မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


31 August 2010

18 ၂၀၁၀ သုံးပုံ နှစ်ပုံ မှတ်တမ်း



ကျွန်တော့်မှာ ဟိုးအရင်ကတည်းက စိတ်ကူးလေး တစ်ခု ရှိခဲ့ပါသည်။ နှစ်တစ်နှစ်ကို ၄ လစီ ကာလဖြတ်ပိုင်းပြီး တစ်ကြိမ်စီ ။ တစ်နှစ် ၃ ကြိမ်။ ဒီလို လေးလ အတောအတွင်းမှာ ကျွန်တော် ဘလော့တကာကို လှည့်ပြီးတော့ သွားလာ ဖြတ်သန်း ဖတ်ရှုခဲ့သမျှ ထဲမှ ကျွန်တော့်ရင်ကို လာထိမှန်သော ကဗျာ ၊ ဝတ္ထု ၊ ရသ ၊ သရုပ်ဖော် ၊ သတင်း တွေထဲက တစ်မျိုးကို တစ်ပုဒ် ကျွန်တော် ရွေးခြယ် ဖော်ပြမယ် လို့ စိတ်ကူးလေး ရှိခဲ့ဖူးသည်။ သို့သော် ၂၀၁၀ ရဲ့ ပထမ လေးလပတ်မှာတော့ အကြောင်း အမျိုးမျိုးကြောင့် မဖော်ပြဖြစ်လိုက်ပါ။ 

အခုတော့ ဒုတိယ လေးလပတ် ( သြဂုတ်လ ) မှ တစ်ခါတည်း ပေါင်းပြီး ဖော်ပြလိုက်ပါသည်။ ပထမဦးဆုံး ဖော်ပြချင်တာတဲ့ “ ကဗျာ ” လေးကတော့  ရက်စက်ကြမ်းတမ်းစွာ သင်္ကြန်တွင်း ဗုံးပေါက်ခဲ့ရသော အဖြစ်အပျက်ကို ဝမ်းနည်း ခံစားရကာ ကျွန်တော် အပါအဝင် ကဗျာများ ရေးကြပါသည်။ ဒီအထဲကမှ ကျွန်တော် နှစ်သက်သော ကဗျာလေး တစ်ပုဒ်ကို တင်ပြချင်ပါသည်။ ကဗျာရဲ့ အကြောင်းအရာထက် တင်ပြထားပုံလေးက ပိုပြီးတော့ ရှုချင်စဖွယ် ဖြစ်မိစေပါသည်။ ရေးစပ်သူကတော့ “ သော်တာ ” ဖြစ်ပါသည်။ ခံစားကြည့်ရအောင်. . . .


ဒါမြန်မာ့နှစ်ကူး အခါသမယ ဆို။
ခင်ဗျားတို့ အလေးအနက် ထားပါတယ် ဆိုတဲ့
ရိုးရာ ယဉ်ကျေးမှု ပွဲတော်ကြီး ဆို။
ခင်ဗျားတို့ ပြောပြောနေတဲ့ မြန်မာလူမျိုးတွေက
ယဉ်ကျေးပြီး ကိုယ်ချင်းစာတရား
ကြီးမားကြပါတယ် ဆို။
လူ့အသက်ကို ဘာနှင့်မှ တန်ဖိုးဖြတ်လို့ မရဘူး ဆို။
နိုင်ငံရဲ့အသက်အိုးအိမ် စည်းစိမ်ကို
ကာကွယ် နေပါတယ် ဆို။

ဒီလူတွေက ခင်ဗျားတို့ အကျိုးပျက်အောင်
ဘာလုပ်မိလို့လဲ။
ဒီလောက် ကျပ်တည်းစွာ ရှင်သန်နေရတဲ့ ခေတ်ကြီးမှာ
ဒီလိုရက်ပဲ လွတ်လပ်စွာ ပျော်နိုင်တာပါ။
ခင်ဗျားတို့တပ်ချင်နေတဲ့ ခေါင်းစဉ်အတွက်
ဒီလူတွေက တန်ဆာခံ သက်သက်ပဲလား။
အံ့သြစရာကောင်းလောက်အောင် ရက်စက်တတ်ကြပါတယ်။
သွေးစွန်းသွားတဲ့ နှစ်ကူးအတွက်
နောင်နှစ်မှာ ပိတောက်တွေ အနီရောင် ပွင့်ရင်လည်း
ဒီထက်ပိုပြီး မအံ့သြတော့ပါ။

နှစ်ကူးမှာ ဘဝကူးသွားရသူများအတွက် အမှတ်တရပါ။


ချစ်ခင်လျက်
သော်တာ

( မူရင်း လင့်နေရာ  ဒီမှာပါ )



ဒုတိယ အနေနဲ့ ကျွန်တော် တင်ပြချင်တဲ့ စာလေးကတော့ “ ဝတ္ထုတို ” လေးပါပဲ။ အဲဒီဝတ္ထုတိုလေး ဖတ်နေတုန်းက ကျွန်တော်ရော ၊ အွန်လိုင်းပေါ်က ညီမတစ်ယောက်ရော ၊ ထိုဝတ္ထုကို ရေးသော ရွှေနတ်သားရော အားလုံး အတူတူ တပြိုင်နက် ထိုဝတ္ထုထဲကလို ရင်ထဲမှာ တဆစ်ဆစ်နဲ့ ခံစားနေကြရတာပါ။ ကျွန်တော်တို့ကို ဒီလို ရင်မှာ ခံစားနေရအောင် လုပ်သူနဲ့ လမ်းခွဲပြီး ဇာတ်သိမ်း ဖြစ်အောင် လုပ်ဖို့ စဉ်းစားနေတုန်းမှာ ရွှေနတ်သားက ဒီဝတ္ထုလေးကို ရေးဖြစ်သွားပါသည်။

ထိုဝတ္ထုလေးက တိုတိုလေးပေမဲ့ ဆွဲဆောင်မှု ဘယ်လောက် ရှိတယ် ဆိုတာကတော့ စာဖတ်သူများပဲ ဖတ်ကြည့်ပြီး ဆုံးဖြတ်ပေးပါ။ ပြီးတော့ ကျွန်တော်တို့ ဘာလို့ ရင်ထဲမှာ နာနာကျင်ကျင်ကို ဖြစ်ပြီး သူနဲ့ ဇာတ်သိမ်းလိုက်တယ် ဆိုတာလည်း ဝတ္ထုအပြီးမှာ သိပါလိမ့်မည်။ “ ရွှေနတ်သား ” ရဲ့ လက်ရာပါ။ ဖတ်ကြည့်ပါဦး။



တကယ်ဆိုသူနဲ့ ကျွန်တော် ဒီလိုဇာတ်သိမ်း သွားမယ်လို့ ဘယ်တုန်းကမှ မတွေးဖူးပါဘူးဗျာ၊၊ အခုတော့ မမျှော်လင့်ဘဲ ပြတ်စဲဖို့ အကြောင်းက ဖြစ်လာခဲ့ပြီ၊၊ ဒါဘယ်သူ့ အပြစ်လည်း ကျွန်တော် သိပ်မတွေးမိဘူး၊၊ ကျွန်တော် ကိုယ်တိုင်က အတ္တကြီးတဲ့ ကောင်ကိုးဗျ၊၊ တကယ်တမ်းတော့ သူနဲ့ ကျွန်တော်နဲ့ တွဲလာတာ နှစ်တွေ ကြာနေပြီဘဲ၊၊ ကျွန်တော် မိုက်လုံးကြီးတာလည်း ပါတာပေါ့ဗျာ၊၊ ကျွန်တော်ကလည်း ကျွန်တော်လုပ်ချင်တာဆို ဇွတ်လုပ်ရမှ၊၊ သူ့ဘက်ကိုလည်း တစ်ခါမှ ထည့်မတွက်ဘူးဖူးလေ၊၊ အဲဒါတွေ အတွက်လည်း သူလည်း တော်တော် ခံစားနေရတာ ကြာပြီထင်ပါတယ်၊၊

တခါတလေ သူနဲ့ ကျွန်တော်နဲ့ အခန့်မသင့် ဖြစ်ရင် သိတဲ့သူတွေက သူ့ကို ဂရုစိုက်ဖို့ ၊ ပစ်မထားဖို့ အတန်တန် ပြောပါတယ်၊၊ အဲဒီလို ဖြစ်တဲ့ အခါမျိုးလောက်ပဲ သူကျေနပ်အောင် နည်းနည်းလေး ဂရုစိုက်သလိုလို လုပ်ပြပြီး ကျွန်တော့် အကျင့်ဆိုး အတိုင်း ဒုံရင်း ပါဘဲဗျာ၊၊ တခါတလေ သူကလည်း မျိုသိပ်ထားရတာတွေ များတော့ ကျွန်တော့ကို ထိုးနှက်တာတွေ ရှိပါတယ်၊၊ သိတဲ့ အတိုင်း ဒီကကောင်ကလည်း ၀စ်သောက်ဂရုလေ၊၊ သူကြမ်းရင် ကိုယ်ကြမ်းဘဲ၊၊ နင် တစ်ယောက်တည်း ရှိတာမဟုတ်ဘူး ဆိုတဲ့ အချိုးချိုး ပစ်တာဘဲ၊၊

ဟုတ်ကဲ့ ကျွန်တော့်မှာ သူ့လိုတွေက အများကြီး ရှိတာဘဲ၊၊ သူ့တစ်ယောက်လောက်ကတော့ ဘာဂရုစိုက်စရာ လိုလည်းဗျာ၊၊ ဟုတ်တယ် မလား၊၊ အဲဒါတွေကို သူလည်း သိပါတယ်၊၊ ဒါပေမဲ့ ဒီနေ့ကတော့ သူနဲ့ ကျွန်တော်နဲ့ ပြတ်ပြတ်သားသားကို လမ်းခွဲ ဇာတ်သိမ်း သွားပါပြီ၊၊ ကျွန်တော့်ကြောင့် သူရခဲ့တဲ့ အတွင်း ဒဏ်တွေ ဘယ်လောက်  များခဲ့ပြီလည်း မသိပါဘူး၊၊ သူလည်း မခံနိင်တော့ ကျွန်တော့်ကို အပြင်းအထန် တွန်းလှန်တော့ တာပါဘဲ၊၊ အရင်က ယုန်ငယ်လေးလို နေခဲ့တဲ့ သူဟာ အခုတော့ ကျွန်တော့်အတွက် ကျားဆိုးတစ်ကောင် ဖြစ်လာပါတယ်လေ၊၊

သူ့ရဲ့ မကျေနပ်ချက်တွေ ဘယ်လောက် များနေတယ်ဆိုတာကို ကျွန်တော် အလစ်အငိုက် ခံလိုက်ရမှ သိလိုက်ရတယ်ဗျာ၊၊ တော်တော်ကို လှိမ့်နေအောင် ခံလိုက်ရတယ်၊၊ သူ့လက်ချက်နဲ့ ကျွန်တော် အိပ်မပျော် စားမ၀င်နိင်အောင်ကို ထိတယ်ဗျာ၊၊ နောက်ဆုံးတော့ ကျွန်တော်လည်း စဉ်းစား ရပြီလေဗျာ၊၊ ကျွန်တော့်နေရာမှာ သူငယ်ချင်း ဆိုရင်ကော ဒီလို လက်တွဲဖို့ မဖြစ်နိင်တော့တာ၊ ကိုယ့်ကို အပြင်းအထန် နာကျင်စေတာကို ချစ်လှပါချည့်ရဲ့ ဆိုပြီး ဆက်တွဲ နေရင်ကြာရင် ကိုယ့်အတွက် ဒုက္ခတွေပဲ ဖြစ်လာတော့မယ်၊၊

လမ်းခွဲခါနီးကျမှ သူကောင်းခဲ့တာတွေကို ပြန်တွေးပြီးတော့ နောင်တရ မိသလိုလိုတော့ ဖြစ်သား၊၊ ဒါပေမဲ့ တောင်းပန်လို့  မရတော့လောက်အောင် သူ့ ဖက်က တင်းမာကုန်ပြီဗျာ၊၊ အဲဒါနဲ့ သူနဲ့ ကျွန်တော့်ကို ကြိမ်ဖန်များစွာ စေ့စပ်ပေးခဲတဲ့ လူဆီ ပြေးရတာပေါ့၊၊ အဲဒီလူ  အားကိုးနဲ့များ ပြန်ပြေလည် မလားလို့၊၊ အဲဒီ လူကလည်း သူနဲ့ ကျွန်တော့် ဖြစ်ကြောင်း ကုန်စင်ကို နားထောင်ပြီးတော့ ကျွန်တော့်ကို ဆုံးဖြတ်ချက် ချခိုင်းပါတယ်၊၊ ကျွန်တော် ဘာလုပ်မလည်း ပေါ့လေ၊၊ နောက်ဆုံးဗျာ  ကျွန်တော်စကား တစ်ခွန်းဘဲ ပြောလိုက်တော့တယ်၊၊

“ဆရာ . . . ဒီသွားကို နုတ်ပစ် လိုက်ပါတော့ဗျာ”

လေးစားစွာဖြင့်
ရွှေနတ်သား

( မူရင်း လင့်နေရာ ဒီမှာပါ )




အခု ၂၀၁၀ ရဲ့ သုံးပုံ နှစ်ပုံ မှတ်တမ်း နောက်ဆုံးပိတ် အနေနဲ့ ကျွန်တော် တင်ပြချင်တာကတော့  ကိုယ်တွေ့ရသလေးပဲ ဖြစ်ပါသည်။ ဒါကတော့ အစ်မ ခင်ဦးမေရဲ့ “ ချစ်ခြင်း၏အပြစ်ကင်းဖွဲ့တည်ရာ ” ဆိုတဲ့ ပို့စ်လေးပါ။ သူငယ်ချင်း နှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံခြင်းကို အမှတ်တရ အဖြစ် ဖွဲ့တည် ရေးသားထားပါသည်။ နှစ်ပေါင်းများစွာ သူငယ်ချင်းများရဲ့ သံယောဇဉ်ကို မြင်တွေ့ရနိုင်သလို ၊ တခြားသော သံယောဇဉ်များကိုလည်း မြင်တွေ့နိုင်ပါ၏။

