မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


27 May 2011

25 ဆင်နှာမောင်းများ



ဆင် နဲ့ ပတ်သတ်ပြီး စကားပုံ ၊ ဆိုရိုးစကား များစွာ ရှိပါလိမ့်မည်။ သို့သော် ဒီစာမှာတော့ ကျွန်တော် နှစ်မျိုးကိုပဲ ဆွဲယူသုံးစွဲချင်ပါသည်။ ဒီစကားပုံ ၊ ဆိုရိုးစကားလေးကတော့  . . .
  • ဆင်သွားရင် လမ်းဖြစ်တယ်။ 
  • ဆင်ရဲ့အား နှာမောင်းဖျား
ဆိုသော စကားပုံ ၊ ဆိုရိုးစကားလေး နှစ်ခုကို ဒီစာလေးမှာ ကျွန်တော် သတိတရ ထည့်ရေးချင်ပါသည်။



ဆင် ဆိုတာတွေက အုပ်ဆိုင်းနေသော တောထဲမှ ခြုံနွယ်တွေကို သူတို့ရဲ့ နှာမောင်းဖြင့် ဆွဲယူ၍ ရှင်းထုတ်ကာ သစ်ကိုင်းတွေကို ချိုး ၊ ခြုံတွေကို ဆွဲနုတ် ၊ ပိတ်ကြပ်နေသော နွယ်တောထဲသို့ သူတို့ကိုယ်ခန္ဓာကို တိုးဝင်ကာ လမ်းဖြစ်စေ၏။ ဆင် တစ်ကောင်ရဲ့ ခန္ဓာကိုယ် မည်မျှပင် ကြီးစေကာမူ သူ့ရဲ့ အား ဆိုသော နှာမောင်းကသာ ခြုံနွယ်တွေကို ဆွဲယူ ရှင်းလင်းမှု မလုပ်ခဲ့ရင် သူ့ရဲ့ ခန္ဓာကိုယ်က ပိတ်လှောင်နေသော ခြုံတောထဲသို့ တိုးဝင်နိုင်လိမ့်မည် မဟုတ်ပါ။

ဒါကြောင့် ဆင်တစ်ကောင်ရဲ့ အဓိက အားကို သူ့ရဲ့ ခန္ဓာကိုယ်လို့လည်း မသတ်မှတ်ကြ ၊ သူ့ရဲ့ ကြီးမားလှစွာသော ခြေထောက်တွေလို့လည်း မသတ်မှတ်ကြ ၊ သူ့ရဲ့ ချွန်ထက်လှစွာသော အစွယ်လို့လည်း မသတ်မှတ်ကြ ၊ အားလုံးက သတ်မှတ်ထားကြသည်မှာ ဆင်တစ်ကောင်ရဲ့ အား ဆိုတာ သူ့ရဲ့ နှာမောင်း ဟုသာ သတ်မှတ်ထားကြပါသည်။

ကျွန်တော်တို့ ငယ်ငယ်က ဆင်လုပ်တမ်း ကစားကြမည် ဆိုရင် ပုဆိုးကို ကျစ်ကာ ဆင်နှာမောင်း အဖြစ်လုပ်ပြီး မိမိရဲ့ ခေါင်းတွေ စွပ်ကာ ဆင်လုပ်တမ်း ကစားကြဖူး၏။ ဆင်ရဲ့ အစွယ်ကို မလုပ် ၊ ဆင်ရဲ့ ခန္ဓာကိုယ်ကို မလုပ် ၊ ဆင်ရဲ့ ခြေထောက်ကို မလုပ် ၊ ဆင်ရဲ့ နှာမောင်းကိုသာ ဆင် တကိုယ်လုံးကို ကိုယ်စားပြုကာ ဆင်လုပ်တမ်း ကစားကြပါသည်။ ဒါဆို ဆင်ဟေ့ ဆိုရင် “ နှာမောင်း ” ကိုသာ အဓိက ထားကာ သတိပြုမိကြသည် မဟုတ်ပါလား။ ဒါဆို ဆင်ရဲ့ အားက နှာမောင်း ဆိုသော စကားပုံ ၊ ဆိုရိုးစကားလေးကိုလည်း သိပ်ပြီးတော့ ထွေထွေထူးထူး ငြင်းဖို့ လိုမယ် မထင်ပါဘူး။

ဒီလို နှာမောင်းကို အားပြုသော ဆင်က ခြုံနွယ်တွေကို သူ့ရဲ့ နှာမောင်းနဲ့ ဆွဲယူရှင်းလင်းပြီး သူ့ရဲ့ ကြီးမားလှသော ခြေထောက်တွေနဲ့ နင်းကာ နင်းကာ ခန္ဓာကိုယ်ကြီးနဲ့ တိုးဝင် လိုက်သောအခါမှာ နောက်က လိုက်သူတွေ အတွက် အဆင်သင့် နင်းဝင်စရာ “ လမ်း ” ဖြစ်လာပါတော့သည်။ ဒီတော့ ဆင်သွားရင် လမ်းဖြစ်တယ် လို့ ဆိုကြတော့တာပါပဲ။ ထိုသို့ ဖြစ်လာသော လမ်းပေါ်မှာ နောက်က လူတွေ အေးဆေးစွာဖြင့် ခြုံနွယ်တွေကို ရှင်းလင်းစရာ မလိုဘဲ လျှောက်လို့ ရသွားပါတော့သည်။



ဒါပေမဲ့ . . . ဖြစ်စဉ်က ဒီမှာတင် မပြီးသေးပါဘူး။ နောက်ထပ် ဆက်ရန် ကျန်နေပါသေး၏။ ဆင်သွားရင် လမ်းဖြစ်သည် ၊ ဆင်ရဲ့ အားက နှာမောင်းဖျား ဆိုပေမဲ့ တော်ရုံတန်ရုံ လူတွေ သတိမထားမိသေးသော အဖြစ်အပျက် အကြောင်းအရာလေးက ရှိနေပါသေးသည်။

ဒါကတော့ ဆင် ဆိုတာကလည်း အမြဲတမ်း တည်မြဲနေသော သတ္တဝါ မဟုတ်ပါ။ သူကလည်း သွေးနဲ့ကိုယ် ၊ သားနဲ့ကိုယ် ဆိုတော့ သူလည်း အသက်က ကြီးလာရပါတော့သည်။ ဆင် တွေ အသက်ကြီးလာပြီ ဆိုရင် အိုလာတယ်လို့ လူတွေလိုပဲ ခေါ်ရမှာပေါ့။ ဒီတော့ ဆင်ပျိုကနေ ဆင်အိုကြီး ဖြစ်လာပြီပေါ့။ လူအိုရင် ခါးတွေ ကိုင်း ၊ နားတွေ ထိုင်းလာသလို ၊ ဆင်အိုတော့ သူ့ရဲ့ နှာမောင်းတွေက ကိုင်းလာပါတော့သည်။ အရင်က သန်ပါတယ် ၊ စွမ်းပါတယ် ဆိုတဲ့ သူရဲကောင်းတွေတောင်မှ ဇရာ ဆိုသော အသက်က ထောက်လာရင် သူတို့ရဲ့ ကျစ်လျစ်ပါတယ် ဆိုတဲ့ လက်မောင်းတွေကလည်း ပျော့တွဲကာ “ လက်ပျဉ်း ” ကျလာသလိုမျိုး။

ဆင်တွေမှာကျတော့ သူတို့ရဲ့ သန်မာပါတယ် ဆိုတဲ့ နှာမောင်း ၊ ခွန်အား ကောင်းပါတယ် ဆိုတဲ့ ဆိုတဲ့ နှာမောင်းက ဇရာ ကျလာပြီး အသက်ကြီးလာတဲ့ အခါမှာတော့ ကိုယ့်နှာမောင်းတောင်မှ ကိုယ်မြောက်အောင် မမြှောက်နိုင်တော့ဘဲ အောက်မှာပဲ တွဲလွဲကျနေတတ်တော့၏၊ ဒီအချိန်ဆိုရင် သူတို့အတွက် အရင်က အသုံးဝင်ပါတယ် ဆိုတဲ့ နှာမောင်းက အခုတော့ မြောက်အောင်တောင်မှ မမြှောက်နိုင်တော့တဲ့ အတွက် လမ်းလျှောက်လိုက်တိုင်း အရှေ့ကနေပြီးတော့ အနှောက်အယှက် ပေးနေတော့တာပါပဲ။

အဲဒီ အနှောက်အယှက်ကတော့ “ ကိုယ့်ရဲ့ နှာမောင်းကို ကိုယ်ပြန်နင်းမိနေခြင်းပါ။

ခြေလှမ်းလေး တစ်လှမ်း နှစ်လှမ်းလျှောက် ၊ အားအင် ချိနဲ့နေပြီး တွဲလွဲကျနေတဲ့ ကိုယ့်ရဲ့ နှာမောင်းကို ကိုယ်က ပြန်နင်းမိ။ “ ညွှံ့ ” ဆိုပြီးတော့ နာနာကျင်ကျင်အော် ၊ မရှိမဲ့ ရှိမဲ့ အားလေးနဲ့ ကိုယ့်ရဲ့ နှာမောင်းကြီးကို ပင့်မြှောက်ပြီး လမ်းလျှောက် ၊ အားက မသန်တော့ ကြာကြာ မြှောက်မထားနိုင် ၊ ပြန်ပြီးတော့ တွဲလွဲကျ ၊ တစ်လှမ်း နှစ်လှမ်းလျှောက် ၊ ကိုယ့်နှာမောင်း ကိုယ်နင်းမိ။ နာနာကျင်ကျင်အော် . . . . . . . . . . .

ဒါနဲ့ပဲ။ အသက်ကြီးလာတဲ့ ဆင်တစ်ကောင်နဲ့ သူ့ရဲ့ နှာမောင်း လုံးချာ ပတ်ချာလည် ရမ်းနေတော့တာပါပဲ။



ဒီလိုပါပဲ။

ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ လူ့လောကကြီးကို ထောက်ပံ့ပေးနေတဲ့ “ သီအိုရီတွေ ” ၊ “ သဘောတရားတွေ ” ၊ “ အယူအဆတွေ ” ဆိုတာကလည်း “ ဆင်နှာမောင်း ” လိုပါပဲ။ 

ဘာမှ မမြင်မကန်းနဲ့ အုပ်ဆိုင်းနေတဲ့ လူ့သဘော ၊ လူ့လောကကြီးကို အယူအဆ အသစ် ၊ သီအိုရီ အသစ် တစ်ခုက မှောင်ပိန်းနေတဲ့ တောအုပ်ထဲက ထွက်ဖို့ လမ်းရှင်းပေးတဲ့ ဆင်နှာမောင်း တစ်ခုလို ခြုံနွယ်တွေကို ရှင်းလင်းပေးပြီးတော့ ၊ ထိုအယူအဆ ၊ သီအိုရီ ဖောက်သွားရာ လမ်းကြောင်းကတော့ ဆင်သွားတဲ့ လမ်းကြောင်းလို နောက်လူတွေ အတွက် အေးဆေးသက်သာစွာ လျှောက်လှမ်း နိုင်ဖို့ “ လမ်း ” ဖြစ်စေနိုင်ပါသည်။

ဒါပေမဲ့ . . . ဆင်နှာမောင်းရဲ့ ဥပမာ အတိုင်းပါပဲ။ သီအိုရီ ၊ အယူအဆ ၊ အတွေးအခေါ် ဆိုတာကလည်း သူ့အချိန် အတိုင်းအတာ တစ်ခု အတောအတွင်းမှာပဲ မှန်ကန် တည်မြဲနေနိုင်မှာပါပဲ။ ဒီအချိန်ကို ကျော်လွန်လာရင်တော့ ထိုသီအိုရီ ၊ အယူအဆ ၊ အတွေးအခေါ်ကလည်း အသက်ကြီးလာသော ဆင် တစ်ကောင်လို ကိုယ့်နှာမောင်း ကိုယ့်ဖာသာ ပြန်နင်းနေတော့မှာပါပဲ။

“ ညွှံ့ . . . ညွှံ့ . . .  ”  နဲ့တော့ အော်သံ ကြားရချင်မှ ကြားရမှာပေါ့လေ။ 



တော်တော်ကို ကြာခဲ့ပါပြီ။ ဒီတွေ့ရှိချက်ကို ဖတ်ရတော့ ကျွန်တော် တော်တော် အူလည်လည် ဖြစ်သွားမိ၏။

ကျွန်တော် ငယ်ငယ်ကတည်းက သိထားတာက တြိဂံမှာ အနားသုံးနား ရှိသလို သူ့မှာ ထောင့်သုံးထောင့်လည်း ရှိ၏။ သူ့ရဲ့ အတွင်းထောင့် သုံးထောင့် ပေါင်းခြင်းက ၁၈၀ ဒီဂရီနဲ့ ညီသည် ဟုသာ သိထားခဲ့သည်။ သချာင်္ပုံသေနည်း အရဆိုရင်တော့ ဒီလိုပေါ့။

x = 180

ဒါပေမဲ့ အခု နောက်ထပ် နောက်ထပ်သော သချာင်္တွေ့ရှိချက်တွေ အရ ၊ ထိုသီအိုရီ နဲ့ ထိုသီအိုရီ ကို ယှဉ်တွဲပြီးတော့ တွက်လိုက်တဲ့ အခါမှာ တြိဂံရဲ့ အတွင်းထောင့် သုံးခု ပေါင်းလဒ်က ၁၈၀ ထက် ကြီးနေတယ်လို့ တွက်ပြကြသည်။ သချာင်္ပုံသေနည်း အရ ဆိုရင်တော့ ဒီလိုပေါ့။

x ) 180

ဒါနဲ့လည်း မပြီးသေးပါဘူး။ နောက်ထပ် သချာင်္ ပညာရှင် တစ်ယောက်က သူ့ရဲ့ သီအိုရီတွေ ၊ ဖော်မြူလာတွေနဲ့ ချပြပြီးတော့ တွက်ချက်ပြလိုက်တဲ့ အခါမှာ တြိဂံရဲ့ အတွင်းထောင့် သုံးခု ပေါင်းလဒ်က ၁၈၀ ဒီဂရီထက် ငယ်နေပြန်ပါလေရော။ သင်္ချာပုံသေနည်း အရ ဒီလိုပေါ့။

x ( 180

( ဒီနေရာမှာ HTML Code အရ Greater Than , Less Than Sign တွေ ရေးလို့ မရလို့ ဒီလို ( ) နဲ့ ဖော်ပြတာကိုတော့ နားလည်ပေးပါ။ ) ဒီတော့ ကျွန်တော်တို့ ဟိုးငယ်ငယ်က သင်ခဲ့ရတဲ့ တြိဂံရဲ့ အတွင်း သုံးနားပေါင်းခြင်းက ၁၈၀ ဒီဂရီနဲ့ ညီပါသည် ဆိုတဲ့ သီအိုရီ ၊ ဖော်မြူလာကို ကျွန်တော်တို့ အတည်ပြုကာ ယူလို့ မရတော့ပြန်ပါဘူး။

ဟိုတလောကလည်း ဖတ်လိုက်ရပါသေး၏။ နယူတန်ရဲ့ တတိယ နိယာမက နေရာတကာမှာ မမှန်တော့ပါဘူး တဲ့။ ပြီးတော့ ကမ္ဘာမြေကြီးမှာကို ကမ္ဘာ့ဆွဲအား ကင်းလွတ်နေတဲ့ ဇုံ ရှိနေပြန်ပါသေးသည် တဲ့။ နောက်ပြီးတော့ ဟိုးအရင်က ရှာဖွေ တွေ့ရှိထားတဲ့ သိပ္ပံပညာရှင် ၊ ရူပဗေဒ ပညာရှင်တို့ရဲ့ သီအိုရီတွေကလည်း နောက်ထပ် အသစ်တွေ့ရှိလာတဲ့ သီအိုရီတွေ ကြားမှာ ဘယ်လိုမှ လိုက်လျောညီတွေ မဖြစ်တော့တာတွေကိုလည်း ကြားရပါသေးသည်။

ဟိုးအရင်က လူသား ဆိုတာကို ထာဝရ ဘုရားရှင်ကနေ ဖန်ဆင်းတာ ဆိုပြီးတော့ လက်ခံယုံကြည် လာကြပြီးတော့ ၊ အခုတော့ လူသား ဆိုတာ ဘုရားရှင်က ဖန်ဆင်းလိုက်တဲ့ အထူးလူသားတွေ အဖြစ် ကိုယ့်ကိုယ့်ကိုယ် အထင်တကြီး ဖြစ်နေတဲ့ လူသားတွေ အားလုံးက အခုမှ ချက်ချင်းကြီး “ ဒါဝင် ” ရဲ့ ဆင့်ကဲပြောင်းလဲမှု သီအိုရီ ( Human Evolution ) အရ လူဆိုတာ မျောက်ကနေ ဆင်းသက်လာတာ ဆိုပြီး ချက်ချင်း အမြီးတွေ ပြန်စမ်းရကာ ငှက်ပျောဖက်တွေနဲ့ ပြန်စားနေကြပြန်ပါလေရော။

ဒါဝင်ရဲ့ ဆင့်ကဲ ပြောင်းလဲမှု သီအိုရီလေး နည်းနည်း အခြေတည်ယုံ ရှိသေး။ နောက်ထပ် အသစ်ပေါ်လာတဲ့ ပညာရှင်တွေက လူရဲ့ အရိုးအဆစ် ၊ သွားလာပုံ ၊ စားသောက်နေထိုင်ပုံ အစရှိတာတွေနဲ့ ကောက်ချက်ဆွဲပြီးတော့ လူဆိုတာ မျောက်က ဆင်းသက်လာတာ မဟုတ်ကြောင်း ထောက်ပြကြပြန်ပါလေရော။ ဒီလိုနဲ့ လူကို ဒါဝင် နဲ့ ဘုရားက လွန်ဆွဲပြီးတော့ ဖန်တီးနေကြပြန်ပါသည်။ ဒီလို အသံတွေ ကြားရပြီး အခု တစ်ခါ ဒါဝင်ရဲ့ ဆင့်ကဲ ပြောင်းလဲမှု သီအိုရီကပဲ ပို၍ ဖြစ်နိုင်ချေရှိကြောင်း အားလုံးက သဘောတူညီကြပြီး အသံလေးတွေ တိတ်ဆိတ်ခဲ့ရ၏။ ဘာပဲ ပြောပြော သူ ဖန်ဆင်းထားပါတယ် ဆိုပြီး ဟိတ်ဟန် ထုတ်ခဲ့တဲ့ ထာဝရ ဘုရားရှင် ခမျာမှာတော့ အရှက်က ကွဲခဲ့ရလေပြီ။

ဒီလိုနဲ့ လူ ဆိုတာ မျောက်က ဆင်းသက်လာတယ် ဆိုတဲ့ သီအိုရီကို လက်ခံပြီး ငြိမ်သက်မလို ရှိသေး။

ဟော . . . စတီဖင် ဟော့ကင်း ( Stephen Hawking ) ဆိုသော ရူပဗေဒ ပညာရှင်က ကမ္ဘာကြီးကို ဘုရားရှင်က ဖန်ဆင်းတာ လုံးဝ မဟုတ်ကြောင်း သူ့ရဲ့ တွေ့ရှိချက်ကို ကိုးကားပြီးတော့ စာအုပ် ထုတ်ရေးပါလေတော့သည်။ ဒီစာအုပ်ကို မထုတ်ဖြစ်အောင် တားဆီးသူတွေက တားဆီးကြပါသေးသည်။ ဒီစာအုပ်ပါ အကြောင်းအရာတွေ အရ ဆိုရင် ထာဝရ ဘုရားရှင်ကလည်း “ ဒါဝင် ” ကြောင့် လူကို ဖန်ဆင်းတယ် ဆိုတဲ့ အကြောင်းကနေပြီးတော့ သူ မဖန်ဆင်းဘဲနဲ့ ဖန်းဆင်းတယ် ပြောထားမိလို့ တစ်ရှက်က ရထားပြီးပြီ။

အခုလို စတီဖင် ဟော့ကင်း က ထပ်ပြီးတော့ . . . . “ ကမ္ဘာကြီးက ထာဝရ ဘုရားရှင် ဖန်ဆင်းတာ မဟုတ်ဘူး ” ဆိုပြီး သက်သေထူလိုက်ရင် ထာဝရ ဘုရားရှင် ခမျာမှာ တစ်ရှက်က နှစ်ရှက် ဖြစ်ရတော့မယ် မဟုတ်လား။ ဒါကြောင့် ဒီစာအုပ် မထုတ်ဖြစ်အောင် ဝိုင်းပြီးတော့ တားဆီးကြတာပါ။ ဒါပေမဲ့ စတီဖင် ကော့ကင်းကလည်း တော်ရုံတန်ရုံလူမှ မဟုတ်တာ။ မသန်မစွမ်း ဝှီးချဲနဲ့ကို တခြားသော ခြေကောင်း လက်ကောင်း သိပ္ပံပညာရှင်တွေ လေးစား အားကျခဲ့ရသူ။ သူကတော့ ကမ္ဘာ့တွင်းနက် ( Black Hole ) ကိုလည်း ရှာဖွေ တွေ့ရှိထားသူ။ အရှိကို အရှိအတိုင်း သူကတော့ သူ ရှာဖွေ တွေ့ရှိတာကို တင်ပြဦးမှာပါပဲ။ ဒါပေမဲ့ ထာဝရ ဘုရားရှင် အတွက်တော့ အရှက်တွေ ထပ်ကွဲကိန်း ကြုံမှာပေါ့လေ။

ဒါပေမဲ့လည်း အရှေ့က သွားနှင့်တာ ကြာပြီ ဖြစ်တဲ့ ထာဝရ ဘုရားရှင်ရဲ့ ဆင်တိုး လမ်းကြောင်းကြီးက ကြာလာတော့လည်း ပြန်လည်ပြီးတော့ မရှင်းမရှင်း ဖြစ်လာစေတယ် နဲ့ တူပါ၏။ ပြီးတော့ ဒီဆင်ကလည်း ကြာတော့ သူ့ရဲ့ နှာမောင်းကို သူ မသယ်နိုင်တော့ဘဲ မြေကြီးကို ဒရွတ်တိုက်ကာ သူ့ဖာသာ တက်နင်းမိနေပါလိမ့်မည်။ သေသေချာချာ နားထောင်ကြည့်မယ် ဆိုရင် သူ့ရဲ့ နှာမောင်းကို သူပြန်နင်းမိလို့ နာကျင်မှုကြောင့် ထွက်တဲ့ အသံတောင်မှ ကြားရနိုင်ပါလိမ့်မည်။

“ ညွှံ့ . . . ညွှံ့ . . ”



ဘာလို့ ကျွန်တော် ဒီစာကို ရေးတာလည်း ဆိုရင် တခြားသော ထွေထွေထူးထူး မရှိပါဘူး။ ကျွန်တော် ရေးထားတဲ့ စာတွေကိုလည်း အားလုံး အလုံးစုံ လိုက်တွေးဖို့ မလိုသလို ၊ လိုက်လုပ်ဖို့လည်း မလိုပါဘူး။ ( လုပ်လည်း လုပ်မှာ မဟုတ်ပါဘူးလေ။ ) ဘာလို့လဲ ဆိုတော့ လူတစ်ယောက်ရဲ့ အတွေး ၊ အယူအဆ ၊ အသိဥာဏ် ဆိုတာ အချိန်နဲ့ အမျှ ပြောင်းလဲ နေတာ မဟုတ်လား။ ကျွန်တော် ကိုယ်တိုင်လည်း ဒီလိုပဲ အချိန်နဲ့ အမျှ ပြောင်းလဲ နေပါသည်။ ပြောင်းလဲနေတာလည်း သေလည်း သေချာပါ၏၊

ဒီတော့ အခု အချိန်မှာ တွေးလိုက် ဖတ်လိုက်ရတဲ့ အယူအဆ တစ်ခု ၊ သီအိုရီ တစ်ခု ၊ အတွေး တစ်ခုက အခုနေ အချိန်မှာ ကိုယ်နဲ့ ကိုက်ညီရင် ကိုက်ညီနေပါလိမ့်မည်။ မကိုက်ညီရင်လည်း လွဲနေနိုင်တာပါပဲ။ ဒါပေမဲ့ အခု လွဲနေတဲ့ အရာတစ်ခုကလည်း တစ်ချိန်ချိန်မှာ ကိုယ်နဲ့ ပြန်ပြီးတော့ တိုက်ဆိုင်နေနိုင်ပါသေး၏။ ဒီလိုပဲ အခု လောလောဆယ် ကိုယ့်ခံစားလို့ ရနေတဲ့ အရာတွေကလည်း နောင်အချိန်မှာ ဘယ်လိုမှ လက်ခံလို့ မရတော့တာတွေလည်း ဖြစ်လာနိုင်ပါသေးသည်။

ဘာလို့လဲ ဆိုတော့ သီအိုရီ ၊ အယူအဆ ၊ သဘောတရား တွေရဲ့ ထုံးစံကိုက “ ဆင်နှာမောင်းများ ” နှင့် သဘောတရား တူပါသည်။ ဒါကြောင့် သက်တမ်း ရှည်ကြာလာတဲ့ အခါမှာ ကိုယ့်ရဲ့ အင်အားတွေက နောက်ထပ် ပေါ်လာတဲ့ အသစ်တွေလို ကျန်းမာ သန်စွမ်းမှု မရှိတော့ဘဲ ၊ ကိုယ့်နှာမောင်း ကိုယ် မသယ်နိုင်တော့တဲ့ ဆင်တစ်ကောင်လို ကိုယ့်နှာမောင်း ကိုယ်ပြန်နင်းမိ နေတော့မှာပါပဲ။ နင်းတာကတော့ နင်းမိပါစေပေါ့။ ဘာဖြစ်လဲ။ ဘာမှ မဖြစ်ပါဘူး။ သေသေချာချာကို ကိုယ့်နှာမောင်းကိုယ် ပြန်ပြန်နင်းတာ ခံနေရမှာပါပဲ။

ဒါပေမဲ့ တစ်ခု ရှိတာက ထာဝရ ဘုရားရှင်တောင်မှ သိပ္ပံပညာရှင်တွေ ၊ ရူပဗေဒပညာရှင်တွေ ၊ သတ္တဗေဒ ပညာရှင်တွေ ဖော်ထုတ်လိုက်လို့ တစ်ရှက်က နှစ်ရှက် ဖြစ်ရသေးတာပဲလေ။ ထာဝရ ဘုရားရှင်တောင်မှ ကိုယ့်နှာမောင်း ကိုယ်ပြန်နင်းမိပြီးတော့ “ ညွှံ့ . . ညွှံ့ . . ” နဲ့ ဖြစ်နေသေးတာပဲ။ ကိုယ့်လို သာမာန် လူသား တစ်ယောက် အနေနဲ့ကတော့ ဖြေသာပါသေးသည်။ ကိုယ်လည်း လိုက်ပြီး “ ညွံ့ ” နိုင်ပါ၏။

ဒါကြောင့်ပေါ့ဗျာ။ ကျွန်တော် ရေးတဲ့ စာတွေမှာ အယူအဆ မတူတာ ၊ ခေတ်နောက်ကျတာ ၊ အတွေးအခေါ် ဝေးတာတွေ ပါနေတယ် ဆိုရင်တော့ “ သြော်. . . . ကိုဇော် မပြောနဲ့။ ထာဝရ ဘုရားရှင်တောင်မှ သူ့နှာမောင်း သူနင်းမိသေးတာပဲလေ။ ” ဆိုပြီးတော့ ဒါဝင် ၊ စတီဖင် ဟော့ကင်း အစ ရှိသူတို့ ထုတ်ဖော်ချက် ၊ တင်ပြချက်တွေကို ပြန်လည် ကြားယောင်မိပြီးတော့ နားလည် ပေးနိုင်ကြပါစေဗျား။


လေးစားစွာဖြင့်
ကိုဇော်
27.5.2011

Share/Bookmark

24 May 2011

14 စပ်မိစပ်ရာ ဘာညာကွိကွ ( ၃ )





နိဒါန်း 

တစ်ကွက် . . .
နှစ်ကွက် . . .
သုံးကွက်. . .
ခြေစုံချ . . .
ပြီးတော့ . . . နောက်ထပ် . . .
တစ်ကွက် . . .
နှစ်ကွက် . . .
ခြေစုံချ . . .
နောက်ပြန် ခုန်လှည့် . . .
တစ်ကွက် . . .
နှစ်ကွက် . . .
ခြေစုံချ . . . .
တစ်ကွက် . . .
နှစ်ကွက် . . .
သုံးကွက် . . .
အောင်မြင်ပြီ။
ဒိုးပြားလေးကို ချိန်ကာ ဆကာနဲ့ နောက်ထပ် တစ်ကွက်ကို ပစ် . . .။
ဒီလိုနဲ့ပဲ ကျွန်တော် ငယ်ငယ်က “ ကုလားမစည်း ” နင်းခဲ့ဖူးပါသည်။



( VI )

“ အခု . . . နောက်ထပ် အသက်ရှင်ဖို့ ၅ မိနစ်ပဲ အချိန်ကျန်တော့မယ် ဆိုရင် ကိုကြီး ဘာလုပ်မလဲ။ ”

လို့ ဟိုနေ့က ကျွန်တော့် ညီမက မေးပါ၏။ ၅ မိနစ် ဆိုတဲ့ အချိန်က အလွန်နည်းပါသည်။ သိပ်များများစားစား စဉ်းစားနေဖို့ အချိန် မရှိပါ။ ဒါကြောင့် မြန်မြန်ထက်ထက် စဉ်းစားကာ အဖြေပေးရပါ၏။ စဉ်းစားနေတာ အချိန်ကြာသွားတာနဲ့ လုပ်စရာ အချိန် မရှိဘဲ ဖြစ်သွားနိုင်ပါသည်။

၅ မိနစ် . . .

၅ မိနစ် . . .

၅ မိနစ် . . .

အရမ်းကို တိုတောင်းလွန်းတဲ့ အချိန်လေးပါ။ ဒီလောက်ပဲ ရတဲ့ အချိန်မှာတော့ ငါ ဟိုဟာ မလုပ်ရသေးဘူး။ ငါ ဒီဟာ လုပ်စရာ ရှိသေးတယ် ၊ ငါ ဟိုဟာက မဖြစ်မနေ လုပ်ရမှာ ဆိုပြီး လုပ်စရာတွေကို စဉ်းစားတာနဲ့တင် အချိန်က ကုန်သွားနိုင်ပါသည်။ ဒါကြောင့် ဒီလို ဘဝမှာ အသက်ရှည်ဖို့ ၅ မိနစ်ပဲ အချိန်ကျန်တော့တယ်ဆိုရင် ဘာကတော့ မလုပ်ရသေးဘူး ၊ ဘာကတော့ လုပ်သင့်တာ ဆိုပြီး တွေးတော ပူပန်နေဖို့ကို အချိန် မရှိတော့ပါဘူး။

ကျွန်တော့်အတွက် ဘဝမှာ ရှင်သန်ဖို့ အချိန် ၅ မိနစ်လေးပဲ ကျန်တော့တယ် ဆိုရင်တော့ ကျွန်တော် ဟိုဟာ မလုပ်ရသေးဘူး ၊ ဒါကတော့ လုပ်ရဦးမယ် ၊ ဒါကတော့ လုပ်သင့်တယ် ဆိုပြီး တွေးတော ပူပန် မနေတော့ပါဘူး။ ကျွန်တော် လက်ရှိလုပ်နေတဲ့ အလုပ်ကိုပဲ အကောင်းဆုံး ဖြစ်အောင် ဆက်လုပ်သွားချင်ပါသည်။

ဒါဆို ကျွန်တော့်ဘဝရဲ့ နောက်ဆုံးအချိန်ဆိုတဲ့ ၅ မိနစ်က ပြည့်စုံပါပြီ။ ဟော  . . . ပြောရင်း ဆိုရင်း  . . . .

“ ဒေါင် ” . . . .

