မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 April 2010

11 ညှပ်မရသော လက်မများ



ဂဏာန်းတစ်ကောင်ရဲ့ အားအင်ဟာ သူရဲ့ လက်မ ပါပဲ။ ဒီလက်မ အကြီးအသေးပေါ် မူတည်ပြီး သူက အင်အားကြီးထွားရတယ်။ လက်မ ဆိုတာ သူ့အတွက် ရန်သူကို တိုက်ခိုက်ဖို့ ၊ အစာရှာစားဖို့ ၊ ဦးဆောင်သော ခေါင်းဆောင် နေရာကို ရယူဖို့  ၊ မိမိကိုယ်ကို တိုးတတ်အောင် ဆောင်ရွက်ဖို့ အစရှိသဖြင့် သူ့မှာ သုံးစွဲရတယ်။

လူတစ်ယောက်ရဲ့ အားအင်ဟာ သူ့ရဲ့ အတွေးအခေါ် မျှော်မြင်မှု ပါပဲ။ ဒီအတွေးအခေါ် မျှော်မြင်မှု ထဲမှာ ယခု ဖြစ်နေတာကို ရင်ဆိုင်နိုင်ဖို့ ၊ အရင်က ဖြစ်ခဲ့တာကို သင်ခန်းစာ ယူနိုင်ဖို့ ၊ နောင်အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်သော ကိစ္စများကို ကြိုတင်ပြင်ဆင်ဖို့ ၊ မိမိကိုယ်ကို တိုးတတ်နေဖို့ အစရှိသဖြင့် သူ့မှာ သုံးစွဲရတယ်။

တကယ်လို့ ဂဏာန်း တစ်ကောင်က သူ့ရဲ့ လက်မကို သုံးစွဲခွင့် မရတော့ဘူး ဆိုသော အခါ. . . ၊ လူတစ်ယောက်က သူ့ရဲ့ အတွေးအခေါ် မျှော်မြင်မှုများကို သုံးစွဲခွင့် မရတော့ဘူး ဆိုတဲ့ အခါမှာ ဘာတွေ ဖြစ်လာနိုင်ပါသလဲ။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

မထူးခြားဘူး ဆိုပေမဲ့ ထူးထူးခြားခြားပါပဲ ကျွန်တော့် အလုပ်ထဲမှာ စူပါဗိုက်ဇာတွေ ပေါများလှတယ်။ သက်ဆိုင်ရာ ဌာန တစ်ခုမှာကို ၄ ယောက်တောင်မှ ရှိနေတဲ့ ဌာနတွေလည်း ရှိတယ်။ မလိုအပ်ဘူးလို့ ကျွန်တော် မြင်ပေမဲ့ Shipping နဲ့ Packing အတွက်ကျတော့လည်း လိုနေပြန်ရော။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ သူဌေးက လိုလို့ ထားတာ ကျွန်တော်နဲ့ကတော့ မဆိုင်။ အဲဒီ စူပါတွေထဲမှာ ကျွန်တော်နဲ့ ဌာန မတူသလို ၊ အဆိုင်းလည်း မတူလို့ ကျွန်တော်နဲ့ သိပ်ပြီး စကားမပြောဖြစ်တဲ့ စူပါနဲ့ ဒီနေ့တော့ စကားပြောဖြစ်လိုက်တယ်။ သူ့လက်ထဲက သတင်းစာကို ကိုင်ပြီး သူ့အလုပ် မဝင်ခင် ကျွန်တော့်နားမှာ လာဖတ်တာပါ။

သတင်းစာရဲ့ တစ်နေရာမှာ ဂဏာန်းပေါင်းရောင်းတဲ့ ဆိုင် ကြော်ငြာကို ကျွန်တော်က တွေ့လိုက်ရတယ်။ ဒါနဲ့ ဟိုတစ်နေ့က စားချင်လို့ ဂဏာန်းသွားဝယ်တော့ ဆိုင်မှာ တစ်ကောင်တည်းကို 7.60 RM ပေးရလို့ ကျွန်တော်က ပြောတော့ သူက. . . . .

“ ဒါက ဆိုင်က ဂဏာန်းတွေက ကျောက်ဂဏာန်းတွေ ၊ ဒါကြောင့် ဈေးကြီးတာကွ။  ငါက အရင်က စာဖိုမှူးလုပ်ခဲ့တယ် ဆိုရင် မင်းယုံမလား။ ”

တဲ့။ ရုတ်တရက် ကျွန်တော်လည်း မယုံနိုင်သလို ဖြစ်သွားတယ်။ ဒီမှာ သူက ဆက်ပြောပြတယ်။ ဂဏာန်းတစ်ကောင်ကို ဘယ်လို ရွေးရတာ ၊ ရွံတွေ သဲတွေ ထွက်အောင် ဘယ်လို ဆေးရတာ။ ဒီလိုတွေ သူပြောပြတယ်။

ဒီတော့ ကျွန်တော်က ကျွန်တော် ဂဏာန်းအရှင်တွေကို ငယ်ငယ်က ပြုတ်တယ် ဆိုရင် သူ့လက်မကို မိအောင် ကြိုးတုပ်ရတာ တော်တော် ခက်တယ် ဆိုတဲ့ အကြောင်း ပြောမိတယ်။ ဒီတော့ သူက ပြောတယ်။

“ တကယ်လို့ ငါတို့ စားဖိုဆောင်မှာကျတော့ ဒီလို လုပ်လို့ မရဘူး။ ဂဏာန်းလက်မကို ဒီလို ရောပြီး ချက်ပြုတ်တယ် ဆိုရင် ကြိုးအနံ့တွေက တခြားဟာတွေနဲ့ ရောသွားပြီး မကောင်းဘူး။ ဒါကြောင့် ငါတို့ကတော့ သူ့လက်မကို သွားကြားထိုးတံလေးနဲ့  လက်ထိပ်ခတ်လိုက်တာပဲကွ။ ”

“ ဟင်. .ဘယ်လို ခတ်တာလဲ။ ”

ကျွန်တော် အံ့သြသွားတယ်။ ဒီတော့ သူက ရှင်းပြတယ်။




“ ဒီလိုလေ။ သူတို့ လက်မရဲ့ အပေါ်ဘက်က အတံကြီးကို လှုပ်ရှားပြီး ဒါနဲ့ ညှပ်တာ မဟုတ်လား။ အဲဒီ လှုပ်ရှားနိုင်တယ် ဆိုတဲ့ လက်မအပေါ်ကြားလေးမှာ အပေါက်လိုလို တစ်ခုပါတယ်။ အပေါက်တော့ ဖြစ်မနေဘူး။ အခွံပျော့လေး တစ်ခုနဲ့ ဖုံးထားတယ်။ ဒီအထဲကို  ချွန်နေတဲ့  သွားကြားထိုးတံလေးကို ချိုးပြီး ထည့်လိုက်ရင် သူတို့ လက်မတွေ မလှုပ်နိုင်အောင် လော့ချလိုက်သလိုပဲ။  ဒါကို ငါတို့ကတော့ လက်ထိပ်ခတ်တယ် လို့ ခေါ်တယ်။   ”

သြော်. . .ဒီတော့မှ ကျွန်တော် ငယ်ငယ်က လယ်ကွင်းမှာ ပုစွန်လုံး နှိုက်တော့ မိလာတဲ့ ဂဏာန်းတွေကို ကျွတ်ကျွတ်အိတ်ထဲ မထည့်ခင် ပုံစံကို သွားပြီး သတိရတယ်။ ကျွန်တော်တို့ လယ်ကွင်းမှာ နှိုက်လို့ ရလာတဲ့ ပုစွန်လုံးတွေကို သူတို့ လက်မက လာပြီး ညှပ်လို့ မရအောင် သူတို့ရဲ့ ခြေချောင်းလေးတွေရဲ့ ထိပ်ဖျားက အချွန်လေးကို ချိုးပြီး လက်မရဲ့ ကြားထဲက အချိုင့်လေးထဲကို ထိုးထည့်လိုက်ရင် သူတို့လက်တွေ လှုပ်လို့ မရတော့ဘူး။ ဒါကို လက်ထိပ်ခတ်တာလို့ ခေါ်တယ် လို့ သူငယ်ချင်း တစ်ယောက်က ပြဖုးတာ ပြန်ပြီး မှတ်မိလာတယ်။


ငယ်ငယ်ကတော့ အကုန် လျှောက်လုပ်တာ မဟုတ်လား။ ဝဋ်တွေ ဘာတွေလည်း မသိသေးဘူးလေ။ နောက်တော့ အသက်ကြီးလာတော့မှ ဒါတွေ မလုပ်ဖြစ်တော့တာ။ ဒီစူပါ က ဒီလို ပြန်ပြီး အစဖော်ပေးမှ ကျွန်တော် ဂဏာန်းတွေ ၊ လယ်ပုစွန်လုံးလေးတွေကို လက်မ ညှပ်လို့ မရအောင် လက်ထိပ်ခတ်တာကို သွားပြီး သတိရတော့တယ်။ 

ဒါက ဂဏာန်း ၊ လယ်ပုစွန်လုံးလေးတွေ အတွက်ပါ။ ကျွန်တော်တို့ လူသားတွေ အတွက်ကျတော့ရော ။ လူသားတစ်ယောက်ဟာ သူ့ရဲ့ အတွေးအခေါ် မျှော်မြင်မှုများကို သုံးစွဲခွင့် မရတော့ဘူး ဆိုတဲ့ အခါမှာ ဘာတွေ ဖြစ်လာနိုင်ပါသလဲ။

ကျွန်တော် အတိတ်က ဖြစ်ရပ် တချို့ကို သွားပြီး သတိရမိတယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

အပြင်မှာ မိုးက အေးအေးဆေးဆေးကို ရွာနေတဲ့ အချိန်ပေါ့။ ပတ်ဝန်းကျင်တွေ အုပ်အုပ်ဆိုင်းပြီး မှိုင်းလှတယ်။ ကျွန်တော့် Lab ခန်းထဲမှာလည်း အအေးတွေ ပွားနေလို့ အအေးတောင်မှ လျှော့ထားရတယ်။

အခန်းထဲမှာ ထွက်ကုန် စာရင်းတွေ ကျွန်တော်ပေါင်းနေတုန်း ရှေ့က ရာဘာရည်တွေကို ကြည့်နေရင်း Ms. Ng က စားပွဲပေါ်ကို ဘောပင်နဲ့ တတောက်တောက် ခေါက်နေတယ်။ ကျွန်တော် တစ်ချက် လှမ်းကြည့်လိုက်တယ်။ ဒါပေမဲ့ သူ သတိမထားမိ။ သူက ဒီလို နေတတ်သူ မဟုတ်။ လူက လျင်မြန်သလို ၊ ဆုံးဖြတ်ချက်ကလည်း မြန်တယ်။ စားပွဲပေါ်မှာ တောင်ခြစ် မြောက်ခြစ် ၊ စားပွဲကို အရာမရောက် ခေါက်နေတတ်သူမျိုး မဟုတ်။ ကျွန်တော် သိလိုက်တယ် သူ တစ်ခုခု ဖြစ်နေပြီ။

ခဏကြာတော့ သူက ကျွန်တော့်ဘက် လှည့်ပြီး . . . 

“ ဇော် X X . . . နင့်ကို ငါ တစ်ခု တိုင်ပင်ချင်တယ်။ အလုပ်နဲ့တော့ မဆိုင်ဘူးပေါ့။ အရေးတော့ ကြီးတယ်။ ”

“ အင်း ပြောလေ။ ရပါတယ်။ ”

“ ငါတို့လည်း ဘယ်လို လုပ်ရမှန်း မသိ ဖြစ်နေတာ။ ဘာလို့လဲ ဆိုတော့ အရမ်းကောင်းလွန်းနေလို့။ ”

“ ဘာတွေများ ဖြစ်လို့ပါလိမ့် ပြောပြပါဦး။ ”

သူက နံရံကို ငေးတယ်။ ထုတ်ချင်းပေါက် သူ မမြင်နိုင်ပေမဲ့ ဒီထက် ပိုဝေးတဲ့ နေရာကို မြင်နေမိမှန်း သိသာတယ်။ သက်မ တစ်ချက် ရှိုက်လိုက်ပြီး သက်ပြင်း တစ်ချက် ချပြီးမှ သူ ဆက်ပြောတယ်။ 

“ ဒီလို. . . ငါ့ ချစ်သူက အင်ဒိုနီးရှား မှာ အလုပ်သွားလုပ်နေတာ နင့်ကို ပြောဖူးတယ်နော်။ ”

“ အေးလေ. . . ငါလည်း သိတယ်လေ။ ၇ လပိုင်းက သွားတယ် ဆိုလားပဲ။ ”

“ ဟုတ်တယ်။ ၇ လပိုင်းပဲ။ အခု သူ့ကိစ္စ ပြောမလို့. . . ”

“ ဘာဖြစ်လို့လဲ သူ့အလုပ်က အဆင်မပြေဘူးလား။ ”

ကျွန်တော်ကလည်း မြန်မာပီပီ . . သူ့စကားမပြီးခင် ဖြတ်မေးလိုက်တယ်။ 

“ မဟုတ်ဘူး။ သူ အဆင်ပြေ လွန်နေတာ. . . ”

“ ဘယ်လို . . ”

“ ဟုတ်တယ်။ အဆင်ပြေလွန်နေလို့ ဘာလုပ်ရမှန်း မသိဖြစ်နေကြတာ။ ”

“ သေချာ ပြောပြပါဦး။ ”

“ သူ့ကို အလုပ်ခန့်တာက ဒီမလေးရှားက သူဌေးပဲ။ ဒါပေမဲ့ သူ့ကို ခန့်ကတည်းက အင်ဒိုနီးရှားမှာ ရှိနေတဲ့ သူ့အလုပ်မှာ လုပ်ဖို့ ဆိုပြီး ခေါ်တာ။ အခု သူ လခက မယုံနိုင်လောက်အောင် ကောင်းကောင်းရတယ်။ ”

“ ဒီတော့. . . ”

“ ဒါပေမဲ့ သူ ဘာမှ မလုပ်ရဘူး။ နင့်သိတဲ့ အတိုင်းပဲ သူက ငါလိုပဲ အင်္ဂျင်နီယာ တစ်ယောက်ပဲလေ။ ငါက Process ၊ သူကတော့ Planning ကို ထပ်တတ်ထားတာ။ အခု လုပ်နေရတဲ့ အလုပ်က သူ့အတွက် သူတတ်ထားတာတွေ ဘာမှ မလုပ်ရဘူး ဖြစ်နေတယ်။ သူ့ကို သူဌေးက ခိုင်းထားတာ ရိုးရိုးသာမာန် ရုံးဝန်ထမ်းတစ်ဦး လုပ်နိုင်တဲ့ စာရင်းပေါင်း ၊ Excel ဒါတွေပဲ လုပ်နေရတယ်။ ဒါပေမဲ့ သူ့ကိုတော့ ပေးထားတဲ့ လခက သာမာန် အင်္ဂျင်နီယာ တစ်ယောက်ထက် တောင်မှ ပိုရအောင် ပေးထားတယ်။ ”

“ ဒီတော့ . .  အဆင်ပြေနေတာပဲ မဟုတ်လား။ ”

“ ဟုတ်တယ် အလုပ်က အဆင်ပြေနေတယ်။ ဒါပေမဲ့ သူ မပျော်ဘူး။ တကယ်တော့ သူလုပ်နေရတာ သူနဲ့ သက်ဆိုင်တဲ့ အလုပ်မှ မဟုတ်တာ။ သာမာန်ရုံးဝန်ထမ်း လုပ်ရတဲ့ အလုပ်တစ်ခုကို သူ့ကို ပိုက်ဆံ ပိုပေးပြီး ခိုင်းထားတာ။ အင်္ဂျင်နီယာက အင်္ဂျင်နီယာ အလုပ် မလုပ်ရတော့ မတိုးတတ်ဘူးပေါ့။ သူလည်း မပျော်ဘူး။ ဒါကြောင့် ဘာလုပ်သင့်လဲ လို့ ငါ မေးတာ. . ။ ”

သူက ဒီလို ပြောလိုက်တော့မှ ကျွန်တော့်ခေါင်းထဲကို အချက်အလက်တွေ အများကြီး ဝင်လာတယ်။ ဒါကြောင့် ကျွန်တော် တစ်ခုပဲ ခပ်မြန်မြန် ပြောလိုက်တယ်။ 

“ ဒါဆိုရင်တော့ ပြန်လာခိုင်းလိုက်တော့။ ဒါ မကောင်းဘူး။ ဒါ သူ့ကို အစီအစဉ် ရှိရှိနဲ့ နှစ်နေတာ။ ဘာလို့လဲ ဆိုတော့ ငါပြောပြမယ်။ ”

~ ~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~  



လူတိုင်း လူတိုင်းမှာ Hero တစ်ယောက် ၊ Ideal တစ်ယောက် လောက်တော့ ရှိတတ်ကြတယ်။ ကျွန်တော့်အဖေရဲ့ စံထားရာ တစ်ယောက်ကတော့ သူ့ရဲ့ ဆရာလည်း ဟုတ် ၊ သူငယ်ချင်းလည်း ဆိုလို့ ရတဲ့ “ ဦးကျော်ကျော်မြင့် ”။ ဖေဖေတို့လိုပဲ အင်္ဂျင်နီယာ လက်မှတ်ကိုင်ထားသူ။ ကျွန်တော့်အဖေ လက်မှတ်ကတော့ သူ့လောက် မမြင့်ဘူးလို့ ပြောတယ်။ 

သူ့အကြောင်းကို ပြောရရင် ဖေဖေက စားဖို့သောက်ဖို့ မေ့နေတတ်တယ်။ ဖေဖေ ပြောသမျှ ဦးကျော်ကျော်မြင့် အကြောင်းတွေထဲမှာ အခုလို ကိစ္စတစ်ခုကို ပြောဖူးတယ်။ ဦးကျော်ကျော်မြင့် ကျောင်းပြီးခါစမှာ သူ့ကို လာပြီး ကမ်းလှမ်းတဲ့ အလုပ် တစ်ခုက လခကောင်းကောင်းနဲ့ ခေါ်တယ်။ ဒီတော့ ဦးကျော်ကျော်မြင့်ကလည်း သွားလုပ်တာပေါ့လေ။ အရမ်းတော်တဲ့ လူတွေရဲ့ ထုံးစံအတိုင်း ထက်မြက်တော့ ကျောင်းမပြီးသေးဘူး သူ့ကို စီးပွားရေးလုပ်ငန်းထဲကို အပြိုင် ခေါ်ချင်သူတွေ ရှိတယ်။


ဒီလိုလူတွေ ကြားထဲမှာမှ ဦးကျော်ကျော်မြင့်က ဒီလုပ်ငန်းရှင်ကို ဦးစားပေး ရွေးခဲ့တယ်။ လုပ်ငန်းကြီးတော့ သူ့အတွက် အများကြီး အတွေ့အကြုံတွေ ရမယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ သူထင်သလို ဖြစ်မလာဘူး။ သူ့ကို နယ်ဖျားက အလုပ်တစ်ခုကို ပို့ထားတယ်။ လခ ကောင်းကောင်းပေးထားပြီး သာမာန် ရုံးဝန်ထမ်းတွေ လုပ်တဲ့ အလုပ်တွေနဲ့ပဲ လုပ်ခိုင်းထားတယ်။ သူက လုပ်ရတာကို အားမရလို့ မေးရင် “ ခဏလေးစောင့်ပါကွာ။ အခု အလုပ်လေးတွေ လက်စမပြတ်သေးလို့ လက်စ ပြတ်ရင် မင်းအတွက် ပရော့ဂျက် အသစ် တစ်ခု ရှိပါတယ်။” ဒီလိုပဲ ပြောတယ်။

ဒါပေမဲ့ ဒီလိုနဲ့ နှစ်သာ ပြောင်းသွားတယ်။ သူ့အတွက် ဘာမှ ထွေထွေ ထူးထူး မလုပ်ရ။ ကျောင်းဆင်းဆင်းချင်း အစွမ်းတွေ ပြချင်သူ တစ်ယောက် ဘာမှ လုပ်ခွင့်မရပဲ လခ ကောင်းကောင်းတွေပဲ ရနေတော့ သူ့အတွက် အဆင်မပြေတော့ဘူး။ ဒါနဲ့ နောက်တော့ သူ့ကို ကယ်တင်တဲ့ ဆရာ တစ်ယောက်နဲ့ တွေ့တော့ . . .

“ မင်း အခုချက်ချင်း အလုပ်ထွက်လိုက်တော့။ ဘာလို့လဲ ဆိုတော့ အဲဒီ အလုပ်က မင်းကို နှစ်သတ်နေတာ။ မင်း ကျောင်းဆင်းပြီး တခြား အလုပ်တစ်ခုခုမှာ ဝင်လုပ်ရင် သူ့အတွက် ပြိုင်ဘက် တစ်ဦး ဖြစ်လာနိုင်တယ်လေ။ ဒါကြောင့် ကိုယ်ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်သူတွေကို ကိုယ့်ဆီ ခေါ်ပြီး ကိုယ့်အတွက်လည်း အကျိုးရှိ ၊ သူတို့ရဲ့ အရည်အသွေးကိုလည်း သူများ သုံးလို့ မရအောင် လုပ်ထားလိုက်တာ။ ဒီတော့ ကိုယ်က မသုံးရင်တောင်မှ သူ့ကို သူများ မသုံးရတော့ ကိုယ့်အတွက် ပြိုင်ဘက် ဖြစ်မလာနိုင်တော့ဘူး။ ”

ဒါနဲ့ပဲ ဥိးကျော်ကျော်မြင့် အလုပ်က ထွက်ပြီး တခြား သူနဲ့ အမှန်တကယ် သင့်တော်ပြီး  သူ့အတွက် လုပ်ကွက် ရှိမယ် ၊ သူ့ရဲ့ စွမ်းရည်တွေကို ထုတ်ပြခွင့်ရတယ် ဆိုတဲ့ အလုပ်မှာ လုပ်လိုက်တာ နောက်ပိုင်း တောက်လျှောက် အောင်မြင်သွားခဲ့တယ်။ 

ဒါကို ဖေဖေ အမြဲလိုလို ပြောပြဖြစ်တယ်။ ဒီအဖြစ်အပျက်လေးကို Ms. Ng ကို ကျွန်တော် ပြန်ပြောပြ ဖြစ်တယ်။ ပြီးတော့. . .နောက်ထပ်. . 

