မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 September 2011

13 သမ္မတကြီး၏ ယနေ့ပေးပို့သော မြစ်ဆုံစီမံကိန်း နဲ့ ပတ်သတ်သော သဝဏ်လွှာ



ကျွန်တော် အခု အိပ်ယာက နိုးတယ်။ ကွန်ပျူတာလေး ဖွင့်ပြီးတော့ မေးလ် ဘာညာစစ်တယ်။ Facebook ဝင်တယ်။ အသံဖိုင် တစ်ဖိုင်ကို တွေ့တယ်။ နားထောင်မိတယ်။ ချက်ချင်း လူက မယုံမရဲနဲ့ ကိုယ့်ကိုယ်ကိုယ် အိပ်ပျော်နေပြီး အိပ်မက် မက်နေသလိုပဲ ခံစားရတယ်။

ကိုယ့်ကိုယ်ကိုယ် သေချာအောင် လမ်းနည်းနည်း လျှောက်ကြည့်တယ်။ အစစ်ဗျ။ ကျွန်တော့် အိပ်မက် မက်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ လူက အကျင့် မကောင်းဘူး ၊ ခံရဖန်များလာတော့ အစစ်ကို တွေ့တာတောင်မှ ၊ အစစ်လို့ ပြောနေတာတောင်မှ မှတ်ကျောက်တိုက်ကြည့်ချင်တယ် ၊ ငရဲမီး စားကြည့်ချင်တယ် ဆိုသလို ဖြစ်နေတယ်။

ဟုတ်ရဲ့လား . .

ဟုတ်တယ်နော် . .

ဟုတ်မှ ဟုတ်ရဲ့လား . . . .ဆိုပြီးတော့ တစ်ယောက်ယောက်ကို ပြောချင်ပေမဲ့ ဘေးနားမှာ လူမရှိဘူး။ ဒါနဲ့ အွန်လိုင်းပေါ်ပဲ တက်ပြောလိုက်ပါတယ်။ 

နောက်တော့ အားလုံးလည်း နားထောင်ပြီးတော့ တကယ်ပါ ၊ အစစ်ပါ ၊ အဟုတ်ပါ လို့ ယုံကြည်စွာနဲ့ နားထောင်နိုင်စေဖို့ မျှဝေ လိုက်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ သမ္မကြီး ဦးသိန်းစိန် ရဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ရပ်တန့်ထားလိုက်ပြီ ဆိုတဲ့ သဝဏ်လွှာ အသံဖိုင်ပါ။ 

ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံး ကိုယ်စား တကယ်ကို ဝမ်းသာ ဂုဏ်ယူမိပါတယ်။ မကောင်းတာကို မကောင်းဘူး ပြောရဲရမှာ ဖြစ်သလို ၊ ကောင်းတာကိုလည်း ကောင်းတယ်လို့ ပြောနိုင်ရမှာပါပဲ။ အခုလို ပြည်သူ့တွေရဲ့ သဘောထားကို လိုက်လျောပြီးတော့ မြစ်ဆုံစီမံကိန်းကို ရပ်တန့်လိုက်ပြီ ဆိုတဲ့ သတင်းကတော့ သတင်းကောင်းပဲ မဟုတ်ပါလား။ 

ဒီအသံဖိုင်လေးထဲမှာ ပါတဲ့ အတိုင်း ထာဝစဉ် အမြဲ တည်တံ့နေနိုင်ပါစေ ဧရာဝတီရယ်။ ဤ အသံဖိုင်လေးမှာ ပါတဲ့ အကြောင်းအရာတွေလည်း အစဉ်အမြဲ တည်တံ့နေနိုင်ပါစေ။

 

ဤနေရာမှ ထပ်ဆင့်မျှဝေယူပါသည်။ ကျေးဇူးပါ။ 

လေးစားစွာဖြင့် 
ကိုဇော် 
30.9.2011

Share/Bookmark

28 September 2011

18 အာလူး ပျောက်သူများ



ကျွန်တော့်မှာ မှတ်စုစာအုပ်လေး တစ်အုပ်ရှိ၏။ ထိုမှတ်စု စာအုပ်လေးထဲမှာ ကျွန်တော်ရဲ့ အိပ်မက်များကို မင်နက်နက်ဖြင့် သေချာတိကျစွာ ရေးမှတ်ထားလေ့ရှိသည်။ ဖတ်ချင်သော်လည်း မဖတ်ရသေးသော စာအုပ်များ ၊ သွားချင်သော်လည်း မရောက်သေးသော နေရာများ ၊ ကြည့်ချင်သော်လည်း မကြည့်ဖြစ်သေးသော ရုပ်ရှင်ဇာတ်ကားများ ၊ ခံစားကြည့်ရှု့ချင်သော်လည်း မကြုံသေးသော ပန်းချီကားများ ၊ အခြေအနေ မပေးသေး၍ မတွေ့ဆုံနိုင်သေးသော ပုဂ္ဂိုလ်များ . . . . စသဖြင့် ကျွန်တော် ရေးမှတ်ထားလေ့ ရှိသည်။

တစ်ခါတလေ ထိုမှတ်စု စာအုပ်လေးကို ဖွင့်ပြီး အထဲမှ ကျွန်တော့်ရဲ့ မင်နက်နက်တွေကို ပြန်လည်ဖတ်ရှု့ရင်း ဝိုးတဝါး ရင်ခုန်ကြည်နူးကာ တကယ်ပဲ အပြင်မှာ ရောက်နေရသလို ရစ်မူးခံစား နေမိတတ်သည်။ ထိုအချိန်ဆိုရင် စိတ်တွေက ငြိမ်သက်ကာ ပတ်ဝန်းကျင်မှ အသံတွေ ဘာဆို ဘာမှ မကြားမိတော့သလို တိတ်ဆိတ်သွားတတ်သည်။ 

ထိုကဲ့သို့ ကျွန်တော့် အတွေးထဲမှာ မြင်ယောင်ကြည့်ရှု့ဖူးတဲ့ အရာတွေထဲမှာ " ဗင်းဆင့်ဗန်ဂိုး နဲ့ အာလူး စားသူများ " ပန်းချီကားကလည်း တစ်ကား အပါအဝင်ပါပဲ။ အဲဒီလိုနဲ့ . . . 



"  - - - - - - - - - "

ငေးကြည့်နေရင်း ထိုပန်းချီကားချပ်မှ အာလူးစားသုံးနေသော လူတွေရဲ့ အာသာငမ်းငမ်း တပ်မက်နေသော မျက်ဝန်းများ ၊ သူတို့ရဲ့ အာသာငမ်းငမ်း ကြည့်နေသော အရာများ ၊ သူတို့ရဲ့ ပတ်ဝန်းကျင် အလင်းအမှောင် ၊ ရောင်စဉ်တွေရဲ့ အယူအဆ ၊ ရေးခြစ်ထားသော စုတ်ချက် ခပ်သွက်သွက်တွေက ကျွန်တော့်ကို အငိုက်မိစေကာ ထိုပန်းချီကားချပ်မှ ကျွန်တော့် မျက်ဝန်းများကို မခွာမိတော့ . . . .

ထိုပန်းချီကားကတော့ ထပ်ပြောစရာ မလိုအောင် သေချာလှသော " ဗင်းဆင့်ဗန်ဂိုး ရဲ့ အာလူးစားသူများ " ပန်းချီကားပဲ ဖြစ်၏။ ဘယ်အချိန်ကြည့်ကြည့် ဆိုသလို ဒီပန်းချီကားက ကျွန်တော့်ရဲ့ စိတ်ကို ဖမ်းစားထားလေသည်။

" ဒေါက် . . .  " 

" ဒေါက် . . . ."

" ဒေါက် . . . "

အဝေးမှ လှမ်းလျှောက်လာသော ခြေသံက ကျွန်တော့် အနောက်နားသို့ အရောက်မှာ တိတ်ဆိတ်သွား၏။ အရှေ့မှာ ပန်းချီကားကို စိတ်ဝင်စားနေသော ကျွန်တော်က အနောက်မှ ရောက်လာသော ခြေသံရှင်ကို သတိမထားမိသေးချေ။ ထို့ကြောင့် စိတ်ဝင်စားစွာပင် ပန်းချီကားကို ကြည့်နေမိသည်။

" ဟူး  . . . "

အနောက်ဘက်မှ သက်ပြင်းချသံ သဲ့သဲ့ကြောင့် ကျွန်တော် အသိဝင်လာကာ အနောက်သို့ လှည့်ကြည့်မိသည်။ အတော်ပင် အိုမင်း မစွမ်းဖြစ်နေပြီ ဖြစ်သော အဘိုးအို တစ်ယောက်ကို တုတ်ကောက် အားပြုလျက် တွေ့လိုက်ရ၏။ ကိုယ့်အနောက်ကနေ ရပ်ကြည့်ရင်း သက်ပြင်းချသံကြောင့် လူက မလုံမလဲနှင့် မေးမိသည်။

" ခင်ဗျားက ဘယ်သူလဲ။ "

" ငါ . . လား . . . "

" အင်းလေ . . . ခင်ဗျားက ဘယ်သူလဲ။ "

" ငါက ဗင်းဆင့်ဗန်ဂိုးလေ. . ."

ကျွန်တော် မတ်တပ်ရပ်လျက် ထခုန်မိမတတ် အံ့သြ ဝမ်းသာသွားမိသည်။

" ဟင် . . . ဒါဆို ဒီ " အာလူး စားသူများ " ပန်းချီကားကို ဆွဲတဲ့သူပေါ့။ "

ဒီတော့ သူက ခေါင်းခါရင်း ခပ်နွေးနွေးပြုံး၏။ သို့သော် . . . သူ့အပြုံးက အသက်မပါချေ။

" အာလူး စားသူများ ပန်းချီကားကို ငါဆွဲတာတော့ ဟုတ်တယ်။ ဒါပေမဲ့ . .  ဒီပန်းချီကားကို ဆွဲတာတော့ ငါ မဟုတ်ဘူး။ "

" ဘယ်လို . . . . "

" ဟုတ်တယ်။ တကယ်တော့ မင်းကြည့်နေတဲ့ "အာလူး စားသူများ " ပန်းချီကားက အတုကြီး . . . "

" ဟာ . . . "

" ဟုတ်တယ်။ အစစ်ကို မင်းကြည့်ချင်လား။ "

" ဟုတ်ကဲ့ . . . "

" ဒါဆို ငါ့နောက် လိုက်ခဲ့ပေတော့ . . . "

ပြောလည်းပြော ၊ ချက်ချင်း ဆိုသလို သူက နောက်ကို ချာခနဲ လှည့်ကာ တုတ်ကောက် အားပြုထားရသူ အဘိုးအို တစ်ယောက် မဟုတ်သလို လျင်မြန်စွာ ထွက်သွားလေတော့သည်။ သိချင်ဇောဖြင့် ကျွန်တော်လည်း ထပ်ချပ်မကွာ လိုက်သွားမိ၏။ ဟိုဝင် ဒီကွေ့ဖြင့် အခန်းပေါင်းများစွာကို ဖြတ်အပြီးမှာ အဝတ်စ တစ်စ ဖုံးအုပ်ထားသော ပန်းချီကား တစ်ချပ်ရှေ့မှာ ရပ်လိုက်လေသည်။ ပြီးမှ ကျွန်တော့်ဘက်ကို လှည့်ကြည့်ပြီး ပင့်သက်တစ်ချက်ကို ရှိုက်လိုက်လေ၏။

" ဒါမှ အာလူး စားသူများ ပန်းချီကား အစစ်. . . "

" ဒါဆို ပြလေ . . . ဘာလို့ အဝတ်စကြီး ဖုံးထားရတာလဲ။ "

သူက တစ်ခုခုကို လွမ်းဆွတ်သတိရပြီး ဆွေးမြေ့သွားသလိုနှင့် အဝေးကို လှမ်းငေးရင်း . . . .

" ဘာလို့ ဖုံးထားရတာလဲ ဆိုသော ပန်းချီကားပေါ်က အရာတချို့ပျောက်ဆုံးနေလို့ပဲ။ "

" ဟင် . . . ."