ပြည့်ပြီ။



( V )

နည်းနည်းပေါ့ဗျာ။ ရူပဗေဒရဲ့ သဘောတရားလေး တစ်ခုကို နည်းနည်းလောက် ပြောကြည့်ကြရအောင် . . ။

ရူပဗေဒရဲ့ သဘောတရားထဲမှာ အရာဝတ္ထုတစ်ခုကို အပေါ်ကို မြှောက်တင်လိုက်မယ် ဆိုရင် သူဟာ သူ့ရဲ့ အရှိန်ရှိတဲ့ အတိုင်း အပေါ်ကို တတ်သွားမှာပဲ ဖြစ်ပါသည်။ တတ်ရင်း တတ်ရင်းနဲ့ နောက်ဆုံးသော အခြေအနေမှာ အပေါ်ကို အရှိန်နဲ့ တတ်သွားတဲ့ အရာဝတ္ထုက အခြေအနေ တစ်ရပ်မှာ ရပ် ( တန့် ) သွားတယ်လို့ ယူဆရပါသည်။ ( နည်းနည်းပြောပါရစေ ) ရူပဗေဒရဲ့ သဘောတရားမှာ “ ဒီလို ဖြစ်ပါတယ် ” ဆိုတာထက် “ ဒီလို ယူဆပါတယ် ” ဆိုသော စကားကို ပိုပြီးတော့ သုံးတတ်ကြပါသည်။

ဒီလို အထက်ကို အရှိန်နဲ့ တတ်သွားတဲ့ အရာဝတ္ထုလေးက တတ်ရင်း တတ်ရင်းနဲ့ နောက်ဆုံး အခြေအနေမှာ အပေါ်ကို တတ်ဖို့ အရှိန်မရှိတော့တဲ့ အချိန်မှာ ခဏလေး တန့်သွားပါတော့၏။ ရပ်သွားခြင်း မဟုတ်ပါ။ ရပ်တယ် ဆိုတာနဲ့ တန့်တယ် ဆိုတာ လုံးဝကို မတူပါ။ ဒီလို တန့်သွားတဲ့ အချိန်မှာ အရှိန်က မရှိတော့ပါဘူး။ ဒါကြောင့် ဒီအခြေအနေကို မူတည်ပြီးတော့ ရူပဗေဒ ပုစ္ဆာတစ်ခုကို တွက်မယ် ဆိုရင် သုည ဟု ယူဆက တွက်ကြပါသည်။

တွက်ကြမယ် ဆိုတဲ့ အခါမှာ ပုစ္ဆာတစ်ခုရဲ့ အခြေအနေအရ “ ပေါင်း ၊ နုတ် ၊ မြှောက် ၊ စား ” ( + , - , x , / ) ဆိုတဲ့ အခြေအနေတွေနဲ့ တွက်ထုတ်တဲ့ အခါမှာတော့ ထိုအခြေအနေလေးက အခြေအနေ ပြောင်းသွားပါတော့၏။
  • ပေါင်းခြင်းကို သုံးပြီး ပုစ္ဆာတွက်တဲ့ အခါမှာ သူ့ရဲ့ သုညတန်ဖိုးကို ထည့်သွင်းတွက်ချက်မှု မရှိသလောက် တခြားသော ဂဏာန်း ပုစ္ဆာများကို အေးဆေးစွာ တွက်ထုတ်သွားယုံပါပဲ။ 
  • နုတ်ခြင်းကို သုံးပြီး ပုစ္ဆာတွက်တဲ့ အခါမှာတော့ သူ့ရဲ့ တန်ဖိုးဟာ အရှေ့အနောက်ကို လိုက်ပြီးတော့ တန်ဖိုးက လက္ခဏာ ပြောင်းသွားလေ့ ရှိပါသည်။
  • စားခြင်းကို သုံးပြီးတော့ ပုစ္ဆာတွက်တဲ့ အခါမှာတော့ သူ့ရဲ့ တန်ဖိုးက အံ့သြဖို့ ကောင်းစွာ သူ့ကို မူတည်ပြီး စားရင် အဖြေက သုည ( 0 ) ပဲ ရပြီးတော့ သူကနေပြီး သူများကို စားရင်တော့ ( * ) သာ ထွက်ပါသည်။ ( တွက်ကြည့်ပါ။ )
  • အမြှောက်ကို သုံးပြီးတော့ ပုစ္ဆာတွက်တဲ့ အခါမှာတော့ သူ့ကို အရှေ့မှာပဲ ဖြစ်ဖြစ် ၊ အနောက်မှာပဲ ဖြစ်ဖြစ် ဘယ်နေရာမှာ ထားပြီးတော့ တွက်တွက် သူ့ရဲ့ အဖြေက သုည (0) ပဲ ထွက်ပါတော့သည်။ 
  • သို့သော် ထူးဆန်းတာ တစ်ခုကတော့ သူက ထပ်ကိန်းဆိုတဲ့ နေရာကို ရောက်သွားရင် ထိုအဖြေက  . . . . .  . . ??????
ဒီလိုပါပဲ။ ဘာရယ် မဟုတ်ပါဘူး။ အပေါ်ကို တတ်သွားတဲ့ အရာဝတ္ထု တစ်ခုရဲ့ အရှိန်ကုန်သွားခြင်း ( သုည ) ဆိုတာကို ကျွန်တော် သိပ်ပြီးတော့ ဘဝင်မကျ ဖြစ်ပါသည်။ ပြီးတော့ ထိုကဲ့သို့ အရာတွေရဲ့ ပြောင်းလဲမှုတွေကို မုန်းပါသည်။



( IV )

ကျွန်တော့်ရဲ့ နှမ ( ညီမ ) အလတ်မ အကြောင်း နည်းနည်းတော့ ပြောပြချင်ပါသည်။ သူက အတော်ကို အေးဆေးတဲ့ လူတစ်ယောက်လို့ ပြောလို့ရပါ၏။ သွက်သွက်လက်လက်နည်းပြီး လှုပ်ရှားမှု အတော် နှေးကွေးသူပါ။ ဒါပေမဲ့ စကားတွေ တတ်ပါတယ် ၊ စကားလုံးတွေ အသစ်အဆန်းတွေကို အရမ်းသုံးတတ်ပါတယ် ဆိုတဲ့ ကျွန်တော်နဲ့ ၊ စာတွေ ဖတ်ပြီး အရမ်း ဆရာလုပ်တဲ့ အငယ်ဆုံး ညီမကို သူပြောလိုက်တဲ့ စကားလုံးတွေ ကြားလိုက်ရရင် ပက်လက်လန်သွားလေ့ ရှိ၏။

ဟိုးအရင်က သူနဲ့ စကားပြောနေတယ် ဆိုရင် ထုံးစံအတိုင်း သူ့ကို ဟိုဟာ ဝယ်ပေးမယ် ၊ ဒီဟာ ဝယ်ပေးမယ် ဆိုပြီး ပြောမိတယ် ဆိုပါစို့။ သူကလည်း မှတ်ထားမှာပါပဲ။ နောက်တော့ ဝယ်ပေးဖြစ်တာ ရှိသလို ၊ မဝယ်ပေးမိတာလည်း ရှိမှာပါပဲ။ ဒါကို သူက မှတ်ထားပြီးတော့ နောက်ထပ်တစ်ခါ ဒီလိုပဲ ပြောမိရင် ကျွန်တော့်ကို ပြောလေ့ ရှိတာက “ အင်း . . . ဟိုးရှေးရှေးတုန်းက ဆိုပြီး . . .  ပုံပြောပြန်ပြီ ”  ဆိုပြီး ပြန်ပြောလေ့ရှိသည်။ ထိုစဉ်က “ ပုံပြောတယ် ” ဆိုတဲ့ စကားက ခေတ်မစားသေးပါဘူး။ ဒါပေမဲ့ သူကတော့ အဲဒီကတည်းက စသုံးနေတာပါပဲ။

တစ်ခါတလေ မောင်နှမတွေ စကြ နောက်ကြပြီးတော့ သူ့ကို ကျွန်တော်က လည်ပင်းညှစ်သလိုနဲ့ နောက်ပြီးတော့ သူ့လည်ပင်းကို ညှစ်ကိုင်ရင်း “ ငါ့ကို ကြောက်ပြီလား ” ဘာညာဆိုပြီးတော့ စလေ့ရှိ၏။ ဒီလို အချိန်ဆိုရင် သူက အလွန်ယားတတ်လေတော့ တွန့်လိမ်နေလေ့ ရှိ၏။ ပြီးတော့ သူ့လည်ပင်းကို ညှစ်ထားသော ကျွန်တော့်လက်ကို ပြန်ရုန်းလေ့ ရှိသည်။ ဒီအချိန်ဆိုရင် ကျွန်တော်ကလည်း သူ့ကို နောက်ပြီးတော့ “ မှတ်ပြီလား ၊ မင်း ဘာကောင်လဲ ၊ ငါ ဘာကောင်လဲ သိပြီလား။ ” ဆိုပြီး နောက်လေ့ ရှိပါသည်။ ဒီအချိန်မှာတော့ ဒီစကားက အတော်ကို အသုံးများသော စကားလုံး ဖြစ်နေပါပြီ။

ကျွန်တော်က သူ့ကို ဒီလို စနောက်ရင်း “ မင်း ဘာကောင်လဲ ၊ ငါ ဘာကောင်လဲ သိပြီလား။ ” ဆိုကာ လည်ပင်းကို ညှစ်ထားတော့ သူက ရုန်းရင်း ကန်ရင်းနဲ့ ကျွန်တော့်ကို ပြန်ပြောတဲ့ စကားကို ကြားလိုက်ရတော့ သူ့ကို ချုပ်ထားတဲ့ လက်ကို ဖြေပြီးတော့ကို အားရပါးရ ရယ်မိပါတော့သည်။ သူပြောတဲ့ စကားကိုလည်း နားထောင်ကြည့်ဦးလေ။

“ ငါက ထောင်ထွက်ကွ။ ”

တဲ့။ “ မင်း ဘာကောင်လဲ ၊ ငါ ဘာကောင်လဲ ” ဆိုပြီးတော့ ယှဉ်ပြောတော့ သူက ပိုကြောက်အောင် တစ်ခါတည်းနဲ့ ပြောချလိုက်တာပါ။ သူနဲ့ ပတ်သတ်ပြီးတော့ ပြောစရာ စကားလုံး အသစ်အဆန်းတွေ အများကြီး ရှိပါသည်။ ကြုံရင် ကြုံသလို ပြောပါဦးမည်။ အခုတော့ သူ့ဆီက နောက်ဆုံးကြားရတဲ့ Update စကားလုံး တစ်လုံးကို ပြောပြချင်လို့ ကျွန်တော် ဒီလောက် အစပျိုး ရေးနေတာပါ။

ဟိုနေ့က ညီမအငယ် ရဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ကိစ္စ တချို့ကို သူနဲ့ ပြောတော့ သူ့ဆီက စကားတစ်ခုကို ထူးထူးဆန်းဆန်း အနေနဲ့ ကြားရပြန်ပါလေရော။ အရင်က ကြားမိတဲ့ စကားတွေက “ အရေးကြီးရင် သွေးနီးတယ်။ ” တို့ ၊ “ သွေးက စကားပြောတယ်။ ” တို့ပဲ ကြားဖူးတာပါ။ အခုတော့ သူက တခြားသော စကားလုံးနဲ့ ဥပမာပေးကာ ပုံပမာ ပြုပါသည်။ သူပြောတဲ့ ဥပမာ စကားလုံးက ဒီလိုပါ။

“ ဒါကတော့ ကိုကြီးရာ ၊ သွေးဆိုတာ ရေထက် ပျစ်ပါတယ်။ ”

တဲ့လေ။ သူများတွေ အတွက်တော့ မသိဘူး။ ကျွန်တော့် အတွက်တော့ တော်တော် တွေးစရာ ဖြစ်သွားတာပါပဲ။ ဟုတ်တယ် သွေးဆိုတာ ရေထက်  ပျစ်၏။ ရေဆိုတာက လျောခနဲပါပဲ။



( III )

“ ကိုဇော် . . . မြတ်ပါ။ မှတ်မိလား။ ”

ဆိုပြီးတော့ ဟိုတစ်နေ့က ကျွန်တော့်ရဲ့ Facebook ( ဖဘ ) ရဲ့ ပုံတစ်ခု အောက်မှာ လာရေးပါသည်။ သူက မှတ်မိလား ဆိုပေမဲ့ ကျွန်တော် လုံးဝ မမှတ်မိပါ။ ဒါကြောင့် စဉ်းစားရပါတော့၏။ ဘယ်သူပါလိမ့်။ စုစုမြတ် လား ၊ မြတ်စန္ဒီ လား ၊ မြတ်မြတ်မိုး လား ၊ မြတ်သူဇာဝင့် လား ၊ မြတ်နန္ဒာတင့် လား . . . . လား . . . လား ပေါင်းများစွာနဲ့ စဉ်းစားလိုက်တာ သူငယ်ချင်းတွေ နာမည်သာ မှတ်မိသလောက်တွေ ကုန်သွားပါ၏။ သို့သော် သူက မေးထားသလို မမှတ်မိပါ။ သူကတော့ ကျွန်တော့ကို မှတ်မိနေတာ သေချာသလို ရှိ၏။

“ မြတ်လို့သာ ပြောတယ်။ မှတ်မိလားသာ ဆိုတယ်။ ကျွန်တော် မမှတ်မိဘူးဗျ။ မြတ် ဆိုတာကို ကျွန်တော် မသိဘူး။ စဉ်းစားမရဘူး။ ”

ဆိုပြီး ကျွန်တော် ပြန်မေးရပါတော့၏။ ဒါပေမဲ့ သူက ကျွန်တော့်ကို မဖြေပါ။ ဒီလိုနဲ့ နောက်ထပ် ၃ ရက်လောက်နေတော့မှ ကျွန်တော်တင်သော Status တစ်ခုရဲ့အောက်မှာ တင်ပြီးပြီးချင်း သူက လာပြီးတော့ ရေးပြန်ပါ၏။

“ ကိုဇော် . . . မြတ်ပါ။ မှတ်မိလား။ ”

ဟော လုပ်ပြန်ပါပြီ။ ဒါပေမဲ့ ကျွန်တော်ကလည်း မမှတ်မိပါဘူး။ သူ့နာမည်ကိုကြည့်လိုက်တော့လည်း ကျွန်တော် ကြားဖူးတဲ့ နာမည် မဟုတ်။ အရှေ့က အင်္ဂလိပ် နာမည်ကို ယူထားပြီးတော့မှ အနောက်က “ မြတ် ” ဆိုတာသာ ပါလေ၏။ ဒါကြောင့် ကျွန်တော့် သူငယ်ချင်း ဖြစ်နေရင်တောင်မှ သူ့နာမည်ကို ကျွန်တော် မသိတော့ မမှတ်မိနိုင်။ ဒီတော့ သေချာအောင် မေးရပါတော့မည်။

“ မမှတ်မိပါဘူး ခင်ဗျား။ မြတ် ဆိုတာကသာ မြတ်ပါ . . . မြတ်ပါ လာလုပ်နေတာ။ ကျွန်တော်က မမှတ်မိဘူး။ ဘယ်သူလဲ သေချာ ပြောပြပါ။ ”

ဒီလို ကျွန်တော်က မေးမှပဲ ကျွန်တော် သေချာ သိရတော့မှာ မဟုတ်ပါလား။ သူ့ကို ဒီလို ရေးထားကာ ပြန်မေးထားပြီးတော့ ကျွန်တော် သူ့နေရာကို သွားရာ သူ ဘယ်သူလဲ ဆိုပြီး သွားကြည့်မိပါ၏။ သူ့ရဲ့ ဓါတ်ပုံ တင်ထားတာလည်း မတွေ့။ သူ့ရဲ့ အကြောင်းကိုလည်း မတွေ့။ နောက်ဆုံး သူ့မြန်မာ နာမည်တောင်မှ သေချာ မတွေ့။ ဒီတော့ သူ ဘယ်သူလဲ ၊ ကျွန်တော့်ရဲ့ သူငယ်ချင်း ၊ မိတ်ဆွေ ၊ အသိဟောင်းလား ဆိုတာ ကျွန်တော့်မှာ ဘယ်လိုမှ စဉ်းစားလို့ မရဘူး ဖြစ်နေပါတော့သည်။

ဒီအချိန်မှာပဲ သူက အပေါ်မှာ မေးထားတဲ့ ကျွန်တော့် စာကို အကြောင်းပြန်လာပါသည်။

“  မြတ်က ကိုဇော့်ရဲ့ အခုမှ ခင်မဲ့ မိတ်ဆွေသစ်ပါ။ ”

တိန် ခနဲ နေအောင် ကျွန်တော် တင်းသွားမိပါသည်။ ဘယ်နှယ့် အခုမှ ခင်မဲ့ မိတ်ဆွေကလဲ . . . . ကတောက်. . . . ။

“ ဘယ်နှယ့်ဗျာ။ အခုမှ ခင်မဲ့ မိတ်ဆွေသစ်ကို မှတ်မိလား . . . မှတ်မိလား . . . ဆိုတော့ ဘယ်လိုလုပ် မှတ်မိမလဲ။ ခင်ဗျားဗျာ အူကြောင်ကြောင်နဲ့။ တစ်ခါလာလည်း မြတ်ပါ. . . . မြတ်ပါ . . . မှတ်မိလား ဆိုတော့ . . ၊ မသိရင်ဘဲ အရင်ကပဲ ခင်ဖူးသလိုလို ၊ တွေ့ဖူးသလိုလို ၊ ကြုံဖူးသလိုလို ၊ ဆက်သွယ်မှုတွေပဲ ရှိနေသလိုလိုနဲ့။ မသိတဲ့ လူတွေသာ ဒီစာကို ဖတ်မိရင် ဘယ်လိုတွေ ထင်ကြမလဲ။ ”

လို့ ပြန်ရေးလိုက်မိပါတော့သည်။ ဒီတော့ သူက . . . .

“ မိတ်ဆွေသစ်လေ။ အခုမှရော စပြီး ခင်တော့ရော မရဘူးလား။ ဒီလိုတွေ ဆိုရင် ရှင့်ကို ခင်တာတွေ အားလုံးကလည်း အပေါ်ယံတွေပဲ ဖြစ်လိမ့်မယ်။ ရှင့်မှာ မိတ်ဆွေစစ် ၊ မိတ်ဆွေမှန် ရှိလာမှာ မဟုတ်ဘူး။ ”

လို့ ဆိုပါတော့သည်။ သူနဲ့ပဲ မိတ်ဆွေစစ် ဖြစ်အောင် ကျွန်တော်ကို “ ကိုဇော် . . . မြတ်ပါ ၊ မှတ်မိလား ” ဆိုပြီး လာမေးရင် ကျွန်တော်က သိလည်း မသိဘဲနဲ့ မှတ်မိသလိုလို ဟန်ဆောင် လိုက်ပြီးတော့ “ ဟုတ်ကဲ့. . . မှတ်မိပါတယ်။ ဒါပေမဲ့ သိတော့ မသိဘူး။ ဘယ်သူ့ကိုမှတော့ ပြန်မပြောပါနဲ့နော် ” ဆိုပြီး လုပ်ရတော့ မလိုလို။ ဘယ်လိုကြီးမှန်းကို မသိပါဘူးဗျာ။

ဒါနဲ့ သူ ဘယ်သူလဲ ၊ ဘာလဲ ဆိုတာကို သေချာ သိချင်လို့ သူ့ရဲ့ မျက်နှာစာကနေပြီး သူသွားတဲ့ နေရာတွေကို လိုက်ကြည့်တော့ သူက တော်တော်များများမှာ ဒီလို လိုက်လုပ်နေတာကိုး။ တချို့ကတော့ သူ့ကို ပြန်ပြီးတော့ Gmail တောင်းပြီးတော့ “ Special Account ကနေ အက်လိုက်မယ်နော် ”  တို့ ဘာတို့ သူ့ကို ပြန်ပြောထားတာ တွေ့ရပါတော့သည်။ သူဟာနဲ့ သူတော့ အဆင်တွေကို ပြေလို့။

သူ့ကို ကျွန်တော် မသိပါ။ သို့သော် ကျွန်တော့် အထင်တော့ ယောကျာ်းကြီး တစ်ယောက်ယောက်ကပဲ မိန်းကလေး တစ်ယောက်ပုံစံနဲ့ အားအားယားယား လျှောက်နောက်နေတာလား မပြောတတ်ပါဘူး။ ကျွန်တော့်မှာတော့ ကျောင်းတုန်းက သူငယ်ချင်းများလား လို့ “ မြတ် ” နာမည်တွေ ပါတဲ့ သူငယ်ချင်းတွေကို စဉ်းစားလိုက်ရတာ ခေါင်းကို ပူရော။ ဟုတ်တယ်လေ . . .သူက “ မှတ်မိလား ” ဆိုတော့ သူငယ်ချင်းဟောင်းတွေ များလားပေါ့။ အခုတော့ သူက “ အခုမှ ခင်မဲ့ မိတ်ဆွေသစ် ” တဲ့ . . .ခွိးးးးးးးးးးး။

အဲဒီလိုပါပဲဗျာ။ အခုမှ ခင်မဲ့ဟာကို မှတ်မိလား ဆိုတော့ ဘယ်လောက်များ အူကြောင်ကြောင် နိုင်လိုက်သလဲ လို့လေ။ စိတ်တွေလည်း ပျက်လို့။ ဒီအချိန်မှာပဲ အဲဒီနေရာကို နောက်ထပ် Comment တစ်ခု ဝင်လာ၏။ သွားဖတ်ကြည့်တော့ . . . .

“ ကိုဇော် . . . . နန်းပါ။ မှတ်မိလား။ ”

ဆိုပြီး ဖတ်လိုက်ရတော့တာပါပဲ။ ဟိုက် ဘယ်သူလဲ ဆိုပြီး မျက်လုံးပြူးပြီးတော့ လာရေးသူ နာမည်ကို ကြည့်လိုက်တော့မှ လာနောက်သူက “ နန်းလေပြေနု  ” ဖြစ်နေ၏။ တော်တော်ကို လေတဲ့ နေ့ပါပဲ . . . စိတ်ပိန်လိုက်တာ ပြောမနေနဲ့တော့ . . .   ဟူး . . . . 

“ ဟလို  . . . စာဖတ်သူ . . . ကျွန်တော် ကိုဇော်ပါ။ မှတ်မိလား :P ”



( II )

ဟိုတလောက သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောဖြစ်တော့ အိုစမာဘင် လာဒင်ကို အသေ ပစ်ခတ်ပြီးတော့ အဖမ်း မခံရသေးပါဘူး။ အကြမ်းဖက်မှုတွေနဲ့ ပတ်သတ်ပြီးတော့ သူနဲ့ ပြောမိတော့ သူက အကြမ်းဖက်သမား နဲ့ လူဆိုး ဆိုသူတွေရဲ့ အပေါ်မှာ သူ့ရဲ့ အမြင်တွေကို ပြောပါသည်။ ဒီအထဲကမှ တချို့သော သူဆွေးနွေးတဲ့ အချက်တွေက အလွန်ကို ကောင်းပါ၏။

“ လူဆိုးတစ်ယောက် ၊ အကြမ်းဖက်သမား တစ်ယောက်ကို ထောင်ချတယ် ဆိုတာ ဘာလို့လို့ ထင်လဲ။ ”

ဟု သူက မေး၏။ ဒီတော့ ကျွန်တော်ကလည်း ကိုယ့်အထင်ကို ပြောချလိုက်ပါသည်။

“ အပြစ်ပေးတာလေ။ သူ့ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အတွက် ထောင်ကျ ခံခိုင်းပြီးတော့ အပြစ်ကို ခံယူခိုင်းတာ။ ”

“ ဒါပဲလား။ ”

ဟု ကျွန်တော့် အဖြေ စကားပြီးတော့ သူက မေး၏။ ကျွန်တော့် အထင်တော့ ဒါပဲ လို့ ထင်သည်။

“ ဒါပဲ မဟုတ်ဘူးလား။ သူ့ရဲ့ အပြစ်အတွက်နဲ့ သူ ထောင်ထဲမှာ အပြစ်ဒဏ်ကို ခံရတယ်လေ။ ဒါပဲပေါ့။ ဘာကျန်သေးလို့လဲ။ ”

“ မဟုတ်ဘူး။ ဒါပဲ မဟုတ်ဘူး။ ကျန်သေးတယ်။ ”

“ ဘာကျန်သေးလို့လဲ။ လုပ်စမ်းပါဦး။ ”

“ တကယ်တော့ အကြမ်းဖက်သမား တစ်ဦး ၊ လူဆိုး တစ်ဦးကို အပြစ်ပေးတဲ့ အနေနဲ့ ထောင်ချထားလိုက်တယ် ဆိုတာ သူ့ကို အပြစ်ပေးယုံတင် မဟုတ်သေးဘူး။ ပြင်ပမှာ ရှိနေတဲ့ အေးဆေးစွာ နေထိုင်ကြသော လူကောင်းတွေကို ကာကွယ် လိုက်တာလို့လည်း ဆိုနိုင်တယ်။ သူသာ အပြင်မှာ ရှိနေရင် သူ့ကြောင့် တခြားသော လူကောင်းတွေ အကြမ်းဖက် ခံရပြီးတော့ များစွာ သေကြေ ကြရဦးမယ်လေ။

သူ့ကို ထောင်ချုပြီးတော့ ထိန်းချုပ်ထားမှ ပြင်ပက လူတွေ အေးဆေးစွာနဲ့ နေထိုင်နိုင်ကြမယ် မဟုတ်လား။ ဒါကြောင့် လူဆိုး တစ်ဦးကို ထောင်ချလိုက်တယ် ဆိုတာ သူ့ကို အပြစ်ပေးတာ ၄၀ % ဆိုရင် လူကောင်းတွေကို ကယ်တင်လိုက်နိုင်တာ ၆၀ % လောက် ရှိတယ်။ ဒါကြောင့် လူဆိုးကို အပြစ်ပေးလိုက်တယ် ဆိုတာ လူကောင်းတွေကို ကယ်တင်လိုက်တာလို့လည်း ဆိုနိုင်တယ်။  ”

သူ့ရဲ့ စကားဆုံးတော့ ကာတွန်းကားတွေထဲကလို ပြောရရင် ကျွန်တော့်ရဲ့ ဦးနှောက်ထဲမှာ မီးလုံးလေး တစ်လုံး ဖျတ်ခနဲ လင်းသွားပါတော့သည်။ မှန်တယ်။ အပြစ်ရှိသူကို အပြစ်ပေးလိုက်တယ် ဆိုတာ အပြစ်မဲ့သူတွေကို ကာကွယ် လိုက်တာနဲ့လည်း တူညီသည်။



( I ) 

တကယ်တော့ သေချာ စဉ်းစားကြည့်စမ်းပါဗျာ။ မျဉ်းပြိုင်နှစ်ကြောင်းဟာ အင်ဖန်နတီ ( Infinity ) လို့ ခေါ်တဲ့ နေရာတစ်ခုမှာ ထိဆုံကြတယ် လို့ ယူဆကြသည်။ ထိဆုံကြသည် လို့ လုံးဝကို မမှတ်ယူပါနဲ့။ ထိဆုံကြသည် ဟု ယူဆယုံပဲ ယူဆပေးထားပါ။ 

ဒါဆို ပြောင်းပြန် ဆက်စပ်တွေးတောခြင်း အရ ဟိုးအဝေး အင်ဖန်နတီမှာ ထိဆုံနေတဲ့ မျဉ်းတစ်ကြောင်းရဲ့ ဆုံမှတ်တစ်ခုဟာ လက်ရှိဆိုသော နေရာတစ်ခုကို ရောက်လာတဲ့ အချိန်မှာ မျဉ်းပြိုင် ဖြစ်နေလိမ့်မယ် လို့ ယူဆလို့ ရတာပေါ့။ မျဉ်းပြိုင် ဖြစ်စေရမည်လို့ မဆိုပါနဲ့။ ယူဆယုံပဲ ယူဆလိုက်ရင်ပဲ ရပါပြီ။

ဒါဆို ခင်ဗျား နဲ့ ကျွန်တော်လည်း အယူအဆ တစ်ခု မျဉ်းပြိုင် ဖြစ်နေတယ် ဆိုပါစို့။ ဒါဟာ ဝမ်းနည်းစရာတော့ မဟုတ်ပါဘူး။ အခု လက်ရှိ မျဉ်းပြိုင် ဖြစ်နေတယ် ဆိုတာ နောင်တစ်ချိန်ကျရင် ဆုံမှတ် တစ်ခုမှာ ဆုံတွေ့ရနိုင်တယ် လို့ ယူဆလို့ ရနိုင်တာပဲ မဟုတ်လား။ 

ဒီလိုပဲ။ အခု ခင်ဗျား နဲ့ ကျွန်တော် အယူအဆ တစ်ခုမှာ ဆုံမှတ်ကျပြီးတော့ ထိစပ်နေတယ် ဆိုတာကလည်း နောင်တစ်ချိန်မှာ ဘယ်လိုမှ စေ့စပ်လို့ မရအောင် အတွေးအခေါ် ၊ အယူအဆက ဝေးကွာပြီး ယှဉ်ပြိုင်မှုတွေ ဖြစ်လာနိုင်တာပဲ လို့ ယူဆလို့ ရနိုင်တာပဲ မဟုတ်လား။

ဒါဆို သေချာတယ်ဗျာ။ ခင်ဗျား နဲ့ ကျွန်တော်က အခု လက်ရှိ အချိန်မှာလား ၊ အင်ဖန်နတီ အချိန်မှာလား ဘယ်လိုပဲ ဖြစ်ဖြစ် တစ်နေရာရာမှာ ထိဆုံရင်တော့ တစ်နေရာရာမှာ ယှဉ်ပြိုင်စွာနဲ့ ကွဲလွဲနေကြရမှာပါပဲ။ ဒါကိုက ပျော်စရာပါပဲလေ။

ဘဝ ဆိုတာလည်း ဒီလိုပါပဲ။ ဒါကိုပဲ ဘဝလို့ ပြောတာ ဖြစ်မယ် လို့ ယူဆလို့လည်း ရပါသည်။



( 0 )

သူ့ကို ကျွန်တော် အဆိုတော် တစ်ယောက် ဆိုတာထက် ပိုပြီးတော့ မသိပါ။ သိလည်း မသိချင်ပါ။ သိစရာလည်း မလိုပါ။ ဒါပေမဲ့ ကျွန်တော် သိနေတယ် ဆိုတဲ့ သူ့ရဲ့ အဆိုတော် အခြေအနေလေး တစ်ရပ်မှာတော့ သူဆိုတဲ့ သီချင်း တချို့တလေကို ကျွန်တော် နှစ်သက်မိခဲ့ဖူးပါသည်။ ဒီလောက်ပါပဲ။

ဟိုတစ်နေ့က အသိတစ်ယောက်က ပေးတဲ့ လင့်ကနေ တဆင့် ဗီဒီယိုလေး တစ်ခုကို ကြည့်လိုက်ရပါသည်။ ထိုဗီဒီယိုကတော့ နိုင်ငံတော် သမ္မတကြီး ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ထိန်းသိမ်းခြင်း ခံရရာမှ ပြန်လည် လွတ်မြောက်လာသော ဇေယျာသော်ရဲ့ အင်တာဗျူး ဗီဒီယိုလေးပါ။ အရင်တုန်းက သူစကားပြောတာ ဘယ်လိုနေလဲ ကျွန်တော် နားမထောင်ဖူး၍ မသိပါ။ အခုတော့ သူ့ရဲ့ စကားပြောသံတွေက အရမ်းကို တည်ငြိမ် အေးဆေးသွားတယ် လို့ ထင်မိပါသည်။

“ သုံးနှစ် . . . သုံးနှစ်ပေါ့။ ကျွန်တော့်ကို စဉ်းစားခိုင်းထားတယ်။ အခုလို စဉ်းစားပြီးတော့မှ ကျွန်တော် ပိုပြီးတော့ သိလာပါတယ်။ ဒါကြောင့် ဒါဟာ လုပ်သင့်ပါတယ် . . . . .  . . . ”

ဆိုကာ သူက ပြောပါသည်။ ဘယ်ဟာ လုပ်သင့်တာလဲ ၊ ဘာလဲ ၊ ညာလဲ ကျွန်တော် မသိပါဘူး။ ပြောလည်း မပြောချင်ပါဘူး။ ကိုယ်နဲ့လည်း ဥာဏ်မမှီစွာနဲ့ အလှမ်းဝေးတယ် လို့ ထင်မိပါသေးသည်။ ဒါပေမဲ့ အသိပေးလို့ သွားကြည့်မိတဲ့ နေရာကနေပြီးတော့ သူပြောတဲ့ စကားကို နားထောင်ကြည့်မိပြီးတော့ သူ့ရဲ့ ဟန်ပန် ၊ ပြောပုံ ဆိုပုံတွေကို လေ့လာ အကဲဖြတ်မိတာလေးပဲ ပြောချင်တာပါ။ တခြား ဘာဘာညာညာတွေ ကျွန်တော် မသိပါဘူး။ မပြောပါဘူး။

ကျွန်တော် ပြောချင်တာကတော့ သူက အရမ်းတည်ငြိမ် ရင့်ကျက်သွားသလို ဖြစ်သွားသည်။ ပြောတာ ဆိုတာ တည်ငြိမ်ပြီး ဣနြေ္ဒ ရလာသည်။ ပိုပြီးတော့ တည်ကြည်သွားသည် ဟု ကျွန်တော် အရင်က သူပြောတာ ဆိုတာတွေကို မကြည့်ဖူးဘဲနဲ့ ကောက်ချက်ချမိသည်။

ဒါဆို . . .

မိဘ ၊ ဆွေမျိုး အသိုင်းအဝိုင်းက အလိုလိုက်ပြီးတော့ လွှတ်ထားလို့ အပြင်မှာ လွတ်လွတ်လပ်လပ် ဆိုးသွမ်း သောင်းကျန်းနေသော လူ နဲ့ ဒီလို ထိန်းသိမ်းခံရပြီးတဲ့ လူကို ယှဉ်ကာ နှိုင်းယှဉ်မိတာလေးပါ။ တခြား ဘာဘာညာညာတွေ ကျွန်တော် မတွေးမိပါ။ တကယ်လည်း သိလည်း မသိပါ။

ဒီလိုသာ ဆိုရင် ပြင်ပမှာ လွတ်လပ်စွာ နဲ့ အထိန်းအကွပ်မဲ့စွာ ဆိုးသွမ်းနေသော လူနဲ့ ပြုပြင်ပြီးသော လူကို ကွဲပြားခြားနား စေလိုက်သလို ဖြစ်သွားစေပါတော့သည်။

ဒီလိုသာ ဆိုရင်တော့ အရာရာကို သေချာ ပြန်လည် စဉ်းစားဖို့ လိုနေပြီလို့ တွေးမိပါသည်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ပိုပြီးတော့ တည်ငြိမ်ကာ သတ္တိကောင်းလာပါသည်။ ပိုပြီးတော့ ရဲရင့်လာကြပါသည်။



နိဂုံး

ကုလားမစည်းရဲ့ နောက်ဆုံးဆိုသော
ထိပ်ဆုံးကွက်ကို ရောက်တဲ့ အခါမှာ
ကိုယ့်ရဲ့ ပစ်ဒိုးပြားကို နောက်ပြန်စမ်းပြီးတော့ ကောက်ရပါတော့သည်။
ဘေးက စည်းတွေကို မထိဘဲနဲ့
အေးဆေးစွာ ကောက်လို့ ရပြီးရင်တော့  . . .
ကိုယ် ခုန်လာသော အကွက်ပေါ်ကို နောက်ပြန် ပစ်လိုက်ရတော့သည်။
ကိုယ်ပစ်လိုက်တဲ့ ပစ်ဒိုးပြားလေးက နေရာလွတ်ပေါ်ကို ကျရင်
ကိုယ့်အတွက် နောက်ထပ် အိမ်တစ်လုံးရမည်။
ဒီအိမ်ပေါ်ကို ကိုယ်က ခြေစုံချခွင့် ရှိပြီးတော့
သူများကတော့ ခြေတစ်ဘက်တောင်မှ ခြေချခွင့် မရှိတော့ဘဲ ခုန်ကျော်ကြရမည်။
ဒါပေမဲ့ . . . အခု နောက်ပြန်ပစ်လိုက်သော ပစ်ဒိုးလေးက
ရှိပြီးသား ကိုယ့်အိမ်ပေါ်ကို ကျရင် မီးလောင်တယ် ဆိုပြီး
အရင်က ရှိနေတဲ့ အိမ်လေးကို ပယ်ဖျက်ပေးလိုက်ရ၏။
သူများအိမ်ပေါ် ကျတော့လည်း သူများအိမ် မီးလောင်သည် ဟု ဆိုကာ ပယ်ဖျက်ပြန်သည်။
ပစ်ဒိုးလေး စည်းပေါ်ကျတော့လည်း ဖောင်းတယ် ဆိုပြီး
နောက်တစ်ကြိမ် ထပ်စောင့်ကာ ပစ်ရပြန်သည်။
ဒါကိုက ကုလားမစည်း ကစားနည်း ဖြစ်သည်။
ဘယ်လိုပဲ ဖြစ်နေပါစေ. . . .
ကိုယ့်ရဲ့ နယ်မြေချဲ့ထွင်မှုက
တစ်ခါတလေ ကိုယ့်နေရာ မီးလောင်ခံရနိုင်သလို . . .
တစ်ခါတလေ သူများနေရာကိုလည်း မီးလောင်ခံရနိုင်တာပါပဲ။
ဒါပေမဲ့  . . .  .
မီးလောင်ခံရမှာ စိုးလို့ ဆိုပြီး မပစ်လို့လည်း မရပြန်ဘူး။
ဘဝရဲ့ ရပ်တည်မှုကလည်း ကုလားမစည်းနင်းသလိုပါပဲ။
ခုန်ရ ၊ ခြေစုံရပ်ရ ၊ မမြင်မကန်းနဲ့ စမ်းရ ၊
မကြည့်ဘဲနဲ့ ပစ်ရ ၊ အောင်မြင်မှုရ ၊ ဆုံးရှုံးမှု ကြုံရ
ဘယ်လိုပဲ ဖြစ်နေပါစေ . . .
ပွဲမပြီးမချင်း အလှည့်ရောက်လာရင်
နောက်တစ်ကြိမ် ဒိုးပြားလေးကို ပစ်ရဦးမှာပါပဲ။


လေးစားစွာဖြင့်
ကိုဇော်
24.5.2011

Share/Bookmark

22 May 2011

19 အပျိုကြီး တစ်ယောက်ရဲ့ “ လူ ” မှတ်စု



ကျွန်တော်တို့ အိမ်နားမှာ အပျိုကြီး တစ်ယောက်ရှိတယ်။ သူ့နာမည် ဒေါ်ကြိုင်လို့ ခေါ်တယ်။ အသက်ကတော့ အဲဒီအချိန်ကတည်းက မေမေတို့ထက် ကြီးတယ်။ ၅၀ ကျော်။ (ဘလော့ဂါ အပျိုကြီးတွေလည်း ထိုနည်း၎င်းဖြစ်မှာပါပဲ :P ) သူကတော့ “ ဖလော် ” နဲ့ ကျောင်းပြီးထားတော့ နည်းနည်းတော့ ဆန်းပြီး ၊ အတွေးတွေက များများတော့ လန်းတယ်။ ပြောလိုက်ရင်လည်း ပိဿလေးနဲ့ ဘေးပစ်။

ဒါပေမဲ့ သူက စာပေကတော့ ဝါသနာအိုး။ ဘာအိုးလည်းတော့ မသိပေမဲ့ တော်တော်တော့ ကြီးမယ် ထင်တယ်။ ဘာလို့လည်းဆို သူရေးထားတဲ့ စာတွေကလည်း အပြင်းစားတွေ ၊ ရေရော သောက်လို့ မရဘူး။ မီးတောက်။ ကျွန်တော့်ကိုတော့ တော်တော် ခင်ရှာတယ်။ တွေ့တာနဲ့ ဆံပင်ဖြူ နှုတ်ပေးဆိုတာချည်းပဲ။ အဲဒီတုန်းက ကျွန်တော်ကလည်း လူသာငယ်တာ ပိုးက မငယ်ဘူး။ စာဖတ်တဲ့ချင်တဲ့ ပိုး။

သူ့အိမ်မှာ ရေးထားတဲ့ မှတ်စုတွေ ၊ ကဗျာတွေ ၊ ဆောင်းပါးတွေ ၊ ဝတ္ထုတွေ ဆိုတာက ပွထနေတာပါပဲ။ ဒါတွေကို ကျွန်တော်က ဖတ်ခွင့်ရတယ်။ ရေးချက်ကလည်း အမြင်သစ် အတွေးသစ်တွေနဲ့။ လက်ဇောင်းကလည်း ထက်ပါ့။ တစ်ခုရှိတာက သူအရေးအသားတွေက ပြင်းတော့ အခု ကျွန်တော့်ဖာသာ ရေနည်းနည်း ရောထားတယ်ဗျာ။

အခု အောက်က စာလေးကတော့ သူရေးထားတဲ့ စာတွေထဲက တစ်ခုပါပဲ။ စာအုပ်အဟောင်းကြားထဲက ပြန်တွေ့လို့ တင်လိုက်တာပါ။ “ လူ ” ဆိုတာကို သူမြင်သလို သရုပ်ခွဲထားတယ်။ တစ်ခုခုတော့ ရလိမ့်မယ် ထင်ပါတယ်။

“ လူ ”

လောကမှာ လူအမျိုးမျိုး ၊ အထွေထွေ ရှိပါတယ်။

၁။ တချို့ ပုဂ္ဂိုလ်တွေကျတော့ မရှိသေးသော ၊ မသိသေးသော အရာများကို စိတ်ကူးဖြင့်ပင် စဉ်းစားပုံဖော် ၊ သိမြင်ခံစား ၊ သဘောပေါက်နိုင်ကြသည်။
ဥပမာ - နယူတန် ၊ အက်ဒီဆင် ၊ အိုင်းစတိုင်း။

၂။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေ ရေးထားတာတွေ ရေးရေးတွေ့ရှိ ထားသော စိတ်ကူးများ သဘောတရားများကို ကြီးကျယ်အောင် သိမြင်ခံစား ၊ သဘောပေါက်နိုင်ကြသည်။
ဥပမာ - ရိုက်ညီနောင်။

၃။ တချို့ပုဂ္ဂိုလ်တွေက တခြားပုဂ္ဂိုလ်တွေ တွေ့ရှိထားသော စိတ်ကူး သဘောတရားများကို သူတို့ကပါ ထပ်တူထပ်မျှ သိမြင်ခံစား ၊ သဘောပေါက် လွယ်ကြသည်။
ဥပမာ - သုတေသန လုပ်ငန်းများ။

၎။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူးသဘောတရားများကို ပြောပြရုံဖြင့် ကြားနာခံစား ၊ သဘောပေါက် လွယ်ကြသည်။
ဥပမာ - အောက်လက်ငယ်သားမှ ခေါင်းဆောင်သို့။

၅။ တချို့လူတွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူး သဘောတရားများကို စာအုပ်ဖတ်ရုံဖြင့် သိမြင်ခံစား ၊ သဘောပေါက်လွယ်ကြသည်။
ဥပမာ - လင်ကွန်း ၊ ဝါရှင်တန်။

၆။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူး သဘောတရားများကို စာအုပ်အဖြစ်ဖတ်ရုံ သဘောမပေါက် ၊ ဖွင့်ဆို ရှင်းပြသွန်သင်မှ သိမြင်ခံစား ၊ သဘောပေါက်နိုင်ကြသည်။
ဥပမာ - ကျောင်းဆရာမှ တပည့်သို့။

၇။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူးတွေကို စာအုပ်ဖတ်ခြင်း ၊ ဖွင့်ဆို ရှင်းပြသွန်သင်ခြင်း နှစ်မျိုးလုံးမှ ခပ်ရေးရေး သဘောပေါက်ကြသည်။
ဥပမာ - အသင်ရခက်သော တပည့်မျိုး။

၈။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူး သဘောတရားများကို ဘယ်လို သွန်သင်ရှင်းပြ ရှင်းပြ ထုံပေပေ နဲ့ သဘောမပေါက်ဘူး ဖြစ်ကြသည်။
ဥပမာ - မိမိသိထားသမျှကိုသာ မှန်တယ်လို့ ထင်နေသောသူ။

၉။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူး သဘောတရားများကို ဘယ်လို သွန်သင်ရှင်းပြပါစေ သဘောမပေါက်ရုံမက ဖြစ်နိုင်ပါမလားလို့ တွေးနေမိပြီး ကိုယ့်စိတ်ထဲက အတိုင်းသာ လက်ခံတတ်သူ။
ဥပမာ - ဆင်ကို စမ်းနေသော မျက်မမြင် ပုဏ္ဏားများ။

၁၀။ တချို့ပုဂ္ဂိုလ်တွေကျတော့ တခြားပုဂ္ဂိုလ်တွေရဲ့ စိတ်ကူးသဘောတရားများကို ဘယ်လိုမှ သဘောမပေါက်နိုင်ရုံမျှ မက “ မဖြစ်နိုင်ဘူး ” ၊ “ မဟုတ်နိုင်ဘူး ” လို့ “ ဘူး ” ခံငြင်းဆန်တတ်သောသူ။
ဥပမာ - မိမိသိသမျှကိုသာ အယူသီးထားတတ်သူများ။

ထိုကဲ့သို့သော နံပါတ် ( ၁၀ ) မှ လူတန်းစားမျိုးကို ထိုအပျိုကြီးက ဒီလို မှတ်ချက်ပြုပါတယ်။  

*** ဖင်လှန်ပြတောင်မှ ဖင်မှန်းမသိ ၊ ဖင်မှန်းသိတာတောင်မှ ဖင်နှုတ်ခမ်းမှာ ဘာရှိမှန်း မသိဘူး။ အိတ်ရှုံ့မှတ်လို့ ပိုက်ဆံ ထည့်နေတယ်။ ***


လေးစားစွာဖြင့်
ကိုဇော် တင်ပြသည်။
25.2.2010

Share/Bookmark

20 May 2011

20 အပြုံးများနှင့် လမ်းခွဲခြင်း



နိဒါန်း

ကျွန်တော် ငယ်ငယ်ကတည်းက ဖေဖေရဲ့ အလုပ်ထဲကို ကျောင်းပိတ်ရက် စနေ ၊ တနင်္ဂနွေနဲ့ တခြားသော ကျောင်းပိတ်ရက်တွေမှာ လိုက်သွားရလေ့ ရှိ၏။ ဘာမှ ထွေထွေထူးထူး လုပ်စရာ မလိုဘူး ဆိုပေမဲ့ ဖေဖေကတော့ အဲဒီတုန်းက ကျွန်တော့် အထင်အရ အသားကုန် မောင်းခဲ့တာပါ။ သူ့ရဲ့ အလုပ်ရုံ တစ်ခုလုံးကို တံမြက်စည်း လှည်းခိုင်းသည်။ တံမြက်စည်း လှည်းတယ် ဆိုတာများ ဆိုပြီး မထင်ပါနဲ့။ ဖေဖေ ကျွန်တော့်ကို တံမြက်စည်း လှည်းခိုင်းတာ ရိုးရိုး တံမြက်စည်းနဲ့ မဟုတ်ဘဲ ၄ လက်မလောက်သာ ရှိတဲ့ ဆေးသုတ်သော စုတ်တံတစ်ချောင်းဖြင့် လှည်းရခြင်း ဖြစ်၏။

အဲဒီတုန်းကတော့ ဖေဖေက ငါ့ကို မောင်းတယ် ၊ တမင် အနိုင်ကျင့် ခိုင်းတယ် ဆိုပြီး ဝမ်းနည်းစိတ် ဘာညာလည်း မဖြစ်မိပါဘူး။ ဘာပဲ လုပ်လုပ် စိတ်ဝင်တစား ကျွန်တော်က လုပ်တတ်တဲ့ အတွက် ပျော်နေတာပါပဲ။ နောက်ပြီးတော့ ကျွန်တော်တို့ စက်မှု လုပ်ငန်းဆိုတာ အသေးစိတ် လုပ်ငန်းတွေ အတွက် ပစ္စည်းတွေကိုလည်း အသေးစိတ်အတွက် သုံးရန် ပစ္စည်း တန်ဆာပလာ ဆိုပြီး ရှိနေတတ်ပါသည်။ ဒီပစ္စည်းတွေရဲ့ တန်ကြေးကလည်း ကြီးပါသည်။ ဒါကြောင့် တခြားသော ဖေဖေ့ရဲ့ အလုပ်သမားတွေကို မခိုင်းဘဲ ဖုန်သုတ် ၊ တံမြက်စည်းလှည်း ၊ သန့်ရှင်းရေး ကိစ္စတွေကို ကျွန်တော့်ကို ခိုင်းခြင်း ဖြစ်၏။ 

ဖေဖေ့ အလုပ်မှာ ကျွန်တော့်ကို ဒါပဲ ခိုင်းတယ် ဆိုပေမဲ့ တခြားသော တတ်သင့် တတ်ထိုက်တာများကို ပါးစပ်က ပြောဆို သွန်သင်ပါသည်။ တချို့သော အကြောင်းအချက်များကတော့ ဖေဖေ့ရဲ့ လုပ်ပုံ ကိုင်ပုံတွေကို မျက်စိဖြင့် မြင်ယုံဖြင့် လေ့လာခွင့် ရ၏။ အထူးသဖြင့် အလုပ်သမားတွေ အပေါ်မှာ ဖေဖေ ထားတဲ့ စိတ်ဓါတ် ၊ သဘောထား ၊ လုပ်ဆောင်မှု ၊ စီမံခန့်ခွဲမှု စတာတွေကို လေ့လာခွင့် ရသလို ၊ လိုရင်လည်း လိုသလို ဖေဖေက ပြောဆို သင်ပေးလေ့ ရှိ၏။ ဖေဖေ့ အပေါ်မှာ အလုပ်သမားတွေရဲ့ ထူးခြားချက်ကတော့ လက်ရှိ သူတို့ အလုပ်လုပ်နေတဲ့ အချိန်မှာလည်း အရမ်းကို လေးစား ချစ်ခင်သလို ၊ ဒီအလုပ်ကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားပြီးတဲ့ အလုပ်သမားကလည်း ဖေဖေ့အပေါ်မှာ အခင်မင် မပျက် ချစ်ခင်နေတာပါပဲ။

ဟိုတလောကလည်း ဖေဖေ့ရဲ့ အလုပ်သမားဟောင်း တစ်ယောက်နဲ့ လမ်းမှာ ဆုံမိတော့ သူက “ ဖေဖေ နေကောင်းလား ” လို့ သတိတရကို မေးရှာပါသေးသည်။ သူ အလုပ်ကနေ ထွက်သွားတာ ၁၀ နှစ်ကျော် ရှိခဲ့ပေမဲ့ ဖေဖေ့ကို သတိတရနဲ့ ချစ်ခင်နေဆဲပါပဲ။ ဒီလို တစ်ယောက်တည်းလား ဆိုတော့ မဟုတ်ပါဘူး။ အလုပ်မှာ အတူတူ လုပ်နေတဲ့ ဖေဖေ့ရဲ့ အစ်ကိုတွေ ရှိပေမဲ့ အလုပ်သမားတွေ အားလုံးက ဖေဖေ့ကိုပဲ သတိတရ နဲ့ ချစ်ခင်စွာ မေးမြန်းကြလေ့ ရှိ၏။ ထူးခြားချက် တစ်စုံ တစ်ရာ ရှိနေမယ် ဆိုတာ သိပေမဲ့ ကျွန်တော် မသိ ၊ မမြင်တတ်သေးပါ။

တစ်နေ့တော့ ဖေဖေ့ကို တိုက်ရိုက်မေးမိတော့ ဖေဖေက အလုပ်သမားတွေ အပေါ်မှာ ထားတဲ့ သူ့ရဲ့ သဘောထားနဲ့ စီမံခန့်ခွဲမှုကို ပြောပြပါ၏။

“  တချို့က အလုပ်သမားတွေကို ပိုက်ဆံ ပေးပြီး ခိုင်းနေတာပဲ ဘာဖြစ်လဲ လို့ ထင်တတ်တယ်။ ဒါပေမဲ့ တကယ်တော့ ဒီလို မဟုတ်ဘူး။ တကယ်တော့ အလုပ်သမား ဆိုပေမဲ့ ကိုယ့်အလုပ်ကို သူက ကူညီပြီး လည်ပတ်ပေးနေသူ တစ်ယောက်ပဲ မဟုတ်လား။ သူတို့ကို ပေးရတဲ့ လုပ်ခက ၁၀၀ ဆိုရင် အဲဒီ ၁၀၀ တန်တဲ့ လုပ်အားကနေ ကိုယ်ရလာမဲ့ တန်ကြေးက ၃၀၀ ဆိုလည်း ဟုတ်တယ်။ ၅၀၀ ဆိုလည်း ဟုတ်တယ်။ ဒါကြောင့် သူတို့ တစ်ယောက် အလုပ်လာမလုပ်လည်း ငါ ၁၀၀ ပဲ ထိခိုက်တယ် လို့ တွေးတာ အတော် မှားတယ်။ တကယ်ဆို ကိုယ့်မှာ လာထိခိုက်တာက သူ့ကို ပေးရတဲ့ လုပ်အားခ ၁၀၀ မဟုတ်ဘူး။ အဲဒီကနေ ဆင့်ပွားပြီးတော့ ထွက်လာမဲ့ တန်ဖိုးပဲ။ ”

“ - - - - - - - ”

“ ဒါပေမဲ့ တချို့သော အလုပ်သမားတွေမှာတော့ မကောင်းတဲ့ စိတ်ဓါတ်တွေ ရှိတတ်ပါတယ်။ ငါ ဘယ်လောက် အရာရောက်နေပြီ ၊ ငါ အခုနေ အလုပ်ထွက်မယ် ပြောရင် ငါ့ကို လက်လွှတ်လို့ မရတာနဲ့ ငါ့ကို ဖားနေရမယ် ၊ မ, နေရမယ် ၊ တောင်းပန်နေရမယ် လို့ ထင်တတ်တယ်။ ဒီတော့ အလုပ်များပါပြီ ဆိုရင် အလုပ် မဆင်းဘူး။ အလုပ်ရှုပ်နေပြီ ဆိုရင် အလုပ်ထွက်မယ် ဆိုပြီး ခြိမ်းခြောက် ပြောဆိုတတ်ကြတယ်။ ဒီလို လူတွေ အတွက် ကိုယ်က ကြိုတင်ပြီးတော့ ပြင်ဆင် ထားရမယ်။ တကယ်လို့ သူသာ အလုပ် ဗြုန်းစားကြီး ထွက်သွားရင် ဟန်မပျက် လည်ပတ်နေနိုင်အောင် သူ့နေရာမှာ တစ်ယောက် အမြဲတမ်း အဆင်သင့် ဆိုပြီး ရှိနေအောင် ပြင်ဆင်ထားရမယ်။ ”

အစရှိသဖြင့် ပြောပြပြီး လက်တွေ့ ဖြစ်လာတာတွေနဲ့ သင်ပေးခဲ့ဖူး၏။ ဖေဖေ သင်ပေးတာတွေက များလှပြီး လက်တွေ့တွေ ဖြစ်သောကြောင့် အားလုံးကို စာဖြင့် ပုံဖော် ချပြဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီလို ဖေဖေ့ရဲ့ ပြောဆို သွန်သင်မှုတွေထဲကမှ အခု ကျွန်တော်နဲ့ တိုက်ဆိုင်စွာ ထိတွေ့မိနေသော ဖြစ်ရပ် တချို့ကို ပြောပြချင်ပါသည်။



ဖြစ်ရပ် ( ၁ )

အခု တလော အလုပ်မှ လူ တချို့ ပြန်ဖို့ စီစဉ်နေကြပါ၏။ ဒီလကုန်မှာ နှစ်ယောက် ပြန်ပြီး ရှေ့လကုန်မှာ နောက်ထပ် သုံးယောက် ပြန်ကြပါလိမ့်မည်။ ဘယ်သူ မဆိုတော့ အချိန်တန် အိမ်ပြန်ကြရမှာပါပဲ။ ဒါပေမဲ့ အိမ်ပြန်ချိန်မှာ နှုတ်ဆက် ကြတဲ့အခါမှာ ဘယ်လိုများ လုပ်ဆောင်မိတတ်ကြမလဲ ဆိုပြီး ကျွန်တော် သတိထား ကြည့်မိပါ၏။

လူတိုင်း လူတိုင်းမှာ ဒီလို အကျင့်တွေ ရှိနေတယ် လို့ ပြောခြင်း မဟုတ်ပါ။ အခု ပြန်မဲ့ လူနှစ်ယောက်ကတော့ သူတို့ အလုပ်လုပ်ခဲ့သမျှ စိတ်ကျေနပ်မှုကိုများ မေ့ထားပြီး သူတို့ကို လိုဘ မပြည့်စေတဲ့ သူဌေးကို သင်ခန်းစာ ပေးမယ် ဆိုပြီး ပစ္စည်းရဲ့ ထိပ်ဖျားလေးတွေ ကျိုးသွားရင်တောင်မှ ရောင်းလို့ မရတော့တဲ့ ပစ္စည်းဆိုရင် ဒါလေးတွေကို ဘယ်သူမှ မသိအောင် ချိုးပစ်၏။ လက်ခံစာရင်းဟောင်းများ သိမ်းထားတာ စတိုခန်း အဟောင်းထဲမှ စာရင်းများကို ရေဘူးထဲမှ ရေတွေပဲ တစ်ယောက်ယောက်က မတော်တဆ ဖိတ်သလိုလိုနဲ့ ရေတွေ လောင်းချထား၏။

သူတို့ရဲ့ လုပ်ရပ်တွေက ချက်ချင်းတော့ ဘယ်သူမှ မရိပ်မိနိုင်ပါဘူး။ ပြီးတော့ စတိုဟောင်းထဲမှာ သိမ်းထားတဲ့ စာရင်းတွေ ဆိုတော့လည်း အရေးတကြီး အထူးတလည် အနေနဲ့လည်း CCTV ကင်မရာတွေ ဘာတွေလည်း မတပ်ထားဘူးပေါ့။ ဒါကြောင့် တစ်ခုခု ဖြစ်ရင် ချက်ချင်း မသိနိုင်သော နေရာ ဆိုပါတော့။ ကိုယ်က အနည်းငယ်လေး လုပ်လိုက်ယုံနဲ့ ပျက်ဆီးမှုတွေ ဖြစ်သွားနိုင်ပေမဲ့ သူတို့ ဆင်ခြင် သတိထားမိပုံ မပေါ်ပါဘူး။

ဒီထက် သတိမထားမိတာကတော့ ငါကတော့ ပြန်တော့မှာ ဒီလိုလုပ်သွားလို့ နောက်မှ သိပြီး နောက်မှာ ကျန်နေတဲ့ လူတွေ ဘယ်လို အခက်အခဲနဲ့ ကြုံပြီး ကျန်နေခဲ့မလဲ ၊ နောက်ထပ် ဘယ်လို ထိန်းချုပ်မှုတွေ စည်းကမ်းတွေနဲ့ ကြုံနေရမလဲ ဆိုတာတွေကို သူတို့ စဉ်းစားမိပုံ မရပါဘူး။ ငါ့လက်က လွတ်ရင်ပြီးရော ဆိုပြီး လုပ်ချင်ကြပုံရပြီး ကျန်နေခဲ့တဲ့ လူတွေ အမုန်းတွေ ပွားပြီး ကျန်နေခဲ့မယ် ဆိုတာ သတိမရကြပါဘူး။

ဒီလို အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး မြန်မာ စကားလေး တစ်ခွန်းက ယဉ်ယဉ်ကျေးကျေး ရှိခဲ့ပါသည်။ ဒီစကားလေးကတော့ “ ထွက်ခတ် ခတ်တယ်။ ” လို့ ဆို၏။



ဖြစ်ရပ် ( ၂ )

သူငယ်ချင်း တစ်ယောက်ရဲ့ သူငယ်ချင်း ဆိုတော့ ကျွန်တော့်နဲ့ သူက တဆင့်ခံ သူငယ်ချင်းလို့ ဆိုရမယ် ထင်ပါသည်။ ထိုသူငယ်ချင်းဆီကို ဟိုတစ်နေ့က ရောက်သွားတော့ သူက ၁၁ လပိုင်းကျရင် အပြီးပြန်တော့မယ် လို့ ဆိုပါ၏။ သူက ဒီအလုပ်မှာ သက်တမ်း အရှည်ကြာဆုံး ၊ လုပ်သက် အရင့်ဆုံး ၊ အကျွမ်းကျင်ဆုံး ဆိုတော့ သူ့ကို သူဌေးက အတော်ကို အားကိုးပါသည်။ အားကိုးသည့် နည်းတူ သူ့ကို ပေးထားသော လုပ်ခ လစကလည်း အတော်ကို ကောင်းပါ၏။

ဒါပေမဲ့ သူနဲ့ တွေ့တိုင်း သူက နိုင်ငံသား တရုတ်တွေ ရသော လခကို လက်ညှိုးထိုးပြကာ နှိုင်းယှဉ်ပြတတ်၏။ ဒါကြောင့် သူ ဘယ်တော့မှ မငြိမ်းချမ်း။ ကျွန်တော် သတိထားမိသလောက် ၃ လ တစ်ခါ ၊ ၄ လ တစ်ခါလောက် လခ တိုးတိုးတောင်းနေတတ်၏။ ကျွန်တော့် အမြင်အရတော့ အလွန်ကို ဆိုးနေပြီ ဟု ကောက်ချက်ချမိသည်။ သူ့ကို အားကိုးရတယ် ၊ လုပ်ငန်းကျွမ်းကျင်တယ် ဆိုတဲ့ အားသာချက်နဲ့ သူဌေးကလည်း သူ့ကို အစစ ပြောစရာ မရှိအောင် ပေးပါသည်။ ဒါပေမဲ့ သူ့ရဲ့ လိုဘကိုတော့ မပြည့်ခဲ့ချေ။

ပြီးခဲ့တဲ့ လကုန်က ကျွန်တော် သူ့ဆီကို သူငယ်ချင်း ခေါ်လို့ ရောက်သွားပြန်ပါသေး၏။ သူ့ဆီက စကားကြားရ၏။ သူ ပြန်တော့မယ် ဟု ဆိုသည်။ ဘာလို့လဲ ဆိုသော ကျွန်တော့် သူငယ်ချင်းရဲ့ အမေးကို သူက ဖြေသည်။ သူဌေးက ကပ်စေးနည်းလွန်းသည် ဟု သူက ဆိုသည်။ ပြီးတော့ သူက ဆက်ပြောပါ၏။ “ ငါ ရှိနေတာကို တန်ဖိုး မထားတတ်ဘူး။ ငါ့တန်ဖိုးကို သိအောင်လို့ ပညာတော့ ပြရမယ်။ ဒါကြောင့် အခု အလုပ်သမား လိုနေတာတောင်မှ ဘာမှမပြောဘဲ နှစ်ယောက်စာ လုပ်နေတယ်။ ငါပြန်ခါနီးရင် အလုပ်က အရမ်းကျတဲ့ အချိန်ဖြစ်အောင် တမင် ချိန်ပြန်တာ။ ဒီအချိန်ဆိုရင် ငါ ပြန်တာနဲ့ အလုပ်သမားက နှစ်ယောက်စာ သူ တစ်ခါတည်း လိုသွားမှာ ဒီတော့မှ အလုပ်ကများ ၊ လူက လူသစ်တွေ ဆိုတော့ သူတို့ ဒါမှ ဒေါင်ချာစိုင်းနေမှာ မြင်ယောင်သေးတယ်။ ဒါမှ င့ါတန်ဖိုးကို သိမှာ. . .”