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

ဒါဟာ လောကရဲ့ လူတွေ သတိမထားမိတဲ့ အချက်လေး တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်အခု လုပ်နေရတဲ့ အလုပ်တစ်ခုဟာ အရမ်းသက်သာ ၊ လခကောင်းတယ် ဆိုပြီး ကိုယ့်ရဲ့ နောင်ရေးတိုးတတ်မှု မရှိတဲ့ နေရာ ဒေသမှာ လူတွေဟာ ယစ်မူးပြီး နေတတ်ပါတယ်။ အချိန်ကြာလာတော့မှ ဒါ ကိုယ့်အတွက် ဘာမှ ပညာ မရနိုင်ဘူး ဆိုတာ သိလိုက်တဲ့ အချိန်မှာ အချိန်တော်တော်များများက ကုန်သွားခဲ့ရပြီ။


ဒီလို အဖြစ်မျိုးတွေကို အမြင်သာဆုံး နေရာကတော့ ဘောလုံး လောကပဲ ဖြစ်တယ်။ ဥပမာ - လူးဝစ် ဆာဟာ က ဖူလ်ဟမ်မှာ အရမ်းကို ခြေစွမ်းပြနေတယ်။ ဖူလ်ဟမ် နဲ့ မန်ယူ တွေ့ကြပြီ ဆိုရင် ဆာဟာကို မန်ယူ နောက်တန်းတွေ နိုင်အောင် မထိန်းနိုင်ဘူး။ ဒါကြောင့် ပရီးမီးယား လိဂ်မှာ အမှတ် ၃ မှတ် ဆိုတာကလည်း တန်ဖိုး ရှိသလို ၊ ဖူလ်ဟမ် နဲ့ တွေ့ရတဲ့ အိမ်ကွင်း ၊ အဝေးကွင်းမှာ ဆာဟာ ကြောင့် အမှတ်တွေ ဆုံးရှုံးရတော့ ဒါက တော်တော်ကို ထိခိုက်တယ်။ ဒါကြောင့် ဖာဂူဆန်က ဆာဟာ ကို အသင်းအတွက် အရမ်းကို အရေးပါသူ တစ်ယောက် လို ပုံစံနဲ့ ဝယ်ပြီး ဆာဟာ ရဲ့ လက်မတွေကို ညှပ်လို့ မရအောင် လော့ချပြီး သူ့အသင်းမှာ ထိန်းထားလိုက်တယ်။ 




ဆာဟာ မရှိတော့တာနဲ့ ဖူလ်ဟမ် အသင်းကလည်း အစွမ်းထက်တဲ့ အသင်း တစ်ခု မဟုတ်တော့ပဲ မန်ယူ သာမာန်နဲ့ ဖြတ်ကျော်နိုင်တဲ့ အသင်း တစ်ခု ဖြစ်သွားခဲ့တယ်။ ဆာဟာကိုလည်း ဖာဂူဆန်က ထုတ်သုံးခဲ့ပါတယ်။ ဒါပေမဲ့ ဝယ်ကာစက ဖြစ်ပြီး နောက်တော့ ချောင်ထိုးထားရာကနေ နောက်ဆုံး ဖူလ်ဟမ်မှာလောက် ခြေစွမ်း မထက်တော့ပဲ သာမာန် ခြေစွမ်းလောက်နဲ့ အသင်းပြောင်း သွားရတော့တာပါပဲ။ 

ဒီလို ဥပမာတွေ ဘောလုံး လောကမှာ အများကြီးပါ။ ဒါကြောင့် တချို့သော ဘောလုံးသမားတွေက သူတို့ကို အသင်းကြီး တစ်ခုက ကမ်းလှမ်းတယ် ဆိုတိုင်း မသွားပဲ သူ့ကို တကယ် အလိုရှိနေတယ် ဆိုတဲ့ အသင်းကိုသာ ရွေးခြယ် ပြောင်းရွေ့ကြတာပါ။ ဟိုရောက်တော့မှ ကိုယ့်ကို ထည့်မသုံးဘူး ဆိုရင် ဘယ်သူ့ကိုမှ သွားပြောလို့ မရဘူးလေ။ ဒါကြောင့် ကိုယ့်ရဲ့ အစွမ်းထက်တဲ့ ခြေစွမ်း ကို အမြဲတမ်း ထက်မြက်နေအောင် အသုံးချခွင့် ရနေတဲ့ အသင်းကိုပဲ သူတို့ သေချာ စုံစမ်းပြီး ပြောင်းရွေ့ကြပါတယ်။ ဒါမှ သူတို့ရဲ့ အားထားရတဲ့ ခြေစွမ်း ၊ သူတို့ရဲ့ ရန်သူကို တိုက်ခိုက် နိုင်သော ဂဏာန်းလက်မနဲ့ တူတဲ့ ခြေစွမ်း မပျောက်ပျက်မှာပေါ့လေ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ဒီလိုပါပဲ။ အခု နောက်ပိုင်း စီးပွားရေး လုပ်ငန်းတွေက အပြိုင်အဆိုင်တွေက များလာတော့ ကိုယ့်ထက် ကျော်သွားနိုင်တဲ့ အစွမ်းအစ ရှိသူတွေကို ကိုယ့်လက်အောက်ကို ခေါ်ထားပြီး ခိုင်းတတ်ကြတယ်။ အဲဒီ အထဲကမှ ၁၀၀ % လုံးကတော့ အသုံးဝင်လို့ ခေါ်ထားတာ မဟုတ်ဘူး။ သူတို့ အသုံးဝင်လို့ ဆိုတာထက် ကိုယ့်မှာ မခေါ်ထားပဲ တခြားနေရာ ရောက်သွားရင် ကိုယ့်လုပ်ငန်းကို တိုက်ခိုက် ၊ ထိခိုက်လာမှာ စိုးလို့ တမင် ခေါ်ထားတာတွေ ရှိတတ်ပါတယ်။ 


ဒါကြောင့် အခု ကိုယ်လုပ်နေရတဲ့ အလုပ်တစ်ခုဟာ ကိုယ်နဲ့ ကိုက်ညီနေရဲ့လား ၊ ကိုယ့်နောင်ရေးကို ဘယ်လို ထောက်ပံ့ပိုးနိုင်လဲ ဆိုတာကို “ တွေးခေါ်မျှော်မြင်တတ်ရပါမယ်။” လခကောင်းတယ် ၊ သက်သာတယ် ဆိုပြီး ရေသာခို နေခဲ့ရင်တော့ အချိန် ကြာလာတဲ့ အခါမှာ ကိုယ့်ရဲ့ စွမ်းရည်တွေ ကျဆင်းလာပြီး “ လက်ထိပ် အခတ်ခံရသော ညှပ်မရသော ဂဏာန်း လက်မ ” တွေလို ခံစားလာရမှာပါပဲ။ 

မှတ်ချက်။   ။ ရေးထားပြီး Draft ထဲမှာ သိမ်းထားတာကတော့ ကြာပါပြီ။ တင်သင့် မတင်သင့် စဉ်းစားနေလို့ပါ။ အခုမှ တင်ဖြစ်တယ်။

ကိုဇော် 
30.4.2010 
.

Share/Bookmark

29 April 2010

11 အရည်ကျိုသူများ




တစ်ခါက . . .

မိန်းမ မရှိတော့သော လူတစ်ယောက်နဲ့ အမေ မရှိတော့သော သား တစ်ယောက် သားအဖ လာတော်ကြတယ်။ ဘယ်သူ့မှာမှ အပိုမပါပေမဲ့ သူတို့ကို ရပ်ကွက်က “ အဖေ တစ်ခု ၊ သား တစ်ခု ” လို့  တင်စား ထားကြတယ်။ သူတို့ကလည်း ဟင်း တစ်အိုးကို အတူတူ ချက်ပြီး တစ်ပန်းကန်စီနဲ့ ထမင်းစားချိန်မှာ အတူတူ စားကြတယ်။ တစ်ယောက်ကို တစ်ယောက်လည်း ဂရုစိုက်ကြတယ်။ အဖေ တစ်ခု စားရင် သားလည်း တစ်ခုပဲ။

အဖေကတော့ အရက်သောက်လေ့ရှိတယ်။ အရက်က ကလေးကစားစရာ မဟုတ်ဘူး ဆိုတော့ သူ့သားကိုတော့ ပေးတိုက်လေ့ မရှိဘူး။ ဒါကလည်း မှန်ပါတယ်။ ဒါပေမဲ့ သူက သူ့သားကို နွားနို့တော့ မှန်မှန် တိုက်လေ့ရှိတယ်။

တစ်နေ့တော့ သူ့သားအတွက် နွားနို့ဝယ်လာပြီး သူ့သားကို တိုက်တော့ သူ့သားက စကားတစ်ခွန်းပြောတယ်။ “ ဖေဖေ့ကို အရမ်းချစ်တာပဲ ” ဆိုပြီး မဟုတ်ဘူး. . .

“ သောက်လို့ မကောင်းဘူး ဖေဖေရာ ၊ သောက်ရတာ ပေါ့တယ်။ ”

တဲ့။ ဒီတော့ အရက်သမားနဲ့ နွားနို့နဲ့ တည့်မှ မတည့်တာ။ မတည့်တာ ဆိုလို့ သေတယ် ပြောတာ မဟုတ်ဘူး။ နွားနို့သောက်ပြီးမှ အရက်သောက်ရင် တော်တော် နဲ့ မမူးဘူး။ မူးနေရင်လည်း မမူးပြေလွယ်တယ်။ ဒါပေမဲ့ သူ့သားက ဒီလို ပြောနေတော့ သားလက်ထဲက နွားနို့ကို နည်းနည်းမော့ သောက်ကြည့်လိုက်တော့ နွားနို့က တကယ်ကို ပေါ့နေတယ်။

“ နွားနို့က မစစ်လို့ သားရဲ့။ ”

“ ဒါဆို နွားနို့က အတုတွေလား။ ”

“ မဟုတ်ဘူးလေ။ ဒါကို ပြောတာ မဟုတ်ဘူး။ နွားနို့မှာ ရေတွေ ရောနေတယ် လို့ ပြောတာ။ ”

“ သြော်. .ဒါဆို ဘယ်လို လုပ်ရမလဲ ဖေဖေ။ ”

“ ဒါများ သားရယ်။ ဖေဖေ လုပ်ပြမယ် ကြည့်နေ။ ”

ဆိုပြီး နွားနို့ကို အိုးလေးထဲ ထည့်ပြီး မီးဖိုမှာ တည်ကာ ကျိုလိုက်တယ်။ ခဏနေတော့ နွားနို့အိုးထဲက ပွက်ပွက်ဆူပြီး ရေတွေ အငွေ့ပျံသွားပါလေရော။ ငါးမိနစ်လောက် ကြာမှ နွားနို့အိုးကို မီးဖိုပေါ်က ချလိုက်တယ်။ ဒီတော့မှ ဖန်ခွက်ထဲ ပြန်ထည့်ပြီး . . .

“ ကဲ . . ရပြီ။ သောက်ကြည့်တော့ . . ဘယ်လို နေသေးလဲလို့.။ ”

အဖေက ပေးတဲ့ နွားနို့ကို သားက ယူပြီး သောက်လိုက်တယ်။

“ ဝါး . . ကောင်းသွားပြီ။ မပေါ့တော့ဘူး။ သူတို့က ရေရော ထားလို့ နွားနို့က မစစ်တော့ပဲ ပေါ့နေတာ  ၊ ဖေဖေက ကျိုလိုက်တော့ နွားနို့က စစ်သွားတာကိုး။ ”

ဒီလို သားက ပြောပြီး သူ့အတွက် ဗဟုသုတ အဖြစ်နဲ့ မှတ်ထားလိုက်တယ်။ ဒါပေမဲ့ သိပ်မကြာခင် အချိန်မှာ သားအတွက် နောက်ထပ် ဗဟုသုတ ရဖို့ ဖြစ်လာတယ်။ ဒါကတော့ အဖေက အရက်သောက်နေရင်း အရက် ကုန်သွားတယ်။ သောက်ရင်း ဆန့်တငံ့ငံ့ ဖြစ်နေတော့ ဝယ်ခိုင်းနေကြ မဟုတ်ပေမဲ့. . . 

“ သားရေ . . ဖေဖေ အရက်သောက်ရင်း ကုန်သွားလို့ ဖေဖေ့ကို လမ်းထိပ်က အရက် တစ်ပုလင်းလောက် ဝယ်ပေးပါလားကွယ်။ ”

သားကလည်း ဝယ်နေကြ မဟုတ်ပေမဲ့ အရက်ဝယ်တယ် ဆိုတာ ခက်ခက်ခဲခဲလည်း မထင်ဘူးလေ။ ဒါကြောင့် သူသွားဝယ်တယ်။ မဝယ်တတ်တော့ “ အရက်တစ်ပုလင်း ” လို့ ပါးစပ်က ပြောပြီး အရက်နဲ့ ပိုက်ဆံ လဲလာခဲ့တယ်။ အိမ်ရောက်တော့ သူ့အဖေ မှာ လိုက်တဲ့ အရက်ကို ပေးလိုက်တယ်။ အဖေကလည်း ဆန့်တငံ့ငံ့ ဖြစ်နေတော့ ချက်ချင်းပဲ ခွက်ထဲ ထည့်ပြီး ပါးစပ်ထဲ လောင်းထည့်လိုက်တယ်။ 

ပါးစပ်ထဲ ဝင်သွားပြီးတော့ ချက်ချင်းပဲ ပြောတယ်။ “ သားကို အရမ်းချစ်တာပဲ။ ” မဟုတ်ဘူး . . .

“ သားရေ. . သား အရက် ဘယ်ဆိုင်က ဝယ်လာတာလဲ။ ”

“ လမ်းထိပ်က ဆိုင်ကပဲလေ ဖေဖေ။ ”

“ ဒီကောင်တွေ သားကို ကလေး လာဝယ်တယ် ဆိုပြီး လုပ်လိုက်ပြီ။ ”

“ ဘာဖြစ်လို့လဲ ဖေဖေ ။ ”

“ ဘာဖြစ်ရမလဲကွာ။ အခု အရက် မစစ်ဘူးလေ။ အခု အရက် သောက်ရတာ ပေါ့နေတယ်။ ”

ဒီတော့ ဗဟုသုတ အားကောင်းတဲ့ သားကလည်း ချက်ချင်းပဲ သူ့နွားနို့တုန်းက ကိစ္စကို သွားသတိရတယ်။ ဒါကြောင့် ခပ်သွက်သွက်ပဲ ပြောလိုက်တယ်။

“ ဒါဆို ဘာမှ မပူနဲ့ ဖေဖေ။ သားလုပ်ပေးမယ်။ ”

“ ဘယ်လို လုပ်မှာလဲ သားရဲ့။ ”

“ ဟဲဟဲ. . .ဖေဖေ ခဏလေး ထိုင်စောင့်။ ”

ဒီလို ပြောပြီး သူ့အဖေရဲ့ အရက်ပုလင်းကို ယူသွားပြီး အိုးထဲ လောင်းထည့်လိုက်ကာ မီးဖိုပေါ် တင်လိုက်ပြီး ကျိုပါလေရော။ ခဏကြာတော့ အိုးကလည်း ရေခိုးရေငွေ့တွေ ထွက်လာပြီး ပွက်ပွက် ဆူလာတယ်။ ငါးမိနစ်လောက် ထားလိုက်ပြီး သူ အိုးကို မီးဖိုပေါ်က ချပြီး သူ့အဖေ အတွက် အရက်တွေကို အအေးခံကာ ပုလင်းထဲ ပြန်ထည့်လိုက်တယ်။ 

သူ အိမ်နောက်ဖေးက ပုလင်းကိုင်ပြီး ပြန်ထွက်လာတော့ အိမ်ရှေ့မှာ သူ့ကို မျှော်လင့် တကြီးနဲ့ စောင့်နေတဲ့ သူ့အဖေကို တွေ့လိုက်ရတယ်။ ဒါကြောင့် ပုလင်းထဲက အရက်တွေကို ဖန်ခွက်ထဲကို သွန်ထည့်လိုက်ရင်း. . .

“ ရပြီ ဖေဖေရေ။ ရော့ . . ”

ဆိုပြီး သူရဲ့ ကြိုးစားထားမှုကို ပြပါလေရော။ ဒီတော့ သူ့အဖေက သူ့သားရဲ့ စွမ်းဆောင်ချက်ကို ဂုဏ်ပြုတဲ့ အနေနဲ့ လက်ထဲ ရောက်လာတဲ့ ခွက်ကို ဂွတ်ခနဲ့ သောက်ချလိုက်တယ်။ သောက်လို့လည်း ပြီးရော အဖေ့ မျက်နှာက တစ်မျိုး ဖြစ်သွားတယ်။ နောက်တော့. . . 

“ သား. . . သား ဖေဖေ့ကို အခု ပေးလိုက်တာ ဘာတွေလဲ ဟင်. .။ ”

“ အရက်လေ ဖေဖေ။ ဖေဖေ့ပုလင်းထဲက အရက်တွေပဲလေ။ ”

“ ဟုတ်လား။ ဒါပေမဲ့ အခု ဖေဖေ သောက်ရတာ ခုနကလို ပေါ့တာ မဟုတ်တော့ဘူး။ ”

“ ကောင်းသွားပြီ မဟုတ်လား ဖေဖေ။ ”

“ ကောင်း မကောင်းတော့ မသိဘူး သားရေ။ သောက်ရတာ အားလုံး ရေ တွေ လိုပဲ။ ”

“ ဟင်. . ဘာဖြစ်လို့လဲ ဖေဖေရယ်။ သားက သားနွားနို့မှာ ဖေဖေ ကျိုပေးသလိုပဲလေ အခု အရက်ကိုလည်း အိုးထဲ ထည့်ပြီး ကျိုလိုက်တာလေ။ ”

“ ဟိုက် . . ”

သူ့ရဲ့ အဖြေစကားသံလည်း ကြားရော သူ့အဖေ ခင်ဗျာမှာ တစ်ချက်ပဲ “ ဟိုက် ” ပြီး ပလက်လန် သွားပါလေရော။ 

တကယ်တော့ အရက်ဆိုတာ နွားနို့လို မဟုတ်မှန်း သားလုပ်သူက မသိခဲ့တာပါပဲ။ အရက်ဆိုတာ ချက်တဲ့ အခါမှာ ပေါင်းခံပြီးမှ ထွက်လာတာပါ။ အရက်ချက်တဲ့ အခါမှာ  ၆၀ ဒီဂရီမှာ “ အရက်ပျံ ” ထွက်ပြီး ဒါကို သောက်လို့ မရပါဘူး။ ဒါတွေ ကုန်ပြီး ၇၀ ဒီဂရီမှ ထွက်လာတဲ့ အရည်ကမှ သောက်လို့ ရတဲ့ “ အရက်  ” ဖြစ်လာတာပါ။ ဒါကို များများ ရအောင် ဆိုပြီး ၆၅ ဒီဂရီလောက်မှာ အရက်ပေါင်းခံရည်ကို ယူလိုက်မိရင် သောက်သူတွေ ရင်တွေပူ ၊ မျက်လုံးတွေ နီကြရတယ်။ ရာခိုင်နှုန်းများရင် သေကြရတယ်။

ရေရဲ့ ဆူမှတ်က ၁၀၀ ဒီဂရီ စင်တီဂရိတ်ပါ။ ဒါကြောင့် နွားနို့ကို အရည်ကျိုတဲ့ အခါမှာ ရေဆူမှတ် ၁၀၀ ဒီဂရီမှာ ရေက အငွေ့ပျံထွက်သွားပြီး နွားနို့ပဲ ကျန်ခဲ့တာပါ။ အရက်မှာတော့ ရေက မဆူသေးဘူး ၊ ၇၀ ဒီဂရီမှာ တင် အရက်က အငွေ့ပျံပြီး ထွက်သွားပါပြီ။ ဒါကြောင့် ရေဆူမှတ် ဖြစ်တဲ့ ၁၀၀ ဒီဂရီမှာ ရေတွေ ပွက်ပွက်ဆူနေချိန်မှာတော့ အရက်တွေက မရှိတော့ဘူး။ ဒါကို သားလုပ်သူက မသိရှာတော့ သူ့နွားနို့ ကျိုသလိုပဲ အရက်ကို ကျိုလိုက်တော့ သူ့အဖေမှာ အရက်မသောက်ရတော့ပဲ ရေပဲ သောက်ရတော့တာပါပဲ။

ကျွန်တော်တို့ ဘဝတွေမှာလည်း အရည်ကျိုတိုင်း လိုချင်တာ ရလာမယ် မထင်ပါနဲ့။ တချို့အရာတွေက အငွေ့ပျံလွယ်တယ်။ ကိုယ်က အနည်ထိုင် ကျန်နေမဲ့ အရာလား ၊ အငွေ့ပျံစေတဲ့ အရည်လား ၊ ဒီအရည်ကို ပေါင်းခံပြီးမှ လိုချင်တာ ထုတ်ရမှာလား ဆိုတာကို သိဖို့ ဘာပဲပြောပြော “ အထွေထွေ ဗဟုသုတ ” လေးတော့ ရှိဖို့ လိုအပ်ပါတယ်။

( 2.8.2004 စာအုပ်ထဲက နေ့စွဲပါ။ )



ကိုဇော် ခံစားပုံဖော်သည်။
29.4.2010 - 2.50AM


.
Share/Bookmark

28 April 2010

4 ကော်မာ ( Comma )




တစ်ခါက . . .