" ဟုတ်တယ်။ ဒါကြောင့် အုပ်ထားရတာပဲ။ "

" ဟိုအရင်ကလည်း အာလူး စားသူများ ပန်းချီကားရဲ့ အာလူး စားနေသူတွေရဲ့ မျက်လုံးတွေ ပျောက်ဆုံး သွားဖူးသေးတယ်နော်။ "

" ဟုတ်တယ်။ ဒါပေမဲ့ . . . အခု ပျောက်တာက အာလူး စားသူတွေရဲ့ မျက်လုံးတွေ မဟုတ်ဘူး။ "

" ဒါဆို ဘာတွေ ပျောက်သွားတာလဲ။ "

သူက ဘာမှ မပြောဘဲ ၊ ပန်းချီကားကို ဖုံးကွယ်ကာ လွှမ်းထားသော အဝတ်စကို ဆက်ခနဲ ဆွဲဖယ်လိုက်၏။

" အို . . . အာလူး စားသူတွေရဲ့ အာလူးတွေ ပျောက်ကုန်ပါရောလား။ "

ကျွန်တော့်ဆီမှ အာမေဋိတ်စကားကို ကြားတော့မှ သူက စကားဆို၏။

" ဟုတ်တယ်။ သူတို့ရဲ့ မျက်လုံးတွေကို ပြန်လည်ရှာဖွေ တွေ့ရှိပြီး သိပ်မကြာခင်မှာ သူတို့ စားနေတဲ့ အာလူးတွေ ပျောက်ကုန်တော့တာပါပဲ။ "

" ဘယ်လို ဖြစ်တာလဲဗျာ။ "

မရေမတွက်နိုင်အောင် များပြားလှပြီ ဖြစ်တဲ့ သက်ပြင်းတွေကိုပဲ သူ ထပ်ချသည်။ အရင်ကလည်း အတော် ချပြီး ဖြစ်နိုင်သလို နောက်လည်း အတော် ထပ်ချဦးမည့်ပုံပင်။

" ဟိုတလောက စားသောက်ကုန်တွေနဲ့ ပတ်သတ်တဲ့ အဘိဓါန် စာအုပ်တစ်အုပ် ထွက်လာခဲ့တယ်။ "

" ဟုတ်လား . . ကျွန်တော် မသိလိုက်ဘူး။ မဖတ်ဖူးလိုက်ဘူး။ "

" ဟုတ်တယ်။ တကယ်ကို ထွက်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ ဒီအဘိဓါန် စာအုပ်က သိပ်မကြာဘဲ ပြန်လည်ကွယ်ပျောက်သွားခဲ့ရတယ်။ အဲဒီအထဲမှာ စားသောက်ကုန်တွေကို ဖွင့်ဆိုချက်တွေနဲ့ ရှင်းပြထားတယ်။ ကြက်သွန် ဆိုရင် ဘာကြောင့် ကြက်သွန်လို့ ခေါ်ရတယ် ၊ မုန်လာဥ ဆိုလည်း ဘာလို့ မုန်လာဥ ဆိုပြီး ခေါ်တယ် ဆိုတာမျိုးတွေပေါ့။ "

" ဟုတ် . . . ၊ ဒါဆို အဲဒီ အဘိဓါန်ထဲမှာ " အာလူး " ကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုလဲ။ "

" အင်း . . . ဒီလို။ " အာလူး = ပြောသာပြောပြီး အလုပ် မဖြစ်သော စကား " လို့ အဓိပ္ပါယ်ဖွင့်ဆို ထားတယ်။ "

" သြော် . . ."

" အဲဒီအဘိဓါန် ပေါ်လာပြီး သိပ်မကြာဘူး ၊ အာလူး စားသူများ ပန်းချီကားထဲက အာလူးတွေ ပျောက်သွားတော့တာပါပဲ။ "

" - - - - - - - "

" ဒါနဲ့ မပြီးသေးဘူး။ အခု ဒီ့ထက် ဆိုးနေတာက ဒီပန်းချီကားက အာလူးတွေ ပျောက်ပြီး နောက်ဆက်တွဲ အနေနဲ့ နေ့စဉ်နဲ့ အမျှ အချိန်တိုင်းမှာ နေရာ အနှံ့က အာလူးတွေ ပျောက်ကုန်နေတော့တာပဲ။ "

" ဘယ်လို . . . "

" ဟုတ်တယ်။ နေရာ အနှံ့က အာလူးတွေသာ ပျောက်နေတာ အဲဒီလို ပျောက်နေတဲ့ အာလူးတွေ ဘယ်နေရာမှာ ရောက်နေလဲ ၊ ဘယ်နေရာမှာ စုနေလဲ ဆိုတာကိုတော့ ဘယ်သူမှ စုံစမ်းလို့ မရခဲ့ဘူး။ "

" - - - - - - "

" ငါလည်း အသက်က ကြီးပြီ။ ဒါကြောင့် . . . . ဖြစ်နိုင်ရင် ငါ့ကို ကူညီပါလား။ "

" ဟုတ်ကဲ့ . . ပြောပါ။ "

" မင်း အဆင်ပြေမယ် ဆိုရင် ငါ့ပန်းချီကားထဲက အာလူးတွေ အပါအဝင် နေရာ အနှံ့က အာလူးတွေ အားလုံး ဘယ်နေရာမှာ စုဝေးပြီး ရောက်နေတယ် ဆိုတဲ့ စုရပ်ကို စုံစမ်းပေးစေချင်တယ်။ "

" - - - - - - - "

" ငါ့ရဲ့ အာလူးတွေ ပြန်မရချင်နေပါစေ။ သူတို့ ဘယ်နေရာမှာ ရောက်နေတယ် ၊ ဘယ်နေရာမှာ စုဝေးနေတယ် ဆိုတာကို သိရရင် ကျေနပ်ပါပြီ။ မင်း ငါ့ကို ကူညီနိုင်မလား။ "

မျှော်လင့်တကြီး အားကိုးမှု မျက်ဝန်းများဖြင့် သူ့ကို တွေ့လိုက်ရသည်။

" ဟုတ်ကဲ့ . . . ကျွန်တော် ကြိုးစားပါ့မယ်။ "

" ဒေါက် . . . " 

" ဒေါက် . . . "

" ဒေါက် . . . " 

ကျွန်တော့် ကတိစကားသံ ဆုံးတော့ အလာတုန်းကလိုပဲ တုတ်ကောက်ကို အားပြု၍ သူ ပြန်လည်ထွက်ခွာသွားသံကို နောက်ကျောဘက်မှ ငြင်သာစွာ ကြားလိုက်ရ၏။ ကျွန်တော်ကတော့ ကျွန်တော် မျက်နှာမူထားရာ အာလူး စားသူများ ပန်းချီကားချပ်မှ ပျောက်ဆုံးနေသော အာလူးများ နေရာကို စူးစိုက်စွာ ကြည့်နေမိလေသည်။



" မတွေ့သေးပါဘူး။ "

" သတင်းမရသေးပါဘူး။ "

" ရှာဖွေနေဆဲပါ။ "

ဆိုသော ထူးမခြားနားသော ရှာဖွေတွေ့ရှိမှုကိုသာ တစ်နေ့တစ်နေ့ ၊ နေ့စဉ်နဲ့ အမျှ လက်ခံရရှိခဲ့လေသည်။ ပျောက်ဆုံးနေသော အာလူးများ ဘယ်နေရာမှာ စုဝေးရောက်ရှိနေသည် ဆိုတာကို သိရှိရဖို့ အထူး စုံစမ်းရေး အဖွဲ့ပေါင်းများစွာကို နေရာ အနှံ့သို့ စေလွှတ်ထားခဲ့၏။ သို့သော် သတင်းကား မထူးခြားသေးချေ။

နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီး စုံစမ်းရေး အဖွဲ့များမှ လူပေါင်းများစွာလည်း ပြောင်းလဲ သေဆုံးသွားခဲ့ရသည်။ ပျောက်ဆုံးနေသော အာလူးများ ဘယ်နေရာမှာ စုဝေးရောက်ရှိနေသည် ဆိုတာကို စုံစမ်း၍ မရသေးပေ။

တစ်နေ့ . . . . .

ကျွန်တော့် ရုံးခန်းထဲသို့ ချိနဲ့ယိုင်ထိုးစွာဖြင့် လူတစ်ယောက် ဝင်လာ၏။ သူ၏ သွင်ပြင်မှာ အားနည်းနေပုံလည်း ရ၏။ သူက ကျွန်တော်တို့ အာလူး ရှာဖွေရေး အထူးအဖွဲ့ဝင် တစ်ယောက် ဖြစ်လေသည်။ ရုံးခန်းတံခါးကို တွန်းဖွင့်ဝင်လာပြီး ကျွန်တော့်ကို မြင်တော့ ဝမ်းသာ အားရဟန်ဖြင့် . . . .

" ကျွန်တော် အာလူးတွေရဲ့ စုဝေးရာ နေရာ စုရပ်ကို တွေ့ခဲ့ ၊ သိခဲ့ပါပြီ။ "

ဟု ဆိုကာ လွန်စွာမှ ပင်ပန်း မောပန်းလှဟန်ဖြင့် ခွေခေါက်ကာ လဲကျသွားလေတော့သည်။ ကျွန်တော် သူ့ဆီကို အပြေးသွားရောက်ကာ ပွေ့လိုက်သော်လည်း နောက်ကျနေပြီ။ သူက ကြမ်းပြင်ပေါ်သို့ ပုံလျက်သား ကျနေခဲ့လေပြီ။ သူ့ကို ပွေ့ထူပြီး ကုတင်ပေါ် တင်၍ ကျွမ်းကျင်သော ဆရာဝန်ဖြင့် ကုသရ၏။ ခဏနေတော့ သူ့ဆီမှ ညည်းသံပြုကာ သတိရလာလေတော့သည်။

" အင်း . . . အင်း . . . . အင်း . . . ."

" သူ အရမ်း အားနည်းနေတယ်။ "

ဟု ကြပ်မတ်ကုသပေးနေသော ဆရာဝန်ထံမှ သတိပေး မှတ်ချက်ပြု၏။ သူကတော့ အမြင်ကြည်စေရန် မျက်တောင်ကို တစ်ချက် နှစ်ချက် ပုတ်ခတ် ပုတ်ခတ် လုပ်ကာ ဘေးဘီကို ဝေ့ဝဲကြည့်၏။ သူ့အနားတွင် ရပ်နေသော ကျွန်တော့်ကို တွေ့တော့မှ အားယူ၍ . . .

" ကျွန်တော် . . . ကျွန်တော် . . . အာလူးတွေရဲ့ စုရပ်ကို တွေ့ခဲ့ပါပြီ။ "

ကျွန်တော် သူ့အနားကို တိုးထိုင်၍ သူ့လက်ကို ကိုင်ပြီး အားပေးကာ သူ့စကားကို သေချာ စိတ်ဝင်တစား နားထောင်နေမိ၏။

" ပြောပါဦး။ ဘယ်နေရာမှာ အာလူးတွေကို တွေ့ခဲ့ရတာလဲ။ "

သူက ခြောက်ကပ်နေသော သူ့နှုတ်ခမ်းကို လျှာဖြင့် တစ်ချက် သပ်ရင်း . . . .

" စားသောက်ကုန် အဘိဓါန် ဆိုတာ တကယ် ရှိခဲ့တာလား ဟင် . . ."

" ဟုတ်ပါတယ် ၊ တကယ် ရှိခဲ့တာပါပဲ။ "

" အဲဒီထဲမှာရော . . . အာလူး ဆိုတာ ပြောသာပြောပြီး အလုပ် မဖြစ်သော စကား လို့ အဓိပ္ပါယ်ဖွင့်တယ် ဆိုတာရော တကယ်လား ဟင် . . ."

" ဟုတ်ပါတယ်။ တကယ်ကို အဲဒီလိုပဲ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ "

သူက မောပန်းနေရင်း လှစ်ခနဲ တစ်ချက်ပြုံးလေသည်။

" ဒါဆိုရင်တော့ . . မှန်ပါပြီ။ ကျွန်တော် တကယ်ကို အာလူးတွေ . . . အာလူးတွေ အများကြီးရဲ့ စုရပ်ကို တွေ့ခဲ့ရပါပြီ။ "

" အင်း . . . ဘယ်မှာ တွေ့ခဲ့ရတာလဲ။ သူတို့ ဘယ်မှာ ရှိနေတာလဲ။ "

" သူတို့ . . . သူတို့ . . . အဟွတ် . . . ဟွတ် . . . "

သူက အမောဖောက်လာသလို ချောင်း တဟွတ်ဟွတ် ဆိုးလေ၏။ ပြီးမှ . . .

" သူတို့ . . . သူတို့ . . . . "

" ဟုတ် . . . ပြောပါ။ သူတို့ကို ဘယ်နေရာမှာ စုစုစည်းစည်း တွေ့ခဲ့ရတာလဲ။ "

" ကျွန်တော် သူတို့ကို အများကြီး . . .အများကြီး တွေ့တယ်။ သူတို့ အားလုံး စုစုစည်းစည်း ရှိနေကြတယ်။ သူတို့တွေ အားလုံးကို ကျွန်တော် တွေ့ခဲ့တာ . . . အာလူးတွေ . . အာလူးတွေ အများကြီးပဲ . . . ဗင်းဆင့်ဗန်ဂိုးရဲ့ အာလူးတွေရော ၊ တခြား နေရာ အနှံ့က အာလူးတွေကိုရော ကျွန်တော် တွေ့ခဲ့တာ . . . . . လွှတ် . . . တော် . . . ထဲ . . မှာ . . . .  . . ."

