မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 September 2010

10 နတ်စာကျွေးသူ တစ်ယောက်၏ မှတ်တမ်း



တစ်ခါက ကောင်လေး တစ်ယောက်က ကောင်မလေးတစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်ကြပြီး ကာလ အတန်ကြာတော့ နှစ်ဖက်မိဘတွေ သဘောတူညီမှု နဲ့ လက်ထပ်လိုက်ကြသည်။ ဒါပေမဲ့.. ကောင်မလေးမိဘတွေ ဘာအလုပ်လုပ်တယ် ဆိုတာကို ကောင်လေးက မသိခဲ့လေတော့ လက်ထပ်ပြီး တစ်ဦးတည်းသော သမီးဖြစ်သော ကောင်မလေးကြောင့် ကောင်မလေးမိဘတွေက ကောင်လေးတို့အိမ်ကို လိုက်နေပြီးနေသည်။ ဒီမှာ တစ်ပတ်လောက်ကြာမှ ကောင်မလေးမိဘတွေရဲ့ အလုပ်ကို သိလိုက်ရတော့သည်။

ကောင်မလေးမိဘတွေရဲ့ အလုပ်က သမာအာဇီဝ အလုပ်ပါပဲ။ ဒါပေမဲ့ ကောင်လေးရဲ့ ယောက္ခထီးရော ၊ ယောက္ခမရောက ၃၇ မင်းနတ်တွေကို လွန်စွာ ယုံကြည်ကိုးကွယ်ကြပြီး သူတိုရဲ့ အလုပ်ဆိုတာကလည်း နတ်တွေကို ချောမြူရတဲ့ နတ်ကတော် အလုပ်ပဲ ဖြစ်၏။ ကောင်လေးက ခေတ်ပညာတတ်လူငယ်လေး ဖြစ်လေတော့ ဒီ ၃၇ မင်းနတ်ဆိုတာတွေကို ဘယ်လိုမှ အယုံအကြည်မရှိဘူး။

ဒါပေမဲ့လည်း သူချစ်လှစွာသော ကောင်မလေးမိဘတွေ ဖြစ်နေတဲ့ အတွက် ဘာမှ မပြောပဲ မသိမသာပဲ ဖာသိဖာသာ နေလာခဲ့သည်။ ဒီလို နေလာရင်းနဲ့ပဲ ကောင်လေးနဲ့ ကောင်မလေးက သားယောက်ျားလေး တစ်ယောက် ဖွားမြင်တဲ့ အထိပါပဲ။ ကောင်လေးနဲ့ ကောင်မလေးကလည်း သူတို့ အလုပ်သူတို့ လုပ်သည်။

ကောင်မလေး မိဘတွေကလည်း သူတို့ယုံကြည်ရာ နတ်များကို ချော့မြူသော အလုပ်ကို လုပ်ကြသည်။ ကောင်လေးရဲ့ အိမ်မှာလည်း သူ့ ယောက္ခမတွေရဲ့ နတ်ရုပ်များဟာ တဖြည်းဖြည်းနဲ့ နေရာယူလာကြ၏။ ဒါပေမဲ့လည်း ကောင်လေးက သူချစ်သော ကောင်မလေးနဲ့ ပြဿနာ မတတ်ချင်တာနဲ့ ဘာမှ မပြောခဲ့ပါဘူး။

နတ်ကတော်တွေရဲ့ ထုံးစံ အတိုင်း နတ်လာမေးသူတွေ ၊ နတ်ဝင်သူတွေနဲ့ ကောင်လေးအိမ်မှာ တရုံးရုံးပါပဲ။ အဲ . . တစ်နေ့တော့ ကောင်လေးရဲ့ သားလေးဟာ တစ်ညလုံး မအိပ်ပဲ ငိုနေပါလေရော။ ကောင်လေးတို့လည်း တစ်ညလုံး မအိပ်ရဘူးပေါ့။ မနက်လည်း မိုးလင်းရော ကောင်လေးရဲ့ သားလေး ညက ငိုတာကို ဘာကြောင့်လဲ ဆိုပြီး ကောင်လေး ယောက္ခမတွေက နတ်မေးကြ၏။

သူတို့ဆီက ထွက်လာတဲ့ အဖြေကတော့ နတ်က ကလေးကို ချစ်လို့ ကျီစားတာ ဆိုပဲ ၊ ဒါကြောင့် နတ်ကို ကျေနပ်အောင် နတ်စာကျွေးရမယ် ဆိုပြီး နတ်စာကျွေးဖို့ ချက်ပြုတ် တောင်းလေးနဲ့ ထည့်ပြီး ကွင်းပြင်မှာ သွား နတ်စာကျွေး၏။ ထူးခြားတာကတော့ ကောင်လေး ယောက္ခမနတ်စာကျွေးပြီး ပြန်လာကတည်းက ကောင်လေးသားလေးဟာ မငိုတော့ပဲ တိတ်သွားတာပါပဲ။

ဒီတော့ ကောင်လေး ယောက္ခမတွေက လုပ်တော့တာပေါ့။

“ တွေ့တယ် မလား ၊ ငါ့ တို့ ပူဇော်ထားတဲ့ နတ်တွေက စောင့်ရှောက်လိုက်တာလေ။ ”

ဆိုပဲ။ ကောင်လေးကလည်း ကိုယ့်သားသမီး နေကောင်းသွားတာပဲလေ ဘာပြောစရာ ရှိမှာလဲ။ ဒီလိုပဲ မသိမသာ နေလိုက်၏။ ဖြစ်ချင်တော့ နောက်တစ်ပတ်လောက်နေတော့ ကောင်လေးသားက ထပ်ပြီး ငိုပြန်လေရော။ ဒီတော့ ကောင်လေး ယောက္ခမတွေက နတ်မေးပြန်ရော ၊ နောက် နတ်စာကျွေးရမယ် လုပ်ပြန်ရော။ ပြီးတော့ ကျွေးကြပြန်ရော။ ဒီလိုနဲ့ ၂ လလောက်ကြလာခဲ့သည်။ ကောင်လေးသားကလည်း တစ်ပတ်လောက်ပဲ ပျောက်သွားတယ် ခဏနေရင် ပြန်ပြန်ငို၏။ ဒီတော့ နတ်စာကျွေးရတာလည်း ခဏခဏ ဖြစ်နေတော့တာပေါ့။

ဒီလိုနဲ့ တစ်နေ့တော့ ကောင်လေးသားလေး ညက ငိုလို့ မနက်ဖက် သူ့ယောက္ခမတွေက နတ်စာကျွေးဖို့ ပြင်ဆင်နေတာကို ကောင်လေး တွေ့လိုက်ရ၏။ ဒီတော့ ကောင်လေးက သူ့ယောက္ခမကြီးကို ပြောသည်။

“ အမေ. .  အခု ကျွန်တော့်သားအတွက် နတ်စာကျွေးမလို့ မဟုတ်လား။ ”

“ ဟုတ်တယ်လေ သားရယ်။ မြေးလေး ညက ငိုလို့ နတ်တွေ ကျေနပ်အောင် ကျွေးမလို့လေ။ ”

“ ဒါဆိုရင် ဒီနတ်စာကို အမေတို့ မကျွေးနဲ့တော့ . .  ကျွန်တော် သွားကျွေးမယ် ဖြစ်မလား။ ”

“ ဖြစ်တာပေါ့..သားရယ်။ ဖခင်ကိုယ်တိုင်က ယုံယုံကြည်ကြည် လုပ်တော့ ပိုကောင်းတာပေါ့။ ”

ဒါနဲ့ပဲ ကောင်လေးက သူ့သားလေး အတွက် နတ်စာကျွေးဖို့ သေချာ ပြင်ဆင်နေလေသည်။ သူလုပ်နေတာကို သူ့ယောက္ခမတွေကလည်း ကျေနပ်ပြီး ကြည့်နေကြသည်။ ကောင်လေးကလည်း သူ့ယောက္ခမတွေတုန်းက ဆေးလိပ်တွေ ဘာတွေတောင်မှ မပါဘူး။ သူက ကွမ်းယာဆိုင်ကို ပြေးပြီး ဘာတွေမှန်းလည်း မသိဘူး ဝယ်လာပြီး ထည့်သည်။ ကွမ်းယာတွေရော ၊ ဆေးလိပ်တွေရော အစုံပဲ။ ဒီလိုနဲ့ ကောင်လေး သူ့ဖာသာ ပြင်ဆင်ပြီး သူ့သားအတွက် ကွင်းပြင်မှာ နတ်စာ သွားကျွေးလေတော့သည်။ 

သူလည်း နတ်စာကျွေးပြီးတဲ့ အချိန်က စလို့ သူ့သားလေးဟာ လုံးဝ မငိုတော့ဘုးတဲ့။ ဒါပေမဲ့ တစ်ပတ်ပြည့်ရင်တော့ အရင်လိုပဲ ပြန်ငိုလေဦးမလားလို့ အားလုံးက စိတ်ပူနေကြသေးသည်။ ဒါပေမဲ့ ကောင်းလေးရဲ့ သားလေးဟာ လုံးဝကို မငိုတော့ဘူး။

ဒီလိုနဲ့ ကောင်လေးသားလေးကို စောင့်ကြည့်နေလာလိုက်တာ နှစ်လသာ ပြည့်သွားတယ်။ ကောင်လေးသားလေး ငိုတာ မတွေ့ရတော့ဘူး။ ကောင်လေး ယောက္ခမတွေကတော့ ဒါဟာ ဖခင်ကိုယ်တိုင် နတ်စာကျွေးလို့ နတ်က ကျေနပ်ပြီး ကလေးကို မကျီစားတော့တာလို့ ယူဆနေကြလေသည်။ ဒါပေမဲ့ သူတို့ ကျွေးတော့ ဘာလို့ တစ်ပတ်ကြာရင် ပြန်ပြန်ငိုတာလဲ ဆိုတာလည်း သိချင်နေ၏။ ကောင်လေး နတ်စာအတွက် ပြင်ဆင်တဲ့ အထဲမျာ နတ်တွေ နှစ်သက်စရာ ပါလို့လို့ တွေးမိပြီး ကောင်လေးကို မေးကြသည်။

“ သားရေ။ အမေတို့လည်း ကိုယ့်မြေးလေးအတွက်ရော။ သူများတွေ အတွက်ပါ နတ်စာကျွေးဖူးတာ အကြိမ်များလှပြီ အခု သားကျွေးသလိုမျိုး တစ်ကြိမ်းတည်း ကျွေးရုံနဲ့ နတ်တွေ မကျီစားအောင်တော့ မကျွေးဖူးဘူး။ အခု သားကျွေးတဲ့ အထဲမှာ နတ်တွေ ကျေနပ်စရာ တစ်ခုခုပါသွားလို့ ဖြစ်မယ်။ သား ဘယ်လိုတွေ ပြင်ဆင်ပြီး ကျွေးလိုက်တာလဲဆိုတာ အမေတို့ကို ပြောပြပါလား။ ”

ဒီတော့ ကောင်လေးက ပြူံးပြီး ခေါင်းခါရင်း....

“ မသိချင်ပါနဲ့ အမေရယ်။ မသိတာ ပိုကောင်းပါတယ်။ ဒီအတိုင်းပဲ ကျွေးတယ်လို့ပဲ ယူဆထားလိုက်ပါ။ ”

ဒီမှာ ကောင်လေးက ဒီလို ပြောလေ။ သူ့ယောက္ခမတွေက ပိုပြီးသိချင် လာလေလေပဲ။ အထပ်ထပ် အခါခါ မေးကြ၏။ ဒါနဲ့ ကောင်လေး နောက်ဆုံး မပြောမဖြစ်ပြောလိုက်ရလေတော့သည်။ ကောင်လေး ပြောလိုက်တာက . . .

“ ဒီလိုပါဗျာ။ ကျွန်တော်တွေးမိတယ်လေ။ ဒီနတ်တွေက ကျွန်တော့်သားလေးကို တစ်ပတ်တစ်ခါ ကျီစားနေကြတာ ဆိုတော့ သူတို့ တကယ် အသက်ရှိလို့ပဲလို့ ၊ ဒီတော့ ကျွန်တော့်သားလေးကို သူတို့ နောက်တစ်ခါ ထပ်ပြီး မနှောက်ယှက်ကြရအောင် ကျွန်တော် သူ့တို့ကို ကျွေးဖို့ နတ်စာတွေထဲမှာ ကွမ်းယာဆိုင်က “ ကြွက်ဆေး ” နှစ်ထုပ်ကို ပြေးဝယ်ဖောက်ထည့်ပြီး သူတို့ကို ကျွေးလိုက်တာပါ။

ဒီကြွက်ဆေးကလည်း တကယ်ပြင်းတယ်လေ။ ဒါတွေကို စားပြီးတော့ အမေတို့ နတ်တွေတော့ ကြွကုန်ကြပြီ ထင်တယ်။ ဒါကြောင့် သူတို့ ကျွန်တော့်သားလေးကို လာပြီး မနှောက်ယှက်တော့ဘူး။ ကျွန်တော့် သားလေးလည်း အခုဆို အေးဆေး နေရပြီ။
ဒါ ကြွက်ဆေး တန်ခိုးဗျ။ ”

သူ့ဆီ ဒီလို ရှင်းလင်းတိကျတဲ့ အဖြေကိုလည်းရပြီးရော ကောင်လေးယောက္ခများ နောက်နေ့မှာ ကောင်လေးအိမ်မှာ ရှိတဲ့ သူတို့ရဲ့ နတ်ရုပ်များကို သယ်ချရင်း အိမ်ပြောင်းသွားတာကို ရပ်ကွက်ထဲက လူများ တွေ့ကြရတယ် ဆိုပဲ။ ဘာကြောင့် အိမ်ပြောင်းသွားတယ် ဆိုတာတော့ ဘယ်သူမှ သေချာ မသိခဲ့ကြဘူးတဲ့။

ကောင်လေးရဲ့ ယောက္ခမတွေရဲ့ ရင်ထဲမှာတော့ နောက်တစ်ကြိမ် ကွမ်းယာဆိုင်က “ ကြွက်ဆေး ” တွေက သူတို့အတွက်များ ဖြစ်လာလေမလားလို့ တွေးရင်း ကောင်လေး အိမ်ပေါ်က နတ်ပစ္စည်းတွေကို အလျင်အမြန် သယ်ဆောင်သွားကြလေတော့သတည်း။

( လိုက်လုပ်ကြည့်ကြပါလားဗျို့။ ကျွန်တော်တို့ ရပ်ကွက်ထဲက အစ်ကိုကြီးတစ်ယောက်ရဲ့ တကယ့်အဖြစ်အပျက်ပါပဲ။ နားလည်ရတော့ ခက်တယ်နော်။ )

လေးစားစွာဖြင့်

ကိုဇော် ခံစားပုံဖော်သည်။

http://zaw357.multiply.com/journal/item/760 မှာ 17.11.2009 က ရေးထားတာပါ။
.
Share/Bookmark

28 September 2010

15 လက်နှစ်လုံးခြား




ကျွန်တော့်မှာ သူငယ်ချင်း တစ်ယောက်ရှိ၏။ သူ့နာမည်က မျိုးဇော် လို့ ခေါ်ပေမဲ့ သူ့ကိုတော့ အားလုံးက “ လက်နှစ်လုံးခြား ” လို့ပဲ ခေါ်သည်။ ဟိုဟို ဒီဒီ လျှောက် မတွေးပါနဲ့ ၊ ရှင်းပြပါ့မယ်  . . . . ဒီလိုပါ။

သူက နာမည်နဲ့ လိုက်အောင် စကားပြောရင် လက်တစ်လုံးကြားလေးတွေ လုပ်ပြီး ပြောတတ်သူ တစ်ယောက်ပါ။ ဒါပေမဲ့ သူပြောတဲ့ လက်နှစ်လုံးခြားက လူတစ်ယောက် ရုတ်တရက် ဟုတ်လား ၊ မဟုတ်လား ဆိုတာကို ဘယ်လိုမှ ပုံမဖမ်းနိုင်ဘဲ ခပ်တည်တည်နဲ့ လွတ်ထွက်သွားလေ့ ရှိသည်။ သူ့ကို ကျွန်တော်တို့ “ လက်နှစ်လုံးခြား ” လို့ ခေါ်စေတဲ့ အဖြစ်အပျက်တွေ မတိုင်ခင်မှာကတည်းက သူ့ရဲ့ ပညာစွမ်းတွေကိုလည်း ထိထိမိမိကို ပြသခဲ့သူ တစ်ယောက် ဖြစ်၏။




မျိုးဇော် ဆိုသော သူက တောက်ခုံ ( ဇယ် ) တောက်ခြင်းကို အတော်ကို ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ပါသည်။ အလုံးကြေးလား ၊ နံပါတ်နဲ့လား အတော်ကို ကျွမ်းကျင်စွာ ကစားတတ်သူ တစ်ယောက် ဖြစ်သည်။ ကျွန်တော်တို့ သူငယ်ချင်းတွေ  ရပ်ကွက်ထဲမှာ တောက်ခုံတောက်ကြပြီ ဆိုရင် ကျွန်တော်တို့ သူငယ်ချင်းတွေက အုပ်စုတောင့်သူတွေ ဆိုတော့ တောက်ခုံတောက်ရင် သုံးခုံလောက်ကို ငှားပြီး တရုံးရုံးနဲ့ ပျော်ရွှင်စွာ တောက်ကြပါသည်။ အပျော်ကြေးပါသလို ၊ ပိုက်ဆံကြေးလည်း တောက်ကြသည်။

ဒါပေမဲ့ ကျွန်တော်ကတော့ ဖြစ်မြောက်ရုံသာ တောက်တတ်သူ ဆိုတော့ သူတို့လို တကယ့်တန်းဝင်အောင် မတောက်တတ်ပါဘူး။ မျိုးဇော်ကတော့ တကယ့်ကို တန်းဝင် တောက်နိုင်သူပါ။ တကယ်လည်း နေရာမရွေး ဝင်တောက်တတ်သူ တစ်ယောက် ဖြစ်၏။ သူတို့ နံပါတ်ရွေးကာ ( ဂေါ်လီဖြင့် ) တောက်ကြပြီ ဆိုရင် ဘေးက ကြည့်သူတောင်မှ အရမ်းကြည့်လို့ ကောင်းအောင် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ သူတို့ရဲ့ နံပါတ်တွေကို မှန်းဖို့လည်း အလွန်ခက်ခဲလှအောင် ဇယ်စစ် ကစားတတ်ကြသည်။ 

တစ်နေ့တော့ ကျွန်တော်တို့ တောက်ခုံတောက်နေရာသို့ ကျော်ဇေယျ သုတ်သီးသုတ်ပြာနဲ့ ရောက်လာ၏။ ပြူးပြုးပြာပြာ နဲ့ မျက်စိ မျက်နှာလည်း ပျက်နေလေသည်။ ဘာဖြစ်တာလဲ မေးလိုက်တော့မှ. . .

“ ငါ  ဟိုဘက် ရပ်ကွက်က ကောင်တွေနဲ့  ဂေါ်လီကြေး တောက်ခုံတောက်တာ သူတို့ အချင်းချင်း ပေါင်းရိုက်ပြီးတော့ လိမ်ကစား သွားတယ်။ ငါ ၃၀၀၀ ကျော် ပါသွားတယ်။ ”

ဒီမှာတင် ကျွန်တော်တို့ တစ်အုပ်စုလုံး ပွက်လောရိုက်သွားသည်။ ကျော်ဇေယျက ကျွန်တော့်လိုပဲ တောက်တတ်တယ် ဆိုယုံလောက်သာ ဇယ်တောက်တတ်သူ တစ်ယောက် ဖြစ်လေတော့ “ မင်းဘာလို့ သူတို့နဲ့ သွားတောက်တာလဲ ” ဘာညာနဲ့ ပြောရင်း ဆိုရင်းနဲ့ တစ်ယောက်စ တစ်ယောက်စ စုပေါင်းမိပြီး ဟိုဘက်ရပ်ကွက်ကို လိုက်သွားပြီး စိန်ခေါ်တောက်မယ် လို့ ဖြစ်လာတော့သည်။ ဒီလိုပွဲမှာတော့ ကျွန်တော်က ဘယ်လိုလုပ် ပွဲဝင်မလဲ။ ဒီလိုပွဲတွေဆိုရင် မျိုးဇော် ၊ ဝင်းထွန်း ၊ ကိုသက် သူတို့ကသာ ပွဲတိုးသူတွေ ဖြစ်၏။

သွားမယ်ကွာ ဆိုကာ ဆူဆူညံညံနဲ့ အုပ်စုလိုက်ကြီး ဟိုဘက်ရပ်ကွက်ကို ချီတတ်သွား ကြပါတော့သည်။ နဂိုကတည်းက ထစ်ခနဲဆို “ ဇ ” က ရှိနေတော့ ကျွန်တော်တို့ အုပ်စုလိုက်ကြီး  ရှူးရှူးရှားရှား ထွက်သွားကြတော့ သက်ဆိုင်ရာ အိမ်တွေက လိုက်ခေါ်ကြသည်။ ဒါပေမဲ့ ဘယ်သူမှ လှည့်မပြန်ဘဲ ဟိုဘက် ရပ်ကွက်က လူတွေ စုပြီး တောက်ခုံတောက်နေတဲ့ နေရာကို ရောက်သွားတော့သည်။ အုပ်စုလိုက်ကြီး ရုတ်တရက် ရောက်လာကတည်းက ထိုင်ပြီးတော့ တောက်ခုံတောက်နေသူ ၅ ယောက်ကတော့ မျက်စိပျက် မျက်နှာပျက်တွေ ဖြစ်သွားကြသည်။

“ ဟေ့ကောင်တွေ မင်းတို့ သိပ်မတောက်တတ်တဲ့ ငါ့သူငယ်ချင်းကို နှပ်လိုက်တယ် ဆို ၊ အေး မင်းတို့ တကယ် တောက်ချင်ရင် စိန်ခေါ်တောက်ရတယ်ကွ။ အခု ငါတို့ လာစိန်ခေါ်တာကွာ။ မင်းတို့ထဲက ကြိုက်တဲ့ ကောင် ထွက်ခဲ့။ စိန်ခေါ်တယ်ကွာ တောက်မယ်။ ”

အဲဒီလို ကိုသက်က ပြောလိုက်တယ် ဆိုရင် ဟိုဘက်ကလည်း သူတို့ထဲက အစွမ်းထက်သူ တစ်ယောက်က ပွဲက ထလာပြီး . . . 

“ အိုကေ ၊ တောက်မယ်လေ။ မင်းတို့ ဘယ်လောက်ကြေး တောက်မလဲ ”

ဒီတော့မှ ရှိသမျှ ပိုက်ဆံကို စုလိုက်တော့ ၂ သောင်းကျော်ကျော် ရ၏။ ( ထိုခေတ်က နှစ်သောင်း ဆိုတာ နည်းနည်းနောနောတော့ မဟုတ်ပါ ) ရလာတဲ့ ၂ သောင်းကို သူတို့ ရှေ့က တောက်ခုံပေါ်ကို ချလိုက်ပြီး ခပ်ရင့်ရင့်ပဲ ခါးထောက်ပြီး ကြည့်နေလိုက်သည်။ ဒီတော့ သူတို့ဘက်ကလည်း သူတို့ကိုယ်သူတို့ အတော်ကို ယုံကြည်ထားဟန် တူသည်။ ရှိသမျှ ပိုက်ဆံတွေကို စုလိုက်တော့ တစ်သောင်းတောင်မှ မပြည့်။ ဒီတော့ စိန်ခေါ်ရင်း ထွက်လာသူက သူ့လက်က လက်စွပ်လေးကို ချွတ်ပြီးတော့ တောက်ခုံပေါ်ကို ပစ်တင်ရင်း ပြောသည်။

“ ပိုက်ဆံကတော့ တစ်သောင်းတောင်မှ မပြည့်ဘူး။ ဒါပေမဲ့ လက်စွပ်ကလည်း ၂ သောင်းနီးပါး တန်ပါတယ်။ ဒါကလည်း တောက်ခုံတောက်ရင်းနဲ့ အကြွေးနဲ့ သိမ်းရင်း ရလာတာပါ။ ပိုက်ဆံ ဆိုတာ ရှာရ မခက်ပါဘူးလေ။ ”

ဆိုပြီး မခံချိ မခံသာ ဖြစ်အောင် ပြောရင်း သူက ရှုတည်တည်နဲ့ သူတို့ ရပ်ကွက်ထဲ ဆိုသော မျက်နှာပေးနဲ့ လှမ်းကြည့်သည်။ လောင်းကြေးကတော့ အဆင်ပြေနေပြီ။ ထိုလူနဲ့ ယှဉ်ကာ ဘယ်သူတောက်မလဲ ဆိုတာပဲ ကျွန်တော်တို့ဘက်က ရွေးဖို့ လိုတော့သည်။ ဒီအချိန်မှာပဲ မျိုးဇော်က ရှေ့ကို ထွက်လာရင်း . . .

