မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 March 2011

16 ဗျူး ( Tag )


         ဗျူး ဆိုတာ အင်တာဗျူး ကို အတိုကောက် ချစ်စနိုးနဲ့ ခေါ်တာပါ။ ဒါဆို အင်တာဗျူး ဆိုတာကရော ဘာလဲ။ အင်တာဗျူး ဆိုတာ Interview ကို မြန်မာမှု မပြုဘဲ မိမွေးတိုင်း ၊ ဖမွေးတိုင်း ယူသုံးစွဲတာပေါ့။ တကယ်လို့ Interview ကို မြန်မာမှု ပြုဖြစ်ခဲ့မယ် ဆိုရင် ဘယ်လို အဓိပ္ပါယ် ဖြစ်လာလိမ့်လေမလဲ။

        တွဲလျက် ဖွင့်ဆိုရင်တော့ “ Interview  - n - တွေ့ဆုံမေးမြန်းခြင်း။ - vt - တွေ့ဆုံမေးမြန်းသည်။ ” လို့ အင်္ဂလိပ် - မြန်မာ အဘိဓါတ်က ဖွင့်ဆိုပါတယ်။ Interview = Inter + View လို့ နည်းနည်း ခွဲပြီး ဖွင့်ဆိုကြည့်လိုက်မယ် ဆိုရင် - အတွင်းစိတ်ကို ရှု့မြင်ခြင်း လို့ ဖွင့်ဆိုရင် သဘောတူပါ့မလား ကျွန်တော် သေချာ မပြောနိုင်ပါဘူး။

       ဒါဆို လူတစ်ယောက်ကို အင်တာဗျူး လုပ်တယ် ဆိုရင် လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို ရှု့မြင်အောင် တွေ့ဆုံ အကဲဖြတ်တာလို့ အနီးစပ်ဆုံး ပြောပါရစေ။ လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို မြင်အောင် ရှု့မြင်ဖို့ ဆိုတာ သူ့ရဲ့ ပြင်ပ မျက်မြင် အနေအခြေကို အကဲ အရင် ဖြတ်တတ်ဖို့ လိုမယ် လို့ ထင်မိတယ်။ မဟုတ်ရင်တော့ “ ဖြန်း . . .ဖြန်း . . ” ဆိုတာ ကြားလိုက်ရပြီး “ နင် သွားလိုက်တော့ . . နင် သွားလိုက်တော့ ” ဆိုတဲ့ အသံတွေ ကြားလာရတာ တကယ်တော့ မထူးဆန်းလှပါဘူး။

       ဒီတော့ ကျွန်တော့်ရဲ့ အင်တာဗျူးကို မရေးခင် ကျွန်တော့်ရဲ့ မျက်မြင် ရုပ်ပိုင်းဆိုင်ရာ နဲ့ အပေါ်ယံ စိတ်အခြေခံကို နည်းနည်းတော့ ပြောပြထားချင်ပါတယ်။ 



        လွန်ခဲ့တဲ့ ၇ လလောက်က ကျွန်တော့်ဆီကို မေးလ်ပို့ပြီး ဒီလို ဆက်သွယ်လာဖူးပါတယ်။

မြန်မာချစ်သူ mmlover-5 အစီစဉ်ကနေ ကိုဇော့် အကြောင်း ကိုယ်ရေး အနည်းငယ်နှင့် အချစ် အကြောင်းလေး အင်တာဗျူးလုပ်ချင်လို့ ၊ ကိုဇော် လက်ခံနိုင်မယ်ဆိုရင်ပေါ့။
            
                                         ခင်မင်လေးစားစွာဖြင့်
                                         mmlover-admin

           ကျွန်တော်လည်း မေးလ်ပြန်ကာ အချိန်အားတဲ့ တစ်နေ့ ဟု ဆိုကာ ကျွန်တော် အကြောင်းပြန် လိုက်ပါတယ်။ ဒါပေမဲ့  ညီငယ် တစ်ယောက် ပြောလာတော့မှ ထိုဆိုက်က သူတို့ရဲ့ မျက်နှာစာမှာကို ဘယ်နေ့မှာ ဘလော့ဂါ ကိုဇော်နဲ့ အင်တာဗျူးပါမယ် ဆိုပြီး တင်ထားတယ် လို့ ပြန်ကြားရပါတော့တယ်။ ကျွန်တော့် သိလိုက်ရတဲ့ အချိန်မှာ အားနာစရာတွေတော့ ဖြစ်ကုန်ပါပြီ။

              တကယ်တော့ ကျွန်တော်က သူငယ်ချင်းတွေနဲ့ ဝေးလေလေ ပျော်ပျော်ရွှင်ရွှင် နေတတ်ပေမဲ့ ဟိုနေရာပါ ၊ ဒီနေရာပါ မနေတတ်ပြန်ဘူး။ ကျောင်းမှာ ဆိုရင် ကြက်ခြေနီ အသင်း ၊ ကရာတေး အသင်း ၊ ဂျူဒို အသင်း ၊ ရေကူးအသင်း အစ ရှိသဖြင့် ဘယ်အသင်းကိုမှ မဝင်ခဲ့ပါ။ နောက်ဆုံး တစ်ကျောင်းလုံး မဝင် မနေရ ဆိုသော “ ဟိုအသင်း ” ကိုတောင်မှ မျိုးစုံ ရှောင်ရင်း ၈ တန်းကျောင်းသား ဘဝမှ ၁၀ တန်းကျောင်းသား ဘဝအထိ မဝင်ခဲ့ပါဘူး။ တစ်ကျောင်းလုံးမှာ တစ်ယောက်တည်း ကျန်တဲ့ အထိပေါ့။

            နောက်ဆုံးမှာ ဒီအသင်းကို မဝင်ရင် ကျောင်းထွက်ရမယ် ဆိုပြီး အသစ် ရောက်လာတဲ့ ကျောင်းအုပ်ဆရာကြီးက ပြောတဲ့ အချိန်မှာ ကျွန်တော်က ကျောင်းထွက်ပြီး ၁၀ တန်း အပြင်ဖြေခဲ့သူပါ။ ဘာရယ်ကြောင့်မှ မဟုတ်ပါဘူး။ အဓိက ကတော့ ကျွန်တော်က ဟိုနေရာ ၊ ဒီနေရာ အဲဒီလိုတွေမှာ မပါဝင်တတ်တာလေးပါပဲ။ ဒါကြောင့် အခု ဆိုရင် ထိုအသင်းကို မဝင်ထားမိလေတော့ အခု ကျွန်တော် ပါတီ နိုင်ငံရေး ” လုံးဝ ကင်းရှင်းတယ် လို့ ဆိုနိုင်တာပေါ့ဗျာ။ အခုတော့ ထိုအသင်းက နိုင်ငံရေးထဲမှာ ပါဝင်နေပြီလေ။ ထားပါတော့ . . . ။

            ဒါကြောင့် ဘလော့ ရပ်ဝန်းမှာလည်း ဘလော့ အကယ်ဒမီ ရွေးခြယ်ပွဲ တို့ ၊ ဘလော့ ဘာညာတွေ ဆိုရင် ကျွန်တော့် နာမည် မပါအောင် ရှောင်ရှားခဲ့တာပါ။ ဘာမှ မဖြစ်ဘူး ဆိုပေမဲ့ အဲဒီလိုကြီး ကျွန်တော်ကိုယ်တိုင်က မနေတတ်တာပါ။ ကျွန်တော်က ဘဝကို အေးဆေး ရိုးရှင်းစွာပဲ ဖြတ်သန်းချင်သူ တစ်ယောက်ပါ။ သူများတွေ အောင်မြင်မှု အတွက် ပြုံးပြီး လက်ခုပ် တီးပေးနိုင်သလို ၊ ကြိုးစားချင်သူတွေကိုလည်း ဖေးမ လက်တွဲ ခေါ်ပေးချင်ယုံမျှပဲ ရှိပါတယ်။ ငါက ဘယ်လို ဆိုပြီး မဖြစ်ချင်တာတော့ အမှန်ပါ။ ဒါက ကျွန်တော့်ရဲ့ စိတ်ဓါတ် အရင်းကို ပြောတာပါ။

           ဒီတော့ အထက်က  mmlover-admin ဆိုတာကိုလည်း ထိုအချိန်ကတည်းက တောင်းပန် စကား ဆိုချင်နေတာပါ။ အခုမှ ဒီပို့စ်နဲ့ ရောပြီး တောင်းပန် လိုက်ပါရစေ။ ကျွန်တော်က ကိန်းကြီး ခမ်းကြီးပြီး ဟိုဟာကြယ်ကာ အင်တာဗျူး မခံခဲ့တာ မဟုတ်ရရိုး အမှန်ပါ။ ကျွန်တော့်ရဲ့ စိတ်ရင်းကိုက အဲဒီလိုတွေ လူသိတွေများ ၊ ဟိုးလေး တကျော်ကျော် မလုပ်ချင်ခဲ့တာပါ။ ဘဝကို ရိုးရိုးရှင်းရှင်း နဲ့ တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်းချင်သူပါ။ ကိုယ် မြင်တာ ၊ တွေ့တာ ၊ စဉ်းစားမိတာလေးကိုသာ ဘဝရဲ့ တကွေ့ ခဏတာ တွေ့ရတဲ့ အချိန်လေးမှာ ကိုယ့်ရဲ့ နေရာက အမြင်လေးကို ချပြချင်ခဲ့ယုံပါပဲ။

            အင်တာဗျူး ဆိုသော အရာ နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရရင်လည်း ကျွန်တော့်က ကိုယ့်ရဲ့ ရင်ထဲက ခံစားချက် အတိုင်း ဖွင့်ဆိုမှာ ဆိုတော့ သူများ ရင်ဘတ်ကို ထိမိမှာ မဟုတ်ပါ။ ဒါမှမဟုတ် သူများ ရင်ကို ဆောင့်ကန် သလိုလည်း ဖြစ်သွားနိုင်ပါသေးတယ်။ ဒါပေမဲ့ လူကြိုက်များအောင် ဆိုပြီး ကိုယ့်ရင်ထဲမှာ ရှိနေတာကို လိမ်လည်ပြီးလည်း မပြောချင်ပါဘူး။ ဒါကြောင့် မပြောတာက ပိုကောင်းမယ် လို့ ထင်မိတာပါပဲ။

            တကယ်လို့  . . . .မလွဲသာ မရှောင်သာ အင်တာဗျူး ဆိုသော အတွင်းစိတ်ကို ရှု့မြင် ခံရကာ မေးမြန်းခံရမယ် ဆိုပါစို့။ ကျွန်တော့် စိတ်ထဲမှာ ရှိတဲ့ အတိုင်း ကျွန်တော် ဘယ်လိုများ ဖြေမိမလဲ မသိပါ။ သေချာတာကတော့ အောက်ပါ အတိုင်း ကျွန်တော် မလိမ် မညာ ဖြေမိမှာပါပဲ။  

မေး = Blog ဆိုတာကို ဘယ်အချိန်လောက်က သိပြီး ၊ ဘယ်လို စဖြစ်ခဲ့တာလဲဆိုတာ သိပါရစေ။

          Blog ဆိုတာကို ၂၀၀၇ စက်တင်ဘာ လက စပြီး သိခဲ့တာပါ။ ဘယ်လို စဖြစ်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းကိုတော့ မရှင်းပါဘူး။ ကိုယ်က စပြီး ဘလော့စရေးဖို့ ဖြစ်လာတာကို မေးတာ ဆိုရင်တော့ ကျွန်တော်က ဘာစာပဲ ဖတ်ဖတ် စာဖတ်ရင် စာရေးသူ နေရာက ဝင်ပြီး ခံစားမိပါတယ်။ ပြီးတော့ ငါသာ သူ့နေရာမှာ ဆိုရင် ဘယ်လို ရေးမိမလဲ လို့ ကိုယ့်ဖာသာ မေးမိပါတယ်။ ဒါနဲ့ပဲ ထိုစာရေးသူနဲ့ မတူတဲ့ ရှု့ထောင်ကနေ ကျွန်တော် စာတွေကို ချရေးမိချင်လာတာပါ။ ဒီစာတွေကို အရင်က စာရွက်ပေါ်မှာ ရေးတယ်။ နောက်တော့ ဘလော့ပေါ်မှာ ရေးတယ်။ ဒါကို ကျွန်တော် Blog စရေးဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။ ဘလော့ပေါ်မှာမှ စာစရေးတာတော့ မဟုတ်ပါဘူး။ ဘလော့ဆိုတာ မသိခင်ကတည်းက စာကတော့ ရေးနေခဲ့တာပါ။

မေး = အရင်တုန်းက ဘလော့ ရေးတာနဲ့ အခု နဲ့ ဘာတွေ ကွာခြားတယ် လို့ထင်ပါသလဲ ၊ ဘာတွေ တိုးတက် ပြောင်းလဲလာပြီး ဘာတွေ မပြောင်းလဲသေးဘူုး လို့ထင်ပါသလဲ။

         စာရေးဆရာကြီး ရန်အောင်က ပြောဖူးပါတယ်။ ( ဘလော့ဂ်ဂါ ရန်အောင် မဟုတ်ပါ။ ) ဆရာကြီးက အသက် အတော်ကြီးလာပေမဲ့ သူက မဂ္ဂဇင်း တစ်ခုမှာ ပြောတယ်။ “ ကျွန်တော် မသေချင်သေးဘူး။ အသက်ရှည်ချင်သေးတယ်။ ဘာလို့လဲ ဆိုတော့ အသက်ကြီးလာလေလေ စာရေးလို့ ပိုကောင်းလာလေလေ ၊ အချက်အလက်တွေ ပိုပြည့်စုံ လာလေလေ ။ ” လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်း ဖြစ်စရာက ဆရာကြီး ဒီလို ပြောပြီး နောက်ထပ် ၅ လလောက်ကြာတော့ ကွယ်လွန် သွားခဲ့ပါတယ်။ ဒီတော့ ဆရာကြီးလို ဆရာကတောင်မှ ပိုအသက်ကြီးလေ စာရေးရတာ ပိုကောင်းလာလေ ၊ စာရေးသက် ပိုများလာလေ ပိုကောင်း လာလေ လို့ ညွှန်းထားတဲ့ အတွက် ဒါဟာ အမှန်ပဲလို့ ကျွန်တော် ထောက်ခံ ပြောချင်ပါတယ်။ အရင် နဲ့ အခု ဆိုရင် အခုက စာရေးလို့ ပိုကောင်းလာပါတယ်။

          ဒီ့ထက် သေချာတာ ကျွန်တော် တစ်ခုတော့ ပြောချင်ပါသေးတယ်။ အခု ရေးတဲ့ စာထက် နောက်ထပ် ရေးမဲ့ စာက ပိုကောင်းမှာ သေချာပါတယ်။ ဒါက လောကရဲ့ အမှန်တရားလည်း ဖြစ်ပါတယ်။ တိုးတတ်မှု လို့လည်း ခေါ်ချင် ခေါ်နိုင်ပါတယ်။  

မေး = ဘာကြောင့် Blog ပြန်ရေးဖြစ်တာပါလဲ တော်တော်ကြာ ပျောက်သွားသေးတယ်လေ။ ( ဒီမေးခွန်းကတော့ ဒီကောင် ဆိုတဲ့ ကောင်က မောင်မျိုးကိုပဲ မေးချင်ပုံ ရပါတယ်။ ဒါပေမဲ့ မေးထားတော့လည်း ဖြေလိုက်ပါတယ်။ )

           စစ်တမ်း ကောက်လိုက်မယ် ဆိုရင် ဘလော့ရေးတယ် ဆိုတာ ဝါသနာ တစ်ခုကိုပဲ အခြေခံကာ အင်တာနက်ပေါ်မှာ ရေးနေတာ လို့ အဖြေထွက်မှာပါ။ စိတ် ၊ အချိန် ၊ ကျန်းမာရေး ၊ စားဝတ်နေရေး ၊ လှုမှုရေး ၊ အင်တာနက် ၊ ကွန်ပျူတာ အစရှိတာတွေကို မပြည့်စုံဘူး ဆိုရင်တောင်မှ သင့်တင့်နေမှ ဘလော့ ဆိုတာ ရေးဖြစ်မှာပါ။ ကျွန်တော် မရေးဖြစ်ဘူး ဆိုရင် တော်တော်ကြာ ပျောက်သွားတာတော့ မဟုတ်ပါဘူး။ အထက်က အချက်အလက်တွေထဲက တစ်ခုခု မပြည့်ဝလို့ ၊ တစ်ခုခု လိုအပ် ချို့ယွင်းနေလို့ မရေးဖြစ်ဘဲ ပျောက်နေတာ ဖြစ်မှာပါ။ စိတ်ထဲမှာတော့ ရေးနေမိပါတယ်။ ဘလော့ပေါ် တင်ဖို့ အခြေအနေ မပေးတာပါ။

မေး = အရင် ဘယ်သူ့ စာတွေဖတ်ရတာ အားကျမိသလဲ အခုကော ဘယ်လိုစာမျိုးတွေ အဖတ်များပါသလဲ။

             ဘယ်သူ့စာကို အားကျတယ် လို့ ကျွန်တော် ဖြေလိုက်ရင် ဘယ်သူ့စာတွေကတော့ အသုံးမကျဘူး ဆိုသလိုများ ဖြစ်နေမလား။ တကယ်တမ်း အမှန် အတိုင်း ဖြေရရင် ကျွန်တော် အားကျမိတဲ့ စာမျိုး ဘလော့ပေါ်မှာ မတွေ့မိသေးပါဘူး။ ဒါကြောင့် ဘလော့ရေးသူတိုင်းရဲ့ စာတွေ အားလုံးကို လေးစားစွာ နဲ့ ဖတ်ဖြစ်ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင် အတွေ့အကြုံတွေ ရှိနေတယ်လေ။ ဒါတွေကို ကိုယ်က မတွေ့မကြုံရဘဲ သူ့ရဲ့ ရင်ထဲက စကားလုံးကို ဖတ်လိုက်တာနဲ့ ကိုယ်တိုင် ဖြစ်နေသလို ခံစားနိုင်ရင် ကိုယ့်အတွက် အမြတ်ပါပဲ။ Absorbing ကောင်းဖို့တော့ လိုပါတယ်။

            ဘယ်လို စာမျိုးကို အဖတ်များလည်း ဆိုတော့ ကျွန်တော် နားလည်တဲ့ ဘာသာနဲ့ ရေးထားပြီး ကျွန်တော် ဖတ်တတ်တဲ့ စာတိုင်းကို ဖတ်ဖြစ်ပါတယ်။ မဖတ်တတ်တဲ့ စာကိုတော့ နှာဖူးကြော ရှုံ့ ၊ မျက်မှောင်ကုတ်ပြီး ဖတ်တတ်သလိုနဲ့ အချိန်ကုန်ခံ ဟန်လုပ် မနေဘူး။ ဒါကြောင့် ကျွန်တော် ဖတ်တတ်အောင် ရေးထားတဲ့ စာရေးသူတိုင်းကို လေးစားမိပါတယ်။

မေး = ဘလော့ကို လာဖတ်တဲ့သူတွေ နဲ့ မှတ်ချက် အကြောင်းလေးတွေကော ပြောပြပေးပါအုံး။

          မှတ်ချက် ဆိုတာ Comment ကို ဆိုလိုဟန် တူပါတယ်။ ဘလော့ဂ်ဂါ မောင်မိုး နဲ့ ကျွန်တော် ဒီအကြောင်း အတော် ပြောဖြစ်သေးတယ်ဗျ။ သူနဲ့ ကျွန်တော် ဆွေးနွေး ဖြစ်တဲ့ အထဲက တချို့ကို ပြန်ပြောရရင် . . . Comment နဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ ဘာခံစားချက်မှ မရှိပါဘူး။ ကျွန်တော့်ရဲ့ ရနိုင်တဲ့ အချိန် အားလပ်မှုမှာ ကျွန်တော် ရ သလို စာတွေ ရေးသွားမှာပါ။ ဒါကို Comment ဘယ်လောက် ရမှ နောက်ထပ် အသစ်တင်မှာတို့ ၊ ဘယ်သူ Comment လာမပေးရင် နောက်ထပ် အသစ် မတင်ဘူး တို့ မရှိပါဘူး။ ကိုယ် စာရေးတာကို သူများရဲ့ Comment နဲ့ ထိန်းကျောင်းခံရတာမျိုးတော့ ကျွန်တော် အဖြစ် မခံနိုင်ပါဘူး။ ကျွန်တော် ရေးခြင်း ၊ မရေးခြင်း ဆိုတာ ကျွန်တော့်ရဲ့ အားခြင်း ၊ မအားခြင်း နဲ့ပဲ သက်ဆိုင်ပါ လိမ့်မယ်။

           ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ကျွန်တော်က အစိုးရိမ် ကြီးတဲ့ လူဆိုတော့ တစ်ခါတလေ ကိုယ်ချပြချင်တာနဲ့ သူတို့ နားလည်တာ တခြား ဖြစ်နေရင် ပိုပြီး နားလည်စေချင်စိတ်နဲ့ Comment ကို Reply လုပ်ပြီး ရှင်းပြမိတယ်။ အဲဒီမှာ စေတနာတွေက ဝေဒနာ ဖြစ်ကုန်တာပါပဲ။ တချို့က ရှင်းပြမှ ပိုရှုပ်အောင် လုပ်ချင်ကြတယ်လေ။ ဒီတော့ ကိုယ့်ရဲ့ ဘလော့ အတော်ကို ညစ်ပတ်ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းတော့ ရေးထားတဲ့ စာထဲမှာပဲ အာရုံစိုက်ပြီး အရိုးရှင်းဆုံးကို အပြေပြစ်ဆုံး ဖြစ်အောင် ကျွန်တော် တင်ပြပါတယ်။ ဒါကိုတော့ ကြိုက်သလို ခံစားသွားနိုင်ပါတယ်။ ဇော်ဝင်းထွဋ် သီချင်းထဲကလို “ ရှင်းရင်း ရှင်းရင်း ရှုပ်လာ အမှိုက်များ ” ဆိုတာမျိုး မဖြစ်စေချင်တော့လို့ပါ။

မေး = ဘယ်လိုစာတွေ ရေးဖြစ်သလဲ ဘာအကြောင်းတွေ ရေးဖြစ်လဲ။

          တစ်ခွန်းတည်း တိုတို ဖြေရရင် ကျွန်တော် “ အတွေး ” တွေပဲ ရေးပါတယ်။ သူငယ်ချင်းတွေကတော့ ကျွန်တော် ရေးတာတွေက ဒဿန ဆန်တယ် လို့ ဆိုကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒဿန ဆန်ပါစေ ဆိုပြီး တစ်ခါမှ မရေးဖူးပါဘူး။ ကိုယ်က ဖလော်သမားလည်း မဟုတ်ပါဘူး။ ဘာတွေပဲ ရေးရေး အတွေးပါပြီး “ ရသ ” တစ်ခုဆီကိုပဲ ရောက်အာင် ရည်ညွှန်းပါတယ်။

မေး = အချစ် အကြောင်းတွေ ရေးဖြစ်တာက . . . .

