မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


28 February 2010

2 အခြေအနေ အမှန်ကို သိခြင်း



လူ့လောကကြီး ရှင်သန်တိုးတတ်ကြီးထွား လာရခြင်းတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်တဲ့ ယှဉ်ပြိုင်ခြင်းဆိုတာ အလွန်အရေးပါပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပြိုင်တယ် ၊ ကုမ္ပဏီတစ်ခု နဲ့ တစ်ခုပြိုင်တယ် ၊ တစ်ယောက်နဲ့ တစ်ယောက်ပြိုင်တယ် ၊ မနေ့ကထက် ဒီနေ့ ငါ အသာရအောင် ပြိုင်တယ်။

အဲဒီလို ယှဉ်ပြိုင်မှုထဲမှာ မနေ့က ငါထက် ဒီနေ့ ငါ့ကို နိုင်အောင် မယှဉ်ပြိုင်နိုင်သော လူတန်းစား တစ်မျိုးရှိတယ်။ အဲဒီလူတန်းစားက အထည်ကြီးပျက် လူတန်းစားပဲ။ အတိတ်က ရွှေထီးဆောင်းတာတွေကို ပြန်တွေးပြီး လက်ရှိအခြေအနေ အမှန်ကို လက်မခံနိုင် ဖြစ်နေခြင်းပါပဲ။

ငါ လုပ်ရင် ဘာမဆို ဖြစ်လာမှာပဲ ဟူ၍ လူတိုင်း ထင်တတ်ကြတယ်။ ဒါပေမဲ့ တကယ်တမ်း နင်လား ၊ ငါလား လုပ်သောအခါမှ ကိုယ့် မကျွမ်းကျင်မှုများ ပေါ်ပေါက်လာရလေသည်။ ထိုအခါ ဆုံးရှုံးမှုနှင့် ရင်ဆိုင် ရတတ်သည်။ သို့သော် ထိုသူများသည် မိမိ ရှိသင့်သလောက်သာ ရှိသော စွမ်းရည်ကို သဘောမပေါက်။ ဖားခုံညှင်းက နွားလောက်ကြီးချင်သဖြင့် မတန်တဆလေများ ဖောင်းသွင်းသောကြောင့် ပေါက်ကွဲရသကဲ့သို့ ဖြစ်သည်။

လူဆိုသည်မှာ ကိုယ့်အထိုက်အလျှောက်သာ စွမ်းနိုင်သည်။ ငါ လုပ်ရင် ဘာမဆို ဖြစ်မှာပဲ ဆိုသည်မှာ “ နပိုလီယံ တောင်မှ အချိန်နောက်ကျမှု တစ်ခုတည်းနှင့် ဝါတာလူး စစ်ပွဲကို အရေးနိမ့်ခဲ့ရသည် ” ကို သတိရမိသင့်သည်။

လူသည် အခြေအနေအမှန်ကို မသိခြင်း ၊ လက်မခံသောအခါ အတော်ပင်ခက်ခဲသည်။ ကိစ္စတစ်ခု မိမိ၏ အရည်အချင်း မပြည့်ဝမှုကြောင့် ဆုံးရှုံးသော အခါ ၊ မှားယွင်းသော မိမိသည် လက်ရှိ အခြေအနေ အမှန်ကို မသိမြင် ၊ “ နောက်တစ်ခါကျရင် နောက်တစ်မျိုးဟေ့ ” ဆိုပြီး မရှိသော မိမိ၏ စွမ်းအား ၊ စွမ်းရည်များကို အချိန်နှင့် ငွေ အကုန်ကျခံ ဖြုန်းပြီးခြင်းဖြင့် ဘဝကို ကုန်ဆုံးစေ၏။

ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ ဘုရားသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော မဟာဓန သူဌေးမောင်နှံအား မိန့်ကြားခဲ့သလို. . .

“ အချိန်ရှိတုန်း မကြိုးစားခဲ့သောကြောင့် ဒီဘဝမှာတော့ တရားဓမ္မ ၊ ဓနစီးပွားနေနဲ့လည်း ဝေလာဝေး ၊ အခုတော့ အတောင်ကျိုးနေတဲ့ ကြိုးကြာငှက် ရေမရှိ ၊ ငါးမရှိတဲ့ အိုင်ထဲမှာ ခွေခွေလေးဝပ်ပြီး မှိုင်တွေနေသလို ဖြစ်ကြရတော့မယ်။ ”

ဆိုသကဲ့သို့ အချိန်လွန်သွားသော အခါ ပြန်လည်ပြုပြင် မစွမ်းဆောင်နိုင်တော့ပါ။

ဒါကြောင့် ကိုယ့်ရဲ့ အခြေအနေအမှန်ကို ကိုယ်သိဖို့ လိုအပ်လှပါတယ်။

ကိုဇော်


.
Share/Bookmark

1 အညစ်အကြေး ( ၈ ) မျိုး

၁။ မရွတ်ဖတ်ခြင်းသည် အတတ်ပညာ၏ အညစ်အကြေး။

၂။ ထကြွလုံ့လ မရှိခြင်းသည် အိမ်၏ အညစ်အကြေး။

၃။ ပျင်းရိခြင်းသည် ကိုယ်အဆင်း၏ အညစ်အကြေး။

၎။ မေ့လျော့ခြင်းသည် ပစ္စည်းဥစ္စာ သိမ်ဆည်းသူ၏ အညစ်အကြေး။

၅။ မကောင်းသော အကျင့်သည် မိန်းမ၏ အညစ်အကြေး။

၆။ ဝန်တိုမှုသည် ပေးလှူသူ၏ အညစ်အကြေး။

၇။ အ, ကုသိုလ်သည် လောက၏ အညစ်အကြေး။

၈။ အဝိဇ္ဇာသည် အားလုံးသော အညစ်အကြေး။

Source; ဓမ္မ
ကိုဇော် တင်ပြသည်။

.

Share/Bookmark

0 စုထားမိသော အာဟာရများ ( ၂ )


၃၆။
လောက၌ ပေစာတို့၌ အကြင်အတတ်သည်လည်းကောင်း၊
သူတပါးတို့၏ လက်တို့၌ အကြင်ဥစ္စာသည်လည်းကောင်း ရှိ၏။
ပြုဖွယ်ကိစ္စသည် ဖြစ်လတ်သော် ထိုပေစာ၌ရှိသော
အတတ်သည်လည်းကောင်း၊ အတတ်မမည်။
ထိုသူတစ်ပါးတို့၏ လက်၌ရှိသော ဥစ္စာသည်လည်း ဥစ္စာမမည်။
( လောကနီတိ )

၃၇။
လောက၌ ရေတိမ်ရေနက်ကိုကား ပဒုမ္မာ
ကြာကိုမြင်သဖြင့် သိအပ်၏။
အမျိုးယုတ်မြတ်ကိုကား ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် သိအပ်၏။
မြေကောင်း မကောင်းကိုကား မြက်ညှိုး မညှိုးကိုမြင်သဖြင့် သိအပ်၏။
( လောကနီတိ )

၃၈။ လောက၌ နည်းသောသုတရှိသူသည်
နည်းသော သုတကို အများအောက်မေ့တတ်၏။
မာန်မာနရှိတတ်၏။
အဘယ်သို့နည်းဟူမူကား
သမုဒ္ဒရာရေပြင်ကို မမြင်ဘူးသော ဖားသူငယ်သည်
တွင်းဝ၌ ရေကို အများထင်သကဲ့သို့တည်း။

( လောကနီတိ )

၃၉။
လောက၌ ပထမအရွယ်၌ကား အတတ်မရတုံအံ့။
ဒုတိယအရွယ်၌ကား ဥစ္စာမရတုံအံ့။
တတိယအရွယ်၌ကား တရားမရတုံအံ့။
စတုတ္တအရွယ်တိုင်မှာကား အဘယ်မူ စရ အံ့နည်း။

( လောကနီတိ )

၄၀။
ချစ်သားတို့ ...
အတတ်ပညာသင်ကုန်လော့။ အဘယ်ကြောင့် ပျင်းရိဘိသနည်း။
ချစ်သားတို့
နေ့တိုင်း နေ့တိုင်း အတတ်ပညာသင်ကုန်လော့။
အတတ်ပညာ မရှိသောသူသည် သူ၏၀န်ထမ်းဖြစ်တတ်၏။
အတတ်ပညာရှိသူကို လောက၌ သူတစ်ပါးတို့ ပူဇော်အပ်၏။

( လောကနီတိ )

၄၁။
အကြင်အမိသည် သားငယ်ကို အတတ်ပညာသင်မပေး။
အတတ်ပညာသင်၍ မပေးသော အမိသည် ရန်သူမည်၏။
အကြင်အဖသည် အတတ်ပညာ သင်၍မပေး။
အတတ်ပညာသင်၍ မပေးသော အဖသည် ရန်သူမည်၏။
ထိုအတတ်ပညာ မရှိသောသူသည် ဟင်္သာတို့အလယ်၌
ဗျိုင်းကဲ့သို့ သဘင်အလယ်တွင် မတင့်တယ်။

( လောကနီတိ )

၄၂။

တောင်ချောက်ကြား၌ ရောက်သောဆူးကို ဘယ်သူထက် စိမ့်ချွန်သနည်း။
မိမိအလိုလိုသာလျှင် ထက်ပချေ၏။
သမင်တို့၏ မျက်စိ၌ ဘယ်သူမျက်စဉ်းခတ်၍ ကြည်သနည်း။
မိမိအလိုလိုသာလျှင် ကြည်ပချေ၏။
ညွန်၌ကြာကို ဘယ်သူအနံ့ကောင်း ထည့်ပေးချေသနည်း။
အလိုလိုသာလျှင် အနံ့ကောင်းထုံ၏။
အမျိုးကောင်းသား၏ သဘောသည် ဘယ်သူပြု၍ ဖြစ်သနည်း။
မိမိအလိုသာ ဖြစ်ပချေ၏။
( လောကနီတိ )

၄၃။
ထုံးမရှိသော ကွမ်းသည် အရသာမရှိ။
ဥစ္စာမရှိသူ၏ တန်ဆာဆင်ခြင်းသည်လည်း အရသာမရှိ။
ဆားမရှိသော စားဖွယ်သည်လည်း အရသာမရှိ။
အတတ်မရှိသောသူ၏ ပျို့ကဗျာဖွဲ့ခြင်းသည်လည်း အရသာမရှိ။
( လောကနီတိ )

၄၄။
နာခြင်း မှတ်ခြင်း၌ ကောင်းစွာ အားထုတ်သော သူသည် သုတဖြင့် ပြည့်စုံ၏။
သုတပညာဖြင့် ပွား၏။
သုတပညာဖြင့် အနက်ကိုသိ၏။
သိအပ်သော အနက်သည် ချမ်းသာကို ဆောင်၏။

( လောကနီတိ )

၄၅။
လောက၌ အစာစားခြင်းသည် လည်းကောင်း၊
မေထှန်မှီဝဲခြင်းသည် လည်းကောင်း၊
အိပ်ခြင်းသည်လည်းကောင်း၊
နွား၌လည်းကောင်း၊ ယောက်ျား၌ လည်းကောင်း ရှိ၏။
အတတ်ပညာ ဟူသည်ကား ယောက်ျားအား အထူးပေးတည်း။
အတတ်ပညာမှ ယုတ်ခဲ့မူကား နွားနှင့်တူသည် ဖြစ်၏။
( လောကနီတိ )

၄၆။
လောက၌ အတတ်ပညာနှင့်တူသော အဆွေခင်ပွန်းသည် မရှိ။
အနာနှင့်တူသော ရန်သူသည် မရှိ။
ကိုယ်နှင့်တူသော ချစ်သော သူမည်သည် မရှိ။
ကံနှင့် တူသော အားသည်မရှိ။

( လောကနီတိ )

၄၇။
လောက၌ ဟင်္သာသည် ကျီးတို့၏အလယ်၌ မတင့်တယ်။
ခြင်္သေ့သည် နွားတို့၏အလယ်၌ မတင့်တ
ယ်။
မြင်းသည် မြည်းတို့၏ အလယ်၌ မတင့်တယ်။
လူမိုက်တို့၏ အလယ်၌ ပညာရှိသည် မတင့်တယ်။

( လောကနီတိ )

၄၈။
သူမိုက်သည် အသက်ထက်ဆုံးလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့၊
ထိုသူမိုက်သည် တရားကိုမသိ။
အဘယ်ကဲ့သို့ နည်းဟူမူ ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့တည်း။
( လောကနီတိ )

၄၉။
ပညာရှိသည် ခဏမျှလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့။
တရားကိုသိ၏။
အဘယ်ကဲ့သို့ နည်းဟူမူကား လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့တည်း။

( လောကနီတိ )
၅၀။
ရဲရင့်သောသူသည် လက်နက်ကိုကင်း၍ စစ်မြေအရပ်သို့ မသွားရာ။
ထို့အတူ ပညာရှိသည် ကျမ်းဂန်ကို ကင်း၍ စကားမဆိုရာ။
အဓွန့်ရှည်သော ခရီးသို့ သွားသောကုန်သည်သည် အဖော်ကင်း၍ မသွားရာ။
အရပ်တစ်ပါးသို့ သွားသောသူသည် အဖော်ကို ကင်း၍ မသွားရာ။

( လောကနီတိ )

၅၁။
လောက၌ ဥစ္စာပျက်ခြင်းသည် လည်းကောင်း၊
နှလုံးပူပန်ခြင်းသည် လည်းကောင်း၊
အိမ်၌ မကောင်းမှုကိုကျင့်ခြင်းတို့ကို လည်းကောင်း၊
လှည့်ပတ်ခြင်းကိုလည်းကောင်း၊ မထီမဲ့မြင်ပြုခြင်းကိုလည်းကောင်း၊
ပညာရှိသည် ထင်ရှားမပြရာ။
( လောကနီတိ )

၅၂။
လောက၌ အရေးအခွင့်ရောက်သည်နှင့် လျော်သောစကားကိုလည်းကောင်း၊
ကိုယ်အား လျောက်ပတ်သော ချစ်အပ်သောသူကို လည်းကောင်း၊
ကိုယ်နှင့် တန်ရုံသော အမျက်ကိုလည်းကောင်း အကြင်သူသည် သိတတ်၏။
ထိုသူသည် ပညာရှိမည်၏။

( လောကနီတိ )

၅၃။
ဥစ္စာမရှိဘဲလျက် အရသာ စားကြူးသောသူ၊
ခွန်အားမရှိဘဲလျက် အသတ်အပုတ် ကြိုက်တတ်သောသူ၊
ပညာမရှိဘဲလျက် စကားလိုလား သောသူ၊
ဤသူတို့ကား သူရူးနှင့် တူကုန်၏။
( လောကနီတိ )

၅၄။
သူမခေါ်ဘဲ သူ့အိမ်သို့ သွားဖန်များသောသူ၊
သူမပေးဘဲ စကားများများပြောတတ်သောသူ၊
မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သောသူ၊
ဤသုံးပါးသည် သူယုတ်၏ လက္ခဏာတည်း။

( လောကနီတိ )

၅၅။
အဆင်းမလှသော သူသည် စကားများတတ်၏။
ပညာနည်းသောသူသည် ထင်ရှားပြတတ်၏။
ရေမပြည့်သောအိုးသည် ချောက်ချားတတ်၏။
နို့ရည်မထွက်သော နွားမသည် ကျောက်ကန်တတ်၏။
( လောကနီတိ )

၅၆။
ဖားသူငယ်သည် ဆောင့်ကြောင့်ထိုင်တတ်ကာမူ ခြင်္သေ့ဟုထင်၏။
ကျီးတည်းချီးမူကား ချစ်ဆွေ ချစ်ဆွေဟု မြည်တတ်၏။
ပညာမရှိသော သူမိုက်သည်လည်း မိမိကိုယ်ကို ပညာရှိထင်ခြင်းကြောင့်
ပညာရှိတို့သည် မေးလတ်သော် ငါ့ရှင်ငါ့ရှင်ဟု ချစ်စဖွယ်သော စကားကို ဆိုတတ်၏။

( လောကနီတိ )

၅၇။
ဖားသူငယ်သည်လည်း ဆောင့်ကြောင့်ထိုင်ခြင်းတူမူကား ခြင်္သေ့ တူကောင်းအံ့လော။
ဝက်သည်လည်း အုတ်အုတ်မြည်တတ်ကာမူ ကျားသစ် တူကောင်းအံ့လော။
ကြောင်သည်လည်း အဆင်းသဏ္ဌာန်တူကာမူ ကျားတူကောင်းအံ့လော။
ပညာရှိတို့သည်လည်း အတတ်ချင်း တူကောင်းအံ့လော။
( လောကနီတိ )

၅၈။
မင်းတို့သဘော မည်သည့်ဥစ္စာ၌ ရောင့်ရဲခြင်းမရှိ။
မျက်စိသည်လည်း ချစ်သောသူကို မြင်ခြင်း၌ ရောင့်ရဲခြင်းမရှိ။
သမုဒ္ဒရာသည် ရေ၌ ရောင့်ရဲခြင်း မရှိ။

( လောကနီတိ )

၅၉။
အဆင်းအရွယ်နှင့် ပြည့်စုံခြင်းမူလည်း၊
ပြန့်ပြောကြွယ်ဝသော အမျိုး၌ ဖြစ်လျှင်မူလည်း
အတတ်ပညာမှ ယုတ်ခဲ့မူကား မတင့်တယ်ကုန်။
ပေါက်ပန်းတို့သည် အနံ့ကင်းကုန်သကဲ့သို့တည်း။
( လောကနီတိ )

၆၀။
လောက၌ အမျိုးယုတ်သောသူ၏ သားဖြစ်လျက် မင်း၏ အမတ်ဖြစ်တတ်၏။
လူမိုက်၏သားဖြစ်လျက်လည်း ပညာရှိဖြစ်တတ်၏။
ဥစ္စာမရှိသောသူ၏ သားဖြစ်လျက်လည်း ဥစ္စာများတတ်၏။
( လောကနီတိ )

ကိုဇော် စုစည်း တင်ပြသည်။


.

Share/Bookmark

27 February 2010

1 လတ်တလော အခြေအနေ


စိတ်တွေ ရှုပ်ရတယ်။
QC က မြန်မာ တစ်ယောက် အလုပ်ပြောင်းသွားတယ်။
သူ့နေရာကို ဝင်လုပ်ဖို့ မြန်မာတွေကိုပဲ ပြောတယ်။ ခေါင်းကြီးတယ်တဲ့။ မလုပ်ကြဘူး။
ဘင်္ဂလားတစ်ယောက်က ဝင်လုပ်ချင်နေတယ်။
သူဝင်လုပ်ရင် မြန်မာတွေတော့ အဖိခံရပြီ။
တကယ်တော့ QC ဆိုတာ မှန်ရင် မှန်တယ် ၊ ကောင်းရင် ကောင်းတယ် ဆိုပြီး ရလာတဲ့ အဖြေ ပြောရဲရင် ရပါပြီ။
အခုတော့ . . .
မြန်မာတွေက မလုပ်ကြဘူး။ ဘင်္ဂလားက လုပ်ချင်နေတယ်။
ကိုယ့်လူမျိုးကို သူများက ထောင်းမှာ စိုးလို့ ဒီနေရာကို ဝင်ကူဖူးတယ်။
ဒီလိုမျိုး ၃ လလောက်က ကျန်ခဲ့ပြီ။

ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အခုလည်း .................
ထွက်ပြန်ပြီ...................
သုံးနေရာမှာ ဗျာများအောင် လုပ်ရတော့မှာပါလား။
ပြီးတော့ စက်ရုံ နှစ်ခုကို ပြေးရတော့မယ်။
နောက်....၂၄ နာရီ Stand By။
မဂွတ်ထ. . .မဂွတ်ထ . . .လုံးဝ မဂွတ်ထ. .. ။

လက်တော့လေးပါနေသ၍တော့ နက်က ဝါယာလက်ဆိုတော့ လိုင်းပေါ်လေးတော့ ပြတ်လိုက်တောက်လိုက်နဲ့ တတ်လို့ ရသေး။
လိုင်းမရှိလည်း ဟိုဘက် ဒီဘက် စက်ရုံ ကူးနေတုန်း ကားပေါ်မှာ စက်လေးဖွင့်ပြီး Word ထဲမှာ ရေးလို့ ရသေးတယ်။
အခန်းရောက် အေးဆေးမှ Word ထဲကနေ ဘလော့ပေါ်ကို တင်။

ဒါပေမဲ့. . .
ခက်နေတာက ၂၄ နာရီ Stand By ဆိုတော့ Save The Aged အတွက် အလှူငွေ လိုက် မကောက်နိုင်တော့ဘူး။
အလှူငွေ လွှဲပေးဖို့လည်း မဖြစ်နိုင်တော့ဘူး။
STA အသင်းအတွက် လိုတာတွေ ဝိုင်းလုပ်ပေးဖို့ မလုပ်နိုင်တော့ဘူး။
စိတ်ပဲ ရှိတော့မယ်. . .လူက မလိုက်နိုင်တော့ဘူး။
မလေးရှား တာဝန်ခံ အနေနဲ့ လုပ်နိုင်မဲ့ သူတွေ STA နဲ့ ဆက်သွယ်ပြီး လုပ်ပေးကြပါ။
အလှူငွေကောက် ၊ တဆင့်ပြန်လွှဲပေါ့။

အခုတော့ ဘာမှ မလုပ်နိုင်ပဲ ဘာမှလည်း ကြောင်တောင်တောင် နေရာ မယူထားချင်ဘူး။
မလုပ်နိုင်မှတော့ ခဏ နောက်ဆုတ် မျှော်ငေးနေမယ်။
လုပ်နိုင်သူတွေ လုပ်တာကို အားပေးနေမယ်။
လုပ်ပေးနိုင်တဲ့ အချိန်မှပဲ ပြန်လုပ်ပေးမယ်။
အခုတော့ STA အသင်းရဲ့ မလေးရှား အလှူငွေ တာဝန်ယူ ကောက်ခံတာကို ခဏနားထားလိုက်ပါတယ်။
တာဝန်ယူနိုင်သူများ အသင်းနဲ့ ဆက်သွယ်ပေးကြပါ။