ဟု စိတ်အား ထက်သန်စွာ ပြောပြပါသည်။ ကြားရတာ မယုံနိုင်စရာနဲ့ မနှစ်မြို့စရာပါပဲ။ ဒါပေမဲ့ ကျွန်တော့်မှာ ပြောပိုင်ခွင့်က မရှိပါ၊ သူ့ရဲ့ စိတ်ဓါတ်နဲ့ သဘောထားကိုလည်း အတော်ကို အံ့သြသွားမိပါသည်။ နောက်ထပ် ထပ်မတွေ့ရတော့ဘူး ဆိုရင်တောင်မှ ကိုယ့်အပေါ်မှာ တသသ ဖြစ်ပြီး အောက်မေ့ လွမ်းဆွတ်ကာ ကျန်နေအောင် အပြုံးနဲ့ လမ်းမခွဲဘဲ ၊ ဘာလို့များ အမုန်းနဲ့ လမ်းခွဲရတာပါလိမ့် လို့ တွေးမိပါ၏။

ဒီလို အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး မြန်မာ စကားလေး တစ်ခွန်းက ယဉ်ယဉ်ကျေးကျေး ရှိခဲ့ပါသည်။ ဒီစကားလေးကတော့ “ ထွက်ခတ် ခတ်တယ်။ ” လို့ ဆို၏။



ဖြစ်ရပ် ( ၃ )

သူငယ်ချင်း မကျတကျဖြင့် သိကျွမ်းကာ ခင်မင်ရသော သူငယ်ချင်း တစ်ယောက် ရှိပါသည်။ သူ့ဆီက မြန်မာနိုင်ငံကို အပြီး ပြန်တော့မယ် ကြားတော့ အတော်ကို စကားပြောဖြစ်လိုက်ပါ၏။ အဆင်မပြေလို့ ပြန်တာ မဟုတ်ဘဲ။ အိမ်က ပြန်ခေါ်လို့ ပြန်မှာ ဖြစ်တဲ့ အတွက် သူ့ရဲ့ အလုပ်က အတော်ကို အထိုင်ကျနေသော အလုပ် ဖြစ်ပါသည်။ ဒါပေမဲ့လည်း မိသားစုက ပြန်စေချင်တဲ့ အတွက် သူပြန်ရတော့မှာပါ။ သူနဲ့ စကားစပ်မိပြီး ပြောဖြစ်တော့ သူက ရင်ဖွင့်၏။

“ အလုပ်ကလူတွေကို ပညာပေးတဲ့ အနေနဲ့ အခုထိ ထွက်စာ မတင်သေးဘူး။ ထုံးစံကတော့ သုံးလကြိုပြီးတော့ ထွက်စာ တင်ရမှာ ဆိုပေမဲ့ အခုတော့ လတ်တလော အရေးတကြီး ပြန်ရသလိုလိုနဲ့ တစ်လလောက်မှာ ကပ်ပြီး ထွက်စာတင်မယ်။ ဒါမှ သူတို့ နောက်ထပ် အသစ်ခေါ်ရင်လည်း ငါ့နေရာကို ရောက်လာတဲ့ အသစ်ကို သင်ဖို့ အချိန် သိပ်မရမှာ။ ငါ ဒီမှာ ဘယ်လောက် ကြိုးစား လုပ်ခဲ့ရတယ် ဆိုတာ ဒါမှ သူတို့ သိမယ်။ ”

သူ့ဆီက ပြောတဲ့ စကားကို နားထောင်နေရင်း ကျွန်တော် အိပ်မက် မက်နေသလို ဖြစ်နေမိ၏။

“ သုံးလ ဆိုရင် လူသစ်ကို သင်ဖို့ အချိန် ကောင်းကောင်းရတယ်လေ။ အခုလို အနီးနားကပ်မှ တစ်လတည်းနဲ့ ဆိုရင် ဘယ်လိုမှ အကုန်သူ့ကို သင်ဖို့ မလွယ်ဘူး။ ဒါမှ ငါကည်း သင်သလိုလိုနဲ့ ဒီအတိုင်း ဟိုဟာ ဒီဟာ ပြောရင်း ထားလိုက်ယုံပဲ။ ပြီးရင် ကိုယ့်ဖာသာ ပြန်သွားမယ်။ သူတို့ဖာသာ လုံးလည်လိုက်ပြီး ကျန်ခဲ့လိမ့်မယ်။ ဒီတော့မှ ငါရှိတုန်းက ဘယ်လောက် တန်ဖိုး ရှိတယ် ဆိုတာကို သူတို့ သိလာလိမ့်မယ်။ ”

နောက်ထပ်လည်း သူက ဆက်ပြီး ပြောနေပေမဲ့ ကျွန်တော့် နားထဲ သူ ပြောနေတဲ့ အကြောင်းအရာတွေ မဝင်တော့ပါဘူး။ နှုတ်ဆက်ခါနီးကျရင် ဘာလို့များ အပြုံးနဲ့ လမ်းမခွဲနိုင်ကြတာလဲ လို့ ကျွန်တော် ထပ်ပြီး စဉ်းစားမိနေလို့ပါပဲ။ ကိုယ့်နေရာမှာ အစားထိုး လုပ်နေသူနဲ့ လုပ်ခဲ့သော လုပ်ဖော်ကိုင်ဖက်များက “ သူပေါ့ အရင်က ဒီနေရာမှာ လုပ်သွားတာ အရမ်းတော်တယ်။ သူမရှိတော့တာ အရမ်းဆုံးရှုံးရတယ်။ သူ့နေရာမှာ အသစ်ရောက်လာတဲ့ သူကို သူ့ရဲ့ လုပ်ပုံလုပ်နည်းတွေ အကုန်သင်ပေးသွားပေမဲ့ သူ့လောက် မလုပ်နိုင်ဘူး။ ” ဆိုပြီး တသသ ဖြစ်နေကာ ကျန်နေခဲ့ရမယ့် အစား အခုတော့ ကြားလိုက်ရရင်ဖြင့် အသံတွေက မချိုမြိန်လှပါဘူး။

“ အဲဒီ တစ်ယောက်ပေါ့။ အလုပ်က ထွက်သွားခါနီးမှာ နောက်ထပ် သူ့နေရာကို ရောက်လာတဲ့ သူကို ဘာမှ မသင်ပေးသွားဘူးလေ။ ဒီတော့ နောက်ထပ် ရောက်လာသူကလည်း အိုးနင်းခွက်နင်း ဖြစ်တာပေါ့။ သူကတော့ ဖုတ်ဖတ်ခါပြီး ထွက်သွားပေမဲ့ ကျန်နေခဲ့သူ အားလုံး အဆင်မပြေဖြစ်အောင် သေချာ မသင်သွားဘူး။ ” ဆိုတဲ့ အသံတွေသာ ပတ်ဝန်းကျင်မှာ ပို၍ ပို၍ ကျယ်လောင်စွာ ကြားလာခဲ့ကြရပါသည်။ လမ်းခွဲရမှာခြင်း အတူတူ ဘာလို့များ “ အပြုံး ” နဲ့ လမ်းမခွဲဘဲ ၊ “ အမုန်း ”  နဲ့ လမ်းခွဲချင်ကြရတာလည်း လို့ ကျွန်တော် အခုထိ စဉ်းစားလို့ မရနိုင်ပါ။

ဒီလို အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး မြန်မာ စကားလေး တစ်ခွန်းက ယဉ်ယဉ်ကျေးကျေး ရှိခဲ့ပါသည်။ ဒီစကားလေးကတော့ “ ထွက်ခတ် ခတ်တယ်။ ” လို့ ဆို၏။



ဖြစ်ရပ် ( ၄ )

ကျွန်တော့်ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်လေး တစ်ခု ရှိပါသေးသည်။ ဟိုးအရင် ကုန်ခဲ့သော နှစ်နှစ်လောက်က အဖွဲ့လေး တစ်ခုကို ဖိတ်ခေါ်မှု တစ်ခုကြောင့် ကျွန်တော် ရောက်သွားပါ၏။ ရောက်ရောက်ချင်း နေ့မှာတင် မျက်လုံးပြူးရသည်။ ထိုအဖွဲ့မှာ ခုတ်ကြ ၊ ထစ်ကြ ဖြစ်နေ၍ ဖြစ်၏။ ဘာရယ် ညာရယ် ကျွန်တော် မသိပါ။ ဖြစ်စေချင်သော စိတ်ကြီးသူတွေရဲ့ စိတ်အလောလို့ ဆိုရမည် ထင်ပါသည်။ ငြင်းခုန်ကာ ပွက်လောရိုက်နေကြ၏။ ဘာတွေ ဘာဖြစ်နေမှန်း မသိတဲ့ လူသစ် ကျွန်တော်ကတော့ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ကြည့်နေရတာပါပဲ။

နောက်တော့ အဖွဲ့တွေကွဲကာ အစုတွေ ဖွာထွက်ကုန်၏။ သူ့လူ ငါ့လူနဲ့ အဖွဲ့တွေ ပွားကုန်လေတော့သည်။ မြန်မာတို့ရဲ့ ထုံးစံကိုက ဒီလိုလား လို့ အဲဒီအချိန်ကတည်းက ကျွန်တော် စဉ်းစားမိပါသည်။ ဟိုးအရင် ဖဆပလ ခေတ်ကတည်းက မြန်မာမှန်ရင် ကွဲလာလိုက်တာ အပိုင်းပိုင်း အစိတ်စိတ်ပါပဲ။ ဟိုတလောကတောင်မှ ကြားလိုက်ရပါသေး၏။ စင်္ကာပူမှာ လုပ်တဲ့ စာပေဟောပြောပွဲမှာ နှစ်ပိုင်းကွဲပြီးတော့ ၂၄.၄.၂၀၁၁ နဲ့ ၃၀.၄.၂၀၁၁ ဆိုကာ တစ်ပတ်ပဲ ခြားပြီး ကျင်းပတာ တွေ့ရပါ၏။ ( Source; Here

လူငယ်အကြိုက် ၊ လူကြီး အကြိုက် ကွဲသွားလို့ ဆိုပြီးတော့ သတင်းကြားရပေမဲ့ အခုလို တစ်ပတ်နီးပါးပဲ ခြားပြီး ကျင်းပတော့ လူတိုင်းက နှစ်ပွဲလုံး တတ်ဖြစ်ဖို့ မလွယ်တော့ပါဘူး။ ကိုယ်နဲ့ အနေဝေးပေမဲ့ ဒီလိုမျိုး မဖြစ်စေချင်တာတော့ အမှန်ပါပဲ။ အခုတော့ ဟိုးအရင် လက်ထက်ကတည်းက မြန်မာရဲ့ အသင်းအဖွဲ့တွေ ဆိုရင် အပိုင်းပိုင်း ကွဲလာလိုက်တာ အခု ဒီအဖွဲ့လေးက အစ အကွဲကွဲ အပြားပြား ဖြစ်နေခဲ့ပြီ။ အုတ်အော် သောင်းနင်းနဲ့ နောက်ဆုံး ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့ အဆုံးမှာ ထွက်သူတွေက ထွက်ကုန်ကြ၏။

ထိုသို့ ထွက်သူထဲမှ တစ်ယောက် သူ အရင်က ထိုအဖွဲ့လေးမှာ သူ ရှိစဉ်က အဖွဲ့၏ လိုဂို ၊ နဖူးစည်း များကို ရေးဆွဲပေးထားသူ တစ်ယောက် ဖြစ်၏။ အခုလို သူလည်း ထွက်သွားရော သူရေးဆွဲပေးထားသော လိုဂို နဲ့ နဖူးစည်းကို အသုံးပြုခွင့် မပေးတော့ဘူး ဟု ဆိုလေတော့သည်။ ဒီအကြောင်းကြားစာ မေးလ်ကို ဖတ်လိုက်ရတော့ ကျွန်တော် တကယ်ကို အံ့အားသင့်သွားခဲ့ပါ၏။ ငယ်ငယ်က ကြည့်ခဲ့ရသော ဗီဒီယို ဇာတ်လမ်းထဲမှ ဗေလုဝရဲ့ “ ငါ မပါရရင် ငါ့ရဲ့ ဘောလုံး ပြန်သိမ်းမယ် ” ဆိုတဲ့ ဟာသ သရုပ်ဆောင်ကွက်ကလေး အတိုင်း ခံစားရမိပါတော့သည်။

ဘယ်လိုပဲ ဖြစ်နေပါစေ။ ပိုင်ရှင်က သဘောမတူတဲ့ အတွက် ထိုအဖွဲ့မှာ လက်ရှိသုံးနေသော လိုဂို နဲ့ နဖူးစည်းကို ဖြုတ်ပေးလိုက်ရပါတော့သည်။ ရုတ်တရက် ဆိုတော့ ထိုအဖွဲ့ဆိုက်လေးမှာ လိုဂို မရှိ ၊ နဖူးစည်း မရှိနဲ့ ရက်အတော်ကြာ မြင်မကောင်း ဖြစ်နေခဲ့ရသည်။ နောက်တော့မှ တခြားသော ဒီဇိုင်းနာ တစ်ယောက်က ဆွဲပေးသော လိုဂို နဲ့ နဖူးစည်း ရတော့မှ အဆင်ပြေသွားပါတော့သည်။ တကယ်ဆို ထိုသူ စဉ်းစားမိမယ် ဆိုရင် သူ့ကို ကျွန်တော် ပြောပြချင်ပါသေးသည်။ ဆိုက်တစ်ခု ၊ အဖွဲ့လေး တစ်ခု အောင်မြင်နေတယ် ဆိုတဲ့ ကာလပတ်လုံး ကိုယ်ရေးဆွဲပေးထားတဲ့ လိုဂို ၊ နဖူးစည်းက တစ်ချိန်လုံး အသက်ဝင်နေမှာပါ။ ဒီဆိုက်လေး အောင်မြင်နေသမျှ ကာလပတ်လုံး ကိုယ့်ရဲ့ လိုဂို ၊ နဖူးစည်းလေးကို ကြည့်ပြီး ပီတိ ဖြစ်နေနိုင်တယ် ဆိုတာ ထိုသူကို သိစေချင်ပါသည်။

အခုတော့ အဆင်ပြေနေတဲ့ အချိန်မှာ အပြုံးတွေ တဝေဝေ နဲ့ ဟီးဟီးဟားဟား ဖြစ်နေကြပြီးတော့ အဆင်မပြေလို့ လမ်းခွဲ ၊ နှုတ်ဆက်ကြတော့မယ် ဆိုတဲ့ အချိန်ကျတော့မှ မပြုံးနိုင်ဘဲ အမုန်း အစိုင်အခဲ တွေနဲ့ ဖြစ်နေကြတာ တကယ်ကို အံ့သြစရာပါပဲ။

ဒီလို အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး မြန်မာ စကားလေး တစ်ခွန်းက ယဉ်ယဉ်ကျေးကျေး ရှိခဲ့ပါသည်။ ဒီစကားလေးကတော့ “ ထွက်ခတ် ခတ်တယ်။ ” လို့ ဆို၏။



နိဂုံး

များသောအားဖြင့် လူတွေမှာ ရှိနေတတ်တဲ့ စိတ်လေးတစ်ခုက လောကမှာ ငါ မရှိရင် မဖြစ်ဘူး ဆိုတဲ့ စိတ်က အတော် အံ့သြဖို့ ကောင်းပါ၏။ တကယ်တော့ လောကမှာ ဘယ်သူ မရှိရင် မဖြစ်ဘူး ဆိုတာ မရှိပါဘူး။ လောကရဲ့ နိယာမ အရ သူ့ဖာသာ အဆင်ပြေစွာ ဆက်လက် လည်ပတ်သွားမှာပါပဲ။ ဒီအဖြစ်အပျက်လေးတွေကို ကျွန်တော် အခု တလော ပြန်လည်ခံစားမိရင်း ဟိုနေ့က Facebook မှာ စာလေး တစ်ကြောင်းရေးလိုက်မိပါတယ်။ အဲဒီစာလေးကတော့ အောက်ပါ အတိုင်းပါပဲ။

လူတွေရဲ့ စိတ်ဓါတ်ကို ရေရှည်ပေါင်းကြည့်မှ သိနိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ခြေထိုးခံ ၊ အပုပ်ချ ၊ အတင်းအဖျင်းပြော ၊ နောက်ကျောက ထိုးတဲ့ ဓါးတွေ ဆိုတာ ရေရှည်မှ မြင်နိုင်တယ်။ တကယ်တော့ ခင်မင်တုန်းက အပြုံးနဲ့ ဆက်ဆံခဲ့ရင် နှုတ်ဆက်ရမဲ့ အချိန်မှာလည်း အပြုံးနဲ့ လမ်းခွဲသင့်တယ်။ အခုတော့ မြန်မာတွေပြောနေကျ စကားလိုပေါ့။ နှုတ်ဆက်ခါနီး ဆိုရင် “ ထွက်ခတ် ခတ်သွားတတ်ကြတယ်။ “ အံ့သြစရာပါပဲ။



ဒီစာလေး ရေးမိတာကလည်း တခြား ရည်ရွယ်ချက် မရှိပါဘူး။ အလိုတူလို့ပဲ ဖြစ်ဖြစ် ၊ အလိုမတူဘဲနဲ့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ အားလုံးဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ခွဲခွာကြရမှာ မဟုတ်လား။ ဒီလို အချိန်မှာ အမုန်းများနဲ့ မနှုတ်ဆက်မိဘဲ ၊ အပြုံးများနဲ့ နှုတ်ဆက်စေချင်တာလေးပါပဲ။ 




လေးစားစွာဖြင့်
ကိုဇော်
20.5.2011

Share/Bookmark

15 May 2011

15 တစ်စက်လောက်ပဲ ဖြစ်ဖြစ် ချန်ထားပါ



အမှန်တရား ဆိုတာကို
ပုံပေါ်ဖို့ ဆိုတာ အခြေအနေ တစ်ရပ်လိုတယ်။
အမှားတစ်ခု ဆိုတာကို
ထင်ပေါ်ဖို့ ဆိုတာလည်း အခြေအနေ တစ်ရပ်လိုတယ်။
အဲဒီ အခြေအနေကို “ နှိုင်းယှဉ်မှု ” လို့
ဘယ်သူတွေ သဘောတူတူ မတူတူ 
ကိုယ့်ဖာသာ အသာတကြည် ယေဘုယျ သတ်မှတ်လိုက်တယ်။

ဘင်လာဒင်ရဲ့ ခေါင်းကို သေနတ်နဲ့ နှစ်ချက် ပစ်သတ်ခံလိုက်ရတယ် လို့ လက်ဆုပ်လက်ကိုင် မရှိတဲ့ သတင်းတစ်ရပ်ကို လေလှိုင်းကနေပြီးတော့ ယုံကြည့်နိုင်လောက်သော လူပုဂ္ဂိုလ်တစ်ယောက်က တည်တည်တံ့တံ့ ပြောတယ်။ အကြမ်းဖက်မှုတွေ ပြီးဆုံးသွားဖို့ အစပြုနေပါပြီ လို့ ဆိုနေတုန်း ပါကစ္စတန် စစ်သင်တန်းကျောင်းကို အကြမ်းဖက်သူတွေက အသေခံ ဗုံးခွဲတယ်။ လူ ၈၀ လောက် သေပြီး ၁၂၀ လောက် ဒဏ်ရာ ရတယ်။ ဘင်လာဒင် သေတာကို ဘာနဲ့ ဘယ်လို နှိုင်းယှဉ် ပြရမလဲ မသိတတ်သေးဘူး။ ပါကစ္စတန် နဲ့ အာဖဂ္ဂန်ကတော့ ဘယ်လို နှိုင်းယှဉ်မလဲ မသိနိုင်ဘူး။ သေသူတွေက သေပြီး ဒဏ်ရာတွေ ဗလပွနဲ့ လူတွေကို ဆေးရုံက နှိုင်းယှဉ်ကြရတယ်။

ဆက်ဒမ် ဟူစိန်ကို ဖမ်းမိတော့ သူ့ရဲ့ မုတ်ဆိတ်တွေက အတော်ကို ရှည်နေလေပြီ။ မပြုပြင် မသုတ်သင်ရတာ ကြာခဲ့ပြီ မဟုတ်လား။ သူ့ကို ဖမ်းမိတဲ့ အချိန်မှာ သူ့လက်ထဲမှာ မုတ်ဆိတ်ရိတ်ဖို့ ကျူတ်ရှိမနေဘူး ၊ တိပ ညှိနေဖို့ ကက်ကြေး ကိုင်မထားဘူး။ သူ့လက်ထဲမှာ ပစ္စတိုလို့ အများက ခေါ်ကြတဲ့ သေနတ်တစ်လက် ရှိနေတယ်။ သူနဲ့ အနီးဆုံးကို ပစ်လို့ ရတာကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ။ ဒါပေမဲ့ သူ့ကိုယ် သူ မပစ်ဘဲ အမိသာ ခံခဲ့တယ်။ သူ့ကို မိရင် ဘာလုပ်ခံရမယ် ဆိုတာ သိပေမဲ့ သူကတော့ အမိပဲ ခံခဲ့တယ်။ ငါ လုပ်ချင်တာ လုပ်ခဲ့ပြီးပြီ ဆိုပြီး ကြိုးတစ်ချောင်းကို လည်ပင်းမှာ ခပ်တင်းတင်း အဆွဲခံပြီး သမိုင်းတွင်စေအောင် သူ့ကိုသူ နှိုင်းယှဉ်ပြသွားခဲ့တယ်။ တန်တာ မတန်တာကတော့ အီရတ်ရဲ့ သမိုင်း နှိုင်းယှဉ်မှုပဲပေါ့။ ဒါပေမဲ့ ပြည်သူတွေ အတော် အထိနာတယ်။

အမှန်တရားအတွက် အသက်ကို စွန့်လွှတ်မယ် ဆိုပြီး အဲဒီခွက်ထဲက အရည်တွေကို မသောက်ခင် “ ဒီဆေးရည်ရဲ့ အာနိသင်က ဘယ်လို ရှိလဲ။ ” လို့ ဆိုကရေးတီးက အရင် မေးသေးသတဲ့။ “ ဒီဆေးရည်ဟာ ခြေလက်တွေ ထုံကျင်လာမယ် ၊ ခြေလက်တွေ မလှုပ်ချင် မရှားချင် ဖြစ်လာမယ်။ နှလုံးခုန်နှုန်း နှေးသွားမယ်။ မျက်ကြောတွေ စင်းလာပြီး အိပ်ချင်လာမယ်။ ပြီးတော့ နှလုံးက သွေးခုန်နှုန်းက နှေးသထက် နှေးလာမယ် . . . . နှေးလာမယ် . . . နှေးလာမယ် . . . နှေးလာမယ်. . . . နောက်ဆုံး . . .  .နောက်ဆုံးမှာတော့ . . . . ” ဆိုပြီး ဆေးအာနိသင်ကို ပြောပြတဲ့ အာဏာပါးကွက်သားရဲ့ အသံ တိုးတိမ်သွားတဲ့ အချိန်မှာ “ ဒီဆေးခွက် . . . အဲ . . ဒီအဆိပ်ခွက် ငါ့ကို ပေးတော့ ၊ ငါ စမ်းသောက်ကြည့်ချင်လာပြီ။ ” လို့ ဆိုတော့။ ထွက်ပြေးဖို့ အဆင်သင့် ဖြစ်နေပါပြီ ဆိုတဲ့ လူကလည်း ဆိုတယ်။ “ အမှန်တရား ဆိုတာကို အဆိပ်ခွက်ကို မော့သောက်ပြပြီးတော့ သက်သေထူမယ်။ ” လို့ သူက ဆိုတော့ စီခနဲ မချိတင်ကဲ ငိုသံတွေ ထွက်လာတယ်။ “ ဒီအဆိပ်ကတော့ အညင်သာဆုံးပါပဲ။ ” လို့ ဆိုပြီး အသံ တိုးတိမ်သွားပြီး ခြေလက်တုန်ယင်နေတဲ့ အာဏာပါးကွက်သား ရဲ့ လက်ထဲက အဆိပ်ခွက်ကို မော့သောက် အပြီး ဆိုကရေးတီး “ အေ့ ” ခနဲ ကျို့မထိုးခဲ့ဘူး လို့ သင် ဆိုနိုင်ပါလား။

တန်သည် မတန်သည် ၊ ဖြစ်သင့်သည် မဖြစ်သင့်သည် ၊ လုပ်သင့်သည် မလုပ်သင့်သည် ၊ မှန်သည် မှားသည် ဆိုတာ တကယ်တော့ အခြေအနေ တစ်ရပ်ပေါ်မှာ “ နှိုင်းယှဉ်မှု ” လေး တစ်ခုပါပဲ။

ဖြစ်နိုင်မယ် ဆိုရင် . . .
ဆိုကရေးတီး သောက်သွားတဲ့
အဆိပ်ခွက်ထဲက
အဆိပ် တစ်စက်လောက်တော့
ကျွန်တော့် အတွက် ချန်ထားပေးပါ။
မှန်၏ မှား၏ ဆိုတာ
အခြေအနေ တစ်ရပ်မှာတော့
“ နှိုင်းယှဉ်မှု ” တစ်ခု အနေနဲ့
နောက်လူတွေ လုပ်ဆောင်ပါလိမ့်မည်။
ကျွန်တော့် အတွက်ကတော့
ထို အဆိပ်တစ်စက် လျက်လိုက်ရဖို့ပါပဲ။


လေးစားစွာဖြင့်
ကိုဇော်
15.5.2011

Share/Bookmark

11 May 2011

2 ဘလော့ဂ် ရေးသူများသို့ စာလေးတစ်စောင် – နုနုရည် (အင်းဝ)



မြန်မာ့ စာပေသမိုင်းမှာ သူမတူသော စာပေရေးသား တင်ပြချက်နဲ့ အချိန်တို အတွင်း တဟုန်ထိုး အောင်မြင်လာသူ နှစ်ယောက် ရှိခဲ့ပါတယ်။ ဆရာ တာရာမင်းဝေ နဲ့ ဆရာမ ဂျူး ပါ။ သူမတူသော အတွေး အရေးကြောင့် အချိန်တို အတွင်းမှာ မေးခွန်းများစွာ နဲ့ အုတ်အော်သောင်းနင်း ပွက်လောရိုက် အောင်မြင်လာခဲ့သူ နှစ်ဦးပါ။ 

ဒါပေမဲ့ အမျိုးသမီး စာရေးဆရာမတွေထဲမှာ ကျွန်တော် လေးစားသော စာရေးဆရာမထဲမှာ ဆရာမ နုနုရည် ( အင်းဝ ) က အဓိက နေရာမှာ ပါဝင်ပါတယ်။ အကြောင်းအရာ တစ်ခုကို ရှု့ထောင့်မျိုးစုံက နေရာမလပ်အောင် တွေးတော တင်ပြနိုင်သူ အဖြစ် ကျွန်တော် လေးစားမိပါတယ်။ ပြီးတော့ ဆရာမရဲ့ အရေးအသား တွေထဲမှာ ခေတ်ကာလရဲ့ ပုံရိပ်တွေနဲ့ အသားတည်း ကျအောင် ရေးသား တင်ပြနိုင်ခြင်းက ပိုမိုပြီး စွဲဆောင်မှု ကောင်းစေပါတယ်။ 

ဓလေ့စရိုက် တစ်ခုကို ရေးတယ် ၊ ယဉ်ကျေးမှု ရိုးရာ တစ်ခုကို ပုံဖော်တယ် ဆိုရင်တောင်မှ ခေတ်ဟောင်း အရေးအသားထက် လက်ရှိခေတ်ရဲ့ ပုံရိပ်တွေကို ထင်ဟပ်အောင် ဆွဲဆောင်ရေးသား နိုင်သူ အဖြစ် ဆရာမကို ကျွန်တော် အလွန်ကို လေးစားခဲ့ပါတယ်။ အနှေးတင်ပြကွက် ၊ အမြန်ရေးချက် အစရှိသော ရေးကွက် တော်တော်များများကလည်း ကျွန်တော် အပါအဝင် စာဖတ်သူတိုင်းကို စွဲဆောင်စေပါတယ်။

အခုတော့ ကျွန်တော် လေးစားရသော ဆရာမက “ ဘလော့ဂ် ရေးသူများသို့ စာလေးတစ်စောင်  ” လို့ ခေါင်းစဉ် တပ်ကာ မြစ်ကျိုးအင်းမှ တဆင့် ဘလော့ဂါ အားလုံးသို့ အမှတ်တရ စာလေး တစ်စောင်ရေးသားက ပေးပို့လာပါတယ်။

ဒီစာထဲမှာ ဆရာမရဲ့ ဘလော့ပေါ်မှာ စာရေးသူတွေ အပေါ် အမြင် ၊ သဘောထားကို တွေ့မြင်နိုင်သလို ၊ ရသ စာပေကို တစိုက်မတ်မတ် ရေးသားနေကြတဲ့ စာရေးဆရာတွေကို တချို့သော သူတွေက မေးပြော ပြောနေတဲ့ “ ရသ စာပေ တိမ်ကောသွားပြီလား ” ဆိုသော စကားသံတွေကိုလည်း “ ရသ စာပေ ဆိုတာ လူ့ယဉ်ကျေးမှုကြီး တခုလုံး ပျောက်ကွယ် မသွားသရွေ့ ၊ အမြဲရှိနေမှာပါ။ ”  ဆိုသော အဖြေစကားသံဖြင့် ကြက်သီးထဖွယ် ဆင့်ပွားကြားယောင် ခံစားရမိပါတယ်။

နောက်တစ်ခုက ဘလော့ပေါ်မှာ စာရေးသားနေသော ဘလော့ဂါများရဲ့ ရင်တွင်း ခံစားချက်များကို စုစည်းကာ ပြိုင်ပွဲလေး လုပ်ပြီး “ ရသစာပေ ” များကို ရွေးခြယ်ပေးနေသော “ ရသဝတ္ထုတို ရွေးခြယ်ခြင်း ” နေရာလေးမှာလည်း နောက်ထပ် နောက်ထပ်သော ပြိုင်ပွဲများမှာ ဆရာမ နုနုရည် ( အင်းဝ ) က ပါဝင်ကာ ရသ ဝတ္ထုတိုများကို အကဲဖြတ် ပေးမည် ဖြစ်ကြောင်း သတင်းကောင်း ပါးလိုပါတယ်။

ဆရာမ နုနုရည် ( အင်းဝ ) ရဲ့ ဘလော့ ၊ ဘလော့ဂါ တွေအပေါ်မှာ ထားသော သဘောထား ၊ အတွေး ၊ အမြင် များကို ဖတ်ရှု့ခံစားနိုင်စေရန် ဆရာမ ပေးပို့လာတဲ့ အတိုင်း လက်ရေးမူကို အားလုံးပဲ ဖတ်ရှု့ကာ ဆင့်ပွား ခံစားနိုင်ကြစေဖို့ မူရင်း အတိုင်း တင်ပြလိုက်ပါတယ်။









လေးစားစွာဖြင့်
ကိုဇော်
11.5.2011

Share/Bookmark

10 May 2011

20 လတ်တလော စိတ်ဆန္ဒများ ( Tag )



တချို့ကတော့ “ တတ်စာ မစားဘူး ” တဲ့။ ဒါကတော့ သူတို့နဲ့ မတည့်လို့ ဖြစ်မှာပါ။ တတ်စာတိုင်းက ကိုယ့်ကို ဒုက္ခပေးတာ မဟုတ်ပါဘူး။ မတည့်မှသာ ကိုယ့်ကို ဒုက္ခပေးမှာပါ။ သူများအတွက် “ တတ်စာ ” ဆိုပေမဲ့ ကိုယ့် အတွက်ကျတော့ “ ဓါတ်စာ ” ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့။ ဒါကြောင့် ကျွန်တော့်ကတော့ ဘယ်သူပဲ လာ Tag Tag ခင်မင်လို့ Tag တာပဲ ရေးပေးပါတယ်။ ပြီးတော့ သူများရဲ့ အတွေးထဲကို ကိုယ်က လိုက်ပြီးတော့ တွေးရတာ ပျော်စရာ ကောင်းပါတယ်။ အတွေးသစ် ၊ အမြင်သစ်တွေလည်း ရတတ်ပါတယ်။ အခု Tag စာလေးကတော့ ကိုကိုအိမ် ( မန္တလေး ) ရဲ့ Tag စာပါ။ သူရေးထားတဲ့ အတိုင်းပဲ အရှိကို အရှိအတိုင်း ရင်ဘတ်တူချင်း ခံစားလို့ ရအောင် ရေးလိုက်ပါတယ်။

( ၁ ) အစားချင်ဆုံး အစားအစာ - တွင်းတောင်က ပိုးကောင်လေးတွေ။ ( ပုစွန်ခြောက်လို လုပ်ထားတာ။ )

