မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


31 May 2010

11 ကျွန်တော် ချစ်ရသော . . . . .



မိဘရဲ့ သဘောတူညီမှု ဆိုသော မိဘအသိုင်းအဝိုင်းကြောင့် ကြီးမားလေးလံသော ဝန်ထုပ်ဝန်ပိုးကို လေးမြတ်ကြီးလွန်းစွာ ကိုယ်တိုင် မချစ်မနှစ်သက်ပဲနဲ့ ပေါင်းသင်းနေထိုင်ရခြင်း ဆိုတာတွေ ထမ်းရွက်နေရသော သူငယ်ချင်းများကို တွေ့တဲ့ အခါမှာ ကြီးမားလှပြီး သယ်ယူရန် ခက်ခဲသော Main Server ကွန်ပျုတာများကို သွားပြီး သတိရမိတယ်။ 

တချို့ကတော့လည်း ချစ်သူတော့ ရထားပါတယ် မိဘတွေက သဘောမတူ။ ဒါကို ညှိရ နှိုင်းရ အဆင်ပြေအောင် လုပ်ရနဲ့ ရွေ့ရပြောင်းရ ခက်တဲ့ ကွန်ပျူတာ မဟုတ်ပေမဲ့ သယ်ရတာ ပင်ပန်းတဲ့ Desktop ကွန်ပျူတာ တစ်လုံးလို သူတို့အဖြစ်ကို သတိရမိတယ်။ 

တချို့ကျတော့လည်း  ဟိုတစ်ယောက် ဒီတစ်ယောက်နဲ့ ရည်းစားတွေ ထည်လဲတွဲပြီး ပေါ့ပေါ့ပါးပါး အဆင်ပြေနေကြတယ်။ သူတို့မှာ ဝန်ထုပ် ဝန်ပိုး ဆိုတာလည်း မဖြစ်ဘူး။ တကယ် နှစ်နှစ်ကာကာ ချစ်ရမယ် ဆိုတာလည်း မသိဘူး။ သူတို့ကို ကျတော့ ကျွန်တော် ပေါ့ပေါ့ပါးပါး သယ်ရလွယ်တဲ့ Net Book လေးလို့ မြင်မိတယ်။

ကျွန်တော် . . . . . 

ကျွန်တော် သူမကို စတွေ့တုန်းက သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်လေးနဲ့ သူမရဲ့ အရည်အချင်းတွေကို ကျွန်တော် နှစ်သက်ခဲ့တယ်။ သူမဟာ ကျွန်တော့်အတွက် မိသားစုက ပေးစားတယ် ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးလိုလည်း မဟုတ်ဘူး။ မိဘတွေ သဘောတူအောင် လုပ်နေရတဲ့ သယ်ရခက်သူ တစ်ယောက်လည်း မဟုတ်ဘူး။ သူများတွေလို ဟော တစ်ယောက် ၊ ဟော တစ်ယောက် ပေါ့ပေါ့ပါးပါး ချစ်တမ်း ကစားနေတတ်သူမျိုးလည်း မဟုတ်ဘူး။ သူမဟာ ကျွန်တော့်အတွက်တော့ ကျွန်တော့်က စိတ်နှစ်ကိုယ်နှစ် ချစ်ရပြီး သူမကလည်း စိတ်နှစ်ကိုယ်နှစ်ချစ်ကာ ၊ မိဘများနဲ့လည်း အဆင်ပြေ ပေါင်းသင်းနိုင်မယ် လို့ ကျွန်တော် ယုံကြည်ရသူ တစ်ယောက် ဖြစ်တယ်။ သူမက ကျွန်တော့်တစ်ပိုင် တစ်နိုင် သွားလေရာ သယ်သွားနိုင်တဲ့ “ Laptop ” လေး တစ်လုံး လိုပဲ ဖြစ်တယ်။

သူမကို ကျွန်တော် ချစ်တာ သူမရဲ့ ရုပ်လက္ခဏာ ဆိုတဲ့ Hardware ကိုတင်ကြည့်ပြီး ချစ်တာ မဟုတ်ပါဘူး။ သူမရဲ့ စိတ်သဘောထား ဆိုတဲ့ Software လေးကိုပါ ချစ်ခဲ့တာပါ။ ဒါကြောင့် ရုပ်ရော ၊ နာမ်ရော ကို ချစ်တယ်လို့ ဆိုနိုင်တယ်။ သူမကို ကျွန်တော် မြင်ကတည်းက ကောင်တာပေါ်မှာ တင်ထားတဲ့ Laptop လေးလိုပဲ ကျွန်တော် ကြည့်မဝခဲ့ဘူး။ သူမ အနားကကို မခွာနိုင်တော့တာပါပဲ။ ဒါကြောင့် သူမ မှ သူမ ဖြစ်ခဲ့ပြီး သူမ ကိုပဲ ရအောင် ကျွန်တော် ကမ်းလှမ်းခဲ့တာ။ 

စတိုထဲမှာ သိမ်းထားတဲ့ Laptop အသစ်တွေလိုပေါ့။ သိမ်းထားတဲ့ နောက်ထပ် Laptop အသစ်တွေ ဘယ်လောက် ကောင်းတယ် ပြောပါစေ။ ကျွန်တော်ကတော့ လူမြင်ကွင်းမှာ တင့်တယ်တယ်ဆိုတဲ့ သူမကိုပဲ အရယူလာမိခဲ့တယ်။ ဘူးထဲမှာ သေချာ မသိမ်းထားလို့  သူမပေါ်မှာ တတ်နေတဲ့ ဖုန်တွေ ရှိနေခြင်း အတွက်လည်း ကျွန်တော်က သူမကို အပြစ်တင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ Laptop Cleaner လေးနဲ့ သုတ်ပေးမှာပါပဲ။ သူမမှာ ဘယ်လို အပြစ် ဆိုတဲ့ ဒဏ်ရာ ဒဏ်ချက်များ ရှိနေပါစေ ကျွန်တော်ကတော့ သူမကို နှစ်သက်စွာ ဆက်လက်ပြီး ချစ်သွားမှာပါပဲ။ 

သူမရဲ့ သွင်ပြင်ကို ပြောင်းလဲ စေနိုင်မဲ့ Windows XP , Windows Vista နဲ့ Windows 7 ဆိုတာတွေကို ကျွန်တော် အသစ်ပေါ်လာတိုင်း သူ့ကို ဆင်ယင်သွားမှာပါ။ သူမရဲ့ ဖြတ်ထိုးဥာဏ်အားက နည်းနေလို့ ဆိုပြီး ကျွန်တော်က အတင်းအကြပ် Ram တွေ ထပ်လဲမယ် ဆိုတာမျိုးလည်း ကျွန်တော်က မလုပ်ပါဘူး။ သူမမှာ ရှိနေတဲ့ မှတ်ဥာဏ်တွေ ပိုကောင်းလာအောင် ၊ ပိုမှတ်နိုင်လာအောင် ဆိုပြီး ကျွန်တော်က Hard Disk  တွေလည်း မလဲခိုင်းသလို ၊ ထပ်လည်း မထည့်ခိုင်းပါဘူး။ သူ့ဖာသာ နဂို ရှိနေတဲ့ အတိုင်းလေးပဲ သူ့ကို ကျွန်တော် ချစ်သွားမှာပါ။

သူမရဲ့ ဘယ် Program ဆိုတဲ့ ဘယ်လို အကျင့်စရိုက်လေးက မှားနေတယ်ပဲ ပြောပြော သူမကို ကျွန်တော် Code တွေ ပြောင်းပြီး မပြင်မှာ ဖြစ်သလို ၊ ဖြည့်ပြီးလည်း အတင်းအကြပ် ပြင်ဆင်နေမှာ မဟုတ်ပါဘူး။ သူမမှာ ရှိနေတဲ့ အမည်းစက် ဆိုတဲ့  #000000 Code တွေကို အဖြူသွားအောင် ဆိုပြီး #FFFFFF Code တွေနဲ့လည်း အစားထိုးမှာ မဟုတ်ပါဘူး။ သူမဖာသာ နဂို ရှိနေတဲ့ အတိုင်းပဲ ကျွန်တော်က လက်ခံ ချစ်သွားမှာပါ။

သူများတွေလို အိမ်မှာ Desktop ကြီး ထားခဲ့ပြီး လမ်းသွားတော့ သူများ Laptop တွေကို ငေးသလိုမျိုး ကျွန်တော်က လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူမက ကျွန်တော့်ဘေးနားမှာ အမြဲတမ်း ပါနေမှာ ဖြစ်လို့ပါပဲ။ ကျွန်တော် မျက်နှာမူလိုက်တဲ့ အရာဆိုတာကလည်း  သူမရဲ့ မျက်နှာလို့ ဆိုရမဲ့ ကွန်ပျူတာ မော်နီတာလေးပါပဲ။ ဒါပေမဲ့ သူမ မျက်နှာပေါ်မှာ ဖိုင်တွေ  ၊ ဖိုဒါတွေ ဆိုတဲ့ အသွင်အပြင် အရောင်ခြယ်များလို ကျွန်တော်က သူမ မျက်နှာပေါ်မှာ ပါးနီတွေ ၊ လိုင်နာတွေနဲ့ ရှုပ်ရှက်ခတ်နေတာ မတွေ့ချင်တာကတော့ အမှန်ပါပဲ။ 

ဒါပေမဲ့ သူမ အတွက် တကိုယ်ရေ သန့်ရှင်းရေး ဆိုတဲ့ Disk Cleanup နဲ့  Defragment ဆိုတာတွေကိုတော့ နေ့တိုင်း လုပ်ပေးဖြစ်သွားမှာပါ။ ဒါမှ သူမလည်း အမြဲတမ်း လန်းဆန်းတတ်ကြွနေမှာ ဖြစ်ပြီး ကျွန်တော်နဲ့ သူမ တွဲသွားတဲ့ အခါမှာလည်း အမြဲတမ်း မြန်ဆန် သွက်လက်နေမှာ ပေါ့ဗျာ။ သူမမှာ ရှုပ်ထွေးလာတဲ့ ပြဿနာများ အတွက် ကျွန်တော် သူမကို ခေါင်းဆေး အနားယူဖို့ Error Checking လုပ်ပေးသွားမှာပါ၊ သူမကို အမှားတွေ ၊ ပြဿနာတွေ ကင်းစင်စေချင်တယ်လေ။

တကယ်လို့ သူမက ခေါင်းမထူနိုင်လောက်အောင် ဖြစ်သလို Windows မတတ်လာတော့ပဲ Error တွေများလာခဲ့ရင်တော့ ကျွန်တော်က သူမကို သူမ ခန္ဓာကိုယ်ထဲ လှုပ်ရှားမှုတွေ မလုပ်စေတော့ပဲ အနားယူပြီး အမှားတွေကို ဆေးကြောပေးချင်တယ်။ ဒါကို Windows တတ်မရလို့ Safe mode နဲ့ ဝင်ပြီး စက်ရှင်းတယ်လို့ ဆိုကြတယ် မဟုတ်ပါဘူး။ နောက်ပြီးမှ သူမကို ကျွန်တော် ပြန်ပြီးတော့ အင်အားသစ်နဲ့ နိုးထစေချင်တယ်။ 

တကယ်လို့ သူမကို အနားပေးပြီး Safe mode နဲ့ အမှားတွေ ရှင်းထုတ်တာတောင်မှ သူမ အရင်လို စိတ်ဓါတ်တွေ ပြန်လည် မနိုးကြားလာဘူး ဆိုရင် ကျွန်တော် သူမကို အတိတ်က ပျော်ရွှင်ဖွယ် ဖြစ်ရပ်တွေကို ပြန်ပြောပြတဲ့နည်းလို့ ဆိုရမဲ့ System Restore နည်းနဲ့ ဖြေရှင်းကြည့်ရပါလိမ့်မယ်။ ဒါဆိုရင်တော့ အရာရာဟာ အမှား မဖြစ်သေးတဲ့ အတိတ်ကာလ တစ်ခုကို သူမ ပြန်ရောက်သွားပြီး ပြန်လည် လန်းဆန်း တတ်ကြွ လာနိုင်ပါတယ်။

ကျွန်တော် ဒီလိုတွေ ပြောနေလို့ ကျွန်တော့်ကို ပိုလှချည့်လား။ လွန်လှချည့်လားလို့ မထင်ပါနဲ့ ၊ မတွေးပါနဲ့။ သူမ မရှိရင် ကျွန်တော်ကလည်း မနေပျော်လောက်အောင်ကို သူမကို ကျွန်တော့် ဘဝမှာ စွဲနေမိပြီလေဗျာ။ ဒါကြောင့် ကျွန်တော် သူမကို အရာရာ ဂရုစိုက်မိတာပါပဲ။ သူမကို ကျွန်တော် တွယ်တာမိလို့ပါပဲ။  သူမ နေမကောင်းလို့ မျက်နှာညှိုးနွမ်းသလိုမျိုး သူမ မော်နီတာက အရောင် ဖျတ်ခနဲ ဖျတ်ခနဲ မငြိမ်ရင်တောင်မှ ကျွန်တော် သူမကို အမြန် ဆေးခန်း ဆိုတဲ့ ပြင်ဆိုင်ကို ပို့ရမှာပေါ့။ 

အိုဗျာ . . နောက်ဆုံး သူမဟာ အန္တရာယ် တစ်စုံတစ်ခုကြောင့် ခန္ဓာကိုယ် ထိခိုက်သွားရတယ် ဆိုတဲ့ ပြုတ်ကျကွဲခြင်း ၊ ပူလို့ ပျက်ဆီးခြင်းတွေ ဖြစ်လာရင်တောင်မှ ကျွန်တော်က သူမကို ဆက်လက် ချစ်ခင်စွာနဲ့ပဲ ပြုပြင်လို့ ရနိုင်တာလေးတွေ ပြုပြင်ရင်း သူမရဲ့ သက်ဆုံးတိုင်အောင် ကျွန်တော် ဘဝထဲမှာ သူမက ရှိနေမှာပါ။ သူမကိုသာ ကျွန်တော် သူမ ဘဝ နောက်ဆုံး သက်တမ်းကုန်သွားတဲ့ အထိ ကျွန်တော် သူမနဲ့ အတူ နေထိုင်သွားမှာပါပဲ။ ဘာလို့လဲ ဆိုတော့ သူမဟာ “ ကျွန်တော် ချစ်ရသော သူ တစ်ယောက်  ” ဖြစ်နေလို့ပါပဲ။ 


မှတ်ချက်။    ။ ဘာရယ် မဟုတ် ရေးမိတဲ့ အတွက် ဘာရသမှ ပါမှာ မဟုတ်ပါ။ သင်ခန်းစာနဲ့ စာရင်းတွေထဲမှာ လုပ်ရင်း ပျင်းပျင်းရှိတာနဲ့  ချရေးလိုက်တာပါ။ ကျွန်တော်ရဲ့ စိတ်ကူးမျှသာ ဖြစ်သောကြောင့် အရာရာ လွဲချော်မှုများ ရှိနေနိုင်ပါတယ်။ 


လေးစားစွာဖြင့်
ကိုဇော်
.

Share/Bookmark

30 May 2010

19 ကကြီး မှ အ ၊ ကျွန်တော် မှတ်မိသမျှ ( Tag )





က - ကျွန်တော်က ကုန်းကြောင်းလျှောက်ရတဲ့ ခရီးတွေကို နှစ်သက်တယ်။ ကုန်းကုန်း ကုန်းကုန်းနဲ့ မလျှောက်တတ်ပေမဲ့ ကော့ကော့ ကော့ကော့လည်း မသွားတတ်ပါဘူး။ ဒီလို ပြောလို့ ကုန်းမလို ကွမလို ဖြစ်နေတယ် လို့တော့ မထင်စေချင်ဘူး။ ကျန်ကျောင်းလိုလည်း မိုးမပျံနိုင်တော့ ကျွန်တော် ကောင်းကောင်းကန်းကန်းပဲ လျှောက်ပါတယ်။

- ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိတော့တဲ့ အချိန်အခါထိ တစ်နေကုန် ကုန်းကြောင်း လျှောက်ရာကနေ အိမ်ကို ပြန်လာပြီး အိမ်ကို ခွေးတိုးပေါက်ကနေတော့ တိုးမဝင်ဖူးပေမဲ့ ခြံကိုတော့ ကျော်ဝင်ခဲ့ဖူးတယ်။ ခြံထဲက ခုံတွေကို ဆင့်တတ်ပြီး အပေါ်ထပ်ကို တိတ်တိတ်လေး တတ်သွားမိတော့ သူခိုး မှတ်လို့ အဖွားက ခုံနဲ့တောင်မှ ရိုက်တော့မလို့ ၊ ရိုက်မိရင်တော့လား ခွိခွိ ခစ်ခစ် လို့တောင်မှ မရယ်နိုင်တော့ပါဘူး။ 

- ဂုံးကောင်လေးတွေ စားဖို့ ဂုံးကျော်တံတားအောက်မှာ သွားဖမ်းမယ် ဆိုပြီး ဂုံနီအိတ်တွေ ၊ တောင်းတွေနဲ့ ဂိုက်ပေးကြမ်းခဲ့တာ မှတ်မိသေးတယ်။ နောက်တော့မှ ဒီမှာ ဘယ်ရှိမလဲလို လူကြီးတွေ ပြောမှ ဂေါင်တောင်တောင်နဲ့ ဂွိခနဲ ( နောက်အော်တာနော်။ ) အော်မိပြီး ဂွကျကျ ပြန်လာခဲ့ကြရသေးတယ်။

- ဃကြီးအက္ခရာ အကြောင်းကို ငယ်ငယ်က ကျွန်တော် လျှောက်တွေးမိတော့ ဎ နဲ့ ပ ပေါင်းထားတာလား အတွေးခေါင်မိသေးတယ်။ နောက်ကျတော့ သူ့ကို  တွင်တွင်ကျယ်ကျယ် သုံးတဲ့ စကားလုံးက သုံးလုံးပဲ ရှိတာ သိခဲ့ရတယ်။ “ ဃနာဆွမ်း ၊  ဃရာဝါသမှု ၊ ဃောသအက္ခရာ ” တဲ့။

- ဂုံးမရရင် ငါးဖမ်းမယ်ကွာ ဆိုပြီး ဖမ်းတော့ “ ငါးလေး တစ်ကောင် ဖမ်းမိတယ် ဘာဖြစ်လို့ လွှတ်လိုက်တယ် ကျွန်တော့်လက်ကို သူကိုက်တယ် ” ဆိုပြီး အော်သာ အော်တာ ကျွန်တော်တို့ တောင်းထဲမှာ ငါးတွေက အများကြီး။ ဖမ်းသာ ဖမ်းတာ ကျွန်တော်က ငါးမကြိုက်ဘူး။ ပြီးတော့ ကျွန်တော် ငါးသုံးလုံး စီးကရက် မကြိုက်ပါ ကျွန်တော်က မာဘိုရိုသာ သောက်သူ ဖြစ်တယ်။ မကြိုက်တာ ဝယ်တိုက်မှာ စိုးလို့ပါ :P ဒါပေမဲ့လည်း  ဝယ်တိုက်ရင်လည်း ကျွန်တော် အားနာပြီး  ငါ တကောတော့ မကောပါ။ တိုက်တော့လည်း ဂွပ် ခနဲ သောက်လိုက်မှာပေါ့။

- စိန်ပြေးတမ်း ကစားချင်တယ်ဗျာ။  စိန်ပလိမ်တိန် မုန့်ကြိုးလိမ်လို့ ဘာလို့ အော်တာလဲ မသိဘူး။ စိန်ပန်းနီနီတွေ အောက်က စိန်ပြေးတမ်းကစားမိရင် စောစောကို အိမ်မပြန်ချင်ဘူး။ လေထဲမှာ ကိုယ်တိုင် ဝေ့ဝဲရသလိုမျိုးကြောင့် စွန်လွှတ်ရတာကို ကြိုက်တယ်။ ရတနာထဲမှာ အကြိုက်ဆုံးက စိန်။

- ဆနွင်းမကင်းထဲမှာ ဆားတွေ ငန်သွားပြီး ဆီတွေများနေရင် ဆုပ်လည်း ဆူး စားလည်း ရူးလိုပဲ  ၊ ဆနွမ်းမကင်းကို ကျွန်တော့် ကြိုက်ပေမဲ့ ဆက်စား မရတော့ဘူး။ ဆေးပေါ့လိပ်ကို ကျွန်တော်သောက်ဖြစ်ပေမဲ့ ဆေးပြင်းလိပ်ကိုတော့ သောက်တာနဲ့ လဲပဲ။ သူက ပြင်းတယ်။ ဆင်စီးပြီး မြင်းရံတာ ခံချင်ပေမဲ့ ဆင်ဖြူတော်မှီပြီးတော့ ကြံတော့ မစုပ်ချင်ပါ။ ဆင်သွားရာ လမ်းဖြစ်တယ် လို့ ဆိုလို့ ဆူချင်လည်း ဆူသွားပေါ့လေ။

- ဇက်နာရင် ( အုန်းလွဲနေရင် ) ခေါင်းအုံးမပါပဲ တစ်ညလောက် အိပ်ကြည့်ပါ သက်သာသွားပါလိမ့်မယ်။ ဇာတ်ဆရာ အလိုကျ ကျွန်တော်တို့ ဘဝက ကကြရတာ မဟုတ်လား။ အာ. . ဇိမ် နဲ့ ထိုင်မနေပါနဲ့။ ဒီလိုပြောလို့ ဇောကပ်ပြီးလည်း မလုပ်စေချင်ဘူး။ ဇော်ဂျီဖောင့်ထဲမှာတော့ ကျွန်တော် တင်ပေးထားတဲ့ ဇော်ဂျီဖောင့်က အကောင်းဆုံးဗျ။

- ဈေးကြီးတိုင်း ပစ္စည်းကောင်းတာ မဟုတ်သလို ဈေးပေါတိုင်းလည်း ပစ္စည်း မညံ့ပါဘူး။ ဒါပေမဲ့ ဈေးဆစ်ပါလို့တော့ မပြောလိုပါဘူး။ ဈာန်ဆိုတာ ဝင်မှ စာရေးလို့ ကောင်းတာ ဒါပေမဲ့ အခုတော့ ဈာန်တွေ ပျောက်နေတယ် ဈာန်မဝင်ပဲ ( အလုပ်နဲ့ ပတ်သတ်တဲ့ )စာတွေ လုပ်နေရလို့။

- ည ည ဆိုရင် အိမ်အပေါ်ထပ်ကနေပြီး ကောင်းကင်ကို တိတ်တဆိတ်ကြည့်နေရတာကို နှစ်သက်တယ်။ ဒီအချိန်မှာ သီချင်းတွေကို ညံနေအောင် ဖွင့်မထားပဲ။ ညင်ညင်သာသာပဲ ကြိုက်ပါတယ်။ ညီမတွေကလည်း သူတို့ဖာသာ  ညပိုင်းပြတဲ့ ကိုးရီးယားကား ကြည့်ပြီး ညဉ့်နက်မှ အိမ်အပေါ်ထပ်ကို တတ်လာကြတာ မဟုတ်လား။

- ဋီကာချဲ့ ပြီး ရေးရရင် ကျွန်တော်က ဋ တွေမှာ “ ပိဋကတ်တော် ” ဆိုတဲ့ စကားလုံးကို အကြိုက်ဆုံးပါ။ နောက်တစ်ခုက လူတွေ အတွက် အရေးအပါဆုံးသော စကားလုံးလေး “ ပဋိသန္ဓာရစကား ” ဆိုတာလေးကို သူပါလို့ ကြိုက်တယ်။ ဒါပေမဲ့ သူက ဦးဆောင်ပြီးတော့ စကားလုံး နှစ်လုံးပဲ ရှိသတဲ့ “ ဋီကာကျော်ကျမ်း ၊ ဋီကာချဲ့- ” ဆိုပဲ။