စိတ်ကူးတွေကို စတင် စုစည်း ၊ စိတ်ကူးကို ပုံဖော် ၊ စိတ်ကူးကို နာမည်ရွေး. . .။
ရလာတဲ့ နာမည်လေးနဲ့ ဗလာဟင်းလင်းမှာ အသင်းလေးတစ်ခု ဖန်တီးရင်း . . .
အဖွဲ့ဝင်လေးယောက်ကနေပြီး အခုလို အဖွဲ့ဝင်ပေါင်း ၁၀၅၀ ရှိလာအောင်. .
အမာခံအဖွဲ့ဝင်ပေါင်း ၁၂၀ ရှိလာအောင်. . .
ကျွန်တော်တို့ ကြိုးစားခဲ့တာ . . . သာမာန်တော့ မဟုတ်ပါ။
အားလုံး အသင်းလေးအပေါ်မှာ တတ်နိုင်သလောက် ဆိုတာထက် ပိုခဲ့ပါတယ်။
ဘာမှ မသိတဲ့ ကျွန်တော့်ဘက်ကနေ တတ်နိုင်သလောက် ကျွန်တော် မလုပ်ခဲ့ပါဘူး။
ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။

အခုတော့ ..........
ကျွန်တော့်မှာ အလုပ်များနဲ့ ဗျာများရဦးမှာပါလား...မဂွတ်ထ...မဂွတ်ထ...
ပြေးရင်း လွှားရင်း ဘလော့တင်ရင်း ဆိုပြီး ကဗျာ တစ်ပုဒ်ပဲ ထပ်ရေးရင် ကောင်းမလား။
ဒါလည်း မဂွတ်သေး။
နောက်လမှ စမယ် ဆိုလို့ အချိန်ရှိသေးတယ် မှတ်တာ..။
အခုတော့ ဒီလက ၂၈ နဲ့ ဆုံးတာကိုး။
မနက်ဖြန် တစ်ရက်ပဲ ရှိတော့တာပါလား..။
တနင်္လာနေ့ဆို စရပြီ...။

ဒီလိုပဲ အော်ရင်း .. . .ဟစ်ရင်း. . .
ဘဝကို ပြင်ဆင်ရင်း . . .
သီချင်းလေးတွေ ညည်းရင်း . .
သက်ပြင်းတွေ ချရင်း . .
ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူကို သတိရရင်း . .
ကဗျာလေးတွေ ရေးရင်း . . .
ဘလော့ရေးဖို့ စာလေးတွေ စီရင်း . . .
စာလေးတွေ လိုက်ဖတ်ရင်း . . .
အိပ်မက်တွေကို မြေလှန်တူးဖော်ရင်း. . .
နေ့ရက်တွေကို မွေးတော့မယ်။


လေးစားစွာဖြင့်
ကိုဇော် ရေးသားသည်။



.
Share/Bookmark

5 ဆူးနင်းမိသော ခြေလှမ်းများ







BMX စက်ဘီးတွေ ပေါ်လာသော အချိန်အခါမှာ ကျွန်တော်က အသက် ၇ နှစ်။ ကျွန်တော်နဲ့ အတူတူ ကျောင်းနေဖက် သူငယ်ချင်း ဟင်နရီ နဲ့ ပစ် တို့ကိုလည်း အတူတူ။ ဖေဖေက သူတို့နဲ့ အတူ BMX စက်ဘီးလေး ဝယ်ပေးတယ်။

ကျွန်တော်တို့ သူငယ်ချင်း သုံးယောက် တစ်ယောက် စက်ဘီးတစ်စီးစီနဲ့ စီးကြတယ်။ ကျွမ်းကျင်လာတော့ ကုန်းဆင်းက စီးတယ်။ ကွေ့ကွေ့ကောက်ကောက် စီးတယ်။ လက်လွှတ်စီးတယ်။ တစ်ယောက်နဲ့ တစ်ယောက် စက်ဘီးနှစ်စီး ကို ခွပြီးစီးးတယ်။ ကုန်ကုန်ပြောရရင် စက်ဘီးကို စီးလို့ ရနိုင်သမျှ ပုံစံမျိုးစုံနဲ့ စီးတယ်။

ဒါကြောင့် ကျွန်တော်တို့ လက်ထဲမှာ ရောက်တဲ့ စက်ဘီးလေးကလည်း ပျက်လို့ ရနိုင်တဲ့ နေရာမှန်သမျှ အကုန်ပျက်တယ်။ ကျိုးလို့ ရနိုင်တဲ့ နေရာမှန်သမျှက အကုန်ကျိုးတယ်။ ပြတ်ထွက်လို့ရတဲ့ နေရာမှန်သမျှက ပြတ်ထွက်တယ်။ ပေါက်လို့ရတဲ့ နေရာ မှန်သမျှက ပေါက်ထွက်တယ်။ ကိုယ်ပိုင် စက်ဘီးလေးတစ်စီး စီလည်း စုတ်ပြတ်သပ်သွားပြီး ကျွန်တော်တို့ သုံးယောက်လည်း စက်ဘီးစီး ကျွမ်းကျင်လာတယ်။

ဒီတော့မှ ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်ကို အိမ်က စက်ဘီးအသစ် တစ်ယောက် တစ်စီးစီ ထပ်ဝယ်ပေးတယ်။ စက်ဘီးကို ကျွမ်းကျင်လာပြီးတော့မှ ကျွန်တော်တို့ အသစ်ရလာတဲ့ စက်ဘီးလေးကို တန်ဖိုးထားကြတယ်။ အရင်လို ကြမ်းကြမ်းတမ်းတမ်း မစီးတော့။ စက်ဘီးလေး အလှပျက်သွားမှာကိုလည်း စိုးရိမ်မိတယ်။ ဒါကြောင့် စက်ဘီးလေးကို ရေဆေး ၊ ဆီထိုး ၊ ဖုန်သုတ် နဲ့ သလိုက်ရတာ။ တစ်ယောက်စက်ဘီးနဲ့ တစ်ယောက်လည်း အလှပြိုင်လိုက်ရတာ။



ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ထူးခြားတာက “ ပစ် ” ရဲ့ စက်ဘီး။ သုံးယောက် အတူတူ တစ်နေ့ထဲ ဝယ်ထားတဲ့ စက်ဘီးလေးတွေမှာ “ ပစ် ” ရဲ့ စက်ဘီးလေး တစ်စီးပဲ ခဏခဏ ဘီးပေါက် နေတတ်တယ်။ ဝယ်တာ အတူတူချင်း ၊ စီးတာ အတူတူချင်း ဆိုသော စက်ဘီးကျွတ်ကလည်း ဘာမှ ထူးထူးခြားခြား မရှိပါ။ ဘာလို့ သူ့စက်ဘီးရဲ့ ကျွတ်မှ ခဏခဏ ပေါက်နေတာလဲ မစဉ်းစားတတ်။

စက်ဘီး ဘီးပေါက်ရင် ဖာဖို့ ဝယ်ပေးထားတဲ့ ပစ္စည်းတွေကို ထုတ်ပြီး ပစ် က စက်ဘီး ဘီးကို ဖာနေချိန်မှာ ကျွန်တော် နဲ့ ဟင်နရီ ကလည်း ဘေးကနေ သူ့ကို စောင့်နေတယ်။ သူ ဘီးထဲက ကျွတ်လေးကို ထုတ်ပြီး ပေါက်နေတဲ့ နေရာကို သိအောင် ကျွတ်ထဲ လေထိုးပြီး ရေထဲမှာ စမ်းလိုက်ရင် သူကျွတ်မှာ ပေါက်နေတဲ့ နေရာက “ ဆူး ” စူးထားလို့။ နောက်တစ်ခါပေါက်လို့ စမ်းလိုက်ရင်လည်း “ ဆူး ” စူးထားလို့။

အချိန်ကြာလာတာနဲ့ အမျှ အားလုံးက ဘာရယ် မဟုတ်ပေမဲ့ သူ့စက်ဘီး ဘီးပေါက်တာကို သံသယ ရှိလာကြတယ်။ သူကတော့ သူ့စက်ဘီးလေးကို တမင် ဖောက်တာ မဟုတ်မှန်း ကျွန်တော်တို့လည်း မျက်မြင်။ ကျွန်တော်တို့နဲ့ စီးနေရင်း သူ့စက်ဘီးက “ ရှူး ” ခနဲ့ အသံပေးရင်း ၊ တစ်ခါတစ်လေ ဘာသံမှ မပေးပဲ ဘီးပြား သွားတတ်တယ်။ ဒါဆို သူ ဘီးဖာ ရပြီ။ ဘီးဖာလိုက်ရင်လည်း သူ့ဘီးမှာ “ ဆူး ” တစ်ချောင်းကတော့ စူးနေတာပါပဲ။

စူးနေတဲ့ နေရာက ဆူး ကလည်း သံခေါင်း ဖြစ်ရင်ဖြစ်မယ် ၊ ပုလင်းကွဲ ဖြစ်ရင် ဖြစ်မယ် ၊ သစ်သားချောင်း ဖြစ်ရင်ဖြစ်မယ် ၊ အပင်က ဆူး ဖြစ်ရင် ဖြစ်မယ် ဘယ်လိုပဲ ဖြစ်နေပါစေ သေချာတာကတော့ သူ့ပဲ ဘီး ခဏခဏ ပေါက်နေတာပါပဲ။ ဒါကြောင့် သူဘာလို့ ခဏခဏ ဘီးပေါက် နေတာလဲလို့ ကျွန်တော်သိချင်လာတယ်။

တစ်နေ့တော့ ကျွန်တော်တို့ ဘုရားရှိခိုးကျောင်းဝန်း ထဲမှာ သွားပြီး စက်ဘီးစီးနေတုန်း ကျွန်တော့် စက်ဘီးက ချိန်းကျသွားတယ်။ ဒါကို ကျွန်တော် ဆင်းတင်နေတာနဲ့ သူတို့နဲ့ အတူတူ ဘေးချင်းကပ် စီးနေရာကနေ နောက်ကို ကျန်ခဲ့တယ်။ ဒီတော့မှ ပစ် စက်ဘီးစီးပုံကို ကျွန်တော် သေချာ သတိထားမိတော့တယ်။

စက်ဘီးကို စီးတာကတော့ သူများတွေလို အတူတူပါ။ ဒါပေမဲ့ သူသွားရာ လမ်းကြောင်းတစ်လျှောက် သူချခဲ့တဲ့ စက်ဘီး ဘီးရာလေးတွေက မြေပြင်ဆိုထက် သူရဲ့ လမ်းတလျှောက် မြင်နေရသော ပစ္စည်းပေါ်တွေကို သူက တတ်ကြိတ်သွားလေ့ရှိတယ်။

သူစက်ဘီး စီးသွားရာ နေရာတွေမှာ မြင်နေရတဲ့ စက္ကူ ၊ ပလတ်စတစ် ၊ ဖော့ဘူး ၊ သစ်ရွက် ၊ အချိုရည်ဗူး စတာတွေကို သူက ဘာရယ် မဟုတ်ပေမဲ့ သူရဲ့ အလေ့အကျင့်အတိုင်း တတ်ကြိတ်သွားလေ့ရှိတယ်။ ဒီလို တတ်ကြီတ်သွားတဲ့ အတွက်လည်း သူမှာပျော်ရွှင်နေလေ့ရှိတယ်။ နင်းလိုက်ရတဲ့ ဘီးအတွက်လည်း ဘာမှ ထူးထူးခြားခြား ဖြစ်သွားခဲ့ပါဘူး။ ဒါက သာမာန် အနင်းခံ ပစ္စည်း။

ဒါပေမဲ့ တစ်ခါတစ်လေတော့ သူနင်းလိုက်တဲ့ စက္ကူမှာ စက္ကူကလစ်လေးတွေ ၊ နင်းလိုက်တဲ့ ဖော့မှာ မာတဲ့ သစ်သားစတွေ ၊ နင်းလိုက်တဲ့ အချိုရည်ဗူးမှာ ငြိနေတဲ့ သံတွေ ဒါတွေက သူ့ဘီးကို စူးတော့တာပါပဲ။ ဒါကြောင့် သူ ခဏခဏ စက်ဘီး ဘီးပေါက်နေတော့တာပါ။

ဒါပေမဲ့ သူဘာလို့ စက်ဘီး ဘီးပေါက်တယ် ဆိုတာ သူ့ဖာသာ သူလည်း သတိမထားမိပါဘူး။ သူကတော့ သူ့ကိုပဲ ကံဆိုးပြီးတော့ ဆူးက ခဏခဏ လာစူးနေတယ် လို့ ထင်နေတာပါ။ တကယ်တော့ သူကိုယ်တိုင်က “ ဆူး ” ရှိနေနိုင်တဲ့ နေရာတွေကို တတ်နင်းခဲ့တာပါ။ ဒါကြောင့် သူ “ ဆူး ” စူးတယ် ဆိုတာ ဆန်းတော့ မဆန်းလှပါ။

ဒီလိုပါပဲ. .

ကျွန်တော်တို့ ဘဝတွေကို လျှောက်လှမ်းနေခဲ့သော ခြေလှမ်းများမှာ အမှားများ ရှိတဲ့ နေရာကို လှမ်းလျှောက်မိကြတယ် ဆိုတာ တကယ်တော့ အမှား ဆိုသော “ ဆူး ” က ကျွန်တော်တို့ဆီကို လာရောက် စူးတာတော့ မဟုတ်ပါ။ အမှား ဆိုသော “ ဆူး ” ရှိနေနိုင်သော နေရာတွေကို သွားရောက်မိသော ထိုခြေလှမ်းများကို “ ဆူး ” က စူးတာ တကယ်တော့ “ ဆူး ” ရဲ့ အမှား မဟုတ်တော့ပါ။

ကျွန်တော်တို့မှာ “ ဆူး ” ကို မြင်နိုင်သော မျက်လုံးပါ နေသလို ၊ အမှားကို မြင်နိုင်သော မျက်လုံးလည်း ပါနေတာပါပဲ။ ထို့အတူ “ ဆူး ” ရှိနေတာကို မမြင်နိုင်အောင် အပေါ်ယံက ဖုံးလွှမ်းထားနိုင်သော ၊ အမှား ရှိနေတာကို မမြင်နိုင်အောင် အပေါ်ယံက ဖုံးလွှမ်းထားနိုင်သော အပေါ်ယံ အလွှာများ ရှိနေနိုင်ပါတယ်။ ထိုအပေါ်ယံ အလွှာများကို ကိုယ်က သွားရောက် မထိမိဘူး ၊ မနင်းမိဘူး ဆိုရင် အမှား ဆိုသော ဆူး များလည်း ကိုယ့်ကို လာရောက် စူးမိနိုင်စရာ မရှိပါ။

လူတစ်ယောက် အမှား ဆိုသော “ ဆူး ” စူးခံရပြီ ဆိုသော အခါမှာ ဆူး က လာရောက် စူးမိတယ် ဆိုတာ တစ်ခါမှ မကြားဖူးသလို ၊ လုံးဝလည်း မဖြစ်နိုင်ပါဘူး။ တကယ်တော့ ဆူး စူးခံရတယ် ဆိုတာ ကိုယ်က ဆူးကို သွားနင်း မိလို့ပါ။

အမှား ဆိုသော ဆူးကို မနင်းမိလေအောင် လုပ်သင့်တာကတော့ ကိုယ့်ရဲ့ အမြင်အာရုံကို ဖွင့် ၊ အမှား ဆိုသော ဆူး ရှိနေမှန်း မသိရလေအောင် ဖုံးကွယ်နေသော အရာများကို သွားရောက် မနင်းမိဖို့ပဲ အရေးကြီးပါတယ်။

ဘဝမှာ အမှား ဆိုသော ဆူး အစူး မခံရလေအောင် လုပ်စရာက ထူးထူးထွေထွေတော့ မဟုတ်ပါ။ ကိုယ့်ခြေလှမ်းများကိုသာ ကိုယ် ဂရုစိုက်ပါ။ မြင်အောင်ကြည့်ပြီး မမြင်ကွယ်ရာများကိုလည်း မနင်းမိပါစေနဲ့။


Source ; Graham Chapman ၏ မိန့်ခွန်းတစ်ပိုင်းအစ
ကိုဇော် ခံစားပုံဖော်သည်။



pdf ဖြင့် ဒီနေရာ က ယူပါ။


.
Share/Bookmark

0 စုထားမိသော အာဟာရများ ( ၁ )


၁။
လူ့အရေးအရာတိုင်း အတွက်
အခါရာသီဟူသည် ရှိ၏။
ဒီရေတတ်ခိုက် အမိအရ ယူလိုက်လျှင်
ကံကြမ္မာ အကျိုးပေးကောင်း ကြုံရနိုင်၏။
အခွင့်သာခိုက် မယူလိုက်လျှင်ကား
ဘဝခရီး တစ်လျှောက်
စည်းတိမ်သောင်ခုံများနှင့် တိုးကာ
ဆင်းရဲ ဒုက္ခမျိုးစုံ ကြုံရပေလိမ့်မည်။
( ရှိတ်စပီးယား )

၂။
တိုက်ပွဲ မဝင်ပဲနဲ့တော့ ဘယ်သူမှ အောင်ပွဲခံရမှာ မဟုတ်ဘူး။
( လောရီယယ် ဘီယဲလ် )

၃။
လောကမှာ ဘယ်အရာမဆို တစ်စုံတစ်ခု အတွက်တော့
ကောင်းကျိုးပြုတာချည်းပဲ။
( ဂျွန်ဒရိုင်းဒင် )

၎။
စာဖတ်ခြင်းသည် လူကို ပြည့်ဝစေသည်။
ပြောဆိုဆွေးနွေးခြင်းသည် လူကို ကျွမ်းကျင်ပြင်ဆင်ပြီး ဖြစ်စေသည်။
ရေးသားခြင်းကား တိကျသေချာစေသည်။
( ဖရန်စစ် ဘေကွန် )

၅။
ဘဝရဲ့ အမြင့်ဆုံး ဦးတည်ချက်ဟာ သိမှု မဟုတ်ဘူး။ လုပ်ဆောင်မှု။
( သောမတ် ဟပ်စလီ )

၆။
သိမှုက ညွှန်ကြားခိုင်းစေသည့်အတိုင်း လုပ်ဆောင်မှု။
( ကျွန်တော်က ဒီလို ထပ်တွေးမိတယ်။ )

၇။
နှံပြည်စုတ်တောင်ပံနဲ့ သိမ်းငှက်လို ပျံဝဲနိုင်မှာ မဟုတ်ဘူး။
( အမည်မသိ )

၈။
လုပ်ငန်းခွင်မှာ လူတို့ ပျော်ရွှင်နိုင်ကြရန် အတွက် အရာသုံးခု လိုအပ်သည်။
က) အလုပ်နှင့် အလုပ်လုပ်သူတို့ အံဝင်ခွင်ကျ ဖြစ်ရမည်။
ခ) အလုပ်ကို အလွန်အကျွံ မလုပ်ရ။
ဂ) အလုပ်၌ မိမိအောင်မြင်နေသည် ဟူသော ခံယူချက် ရှိရမည်။
( ကိုဇော် )

၉။
အဖေတစ်ယောက်သည် ဆရာ အယောက်တစ်ရာ ပေါင်းထားသည်ထက် ပို၏။
( ဂျော့ခ်ျဟားဘတ် )

၁၀။
နေရာတိုင်းမှာ ဂီတ ရှိသည်။
နားရှိသူတွေ အတွက်ပေါ့။
( အော်စကာဝိုင်းလ် )

၁၁။
ချစ်သူကို မြင်ရခြင်း၌ မျက်စိသည် ရောင့်ရဲခြင်း မရှိ။
( လောကနီတိ )

၁၂။
သင်အာရုံစူးစိုက်သလောက် သူများတွေ အာရုံမရှိ ဖြစ်ချင် ဖြစ်နေမယ်။
သင်တတ်ကြွသလောက် သူများတွေ တတ်ကြွချင်မှ တတ်ကြွနေမယ်။
သင်စိတ်ဝင်စားသလောက် သူများတွေ စိတ်ဝင်စားချင်မှ ဝင်စားနေမယ်။
ထို့ကြောင့်. . .
သင်အောင်မြင်သလို သူများတွေ အောင်မြင်ချင်မှ အောင်မြင်မယ်။
( ကိုဇော် )

၁၃။
ယုံကြည်စိတ်ချရမှု ဆိုတာ အင်မတန် သေးမျှင်တဲ့ ကြိုးကလေး တစ်ပင်နဲ့ တူတယ်။
ဒီကြိုးကလေးပြတ်သွားပြီဆိုရင် ပြန်ကောက်ဆက်ဖို့ မဖြစ်နိုင်သလောက်ကို ခဲယဉ်းတယ်။
( အယွတ်ခန် )

၁၄။
အသံကောင်းပြီးသား ၊ အဆိုကျေညက်ပြီးသား ငှက်တွေချည်း တေးဆိုရမယ် ဆိုရင် တစ်တောလုံး တိတ်ဆိတ်နေမှာပေါ့။
( အမည်မသိ )

၁၅။
မစွန့်စားပဲနဲ့တော့ ဘာမှ ရမလာနိုင်ဘူး။
( အမည်မသိ )

၁၆။
အမျိုး၏ အကျိုးငှာ တစ်ယောက်သော သူကို စွန့်ရာ၏။
ရွာ၏ အကျိုးငှာ အမျိုးကို စွန့်ရာ၏။
ဇနပုဒ် အကျိုးငှာ ရွာကို စွန့်ရာ၏။
မိမိအကျိုးငှာ မြေအလုံးကို စွန့်ရာ၏။
( လောကနီတိ )

၁၇။
ချီးမွမ်းတတ်မှ ပညာရှိ ပီသသည်။
ဆရာကို ရှေ့တွင်ပင် ချီးမွမ်းရာ၏။
မိတ်ဆွေကို ကွယ်ရာမှာ ချီးမွမ်းရာ၏။
အမှုထမ်းကို လုပ်ကိုင်စဉ်မှာ ချီးမွမ်းရာ၏။
( လောကနီတိ )

၁၈။
လူဆိုတာ . . .
ငါ ဘာဖြစ်ချင်တယ် ဆိုတာထက်
ငါ ဘယ်လို ဖြတ်သန်းလာခဲ့တယ် ဆိုတာ အဓိကပါ။
ဒါ. . .ကိုယ့်သမိုင်း မှတ်တိုင်တွေပဲ မဟုတ်လား။
( ကိုဇော် )

၁၉။
တချို့က. . .
အခက်အခဲကို အကြောင်းပြုပြီး
ဦးကျိုးတယ်။
တချို့က. . .
စံချိန်ချိုးတယ်။

၂၀။
လိုချင်တာကို ရတာက
အောင်မြင်မှုပေါ့.။
ရတာကို ကျေနပ်နိုင်ရင်
ပျော်ရွှင်မှုပဲ။
( အမည်မသိ )

၂၁။
သူတစ်ပါးအပေါ် အလိုမကျမှုအတွက် ဒေါသမထွက်ပါနဲ့။
သင် ကိုယ်တိုင်တောင်မှ ကိုယ့်ဖာသာ စိတ်တိုင်းကျ မဖြစ်သေးသည်ကို သတိရပါ။
( အမည်မသိ )

