မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 February 2010

3 ပျံ့လွင့်နေတဲ့ စိတ်ကူးများ


“ မိတ်ဆွေ ”

လို့ နာမည်တပ်ထားသော အမှတ်တရ အရောင်းဆိုင်လေး တစ်ခု
ရှေ့မှာ ကျွန်တော် ရပ်လိုက်ပြီး ဆိုင်ထဲ လှမ်းကြည့်လိုက်တော့ ဆိုင်ထဲက တရုတ်ဆိုင်ရှင်က အနောက်တိုင်း ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ဈေးရောင်းနေတယ်။ ကျွန်တော် အခု ရောက်နေတာက တရုတ်ပြည်ထောင်စု အတွင်းထဲကို ဘယ်နေရာ ကြည့်ကြည့် ဈေးဆိုင်တိုင်းရဲ့ ဆိုင်းဘုတ်တွေက တရုတ်လိုမျှသာ။

ဆိုနီ ၊ တိုရှီဘာ အစရှိုဖြင့် နာမည်ကျော် ဆိုင်းဘုတ်တွေတောင်မှ သူတို့ဘာသာ တရုတ်စာဖြင့်သာ အကြီးအကျယ် ကြော်ငြာထားတယ်။ အောက်ဖက်မှာသာ ဆိုနီ ၊ တိုရှိဘာ ဆိုပြီး အင်္ဂလိပ်လို သေးသေးလေး ရေးထားလို့သာ သိရတာ။ နေရာတကာ တရုတ်စာလုံးများဖြင့်သာ စိုးမိုးနေတယ်။ ကျွန်တော်တို့လို နိုင်ငံခြားသား တစ်ယောက် အဖို့ နားမလည်နိုင်သော ကောက်တိ ကောက်ကွေး စာလုံးများကို ဘယ်လိုမှ နားမလည်။

အခုတော့ ဒီဆိုင်လေးက ထူးထူးခြားခြား ဆိုင်နာမည်ကို တရုတ်လို အကြီးကြီး ရေးထားသလောက် ၊ အင်္ဂလိပ်လိုလည်း တရုတ်စာလုံးနဲ့ အရွယ်တူ စာလုံးကြီးကြီးဖြင့် ရေးထားတယ်။ ဆိုင်နာမည်လေးကလည်း ချစ်စရာကောင်းတယ်။ “ မိတ်ဆွေ ” တဲ့။

အမှတ်တရ တစ်ခုခုတော့ ဝယ်မယ် ဆိုပြီး ကျွန်တော် ဒီဆိုင်ထဲကို ဝင်လာပြီး ကျွန်တော် ကြိုက်တဲ့ ပစ္စည်းတစ်ခုကို ယူပြီး ငွေရှင်းဖို့ ကောင်တာကို လာတော့ ဆိုင်ရှင်တရုတ် နဲ့တော့ ဈေးစကား အတော် ပြောယူရလိမ့်မယ် လို့ အရင်နေရာတွေက အတွေ့အကြုံအရ ကျွန်တော် ထင်ထားမိတယ်။

အံ့သြစရာကောင်းစွာပဲ ကျွန်တော် သူနဲ့ စကားပြောတော့ သူက အင်္ဂလိပ်စာကို အသံထွက် ပိုင်နိုင်စွာ ပြောသံကြားတော့ ကျွန်တော် မင်သက်သွားတယ်။ ဒါကြောင့် သူ့နဲ့ စကားအနည်းငယ်ပြောဖြစ်တော့ သူက ကျွန်တော့်ကို

“ ဘယ်နေရာကို ရောက်ခဲ့လဲ ။ ”

လို့ မေးတယ်။ ကျွန်တော်က

“ တရုတ် မဟာတံတိုင်းကြီးကို အခုပဲ ရောက်ခဲ့ကြောင်း ၊ အလွန်မှလည်း အံ့သြဖွယ်ရာ ကောင်းကြောင်း ၊”

ပြောပြီး ဘာရယ် မဟုတ်ပဲ ကျွန်တော် သူ့ကို မေးမိသွားတယ်။

“ ခင်ဗျားရော ရောက်ဖူးပြီးပြီလား။ ”

“ ဟာဗျာ...။ မရောက်ဖူးသေးပါဘူး။ ”