- ဌာန်ကရိုဏ်းကျကျ ဘယ်စကားလုံးကိုမှ ကျွန်တော် နားမလည်သေးပါ။ ဒါက တကယ်ကို ဌာန်ကုန် ကျွန်တော် ပြောတာပါ။ “ ဌေးကြွယ် ” ဆိုသော စကားလုံးက နာမည်မဟုတ်ပဲ ဖော်ညွှန်း ဖွင့်ဆိုချက် တစ်ခုသာ ဖြစ်တယ်လို့ ကြားဖူးပါတယ် အံ့တွေများ သြလို့။ ဘာပဲ ပြောပြော ဌာပနာ ထဲက အရာဆိုတာ သာမန်လူတွေ မမြင်စေလိုတဲ့ အရာ တစ်ခုလား။

- ဎ ဆိုတဲ့ အဲဒီ အက္ခရာပေါ့ဗျာ ငယ်ငယ်က ကျွန်တော် ဃ ဆိုတာကို ဎ နဲ့ ပ ပေါင်းထားတာ ထင်လို့။ သူပါတဲ့ စကားလုံးက တစ်ခုပဲ ရှိတယ် “ ဝဍ္ဎန ” တဲ့။ ( ဒီစာလုံးလေးကိုတော့ ကျွန်တော် မသိလို့ ကိုကြီးကျောက်က သင်ပြီး ပြင်ပေးသွားပါတယ်။ ကိုဇော်ရေ... ဝဍ္ဎန လို့ ရေးတယ်ဟေ့၊ ဎ ထဲကနငယ်မဟုတ်ဘူး ဍ ...ဝတ်ဒန လို့အသံထွက်တယ်။ )

- ဏဂါး ဆိုပြီး နဂါးကိုလေ အဲဒီလို ပေါင်းတာ ပိုပြီး သင့်တော်မယ် ထင်တယ်။ ဘာလို့လဲ ဆိုတော့ အခု ကြည့်လိုက်ကတည်းက သူက ကားကားကြီး ဖြစ်နေတယ် မဟုတ်လား။ ဏဂါး ကွ။ မယုံမရှိတဲ့ သူက ဦးဆောင်နဲ့ စကားလုံး တစ်လုံးမှ မရှိဘူး။

- တိုးတိုးပြောမယ် ၊ တိတ်တိတ်နားထောင် ၊ သုံးလုံးထဲရယ် ၊ သိပ်ချစ်တယ်။ အဲ. . . ဘာမှ မဟုတ်ဘူးနော်။ ငယ်ငယ်က ကဗျာလေး တစ်ပုဒ်ကို ပြန်ရွတ်မိတာပါ။ အခုတော့လည်း အတိတ်မှာ ကျန်ခဲ့ပါပြီ။ တယောမထိုးတတ်ပေမဲ့ တိတိပပ သူ့အသံကို နားလည်သလိုပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဆွေးဆွေးမြေ့မြေ့ပေါ့. . . . . ခံစားမိတယ်။

- ထမနဲ ၊ ထမင်းချိုးကြော် ကို စားရင်း ထင်းရှူးပင်အောက်က ထိကရုံးပင်နားမှာ ထီပေါက်စဉ် တိုက်လိုက်တာ ထိပ်စီးပဲ လွဲတယ်ဗျာ။ ထိတ်ခနဲတောင်မှ ရင်မှာ ဖြစ်သွားသေး။ ဒါ ထီးချက်စောင့်နတ်သမီးက ထုချေလွှာတောင်းထားတာ မပေးလို့ ကံကြမ္မာကို ထိုးသုတ်လွှတ်လိုက်တာပဲ နေမယ်။

- ဒကာခံမဲ့ လူများ ရှိလို့ကတော့ ဒဓိရည်(ဒိန်ချဉ်ရည်) ကို ဒီဂရီ လွန်ပြီး ဒယိမ်းဒယိုင်ဖြစ်ကာ ဒဏ္ဍာရီထဲ ကျန်အောင်မှာ သောက်ပစ်လိုက်ချင်တယ်။ ဒယ်အိုးထဲမှာ ဒိန်ချဉ်ကို ထည့်ပြီး ဒုန်းမြင်းပြေးအောင် စီးရင်း ဒုံရင်းနေရာကို ဒုံးပျံတစ်စီးလို လာလို့ အဆင်ပြေနိုင်ပါ့မလား။ မထူးပါဘူးဗျာ ဒီနှစ်ဝါထွက်ရင် ဒုလ္လဘရဟန်းပဲ ဝတ်လိုက်တော့မယ် ဒါပဲ ဒါပဲ ဒါပဲ ကောင်းပါတယ်။

- ဓာတုစေတီ ဆိုတာကို ကိုးကွယ် သပ္ပါယ်သလောက် ဓနရှင် ဆိုတာ စက်ဆုပ်ဖို့ ကောင်းတယ်။ မြန်မာတွေက ဓါတ်သဘောတွေ အရမ်းကျွမ်းကျင်ကြတယ်။ ဓါတ်ကျ ၊ ဓါတ်ချုပ် ၊ ဓါတ်တိုင် ၊ ဓါတ်ကြိုး ၊ ဓါတ်ဆီ ၊ ဓါတ်မီး ၊ ဓါတ်ငုပ် ဒါတွေကို ကြည့်ပြီးတော့ဗျာ  ဓါတ်ပျက်တယ်။

- နကန်းတစ်လုံးမှ မသိတဲ့ ကျွန်တော်ဟာ နဖူးရည် ဒူးရေ ဆိုတာကိုလည်း မသိပါဘူး။ နမော်နမဲ့နဲ့ နရီစည်းဝါး ကိုက်အောင် မကတတ်တော့ နဝေတိမ်တောင်တွေပဲ နဝံပီယံ(အသစ်ဖြစ်၍ နှစ်သက်ခြင်း) မဖြစ်ခဲ့ပါဘူး။ နိုးနိုးကြားကြား ရှိနေတတ်တဲ့ ကျွန်တော်က နိစ္စဓူဝ ကိစ္စတွေကြားထဲမှာပဲ နစ်မြှပ်ရင်း တစ်နေ့တော့ နိဋ္ဌိတံ ရမှာလား။

- ပဋိညာဉ် ဆိုတာ ဘာလဲ သေချာ မသိပေမဲ့ ပဋိပက္ခ ဆိုတဲ့ သီချင်းကိုတော့ ကြိုက်ခဲ့ပါတယ်။ ပြုံးစနဲ့နဲ့ ၊ ပြုံးစိစိ ၊ ပြုံးဖြဲဖြဲ ၊ ပြုံးရယ်- ၊ ပြုံးရွှင်- ဘယ်စကားလုံးပဲ ဖြစ်ဖြစ် ကြည့်တာနဲ့ ပြုံးချင်စရာလေးပါ။ ပြဿဒါးရက် ၊ ပြဿနာ ဆိုတာတွေကတော့ ဘယ်လိုအချိန် နေ့ရက်ပဲ ဖြစ်ဖြစ် မကောင်း။ ပြည့်တယ် ဆိုနဲ့ ဖြည့်တယ် ဆိုတာ တကယ်တော့ စကားက အများကြီး ကွဲပါတယ်။

- ဖဝါး လက်နှစ်လုံး ၊ ပခုံး လက်နှစ်သစ် ဆိုတဲ့ အချိန်က စပြီး ဖခင် ၊ မိခင်တွေက ဖိနပ်ချွတ် ၊ ဖိနပ်ဝတ်ကနေ ဖိဖိစီးစီး သင်ပေးလာခဲ့တာပါ။ ဒါဆို ကြီးမှ ဖီဆန်ချင်ကြတော့ ဖခင် ၊ မိခင်တို့ စိတ်ကောင်း နိုင်ကြပါ့မလား။ သြော်. . .စကားမစပ် တစ်ခု ပြောဦးမယ် ဖရုံယို တော့ ကျွန်တော် အလွန်ကြိုက်တယ်။

- ဗာဒံပင် အောက်မှာ ဗာဒံသီးကောက်ပြီး ဗာဟီရကိစ္စ မရှိပဲ ဗာဒံစေ့ ထုစားရတာ တကယ်ကို ဗလဗြစ် သဘောကျတယ်။ ဒါပေမဲ့ ဗီတာမင် ဘယ်လောက်ပါလဲ ဆိုတော့ ကျွန်တော် မသိဘူး။ ဗောတံတား အောက်က ဗေဒါ နဲ့ ဗေဒတစ်ခု ဖြစ်တဲ့ ဗေဒင် ဆိုတာ တူမလိုလိုနဲ့ ဘာမှကို မဆိုင်ဘူး။ ဗိုက်ရွှဲနေတဲ့သူများ ဗောက်လောက်ညိုပင် အမြစ် နဲ့ ဗုဒ္ဓသရဏပင် အမြစ်ကို ဗုဒ္ဓဟူးနေ့မှာ သွေးလိမ်းရင် ဗိုက်ချပ်ကျစေတယ် ဆိုပဲ။ ( ကျွန်တော်တော့ မစမ်းဖူးပါ။ )

- ဘကြီးရယ် ၊ ဘထွေးရယ် ဘရန်ဒီ တစ်လုံးကို လုကြတာ ဘွမ်းဘွမ်း ထနေတာပဲ။ နောက်တော့ကျတော့ ဘိုးလေးက သူတို့ကို အထဲမှာ ဘိလပ်ရည်တွေပဲ ထည့်လိုက်တာ ဆိုတာမှ သူတို့ ဘားကျွမ်းက ကျတဲ့ လူလို ဘုမသိ ဘမသိ ရှက်ကြပြန်တယ်။ ဘိုင်ကျနေတဲ့ လူတစ်ယောက်ကို ဘဏ်တိုက်မှာ ဘဏ္ဍာစိုးခန့်လိုက်ရင် ဒီဘဏ်လည်း ဘိတ်ဆုံးကျ ဘုတ်ထိုင်း ဖြစ်ပြီး မွဲမှာပဲ။

- မိုးကုပ်စက်ဝိုင်း အောက်မှာတော့  မိခင်နိုင်ငံတော်ကနေ ဝေးကွာနေသူရော ၊ မိခင်နိုင်ငံတော် ထဲမှာရော ကျွန်တော်တို့ အားလုံးက အတူတူပါပဲ။ မဂ္ဂဇင်းကို မင်အိုးမင်တံနဲ့ ဟိုးအရင်ကလို ရေးမယ် ဆိုရင် မင်တတ်မိအောင် ကြာမယ် ထင်တယ်။ ကျွန်တော် မင်ကြောင်ထိုးတာ မနှစ်သက်ပါ။

- ယုဂန္ဓိုရ်တောင်မှာ ပေါက်နေတဲ့ ယုဇနပင်ကို နတ်သမီးလေး ယုဝတီဆီကို ယုယုယယလေး ပေးချင်လိုက်တာဗျာ။ အဟဲ. . ကဗျာ ဆန်လိုက်ပုံပြောပါတယ်။ ( အင်းလေ မချစ်ကြည်အေးက ရေးခိုင်းမှတော့ ) ယောလုံချည်လေး ဝတ်ပြီး ယိုဘူးလေး ဘေးချပြီး ယို့ယို့ လို့ဆိုပြီး ရေးနေတာ ဒီလောက်တော့ ရှိမှာပေါ့။ ယိုတကာ့ ယိုထဲမှာတော့ ဗီဒီယို ကို အကြိုက်ဆုံးပဲ။

- ရူပါရုံ လှပတာနဲ့ တင့်တယ်တယ် ဆိုရင် ညနေ နေဝင် ရီတရောမှာ ရေမချိုးပဲ ရေမျောတမ်းတင် ပုံစံနဲ့ ရေးကြီးခွင့်ကျယ် သွားကြည့်ပါလား။ ရူးကြောင်ကြောင် ဖြစ်နေပြီလားလို့ ထင်ကြလိမ့်မယ်။ ရေးကြီးခွင့်ကျယ်  ဖြစ်နေရင်တောင်မှ ရေးကြီးသုတ်ပျာ မသွားပဲ ရေးခြားလိမ္မာ ရှိစွာပဲ သွားသင့်တယ်။ ( ဒုတိယအကြောင်းကို မာဃဒေဝ မှ ယူပါသည်။ )

- ဝလုံးလေးမှ ဝိုင်းအောင် မရေးနိုင်သေးပေမဲ့ ဝဝတုတ်တုတ် ကလေးတစ်ယောက်ကိုလည်း ဘုရား ဝတ်ပြုတာတော့ သင်ပေးသင့်ပါတယ်။ ဝါးကျည်တောက်ထဲက ကောက်ညှင်းတောင့်လေးကို စားရင်း ဝါးညှပ်အက ကနေတာကို ဝေးဝေးကနေ ကြည့်ဖူးလား။ ဝါသနာပါရင် ဝင်ကလို့ပါ ရပါတယ်။ ကျွန်တော် ရေးတဲ့ အထဲမှာ ဝစ္စပေါက် လေးတွေ ကျန်ခဲ့ရင် ဖြည့်ဖတ်ပေးပါ ကျေးဇူး....။

- သခွပ်ပန်း ဇာတ်ကား ကြည့်ဖူးလား။ လူ့သဘောသဘာဝကို နတ်ပြည်က အဖြစ်အပျက်လေးနဲ့ တင်စား နှိုင်းပြီးရေးထား ရိုက်ထားတာ။ ဒါပေမဲ့ သဇင်ပန်းက ဘာလို့ ဈေးကြီးတာလဲ မသိဘူး။ ဘာပဲ ပြောပြော မြန်မာအမျိုးသမီးတိုင်း အတွက် အသုံးအများဆုံးကတော့ သနပ်ခါး ပါပဲ။ သင်ခန်းစာတွေထဲမှာတော့ သင်္ချာ ဘာသာကို အလိုက်နိုင်ဆုံးလို့ ထင်တယ်။ ကျွန်တော် အပျော်ဆုံးပေမဲ့ ဝေးနေရတာ တစ်ခု ရှိတယ်ဗျ ၊ အဲဒါ “ သင်္ကြန် ” ။

- ဟာသ ဆိုတာ အဌာရသ ပညာတွေထဲမှာ အခက်ဆုံးလို့ ဆိုကြတယ်။ ဟီရိသြတ္တပ္ပ ဆိုတာကို လူတိုင်းနားလည်ကြရင် ဘယ်သူ့ကိုမှ ဘာမှ ပြောနေစရာ မလိုဘူးလို့ တရားတော် တစ်ခုမှာ နာခဲ့ရတယ်။ ဟ အက္ခရာဟာ အသံတွေ အားလုံးကို ကိုယ်စားပြုတယ် ဆိုပဲ . . . ဒီလို. . . “ ဟားဟား ၊ ဟိဟိ ၊ ဟုဟု ၊ ဟိတ် ၊ ဟာ ၊ ဟို ၊ ဟင် ၊ ဟိုက် ၊ ဟွန့် ၊ ဟွင့် ( ဝက်ဝံလေး ပြောသလို ) ၊ ဟီးဟီး ၊ အဟွတ် ၊ ဟယ် .. . . . . ” များစွာပေါ့။

- ဠ နဲ့ ဟိုးအရင်ကတော့ ဠင်းတ လို့ ရေးခဲ့ကြတယ်။ အခုနောက်ပိုင်းတော့ ပြင်ဆင်လိုက်ပါပြီ။ အာဠာဝက ကို ကျွန်တော် ကြားဖူးပေမဲ့ မမြင်ဖူးပါဘူး။ အာသဠှီနက္ခတ် ကိုတော့ ကြည့်တတ်ရင် မြင်နိုင်ဦးမယ်။

- အဆုံးအသတ် အနေနဲ့ ပြောချင်တာကတော့ “ အာ အာ ဣ ဤ ဥ ဦ ဧ ဧဲ ဩ ဪ အို  ” ဆိုပြီး မြန်မာ သရ ( ၁၁ ) လုံး အားလုံးကို  အသံထွက်တော့ ( အ )  ဆိုပြီးပဲ အသံထွက်ရတာပါပဲလား။ အဲဒါထက် နောက်ဆုံး ပြောချင်တာကတော့ ရေးလိုက်ရတာဗျာ.. . . . ညောင်းတယ် . . . . “ အား ”   . . ။ 


မှတ်ချက်။       ။ အထက်ပါ အကြောင်းအရာများမှ စကားလုံးများကို  “ လိပိဒီပီကာကျမ်း - ယောအတွင်းဝန် ဦးဖိုးလှိုင် ” စာအုပ်မှ ကြည့်ရှူ၍ ရေးသားသော်လည်း အမှားအယွင်း တစ်စုံတစ်ခု ပေါ်လာပါက ကျွန်တော့်အမှားသာ ဖြစ်ပါတယ်။ တချို့စကားလုံးများကို “ ကိုပီကေ ” ၏ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကနေ ယူပါတယ်။ “ လိပိဒီပီကာကျမ်း - ယောအတွင်းဝန် ဦးဖိုးလှိုင် ” စာအုပ်ကို လိုချင်ပါက ဒီနေရာ ကနေ ဒေါင်းနိုင်ပါတယ်။ 


*** အစ်မ မချစ်ကြည်အေး Tag  ထားတာလေးပါ။ ကျွန်တော်လည်း Tag ထားတာ ရေးရရင် ပျော်ပါတယ်။ အခုတော့ ကျွန်တော် သိသလို ရေးပေးလိုက်ပါတယ် အစ်မရေ။ ***


လေးစားစွာဖြင့်
ကိုဇော် 

.

Share/Bookmark

4 ဟန်းဖုန်း ပြောသူများ



ဟိုးလွန်ခဲ့တဲ့ နှစ်အတော်ကြာမှာ မြန်မာနိုင်ငံမှာ ဟန်းဖုန်းတွေ စပြီး သုံးလာခဲ့တယ်။ ဖုန်းတစ်လုံး တစ်လုံးက ခုံဖိနပ်လောက် ရှိပေမဲ့ ဟန်းဖုန်းတစ်လုံးရဲ့ တန်ဖိုးကလည်း အတော်ကြီးကို များတော့ တော်ရုံလူတွေ မသုံးနိုင်ကြဘူး။ ဒါကြောင့် သုံးနိုင်တဲ့ လူတွေကလည်း ခပ်ထွားထွား နဲ့ သူတို့ ကိုယ်ခန္ဓာကို တွေကလည်း ခပ်ဖားဖား ဖြစ်နေကြတယ်။ 

ဟန်းဖုန်း သုံးသူတွေရဲ့ နေတာထိုင်တာကိုက ထူးဆန်းတယ်။ ဥပမာ ရေပုံးကို ဆွဲထားတဲ့ လူတစ်ယောက် ဆိုရင် ဆွဲထားတဲ့ ဘက်က လေးလို့အဲဒီဘက်ကို ကိုင်းနေရမှာ ဖြစ်ပေမဲ့ ဟန်းဖုန်း ရှိနေတဲ့ လူတွေကျတော့ ဟန်းဖုန်းတပ်ထားတဲ့ သူတို့ ခါးဖက်က ပိုပြီး အပေါ်ကို ကော့နေတတ်တယ်။ ဒီထက် ဆိုးတာကတော့ခါးမှာ ချိတ်ထားတဲ့ ဖုန်းပေါ်ကို ဝတ်ထားတဲ့ အင်္ကျီက အမြဲတမ်းတင်နေပြီး ဟန်းဖုန်းကြီး တပြောင်ပြောင် ဖြစ်နေတာပါပဲ။ ဒီတော့ သူတို့ရဲ့ ဟန်ပန်အမူအရာတွေက ကော့ကော့ကြီးနဲ့ ဖော်ဖော်ကြီးလိုမျိုး ဖြစ်နေတတ်တယ်။

ဈေးကွက် စီးပွားရေး စနစ်ရဲ့ အပြောင်းအလဲက အရမ်းကို ကြောက်စရာ ကောင်းတယ်။ အဲဒီလို လူတွေရဲ့ ခါးမှာ ကော့ကော့နဲ့ ဖော်ဖော် ဖြစ်ပြီး ဟန်းဖုန်းလေးတွေ တီတီတာတာနဲ့ အသံမြည်နေကြတာကို မြင်နေတဲ့ ကလေးတွေကလည်း အတုမြင်ပြီး အတတ်သင်ကြတယ်။ သူတို့လည်း သူတို့ ခါးမှာ ဟန်းဖုန်းလေးတွေ ချိတ်ချင်လာတယ်ပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ဟန်းဖုန်းတစ်လုံးရဲ့ ဈေးက အရမ်းများတော့ ကိုင်တဲ့ လူတွေတောင်မှ လူအထင်ကြီးအောင်သာ ကော့ကော့ဖော်ဖော် ထားတာပါ။ သူတို့ မိဘထက်ကို ရိုသေပါတယ်။ 

ဟန်းဖုန်းလေးကို ထုတ်ပြောပြီးရင် မပွန်းမပဲ့အောင်လို့ အဝတ်စလေးနဲ့ ပတ်ပြီး  ခါးကြားထဲ ထိုးတဲ့ ဖုန်းအိတ်ထဲ ထည့်ပြီး သိမ်းနေကြတာပါ။ ဒီတော့ ကလေးတွေကို ဘယ်လိုလုပ် ပေးပြီး ကိုင်ခိုင်းနိုင်မလဲ။ ဒါကို သိတဲ့ တရုတ်ပြည်က ကုန်သည်များက မြန်မာနိုင်ငံကို ဟန်းဖုန်းအတုလေးများ လုပ်ပြီး တင်သွင်းပါတော့တယ်။ အတု ဆိုတာ အစစ်ကို တုပြီး လုပ်ထားရတာ ဆိုတော့ အတု ဆိုပေမဲ့လည်း ဒီအတိုင်း အတူတူချထားလိုက်ရင် တကယ့်အစစ်နဲ့ မှားရလောက်အောင် တူနိုင်လွန်းလှပါတယ်။ ပြီးတော့ ဖုန်းအစစ်မှာ မြည်တဲ့ အသံလေးတွေလိုလည်း ဟန်းဖုန်း အတုက မြည်နိုင်ပါသေးတယ်။ ဂဏာန်းလေးတွေ နှိပ်လိုက်ရင်လည်း တတီတီ မြည်နိုင်ကြတယ်။ 

ဒီတော့ ဟန်းဖုန်းအတု ဆိုပေမဲ့ ဟန်းဖုန်း အစစ်နဲ့ မခြား ဆက်သွယ်ပြောဆိုလို့ မရတာကလွဲရင် အရာရာ တူညီပါတယ်။ တစ်လုံးမှာ ဘယ်ဈေးမှ မရှိတော့ တတ်နိုင်တဲ့ မိဘတွေရော ၊ မတတ်နိုင်တဲ့ မိဘတွေပါ ကိုယ်ကသာ ဟန်းဖုန်း မကိုင်နိုင်တာ ကိုယ့်သားသမီးကို ဟန်းဖုန်းလေးတွေ ဝယ်ပေးပြီး ကစားစေပါတယ်။ ကလေးတွေကလည်း မသင်ရဘူးဗျ။ ခါးမှာ ဟန်းဖုန်းလေးထိုးပြီး ဟန်းဖုန်း အစစ်ကိုင်သူ တစ်ယောက်ရဲ့ ဟန်ပန်အတိုင်း ကော့ကော့နဲ့ ဖော်ဖော် လုပ်ထားတတ်ကြပါတယ်။ 

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

တစ်နေ့တော့. . . . 

