မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


10 February 2010

0 “ နွား ” ဥပမာ




“ နွား ” နဲ့ ပတ်သတ်သော ဥပမာများကို ကြားဖူးပါသလား။ ဥပမာဗျာ - လယ်ထွန်သွား နွားမေ့ ၊ ဂျိုထောင်ရှိရာ ဂျိုလဲ မလာ ( ဂျို = ချို ) ၊ အထိုင်နွားကောင်းမှ အလှည့်နွား သက်သာတယ် ၊ အစရှိသဖြင့်ပေါ့ဗျာ။ ဒါပေမဲ့ အခု ကျွန်တော် ပြောပြမဲ့ “ နွား ” ဥပမာ ကိုတော့ သေချာပါတယ် လုံးဝ မကြားဖူးစေရဘူး။

ဒီ ဥပမာလေးကို ကြားရတော့ ကျွန်တော် ဘာမှ မစားဘဲ နင်သွားတယ်။ ဘာမှ မပါဘဲ နင်ရတော့ လေနင်တယ် ခေါ်မလား။ အစာနင်ရင် ရေသောက်လို့ ရပေမဲ့ လေနင်တော့ ရေလည်း သောက်လို့ မရ။ ရင်ထဲမှာ . . လည်ချောင်းထဲမှာ တစ်ဆို့ဆို့ကြီး. ။ နင်မယ် ဆိုလည်း နင်သင့်ပါတယ်။ သူ ဦးတည်ပြီး ပြောနေတာက ကျွန်တော့်ကိုလေ။

ဒီလိုနဲ့ပဲ ၊ ကမ္ဘာပေါ်မှာ နောက်ထပ် “ နွား ” ဥပမာလေး တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

အံ့သြစရာ တစ်ခုကနေ စပြောရရင် ကိုကြီးစိန် လို့ ကျွန်တော် ခေါ်သော ထိုလုဟာ “ မွန် ” အမျိုးသား တစ်ယောက်။ မလေးရှားကို ရောက်နေတာ ၄ နှစ်ကျော်ပြီ။ ဒီတစ်နှစ်ပြည့်လို့ ၅ နှစ်ဆိုရင် သူပြန်မယ်။ အသက်က ၄၀။ ဖြူဖြူတောင့်တောင့်နဲ့ ရုပ်နုတယ်။ ငယ်ငယ်တုန်းက သူ့ရဲ့ ဘဝ အချိန်တွေကို ထန်းတက်ခြင်းနဲ့ အချိန်ကုန်စေခဲ့တယ်။ အသက်ကြီးလာလို့ မိန်းမရတော့ ထန်းတက်နေတုန်းပါပဲ။

နောက်တော့ သားသမီးတွေ ရလာတော့ ထန်းတက်တာထက် ပိုပြီး ငွေရလွယ်ရာ ထိုင်းနိုင်ငံမှာ သူ အလုပ်သွားလုပ်ခဲ့တယ်။ ခဏတာလိုလိုနဲ့ နှစ်ပေါင်း ၇ နှစ် ကို ကျော်ဖြတ် ချန်ထားခဲ့တယ်။ ဒါပေမဲ့ သူ ဘာမှ မစုမိ။ ဒီလိုနဲ့ပဲ သားသမီးတွေ ကြီးလာပြီး သူ အိမ် မွန်ရွာလေးကို ပြန်ရောက်လာခဲ့တယ်။

သူ ရွာက ထွက်သွားစဉ်မှာ ငယ်သေးတဲ့ သူ့တူမတောင်မှ အိမ်ထောင်ကျနေပြီ။ သူ့တူမ အိမ်ထောင်ကျတယ် ဆိုသူက ရန်ကုန်ကနေ မော်လမြိုင်ကို လာပြီး အလုပ်လုပ်တဲ့ ရန်ကုန်သားတစ်ယောက်။ မွန်လို လုံးဝ မပြောတတ်။ ဒါပေမဲ့ သူပြန်မရောက်ခင် တစ်နှစ်ခွဲလောက်က အိမ်ထောင်ကျတာ ဆိုတော့ မပြောတတ်ပေမဲ့ အနည်းငယ်တော့ သူများပြောတာ နားလည်နေပြီ။