ပြောနေရင်း သူ့အသံက တိတ်ဆိတ် တိုးတိတ်စွာ ပျောက်ကွယ် ပျော့ကျသွားပြီး ဇတ်ကျိုးကျ သွားလေတော့သည်။ 



ရုတ်တရက် ဆတ်ခနဲ ကျွန်တော် လန့်နိုးတော့ ကျွန်တော့်ရဲ့ ရင်ဘတ်ပေါ်မှာ ကျွန်တော့်ရဲ့ မှတ်စုစာအုပ်လေးက မှောက်လျက်သားနဲ့ တွေ့လိုက်ရ၏။ သြော် . . . အိပ်မက် မက်နေတာပါလား။ ကျွန်တော် ကြည့်ချင်ခဲ့သော " ဗင်းဆင့်ဗန်ဂိုး ရဲ့ အာလူး စားသူများ " ပန်းချီကား အကြောင်း စဉ်းစားနေရင်း အိပ်ပျော်သွားမိလို့ ကျွန်တော် စွဲလန်းကာ အိပ်မက် မက်နေမိခြင်း ဖြစ်ပေလိမ့်မည်။

အိပ်မက်က လန့်နိုးတော့ ကျွန်တော့် ရင်ထဲမှာ ပူစပ်ပူလောင်ကြီး ဖြစ်ကျန်ခဲ့၏။ အိပ်မက်ထဲမှ ထိုလူက စကားကို ပြီးဆုံးအောင် မပြောနိုင်ခင်မှာပဲ သေဆုံးသွားခဲ့ချေပြီ။ တကယ်လို့ ကျွန်တော် အိပ်မက်ထဲမှာ နောက်ထပ် တစ်ခါ ဗင်းဆင့်ဗန်ဂိုးနဲ့ ထပ်ဆုံဖြစ်ခဲ့ရင် ကျွန်တော် အာလူးတွေရဲ့ စုရပ်ကို ဘယ်လို ပြောရပါမလဲ။

ဟိုလူ ပြောသလို အာလူးတွေရဲ့ စုရပ်က လွှတ်တော် ထဲမှာ ဆိုရင်တောင်မှ အဲဒီလွှတ်တော်က ဗင်းဆင့်ဗန်ဂိုးတို့ နေတဲ့ နိုင်ငံက လွှတ်တော်လား ၊ ကျွန်တော်တို့ နိုင်ငံက လွှတ်တော်လား ၊ ဟိုနိုင်ငံလား ၊ ဒီနိုင်ငံလား  . . . . လားပေါင်းများစွာနဲ့ ကျွန်တော် ဆက်၍ အိပ်မပျော်တော့ပါ။

တကယ်လို့ပေါ့။ စာဖတ်သူတွေထဲက တစ်ယောက်ယောက် သိမယ် ဆိုရင် ပြောခဲ့ကြပါ။ အာလူးတွေ စုစုစည်းစည်း ရှိနေတဲ့ စုရပ် လွှတ်တော်က ဘယ်နိုင်ငံမှာလဲ ဆိုတာကိုပါ။ ကျွန်တော် ဗင်းဆင့်ဗန်ဂိုးကို ပြန်ပြောပြချင်လို့ပါ။


*** ဗင်းဆင့်ဗန်ဂိုး ရဲ့ အာလူးစားသူများ ပန်းချီကားကို ဖျက်ဆီးမိတဲ့ အတွက် ဗင်းဆင့်ဗန်ဂိုးအား ဤနေရာမှ နေ၍ အနူးအညွတ် တောင်းပန်ပါသည်။ မူရင်း ပန်းချီကားကို ဤနေရာမှာ ကြည့်နိုင်ပါသည်။ ***


လေးစားစွာဖြင့်
ကိုဇော်
28.9.2011

Share/Bookmark

25 September 2011

17 ကျွန်တော် ချစ်တာ ဧရာဝတီ မဟုတ်ပါ



အခုတလော ဟိုးငယ်ငယ်က ဖတ်ခဲ့ရဖူးတဲ့ စာအုပ်လေး တစ်အုပ်ကို သွားသတိရနေမိတယ်ဗျာ။ ဒီစာအုပ်လေးကို ဘယ်သူရေးခဲ့တယ် ဆိုတာတောင်မှ မမှတ်မိတော့ပါဘူး။ ဝိုးတဝါး မှတ်ထင်ထားတာ မမှားဘူး ဆိုရင် ဆရာကြီး ဒဂုံရွှေမျှား ရေးထားတာ ထင်ပါရဲ့။

သေမိန့် အကျခံထားရတဲ့ လူတွေရဲ့ နောက်ဆုံး ခံစားမှုတွေကို အင်တာဗျူးသလို တွေ့ဆုံပြီးတော့ ရေးထားတဲ့ စာအုပ်လေးပါ။ လူတစ်ယောက် ( သို့ ) သတ္တဝါ တစ်ကောင်ရဲ့ အသက်ရှင် ရပ်တည်မှု အပေါ်မှာ မြင်သာ ထင်သာ စေတဲ့ စာအုပ်လေးပါပဲ။

ကြိုးစင် ( သို့ ) လျှပ်စစ်ထိုင်ခုံ ( သို့ ) ဆေးထိုးမည့် ကုတင် အစရှိသဖြင့် သေမိန့်ကျခံရသော နေရာကို အသွားမှာ ငါသေရတော့မယ် ဆိုတဲ့ စိတ်ကြောင့် စိတ်ဓါတ်တွေ ကယောင်ခြောက်ခြား ဖြစ်ကြ၏။ တချို့ဆို စိတ်ဖောက်ပြားကြကုန်၏။ အစရှိသဖြင့် ထိုသူတို့ရဲ့ တကယ့်ကို စိတ်ခံစားမှု ဖြစ်ရပ်များကို စုစည်းတင်ပြထားခြင်း ဖြစ်လေသည်။

အခုတလော ကျွန်တော် ဒီစာအုပ်လေးကို ပြန်သတိရနေတယ် ဆိုတာ သက်မဲ့တစ်ခု အနေနဲ့ နှစ်ပေါင်းများစွာ သက်ရှိ အလား ရှင်သန် စီးဆင်းခဲ့သော " ဧရာဝတီမြစ် " နဲ့ ယှဉ်ထိုး စဉ်းစားနေမိလို့ပါပဲ။ သေမိန့်ကျခံနေရသော မြစ်တစ်စင်း အနေနဲ့ ဧရာဝတီသာ ပြောခွင့် ရှိမယ် ဆိုရင် ၊ ဖွင့်ဆို ဖော်ပြနိုင်စွမ်း ရှိမယ် ဆိုရင် အခုချိန်မှာ ဘယ်လောက်များ သူ တုန်လှုပ်ခြောက်ခြား နေလိမ့်မလဲဗျာ။

အဲဒီလို ကျွန်တော် ဝင်ရောက်ခံစားမိရင်း တွေးနေမိပါတော့သည်။



အများသူငါ ခေါ်ဝေါ် သုံးစွဲ သလို ပြောရရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ " အမိမြန်မာပြည် " သာ ဆိုရင် ကျွန်တော်တို့ လူမျိုး မရွေး ၊ ဘာသာ မရွေးတွေကလည်း အမိမြန်မာပြည်ရဲ့ သားသမီးတွေပဲ မဟုတ်ပါလား။ အားလုံးက ဒီနိုင်ငံကပဲ ပေါက်ဖွားလာလို့ အမိမြန်မာပြည်ရဲ့ သားသမီးတွေ ဆိုရင် . . . . ." ဧရာဝတီ " ကိုလည်း အမိမြန်မာပြည်ရဲ့ ဂုဏ်ကျက်သရေ ရှိလှသော သမီးကြီး တစ်ဦးလို့ ကျွန်တော်တို့ အသိအမှတ် ပြုကြရမှာပါပဲ။ ဒါဆို ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ တမိတည်းဖွားတဲ့ မောင်နဲ့ နှမ ၊ ညီအစ်မတွေပဲ မဟုတ်ပါလား။

မြစ်ဆိုတာ ရေတစ်စက်တည်းနဲ့ မစီးဆင်းနိုင်သလို ၊ နိုင်ငံတစ်နိုင်ငံဆိုတာကလည်း လူတစ်ယောက်တည်းနဲ့ တည်ဆောက်နိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အခုလို တမိတည်းဖွားတဲ့ မြန်မာပြည်ရဲ့ အကျော်ကြားဆုံး မြစ်ကြီး တစ်စင်းကို အထက် အရပ်ကနေ ပိတ်ဆို့ တားဆီး လှောင်ပိတ်ပြီးတော့ " မြစ်ဧရာကို ရေမလာအောင် " လုပ်တာကတော့ အတော်ကို အကျည်းတန်သော ကိစ္စတစ်ခုပဲ မဟုတ်ပါလား။

သူ့ကြောင့် ကိုယ့်ကြောင့် ဆိုပြီးတော့ တစ်ယောက်ကနေ တစ်ယောက်ကို လက်ညှိုးထိုးပြီး လွှဲချနေမယ် ၊ အပြစ်တင်နေမယ် ဆိုရင် မြန်မာနိုင်ငံရဲ့ အထင်ကရ ဒီမြစ်ကြီး ပျက်ဆီးပျောက်ကွယ်ယုံမှ လွှဲလို့ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ သေသေချာချာ တွေးကြည့်မယ် ဆိုရင် ကျွန်တော်တို့ ကိုယ်ကိုပဲ ကျွန်တော်တို့ အားကိုးကြရမှာပါပဲ။

- မြန်မာနိုင်ငံကို ခဏခဏ လာပြီးတော့ စိုးရိမ်မိပါတယ်  . . . စိုးရိမ်မိပါတယ် ဆိုတဲ့ တိုင်းတစ်ပါးသားတွေကိုလည်း အားကိုးလို့ ရမှာ မဟုတ်ပါ။

- ဧရာဝတီက ဘယ်လိုကွာ ဆိုပြီး ဘီယာလေးသောက် ၊ ဝီစကီလေး နဲ့ မူးတဲ့ အခါမှာ ငြင်းခုန်နေကြတဲ့ ပြည်ပက သတင်းဌာနတွေကိုလည်း အားကိုးလို့ ရမှာ မဟုတ်ပါ။

- ဟိုလူမကောင်းလို့ ဟိုဘက် နိုင်ငံက လူမျိုးခြားတွေ မကောင်းလို့ ဆိုပြီး အပြစ်တင်နေလည်း အလကားပဲ ရှိမှာပါ။

ဘယ်လိုပဲ ဖြစ်နေပါစေ . . . . .

ကိုယ့်နိုင်ငံရဲ့ ကောင်းမှု ဆိုးမှုတွေ ဆိုတာ ကိုယ်တွေ နိုင်ငံသား အားလုံးရဲ့ တာဝန်ပဲ မဟုတ်ပါလား။ အခုဆိုရင် ပြည်တွင်းပြည်ပက မီဒီယာတွေ ၊ ပြည်သူပြည်သားတွေရဲ့ ဝေဖန်သံတွေ ၊ ဆွေးနွေးသံတွေကို နားထောင်ရမယ် လို့ နိုင်ငံတော်ရဲ့ အကြီးအကဲတွေက ပြောနေတဲ့ အချိန်အခါမှာ " ကိုယ့်အသား မထိရင် တိတ်တိတ်နေ ၊ ထိရင်တောင်မှ ဆိတ်ဆိတ်နေ " ဆိုတဲ့ ပုံစံတွေကို ပြုပြင်ပြီးတော့ မိမိတတ်နိုင်တဲ့ ဘက်ကနေ နိုင်ငံတော် အကြီးအကဲတွေက ပြည်သူ ပြည်သားတွေရဲ့ စကားသံတွေ ၊ အသံတွေကို နားစွင့်နေချိန်မှာ ကိုယ့်ရဲ့ တမိတည်းဖွား " ဧရာဝတီ " သတ်ပစ်ဖို့ ကိစ္စကို အားလုံး တမိတည်းဖွားများ ပီပီ ဝိုင်းဝန်း ကန့်ကွက် ရှုတ်ချသင့်ပါသည်။

တချို့သော လူတွေက ပြောမှ သိကြတာ မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့ ပြောကို ပြောရပါ့မယ်။ သို့သော် . . . ပြောတာတောင်မှ မသိရင်တော့လည်း . . .  ကျွန်တော်တို့ ရပ်နေလို့ မဖြစ်ပြန်ပါဘူး။ ကိုယ့်ရဲ့ တာဝန်က ပြောဖြစ်အောင်ကို ပြောရမှာ . . . ကန့်ကွက်ဖြစ်အောင်ကို ကန့်ကွက်ရမှာ . . .  ရှုတ်ချဖြစ်အောင်ကို ရှုတ်ချရမှာ မဟုတ်ပါလား။

ကျွန်တော် အခုလို ပြောနေတာ ကျွန်တော် ဧရာဝတီမြစ်ကို ချစ်လို့ ဆိုပြီး ပြောနေတာ မဟုတ်ပါ။ အခု လက်ရှိဖြစ်နေတဲ့ ဧရာဝတီမြစ်ကို အကြောင်းပြုပြီးတော့ ပြောနေခြင်းမျိုး မဟုတ်ပါ။ ကျွန်တော် ပြောချင်တာက ဒီ့ထက် ကျယ်ပြန့်ပါသည်။ ကျွန်တော် ချစ်တာ ဧရာဝတီ တစ်ခုတည်းကို မဟုတ်ပါ။ ဧရာဝတီ ဆိုတာ ကျွန်တော်တို့ တမိတည်းဖွား မောင်နှမ တစ်ယောက်မျှသာ အဖြစ် ကျွန်တော် ခံစားရပါသည်။ အခု ဒီစာကို ရေးတာကလည်း ကိုယ့်တမိတည်းဖွား ကိုယ့် အမျိုးကို ထိလို့ ဆိုသော ခံစားချက် အရ ရေးမိခြင်းသာ ဖြစ်ပါသည်။

သို့သော် . . . .

ကျွန်တော် ချစ်တာ ဧရာဝတီကို မဟုတ်ပါ။  ကျွန်တော် ချစ်တာ ဒီ့ထက် ပိုပါသည်။ ကျွန်တော် ချစ်တာ ကျွန်တော်တို့ရဲ့ " အမိမြန်မာနိုင်ငံ " ကိုသာ ဖြစ်ပါသည်။ အမိမြန်မာနိုင်ငံကို ချစ်မှတော့ အမိမြန်မာနိုင်ငံက လေထု နွေးနွေးလေးတွေ ၊ ဆောင်းလေ အေးအေးလေးတွေ ၊ ဖုန်မှုန့်လေးတွေ  ၊ မိုးရေစက်လေးတွေ ၊ သစ်ပင်လေးတွေ . . . အစရှိသဖြင့် အမိမြန်မာပြည်မှ အရာ အားလုံးကို ကျွန်တော်က ချစ်တာပါ။

အခုတော့ ကျွန်တော့်ရဲ့ တမိတည်းဖွား " ဧရာဝတီမြစ် " ကို ဖျက်လို ဖျက်ဆီးလုပ်ပြီး အသေသတ်နေသူများ အားလုံး ၊ ဒီလို ပျက်ဆီးအောင် ကြံဆောင်နေသော လုပ်ငန်းစဉ်များ အားလုံးကို ကျွန်တော် ဒီဘလော့နေရာကနေ ကန့်ကွက် ရှုတ်ချပါသည်။ ဒါကြောင့် . . . . .