ကျွန်တော်တို့ သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ထိုင်နေကြတုန်း ဆိုင်ထဲကို ကော့ကော့နဲ့ ဖော်ဖော် လူကြီးတစ်ယောက် ဝင်လာတယ်။ ပြီးတော့ ဘေးက စားပွဲမှာ လာထိုင်ပြီး လက်ဖက်ရည်မှာတယ်။ မှာတာကို ရိုးရိုးမမှာဘူး။ စားပွဲပေါ်ကို ဟန်းဖုန်းလေး ဟန်ပါပါ ပစ်ချလိုက်တယ်။ နောက်ပြီးမှ. . .

“ လက်ဖက်ရည် တစ်ခွက်. . . . ”

မှာလည်းမှာ ဆိုင်ထဲလည်း ဝေ့ကြည့်လိုက်တယ်။ ဟန်းဖုန်းကြီးလည်း ခါးမှာ တွဲတွဲ ၊ လူကလည်း ကော့ကော့ ဆိုတော့ ဆိုင်ထဲက လူတွေအားလုံးကလည်း ဝိုင်းကြည့် နေကြတာပေါ့။ သူကလည်း သူ့ကို လူတွေ ကြည့်နေတယ် ဆိုတာ သိတယ်။ ဒီတော့ လက်ဖက်ရည်မှာပြီးလို့ မုန့်မှာတာတောင်မှ စားပွဲပေါ်က ဖုန်းလေးကို ကောက်ကိုင်ပြီး ဖုန်းနဲ့ ထိုးပြရင်းမှာတယ်။

“ ညီလေးရေ. . ဟိုမုန့်လေး ယူခဲ့ပါကွာ။ ”

တဲ့။ အဲဒီလိုမျိုး။ ဒီတော့ ကျွန်တော့်ရှေ့က မျိုးလေး က ကျွန်တော် နဲ့ ကိုသက်ကို မျက်စပစ်ပြတယ်။ သူဘာကို စလုပ်မယ် ဆိုတာ မသိပေမဲ့ သူ တစ်ခုခု လုပ်စလုပ်တော့မယ် ဆိုတာတော့ သိလိုက်တယ်။

“ အခုခေတ်များကွာ လူတွေ တော်တော်ခက်တယ်နော်။ ကလေးကစားစရာ ဟန်းဖုန်း အတုကြီးနဲ့ ဟန်လုပ်ကြတဲ့ သူတွေလည်း ရှိတယ်။ အင်း . . . ငါမြို့ထဲမှာ မြင်ဖူးခဲ့လို့ပါ။ ”

သူက ဒီလို ပြောလိုက်တော့ ဝိုင်းချင်းကပ်နေတဲ့ စားပွဲခုံက လူကြီးက ဖျတ်ခနဲ လှမ်းကြည့်ပြီး မျက်နှာကြီး တင်းသွားတယ်။ သူ့ကို ပြောတာမဟုတ်ပဲ မြို့ထဲမှာ တွေ့တာ ဆိုတော့လည်း သူ့မှာ မပြောသာဘူးပေါ့လေ။ ဒါပေမဲ့ ရှု့တည်တည်တော့ ဖြစ်သွားတယ်။

“ ဟာ . . . ဒီလို လူတွေကတော့ ရှိတော့ ရှိပါတယ်ကွ။ ဒါပေမဲ့ တချို့လူတွေကတော့ တကယ့်အစစ်ကို သုံးတာပါ။ ဥပမာ - ငါတို့ ဟိုဘက်ဝိုင်းက အစ်ကိုကြီးလို သားသားနားနား ဆိုရင်တော့ ဟန်းဖုန်း အစစ် သုံးနိုင်မှာပါပဲ။ ”

ဒီလို ဘေးက ကိုသက်က ပင့်လိုက်တော့ ဘေးဝိုင်းက လူကြီးက နည်းနည်း မျက်နှာတင်းထားတာ လျော့သွားပြီး ရင်ကို ကော့လိုက်ကာ စားပွဲပေါ်က ဟန်းဖုန်းကို ခါးမှာ ချိတ်တဲ့ အိတ်ကနေ ထုတ်ကိုင်လိုက်တယ်။ တကယ်တော့ ကျွန်တော်တို့ကို ပြတဲ့ သဘောပေါ့လေ ၊ သူ့ဟန်းဖုန်းက အစစ်မဟုတ်ဘူးလား ၊ အစစ်လား ဆိုတာ သိရအောင်ပေါ့။ ဒါပေမဲ့ မျိုးလေးက. . .

“ ဒါကတော့ မင်းကလည်းကွာ ၊ မြင်ယုံနဲ့ အစစ် အတု ဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ။ ကလေး ကစားစရာ ဖုန်းတွေကလည်း တစ်ပုံစံပဲလေ။ ဖုန်းဆိုတာ ဆက်ကြည့်မှ တကယ် အစစ်ဟုတ်မဟုတ် သိရမှာပေါ့ကွ။ ”

“ ဟာကွာ. . . မင်းကလည်း အစစ်ဖြစ်နိုင်လောက်ပါတယ်ကွာ။ ”

“ မဖြစ်နိုင်ဘူးကွာ။ ”

ဒီလို သူတို့နှစ်ယောက် တစ်ယောက် တစ်ခွန်း ဟန်လုပ် စကားများတော့မှ ကျွန်တော် သူ့ဆီကြားထဲ ဝင်ပြီး. . .

“ ကဲ. . မင်းတို့ ငြင်းမနေကြနဲ့တော့ ဒီ အစ်ကိုကြီး ဟန်းဖုန်းက အစစ်လား အတုလား ဆိုတာ သိရအောင် ငါ ခွင့်တောင်းပြီး မင်းတို့ ခေါ်စေချင်တဲ့ ဖုန်းကို ဆက်ခိုင်းလိုက်မယ်။ ဘယ်လိုလဲ။ ”

“ လုပ်လိုက်လေ ကြည့်ရသေးတာပေါ့။ ”

သူတို့ ဒီလို ပြိုင်တူ ပြောပြီး သဘောတူသလို ခေါင်းငြိမ့်ပြတယ်။ ဒီတော့ ကျွန်တော်က မနေသာ သလိုနဲ့ ဘေးနားက လူကြီးကို. . . .

“ အစ်ကို ဖုန်းလေး တစ်ကော လောက် စမ်းခေါ်ပေးလို့ ရမလား။ ”

ဒီတော့ အစကတည်းက စကားစပျိုးချင်နေတဲ့ လူကြီးက . . . .

“ ရတာပေါ့. . ရော့ကွာ ခေါ်။ ”

“ အာ . . အစ်ကိုက ကျွန်တော်တို့က ဟန်းဖုန်းမှ  မကိုင်နိုင်တာလေ။ ဘယ်လိုလုပ် လာပြီး ဟန်းဖုန်းကို ခေါ်တတ်မလဲ။ ”

ဒီအချိန်မှာ မျိုးလေးက ဝင်ပြောတယ်။

“ ဟုတ်တယ် အစ်ကို။ အစ်ကိုပဲ ခေါ်ပေးပါ ရပါတယ်။ ခေါ်လို့ရတယ် ဟိုဘက်က ပြန်စကားပြောတယ် ဆိုရင် တော်ပြီ။ ”

“ အေး ဒီလို ဆိုလည်း ရတယ်။ ပြော မင်း ဖုန်းနံပါတ်။ ”

လူကြီးက မျိုးလေးကိုတော့ သိပ်တော့ အစာကြေပုံ မရဘူး။ ပြောတာက ခပ်ဆတ်ဆတ်နိုင်တယ်။ ဒီတော့ မျိုးလေးက သူနဂိုကတည်းက စဉ်းစားထားတယ် လို့ ထင်ရတဲ့ ဖုန်းနံပါတ်တစ်ခုကို ရွတ်ပြတယ်။

“ ၇၀၁၁၂၃ ”

“ အေး. . ရမယ်။ ခေါ်ပေးမယ် ခဏထိုင်စောင့်။ ”

ဆိုပြီး ဟိုဘက် ဒီဘက် လှည့် မတ်တပ်ရပ် လိုက်ပြီး ဟန်ပါပါနဲ့ ဖုန်းခေါ်ကာ ပဲပေးနေတယ်။ ဒီအချိန်မှာပဲ ကျွန်တော်တို့ သုံးယောက်က မျိုးလေးက မျက်စပစ်ပြတာနဲ့ လက်ဖက်ရည်ဖိုးကို နောက်မှ လာရှင်းမယ် ဆိုပြီး ကောင်တာကို လက်နဲ့ ဟန်ပြလိုက်ပြီး ထလာတယ်။ ဒီဆိုင်ကလည်း အမြဲတမ်းသောက်နေကြ ဆိုတော့ ကျွန်တော်တို့ကို သိနေတော့ ပြောစရာ မလိုပါဘူး။

ဒီလူကြီးကတော့ ဆိုင်ထဲမှာ ဟန်းဖုန်းကို ဟန်ရေးပြပြီး ကျွန်တော်တို့ ထိုင်နေတဲ့ နေရာကို နောက်ကျောပေးပြီး ဖုန်းခေါ်နေတယ်။ ခပ်သွက်သွက် လျှောက်လာတာ ဆိုတော့ ခဏလေးနဲ့ ဆိုင်ပြင်ရောက်ပြီး လမ်းမပေါ် ရောက်လာတယ်။ ဒီတော့မှ. . .

“ မျိုးလေး . . မင်း ဘာဖုန်းနံပါတ်ပေးပြီး ဆက်ခိုင်းလိုက်တာလဲ။ ”

သူက ပထမ မပြောပဲ တခွိခွိနဲ့ ရယ်နေတယ်။ ကျွန်တော်နဲ့ ကိုသက်နေကတော့ ဘာမှ မသိတော့ သူလုပ်လို့သာ ဝိုင်းပြီး ဟန်ဆောင်လိုက်ရတယ်။ ဘာမှန်း မသိ။ သူကတော့ ရယ်နေတုန်း။

“ သိချင်ရင် မင်းတို့ နောက်လှည့်ကြည့်လိုက် ၊ အခုလောက်ဆို ဒီလူကြီးလည်း သိလောက်ရောပေါ့။ ”

ဒါနဲ့ ကျွန်တော်တို့ လှည့်ကြည့်လိုက်တော့ လက်ဖက်ရည်ဆိုင်ထဲက လူကြီးက လမ်းမပေါ် ရောက်နေတဲ့ ကျွန်တော်တို့ကို လှည့်ကြည့်ပြီး ရှူးရှူးရှားရှားနဲ့ ဒေါသတွေ ထွက်နေတာတွေ့ရတယ်။ လှမ်းအော်လို့လည်း ဝေးနေတဲ့ နေရာမို့လို့ပေါ့။

“ ဟာ. . ဒေါသတွေ ထွက်နေတဲ့ ပုံပဲ။ ဘာဖြစ်လို့လဲ။ ”

ဒီအချိန်ထိလည်း မျိုးလေးက တခွိခွိနဲ့ ရယ်နေတုန်း. . .နောက်မှ. . .

“ မှတ်ထားကွ။ အဲဒီဖုန်းကို ခေါ်ရင်လေ ဒီလို ပြန်ပြောတယ်။ ”

“ ဘယ်လိုလဲ။  ”

ကျွန်တော်တို့ နှစ်ယောက် ပြိုင်တူမေးလိုက်တော့မှ မျိုးလေးက ရွတ်ပြတယ်။

“ ဟလို . .အမိန့်ရှိပါ ခင်ဗျာ။ မြေကွက်လိုချင်လို့လား ၊ သေတ္တာလိုချင်လို့လား ခင်ဗျာ။ အဆင်ပြေအောင် တစ်ခါတည်း တစ်နေရာထဲနဲ့ ကျွန်တော်တို့ လုပ်ပေးလို့ ရပါတယ်။ x x x x x x x x x x x x x ဘာညာပေါ့ကွာ။ ”

“ အေးလေ မင်းပေးလိုက်တာ ဘယ်က ဖုန်းနံပါတ်လဲ။ ”

“ အေး. . . ငါ ပေးလိုက်တာ “ ရေဝေး သုသာန် ” ဖုန်းနံပါတ်ပဲကွ။ ဒါကြောင့် ဟိုဘက်က သူ့ကို ခေါင်းသေတ္တာယူမလား ၊  မြေကွက် ယူမလား ၊ သဂြိုဟ်မလား ဆိုပြီး လျှောက်မေးမှာပေါ့လေ။ နောက်ပြီးတော့ ဒီလို ဖုန်းနံပါတ်မျိုးက ဘယ်သူမှ မှားပြီး မဆက်နိုင်ဘူးလေ။ ဒီတော့ ဟိုဘက်က သူ့ကို စွတ်မေးနေမှာပဲပေါ့။ ဒီတော့ သူတင်းပြီး ဒေါသတွေ ထွက်နေတာပေါ့။ ”

သြော် . . . ဟုတ်တာပဲ။ ဟန်းဖုန်းကိုင်တယ် ဆိုပြီး သူများက တစ်ကော လောက် ခေါ်ပေးပါ ဆိုပြီး အရူးလုပ်တာ ခံရနိုင်တာပါပဲလား။ အင်း. . . ဟန်းဖုန်း ပြောသူများ ၊ ဟန်းဖုန်း ပြောသူများ. . . ။

မှတ်ချက်။ လွန်ခဲ့သော ၁၀ နှစ်ကျော်ခန့်က ဖြစ်၍ ယခု လက်ရှိ ရေဝေး သုဿာန် ၏ ဖုန်းနံပါတ်က ယခု ဖုန်းနံပါတ် ဟုတ်လား မဟုတ်လား မသိပါကြောင်း။ ဖုန်းနံပါတ်ထက် သူငယ်ချင်း တစ်ယောက်၏ လူတစ်ယောက်အပေါ် လျှပ်တပြက် နောက်ပြောင်မှုကိုပဲ ရေးပါတယ်။

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

29 May 2010

17 ဗုဒ္ဓ သာသနာ



“ ဗုဒ္ဓ ဘာသာ ” ဆိုတာ ဘာလဲ လို့ ကျွန်တော် ရိုးရိုးရှင်းရှင်းပဲ အရင် မေးကြည့်ချင်တယ်။ ဗုဒ္ဓဘာသာ ဖြစ်နေပြီး ဗုဒ္ဓဘာသာ ဘာလဲ ဆိုတာကို မေးလိုက်ရင် တကယ်ကို ဆွံအ သွားတတ်ကြတယ်။ ကျွန်တော့်လည်း အရင်က တကယ်ကို ခံစားခဲ့ရဖူးတယ်။ ဟိုက်. . . ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ လို့ ကိုယ့်ဖာသာ ပြန်မေးသွားမိတယ်။ ဒါပေမဲ့ ကျွန်တော့်ဖာသာ အဖြေမရခဲ့ပါ။ ဒါကြောင့် အနီးအနားမှာ ရှိနေတဲ့ ကျွန်တော့်ထက် တတ် သိ နားလည်သူတွေကို ထပ်ဆင့်မေးကြည့်မိတယ်။ သူတို့ကပြန်ပြီး အဖြေပေးပါတယ်။

“ ဗုဒ္ဓ ဆိုတာ ဘုရား ၊ ဘာသာ ဆိုတာ  အယူဝါဒ ။ ဒါကြောင့် ဘုရားရဲ့ အယူဝါဒ ။ ” တဲ့။

အရမ်းကို ရှင်းလင်းပေမဲ့ ကျွန်တော့် အတွက် စိတ်တိုင်းကျ အဖြေမရသေးဘူးလို့ ကျွန်တော့် ရင်တွင်းက မလိမ်မညာပဲ အဖြေပေးတယ်။ ကျွန်တော် ဆက်စဉ်းစား ကြည့်မိတယ်။ တကယ်လို့ ဗုဒ္ဓ ဆိုတာသာ ဘုရား ဆိုပြီး ဗုဒ္ဓဘာသာ ဆိုတာ “ ဘုရားအယူဝါဒ ” ဆိုရင် တခြား ဘာသာ တွေမှာလည်း သူတို့ဘာသာအရ ဘုရားကို အခေါ်အဝေါ်တွေ ရှိနေတာပဲ လို့ ကျွန်တော် ဆက်တွေးကြည့်မိတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းအတွက် ကျွန်တော် တတ်သိသူများကို မေးမြန်းခဲ့ပါတယ် ၊ စာအုပ်စာတမ်းများ ဖတ်ရှုခဲ့တယ်။ နောက်ဆုံးမှာတော့ ကျွန်တော့်အတွက် စိတ်ကျေနပ်ဖွယ်ရာ အဖြေတစ်ခုကို ရခဲ့ပါတယ်။ ဒါကတော့ . . . .

“ ဗုဒ္ဓ = သိမှု မြင်မှုကိုယ်တိုင် ကြုံတွေ့ရမှုကို အခြေခံပြီး ဆရာမကူပဲ အလိုလို သိနားလည်နိုင်သော ၊ ဘာသာ = အယူဝါဒ ” 

( ကိုးကား - ရင်နှစ်သည်းချာ နိုင်ငံရတနာ ဆုံးမစာများ။ စာမျက်နှာ ၄၁ ၊ ၄၂ မှ )

ဆိုသော ဖြေရှင်းချက်လေးကို ရခဲ့ပါတယ်။ ဘယ်သူတွေအတွက် မှားတယ် ၊ မှန်တယ် ကျွန်တော် ဘယ်တုန်းကမှလည်း သွားမငြင်းဖြစ်ခဲ့ပါဘူး။ သူတို့ဖာသာ ဗုဒ္ဓဘာသာ ဆိုတာ ဘုရားအယူ ဆိုလို့ ဆိုခဲ့ရင်လည်း ကျွန်တော် နည်းနည်းပြောပြလို့ သဘောပေါက်လွယ်ခဲ့ရင် ဆက်ပြောဖြစ်ပြီး သူတို့ လက်ဝါးထဲက အသိကို အုပ်မိုးကာ ဇွတ်ငြင်းဆန်နေရင် ကျွန်တော် ရယ်နေလိုက်တာပါပဲ။ ရပ်ကွက်ထဲက အကြော်သည်ကြီးလို “ အတင်းကြီးပါလားတော် ” ဆိုပြီးလည်း ကျွန်တော် ဈေးဆစ်တာလို ပြန်မပြောမိပါဘူး။ ရယ်ပဲ နေလိုက်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်း အတွက် “ သိမှု ၊ မြင်မှု ကို အခြေခံပြီး ဆရာမကူပဲ အရာရာကို သိမြင်နိုင်သော အယူဝါဒ ” ဆိုသော အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ကျွန်တော် ပိုပြီး နှစ်သက်ပါတယ်။ ဒါပေမဲ့ တကယ်တော့ ကျွန်တော်တို့ ပဋိကတ်တော်တွေထဲမှာ “ ဗုဒ္ဓဘာသာ ” လို့ တစ်လုံးမှတောင်မှ မပါဘူးလို့ ထပ်၍ မှတ်သားမိပြန်ပါတော့တယ်။ တကယ်တော့ “ ဗုဒ္ဓသာသနာ ” “ ဗုဒ္ဓဝါဒ ” ခေါ်ဆိုမှသာ ပိုပြီးတော့ မှန်ကန်နိုင်တယ်လို့ ထပ်မံ ဖတ်ရပြန်ပါတယ်။ ဖတ်ချင်သူများနဲ့ မေးမြန်း လျှောက်ထားလိုသူများ ဒီနေရာ မှာ သွားပြီး လျှောက်ထား မေးမြန်းနိုင်ပါတယ်။

ဘာလို့ ကျွန်တော်က ဒါတွေကို အရင်ပြောပြတာလဲ ဆိုတော့ ကျွန်တော်ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေက လူတော်တော်များနဲ့ လွဲနေတတ်ပါတယ်။ ကျွန်တော် မှန်တယ်လို့ မပြောဝံ့သလို ၊ သူများမှန်လား ဆိုတာလည်း ကျွန်တော် မသိပါဘူး။ 

ဥပမာလေး နောက်တစ်ခု ပြောပါဦးမယ်။ ပဲခူးမှာ ကျွန်တော့် အဖိုးရဲ့ညီ ၊ ကျွန်တော့် အဖိုးလေးက နာမည်ကျော် ဘုန်းကြီးကျောင်းတစ်မှာ ကျောင်းထိုင်ပါတယ်။ ကျွန်တော် ကိုရင် ဝတ်ရင်တောင်မှ ပဲခူးကို တကူးတက သွားပြီး ကိုရင် ဝတ်ခဲ့ရတယ်။ နည်းနည်း အသက်ကြီးလာတဲ့ အချိန် ကိုရင်ကြီး ဝတ်ရတယ်။ ဒီအချိန်မှာ တရားနာချိန် ၊ တရားထိုင်ချိန်ပြီးရင် ဆရာတော်က တရားစစ်သလို ၊ ကိုယ်ကလည်း ဆရာတော်ကို မရှင်းလင်းတဲ့ တရားတော်တွေကို မေးမြန်းလျှောက်တင်လို့ ရပါတယ်။ ဒီတော့ ကျွန်တော်လည်း မေးချင်လာတယ်။ 

ကိုယ့်ရဲ့ အဖိုးလေး ဆိုတော့ သူများတွေလို တရားစစ်တဲ့ နေရာမှာ မေးမနေတော့ပါဘူး။ ဆွမ်းဘုန်းပေးပြီးလို့ ဆရာတော်က သူ့ကျောင်းဆောင်မှာ နားနေတော့မှ ပေယောင်ယောင်နဲ့ ဆရာတော်နား ကပ်ပြီး ခြေထောက်ကို နှိပ်ပေးရင်း မေးမိတယ်။ ကျွန်တော်က ဘုန်းဘုန်း လို့ပဲ ခေါ်တယ်။ 

“ ဘုန်းဘုန်း ဘုရာ့ ၊ တပည့်တော် တစ်ခုလောက် မေးလျှောက်ချင်တယ်။ ”

“ အေး ပြောလေကွာ။ ”

“ တပည့်တော်တို့ ဗုဒ္ဒဘာသာမှာ “ ဆုတောင်းတာ နဲ့ ဆုပန်တာ ” ဘာများကွာသလဲ ဘုရာ့။ ”

အဲဒီမှာ စတော့တာပါပဲ။ ဒီတော့ ဆွမ်းစားပြီး မှေးနေတဲ့ ဆရာတော် မျက်လုံးတွေ ကျယ်သွားတယ်။ နည်းနည်းငြိမ်ပြီး စဉ်းစားသွားတယ် ထင်တယ်။ ခဏနေမှ. . .