           လောကမှာ မေတ္တာတရား ဆိုတာ မခန်းခြောက်သွားသ၍ အချစ် ဆိုတဲ့ အကြောင်းအရာကို ကျွန်တော် တိုက်ဆိုင်မှု ရှိတိုင်း ခံစားပြိး ရေးဖြစ်နေဦးမှာပါ။ သေချာတာက ကျွန်တော့်ရင်ထဲမှာ မေတ္တာတရား ကိန်းအောင်းနေပါသေးတယ်။ ဒီတော့ အချစ်ဆိုတာကလည်း ရှိနေဦှးမှာပါ။

မေး = ဘာအကြောင်း အရေးချင်ဆုံးလဲ။

           ထပ်ပြောရရင် “ အတွေး စာစု ” တွေပဲ ရေးချင်ပါတယ်။ ဒီအတွက်ပဲ အားထုတ် ရေးပါတယ်။ 

မေး= ဘလော့ရဲ့ ကောင်းကွက် ဆိုးကွက်တွေကော ဘာများရှိတယ်လို့ထင်ပါသလဲ။

          “ နေရာတိုင်းမှာ ဂီတ ရှိတယ်။ ခံစားတတ်သူ အတွက်ပေါ့ . . . ” ဆိုတဲ့ စကားလေးကို ကျွန်တော် နှစ်သက်မိပါတယ်။ ဒါကြောင့် နေရာတိုင်းမှာ ကောင်းခြင်း ၊ ဆိုးခြင်း ဆိုတာ ရှိပါတယ်။ ခံယူတတ်သူ နဲ့ပဲ သက်ဆိုင်မယ် လို့ ထင်တယ်။ စိန်အဆိပ်မှာတောင်မှ အသုံးဝင်တဲ့ ကောင်းကွက်တွေ ရှိနေသေးတာပဲလေ။

မေး= သူငယ်ချင်းတွေကို ဘာများပြောချင်ပါသေးလဲ။ 

          သူငယ်ချင်း ဆိုတာ ဘလော့ဂါ သူငယ်ချင်းတွေကို ပြောတာလား ၊ စာဖတ်သူ သူငယ်ချင်းတွေကို ပြောတာလား ကျွန်တော် မရှင်းဘူး။ ဒါကြောင့် ဘလော့ဂါ သူငယ်ချင်းတွေကိုရော ၊ စာဖတ်သူ သူငယ်ချင်းတွေကိုပါ အားလုံးကို ခြုံပြောရမယ် ဆိုရင် . . . .“ ပြောမှ သိ ၊ ထိမှ နာ ၊ သာမှ နေ ၊ စေမှ သွား ၊ ခိုင်းမှ လုပ် . . . . ” ဆိုတာ အောက်ခြေက လူတန်းစားတွေ အတွက် လို့ ဖတ်ခဲ့ရဖူးတဲ့ အတွက် ဘယ်သူ့ကိုမှ ဘာမှ မပြောချင်ပါဘူး။ မပြောဘဲနဲ့ သိစေချင်တာပါပဲ။ 

*** မောင်မျိုးရဲ့ တဂ် ပို့စ်ပါ။ ***

လေးစားစွာဖြင့်
ကိုဇော်
30.3.2011


Share/Bookmark

29 March 2011

16 မိုးခါးရေ ရဲ့ အရသာ



  ငယ်ငယ်က ကျွန်တော့်ရဲ့ နွားကျောင်းသား အတွေ့အကြုံလေးကို ပြောပြချင် ပါသေးတယ်။ နွားကျောင်းသားချင်း တူရင်တောင်မှ ကျွန်တော်က အတော်ကို ကပ်သီးကပ်သပ် နိုင်တဲ့ နွားကျောင်းသားပဲ ဖြစ်မယ် ထင်တယ်။ ဒါကလည်း ဒီလိုပဲ ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်ဟာ Clumsy တစ်ယောက်ပါ။ မြန်မာလို ထင်သာ မြင်သာအောင် ပြောရမယ် ဆိုရင် ကျွန်တော်ဟာ “ အာလူး ” တစ်လုံးနဲ့ အလားသဏ္ဌာန် တူပါလိမ့်မယ်။

          နွားကျောင်းသား ဘဝမှာ မှတ်မှတ်ရရ ရှိခဲ့တဲ့ အဖြစ်အပျက် ပေါင်းများစွာကနေ တစ်ခုကို ဥပမာ အနေနဲ့ ထုတ်ပြချင်တယ်။

         “ အုန်းခွံရောင် အသွေးအစုံနဲ့ ပြေးပုံမှာ လေအလျင်သို့ ၊ ကြံ့အင်စုံ ခွာအချမှာက ၊ တစ်ချက်မှာ ဗိုလ်ပါ ရှစ်သောင်း ၊ ခပ်ကျော့ကျော့မော့မော့ လည်ဝင့်ကာ ထ၍များ ပတပ်ရပ်ပုံက တိမ်ညွှန့်ပင် မှီကိုက်ဝါးတော့ မလိုလို . . . . . ”

         ဆိုသော စာလေးပါ။ စာလေးက တစ်ကြောင်းတည်း ၊ မြန်မာလို ရေးထားတာ ဆိုပေမဲ့ ကျွန်တော့် အတွက်တော့ နားမလည်သော ဘာသာစကား တစ်ခုလိုပါပဲ။ ကလေးတစ်ယောက် အတွက် ဒီလို ကယုကယင် နဲ့ ဖွဲ့နွဲ့သုံးစွဲထားသော စကားလုံးတွေက နားလည်မှုကို ရှုပ်ထွေးစေတာ အမှန်ပါ။

          ဒီတော့ ဘာဖြစ်လဲ။ ဒီတော့ ကျွန်တော် နွားကျောင်းသား ဖြစ်တော့တာပါပဲ။ “ အမေး နွားကျောင်းသား ၊ အဖြေ ဘုရားလောင်း ” လို့ ဆိုကြတယ် မဟုတ်လား။ ကျွန်တော်မှာ မေးရပြီ။ ဒီလို ငယ်စဉ်ကတော့ နွားကျောင်းသား ကျွန်တော့် အတွက် အကောင်းဆုံးနဲ့ အနီးဆုံး ဘုရားလောင်းလို အဖြေ ပေးမဲ့ လူက ကျွန်တော့် အဖေပါပဲ။ အဲ . . . ရှေးစကားနဲ့ ဆိုရင် “ ဖခမည်းတော် ” ပေါ့လေ။

          အဓိပ္ပါယ် နားမလည်သော လူတစ်ယောက်ရဲ့ ပုံစံ အတိုင်း တောင်ကုတ် ၊ မြောက်ကုတ် ၊ တင်ကုတ် ၊ ခေါင်းကုတ် နဲ့ နားမလည်သော စကားလုံးတိုင်း ဖခမည်းတော်ကို ပရိုမိုးရှင်းမြှင့်ကာ မြှင့်ကာ ဘုရားလောင်း လုပ်ခိုင်းလေ့ ရှိပါတယ်။

          “ ဖေဖေ . . . ဒီမှာ ရေးထားတာတွေက ဘာတွေလဲ။ ဘာလဲ . . . အုန်းခွံရောင် ၊ ဘယ်လိုလဲ လေအလျင်လဲ ၊ ဘာကြောင့် ခွာချတာလဲ ၊ ပတပ်ရပ်တော့ ဘာလို့ တိမ်ညွှန်ကို ဝါးရအောင် တိမ်ညွှန့် ဆိုတာ ဘာလဲ။ ”

         အစုံပေါ့လေ။ ဒီအချိန်မှာ မေးစရာ ဖေဖေ သာ အနားမှာ မရှိရင် ကျွန်တော်လည်း ဆက်ပြီး ဟိုကုတ် ၊ ဒီကုတ် ကုတ်ဖြစ်နေဥိးမယ် ထင်တယ်။ အခုတော့ ကျွန်တော့်ရဲ့ ကုတ်ခြင်းကို ဖေဖေက သူ့ခေါင်းကို ကုတ်ခြင်း အဖြစ် ပြောင်းလဲ တာဝန်ယူပါတယ်။

         တစ်ခုတော့ ထူးခြားတာက ကျွန်တော် ကံကောင်းခဲ့ပါတယ်။ သူများ မိဘတွေလို အလုပ်ရှုပ်နေတယ် ၊ ဘာညာ ဆိုပြီး အော်ဟစ် ဆူပူတတ်တဲ့ ဖခမည်းတော် ထဲမှာ ကျွန်တော့်ရဲ့ ခမည်းတော် မပါတာ ကံကောင်းပါတယ်။ ဖေဖေကတော့ သူအားတဲ့ အချိန်မှာ “ ကျွန်တော် ကောင်းဘွိုင် ၊ ကောင်းဘွိုင် ကျွန်တော် ” နားမလည် လည်တဲ့ အထိ တခြားသော ဥပမာတွေနဲ့ အစားထိုး ရှင်းပြပါတယ်။

         အခုလည်း ဒီလိုပါပဲ။

         “ ဒီလိုသားရဲ့။ အုန်းခွံရောင် ဆိုတာ အုန်းသီးရဲ့ အရောင်ကို ပြောတာလေ။ ”

        “ အုန်းသီးရဲ့ အရောင်လို့မှ မရေးထားဘဲ။ သူက အုန်းခွံရောင် ဆိုတော့ အုန်းမှုတ်ခွက်ရဲ့ အရောင်လား ၊ အုန်းသီး အလုံးကြီးရဲ့ အရောင်လား ကွဲမှ မကွဲတာ။ ”

          “ ဟုတ်တယ် ၊ မကွဲတာတော့ ဟုတ်တယ်။ ဒါပေမဲ့ သူ ဆိုလိုတာ အုန်းသီးရဲ့ နဂို မူလ အရောင်ကို ဆိုလိုတာ . . . ”

          “ ဒါဆို ဒီမြင်းရဲ့ အရောင်က အစိမ်းရောင်ကြီးပေါ့။ ”

          “ ဟင် . . . အဲ . . .”

          ဟုတ်တယ်လေ။ အုန်းသီးဆိုပြီး ဈေးထဲ သွားဝယ်ရင် နတ်အုန်းလုပ်ဖို့ ချိတ်ထားတဲ့ အုန်းသီး စိမ်းစိမ်းတွေကိုချည်းပဲ တွေ့ရတာလေ။ အုန်းသီး ရင့်ပြီ ဆိုရင်တော့ သူတို့က အုန်းသီးကို ခြစ်ဖို့ အုန်းသီးရဲ့ အပြင်ခွံကို အသင့် ခွာထားတတ်ကြတယ် မဟုတ်လား။ ကျွန်တော် မကုတ်ရတော့တဲ့ ခေါင်းကို ဖေဖေကပဲ ထပ်ပြီး သူ့ဖာသာ ကုတ်ပါတယ်။

           “ အဲဒီလို မဟုတ်ဘူးလေ။ သူ ဆိုလိုချင်တဲ့ မြင်းရဲ့ အရောင်က အုန်းသီး တစ်လုံး ခြောက်သွေ့ပြီးမှ ဖြစ်လာတဲ့ အရောင် ၊ ဒါကို အုန်းခွံရောင်လို့ ဆိုချင်တာ. . . ”

          “ ဒါဆိုလည်း အုန်းသီးခြောက် အခွံရောင် ဆိုပြီး ရေးပါလား ဖေဖေရာ ”

          “ ဒီတော့ စာရှည်တာပေါ့ သားရာ ၊ သူက တိုတိုတုတ်တုတ် ဖြစ်ချင်လို့ပေါ့။ ရှေးခေတ်က စကားတွေက ဒီလိုပဲ။ ”

           “ ဒါပေမဲ့ သူတို့က ရှင်းရှင်းလင်းလင်း မရေးထားတော့ သားရဲ့ မျက်လုံးထဲမှာတော့ အုန်းခွံရောင် မြင်းကြီး ဆိုရင် မြင်းစိမ်းကြီးပဲ ပေါ်နေတော့တာပဲ။ ”

           “ အေးပေါ့။ ဒါပေမဲ့ အခုတော့ မပေါ်နဲ့တော့။ အခုတော့ မှတ်ထားလိုက်တော့ အုန်းခွံရောင် ဆိုတာ အုန်းသီးခြောက်ရဲ့ အခွံအရောင် . . . . ”

           “ ဒါဆို နောက်တစ်ခုက ဒီမြင်းက ဘာလို့ ကျော့ကျော့မော့မော့ ဆိုပြီး ဖြစ်နေရတာလဲ။ သူက မိတ်ကပ်လိမ်း အလှပြင်ထားလို့လား။ ”

           “ ဟေ . . . ဘယ်နှယ့် . .  ”

          နွားကျောင်းသား ဆိုတာကတော့ နွားကျောင်းသား အတိုင်းပဲ သူ့ဖာသာသူ မေးချင်သလို မေးပိုင်ခွင့် ရှိပါတယ်။ တစ်ခုတော့ တစ်ခုပဲ။ ဖြေရတဲ့ လူကတော့ အတော် ကျဉ်းကျပ်စေမှာ သေချာတယ်။ နွားကျောင်းသားတွေရဲ့ဥာဏ်က တထွာ ၊ တမိုက်နဲ့ အလင်း မတွေ့ခင် အထိ မှောင်အတိ ကျနေတတ်တာကိုး။

          “ ဒီလို မဟုတ်ဘူးလေ။ မြင်းကိုက သေချာ အသားကျအောင် လေ့ကျင့်ထားတဲ့ အတွက် ခွာချတာ ၊ ခြေလှမ်းတာက အစ ၊ ကြွကြွရွရွလေး ဖြစ်နေတယ် လို့ ဆိုချင်တာ။ ”

         “ ဒါဆိုလည်း ကြွကြွရွရွလေး လို့ မရေးဘဲ ဘာလို့ ကျော့ကျော့မော့မော့လို့ ရေးရတာလဲ။ ”

         “ ဒါကတော့ လူဆိုတာ ကိုယ်က ကြိုက်တယ် ဆိုရင် လှကြတာပဲလေ။ လှရင် ယဉ်တယ်။ ယဉ်ရင် ကျော့တယ်။ ကျော့ရင် မော့တောင်မှ ကြည့်ရတယ် လို့ ပြောချင်ပုံနဲ့ တင်စားထားတာ ဖြစ်မယ်။ ”

         “ ဒီလိုကိုး။ ဒါပေမဲ့ သူက တင်စားထားတာ ဆိုပေမဲ့ သားလို နားမလည်တဲ့ လူတွေကတော့ မိတ်ကပ်တွေ လိမ်းပြီး နှုတ်ခမ်းနီဆိုး ဒေါက်ဖိနပ် စီးပြီး လမ်းသလား နေတဲ့ မြင်းကြီးလို့ပဲ မျက်လုံးထဲ မြင်ပြန်ရော . . . ”

          “ ဟား ဟား ဟား ဖြစ်မှ ဖြစ်ရလေ . .  ”

         “ တကယ် ဖေဖေရ။ နောက်ပြီး ဘာလဲ တိမ်ညွှန့် ဆိုတာ။ တိမ်မှာ အညွှန့်ရယ်လို့ သား တစ်ခါမှ မမြင်ဖူးဘူး။ အခု ဒီစာ ဖတ်ပြီးမှ ပိုတောင်မှ ကောင်းကင်က တိမ်တွေကို မော့မော့ကြည့်မိသေးတယ်။ တိမ်မှာ အညွှန့်တွေ ထွက်နေတာ တစ်ခါမှ မမြင်ဖူးသေးဘူး။ ”

         “ ဒါကလည်း အဲဒီလို မဟုတ်ပြန်ဘူးလေ။ လူတွေမှာ ကိုယ် နှစ်သက်တာကို ဆိုရင် ဒီလိုပဲ တင်စားလေ့ ရှိတယ်။ လူဆိုတာ တစ်ခုခုဆိုရင် အထွန့်တတ် တတ်တယ် ၊ အညွှန့်ထွက် တတ်တယ် ဆိုတဲ့ သဘောပဲ။ ဒါကို ဆိုလိုချင်လို့ တိမ်တောင်မှ ရိုးရိုးတိမ် မဟုတ်ဘူး။ အပေါ်ကို အထွန့်တတ် ၊ အညွှန့်ထွက်နေတဲ့ တိမ်ညွှန့်ကို စားမဲ့ မြင်းလို့ ပြောချင်တာ။ ”

         “ သြော် . . . ဒီလိုကိုး။ ”

         ဒီတော့မှ စာလေး တစ်ကြောင်းကို ကျွန်တော် နွားကျောင်းသား နားလည်တော့တယ်။ ဒါပေမဲ့ ဒီလိုနဲ့ ပြေပြေပြစ်ပြစ် အဆင်မပြေသေးပါဘူး။ လောကမှာ မြောက်များလှစွာသော နွားတွေကို ကျွန်တော် ဆက်ပြီး ကျောင်းခဲ့ပါသေးတယ်။ ကြီးတော်ရဲ့ နွားမဟုတ်ပေမဲ့လည်း ကိုယ့်ထမင်းတော့ ကိုယ့်ဖာသာ စားရတာပါပဲ။

        နောက်ထပ် ဥပမာလေး တစ်ခု ပြောပြပါဦးမယ်။

        “ မနက် အိပ်ယာထ မကျည်းစေ့ နှစ်စေ့ခန့်စားပါ။ ”

        “ ညအိပ်ယာဝင် သံပုရာစေ့ ငါးစေ့ခန့် သောက်ပါ။ ”

        အဲဒီမှာ ကျွန်တော့် မူးလဲတော့တာပဲ။ မေမေ့ရဲ့ မီးဖိုချောင်ထဲက မကျည်းသီးမှည့် ဘူးထဲက မကျည်းစေ့တွေကိုလည်း အကုန် ရေဆေးပြီး ထုတ်ကြည့်မိပါတယ်။ တစ်လုံးနဲ့ တစ်လုံး မတူ။ သံပုရာသီးထဲက သံပုရာစေ့လေးတွေကိုလည်း ထုတ်ကြည့်ပါတယ်။ တစ်လုံးနဲ့ တစ်လုံး မညီ။

         ဒါဆို ဆေးအညွှန်း အတိုင်း ဆိုရင် ဘယ်အစေ့ နဲ့ ချိန်ပြီး သောက်ရမလဲ လို့ ကျွန်တော် အတော်ကို တွေးခဲ့ရဖူးပါတယ်။ ထုံးစံအတိုင်း ဟိုကုတ် ၊ ဒီကုတ် နဲ့ပဲပေါ့။ ဒီချိန်မှာ ကုတ်ရတာက အတော်ကို အရသာ ရှိပါတယ်။ မသိရင် အတွေးအခေါ် ပညာရှိကြီး လိုလိုနဲ့ပေါ့။ တကယ်တော့ ကောင်းဘွိုင် မျှသာ ဖြစ်ပါတယ်။ နောက်တော့ . . .

         “ အဲဒီလို အတိအကျကြီး မဟုတ်ဘူးလေ သားရယ်။ ထို မကျည်းစေ့ ခန့် ၊ သံပုရာစေ့ ခန့် ဆိုပြီးတော့ ခန့်မှန်းခြေကိုပဲ ပြောထားတာပါ။ အတိအကျကြီးရယ်လို့ မဆိုလိုပါဘူး။ ”

         လို့ ဖေဖေက ဖြေပါတယ်။ ဖေဖေ့ရဲ့ အဖြေ ဆုံးတော့ အဲဒီအချိန်က စပြီး ကျွန်တော် ရှေးခေတ်လူတွေရဲ့ ခန့်မှန်းခြေ ( သို့ )  မတိကျမှုကို အတော်ကို အားကုန် စိတ်ပျက်သွားမိတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ စကားလုံးတွေကို ခွဲခြမ်းစိတ်ဖြာပြီး သူတို့ရဲ့ နောက်ကွယ်က အခြေအနေ တစ်ရပ်ကို စိတ်ကူးနဲ့ ပုံဖော်ကြည့်သူ တစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။



           ဟိုတစ်နေ့က “ မိုးခါးသောက်သူများ ” ဆိုတဲ့ ပို့စ်ကို ရေးပြီးတော့ ကျွန်တော့်ကို ပုဂ္ဂိုလ် တစ်ယောက်က ဂျီတော့ကနေ ပြောလာပါတယ်။ ကျွန်တော့်ထက် အသက်ကြီးသူမို့ အစ်ကို နဲ့ပဲ နာမ်စား သုံးမိပါတယ်။

            “ မိုးခါးသောက်သူများ ဆိုတဲ့ စာက မှားနေတယ်။ ”

           “ ဗျာ . . . . . . . . ”

           တကယ်ပါ။ ကျွန်တော် အတော် ပြာသွားပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီပို့စ်ကို ရေးကတည်းက ကားပေါ်မှာ ၊ ရထားပေါ်မှာ MRT , LRT , KTM အစရှိသော နေရာတွေမှာ အိပ်ငိုက်ရင်း ၊ အိပ်ပျော်ရင်း လိုက်ပါသူတွေကို ကျွန်တော် ထိခိုက်အောင် ရေးသလိုများ ဖြစ်နေမလားလို့ ကျွန်တော် စိုးရိမ်ထားမိလို့ပါ။

            ဒါပေမဲ့လည်း ဒီပို့စ်ရဲ့ စိတ်ကူးလေး ရလာပုံကတော့ ကိုယ့်ကိုယ်ကိုယ် ကြေးမုံ တစ်ချပ် အဖြစ် ရှု့မြင်ရင်း ရလာတဲ့ ပို့စ်ပါ။ အလုပ် ညဆိုင်း လုပ်ရတဲ့ ကျွန်တော့် အတွက် နေ့ဘက်မှာ အိပ်ရပါတယ်။ ဒါပေမဲ့ ပြောမပြနိုင်သော များပြားလှတဲ့ လူကျင့်ဝတ်တွေ အရ ၊ သာရေး ၊ နာရေး ၊ လူမှုရေး ကိစ္စတွေကို သွားရရင် ကျွန်တော် ကားပေါ်မှာ ဖြစ်ဖြစ် ၊ ရထားပေါ်မှာ ဖြစ်ဖြစ် ကျွန်တော် မျက်လုံးမှိတ်ကာ အနားယူရင်း လိုက်သွားလေ့ ရှိပါတယ်။

           တစ်ခါတလေ အိပ်ပျော်သွားမိတယ် ၊ တစ်ခါတလေတော့ မှိန်းနေရင်းနဲ့ပဲ လိုရာ ခရီးကို ရောက်သွားပါတယ်။ တစ်ခါတလေတော့လည်း မျက်စိမှိတ်ကာ မှိန်းမနေဖြစ်သော အချိန်တွေမှာ အတွေးတွေနဲ့ ဝိုးတဝါးဖြစ်မိပြီး ပတ်ဝန်းကျင်ကို မျက်လုံးကစားပြီး လေ့လာဖြစ်ရင် ကျွန်တော့်လို အိပ်ငိုက် ( သို့ ) အိပ်ပျော်ရင်း လိုက်ပါလာသူတွေကို မြင်တွေ့ရပါတယ်။ မြင်ပါများသော ယဉ်ပြီးတော့ သူတို့ကို မြင်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရင်း ကျွန်တော် စိတ်ထဲမှာ ဒီပို့စ်အတွက် အတွေးလေး ဖြစ်လာတာပါ။

            ဒါပေမဲ့ အခုတော့ ပြောတဲ့ လူက ပြောနေပါပြီ။ မှားနေတယ် တဲ့။

           “ ဗျာ . . . ဘာဖြစ်လို့များလဲဗျာ။ ပြောပြပါဦး။ ”

           “ ဒီလိုလေ . . .  မိုးခါး ဆိုတာ သောက်လို့ မရဘူးကွ။ ရေဖြစ်မှ သောက်လို့ ရတာ  . . . ၊ ဒါကြောင့် မိုးခါးရေ လို့ ရေးမှ မှန်မှာပေါ့။ ဒါကြောင့် မှားနေတယ် လို့ ပြောတာ . . .”