“ ကဲ . . ဒီဘဲနဲ့ ငါတောက်မယ်ကွာ။ မင်းတို့ နောက်ဆုတ်တော့. . . ”  

လို့ ဆိုသည်။ မျိုးဇော် ရဲ့ လက်ကိုလည်း အားလုံးက ယုံကြပါသည်။ ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် အမြဲမှန်နေသော လက်ဖြစ်သည်။ အားလုံးလည်း နောက်ကို နည်းနည်း ဆုတ်ပေးလိုက်သည်။ မျိုးဇော်က ဒီဘက်မှာ အလယ်မှာ တောက်ခုံနဲ့ တောက်ခုံပေါ်မှ လောင်းကြေးများ။ ဟိုဘက်မှာက ကျော်ဇေယျကို လိမ်ပြီး တောက်ခုံ တောက်လိုက်သောသူ။ အခု ကျွန်တော်တို့ အဖွဲ့နဲ့ ယှဉ်မည့်သူ။ မျိုးဇော်နဲ့ ယှဉ်မဲ့သူ။

“ ဟုတ်ပြီ။ မင်းနဲ့ ယှဉ်တောက်ရမယ် ဆိုလည်း ဖြစ်ပါတယ်။ ဒီတော့ ထုံးစံ အတိုင်း အမျိုးအစားနဲ့ စည်းကမ်းကို သတ်မှတ်ရမှာပဲ။ ဒီတော့ မင်းက ဘယ်လိုလုပ်ချင်လဲ ”

ထိုလူက ပြောသည်။

“ အမျိုးအစားကို မင်းကို ရွေးခွင့်ပေးလိုက်မယ် ”

ဟု မျိုးဇော်က လှမ်းပြောလိုက်သည်။ ဟိုဘက်က လူက ထီမမြင်သော မခန့်လေးစားသော အမူအရာနဲ့ မျိုးဇော်ကို တစ်ချက် လှမ်းကြည့်ပြီး  . . . 

“ အလုံးကြေး တောက်မယ်ကွာ။ ဂေါ်လီနဲ့က သိပ်ပြီးတော့ အရသာ မရှိဘူး။ ကြက်ကန်းတွေ ပါလာနိုင်တယ်။ ”

ပြောလည်း ပြော သူ့ပတ်ဝန်းကျင်ကိုလည်း ဝေ့ကြည့်လိုက်တော့ သူတို့ ရပ်ကွက် ထဲမှာ ဆိုတော့ သူတို့ ရပ်ကွက်ထဲက သူတို့နဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေ တဖြေးဖြေး များလာတာ တွေ့ရ၏။ ဒါပေမဲ့လည်း သိပ်တော့ စိတ်ပူစရာ မရှိပါဘူး။ ကျွန်တော်တို့ကလည်း အယောက် အစိတ်လောက်ကို များပါသည်။ ပြီးတော့ လက်ရင်းဒိုး သူငယ်ချင်းတွေ ဆိုတော့ အမြဲပဲ တတ်ညီလက်ညီတွေ။

“ ရတယ်။ အလုံးကြေး ဆိုတော့လည်း အလုံးကြေးပေါ့ ”

မျိုးဇော်က စိန်ခေါ်မှုကို အေးဆေးပဲ လက်သင့်ခံလိုက်သည်။ ထိုလူက ဆက်ပြောသည်။

“ ဒါဆို အမျိုးအစားကို ငါ ရွေးလိုက်ပြီ ဆိုတော့ စည်းကမ်းကိုတော့ မင်းက ရွေးပေါ့။ မင်းတို့က သူများ ရပ်ကွက်မှာ လာတောက်ရတာ ဆိုတော့ ငါတို့ဘက်ကလည်း အလိုက်သိရမှာပေါ့ ”

အခွင့်အရေးပေးသလိုလိုနဲ့ မသိမသာ နှက်လိုက်တာပါ။ သူ့စကားကြောင့် မျိုးဇော် နောက်က ကျွန်တော်တို့ ရှူးရှူးရှဲရှဲ ဖြစ်သွားပေမဲ့ မျိုးဇော်ကတော့ အပြုံးမပျက်ပါဘူး။ ခေါင်းလေး တငြိမ့်ငြိမ့်နဲ့ . . . 

“ စည်းကမ်းကတော့ ဇယ်သမားတွေပဲ အထူးပြောဖို့ မလိုပါဘူး သုံးပွဲ ကစားမှာပေါ့။ စည်းထိ ၊ ဘေးတခြမ်း ၊ ဘောင်မခေါက် ၊ လေ မမှုတ်ကြေး။ ဒါကို သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ စည်းကမ်း တစ်ချက်ပဲ အပိုတောင်းပြီး တောက်ချင်တယ် ”

မျိုးဇော်က ထိုသူ့မျက်နှာကို ကြည့်ပြီး စူးစူးရဲရဲ ပြောချလိုက်သည်။ ထိုသူကလည် ချက်ချင်း ဖြေသည်။

“ ဘာလဲ ”

မျိုးဇော်က ဘာမှ မဟုတ်ဘူး ဆိုသော လေသံဖြင့် . . . .

“ သြော်. . . မင်းလောက်တော့ ညာဘက်လက်နဲ့ မတောက်ချင်ဘူး လို့ ငါတို့ ဘယ်လက်နဲ့ တောက်ကြရအောင် ၊ မင်း သတ္တိရှိရင် ဘယ်နဲ့ တောက်ရအောင်ကွာ။ ငါလည်း ဘယ်နဲ့ တောက်ဖြစ် သွားတာပေါ့။ မင်း ကြောက်ရင်တော့ ပွဲကို လှန်လိုက် ၊ ရတယ်။ ”

“ ဟာ ” 

မျိုးဇော် စကားလည်း ဆုံးရော ကျွန်တော်တို့ အပါအဝင် ဘေးကနေ များပြားလာတဲ့ သူတို့ ရပ်ကွက်သားတွေရော အားလုံး အာမေဋိတ်တွေ ပြန်ကျဲကုန်သည်။ ဘယ်ဘက် လက်နဲ့ တောက်သော ပွဲကြီးပွဲကောင်း ဘယ်သူက ကြည့်ဖူးမှာလဲ။ အားလုံးပိုပြီး စိတ်ဝင်စားသွား၏။ ဒီအချိန်မှ ပွဲကို လှန်လိုက်မယ် ဆိုရင်လည်း အားလုံးကြားမှာ အရှက်ရစရာ ဖြစ်လာတော့မည်။ မျိုးဇော်ရဲ့ စကားထဲမှာလဲ ထေ့ထား ၊ ငေါ့ထားခြင်းက ပြည့်စုံစွာ ပါဝင်နေလေသည်။ 

“ ဘယ်လိုလဲ ၊ တောက်ရဲ ပါ့မလား ”

မျိုးဇော်က ထပ်ပြီးတော့ ထေ့လိုက်ပြန်တော့။ ဟိုလူကလည်း ဆတ်ခနဲ ခေါင်းကို ငြိမ့်ရင်း . . 

“ ဘာလို့ မတောက်ရဲ ရမှာလဲ ၊ အကျွမ်းကြီး မဟုတ်ပေမဲ့ ကျင့်သားတော့ ရှိပါတယ်။ ချမယ် ”

ဒါနဲ့ပဲ ကြေးကြီး တောက်ခုံ ဝိုင်းလေးဟာ ဘယ်မှာမှ မတွေ့ဖူးသော ဘယ်လက်နဲ့ ယှဉ်ပြိုင်ခြင်းနဲ့ စတင်တော့သည်။ ဘယ်သူ စပြီး ဝိုင်းခွဲမလဲ ဆိုတာကို ဇယ် တစ်လုံးကို တည်ပြီး အနီးအဝေး ဘယ်လက်နဲ့ပဲ စည်းလုသည်။ မကျွမ်းကျင်သော ဘယ်လက် ဆိုတာကို သိသာလွန်းလှသည်။ နှစ်ယောက်လုံး လက်တွေက တည်ငြိမ်မှု့ မရှိ။ ဒါပေမဲ့ ဟိုဘက်ရပ်ကွက်မှ လူက စည်းနဲ့ ပိုနီးသွားကာ ဇယ်အုံကို စခွဲခွင့် ရသွားသည်။ ပညာရှင်တွေ တောက်သော တောက်ခုံဝိုင်း ဆိုတာ သိသာလှစွာပဲ ဇယ်တွေက ဘေးအဘက်ဘက်ကို ပြန့်ကျဲသွားခြင်း မရှိဘဲ။ အလယ်မှာသာ စုစုစည်းစည်းဖြင့် ဘေးဘက်မှ ဇယ်များကို ထိရုံ တို့ရုံမျှသာ ကစားသည်။ 

ကိုယ်လိုရာကို တည့်အောင် ထိမိရုံ ပြင်ဆင်နေရင်း တစ်ချက်မှာ ဘယ်လက်ဖြင့် မျိုးဇော် တောက်လိုက်သော ဒိုးပြားကြီးက အလယ်မှ ဇယ်အုံကို အားမဆို သလောက်ပြင်းကာ ဇယ်သီး နှစ်လုံး အပြင်ကို လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားလေတော့သည်။ 

“ ဟာ ” 

ဆိုသော အာမေဋိတ် နှင့်အတူ ကျွန်တော်တို့ သူငယ်ချင်းတွေ စိတ်ပျက်သွားကြသည်။ ထင်တဲ့ အတိုင်းပါပဲ။ ဘယ်ဘက်လက်နဲ့ မကျွမ်းကျင်ဘူး ဆိုပေမဲ့ ညာဘက်နဲ့ ဆရာအဆင့်တွေ ဆိုတော့ သဘောတရားတော့ ပေါက်တာပေါ့လေ။ ဟိုဘက် ရပ်ကွက်မှ လူက နှစ်လုံးစလုံးကို ဝင်အောင် ထိုးသွားသည်။ ဆူညံ့ ပူညံ့သံတွေနဲ့ အတူ ကျွန်တော်တို့ ဘက်မှ မျိုးဇော်ကို ဝေဖန်သံတွေ ထွက်လာသည်။ မျိုးဇော်ရဲ့ မျက်နှာလည်း ဇီးရွက်လောက်သာ ကျန်အောင် သေးငယ်သွားသည်။ ဟိုဘက်ရပ်ကွက်မှ လူတွေကတော့ သူတို့လူ နှစ်လုံး ရသွားတာ တွေ့တော့ အတော်ကို ဝမ်းမြောက်ပြီး လက်ခေါက်တွေ ဘာတွေ တောင်မှ မှုတ်ကာ ဂုဏ်ပြုနေသေးတော့သည်။ 

မျိုးဇော် က ထိရုံ ဇယ်အုံကို ပြင်လိုက် ၊ ဟိုဘက်က ဇယ်အုံကို ထိရုံ ပြင်လိုက်နဲ့ ပွဲကို စိတ်ရှည်ရှည်နဲ့ အသက်သွင်းနေသည်။ တစ်ယောက်တလှည့်နဲ့ အလယ်မှ ဇယ်အုံက ဘာမှ အရာမယွင်း ၊ ဇယ်သီးလည်း တစ်ခုမှ အပြင်ကို မထွက်။ ဒီအချိန် မျိုးဇော်ရဲ့ အလှည့် ရောက်လာတော့ မျိုးဇော်က ခဏငြိမ်ပြီး ဟိုဘက် ဒီဘက်မှ ဇယ်သီး သွားရာ လမ်းကြောင်းကို ချောင်းသည်။ ဒိုးကိုလည်း ချကာ လမ်းကြောင်းကို ကြည့်သည်။ ချီတုံချတုံနဲ့ တောက်ရနိုးနိုး ဆိုသော ဟန်ကိုလည်း သူ့မျက်နှာပေါ်မှာ မြင်ရသည်။ မတောက်တော့ပါဘူးကွာ ဆိုကာ လက်ပြန်ရုတ်လိုက်တာကိုလည်း မျက်နှာပေါ်မှ တဆင့် တွေ့ရသည်။

ထိုနောက် ခဏငြိမ်လိုက်ပြီး စဉ်းစားနေပြန်သည်။ သူက ဒီလို လုပ်နေတော့ ဟိုဘက်က လူကလည်း ကြာလိုက်တာကွာ ဟု မပြောရုံတမည် ဖြစ်ကာ ခပ်ပြုံးပြုံးနဲ့ လေပူတွေကို “ ဖူး ”  ခနဲ မှုတ်ထုတ်ပြသည်။ ထိုလူ ဒီလိုလည်း လုပ်ရော မျိုးဇော်က မခံချင် ဖြစ်သွားဟန်နဲ့ ဒိုးပြားကို ခပ်ပြင်းပြင်းချကာ ဝုန်းဆို တောက်ထည့်လိုက်သည်။ 

“ ဟာ ဒီကောင်တော့ အရမ်းဆော်ပြီဟ ” လို့ ကျွန်တော်တို့ တွေးနေချိန်မှာပဲ မျိုးဇော်ရဲ့ ညာဘက် အောက်ထောင့်ကို ဇယ်သီးတစ်လုံးက ပြေးဝင်သွားပြီး ဟိုဘက်က လူရဲ့ ဘယ်ဘက် အောက်ကို ဇယ်သီး တစ်လုံးက ပြေးဝင်သွားသည်။ တစ်ချက်တည်းနဲ့ နှစ်လုံးလုံး ဝင်သွားသည့် သဘော။ ဇယ်ခုံပေါ်မှာလည်း ဇယ်သီးတွေ ပွထွက်သွားသည်။ ဒီနောက်မှတော့ မျိုးဇော်က တစ်လုံးချင်း စိတ်ရှည် လက်ရှည် ကောက်သင်းကောက်ကာ တောက်ထည့်လေတော့သည်။ 

“ ဂလောက် ”  . . . သုံးလုံး။

“ ဂလောက် ” . . . လေးလုံး။

“ ဂလောက် ” . . . ငါးလုံး။ 

“ ဂလောက် ”

“ ဂလောက် ”

“ ဂလောက် ”

“ ဂလောက် ” 

“ ဂလောက် ” . . . ဆယ်လုံး။

ပွဲပြီးသွားချေပြီ။ တစ်ပွဲ။ ထိုပွဲမှာတော့ ဟိုဘက်က လူဆီကို ဒိုးပြားက ပြန်တောင်မှ မရောက်လိုက်ပါ။ ထိုလူ ပထမ ရထားသော နှစ်လုံးနဲ့တင် ပွဲပြီးသွား လေတော့သည်။ ချက်ချင်းဆိုသလို ထိုလူက ဇယ်သီးတွေကို စုစည်းကာ ဒုတိယပွဲကို စတင်သည်။ ပထမပွဲ နိုင်ထားသောကြောင့် ဒုတိယပွဲ စပြီး တောက်ရသူမှာ မျိုးဇော်ပဲ ဖြစ်သည်။ 

ထုံးစံ အတိုင်း ထိရုံမျှသာ မျိုးဇော် တောက်သည်။ ဟိုလူကလည်း ထိရုံမျှသာ တောက်သည်။ ဒီလိုနဲ့ သူတလှည့် ကိုယ်တလှည့် အတော်ကြာပြီးတော့ မျိုးဇော် အလှည့်မှာ မျိုးဇော်က သူဘက်ကနေ ထိရုံ တောက်နေရာမှ မတောက်တော့ဘဲ ဟိုဘက်က လူရဲ့ ဘောင်ကို ထိကာ နောက်ပြန်ဖြင့် ခပ်ဆတ်ဆတ်လေး ထိလိုက်သည်။ 

ဟော . . . အားလုံးဆီမှ အသံထွက်လာသည်။ ဒီတော့ မျိုးဇော် ဘက်မှာ ဇယ်သီးလေး နှစ်လုံးက လွတ်လွတ်ကျွတ်ကျွတ် ထွက်လာသည်။ ဟိုဘက် လူကတော့ ဘယ်လိုမှ ကျင်းထဲသို့ ရောက်အောင် တောက်ဖို့ မလွယ်။ တကယ်တမ်း ကျွမ်းကျင်သော ညာဘက်လက်ဖြင့် ဆိုလျှင် ကာတင် ဆိုသော ဇယ် ပါးလေးကို ရှပ်ပြီး ပစ်ရင်း ကျင်းထဲသို့ ဝင်ချင် ဝင်နိုင်ပေလိမ့်မည်။ အခုတော့ ဘယ်ဘက်လက်ဖြင့် ဆိုတော့ တစ်လုံးကို ပစ်လို့ မဝင်ရင်တောင်မှ နောက်တစ်လုံးက အခန့်သင့်ထိုးရန် ဇယ်ခုံပေါ်မှာ ထင်ထင်ရှားရှားကြီး ဖြစ်နေလေပြီ။ 

ဟိုဘက်ကလူ ခဏငြိမ်ကာ စဉ်းစားသည်။ တစ်လုံးကိုပဲ မိမိရရ ကာတင် ပစ်ရမလား။ ဒါမှမဟုတ် ဇယ်တစ်လုံးကို မျိုးဇော် ဗိုက်အောက်ကို ကပ်ပြီး နောက်တစ်လုံးကို ဇယ်အုံထဲ ပြန်ထည့်လိုက်ရမလား။ ဝေခွဲရ ခက်နေလေသည်။ ဒါကလည်း လက်အချိန်အဆ နဲ့ အားအပြင်း ချိန်ဆတတ်ဖို့ လိုသည်။ သူ ချီတုံချတုံ ဖြစ်နေရင်း နည်းနည်းကြာသွားသည်။ ဒီတော့ မျိုးဇော်က ခုနက သူ့ကို ထိုလူ လုပ်သလိုမျိုး မျက်နှာကြီး ပြုံးဖြီးဖြီးကြီး လုပ်ကာ “ ဟူး ” ခနဲ သက်ပြင်းကို ချလိုက်သည်။ မျိုးဇော် ဒီလို လုပ်တော့ ထိုလူက မျက်နှာပျက်သွားပြီး ဒိုးပြားကို ချကာ တောက်လိုက်သည်။ 

ဒိုးပြားသည် အားခပ်ဆတ်ဆတ်နှင့် ထွက်လာကာ မျိုးဇော် ရဲ့ ဘယ်ဘက်အခြမ်းမှ ဇယ်သီးကို မျိုးဇော် ဗိုက်အောက်သို့ ကပ်ပြီး မျိုးဇော် အောက်ဘောင်ကို ထိကာ နောက်ထပ် တစ်လုံးကို အားခပ်ပြင်းပြင်းနဲ့ ဇယ်အုံထဲသို့ ပြန်သွင်းလိုက်လေသည်။ တကယ့်ကို ပညာရှင် ပီသပါပေသည်။ ဇယ်သွားရာ လမ်းကြောင်းနှင့် ဒိုးပြား နိုင်နင်းမှုကိုလည်း ထင်ထင်ရှားရှား တွေ့မြင်လိုက်ရသည်။ 

သို့သော် ထိုလူ မျက်နှာ ပျက်သွားလေသည်။ သူ ဗိုက်အောက် ကပ်လိုက်သော ဇယ်က ဗိုက်အောက်မှာ ငြိမ်နေပေမဲ့ ဇယ်အုံထဲ ပြန်သွင်းလိုက်သော ဇယ်ကတော့ မဆိုသလောက် အားများသွား လေတော့သည်။ ဇယ်အုံကို အားထိပြင်းကာ ဇယ် သုံးလုံး ကျွံကာ ထွက်လာလေတော့သည်။ သူထည့်လိုက်သော ဇယ်ကတော့ ဝင်သွားပါသည်။ မျိုးဇော်ရဲ့ ဘယ်ဘက်မှာ နှစ်လုံး ၊ ညာဘက်မှာ တစ်လုံး မသိမသာ ထွက်လာသည်။ သို့သော် ဇယ်သမား တစ်ယောက် အနေနဲ့တော့ ဝင်ထဲသို့ ဇယ်သမား စကားနဲ့ ပြောရရင် “ ဂလောက် ” ပေါ့။ ကျင်းထဲသို့ ကျသည့် သဘော။

ဟုတ်ပါတယ်။ ထွက်နေတဲ့ သုံးလုံးကို မျိုးဇော်က ဘယ်တစ်လုံး ၊ ညာတစ်လုံးနဲ့ ထိုးလိုက်သည်။ 

“ ဂလောက် ”

“ ဂလောက် ”

နောက်ထပ် ကျန်နေတဲ့ ဘယ်ဘက်က တစ်လုံးကို အထိုးမှာတော့ ဒဲ့မထိုးဘဲ “ ဇယ်ထိ ၊ အုံကွဲ ” ဆိုသလို ပုံစံနဲ့ ထိုးလိုက်သည်။ တကယ်ကို အန္တရာယ်ရှိပါ၏။ တကယ်လို့ အထိမှားကာ ကျင်းထဲ ဇယ် တစ်လုံးမှ မဝင်ခဲ့ရင် ပြန့်ကျဲနေသော ဇယ်များကို တစ်ဘက်က လူကို ထိုင်ထိုးခိုင်းသလို ဖြစ်စေမှာပါ။ ဒါပေမဲ့ ကံကြမ္မာက ကျွန်တော်တို့ အပေါ် မျက်နှာသာ ပေးသည်ဟု ပြောရမည်လား မသိ။ မျိုးဇော် တောက်လိုက်သော ဇယ်ကလည်း ကျင်းထဲသို့ ဝင်ကာ ဒိုးပြားကလည်း ဇယ်အုံကို ထိ၍ ဇယ်သီးများ ထပ်ကာ ထွက်လာလေတော့သည်။ 

ဒီနောက်မှာတော့. . .