"  ဧရာဝတီနဲ့ သက်ဆိုင်သော မြစ်ဆုံ ရေလှောင်ဆည် စီမံကိန်းကို ကန့်ကွက် ရှုတ်ချပါသည်။ "

လေးစားစွာဖြင့်
ကိုဇော်
25.9.2011


အကြောင်းကြောင်းကြောင့် အွန်လိုင်းနဲ့ အတော်ကို အဆက်အသွယ် ပြတ်သွားပါတယ်။ ဒီကြားထဲမှာ အခု မတန်မရာ နဲ့ မထင်မှတ်ဘဲ ဝယ်ဖြစ်သွားတဲ့ ကွန်ပျူတာက 64 bit ဖြစ်နေတော့ ဇော်ဂျီက အတော်ကို အဆင်မပြေဖြစ်နေတယ်။ ပထမကဆို စာသာ ဖတ်လို့ ရပြီး ရေးလို့ မရပါ။ နောက်မှ လက်ကွက် ရအောင်လို့ ရှာထည့်ပြီးတော့မှ ရေးလို့ရပါတော့တယ်။ 

ဒါပေမဲ့ အခု ရေးတော့ ရေးလို့ ရပေမဲ့ " ပက်ဆင့် " တွေ ရိုက်လို့ မရဘူး ဖြစ်နေတော့ စာရေးရတာ အတော်ကို ဆိုးလှတယ်။ ( ဥပမာ - ကိစ္စ . . . . .ဆို ရေးလို့ မရဘူး။ ကိစ ရယ်လို့သာ ရေးလို့ ရပါတယ်။ ) ဒါကြောင့် ရေးချင်တာကို အရင်ရှာ ပြီးတော့မှ ကော်ပီပြန်ကူးနေရတယ်။ ဒါကြောင့် အရင်လို စာသွက်သွက် မရေးနိုင်သေးပါ။ အသစ် မတင်နိုင်သေးသော်လည်း လာရောက် လည်ပတ် ဖတ်ရှု့သူ အားလုံးကိုလည်း ကျေးဇူး အထူး တင်ပါတယ်။



Share/Bookmark

08 September 2011

22 အဖေ ဆိုတာ . . .



နွေနေပူကား ပြင်းလှချေ၏။ နွေနေရဲ့ နေ့လယ်ခင်း ၁ နာရီ အချိန်ဆိုရင်ကား ပြောဖွယ်ရာ မရှိချေတော့။ အရပ်ရှစ်မျက်နှာ ဝန်းကျင်မှာ တံလျှပ်တို့က သိုင်းဝိုင်းကာ လွှမ်းခြုံနေလေသည်။ မြေပေါ်ကျနေသော နေရောင်က ထိသမျှ အရာ အားလုံးကို လောင်ကျွမ်းတော့ မတတ် ပူလှောင်လှချေ၏။ ကျေးငှက် တိရစ္ဆာန်များ အပါအဝင် သတ္တဝါ အားလုံးနီးပါးသည် အရိပ်ကျရာ နေရာမှာ ခိုအောင်းကာ အနားယူနေကြလေ၏။ ပတ်ဝန်းကျင် တစ်ခုလုံးကား တိတ်ဆိတ်၍ လူသူ လှုပ်ရှားမှု ကင်းကာ ငြိမ်သက်နေလေသည်။

ထိုသို့သော ပူလောင်ကျွမ်းနေသော အချိန်မှာ နေပူကျဲကျဲတွင် မနေမနား လှုပ်ရှားနေသူ တစ်ယောက် ရှိနေလေ၏။ သူကား လှည်းဖြင့် တိုက်လာသော ကောက်ရိုးထုံးများကို အိမ်နောက်ဘက်မှ စပါးကျီဘေး ကောက်ရိုးထုံးများ ထားရာ နေရာကို သယ်ကာ ထပ်၍ ထပ်၍ တင်နေလေသည်။ သူ၏ ကိုယ်သည် နေ၏ အပူရှိန်ကြောင့် ချွေးများ ပြိုက်ပြိုက်ကျနေ၏။ သို့သော် သူ၏ လှုပ်ရှားမှုက ရပ်နားသည် ဟူ၍ မရှိ။ ခြံဝန်း အပြင်မှာ လှည်းလမ်းကြောင်းပေါ်တွင် ရပ်ထားသော လှည်းပေါ်မှ ကောက်လှိုင်းထုံးများကို သယ်ယူကာ အိမ်နောက်သို့ သယ်ယူလျက်ပင် ဖြစ်၏။ 

“ မောင်စိုး . . . ”

ကောက်လှိုင်းထုံး သယ်ရန် လှည်းဆီသို့ သွားနေသော ထိုသူက အသံကြားရာသို့ လှည့်ကြည့်ကာ ပြန်ထူးလေ၏။ 

“ ဗျာ . . အဘ ”

“ ခဏ နားလိုက်ပါဦးလား ငါ့သားရယ်။ နေက ပြင်းက ပြင်းပါဘိသနဲ့။ ”

“ ညနေ ဟိုဘက်ရွာမှာ ထင်းသွားတိုက်ရဦးမယ် အဘရဲ့။ ဒါကြောင့် အခု ကောက်လှိုင်းထုံးတွေ မသယ်ထားရင် သယ်ဖို့ အချိန်ရမှာ မဟုတ်ဘူးလေ။ ”

“ ဒါတော့ ဒါပေါ့ ငါ့သားရာ။ နေက လွှတ်ပူတယ်ဟ။ ခဏလေး နားလိုက်ပါဦးလား။ ”

“ ဟုတ်ကဲ့ . . . ဒါနဲ့ ဖိုးသားရော အဘ ”

“ မင်းသားက အိပ်နေပါတယ်ကွာ။ နေပြင်းတော့ ကလေးတွေလည်း နုံးပြီးတော့ အိပ်ကြတာပေါ့။ ”

“ နေရော ကောင်းရဲ့လား အဘ ”

“ ကောင်းပါတယ်ကွာ။ ကလေး ပီပီ နေ့လည် နေ့ခင်း အိပ်တာပါကွ ”

“ သြော် . . ဟုတ် . . ”

မောင်စိုး . . . ပြောလည်း ပြော ၊ ကျန်နေသော ကောက်လှိုင်းထုံးများကို သယ်ရန် လှည်းဆီသို့ ဦးတည် လိုက်ပြန်၏။ 

“ ခဏ နားစမ်းပါဦး ဆိုမှ ငါ့သားရာ ”

“ နေစောင်းသွားမှ ဆိုရင် ဟိုဘက် ရွာကို သွားရင် မမှီမှာ စိုးလို့ပါ အဘရာ။ ”

“ ဒါဆိုလည်း ခဏလေး နားပြီး အဖန်ရေလေး သောက်ဦးဟ ၊ ထန်းလျက်ခဲလေးလည်း ရှိတယ်။ နေက အရမ်းပြင်းတယ်ကွ။ ”

ထပ်ငြင်းနေရင် အဘဆီက စကားသံက ထပ်ထွက်လာမှာ စိုး၍ မောင်စိုး အိမ်တံစက်မြိတ်သို့ ဝင်ကာ ကြွေရည် ခပ်ကြမ်းကြမ်း သုတ်ထားသော လက်ဖက်ရည်ကြမ်း ခွက်ထဲသို့ အဖန်ရည်ကို ငှဲ့ထည့်ကာ ဆတ်ခနဲ မော့သောက်လိုက်၏။ အနားပဲ့နေသော ပန်းကန်ပြားထဲမှ ထန်းလျက် တစ်ခဲကို နှိုက်ကာ ကွမ်းချိုးတက်နေသော အံသွားဖြင့် တစ်ချက်ကိုက်ကာ အပိုင်းကြီး နှစ်ပိုင်းကွဲသွားမှ ကျန်ထန်းလျက်ခဲ အပိုင်းအားလုံးကို ပါးစပ်ထဲ ပစ်သွင်းလိုက်လေသည်။ 

နောက်ထပ် အဖန်ရည် တစ်ခွက်ကို ငှဲ့သောက်ပြီးတော့ ခပ်လှမ်းလှမ်း လှည်းလမ်းကြောင်းမှာ ရပ်ထားသော လှည်းပေါ်မှာ ကောက်လှိုင်းထုံးများကို လှမ်းကြည့်ရင်း သယ်ဖို့ လှည့်လိုက်ချိန်မှာပဲ . . . 

“ အင့် . . . အ . .  . ဝါး . . . ”

အိမ်ထုပ်တန်းမှာ ကြိုးဖြင့် တုပ်ချည်နှောင်ကာ ဆင်ထားသော ပုခက်ထဲမှ လှုပ်ရှားမှု ဖြစ်ပေါ်လာပြီး သူ့သားလေးဆီမှ ငိုသံ သဲ့သဲ့ကို ကြားလိုက်ရလေ၏။ ကောက်လှိုင်းထုံးများ ရှိရာ လှည်းဆီသို့ သွားမည့် သူ့ခြေလှမ်းများက ချက်ချင်း လမ်းကြောင်းပြောင်းကာ အိမ်ပေါ်သို့ ခြေတစ်ဘက် တက်ပြီးသား ဖြစ်သွား၏။ သို့သော် သူ့သားလေးကို သူ့အဘက ပုခက်ထဲမှ လှမ်းချီကာ ပွေ့ယူထားပြီး ဖြစ်၏။ သူ့သားလေးကလည်း ငိုနေခြင်း မရှိ။ အခုနက နိုးနိုးချင်းမို့ အသံပြုခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် အိပ်ရေး မဝသေး၍ ထင်သည်။ မျက်နှာက သိပ်တော့ ကြည်လင်ခြင်း မရှိပေ။

“ အဘ . . . ကျုပ်သားလေး ဘာဖြစ်လို့လဲ မသိဘူး။ နေများ မကောင်းဘူးလား ၊ မှန်းစမ်းပါဦး။ ”

သူ့အဘ လက်ထဲမှ သူ့ကလေးကို စမ်းဖို့ လက်အပြင်မှာ သူ့အဘက နောက်သို့ ရို့လိုက်ပြီး . . . 

“ နေစမ်းပါ . . ငါ့သားရာ။ နေပြင်းလွန်းလို့ နိုးလာတာပါကွ။ မင်း လက် အပေကြီးနဲ့ ကလေးကို မကိုင်စမ်းပါနဲ့။ ကောက်ရိုးအမွှေးတွေနဲ့ ကလေး ယားကုန်ပါ့မယ်။ ”

ကောက်ရိုးမှ အမွှေးလို့ ခေါ်သော ကောက်ပင်မှ အစူးလေးတွေက သာမာန် လူကြီးကို ဘာမှ မဖြစ်စေနိုင်သော်လည်း ကလေးတွေရဲ့ အသားနုနုလေး အတွက်တော့ ယားယံစေမှာ အမှန် ဖြစ်၏။ အတင်းအကြပ် တားမြစ်သံ မဟုတ်သော်လည်း ထိုစကားက အလွန်ထိရောက်လေ၏။ ကလေးဆီသို့ လက်လှမ်းကာ တိုးကပ်လာသော မောင်စိုး ချက်ချင်းပင် ကလေးနဲ့ ဝေးရာသို့ နှစ်လှမ်းကျော်မျှ ဆုတ်သွားမိလေ၏။ 

“ အိပ်ရေး မဝသေးဘူး ထင်တယ် အဘ။ ပြန်သိပ်လိုက်ပါလား။ ”

“ ငါ မင်းကိုတောင်မှ ဒီလောက် ကြီးလာအောင် မွေးလာတာပါ ငါ့သားရာ။ နေပြင်းလို့ နိုးလာတာပါ။ ရေတိုက်ပြီး ပြန်သိပ်ရင် အိပ်ပါတယ်။ မင်းသာ နေပြင်းထဲမှာ “ ငရဲက လာသူ ပြာပူမကြောက် ” ဆိုသလို ကောက်လှိုင်းတွေ သယ်နေတာ။ ခဏနားပြီး နေနည်းနည်းစောင်းမှ လုပ်ရင်လည်း ဘာမှ မဖြစ်ပါဘူးကွာ။ ”

“ ညနေ ဟိုဘက် ရွာမှာ ထင်းစည်းတွေ တိုက်ရဦးမှာမို့လို့ပါ အဘရာ ”

ပြောလည်း ပြော ၊ သူ့သားကို စိတ်မချသလို တစ်ချက်လှမ်း ကြည့်ရင်း မောင်စိုး အိမ်ပေါ်မှ ဆင်းသွားကာ လှည်းလမ်းပေါ်မှာ ရပ်ထားသော သူ့လှည်းဆီသို့ ပြန်သွားကာ ကောက်လှိုင်းထုံးတစ်ထုံးကို လှမ်းမလိုက်ပြီး ပုခုံးပေါ်သို့ တင်ကာ အိမ်နောက်ဘက်သို့ ဝင်သွားပြန်၏။ သူ ပြန်ထွက်လာတော့ သူ့ရဲ့ သားလေးကို ပွေ့ထားရင်း အိမ်ပေါက်ဝမှာ ထိုင်နေသော သူ့အဘကို မြင်ရ၏။ သိပ်မကြည်လင်သေးသော မျက်နှာနဲ့ သူ့သားကို တွေ့ရပြန်သည်။

“ ငါ့သားကြီး . . . နိုးပြီလား။ ပြန်အိပ်ဦးလေကွာ။ ”

သူ့ရဲ့ အသံကြားတော့ စိတ်မကြည်လင်သေးလို့ မှုန်ကုပ်ကုပ် မျက်နှာနဲ့ သူ့သားက တစ်ချက် လှစ်ခနဲ သူ့ကို ကြည့်ကာ ပြုံးပြလေ၏။ ထိုသို့သော အပြုံးက မောင်စိုး အတွက် ခွန်အား တစ်ရပ် ဖြစ်လေသည်။ သူ့သားကို ချော့မြူရင်း လှည်းလမ်းပေါ်မှာ ကောက်လှိုင်းများ တင်ထားသော လှည်းဆီသို့ ဦးတည်ကာ သွားပြန်လေ၏။ လှည်း အနီးကို ရောက်တော့ ကောက်လှိုင်းထုံး တစ်ထုံးကို လှမ်းပင့်ယူလိုက်ပြီး ပုခုံးပေါ်ကို တင်ကာ ထမ်းလာခဲ့ပြန်သည်။ 

ကောက်လှိုင်းထုံးကို ထမ်း၍ ငိုက်စိုက်စိုက် လှမ်းလျှောက်လာရင်း သူ ခြံဝန်းဝသို့ အရောက် သူ့ရဲ့ မျက်လုံး အစုံ ပြူးကျယ်သွားလေ၏။ သူ ထမ်းယူလာသော ပုခုံးပေါ်မှ ကောက်လှိုင်းထုံးကို မြေပြင်ပေါ်သို့  ဖြစ်သလို ပစ်ချကာ အိမ်ဘက်ဆီသို့ ဂမူးရှူးထိုး ပြေးလာလေတော့သည်။ သူ၏ ပါးစပ်မှလည်း . . . 