           “ သြော် . . . ”

            ဒီတော့မှ အတော်ကို ရင်ထဲက အပူတွေ ကျသွားမိတယ်။ ( အပူက အလုံးလား ၊  အပြားလားတော့ သေသေချာချာ မလေ့လာထားလိုက်မိဘူး။ ) အခုတော့ သူ ပြောချင်တာက တခြားကိုး။

           “ ဟုတ်တယ် မဟုတ်လား။ ဒါကြောင့် မိုးခါးရေ သောက်သူများ လို့ ပြင်ရေးလိုက်ပါ။ ”

           သူက ဒီလို ပြောတော့မှ ကျွန်တော် သူပြောချင်တဲ့ အမှား ဆိုတာကို သိတော့တယ်။ ဒီတော့ ကျွန်တော် ရှင်းပြရပါပြီ။

            “ ခဏလေး အစ်ကို ၊ ဒီလိုဗျ။ ကျွန်တော် နည်းနည်းတော့ ရှင်းပြ ပါရစေဦး။ ကျွန်တော် ဆိုလိုတဲ့ မိုးခါး ဆိုတာကို ဘယ်လိုများ သဘောပေါက်သွားလဲ မသိဘူး။ ”

            “ ဒါက အခုမှ သဘောပေါက်စရာမှ မဟုတ်တာ။ ဒီပုံပြင် ၊ ဒီအဖြစ်အပျက်က ဟိုးအရင်ကတည်းက ပုံပြင်ကြီးပဲဟာကို။ အခုမှ မင်းရေးလို့မှ ဖြစ်လာတာမှ မဟုတ်တာပဲ။ ဒါ ဖတ်ခဲ့ဖူးတာ ကြာလှပြီပဲ။ အားလုံးလည်း ဖတ်ဖူးကြမှာပဲလေ။ ”

            ဟာ . . ခနဲ ၊ ကျွန်တော် ဒီဘက်က အံ့သြသွားတယ်။ ဒါပေမဲ့ . . .သူကတော့ မသိခဲ့ပါဘူး။

            “ မိုး ဆိုတာကို ဘယ်လိုများ သဘောပေါက်လဲ မသိဘူး။ ကျွန်တော့်ကို နည်းနည်းလောက် ပြောပြပါဦး။ ”

             “ မိုး ဆိုမှတော့ မိုးပေါ့ကွာ။ မိုးရေ ဆိုတာ ကြားဖူးတယ် မဟုတ်လား။ ကောင်းကင်က ရွာချလာတဲ့ ရေလေ ၊ ဒါကို မိုးရေ လို့ ခေါ်တယ်။ ”

             အဲဒီမှာ ကျွန်တော့် အတွက် တော်တော်တော့ ပြောစရာ ဖြစ်လာပါပြီ။

            “ မဟုတ်သေးဘူးဗျ။ မိုး ဆိုတာ “ ရေ  ” ဆိုပြီး “ မိုးရေ ” ဆိုပြီး တထစ်ချ ယူဆထားလို့ မရပါဘူး။ ဟိုးဘုရားရှင် လက်ထက် မတိုင်ခင်ကတည်းက ရတနာ ရွှေငွေ ကျောက်သံပတ္တမြားတွေ ရွာချပေးသော “ မိုး ”  ၊ စိုစေချင်တဲ့ လူတွေကို စို ၊ မစိုချင်တဲ့ လူတွေကို မစိုစေတဲ့ “ မိုး ” ၊ ရေများကို အစိုင်အခဲများ ရေခဲ ပုံစံဖြင့် ရွာချသော “ မိုး ” ၊ ဖားအရှင်တွေကို မိုး အဖြစ် ရွာချသော “ မိုး ” ၊ ငါးအရှင်တွေ ရွာချသော “ မိုး ” ၊ လူတွေကိုပါ ထိခိုက်စေသော အက်ဆစ်ပါသော “ မိုး ” ၊ လူတွေကို မထိခိုက်စေပဲ သီးနှံများကိုသာ ပျက်ဆီးစေသော အက်ဆစ်ပါသော “ မိုး ”  အစရှိသဖြင့် မိုးကောင်းကင်မှ ရွာချခဲ့ဖူးပါတယ်။

            ကောင်းကင်မှ ရွာချသော မိုးတိုင်းဟာ “ ရေ  ” ဆိုသော ပုံစံ တစ်ခုတည်းဖြင့် ကျမလာခဲ့ပါဘူး။ အခုလို သိပ္ပံပညာ တိုးတတ်နေသော ခေတ်မှာ ပိုလို့တောင်မှ ထူးဆန်းတာတွေ ဖြစ်နေပါသေးတယ်။ ဒါကြောင့် ကျွန်တော့်က မိုးခါးမှာ တမင်ကို ရေ ဆိုတာ မထည့်ဘဲ “ မိုးခါးသောက်သူများ ” လို့ပဲ ရေးလိုက်တာပါ။ ”

           ရှည်ရှည်ဝေးဝေး ကျွန်တော် ရှင်းပြသော်လည်း သူက မကျေနပ်သေးပါဘူး။

           “ ဘယ်လိုပဲ ဖြစ်ဖြစ် ရေ မဟုတ်ဘဲ ၊ ဘယ်လိုလုပ် သောက်လို့ ရမှာလဲ။ ”

           “ ဟုတ်ပါတယ်။ တကယ်ဆိုရင်တော့ “ မိုးခါးရေ သောက်သူများ ” ဆိုပြီး ဖြစ်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်က မိုးခါး ဆိုတာ “ ရေ ” ဆိုတဲ့ ပုံဆောင်မှုက မဟုတ်ဘဲ တခြားသော ပုံဆောင်မှု အနေနဲ့လည်း ဖြစ်လာနိုင်တယ် ဆိုတဲ့ သဘောနဲ့ “ မိုးခါးသောက်သူများ ” လို့ပဲ ရေးလိုက်တာပါ။ ”

           “ ဒါဆို မင်းက ဟိုးအရင်က ဇာတ်တော်တွေ ၊ ပုံပြင်တွေကို ဖျက်တာပေါ့ ၊ ဒီလိုလား။ ”

           “ အဲ . . . . မဟုတ်သေးဘူးဗျ။ ကျွန်တော် ဒီလို မလုပ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် စဉ်းစားမိတာလေး နည်းနည်းတော့ ပြောပြချင်တယ်။ ”

           “ ပြောပါဦး . . . နားထောင်ရတာပေါ့။ ”

           “ ကျွန်တော် ဒီပုံပြင် ၊ အဖြစ်အပျက်လေးကို ဖတ်မိကတည်းက ကြားထဲမှာ တစ်ခုခု လိုသလိုကြီး ခံစားရတယ်ဗျာ။ ဥပမာ - မိုးခါးရေ ရွာတိုင်း လူတိုင်းက သောက်ရမှာလား။ ပုံပြင်ထဲမှာ ပါသလို ဘုရင်နဲ့ ပညာရှိ ပုဏ္ဏား မှူးမတ်ကြီးပဲ ကျန်ပြီး နောက်ဆုံးတော့ သူတို့လည်း ဒီမိုးခါးရေကို သောက်ပြီး အရူးခံလိုက်ကြတယ် ဆိုတာမျိုးပေါ့။

          ဒီလိုလေး စဉ်းစားမိပြီး ကျွန်တော်က ဒီလို အခြေအနေ ရောက်တာတောင်မှ မိုးခါးရေကို မသောက်ဘူး ၊ အသက်သာ အသေခံမယ် ဆိုတဲ့ လူတွေလည်း ဒီကမ္ဘာပေါ်မှာ ရှိနေမယ် လို့ ယုံကြည်မိတယ်။ ဒါကြောင့်လည်း ကျွန်တော် “ မှောင်တခြမ်း ၊ လင်းတခြမ်းနှင့် လကွေး ” ဆိုတဲ့ ပို့စ်ကို ရေးခဲ့တာပါ။ ဖတ်ဖူးလား မသိဘူး။ ”

           “ မဖတ်ဖူးပါဘူး။ ဒီထက် မြင့်တဲ့ စာတွေပဲ ဖတ်တယ်။ ”

           “ သြော် . . . ”

           တကယ်ပါ။ အမှန်အတိုင်း ပြောရရင် ရင်ထဲမှာ အောင့်ခနဲ ဖြစ်သွားပေမဲ့ ၊ ကိုယ့်ဘလော့က စာတွေကို မဖတ်ဖူးတဲ့ လူတစ်ယောက် ပြောတဲ့ အတွက် ပြန်တွေးမိတော့ ပြုံးမိပြန်ပါလေရော။ ဒါနဲ့ ကျွန်တော် ဆက်ပြောမိပါတယ်။

         “ ပြီးတော့ လူတွေ မိုးခါးရေ သောက်တယ်သာ ပြောတယ်။ ဘာလို့ ဒီလူတွေ မိုးခါးရေ သောက်ဖြစ်သွားတာလဲ။ ဘာကြောင့်လဲ ဆိုတာ တစ်ခါမှ မစဉ်းစားမိကြဘူး မဟုတ်လား။ သူတို့ မိုးခါးရေ သောက်ဖြစ်သွားတာ ပတ်ဝန်းကျင်ကြောင့်များလား ဆိုပြီးတော့ တွေးမိပြီး ကျွန်တော် ဒီ “ မိုးခါးသောက်သူများ ” ပို့စ်ကို ရေးတာပါ။ သူတို့လို မသောက်ဘဲ ဆက်ပြီး အရူးတွေက အရူး လို့ အပြောခံနေတဲ့ လူတွေလည်း လောကမှာ ရှိနေဦးမှာပါပဲ။ ”

             “ မင်း ပြောတာ သိပ်တော့ မရှင်းဘူး။ ”

            သူ့လေသံက ပျော့တော့ ပျော့လာပါတယ်။ ဒီလောက် ရှင်းပြတာတောင်မှ မရှင်းဘူး ဆိုတဲ့ အတွက် ကျွန်တော်လည်း ဘယ်လို ထပ်ရှင်းပြရမှန်း မသိတောင်မှ ဖြစ်သွားပါသေးတယ်။

            “ ဒီလိုပါ။ မိုးခါး ရွာတိုင်း မသောက်မိတဲ့ လူတွေကို သောက်ပြီး ရူးသွားတဲ့ လူတွေက အရူးလို့ ဆိုကြတယ်။ ဒီလို အပြောမခံနိုင်တဲ့ အတွက် လူကောင်းတွေကလည်း နောက်ဆုံး ရူးအောင် မိုးခါးရေ ကို သောက်လိုက်ကြတယ်။ ဒီတော့မှ အရူး အရူးချင်း တူပြီး သူတို့ အရူးလို့ အပြော မခံရတော့ဘူးပေါ့။ ဒါပေမဲ့ အရူးလို့ ပြောချင် ပြောပါစေ ၊ မိုးခါးရေတော့ မသောက်ဘူး ဆိုတဲ့ လူတွေ အများကြီး ရှိနေဦးမှာပါ။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး ဆိုတဲ့ လူတွေပေါ့။ ဟုတ်တယ် မဟုတ်လား။ ”

            “ ဒီလိုတော့လည်း ရှိနိုင်တာပေါ့။ ”

           “ ဟုတ်ပြီ။ ဒီ မိုးခါးရေ သောက်တဲ့ ပုံပြင်လေးကိုပဲ ကျွန်တော် ဆန့်ပြီး ရေးထားတာ နှစ်ခု ရှိပြီ။ မိုးခါးသောက်ကြပေမဲ့ လိုက်မသောက်ဘဲ အသေခံတဲ့ လူ ၊ လူတွေ မိုးခါးရေ သောက်ဖြစ်တာ ဘာကြောင့်လဲ ဆိုပြီးတော့ နှစ်ခု ရှိပါပြီ။ နောက်ထပ် ကျွန်တော် စဉ်းစားမိတာ ရှိသေးတယ်ဗျ။ အတွေးလေးပေါ့။ တကယ်လို့ လောကမှာ ရှိတဲ့ လူတွေ အားလုံး မိုးခါးရေကြောင့် ရူးကုန်ကြမယ် ဆိုရင် ၊ ပြီးတော့ နောင်တစ်နေ့ “ မိုးခါရေ ရဲ့ ဖြေဆေးမိုး ” ဆိုပြီး နောက်ထပ် မိုး ရွာမလာနိုင်ဘူးလား။

           ဒီလို အချိန်မှာ ဆိုရင် ရူးနေတဲ့ လူတွေ အားလုံးက ရူးနေတာပဲ ကောင်းပါတယ်လေ ဆိုပြီး မိုးခါးရေ ဖြေဆေးမိုးကို မသောက်ဘဲများ နေတဲ့ လူတွေ ရှိလာဦးမလား ဆိုပြီး ကျွန်တော် ဆက်စဉ်းစား မိပါသေးတယ်။ ဒါကတော့ ကျွန်တော် နောက်ထပ် ရေးမဲ့ ပို့စ်ပါ။ ဒီအချိန်မှာ “ မိုးခါးဖြေဆေးမိုး ” ဘယ်သူတွေက သောက်ပြီး ဘယ်သူတွေက မသောက်ဘဲ နေကြလိမ့်မလဲ ဆိုတာ ပိုပြီးတော့ စဉ်းစားစရာ ဖြစ်မလာဘူးလားဗျာ။ ”

           “ ဒါကတော့ ဖြစ်မှ မဖြစ်နိုင်တာကို မင်းက လျှောက်တွေးပြီး ရေးမှာကိုး။ ”

           “ ဒီလိုတော့လည်း မဟုတ်ဘူးလေဗျာ။ လောကမှာ ဖြစ်မလာနိုင်ဘူး ဆိုတာ ဘယ်ဟုတ်မလဲ။ ဖြစ်မလာသေးတာပဲ ရှိတယ်လေ။ ပြီးတော့ ကျွန်တော် အခု ပြောနေတာတွေ ၊ ရေးနေတာတွေကလည်း အတွေးတွေချည်းပဲလေ။ တကယ်ဖြစ်လာရပါမယ် လို့ မပြောပါဘူး။ ဆက်ပြီးတော့ တွေးကြည့်တဲ့ သဘောလေးပါပဲ။ “

           “ မိုးခါးဖြေဆေးမိုး လို့ ဆိုရအောင် မင်းက “ မိုးခါးရေ ” ဆိုတာကို ဘယ်လို အဓိပ္ပါယ် ဖွင့်လိုလဲ။ ”

           “ ဘာကို ပြောတာလဲဗျ ၊ နားမလည်ဘူး။ ”

           “ ဒီလိုလေ ၊ ဆိုလိုတာက မိုးခါးရေ ဆိုတာ ဘယ်လို အနံ့ ၊ အရသာ ရှိမလဲ လို့ မေးတာ။ ”

            “ အမှန်ပဲဗျာ။ ကျွန်တော် တစ်ခါမှကို မတွေးမိပါဘူး။ ဘယ်လိုမျိုးများ အရသာ ရှိမလဲ အစ်ကို အထင်ကို ပြောပြပါဦး။ ”

       “ ခင်ဗျားဗျာ ၊ မိုးခါးရေ ဆိုတဲ့ အရသာကိုတောင်မှ မမှန်းနိုင်ဘဲနဲ့ ဒါနဲ့ ပတ်သတ်တဲ့ စာကို ရေးနေသေးတယ်။ မှတ်ထား . . .  မိုးခါးရေ ဆိုကတည်းက “ ခါးသော မိုးရေ ” လို့ဆိုတာကွ။ ”
            
          “ ဒါဆို အစ်ကို ဆိုလိုတာက မိုးခါးရေ ရဲ့ အရသာက ခါးတယ် ဆိုတဲ့ သဘောလား။ ”

          “ အစစ်ပေါ့ကွာ။ မိုးခါးရေ ဆိုတော့မှ ခါးပြီပေါ့။ ”

          ဒီနေရာကို ရောက်လာတော့ ကျွန်တော် ဒီဘက်ကနေ သူ မမြင်ပေမဲ့ အတော်ကို ပြုံးမိပါတယ်။ ပြီးတော့ သူ့ကို သနားသလိုလည်း ရင်ထဲမှာ ဖြစ်မိတယ်။

           “ ဒါဆိုရင်တော့ အစ်ကို မှားသွားပြီဗျ။ မိုးခါးရေ ဆိုတဲ့ သူ့ရဲ့ အရသာက ခါးချင်မှ ခါးမှာပေါ့ဗျာ။ ”

           “ မိုးခါးရေ ဆိုမှတော့ မခါးလို့ ချဉ်နေရမှာလား ၊ မင်းကလဲ ဒုက္ခပဲ။ ”

           “ မဟုတ်ဘူး အစ်ကို ၊ ဒီအကြောင်းအရာကို နားလည်ဖို့ ဆိုရင် ကျွန်တော် အဖြစ်အပျက်လေး တစ်ခု အရင် ပြောပြမှ ဖြစ်မယ်။ အစ်ကို နားရော ထောင်ချင်ပါ့မလား။ ”

            “ အင်း . . .လင်းကြည့်ပါဦး။ ”

            “ ဒီလို အစ်ကိုရ။ ဟိုးလွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်လောက်က ခြောက်ထပ်ကြီး ဘုရားနားမှာ သရဲ အခြောက်ခံ ရတယ် လို့ ဆိုတယ်။ နာမည် အရမ်းကြီးခဲ့တာပေါ့။ ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့တာ။ အခြောက်ခံရသူတွေကလည်း ညဘက် ၂ နာရီလောက် ကားမရှိတော့လို့ မြို့ထဲကနေ မူးရူး သောက်စားပြီး ပြန်လာကြတဲ့ သူငယ်ချင်း လေးယောက်ပဲ။ အစ်ကို ဒီအကြောင်း ကြားမိလိုက်လား။ ”

            “ နိုး . . . . မကြားမိလိုက်ဘူး။ ဆက်ပြောပါဦး ၊ စိတ်ဝင်စားပါတယ်။ ”

            “ သူတို့က မြို့ထဲကနေ သောက်စားပြီး အပြန်ကား မရှိတော့လို့ လမ်းလျှောက်ပြန်လာကြတာ။ ခြောက်ထပ်ကြီး ဘုရားနားလည်း ရောက်ရော သူတို့ နောက်ကနေ ခြေသံ အကျယ်ကြီးကို ကြားလိုက်ရတယ်။ ဒီတော့ ဘာလဲဟ ဆိုပြီး မူးမူးနဲ့ နောက်ကို လှည့်ကြည့်လိုက်တော့ သပိတ်လောက် ရှိတဲ့ မျက်လုံးနီနီကြီး ရှိတဲ့ ထန်းပင်လောက် မြင့်တဲ့ သရဲကို တွေ့လိုက်ရတယ်။ ရုတ်တရက် ဆိုတော့ သူတို့ လေးယောက်မှာ အကြောက်လွန်ပြီး လန့်ပြေး ပြေးကြတယ်။ ဒါပေမဲ့ သုံးယောက်က ပွဲချင်းပြီး သေသွားတယ်။ တစ်ယောက်ကတော့ သွက်သွက်ခါအောင် ရူးသွားရှာတယ်။

            အဖြစ်အပျက်လေးကတော့ ဒါပါပဲ အစ်ကိုရာ။ အခုလည်း မိုးခါးရေ ရဲ့ အရသာ ဆိုတာ အဲဒီလို ဖြစ်နေပြီ။ ”

            “ ဘာဆိုင်လဲ ၊ အခု ပြောတဲ့ ဥပမာ နဲ့ မိုးခါးရေ ခါးရတဲ့ အကြောင်းရင်းနဲ့ ဘာဆိုင်လို့လဲ။ ”

        “ ဆိုင်တာပေါ့ အစ်ကိုရာ။ အခု ဥပမာမှာ သွားတာမှ လူလေးယောက် ၊ သရဲ အခြောက် ခံရတော့လည်း ဒီလူလေးယောက်ပဲ။ ဒီမှာမှ သုံးယောက် အဲဒီနေရာမှာတင် ပွဲချင်းပြီး သေတယ်။ အသက်မသေဘဲ ကျန်ခဲ့ပါတယ် ဆိုတဲ့ နောက်ထပ် တစ်ယောက်ကျတော့ သွက်သွက်ခါအောင် ရူးတယ် လို့ ဆိုတယ် မဟုတ်လား။ ”

            “ အေးလေ. . . ဒါ ဘာဖြစ်လဲ။ ”

            “ သေတဲ့ လူက စကားမပြောနိုင်ဘူးလေ။ ဒီတော့ သူတို့ကို သရဲခြောက်ပါတယ် လို့ ဘယ်သူက ပြောမလဲ။ သွက်သွက်ခါအောင် ရူးနေပါတယ် ဆိုတဲ့ လူရဲ့ စကားကို အစ်ကိုက ယုံမလား။ အရူးစကား ဆိုတာ အရူးပဲ ယုံတာ လို့ ကျွန်တော်ကတော့ ကြားဖူးတယ်။ ဒီလိုပဲ အစ်ကို မိုးခါးရေ ဆိုတာကို သောက်ရင် ရူးမယ် လို့ ဆိုတယ်။ ဒီမိုးခါးရေကို သောက်မိပြီး ရူးသွားတဲ့ လူက ပြောတဲ့ မိုးခါးရေ ဆိုတာ ခါးတယ် ဆိုတဲ့ စကားကို အစ်ကို ယုံမလား။ မိုးခါးရေကို မသောက်ရသေးတဲ့ လူကလည်း မိုးခါးရေရဲ့ အရသာကို မသိနိုင်ဘူးလေ။ သောက်ပြီးရင်လည်း ရူးနေပြီ။ ဒီတော့ မိုးခါးရေ ဆိုတာ ခါးတယ် လို့ ပြောလို့ ရပါတော့မလား။ ”

            “ - - - - - - ”

            “ မိုးခါးရေကို ဘာလို့ မိုးခါး ဆိုပြီးတော့ နာမည်ပေးရသလဲ ဆိုတော့ မနှစ်သက်လို့ပဲ အစ်ကိုရဲ့။ ကမ္ဘာကျော် မေးခွန်း သုံးခု ရှိတယ်။ ( ဖတ်ဖူးကြမယ် လို့ ထင်ပါတယ်။ )
၁) ကမ္ဘာပေါ်မှာ အချိုဆုံးအရာ။
၂) ကမ္ဘာပေါ်မှာ အခါးဆုံး အရာ။
၃) ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး အချိန်. . . . . . .ဆိုတဲ့ မေးခွန်း သုံးခုပါ။ ဒီမေးခွန်းလေးကိုပဲ ကမ္ဘာအနှံ့ ပုံပြင်မျိုးစုံ ၊ တင်ပြပုံ မျိုးစုံနဲ့ ပျံ့နှံ့နေပါတယ်။ အစ်ကိုလည်း ကြားဖူးမှာပါ။ ”