“ ဂလောက် ” . . . . . . . လေး

“ ဂလောက် ” . . . . . . . ငါး

“ ဂလောက် ”. . . . . . . . ခြောက်

“ ဂလောက် ” . . . . . . . ခုနှစ်

“ ဂလောက် ” . . . . . . . ရှစ်
 
“ ဂလောက် ” . . . . . . . ကိုး 

သူက တစ်လုံးတောက်လိုက် ကျင်းထဲ ဝင်လိုက် ၊ ဝင်တဲ့ အလုံး အရေအတွက်ကို ကျွန်တော်တို့က ဘေးကနေ လိုက်အော်လိုက်နဲ့ ပွဲက ဆူညံ့နေတော့သည်။ ပြီးတော့ နောက်ဆုံး အလုံး။ 

“ ဂလောက် ” . . . . . တစ်ဆယ်။ 

ဟုတ်ပါတယ်။ ပွဲကပြီးသွားပါပြီ။ ကျွန်တော်တို့ နောက်ဆုံးတော့ ထိုလူရဲ့ လက်စွပ်နဲ့ ပိုက်ဆံ တစ်သောင်း မပြည့်တာကို ယူပြီး အောင်ပွဲခံကာ ပြန်လာခဲ့ပါသည်။ မျိုးဇော်ကလည်း တစ်လမ်းလုံး မြေပေါ်ကို ခြေချခွင့် မရခဲ့ပါ။ တစ်ယောက် တစ်ယောက် သူ့ကို ဝိုင်းပြီး ဂုဏ်ပြုကာ ထမ်းပိုးကာ ခဲ့ကြသည်။ သူကလည်း လူ့ဗလံလေးသာ ဖြစ်သည်။ 

ကျွန်တော်တို့ အောင်ပွဲခံဖို့ လက်ဖက်ရည်ဆိုင်ရောက်တော့ အားလုံးက မှာချင်တာ မှာနေတဲ့ အချိန်မှာ သူ့ကို ကျွန်တော် တိုးတိုးကပ်မေးမိသည်။ 

“ မင်းကွာ တတ်လည်း တတ်နိုင်တဲ့ ကောင် ၊ ဟိုဘဲကို ဘယ်လိုလုပ်ပြီးတော့ ဘယ်နဲ့ တောက်မယ် လို့ သွားစိန်ခေါ်ရတာလဲ ၊ ငါတို့ဆို လန့်တောင်မှ သွားတယ်။ ”

“ ဒါကတော့ကွာ။ အခြေအနေပေါ်မူတည်ပြီး စိန်ခေါ်လိုက်တာပါ။ အဲဒီအချိန်မှာ ကံကောင်းသွားတာက ငါ ထင်တဲ့ အတိုင်း ဖြစ်သွားလို့ပဲ ”

“ ဘာလို ဖြစ်တာလဲ ”

“ သြော်. . . ငါ့နောက်က မင်းတို့ ဆီက အံ့သြပြီး အာမေဋိတ်သံတွေ ထွက်လာတာလေ ”

“ အေးလေ . . ဒါကတော့ ထွက်မှာပေါ့ကွ။ မင်းက ဒီလို စိန်ခေါ်မယ် လို့မှ မထင်ထားတာ ”

“ ဒါပေါ့။ ဒါကြောင့်မို့လည်း ဟိုလူက ယုံပြီး မငြင်းဘဲ ပြိုင်တာပေါ့ကွာ ”

“ အေးကွာ ငါတို့ အံ့သြ သွားတယ် ဆိုတာက မင်းက ဘယ်သန် လေ။ ဒါကို မင်း လောက်ကတော့ ညာနဲ့ မထိုးဘူး ဘယ်နဲ့ပဲ ထိုးမယ် ဆိုပြီး စိန်ခေါ်လိုက်တာကို ငါတို့က အံ့သြသွားတာ။ ”

“ အေးပေါ့ ငါက အားလုံးကိုရော ၊ သူ့ကိုပါ အကြောင် ရိုက်ပါတယ် ဆိုမှ. . ”

“ တကယ်လို့ ဟိုက ညာနဲ့ပဲ ထိုးမယ် ဆိုရင် ဘယ်လိုလုပ်မလဲ ”

“ ဒီတော့လည်း ငါက ဘယ်နဲ့ပဲ ထိုးမယ် လို့ အတင်းပြောမှာပဲလေ ”

“ ထားပါတော့။ ဒါပေမဲ့ ပထမပွဲမှာ မင်းက မထိုးတတ်လို့ ဇယ်သီး ထွက်ပြလိုက်တာကတော့ တကယ်ကို ပိရိတယ်။ ”

“ ဟား . . ဟား . .ဟား . ဒါမှလည်း သူက ယုံတော့မှာကိုး။ ဒါနဲ့ပဲ သူလည်း ရဲရဲတင်းတင်း ထိုးတော့တာပေါ့ကွာ။ ”

“ ဒီတော့. . . . ”

“ ဒီတော့မှ  ဘယ်သန်ကို ဘယ်နဲ့ လိုက်ထိုးတဲ့ကောင်ကို မှတ်လောက်သားလောက်အောင် ပညာသားပါပါနဲ့ ကစ်လာတာပေါ့ကွာ ”

မျိုးဇော် ဆိုတာ အဲဒီလိုမျိုးပါ။ ကိုယ်က ဘယ်သန်နဲ့တောင်မှ ညာသန်ကို  ဘယ်နဲ့ လိုက်ထိုးခိုင်းပြီး မရှုမလှ ရှုံးစေအောင် လက်တစ်လုံးခြား ပိပိရိရိ ဟန်ဆောင် ပြောတတ်သူ တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ မှတ်တမ်းတွေကတော့ မဆုံးသေးပါဘူး။ 



မျိုးဇော် ရဲ့ အခု ဇနီး ဖြစ်နေသူကို ချစ်ကြောင်း ကြိုက်ကြောင်း ရင်ဖွင့်ပြနေတုန်းက ကျွန်တော်တို့လည်း ယောက်ျားလေးတွေရဲ့ ထုံးစံအတိုင်း အဖော် လိုက်ပေးရဖူးပါသည်။ ဝေးလံလှတယ် မဟုတ်ပေမဲ့ ကျွန်တော်တို့နဲ့ ၅ ရပ်ကွက်လောက်တော့ ခြားပါသည်။ နောက်တော့ သူတို့ သမီးရည်းစားလည်း ချစ်ကြ ၊ ကြိုက်ကြ ၊ စိတ်ကောက်ကြ ၊ ပြန်ချော့ကြနဲ့ ချစ်သူဘဝ ဖြတ်သန်းကြမှာပါ။ 

တစ်နေ့တော့ ကျွန်တော့်တို့ကို သူ့ချစ်သူဆီကို သွားဖို့ အဖော်ခေါ်ပါသည်။ အားနေသော ကျွန်တော်တို့ကလည်း ဘော်ဒါ ကဏ္ဍနဲ့ လိုက်သွားရပါ၏။ သူ့ချစ်သူအိမ်နားက လက်ဘက်ရည်ဆိုင်မှာ ထိုင်ပြီး သူ့ချစ်သူ ဈေးအလာကို ထိုင်စောင့်ကြပါသည်။ ခဏနေတော့ သူ့လိုပဲ ညှပ်စိစိနဲ့ သူ့ချစ်သူ ဈေးခြင်းတောင်းလေး ဆွဲကာ မှုန်ကုတ်ကုတ်လေး ထွက်လာပါတော့သည်။ ချစ်သူဘဝ စိတ်ဆိုး စိတ်ကောက်နေကြတယ် ဆိုတော့လည်း ယောက်ျားလေးက စချော့ရမည် ဆိုသော ဘယ်သူက ရေးထားမှန်း မသိသော ထုံးစံကို လိုက်နာသော အားဖြင့် မျိုးဇော်က လက်ဘက်ရည်ဆိုင်မှ ထကာ သူ့ချစ်သူ နောက်ကို လိုက်သွားပါသည်။ 

သူ့ကို တွေ့တော့ ကောက်နေသော လူဆိုတော့ ပို၍ ကွေးပြကာ သူ့ချစ်သူက လိမ်ကောက်ကွေးကာ လမ်းလျှောက် ပါတော့သည်။ သူကလည်း ဘေးကနေ ကွေ့ကွေ့ကောက်ကောက် လိုက်ကာ ရှင်းပြကာ ချော့နေပုံ ရသည်။ နောက်တော့ လက်ဘက်ရည်ဆိုင်ထဲမှာ ရှိနေသော ကျွန်တော်တို့ မြင်ကွင်းကနေ ပျောက်သွားပါတော့သည်။ သူတို့ ချစ်သူ နှစ်ဦး စိတ်ကောက် ပြန်ချော့ ကိစ္စမှာ  ကျွန်တော်တို့ကလည်း ထွေထွေထူးထူး စိတ်မဝင်စားလှပါဘူး။ သူငယ်ချင်း ခေါ်လို့သာ အဖော်လိုက်ပေးရတာ မဟုတ်လား။

ခဏကြာတော့ သူပြန်ရောက်လာပါတော့သည်။ မောကြီး ပန်းကြီးလည်း ဖြစ်လာသည်။ ဘယ်လိုလဲ လို့ မေးဆတ်ပြတော့ လက်ခါခါ ၊ ခြေခါခါ နဲ့ . . . . 

 “ အဆင်မပြေသေးပါဘူးကွာ။ ကောက်တုန်း ၊ ကွေးတုန်းပဲ ”

“ မိန်းမတွေ ဆိုတာ ဒီလိုပါပဲကွာ ”

“ နောက်တော့ အဆင်ပြေသွားမှာပေါ့ ”

“ ကောက်ခါစ ဆိုတော့လည်း ဒီလိုပဲပေါ့ ”

သူ့ကို ဝိုင်းဝန်းပြီး ချော့မော့ ပြောနေတုန်း ခဏမှာပဲ။ ဆိုင်ရှေ့က ဆူဆူညံညံ အသံတွေကို ကြားလိုက်ရသည်။ ဒါပေမဲ့ ကိုယ့်ဖာသာ သတိမထားမိပါဘူး။ ကိုယ်နဲ့ မဆိုင်ဘူးလို့လဲ ထင်နေမိ၏။ ဒါပေမဲ့ ပိုပြီး ဆူညံလာလို့ အပြင်ကို သတိထားကြည့်လိုက်တော့မှ ကျွန်တော်တို့နဲ့ ရွယ်တူ ခုနှစ်ယောက်လောက်က လက်ဘက်ရည်ဆိုင်ထဲကို မဝင်ဘဲ ဆိုင်ရှေ့ကနေ ကျွန်တော်တို့ လေးယောက်ကို စိန်ခေါ်နေတော့တာကိုး။ 

သူတို့ လက်ထဲမှာ တုတ်တွေ ၊ စက်ဘီးက ချိန်းတွေလည်း ကိုင်လို့ ၊ ဘာမှန်း မသိဘဲ ဗလာချည် စိန်ခေါ်ခံရတော့ နည်းနည်းတော့ အောင့်သက်သက် ဖြစ်မိသား။ ဒါပေမဲ့ သူတို့က ရပ်ကွက်သားတွေ ဖြစ်ပုံ ရသည်။  မျိုးဇော် ကို ဘာဖြစ်လာလဲ မေးတော့လဲ သူလည်း မသိ။ ဘာမှ မဖြစ်လာဘူး လို့ပဲ ဆိုသည်။ ကျွန်တော်တို့ထဲမှာ ပိုပြီး ပြေပြေပြစ်ပြစ် ပြောတတ်တဲ့ ကိုသက်က ထပြီး ဆိုင်ပေါက်ဝကို ထွက်သွားသည်။

“ ဟေ့ကောင် ၊ ကိုသက် အပြင် မထွက်နဲ့နော် ”

“ အေးပါ ဘာဖြစ်တာလဲ မေးယုံလေးပါ။ မင်းတို့ ပြင်စရာ ရှိတာ ပြင်ထား ”

လက်ဘက်ရည်ဆိုင် ဆိုတော့လည်း ထုဖို့ ၊ ထောင်းဖို့ တုတ်တွေက ပေါပါသည်။ အကြော်ဖိုနားမှာ ထင်းချောင်းတွေ အမြဲ အဆင်သင့် ရှိနေသည်။ ပြီးတော့ ထိုစဉ်က ပလတ်စတစ်ခုံတွေ မပေါ်သေးတော့ ထိုင်ခုံတွေက ရိုးရိုးသစ်သားခုံတွေသာ ကျွန်တော်တို့ ထိုင်သော စားပွဲနားမှာ ခုံတွေကို စုထားလိုက်သည်။  ဝင်လာရင် ပစ်ပေါက်ရန်။ အကြော်တဲမှ ထင်းချောင်းတွေ တစ်ယောက် နှစ်ချောင်းနှုန်း သွားယူပြီး စားပွဲပေါ် တင်ထားလိုက်သည်။ ဒီအချိန်မှာ ကိုကိုအောင်က လက်ဘက်ရည်ဆိုင်မှ ဖုန်းနဲ့ ရပ်ကွက်က ကောင်တွေဆီကို ဖုန်းလှမ်းဆက်သည်။ ချက်ဆို ဟိုကောင်တွေ စက်ဘီးတွေနဲ့ ချက်ချင်း ထွက်လာကြ လိမ့်မည်။ 

“ ဘာဖြစ်ကြတာလဲ သူငယ်ချင်းတို့ ၊ လူများ မှားသလားကွာ ”

ကိုသက်က ဒီလိုပဲ အပြောညက်သည်။ သဘောကောင်းတယ် လက်သီးပြင်းတယ် ဆိုသော လူစားမျိုး။ သွေးအေးတယ် လက်ယဉ်တယ် ဆိုသော လူမျိုး။

“ မမှားဘူးကွ။ ခုနကပဲ ဟိုပိန်စုတ်စုတ်ကောင် ငါတို့ လမ်းက ကောင်မလေးကို လိုက် နှောင့်ယှက်နေလို့ လိုက်လာတာ ”

“ သြော်. . သြော်. . ဒီလိုလား။ ဒါဆိုရင်တော့ မင်းတို့ မှားသွားပြီ သူငယ်ချင်းတို့ သူတို့က ချစ်သူတွေကွ။ အခု သူတို့ အချင်းချင်း စိတ်ကောက်နေကြလို့ အခု လာပြန်ချော့တာပါ။ နှောင့်ယှက်တာ မဟုတ်ပါဘုးကွာ ”

ကိုသက်က ပြေပြေပြစ်ပြစ် ပြောသည်။ သူက ၅၀ - ၅၀ ဆိုသော လူစားမျိုး။ အေးအေးဆေးဆေး ရရင် ဖြေရှင်းမယ်။ ပြောလို့ မရဘူး ဆိုရင်တော့ ဟိုဘက် ၅၀ ထဲကို ပါသွားတတ်သော လူစားမျိုး။ ဒီလို ကိုသက်က အေးအေးဆေးဆေး ပြောပြတော့ အပြင်က ဆူပူနေတဲ့ ကောင်တွေ ဝေဝေဝါးဝါးနဲ့ ခဏ ငြိမ်သွား၏။ ဟုတ်လောလောပေါ့။ ဒါပေမဲ့ တစ်ယောက်က ထပြီး ဗွေဖောက်သည်။

“ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ရပ်ကွက်ထဲမှာ သရုပ်ပျက်တယ်ကွာ။ မင်းတို့ ထွက်ခဲ့ ”

ကိုသက်က ပုခုံးတွန်ပြပြီး အေးဆေး လှည့်ဝင်ကာ ပြန်ထိုင်ပြီး သူတို့ကို ကြည့်နေလိုက်သည်။ ကျွန်တော်တို့လည်း ကြည့်နေလိုက်သည်။ ဘယ်သူမှ မထွက်။ 

“ ဟေ့ကောင်တွေ ထွက်ခဲ့လေကွာ ”

ကျွန်တော်တို့ မထွက် အေးအေးဆေးဆေးသာ ထိုင်နေ၏။ 

“ ဟေ့ကောင်တွေ မထွက်ရဲဘူးလား။ မင်းတို့ တွေ့မယ်။ ”

ထိုသူက ပြောလည်း ပြော အနီးမှာ ရှိသော အုတ်ခဲပုံသို့ ပြေးသွားပြီး အုတ်ခဲနှစ်လုံးကို လက်တစ်ဘက်စီမှာ ကိုင်ဆွဲပြီး ရောက်လာသည်။ အထဲမှ ကျွန်တော်တို့ ရှိရာသို့ ပစ်သွင်းမလိုလည်း ပြင်သည်။ 

“ ဟေ့ကောင် မင်း သတ္တိ မရှိဘူးလား။ အဝေးက ပစ်မနေနဲ့။ ဆိုင်ထဲမှာ လူတွေ ၊ အဘိုးအဘွားတွေ ကလေးတွေ ရှိတယ်။ ထိကုန်မယ်။ မင်းမိုက်ရင် အထဲကို ဝင်လာရိုက်ကွာ ”

ဒီတော့ ဒီကောင် တွန့်သွားသည်။ ထုံးစံ အတိုင်း စကားလုံးဖြင့်သာ လှမ်းပစ်တော့သည်။

“ ဟေ့ကောင်တွေ ထွက်ခဲ့ ”

ထစ်ခနဲဆို စိတ်က မြန်တဲ့ ကျွန်တော်က ထပြီး ဆိုင်ဝကို ထွက်ကာ . . .

“ ငါတို့ ဆိုင်ပြင်ကို ထွက်တော့ မင်းတို့က ဘာလုပ်မလို့လဲ ”

ဟိုကောင်တွေ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ နောက်မှ. . .

“ ရိုက်မလို့ ဟေ့ကောင် ၊ ထွက်ခဲ့ကွာ ”

“ ဟာကွာ။ သူများ အရိုက်ခံရမှာကိုပဲကွာ။ အပြင်ကို တကူးတက ထွက်ပြီး အရိုက်ခံ မနေတော့ပါဘူး။ သတ္တိရှိရင် အထဲကို လာရိုက်ကွာ။ အပြင်ထွက်ရမှာ ပင်ပန်းတယ်။ ”

ဒီလို ပြောပြီး ကျွန်တော် ဆိုင်ထဲ ပြန်ဝင်ပြီး ထိုင်နေလိုက်သည်။ တကယ်တော့ ကျွန်တော်တို့က ကိုယ့်ရပ်ကွက်က သူငယ်ချင်းတွေ အလာကို အချိန်ဆွဲကာ စောင့်နေတာပါ။ ဒီကြားထဲ သူတို့ ဆိုင်ထဲ ဝင်လာရင်တော့ သူရိုက်ကိုယ်ရိုက် ရိုက်ရမှာပေါ့လေ။ ထင်းချောင်းတွေကတော့ အသင့်ပါပဲ။ ဒါပေမဲ့ သူတို့ကလည်း မဝင်ရဲဘူး ဆိုတာ သိသာပါသည်။ 

ခဏနေတော့ သူတို့ရဲ့ နောက်မှာ စက်ဘီးနဲ့ နှစ်ယောက် တစ်တွဲနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ တစ်စီးချင်းစီ ရောက်လာကြသည်။ ပစ္စည်းကိရိယာလည်း ပြည့်ပြည့်စုံစုံ ပါလာပုံ ရပါသည်။ ဒီလူ ခုနှစ်ယောက်ကတော့ ကျွန်တော်တို့ကို မဲနေလို့ သူတို့ နောက်မှာ ရောက်နေတဲ့ လူတွေကို သတိထားမိပုံ မပေါ်ပါဘူး။ တဖြေးဖြေးနဲ့ သူငယ်ချင်းတွေ စုံပြီ  ၊ သူတို့ကိုလည်း အဆင်သင့် ဝိုင်းထားပြီးပြီ ဆိုတော့မှ ရုတ်ခနဲ မျိုးဇော်က စားပွဲပေါ်မှာ တင်ထားသော တုတ်တစ်ချောင်းကို ဆွဲပြီး ဆိုင်အပြင်ကို ထွက်သွားသည်။

“ ဟေ့ကောင်တွေ ၊ ငါ့ချစ်သူကို စိတ်ကောက်နေလို့ ငါက လိုက်ချော့တာ မင်းတို့က ဘာဖြစ်လို့လဲ။ မင်းတို့နဲ့ ဘာဆိုင်လို့ လာပွနေတာလဲ။ ဟေ့ကောင်တွေ မင်းတို့လို ကောင်တွေတော့ သနားတယ်ကွာ။ ငါ လူရိုက်လာတာ မနည်းတော့ဘူး။ မိုက်တဲ့ ကောင် တတ်ခဲ့ကွာ။ ”

မျိုးဇော်က ဒီလို အော်တော့ နှစ်ယောက်က ရှေ့တတ်လာ၏။ ဟိုဘက်က တတ်လာတော့ ကျွန်တော်တို့လည်း ဆိုင်ထဲက ထွက်ရော ၊ တတ်လာသူ နှစ်ယောက်လည်း တွန့်သွားပြန်သည်။ ဒီအချိန်မှာ ခုနက အုတ်ခဲသွားယူထားသူက သူဘေးမှာ ချထားတဲ့ အုတ်ခဲကို ကုန်းကောက်ပြီး မျိုးဇော် ထံကို ပစ်မယ် လုပ်သည်။ ဒီအချိန်မှာ ထိုသူ လည်ထွက်သွားသည်။ သူ့နောက်မှ ကျွန်တော့်တို့ သူငယ်ချင်း တစ်ယောက်က အုတ်ခဲကို ပုတ်ချပြီး လူကို ဖြတ်ရိုက်လိုက်ခြင်း ဖြစ်သည်။

“ ဖြောင်း ”

ဆိုတဲ့ အသံနဲ့ အတူ သူတို့ ခုနှစ်ယောက်လုံး နောက်ကို လှည့်ကြည့်တော့ နောက်မှာ သူတို့ကို ဝိုင်းထားတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေကို တွေ့လိုက်ရတော့ အံ့သြသလိုနဲ့ ကြောင်အီသွားသည်။

“ ဟေ့ကောင်တွေ လာလေကွာ။ မင်းတို့ လောက်တော့ကွာ။ ငါ လူရိုက်လာတာ မနည်းတော့ဘူးကွ ”

ဟိုဘက်က ခုနှစ်ယောက်ကတော့ တုတ်ကိုင် ထားသူတွေ။ စက်ဘီးချိန်ကြိုး ကိုင်ထားသူတွေ ကိုင်လျက်နဲ့ တွေဝေနေသည်။

“ လာလေကွာ။ ငါ လူရိုက်လာတာ မနည်းတော့ဘူးကွ။ လာစမ်းပါ ”

မျိုးဇော်ကတော့ ပေါက်ကွဲသထက် ပေါက်ကွဲ လာသလို အော်ဟစ်နေသည်။

“ ဟေ့ကောင် လာ . . . လာ  ”

မျိုးဇော်ကို ဆွဲခေါ်ကာ လွတ်နေတဲ့ စက်ဘီးကယ်ရီယာပေါ် တင်ပြီး နင်းခိုင်းလိုက်သည်။ ကျန်လူများကတော့ ခဲတလွတ် အထိ ဖြေးဖြေးချင်း နောက်ဆုတ်ပြီးမှ စက်ဘီးပေါ်တတ်ပြီး ပြန်လာခဲ့ကြသည်။

ကိုယ့်ရပ်ကွက်ကို ကိုယ်ပြန်ရောက်တာတောင်မှ ရှူးရှူးရှားရှား ဖြစ်နေတဲ့ မျိုးဇော် ကို ထိန်းဖို့ လက်ဘက်ရည်ဆိုင်မှာ ခဏထိုင်ရင်း စကားပြောကြသည်။

“ မင်း . . . မင်းကောင်မလေးနောက်ကို လိုက်တော့ ဘာတွေ ဖြစ်ခဲ့လို့လဲ ”

“ ခွိးးးးးး ဘာမှ မဖြစ်ပါဘူးကွာ။ ငါ့ဖာသာ ငါ့ကောင်မလေးကိုပဲ ငါပြောတာလေ။ ”

“ ဒါဆို ဒီကောင်တွေက ဘာဖြစ်တာလဲ ”

“ မသိဘူးလေ။ ငါ့ကောင်မလေးကတော့ တစ်ခါ ပြောဖူးတယ်။ သူတို့ ရပ်ကွက်မှာလည်း သူ့ကို လိုက်နှောင့်ယှက်နေတာ တစ်ယောက် ရှိတယ် တဲ့။ အခု အဲဒီကောင်လား မသိပါဘူး။ ”

“ အေး ဒါလည်း ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ မင်းက ဘာတွေ လျှောက်အော်နေတာလဲ ”

“ ဘာအော် လို့လဲ ”

“ ဘာလဲ ၊ ငါ လူရိုက်လာတာ မနည်းဘူးလေး ဘာလေးနဲ့ ”

“ အဟဲ . . အဟုတ်ပဲ လေကွာ။ ငါ ရိုက်လာတဲ့ လူတွေ မနည်းဘူးပဲ ဟာကို ”

“ ဟေ့ကောင် ၊ မသိတဲ့ သူများတွေကိုပဲ မင်းဖောလို့ ရမယ်။ ဓါတ်သိတွေကွ။ ငါတို့ ဖြစ်လိုက်တိုင်း မင်းက ရှေ့ဆုံးက ပြေးနေကြပဲ။ ရိုက်မဲ့ရိုက် ငါတို့ပဲ ရိုက်ရတာ။ နောက်ဆုံး ဟိုရောက် ဒီရောက်မှသာ မင်းကလည်း ပါတာ။ ဒါကိုများ မင်းက လူရိုက်လာတာ မနည်းဘူးလေး ဘာလေးနဲ့ ”

“ ဟ. . တကယ် ရိုက်လာတာပဲ။ ငါ ရိုက်ခဲ့တဲ့ လူတွေ မနည်းဘူးလေကွာ ”

“ မင်းကလဲကွာ။ ဓါတ်သိတွေကို ၊ ဒါဆို ပြောပါဦး ဘယ်မှာ မင်းက လူရိုက်ခဲ့တာလဲ ”

“ ငါ့ အစ်မ အိမ်မှာလေကွာ။ ငါ ရိုက်ခဲ့တာ မနည်းဘူး ”

“ ဘာ ”

“ ငါ့ အစ်မအိမ်မှာလေ ”

အားလုံး ရုတ်တရက် ငြိမ်ပြီး အန်းသွားကြသည်။ နောက်မှ တပြိုင်နက် အော်ရယ်ကြရင်း သူ့ကိုလည်း ဝိုင်းထိုးကြသည်။ ဒီတော့မှ ဒီကောင်က ဟီးဟီးဟားဟား နဲ့ လှည့်ပတ်ပြေးရင်း. . .