( ၂ ) နေ့တိုင်းစားဖြစ်တဲ့ အစား - ခေါက်ဆွဲ ၊ ညှပ်ခေါက်ဆွဲ ၊ ထမင်းနဲ့ ဟင်း။

( ၃ ) အလိုချင်ဆုံး ရေမွှေး - အကြိုက်ဆုံး ဆိုပြီး မတွေ့သေးတော့ အလိုချင်ဆုံး ဆိုတာလည်း ဖြစ်မလာ သေးဘူး။

( ၄ ) သုံးဖြစ်နေတဲ့ ရေမွှေး - Deshine ( ယောက်ျားသုံးတော့ ဟုတ်ပုံမရဘူး။  Image ) များသော အားဖြင့်တော့ Roll On ပဲ သုံးဖြစ်တာပါ။ ရေမွှေးဆိုပြီး လာမေးတော့လည်း ပြောပြရတာ။

( ၅ ) အလိုချင်ဆုံး မွေးနေ့ လက်ဆောင် - “ အလိုရှိတိုင်း မတောင့်တ ၊ မကြောင့်ကျပဲ ပြည့်စုံပါစေ ”  ဆိုတဲ့ ဆုတောင်းပေးသော စကား။

( ၆ ) အလိုချင်ဆုံး ဖုန်း - လူ့စိတ်ကတော့ အခက်သားလား။ အခုထိတော့ Nokia E7 ကို ကြိုက်တယ်။

( ၇ ) သုံးဖြစ်နေတဲ့ ဖုန်း - Sony Ericsson Xperia x8

( ၈ ) အရူးသွပ်ဆုံး အရာ - အခုတော့ ဘာမှ စွဲစွဲလမ်းလမ်း မရှိတော့ဘူး။

( ၉ ) အနီးစပ်ဆုံး ဂီတ - ခုံပေါ်မှာ လက်ခေါက်နဲ့ အသံထွက်အောင် တီးပြီး ခြေထောက်က စည်းချက်လိုက်နေရင်း ထွက်တဲ့ အသံ။ ( ပါးစပ်ကတော့ သီချင်းညည်းနေမှာပေါ့လေ။ )

( ၁၀ ) အလိုချင်ဆုံး စာအုပ် - အရာရာနဲ့ ကင်းလွတ်သော စာအုပ် ( ဒါပေမဲ့ ရှားတယ်။ )

( ၁၁ ) အခုဖတ်ဖြစ်နေတဲ့ စာအုပ် - Rhonde Byrne ရဲ့ The Secret ကို ညီညီနိုင် ဘာသာပြန် ထားတဲ့ “ လျှို့ဝှက်ချက် ” စာအုပ်။

( ၁၂ ) အကြားချင်ဆုံး စကား - ကျွန်တော် / ကျွန်မ / ငါ စိတ် အရမ်းချမ်းသာနေတယ်။

( ၁၃ ) အဖြစ်ချင်ဆုံး ဆန္ဒ - လူတိုင်းကို ပျော်ရွှင်စေချင်တယ်။ ( ဒါပေမဲ့ ကိုယ်က ဘာကောင်မှ မှ မဟုတ်ဘဲ။ )

( ၁၄ ) အလိုချင်ဆုံး ဆု - ဆုမတောင်းတတ်ဘူး ၊ ဆုသာ ပန်တတ်ပါတယ်။

( ၁၅ ) အသွားချင်ဆုံး နေရာ - နိဗ္ဗာန်။

( ၁၆ ) သွားဖြစ်နေတဲ့ နေရာတွေ - အလုပ် ၊ အိမ် ၊ ပြီးတော့ ဈေးဝယ်ရန် မောလ်တချို့။

( ၁၇ ) အကြည့်ချင်ဆုံး ရုပ်ရှင် - မသိတော့ မကြည့်ချင်ဘူး။ သိတော့ ကြည့်ချင်လာတယ်။ ကြည့်ချင်တော့ ကြည့်မိသွားတယ်။ ဒီတော့ အကြည့်ချင်ဆုံးဆိုပြီး မရှိတော့ဘူး။

( ၁၈ ) အပြောချင်ဆုံး စကား - စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာကြပါစေ။

( ၁၉ ) အယုံကြည်ဆုံး လူသား - သုံးလူထွတ်ထား ဗုဒ္ဓမြတ်စွာ ဘုရား။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်။

( ၂၀ ) မယုံကြည်ဆုံး အရာ - ပဲ့တင်သံ နဲ့ တူသော အတင်းအဖျင်း စကားများ။

( ၂၁ ) အမုန်းဆုံး အရာ - အစွန်းဆိုတာကို မတွေ့သေးတဲ့ အတွက် အမုန်းဆုံး ဆိုတာလည်း မရှိသေးဘူး။

( ၂၂ ) အသောက်ဖြစ်ဆုံး အအေး - ရေခဲရေက လွဲရင်တော့ ကိုကာကိုလာ သောက်ဖြစ်တယ်။

( ၂၃ ) လတ်တလော အထိတွေ့ဆုံး အရာ - ထိတာရော ၊ တွေ့တာရော ဆိုတော့ တော်တော်ကို ရှားတယ်။ ထိခြင်းမှာ မျက်လုံးနဲ့ မရသလို ၊ တွေ့ခြင်းမှာလည်း လက်တွေ ၊ ခြေထောက်တွေနဲ့ မရပြန်ဘူး။ ဒီတော့ ထိတွေ့တဲ့ အရာ ဆိုလို့ “ မျက်လုံးထဲ ဝင်တဲ့ ရေ ”  လို့ပဲ ပြောရမယ်။

( ၂၄ ) မကောင်းတဲ့ ကျန်းမာရေး -  အိပ်ရေးပျက်တာ များရင်တော့ ခေါင်းအတော် မူးနောက်နောက် ဖြစ်တယ်။ ဒီလောက်ပါပဲ။

( ၂၅ ) အကောင်းဆုံး အဖော် -  ကိုယ်ပိုင် တွေးတော ဆင်ခြင်မှု။

( ၂၆ ) လက်ရှိ အကြိုက်ဆုံး သီချင်း - ဝိုင်ဝိုင်း - တွေ့ဆုံခွင့် ၊ Westlife - My Love , Lay My Love On You.

( ၂၇ ) အကြောက်ဆုံး အလုပ် -  စေတနာနဲ့ ပြုမူလိုက်ပေမဲ့ သူများကို ထိခိုက်သွားစေနိုင်မည့် အလုပ်။

( ၂၈ ) တန်ဖိုးအထားဆုံး အရာ - မေတ္တာတရား။

( ၂၉ ) အကြောက်ဆုံး တိရိစ္ဆာန် -  အဲဒီ တိရစ္ဆာန် ကိုက်ရင် မသေဘဲနဲ့ ဒုက္ခိတ ဖြစ်စေနိုင်သော တိရစ္ဆာန်။ ( ဘာလဲတော့ မသိဘူးပေါ့။ ရှိချင်မှလည်း ရှိလိမ့်မယ်လေ။ လူဆိုတာ တွေးမိတွေးရာ ကြောက်မိကြောက်ရာ ကြောက်တတ်တာပဲ မဟုတ်လား။ ဥပမာ -  ခွေးရူး အကိုက်မခံရဖူးပေမဲ့ ခွေးရူး အကိုက်ခံရမှာ ကြောက်နေသလိုမျိုးပေါ့။ )

( ၃၀ ) တွေ့ဖြစ်နေတဲ့ ဘလော့ဂါတွေ - မိုးယံ ၊ နေဇော်လင်း ၊ အုပ်ကြီး ၊ Angel Shaper ၊ ဏီအဲဝိုင် ၊ ခိုင်နုငယ် ၊ ရဲထွန်းဇော်။

( ၃၁ ) အပြင်သွားတိုင်းပါတဲ့ ပစ္စည်း -  သော့ ၊ ဖုန်း ၊ ပိုက်ဆံအိတ် ၊ ဖတ်စရာ တစ်ခုခု။

( ၃၂ ) သွားဖြစ်နေတဲ့ နေရာတွေ - ထွေထွေထူးထူး မရှိပါဘူး။ မသွားမဖြစ် သွားရတဲ့ နေရာတွေကို သွားဖြစ်နေတယ်။

( ၃၃ ) စိတ်အညစ်ဆုံး အချိန် -  ဖြစ်နေတဲ့ ပြဿနာကို “ မဖြေရှင်းနဲ့တော့ ” ဆိုပြီး တားဆီးခံရတဲ့ အချိန် ဖြစ်မယ်။

( ၃၄ ) အနေချင်ဆုံး နေရာ - မရှိသေးပါဘူး။

( ၃၅ ) ကြားလိုက်မိတဲ့ ဟာသလေး တစ်ခု - ကကြီး ဆိုတဲ့ ရွာမှာ နေတဲ့ လူတွေ အားလုံးက လိမ်ပြော တတ်ကြတယ်။ သူတို့ စကားကို လုံးဝ ယုံလို့ မရဘူး။ ဘာလို့လဲ ဆိုတော့ ငါကလည်း ကကြီးရွာသားပဲ. . . .တဲ့။

( ၃၆ ) ပေးချင်တဲ့ သတင်း တစ်ခု -  ၁၀ ရက်အတွင်း မုန်တိုင်း ဖြစ်ပေါ်လာနိုင်တယ် တဲ့။

( ၃၇ ) အပျော်ဆုံးဖြစ်မယ့် အချိန် -  ဖြစ်ချင်တဲ့ အရာ ကိုယ့်မှာ ဖြစ်မြောက် အောင်မြင် သလို သူများလည်း ဖြစ်မြောက် အောင်မြင် တဲ့ အချိန်ပေါ့။

ဒီလို Tag ပို့စ်လေး ရေးရတာ ပျော်ဖို့လည်း ကောင်းပါတယ်။ သူ့ရဲ့ နဂို Tag ထားတဲ့ ခေါင်းစဉ်က “ လတ်တလောအဖြစ်ချင်ဆုံးဆန္ဒတွေနဲ့ဖြစ်နေတာတွေ ” ဆိုတော့ ခေါင်းစဉ်က အတန်ငယ် ရှည်နေလို့ “ လတ်တလော စိတ်ဆန္ဒများ ” လို့ပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်။ ခေါင်းစဉ်ထဲက အတိုင်းပဲ လတ်တလော ဆိုတဲ့ အတွက် အခု လက်ရှိ အချိန်လေး လောက်ပဲ ဖြစ်မှာပါ။ နည်းနည်းကြာသွားပြီး လတ်တလောကနေ ပြောင်းသွားရင် အခု ရေးထားတဲ့ စိတ်ဆန္ဒများလည်း ပြောင်းချင် ပြောင်းသွားပါလိမ့်ဦးမယ်။ 

ပြီးတော့ လောကမှာ အရေးအကြီးဆုံးက “ လိုအပ်ချက် ” ကို ပီပီပြင်ပြင် မြင်ယောင် ကြည့်မိတတ်ဖို့ပါ။ ဘာလို့လဲ ဆိုတော့ လူတွေ အားလုံးက “ လိုအပ်ချက် ” လိုလိုနဲ့ တကယ်တော့ “ လိုအင်ဆန္ဒ ” တွေထဲမှာပဲ ကျင်လည် နေမိတတ်ကြပါတယ်။ “ လိုအင်ဆန္ဒ ” ဆိုတာ တကယ်တော့ “ လိုအပ်ချက် ” မဟုတ်ပါဘူး။ လိုအပ်ချက်မှသာ တကယ်ကို စစ်မှန်တဲ့ အရာတွေ ဖြစ်ပါတယ်။ အခုတော့ စိတ်ဆန္ဒတွေမှာတောင်မှ “ လတ်တလော စိတ်ဆန္ဒများ ”  ဆိုတော့ ဒီခံစားချက်တွေက အချိန်နဲ့ အမျှ ပြောင်းလဲမှု လွယ်ကူစွာနဲ့ ပြောင်းလဲ သွားနိုင်ပါတယ်။

Tag ပို့စ်ရဲ့ ထုံးစံ အတိုင်း နောက်ထပ် ခင်မင်သူများကိုလည်း ဆက်တဂ် လိုက်ပါဦးမယ်။ စိတ်ထဲ ရှိတာလေးကို ရေးပေးကြပါဦး . . . .  ပျော်ပျော်ရွှင်ရွှင်လေးပေါ့ ။

၁။ ကိုအဖြူလေး
၂။ မရွှေစင်ဦး
၃။ မကိကိ
၎။ မိုးယံ
၅။ အုပ်ကြီး
၆။ ခနွဲ
၇။ ဝက်ဝံလေး
၈။ ရဲထွန်းဇော်

လေးစားစွာဖြင့်
ကိုဇော်
10.5.2011


Share/Bookmark

08 May 2011

22 မေမေ့ရဲ့ ငါးခြောက်ဘူးလေး



လူတိုင်း လူတိုင်းမှာ အစွဲတစ်ခုတော့ ရှိလိမ့်မယ် ထင်တယ်။ ပြီးတော့ လူတိုင်း လူတိုင်းမှာ စိတ္တဇ တစ်ခုစီလည်း ရှိလိမ့်မယ် ထင်တယ်။ ဒီလိုပဲ စိတ္တဇ ဆန်သော အစွဲလေး တစ်ခု ကျွန်တော့်မှာ ရှိတယ်။ အခုတော့ သိပ်ပြီး ထူးထူးခြားခြား မဖြစ်တော့ပေမဲ့ ငယ်ငယ်ကတော့ ထိုအစွဲက တော်တော်ကို ဆိုးဝါးလွန်း အားကြီးခဲ့တယ်။

သူများတွေ အတွက်တော့ ရယ်ချင်စရာ ဖြစ်ချင် ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့် အတွက်ကတော့ တကယ်ကို အရူးအမူး အစွဲအလမ်း တစ်ခု ဖြစ်နေခဲ့တယ်။ သူများတွေ ကြားဖူးနေကြ စကားပုံ ၊ ဆိုရိုး စကားလေး အရတော့ “ လူမမာ အမဲခြောက်တောင်းတယ်။ ” ဆိုတာသာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့် အတွက်ကျတော့ ဒီစကားလေးက အရေးမပါတော့ပါဘူး။ ကျွန်တော့် အတွက်တော့ အမဲခြောက်က သွားရည်ကျစရာ မဟုတ်ပါ။ နေမကောင်း ဖြစ်ပြီးကာစ နလံထကစ လူမမာ တစ်ယောက် အနေနဲ့ ကျွန်တော့်ရဲ့ ပါးစပ်ထဲမှာ ခံစားတွေ့ကာ စားချင်နေတာက “ ငါးခြောက်ဖုတ် ” မျှသာ ဖြစ်ပါတယ်။ လူမမာ ငါးခြောက်ဖုတ် တောင်းတယ် လို့ ပြင်ပြောရမလိုပါပဲ။

ငါးရံ့ခြောက်လေးကို မီးနွေးနွေးနဲ့ ဖုတ်ပြီး ခပ်ဖွဖွလေး ထု ၊ ပြီးတော့ ပဲဆီလေး ဆမ်းထားတဲ့ ငါးခြောက်ဖုတ်လေးကို နလံထကာစ လူမမာ ဖြစ်တဲ့ ကျွန်တော် ဆန်ပြုတ်လေးနဲ့ စားရင် အလွန်ကို ခံစားတွေ့ပါတယ်။ Nike ဆိုရင် အမှန်ခြစ်လေးက သူ့ရဲ့ အထိမ်းအမှတ် လိုဂို ဖြစ်နေသလို နေမကောင်း ဖြစ်ပြီးကာစ နလံထကာစ လူမမာ ကိုဇော် ရဲ့ လူမမာစာ ဆိုရင် “ ငါးခြောက်ဖုတ် ” ဆိုတာ ပြောစရာ မလိုအောင်ကို ဖြစ်နေတတ်တယ်။

ကိုဇော် နေမကောင်း ဖြစ်ပြီဟေ့ ဆိုရင် ဈေးထဲက ငါးခြောက်ဆိုင်တွေမှာ မိုးတွင်းမို့ ငါးရံ့ခြောက် မရှိရင်တောင်မှ မရရအောင် တခြားသော ဈေးကြီးတွေ အထိ သွားကာ ကျွန်တော့် အမေက ဝယ်ကျွေးတတ်ပါတယ်။ ဒါကြောင့် နေမကောင်းပြီးကာစ နလံထ လူမမာ ကိုဇော် နဲ့ ငါးခြောက် ဆိုတာ မခွဲကောင်းစရာသော အရာ တစ်ခုလို ဖြစ်နေပါတော့တယ်။



ကျွန်တော်က ကျန်းမာရေး အတော်ကို ကောင်းပါတယ်။ ဒါကို အားကိုး အားထားပြုပြီးလည်း အိပ်ရေးပျက်တွေ အရမ်းခံလို့ ကျွန်တော့် မိဘတွေက “ ငယ်တုန်းမှာ ကျန်းမာရေး ကောင်းနေတာကို အလွဲသုံးစား မလုပ်ဖို့ ” အမြဲပြောတတ်ပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။ တခြားသော အခြေအနေတွေကြောင့် ကျွန်တော် နေမကောင်း ဖြစ်ခဲပါတယ်။ အိပ်ရေးပျက်တာ များလွန်းလို့ပဲ ကျွန်တော် နေမကောင်း ဖြစ်ရတာ ခဏခဏပေါ့။

နေမကောင်း ဖြစ်ပြီးပြီ ဆိုရင်လည်း နလံထကာစ လူမမာ ဖြစ်တဲ့ ကျွန်တော် “ ငါးခြောက် ” ကို မီးဖုတ်ပြီး ဆီရွှဲရွှဲလေးနဲ့ စားချင်ပြန်တာပါပဲ။ ဒီအချိန်မှာ တခြားသော ဘာတွေ ညာတွေ လာကျွေးကျွေး စားချင်စိတ်ကို မရှိ။ ခံတွင်း မတွေ့။ မထိ ၊ မကိုင်ချင်။ ငါးခြောက်ဖုတ်မှ ငါးခြောက်ဖုတ် ပဲ စားချင်ပါတယ်။



မိဘတစ်ယောက်ရဲ့ စိတ်ပူပန်မှု နဲ့ သားသမီး အပေါ်မှာ ထားတဲ့ မေတ္တာစိတ်က နည်းနည်းမဟုတ် ၊ အတော်ကို များများစားစား ထူးဆန်းပါတယ်။ လတိုင်း လတိုင်း စာအုပ် အသစ်တွေ ထွက်ရင် ကျွန်တော် ဝယ်စုနေကျ စာရေးဆရာတွေကို မေမေက မှတ်ထားလေ့ ရှိတယ်။ ပြီးတော့ ကျွန်တော့် ကြိုက်တဲ့ အဆိုတော်တွေကို မေမေကလည်း သိနေလေ့ ရှိတယ်။ ကျွန်တော် ကြိုက်တတ်တဲ့ အဝတ်အစား ဆိုလည်း မေမေက မှတ်မှတ်သားသား ရှိတယ်။

ဒီတော့ ကျွန်တော် ဒီကို ရောက်ပြီး သိပ်မကြာဘူး။ လေးဖြူရဲ့ လိပ်ပြာ အခွေ ထွက်တယ်။ မောင်လှမျိုး ( ချင်းချောင်းခြံ ) ရဲ့ သရုပ်ဆောင်ကောင်းတဲ့ည စာအုပ်ထွက်တယ်။ နောက်တော့ တခြား တခြားသော ကျွန်တော် နှစ်သက်ရာတွေ အသစ်ထွက်တယ်။ မြန်မာနိုင်ငံမှာ ထွက်သမျှ ၊ ပေါ်သမျှ ဒီမှာ ဝယ်လို့ ရပါတယ် ဆိုတာကို မေမေ နားဝင်အောင် ကျွန်တော် တစ်နှစ်လောက် ပြောယူခဲ့ရတယ်။ ဘာလို့လဲ ဆိုတော့ လေးဖြူ - လိပ်ပြာ ခွေထွက်တော့လည်း CD အခြေအနေမှာတင် ခွေဝယ်ကာ မေမေက စာတိုက်ကြီးကနေ မှတ်ပုံတင်လုပ်ကာ ပို့တယ်။ ဝတ္ထုစာအုပ်တွေ ထွက်တော့လည်း စာတိုက်ကြီးက ပို့တယ်။ ဂန့်ဂေါ ပုဆိုး အကွက်ဆန်းဆန်းတွေ တွေ့ရင်လည်း စာတိုက်က ပို့တယ်။

သို့သော် . . . မေမေသာ ပို့နေတာပါ။ ကျွန်တော့်ဆီကို တစ်ခုမှ မရောက်။ မှတ်ပုံတင် လုပ်ကာ ပိုခကြီးကြီးနဲ့ စာတိုက်ကြီးကို ပေးလိုက်ရပေမဲ့ ထို ပို့လိုက်တယ် ဆိုတဲ့ ပစ္စည်းတွေ တစ်ခုမှ ကျွန်တော့်ဆီကို မရောက်။ ဒီဘက်မှာ ရှိနေတဲ့ စာတိုက်ကြီးကို သွားမေးတော့ ဒီနေ့ရက်က ထွက်လာတဲ့ အထုပ် မရှိ။ ထိုနံပါတ်နဲ့ အဝင် အထုပ် မရှိလို့ ဆိုတယ်။ ကျွန်တော့်ဆီကို တစ်ခု ဆို တစ်ခုမှကို မရောက်။ လကုန် တစ်ခါ ၊ လလယ် တစ်ခါ ဘာပို့လိုက်ပြီ ၊ ညာပို့လိုက်ပြီ ဆိုရင် ကျွန်တော့်မှာ မြို့နယ် စာတိုက်ကို သွားမေးရ ၊ မလာဘူး ဆိုရင် စာတိုက်ကြီးကို သွားမေးရနဲ့ အတော်ကို ဒေါင်းတောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ . . . ပစ္စည်း တစ်ခုမှကို လက်ခံရခြင်း မရှိခဲ့။

ထိုစဉ်အခါက DHL တစ်ခုက လွဲလို့ အခုခေတ်မှာလို EMS တွေ ဘာတွေလည်း မရှိသေးပါ။ DHL ရဲ့ ပို့ခတန်ဖိုးနဲ့ ပို့ဖို့ကျတော့ ဘယ်လိုမှ အဆင်မပြေ။ ပြီးတော့ မြန်မာဆိုင်များမှ ပစ္စည်းများကို အပြန်အလှန် ၊ အစုန် အဆန် ပို့ပေးနေတယ် ဆိုတာကို ကျွန်တော် လုံးဝကို မသိခဲ့။ ဒါကြောင့် ပစ္စည်း ပို့လိုက်ပြီ ဆိုရင် မျှော်လိုက်ရတာ လည်ပင်း မိုးထိ မတတ်။ နားစွင့်လိုက်ရတာ နားက ဂျမ်ဘိုလို ဖြစ်တော့ မတတ်ပါပဲ။ ဒါပေမဲ့ . . . . ဘယ်မှာ ဘယ်နေရာမှာ လွဲချော်မှန်း မသိဘဲ ၊ အိမ်ကနေ မေမေ ပို့လိုက်သော စာ နဲ့ ပစ္စည်း ဆိုရင် စာသာ ရောက်လာတက်ပြီး ပစ္စည်းကတော့ “ ပလုံ ” သွားတက်မြဲ ဖြစ်တယ်။ ကျွန်တော် လုံးဝကို လက်ခံ ရရှိခြင်း မရှိပေ။

ဒီမှာ ဝယ်လို့ ရတယ်။ လိုချင်တာ အားလုံး ရတယ် ဆိုကာ အတန်တန် ပြောနေရင်း ၊ အကြိမ်ကြိမ် သက်သေပြရင်းနဲ့ တစ်နှစ်လောက် အကြာမှာမှ ပို့သမျှ မရသော ပစ္စည်းအထွေထွေကို မေမေ မပို့တော့ပေ။ ဒါတောင်မှ ဘာလိုလဲ ၊ ဘာစားချင်လဲ လို့ အမြဲတမ်း မေးနေတတ်တယ်။ ရတယ် ဒီမှာ သား လိုတာ မှန်သမျှ ဝယ်စားမယ် ဆိုလို့ ပြောကာ မေမေ ပြောသမျှကိုလည်း ကျွန်တော် တကယ်ကို ဝယ်စားပါတယ်။ ဒီတော့မှ မေမေလည်း သူစိတ်ထဲမှာ ပို့ချင်နေမှာ ဖြစ်ပေမဲ့ မပို့ဖြစ်တော့ပါဘူး။



ထုံးစံ အတိုင်းပဲ ကိစ္စ များမြောင် လူတို့ ဘောင် ဆိုတဲ့ အတိုင်း အထွေထွေ ကိစ္စတွေနဲ့ အလုပ်တွေ ရှုပ်ပြီး လွန်ခဲ့တဲ့ နှစ်လကျော်လောက်က ကျွန်တော် တစ်ပတ်ကျော် ၊ ၁၀ ရက်လောက် ကောင်းကောင်း မအိပ်ရခဲ့ပါ။ တစ်ရက် ၊ နှစ်ရက် ၊ သုံးရက် ဘာမှ မဖြစ်ပေမဲ့ တစ်ပတ်ကျော်လောက် အိပ်ရေးက ပျက်သွားတော့ လူက ပန်းပြီး ကျွန်တော် ဖျားပါတော့တယ်။ အရမ်းကို အားနည်းသွားလို့ ထင်ပါတယ်။ ကျွန်တော် တော်တော်နဲ့ ပြန်မကောင်းဘဲ တရှောင်ရှောင် ဖြစ်နေခဲ့တယ်။ အားလည်း အလွန်နည်းသွားတယ်။

နေမကောင်းရာမှ အနည်းငယ် သက်သာလာတော့ မေမေနဲ့ ဖုန်းပြောဖြစ်တယ်။ ဒီတော့ နေမကောင်း ဖြစ်ရာကနေ ပြန်ကောင်းခါစ ၊ နလံထူနေစ ဆိုတော့ ပါးစပ်ကလည်း သောက်ဆေး အရှိန်တွေကြောင့် ပျက်နေတယ်။ ဘာကိုမှလည်း ဟက်ဟက်ပက်ပက် မစားချင်ပါဘူး။ ဒါပေမဲ့ ထုံးစံ အတိုင်း နလံထူကာစ ကျွန်တော် စားချင်တာကလည်း “ ငါးခြောက်ဖုတ်ကို ဆီရွှဲရွှဲလေး ဆမ်းထားတာပဲ ” စားချင်နေခဲ့တယ်။

မေမေနဲ့ စကားပြောနေရင်း ဘာရယ် မဟုတ်ဘဲ “ ငါးခြောက်ဖုတ် စားချင်လိုက်တာ မေမေရာ ” လို့ ပြောမိတော့ မေမေက “ မေမေ ပို့ပေးရမလား ” လို့ မေးတယ်။ ဒီတော့မှ “ မပို့နဲ့ မေမေ ဒီမှာ ဝယ်စားလို့ ရပါတယ် ” လို့ ပြောရတော့တယ်။ ဒါဆိုလည်း “ သား ဝယ်စားလေ ” လို့ မေမေက ပြောတော့ “ သား . . . ကိုယ် မပူတော့တာနဲ့ သွားဝယ်မယ် မေမေ ” လို့ ပြောလိုက်တယ်။ မေမေ့ကို ပြောခဲ့တာ နှစ်သိမ့်ယုံ သက်သက် မဟုတ်ပါဘူး။ ကျွန်တော် တကယ်ကို ငါးခြောက်လေး ဝယ်ပြီး ဖုတ်တော့ မဖုတ်ပေမဲ့ ကြော်ပြီး စားပြီးပါပြီ။



ပြီးခဲ့တဲ့ လက လူကြုံနဲ့ မေမေ့ဆီက ပို့လိုက်တာ ပါလာတယ် ဆိုလို့ ကျွန်တော် သွားယူပါတယ်။ ပလတ်စတစ်အိတ်နဲ့ သေချာ ထုပ်ထားလို့ အထဲက ဘာလဲ ဆိုတာကို မသိခဲ့ပါဘူး။ အိမ်ကို ပြန်ရောက်တော့မှ ဖွင့်ကြည့်လိုက်တော့ ပလတ်စတစ်အိတ်နဲ့ နှစ်ထပ် ထုပ်ထားပြီး အထဲက ကော်ဘူးလေးနဲ့ ထည့်ကာ ၊ ဒီအထဲမှာမှ ပလတ်စတစ်နဲ့ ထပ်ထုပ်ထားတဲ့ “ ငါးခြောက်ဖုတ် ဆီဆမ်း ” လေးကို တွေ့ရတော့တာပါပဲ။ 

ဒီငါးခြောက်ဖုတ်လေး လက်ခံရတဲ့ အခါမှာ ကျွန်တော် ဘာမှ မဖြစ်ယုံ မက ဒေါင်ဒေါင်တောင်မှ မြည်နေပါပြီ။ ဒါပေမဲ့ မေမေရဲ့ စိတ်ထဲမှာတော့ ငါ့သားက အခုမှ နလံထူကာစ  လူမမာလို့ပဲ ထင်နေလား မသိပါဘူး။ ငါ့သား ငါးခြောက်ဖုတ် မစားရသေးဘူး လို့ ထင်မှတ်နေတယ် ထင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း နေမကောင်းတုန်းက မကျွေးလိုက်ရလို့ အခု လူကြုံရှိတုန်း လူကြုံကိုလည်း အားနာနာနဲ့ ပေးချင်တာလေး ပေးလိုက်တယ် ထင်ပါတယ်။ အရင်လို စာတိုက်က ပို့ရင် ပျောက်သွားမှာ စိုးလို့ သူ သိသမျှ သေချာအောင် လူကြုံနဲ့ မရောက်ရောက်အောင် ပို့လိုက်တာပါပဲ။ 

ကျွန်တော် ဒီငါးခြောက်ဘူးလေးကို ကိုင်ပြီး ငိုင်နေမိတယ်။ မေမေ ပို့ပေးလိုက်တဲ့ ငါးခြောက်ဘူးလေးထဲက ငါးခြောက်ကို ကျွန်တော် ကြည့်လိုက်တော့ ဒီငါးခြောက်ဟာ မေမေရဲ့ လက်နဲ့ မီးဖုတ် ၊ ထုထောင်း ၊ နွာကာ ၊ စိတ်ပိုင်းပြီး ထည့်လိုက်ပေးလိုက်တဲ့ ငါးခြောက် ဆိုတာ သိသာလွန်းပါတယ်။ ဒီငါးခြောက်လေးကို ကျွန်တော် ဘယ်လို စားရက်ပါ့မလဲ။ ငါးခြောက်လေးတွေက ဘူးလေးထဲမှာ တိတ်တဆိတ်နဲ့ ခပ်ကွေးကွေးလေးတွေ ငြိမ်သက်နေတယ်။

ပြီးတော့ မေမေ မသိရှာပါဘူး။ ဒီငါးခြောက်လေး ကျွန်တော် လက်ထဲကို ရောက်လာတဲ့ အချိန်မှာ ကျွန်တော့်ဆီမှာ မီးဖုတ် ၊ ဆီဆမ်းပြီးသား အသင့်စားနိုင်သော ငါးခြောက်ထုပ်လေး သုံးထုပ်က ရှိနေပါသေးတယ်။ ဒါပေမဲ့ မေမေ့ရဲ့ စိတ်ထဲမှာတော့ နေမကောင်းရာက နေကောင်းလာသော နလံထ လူမမာ ကျွန်တော် စားဖို့ ငါးခြောက် ရှိမှ မရှိပါ့မလား ၊ စားမှ စားပါ့မလား ဆိုတဲ့ စိတ်ကြောင့် မရောက် ၊ ရောက်အောင် လူကြုံနဲ့ ထည့်ပေးလိုက်တာပါ။