            “ - - - - - - - ”

            “ သူ့ရဲ့ အဖြေတွေက . . . .
၁) ကမ္ဘာပေါ်မှာ အချိုဆုံးအရာက ချစ်သူရဲ့ အနမ်း။
၂) ကမ္ဘာပေါ်မှာ အခါးဆုံး အရာက ချစ်သူရဲ့ အမုန်း။
၃) ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး အချိန်က ချစ်သူနဲ့ နေရတဲ့ အချိန် . . . လို့ ဆိုတယ်။ နံပါတ် ၂ မှာ အခါးဆုံး အရာက ချစ်သူရဲ့ အမုန်းလို့ ဆိုပေမဲ့ တကယ်တော့ အမုန်း ဆိုတာ မြည်းကြည့်လို့ ရတဲ့ အရာမှ မဟုတ်တာ။ ဒီတော့ ကျွန်တော်က ခါးတယ် ဆိုတဲ့ စကားက “ ခါးသီးတယ် ” ဆိုတဲ့ စိတ်ခံစားမှု စကားကနေ ယူထားတယ်လို့ ထင်တယ်။ ကိုယ် မနှစ်သက်လို့ ခါးတယ် လို့ ဆိုလိုချင်တာပါ။

             အစ်ကို ပြောသလို အရသာက ခါးတယ် ဆိုရင် ဒီမိုးခါးရေကို သောက်ပြီး မြည်းကြည့်တဲ့ လူက ရူးသွားပြီလေ။ အရူး ပြောတဲ့ စကားကို အစ်ကို ယုံမှာလား။ အရူး စကားကို အရူးကပဲ ယုံတယ် လို့ ဆိုကြတော့ ကျွန်တော်ကတော့ မယုံဘူး အစ်ကို။ ကျွန်တော် ပြောတာ ဟုတ်ရဲ့လား။ ”

            “ - - - - - - ”

            “ ဒါဆိုရင် ကျွန်တော် ဆိုလိုတဲ့ မိုးခါးသောက်သူများ ကို အစ်ကို သဘောပေါက်လောက်မယ် လို့ ထင်ပါတယ်။ အစ်ကို ပြောတဲ့ မိုးခါးရေ ဆိုတာ ခါးတယ် ဆိုတဲ့ အယူအဆကိုတော့ ကျွန်တော် လက်မခံနိုင်တာ စိတ်မကောင်းပါဘူး။ အစ်ကိုကသာ ခါးတယ်လို့ ဆိုနေတာ အစ်ကိုလည်း သောက်ဖူးတာ မဟုတ်ဘူးလေ။”

             “ တကယ်တော့ ဒီပုံပြင်ရဲ့ ဆိုလိုရင်းက မင်း ပြောသလို ဟုတ်ချင်မှ ဟုတ်မှာပါ။ သူ ဆိုလိုတာက တခြား ဖြစ်ချင် ဖြစ်နေနိုင်တယ်။ ”

            သူက ဒီလို ပြောလိုက်မှ ကျွန်တော့်ရဲ့ အကြီးမားဆုံး ဟာကွက်ကို ကျွန်တော့်ဖာသာ သွားတွေ့ပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော် ချက်ချင်း မေးလိုက်မိပါတယ်။

              “ ဒါနဲ့ အစ်ကိုက အခု ကျွန်တော့်ရဲ့ “ မိုးခါးသောက်သူများ ” နဲ့ ပတ်သတ်ပြီး လာဆွေးနွေးတယ် ဆိုတော့ အစ်ကို ကျွန်တော် ရေးထားတဲ့ မိုးခါးသောက်သူများ ပို့စ်ကို အစအဆုံး ဖတ်ပြီးပြီလား။ ”

              “ မဖတ်ရသေးပါဘူး။ ဖတ်စရာလည်း မလိုဘူးလေ။ ဒီပုံပြင်က ဟိုးအရင်ကတည်းက ဖတ်ပြီးသားပဲ။ ဒီကျောရိုးပဲဟာကို ဘာလို့များ ထပ်ဖတ်နေရဦးမှာလဲ။ ”

               ကျွန်တော် သူ့ကို ဘာမှ ဆက်မပြောမိတော့ပါ။ တကယ်တော့ ကျွန်တော့်ရေးထားသော မိုးခါးသောက်သူများ ပို့စ်ဟာ ဟိုးအရင်က မိုးခါးရေ သောက်သော ဇာတ်လမ်းပုံပြင်နဲ့ လုံးဝကို မသက်ဆိုင်ပါဘူး။ “ ရေ ” ဆိုပြီးတော့ ၊ “ မိုးရေ ” ဆိုပြီးတော့ တောင်မှ ပို့စ်ထဲမှာ တစ်ခုမှ မပါပါ။ ဒါပေမဲ့ ပို့စ်ကို မဖတ် ( သို့ ) ပို့စ်ကို ပြီးဆုံးအောင် မဖတ်ဘဲ ၊ ခေါင်းစဉ်လေး တစ်ခုနဲ့တင် လာပြီး ဆွေးနွေး ငြင်းခုံသော ရှေးရိုးစွဲ သမားတွေကို ကျွန်တော် ဘယ်လိုများ ဆက်ပြီး ရှင်းပြ ပြောရပါလိမ့်မလဲဗျာ။

              ကျွန်တော် ငြိမ်သက်စွာ နဲ့ပဲ နောက်ဆုတ်လိုက်ပါတော့တယ်။



              တကယ်တော့ . . . ကျွန်တော်ဟာ အရာရာကို အသစ်တီထွင် ဖန်တီးချင်မိသော လူတစ်ယောက်ပါ။ ဒါကြောင့် အရာရာကို မသိမသာ ၊ သိသိသာ ခွဲခြမ်း စိတ်ဖြာ မိပါတယ်။ ဒီလို အချိန်မှာ အရင်က သိသလိုလို ဖြစ်နေမိသော အရာတွေကလည်း သိတာထက် မသိတာက ပိုပြီး များလာတတ်ပါတယ်။ “ မသိရင် မေး ၊ မစင် ဆေး ” လို့ ဆိုကြတော့ ကျွန်တော့်မှာ ကိုယ့်ထက် သိမယ် လို့ ထင်ရသော လူတွေကို မေးရ မြန်းရတော့တာပါပဲ။

            သေချာပါတယ်။ ကျွန်တော်ဟာ အခုထိ နွားကျောင်းသား တစ်ယောက်ပါ။ အခုထိလည်း မေးမြန်းနေဆဲ ၊ ကျွန်တော့်ကို စိတ်ကျေနပ်လောက်အောင် အဖြေ ပေးနိုင်မယ် ထင်ရသော ဘုရားလောင်းတိုင်းကို လက်ဆွဲကာ ကျွန်တော် သိချင်သော အရာများ ၊ အချက်များကို မေးမြန်းမိနေဆဲပါပဲ။ တစ်ခုတော့ ရှိပါတယ်။ နွားကျောင်းသားတို့ ထုံးစံ အတိုင်း သိလိုဇောနဲ့ ဘုမသိ ၊ ဘမသိ စွတ်ရွတ် မေးမြန်းမိချင် မိနေနိုင်ပါတယ်။

             ဘာလို့လဲ ဆိုတော့ ကျွန်တော်က “ ပုံမကျ ပန်းမကျ နွားကျောင်းသား ” တစ်ယောက်ပါ။ ကျွန်တော်က နည်းနည်းလောက်သာ သိပြီး များများစားစား မေးချင်နေမိသူ တစ်ယောက်ပါ။ အခု ဒီစာကို ဖတ်ရသူများထဲမှ မိုးခါးရေကို သောက်ဖူးသူများ ရှိခဲ့ပါက သူ့ရဲ့ အရသာလေးကို တဆိတ်လောက် ကျေးဇူးပြုပြီး ဖြေပေးခဲ့ပါ။

“ မိုးခါးရေက ခါးပါသလား။ ”

           




           အခု တလော ကျွန်တော် လူမှုရေး ကိစ္စတွေနဲ့ နည်းနည်း မအားဖြစ်သွားလို့  ဘလော့ ခဏပိတ်ထားမိတယ်။ ဒီအတွက် လာလည်သူများ ၊ စာဖတ်သူများ အားလုံးကို အနူးအညွှတ် တောင်းပန်ပါတယ်။

ဖတ်စေချင်သော ပို့စ်များ -  
- မှောင်တခြမ်း ၊ လင်းတခြမ်းနှင့် လကွေး
- မိုးခါးသောက်သူများ


လေးစားစွာဖြင့်
ကိုဇော်
၂၉.၃.၂၀၁၁

Share/Bookmark

24 March 2011

17 “ လက် ” ကဗျာ နှင့် ပတ်သတ်၍



အောက်ပါ “ လက် ”  ဆိုသော ကဗျာလေးကို ကျွန်တော် အောက်ပါ နှစ်နေရာမှာ အရင်တင်ခဲ့ပါတယ်။

http://zaw357.multiply.com/journal/item/566 မှာ 31.8.2009 ကရေးထားတာပါ။

http://multiplygroups.multiply.com/journal/item/5/5  မှာ 1.9.2009 က သွားတင်ခဲ့ပါတယ်။ 

ဒီဘလော့ နေရာမှာတော့ 2/5/2010 က တင်ခဲ့ပါတယ်။

ဒီကဗျာဟာ ရန်ဖြစ်လိုက် ပြန်ပြီး ခင်ခင်မင်မင် ဖြစ်သွားလိုက် ဖြစ်တတ်ကြသော ကျွန်တော်တို့ သူငယ်ချင်းတွေကိုသာ ရည်ရွယ်ပါတယ်။ အဲဒီနေ့တုန်းကလည်း ကျွန်တော့် သူငယ်ချင်း နှစ်ယောက် အကြောင်းအရာ တစ်ခုကြောင့် စကားများကြပြီး ခဏနေတော့လည်း ဘာမှ မဟုတ်ဘဲ ပြန်တည့်သွားကြတာကို မြင်မိပြီး စိတ်ကူးရကာ ချက်ချင်း ချရေးလိုက်တာပါ။ တခြားသော ရည်ရွယ်ချက်လည်း မရှိပါ။ ထိုသူငယ်ချင်း နှစ်ယောက်က ငယ်စဉ်ကတည်းက ပေါင်းလာတဲ့ ယောက်ျားလေး သူငယ်ချင်းပါ။

သို့သော် ကျွန်တော် ဘလော့ပေါ်တင်ပြီး သိပ်မကြာခင်မှာ မေးလ်ထဲကို ဟိုလူပို့ ဒီလူပို့နဲ့ ပျံ့နှံ့ခဲ့ပါတယ်။ တချို့သော နေရာတွေက ကျွန်တော် ပေးထားသော ခေါင်းစဉ် “ လက် ” ဆိုတာကို ပြင်ဆင်ပြီး သူတို့ နှစ်သက်ရာ ခေါင်းစဉ် တပ်ကာ ရေးသူမသိဘဲ တင်ကြပါတယ်။ မူရင်း အညွှန်းလင့်လည်း မပါပါ။ ဒါက ဖြစ်ရိုး ဖြစ်စဉ်မို့ မထူးဆန်းတော့ပါ။

ထူးဆန်းတာ တစ်ခုကတော့ ဒီကဗျာကို လူတစ်ယောက်က ကျွန်တော် ( ကိုဇော် ) က သူ့အတွက် ရေးပေးတာဟု ဆိုကာ လျှောက်ပြောနေတာကတော့ အတော်ကို ထူးဆန်းမိပါတယ်။ ကဗျာ အရေးမကောင်းသော ကျွန်တော့်ဆီက လက်ဆောင်ကဗျာ တောင်းသူတိုင်းကို ထိုသက်ဆိုင်ရာ ကဗျာရဲ့ အောက်ခြေမှာ ဘယ်သူ့ကို လက်ဆောင်ပေးထားပါတယ် ဟု ဆိုကာ ကျွန်တော် ရေးလေ့ ရှိပါတယ်။ 

ဒီကဗျာကတော့ ကျွန်တော့်ရဲ့ ယောက်ျားလေး သူငယ်ချင်း တစ်ယောက် ( သို့ ) နှစ်ယောက်ကို ရည်ရွယ်၍ ရေးထားတာ ဖြစ်သော်လည်း ဒီကဗျာကို ဘယ်သူ့ကိုမှ လက်ဆောင် မပေးဖြစ်ပါ။ ဘယ်သူကမှလည်း လက်ဆောင်ပေးပါ လို့ မတောင်းပါ။ သို့သော် ဒီကဗျာကို ထိုသူက သူ့အတွက် ကျွန်တော်က ရေးပေးတာပါ ဟု ဆိုကာ သူ့ဖာသာ ထင်နေတာလား ၊ လူတွေ အထင်မှားအောင် လုပ်ဆောင်နေတာလား မသိသော သူ တစ်ယောက်ကို ကျွန်တော် ( 23.3.2011 ) ဒီနေ့ကမှ ရှိကြောင်း သိရတာ ဖြစ်ပါတယ်။ တကယ်လည်း အံ့သြသွားမိပါတယ်။

ကျွန်တော်က ပေးတာလည်း မဟုတ်ဘဲ ၊ ဒီကဗျာကို သူ့အတွက် ကျွန်တော်က ရေးပေးတာပါ ဟု လူအထင်မှားအောင် လျှောက်ပြောနေသူ တစ်ယောက်ကို ကျွန်တော် အလွန် အံ့သြစွာ ရှုတ်ချမိပါတယ်။ ကဗျာက ထူးထူးခြားခြား ကဗျာတော့လည်း မဟုတ်ပါ။ ဖတ်မိသူ အားလုံး ကျွန်တော့်တို့ သူငယ်ချင်းတွေရဲ့ ဖြစ်စဉ်တွေကို သရုပ်ပေါ်လာမိလိမ့်မယ် ထင်မိပါတယ်။ ဒီကဗျာကို ကျွန်တော် အခု အချိန်အထိ ဘယ်သူ့ကိုမှ လက်ဆောင် မပေးဖြစ်သေးပါ။ အခုတော့ ဘယ်သူ့ကိုမှလည်း ပေးတော့မည် မဟုတ်။

လက်

ဟုတ်တယ်..သူငယ်ချင်း...
လက်တစ်ဖက်ကို ထောင်ကြည့်....။
ငါ့ဘက်က လက်ဖမိုးဆိုရင်...
မင်းဘက်က လက်ဖဝါးပေါ့...။
ဒါက ကလေးကလားပါ...။

ငါ ပြောတာက....
လက်တစ်ဖက်ကို ဘေးတိုက်ကြည့်...
အင်း...မင်းမြင်လား..။
ငါ့ဘက်က လက်မက စရင်....
မင်းဘက်က လက်သန်းက စမယ်..။
ဒါဟာလည်း အမှန်တရားပဲ...။

လူတွေက.....
မှောက်ချည် ၊ လှန်ချည် လုပ်ဖို့သာ..
သူတို့စဉ်းစားနေကြတာ....။
လက်ဆိုတာ....
ခုတ်လို့ ၊ ထိုးလို့လည်း ရသေးတယ်..။

ဘဝဆိုတာ အပိုင်းအစ တစ်ခု...
နှိုင်းပြ ညှိဖို့ဆိုတာ .....
တော်တော် တော့ ခက်တယ်....။

အမရာဒေဝီ လက်ဝါးထောင်ပြတာ...
မင်းကလည်းတစ်မျိုးတွေးချင် တွေးမှာပေါ့..။
ငါကလည်း တစ်မျိုးတွေးမိတယ်လေ..။
ဒါကြောင့်...ငါတို့...
အမရာ နဲ့ ဝေးလိုက်ရတာ ဖြစ်မယ်..။
ဟော....မဟော်သဓာကတော့...
ဒီလက်ဖဝါးကို ကောင်းကောင်း အသုံးချသွားတယ်..။

ကဲပါ...သူငယ်ချင်း...
မင်း နဲ့ ငါ ဘယ်လောက်ဝေးဝေး...
ရော့ကွာ..ငါ့လက်တစ်ဖက်..
လာကွာ....မင်းလက်တစ်ဖက်ကမ်း....
သူငယ်ချင်းရေ...ရှိတ်ကမ်း( Shaking )....။ ။

ကိုဇော်

http://zaw357.multiply.com/journal/item/566 မှာ 31.8.2009 က ပထမ ဦးဆုံး ရေးကာ တင်ထားပြီးမှ တခြားနေရာတွေမှာ ကူးယူ ဖော်ပြပါတယ်။

.

Share/Bookmark

23 March 2011

13 ကြုံရင် ပုံပြင်ပြောပါ ( ၄ )




       တစ်ခါက . . .

      တံငါသည်ကြီး တစ်ယောက် ရှိသတဲ့။ သူ့မှာ သားနှစ်ယောက်လည်း ရှိတယ်။ သူက သူ့ရဲ့ ရွာမှာတင် မဟုတ်ဘူး ၊ ပတ်ဝန်းကျင် တံငါရွာတွေမှာကို နာမည်ကျော် တစ်ယောက် ဖြစ်တယ်။ သူ ဘာလို့ နာမည်ကျော်ရလဲ ဆိုတော့ သူများတွေ တစ်နေကုန် ငါးဖမ်းလှေလေးနဲ့ ပင်လယ်ပြင်ကို အန်တုကာ ငါးဖမ်းပြီးလို့ ပြန်လာတာတောင်မှ လှေဝမ်းထဲမှာ ငါးက တဝက်ထက် ပိုမပါကြဘူး။ ဒါပေမဲ့ တံငါသည်ကြီးကတော့ သူ့လှေဝမ်းထဲမှာ ငါးအပြည့် ပါလာလွန်းလို့ လှေနှုတ်ခမ်းက ရေပြင်နဲ့ ထိလုမခန်း နီးကပ်နေတတ်တယ်။

       သူများတွေ ငါးဖမ်းလှေနဲ့ ငါးများများရအောင် မနက်စောစော ထွက်တဲ့ အချိန် တံငါသည်ကြီးကတော့ အိပ်လို့ ကောင်းနေတုန်း။ သူများတွေ ညနေ နေတော်တော်စောင်း မှောင်ရီပျိုးမှ ပြန်လာချိန်မှာ တံခါသည်ကြီးကတော့ ညနေစောင်းလောက် ကတည်းက ပြန်ရောက်ပြီး ရေချိုးကာ ရွာအနှံ့ လမ်းလျှောက်နေလေ့ ရှိတယ်။ ဒါပေမဲ့ သူ့လှေထဲမှာက သူများတွေ မိုးချုပ်မှ ပြန်လာသူတွေထက် ငါးတွေပိုရလာလေ့ ရှိတယ်။

        သူများတွေ တစ်နေကုန် ငါးဖမ်းမှ နည်းနည်းလေး ရတာကို တံငါသည်ကြီးက ခဏလေးနဲ့ ငါးတွေ အများကြီး ရလာလေ့ ရှိလို့ တံငါသည်ကြီးတော့ ငါးတွေ အောင်းနေပြီး ၊ ငါးအများကြီး ရှိနေတဲ့ နေရာကို တွေ့ထားတယ် လို့ အားလုံးက ထင်နေကြတယ်။ ဒါကြောင့် တံငါသည်ကြီး ငါးဖမ်းထွက်ရာကို လိုက်သွားပြီး သူ ကွန်ပစ်ရာကို လိုက်ကာ ကွန်ပစ် ၊ ကွန်ထောင်ပေမဲ့ သူ့လောက် မရကြဘူး။ တံငါသည်ကြီးကတော့ သူ့နောက်ကို လိုက်ပြီး ကွန်ပစ်ကာ ငါးဖမ်းတာကို တားဆီးခြင်းလည်း မပြုပါဘူး။ သူ့ဖာသာ ခပ်မဆိတ်ဘဲ နေလေ့ရှိတယ်။

        ဒါပေမဲ့ ငါးဖမ်းသူတို့ ထုံးစံ အတိုင်း ဟိုဟိုဒီဒီ သွားပြီး ကွန်ပစ် ၊ ကွန်ထောင် သလို တံငါသည်ကြီးလည်း အဲဒီလိုတော့ ဖမ်းဆီးလေ့ ရှိတယ်။ ဒါပေမဲ့ အချိန်တန်လို့ အိမ်ပြန်လာပြီ ဆိုရင် တံငါသည်ကြီးဆီမှာ ငါးတွေ အပြည့်ပါလာပေမဲ့ သူတို့ဆီမှာတော့ ငါးတွေ တံငါသည်ကြီးလောက် ရလာလေ့ မရှိဘူး။ ဒါကြောင့် အားလုံးက တံငါသည်ကြီးကို အဓိက “ ကွန်ချက် ” မပြဘဲ သူ့ဖာသာပဲ ဖမ်းဆီးတယ် လို့ နောက်ကွယ်မှာ စောင်းမြောင်း ပြောဆိုကြတယ်။

       ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာတော့ တံငါသည်ကြီးလည်း အဘိုးကြီး ဖြစ်လာတယ်။ တံငါသည်ကြီးရဲ့ သားနှစ်ယောက်ကလည်း လူလားမြောက်ပြီး အရွယ်ရောက်လာကြတယ်။ တံငါသည်ကြီးက သူ အသက် အရမ်းကြီးပြီ ဖြစ်လို့ ပင်လယ်ပြင်မှာ ထွက်ပြီးတော့ ကွန်ပစ် ၊ ကွန်ချကာ ငါးမဖမ်းနိုင်တော့ဘူး ဆိုတာကို သိလို့ ၊ သူ့ရဲ့ တတ်ကျွမ်းတဲ့ ငါးဖမ်းနည်း အားလုံးကို တစ်ခုမချန် သူ့သား နှစ်ယောက်ကို သင်ပေးခဲ့တယ်။ ငါးတွေရဲ့ အလေ့အထ ၊ ငါးတွေရဲ့ ကျင်လည် ကျက်စားရာ နေရာ ၊ ငါးတွေကို ဖမ်းပုံဖမ်းနည်း ၊ ငါးအုပ်ကို ခန့်မှန်း ဖမ်းဆီးနည်း စတာတွေကို အကုန် သင်ပေးခဲ့တယ်။

       ဒီလို တံငါသည်ကြီး သူ့မှာ တတ်ကျွမ်းတဲ့ ငါးဖမ်းနည်း ၊ ငါးတွေရဲ့ ဗဟုသုတတွေကို တစ်ခု မကျန် သူ့သား နှစ်ယောက်ကို သင်ပေးပြီးတော့ သူကတော့ ပင်လယ်ထဲ ထွက်ပြီး ငါးဖမ်းခြင်းကို လုံးဝ စွန့်လွှတ်လိုက်ပြီး သူ့ဖာသာ အိမ်မှာပဲ အေးချမ်းစွာ နေထိုင်တော့တယ်။ သူ့သား နှစ်ယောက်ကတော့ တစ်ယောက်ကို လှေတစ်စီးစီနဲ့ ပင်လယ်ထဲကို ငါးဖမ်းထွက်ကြတယ်။ သား နှစ်ယောက်လုံးကို သူတတ်သမျှ ငါးနဲ့ ပတ်သတ်သော ဗဟုသုတ ၊ ငါးဖမ်းနည်းတွေ သင်ပေးလိုက်ပေမဲ့ သားနှစ်ယောက်လုံး ငါးဖမ်းက ပြန်လာတော့ ရလာတဲ့ ငါးအရည်အတွက်က တူမနေကြဘူး။

        ပထမဦးဆုံး နေ့မို့လို့ ထင်ကြပေမဲ့လည်း နောက်နေ့ နောက်နေ့တွေမှာလည်း ရလာတဲ့ ငါးက မတူကြဘူး။ ရက်ပေါင်း များစွာ ကြာလာတဲ့ အထိ သားနှစ်ယောက် ငါးဖမ်း အတူတူ ထွက်ကြပေမဲ့ ပြန်ရောက်လာတဲ့ အခါမှာ တစ်ယောက်ကတော့ တံငါသည်ကြီး ငါးဖမ်းတုန်းက ကဲ့သို့ ငါးတွေ အများကြီး ရပေမဲ့ နောက်ထပ် တစ်ယောက်ကတော့ သာမာန်လောက်ပဲ ရတယ်။

       ဒီတော့ ပတ်ဝန်းကျင်က လူတွေက သူတို့ တုန်းကလည်း တံငါသည်ကြီးကို ကွန်ချက်ပညာ လျှိုထားတယ် လို့ ထင်တဲ့ အတိုင်း ငါးအရနည်းလာတဲ့ သားကိုလည်း မင်းကို ကွန်ချက်ပညာ မသင်ပေးဘဲ ဟိုတစ်ယောက်ကို ကွန်ချက် သင်ပေးလို့ အတူတူ သွားတာခြင်း အတူတူ မင်းက ငါးနည်းနည်းပဲ ရနေချိန်မှာ ဟိုတစ်ယောက်ကတော့ ငါးတွေ အများကြီး ရလာတာပေါ့ ဆိုပြီး ဘေးကနေ သွေးထိုးကြတယ်။

        ပထမတော့ မယုံပေမဲ့ ကာလ ကြာရှည်လာတော့လည်း ငါး အရနည်းတဲ့ သားက သူတို့ ပြောတာ တကယ် ဖြစ်နိုင်တယ် လို့ ယုံကြည်သွားတယ်။ ဒါကြောင့် ဖခင် တံငါသည်ကြီးကို . . .