တရုတ်ပြည်မှာ နေသော တရုတ်တစ်ယောက် အနေနဲ့ တရုတ် မဟာတံတိုင်းကို မရောက်ဖူးသေးဘူး ဆိုတော့ ကျွန်တော်လည်း တအံ့တသြ ဆက်နားထောင်နေမိတယ်။ သူက ဆက်ပြောတယ်။

“ သွားလည်း မကြည့်အားပါဘူးဗျာ။ ကျွန်တော့်မှာ အလုပ်တွေ အရမ်းများတယ်။ အလုပ်ကို ကြိုးစားလုပ်နေရတယ်။ ကျောင်းက ဘွဲ့ရကတည်းက အခု အချိန်အထိ တစ်နေ့ကို ရှစ်နာရီ အလုပ်ဆင်းရပြီး တစ်ပတ်ကို ခြောက်ရက် လုပ်ရပြီး တစ်ရက်ပဲ နားတယ်ဗျ။ ”

“ ဟုတ်လား။ ”

“ ဟုတ်တယ်ဗျ။ ကျွန်တော် ကြိုးစားပြီး ငွေစုနေတယ်။ ဒါကြောင့် ခရီးသွား လည်ပတ်ဖို့ အခွင့်အရေးလုံးဝ မရှိတာဗျ။ ”

“ သြော်..ခင်ဗျား ငွေတွေ စုပြီး ခင်ဗျား လိုသလောက် ရလာရင် ဘာလုပ်ဖို့ စိတ်ကူး ရှိနေလို့လဲ။ ”

“ ကျွန်တော့် စိတ်ကူးကတော့ အမေရိကားမှာ နေဖို့ပါပဲ။ အမေရိကားက အခွင့်အရေး မျိုးစုံ ရှိတဲ့ နေရာပဲလေ။ ”

“ ဘာလို့ ဒီလို ပြောနိုင်တာလဲဗျ။ ”

“ အမေရိကားမှာ လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိတယ်။ လုပ်ချင်တာကိုလည်း လုပ်နိုင်တယ်။ လုပ်လိုသော အချိန်မှာလည်း လုပ်နိုင်တယ်။ လုပ်ချင်သလောက်လည်း လုပ်ခွင့်ရှိတယ်။ ဒါကြောင့် အမေရိကားကိုပဲ သွားဖို့ ကျွန်တော် စိတ်ကူးထဲမှာ ရှိတယ်။ ”

“ သြော်..ဒါကြောင့်ကိုး။ ဒါထက် ခင်ဗျားက ဘာဘွဲ့တွေများ ရထားလဲ။ ”

“ မဟာသိပ္ပံ နဲ့ တူတဲ့ ဘွဲ့တစ်ခုကိုတော့ ရထားတယ်ဗျ။ ”

“ ဟုတ်လား။ ဒီ ဘွဲ့နဲ့ ဒီမှာ လုပ်ထားလို့ မရဘူးလား။ ”

“ လုပ်ရင်တော့ ရပါတယ်။ ဒါပေမဲ့ အမေရိကားမှာလောက် အလုပ်လုပ်ပိုင်ခွင့် မရှိဘူးလို့ မြင်တယ်။ ဒါကြောင့် ကျွန်တော်ကတော့ အမေရိကားကို သွားရောက် နေထိုင်ဖို့ပဲ ကျွန်တော် အာရုံထဲမှာ ရှိနေတယ်။ ”

ဒါနဲ့ပဲ ကျွန်တော် သူ့ကို နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။ သူပြောသလို ဆိုရင် အမေရိကားက လုပ်ချင်တာ လုပ် ၊ လုပ်ချင်တဲ့ အချိန်မှာ လုပ် ၊ လုပ်နိုင်သလောက် လုပ်ပိုင်ခွင့်ရှိနေသော အထိန်းအကွပ် မရှိသော နိုင်ငံ တစ်ခုလို ဖြစ်နေခဲ့ပြီ။

