မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


11 February 2010

2 အညာသား ဖိုးထောင် ( ၃ )


သူ့ဖာသာ ကိုယ်ပိုင် အလွဲတွေ ရှိနေပေမဲ့ ဘယ်သူကမှ မထိခိုက်လေတော့ အညာသား ဖိုးထောင်က သူကြီးရဲ့ လက်ဆွဲ ဖြစ်လာခဲ့တယ်။ သူကလည်း ဘာမှ ပြဿနာ မရှိဘူးလေ။ သူကြီးကိုလည်း ပြဿနာ မပေးဘူး။ ပြီးတော့ သူကြီး ခိုင်းလို့လည်း ကောင်းတယ်။ ဒါကြောင့် သူကြီး မြို့သွားမယ် ဆိုရင် သူက သူကြီး လက်ဆွဲ ဖြစ်ခဲ့တယ်။

“ ဖိုးထောင်ရေ ၊ မြို့သွားမယ် ပြင်ဟေ့ ။ ” ဆိုတာနဲ့ သူကလည်း လိုက်ဖို့ အဆင်သင့် ။ နဂိုကတည်း သွားချင်နေတာကိုး။ အခုလည်း သူ့ကို သူကြီးက မြို့သွားဖို့ ပြင်ဆင်ခိုင်းထားလို့ အူမြူးပြီး အထုပ်ပြင် ၊ သူကြီးအိမ်မှာ အသင့်ရောက်နေတယ်။

သူကြီးလည်း ပြင်ဆင်ပြီးရော သူတို့ ကားလမ်းပေါက်ရာ နေရာအထိ လှည်းနဲ့ ထွက်လာခဲ့တယ်။ ပြီးတော့ ထုံးစံအတိုင်းပါပဲ ကားစီး မြို့ရောက်။ မြို့ရောက်တော့လည်း တည်းနေကြ ဘုန်းကြီးကျောင်းမှာတည်း။ ဘုန်းကြီးရဲ့ ဝေယာဝစ္စလေးတွေ ဝိုင်းလုပ်ပေါ့လေ။ နေ့စာကတော့ ဘုန်းကြီးကျောင်းကို လာလှူတာနဲ့ ဆွမ်းခံကရတဲ့ ဆွမ်းကနေ စားလို့ ရတာပေါ့။ ညစာသာ ဖိုးထောင် ၊ သူကြီး နဲ့ ကပ္ပိယကြီးတို့ ချက်စားကြရတယ်။

တစ်နေ့တော့ . . . နေလည် ဆရာတော်ကလည်း ဆွမ်းဘုန်းပေးအပြီး ဖိုးထောင်နဲ့ သူကြီးကလည်း ထမင်းစားပြီး ထမင်းလုံးစီကာ ထမင်းဆိပ်တတ်ရင်း ဟိုဟိုဒီဒီ ပြောနေကြတာပေါ့။ ဒီအချိန်ပဲ ရွာမှာ မစားဖူးတာတွေ စားကောင်းကောင်းနဲ့ လွှတ်စားထားမိတဲ့ ဖိုးထောင်က ဆရာတော်နဲ့ စကားပြောနေရင်း. . .

“ အေ့. . ”

“ အေ့. .”

ဆိုပြီး လေချဉ်တွေ တတ်ပါလေရော။ ဒီတော့ ဆရာတော်က သူ့ကို ချက်ချင်းပဲ။

“ ဟဲ့.. . ဖိုးထောင် ၊ နင့်ကိုနင် အခု ဒါ ရွာမှာ မှတ်နေလား။ ဒါ . .မြို့ဟဲ့။ လေချဉ်တတ်ရင် ရွာမှာလို့ တအေ့အေ့ နဲ့ လွှတ်မတတ်ရဘူး။ ကိုယ့်ဖာသာ အသာလေး ပါးစပ်ပိတ်ထားရတယ်။ ပါးစပ်ပိတ်ပြီး လေချဉ်တတ်ရတယ်။ အသံ မထွက်စေနဲ့။ ”