လူတစ်ယောက်ရဲ့ အသက်ကို “ ကော်မာ ” လေးတစ်ခုက အောက်ပါ အတိုင်းကယ်ခဲ့တယ်။

မာရီယာ ဖီယိုဒို ရီဝနာဟာ မမျှော်လင့်ဘဲ အောက်မှာ ဖေါ်ပြထားတဲ့ မှတ်ချက်ကလေးကို အမှတ်တမဲ့ တွေ့လိုက်မိတယ်။ သေမိန့် ချထားတဲ့ အောက်ခြေမှာ ပူးတွဲဖေါ်ပြထားတဲ့ မှတ်ချက်ပေါ့။ သူမ ရဲ့ ကြင်ယာတော် တတိယမြောက် အလက်ဇန္ဒားရဲ့ လက်ရေးနဲ့ရေးထားတဲ့ အမိန့်စာ ဖြစ်တယ်။ မှတ်ချက်မှာ ဖေါ်ပြထားတာက ဒီလိုပါ။

Pardon impossible , to be sent to Siberia.
လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် မဖြစ်နိုင်ပါ ၊ ဆိုက်ဗေးရီးယား သို့ ပို့ရန်သာ။

မာရီယာ က ကော်မာလေးကို နေရာ ရွေ့လိုက်ပါတယ်။ အဲဒီတော့ ဖေါ်ပြချက်က ဒီလိုဖြစ်သွားပါတယ်။

Pardon , Impossible to be sent to Siberia.
လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါ ။ ဆိုက်ဗေးရီးယားသို့ ပို့ရန် မဖြစ်နိုင်ပါ။

အဲဒီ အကြောင်းကြောင့် ရာဇ၀တ်ပြစ်ဒဏ် ခံနေရတဲ့ အကျဉ်းသားဟာ လွတ်မြောက်သွားပါတယ်။ ဒါကြောင့် ဘယ်အရာ မဆို သေးလွန်းလို့ အရေးမပါဘူးဆိုတာ မရှိပါဘူး။ ကိုယ်အသုံးချတတ်မှု နဲ့ပဲ ဆိုင်ပါတယ်။


source; Chicken Soup For The Soul
မူရင်း ပို့ပေးတဲ့ ညီလေးကိုလည်း ကျေးဇူး။
ကိုဇော်

.
Share/Bookmark

27 April 2010

8 မျက်ချေး




ဖေဖေ နဲ့ ပြေပြေပြစ်ပြစ် လမ်းလျှောက်ထွက်တဲ့ တစ်နေ့ကပေါ့။ လမ်းမှာ ကျွန်တော်နဲ့ သိပြီး ဖေဖေ နဲ့ ခင်တဲ့ ဖေဖေ့ သူငယ်ချင်း တစ်ယောက်ကို လမ်းမှာ အလျားလိုက် တစ်ခုခုကို ကိုင်တွဲရင်း လျှောက်လာတာကို မြင်ရတယ်။ ထိုသူ ကိုင်တွဲလာတာက သူ့အမေ။

“ ဘယ်က ပြန်လာတာလဲ။ ”

ဆိုပြီး ခပ်ညံ့ညံ့ လူတွေလို ဖေဖေက သိသိကြီးကို မသိသလိုနဲ့ နှုတ်ဆက်မနေဘူး။ သူတို့လာတာကို တွေ့နေကတည်းက သူတို့ ဆေးခန်းက ပြန်လာမှန်း သိသာတယ်။ ထိုသူရဲ့ အမေ အသက်ကြီးလို့ လူကြီးရောဂါနဲ့ နေမကောင်းဖြစ်နေတာကို ရပ်ကွက်ထဲက လူတွေ သိနေကြတာပဲလေ။

“ ဆေးခန်းက ပြန်လာပြီလား။ ဘယ်လိုနေလဲ အန်တီ။ ”

ဖေဖေက ဒီလို ဒဲ့တိုးမေးတယ်။

“ သက်သာပါတယ်ကွယ်။ ”

ဆိုပြီး လူကြီးတွေရဲ့ လက်သုံးစကားကို ဒိုင်းအဖြစ် ထုတ်ကာတယ်။ နောက်တော့ ထိုသူ့အမေက လက်ထဲက လက်ကိုင်ပုဝါလေးကို သူ့ရဲ့ မျက်ဝန်းထောင့်ချိုးတွေကို အသာအယာတို့ပြီး သုတ်လိုက်တယ်။ ဒါပေမဲ့ မျက်ရည် မဟုတ်ဘူး။ သူ့မျက်ဝန်းထောင့်မှာ ကပ်နေတဲ့ “ မျက်ချေး ” လေးကို ၊ “ မျက်ဝတ် ” လေးကို။

တစ်ခွန်း နှစ်ခွန်း ကျွန်တော်နားလည်တဲ့ ဘာသာစကားနဲ့ပဲ ဖေဖေ နဲ့ သူတို့ စကားပြော နှုတ်ဆက်ပြီး ကိုယ့်ခရီး ကိုယ်ထွက်လာတယ်။ လမ်းဆက်လျှောက်လာတော့ ဖေဖေက ငြိမ်ပြီး အတိတ်တွေကို တွေးနေပုံ ရတယ်။ နောက်တော့ အဝေးကို ငေးရင်း ကိုင်ထားတဲ့ ကျွန်တော့်လက်ကို ညှစ်လိုက်တယ်။ ဖေဖေက ပြောစရာ တစ်ခုခု ရှိရင် ဒီလိုပဲ သတိပေးသလို တစ်ခုခုနဲ့ သတိရှိအောင် လုပ်ပြီးမှ ပြောတတ်တယ်။ မကြားရ မရှိတော့ဘူးပေါ့။

“ ဖေဖေ့ ဖေဖေ ၊ သားဖိုးဖိုး ဆုံးခါနီးတုန်းကလည်း မျက်ဝတ် ( မျက်ချေး ) တွေ အရမ်းထွက်တယ်။ ဖေဖေတို့ကလည်း အတွေ့အကြုံ မရှိတော့ မသိဘူးပေါ့လေ။ သူ့ ရင်ထဲမှာ နေမကောင်းတာကို မျက်လုံးမှာ မျက်ဝတ်တွေ အနေနဲ့ လာပြီး ထွက်တာ။ လူကသာ ဟန်ဆောင်နေလို့ ရတာ မျက်ဝတ်ကိုတော့ ဟန်ဆောင်လို့ မရဘူး။ သားသမီးတွေ ၊ မိန်းမ စိတ်ညစ်မှာ စိုးလို့ ဟန်ဆောင်ပြီး နေနေတာ ထင်တယ်။ လက်ကိုင်ပုဝါလေး တကိုင်ကိုင်နဲ့ မျက်ဝတ်တွေကို သုတ်နေတာ။ ”

“ သြော်. . ဖိုးဖိုးက ဘာဖြစ်နေလို့လဲ. . ဟင်။ ”

“ သား ဖိုးဖိုးက အသည်းရောင်နေတာလေ။ ကိုယ်တိုင် ဆရာဝန် ဆိုတော့ သူ့ဖာသာ ဆေးတွေ သောက်ပြီး ကြိတ်ကုနေတာပေါ့။ ဒါပေမဲ့ သူ့ရင်ထဲမှာ ခံစားနေရတာ သူပဲ သိမယ် ထင်တယ်။ နောက်တော့ လုံးဝ မဟန်နိုင်မှ ဖေဖေတို့ သိကြရတာ။ ”

“ ဒါဆို မျက်ဝတ် ၊ မျက်ချေး ဆိုတာ လူတွေ နေမကောင်းလို့ ထွက်တာပေါ့။ ”

“ ဟုတ်တယ် သားရဲ့။ လူတစ်ယောက်က သာမာန်အချိန် အိပ်ယာနိုးလို့ မျက်ဝတ် ထွက်တယ် ဆိုတာ မအိပ်ခင်က ဝင်ထားမိတဲ့ ဖုန်တွေကို မျက်ဝတ် အနေနဲ့ ထုတ်ပေးတာ။ ဒါကို သာမာန် အချိန်တောင်မှ မျက်ဝတ်တွေ ခဏခဏ ထွက်နေရင် ဒါ သာမာန် မဟုတ်တော့ဘူး။ ”

“ သြော် . . ဒီလိုလား။ ”

ဒီလိုနဲ့ နေ့ရက်တွေကို ဖြတ်သန်းပြီး ကျွန်တော် အသက်အရွယ် ရလာတော့ လူတွေ ပြောပြောနေတဲ့ စကားလေး တစ်ခွန်းက နားကနေ တဆင့် ရင်ထဲကို ဆောင့်ကြီး အောင့်ကြီး ဝင်လာတော့တယ်။

“ သူများ မျက်ချေးပဲ မြင်ပြီး ကိုယ့်မျက်ချေး ကိုယ်မမြင်ဘူး။ ”

တဲ့။ ဘယ်သူကများ ကိုယ်မျက်လုံး အစစ်နဲ့ ကိုယ့်မျက်ချေး ကိုယ် ပြန်မြင်ရလို့လဲ။ မျက်လုံးကို သုံးပြီး ကြေးမုံ အကူအညီ နဲ့သာ ကိုယ့်မျက်ချေး ကိုယ်မြင်ကြရတာ။ သူများ မျက်ချေးကျတော့ ကိုယ်က ကိုယ့်မျက်လုံးနဲ့ ကိုယ် မြင်ရတာ ဘာများ ဆန်းလို့လဲ။

တကယ် ဆန်းတာက သူများမှာ မျက်ချေး ဘာလို့ ထွက်နေတယ် ဆိုတာကို မခံစားတတ်တာက ဆန်းနေတာ။ ကိုယ်ကတော့ နေကောင်းနေသူ ဆိုတော့ မျက်ဝန်းမှာ ဘယ်လိုလုပ် မျက်ချေးက ရှိနေမလဲ။ သူများ မျက်ဝန်းမှ မျက်ချေးတွေ တွေ့နေရပြီ ဆိုရင် သူ မျက်လုံး တစ်ခုခု ဖြစ်နေလား ဒါမှမဟုတ် သူနေမကောင်းဘူး လား လို့ ဘယ်နှစ်ခါများ လူတွေ ခံစား စဉ်းစားမိပါသလဲ။

“ သူငယ်ချင်းရေ မျက်ဝန်းမှာ မျက်ဝတ်တွေ ၊ မျက်ချေးတွေနဲ့ နေမှ ကောင်းရဲ့လား။ ”

လို့ ဘယ်နှစ်ခါ မေးဖူးပါသလဲ။

ဒါကြောင့် သူများ မျက်ဝန်းမှာ မျက်ချေးကို မြင်တယ် ဆိုတာ မထူးဆန်းပါ။ ဘာကြောင့် သူ့ မျက်ဝန်းမှာ မျက်ချေးတွေ ရှိနေရတာလဲ ဆိုတာကို မြင်အောင် မကြည့်တတ်တာကတော့ ထူးဆန်းပါတယ်။ သူများ မျက်ဝန်းမှာ မျက်ချေးကို မြင်အောင် မကြည့်တတ်သူတွေ ဆိုမှတော့ သူ့များ ရင်ထဲကို ဘယ်လိုလုပ်များ မြင်အောင် ကြည့်တတ်ပါတော့မလဲ။ သူ့ရင်ထဲမှာ ဘာဖြစ်နေမလဲ ၊ သူဘယ်လို ခံစားနေရမလဲ ဆိုတာ ဘယ်လိုများ ခံစားတတ်ပါတော့မလဲ။

“ သူများ မျက်ချေးပဲ မြင်တယ် ဆိုတာ မဆန်းလှပါ။ ဘာကြောင့် သူ့မျက်ဝန်းမှာ မျက်ချေးတွေ ရှိနေရတာလဲ ဆိုတာကို မမြင်တတ်တာကတော့ တကယ်ကို ဆန်းတယ်။ အင်းလေ . . . သူများ အပေါ်မှာ ခံစား နားမလည်တတ်သူတွေ အဖို့ကတော့ ကိုယ့်မျက်ချေး ကိုယ် မမြင်ပဲ သူများ မျက်ချေးပဲ မြင်တယ် ဆိုပြီး အပြစ်ပြောကြမှာပါပဲ။

ကျွန်တော်ကတော့ ကျွန်တော့် မျက်ဝန်းထဲက မျက်ချေးတွေကို ကျွန်တော် ဂရုစိုက် မနေမိပါ။ ကျွန်တော် ဘာတွေပဲ ဖြစ်နေပါစေ။ ဒါပေမဲ့ သူများ မျက်ဝန်းတွေထဲက မျက်ချေးတွေကိုတော့ ကျွန်တော် ဂရုစိုက်မိတတ်ပါတယ်။ သူတို့ဘာတွေများ ဖြစ်နေကြလဲ ၊ သူတို့ ဘာတွေများ ခံစားနေရလဲ ၊ နေကောင်းရဲ့လားလို့ ကျွန်တော် သတိထား မေးမိတယ်။ ”

17.6.2005 ( စာအုပ်ထဲက နေ့စွဲပါ။ )


*** ကျွန်တော့် အတွေးမှတ်စုများ စာအုပ်ထဲကပါပဲ။ အခုလို မျက်စိမကောင်းလို့ မျက်ဝတ်တွေ ထွက်နေတဲ့ အချိန်မှာ ဆို ပိုပြီး ခံစားမိပါတယ်။ ***

ကိုဇော် ခံစားပုံဖော်သည်။
27.4.2010 - 11.41 AM

.

Share/Bookmark

26 April 2010

16 မိုးခေါင်လို့ ထွက်တဲ့ “ ဆား ”


အမှန်အတိုင်း ဝန်ခံရရင် ဒီရက်ပိုင်းမှာ ကျွန်တော် နေလို့မကောင်းပါ။ လူက အကောင်းကြီး ဖြစ်သော်လည်း မျက်လုံးက မကောင်း။ မျက်ရိုးတွေ ကိုက်ပြီး မျက်လုံးတွေ အောင့်နေတယ်။ ဒါကြောင့် မဖြစ်နိုင်တဲ့ အဆုံး ဆေးခန်းသွားပြတော့ ဆရာဝန်က ကွန်ပျူတာ ကြည့်လားတဲ့။ အဟင်း . . . အဟဲ.. . နည်းနည်းတော့ ကြည့်ရတယ်လို့ ပြောလိုက်တယ်။ မင်း အလုပ်ကရော ကွန်ပျူတာ နဲ့ လုပ်ရတာလားတဲ့။ အင်း . . ဒါလည်း ပါတယ် လို့။ ဒါဆိုရင် ကွန်ပျူတာ မကြည့်ပဲ တစ်လ နားရမယ် တဲ့။

ဘာ. . . . တစ်လ ဟုတ်လား။

တကယ်တော့ ကျွန်တော်ကလည်း လွန်တာတော့ လွန်တယ်။ တစ်နေ့မှာ အိပ်ချိန်ကလွဲလို့ သူ့ကိုပဲ မျက်နှာမူထားတာ. . ။ အခု နောက်ပိုင်း တရုတ်က ထုတ်တဲ့ ဆော့ဝဲလ် လေးတစ်ခုနဲ့ ဘောပွဲတွေကိုလည်း တိုက်ရိုက် ကြည့်လို့ရနေတော့ ပိုဆိုး။ နောက်ပြီး နောက်ထပ် ဆော့ဝဲလ်လေး တစ်ခုကလည်း ထွက်သမျှ ရုပ်ရှင်တွေကို တိုက်ရိုက်တင်ပေးထားတယ်။ တရုတ်လိုတွေ အောက်က စာတန်းထိုး ဖြစ်နေတာ တစ်ခုပဲ။ ဒီတော့ ကျွန်တော့်မှာ အရင်လိုလည်း ခွေတွေ ဝယ်မကြည့်ရတော့ဘူး။ ဒီမှာ တော်တော်ကို အဆင်ပြေနေတာ။ ( အဲဒီဆော့ဝဲလ်တွေ အားလုံး ကျွန်တော် Side Bar က “ ကိုဇော် မျှဝေသည်။ ” နေရာမှာ တင်ပေးထားပါတယ်။ တချို့ကတော့ ဆိုက်က သွားဆွဲရင် နောက်ဆုံးဗားရှင်း ရနိုင်လို့ ဆိုက်ကိုပဲ တိုက်ရိုက် ချိတ်ပေးထားတယ်။ လိုချင်ရင် အဲဒီက တဆင့် သွားဆွဲပါ။ )

ဒီတော့ တစ်နေ့ကို ၁၈ နာရီလောက်က သူနဲ့ပဲ မျက်နှာချင်း ဆိုင်နေမိတယ်။ ဒီတော့ ကြာတော့. . . ဖြစ်ပြီပေါ့။ လွန်ခဲ့တဲ့ ၄ လလောက်ကလည်း တစ်ခါ Warning ပေးသေးရဲ့ ၊ ဟိ. . ၁၀ ရက်လောက် နားလိုက်ပါတယ်။ အခုတော့ သိသိသာသာကို မျက်လုံးတွေက ဝါးတားတား ဖြစ်လာတယ်။ ငါတော့ “ မျောက်မှန် ” တော့ တပ်ရတော့မယ် ထင်တယ်။ ဆရာဝန်ကလည်း ပြောလိုက်တယ်လေ. . မနားရင်တော့ မျောက်မှန် ဆိုပဲ။

ဒါကြောင့် ခုတလော အရင်က ရေးထားတာလေးတွေပဲ ကျွန်တော် တင်နေတာ. . ။ ကျွန်တော့်ညီမ မွေးနေ့ ပို့စ်လေးတောင်မှ အရင်က ရေးထားတာနဲ့ အပေါ်က စာလေးတွေ ဖြည့်ပြီး တင်လိုက်တာ။ အရင်က ရေးထားတာလေးတွေကို ဖတ်ပြီး Publish လုပ်ပေးလိုက်တာတွေပဲ များနေတယ်။ ဒါကြောင့် ညှစ်ပြီး သိပ်မရေးဖြစ်ပဲ ဖာသိဖာသာပဲ “ ဆား ” ချက်နေမိတာဗျ။ ဒီအချိန်မှာ ကွန်ပျူတာ ကျွန်တော် သိပ်မကြည့်ပဲ။ ဘာတွေ လုပ်ဖြစ်လဲ ဆိုတော့ စာအုပ်ပုံကြီးထဲ ဒိုင်ဗင် ပစ်ထိုးမိတယ်။

ဖူး . . . ဖုံတွေ။ 

ဖုံတွေတောင်မှ တော်တော် တတ်နေပါရောလား။ ဟုတ်ပါ့ဗျာ။ အရင်က အမြဲလိုလို ဖတ်ဖြစ်တဲ့ စာအုပ်လေးတွေတောင်မှ အခုနောက်ပိုင်း သိပ်မကိုင်ဖြစ်ဘူး။ ဒီလို မွှေရင်း ၊ နောက်ရင်းနဲ့ ကျွန်တော့်စာအုပ် အဟောင်းလေး တစ်အုပ်ကို သွားတွေ့တယ်။ စာအုပ်နာမည်က . .

“ ကျွန်တော့် အတွေးမှတ်စုများ ”

ဆိုပြီး ခေါင်းစဉ်တပ်ထားတယ်။ ဒီတော့မှ ဒီစာအုပ်လေးကို ကျွန်တော် ပြန်သတိရတယ်။ နောက် ဒီစာအုပ်လေး ရေးဖြစ်စေတဲ့ စာလေး တစ်ခုကိုလည်း သတိရတယ်။ ဒီစာလေးကို ကျွန်တော် ဒီစာအုပ်လေး ဖြစ်လာစေလို့ အမှတ်တရ ပထမဦးဆုံး စာမျက်နှာမှာ တင်ထားတယ်။

အဲဒီစာလေးဟာ ဂျာနယ် တစ်စောင်မှာ ဆရာ တာရာမင်းဝေ ရေးထားတဲ့ အတွေးလေး တစ်ခုပါ။ လူသိနည်းလှပါတယ်။ ကျွန်တော် တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်း အိမ်က ဂျာနယ်မှာ သွားတွေ့လို့ တောင်း ဖြတ် ပြီး စာအုပ် ပထမဆုံး မျက်နှာမှာ စာရွက်ကို ဓါးနဲ့ လေးဘက် အကွက်လေးတွေ လှီးပြီး အဲဒီ စာရွက်လေးကို ညှပ်ထားခဲ့တာ။

သတိရလို့ ဖွင့်ကြည့်လိုက်တော့ “ ဟာ . . ” ခနဲပဲ။ မရှိတော့ဘူး။ အဲဒီ စာရွက်လေး မရှိတော့ဘူး။ လေးဘက် လေးတန်စလုံး ညှပ်ထားတာ ဆိုတော့ ထွက်တော့ မကျနိုင်ပါ။ တစ်ယောက်ယောက် စာအုပ်ကို ယူဖတ်ပြီး နှုတ်များ ယူသွားတာလား။ အဲဒီစာလေးက ကျွန်တော့်အတွက် တော်တော်ကို တန်ဖိုးရှိပါတယ်။ အဲဒီစာလေးကြောင့် တခြားသော အတွေးလေးတွေကို လျှောက်တွေးဖြစ်ခဲ့တာ. . .။ အခုတော့ မရှိတော့ဘူး။

ဒါကြောင့် ကျွန်တော်. . . “ ကျွန်တော့် အတွေးမှတ်စုများ ” စာအုပ်ကိုလည်း မတော်လို့ ပျောက်ရှသွားရင် ဆိုပြီး မဖြစ်သေးပဲ နှမြောလာမိတယ်။ ဒါကြောင့် ဘလော့ပေါ် တင်ထားရင် ကောင်းမလားလို့ တွေးမိပြန်တယ်။ ဒါပေမဲ့ ဒါတွေက ကိုယ့်အတွက်ပဲ မှန်နိုင်ပါတယ်။ သူများ အတွက်ကျတော့ “ ရယ်စရာ မဟုတ်ဘူး ရူးစရာ ” ဖြစ်များနေမလားရယ်လို့လည်း တွေးမိပြန်ပါလေရော။ ဒါကြောင့် တင်ရနိုးနိုး မတင်ရနိုးနိုး ဖြစ်နေတယ်။

တင်. . . . .

မတင်. . . . . 