         “ အဖေ . . . သားချင်း အတူတူကို သူ့ကို ကွန်ချက် ပိုသင်ပေးလိုက်လို့ ကျွန်တော် ငါး အရ နည်းတာ မဟုတ်လား ”

        လို့ အပြစ်တင်တယ်။ ဒါပေမဲ့ ဖခင် တံငါသည်ကြီးက ဘာမှ ပြန်မပြောဘဲ ခပ်ဆိတ်ဆိတ်သာ နေလေ့ ရှိတယ်။ ထိုသားက မနက်စောစော ကြိုထွက်တယ် ၊ ညနေမိုးချုပ်မှ ပြန်လာပေမဲ့ ဟိုသားရဲ့ လှေလောက် ငါးဖမ်း မိလေ့ မရှိဘူး။



        ဒီလိုနဲ့ ရက်ပေါင်းများစွာ ကြာပြီး . . . .

       တစ်ရက်မှာ တံငါသည်ကြီးက သူ့သား နှစ်ယောက်ကို ခေါ်ပြီး ရေကန်ကြီး တစ်ခုဆီကို ငါးမျှားတံ တစ်ယောက် တစ်ချောင်းဆီနဲ့ ထွက်လာခဲ့တယ်။ ရေကန်ကြီးကိုလည်း ရောက်ရော တံငါသည်ကြီးက ငါးတွေ ခိုအောင်းလို့ အကောင်းဆုံး နေရာက ဘယ်နေရာလဲ လို့ မေးလိုက်တယ်။ ဒီတော့ နှစ်ယောက် စလုံးက တပြိုင်နက် ဖြေကြတယ်။ သူတို့ ဖြေတဲ့ နေရာကို ရောက်အောင် တံငါသည်ကြီးနဲ့ သားနှစ်ယောက် သွားပြီး ငါးမျှားဖို့ ကိုင်းတံလေးတွေကိုထုတ်ကာ ငါးမျှားချိတ်မှာ အစာတပ်ကာ အသီးသီး နေရာယူကြတယ်။

        ထိုရေကန်ကြီးကလည်း ငါးတွေ အလွန်ပေါတယ်။ သားအဖ သုံးယောက် တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် ကွာဝေးတဲ့ နေရာမှာ ထိုင်ပြီး ငါးမျှားနေကြတယ်။ တစ်ယောက်ရဲ့ ငါးမျှားတံကို ငါးက ဟပ်လိုက် ၊ ဆွဲတင်လိုက်နဲ့ ငါးတွေ တော်တော် ရကြတယ်။ တံငါသည်ကြီးက ငါးဖမ်း အလွန်တော်တဲ့ တံငါသည်ကြီး ဆိုတော့ သူ့ရဲ့ ငါးမျှားတံကလည်း ခဏပဲ လေထဲမှာ ထားခွင့် ရလိုက်တယ်။ ငါးမျှားချိတ်ကို ရေထဲ ချလိုက်တာနဲ့ ချက်ချင်း ဆိုသလို ငါးတွေကလည်း ဟပ်ကြ ၊ ဆွဲကြတယ်။ ဒါဆို ငါးမျှားတံကို ကိုင်ပြီး ငြိမ်နေတဲ့ တံငါသည်ကြီးက ဆတ်ခနဲ ဆွဲတင်လိုက်ရင် ငါးတစ်ကောင် ပါလာတော့တာပါပဲ။

         တံငါသည်ကြီးရဲ့ သားတွေကလည်း သူ့လောက်သာ မတော်ကြတာ ညံ့တော့ မညံ့ကြဘူး။ သူတို့ရဲ့ ငါးမျှားတံလေးတွေကလည်း သုတ်ခနဲ သုတ်ခနဲပါပဲ။ ဒါပေမဲ့ သားနှစ်ယောက်ရဲ့ ငါးဖမ်းမိတာခြင်းတော့ မတူကြဘူး။ သားတစ်ယောက်က ငါးအတော် များများ ဖမ်းမိတဲ့ အချိန်မှာ နောက်ထပ် သားတစ်ယောက်ကတော့ သာမာန်လူတွေထက် အနည်းငယ်လောက်သာ ငါးမျှားလို့ ရခဲ့တယ်။ တံငါသည်ကြီးနဲ့ ယှဉ်လိုက်တဲ့ အခါမှာ တစ်ယောက်က သိပ်မကွာပေမဲ့ ၊ နောက်ထပ် တစ်ယောက်ကတော့ ထက်ဝက်နီးပါးလောက်ကို ကွာနေတယ်။ 

         နေ အတော်စောင်းလို့ ပြန်ချိန်တန်တော့ တံငါသည်ကြီးက သူ့သားနှစ်ယောက်ကို ခေါ်ပြီး ပြန်ဖို့ ပြင်ဆင်ကြတော့တယ်။ ပြန်ဖို့ ပြင်ဆင်တော့ တံငါးသည်ကြီး မျှားလို့ မိထားတဲ့ ငါးတွေက များပြားလှတယ်။ နောက်ထပ် သားတစ်ယောက်ကတော့ တံငါသည်ကြီးကိုသာ မမှီတယ် သူကလည်း မိထားတဲ့ ငါးတွေ အများကြီး ဖမ်းမိထားတယ်။ နောက်ထပ် တစ်ယောက်ကတော့ ဖမ်းမိတဲ့ ငါးက တံငါသည်ကြီးကို မဆိုထားနဲ့ ဟိုသားတစ်ယောက် လောက်တောင်မှ ဖမ်းမမိခဲ့ဘူး။ သူကလည်း သူဖမ်းမိတဲ့ ငါးတွေကို ကြည့်လိုက် ၊ တံငါသည်ကြီးနဲ့ ဟိုတစ်ယောက် ဖမ်းမိထားတဲ့ ငါးတွေကို ကြည့်လိုက်နဲ့ ဘာလို့ သူ ငါးဖမ်းတာ အများကြီး မမိလည်း ဆိုတာ သူ့ဖာသာသူ နားမလည်နိုင်ခဲ့ဘူး။

         တံငါသည်ကြီးက အသက် အတော်ကြီးပြီ ဖြစ်လို့ တံငါသည်ကြီး ဖမ်းလို့ မိတဲ့ ငါးတွေကို ညီအစ်ကို နှစ်ယောက် တစ်ယောက် တဝက် ခွဲကာ ထမ်းပြီး ပြန်လာခဲ့တယ်။ လမ်းတလျှောက် သားအဖ သုံးယောက် သာသာယာယာ လမ်းကလေးကို အေးအေးဆေးဆေး ဖြတ်လျှောက်လာပေမဲ့ ငါးနည်းနည်းသာ ဖမ်းမိခဲ့တဲ့ သားရဲ့ စိတ်ထဲမှာတော့ အတော်ကို ဘဝင်မကျ ဖြစ်နေခဲ့တယ်။ ဘာလို့ သူ ငါးဖမ်းတာ ဒီလောက် နည်းနည်းပဲ ရတယ် ဆိုတာကိုလည်း သူ့ဖာသာသူ နားမလည်နိုင်ခဲ့ဘူး။ တစ်နေရာတည်း ၊ တစ်ကန်တည်း ၊ ဘာမှ မကွာဘဲ လှမ်းမြင်နေရတဲ့ ကန်တစ်ခုတည်းမှာ ငါးမျှားတဲ့ အစာ အတူတူနဲ့ မျှားနေရင်းကို သူက ဘာလို့ ငါး အရ နည်းရတာလဲ ဆိုတာကို သူ အရမ်းသိချင်လာတယ်။

         “ အဖေ . . . . ”

         သူက မဝံ့မရဲ နဲ့ လှမ်းခေါ်လိုက်တော့ တံငါသည်ကြီးက သူ့ကို စောင်းငဲ့ကြည့်တယ်။ ဒါပေမဲ့ တံငါသည်ကြီးရဲ့ နောက်ထပ် သားတစ်ယောက်ကတော့ သူ့ဖာသာသူ ထမ်းစရာ ရှိတဲ့ ငါးတောင်းကို ထမ်းပြီး သူ့လမ်းကို သူ လျှောက်နေတယ်။ သူ့အဖေကို ခေါ်သံ ကြားလိုက်ပေမဲ့ သူ့ကို ခေါ်တာ မဟုတ်လို့ သူက လှည့်တောင်မှ မကြည့်။ တံငါသည်ကြီးက ခေါ်နေတဲ့ သားကို လှမ်းကြည့်ပြီး ဘာလဲ ဆိုသလို မေးဆတ်ပြတယ်။ ဒီတော့မှ လှမ်းခေါ်လိုက်တဲ့ သားက ဆက်မေးတယ်။

            “ တစ်နေရာတည်း ၊ တစ်ကန်တည်း ၊ တစ်ချိန်တည်းမှာ ငါးမျှားစာ အတူတူနဲ့ မျှားနေရင်းကို ဘာလို့ ငါးရပုံခြင်းက မတူရတာလဲ အဖေ ”

         လို့ လှမ်းမေးလိုက်တယ်။ ဒီတော့မှ တံငါသည်ကြီးက သူ ဖြေချင်လို့ အချိန်ပေါင်းများစွာကို စောင့်ဆိုင်းခဲ့တယ် ဆိုသလို မိန့်မိန့်ကြီး ပြုံးလေတော့သည်။ ပြီးမှ . . .

          “ ဘာကြောင့်လို့ ငါ့သား ထင်လဲ။ ”

          “ မပြောတတ်ဘူး အဖေ။ ”

          ဒီလို သူတို့ နှစ်ယောက် အချီအချ ပြောနေပေမဲ့ သူတို့ ဘေးမှာ လိုက်ပါလာတဲ့ သားကတော့ သူတို့ စကားကို နားစွင့်နေပေမဲ့ လှမ်းရမဲ့ ခြေလှမ်းက မပျက် ၊ သူတို့ကိုလည်း လှည့်ကြည့်ကာ ငေးမောခြင်း မပြုပေ။ တံငါသည်ကြီး ဆက်ပြောတယ်။

          “ ငါးမျှားနေရင်းနဲ့ ငါ့သား ငါးမျှားချိတ်ချထားတဲ့ ဖော့တံလေးကို ဘယ်လောက် အချိန်ကြာအောင်လို့ စောင့်ကြည့်နေလဲ။ ”

          “ တစ်ချိန်လုံးပဲလေ အဖေ ”

          “ ငါးမျှားတံ ဖော့လေးကို ထိုင်ကြည့်ရင်း သား ဘယ်နှစ်ခါ ဆေးလိပ် ထုတ်ဖွာလဲ။ ”

          “ သေချာတော့ မမှတ်မိပေမဲ့ ဆေးပေါ့လိပ် ၅ လိပ်ကုန်ခဲ့တယ် အဖေ ”

          “ ငါးမျှားတံဖော့လေးကို စောင့်ကြည့်နေရင်း ရေကရော ဘယ်နှစ်ကြိမ် သောက်ခဲ့လဲ။ ”

          “ ဒါလည်း ဘယ်မှတ်မိမလဲ အဖေရာ။ ရေဘူး နှစ်ဘူးစလုံးတော့ တတ်တတ်ပြောင်သွားတာပဲ။ ”

          “ ငါးမျှားတံဖော့လေးကို စောင့်ကြည့်နေရင်း အဖေ နဲ့ ငါးမျှားဖော်မှာ ငါး ဘယ်နှစ်ကောင် မိပြီလဲ ဆိုပြီး သား ဘယ်နှစ်ကြိမ် ထကြည့်လဲ။ “

          “ သေချာတော့ မမှတ်မိပေမဲ့ ၁၀ ကြိမ်လောက်တော့ ရှိမယ် ထင်တယ်။ ”

          “ ထိုင်ရာက ခဏထပြီး နေရာကို ပြန်ထိုင်တော့ ဟာ . .  ငါက ဆွဲနေတာကိုး ဆိုပြီး ဘယ်နှစ်ကြိမ် ကိုယ့်ဖာသာကိုယ် ရေရွတ်မိလဲ။ ”

          “ မသေချာ ပေမဲ့ အကြိမ် နှစ်ဆယ်လောက် ရှိမယ် ထင်တယ် အဖေ။”

          “ ဒါပဲလေ ငါ့သားရဲ့။ မင်း ဘာလို့ ငါးအမိနည်းတာလဲ ဆိုတာ ၊ ဒါက သက်သေပြနေတာပဲလေ။ ”

          “ ဗျာ . . . အဖေ ဘာကို ဆိုလိုတာလဲ ”

          ဒီတော့ တံငါသည်ကြီးက သူ့ရဲ့သားကို သနားစဖွယ် ကောင်းသော လူတစ်ယောက် အဖြစ် သေချာ ကြည့်လိုက်ပြီးတော့ ဆက်ပြောတယ်။

           “ တကယ်တော့ အဖေက အဖေ့မှာ တတ်ထားတဲ့ ငါးဖမ်းနည်း ၊ ငါးရှာနည်းတွေကို သားနှစ်ယောက်ကို အတူတူ သင်ပေးခဲ့တာပဲ။ ငါးကို ဘယ်လို ဖမ်းရမယ် ဆိုတာ အပြင် ၊ ငါးတွေ ဘယ်နေရာမှာ ခိုအောင်းတတ်တယ် ဆိုတာကိုလည်း အတူတူ သင်ပေးခဲ့တာပဲ။ ကွန်ချက်တင် မကဘူး ၊ ရှိသမျှ အကုန် ပုံပေးခဲ့တာပါ။ ဒါပေမဲ့ . . . ငါ့သားက အဖေ့ကို ပညာအတူတူ မသင်ပေးဘူး လို့ ထင်နေခဲ့တယ်လေ။ ”

          “ - - - - - -  ”

          “ မဟုတ်ဘူး ငါ့သားရဲ့။ တကယ်တော့ ပညာသင်တာခြင်း အတူတူတောင်မှ ကိုယ့်ရဲ့ “ အလုပ်အပေါ်မှာ စူးစိုက်မှု ” ဆိုတာ လိုအပ်သေးတယ်။ ပညာသင်ပေးနေချိန်မှာ တတ်အောင် စူးစိုက်ရမယ်။ တတ်ပြီ ဆိုရင်လည်း မမေ့အောင် စူးစိုက်ရမယ်။ မမေ့တော့ဘူး ဆိုရင်လည်း ကောင်းမွန်စွာ အသုံးချနိုင်အောင် စူးစိုက်ရမယ်။ အသုံးချနိုင်ပြီ ဆိုရင်လည်း အကောင်းဆုံး အသုံးချနိုင်အောင် စူးစိုက်ရတယ်။

           “ - - - -- - - - - ”

           “ အခုတော့ ငါ့သားက ငါးမျှားနေတယ်သာ ဆိုတယ်။ ဖင္က ဂဏွာမျငိမ္ဘူး။ ဟိုထလိုက် ဒီထလိုက်နဲ့။ ပြီးတော့ ကိုယ်မျှားလို့ မိမှ ကိုယ်ရတယ် ဆိုတာ သဘောပေါက်ရမှာ။ အခုတော့ ဟိုလူ ငါး ဘယ်နှစ်ကောင်မိပြီလဲ ဆိုပြီး ထကြည့်ရတာ တမျိုး ၊ ဆေးလိပ်ထဖွာရတာ တဖုံ ၊ ရေသောက်ရတာ တကြောင်း ၊ မျိုးကို စုံနေတာပဲလေ။

           ဒီအချိန်မှာ ငါ့သားရဲ့ ငါးမျှားချိတ်ကို လာဟပ်တဲ့ ငါးကို ငါ့သား ဘယ်လိုလုပ် သိလိုက်မလဲ။ ငါးစာကို အသာလေး ငုံထားတတ်တဲ့ ငါးဆိုရင် ကိုယ်က ဆတ်ခနဲ ဆွဲလိုက်မှ မိတာ မဟုတ်လား။ အခုတော့ ကိုယ်က တခြားမှာ အာရုံ ရောက်နေတော့ ဒီလို အချိန်ကောင်းတွေ လွတ်သွားတာပေါ့ကွာ။ ဒီတော့ ငါ့သား ငါးအမိနည်းတာ အဖေက ကွန်ချက် မပြလို့လား ၊ ငါ့သားရဲ့ အလုပ် အပေါ်မှာ အာရုံစိုက်မှု နည်းလို့လား။ ”

          “ - - - - - - - - ”

          “ ပြောပါဦး ငါ့သားရဲ့။ အရင်က လှေနဲ့ ငါးဖမ်း ထွက်ပြီး ပြန်လာရင် ငါ့သား ငါးအရ နည်းတော့ အဖေက သားကို တတ်သင့်တတ်ထိုက်တာတွေ မသင်လို့လား ၊ ကွန်ချက်ကို မပြလိုက်လို့လား။ ငါ့သားရဲ့ အလုပ်ပေါ်မှာ အာရုံ စူးစိုက်မှု နည်းလို့လား ၊ ဖြေကြည့်စမ်းပါဦး။ ”

           ဒီတော့မှ သားဖြစ်သူက ရုတ်တရက် အိပ်ယာမှ လန့်နိုးသူ တစ်ယောက်လို ဖခင် တံငါသည်ကြီးပြောတဲ့ စကားကို နားထောင်ပြီး သူ့ကိုယ်သူ ပြန်မြင်ကာ အမှားကို တွေ့သွားတော့တယ်။

            “ ဟုတ်တယ် အဖေ။ အဖေ ပြောမှ သားကိုသား ပြန်ပြီး မြင်တော့တယ်။ သားက လှေနဲ့ ငါးရှာထွက်တော့လည်း ဒီလိုပဲ ပိုက်ချပြီး လှေပေါ်မှာ မှေးချင် မှေးနေမိတာ။ ဒီတော့ ငါးအုပ်နဲ့ ဘယ်လို လွတ်သွားတယ် ဆိုတာကိုတောင်မှ မစဉ်းစားမိခဲ့ဘူး။ အခု အဖေ ပြောမှပဲ ဒါတွေ အားလုံးက ကိုယ့်ရဲ့ အလုပ်အပေါ်မှာ စူးစိုက်မှု နည်းခဲ့တာ ဆိုပြီး ပြန်မြင်ပါပြီ အဖေ။ အခု အချိန်က စပြီး သား အလုပ်အပေါ်မှာ အာရုံ စူးစိုက်နိုင်အောင် ပြင်ဆင်ပါတော့မယ်။ ”

            ဆိုပြီး ကတိပေးတယ်။ ဒီတော့ ဖခင် တံငါသည်ကြီးက ပြုံးပြီး ခေါင်းလေး တဆတ်ဆတ်ညိတ်ကာ ပြောသတဲ့။

           “ ငါ့သား ကိုယ့်ဖာသာ သဘောပေါက်သွားတာ ဝမ်းသာလိုက်တာ သားရယ်။ လောကမှာ လူတွေက ကိုယ် အောင်မြင်မှု မရဘူး ဆိုရင် ဘယ်သူကတော့ ဘယ်လို ပညာတွေ လျှိုထားလို့ ၊ ဘယ်သူကတော့ဖြင့် မကူညီလို့ ဆိုပြီး ပြောတတ်ကြတယ်။ တကယ်တော့ ဘယ်အလုပ်မှာ မဆို ကိုယ့်ဖာသာ ပြင်ဆင်ပြီး အာရုံ စူးစိုက်ခဲ့မယ် ဆိုရင် အသေးအဖွဲလေးက အစ သတိထားမိပြီး အရာရာ ပြင်ဆင် လုပ်ကိုင် သွားတတ်မှာပါ။ ဒါဆို ဘယ်အလုပ်မှာ မဆို အောင်မြင်နိုင်ပြီပေါ့။ ”



           သင့်မှာရော . . . . ဘယ်အရာတွေမှာ ဘယ်သူ့ရဲ့ အကူအညီ မရဘူး ဆိုသော “ ကွန်ချက် မပြဘူး  ” ဆိုကာ ဖြစ်နေခဲ့ဖူးပါသလား။ ဒါဆိုရင် အခု ကိုယ်လုပ်နေတဲ့ အလုပ် အပေါ်မှာ မိမိ ဘယ်လောက် အာရုံ စူးစိုက်သလဲ ဆိုတဲ့ အချက်ကို ပြန်ပြီး လေ့လာ ဆန်းစစ် ကြည့်ပါ။ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ အာရုံ စူးစိုက်နိုင်ခဲ့ရင် ဒီအလုပ်မှာ သင်ဟာ တစ်နေ့ ထိပ်တန်း ဖြစ်လာပါလိမ့်မယ်။

           ဒါက လျှို့ဝှက်ချက် မဟုတ်ပါဘူး။ သတိ မထားမိသော အရာမျှသာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ မိမိရဲ့ အာရုံစူးစိုက်မှု နည်းခဲ့လို့သာ ဖြစ်ပါတယ်။

         ပုံပြင်လေးကတော့ ဒါပါပဲ။


လေးစားစွာဖြင့်
ကိုဇော်
23.3.2011

Share/Bookmark

18 March 2011

30 ချစ်သူ ချော့နည်း ( Tag )