“ ဟဲဟဲဟဲ မင်းတို့ကလည်းကွာ။ ငါက ဟိုမှာတော့ လူရှိန်အောင် ပြောလိုက်တာပါ။ နို့မို့ဆို ငါ့ကောင်မလေး ရပ်ကွက်က ငါ့ကို ဖြဲလွှတ်လိုက်တယ် ဆိုပြီး ပြောကြမှာပေါ့ကွ။ ဒါပေမဲ့လည်း ငါ လူရိုက်လာတာ မင်းတို့လည်း အသိပဲဟာ ”

ဒီတော့ ကျွန်တော်တို့ ရယ်လည်း ရယ် ၊ သူရဲ့ လက်တစ်လုံးခြား ပြောတတ်မှုကိုလည်း အံ့သြတကြီး ဖြစ်ခဲ့ရသည်။ သူပြောလည်း ပြောချင်စရာပါပဲ။ ဒီလို ဆိုရင်တော့ သူပြောသလို သူ တကယ်ကို လူရိုက်ခဲ့တာ မနည်းလှပါဘူး။ ဘာလို့လဲ ဆိုတော့ သူ့အစ်မက နေ့ကလေးထိန်းကျောင်း ဖွင့်ထားပါသည်။ အဲဒီအိမ်ကို သူက သူအားနေတဲ့ ရက်ဆိုရင် သွားဝိုင်းပြီး ကလေးတွေကို ထိန်းကာ အားကစား ဘာညာ သင်ပေးတတ်သည်။

ဒါပေမဲ့ သူ့အစ်မဆီကို ကျွန်တော်တို့ ရောက်ရင် သူ့အစ်မက အမြဲငြီးငြူကာ ပြောတတ်သည်။

“ မျိုးဇော်က ကလေးတွေကို သည်းညည်းမခံဘူး။ တဖတ်ဖတ်နဲ့ အရမ်းရိုက်တာပဲဟယ် ”

တဲ့။ ဒါကို ကိုးကားပြီးတော့ မျိုးဇော်က ဒီလောက် ကျဉ်းထဲ ကြပ်ထဲမှာတောင်မှ လက်တစ်လုံးခြား “ ငါ လူရိုက်လာတာ မနည်းဘူး ” ဆိုပြီး ပြောသွားနိုင်သေးသည်။ ဒါပေမဲ့ ဒီအချိန်အထိ သူ့နာမည်က “ မျိုးဇော် ” က မျိုးဇော် လို့ပဲ ကျွန်တော်တို့ ခေါ်ကြပါသေးသည်။ လက်နှစ်လုံးခြား မဖြစ်သေးပါ။

သူ့နာမည် “ လက်နှစ်လုံးခြား ” ဆိုပြီး ဖြစ်လာစေတဲ့ အကြောင်းကတော့ ဒီလို အစပြုပါသည်။




တစ်နေ့တော့. . . . ကျောင်းက သူငယ်ချင်း တစ်ယောက်က မွေးနေ့ပွဲ သူတို့ အိမ်မှာ လုပ်ပါသည်။ ဒါကို ကျွန်တော်တို့ သူငယ်ချင်း အရင်းတွေ အတွက် ညဘက်မှာ ပါတီလေး တစ်ခုကိုလည်း လုပ်ပေးမယ် လို့ ဆိုသည်။ ဒါကို အားလုံး လာကြဖို့ ဖိတ်ထားသည်။  ဖြစ်ချင်တော့ ထိုနေ့ နောက်နေ့မှာ မျိုးဇော်တို့ အိမ်မှာ ဘုရား အနေကဇာတင်ပွဲ ရှိသည်။ ဘုန်းကြီးများကိုလည်း ပင့်ကာ ဆွမ်းကျွေးမည် ဖြစ်သည်။ ဒါကြောင့် သူငယ်ချင်း ပါတီပွဲမှာ သောက်ကြ စားကြပြီး ညနက်က မနက်မိုးလင်း အလှူမှာ မထနိုင်မှာကို သူ့အဖေက စိုးရိမ်သည်။ ဒါကြောင့် မသွားနဲ့ဟု တားသည်။

ဒီတော့သူလည်း ထုံးစံ အတိုင်း ကျွန်တော်တို့ကိုပါ သူ့အဖေကို လိုက်ပြောခိုင်းသည်။ သူငယ်ချင်းတွေ အားလုံး ဝိုင်းပြီး တွတ်ထိုးကြလို့ သူ့အဖေလည်း နောက်ဆုံး မဖြစ်မနေ လွှတ်ရမည် ဖြစ်လာတော့သည်။ ဒါပေမဲ့ သူ့အဖေက တင်းတင်းကြပ်ကြပ် သူ့ကို ကတိတောင်းသည်။

“ သူငယ်ချင်း မွေးနေ့ပါတီကို သွားတာကတော့ သွားပေါ့ကွာ။ တခြားနေ့တွေ ဆို ဖေဖေ ဘာမှ မပြောဘုး။ မနက်ဖြန်ကျရင် ကိုယ့်အိမ်မှာလည်း အလှူလုပ်မှာ ဒီနေ့မှာ မင်းက မူးပြီး အိပ်နေတယ် ဆိုတာကတော့ သဘာဝ မကျဘူး။ ဒါကြောင့် မင်းစောစောသွား မများကြီး မသောက်နဲ့။ ညနက်နက် မနေနဲ့။ ဖေဖေ လာပြန်ခေါ်မယ်။ ”

သူကလည်း သွားရရင် ပြီးရော ဆိုပြီး မျက်နှာငယ်လေးနဲ့ ခေါင်းလေးကို အထပ်ထပ် ငြိမ့်ကာ ပြနေပါတော့သည်။

“ ဟေ့ကောင် မများစေနဲ့နော် ”

“ စိတ်ချပါ ဖေဖေရာ။ သူငယ်ချင်းတွေနဲ့ ဆိုတော့ အားနာပြီး သောက်ရင်တောင်မှ လက်နှစ်လုံး လောက်ပါပဲ “

“ သေချာလား ဟေ့ကောင် ”

“ သေချာတယ် ဖေဖေရာ ၊ တကယ် လက်နှစ်လုံးပဲ ”

သူ့သားအကြောင်း သူသိလေတော့ အဖော် လိုက်ပြောတဲ့ ကျွန်တော့်ဘက်ကို လှည့်ပြီး . . .

“ ကိုဇော် မင်းတို့ လာခေါ်တာနော်။ မင်းလည်း ကြည့်ထိန်းဦး။ မနက် အလှူကျရင် မင်းတို့လည်း လာရဦးမှာနော်။ မင်းလည်း မများစေနဲ့ ကြားလား။ ဒီကောင့်ကိုလည်း သိပ်မသောက်စေနဲ့။ ”

“ ဟုတ်ကဲ့ပါ ဦး။ စိတ်ချပါ ကျွန်တော် သတိပေးနေပါ့မယ် ”

“ ဖေဖေကလည်း တကယ်ပြောတာ လက်နှစ်လုံးလောက်ပဲ သောက်ပါ့မယ် ”

ဒီလိုနဲ့ ပြောပြောဆိုဆို သူ့အဖေရဲ့ စိတ်တထင့်ထင့်နဲ့ ကျွန်တော်တို့ သူငယ်ချင်း မွေးနေ့ ပါတီကို ရောက်လာသည်။ လုပ်ထားတာ အလျှံအပယ်။ ဟိုရောက်တာနဲ့ သူ့အဖေ မှာတာကို မျိုးဇော် မေ့သွားလေတော့သည်။ ဘီယာတွေ တစ်ဘူးပြီး တစ်ဘူး။ ဝီစကီတွေ တစ်ဝီပြီး တစ်ဝီ။ ဘေးနားက ကျွန်တော့်မှာ မနေသာ ကိုယ်တောင်မှ ကောင်းကောင်း မသောက်ဖြစ်တော့။

“ ဟေ့ကောင် မင်းများမယ်နော်။ မင်း အဖေ သေချာ မှာလိုက်ရဲ့သားနဲ့။ မနက် အလှူရှိတယ် ဟေ့ကောင် ”

“ အေးပါကွာ နည်းနည်းလေးပါ ”

“ ဘာနည်းနည်းလေးလဲ ၊ မင်းပြောတော့ လက်နှစ်လုံးပဲ သောက်မှာပါဆို ၊ အခု မင်းသောက်တာ လက်နှစ်လုံးလား ”

“ လက်နှစ်လုံးပါပဲကွ ”

“ ဘာကွ ၊ ဘယ်လို လက်နှစ်လုံးလဲ။ ဒီလိုလား ”

ကျွန်တော်တို့ ပြောနေကြ အတိုင်း လက်ညှိုးနဲ့ လက်သန်းကိုပဲ ဆန့်ထားပြီး လက်ခလယ်နဲ့ လက်သန်းကြွယ်ကို ကွေးဖျောက်ထားကာ ပြလိုက်သည်။ သူက ရီဝေဝေနဲ့ ရယ်ပြရင်း. . .

“ ဟုတ်ပါဘူးကွာ။ ရိုးရိုးတန်းတန်း လက်ညှိုးနဲ့ လက်ခလယ် ဆိုတဲ့ နှစ်ချောင်းပူးထားတဲ့ လက်နှစ်လုံးပါပဲ။ ”

“ အောင်မာ ဟေ့ကောင် ၊ မင်းသောက်တာ အဲဒီလို လက်နှစ်လုံး မကတော့ဘူးကွ။ တော်တော့ မင်း အဖေနဲ့ ကွိုင်တတ်မယ်နော်။ ငါက အာမ ခံလာရတာ ”

“ အေးပါကွာ။ ဘာမှ မဖြစ်စေရဘူး။ ငါ့ လက်နှစ်လုံးက မပြည့်သေးလို့ပါကွ ”

“ ဟ မင်း လက်နှစ်လုံးကလည်း ဘယ်လို လက်နှစ်လုံးမို့လို့လဲ ”

“ အဟီး . . နောက်မှ ပြောမယ်ကွာ။ အခု သွားထည့်လိုက်ဦးမယ် ”

“ ဟေ့ကောင် . . . ၊ ဟာ ဂွပဲ။ ငါတော့ ကွိုင်ပူတော့မှာပဲ ”

ဟိုလူ့ကို ချီးယားစ် ၊ ဒီလူ့ကို ချီးယားစ်ရင်း သူ့ဘယ်လိုမှန်းမသိတဲ့ လက်နှစ်လုံးကို ဖြည့်နေရင်း နောက်ဆုံးတော့ ဥသြတွေပါ ဆွဲကုန်တော့တာပါပဲ။ ဒီတော့ သူ့ကို နှိပ်ပေးရင်း . . .

“ ဟေ့ကောင် မင်းတော်တော့ မင်း မနက် အလှူမှာ မထနိုင်ရင် ကွိုင်တတ်မယ်။ မသောက်နဲ့တော့ ”

“ ငါ . . .လ. . က်. . .နှ. . .စ်. . လုံး. . .ေ. .လ. .ာ. .က်. .ေ. . တ.ာ့ . .ေ. .သ . .ာ. .က်. .ပါ. .ရ . .ေ. .စ . .ကွာ  . . ”

ဆိုပြီး အာလေး လျှာလေးကြီးနဲ့ ပြောလေတော့၏။

“ အာ . . . ဒီကောင် မဟုတ်တော့ဘုး။ မင်း အဖေကို ငါ ဖုန်းဆက် ခေါ်တော့မယ်။ ”

နောက်ဆုံး ကျွန်တော် ဖုန်းလှမ်းဆက်တော့ သူ့အဖေက Taxi နဲ့ ရောက်လာတော့ မျိုးဇော် ခေါင်းတောင်မှ မထူနိုင်တော့။ ကိုယ်ကလည်း အာမ ခံမိသူ ဆိုတော့ ဝိုင်းတွဲရင်း ကျွန်တော်လည်း သူ့အဖေ လာခေါ်တဲ့ ကားနဲ့ လိုက်ပြန်ခဲ့တော့သည်။ မျိုးဇော်ကတော့ ဘာဆို ဘာမှ မသိတော့ ၊ ဒါပေမဲ့ မူးမုးရူးရူးနဲ့ သူပြောချင်တာ တစ်ခုကိုတော့ စွတ်ပြောနေတော့သည်။

“ ဘ. .ာ . .မှ . . .မ . . . ပူ . . .နဲ့ . . .ငါ. . .လ. . .က်. . .နှ. . .စ်. . .လုံး. .ဆို. .ရ. .င်. .တ. . က. . ယ်. . ကို. .ေ. .တာ်. . ပြီ ”

“ လ. . က်. . နှ. . စ်. . လုံး. . ပြ. . ည့်. . .ရ. .င် . .ငါ. . ရ. .ပ်..မ. .ယ်. . ကွာ ၊ မ. .င်း . . က. . လဲ. . အ. . သ.ာ .ေ. . န. . စ. .မ်း. . ပါ ”

သူ့အဖေကတော့ ဒေါသတွေ ထွက်လို့ပေါ့။ ကျွန်တော်လည်း ဘာဆို ဘာမှ မပြောနိုင်ပါ။ ကျွန်တော် မပြောလို့လည်း မဟုတ် ပြောနေရင်းနဲ့ သူက စွတ်သောက်နေတော့တာ။ သူတို့အိမ်ရောက်တော့ အလှူအတွက် ချက်ပြုတ်နေတဲ့ လူတွေ ကြားထဲကို အမူးလွန်လာတဲ့ သားကို တွဲပြီး သူ့အဖေကလည်း ဘယ်ဝင်ချင်ပါ့မလဲ။ ကျွန်တော်ပဲ တွဲပြီး သူ့အိမ်ခန်းထဲကို အရောက်ပို့ခဲ့၏။

“ ကိုဇော် မင်းလည်း ပြန်မနေနဲ့တော့ ၊ ဒီမှာပဲ အိပ်လိုက်တော့ မနက်မှ ရေမိုး ထချိုးပေါ့။ မင်းကတော့ သိပ်မမူးဘူး ထင်တယ်။ ”

“ ဟုတ်ကဲ့။ ကျွန်တော် သူ့ကို လိုက်ထိန်းနေရတာနဲ့ သေချာကို မသောက်ဖြစ်တော့တာ ”

“ အေးကွာ အိပ်တော့ မနက်မှ ထ။ တောက်. . .ဒီလောက် မူးရူးနေတာတောင်မှ လက်နှစ်လုံးလေးပဲ လုပ်နေသေးတယ်။ မနက်မှ တွေ့ကြတာပေါ့ကွာ ”

တကယ်တော့ မနက်ကျတော့လည်း ဒီကောင် လုံးဝ မထနိုင်ပါ။ ဘုရားအနေကစာတင်တော့လည်း မနိုး။ ဘုန်းကြီးဆွမ်းကပ်ပြီး တရားနာတော့လည်း မနိုး။ ဧည့်ပရိတ်သတ်တွေကို ကျွေးမွေး ဧည့်ခံတော့လည်း မနိုး။ သူ့အဖေ တစ်ကြိမ် ၊ သူ့အမေ ငါးကြိမ်လောက် လာနှိုးသည်။ သူကတော့ တုတ်တုတ်ကို မလှုပ်။

ကျွန်တော်ပဲ ထကာ သူတို့ အလှူကို ဝိုင်းကူ လိုက်ပါတော့သည်။ အရင်ကလည်း ဒီလိုပဲ သူငယ်ချင်း အိမ်မှာ ဆိုရင် အချင်းချင်း လုပ်ပေးနေကြပါပဲ။ သူ နိုးလာတော့ နေ့လည် ၂ နာရီထိုးလုပြီ။

“ အား . . .အီး . . ခေါင်းတွေ ကိုက်တယ် ”

သူ့ အဖေတွေနဲ့ ကျွန်တော်စကားပြောနေရင်း အိပ်ခန်းထဲကနေ ထွက်လာတဲ့ မျိုးဇော်ကို တွေ့လိုက်ရသည်။ ခေါင်းကိုလည်း လက်နဲ့ ဖိထားသေးသည်။ အရက်နာ ကျနေတာ ဖြစ်မည်။ ညက သူအလွန် အကျွံကို သောက်ထား၍ ဖြစ်သည်။

“ အား . . . အလှူ စပြီလား ”

ကြည့်ဦး မေးပုံကိုက။ သူ့အဖေက မျက်ထောင့်နီနဲ့ ကြည့်ပြီး . . .

“ ဟေ့ကောင် ပေါက်ကရတွေ လာပြောမနေနဲ့။ အခု နေ့လည် ရောက်နေပြီ။ မင်းဖာသာ မူးရူးပြီး အိပ်နေပြီးတော့ . . . ”

“ ဟာ အလှူက ပြီးသွားပြီလား ၊ ဘာလို့ သားကို မနှိုးကြတာလဲဗျာ ”

“ အောင်မာ ဘယ်နှစ်ခါ လာနှိုးရမလဲ။ မင်းဖာသာ ဘယ်လောက် သောက်ထားလို့ ပြဲနေမှန်း မသိဘူး ”

“ ဟာဗျာ။ အများကြီး မသောက်ထားပါဘူးဗျာ။ လက်နှစ်လုံးတောင်မှ မပြည့်ဘူး။ ”

“ ဟေ့ကောင် အပိုတွေ မပြောနဲ့။ မင်း ဒီထက် မက သောက်လာလို့ ဖြစ်တာပေါ့ကွ။ ”

“ တကယ်ပါ အဖေရာ ၊ လက်နှစ်လုံးတောင်မှ မပြည့်သေးပါဘူး ”

ကျွန်တော်ကတော့ ဘာမှ ဝင်မပြောပါဘူး။ မျိုးဇော် သောက်တာ လက်နှစ်လုံး မကတာ တွေ့နေတာပဲလေ။ သူ ပြောမယ် ဆိုတဲ့ ဘယ်လို လက်နှစ်လုံးလည်း ဆိုတာကိုသာ မသိသေးတာ။

“ ဘယ်လို လက်နှစ်လုံးလည်း ပြောပါဦး ”

သူ့အဖေက ရှု့တည်တည်မေးသည်။

“ လက်နှစ်လုံးလေ အဖေရာ ၊ လက်နှစ်လုံးပေါ့ ”

“ အေးလေ မင်းပြောတဲ့ လက်နှစ်လုံးက ဘယ်လောက် ပမာဏာလဲ။ ဘယ်လို လက်နှစ်လုံးလဲ ”

“ ဒီလို လက်နှစ်လုံးပေါ့ဗျာ ”

သူက လက်ညှိုးနဲ့ လက်ခလည်ကို ပူးပြ၏။

“ အောင်မာ ဒီလောက်နဲ့ ဒီလို မမူးဘူးကွ ”

“ တကယ် လက်နှစ်လုံးပါ အဖေရာ ၊ ဒါပေမဲ့ ကျွန်တော့် လက်နှစ်လုံးက . . . . ”

“ ဘာဖြစ်လဲ ဟေ့ကောင် ”

“ ခြောက်ထပ်ကြီး ဘုရား လက်နှစ်လုံးလေ ”

“ ဘာကွ ၊ ခွေးမသား . . . ကဲကွာ  . . . . ”

“ ဟာ . . . ”

ကျွန်တော်နဲ့ သူ့အမေတို့ရဲ့ အမေဋိတ်သံတွေ ကျယ်လောင်သွားသည်။  မျိုးဇော် အမေရဲ့ အာမေဋိတ် “ ဟာ ” က မျိုးဇော်ရဲ့ အဖေ စားပွဲပေါ်က ကွမ်းအစ်နဲ့ ပေါက်လိုက်သောကြောင့် ဖြစ်ပြီး ကျွန်တော်ရဲ့ အာမေဋိတ်သံကတော့ သူပြောတဲ့ လက်နှစ်လုံးကို နားလည် သဘောပေါက်လိုက်လို့ ဖြစ်သည်။ ဘယ်လောက် ဆိုးပြီး ကြံကြံဖန်ဖန် လက်တစ်လုံးခြား ပြောတတ်သူ တစ်ယောက်လဲလို့ ကိုယ့်ဖာသာ အရက်သောက်တာကိုပဲ ဘုရားကြီးနဲ့ နှိုင်းပြီး သောက်ရတယ်လို့ဗျာ။

အင်းလေ . . သူပြောလည်း ပြောချင်စရာပါပဲ။ ခြောက်ထပ်ကြီး ဘုရားရဲ့ လက်ညှိုးတော် တစ်ချောင်းတောင်မှ နည်းတဲ့ လုံးပတ်မှ မဟုတ်တာပဲ။ ဒါကို ဒီလို လက်နှစ်လုံးပူး လောက်ပဲ သောက်မယ် ဆိုတော့ ဒီကောင်မှ မမူးရင် ဘယ်ကောင် မူးတော့မလဲဗျာ။ သြော် ကြံကြံဖန်ဖန် လက်တစ်လုံးခြား ပြောတတ်တဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ . . “ လက်နှစ်လုံးပဲ အရက်သောက်မယ် ” ဆိုသော အကြောင်းပြချက်လေးပါပဲ။



ဒါကြောင့် ကျွန်တော် ပြောတာ ကျွန်တော့်မှာ မျိုးဇော် ဆိုသော သူငယ်ချင်း တစ်ယောက် ရှိသည်။ ဒါပေမဲ့ သူ့ကို ဘယ်သူမှ မျိုးဇော် လို့ မခေါ်ပဲ “ လက်နှစ်လုံးခြား ” လို့ပဲ ခေါ်ကြသည်။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ ဖြတ်သန်းခဲ့သော သမိုင်းမှတ်တိုင်တွေကလည်း ဒီလိုပဲ ရှိသည်။

သူက “ လက်တစ်လုံးခြား ” ဆိုတာ သေးလို့တဲ့ သူက လုပ်လိုက် ပြောလိုက်ရင်ဖြင့်ဗျာ . . . .

“ လက်နှစ်လုံးခြား ” တွေချည်းပဲ။ 



လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

26 September 2010

6 အချိန်ဆွဲတတ်သူ ၊ အချိန်ဖြုန်းတတ်သူများသို့



ကျွန်တော်တို့ ငယ်စဉ်က သင်ယူကျက်မှတ်ခဲ့ဖူးတဲ့ မောင်ငယ်ရင်သွေး ဆုံးမစာလေး " ရှေးသရောအခါ ၊ ပြည်ဗာရာဝယ် ၊ ကုဋေကြွယ်သား ၊ သူဌေးသားလျှင်............. " ဆိုတဲ့ စာလေးကို မှတ်မိကြမှာပါ။ ကျွန်တော်က နည်းနည်းဖြည့် ပြောချင်လို့ပါ။ ကျွန်တော်တို့ ကျက်မှတ်ဖူးတဲ့ သူဌေးသားဟာ ကုဋေရှစ်ဆယ် ကြွယ်ဝပါတယ်။

ဒီလိုပါပဲ သူနဲ့တူရာတန်ရာ မိန်းမနဲ့ လက်ထပ်တဲ့ အတွက် ထိုမိန်းမကလဲ ကုဋေရှစ်ဆယ် ကြွယ်ဝပါတယ်။ ဒါကြောင့် တကယ်တော့ သူတို့နှစ်ယောက်ဟာ ကုဋေပေါင်း တစ်ရာ့ခြောက်ဆယ် ကြွယ်ဝကြပါတယ်။ ဒါနဲ့ လိုရင်းကို ဆက်ရရင် စာချိုးလေး ထဲကအတိုင်း သူတို့ ကုန်ခန်းကြလို့ ခွက်လက်ဆွဲကာ တောင်းရမ်း နေကြရတဲ့ အချိန်။ တစ်နေ့ တောင်းရမ်း စားသောက်ပြီး ဇရပ်ကလေးတစ်ခုမှာ ခဏမှီခို နားနေတုန်း သူတို့ကို ကျွန်တော်တို့ရဲ့ သုံးလောကထွဋ်ထား မြတ်စွာဘုရားက မြင်တော့ ပြုံးတော်မူသတဲ့။

မြတ်စွာဘုရား ပြုံးတော် မူတာကို မြင်တွေ့ရတဲ့ အရှင်အာနန္ဒာက မြင်တော့ အရှင်ဘုရား အဘယ်ကြောင့် ပြုံးပါသလဲ ဟု မေးမြန်း လေသည်။ ထိုအခါ သုံးလူထွဋ်ထား မြတ်စွာဘုရားက အောက်ပါအတိုင်း မိန့်ကြားလေသည်။

မဟာဓန သူဌေးသားအား မြတ်စွာဘုရား၏ မိန့်ကြားချက်..........


