆိုရင် ပို့စ်ရဲ့ အောက်ခြေမှာ " x ရဲ့ ထင်မြင်ချက် " ဆိုတာလေးကို နှိပ်ပြီးတော့ Comment ရေးပြီး အတွေးလေးကို ထားခဲ့နိုင်သလို ၊ ပို့စ်ရဲ့ အောက်ခြေမှာ ပေါ်လာသော Facebook Plus In Comment Box လေးမှာလည်း ရေးထားခဲ့လို့ ရပါတယ်။ 

ပျော်စရာ အတွေးလေးပေါ့ဗျာ။ အမှတ်တရလေး ရေးခဲ့ကြပါဦး။

 


ဒီပုံလေးရဲ့ မူရင်း ကာတွန်း ဆရာက " ဟာကျူလီ " လို့ သိရပါတယ်။ သူ့ဆီကနေ တိုက်ရိုက် ခွင့်တောင်းထားခြင်း မရှိပါဘူး။ Facebook ကနေ ကျွန်တော် ယူတင်လိုက်တာပါ။

လေးစားစွာဖြင့်
ကိုဇော်
15-Jan-2012
Share/Bookmark

06 January 2012

17 " ယုံကြည်ချက် " ဆိုသော စကားလုံး တစ်လုံးအကြောင်း



နိဒါန်း

ကျွန်တော်တို့ ရပ်ကွက်ကို " လှတောသား ရပ်ကွက် " လို့ ခေါ်ရမလား ၊ " ပခန်းသား ရပ်ကွက် " လို့ ခေါ်ရမလား ၊  ဒါမှမဟုတ် " ချီပါသား ရပ်ကွက် " လို့ ခေါ်ရမလား ၊ ဒါမှမဟုတ် " စကားတောင်စား ရပ်ကွက် " လို့ ခေါ်ရလေမလားပါပဲ။ စကားကပ်သပ်ပြောတာတို့ ၊ အသစ်အဆန်း လုပ်ပြောတာတို့ ၊ စကားကို ပုံပမာပြုပြောတို့ အရမ်းကို ခုံမင်ကြပါသည်။ ကျွန်တော် ဥပမာလေးတွေနဲ့ ပြောပြပါမည်။



ရပ်ကွက်တွေတိုင်းမှာ သာမာန်အားဖြင့် ရှိကြသလို ကျွန်တော်တို့ ရပ်ကွက်ထဲမှာလည်း ဇယ်တောက်ခုံဝိုင်းတို့ ၊ အံစာဝိုင်းတို့ ၊ ဂေါ်လီ အနီးအဝေး ပစ်တမ်းတို့ ၊ ဒိုးဇက် ဆက်နည်းတို့ ခြိမ့်ခြိမ့်သဲသဲ ရှိပါသည်။ အားကြိုးမာန်တတ်ကို ကစားကြခြင်း ဖြစ်သည်။ ဒီလိုပဲ အားကစားနဲ့ ပတ်သက်ပြီး ဘောလုံးအသင်းလိုက် ဆိုလည်း ကျွန်တော်တို့ ရပ်ကွက်က လူကြီး ၊ လူငယ် အသင်းကို တခြား ရပ်ကွက် လူတွေ မယှဉ်နိုင်လောက်အောင်ကို ထက်ထက်သန်သန် ရှိပါ၏။

တစ်နေ့တော့ ကလေးတွေ ကစားနေတဲ့ ဇယ်တောက်ခုံဝိုင်းကို ကျွန်တော် ဘေးကနေ ကြည့်နေမိသည်။ ကလေးကစားတဲ့ ဇယ်တောက်ခုံဝိုင်း ဆိုလို့ အထင်မသေးလေနဲ့ တော်ရုံတန်ရုံ လူကြီး တစ်ယောက်ကို တစ်လုံးမှ မရအောင် ပွဲပြတ်တောက်နိုင်သူလေးတွေ ဖြစ်၏။ ( ဒီဇယ်တောက်ခုံနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် " လက်နှစ်လုံးခြား " ဆိုပြီးတော့ ရေးဖူးပါသေးသည်။ ) သူတို့ ဇယ်တောက်နေတာ တောက်ပေါ့ ရိုးရိုး မတောက်ဘူး ၊ ပါးစပ်ကလည်း တောင်စဉ်ရေမရတွေ လျှောက်ပြောနေလေ့ ရှိသည်။ 

အခုလည်း ကျွန်တော် သူတို့ပွဲကို ဘေးကနေ ကြည့်နေတုန်း ပွဲတစ်ပွဲပြီးသွားတိုင်း " နိုင်လင်း " လို့ ခေါ်တဲ့ ကလေးက တစ်ပွဲပြီးလို့ နိုင်သော ပွဲကြေးကို လှမ်းယူရင်း ပါးစပ်က သီချင်း တစ်ပုဒ်ကို ညည်းဆို ဆိုလေသည်။ ဒီသီချင်းက . . . . 

" စီးပွားရေး ပိတ်ဆို့တာ ဒို့ မမှုပါ ၊ သယံဇာတတွေ ပေါတဲ့ မြေ  . . . . x x x x x x x "

တဲ့လေ။ ကြည့်ဦး။ တကယ်တော့ သူ ဇယ်ပွဲနိုင်တာနဲ့ သီချင်းနဲ့ ဘာဆိုင် လို့လဲ မဟုတ်ဘူးလား။ ဒါပေမဲ့ သူတို့မို့လို့ ဒီလို အခြေအနေနဲ့ ဒီလို သီချင်းကို အပ်ဆက်မိအောင်လို့ စိတ်ကူးရပြီး ဆိုတတ်ပါလေရဲ့ ဆိုပြီး ကျွန်တော် ပြုံးမိခဲ့သည်။



ဒါက သူတို့ရဲ့ ဥာဏ်ရွှင်ပုံကို ပြောချင်တာပါ။ တစ်ယောက်နဲ့ တစ်ယောက် စကားနာထိုးရင် သုံးတဲ့ စကားလုံးလေးတွေကလည်း အလွန်လှပါ၏။ တချို့သော လူကြီးတွေ ဆိုရင် နင်ပဲ ငဆ ဖြစ်ကာ ဆဲဆိုနိုင်သော အခြေအနေကိုတောင်မှ သူတို့ရဲ့ အသုံးအနှုန်းလေးတွေက အလွန် ယဉ်ကျေး၏။ ဒီလို . . .