        မုတ်သုံမိုးတို့ အားပျော့ခဲ့ချေပြီ။ မြောက်ပြန်လေက ပတ်ဝန်းကျင် တစ်ခုလုံးကို ခပ်စိပ်စိပ်ဖြင့် ဖြန်းပက်လျက် ရှိ၏။ သူနဲ့ အတူ ပါလာသော အအေးဓါတ်တို့က လှည်းနေ လှေအောင်း မြင်းဇောင်းပါ မကျန်အောင် တိုးဝင်ကာ စိမ့်လျက်ရှိသည်။ မြင်သမျှ ၊ တွေ့သမျှ ၊ ထိသမျှ အရာ အားလုံးက ခြောက်သွေ့ကာ အေးစက်စက် ဖြစ်လျက် ရှိ၏။

       ထိုအချိန်တွင် အပန်းဖြေ ဥယျာဉ် တစ်ခုရဲ့ အလယ်မှ ရေကန် ၊ ထိုရေကန်၏ နှုတ်ခမ်းသား ဘောင်ပေါ်မှာ ချထားသော ခုံတန်းလျားလေး ပေါ်မှာ နီရဲနေသော မျက်ဝန်း တစ်စုံ နှင့် ကောင်မလေး တစ်ယောက် ၊ သူ့ရဲ့ ဘေးနားမှာ ထိုင်နေပြီး ကောင်မလေးဆီမှ စိတ်ဆိုးကာ ဒေါသများဖြင့် ဆောင့်အောင့် ထွက်လာသော စကားလုံးများကို တစ်ခွန်းမကျန် လေအေးအေးဖြင့် ဖြေရှင်းပေးနေသော ကောင်လေး တစ်ယောက်ကို ခပ်ဝေးဝေးမှ လှမ်းမြင်နေရသည်။

          ခပ်ဝေးဝေးမှ လှမ်းမြင်နေရသောကြောင့် သူတို့ ပြောသော စကားတွေကို ခပ်ဝါးဝါးတောင်မှ မကြားရပါ။ တိတိကျကျ ဆိုရရင် ဘာဆို ဘာမှ မကြားမိပါ။ သို့သော် သူတို့ ပြောနေသော စကားများကို ကြားသိခွင့် ရှိပါက မည်ကဲ့သို့ စကားများ ဖြစ်မလဲ ဆိုတာ အေးမြလှသော ဆောင်းရဲ့ လေအေးနဲ့ အတူ နွေးနေသော နှလုံးသားနဲ့ မျှဝေကာ ခံစားကြည့်လိုက်မိ၏။



ချော့နည်း ( ၁ )

         တကယ်တော့ နှစ်ယောက်သား စကား အချေအတင် ဖြစ်ကာ စကားများနေကြခြင်း မဟုတ်။ တကယ် ဖြစ်နေတာက ကောင်မလေးက ကောင်လေးကို အထင်လွဲကာ စိတ်ဆိုးပြီး စိတ်ကောက်နေခြင်းပင် ဖြစ်လေသည်။ ပြီးတော့ ထိုစကားများကလည်း ကောင်လေးကို စကားနာထိုးထားသော စကားများပင် ဖြစ်လေသည်။ နားထောင်ကြည့်ပါ။

          “ သူများတွေများ ချစ်တတ်လိုက်ကြတာ မျက်စိအောက်ကကို အပျောက်မခံနိုင်ကြဘူး။ မျက်တောင်လေး တစ်ခတ်မှာတင် ချစ်သူကို မတွေ့လိုက်ရမှာ စိုးလို့ မျက်တောင် တောင်မှ မခတ်ချင်ဘူးတဲ့။ ကိုနဲ့တော့ ကွာပါ့။ ကိုယ့်ချစ်သူ ဘယ်ဆီကို ရောက်နေတယ် ၊ ဘာတွေ လုပ်နေတယ် ၊ ဘာတွေ ဖြစ်နေတယ် ဆိုတာ သတိတောင်မှ ရရဲ့လား။ ”

           “ ရပါတယ်ကွာ ၊ နွယ်က ကိုယ့်ချစ်သူပဲ ဟာကို သတိမရဘဲ နေမလား။ ”

         “ အဲဒီလိုပဲ ပါးစပ်က လွယ်လွယ်ပြောတာပဲ မဟုတ်လား ၊ နောက်ကွယ်ကျတော့ ရောက်ချင်ရာ ရောက် ၊ ဖြစ်ချင်တာ ဖြစ် ဆိုပြီး ဂရုမစိုက်ဘူး မဟုတ်လား။ ”

           “ မဟုတ်တာ နွယ်ရယ်။ ကိုယ် ဘယ်လောက် ဂရုစိုက်လဲ ဆိုတာသာ သိရင် နွယ် လန့်တောင်မှ သွားဦးမယ်။ ”

          “ အလိုလေးလေး ၊ ဖြစ်မှ ဖြစ်ရလေ ၊ နွယ်က လန့်တောင်မှ လန့်ရဦးမယ် ဟုတ်လား။ ”

           “ ဟုတ်တယ် ၊ နောက်ပြီးတော့ အဲဒီကျမှ အအေးတောင်မှ ပတ်တယ် ဆိုပြီး ပြောနေရဦးမယ်။ ”

          “ ဘယ်လို . . . . ”

           “ ဟုတ်တယ်လေ။ ကိုက နွယ့်ကို ချစ်တယ် ဆိုတာ သူများတွေလို မျက်စိအောက်က အပျောက်  မခံနိုင်ယုံတင် ချစ်တာ မဟုတ်ဘူးလေ။ ”

          “ - - - - - - ”

          “ ကိုယ့်ချစ်သူကို ကိုက အမြဲတမ်း တသသ နဲ့ ချစ်နေတာ . . . ”

          “ ဒါနဲ့ အအေးပတ်တာနဲ့ ဘာဆိုင်လို့လဲ။ ”

           “ ဆိုင်တာပေါ့ နွယ်ရာ ၊ ကိုယ်က နွယ့်ကို “ ဖူးဖူးမှုတ် ချစ်တာလေ  ” ၊ ဖူးဖူးမှုတ်ထားမှတော့ အအေးတောင်မှ ပတ်ပြီပေါ့ကွာ ”

          “ ခိ . . . မဟုတ်တာ ပြောမယ် ဆိုရင် ပထမဦးဆုံး . . ”

           ချစ်သူရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့ ပြုံးယောင်ယောင်လေး ဖြစ်လာခဲ့၏။ ဒါပေမဲ့ မပြီးသေးပါ။



ချော့နည်း ( ၂ )

          “ ဒါက တွေ့မှ ပြောတာ မဟုတ်လား။ သူများတွေကတော့ ဘယ်ကို သွားသွား ဂရုစိုက်ရ ၊ သဝန်တိုရနဲ့ ၊ ချစ်ပြနေလိုက်ကြတာ ။ ကိုနဲ့များ တကယ်ကို ကွာတယ်။ ကိုက သဝန်ကို မတိုဘူး မဟုတ်လား။ ”

           “ အင်း . . .ဒါကတော့ ဟုတ်တယ် နွယ်။ ကို ဝန်ခံပါတယ်။ ”

          “ ဟင် . . ဒါဆို နွယ့်ကို ဖြစ်ချင်တာ ဖြစ် ဆိုပြီး သဝန်မတိုဘူးပေါ့လေ။ သဝန်မတိုဘူး ဆိုတာ မချစ်လို့ဘဲ လို့ ဖတ်ဖူးတယ်။ ”

          “ ဒီလိုတော့ မဟုတ်ဘူး နွယ်။ ကို ပြောချင်တာက တစ်မျိုး . . . ”

          “ - - - -  - - - ”

           “ နွယ် ပြောသလို မချစ်ရင် သဝန်မတိုဘူး ဆိုပြီး ကိုက နွယ့်ကို သဝန်မတိုဘူး လို့ နွယ် ထင်နေရင် နွယ် မှားမယ်။ ကိုကလည်း နွယ့်ကို သဝန်တိုတာပဲပေါ့။ ဘာလို့လဲ ဆိုတော့ ကိုကလည်း နွယ့်ကို ချစ်တာပဲကိုး။ ဒါပေမဲ့ ချစ်လို့ သဝန်တိုတယ်ဟေ့ ဆိုပြီး နွယ်နဲ့ ကိုနဲ့ သဝန်တိုတာခြင်း ပြိုင်နေကြရင် ကိုတို့ တွေ့တိုင်း ဘယ်လိုလုပ်ပြီး ပျော်စရာ ကောင်းတော့မလဲ။ ပျော်စရာ မကောင်းယုံတင် မကဘူး ၊ သဝန်တို ပြိုင်ပွဲကြီး ဖြစ်ပြီး စိတ်ညစ်စရာ ကောင်းနေတော့မှာပေါ့။

          ဒါကြောင့် ကိုက နွယ့် အမြင်မှာ နွယ့်လောက် မချစ်ဘူး ၊ ဒါကြောင့် သဝန်မတိုဘူး လို့ နွယ် ထင်ချင် ထင်သွားပါစေ ဆိုပြီး ကိုက နေနေတာ။ ဒါမှ နွယ်က ငါက ပိုချစ်တယ် ၊ ဒါကြောင့် ပိုပြီးတော့ သဝန်တိုတယ် ဆိုပြီး ကို့ထက် သာနေမှာလေ။ တကယ်တော့ ကိုက နွယ့်ကို မချစ်လို့ သဝန်တိုတာ မဟုတ်ဘူး။ ချစ်လွန်းလို့ သဝန်မတိုတော့ယောင် ဆောင်နေတာပါ။ နွယ် သဝန်တိုတာနဲ့တင် ကိုက နွယ့်အချစ်ကို ခံယူဖို့ အသင့် ဖြစ်နေပြီလေ။ ”

          “ ဟွန်း . . ကိုပိုကြီး . . ဟုတ်လည်း မဟုတ်ဘဲနဲ့ ”

           မျက်ဝန်းထဲမှ မျက်ရည်တွေက ခန်းခြောက်ပြီး ဆက်မကျလာတော့ပါ။ ပြီးတော့ နှုတ်ခမ်းကို ကိုက်ထားပေမဲ့လည်း ချစ်သူရဲ့ မျက်ဝန်းလေးတွေက ပြုံးလာနေပါပြီ။ ဒါပေမဲ့ . . . မပြီးသေးပါဘူး။ အများ သိကြတဲ့ အတိုင်းပါပဲ. . . ။



ချော့နည်း ( ၃ )

           “ အပြောကတော့ ကောင်း ၊ သူများတွေများ ချစ်သူ မျက်ရည်ကျတာကို လုံးဝ မခံနိုင်ဘူးတဲ့။ ”

           “ အင်း . . .  ဘာဖြစ်နေလို့လဲ ကိုက . . . ”

           “ ဟုတ်တယ်လေ . . ကိုက အခု နွယ် မျက်ရည်ကျနေတာတောင်မှ ဘာမှ မဖြစ်သလိုပဲ ခပ်တည်တည်ပဲ ဖြစ်နေတာ မဟုတ်လား။ ”

           “ ဒါဆိုရင်တော့ နွယ် မှားသွားပြီ။ ကိုက နွယ် မျက်ရည်ကျနေတာကို တမင် ကျပါစေ ဆိုပြီး ကြည့်နေတာ . . ”

            “ ဘယ်လို . . . ကိုက နွယ် ငိုနေတာကို ဝမ်းသာနေတယ်ပေါ့လေ။ ဟုတ်လား ၊ ကိုနော်. . . ”

           “ မဟုတ်တာ နွယ်ရယ်။ နွယ် ငိုနေတာကို ကိုက ဝမ်းသာနေတယ် လို့ ကို ပြောမိလို့လား။ ကို ပြောတာက နွယ် မျက်ရည်ကျတာကို ကိုက တမင်ကျပါစေလို့ ပြောတာ။ နွယ့်ကို မျက်ရည်ပဲ ကျစေချင်တာ . . . ”

           “ ဟင်. . . အတူတူပဲလေ။ ဒါဆို ကိုက နွယ် မျက်ရည် ကျစေချင်နေတယ်ပေါ့ ၊ ဟုတ်လား။ ”

           “ ဟုတ်တယ် နွယ် ၊ ကို တကယ်ကို နွယ့်ကို မျက်ရည် ကျစေချင်နေတာ . . ”

           “ သြော်. . . ကိုဇော် ၊ နွယ်က မျက်ရည်ကျပြီး စိတ်ဆင်းရဲနေမှ ရှင်က ပျော်နေတယ်ပေါ့လေ။ ”

           “ အမ် . . . ကို ဒီလို မပြောပါဘူး။ နွယ်ဖာသာ လျှောက်တွေးပြီး ပြောနေတာ။ ကို ပြောချင်တာက သုတေသန ပညာရှင်တွေရဲ့ အဆို အရ။ မျက်ရည် ခန်းခြောက်နေတဲ့ လူတွေထက် မျက်ရည်လွယ်တဲ့ လူတွေက မျက်လုံးရဲ့ အကြည်ဓါတ် ပိုပြီးတော့ တောက်ပပြီး လှပကြတယ် လို့ ဆိုတယ်။ နွယ်သာ မျက်ရည်မကျဘဲ မျက်ရည် အကျနည်းပြီး မျက်ရည်တွေ ရှားနေမယ် ဆိုရင်  ကိုချစ်တဲ့ နွယ့်မျက်ဝန်းလေးတွေမှာ အကြည်ဓါတ် မရှိဘဲ မွဲခြောက်နေမှာ စိုးလို့ ကိုက နွယ့်ကို မျက်ဝန်းမှာ အကြည်ဓါတ်တွေ ရှိနေအောင် မျက်ရည်ကျတာကို သဘောကျနေတာပါ။ ”

           “  - - - - - - -  ”

           အနီးနားမှာ မှန် မရှိပါ။ ဒါကြောင့် ကောင်မလေးက သူ့ရဲ့ လက်ကိုင်အိတ်ထဲကနေ မိတ်ကပ်ဘူးလေးကို ထုတ်ပြီး အထဲက မှန်လေးနဲ့ သူမ မျက်ဝန်းတွေကို သူမ ပြန်ကြည့်နေ၏။ ပြီးတော့ ခေါင်းကိုလည်း ဟိုဘက် ဒီဘက် စောင်းကာ သူမ မျက်ဝန်းကို အခုမှ မြင်ဖူးသလိုနဲ့ ရှု့ထောင့်မျိုးစုံက ကြည့်၏။

           “ အင်း . . . ဟုတ်တော့လည်း ဟုတ်သားပဲနော်။ ဒါကြောင့် နွယ့် မျက်ဝန်းလေးတွေက အရည်စိုပြီး တောက်နေတာ နေမယ်နော်။ ”

           ကဲ. . . . ကြည့်ဦး။ ပြောပြန်ရင်လည်း ကိုဇော့် အလွန် ဖြစ်ဦးမယ် ဟင်းးးးးး

           “ ဟုတ်တယ် . . . ဒါကြောင့်လည်း ကိုက နွယ် ဂရုမစိုက်မိတဲ့ မျက်ဝန်းလေးတွေကိုတောင်မှ ဂရုစိုက် နေတာပေါ့ကွာ ”

            မျက်ဝန်းလေးတွေမှာ အပြုံးလေးတွေပါ မကတော့ပါ ၊ နှုတ်ခမ်းလေးတွေမှာပါ အပြုံးလေးတွေ ထင်ဟပ် လာသည်။ သို့သော် မပြီးသေးပါ။ သူတို့က မိန်းကလေးတွေ မဟုတ်လား။ နည်းနည်းတော့ အရစ် ထပ်ပြီး ရှည်ပါလိမ့်ဦးမည်။



ချော့နည်း ( ၄ ) 

            “ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ကို နွယ့်ကို ဂရုမစိုက်ဘူး။ ”

           “ ဟင်  . . ဒီလောက် ဂရုစိုက်နေတာတောင်မှ ဖြစ်ရပြန်ပြီ။ ”

           “ ဟုတ်တယ်လေ။ နွယ့်မှာတော့ ကို ဂရုမစိုက်ဘူး ဆိုပြီးတော့ နွယ့်မှာ ငိုလိုက်ရတာ ၊ ရှိုက်လိုက်ရတာ ဘယ်လောက် မောတယ် မှတ်လဲ။ ဒါကို ကိုက အရင်ကတည်းက ဒီဟာက ဒီလိုပါ ၊ ဟိုဟာက ဟိုလိုပါ လို့ သေချာ ရှင်းပြထားပါလား။ ဒါဆိုရင် နွယ် မငိုရတော့ဘူး ၊ ဝမ်းနည်းလို့ မရှိုက်ရတော့ဘူးပေါ့။ အခုတော့ နွယ် ဘယ်လောက် မောတယ် မှတ်လဲ။ အဲဒါ ကို ဂရုမစိုက်လို့ပေါ့။ ”

           “ ကိုက ဂရုမစိုက်တာ မဟုတ်ပါဘူးကွာ။ ကိုက တမင် နွယ့်ကို အဲဒီလို ရှိုက်အောင် ၊ မောအောင် လုပ်တာပါ။ ”

           “ ဟင် . . . ဒါဆို ကိုက နွယ့်ကို ပင်ပန်းစေချင်လို့ပေါ့ ဟုတ်လား။ ”

           “ ဒီလိုတော့လည်း မဟုတ်ပါဘူးကွာ။ ကို ဖတ်ဖူးတဲ့ ဆေးပညာ စာအုပ် တစ်အုပ်မှာ အငိုသန်တဲ့ ကလေးတွေက အဆုတ်အား ကောင်းတယ် ၊ ငိုရင်းနဲ့ ပိုပြီး ရှိုက်လေလေ သူတို့ရဲ့ အဆုတ်တွေက ပိုပြီး သန့်စင်လေလေ လို့ ဖတ်ရဖူးတယ်။ ဒါကြောင့် နွယ် ငိုတယ် ဆိုရင် အဆုတ်အား ကောင်းမယ် ၊ ငိုရင်းနဲ့ ရှိုက်ရတယ် ဆိုရင် အဆုတ် သန့်မယ် ဆိုပြီးတော့ ကိုက နွယ့်ကို ပိုပြီးတော့ ကျန်းမာစေချင် လို့ နွယ် ငိုတာ ၊ ရှိုက်တာတွေကို မတားဆီးတာပါ နွယ်ရဲ့။ ”

            “ အမလေး . . ဆင်ခြင်တွေကလည်း များလိုက်တာနော်။ ဘာကို ဘယ်လို ပြောရမှန်းတောင်မှ မသိတော့ဘူး။ ဒီကပြောရင် ဟိုဘက်က လှည့်ထွက်နဲ့ တော်တော် ဥာဏ်များတယ်နော်။ ”

           “ ဥာဏ်များတာ မဟုတ်ပါဘူး နွယ်ရာ ၊ တကယ် အမှန် အတိုင်း ပြောတာပါ။ ”

           “ ထားပါတော့  . . . ၊ ကို ပြောတဲ့ အတိုင်းရော ငိုတဲ့ ကလေးက အဆုတ်အား ကောင်းတယ် ဆိုတာ တကယ်လား။ ”

           “ တကယ်ပေါ့။ ဒါကြောင့်လည်း ကလေး မွေးမွေးချင်းမှာ အပြင်လောကရဲ့ လေကို အဆုတ်ထဲ ရှိုက်သွင်းနိုင်အောင် ဆရာမတွေက ကလေးကို အပြင်ရောက်တာနဲ့ ကျောပြင်ကို ဗြောတင်ပြီး ရိုက်ကြတာပေါ့ကွာ။ ဒီတော့ ကလေးက လန့်ပြီး ငိုတော့တာပဲ။ ဒီလို ငိုတော့မှ ကလေးရဲ့ အဆုတ်က အသက်ရှူဖို့ အားထုတ်ရင်း သူတို့ အဆုတ်တွေ အားကောင်း လာတာပေါ့ကွာ။ ဒါကြောင့် မီးဖွား ဆရာမတွေက ကလေးတွေကို အပြင်ရောက်တာနဲ့ ရိုက်ကြတယ် လို့ ဖတ်ဖူးတာပဲ။ ”

           “ ဒါဆို ကိုက နွယ့်ကို အဆုတ် အားကောင်းစေချင် လို့ ငိုတာ ၊ ရှိုက်တာကို မချော့တာပေါ့လေ။ ”

           “ ဒီလို ဆိုချင်လည်း ဆိုလို့ရတာပါပဲ။ ”

           “ အင်း . . . ”

            အင်း ဆိုပြီး ကောင်မလေးက ခဏ ငြိမ်ပြီး အကြံထုတ်နေပါ၏။ မိန်းကလေး ပီပီ ဒီလောက်နဲ့ ဘယ်ကျေနပ်ဦးမလဲလေ။ ဟုတ်တယ် မဟုတ်လား။ ခဏကြာတော့မှ . . .