ချီတုံချတုံ ဖြစ်နေတယ်။ ဒါကြောင့် ဒီလိုလုပ်မယ်ကွာ ဆရာတာရာမင်းဝေ ရဲ့ စာလေးကို အရင်တင်ကြည့်မယ်။ ဒါကို စာဖတ်သူတွေ အနေနဲ့ ဖတ်လို့ အဆင်ပြေတယ် ဆိုမှ တခြားသော အကြောင်းအရာတွေကို ဆက်တင်မယ် လို့ စဉ်းစားဖြစ်သွားတယ်။ ဒါပေမဲ့ အဲဒီမှာလည်း ပြောစရာ ရှိလာတာက ဆရာတာရာမင်းဝေ စာကို လူသိနည်းတယ် ဆိုပြီး ကိုယ့်စာလိုလိုလည်း ကျွန်တော် မလုပ်ချင်ပါဘူး။ 

ဒါပေမဲ့ မူရင်းအတိုင်းဖော်ပြဖို့ကလည်း ကျွန်တော့်မှာ မူရင်းစာရွက်လေးက ဘယ်ကို ခရီးထွက်သွားမှန်း မသိဘူး။ ဒါပေမဲ့ ကျွန်တော် အလွတ်တော့ မှတ်မိနေပါတယ်။ အဲ. . မမှတ်မိတာက အဲဒီ စာလေးထဲက သီအိုရီ နှစ်ခု နဲ့ ထို သီအိုရီ ကို ဖော်ထုတ်သူ ရဲ့ နာမည်။ ဒါတွေကိုတော့ ကျွန်တော် မမှတ်မိတော့လို့ မဖော်ပြနိုင်တော့ဘူး။ ဘာလိုလဲ ဆိုတော့ အဲဒီစာလေးက ၁၉၉၈ ခုနှစ်က ဆိုတော့ ၁၂ နှစ် ကြာနေခဲ့ပြီဗျ။

ဒီတော့ ကျွန်တော် နားလည်သလိုနဲ့ ဆရာတာရာမင်းဝေ ရဲ့ မူရင်းအတိုင်း အတတ်နိုင်ဆုံး ရအောင် ဖော်ပြပါ့မယ်။ စာဖတ်သူများ ဖတ်လို့ အဆင်ပြေတယ် ဆိုမှ နောက်ဆက်တွဲတွေ. . . . .။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အင်ဖစ်နတီ ( Infinity )



တစ်ခါက မျဉ်းပြိုင်နှစ်ကြောင်းက တစ်ယောက်နဲ့ တစ်ယောက် အချင်းများကြတယ်။

“ ငါကတော့ မျဉ်းပြိုင် ဆိုတာ အင်ဖစ်နတီ မှာ ဆုံတယ် လို့ ဆိုတဲ့ သီအိုရီ ကို လက်ခံတယ်ကွာ။ ”

ဒီတော့ နောက်ထပ် မျဉ်းပြိုင်လေးကလဲ . . ခေါင်းလေး တရမ်းရမ်းနဲ့။

“ ငါကတော့ လက်မခံဘူး။ မျဉ်းပြိုင်မှန်ရင် အင်ဖစ်နတီ ပဲ ဖြစ်ဖြစ် ၊ ဘယ်မှာပဲ ဖြစ်ဖြစ် ဘယ်တော့မှ မဆုံဘူး ဆိုတဲ့ သီအိုရီ ကိုပဲ လက်ခံတယ်။ ”

ဒီတော့ အရင် ပြောတဲ့ မျဉ်းပြိုင်လေးက. . .

“ မျဉ်းပြိုင်ဆိုတာ အင်ဖစ်နတီ မှာ ဆုံပါတယ် ဆိုမှ . . .။ ”

“ မဟုတ်ဘူး. . ၊ မျဉ်းပြိုင်မှန်ရင် ဘယ်တော့မှ မဆုံဘူး။ ”

ဒီလို သူတို့ တစ်ယောက်နဲ့ တစ်ယောက် အပြင်းအထန် ငြင်းခုန်ကြပြီး ကြာလာတော့ မောလာကြတယ်။

“ ဒါဆို ဒီလို လုပ်မလား။ ငါတို့ မျဉ်းပြိုင် ဆိုတာ အင်ဖစ်နတီ မှာ ဆုံတယ် ၊ မဆုံတယ် ဆိုတာ ကိုယ်တိုင် သိရအောင် မင်းနဲ့ ငါ အင်ဖစ်နတီ ကို ရောက်အောင် သွားကြမယ်။ အဲဒီကို ရောက်မှ ငါတို့ ဆုံတယ် ၊ မဆုံဘူး ဆိုတာကို ဆုံးဖြတ်ကြမယ်။ ”

“ အေး ကောင်းတယ်။ အဲဒီလို ကောင်းတယ်။ မင်းနဲ့ ငါနဲ့ အင်ဖစ်နတီကို ရောက်အောင် သွားကြမယ်။ ”

ဒီလိုနဲ့ သူတို့ဟာ အင်ဖစ်နတီကို ရောက်အောင် ပြေးလာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာလာကြတယ်။ ဒါကြောင့် သူတို့လည်း အသက်တွေ ကြီးလာကြတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ သူတို့ အင်ဖစ်နတီ လို့ ခေါ်တဲ့ နေရာကြီးထဲကို ရောက်လာတယ်။ အဲဒီနေရာမှာ သူတို့လိုပဲ မျဉ်းပြိုင်တွေ ၊ မျဉ်းကွေးတွေ ၊ မျဉ်းပြတ်တွေ ၊ စက်ဝိုင်းတွေ အစရှိသဖြင့် အများကြီးကို တွေ့လိုက်ကြရတယ်။

နှစ်ပေါင်းများစွာ ဖြတ်သန်းလာကြရပြီး သူတို့ကလည်း အသက်တွေ ကြီးရင့်လာတော့ သူတို့ရဲ့ ရုပ်သွင်ကလည်း ပြောင်းလဲလာခဲ့ပြီ။ သူတို့ အင်ဖစ်နတီထဲ ရောက်တော့ တစ်ယောက်ကို တစ်ယောက် တွေ့အောင် လိုက်ရှာကြပေမဲ့ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မြင်ရင်တောင်မှ သူတို့ ရုပ်သွင်တွေက ပြောင်းလဲသွားကြတော့ မမှတ်မိကြတော့ဘူး။ ဒါကြောင့် သူတို့ နှစ်ယောက်လည်း တစ်ယောက်ကို တစ်ယောက် ဆုံလား ၊ မဆုံလား ဆိုတာလည်း သူတို့ကိုယ်တိုင်လည်း မသိတော့ဘူး . .တဲ့။

ဒါကြောင့် မျဉ်းပြိုင် တစ်ခုဟာ အင်ဖစ်နတီမှာ ဆုံတယ် ၊ မဆုံတယ် ဆိုတာလဲ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် မမှတ်မိကြတော့ အခုထိ သက်သေ မပြနိုင်သေးဘူး။
(တာရာမင်းဝေ)


ကိုဇော် ထပ်ဆင့် ခံစားတင်ပြသည်။
26.4.2010 - 6.01 AM

.
Share/Bookmark

25 April 2010

8 မိုးမခပင်


မိုးမခပင်ကို တွေ့ဖူးချင်တယ် ဆိုလို့ ရှာဖွေ ဖော်ပြလိုက်ပါတယ်။ အင်္ဂလိပ်လို Willow လို့ခေါ်တဲ့ မိုးမခပင်ဟာ မျိုးခွဲပေါင်းများစွာ မျိုးစိတ်ပေါင်းများစွာ ရှိပါတယ်။ အဲဒီအထဲမှာမှ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အတွေ့များတာကတော့ Golden Willow နဲ့ Globe Willow တွေပါပဲ။




















ကိုဇော် တင်ပြသည်။
.
Share/Bookmark

6 တာဝန်




ကျေးဇူးတင်မခံရမဲ့ အလုပ်ကို ပုံမှန် လုပ်ဆောင်နေတာ ၊ မလွဲမသွေ ဆောင်ရွက်ရမည့် အလုပ်ကို လုပ်ငန်း သဘာဝကြောင့် လုပ်ဆောင်နေတာတွေကို “ တာဝန် ” လို့ ခေါ်ပါတယ်။ တာဝန် ဆိုတာ လေးနက်ခက်ခဲလေဟန် ရှိပေမဲ့ လူတိုင်း သာမာန်အနေနဲ့ တာဝန်သိစိတ် ဖြစ်ပေါ်အောင် ဖန်တီး ပေးထားပါတယ်။

ကျွန်တော်တို့မှာ လုပ်ဖို့ ဆိုပြီး သတ်မှတ်ပေးထားတဲ့ အလုပ်တွေ ရှိနေတယ်။ ဘယ်လောက်ပဲ မနှစ်သက်ဘူး ဆိုနေပါစေ ဒီအလုပ်တွေကို ပြီးအောင် လုပ်ရမယ်လို့ ကျွန်တော်တို့ နားလည်ထားရမယ်။ ဒါဟာ ကျွန်တော်တို့ကို ပြန်ပြီး အကျိုးပေးစေနိုင်မဲ့ အရာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံပြီး စိတ်ကို မှန်ကန်အောင်ထိန်းသိမ်းပါ။ ဒါဟာ ကိုယ့်ကို ပြန်ပြီး အမြဲအကျိုးပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ တာဝန်တစ်ခုကို ငြူစူပြီး ဆောင်ရွက်နေမဲ့ အစား စိတ်ပါလက်ပါ ဆောင်ရွက်တာ ပိုပြီး မကောင်းဘူးလား။ အပြုံးနဲ့ ဆောင်ရွက်တဲ့ အခါ အလုပ်မှာ ချောမွေ့စွာ အဆင်ပြေစေပါတယ်။

ကိုယ်အတွက် တာဝန် ၊ လုပ်သင့်လုပ်ထိုက်တာကို သိရှိနားလည်ပါ။ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေရင်တော့ ကိုယ့်ထက် မိုက်သူ ရှိတော့မှာ မဟုတ်ပါ။ ကိုယ့်တာဝန်ကို ရှောင်တမ်း နေတာက ဘာများ ကိုယ့်အတွက် စိတ်ကျေနပ်ဖွယ် အနေအထားမျိုး ဖြစ်ပေါ်လာလိမ့်မလဲ။ နောင်တစ်နေ့မှာ ကိုယ်ရှောင်ခဲ့တဲ့ တာဝန် အတွက် မပြေလည်မှုများဖြင့် ပြန်လည် ပေးဆပ်ရပါလိမ့်မယ်။

တရားမျှတမှု ဥပဒေသက ဘယ်လို တိတိကျကျ ပြဌာန်းထားတယ် ဆိုတာ တွေ့ရပါလိမ့်မယ်။ လူတိုင်းလူတိုင်း ကိုယ့်တာဝန် ကျေပွန်ကြမယ်ဆိုရင် ၊ လူတိုင်းသူ့ဝေပုံကျ အလုပ်ကို လုပ်မယ် ဆိုရင် လောကမှာ သောကနဲ့ ဒုက္ခတွေဟ တစ်ဝက်လောက်စီ လျော့ကျသွားပြီး သာယာလှပ ပြည့်စုံတဲ့ နေရာဆိုတာ ဖြစ်လာမှာပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း အလုပ်လက်မဲ့ ဆိုတာ လုံးဝ ကင်းရှင်းသွားလိမ့်မယ် လို့ ကျွန်တော် စိတ်ကူးယဉ်ထားတဲ့ ဒီကမ္ဘာမှာ ပုံဖော်မိတယ်။

source; Duty By Patience Strong
ကိုဇော် တင်ပြသည်။
25.4.2010 - 4.40 AM

.

Share/Bookmark

24 April 2010

13 Happy Birthday ပါ ညီမလေး





အစ်ကိုကို အဖေ ၊ အမေထက်ပိုပြီး ခင်တွယ်လေးစားတဲ့ ညီမ တစ်ယောက် ကျွန်တော့်မှာ ရှိတယ်။ သင်္ကြန်ရေတွေ ခန်းပြီး ပိတောက်တွေ နွမ်းတဲ့ ဒီလို နေ့မှ ကျွန်တော့်ညီမကို မွေးခဲ့တာ . . .။

ကျွန်တော် မှတ်မိနေသေးတယ်။ အဲဒီနေ့က အသက် ၉ နှစ်ရှိပြီ ဖြစ်တဲ့ ကျွန်တော်က အမေ ဗိုက်နာတယ် ဆိုလို့ အဖေ့အလုပ်က ကားကို ဖုန်းဆက် မခေါ်ပဲ ဆိုက်ကားပြေးခေါ်လို့ အမေဘက်က အမျိုးတွေက ပြောမရတဲ့ လူတစ်ကောင် တစ်ကောင်ကို နားဝင်လိုငြား ဝိုင်းပြီး ဆူပူကြသေးတယ်။ ကျွန်တော့်ကလည်း ဒီလိုပဲ သိပ်ပြီးတော့ အတင်စီးခံချင်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ( အဲဒီတုန်းက ကျွန်တော်နဲ့မေမေက နှစ်ဘက်မိဘတွေရဲ့ မာန်မာနတွေကြားမှာ အပယ်ခံ ဘဝ။ သူတို့ကစည်းစိမ်တွေ ကြားမှာ ကျွန်တော်တို့ ငစိန်စားနေရတဲ့ အချိန်။) ဒါကြောင့် ကားမှတ်တိုင် နှစ်မှတ်တိုင်ထဲပါဗျာ ဆိုပြီး ကျောက်မြောင်းဈေးဘေးက သားဖွားဆေးရုံကို အမေကို ဆိုက်ကားပေါ်တတ်ပြီး ထွက်လာခဲ့တယ်။

ရေနွေးဓါတ်ဗူးတဲ့ ၊ စောင်တဲ့ ၊ နနွင်းဘူးတဲ့ ဆွေးမျိုးတွေ ဝိုင်းထည့်ပေးတဲ့ ခြင်းတစ်လုံး ကျွန်တော် လှမ်းတောင်မှ မကြည့်ဖြစ်ခဲ့ဘူး။ သားဖွားဆေးရုံသွားမှာ သားဖွားတဲ့ လူကပဲ အဓိကလို့ ကျွန်တော် ယူဆမိတယ်။ မေမေဗိုက်နာနေပါတယ် ဆိုမှ. . ။ ကျွန်တော် ဆိုက်ကားပေါ် ရောက်အောင် တင်တာက ကျွန်တော့်မေမေပဲ။ ပေးချင်တဲ့သူ နောက်က လိုက်ပေး . . မပေးရင်လည်း ကျွန်တော့်ဖာသာ ပြန်လာယူမယ်လို့ ကျွန်တော်ပြောပြီး ဆိုက်ကားဆရာကို အသွက် နင်းခိုင်းခဲ့တယ်။

တကယ်လည်း ခေါင်းမာမာပါပဲ။ ဘယ်သူမှလည်း လိုက်မပေးဘူး။ ကျွန်တော်ကလည်း မျှော်မနေပါဘူး။ ကြိုတင် စာရင်းပေးထားတော့ မေမေ ဗိုက်နာပြီး လာတယ် ဆိုကတည်းက ဆရာမတွေက ပြင်ဆင်ပေးကြတယ်။ ဟဲ့. . ဘာမှ မပါဘူးလား တဲ့။ ဟုတ်တယ် ဆရာမ ဘာမှ မယူလာခဲ့ဘူး။ ဘာတွေ လိုလဲ ဆိုတော့ သူတို့ပြောတာတွေ ကျွန်တော် မှတ်ပြီး ကျွန်တော် ပြန်လာခဲ့တယ်။ တစ်နေ့ကို ကလေး အများကြီး မွေးပေးနေတဲ့ ဆရာမတွေလောက် ဘယ်သူက သိဦးမှာလဲ။ ဒီလိုပဲ ခပ်ရွတ်ရွတ်တွေးမိသေးတယ်။

ဒီလို အကြောတွေကြောင့်လည်း အမျိုးတွေက သူတို့ ကျွန်တော့်ကို ချစ်ပေမဲ့ အစေးကပ်အောင် မပြောရဲကြတာ။ ကျွန်တော်ကလည်း ငယ်ငယ်တုန်းက တော်တော်ကို ထုံပေပေ နိုင်တယ်။ တစ်ခါတစ်လေများ ကျွန်တော် သူတို့ ပြောတာကို အကျိုးအကြောင်းသင့်လို့ လက်ခံလိုက်ပြီ ဆိုရင် သူတို့မှာ ထီပေါက်တာထက်တောင်မှ ပြောမဆုံးအောင် ပျော်တတ်ကြသေးတယ်။ ဒါတွေလည်း ကျွန်တော် မှတ်မိနေသေးတယ်။ ဆေးရုံမှာ မေမေ့ကို ထားခဲ့ပြီး ကားမှတ်တိုင် နှစ်မှတ်တိုင်လောက် ခရီးကို ကျွန်တော် လမ်းလျှောက်ပြန်လာခဲ့တယ်။ ကျွန်တော် ငယ်ငယ်ကတည်းက ဆိုက်ကားစီးရမှာ လူပေါ်လူကျောတယ်လို့ ယူဆမိလို့ လွန်စွာ အရေးမကြီးရင် ကျွန်တော် မစီးဖြစ်။ ( အခုလည်း မစီး။ )

အိမ်ပြန်ရောက်တော့ သူတို့ လုပ်ပေးထားတဲ့ အထုပ်တွေထဲက ဆရာမတွေ အဓိက မှာလိုက်တာတွေ ယူပြီး ကျွန်တော် ပြန်လာခဲ့တယ်။ ကျွန်တော့်ဘဝရဲ့ အချိန်ကာလတွေထဲမှာ အကျဉ်းကြပ်ဆုံးဆိုတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေရတဲ့ အချိန်လို့ ဆိုရနိုင်တယ် ဒီအချိန်က။ ဒါပေမဲ့ ကျွန်တော့်အတွေးတွေက လေနဲ့ အတူ လွှင့်နေပြီး ကျွန်တော့်မာနတွေက တိမ်ကို ဖောက်နေတယ်။ ဆေးရုံကို ပြန်လျှောက်လာတော့ လမ်းမှာ ကျွန်တော် ဆုတောင်းမိတယ်။ ညီလေး မွေးရင် ကောင်းမယ်ကွာ။ ငါ့လုပ်ချင်တာတွေ ငါ့ညီလေးနဲ့ အတူတူ လုပ်ပစ်မယ် လို့ မရဲတရဲ တွေးမိတယ်။

ဆေးရုံကို ရောက်တော့ မေမေ မွေးပြီတဲ့။ ဘာလေးလည်း ဆိုတော့ ညီမလေးတဲ့။ ညီလေး လိုချင်ပေမဲ့လည်း ညီမလေး ဆိုတော့ သိပ်ပြီး ထူးထူးခြားခြားလည်း မခံစားရပါဘူး။ ဒါနဲ့ ဆေးရုံကနေ နှစ်လမ်းမြောက်က ဖေဖေ့ အလုပ်ရုံကို သွားတော့ ဖေဖေ နဲ့ တွေ့တယ်။ ပြီးတော့ မေမေမွေးပြီး ဖေဖေ လို့ ပြောလိုက်တော့ ဖေဖေလိုက်လာတယ်။ ဒါနဲ့ ကျွန်တော့်မှာ ညီမလေး တစ်ယောက် ထပ်ရလာတယ်။

ကျွန်တော်နဲ့ သူက ရုပ်ကအစ စိတ်ဓါတ်တွေပါ တူတယ်။ တစ်ခု ရှိတာက သူက စိတ်က ထက်ပေမဲ့ စိတ်က ကျွန်တော်တို့လို ငယ်ငယ်က မနေခဲ့ရတာလည်း ပါတယ်။ သူ စိတ်သိပ်ပြီး မမာဘူး။ သူ့ဘဝမှာလည်း ကျွန်တော်လောက်ပဲ ပြောစရာ ရှိတယ်လို့ ထင်နေခဲ့သူ။ ကျွန်တော့် ဘာလုပ်လဲ ဒါကိုပဲ လိုက်လုပ်တတ်ချင်သူ။ သူ ၉ တန်း ၊ ၁၀ တန်းမှာ သူ့ကို ကျွန်တော် Guide လုပ်ပေးဖို့ မျှော်လင့်ထားသူ။ ဒီနောက်မှာတော့ မိဘတွေရဲ့ ဝရုံးသုန်းကား လုပ်ရပ်တွေထဲမှာ ရည်ရွယ်ချက် ၊ မျှော်လင့်ချက်တွေ ပျောက်ရှပြီး ပစ္စပ္ပုန်ကို သူ့ဖာသာ မရေမရာ ကျွန်တော်နဲ့ တီးတိုးတိုင်ပင်နေခဲ့ရသူ တစ်ယောက်။

ကျွန်တော့်ညီမ ကျွန်တော့်ကို ပြောပြတဲ့ အဖြစ်အပျက်လေး ပေါင်းများစွာ ရှိတယ်။ ဒီအဖြစ်အပျက်တွေ အပေါ်မှာလည်း ကျွန်တော်က ပြန်ပြီး ဖြေရှင်းပြရတာတွေ ရှိတယ်။ တချို့ အဖြစ်အပျက်တွေကျတော့ သူ့အမြင်က ပိုကောင်းနေတတ်တယ်။ တစ်ခါတစ်လေကျတော့လည်း သူ့ကို ဖြစ်စဉ်လေးတွေနဲ့ အားပေးရတာတွေ ရှိတယ်။ အခု ကျွန်တော် ပြောပြချင်တာတွေကတော့ ကုန်မှာ မဟုတ်ဘူး။ သူ့ကို ကျွန်တော် ပြောပြတဲ့ အထဲက တချို့ကို ကျွန်တော် ဖော်ပြလိုက်ပါတယ်။

လူတိုင်းနဲ့တော့ ကိုက်ညီမှာ မဟုတ်ဘူး။ ဘာလို့လည်း ဆိုတော့ “ ဒါ. . . ကျွန်တော့်ညီမ ”  အတွက်သာ။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

တစ်ခါတစ်လေတော့ လူဆိုတာ ကတတ်ပင် လို ဖြစ်သင့်တယ် ညီမလေး။ ကတတ်ပင် ဆိုတာ နဲ့ လူတွေက ကတတ်ညွှန့်ကိုပဲ သွားသတိတရ မြင်မိတတ်တယ်။ ဘာလို့လဲ ဆိုတော့ ကတတ်ပင်ရဲ့ အညွှန့်ဆိုတာ သူ့ကို ခူးလေ ထွက်လေပဲ။ ဒါကြောင့် “ ကတတ်တစ်ပင်ပဲ အညွှန့်နိုင်အောင် ခူးပါဦး ” လို့ ဆိုစကား ဖြစ်လာခဲ့တာပဲ။