“ အတူတူပဲ ထင်တယ် ကိုရင်။ ဘာများ ဖြစ်လို့လဲ။ ”

“ တပည့်တော်ကတော့ မတူဘူး ထင်တယ် ဘုရာ့။ မတူလို့ “ တောင်းတာ နဲ့ ပန်တာ ” ဆိုပြီး ခွဲပြောကြတာပေါ့။ ”

“ တူတယ် ထင်တယ်။ ”

“ မတူနိုင်ဘူး ဘုရာ့။ ”

အဲဒီလို သွားပြီး ငြင်းမိတယ်။ တကယ်တော့ ကျွန်တော်ကလည်း အတွေးများကို ချူပ်မထားတတ်တဲ့ အဖေ နားမှာ နေလာရတာ ဆိုတော့ . . . ၊ ဖေဖေနဲ့ ငြင်းနေကြလိုမျိုး ဖြစ်ပြီး ဈာန်ဝင်ကာ ငြင်းလိုက်မိတယ်။ အဲဒီအတွက် ဘာရလဲ ဆိုတော့ ကွမ်းတံတွေး ထွေးခံနဲ့ ပစ်ပေါက်ခံလိုက်ရတာပါပဲ။ တော်သေးတယ် ကျွန်တော်က အပြေးမြန်လို့ ၊ ဒါပေမဲ့ ကျောင်းဆောင်ထဲမှာ ကွမ်းတံတွေးတွေနဲ့ ပွသွားလို့ ကျွန်တော် သန့်ရှင်းရေး လုပ်ပေးလိုက်ရတာပါပဲ။ အဖွားအတွက်လည်း အိမ်ပြန်ရောက်ပြီး ဆွေးမျိုးတွေ ကြားထဲမှာ ပြောစရာ တစ်ခု ထပ်တိုးသွားတာပေါ့လေ။

ဒါကို ကျွန်တော် ဘာလို့ ပြောပြနေတာလဲ ဆိုတော့ ဆွေးနွေးမေးမြန်းတယ် ဆိုပေမဲ့ အဖြေဆိုတာ ရလာတတ်တာ မဟုတ်ဘူး ဆိုတဲ့ သင်ခန်းစာလေး တစ်ခုကို ကျွန်တော် ငယ်ငယ်ကတည်းက အပြေးခြေထောက် ၊ ထွေးခံ မထိလိုက်မိတဲ့ ခေါင်းနဲ့ ရင်းပြီး သိလာခဲ့တယ် လို့ ဆိုချင်တာပါ။ ဒါပေမဲ့ ဒီမေးခွန်းအတွက် ကျွန်တော် လက်မလျှော့ခဲ့ပါဘူး။ သိနိုင်လောက်သူတွေ ၊ ဖြေနိုင်လောက်သူတွေကို မေးမိတယ်။ စာအုပ်ပေါင်းများစွာ ( ရွှေတိဂုံ စေတီတော်မှ ဗုဒ္ဓဝင်သမိုင်းပြတိုက်ထဲက စာအုပ်တွေ ၊ ပေစာတွေရော ) နားလည်တာတွေရော ၊ နားမလည်တာတွေရော ဖတ်ခဲ့တယ်။ 

နောက်ဆုံးတော့ “ ဆုတောင်းတာ နဲ့ ဆုပန်တာ ” ကို ကျွန်တော် သဘောပေါက်ခဲ့ရတာက ဒီလိုပါ။ ဘယ်သူ့ကိုမှ ကျွန်တော့်လို လိုက်ပြီး ယူဆပါ လို့ ကျွန်တော် မပြောလိုပါဘူး။ ကျွန်တော် မြင်မိ ဖတ်မိ တွေးမိ တဲ့ အတိုင်းပဲ ကျွန်တော် ဖော်ညွှန်းလိုက်ပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေမှာ “ သားဆုပန်တယ် ၊ ယောက်ျားဆုပန်တယ် ၊ ဘုရားဆုပန်တယ်  ” လို့ အထင်အရှားကို အတိအလင်းကို ရေးသား ဖော်ပြထားကြပါတယ်။ ဘာကြောင့်များ “ သားဆုတောင်းတယ် ၊ ယောက်ျားဆုတောင်းတယ် ၊ ဘုရားဆုတောင်းတယ် ” လို့ မရေးကြ ၊ မပြောကြတာပါလဲ။ ကျွန်တော် သေချာ တွေးကြည့်မိပါတယ်။ 

ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဆိုတာ တခြားဘာသာတွေလို ဘယ်သူ့ဆီင်္ကမှ ဘာကြီး ရပါစေ ဆိုပြီး တောင်းလို့ ရရိုး ထုံးစံ မရှိတာ တွေ့ရတယ်။ အဲ. . တောင်းသူတွေလည်း ရှိတာပေါ့လေ။ ဒါပေမဲ့ ဒါက ဆုသေးတွေကို တောင်းတာ ဖြစ်ပြီး ဘာမှ မလုပ်ပဲနဲ့  ပြည့်ကြတယ် လို့လည်း ကျွန်တော် မကြားမိပါဘူး။ ကိုယ်တိုင်တော့ လုပ်ယူရတာပါပဲ။

ဒီနေရာမှာ ဘာလို့ ကျွန်တော် ဆုသေးလို့ ပြောတာလည်း ဆိုတော့ ဆုကြီးပန်သူများ အားလုံးက ယောက်ျားဖြစ်မှ ရတာကို ထပ်တွေ့ရပြန်ပါတယ်။ ဒါကြောင့် သားဆုပန်တယ် ဆိုတာလည်း ယောက်ျား ဖြစ်စေလိုတာပဲ ၊ ယောက်ျားဆုပန်တယ် ဆိုတာလည်း ယောက်ျားဖြစ်စေလိုတာပဲ ၊ ဘုရား ဆိုတာကတော့ ပြောမနေနဲ့တော့ မိန်းမ ဘုရားမှ မရှိတာလေ။ ဒီတော့. . .  . . သူတို့ ဘာလို့ ဆုတောင်းတယ် လို့ မသုံးပဲ ဆုပန်တယ် လို့ပဲ သုံးရတာလဲ ဆိုပြီး ကျွန်တော် စဉ်းစားမိတော့ ကိုယ်တိုင် မဖြစ်မနေ ကြိုးစားဆောင်ရွက်ရမဲ့ အရာတွေကို ဆုပန်တယ် လို့ သုံးတာ ကျွန်တော် တွေ့ရတယ်။

တခြားသော ဘာသာတွေမှာကတော့ သူတို့မှာ ဘာမှ မရှိဘူး။ သူတို့မှာ သူတို့ရဲ့ ထာဝရ ဘုရားရှင်ဆီမှာ ဆုတောင်းလိုက်ရင် ပြည့်သွားတယ် လို့ ယူဆကြတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ကတော့ ကိုယ်ဖြစ်ချင်ရင် ကိုယ့်ဖာသာ ကြိုးစားရမယ် ဒါကြောင့် ကိုယ့်ဖာသာ ကြိုးစားဖို့ အားထုတ်ပါ့မယ် လို့ တစ်ယောက်ယောက်ကို ဝန်ခံ ပန်ကြားသော အားဖြင့် ကတိကဝတ်ပြုလိုက်တာကို “ ဆုပန်တယ် ” လို့ ခေါ်လိုက်ခြင်းလို့ ကျွန်တော် ယူဆမိတယ်။ ( ထပ်ပြောပါ့မယ် . . ကျွန်တော့်ဖာသာ ယူဆမိတယ်။ )

ဒါကြောင့် ကျွန်တော် ဘာကြီး ဖြစ်ပါစေ လို့ ဆု မတောင်းမိတော့ပါ။ ကျွန်တော့်ဖာသာပဲ ဖြစ်အောင် လုပ်မယ် ဆိုသော ကတိကဝတ်ဖြင့် တစ်စုံတစ်ယောက် ၊ တစ်စုံတစ်နေရာမှာ  ( ဥပမာ - ဘုရားရှေ့မှောက်မှာ ) ဆု ပန်ကြားမိပါတော့တယ်။ ကိုယ်ဖြစ်ချင်တာကို ဘယ်သူ့ကိုမှ အားမကိုးပဲ မိမိဖာသာပဲ ဖြစ်အောင် လုပ်မယ် ဆိုတဲ့ ကတိကဝတ် တစ်ခုကို “ ဆုပန်တာ ” လို့ ကျွန်တော် မြင်မိခဲ့ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အထူးဆုလို့တောင်မှ ကျွန်တော် ပြောချင်မိသေးတယ်။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

အဖိုးလေး ဆရာတော်ဆီက ထွေးခံနဲ့ ရင်းပြီး သင်ယူလိုက်ရတဲ့ သင်ခန်းစာကြောင့် ကျွန်တော် ကိုယ့်ဘာသာကိုတောင်မှ ကိုယ် ဘယ်သူနဲ့မှ မဆွေးနွေးတော့ပါ။ ဒီမှာလည်း ကျွန်တော် တင်ပြစရာ နည်းနည်း ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး တရားကို အချိန်လေး နည်းနည်းရရင် လေ့လာကျင့်ကြံသူများ အတွက်ပါ။ လုပ်ကြည့်ရင် အကျိုးထူးမယ် လို့လည်း ယုံကြည်မိပါတယ်။ 

အရင်က ရပ်ကွက်က ဓမ္မာရုံမှာ အင်္ဂါနေ့ဆိုရင် ကျွန်တော်သွားသွားပြီး ရေနွေးကြမ်းနဲ့ လက်ဖက်သုတ် သွားစားလေ့ ရှိပါတယ်။ ဘာလို့ ဒီလို ပြောတာလဲ ဆိုရင် ကျွန်တော် ရေနွေးအိုးနဲ့ နောက်တစ်ခါ အပေါက် မခံချင်တော့လို့ပါပဲ။ ဒါကြောင့် သူတို့ ပြောတာကို မျက်လုံးလေး ကလယ် ကလယ် နဲ့ပဲ ကျွန်တော် မသိသလို နားထောင်ပြီး လက်ဖက်သုတ်တွေပဲ နင်းကန် အုပ်ခဲ့ပါတယ်။ သူတို့ ဆွေးနွေးနေကြတဲ့ အကြောင်းအရာတွေကိုတော့ နည်းနည်း ပြောပြချင်ပါတယ်။

သူတို့ ဓမ္မရုံမှာ ဆိုတော့ တရားအကြောင်းတွေပဲ ဆွေးနွေးကြပါတယ်။ တရားအကြောင်း ဆွေးနွေးတယ် ဆိုတာထက် ငါဘယ်လောက် သိတယ် တတ်တယ် ဆိုတာကိုပဲ ပြောနေကြသလိုပဲ ကျွန်တော်ကြားမိတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဆိုရင် ဗုဒ္ဓမြတ်စွာဘုရားက ပဉ္စဝဂ္ဂီငါးပါးကို ဓမ္မစင်္ကြာတရား ဟောနေတဲ့ နေပြိုင် ၊ လပြိုင် ဆိုသော ပန်းချီကားကို တွေ့ဖူး မြင်ဖုးကြမှာပါ။ 

ဒီလိုပုံပါ။ ဒါပေမဲ့. . . . .

ဒီပန်းချီကားကို ပြည့်ပြည့်စုံစုံ ကြည့်ဖူးသူတွေဆိုရင် ဒီအကြောင်းအရာကို သိနိုင်လောက်ပါတယ်။ ( အခုအထက်မှာ ဖော်ပြထားတာ မပြည့်စုံပါ။ ) အခု ဖော်ပြပါ ပုံမှာ နေပြိုင်လပြိုင် ဆိုသော ပုံကို ပါမလာတော့ပါ။ ဘာလို့ နေပြိုင် လပြိုင် ပုံ ပါမလာတော့တာလဲ ဆိုတော့ လူတွေ သေချာ မမှတ်မိတော့လို့ ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ဘုရားက ဓမ္မစင်္ကြာတရားကို အကြောင်းအရာ ပေါင်းများစွာကို စုစည်းကာ တရားဟောတာ ဖြစ်ပါတယ်။

ဘုရား တရားဟောနေရာမှ မျက်နှာမူရာ အရပ်က “ မြောက်အရပ် ” ပါ။ ဒီအချိန်မှာ ဘုရားရဲ့ လက်ယာဘက်မှာ ကလည်း အပြိုင် ၊ လက်ဝဲဘက်မှာ နေ ကလည်း အပြိုင် ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ထူးခြားချက် ရှိပါတယ်။ ဘုရားဟာ ပညာကို အားပေးပါတယ်။ တန်ခိုးကို အားမပေးပါဘူး။ ဒါကြောင့် လ ဆိုတာ ပညာ ကို ကိုယ်စားပြုပြီး နေ ဆိုတာ တန်ခိုး ကို ကိုယ်စားပြုပါတယ်။ ဘုရားက မြောက်ဘက် အရပ်ကို မျက်နှာမူပြီး တရားဟောနေတာ ဖြစ်တော့ လက်ယာဘက် အခြမ်းက အရှေ့ဘက်ပါ။ လက်ယာအခြမ်းမှာ က အပြိုင်တည်ရှိနေပြီး ၊ လက်ဝဲဘက် က အနောက်ဘက် ၊ ဘက်ဝဲဘက် အခြမ်းမှာ နေ က တည်ရှိနေပါတယ်။

ဒါက ဘာကို ရည်ညွှန်းပြောဆိုတာလည်း ဆိုတော့ “ ပညာက အတတ် ၊ တန်ခိုးက အကျ ”  ဆိုတဲ့ သဘောတရားလေးကိုပါ ယြူုပီး ဗုဒ္ဓမြတ်စွာ ဘုရားက တရားဟောချိန်ကို ပြင်ဆင် နေရာယူကာ ဟောပြောခဲ့တာ ဖြစ်ပါတယ်။ ဒါကို ဟိုးအရင်က ပန်းချီတွေမှာ နေကို လက်ယာဘက်မှာ ထည့်ပြီး မှားဆွဲ မိတတ်ကြပါတယ်။ နောက်တော့ ကျမ်းဂန်တွေကို သေချာ မလေ့လာပဲ ၊ ဆိုဆုံးမမှုတွေကို သေချာ မလေ့လာပဲ မှားဆွဲမိတာကို ဝန်မခံချင်တော့ နောက်ဆုံးမှာ အဓိက ပြယုဂ် ဖြစ်တဲ့ “ နေပြိုင် လပြိုင် ” က ပါမလာတော့ပါဘူး။

ဒါကြောင့် ဗုဒ္ဓမြတ်စွာ ဘုရားက “ ပညာကို အားပေပြီး တန်ခိုးကို အားမပေးဘူး ” ဆိုတဲ့ ဆိုဆုံးမမှုဟာလည်း ကွယ်ပျောက်လု မတတ်ဖြစ်ပြီး တရားပွဲ ဆွေးနွေးကြရာမှာလည်း သူတတ်တယ် ငါ တတ်တယ် ဆိုပြီး ငြင်းခုန်မိကြတော့တာပါ။


( ဝမ်းသာစရာပါပဲဗျာ။ ဒီပုံလေး တစ်ပုံကိုတော့ ရှာတွေ့လိုက်တယ်။ ဒါ အမှန်ပါ။ လက လက်ယာဘက်မှာ ရှိပြီး နေက လက်ဝဲဘက် အကျဘက်မှာ ရှိရမယ်။ ပညာက တတ်လာလေလေ ၊ တန်ခိုး က မှေးမှိန် သွားလေလေ ဆိုပြီး မာန်မာနကို သတ်ခိုင်းပြထားတဲ့ ပုံလေးပါ။ )

အခုလည်း ကျွန်တော် အင်္ဂါနေ့တိုင်း သွားနေကြ ဓမ္မာရုံမှာ တရားအကြောင်းကို အကြောင်းပြုပြီး သူတို့ ငြင်းခုန်နေကြတယ်။ ကျွန်တော် နားထောင်ကြည့်မိတော့ . . .  “ ငါတို့ မိုးကုတ်က ဘယ်လို ၊ ငါတို့ သဲအင်းဂူက ဘယ်လိုကွ ၊ ငါတို့ ကသစ်ဝိုင်က ဘာ ”  ဆိုတဲ့ စကားတွေပဲ ကြားရတယ်။ တကယ်တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ အမျိုးမျိုး အထွေထွေ မရှိပါ။

တခြားဘာသာတွေကိုလည်း ကျွန်တော် နှိုက်နှိုက်ချွတ်ချွတ်ကို လေ့လာဖူးပါတယ်။ ဘာကြောင့် ဘာဖြစ်တယ် ဆိုတာတွေကိုရောပေါ့လေ။  အခုလို ဗုဒ္ဓဘာသာ အချင်းချင်း ငြင်းခုန်နေကြလေလေ သူတို့မှာ တရားနဲ့ ဝေးနေတယ် ဆိုတာ သိသာစေပါတယ်။

ဆူးလေဘုရားကို ရောက်အောင် ဘယ်ကနေသွားရလဲ ဆိုတော့ ဆူးလေဘုရားလမ်းက သွားမှ ရောက်တာ မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းလမ်းကနေ သွားပြီးမှ ကွေ့လိုက်လည်းရောက်တာပါပဲ။ ကမ်းနားလမ်းကနေ တတ်လာပြီးမှ လျှောက်လာရင်လည်း ရောက်တာပါပဲ။ ဗုဒ္ဓဘာသာရဲ့ အဓိက က နိဗ္ဗာန်ကို မျှော်ရည်ဖို့ပါ။ ဒါကြောင့် ဘယ်လမ်းကပဲ သွားသွား လိုရာ ခရီးရောက်ဖို့ပဲ လိုပါတယ်။

အခုတော့ ကျွန်တော် သူတို့ ဆွေးနွေးနေတာကို နားထောင်မိရင် “ ပိန်ဖောင်းက ကောင်းတယ် ၊ ရှူ ထုတ်က ပိုကောင်းတယ် ၊ ထိ မှတ် ကြွ လှမ်း က ပိုအဆင်ပြေတယ် ” ဒါတွေကို ငြင်းခုန်နေကြတာနဲ့ သူတို့ လိုရာကို မရောက်နိုင်ကြဘူး လို့ ကျွန်တော် မြင်တယ်။ သူတို့က ဓမ္မာရုံကို လူစည်အောင် လုပ်ပေးရုံ ၊ လက်ဖက်သည်ကို ရောင်းကောင်းအောင် ထောက်ပံ့နေတယ် လို့ပဲ ကျွန်တော် တွေးမိတယ်။

ထားပါတော့လေ. . . . 

ဒီပို့စ်ကလည်း အရမ်းရှည်သွားပြီ ဖြစ်လို့ ဒီနေရာမှာ ဗုဒ္ဓ တရားတော်ကို ကျွန်တော် ဆင်ခြင်မိတာလေးပဲ ပြောပြီး နိဂုံးချုပ်ပါ့မယ်။

ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မိမိ ဘယ်ကျင့်စဉ်လမ်းကိုပဲ လိုက်လိုက် အဓိကကတော့ “ သတိ ” ပါပဲ။ သတိနောက်မှာ အသိ လေး ကပ်ထားရပါမယ်။ ဒီလိုပဲ အသိ နောက်မှာလည်း သတိ က ပါနေရပါမယ်။ ဘယ်ကျင့်ကြံအားထုတ်တဲ့ တရားသဘောက “ ပိန်ဖောင်းပဲ ဖြစ်ဖြစ် ၊ ရှူထုတ်ပဲ ဖြစ်ဖြစ် ၊ ထိ မှတ် ကြွ လှမ်း ပဲ ဖြစ်ဖြစ် ” အရေးအကြီးဆုံးက စိတ်နောက်ကို သတိ နဲ့ အသိ က လိုက်မသွားဖို့ပါ။

ဥပမာ  -

မြင်တာကို မြင်တယ် လို့ပဲ မှတ်ပါ။ မြင်တယ် မြင်တယ် ဒါဆို ရပါပြီ။ ဘာကို မြင်တာလဲ ဆိုရင် လမ်လွဲပါတယ်။

ကြားတယ် ဆိုရင်လည်း ကြားတယ် ကြားတယ် ပဲ မှတ်ပါ။ ဒါကို ဘာအသံလဲ ဆိုရင် လမ်းလွဲပါတယ်။

ရှူတယ် ဆိုရင်လည်း ဝင်တယ် ထွက်တယ် ပဲ မှတ်ပါ။ ဒီလေက အဆုတ်ထဲကို ရောက်သွားတဲ့ အထိ ပါသွားရင် မှားပါတယ်။

အနံ့ရတယ် ဆိုရင်လည်း ရတယ် ရတယ် ပဲ မှတ်ပါ။ ဘာအနံ့ပါလိမ့် ဆိုရင် လမ်းလွဲပါတယ်။

ထိတယ် ဆိုရင်လည်း ထိတယ် ထိတယ် ပဲ မှတ်ပါ။ ဘာကို သွားထိနေတာပါလိမ့် ဆိုရင် မှားပါတယ်။

ဒီလိုလေးပဲ ကမ္မဌာန်းထိုင်တဲ့ အခါမှာ ဆင်ခြင်ကြည့်ပါ။ ဒီလို ဆင်ခြင်ရင် တရားပေါက်ပြီး နိဗ္ဗာန် မြန်မြန်ရောက်မယ် လို့တော့ ကျွန်တော် မပြောလိုပါ။ အထက်က ရေးထားတဲ့ အတိုင်းပဲ ဒါက ကျွန်တော်ရဲ့ ဆင်ခြင်နည်းပါ။ ဘယ်သူနဲ့မှလည်း တူမှာ မဟုတ်ပါ။ တခြားသူတွေလည်း သူတို့ဖာသာ အဆင်ပြေတဲ့ ဆင်ခြင်နည်းတွေ ရှိပါလိမ့်မယ်။ ဘာပဲ ပြောပြော ကျွန်တော်တို့မှာ “ ဘုရား ဖြစ်ရပါစေသား ” ဆိုသော ဆုကြီး မပန်နိုင်ခင် အချိန်ထိတော့ ကျွန်တော်တို့ မျက်မှောက်ပြုထားရမှာ “ နိဗ္ဗာန် ” ပဲ မဟုတ်ပါလား။


*** ဘယ်လမ်းကပဲ သွားသွား လိုရာ နိဗ္ဗာန်လမ်းကို မြန်မြန်ရောက်နိုင်ကြပါစေ။ ***


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

28 May 2010

18 ဘုရား နှင့် နတ်များ



ဒီနေ့ ဒီမှာတော့ Wesak Day လို့ ခေါ်တဲ့နေ့ပါ။ အလုပ်ပိတ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မနေ့က လပြည့်နေ့ ဆိုပေမဲ့ ဒီမှာက နောက်တစ်ရက် နောက်ကျပြီးမှ လပြည့်နေ့လို့ သတ်မှတ်ကြထင်တယ်။ ဒါကြောင့် တစ်ရက် နောက်ကျနေတယ်လို့ ပြောရမလား ၊ သူ့တို့ဖာသာ အလေ့အထ ဖြစ်နေတယ်လို့ ဆိုရမလားပါပဲ။

ဒီနေ့တော့ ထူးထူးခြားခြားလို့ပဲ ပြောရမလား မသိဘူး။ စာလေးနည်းနည်း ဖတ်မိတယ်။ ဒီနောက်မှာ ထပ်ပြီး ဖတ်ဖြစ်တဲ့ ဆရာ ရွှေဥဒေါင်းရေးတဲ့   ဆော်လမုန်သိုက်    Ebook ထဲမှာလည်း အဲဒီအကြောင်းက ပါနေတော့ တော်တော်ကို ထူးဆန်းသလို ဖြစ်လို့ ဒီအကြောင်းအရာလေးကို ကျွန်တော် နားလည် သလို  အချက်အလက်များဖြင့် ကိုးကား ဖော်ပြလိုက်ပါတယ်။


~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

လူတွေမှာ မိမိဖာသာ ဖြစ်ပေါ်နေတဲ့ စိတ်အမှတ်သညာ ရှိပါတယ်။ သိပ္ပံပညာနဲ့ လက်ခံလို့ မရသေးပေမဲ့ စိတ်ပညာ အရတော့ လူတွေမှာ အမှတ်သညာ အားလုံးကို ခန္ဓာကိုယ်ရဲ့ နေရာ သုံးခုကနေ မှတ်မှတ်ရရ မှတ်ထားပေးတတ်တယ်။

၁။ ဦးနှောက်
၂။ နှလုံးသား
၃။ သည်းခြေ

၁။ လူတစ်ယောက်ရဲ့ မှတ်သိ မှတ်ဖွယ်ရာ အားလုံးတို့ကို ဦးနှောက်က မှတ်သားပေးပါတယ်။ သူက လိုအပ်သမျှတွေ အားလုံးကို လိုသလို ပြန်ပြီး ထုတ်ယူစေတယ်။