ချော့နည်း ( ၅ ) 

           “ ဒါဆို ကို့ကို နွယ် တစ်ခု မေးမယ်။ ”

          “ အင်း . . . မေး . . . ”

          “ တကယ်လို့ ကိုရာ . . ၊ ဒီအချိန်က ညဘက်ကြီး ဖြစ်နေမယ်။ ပြီးတော့ မိုးကောင်းကင်မှာလည်း ကြယ်တွေ စုံနေမယ် ဆိုပါစို့ . . . ”

            “ အမ် . . . အခုက ညဘက်ကြီးမှ မဟုတ်တာ . . ”

           “ အင်းလေ. . . ဒါပေမဲ့ ညဘက်ကြီးလို့ပဲ သဘောထားလေ။ အခုလို ကြယ်တွေ စုံနေတဲ့ ညဘက်မှာ ကို နဲ့ နွယ်နဲ့က အခုလိုပဲ ခုံလေး တစ်ခုတည်းမှာ အခုလိုပဲ ထိုင်နေတယ်ပေါ့လေ. . . . ”

           “ အင်း . . . . ”

           “ ဒီအချိန်မှာ မိုးကောင်းကင်မှာ ကြယ်တွေကလည်း စုံနေပြီးတော့ ကြယ်တွေကို ကြည့်ပြီး နွယ်နဲ့ကို စကားတွေ ပြောနေကြတယ်။ ”

           “ အင်း . . . ”

           “ ဒီအချိန်မှာ ကြယ်လေး တစ်လုံးက ကြွေကျသွားတယ် ဆိုပါစို့။ ကြယ်ကြွေရင် လူတွေက ဆုတောင်းရတယ် ၊ ဒါဆို ဆုတောင်းပြည့်တယ် လို့ ဆိုကြတယ်လေ။ ”

            “အင်း . . . . ”

            “ ဒီလို ကြယ်ကြွေသွားတဲ့ အချိန်မှာ ကို ဘာဆုတောင်းမလဲ ၊  ဒါကို ပြောပြ . . . ”

           “ - - - - - - ”

           “ ပြောပြလေ. . . ၊ ကြယ်ကြွေ သွားရင် ကိုက ဘာဆုတောင်းမလဲ ”

           “ ကိုလား . . . ”

            “ အင်း . . . ၊ ဘာဆုတောင်းမလဲ ပြောပြလေ။ ”

           “ ကိုကတော့ ဘာဆုမှ မတောင်းဘူး။ ”

            “ ဟင် . . . ဘာဖြစ်လို့လဲ ၊ ကိုက ဆုတောင်းပြည့်မှာ စိုးလို့လား။ ”

            “ ဒီလိုတော့လည်း ဘယ်ဟုတ်မလဲ နွယ်ရဲ့။ ဘယ်သူမဆိုကတော့ ကိုယ်တောင်းတဲ့ ဆုကို ပြည့်ချင်တာပေါ့။ ဒါပေမဲ့ကွာ . . . လူတွေ ပြောပြောနေတဲ့ အတိုင်းပဲ ၊ သီချင်းတောင်မှ ရှိသေးတယ်လေ။ ပုလဲလုံးလေးတွေ ဆိုတာ ကမာကောင်လေးတွေရဲ့ မျက်ရည်တွေ ဆိုတော့။ ကျယ်ပြောလှတဲ့ မိုးကောင်းကင်ကြီးမှာ ကြယ်တွေဆိုတာလည်း ကောင်းကင်ကြီးရဲ့ အသွေးအသား ၊ မျက်ရည်တွေပဲ မဟုတ်လား။

             ဒီလို ကောင်းကင်ကြီးရဲ့ အသွေးအသား ၊ မျက်ရည်တွေ ကြွေကျတာကို ကိုယ်က ကြည့်ပြီးတော့ ဆုတောင်းမှ ဆုတောင်းပြည့်မယ် ဆိုတာမျိုးတော့ ကိုက မလိုချင်ဘူးကွာ။ ပြောရရင် “ သူများ မျက်ရည်ကျမှ ကိုယ်က ဆုတောင်းပြည့်မယ် ” ဆိုရင်တော့ ကို ကြယ်ကြွေတာကို ကြည့်ပြီး ဆုတောင်း မနေချင်တော့ဘူး။ မပြည့်ရင်လည်း နေပါစေတော့။ ”

            “ ဟင် . . . . . ”

           “ ဒီလိုပဲ . . . ကိုယ့်ချစ်သူကိုလည်း ကောင်းကင်ရဲ့ မျက်ရည် ကြယ်ကြွေတာကို ကြည့်ပြီး ဆုတောင်း မနေစေချင်ဘူး။ သူများ မျက်ရည်နဲ့ ဆုတောင်းမှ ကိုယ့်ဆုတောင်း ပြည့်တယ် ဆိုတာမျိုးလည်း အဖြစ်မခံနိုင်ဘူးကွာ။ ဒါကြောင့် ကိုလည်း ကြယ်ကြွေတာကို ကြည့်ပြီး ကို ဆုမတောင်းဘူး ၊ ကိုယ့်ချစ်သူ နွယ်ကိုလည်း ကြယ်ကြွေတာကို ကြည့်ပြီး ဆုတောင်း မနေစေချင်ဘူး။ ”

            “ အင်း. . . ဒီလို ဆိုတော့လည်း ဟုတ်တာပဲနော်။ ဒါဆို ကို့ကိုလည်း ဆုမတောင်း ခိုင်းတော့ပါဘူး။ နွယ်လည်း နောက်ဆို ကြယ်ကြွေတာ မြင်ရင်လည်း ဆု မတောင်းတော့ဘူး။ ”

           “ ဒါပေါ့ . . နွယ်ရယ်. . . ”

           “ ကိုပြောသလို ဆိုရင် ကြယ်ကြွေတယ် ဆိုတာ ကောင်းကင်ကြီး မျက်ရည်ကျတာပေါ့နော်။ အင်းလေ . . . သူများ မျက်ရည်ကျမှ ကိုယ်က ဆုတောင်းပြည့်ရမယ် ဆိုရင်တော့ ဘယ်ကောင်းတော့မလဲ။ နွယ်လည်း ကြယ်ကြွေတာကို ကြည့်ပြီး အရင်က တော်တော် ပျော်ခဲ့တာ ၊ အခုလို ဆိုရင် ကောင်းကင်ကြီးကိုတောင်မှ သနားဖို့ ကောင်းသွားပြီနော်။ နွယ် ဆုမတောင်းတော့ပါဘူး ကိုရယ်။ ”

            “ ဆုလည်း တောင်းနေစရာ မလိုပါဘူး နွယ်ရယ်။ နွယ့်ဘေးနားမှာ ကိုက ထာဝရ အမြဲတမ်း ရှိနေမှာပါ။ အဲဒါက တောင်းစရာ မလိုသော ဆုပါပဲ။ ”

           “ တကယ်ပြောတာလား ကို ”

           “ တကယ်ပြောတာပေါ့ နွယ်ရဲ့ ”

        “ ဒါဆိုရင်တော့ ကောင်းကင်ကြီးကို ကြည့်ပြီး ကြယ်ကြွေတာကို ထိုင်စောင့် နေစရာ မလိုတော့ဘူးပေါ့။ နွယ် လိုချင်တဲ့ ဆုက အလိုလို ပြည့်တာပေါ့နော်။ ”

           “ ဒါပေါ့ နွယ်ရယ်။ ”

           ကောင်လေးက ကောင်မလေးရဲ့ လက်ကလေးကို လှမ်းကိုင်လိုက်လေ၏။ ထိုအခါမှာ ခုနက ငိုကာ ၊ ယိုကာ စိတ်ကောက်နေသော ကောင်မလေးက ကောင်လေးရဲ့ ချော့ခြင်းမှာ ပျော့ပြောင်းသွားကာ အားမရှိတော့သော လူတစ်ယောက် မဟုတ်ပေမဲ့ ကောင်လေးရဲ့ ပုခုံးပေါ်သို့ ခေါင်းလေး လှမ်း၍ မှီလိုက်လေတော့သည်။

           အချစ် ဆိုတာ လောကမှာ ဒီလိုပဲ နုညံ့ပျော့ပြောင်းပါသည်။ အချစ် ဆိုတာ ထိတွေ့ကိုင်တွယ်လို့ မရပေမဲ့ တစ်ခါတလေတော့ သင့်တော်သလို ချော့မော့ပြောဆိုဖို့လည်း လိုအပ်ပါသေးသည်။



       မြောက်ပြန်လေတို့က အရပ်ရှစ်မျက်နှာကို သိပ်သိပ်သည်းသည်း တိုးဝှေ့လျက် ရှိ၏။ ချမ်းအေးလှလွန်း၍ ထင်သည် ၊ ကောင်မလေးရဲ့ ဦးခေါင်းက ကောင်မလေးရဲ့ ပုခုံးပေါ်သို့ ပျော့ပြောင်းစွာ မှီတင်နေ၏။ ကြားလေသွေးရင် ဝေးမတတ် ဆိုသော စကားကို ပုံပမာ ပြုနေဟန်ဖြင့် ဆောင်းရဲ့ အအေးဓါတ်ကြောင့် သူတို့ရဲ့ နှစ်ကိုယ်ကြားမှာ မျိုထားမတတ် ထိကပ်နေကြ၏။

            ချစ်ခြင်းမေတ္တာမှာ နယ်ကြားမျဉ်း မရှိဘူး မဟုတ်ပေဘူးလား။




           အထက်ပါ အကြောင်းအရာများသည် “ ချစ်သူ ချော့နည်း ”  ဆိုသော စာအုပ်မှ ဖြစ်ပါသည်။ ထိုစာအုပ်တွင် မသိမသာ ချစ်သူ ချော့နည်း ( ၂၅ ) နည်း နှင့် သိသိသာသာ ချစ်သူ ချော့နည်း ( ၁၄၄ ) နည်း ပါဝင်သည်ဟု သိရှိရပါသည်။

           သို့သော် ထိုစာအုပ်ကို ကျွန်တော် မဖတ်ဖူးပါ။ ထို့ပြင် ကိုင်ကြည့်မိဖို့ နေနေသာသာ မြင်၍မျှပင် မမြင်ဖူးပါ။ ဒါပေမဲ့ ဒီစာအုပ်ထဲက အကြောင်းအရာကို  ခင်မင်သူ တချို့က ပြောပြ၍ အထက်ပါ အတိုင်း ကျွန်တော် အနည်းငယ် ရေးပြခြင်း ဖြစ်ပါသည်။ ထိုအပြင် “ ချစ်သူ ချော့နည်းကျမ်း ” စာအုပ်ကို ထုတ်ဝေသောအခါ အုပ်ရေ ( ၅၀ ) သာ ထုတ်ဝေခဲ့သည် ဟု သိရပါသည်။ ယခုအခါ ထိုစာအုပ်ကို လူငါးယောက်ဆီတွင် လက်ဝယ်ပိုင်ပိုင် ရှိနေသည် ဟု သတင်း သိုးသိုးသန့်သန့် ရရှိထားပါ၏။

            ထိုလူငါးယောက်မှာ -

၁ ) မိုးယံ
၂ ) မောင်မျိုး
၃ ) အုပ်ကြီး
၎ ) မောင်ချစ်
၅ ) ငွေလမင်း တို့ ငါးယောက်ဆီမှာ လက်ဝယ်ပိုင်ပိုင် ရရှိထားသည် ဟု ကြားသိရပါသည်။

           ဒါကြောင့် မသိမသာ ချစ်သူ ချော့နည်း ( ၂၅ ) နည်း နှင့် သိသိသာသာ ချစ်သူ ချော့နည်း ( ၁၄၄ )  နည်းကို သိချင်သူများ ရှိပါက ထိုလူ ငါးယောက်ဆီမှာ သွားရောက် မေးမြန်းသင့်ပါကြောင်း ချောက်တွန်း . . . အဲ . . တိုက်တွန်း ချင်ပါသည်။

           အထက်ပါ ပုဂ္ဂိုလ်ငါးယောက်ကလည်း မိမိတို့ ရရှိထားသော “ ချစ်သူ ချော့နည်းကျမ်း ” ကို ဒီအတိုင်း တစ်ယောက်တည်း ကိုင်ထားကာ မသုံးစွဲဘဲ ၊ ထိုစာအုပ်ထဲမှ ချစ်သူ ချော့နည်းများကို အခြားသော လူများကိုလည်း သုံးစွဲနိုင်ရန် မျှဝေပေးပါဦး ဟု “ မော်ဒန် ဆန်ဆန် Tag ” လိုက်ပါသည်။

*** ချစ်သူမှ မရှိတာ ၊ မရေးတတ်လို့ပါ ၊ ဘာဖြစ်တာ ၊ ညာဖြစ်တာ ဟု ဆင်ခြေတွေ ပေးကာ မရေးခဲ့ရင် ဒီတစ်သက်လုံး သာမက ၊ နောက်ဘဝတွေမှာပါ ချစ်သူ မရှိပါစေနဲ့ဗျာ . . .  ကဲ မှတ်ထား. . ။ ( ကိုဇော် . . .  မင်း ပိုင်သကွာ။ ) ***

ပျော်ရွှင်နိုင်ကြပါစေ :D :D

လေးစားစွာဖြင့်
ကိုဇော်
18.3.2011

Share/Bookmark

15 March 2011

34 မိုးခါးသောက်သူများ



            တကယ်တော့ . . .

           လူတွေသည် သာမာန် အားဖြင့်တော့ ကောင်းကြပါသည်။ သို့သော်  . . .  အခြေအနေ တစ်ရပ်ကို ခက်ခဲစွာ ဖြတ်သန်းခဲ့ အပြီးမှာတော့ တချို့လူများသည် ပြောင်းလဲ သွားတတ်ကြပါသည်။



          ကားတံခါး ဘောင်ပေါ်မှာ မှေးတင်ကာ မှီထားသော ကျွန်တော် ခေါင်းက ငိုက်စိုက်ကျလျှက် ရှိနေ၏။ လမ်းကောင်းလို့ ဘတ်စ်က ငြိမ်ကာ လမ်းမပေါ်မှာ ပြေးနေတယ် ဆိုရင် တံခါးဘောင်ပေါ်မှာ မှီတင်ထားသော ခေါင်းက ငြိမ်နေပေမဲ့ ချိုင့်ခွက်များ ၊ အနိမ့်အမြင့်များ ပေါများသော လမ်းမပေါ်ကို ရောက်ရင်တော့ တံခါးဘောင်ကို မှီနေသော ခေါင်းက လှုပ်ခတ်စွာဖြင့် ယိမ်းထိုးနေလျက် ရှိသည်။ တစ်ခါတစ်ရံ ထိုတံခါးဘောင်နှင့်ပင် တိုက်မိနေသေးတော့သည်။ သို့သော် ငိုက်စိုက်ကျနေသော ကျွန်တော့်ဦးခေါင်းကို ကျွန်တော် တည့်မတ်အောင် ထောင်ထားနိုင်ခြင်း မရှိ။

          ဘေးက လူတွေရဲ့ အမြင်မှာ ညက အလွန်ကို အိပ်ရေးပျက်နေသော လူတစ်ယောက် အဖြစ် ကျွန်တော့်ကို မြင်နေကြလိမ့်မည်။ နံနက်စောစောစီးစီး ဘတ်စ်ပေါ်မှာ ဇက်ကျိုးအောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူ အဖို့ ညဘက်မှာ ဘယ်လောက်များ အိပ်ရေး ပျက်နေခဲ့လို့ပါလိမ့် လို့ တွေးမိကောင်း တွေးမိကြလိမ့်ဦးမည်။

         သို့သော် . . . .



          ဘယ်အချိန်ပဲ တက်စီး တက်စီး ဒီဘတ်စ်ကို စီးရင် ကျွန်တော် နေရာ ရပါသည်။ ဘာလို့လဲ ဆိုတော့ ဒီဘတ်စ်ရဲ့ စထွက်ရာ ဘတ်စ်ဂိတ်က ကျွန်တော်တို့ အိမ်နားမှာ တည်ရှိနေခဲ့လို့ပါပဲ။ နံနက် အလုပ်သွားတော့မယ် ဆိုရင် အိမ်က ထွက်လာရင်း ဘတ်စ် ဂိတ်မှူးဆီက “ ဘယ်ကားထွက်မလဲ အစ်ကို ” လို့ လှမ်းမေးကာ ထိုဘတ်စ်ပေါ် တက်ထိုင်နေလိုက်ယုံမျှသာ။ အလှည့်ကျ ထွက်ခါနီး ဘတ်စ်က ထိုင်စရာ နေရာ မရှိအောင် ပြည့်နေပြီ ဆိုရင် ဒုတိယ အနေနဲ့ ထွက်မဲ့ ဘတ်စ် နံပါတ်ကို မေးကာ ထိုဘတ်စ်ပေါ် တက်ထိုင်နေလိုက်ယုံသာ ရှိ၏။

          ဒါကြောင့် ကျွန်တော့် အတွက် နံနက်စောစော အလုပ်သွားချိန်ဟာ သူများတွေလို ဘတ်စ်ပေါ် ရောက်ဖို့ အတင်းတိုးတတ်ရသော ဒုက္ခများ ကင်းဝေးကာ လွတ်အေး ငြိမ်းချမ်း၏။ အသာအယာ စထွက်ဂိတ်မှ ထိုင်စီးသွားယုံမျှပင်။ အလုပ်ရှိရာ ဂိတ်ကလည်း ဆူးလေ မှတ်တိုင် မရောက်ခင် သုံးမှတ်တိုင် အလိုမှာ ဆင်း၍ အသာအယာ ရုံးတွင်းသို့ လှမ်းဝင်လိုက်ယုံမျှသာ ဖြစ်၏။

          သူများတွေ အလုပ်အချိန်မှီရန် ဘတ်စ်ကား အလာကို မျှော်ငေးနေရသော ၊ လာနေသော ဘတ်စ်ပေါ်သို့ အန္တရာယ် ကင်းကင်း ရောက်အောင် ခပ်သုတ်သုတ် တက်လိုက်ရသော ၊ ဘတ်စ်ကားပေါ်မှ လူစုံ ၊ အနံ့စုံ ၊ အတန်းအစား မျိုးစုံတို့ရဲ့ ကျင်လည်မှု မျိုးစုံကို မတ်တပ်ရပ်ပြီး ဘဝကို အားတင်း ဖြတ်သန်းနေရသော လူတွေထဲမှ ကျွန်တော်က ဖာသိဖာသာ ကင်းလွတ်ခွင့်ရနေ၏။

          ဂိတ်အစမှ ထိုင်လိုက်လာရင်း နောက်ထပ် ရပ်လာသော ဂိတ်တိုင်တိုင်းကို ဘေးပြတင်းပေါက် ဟာလာဟင်းလင်းမှ စင်းစင်းကြီး အတိုင်းသား မြင်နေရ၏။  ကျွန်တော်တို့ ဘတ်စ် လာနေပြီ ဆိုတာကို မြင်လိုက်ရရင် ကားမှတ်တိုင်မှာ မျှော်စောင့်နေသော လူအုပ်ကြီးမှာ ကလေးကို အောက်ချထားသူက ဆက်ခနဲ ကောက်ချီ၏ ၊ ပစ္စည်းတွေ ချထားသူက ဖြတ်ခနဲ ကောက်ကိုင်၏ ၊ အလုပ်ချိန်မှီအောင် ပြေးရမည့်သူကလည်း ထမီကို ခပ်တင်းတင်း ပြင်စည်း၏ ၊ ကျောင်းဆရာမလေးကလည်း သူမရဲ့ ခြင်းလေးကို ခပ်ကျစ်ကျစ်လေး ပိုတိုး ဆုပ်ကိုင်လိုက်၏ ၊ ဇရာကျလာသော သက်ကြီးသူ တချို့ကလည်း သူတို့ ဒူးကို အားတင်းပြီး လှမ်းတက်ဖို့ အားယူနေ၏။

           ထိုသို့ . . . ထိုသို့  . . . . လူလောကရဲ့ ဖြစ်စဉ် အဖုံဖုံတွေကို အဝေးမှပင် ကျွန်တော့် မြင်တွေ့ခွင့် ရနေပေသည်။ အားတင်းမှု ၊ မာန်ချီမှု ၊ ညည်းတွားမှု ၊ အံခဲမှု ၊ မြည်တွန်တောက်တီးမှု ၊ စိတ်ပျက်အားငယ်မှု ၊ အရှက်ကွဲမှု ၊ ထိခိုက်ဒဏ်ရာ ရမှု ၊ ခိုက်ရန်ဖြစ်ပွားမှု ၊ မသမာမှု ထိုသို့ . . . ထိုသို့ ပြောမပြတတ်အောင် များပြားလှသော လူမှုဘဝ ဇာတ်ခုံအကြောင်းကို ဘတ်စ်ကား စီးရင်းခြင်း တစ်ခုတည်းဖြင့် ကျွန်တော့် မျက်စိရှေ့အောက်မှာ မျက်ဝါးထင်ထင် တွေ့မြင်ခွင့် ရနေပေတော့သည်။

         “ ကမ္ဘာကြီး တစ်ခုလုံးကို သင် ကယ်တင်နိုင်စရာ မလိုပါ။ သင့်မျက်စိရှေ့မှောက်က လူကို ကယ်တင်နိုင်ရင် ကမ္ဘာကြီးကို ကယ်တင်နိုင်တာ မည်၏ ” ဆိုသော စကားကို သတိရမိ၏။

          ကျွန်တော့် ကမ္ဘာကြီး တစ်ခုလုံးကို မကယ်တင်နိုင်ပါ။ သို့သော် ဒီဘတ်စ်ပေါ်မှာ ရှိနေပြီး ကျွန်တော့် မျက်စိရှေ့မှောက်က သူတို့ရဲ့ အခက်အခဲတွေကို ကျွန်တော့် တတ်နိုင်သလောက် ပါဝင် ကူညီပေးနိုင်တယ် မဟုတ်ပါလား။ ကူညီမှု ဆိုတာ ခက်ခက်ခဲခဲ ပင်ပန်းတာ မဟုတ်ပါ။ ကိုယ်တတ်စွမ်းနိုင်တာလေး လုပ်ပေးလိုက်ရတာပဲ ဟု ကျွန်တော် ယူဆမိသည်။

           “ ခြင်းတောင်း ကျွန်တော့်ကို ပေးထား ၊ ကျွန်တော် ကိုင်ထားပေးမယ်။ ”

          ဟု ဆိုတာ ကျောင်းဆရာမ တစ်ယောက်ကို ကူညီနိုင်သည်။

          “ ထမင်းချိုင့်ပေးထားလေ ၊ ကျွန်တော် ယူထားပေးမယ်။ ”

         ဟု ဆိုကာ အလုပ်အတွက် ထမင်းချိုင့် သယ်လာသော အလုပ်သမားအား ကူညီနိုင်သည်။ 

          “ အစ်မ ကလေးပေးထား ၊ ကျွန်တော် ချီပေးထားမယ်။ ”

         ဟု ဆိုကာ ကလေးမိခင်ကို ကူညီနိုင်၏။ ဒါမှမဟုတ် နေရာမှ ဖယ်ပေးပြီး ကူညီနိုင်သည်။

          “ အဘွား လာ လာ ၊ ဒီမှာ လာထိုင်ပါ။ ”

         ဟု ဆိုကာ အသက်အရွယ် ကြီးသော အဘိုး ၊ အဘွားများကို ထိုင်ရန် နေရာ ဖယ်ပေးကာ ကူညီနိုင်၏။ ဒီလို ထိုင်ရန် နေရာ ဖယ်ပေးတယ် ဆိုတာ တကယ်တော့ လွယ်ကူ လှတယ်တော့ မဟုတ်ပါ။ ဂိတ်အစ မှတ်တိုင်ကနေ ထိုင်စီးလာပြီး ဂိတ်ဆုံးဖို့ ၃ မှတ်တိုင်လောက် အလိုမှ ဆင်းရသော လူတစ်ယောက် အဖို့ ခရီးဝေးကို ဘယ်သူမဆို သက်တောင့်သက်သာ ထိုင်၍သာ စီးချင်ကြပေမည်။ သို့သော် တတ်နိုင်သလောက်တော့ ဘတ်စ်စီးနေရင်း လူတွေကို ကူညီချင်သော စိတ်ကြောင့် အသက်အရွယ် ကြီးသူများကို နေရာဖယ်ပေးကာ ထိုင်စီးစေခဲ့သည်။

          ဘဝမှာ ဘတ်စ်စီးရင်း အမှတ်မထင် လူတွေကို တတ်နိုင်သလောက် ကူညီခွင့် ရနေတဲ့ အတွက် ကျွန်တော် ကိုယ်တိုင်လည်း ကျေနပ် ပျော်ရွှင်နေခဲ့ရပါ၏။ အမြဲတမ်းလည်း ကျေနပ် ပျော်ရွှင်ရလိမ့်မည် ဟု ယုံကြည်နေခဲ့ပါသည်။

            သို့သော် . . . .