 
ကျွန်တော့်မှာ ရှိနေတဲ့ ရွှေပုစွန်မှ ငါးခြောက်ထုပ်များ

မေမေ့ရဲ့ ငါးခြောက်ဘူးလေး

ကျွန်တော့်ဆီကို မေမေ့ရဲ့ ငါးခြောက်ဘူးလေး ရောက်လာတဲ့ အချိန်မှာ ရွှေပုစွန်က ငါးခြောက်ထုပ် သုံးထုပ်မှာ တစ်ထုပ်ကိုသာ ဖောက်စားဖြစ်ပါသေးတယ်။ နှစ်ထုပ်ကျော်ကျော် ကျန်နေသေးတယ်ပေါ့လေ။ ဒါပေမဲ့ အဲဒီနေ့ ညနေက ကိုယ်တိုင် ထမင်းချက်စားရမှာ ပျင်းတဲ့ ကျွန်တော် ထမင်းပူပူလေး ချက်ပြီး မေမေ့ရဲ့ ငါးခြောက်ဘူးလေး ထဲက ငါးရံ့ခြောက်လေးကို တစ်ကိုက်ပြီး တစ်ကိုက် ကိုက်ကာ ထမင်းစားလိုက်ရတာ အတော်ကို မြိန်ပါတယ်။ ဒေါင်ဒေါင်မြည် နေကောင်းရာကနေ လူက ပြန်ပြီးတော့တောင်မှ လူမမာလို ပြန်လည် ခံစားသွားမိပါသေးတယ်။

ကြုံရင်ပဲဖြစ်ဖြစ်ပေါ့ဗျာ။ ရွှေပုစွန်က ငါးခြောက်ကို ဝယ်စားကြည့်ပါ။ ဆားလွတ် ငါးရံ့ခြောက်တွေပါ။ အရမ်းချိုသလို အတော်လည်း စားကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့် အတွက်တော့ သေချာတယ်။ အဲဒီနေ့က စားရတဲ့ “ မေမေ့ရဲ့ ငါးခြောက်ဘူးလေး ” ထဲက ငါးခြောက်တွေလောက်တော့ စေးစေးပိုင်ပိုင် အရသာ မရှိတာ သေချာနေခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ရွှေပုစွန် ငါးခြောက်တွေမှာ မေမေ့ရဲ့ သူ့သားကို စားစေချင်သော မေတ္တာတွေ မပါဘူးဗျာ။ မေမေ့ရဲ့ ငါးခြောက်ဘူးလေး ထဲမှာတော့ ငါးခြောက်သာ မပြည့်ရင် နေမယ် ၊ မေတ္တာတွေကတော့ အပြည့်ပေါ့ဗျာ။

ကျွန်တော် ကောင်းချင်ကောင်းခဲ့မယ်။
ကျွန်တော် ဆိုးချင် ဆိုးခဲ့မယ်။
ဘယ်လိုပဲ ဖြစ်နေခဲ့ပါစေ . . . 
အမေ့ကို ဂရုစိုက်ခွင့်ရသော
အမေ့ကို ချစ်ခင်ခွင့်ရသော
အမေ့ကို လေးစားခွင့်ရသော
အမေ့ကို အမေ လို့ ခေါ်ခွင့်ရသော နေ့ရက်တိုင်းက ကျွန်တော့် အတွက်တော့ “ အမေများနေ့ ” တွေပါပဲ။
ကမ္ဘာပေါ်မှာ ရှိသော မိခင်တိုင်း ( သို့ ) အမေတိုင်း ကျန်းမာချမ်းသာစွာနဲ့ ပျော်ရွှင်ကြပါစေ။   ။


*** ၈.၅.၂၀၁၁ အမေများနေ့ ( သို့ ) မိခင်များနေ့ အတွက် အမှတ်တရ ***


လေးစားစွာဖြင့်
ကိုဇော်
8.5.2011

Share/Bookmark

04 May 2011

19 ရင်ခုန်သံရဲ့ တခြားတစ်ဘက်



သူငယ်ချင်း သီချင်းရေးဆရာက ပြောတယ်။
အတိတ်တွေကို ပြန်တွေး
ကိုယ့်နှလုံးသားကို ဗုံလိုတီးပြီး
အချစ်ကို တူးဖော်မိတဲ့ ညတိုင်း
သီချင်းတစ်ပုဒ်တော့ ရေးဖြစ်တယ်တဲ့။

သူငယ်ချင်း ကဗျာဆရာက ပြောတယ်။
အတိတ်တွေကို ပြန်နူး
ကိုယ့်နှလုံးသားကို ဗဟိုပြုပြီး
အချစ်စာမျက်နှာတွေကို ပြန်လှန်မိတိုင်း
ကဗျာတစ်ပုဒ်တော့ ရေးဖြစ်သတဲ့။

ကျွန်တော် . . .
အတိတ်တွေကို ပြန်ဝါး
ကိုယ့်နှလုံးသားကို စာလိုစီပြီး
စာတစ်ပုဒ်လောက် ချရေးမိရင်. . .
ဒါ . . ဝတ္ထု  ဖြစ်လေမလား။



ဒီမြေ ၊ ဒီလေ ၊ ဒီပတ်ဝန်းကျင် အငွေ့အသက်ကို ထိတွေ့ခွင့် မရတာ အတော်ကို ကြာခဲ့ပြီ။ မှတ်မှတ်ရရ နောက်ထပ် နှစ်လဆိုရင် ဆယ်စုနှစ် တစ်ခုတောင်မှ ရှိပေရော့မည်။ ဒီမြေ ၊ ဒီလေ ၊ ဒီပတ်ဝန်းကျင်မှာ ကျွန်တော့်ရဲ့ စိတ်ဝိညဉ်များ ပေါ့ပါးလွတ်လပ်စွာ ပျံသန်းခဲ့ဖူးသည်။

အဲဒီတုန်းက ကျွန်တော့်မှာ ချစ်သူ တစ်ယောက် ရှိခဲ့ဖူးသည်။ ကျွန်တော်က သူမကို ချစ်တယ် ဆိုတာထက် သူမက ကျွန်တော့်ကို ပိုချစ်တယ် ဆိုတဲ့ ခံစားမှုကို ကျွန်တော် နဲ့ အနီးနား ပတ်ဝန်းကျင်က အားလုံး နင့်နင့်နဲနဲ ခံစားကြရဖူးသည်။ တစ်ခါတလေ သူမ ကျွန်တော့်ကို ချစ်တဲ့ ချစ်ခြင်းအတွက် ဘေးနားက သူငယ်ချင်းများကတောင်မှ ကြားဝင်ကာ မနာလို ခံပြင်း ဖြစ်တတ်ကြသေးသည်။

ဖြစ်မယ်ဆိုလည်း ဖြစ်စရာပါ။ အပေါင်းအသင်း အပျော်အပါးများသော ကျွန်တော်က သူမကို သိပ်ပြီး အချိန်မပေးနိုင်ပေမဲ့ သူမကတော့ သူမရဲ့ အချိန်တိုင်း ကျွန်တော့် အတွက် ဖြစ်နေတတ်သည်။ ကျောင်းချိန် နောက်ကျတတ်သော ကျွန်တော်က အတန်းကို ကပြာကယာ လာလမ်း အတိုင်းက မလာဘဲ ဖြတ်လမ်းက လမ်းကြုံသလို လာမိတိုင်း လာရာလမ်းက ကျွန်တော် မလာမချင်း စောင့်နေတတ်တဲ့ သူမကို မေ့နေတတ်သည်။ 

အတန်းထဲရောက်လို့ သူငယ်ချင်းတွေက သူမနဲ့ အတူတူ ဘာလို့ မလာတာလဲ လို့ မေးမှ သူမ ကျွန်တော် လာနေကျလမ်းမှာ စောင့်နေတယ် ဆိုတာမျိုးကို သိရကာ စောင့်နေတဲ့ နေရာမှာ သူမကို သွားခေါ်ရမြဲ ဖြစ်၏။ “ ပေါ့လျော့မှု ” လို့ မိန်းကလေး သူငယ်ချင်းတွေက စွပ်စွဲကျပေမဲ့ ယောက်ျားလေး သူငယ်ချင်းတွေကတော့ “ အလေးမထားမှု ” လို့ သတ်မှတ်ကြ၏။ သို့သော် သူမကတော့ ဘယ်လိုမှ မသတ်မှတ်ဘဲ ထိုအရာကို သူမရဲ့ ချစ်ခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှ မှုန်တိမှုန်ဝါး သာမာန် အကြောင်းအရာ အဖြစ်သာ ထည့်သွင်းခဲ့သည်။

ကျွန်တော့် သူမရဲ့ အလေးစား ဂရုစိုက် စောင့်ဆိုင်းတတ်မှုကို ဘာလို့ သတိမထားမိရတာပါလိမ့်။



ကျွန်တော့် မေမေပြောသလို ဘောလုံး ဆိုရင် အကြီးဖြစ်ဖြစ် အသေးဖြစ်ဖြစ် ၊ လူများများ နည်းနည်း ၊ အရွယ်တူတူ မတူတူ ကျွန်တော် ရူးသွပ်၏။ လမ်းဘေးမှာ ကလေးတွေ ကော်ဘောလုံးလေးနဲ့ နှစ်ယောက်စီ ခွဲကန်နေရာကနေ တိုင်းနဲ့ ပြည်နယ် ပွဲတွေကို အောင်ဆန်းကွင်းထဲ အထိ ကျွန်တော် မက်မက်မောမော ကြည့်ခဲ့၏။ ဘောပွဲ တစ်ပွဲရဲ့ ရင်ခုန်ရမှုကို ဘာနဲ့မှ မလဲနိုင်ခဲ့။ သွေးဆူရစ်မူးမှုကို ဘာနဲ့မှ မတူညီခဲ့။

သူမနဲ့ ကျွန်တော် လက်ချာချိန်တွေ အပြီး ၊ လက်တွေ့လုပ်အပြီး ၊ ကင်တင်းမှာ တစ်ခုခု စားပြီး ကားရပ်နားဝန်းမှာ ဖုန်တလုံးလုံး ဖြစ်နေပြီ ဆိုရင် သေချာပြီ ဟိုကောင်တွေ ၄ ယောက်ကြေး ဂိုးကျဉ်း ကန်နေကြပြီ။

“ ဟိုနား သွားကြည့်ရအောင် ကေ ”

လို့ ပြောတိုင်း မျက်လွှာချပြ ၊ ခေါင်းငြိမ့်ကာ လိုက်လျောတတ်တဲ့ သူမက ကျွန်တော့်ဘေးနားမှာ ပါလာမြဲ ဖြစ်၏။ နေပူကျဲကျဲမှာ တဖုန်းဖုန်း တဒိုင်းဒိုင်း ကန်နေတဲ့ သူငယ်ချင်းတွေ နားရောက်ရင် တွေ့တဲ့ သူငယ်ချင်းတိုင်းက . . . .

“ ကိုဇော်  . . . တစ်နေရာ လူစားဝင်ကွာ။ ”

ဟု ဆိုကာ ခေါ်မြဲ ၊ ဒီအချိန် ဆိုရင် ကျွန်တော်ကလည်း အပေါ်က ဝတ်ထားတဲ့ အင်္ကျီကို ခပ်သွက်သွက် ချွတ်ပြီး စွပ်ကျယ်နဲ့ ကျောပိုးအိတ်ထဲမှာ အမြဲတမ်း ပါတတ်တဲ့ ဘောင်းဘီတိုကို လဲကာ အသင်းသား ဖြစ်သွားမြဲ ဖြစ်၏။ ထိုအချိန်ဆိုရင်တော့ သူမက ကျွန်တော့်ရဲ့ ကျောပိုးအိတ်စောင့် ၊ ဖိနပ်စောင့် ၊ အဝတ်ထိန်းတွေ ဖြစ်သွားတတ်သည်။

ကျွန်တော် ဂိုးတစ်ဂိုးသွင်းလိုက်နိုင်တိုင်း သူမကပါ နှုတ်ဖျားက “ ဂိုး ” လို့ လက်မြှောက်ကာ လိုက်အော်တတ်ပြီး တားဆီးထားတဲ့ တစ်ဖက် အသင်းသားကို ဖြတ်ကျော်လိုက်နိုင်ပြီး ဂိုးသွင်းဖို့ ပြင်လိုက်တိုင်း “ ကန် ” ၊ “ ကန် ”  ဆိုကာ ဘေးက အားမလို အားမရ ဖြစ်တတ်၏။ တစ်ဖက် အသင်းသားကို ဖြတ်ကျော်ပြီးမှ အနောက်က ဆွဲဆွဲ ၊ ခြေပဲ လှမ်းထိုးထိုး ကျွန်တော် ဟန်ချက်ပျက်သွားရင် သူမပါ ဘေးက ကြည့်နေရာက လဲတော့မလို ဖြစ်ကာ ခန္ဓာကိုယ်လေး လိုက်ယိုင်ပြီး ဆူပုတ်ကာ ပွစိ ပွစိ နဲ့ တစ်ဖက် အသင်းသားတွေကို ဝေဖန်တတ်သေး၏။

အချိန်အနည်းငယ်ကြာလို့ ရေဆာလာရင် သူများတွေလို ကင်တင်းကို ပြေးသောက်စရာ မလို ၊ သူမက ကျွန်တော့် အတွက် အဆင့်သင့် ဝယ်ထားပြီး ဖြစ်၏။ သူမ ကမ်းပေးတဲ့ ရေဗူးထဲက ရေကို ပိုက်လေးနဲ့ စုပ်သောက်နေတုန်း ချွေးတွေနဲ့ ပေပွနေတဲ့ ကျွန်တော့် မျက်နှာနဲ့ လည်ပင်းတဝိုက်ကို တစ်ရှူးနှစ်ထပ်နဲ့ သူမက ခပ်ဖွဖွ သုတ်ပေးမြဲ ဖြစ်၏။ ဒီလို အချိန်ဆိုရင် နောက်ထပ် တစ်ကြိမ် ဘောလုံးပြန်ကန်ဖို့ အင်အားတွေ ကျွန်တော့်မှာ ပြန်လည် ပြည့်ဝလာမြဲ ဖြစ်တယ် ဆိုတာကို အခုလို ပြန်တွေးမိမှ ကျွန်တော် ပြန်လည် ခံစားလာရ၏။

နိုင်နိုင် ၊ ရှုံးရှုံး ဘောလုံးပွဲ ပြီးလို့ သန့်စင်ခန်းမှာ ခြေလက်ဆေးပြီး ထွက်လာတဲ့ ကျွန်တော့်ကို ကော်ရစ်တာမှာ သူမက ထိုင်ကာ သူမ လွယ်အိတ်ထဲမှာ အဆင်သင့် ဆောင်ထားတဲ့ ပလာစတာလေးတွေကို ကိုင်ကာ ပရုတ်ဆီဗူးလေးနဲ့   အသင့်စောင့်နေမြဲ ဖြစ်၏။

“ ဒီလောက်ကတော့ ဘာမှ မဖြစ်ပါဘူး ကေရဲ့ ”

လို့ ကျွန်တော် ပြောနေပေမဲ့ . . . .

“ ကွန်ကရစ် အခင်းပေါ်မှာ ခြေဗလာနဲ့ ကန်တာကို ခြေထောက်အစွန်းတွေ ပွန်းကုန်ပြီလေ ၊ ကြည့်ပါလား။ ဒါကို ဆေးလိမ်းပြီး ပလာစတာ မကပ်ထားရင် အနာထဲ ပိုးဝင်ပြီး အနာရင်းမှာပေါ့။ ”

လို့ ဆိုကာ စိတ်ရှည်လက်ရှည် ပရုတ်ဆီလိမ်းကာ ပလာစတာ ကပ်ပေးမြဲ ဖြစ်၏။ ဒီလို အချိန်မှာ သူမရဲ့ ဆံကေသာ ပျော့ပျော့လေးတွေက သူမ ပုခုံးထက်မှ ဝဲကျနေတတ်၏။ နောက်နေ့ ကျောင်းရောက်တာနဲ့ သူမ ကျွန်တော့်ရဲ့ ခြေထောက်က ပွန်းရာ ပဲ့ရာတွေကို ထပ်ကြည့်ကာ ပလာစတာ အသစ်လဲပေးပြီး ဆေးထည့်ပေးဦးမယ် ဆိုတာကိုလည်း ကျွန်တော် ကြိုတင် သိနေခဲ့ပါသည်။

ကျွန်တော် ဘာလို့များ သူမရဲ့ ဂရုစိုက် စိုးရိမ်တတ်မှုတွေကို သတိမထားခဲ့မိပါလိမ့်။ နီးနေလွန်းလို့များ ကျွန်တော် မမြင်ခဲ့တာလား။ ဒါကြောင့် မမြင်လွန်းခဲ့လို့ပဲ ဝေးသွားခဲ့ရတာလား။



အသက်မက
လက်ဖက်မက
ချစ်ရပါ၏ . . . ဂွိ

ဆိုကာ ကျွန်တော်က သူမကို နောက်ပြောင်ကာ သမိန်ပေါသွပ် စာအုပ်ထဲက ကဗျာတွေ ရေးပေးရင် သူက တခစ်ခစ်နဲ့ ရယ်ပြီး . . .

“ ကိုကတော့ တော်တော် ပေါက်ကရ ရေးတတ်တယ်။ ”

လို့ ပြောသလို . . . .

၁ ၊ ၂ ၊ ၃ ၊ ၄ . . . .
၁၅၀၀ ပြည့်မှ ချစ်ကြကြေး ဆိုရင် . . .
ခရီးဝေးပါတယ် ချစ်သူရယ်။
အချစ်မှာ ကိန်းဂဏာန်း မရှိဘူး။

ဆိုကာ ကျွန်တော်က ကဗျာရေးပေးရင်လည်း သူမက သေချာ အသံထွက်ဖတ်ပြီး . . .

“ ကိုက အချစ်မှာ ကိန်းဂဏာန်း မရှိဘူး ဆိုပေမဲ့ ကေကတော့ ကိန်းဂဏာန်း ရှိတယ်။ ကိုနဲ့ ချစ်သူ ဖြစ်ခွင့်ရတဲ့ နေရက်တွေ ဒိုင်ယာရီထဲမှာ တစ်နေ့တခြား ပိုပိုများလာတယ်။ ပြီးတော့ ကို့ကို ကိန်းဂဏာန်း အရ ဆိုရင် ထပ်တိုးနှုန်းနဲ့ ချစ်ချစ်လာတယ်။ ”

လို့ ဆိုတတ်၏။

သိပ်တော့ မထူးဆန်းပါဘူး ၊
ကျွန်တော်က အတ္တ ရပ်ဝန်းမှာ . . .
အနတ္တ ခပ်သန့်သန့်ပဲ ဖြစ်ချင်ခဲ့တာကိုး။

အဲဒီလို တစ်ခါတလေ ကျွန်တော်က ခပ်ရင့်ရင့် ကဗျာတွေ ရေးဖြစ်ခဲ့ရင်လည်း သူမက အထပ်ထပ်ဖတ်ကာ . . . .

“ ကေ သဘောမပေါက်ဘူး ကိုရယ် ၊ ဘာကို ဆိုလိုချင်တာလဲ။ ကိုကရော ဘာလို့ အနတ္တ ခပ်သန့်သန့် ဖြစ်ချင်ရတာလဲ။ ”

လို့ ကလေးငယ် တစ်ယောက်ရဲ့ အပြစ်ကင်းတဲ့ မျက်နှာမျိုးနဲ့ မေးတတ်သေး၏။ သူမကို သဘောပေါက်အောင် ပြောဆို ရှင်းပြပြီးရင် သူမက မျက်ဝန်းတောက်တောက်တွေနဲ့ . . . .

“ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ရေးတဲ့ စာတွေ ကဗျာတွေ အားလုံးကို ချစ်တယ် ၊ ကြိုက်တယ်။ ကို ဘာပဲ ရေးရေး ကေကတော့ ကိုရေးသမျှ သိမ်းထားမှာပဲ။ ”

လို့ ဆိုကာ သူမရဲ့ ဒိုင်ယာရီ စာအုပ်ကြားထဲမှာ နေ့စွဲနဲ့ အတူ သိမ်းထားလိုက်မြဲ ဖြစ်၏။ ဒီလို သူက ကျွန်တော့် အပေါ် အမှတ်တရ သတိတရ ရှိနေပေမဲ့ ကျွန်တော်ကတော့ လွန့်လွန်လွန်းစွာ သူမရဲ့ မွေးနေ့ကိုတောင်မှ မေ့ချင်ချင် ဖြစ်နေတတ်ပါသည်။ မှတ်မထားတာ မဟုတ်ပေမဲ့ သူမနဲ့ ပတ်သတ်ပြီးတော့ အမှတ်မရမိတဲ့ ကျွန်တော့်ကို ကျွန်တော် အခုလို ဝေးသွားမှ အပြစ်တင်ရမယ်မှန်း သေချာစွာ သိရပါတော့သည်။

ကျွန်တော် ဘာလို့များ သူမရဲ့ ဂရုစိုက်တတ်မှု နဲ့ အမှတ်တရတွေကို အရေးတယူ မရှိခဲ့တာပါလိမ့်။ သူမကိုရော ဘာလို့ ဂရုမစိုက်မိတာပါလိမ့်။



သူမကို ကျွန်တော်က “ ကေ ” လို့ပဲ အတိုကောက် ခေါ်သောကြောင့် ကျွန်တော်နဲ့ ပတ်သတ်ပြီး သူမကို ရင်းနှီးခဲ့ရတဲ့ သူ အားလုံးကလည်း “ ကေ ” လို့ပဲ ခေါ်ကြပါတော့၏။ အရင်ကတည်းက သူမနဲ့ ရင်းနှီးခင်မင်ခဲ့တဲ့ သူမ သူငယ်ချင်းများကတော့ သူမကို “ ကေခိုင် ” လို့ ခေါ်ကြပါ၏။ ဒါပေမဲ့ သူမ နာမည်က လေးလုံးပါသော နာမည်တစ်ခုသာ ဖြစ်သည်။ သို့သော် သူမရဲ့ အိမ်ကလည်း သူမကို “ ကေခိုင် ” လို့သာ ခေါ်ပါသည်။

တစ်ခါတလေ ကျောင်းသားကဒ် ဝေသော အခါ ၊ လက်တွေ့စာမေးပွဲမှ အဖြေလွှာတွေ ပြန်လာပေးသော အခါမှာ အတန်းထဲမှာ များသော အားဖြင့် ရှိမနေတတ်တဲ့  ကျွန်တော့်ရဲ့ အဖြေလွှာကို သူမကပဲ ယူထားလိုက်လေ့ ရှိပြီး ၁၀ ကြိမ် တစ်ကြိမ်မျှ တိုက်တိုက်ဆိုင်ဆိုင် ကြုံတောင့်ကြုံခဲ နာမည်ခေါ်ကာ ယူထားရမဲ့ စာရွက်စာတန်းတွေ ဆိုရင် သူမရဲ့ လေးလုံးတွဲ နာမည်ကို ကျွန်တော်က နားမယဉ်စွာဘဲ မကြားမိလိုက်ပါ။ ဒါကြောင့် ယူမထားလိုက်မိခဲ့ပါ။

ဒီအခါမှာ အပြင်က ပြန်လာတဲ့ သူမနဲ့ အပေါင်းအဖော်တွေက မေးရင် ကျွန်တော် ဝေဝေဝါးဝါး ဖြစ်သွားလေ့ ရှိသည်။ တကယ်တော့ ကျွန်တော် သူမနာမည် လေးလုံး အပြည့်အစုံကို နားမယဉ်ခဲ့ခြင်းပါပဲ။ သူမကတော့ ဘာမှ မဖြစ်သလို စားပွဲရှေ့က ဆရာဆီက နာမည်ပြောကာ သွားထုတ်ယူလိုက်ပေမဲ့ သူငယ်ချင်းတွေကတော့ ပွစိ ပွစိလို့ မပြီးနိုင်ခဲ့ပါ။

“ ကိုယ့်ချစ်သူ တစ်ယောက်လုံးရဲ့ နာမည်ကို မကျက်မိရဘူးရယ် လို့ကွာ။ ”

“ အေးလေ. . . ဒီနာမည်လေးတောင်မှ မမှတ်မိဘူးတဲ့ ၊ အံ့ပါရဲ့ဟယ်. .  ”

ဒီလို ဝေဖန်ပေမဲ့ သူမကတော့ ဘာမှ မဖြစ်သလိုဘဲ ကျွန်တော့်ဘက်က ကာကွယ် ပြောဆိုတတ်ပါသည်။

“ သြော်. .  . နင်တို့ကလည်း ကိုက ငါ့ကို “ ကေ ” လို့ပဲ ခေါ်နေကြ ဆိုတော့ နာမည်အရင်းနဲ့ စိမ်းနေလို့ပါ။ အဓိက က နာမည်ကို ချစ်တာမှ မဟုတ်တာ လူကို ချစ်တာ ဟုတ်တယ် မဟုတ်လား ကို ”

လို့ ကာကွယ် ပြောဆိုတတ်ပေမဲ့ ကျွန်တော်ကတော့ အပြစ်ရှိသူ တစ်ယောက်ဆိုတော့ ဟက်ဟက်ပက်ပက် မရယ်နိုင်ခဲ့ပါ။ ဒါပေမဲ့ နောက်တစ်ကြိမ် ဆိုရင်လည်း နောက်တစ်ခါ ကျွန်တော် နားမယဉ်ဘဲ သူ့နာမည်ကို မေ့နေခဲ့မိတာပါပဲ။ ကျွန်တော်ဟာ အဲဒီလို သူမ အပေါ်မှာ ထိုကဲ့သို့ အလေးမထားမိသလို ဖြစ်နေတတ်ပါသေးသည်။ ဒါပေမဲ့လည်း သူမကတော့ ကျွန်တော့် အပေါ်မှာ တစ်ခါမှ မပျက်မကွက် အရာရာမှာ သတိတရ ရှိနေခဲ့ပါသည်။ တကယ်တော့ တမင် လုပ်တာ မဟုတ်ခဲ့ပါ။ အုတ်နှစ်ချပ်ကြားမှာ လေပြေတိုး သလို ချောချောမောမော ဖာသိဖာသာ ဖြတ်သန်းသွားမိယုံပါပဲ။

ကျွန်တော် ဘာလို့များ သူမအပေါ်မှာ ဂရုမစိုက်မိ ၊ အလေးမထားမိသလို ဖြစ်ခဲ့တာပါလိမ့်။



ကျွန်တော် ပတ်ဝန်းကျင်ကို သေချာ ပြန်လည် ခြုံငုံကြည့်လိုက်တော့ ၁၀ နှစ်ဆိုသော အတိုင်းအတာဟာ ဘာမှ မဟုတ်သလိုဘဲ ကုန်ဆုံးခဲ့တာ ဖြစ်သည်။ ဒဂုံတက္ကသိုလ်ရဲ့ ပင်လယ်ကဗွီးပင်တွေကလည်း အရင်က ၁၀ နှစ်ထက် နည်းနည်းမျှသာ ပိုမို မြင့်မားလာခဲ့သည်။ အရင်က အရိပ်ရအောင် ဆိုပြီး စိုက်ထားခဲ့သော အပင်ကြီးများမှာ အခုတော့ အခက်အလက် စုံပြီး နေရောင်ကို အံတုပေးနေနိုင်ခဲ့ပြီ။

ကင်တင်းတွေကတော့ နေရာအနှံ့မှာ ပိုလို့ပင် များလာခဲ့ပြီ။ အဆောင် ( ၃၇ ) ဆိုတဲ့ ရူပဗေဒ အဆောင် ကတော့ အရင်က ကျောင်းဆောင် အသစ် ဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာတော့ သင်္ချာဆောင်က နောက်မှ ဆောက်တာဆိုတော့ သင်္ချာဆောင်လောက် မသစ်တော့ပြီ။ အရင်ကတော့ သင်္ချာဆောင် ဆိုတာ ရိုးရိုး နှစ်ထပ်ဆောင်တွေသာ ဖြစ်သည်။ ထိုစဉ်ကတော့ ဒဂုံတက္ကသိုလ်မှာ လေးထပ်ဆောင် ဆိုလို့ ရူပဗေဒဆောင်က ပထမဦးဆုံး ဖြစ်၏။ နောက်တော့မှ ရုက္ခဗေဒ နဲ့ သတ္တဗေဒဆောင်တွေ ဖြစ်လာခဲ့တာ ဖြစ်၏။

သင်္ချာလေးထပ်ဆောင်ကြီး ပြီးတော့ ကျွန်တော် ကျောင်းမှာ မရှိတော့ပါ။ ဒီမတိုင်ခင်မှာတော့ ရူပဗေဒက ငါတို့ ကျောင်းသားတွေက ရူပဗေဒ ဆိုသလိုပဲ “ ရူပါ ” ကလည်း အတော် ဖြူးသကိုး။ ဒါကြောင့် ကျောင်းကလည်း ခပ်မြင့်မြင့်ထားတာ ဆိုပြီး သင်္ချာမှ သူငယ်ချင်းတွေကို အမြဲနောက်လေ့ ရှိခဲ့ဖူးသည်။ ဒါပေမဲ့ ကျွန်တော်ရော ၊ ကေရောဟာ ရူပဗေဒ ကျောင်းသားတွေပေမဲ့ သင်္ချာဆောင်က သူငယ်ချင်းတွေနဲ့သာ ပျော်နေခဲ့ကြပါသည်။ လက်တွေ့ချိန်ပြီးရင် ကျွန်တော်တို့ နှစ်ယောက်ကို ကျွန်တော်တို့ ရူပဗေဒ ဆောင်မှ ရှာမနေနဲ့ ၊ မရှိတော့။ ကျွန်တော်တို့ သင်္ချာဆောင်က သူငယ်ချင်းတွေဆီ ရောက်နေပြီ။ သူတို့ ကျူတိုရီရယ် ရှိနေရင် သင်္ချာဆောင် ကင်တင်းမှာ ကေ နဲ့ ကျွန်တော် စားသောက်ရင်း သူငယ်ချင်းတွေကို စောင့်နေကြမည်။

သူငယ်ချင်းတွေ ကျူတိုရီရယ် ပြီးရင် ကင်တင်းမှာ ပွက်လောညံနေမည်။ ဘောလုံးချိန်းကန်ဖို့ ရှိရင် ကျွန်တော် ကျောပိုးအိတ်လေး လွယ်ကာ သွားမည်။ ကေ့ကို လိုက်မပို့ဖြစ်တော့ဘဲ ကျောင်းကားနဲ့ ပြန်ဖို့ ပြောမည်။  ပြီးရင်တော့ ချွေးသံ တရွဲရွဲ ကျွန်တော် ဘောလုံး ကန်နေဦးမည်။

ဒီလိုညနေစောင်း ဘောလုံးချိန်းကန်ရင် နောက်ကျတတ်လို့ ကေကတော့ စောင့်မနေနိုင်တော့ ဒါဆိုရင် . . .