ကိုယ်ကလည်း ကတတ်ပင်လို ကိုယ့်ကို တစ်ယောက်ယောက်က မကောင်းကြံစည်ခံရတိုင်း ၊ ကံကြမ္မာမကောင်းတာနဲ့ ကြုံရတိုင်း ၊ ကိုယ်လိုချင်တာ တစ်ခု ဖြစ်မလာတိုင်း စိတ်ဓါတ်ပျက်ပြားပြီး မလုပ်နိုင် မကိုင်နိုင် မဖြစ်သင့်ဘူး။ ဒါက ဒီလို မဖြစ်ဘူးဆိုရင် ဒါကို ဘယ်လို ဖြစ်အောင် လုပ်မလဲ ဆိုတဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ ဥာဏ်က ကတတ်ပင်က အညွှန့်လေးကို ချိုးလိုက်သလိုပဲ နောက်ထပ် အသစ် သုံးလေးခု ထပ်ထွက်လာနိုင်ရမယ်။

ဒါမှ လူဆိုတာ အညွှန့်တွေနဲ့ ဝေဖြာနေမှာပေါ့ ညီမလေး။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အပင်လေး တစ်ပင် ရှိတယ် ညီမလေး။ အဲဒီ အပင်က မိုးရာသီ ဆိုရင် သူက အရိုးတွေချည်းပဲ ကျန်ပြီး နေတတ်တယ်။ ဒီအချိန်မှာတော့ တခြားအပင်တွေက မိုးရေကို ရလို့ စိမ်းစို ပွင့်လန်း ဝေဆာနေကြတာပေါ့။ ဒါပေမဲ့ မိုးဆိုတာကလည်း အမြဲ မရှိနေနိုင်ဘူး။ မိုးဆိုပေမဲ့လည်း များလွန်းပြန်တော့လည်း အပင်ကို ရေလွှမ်းပြီး သေကြေကြရပြန်ရော။ မိုးဆိုတာ နဲ့ အတူ လေကပါ ပါလာတတ်တယ်လေ။ ဒီလို အချိန်မှာ မိုးရေကို နှစ်သက်လို့ သုံးစွဲပြီး အရွက် ၊ အပွင့် ၊ အကိုင်းတွေ ထွားကြိုင်းနေပါတယ် ဆိုတဲ့ အပင်တွေပဲ မိုးရေ နဲ့ အတူ ပါလာတဲ့ လေတွေကြောင့် ကျိုးပျက်ကြရတယ်။

ဒီလိုနဲ့ နွေဆိုတဲ့ ပူပြင်းတဲ့ အချိန်ကိုလည်း ရောက်လာရော မိုးရာသီမှာ စိမ်းလန်းစိုပြေပြီး ရှိနေတဲ့ အပင်တွေကတော့ ရွက်ဝါတွေ ချွေချလို့ အရွက်တွေ တဖြုတ်ဖြုတ် ကြွေကျကြရတဲ့ အချိန်မှာ မိုးရာသီမှာ အရွက်မရှိပဲ အကိုင်းကြီးပဲ ကျန်နေတဲ့ သစ်ပင်ကတော့ ဒီလို အချိန်မှ သူ့မှာ ဘယ်ကနေမှန်း မသိတဲ့ အင်အားတွေ ရပြီး အရွက်တွေ ဝေဝေဆာဆာနဲ့ လှပစွင့်ထွားနေတယ်။ ဒီတော့ သူ့ကို နာမည်ပေးကြတယ်။ “ မိုးမခပင် ” တဲ့။

တချို့ကတော့ ပြောကြတယ်။ မိုးတွင်းမှာ မိုးရေ မထိ ၊ မခလို့ မိုးမခပင်လို့ ခေါ်တာတဲ့။ ကိုကြီးကတော့ ဒီလို မထင်ဘူး ညီမလေး သူက မိုးတွင်းမှာ သူများတွေလိုမျိုး မိုးရေတွေကို ရမှ ရှင်သန် စိမ်းလန်းရမယ် ဆိုတဲ့ ခယ တဲ့ အတွေးမရှိပဲ မိုးရေမရတဲ့ နွေဘက်မှ အစွမ်းကုန် စိမ်းလန်းပြနေတာလေ။ ဒါကြောင့် သူ့ကို မိုးကို မခယတဲ့ အပင်မို့ မိုးမခပင် လို့ ခေါ်တယ်လို့ ထင်မိတယ်။

လူဆိုတာလည်း မိုးမခပင်လို စိတ်ဓါတ်လည်း ရှိဖို့လည်း လိုတယ်။ ကိုယ့်ခြေထောက် ကိုယ်ရပ်ဖို့။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ညီမလေးရေ. . .

တစ်ခါက

တော်အုပ်ကြီး တစ်ခုမှာ သတ္တဝါ တချို့နေထိုင်ကြတယ်။ ကျားတွေလည်း ပါသလို ၊ သမင်တွေလည်း ပါတယ်။ သမင်တွေက ကျားတွေ မစားနိုင်ပေမဲ့ ကျားတွေကတော့ သမင်တွေကို စားကြတယ်။ ဒီတော့ သမင်တွေ အဖို့ ဘယ်လိုမှ မတည်ငြိမ်ခဲ့ဘူး။ ကျားတွေက သူတို့ ဗိုက်ဆာလို့ သမင်တွေကို စားချင်တယ် ဆိုရင် လိုက်ကြတာ နဲ့ သမင်တွေက ဝရုန်းသုံးကား ထွက်ပြေးကြရတယ်။ ဘယ်လိုပဲ ပြေးပြေးပေါ့ တစ်ကောင်မဟုတ် တစ်ကောင်တော့ ကျားတွေရဲ့ အစာဖြစ်သွားတာပါပဲ။ ဒါကလည်း ဖြစ်စဉ်တစ်ခုလို ဖြစ်နေတယ်။

ဒီတော့ ဒါကို မြင်နေရတဲ့ လူတွေက သမင်တွေရဲ့ သေကြေ ပျက်ဆီးမှု အရမ်းများတယ်။ ဒါကလည်း ကျားတွေက စားလို့ ဖြစ်တယ်လို့ တွေးမိကြတယ်။ တကယ်လို့ ကျားတွေသာ မရှိတော့ဘူး ဆိုရင် သမင်တွေ ပိုပြီး ရှင်သန်လာနိုင်မယ် ၊ ပိုပြီး အသက်ရှင်နေနိုင်မယ် လို့ သူတို့ယူဆပြီး ကျားတွေကို တောထဲမှာ မနေနိုင်အောင်လို့ သူတို့ ကြိုးစားကြတယ်။ ကျားတွေကို တောအုပ်ထဲက ထွက်သွားအောင် မောင်းထုတ်ကြတယ်။ ဒါနဲ့ တောထဲမှာ ကျားတွေ မရှိတော့ပဲ သမင်တွေ ချည်းပဲ အျန္တရာယ်ကင်းစွာ နေကြရတယ်။ ဒီတော့ လူတွေက သမင်တွေချည်းပဲ ဆို သမင်တွေ အသက်ပိုရှည်ပြီး နေကြရပြီလို့ ထင်တာပေါ့။

ဒါနဲ့ ၆ လလောက် ကြာတော့ တောထဲမှာ ရှိနေတဲ့ သမင်တွေကို လေ့လာဖို့ လေ့လာရေးလူတချို့က ရောက်လာပြီး လေ့လာတော့ သူတို့ မထင်တာကို သွားတွေ့တယ်။ ဒါကတော့ သူတို့ အသက်ရှည်ပြီး နေနိုင်ကြလိမ့်မယ် လို့ ထင်ထားတဲ့ သမင်တွေက အခုတော့ သမင်တွေ များစွာ သေကြေ ပျက်ဆီးကြပြီး သမင်အကောင်ရေ များစွာ လျော့နည်းနေတာကို တွေ့ရတာပဲ။ ဒါ ဘာကြောင့်လဲ ဆိုပြီး သူတို့ စစ်ဆေးကြည့်တော့ ကျားတွေ မရှိတော့ သမင်တွေအတွက် အန္တရာယ်ဆိုတာ မရှိတော့ဘူး။ ဒါကြောင့် သမင်တွေက သူတို့ စမ်းချောင်းမှာ ရေသောက်ပြီးပြီ ဆိုရင် ဘာမှ ကြည့်မနေတော့ဘူး။ အဲဒီနားမှာပဲ လှဲချလိုက်တော့တယ်။ သူတို့ စားစရာ စားပြီးရင်လည်း အရင်လို လာချောင်းနေတဲ့ ကျားတွေများ ရှိနေမလား ဆိုပြီး မစစ်ဆေးတော့ပဲ ခပ်အေးအေးပဲ လှဲချလိုက်တော့တယ်။

ဒီလို အချိန်ကြာလာတော့ သူတို့ရဲ့ ခန္ဓာကိုယ်မှာ ပြေးလွှားလှုပ်ရှားမှု မရှိတော့ သွေးလည်ပတ်နှုန်းက မညီညွတ်တော့ပဲ သူတို့ခန္ဓာကိုယ်က အဆီပိုတွေ များလာပြီး တစ်နေ့တခြား ဝလာတယ်။ နောက်တော့ နှလုံးမှာ အဆီတွေ ဖုံး ၊ သွေးတိုး ၊ ကျောက်ကပ် စတဲ့ ရောဂါတွေ ဖြစ်ပြီး သူတို့ သက်တမ်းစေ့ မနေကြရတော့ပဲ သေသွားကြရတာလို့ သေနေတဲ့ သမင်တွေကို ခွဲစိတ် ကြည့်တော့မှ သိကြရတယ်။ ဒါနဲ့ပဲ သဘာဝကို သဘာဝအတိုင်းပဲ ကောင်းတယ် ဆိုတာကို လူတွေက သိသွားပြီး ကျားတွေကို တောထဲကို ပြန်ဝင်နိုင်အောင် လုပ်ပေးလိုက်ရတော့တယ်။ ဒီတော့ အရင်က လေးလံထိုင်းမှိုင်းနေတဲ့ သမင်တွေကလည်း အန္တရာယ်ရဲ့ သတိပေးမှုကြောင့် ပြန်ပြီး လန်းဆန်း ဖြတ်လတ် လာခဲ့တယ်။

ဒီလိုပဲ ညီမလေး။ လောကကြီးမှာလည်း တချို့ ကိစ္စတွေက အန္တရာယ် ရှိတယ် ဆိုတာ ကိုယ့်ကို အမြဲတမ်း ဖြတ်လတ် တတ်ကြွနေအောင် ဆောင်ရွက်ပေးနေတဲ့ အရာတွေ ဖြစ်နေတတ်တယ်။ အန္တရာယ်တွေ များနေရမယ်လို့ ကိုကြီး မပြောဘူးနော်။ ဒါပေမဲ့ ဖြစ်ပေါ်လာတဲ့ အရာ အပေါ်မှာ ကိုယ်က အကောင်းဆုံးဖြစ်အောင် လက်ခံ ယူလိုက်နိုင်ဖို့ပဲ လိုတယ်။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ကိုကြီး ဟိုးမှာ မုန်တိုင်း မဟုတ်လား။

မဟုတ်ဘူး ညီမလေး။ အဲဒါ လေပြေတွေ နောက်မှာ ပါလာတယ်လို့ ပြနေတဲ့ လေပြေလာဖို့ ရှေ့ကနေ အမှိုက်ရှင်းနဲ့ အရာပါ။

~ ~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ကိုကြီး ဟိုမှာ ဒီရေတွေ တတ်ပြီး ရေတွေကြီးနေပြီ။

ဒါက ကောင်းတယ်လေ ညီမလေး။ အညစ်အကြေးတွေကို လာဆေးပေးတာပါ။ အဲဒီ အညစ်အကြေးတွေကို သူက ဆွဲခေါ်သွားလိမ့်မယ်။ ကိုယ်ကတော့ အညစ်အကြေး မဖြစ်နေဖို့ပဲ လိုတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် အညစ်အကြေး ဆိုရင်လည်း သူက ခေါ်သွားလိမ့်မယ်။ သူလာပြီးရင် ကမ်းခြေသောင်ပြင်တွေကို သွားကြည့်စမ်း။ လှလိုက် ညီညာပြန့်ပြူးနေလိုက်တာမှ . . ။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

အိပ်နေတာထက် စာရင် ထိုင်နေတာ ကောင်းတယ် . . . . .
ထိုင်နေတာထက် စာရင် ထနေတာ ကောင်းတယ် . . . .
ထနေတာထက် စာရင် လမ်းလျှောက်နေတာ ကောင်းတယ် . . . .
ရိုးရိုး လမ်းလျှောက်နေတာထက် စာရင် လက်လွှဲပြီး လမ်းလျှောက်နေလိုက်စမ်းပါ ညီမလေး။
ကျန်းမာတာပေါ့. . .။

~ ~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

အား. . .

မငိုနဲ့ ညီမလေး။ ခလုတ်တစ်ခါတိုက်တယ် ဆိုတာလည်း အတွေ့အကြုံ တစ်ခုပဲ မဟုတ်လား ညီမလေး။ နောက်တစ်ခါ မတိုက်မိဖို့ပဲ လိုတော့တယ်။

~ ~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

မွေးနေ့မှာ ပျော်ရွှင်ပါစေ ညီမလေး။

ကိုကြီး။
.
Share/Bookmark

2 စုဘူး




ဘဝဆိုတာ စုဘူးလေး တစ်ခုနဲ့ တူတယ်။ အဲဒီထဲကို ရည်ရွယ်ချက်နဲ့ ထည့်ထားတာပဲ ပြန်ရတတ်တယ်။ ဒီစကားက နောက်တယ်လို့ ထင်ရပေမဲ့ သွေးထွက်အောင် မှန်တဲ့ စကားသာ ဖြစ်တယ်။ တချို့က ကံကောင်းပြီး ရွှေတွေ ငွေတွေ သူတို့ပဲ ရနေတယ် လို့ ထင်မိတတ်တယ်။ တကယ်တော့ လောကရဲ့ ဖလှယ်မှု သဘောတရား အရ ဒါဟာ မျှတပါတယ်။

စုဘူးထဲကို ကြေးပြားထည့်ပြီး ငွေဒင်္ဂါးထုတ်ယူချင်လို့ မရဘူး။ စုဘူးဆိုတာ သူ့ဖာသာ ထားရင် တိုးပွားမလာသလို လျော့ပါးလည်း မသွားဘူး။ စုဘူးထဲမှာ ရှိနေသမျှက ကိုယ့်ရဲ့ ပိုင်ဆိုင်မှု အစစ်ပါ။ စုဘူးထဲမှာ ရှိနေတာတွေက ကိုယ်ရဲ့ ပိုင်ဆိုင်မှု အရေအတွက် စစ်စစ်ဖြစ်တယ်။ တစ်ကျပ် ထည့်ထားရင် တစ်ကျပ်ပဲ ရှိမယ်။ ဒီထက် မပိုလာသလို ဒီထက်လည်း မလျော့ပါးနိုင်ဘူး။

ဒီလိုပဲ။ ဘဝစုဘူးထဲကိုလည်း ဘာမှ မထည့်ထားရင် ကိုယ်လည်း ဘာမှ ရလာမှာ မဟုတ်ဘူး။ ဒီလို ဘာမှ မရလာမှု အတွက် ညည်းညူမနေပါနဲ့။ တကယ်တော့ စဉ်းစားကြည့်ရင် ရှင်းလွန်းလှပါတယ်။ ဒါကြောင့် ကိုယ်ဘာပဲ လုပ်လုပ် နှလုံးသားစုဘူးလေးကို ဖွင့်ပြီး အလုပ်လုပ်ပါ။ ရသမျှကို နှလုံးသား နဲ့ ဦးနှောက်မှာ သိမ်းဆည်းပါ။ 

ဒီလို စုဘူးလေးထဲမှာ စုဆောင်းလာခဲ့ရင် ကိုယ် စိုက်ထုတ် စုဆောင်းမှု အတွက် ပြန်တွက်ကြည့်တဲ့ အခါမှာ ထိုက်တန်တဲ့ အဖိုးတန်အရာများ စုဘူးထဲမှာ စုဆောင်းမိနေတာကို တွေ့ရပါလိမ့်မယ်။ ဒီအထဲက ကိုယ်သုံးသင့် သုံးထိုက်တာကို ဘဝအတွက် အသုံးချပြီး ကျန်တာတွေကို ဘဝအတွက်ပဲ ဆက်လက် ထည့်ဝင် မြှုပ်နှံလိုက်ပါ။ ဒါဆို စူဘူးလေးက အမြဲ သစ်လွင်နေပါလိမ့်မယ်။


source; Money Box By Patience Strong
ကိုဇော် တင်ပြသည်။
24.4.2010 - 6.46 AM

.
Share/Bookmark

3 Sorry




“ Sorry ” ဆိုတဲ့ စကားလုံးလေးက သေးကွေးပေမဲ့ သူရဲ့ အဓိပ္ပါယ် အားက ကြီးမားကျယ်ပြန့်ပါတယ်။ ရိုးရိုးသားသားနဲ့ ပြောတဲ့ အခါမှာ ဒဏ်ရာဟောင်းတွေ ပျောက်ကုန်ပြီး ၊ ဒဏ်ရာသစ်တွေ ကျက်ကုန်တယ်။ စကားများပြီး အခြေအတင်ပြော ဖြစ်မဲ့ ကိစ္စတွေ ပပျောက်စေပြီး လူတိုင်းကို စာနာ ခံစားနိုင်စေနိုင်တယ်။ တကွဲတပြားနဲ့ ကွဲလွဲနေတဲ့ ဘဝတွေကိုလည်း ပေါင်းစည်းပေးတယ်။ ခါးသည်းတဲ့ မုန်းတီးမှု ၊ ရန်လိုမှု တွေကို လည်း ကျေအေးသွားစေနိုင်တယ်။

“ Sorry ” ၊ ကိုယ့်ရဲ့ အမှားတစ်ခုခုကို တွေ့မိလို့ ရိုးသားစွာ တောင်းပန်နိုင်လောက်အောင် ကိုယ်က သဘောထားကြီးမယ် ဆိုရင် ကြေကွဲစရာတွေ များစွာကို ကယ်ထုတ်နိုင်ပါတယ်။ ဒါပေမဲ့ “ Sorry ” လို့ ပြောရတာ လွယ်တယ် လို့ ထင်မိစေပေမဲ့ ကိုယ်ထိခိုက် ခံစားနေရတဲ့ အချိန်ဆိုရင် အရာရာကို ဘက်ပေါင်းစုံ ၊ ရှုထောင့်ပေါင်းစုံက မြင်မိဖို့ မလွယ်ပါဘူး။ ဒီအချိန်မှာ သူများပြောတဲ့ “ Sorry ” စကားကိုလည်း မကြားမိ ၊ ကိုယ်ကလည်း “ Sorry ” ဆိုတဲ့ စကားကို မပြောမိတတ်ပါဘူး။

“ Sorry ” ဆိုတဲ့ စကားက လူတစ်ယောက်ရဲ့ “ မာန နဲ့ ဝင့်ကြွားမှု ” တွေကို အနိုင်ယူအောင်မြင်နိုင်ပါတယ်။ “ Sorry ” ဆိုသော စကားထက် ပိုပြီး လွယ်ကူစွာ ပြောရသော စကားမရှိပါ။ ချစ်ခင်စိတ် နဲ့ မေတ္တာတရားကို ဗဟိုပြုခဲ့မယ် ဆိုရင် မှားလို့ပဲ ဖြစ်စေ ၊ မှန်လို့ပဲ ဖြစ်စေ ဘယ်သူတွေ ဘာတွေ ဖြစ်ခဲ့ဖြစ်လဲ့ ဘာတွေကများ အရေးကြီးပါသလဲ။ ချစ်သော မျက်ဝန်းနဲ့သာ ကြည့်တတ်ရပါမယ်။ “ Sorry ” ဆိုသော စကားတစ်ခွန်းက မိတ်ဆွေတစ်ဦးကို အခင်မင်မပျက်အောင် ဆက်ထိန်းထားနိုင်ဖို့ အလွယ်ကူဆုံး နဲ့ အရင်းအနှီး အနည်းဆုံး စကားလေး တစ်ခုပါပဲ။

source; Sorry By Patience
ကိုဇော် တင်ပြသည်။
24.4.2010 - 2.51 AM

.