လို့ ဟန့်တော့ ဖိုးထောင်လည်း အသာငြိမ်နေရတာပေါ့။ သြော်...မြို့သားတွေက လေချဉ်တတ်တာတောင်မှ လွတ်လွတ်လပ်လပ် တတ်ခွင့် မရှိဘူးဟ လို့လည်း တွေးမိလိုက်သေးတယ်။ ကိုယ်ကလည်း မြို့သားတွေကို အားကျနေတာ ဆိုတော့ နောက်နေ့က စပြီး သူ သတိထားပြီး ဆင်ခြင်တယ်။ လေချဉ်တတ်တော့မယ်ဆို ပါးစပ်လေးကို စေ့ထားပြီး တတ်လာတဲ့ လေချဉ်လေးကို နှာခေါင်းကနေပြီး အသာလေးထုတ်လိုက်တယ်။ အဲ. . ဟုတ်သဟ ဒီလိုဆိုတော့လည်း အဆင်ပြေသား။

ဘုန်းကြီးကျောင်းမှာ တီဗီလေးကလည်း ရှိသဗျ။ ည ည လာလာနေတတ်တဲ့ ကြော်ငြာတွေကိုလည်း ဖိုးထောင် လွှတ်ကြိုက်တာ ကလား။ ဒီတော့ တီဗီဖွင့်ပြီ ဆိုတာနဲ့ ရှေ့မှာ ငုတ်တုပ်။ မျက်လုံးလေး ပြူးပြီး အငေးသား။ တချို့ အင်္ဂလိပ်လို စာတွေတော့ သူက နားမလည်။

ဒါကြောင့် သူ့ဖာသာ နားလည်အောင်ပဲ သူက မှတ်ထားလိုက်တယ်။ ဥပမာ - ဂရိတ်ဝေါ ဒဏ်ကြေလိမ်းဆေး ဆို သူက တံတားကြီး ဒဏ်ကြေလိမ်းဆေးတဲ့။ တစ်(ဖ)ဖီ အစိမ်းရောင်ကဒ် ဆိုတဲ့ ကြော်ငြာကိုလည်း အစိမ်းရောင်ကဒ် ဆေး လို့ မှတ်ထားတယ်။ သူ့ဖာသာတော့ အဆင်ကို ပြေလို့။

အခုတော့ ဒီရက်ပိုင်းမှာ အသစ်လွှင့်တဲ့ ကြော်ငြာတစ်ခုကို သူက တော်တော် သဘောကျနေတယ်။ ဇော်ဝင်းထွဋ် ၊ ကျော်ဟိန်း နဲ့ ကောင်မလေး တစ်ယောက် ကြော်ငြာတယ်။ ဇော်ဝင်းထွဋ် ဆိုင်ထဲ ဝင်လာတော့ ကျော်ဟိန်းက သူ့သမီးလို့ ထင်ရတဲ့ ကောင်မလေးကို အထဲဝင်ခိုင်းလိုက်တယ်။ ကောင်မလေးက အထဲဝင်ဖို့ ယောင်ပေပေ လုပ်နေတုန်း ဇော်ဝင်းထွဋ်က ဝင်လာတယ်။

ဒီတော့ ကျော်ဟိန်းက “ ဘာအလိုရှိပါသလဲ ” လို့ မေးတယ်။ ဒီတော့ ဇော်ဝင်းထွဋ်က ကောင်မလေးဆီကို လက်ညှိုးထိုးပြတယ်။ ဒီတော့ ကျော်ဟိန်းက ဒေါသထွက်သွားတယ်။ ဒီမှာ ပါးစပ်က အသံထွက်လာတယ် . .“ ဘာကွ ” တဲ့။ ဒီတော့မှ ဇော်ဝင်းထွဋ်က ကောင်မလေး နောက်ကျောက နံရံမှာကပ်ထားတဲ့ ကြော်ငြာ အချိုရည်ကို လက်ညှိုးထိုးပြတယ် . .ပြီးတော့မှ အသံ ထွက်လာတယ်. . “ Max ”။

မက်စ် တွေ ၊ မက်စိ တွေ ဖိုးထောင် မသိပါ။ သူကတော့ ကျော်ဟိန်း ပြောလိုက်တဲ့ “ ဘာကွ ” ဆိုတာကို တော်တော် ကြိုက်တယ်။ ဒီတော့ သူ့ဖာသာ ဒီအချိုရည်ကို နာမည်ပေးထားတယ်။ “ ဘာကွ ” အချိုရည်။

နောက်နေ့ကျတော့ ဆရာတော်က သူကြီးကို ပြောတယ်။

“ ဒကာကြီး ၊ မနက်ဖြန် ဘုန်းကြီးကို အိမ်တစ်အိမ်က ဆွမ်းစားဖိတ်ထားတယ်။ ဒကာကြီးတို့လည်း ဘုန်းကြီးနဲ့ လိုက်ခဲ့။ ရောက်ဖူးတယ် ရှိတာပေါ့ကွယ်။ သူတို့က ကြေးရတတ်တွေ ဆိုတော့ သူတို့ နေထိုင်ပုံတွေ မြင်ရတာပေါ့။