“ အဘ . . . အဘ . . . ဘယ်ရောက်သွားပြီလဲ။ ကျုပ်သားကို ဘာလို့ နေပူနေတဲ့ ကွပ်ပစ်ပေါ်မှာ ထားပြီး ဘယ်ရောက်သွားတာတုန်း။ ”

သူက ထိုသို့ အော်ဟစ်ပြေးလာကာ အိမ်ရှေ့ ကွပ်ပစ်ပေါ်မှ သူ့ကလေးကို ဆတ်ခနဲ လှမ်းယူကာ ပွေ့ချီလိုက်လေ၏။ ထိုအချိန်မှ သူ့အဘက အိမ်ထဲမှ ဘာမှ မဖြစ်သလို နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုကို တပ်ဆင်ရင်း ခပ်အေးအေး ထွက်လာလေ၏။ သူ၏ အဘက အေးဆေးနေသလောက် သူကတော့ နေပူစပ်ခါးမှာ ကောက်လှိုင်းထုံး ထမ်းနေတာထက် ပို၍ ပူလောင်သလို ခံစားနေရ၏။

“ အဘ. . . အဘဗျာ။ ကျူပ်သားကို ဘာလို့ နေပူနေတဲ့ ကွပ်ပစ်မှာ ထားပြီး အိမ်ထဲ ဝင်သွားရတာလဲ။ ”

“ ဟ . . ကောင်ရ။ ဘာဖြစ်လို့လဲကွ။ ဒီနေပူလောက်နဲ့ ဘာမှ မဖြစ်ပါဘူးဟ။ ”

သူ့အဘကား လွန်စွာမှ အေးဆေးစွာ ဖြေကြားလေ၏။ သို့သော် သူကား မအေးဆေးနိုင်ချေ။

“ နေဒီလောက် ပြင်းနေတာ အဘရာ။ ကျုပ်သား ဖျားနာကုန်မပေါ့ဗျာ။ ”

“ ဒီလောက်နဲ့ မင်းက ဘာလို့ စိတ်တွေ ပူနေတာလဲကွ ၊ ”

“ အာ . . အဘရာ။ ပူရတာပေါ့ဗျ။ ”

“ ငါက မင်းထက် နားလည်ပါတယ်။ ဘာမှ မဖြစ်ပါဘူးဟ။ ငါတောင်မှ ဒီလောက် စိတ်မပူဘူး။ ”

“ အဘကတော့ ဘယ်စိတ်ပူမလဲ ၊ ဒါပေမဲ့ ကျုပ်ကတော့ ကျုပ်သား အတွက် စိတ်ပူတာပေါ့ဗျ။ ”

သူက စိတ်ဆိုး မာန်ဆိုးဖြင့် သူ့အဘကို လှမ်းပြောချိန်မှ သူ့အဘရဲ့ နှုတ်ခမ်းဖျားမှာ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာလေ၏။ ပြီးတော့ သူ့ကို နုညံ့စွာကြည့်ရင်း . .  .

“ အေး . . . မင်း မှတ်ထား။ မင်းက မင်းသားကို စိတ်ပူသလို ၊ ငါကလည်း ငါ့သား ဖြစ်တဲ့ မင်းကို စိတ်ပူတာပဲကွ။ ဒါကြောင့် နေပူထဲမှာ မင်း ကောက်လှိုင်းတွေ ထမ်းနေတာကို နားဖို့ ပြောနေတာပေါ့။ ”

သူ့ရဲ့ စိတ်ထဲမှ ဒေါသတွေ ၊ အပြင်မှာ တိုက်ခတ်နေတဲ့ လေပူတွေ ၊ ပြင်းပြနေတဲ့ နေရှိန်တွေ အားလုံး တိတ်ဆိတ်သွားကာ အရာရာဟာ အေးချမ်းသွားသလို ခံစားလိုက်ရ၏။ မိဘမေတ္တာ ဆိုတာ စိမ့်စမ်းရေပမာ အေးချမ်းလှပေစွ မဟုတ်ပါလား။ 

***  ကျွန်တော့် အဖေကို သတိရလို့ ချရေးလိုက်တဲ့ စိတ်ကူးပုံဖော်မှု တစ်ခုမျှသာ ဖြစ်ပါတယ်။ ***

လေးစားစွာဖြင့်
ကိုဇော်
8.9.2011

Share/Bookmark

06 September 2011

30 ဘလော့ဂါ ဆိုတာ ဘာလဲ ( Tag )



 

အင်း . . . ခက်တော့ ခက်ချေပြီ။ ဒီနေရာ မှာ နတ်ဆိုးလေးက “ ဘလော့ဂါ ဆိုတာ ဘာလဲ ” ဆိုတဲ့ ခေါင်းစဉ် နဲ့ တဂ်ထားပါသည်။ ကျွန်တော် ဒီအကြောင်းကို ရေးရင် ကောင်းမလား လို့ ကျွန်တော် ရေးချင်တဲ့ ပုံစံလေးကို ပြောပြပြီးတော့ ဘလော့ဂါ တစ်ယောက်နဲ့ လွန်ခဲ့သော တစ်နှစ်ခွဲလောက်က တိုင်ပင်ဖူးပါသေးသည်။ သူက ခါးခါးသီးသီးပဲ တားမြစ်ပါ၏။ “ မရေးနဲ့ ၊ ကိုဇော်သာ ဒီလို ရေးပုံနဲ့ ဆိုရင် ပြဿနာတွေ တတ်ကုန်လိမ့်မယ်။ ” လို့ ဆိုပါ၏။ ဒါကြောင့် ကျွန်တော် မရေးဖြစ်ခဲ့တော့ပါ။ ဒါပေမဲ့ ဒီအကြောင်းကို ရေးဖို့ စိတ်ထဲမှာ တကျီကျီ ဖြစ်နေမိသည်။ အကြောင်းအရာ တိုက်ဆိုင်တိုင်းလည်း ခေါင်းပြူကြည့်နေသလို ခံစားခဲ့ရသည်။

ဟော . . . အခုတော့ တကယ်ကို တိုက်တိုက်ဆိုင်ဆိုင် “ နတ်ဆိုးလေး ” က တဂ် လာသောကြောင့် ကျွန်တော် ရေငတ်သူ ရေတွင်းထဲ ကျသကဲ့သို့ ဖြစ်ကာ ရေးသားလိုက်ရလေတော့သတည်း။



Blog ဆိုတာကတော့ နတ်ဆိုးလေး ရေးထားသလိုပါပဲ။ Web နဲ့ Log နှစ်ခုကို ပေါင်းရာကနေ Blog ဆိုပြီး ဖြစ်လာတာလို့ ဖတ်ရှု့မှတ်သားခဲ့ရဖူးပါသည်။ ထိုကဲ့သို့ Blog ကို ရေးသားနေသူမို့ Blogger လို့ ခေါ်လိုက်တာဟု ထင်မှတ်ယူနိုင်ပါ၏။ ဒီတော့ ဘလော့ဂါ ( Blogger ) ဆိုသော စာလုံးရဲ့ အဓိပ္ပါယ်သည် “ ဘလော့ကို ရေးသားသူ ” လို့ ဖွင့်ဆိုမယ် ဆိုရင် ရပါပြီ။ သို့သော် ပို့စ်ရဲ့ ခေါင်းစဉ် ဖြစ်သော “ ဘလော့ဂါ ဆိုတာ ဘာလဲ။ ” ဆိုသော အမေးကိုတော့ ဘလော့ကို ရေးသားသူ လို့ အဓိပ္ပါယ်ဖွင့်ဆိုရုံဖြင့် မလုံလောက်တော့ဘူးလို့ ထင်ပါ၏။

“ ဘလော့ဂါ ဆိုတာ ဘာလဲ ” ဆိုသော အမေးကို ကျွန်တော်ကတော့ အောက်ပါ အတိုင်းပဲ ဖြေဆိုလိုက်ပါသည်။



ဖြစ်စဉ် ( ၁ )

အွန်လိုင်းမှာ တက်တက်ပြီးတော့ ချက်တင် ဝင်ရတာလည်း ကြာလာတော့ ပျင်းလာတယ်ကွာ။ ဘာလုပ်ရင် ကောင်းမလဲ။

“  - - - - - - - ”

အင်း . . .

ဟာ . . . ဟုတ်ပြီ။ ငါ့ရဲ့ကိုယ်တွေ့ ဖြစ်ရပ်တွေကို သူများတွေ အတွေ့အကြုံ ယူနိုင်အောင်လို့ ဘလော့ တစ်ခု လုပ်ပြီးတော့ ရေးမယ်ကွာ။ ဒါဆို ငါလည်း အပျင်းပြေ သူများတွေလည်း အတွေ့အကြုံ ၊ ဗဟုသုတ ရတာပေါ့။ ဟုတ်တယ် ရေးမယ်။

“ ချောက် . . . ချောက် . . . ချောက် . .  ” ( တိုက်ပင်ရိုက်သံလို့ မှတ်ယူကြပါကုန်လော့ )

အမ် . . . မဖြစ်သေးပါဘူး။ ရေးတာက သုံးကြောင်းပဲ ရှိသေးတယ်။ ဒီအထဲမှာ ငါ အစားလျှောက်စားတာတွေ ၊ အရင်က အွန်လိုင်းမှာ ကောင်မလေးတွေကို ကြူတာတွေ အဲဒီအကြောင်းတွေက ပိုများနေတယ်။ ဒါကို သွားတင်ရင် လာဖတ်သမျှ လူတွေက ဆဲသွားကြမှာပေါ့။ မဟုတ်သေးပါဘူး။ ဒါလေးကို Save ပြီးတော့ Draft ထဲမှာ သိမ်းထားလိုက်တာ ကောင်းပါတယ်။

အင်း . . သိမ်းထားလိုက်ပြီ။ တခြား အကြောင်း ဆက်ရေးမယ်။

“ ချောက် . . . ချောက် . . . ချောက် . . . ”

ဟာ . . . ဒါကျတော့လည်း ကိုယ့်ကိုယ်ကိုယ် ကိုယ်ရည်သွေးသလို အရမ်းဖြစ်နေပြန်ပြီ။ ဒါဆိုလည်း အွန်လိုင်းက လူတွေ အမျိုးမျိုး မဟုတ်လား။ ကြည့်မရဘူး ဆိုပြီး ကလော်တုပ်သွားပါဦးမယ်။ ဒါကိုလည်း Save ထားလိုက်တာ ကောင်းပါတယ်။ အင်း . . နောက်ထပ် တခြား အကြောင်းအရာ ထပ်ရေးဦးမှာပဲ။

“ ချောက် . . . ချောက် . . . ချောက် . . . ”

အာ . . . ဒါကျတော့လည်း #*&(&Q@(%&Q_@%*Q+_)%&_(%* မထူးပါဘူးကွာ။ Save ထားလိုက်တာ ကောင်းပါတယ်။

*** ဒီလိုနဲ့ Save ထားတာတွေ များလာပြီးတော့ Draft ထဲမှာ ပို့စ်တွေ များနေသူကို ဘလော့ဂါ လို့ ခေါ်ပါသည်။ ***



ဖြစ်စဉ် ( ၂ )

“ အခု ဘာလုပ်နေတာလဲ။ ”

“ အင်း . . . ပို့စ်လေး တစ်ပုဒ်လောက် ရေးရင် ကောင်းမလားလို့ တွေးနေတာပါ။ ”

“ သြ . . . သဲလေးနဲ့ စကားပြောတာတောင်မှ စိတ်က သဲလေး ဆီမှာ မရှိဘူး။ သူ့ဘလော့ကို ရေးဖို့ပဲ စိတ်က ရောက်နေတယ်။ ဘလော့လောက် သဲလေးကို စိတ်ထဲမှာ ရှိရဲ့လား။ ”