“ ကို ခြေထောက်တွေ ပွန်းကုန် ခိုက်မိကုန်မယ်နော် ၊ သတိထားဦး ”

ဟု စိုးရိမ် တကြီး လှမ်းပြောလိမ့်ဦးမည်။

“ ဟုတ်ကဲ့ပါ ခင်ဗျားးးးးးးးးးး ”

လို့ ကျွန်တော်က ရွှတ်နောက်နောက် ပြောကာ ကေ့ကို လက်ပြပြီး သူငယ်ချင်းတွေနဲ့ ကစားကွင်းရှိရာကို လှမ်းသွားဖြစ်မည်။ ဒီအချိန်မှာ ကေ ဘယ်လို ကျောင်းကားနဲ့ပြန်သွားတယ် ဆိုတာကို ကျွန်တော် သတိရနေမိမည် မဟုတ်ပါ။ ကျွန်တော့် စိတ်တွေက ဘောလုံးဆီမှာသာ ရှိနေမည်။

ကျွန်တော် သူမကို တကယ်ကိုပဲ ဂရုတစိုက် မရှိခဲ့မိဘူးလား။ အခု နေချိန်မှာ ဒါတွေက နှောင်းနောင်တတွေ ဖြစ်နေမိတာလား။ သူမရဲ့ ဂရုတစိုက် ရှိမှုတွေကို ပြန်လည် တောင့်တာနေမိတာလား ကျွန်တော် မပြောတတ်ပါ။



“ ကိုဇော်. . . ”

“ - - - - - - ”

“ ဟေ့ကောင် . . . ကိုဇော် ”

နားနားကပ်ကာ ဒုတိယအကြိမ် ခေါ်လိုက်မှ ကျွန်တော် အသိဝင်လာတော့၏။

“ ဘာတွေများ ဒီလောက် သဘောကျပြီး မျက်နှာကြီးက ပြုံးဖြီးဖြီးကြီး ဖြစ်နေရတာလဲ။ ”

“ သြော် . . . လွန်ခဲ့တဲ့ ၁၀ နှစ်က အချိန်တွေကို ပြန်သတိရနေတာပါ။ အတိတ်တွေကို စားမြုံ့ပြန်နေတယ် လို့ ဆိုပါတော့။ ”

ဒီသူငယ်ချင်းက ကျွန်တော်တို့ အထက်တန်းကျောင်းက သူငယ်ချင်းတွေထဲမှာ ရှားရှားပါးပါး ဓါတုဗေဒကို တစ်ယောက်တည်း ရောက်သွားသူ ဖြစ်၏။ ရူပဗေဒ နဲ့ သင်္ချာမှာသာ သူငယ်ချင်းတွေ များသောကြောင့် ဓါတုဗေဒဆောင်ကို ကျွန်တော်တို့ သိပ်မရောက်ဖြစ်။ အခုတော့ မရောက်တာ ကြာပြီ ဖြစ်တဲ့ ကျောင်းမြေဝန်းကို လိုက်လည်ဖို့ သူက ဖိတ်ခေါ်ခြင်း ဖြစ်၏။ သူကတော့ အခု ဓါတုဗေဒဆောင်မှာ ဆရာ ပြန်ဖြစ်နေလေပြီ။

“ အတိတ်ကို ပြန်ဝါးမိတဲ့ လူတွေက ပထမဦးဆုံး ကြည်နူးစရာတွေကို အရင် သတိရတတ်တယ်တဲ့။ ပြီးမှ တဖြေးဖြေး ကြေကွဲစရာတွေ ပါလာတတ်တယ် ဆိုပဲ။ ”

ကျွန်တော် သူ့ကို ထူးဆန်းသလို ဖျတ်ခနဲ ကြည့်လိုက်ပြီး . . . .

“ ဟာ . . . တယ်ဟုတ်ပါလား ငါ့ကောင်ကြီး။ ငါနဲ့ မတွေ့ဖြစ်တဲ့ ၁၀ နှစ် အတောအတွင်းမှာ အတော်ကို တိုးတတ်လာတာပဲ။ စာတွေ ပေတွေ တော်တော် လိုက်ဖတ်ဖြစ်ပုံ ရတယ်။ ”

“ ဟဲဟဲ . . . ဒါပေါ့ကွ ”

“ ဒါဆို လုပ်စမ်းပါဦး။ ခုနက ငါ ဘာအတိတ်တွေကို စားမြုံ့ပြန်မိနေမယ် လို့ ထင်လဲ။ ”

သူက ကျွန်တော့်ကို တွေးတွေးဆဆ ကြည့်ရင်း . . .

“ ငါ ထင်တာ မမှားဘူး ဆိုရင်တော့ မင်းနဲ့ ပထမနှစ်ရော ၊ ဒုတိယနှစ်ရော တွဲဖြစ်ခဲ့တဲ့ မင်းရဲ့ ကောင်မလေးကို ပြန်သတိရနေတာပဲ ဖြစ်ရမယ်။ ”

“ - - - - - - ”

ကျွန်တော် သူ့ကို ဘာစကားမှ မပြန်နိုင်ဘဲ ဆွံအလျက် မတ်တပ်ရပ်လျက်နှင့်ပင် ယိုင်ထွက်သွား၏။ ဒူးက ခန္ဓာကိုယ်ရဲ့ အားကို မခံနိုင်သလို အံ့သြမှုက ချဉ်ဆီတွေကို ရုတ်တရက် အားနည်းသွားစေသည်။

“ ဟုတ်ရဲ့လားကွ။ ”

“ အစစ်ပဲကွာ။ ငါ ခုနက မင်း စာသင်ခန်းထဲ ဝင်နေတဲ့ အချိန်မှာ ငါ ကျောင်းဝန်းထဲကို အဆောင်အပေါ်ထပ်က ကြည့်နေရင်း အတိတ်က သတိရစရာတွေ အားလုံးကို ပြန်မြင်ယောင်နေမိတယ်။ ဒါပေမဲ့ မလိမ်တမ်း ပြောရရင် သူနဲ့ အကြောင်းတွေကို အများဆုံး ပြန်သတိရနေမိတယ်။ ”

“ သြော်. . . ဒါကလည်း ဖြစ်သင့်ပါတယ်ကွာ။ ဒါနဲ့ . . .မင်းကောင်မလေး နာမည်က  . . .အင်း . . .အဲ . . “ ကေ ” လား မသိ . . . အဲ . . . ဟုတ်တယ်။ ဘာတဲ့ . . .“ ကေခိုင် ” ဆိုလားနော်။ ဟုတ်တယ် မဟုတ်လား။ ”

“ ဟုတ်တယ်။ မင်းတောင်မှ မှတ်မိသားပဲ။ ၁၀ နှစ်တောင်မှ ကြာခဲ့ပြီကို မင်းတောင်မှ သူ့ကို သတိတရ ရှိနေခဲ့သေးတာပဲ။ ”

ဒီတော့ သူက ခေါင်းကို ခပ်သွက်သွက် ခါပြ၏။

“ ဒီလို မဟုတ်ဘူးကွ။ ကျောင်းပြီးတော့ မာစတာ ထပ်တက်ပြီး ကျောင်းမှာ ဆရာပြန်လုပ်တဲ့ အထဲမှာ ငါတို့ သူငယ်ချင်းတွေထဲက ၆ ယောက်လောက် ကျောင်းမှာ ရှိတယ်လေ။ မင်းက ကျောင်းနဲ့ အဆက်ပြတ်သွားလို့ မသိတာ နေမယ်။ ”

“ ဟုတ်လား . . မင်း အပြင် ဘယ်သူတွေ ကျောင်းမှာ ဆရာ ပြန်လုပ်နေတာလဲ။ ”

“ သန့်ဇင် ၊ ကျော်ဝင်းလှိုင် ၊ ယုဇန ၊ မြင့်မိုရ်ထွန်း ၊ အေမီထွန်းမြတ် ၊ ယုယုအေး ၊ သူတို့နဲ့ကတော့ ငါနဲ့က သူငယ်ချင်းတွေ ဆိုတော့ အဆက်အသွယ် ရှိတော့ သူတို့ ကျောင်းမှာ ဆရာ ပြန်လုပ်နေတယ် ဆိုတာကို ငါ သိတယ်ကွ။ မင်း ကောင်မလေးနဲ့ကတော့ မင်းနဲ့ ဆုံမှ သူ့ကို တဆင့်သိရတာ ဆိုတော့ မျက်မှန်းပဲ တန်းမိတာ သိပ်ပြီးတော့ မခင်ဘူးလေ။ အေး . . .အခု သူကလည်း ကျောင်းမှာ ဆရာမ ပြန်လုပ်နေတယ်။ ”

“ ဟေ . . .တကယ်လား။ ”

ရုတ်တရက် ဝမ်းသာသွားမှုက အထွတ်အထိပ်ကို ရောက်သွားသည်။

“ တ. . . .တကယ် . . . .တကယ် ပြောတာလား ဟေ့ကောင် ”

“ ဟ . . . တကယ်ပေါ့ကွ။ ဒါပေမဲ့ သူနဲ့ငါက သူငယ်ချင်းတွေ မဟုတ်တော့ သူ ဆရာမပြန်လုပ်နေတယ် ဆိုတာကို ရုတ်တရက် မသိဘူးကွ။ ပြီးတော့ ရူပဗေဒ နဲ့ ဓါတုဗေဒ ဆိုတာကကလည်း ပထမနှစ်လောက်ပဲ အဆက်အဆံက ရှိတော့ သတိမထားမိသလို မကြုံမိ ၊ မဆုံမကြဘူးပေါ့။ နောက်မှ မင်းတို့ အဆောင်မှာ ဆရာပြန်လုပ်နေတဲ့ သန့်ဇင် ဆီကို သွားလည်တော့မှ “ ကေ့ ” ကို ပြန်တွေ့မိတာ။ ”

“ သြော် . . . ”

“ ငါလည်း သေချာအောင် သန့်ဇင်ကို မေးလိုက်တော့ သန့်ဇင်က ဟုတ်တယ် . . . ဒါ ကိုဇော့် ကောင်မလေးပဲ လို့ ဖြေတော့မှ ငါလည်း သေချာပြီလို့ မှတ်ထားလိုက်မိတာ။ မင်းကလည်း ကျောင်းကနေ ထွက်သွားပြီးကတည်းက လုံးဝ အဆက်အသွယ် ပြတ်သွားတာကိုး။ ”

“ ဟုတ်တော့ ဟုတ်ပါတယ်ကွာ။ ငါကလည်း ငါပဲ. . . ။ ဒါနဲ့ . . . သူကရော ငါ့ကို အရင်လို သတိရနေပါဦးမလား မသိဘူး။ ဘာတွေများ ပြောင်းလဲ ကုန်ပြီလဲ မသိဘူး။ ”

“ ဟ . . ဒါကတော့ကွာ။ မင်းတောင်မှ အရင်က ပိန်ညောင်ညောင် ငါးဖောင်ရိုးကနေ အခုတော့ ဗိုက်ပူပူနဲ့ အဆီပိတ်နေတဲ့ လူကြီး ဖြစ်လာသေးတာပဲလေ။ သူလည်း ပြောင်းလဲမှုတော့ ရှိမှာပေါ့။ ”

“ ဟဟဟဟဟ . . . ခွေးကောင် ၊ ငါ့ကိုများ ဗိုက်ပူသဘေး ၊ အဆီပိတ်သလေးနဲ့။ ”

“ မဟုတ်လို့လား . . . . ဟားဟား . . ”

“ ငါ့ကိုပဲ လာမပြောနဲ့။ မင်းကရော . . . ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဦးလေ . . . မည်းမည်းလုံးလုံးကြီး ဖြစ်နေပြီ။ ”

“ သြော်. . . ဒါကတော့ ဒဂုံနေက ပြင်းတယ်လေကွာ။ ဒီလောက်တော့ မည်းမှာပေါ့ . . . ဟဲဟဲ . . ”

“ ဟား . . . ဟား . . . ဟား . . . ”

နှစ်ယောက် စလုံးရဲ့ ပျော်ရွှင်စွာ ရယ်မောသံ ခပ်အုပ်အုပ်က ဓါတုဗေဒရဲ့ အဆောင် ပေါ်တီကို အောက်မှာ ပြန့်နှံ့နေခဲ့၏။ ခဏနေတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရယ်နေတာကို ရပ်ကာ သူ့ကို ကျွန်တော် ပြောလိုက်သည်။

“ ငါ . . . ရူပဗေဒဆောင်ကို သွားချင်တယ်ကွာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ သူငယ်ချင်း တစ်ယောက်လိုပဲ ဖြစ်ဖြစ် သူ့ကို ငါ သွားတွေ့ချင်တယ်။ ”

“ အင်း . . သွားလေ။ ငါလည်း အခု အားနေတာပဲ။ သွားစို့ . . ”

ဓါတုဗေဒဆောင်ကနေ ရူပဗေဒဆောင်ကို ခြေဦးတည့်လိုက်တော့ နေရောင်က ခပ်ပြင်းပြင်း ထိုးကျကာ ဖြာဝေနေ၏။ တကယ်လို့ ကျွန်တော့်ဘေးနားမှာ ကေ သာဆိုရင် “ ထီးဆောင်းရအောင် ကို ” လို့ ပြောကာ သူမရဲ့ ထီးလေးကို ထုတ်ပေးလိမ့်ဦးမယ်။ အခုတော့ ကျွန်တော်တို့ နှစ်ယောက် လက်ဗလာနဲ့ အကာအကွယ်မဲ့လျက် . . . .။



အသက်တွေကလည်း မငယ်ကြတော့ပြီ။ ဒါပေမဲ့ ကျွန်တော့် ရင်ဘတ်ထဲက ၁၀ နှစ်ကျော် ငြိမ်သက်ကာ အိပ်ပျော်နေသော နှလုံးသားကတော့ နုညံ့လတ်ဆတ်စွာပဲ အရင်လို ပြန်လည်ကာ ခပ်သွက်သွက် ခုန်နှုန်းမြင့်နေခဲ့၏။ ပြီးတော့ ကေနဲ့ တွေ့ရမယ် ဆိုတဲ့ အသိစိတ်ကြောင့် တိုးကာ တိုးကာ ခုန်လာခဲ့လေသည်။

အတော် လျှောက်ရသော ဓါတုဗေဒဆောင် နဲ့ ရူပဗေဒဆောင် ကြားမှာ ကျွန်တော့်ရဲ့ ခြေလှမ်း သွက်သွက်တွေကို ဆရာဟန်နဲ့ ပုပုဝဝ သူငယ်ချင်းက မောပန်းကြီးစွာနဲ့ မပြေးယုံတမည် လိုက်လေရ၏။ ပုပု ဝဝ မည်းမည်း အရာဝတ္ထုကြီးတစ်ခု အရှိန်ပြင်းစွာ လိမ့်လာသော ပုံကို မျက်လုံးထဲမှာ ပုံဖော်ကြည့်ပြီး မြင်နိုင်ပါသည်။

“ ဟေ့ကောင် ဖြေးဖြေးလျှောက်ပါကွာ။ ငါ့နှယ်.  . .  မောလိုက်တာ . . ”

“ သြော် . . . အေး . . . ဟီး . . .  ငါလည်း တွေ့ချင်ဇော နဲ့ လောသွားတယ်။ ”

“ ၁၀ နှစ်လောက် ပျောက်ချင်ရာ ပျောက် ၊ ရောက်ချင်ရာ ရောက်နေပြီးတော့မှကွာ။ အခုလို ကျောင်းမှာ ရှိတယ် ဆိုတော့မှ ဖြစ်နေတာ အလောတကြီး . . .”

“ အေးပါကွာ . . အေးပါ . . . ဖြေးဖြေး ဆိုလည်း ဖြေးဖြေး လျှောက်ပါ့မယ်။ ”

“ ဟုတ်တယ်လေ . . . မင်းက လောနေတယ်ပဲထား . . ကေခိုင်က ဒီနေ့ ကျောင်းမလာဘူး ဆိုရင် မင်း ဘာလုပ်မလဲ။ ”

အပြေးကောင်းနေတဲ့ မြင်းကို ဇတ်ကြိုးသတ်လိုက်သလို ၊ အရှိန်ရနေတဲ့ စက်ဘီးကို နောက်က ဆောင့်ဆွဲလိုက်သလို ၊ အသွားမြန်နေတဲ့ လှေကို ကျောက်ချလိုက်သလို . . . ကျွန်တော့်ရဲ့ ခြေလှမ်းတွေ ရုတ်ခနဲ အားဆုတ်သွားသလို ဖြစ်သွား၏။

“ ဟုတ်တော့လည်း ဟုတ်တာပဲ။”

“ ဘာမှ ဟုတ်တော့လည်း ဟုတ်တယ် လုပ်မနေနဲ့။ မင်းကိုက ဖြစ်မိရင် လွန်ကို လွန်တယ်။ ”

“ ဖြစ်မိရင် မဟုတ်ပါဘူး သူငယ်ချင်းကြီးရယ် ၊ ချစ်မိရင်ပါ. . . . ”

“ ခွိးးးးးးးးးး တော် . . တော်. . ဒီတော်ကီတွေ ကေခိုင့်ကိုပဲ ရမယ်။ ငါက ကေခိုင် မဟုတ်ဘူးနော်။ ”

“ ဟား . . ဟား . . . ဟုတ်ပါတယ်။ ကေကလည်း မင်းလို မည်းမည်း ပုပု ဝဝကြီး မဟုတ်လောက်ပါဘူး။ ”

“ ဒီအသက် ဒီအရွယ်တွေ ရောက်နေပြီပဲကွာ။ မင်းတို့ ငါတို့တောင်မှ ဒီလောက် ဝလာသေးတာ ၊ သူလည်း နည်းနည်းတော့ အရင်ထက် ဝလာတယ်ကွ။ မိန်းကလေး ဆိုတော့လည်း မိန်းကလေးအရ အလှအပတွေနဲ့တော့ ထိန်းထားတာပေါ့လေ။ ”

“ အေးပေါ့ . . . ၊ ဒါနဲ့ . . မင်း သူနဲ့ တစ်ခါမှ စကား မပြောဖြစ်ဘူးလား။ ”

“ အေး . . မပြောဖြစ်ဘူး။ သူနဲ့ငါက ဒီလောက်မှ မခင်တာကွာ။ မင်းနဲ့ တွဲသွားတွဲလာမို့သာ ငါက မျက်မှန်းတန်းမိနေယုံ ဖြစ်နေတာ။ ပြီးတော့ ပြောစရာကလည်း မရှိဘူးလေ။ ”

“ သြော်. . . ဟုတ်တာပေါ့ . . ”

သူပြောတာကို ထောက်ခံတဲ့ အနေနဲ့ သံယောင် လိုက်လိုက်မိ၏။ ရူပဗေဒဆောင်ကတော့ ဟိုးအရင် ဆယ်နှစ်တုန်းကလိုပဲ မျက်နှာစာမှ ပေါ်တီကိုက ဒဂုံတက္ကသိုလ်နေရောင်ကို ကာကွယ်ရင်း အရိပ်ပေးကာ အေးမြနေစေသည်။ အရင်က ကျွန်တော်တို့ ထိုင်နေခဲ့ဖူးသော ခုံလေးများ ၊ ရပ်နေခဲ့ဖူးသော ကော်ရစ်တာများ ၊ စာသင်ခဲ့ဖုးသော စာသင်ခန်းများက အရင်အတိုင်း မပြောင်းလဲ ကျောင်းသားသစ်များဖြင့် အသက်ဝင်လှုပ်ရှားလျက် ရှိ၏။

ကျောင်းသားဟောင်းဆိုပေမဲ့ အခုလက်ရှိ ကျောင်းသားသစ်တွေလောက်တော့ ကျောင်းနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတော့ပေ။ သို့သော် ဒီနေရာနဲ့ငါ ရင်းနှီးဖူးတယ် ဆိုသော အသိက ရင်ထဲကို ဖြတ်ခနဲ ဝင်လာကာ အရာရာဟာ နေတစ်စင်း ထွန်းလင်းနေလျက်နဲ့ပင် ထိုင်းမှိုင်းသွားသလို ဖြစ်နေသည်။ သွားလာခဲ့ဖူးသော နေရာပင် ဖြစ်လင့်ကစား ဘယ်ကို သွားရမယ် မှန်းမသိ ဖြစ်နေမိ၏။

“ တတိယထပ်ကို အရင်သွားမယ် ၊ အဲဒီမှာ သန့်ဇင် ရှိနေတယ်။ ”

သူငယ်ချင်းရဲ့ လောဆော်မှုကြောင့် အတိတ်တွေနဲ့ ထုံသီနေတဲ့ ကျွန်တော် သူ့ကို လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ယုံသာ ညိတ်ပြမိသည်။ လှေကားပေါ်ကို တစ်ထစ်ချင်းစီ နင်းတက်နေတဲ့ ခြေလှမ်းတွေက ဟိုအရင် အတိတ်က သူမ နဲ့ ကျွန်တော့်ရဲ့ ခြေလှမ်းများကို ပြန်လည် မြင်ယောင်စေ၏။

“ သန့်ဇင် . . . လက်ချာချိန် ဖြစ်နေမလား မသိဘူး။ ”

“ - - - - - - ”

“ လက်ချာချိန်ဆိုရင်လည်း ခဏတော့ ထိုင်စောင့်နေကြတာပေါ့ကွာ။ ”

“ - - - - - - - ”

သူ ပြောသမျှကို ဘာဆို ဘာမှ စကားမပြန်မိတော့ ခေါင်းညိတ်ပြခြင်းဖြင့်သာ သဘောတူကြောင်း ပြမိ၏။ လူက အိပ်မက်ထဲမှာ လမ်းလျှောက်နေရသူလို အတိတ်ကို ရောက်သွားလိုက် ၊ လက်ရှိ အခြေအနေကို ပြန်ရောက်လာလိုက်နဲ့ ရှုပ်ထွေးနေစေသည်။ ဒီစာသင်ခန်းတွေမှာ ကေ နဲ့ ကျွန်တော် အတူတူ ပျော်ရွှင်ကြည်နူးစွာ နေခဲ့ဖူး၏။ ကျွန်တော့် အပေါ်မှာ အရာရာ ဂရုတစိုက်မှုများနဲ့ ကေက ရှိခဲ့သလောက် ကျွန်တော်က သူမကို ဂရုမစိုက်မိခဲ့။

“ လက်ချာခန်းမှာ မရှိဘူးကွ။ နားနေခန်းမှာလား မသိဘူး။ ငါ သွားရှာဦးမယ်။ မင်း ဒီကော်ရစ်တာမှာပဲ ခဏစောင့်နေ. . . ဖြစ်တယ် မဟုတ်လား။ ”

“ - - - - - - ”

သူငယ်ချင်းရဲ့ အဆိုကို ခေါင်းညိတ်ပြကာပဲ သဘောတူ ပြလိုက်၏။ သူကတရွေ့ရွေ့ ထွက်ခွာသွားတော့မှ ကော်ရစ်တာရဲ့ အကာ အုတ်ဘောင်ကို ဖေးတွယ် မှီကာ ရပ်လိုက်မိ၏။ ဒီနေရာ ဒီရပ်ဝန်းမှာ ကျွန်တော်နဲ့ ကေ တို့ရဲ့ နေရက်များစွာ ကုန်လွန်စေခဲ့ဖူးသည်။ သတိတရ အမှတ်ရစရာများစွာ ရှိခဲ့ဖူးသည်။ သူမ အပေါ် ဂရုစိုက်မှု နည်းခဲ့တဲ့ ကျွန်တော့်တောင်မှ အခုနေအချိန်မှာ ဒီလောက် သတိရနေခဲ့ရင် ကေ ဆိုရင် ဘယ်လောက်တောင်မှ အခုနေ အချိန်မှာ ကျွန်တော့်ကို သတိရနေလိမ့်မလဲ။

အတွေးများနဲ့တင် ရင်ထဲမှ ပို၍ တဒိတ်ဒိတ် ခုန်လာစေသည်။ ကျွန်တော် ရပ်နေသော ကော်ရစ်တာ ထောင့်ချိုးကလည်း လက်ချာချိန်လား ၊ လက်တွေ့ချိန်လား ၊ အတန်းပြီးချိန်လား ဘာမှန်း မသိပေမဲ့ တိတ်ဆိတ်မှုကြောင့် အားလုံးဟာ ထုံသီနေခဲ့သည်။ အခုမှ ပတ်ဝန်းကျင်ကို သတိတရ ကြည့်မိတော့ ကျွန်တော့် အနီးနား ကော်ရစ်တာ ထောင့်ချိုးမှာ ထိုင်ခုံရှည် တစ်လုံးကို ထုံးစံ အတိုင်းချထား၏။ ထိုထိုင်ခုံမှာ အတန်ငယ် ဝသော အမျိုးသမီး တစ်ယောက်က ထိုင်ကာ သူမရဲ့ နဘေးမှ အမျိုးသမီးသုံး အပေါ့စား အိတ်ငယ်ထဲမှ ပစ္စည်း တစ်ခုခုကို အသည်းအမဲ ရှာဖွေနေ၏။

သူမကို ကျွန်တော် စိတ်မဝင်စားပါ။ အခု လောလောဆယ် ကျွန်တော့် အတွက် စိတ်အဝင်စားဆုံး လူသားက “ ကေ ” သာ ဖြစ်၏။ သို့သော် အခု ကျွန်တော့် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်လှသည်။ လှုပ်ရှားနေသော သက်ရှိ လူသား အဖြစ် ကျွန်တော်နဲ့ တစ်ခုခုကို ရှာဖွေနေဟန် ရှိသော ထိုအမျိုးသမီးသာ ရှိသည်။ ဘာမှလုပ်စရာ မရှိဘဲ တစ်ခုခုကို ထိုင်စောင့်နေရသော လူသားတစ်ယောက်ရဲ့ လုပ်မိလုပ်ရာ ထုံးစံ အတိုင်း ကိုယ့်နဘေးနားမှာ လှုပ်ရှားနေသော ထိုအမျိုးသမီးကို ကျွန်တော် ခဏငေးကြည့်နေမိသည်။

ကော်ရစ်တာပေါ်မှာ ချထားသော ထိုင်ခုံရှည်မှာ သူမက ထိုင်ရာ ကျွန်တော့်ဘက်ကို ဘေးတစောင်းထက် ပိုပြီး နောက်ကျောပေးထားခြင်း မဟုတ်သော အနေအထားမျိုးဖြင့် တစ်ခုခုကို သည်းသည်းမဲမဲ ရှာဖွေနေ၏။ ထိုတစ်စုံတစ်ခုကို ရှာဖွေ၍ မတွေ့တိုင်း ထိုအိတ်ငယ်ထဲမှာ ပစ္စည်းတွေကို တစ်ခုပြီး တစ်ခု ထုတ်ကာ ခုံရှည်ပေါ်ကို တင်လိုက်၏။ သူမ ဘာကို သဲကြီးမဲကြီး ရှာနေတာပါလိမ့်။ ဘာရယ် မဟုတ်ဘဲ ကျွန်တော် စိတ်ဝင်စားသွားမိသည်။

သူမရဲ့ မျက်နှာကို ကျွန်တော် သူမရဲ့ နောက်ကျောပေးထားသလို အနေအထားကြောင့် သေချာ မမြင်ရပါ။ တစ်ခုခုကို သူမ သဲကြီးမဲကြီး ရှာဖွေနေတယ် ဆိုတာဟုသာ ကျွန်တော် သဘောပေါက်မိ၏။ ထိုအရာက ဘာများပါလိမ့်ဟု ကျွန်တော် စိတ်ဝင်စားမိယုံသာ ဖြစ်၏။ ရှာရင်းနဲ့ ထိုအိတ်ငယ်ထဲမှ ထမင်းဘူး ၊ ရေဘူး ၊ မုန့်ထုပ်များက ထိုင်ခုံပေါ်ကို ရောက်သွားပြီး အိတ်ထဲမှာ ပစ္စည်းနည်းသွားတဲ့ အချိန်မှ သူမက သူမ လိုချင်တာကို တွေ့လိုက်ရသလို အထဲကို လက်နှိုက်ယူလိုက်ပြီး ကျေနပ်သွားသော ဟန်ကို မြင်လိုက်ရသည်။ သို့သော် ထိုပစ္စည်းက ဘာလဲ ဆိုတာကို နောက်ကျောပေးထားသော ဟန်ကြောင့် ကျွန်တော် မမြင်ရပါ။

သူမ ရှာဖွေပြီး တွေ့ရှိသွားသော ပစ္စည်းကို လက်ထဲမှာ ကိုင်ရင်း ခုနက ထုတ်ထားသော ထိုင်ခုံရှည်ပေါ်မှ ရေဘူး ၊ ထမင်းဘူး နဲ့ မုန့်ထုပ်များကို တစ်ခုချင်းစီ အစီအရီ ပြန်ထည့်နေ၏။ စိတ်ရှည် လက်ရှည် သူမ ရှာဖွေကာ လက်ထဲမှာ ကိုင်ထားသော ပစ္စည်းက ဘာများ ဖြစ်မလဲ လို့ ကျွန်တော် အတွေးထဲမှာ စဉ်းစားနေမိ၏။ သူမကတော့ အိတ်ထဲကို ပစ္စည်းတွေ ထည့်နေတာကို ဂရုစိုက်နေ၍ ကျွန်တော် ဆိုသော လူသားတစ်ယောက် သူမနဲ့ အနီးအနား ကော်ရစ်တာမှာ ရှိနေတယ် ဆိုတာကိုတောင်မှ ဂရုပြုမိပုံ မရပါ။

ထိုင်ခုံရှည်ပေါ်သို့ ထုတ်ထားသော ပစ္စည်းတွေထဲမှ နောက်ဆုံး ပစ္စည်းလို့ ထင်ရတဲ့ ထီးကို ထည့်အပြီးမှာတော့ သူမက သူမ ရှာဖွေထားသော ပစ္စည်းကို ကိုင်ကာ အသင့် အနေအထားဖြစ်အောင် ခန္ဓာကိုယ်ကို တစ်ချက်ပြင်ထိုင်ကာ ဆံပင်များကို နောက်သို့ လက်ဖြင့် ပင်ကာ သပ်တင်လိုက်၏။ ရှာထားသော ပစ္စည်းကို လက်ထဲမှာ ကိုင်ထားရင်း ဆံပင်ကို အသပ် ၊ ဆံပင်နဲ့ ငြိကာ သူမရဲ့ လက်ထဲက ပစ္စည်းလေးက ကော်ရစ်တာ ကြမ်းပြင်သို့ လွင့်ကာ ကျသွား၏။ ကျကျချင်း သူမကလည်း ထိုပစ္စည်းလေးကို ကောက်ရန် ခန္ဓာကိုယ်ကို ထိုင်ရာမှ ကုန်းကာ အားယူလိုက်သည်။

ကျွန်တော်ကလည်း ခုနက သူမ အသည်းအသန်ရှာနေတဲ့ ပစ္စည်းလေးက ဘာလဲ ဆိုတာကို သိချင်စိတ်ဖြင့် ကျသွားရာ ပစ္စည်းကို လိုက်ကြည့်လိုက်မိတော့ ထိုပစ္စည်းလေးက “ ပလာစတာ ” လေး တစ်ခုမျှသာ ဖြစ်၏။ “ သြော် . . . ပလာစတာကိုး ” ဟု စိတ်မှာ တွေးမိရင်း ကုန်းကောက်နေသော ထိုအမျိုးသမီး မျက်နှာကို ကြည့်လိုက်မိတော့ နောက်ကျောပေးနေသော အခြေအထား မဟုတ်တော့သောကြောင့် သူမ မျက်နှာကို ဘေးတစောင်းသာသာဖြင့် မြင်ခွင့်ရသည်။ ဒီအချိန်မှာပဲ သူမကလည်း ပလာစတာလေးကို ကုန်းကောက်ရင်းမှ သူမရဲ့ ပတ်ဝန်းကျင်နားမှာ နောက်ထပ် လူတစ်ယောက် ရပ်လျက် ရှိနေပါလား ဆိုသော အသိစိတ်ကြောင့် ကျွန်တော့် ဘက်ကို မျက်နှာမူလာသည်။

“ ဟင် . . . ကေ . . . ”

ဟုတ်သည်။ အမှန်ပဲ။ အစစ်။ တကယ်ကိုသူမဟာ အနည်းငယ် ပြည့်ဝန်းလာသော မျက်နှာ ၊ အတန်ငယ်ထက် ဝလာသော ခန္ဓာကိုယ်တွေကို ပိုင်ဆိုင်ထားပေမဲ့ မမှတ်မိတော့လောက်အောင် ပြောင်းလဲ သွားခြင်း မရှိသော ကေ ပါပဲ။ လွန်ခဲ့သော ဆယ်နှစ်တာ ကာလက ကျွန်တော်နဲ့ ဝေးကွာသွားသော ချစ်သူ။ ရူပဗေဒမှာပဲ ပြန်ပြီးတော့ ဆရာမ လုပ်နေသော ချစ်သူ . . ။ အဲ . . . ချစ်သူဟောင်း။

“ ဟယ် . . . ကို . . . ကိုဇော် . . . . ”

သူမရဲ့ မျက်ဝန်းများက ကျယ်ဝန်းသွား၏။ နှုတ်ခမ်းများက အံ့သြမှုကြောင့် ခပ်ဟဟ ဖြစ်သွား၏။ ပလာစတာလေး ကုန်းကောက်နေဟန်မှာ ရုတ်တရက် မတ်တပ် ရပ်ပြီးသား ဖြစ်သွား၏။ သေချာရဲ့လား ၊ မသေချာဘူးလား ဆိုသော ဇဝေဇဝါ ဟန်နဲ့ မတ်တပ်ရပ်ကာ ခြေလှမ်းတို့က လှမ်းလျှောက်လာ၏။