ဒီနေရာမှာ ကျွန်တော် စဉ်းစားမိတာကတော့ ကျွန်တော်သာ သူ့နေရာမှာ ဆိုရင် အဲဒီလောက်တောင်မှ ဘလော့ပေါ်မှာ ပွင့်လင်းရဲပါ့မလား ဆိုတာပါပဲ။ တကယ်ကို လေးစားလောက်သော မော်ဒန် ဆန်သော ရသအရေးအသား တစ်ခုကို တွေ့ရပါလိမ့်မည်။ ဒီပို့စ်ကိုတော့ ဖော်ပြဖို့ ခက်လို့ ဒီအတိုင်းပဲ ကျွန်တော် လင့်ပေးထားပါ့မယ်။ သွားဖတ်ကြည့်လိုက်ပါ။ တစ်ခုခုထက် ပိုပြီး ခံစားမှု ပေးနိုင်ပါလိမ့်မည်။

( မူရင်း လင့်နေရာ ဒီမှာပါ )


မှတ်ချက်။    ။ အခု ကျွန်တော်ရွေးခြယ် ဖော်ပြသော ပို့စ်များက ဘယ်သူ့ရဲ့ သဘောထားတိုက်ဆိုင်မှုကိုမှ မယူထားပါဘူး။ ကျွန်တော့် အတွက်သာ စည်းကမ်း အနည်းငယ်နဲ့ ရွေးခြယ်ခဲ့ပါသည်။

၁။။ ကိုယ်တိုင်ရေး ဖြစ်ရမည်။ 
၂။ ဘာသာပြန်မဟုတ်ရ။ 
၃။ ခေတ်ဆန်၍ ဆန်းသစ်ရမည်။ 
၎။ ဖတ်ကောင်းပြီး ဘာမှ မကျန်သော အရာ မဖြစ်စေရ။
၅။ အတွေးလေး နက်နက် ပါစေရမည်။

ဆိုပြီး ကျွန်တော့်ဖာသာပဲ ရွေးလိုက်တာပါ။ နောက်ထပ် နောက်ထပ်သော လေးလ ကုန်ဆုံးသွားရင်လည်း ကျွန်တော် ဖတ်ခဲ့ရသော စာတွေထဲမှ ရသပေးနိုင်သော ကဗျာ ၊ ဝတ္ထု ၊ ရသ ၊ ဗဟုသုတ ၊ သတင်း တွေကို ဆက်လက် ဖော်ပြပေးပါ့မည်။ အားလုံးကိုလည်း ကျေးဇူးတင်ပါသည်။


လေးစားစွာဖြင့် 
ကိုဇော်
.

Share/Bookmark

30 August 2010

9 Performance Arts ( 3 )



ယောက်ျား ဘဝကနေ မိန်းမ ဘဝကို ဘယ်လို ပြောင်းရတယ် လို့ ထင်ပါသလဲ။ သူတို့ စိတ်ကူး ကောင်းတာလေးတွေကို ပြောတာပါ။ အပြင်မှာတော့ ဘယ်လို ပြောင်းလဲ မသိဘူး။ အခုကတော့ ဒီလိုပဲ ပြောင်းလိုက်တယ်။






ကဲ . . . တွေ့ပြီလား။ ဘာမှ မဟုတ်ဘူး ဆိုပေမဲ့ စိတ်ကူးလေးတွေ ကောင်းတယ်ဗျာ။


လေးစားစွာဖြင့်
ကိုဇော်

.
Share/Bookmark

29 August 2010

6 Performance Arts ( 2 )


ဘယ်ကနေ ဘာတွေ ဘယ်လို စဖြစ်လာတယ် လို့ ထင်ပါသလဲ။



အဲဒီကနေ အဲဒါတွေ စဖြစ်တာတော့တာပါပဲ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

4 Performance Arts


တစ်ခါတလေ လူလောက အတွင်းမှာ မထင်မှတ်တာကို လုပ်မိသလို ၊ မှတ်မှတ်ထင်ထင် လုပ်မိတာလေးတွေလည်း ရှိပါသည်။ ဒါကို ကျွန်တော်ကတော့ ကျွန်တော့်အတွက် Performance Arts လို့ပဲ တင်စား ခေါ်ဝေါ်ချင်ပါသည်။ အခုတော့ ခံစားမိစေတဲ့ ပုံလေး တစ်ပုံကို တင်ပြချင်ပါသည်။

ဒီပုံလေးကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ ရေခန်းခြောက်ပြီး ရေတွေကို အလှူရှင်တွေက လာရောက် လှူဒါန်းတဲ့ အခါမှာ စေတနာရှင် အလှူရှင်များက လှူတုန်းက သူငယ်ချင်း တစ်ယောက် အမှတ်မထင် ရိုက်ခဲ့တာလေးပါ။ တကယ်ကို အံ့သြစရာ ကောင်းပါသည်။



လောကမှာ လူကြီးတယ်ဆိုတာ သေဖို့ အသက်သာ ကြီးသွားရတယ် ဆိုသော လူတန်းစားလို့ ခပ်ပြင်းပြင်း ပြောရမယ် ထင်ပါသည်။ လောကမှာ ဒီလိုပါပဲ “ ဘေးထိုင် ဘုပြော ဘိုင်ကျ ဘိန်းစား ” လိုလူတွေက ပိုများနေပါရောလား။


လေးစားစွာဖြင့်
ကိုဇော်



Share/Bookmark

28 August 2010

14 ငယ်ငယ်တုန်းက ရယ်စရာလေးတွေ ( ၃ )


အသစ် မဟုတ်ပါ။ ဘလော့ဂါ ဆိုတာ ဘာမှန်း မသိတဲ့ အချိန်မှာ ငယ်ငယ်က ကျောင်းသားဘဝ ဗရုတ်သုတ်ခတွေကို သတိတရ နဲ့ ချရေးထားခဲ့သော ပို့စ်တစ်ခုပါ။ အဲဒီတုန်းက ဘယ်လောက်တောင်မှ မသိသလဲ ဆိုရင် ကိုယ်ရေးထားတဲ့ ပို့စ်လေးကို ဘေးဘယ်ညာ ညီအောင် ညှိရကောင်းမှန်းတောင်မှ မသိခဲ့ပါဘူး။ ကိုယ့်စိတ်ထဲမှာ ရှိတာတွေကိုပဲ အစီအစဉ် မကျ ချရေးမိတာပါ။ ဘာပဲ ပြောပြော ဒီပို့စ်လေးတွေက ဘလော့ဂါတစ်ယောက် ဖြစ်လာအောင်တော့ စွမ်းဆောင် ဖေးမ ခေါ်လာခဲ့ပါသည်။ အဲဒီတုန်းက “ ကျွန်တော် ကျောက်ပွဲစား ” ဆိုသော နာမည်နဲ့ ရေးခဲ့ပြီး အခုတော့ ခေါင်းစဉ် တစ်ခုအောက်မှာ ဖြစ်စေချင်လို့ “ ငယ်ငယ်တုန်းက ရယ်စရာလေးတွေ ( ၃ ) ” လို့ ပြောင်းလိုက်ပါတယ်။



ငယ်ငယ်တုန်းက ရယ်စရာလေးတွေ ( ၃ )


ဒဂုံတက္ကသိုလ်ရဲ့ အဆောင် နံပါတ် (၃၇) က ရူပဗေဒဆောင်ပါ။ ၃ ထပ်ဆောင်လို့လည်း ခေါ်ကြပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ တတ်နေတဲ့ အဆောင်လို့ ပြောလို့ ရတယ်ပေါ့လေ။ ကျောင်းမှာ ကျွန်တော်တို့ သူငယ်ချင်းတွေက နာမည်ကြီးတွေ။ နေတာ ၊ ထိုင်တာ ၊ ဝတ်တာ ၊ စားတာ ကြောင့် နာမည်ကြီးသလို ( အို . . . ဘာတဲ့ :P ) ပေါက်ကရ လုပ်တာတွေ ကြောင့်လည်း နာမည်ကြီးပါသည်။

ရူပဗေဒ ကျောင်းသား ၊ ကျောင်းသူတွေ ဆိုပေမဲ့ ဒဂုံတက္ကသိုလ် တဝှမ်းလုံးမှာတော့ ကျွန်တော်တို့ကို မသိတဲ့လူ မရှိလောက်အောင်ပါပဲ။ နောက်ဆုံးဗျာ ကားဝန်းထဲက ကျောင်းကား ၊ ဘတ်စ် ကားသမားတွေက အစ ကျွန်တော်တို့ကို သိနေပါပြီ။

ဒီလို ရောက်လေရာ နာမည်ကြီးရတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ အဖြစ်အပျက်လေးတွေ ထဲကနေ စိတ်ကူး ပေါက်ရာလေးတွေကို ပြန်လည် ပြောပြချင်တယ်ဗျာ။ ရွှေတိဂုံ ဘုရား သွားတော့လည်း ဘုရားမှာမို့ ၊ ကစားကွင်း သွားတော့လည်း ကစားကွင်းမှာ မို့ ၊ ကျောင်းကားစီးတော့လည်း ကျောင်းကားပေါ်မှာ မို့ ၊ ရောက်လေရာမှာ အရာရာနဲ့ အကြောင်းကြောင်း ပါပဲ။

တစ်ခု ရှိတာက ကျွန်တော်တို့ သူငယ်ချင်းတွေကို လူမုန်းတာတော့ မရှိပါဘူး။ ရောက်လေရာမှာ လူတွေ ပျော်ကြ ချစ်ခင်တာတော့ ခံရပါတယ်။ အဲ . . စိတ်တော့ နည်းနည်း ညစ်ရင် ညစ်မှာပေါ့လေ။

ကျွန်တော်တို့ သူငယ်ချင်းတွေကလည်း ငြိမ်ငြိမ်ကို မနေတတ်ကြတာပါ။ တစ်ခုခု လွတ်လပ်စွာ နောက်ပြောင် နေရမှ ကျေနပ်ကြတာ။ အဲ နောက်ဆုံး စ , စရာ ၊ နောက် , စရာ မရှိတော့ရင်လည်း မရ ရတာ ရှာကြံပြီး ၊ စကြ နောက်ကြပါတယ်.။ အခု လည်း ကျွန်တော်တို့ စနောက်စရာက မရှိလေတော့.  . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

အဲဒီမှာ ဇာတ်လမ်းက စတာပါပဲ. . . . . . . . . .




ကျွန်တော်တို့ ရူပဗေဒ အဆောင်ရဲ့ မျက်စောင်းထိုးမှာ ရှိတဲ့ ရိုးရိုး တစ်ထပ်ဆောင်လေးက ဘူမိဗေဒ (Geology) အဆောင်ပါ။ ဘူမိဗေဒ အဆောင်ဆိုတော့လည်း ထုံးစံ အတိုင်း အဆောင်ရဲ့ ကော်ရစ်တာ နေရာလေးတွေမှာ သစ်သားခုံ အမြင့်လေးတွေနဲ့ ကျောက်တုံးတွေကို တင်ပြထားတယ်ဗျာ။

စကျင်ကျောက် ၊ ဂဝံကျောက် ၊ လိပ်သည်းကျောက် ၊ နှမ်းဖတ်ကျောက် အစရှိသဖြင့်ပေါ့ဗျာ။ သူများတွေတော့ မပြောတတ်ဘူးဗျ။ ဘူမိဗေဒက ကျွန်တော့် သူငယ်ချင်းတွေကတော့ အရေးတယူ ဂရုစိုက် မနေပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဒီလို အဆောင် ကော်ရစ်တာမှာ ကျောက်တုံးတွေ ပြထားတာကို ဂရုပြုမိပါသည်။

ဒါနဲ့ . . . တစ်နေ့ .  . . . . ။

ကျွန်တော် ၊ ဝဏ္ဏ ၊ ဇာနည် သုံးယောက် ပေါင်းပြီး ဘူမိဗေဒဆောင်ကို သွားပြီး ရောင်းကြတယ်ဗျာ။ ကျွန်တော် နဲ့ ဝဏ္ဏ က ကော်ရစ်တာမှာ လမ်းလျှောက်လာတဲ့ သူတွေကို ဈေးခေါ်တယ်။ အော်လို့ . . . . . ဟစ်လို့ ပေါ့ဗျာ။ ဈေးရောင်းရတာ ပျော်စရာ ကောင်းပါသည်။

“ လာနော် အဖြူ ရမယ် ၊ အနီ ရမယ် ၊ အနက် ရမယ်။ အစိမ်းကတော့ ပါမလာဘူး။ အစိမ်း လိုချင်ရင် မနက်ဖြန်မှ ရမယ်။ ”

လူကလည်း အော်သည် ၊ လက်ကလည်း ညွှန်ပြနေသည်။

“ အဖြူ ရမယ် ၊ အနီ ရမယ် ၊အနက် ရမယ် ၊ အစိမ်းတော့ ကုန်သွားပြီ။ ”

ကျွန်တော်နဲ့ ဝဏ္ဏက ဒီလို အော် ခေါ်တယ်။ အောက်မှာ ဇာနည်က ထိုင်ပြီး ရတနာ ရွှေထည်တွေ ထည့်တဲ့ ကျောက်ဗူးလေးကို ထုတ်ပြီး ရောင်းနေပါသည်။ လူတွေ တစ်ယောက်စ နှစ်ယောက်စ ဝင်ကြည့်သည်။ ကြိုက်တဲ့ သူတွေက တစ်လုံး နှစ်လုံး ဈေးစစ်ကာ ဝယ်ကြသည်။ ကြည့်တဲ့ လူတွေကလည်း မြန်မာတွေ ပီသစွာ ဝိုင်းအုံကာ ကြည့်နေသည်။

နောက်ထပ်လည်း ကျွန်တော်တို့က လူတွေ ထပ်ခေါ်သည်။ ကြည့်တဲ့ လူတွေကလည်း ဝင်ကြည့်ကြသည်။ ဝင်ကြည့်ပြီးမှ ရယ်ပြီး ပြန်ထွက်သွားတဲ့ သူတွေ ပြန်ထွက်သွားသည်။ ဒီလိုနဲ့ တဖြေးဖြေး လူတွေ ဝိုင်းအုံလာသည်။ ကျွန်တော်တို့လည်း တော်တော် ရောင်းရပါသည်။

နောက်တော့ ဘူမိဗေဒ အဆောင်မှာ ကျောက် ရောင်းနေတယ် လို့ အသံတွေ ထွက်လာပါတော့သည်။ ဒါနဲ့ ကျွန်တော်တို့ သတင်းကြားပြီး ဆရာ ၊ ဆရာမတွေ ရောက်လာခဲ့သည်။ နောက်. . . . . နောက် . . . . ကျွန်တော်တို့ ဘူမိဗေဒ ပါမောက္ခ ရုံးခန်းကို ဖိတ်စာ မပါဘဲ ရောက်သွားကြသည်။

ကျွန်တော်တို့ ဘူမိဗေဒ ပါမောက္ခ ရှေ့က စားပွဲခုံမှာ မျက်နှာလေးတွေ နဲ့ ထိုင်နေကြသည်။ ကျွန်တော်တို့ကို ဘူမိပါမောက္ခ က

“ မင်းတို့ ကျောင်းသားကဒ်တွေ ပြပါဦး။”

တဲ့။ ကျွန်တော်တို့လည်း ရိုရို သေသေပါပဲ ဆရာကြီးကို လက်နှစ်ဘက်နဲ့ ထုတ်ပေးလိုက်သည်။ ဆရာကြီးက ကျွန်တော် တို့ ကျောင်းသားကဒ်တွေကို ကြည့်ပြီး . . . .

“ အာ . . .  မင်းတို့က ဘူမိဗေဒ ကျောင်းသားတွေလည်း မဟုတ်ဘူးပဲ။ ရူပဗေဒ ကျောင်းသားတွေပဲ။”

ကျွန်တော်တို့လည်း ခေါင်းတွေ ပြိုင်တူ ငြိမ့်ပြပြီး....

“ ဟုတ်ပါတယ် ဆရာကြီး။ ကျွန်တော့်တို့ ရူပဗေဒ ကျောင်းသားတွေပါ။”

ဆရာကြီးက နားမလည်တဲ့ ပုံစံနဲ့ သူ့မျက်မှောင်ကို ကုတ်ပြီး . . . . . .

“ ဒါဆို မင်းတို့ ဘာလာလုပ်ကြတာလဲ။ ဘူမိဗေဒ အဆောင်ကို. . . ”

“ ကျွန်တော်တို့ နောက် မလုပ်တော့ပါဘူး ဆရာကြီး။”

“ အေးပါ။ မင်းတို့ နောက်မလုပ်တော့တာ အသာထား။ အခု မင်းတို့ ဘာလာလုပ်တာလဲကို အရင်ပြောလေ။ မပြောရင်တော့ မင်းတို့ကို ပါချုပ်ဆီ ပို့ရမှာပဲ။”

“ ဟာ မလုပ်ပါနဲ့ ဆရာကြီး။”

“ အေး ဆရာကြီး အခု ဘာမှ မလုပ်သေးဘူးလေ။ ဒါပေမဲ့ ဆရာကြီး မေးတာတော့ဖြေ ၊ မင်းတို့ ဘာလာလုပ်ကြတာလဲ။”

ဆရာကြီးကလည်း သိသိကြီးနဲ့ မေးနေပြန်ပါပြီ။ ဒါပေမဲ့ မပြောမဖြစ်တဲ့ ပုံစံနဲ့ ကျွန်တော်တို့ကလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဆရာကြီးကို ပြောလိုက်ပါသည်။

“ ကျွန် . . . ကျွန်တော်တို့ ကျောက် . . .ကျောက်. . ကျောက်လာရောင်းတာပါ ဆရာကြီး။”

“ ဟေ....။”

ဆရာကြီးကလည်း သရုပ်ဆောင် ကောင်းပါတယ်။ “ ဟေ ” ဆိုပြီး မျက်မှန်အောက်က သူ့မျက်လုံးကြီးကို ပြူးပြပါတယ်။ မသိသလိုနဲ့ ၊ အခုမှ သိတယ် ဆိုသော ပုံစံနဲ့။

“ ဟုတ်ပါတယ် ဆရာကြီး။ ကျွန်တော်တို့ ကျောက်လာရောင်းတာပါ။”

“ မင်းတို့က ဘာလို့ ဘူမိဗေဒ အဆောင်မှာ ကျောက်လာရောင်းရတာလဲ။”

“ အော် ဒါကတော့ ဆရာကြီးရယ်။ ဘူမိဗေဒ အဆောင်ဆိုတာ ကျောက်တွေ အကြောင်း သင်တဲ့အဆောင် ဆိုတော့ ဒီမှာ ရောင်းရင် ပိုရောင်းရမယ် ထင်လို့ပါ။”

“ အင်း ထားပါတော့လေ။ ပြစမ်းပါဦး။ မင်းတို့ ရောင်းနေတယ် ဆိုတဲ့ ကျောက်တွေ။”
 
“ ဟာ . . . .  မလုပ်ပါနဲ့ ဆရာကြီး။ ကျွန်တော်တို့ နောက်မလုပ်တော့ပါဘူး။ ”

“ အေးပါ။ မင်းတို့ နောက် မလုပ်တော့တာ ထားပါ။ တကယ်လို့ မင်းတို့ လာရောင်းတဲ့ ကျောက်ကို မပြရင်တော့ မင်းတို့ကို ပါချုပ် ဆီ ပို့ရမှာပဲ။”

ကျွန်တော်တို့ အရမ်းကြောက်ပြီး မတတ်သာတဲ့ ပုံစံလေးတွေနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဇာနည် က သူ့လွယ်အိတ်ထဲကို ထည့်ထားတဲ့ ကျောက်မျက်ရတနာတွေ ထည့်ထားတဲ့ ဗူးလေးကို ထုတ်ပြီး ဆရာကြီး ဆီကို ကမ်းပေးလိုက်တယ်။

ဆရာကြီးက သူ့လက်ထဲ ရောက်လာတဲ့ ကျောက်မျက် ရတနာဗူးလေးကို ကြည့်ပြီး “ ဘယ်ပြေးမလဲ မိချိုသဲ ” ဆိုတဲ့ ပုံစံနဲ့ ပြောင်နေတဲ့ ဆရာကြီး သူ့မျက်ခုံးတွေကို ပင့်ပြီး မျက်မှန် အောက်က မျက်လုံးလေးတွေကို မှေးကျဉ်းပြီး လက်ထဲက ကျောက်မျက် ရတနာဗူးလေးကို အသာလေး ဖွင့်လိုက်တယ်။

နောက်တော့ ဗူးထဲမှာ ဂွမ်းတစ်ထပ် ခံထားတဲ့ ဂွမ်းတွေကို အသာလေး ဆွဲပြီး သူ ကြည့်လိုက်တယ်။ နောက်တော့ ဂွမ်းအောက်က အရာတွေကိုလည်း ဆရာကြီးတွေ့တော့ ရုတ်တရက် ဆရာကြီး မျက်မှန်အောက် က မျက်လုံးတွေ ချက်ချင်း ပြူးသွားပြီး နှာဖူး ပြောင်ပြောင်ကြီး အောက်က မျက်မှောင်ကြီးလည်း ကုတ်သွားတယ်။ မယုံသလို ကျွန်တော်တို့ကို တစ်ယောက်ချင်းကြည့်နေပြီး..

“ မင်းတို့ ရောင်းနေတယ် ဆိုတဲ့ ကျောက်တွေက . . . . . . . . . . . . . . . . .”

ဆိုပြီး တစ်ယောက်ချင်း မျက်နှာတွေကို သေချာ လိုက်ကြည့်နေတယ်။ ဒီအချိန်မှာသာ ကျွန်တော်တို့ထဲ က တစ်ယောက်ယောက်ကသာ “ ဟီး ” လို့ ရယ်လိုက်လို့ကတော့ ကျွန်တော်တို့ချက်ချင်းကို ပါချုပ်ဆီကို ရောက်သွားမှာပေါ့ဗျာ။

ဒါပေမဲ့ ကျွန်တော်တို့တွေကလည်း ရုပ်တည်နဲ့ နောက်တဲ့ သင်တန်းအောင် လက်မှတ် ရထားပြီးသားတွေလေ။ ကျွန်တော်တို့ကို ဆရာကြီး သူ့မျက်ခုံးတွေ ကုတ်ပြီး သေချာ စိုက်ကြည့်နေပြီး။ ခဏကြာတော့..

“ မင်းတို့ ဒီမှာလာရောင်းနေတယ် ဆိုတဲ့ ကျောက်တွေက “ မီးခြစ်ကျောက် ” တွေပဲ။ ”

ဒီတော့မှ ကျွန်တော်တို့ဆရာကြီး မျက်စိနဲ့ မြင်နေတာကို ဝိုင်းပြီး ထောက်ခံလိုက်ကြပါသည်။

“ ဟုတ်ပါတယ် ဆရာကြီး။ ကျွန်တော်တို့ မီးခြစ်ကျောက်တွေ လာရောင်းနေတာပါ။”

ဆရာကြီးက မခံချိ မခံသာ ပုံစံ နဲ့ ကျွန်တော်တို့ကို ၁၅ မိနစ်လောက် သြဝါဒတွေ ချွေပြီး....။

“ အင်း မင်းတို့ ရောင်းနေတယ် ဆိုတာက တကယ့်ကျောက်တွေ မဟုတ်ပေမဲ့လည်း မကောင်းဘူးပေါ့ကွာ။ ဒါကြောင့် နောက်ကို မင်းတို့ ဒါမျိုး မလုပ်တော့ပါဘူး လို့တော့ ဝန်ခံတော့ ထိုးရမယ်။ ”

ကျွန်တော်တို့ ဘာမှ မပြောတော့ပါဘူး။ နာခံတယ် ဆိုတဲ့ သဘောနဲ့ ဆရာကြီး ပြောသလိုလက်မှတ်ထိုး လိုက်ကြပါသည်။

ဟုတ်တယ်လေ။ ကျွန်တော်တို့ နောက်တစ်ခါ ဒါမျိုး မလုပ်တော့ပါဘူးဗျာ။ တကယ်ပါ။ နောက်တစ်ခါ ဒါမျိုးလုပ်ရင် ဘယ်ရယ် ရမလဲဗျာ မဟုတ်ဘူးလား။ နောက်တစ်ခါ နောက်တစ်မျိုးပေါ့။ ဟီး ကျွန်တော်တို့ကလည်း ဒီလို ကောင်တွေလေ။


*** ဤစာဖြင့် ကျောင်းတွင် ကဲဖော်များဖြစ်ကြသော ဇာနည် ၊ ဝဏ္ဏ ၊ ဝေယံ ၊ ငရစ် ၊ မျက်မှန် ၊ ဝတုတ် ၊ နန္ဒာ ၊ ကျော့ခိုင် ၊ ထက်ထက် ၊ ဝတ်ရည် ၊ တင်ဇာ နှင့် သူငယ်ချင်းများ အားလုံးကို အမှတ်တရ သတိရစွာ ရေးသားပါသည်။ ထို့အတူ ဘူမိဗေဒ မှ ပါမောက္ခဆရာကြီးကိုလည်း ဒီစာဖြင့် (အဟိ) တောင်းပန်ပါတယ် ဆရာကြီး ခင်ဗျား။ ***



လေးစားစွာဖြင့်
ကိုဇော် အတိတ်ကို ပြန်လည် ပုံဖော်ခံစားသည်။

http://zaw357.multiply.com/journal/item/562
မှာ 26.8.2009 ကရေးထားတာပါ။

.

Share/Bookmark

1 အလှူစာရင်း



ဟိုနေ့က “ သာသနာ အလှူ ၊ အလင်းအလှူ ” ရဲ့ စာရင်းလေးကို တင်ပေးလိုက်ပါတယ်။ စာရင်းတွေကိုတော့ ကျွန်တော့်ဆီကို ဆရာတော် ဦးကောဝိဒ ပို့ပေးပါတယ်။ 

သာသနာအလှူ ၊ အလင်းအလှူ ပို့စ်မှာ တင်ထားတဲ့ လက်ခံ ရရှိစာရင်းမှာ တစ်ခုတော့ ပြောစရာ ရှိနေပါသည်။ ဘဏ်ကို ငွေမလွှဲဖူးတဲ့ ကျွန်တော်က လွှဲသလောက် ရောက်သွားမယ်ပဲ ထင်နေခဲ့တာပါ။ ဒါကြောင့် ကိုယ်လွှဲချင်တဲ့ ငွေအချိုးမှာ ငွေလွှဲတဲ့ဆီက ပြောသလောက်ကို ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော် လွှဲလိုက်တဲ့ဆီက ဘဏ်ငွေလွှဲခ မကောက်လိုက်တာကို မသိလိုက်ပါဘူး။ ဒါကြောင့် ၇၀,၀၀၀ ကျပ် လွှဲလိုက်တာမှာ ၅၅၀ ကျပ် လျော့ပြီး ၆၉,၄၅၀ ကျပ် ပဲ ရောက်သွားပါတယ်။ ( တချို့ဆိုင်တွေက ကောက်တယ် ဆိုပဲ။ )

ဒါကို ကျွန်တော် နောက်ထပ် အလှူရှင် “ မိုးယံ ” ဆီက အလှူငွေ သွားရောက်လက်ခံယူပြီး ၊ လွှဲပြီးမှ သိရပါတယ်။ မိုးယံ ( လူသားအားလုံးအတွက် ) ဆီမှ အလှူငွေ ၆၃,၀၀၀ ကျပ် လက်ခံရရှိပြီး တစ်ခါတည်း ဦးကောဝိဒ ဆီကို လွှဲလိုက်ပါတယ်။ ဒီမှာလည်း ဘဏ်လွှဲခ ဆိုတာ ကျွန်တော် မသိသေးတဲ့ အတွက် ဒီအတိုင်းပဲ လွှဲလိုက်တာပါ။ အခန်းပြန်ရောက်မှ ဦးကောဝိဒနဲ့ တွေ့ပြီး ဘဏ်လွှဲခ ၅၅၀ ကျပ် လျော့တယ် ဆိုတာ သိရတာပါ။

အခု အကြိမ်တွေမှာ ဘာမှ မလုပ်နိုင်တော့ပေမဲ့ နောင်အကြိမ်တွေမှာ ပြင်ဆင်လို့ ရအောင် အားလုံးကိုလည်း သတိပေးရင်း “ သာသနာအလှူ ၊ အလင်းအလှူ ” မှ စာရင်းများကို ဆရာတော် ဦးကောဝိဒ ပေးပို့သည့် အတိုင်း အောက်မှာ ဖော်ပြလိုက်ပါသည်။