“ အာ. . . မဟုတ်တာကွာ။ လာရစ်ပြန်ပြီ။ တူမလားကွ။ ဘလော့ ဆိုတာက ဘလော့ပဲလေ။ သဲလေး ကတော့ ကိုယ့်ရဲ့ ချစ်သူပေါ့။ ဘယ်လာတူမလဲ။ ”

“ ဒါဆိုရင်လည်း လိုင်းပေါ်မှာ တွေ့နေတဲ့ အချိန်လေးမှာ သဲလေးကို ဦးစားပေးပြီးတော့ စကားပြောပါလား။ ”

“ အင်းလေ . . ပြောနေတာပဲလေ။ အခု ကိုယ်က ဘာဖြစ်နေလို့လဲ။ ”

“ အာ . . . သဲလေးနဲ့ စကားပြောနေရင်းနဲ့ကို သူ့ဘလော့ ရေးဖို့ ကိစ္စပဲ စိတ်ရောက်နေတယ် မဟုတ်လား။ ”

“ သြော် . . ဒါကတော့ကွာ။ ဘလော့မှာ အသစ် မတင်တာ ကြာသွားတော့ စာလာဖတ်သူတွေကို အားနာလို့ပါ။ ”

“ ဟင် . . . အဲဒီ စာလာဖတ်သူတွေနဲ့ သဲလေးနဲ့ ဘယ်သူက ပိုအရေးကြီးလဲ။ ”

“ ဟို . . အမ် . . . ဟိုဟာလေ . . ဒီလို . . အင်း . . . သဲလေးကလည်း အရေးကြီးတာပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ စာဖတ်သူတွေကိုလည်း အသစ် မတင်နိုင်တော့ အားနာစရာ မဟုတ်လား။ ဒါကြောင့်ပါကွာ။ ”

“ မရဘူး . . . သေသေချာချာ ပြတ်ပြတ်သားသားပြော . . . ”

“ အာ . . . ဒါ နှိုင်းစရာမှ မဟုတ်တာကွာ။ စာဖတ်သူ ဆိုတာ ကိုယ့်ရဲ့ မိတ်ဆွေတွေ ဆိုလည်း ဟုတ်တယ်လေ။ သူကလည်း ဘဝ တစ်လျှောက်လုံးမှာ လေးစား ခင်မင် သွားသင့်တဲ့ လူတွေပဲလေ။ ဒါပေမဲ့ သဲလေးကတော့ ကိုယ့်ရဲ့ ဘဝမှာ အနီးကပ်ဆုံး အဖော်မွန်ပဲလေ။ ”

“ အဲဒီလို ရောထွေးပြီးတော့ မပြောနဲ့။ တကယ်လို့ အဲဒီ စာဖတ်သူတွေနဲ့ သဲလေးနဲ့ တစ်ခုကိုပဲ ရွေးရမယ် ဆိုရင် ဘယ်သူ့ကို ရွေးမလဲ။ ”

“ မဟုတ်တာကွာ။ ဒီလို ကျဉ်းထဲ ကြပ်ထဲ ဖြစ်အောင် မမေးရဘူးလေ။ ”

“ မေးတယ် . . . မေးတယ် . . . ပြော . . . ဘယ်သူ့ကို ရွေးမလဲ။ ”

“ အာ . . . အင်း . . . ဟိုဟာလေ . . . ”

“ ဘာမှ အူကြောင်ကျား မလုပ်နဲ့နော်။ ဖြေ . . . ဒါကို သေချာဖြေ. . . ”

“ ဒီလိုလေ . . . ကိုယ့်မှာ လက်နှစ်ဖက် ရှိတယ်လေ။ ဒီလိုပဲ . . . ကိုယ့်ရဲ့ ညာဘက် လက်နဲ့ ဘလော့က စာတွေကို ရေးနေရင်းနဲ့ ဘယ်ဘက် လက်နဲ့ သဲလေးကို ထွေးပွေ့ထားချင်တယ်ကွာ။ ”

“ အပိုတွေ လာပြောနေပြန်ပါပြီ။ ”

“ အပို မဟုတ်ပါဘူးကွာ။ တကယ်ပါ . . . ”

“ ဟွင့် . . . ”

စိတ်ထဲမှာ ပေါ်လာတဲ့ ဟိုးအရင်က ဖတ်ခဲ့ဖူးသော စကားလုံး တစ်ခုကို ကိုးကားက ပြောလိုက်နိုင်၍ ချစ်သူ အနည်းငယ် ပျော့ပြောင်းသွားကာ စိတ်ပြေသွားသည်ဟု ထင်၏။

“ ဟိုလေ  . . . သဲလေးရေ . . . ”

“ အင်း . . . ပြောလေ . . . ”

“ သြော် . . . ဟိုဟာပါ . . အင်း . . . ”

“ ဘာလဲ ပြောလေ . . ”

“ ဟိုလေ . . ကိုယ့်ဘလော့မှာလေ ၊ ပို့စ် အသစ် မတင်တာ တော်တော် ကြာသွားလို့ အခု ရေးလိုက်ဦးမယ်နော်။ နောက်ပြီးမှ သဲလေးနဲ့ စကားဆက်ပြောမယ်နော်။ ”


“ ဘာ . . . . ”

*** အဲဒီလိုပါပဲ။ ဘလော့ဂါ ဆိုတာ ချစ်သူနဲ့ ပြောနေတာတောင်မှ ဘလော့ရေးဖို့လောက်ပဲ စိတ်ထဲမှာ အာရုံ ရနေသူ တစ်ယောက်မျှသာ ဖြစ်ပါတယ်။ ***



ဖြစ်စဉ် ( ၃ )

“ ဟေ့ကောင် . . . မောလ်ဘက် သွားမယ်လေ။ ပြောထားတယ် မဟုတ်လား။ ”

“ အင်း . . . အဲ . . . ခဏလေး စောင့်ကွာ . . . နော် .. . ”

၅ မိနစ် . . . . .

၁၀ မိနစ် . . . . .

နာရီဝက် . . . . .

“ ဟေ့ကောင် . . . ကြာလှချည့်လား။ သွားတော့မယ်လေ။ ဘာလုပ်နေတာလဲ။ ”

“ ဟို . .  ငါ ပို့စ်လေး ရေးနေတာ မပြီးသေးလို့ကွာ။ ဒါလေး ပြီးအောင် ရေးနေတာပါ။ ”

“ ဟာကွာ . . မင်းကလည်း ပြန်လာမှ ဆက်ရေးလို့လည်း ရရဲ့သားနဲ့။ ”

“ ခဏလေးပါကွာ . . . ပြီးတော့မယ် . . . . ”

၅ မိနစ် . . . . .

၁၀ မိနစ် . . . . .

နာရီဝက် . . . . .

“ ဟေ့ကောင် မပြီးသေးဘူးလား . . စိတ်မရှည်တော့ဘူးကွာ။ ငါ သွားတော့မယ်။ ”

“ ခဏလေးပါကွ . . . မင်းကလဲ ၊ အေးကွာ . . . သွားရင်လည်း သွားတော့ . .၊ ငါ့အတွက် ကုတ် တစ်ဘူးနဲ့ ကြက်ကြော် ၂ တုံးလောက် ဝယ်ခဲ့ပေးစမ်းပါ။ ”

“ ဒါပဲလား . . . ”

“ အေးအေး . . . ပြီးမှပဲ ငါ့ဖာသာ လိုတာတွေ သွားဝယ်တော့မယ်။ ”

၅ မိနစ် . . . . .

၁၀ မိနစ် . . . . .

နာရီဝက် . . . . .

“ ရော့ . . . ဟေ့ကောင် . . . ငါ ပြန်လာပြီ။ ”

“ အေး . . . အေး . . အဲဒီ့ ဘေးနားမှ ချထားလိုက် . . .”

“ မင်းဟာက ရေးလို့ မပြီးသေးဘူးလား။ ”

“ အဟီး . . . ပြီးတော့မှာပါကွ။ ”

“ မင်းဟာကလည်းကွာ ၊ ဘလော့ ရေးနေတာနဲ့ အစားပျက် ၊ အသောက်ပျက် ၊ အခန်းကလည်း ရှုပ်ပွနေတာပဲ။ မင်းတို့ ဘလော့ရေးတာကလည်း စိတ်ပျက်စရာပါပဲလားကွာ။ ”

“ ဒါကတော့ ဝါသနာကိုးကွ။ ”

“ မင်းတို့ ဘလော့ဂါတွေရဲ့ ဝါသနာကလည်းကွာ။ ”

*** အဲဒီလိုပါပဲ။ ဘလော့ဂါ ဆိုတာ တခြား ဘာမှ ဂရုမစိုက်မိဘဲ ၊ သူ လုပ်ချင်တာကိုသာ လုပ်နေတတ်သူ တစ်ယောက်ပဲ ဖြစ်တယ်။ ***



ဖြစ်စဉ် ( ၄ )

“ ဟလို  . . . အားလား။ ”

“ အင်း . . ရပါတယ် ပြောလေ . . ကိုဇော် ”

“ ဟိုလေ . . . စုဖုရားလတ်က သီပေါမင်းကို ရထားပေါ်တက်တုန်း တိုးတိုးလေး ကပ်ပြောလိုက်တဲ့ စကားက ဘာလဲဗျ။ အဲဒါလေး သေချာ သိချင်လို့ . . . ”

“ တိန် . . . ကျွန်တော်လည်း မသိဘူးလေ ကိုဇော်ရဲ့။ ဘာပြောတယ်လို့ ကိုဇော်က ကြားမလို့လဲ။ ”

“ အင်း . . ကျွန်တော် ကြားမိတာတော့ ရှိပါတယ်။ ဒါပေမဲ့ သေချာလားလို့ ထပ်မေးတာပါ။ ”

“ ဘာလဲဗျ. . . .”

“ သြော် . . . စုဖုရားလတ်ကလေ . . . . ၊  ရထားပေါ် တက်တော့လေ . . . ၊ သီပေါမင်းကိုလေ . . .  ပြောတာလေ . . . . ”

“ ဟုတ် . . . ဘာပြောလိုက်တာလဲ။ ”

“ ဟိုဘက် နည်းနည်းတိုး . . . တဲ့။ ”

“ ဟားဟားဟား . . . တကယ်လားလို့ဗျာ။ ကိုဇော်က နောက်တတ်တာပဲ။ ”

“ ကျွန်တော် မနောက်ဘူး။ တကယ်ဗျ။ ”

“ ဟုတ်လား . . . သူက တကယ် ပြောလိုက်တာလား။ ”

“ အင်း . .  ဒါကို သေချာချင်လို့ မေးနေတာဗျ။ ပို့စ် တစ်ခုမှာ တိတိကျကျ ကိုးကားပြီးတော့ ထည့်ရေးချင်လို့။ ”

“ ဟုတ် . .  ကျွန်တော်တော့ မသိဘူးဗျ။ ”

အဲဒီလို မေးတတ်သလို . . . တစ်ခါတလေတော့လည်း . . . .

“ ဟလို . . . တစ်ခုလောက် မေးချင်လို့  . . . အားလား မသိဘူး။ ”

“ ဟုတ်. . . ကိုဇော်  ၊ အားပါတယ်။ ပြောလေ . . ”

“ ဟိုလေ . . . ကိုxxx က သတ္တဗေဒ မဟုတ်လား။ ”

“ ဟုတ်ပါတယ် ၊ ဘာဖြစ်လို့လဲ ကိုဇော် ”

“ ဒီလိုပါ . . . ပင့်ကူတွေမှာ မျက်လုံး ( ၈ ) လုံးပါတယ် မဟုတ်လား။ ”

“ ဟုတ် . . .  ”

“ အဲဒီ မျက်လုံးတွေထဲမှာ လူတွေလို မျက်လုံး တစ်လုံးချင်းက မှုန်လာတာတွေ မတူဘဲ ၊ တစ်လုံးချင်းစီမှာ ပါဝါတွေ မညီမညာ ဖြစ်နေတယ် ဆိုပါစို့။ ဒီလို မျက်စိမှုန်လာပြီးတော့ အမြင်တွေ ဝါးလာမယ် ဆိုပါတော့ ဒါဆိုရင် သူတို့ရဲ့ လားရာ ဒေသကို သူတို့ သေချာ ခန့်မှန်းနိုင်မလား ဆိုတာ သိချင်လို့ပါ။ ”

“ ဗျာ . . .  ”

“ ဘာဖြစ်လို့လဲဗျ . .  ”

“ ကျွန်တော် သင်ရတဲ့ စာထဲမှာ အဲဒါတွေ မပါဘူး ကိုဇော်ရဲ့။ ကျွန်တော် လိုက်ပြီးတော့ ဖတ်ကြည့်လိုက်ပါဦးမယ်။ ”

“ ဟုတ် . . . တွေ့ရင် ပြောပြပါဦး။ ”

“ ဒါနဲ့ ကိုဇော်က ဘာလုပ်ဖို့လဲ။ ”

“ ရေးမဲ့ ပို့စ်ထဲမှာ ကိုးကားချင်လို့ပါ။ ”

“ ဗျာ . . .  ”

*** အဲဒီလိုပါပဲ။ ဘလော့ဂါ ဆိုတာ စိတ်ကူးပေါက်ရာ ကိုးကားချင်နေတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ ***



ဖြစ်စဉ် ( ၅ )

“ ကိုဇော် နေကောင်းရဲ့လား။ ”

“ ဟုတ်ကဲ့ . . . ၊ မာမာချာချာပါပဲ။ ”