အခြေအနေ တစ်ရပ်မှာ သူတို့ ကစားနေရင်း တစ်ယောက်နဲ့ တစ်ယောက် စိတ်အခန့်မသင့် ဖြစ်ပြီး စကားများ ကြတယ် ဆိုပါစို့။ ဒီလို အခြေအနေ ဆိုရင် တစ်ယောက်က  . . . .

" )(@&()&@()& ^*&@(* "

ဆိုကာ ဆဲလိုက်တယ် ဆိုရင် . . . ၊ နောက်ထပ် တစ်ယောက်က ပြန်တုံ့ပြန်တာလေးတွေကို ကျွန်တော် တော်တော် သဘောကျမိ၏။

" မင်းကွာ . . . အမိ မယုတ်ချင်စမ်းပါနဲ့။ "

တဲ့။ ဘယ်လောက်များ နုညံ့ညင်သာ လိုက်လဲလို့ပါ။ အမေကို ထိရင် ဘယ်သူမှ မခံနိုင်လေတော့ အခု ကိုယ်ပြောတဲ့ စကားကြောင့် ကိုယ့်အမေကို ထိခိုက်လေတော့ တော်ရုံဆို ဒီကလေးတွေ ကြားထဲမှာတောင်မှ နင်ပဲငဆ ဆဲသံကို မကြားရတော့ဘူး။

ဒီလိုပါပဲ။ မြန်မာနိုင်ငံမှာ ဖြစ်လေ့ဖြစ်ထလို့ပဲ ပြောရမလား ၊ ဘယ်လို စိတ်ကူးတွေလည်းတော့ မသိပါ။ ဟိုးအရင်က မြန်မာနိုင်ငံကို ဘတ်စ်လုပ်ဖို့ ဟီးနိုးကားကြီးတွေ အသစ်ရောက်လာတော့ ဒီကားကြီးတွေရဲ့ ထိုင်ခုံတွေက ချက်ပလက် ဘတ်စ်ကားတွေရဲ့ ထိုင်ခုံလို မဟုတ်ဘူး။ ဆိုဖာကူရှင်တွေနဲ့ ဆိုတော့ ထိုင်ရတာ အတော်ကို ငြိမ့်ပါသည်။ ဒါပေမဲ့ ဒီလို ထိုင်ခုံတွေနဲ့ ထိုင်ရတာကို ဇိမ်ကျတယ် လို့ မထင်ကြတာလား ၊ ဒါမှမဟုတ် တင်ပါး ငြိမ့်တဲ့ ဒဏ်ကိုပဲ မခံတတ်လာလား မသိပါ။ ထိုကားကြီးများရဲ့ ဆိုဖာများကို ဓါးဖြင့် ခွဲကြ၏။ ထိုင်ခုံတွေမှာ ပေါက်ကရတွေ လျှောက်ရေးကြ၏။

ဒီလို အခြေအနေတွေမှာ ကျွန်တော်တို့ ရပ်ကွက်ထဲက ကားသမားတွေကတော့ သူတို့ရဲ့ ဟီးနိုးကားကူရှင် နောက်မှီမှာ နောက်က ထိုင်နေသူ မြင်သာဖို့ ရေးထားလေ့ ရှိသည်။ ဒါကတော့ . . . .

" အဖယုတ်ကာ ကားကူရှင်များကို လက် မသရန်းပါနဲ့။ "

တဲ့လေ။  အားလုံးတော့ မဟုတ်ပေမဲ့ အရင်ထက်တော့ သတိထားမိသွားကြကာ ဆင်ခြင်သွားလိမ့်မယ် ထင်ပါ၏။

ဒါနဲ့တင်လား ဆိုတော့ မဟုတ်သေးပါ။ အခြားအခြားသော အကြောင်းအရာတွေ ကိစ္စ ရပ်တွေမှာ သူတို့ သုံးနှုန်း ပြောဆိုတဲ့ စကားလုံးတွေဟာ အရမ်းကို နုညံ့သိမ်မွေ့လွန်းပါသည်။ အခု အထက်မှာ ပြောပြခဲ့တာတွေက ဘာရယ် မဟုတ်ပါဘူး။ နမူနာ အနေနဲ့ ပြောပြတာပါ။ ကျွန်တော် ပြောချင်တာက ဒီလိုမျိုး စကားလုံးတွေကို သေချာ ခွဲခြမ်း စီစစ်တတ်သော သူငယ်ချင်းတစ်ယောက်နဲ့ ဟိုတလောက စကားပြောဖြစ်ခဲ့တဲ့ အကြောင်းလေးပါ။ 

ဒီလိုဗျ . . . . ။



ဒီလို ရပ်ကွက်ထဲမှ သူငယ်ချင်း တချို့နဲ့ ကျွန်တော် တချို့သော စကားတွေ ပြောဖြစ်ခဲ့၏။ အခြေအနေ အကြောင်းကြောင်းကြောင့် ကျွန်တော်တို့ ရပ်ကွက်ထဲကနေ အပြီးပိုင် စွန့်ခွာသွားတာ ရှိသလို ၊ ကျွန်တော်တို့ ရပ်ကွက်နေ ကျွန်တော့်လိုမျိုး ဝေးကွာနေကြရသော သူငယ်ချင်းတွေထဲက တစ်ယောက် ဆိုပါတော့။

ထုံးစံအတိုင်း သာကြောင်း မာကြောင်း ၊ ပြောင်းလဲမှုတွေ အကြောင်းကို ပြောရင်းနဲ့ ဘယ်သူတွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြပြီးတော့ သေရတဲ့ အကြောင်းရင်းကလည်း အရက်ကြောင့် ဖြစ်တဲ့ အကြောင်း။ ဘယ်သူတွေကတော့ အသက်ကြီးနေတာတောင်မှ မသေသေးဘဲ အသက်ရှည်နေတဲ့ အကြောင်းတွေ ၊ သူတို့ အသက်ရှည်ရတဲ့ အကြောင်းရင်းကတော့ မဝရေဆာ စားပြီးတော့ အဆီကျ အသားကျစ်ကာ သွေးသား လည်ပတ်မှု ကောင်းနေတာများလား ဆိုပြီး အရွှန်းဖွဲ့ကာ ပြောဖြစ်ခဲ့တယ်။