“ ဟို ကိုဇော် . . . ကိုဇော် မဟုတ်လား။ ”

“ ဟုတ်တယ် . . ကေ နော် . . . ။ ”

“ ဟုတ်တယ် ကိုဇော် . . ။ မတွေ့ရတာတောင်မှ နှစ်တွေ အတော်ကြာပြီနော်။ ”

ဝမ်းနည်းမှု မဟုတ်သော အံ့သြမှု စကားသံဖြင့် သူမရဲ့ နှုတ်က ထွက်လာ၏။

“ ဟုတ်တယ် ၊ ကိုယ်လည်း ကျောင်းနဲ့ လုံးဝကို အဆက်ပြတ်သွားတယ်။ ”

“ အခုရော ကျောင်းကို ဘာလာလုပ်တာလဲ။ ”

ကိုယ် ကေ့ဆီကိုလာတာလေ။ ကိုယ် ကေ့ကို လာရှာတာလို့ အခုချက်ချင်း ဖွင့်ပြောလိုက်ရရင် ကောင်းမလား။ ခြင့်ချိန်တွေဝေနေကာ အတွေးတွေနဲ့ ကျွန်တော် မှုန်ဝေနေခဲ့သည်။ ဒီအချိန်မှာ ကော်ရစ်တာရဲ့ ထောင့်ချိုးမှ “ ကျား ” လို့ ရေးထားသော သန့်စင်ခန်းမှ ယောက်ျား တစ်ယောက်နဲ့ ကလေးငယ် တစ်ယောက် ပြေးထွက်လာ၏။ ထိုကလေးငယ်က သန့်စင်ခန်းထဲမှ တောက်လျှောက် ပြေးထွက်လာကာ သူမရဲ့ လက်ကို လှမ်းဆွဲလိုက်သည်။

“ မေမေ  . . . ရေသောက်ချင်တယ်။ ”

ဝုန်းခနဲ ကမ္ဘာကြီး သွက်သွက်ခါသွားသလို အတွေးတွေရဲ့ နှုန်းကို ကျွန်တော် ချက်ချင်း မလိုက်နိုင်တော့ဘဲ မျက်လုံးများ ပြာဝေသွားကာ လူက အနည်းငယ် မူးနောက်နောက် ဖြစ်သွား၏။ သို့သော် ခန္ဓာကိုယ်က ယိုင်ထွက် မသွားသလို တခဏ ဆိုတဲ့ အချိန်လေးအတွက် မျက်နှာ အမူအရာကိုလည်း မပျက်အောင် ချက်ချင်း ထိန်းလိုက်နိုင်ခဲ့၏။

ဒီကလေးက သူမကို မေမေ လို့ခေါ်နေပါလား။

ဒီကလေးက ကေ့ကို မေမေလို့ ခေါ်နေပါရောလား။

ဒီကလေးနဲ့ ကေက ဘာတွေ ဖြစ်နိုင်မလဲ။

ဒါဆို ဒီကလေးနဲ့ အတူတူ သန့်စင်ခန်းက ထွက်လာတဲ့ အမျိုးသားကရော ဘယ်သူ ဖြစ်နိုင်လဲ။

ထိုအမျိုးသားကရော ကေနဲ့ ဘယ်လိုတွေ ပတ်သတ်နေနိုင်လဲ။

ကေ ထုတ်တိုက်သော ရေဘူးမှ ရေကို သောက်ပြီးတော့လည်း ကလေးက ထပ်ကာ ဟိုဟာ ဒီဟာ ပြောနေ၏။ သို့သော် အတွေးထဲမှာ နစ်မြှုပ်ပြီး ကျွန်တော် သေချာ မကြားရတော့. . . ။

“ အေး စားရမှာပေါ့ သားရဲ့။ မေမေ သားကို စောင့်နေတာပဲ ၊ အိတ်ထဲမှာ ပါတယ်။ ဒါပေမဲ့ အခုတော့ ကင်တင်းမှာ ထမင်း အရင်စားရမယ်။ ပြီးမှ မုန့်စား ဟုတ်ပြီလား။ ”

သူမကတော့ ကလေးငယ်ရဲ့ လက်ကို ကိုင်ကာ ငုံ့ကိုင်းပြီး ချော့မော့ပြောလိုက်၏။ ဒီအချိန်မှာပဲ သူမ အနားကို သန့်စင်ခန်းမှ ပုံမှန်ခြေလှမ်းနဲ့ လျှောက်လာသော အမျိုးသားက သူမနားကို ရောက်လာ၏။ ထိုသူက ဘယ်သူလဲ ဆိုသော အေးဆေးတည်ငြိမ်သော မျက်ဝန်းဖြင့် ကျွန်တော့်ကို ကြည့်ကာ ဘယ်သူပဲ ဖြစ်ဖြစ် ဆိုပြီး အသိအမှတ်ပြုသော နှုတ်ခမ်းများဖြင့် မသိခင်ကတည်းက ပြုံးပြ၏။ ခေါင်းညိတ်ကာ ပြန်လည် ပြုံးပြပြီး ကျွန်တော် ကေ့ဘက်ကို လှည့်ကြည့်လိုက်တော့ ကေကလည်း ကျွန်တော့်ကို ပြုံးပြ၏။

“ ကိုဇော် . .  . ဒါ ကေ့ရဲ့ ခင်ပွန်း ကိုသော်မော် ဆိုတာပေါ့။ ”

ဘာမှန်း မသိသော အရာတစ်ခုက ရင်ဝကို လာဆောင့်သလို အင့်ခနဲ ခံစားလိုက်ရသည်။ ဒါပေမဲ့ ပြုံးနေတဲ့ မျက်နှာကတော့ ဘာခံစားမှုမှ မပေါ်နိုင်ပါ။ ကျွန်တော်က ဟန်ဆောင် ကောင်းပါသည်။

“ ကိုမော် . . . . ဒါက ကေ့ရဲ့ ပထမနှစ်ရော ၊ ဒုတိယနှစ်ရော အတူတူ ကျောင်းတတ်ခဲ့တဲ့ သူငယ်ချင်းလေ။ ကိုဇော် ဆိုတာပေါ့ . . . . နာမည်ရင်းက . . . . အဲ . . . အဲ . . . ဟဲ့ . .  . ငါ . . နာမည် အပြည့်အစုံ မေ့နေပြီ။ ”

“ သြော်. . . ကျွန်တော့် နာမည် “ ဇော် x x ” ပါ။ သူငယ်ချင်း အားလုံးကတော့ “ ကိုဇော် ” လို့ပဲ ခေါ်ကြပါတယ်။ ကေခိုင်တို့နဲ့ အတန်းတူ အခန်းတူ သူငယ်ချင်းတွေထဲက တစ်ယောက်ပါ။ ”

ကျွန်တော် ကိုယ့်ကိုယ်ကိုယ် နာမည် အပြည့်အစုံနဲ့ မိတ်ဆက်လိုက်ကာ လက်ဆွဲနှုတ်ဆက်ရန် လက်လှမ်းလိုက်၏။ သြော် . . . ငါ့နာမည် အပြည့်အစုံကိုတောင်မှ မေ့နေပါရောလား။ ဟိုဘက်က ကိုသော်မော်ကလည်း အလိုက်သင့် လက်ကမ်းကာ ဆွဲယူ လှုပ်ရမ်းလိုက်ပြီး စကားဆက်သည်။

“ ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က သော်မော်ပါ။ လူချင်း မတွေ့ဖူးပေမဲ့ ကျွန်တော် ကိုဇော့် အကြောင်းကို ကေ့ဆီက အမြဲကြားရပါတယ်။ ”

“ ဗျာ . . . ” ဆိုသော အာမေဋိတ်က နှုတ်ခမ်းက ကျွံကျတော့မည့်ဆဲဆဲ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရင်ထဲမှာပဲ လှိုဏ်သံပေါက်ကာ တိုးဝင်ပျောက်ကွယ်သွားစေသည်။

“ ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ ကျွန်တော်လည်း ကျောင်းနဲ့ အဆက်ပြတ်နေတာနဲ့ ဒီနေ့မှ ဓါတုဗေဒက သူငယ်ချင်း တစ်ယောက်ဆီကို လာရင်း ဒီမှာ ဆရာ လုပ်နေတဲ့ သူငယ်ချင်းဆီ လာတာ။ လာရင်းနဲ့ အခုလို တိုက်တိုက်ဆိုင်ဆိုင် ကိုယ့် သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတာ ဝမ်းသာမိတယ်။ ”

“ ဟုတ်ကဲ့ . . . ကျွန်တော်ကလည်း ဒီနေ့ သားက ကျောင်းပိတ်တော့ သူ့အမေ ရှိတဲ့ ကျောင်းထဲကို သွားချင်တယ် ပူဆာတာနဲ့ လိုက်ပို့ရင်း ရောက်လာတာ။ ”

“ သြော် . . . ဟုတ်ကဲ့။ ”

“ ကိုဇော်ရော . . . အိမ်ထောင်တွေ ဘာတွေ ကျပြီလား။ ”

ဟာ. . . ကတောက်. . . ဒီကောင် ၊ ဒါ မေးစရာလား။

“ ဟုတ်ကဲ့ . . . အဲ . . မကျသေးပါဘူး။ ကျွန်တော် မယူဖြစ်သေးပါဘူး။ ”

မယူရသေးဘူး လို့ ပြောလိုက်ရင် ကိုယ့်ကိုပဲ ယူမဲ့သူ မရှိသလိုလို ထင်ဦးမယ် . . . တောက်  . . .။

“ ဟာ . . . ဒါဆို လုပ်တော့လေ။ အသက် အရမ်းကြီးသွားရင် မကောင်းဘူး။ ကိုယ့်သားသမီးတွေ ငယ်ကုန်လိမ့်မယ်။ သိပ်ပြီးတော့ မစဉ်းစားနဲ့တော့ဗျ။ ”

“ ဟုတ် . . မစဉ်းစားပါဘူး . . အဲ . . . ဟို . . အင်း . . . စဉ်းစားနေပါတယ်။ ဟိုဟာ . . . အင်း . . . စီစဉ်နေတုန်းပါ။ အဲဒီလို . . . . အဲဒါပါပဲ. . .အင်း . . . အဲဒီလို . . ။ ”

“ စီစဉ်နေတုန်း ဆိုလည်း မြန်မြန်လုပ်ဗျ။ အသက်တွေက မငယ်တော့ဘူး။ ကျွန်တော်တို့ ဆိုရင် ကြည့် ၊ အခုဆို ဘာပဲ ဖြစ်ဖြစ် သားက အခု အသက် ၇ နှစ်ရှိပြီဆိုတော့ ဘာပဲ ပြောပြော ကိုယ့်မျိုးဆက် အတွက် တစ်ပိုင်းတော့ စိတ်ချရတာပေါ့လေ။ ”

အောင်မာ . . ဒါ ကြွားစရာလား။ မသိရင် ကျွန်တော်ကပဲ ကိုယ့်မျိုးဆက် အတွက် အိပ်ယာဝင်တိုင်း အိပ်မပျော်ဘဲ ပူပန်နေတဲ့မဲ့ ပုံနဲ့ . . . . ၊

“ ဟုတ်တာပေါ့။ ကလေးက ၇ နှစ်တောင်မှ ရှိနေပြီကိုး။ ကလေးက ကေနဲ့ ပိုတူတယ် ထင်တယ်။ ချောတယ်။ ”

ကဲ . .  . မှတ်ထား။ အဖေ နဲ့ တူရင် ရုပ်ဆိုးမှာ လို့ မပြောယုံပဲ။ မတတ်နိုင်ဘူးလေ. . . ကိုယ်လည်း ဝိတ်တန်းမတူတဲ့ လက်ဝှေ့သမားလို မျက်နှာထိုးမရတော့ မှီရာ လှမ်းထိုး ရတာပေါ့။ နောက်တော့မှ နောက်အကြောင်း . . . . ၊ ဖောင်း ( Foul ) တော့မှ ဖောင်းပေါ့။

“ ဟုတ်တယ်ဗျ။ ရုပ်ရည်ကတော့ အမေနဲ့ ပိုတူတယ်။ ကျွန်တော်နဲ့ တူတာ ဆိုလို့ ဖြတ်ထိုးဥာဏ် ကောင်းတာနဲ့ ထိုးထွင်းသိတတ်တာပဲ။ ဒါလေး အဖေနဲ့ အတော်တူတယ်ဗျာ။ ”

အမ် . . .လုပ်ပြန်ပြီ။ “ ဘယ်လို ဘဲတုန်းဟ . . . အတင်းကြီး ပါလား ” ဆိုပြီး စိတ်ထဲက ရေရွတ်မိ၏။ ဘယ်သူမှလည်း သူ့ကို ဘာမှ မပြောဘူး။ ဒါမှမဟုတ် . . . တစ်ယောက်ကပဲ တစ်ခုခု အရင်က ပြောတာ ခံထားရလို့လား မသိ။

“ သား ဒီနားကို လာ ၊ ခုနက ဘောလုံးကန်ထားလို့ ပွန်းနေတဲ့ ခြေထောက်ကို ဆေးထည့်ပြီး ပလာစတာ ကပ်ရအောင် . . . ”

“ ဆေးမထည့်ချင်ဘူး ၊ မေမေ့ ဆေးက စပ်တယ်။ ”

“ မထည့်ရင် အနာရင်းလာမှာပေါ့ . . . လာပါ . . . သားရဲ့။ ”

“ ဟင့်အင်း . . ထည့်ဘူး . . ”

သြော်. . . ခုနက ကေ အသည်းအသန် အိတ်ထဲက ရှာနေတဲ့ ပလာစတာက ဒီကလေး ခြေထောက်မှာ ဘောလုံးကန်ရင်း ပွန်းတာကို ကပ်ပေးဖို့ပဲ။

“ သားက ဘောလုံးကန်တာတော့ အရမ်း ဝါသနာ ပါတယ်ဗျာ။ ဘယ်သွားသွား တခြား ကစားနည်းထက် ဘောလုံးကန်တာကို သူ ပိုစိတ်ဝင်စားတယ်။ ”

“ ဒါဆို ကျွန်တော်နဲ့ တူတာပေါ့ ” လို့ မပြောဖြစ်ပါ။ ကိုယ်နဲ့မှ ဘာမှမဆိုင်ဘဲ။ ဒါမှ အကြီးအကျယ် ဖောင်းကုန်မှာ. . . ဒါကြောင့် . . .အာမေဋိတ်ပဲ ပြုလိုက်၏။

“ သြော်. . . ”

“ ကျွန်တော်ကတော့ ဘောလုံးဆိုတာ လုံးလုံးကြီး ဆိုတာက လွဲလို့ ကျန်တာ ဘာမှ မသိပါဘူး။ အသင်းတွေကိုတောင်မှ ဘယ်ဟာ ဘာဆိုတာ သေချာ ခွဲခြား မသိဘူး။ ဘယ်သူတွေ ဘယ်အသင်းမှာ ဆိုတာ ပိုဝေးပြီပေါ့။ ”

“ ထင်ပါတယ်။ ဒီလောက် ခန္ဓာကိုယ်ကြီးနဲ့ ဆိုရင် ဘယ်လိုလုပ်ပြီး ဘောလုံးကန်လို့ ဖြစ်မလဲ။ ” ကျွန်တော် စိတ်ထဲက တွေးနေမိ၏။

“ ဟုတ်တာပေါ့လေ။ ဘောလုံးဆိုတာကလည်း သူ့ဖာသာ ဝါသနာပါမှ ဖြစ်တာဗျ။ ”

ကော်ရစ်တာ ထောင့်ချိုး ထိုင်ခုံရှည်ပေါ်မှာတော့ ကေနဲ့ ကလေးလေးရဲ့ ခြေထောက်ကို ပလာစတာ ကပ်ခြင်းကို ရုန်းရင်းဆန်ခတ် ပုံစံဖြင့် မြင်နေရသည်။ ဒီလူကတော့ ကျွန်တော့်ကို မြင်ဖူးပုံတော့ မပေါ် ၊ သို့သော် တစ်ခါက ကေ နဲ့ ကျွန်တော်ရဲ့ ပတ်သတ်မှုကိုတော့ အတွင်းကျကျ သိထားပုံ ရ၏။

“ ကိုဇော် အခု ကဗျာတွေ ၊ စာတွေ ရေးဖြစ်သေးလား။ ”

“ ဗျာ . . . ဘာကို ပြောတာလဲ။ ”

“ သြော် . . . အရင် ကျောင်းသား ဘဝတုန်းက ကဗျာတွေ ၊ စာတွေ တော်တော် ရေးဖြစ်တယ် ဆိုလို့ပါ။ ”

“ ဒါက ဝါသနာ အရ ရေးတာပါဗျာ။ ကျွန်တော်က စာရေးဆရာ လုပ်စားဖို့ အစီအစဉ် မရှိပါဘူး။ ဒါကြောင့် စိတ်ကူးပေါ်လာရင်တော့ ရေးတော့ ရေးဖြစ်ပါတယ်။ ငယ်ငယ်ကလောက်တော့ မရေးဖြစ်တော့ဘူးပေါ့။ ”

“ ကျွန်တော်ကတော့ ဘာသာပြန်တွေနဲ့ စီးပွားရေး စာအုပ်တွေက လွဲပြီး တခြား စာတွေ သိပ်မဖတ်ဖြစ်ဘူး။ အထူးသဖြင့် ကဗျာတွေ ဆိုရင် ပိုတောင်မှ ဆိုးသေးတယ်။ ဘာမှကို နားမလည်ဘူး။ ဘာတွေ ရေးထားမှန်းလည်း မသိဘူး။ ”

အင့်ခနဲ နင်သွားသလို ခံစားလိုက်ရ၏။ ဒီလူ ထောက်လက်သီး တော်တော်ကောင်းပုံ ရသည်။ ကိုယ်ကတော့ သူ့လောက် လက်တံ မရှည်တော့ ထောက်လက်သီးကို မသုံးနိုင်။ အနီးကပ်မှ ဝိုက်လက်သီးကို အားကိုးရမည်။

“ ဒါကတော့ ဖြစ်တတ်ပါတယ်လေ။ အနုပညာ ဆိုတာကလည်း လူတိုင်း နားလည်ဖို့ မဖြစ်နိုင်ပါဘူး။ အနုပညာဆိုတာ ရှေးတုန်းက ကျောက်ခေတ်တွေမှာ မတွင်ကျယ်သေးဘူး။ လူ့ယဉ်ကျေးမှု ဖြစ်တည်လာလေလေ ၊ အနုပညာဆိုတာ ပိုပြီးတော့ ဖွံ့ဖြိုးတိုးတတ်လာလေလေပဲ မဟုတ်လား။ ဒါကြောင့် ယဉ်ကျေးမှု ထွန်းကားတဲ့ နိုင်ငံတွေမှာ အနုပညာကို တခမ်းတနား အနေနဲ့ တွေ့ကြရတာ။ ဒါကြောင့် ပညာရှိတွေက ပြောကြတာ “ အနုပညာ ဆိုတာ လူ့ယဉ်ကျေးတွေ အတွက်သာ ” တဲ့။ ”

ကဲ . . . ကျွန်တော်လည်း ပြန်ဝိုက် လိုက်မိပြီ။ မကောင်းတော့ ဒီနေရာမှာ ကြာကြာကို နေလို့ မကောင်းတော့။ ဒီနေရာမှ မြန်မြန်ခွာမှ ဖြစ်မည်။ သူကလည်း ကျွန်တော် ဘယ်သူဆိုတာကို ခရေစေ့ တွင်းကျ သိထားပုံ ရသည်။ ပြီးတော့ ကေနဲ့ ပတ်သတ်မှု အားလုံးကိုလည်း အလွတ်ကျက်ထားသလို မှတ်မိနေပုံ ရ၏။ မျက်နှာတွေ ပြုံးပြီး ပြောနေပေမဲ့ စကားလုံးတွေက ချိတ်တွေနဲ့ ဟိုချိတ် ဒီချိတ် ဖြစ်လာရင် မကောင်းတော့ဘူး။ ကေ ကတော့ ဘာမှ သိပုံ မရ။ သူ့သားရဲ့ ခြေထောက်ကို ပလာစတာ ကပ်ပေးဖို့ အလုပ်က အခု အချိန်မှာ သူ့အတွက် အရေးအကြီးဆုံး ကိစ္စ ဖြစ်နေပုံ ရသည်။

“ ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အနုပညာကို ခိုလှုံခံစားနေသူတွေဟာ အရူးရဲ့ တစိတ်တပိုင်း တစ်ခုနဲ့ အတူတူပဲ လို့ ဖတ်ခဲ့ရဖူးတယ်။ ”

လုပ်လာပြန်ပြီ “ ဘားနက်ရှော ” စာအုပ်ထဲက ဇာတ်ကောင်တွေရဲ့ စကားလုံးတွေ လာရွတ်ပြဦးမယ်။ ခက်တော့ ခက်နေပြီ။

“ အမှန်ပဲဗျာ . . ၊ အစစ်ပေါ့။ ဒါပေမဲ့ အဲဒီစာအုပ်ရဲ့အစမှာ ဒီလို ရေးထားပေမဲ့ နောက်ဆုံးမှာတော့ “ အနုပညာ ဆိုတာ အရူးတွေကိုတောင်မှ ပြန်လည် တည်ငြိမ်လာတယ် ” ဆိုပြီး ဇာတ်သိမ်းသွားတာ ဖတ်ရမှာပေါ့။ ”

“ မဖတ်ရပါဘူး။ အဲဒီစာအုပ်ကို စိတ်မဝင်စားတော့လို့ ပြီးအောင် မဖတ်ဘူးဗျ ”

ဟော . . . ကြည့်။ ဘယ်လို လူပါလိမ့်နော်။ ကေရယ် . . . နင် ဘယ်လိုလူနဲ့များ သွားတွေ့ပါလိမ့်။ လူ့ဂွစာကြီးပါလား။ ငါတော့ ကြာကြာ ဆက်နေလို့ မဖြစ်ဘူး ထင်တယ် လို့ တွေးနေမိချိန်မှာပဲ။

“ ဟာ . . . မင်းက ကေခိုင်တို့နဲ့ တွေ့တောင်မှ တွေ့နေပြီကိုး . . ”

ဆိုတဲ့ အသံနဲ့ သန့်ဇင် နဲ့ သူရ ရောက်လာ၏။ ကျွန်တော် အတော်ကို နေရ ထိုင်ရတာ သက်သာသွားသည်။ ဒီလူနဲ့ စကားပြောရတာ အတော်ကို အဆင်မပြေ။ အတင်းကြီးကို ဝင်ရောက် တိုးဝှေ့ တိုက်ခိုက်နေသလို ခံစားရသည်။ ကိုယ်လည်း သူ့ကို ဘာမှ မလုပ်ထားဘဲနဲ့။ အတော် လေဖို့ ကောင်း၏။

“ အေး . . . ဟုတ်တယ်။ မထင်မှတ်ဘဲ အပြင်မှာ ထိုင်နေတဲ့ အချိန်မှာ တွေ့တာပဲ။ ”

“ သြော်. . . ဒါဆို ကေခိုင့် အမျိုးသားနဲ့ရော မိတ်ဆတ်ပေးပြီးပြီလား။ ”

“ အင်း . . ပြီးပြီ။ ဒါကြောင့် အခု မိတ်ဖြစ်ဆွေဖြစ် စကားပြောနေကြတာ . . . ”

မိတ်ဖြစ်ဆွေဖြစ် စကားပြောနေတာကလည်း ထ , ထိုးမတတ်ပါပဲ။ မျက်နှာတွေသာ ပြုံးနေကြတာ စကားလုံးတွေနဲ့ ထောက်လက်သီးတွေ ၊ ဝိုက်လက်သီးတွေ ၊ ပင့်လက်သီးတွေ ၊ ဖြတ်လက်သီးတွေနဲ့ တစ်ယောက်ကို တစ်ယောက် ထိုးနေကြတာ။

“ ဗိုက်ဆာတယ် မေမေ ၊ ဗိုက်ဆာတယ် . . . ”

ကျွန်တော်တို့ မတ်တပ်ရပ် စကားဝိုင်းထဲကို တစ်ခွန်နှစ်ခွန်း ဝင်ပြောလိုက် ၊ သူ့သားကို လိုက်ဆွဲလိုက် လုပ်နေတဲ့ ကေ့ကို သူ့ရဲ့ သားလေးက ပြော၏။ ကလေးဆီကို အကြည့်ရောက်သွားတော့ ကလေးက ကေ့လက်ကို ခြေကန်ဆွဲကာ ကင်းတင်းဘက်ကို လက်ညှိုးညွှန်လျက် အော်နေလေပြီ။

“ ကဲ . . . ငါတို့ နောက်မှ တွေ့တာပေါ့ ကေခိုင် ၊ ကလေးလည်း ဗိုက်ဆာနေပြီနဲ့ တူတယ်။ သွားလိုက်ပါဦး။ ”

ကလေးကို လက်ညှိုးထိုးပြပြီး သန့်ဇင်က စကားစကို ဖြတ်သည်။ ပြီးတော့မှ ကေ့ အမျိုးသားဘက်ကို မျက်နှာချင်းဆိုင်ပြီး . . .

“ ကိုသော်မော်ကိုလည်း တစ်ခါတွေ့ရင် တစ်ခါ ပိုခန့်လာတာပါပဲလားဗျ။ ကလေး ဗိုက်ဆာနေပြီ ထင်တယ်။ သွားကျွေးလိုက်ပါဦး။ နောက်တော့ တွေ့တာပေါ့ဗျာ။ ”

“ ဟုတ်ကဲ့ . . . . နောက်မှ တွေ့မယ် ကိုသန့်ဇင်ရေ . . . ခဏ ခွင့်ပြုဦးနော်။ ”

သန့်ဇင်က အိမ်ရှင်လို ဖြစ်နေ၍ အားလုံးကို တစ်လှည့်စီ ဧည့်ဝတ်ပြုကာ နှုတ်ဆက်၏။ တစ်ယောက်ချင်းစီ လက်ဆွဲနှုတ်ဆက်ရင်း ထိုလူနဲ့ ကျွန်တော့် လက်ဆွဲနှုတ်ဆက် ဖြစ်တော့ . . . .

“ သွားလိုက်ပါဦး ကိုဇော် ၊ နောက်တော့မှ ထပ်တွေ့ကြတာပေါ့နော်. . . ”

“ ဟုတ်ကဲ့ . . . . နောက်တော့ တွေ့တာပေါ့ဗျာ။ ”

ကျွန်တော်ကတော့ ရိုးရိုးသားသား နှုတ်ဆက်ပေမဲ့ သူက လက်ဆွဲထားတာကို ဖြုတ်လိုက်ပြီးမှ . . . .

“ မင်္ဂလာလေး ဘာလေး ဆောင်ဖြစ်တယ် ဆိုရင်လည်း ကျွန်တော်တို့ကို လှမ်းဖိတ်လိုက်ဦးဗျာ။ ကျွန်တော်တို့ မဖြစ်ဖြစ်အောင် လာခဲ့ပါဦးမယ်။ ”

“ သြော်. . . ဟုတ် . . . ကဲ့ . . . ဖိတ်လိုက်ပါ့မယ်။ ”

“ ဒါဆို ဒါဘဲနော်. . . နောက်တော့ ထပ်တွေ့တာပေါ့။ အားလုံးပဲ သွားဦးမယ်ဗျာ။ ”

“ - - - - - - ”

ကလေး လက်ကို တစ်ယောက် တစ်ဘက်က ဆွဲပြီး ကျွန်တော့်တို့နားက ထွက်သွားတဲ့ ကေ နဲ့ သူ့အမျိုးသားကို ကြည့်မိရင်း ကျွန်တော်တို့ သုံးယောက်လုံး တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်လိုက်မိ၏။



“ အဲဒါပဲကွာ . . . ဒီဘဲကြီးက တော်တော် အူတိုပုံ ရတယ်။ ငါ့ကိုလည်း ကေခိုင်နဲ့ ပတ်သတ်ခဲ့ဖူးတဲ့ မင်းရဲ့ သူငယ်ချင်း တစ်ယောက် ဆိုပြီး သိထားတော့ စကားပြောရင် ထေ့လုံးငေါ့လုံးတွေနဲ့ အမြဲ ပြောတယ်။ ငါကတော့ နားလည်ပေးနိုင်ပါတယ်ကွာ။ ဒါကြောင့် ဘာမှ မပြောဘဲ ရှောင်ပြောပဲ ပြောတာပါပဲ။ ”

သန့်ဇင်က သူနဲ့ ကေက အမြဲတမ်း အဆောင်တူနေတော့ ထိုလူနဲ့ ကြုံရ ဆုံရ ဖန်များလို့ မထူးခြားတော့သလို ဆို၏။

“ အေးကွာ . . . ငါကတော့ ဒီတစ်ခါပဲ ဆုံဖူးသေးတော့ . . . ၊ အခုလို သူက အတင်းကြီးကို လိုက်ဖဲ့နေတော့ ငါကလည်း ပြန်ပြောမိသွားတယ်။ တော်သေးတယ် အခြေအနေ အရမ်းမဆိုးခင် အချိန်မှာ မင်းတို့ ရောက်လာလို့ပေါ့။ ”

“ သူကလည်း အခု အချိန်မှာ ကေ့ရဲ့ အရင် အချိန်တွေကို ပြန်တွေးပြီးတော့ သတိတရ နဲ့ အတိတ်က အကြောင်းတွေကို တွေးပြီး ပြန်ဖြစ်နေတာပါကွာ။ ကေ ကတော့ . . . . ”

ကျွန်တော်နဲ့ သူရ ခေါင်းတွေ ဆတ်ခနဲ ဖြစ်ပြီး သန့်ဇင်ကို လှမ်းကြည့်လိုက်ရင်း မေးလိုက်သည်။

“ ကေ က ဘာဖြစ်လို့လဲ။ ”

“ သြော် . . ကေ ကတော့ သူ့ရဲ့ သားက လွဲလို့ ဘာဆို ဘာကိုမှ သတိရပုံ မရတော့ပါဘူး။ ဒါပေမဲ့ အရင်က ဖြစ်ခဲ့တဲ့ အတိတ်ကို ပြန်တွေးမိပြီး ပြန်လွမ်းနေတဲ့ လူတွေက အများသား မဟုတ်လား။ ”

သန့်ဇင်က သူ့ရဲ့ စကားအဆုံးမှာ ပြောရင်း ကျွန်တော့်ကို မထိတထိ မျက်လုံးစွေရင်း လှမ်းကြည့်၏။ ကျွန်တော် ဘာကိုမှ မပြောနိုင်ပါ။ ဒါပေမဲ့ သေချာတာကတော့ ကျွန်တော့် စိတ်ထဲမှာ ရယ်ချင်နေမိသည်။ ဒါကြောင့် ကျွန်တော့်ရဲ့ နှုတ်ခမ်း ထောင့်ချိုးလေးများကလည်း ကော့တတ်ကာ အထက်သို့ ကွေးနေကြပါလိမ့်မည်။



သူငယ်ချင်း သီချင်းရေးဆရာက ပြောတယ်။
အတိတ်တွေကို ပြန်တွေး
ရေးမိတဲ့ သီချင်းက 
အက်ရာ ဗလပွနဲ့  . . . တဲ့။

သူငယ်ချင်း ကဗျာဆရာက ပြောတယ်။
အတိတ်တွေကို ပြန်နူး
ရေးမိတဲ့ ကဗျာက
အရာရာ မွတတ . . . တဲ့။

ကျွန်တော် . . .
အတိတ်တွေကို ပြန်ဝါး
စာတစ်ပုဒ်လောက် ချရေးမိတယ်။
ဒါပေမဲ့ . . . ဝတ္ထု  မဖြစ်ခဲ့ပါ။

ကျွန်တော်လေ . . .
လွမ်းမယ် ကြံကာမှ . . .
ရည်ရွယ်ချက် မသိတော့ဘူး။   ။  



** ဒီဝတ္ထုမှာ သုံးထားသော ကဗျာတိုများမှာ ရေးလက်စ ကဗျာရှည်ထဲမှ ကောက်နှုတ်သုံးစွဲထားပါသည်။ **




လေးစားစွာဖြင့်
ကိုဇော်
4.5.2011

Share/Bookmark