A B C D E F
1 စဉ် ပစ္စည်းအမျိုးအမည် အရေအတွက် နှုန်း ကုန်ကျငွေ တစ်ပါးလျှင်ကုန်ကျမှု
2 ပရိက္ခရာအစုံ ၅စုံ 2500 12500 2500
3 သင်္ကန်း ၁ ပါးလျှင် (၃) စုံနှုန်း ၁၅စုံ 5500 82500 16500
4 သပိတ်(တန့်ကြည်တောင်သံသပိတ်) ၅ လုံး 4500 22500 4500
5 နိုင်လွန်ခါးပန်းကြိုး ၅ စုံ 500 2500 500
6 ခေါင်းအုံး+ခေါင်းအုန်းစွပ် ၅ လုံး 2500 12500 2500
7 စောင် ၅ထည် 4000 20000 4000
8 မျက်နှာသစ်ရေခွက် ၅ခွက် 500 2500 500
9 ပန်းကန်ပြား 500 2500 500
10 ဇွန်း ၅ ချောင်း 200 1000 200
11 ၁၀ ဆပ်ပြာခွက် ၅ခွက် 300 1500 300
12 ၁၁ ဆပ်ပြာခဲ ၅ခဲ 220 1100 220
13 ၁၂ သွားတိုက်ဆေး ၅ ဗူး 600 3000 600
14 ၁၃ သွားတိုက်တံ ၅ချောင်း 250 1250 250
15 ၁၄ ဖိနပ် ၅ရံ 1500 7500 1500
16 ၁၅ မျက်နှာသုတ်ပါဝါ ၅ထည် 1500 7500 1500
17 ၁၆ လွယ်အိတ် ၅လုံး 2500 12500 2500
18 ၁၇ လက်သည်းညှပ် ၅ခု 900 4500 900
19 ၁၈ လက်သုတ်ပ၀ါ ၅ထည် 500 2500 500
20 ၁၇ သပိတ်လွယ် ၅စုံ 2000 10000 2000
21 ၁၈ အိပ်ယာခင်း ၅ထည် 3000 15000 3000
22 ၁၉ ဖျာ အကြီးတစ်ခု 12000 12000 44970
23 ၂၀ ခြင်ထောင် အကြီးတစ်ထည် 1800 18000
24  ၂၁ သင်္ကန်းတင်ရန်၊သပိတ်တင်ရန် စင် 20000 20000
25  ၂၁ မုန့်ဟင်းခါးကျွေးကုန်ကျမှု 8500 85000
26  ၂၂ ကိုရင်များနေ့ဆွမ်းကပ် 23-8-2010 10000 10000
27  ၂၃ သီလရှင် တစ်ပါးအတွက် ကုန်ကျမှု 50000
28  စုစုပေါင်းကုန်ကျမှု 419850
29


ဆရာတော် ဦးကောဝိဒ ပေးပို့သည့် အတိုင်း ကူးယူဖော်ပြပါသည်။


လေးစားစွာဖြင့်
ကိုဇော်

.
Share/Bookmark

26 August 2010

21 ငယ်ငယ်တုန်းက ရယ်စရာလေးတွေ ( ၂ )



ငယ်ငယ်တုန်းက ကျွန်တော်တို့ သူငယ်ချင်းတွေ ပြောတဲ့ စကားလေးတွေဟာ နည်းနည်းတော့ ထူးဆန်းနေတတ်ပါသည်။ သို့သော် စကားလုံးတွေက ထူးဆန်းနေတယ် ဆိုလို့ ဘမ်းစကားတွေလို ဖြစ်နေတာ မဟုတ်ပါ။ အထာစကားတွေလိုလည်း လူတွေ နားလည်ရခက်နေတာ မဟုတ်ပါ။ ထူးဆန်းနေတယ် ဆိုပေမဲ့လည်း တကယ်တော့ သာမာန် စကားလုံးများပဲ ဖြစ်နေပါသည်။ ဒါကို ကျွန်တော်တို့က သူများတွေ သုံးနေတဲ့ နေရာမှာ မသုံးဘဲ ၊ သူများတွေ သုံးလေ့ မရှိတဲ့ နေရာလေးတွေမှာ သုံးလိုက်တော့ ကြားနေကြ မဟုတ်ဘဲ ထူးဆန်းသွားတာ ဖြစ်ပါသည်။ ကြားနေကျ စကားကိုပဲ တခြားသော ပုံစံ တစ်မျိုးနဲ့ ကြားသိရသော အခါမှာ ထူးဆန်းသွားခဲ့တာပါ။



ကျွန်တော်တို့ ငယ်ငယ်ရော ၊ အခု အရွယ်အထိပါ ပြောတတ်ကြပါသည်။ တစ်ယောက်ယောက်က ကိုယ့်ကို ကြည့်နေတယ် ဆိုရင် ပြောတတ်ကြသည်။ ဥပမာ ကောင်မလေး တစ်ယောက်ယောက်က ကြည့်နေတယ် ဆိုပါစို့။ ဒါဆိုရင် သူငယ်ချင်း အချင်းချင်း လှမ်းပြီးတော့ သတိပေးကာ ပြောတတ်ကြသည် မဟုတ်ပါလား။

“ ဟေ့ကောင် မင်းကို ကောင်မလေး ရှိုး နေပြီ ”

ဆိုပြီးတော့။ ဒီလိုပါပဲ။ ကိုယ်ကလည်း ကောင်မလေး တစ်ယောက်ယောက်ကို ၊ ဒါမှမဟုတ် ကိုယ်မကျေနပ်တဲ့ လူတစ်ယောက်ယောက်နဲ့ ပတ်သတ်ပြီးတော့ ကြည့်တယ် ဆိုတဲ့ အခါမှာ ဒီလို ပြောတတ်ပါသည်။

“ ငါ သွား ရှိုး နေတာကွာ ”

ဆိုပြီး လူတိုင်းလိုလို ပြောဖူးကြပါလိမ့်မည်။ ဒါပေမဲ့ ကျွန်တော်တို့ သူငယ်ချင်း အသိုင်းအဝိုင်းမှာ ကျတော့ ဒီလို မပြောကြပါဘူး။ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာက စကားလုံးတွေကို လျှောက်ပြီး အသေးစိတ် ဘာသာပြန်ပြီးမှ သုံးသော သူငယ်ချင်း အချို့ကလည်း ရှိနေပါသည်။ ဒီတော့ ထိုကဲ့သို့ သူငယ်ချင်းတွေက ထို “ ရှိုး ” ဆိုသော စကားလုံးကို ဒီလို အဓိပ္ပါယ်ဖွင့်ပါသည်။

“ တကယ်တော့ “ ရှိုး ” ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ကနေပြီး Show အသံထွက်ကို တိုက်ရိုက်  ယူပြီးတော့ ပြောနေတာကွ။ Show ဆိုတာ “ ပြသည် ” လို့ အဓိပ္ပါယ် ထွက်တယ် မလား။ ဒီတော့ အခု “ ဟိုကောင်မလေး လာ ရှိုး နေတယ် ” ဆိုတော့ ၊ ပြောရရင် အဓိပ္ပါယ်က “ ဟိုကောင်မလေး လာကြည့်နေတယ် ” လို့ မထွက်ဘဲ ၊ “ ဟိုကောင်မလေး လာပြနေတယ် ” လို့ ဖြစ်မနေဘူးလား။ ”

အဲ . . . ဟုတ်တာပဲ။ တကယ်တော့လည်း သူ့ဖာသာ အဓိပ္ပါယ်လေးကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာ လိုက်တော့လည်း ဒီလို ဖြစ်လာပါလား။ 

“ ဒီတော့ကွာ။ ငါတို့က “ ဒီကောင်မလေး လာကြည့်နေတယ် ” ဆိုပြီးတော့ ဖြစ်နေချင်ရင် “ ရှိုး ” ဆိုတဲ့ နေရာမှာ သူ့ရဲ့ မူရင်း “ ကြည့်သည် ” ဆိုတဲ့ စကားလုံး ဖြစ်တဲ့ Look ဆိုတာကို သူ့ အသံထွက် အတိုင်း “ လွတ် ” လို့ ထည့်သုံးမယ်။ သူများတွေ “ ရှိုး ” ဆိုပြီး စကားလုံး အမှားကြီး သုံးနေတိုင်း လိုက်သုံးဖို့ မလိုဘူးကွာ။ ဒီတော့ အခုအချိန်က စပြီး ငါတို့ “ ကြည့်သည် ” ဆိုတဲ့ စကားလုံးနေရာမှာ အင်္ဂလိပ် အသံထွက် ဖြစ်တဲ့ “ လွတ် ” ဆိုတဲ့ စကားလေးကို ထည့်သုံးမယ်ကွာ။ ”

ဒီလိုနဲ့ပဲ ငြင်းကြ ၊ ခုန်ကြရင်း သဘောတူညီမှု ရသွားကာ ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားထဲမှာ “ ကြည့်သည် ” ဆိုတဲ့ စကားလုံးနေရာမှာ “ ရှိုး ” ကို မသုံးတော့ဘဲ “ လွတ် ” ဆိုတာကိုပြောင်းလဲ သုံးစွဲကြပါသည်။ ဒီတော့ စကားလုံးလေးတွေက ဒီလိုတွေ ဖြစ်လာပါတော့သည်။

“ အဖော်လိုက်ခဲ့ကွာ။ အေတန်းက ကောင်မလေးကို သွား “ လွတ် ” ရအောင် ”
 ( အေတန်းက ကောင်မလေးကို သွားကြည့်မယ်ပေါ့ )

“ ဟေ့ကောင် မင်းကို ကောင်မလေး လမ်းအကွေ့လေးမှာ လှည့်ပြီး  “ လွတ် ” သွားတယ်။ ”
( လမ်းကွေ့မှာ ကောင်မလေးက ကြည့်သွားတယ်ပေါ့ )

“ ဒီဘဲကိုတော့ ငါတော့ “ လွတ် ” လို့ မရတော့ဘူးကွာ ”
 ( ဒီလူ့ကို ကြည့်လို့ မရတော့ဘူး လို့ ဆိုလိုတာပေါ့ )

“ မင်းကလဲကွာ “ လွတ် ” ရုံပဲ “ လွတ် ” မနေနဲ့ ၊ လိုက်သာ ပြောလိုက်တော့ ”
( ကြည့်ရုံပဲ ကြည့်နေနဲ့ ၊ ကောင်မလေးနောက်ကို လိုက်ပြောလိုက်တော့ လို့ ဆိုလိုတာပေါ့ )

ဒီလိုပါပဲ အကြောင်းသိနေတဲ့ သူငယ်ချင်းတွေ ကြားထဲမှာ ဒီစကားလုံးလေးက ဘာမှ မဟုတ်တော့ပေမဲ့ ဘာမှ မသိတဲ့ လူတွေ ကြားထဲမှာတော့ ဒီစကားလုံးက အသစ်အဆန်း ဖြစ်နေပြန်ပါသည်။ သူတို့ နားထဲမှာ “ လွတ် ”  ၊ “ လွတ် ” ဆိုသော စကားလုံးက ဘာကိုဆိုလိုတယ် ဆိုတာ ချက်ချင်း သဘောမပေါက်ကြပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့က ငပြောင် ၊ ငနောက် အုပ်စုတွေ ဆိုတော့လည်း ကျွန်တော်တို့ကို ဘယ်သူကမှ “ လွတ် ” ဆိုတာ ဘာလဲ ဆိုပြီး မမေးကြပါဘုး။ 

ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့တော့ ကျွန်တော်တို့ အဖွဲ့ ပြဿနာ အကြီးအကျယ် တတ်တော့တာပါပဲ။ ဖြစ်ပုံက မုန့်စားလွတ်ချိန်မှာ ဘယ်တော့မှ ငြိမ်ငြိမ် မနေတတ်တဲ့ သူငယ်ချင်းတွေ ကျောင်း ကော်ရစ်တာပေါ်မှာ အုပ်စုလိုက် အရှက်မရှိ မုန့်ဈေးတန်းက ပြန်လာတဲ့ မိန်းကလေး သူငယ်ချင်းတွေဆီက သိသိ ၊ မသိသိ မျက်နှာပြောင် တိုက်ကာ မုန့်တောင်းစား ၊ လုစားကြပါသည်။ ဒီတော့ ခင်မင်နေတဲ့ သူငယ်ချင်းတွေ ဆိုရင် ပြောလည်း မရ ၊ ပြန်လုလို့လည်း မရမဲ့ အတူတူ ပေးခဲ့တာ များပါသည်။ ဒီလိုဆိုရင်. .

“ မြမြဝင်း ကျန်းမာ ထီပေါက် နိဗ္ဗာန် ရောက်ပါစေ ” 

ဆိုတာ အပါအဝင် နည်းမျိုးစုံနဲ့ အော်ဟစ် ဆုတောင်းပေးကြပါသည်။ ဒါပေမဲ့ ကိုယ်နဲ့ သိပ်မရင်းနှီးသော မိန်းကလေးများကတော့ သူတို့ကို နှောင့်ယှက်တယ် လို့ ထင်တတ်ကြပါသည်။ ( တကယ်လည်း နှောင့်ယှက်တာပါပဲ ) တချို့ကျတော့ သူတို့ကို အီစီကလီ လုပ်ချင်လို့ ဇာတ်လမ်းထွင်တယ် လို့ သူတို့ကိုယ် သူတို့ အထင်ကြီးစွာ ယူဆတတ်ကြပါသည်။ တချို့ကျတော့လည်း ရှားရှားပါးပါး မိန်းကလေး တချို့ကျတော့ စိတ်တွေဆိုးပြီး ဆရာမထံမှာ သွားတိုင်တတ်ကြပါသည်။ 

ကျွန်တော်တို့ကတော့ မုန့်စားလွှတ်ချိန်ဆိုရင် သူများတွေကိုလည်း စနောက်ရင်း ထုံးစံ အတိုင်း မုန့်ဈေးတန်းက ပြန်လာပြီး မုန့်ဝယ်လာတဲ့ မိန်းကလေးတွေဆီက မုန့်ကို နောက်ပြောင်ကာ တောင်းနေပါသည်။ ဘယ်အချိန် ၊ ဘယ်နှစ်ယောက်မြောက်မှန်း မသိသော မိန်းကလေး တစ်ယောက်ယောက်က သွားတိုင်လိုက်ပုံ ရပါသည်။ ကျွန်တော်တို့ ကော်ရစ်တာမှာ ဗရုတ်ကျနေတာကို ဟိုဘက်အဆောင် အပေါ်ထပ်က ဆရာမက ထွက်ကြည့်နေပါတော့သည်။ ဒါကို ကျွန်တော်တို့ ပထမ မသိပါ။ 

နောက်တော့ ကျွန်တော်တို့ ဗရုတ်ကျနေတာကို ဆရာမက စောင့်ကြည့်နေတယ် ဆိုတာကို သူငယ်ချင်း တစ်ယောက်က တွေ့သွားပြီး လှမ်းအော်ကာ ကျွန်တော်တို့ ပြောနေကျ စကားလုံးနဲ့ ပြောပါသည်။ 