၁။ တကယ်လို့ သူတို့နှစ်ဦးဟာ ပထမအရွယ်မှာ လောကီစီးပွား ကြိုးစား အားထုတ်ကြမယ် ဆိုရင် ဒီမြို့မှာ " ပထမတန်းစား သူဌေးတွေ ဖြစ်နိုင်ပါတယ် " ။ ဒါမှမဟုတ် အိမ်ယာတည်ထောင် လူ့ဘောင်မှာ မနေဘဲနဲ့ ရဟန်းပြု ၊ ရဟန်းအမ ပြုပြီးတော့ သာသနာ့ဘောင်မှာ သီလ ၊ ပညာ ၊ သိက္ခာ သုံးရပ်အကျင့်မြတ်ကို ကျင့်ကြံ အားထုတ်ကြမယ် ဆိုရင် သူဌေးက " ရဟန္တာ " ဖြစ်နိုင်ပါတယ် ၊ သူဌေးကတော်က " အနာဂမ် " ဖြစ်နိုင်ပါတယ်။

၂။ တကယ်လို့ ဒုတိယ အရွယ်မှာ လောကီစီးပွား ကြိုးစား အားထုတ်မယ်ဆိုရင် ဒီမြို့မှာ " ဒုတိယတန်းစား " သူဌေးတော့ ဖြစ်နိုင်ပါသေးတယ်။ ဒါမှမဟုတ် အိမ်ယာတည်ထောင် လူ့ဘောင်ကိုစွန့် ရဟန်းပြုပြီး တရားအားထုတ်မယ် ဆိုရင် သူဌေးက " အနာဂမ် " ဖြစ်နိုင် ပါတယ်။ သူဌေးကတော်က " သကဒါဂါမ် " ဖြစ်နိုင်ပါတယ်။

၃။ တကယ်လို့ တတိယ အရွယ်မှာ လောကီစီးပွားကြိုးစားအားထုတ်မယ်ဆိုရင် ဒီမြို့မှာ" တတိယ တန်းစား သူဌေး" တော့ ဖြစ်နိုင် ပါသေးတယ်။ အိမ်ယာ တည်ထောင် လူ့ဘောင်စွန့်ပြီး ရဟန်း တရားပွားများ အားထုတ်မယ် ဆိုရင် သူဌေးက " သကဒါဂါမ် " ဖြစ်နိုင်ပါတယ် ။ သူဌေးကတော်က " သောတပန် " ဖြစ်နိုင်ပါသေးတယ်။

၎။ အခုတော့ သူတို့ဟာ အရွယ်သုံးပါးကို လွန်သွားကြပြီ ဖြစ်တဲ့အတွက်ကြောင့် လောကစီးပွား အနေနဲ့လည်း ဘာမှ မရှာဖွေနိုင်တော့ဘူး။ တစ်သက်လုံး ခွက်စုတ်တစ်လုံးနဲ့ သူတို့ တောင်းစား ကြရတော့မှာပါပဲ။ တရားဓမ္မ ၊ ဓမ္မစီးပွားအနေနဲ့လည်းပဲ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ ဆိုတာ အသားထားတော့ ၀ိပဿနာဥာဏ် တောင်မှ ဒီတစ်သက်တော့ ဖြစ်မှာ မဟုတ်တော့ပါဘူး။ အတောင်ကျိုးနေတဲ့ ကြိုးကြာငှက် ၊ ရေမရှိ ငါးမရှိတဲ့ အိုင်ထဲမှာ ခွေခွေလေး ၀ပ်ပြီးတော့ မှိုင်တွေ နေသလို ဖြစ်ကြရတော့မယ်။

လောကီ စီးပွားကိုလည်း အရွယ်ရှိတုန်း မကြိုးစား ၊ မအားထုတ် ၊ ဓမ္မစီးပွားကိုလည်း အရွယ်ရှိတုန်း မကြိုးစား မအားထုတ်တဲ့ အတွက်ကြောင့် ရေမရှိတဲ့ အိုင်ခြောက်ကြီးမှာ မှိုင်တွေပြီး ငေးနေရတဲ့ အတောင်ကျိုး ကြိုးကြာအိုမောင်နှံ လို ဖြစ်နေပါပြီ။
(ဗုဒ္ဓ)




ဒါကြောင့်မို့ ....

လူအများပြောကြသလို “ ဟာ ငါတို့အရွယ်က တရားရှာရမဲ့ အရွယ်မဟုတ်သေးဘူး ။ စီးပွားရှာရမဲ့ အရွယ်မဟုတ်သေးဘူး။ အသက်ကြီးလာ တော့မှ လုပ်တာပေါ့ ၊ ဆိုတာတွေဟာ ဒီဥပမာလေးနဲ့ ယှဉ်ကြည့်ရင် ဘယ်လောက် အချိန်ဖြုန်း ၊ အချိန်ဆွဲရာ ရောက်သလဲ ဆိုတာ စဉ်းစားကြည့်ပါ။ အချိန်နဲ့အမျှ ဘ၀ အခြေအနေတွေက ပြောင်းလဲ သွားနိုင်တယ် ဆိုတာ ထင်ရှားစေတဲ့ ဥပမာလေးပါ။

မှတ်ချက်။ ။ အထက်ပါစာနှင့် ပတ်သတ်၍ လွဲချော်မှု တစ်စုံတစ်ခု ရှိခဲ့သော် ဤတရားကို ပြောကြားသော ဗုဒ္ဓမြတ်စွာဘုရား ၊ ဤတရားကို ရေးသားသော ဆရာတော်များ ၊ စာရေးဆရာများမှားယွင်းမှု မဟုတ်ပဲ ဤစာကို တဆင့်ရေးသားသော ကျွန်တော် ကိုဇော် ( zaw357@gmail.com ) ၏ ညံဖျင်းမှုသာ ဖြစ်ပါသည်။


လေးစားစွာဖြင့်
ကိုဇော်

http://zaw357.multiply.com/journal/item/29
မှာ 2.1.2009 က ရေးထားတာပါ။




Share/Bookmark

25 September 2010

10 ကျွန်တော်တို့ ဘယ်တော့ ပျံသန်းနိုင်မလဲ


 
ဘာရယ် မဟုတ်ဘဲ အရင်က စာအုပ်အဟောင်းလေးကို ဖွင့်ဖတ်မိတော့ ဆရာတစ်ယောက် ပြောထားတာလေးကို လက်ရေး သော့သော့လေးနဲ့ ရေးထားတာကို တွေ့လိုက်ရ၏။ အဲဒီတုန်းကတော့ ဆရာ ပြောသမျှ လိုက်မှတ်မိတာပါ။ လွတ်တာ ၊ ကျန်တာတွေလည်း ရှိမှာပေါ့။ ဒါပေမဲ့ အချက်အလက် အားလုံးတော့ လိုက်မှတ်ထားမိပါသည်။ ဒါကြောင့် အခု ပြန်ဖတ်တော့ အားလုံးကို အဲဒီတုန်းက ပြောနေတဲ့ အတိုင်း ပြန်လည် မှတ်မိလာတော့၏။ အခု အခြေအနေနဲ့တော့ ဒီလောက်ကြီး “ ၏ ၊ သည် ” မရွေး မလိုတော့ပေဘူး ဆိုတော့ အဓိက အချက်လေးကိုပဲ ဘလော့လေးမှာ “ ကျွန်တော့် မှတ်စု ” အနေနဲ့ တင်လိုက်ပါသည်။

ခေတ်ဟောင်း 

ဟိုးအရင်က နာမည်ကျော် စာဆိုတစ်ဦး မြန်မာနိုင်ငံမှာ ရှိသည်။ သူက ချစ်သူကိုလည်း အရမ်းချစ်သည်။ ဒါပေမဲ့ အခြေအနေ တစ်ရပ်ကြောင့် နိုင်ငံရပ်ခြားမှ နိုင်ငံခြားသားများနှင့် ပူးတွဲကာ လုပ်ဆောင်ဖို့ တာဝန်ဖြစ်လာသည်။ ဒါကြောင့် သူ့ရဲ့ လုပ်ကိုင်ရမဲ့ ကိစ္စ တာဝန်များကို နိုင်ငံခြားသားများနှင့် အတူတူ လုပ်ဆောင်ရသည်။ တစ်နေ့တော့ နိုင်ငံခြားသားများနှင့် အတူတူ လုပ်ဆောင်နေစဉ် ရာသီဥတုကလည်း လွန်စွာမှ သာယာလှ၏။ ထိုအချိန် ကောင်းကင်တွင် ကြီးမားလှသော ငှက်ကြီး တစ်ကောင်က အတောင်ပံကို ဖြန့်ကာ ပျံသန်းသွားလေသည်။

ထိုသို့ ပျံသန်းသွားသည်ကို ထိုစာဆိုနှင့် နိုင်ငံခြားသားများလည်း မြင်လေသည်။ ထိုအချိန်တွင် စာဆိုက ရုတ်တရက် သူ့ရဲ့ ဦးနှောက်မှ ဥာဏ်ကွန့်မြူးကာ စာစပ်လေသည်။ ဒါကြောင့် လက်တန်းကဗျာ တစ်ပုဒ်ကို စပ်ဆိုကာ သူ့နောက်မှ နောက်လိုက် တပည့်ကို သူရွတ်ဆိုသော ကဗျာကို ကူးစေလေ၏။ 

“ ငှက်သွင်ပျံကြွ ၊ မတတ်သော်ငြား
x x x x ၊ x x x x
x x x x ၊ x x x x ”
 

ဟူ၍ စပ်ဆိုလေသည်။ သူစာစပ်လိုက်သည်ကို နိုင်ငံခြားသားက နားမလည်ပါ။ သူနားလည်တာကတော့ ဒီငှက်က ဘာငှက်လဲ ဆိုတာ သူသိချင်လာသည်။ ဒီငှက် ဘာလို့ ပျံသန်းနိုင်တာလဲ သူသိချင်လာသည်။ ဒီငှက်လို့ ငါတို့ ဘာလို့ မပျံသန်းနိုင်တာလဲ ဟု တွေးမိလာသည်။ ငါတို့လည်း ဘာလို့ ငှက်လို့ မပျံသန်းနိုင်ရမှာလဲ ဆိုပြီး စဉ်းစားမိလာသည်။ ထို့ကြောင့် သူ့နောက်မှ သူ့နောက်လိုက် တပည့်တစ်ယောက်ကို လှမ်းပြောလိုက်လေသည်။ 

“ အဲဒီ ငှက်နောက်ကို လိုက်။ အောက်ကနေ ရအောင် ပစ်။ ပြီးရင် ယူလာခဲ့။ သူ ဘာကြောင့် ပျံသန်းနိုင်တာလဲ ဆိုတာကို ငါတို့ လေ့လာပြီး ငါတို့လည်း ငှက်တို့လို ပျံသန်းနိုင်အောင် ကြိုးစား ကြံစည်ကြမယ်။ ” 

ဒီလို နိုင်ငံခြားသားက ပြောတော့ မြန်မာ စာဆိုကြီးက ပြုံးလေသည်။ သူ့အတွေးထဲမှာ လူဆိုတာ အတောင်မှ မပါတာ ဘယ်လိုလုပ် ပျံသန်းနိုင်မှာလဲ ဟူ၍ ဖြစ်သည်။ သို့သော် ထိုအရာက သူ့အတွေးမျှသာ ဖြစ်ပါသည်။ အောက်မှ ငှက်ကို ရအောင် လိုက်ပစ်၍ ယူလာကာ ထိုနိုင်ငံခြားသားတို့က ငှက်ကို ခွဲခြား စိတ်ဖြာကာ ငှက်ကဲသို့ မပျံသန်းနိုင်သော်လည်း ပျံသန်းသကဲ့သို ဝဲပျံနိုင်သော Hand Glider ဆိုတာကို တီထွင်ကာ မိုးကောင်ကင်သို့ ပျံသန်းနိုင်ခဲ့ကြလေသည်။

သို့သော် “ ငှက်သွင်ပျံကြွ ၊ မတတ်သော်ငြား ” ဆိုသော ထိုစာဆိုမှာတော့ သူဆုံးပါးသွားသော အထိ ထိုစာကို ရွတ်ကာ မိုးကောင်းကင်သို့ မပျံသန်းနိုင်ခဲ့ပါ။




ခေတ်သစ်

ကျွန်တော်တို့ လူရွယ် အချိန်မှာ ရင်ဂိုရဲ့ နာမည်ကြီးပြီး လူကြိုက်များသော သီချင်းလေး တစ်ပုဒ် ရှိပါသည်။ လူတိုင်း ပါးစပ်ဖျားမှာ နာမည်ကြီးလှသည်။
 
“ အတောင်ပံပါရင် မင်းဆီကို ” 

တဲ့။ ဒါကို ယခု စာဖတ်နေသူကတော့ ဘယ်လို ထင်ပြီး မြင်လည်း မသိပါ။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကတော့ . . .

“ အတောင်ပံပါရင် မင်းဆီကို ” ဆိုတော့ “ အတောင်ပံမပါရင် မင်းဆီကို မဟုတ်ဘူး ” လို့ ဆိုလိုတာပေါ့။ ဒီသီချင်းက အငြင်းသီချင်းကွ ”

လို့ ပြောခဲ့ဖူးပါသည်။ သူပြောတော့လည်း ဟုတ်သလိုလိုပါပဲလား။ မလာချင်လို့ တမင်များ လုပ်ဆိုထားသလား လို့တောင်မှ ယောင်တောင်တောင် တွေးသွားမိစေပါသည်။ အတောင်ပံပါရင် လာခဲ့မယ်ကွာ။ အခုတော့ အတောင်ပံမပါလို့ မလာတော့ဘူး ဆိုသလိုကြီး ဖြစ်နေသလိုပါပဲလား။ ဒါကြောင့်. . . . . . ထိုအဆိုတော်နဲ့ အတူ နားထောင်မိသူ ကျွန်တော်တို့တွေပါ မပျံသန်းနိုင်ခဲ့ကြပါ။

ထိုသီချင်းနဲ့ သိပ်မကွာသော ကာလက အနောက်နိုင်ငံတွေမှာ နာမည်ကြီးသော သီချင်းလေး တစ်ပုဒ်ရှိပါသည်။ R. Kelly ရဲ့ I Believe I Can Fly တဲ့။ “ ငါ ယုံကြည်တယ် ၊ ငါ ပျံသန်းနိုင်ရမယ် ” လို့ ဆိုလို၏။ “ I Think , I Can ” ဆိုသော သဘောမျိုး။

ထိုကြောင့် သူတို့သည် လေယာဉ်ပျံများ တီထွင်ကြသည်။ ဂလိုက်ဒါများ တီထွင်ကြသည်။ ဂျက်လေယာဉ်ပျံများ တီထွင်ကြသည်။ လေဟုန်စီးသော ကိရိယာများ တီထွင်ကြသည်။ သို့နှင့် သူတို့တွေ ပျံသန်းသွားကြပါသည်။ တစ်နေ့ထက် တစ်နေ့လည်း သူတို့ ရွတ်ဆိုကြသည်။
 
“ I Believe I Can Fly ”
“ I Think , I Can ” 

ဒါနဲ့ သူတို့ထက် တစ်နေ့ထက် တစ်နေ့ မြင့်မားစွာ ပျံသန်းနိုင်ကြပါတော့သည်။ သူတို့သည် လုပ်နိုင်သည်ဟု ဆိုသည်ထက် ပို၍ လုပ်နိုင်လာကြပါတော့သည်။ သူတို့သည် တီထွင်နိုင်သည်ထက် ပို၍ တီထွင် နိုင်လာကြပါတော့သည်။



ခေတ်လွန်

  • မြန်မာနိုင်ငံတွင် ဘာတွေ ထပ်၍ သီဆိုဖြစ်ကြမည်လဲ။ ဘာတွေ ထပ်၍ ရေးဖြစ်ကြမည်လဲ။ ဘာတွေ ထပ်၍ တွေးဖြစ်ကြမည်လဲ။
  • သူတို့ တခြားနိုင်ငံကရော ဘာတွေ ထပ်၍ သီဆိုဖြစ်ကြမည်လဲ။ ဘာတွေ ထပ်၍ ရေးဖြစ်ကြမည်လဲ။ ဘာတွေ ထပ်၍ တွေးဖြစ်ကြမည်လဲ။
  • ထိုအတူ ဘယ်သူတွေက ဘယ်လို ဆက်လက်၍ မြင့်မားစွာ ပျံသန်းသွားနိုင်ကြမည်လဲ။ ဒါကြောင့် အခု ကျွန်တော် ဒီစာလေးကို ရေးနေရင်း စဉ်းစားမိပါသည်။

  “ ကျွန်တော်တို့ ဘယ်တော့ ပျံသန်းနိုင် မလဲ။ ”
 

လေးစားစွာဖြင့်
ကိုဇော်


.

Share/Bookmark

24 September 2010

6 ဓါတ်ပုံတစ်ပုံ၏ သမိုင်း



“ ဓါတ်ပုံတစ်ပုံကို ဘာနဲ့ ဘယ်လို ရိုက်ထားတယ်။ ဒါကို ဘာနဲ့ ထပ်ပြင်ထားတယ် ဆိုတာကို အတိအကျ ဘယ်လို သိလို့ ရလဲ ” ဆိုပြီး ကျွန်တော့်ကို မေးလ်ထဲမှာ လာမေးထားသူ တစ်ယောက် အတွက် ဒီပို့စ်လေးကို ရေးပြီး တင်လိုက်ပါတယ်။ ကျွန်တော်က အကျွမ်းကျင်ကြီး မသိပါဘူး။ ဘယ်သူမှလည်း မသင်ပေးပါဘူး။ ကျွန်တော့်ဖာသာ လျှောက်ကလိရင်း သိထားတာလေးကို ပြောပြချင်ပါတယ်။ ဒီလို ပုံတွေကို Analysis လုပ်ပေးတဲ့ ဆော့ဝဲလ်လေးတွေ ရှိတယ်လို့ ဆိုပေမဲ့ ကျွန်တော် သေချာ မသုံးဖူးပါ။ ကျွန်တော်ကတော့ ဆော့ဝဲလ်နဲ့ အကူအညီ နဲ့ မဟုတ်ဘဲ ဒီအတိုင်း ကြည့်နည်းလေးကို သိသလောက် ပြောပြမှာပါ။

ဒီပို့စ်က ဘာအတွက်ကို ရည်ရွယ်တာလဲ ဆိုတော့ တစ်ခါတလေ ကျွန်တော်တို့ ဖြစ်တတ်ပါသည်။ ဓါတ်ပုံတွေက အများကြီး။ ဒီတော့ ဒီဓါတ်ပုံတွေကို ဘယ်ကင်မရာနဲ့ ရိုက်ထားတာလဲ ဆိုတာ မမှိတ်မိ ဖြစ်တတ်ပါသည်။ ထိုအခါမျိုးမှာ ပြန်ပြီး ရှာဖွေဖို့ သက်သက်ပါပဲ။ နောက်တစ်ချက်ကတော့ မသိသေးသော သူများအတွက်သာ ရည်ရွယ်ပါတယ်။ စလုပ်ကြည့်ရအောင်။ 

အောက်ပါ အတိုင်း ကိုယ်သိမ်းထားတဲ့ ဓါတ်ပုံတွေ ရှိနေတဲ့ ဖိုဒါလေးကို ဖွင့်လိုက်ပါ။


ပြီးရင် ကိုယ်ကြည့်လိုတဲ့ ဓါတ်ပုံမှာ Right Click ကို နှိပ်ပါ။ ပေါ်လာတဲ့ ဘောင်ထဲက Properties ဆိုတာကို နှိပ်လိုက်ပါ။ 


ဒါဆိုရင် အောက်ပါ အတိုင်း Box တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ ဒီမှာ Details ဆိုတာကို ထပ်ရွေးလိုက်ပါ။ ပြီးရင် ညာဘက် ဘေးမှ Scroll ကို အောက်ကို ဆွဲချပါ။ အဲဒီမှာ Camera ဆိုတာရဲ့ အောက်မှာ ကိုယ်ရိုက်ခဲ့တဲ့ Camera ရဲ့ အမျိုးအစားကို တွေ့ရပါလိမ့်မယ်။ အခု ပုံမှာတော့ Canon Power Shot A470 နဲ့ ရိုက်ထားတာပါ။ 


ဒီပုံမှာလည်း အထက်ပါ အတိုင်း ရွေးပြီး ဆွဲချကြည့်လိုက်ပါတယ်။ ဒီပုံမှာတော့ Canon Power Shot A3100 IS နဲ့ ရိုက်ထားတယ် လို့ ပြပါတယ်။ 


ဒီပုံမှာတော့ Nokia 2690 လို့ ပြပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော့် ဖုန်း အစုတ်လေးနဲ့ ရိုက်ထားတာပါ။ 


ဒါပုံမှာတော့ Nikon COOLPIX S3000 လို့ပြပါတယ်။ 


ဒီအောက်က ပုံမှာတော့ Right Click ကို နှိပ်ပြီး Details ကို ရွေးပြီးပြီ ဆိုရင် Origin ဆိုတာကို ရွေးကြည့်မယ် ဆိုရင် သူ့အောက်မှာ Program Name ဆိုတဲ့ နေရာမှာ တချို့မှာတော့ ဘာမှ မရှိပါဘူး။ ဒါက ဘာကို ပြောတာလဲ ဆိုရင် ဒီဓါတ်ပုံကို ဘာနဲ့မှ မပြင်ထားဘူးလို့ ဆိုတာပါ။ အခု ကျွန်တော် ပြထားတဲ့ ပုံကတော့ Adobe Photoshop CS4 နဲ့ ပြင်ထားပါတယ်။ ပုံကို ဖြတ်ထုတ်ထားတာပါ။ ဒီတော့ အခု Origin နေရာမှာ ဒီလို လာပြပါတယ်။


ဘယ်အချိန် ၊ ဘာကင်မရာနဲ့ ဘယ်လောက် ဆိုဒ် ရိုက်ခဲ့တယ် ဆိုတာ မမှတ်မိသော ဓါတ်ပုံများကို အထက်ပါ နည်းအတိုင်း စမ်းသပ်နိုင်ပါတယ်။ အဲဒီအထဲမှာ တခြားသော အချက်အလက်များကိုလည်း နှိပ်ပြီးတော့ ဆက်လက် လေ့လာကြည့်ပါ။ ဒီလောက်ဆိုရင် အားလုံးလည်း အဆင်ပြေမယ် လို့ မျှော်လင့်ပါတယ်။

ဒီနေရာမှာ ကျွန်တော် တစ်ခုတော့ သတိပေးချင်တာ တစ်ခု ရှိပါတယ်။ တချို့သော ဆိုက်တွေက ကူးလာသော ပုံတွေမှာတော့ ဒီလို ကြည့်ပေမဲ့ မြင်ရမှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ တချို့သော ပညာရှင်တွေက သူတို့ ဘာကင်မရာနဲ့ ရိုက်တယ်။ ဘာနဲ့ ပြင်ထားတယ် ဆိုတာကို မသိစေချင်ကြပါဘူး။ ဒါကြောင့် အထက်မှာ ကျွန်တော် ဖော်ပြထားသော နေရာတွေမှာ Click နှိပ်ပြီး သူတို့ အားလုံးကို ဖျက်ကာ ဖျောက်လိုက်လို့ပါပဲ။  တချို့ကျတော့လည်း ပြင်လိုက်ပါတယ်။ ဒါလေး တစ်ခုတော့ သတိထားပါ။ သူများဆိုက်က ကူးသော ( ဥပမာ - Google က ရှာတဲ့ ) ပုံတွေ ကျတော့ ဘာလို့ မမြင် ၊ မတွေ့တာလဲ ဆိုပြီး လာပြောမှာ စိုးလို့ပါ။

ဒီလိုပဲ ကိုယ်လည်း မလိုချင်ဘူး ဆိုရင် ဒီလိုပဲ ဖျက်ထားလို့ ရပါတယ်။ ဒါပေမဲ့ ကိုယ့်ဖာသာ ဖျက်ပြီး ကိုယ့်ဖာသာ မမှိတ်မိဘဲ ဖြစ်နေမှာလည်း စိုးရပါသေးတယ်။ ကိုယ့်ဖာသာ သတိရရင် ပြီးတာပဲ မဟုတ်လား။

အဆင်ပြေပါစေဗျာ။


လေးစားစွာဖြင့် 
ကိုဇော်

.
Share/Bookmark

23 September 2010

11 ထီး - တာရာမင်းဝေ


Model Art တစ်ခု

ဘာရယ် မဟုတ်ဘဲ အခု တလော ကိုယ့်ဖာသာ တစ်ခုခု လိုနေသလို ခံစားနေရ၏။ ပြီးတော့ Model Arts အကြောင်းကိုလည်း အတော်ကို စိတ်ဝင်စားမိပြီး ပြန်လည် လေ့လာ ဖတ်ရှုနေမိပါသည်။ စာအုပ်တွေ ၊ ကဗျာတွေ ၊ ပုံတွေ ၊ ရုပ်ရှင်တွေ အတော်ကို ကြည့်ဖြစ်သည်။