ပြောနေရင်းနဲ့ " ယုံကြည်ချက် " ဆိုသော စကားလုံးလေး တစ်လုံးဆီကို ရောက်သွားခဲ့သည်။ စကားလုံး ကြွယ်ဝသော ၊ စကားတွေကို သေချာ တိကျစွာ လေ့လာ ခွဲခြမ်းတတ်သော သူငယ်ချင်း တစ်ယောက် ဖြစ်တဲ့ အတွက် သူက ကျွန်တော့်ကို ဆက်ပြီး ရှင်းပြခဲ့သည်။

ဟုတ်တော့လည်း ဟုတ်ပါ၏။ အခုတလော ဘာရယ် မဟုတ် ၊ လေလှိုင်းထဲမှာရော ၊ ဂျာနယ်တွေထဲမှာရော ၊ ရုပ်ရှင်တွေ ဗီဒီယိုတွေ ၊ သတင်းဌာနတွေမှာရော နေရာတိုင်း လိုလို ဒီ " ယုံကြည်ချက် " ကြောင့် အကျဉ်းကျခံနေရသော . . . . ဆိုတဲ့ စကားလုံးကို အတော်များများကို ကြားနေရ၏။ ဒီစကားလုံးကို ဘယ်သူက စပြီးတော့ တီထွင် လိုက်တာလဲ ကျွန်တော် မသိပါ။ ဒါပေမဲ့ ဒီစကားလုံးကို ကြားတိုင်း တစ်ခုခု မှားယွင်း နေသလို ခံစားရတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဘယ်နေရာမှာ မှားယွင်းနေလဲ ဆိုတာတော့ ကျွန်တော် လုံးဝကို စဉ်းစား မရခဲ့ပါဘူး။

" ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့နေရသော " ဆိုသော လူတွေကို ဘယ်သူလို သတ်မှတ်လဲ ဆိုတာ ကျွန်တော် ရှင်းပြဖို့ လိုမယ် မထင်ပါဘူး။ ဒါပေမဲ့ ဘာလို့ ဒီစကားလုံးကို ရွေးသုံးတာလဲ ဆိုတာကိုတော့ ကျွန်တော် နားမလည်နိုင်ပါ။ သာယာပျော့ပြောင်းလို့များလား ၊ နုညံ့ညင်သာလို့ များလား ၊ လူကြားကောင်းအောင်လို့များလား။ တစ်ခုခုတော့ တစ်ခုခု ရှိမှာပါ။ အမှန်အတိုင်း ပြောရရင် စိတ်ထဲမှာ ဒီစကားလုံး အတွက် မတင်မကျ ဖြစ်နေပေမဲ့ ဘာရယ်လို့တော့ ကျွန်တော် မပြောပြတတ်ပါ။ ဒီလိုပဲ တအုံနွေးနွေး ဖြစ်နေခဲ့၏။

အခုတော့ ကျွန်တော့် သူငယ်ချင်းနဲ့ စကားပြောနေရင်း ဒီစကားလုံး ဆီကို ရောက်သွားပါတော့သည်။ ဒီတော့မှ သူငယ်ချင်းက ခပ်မာမာ အသံနဲ့ ကျွန်တော့်ကို ပြော၏။

" မင်းကွာ . . . သူများတွေ သုံးနှုန်းတိုင်း ဒီစကားလုံးကို မသုံးစမ်းပါနဲ့။ "

" ဟေ . . ဘာဖြစ်လို့လဲ။ "

" ဘာလဲ . . . ဘာယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေလဲ။ ဒီမှာ သုံးထားတဲ့ " ယုံကြည်ချက် " ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို မင်း ဘယ်လောက် နားလည်သလဲ။ "

" ဟာ . . . ယုံကြည်ချက် ပါဆိုနေမှ ယုံကြည်ချက်ပဲပေါ့ကွ။ ဒါကို ဘယ်လို ထပ် နားလည်ရဦးမှာလဲ။ "

" အေး . . ငါလည်း ထင်ပါတယ်။ ဒီမှာကွ ငါ ပြောပြမယ်။ မင်း သေချာ စဉ်းစားရင်း နားထောင်ကြည့်။ "

သူက ရှေ့မှာ ချထားတဲ့ အအေးဗူးထဲက အအေးတွေကို ဖန်ခွက်ထဲက ရေခဲတွေပေါ်ကို ခပ်မြင့်မြင့်မှ ဆွဲကာ လောင်းချလိုက်ပြီးတော့ ဆတ်ခနဲ ကောက်ယူပြီး မော့သောက်ချလိုက်၏။

" ငါ ပြောမယ်။ လမ်းမှာ လမ်းလျှောက်ပြီးတော့ အလုပ်သွားဖို့ ပြင်နေတဲ့ ကလေးမ တစ်ယောက်ရဲ့ တစ်နေ့ လုပ်ခ လစာဟာ ၂၀၀၀ ကျပ် ဆိုပါတော့ . . . . "

" အင်း . . ."

" သူ့အတွက် ဒီနေ့ မနက် အလုပ်သွားမယ် ၊ ညနေ အလုပ်က ပြန်လာမယ်။ ဒါဆို သူ ၂၀၀၀ ကျပ် ရလာမယ်။ ဒါဆို သူ့အတွက် အလုပ်ပြီးမြောက်တယ်။ တစ်နေ့စာ အလုပ်ဖြစ်တယ် ပေါ့ကွာ။ ဒီနေရာမှာ ၂၀၀၀ ကျပ် ဆိုတာဟာ သူ့အတွက် ဒီနေ့ နေ့တစ်ရက်ရဲ့ " မျှော်လင့်ချက် "ပဲ။ ဒီလို အလုပ်သွားလိုက်ရင် ငါ ၂၀၀၀ ကျပ် ရလာမယ် ဆိုတဲ့ " ယုံကြည်ချက် " ပဲ။ ဒါကို မင်း လက်ခံလား။  "

" အေး . . လက်ခံတယ်။ "