“ ဟေ့ကောင်တွေ အပေါ်ထပ်က ဆရာမ “ လွတ် ” နေတယ် ”

အပေါ်ထပ်က ဆရာမ ကျွန်တော်တို့ကို ကြည့်နေတယ် လို့ ဆိုလိုချင်တာပေါ့။ ဒါကို ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံး သဘောပေါက်လို့ ချက်ချင်းကို လူစုခွဲလိုက် ကြပါတော့သည်။ သို့သော် ထို “ လွတ် ” ဆိုသော စကားလုံးကို သဘောမပေါက်သော ကျောင်းသား ၊ ကျောင်းသူတွေက ဆရာမက ဘာလွတ်တယ် လို့ ထင်သွားလည်း မသိပါဘူး။ ကျွန်တော်တို့ ဆရာမ လွတ်နေတယ် ဆိုလို့ လူစုခွဲကာမှ သူတို့က ရောက်လာကြပြီး ဆရာမကို ပြန် “ လွတ် ”  ကြပါတော့သည်။ 

ဆရာမကလည်း ပထမက သူက “ လွတ် ” နေရာကနေ အခုလို ကျောင်းသား ကျောင်းသူတွေ အားလုံးက သူ့ကို ပြန်ပြီး ဝိုင်း “ လွတ် ” နေတော့ သူ့ဖာသာ မလုံသလိုလို ဖြစ်သွားသည်ဟု ထင်ပါသည်။ ဒါနဲ့ ထိုဆရာမက ကျွန်တော်တို့ အတန်းနားကို ရောက်လာကာ ခုနက ဘာကြောင့် သူ့ကို ဝိုင်း “ လွတ် ” သလဲ ဟု မေးပါတော့သည်။ ဒီတော့ ဘာမှကို သေချာ မ “ လွတ် ” ပေမဲ့ ကျောင်းသား ၊ ကျောင်းသူ တိုင်းကတော့ သူတို့ အားလုံး “ လွတ် ” တာ ကျွန်တော်တို့ သူငယ်ချင်းတွေက “ အပေါ်ထပ်က ဆရာမ “ လွတ် ” နေတယ် ” လို့ ပြောလို့ ထွက်ကြည့်တာ ဖြစ်ကြောင်း ဖြေအပြီးမှာတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံး ကျောင်းအုပ် ဆရာမကြီး ရုံးခန်းသို့ ရောက်ပါလေတော့သည်။

မျက်နှာကြီး နီရဲနေတဲ့ ထိုဆရာမက ကျောင်းအုပ် ဆရာမကြီးနားကို ကပ်ကာ တိုးတိုး တိုးတိုး နဲ့ ပြောပါသည်။ ဒီတော့ ကျောင်းအုပ် ဆရာမကြီးကလည်း တိုးတိုး တိုးတိုး ကာ နားထောင်ပါသည်။ နောက်တော့ မျက်နှာနှစ်ခု နီးရာကနေ ဓါတ်ကူးသွားသလို ကျောင်းအုပ်ဆရာမကြီး မျက်နှာကြီးပါ နီရဲလာပါတော့သည်။ 

“ မင်းတို့ ဒီဆရာမကို “ လွတ် ” နေတယ် လို့ ပြောတယ် ဆို ”

ရာခိုင်နှုန်း လွန်မှတ်ဖြင့် ဆူပွက်နေသော ဘွိုင်လာအိုး အဖုံးကို ဆက်ခနဲ ဖွင့်လိုက်သလို အသံနဲ့ ကျောင်းအုပ် ဆရာမကြီး မေးပါသည်။ ကျွန်တော်တို့ အထဲတွင် အကြောက်တတ်ဆုံးသော မြတ်ကိုကို က လေသံလေး တုန်တုန်ဖြင့် . . .

“ ဟုတ်ပါတယ် ဆရာမကြီး ”

ဒီလိုလည်း ဖြေလိုက်ရော။ နီရဲနေတဲ့ ဆရာမ နှစ်ယောက်ရဲ့ မျက်နှာဟာ ပိုပြီးတော့ ညိုပုပ်ကာ သွားပါတော့သည်။ 

“ မင်းတို့ ဘာလို့ ဒီလို ပြောရတာလဲ ၊ ပြီးတော့ ဒါကို သူများတွေပါ သိအောင် ဘာလို့ အော်ပြောရတာလဲ ”

လွယ်တကူ စကားလုံးလေးဟာ ပြစ်မှုကြီး ဖြစ်လာပါတော့သည်။ ဆရာမကြီးနဲ့ ဆရာမတို့ ထင်နေတဲ့ လွတ် တယ် ဆိုတာက တခြား ဖြစ်နေပြီး ကျွန်တော်တို့ သိထားသော လွတ် ဆိုတာက တခြား ဖြစ်နေတော့ ဘယ်ကနေ ဘယ်လို ဆက်ပြောရမှန်း မသိဘဲ ခေါင်းတွေ ငိုက်စိုက်ချပြီး အကြံအိုက်နေမိကြသည်။ ဒါကို ဆရာမကြီးက . . .

“ ပြောလေ ၊ မေးနေတာ ဖြေလေ။ ဘာလို့ လွတ် နေတယ်လို့ ပြောရတာလဲ။ မင်းတို့ သတ္တိ မရှိဘူးလား။ မော့ကြည့်ကြစမ်း ၊ ယောက်ျား မဟုတ်ဘူးလား။ ”

ဒီလို ပြောလည်း ပြော ဒေါသတွေလည်း ထွက်လာပါတော့သည်။ အရင်ထဲက အကြောက တင်းတင်း ပြည့်ဖြိုးကျော် က ခေါင်းမော့ကာ ဆရာမကြီးကို ကြည့်ရင်း ကျွန်တော်တို့ အားလုံးကို ပြောသည်။

“ ဟေ့ကောင်တွေ ရှင်းပြစရာ ရှိတာတော့ သေချာ ရှင်းပြမှ ဖြစ်တော့မှာပဲ။ နို့မို့ဆို ဆရာမကြီးပါ အထင်တွေ လွဲပြီး တွေးမိကုန်တော့မှာပဲ။ မင်းတို့ အားလုံးလည်း ဆရာမကြီးကို “ လွတ် ”  လိုက်ကြ ။ ”

“ ဘာ . . . ”

သူက ပြောရိုးပြောစဉ် အတိုင်း “ လွတ် ”  ကို သုံးကာ ဆရာမကြီးကို ထပ်ကြည့်ခိုင်းလိုက်ပါတော့သည်။ ဒီတော့ ဆရာမကြီးကလည်း သူပါ အ “ လွတ် ” ခံရပြီ ဆိုပြီး နီရဲနေတဲ့ မျက်နှာကြီးက ပိုလို မည်းမှောင် သွားပါတော့သည်။ ဒီတော့မှ ကျွန်တော်တို့လည်း “ လွတ် ” အရေးတော်ပုံကို သူ့ထက် ငါ ရှင်းပြ ရပါတော့သည်။

ဆရာမကြီးရယ် ကျွန်တော်တို့ ပြောတဲ့ “ လွတ် ” ဆိုတာက ဟိုလို “ လွတ် ” တာ မဟုတ်ဘဲ ၊ ဒီလို “ Look ” တာ ဖြစ်ကြောင်း အကျိုးသင့် အကြောင်းသင့် ရှင်းပြရပါတော့သည်။ Look ဆိုတာကို Show နေရာမှာ အစားထိုး သုံးစွဲလိုက်တာ ဖြစ်ကြောင်း ၊ ဒါကြောင့် အပေါ်ထပ် ကော်ရစ်တာက ဆရာမက ထွက်ကြည့်နေတော့ ကျွန်တော်တို့ ဖာသာ နားလည် သုံးစွဲသော “ ကြည့်သည် ” ဆိုတဲ့ “ လွတ် ” ကို ထည့်သွင်း သုံးစွဲ လိုက်တာ ဖြစ်ပါကြောင်း ရှင်းပြတော့မှ ဆရာမကြီး နဲ့ ဆရာမ တို့ ကျေနပ်ကာ ကျေလည်သွား ကြပါတော့သည်။ ဟူးးးးးးးးးးးးးးးးးးးးး

ဒီတော့မှ ဆရာမကြီးက . . . .

“ သြော်. . . မင်းတို့က ရှိုးနေတယ် ဆိုတဲ့ စကားလုံးနေရာမှာ စကားလုံး အမှန်ကို အစားထိုးပြီး လွတ်နေတယ် လို့ သုံးလိုက်တာပေါ့လေ။ ဒါပေမဲ့ မင်းတို့ သုံးတဲ့ စကားလုံးကို တခြားသူက မသိတော့ အဓိပ္ပါယ်တွေ တောင်တွေး မြောက်တွေး ဖြစ်စေတာပေါ့။ နောက်ဆို ဒါကို သတိထား။ ”

ဆိုပြီး ဆုံးမကာ ကျွန်တော်တို့ကို ပြန်လွှတ်လိုက်ပါတော့သည်။ ဟူး . . . တကယ်ပါပဲ။ စကားလုံးဆိုရင် ထူးထုးဆန်းဆန်းတွေ အမြဲတမ်း သုံးချင်မိတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ  ဆရာမကြီး ရုံးခန်းထဲကနေ အသာလေး ကုတ်ကာ ထွက်လာခဲ့ရပါတော့သည်။ ဒီမှာ ကျွန်တော်တို့ နောက်ကနေပြီး ဆရာမကြီးရဲ့ ပြောသံ လိုလို ကြားလိုက်ရသည်။

“ ခေတ်ကာလ ကလေးတွေကတော့ ဘယ်လို ကလေးတွေ မှန်းကို မသိဘူး။ စကားတွေ အပါအဝင် အရာရာ သူတို့က တီထွင် ပြောဆို လုပ်ကိုင်ချင်နေကြတာ။ တကယ်ပဲ မလွယ်ဘူး။ “ လွတ် ” လို့ကို မရတော့ဘူး။ ”

တဲ့လေ။ ကောင်းရော. . . . . . . 



ဒါပေမဲ့ ဒီလောက်နဲ့ ကျွန်တော်တို့ ကြားထဲမှာ ငြိမ်ကုတ်သွားမယ် ထင်ပါသလား။ မရသေးပါဘူး။ ပိုပြီးတော့ ပေါက်ကရ တွေးဖြစ်လာပါတယ်။ စတယ် နောက်တယ် ဆိုတာကလည်း ယောက်ျားလေး သူငယ်ချင်းတွေ ဆိုရင် စရ ၊ နောက်ရတာ သိပ်ပြီးတော့ အဆင်မပြေလှဘူး။ ယောက်ျားလေး သူငယ်ချင်းတွေက ကိုယ်တွေလိုပဲ အကြောက မာတော့ ပြောရင်လည်း မထုံတတ်တေးပါပဲ။ မိန်းကလေး သူငယ်ချင်းတွေကိုတော့ စလို့ ၊ နောက်လို့ အလွန်ကောင်းပါသည်။

ကိုယ်ဖြစ်ချင်တာ တစ်ခု မဖြစ်ရရင် ရုပ်တည်နဲ့ . . . .

“ အေးပေါ့လေ ၊ နင်တို့က အထက်တန်းစားတွေ ဆိုတော့ ငါတို့ကို မတူသလို ၊ မတန်သလို ဆက်ဆံတာပေါ့ ရပါတယ်။ နင်တို့က အဆင့်အတန်း မြင့်သူတွေပဲ ၊ ငါတို့ကို ခွဲခြား ခွဲခြား ဆက်ဆံမှာပေါ့လေ။ ”

လို့ စရင် မိန်းကလေး သူငယ်ချင်း တော်တော်များများက အားနာပြီး မခံနိုင်ကြဘူး။ ဒါဆိုရင် သူတို့က ကိုယ်တွေကို မဟုတ်ကြောင်း အတင်းကို တောင်းပန်တတ်ကြသည်။ တစ်ခါတလေတော့လည်း . . .

“ ရပါတယ်။ ငါပြောသလို သဘောမတူဘူး ဆိုရင် နင်နဲ့ ငါ သေခန်းပြတ်ပဲ။ ငါ့ကို လာမခေါ်နဲ့တော့။ နင်သေလည်း ငါမလာဘူး ၊ ငါ့မင်္ဂလာဆောင်လည်း နင်မလာနဲ့။ ”

ဆိုပြီး စနောက်ရင်တော့ သူ့တို့ ဆွေ့ဆွေ့ခုန်အောင် ဒေါတွေ ကန်ပါရောလား။

“ အောင်မာ. . . အောင်မာ . .  ငါကျတော့ သေရမယ်။ နင်ကျတော့ မင်္ဂလာဆောင်မယ်။ သေနာကောင်  ”

ဆိုပြီး ပြန် ကလော်တုပ်ပါသည်။ ဒါပေမဲ့လည်း ဒါက ခဏတဖြုတ်ပဲ စဖြစ်တာ ဖြစ်ပြီး အရမ်းရင်းနှီးသော သူငယ်ချင်းတွေကိုသာ ကျွန်တော်တို့ နောက်ဖြစ်ခဲ့ပါသည်။ တစ်ခါတလေတော့ သူငယ်ချင်းရဲ့ သူငယ်ချင်းတွေနဲ့ ဆုံကြတဲ့ အခါမှာ  ကျွန်တော်တို့က အငြိမ့်ထဲမှ လူရွှင်တော်တွေလို ဖြစ်သွားကာ စတတ် ၊ နောက်တတ် ကြပါသေးသည်။ အတိုင် အဖောက်လေးနဲ့ပေါ့ဗျာ။

သူငယ်ချင်း တစ်ယောက်က အသစ် သူငယ်ချင်း တစ်ယောက်နဲ့ ခင်မင်ဖို့ မိတ်ဆက်ပေးပြီ ဆိုရင် ကိုယ်က ကြားထဲက မနေနိုင်သူ တစ်ယောက်လိုမျိုး ဝင်ပြီးတော့ မိတ်ဆက်ပေးလေ့ ရှိပါသည်။ ဒါကို ဘေးက နောက်ထပ် သူငယ်ချင်း တစ်ယောက်က လူရွှင်တော်တွေ လိုမျိုး အတိုင်အဖောက်လေးနဲ့ လိုက်ပြော ပေးတတ်သည်။ ဥပမာ ဒီလိုဗျာ။

“ ဒါ ငါ့ သူငယ်ချင်း ဝတ်ရည် ပေါ့။ နင်တို့ အားလုံးနဲ့ မိတ်ဆက်ပေးတာ ”