၂၂။
လူ့ယဉ်ကျေးမှု ဆိုတာ သူတစ်ပါးရဲ့ စည်းကမ်းအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ လေးစားမှု ကိုခေါ်တယ်။
( အမည်မသိ )

၂၃။
အတတ်ပညာကို ဖြေးဖြေးသင်ရာ၏။
ဥစ္စာကို ဖြည်းဖြည်းရှာရာ၏။
တောင်ကို ဖြည်းဖြည်းတတ်ရာ၏။
အိမ်ထောင်ပြုခြင်းကို ဖြည်းဖြည်းသာ စဉ်းစားရာ၏။
အမျက်ဒေါသကို ဖြည်းဖြည်းသာ ထွက်စေရာ၏။
( လောကနီတိ )

၂၄။
စာအုပ်၌ ရှိသော အတတ်ပညာ နှင့် သူတစ်ပါး၏ လက်၌ ရှိသော ဥစ္စာသည် ကိုယ်ပိုင်မဟုတ်။ အကြောင်းကိစ္စပေါ်ပေါက်သော အသုံးချ၍ မရ။
( အမည်မသိ )

၂၅။
ကိုယ့်ထက်မြတ်သောသူကို ကိုယ့်ကို နှိမ့်ချသဖြင့် အောင်ရာ၏။
ရဲရင့်သောသူကို သင်းခွဲသဖြင့် အောင်ရာ၏။
ကိုယ့်အောက်နိမ့်ကျသူကို အနည်းငယ် ပေးသဖြင့် အောင်ရာ၏။
ကိုယ့်နှင့် အဆင့်တူသောသူကို လုံလပြုသဖြင့် အောင်ရာ၏။
( လောကနီတိ )

၂၆။
ရန်သူကို အကျွမ်းမဝင်ရာ။
မိတ်ဆွေကိုလည်း အလွန်အမင်း အကျွမ်းမဝင်ရာ။
တစ်ခါတစ်ရံ မိတ်ဆွေသည်ပင် အမျက်ထွက်လတ်သော် အပြစ်အားလုံးကို ထုတ်ဖော်ပြတတ်၏။
( လောကနီတိ )

၂၇။
တစ်ကြိမ် အမျက်ထွက်ဖူးသော မိတ်ဆွေကို
တစ်ဖန်ပြန်လည်၍ စေ့စပ်လိုသော သူသည်
ကိုယ်ဝန်ကို ယူသော အဿထိုရ်မြင်းမ ကဲ့သို့
သေမင်းကို ယူသည် မည်၏။
( လောကနီတိ )

၂၈။
ကြွေးကြွင်း ၊ မီးကြွင်း ၊ ရန်ကြွင်း
ဤသုံးမျိုးသည် အဖန်တလဲလဲ တိုးပွားတတ်၏။
ထိုကြောင့် အကြွင်းကို မထားရာ။
( လောကနီတိ )

၂၉။
ပစ္စည်း ဥစ္စာ ဆင်းရဲသူ ၊
အနာရောဂါ နှိပ်စက်သူ ၊
မိုက်သောသူ ၊
ကြွေးမြီများသောသူ ၊
မင်းဝယ်ကိုယ်ကြပ် ခစားသောသူ ၊
ဤငါးလူတို့ကား အသက်ရှင်လျက် သေသူများဖြစ်၏။
( လောကနီတိ )

၃၀။
ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။
အတတ်ပညာ မရှိသောသူအား ဥစ္စာအဘယ်မှာ ရအံ့နည်း။
ဥစ္စာမရှိသောသူအား အဆွေခင်ပွန်းအဘယ်မှာ ရအံ့နည်း။
အဆွေခင်ပွန်းမရှိသောသူအား ချမ်းသာ အဘယ်မှာ ရအံ့နည်း။
ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း။
ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်အံ့နည်း။
( လောကနီတိ )

၃၁။
အတတ်နှင့်တူသော ဥစ္စာသည်မရှိ။
အတတ်ကိုခိုးသူတို့သည် မယူနိုင်ကုန်။
ဤလောက၌ အတတ်သည်ကား အဆွေခင်ပွန်းဖြစ်၏။
တမလွန်ဘ၀၌ ချမ်းသာကို ဆောင်တတ်၏။
( လောကနီတိ )

၃၂။
အကြားအမြင်ပညာကို နည်း၏ဟူ၍ မအောက်မေ့ရာ။
မိမိစိတ်ထဲ၌ သွင်းထားရာ၏။
တောင်ပို့၌ ရေပေါက်သည် ကျဖန်များစွာ ကြာရှည်သဖြင့် ပြည့်သကဲ့သို့တည်း။
( လောကနီတိ )

၃၃။
နှုတ်မှုပညာကိုလည်းကောင်း၊
လက်မှုပညာကိုလည်းကောင်း
ငယ်သည်ဟူ၍ မအောက်မေ့ရာ။
ကုန်စင်အောင်တတ်မူကား တစ်ခုသော အတတ်သည်လည်း
အသက်မွေးဝမ်းကျောင်း ဖြစ်ပါသည်သာလျှင်တည်း။
( လောကနီတိ )

၃၄။
သုတနှင့်ပြည့်စုံသော ပညာရှိသည် အကြင်အရပ်၌ ရှိ၏ဟူ၍ ကြားငြားအံ့၊
ထိုအရပ်သို့ သုတရှာသော အမျိုးကောင်းသားသည်
သည်းစွာအားထုတ်၍ သွားရာသည်သာလျှင်တည်း။
( လောကနီတိ )

၃၅။
လောက၌ ပညာရှိသူသည် မမေးမူကား စည်ကြီးသဖွယ်ဖြစ်၏။
သူတည်း မေးမူကား မိုးကြိုးသဖွယ်ဖြစ်၏။
လူမိုက်သည် မေးသော်လည်းကောင်း၊ မမေးသော်လည်းကောင်း
အခါခပ်သိမ်းများစွာလည်း ဟောတတ် ပြောတတ်သည်သာလျှင်တည်း။
( လောကနီတိ )



ကိုဇော် စုစည်းတင်ပြသည်။


pdf ဖြင့် ဒီနေရာ က ယူပါ။

.
Share/Bookmark

26 February 2010

1 ဘဝမှာ အကောင်းဆုံး နေတတ်ဖို့ အချက် ( ၇ ) ချက်


၁။ အောင်မြင်ပုံ အနေအထားကို အမြဲမှန်းဆ မြင်ယောင်တတ်ခြင်း။

၂။
မအောင်မြင်မှုထဲမှာပင် အခွင့်အရေး ၊ အခွင့်အလမ်းကို မြင်နေတတ်ခြင်း။

၃။ ဖြစ်နိုင်သည့်အရာကို အာရုံစူးစိုက်ခြင်း။

၎။ မဖြစ်နိုင်သည့် အရာကို လျစ်လျူရှုတတ်ခြင်း။

၅။ အခါအားလျော်စွာ အနားယူတတ်ခြင်း ၊ အပြောင်းအလဲလေးများ လုပ်တတ်ခြင်း။

၆။ သူတစ်ပါးကို ဖေးမ ကူညီတတ်ခြင်း။

၇။ မိမိမှာ ရှိသည့် ဝမ်းမြောက်အားတတ်ဖွယ် အချက်များကို ထည့်သွင်း စဉ်းစားတတ်ခြင်း။


Source; Success Journal
ကိုဇော် မြန်မာမှုပြုသည်။


.
Share/Bookmark

25 February 2010

0 ကိုယ် ၊ စိတ် ကျန်းမာရေး နည်းလမ်း (၈) သွယ်


၁။ ကိုယ့်ကိုယ်ကိုယ် ဝေဖန် ၊ အစစ်အကြော မလွန်ပါနဲ့။

၂။ ကိုယ်လုပ်နေရသော အလုပ်ကို နှစ်သက် ခင်တွယ်ပါ။

၃။ တာဝန်မရှိ ၊ ငွေကြေးမလိုသော စိတ်ပျော်ရွှင်မှု အတွက် အပန်းဖြေစရာ “ ဝါသနာ ” တစ်ခု ထားရှိပါ။

၎။ လူတွေကို မြင်တတ် ၊ ကြည့်တတ် ၊ နားလည်တတ် ၊ နှစ်သက်တတ်ပါစေ။

၅။ ပြုပြင်ပြောင်းလဲ နိုင်ခြင်း မရှိသော အခြေအနေကို ထိုအတိုင်းပဲ အလိုက်သင့် ခံယူတတ်သော စိတ်ဓါတ်မွေးမြူပါ။

၆။ ပြဿနာ ၊ အခက်အခဲများကို အကျယ်ချဲ့ပွားခြင်း ကို ရှောင်ကြဉ်ပါ။

၇။ ရယ်မော ပျော်ရွှင်စရာ စကားမျိုး ၊ သူတစ်ပါး နှစ်သက်စေမဲ့ စကားမျိုး ပြောတတ်သည့် အလေ့အထကို မွေးမြူပါ။

၈။ ပြဿနာ ၊ အခက်အခဲများကို ရဲရဲရင်ဆိုင်ကာ တိတိကျကျ စီစစ်၍ ဆုံးဖြတ်ချက် ချတတ်အောင် ကြိုးစားပါ။


source; Success Journal
ကိုဇော် မြန်မာမှုပြုသည်။



.
Share/Bookmark

0 အောင်မြင်စိတ် ကြီးမားသူတို့၏ လက္ခဏာများ


၁။ အောင်မြင်ဖို့ ဆိုသောအချက်ကိုပဲ အာရုံ စူးစိုက်သည်။

၂။ သူတို့မှာ ထိတွေ့သမျှ အပေါ် တာဝန်ယူတတ်သောစိတ် ရှိသည်။

၃။ သူတို့မှာ တိကျသော ဆုံးဖြတ်ချက် ခိုင်မာသည်။

၎။ သူတို့ကို သူတို့ လိုသလို ပြောင်းလဲပစ်သည်။

၅။ သူတို့မှာ အနာဂတ် မျှော်မှန်းချက် ရှိသည်။ ပန်းတိုင် ထားရှိသည်။

၆။ မိမိ လိုချင်သော ပန်းတိုင် ဘာလဲ ဆိုတာ သိသည်။

၇။ ပန်းတိုင်ရောက်အောင် အားထုတ်စရာ ရှိသမျှ အားထုတ်ကြိုးပမ်းသည်။ အခက်အခဲ ကြီးမားနေချန်မှာလည်း သူ နောက်မဆုတ် ၊ ဇွဲမလျှော့။ ပင်ပန်းသည် ဟူ၍ မထင်။

၈။ လိုရင် မေးသည်။ လိုသော ၊ တောင်းသင့် တောင်းထိုက်တာ မှန်သမျှကို တောင်းသည်။

၉။ သူတို့မှာ တစ်ဘက်လူကို ဂရုစိုက်တတ်သော စိတ်ရှိသည်။

၁၀။ နေ့စဉ် နံနက်တိုင်း တခြားသူများနှင့် မတူ ငါ အောင်မြင်ရမည် ဟူသော စိတ်ဓါတ်ဖြင့် လုပ်ငန်းကို အစပြုသည်။


Source; Success Jouranl
ကိုဇော် မြန်မာမှုပြုသည်။



.
Share/Bookmark

1 ပန်းကန် ၊ ဘူဖေး ၊ ဟော့ပေါ့ နှင့် နှီးဒေါင်းလန်း




စားလို့ သောက်လို့ အရာတွေပါပဲ..။ ဒါပေမဲ့ သူတို့ရဲ့ အဓိပ္ပါယ်တွေကတော့ ခြားနားတယ်ဗျာ..။ လူ့ဘဝလိုပေါ့..။

ပန်းကန်..


Plate လို့ ခေါ်တဲ့ ပန်းကန်ပြားကို စတင် တီထွင်ကတည်းက တစ်ယောက်တည်း စားဖို့ပါ.။ တစ်ယောက်ကိုင် ဆိုပါတော့..။ ကိုယ့် ပန်းကန်ထဲကို ကိုယ့်ဖာသာကိုယ် ထည့်ထားကြရတာပါ.။ ကိုယ့် ပန်းကန်ထဲက စားစရာ ကိုယ်စိတ်ကြိုက်..။ ဘယ်သူမှလည်း ကိုယ်ပန်းကန်ထဲကို လက်လာမရှုပ်ဘူး.။ အဲ.. အရမ်းချစ်ပါတယ် ဆိုတဲ့ ချစ်သူတွေကတော့ တစ်ပန်းကန်ကို နှစ်ယောက်စားကြလေးရဲ့..။ ဒါပေမဲ့..အဆင်မပြေလှဘူး ထင်တယ်.။ သူတို့ ခဏပါ.။ နောက်တော့လည်း ကိုယ့်ပန်းကန်နဲ့ ကိုယ်ပေါ့..။

ဘူဖေး..

ဘူဖေး ကို ကိုယ့်အိမ်မှာထက် ဆိုင်မှာ သွားစားဖြစ်ကြတာ များတယ်.။ ဘူဖေးစားတာကလည်း အနုပညာ လိုသေးတယ်ဗျ.။ အရင်က ကျွန်တော် မဂ္ဂဇင်း တစ်စောင်မှာ ရေးဖူးသေးတယ်..။ “ ဘူဖေး စားခြင်း အနုပညာ ” ဆိုတာ.။ ထားလိုက်ပါတော့ ..အခုပဲ ဆက်ပြောကြည့်မယ်.။ ဆိုင်တွေ ၊ အခန်းအနားတွေမှာ စားကြတာ များတယ်.။ ခုံတန်း အရှည်ကြီး ပေါ်မှာ စားစရာအမျိုးပေါင်းများစွာကို အစီအရီချလို့.၊ ထမင်းတွေ ၊ ဟင်းတွေ ၊ အသီးအနှံတွေ ၊ အချိုတည်းစရာတွေ ၊ အချိုရည်တွေ အစုံစုံကို စားပွဲပေါ်မှာ ချထားတယ်.။

ကိုယ်ကြိုက်ရာသာ ထည့်စားပေတော့ ကိုယ့်ပန်းကန်ထဲကို ဘယ်သူမှ လာတားမဲ့ သူမရှိ..အဲ ..တစ်ခုတော့ ရှိတယ်.။ ကိုယ်လောဘကြီးပြီး ထည့်ထားတဲ့ အစားအစာတွေ မကုန်ရင်တော့ ရှက်စရာကြီးပဲ.။ တချို့ဆိုင်တွေကတော့ လုပ်ကြတယ်.။ ဈေးချိုတယ်..ဟင်းအမယ်လည်း များတယ်.။ ကြိုက်တာလည်း စားလို့ရတယ်.။ တစ်ခုတော့ သတိထား..။ ကိုယ့်ပန်းကန်ထဲက စားစရာတွေ မကုန်ရင် ၁၀၀ ဂရမ် ကို ဘယ်လောက်ဆိုပြီး ဒဏ်ကြေးကောက်တယ် ။ မှတ်ကရော..လောဘတကြီးထည့်တဲ့ သူ ..မကုန်ရင် သွန်ပစ်မယ်ကွာ ဆိုတဲ့ စိတ်သဘော ပုပ်တဲ့ သူတွေ ခံရတော့တာပဲ..။

တချို့ဆိုရင် စားရတာနဲ့ လျှော်ရတာနဲ့ မကာမိဘူး ဖြစ်ကြတယ်..။ ဒါကြောင့် ကျွန်တော်က ဘူဖေးကို ဒီလို သတ်မှတ်တယ်..။ “ တန်အစာ လွန်ဒဏ်ကြေးပါ..။ ” လို့ ..။


ဟော့ပေါ့...


Hot Pots တဲ့ဟ..။ “ အိုးပူကြီး ” ပေါ့..။ ဟုတ်ပါတယ်.။ အိုးပူကြီးပါပဲ.. ။ ဒါကြီးကို စားပွဲပေါ်မှာ တင်ပြီး အောက်က မီးနဲ့ ကိုယ်ထည့်ချင်တဲ့ အသား ၊ ငါး ၊ အသီးအရွက်တွေကို ထည့်ပြီး စားရတာပါ.။ တစ်ယောက်တည်း စားလို့ရသလို နှစ်ယောက်စားလည်း ရတယ်..။ အိုဗျာ..မဟုတ်သေးဘူး..၊ အဖွဲ့နဲ့ စားလည်း ရတယ်.။ ကြိုက်သလောက် အယောက်ရေနဲ့စား..။ သူက အလည်က အိုးထဲကို ကိုယ်စားချင်တဲ့ အသား ၊ ငါး ၊ အသီးအရွက်တွေကို ထည့်ပြုတ်ပြီး တူလေးနဲ့ ညှပ် ကိုယ့်နေရာက အချဉ်လေးနဲ့ တို့ပြီး ရှလွှတ်ဆိုပြီး စားရတာလေ.။ ပြောရင်းနဲ့တောင်မှ ရှလွှတ်...နော်...။

ဒါဆိုရင် ကိုယ်ထည့်ပြီး ပြုတ်ထားတဲ့ အသား ၊ ငါးတွေကို သူများက မှားယုပြီး စားသွားရင် ဘယ်လိုလုပ်မလဲ.။ ဟုတ်တယ်..။ ဒါကြောင့် တချို့ ဟော့ပေါ့တွေမှာ အကန့်လေးတွေ ခွဲပေးထားတယ်.။ ကိုယ့်နေရာမှာ ထည့်ထားရင် သူနေရာဆီ ရောက်မသွားဘူးပေါ့လေ.။ ဒါပေမဲ့ လူများလာရင် သူတို့ ခွဲပေးထားတဲ့ အကန့်လေးက အများဆုံးမှ လေးကန်ထဲရယ်ဗျာ.။ ဒါဆိုရင် ဘယ်လိုလုပ်မလဲ..။

ဒါလေးများဗျာ..။ ကိုယ့်စားမဲ့အသား ၊ ငါးတွေကို ကိုယ့်တူလေးနဲ့ ညှပ်ပြီး အိုးထဲကို စိမ်ပြီး ပြုတ်လိုက်ကြတာပဲလေ.။ ရပြီးထင်တော့မှ ဆွဲယူပြီး အချဉ်ထဲနှစ် စားလိုက်ကြတာပါပဲ.။ ကောင်းမှကောင်း ၊ သူများလုစားလို့မရတော့ဘူးပေါ့လေ.။ ဒါပေမဲ့..တစ်ခုတော့ ရှိတယ်.။ အများနဲ့ ဆိုတော့ ရုပ်ပျက်တယ်.။ ကိုယ်အတ္တကြီးတယ် ၊ မာနကြီးတယ် ဆိုတာလည်း လူသိတယ်လေ.။ ဒါကြောင့် ဒီလိုတော့ သိပ်မလုပ်ကြပါဘူး.။ ကိုယ်စိမ်ထားတာ သူများယူစားသွားလို့ မကြိုက်သော်လည်း ၊ ရင်နာသော်လည်း ဘာမှ မဖြစ်သလိုနဲ့ နေလိုက်ကြတယ်.။ ဒါကတော့ ဟန်ဆောင်တာပေါ့လေ.။


နှီးဒေါင်းလန်း.

ဗျာ...။ မကြားဖူးကြဘူးလား..။ ဟုတ်ပါတယ်လေ..။ တော်တော်တော့ ကြာသွားပါပြီ.။ အရင်က လူတွေက မိသားစု လိုက် ထမင်းအတူတူ စားဖြစ်အောင် ထွင်ကြတာပဲ ထင်ပါတယ်ဗျာ.။ သူက ပန်းကန်ပြားလိုပဲ မျက်နှာပြင်က ဒါပေမဲ့ အကြီးကြီးပေါ့လေ.။ အောက်ခြေမှာ ခြေထောက်တွေပါတယ်.။ သူကပဲ စားပွဲလို ဖြစ်နေတာပေါ့ဗျာ.။ ခြေထောက်ကတော့ ၄ ချောင်း ၊ တချို့ဆို ၅ ချောင်းပါတယ်.။ မျက်နှာပြင်က ပန်းကန်ပြားလိုပေါ်မှာ ထမင်းတွေ ၊ ဟင်းတွေကို ထည့်ပြီး စားရတယ်ဗျာ.။ နောက်တော့ တစ်ယောက်က ဟင်းချို သောက်ချင်လို့ သောက်ပြီး ဆမ်းစားလိုက်ရင် သူဆမ်းတဲ့ ဟင်းချိုက ဒီဘက်မှာ ထမင်းတွေ ပုံပြီး စားနေတဲ့ လူတွေ ဆီကိုလည်း ရောက်လာတယ်.။ ဒါကြောင့် “ နှီးဒေါင်းလန်း ” နဲ့ စားတာကို လက်ရည်တပြင်တည်း စားတယ်လို့ ပြောတာလေ.။

ဒီမှာ စားတဲ့ သူက ကိုယ်ထမင်းတွေကို ဟင်းချိုတွေက လာစုနေတော့ (အားလုံးက လက်နဲ့ စားကြတာလေ.။) ဒါကြောင့် စားရတာ မလွယ်တော့ဘူး.။ ဒီတော့ နှီးဒေါင်းလန်းက အောက်ခြေက ခြေထောက်နဲ့ ဆိုတော့ ညီနေတယ်လေ.ဒါလေးကို မသိမသာလေး မလိုက်တယ်ဗျာ.။ ဒီတော့ သူ့ဘက်က မြင့်သွားပြီး ဟိုဘက်က လူက နိမ့်သွားတယ်လေ.။ ဒီမှာ သူ့ဆီက ထမင်းတွေက ဟင်းချိုတွေ နဲ့ အိုင်မနေတော့ဘူးလေ.။ ဒီအချိန်မှာ အမြန်ဆွဲတော့တာပဲပေါ့.။ ဟို တစ်ဖက်က လူကတော့ ဟင်းချိုတွေထဲ ထမင်းတွေ လူးလှိမ့်နေတော့တာပေါ့ဗျာ.။ ဒီတော့ ထမင်းကို လက်နဲ့ ကောက်စားဖို့ ခက်လာတယ်လေ.။ ဒီမှာ သူကလည်း နှီးဒေါင်းလန်းကို မလိုက်ပြန်ရော..။ ဟိုတစ်ဖက်က လူထက်ပိုမြှင့်အောင် မရတယ်လေ.။ ဒီတော့ ဟိုလု့ဘက်မှာ ဟင်းချိုတွေ သွားအိုင်နေပြန်ရော..။

ဒါနဲ့ပဲ ဟိုဘက်က မ ၊ ဒီဘက်က မ နဲ့ပဲ နှီးဒေါင်းလန်းကြီးက မိုးပျံ နေတော့တာပဲဗျာ.။ ဒီအကြောင်းအရာလေးကို ကျွန်တော် ညကပဲ တွေးမိပါတယ်.။

ပန်းကန် ဆိုတာကတော့ တစ်ဦးတစ်ယောက်လုပ်သော အလုပ်လေးတွေကို ရည် ညွှန်း ပါလိမ့်မယ်.။

ဘူဖေး
ဆိုတာတော့ စိတ်ပါရင် သွားလိုက် စိတ်မပါရင် နေလိုက် ဆိုသလို နေရာလေး တစ်ခုပေါ့..။

ဟော့ပေါ့
ဆိုတာကတော့ ကိုယ်တစ်ယောက်တည်း လုပ်နိုင်သလို ၊ လူတွေနဲ့ များများ နဲ့လည်း လုပ်နိုင်တယ်.။ သူများလာရင် ဟန်ဆောင် နေရတတ်တဲ့ နေရာလေး တစ်ခုပေါ့.။

နှီးဒေါင်းလန်း
ဆိုတာကတော့ တစ်ယောက်တည်း မသုံးကြပါဘူး.။ လူအများနဲ့ အုပ်စု ဖွဲ့ပြီး လုပ်ရတဲ့ အလုပ်လေးတွေပါ.။ အဲဒီအထဲမှာ တစ်ယောက်ယောက်က အတ္တကြီးလာပြီ ဆိုရင်အရမ်း သိသာတယ်.မြင်သာ ထင်သာ လာတယ်.။

ဒါကြောင့် အဖွဲ့နဲ့ လုပ်တဲ့ အလုပ်တွေမှာ အားလုံးပဲ လက်ရည် တပြင်တည်း ဖြစ်သင့်ပါတယ်ဗျာ..။


ဘယ်သူ့ကိုမှ မရည်ရွယ်ပါ.။ တွေးမိတာလေး တစ်ခုပါပဲ.။


ကိုဇော် ခံစားပုံဖော်သည်..။



http://zaw357.multiply.com/journal/item/688 မှာ 14.10.2009 ကရေးထားတာပါ၊

.

Share/Bookmark

24 February 2010

2 ဂန္ထဝင်


“ ဂန္ထဝင် ”

ဆိုသော အကြောင်းကို ပြောတော့မယ် ဆိုရင် ဒီ
“ ဂန္ထဝင် ” ဆိုသော စကားလုံးကို အရင်ရှင်းရပါလိမ့်မယ်။ တချို့က “ ဂန္တဝင် ” ဟူ၍ “ နငယ် ” အောက်တွင် “ တဝမ်းပူ ” ကိုထားရေးပါတယ်။ တကယ်တော့ “ နငယ် ” အောက်တွင် “ ထဆင်ထူး ” ကို ထားရေးမှ သာ အမှန်ဖြစ်ပါတယ်။

“ ဂန္ထဝင် ” ဆိုတာ ဘာလဲ လို့ ဆိုသော မေးခွန်းကို ကျွန်တော့်ဆရာ တစ်ယောက်က ဒီလိုပြောပြဖူးတယ်။


မြန်မာ့ရုပ်ရှင်လောက သမိုင်းမှာ သက်တမ်းအရှည်ဆုံးနဲ့ အအောင်မြင်ဆုံး မင်သားကြီးက အားလုံးသိကြတဲ့ “ ဦးကျော်ဟိန်း ” ပါပဲ။ သို့သော် ဦးကျော်ဟိန်း ဘယ်လောက် အောင်မြင်ခဲ့ အောင်မြင်ခဲ့ သူ့မှာ
“ ဂန္ထဝင် ” မြောက်သော ရုပ်ရှင် ၊ ဗီဒီယို တစ်ကားမှ မရှိခဲ့ပါဘူး။

ဒါဆို “ ပန်းမြိုင်လည်က ဥယျာဉ်မှူး ကဘာလဲ ၊ စုန်ရေ က ဘာလဲ လို့ မေးကြပါလိမ့်မယ်။ ” ဟုတ်ပါတယ် ဒါတွေက ဦးကျော်ဟိန်းရဲ့ အောင်မြင်ခဲ့သော ရုပ်ရှင်တွေပါ။

သို့သော် အချိန်ကြာလ တစ်ခုတိုင်အောင်ပဲ အောင်မြင်ခဲ့ပါတယ်။
“ ဂန္ထဝင် ” ဆိုသော စကားက ဒီလို မဟုတ်ပါ။ ဘယ်အချိန်ကာလရောက်နေပါစေ သူ့ခေတ်ကာလသာ နောက်ကျ ကျန်ရင် ကျန်နေပါလိမ့်မယ်။ သို့သော် ဒီအချိန်ရောက်ရင် ဒီဇာတ်ကားလေးကို ၊ ဒီအကြောင်းအရာလေးကို ပြန်လည် သတိတရ ဖြစ်ကြတယ် ဆိုတဲ့ စကားလုံးပါ။

ဒါကို ဦးကျော်ဟိန်းဟာ သူကိုယ်တိုင်လည်း သိပါတယ်။ သူရိုက်ခဲ့သော ဇာတ်ကားများထဲတွင်
“ ဂန္ထဝင် ” ကားများ မပါသေးဆိုတာကို သိသောကြောင့် သူ့သမိုင်းတွက် “ ဂန္ထဝင် ” ကားတစ်ကားလောက် ကျန်နေစေရန် ငွေမြောက်မြားစွာ အကုန်ခံ၍ “ ဓါးတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်။ ” ဇာတ်ကားကို ရိုက်ကူးခဲ့သော်လည်း သူ ထင်သလို ဖြစ်မလာခဲ့ပါ။ ဦးကျော်ဟိန်း ရိုက်ကူးသော ထိုဇာတ်ကားကို အချိန်ကာလတစ်ခု အတွင်းသာ ကြည့်ကြပါသည်။ ထိုကားမှာ “ ဂန္ထဝင် ” ကား ဖြစ်မလာခဲ့။

ဒါဆို မြန်မာနိုင်ငံမှာ
“ ဂန္ထဝင် ” ဆိုသော ရုပ်ရှင်ကား ရှိရော ရှိရဲ့လားလို့ မေးခဲ့ရင် . . . ရှိပါတယ်။ ဥပမာ - “ သင်္ကြန်မိုး ” ။ ခေတ်ကာလ ဘယ်လောက်ပဲ ဖြတ်သန်သွားပါစေ။ သင်္ကြန်ရောက်တော့မယ် ၊ သင်္ကြန်နားနီးပြီ ဆိုရင် “ သင်္ကြန်မိုး ” ဇာတ်လမ်းကို မဖြစ်မနေဆိုသလို ပြန်လည်ထုတ်လွှင့် ပြသပါတယ်။ ဒါကို “ ဂန္ထဝင် ” လို့ ခေါ်ပါတယ်။

ဒီမှာ ကျွန်တော် ပြောချင်တာ ရောက်ပါပြီ။

စာမူတစ်ပုဒ်ဖန်တီးတယ် ဆိုတာလည်း ထိုဖန်တီးသူ တစ်ယောက်ရဲ့ သမိုင်းလို့ ပြောလို့ရပါတယ်။ သူ့သမိုင်းကို သူ ဘယ်လိုရေးမလဲ။ သူလို စာများနဲ့ ပုံဖော်ထားမလဲ။ ဒါက သူ့ရဲ့ လွတ်လပ်ခွင့်ပါပဲ။ ဒါပေမဲ့. . .
“ ဂန္ထဝင် ” ဆန် ၊ မဆန် ဆိုတာကတော့ ပြောရခက်ပါလိမ့်မယ်။

ဟိုတစ်နေ့က လေးစား ခင်မင်ရပါသော ဘလော့ဂါ တစ်ယောက်ရဲ့ မျက်နှာပေါ်မှာ သူ့ကို မေးလ်ပို့ပြီး ဝေဖန်ထားသူ တစ်ယောက် အကြောင်းကို ဖော်ပြထားရင်း ရှင်းပြထားတယ်။ သူ့ကို ဝေဖန်ထားသူက “ ဘာသာပြန် ” တွေချည်းပဲ ရေးနေတာပဲ ၊ ကိုယ်ပိုင်လေးတွေလည်း ရေးပါဦးလို့ ဝေဖန်ထားတယ်။ ဒီနေရာမှာတော့ ကျွန်တော်က ဝေဖန်တယ် ဆိုတာထက်
အကြံပြုတယ် ဆိုတာကို ပိုပြီး နှစ်သက်တယ်။ ဒီလို ပိုပြီး ခံစားမိတယ်။

ကျွန်တော်လည်း သွားပြီး စိတ်ပျက် အားငယ်နေသော ထိုဘလော့ဂါကို အကြံပေးမိပါတယ်။ တကယ်လည်း သူ့ကို ကျွန်တော်တို့ ဘလော့သမားတွေ အချင်းချင်း ပြောဖြစ်တဲ့အခါ ကိုယ်ပိုင်စိတ်ကူးလေးတွေ ချရေးရင် သူရဲ့ အရေးအသားနဲ့ဆို ဘယ်လောက် ကောင်းလိမ့်မလဲလို့ ပြောဖြစ်ခဲ့တယ်။ သို့သော် သူ့နားဝဆီသို့တော့ ရောက်အောင် မပြောဖြစ်ခဲ့ပါ။ အဘယ့်ကြောင့် ဆိုသော်. . .

အဘယ့်ကြောင့် ဆိုသော်. .

ဒါက သူ့ရဲ့ လွတ်လပ်ခွင့်ပါ။ သူ့ရဲ့ ရင်ခုန်ခံစားခွင့်ပါ။ သူလည်း သူ့ဘလော့မှာ သူ့ဖာသာ စိတ်ကူးကွန့်မြူးရာ ၊ သူအားသန်ရာ သူရေးပါလိမ့်မယ်။ ဒါကို ကျနော်တို့ အတင်းအကြပ်ကြီး ပြောပိုင်ခွင့်မှ မရှိတာလေ။ သို့သော်. . .

သို့သော်. . .

သူ့ကို ကျွန်တော် ပြောပိုင်ခွင့် မရှိပေမဲ့ ကျွန်တော် ကိုယ့်ကျွန်တော်တော့ ပြောပိုင်ခွင့် ရှိပါတယ်။ ဒါကြောင့် ကျွန်တော် ပြန်စဉ်းစားမိပါတယ်။ ဘာသာပြန်တယ် ဆိုတာလည်း မလွယ်လှပါ။ ဥပမာ - ငါတော့ကွာ တိုင်ပတ် နေတာပဲ။ ဆိုသော စကားက “ တိုင်ပတ် ” နေတယ် ဆိုသော စကားလုံးကို နိုင်ငံခြားသားတွေ နားလည်အောင် ဘယ်လို ဘာသာပြန်မလဲ။ ပြီးတော့ ခေတ်ကာလနဲ့ ဆီလျှော်အောင် ဘာသာပြန် ရေးဖို့ဆိုတာ တကယ်တော့ မလွယ်ပါ။

ဒါပေမဲ့ ဘာသာပြန်တယ် ဆိုတာ ဘလော့ဂါပေါင်းမြောက်မြားစွာထဲမှာမှ တစ်ယောက်က တစ်နေရာက အင်္ဂလိပ် ဘလော့ကနေ ဘာသာပြန်တယ်။ တစ်ယောက်က တရုတ်ဘလော့ကနေ ဘာသာပြန်တယ်။ ကျွန်တော်တို့ အူကြောင်းကျားဆို ကိုယ်လည်း နားလုံးဝမလည်သော စပိန်တွေ ၊ ဆွိဒင် ဘလော့တွေကနေသွားဖတ်ပြီး Google Translate ကနေ တဆင့် မြန်မာမှုပြုပါတယ်။ ဒီမှာ ခက်တာက လာလာတူ နေတတ်တယ်။

ဒီတော့ ကျွန်တော်တို့လို သာမာန် စာရေးသူလေးတွေ မပြောနဲ့ “ ကျားနှုတ်ခမ်းမွှေး ” ဆိုသော Chicken Soup For The Soul စာလေးကို ဆရာဖေမြင့်လည်း ဘာသာပြန် စာအုပ်ထုတ်တယ်။ ဆရာ အတ္တကျော်ကလည်း ဘာသာပြန်ရေးတယ်။ တခြားသော ဆရာတွေကလည်း ရေးရတယ်။ မူရင်းကိုက ကိုယ်ပိုင် ညှစ်ထုတ်ထားတာ မဟုတ်တဲ့ အတွက် ဘယ်သူမဆို ဘာသာပြန်ပြီး ရေးခွင့်ရှိနေတယ်။ အားထုတ်ကြိုးပမ်းမှု ၊ တင်ပြပုံ ၊ စကားလုံး အသုံးအနှုန်း ဒါတွေပဲ ကွဲပြားသွားပါလိမ့်မယ်။

စာပေသမုဒ္ဒရာထဲမှာ မိမိနဲ့ အလှမ်းမှီရာကို ဆွဲရှာယူပြီး ရေးကြတာပါ။ ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ပိုင် ညှစ်ထုတ်ရေးသားထားသော အရေးအသား မဟုတ်တာကြောင့် တိုးတိုက်မိကြတာ အဆန်းတော့ မဟုတ်ပါ။ ဒါကို ငါက အရင် မင်းက နောက် ၊ ဒီတော့ ငါက ပိုပြီး မူပိုင်တယ် မလုပ်သင့်ပါဘူး။ ဘယ်သူပဲ ဘယ်လောက်စောစော မူရင်း ညှစ်ထုတ် ရေးသားသူ စာရေးဆရာလောက်တော့ စောလိမ့်မည် မဟုတ်။

ဒီအတွက်ကြောင့် ကောင်းမွန်သော ဘာသာပြန် စာတစ်ပုဒ်တော့ ဖြစ်လာပါလိမ့်မည်။ သို့သော်
“ ဂန္ထဝင် ” တော့ မြောက်လာလိမ့်မည် မဟုတ်။

ဒါကြောင့် ဘာပဲ ပြောပြော သူများတွေရဲ့ အတွေ့အကြုံအပေါ်မှာ ကျွန်တော် ကိုယ် ကိုယ်တိုင် ကြုံတွေ့စရာ မလိုသော အတွေ့အကြုံကို ယူလိုက်ပါတော့တယ်။ တကယ်လည်း မှန်ကန် လိုအပ်ပါတယ်။ ဘာသာပြန်တယ် ဆိုတာ လွယ်တာ မဟုတ်ပေမဲ့ ကျွန်တော့်သမိုင်းမှာ ကိုယ်တိုင် ညှစ်ထုတ်ယူထားသော စာလေးများကို ပိုပြီး တိမ်းမူး နှစ်သက် ခုံမင်စွာ ရေးချင်လာပါတော့တယ်။

ဒါကြောင့် ကျွန်တော် အရင်ကလို သူများရေးထားသော စာကောင်းစာပေတွေကို ရှာဖွေ ဘာသာပြန်ဆိုတာထက် သူတို့ဆီက ဖြစ်ပျက်တတ်တဲ့ အလေ့အထများကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်တတ်သော ပတ်ဝန်းကျင်နဲ့ ခြုံရံကာ ဇာတ်ကြောင်းလေး အဖြစ် ကိုယ်တိုင် ညှစ်ထုတ်ပြီး ရေးသားမိလာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ စာတွေက အရင်လို မဟုတ်တော့ဘူး ဆိုပြီး သတိပေး ထားပေးလာသော သူငယ်ချင်းများ ၊ အရင်လို Fwd Mail ပို့လို့မကောင်းတော့ဘူးနော် လို့ ပြောလာခဲ့တဲ့ သူငယ်ချင်းများကို ဒီနေရာကနေ ဒီလိုက ဒါကြောင့်ပါ လို့ ဖွင့်ဆို တောင်းပန်လိုက်ပါတယ်။

ဒီနေရာမှာ သူများနိုင်ငံတစ်ခု အလေ့အထဟာ ကျွန်တော်တို့ နိုင်ငံနဲ့ အလုံးစုံ ဘယ်လိုမှ အခန့်သင့် ဝင်ဆန့် အဆင်ပြေပါလိမ့်မယ်လို့ ယူဆလို့ မရပါ။ ဥပမာ - မလေးရှားရဲ့ အထိမ်းအမှတ် ၊ နိုင်ငံ ဂုဏ်ဆောင်ပန်းက “ ခေါင်ရမ်းပန်း ” ပါ။ ခေါင်းရမ်းပန်းတောင်မှ ခေါင်ရမ်းပန်း အနီရောင်။ ခေါင်ရမ်းပန်း ဆိုတာ ကျွန်တော်တို့ နိုင်ငံမှာကျတော့ “ မသာပန်း ” တဲ့လေ။ လူသေတွေ ခေါင်းမှာ ရှေးအခါ ထိုးတာလို့ ဆိုတယ်။ ဒီတော့ သူတို့ကို ပြောင်းခိုင်းမလား ၊ ကျွန်တော်တို့ သူတို့ လှောင်ရယ်နေမလား။ ဘယ်လိုမှ မသင့်တော်ပါ။

ဒီလိုပါပဲ။ တဂိုးရဲ့ ကဗျာ ကာရံဖြစ်သော “ Guy , Gay ,Girl ” ဆိုတာက သူ့အတွက်တော့ ဟုတ်ပါလိမ့်မယ်။ ကျွန်တော်အတွက်တော့ “ ညအခါ ၊ လသာသာ ၊ ကစားမလား ၊ နားမလား ” လောက် ဘယ်လိုမှ ဝမ်းမြောက်ဝမ်းသာ အဆင်မချောခဲ့ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် နဲ့ တဂိုး လွတ်လပ်ပေါ့ပါးပြီး ရင်ခုန်နှစ်သက်စွာ ကွဲလွဲခွင့် ရှိပါတယ်။ သူလည်း သူ့ဖာသာ သူ့စာတွေထဲမှာ ပျံဝဲပါလိမ့်မည်။ ကျွန်တော့်လည်း ကိုယ့်ဖာသာ တူးဖော်ရမှာပါပဲ။

ဒါကြောင့် အခု နောက်ပိုင်း ကျွန်တော် STA အသင်းလှုပ်ရှားမှု အကြောင့် အပါအဝင် စာအရေးကျဲသွားတာ ဖြစ်ပါတယ်။

Google ကနေ ဒါမှမဟုတ် စာအုပ်ဆိုင်ကနေ ရသစာတို စာအုပ်လေး ဝယ်ပြီး Dictionary လေးဖွင့်ပြီး တစ်ပုဒ်ပြီး တစ်ပုဒ်ချရေးဖို့ထက် ၊ ထွက်ထွက် မထွက်ထွက်ပေါ့ဗျာ ၊ နည်းနည်းတော့ ညစ်ပြီး ကိုယ်ပိုင်ရေးဟန်လေး ၊ ကိုယ်ပိုင် ဇာတ်ကောင်လေး ဖြစ်အောင် တည်ဆောက်ကြည့်မိပါတယ်။ ဒါကြောင့် အချိန်တော့ နည်းနည်း မဟုတ် တော်တော် ပိုပေးနေရတာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့် ဘလော့ သမိုင်းမှာ ဒီဘလော့က စာတွေကတော့ ဘယ်က စာတွေကို တိုက်ရိုက် ဘာသာပြန်ထားတာတွေပါ ဆိုပြီး အချိန်ကာလ အတော်ကြာသွားတဲ့ အခါ ထိုမူရင်းစာများကိုပဲ နောက်တစ်ယောက်က ထပ်ပြီး ဘာသာပြန်လို့ အပ်ကြောင်းထပ် စာပေမျိုးလည်း မဖြစ်စေချင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော့်သမိုင်းမှာ ကျွန်တော့်စာတွေက
သူများတွေ အတွက် “ ဂန္ထဝင် ” မြောက်ချင်မှ မြောက်ပါလိမ့်မယ်။

သို့်သော် ကိုယ့်နှလုံးသွေးကိုယ် ရဲစွာဖြင့် အချိန်ပိုယူကာ ကျွန်တော့်သမိုင်းမှာတော့ ကျွန်တော်
“ ဂန္ထဝင် ” မြောက်ချင်မိပါတယ်။

ဒါကြောင့် ကျွန်တော် လိုအပ်လို့ ဘာသာပြန်ခဲ့ရင်လည်း မူရင်းအတိုင်းမဟုတ်ပဲ ကျွန်တော့်ရေးဟန်အတိုင်း ပြောင်းလဲ ရေးမှာ ဆိုသောကြောင့် “ ဘာသာပြန်သည် ” လို့ ကျွန်တော် မသုံးတော့ပါဘူး။ သူ့ရဲ့ ဇာတ်လမ်းကျောရိုးကို ကျွန်တော်က ကိုယ်ရေးဟန်နဲ့ ပြောင်းရေးမှာ ဆိုတော့ ” မြန်မာမှုပြုသည် ” လို့သာ ကျွန်တော် ပြောင်းလဲ သုံးစွဲသွားပါ့မယ်။

စာဖတ်သူ ၊ အကြံပေးသူ ၊ စိတ်ရင်းကောင်းဖြင့် ဝေဖန်ပေးသူ များကို ထာဝရ ကျေးဇူးတင်ပါတယ်။

* * * လက်ခုပ်သံချည်းပဲ နားထောင်မနေပါနဲ့ . . . .
.
. . . ခြေဆောင့် ၊ တောက်ခေါက်တဲ့ အသံကလည်း အနုပညာမြောက်ပါတယ်။ * * *


ကိုဇော် ဖွင့်ဆို သော အဓိပ္ပါယ်


.
Share/Bookmark

2 တောင်းပန်ခြင်း အတတ်ပညာ


တစ်ချိန်က

အမေရိကန် သမ္မတတွေထဲမှာ အတည်ငြိမ်ဆုံး ၊ အအေးဆေးဆုံး ၊ စိတ်အရှည်ဆုံး ၊ အငြိမ်းချမ်းဆုံး သမ္မတကြီးလို့ အားလုံးက ယူဆထားကြသော “ အေဗရာဟမ် လင်ကွန်း ” သည် တစ်ခါက လွန် အစ အနောက်သန်သော ၊ သူများကို ကလိချင် ၊ ငြိချင်သော လူတစ်ယောက် ဖြစ်ခဲ့ဖုူးပါသည်.။

ထိုအချိန်အခါက လင်ကွန်း သည် ရှေ့နေလောက သို့ ဝင်ရောက်ခါစ စာနယ်ဇင်းများတွင်လည်း စာများကို အခါအားလျှော်စွာ ရေးသားနေသော အချိန်ဖြစ်သည်.။ သူ၏ သူငယ်ချင်းတစ်ယောက် ဖြစ်သူသည် ထိုအခါက မြို့တော်ဝန်တွင် တာဝန်တစ်ခုကို ထမ်းဆောင်နေသည်.။ တစ်နေ့ လင်ကွန်းသည် သူ၏ သူငယ်ချင်းအမှားတစ်ခုကို ဘာရယ် မဟုတ်ပဲ ဟာသလေး လုပ်ကာ မဂ္ဂဇင်းတစ်စောင်သို့ ပေးပို့လိုက်သည်.။