" ဟုတ်ပြီ။ လူတွေ ဘာလို့ ထီထိုးကြလဲ။ ကံစမ်းတယ်လို့ မပြောနဲ့။ သူတို့ တကယ်တော့ ဒီထီပေါက်ရင် ရလာမယ် ဆိုတဲ့ ပိုက်ဆံကို မျှော်လင့်လို့ ထိုးကြတာ။ ကံစမ်းတာပါကွာ။ ပေါက်ရင် ကံကောင်းတယ်ဟ လို့ ယူဆပြီးတော့ ပရဟိတ ဌာနတွေကို အကုန်လှူမယ်လို့ မင်း ယူဆနေလား။ မဟုတ်ဘူး။ တကယ်တော့ ဒီထီလက်မှတ်ကနေ ပေါက်လို့ကတော့ကွာ။ ဘာလုပ်မယ် ၊ ညာလုပ်မယ် ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ထိုးကြတာပဲ။ ဒီလို မျှော်လင့်လို့ ရနေတယ် ဆိုကတည်းက သူတို့မှာ ဒီလို မျှော်လင့်စရာ ရှိနေလို့ပေါ့။ ဒါဟာ " ယုံကြည်ချက် " ပဲ။

ထီထိုးပါ . . . ပေါက်ချင် ပေါက်မယ် ၊ မပေါက်ချင် မပေါက်ဘူး။ ပေါက်ရင်လည်း ပေးချင် ပေးမယ် ၊ မပေးချင် မပေးဘူး ဆိုပြီးတော့ မယုံကြည်ရဘူး ဆိုရင် လူတွေ ထီဆိုတာကို ထိုးပါတော့မလား။ အဲဒါပဲ။ လူဆိုတာ " ယုံကြည်ချက် " ကြောင့် လုပ်ကြတာ။ ဒါကိုရော မင်း လက်ခံလား။ "

" အင်း . . . ဒီအထိလည်း လက်ခံတယ်။ "

" အိုကေ . . ဒါဆို ဆက်ပြောမယ်။  "

" - - - - - - - "

" လူတစ်ယောက် မိန်းမယူတော့မယ်ကွာ။ သူ ယူမှာကလည်း သူနဲ့ နှစ်ပေါင်းများစွာ ချစ်ခဲ့ရသော သူ့ရဲ့ ချစ်သူကိုပဲ။ ဟုတ်ပြီ . . . သူ ဘာလို့ မိန်းမ ယူရတာလဲ။ သူနဲ့သူ့ချစ်သူရဲ့ ဘဝနှစ်ခုကို အတူတူ ပေါင်းစပ်လိုက်ပြီး ဘဝတစ်ခု အတူတူ တည်ထောင်နိုင်မယ်လို့ သူ " ယုံကြည်ချက် " ရှိနေလို့ပဲ မဟုတ်ဘူးလား။ "

" အင်း . . ဟုတ်တာပေါ့။ "

" ဒီနေရာမှာ ဒီမိန်းမ ယူလိုက်လို့ကတော့ ဘာဖြစ်လာမလဲ မသိပါဘူးကွာ ဆိုတာမျိုး။ ပျော်စရာကတော့ တစ်စက်မှကို ကောင်းမှာ မဟုတ်ပါဘူး ဆိုတာမျိုး ၊ ဒီလို " ယုံကြည်ချက် " တစ်စက်ကလေးမှ မရှိဘဲနဲ့ ဘယ်သူက အိမ်ထောင်ပြုချင်ပါတော့မလဲ။ အခုခေတ်မှာ အိမ်ထောင်ပြုဖို့ ခက်ကုန်ကြတယ် ဆိုတာ တစ်ယောက် အပေါ် တစ်ယောက် ယုံကြည်ချက်တွေ နည်းသွားကြလို့လည်း ပါတယ်။ "

" အင်း . . ဖြစ်နိုင်တယ်။ ဆက်ပြောပါဦး။ "

" ဟုတ်ပြီ . . . နောက်တစ်ခု။ ဟွန်ဒီ လုပ်ငန်းနဲ့ တရားမဝင် ငွေလွှဲနေတဲ့ ငွေလွှဲဌာနက ငွေလက်ခံတဲ့ စာရေးလေးက သူ တစ်နေ့စာ လက်ခံထားတဲ့ ငွေတွေကို ယူပြီးတော့ ထွက်ပြေးတယ် ဆိုပါစို့။ မြန်မာငွေ သိန်း ၃၀၀ ပါသွားတယ်ပဲထား။ သူ ဘာလို့ ဒီလို လုပ်ရတာလဲ။ ငတ်လို့လား ၊ ချမ်းသာချင်လို့လား ၊ သူ့အတွက် ရှိနေတဲ့ အခက်အခဲ တစ်ခုခု ပြေလည်သွားချင်လို့လား။ ဘယ်လိုပဲ ဖြစ်နေပါစေ။ ဒီငွေ သိန်း ၃၀၀ နဲ့ ငါ ဘဝ အပြောင်းအလဲလေး တစ်ခု ဖြစ်သွားနိုင်တယ် ဆိုတဲ့ "  ယုံကြည်ချက် " ကြောင့် သူ ဒီငွေတွေကို ဘတ်ပြေးတာပဲ မဟုတ်လား။ "

" အင်း . . . "

" ဒီနေရာမှာ ဒီ့ထက် အရေးကြီးတာ ပြောပြဦးမယ်။ ဒီငွေတွေကို သူရတာကတော့ ဟုတ်ပါပြီ။ သူ့ဘဝအတွက်လည်း အပြောင်းအလဲလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီငွေတွေကို ယူပြီးတော့ ထွက်ပေါက်က ထွက်လိုက်တာနဲ့ အဖမ်းခံရမယ် ဆိုတာကို သူ သိနေတယ် ဆိုရင်ရော သူ ဒီငွေတွေကို ယူဖြစ်ပါဦးမလား။ ဘယ်ယူဖြစ်မလဲ မဟုတ်ဘူးလား။ ဒီငွေတွေကိုလည်း ရမယ်။ ပြီးတော့ သူ့အတွက်လည်း အဖမ်းအဆီး မခံရဘူး ဆိုတဲ့ " ယုံကြည်ချက် " ရှိမှသာ သူ ဒီငွေတွေကို အလစ်သုတ် ပြေးတော့မှာပေါ့။ "

" ဟုတ်တာပေါ့ . . မှန်တယ်။ "