ဒါတွေ ကြည့်ဖြစ် ၊ ဖတ်ဖြစ်ပြီးတော့ လူက ဆွတ်ပျံ့သလိုလိုနဲ့ အားတွေ ကုန်သလိုလို ဖြစ်နေမိသည်။ ဘာလို့လဲတော့ မသိ။ တချို့ပန်းချီကားလေးတွေ ဆိုရင် အရမ်းကောင်းလွန်းလှတော့ သူ့ကို ကြည့်ပြီး မျက်နှာ လွဲလိုက်ရင် မျက်လုံးထဲမှာ သူ့အကြောင်းအရာက ဘာမှ မပါလာတော့။ ဒါပေမဲ့ အိပ်ပြီ ဆိုရင် သူ့ရဲ့ ကောက်ကြောင်းတွေက အသာအယာ လာလှုပ်နှိုးသလို ဖြစ်နေတတ်သည်။ ပြီးတော့ ကဗျာ ဆိုလည်း ဒီလိုပဲ သူတို့ အသံတွေက ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ကျယ်လွန်းလှသည်။ ကျွန်တော် လန့်လန့် နိုးသွားရသည်။ ပြီးတော့ ကဗျာ လိုလို စာတွေ ထွက်သည်။ ဒါပေမဲ့ ကျွန်တော် ထမရေးဖြစ် အတွေးထဲမှာပဲ ငြိမ်နေရတာ ပိုပြီး ခုံမင်သလိုလို ဖြစ်မိသည်။

ဒါနဲ့ပဲ ကျွန်တော် အခု စာရေးချင်စိတ် ဆိုတာထက် စာဖတ်ချင်စိတ် ပိုများနေသည်။ ဖန်တီးချင်စိတ် ဆိုတာထက် ခံစားချင်စိတ် ပိုနေသည်။ သူများကို ဝေမျှခံစားဖို့ထက် ကိုယ့်ခံစားမှုကို ပိုပြီး အလေးပေး နေမိသည်။ တချို့နေရာတွေက ကဗျာလေးတွေကို သွားဖတ်ဖြစ်ပါသည်။ အခု လက်ရှိ Model Arts ထဲကနေပြီး သူတို့ ကဗျာတွေကို ကျွန်တော် ဆွဲယူပြင်နေမိသည်။ Comment တော့ မရေးဖြစ်ခဲ့ပါဘူး။ အမြင်တွေ ရှုပ်ထွေး ကုန်နိုင်သည်ဟု ထင်မိပါသည်။ ဒါပေမဲ့ ဘာမှ မတင်ပေမဲ့လည်း နေ့တိုင်း ရောက်လာတတ်တဲ့ စာဖတ်သူတွေကို ကိုယ်က ဖတ်ရှု ခံစားနေပြီး သူတို့ကိုတော့ ဘာမှ ဖတ်စရာ မတင်ပေးနိုင်ရင် ဆိုတဲ့ အသိကလည်း လွန်ဆွဲနေသေး၏။

ကျွန်တော့်မှာ ရေးဖို့ အကြောင်းအရာတွေ ရှိပါသည်။ သို့သော် ဖတ်မိနေတာတွေနဲ့ ရေးရမှာက သဟဇာတက မကျ။ ဒါကြောင့် အခု ကျွန်တော် ဖတ်မိနေတဲ့ စာတွေ ၊ ကဗျာတွေ ၊ ပုံလေးတွေကို တင်ပြချင်ပါသည်။ အများကြီး မဟုတ်ပဲ လက်တဆန့်လောက်သာ ဖော်ပြမှာပါ။ ကျွန်တော့် ကိုယ်ပိုင် ညစ်ကျယ်ကျယ် အတွေး အရေးတွေကိုလည်း ဆက်လက် ရေးသားသွားမှာပါ။

အခု လောလောဆယ် ပေးဖတ်စေချင်တာကတော့ လူသိနည်းလှမည်ဟု ထင်သော ဆရာ တာရာမင်းဝေ ရဲ့ စာတစ်ပုဒ်ပါ။ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလက English For All စာအုပ်မှာ ရေးသားထားတာ ဖြစ်ပါသည်။ အတော်ကို ကြာမြင့်လှပြီ ဖြစ်ပါသည်။ ဒါလေးကို ဖော်ပြပေးပါ့မည်။ ခံစားမှု တစ်ခုခုတော့ ရမယ် ထင်ပါသည်။ 



ထီး - တာရာမင်းဝေ

ထီး

(၁) နေရောင်ကိုသော်လည်းကောင်း ၊ မိုးစက်ကိုသော်လည်းကောင်း ကာကွယ်ရန် လူတို့က တီထွင်အသုံးပြုသော ကိရိယာ။

(၂) လက်ကိုင်တပ်ထားသော အရိုးတံတွင် ဖျင်ရွက်တစ်ခုကို တပ်ဆင်ကာ ထိုကိရိယာကို ဖွင့်ပိတ်ကွယ်ဆောင်းခြင်းဖြင့် ရာသီဥတုဒဏ်ကို လူတို့ ကာကွယ်နိုင်သည်။ 

နွေရာသီတွင် အချို့က ထီးဆောင်းကြသည်။ အချို့ကား မဆောင်းကြ ၊ ထီးသည် နွေရာသီ မူးမူးကလေးတွင် သူ၏ အသက်ကို တစ်ဝက်စ , ရခဲ့၏။

မိုးရာသီ

မြန်မာနိုင်ငံတွင် ရာသီဥတု သုံးမျိုးရှိသည့်အနက် မိုးရာသီသည် အရှည်ကြာဆုံး ဖြစ်သည်။ ဇွန်မှ အောက်တိုဘာအထိ မိုးရွာသည်။ 

လူတို့သည် အိမ်ပြင်ပသို့ လှုပ်ရှားသွားလာရာတွင် ထီးကို ယူသွားကြရသည်။ မုတ်သုန်လေ၏ အအေးဓါတ် ၊ မုတ်သုံ ရာသီ၏ မိုးရေစက်များသည် လူတို့ကို ကျန်းမာရေး ထိခိုက်စေတတ်၏။ မိုးရေစက်များသည် လူတို့ကို ကျန်းမာရေး ထိခိုက်စေတတ်၏။ ဖျားနာစေတတ်၏။ လူတို့သည် မိုးရာသီကို ထီးကိုင်စွဲ၍ ရင်ဆိုင်ကြရလေသည်။ 

“ ရော့ ” 

လူသည် အားလုံးကို ပုံအောပေးလိုက်သည်။ 

“ ပေး ” 

ထီးသည် အားလုံးကို သိမ်းကြုံးယူလိုက်သည်။ 

ထို့နောက်  

ထီးသည် သူ့ကိုသူ ဆွဲဖွင့်လိုက်သည်။ 

ထီးနှင့် လူ

ကျေးလက်တောရွာမှ လူအချို့သည် အင်ဖက်ကို ဆောင်းကြသည်။ အချို့က ငှက်ပျောရွက်ဆောင်းပြီး အချို့က ပဒုမ္မာရွှေကြာရိုးကို ထီးလုပ်၍ မိုးကြသည်။ သို့သော် ကြာရွက်သည် ထီးရွက်မဟုတ်သလို ၊ ကြာရိုးသည်လည်း ထီးရိုးမဟုတ်။

ထီးနှင့် လူကြားမှာ ခလုတ်တစ်ခုခြားသည်။

“ ဖျောင်း ”

ခလုတ်နှိပ်လိုက်သည်နှင့် ထီးသည် သူ့အရိုးကို ဆန့်ထုတ်လိုက်သည်။ သူ့အရေပြားကို ဖြန့်တင်းအုပ်ကိုင်း လိုက်သည်။ ထီးသည် ထီးအဖြစ် လူတို့အပေါ်မှာ တာဝန်ကျေရန် ကြိုးစား၏။ 

“ သွား . . . ကျွန်တော့်ကို ဆောင်းပြီးသွား ”

“ လျှောက် . . . ကျွန်တော့်ကို ဆောင်းပြီးလျှောက် ” 

မိုးစက် မိုးပေါက်များက ထီး၏ ကျောကုန်းကို ဗုံလို တဘုန်းဘုန်း တီးကြသည်။ သို့သော် လူဆီသို့ စီးနိုင် ပတ်နိုင်ခြင်း မရှိလှတော့။

ဘူတာရုံ

ဘူတာရုံမှာ နာရီရှိ၏။ ထိုနာရီသည် အချိန်တန်လျှင် မြည်သည်။ ဆောင်းနှင်းရထားကြီး ဆိုက်လာ၏။ 

“ တူ . . . . တူ ”

ဆောင်းဥတု၏ ဥသြဆွဲသံကို မိုးစက်တို့ နားမခံနိုင်ကြ။ အနောက်တောင်ထောင့်ဆီသို့ သူတို့ ပြန်ဆုတ်သွားသည်။ မြောက်ပြန်လေ၏ ရနံ့ဖြင့် လောကကြီး အေးသန့်သွားသည်။

“ တစ်ဆောင်းပွင့်ပြီဟေ့ . .  ”

လူတွေ . . . လူတွေ . . . . 

မြို့တော်ကနေ မြို့တော်ဆီ အော်ခေါ်ကြ ၊ တေးတဝေဝေဖြင့် လိပ်ပြာလိုက်ဖမ်းကြ။ အလင်းမျက်နှာတွေကို မီးအိမ်ဝါတွေလို ဝင့်ဝင့်ပြရင်း အပျင်းပြေ ငါးမျှားထွက်ကြ။

ထီးကို သူတို့ သတိမရတော့။

ထီး / အထီးတည်း / အထီးကျန်

ဟိုတုန်းကလို . . . 
ထီးကလေးကို မချီကြ မပိုးကြတော့ပါ။
ထီးကလေးကို မချီကြ မပိုးကြတော့ပါ။
ထီးကလေးကို မချီကြ မပိုးကြတော့ပါ။
ထီးသည် . . . . တံခါးရွက်နောက်တွင် ငေးမှိုင် တိတ်ဆိတ် ၊ သူ့ကိုယ်သူ ထီးလို ပြန်ပိတ်ခဲ့ရတော့၏။

တာရာမင်းဝေ
English For All , December 1997

မှတ်ချက်။   ။ English For All နှင့် ဆရာ တာရာမင်းဝေ တို့၏ ခွင့်ပြုချက် မရယူဘဲ ကူးယူဖော်ပြထားတာ ဖြစ်ပါသည်။ ထပ်ဆင့်ကူးယူလျှင် လင့်ချိတ်ပေးစေလိုပါသည်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

22 September 2010

17 မလေးရှား ဟု ခေါ်ပါသည်။



တကယ်တော့ ရေးခဲ့တဲ့ သူတွေလည်း အတော်ကို ရေးခဲ့ ပြီးပါပြီ။ ဒါကြောင့် အကြောင်းအရာ တွေကလည်း အတော်ကို ထပ်နေခဲ့ပါသည်။ ဆရာ ကောင်းသန့် ဆိုရင် “ ပြေးပြေးလွှားလွှား မလေးရှား သွားခဲ့သည်။ ” ဆိုတဲ့ စာအုပ်ကို ရေးပြီးတောင်မှ ထုတ်ထားသလို တခြားသူတွေလည်း သူတို့ အတွေ့အကြုံတွေကို ပုံဖော်ပြီး စာအုပ်ထုတ် ထားပါသည်။ ဒါကြောင့် ကျွန်တော် ဒါတွေကို မရေးပါ။ အခု ကျွန်တော်ကတော့ ကျွန်တော့် လျှောက်တွေးမိတာလေးတွေနဲ့ အမြင်တချို့ကို တင်ပြချင်ပါသည်။

မလေးရှားကို အရှေ့မလေးရှား နှင့် အနောက်မလေးရှားဟု ခွဲခြားထားပါသည်။ အရှေ့မလေးရှားဟာ သဘာဝ ရှုခင်းတောတောင်များနှင့် ပြည့်စုံကာ အခုချိန်ထိတောင်မှ ခေတ်မမှီသေးသော လူများ နေဖြင့်သာ ရှိနေသေးသည် အထိ ခေါင်ပါသည်။ ဖွံ့ဖြိုးမှု နည်းသေးသည် လို့ ဆိုရမည်။ ထိုဒေသမှ လူတွေကို မလေးရှား နိုင်ငံသားချင်း အတူတူတောင်မှ သူတို့ကို ဆာဗား ၊ ဆာရာဝတ်က လူတွေ ဆိုပြီး မလေးနိုင်ငံသား အချင်းချင်းတောင်မှ လူရာ မဝင်သလို ဆက်ဆံတတ်ကြသည်။

ဒီနေရာမှာ မလေးရှားနိုင်ငံသား အချင်းချင်းလို့ ပြောတာမှာ အဓိပ္ပါယ် ရှိပါသည်။ မလေးရှားကို အဓိကအားဖြင့် နိုင်ငံသား သုံးမျိုးဖြင့် ဖွဲ့စည်းထားပါသည်။ မျိုးကွဲပေါင်း များစွာ ရှိနေနိုင်သောလည်း အဓိက အားဖြင့် လူမျိုး သုံးမျိုးဟု အကြမ်းဖျဉ်း သတ်မှတ်နိုင်ကြသည်။ ဒါတွေကတော့ -

၁။ မလိုင်ယူ ဟု ခေါ်သော မလေးလူမျိုး
၂။ တရုတ်လူမျိုး
၃။ တမီလ် ဟု ခေါ်သော အိန္ဒိယ ကုလည် လူမျိုး တို့ ဖြစ်ကြသည်။

ဒီလူတွေထဲကို ထပ်မံ၍ ခွဲခြား စိတ်ဖြာ နိုင်ပါသေးသည်။ သို့သော် ဒီလောက်နဲ့ပဲ ထားလိုက်ပါတော့ ...။  ( ကျွန်တော် ပြောချင်တဲ့ အဓိက အချက်က ဒါမဟုတ်လို့ပါ။ ) ဒီ မလေး ၊ တရုတ် ၊ ကုလည်တွေမှာ တောင်မှ  ဆာဗား နဲ့ ဆာရာဝပ် က မလေး ၊ တရုတ် ၊ ကုလည်တွေကို သူတို့ အချင်းချင်းတောင်မှ နှိမ်ကြပါသည်။

မလေးရှားနိုင်ငံမှာ အဓိက နေထိုင်နေကြတဲ့ မလေး ၊ တရုတ် ၊ ကုလည်တွေကို ထပ်ပြီးတော့ အဆင့်အတန်း ခွဲခြားရင် နှစ်မျိုးစီ ထပ်ထွက်ပါသည်။

မလေးလူမျိုးတွေမှာ ရာထူးခံ ၊ ရာထူးစား လို့ ဆိုနိုင်သော နိုင်ငံရဲ့ ထိပ်တန်း အသိုင်းအဝိုင်းပါ။ သူတို့ကတော့ ဝန်ကြီးတွေ ၊ အမတ်တွေ ဆိုသော အခွင့်ထူးခံ လူတန်းစားတွေ ဖြစ်ပါသည်။ သူတို့ကတော့ သားစဉ်မြေးဆက် ကြွယ်ဝသူများ ဖြစ်သောကြောင့် အခွင့်ထူးခံ လူတန်းစားများ ဟု ဆိုနိုင်ပါသည်။ နောက်ထပ် တစ်မျိုးကတော့ သာမာန် ဆင်းရဲသား လူတန်းစားတွေပါ။ သူတို့ကတော့ ငပျင်းတွေပါ။ ညနေ ၅ နာရီ မထိုးခင်ကတည်းက ပြန်ဖို့ ပြင်နေတဲ့ လူတန်းစားတွေပါ။

တရုတ်လူမျိုးတွေကတော့ သိပ်ပြီးတော့ ကွဲကွဲပြားပြား မရှိပါဘူး။ မလေးရှားနိုင်ငံ တိုးတတ်တယ် ဆိုတာ တကယ်တော့ တရုတ်တွေ ကြောင့်ပါပဲ။ သူတို့ရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်ဆောင်မှုကြောင့် မလေးရှားဆိုတာ တိုးတက်လာတာပါ။ မလေးတွေချည်းပဲ ဆိုရင် မလေးရှားဆိုတာ ဒီလောက် တိုးတက်မှာ မဟုတ်ပါဘူး။ တရုတ်မှာတော့ အရမ်းကို ဆင်းရဲတယ် ဆိုတာ အတော် ရှားပါတယ်။ သူတို့က မလေးရှားရဲ့ စီးပွားရေးကို ချုပ်ကိုင်ထားတာပါ။

ကုလည်လူမျိုးတွေကတော့ များသော အားဖြင့် အခြေခံ ၊ အောက်တန်းစား လူတန်းစားတွေပါပဲ။ လုမယ် ၊ ယက်မယ် ၊ ကားဘီး ဖြုတ်ခိုးမယ် ၊ ရုံးခန်းတွေကို ဝင်ဖောက်မယ် ဆိုသော အောက်တန်းစား အလုပ်ကိုပဲ လုပ်ပါသည်။ ဒါကြောင့် မလေးရှားမှာ လုတယ် ၊ ယက်တယ် ဆိုရင် ကုလည်တွေသာ ဖြစ်နေတတ်ပါသည်။ သို့သော် မလေးရှားရဲ့ IT ပညာရှင်တွေကလည်း ကုလည်တွေ ဖြစ်နေပါသည်။ ကျွန်တော့် အရင် အလုပ်မှ ပစ္စည်းစမ်းသပ်သော စက်တွေကို ဂျာမဏီမှ မှာယူတင်သွင်း သုံးစွဲပါသည်။ အလုပ်လုပ်နေရင်း မတော်တဆ ပျက်ခဲ့ပါက ခေါ်ကာ ပြင်ရသူတို့မှာ ကုလည်တွေသာ ဖြစ်ပါသည်။ သို့သော် သူတို့ကတော့ လုယက် နေသော ကုလည်တွေလို မဟုတ်ဘဲ အဆင့်အတန်း ရှိသော ၊ လေးစားလောက်သော ပညာရှင် လူတန်းစားများသာ ဖြစ်ပါသည်။

ဒီလိုမျိုး မလေးရှား ဆိုတာ လူ့အဖွဲ့အစည်းမှ အထက်တန်းလွှာများ ၊ စီးပွားရေးသမားများ ၊ ပညာရှင်များ ၊ ခိုးဆိုး လုယက်နေသူများ ၊ ဆင်းရဲသားများနဲ့ ဖွဲ့စည်း တည်ဆောက်ထားပါသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ ထုံးစံ အတိုင်း စီးပွားရေး တိုးတက်အောင် ကြိုးပမ်းသူများက တစ်နေ့တခြား တိုးတက်လာကာ စီးပွားရေး အချက်အချာ ကျသော နေရာများကို စီးပွားရေး လုပ်ရန် အကြောင်းပြု၍ စီးပွားရေး မလုပ်သော သူများ လက်မှ ဈေးကောင်းပေးကာ ဝယ်ယူသွားတတ်ပါသည်။



ဟိုတလောက သူငယ်ချင်း တစ်ယောက်နဲ့ စကားပြော ဖြစ်လိုက်သည်။ သူနဲ့ ပြောရင်းမှ သူက “ ဘာလို့ မလေးရှား နိုင်ငံကို မြန်မာ အသံထွက် အတိုင်း မလေးရှား ဆိုပြီး ခေါ်တာလဲ သိလား ” ဟု ဆိုလာသည်။ သူဆိုလိုချင်တာက “ France နိုင်ငံကို ဘာလို့ ပြင်သစ် လို့  ခေါ်တာလဲ ” ဆိုသလို အဓိပ္ပါယ် သက်ရောက်ပါသည်။ မလေးရှား နိုင်ငံကို ဘာလို့ မလေးရှား လို့ ခေါ်တာလဲ ဆိုတော့ အတော်ကို ဖြေရကြပ်သွားပါသည်။

ဒီတော့မှ သူက သူ့ အမြင်ကို ပြောပါတော့သည်။

မလေးရှားနိုင်ငံမှာ အဓိက လူမျိုး သုံးမျိုး ရှိကာ လူတန်းစားများ ထပ်၍ ကွဲပြားပါသည်။ ထိုအထဲမှ သာမာန် ဆင်းရဲသား ဖြစ်သော မလေးလူမျိုးများသည် အရင်က သူတို့ နေထိုင်ရာ နေရာများကို စီးပွားရေးသမား ဖြစ်သော တရုတ်တွေကို စီးပွားရေး ပိုမို လုပ်ကိုင်၍ အဆင်ပြေနိုင်စေရန် အတွက် ဈေးကောင်းပေးကာ ဝယ်ယူကြပါသည်။ ထိုအခါ မလေးများသည် သူတို့ ဆင်းဆင်းရဲရဲဖြင့် နေရာကောင်းတွေ နေထိုင်နေရသည်ကို စဉ်းစားမိကာ တရုတ်တို့ ထံသို့ သူတို့ နေထိုင်ရာ နေရာလေးကို တန်ဖိုးကြီးကြီးဖြင့် ရောင်းချပါတော့သည်။ ရောင်း၍ ရသော ငွေဖြင့် သူတို့သည် အကွက်အကွင်း ကျသော နေရာများမှ ပြောင်းရွေ့ကာ တောရွာများတွင် ရလာသော ငွေဖြင့် ဝယ်ယူကာ သွားရောက်နေထိုင် ကြလေတော့သည်။

ထိုအခါ မလေးရှားနိုင်ငံ၏ အချက်အချာ ကျသော နေရာများတွင် မလေးလူမျိုးများသည် တစ်နေ့တခြား ရှားပါးလာပြီး တရုတ်လူမျိုးများသာ  တစ်စတစ်စ နေရာယူလာကြသည်။ ဒါကြောင့် မလေးရှား အစိုးရသည် မလေးရှားနိုင်ငံ၏ အဓိက အချက်အချာ ကျသော နေရာများကို တရုတ်တို့ လက်ထဲ ရောက်ကာ မလေးလူမျိုးများ တောရွာများသို့ ရွေ့ပြောင်းနေထိုင်ကာ မလေးလူမျိုးများ ရှားပါးကုန်မည် စိုးသောကြောင့် တချို့သော နေရာများကို ရွေ့ပြောင်းရောင်းချခြင်း မပြုရဟု ဆိုကာ ပိတ်ပင်တားဆီး ထားလေ၏။ သို့သော်လည်း တစ်နေ့တခြား မြို့ကြီးများတွင် တရုတ်များ ပိုမို နေရာယူလာကြကာ မလေးများကတော့ တောရွာများကို ပြောင်းရွေ့ခြင်းဖြင့် ရှားပါး လာလေတော့သည်။

ဒါကြောင့် တစ်နေ့ထက် တစ်နေ့ မလေးလူမျိုးများ ရှားပါးလာပြီး တရုတ်တွေ နေရာယူလာခြင်းကို မလေးရှား ဟု ခေါ်ပါသည်။ အတိုချုပ် ပြောရလျှင် “ မလေးတွေ ရှားပါးလာခြင်းကို မလေးရှား ဟု ခေါ်ပါသည်။ ”



ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အဓိက အချက်အချာ ကျသော နေရာတွေကို လူများခြားများက ဈေးကောင်း ၊ ကြေးကြီးပေးကာ ဝယ်ယူနေသည်ကို မြင်တွေ့နေရပါသည်။ ထိုသို့ ဈေးကောင်းရတယ် ဆိုပြီးတော့ ပြောင်းရွေ့သွားကြသော မြန်မာလူမျိုးများသည် မြို့သစ်များသို့ ပြောင်းရွေ့နေထိုင်ကြပါသည်။ ဒီလိုနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း မြို့၏ အဓိက ကျသော အချက်အချာ နေရာများတွင် မြန်မာများ ရှားပါးလာပြီး လူမျိုးခြားများဖြင့်သာ နေရာယူလာကြသည်ကို တွေ့မြင်နေရပါသည်။

ဒါကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ဆိုသော နာမည်ကနေပြီး နောက်ပြောင်ကာ နာမည်သာ ပြောင်းသွားမယ် ဆိုရင် . . . ၊ မလေးတွေ ရှားပါးပြီး တရုတ်တွေ အစားထိုး ဝင်ရောက်လာရာမှ မလေးရှား ဟု ခေါ်တွင် စေခဲ့လျှင် . . ၊ ယခု မြန်မာတွေ ရှားပါးပြီး လူမျိုးခြားတွေ အစားထိုးဝင်လာသော မြန်မာနိုင်ငံအား ဒီလိုများ နာမည်ပြောင်းကာ ခေါ်ကြလေမလား ဟု တွေးမိပါသည်။ ဒီနာမည်ကတော့ . .