အဲဒီမှာ စတွေ့ကြတာပဲ။

ကိုကြီးစိန်ကလည်း ငယ်ငယ်ကတည်းက ကျောင်းနေတော့ ၄ တန်းမှာ ထွက်ခဲ့တယ်။ ဒါကြောင့် မြန်မာလို ဘာမှ သေချာ မဖတ်တတ်။ ဒါက နည်းသေးတယ်။ မွန်တွေပဲ နေတဲ့ မွန်ရွာမှာ ဆိုတော့ သူ မြန်မာလိုတောင်မှ မပြောတတ်။ ဒါပေမဲ့ ကိုကြီးစိန် နဲ့ သူ့တူမ ယောက်ျား ၊ မွန်လို မပြောတတ်သူနဲ့ မြန်မာလို မပြောတတ်သူ နှစ်ယောက်ရဲ့ ဆက်ဆံရေးက သာယာလှပါတယ်။

ကိုကြီးစိန်ကလည်း သူ့ဖာသာ ပြောချင်သလို မွန်လို ပြောတယ် ဒါပေမဲ့ လက်ဟန် ခြေဟန်တွေရော ဆိုတော့ သူ့တူမ ယောက်ျားကလည်း နားလည်သွားတယ်။ ဟိုက ပြန်ပြောတဲ့ မြန်မာလို ကျတော့လည်း သူက လက်ဟန်ခြေဟန်နဲ့ ကြားပါများတော့ ပြန်တော့ မပြောတတ် ဒါပေမဲ့ နားလည်နေပြီ။ ဒါကြောင့် သူတို့ နှစ်ယောက် စကားပြောရင် တစ်ယောက်က မွန်လို ပြောနေပြီး နောက်တစ်ယောက် မြန်မာလို ပြောနေခဲ့တာကို ဘေးလူတွေ တအံ့တသြ မြင်ကြရပါတော့တယ်။

မွန် ရွာလေးမှာ ထန်းတက်တဲ့ အလုပ်နဲ့ သူ ကြာကြာ အချိန်မဖြုန်းနိုင်တော့ပါ။ သူ့ရဲ့ သားသမီးတွေက ကြီးလာပြီ မဟုတ်လား။ ဒါကြောင့် နိုင်ငံရပ်ခြားလို့ ခေါင်းစဉ်တပ်ထားသော မလေးရှား သို့ သူ ထွက်ခဲ့တယ်။ မြန်မာလို့ မပြောတတ်ပေမဲ့ မလေးရှားရောက်လာတော့ မြန်မာတွေနဲ့ တွေ့ဆုံခဲ့ရပြီး အရင်က ကြားဖူး နားဝ မြန်မာစကားတွေကို အခြေပြုပြီး ကိုကြီးစိန် မြန်မာလို ပြောတတ် လာပါတော့တယ်။ သေသေချာချာ အသုံးအနှုန်း မှန်စွာ သူ မပြောနိုင်ပေမဲ့ သူ့ဆိုလိုရင်းကိုပဲ သူများ သဘောပေါက်နိုင်တဲ့ စကားလုံးတွေနဲ့ သူပစ်ပစ် ပြောတယ်။

သူ မလေးရှားရောက်ပြီး ၄ နှစ်ကျော်မှာ ကျွန်တော်က ဒီအလုပ်ကို ပြောင်းလာရင်း သူနဲ့ ခင်မင် လာခဲ့ပါတယ်။ သူက ကျွန်တော့်ကို တော်တော့်ကို ခင်တယ်။ “ ဇော်ကြီး ” လို့ သူက ခေါ်ပြန်တယ်။ အပြော မတတ်ရှာတော့ သူသိတဲ့ စကားလုံးတွေနဲ့ ကျွန်တော့်ကို သူခင်တဲ့ အကြောင်း ဖွင့်ထုတ် ရှာတယ်။

“ ဇော်ကြီး ၊ မင်းကို ငါ အရမ်း ချစ်တယ်ကွာ။ ”

တဲ့။ ခင်တယ် ဆိုတဲ့ စကားလုံး သူအတွက် သိပ်ပြီး မကျွမ်းကျင်တော့ ချစ်ခင်တယ် ဆိုတဲ့ စကားလုံးမှာ နေရာအားလုံးကို သူ ခင်ရင် “ ချစ်တယ် ” လို့ပဲ သူက ပြောတတ်တယ်။ တစ်ခါတစ်ခါ ကျတော့လည်း တစ်မျိုး။ အခန်းမှာ စကားထိုင်ပြောနေရင် သူက ကျွန်တော့်ကို လာလာဖက်တယ်။ ပြီးတော့ ပြောသေး. . .