၂။ လူတစ်ယောက်ရဲ့ ချစ်ခင် နှစ်သက် ကြည်နူးစေတတ်သော အကြောင်းအရာများ အားလုံးကို နှလုံးသားက သိမ်းဆည်းပေးထားတယ်။ ဒါကြောင့် ကိုယ်ချစ်ခင် နှစ်သက်သော သူအကြောင်းကို တွေးလိုက်တာနဲ့တင် နှလုံးသားက အခုန်မြန်လာပြီး ရင်တွေ ခုန်လာတတ်တယ်။

၃။ လူတစ်ယောက်ရဲ့ နာကျည်းမုန်းတီးမှု အားလုံးကို သည်းခြေက မှတ်သားပေးထားတယ်။ ဒါကြောင့် အမှတ်သည်းခြေ မရှိဘူးလား ဆိုတဲ့ စကား ပေါ်လာရသလို ၊ လူတစ်ယောက်ကို အရမ်းနာကြင် မုန်းတီးတဲ့ အခါမှာ ပါးစပ်တွေထဲက ခါးလာရသလို ၊ သည်းခြေတွေပါ ပျက်ဆီးပြီး စိတ်ပါ နောက်သွားတတ်တယ်။

ဒီနေရာမှာ အကြမ်းအားဖြင့် လူတစ်ယောက်ကို ဒီလို သတ်မှတ်ထားပေမဲ့ လူတစ်ယောက်ရဲ့ ဦးနှောက် ၊ နှလုံးသား ၊ သည်းခြေတွေကို တစ်ပါတည်း အလုံးစုံ သိမ်းပိုက်ပြီး မှတ်မိသွားအောင် လုပ်သွားနိုင်တာ တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ “ ကြောက်ရွံမှု ” ပါပဲ။ ကြောက်ရွံမှု ဆိုတာ အရမ်းကို ထူးဆန်းပါတယ်။ သူ့ရဲ့ အဖျက်စွမ်းအားကလည်း အလွန်ကို ကြီးမားလှတယ်။

အာဖရိက တောနက်ထဲမှ လူရိုင်း ၊ အမေဇုံတောနက်ထဲမှ လူရိုင်း ၊ ဆာရာဝပ်မှာ ရှိတဲ့ လူရိုင်း ၊ အင်ဒိုနီးရှား ကျွန်းတွေပေါ်မှာ ရှိတဲ့ လူရိုင်း ၊ ကမ္ဘာအနှံ ဘယ်နေရာမှာ မဆို ရှိနေတတ်တဲ့ လူရိုင်း  ၊ အားလုံး အားလုံးသော လူရိုင်းတွေမှာ သူတို့ရဲ့ ကိုးကွယ် ပူဇော်ပသသော ရုပ်ထုများ ရှိနေတတ်ပါတယ်။ ထိုရုပ်ထုများ သဘောတရားများဟာ ယေဘုယျအားဖြင့် တစ်ခါကြည့်မိသူများကို သွေးလေ ခြောက်ခြားအောင် ကြောက်ရွံဖွယ်ရာ အရုပ်ဆိုးဆိုးများ ၊ သွေးပျက်စရာ ရုပ်ပုံများ ဖြစ်နေတတ်ပါတယ်။







ဘာလို့ ဒီလို ဖြစ်နေရလဲ ဆိုတော့ ကြည့်မိသူရဲ့ စိတ်ထဲမှာ တစ်ခါဆို တစ်ခါတည်းနဲ့ ကြောက်ရွံစိတ် ဖြစ်ပေါ်သွားပြီး ဒီကြောက်ရွံစိတ်ကို အခြေခံကာ မသိစိတ်ထဲကို ဝင်ရောက် ထိုးမွှေရင်း လူတွေရဲ့ ယုံကြည်မှုကို ရယူတတ်ကြပါတယ်။ 

စကားလေး တစ်ခွန်း ရှိပါတယ်။

“ လူဆိုတာ သင်းပျံ့မွှေးကြိုင်တဲ့ ပန်းညများစွာထက် သရဲခြောက်ရာ ညကို ပိုပြီးတော့ သတိရနေတတ်တယ်။ ” 

တဲ့။

ဒါကြောင့် တောထဲက လူရိုင်းတွေ ကိုးကွယ်သော ရုပ်ထုများ ၊ တောရွာ မြို့ပေါ်တွင် ပူဇော်ပသထားသော နတ်ရုပ်များအားလုံးဟာ လူတစ်ယောက် တစ်ခါမြင်မိယုံနဲ့ သူ့ရဲ့ မသိစိတ်ထဲမှာ ထိတ်လန့်သွားအောင် ကြောက်ရွံသွားစေနိုင်တဲ့ ပုံသဏ္ဍာန်များ ဖြစ်ပေါ်နေရတာပါပဲ။ ဒီလို ကြောက်ရွံထိတ်လန့် နေစရာ ကောင်းမှလည်း “ ဘယ်လို ကိုင်လိုက်မယ်နော် ” လို့ ပြောပြီး လူများရဲ့ ကြောက်ရွံမှု ကို အခြေခံကာ တကယ်မရှိသော အရာများကို တကယ်ပဲ ရှိလာသယောင်ယောင် ချိန်းခြောက်ပြောဆိုကာ ထိန်းကျောင်း၍ ရလာပေတော့မည် မဟုတ်ပါလား။

သို့သော် ဗုဒ္ဒမြတ်စွာဘုရားရဲ့ အသွင်အပြင် ၊ အမူအရာကတော့ ဒီလို မဟုတ်ပါ။ မျက်နှာတော် ၊ ခန္ဓာကိုယ်အမျိုးအစား ၊ အမူအရာများကိုက မြင်ရသူများ အဖို့ ထိတ်လန့်ကြောက်မက်ဖွယ်ရာ မဖြစ်ပေါ်ပါ။ မြင်သူသမျှ လူအားလုံးအတွက် တိတ်ဆိတ် ငြိမ်းချမ်းဖွယ်ရာသာ ဖြစ်ပေါ်စေပါတယ်။




ကြောက်ရွံမှု ကို အခြေခံပြီး ဖွဲ့တည်ဆောက်ထားတာ မဟုတ်တဲ့ ဘာသာ ဖြစ်တဲ့ အတွက် တထိတ်ထိတ် တလန့်လန့် ဖြစ်ပြီး ကိုးကွယ် ပူဇော်ပသ စရာ မလိုခြင်း ၊ ဘယ်လို ရှိခိုး ဝတ်မပြုရင် ဘယ်လို ကျိန်စာတွေ သင့်မယ် ဆိုပြီး မရှိခြင်းပဲ ဖြစ်ပါတယ်။

ဘုရားဆိုတာ ဘာလဲ ၊ နတ်ဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းများကို ဖြေဖို့ အချက်အလက်များစွာ ရှိပေမဲ့ အခု အချက်ကတော့ ဘုရားဆိုတာ “ ကြောက်ရွံမှု ”  ကို အခြေခံပြီး ဖွဲ့စည်းတည်ဆောက်ထားတဲ့ အရာ အဖြစ်သင့်ဘူး ဆိုတဲ့ အချက်လေး တစ်ချက်ပါပဲ။

*** အခွင့်သင့်ရင် တခြား အချက်များကို ဆက်လက် ဖော်ပြပေးပါ့မယ်။ ***


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

27 May 2010

11 ကျွန်တော့်ရဲ့ အဆစ်



ငယ်ငယ်က မေမေနဲ့ ဈေးလိုက်သွားတော့ မေမေဈေးဝယ်တာတွေကို သတိထားမိတယ်။

“ နည်းနည်းတော့ လျော့ပါဦး။ ”

ဆိုတဲ့ စကားလုံးလေးတွေကို မေမေက အမြဲလိုလိုတော့ ပြောတတ်တယ်။ ဒါနဲ့ မေမေ့ကို မေးကြည့်တော့ မေမေက . .

“ သူတို့က ဈေးကို ရောင်းဈေးထက် တင်ထားတတ်တယ် သားရဲ့။ ဒါကြောင့် ဆစ်လိုက်မှ တော်ရုံကျတာ။ ”

“ ဒါဆို စတိုးဆိုင်တွေမှာ ကျတော့ သူတို့က ' ဈေးမဆစ်ပါနဲ့ ၊ တစ်ခွန်းဈေး ' လို့ ရေးထားတယ်နော်။ ”

“ သူတို့က ကျတော့ ဈေးကို အများကြီး တမင်မတင်ထားဘူးလေဗျာ။ သူုတို့ ရောင်းသင့်သလောက်ပဲ တစ်ခါတည်း ဈေးနှုန်းရေးပြီး တင်ထားလိုက်တာ။ ဒါကြောင့် သူတို့က မလျှော့နိုင်တော့တာ။ ”

“ သြော် . . ဒီလိုလား။ ”

“ ဟုတ်တယ်။ ဒါကြောင့် သူတို့က တစ်ခွန်းဆိုင်လို့ ရေးထားတာ ၊ ဈေးထဲက ဆိုင်တွေကတော့ ဈေးတင်ထားတော့ ဆစ်နိုင်မှ ၊ မဆစ်နိုင်လို့ သူတို့ ပြောသလောက်နဲ့ ဝယ်လာရင် သူတို့ကတော့ ပိုမြတ်တာပေါ့။ ဒါကြောင့် သူတို့ဆီကဆို ဈေးကို ဆစ်ပြီးမှ ဝယ်ရတယ်။ ”

မေမေက ဒီလို ပြောပေမဲ့ ကျွန်တော်က ဆိုင်တွေမှာ ဈေးဝယ်ရင် ဘယ်လို ဆစ်ရမယ်မှန်း မသိခဲ့ပါဘူး။ အားနာတာရော ၊ သူများရောင်းတာကို နှိမ်ဝယ်တယ် ဆိုတာရော ဖြစ်မှာ စိုးလို့ ဈေး မဆစ်ဖြစ်ပဲ သူတို့ ပြောသလောက်ဈေးနဲ့ ဝယ်နိုင်ရင် ဝယ်ခဲ့ပြီး မဝယ်နိုင်ရင် လှည့်ထွက်ခဲ့တာပဲ။ သူတို့ နောက်က ဘယ်လို ခေါ်ခေါ် လှည့်မကြည့်ဖြစ်တော့ပါဘူး။ ငါနဲ့ အရောင်းအဝယ် မတည့်ဘူးလို့ စိတ်ထဲမှာ ခံယူလိုက်ပြီလေ။

ဒါပေမဲ့ တစ်နေ့ကျတော့ ကျွန်တော် ဟာသလေး တစ်ခု ဖတ်ရတယ်။ ဟာသလေးက ဒီလို ပြောတယ်။

တစ်နေ့ လူငယ်တစ်ယောက်က ဗိုလ်ချုပ်ဈေးထဲကို သွားပြီး ပစ္စည်းတစ်ခု ဝယ်ဖို့ ရှိတယ်။ ဒါနဲ့ သူ့အမေက မှာလိုက်တယ်။

“ သား  . .  ဗိုလ်ချုပ်ဈေး ဆိုတာက ပစ္စည်းဈေးတွေကို နှစ်ဆတင်ထားတာ ဒါကြောင့် ဝယ်တော့မယ် ဆိုရင် ကိုယ်က သူတို့ ပြောတဲ့ ဈေးထက် ထက်ဝက် ဆစ်ပစ်ရတယ်။ ဒါမှ ကိုယ်ဝယ်ရင် ဈေးမှန်နီးပါးလောက် ရောက်တာ. . ”

ဒီတော့ ဒီလူငယ်က ဗိုလ်ချုပ်ဈေးထဲ ရောက်တော့ သူဝယ်စရာ ရှိတဲ့ ပစ္စည်းကို ရှာတော့ ဆိုင်တစ်ဆိုင်မှာ တွေ့တယ်။ ဒီတော့ သူက ဆိုင်ထဲကို ဝင်ပြီး ဈေးကို မေးလိုက်ရင်း ဆိုင်က ရောင်းသူက ပြန်ပြောတော့  သူ့အမေပြောလိုက်တာကို သတိရသွားတယ်။

“ ဒီပစ္စည်းက ဘယ်လောက်လဲဗျ။ ”

“ နှစ်ထောင်ပါရှင်။ ”

ဒီတော့ သူက သူ့အမေပြောတဲ့ ဈေးနှစ်ဆတင်ထားတယ် ဆိုတာကို သတိရသွားတယ်။ နောက်ပြီး ထက်ဝက်ဆစ်ရမယ် ဆိုတာကိုလည်း သတိရပြန်တယ်။ ဒါကြောင့် . . .

“ တစ်ထောင်ထားဗျာ။ ”

“ တစ်ထောင်တော့ မရပါဘူးရှင်။ ထောင့်ငါးရာနဲ့ ယူပါ။ ”

“ ခုနှစ်ရာ ငါးဆယ် ထား။ ”

“ ဒီလောက်တော့ မရပါဘူးရှင် ထောင့်နှစ်ရာ နဲ့ ယူပါ။ ”

“ ခြောက်ရာ ထားဗျာ။ ”

“ ကဲပါ. . ရှင်ပထမပြောတဲ့ တစ်ထောင်နဲ့ပဲ ယူပါတော့.. . ”

“ ငါးရာ ထားဗျာ။ ”

“ ဟင် . . ရှင်က ဘယ်လိုလူလဲ။ ပထမပြောတဲ့ ဈေးနဲ့ ပေးတာတောင်မှ လိုက်ပြီး တစ်ဝက်ဆစ်နေသေးတယ်။ ဒီလောက်တောင်မှ ဖြစ်တာ အလကားသာ ယူသွားတော့. . ။ ”

ဒီတော့ ဒီလုက ဘာပြန်ပြောလိုက်လဲ ဆိုတော့. . . .

“ နှစ်ခု ရမလား။ ”

တဲ့။ ဒီဟာသလေးကို ကျွန်တော် ဖတ်ပြီးတော့မှ မျက်နှာကလည်း နည်းနည်းပြောင်ပြောင် ( နဂိုကလည်း ပြောင်ပြောင်ပါပဲ ) ဖြစ်လာတော့ ဈေးဆိုင်တွေမှာ ဆိုရင် သူတို့လည်း စိတ်မဆိုးရအောင် အဲဒီလိုပဲ အမြဲနောက်ဖြစ်ပါတယ်။ ဒါက ကြာလာတော့ အစွဲ တစ်ခုလိုလို ဖြစ်လာပြီး ဘာပဲ တွေ့တွေ့ နောက်ဖြစ် ပြောင်ဖြစ်လာတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် လမ်းဘေးက ရွှေရင်အေးသည်ကိုတောင်မှ သွားဈေးဆစ်လို့ ဟိုအသည်က ကြောင်တောင်တောင် ဖြစ်နေသေးတယ်။

“ ငါ့ညီရယ် ရွှေရင်အေး တစ်ခွက် ၁၅၀ ဆိုပြီး ရောင်းတာလေကွာ။ ဈေးဘယ်လိုလုပ် လျှော့လို့ရမလဲ။ ”

လို့ ပြောရှာတယ်။ ဒါကို ကျွန်တော်များ ဘယ်လောက် ဂျစ်ကျလဲ ဆိုတော့. . .

“ မရဘူးဗျ။ ကျွန်တော်က မဆစ်ရင် မနေနိုင်တော့ဘူး။ ဈေးဆစ်လို့ မရရင် ကျွန်တော့်ကို အုန်းနို့ရည် အဆစ်ပေးဗျာ ။ “

ဆိုပြီး အုန်းနို့ရည်ကို ရအောင် အဆစ် တောင်းသောက်လာခဲ့တယ်။ အဲဒီလို ညစ်ကျယ်ကျယ်နဲ့ ဂျစ်ကျတာဗျာ ငယ်ငယ်က။ ရွှေရင်အေး ခင်ဗျာမှာလည်း ရွှေရင်အေးက အုန်းနို့ရည်ကို မုန့်ဟင်းခါး စားပြီးလို့ မုန့်ဟင်းခါးဟင်းရည် တောင်းသလို ဘယ်သူမှ မတောင်းတော့ သူ့ဖာသာ ယောင်တောင်တောင်နဲ့ ထည့်ပေးရှာတယ်။ သူ့စိတ်ထဲမှာလည်း စဉ်းစားနေမှာပေါ့လေ နောင်ဆိုရင် ရွှေရင်အေးက အုန်းနို့ရည်တောင်မှ မုန့်ဟင်းခါးစားပြီးရင် အဆစ်တောင်းသလိုမျိုး တောင်းသောက်ကြတော့ မလား မသိဘူး လို့။

ကျွန်တော်တို့ကလည်း ဒါကို ဘာမှ အရသာ မရှိပဲ ကုန်အောင် သောက်ပြီးမှ သူ့ရဲ့ ကျသင့်ငွေကို ရှင်းပြီးမှ . . . .

“ အစ်ကိုရေ. . . နောက်တာဗျို့။ ကျွန်တော်တို့က ဒီလိုပဲ နောက်တတ်တယ် ။ ”

ဆိုပြီး ပြောမှ သူ့ခင်ဗျာ။ ကြောင်တောင်တောင်ကနေ ယောင်တောင်တောင် နိုးလာတော့တယ်။ ဒီတော့မှ “ တော်တော် နောက်တဲ့ ကလေးတွေကွာ။ ” ဆိုပြီး ပြုံးနိုင် ၊ ရယ်နိုင်တော့တယ်။ ကျွန်တော်တို့လည်း အဲဒီလောက်ကို ဆိုးတာ။

ဒါပေမဲ့ ဘယ်လို အကျင့်မျိုးပဲ ဖြစ်နေပါစေ။ ကိုယ်တိုင်က မနှစ်မျို့တော့ရင် ဖျောက်ဖျက်ပစ်ဖို့ လွယ်ပါတယ်။ ကျွန်တော့်မှာ ဒီလို ဈေးဆစ်မိတဲ့ အကျင့် ၊ အဆစ်တောင်းတတ်တဲ့ အကျင့်က ပျက်ဖို့ ဖြစ်လာပါတယ်။ 

တစ်နေ့ ကျွန်တော် သူငယ်ချင်းတွေနဲ့ ဒီက ညဈေးသွားမယ် ဆိုပြီး ထွက်လာတော့ လမ်းမှာ သူငယ်ချင်းက ကြက်ကြော်တွေ ဝယ်တယ်။ ပြီးတော့ အရည်သောက်လေး တစ်ခုခုတော့ လုပ်မယ်ကွာ ဆိုပြီး ပြောနေတုန်း အသုတ်လေး တစ်ခုခု လောက်ပါ ထည့်ကွာ လို့ ထပ်ပြောမိတယ်။ 

ဒါနဲ့ ဟိုဟိုဒီဒီရှာနေရင်း မြင်းခွာရွက်လေးတွေကို အစည်းလေးတွေ လုပ်ပြီး ဗန်းနဲ့ ထည့်ရောင်းနေတဲ့ လူကြီး တစ်ယောက်ကို တွေ့လိုက်ရတယ်။ ဟာ အတော်ပဲ မြင်းခွာရွက် ဟင်းချိုလေး လုပ်ပြီး မြင်းခွာရွက်သုတ်မယ် လို့ စဉ်းစားပြီး မေးလိုက်တယ်။

“ ဆာတူး . . ဘရပါး ဘချေ့။ ( တစ်စည်း ဘယ်လောက်လဲ ဦးလေး။ )  ”

သူတို့ကို ကျတော့ မလေးလိုပဲ မေးရတာပေါ့၊ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော်ကလည်း မလေးလို ကောင်းကောင်း မတတ်သေးပါဘူး။ အကျိုးအကန်းလေးတွေနဲ့ ဖြိုးဖြိုးဖြန်းဖြန်း ဖြစ်အောင်သာ မေးလိုက်တာ။ ဒီတော့ သူက ပြန်ဖြေတယ်။ 

“ ဆာတူး ဘိကျိ ဒူဝါးရင်းဂစ် ( တစ်စည်း နှစ်ကျပ် ) ”

ဒါနဲ့ ဘေးက သူငယ်ချင်းကို “ ဟေ့ကောင် တစ်စည်း နှစ်ကျပ်တဲ့ ၊ ဘယ်နှစ်စည်း ယူမလဲ ” ဆိုတော့ သူကလည်း အားကိုးရတယ်။ “ နှစ်စည်းမှ လောက်မှာကွ နှစ်စည်းသာ ယူလိုက် ” တဲ့။ ဒါနဲ့ ကျွန်တော်လည်း မြင်းခွာရွက် နှစ်စည်းကို ရွေးလိုက်ပြီး ပိုက်ဆံပေးတော့မယ် ဆိုတော့မှ ငယ်ငယ်ကတည်းက ဂျစ်တီးဂျစ်ကန် ကျလာတဲ့ အကျင့်လေးက ပေါ်လာပြီး . . . .

“ ဒူဝါး ဘိကျိ သီကားရင်းဂစ် ဘိုလေး ကား ( နှစ်စည်း သုံးကျပ် ရမလား ) ”

လို့ ပါးစပ်က အစီအစဉ်မရှိပဲ ထွက်သွားတယ်။ ကျွန်တော့် လက်ထဲက မြင်းခွာရွက် နှစ်စည်းကို ကျွတ်ကျွတ်အိတ်လေးထဲ ထည့်ပေးဖို့ လက်ပြင်နေတဲ့ သူရဲ့ လက်တွေက ရုတ်တရက် သူ့ဗန်းပေါ်ကို ပြုတ်ကျသွားတယ်။ 

“ တာ ဘိုလေး ၊ အာဝါ ပယ်ဂီး ဂျဟိုး ( မရဘူးကွာ ၊ မင်း ဝေးဝေး ထွက်သွားစမ်း။ ) ” 

ဆိုပြီး ကျွန်တော့်ကို သူ့ပါးစပ်က မောင်းထုတ်လိုက်ရင်တောင်မှ ကျွန်တော် ခံသာနိုင်သေးတယ်လို့ ကျွန်တော် ထင်တယ်။ အခုတော့ သူ့ပါးစပ်က အဲဒီလို ဘာမှ မပြောပဲ ထည့်ပေးမဲ့ အိတ်လေးကို ကိုင်ရင်း သူ့လက်တွေက သူ့ဈေးဗန်းပေါ်ကို ပြုတ်ကျပြီး ကျွန်တော်. . . . . . ကျွန်တော် အမည်မဖော်ပြတတ်တဲ့ မျက်ဝန်းတွေနဲ့ သူက ကျွန်တော့်ကို မော့ကြည့်နေတယ်။

သူ့မျက်ဝန်းတွေထဲမှာ  နိုင့်ထက် စီးနင်းခြင်း ၊ သိမ်ငယ်ခြင်း ၊ အားငယ်ခြင်း ၊ ဝမ်းနည်းခြင်းတွေက မိုးရွာပြီးစ ကောင်းကင်မှာ နောက်ခံက နေရောင်ထိုးလို့ ဖြာထွက်လာတဲ့ သက်တန့်ရောင်တွေလို ဖြာပြီး ကြည့်ရင်း အရည်ကြည်တွေ လဲ့လာတယ်။ အဲဒီ မျက်လုံး ၊ အဲဒီ မျက်ဝန်းတွေကို ကျွန်တော် နှစ်ပေါင်းများစွာ ကျွန်တော့် ရင်ဘတ်ထဲက ဖျောက်မရခဲ့ဘူး။ ဒီအကြောင်း ( အခုလို ) တွေးမိရင်း ကျွန်တော့်မျက်ဝန်းကို မှိတ်လိုက်မိရင် ရောင်စဉ်တွေဖြာနေပြီး အရည်ကြည်လဲ့နေတဲ့ သူ့မျက်ဝန်းက လာလာ လှန့်တယ်။ 

ဒီမျက်ဝန်းကို ကျွန်တော် အိပ်မက်ထဲအထိ ပါလာခဲ့ရင် ကျွန်တော် အိပ်မရဘူး။ ကြောက်စရာ မကောင်းပေမဲ့ သူ့ရဲ့ သိမ်ငယ်တဲ့ မျက်ဝန်းတွေက ကျွန်တော့်ကို လှန့်တယ်။ ဒါပေမဲ့ ထူးခြားတာက သူ့မျက်ဝန်းတွေမှာ ရန်လိုခြင်း မရှိဘူး။ အားနည်းသူကိုမှ နှိမ်ရက်လေးခြင်း ဆိုတဲ့ မျက်ဝန်းတွေပဲ အရောင်ဖျတ်ဖျတ်လူးနေခဲ့တယ်။ 

“ ဟာ . .  ဟေ့ကောင် ၊ ဘယ်လိုကြီး သွားစစ်တာလဲ။ ဒီမှာက မြန်မာနိုင်ငံလို မဟုတ်ဘူးကွ။ ဒီမှာက တစ်ကျပ် ဆိုလည်း တစ်ကျပ် တန်ဖိုးရှိတယ်။ နောက်ပြီးတော့ သူတို့က မြန်မာနိုင်ငံလို တင်ပြီး ရောင်းထားတာ မဟုတ်ဘူး။ ”

ဘေးက ကျွန်တော့်သူငယ်ချင်းက ကျွန်တော်က ဆစ်ပြီး မြင်းခွာရွက်သည်ကြီး ဒီလို ဖြစ်ဖြစ်ချင်း ကျွန်တော့်ကို ဝင်ပြီး ဟန့်ရင်း မာန်တယ်။ ကျွန်တော်ကလည်း တမင် ဈေးဆစ်လိုခြင်း မဟုတ်ပဲ ဟိုးအရင်ကတည်းက နောက်မိ ပြောင်မိနေတာ ဆိုတော့ အခုလည်း ဝသီ လို ဖြစ်ပြီး ထွက်မိသွားတာပါ။ 

“ ဟာ . . မဟုတ်ပါဘူးကွာ။ ငါက နောက်ပြောတာပါ။ ”

ကျွန်တော် သူငယ်ချင်းကို လှည့်ပြောလိုက်ပြီး . . . . .

“ ဆောရီး . . . . ”

ဒီစကားတစ်ခွန်းပဲ မြင်းခွာရွက် ရောင်းသူ ဦးလေးကြီးကို ပြန်ပြောမိပြီး သူ့လက်ထဲက ကျွန်တော်တို့ကို ထည့်ပေးဖို့ ကိုင်ထားတဲ့ ကျွတ်ကျွတ်အိတ်ကိုတောင်မှ ကျွန်တော် မယူမိတော့ပဲ လက်ထဲမှာ မြင်းခွာရွက်ဖိုး လေးကျပ်ကို သူ့လက်ထဲ ထည့်ပြီး နောက်ထပ် လက်တစ်ဖက်က ကိုင်ထားတဲ့ မြင်းခွာရွက်ကို လက်က ဒီအတိုင်းပဲ ကိုင်ပြီး ကျွန်တော် ထွက်လာခဲ့တယ်။ သူကလည်း ကျွတ်ကျွတ်အိတ်နဲ့ ထုပ်ပေးဖို့ ရုတ်တရက် သတိမရနိုင်ရှာဘူး။ သူ သတိရချိန်လောက်မှာ ကျွန်တော်က ခပ်လှမ်းလှမ်းကို ရောက်နေလောက်ပြီ။ 

အိမ်ကို ပြန်လာတဲ့ လမ်းတစ်လျှောက် တိမ်ခိုးတွေနဲ့ ဝေနေသလိုပဲ ကျွန်တော့်မှာ အသက်ရှူ မဝသလို ခံစားရတယ်။ ဘေးက ကျွန်တော့်သူငယ်ချင်းကလည်း ငြိမ်လို့။ သူ ၊ ကျွန်တော် . . . . အို . . မြင်မိသူ ထိုထိုဤဤ အားလုံး မြင်းခွာရွက်သည် ဦးလေးကြီးရဲ့ မျက်ဝန်းထဲက စကားတွေကို ဘယ်လိုလုပ် မေ့လို့ရတော့မလဲ။ 

အဲဒီနေ့က စပြီး ကျွန်တော့်ဘဝမှာ ဈေးဆစ်တာ ၊ အဆစ်တောင်းတာကို နောက်ပြီး မလုပ်ဖြစ်တော့ပါဘူး။ အထူးသဖြင့် လမ်းဘေးမှာ ဗန်းလေးချပြီး ရောင်းနေသူ ၊ ကော်ဇောလေး ခင်းပြီး ရောင်းနေသူထံကနေ ကျွန်တော် ဈေးမဆစ်မိတော့ဘူး။ ကျွန်တော် လိုချင်ရင် ဈေးမေးတယ် ၊ သူတို့ ပြောတဲ့ ဈေးနဲ့ ကိုယ် အဆင်မပြေရင် ကျွန်တော် တစ်ခါတည်း နောက်ပြန်လှည့်မကြည့်ကြေး ထွက်လာခဲ့တော့တာပါပဲ။ ဈေးတင်ပြီးမှ လျှော့ပေးမယ် ဆိုတဲ့ လူတွေနဲ့ ကျွန်တော် အလုပ်မဖြစ်ဘူးလို့ ပြောရမှာပေါ့လေ။ 

ဒါပေမဲ့ တချို့သော လူတွေကကျတော့ ခက်နေပါသေးတယ်။ ဆိုင်ကြီး ကနားကြီးနဲ့ ဈေးတင်ရောင်းနေရင် မဆစ်ရဲကြပဲ သူတို့ပြောသလောက်ပေးပြီး ဝယ်လိုက်ကြရတာကို ဂုဏ်ယူနေတတ်ကြတယ်။ လမ်းဘေးမှာ ဗန်းလေးနဲ့ ချပြီး ရောင်းနေတဲ့ ကွန်စွန်းရွက်သည်လေးကိုကျတော့ ဆွဲကြိုးကြီး ရင်ခေါင်းလောက် ဆွဲထားပြီး နှာခေါင်းရှုံ့ကာ တစ်စည်း ၃၀၀ ပါလို့ ပြောတာတောင်မှ “ သုံးစည်း ၅၀၀ ထားလိုက်ပါအေ ” ဆိုပြီး အတန်းထက် ကျကျ နှိမ်ပြီး ဆစ်တတ်ကြတယ်။ အဲဒီအချိန်မှာ ကန်စွန်းရွက် ရောင်းနေသူရဲ့ မျက်ဝန်း ၊ သူ့ရဲ့ နောက်က သူ့မိသားစု ၊ သူ့ရဲ့ သယ်ယူရောင်းချရေးကို မမြင်တတ်ကြဘူး။

ဒါနဲ့ပဲ ကျွန်တော်ဟာ အဲဒီလို နှိမ်ဝယ်နေရင် ဒီလိုလူတွေရဲ့ လက်ထဲက ကန်စွန်းရွက်တွေကိုပါ ပြောဈေးအတိုင်းပေးပြီး “ လူကို မကျွေးဘူး ၊ လိပ်ကိုပဲ ကျွေးတော့မယ်ဗျာ ” ဆိုပြီး ပြောတတ်ပြီး ရှိသမျှ ကန်စွန်းရွက်ကို အကုန်ဝယ်တတ်လာတဲ့ ခပ်ရွတ်ရွတ် လူတစ်ယောက် ဖြစ်ခဲ့ပြီး ၊ ဆိုင်ကြီး ကနားကြီးနဲ့ ဟိတ် ဟန်နဲ့ ဈေးနှုန်းမကပ်ပဲနဲ့ ဈေးတင်ရောင်းနေတဲ့ ဆိုင်တွေမှာ ကပ်ဖိုးကပ်ဖဲ့ ဈေးဆစ်သူ တစ်ယောက် ဖြစ်လာပြန်တယ်။ “ အစ်မတို့က ဈေးမလျှော့လို့ မရလို့ပါကွယ်။ ”  ဆိုတဲ့ လူတွေကို. . .

“ ဘာလို့ မရရမှာလဲ အစ်မရယ်။ အစ်မပေးချင်ရင် အလကားတောင်မှ ရော့. . အင့် ဆိုပြီး ပေးလိုက်လို့ ရတာပဲ။ ”

လို့ ကပ်သီးကပ်သပ် ပြောတတ်တဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပြန်တယ်။ ဘာပဲ ပြောပြော ကျွန်တော် ဈေးမဆစ်ချင်ပါ။ ကျွန်တော့် ဘဝကိုလည်း ဘာပဲ လာလာ ဈေးမဆစ်ချင်ပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က ဈေးမဆစ်တတ်လို့ ဖြစ်တယ်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

26 May 2010

11 နောင်နှစ် ၂၀ မှာ. . . . .


နောင် အနှစ် ၂၀ မှာ ကျွန်တော်တို့ ဘယ်လို ရုပ်ပုံတွေ ဖြစ်လာနိုင်ပါသလဲ။ ဘယ်လောက်တောင်မှ အိုမင်း ရင့်ရော်သွားနိုင်ပါသလဲ။ ဘယ်လောက်တောင်မှ ဇရာရဲ့ ထုထောင်းမှု ဒဏ်ကြောင့် မျက်နှာပေါ်က အရေးအကြောင်းများ ဖြစ်ပေါ်လာနိုင်ပြီး ပြောင်းလဲ သွားစေနိုင်ပါသလဲ။

ဒီလို နောင်ဖြစ်လာမဲ့ ကိုယ့်ရဲ့ မျက်နှာကို ပုံဖော်ကြည့်ချင်ရင် ကူညီပေးနေတဲ့ ဆိုက်လေး တစ်ခုရှိပါတယ်။ လုပ်ပုံ လုပ်နည်းကတော့ လွယ်လွန်းလို့ မပြောပြတော့ပါဘူး။ ကိုယ့်ဖာသာပဲ စမ်းကြည့်လိုက်ပါ။ လုပ်ပြီးသားပုံလေးတွေကို သိမ်းထားချင်တယ် ဆိုရင်လည်း ရပါတယ်။ ဒါပေမဲ့ သူက Photoshop ( png ) ဖိုင်နဲ့ပဲ ထုတ်ပေးမှာ ဆိုတော့ ပြန်ဖွင့်ကြည့်ချင်တယ် ဆိုရင် စက်ထဲမှာ Photoshop ရှိနေမှ ရမှာပေါ့လေ။ 

ဒါကို Photoshop နဲ့ ဖွင့် ၊ ပြီးရင်တော့ jpeg (jpg ) ပြောင်းပြီး သိမ်းထားလိုက်ရင်တော့ နောင်ဆိုရင် အလွယ်တကူ ဖွင့်လို့ရသွားပါပြီ။ ဒါကို သိမ်းထားပြီး ကိုယ့်ချစ်သူဆီကို နောင် အနှစ် ၂၀ ကျရင် ဖြစ်လာမဲ့ ပုံ ဆိုပြီးပြကာ ချစ်သူ့ဝေ ရဲ့ အမျိုး “ ချစ်သူပြေး ” အောင် လုပ်နိုင်ကြပါပြီ :P

ကျွန်တော်တောင်မှ ဒီနေ့ ပျင်းနေလို့ စာမရေးချင် ၊ ရေးပြီးသားတွေကလည်း မတင်ချင်သေးလို့ ဒီဆိုက်လေးကို လျှောက်ရှာရင်းနဲ့ တွေ့လို့ အလွယ်ရှိနေတဲ့ ကိုယ်တပိုင်းပြတ်ပုံလေးနဲ့တောင်မှ ကလိကြည့်လိုက်သေးတယ်။

အဲဗျာ. . ဆိုးလိုက်တဲ့ ရုပ်. . အဟီး။ ပြီးတော့ ပုံထဲမှာ အသက်သာ ၅၀ ကျော်လို့ ဆိုတာ “ နားကွင်း ” ကလည်း ပါနေသေး။ အဟဲ. . . ဒါကတော့ ဘယ်တတ်နိုင်မလဲလေ မူရင်းပုံကို ရိုက်ထားတုန်းက နားကွင်း ပါနေတာကိုး။ 

ကဲ. . . စမ်းကြည့်လိုက်ကြပါဦး။ တော်တော် သဘောကျဖို့ကောင်းပါတယ်။ သူထုတ်ပေးတဲ့ ပုံလေးအောက်ခြေမှာ မူရင်းပုံလေးလည်း ပါတော့ ချစ်သူကို ပေးတဲ့ အချိန်မှာ “ ကျူပ်တော့ ဒီလိုပုံကနေ ဒီလိုပုံ ဖြစ်လာမှာနော် ” ဆိုပြီး ပြရင် သူတရားရချင် ရသွားနိုင်တာပေါ့လေ :P :P :P


ပုံကို နှိပ်ပြီး ပြင်ပေးတဲ့ ဆိုက်ကို သွားနိုင်ပါတယ်။




ပျော်ရွှင်ပါစေ။
ကိုဇော်

.


Share/Bookmark

25 May 2010

17 စက်ဘီးစီးခြင်း အနုပညာ



ရတနာမြင်း ” လို့ တံဆိပ်တပ်ထားပြီး “ ဗမုတ်တစ်ရာ ” ဆိုတဲ့ မြန်မာ - တရုတ် ဖက်စပ် စက်ဘီး အသစ်လေး တစ်စီး ကျွန်တော် ငယ်ငယ်က ရှိခဲ့ဖူးပါတယ်။ အရင်က စီးနေရတဲ့ BMX စက်ဘီးပြီးတော့ ကျွန်တော့်ဘဝမှာ ပထမဦးဆုံး စက်ဘီးအသစ်လေး ရဖူးခြင်းပါ။ အရင်က စက်ဘီး အကြီးကြီးဆိုရင် ဖေဖေ့ရဲ့ ဘားတန်းကြီးနဲ့ စက်ဘီးအဟောင်း ၊ ဦးလေးရဲ့ ပြိုင်ဘီးတွေကိုပဲ တတ်ခွနေရတယ်။ အခုကတော့ ကျွန်တော်လည်း စီးရလွယ်တဲ့ မိန်းမစီး စက်ဘီင်္းလေး။

မလိမ်မိုး မလိမ်မာ ၊ တိမ်တွေ ပြာတိုင်း ရင်ခုန်ကြည်နူး နေတတ်တဲ့ ဆယ့်လေး ၊ ဆယ့်ငါး အရွယ်မှာ ကျွန်တော်က ဒီစက်ဘီးလေး စီးပြီး ညနေဆိုရင် အိမ်နဲ့ ခပ်လှမ်းလှမ်းက တံတားပေါ်ကနေ နေဝင်မဲ့ အချိန်တွေကို သွားကြည့်မိတယ်။ နေရောင်တွေ တဖြည်းဖြည်း မှိန်ညိုလာပြီး နေမင်းကြီး ငုပ်လျှိုးသွားတာကို ကျွန်တော် သွားကြည့်လေ့ရှိတယ်။ အဲဒီတုန်းက ကျွန်တော့်ညနေခင်းတွေက ယစ်မူး တောက်ရှူးစွာ တိမ်းတိမ်းယိမ်းယိမ်း ကျွန်တော့်အပေါ်မှာ ဝဲကျနေတတ်တယ်။

တစ်ခါတစ်လေတော့လည်း ဝင်နေတဲ့ နေလုံးကြီးကို ကျွန်တော် မငေးဖြစ်ပဲ တံတားအောက်ခြေမှာ ခပ်သွက်သွက် စီးသွားကြတဲ့ “ ရေမျော ” များကို ကြည့်မိတယ်။ ရေမျောတွေ ဆိုတော့ သူတို့ ကမ်းမတင်ကြဘူး။ ရေထဲမှာလည်း ဝင်တော့မဲ့ နေလုံးတစ်လုံးက ရေမွန်းကြပ်စွာ အသက်ရှူ ရပ်နေတယ်။ နေမင်း အရောင် ဘယ်လောက်တောက်တောက် ရေထဲမှာတော့ သူ့ပုံရိပ်က ဂနာမငြိမ်ခဲ့ဘူး လှုပ်တိလှုပ်ခတ်နဲ့ ၊ သူ့ဘဝကို သူ မတ်တပ် ရပ်မပြနိုင်ဘူး။ သြော်. . . ဘယ်လောက် အစွမ်းရှိသူပဲ ဖြစ်ဖြစ် ရေနစ်ရင် အသွင်ပြောင်းရတော့တာပါပဲလား။ ဘယ်ရယ်မဟုတ်ပဲ လွမ်းမိနေပါသေးရဲ့။

ယိုင်သွားတဲ့ ကိုယ်ဟန်ကို ပြန်မတ်လိုက်ရင်း စက်ဘီးခြေနင်း ပေါ်တင်ထားတဲ့ ခြေတစ်ဖက်ကို တစ်ချက်ရုတ်လိုက်ကာ တံတားဘောင်ပေါ်ကို ကျွန်တော် ခြေတစ်ဖက် ကန်ထားလိုက်တယ်။ ဟိုးအဝေးကြီးကို ငေးနေရင်း အခုတလော ကျွန်တော်ရဲ့ စိတ်ထဲ မတင်မကျ ဖြစ်နေတာကို ပြန်တွေးမိပြီး ပိုပြီး မတင်မကျဖြစ်ခဲ့ရတယ်။ ငါပဲ ညံ့နေလို့လား ၊ သူကပဲ ညံ့နေတာလား။ နှစ်ပတ်တောင်မှ ကျော်နေခဲ့ပြီ။ အခုထိ လက် မလွတ်သေး။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

“ ကိုကြီး ကိုင်ထားနော်. . ကိုင်ထားနော်။ ”

“ အေးလေ. . ကိုင်ထားတယ်လေ။ ”

“ လက်ကို မလွှတ်လိုက်နဲ့နော်။ ”

“ အေးပါ. . . ကိုယ့်ဖာသာ သေချာ ရှေ့ကို ကြည့်ပြီး နင်းစမ်းပါ။ ခါးးကို မစောင်းနဲ့လေ။ ”

“ နင်းနေတာဆိုတော့ အားစိုက်ပြီး ခါးစောင်းတာလေ။ ”

“ အေး . ခါးကို တည့်ထား . . ဟုတ်ပြီ။ ရပြီလား . . အစမ်း နင်းကြည့်မလား။ ”

“ အာ . . မနင်းရဲသေးဘူး။ မှောက်လိမ့်မယ်။ ”

ဒါနဲ့ပဲ စက်ဘီးကို သူက ယိုင်ထိုး ယိုင်ထိုး နင်း ၊ စက်ဘီးနောက်ကနေ ကျွန်တော်က တောက်တောက် တောက်တောက် ပြေးလိုက်ရင်း သူ့စက်ဘီး ခုံကို ကိုင်ပြီး ထိန်းထားရတယ်။ နှစ်ပတ်ကျော်ပြီ သူ့မှာ ခါးက စောင်းစောင်း ၊ ကိုယ်က ရွဲ့ရွဲ့ ၊ လူက ယိုင်ယိုင် နဲ့ စက်ဘီးကို နင်းနေရတုန်း။ ကျွန်တော်ကလည်း နှစ်ပတ်ကျော်ပြီ ပြေးလိုက်ပြီး ထိန်းပေးနေရတုန်း။

နောက်က ပြေးလိုက်ရလွန်းလို့ ပေါင်တွေ တောင့်ပြီး ညောင်းချိနေချိန်မှာ စက်ဘီးကို တွန်းပြီး အိမ်ဘက်ကို လေးလံလှတဲ့ ခြေလှမ်းတွေနဲ့ ပြန်လာတော့ အိမ်ရှေ့မှာ သူ့ကိုယ်ပိုင် စတိုင်လ်နဲ့ လက်နှစ်ဖက်ကို နောက်ပစ်ပြီး  ရပ်နေတဲ့ ဖေဖေ့ကို တွေ့လိုက်ရတယ်။ ဖေဖေကတော့ ကျွန်တော် သဘောကျတဲ့ လေးကိုင်း သဏ္ဍာန် ကွေးနေတဲ့ နှုတ်ခမ်းတွေကို ပိုကွေးတင်ရင်း ကြည့်နေတယ်။ 

“ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးး ”

ကျွန်တော် ခြံထဲက ဒန်းလေးပေါ်မှာ ကိုယ်အစုံကို ပစ်ထိုင်ချရင်း လေပူတွေကို မှုတ်ထုတ်လိုက်တော့ . . . 

“ မောလာပြီလား သားရဲ့။ ”

“ မောတာပေါ့ ဖေဖေရာ ၊ သူ့နောက် တစ်ကောက်ကောက် ပြေးလိုက်ပြီး မကျအောင်လည်း သူ့ကို ထိန်းရတော့ လက်တွေကလည်း တောင့်နေတာပဲ။ ”

“ အေးပေါ့. . ၊ ဒါပေမဲ့ ဒါ သားညီမလေးပဲလေ။ ”

“ အင်းလေ. .  ဟုတ်ပါတယ်။ ဒါကြောင့်လည်း သင်နေတာပေါ့။ ဒါပေမဲ့ ဖေဖေရာ ၊ သူ့ကို သင်နေတာ နှစ်ပတ်ကျော်ပြီလေ သူ့ဖာသာ မစီးတတ်သေးဘူး။ ဘာဖြစ်လို့လဲ။ ”

“ ဘာဖြစ်လို့လို့ သား ထင်လဲ။ ”

“ မသိဘူးလေ။ သားထင်တာကတော့ သူက လဲကျပြီး နာမှာ ကြောက်နေလို့ လို့ ထင်တယ်။ ”

“ အင်း . . ဖေဖေ ပြောမယ်။ သား ငယ်ငယ်က စက်ဘီးစီး သင်ခဲ့တာကို မှတ်မိလား။ ”

“ ဗျာ . . . . ”

“ ပြန်စဉ်းစားကြည့်စမ်း။ ”

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~



ကျွန်တော် ငယ်ငယ်က စီးတာ ဒီထက် ဘီး ပိုကြီးပါတယ်။

ကျွန်တော် ငယ်ငယ်က စက်ဘီးဆိုတာ မစီးရခင် ကျွန်တော်တို့ “ စကိတ် ” လို့ ခေါ်တဲ့ ခြေနဲ့ ယက်ပြီး စီးရတဲ့ လက်ကိုင်ပါ စက်ဘီးလို ဟာလေးကို ကျွန်တော် အရင် စီးရတယ်။ ဒါလေးကို ခြေထောက် တစ်ဖက်က ယက်လိုက် လက်ကိုင်ကို ထိန်းပြီး စီးလိုက်နဲ့ ကျွမ်းကျင်လာတယ်။ ကျွမ်းကျင်လွန်း မက ကျွမ်းကျင် လာတော့ စကိတ်လေးကို ခေါင်းတွေ ထောင် ၊ ဖင်တွေ ထောင် ၊ လင်းပိုင်တွေ ရိုက် . . . မျိုးစုံ လုပ်စီးခဲ့တယ်။ 

ဒါနဲ့ပဲ သိပ်မကြာပါဘူး။ စကိတ်လေးက ဇတ်က ကျိုးလိုက် ၊ ခါးက ကျိုးလိုက် ၊ ဘီးတွေ ပြုတ်ထွက်လိုက်နဲ့ ကျွန်တော် စကိတ်လေးကို ဖေဖေက ဒိုင်ခံ ဝရိန်ဆော်ပေးတယ်။ နောက်ဆုံးတစ်နေ့ ကုန်ဆင်းပေါ်ကနေ ခုန်းဆင်းတဲ့ နေ့မှာတော့ . . . ၊ ကျွန်တော့်ဆီကို စကိတ်လေး ရောက်လာကတည်းက စီးခဲ့တဲ့ ကျွန်တော့် အပေါ်ကို စကိတ်လေးက ပြန်ပြီး စီးခဲ့တယ်။ ခါးလည်က ကျိုးသွားပြီး လုံးဝတွန်းလို့ မရတော့လို့ ကျွန်တော် ထမ်းပြီး အိမ်ပြန်လာခဲ့တယ်။ စကိတ်လေးကတော့ တိတ်တဆိတ်နဲ့ ထိုင်လိုက်ပါလာတယ်။ 

အိမ်ပြန်ရောက်တော့ ဖေဖေက ကျိုးနေတဲ့ ခါးလည်က နေရာလေးကို ကြည့်ပြီး “ ဆက်လို့ မကောင်းတော့ဘူး သားရေ။ ဆက်ရင်လည်း ခဏပဲ ခံတော့မှာပဲ။ ” လို့ ပြောတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တော် ခုန်ပေါက် ဆောင့်ထိုး စီးခဲ့လို့ စကိတ်လေးကလည်း ကျိုးခဲ့တာ အကြိမ်ကြိမ် ၊ ဒီတော့ သူ့ကို ပြန်ဆက်ခဲ့ရတာလဲ အကြိမ်ကြိမ်။ အခုတော့ ကျွန်တော်နဲ့ စကိတ်လေး ကတ္တီပါ လမ်းခွဲ ရပြီပေါ့။ 

အသက်ငယ်ငယ် ဆိုတော့ အိမ်ပြန်လာရင် စကိတ်လေး ထုတ်ပြီး ဒါပဲ စီးနေကြ၊ အခုတော့ ကျွန်တော့်မှာ အရင်ကလို ကျောင်းက ပြန်လာရင် စီးဖို့ စကိတ်လေးက မရှိတော့ဘူး။ တစ်ပတ်လောက် ပျင်းပျင်းရိရိနဲ့ အချိန်တွေကို ဖြတ်သန်းပြီး တစ်ရက် ကျောင်းက ပြန်လာတော့ အိမ်မှာ ဖေဖေက အလုပ်က စောပြီး ပြန်ရောက်နေတယ်။ ဖေဖေကလည်း ကျွန်တော့်ကို စောင့်နေတာ ထင်တယ်။ ကျွန်တော် အိမ်ထဲ ဝင်တာနဲ့ . . .

“ သား . .  ဟိုမှာ ကြည့်စမ်း။ ”

ဆိုပြီး အိမ်ထဲကို လက်ညှိုးထိုးပြတော့ BMX စက်ဘီးအသစ်လေး တစ်စီးကို တွေ့လိုက်ရတော့ “ ဟေး ” ဆိုပြီး ကလေးပီပီ ပျော်သွားတယ်။ လွယ်ထားတဲ့ လွယ်အိတ်လေးကို ဘုန်းခနဲ ပစ်ချပြီး စက်ဘီးလေးကို သွားကိုင်ကြည့်ပြီးမှ “ ဖေဖေ သားမှ စက်ဘီး မစီးတတ်သေးတာလေ။ ” လို့ ဖေဖေ့ကို သတိပေးသလိုနဲ့ ပြောတော့ ဖေဖေက “ ဖေဖေ အခု သင်ပေးမှာပေါ့။ လာကွာ ခုပဲ သွားစီးကြမယ်။ ”

ပြောလည်းပြော  ဖေဖေ့လက်တစ်ဖက်တည်းနဲ့ အသာလေး မလို့ ရတဲ့ BMX စက်ဘီးလေးကို မလာပြီး လမ်းမပေါ်မှာ ချတယ်။ ဖေဖေ့ အနောက်ကနေ တစွေ့စွေ့ ခုန်လိုက်နေတဲ့ ကျွန်တော်ကလည်း စက်ဘီးလေး ချလိုက်တယ် ဆိုတာနဲ့ တတ်ခွတော့တာပေါ့။ ဒါပေမဲ့ စက်ဘီးဆိုတာက စကိတ်လိုမျိုး ခြေထောက်နဲ့ ယက်ရတာ မဟုတ်ပဲ နင်းရတာ ဆိုတော့ အောက်ခြေကို ခြေထောက်နဲ့ မထိဘူး။ ဒီတော့ စက်ဘီးပေါ်ခွထားရင် စက်ဘီးက ထောင်မနေပဲ စောင်းစောင်းကြီး လဲနေတယ်။ ကျွန်တော်လည်း စက်ဘီး မစီးတတ်သေးတော့ စက်ဘီးပေါ်ကို မတတ် တတ်။

“ ဘာမှ မခက်ဘူး သားရ။ သူက ခြေထောက်နဲ့ ယက်တဲ့ နေရာမှာ ခြေထောက်နဲ့ နင်းသွားတာပဲ စကိတ်နဲ့ အတူတူပဲလေ။ ကဲ . . တတ်။ ဖေဖေ နောက်က ကိုင်ပြီး ထိန်းပေးထားမယ်။  ”

ဖေဖေက စက်ဘီး နောက်က ကိုင်ပြီး ထိန်းပေးထားရင်း ကျွန်တော့်ကို စက်ဘီးတတ်စေပြီး နင်းစေတယ်။ စစချင်း သဘောတရား မသိသေးလို့သာ နောက်တော့ စက်ဘီးခြေနင်းကို တစ်ပတ် နှစ်ပတ်လောက် နင်း အပြီးမှာတော့ ကျွန်တော် သဘောပေါက်သွားတယ်။ စက်ဘီး လက်ကိုင်ကတော့ အရင်က စကိတ် စီးကတည်းက ထိန်းတာ ကျွမ်းကျင်ပြီးသား ဆိုတော့  ကိုယ်ဟန်ချက် ညီသွားတာနဲ့ မခက်ခဲတော့ပဲ တောက်လျောက်နင်းပြီး စီးနိုင်သွားတယ်။

“ ဟိုရှေ့က လမ်းဆုံဆိုရင် ပြန်ကွေ့မယ်နော် သား။ ”

“ ဟုတ်. .  ”

ဖေဖေက နောက်ကနေ ပြောသံကို ကြားလိုက်ရတယ်။ ကျွန်တော်ကလည်း စက်ဘီး အသစ်လေးကို စစီးနေတာ ပျော်နေတာ ဆိုတော့ စက်ဘီးကိုပဲ အာရုံစိုက် နင်းနေမိတယ်။ ကျွန်တော့်အနောက်မှာလည်း ဖေဖေက ကိုင်ပါလာတာကိုး။ ဖေဖေက ထိန်းပေးထားတော့ ကျွန်တော်ကလည်း ရဲရဲပဲ နင်းနေမိတယ်။ လမ်းဆုံလေးနားလည်း ရောက်ရော . .

“ ဖေဖေ ဘယ်ဘက်ကို ကွေ့ရမှာလဲ။ ”

ဖေဖေ့ကို မေးလည်းမေး ၊ ကြည့်လည်း ကြည့် ဆိုသလို အနောက်ကို လှည့်ကြည့်လိုက်တော့ ကျွန်တော့် အနောက်ကို ဖေဖေက ထိန်းပြီး ပါမလာဘူး။ ဖေဖေ့ဆီကို လှမ်းကြည့်လိုက်တော့ ခုနက လမ်းဆုံဆိုရင် ပြန်ကွေ့လို့ ပြောပြီး ကတည်းက အဲဒီနေရာမှာ ဖေဖေက ရပ်ပြီး ကျန်ခဲ့တာပဲ။ ဒီတော့မှ အနောက်မှာ ဖေဖေ ပါလာတယ် ဆိုတဲ့ အသိက ကျွန်တော့်ဆီက ရုတ်တရက် ခွာသွားတယ်။ တစ်လမ်းလုံး အကောင်းနင်းလာတဲ့ ကျွန်တော် ဘယ်ကို ဘယ်လို ကွေ့ရမယ် မှန်း မသိတော့ပဲ “ ဘိုင်း ” ခနဲ လဲကျတော့တာပဲ။

စက်ဘီးကိုပဲ ထူရမလိုလို ၊ နောက်က မလိုက်လာတဲ့ ဖေဖေ့ကိုပဲ အပြစ်တင်ပြီး အော်ငိုရမလိုလို နဲ့ ဖြစ်နေပြီး ဖေဖေ့ဆီကို လှမ်းကြည့်လိုက်တော့ “ ထ  ထ ” ဆိုတဲ့ ဟန်ကို လက်နှစ်ဘက်နဲ့ လုပ်ပြပြီး  “ ပြန်စီးလာခဲ့ ” လို့ လုပ်ပြတယ်။ လဲနေတဲ့ စက်ဘီး အသစ်လေးကို ထူပြီး အပေါ်ကို ခွတတ် ၊ ကျွန်တော် အရှိန်လေး ရအောင် ခြေထောက်နဲ့ ထော့ကျိုးထော့ကျိုး ယက်ပြီး တတ်နင်း လိုက်တော့ စက်ဘီးက ခုနကလိုပဲ နင်းလို့ ရသွားတယ်။ နင်းလာတဲ့ စက်ဘီးလေး ဖေဖေ့အနားလည်း ရောက်ရော ဖေဖေက ဆီးပြီး ဖမ်းရပ်ပေးတယ်။

“ ဖေဖေက ဘာလို့ နောက်က မထိန်းပဲ လွှတ်လိုက်တာလဲ။ အခုတော့ ဖေဖေ့ကြောင့် သား ပြုတ်ကျတာပေါ့။ ”

“ သား ဖာသာ စီးတတ်နေပြီလေ။ ယက်တာကနေ နင်းတာကို ပြောင်းတာမို့ မကျွမ်းကျင်တာ။ ဖေဖေက နောက်ကနေ လိုက်ထမ်းပေးနေရင် သား ဘယ်လိုလုပ် စီးတတ်တော့မလဲ။ အခုတော့ ဖေဖေက သားစီးတတ်နေပြီ ဆိုတာ သိလို့ လွှတ်ပေးလိုက်တော့လဲ သားဖာသာ နင်းနိုင်သွားတာပဲလေ။ ”

ဒီလို ဖေဖေက ပြောခဲ့ပေမဲ့ ကျွန်တော်ကတော့ BMX အသစ်လေး ရပြီး ကျွန်တော် စက်ဘီးစီးတတ်ခဲ့တယ် ဆိုတာထက် ပိုပြီး မသိခဲ့ပါဘူး။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @  ~ ~ ~ ~ ~ ~ ~ ~ ~

“ မှတ်မိလား သား။ ပြန်စဉ်းစားကြစမ်း။ ”

“ မှတ်မိတယ်လေ ဖေဖေ ။ သား နင်းသွားတော့ နောက်က ဖေဖေက လိုက်မထိန်းတော့ပဲ နေခဲ့တာ မဟုတ်လား။ ”

“ ဟုတ်တယ် ဒါပဲလေ။ လူဆိုတာ နောက်က လိုက်ထိန်းပေးနေပါတယ် ဆိုတဲ့ လူတွေ ရှိနေသမျှ ကာလပတ်လုံး  ကိုယ့်အား ကိုယ်ကိုးချင်တာ မဟုတ်ဘူး သားရဲ့။ နောက်က လိုက်ထိန်းပေးနေတယ် ဆိုတဲ့ လူအပေါ်မှာ အားလုံး ပုံအပ်ထား မိတတ်ကြတယ်။ ဒီတော့ သူ့အား သူ့ကိုးအောင်လို့ ကိုယ်က သူ့ကို နောက်ကနေ လိုက်ထိန်းရာကနေ လွတ်ပေးတတ်ရတယ်ကွ။

“ ဒါပေမဲ့ ဖေဖေရာ။ ညီမလေးက စီးမှ မစီးတတ်သေးတာ။ သားက ငယ်ငယ်က စကိတ်စီးဖူးတယ်လေ။ သူ့က စကိတ်မစီးဖူးပဲ စက်ဘီးစီး သင်ရတာလေ။ ”

“ ဟုတ်တယ်။ ဒါကြောင့်မို့ သူ့ကို ဒီလောက် အချိန်အကြာကြီး နောက်က လိုက်ထိန်းနေတာပေါ့ သားရဲ့။ ဒါပေမဲ့ သူ စက်ဘီးစီးတိုင်း သားက နောက်ကနေ လိုက်ပြီး ထိန်းပေးနေနိုင်မှာလား။ ”

“ အာ . . ဒါကတော့. . ”

“ ဒါပေါ့ သားရ။ စမ်းကြည့်စမ်းပါ။ သူ့ဖာသာ နင်းပါစေ။ လွှတ်ထားကြည့်စမ်းပါ။ ဖေဖေ အရေးကြီးတာ တစ်ခု ပြောပြမယ်။ ”

“ ဟုတ်ကဲ့။ ”

“ ဘာမှ မဟုတ်တဲ့ စက်ဘီးစီးတာလေး သင်တာတောင်မှ လက်မလွတ်ဘူး ဆိုရင် တခြား အရေးကြီးတဲ့ ဘဝဆုံးဖြတ်ချက်တွေမှာလည်း လူတကာဆီက အကူအညီတွေ တောင်းပြီး သူများ အပေါ်မှီခို နေတော့မှာလား။ ဒီလို ဖြစ်ခွင့်ရှိလား။ ဒါဆိုရင်တော့ သူ့ဘဝက ဘယ်တော့မှ တိုးတတ်လာမှာ မဟုတ်ဘူး။ ”

ဒီစကားလေး အဆုံးသတ်သွားတဲ့ နေ့ရဲ့ နောက်နေ့ ကျတော့ ကျွန်တော့်ညီမကို စက်ဘီးစီး သင်တော့ အရင်ကလိုပါပဲ . . . သူကလည်း ပြောတယ်။


“ ကိုကြီး ကိုင်ထားနော်. . ကိုင်ထားနော်။ ”

“ အေးလေ. . ကိုင်ထားတယ်လေ။ ”

“ လက်ကို မလွှတ်လိုက်နဲ့နော်။ ”

ဒါပေမဲ့ ဒီနေ့တော့ သူအရှိန်လေး ရလာပြီ ဆိုတဲ့ အချိန်မှာ ကျွန်တော် နောက်ကနေ ဘာမှ မပြောပဲ သူ့ကို လွှတ်လိုက်ပြီး နေရာမှာ ရပ်ကျန်နေခဲ့လိုက်တယ်။ သူကတော့ အနောက်မှာ ကျွန်တော်ပါတယ် လို့ ထင်ပြီး ပါးစပ်ကလည်း ပြောပြောဆိုဆိုနဲ့ ဆက်နင်း သွားတယ်။ ပြောရင်း ပြောရင်း ကျွန်တော့်ဆီက စကားပြန်သံ မကြားရတော့မှ “ ကိုကြီး ဘာဖြစ်နေတာလဲ ” လို့ သူက ပြောရင်း နောက်လှည့်ကြည့်လိုက်တယ်။ ကျွန်တော် သူ့နောက်မှာ မပါလာပဲ ရပ်ပြီး ကျန်ခဲ့တာကို တွေ့တော့မှ တောက်လျှောက်သူနင်းလာခဲ့တဲ့ သူ့ရဲ့ ယုံကြည်မှု စိတ်ဓါတ်တွေကို ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုတွေက ဖျက်ဆီးပြီး မထိန်းနိုင်တော့ပဲ မြောင်းထဲ လူရော ၊ စက်ဘီးရော ဝုန်းခနဲ ထိုးကျသွားတယ်။

ကျွန်တော့် သူ့ဆီ ပြေးသွားပါတယ်။ ဒါပေမဲ့ မြောင်းက ဗွက်တွေနဲ့ ပေရေပြီး လူကလည်း ငိုကာ စက်ဘီးကို မြောင်းထဲမှာ ပစ်ထားခဲ့ပြီး အိမ်ဘက်ကို ပြန်လာတယ်။ “ ကိုကြီး မကောင်းဘူး ၊ နောက်ကလည်း မလိုက်လာဘူး။ ” ဘာညာ ပါးစပ်ကလည်း အော်ဟစ်ရင်း လူကလည်း မျက်ရည်တွေနဲ့ပေါ့။ ဒါကို ကျွန်တော်လည်း ဘယ်လို သူ့ကို ဖြေရှင်းပြရမယ် မသိပေမဲ့ ကျွန်တော်တို့ စက်ဘီးစီးနေတာကို ရပ်ကြည့်နေတဲ့ ဖေဖေက သူ့ကို ချော့ပြီး ဘာတွေမှန်း မသိ တတွတ်တွတ် ပြောနေတယ်။

မြောင်းထဲကို ထိုးကျလို့ တံတောင်ဆစ်မှာ အနည်းငယ် ပြဲသွားတဲ့ အတွက် သူ နောက်နေ့ ကြောက်ပြီး စက်ဘီး မသင်တော့ဘူးလို့ ဖြစ်မလာပဲ ၊ ဖေဖေ က ဘာပြောလိုက်တယ် မသိဘူး။ နောက်နေ့ကျတော့လည်း ဆက်ပြီး ကြိုးစား သင်တော့တယ်။ နောက်က ကျွန်တော် သူ အရှိန်ရရင် လွှတ်လိုက်မယ် ဆိုတာ သိပေမဲ့လည်း သူ့ဖာသာ ရှေ့ဆက် စီးသွားပြီး ကွေ့မယ် ဆိုတဲ့ နေရာရောက်မှ သူက ဘရိတ်ကို ဆွဲ ရပ်ပြီးမှ စက်ဘီးကို ပြန်လှည့်တယ်။ သူက စက်ဘီးကွေ့တာ မကျွမ်းကျင်သေးဘူးလေ။ ဒါပေမဲ့ နောက်ကို လှည့်ကြည့်လိုက်တော့ သူ့နောက်ကို လိုက်ထိန်းပေးနေတယ် ဆိုတဲ့ ကျွန်တော်က ဝေးအဝေးကြီးမှာ. . . ။

သူ စက်ဘီး စီးတတ်သွားလေပြီ။

နှစ်ပတ်ကျော် သူ့ကိုယ်သူ မယုံရဲပဲ သူများကို အမှီပြုပြီး သူများ အထိန်းကျောင်းခံကာ မစီးတတ်ခဲ့တဲ့ စက်ဘီးကို အခုတော့ တစ်ခါ အကျနာခံပြီး နောက်မှာ လိုက်ထိန်းပေးတဲ့သူ ငါ အရှိန်ရရင် ပါမလာတော့ဘူး ဆိုတဲ့ အသိ ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အသိနဲ့ သူ သုံးရက်ထဲနဲ့ စက်ဘီးကို ယုံကြည်စွာ စီးတတ်သွားခဲ့ပါပြီ။

ဒီလို ညီမတစ်ယောက်ကို စက်ဘီးစပြီး သင်ပေးဖူးခဲ့တဲ့ ကျွန်တော်ကလည်း နောက်ထပ် ညီမတစ်ယောက်ကို စက်ဘီးစီးသင်တော့ ပထမတစ်ယောက်လောက် မခက်ခဲတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ငါလိုက်ထိန်းပေးမှ ဆိုတဲ့ “ လောင်းရိပ် ” အောက် သူ့ကို အရောက်မခံပဲ သူ့ဖာသာ နင်းနိုင်ပြီဆိုရင် ကျွန်တော် နောက်က ထိန်းထားရာကနေ လက်လွှတ်လိုက်တာပါပဲ။

သေချာပါတယ်။

ကျွန်တော် သေသေချာချာကို ပြောပါတယ်။ ဒုတိယမြောက် ကျွန်တော့်ညီမကို စက်ဘီးစီး သင်တော့ သူ တစ်ပတ်မပြည့်ခင် စက်ဘီးစီးတတ်ခဲ့ပါတယ်။ သူ လဲတယ် ၊ ကျတယ် ၊ မှောက်တယ် ၊ ဒူးပြဲတယ် ၊ တံတောင်ပွန်းတယ် ၊ သစ်ပင်နဲ့ တိုက်တယ်။ ဒါတွေ တကယ်ကို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါတွေက သူ့အတွက် အတွေ့အကြုံတွေပဲ မဟုတ်လား။ ဘာလို့လဲ ဆိုတော့ သူ့ကို ကျွန်တော် တစ်သက်လုံး လိုက်ပြီး မထိန်းကျောင်းနိုင်ဘူးလေ။ သူ့ဖာသာပဲ သူထိန်းကျောင်းရမှာ မဟုတ်ဘူးလား။

ကျွန်တော်တို့ ဘဝမှာလည်း “ ငါ မရှိရင်တော့ မဖြစ်ပါဘူး ” ဆိုတဲ့ စိတ်ဓါတ်တွေနဲ့ လူတွေ အပေါ်မှာ ဆက်ဆံ မိတတ်ကြတယ်။ ဒီစိတ်ဓါတ်ကြောင့်ပဲ ကိုယ့်အားကိုယ်ကိုးချင်စိတ် ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု စိတ်ဓါတ်တွေကို ရိုက်ချိုးမိတတ်တယ်။ ကိုယ်ကရော သူ့အနားမှာ အမြဲတမ်း ရှိနေပြီး ထောက်ပံ့ပေးနေနိုင်မလား။ တကယ်တော့ လုံးဝ မဖြစ်နိုင်သလို ၊ ဖြစ်လည်း မဖြစ်သင့်တဲ့ အရာပါ။ အထူးသဖြင့် မိဘတွေမှာ ဖြစ်တတ်တယ်။ ငါ့သားလေး ၊ ငါ့သမီးလေး ငါရှိနေရင် ဘာမှ မလုပ်စေရဘူး ဆိုတာမျိုးတွေပါ။

ဒီမှာ စဉ်းစားစရာက ပေါ်လာပြန်ပါတယ်။ ဒီတော့ ငါသာ မရှိတော့ရင် သူတို့ ဘာတွေ အဲဒီအချိန်မှ စပြီး လုပ်ကြရမလဲ ဆိုတာကို စဉ်းစား မိစေချင်တယ်။ ကိုယ်က မမှီတော့မှ လွှတ်လိုက်တော့ သူတို့မှာလည်း ကုန်းဆင်း ကားများတဲ့ နေရာမှ နောက်က ထိန်းလိုက်သူက လွှတ်လိုက်တာကို ခံရသူလို ပိုပြီး အန္တရာယ် များပါတယ်။ တကယ်ဆို အန္တရာယ် နည်းနေတဲ့ လူသွားလမ်းကြား ကလေးတွေမှာ ကတည်းက သူ့တို့ဖာသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်လေး ရှိလာအောင် ၊ “ လောင်းရိပ်  ” မမိစေအောင် လက်လွှတ် ပေးသင့်ပါတယ်။ ဒါမှ ကိုယ်တိုင် စဉ်းစားတွေးခေါ်တတ်တဲ့ အတွေ့အကြုံ ဆိုတာ ရလာမှာပါ။

ဘဝဆိုတာ စက်ဘီးစီးမှ သွားလို့ ရမယ် ဆိုတဲ့ ခရီး တစ်ခု ဖြစ်တယ် ဆိုကြပါစို့။ သူများတွေ စက်ဘီးလေး စီးပြီး ခရီးတွင်နေတာကို မြင်တော့ ကိုယ်ကလည်း စက်ဘီးလေးနဲ့ ခရီးသွားချင်ကြမှာပဲလေ။ စက်ဘီး မစီးတတ်လို့ ဆိုပြီး ဘဝကို ခြေလျင်နဲ့များ ခရီးဆက်ဖို့ စဉ်းစားနေပါသလား။ ချော်လဲလဲ ၊ ဒူးပြဲပြဲ ၊ နဖူးကွဲကွဲ ဖြစ်ချင်တာ ဖြစ်ပါစေ ဘဝဆိုတဲ့ ခရီးကို တွင်ကျယ်စေချင်ရင် စက်ဘီးစီးတော့ သင်ရမှာပဲ မဟုတ်ပါလား။ စက်ဘီး မစီးတတ်တာကို စကားနဲ့ သင်ပေးတဲ့ လူရှိမယ် ၊ ကိုယ်တိုင် နောက်က လိုက်ထိန်းပြီး သင်ပေးမဲ့သူ ရှိမယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ တစ်ချိန်ချိန်တော့ ကိုယ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နဲ့ နောက်က လိုက်ထိန်းကျောင်းပေးနေမဲ့သူ မရှိပဲ ဆက်လက်ပြီး ခရီးဆက်ရမှာ မဟုတ်ပါလား။

“ ဘဝဆိုတာ သူများ အပေါ်မှာ မူတည် မနေပါဘူး။ ကိုယ့်အပေါ်မှာပဲ မူတည်နေပါတယ်။ ”


*** အရင်ကလည်း ဒီလို အကြောင်းအရာ နဲ့ နီးစပ်တာ တစ်ခု ရေးမိပါသေးတယ်။  “ On (or ) By ကြိုက်တာ ရွေးနိုင်ပါသည်။ ” ဆိုတဲ့ ခေါင်းစဉ် နဲ့ပါ။ ***


လေးစားစွာဖြင့်
ကိုဇော် ခံစားပုံဖော်သည်။

.

Share/Bookmark

24 May 2010

10 ဆင့်ကဲ ဆင့်ကဲ တိုးတတ်မှု



ဒေးဗစ် အိုဂျီဗီးလ် ရဲ့ ရုံးခန်းထဲမှာ တိတ်ဆိတ်နေတယ်။ နောက်ဆုံး အင်တာဗျူး မေးခွန်းကို မေးလို့ အပြီးမှာတော့ ဒေးဗစ် အိုဂျီဗီးလ် ဘယ်လိုများ ဆုံးဖြတ်ချက် ချလိမ့်မလဲ ဆိုတဲ့ အသိနဲ့ လာရောက် အင်တာဗျူးသူ ငြိမ်သက်စွာ စောင့်နေတယ်။ သူ့အဖို့ စောင့်နေရတာက အလွန်ကြာတယ် လို့ ထင်မိပေမဲ့ တစ်ဖက်မှ ဒေးဗစ် အိုဂျီဗီးလ် ကတော့ တမင် အချိန်ဆွဲတတ်သူ မဟုတ်ပါ။ ဆုံးဖြတ်ချက် မြန်ဆန်သလို သူ့ရဲ့ ဆုံးဖြတ်ချက်များကလည်း တိကျတယ်။

“ ကျွန်တော်တို့ ကုမ္ပဏီမှာ ခင်ဗျားကို ခန့်ဖို့ သဘောတူလိုက်ပါပြီ။ ”

ဒေးဗစ် အိုဂျီဗီးလ် ဆီက အသံထွက် လာတယ်။ ဒီအသံကြားမှ အင်တာဗျူး လာဖြေသူ သက်ပြင်း ချနိုင်တော့သည်။ ဒေးဗစ် အိုဂျီဗီးလ် က ဆက်ပြောတယ်။

“ ကျွန်တော်တို့ ခင်ဗျားကို ဘာလို့ အလုပ်ခန့်လိုက်တာလဲ သိချင်လား။ ”

“ ဟုတ်ကဲ့. . သိချင်ပါတယ်။ ”

“ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ လိုချင်တဲ့ အချက်လေး တစ်ချက်ကြောင့်ပါပဲ၊ အဲဒါကတော့. . . ”

“ ဟုတ်ကဲ့. . ပြောပါ။ ”

“ အဲဒါကတော့ . . ခင်ဗျားဟာ အခု လောလောဆယ်မှာ ဝင်ခါစဆိုတော့ ဘာမှ နားမလည်တဲ့ အလုပ်သင် ဖြစ်နေနိုင်ပေမဲ့ ခင်ဗျားဟာ ကျွန်တော်တို့ထက် ပိုတော်တယ် လို့ ယူဆလို့ပါပဲ။ ”

“ ဗျာ . . ၊ ဒါကို ကျွန်တော် သဘော မပေါက်ဘူး။ ”

“ ဟုတ်ပါတယ်။ ခင်ဗျားက ကျွန်တော်တို့ထက် ပိုတော်မယ်လို့ ယူဆမိလို့ပါ။ ဒါကို ခင်ဗျား သဘောမပေါက်လဲ ကိစ္စ မရှိပါဘူး။ ခင်ဗျားကို ကျွန်တော် လက်ဆောင် တစ်ခု ပေးလိုက်ပါ့မယ်။ ဒါလေးကို ယူပြီး အိမ်ကို ပြန်သွားပါ။ အိမ်ရောက်တော့မှ ဒီလက်ဆောင်ကို ဖွင့်ကြည့်ပါ။ ဒါဆို ခင်ဗျား သဘောပေါက်သွားပြီး မနက်ဖြန် အလုပ်စဆင်းဖို့ အတွက် အင်အားတွေ ရရှိလာပါလိမ့်မယ်။ ”

“ ဟုတ် . . . . . . . . . ”

အလုပ်ခန့်လိုက်ကြောင်းကို ပူပူနွေးနွေး ရရှိထားသူက နားမလည်သော ယောင်နနဖြင့် အသံ ထွက်လာတယ်။ ပြီးမှ ဒေးဗစ် အိုဂျီဗီးလ် က သူ့စားပွဲပေါ်မှာ ပါဆယ်ထုပ်ထားသော အထုပ်တစ်ထုပ်ကို လောလောလတ်လတ် အင်တာဗျုး အောင်ထားသူဆီသို့ ပေးလိုက်တယ်။

အင်တာဗျူးလာသူလည်း ဒေးဗစ် အိုဂျီဗီးလ် ပေးလိုက်တဲ့ အထုပ်ကို ပိုက်လို့ အိမ်ပြန် ရောက်လာခဲ့တယ်။ အိမ်ရောက်လို့ အထုပ်ကို ဖွင့်ကြည့်လိုက်တော့ ရုရှားနိုင်ငံထုတ် ကလေးကစားသော စက်ရုပ်တစ်ရုပ်ကို တွေ့ရတယ်။ စက်ရုပ်ကို အလွယ်တကူ ဖွင့်လို့ရအောင် လုပ်ထားသည်။ ထိုမြင်နေရာသော စက်ရုပ်ကို ဖွင့်လိုက်သောအခါ အထဲမှာ ထိုစက်ရုပ်ထက်သေးသော ပုံစံတူ စက်ရုပ်တစ်ခုကို ထပ်တွေ့ရသည်။ ထိုစက်ရုပ်ကိုလည်း အလွယ်တကူ ဖွင့်လိုရအောင် လုပ်ထားသည်။ ထိုစက်ရုပ်ကို ဖွင့်လိုက်သောအခါ ထိုစက်ရုပ်၏ အထဲမှာ နောက်ထပ် ပုံစံတူ စက်ရုပ်တစ်ရုပ် ထပ်ထွက်လာလေသည်။

ထိုကဲ့သို အဆင့်ဆင့် ဖွင့်လို့ရသော စက်ရုပ် လေးရုပ်ဖြင့် အဆင့်ဆင့် ဖွင့်စေပြီး နောက်ဆုံး အသေးဆုံး စက်ရုပ်၏ ရင်ဘတ်ထဲတွင် ဒေးဗစ် အိုဂျီဗီးလ် က သူပြောလိုချက်ကို စာဖြင့်ရေးထားပြီး ထည့်ထားတယ်။ သူရေးထားသော စာက အောက်ပါအတိုင်း ဖြစ်တယ်။

“ ကျွန်တော်တို့ ကုမ္ပဏီအတွက် ဒီစက်ရုပ်ဟာ အမှတ်အသား တစ်ခုပါပဲ။ ကျွန်တော်တို့ အလုပ်အတွက် လူတွေ ရှာဖွေငှားရမ်းတဲ့ အခါမှာ ကျွန်တော်တို့က ကိုယ့်ထက် မသိ ၊ မတတ် ၊ ပညာဥာဏ် ငယ်ရွယ်သူတွေကို ငှားရမ်းပြီး ခန့်ကာ အလုပ်လုပ်မယ် ဆိုပါတော့ ၊ အဲဒီလူကလည်း သူ့လက်အောက်က လူကို သူ့ထက် ညံ့တဲ့ လူထက် ခေါ်ခန့်မယ် ဆိုပါစို့။ ဒါဆိုရင် ကျွန်တော်တို့ ကုမ္ပဏီက အခု စက်ရုပ်လိုပဲ သူ့ထဲက ထွက်လာတဲ့ အတွေးအခေါ်တွေကလည်း ဆင့်ကဲဆင့်ကဲ နိမ့်ကျလာပြီး နောက်ဆုံးမှာ ဘယ်သူမှ မလေးစားတဲ့ လူစဉ်မမှီ ၊ အသုံးမကျတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့် ကျွန်တော်တို့ အလုပ်အတွက် လူရွေးခြယ် ခန့်ထားတဲ့ နေရာမှာ ကျွန်တော်တို့ထက် တော်တဲ့သူ ၊ ပိုပြီး အကောင်ကြီးတဲ့သူ ကိုသာ ရွေးခြယ်ခန့်ထားမယ် ဆိုရင် ကျွန်တော်တို့ ကုမ္ပဏီဟာ အတော်ဆုံး ၊ အထွားကျိုင်းဆုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ကိုယ်တာဝန်ယူပြီး လုပ်နေရတဲ့ နေရာမှာ ကိုယ့်လက်အောက်ကလူ ဆိုပေမဲ့ ကိုယ့်ထက်တော်တဲ့ ကိုယ်ထက်ပိုပြီး အဆင့်မြင့်တဲ့ သူကို ရွေးခြယ်ခန့်ထားဖို့ ကျွန်တော့်တို့ ဆုံးဖြတ်ကြတာပါ။ ”

စက်ရုပ်တွေ ဆင့်ကဲ ဆင့်ကဲ ဖွင့်ရာကနေ နောက်ဆုံး စက်ရုပ်လေးရဲ့ ရင်ဘတ်ထဲက စာလေးမှာ အထက်ပါ အတိုင်း ရေးထားတယ်။ အဲဒီ အယူအဆ ၊ ထို ခံယူချက်အရ သူများရဲ့ အရည်အချင်းကို အသိအမှတ် ပြုတတ်ခြင်း ၊ တန်ဖိုးသိစွာ စည်းရုံး လှုံ့ဆော်တတ်မှုတွေကြောင့် အိုဂျီဗီးလ် နှင့် မက်သာ ကုမ္ပဏီက ကြော်ငြာလုပ်ငန်းမှာ အကြီးမားဆုံး ၊ လူအများ လေးစားမှု အခံရဆုံး ကုမ္ပဏီကြီး ဖြစ်လာလေသည်။


source; Improvement By Art Turock
ကိုဇော် ခံစားပုံဖော်သည်။

.

Share/Bookmark

23 May 2010

36 အထူး စစ်ဆင်ရေး



တစ်ခါက . . .

မြို့နယ်လေးတစ်ခုမှာ အထူး စစ်ဆင်ရေးအနေနဲ့ ပြည့်တန်ဆာ အိမ်တစ်အိမ်ကို ရုတ်တရက် ဝင်ရောက် ဖမ်းဆီးပါလေရော။ ပြည့်တန်ဆာအိမ်ကို ဖမ်းဆီးတယ် ဆိုတာကလည်း အသိပေးခြင်း ၊ သတင်းရခြင်း မရှိပဲ ရုတ်တရက် ရှောင်တခင် ဝင်ရောက် ဖမ်းဆီးရတာ ဖြစ်လေတော့ ပြည့်တန်ဆာအိမ်မှာ ပြည့်တန်ဆာ လုပ်နေသူတွေရော ၊ ပြည့်တန်ဆာတွေနဲ့ လာရောက်ပျော်ပါးသူ ယောက်ျားတွေရော ရုတ်တရက် ဆိုတော့ ဘာမှ ပြင်ဆင်ချိန်မရပဲ အခန်းထဲကနေ ကမန်းကတန်း ထွက်ပြေးကြရ၏။ လွတ်ရာ ကျွတ်ရာကို ထွက်ပြေးရတာ ဆိုတဲ့ အတွက် သူတို့မှာ အဝတ်အစားတွေကို ဝတ်ချိန်မရတော့ပဲ အခန်းထဲကနေ ကိုယ်လုံးတီးတွေနဲ့ အဝတ်အစားတွေ ရရာလေးသာ ကိုင်ပြီး ထွက်ပြေးကြရသည်။။

ဒီလိုမျိုး ပြည့်တန်ဆာများ ၊ လာရောက်ပျော်ပါးသူများကို အထူး စစ်ဆင်ဖမ်းဆီးရေးကြောင့် အဝတ်အစား မပါပဲ ထွက်ပြေးရလေတော့ ဖမ်းဆီးသူများကလည်း မျက်နှာသုတ်ပုဝါ အကြီးစားတွေနဲ့ တစ်ခါတည်း လုံလုံခြုံခြုံ ဖြစ်ရလေအောင် ပွေ့ဖက်ဖမ်းဆီး ကြရ၏။ ဒီလို မျက်နှာသုတ်ပုဝါတွေနဲ့ ပွေ့ဖက် ဖမ်းဆီးပြီးလို့ ပြည့်တန်ဆာအိမ်မှ ဖမ်းဆီးရမိသူများကို ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင်ပြီး နောက်ထပ် တစ်ပတ်ကြာတော့ ဖမ်းဆီးရမိသူများကို ခရိုင်သို့ လွှဲပြောင်းပေးလိုက်လေသည်။ အထူး စစ်ဆင်ရေးတပ်ဖွဲ့မှ လွှဲပြောင်းပြီး နောက်နေ့ကျတော့ ခရိုင်မှ အပြစ်တင်စာ ရောက်ရှိလာ၏။

အပြစ်တင်စာမှာ ရေးထားတာကတော့ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့သားများ အနေနဲ့ ဖမ်းဆီးရမိသူများက ပြည့်တန်ဆာ မိန်းကလေးများကိုသာ ဖမ်းဆီး ရမိပြီး ပြည့်တန်ဆာအိမ်မှာ လာရောက်ပျော်ပါးသူ ယောက်ျားများကို တစ်ယောက်မှ ဖမ်းဆီးရမိလိုက်ခြင်း မရှိသည့်အတွက် ခရိုင်မှ အပြစ်တင်လိုက်ပြီး ဖြေရှင်းသော အစီရင်ခံ ထုချေလွှာတင်ရမယ်လို့ အမိန့်ရောက်ရှိလာ၏။ ဒါကြောင့် မြို့နယ်မှာရှိနေတဲ့ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့က တာဝန်ရှိသူက ထုချေလွှာကို အောက်ပါ အတိုင်း ပြန်လည်ရေးသားပေးပို့လိုက်သည်။

သို့/ လေးစားရပါသော ခရိုင်မှ တာဝန်ရှိသူ ခင်ဗျား။

ကျွန်တော်တို့ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့သည် ပြည့်တန်ဆာအိမ်များကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးသော အခါမှာ ပြည့်တန်ဆာအိမ်မှာ ပြည့်တန်ဆာများ နှင့် ပြည့်တန်ဆာများကို လာရောက်ပျော်ပါးသူ ဦးရေမှာ များပြားလှသောကြောင့် အရေးပါသော ပြည့်တန်ဆာများကို ဦးစားပေးဖမ်းဆီး ရနေပါသောကြောင့် လာရောက်ပျော်ပါးသူ ယောက်ျားများကို မဖမ်းမိပဲ လွှတ်မြောက်သွားရခြင်း ဖြစ်ပါတယ်။

အကယ်၍ ကျွန်တော်တို့ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့အား ပြည့်တန်ဆာများကို ဖမ်းဆီးသောအခါမှာ လုံလောက်သော လူအင်အားများ ထောက်ပံ့ပေးနိုင်ပါက ကျွန်တော်တို့ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့မှ ပြည့်တန်ဆာများနှင့် လာရောက်ပျော်ပါးသော ယောက်ျားများကိုပါ ဖမ်းဆီးရမိနိုင်ပါမည်ဟု ယုံကြည်ပါသည်။

ထို့ကြောင့် ကျွန်တော်တို့ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့အား လူအင်အားများ လုံလောက်စွာ တိုးပေးနိုင်ပါက ကျွန်တော်တို့ အားလုံးကို ဖမ်းဆီးနိုင်ပါမည်ဟု ယုံကြည်ပါသည်။

လေးစားစွာဖြင့်
အထူး စစ်ဆင်ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ခံ
ကယ်လီ

ထိုကဲ့သို ခရိုင်ကို အစီရင်ခံ ထုချေလွှာတင်ပြီး နောက်ထပ် တစ်ပတ်အကြာမှာ ခရိုင်မှ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့သို့ အင်အားတောင့်တင်းစေရန် အထူး စစ်ဆင်ဖမ်းဆီးရေး တပ်သား အယောက် ၁၀၀ ထပ်မံ၍ ပို့ဆောင်လိုက်လေသည်။ ဒါကြောင့် အထူး စစ်ဆင်ရေး အဖွဲ့ကလည်း လူအင်အား အလွန်ကို တောင့်တင်းသွား လေတော့၏။

ဒါနဲ့ နှစ်လအကြာမှာ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့က မြို့နယ်တစ်ခုမှ ပြည့်တန်ဆာအိမ်တွေကို ရှောင်တခင် အထူး စစ်ဆင်ဖမ်းဆီးရေး ပြုလုပ်ခဲ့ကြ၏။ ပြည့်တန်ဆာများနှင့် လာရောက်ပျော်ပါးသူများ ထွက်ပြေးမှုကိုလည်း ထုံးစံအတိုင်း မျက်နှာသုတ်ပုဝါများဖြင့် ပွေ့ဖက်ဖမ်းဆီးကြလေသည်။ ဖမ်းဆီးရမိသော သူများကို ထိန်းသိမ်းရေး စခန်းတွင် ထိန်းသိမ်းထားပြီး ခရိုင်သို့ ပို့ဆောင်လိုက်လေသည်။ ခရိုင်သို့ ပိုဆောင်ပြီး နောက်တစ်ရက်မှာ ခရိုင်မှ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့သို့ ပထမတစ်ကြိမ်ထက် ပို၍ ပြင်းထန်သော အပြစ်တင်စာ ရောက်လာ၏။

အပြစ်တင်စာထဲတွင် ယခုအကြိမ်မှာလည်း ပထမအကြိမ်မှာ ကဲ့သို့ ပြည့်တန်ဆာအိမ်ကို ဝင်ရောက် ဖမ်းဆီးရာတွင် ပြည့်တန်ဆာ မိန်းကလေးများကိုသာ ဖမ်းဆီးရမိပြီး ပြည့်တန်ဆာများကို လာရောက်ပျော်ပါးသူ ယောက်ျားများကို တစ်ဦးမှ ဖမ်းဆီးရမိခြင်း မရှိသည့် ကိစ္စအား ပြင်းထန်စွာ အပြစ်တင်ထားသည်။ ပထမအကြိမ်မှာ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့အင်အား မလုံလောက်ဘူး ဆို၍ ဖြည့်တင်း ပေးထားသော်လည်း လာရောက်ပျော်ပါးသူ ယောက်ျားများကို မဖမ်းမိခြင်းကို ဖြေရှင်းထုချေလွှာ ချက်ချင်း လိုချင်ကြောင်း အပြစ်တင်ထားသည်။

အပြစ်တင်စာ ရောက်လာပြီး ချက်ချင်း အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့မှ တာဝန်ရှိသူသည် ချက်ချင်း ခရိုင်ရုံးသို့ အစီခံ ထုချေလွှာကို အောက်ပါအတိုင်း ပြန်၍ ရေးသားလေတော့သည်။


သို့/ လေးစားရပါသော ခရိုင်မှ တာဝန်ရှိသူ ခင်ဗျား။

ယခု ဒုတိယအကြိမ် အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့မှ ပြည့်တန်ဆာအိမ်များကို ဝင်ရောက်ဖမ်းဆီးရာတွင် ပြည့်တန်ဆာ မိန်းကလေးများကိုသာ ဖမ်းဆီး ရမိပြီး လာရောက် ပျော်ပါးသူ ယောက်ျားများကို ဖမ်းဆီးရမိခြင်း မရှိပဲ ထွက်ပြေး လွတ်မြောက်သွားကြတယ် ဆိုတာ ရိုးသားစွာ ဝန်ခံပါတယ်ခင်ဗျာ။

ကျွန်တော်တို့ ပထမအကြိမ်မှာ လူအင်အား မလုံလောက်သောကြောင့် ဖမ်းဆီးရမိခြင်း မရှိခဲ့တာကို ခရိုင်မှ တာဝန်ရှိသူများက အထူး စစ်ဆင်ဖမ်းဆီးရေး တပ်သား အယောက် ၁၀၀ ဖြည့်တင်းပေးခဲ့ပါသည်။ သို့သော် ယခုအကြိမ် ဝင်ရောက်ဖမ်းဆီးသော အခါမှာလည်း ပြည့်တန်ဆာ မိန်းကလေးများကိုသာ မျက်နှာသုတ်ပုဝါဖြင့် ပွေ့ဖက်ကာ ဝိုင်းဖမ်းဆီး နေကြပါသည်။ ထိုအခါ အထူးတပ်ဖွဲ့ဝင် အင်အားမှာ အဆမတန် များပြားနေပါသောကြောင့် မိမိတို့ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့သား အချင်းချင်း ပြည့်တန်ဆာ မိန်းကလေးများကိုသာ လုယက်ဖမ်းဆီး နေရသလို ဖြစ်နေခဲ့ရပါသည်။ ထို့ကြောင့် ကျွန်တော်တို့ အထူး စစ်ဆင်ဖမ်းဆီးရေး သမား အချင်းချင်း မလိုလားအပ်သော ခိုက်ရန် ဖြစ်ပွားမှုတောင်မှ ဖြစ်ပေါ်ခဲ့ရပါသည်။

ထို့ကြောင့် ကျွန်တော်တို့ အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့မှ တောင်းဆိုလိုတာကတော့ များပြားနေသော အထူး စစ်ဆင်ဖမ်းဆီးရေး အဖွဲ့သား ယောက်ျားများကို တာဝန်မှ ပြန်လည် ရုတ်သိမ်းပြီး ပြည့်တန်ဆာများကို လာရောက်ပျော်ပါးသော ယောက်ျားများကို ဖမ်းဆီးရမိစေရန် “ အထူး စစ်ဆင်ဖမ်းဆီးရေး အမျိုးသမီးများ ” ကို ပို့ပေးစေလိုပါသည် ခင်ဗျား။

လေးစားစွာဖြင့်
အထူး စစ်ဆင်ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ခံ
ကယ်လီ





*** ကဲ . . ဒါကြောင့် စာဖတ်သူတွေထဲမှာ ပြည့်တန်ဆာအိမ်မှာ လာရောက်ပျော်ပါးသူ ယောက်ျားများကို မျက်နှာသုတ်ပုဝါဖြင့် ပွေ့ဖက် ဖမ်းဆီးချင်သော အထူး စစ်ဆင်ဖမ်းဆီးရေး အမျိုးသမီး အဖြစ် ပါဝင်ချင်သူများ စာရင်းပေးသွင်း နိုင်ပါပြီ :P  :P  :P ***


source; International Treader Journal မှ စာလေးတစ်ခုကို ပုံဖော်ရေးသားပါသည်။

လေးစားစွာဖြင့်
ကိုဇော်


Share/Bookmark
Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.