“ မြန်မာရှား ”



မှတ်ချက်။  ။ ဘာရယ် မဟုတ်ပါဘူး စိတ်ကုးပေါက်လို့ လျှောက်တွေးမိတာလေးကို ချရေးမိတာပါ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

21 September 2010

9 မြို့ပြ



မြို့ပြ

ဘဝတွေ အပြေးပြိုင်တိုင်း
ငွေကြေး ပထမ ရတယ်
စားဝတ်နေရေးက
ပြေးဆွဲနေကျ လိုင်းကားတွေလို ကျပ်တယ်
စိတ်ယဉ်ကျေးမှုက
ပက်ကျိတစ်ကောင်လို နှေးကွေးပြီး
ရုပ်ယဉ်ကျေးမှုက
ကျည်ဆန်ရထားလို မြန်တယ်
မစည်ကားအပ်တဲ့ နေရာတွေမှာ
ကြက်ပျံမက စည်ကားတယ်
ရံဖန်ရံခါ ဆိုသလို
တစ်ဦးရဲ့ အခက်အခဲကို
တစ်ဦးက မျက်နှာလွှဲ ခဲပစ်တတ်ကြသေးရဲ့
ဘဝရဲ့ အချိုးအစားကလည်း
မိုးနဲ့ မြေလို
ဘယ်တော့မှ ထပ်တူမကျဘူး
တကယ်တော့ မြို့ပြဆိုတာ
ဘဝရဲ့ မှန်တစ်ချပ်
( အချိန်နဲ့အမျှ )
ဖျတ်ခနဲ ကျကွဲသွားနိုင်တဲ့ နေရာ။

သော်တာစံ ( ကလေး )
အမှတ်- ၁၇ ၊ ဇွန်လ ၊ ၂၀၁၀ ၊ စတိုင်လ်သစ် မဂ္ဂဇင်း။



Share/Bookmark

19 September 2010

14 ပြောင်းပြန်များ


ဇောက်ထိုး . . အင်း. . .ကင်းမြီးကောက် ထောင်တယ်ပဲ ဆိုကြပါစို့။ အဲဒီလို အနေအထားတဲ့ အလေ့အကျင့် မရှိဘဲ နေတဲ့ လူတစ်ယောက်ဟာ ကင်းမြီးကောက် ထောင်နေတယ် ဆိုရင် သူ့ရဲ့ ခေါင်းကို သွေးလည်ပတ်မှုက ဖြစ်မြဲ အတိုင်း မဟုတ်တဲ့ အတွက် သွေးတွေက ဖိအားပေးတဲ့ အတွက် ခေါင်းက ခပ်ထုံထုံတဲ့။ အမြင်ဆိုင်ရာ အာရုံကြောတွေကို ကျဉ်းမြောင်းသွားစေတယ် လို့ ဆိုတယ်။ ဒါကြောင့် လူတွေဟာ ကင်းမြီးကောက် ထောင်တဲ့ အခါမှာ အမြင်တွေ ကျဉ်းသွားတယ် လို့ ဆိုတယ်။ ( ငယ်ငယ်က ဦးလေး ဆရာဝန် တစ်ယောက်က ပြောဖူးတာပါ။ အရာရာဟာ အချိန်နဲ့ အမျှ ပြောင်းလဲ နေတယ် မဟုတ်လား။ အခု ခေတ်မှာတော့ မပြောတတ်တော့ပါ။ )

ဒါဆို အမြင်ကျဉ်းတယ် ဆိုတဲ့ လူတွေဟာ ကင်းမြီးကောက် ထောင်နေသူတွေလား လို့ ငယ်ငယ်က ပေါက်ကရ လျှောက်ပြီးတော့ စဉ်းစားမိပါရဲ့။ နောက်တော့လည်း လောကကို ပြောင်းပြန် ကြည့်နေသူတွေဟာ အမြင်ကျဉ်းတယ် လို့ သတ်မှတ်ကြပြန်တယ်။ လောကရဲ့ ဖြစ်ရိုးဖြစ်စဉ်ကို ထုံးစံ မဟုတ်ဘဲ ကြည့်တာနဲ့ အမြင်ကျဉ်းတယ် လို့ ဆိုရမလား ဆိုပြီး ရင်ထဲမှာ တစ်ယောက်ထဲ ဘယ်သူမှ မသိအောင် ခုခံ ချေပမိပါသေးတယ်။

ဒါပေမဲ့ အခုတော့ လောကကို ပြောင်းပြန်ကြည့်မှ ပိုပြီး အဆင်ပြေတယ် ဆိုသလို ဖြစ်လာပြီ မဟုတ်ပါလား။ ငယ်ငယ်က ဘာမှန်း မသိပေမဲ့ အခု နောက်တော့ ပြောင်းပြန် ဆိုတာလည်း သူ့ဖာသာ သူ အသုံးဝင်တယ် ၊ ပိုပြီး အရာရောက်တယ် ဆိုတာ သိလာရတယ် လို့ဆိုတယ်။ ဒါကို သူတို့က ဥပမာ ပေးရာမှာ “ ဘယ်သန် ” တွေကို ဥပမာ အနေနဲ့ ပေးကြပါတယ်။

“ ဘယ်ကြောင့် ဘယ်သန်တွေ ဖြစ်လာရပါသလဲ ” လို့ မေးတယ်။ အဖြေကလည်း ဒီလို ဆိုတယ်။

“ မွေးကတည်းကတော့ ဘယ်သန် ဆိုတာ မရှိပါဘူးတဲ့။ ကိုယ်ငယ်ငယ်က အနီးကပ် သင်ယူ လေ့ကျင့်ပေးတဲ့ သူက မိမိနဲ့ မျက်နှာချင်းဆိုင် ဆိုတော့ သူက ညာသန် ဖြစ်နေတယ် ဆိုရင် ကိုယ်ရဲ့ အမြင်မှာ ဘက်တူအောင် ဘယ်နဲ့ လိုက်ပြီး လေ့ကျင့် ကိုင်တွယ်ရာကနေ ဘယ်သန်တွေကို အစပြုလိုက်သလို ဖြစ်စေပြီး ဘယ်သန်တွေ ဖြစ်လာတယ် လို့ ဆိုတယ်။

ဖြစ်နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ညီမ အငယ်ဆုံး ငယ်ငယ်က ဖေဖေ က ဘာပဲ လုပ်ပြပြ ညာသန် ဖြစ်နေလျက်နဲ့ ဘယ်ဘက်နဲ့ပဲ လုပ်ပြပါတယ်။ ထမင်းစားတယ် ဆိုလည်း ဇွန်းကို ဘယ်လက်နဲ့ ကိုင်ပြီး ခပ်စားပြတယ်။ ဒီတော့ ညီမနဲ့ မျက်နှာချင်းဆိုင် ဖြစ်ပြီး ညီမလေး ဘက်က ကြည့်တော့ ညာဘက် ဖြစ်သွားတော့တာပဲပေါ့လေ။ ကျွန်တော် ငယ်ငယ်ကလည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။

ဒါကို သတိမထားမိတဲ့ ကျောင်းက ဆရာ ၊ ဆရာမတွေကျတော့ ဘယ်နဲ့ ကိုင်နေတာကို ညာနဲ့ အတင်းသာ ပြောင်းကိုင်ခိုင်းတာ သူတို့ကတော့ ကလေး အမြင်မှာ ဘယ်ဘက်က ကိုင်ပြဖို့ ဆိုတာ သတိမထား မိတတ်ကြဘူး။ ဒါကြောင့် ဒီကလေးက သင်လို့ မရဘူး ဆိုပြီး ပြောတတ်ကြတယ်။ ကလေးတွေ မှာလည်း ထိပ်ပေါက် ၊ ခေါင်းဖု ပေါ့ဗျာ။ ဒါနဲ့ ပတ်သတ်ပြီး ကျွန်တော် “ သူများကိုလည်း အမှန်မြင်ပါစေ ” ဆိုတဲ့ ပို့စ်လေးတောင်မှ တင်မိပါသေးတယ်။

အခုတော့ သတိထားမိတဲ့ အပြင်က အရမ်း အရေးကြီးသော နေရာလေးတွေမှာ ပြောင်းပြန်တွေ ဖြစ်နေတာလေးတွေကို ပုံလေးတွေနဲ့ တင်ပြပါ့မယ်။ ဘာလို့ ဒီလို ဖြစ်နေတာလဲ ဆိုတော့ လူတွေမှာ ကားမောင်းနေရင် ကိုယ့်ကားနောက်က ကားကို လူလှည့်ကြည့်တယ် ဆိုတာထက် နောက်ကြည့်မှန်ကပဲ အကြည့်များပါတယ်။

မှန်ဆိုတာ ပြောင်းပြန်ပေါ်သော “ ပုံရိပ်ယောင် ” ပါ။ ဒါကြောင့် အရေးကြီးသော ကားတွေကို သူတို့ရဲ့ အမြင်မှာ ပြောင်းပြန်ပေါ်မှာ စိုးလို့ နဂို မူလ စာတန်းကို ပြောင်းပြန် ရေးထားတော့ နောက်ကြည့် မှန်တွေထဲမှာ အတည့် သွားပေါ်တာပေါ့ဗျာ။ ဒီတော့ အရေးတကြီး ကိစ္စတွေမှာ ၃၅ ရာခိုင်နှုန်း အရင်ကထက် ပိုမို လွယ်ကူသွားတယ် လို့ ဆိုတယ်။

ဟုတ် ၊ မဟုတ်ကတော့ ပုံလေးတွေနဲ့ အပြင်လောကမှာ သတိထားကြည့်ကြရအောင်လားဗျာ။









လေးစားစွာဖြင့်
ကိုဇော်

Share/Bookmark

16 September 2010

20 ကယ်ရီယာ မပါသော ဆိုင်ကယ် တစ်စီးအကြောင်း



“ သား . . မင်းရဲ့ အကြင်တို့ လင်မယား ဆီကို သွားလိုက်ဦး . . သား။ ”

ကျောင်းက ပြန်ရောက်ရောက်ချင်း အိမ်ထဲတောင်မှ မဝင်ရသေးဘူး။ မေမေက ဒီလို ဆီးပြော၏။ မေမေက ပြောစရာ ရှိရင် အေးဆေးမှ တစ်ယောက်တည်း ခေါ်ပြောတတ်သူ။ အခုတော့ အိမ်ထဲတောင်မှ မဝင်ရသေး။ ဒါဆို တော်တော် အရေးကြီးနေလို့သာ. . .

“ ဟုတ်ကဲ့ မေမေ။ သား သွားလိုက်ပါ့မယ်။ ”

ကျွန်တော် ရေတစ်ခွက် ခပ်သောက်ပြီး ကျောပိုးအိတ်ကို စားပွဲတင်ပြီး အဝတ်အစား မလဲပဲ ပြန်ထွက်လာခဲ့သည်။ ဦးတည်ရာက “ ကိုမြင့်စိုး ” တို့ အိမ်ကို. . .



“ သားရယ် စဉ်းစားပါဦးလားကွယ်။ ”

ကိုမြင့်စိုးရဲ့ ယောက္ခမ အန်တီဝင်း အသံ။

“ စိတ်လိုက် မာန်ပါတော့ မလုပ်ပါနဲ့ကွာ။ နောက်မှ နောင်တ ရလာခဲ့ရင် မကောင်းဘူး။ ငါတို့က ဘေးကပဲ ပြောလို့ ရတာ တကယ်တမ်းကျတော့ မင်းတို့ပဲ စဉ်းစားဆုံးဖြတ်ရမှာ. . ။ ”

ဒါ. . ကိုမြင့်စိုး သူငယ်ချင်း ကိုဝဏ္ဏအသံ။

“ေ နာ က် မ ဖြ စ်ေ စ ရ ပါ ဘူး . . . အ စ် ကို ရ ယ် . . . ”

ဒါ . . . ငိုရလွန်း အားကြီးလို့ ရှိုက်သံတွေနဲ့ နင်နေတဲ့ မအေးမိစံ ရဲ့ အသံ။ သူက ကိုမြင့်စိုး ဇနီး။ လိပ်ခဲတင်းတင်းနဲ့ အသံတွေကို ကြားရပြီး ဘာမှ သဲကွဲစွာ မသိတဲ့ ခြေလှမ်းတွေနဲ့ ကျွန်တော် အိမ်ထဲကို လှမ်းဝင်လိုက်တော့ ကိုမြင့်စိုးက အိမ်လည်က တိုင်ကို လက်နဲ့ ဆုပ်ထားပြီး ကြိတ်ထားရလို့ ပြတ်ထွက်တော့ မလား ထင်ရတဲ့ မေးကြောတွေနဲ့ ခေါင်းကို မော့ထား၏။

“ အစ်ကို . . .”

ကျွန်တော် သူ့ကို ခေါ်လိုက်တော့ သူက ဖျတ်ခနဲ လှည့်ကြည့်သည်။ ဒီတော့မှ သူခေါင်းမော့ထားတယ် ဆိုတာ မျက်ဝန်းက မျက်ရည်တွေကို ထိန်းထားရတာမှန်း သိလိုက်ရသည်။ ကျွန်တော့်ကို တွေ့တော့မှ. . .

“ ဟေ့ကောင် . . ဝဏ္ဏ အပြင်သွားမယ် လိုက်ခဲ့။ လာ. . ညီ ၊ ကိုဇော် မင်းလည်း လိုက်လာခဲ့။ ”

သူ ကျွန်တော်နဲ့ ကိုဝဏ္ဏကို ခေါ်ပြီး အပြင်မှာ တစ်ခုခု ပြောချင်နေတာ ကျွန်တော် ရိပ်မိလိုက်သည်။ အိမ်တံစက်မြိတ်အောက်က ထွက်ခါနီးမှ မအေးမိစံ ဆီကို လှည့်ပြီး ပြောလိုက်၏။

“ မင်း ဆုံးဖြတ်ထားပါ။ ဘာတွေ လိုချင်တယ် ဆိုတာကိုလည်း သေချာ ချရေးထား။ ”

ဒီလို သူက ပြောပြီး အိမ်ထဲကနေ လွှားခနဲ ဆင်းသွားသည်။ သူ့နောက်ကို ဘာမှ မသိဘဲ လိုက်ဖို့ ကျွန်တော် အန်တီဝင်းနဲ့ မအေးမိစံ ကို တစ်ချက်လှမ်းကြည့်ပြီး ထွက်လာတော့ နောက်ကနေ မအေးမိစံရဲ့ ရှိုက်သံထဲက ချုံးပွဲချ ငိုသံကို ကြားလိုက်ရလေသည်။ လူကသာ ကိုမြင့်စိုး နဲ့ ပါသွားတာ ကျွန်တော့် စိတ်က မအေးမိစံကိုလည်း တစ်ခုခု မေးချင်သေးသည်။

ဒါပေမဲ့. . . လှမ်းကြည့်လိုက်တော့ . . ကိုမြင့်စိုး ခပ်ဝေးဝေးကို ရောက်နေခဲ့ပြီ။



ကျွန်တော်တို့ လမ်းထောင့်ချိုးမှာ မနက်ဆိုရင် ဖွင့်တဲ့ မုန့်ဟင်းခါးနဲ့ အသုတ်စုံ ဆိုင်လေး တစ်ဆိုင်ရှိသည်။ မနက်စောစော ထမင်း မစားတတ်တဲ့ ကျွန်တော် ၊ လက်ဖက်ရည် မသောက်တတ်တဲ့ ကျွန်တော် ၊ မနက်ဆိုရင် အဲဒီဆိုင်လေးမှာပဲ အသုတ်တစ်ပွဲ ၊ အီကြာကွေးနဲ့ မုန့်ဟင်းရည်။ ဒါ ကျွန်တော် မနက်စာ ဖြစ်၏။

နေ့တိုင်း စားလာတာ လေးနှစ်ကျော်နေပြီ ဆိုတော့ ဆိုင်ပိုင်ရှင် လင်မယားနဲ့ ကျွန်တော် တော်တော် ရင်းနှီးနေခဲ့ပြီ။ မနက်ပိုင်း ဆိုင်မှာ လူကျနေပြီ ဆိုရင် ကျွန်တော် က တစ်ခါတစ်လေ စားပွဲထိုး ဖြစ်သွားတယ် ၊ တစ်ခါတစ်လေ ရောင်းသူ ဖြစ်သွားတယ် ၊ တစ်ခါတစ်လေ ငွေသိမ်း ဖြစ်သွားတတ်သည်။ နှစ်ကာလ ကြာလာတော့ ကျွန်တော်လိုပဲ မနက်ဆိုရင် ပုံမှန် ဝယ်စားနေကြ ဖောက်သည်တွေမှာ ဘယ်သူက ဘာစားတယ် ဆိုတာကို သိလာခဲ့သည်။

တစ်နေ့တော့ ဆိုင်မှာ အတွဲတစ်တွဲ မုန့်ဟင်းခါး လာစား၏။ သူတို့ကို တစ်ခါမှ ကျွန်တော် မမြင်ဖူးပါ။ ဒီလိုပဲ တခြားသူတွေလည်း တစ်ခါမှ မမြင်ဖူးကြဘူး။ သူတို့က ရပ်ကွက် အသစ်ပြောင်းလာကြတဲ့ သူတွေ။

“ အစ်ကိုတို့ ဘာစားကြမလဲ။ ”

လူကျနေတဲ့ အချိန်ဆိုတော့ စားပြီးတဲ့ ကျွန်တော်က အခမဲ့ စားပွဲထိုး ဖြစ်သွားသည်။ ထိုင်နေရာက ကျွန်တော့်ကို သူတို့ မော့ကြည့်ပြီး အစ်ကိုကြီးက . . . .

“ အေးမိ ဘာစားမလဲ မှာလိုက်လေ။ ကိုယ်ကတော့ ခေါက်ဆွဲသုတ်ပဲ ၊ ပဲမှုန့် လျော့ထည့်. . .”

ဘေးက အစ်မကို ပြောလည်း ပြော ၊ သူကိုယ်တိုင်လည်း မှာတယ်။ ဒီတော့ အစ်မက . . .

“ အစ်မကိုတော့ မုန့်ဟင်းခါးပဲ ပေးပါ။ ဘူးသီးကြော်ထည့်. . . ”

“ အိုကေ . . . အိုကေ . . ရမယ်။ ခဏလေးနော်။ ခေါက်ဆွဲသုတ် ပဲမှုန့်လျော့ ၊ မုန့်ဟင်းခါး ဘူးသီးကြော်နဲ့ ဒီဘက်ဝိုင်းက . . . ”

သူတို့ကို ပြောပြောဆိုဆိုနဲ့ ကျွန်တော် ဝါရင့် စားပွဲထိုးလိုလိုနဲ့ မုန့်ရောင်းနေတဲ့ မကြီး ဆီကို လှမ်းမှာလိုက်သည်။ ကျွန်တော့်မှာ ထူးထူးခြားခြား မဟုတ်ပေမဲ့ လူတွေကို စိတ်မဆိုးစေပဲ နောက်ပြောင်ပြီး ခေါ်တတ်တဲ့ နာမည်ပြောင်လေးတွေ ရှိပါသည်။ ဒီနာမည်ပြောင်လေးတွေကလည်း သူ့ဖာသာ အဓိပ္ပါယ် ရှိပါ၏။

အခု အသုတ်ရောင်းတဲ့ ဆိုင်က လင်မယားကို ဆိုရင် ကျွန်တော်က “ ကိုကြီး နဲ့ မကြီး ” လို့ ခေါ်တတ်သည်။ သာမာန်ဆိုရင် မထူးဆန်းပေမဲ့ ကျွန်တော့်ခေါ်ရတဲ့ အဓိပ္ပါယ်ကို သိသွားတဲ့ အခါမှာ သူတို့ စိတ်ဆိုးရ ခက်ပြီး ရယ်စရာလေးပဲ ဖြစ်သွားသည်။ ဒီနာမည်နဲ့ ပတ်သတ်ပြီး သူတို့ကို ကျွန်တော် တစ်ခါ ရှင်းပြဖူးပါသည်။

“ ကိုကြီး နဲ့ မကြီး လို့ ခေါ်တာက ဒီလိုလေဗျာ။ ကိုကြီး နဲ့ မကြီးတို့ရဲ့ အသက်က ကျွန်တော်နဲ့ ဆိုရင် ကြားကာလကို ရောက်နေတာ ၊ ဒီတော့ဗျာ ဥပမာ - မကြီးရဲ့ အသက်က ကျွန်တော့် အစ်မ အရွယ်ထက်လည်း ကြီးနေတယ် ဒါပေမဲ့ ကျွန်တော့် အမေထက်တော့ ငယ်နေပြန်ရော။ ဒီတော့ ကျွန်တော်က အစ်မထက် ကြီးနေလို့ “ အစ်မကြီး ” လို့ ခေါ်မလား ၊ ဒါမှ မဟုတ် ကျွန်တော့်အမေထက် ငယ်နေလို့ “ အမေငယ် ” လို့ ခေါ်မလား ဒါကိုပဲ စဉ်းစားရမှာပေါ့။ ဒီတော့ဗျာ “ အမေငယ် ” လို့ ခေါ်ရင် အမေကြီးက ဘာလဲ ဆိုပြီး ပြဿနာတတ်ပြီး အဖေက ကောင်းစား သွားနိုင်တယ်။ ဒါကြောင့် အစ်မကြီးထက်တဲ့ “ မကြီး ” လို့ ခေါ်လိုက်တာပဲ အန္တရာယ် ကင်းပါတယ်ဗျာ။ ဒီလိုပဲ “ ကိုကြီး ” ဆိုတာကလည်း အတူတူပဲ။ ”

ဒီလို ကျွန်တော်က ပေါက်ပေါက်ရှာရှာ ပြောတော့ သူတို့လည်း တဟားဟားနဲ့ ပွဲကျတော့တာပဲ။ အခု အသုတ်နဲ့ မုန့်ဟင်းခါး လာလာစားတဲ့ လင်မယားကိုလည်း ကျွန်တော်က သူတို့ရဲ့ ကြင်ကြင်နာနာ တစ်ယောက်ကို တစ်ယောက် နွေးနွေးထွေးထွေး ချစ်ခင်နေပုံကို ကြည့်ပြီး ချစ်စ ခင်စ ကြင်နာစ ဆိုတဲ့ အထဲက စကားလုံးလေးကို ယူကာ နာမည်ပေးလိုက်သည်။

“ အကြင်တို့ လင်မယား ”

ကျွန်တော်က သူတို့ နှစ်ယောက်ကို “ အကြင်တို့ လင်မယား ” ၊ “ အကြင်တို့ လင်မယား ” ဆိုပြီး ခေါ်နေတော့ ကျွန်တော် ခေါ်သံကို ကြားရတဲ့ လူတိုင်းကလည်း သူတို့ နှစ်ယောက်ထဲက တစ်ယောက်ရဲ့ နာမည်မှာ “ အကြင် ” ဆိုသော ကြင် ဆိုတာ ပါလိမ့်မယ် ဆိုပြီး ထင်နေပါတော့သည်။ ဒီတော့ ကျွန်တော် ခေါ်တာ ကြားလို့ အားလုံးကလည်း သူတို့ လင်မယားကို “ အကြင်တို့ လင်မယား ” လို့ပဲ လိုက်ခေါ် ကြပါတော့သည်။ တကယ်တော့ သူတို့ရဲ့ နာမည်တွေက “ ကိုမြင့်စိုး နဲ့ မအေးမိစံ ” ဆိုတာ ပါပဲ။ ဒါပေမဲ့လည်း အားလုံးကတော့ နှုတ်ကျိုးနေပါပြီ။



အမောတကော နောက်က ပြေးလိုက်သွားတာတောင်မှ ဒေါသခြေလှမ်းလို့ ပြောလို့ ရတဲ့ ကိုမြင့်စိုး လှမ်းကို ကျွန်တော် မမှီ။ ကျွန်တော့် သူ့အနားကို ရောက်တော့ သူက လက်ဖက်ရည်ဆိုင်ထဲကို လှမ်းဝင်နေပြီ။

“ ပလိန်းပဲ လုပ်ဟေ့။ မင်းတို့ သောက်မှာ မှာကြ ”

ခပ်တိုတို ပြတ်ပြတ်ပြောပြီး ပုဆိုးကို ခပ်တိုတို ဖြစ်အောင် ဆွဲတင်ပြီး ထိုင်ချလိုက်သည်။ ဘာမှ ရေရေရာရာ မသိသေးတဲ့ ကျွန်တော်ရယ် ၊ ဖျောင်းဖျ ပြောဆိုဖို့ လိုက်လာတဲ့ ကိုဝဏ္ဏရယ် ၊ ကျွန်တော် နားမလည်တဲ့ ဒေါသတွေ ထွက်နေတဲ့ ကိုမြင့်စိုးရယ် တစ်စားပွဲတည်းမှာ အတူတူ ထိုင်လိုက်ကြ၏။ စားပွဲခုံကိုပဲ အဓိပ္ပါယ်မဲ့ စိုက်ကြည့်နေတဲ့ ကိုမြင့်စိုးကို ကျွန်တော်က ငေးကြည့်နေတုန်း . . .