ဒါထက် ဖိုးထောင် ၊ မနက်ဖြန် မင်းလိုက်ရင် အရာရာ သတိတော့ထားနော်။ လူကြီးလူကောင်းတွေ ကြားထဲမှာ မင်း လေချဉ်ကို “ တအေ့အေ့ ” နဲ့လည်း ဖြစ်မနေနဲ့ဦး။ ”

“ တင်ပါ့ဘုရား ၊ မဖြစ်စေရပါဘူး။ ဆရာတော် စပြီး ဆုံးမကတည်းက တပည့်တော် ဆင်ခြင်နေထိုင်ခဲ့ပါတယ်။ အခုတော့ လေချဉ်တတ်ရင် ပါးစပ်ဖွင့်ပြီး မတတ်တော့ပါဘူး ဘုရား။ ”

ဒီတော့ ဆရာတော်က ကျေနပ် သဘောကျသွားတယ်။ ဒီလိုနဲ့ ဆွမ်းစားဖို့ အိမ်ကို ဖိုးထောင်နဲ့ သူကြီးကလည်း ပင့်သံဃာတွေနဲ့ အတူတူ ရောက်လာခဲ့တယ်။ ဆွမ်းဘုန်းပေးပြီးတော့ ဆရာတော် တရားပေးတယ်။ နောက်တော့ ဆရာတော်တို့နဲ့ အတူတူပါလာတဲ့ သူကြီး နဲ့ ဖိုးထောင်ကိုလည်း ထမင်းကျွေးတယ်။ သူတို့လည်း စားပြီးရော ဆရာတော်ကို အအေးကပ်နေတာ တွေ့လိုက်ရတယ်။ ဆရာတော် သောက်နေတဲ့ အအေးကို ကြည့်လိုက်တော့ ဖိုးထောင် မျက်လုံးပြူးသွားတယ်။

ဆရာတော်သောက်နေတာက သူကြိုက်တဲ့ ကြော်ငြာထဲက အချိုရည် ၊ တနည်းပြောရရင် “ ဘာကွ ” အချိုရည် ။ သောက်လည်း သောက်ချင်လာတယ်။ မြည်းကြည့်ချင်တဲ့ သဘောပေါ့။ ကံကောင်းမှစွာပဲ သူကြီးနဲ့ ဖိုးထောင်ကို အလှူရှင်က အအေးတစ်ယောက် တစ်လုံးစီ လာချပေးတယ်။ ဖိုးထောင် သောက်ကြည့်လိုက်တော့ ချိုချိုအေးအေး ရှတတလေး။ အရမ်းကြိုက်သွားတယ်။

ဒါပေမဲ့ သူကြီးကတော့ လူကြီးဆိုတော့ ဒီအအေးကို မသောက်တတ်ဘူး။

“ ဘယ်လိုကြီးမှန်းလည်း မသိဘူး.။ ပါးစပ်ထဲ ရှတတ နဲ့။ ”

ဆိုပြီး ဆက်မသောက်တော့ဘူး။ ဒီမှာ ဖိုးထောင်က ကြားထဲကနေပြီ အလကား နှမြောနေတယ်။ ဒါဖြစ်နေတာသိတဲ့ သူကြီးကလည်း . . .

“ ငါကတော့ မကြိုက်ဘူးကွ။ မင်းသောက်ချင်ရင် ငါ့အချိုရည်ပါ သောက်လိုက်တော့။ ”

ဆိုပြီး သူကြီး လက်ကျန်ပုလင်းကို သူ့ဆီကို တွန်းပေးတယ်။ သူကလည်း နဂိုကတည်းက သောက်ချင်နေတာ ဆိုတော့ သူကြီးလည်း ကမ်းပေးရော သောက်ချလိုက်တာပေါ့ ဂလု. . ဂလု တောင်မှ နေသေး။

အဲ. . အအေး နှစ်ပုလင်းလည်း ဗိုက်ထဲရောက်လာရော။ ခုနက မီးကုန်ယမ်းကုန် တွယ်ထားတဲ့ ထမင်းတွေနဲ့ ပေါင်းပြီး အအေးပုလင်းထဲမှာ ပါလာတဲ့ ဂတ်စ်တွေက အစွမ်းပြတော့တာပဲ။ ဂတ်စ်တွေက လေချဉ် အဖြစ်နဲ့ ပါးစပ်က ထွက်ချင်လာတယ်။ ဒါပေမဲ့ ဆရာတော်က လေချဉ်ကို ပါးစပ်ကနေ မထွက်ရဘူးဆိုတော့ သူလည်း အလေ့အကျင့် ရှိနေပြီးသား အတိုင်း ပါးစပ်လေး ပိတ်ပြီး လေချဉ်တတ်တယ်။