ထို သရော်စာ ဟာသလေးသည် မထင်မှတ်ပဲနှင့် လူများကြားတွင် အလွန်ပေါက်သွားသည်.။ လင်ကွန်းကလည်း သူရေးလိုက်သော စာလေး ပေါက်သွားသောကြောင့် ပီတိဖြစ်နေလေသည်.။ မြို့ရှိ လူများသည် ထိုဟာသလေးကို ညအိပ်ရာ ဝင်ခါနီး ဖတ် ၊ ထမင်းစားပြီး ဖတ်၍ တဟီးဟီး ၊ တဟားဟား သဘောကျနေချိန်တွေ ဒီဟာသကို အရေးခံရသော လင်ကွန်း သူငယ်ချင်းမှာ မအိပ်နိုင် ၊ မစားနိုင်နဲ့ ဒေါသတွေ ထွက်လျက်ရှိနေလေသည်.။

နောက်ဆုံး ထိုခေတ် ၊ ထိုအခါက သူတို့ရဲ့ လုပ်နည်းထုံးစံက လူတစ်ယောက်နဲ့ တစ်ယောက် မကျေနပ်ကြလျှင် စိန်ခေါ်ကာ သူသေ ကိုယ်သေ ယှဉ်ပြိုင်ရသော ခေတ် .။ ယှဉ်ပြိုင်သူ နှစ်ယောက်မှာ တစ်ယောက်က ကြိုက်ရာ လက်နက်ရွေးရပြီး တစ်ယောက်က ကြိုက်ရာ နေရာကို ရွေးခြယ်ပြီး သူသေ ကိုယ်သေ ယှဉ်ပြိုင်ရတယ်.။ တစ်ယောက်သော သူသေမှ ကိစ္စပြတ်တယ် ။ ဒီလိုမျိုး အခြေအနေ..။

ဒီတော့ လင်ကွန်း ကို သူ့သူငယ်ချင်းက အရှက်အတွက် သူသေ ကိုယ်သေ ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ပါလေရော.။ လင်ကွန်း ခင်ဗျာ စတုန်းက စပြီးတော့ အခုတော့ ဘယ်လိုမှလည်း တောင်းပန်လို့ မဖြစ်တော့ အားလုံးက လူသိရှင်ကြားဖြစ်နေခဲ့ပြီ.။ နောက်ဆုံးတော့ လင်ကွန်းမှာ ရှောင်လွှဲ၍ မရတော့ သူသေကိုယ်သေ ယှဉ်ပြိုင်မှုကို လက်ခံလိုက်ရလေတော့သည်..။

သူ့ကို ကြိုက်ရာ ယှဉ်ပြိုင်ဖို့ ရွေးခြယ်စေရာ လင်ကွန်းမှာ သေနတ်ပစ်လည်း မကျွမ်းကျင် ၊ ကိုယ်ခံပညာလည်း မတတ်ကျွမ်းသောကြောင့် သူသည် သူ၏ လက်တံရှည်မှုကို အခွင့်ကောင်းယူကာ “ ဓါး ” ချင်းယှဉ်ခုတ်ရန် သဘောတူလိုက်လေသည်..။ သူ၏ သူငယ်ချင်းကတော့ ပင်လယ်ကမ်းခြေနေရာကို ဓါးချင်းယှဉ်ခုတ်ရန် နေရာရွေးလေသည်.။

လင်ကွန်းသည် ယှဉ်ပြိုင်ပွဲ အတွက် ဓါးခုတ်လေ့ကျင့်ရန် စစ်ဗိုလ်ကြီး တစ်ယောက်ထံမှာ နေ့စဉ် သွားရောက်လေ့ကျင့်နေလေသည်.။ ဒီလိုနဲ့ ပြိုင်ပွဲ အချိန်ကျ၍ သူတို့ နှစ်ဦး ဓါးချင်းယှဉ်ခုတ်ရန် ကမ်းခြေသို့ လာရောက်ကြသော အခါမှ နှစ်ဖက်သော သူငယ်ချင်းများက သူတို့ကို ဝိုင်း၍ တားဆီးကြသဖြင့် သူတို့၏ သူသေ ကိုယ်သေ ဓါးချင်းယှဉ်ခုတ်ပွဲကြီးမှာ ပြီးဆုံးသွားလေတော့သည်.။

ထိုနောက်မှာတော့ လင်ကွန်းသည် သူများကို မခံချင်အောင် စနောက် တတ်သော စိတ်ဓါတ်များကို သူ၏ အသက်နှင့် ရင်းထားရသော အတွေ့အကြုံနှင့် သတိထားက ဖျောက်ပစ်လိုက်လေတော့သည်.။

အေဗရာဟမ် လင်ကွန်းက ပြောခဲ့လေသည်..။ အမှားဆိုတာတော့ ကျူးလွန် မိကြတာပေါ့ဗျာ.။ ဒါပေမဲ့ ဒီအမှားကနေ သင်ခန်းစာ ယူတတ်ဖို့နဲ့ ကိုယ်မှားနေတာကို မှားနေပါတယ်. ၊ မှားနေမိပါတယ် ဆိုပြီး ဝန်ခံတတ်မှု နှင့် တောင်းပန်တတ်ဖို့ကလည်း အရေးကြီးတယ်ဗျာ..။

World Masterpiece စာအုပ်ထဲကပါ.။

တကယ်တော့ဗျာ..။

ကျွန်တော်တို့ အားလုံးဟာ အမှားကို ကျူးလွန် မိတတ်ကြတဲ့ လူတွေချည်း ပါပဲ.။ ဒါပေမဲ့ ...ပြင်လို့ရတဲ့ အမှား ၊ ပြင်လို့မရတဲ့ အမှား.၊ အမှားသေးသေး နဲ့ အမှားကြီးကြီး ဒါတွေပဲ ကွာပါလိမ့်မယ်.။ ပြီးတော့ လူပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ကျွန်တော်တို့အတွက် သူငယ်ချင်း အပေါင်းအသင်းဆိုတာတွေကို ကျွန်တော် တို့ စမိ ၊ နောက်မိ တတ်ကြပါတယ်.။ သူငယ်ချင်းကို ခင်လို့ စမိ နောက်မိ ပေမဲ့ သူများက မခံနိုင်စရာတွေ ဖြစ်နေခဲ့ပါကလည်း သူမကျေနပ်ဘူး ဆိုတာ သိရင် ကျွန်တော်တို့ အချိန်မှီသော် လည်းကောင်း ၊ အချိန်လွန်မှသော်လည်းကောင်း တောင်းပန်တယ် ဆိုတာ ရှက်စရာမဟုတ်ပါဘူး.။

တကယ်လို့ ကိုယ့်ရဲ့ စနောက်မှုဟာ လွန်သွားတယ် ဆိုပါက မိမိက မတောင်းပန်မိပဲ တင်းခံနေပါက မိမိ ဖာသာပို သိနေသောကြောင့် ပို၍ စိတ်ထဲမှာ ကျိတ်မနိုင်ခဲမရ ဖြစ်နေတတ်ပါသည်.။ တကယ်တော့ လူတွေသည် မရိုင်းကြပါ..။ မိမိက စ၍ တောင်းပန်လိုက်သောအခါ သူကပါ သူလည်း ဘယ်လိုမှားသွားကြောင်း ပြန်လည်၍ တောင်းပန်လာတတ်ကြပါသည်.။

တောင်းပန်တယ် ဆိုတာက တစ်ခါတစ်လေ ကိုယ်က တောင်းပန်တတ်လျှင် လွန်စွာ ဂုဏ်ရှိပါသေးသည်.။ မယုံဘူးလား..။ ကျွန်တော် ဥပမာ တစ်ခု ပြပါမည်.။ ကြာတော့ ကြာပါပြီ.။ ကျွန်တော်တို့ တီဗီ ကြော်ငြာမှာ မြန်မာဆေး ထုတ်လုပ် ရောင်းချသော ပုဂ္ဂိုလ်တစ်ယောက်ပါ..။ သူက ဘယ်သူမှ မဝယ်သော သူ မြန်မာဆေးတွေကို ဒီလို ပြော၍ ပရိတ်သတ်အား တောင်းပန်သွားပါသည်.။.

“ ကျွန်တော့်ထုတ်လုပ်သော ဆေးများကို စားသုံးသူများ အလျင်မှီအောင် ကျွန်တော် မထုတ်လုပ်နိုင်သောကြောင့် စားသုံးသူ မိဘမိတ်ဆွေများကို လွန်စွာအားနာစွာဖြင့် ကျွန်တော် တောင်းပန်အပ်ပါသည်.။ နောက်နောင်များမှာ စာသုံးသူ မိဘမိတ်ဆွေများ အလျင်မှီအောင် ကျွန်တော် ကြိုးစား ထုတ်လုပ်သွားပါမည် ခင်ဗျား..။ ”

တဲ့လေ.။ မသိရင်ပဲ သူဆေးက အရမ်းရောင်းကောင်းနေလို့ အလျင်မမှီတာ ကျနေတာပဲလေ.။ ဒီလိုပါပဲ..ကိုယ်က မှားနေတယ် ထင်ရင် ပြတ်ပြတ်သားသားသာ ဝန်ချတောင်းပန်လိုက်စမ်းပါဗျာ.။ မမှားဆိုတာ လူတိုင်းမှာ မကင်းပါဘူး.။ မမှားကို ရင်ထဲမှာ ပွေ့ပိုက်ထားလို့သာ ရင်ထဲမှာ ပူလောင်ကြီးမားလာရမှာပါ.။


ကိုဇော် ခံစားပုံဖော်သည်.။


http://zaw357.multiply.com/journal/item/687 မှာ 13.10.2009 က ရေးထားတာပါ။

.

Share/Bookmark

0 နံပါတ် တစ် ဆိုတာပဲ သိသူ တစ်ယောက် အကြောင်း


လူငယ်လေး တစ်ယောက် ဖြစ်လာတဲ့ သူ့ကို ငယ်ငယ်ကတည်းက စကားလေး တစ်ခွန်းကိုပဲ သူထပ်ခါထပ်ခါ ကြားဖူးနေပါတယ်.။ သူ့ကို သူ့မေမေကလည်း ဘာမှရယ် မယ်မယ်ရရ ပြောဆို ဆုံးမစရာ မလိုခဲ့ပါ..။ သူ့ကို မေမေ ပြောဆို ဆုံးမတဲ့ စကားလေး တစ်ခွန်းကလည်း အလွန် ရိုးရှင်းပါတယ်.။

“ သား..။ ဘာပဲ လုပ်လုပ် နံပါတ် တစ် ပဲ ဖြစ်ပစေ ..။ ”

တဲ့လေ.။ သူကလည်း ဒီစကားလေးကိုပဲ အမြဲကြားယောင်နေမိပါတယ်.။ ဒီစကားလေးကိုပဲ အမြဲကြားယောင်ပြီး သူ ကြိုးစားနေခဲ့တယ်.။ ဒါနဲ့ပဲ...

သူ အတန်းတိုင်းမှာ နံပါတ်တစ် ( အဆင့် တစ် ) နဲ့ အောင်မြင် လာခဲ့တယ်.။
သူ ဝင်ပြိုင်သော နေရာတိုင်းမှာ သူ ဗိုလ်စွဲနိုင်ခဲ့တယ်.။

သူ ဆရာဝန် ဖြစ်လာခဲ့တယ်.။
သူ အဆိုတော် ဖြစ်လာခဲ့တယ်.။
သူ ပန်းချီဆရာ ဖြစ်လာခဲ့တယ်.။

သူ ကဗျာဆရာ ဖြစ်လာခဲ့တယ်.။
သူ ဒီဇိုင်းနာ တစ်ယောက် ဖြစ်လာခဲ့တယ်.။

သူ ဒါရိုက်တာ တစ်ယောက် ဖြစ်လာခဲ့တယ်.။

သူ စာရေးဆရာ ဖြစ်လာခဲ့တယ်.။
သူ ထုတ်လုပ်သူ ဖြစ်လာခဲ့တယ်.။
နောက်....
သူ ပေါင်းများစွာ ဖြစ်လာခဲ့ပါတယ်.။


အခု ကျွန်တော် ရေးပြနေသူဟာ နိုင်ငံရပ်ခြားမှ သူ တစ်ယောက် မဟုတ်ပါ.။ မြန်မာနိုင်ငံထဲကပဲ လူတစ်ယောက်ပါ.။ သူကတော့ “ ကိုနေမျိုးဆေး ” ပါပဲ.။ သူက စကားတစ်ခွန်းထဲနဲ့ သူကို အောင်မြင်စေခဲ့တာ ကို ပြောပါ ဆိုတုန်းက ဒီလို ပြောသွားဖူးပါတယ်.။

“ ကျွန်တော့်ကို အောင်မြင်စေခဲ့တာကတော့ ကျွန်တော် အမေပြောခဲ့တဲ့ ဘာလုပ်လုပ် နံပါတ် တစ် ပဲ ဖြစ်ပါစေ ဆိုတဲ့ စကားလေးပါပဲ..။ ” တဲ့.။

မှတ်ချက်။ ။ ကျွန်တော် အခု ကိုနေမျိုးဆေးကို ခွင့်တောင်းပြီး ရေးခြင်းမဟုတ်ပါ.။ ကိုနေမျိုးဆေး ဖတ်မိလို့ ဖျက်စေချင်ရင် ကျွန်တော် ဖျက်ပါ့မယ် ခင်ဗျား.။


ကိုဇော် ခံစားပုံဖော်သည်.။



http://zaw357.multiply.com/journal/item/685 မှာ 12.10.2009 က ရေးထားတာပါ။

.

Share/Bookmark

2 လူမှု ဆက်ဆံရေး ၂ မျိုး




လူမှု ဆက်ဆံရေးမှာ ပုံစံ ၂ မျိုးရှိပါတယ် လို့ ကျွန်တော် ထင်မြင် ယူဆမိပါသည်။ ထိုအယူအဆလေးကို မတင်ပြမှီ အဖြစ်အပျက်လေး တစ်ခုကို ကျွန်တော် အရင် ပြောပြပါမည်..။

တစ်နေ့...

ကျွန်တော့်သူငယ်ချင်း နဲ့ ကျွန်တော် မြို့ထဲက ပြန်လာရင်း ရပ်ကွက် ထိပ်နားက ဂျာနယ် ရောင်းသော ဆိုင်လေး တစ်ဆိုင်ရှေ့သို့ အရောက် ကျွန်တော့်သူငယ်ချင်းက ခဏလေးကွာ ငါ ဂျာနယ် ဝယ်လိုက်ဦးမယ် ဆိုပြီး ဂျာနယ် ဆိုင်ရှေ့မှာ ခဏရပ်ပြီး ဘာဝယ်ရင် ကောင်းမလဲလို့ သူ ကြည့်နေတာ ကျွန်တော်လည်း တွေ့နေပါတယ်.။ ဒါပေမဲ့ ဂျာနယ် ရောင်းသော ဦးလေးကြီးရဲ့ မျက်နှာထားကို ကျွန်တော် မကြိုက်ပါ.။ ကိုယ်ဆီကို ဈေးလာဝယ်သူကို သူကြည့်နေသော အကြည့်က ဘာခိုးမလို့လဲ ဆိုသော အကြည့်မျိုး..။

နောက်တော့ ကျွန်တော့်သူငယ်ချင်းက ဂျာနယ် တစ်စောင်ဝယ်ပြီးတော့ ဂျာနယ် ဖိုး သူလက်ထဲကို ပေးတယ်.။ ဒါကို သူက ပြန်အမ်းငွေ ကို သူငယ်ချင်း လက်ထဲတောင်မှ ပြန်မထည့်ပဲ အောက်က ဂျာနယ်တွေပေါ်ကို ချပေးတယ်.။ ဒါကို ကျွန်တော့် သူငယ်ချင်းက ဘာမှ မဖြစ်သလို ကောက်ယူလိုက်ပြီး “ ကျေးဇူးပါပဲ ..။ ” လို့ ပြောပြီး ထွက်လာတယ်.။

လမ်းမှာ ကျနော်က ခုန ကိစ္စနဲ့ ပတ်သတ်ပြီး သူ့ကို....

“ ဒီလူက ဘယ်လိုကြီးလဲ ကွ..။ ”

  “ ဟုတ်တယ် ..ဒီလူက ဒီလိုပဲ ပေါင်းရတာတော့ ခက်တယ်.။ ” 

“ ဒါကိုများကွာ..မင်းက ကျေးဇူးတင်ပါတယ်တွေ ၊ ဘာတွေ လုပ်နေသေးတယ်.။”

“ ဟ..ဒါတော့ မဟုတ်သေးဘူးလေကွာ.။ သူ့ဖာသာ ဘယ်လိုပုံစံ ဖြစ်ဖြစ်ပေါ့.။ ကိုယ်ကတော့ ကိုယ့်ပုံစံဆိုတာ ရှိနေရမှာပဲလေ.။ သူက ကိုယ့်ကို ဒီလို ဆက်ဆံလို့ ကိုယ်ကလည်း သု့လို ဆက်ဆံမယ် ဆိုရင် ကိုယ့်မှာ ကိုယ့်ပုံစံဆိုတာ ဘယ်ရှိတော့မလဲ သူငယ်ချင်း.။ ”
 

ဒါဟာ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ရဲ့ လူမှုဆက်ဆံရေးလို့ ပြောလို့ရသလို သူ့ရဲ့ စိတ်ဓါတ်လို့လည်း ပြောလို့ ရပါတယ်.။

ဒါလေးကို ကျွန်တော် ထပ်ပြီး စပ်ဆက် စဉ်းစားမိတယ်.။ ဟုတ်တယ်ဗျာ.။ လူတွေမှာ လှုမှုပေါင်းသင်းဆက်ဆံတဲ့ ပုံစံ နှစ်မျိုး ရှိပါတယ်.။

၁။ မှန် နှင့်တူသော လှုမှုဆက်ဆံရေး
၂။ ကျောက်ရုပ် နှင့်တူသော လှုမှုဆက်ဆံရေး



၁။ မှန် နှင့်တူသော လှုမှုဆက်ဆံရေး
 

ဒီဆက်ဆံရေးကတော့ လူတိုင်းလောက်မှာ နီးနီး တွေ့နိုင်ကြပါတယ်.။ ငါ့ကို ဘယ်လို လာဆက်ဆံရင် ငါကလည်း ဘယ်လို ပြန်ဆက်ဆံလိုက်မယ် ဆိုတာတွေ ကတော့ ပိုများပါတယ်..။ သူတို့ ပြောတတ်ကြတယ်လေ...ငါတို့ကတော့ မှန်လို ကျင့်တယ် ဆိုပြီးတော့.။ သူများက ကိုယ့်ကို စိတ်ဆိုးအောင်လုပ်ရင် လိုက်ပြီး စိတ်ဆိုးတတ်တယ်..။ သူများက ကိုယ့်အကြိုက် မြှောက်ပြောရင် ကျေနပ်ပြီး ပြုံးနေတတ်ကြတယ်.။ 
၂။ ကျောက်ရုပ် နှင့်တူသော လှုမှုဆက်ဆံရေး
 

ဒီလို လူတွေကတော့ တကယ်ရှားပါတယ်.။ ကျွန်တော့် သူငယ်ချင်းလိုမျိုး လူုပေါ့ဗျာ.။ တစ်ဖက်သားက ကိုယ့်ကို ဘယ်လို ရင်ဆိုင် ဆက်ဆံနေပါစေ..။ ကိုယ်ကတော့ ကိုယ့်လှုမှုဆက်ဆံရေး ကိုယ်ပိုင် ပုံစံနဲ့ပဲ ဆက်ဆံတတ်ကြပါတယ်.။ သူများက ရိုင်းလို့ ကိုယ်က လိုက်ရိုင်းနေမယ် ဆိုတာမျိုး သူတို့မှာ မရှိကြပါဘူး.။ ကိုယ်ကတော့ ကိုယ့်ရဲ့ တည်ငြိမ်သော လှုမှုဆက်ဆံရေးနဲ့သာ ဆက်ဆံတတ်ကြပါတယ်.။ ကျောက်ရုပ်တွေလိုပေါ့ဗျာ.။ ဘယ်သူဘာပြောပြော သူတို့ မျက်နှာ ပျက်ခြင်း ၊ ဆက်ဆံရေး ပြောင်းလဲ သွားခြင်း မရှိပါဘူး..။

တကယ်တော့ လူတွေ အားလုံးက မှန်လိုပဲ ကျင့်တတ်ကြပါတယ်.။ သူပြုံးရင် ကိုယ်ပြုံးမယ် ..။ သူမဲ့ရင် ကိုယ်လည်း မဲ့မယ်.။ သူဆဲရင် ကိုယ်ဆဲမယ် ဆိုတာ မျိုးတွေပေါ့ဗျာ.။ ဒါကတော့ လွယ်ပါတယ်.။ ကျောက်ရုပ်လိုမျိုး ဘယ်သူက ဘာပြောပြော ဘယ်လို ဆက်ဆံဆက်ဆံ ကိုယ်ကတော့ ကိုယ်ပိုင် ဆက်ဆံရေး ဆိုတာကတော့ မလွယ်ပါဘူး.။ ဟုတ်ပါတယ်လေ.။ အမှန်တရားတွေရဲ့ ထုံးစံ အတိုင်းပါပဲ..ကောင်းမွန် သင့်တော်တယ် ဆိုတာတွေက လိုက်လုပ်ဖို့ ခက်နေပါလိမ့်မယ်.။

ကိုဇော် ခံစားပုံဖော်သည်.။


http://zaw357.multiply.com/journal/item/684 မှာ 11.10.2009 ကရေးထားတာပါ။

.
Share/Bookmark

23 February 2010

5 အပြုံးများ ( ၄ )


“ အရမ်းကျေးဇူးတင်တယ်ဗျာ။ ခင်ဗျားလို ကားမောင်း ကျွမ်းကျင်မှု မျိုးကတော့ ရှာမှ ရှားပဲ။ ”

ကျွန်တော်တို့ စီးလာတဲ့ တတ်စ်စီ ကားသမားကို ယာဉ်စီးခပေးပြီးတော့ ကျွန်တော့်သူငယ်ချင်းက ဒီလို ကြောင်တောင်တောင် သွားပြောတယ်။ ဒီတော့ ကားသမားက သူ့ကို မျက်လုံးလှန်ကြည့်ပြီး . .

“ ခင်ဗျား နောက်တာလားဗျ။ ”

ဒီတော့ ကျွန်တော့်သူငယ်ချင်း မျက်နှာက ပကတိရိုးစင်းစွာ ငြိမ်သက်လျက် . .