" အဲဒါပဲ . . . လောကမှာ နေရာတကာ မှာ " ယုံကြည်ချက် " ဆိုတာ ရှိနေတာကွ။ သူခိုးကလည်း ခိုးရင် လွတ်မယ် ဆိုတဲ့ " ယုံကြည်ချက် " ရှိမှသာ ခိုးတာပေါ့။ ဓါးပြကလည်း ဓါးပြတော့ တိုက်မယ် . . .ဒါပေမဲ့ သူ လွတ်မယ် ဆိုတဲ့ " ယုံကြည်ချက် " ရှိမှသာ သူ တိုက်မှာပေါ့။ လူရွှင်တော်ကလည်း သူ ပြက်လုံးထုတ်ရင် ပရိတ်သတ်ကြီး ရယ်ကြလိမ့်မယ် ဆိုတဲ့ " ယုံကြည်ချက် " နဲ့ သူ ပြက်လုံးတွေ ထုတ်  ၊ ဟာသတွေ ပြောနေတာလေ။ သူ့ဟာသတွေကို ပရိတ်သတ်က ရယ်ကြမှာ မဟုတ်ပါဘူးဆိုတာ သိနေရင် သူ လူရွှင်တော်တောင်မှ လုပ်ပါတော့မလား။ "

" အင်း . . . "

" အခု ငါ ပြောချင်တာက ဒါပဲ။ ဘာလဲကွာ။ သူခိုးကလည်း သူ လွတ်မယ် ဆိုတဲ့ " ယုံကြည်ချက် " နဲ့ ဝင်ခိုးတယ်။ ဒါပေမဲ့ မလွတ်ဘူး။ ထောင်ကျတယ်။ ဓါးပြကလည်း တိုက်ပြီး ပြေးလို့ လွတ်မယ်လို့ " ယုံကြည်ချက် " နဲ့ ဓါးပြတိုက်တယ်။ ဒါပေမဲ့ မလွတ်ဘူး။ ဒီတော့ ထောင်ကျတယ်။ လူလိမ်ကလည်း ငါလိမ်လို့ ရမှာပါ ဆိုတဲ့  " ယုံကြည်ချက် " နဲ့ လိမ်တယ်ကွာ။ ဒါပေမဲ့ သူလိမ်တာ မပိရိလို့ အဖမ်းခံရပြီးတော့ ထောင်ကျတယ်။ အလစ်သုတ်သူကလည်း သူ လစ်မယ် ထင်တဲ့ " ယုံကြည်ချက် " နဲ့ အလစ်သုတ်တယ်ကွာ။ ဒါပေမဲ့ လူမိပြီးတော့ ထောင်ကျတယ်။ "

"  - - - - - - -  "

" နိုင်ငံတော်မှာ ရာထူးတွေ ရထားပြီးတော့ ပြည်သူတွေ ယုံကြည်အောင် မနေဘဲနဲ့ လာဘ်စားတဲ့ အရာရှိကြီးတွေကွာ။ သူတို့ကလည်း ငါ လုပ်တာ ဘယ်သူ့မှ မသိဘူး ၊ ဘယ်သူ့မှ မပြောရဲပါဘူး ဆိုတဲ့ " ယုံကြည်ချက် " နဲ့ လာဘ်စားတယ်။ ဒါပေမဲ့ လူတွေက အထက်ကို တိုင်တော့ သူ အလုပ်ပြုတ်ပြီးတော့ ထောင်ကျတယ်။ အိုစမာဘင် လာဒင် . . . လူတွေ မထင်တဲ့ အိမ်ကြီးထဲမှာ အောင်းနေတယ်ကွာ။ ဒီမှာ နေရင် သူ လုံခြုံမယ် ဆိုတဲ့ " ယုံကြည်ချက် " နဲ့ သူနေတာလေ။ သူသာ ဒီလို အဖမ်းခံရမယ် ၊ သေမယ် ဆိုတာ သိရင် သူ နေပါဦးမလား။ ဟုတ်တယ် မဟုတ်လား။ "

" ဟုတ်တယ် အစစ်ပေါ့။ "

" အေး . . ဒါဆို ငါ ပြောချင်တာ ဆုံးပြီကွာ။ x x x x လုပ်လို့ သက်ဆိုင်သော ဥပဒေ ၊ ပုဒ်မတွေနဲ့ ငြိစွန်းလို့ ထောင်ကျရတာပဲကွာ။ ဘာဖြစ်လဲ " x x x x အမှု " ပေါ့။ ဒါကိုများ ဘာလဲ " ယုံကြည်ချက်နဲ့ အကျဉ်းကျခံရတာ " တို့ ဘာတွေ လျှောက်ပြော ၊ လျှောက်ရေးနေတာ မှန်းကို မသိဘူး။ "

" - - - - - - - "

" ဒီမှာ သူငယ်ချင်း . . . . လူဆိုတာ " ယုံကြည်ချက် " နဲ့ပဲ အလုပ်လုပ်နေကြတာ မဟုတ်ဘူးလား။ ဒီ " ယုံကြည်ချက် " လေး လမ်းလွဲသွားလို့ အမှားတွေ ကြုံရ ၊ အဖမ်းဆီး ခံကြရတာလေ။ ဒါကို ဘာကြောင့် " ယုံကြည်ချက် " ဆိုတဲ့ စကားလုံးကို ကာဗာ အဖြစ်အသုံးချနေရတာလဲ။ ကိုယ် လုပ်တဲ့ အလုပ်ရဲ့ တန်ဖိုးကို တခြားသော လူတွေလုပ်တဲ့ အလုပ်နဲ့ တန်းတူ ဘာလို့ ချနင်း ပစ်လိုက်ရတာလဲ။ "

" - - - - - - - - "

" မူးယစ်ဆေးဝါး ရောင်းသူကလည်း သူ့ " ယုံကြည်ချက် " နဲ့သူ ၊ ပျောက်စေဆရာကလည်း သူ့ " ယုံကြည်ချက် " နဲ့သူ ၊ နတ်ကတော်ကလည်း သူ့ " ယုံကြည်ချက် " နဲ့သူ ၊ လမ်းဘေးမှာ မျက်လှည့်ပြပြီးတော့ ဆေးရောင်းနေတဲ့ လူကလည်း သူ့ " ယုံကြည်ချက် " နဲ့။ အားလုံးက ကိုယ်ပိုင် " ယုံကြည်ချက် " နဲ့ အလုပ်လုပ်နေကြတာပါပဲ။ အေး . . . သူတို့ရဲ့ " ယုံကြည်ချက် " က လမ်းလွဲသွားလို့ သူတို့ အပြစ်ဒဏ် ခံကြရတာ မဟုတ်ဘူးလား။ ဒီတော့ . . .  "

" - - - - - - - - "