တကယ်တော့ မဟုတ်ပါ။ အမေရိကားမှာလည်း သူ့ဖာသာ သူ့စည်းကမ်းနဲ့ သူရှိနေပါတယ်။ တကယ် ခက်နေတာက လူတစ်ယောက်ရဲ့ စိတ် ၊ သူ့ရဲ့ စိတ်ကူး အတွေးများ။ ကိုယ်ရောက်နေတဲ့ နေရာမှ အခွင့်အရေးများကို မမြင်မိ ၊ မတွေးမိ ။ မိမိ မရောက်ဖူးသော နေရာမှာ ရရှိနေတယ် ဆိုသော အခွင့်အရေးများကိုသာ မျှော်လင့်တောင့်တနေတတ်တယ်။

ကျွန်တော့်လို နိုင်ငံရပ်ခြားမှ လူတစ်ယောက်က တရုတ်ပြည်မှ မဟာတံတိုင်းကြီးကို အံ့သြတကြီး တကူးတက လာရောက် လေ့လာ ကြည့်ရှုနေချိန်မှာ သူကတော့ သူ့စိတ်ထဲက တရုတ်ပြည်မှ မဟာတံတိုင်းက သူ့အတွက် အရေးမကြီး။ သူ့ရဲ့ စိတ်ကူးတွေ ဖြန့်ကျက်ရာကလည်း မဟာတံတိုင်း မဟုတ်လေတော့ သုံးနာရီလောက် ကားစီးတာနဲ့ ရောက်နိုင်သော မဟာတံတိုင်းကြီးကို သူ မရောက်ဖူးသေး။

ကျွန်တော် ပြောရဲပါတယ်။ သူ့စိတ်ကူးထဲမှာတော့ မဟာတံတိုင်းကြီးထက် လေဘာရုပ်တုက ပိုပြီး ကြီးကျယ်နေလိမ့်မယ်။ မော်စီတုန်း ထက် လင်ကွန်းက ပိုပြီး အရေးပါနေလိမ့်မယ်။ တရုတ်စွပ်ပြုတ်ကို ကျွန်တော်တို့ မြည်းစမ်းသောက်နေချိန်မှာ သူကတော့ ပီဇာ ကို ပိုပြီး မက်မောနေလိမ့်မယ်။

ဒီလိုပဲ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့်လည်း ကိုယ့်ဘေးက တန်ဖိုးရှိနေသော အရာများ ၊ အခွင့်အရေးများကို လက်လွှတ်ဆုံးရှုံးကြရပြီး အဝေးမှာ ပျံသန်းနေသော အခွင့်အရေးများနောက်ကို လိုက်မိကာ သူတို့ရဲ့ စိတ်ကူးများသည်လည်း လက်ရှိအခြေအနေမှာ တည်ငြိမ်မှု မရှိပဲ ပျံ့လွင့်နေပါတော့တယ်။

ပျံ့လွင့်နေတဲ့ စိတ်ကူးတွေ ဆိုတာ စုစည်းလို့ မရနိုင်ပါ။ စုစည်းလို့ မရနိုင်တဲ့ စိတ်ကူးဆိုတာလည်း အောင်မြင်နိုင်လိမ့်မည် မဟုတ်။


source; Jone Oname Flying Ideas
ကိုဇော် ခံစားတင်ပြသည်။

.
Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

မြတ်မွန် said...

ဟုတ်ပါ့ ကိုဇော်.......
ဘာမှကို စုစည်းလို့မရလို့ စာတွေ ရေးလို့မရအောင်ပါပဲ..ကိုဇော်..

သဒ္ဓါလှိုင်း said...

ဟုတ်တယ်ကိုဇော်..
ကိုယ့်ဘေးမှာရှိတဲ့ အရာကို တန်ဖိုးထားဖို့ မေ့နေတတ်ကြတယ်နော်..

ခင်တဲ့
သဒ္ဓါ

ချော (အစိမ်းရောင်လွင်ပြင်) said...

လူတွေဟာတစ်ခါတစ်ခါ ဒီလိုဘဲ စိတ်တွေပျံ့လွင့်တတ်ပါတယ်.. ကိုယ်တိုင်အပါ အ၀င်ပေါ့..ကိုယ့်ခြံက ပန်းကို မလှဘူးလို့ ထင်နေတဲ့ ဥပမာလေးလိုပေါ့.. အင်း ထင်လဲထင်ချင်စရာ..တစ်ချို့ပန်းတွေက သူများခြံကပိုလှနေတယ် ကိုဇော်ရဲ့

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.