“ မနောက်ပါဘူးဗျာ။ ဒီလို လမ်းတွေကြပ် ၊ ကားတွေ ပိတ်နေတဲ့ ကြားထဲမှာ ခင်ဗျားလို ကျွမ်းကျင်မှုမျိုး မရှိပဲ ဒီလို ချောချောချူချူ မောင်းလာနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ခင်ဗျားကို လေးစားလို့ ပြောတာပါ။ ”

သူက ဒီလို ပြောပြတော့မှ ကားသမားက စိတ်ကြည်လင်သွားသလိုနဲ့ . . ကျေးဇူးဗျာ လို့ ပြောရင်း ပြုံးပြီး မောင်းထွက်သွားတယ်။ ဒီတော့မှ. . .

“ မင်းကလည်းကွာ။ သူ့ကား ကိုယ်ငှားစီးတာပဲ။ ဘာတွေ လျှောက်ပြောနေတာလဲ။ ပြောဖို့ လိုလို့လား။ သူ့ကားကိုယ်စီး ပြီးပြီပေါ့။ ကြောင်တောင်တောင် သွားပြောတော့ အခုလို အပြောခံရတာ နည်းသေး။ ”

ကျွန်တော် ဒီလို ပြောလိုက်တာတောင်မှ သူက ဘာမှ မဖြစ်သလို အေးဆေး ပြုံးပြီး . .

“ ဒီလို ရှိတယ် သူငယ်ချင်း ၊ လောကကြီးမှာ လူတွေ အားလုံး ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေ အတွက် လုံးပန်းနေရတာ ၊ ဒီအတွက် သူတို့မှာ စိတ်တွေ မရွှင်လန်းကြဘူး။ ဒါကြောင့် ကမ္ဘာမြေရဲ့ တစ်နေရာမှာ ငါနဲ့ ခဏလေး တွေ့လိုက်ရတဲ့ အချိန်လေးမှာ သူတို့ကို စိတ်လက် ကြည်လင်မှု ပေးချင်တယ်။

သူတို့ ငါ့အပေါ် ဘယ်လို ဆက်ဆံ ဆက်ဆံ ငါ ဘယ်လိုမှ သဘောမထားဘူး။ ငါ့ပြောတာ တကယ်ကို စိတ်ရင်းထဲက ပြောတယ် ဆိုတာ သူတို့ သိသွားဖို့ပဲ လိုတယ်။ ဒါဆို သူတို့ စိတ်ထဲမှာ ရွှင်လန်းမှုလေး ဖြစ်သွားမှာပဲ။ ဒီလို စိတ်ကြည်မှုလေးက သူတို့နဲ့ နောက်ထပ် တွေ့ရမဲ့ သူအပေါ် အကျိုးသက်ရောက်မယ်ကွာ။

ဒီကနေမှ တဆင့် နောက်ထပ် လူတွေ လူတွေ အတွက် စိတ်ကြည်လင် အပြုံးလေးတွေ လက်ဆင့်ကမ်းနိုင်တာပေါ့ကွာ။ ဒီိလို အပြုံးလေးတွေ တစ်ကမ္ဘာလုံးမှာ ဖြစ်အောင်တော့ ငါလည်း မတတ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ငါနဲ့ တွေ့နေရတဲ့ လူအပေါ်မှာတော့ ငါက လုပ်ပေးလို့ ရပါသေးတယ်။ ဒီကနေ တဆင့်ပျံ့နှံ့သွားပါစေ။ ဒီအတွက် ငါ့မှာလည်း ဘာမှ မဆုတ်ယုတ်သွားပါဘူး။ ”

သူငယ်ချင်းက ဒီလို ပြောပြီး သူ့ဖာသာ ဆေးအေးပြောတယ်။ ခဏနေတော့ ကော်ဖီဆိုင် ဝင်တော့ ကော်ဖီလာချပေးတဲ့ စားပွဲထိုးမလေးတွေကို . . .

“ အရမ်းကောင်းပြီး သပ်ရပ်တဲ့ အပြင်အဆင်နဲ့ အလှပဂေးတွေ ဝန်ဆောင်မှု ပေးနေတာပါလားဗျ။ ”

လို့ စားပွဲထိုးမလေးကို လှမ်းပြောတယ်။ စားပွဲထိုးမလေးက ရှက်ဝါးဝါးလေး ဖြစ်သွားပြီး နောက်မှ ပြုံးပြီး. . .

“ ကျေးဇူးတင်ပါတယ်ရှင် ။ ”

လို့ ပြောလာတယ်။ နောက်တော့ သူတို့ အရောင်းကောင်တာဆီကို ပြန်သွားရင်း သူတို့ဖာသာ တီးတိုးပြောလိုက် ၊ ကျွန်တော်တို့ စားပွဲကို ကြည့်လိုက်နဲ့ အပြုံးများဝေဆာ နေလေတော့သည်။ ပြီးတော့ တခြား Customer တွေအပေါ်မှာလည်း အပြုံးနဲ့ သွက်လက်စွာ ဝန်ဆောင်ပေးနေခဲ့တယ်။

ကော်ဖီဆိုင်ကနေ အပြင်ကို ထွက်လာတော့ ကျွန်တော်က . . .

“ မင်း လုပ်နေတာတွေကလည်းကွာ ၊ ကြောင်တောင်တောင်တော့ နိုင်တယ်။ ”

“ အေးလေ ၊ ဘာဖြစ်လဲ ငါ ဘယ်လောက် ကြောင်တောင်တောင် နိုင်နိုင် တစ်ဖက်သား အတွက်တော့ အကျိုးရှိတာပဲ မဟုတ်လား။ ”

“ အေးလေ...ဒါတော့ ..ဟုတ်....၊ ဟင်..မင်း...မင်း...။ ”

ကျွန်တော် သူ့ကို အံ့သြတကြီး လှမ်းကြည့်ပြီး စကားတွေ ဆွံအသွားတယ်။

“ ဘာလဲကွ ။ ဘာဖြစ်တာလဲ။ ”

“ မင်း ခုနက ရုပ်ဆိုးဆိုးနဲ့ မိန်းမတစ်ယောက်ကို ပြုံးပြီး မျက်စိ မှိတ်ပြလိုက်တယ် မဟုတ်လား။ မင်းကွာ. . ။ ”

“ အေးလေ ဟုတ်တယ်။ အဲဒါ ဘာဖြစ်လဲ။ လူတွေက ရုပ်ဆိုးရင် သူ့မှာ သိမ်ငယ်စိတ်ရှိတယ်ကွ။ ဒီတော့ အခုလို ငါက မျက်စိမှိတ်ပြလိုက်တော့ သူ့စိတ်ထဲမှာ ငါ့လို ရုပ်ဆိုးနေတဲ့ လူကိုတောင်မှ ကြိုက်တဲ့သူ ရှိပါသေးလားလို့ စိတ်ထဲမှာ ကြည်နူးသွားမှာပေါ့။

ဒါဆို မင်းစဉ်းစားကြည့်စမ်း ။ ဒီမိန်းမနဲ့ ဒီနေ့ ဆက်သွယ်ပြီး အလုပ်လုပ်ရမဲ့ သူတွေ အားလုံး အတွက် ဒီနေ့ကတော့ နေ့ထူး နေ့မြတ်ကြီး ဖြစ်သွားပြီပေါ့ကွာ။ တကယ်လို့ ဒီမိန်းမသာ ကျောင်းဆရာမ တစ်ယောက် ဖြစ်နေမယ် ဆိုပါတော့ သူ့အတန်းက ကျောင်းသားတွေ အဖို့ ဒီနေ့က အလွန်သာယာတဲ့ နေ့တစ်နေ့ ဖြစ်လာပြီပေါ့ကွာ။ ”

ဒီလိုပြောရင်း ကျွန်တော့်သူငယ်ချင်းကတော့ သူနဲ့ ဆုံရ ကြုံရ တဲ့ လူတွေ အားလုံးကို တစ်ခုမဟုတ်တစ်ခု ရှာကြံချီးမွမ်းရင်း ၊ ပြုံးပြ နှုတ်ဆက်ရင်း ကမ္ဘာကြီးကို သာယာအောင် ဆက်လက်ဆောင်ရွက်နေပါတော့တယ်။

ဒါကြောင့် ပြောကြတာထင်ပါတယ်။

“ ကမ္ဘာလောကကြီး လှပလာစေရန် သင်၏ မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ။ ”


Source; Chicken Soup For The Soul
နှင့် တခြား အကြောင်းအရာများ စုစည်းရေးသည်။

ကိုဇော်


.
Share/Bookmark

3 ကျွန်တော် ကြောက်သော အပြုံး


တစ်ခါက. . .

ဆိုကရေတီး ဆိုသော ပညာရှိကြီးဟာ ညနေခင်းလေးမှာ အပျင်းပြေ အေးအေးဆေးဆေး လမ်းလျှောက် ထွက်လာခဲ့တယ်။ ဒီလိုနဲ့ တစ်နေရာလည်း ရောက်ရော ကလေးလေး နှစ်ယောက် ငြင်းခုန်နေတာကို သွားတွေ့သတဲ့။

ပညာရှိဆိုသူတွေကလည်း တကယ်တော့ စပ်စုသူတွေပဲ မဟုတ်လား။ ဒါကြောင့် ဆိုကရေးတီးကြီးက ဒီကောင်လေး နှစ်ယောက် ဘာတွေများ စပ်စုနေကြတာလဲ လို့ သွားပြီး စပ်စုလိုက်တယ်။

“ ဟေ့ ကလေးလေး နှစ်ယောက် ဘာတွေ ငြင်းခုန် နေကြတာလဲကွ။ ”

သူက ဒီလိုလည်း ပြောလိုက်ရော ကလေးလေး နှစ်ယောက်က သူ့ကို တွေ့သွားပြီး တစ်ယောက်က..

“ သြော်ပညာရှိကြီးလို့ လူတွေ ပြောနေကြတဲ့ မစ္စတာ ဆိုကရေးတီးကိုး။ ကျွန်တော်တို့ နှစ်ယောက် ပြဿနာ တစ်ခုကို ငြင်းနေကြတာပါဗျာ။ ဒါပေမဲ့ ဘယ်သူမှန်တယ် ဆိုတာ ဘယ်သူမှ မသိဘူး။ အခုတော့ မစ္စတာ ဆိုကရေးတီး ရောက်လာတော့ အတော်ပဲ ကျွန်တော်တို့ ပြဿနာကို ဘယ်သူမှန်တယ် ဆိုတာ ဝိုင်းရှင်းပေးဗျာ။ ”

ဒီတော့ ဆိုကရေးတီးက ခေါင်းငြိမ့်လိုက်ပြီး..

“ အိုကေ။ ကောင်းပြီ ရှင်းပေးမယ်။ မင်းတို့ ပြဿနာကို ပြောပြပေတော့။ ”

ဒီတော့ ကောင်လေး တစ်ယောက်က ပြောတယ်။

“ ဒီလိုဗျ။ သူနဲ့ ကျွန်တော်နဲ့ ငြင်းနေကြတယ။ ကျွန်တော်က ပြောတယ် နေဟာ အရှေ့ဘက်က ထွက်ခါစမှာ သိမပူဘူးဗျ။ ဒါပေမဲ့ ဝင်ခါနီးမှာ အနောက်ဘက် နေကျချိန်မှာ အရမ်းပုတယ်လေ.။ ဒါကြောင့် ကျွန်တော်က ပြောတယ် နေက ထွက်တဲ့ အချိန်ထက် ဝင်တဲ့ အချိန်မှာ ကျွန်တော်တို့နဲ့ ပိုနီးတယ် လို့။

ဒါကို သူက ပြောတယ် မဟုတ်ဘူးတဲ့။ နေက အရှေ့ဘက်က ထွက်တဲ့ အချိန်မှာ လင်းပန်းလောက် ကြီးတယ် တဲ့။ ညနေ နေဝင်တဲ့ အနောက်ဘက် လည်း ရောက်ရော ပန်းကန်ပြားလောက် အရွယ်ပဲ ရှိတော့တယ် တဲ့။ ဒါကြောင့် သူက နေက ဝင်တဲ့ အချိန်ထက် ထွက်တဲ့ အချိန်မှာ ကျွန်တော်တို့နဲ့ ပိုနီးတယ် လို့ သူက ပြောတယ်။

ဒီတော့ဗျာ..။ သူပြောတာနဲ့ ကျွန်တော် ပြောတာမှာ ဘယ်သူက ပိုမှန်လဲ.။ နေက အရှေ့က ထွက်တဲ့ အချိန်နဲ့ အနောက်က ထွက်တဲ့ အချိန် ဘယ်အချိန်မှာ ပိုပြီး ကျွန်တော်တို့နဲ့ ပိုပြီး နီးလဲဗျာ.။ မစ္စတာ ဆိုကရေးတီးက ပညာရှိကြီးဆိုတော့ ကျွန်တော်တို့ မေးတာ ဖြေနိုင်တယ် မဟုတ်လား။ ”

ဒီလိုလည်း ကလေးလေး နှစ်ယောက်က သူုတို့ပြဿနာကို ဆိုကရေးတီး ဆီကို တင်လည်း ပြပြီးရော ပြဿနာရဲ့ အဖြစ်အပျက်ကို သိသွားတဲ့ ဆိုကရေးတီးကြီးက ကလေးလေး နှစ်ယောက်ကို ဘာမှ မပြောတော့ပဲ.။ သူ့ဖာသာ သူပြုံးပြီး ကလေးလေး နှစ်ယောက် ဦးခေါင်းလေးကို ပွတ်ပြီး လှည့်ထွက်သွားသတဲ့..။

ဒီတော့ ကလေးလေးနှစ်ယောက်က....

“ ဟာ ..ကျွန်တော်တို့ မေးတာကိုလည်း ဖြေသွားဦးလေ ။ ဘာလဲ..။ ဘာလို့လဲ မဖြေနိုင်လို့လား.။ တကယ်တော့ လူတွေက မစ္စတာ ဆိုကရေးတီး ကို ပညာရှိကြီးဆို အခုတော့ ကျွန်တော်တို့ မေးတာတောင်မှ မဖြေနိုင်ပါလား...။ ”

လို့ လှမ်းအော်ပြောသတဲ့။ ဒါပေမဲ့ ဆိုကရေးတီးကတော့ ကလေးတွေကို ဘာမှ ပြန်မပြောတော့ပဲ။ သူ့ဖာသာ ပြုံးပြီး ထွက်သွားပါတယ် ဆိုပဲ။

အဖြစ်အပျက်လေးကတော့ ဒါပါပဲ။

ဒီအဖြစ်အပျက်လေးကို ကျွန်တော် အရမ်း ကြိုက်ပါတယ်။ ဒီ အဖြစ်အပျက်လေးကို ဖတ်ပြီးတော့ ကျွန်တော် အရာရာမှာ ပြောတာ ဆိုတာမှာ သတိထားပါတယ်။ တကယ်လို့ပေါ့ ၊ ကျွန်တော့်ထက် ပညာရှိသူ ၊ အသက်အရွယ် ကြီးရင့်သူ တစ်ယောက်ယောက် ရှေ့မှာ ကျွန်တော်က လူတတ်ကြီး လုပ်ပြီး မဟုတ်တာ သွားပြောမိမှာ စိုးလို့ပါ။

ဒီလို အချိန်ဆိုရင် ကျွန်တော်နဲ့ စကားပြောနေသူဟာ ကျွန်တော့်ကို ဘာမှ ပြန်မပြောပဲ . . .

“ သြော်...မသိ ၊ နားမလည်သေးသူ တစ်ယောက်ပါလား။ အတွေ့အကြုံအရမ်းနည်းသေးသူ တစ်ယောက်ပါလား ” ဆိုပြီး ကျွန်တော့်ကို ပြုံးကြည့်သွားမှာ ကျွန်တော် အရမ်း ကြောက်မိပါတယ်။

ဒါကြောင့် ဘယ်အရာမှာ မဆို ကျွန်တော် ကိုယ့်ကိုယ်ကိုယ် လူတတ်ကြီး ၊ လူသိကြီးဆိုပြီး လုပ်ပြီး ပြောလေ့ မရှိပါဘူး။ ကိုယ့်ထက် ကြီးသူများရဲ့ အတွေ့အကြုံ ၊ ဗဟုသုတ များကိုလည်း ကျွန်တော် အကြံဥာဏ် ယူပါတယ်။

တကယ်လို့ ကိုယ်က လူတတ်ကြီး လုပ်ပြီး ပြောနေတဲ့ ကိစ္စတစ်ခုဟာ မှားနေတာကြီးဆိုရင် တတ်သိ နားလည်သူတွေကတော့ ဘာမှ မပြောပဲ ပြုံးပြီး ကြည့်သွားကြပါလိမ့်မယ်.။ ဒီလို ပြုံးကြည့်ပြီး ဘာမှ မပြောတာကို ငါ့ကိုယ်ငါ တတ်လှပြီ လို့ ထင်နေတဲ့ သူကတော့ .................

ကျွန်တော်ထင်တယ်ဗျာ..။


“ အရမ်းသနားဖို့ ကောင်းနေပါလိမ့်မယ်။ ”


မှတ်ချက် ။ ။ တစ်ဦးသော သူအား ရည်ရွယ်၍ ရေးသားပါသည်ဟု ပွင့်လင်းစွာ ဝန်ခံပါသည်။


ကိုဇော် ခံစားပုံဖော်သည်။



http://zaw357.multiply.com/journal/item/683 မှာ 11.10.2009 ကရေးထားတာပါ။

.

Share/Bookmark

2 ပျော်ရွှင်စွာဖြင့် ဘဝနေနည်း


ကျွန်တော် Online ပေါ်မှာ ညီမလေး တစ်ယောက်နဲ့ ခင်ခဲ့ပါတယ်.။ Gtalk ကနေ Chatting ကြောင့် ခင်တာ မဟုတ်ပါ.။ ဆိုက်လေးတစ်ခုခုကို အတူတူ ဝိုင်းပြီး ကြိုးစားရင်း ခင်လာကြတာပါ.။

ဒီညီမလေးမှာ ထူးခြားသော အချက်လေး တစ်ခု ရှိတယ်.။ သူရေးတဲ့ စာ ၊ သူရေးတဲ့ Comment လေးတွေပါ.။ သူရဲ့ ဆွေးနွေးချက်တွေ ၊ သူရဲ့ ဝေဖန်အကြံပေးချက်တွေက အရမ်းကောင်းပေမဲ့ သူစာတွေ ဖတ်ရသူက စိတ်လွတ်လပ် ပေါ့ပါးစေတယ်.။ သူကလည်း ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ရေးတတ်တယ်.။ ဟာသလေးတွေ ဖောက်ပြီး ရေးတတ်တယ်.။


ဒါနဲ့ တစ်နေ့ သူနဲ့ Gtalk မှာ Chat မိတော့ သူက ပြောတယ်.။

“ ပေါတယ်လို့ပဲ ထင်ထင် ၊ ပေါတယ်လို့ပဲ ပြောပြော အကိုရေ.။ ဒီလိုပဲ ပျော်ပျော်ရွှင်ရွှင် နောက်နောက်ပြောင်ပြောင်ပဲ နေချင်တယ်.။ ဘဝဆိုတာ အားလုံးက အလွယ်ဖြတ်သန်းနေကြရတာ မှ မဟုတ်တာ အကိုရာ.။ ကိုယ်ပြောလိုက်တဲ့ စကားအတွက် သူတို့စိတ်ထဲ ပျော်ရွှင် ကြည်နူးရတယ်.။ သူတို့ စိတ်ထွက်ပေါက်ရသွားတယ်.။ ရယ်သွားတယ် ။ ပြုံးသွားတယ်.။ ဒါဆိုရင် ကိုယ်လည်း ကြည်နူးဝမ်းသာ ပျော်ရွှင်ရတာပါပဲ အကိုရာ.။

ဒါကြောင့်မို့ ညီမကတော့ ပျော်ပျော်ပဲ သူတို့ကို Comment ပေးတယ်..။ ဆွေးနွေးတယ်.။ သူတို့ကိုလည်း ပျော်ရွှင်စေသလို ကိုယ်လည်း ပျော်ရတာပါပဲ အကိုရာ.။ ”


တဲ့..။ ဒါဟာ တကယ် ပေါ့ပျက်ပျက် မဟုတ်ပါ.။ တကယ်ကို ဘဝမှာ သင့်တော်သော ဘဝနေနည်းလေး တစ်ခုပါပဲ.။
  • တချို့တွေက လူအထင်ကြီးအောင် ကိန်းကြီးခန်းကြီး နေပြတယ်.။
  • တချို့ကကျတော့ လူအထင်ကြီးအောင် စကားလုံးတွေ နဲ့ ကိုယ့်ကိုယ်ကိုယ် ကြိုတင် ကာကွယ်တယ်.။
  • တချို့က ကျတော့ လူတွေကို သူတို့ကို ပြန်မပြောနိုင်အောင် တစ်ခါတည်း ပိတ်ပြောတယ်.။
  • ဒီလိုပါပဲ...တချို့......တချို့ပေါင်း များစွာ ပေါ့လေ..။

ကိုယ့်ကြောင့် လူတစ်ယောက် စိတ်ထဲမှာ အခန့်မသင့်ဖြစ်ရတယ် ဆိုရင် ကိုယ်လည်း ဒီလူ ဒီလို ဖြစ်သွားရမှာ ဆိုတာ သိနေတာပါပဲ.။ ဒါဆိုရင် ကိုယ့်စိတ်ထဲမှာလည်း ဘယ်တော့မှ အေးချမ်းစွာ နေရမှာ မဟုတ်ပါ.။ သူများစိတ်ထဲမှာ ပျော်ရွှင် အေးချမ်းနေရင် ကိုယ့်စိတ်ထဲမှာလည်း ပျော်ရွှင် အေးချမ်းနေမှာပါပဲ..။


တကယ်တော့ Online မှာ ခင်လာရတယ် ဆိုတဲ့ ညီမလေးဟာ ပေါ့သေးသေး လူတစ်ယောက်တော့ မဟုတ်ပါ..။ ၆ နှစ်မှ တစ်ကြိမ် ကိုရီးယားကို ပညာတော်သင်လွှတ်တဲ့ လေကြောင်းလိုင်းနဲ့ ပတ်သတ်သော အင်္ဂျင်နီယာ တစ်ယောက်ပါ.။ ၆ နှစ်မှာမှ လူပေါင်း ၅ ယောက်ပဲ ရွေးပြီး ပညာတော်သင် စေလွှတ်ခြင်း ခံရတာပါ.။ ဒီအထဲမှာ ဒီညီမလေးရယ်.။ သူ့ရဲ့ ချစ်သူ ကောင်လေးရော ၂ ယောက်လုံး အတူတူ ပညာတော်သင် အရွေးခံရပါတယ်.။


တကယ်တော်ကြပေမဲ့ သူတို့မှာ မာန်တွေ မရှိသလို ၊ သူများကို ပျော်စေချင်သလို သူများပျော်တဲ့ အပျော်နဲ့ပဲ သူတို့လည်း ဒီအပျော်က ပီတိကို စားကြပါတယ်.။

မကောင်းဘူးလားဗျာ..။
ဒါဆိုရင် ကျွန်တော်တို့ ဘဝလေးတွေရဲ့ နေ့ရက်တိုင်းမှာ လှပနေမှာပေါ့ဗျာ.။


ကိုဇော် ခံစားပုံဖော်သည်..။


http://zaw357.multiply.com/journal/item/681 မှာ 10.10.2009 က ရေးထားတာပါ။


.