" သူတို့ကလည်း သူတို့လည်း " ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေပါ " လို့ ပြောရင် မင်း ငြင်းနိုင်မလား။ သူတို့ပြောတာလည်း ဟုတ်နေတာပဲလေ။ ဒီတော့ x x x x  နဲ့ အကျဉ်းကျတဲ့ လူတွေကို " ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော " ဆိုပြီး ပြောတာ ငါ လုံးဝကို သဘောမတူဘူး။ လူတိုင်း လူတိုင်းကတော့ " ယုံကြည်ချက် " နဲ့ လုပ်နေကိုင်နေကြတာပဲ မဟုတ်လား။ သူတို့ရဲ့ လုပ်ရပ်က မှန်တာ နဲ့ မှားတာ ဆိုတာပဲ ကွာလိမ့်မယ်။ ဒါကို အုတ်ရောရော ၊ ကျောက်ရောရော နဲ့ " ယုံကြည်ချက် " ကို ခုတုံး လုပ်ပြီးတော့ မပြောစမ်းပါနဲ့ကွာ။ "

" - - - - - - -  "

" မင်းကို ငါ ထပ်မေးလိုက်ဦးမယ်။ "

" အင်း  . . . "

" မင်း ဒီစကားကို ဘယ်ကနေ ကြားရတာလဲ။ "

" ဒါကတော့ သေချာ မသိဘူးကွ။ ဟိုကပြော ဒီကပြော ၊ ဟိုက ကြား ဒီကကြားနဲ့ ကြားတာပါပဲ။ သူတို့က ပြောတော့ ငါလည်း သူတို့ ပြောတဲ့ အတိုင်း လိုက်ပြောမိတာပေါ့။ "

" အေး . . . ငါလည်း ထင်ပါတယ်။ သူများက " ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေပါ " လို့ ပြောတိုင်း ၊ စကားလုံး လှလှလေး ဆိုတိုင်း လိုက်မပြောစမ်းပါနဲ့ကွာ။ အဲဒီလို စကားလုံးရဲ့ နောက်မှာ အဓိပ္ပါယ်တွေ အများကြီး ရှိတယ်။ မင်း မှတ်ထား . . . လူတိုင်းက " ယုံကြည်ချက် " ကြောင့် အလုပ်လုပ်နေသူတွေချည်းပဲ။ သူတို့မှာ " ယုံကြည်ချက် " မရှိရင် သူတို့ ဘယ်လုပ်ပါ့မလဲ။ အဓိက က သူတို့ရဲ့ လုပ်ရပ်က ကောင်းခြင်းလား ၊ ဆိုးခြင်းလား ၊ လူသား အားလုံးကို အကျိုးပြုနိုင်တာလား ၊ သူတို့ရဲ့ ကိုယ်ကျိုးအတွက်လား ဆိုတာက အဓိက မဟုတ်ဘူးလား။ "

" ဟုတ်ပါတယ် . . . . "

" အေး. . . . အခု ငါ ပြောနေတာတွေကလည်း ငါ့ရဲ့ " ယုံကြည်ချက် " ပဲဖြစ်လိမ့်မယ်။ မှားလား ၊ မှန်လား ဆိုတာကတော့ မင်း ဖာသာ စဉ်းစားပေါ့။ တချို့သော လူတွေက သူတို့ရဲ့ ကိုယ်ကျိုးထက် အများ အကျိုးကို ကြည့်ပြီးတော့ " ယုံကြည်ချက် " အတွက် အလုပ်လုပ်နေကြတာကွ။ ဒါကို အုတ်ရောရော ကျောက်ရောရော ကိုယ်ကျိုးသမားတွေရဲ့ " ယုံကြည်ချက် " အတွက်နဲ့ အသက်ရှင် လုပ်ကိုင်နေတာနဲ့ မရောပစ်လိုက်စမ်းပါနဲ့ကွာ။ "

" - - - - - - - - - "

အဲဒီနေ့က မိုးအုပ်နေပါ၏။ သို့သော် ကျွန်တော့် ရင်ထဲမှာ လင်းလင်းရှင်းရှင်းပဲ ရှိနေခဲ့ပါသည်။ အရာရာဟာ ပြတ်ပြတ်သားသား ထင်ရှားလှပါသည်။



နိဂုံး

ကျွန်တော်တို့ ရပ်ကွက်ကို " လှတောသား ရပ်ကွက် " လို့ ခေါ်ရမလား ၊ " ပခန်းသား ရပ်ကွက် " လို့ ခေါ်ရမလား ၊  ဒါမှမဟုတ် " ချီပါသား ရပ်ကွက် " လို့ ခေါ်ရမလား ၊ ဒါမှမဟုတ် " စကားတောင်စား ရပ်ကွက် " လို့ ခေါ်ရလေမလားပါပဲ။ စကားကပ်သပ်ပြောတာတို့ ၊ အသစ်အဆန်း လုပ်ပြောတာတို့ ၊ စကားကို ပုံပမာပြုပြောတို့ အရမ်းကို ခုံမင်ကြပါသည်။

ဒီလို အထဲမှာမှ ကျွန်တော်က စကားလုံးတွေကို ခွဲခြမ်းစိတ်ဖြာ တတ်မှု အနည်းဆုံးသော လူတစ်ယောက် ၊ စကားလုံး အသစ်အဆန်းတွေ သုံးစွဲမှု အနည်းဆုံး လူတစ်ယောက် ၊ သူများပြောတိုင်း လိုက်ပြီးတော့ နားယောင်ကာ ပြောတတ်သူ တစ်ယောက်မျှသာ ဖြစ်ပါသည်။ ပြီးတော့ အလွန်တုံးသော သူ တစ်ယောက်လည်း ဖြစ်နေပြန်၏။ 

ဘာလို့လဲ ဆိုတော့ ကျွန်တော် အခု တလော ကိုယ်လည်း လိုက်မမှီနိုင်သော အကြောင်းအရာများကို စိတ်ဝင်တစား လျှောက်ဖတ်နေမိ ၊ လျှောက်ရေးနေမိသောကြောင့်သာ ဖြစ်ပါသည်။  ကျွန်တော်ကလည်း ကျွန်တော့် အတွေးတွေများ မှန်လေမလား ဆိုသော " ယုံကြည်ချက် " သေးသေးလေးနဲ့ လျှောက်ရေးနေမိခြင်းမျှသာ ဖြစ်ပါသည်။ သို့သော် တခြားသူတွေရဲ့ " ယုံကြည်ချက် " ကိုတော့ ကျွန်တော် မသိနိုင် ၊ နားမလည်နိုင်သေးပါ။ 