“ အေ့. . ။”

“ အောင်မြတ်လေး။ ”

ဒီလို ဖိုးထောင်ဆီက အသံနဲ့ အတူ ၊ သူ့ဘေးမှာ ရှိနေတဲ့ သူကြီး ဒူးခေါင်းကို လက်နဲ့ မိမိရရ ကိုင်ထားပြီး မျက်ရည်တွေလည်း ဝဲနေတယ်။ သူ့ဆီက အော်သံကြားတော့ ဆရာတော်ရော တခြားလူတွေရော ဝိုင်းကြည့်ကြတယ်။ ဒါပေမဲ့ ဘာမှန်း မသိတော့ ဘာမှ မပြောပဲ ဖာသိဖာသာ နေနေတုန်း. . ၊ ဖိုးထောင် ဒုတိယမြောက် လေချဉ် ထပ်တတ်တယ်။ ခုနက လိုပဲ။ ပါးစပ်ကို ပိတ်ထားလေတော့ အအေးထဲမှာပါလာတဲ့ ဂတ်စ်တွေက ထွက်ပေါက်မရှိတော့ နှာခေါင်းက ထွက်ဖို့ ပြင်ဆင်ရတယ်။ ဒီတော့ ဂတ်စ်ငွေ့ကြောင့် ခေါင်းကိုပါ ဒိန်းခနဲ ကိုက်စေတယ်။

“ အောင်မလေးဂျာ။ ”

သူကြီးက အလန့်တကြား ကြည့်ပြီး. .

“ ဘာဖြစ်တာလဲ ဖိုးထောင် ”

“ ခေါင်းထိုးလို့...ခေါင်းထိုးတယ် ဒီအအေးက. . ”

အသံနည်းနည်း ပိုကျယ်လာတယ်။ ပြီးတော့ နောက်ထပ် နောက်ထပ် လေချဉ်တွေ တတ်လာတော့ ပါးစပ်ကလည်း ဖွင့်ပြီး လေချဉ် မတတ်တတ်လေတော့ ပါးစပ်ကို ပိတ် ၊ လေချဉ်က နှာခေါင်းပေါက်ကနေ ထွက်ရတော့ ခေါင်းကို ဆောင့်ထိုး...။ မကြာပါဘူး. . မျက်ရည်တွေ တပေါက်ပေါက်ကျနေပြီး ခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ရင်း ဖိုးထောင် အော်ဟစ်နေတာကို ဘယ်သူမှ နားမလည်နိုင်ကြတော့. . .။

ဒါနဲ့ပါပဲ. . . ။ အလှူက ပြန်လာပြီး ညရောက်တော့ တီဗီကြည့်ကြတယ် ၊ ဒီမှာ Max ကြော်ငြာလည်း လာရော ဖိုးထောင်က တီဗီထဲက ကြော်ငြာကို ကြည့်ပြီး လှမ်းပြောတယ်. . .

“ အအေးကတော့ အရသာ ကောင်းပါရဲ့. . နို့ပေမဲ့ မင်းတို့ အအေးက တယ် ခေါင်းထိုးသကိုး။ ”

တဲ့။
ကဲ.. အညာသားဖိုးထောင်များ ဘယ်လောက်တောင်မှ လည်သလဲလို့နော်..။


( ဆက်ရေးပါဦးမယ်...အညာသားဖိုးထောင် အခန်းဆက်)

ကိုဇော် တင်ပြသည်။

.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

ဝက်ဝံလေး said...

ဟဟားဟားးးးး

Flower said...

အော် ကိုဇော်က ဘာကွ အချိုရည်ကိုလဲကြိုက်သေးတာကိုး
သိပါပြီ.. မှတ်ထားမယ်..
နောက်ကို အပြင်မှာတွေ့လို့ကတော့ ဘာကွ အချိုရည် တစ်ကဒ်လုံးကုန်အောင်တိုက်မယ်..
ခုလို အင်တာနက်ကနေ ကြော်ငြာနေတော့လဲ ကိုယ့်အကြိုက်လူသိတာပေါ့လေ
:) :)