“ အေး တွေ့ရတာ ဝမ်းသာပါတယ်ဟာ။ ငါတို့ကလည်း သူငယ်ချင်း အရင်းတွေလို ခင်ကြတာပေါ့။ သူက နေဇော်အောင် လို့ ခေါ်တယ်။ ”

ဟိုဘက်က အခုမှ စတွေ့ခါစ သူငယ်ချင်းဆိုတော့ နည်းနည်းတော့ ရှိန်နေတတ်ပါတယ်။ ခေါင်းလေးပဲ ညိတ်ပြတတ်ကြပါသည်။ ဒီတော့မှ ဆက်ပြောဖြစ်သည်။

“ နေဇော်အောင်ကို ကြည့်ပြီးတော့ အထင်တော့ မသေးနဲ့နော်။ ”

ဒီတော့ ဘေးမှာ ရှိနေတဲ့ နောက်ထပ် သူငယ်ချင်း တစ်ယောက်က လူရွှင်တော်တွေလို အတိုင် အဖောက်လေးနဲ့ စကားစပါသည်။ အမြဲတမ်း လိုလိုကတော့ ပြည့်ဖြိုးကျော်က အဖောက် အဖြစ် လိုက်ပေးလေ့ရှိသည်။

“ ဟုတ်လား ၊ ဘာကြောင့် အထင် မသေးရတာလဲ ”

“ ဟုတ်တယ်လေ ၊ နေဇော်အောင်တို့ အဖေက လေတပ်ကကွ ”

“ ဟုတ်လား ၊ သူ့အဖေက ဘာလုပ်တာလဲ ”

“ ပူဖောင်း ရောင်းတယ်လေ ”

“ ha ha ha ha ha ha ”

ဒီလိုဆိုတော့ တွေ့ခါစ ဆုံခါစ သူငယ်ချင်း အသစ်တွေကြားမှာ ရယ်သံလေးတွေ ဖုံးလွှမ်းပြီး ချက်ချင်း ရင်းနှီးသွားသလို ခံစားရသည်။ ဒါပေမဲ့ ဒီမှာ မပြီးသေးပါဘူး။

“ သူ့အဖေ တင် မဟုတ်ဘူး။ သူ့အမေကလည်း လေတပ်ကပဲ ”

“ တကယ် ၊ သူ့အမေက ဘာလုပ်တာလဲ ”

“ ယပ်တောင် ရောင်းတယ် ”

“ ha ha ha ha ha ha ”

“ သူ့မိဘတွေချည်းပဲ ဆွေးမျိုး ကောင်းတာ မဟုတ်ဘူး။ သူ့ဦးလေး ဆိုလည်း ကာကွယ်ရေးကကွ ”

“ ဟာ ဆွေကြီးမျိုးကြီးတွေ ချည်းပါပဲလား။ ဒါနဲ့ သူ့ဦးလေးက ဘာလုပ်တာလဲ ”

“ ထရံ ရက်တယ်လေ ”

“ ha ha ha ha ha ha ”

“ ဒီလောက် ပြောလို့ အထင် မသေးနဲ့ဦး။ သူ့ဘကြီး ရှိသေးတယ်။ သူ့ဘကြီးက ကြေးတပ်ကကွ ”

“ ဟာ. . .မိုက်လှချည့်လား။ သူ့ဘကြီးက ဘာလုပ်တုန်း ”

“ ကြေးစည် ရောင်းတယ် ”

“ ha ha ha ha ha ha ”

“ နေဦး. .နေဦး. ..ဒီလောက်လေးနဲ့ သူတို့ ဆွေမျိုးတွေ ကုန်ပြီ မထင်နဲ့ ”

“ ဟုတ်လား ကျန်သေးလား ”

“ ကျန်သေးတာပေါ့။ သူ့ အဒေါ်တို့ လင်မယားကရော ရေတပ်ကကွ ”

“ ဟုတ်လား သူ့ အဒေါ်က ဘာလုပ်တုန်း ”

“ သူ့အဒေါ်က ရေခဲရေ ရောင်းတယ်လေ ”

“ ha ha ha ha ha ha ”

“ သြော် . . ဒါဆို သူအ့ဒေါ် ယောက်ျားကရော ရေတပ်ကပဲ ဆိုတော့ ဘာလုပ်လဲ ”

“ သဗ္ဗန် ခပ်တာပေါ့ကွ ”

“ ha ha ha ha ha ha ”

“ အောင်မာ သူတို့က မွေးတဲ့ သားလေးကလည်း ရေတပ်ကပဲ ”

“ ဟုတ်လား ၊ ဘာလုပ်တုန်း ”

“ ရေထမ်း ရောင်းတယ် ”

“ ha ha ha ha ha ha ”

“ သူ့ညီမတွေကိုလည်း အထင် မသေးနဲ့ကွ ”

“ ဟုတ်လား သူ့ညီမတွေက ဘာလုပ်လဲ ”

“ ကွန်ပျူတာ ဆရာမတွေလေ ”

“ ဟုတ်လား တော်လိုက်တာကွ ”

“ အင်း. . . ဒါပေမဲ့ အခုတော့ အလုပ်ပြုတ်သွားပါပြီ ”

“ ဘာဖြစ်လို့လဲ ”

“ ရမ် ( Ram ) နေရာမှာ ဝီစကီ နဲ့ မှားထည့်မိလို့ ”

“ ha ha ha ha ha ha ”

“ သူ့ညီကတော့ စက်မှု အင်္ဂျင်နီယာ ”

“ မိုက်တယ်ကွာ ၊ ပညာတတ်တွေ ချည်းပဲကိုး ”

“ ဒါပေမဲ့ အခုတော့ အလုပ်က နားလိုက်ရပြီ ”

“ ဘာလို့လဲ ”

“ အင်္ဂျင်ဝိုင်နဲ့ ပျားရည် မှားလျှက် မိလို့လေ ”

“ ha ha ha ha ha ha ”

“ သူ့အစ်ကို ဆိုလည်း နာမည်ကြီး အနုပညာရှင် ”

“ တော်တော် နာမည်ကြီးတယ်ပေါ့ ”

“ နာမည်ကြီး စန္ဒယား ပညာရှင်ကွ ”

“ ဟုတ်လား ၊ ဘယ်သူများ ပါလိမ့် ”

“ စန္ဒယား တင်သိမ်း ဆိုတာပေါ့ ”

“ ဟုတ်လား ၊ ငါကြားဖူးတယ်ကွ။ ဒါနဲ့ သူ့အစ်ကိုက စန္ဒယားတီးတာ တော်တော် ကျွမ်းကျင်လား  ”

“ စန္ဒယား တင်သိမ်းပါ ဆိုမှ စန္ဒယားကို စင်ပေါ် “ တင် ” တယ် ၊ ပွဲပြီးသွားရင် “ သိမ်း ” တယ် ၊ ဒါပဲပေါ့ ”

“ ha ha ha ha ha ha ”

“  သူ့ကိုလည်း အထင်မသေးနဲ့။ သူကလည်း ကျောင်းပြီးသွားရင် ကျောင်းမှာ ဆရာပြန်လုပ်မလို့တဲ့ ”

“ ဘာဆရာလဲကွ ”

“ x x x x x x x x x x x ”

“ ha ha ha ha ha ha ”

အဲဒီလိုပါပဲ ကျွန်တော်တို့ သူငယ်ချင်းတွေ ကျောင်းသား ဘဝတုန်းက အရမ်းကို ပျော်စရာကောင်းခဲ့ပါသည်။ တစ်ယောက်နဲ့ တစ်ယောက်ကတည်း ဦးတဲ့လူ တွယ်စတမ်း နှိပ်ကွပ်တတ်ကြတာပေါ့။ အဲဒါကြောင့်မို့ ကျွန်တော်တို့နဲ့ ခင်မိတဲ့ သူငယ်ချင်းတွေက ဟန်ဆောင်မှု မရှိဘဲ အရမ်းကို ခင်သွားတတ်တယ် လို့ ပြောတာပါ။ တစ်ယောက်နဲ့ တစ်ယောက်လည်း ဘာဘာညာညာတွေနဲ့ ရှုပ်ရှုပ်ရှက်ရှက် မရှိတာကလည်း တစ်မျိုး ကောင်းတဲ့ အချက်လေး တစ်ခုပါပဲ။

အခုတော့လည်း သူငယ်ချင်းတွေ အားလုံး ရေကြည်ရာ ၊ မြက်နုရာ နေရာတွေကို ရောက်နေခဲ့ကြပြီ။ တစ်ခါတလေ အတိတ်တွေကို ပြန်ဝါးမိရင် တမေ့တမောနဲ့ သူငယ်ချင်းတွေကို လွမ်းမိလို့ အခု စာလေးတွေ ချရေးမိပြီး ပြန်ပြုံးမိတာပါပဲ။ စာဖတ်သူတွေကိုလည်း ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ ပတ်သတ်တာလေးတွေ ပြန်တွေးမိပြီး ပြန်ပြုံးမိစေယုံ သက်သက်သာ စိတ်ကုးမိလို့ ရေးမိပါသည်။

အရင်ကတော့ “ ငယ်ငယ်တုန်းက ရယ်စရာလေးတွေ ( ၁ ) ” ကို ဇာတ်လမ်း သဘောလေးနဲ့ ရေးထားမိပါသည်။ အခုကတော့ ပြဇာတ်ဆန်ဆန်လေးပဲ ရေးထားတာပါ။ ရယ်မော ပြုံးပျော်နိုင်ကြပါစေ။


လေးစားစွာဖြင့်
ကိုဇော်

 .

Share/Bookmark

25 August 2010

15 ရယ်စရာ မကောင်းသော လူများအကြောင်း



်
အဋ္ဌာရသ ( ၁၈ ) ရပ်မှာ လူတွေကို ရယ်ရွင်စေသော ဘာသာရပ် ဖြစ်တဲ့ “ ဟာသပညာ ” ဆိုတာက အခက်ဆုံးလို့ ဆိုကြသည်။ ဒီနေရာမှာ ကျွန်တော် ဖတ်ဖူးတာလေးတွေ နည်းနည်းတော့ ပြောပြပါဦးမယ်။ အဋ္ဌာရသ ( ၁၈ ) ရပ်ကို တချို့နေရာတွေမှာ ( ခေတ်နဲ့ နီးလာလေလေ ) အဋ္ဌာရသ ( ၁၆ ) ရပ်တို့ ၊ အဋ္ဌာရသ ( ၁၀ ) မျိုးတို့ ဆိုပြီး ဖတ်လာရသည်။ ဒါက ဘယ်လို ဘာဖြစ်တယ် ကျွန်တော် မသိပါ။ ကျွန်တော် တွေးမိသလောက်ကတော့ မလိုအပ်ဘူး ၊ ခက်ခဲသော ဘာသာရပ်တွေကို ချန်လှပ်ကာ ရေးသားရင်း ပညာများ တိမ်ကောလာခြင်းလားဟု ထင်မိပါသည်။ ထားပါတော့. . .

အဋ္ဌာရသ ( ၁၈ ) ရပ်မှာ “ ဟာသပညာ ” ကို ဘာလို့ အခက်ဆုံးလို့ ဆိုကြသလို ဆိုတော့ လူတစ်ယောက်က လူတစ်ယောက်ကို ရယ်မောပျော်ရွှင်အောင် လုပ်ဖို့ မလွယ်လို့ပါပဲ။ ဟာသပညာမှာမှ လူတွေကို တွေးတွေးပြီး ရယ်မောစေနိုင်သော ဟာသပညာဆိုတာ တကယ်ကို ခက်ခဲ နက်နဲ လှပါသည်။ လူတွေ မရယ်ရယ်အောင် ခါးအောက်ပိုင်း စကားလုံးများ ၊ အမူအရာများဖြင့် ဖော်ပြ ပြောဆိုကာ ဟာသ လုပ်ပစ်တတ်ပါသည်။

လူတစ်ယောက်ကို ရယ်မောအောင် လုပ်ဖို့ ခက်ကြောင်း ပြသော သာဓက များစွာ ရှိပါသည်။ ထိုအထဲမှ တည်တည်တံ့တံ့ နေထိုင်ပြောဆိုသူများကလည်း တစ်ခါတလေ သူတို့ဖာသာ စိတ်ကူးပေါက်ကာ သူများတွေ ဟာသလုပ်ပြောတာကို အားကျ၍ ဟာသလုပ်ကာ ပြောမိတတ်ပါသည်။ သို့သော် သူတို့ရဲ့ ဟိုးအရင်ကတည်းက တည်တည်တံ့တံ့ ပြောဆိုလာသော စရိုက်လက္ခဏာကြောင့် သူတို့ ဟာသလုပ်ပြောမယ် လို့ လုံးဝကို မထင်မှတ်ကြသောကြောင့် သူတို့စကားကို နားထောင်နေမိ သူတို့က ဟာသဖြစ်တယ် ဆိုပြီးတော့တောင်မှ သတိမထားမိဘဲ မရယ်မိတတ်ကြပါဘူး။

ထိုသူများဟာ သူတို့ဘဝမှာလည်း ပျော်ရွှင်စရာ ၊ ရယ်မောစရာများနှင့် တွေ့ကြုံဖူးကြလို့ သူများကိုလည်း ရယ်မောစရာ ဟာသလေးတွေ မျှဝေ ၊ လုပ်ဆောင်ပေမဲ့ သူတို့ကို ဟာသ လုပ်ပြောလိမ့်မယ် လို့ ဘယ်သူကမှ မထင်မိကြသောကြောင့် သူတို့ ပြောတဲ့ စကားတွေကို ဟာသ ဆိုကာ ရယ်စရာ မဖြစ် မမြင်မိကြဘဲ အတည်အတံ့ အခိုင်အခံ့ စကားအဖြစ်နဲ့သာ ပရိသတ်က ထင်မှတ်တတ်ကြပါသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များထဲမှာ ကမ္ဘာ့ကျော် ပုဂ္ဂိုလ်များလည်း ပါဝင်ကြပါသည်။