Share/Bookmark

22 February 2010

5 အထက်ပိုင်းမှာ သာသာယာယာ ရှိပါသည် (၂)




“ မြေးရေ..။ ”

“ ဗျာ.။ ”

“ အခုအထိလည်း ဖုန်းက ပြန်မကောင်းသေးဘူးကွယ်။ အဖွားတို့ နောက်တစ်ခါ အိမ်ရှေ့အိမ်ကနေ တယ်လီဖုန်းဌာနကို ဖုန်းထပ်ဆက်ပြီး အကြောင်းကြားဦးမှပဲ။ ”

“ ဟုတ်ကဲ့..သွားမယ်လေ အဖွား။ ”

အဖွားက ဒူးကလည်း မကောင်းပါ။ နှလုံးရောဂါကလည်း ရှိတယ်။ ဒါပေမဲ့ အိမ်မှာ ဖေဖေ ၊ မေမေ အလုပ်သွားရင် အဖွားအဖို့ ကျွန်တော်ပဲ အဖော်ရှိတယ်။ ကျွန်တော်ပါ ကျောင်းတတ်နေတယ် ဆိုရင်တော့ အဖွားက အထီးကျန်နေတတ်တယ်။ ဒီအချိန်ဆိုရင် အဖွားအတွက် အဖော်က သူငယ်ချင်းများနဲ့ သူတို့နှစ်သက်ရာ ပြောလို့ ရတဲ့ တယ်လီဖုန်းလေး။

အခုတော့ တယ်လီဖုန်းလေး ပျက်နေတာ ၃ ရက်မြောက်ပြီ။ အဖွားခဗျာ သူ့သူငယ်ချင်းတွေနဲ့လည်း စကားမပြောရ ။ ဒီတော့ သူ့မှာ နေမထိ ထိုင်မသာ။ တယ်လီဖုန်း ပျက်တယ် ဆိုကတည်းက အိမ်ရှေ့အိမ်က ဖုန်းဆီကို သွားပြီး တယ်လီဖုန်းဌာနကို အိမ်က ဖုန်းက ပျက်နေတယ်လို့ အကြောင်းကြားတယ်။

ဒီတော့ တယ်လီဖုန်းဌာနက တာဝန်ကျတွေကလည်း “ ဟုတ်ကဲ့ လာခဲ့ပါ့မယ် ” ဆိုပြီး အဖွားကို နှစ်သိမ့်တယ်။ သူတို့ တကယ်လာမယ် ထင်လို့ အဖွားမှာ တမျှော်မျှော်နဲ့။ တစ်နေ့လည်း ပေါ်မလာ ၊ နောက်တစ်နေ့လည်း ပေါ်မလာ။ နှစ်ရက်မြောက် ညနေကျတော့ အဖွားရဲ့ ပျင်းရိမှုဒဏ်ကို သူ့ဖာသာသူလည်း မခံနိုင်တော့။ နောက်တစ်ကြိမ်ထပ်ဆက်တယ်။

အခုတော့ တတိယရက်မြောက်မှာ တတိယအကြိမ်မြောက် ကျွန်တော်နဲ့ အိမ်ရှေ့အိမ်မှာ ထပ်သွားဆက်တာ။ ထုံးစံအတိုင်းပါပဲ ကျွန်တော်တို့ လာခဲ့ပါ့မယ် ဆိုတာနဲ့ပဲ အဖွားကို နှစ်သိမ့်တယ်။ ဒီအဖွားလည်း သူတို့ကို မျှော်ရင်း ညနေသာ စောင်းသွားတယ် ပေါ်မလာ။ ရက်တစ်ရက်ကူးပြောင်းမှု နဲ့ အတူ အဖွားရဲ့ ပျင်းခြောက်မှုတွေလည်း ရှည်လျားလာတယ်။

“ မနက်ကျရင်တော့ တယ်လီဖုန်း ဌာနကို လိုက်သွားမယ် ငါ့မြေးရယ်။ ”

ကိုယ့်ဖာသာကိုယ် ရေရွတ်သလိုလို ၊ ကျွန်တော့်ကိုပဲ အဖော်ညှိသလိုနဲ့ အဖွား စကားဆိုတယ်။ မနက်မိုးလင်းတော့ စားသောက်ပြီး. .

“ မြေးရေ ၊ အဖွားတို့ တယ်လီဖုန်းရုံးကို သွားကြရအောင်ကွယ်။ နေမြင့်လာရင် မကောင်းဘူး။ အဖွား မောတယ်။ ”

ကျွန်တော့်နဲ့ အဖွား ရုံးထဲ လျှောက်ဝင်လာတော့ ၉ နာရီ ကျော်ကျော်မျှသာ။ ၂၄ နာရီဖွင့်ထားရတဲ့ အရေးပေါ်ရုံးကလည်း ပွင့်လျက်။ မန်နေဂျာ ဆိုတဲ့ ရုံးခန်းကလည်း တံခါးတွေ ပွင့်နေတယ်။ မန်နေဂျာ ရောက်နေပြီ ဆိုတဲ့ သဘော။ အရေးပေါ်ဖုန်းပျက်တာဆိုတော့ အရေးပေါ်ကိုပဲ အကြောင်းကြားဖို့ အဖွားက အရေးပေါ်အခန်းကို ဝင်ခဲ့တယ်။

“ ဘာကူညီရမလဲဗျာ.။ ”

အရေးပေါ်က လူတစ်ယောက်က မေးတယ်။

“ အန်တီတို့ အိမ်က ဖုန်း မလာလို့ လာအကြောင်းကြားတာပါ။ ”

“ ဟုတ်ကဲ့။ ကျွန်တော့်ကို အန်တီ့ လိပ်စာနဲ့ ဖုန်းနံပါတ်လေး ပြောခဲ့ပါ။ ”

အဖွားက သူ့ကို လိပ်စာနဲ့ ဖုန်းနံပါတ် ပြောလိုက်တော့. သူက . .

“ ရပြီ အန်တီ။ အိမ်က စောင့်နေပါ။ ပြင်တဲ့ လူတွေ အလှည့်ရောက်ရင် ရောက်လာပါလိမ့်မယ်။ ”

“ အန်တီ ဖုန်းပျက်နေလို့ ဖုန်းဆက် အကြောင်းကြားထားတာ သုံးရက်ရှိနေပြီ ဘာမှ အကြောင်းမထူးလို့။ ”

“ ဟုတ်ကဲ့။ အခုတော့ ထပ်စောင့်ကြည့်ပါ။ လာပါလိမ့်မယ်။ ”

ဒါနဲ့ အဖွားနဲ့ ကျွန်တော် ပြန်လာခဲ့တယ်။ ဒါပေမဲ့ နောက်ထပ် နှစ်ရက်နေတဲ့ အထိလည်း လာမပြင်။ အဖွားမှာ တမျှော်မျှော်နဲ့။

“ မြေးရေ ၊ အဖွားတို့ ထပ်သွားကြရအောင်ကွယ်။ ”

ကျွန်တော်ခေါင်းငြိမ့်ပြီး ကျွန်တော်နဲ့ အဖွား တယ်လီဖုန်းဌာနကို ထွက်လာခဲ့တယ်။ ဌာနကို ရောက်တော့ ဌာနမှာ တာဝန်ကျတာက တခြားသူတစ်ယောက်၊ အရင်လူ မဟုတ်။ အဖွားက . .

“ အဒေါ့်အိမ်မှာ ဖုန်းပျက်နေတာ ၅ ရက်ရှိပြီကွယ်။ ဒီကိုလည်း အကြောင်းကြားထားတယ်။ အခု ဘာမှ လာမပြင်သေးလို့ အန်တီ ထပ်လာပြောတာ။ ”

“ ဟုတ်ကဲ့ အန်တီ ကျွန်တော်ထပ်ပြီး မှတ်တမ်းယူထားလိုက်ပါ့မယ်။ အန်တီ အိမ်ကပဲ စောင့်ပါ။ သူတို့ အားတာနဲ့ ချက်ချင်း လာပြင်ပါလိမ့်မယ်။ ”

ဒီထက်လည်း ဘယ်လိုမှ ပြောလို့မရ။ သူက အထဲကို လှည့်ထွက်သွားတယ်။ အဖွားမပြောနဲ့ ကျွန်တော် ကလေးတောင်မှ ဒေါသထွက်မိတယ်။ အဖွားလည်း သူတို့ ဆီက ထွက်လာတော့ ၊ နေပြင်းရင် ဟောဟဲ လိုက်နေတတ်တဲ့ အဖွားက မောနေပြီး ချွေးတွေကလည်း စို့နေတယ်။ ဒူးကလည်း မကောင်းတော့ ထော့နင်းနေတယ်။

အရေးပေါ် အခန်းက ထွက်တော့ ဘေးက မန်နေဂျာ ရုံးခန်းက တံခါးပွင့်နေပြီး လူတစ်ယောက် စာရွက်တွေနဲ့ အလုပ်ရှုပ်နေတာ လှမ်းမြင်ရတယ်။ ဌာန အပြင်ဘက် ထွက်ဖို့ လုပ်နေတဲ့ အဖွားခြေလှမ်းတွေ နောက်ပြန်လှည့်ပြီး မန်နေဂျာ ရုံးခန်းဘက်ကို လျှောက်လိုက်တယ်။ ပြီးတော့ ရုံးခန်းဝမှာ ရပ်လိုက်တယ်။ လူအရိပ်ကြောင့် အလုပ်လုပ်နေတဲ့ ကျွန်တော့်ဦးလေးအရွယ် တစ်ယောက်က မော့ကြည့်ပြီး. .

“ သြော်...ဘာကိစ္စလဲ အန်တီ။ အထဲ ဝင်ခဲ့လေ ရပါတယ်။ ”

ဒီလို ပြောတော့ နေမြင့်လာလို့ မောဟိုက်နေတဲ့ အဖွားက ကျွန်တော့်လက်ဆွဲရင်း ရုံးခန်းထဲ ဝင်လိုက်တယ်။ သူ့ရှေ့က ထိုင်ခုံမှာ ထိုင်လိုက်တဲ့ အထိ အသက်ကို ပြင်းပြင်းရှူနေရတဲ့ အဖွားရဲ့ လှိုက်ဖိုနေတဲ့ ရင်ဘတ်ကြီးက ဖားဖို ဆွဲနေတယ်။ လမ်းများများလျှောက်ရင် နာလာတတ်တဲ့ ဒူးကိုလည်း ကိုင်လို့ပေါ့. .

“ ပြောပါ အန်တီ။ ကျွန်တော် ဘာကူညီပေးရမလဲ။ ”

ပင်ပန်း မောပန်းနေတဲ့ အဖွားကို မန်နေဂျာဦးလေးက ကြည့်ရင်း လိုက်လျောစွာ မေးတယ်။

“ ဒီလိုပါ ငါ့တူရယ်။ အန်တီအိမ်မှာ ဖုန်းပျက်နေတာ ၅ ရက်ရှိပြီ။ ဒါကို လာပြီး အကြောင်းကြားတာပါ။ ”

“ ဒါများ အန်တီရယ် ၊ တခြားနေရာကနေ ဖုန်းဆက်လိုက်လည်း လာပြင်ပါတယ်။ ”

“ အန်တီ ၃ ခါဆက်ပြီးပြီ ၊ နောက်ရက်ကျတော့ လူကိုယ်တိုင် လာတယ်။ နောက်နှစ်ရက်နေတော့တောင်မှ ဘာမှ မထူးလို့ အန်တီ အခုလို လာအကြောင်းကြားတာ။ အခုလည်း စာရင်းစာအုပ်ထဲမှာပဲ ရေးထားတယ်။ ဒါကြောင့် ငါ့တူကို အကူအညီတောင်းတာပါ။ ”

“ ဟုတ်ကဲ့ အန်တီ။ ကျွန်တော် သဘောပေါက်ပြီ။ ဒါဆို အန်တီ ကျွန်တော့်ကို အန်တီဖုန်းနံပါတ်နဲ့ အိမ်လိပ်စာလေးပြောပြပါ။ ”

အဖွားက ပြောတော့ မန်နေဂျာက စာရွက်လေးနဲ့ လိုက်မှတ်ပြီး သူ့စားပွဲပေါ်က ဖုန်းကို ကောက်နှိပ်ပြီး ဆက်တယ်။

“ ဟလို.. . ၊ တယ်လီဖုန်း အရေးပေါ် ဌာနကပါလား။ ”

“ X X X X X ”

“ ဟုတ်ကဲ့. ကျွန်တော့်အိမ်မှာ ဖုန်းပျက်နေလို့ပါ ခင်ဗျာ။ အဲဒါ အကြောင်းကြားထားတာ ၅ ရက်ရှိပါပြီ။ ဒါလေး ကျေးဇူးပြုပြီး ပြင်ပေးပါလား။ ”

“ X X X X X ”

“ ဟုတ်ကဲ့ခင်ဗျာ။ အိမ်နံပါတ်က X X X ပါ။ ”

“ X X X X ”

“ ဟုတ်ကဲ့. . .ဒါဆို ကျေးဇူးပါပဲ ကျွန်တော် အိမ်က စောင့်နေပါ့မယ်။ ”

ဖုန်းစကားပြောခွက်ကို ပြန်ချပြီး . . .

“ ရပါပြီ အန်တီ။ အန်တီ အိမ်ကို ပြန်ပြီး အေးဆေးသာ စောင့်နေပါ။ နောက်ထပ် ၂ နာရီ နေလို့မှ လာမပြင်ဘူး ဆိုရင် အန်တီ မလာပါနဲ့။ ပင်ပန်းတယ် အန်တီ။ ကျွန်တော့်ဆီကို နီးရာ ဖုန်းကနေ ဖုန်းပဲ ဆက်လိုက်ပါ။ ကျွန်တော်ကိုယ်တိုင် လာပြင်ပါ့မယ်။ ”

ဒီလို ပြောပြီး စာရွက်လေးနဲ့ သူရဲ့ စားပွဲပေါ်မှာ ရှိနေတဲ့ ဖုန်းနံပါတ်ကို ရေးပေးတယ်။

“ အေးကွယ် ကျေးဇူးပါပဲ ငါ့တူရယ်။ ”

တိတ်ဆိတ်ငြိမ်းချမ်းစွာပဲ နှုတ်ဆက်ပြီး ကျွန်တော်နဲ့ အဖွား ဌာနက ထွက်ပြီး လမ်းမှာ တွေ့တဲ့ ဆိုက်ကားကို ငှားပြီး စီးလာခဲ့တယ်။ မနီးပေမဲ့ မဝေးလှတဲ့ ကျွန်တော်တို့ အိမ်ကို ရောက်ပြီး ဆိုက်ကားခ ရှင်းနေတုန်းမှာပဲ။ ခပ်လှမ်းလှမ်းမှာ ဝါးလှေကားကို ထမ်းပြီး ပြေးလာတဲ့ လူနှစ်ယောက်နဲ့ အနောက်က အိတ်တစ်လုံးဆွဲပြီး လိုက်ပြေးလာတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။

ဘာရယ် မသိတော့ ကျွန်တော်နဲ့ အဖွားလည်း ဖာသိဖာသာပေါ့။ ဆိုက်ကားခ ရှင်းပြီးတော့ အိမ်ဘက်ကို လှည့်ဝင်မယ် လုပ်တုန်း လှေကားထမ်းလာတဲ့ လူနှစ်ယောက်က . .

“ အိမ်နံပါတ် XX ဆိုတာ ဒီအိမ်လား အန်တီ။ ”

“ အေးကွယ် ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲ။ ”

“ အန်တီပဲ ဖုန်းပျက်နေတယ် ဆိုပြီး အကြောင်းကြားထားတယ်လေ။ အခု မန်နေဂျာက ကျွန်တော်တို့ကို ခေါ်ပြီး ဒီအိမ်ဖုန်းပျက်နေတာ ၅ ရက် ရှိပြီ ဘာလို့ မပြင်သေးတာလဲ ဆိုပြီး ကျွန်တော်တို့ကို ခေါ်ကောတယ်ဗျာ။

အန်တီနဲ့ ဘယ်လို တော်လဲ ဟင်။ အခု သူက ဒီလို ခေါ်ကောတော့ ကျွန်တော်တို့လည်း သူ့ရုံးခန်းက ထွက်လာတာနဲ့ လှေကားကို ထမ်းပြီး ဒီကို ပြေးလာတော့တာပဲ။ ”

ကျွန်တော်လည်း အဖွားမျက်နှာကို ကြည့် ၊ အဖွားကလည်း ကျွန်တော့်မျက်နှာကို အပြန်အလှန် ကြည့်တယ်။ ဒီအကြည့်ထဲမှာတော့ စကားလုံးတွေ တော်တော်များများ ပါသွားပါတယ်။ ဒီနောက်တော့ ကျွန်တော်တို့ အိမ်ထဲ ၊ လိုင်းကြိုး ၊ ဓါတ်တိုင်က ကြိုး ဒါတွေကိုပါ သေချာအောင် စစ်တယ်။ မကြာလှတဲ့ အချိန်လေးမှာပဲ. .

“ အန်တီ အားလုံးပြီးပါပြီ။ အဆင်ပြေသွားပါပြီ။ ကျွန်တော်တို့ ဖုန်းတင် မကဘူး။ ဖုန်းလိုင်းကြိုးတွေပါ စစ်ဆေးသွားပါတယ်။ နောက် တော်ရုံနဲ့တော့ မဖြစ်နိုင်တော့ပါဘူး။ နောက်လည်း ဖြစ်ရင် ဖုန်းသာ ဆက်လိုက်ပါ။ ကျွန်တော်တို့ သေချာ မှတ်ထားပါ့မယ်။ ”

“ အေးကွယ် ကျေးဇူးတင်ပါတယ်။ ရော့ မင်းတို့ သောက်ဖို့ လက်ဖက်ရည်ဖိုး။ ”

“ ဟာ မယူပါဘူး အန်တီရယ်။ မယူဘူး။ ”

သူတို့ ပြာပြာသလဲကို ငြင်းတယ်။ အဖွားလည်း အံ့သြနေတယ်။ ဒီအချိန်မှာ သူတို့ စကားတစ်ခွန်းတော့ ပြောတယ်။

“ ကျွန်တော်တို့ကို တစ်ခုတော့ ကူညီပါ အန်တီ။ ”

“အေး ပြောလေ။ ”

ဘာမှန်းမသိပေမဲ့ အဖွားက မေးလိုက်တယ်။

“ ဒီလိုပါ။ အခု ဖုန်းကောင်းသွားပြီ ဆိုတဲ့ အကြောင်းကို ဒီဖုန်းနဲ့ပဲ မန်နေဂျာဆီကို အန်တီကိုယ်တိုင် ဖုန်းဆက်ပြောပေးပါ။ ဒါလေးပါပဲ။ ”

ဒီနောက်မှာတော့ အဖွားလက်ထဲက လက်ဖက်ရည်ဖိုးကို မယူရဲပဲ လှေကားလေး ပြန်ထမ်းပြီး ပြန်သွားကြတဲ့ လူသုံးယောက်ကို ကျွန်တော်နဲ့ အဖွား မြင်ရတယ်။ ဒါနဲ့ အဖွားလည်း ချက်ချင်းပဲ ၅ ရက်ကြာ အသံတိတ်ဆိတ်နေတဲ့ ဖုန်းခွက်လေးကို မလိုက်ပြီး မန်နေဂျာ စာရွက်လေးနဲ့ ရေးပေးလိုက်တဲ့ ဖုန်းနံပါတ်လေးတွေကို နှိပ်လိုက်တယ်။

“ X X X X ”

“ အေး. .အန်တီပါကွယ်။ ခုနက ငါ့တူဆီလာပြီး ဖုန်းပျက်နေတယ် လို့ ပြောတဲ့ အန်တီပါ။ ”

“ X X X X ”

“ အေးကွယ် အခု မင်းကို ဒါပြောပြချင်လို့ ဆက်လိုက်တာပါ ငါ့တူရယ်။ အခု ဖုန်းကောင်းသွားပြီ ကျေးဇူး အရမ်းတင်ပါတယ်။ ”

အဖွားရဲ့ စကားသံကိုပဲ ကျွန်တော် ကြားရတယ်။ တဖက်က ပြောသံကို မကြားရ။ ဒါကြောင့် အဖွားထိုင်နေတဲ့ ထိုင်ခုံပေါ်တွယ်တတ်ပြီး ဖုန်းခွက်နားကို နားကပ်ထောင်တော့ တစ်ဖက်က ပြောသံတွေကိုပါ ကြားရတယ်။

“ ဟုတ်ကဲ့။ ဒီလိုပါပဲ အန်တီရယ် တစ်ခါတစ်လေ အောက်ခြေက လူတွေဆိုတော့ အနည်းငယ်တော့ ပေါ့လျော့ သွားတတ်တယ်။ ဒါပေမဲ့ ဘာပဲ ပြောပြောပါ။ ဒီလို မဖြစ်အောင် ထိန်းရမဲ့ တာဝန်က ကျွန်တော့်မှာ ရှိတယ်လေ။ အခုတော့ ကျွန်တော်ပေါ့လျော့လို့ ဒီလို ဖြစ်တာပါ။ နောက်တစ်ခါ အန်တီဖုန်းပျက်ရင် အန်တီ ကိုယ်တိုင် မလာပါနဲ့။ ကျွန်တော့်ဆီ ဖုန်းသာ ဆက်လိုက်ပါ။ ”

“ အေးကွယ် ကျေးဇူးတင်ပါတယ်။ ”

ဖုန်းခွက်ကို ချပြီး အဖွားက ကျွန်တော့်ကို ပြောတယ်။

“ သြော် အောက်ခြေက လူတွေဆိုတာနဲ့ အထက်ပိုင်းက လူတွေဆိုတာ အနေအထိုင် ၊ လုပ်ရည်ကိုင်ရည် တင်မကဘူး။ အပြောအဆိုနဲ့ စိတ်ဓါတ်တွေပါ ကွာသေးတာပဲ။ အထက်ပိုင်းရောက်လာလေလေ သူတို့ရဲ့ စိတ်ဓါတ်တွေက မြင့်မားလာကြတာပါပဲလား။ ”

အဖွားက ဒီလို ၊ ဒီလောက်ပဲ ပြောခဲ့ပေမဲ့ ကျွန်တော့်ရင်ထဲမှာတော့ ဒီစကားက ပဲ့တင်မြည်နေပါတော့တယ်။

လူဆိုတာ ပြဿနာတွေနဲ့ ရင်ဆိုင် ဖြတ်သန်းနေရတယ် ဆိုတဲ့ အချိန်မှာ ပြုမူဆောင်ရွက်ပုံတွေလည်း အများကြီးကို ကွာခြားနေသေးတာပဲ။ ဘာပဲ ပြောပြောပါ။ အထက်ပိုင်းကို ရောက်လာလေလေ ပိုပြီး သာသာယာယာ ရှိလာစမြဲပါပဲ။ တကယ်လို့ ကိုယ်တည်ရှိနေတဲ့ နေရာဟာ မသာမယာ ဖြစ်နေတယ် ဆိုပါက ဒါသေချာပါတယ်။ ကိုယ်လက်ရှိရောက်နေတဲ့ နေရာဟာ အပြုအမူ ၊ အလုပ်အကိုင် ၊ စိတ်ဓါတ်တွေ နိမ့်ကျနေတဲ့ နေရာဖြစ်နေလို့ပါပဲ။

ဒါဆို လုပ်ရမဲ့ အရာက အောက်ခြေက အရာတွေကို အကုန်လိုက်ပြီး ပြုပြင်ဖို့ကတော့ မဖြစ်နိုင်ပါ။ အရာရာ အဆင်ပြေ ချောမွေ့စေဖို့ အထက်ပိုင်းကို ကိုယ်ကရောက်အောင် တတ်ဖို့သာ ရှိပါတော့တယ်။ ဘာလို့လည်း ဆိုတော့ . . .