မည်သို့ပင် ဖြစ်စေ . . . လာဖတ်သမျှ အတွက် ကျေးဇူးတင်ပါသည်။



ထပ်ဆင့်အညွှန်း ပို့စ် - လက်နှစ်လုံးခြား



လေးစားစွာဖြင့်
ကိုဇော်
6-Dec-2011

Share/Bookmark

03 January 2012

13 ကျင့်ဝတ်များ



မင်္ဂလာရှိသော နှစ်သစ် ၂၀၁၂ ဖြစ်ပါစေ။ 

ဆိုးညစ်ပြီး ရုပ်ဆိုး အကျည်းတန်လှတဲ့ ၂၀၁၁ နှစ်နှောင်း အချိန်ကတော့ ကျော်လွန်သွားခဲ့ပါပြီ။ ၂၀၁၂ ရဲ့ နေ့ရက်တိုင်းမှာ  ပျော်ရွှင်စရာ အပေါင်းနဲ့သာ ကြုံတွေ့ကြပါစေ။ ဒီလို နှစ်သစ်မှာ အဖိုးတန်သော အကြောင်းအရာလေးကိုသာ ဦးဦးဖျားဖျား မျှဝေပေးချင်ပါတယ်။ 

မမှတ်မိရင်သာ နေမယ် အားလုံးကတော့ ကြားဖူးကြမှာပါ။ ရှေးဟောင်း ဆိုရိုးစကားတွေရဲ့ ထုံးစံ အတိုင်း လိုက်နာကျင့်သုံးမယ် ဆိုရင်တော့ အကျိုးယုတ်စရာ မရှိပါဘူး။ ကောင်းမွန်တဲ့ ရလဒ်ကိုပဲ ခံစားရမှာပါ။ ဒီအရာလေးတွေကတော့ လူတစ်ယောက်ရဲ့ ရပ်တည်နေတဲ့ အခြေအနေ အရ ကျင့်ကြံသင့်သော " ကျင့်ဝတ် " ငါးချက်ကို ရေးပြထားတာလေးတွေသာ ဖြစ်ပါတယ်။ သားသမီး ဖြစ်နေတဲ့ အခါ ၊ တပည့်ဖြစ်နေတဲ့ အခါ ၊ အလုပ်သမား ဖြစ်နေတဲ့အခါ ၊ မိဘ ဖြစ်လာတဲ့ အခါ ၊ ဆရာ ဖြစ်လာတဲ့ အခါ ၊ အလုပ်ရှင် ဖြစ်လာတဲ့ အခါ ၊ မိတ်ဆွေတွေကို ဆက်ဆံတဲ့ အခါ ၊ မိတ်ဆွေတွေက ဆက်ဆံတဲ့ အခါ  . .  ဒီလို အခြေအနေမျိုးမှာ ဘယ်လို တုံ့ပြန် ၊ ဆောင်ရွက်သင့်သလဲ ဆိုတဲ့ အခြေအနေတွေကို အကြံပေးထားတာပါ။ 

ဒီအကြံပေးချက် ( သို့ ) လိုက်နာရမဲ့ ကျင့်ဝတ်လေးတွေကိုသာ လိုက်နာခဲ့မယ် ဆိုရင် အရာရာဟာ လက်ရှိမှာ ပျော်ရွှင်နေမယ် ၊ နောင်ရေးအတွက်လည်း အေးချမ်းလုံခြုံစွာ နေနိုင်မယ် လို့ ယုံကြည်မိပါတယ်။ 

သိပြီးသား မှတ်မိထားပြီးသား လူတွေ အတွက် အပို ဖြစ်နေနိုင်ပေမဲ့ သိပြီးသော်လည်း မေ့နေသူများ ၊ ဝိုးတဝါးသာ သိနေသူများ အတွက် အကျိုး ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အောက်မှာ ရေးထားတဲ့ အထဲက ကြွင်းကျန်ရစ်ခြင်းများ ၊ စာလုံးပေါင်း အမှားများ တွေ့ပါက ပြင်ဆင်ဖို့ ကျွန်တော့်ကို ပြောခဲ့နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ 

နှစ်သစ် ၂၀၁၂ နှစ်ရဲ့ နေ့ရက်တိုင်းမှာ ပျော်ရွှင်ဖွယ် ကောင်းသော နေ့ရက်များကိုသာ ပိုင်ဆိုင်နိုင်ပါစေ။

လေးစားစွာဖြင့် 
ကိုဇော်
3-Jan-2012




သားသမီးကျင့်ဝတ် ၅-ပါး

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့တာ။

(၁) မိဘတို့ကို လုပ်ကျွေးခြင်း၊
(၂) မိဘတို့၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း၊
(၃) မိဘစကားကို နားထောင်၍ မိဘတို့အမွေကို ခံထိုက် အောင် ပြုလုပ်ခြင်း၊

(မိဘစကား နားမထောင်က အမွေမခံထိုက်ပါ)
(၄) မိဘတို့ ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍ ကုသိုလ်ပြုလုပ် အမျှပေးဝေခြင်း၊
(၅) မိဘတို့၏ မျိုးနွယ် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရခြင်း။





မိဘကျင့်ဝတ် ၅- ပါး

မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်မြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင် မယ်တို့တာ။

(၁) မကောင်းမှုများကို တားမြစ်ခြင်း၊
(၂) ကောင်းမှု ကောင်းရာများကို ညွှန်ပြရခြင်း၊
(၃) အတတ်ပညာ သင်ကြား ပေးရခြင်း၊
(၄) ရင်းနှီးလုပ်ကိုင်စားဖို့ရန
် ပေးရခြင်း၊
(၅) လက်ထပ်ထိမ်းမြား ပေးရခြင်း၊




တပည့်ကျင့်ဝတ် ၅-ပါး

ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနှီး. လုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ် ငါးခုသာ။

(၁) ဆရာသင်ကြား ဆုံးမသမျှကို လေးစားစွာ ဂရုတစိုက် နာခံမှတ်သား ရခြင်း (ဆုံးမနာယူ)၊
(၂) ဆရာလာသောအခါ ညီညာစွာ မတ်တတ်ရပ်လျက် ခရီးဦး ကြိုဆိုရခြင်း ( လာမူကြိုဆီး)၊
(၃) ဆရာ့ထံပါး ဆည်းကပ် ခစားရခြင်း (ထံနီး)၊
(၄) ဆရာ့ထံပါးဝယ် ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးရခြင်း (လုပ်ကျွေး)