၁။ ဟစ်တလာ

သူရဲ့ တပ်များ အင်အား ဆုတ်ယုတ်ကာ ကျရှုံးခါနီးနေသော ဟစ်တလာရဲ့ ပြင်သစ်ပြည် မိန့်ခွန်း တစ်ခုမှာ သူက ပြောခဲ့ဖူးသည်။ ဟစ်တလာက မိန့်ခွန်းပြောရာမှာ အလွန် ဟိတ်ဟန်ကောင်းကာ မာန်ပါသည်ဟု ဆိုကြသည်။ မျက်စိကို စူးစိုက်ကာ ကြည့်နေမည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မည်။ ထိုလက်သီးဖြင့် စားပွဲခုံကို ထုကာ မာန်ပါပါ ဟောပြောမည်။ ဒီထက် ဒေါထွက်လာကာ မာန်ပါလာရင် စားပွဲပေါ် တင်ထားသော ရေခွက်များကိုပါ နံရံသို့ ကောက်ပေါက်ကာ ဟောပြောမည်။ ထိုကဲ့သို့ မာန်ပါလှသော အသုံးအနှုန်း ၊ ဟန်အမူအရာ ရှိသော သူ ပြောသမျှ ဘယ်သူကများ သူ ဟာသလုပ်ပြောမည်ဟု ထင်ပါမည်နည်း။ သို့သော် ဟစ်တလာလည်း တစ်ခါကတော့ ဟာသ အဖြစ် ပြောခဲ့ဖူးပါသေးသည်။

၂။ ရှေ့တန်းမှ ဗိုလ်ကြီး

ညင်ညင်သာသာ စကားလုံးလေးတွေနဲ့ သူက ပြောဆိုတတ်သူတော့ မဟုတ်ပါ။ စစ်သား ဆိုတော့လည်း စစ်မိန့် ဆန်ဆန်ပဲ အားလုံးကို ညွန်ကြားတတ်သည်။ ဒါပေမဲ့ တစ်နေ့တော့ ကမ်းခြေကို သူ လမ်းလျှောက်လာတုန်း ကမ်းခြေက စစ်စခန်းမှာ တပ်သားလေး တစ်ယောက်က သေနတ်ကို ပိုက်ကာ ငိုင်နေသည်။ မနက်ဖြန် မနက်မှာ သူတို့ တိုက်ခိုက်ရမည့် ဟိုဘက်ကမ်းက စစ်ပွဲ အတွက် အားငယ်နေတာလည်း ဖြစ်နိုင်သည်။ သူတို့ထက် လူအင်အားများနေသော ရန်သူကြောင့် အားလျော့နေတာလည်း ဖြစ်နိုင်သည်။ သူက အားငယ်နေသော တပ်သားလေးကို ရယ်ရွှင်သွားအောင် အားပေးချင်သည်။ ဒါကြောင့် အနားနား ကပ်ကာ  . . .

“ ဘာဖြစ်နေတာလဲ ရဲဘော် ”

“ ကျွန်တော် နည်းနည်းကြောက်နေတာပါ ဗိုလ်ကြီး ”

ဟု ဒီလို တပ်သားလေးက အမှန်အတိုင်း ပြန်ဖြေတော့ သူ့ကို ရယ်စေချင်လို့ ဗိုလ်ကြီးက ပြောလိုက်သည်။

“ မင်းပဲ ကြောက်နေတာ မဟုတ်ဘူး။ ငါလည်း ကြောက်နေတာပဲ ”

ဗိုလ်ကြီးက ရယ်စရာ ပြောလိုက်သော်လည်း ရဲဘော်တပ်သားလေးက တည်ငြိမ်သွားပြီး. . . .

“ ဟုတ်ကဲ့ပါ ဗိုလ်ကြီး ၊ အခုလို ကြောက်နေတာတောင်မှ တည်ငြိမ်အောင် ဗိုလ်ကြီး ဂရုစိုက်ထားနိုင်တာ လေးစားပါတယ်။ ကျွန်တော်လည်း ကြိုးစား ပြင်ဆင်ပါ့မယ်။ ”

ပြောတာ တခြား ၊ ရည်ရွယ်ချက် ထိမှန်တာ တခြား ဖြစ်သွားပြီး ရဲဘော်လေး ရုတ်တရက် ရဲရင့်လာခဲ့သည်။ ထိုဗိုလ်ကြီးသည် လူတစ်ယောက်ကို ဘယ်အချိန်မှာ ဘယ်လို ရယ်မောအောင် ဆိုကာ ပြောတတ်သော ဟာသပညာရပ်ကို ကျွမ်းကျင်သူ တစ်ယောက် မဟုတ်ခဲ့ပါ။

၃။ ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မိန့်ခွန်းတွေကိုတော့ နားထောင်ဖူးကြလိမ့်မည် ဟု ထင်ပါသည်။ ဌာန်တွေ မာန်တွေနဲ့ စိတ်ပါ လက်ပါ ပြောလေ့ရှိသူ တစ်ယောက် ဖြစ်သည်။ ဒီလို ဗိုလ်ချုပ်အောင်ဆန်းလည်း လူတွေ ရယ်မောအောင်လို့ ပျော်စရာ တစ်ခု အဖြစ် ဟာသတစ်ခုတော့ ပြောခဲ့ဖူးပါသည်။

“ မန္တလေးနားက ခပ်ခေါင်ခေါင် အရပ်တစ်ခုကို သွားပြီး ကျွန်တော်တို့ တရားဟောကြ ပြန်တယ်။ ကျွန်တော့် အလှည့်ကျတော့ ပရိတ်သတ်ဟာ ငြိမ်ချက်သားကောင်းလို့ ပျင်းနေကြပြီ ထင်ပြီး ကျွန်တော်က ပျက်လုံး ထုတ်လိုက်တယ်။ ဘယ်နှယ်လဲ ဆိုတော့ . . . ကျွန်တော်ဟာ ဒီအရပ်ကို မရောက်တာ အတော်ကြာ သွားပါပြီ။ ဘယ်လောက်ကြာသလဲ ဆိုရင် မွေးကတည်းပါပဲ လို့ ပြောပြီး ပွဲကျမလားလို့ ပရိတ်သတ်ကို ကြည့်ပါတယ်။ ဘယ်သူမှ မရယ်ကြဘူး။ ”

( ၂၀ ဇူလိုင် ၁၉၄၇ ရက်နေ့က ရေးသားထားခဲ့သော ဆရာ မင်းသုဝဏ်၏ ဒိုင်ယာရီ မှ ပြန်လည် ကောက်နုတ် ဖော်ပြပါသည် ဟု ပိတောက်သစ်  မဂ္ဂဇင်းမှ ဆိုသည်။ )

ထိုကဲ့သို့သော ပုဂ္ဂိုလ်များ ကမ္ဘာပေါ်တွင် များစွာ ရှိနေကြပါသည်။ သူတို့သည် ပြုံးတတ်  ၊ ရယ်တတ် ၊ ဟာသများကိုလည်း ခံစားတတ်ကြပါသည်။ သို့သော် သူတို့ရဲ့ နေမှုထိုင်မှု စရိုက်လက္ခဏာကြောင့် သူတို့ လူတွေကို ရယ်မောအောင် ဟာသလုပ်ကာ ပြောသော်လည်း သူတို့ကို ဟာသလုပ်တယ် လို့ ဘယ်သူမှ မထင်ကြပါဘူး။ သူတို့ ရယ်စရာပြောတာတောင်မှ ဘယ်သူမှ မရယ်ဖြစ်ကြပါဘူး။

ကျွန်တော် ဒီအကြောင်းလေးကို ဖတ်ထားမိပြီး အခု ဘာလို့ ပြန်ရေးမိတာလဲ ဆိုတော့  တချို့သော နေရာလေးတွေမှာ သူများတွေ ဟာသရေးတာကို သဘောကျလို့ လိုက်ရေးတယ်လို့ ထင်မိပါသည်။ သူတို့လည်း ဟာသလေးတွေ ရေးကြသည်။ သို့သော် သူတို့ အရင်က ရေးထားသော စာပေ ခန့်ထည်မှုကြောင့် ဟာသကို သူ့ရဲ့ စာဖတ် ပရိသတ်တွေက ဟာသလို့ မမြင်မိ ၊ မဖတ်မိကြတော့ဘဲ အခန့် အထည်ကြီး အဖြစ်သာ ခံစားမိတတ် ကြပါတော့သည်။

ဒါကို ကျွန်တော် ကြည့်မြင်မိပြီးတော့မှ ကျွန်တော့် ဘလော့က စာတွေကိုလည်း ကျွန်တော် ပြန်လည် သုံးသပ်မိတာပါ။ တစ်ခါတလေ ကျွန်တော်က ဟာသ တစ်ခု အနေနဲ့ တင်ပြ ရေးသားလိုက်ပေမဲ့ စာဖတ်သူတွေက အရင်က စာတွေကြောင့် ဟာသအရာ မမြောက်တော့ဘဲ ရသ တစ်ခု အနေနဲ့ ခံစားသွားတာကို ကျွန်တော် လှပ်ခနဲ မြင်မိလို့ပါ။ တကယ်တော့ မဟုတ်ပါ။ ဟာသ အနေနဲ့ ရေးရင် ဟာသလိုပဲ ခံစားပေးစေလိုပါသည်။ နို့မို့ဆိုရင် ရယ်စရာ မကောင်းတဲ့ လူများ ကြားထဲမှာ ကျွန်တော်လည်း တစ်နေ့တခြား ပါလာပြီလားလို့ ကိုယ့်ဖာသာ ခံစားမိလို့ အခုစာလေးကို ချရေးပါသည်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

24 August 2010

22 သာသနာအလှူ ၊ အလင်းအလှူ


ဟိုတစ်နေ့က ကျွန်တော် “ ဆရာတော် ဦးကောဝိဒ ဆီမှ သြဝါဒ နှင့် အလှူ ”  ဆိုသော ပို့စ် တင်ခဲ့ပြီး ပါဝင်လှူဒါန်းလိုသော အလှူရှင်များကို ဖိတ်ခေါ်ခဲ့ပါသည်။ ပို့စ်တင်ပြီး ချက်ချင်း ဆိုသလို ကိုရီး { ကိုကြီး } က မြရတနာရွာအတွက် လိုအပ်နေသော ဒိုင်နမိုအတွက်ကို လာရောက်လှူဒါန်းကာ ဆရာတော် ဦးကောဝိဒဆီကို တိုက်ရိုက် အလှူငွေ ( ၄ ) သိန်းခွဲ ပေးပို့ လှူဒါန်းခဲ့ပါသည်။

ထို ဒိုင်နမို တပ်ဆင်လှူဒါန်းသော မှတ်တမ်း ဓါတ်ပုံများကို အောက်ပါ အတိုင်း မှတ်တမ်းတင်ထားပါသည်။


ဤသို့ တပ်ဆင်လှူဒါန်းခဲ့သည်။




























ထိုနောက် ကောင်းနိုးရာရာ နေရာများ၌ အလှူအတွက် ဆိုရင် အမြဲတမ်း တတ်ကြွလေ့ရှိသော ညီမ “ နိုးနိုးမောင် ” က ချို့တဲ့သူများကို သင်္ကန်းစည်းပေးသော အလှူလုပ်ချင်ကြောင်း ကျွန်တော့်ကို ပြောခဲ့ဖူးပါသည်။ ဒါကြောင့် ကျွန်တော်ကလည်း တကယ်လို့ ထိုကဲ့သို့ အလှူခံလိုသော ပုဂ္ဂိုလ်များ ရှိလာရင် ကျွန်တော်တို့ကို မြွတ်ကြားပေးပါရန် ဆရာတော် ဦးကောဝိဒကို ကျွန်တော်က လျှောက်ထားဖူးပါသည်။

ဒါကြောင့် မြရတနာမှ ချို့တဲ့သော အလှူခံ ပုဂ္ဂိုလ်များက ကိုရင်ဝတ်ရန် အလှူခံလာသော အခါမှာ မထင်မှတ်ပဲ မြန်မြန်ဆန်ဆန် ဖြစ်မြောက်ခဲ့ပါတော့သည်။ ဒါကြောင့် ကျွန်တော်လည်း သိသိချင်း ပို့စ်လည်း တင်ကာ နိုင်ငံ အရပ်ရပ်မှ အလှူရှင်များကို ဖိတ်ခေါ်ခဲ့ပါသည်။ ထို့အတူ မူလ အစီအစဉ်အတိုင်း ကျွန်တော်တို့ ခင်မင်နေသော မောင်နှမများကလည်း မူလအတိုင်း ဆရာတော် ဦးကောဝိဒ နဲ့ ဆက်သွယ် လှူဒါန် ခဲ့ပါသည်။ ဆရာတော် ဦးကောဝိဒကို တိုက်ရိုက် ဆက်သွယ် လှူဒါန်းလိုသူများကတော့ အောက်ပါ အတိုင်း တခြားသော မည်သည့် အကြောင်းကိစ္စ မဆို ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

ဦးကောဝိဒ
၉/ပဥလ ( သ ) ၀၀၀၅၂၆
Current Account D - 1 (ဦးကောဝိဒ)
မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်၊ စစ်ကိုင်းမြို့။
Ph : 092110202
Email - kovida9@gmail.com

ဟိုအရင် တစ်ခါကတော့ ဘယ်သူ့ကိုမှ မပြောဖြစ်လိုက်ဘဲ မြရတနာသို့ သွားရာလမ်းမကြီး မြေဖို့ရန် ကားအစီး ( ၅၀ ) စာ လိုနေခဲ့ပါသည်။ ဒါကို ဆရာတော်က မာတီမှာ ပို့စ်တင်တော့ ကျွန်တော်လည်း ဘယ်သူနဲ့မှ မတိုင်ပင် ဖြစ်ပဲ ခြေမြန် လက်မြန် ကားအစီး ( ၅၀ ) လုံး လှူလိုက်ပါသည်။ ဒါကို လှူပြီးတော့မှ နောက်ဘာပဲ လှူလှူ သူတို့ကိုလည်း အသိပေးပါ ဆိုပြီး ပြောထားဖူးသော သူငယ်ချင်း ဖြိုးသီရိ ၊ ညီမ နိုးနိုးမောင် တို့ကိုလည်း အခု တစ်ခါတော့ အသိပေး ဖြစ်ခဲ့ပါသည်။ သူတို့ နှစ်ယောက်ကတော့ ဘယ်နေရာက ဘာအလှူပဲ ဖြစ်ဖြစ် အမြဲတမ်း ပါဝင်နေသူများပဲ ဖြစ်ပါသည်။