“ မင်းက အလွန်ဖက်လို့ ကောင်း ။ ငါ့မိန်းမ မရှိတော့ မင့်ပဲ ဖက်ရ။ ”

တဲ့။ မသိရင်ပဲ ကျွန်တော်ကပဲ သူ့မိန်းမအစားထိုး အဖက်ခံနေသလိုလို ( ဟိုက်..တစ်မျိုး မတွေးနဲ့နော်။ ရိုးရိုး...လုပ်ပါ။ )

ဒါနဲ့ တစ်နေ့တော့ လခတွေထုတ်ပြီး ထုံးစံအတိုင်း ငွေဈေးက ဘယ်လောက် ဘယ်လောက်လွှဲရမယ်ဟေ့။ ဘယ်လောက်ကတော့ ဘာလုပ်ဖို့ ကျွန်တော်တို့ တွက်ကြ ချက်ကြပေါ့။ ကျွန်တော်ကလည်း ထိုနည်း ၄င်း။ ကျွန်တော် ဒီစက်ရုံကို ရောက်ခဲ့တာ အခုမှ ဆိုပေမဲ့ ကျွန်တော့်အတွက် မလေးရှားက ဒုတိယ အကြိမ်။ အရင်က မလေးရှားကို ရောက်ပြီး လေးနှစ်ကြာခဲ့ပြီးမှ မိသားစု ပြဿနာကြောင့် ရုတ်တရက် ပြန်သွားခဲ့ရတယ်။

သို့သော် . .

အချိန်နှောင်းစွာ နဲ့ပဲ မိသားစုတွေ တကွဲတပြား ၊ ရှာထားတာတွေ ပလုံသွားပြီး အချိန်တွေ ကုန်သွားခဲ့တယ်။ ဘယ်ကို ဘာကို လက်ညှိုးထိုးပြရမှန်း မသိဘဲ စိတ်ပျက်တပ်ခေါက်စွာ ဒုတိယအကြိမ် ကျွန်တော် ပြန်ရောက်လာခဲ့တယ်။ ဒီတော့ မလိမ်တတ်တဲ့ ကျွန်တော်က သူတို့ မေးတော့လည်း အမှန်အတိုင်းပြောပြမိတယ်။ ကျွန်တော့်အခြေအနေ ၊ အကြောင်းကြောင်းကို သူတို့ သိထားတော့ ကိုယ့်ထက် အသက်ကြီးသူတွေ အနေနဲ့ ကိုကြီးစိန် အပါအဝင် သူတို့ အကြံဥာဏ်ပေးကြပါတယ်။

အခုလည်း ကျွန်တော်က အရင်ကုန်သွားသော အချိန် ၊ ငွေ ၊ ပစ္စည်းဥစ္စာ ၊ မိသားစု တွေကို အမြန်ဆုံး ပြန်လည် ကျားကန်နိုင်စေဖို့ ရသမျှ ရှာပြီး စုနိုင်သမျှ ကျွန်တော် စုတယ်။ စုလို့ ရသမျှကိုလည်း စိတ်ကူးထဲက ရည်ရွယ်ချက်လေး အထမြောက်ဖို့ အိမ်ကို ငွေလွှဲတယ်။ သူများတွေ အရက်သောက်နေချိန်မှာ ကျွန်တော် မသောက် ၊ သူများတွေ ဆေးလိပ်လေး ခဲနေချိန်မှာ ကျွန်တော် မခဲ ၊ သူများတွေ ဝတ်စားနေချိန်မှာ အရင်က လေးနှစ် ကျွန်တော် ဝယ်ထားတာတွေတောင်မှ ဝတ်လို့ မကုန်သေး ၊ ကျွန်တော် မဝယ်။

ဒါတွေကို ကြည့်ပြီး ကိုကြီးစိန်က တစ်နေ့မှာ ကျွန်တော့်ကို သူပြောတတ်တဲ့ မြန်မာစကားလုံးတွေနဲ့ အမြင်သားဆုံး ဥပမာတစ်ခု ကို ပြောပါတော့တယ်။ ဒါက အခု ပြောနေတဲ့ “ နွား ” ဥပမာ ပါပဲ။





“ ဇော်ကြီး ၊ မင်းမလဲကွာ ၊ စားစရာ ရှိတာ မစား ၊ သူများသောက် မသောက် ၊ သူများ ဝယ် မဝယ်။ ဒီလို မလုပ်ရဘူးကွ။ မင်းလည်း သိသားပဲ။ အရင်ကလည်း မင်း ပိုက်ဆံတွေ အလွန်ပို့ခဲ့တာပဲလေ။ ဒါပေမဲ့ မကျန်ဘူး မဟုတ်လား။ ဘာကျန်လဲ စိတ်ဆင်းရဲတာ ကျန်တယ်လေ။

လောကမှာ စိတ်ချမ်းသာ ဖို့ဆိုတာလည်း လိုတယ်ကွ။ စိတ်ချမ်းသာဖို့ အတွက် ကိုယ်ရှာတဲ့ ဟာတည်းက ကိုယ့်အတွက်လည်း နည်းနည်းတော့ သုံးပေါ့ကွာ။ မင်းပိုက်ဆံတွေ ရှာနေပြီး မင်း အတွက်တော့လည်း သုံးသင့်တယ်ကွ။ မင်းကို ငါ ဥပမာနဲ့ ပြောပြမယ်။