(၅) ဆရာသင်ပေး ပြီးသောသင်ခန်းစာ များကိုလေးစားစွာ တွေးတောကြံစည် သင်အံလေ့ကျက် နှုတ်တက်ရွက်ဆို ရခြင်း (သင်တွေးအံရွတ်)။




ဆရာကျင့်ဝတ် ၅-ပါး

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊ ဆရာတို့၊ ကျင့်ဖို့ ၀တ်ငါးဖြာ။

(၁) သိသင့်သမျှ အတတ်ပညာများကို သင်ကြားးပေးရခြင်း၊
(၂) ဆုံးမ သြ၀ါဒပေး၍ ပြုပြင်ပေးရခြင်း၊
(၃) မိမိတတ်သမျှ အကုန်သင်ပေးရခြင်း၊
(၄) တပည့်များ ဘေးအန္တရာယ် မဖြစ်စေရန် ကြိုတင်တားဆီး ကာကွယ်ပေးရခြင်း၊
(၅) မိမိထက် ကျေးဇူးပြုနိုင်မည့် ဆရာထံသို့ အပ်နှံပေးရခြင်း။





လင်ကျင့်ဝတ် ၅-ပါး

မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။

(၁) မိမိ မယားအား မထီလေးစား မပြုလုပ်ရခြင်း၊
(၂) မိမိ ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံရခြင်၊
(၃) အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိရခြင်း၊
(၄) အ၀တ်အစားများကို ဆင်ယင်ပေးရခြင်း၊
(၅) မြတ်နိုးကြင်နာစွာ ဆက်ဆံရခြင်း။





မယားကျင့်ဝတ် ၅-ပါး

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမှု၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။

(၁) အိမ်တွင်းမှု လုပ်ငန်းကိစ္စကို အဆင်ပြေစေရန် စီမံပြုလုပ်ရခြင်း၊
(၂) မိမိလင်ယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းထားရခြင်း၊
(၃) မိမိယောက်ျားမှ တပါးသော ယောက်ျားတို့နှင့် မမှားယွင်း မဖောက်ပြန်ရခြင်း၊
(၄) မိမိဘက်ဆွေမျိုး လင်ဘက်ဆွေမျိုးတို့၌ မျှမျှ တတ ပေးကမ်းရခြင်း၊
(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။





မိတ်ဆွေကျင့်ဝတ် ၅-ပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

(၁) မိမိတတ်နိုင်သလောက် ပေးကမ်းချီးမြှင့်ခြင်း၊
(၂) ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်တန်းတူထားကာ ဆက်ဆံခြင်း၊
(၃) နှစ်ဦးနှစ်ဝ ကြီးပွားရန်အတွက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရခြင်း၊
(၄) ပြောဆိုဆက်ဆံရာ၌ စကားအရာ ပြေပြစ် ချိုသာစွာ ပြောရခြင်း၊
(၅) စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် သစ္စာဖောက်ဖျက်မှု မရှိဘဲ မှန်ကန်တိကျခြင်း။





ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ၅-ပါး

မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ဘေးတွယ်မပစ်၊ သားမြစ်စဉ်ဆက်၊ မပျက်ချီးပင့်၊ ၀တ် ငါးဆင့်၊ ပြုကျင့်မိတ်ဆွေများ။

(၁) မေ့လျော့နေသော ဥစ္စာများကို စောင့်ရှောက်ရခြင်း၊
(၂) တစ်ဘက်မိတ်ဆွေ၏ ဥစ္စာများကို စောင့်ရှောက်ရခြင်း၊
(၃) မိမိမိတ်ဆွေ ဘေးဒုက္ခရောက်သောအခါ အားကိုးရာ ဖြစ်ရခြင်း၊
(၄) ဘေးဒုက္ခရောက်သောအခါ ပစ်ပယ်စွန့်ခွာ၍ မသွားရခြင်း၊
(၅) သားစဉ်မြေးဆက် အဆက်ဆက် မိတ်ဝတ်မပျက်ဘဲ ပေးကမ်းချီးမြှင့်ရခြင်း။





အလုပ်ရှင်ကျင့်ဝတ် ၅-ပါး

ဝစွာ ကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင်ဝတ်၊ မချွတ် ငါးခုသာ။

(၁) မိမိအလုပ်သမားကို ၀လင်စွာ ကျွေးမွေးရခြင်း၊
(၂)သူတို့လုပ်နိုင်သော အလုပ်ကိုသာ လုပ်စေပြီး သင့်လျော်သောအချိန်၌ ခိုင်းစေရခြင်း၊
(၃) မကျန်းမမာသောအခါ၌ ရောဂါပျောက်အောင် ကုသပေးရခြင်း၊
(၄) ထူးဆန်းသော အစားအစာကို ရသောအခါ ဝေငှပေးကမ်းရခြင်း၊

(၅) ဥပုသ်နေ့၊ ပွဲတော်နေ့၊ အလုပ်ပိတ်ရက် စသောအခါတို့၌ အခိုင်းအစေ စာရင်းငှား ကျွဲနွားတို့ကို မခိုင်းစေဘဲ အနားပေးရခြင်း၊ အခွင့်လွှတ်ရခြင်း။




အလုပ်သမားကျင့်ဝတ် ၅-ပါး

အိပ်သော်နောက်ကျ၊ ထသော်ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

(၁) နောက်ကျမှ အိပ်ရခြင်း၊
(၂) အိပ်ရာမှ စောစောထရခြင်း၊
(၃) မိမိအရှင် ပေးကမ်းမှသာ ယူရခြင်း၊
(၄) မိမိအရှင်၏ လုပ်ငန်းများကို မခိုမကပ်ဘဲ စေတနာ ရှေ့ထား၍ စေ့စေ့စပ်စပ် ဆောင်ရွက်ရခြင်း၊
(၅) မိမိအရှင်၏ ဂုဏ်ကျေးဇူးကိုသာ ပြောဆိုရခြင်း။




၂၀၁၂ နှစ်သစ်မှာ ကျင့်ဝတ်ကောင်းသော လူသားများ ဖြစ်ပြီး ပျော်ရွှင်ကြပါစေ။ 

လေးစားစွာဖြင့် 
ကိုဇော် 
3-Jan-2012

Share/Bookmark