မြရတနာ လမ်းမ ပုံရိပ် တချို့

















အခု ကျွန်တော်တို့ သူငယ်ချင်း မောင်နှမများ စုပေါင်းပြီး အလှူငွေ ကောက်ခံ လှူဒါန်းရာမှာ ကျွန်တော်ကလည်း ဆရာတော် ဦးကောဝိဒကို တိုက်ရိုက် ဆက်သွယ် လှူဒါန်းနိုင်ပါသည် ဟု ဆိုကာ ကြော်ငြာခဲ့ပါသည်။ ဒါကြောင့် ကျွန်တော် တင်သော ပို့စ်ကို ဖတ်ပြီး ကျွန်တော် အမည် မသိသော မလေးရှားမှာ အလှူရှင် တစ်ယောက်က အလှူငွေ - ၅၉၅၁၀ ကျပ် ကို ဆရာတော် ဦးကောဝိဒမှ တိုက်ရိုက် အလှူခံ ရရှိပါသည်။ ထို အလှူရှင်ကို ကျွန်တော် မသိပါ။ ထိုအလှူရှင် အပါအဝင် အလှူငွေ ပါဝင်လှူဒါန်း သူများမှာ အောက်ပါ အတိုင်း စာရင်းပြုစုမိပါသည်။

အမည်မသိ မလေးရှားမှ အလှူရှင် -    ၅၉,၅၁၉ ကျပ်
နိုးနိုးမောင်                              -  ၁၅၀,၀၀၀ ကျပ်
နိုင်နိုင် ( နော်ဝေး )                   -  ၁၀၀, ၀၀၀ ကျပ်
နန်းထွေးစန္ဒာလွင် ( စင်ကာပူ )    -    ၅၀,၀၀၀ ကျပ်
ဖြိုးသီရိ                                 -    ၂၀,၀၀၀ ကျပ်
ကိုဇော်                                 -    ၅၀,၀၀၀ ကျပ်
------------------------------------------------------------
စုစုပေါင်း                               -    ၄၂၉၅၁၉  ကျပ်

( ဤ အလှူငွေ နှင့်ပတ်သတ်၍ မှားယွင်း လွဲချော်မှု တစ်စုံ တစ်ရာ ရှိပါက ကျွန်တော်၏ အမှားသာ ဖြစ်ပါသည်။ )

ကို လက်ခံ ရရှိသည်ဟု သိရပါသည်။ ထိုငွေများ ဖြင့် ကိုရင် ( ၅ ) ပါး ၊ သီလရှင်  ( ၁ ) ပါးကို တရားဘောင်သို့ သွတ်သွင်းရန် ဆရာတော်မှ အကြံပေးပါသည်။ ထိုအလှူပွဲသို့ ဆရာတော် ဦးဇဝန  မေတ္တာရှင် ( ရွှေပြည်သာ ) ဆရာတော် နှင့် မြစင်္ကြာ ဆရာတော်ကြီး တစ်ပါး ကြွရောက်ကာ တရားတော် ချီးမြင့်မယ် လို့ သိရပါသည်။

ကျွန်တော်တို့ အလှူရှင်တွေနဲ့ အလှူခံ ပုဂ္ဂိုလ်တွေ တိုက်ရိုက် ထိတွေ့ခွင့် ရအောင် ဆရာတော် ဦးကောဝိဒမှ ဖုန်းဖြင့် အောက်ပါ အတိုင်း စီစဉ်ပေးပါသည်။ တကယ်ကို ရင်ထဲမှာ ဖော်မပြ တတ်လောက်အောင် ဝမ်းသာမိသည်။ သူတို့ ဆရာတော်က ဖုန်းပြောရမယ် ဆိုလို့သာ ပြောကြရတယ် ဖုန်းတောင်မှ သေချာ မပြောတတ်။ ဖုန်းထဲမှာ ကျွန်တော် ထင်နေသော ကိုယ်ဟန်မျိုး သူတို့မှာ ရှိနေသည်။ တစ်ခွန်းမေး တစ်ခွန်းဖြေဖြင့် ထစ်ငေါ့နေကြသည်။ မည်သို့ပင် ဖြစ်စေ ပီတိ စစ်စစ်တော့ ဖြစ်ခဲ့ပါသည်။



ဤသို့ ဤနှယ် သူတို့ ပြောကြသည်။












ကိုရင်  ( ၅ ) ပါး ၊ သီလရှင် ( ၁ ) ပါး ကို စ၍ အောက်ပါ အတိုင်း ဆံချကာ ဆရာတော်ကြီးများက သင်္ကန်းစည်း ပေးကြပါသည်။ ဆံချ ၊ သင်္ကန်းတောင်း ၊ သင်္ကန်းစည်းကာ တရားဟောကြားပါသည်။ ထိုပုံများကတော့ အောက်ပါ အတိုင်း ဖြစ်ပါသည်။


ဤသို့ သင်္ကန်း စည်းခဲ့ကြသည်။
























































ထို့နောက် တစ်ရွာလုံးကို ဆရာတော် ဦးကောဝိဒ၏ အစီအစဉ် အရ မုန့်ဟင်းခါး ကျွေးဖြစ်ခဲ့ပါသည်။ ကျွန်တော်နှင့်အတူ ယခုစာဖတ်သူများကိုလည်း မျှဝေ ပီတိ ဖြစ်စေချင်ပါသည်။ လာရောက် အလှူခံကာ စားသုံးသူများရဲ့ ပုံရိပ်တွေကို ကြည့်ကြည့်ပါ။ ပကာသန ဆိုတာ လုံးဝမပါသော အလှူခံ ပုဂ္ဂိုလ်များသာ ဖြစ်ပါသည်။ ဆရာတော် ဦးဇဝန မြွတ်ကြားခဲ့ဖူးသော တရားထဲကလို ပြောရရင် ဒါဟာ  “ ပါရမီထိုက်သော ဒါန ” တစ်ခုကို ပြုခဲ့မိတာပါပဲ။

ထိုတရားတော်ကို ကျွန်တော် အလွန် နှစ်သက်ပါသည်။ လိုချင်သူများ အတွက် ကျွန်တော် ကိုယ်တိုင် MP3 လုပ်ပြီး တင်ပေးထားတာ ရှိပါသည်။ ဤနေရာ တွင် ယူပါ။



ဤသို့ မုန့်ဟင်းခါး ကျွေးကာ ဒါနပြုခဲ့သည်။
































မပြုခင် နဲ့ ပြုပြီး ၊ မဖြစ်ခင် နဲ့ ဖြစ်ပြီး ဆိုသော ထိုအရာ နှစ်ခုကို ကျွန်တော် ယခုကဲ့သို ယှဉ်ကြည့်မိခဲ့ပါသည်။ ထိုအရာမှာ ကိုရင် ၊ သီလရှင် မဝတ်မှီနဲ့ ဝတ်ပြီး ဓါတ်ပုံများပါပဲ။



ဤသို့ ယှဉ်ကြည့်မိပါသည်။
























ရှင်ပြု အလှူလေး အောင်မြင်စွာ ကျင်းပနေတုန်း မထင်မှတ်ပဲ စိတ်မကောင်းစရာ တစ်ခု ကြုံခဲ့ရပါသည်။ သူများတွေ ကိုရင် ဝတ်တာကို ကြည့်ပြီး သူလည်း ကိုရင်ဝတ်ချင်လို့ ဆိုကာ ငိုယိုနေသော ကလေးတစ်ယောက်ပါ။ မိဘတွေက အဝေးမှာ ဖြစ်ပြီး အခုလောလောဆယ်တော့ ဦးလေးနဲ့ နေပါသည်။ ဆရာတော် ဦးကောဝိဒကို မလျှောက်ရဲလို့ ဆိုကာ တဆင့်စကားနဲ့ နောက်မှ ဆရာတော့်ဆီကို ရောက်ခဲ့ပါသည်။ ဒီနေ့ အဖို့တော့ ကိုရင်အတွက် အဆင်မပြေတော့ပြီ။ ဒါကြောင့် သူ့ကို မနက်ဖြန် ( ၂၄.၈.၂၀၁၀ ) မှာ ထပ်ပြီးတော့ ကိုရင် ဝတ်ပေးမယ်လို့ ကျွန်တော်တို့ တစ်ခါတည်းပဲ ဆုံးဖြတ် လိုက်ပါသည်။ သူ့ရဲ့ သူများတွေ ကိုရင်ဝတ်တာကို အားကျကာ မျက်ရည်စိုရွဲနေသော မှတ်တမ်းတင် ဓါတ်ပုံလေးပါ။






ယနေ့ ယခု ကျင်းပသော ရှင်ပြု အလှူလေးကတော့ အောင်မြင်စွာ ပြီးမြောက်သွားပါပြီ။ ဒီအလှူလေးကို အကျဉ်းချုံးအားဖြင့် ပြန်လည်ကာ ဒီလို မှတ်တမ်းတင် ဖော်ပြပါ့မည်။

ယနေ့ ၁၃၇၂ ခု ၀ါခေါင်လဆန်း (၁၃)ရက် တနင်္လာနေ့ ၂၃.၈.၂၀၁၀ ရက်နေ့ အလှူပွဲ

နံနက်ပိုင်း စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းမှ အရုံ ဆွမ်းကပ်လှူခြင်း Dr.Nyan + မ၀ါဝါခိုင်မင်း သမီးလေး မေမြတ်နိုးခိုင်မှ အရုဏ်မုန့်ဟင်းခါးဆွမ်း သံဃာတော်များကို ကပ်လှူခဲ့ပါတယ်။ ဆွမ်းလောင်းအသင်းမှ နေ့ဆွမ်း လောင်းလှူခဲ့ပြီး မြရတနာကြွဖို့ စီစဉ်ရပါတယ်။ မေတ္တာရှင် ဆရာတော်က မိတ္တိလာကနေ ကြွလာမှာဆိုတော့ ဆရာတော်ကို စောင့်ရပါတယ်။ နံနက် ၈ နာရီမှာ ကလေးများကို ပြင်ဆင်ပြီး ရွာတွင် စီစဉ်စရာ ရှိတာများကို စီစဉ်ရင်း ၊ မြစင်္ကြာ ဆရာတော်ကိုပင့်ဖို့ စစ်ကိုင်းမြို့မှ ဇာတ်မင်းသား လှိုင်ဘွားအောင် ၏ ဖခင် ပန်တျာဦးမြကြည်မှ မော်တော်ယာဉ် စီစဉ်ပေးခဲ့ပြီး ဆရာတော်များကို နေ့ဆွမ်းကပ်ဖို့ပါ တစ်ခါတည်း စီစဉ် ပေးခဲ့ပါတယ်။ ကလေးများကို ဆံချ ကိုရင်ဝတ်ပေးပြီး ၊ ရေစက်ချ အခမ်းအနား ကျင်းပပါတယ်။ ကိုကြီး လှူဒါန်းသော ဒိုင်နမို နှင့် မလေးရှားနိုင်ငံမှ ဒါယိကာမကြီး မခင်ငြိမ်းချမ်းဦး လှူဒါန်းသော စက်ခန်းတို့အား ရေစက်ချ အမျှဝေကြပါတယ်။ ပြီးနောက် ရွာလုံးကျွတ် မုန့်ဟင်းခါး တိုက်ကျွေးခဲ့ပါတယ်။ အလှူရှင် တစ်ဦးမှ ရွာအတွင်း အိမ်ထောင်စု တစ်စုလျှင် စတီးဇလုံ တစ်လုံး လှူဒါန်းခဲ့ပါတယ်။ ”

*** အထက်ပါ စာမှာ ဆရာတော် ဦးကောဝိဒ ဆီမှ တိုက်ရိုက်ကူးယူကာ စာလုံးပေါင်းများသာ ပြင်ဆင်၍ ဖော်ပြပါသည်။ ***


ကုသိုလ် မျှဝေခြင်း . . . 

အထက်ပါ ရှင်ပြု အလှူနှင့်တကွ ကျွန်ုပ် ပြုပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို ယခု စာဖတ်သူနဲ့ တကွ ၊ ကျွန်တော့်ကို ချစ်သော ၊ ကျွန်တော့်ကို မုန်းသော ၊ ကျွန်တော့်ကို ဘယ်လိုမှ မနေသော လူများ ၊ စာဖတ်သူများ အားလုံးကို အမျှ ပေးဝေပါသည်။

ကျွန်တော့် ဘလော့မှာ သူတို့ စိတ်တိုင်း မကျတိုင်း လာရောက် ဆဲဆိုသူများ ၊ စာဖတ်သူများ အထင်အမြင် လွဲအောင် နည်းမျိုးစုံနဲ့ လာရောက် နှောင့်ယှက်ကာ ရေးသားသူများကိုပါ မချန်ဘဲ ကျွန်ုပ် မေတ္တာ ပို့ပါသည်။ ဒီလောက်နဲ့ ကျွန်တော့် စိတ်ဓါတ်ကို ရိုက်ချိုးလို့ မရသေးပါဘူး။ ထိုသူများကိုပါ ကျွန်ုပ်ပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို အမျှ ပေးဝေပါသည်။

*** အားလုံး ကြားကြသမျှ . . . အမျှ . . .အမျှ. . . . အမျှ . . ယူတော် မူကြပါကုန်လော့။ ***



နောက်ဆက်တွဲ . . .

ပို့စ်လေးလည်း အဆုံးသတ်ပြီး အမျှတောင်မှ ဝေပြီးတော့မှ ကျွန်တော် စိတ်ကူးလေး တစ်ခု ရမိပြန်ပါသည်။ ထိုအရာကား တခြားတော့ မဟုတ်ပါ။ အခုဆိုရင် ကိုရီး { ကိုကြီး } မှ ဦးဆောင်ကာ လှူဒါန်းထားသော ဒိုင်နမိုကြောင့် မီးတော့ ကောင်းစွာ လင်းပြီး စာဖတ်၍ ရကာ အဆင်ပြေနေပါပြီ။ သို့သော် ကျွန်တော်ရဲ့ မြန်မြန်ဆန်ဆန် အလှူခံကာ လှူလိုက်ရသော အလှူကြောင့် ယခု ရှင်ပြု အလှူပွဲမှာ မလှူလိုက်ရသော အလှူရှင်များက မြရတနာ ဆိုသော ရွာလေး အမြဲတမ်း မီးလင်းနေစေဖို့ လည်ပတ် မောင်းနှင်ရသော မီးစက်အင်ဂျင် အတွက် ဆီသော်လည်းကောင်း ၊ တခြားသော ထောက်ပံ့ပစ္စည်းများကိုသော်လည်းကောင်း စေတနာရှိသလို ဆရာတော် ဦးကောဝိဒ နဲ့ တိုက်ရိုက် ဆက်သွယ်ကာ ဆက်လက် ပါဝင်  လှူဒါန်းနိုင်ကြပါတယ် ခင်ဗျား။


လေးစားစွာဖြင့်
ကိုဇော်
.

Share/Bookmark