“ အထက်ပိုင်းမှာ သာသာယာယာ ရှိတယ် မဟုတ်ပါလား။ ”


*** ဒီအကြောင်းအရာလေးက ကျွန်တော့်ဦးလေးရဲ့ ဖြစ်ရပ်လေးပါ။ သူက ကျွန်တော်တို့ကို အမြဲပြောပြသလို ၊ သူ့စိတ်ထဲ ၊ ရင်ထဲမှာ ကိန်းဝပ်နေသလို ကျွန်တော့် စိတ်ထဲမှာ အမြဲတည်နေအောင် သူက ပြောပြတတ်တယ်။

တစ်ခါတစ်လေ ကျွန်တော် စဉ်းစားမိပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်မှာ ထိုးနှက်မှုတွေနဲ့ မသာမယာ ဖြစ်ပေါ်လာတိုင်း ၊ “ သြော်..ငါ ရောက်နေတာ အောက်ခြေမှာပါလား ” လို့။ ဒါဆို သာသာယာယာ နေနိုင်ဖို့ တစ်နည်းပဲ ရှိပါတော့တယ်။ ဒါကတော့ ကျွန်တော် အထက်နည်းနည်းရောက်မှပဲ ဖြစ်တော့မှာပါ။

ကျွန်တော့်ပိုကြိုးစားပါဦးမယ်။

ဘာလို့လည်း ဆိုတော့ အထက်ပိုင်းမှာ သာသာယာယာ ရှိပါသည်။ **


ကိုဇော် ခံစားပုံဖော်သည်။


.

Share/Bookmark

21 February 2010

4 အခွင့်အရေးဆိုတာ အောက်ဆီဂျင် လိုပါပဲ


တစ်ခါက...

ဖို့ဒ် ( Ford ) ကားကုမ္ပဏီဟာ စက်မှုတော်လှန်ရေးအရ သူ့ကားထုတ်လုပ်ရေးကို လူတွေနဲ့ တပ်ဆင်ထုတ်လုပ်ရာကနေ စက်မှုလုပ်ငန်း သဘောအရ ရို့ဘော့တွေ တပ်ဆင် ထုတ်လုပ်ဖို့ စီစဉ်လာတယ် ။

ဒီလို အပြောင်းအလဲ လုပ်လာတာခြင်းဖြင့် လူနေရာမှာ စက်ရုပ်( ရိုဘော့ ) တွေနဲ့ အစားထိုးမှာ ဆိုတော့ လက်ရှိ အလုပ်လုပ်နေသူတွေထဲက လူတော်တော်များများဟာ အလုပ်ပြုတ်ရတော့မယ် အခြေအနေမှာ ရှိနေကြတယ်.။ ဒါကြောင့် လူတွေ အားလုံးဟာ မဖြစ်မနေ ပြောင်းလဲရမဲ့ အပြောင်းအလဲကို လက်မခံနိုင်ကြဘူး.။ သူတို့ အလုပ်ပြုတ်မှာကို တွေးပြီး ပူကြ ၊ စိတ်ညစ်ကြနဲ့ စိတ်ဆင်းရဲနေကြတယ်.။

ဒီအချိန်မှာ ဖီးလစ် ဆိုသော လူကတော့ ဒီလို စဉ်းစားတယ်.။

“ ဟုတ်တယ်..။ လူတွေ လုပ်တဲ့ နေရာမှာ စက်ရုပ်တွေနဲ့ အစားထိုးရမယ်.။ ဒါကြောင့် လူတွေ အလုပ်ပြုတ်မယ်.။ ဒါပေမဲ့ စက်ရုပ်တွေချည်းပဲ ဆိုရင်လည်း ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး.။ စက်ရုပ်တွေကို စေခိုင်းနိုင်ဖို့ လူကတော့ လိုအပ်နေဦးမှာပဲ..။ စက်ရုပ်တွေကို စေခိုင်းဖို့ဆိုတာ ကွန်ပျူတာ နဲ့ ထိန်းချုပ်ရမယ်.။ ဒါကြောင့် သူက ဖို့ဒ် ( Ford ) ကားကုမ္ပဏီအတွက် စက်ရုပ်တွေကို ထိန်းကျောင်းနိုင်အောင် သူများတွေ အလုပ်ပြုတ်မှာ စိုးလို့ ပူပန်နေတဲ့ အချိန်မှာ သူက ကွန်ပျူတာ သင်တန်းသွားတတ်တယ်.။

သူ ဒီလို ကွန်ပျူုတာ တတ်နေတယ် ဆိုတာကိုလည်း
ဖို့ဒ် ( Ford ) ကုမ္ပဏီက အကြီးအကဲတွေ သိအောင် သူက ပြောထားတယ်.။ နောက်တော့ ကွန်ပျူတာ အသုံးချ ရို့ဘော့ထိန်းချုပ်မှု သင်တန်းလည်း တတ်ထားတယ်.။ သူ ဒီလို တတ်ထားတာတွေကိုလည်း ကုမ္ပဏီ အကြီးအကဲတွေ သိအောင် လုပ်ထားတယ်.။”

ဒီလိုနဲ့ ဖို့ဒ် ( Ford ) ကားကုမ္ပဏီက လူတွေ အစား ရိုဘော့တွေကို ပြောင်းလဲ တပ်ဆင် လိုက်သော အခါမှာ လူတွေ အတော်တော်များများ အလုပ်ပြုတ်သွားကြပါတယ်.။ သို့သော် ဖီးလစ် တစ်ယောက် အလုပ်မပြုတ်တဲ့ အပြင် ရိုဘော့ထိန်းချုပ်ရေး ဌာနဘက်သို့ ပြောင်းပြီး တာဝန်ပေးခံရကာ လုပ်ခလစာလည်း တိုးသွားပါတော့တယ်.။

ဒါဟာ ထူးဆန်းလှတယ်တော့ မဟုတ်ပါ.။ သို့သော်..လူတွေဟာ အပြောင်းအလဲ တစ်ခုခု ဖြစ်လာခဲ့ရင် ဒီအပြောင်းအလဲကို ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင် အသုံးမချနိုင်ကြပါဘူး.။ တွေးတောပူပန်ခြင်းနဲ့ပဲ တန်ဖိုးရှိလှတဲ့ အချိန်တွေကို ကုန်ဆုံးပစ်ကြတာပါ.။ ပြောင်းလဲ နေတဲ့ အပြောင်းအလဲမှာ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ကြဖို့လိုပါတယ်.။

တရုတ်စကားပုံလေး တစ်ခု ရှိပါတယ်.။

“ အခြေအနေအမှန်ကို သိပြီး ပြုပြင်ပြောင်းလဲ နိုင်တာ လူတော်...။ ” တဲ့.။

နောက်ထပ် အကောင်းဆုံး စကားလေး တစ်ခွန်း ပြောပါဦးမည်..။

“ လေပြေ ၊ လေညှင်းကို ချည်းပဲ စောင့်နေစရာ မလိုပါဘူး ။ မုန်တိုင်းထဲမှာလည်း အောက်ဆီဂျင် ရှိတယ်.။ ”

တဲ့ လေ..။ ဟုတ်ပါတယ်.။ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်နေပါစေ..။ ရှာတတ်ရင် နေရာတိုင်းမှာ ကိုယ့်အတွက် အခွင့်အရေးတွေပါပဲ.။


ကိုဇော် ခံစားပုံဖော်သည်.။


http://zaw357.multiply.com/journal/item/680 မှာ 9.10.2009 က ရေးထားတာပါ။

.

Share/Bookmark

0 အားရ ပါးရ စားလိုက်စမ်းပါ


ကျွန်တော်ဟာ တချို့နေရာတွေမှာ လူလောကနဲ့ သိပ်ပြီး သဟဇာတ ကျနေလေ့ မရှိပါဘူး.။ ငယ်ငယ်က အမျိုးတွေရဲ့ ပုံစံခွက်ထဲမှာ ကျင့်သားရစွာ နေလာခဲ့ရသော အကျင့်တွေက ပတ်ဝန်းကျင်မှာ လူတွေ များများ စားစားနဲ့ နေရရင် ကျွန်တော် အနေရခက် လာလေ့ ရှိတယ်.။ အမျိုးတွေရဲ့ ပုံစံခွက်ထဲမှာ သူများကျွေးတာ မစားရဘူး.။ လမ်းဘေးအစားအစာ မစားရဘူး ဒါတွေလည်း ပါတယ်.။ ငယ်ငယ်ကတော့ ဟုတ်ပါတယ်.။ ကြီးလာတော့ ကျွန်တော် တော်လှန်ပုန်ကန်မိလာပါတော့တယ်.။

ဒါပေမဲ့..အစားအသောက် စားတဲ့ အခါမှာတော့ ကျွန်တော် အတွက် တော်တော် အခက်အခဲ ဖြစ်တတ်ပါတယ်.။ ကျွန်တော် တကယ် သူများကျွေးတာ မစားတတ်ဘူး.။ နောက် ထမင်းစားရင် လူတွေ အများကြီးနဲ့ ကျွန်တော် မစားတတ်..။ ပြီးတော့ ကျွန်တော်တို့က စက်မှု လုပ်ငန်း လုပ်တာ ဆိုတော့ ထမင်းစားတော့မယ်ဆိုရင် လက်ဆေးနေတာနဲ့ ကြာနေတယ်လေ.။ ဒါကြောင့် ငယ်ငယ် ကတည်းက ဇွန်း ၊ ခရင်းနဲ့ပဲ စားနေကြ ဆိုတော့ လက်နဲ့ ကျွန်တော် မစားတတ်.။ လက်နဲ့ စားရင် ထမင်းတွေ ဖိတ်ကျတာနဲ့ပဲ ကုန်တာပဲ..။

အိမ်မှာ ဖေဖေ ၊ မေမေတို့က လက်စုံ စားမယ် ဆိုမှသာ ကျွန်တော် ထမင်း လက်စုံ အတူတူ စားမိတယ်.။ ဒါပေမဲ့ မစားတတ်ဘူး.။ ညီမတွေ ဦးချတာက လွဲရင် ကျွန်တော် ပန်းကန်ထဲကို ဟိုဟာ ထည့်ပေး ၊ ဒီဟာ ထည့်ပေး ကျွန်တော် မကြိုက်ဘူး.။ ပြီးတော့ ထမင်းပွဲမှာ လက်တွေများနေရင် ခေါင်းတွေ နောက်လာတယ်ဗျာ..။ လုစားနေရသလိုကြီး.။ မစားတတ်ဘူး.။

တကယ်လည်း ကျွန်တော်က တော်တော် ဇီဇာကြောင်ပါတယ်.။ ကိုယ့်ထမင်း ကိုယ်စား သူများ ဒီလိုတွေ လိုက်ပြီး ထည့်ပေးနေရင် ကျွန်တော် ထမင်းစားရတာ မလွတ်လပ်တော့ဘူး.။ နောက်တစ်ခုက ကျွန်တော်က ထမင်းစားရင် ငယ်ငယ်ကတည်းက အခု အထိ စာအုပ်တစ်အုပ်တစ်အုပ် အမြဲပါတယ်.။

ဒါကြောင့် ကျွန်တော် ထမင်းစားရင် ကိုယ့်ဖာသာကိုယ် တစ်ယောက်တည်းပဲ စားတတ်တယ်.။ ဒါကြောင့် ကျွန်တော် ထမင်းစားနေရင် ဘယ်သူလာလာ ကျွန်တော် မခေါ်မိဘူးဗျာ..ခေါ်လည်း မခေါ်တတ်ဘူး.။ ကျွန်တော့်ကိုလည်း သူတို့ အိမ်သွားလည်လို့ ထမင်းစား မခေါ်လည်း ကျွန်တော် ဘယ်လိုမှ သဘောမထားပါဘူးဗျာ..။ တကယ်ပါ.။

ဒါပေမဲ့...ကိုယ့်အိမ် ၊ ကိုယ့်ယာ မဟုတ်တော့ပဲ လူပတ်ဝန်းကျင် ဆိုတဲ့ လောကကြီးထဲ ရောက်လာတော့ လူတွေရဲ့ ပတ်ဝန်းကျင်မှာ သိပ်ပြီးတော့ သဟဇာတ မဖြစ်ဘူးပေါ့ဗျာ.။ ကျွန်တော်ကပဲ မာန ကြီးသလိုလို ၊ မာန်တတ်နေသလိုလိုတော့ ဖြစ်နေတတ်တာပေါ့..။ တကယ်တော့ ကျွန်တော့် အကျင့်ပါ.။

ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ရှိတယ်.။ သူကို ကျွန်တော်က “ ကာစင် ” လို့ ခေါ်တယ်.။ တောင်ငူမှာ နေတယ်.။ ဒီမှာ လာတွေ့ကြတာပေါ့..။ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သတ်ရင် သူ့ကို မြန်မာ ၊ ဘင်္ဂလား ၊ နီင်္ပေါ ၊ ဗီယမ်နမ် ၊ တရုတ် ၊ မလေး ၊ ကလည် ဒါတွေ အကုန် ချစ်ကြ ခင်ကြတယ်.။ တစ်နေ့တော့ သူနဲ့ ကျွန်တော် အလှူအိမ်တစ်ခုကို သွားရတယ်.။ ကျွန်တော်ကတော့ ထုံးစံ အတိုင်း စားတော့ စားပါတယ်.။ ကျွန်တော့်ပုံစံအတိုင်းဆိုတော့ ဟန်နဲ့ စားနေသလို ဖြစ်တာပေါ့ဗျာ.။ သူကတော့ အားရပါးရကို စားတာဗျ..။ သူ့ကို ကျွန်တော် အံ့သြတယ်..။ သူ အိမ်မှာ စားရင် ဒီလို စားတာ မဟုတ်ဘူးလေ..။

သူက ကျွန်တော် အံ့သြ နေတာကိုလည်း သိတယ်.။ ကျွန်တော်တို့ အိမ်အပြန်မှာ သူက ပြောတယ်..

“ ကိုဇော်..လောကကြီးမှာ လူတွေက ကိုယ့်ကို သူများ အထင်အမြင်သေးသွားမှာ စိုးတယ် ဆိုတဲ့ စိတ်နဲ့ လူတွေနဲ့ ပြောဆို ဆက်ဆံနေတဲ့ အခါမှာ ဟန်ဆောင်ပြီး ဆက်ဆံနေတတ်ကြတယ်.။ ဟန်ကြီး တခွဲသားနဲ့ ဆက်ဆံမှတော့ တစ်ဖက်လူကလည်း ဟန်နဲ့ပဲ ပြန်ပြီး ဆက်ဆံနေတော့မှာပဲပေါ့..။

အလှူလုပ်လို့ ကျွေးကြ မွေးကြ စားကြ သောက်ကြ ပြီ ဆိုရင်လည်း လူတွေက ငါ့ကို လူတွေများ အထင်သေးသွားမလား ဆိုတဲ့ စိတ်နဲ့ ဟန်လုပ်ထားတတ်ကြတယ်.။ ကိုယ်က ဟန်လုပ်လေ လူတွေနဲ့ ရင်းနှီးမှု ကွာဝေးလေပဲလေ.။ မင်းကတော့ ဟန်ဆောင်တာ မဟုတ်ပါဘူး ငါ သိတယ်.။ မင်းကတော့ အခန်းမှာလည်း ဒီလိုပဲ စားတတ်တာလေ.။


ဒါပေမဲ့..ကိုယ် အခန်းမှာ ဘယ်လို စားစား ဒီလိုမျိုး ကိုယ့်ကို တကူးတက ဖိတ်ကျွေးတဲ့ နေရာမှာတော့ ကိုယ်က အားရပါးရ စားပြရင် ဘယ်သူမဆို စိတ်ထဲမှာ ဝမ်းသာတာပေါ့ကွာ..။ သူတို့ လုပ်ထားတာကိုလည်း တကယ် ကောင်းတယ်လို့ ဘယ်သူမဆို ထင်တာပေါ့.။ သူတို့ ကျေနပ်လေ ကိုယ့်အတွက် ပေါင်းသင်းဆက်ဆံရာမှာ လွယ်ကူတာပေါ့ကွာ.။

အခုတော့ လူတွေက မဟုတ်ဘူး.။ အိမ်မှာတော့ ပုဆိုးစုတ်နဲ့ ကောက်သုတ်ရင် သုတ်လိုက်တာ.၊ နောက် စားစရာက ထမင်းနဲ့ ပဲပြုတ် ..အလှူအိမ်လာရင်တော့ တစ်ရှူးပေးပါဦးတို့ ပန်းကန်ကို တစ်ရှူးနဲ့ သုတ်ရတာတို့ ဒါတွေဟာ ကိုယ်က လူအထင်ကြီးအောင် လုပ်ပြပေမဲ့ ဒါကြောင့်ပဲ လူတွေ မုန်းသွားကြတာ သူတို့ မသိကြဘူး.။

ကိုယ့်ကိုယ်ကို မမြင်တတ်တာပေါ့ကွာ..။ မင်းကိုလည်း တစ်ခုတော့ ပြောချင်တယ်.။ ကိုယ့်အိမ်မှာ ဘယ်လိုပဲ နေနေ သူငယ်ချင်း..။ သူများဆီမှာ ဒီလို ဖိတ်တာ ခံရလို့ သွားရရင်တော့ ကိုယ်က သူတို့ ခဏတာ ကျေနပ်မှု အတွက် အားရပါးရ စားပြလိုက်စမ်းပါ သူငယ်ချင်း..။ မင်းအတွက် အကျိုးမယုတ်ပါဘူး.။ ဒါဟာ ကိုဇော် တစ်ယောက်က အရမ်းခင်ဖို့ ကောင်းတာပဲ.။ ငါတို့ အိမ်မှာ အလှူလာတုန်းကလေ သူများတွေလို ဟန်ကြီးနဲ့ မဟုတ်ဘူး.. အားရပါးရ စားတာ ဆိုပြီး သူတို့ အမြဲ စိတ်ထဲမှာ မှတ်မိနေလိမ့်မယ်..သူငယ်ချင်း..။”

ဒါဟာ ကျွန်တော့်ကို အရမ်းခင် အရမ်းချစ်သော သူငယ်ချင်း တစ်ယောက် ပြောတဲ့ “ ဘဝနေနည်း ” လေး တစ်ခုပါ..။ အရင်စက်ရုံမှာ “ ကာစင် ” ၊ ဒီစက်ရုံမှာတော့ “ ကိုမြင့်ဦး ” လို့ ပြောလို့ ရအောင် သူတို့ ကျွန်တော့်ကို တော်တော် ချစ်ကြပါတယ်.။

အခုတော့ “ ကာစင် ” ရော ၊ ကိုမြင့်ဦး ” ပါ ကျွန်တော်နဲ့ မရှိကြတော့ဘူး.။ ကာစင်ကတော့ တောင်ငူပြန်သွားပြီ..။ ကိုမြင်ဦးက တော့ စင်ကာပူမှာ ..။ ကိုမြင့်ဦးကတော့ အနည်းဆုံး ၃ ရက်တစ်ခါတော့ ကျွန်တော့်ကို ဖုန်းဆက်ပါတယ်.။ သူတို့ ကျွန်တော့်ကို ချစ်သလို ကျွန်တော်လည်း သူတို့ကို ချစ်တာပါပဲဗျာ..။ သူတို့က ကျွန်တော် သူငယ်ချင်း တွေ ဆိုပေမဲ့ ကျွန်တော့် အကိုတွေလိုပါပဲ..။

ဒါလေးဟာ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ကျွန်တော့်ကို သင်ပေးခဲ့တဲ့ ဘဝနေနည်းလေး တစ်ခုပါပဲ.။ အဲဒီနေ့က စပြီး ကျွန်တော် သတိထား ကြိုးစားပြင်ပါတယ်.။ ဘယ်သူဆီမှာ စားစား သူတို့ သဘောကျအောင် အားရပါးရ စားပါတယ်.။ ရှူးရှူးရှဲရှဲ စားတာတော့ မဟုတ်ဘူးပေါ့လေ.။

ကျွန်တော် သေချာပြောရဲပါတယ်.။ ဒါကြောင့်လည်း လူတွေက ကျွန်တော့်ကို ခင်ဖို့ ကောင်းတယ် လို့ ပြောကြတာ ဖြစ်မှာပါ..။
ဒါပေမဲ့ ကျွန်တော်လည်း လူတွေ အများကြီးဆီက ဒီလိုပဲ နည်းနည်း သင်ခဲ့ရတာပါ..။


“ လူဆိုတာ ပြုပြင်ပြောင်းလဲ သင့်တယ် ဆိုတဲ့ အရာတစ်ခု ဆိုရင် ပြုကို ပြုပြင် သင့်တယ် မဟုတ်လားဗျာ..။ ”


ကိုဇော် ခံစားပုံဖော်သည်..။


http://zaw357.multiply.com/journal/item/677 မှာ 9.10.2009 က ရေးထားတာပါ။

.

Share/Bookmark
Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.