ဥပမာကွာ။ နွားတစ်ကောင်ပေါ့ ၊ သူက လယ်ထွန်တယ်နော်။ ယာထွန်တယ်။ လယ်ထွန်တယ် စပါးစိုက်တယ်။ ယာထွန်တယ် ပဲ ၊ နှမ်း စိုက်တယ်။ ဒီတော့ လယ်ကနေ သူထွန်လို့ စပါးဖြစ်လာတယ်ပေါ့။ စပါးကနေ ကောက်ရိုးရမယ်။ ယာကို ထွန်တယ် ပဲ ၊ နှမ်း ဖြစ်လာတယ်။ ပဲ၊ နှမ်း ကနေ ပဲဖတ် ၊ နှမ်းဖတ် ရမယ်။ ဒါကိုတော့ သူက စားရတယ်ကွ။

မင်းစဉ်းစားကြည့်ကွာ။ နွားတောင်မှ သူထွန်တဲ့ လယ်ကွက်က ကောက်ရိုးကို သူစားရသေးတယ်။ သူထွန်တဲ့ ယာကွက်က ပဲဖတ် ၊ နှမ်းဖတ်ကို သူစားရသေးတယ်။ မင်းက လူလေကွာ ၊ နွားတောင်မှ သူ့လယ် ၊ ယာက ပစ္စည်း သူစားရသေးရင် ၊ မင်းလည်း မင်းရှာတဲ့ အထဲက မင်းအတွက်တော့ ပျော်ရွှင်မှု တစ်ခုခုမှာ ရေရှည်အတွက် သုံးသင့်ပါတယ်ကွ။

မင်းက အခုတော့ နွားလောက်တောင်မှ မင်းရှာတဲ့ အထဲက မင်းမစားဘူး။ သူများကိုချည်းပဲ ကျွေးဖို့ လုပ်နေတာပဲ။ ဒီတော့ မင်းမှာ ဘယ်လိုလုပ် နွားလောက်တောင်မှ ကျေနပ်ပျော်ရွှင်မှု ဆိုတာ ရှိပါတော့မလဲ။ ”

တဲ့။ သူကတော့ သူပြောတတ်သလို ပြောလိုက်ပေမဲ့ ဥပမာပေးကတော့ ကောင်းလှပါတယ်။ ဒီဥပမာထဲမှာ နွားနဲ့ ကျွန်တော့်ကို ယှဉ်ပြောထားတာသာ မကောင်းတား( ။

တကယ်တမ်းလည်း ဟုတ်ပါတယ်။ ကျွန်တော်တို့တွေက ပိုက်ဆံတော့ ကုန်းရုန်းရှာနေပြီး ကိုယ့်အတွက် ပျော်ရွှင်မှု ဆိုတာတွေ အတွက် ဂရုမစိုက်မိဘဲ ၊ လခလေးထွက်လာပြီ ဆိုရင် အိမ်က မိဘ ၊ မိသားစုဆီကိုပဲ အကုန်အကုန် ပို့တတ်ကြပါတယ်။ ဒီတော့ ကိုယ့်အတွက် ပျော်ရွှင်မှု ဘာမှ မရှိလေတော့ ကြာတော့ စိတ်ဖိစီးလာတတ်ကြတာပါ။ ထွက်ပေါက်တွေ ပိတ်ဆို့လာတတ်တယ်။

ဒါပေမဲ့. . . ဒီဥပမာပေးလေးရဲ့ ပြောင်းပြန်။ အိမ်က မိဘ ၊ မိသားစုကို ပစ်ထားပြီး ဒီမှာ ကိုယ်က လုပ်ချင်တာလုပ် ၊ စားချင်တာစား ၊ ဖြစ်ချင်တာ ဖြစ်နေတာမျိုးကတော့ မဖြစ်သင့်ပါ။ ဒါကတော့ ရိုင်းလွန်းတယ်။

ဘာပဲ ပြောပြော နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ပြီး စီးပွားရှာနေသူများ အတွက် ကိုကြီးစိန် ရဲ့ “ နွား ” ဥပမာပေးလေးပါပဲ။ နည်းနည်းတော့ အပြော ရင့်ချင်ရင့်မယ်။ ဒါပေမဲ့ ထိမိလှသလို ၊ မှန်လည်း မှန်လွန်းလှပါတယ်။

လေးစားစွာဖြင့်

ကိုဇော်

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်:

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.