Share/Bookmark

23 April 2010

4 ဒါ အရေးကြီးလား။




လူတွေမှာ သူတို့အတွက် ဘာတွေက အရေးတကြီး ဆိုပြီး ဖြစ်နေတယ် ဆိုတာတွေ ရှိတယ်။ သတိထားမိလား။

ကိုယ့်ပြိုင်ဘက်က ကိုယ့်ထက် သာသွားမယ် ဆိုရင် ဒါ ကိုယ့်အတွက် တကယ် အရေးကြီးလား။ တခြားသူ တစ်ယောက်ရဲ့ ပြောနေ ဆိုနေတာတွေက ကိုယ့်အတွက် အရေးကြီးလား။ ကိုယ့်အိမ်နားနီးချင်းက ကိုယ့်ကို မနှုတ်ဆက်ပဲ မမြင်ချင်ယောင် ဆောင်သွားတယ် ဆိုရင် ဒါ ကိုယ့်အတွက် အရေးကြီးလား။ ကိုယ်စားဖို့ မှာထားတာ သူများက ယူစားသွားရင် ဒါ ကိုယ့်အတွက် တကယ် အရေးကြီးလား။

တကယ်တော့ လူတွေ အားလုံးဟာ ဒီနေ့ရာကို တစ်ဘဝစာ မျှသာ ရောက်လာခဲ့ကြရတာ ဖြစ်တယ်။ ကိုယ့်ခေါင်းပေါ်မှာ ပထမဆုံး ဆံပင်ဖြူ ပေါက်လာခဲ့တာ ကိုယ့်အတွက် တကယ် အရေးကြီးလား။ ဘယ်သူမှ အစဉ်နိုပျို မနေနိုင်ပါ။ ဒီလိုပဲ ဘယ်သူမှလည်း နှစ်ကာလတွေကို ဆွဲဆန့်ထားလို့ မရနိုင်ပါ။ စိတ်ဆိုးသော မျက်နှာ အမူအရာ ၊ မျက်ဝန် ၊ မျက်မှုန်ကြုတ်ခြင်း ၊ မျက်ရည်ကျတာတွေက ဘယ်သူ့ကိုမှ အလှတိုးအောင် မလုပ်ပေးနိုင်ပါဘူး။

ကျွန်တော်တို့ အားလုံးဟာ ဒီနေရာကို ဒီဘဝ တစ်ဘဝစာ အတွက်ပဲ ရောက်လာခဲ့ရတာပါ။ ဘဝဆိုတာ တိုတိုလေးပါ။ အချိန်ဆိုတာလည်း ကုန်လွယ်လွန်းလှတယ်။ ဒီလို ဘဝတိုတို နဲ့ ကုန်လွယ်တဲ့ အချိန်မှာ မျက်မှောင်ကြီး ကြုတ်ပြီး ပူပန်သောကတွေကို မွေးမြူထားပြီး အချိန်ဖြုန်းမဲ့ အစား ၊ ဟိုး မိုးကုတ်စက်ဝိုင်းက အလင်းရောင် လှလှလေးတွေကို မျှော်ငေးရင်း ပြုံးရွှင်သော မျက်နှာ ၊ တောင်ပသော အပြုံးနဲ့ မြင်လူတကာ ကျေနပ် နှစ်သိမ့်ပေးနိုင်အောင် မျက်နှာကို ပြုံးထားလိုက်ပါလား။

source; Does It Matter? By Patience Strong
ကိုဇော် တင်ပြသည်။
23.4.2010 - 7.10 AM

.
Share/Bookmark

6 နွေတေလေ



နွေတေလေ

အဲဒီနွေပေါ့
ကျွန်တော်က အမြတ်တနိုး
အုပ်မိုးထားမလို လုပ်တုန်း
သူက လေနုတွေနဲ့ ပြေးသွားတယ်။

သူများရဲ့ ရာဇဝင်ကိုပဲ
ဆွဲဆွဲဆန့်ရင်း . . .
လူတကာရဲ့ တေးညည်းသံမှာ
ဗေဒါလေးက ပေါ်ချည် မြှုပ်ချည်။

လေနုတွေ ဝေ့ဝဲ တိုက်ခတ်တော့
ကောင်းကင်ယံက
တိမ်တွေက ရှက်ပြုံးတွေနဲ့
စုစုရုံးရုံး ကကြတယ်။

နှင်းကို တောင်းတ မိတိုင်း. . . .
ရင်မှာ နွေနေပူနေတတ်ပြီး ၊
နွေကို တောင်းတ မိတိုင်း . . .
ရင်မှာ စိမ့်နေတတ်တယ်။

အံ့သြစရာ ကောင်းတာက
ငါ့က . . .
ဆန့်တန်းထားလျက်နဲ့ လက် မရှိဘူး . . .
လျှောက်နေလျက်နဲ့ ခြေ မရှိဘူး. . . 
ပြောနေလျက်နဲ့ အသံ မရှိဘူး။
ကြည့်ချင်လျက်နဲ့ အမြင်လွှာ မရှိဘူး . . .
ငိုကြွေးလျက်နဲ့ မျက်ရည် မရှိဘူး. . .။

ဒီလိုပဲ . . .
တိတ်တဆိတ်
ငါ. . အိပ်နေတယ်။

ကိုဇော်
23.4.2010 - 5.02 AM

.

Share/Bookmark

3 တန်ဖိုးထားမှု




လောကမှာ ကိုယ့်ကို ချစ်ခင်သူ တစ်စုံတစ်ယောက် ကိုယ့်မှာ ရှိပါစေ။ သူငယ်ချင်း ၊ မိတ်ဆွေ ၊ ချစ်သူ ၊ ဇနီး ၊ ခင်ပွန်း တစ်ယောက်ယောက်ပေါ့။ ဘဝရဲ့ အခက်အခဲ အလုံးစုံကို ဖြတ်သန်းနေရတဲ့ အချိန်လေးမှာ ကိုယ့်အပေါ်မှာ သစ္စာ ရှိသူ တစ်ယောက်ယောက် ကိုယ့်မှာ ရှိပါစေ။ စွန့်လွှတ် အနစ်နာ ခံမှုတွေ ၊ မညည်းမညူ အလုပ်တွေ လုပ်ခဲ့တာတွေ ၊ ကိုယ့်အတွက် ဆောင်ရွက်ခဲ့တာတွေ ဒါတွေကို သာမာန် ဖြစ်ရပ် တစ်ခု အနေနဲ့ သဘောထားမိ နေလား။

ကိုယ့်ထံ ရောက်လာတဲ့ ချစ်ခြင်း မေတ္တာတွေကို သူ့ဖာသာ ဖြစ်လာတာလို့ ထင်နေမိလား။ ဒါဆိုရင်တော့ ချီးမွမ်းစကားပြောဆိုတာ ၊ ကျေးဇူးစကား ပြောဆိုတာ လွယ်တဲ့ ကိစ္စတစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ။ လူတစ်ယောက်က သူ့ မျှော်လင့်နေတဲ့ ကြည်ကြည်လင်လင် အပြုံးတစ်ချက် ပြုံးပေးရတာ ၊ အနမ်းတစ်ရှိုက် ချွေရတာကလည်း ဘာမှတော့ မခက်လှပါဘူး ဆိုပြီး သတ်မှတ် ထားလိုက်ပါ။ သို့သော် ဒါတွေကို လွယ်လွယ်လုပ်မိဖို့ ခက်ခဲ တတ်ကြတယ်။

ကိုယ့်မှာ ဂုဏ်သိက္ခာကြောင့် ၊ ရှက်စိတ်ကြောင့် ၊ ပတ်ဝန်းကျင်ကြောင့် ဆိုပြီး ကိုယ်ခံစားနေရတဲ့ ခံစားချက်ကို ဖော်ထုတ်ပြရမှာ မဝံ့မရဲ ဖြစ်နေပါလား။ မေတ္တာစကား ဆိုတာကို အခုအချိန်က စဆိုကြည့်ပါ။ သို့သော် လူတွေက သေလွန်သွားသူရဲ့ ဓါတ်ပုံကို ကြည့်ပြီးမှ နှုတ်က တဖွဖွ ချစ်ခြင်း မေတ္တာတွေ ယိုဖိတ်ပြီး ဖွင့်ပြောပြနေတတ်တယ်။ သေသွားသူရဲ့ ဓါတ်ပုံကို ကြည့်ပြီး စကားပြောနေတာ အကျိုးထူးလာလိမ့်မယ် မဟုတ်တော့ပါ။

ချစ်ခြင်း မေတ္တာ ဆိုတာ အသက်ရှင်နေစဉ်မှာ ကိုယ့်ရင်ထဲမှာ ဘယ်လို ရှိနေတယ် ဆိုတာကို ထုတ်ဖော် ပြသသင့်တဲ့ အရာပဲ ဖြစ်တယ်။ သူ ထာဝရ အိပ်စက်နေတဲ့ သချိုံင်းက အုတ်ဂူကမ္ပည်းစာထဲမှာ သွားရေးထားလို့ ကောင်းတဲ့ အရာ မဟုတ်ပါ။ ချစ်ခြင်း ဆိုတာ သူနဲ့ ကိုယ် ရှိနေစဉ်မှာ နှုတ်က ဖွင့်ဟပြီး ကိုယ်ကလည်း ဖော်ထုတ်ပြသသင့်တဲ့ အရာသာ ဖြစ်တယ်။

source; Appreciation By Patience Strong
ကိုဇော် တင်ပြသည်။
23.4.2010 - 4.49 AM

.
Share/Bookmark

22 April 2010

4 စာနာ ခံစားပေးလိုက်ပါ




* လူဆိုတာ အမြဲတမ်း အကောင်းဆုံး အနေအထားမှာ မရှိနေနိုင်ဘူး။ ဒါကြောင့် ကိုယ်တိုင်လည်း အမြဲ အကောင်းဆုံး ဖြစ်မနေနိုင်ဘူး။

* လူဆိုတာ အမြဲတမ်း ရယ်မောပျော်ရွှင်နေစေဖို့ အဆင်သင့် ရှိမနေနိုင်ဘူး။ ဒါကြောင့် မိမိ ကိုယ်တိုင်လည်း အမြဲ ပျော်မနေနိုင်ဘူး။

* လူဆိုတာ အမြဲတမ်း တိုက်ပွဲဝင်နေဖို့ ကြံခိုင်သန်စွမ်း မနေနိုင်ဘူး။ ဒါကြောင့် မိမိ ကိုယ်တိုင်လည်း အမြဲ ကြံခိုင် မနေနိုင်ဘူး။

* လူဆိုတာ အမြဲတမ်း ချိုသာယဉ်ကျေး မနေနိုင်နိုင်ဘူး။ ဒါကြောင့် မိမိ ကိုယ်တိုင်လည်း အမြဲ ချိုသာယဉ်ကျေးနေမှာ မဟုတ်ဘူး။

ဒါကြောင့် ကိုယ့်မှာ စိတ်အားတတ်ကြွမှု အမြဲတမ်း ပြည့်နေမှာ မဟုတ်ဘူး။ တစ်ခါတစ်လေမှာ ဝမ်းနည်းပက်လက် ဖြစ်ကောင်း ဖြစ်နေနိုင်တယ်။ စိတ်ပျက် အားငယ်နေနိုင်တယ်။ ကိုယ်ဟာ အမြဲတမ်း အမြင့်မှာ ရှိမနေနိုင်ဘူး။ အမြဲတမ်းလည်း ရွင်လန်းအားတတ် မနေနိုင်ဘူး။ ဒါက ကိုယ့်ကိုယ်ကိုယ် မြင်ကြည့်တဲ့ ဥပမာပါ။

ဒီလိုပဲ။ မိတ်ဆွေတစ်ဦး ကိုယ့်အပေါ်မှာ စိမ်းစိမ်းကားကား ဆက်ဆံသွားသောအခါ ၊ ကိုယ့်အပေါ်မှာ မညှာမတာ ဆက်ဆံသွားတဲ့ အခါ ဒီအတွက် အပြစ်တင်စကား မဆိုမိပါစေနဲ့။ ဒီလိုတွေးကြည့်ပါ။

“ လူတွေကို အခု လတ်တလော မမြင်တွေနဲ့ မဆုံးဖြတ်ပါနဲ့။ အပြစ်တင် မစောပါနဲ့။ ဘာကြောင့်လဲ ဆိုတော့ လူတွေအားလုံး အမြဲတမ်း တစ်ယောက်နဲ့ တစ်ယောက် အမြင်တွေ မတူညီနေနိုင်လို့ပါပဲ။ ကိုယ်က ပျော်ပြီး စကားပြောနေတဲ့ အချိန်မှာ သူက စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်နေနိုင်တယ်။ ”

ကျွန်တော်တို့ အားလုံးမှာ ကိုယ်စီ ကိုယ်ငှ ထမ်းပိုးနေကြရသော တာဝန်တွေ ရှိနေကြတယ်။ ကျွန်တော်တို့ အားလုံးမှာ ကြုံတွေနေရတဲ့ ပြဿနာတွေ ၊ စိတ်ညစ်နွမ်းမှုတွေ ရှိနေတယ်။ လူတွေက သူတို့လည်း စိတ်မပျော်မှုကြောင့် ကိုယ်နဲ့ ဆက်ဆံတဲ့ အခါ စိတ်ပျက်အောင် လုပ်ခံလို့ ကိုယ်က စိတ်မကောင်းဖြစ်ရသော အခါတိုင်း သူတို့ကို “ စာနာ ခံစားပေးလိုက်ပါ။ ” ဆိုသော စကားကို သတိတရ ကျင့်သုံးပါ၊

source; Make Allowances By Patience Strong
ကိုဇော် တင်ပြသည်။
22.4.2010 - 4.50 AM

.
Share/Bookmark

3 ခေါင်းမော့ထားပါ




လူဆိုတာ စိတ်ပျက်အားငယ်တဲ့ အချိန်မှာ စိတ်ဓါတ်ကျတတ်ပါတယ်။ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ အခါမှာ ကိုယ်က ခေါင်းငိုက်စိုက် မကျသွားအောင် ကြိုးစားပါ။ ခေါင်းကို အားတင်းက မော့ထားပါ။ ဘဝဆိုတာ သတ္တိရှိရှိ ရင်ဆိုင်ပြီး ဘဝဆိုတဲ့ ဂီတသံထဲမှာ အလိုက်သင့် သီဆိုတတ်ရင် အရာရာ အဆင်ပြေလိမ့်မယ် ဆိုတာ တွေ့လာရပါလိမ့်မယ်။

ဘယ်လို ပြဿနာနဲ့ပဲ တွေ့နေ ၊ မြင်နေရပါစေ ခေါင်းကို မတ်ထားပါ။ ပုခုံးနှစ်ဖက်ကို ဖြောင့်တန်းအောင် ဆန့်ထားပြီး မျက်လုံး အစုံက ကိုယ်ရည်မှန်းချက် ပန်းတိုင်းကို မမှိတ် ၊ မသုန်အောင် စောင့်ကြည့်ပါ။ စိတ်ဝိညာဉ် ထဲမှာ အောင်မြင်နေပုံကို တွေးရင်း ယုံကြည်မှု အပြည်နဲ့ ဝင်လာတဲ့ ထိုးနှက်ချက် ပြဿနာများကို ကြံကြံခိုင် ရင်ဆိုင်ကာ ရဲစွမ်းသတ္တိကို ပြပါ။

အရှုံးပေးသော စိတ်နဲ့ ဦးမညွှတ်ပါနဲ့ ၊ ဘယ်လို အခြေအနေမှာ ဖြစ်နေပါစေ ခေါင်းမော့ထားပါ။ အဲဒီလို မဟုတ်ရင်တော့ ကြမ်းပြင်မှာ နောက်ကောက်ကျပြီး ပြားပြားမှောက်နေတဲ့ လက်ဝှေ့သမားလို ဒီလို စိတ်ညစ်နေချိန်မှာ ရှုံးနိမ့်သွားရလိမ့်မယ်။ ဒီလိုအချိန်မှာ ကိုယ့်ခြေထောက်ကို ပေါ်ကိုယ့် ရပ်ပြီး ကမ္ဘာ နဲ့ လောကကို ပြုံးပြလိုက်ပါ။ ဒီလိုပဲ ပြုံးပြီး ခေါင်းမော့ထားသင့်တာပဲ မဟုတ်လား။


source; Chins Up By Patience Strong
ကိုဇော် တင်ပြသည်။
22.4.2010 - 2.12AM

.
Share/Bookmark

21 April 2010

6 အသုံးချခြင်း


အသုံးချခြင်း

တချို့က  . . . ဒီလက်နဲ့
သနပ်ခါး သွေးတယ်။
တချို့က  . . . ဒီလက်နဲ့
ဓါး သွေးတယ်။
တချို့က  . . . ဒီလက်နဲ့
ကလေး ထိန်းတယ်။
တချို့က  . . . ဒီလက်နဲ့
ဘဏ္ဍာ ထိန်းတယ်။
တချို့က  . . . ဒီလက်နဲ့
နိုင်ငံ ထိန်းတယ်။
တချို့က  . . . ဒီလက်နဲ့
ကမ်းလင့်တယ်။
တချို့က  . . . ဒီလက်နဲ့
ပုတ်ချတယ်။
တချို့က  . . . ဒီလက်နဲ့
နေရောင် ကာတယ်။
တချို့က  . . . ဒီလက်နဲ့
မှန်လိုက် ထိုးတယ်။
တချို့က  . . . ဒီလက်နဲ့
သားမွေးတယ်။
တချို့က  . . . ဒီလက်နဲ့
သားသတ်တယ်။
တချို့က  . . . ဒီလက်နဲ့
စာ ရေးတယ်။
တချို့က  . . . ဒီလက်နဲ့
စာ ဖျက်တယ်။
တချို့က  . . . ဒီလက်နဲ့
ငါး မွေးတယ်။
တချို့က  . . . ဒီလက်နဲ့
ငါး ဖမ်းတယ်။
တချို့က  . . . ဒီလက်နဲ့
ဖြန့်ဝေတယ်။
တချို့က  . . . ဒီလက်နဲ့
သိမ်းပိုက်တယ်။
တချို့က  . . . ဒီလက်နဲ့
မျက်ရည် သုတ်တယ်။
တချို့က  . . . ဒီလက်နဲ့
မျက်ရည် ချူတယ်။
တချို့က  . . . ဒီလက်နဲ့
အလင်း ညှိတယ်။
တချို့က  . . . ဒီလက်နဲ့
အလင်း မှိတ်တယ်။
တချို့က  . . . ဒီလက်နဲ့
အမှောင် ခွင်းတယ်။
တချို့က  . . . ဒီလက်နဲ့
အမှောင် ပျိုးတယ်။
တချို့က  . . . ဒီလက်နဲ့
ရင်ကို ချုပ်တယ်။
တချို့က  . . . ဒီလက်နဲ့
ရင်ကို ခွဲတယ်။
တချို့က  . . . ဒီလက်နဲ့
စာရင်း တွက်တယ်။
တချို့က  . . . ဒီလက်နဲ့
ချဲ တွက်တယ်။
တချို့က  . . . ဒီလက်နဲ့
ကျမ်းစာ ရေးတယ်။
တချို့က  . . . ဒီလက်နဲ့
ညစ်ညမ်းစာ ရေးတယ်။
တချို့က  . . . ဒီလက်နဲ့
တည်ဆောက်တယ်။
တချို့က  . . . ဒီလက်နဲ့
ဖျက်ဆီးတယ်။
တချို့က  . . . ဒီလက်နဲ့
ကျန်းမာပါစေတဲ့ ရေးတယ်။
တချို့က  . . . ဒီလက်နဲ့
ဤနေရာတွင် ခွေးများသာ သေးပေါက်ရန် တဲ့။

 ကိုဇော်

.

Share/Bookmark

1 နိုင်ငံ


 နိုင်ငံ

ဟိုးအဝေးကို ငေးလိုက်တော့
ဒီထက် ပိုဝေးတဲ့ 
မမြင်ရတဲ့ နေရာကို မြင်တယ်။

ခြေထောက်က ရပ်နေပေမဲ့
တစ်ခါတစ်လေ လျှောက်လျှောက်သွားတတ်တဲ့
ကိုယ့်စိတ်ကို ကိုယ် မနိုင်။

ရေညှိပေနေတဲ့ လမ်းပေါ်မှာ
ရင်ကော့လျှောက်ခဲ့ပြီးမှ
ကတ္တရာလမ်းပေါ်မှာ 
ချော်လဲသူတွေကိုလည်း နားမလည်။

အိပ်မက်တွေကို ထုတ်ပြီး
အသေအချာ မီးပူတိုက်ခဲ့ပြီးမှ
ကြည့်မိတယ်. . .
အိပ်မက်က အကြေသားနဲ့ ချုပ်လို့။

သမိုင်းတစ်ခုကို ရေးဖို့
ဖြစ်စဉ် တစ်ခုမှာ
တချို့က သူရဲကောင်းဖြစ်ပြီး
တစ်ချို့က ကျွန်တွေ ဖြစ်သွားတယ်။

လေပူတွေကို မရှူချင်လို့
ကိုယ့်ဖာသာ ပုလင်းထဲ ဝင်နေပါတယ်
အောက်က လာလာပြီး 
မီးမြှိုက်သွားကြလေရဲ့။

ဒါဆို . . .
အသက်ရှူကြပ်တယ် ဆိုတာ
တစ်ခုခု များလား
ဒါပေမဲ့ . . . အဲဒီ တစ်ခုခုက 
ဘာလဲ ဆိုတာ မသိဘူး။

တစ်ခါတစ်လေ . . .
တစ်ခုခုကို ပြောချင်ပေမဲ့
ဒီပါးစပ်ကို ဒီစကားက ပြန်ဆို့ပြီး
မပြောဖြစ်တော့. . .
ဒါ . . အ တာ မဟုတ်ဘူး
ဆို့ နေတာပါ. .။

တချို့တော့ လူအ အိပ်မက် လို့ ပြောကြတယ်။
သူတို့လည်း ပြောခွင့်ရရင် ပြောချင်မှာပဲ. . 
ကျွန်တော်ကလည်း . . .
နားထောင်ခွင့်ရရင် နားထောင်ချင်မိသေးတယ်. .
တရှည်တလျားပေါ့. . ။

ဘာပဲ ဖြစ်ဖြစ်ပါ. . .ပြောပြရဦးမယ်
ဟိုတလောက ပြခန်းတစ်ခုမှာ
သွားမရှိပဲ ပြုံးနေတဲ့ 
အဘိုးအိုရဲ့ ပန်းချီကား တစ်ချပ်ကြည့်လိုက်ရတယ်
သွားမရှိပေမဲ့ သူ့အပြုံးမှာ အသက်ဝင်တယ်။
သွားရှိရဲ့သားနဲ့ လူတွေ 
ဘာလို့ မပြုံးနိုင်ကြတာလဲ။

ငိုချင်ရင်လည်း ငိုပေါ့
ကိုယ့်မျက်ရည်နဲ့ ကိုယ်ပဲ
ဒါပေမဲ့. . .ကမ္ဘာကိုတော့
မျက်ရည်နဲ့ မဆေးနဲ့
သမိုင်းရိုင်းတယ်။

ဒီလိုနဲ့ပဲ. . .
ငါ့အိပ်မက်တွေ 
ခုတ်ထိုးမြေလှန်
ကြပ်ခိုးခံခဲ့ရပါပေါ့လား
အင်း . . . 
အချိန်မနှောင်းခင် တစ်ရက်ရက် 
နေရောင်ခြည်နဲ့ လေအေးဝဝ
ငါ . . .ရဦးမှာပါ။