“ မာမာကတော့ ဟုတ်ပါပြီ ၊ ချာချာကတော့ ဘာလဲ မသိဘူး . . အဟိ ”

“ ချာချာက ချာချာလည်အောင်ကို လျှောက်သွားနိုင်ပါတယ်လို့ ပြောချင်တာပါ။ ”

“ အခု နောက်ထပ် ရေးနေတဲ့ ပို့စ်က ဘာလဲ မသိဘူး။ ပို့စ်နာမည် ပြောပြလို့ ရမလား မသိဘူး။ ”

“ ကျွန်တော်တောင်မှ သေချာ မသိဘူးဗျ။ ”

“ ရေးဖို့ မရှိလို့လား။ မရေးရသေးလို့လား။ ”

“ အဲဒီ့လိုလည်း မဟုတ်ဘူး။ ကျွန်တော် ရေးလက်စ စာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်ဟာကို တင်ဖြစ်မယ် ဆိုတာ စိတ်ထဲမှာ ဖီးလ်ပိုလာတာကို ဖြည့်စွက် ရေးပြီးတော့ တင်လိုက်တာပါပဲ။ ဒါကြောင့် နောက်တင်မဲ့ ပို့စ် နာမည်ဆိုပြီး ကြိုမပြောနိုင်တာပါ။ ”

“ ဒါဆို အခုရော ဘာတွေ ရေးနေတာလဲ။ ”

“ အခုလား . . . စိတ်ကူးပေါက်ရာပဲ ရေးနေတာပါ။ ”

“ စိတ်ကူးကတော့ ဟုတ်ပါပြီ။ ပေါက်ရာက ဘာလဲတော့ မသိဘူး။ ”

“ အမ် . . . ကျွန်တော့်ကို လာရစ်နေတာလား မသိဘူး။ ”

“ မဟုတ်ပါဘူး . . တကယ် သိချင်လို့ပါ။ ”

“ ပေါက်ရာ ဆိုတာ ဂေါက်မှာ လို့ ပြောတာ . . . ဒီတော့ စိတ်ကူး ပေါက်ရာ ဆိုတော့ ဂေါက်တီး ဂေါက်ရာတွေကို ရေးနေတယ် ဆိုတဲ့ သဘောပေါ့ဗျာ။ ”

“ အဟီး . . ကိုဇော် ဒေါသတွေ ထွက်နေပြီ ထင်တယ်။ ”

“ - - - - - -  ”

“ အခု ကိုဇော် ဘာလုပ်ချင်နေလဲ။ ”

“ ဟိုက် . . မေးတာတွေ အတော်ကို များနေပြီနော်။ x x x ကလား။ ကျွန်တော် ဟိုဟာ ဒီဟာ ကင်းရှင်းတယ်နော်။ ”

“ မဟုတ်ပါဘူး . . သိချင်ယုံလေးပါပဲ။ ”

“ စိတ်ထဲမှာ တကယ် ဖြစ်နေတဲ့ အတိုင်း ပြောရမလား။ ”

“ ဟုတ်ကဲ့ . . . ပြောပါ။ ”

“ ကျွန်တော် အခု စိတ်ထဲမှာ လုပ်ချင်နေတာကတော့ . . . . . ”

“ ဟုတ် . . . ”

“ ဆီးသွားချင်တယ်ဗျာ။ အားတဲ့ အချိန်တည်းက ထိုင်ပြီးတော့ ဘလော့ ထိုင်ရေးနေလိုက်တာ အခုထိပါပဲ။ အခုမှပဲ ပို့စ်လေးက ရေးလို့ ပြီးတယ်။ ဒါကြောင့် ခဏလေးဗျာ . .  . ဆီးသွားလိုက်ဦးမယ်။ ”

“ ရှင် . . .  ”

***  အဲဒီလိုပါပဲ။ ဘလော့ဂါ ဆိုတာ ညီမ “ အလွမ်းမြို့လေး ” ကျွန်တော့်ကို ပြောသလို ပြောရရင် ဘလော့ရေးနေတုန်း တစ်ခုခုကို လာမေးရင် စိတ်တိုတတ်သူ ဖြစ်ပါတယ် :D ***



ထိုအထက်ပါ အကြောင်းအရာများက ဘယ်သူ့ကိုမှ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ ကျွန်တော့်ဖာသာ စဉ်းစားမိတာလေးတွေနဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေးတွေကို ရေးပြတာပါ။ ဒီကြားထဲ တချို့က မမြင် မတွေ့ဖူးတော့ စာရေးသူ ဘလော့ဂါ ဆိုတာတွေကို ရုပ်ချောချော သဘောကောင်းကောင်း ထင်ပြီးတော့ ရင်ခုန် စိတ်ဝင်စားနေမိကြပါသေးတယ်။

စိတ်မဝင်စားပါနဲ့ မှားပါလိမ့်မယ်။ အထက်က ကျွန်တော် တင်ပြခဲ့တဲ့ အချက်အလက်တွေ အတိုင်းပါပဲ။ ဘလော့ဂါ ဆိုတာ အဲဒီလို ဖြစ်နေတတ်ကြသူတွေပါ။ ဘာမှ အထင်ကြီးစရာလည်း မရှိပါဘူး။ စိတ်မဝင်စားပါနဲ့။

ဒါကြောင့် “ ဘလော့ဂါ ဆိုတာ ဘာလဲ ” ဆိုတဲ့ အမေးကို ကျွန်တော် ပြန်ဖြေရရင်တော့ . . လွယ်ပါတယ်ဗျာ။

“ ဘလော့ဂါ ဆိုတာ အရူးပါ။ ” 

ဟုတ်ပါတယ်။ ဘလော့ဂါ ဆိုတာ သူလုပ်ချင်တာ . .  ၊ သူရေးချင်တာကို ရေးနေရရင် ပျော်နေတတ်ပြီး တခြား ဘာမှ သိပ်စိတ်မဝင်စားတတ်တဲ့ ရူးသွပ်နေသူ တစ်ယောက်လိုပါပဲ။    ။

*** နတ်ဆိုးလေး ရဲ့ တဂ်ပို့စ်ပါ။ ***

လေးစားစွာဖြင့်
ကိုဇော်
6.9.2011


Share/Bookmark

02 September 2011

29 အလွမ်းမပါသော ကဗျာ



ကျွန်တော်တို့ ငယ်ငယ်က စိတ်ကူးတွေ ကြွယ်ကြွယ် ၊ အတွေးတွေက မိုးလောက်ကျယ်ပြီးတော့ အိပ်မက်တွေ တနင့်တပိုးနဲ့ ရှင်သန်ခဲ့ကြဖူးတယ်။ အဲဒီတုန်းက စကားလုံးလေး တစ်လုံးကို ရပြီ ဆိုရင် သူ့ရဲ့ Roots က ဘာလဲ ဆိုပြီးတော့ လိုက်ပြီး စပ်စပ်စုစု လုပ်လေ့ ရှိခဲ့ဖူးတယ်။ များသော အားဖြင့် စာဖတ်အား အလွန်ကောင်းတဲ့ ကျွန်တော့် သူငယ်ချင်းတွေပေါ့လေ။ ကျွန်တော် စာဖတ်တယ် ဆိုတာ သူတို့ ဂျာနယ် ကြည့်သလောက်ပဲ ရှိတာပါ။

အဲဒီလို စကားလုံးလေးတွေရဲ့ ဇစ်မြစ်ကို လိုက်ရှာပြီး ခွဲခြားစိတ်ဖြာတတ်တဲ့ ကျွန်တော့် သူငယ်ချင်းတွေ  “ ကဗျာ ” ဆိုတဲ့ စကားလုံးလေး တစ်လုံးနဲ့ ဝင်တိုးမိပါလေရော။ ဒီ ကဗျာ ဆိုတဲ့ စကားလုံးလေးကြောင့် အတော်ကို ဒုက္ခရောက်ကြရဖူးတယ်။ ကဗျာ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ( အခုထိ ) ဘယ်သူမှ တိတိကျကျ မသိကြပါဘူး။ ကဗျာ ဆိုတာ “ ကာဗျ ” ဆိုတဲ့ ပါဠိဘာသာ ကပဲ ဆင်းသက်လာသလိုလို ၊ “ ကဝိဗျ ” ဆိုတဲ့ စကားလုံးကပဲ လာသလိုလို ဘယ်သူမှ သေသေချာချာ သူ့ရဲ့ ဇစ်မြစ်ကို မရှာခဲ့နိုင်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ သူငယ်ချင်းတွေ ကဗျာတွေတော့ ဆက်ပြီးတော့ ရေးဖြစ်ခဲ့ပါတယ်။ 

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ကဗျာ ဆိုရင် လေးလုံးစပ်တို့ ၊ လေးသုံးကာရံတို့ ၊ ဒါတွေ အရမ်းကို ခေတ်စားခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ဒါဒါဒါဒါ ဒီဒီဒီ ဆိုသော ကဗျာလေးတွေ ရေးပြီး ပျော်နေခဲ့ကြတာပါပဲ။ ကိုယ့်ကဗျာ ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက်ပေါ့လေ။ ကိုယ့်သူငယ်ချင်း အချင်းချင်း ကဗျာလေးတွေ လဲဖတ်ကြရင်း ပြောကြ ၊ ဆိုကြ ၊ ဆွေးနွေးကြနဲ့ ကိုယ့်ဖာသာကိုယ်ပဲ လူတတ်တွေ လုပ်နေကြတာပါ။

နောက်တော့ ခေတ်တွေ ပြောင်းလဲလာပြီးတော့ မော်ဒန်ကဗျာက ကဗျာ ရေစီးကြောင်းထဲကို အရှိန် ခပ်ပြင်းပြင်းနဲ့ ဝင်ရောက်လာခဲ့တယ်။ နောက်တော့ ပို့စ်မော်ဒန်ကဗျာတွေ ဖြစ်လာပြန်တယ်။ နောက်တော့ . .  . နောက်တော့ . . .  ပေါင်းများစွာပါပဲ။ ကဗျာနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်ကလည်း သိပ်မသိပါဘူး။ ကဗျာနဲ့ ပတ်သတ်ပြီး ကျွန်တော် သိတာ တစ်ခုပဲ ရှိပါတယ်။ 

“ ကဗျာ ဆိုတာ ရွတ်ဆိုမှုကနေ ဖြစ်တည်လာခြင်း ” 

လို့ပဲ အကျဉ်းချုပ် ဆိုကြပါစို့။ ဒါကြောင့် ရိုးရိုး စကားလုံးတွေကို စကားပြေ လို မရေးဘဲ ကျစ်လျစ်သော စကားလုံး ပုံစံတွေနဲ့ ကဗျာ ဆိုပြီး ရွတ်ဆိုခဲ့ကြတာပါ။ ( ဒါကြောင့်လည်း ကဗျာ ဆိုတာ ရွတ်ဆိုတယ် ဆိုပြီး ဖြစ်နေတာပေါ့။ ) ကျွန်တော်တို့ သူငယ်ချင်းတွေ ဒီလိုပဲ ခံယူခဲ့ကြပါတယ်။ အခု နောက်ပိုင်း ခေတ်ကို ရောက်လာတော့ ကျွန်တော်တို့လည်း လေးလုံးစပ် ဆိုသော ဘောင်တွေကို တွန်းထုတ် ဖောက်ထွက်ရင်း မော်ဒန်ကဗျာ လို့ လူပြောများတဲ့ ကဗျာတွေ ပိုရေးဖြစ်လာပါတယ်။ ဒါပေမဲ့ ကျွန်တော် ရေးဖြစ်တဲ့ ကဗျာလေးတွေကတော့ မော်ဒန်ကဗျာလို့ အတပ်မပြောနိုင်ပါဘူး။ ဒါကတော့ သေချာပါတယ်။ 

ကျွန်တော် ကဗျာတွေကို နှလုံးသားနဲ့ ရေးတယ် လို့ ဆိုရင် ညာရာ ရောက်ပါလိမ့်မယ်။ မဟုတ်ပါ။ ကျွန်တော် ကျွန်တော့်ကဗျာတွေကို စိတ်ကူးနဲ့ ၊ အတွေးနဲ့ စကားလုံးတွေကိုသာ ဖွဲ့တည်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့် ကဗျာတွေဟာ ခံစားမှုထက် အတွေးတွေ ပိုနေတာ များပါလိမ့်မယ်။ ဒါကို ကျွန်တော့် ဖာသာလည်း သိတဲ့ အတွက် အခု နောက်ပိုင်း ရေးဖြစ်တဲ့ ကဗျာတွေကို ကျွန်တော် ဘလော့မှာ မတင်ဖြစ်ခဲ့တော့တာပါ။ 

ဒီကြားထဲမှာ ကျွန်တော့်မှာ အခက်အခဲ တစ်ခုနဲ့လည်း ရင်ဆိုင်ရပါသေးတယ်။ “ စကားပြေ ကဗျာ ” တဲ့။ အခု နောက်ပိုင်း အပြောများလာတဲ့ ကဗျာအမျိုးအစား တစ်ခုပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်က ရှေးရိုးစွဲ သမား မဟုတ်သော်လည်း လက်မခံချင်ပါ။ ကဗျာ ဆိုသော ရွတ်ဆိုမှု ဆိုတာ မရှိတော့ဘဲ ၊ ကဗျာကို စကားပြေ ရေးသလို တောင်တောင်အီအီ လျှောက်ရေးထားသော ကဗျာမျိုးကို “ စကားပြေကဗျာ ” ဟု ဆိုကာ ကင်ပွန်းတပ်လိုက်ခြင်းလို့ပဲ ကျွန်တော် ခံယူမိပါတယ်။ ဒါဆို နောက်ထပ် ခေတ်တစ်ခေတ် ထပ်ရောက်လာရင် “ စာစီစာကုံးကဗျာ ” ၊ “ အက်ဆေးကဗျာ ” ၊ “ အင်တာဗျူးကဗျာ ” ၊ “ ဆောင်းပါးကဗျာ ” ရယ်လို့များ ထပ်ပေါ်လာဦးမလားလို့ ကျွန်တော် တွေးမိပါသေးတော့တယ်။ 