“ ငါက တဆင့်စကားနဲ့ပဲ နည်းနည်း သိထားရတာ ၊ အားလုံးကို သေချာ သိချင်တယ်ကွာ။ ငါ့ကို အကုန်ပြောပြ. .”

ကိုဝဏ္ဏက သူဖြစ်ချင်တာကို ဒဲ့ဒိုးပင် ချပြောသည်။ ဒါ ကျွန်တော် သိချင်နေတဲ့ မေးခွန်းလည်း ဖြစ်သည်။ ဒါပေမဲ့ ကိုဝဏ္ဏလိုတောင်မှ ကျွန်တော်က နည်းနည်းလေးမှ မသိ။ ဘာဆို ဘာမှ ကျွန်တော် မသိ။ ကိုဝဏ္ဏ စကားဆုံးတော့ ကိုမြင့်စိုး မျက်နှာက အခံရခက်တဲ့ လူတစ်ယောက်ရဲ့ သွင်ပြင်ကို ပြောင်းသွား လေတော့သည်။

“ သူနဲ့ငါ အိမ်ထောင်သက်က ၄ နှစ်ကျော်ပြီ။ ငါ မထင်ထားဘူး။ ”

သူ ဆိုပြီး ကိုမြင့်စိုး နာမ်စားသုံးသူက “ မအေးမိစံ ” ။ အိမ်ထောင်သက် ၄ နှစ်မှာ . . . . မထင်ထားဘူး ဆိုတော့ . . . ဟင် ခနဲ ကျွန်တော် တွေးမိတွေးရာ တွေးမိ သွားစေသည်။ ဒါပေမဲ့ နှုတ်ကတော့ ထုတ်မမေးဖြစ်ပါ။ ကိုမြင့်စိုးက ရင်ထဲက အစိုင်အခဲကို သူ့ဖာသာ ဆက်လက် ဖောက်ထုတ်ခွဲသည်။

“ ငါတို့ အိမ်ထောင်ရေးမှာ ဘာကများ အခက်အခဲ ရှိလို့လဲ။ အရာရာ အဆင်ပြေ သာယာနေတာပဲလေ။ လွန်ခဲ့တဲ့ ၅ လက ငါတို့ ထီ ၁၀ သိန်းဆု ပေါက်တာ မင်းတို့ သိမှာပေါ့။ ဘာမှ မလိုတဲ့ ငါတို့ အတွက် ဒါက အပိုသက်သက် ရတဲ့ ဆုတစ်ခုပါပဲ။ ဒါကြောင့် ဘာလုပ်ရမှန်း မသိဘူး။ ဒီအတိုင်းပဲ ထားလိုက်ပြီး ဘဏ်ပဲ အပ်ရနိုးနိုး ၊ ရွှေပဲ ဝယ်ရနိုးနိုး ၊ ဘာလုပ်ရမှန်း မသိတဲ့ အချိန်မှာ ငါ့အသိတစ်ယောက်က ပြောလို့ လင်မယား ဟိုဟိုဒီဒီ သွားရင် အဆင်ပြေအောင်လို့ ငါတို့ ဆိုင်ကယ်လေး တစ်စီးဝယ်လိုက်တယ်။ ဒါတော့ မင်းတို့ သိပါတယ်။ ”

ကျွန်တော်ရော ၊ ကိုဝဏ္ဏရော ခေါင်းအတူတူ ငြိမ့်ပြ လိုက်သည်။ ကိုမြင့်စိုးတို့ ဝယ်လိုက်တဲ့ ဆိုင်ကယ်လေးကို ကျွန်တော်တောင်မှ နှစ်သက်မိသေး ၊ အိမ်က ဆိုင်ကယ် အဟောင်းကြီးကိုတောင်မှ ဖေဖေကို လဲခိုင်းဦးမယ် လို့တောင်မှ အဲဒီတုန်းက တွေးမိပါသေးသည်။

“ အေး သိတယ်လေ။ ဒါက ဘာဖြစ်လို့လဲ။ ”

“ ဘာမှ မဖြစ်ဘူး ၊ ဘာမှ မဖြစ်ခဲ့ပါဘူး။ အရင်တုန်းကပေါ့လေ. . . .၊  ဟူး . . . ”

ကိုမြင့်စိုးက ပြောလည်း ပြော လေပူတွေကိုလည်း မှုတ်ထုတ်လိုက်သည်။ ပြီးမှ. . .

“ မနေ့က သူနဲ့ငါ မြို့ထဲကို ဆိုက်ကယ်နဲ့ သွားတယ်။ ထုံးစံအတိုင်း ငါက ရှေ့က မောင်းပြီး သူက နောက်ကနေ ထိုင်စီးတယ်။ ငါတို့ မြို့ထဲ သွားတဲ့ အချိန်က ရုံးချိန် လူစည်ချိန် ဖြစ်နေတော့ ကားလမ်းမှာ ကားတွေကလည်း များနေတယ်။ လူတွေကလည်း ရှုပ်နေတယ်။

ဒါနဲ့ ကားမှတ်တိုင် တစ်ခုနားလဲ ရောက်ရော ၊ အရှေ့မှာ ကားမှတ်တိုင်မှာ ဘတ်စ် တစ်စီးက ရပ်ထားတယ်။  ဟိုဘက်အခြမ်းက ကားမှတ်တိုင်မှာလည်း ဘတ်စ်တစ်စီးက ရပ်ထားတယ်။ ကားနှစ်စီးက ဘေးချင်းကပ် ရပ်ထားတာ မဟုတ်တဲ့ အတွက် ကားလမ်းကို ဖြတ်သွားချင်တဲ့ ကားတွေ ၊ ဆိုက်ကယ်တွေကတော့ ဇစ်ဆွဲမောင်းပြီး သွားကြရတာပေါ့။ ငါ့ရှေ့က ဒိုင်နာ တစ်စီးက ဒီလို ဖြတ်မောင်းသွားတယ်။

ဘတ်စ်ကားတွေရဲ့ ထုံးစံ အရ ကားမှတ်တိုင်မှာ စောင့်ပြီး လူခေါ်နေတော့ ငါကလည်း ကိုယ်သွားစရာ ရှိတဲ့ ခရီးကို သွားဖို့ ဟိုဘက် ၊ ဒီဘက် ရပ်ထားတဲ့ ကားနှစ်စီးကြားကနေ ဇစ်ဆွဲမောင်းဖို့ အသွား ၊ ငါလည်း ငါတို့ဘက်က ဘတ်စ်ကို ကျော်ပြီးတော့ ဟိုဘက်ကားလမ်းကို အရောက်မှာ ဟိုဘက်ကလည်း ကားတစ်စီးက ဟိုဘက်က ဘတ်စ်ကို ကျော်ပြီး လမ်းမပေါ်တတ်လာတယ်။

ရုတ်တရက် ဆိုတော့ သူနဲ့ ငါက ကားတစ်စီးဖြတ်သွားရုံ နေရာလေးမှာ လာတွေ့ကြရတာပဲ။ သူကလည်း အရှိန်နဲ့ အလာ ၊ ငါကလည်း အရှိန်နဲ့ အသွား တိုက်မိတော့ မလို ဖြစ်နေတဲ့ အချိန်ပေါ့။ ဒီမှာ ငါ လုပ်စရာ နှစ်ခုပဲ ရှိတယ်။ ရုတ်တရက် ဘရိတ်အုပ်ပြီး ရပ်လိုက်ဖို့ နဲ့ မလွတ် တလွတ် ဖြစ်နေတဲ့ နေရာလေးကနေ လီဗာကို တင်ပြီး ဖြတ်မောင်းသွားဖို့ပဲ။ တကယ်တော့ ဘရိတ်အုပ်လိုက်ရင် ငါ့ အနောက်က ပါလာတဲ့ တခြားသော ဆိုင်ကယ်တွေက ငါ့ကို တိုက်မိနိုင်တယ်။ သူတို့လည်း ဟိုဘက်က ကားက ထွက်လာတာ အခုမှ တွေ့လို့ ဘရိတ်ဆွဲမှာကိုး။ 

ဒါကြောင့် ဒီလို အခြေအနေမှာ ရပ်ဖို့ထက် အဲဒီလွတ်နေတဲ့ ကြားကနေ ဖြတ်မောင်းထွက်သွားဖို့က ပိုပြီးတော့ အဆင်ပြေတဲ့ အခြေအနေ ဖြစ်နေတယ်။ ဒါကြောင့် ငါလည်း လီဗာကို တင်ပြီး ကားကြားကနေ ဖြတ်မောင်းမယ် ဆိုပြီး လီဗာကို အတင်မှာ . . . . တောက်. . .  ”

ကိုမြင့်စိုး ရဲ့ တောက်ခတ်သံက ပြောလက်စ စကားကို ဖြတ်ပြီး ထွက်လာသည်။ ရုတ်တရက် စကားပြောရာကနေ တောက်ခတ်သံ ထွက်လာတော့ ကျွန်တော်လည်း အလန့်တကြား ကိုမြင့်စိုးကို မော့ကြည့်လိုက်မိသည်။ မချိတင်ကဲ ဆိုသော မျက်နှာထားနဲ့ မမြင်နိုင်သော အဝေးကို ငေးနေ၏။ သူ ဘာဆက် ပြောမလဲ ဆိုပြီး ကျွန်တော်တို့ ငြိမ်ကာ နားထောင်နေမိသည်။

“ တောက်. . . ”

ထပ်၍ ပေါက်ကွဲစွာ သူ့ဆီမှာ တောက်ခတ်သံ ထွက်လာသည်။

“ ဘာဖြစ်လို့လဲ ဆက်ပြောလေကွာ ၊ မင်းက တောက်ကြီးပဲ ခေါက်နေတော့ ငါတို့ ဘာမှ နားမလည်ဘူး။ ”

ကိုဝဏ္ဏက ပြေရာ ပြေကြောင်း ဝင်ပြေသည်။

“ အေး . . ငါ အဲဒီလို ကားနှစ်စီး ကြားထဲကို အရှိန်နဲ့ ဖြတ်မယ် ဆိုပြီး လီဗာ တင်မယ် လုပ်နေတဲ့ အချိန်မှာပဲ ငါ့နောက်က ထိုင်စီးနေတဲ့ အေးမိစံ က သူ့နောက်က အမြင်မှာ ကားနှစ်စီးကြားက အဖြတ်မှာ မလွတ်ဘဲ တိုက်မိပြီး ကားညှပ်သွားနိုင်တယ် လို့ ထင်တယ် တူပါတယ်။ ငါကတော့ အရှေ့က မောင်းသူ မဟုတ်လား။ ဒီလောက် အရှိန်နဲ့ သွားရင် လွတ်နိုင်တယ် ၊ မလွတ်နိုင်ဘူး ဆိုတာကို သိတာပေါ့။ ဒါကြောင့် ငါက ဖြတ်ပြီး မောင်းတာလေ။ သူကတော့ . . . ”

“ ဒီတော့ . . . ဘာဖြစ်လဲ ”

“ ငါ အဲဒီလို ဖြတ်မောင်းဖို့ စပြီး လီဗာ တင်တဲ့ အချိန်မှာပဲ သူက နောက်ကနေ ခုန်ပြီး ဆင်းလိုက်တယ်လေ။ ”

“ ဟာ . . . ”

ဒီတစ်ခါတော့ ကိုဝဏ္ဏရော  ၊ ကျွန်တော်ပါ အာမေဋိတ်သံ ထွက်သွားရသည်။ ကိုယ်တိုင် စက်ဘီးနင်းဖူးသူ ၊ ဆိုင်ကယ်စီးဖူးသူ ဆိုရင် သိပါလိမ့်မည်။ ကိုယ်က အရှေ့က နင်းနေရာကနေ နောက်က ထိုင်လိုက်သူ တစ်ယောက်ယောက်က ခုန်ဆင်းသွားတယ် ဆိုရင် အရှေ့က နင်းနေတဲ့ လူ ၊ မောင်းနေတဲ့ လူက ဟန်ချက်ပျက်ပြီး ထိန်းမနိုင် ၊ သိမ်းမနိုင် ဖြစ်တတ်ပါသည်။ အခု မအေးမိစံ က အနောက်ကနေ ခုန်ဆင်းသွားတယ် ဆိုတော့. . . .

“ ဟုတ်တယ်။ မင်းတို့ အခု ဟာ ခနဲ ဖြစ်သွားသလိုပေါ့။ ငါလည်း မောင်းနေရာကနေ ဟာခနဲ ဖြစ်သွားပြီး သူခုန်ဆင်းလိုက်တဲ့ အရှိန်နဲ့ ဆိုင်ကယ်က ရမ်းသွားပြီး ကားနှစ်စီး ကြားထဲကနေ ငါ မနည်းကို ရုန်းထွက် လိုက်ရတယ်။ တကယ်ဆိုရင် ငါ့ဖာသာ အေးဆေး ထွက်လိုက်နိုင်မှာ . .အခုတော့ . . ”

“ အခုတော့ အစ်ကို ဘာဖြစ်သွားသေးလဲ ”

“ ဒီမှာလေ ညီရာ ၊ ကိုဇော် . . ဒီမှာကြည့်။ ”

ကျွန်တော် မေးလိုက်တော့မှ ကိုမြင့်စိုးက သူ့လက် တစ်ဘက်ကို မြှောက်ပြသည်။ ဘယ်ဘက် လက်ဖနောင့်နားမှာ ပလာစတာ တစ်ခု ကပ်ထား၏။

“ သူ ခုန်ဆင်းသွားလို့ ယိုင်ပြီး လှုပ်ရမ်းသွားတဲ့ အရှိန်နဲ့ ဟိုဘက်က ကားသံပြားနဲ့ ငါ့လက်ကို ထိုးခွဲ မိသွားတာလေ။ ဒါပေမဲ့. . . ဒီလက်က အနာထက် ငါ ရင်ထဲမှာ ပိုနာတယ်။ ”

“ - - - - ”

“ ငါ့ဇနီး ၊ ငါ့မိန်းမ ၊ ငါ့မယားက ငါသွားရာ နောက်ကို ယုံကြည်မှု ရှိရှိနဲ့ လိုက်နိုင်သူ မဟုတ်ပါလား ဆိုတာကို သိလိုက်ရတာပဲ။ သူ့အတွက် အန္တရာယ် ဖြစ်လာတော့မဲ့ အချိန်ဆိုရင် ကိုယ်လွတ်ရုန်းပြီး ထွက်သွားမဲ့ သူပါလား ဆိုတာ ငါ ဒီဆိုင်ကယ်လေးကို ဝယ်စီးပြီး ကားနှစ်စီး ကြားထဲက ဖြတ်လိုက်ရမှ သိခွင့် ရလိုက်တယ်။ ”

“ - - - - ”

“ တကယ်လို့ ငါသာ ဆိုင်ကယ် ဝယ်မစီး ဖြစ်ဘူး ၊ ကားနှစ်စီးရဲ့ ကြားထဲကနေပြီး ဖြတ်မသွားဖြစ်ဘူး ဆိုရင် ငါ့မိန်းမရဲ့ အန္တရာယ်နဲ့ တွေ့လာတဲ့ အခါမှာ ကိုယ်လွတ်ရုန်းထွက် တတ်မှု ကို သိလာရမှာ မဟုတ်ဘူး။ အခုတော့ ငါ သိခွင့်ရပြီ။ ဒီလို အခြေအနေ ဆိုတာ နောက်ပြန်ဆုတ်လို့ ရတာ မဟုတ်ဘူး။ တကယ်ဆို ငါ အဲဒီနေရာမှာ ဆိုင်ကယ်ကို အထိန်း မသိမ်း မကျွမ်းကျင်ရင် အခုလောက်ဆို ငါ ကားအောက် ရောက်ပြီး ရေခဲတိုက် ရောက်ချင်လည်း ရောက်နေနိုင်တယ်လေ။ ”

“ - - - - ”

“ ဒီလို ဆိုင်ကယ်လေး စီးတဲံ့ နေရာမှာတောင်မှ ငါ့နောက်ကို ယုံယုံကြည်ကြည်နဲ့ အပြည့်အဝ မလိုက်နိုင်သူ တစ်ယောက်ကို ငါ ဘယ်လိုလုပ်ပြီး ရေရှည် ဖြတ်သန်းရမဲ့ ဘဝမှာ ယုံကြည်စွာနဲ့ လက်တွဲသွားမလဲ။ ငါ နိမ့်ပါးနေတဲ့ အချိန် ၊ ငါ အားနည်းနေတဲ့ အချိန် ၊ တချိန်ချိန်မှာပေါ့ကွာ။ ငါ့နောက်ကျောကို ဓါးနဲ့ ထိုးပြီး မသွားပါဘူးလို့ ဘယ်သူက အာမခံနိုင်မလဲ ”

“ - - - - ”

“ ဒါပဲ။ ဒါကြောင့် မနေ့က အဲဒီကနေ ပြန်လာပြီးကတည်းက ငါ တစ်ယောက်တည်း အပြင်လျှောက်သွားပြီး စဉ်းစားနေတာ။ တညလုံးလည်း မအိပ်ဖြစ်ဘူး။ အခု ဒီမနက်ရောက်တော့ အဖြေရတော့တာပဲ။ ဒါကလည်း သူနဲ့ ဘယ်လိုမှ ဆက်ပြီး ဘဝမှာ လက်တွဲသွားလို့ မဖြစ်နိုင်တော့ဘူး ဆိုတာပဲ။ ”

“ - - - - ”

“ ကဲ . . အားလုံး သိရပြီ မဟုတ်လား။ တကယ်လို့ မင်းတို့ ဆိုရင်ရော ဘယ်လို ဆုံးဖြတ်မှာလဲ ”

“ - - - - ”

တကယ်ပါ။ ကျွန်တော်နဲ့ ကိုဝဏ္ဏဆီမှ တုံ့ပြန် စကားသံ လုံးဝ မထွက်ခဲ့ပါဘူး။ ကိုမြင့်စိုးရဲ့ ဆုံးဖြတ်ချက်ဟာ သူ့အသက်နဲ့ လောလောလတ်လတ်ကို ရင်းပြီး ရယူသွားခဲ့တဲ့ ဆုံးဖြတ်ချက် ဆိုတာ ကျွန်တော်တို့ သိသွားလို့ပါပဲ။ တကယ်လို့ ကျွန်တော် ဆိုရင်လည်း သူ့နေရာမှာ သူ့ထက်မက ပေါက်ကွဲမိမယ် ထင်ပါသည်။



အချိန်ကာလတွေ ရွေ့လျောပြောင်းလဲ သွားပေမဲ့ ကျွန်တော့် စက်ဘီး ၊ ဆိုင်ကယ် နောက်မှာ ထိုင်လိုက်မည့်သူကို ကျွန်တော် အမြဲတမ်း သတိထား စောင့်ကြည့်မိတတ်ပါသည်။ ထိုသူသည် ချိုင့်ဆောင့်လို့ ခုန်ဆင်းတတ်သူလား ၊ ဆိုင်ကယ် ယိုင်သွားလို့ ခုန်ဆင်းတတ်သူလား ၊ ကားကြားထဲ ဝင်မယ် ပြင်လို့ ခုန်ဆင်းတတ်သူလား ဆိုတာကို ကျွန်တော် အမြဲ စောင့်ကြည့်နေမိတတ်ပါသည်။ တကယ်လို့ ထိုကဲ့သို့ လူတစ်ယောက်က တစ်ခါ ကျွန်တော့် စက်ဘီး ၊ ဆိုင်ကယ် နောက်မှာ လိုက်ရင်း ဖြစ်ဖူးတယ် ဆိုပါစို့။ ထိုသူကို ဘယ်လို အကြောင်းမျိုးနဲ့ပဲ ဖြစ်ဖြစ် နောက်တစ်ကြိမ် ကျွန်တော့် စက်ဘီး ၊ ဆိုင်ကယ် နောက်မှာ မတင်တော့ပါ။

တကယ်လို့ ကျွန်တော့် ဖြတ်သန်းမဲ့ ဘဝတလျှောက်မှာလည်း ဆိုင်ကယ် နောက်က ခုန်ဆင်းမည့် သူနဲ့ ကြုံခဲ့မည် ဆိုပါက ကျွန်တော် ကိုမြင့်စိုးရဲ့ လမ်းစဉ်ကို လိုက်ဖြစ်မည် ဆိုတာ မဖြစ်ခင်ကတည်းကလည်း သေချာ နေသလိုလို ဖြစ်နေမိပါသည်။ သို့သော် ကျွန်တော်ကလည်း မလွတ်မလပ် ကားကြားထဲ အမြဲတမ်း ဖြတ်မောင်းနေမည့်သူ မဟုတ်ကြောင်းတော့ ကျွန်တော့် ဖာသာလည်း သေချာစွာ သိနားလည်ပါသည်။ တကယ်၍ ဖြတ်မောင်းဖြစ်ခဲ့မည် ဆိုရင်လည်း ကျွန်တော့် နောက်မှ သူက လိုက်ထိုင်စီးနိုင်ဖို့ သတ္တိ ၊ ယုံကြည်မှု ရှိရန် လိုအပ်ပါသည်။

ကျွန်တော်တို့ ဖြတ်သန်း ကျင်လည်နေရသော လူမှု လောက ဘဝတွေမှာလည်း စက်ဘီးပဲ စီးစီး ၊ ဆိုင်ကယ်ပဲ စီးစီး ၊  မိသားစု တစ်ခုမှာပဲ ဖြစ်ဖြစ် ၊ စီးပွားရေး လုပ်ငန်း တစ်ခုမှာပဲ ဖြစ်ဖြစ် ၊ ကုမ္ပဏီ တစ်ခုမှာပဲ ဖြစ်ဖြစ် ၊ အဖွဲ့အစည်း တစ်ခုမှာပဲ ဖြစ်ဖြစ် ၊ အစိုးရ အဖွဲ့အစည်း တစ်ခုမှာပဲ ဖြစ်ဖြစ် ၊ နိုင်ငံ တစ်ခုမှာပဲ ဖြစ်ဖြစ် ငါကတော့ အရှေ့က လူပဲ ဆိုပြီး ခေါင်းမော့ နေလို့ မရသလို ၊ နောက်ကလူ ဆိုပြီးလည်း လုပ်ချင်တိုင်း လုပ်နေလို့ မရပါဘူး။ နောက်ကလူက ဗရမ်းဗတာ လုပ်ရင် ရှေ့ကလူက ယိမ်းထိုးကာ ပျက်ဆီးသွားနိုင်ပါသည်။

ထို့အတူ နောက်က လူကလည်း ရှေ့ကလူကို ယုံကြည်ဖို့ လိုသလို ၊ ရှေ့ကလူ ဆိုတာကလည်း အယုံကြည်ခံနိုင်အောင် ကြိုးစားထားဖို့ပါသည်။



အခုတော့ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ အပြီးမှာတော့ မအေးမိစံဟာ ပုသိမ်က မိဘ အိမ်ကို အပြီးပြန်သွားသလို ၊ ကိုမြင့်စိုးရဲ့ အိမ်လေးမှာ သူတစ်ယောက်တည်း အလုပ်သွားလိုက် ၊ အလုပ်က ပြန်လာလိုက်နဲ့ ဆိုင်ကယ်လေး တစ်စီးကို စီးပြီး ဖြတ်သန်း သွားနေပါသည်။ သို့သော် သူ့ဆိုင်ကယ် နောက်မှာ လူထိုင်ဖို့ “ ကယ်ရီယာ ” လေး မပါတော့ပါ။ သိနေတဲ့ လူတွေကတော့ ဘာမှ မမေးပေမဲ့ မသိတဲ့ လူတွေကတော့ ကိုမြင့်စိုးရဲ့ ဆိုင်ကယ်မှာ ဘာလို့ ကယ်ရီယာ ခုံလေး မတပ်တာလဲ ဆိုတာကို နားမလည်နိုင်ကြပါဘူး။ 

တကယ်လို့ ယခု စာဖတ်သူကရော ဒီလိုသာ ကြုံခဲ့ရရင် ဆိုင်ကယ်နောက်မှာ ကယ်ရီယာ တပ်ပြီး ဆက်လက် စီးကာ လူတင်နိုင်ပါဦးမလား။


မှတ်ချက်။   ။ နာမည်လွှဲပြောင်း ရေးထားတာက လွဲလို့ တကယ်ကို ဖြစ်ခဲ့တာပါ။ အခုတော့ ရန်ကုန်မှာ ဆိုင်ကယ်တွေ မစီးရတော့သောကြောင့် ကိုမြင့်စိုးမှာ ဆိုင်ကယ် မရှိတော့ပေမဲ့ သူစီးနေသော စက်ဘီးမှာလည်း “ ကယ်ရီယာ ” မပါတော့ပါဘူး။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark