မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 February 2010

0 ယုံကြည်မှု ၏ စွမ်းအား (၃)


ကျွန်တော့်တို့ သတိမထားမိလို့ပါ.။ အလွယ်ဆုံး သတိထားမိတဲ့ အရာလေးတွေ ကျွန်တော် ပြောပြမယ်.။ စဉ်းစားကြည့်ရအောင်...။

ဒီလိုဗျာ..။

ကျွန်တော်တို့ လက်ဘက်ရည်ဆိုင် ထိုင်ကြတယ်ဆိုပါစို့..။ ပြီးတော့ စားသောက်တယ်.။ စားသောက်လို့လည်း ပြီးရော တစ်ရှူးလေးနဲ့ ပါးစပ်သုတ်မယ်ဗျာ.။ နောက်တော့ သူငယ်ချင်းတွေနဲ့ စကားပြောနေရင်း တစ်ရှူးလေးကို လုံးနေမိမယ်..။ နောက်တော့ သတိရသွားပြီး တစ်ရှူးလေးကို ပစ်ဦးမှပဲ ဆိုပြီး အမှိုက်ခြင်းလေးကို လိုက်ရှာလိုက်တော့ ဘေးက ထိုင်ခုံရဲ့ ဘေးမှာ ။ မဝေးဘူး.။ ဒါပေမဲ့ ဘေးချင်းကပ်လျက် လောက်လည်း မနီးဘူး.။ ထပစ်ရအောင်လည်း မဝေးတော့ ထိုင်လျက်ကပဲ လက်ထဲမှာ လုံးထားတဲ့ တစ်ရှူးလေးကို လှမ်းပြီး အမှိုက်ခြင်းလေးထဲကို ပစ်လိုက်တယ် ဆိုပါတော့..။

ဒီလို ပစ်လိုက်တဲ့ အချိန်မှာ တစ်ရှူးလေးက ကျွန်တော်တို့ လက်ထဲက ထွက်မသွားခင် နောက်ဆုံး အခိုက်အတန့်လေးမှာ မိမိ ဘယ်လို ခံစားလိုက်ရပါသလဲ..။ မိမိ ပစ်လိုက်သော တစ်ရှူးလေး အမှိုက်ခြင်းထဲ ရောက်မှာပဲ လို့ သေချာသော စိတ် ယုံကြည်မှုလေးနဲ့ ပစ်လိုက်မိတယ် ဆိုရင်တော့ ကျွန်တော် ပြောရဲတယ် ဒီတစ်ရှူးလေးဟာ သေချာစွာ အမှိုက်ခြင်းထဲကို ရောက်သွားမှာပါ..။

အဲ....ဒီလို မဟုတ်ပဲနဲ့ မိမိ လက်ထဲကနေ တစ်ရှူးလေး နောက်ဆုံး ထွက်သွားခါနီးမှာ “ ငါ ပစ်လိုက်တာ ဝင်မှ ဝင်ပါ့မလား ။ ” တွေးမိလိုက်ပါသလား.။ ကျွန်တော် ပြောရဲပါတယ်.။ ဒီတစ်ရှူးလေး အမှိုက်ခြင်းဘောင်ကို ဖြစ်ဖြစ်.။ နှုတ်ခမ်းကို ဖြစ်ဖြစ် ထိပြီး ဘေးက အောက်ကို ပြုတ်ကျသွားပါလိမ့်မယ် ။ ဒီအချိန်မှာ ဆိုရင် “ ဟာ..ငါထင်သားပဲ..။ ဝင်မှ ဝင်ပါ့မလားလို့...။ လေတိုက်နေတော့ ဝင်မှာ မဟုတ်ဘူး လို့” တွေးနေမိပါသလား.။

ဒါဟာ ယုံကြည်မှု ပါပဲ..။ တစ်ရှူးလေး ပစ်တဲ့ အချိန်မှာ စိတ်ဓါတ်အရ ဘယ်လောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတယ် မရှိဘူး ဆိုတာက တစ်ရှူးလေး အမှိုက်ခြင်းထဲ ဝင် ၊ မဝင် ဆိုတာကို အဆုံးအဖြတ်ပေးသွားတာပါပဲ..။

ဒီလို အကြိမ်တွေ အများကြီး ကြုံဖုးမှာပါ.။

ဥပမာ -

(၁) စာအုပ်ဆိုင်က စာအုပ်ငှားလာတယ် ။ အိမ်ထဲရောက်တော့ ရေသွားသောက်မလို့ စာအုပ်ကို စားပွဲပေါ် လှမ်းပြီး ပစ်တင်လိုက်တယ်.။ ဒီမှာ မိမိလက်ထဲက စာအုပ်လေး နောက်ဆုံး လွတ်သွားခါနီး ဘယ်လို ခံစားလိုက်ရလဲ ဆိုတာက စာအုပ်လေး စာပွဲပေါ်ကို ရောက် ၊ မရောက်တာ ဆိုတာကို အဆုံး အဖြတ်ပေးသွားတာပါပဲ.။

(၂) ဘောလုံးလေးတစ်လုံးကို ကျင်းလေး တစ်ခု ဆီကို ပစ်ထည့်လိုက်တယ်.။ ဘောလုံးလေး ကျင်းထဲ ဝင် ၊ မဝင် ဆိုတာ မိမိ နောက်ဆုံး ဘောလုံးလေး မိမိ လက်က ထွက်ခွာ မသွားခင် အချိန်မှာ ဘယ်လို ခံစားလိုက်ရလဲ ဆိုတာပေါ်မှာ မူတည်နေပါတယ်.။


(၃) ဂေါက်သီး တစ်လုံးကို ဂေါက်သီးကျင်းထဲသို့ ရိုက်ထည့်လိုက်တယ်.။ ဒီအချိန်မှာ ဂေါက်သီးလေး ကျင်းထဲ ဝင် ၊ မဝင်ဆိုတာ နောက်ဆုံး မိမိ ဂေါက်သီးလေးကို ဂေါက်တံ နဲ့ ရိုက်လိုက်တဲ့ အချိန်မှာ မိမိ စိတ်ထဲမှာ ဘယ်လို ထင်မြင်တယ်ဆိုတာ က အဆုံး အဖြတ်ပေးပါတယ်.။



ဒီလိုပါပဲ ...။ ကျန်တာတွေ ဆက်တွေးကြည့်ပါ.။

ဒီမှာ ကျွန်တော်ကို ပြောကြပါလိမ့်မယ်.။ အလေ့အကျင့်လည်း လိုတယ် လို့..။ ဥပမာ - ဂေါက်သီးရိုက်တဲ့ ကိစ္စမှာ ဂေါက်ရိုက်တတ်ဖို့ လိုတယ်ပေါ့လေ.။ ဟုတ်ပါတယ်.။ ကျွန်တော် မငြင်းပါ .။ အလေ့အကျင့်လိုပါတယ်.။ သို့သော်...အလေ့အကျင့်ဆိုတာထက် ငါ ဒီဂေါက်သီးကို ကျင်းထဲ ဝင်အောင် ရိုက်မယ်ဆိုတဲ့ စိတ်ဓါတ် ယုံကြည်မှုက လည်း ပိုပြီး လိုအပ်ပါတယ်.။ ဒါဟာ ပိုအရေးကြီးပါတယ်.။ တကယ်လို့ လေ့ကျင့်ကျွမ်းကျင် နေတိုင်းသာ အောင်မြင်နေမယ်ဆိုရင် ဂေါက်သီးပွဲတိုင်းမှာ “ တိုက်ဂါးဝုဒ် ” အမြဲဗိုလ်ဆွဲနေမှာပေါ့.။

မဟုတ်ပါ.။ တိုက်ဂါးဝုဒ်ဟာ သူများတွေ မရိုက်ရဲတဲ့ ဂေါက်သီး ရိုက်ချက်တွေကို အမြဲရိုက်လေ့ရှိပါ့တယ်.။ ဥပမာ - ၅ ချက်နဲ့ အရောက်ရိုက်ရမဲ့ ကျင်းတစ်ခုမှာ သူက သူများတွေလို ရှေ့မှာ သဲကျင်းနဲ့ ဘယ်ဘက်မှာ ရေကန် ရှိနေလို့ ညာဘက်ကို တစ်ချက် အကုန်ခံပြီး တစ်ချက် ရိုက်မနေပါဘူး.။ သူက အမြဲစွန့်စားပြီး ရှေ့တည့်တည့်က သဲကျင်းစပ်ကို အရောက်ရိုက်လိုက် စမြဲပါပဲ.။ ဒါကြောင့် သူများတွေထက် သူက ကျင်းနဲ့ ပိုနီးသွားပါတယ်.။ ဒါဆို သူများတွေထက် သူ ရိုက်ချက် လျှော့ရိုက်နိုင်စမြဲပါ.။

တကယ်လို့ သူရဲ့ ရိုက်ချက်ဟာ အဲဒီအချိန်မှာ သူ့ကိုယ်သူ ယုံကြည်မှု အားနည်းသွားတဲ့ အခါမှာ “ တိုက်ဂါးဝုဒ် ” ဟာ သူ့ရဲ့ ဂေါက်သီးလေးကို သဲကျင်း အစပ် မဟုတ်တော့ပဲ သဲကျင်းထဲ ကျသွားခဲ့ပါတယ်.။ ဒါဆိုရင်တော့ သူ သံကျင်းက ထွက်ရအောင် နောက်ထပ် အချက်တွေ အပို ရိုက်ရတော့တာပါပဲ.။

တကယ်လို့ ရေကန် ဆိုရင်တော့ ...သူလိုရာ ရေကန်အစပ်ကို ယုံကြည်မှု အားနည်းလို့ မရောက်တော့တဲ့ အခါမှာ သူဂေါက်သီးလေးဟာ ရေကန်ထဲ ကျသွားရတာပါပဲ..။ ဒါဆိုရင် သူရဲ့ ရိုက်ချက်ဟာ အလိုလို ဂေါက်သီးလေး ပြန်ရဖို့ ၃ ချက် ပေါင်းထည့်ခံရပါတော့တယ်.။ သူယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲမှာ ဒီလို အကြိမ်တွေ များလာရင်တော့ “ တိုက်ဂါးဝုဒ် ” ဟာ ဖလားနဲ့ ဝေးခဲ့ရတော့တာပါပဲ.။

ဒါဟာ ယုံကြည်မှု ပါပဲ.။

စာဖတ်သူတို့တွေလည်း မိမိဖာသာ မိမိယုံကြည်မှု ကို စမ်းစစ်ကြည့်ပါ..။ မိမိကိုယ်ကို ယုံကြည်မှု မြင့်နေတဲ့ အချိန်မှာ လုပ်သမျှတွေ အရာရာဟာ အောင်မြင် ဖြစ်မြောက်နေပါလိမ့်မယ်.။ မိမိကိုယ်ကိုယ် ယုံကြည်မှု နိမ့်နေတဲ့ အခါမျိုးမှာတော့ လုပ်သမျှ လွဲလွဲချော်ချော် ဖြစ်နေတယ်ဆိုတာမျိုး ကြုံနေရပါလိမ့်မယ်.။


လေးစားစွာဖြင့်
ကိုဇော်

http://zaw357.multiply.com/journal/item/665 မှာ 20.9.2009 မှာ ရေးခဲ့တာပါ။

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: