မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


14 March 2014

2 ဝေးကွာခြင်း


" ဝေးကွာခြင်း "

နေရာ ဝေးကွာသူတွေက
တောင်ဝင်ရိုးစွန်း နှင့် မြောက်ဝင်ရိုးစွန်းမှာ
ဆီးဆော စီးနေကြသလို ဝေးကွာနေကြရတယ်။

အချိန် ဝေးကွာသူတွေက
သူ့ဆီမှာ နေထွက်ချိန်မှာ ကိုယ့်ဆီမှာ လသာ
အိပ်ချိန် ၊ နားချိန်တွေကို လျော့ချရင်း ဝေးကွာကြရတယ်။

ဘာသာ ဝေးကွာသူတွေက
အတ္တ အစွဲ တစ်ခုအပေါ် အမှီပြုရင်း
သူမကောင်း ၊ ကိုယ်ကောင်း ငြင်းခုန်ကြရင်း ဝေးကွာကြရတယ်။

ခံစားချက် ဝေးကွာသူတွေက
အခန်းတစ်ခန်းထဲ အတူရှိနေလျက်တောင်
ပြောစရာ စကားရှားပါးပြီး ဝေးကွာကြရတယ်။

သဘောထားခြင်း ဝေးကွာသူတွေက ကုတင်တစ်လုံးထဲမှာ အိပ်နေရင်း
တစ်ယောက် တစ်ဖက်စွန်းအဖြစ် ဝေးကွာကြရတယ်။

စိတ်ခြင်း ဝေးကွာသူတွေက
မျက်နှာချင်း ဆိုင်နေရင်း
တစ်ယောက်ကို တစ်ယောက် မမြင်နိုင်လောက်အောင် ဝေး . . . ကွာ . . . ကြ . . . ရ . . . တယ်. . .။

ကိုဇော်
13.3.2014 - 10:34am

.
Share/Bookmark

10 March 2014

11 Known fear and Unknown fear ( Tag )


အကြောက်တရား အကြောင်းကို ကျနော် နဖူးတွေ့ ဒူးတွေ့ မဟုတ်ပေမယ့် လက်တွေ့ ကြုံသိခဲ့ရတဲ့ အချိန်ကာလက ကျနော် တစ်နှစ်ခွဲသား လောက်က စခဲ့တယ်လို့ ဆိုရလိမ့်မယ်။ တစ်နှစ်ခွဲလောက်က အတွေ့အကြုံ ဆိုတော့ ကျနော် သေချာ မမှတ်မိပါဘူး။ ဒါပေမယ့် အဲဒီ့တုန်းက အဖြစ်အပျက်တွေကို ကျနော့် အမေက ပြန်ပြောပြခြင်းဖြင့် ကျနော် ပြန်လည် ပုံဖော်နိုင်ခဲ့တယ်။

အဲဒီ့တုန်းက ကျနော် တစ်နှစ်ခွဲသား။ မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့ဟာ သူ့အမိနိုင်ငံတော် ဂုဏ်မပျက်ရလေအောင် ရိုးရာ အမွေကို ထိန်းသိမ်းထားတဲ့ သဘောနဲ့ မီးမလာပါဘူး။ မီးမလာတာ ဆိုတာထက် မီးဖြတ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ လျှပ်စစ် ဘရိတ်ကာ ခပ်ကြီးကြီးကို အောက်ကို ဆွဲချပြီး Off ဆိုတဲ့ စာတန်းလေး ပေါ်အောင် လုပ်ထားတယ်ပေါ့။ ဒါကိုပဲ အားလုံးက မီး မလာဘူးလို့ ဆိုကြရတာလေ။ ထားပါတော့။ 

ရိုးရာဆန်တဲ့ မီးပျက်ညမှာ ကျနော်တို့ အိမ်က ဖေဖေ့ကြောင့် ခေတ်မှီစွာပဲ ဆိုင်ကယ် အင်ဂျင်လေးနဲ့ မီးလင်းပါတယ်။ အခုခေတ်လို မီးစက်တွေ ရှားပါးသေးတဲ့ ခေတ်ဆိုတော့ ဖယောင်းတိုင်မီး မထွန်းဘဲ ၊ ရေနံဆီ မီးခွက် မထွန်းဘဲ မီးလင်းနေရင် ပပဝတီ ရှိနေသလားရယ်လို့ နှစ်ခါပြန် လည်ပြန် ကြည့်ရတဲ့ ခေတ် ဆိုပါတော့။ ဒါပေမယ့်လည်းလေ မီးဖိုခန်းထဲ ဝင်မယ်ဆိုရင်တော့ အဘွားတို့က လူကြီး ဆိုတော့ သူတို့ သုံးနေကျ ဖြစ်တဲ့ ရှေးဟောင်း ကြေးမီးခြစ်ကြီးကို ခြစ်ပြီး ရိုးရာဆန်စွာ ဖယောင်းတိုင်ကို သုံးနေဆဲပါပဲ။ အိမ်သာ ဝင်မယ် ဆိုရင်လည်း ဖယောင်းတိုင်ပဲ သူသုံးနေဆဲပါ။

တစ်နေ့တော့ ရန်ကုန်ညကလည်း ရန်ကုန်ညဆန်စွာ မြို့ပြပီပီ မီးပျက်နေပြန်ပါတယ်။ အဲ မီးဖြတ်ခံထားရပြန်ပါတယ်။ ဒီအချိန်မှာ မီးဖိုခန်းထဲကနေ အဘွားက ဖယောင်းတိုင် ထွန်းလျက် ထွက်လာပြီး သူ့ဖယောင်းတိုင်ကို ထမင်းစား စားပွဲမှာ ထွန်းဖို့ ဖယောင်းစက်ကို ချနေတုန်းမှာပဲ ကျနော်ဆိုတဲ့ ဖိုးစပ်စုကလည်း မြင်သွားပါတယ်။ မြင်တယ် ဆိုတာထက် အခုမှ သတိထားမိသွားတာလို့ ဆိုရလိမ့်မယ်။ အရင်လည်း မြင်နေကြပဲလေ။ 

ဒီဟာ ဘာကြီးတုန်း။ အရောင်လည်း ထွက်သဟ ၊ အရောင်ထွက်တဲ့ ထိပ်ကလည်း လှုပ်လှုပ် လှုပ်လှုပ်နဲ့ပေါ့။ ကျနော် ငယ်လွန်းလို့ သေချာ မမှိတ်မိတော့ပေမယ့် ဒီလိုပဲ တွေးနေမိမယ် ထင်ပါတယ်။ ဒီတော့ အဲဒီ့အရာ ဘာဆိုတာထက် ကျနော် ကိုင်ကြည့်ချင်တယ် ၊ ဆွဲချင်တယ် ဒီစိတ်က ပိုလာပါတယ်။ အဲဒီ့အရာကို ဆွဲကိုင်ဖို့ ကျနော်က သွား ၊ အဲဒီ့အနားကို မရောက်ခင် ကျနော့် အမေက ဆွဲပါတယ်။ ကျနော်ကလည်း ဒါကိုပဲ ဆွဲဖို့ အာရုံထဲ ရှိနေတာ ဆိုတော့ ဒီကိုပဲ ထပ်သွားပါတယ် ၊ ကျနော့် အဘွားက ထပ်ဆွဲတယ် ၊ နောက်ထပ် တစ်ခါ ကြိုးစားတော့ ကျနော့် အဖေက ထပ်ဆွဲတယ်။ သုံးကြိမ် သုံးခါ ကြိုးစားပြီးတာတောင်မှ မအောင်မြင်တော့ ကျနော်လည်း ကလေး လက်နက် ထုတ်သုံးရပါတော့တယ်။

ဗြဲခနဲ ကျနော် ထအော်ငိုပြီး အဲဒီ့ဖယောင်းတိုင်ကို ကိုင်ဖို့ လက်လှမ်းပါတော့တယ်။ ပထမကတော့ မေမေက ချော့ရင်း အာရုံပြောင်းဖို့ ကြိုးစားတယ်။ ကျနော်ကလည်း မရဘူး။ ယူမယ် ကိုင်မယ် ဆိုတာချည်းပဲ။ နောက်ဆုံး ဖေဖေ့ လက်ပေါ်ရောက်သွားတော့ ဖေဖေက ကိုင်ရင် ပူမယ် ဆိုတာ သိနေတော့ အာရုံပြောင်းရင်း ကျနော့်ကို ချီပါတယ်။ ဒါပေမယ့် မရတော့ပါဘူး။ ဒီအလင်းရောင် ဖြာဝေနေပြီး တလှုပ်လှုပ် အရာက ကျနော့်အတွက် ကိုင်ချင်စရာကြီး ဖြစ်နေတယ်လေ။ 

ဘယ်လို ဘယ်လိုမှ အာရုံပြောင်းမရတဲ့ အဆုံး ဖေဖေက ကျနော့်ကို နောက်က သေချာထိန်းပေးပြီး ကျနော် ကိုင်ချင်နေတဲ့ ဖယောင်းတိုင်ဆီကို ကိုင်ဖို့ လွှတ်ပေးလိုက်ပါတယ်။ ကိုင်ချင်နေတဲ့ အရာကို ကိုင်ခွင့်မရလို့ ငိုနေတဲ့ ကျနော်ကလည်း ကိုင်ချင်တာ ကိုင်ခွင့်ရပြီ ဆိုတော့ အငိုတွေတောင်မှ တိတ်လို့။ ဖယောင်းတိုင် အနားကို ရောက်တော့ ကိုင်ဖို့ ကျနော်က လက်လှမ်းလိုက်တယ် ဆိုရင်ပဲ မေမေနဲ့ အဘွားက ဝိုင်းအော်ပါလေရော။ ပူမယ်လေ ဘာညာပေါ့။ ဒါပေမယ့် ဖေဖေက လက်ကာပြပြီး နေပစေ ဆိုကာ ဖယောင်းတိုင် မီးကို ကျနော့်ကို ကိုင်ခိုင်းသတဲ့။ 

တလက်လက်နဲ့ လင်းနေတဲ့ ဖယောင်းတိုင်  မီးကို ကျနော် လှမ်းကိုင်လိုက်တာနဲ့ ကျနော့်လက် ပူသွားလိမ့်မယ်လို့ ထင်သလား။ မပူပါဘူး။ အပူနိယာမ အရ အပူက ထိထိခြင်း မပူဘဲ ခဏလေးနေမှာ တိုးရှိန်နဲ့ ပူတာကိုး။ ကျနော် ဖယောင်းတိုင်က မီးကို ထိလိုက်ပြီ ဆိုတာနဲ့ ဖေဖေက အနောက်က ဆွဲလိုက်ပါတယ်။ ကျနော် မပူသေးဘူး ဘာလို့ အနောက်က ဆွဲတာလည်း ဆိုပြီး ဖေဖေ့ကို လှည့်ကြည့်လိုက်တော့မှ ခုနက ဖယောင်းတိုင် မီးနဲ့ ထိတဲ့ လက်ဖျားလေးက ပူလာတာ။ ဒီတော့မှ လက်ကို ပြန်လှည့်ကြည့်ပြီး ဗြဲခနဲ ထပ်ငိုရပြန်တယ်။ ဒီအချိန်မှာ ပူနေပါတယ် ဆိုတဲ့ ကျနော့်လက်က ရေတိုင်ကီထဲမှာ ရောက်နေပြန်ပြီ။ ကျနော့်ကို ဆွဲပြီးကတည်းက ဖေဖေက တစ်ခါတည်းချီပြီး ရေတိုင်ကီထဲကို လက်နစ်လိုက်တာကိုး။ ရေတိုင်ကီဆီကို မရောက်ခင်ကလေးပဲ ကျနော့်လက်က ပူလိုက်ရတာ ပူလို့ ငိုတဲ့ အချိန်မှာ လက်က အေးတဲ့ ရေတိုင်ကီထဲကို ရောက်နေပြန်ပြီ။ ပူတယ် ဆိုပြီး ငိုရတာတောင်မှ မဝသလို ခံစားရတယ် ဆိုပါတော့။ ဒီအဖြစ်အပျက်လေးက ကျနော့်ကို ဖေဖေ ၊ မေမေ နှင့် အဘွားတို့က ပြန်ပြောပြတဲ့ အပေါ်မှာ ကျနော် လိုက်တွေးတော ခံစားမိတာလေးပါ။

အဲဒီ့ အဖြစ်အပျက်လေး နောက်ပိုင်းမှာတော့ မေမေနဲ့ဖေဖေ စကားများကြတယ်။ ပထွေးလိုပဲ ကိုယ်သားသမီးကို နှိပ်စက်တယ် ဆိုတာကနေ ဖက်ဆစ်နှိပ်စက်သလိုဘဲ အထိ အခြေအနေက ကြီးကျယ် သွားရှာတယ်။ ဒါပေမယ့် ဖေဖေရဲ့ အကြောင်းပြချက်က ရှင်းပါတယ်။ လူဆိုတာ ဘာမှန်း မသိတဲ့ အခြေအနေမှာ ကြောက်စိတ်က မရှိဘူး။ ဒါ ကြောက်ရမယ့် အရာပါလားလို့ သိတဲ့ အခြေအနေ ရောက်သွားပြီ ဆိုရင် ဒါဘာဆိုတာ ဦးနှောက်မှာ အလိုလို မှတ်သား ထားပြီးသား ဖြစ်သွားပြီ။ ဗဟုသုတ ဆိုတာ အတွေ့အကြုံလောက် ဘဝမှာ မစွဲမြဲဘူး ဆိုတာကို ဖေဖေက လက်တွေ့နဲ့ ပြခဲ့တာလို့ နောင်မှ သိခဲ့ရတယ်။ အဲဒီ အဖြစ်အပျက် အပြီးမှာတော့ ဖယောင်းတိုင် မီးကို သွားကိုင်ဖို့ နေနေသာသာ ကိုင်မလား ဆိုပြီး အနားတိုးပေးတာတောင်မှ နောက်ဆုတ်သွားသတဲ့။ 

ဒါကြောင့် ကျနော်ကတော့ သိ၍ ကြောက်ခြင်း နှင့် မသိဘဲ ကြောက်ခြင်းမှာ ဘယ်အရာကို ပိုကြောက်သလဲ လို့ မေးလာခဲ့ရင် သိ၍ ကြောက်ခြင်းက ပို၍ အဓိပ္ပါယ် ရှိတယ်လို့ မိမိဖာသာ ပြန်သုံးသပ်မိတယ်။ ပြီးတော့ ရှေးဟောင်း အဆိုတစ်ခုလည်း ရှိနေသေးတယ်လေ။

" အကန်း တစ္ဆေ မကြောက် " တဲ့။

မမြင်ရတဲ့ အတွက် မကြောက်ဘူးလို့ ဆိုချင်တာပါ။ ဒီစကားလေးကို ဟိုးငယ်ငယ်ကတည်းက ကျနော်က ထပ်ဖြည့်ပြီး နောက်ခဲ့ဖူးတယ်။ 

" အဲဒီ့ မကြောက်ပါဘူး ဆိုတဲ့ အကန်းကို ငါဟဲ့ တစ္ဆေ ဆိုပြီး ကျောကုန်းကို လက်ဝါး အေးအေးကြီးနဲ့ ရိုက်လိုက်ပါလား လို့လေ " 

ကျနော်ထင်တယ် သူကြောက်သေးတွေ ချေးတွေ လူးနေမှာပဲ။ အခု သရဲ ၊ တစ္ဆေ အကြောင်းပြောရင်း ငယ်ငယ်က ကျနော်တို့ ကြုံခဲ့ဖူးတဲ့ အကြောင်းလေး တစ်ခု ပြောပြချင်လာပြန်တယ်။

ကျနော်တို့ လူငယ် ဘဝက အတော်ကို ဆော့ကြ ၊ ကဲကြတဲ့ ကလေးတွေပေါ့။ တကယ်လည်း ကြံကြံဖန်ဖန် ဆော့ကြတာပါ။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ချောက်ချကြ ၊ အငိုက်ဖမ်းကြနဲ့ အတော် ပျော်စရာပါပဲ။ ကျနော်တို့ အဖွဲ့မှာ သရဲ မကြောက်တတ်ဆုံးသူက ကျနော် ဖြစ်ပြီးတော့ သရဲ အကြောက်ဆုံးသူက မျိုးဇော် ဆိုပါတော့။

သူငယ်ချင်းတွေ ညဘက်မှာ ဝိုင်းဖွဲ့ပြီး ဂစ်တာတီးကြ ၊ စားကြ သောက်ကြရင်း မုန့် အအေးကုန်သွားရင် အလှည့်ကျ သွားဝယ်ရလေ့ရှိတယ်။ တစ်နေ့တော့ ကျနော် သွားဝယ်ရမယ့် အလှည့်ဆိုတော့ ကျနော်က လမ်းထိပ်က မုန့်ဆိုင်မှာ ဝယ်ဖို့ တစ်ယောက်ထဲ ထွက်လာခဲ့တယ်။ ဝယ်ပြီးပြန်လာတော့ လမ်းရဲ့ အမှောင်ဆုံးနေရာ အရောက် လမ်းကြားထိပ်က ခရေပင်ကြီးက ရုတ်တရက် လေမတိုက်ဘဲ ထယိမ်းထိုးပါလေရော။ ဒါကို ကျနော်က သရဲခြောက်နေတယ်လို့ မထင်ဘူး။ ဘာလဲဟ လေလည်း မတိုက်ဘဲ ဒီခရေပင်က ဘာဖြစ်ရတာလဲ ဆိုပြီး ခရေပင် အောက်ကိုတောင်မှ ဝင်ပြီး အပင်ပေါ် မော့ကြည့် ၊ ပင်စည်ကိုတောင်မှ လက်နဲ့ တွန်းကြည့်လိုက်သေးတယ်။ ဘာမှလည်း ဆက်မဖြစ်တော့ ကိုယ်တွေ ဂစ်တာတီးနေတဲ့ စုရပ်ကို ပြန်လာပြီး သူငယ်ချင်းတွေကို ပြန်ပြောပြတော့မှ သူတု့က အဲဒီ့အပင်မှာ ထိုလမ်းကြားဘေး အိမ်မှာ လူတစ်ယောက် သေပြီး မကျွတ်ဘဲ သရဲ ဖြစ်ကာ ခြောက်နေကြောင်း ဝိုင်းပြောကြတယ်။ ဒီတော့မှ ငါ့ကို ခုနက အပင်လှုပ်ပြတာ သရဲခြောက်တာကိုး ဆိုပြီး ကျနော်လည်း သိရတော့တယ်။

ဒါပေမယ့်ဒီကိစ္စက ဒီမှာ ပြီးမသွားဘူး။ နောက် ရက် အနည်းငယ် ကြာတော့ သရဲ အကြောက်ဆုံး ဖြစ်တဲ့ မျိုးဇော်က မုန့်သွားဝယ်ဖို့ အလှည့်ကျလာတယ်။ သူ မုန့်ဝယ်ဖို့ တစ်ယောက်ထဲ ကြောက်ကြောက်လန့်လန့်နဲ့ လှည့်ကြည့် လှည့်ကြည့်ထွက်သွားတာကို ကြည့်ရင်း သူ့ကို သရဲခြောက်မယ် ဆိုပြီး ကျနော်က မဟာအကြံတော်ကို ရပါတယ်။ 

သူသွားလို့ လမ်းထိပ်ထောင့်လေးကိုလည်း ကွယ်ရော ကျနော် ပြေးပြီး သရဲခြောက်ပါတယ် ဆိုတဲ့ ခရေပင်ပေါ်ကို တက်ပြီး သူ အောက်က လွယ်လွယ် မမြင်ရအောင် ပုန်းနေလိုက်တယ်။ ခဏနေတော့ ဝယ်လာတဲ့  မုန့်ထုပ်လေး ဆွဲပြီး လမ်းထိပ်ကနေ ဝင်လာတာကို ကျနော် လှမ်းမြင်နေရတယ်။ သရဲခြောက်တယ်လို့ ပြောကြတဲ့ ခရေပင်နား ရောက်ခါနီးမှာ သူက ခရေပင်ရဲ့ ဆန့်ကျင်ဘက်ကို ကပ်သွားတယ်။ တဖြေးဖြေး ခရေပင်နား ရောက်လာလေလေ သူ့ခြေလှမ်းတွေက မြန်လာလေလေပါပဲ။ ကျနော်တက်နေတဲ့ သရဲခြောက်တယ် ဆိုတဲ့ ခရေပင်နားလည်း ရောက်ရော ကြောက်တတ်သူ ဆိုတာ သူကြောက်နေတဲ့ အရာကို ခိုးကြည့်လေ့ရှိတယ်လေ။

သူကလည်း ခိုးအကြည့် ကျနော်ကလည်း ခရေပင်ပေါ်ကနေ ခရေပင်ကို ကိုင်ပြီး ခပ်သွက်သွက် လှုပ်လိုက်တယ်။ ဟိုနေ့က ကျနော့်ကို ခြောက်လှုပ် လှုပ်တဲ့ သရဲ အပင်မှာ ရှိနေရင်တောင် လွင့်ကျသေပြီး သရဲထပ်ဖြစ်မယ့် အခြေအနေပေါ့။ မျိုးဇော်ကတော့ သူကြောက်နေတဲ့ ခရေပင်ကို လှမ်းအကြည့် ကြောက်နေတဲ့ ခရေပင်ကြီးက သွက်သွက်လှုပ်တော့ ငါ့ကို သရဲခြောက်ပြီဟ ဆိုပြီး " အမေရေ " ဆိုပြီး အသံနက်ကြီးနဲ့ အော်ပြီး ပြေးလိုက်တာဗျာ။ မုန့်တွေရော အအေးတွေရော ပြန့်ကျဲကုန်တယ်။ 

ကျနော်လည်း ခရေပင်ပေါ်က ဆင်းပြီး သူ့နောက်ကို တခြား သူငယ်ချင်းတွေနဲ့ လိုက်တော့ သူက သူ့အိမ်ပြန်ရောက်နေပြီ။ မျက်ဖြူစိုက်ပြီး သရဲ သရဲနဲ့အော်ရင်း သတိလစ်သွားသတဲ့။ အဲဒီ့သတင်းနဲ့ ကျနော် နောက်လိုက်တဲ့ အကြောင်း သိတော့ အိမ်ရောက်တော့ အရိုက်ခံရ ၊ အဆူခံလိုက်ရတာ မဆုံးတော့ဘူး။ သူလည်း ၃ ရက်လောက် ကယောင်ကတမ်းနဲ့ ဖျားလိုက်သေးတယ်။ သရဲ မဟုတ်ပါဘူးကွ ငါနောက်တာပါ ဆိုတာတောင်မှ သူက မယုံလေဘူး။ တကယ်တော့ သူက ဒီမှာ သရဲ ရှိနေတယ် ဆိုတဲ့  သူ့ရဲ့ အသိစိတ်ကြောင့် သူ့ဖာသာ အကြောက်လွန်သွားခြင်းပါပဲ။ သစ်ပင် လှုပ်တယ် သြော် သစ်ပင် လှုပ်ပါလား ဆိုတာနဲ့တင် သူရပ်ထားလိုက်ရင် သူလည်း ဒီလောက် ဘယ်ကြောက်ပါ့မလဲ။ အခုတော့ သစ်ပင်လှုပ်တာကို သူ့ဖာသာ သရဲခြောက်တယ် ဆိုတဲ့ အသိနဲ့ ပိုင်းခြားလိုက်တော့ ကိုယ့်ဖာသာ ပိုကြောက်သွားစေတာပါပဲ။

ဒါကြောင့် ကျနော်ကတော့ ထင်ပါတယ်။ သိမှု နှင့် မသိမှု ကို အခြေခံပြီး ကြောက်စိတ်ကို ပိုင်းဖြတ်ခွဲခြားမယ် ဆိုရင်တော့ သိမှုကို အခြေခံထားတဲ့ ကြောက်စိတ်က ပိုအားကြီးသလို ၊ ပိုလည်း ပြင်းထန် တယ်လို့ မြင်မိပါတယ်။

** မနှင်းရဲ့ Tag ပို့စ်ပါ။ ***

လေးစားစွာဖြင့်
ကိုဇော်








Share/Bookmark
Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.