ထားပါတော့လေ။ ကျွန်တော်ကလည်း နည်းနည်းတော့ ခက်တဲ့ကောင် တစ်ယောက်ပဲ မဟုတ်လား။ တစ်ခါတလေဆို ပိုပြီးတော့ ခက်တတ်ပါတယ်။

ဒါကြောင့် ကျွန်တော် ကဗျာတွေ ရေးဖြစ်ပေမဲ့ ဒီဘလော့မှာ မတင်ဖြစ်တော့တာပါ။ ဒါပေမဲ့ အခုတလော ကျွန်တော် အတော်ကို အံ့သြသင့်မိပါတယ်။ ကျွန်တော့် ဘလော့ရဲ့ စီဘောက်မှာ ကျွန်တော့်ရေးတဲ့ ကဗျာတွေကို သဘောကျတယ် ၊ ကြိုက်တယ် လို့ လာလာရေးတာ ဖတ်ရလို့ပါ။ တကယ်ကို ကျွန်တော် မထင်မိတာ အမှန်ပါပဲ။ ကဗျာကို များသော အားဖြင့် နှလုံးသားနဲ့ ရေးခဲပြီး အတွေးတွေဖြင့်သာ မာဆတ်ဆတ် ရေးနေမိသော ကျွန်တော့် ကဗျာတွေကို ခံစားတတ်သူတွေ ရှိနေတယ် ဆိုတော့ ကျွန်တော် တကယ်ကို အံ့သြမိစေတာပါ။ ( ကျွန်တော့် ကဗျာတွေ မကောင်းဘူး ဆိုတာ ကိုယ့်ဖာသာလည်း ခံစားလို့ ရနေတာပဲလေ။ ) 

ဘာပဲပြောပြော လူဆိုတဲ့ အကြောင်းကို ကျွန်တော် ပြောဖူးပါတယ်။ “ ကိုယ့်ကို မြှောက်နေမှန်း မသိရင် ၁၀၀ % မြောက်တတ်သတဲ့။ ဒါပေမဲ့ ကိုယ့်ကို လာမြှောက်နေတယ် ဆိုတာ သိနေရင်တောင်မှ ၅၀ % တော့ မြောက်တတ်ကြသေးတာပဲ ” မဟုတ်လား။ အခုလို စီဘောက်မှာ ကျွန်တော့် ကဗျာတွေ အတွက် အားပေးသူတွေ ရှိနေသေးတယ်ဆိုတာ သိရလို့ ကျွန်တော် တွေးထားတာ ကြာနေပြီးတော့ အကြမ်းချရေးထားတဲ့ ကဗျာလေး တစ်ပုဒ်ကို ဖော်ပြလိုက်ပါတယ်။ အထက်က ကျွန်တော် ပြောသလိုပဲ ကျွန်တော့်ရဲ့ ကဗျာတွေက နှလုံးသားနဲ့ ဖတ်ရင် ရွတ်ဆိုမှု ကောင်းချင်မှ ကောင်းမှာပါ။ ဒါပေမဲ့ အတွေးလေး တစ်ခု ရမယ် ဆိုရင်တော့ သူ့ရဲ့ သံစဉ်ကို ကြားနိုင်မှာပါ။ 

ဘယ်လိုပဲ ပြောပြော ကဗျာ အပေါ်မှာ ကျွန်တော့်ရဲ့ အဓိပ္ပါယ် ခံယူချက် ကတော့ တစ်ခုပဲ ရှိပါတယ်။ ဒါကတော့ . . . 

“ ကဗျာ ဆိုတာ ရင်ထဲက လာတဲ့ အသံ ” 

တဲ့။ နည်းနည်းတော့ နားစွင့်ကြည့်ပါဗျာ။ ထုံးစံအတိုင်းပါပဲ “ ကမ္ဘာမြေရဲ့ တစ်နေရာက တစ်စုံတစ်ယောက် အတွက်  ” ရည်ရွယ်ပါတယ်။





အလွမ်းမပါသော ကဗျာ

ကျွန်တော့်မှာ ည နှစ်ည ရှိတယ်။
ရှုပ်ရှုပ်ထွေးထွေးတော့ မဟုတ်ပါဘူး။
အိပ်မရတဲ့ ည နဲ့ အိပ်ရတဲ့ ည . . .
အဲဒီညတွေနဲ့ ဘဝကို မီးစာထိုးဖြစ်ခဲ့တယ်။

ငွေ့ရည်ဖွဲ့ချိန်ကို မရလိုက်ပါဘူး ၊
မုတ်သုံရာသီလို့ မသိတသိ အချိန်မှာတင်
မျက်ဝန်းတွေက
အလိုမတူလည်းပဲ စိုလာကြတယ်။

မုန်းတယ် . . .
မုန်းတယ် . . . လို့
အပြောရ လွယ်သလောက် . . .
မုန်းတယ် . . .
မုန်းတယ် . . . လို့
အပြောခံရတာ သိပ်မလွယ်ဘူး။

ကျွန်တော့်ရဲ့ အချစ်ကိုက
နည်းနည်းတော့ မုတ်သုံရာသီ ဆန်တယ်။

အဲဒီ့နေ့က . . .
မိုးလေဝသ ကြေညာတိုင်း. . .
ကောင်းကင်ကို မော့ကြည့်မိတတ်တဲ့ ကိုယ်က
စွင့်စွင့်ငြားငြား ခေါင်းငုံ့ထားမိတယ်။
တိမ်တွေတောင်မှ ငါ့အပေါ် ပြိုကျခဲ့ပြီးပြီပဲလေ။

အချစ်ဆိုတာ . . .
မီးသတ်ကား ဥသြသံကြားတိုင်း
ရင်ဘတ်ထဲကို ငုံ့ငုံ့ကြည့်နေရတဲ့ အရာတဲ့။

အီဂျစ် ဘာသာဗေဒမှာ အသည်းပုံ
ပါတယ် ၊ မပါဘူး လို့
သူငယ်ချင်း နှစ်ယောက်က ကျွန်တော့် နံဘေးမှာ ငြင်းနေတုန်း
ကျွန်တော်ကတော့ အသည်းကွဲမှု ဖြစ်စဉ်ကို စဉ်းစားနေမိတယ်။
အကြည့်တစ်ချက် . . .
စကားတစ်ခွန်း . . .
လက်တစ်ကမ်း . . .
ခြေတစ်လှမ်း . . .
သွေးထိုးစကား . . .
ဒီလိုနဲ့ . . .
ကိုယ့်ကိုယ်ကိုယ်တောင်မှ ဝိုးတဝါး ပါပဲ။

ဆရာ တာရာမင်းဝေ ပြောခဲ့ဖူးသလိုပဲ ၊
“ ကလေးအသေ မွေးတဲ့ မိခင်တစ်ယောက်ကို ဝင်ခံစားကြည့်ပေးပါလား ၊
ငါဟာ အိပ်မက် အသေတွေ မွေးနေခဲ့ရတဲ့ ကောင်ပါ။ ” တဲ့။
ဒါဆို . . .
ကျွန်တော်ကတော့ နည်းနည်းခြားနားတယ်။
“ ကိုယ့်ဖာသာ အချစ်အသေတွေပဲ တသက်လုံး ဆက်မွေးထားချင်နေမိသူပါ။ ”

သူငယ်ချင်း တစ်ယောက်က ပြောတယ်။
“ ချစ်သူကို အိပ်မက် မက်တိုင်း ကဗျာရေးတယ် ” တဲ့။
ဒါနဲ့ပဲ . . .
ကျွန်တော် သူ့ကို . . .
ကျွန်တော့် ကဗျာစာအုပ်လေး ပေးမဖတ်ဖြစ်တော့ပါ။
ကျွန်တော့် ကဗျာစာအုပ်လေး ပေးမဖတ်ဖြစ်တော့ပါ။
ကျွန်တော့် ကဗျာစာအုပ်လေး ပေးမဖတ်ဖြစ်တော့ပါ။
ကျွန်တော့် ကဗျာ စာမျက်နှာတွေ . . .
လူမြင်ခံလို့ မဖြစ်တော့ဘူး။

ဖုန်ဆိုးမြေယာတွေ လက်ထက်မှာ
မြေရှင်ပဒေသရာဇ် ဖြစ်ရတာ သိပ်တော့ မထူးပါဘူးလေ။
ဒါပေမဲ့ . . . မိုးတွေ ရွာပြန်တော့ ဗွက်ပေါက်ပြန်ရော။
ကျွန်တော့်ရဲ့ အချစ်ဖြတ်သန်းရာ ဒေသကလည်း
နည်းနည်းတော့ ကန္တာရ ဆန်တယ်။
အလွမ်းတွေ တပွေ့တပိုက်နဲ့ ထိန်ထိန်ကိုဝေ လို့ . . . ။

ကိုယ်ထူကိုယ်ထ ခင်းခဲ့တဲ့ လမ်းက
နင်းမဲ့သူ မရှိတော့ . . .
အညတရ ညမှာ . . .
ကိုယ့်ဖာသာကိုယ် မထင်မရှား ဘုရင်ဖြစ်ခဲ့ရပြန်ရော။
မိဖုရားကတော့ ရှားတာပေါ့။

၁ ၊ ၂ ၊ ၃ ၊ ၄ . . . .
၁၅၀၀ ပြည့်မှ ချစ်ကြကြေး ဆိုရင် . . .
ခရီးဝေးပါတယ် ချစ်သူရယ်။
အချစ်မှာ ကိန်းဂဏာန်း မရှိဘူး။

ချစ်ခြင်းမေတ္တာဟာ ရှေးဟောင်း စကားပုံ တစ်ခုနဲ့ တူသတဲ့။
“ တစ်နေ့ တစ်လံ ပုဂံ ဘယ်မရွေ့ဘူး ” လို့ သတ်မှတ်တယ် တဲ့။
သူငယ်ချင်းက ရင်ဘတ်ကို ဟင်းလင်းဖွင့်ပြီး အဓိပ္ပါယ်ပြုတယ်။
ကျွန်တော် ဆက်စဉ်းစားမိတာက . . .
“ ကိုယ်လှမ်းတဲ့ ခြေလှမ်းက ပုဂံရဲ့ ဆန့်ကျင်ဘက် ” ဆိုရင်ရော . . .
သူ့လောက်တော့ မပြတ်သားတဲ့ အတွက် . . .
ကျွန်တော် ရင်ဘတ် ဟောင်းလောင်းနဲ့ ငြိမ်နေမိတယ်။

သိပ်တော့ မထူးဆန်းပါဘူး ၊
ကျွန်တော်က အတ္တ ရပ်ဝန်းမှာ . . .
အနတ္တ ခပ်သန့်သန့်ပဲ ဖြစ်ချင်ခဲ့တာကိုး။

ကြေးသွန်းအက္ခရာတွေ လက်ထက်မှာ
ကျောက်ထက် အက္ခရာတော့လည်း တင်ပိုင်ခွင့် ရှိပါတယ်။
အလွမ်းမဲ့ လူတန်းစားတွေ ကြားမှာ
ကျွန်တော်က အတီးအတနဲ့
( တကယ်ကို ) ဂွတီးဂွကျတဲ့ ကောင်ပါ။

ပညာရှိကြီး တစ်ယောက်ရဲ့
ပုံပမာ ပြုသလိုပေါ့. . . ၊
အချစ်ဆိုတာ . . .
လက်ဖဝါးထဲ ထည့်ထားတဲ့ သဲတစ်ဆုပ်နဲ့ တူတယ်။
ခပ်ဖွဖွလေး ဆုပ်ထားရင် များများ ရသလောက်
ခပ်တင်းတင်း ဆုပ်ထားမိရင် လက်ကြားက ယိုသတဲ့။
တကယ်ပါ . . .
ကျွန်တော်ဟာ သူ့အပေါ် ဘယ်တုန်းကမှ ဆုပ်ကိုင်ဖို့ မကြိုးစားခဲ့ပါဘူး. . .
ဒါပေမဲ့ . . . ဝေးမြဲ ဝေးလျက်နဲ့ ဝေးဆဲပါပဲ။

ဒီလိုနဲ့ . . .
နေ့ရက်တွေ ဆက်ကာ ဆက်ကာ . . .
နာရီတွေက လှည့်ကာ ပတ်ကာ . . . 
အတွေးတွေက မျောကာ မျောကာ . . .
သူ နဲ့ ကျွန်တော်က ဝေးကာ ဝေးကာ . . .
. . . . . . . . . . . . . . . . . . . . . . . . . .

အလွမ်းဆိုတာ . . .
နှလုံးသားရဲ့ တိုင်ထိပ်မှာ တလွင့်လွင့်
ပျံ့လွင့်နေတတ်တဲ့ အရာ ဆိုရင် . . .
ဒီတစ်ခါတော့  . . .
ငါတို့ . . .
မုန်တိုင်း မကျခင် ငြိမ်သက်ခြင်းမျိုးနဲ့
တိတ်ဆိတ်နေကြပါစို့။     ။

လေးစားစွာဖြင့်
ကိုဇော်
2.9.2011
Share/Bookmark