          “ ကျွန်မ ထမင်းချိုင့် ပေးတော့လေ ၊ ဆင်းတော့မယ် ”

          “ ဗျာ ၊ ခုနကပဲ ဆင်းတော့မယ် ဆိုပြီး လှမ်းယူသွားပြီလေ ”

          “ အို မဟုတ်တာ ၊ ကျွန်မက ဆင်းမှ မဆင်းသေးတာပဲ ”

          “ အမ် . . . ဒါဆို ခုနက ကျွန်တော့်ဆီက ထမင်းချိုင့် လှမ်းယူသွားတာ ခင်ဗျား မဟုတ်ဘူးလား ”

          “ အို . . ကျွန်မ ဆင်းမှ မဆင်းသေးတော့ ယူမှ မယူရသေးတာ ၊ ကျွန်မ ထမင်းချိုင့် ဘယ်ရောက်သွားပြီလဲ ”

           “ ဒါတော့ ကျွန်တော်လည်း မသိဘူးလေ ၊ ခင်ဗျားတောင်းတယ် မှတ်လို့ ပေးလိုက်တာပေါ့ ”

          “ ဟင် . . ရှင် . . ရှင် . . ဒါ တမင် အကွက်ထွင်ပြီး ထမင်းချိုင့် ခိုးတာ မဟုတ်လား ”

           “ ဗျာ . . . မဟုတ်တာဗျာ။ ကျွန်တော်က ဘာလို့ ခိုးရမှာလဲ ၊ ခင်ဗျား ထမင်းချိုင့်ကို ကိုင်ပြီး ကူညီတာပါ ”

          “ အို . . ဒါမျိုးတွေ ရိုးနေပါပြီရှင် ၊ ရှင် . . . ရှင့်လူတွေနဲ့ ပေါင်းပြီး ပစ္စည်းတွေကို ကူညီသလိုလိုနဲ့ ယူထားပြီး ခိုးနေတာ မဟုတ်လား ”

           “ ဟာဗျာ . . . ရာရာစစ ၊ ခင်ဗျားကို အလကား ကူညီတာပါဗျာ ”

           “ ဒါတွေ မသိဘူးရှင် ၊ အခု ကျွန်မ ထမင်းချိုင့် ဘယ်လို လုပ်မလဲ ”

          “ မသိဘူးလေ ၊ ကျွန်တော်မှ မယူထားတာ ၊ ခင်ဗျားတောင်းတယ် မှတ်လို့ ပိုင်ရှင်ပဲ ဆိုပြီး ပေးလိုက်တာလေ။ ”

           “ အခုမှ မသိဘူး မလုပ်ပါနဲ့ ၊ ရှင် လျော်မလား ၊ ရဲစခန်းကို မောင်းခိုင်းရမလား ”

          “ ဟ . . . ကျွန်တော် ခိုးတာမှ မဟုတ်ဘဲ ၊ ဘယ်သူ ယူသွားမှန်းမှ မသိတာ ”

           “ ဘယ်လိုပဲ ဖြစ်ဖြစ်လေ ၊ ရှင့် လက်ထဲကနေ ပျောက်သွားတာ ရှင်ပဲ လျော်ရမှာပေါ့ ”

           “ ခင်ဗျားဗျာ . . . . ကူလည်း ကူညီရသေး ”

           အဲဒီလို နောက်ဆုံး စကားလုံး အဆုံးသတ်ပြီးတဲ့ နောက်မှာတော့ ကျွန်တော့် အိတ်ထဲက မရှိမဲ့ ရှိမဲ့ ငွေလေးတွေဟာ ဘယ်သူ ယူသွားမှန်း မသိတဲ့ စတီးချိုင့်ရဲ့ အဖိုးအခ ဖြစ်သွားခဲ့ရဖူးပါ၏။

          သို့သော် ကျွန်တော့်ရဲ့ ကူညီမှုက အရောင် မပျက်ယွင်းသေးပါ။



          “ ဟိုအစ်ကိုကြီး ကျွန်မ ထီးရော ၊ ဆင်းတော့မယ် အစ်ကို ”

           “ ခုနက လှမ်းယူသွားတာလေ ”

          “ မယူရသေးဘူး ၊ ကျွန်မမှ မဆင်းသေးတာ ”

           ဒီလို စကားကို အစ ပျိုးလိုက်ကတည်းက ကျွန်တော့် အိတ်ထဲက ပိုက်ဆံ အချို့ဟာ အသွင်ပြောင်း ဆေး သောက်ရန် မလိုဘဲ ထီးအဖြစ် ပြောင်းလဲရန် အတွက် တာထွက်ဖို့ ပြင်ဆင်နေပါတော့သည်။ ဒီလို လက်ထဲမှ ပစ္စည်းက ပျောက်ကာ ပိုင်ရှင်က နောက်မှ လာတောင်းတာမျိုးကိုသာ ကြုံရတယ် လို့ မထင်ပါနဲ့။ လက်ထဲမှာ ပစ္စည်း ကျန်ခဲ့ပြီး ပိုင်ရှင် ပျောက်သွားတာမျိုးလည်း ရှိခဲ့ပါသေးတယ် ဆိုရင် ယုံနိုင်ပါ့မလား။

          “ ဟို  . . ဟို . . . ကလေး ပိုင်ရှင် အစ်မကြီး ၊ ဘယ်ရောက်သွားလဲ မသိဘူး။ ကျွန်တော် ဆင်းတော့မယ်ဗျ ”

           “  - - - - - - - ”

          “ ကလေး ပိုင်ရှင် အစ်မရေ ၊ ဘယ်ရောက်သွားလဲ မသိဘူး။ ကျွန်တော် ဆင်းတော့မလို့ပါ ”

           “ - - - - - - - ”

          ဘတ်စ်ပေါ်က လူတွေ အားလုံး ဝိုင်းကြည့်နေပေမဲ့ ကလေးရဲ့ ပိုင်ရှင် ဖြစ်သော မိခင်အရင်းကိုတော့ ရှာလို့ မတွေ့တော့ပါ။ ကျွန်တော့်မှာ ဆင်းမဲ့ မှတ်တိုင် ကျော်လာကာ ဆင်း၍ မရတော့။ ပိုင်ရှင်မဲ့ ပစ္စည်းဆိုသော ကလေးတစ်ကောင်က ကျွန်တော့် လက်ထဲမှာ ငုတ်တုပ်ထိုင်ကာ ပြူးကြောင်၍ ကြည့်နေ၏။

           “ ဒီကလေး ပိုင်ရှင် အစ်မကြီး ၊ ဘယ်ရောက်သွားလဲ မသိဘူး ”

          ခေါ်လည်းခေါ် ၊ ပြောလည်းပြောရင်း ဝမ်းနည်းစိတ် ၊ နာကျင် ခံစားရသော စိတ်တို့ကြောင့် ကျွန်တော် ငိုတောင်မှ ငိုချင်လာမိသည်။

           “ - - - - - - ”

          “ ကလေး ပိုင်ရှင် ဘယ်ရောက်သွားလဲ မသိဘူးဗျာ ၊ လုပ်ကြပါဦး ၊ သူ့ကလေး ကျန်ခဲ့ပြီ ၊ မေ့သွားတာလား ၊ တမင် ထားခဲ့တာလားဗျာ ”

           ဘတ်စ်ပေါ်က လူအားလုံးရဲ့ မျက်လုံးတွေက ကျွန်တော့် အပေါ်မှာ စုပြုံကျရောက်လျက်။ တချို့က လှောင်ပြောင် ၊ တချို့က မဲ့ရွဲ့ ၊ တချို့က ဂရုဏာ မျက်ဝန်း ၊ တချို့က ဥပက္ခော အကြည့်။ အားလုံး ကျွန်တော့် ကိုယ်ပေါ် စုပြုံကျလျက်။

          “ ဒီကလေး အမေ နဲ့ နေရာကို ကျွန်တော် သိတယ်ဗျ ”

       အသံကြားရာကို လှည့်ကြည့်လိုက်တော့ အသက် ၁၄ နှစ်လောက်သာ ရှိဦးမည့် ကောင်လေး တစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ ဒီအချိန်မှာတော့ သူက “ မေခလာ ” မဟုတ်ပေမဲ့ ၊ သူ့မှ မကယ်ရင် ကျွန်တော် ရေတိမ် နစ်ရမဲ့ အဖြစ်။

          “ ဒါဆို . . . လုပ် . . . လုပ်ပါဦး ငါ့ညီရာ။ အစ်ကို ဘယ်ကို ပြန်လိုက်ပို့ရမလဲ ”

          “ သူက ကျွန်တော်တို့ ရပ်ကွက်ကဗျ။ သူ့အမေက ကလေးတွေ အများကြီး မွေးထားတာ ၊ ပြီးတော့ ဒီလိုပဲ မေ့သလိုလိုနဲ့ ထားခဲ့တတ်တယ် လို့ ရပ်ကွက်ထဲမှာတော့ ကြားဖူးတယ်။ အခုလည်း သူ ကားပေါ် တက်လာကတည်းက ကျွန်တော်က သတိထား ကြည့်နေတာ။ အစ်ကို သတိမထားမိခင်မှာ သူက ကားမှတ်တိုင်မှာ ဆင်းသွားတာပဲ။ လိုက်တော့ ပြမယ်။ ကျွန်တော် ပြောတာလို့လည်း မပြောနဲ့။ သူ့အိမ်အထိလည်း လိုက်မပို့ရဲဘူးနော်။ ”

         “ အေးပါကွာ . . ပြောလည်း မပြောဘူး။ ရောက်ရင်သာ ခပ်ဝေးဝေးက လှမ်းပြပေါ့ ” 

          ဘုရား . . . ဘုရား . . . ကိုယ့်ရဲ့ သွေးသား ၊ သားသမီး အရင်းကို ဒီလို လက်လွှတ်စပယ် လုပ်ရက် ကြလေသလား။ ပြောရင် ဘယ်သူ့မှ ယုံမှာ မဟုတ်။ ကိုယ်တိုင်တောင်မှ အခုလို လက်တွေ့ မဟုတ်ရင် ယုံမှ မဟုတ်။ ကောင်လေးရဲ့ ကျေးဇူးနဲ့ သူတို့ ရပ်ကွက်ကို လိုက် ၊ ရပ်ကွက်လူကြီးတွေနဲ့ ကလေးကို သူ့မိဘအိမ် ပြန်လိုက်အပ်ရတော့၏။ ကိုယ့်သားသမီးကို တွေ့တာတောင်မှ ဝမ်းသာပုံ မပေါ် ၊ ဆောင့်အောင့်ကာ ဆွဲခေါ်ပြီး ကျောပေါ် နှစ်ချက်က ဗြောတင်သေး၏။

          ရပ်ကွက်လူကြီးတွေကို ကျေးဇူးတင်စကား ဆိုရင်း ကျွန်တော် လှည့်ပြန်လာတော့ ရုံးချိန်က လွန်ယုံမက ထမင်းစားချိန်ကိုပါ လွန်ချေပြီ။ တကိုယ်လုံးလည်း ကလေးက ယိုထားသော သေးနံ့တွေက ထောင်းထောင်းထလျက်။ အဲဒီနေ့က ကလေး အတွက် ဆိုပြီး အိတ်ထဲက ငွေ ၃၀၀၀ ကလည်း ထွက်သွားသေးသည်။

           ဒါပေမဲ့ ကျွန်တော့်ရဲ့ ဘတ်စ်ပေါ်က လူမှုထူးချွန်မှု ကူညီရေးက လျော့ မသွားသေးပါဘူး။



          “ လာ . . . လာ အဘွား ၊ ဒီမှာ လာထိုင်လိုက် ”

          နေရာ လိုချင်လို့ ဂိတ် အစရဲ့ ကားကိုတောင်မှ အချိန်စောင့်ပြီး စီးခဲ့ရပေမဲ့ အခုတော့ အသက်ကြီး အဘွားအို တစ်ယောက်ကို ကားဂိတ်မှ ၅ မှတ်တိုင် စီးအပြီးမှာ နေရာမှ ထကာ ဖယ်ပေးလိုက်လေမိ၏။ ထိုအဘွားအိုကလည်း ပြုံးကာ ကျေးဇူး စကားဆိုရင်း ဝင်ထိုင်သည်။ အခု မတ်တပ်ထရပ်ပေးသော နေရာမှ ဆိုရင် ကျွန်တော် ဆင်းမဲ့ အလုပ်မှတ်တိုင် အထိ အတော်ကို သွားရဦးမည်။ ဒီတော့ ကျွန်တော်လည်း မတ်တပ် ရပ်လျက် လိုက်ရဦးမည်။

          ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ထက် အသက်ကြီးသူတွေကို ကူညီခွင့်ရတာ ဝမ်းသာမိပါ၏။ သူ ဆင်းသွားရင် ကျွန်တော့် နေရာ ပြန်ရမှာပဲ မဟုတ်လား။ စိတ်ကူးတွေ ၊ အတွေးတွေနဲ့ ယိမ်းထိုးနေသော ဘတ်စ်ပေါ်မှာ မတ်တပ်ရပ်လျက် ကြပ်ညှပ်နေသော လူတွေ ကြားမှာ စီးမျော လိုက်ပါနေမိသည်။ ၇ မှတ်တိုင်လောက် လွန်လာတော့ နေရာ ဖယ်ပေးခဲ့သော အဘွားက ဆင်းဖို့ အတွက် ထိုင်ခုံမှ ထရန် ဟန်ပြင်နေ၏။ သူ ဆင်းရင်တော့ ကျွန်တော့် ထိုင်ခုံကို နေရာ ပြန်ပေးတော့မယ် ဆိုသော အသိကြောင့် ကျွန်တော် ဝင်ထိုင်ဖို့ ဟန်ပြင်နေမိ၏။

          “ လာ . . . လာ . . . ငါ့တူ ၊ ဝင်ထိုင်လိုက် ။ မင်း အမေတွေရော နေကောင်းရဲ့ မဟုတ်လား ”

           “ ဟုတ်ကဲ့ ကောင်းပါတယ် အန်တီ ၊ အန်တီရော နေကောင်းရဲ့လား ”

          “ ကောင်းပါတယ်ကွယ် ၊ အန်တီ သွားလိုက်ဦးမယ် ”

          “ ဟုတ်ကဲ့ အန်တီ ”

          ပြောလည်းပြော ၊ နေရာမှာလည်း ဝင်ထိုင်လိုက်၏။ ထိုသူက ကျွန်တော်တော့ မဟုတ်ပါ။ ကျွန်တော် နေရာဖယ်ပေးခဲ့သော အဘွားကြီးက သူ မဆင်းခင်မှာ သူနဲ့ သိသော လူငယ်ကို လက်ဆင့် ကမ်းပေးသွားတာပဲ ဖြစ်၏။

        သူ ဆင်းရင်တော့ ငါ့ကို နေရာ ပြန်ပေးမှာပဲ ဆိုသော မျှော်လင့်ချက် ကလေး အမြစ်ကနေ ဆွဲနှုတ်ခံရသော သစ်ပင်လို အနားသားတွေ ဖွာပြီး ကျွန်တော့် ရင်မှာ ဟာ နေ၏။ ထိုင်နေသော ကောင်လေးကိုလည်း သွားဖယ်ခိုင်းလို့ မဖြစ်။ ဒီနေရာ ငါ့နေရာလို့လည်း ပြောလို့ ရတာမျိုး မဟုတ်။ ရင်ထဲမှာ နာကျင် ဝမ်းနည်းခြင်းက ပြောမပြတတ်အောင် ဖြစ်နေလေသည်။

          ဒါပေမဲ့ ဘတ်စ်ပေါ်မှာ ကူညီတတ်သော ကျွန်တော့် အတွက် ဒါက နောင်တရ စရာ မဟုတ်သေးပါ။



          “ လာပါ  . . . ထိုင်ပါ . . . အန်ကယ် ”

          လက်ထဲမှာ တုတ်ကောက်နဲ့ တုန်တုန်ချိချိ ဦးလေးကြီး တစ်ယောက်ကို ထိုင်နေရာမှ ကျွန်တော် ဖယ်ပေးအပြီးမှာ ထိုဦးလေးကြီးက တုန်တုန်ချိချိ ဝင်ထိုင်ရင် သာဓု သုံးကြိမ်ကို တုန်တုန်ချိချိပင် ဆိုသည်။

          “ ရပါတယ် အန်ကယ် ”

          ဟု ဆိုကာ ပီတိတွေနဲ့ ကျွန်တော် လွယ်အိတ်လေးကို ပြင်လွယ်ရင်း မတ်တပ် ရပ်နေမိ၏။

          တစ်မှတ်တိုင် ကျော်လွန်လာ၏။

          နှစ်မှတ်တိုင် ကျော်လွန်လာ၏။

        သုံးမှတ်တိုင်ကို ရောက်လာ၏။ ဒီမှတ်တိုင်မှာတော့ တက္ကသိုလ်မှ ကျောင်းသူလေးတွေ တက်လာတတ်တယ် ဆိုတာ နေ့စဉ် ကားစီးနေကျမို့ ကျွန်တော် သိနေပြီး ဖြစ်၏။ တတိယ မှတ်တိုင်မှာတော့ ဘတ်စ်စီးဖို့ ကားပေါ်တက်လာသော ချောချော ၊ ဖြောင့်ဖြောင့် ၊ တောင့်တောင့် ၊ မိုက်မိုက် ၊ လန်းလန်း ကောင်မလေး တစ်ယောက် တက်လာ၏။ အနှီ ကလေးမ ကျွန်တော့် နဘေးနားမှာ ရပ်နေတုန်း ရှိသေး။ အခုနက တုန်ချိနေသော တုတ်ကောက်ဖြင့် အန်ကယ်က ချက်ချင်းပင် ပြောင်းလဲ သွားကာ . . . ရင်ကော့ ၊ ခေါင်းမော့ ၊ ခါးမတ်ကာ . . . .

           “ လာ . . ကလေးမ  လာထိုင်လိုက် ၊ အစ်ကိုကြီးက ရှေ့ဆို ဆင်းတော့မှာ ”

          ဆိုကာ သူ့မွေးရင် သူ့မြေးလောက် ရှိသော ကောင်မလေးကို သူ့ကိုယ်သူ အစ်ကိုကြီး နာမ်စားသုံးကာ ထိုင်ရာ နေရာကို လေဖြင့် ရောင်းပြီး ၊ မျက်စိတညောင်း ထိုကောင်မလေးကို အပေါ်စီးမှ မိုးကြည့် နေလေတော့သည်။ ထိုနေ့ကတော့ ကျွန်တော့်ရင်မှာ ခံစားရခြင်းလည်း မဖြစ်မိပါ။ မနာလိုလည်း မဖြစ်မိပါ။ ဒါပေမဲ့ တစ်ခုခုနဲ့ ကိုင်ရိုက်ခံထားရသလို ဖြစ်ညှစ် နာကျင် နေမိသည်။

           ဒီနောက်မှာတော့ ကျွန်တော် ရိုးရိုးစင်းစင်းလေး တစ်ခုသာ စဉ်းစားမိလိုက်ပါတော့သည်။

“ ငါ ကူညီတာ အရာမှ ရောက်ရဲ့လား ”




      “ ဝုန်း ”

          ဘတ်စ်က ဘယ်လိုမှ ရှောင်၍ မလွတ်သော ချိုင့်ကြီးကို အရှိန်ဖြင့် ကျသွားကာ ပြန်ရုန်းတက်လာပြီး ကားလမ်းမပေါ် အလျားလိုက် ဆောင့်အောင့်ကာ ပစ်ကျ၏။ ဒါဆို ကျွန်တော် သိလိုက်ပြီ။ ကျွန်တော် အလုပ်သို့ သွားရာလမ်း ရှိသော မှတ်တိုင်ကို ရောက်ရန် နှစ်မှတ်တိုင်မျှသာ လိုပေတော့မည်။

          ဘတ်စ်ပေါ်မှ လူတွေ အားလုံးရဲ့ စိတ်ထဲမှာတော့ ဘတ်စ်ရဲ့ တံခါးဘောင်ကို မှီကာ ဇက်ကျိုး အိပ်ငိုက်၍ လိုက်ပါလာသော ကျွန်တော်ဟာ ညက အတော်ကို အိပ်ရေးပျက်ထားသော လူတစ်ယောက်ဟု ထင်ချင် ထင်နေပါလိမ့်မည်။ တကယ်တော့ ကျွန်တော်က ဒီလို မဟုတ်ပါ။ ဒီလို မဟုတ်ကြောင်းလည်း ကျွန်တော် ဘယ်သူ့ကိုမှ ရှင်းပြနေစရာ မလိုတော့ပါ။ ရှေ့နှစ်မှတ်တိုင်မှာ ကျွန်တော် ဆင်းရတော့မယ် မဟုတ်ပါလား။

           ဘတ်စ်ပေါ်မှ ဆင်းရန် ပြင်စရာ ရှိသည်ကို ပြင်ဆင်ကာ ဆင်းရန် ထွက်ပေါက် ရှိရာသို့ တိုးထွက်ရန် ထရပ်လိုက်ရင်း ဘတ်စ်ကားပေါ်မှာ ရှိနေသော ထိုင်ခုံရ လူတန်းစား အားလုံးကို မျက်လုံး တစ်ချက် ဝေ့ကြည့်လိုက်မိ၏။ ဒီအချိန်မှာ ဘတ်စ်ထဲမှာ ရှိသော ထိုင်ခုံရ လူတန်းစားများ အားလုံးက ဘတ်စ်ရဲ့ ပြတင်းပေါက်ဘောင်ကို လည်းကောင်း ၊ ထိုင်ခုံရဲ့နောက်ကျောမှီခုံကို လည်းကောင်း မှီကာ ကိုယ်စီကိုယ်ငှ အသီးသီး အိပ်ပျော်သူက ပျော် ၊ မျက်လုံး မပွင့်နိုင်အောင် အိပ်ငိုက်သူက ငိုက်နေကြလေတော့သည်။

          သူတို့ကို ကျွန်တော် တစ်ချက်လှမ်းကြည့်ရင်း ကျွန်တော် တစ်ခုခုကို သိလိုက်သလို ဖြစ်မိသည်။ ဒါပေမဲ့ ဖော်ပြ၍တော့ မပြောပြတတ်။ သူတို့ အားလုံးသည် သူတို့ ဆင်းရမဲ့ မှတ်တိုင် နှစ်တိုင် အလိုလောက်မှာ ဘယ်သူမှ သတိပေး ၊ နှိုးစရာ မလိုဘဲ အလိုလို သတိတရ နိုးလာကြလိမ့်မည်။ ပြီးတော့ ဆင်းဖို့ ပြင်ဆင်ရင်း ကျွန်တော့်လိုပဲ ထိုင်ခုံရ လူတန်းစားတွေကို မျက်လုံး တစ်ချက်တော့ ဝေ့ကြည့် ဖြစ်ပေလိမ့်မည်။ ပြီးတော့ သူတို့လည်း ကျွန်တော့်လို တွေးမိကြပါလိမ့်ဦးမည်။

          နောက်တော့လည်း နေ့ရက် တစ်ရက် ကူးပြောင်းသွားပါလိမ့်ဦးမည်။ ဘယ်လိုပဲ ဖြစ်နေပါစေ။ ဒီနေ့ နေဝင် ပြီးသောအခါမှာ မနက်ဖြန် နံနက် မိုးသောက် အလင်းရောက် လာရဦးမည် မဟုတ်ပါလား။



            တကယ်တော့ . . .

           လူတွေသည် သာမာန် အားဖြင့်တော့ ကောင်းကြပါသည်။ သို့သော်  . . .  အခြေအနေ တစ်ရပ်ကို ခက်ခဲစွာ ဖြတ်သန်းခဲ့ အပြီးမှာတော့ တချို့လူများသည် ပြောင်းလဲ သွားတတ်ကြပါသည်။




*** လွန်ခဲ့တဲ့ ၅ လလောက်က ရေးထားတဲ့ ဝတ္ထုလေးပါ။ အခြေအနေ အရ အခုမှပဲ တင်လိုက်ပါတော့တယ်။ ***

လေးစားစွာဖြင့်
ကိုဇော်
15.3.2011

Share/Bookmark