အခု
ငါ . . ငိုမယ်ကြံတော့
ရည်ရွယ်ချက် မသိတော့ဘူး။

ကိုဇော်
21.4.2010 

.
Share/Bookmark

2 အားတင်းထားပါ




လောကမှာ ကိုယ့်အတွက် ဘာမှ မကျန်တော့ဘူး ဆိုပြီး ထင်နေရတဲ့ အချိန်ထိအောင် အားတင်းထားပါ။ မိုးသောက် အလင်းရောင်က ဖြိုခွဲ ရောက်ရှိလာတဲ့ တိုင်အောင် အမှောင်ထဲမှာ အားတင်ထားပါ။ ကိုယ့်အပေါ် ဖြစ်ပေါ်နေတဲ့ ကြေကွဲမှု အရှုပ်အထွေးတွေ ကြားမှာ မိမိသတ္တိတွေကို ဆက်လက် မွေးမြူ ကိုင်စွဲကာ အားတင်းထားပါ။ ဒီအချိန်မှာ ကိုယ့်ရဲ့ ကတိ ၊ သစ္စာ ၊ ယုံကြည်ချက်တွေနဲ့ပဲ ရဲရဲ ရင်ဆိုင်ကာ အားတင်းထားပါ။

အားတင်းထားမှုကို လက်လျော့ပြီး လွှတ်ပေးလိုက်တဲ့ အခါမှာ ဘဝဆိုတဲ့ ပင်လယ်ထဲ မျောပါသွားပြီး ကံကြမ္မာ လှိုင်းတံပိုးတွေရဲ့ ရိုက်ခတ်မှု ဒဏ်ကို ခံစားရကာ ဘဝမုန်တိုင်းက မရောက်ဖူးသော ဆုံးရှုံးမှု ဆိုတဲ့ ရေအောက်သို့ ပို့ဆောင် လိမ့်မယ်။ ဘဝပင်လယ်က နက်ရှိုင်းလွန်းလှတယ်။ လေငြိမ်တုန်းမှာ သက်သာတယ် ဆိုသော သံသယ ဖြစ်ဖွယ် ကျောက်ဆောင်ပေါ်မှာ ကျန်နေခဲ့သူတွေက မုန်တိုင်းနဲ့ အတူ ဒီရေ တတ်လာပြီး ကျောက်ဆောင်ကို ရေလွှမ်းမှ လူမိုက်ဆိုပြီး ကျန်ခဲ့တယ်။

ကိုယ့်ဘဝမှာ ကိုယ်တိုင် တန်ဖိုးထားရတဲ့ အရာတွေ ဆုံးရှုံးသွားသော်လည်း အားတင်းထားပါ။ ကိုယ့်မှာ ရှိနေတဲ့ ခွန်အားကို စိုက်ထုတ်ကာ အားတင်း ဆုပ်ကိုင်ထားပါ။ အနာဂါတ်ကို ယုံကြည်ပြီး ပြုံးလိုက်ပါ။ မျှော်လင့်ချက်က အဝေးရောက်ကာ ပျော်စရာတွေ ဆိတ်သုဉ်းသွားပြီ ဆိုပြီး ထင်နေရပေမဲ့ ဒီအချိန်မှာ ကိုယ့်ရဲ့ ရင်တွင်းမှ ပြောနေတဲ့ အသံကို နားဆင်ကြည့်ပါ။ သူက ပြောနေတယ်။

“ အားတင်းထားပါ . . . ၊ အားတင်းထားပါ။ ”


source; Hold On By Patience Strong
ကိုဇော် တင်ပြသည်။
21.4.2010 - 3.47 AM

.
Share/Bookmark

20 April 2010

17 ရေနူး၍ ပြန်ရှူကြည့်ခြင်း ( သို့ ) မျက်မှန် သုံးလက်



ဘာရယ်တော့ မဟုတ်ပါဘူးဗျာ။ ကိုယ်ရေးတဲ့ စာတွေကို Revision အနေနဲ့ ပြန်ဖတ်ကြည့်မိတော့ အရင်ကတည်းက ရည်ရွယ်ချက်လေးတွေနဲ့ ရေးထားတဲ့ စာလေးတွေကို ပြန်ပြီးတော့ အခုမှ  သတိရတယ်။ ဒါကြောင့် ဒါလေးတွေကိုလည်း ဖြေရှင်းချက် အနေနဲ့ ရေးရင်း အတူတူ ပြန်ပြီး တွေးကြည့်ရအောင် လို့ စဉ်းစားမိလို့ ဒီပို့စ်လေး တင်လိုက်တာပါ။ ပျော်စရာ ကောင်းမယ် လို့တော့ ထင်မိတာပါပဲ။ အမြင်သစ် ၊ အတွေးသစ်လေးတွေလည်း ရမယ်လို့ ယုံကြည်မိပါတယ်။

ပထမဦးဆုံး ဘာမှ စ မပြောခင် စာဖတ်သူများကို မျက်မှန်လေးတွေ အရင်တပ်ပေးပါရစေ။ မျက်မှန် ဆိုတာက ဒီလိုပါ။ အခု နောက်ပိုင်း 3D ရုပ်ရှင်တွေ ပေါ်လာတယ် မဟုတ်လား။ ဒါပေမဲ့ ဘယ်လိုပဲ ကြည့်ကြည့် သာမာန် မျက်လုံးနဲ့ ဆိုရင် 3D ရုပ်ရှင်ကို မြင်ခွင့် မရပါဘူး။ ( အခုတော့ အောင်မြင်တော့မယ် ပြောတယ်။ ရာခိုင်နှုန်းပြည့် မဖြစ်နိုင်သေးဘူး။ ) ဒါကြောင့် 3D ရုပ်ရှင်ကို မြင်ခွင့်ရအောင် 3D မျက်မှန်ကို တပ်ပြီး ကြည့်မှ မြင်ရပါတယ်။ ဒီလိုပဲ ကျွန်တော် ပြောချင်တာလေး မြင်မိအောင် အရင်ဆုံး မျက်မှန်လေး တပ်ပေးပါရစေ။ 

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

တစ်ခါက . . .

အဖေ လုပ်သူက သူ့သမီးကို ခေါ်ပြီး သူတို့ မြို့ကလေးရဲ့ ဘုရားကျောင်း မျှော်စင်ကြီးထိပ်သို့ခေါ်သွားကာ . . .

“ သမီး ဟိုမှာ ကြည့်စမ်း။ မြိုလယ်မှာ ရှိတဲ့ လယ်ကွက်ကို ရောက်အောင် သွားနိုင်တဲ့ လမ်းက တစ်လမ်းတည်း မဟုတ်ဘူး တွေ့လား။ အများကြီး ရှိတယ်။ လူ့ဘဝမှာလည်း ဒီလိုပဲ သမီး ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်အောင် ဒီလမ်းက သွားလို့ မရဘူး ဆိုရင်လည်း နောက်ထပ် တစ်လမ်းက ကွေ့သွားလို့ ရနိုင်တယ်။ ”

ဆိုပြီး ညွှန်ကြားကာ သြဝါဒ ပေးခဲ့ပါတယ်။ ဒီလို သြဝါဒ ပေးခြင်း ခံခဲ့ရတဲ့ “ ရှိယာပရက်လီ ” ဟာ တစ်သက်လုံး စွဲမြဲ ခဲ့ပြီး သူလုပ်သမျှ အလုပ်တွေကို ဒီတစ်နည်းနဲ့ မရရင် နောက်ထပ် တစ်နည်းနဲ့ စမ်းသပ်လုပ်ကိုင်ရင်း ကမ္ဘာပေါ်မှာ ရေပန်းစားသော ဒီဇိုင်းသစ်ပေါင်းများစွာကို တီထွင် နိုင်ခဲ့ပြီး ကမ္ဘာ့ဖက်ရှင်လောကကို နှစ်ပေါင်း ၄၀ ကျော် ကြီးစိုးထားနိုင်ခဲ့ပါတယ်။ 

(ဒီစာလေးကိုတော့ ကျွန်တော် မူရင်း မဖတ်ဖူးပါ။ ဆရာဖေမြင့်ရေးသားသော “ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား။ ” စာအုပ်ကို လွန်ခဲ့သော နှစ်အတန်ကြာက ဖတ်ခဲ့ရပြီး အခုတော့ ကျွန်တော် နားလည် မှတ်သားထားသလို ပြန်ပြောလိုက်တာပါ။ )

ဒါကြောင့် လောကမှာ One Way ဆိုတာကို ကျွန်တော် ဖယ်ရှောင်ပြီး Ways များဖြင့်သာ ကျွန်တော် စဉ်းစားကြည့်ပါတယ်။ ဒါကြောင့် ကျွန်တော် စာဖတ်တော့လည်း ၊ စာရေးတော့လည်း One sense ဆိုတာထက် Multi Senses ဖြစ်အောင် ကျွန်တော် စဉ်းစားဖတ်ခဲ့ ၊ ရေးခဲ့ပါတယ်။ ကျွန်တော့်စာတွေကိုလည်း ကြိုက်သလို မြင်ဖို့ရာ နေရာမှာ ချပြထား ၊ ရပ်ပြထား ခဲ့ပါတယ်။ ဒါကလည်း ဖြစ်သင့်တယ်လို့ပဲ ထင်ပါတယ်။

ကျွန်တော် ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် စာအုပ်ကို ၁၉၉၈ ခုနှစ်က ဝယ်ပြီး ဖတ်ဖြစ်ခဲ့ပေမဲ့ သဘောပေါက်ပုံက တစ်မျိုးဖြစ်နေခဲ့တယ်။ ဒါနဲ့ စာအုပ်ပုံကြားထဲမှာ သူက ခပ်ကွယ်ကွယ်ပဲ ငုပ်လျှိုးနေခဲ့တယ်။ နောက်တော့ ကျွန်တော် ၂၀၀၆ မှာ ကျွန်တော့်စာအုပ်ပုံလေးထဲက ပြန်တွေ့လို့ ဖတ်ခဲ့ရတော့ ကျွန်တော် အရင်က ဖတ်လို့ သိခဲ့သမျှ ၊ မြင်ခဲ့သမျှ တွေ အားလုံးဟာ အခု ကျွန်တော်ဖတ်လို့ သိခဲ့သမျှ ၊ မြင်ခဲ့သမျှ တွေနဲ့ တခြားဆီ ဖြစ်နေခဲ့ပါတော့တယ်။ ဒါဟာ အသက်အရွယ်ကြောင့် လူတစ်ယောက်ရဲ့ အမြင်ပြောင်းလဲ သွားခဲ့တာပါ။

ဒါကြောင့် စာရေးသူဆိုတာ စာဖတ်သူကို အမြင်တွေ ၊ ခံစားမှုတွေ  ၊ အတွေးတွေ များစွာ ပေးနိုင် မပေးနိုင် စာဖတ်သူလည်း စီစစ်ပြီး ဖတ်သင့်ပါတယ်။

ဒါက ကျွန်တော် ပေးချင်သော ပထမ မျက်မှန် တစ်လက် ဖြစ်ပါတယ်။

ကမ္ဘာမှာ နာဇီ နဲ့ ဖက်ဆစ် စနစ်ကြီး ကျဆုံးခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ( တခြား စနစ်တွေ ကျွန်တော် မပြောလိုပါ ၊ မနိုင်ပါ ၊ မပြောရဲပါ။ ကျွန်တော် နားမလည်သောကြောင့် ဖြစ်သည်။ ) ဒါပေမဲ့ ဒီစနစ်ကြီး တွေ ကမ္ဘာပေါ်ကနေ လုံးဝ ပျောက်ဆုံးသွားပါပြီလို့ ပြောလို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ငယ်ငယ်က သိခဲ့ကြပါတယ်။ ရာမ နဲ့ ဒဿဂီရိ ဆိုရင် အားလုံးက ဒဿဂီရိကို အရမ်းမုန်းကြပါတယ်။ ဘာလို့လဲ ဆိုတော့ ရာမ နဲ့ သီတာ ကို ညားစေချင်တာကိုး ၊ ဒါကြောင့် ဒဿဂီရိ ကို ထည့်မတွက်တတ်ကြပါဘူး။ 

ဒီ အမြင်လေးကို တွန်းလှန်ပြောင်းလဲ လိုက်တာကတော့  ဆရာ ချစ်ဦးညိုပါ။ သူက “ လင်္ကာ ဒီပ ချစ်သူ ” စာအုပ်ကို ထုတ်ပြီး ဒဿဂီရိ ဆိုတာလည်း ချစ်တတ်တဲ့ အသည်းနှလုံးနဲ့ ဆိုတာကို ထုတ်ပြခဲ့ပါတယ်။ ဒီတော့ လူတွေ အရင်က မုန်းနေခဲ့ကြတာကနေ သူ့ကို စာနာခံစား သနားလာကြပါတယ်။

ဒီလိုပါပဲ . . . ကမ္ဘာပေါ်မှာလည်း စာရေးဆရာတွေက သူတို့ရဲ့ ဇာတ်ကောင်ကို အမွှန်းတင်ရင်း မလိုအပ်ပဲ နာဇီ ၊ ဖက်ဆစ် စနစ်များကို ကောင်းတယ် ဆိုသလို ဖော်ကျုးကာ ရေးသားမိတတ်ပါတယ်။ ဒါကို ဖတ်ကြရသော မသိနားမလည်သေးသော လူငယ်လေးများက ဖတ်မိပြီး နာဇီ  ၊ ဖက်ဆစ် ဝါဒတွေကို အလွန်ကောင်းသော စနစ်တွေ အဖြစ်ခံယူမိကာ သူတို့ကိုယ် သူတို့ တကယ့်ကို နာဇီ ၊ ဖက်ဆစ် ခေါင်းဆောင်များ သဖွယ် ခံယူပြီး ကားတွေ တဝီဝီ ၊ ဆိုင်ကယ်တွေ တဝူးဝူး နဲ့ စစ်ရေးပြတတ်ကြပါတယ်။ ဒါ စာရေးဆရာရဲ့ ဖော်ညွှန်းချက် အမှားကနေ ဖြစ်လာတဲ့ ဖြစ်ရပ်တွေပါ။ 

စာရေးဆရာ ဆိုတာ မလိုအပ်တာတွေ မဖော်ညွှန်းသင့်ပါဘူး။ ဒီလို ဖော်ညွှန်းမှုကြောင့် လူပေါင်းများစွာ ဒုက္ခရောက်သွားစေနိုင်ပါတယ်။ ဒါကြောင့် စာရေးသူရဲ့ စာက ဘာလဲ ၊ စာရေးသူက ဘာကို ဖော်ညွှန်းချင်နေတာလဲ စာဖတ်သူတွေကလည်း မြင်အောင် ကြည့်ပြီး ဖတ်ကြည့်သင့်ပါတယ်။

ဒါက ကျွန်တော် ပေးချင်သော ဒုတိယ မျက်မှန် တစ်လက် ဖြစ်ပါတယ်။

ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြော ဖြစ်လိုက်ပါတယ်။ ပြောရင်း ဆိုရင်း ကျွန်တော် စာရေးတဲ့ အကြောင်းပါလာတော့ ကျွန်တော်က ကျွန်တော် ရေးနေတဲ့ ရည်ရွယ်ချက်ကို သူ့ကို ပြောပြမိတယ်။ ကျွန်တော် ပြောတာကတော့ ရိုး ပါတယ်။ 

“ ငါက လိုနေတာလေးတွေ ဖြည့်ပေးချင်တာပါ။ ”

ကျွန်တော်က ဒီလို ပြောလိုက်တော့ သူက ချက်ချင်းပဲ တုန့်ပြန်ပြောဆိုပါတယ်။ 

“ လိုနေတာတွေကို ဖြည့်ပေးတာ ဆိုတော့ “ ဆရာကြီး ” လား။ ”

တဲ့.။ ကျွန်တော် ဘာမှ ဆက်မပြောနိုင်လောက်အောင် အံ့သြ မှင်သက်သွားတယ်။ သူပြောတဲ့ စကား အဓိပ္ပါယ်ကို မြန်မာလို ကြားလိုက်ရပေမဲ့ ကျွန်တော် နားမလည်လိုက်ပါ။ သူငယ်ချင်း အရင်းကြီးက ပြောတော့ ပိုပြီး နားရှုပ်သွားတယ်။ ဒီတော့မှ ကျွန်တော့် စကားလုံးကို ကျွန်တော် ပြန်ပြီး သရုပ်ခွဲကြည့်ရပါတယ်။ တကယ်တော့ ကျွန်တော် တွေးတာနဲ့ သူတွေးတာ တော်တော်ကို လွဲသွားတာပါ။

ဥပမာ - ကျွန်တော်ကို ပြောလာတယ် ၊ မေးကြတယ်။ ( မေးလ်ပိုခြင်း ၊ စီဘောက်မှာ ရေးခြင်း ) အခု မိန်းကလေးတွေ ဝတ်တာ ၊ စားတာ အရမ်းဆိုးလာတယ် ပညာပေးလေး ရေးပေးပါဦး။ ဆိုက်မှာ (ကျွန်တော် ) သီချင်းတင်ထားသလို ဘယ်လို တင်ရတာလဲ။ PDF ဖိုင်ကို စာလုံးတွေ မပြောင်းအောင် အလွယ်ဆုံး ဘာနဲ့ လုပ်ရမလဲ။ နောက်. . . . . .များစွာပေါ့။ 

ဒါတွေ အတွက် ကျွန်တော်က အရာအားလုံးကို မသိပါ ၊ မတတ်ပါ ၊ (ဒီထက် ပိုပြောရရင် ကျွန်တော်က ဘာမှ မသိ ၊ မတတ်သော သူတစ်ယောက်ပါ။) တစ်ခါတစ်လေ တိုက်ဆိုင်ပြီး ကျွန်တော် သွားဖတ်မိတာလေးတွေက နောက်နေ့ကျတော့ မေးတာလေးတွေ ဖြစ်လာတော့ အချိန်ရရင် ကျွန်တော် သူတို့ လိုနေတာလေးတွေကို ဖြည့်ပြီး ပြောပြမိတယ်။ တစ်ဦးတစ်ယောက် သိရုံဆိုပြီး မေးလ်က မပို့တော့ပဲ ကိုယ့်နေရာလေးမှာ ပို့စ်လေး တင်ပြီး သူများတွေလည်း အဆင်ပြေအောင် တင်လိုက်မိတယ်။ 

ဒီလို ကျွန်တော် ဖြည့်ပေးနေတာတွေဟာ လွတ်နေတဲ့ အုတ်တစ်ချပ်နေရာမှာ အုတ်ခဲ မရှိခင် အချိန်မှာ ဝင်ပြီး ခဏထမ်းပေးထားတဲ့ လမ်းဘေး ကျောက်တွေ လိုမျိုး ၊ ဘုရား လျှောက်တော်မူမဲ့ လမ်းမှာ တံတားကျိုးနေလို့ ခန္ဓာကိုယ်ကို တံတားလိုမျိုး ဖြည့်ခင်းပေးချင်တဲ့ ရသေ့တစ်ပါးရဲ့ စိတ်ဓါတ်မျိုးရယ်ပါ။ ကြာနီကန် ဆရာတော် ဦးဇဋိလ ပြောတာကို နည်းနာယူပြီး ပြောရရင် “ ကျွန်တော်လိုမျိုး မဖြစ်ညစ်ကျယ်  ဘလော့ဂ်ဂါတွေက များပါတယ်။ တကယ်ကောင်းသော ဘလော့ဂ်ဂါတွေဆီက စာတွေကို ဖတ်တတ်လာအောင် ၊ ဖတ်ချင်စိတ် ရှိလာအောင် ကျွန်တော်က သစ်မရခင် ဝါးနဲ့ ဘောင်ကွပ် ပြီး ဖြည့်ရေးပေးချင်တာလေး တစ်ခုပါပဲ။ ”

ဒါပေမဲ့ သူငယ်ချင်းကတော့ သူဌေးတစ်ယောက်က သူ့ကားမောင်းရင် အဆင်ပြေအောင် ပိုက်ဆံ စိုက်ထုတ်ပြီး လမ်းဖြည့်ခင်းတာမျိုး ၊ “ အလိုရှိတာ ဖြည့်ဆည်းပြင်ဆင် ကြစေဗျား ” ဆိုပြီး ဘုရင်က သူ့တိုင်းသူပြည်သားတွေကို ဖြည့်ပေးတာမျိုး ၊ သူများတွေကို “ အလိုရှိရာ တောင်းလော့ ” ဆိုပြီး ဖြည့်ဆည်းပေးနိုင်သော သိကြားမင်း တစ်ယောက်လို ဖြည့်ဆည်းခြင်း လို့ ထင်မှတ် သွားတယ် ထင်ပါတယ်။

ကျွန်တော် မရှင်းပြလိုက်ရပါ။ ရှင်းပြချိန်လည်း မရလိုက်။ မဖြေရှင်းပြချင်တာလည်း ပါတယ်။ ဒါကြောင့် စာဖတ်သူများ ဘယ်နေရာမှာပဲ စာဖတ်နေနေ ၊ ဘယ်စာအုပ် စာတန်းပဲ ဖတ်နေနေ စာရေးသူ ဘာကို တင်ပြချင်လဲ ၊ သူရေးထားတာတွေက ဘယ်လို နေရာတွေကို ဖြည့်ဆည်းပေးချင်လဲ ဆိုတာလေးကို မြင်အောင် ကြည့်ပြီး ဖတ်စေချင်ပါတယ်။

ဒါကတော့ ကျွန်တော် ပေးချင်တဲ့ တတိယ မျက်မှန် တစ်လက် ဖြစ်ပါတယ်။ 

ဒီလို မျက်မှန် သုံးလက် တပ်ပြီးပြီ ဆိုရင်တော့ ဘယ်နေရာမှာပဲ စာဖတ်ဖတ် ဒီမျက်မှန် သုံးလက်နဲ့ စာဖတ်ရင် စာရေးသူ ပေးချင်တာတွေကို မြင်ရပါလိမ့်မယ်။ ဒါဆိုရင်တော့ 3D ဇာတ်ကားကြီးကို အရောင် ၊ ရုပ်ထွက် ကောင်းစွာ နဲ့ မြင်နိုင်ပါပြီ။ 

အခုခေတ်မှာ Wide Screen တွေ ပေါ်နေပါပြီ။ အသစ်တွေလည်း ထပ်ထွက်ဖို့ ရှိနေပါတယ်။ Projector တွေမှာလည်း မြင်ကွင်းကျယ် ( Wide Screen ) တွေ ပေါ်နေတဲ့ ခေတ်မှာ ဒါကို ကိုယ်က နောက်ကျပြီး ၁၄ လက်မ အဖြူ ၊ အမည်း တီဗီလေးနဲ့  ကြည့်မှ မျက်စိအေးတယ် ဆိုတာမျိုး မဖြစ်သင့်တော့ဘူးလို့ ထင်မိပါတယ်။ အခုတော့ ကျွန်တော် အရင်က ရေးထားတဲ့ စာအချို့ကို ဒီ မျက်မှန် သုံးလက်နဲ့ အစမ်း သဘောမျိုး ပြန်ပြီး ကြည့်ကြည့်ရအောင်. . . ။ ပျော်စရာ ကောင်းမယ်လို့ ထင်မိပါတယ်။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ပထမဦးဆုံး “ ခွေးကဗျာ ”  ဆိုတဲ့  ကဗျာလေးကို မှတ်မိမလား မသိဘူး။ ကျွန်တော်က စိတ်ထဲမှာ ဖြစ်လာသလို ကဗျာလေးကို ချရေးတတ်ပါတယ်။ ဒါကြောင့် ကျွန်တော့် ကဗျာတွေက မကောင်းပါ။ အရင်က လေတွေ အကြောင်း စဉ်းစားမိတော့ “ လေကဗျာ ” ဆိုပြီး ရေးချမိသေးတယ်။ အဲဒီနေ့ကတော့ ခွေးတွေ အကြောင်းကို စဉ်းစားမိပြီး ဒီကဗျာလေးကို ရေးမိပါတယ်။

ကျွန်တော်က တစ်ခုခုကို တွေးပြီး ရေးမိရင် ဒါနဲ့ ပတ်သတ်တာလေးတွေကိုပါ ကျွန်တော့်မှာ ရှိသလောက် အကုန် အားစိုက် ရေးလိုက်မိတော့ ထိုအကြောင်းအရာနဲ့ ပတ်သတ်ပြီး အချက်အလက်တွေ တော်တော် ပါသွားနိုင်ပါတယ်။ သူများတွေ အတွက် ဖတ်လို့ ကောင်းသည် ဖြစ်စေ ၊ ဖတ်လို့ မကောင်းဘူး ဖြစ်စေ ကျွန်တော့် အားစိုက်ထုတ်မှုကတော့ ဘယ်စာမှာမှ မလျော့ခဲ့ပါဘူး။

အခုလည်း ဒီ “ ခွေးကဗျာ ” လေးကို ရေးနေတုန်းမှာ ကျွန်တော် ခွေးနဲ့ ပတ်သတ်ပြီး ကြားဖူးတာလေးတွေ ၊ တွေးဖူးတာလေးတွေ အကုန်ထည့်ပြီး သူများတွေ မြင်သလို မဟုတ်ပဲ။ အမြင်ကျယ်ကျယ်လေးနဲ့ မြင်ပြီး ချရေးမိတယ်။ ဒီနေရာမှာ ဝန်ခံစရာ ရှိတာက ဒီကဗျာ ရေးနေတဲ့ အချိန်မှာ ကျွန်တော် ခင်မင်ရသော အစ်မတစ်ယောက်ကို တခြားသူတွေက ဝိုင်းပြီး ပြောနေတာ ဘေးကနေ မြင်နေရတော့ ဒါကိုလည်း ခံစားချက်ပါသွားတယ်။ ဒါနဲ့ပဲ ခွေးကဗျာလေး ဖြစ်သွားပါတော့တယ်။

Publish ကို နှိပ်ပြီး ကဗျာလေးကို တင်ပြီးတော့ ကျွန်တော် စိတ်ထဲမှာ တစ်ခုကို သွားသတိရတယ်။ ငါ ဒီအတိုင်း တင်လိုက်ရင် မှန်ပါ့မလား။ ဒီအချိန်မှာ ဖြစ်နေတာကို အခြေခံထားတာ ဆိုတော့ “ ကိုဇော့်ကဗျာ ကောင်းလိုက်တာ ”  ဆိုတဲ့ Comment မျိုး ကျွန်တော်မလိုချင်ဘူး။ ဒါကြောင့် အောက်ကနေ ( Conclusion (or) Writer Suggest Remark ) အနေနဲ့ “ ဒီနေ့ ခွေးကိုက်ခံရသော နေ့အမှတ်တရ ” ဆိုပြီး ကျွန်တော် ရေးလိုက်ပါတယ်။ ပြီးတော့ တင်လိုက်တယ်။ 

ခဏနေတော့ စိတ်ထဲမှာ တစ်မျိုး ဖြစ်လာပြန်ရော။ ငါ ဒီလို တင်လိုက်ရင် အားလုံးက တကယ့်ခွေး အကိုက်ခံရတာလို့ ထင်သွားလိမ့်မယ် ပေါ့လေ။ ဒါကြောင့် ပြန်ပြီး Edit လုပ်ပြီး “ ( ခွေးက လူခွေးပါ ) ” လို့ ထည့်ရေးလိုက်မိတယ်။ တကယ်တော့ ဒီလူခွေးက ကျွန်တော့်ကို လာကိုက်တာလည်း မဟုတ်။ သူများကို ကိုက်တာ ကျွန်တော်က ကြားက ဝင်ရေးပေးတာ. . .။ သို့သော် ကျွန်တော်ပြောသလို စာတစ်ပုဒ်လုံး ၊ ကဗျာတစ်ပုဒ်လုံးကို အောက်ဆုံးက မှတ်ချက်လေး တစ်ခုက ဖျက်ဆီးလိုက်ပါတယ်။ 

ကျွန်တော် အသံမျိုးစုံ ကြားလိုက်ရတယ်။ “ ဂိန်  ၊ ဂွမ် ၊ ကိန် ၊ ဝူး ” စုံနေတာပါပဲလား။ တကယ်တော့ ကျွန်တော်သာ အောက်ခြေက အဆုံးသတ် မှတ်ချက်လေး မထည့်ခဲ့ရင် သူတို့တွေရဲ့ အမြင်တွေက တစ်မျိုး ပြောင်းသွားမှာပါ။ ဘာပဲ ပြောပြော ကျွန်တော် အောက်ခြေက  ( Conclusion (or) Writer Suggest Remark ) ရဲ့ အလွန် အရေးပါ အရာရောက်မှုကို အသံမျိုးစုံ နဲ့ ကြားပြီး သိခွင့် ရလိုက်ပါတယ်။ 

ကျွန်တော့်အတွက် မှတ်သားစရာ တစ်ခုပါ။ အဲဒီတုန်းက ကျွန်တော့်မှာ စာရေးသူ နဲ့ စာဖတ်သူ ကြားထဲကို မြင်အောင် ကြည့်နိုင်တဲ့ “ မျက်မှန်သုံးလက် ” မရှိသေးပါ။ ဒါကြောင့် ကျွန်တော် ဒီ ခွေးကဗျာလေးကို အခုနောက်ပိုင်းမှ ပြန်ပြီး မျက်မှန်တပ်ပြီး လေ့လာခွင့်ရတော့တယ်။ အခု စာဖတ်သူလည်း အထက်က မျက်မှန် သုံးလက် တပ်ပြီး လေ့လာ ဖတ်ရှုကြည့်ပါလား။ 

 ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

လူတွေရဲ့ အမြင်နဲ့ သူတို့ ရင်ထဲကို ထင်းထင်းလင်းလင်းကြီး မှောင်နေတဲ့ ဂူထဲကို လက်နှိပ်ဓါတ်မီးနဲ့ ထိုးလိုက်သလို မြင်သွားစေတဲ့ စာလေး တစ်ပုဒ် ရှိပါသေးတယ်။ ဒါက ကဗျာလေး တစ်ပုဒ်ပါပဲ။ တကယ်တော့ ဒီကဗျာလေးကို “ ကြက်ကဗျာ ” လို့ ပေးဦးမလို့ပါပဲ။ ဒါပေမဲ့ အဓိပ္ပါယ်ကြီးက တစ်မျိုး ဖြစ်နေလို့ “ ကြက်တွန်သံ ” လို့ပဲ ပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။

ဒီကဗျာလေးကို ကျွန်တော်က ကျွန်တော့်အမြင် ရိုးရိုးလေးနဲ့ ရှင်းရှင်းလေး ရေးလိုက်တာပါ။ ဒါပေမဲ့ ကျွန်တော့်အမြင်နဲ့ စာဖတ်သူ အမြင် တော်တော် မတူဘူး ဖြစ်သွားကြတယ်။ ဘာလို့လဲ ဆိုတော့ နောက်ဆုံးမှာ ကျွန်တော် အဆုံးသတ်အနေနဲ့ ရေးထားတာက “ ဒါကြောင့် ဝမ်းကစ်ခ်ခ်ခ်  ( Kick )  “ ဝုန်း ” ဆိုပြီး ရေးထားလိုက်တော့ အားလုံးရဲ့ အမြင်မှာ ကြက်ဖကြီး ( အဆိုတော် မဟုတ်ပါ :P ) ကို ကျွန်တော်က ကန်လိုက်တယ် လို့ပဲ မြင်ကြတယ်ဗျာ။

တကယ်တော့ ကြက် မပြောနဲ့ ဘာကောင်ပဲ ဖြစ်ဖြစ် သူတို့ အန္တရာယ်ကို သူတို့သိပါတယ်။ သူ့ရဲ့ သခင် ဒေါသထွက်နေပြီ ဆိုရင် သူတို့ အလိုလို သိတတ်ကြပြီး သူတို့ ရှောင်သွားတတ်ပါတယ်။ အခုလည်း ကျွန်တော်က သူ့ကို မုန်းတော့မုန်းတယ်။ ဒါပေမဲ့ အခုလို အိပ်ဖို့ ဆိုပြီး တွန်နေတော့ ဆက်မတွန်နဲ့တော့ ဆိုတဲ့ သဘောနဲ့ သူ့ကို ထွက်သွားအောင် နံရံကို ကန်ပြီး ခြောက်လိုက်တာပါ။ ဒီတော့ သူကလည်း လန့်ပြီး မတွန်ပဲ ပြေးရောပေါ့ဗျာ။ ဒါကို အားလုံးက ကျွန်တော့်ကဗျာလေးထဲမှာ ကျွန်တော်က ကြက်ဖကြီးကို ကန်လိုက်တယ် ထင်နေတာ. . အမလေးဗျာ . .သူ့ကို ကန်ဖို့ နေနေသာသာ ဖမ်းလို့ကို မမိတာ. . .:P :P :P

ဒါနဲ့ ဒီကဗျာလေးကို ဖတ်ပြီး ကျွန်တော် သူများတွေ မန့်တာကို ကြည့်ပြီး ပြုံးခဲ့ရပါတယ်။ စာဖတ်သူများကလည်း တစ်ခုခု အတွေးလေးတွေ ရသွားခဲ့ရင် Comment မှာသာ ချရေးထားခဲ့ပါ။ ကိုယ်လည်း တွေးပြီး ပျော်ရသလို သူများတွေလည်း အတွေးတွေ ရတာပေါ့။ ဒီလို ကိုယ့်အတွေးတွေ ရလို့ ရေးသွားတာကို ကျွန်တော်က စိတ်ဆိုးမယ်လို့ မထင်ပါနဲ့။ ကျွန်တော် စိတ်မဆိုးပါဘူး။ စာလုံးပေါင်းမှားတာကို ပြဿနာကြီး တစ်ခုလို လာပြောတဲ့ သူကိုတောင်မှ ကျွန်တော် စိတ်မဆိုးသေးတာပဲလေ။ ကိုယ်လည်း စိတ်ကူးပေါ်လာတာလေးတွေ ချသာရေးသွား ၊ အားလုံးလည်း တွေးမိ မြင်မိတာပေါ့ဗျာ။ ပျော်စရာ ကောင်းပါတယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

နောက်တပ် တစ်ပုဒ် အနေနဲ့ ကျွန်တော် အပြောချင်ဆုံး ပို့စ်လေး တစ်ပုဒ်ကတော့ “ ခပ်ညံ့ညံ့ အောင်သွယ်တော် ”  ဆိုတဲ့ ဝတ္ထုတိုလေးပါ။ ဒီပို့စ်လေးထဲမှာတော့ ကျွန်တော်က ကိုယ်တိုင် နှစ်ရာကို နှစ်နေရာက ပြောင်းပြီး ကျွန်တော် ခံစားရေးထားခဲ့တယ်။ ဒါက အဓိကတော့ မကျလှပါဘူး။ အဓိက ကျတာက ကျွန်တော် ဒီဝတ္ထုတိုလေးမှာ ဖွတ်ထားတာ တော်တော် များများပါပါတယ်။ ဒါပေမဲ့ စာဖတ်သူတွေ အားလုံးက ဒါကို မြင်သွားကြတယ်။ 

တကယ်ပါ ကျွန်တော် အရမ်းကို ဝမ်းသာမိတယ်။ တကယ်တော့ ကျွန်တော် ရေးထားတာမှ ကောင်လေးက ကောင်မလေး တစ်ယောက်ကို တွေ့တယ်။ နောက် သူ့အကြောင်းနဲ့ ကောင်မလေး တစ်ယောက်နဲ့ ကားပေါ်မှာ ဆုံတယ်။ အဲဒီကောင်မလေးက သူမ ဖြစ်နေတယ်။ နောက်တော့ ကလေး တစ်ယောက်ကို ပေါင်းတယ်။ ဒီတော့မှ ပေါ်လာတဲ့ ကလေးက ဇာတ်လမ်းရဲ့ အဓိက အောင်သွယ်လုပ်ပေးမဲ့ ကလေးတစ်ယောက်။ ဒီကလေးက ဒီကောင်လေး အကြောင်း သူ သိချင်လို့ စုံစမ်းတယ်။ နောက်တော့ ကောင်မလေးကို သူသိတာကို ပြောပြလိုက်မိတယ်။ ဒါကြောင့် ဇာတ်လမ်း အဆုံးမှာ ကောင်မလေးက ကလေးလေး ပြောတဲ့ အတိုင်း X X X X X X X X X X X  X X X X X X X X 

ဒီမှာ ကျွန်တော် ကောင်လေးက ကောင်မလေးဆီက အချစ်ကို ကြိုးစားတာတွေ ၊ ကောင်လေးနဲ့ ကောင်မလေး အပြင်မှာ ချိန်းတွေ့တာတွေ ၊ သူတို့ အပြင်အခြေအနေတွေကို မတင်ပြထားပါဘူး။ အဆင့်များစွာ ကျော်ပြီး ရေးပြထားပါတယ်။ နောက်ဆုံး ကောင်လေးနဲ့ ကောင်မလေး စကားပြောခန်းမှာလည်း သူတို့ ပြောတာကို တိုက်ရိုက် မတင်ပြပဲ သူတို့ပြောနေတာကို ဘေးက ကောင်လေး တစ်ယောက် တစွန်းတစ ကြားမိတဲ့ အနေနဲ့ပဲ တင်ပြထားပါတယ်။ နောက်တော့ ကောင်လေးက သူ့ဖာသာ ရုတ်တရက် ပြန်လည် ပျောက်ကွယ် သွားပါတယ်။ ကောင်မလေးကလည်း သူ့ဖာသာ ဆက်လက် လည်ပတ်နေခဲ့တယ်။ 

ဒါတွေကို ထည့်မရေးခဲ့ဘူး။ ဒါပေမဲ့ စာဖတ်သူတွေက မြင်သွားရုံတင် မကဘူး။ သူတို့ နောက်ထပ် ဘာများ ဆက်ဖြစ်သွားလဲ ဆိုပြီး ကျွန်တော့်ဆီကို မေးလ်တွေပို့ပြီး မေးကြပါတယ်။ ကိုဝဏ္ဏ နဲ့ မသူဇာ နောက်တော့ ဘာများ ဖြစ်သွားကြလဲ တဲ့။ ကျွန်တော် ပြန်မဖြေခဲ့ပါဘူး။ ဒီဝတ္ထုတိုလေးက အပြင်မှာ တကယ်ဖြစ်ခဲ့တာလေးကို ကျွန်တော်က ကျွန်တော့်ရေးဟန်လေးနဲ့ တင်ပြလိုက်တာပါ။ မသူဇာ ဆိုတာ ကျွန်တော် အစ်မ ဝမ်းကွဲပါ။ “ ကေသာနိုး ” ဆိုပြီး နာမည်တွင်အောင် ကျွန်တော် နာမည်ပေးခဲ့သူပေါ့။ သူ့အကြောင်းကိုတော့ ကျွန်တော် “ ဝက်ပစ်ဂ်ရဲ့ အစ်ကို ဆိုတော့ ” ဆိုတဲ့ ပို့စ်မှာ ရေးထားပါတယ်။

အခုတော့ ကျွန်တော် သူတို့ နှစ်ယောက် အကြောင်းကို ပြောပြပါ့မယ်။ မသူဇာက အခုတော့ အိမ်ထောင်နဲ့ပါ ကလေးနှစ်ယောက်နဲ့။ သူယောက်ျား ( ကျွန်တော့် ယောက်ဖဝမ်းကွဲ ) ကတော့ အခု စလုံးမှာပါ။ သူတို့ဖာသာ အိမ်ထောင်ကတော့ သာသာယာယာပါပဲ။ အရင်က ဖြစ်ခဲ့တာတွေကိုလည်း မသူဇာလည်း အဲဒီတုန်းက ငယ်သေးတော့  အခုချိန်ဆို သူ့ကလေးတွေ ထိန်းနေရတာနဲ့ သတိတောင်မှ ရတော့မယ် မထင်ပါ။ ကိုဝဏ္ဏကတော့ အခုချိန်အထိ လူပျိုကြီးပါပဲ။ တတ်လိုက် ဆင်းလိုက်နဲ့ သင်္ဘောသား အဖြစ် နယ်မြေတွေကို အသစ်ရှာဖွေနေတုန်းပါပဲ။ ကိုဝဏ္ဏ အိမ်ထောင် မပြုသေးဘူးလား လို့ ကျွန်တော် မမေးမိတာ ဘာကြောင့်လဲ ဆိုတာတော့ စာဖတ်သူများ ခံစားနားလည်နိုင်လိမ့်မယ် ထင်ပါတယ်။ 

ဘာလို့လဲ ဆိုတော့ ကျွန်တော်က ခပ်ညံ့ညံ့ အောင်သွယ်တော် တစ်ယောက်ကိုး။ သူကလည်း ဈေးဦးကျိုးသွားသူ တစ်ယောက်လို ဘဝမှာ နောက်ပိုင်း အချစ်နဲ့ ပတ်သတ်ပြီး အရောင်းအဝယ် မဖြစ်တော့တာလား ဆိုတာတော့ ကျွန်တော်လည်း သေချာတော့ မသိပါဘူး။ တကယ်လို့ ကျွန်တော်သာ အခု အချိန်မှာ အောင်သွယ်ခွင့် ရမယ် ဆိုရင် . . . . . ကျွန်တော် ထင်ပါတယ် ကျွန်တော် တော်သော အောင်သွယ်တော် မဖြစ်နိုင်ရင်တောင်မှ “ ခပ်ညံ့ညံ့ အောင်သွယ်တော် ” တော့ ဖြစ်တော့မယ် မဟုတ်တော့ပါ။

ဒီဝတ္ထုတိုလေးက ကျွန်တော့်ကို အထက်က ဆိုခဲ့သော “ မျက်မှန် သုံးလက် ” ကို တိတိကျကျ ရှာဖွေပေးခဲ့တာပါပဲ။ ကျွန်တော်လည်း ဒီမျက်မှန် သုံးလက်နဲ့ အခုချိန်ထိ ကျွန်တော့်စာတွေကို သူများစာတွေကို တပ်ဆင်ပြီး ဖတ်ကြည့်မိပါတယ်။ 

၁) Multi Senses ဖြစ်ပြီး အမြင်ကျယ်ကျယ် ၊ နည်းလမ်းသွယ်သွယ်တွေ ပေးနိုင်လား။

၂) စာရေးသူက သူပြောလိုရာကို စာထဲမှာ မှိုင်းတိုက်သလို ပုံဖော်ထားလား ၊ သူ့စာကို စာထဲမှာ ပုံမဖော်ပဲ သူခံစားမှု အတိုင်း ခံစားပါလို့ ဖော်ညွှန်းချက်တွေ ရေးထားလား။

၃) စာရေးသူ ပေးချင်တာက ဘာလဲ ၊ သူက “ ဖြည့်ချင်သူလား ၊ အဖြည့်ခံလား ”

ဒါလေးတွေနဲ့ ကျွန်တော် ရေးသော စာများကို ဖတ်ပြီး အားမနာတမ်းသာ Comment ရေးပြီး ဝေဖန်ပေးစမ်းပါဗျာ။ (သူများနေရာတွေမှာတော့ ဒီ မျက်မှန်ကြီး တကားကား နဲ့ သွားဖတ်ပါ လို့ ကျွန်တော် မပြောလိုပါဘူး။ ဒါဆို ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။) ကျွန်တော့်နေရာမှာတော့ မြင်ကြည့် ၊ တွေးကြည့်သွားပါ  ၊ ရေးသွားပါ။ တစ်ခု ရှိတာကတော့ ရေးသူက အကောင့်မဝင်ပဲ Anonymous ဆိုရင်တော့ ကျွန်တော်ကလည်း Neglect ၊ Ignore ပေါ့ဗျာ။ မဟုတ်ဘူးလား။ 

ဒီနေ့ ကျွန်တော် ဖတ်ရတဲ့ ဘလော့ဂ်ဂါ မောင်မိုး ရဲ့ ဒီစာလေး က အရမ်းကို တန်ဖိုး ရှိတယ်ဗျာ။ သွားပြီး ဖတ်ကြစေလိုပါတယ်။

*** အရာရာကို Wide Screen နဲ့ ကြည့်နိုင် မြင်နိုင်ပြီး Multi Senses နဲ့ ခံစားနိုင်ကြပါစေဗျာ။***


လေးစားစွာဖြင့်
ကိုဇော် 
20.4.2010 - 3.10 AM

.
Share/Bookmark
Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.