မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


16 May 2012

17 အလွမ်းနေ့ရက်



ဝေးကွာမှု ဆိုတာ ဝန်ထုပ်ဝန်ပိုး တစ်ခုနဲ့ တူသတဲ့။
တစ်ယောက်တည်း ကျန်ခဲ့ရသူကလည်း အားငယ်နေမယ် ဆိုသလို . . .
ထွက်သွားရမယ့် သူကလည်း တစ်ယောက်တည်း အားငယ် သွားရမှာပါပဲ။
ဒါပေမဲ့လည်း . . . . .
အခြေအနေ တစ်ခု အရ မဖြစ်မနေ ခဏတာတော့ ခွဲခွာပြီးတော့ ထွက်ခွာ သွားရဦးမှာပါပဲ။

ကိုဇော် ( 16-May-2012 )


Share/Bookmark

26 April 2012

9 အချိုမှုန့် စကား



" အချိုမှုန့် စကား "

သူများ ရေးတဲ့ စာလေးတွေ ဟိုဖတ် ဒီဖတ် ဖတ်ပြီးတော့ သူငယ်ချင်း တစ်ယောက်ကို ကျနော်က ဆရာကြီး လိုလိုနဲ့ ပြောဖူးတယ်။

((( မင်း သိလား . . . အချို့မှုန့်ကို ထုတ်လုပ်တဲ့ နိုင်ငံတွေကတောင်မှ မစားကြဘူးကွ။ အဲဒါ ဘာကြောင့် ဆိုတာကို သဘောပေါက်ဖို့ သင့်ပြီ။ )))

လို့ . . . ဒီတော့ သူက အေးဆေးပဲ ပြန်မေးပါတယ်။

((( ဘာကြောင့်တဲ့လဲ။ ))))

((( အန္တရာယ် ရှိလို့ . . . ဘေးထွက် ဆိုးကျိုးတွေ ရှိနေလို့ပေါ့ကွ။ သူများ နိုင်ငံက ထုတ်ပြီးတော့ ငါတို့နိုင်ငံကပဲ စားနေတာ။ ထင်တာ မမှားဘူးဆိုရင် ကမ္ဘာပေါ်မှာ အချိုမှုန့်စားသုံးတဲ့ နိုင်ငံဆိုတာ ငါတို့ နိုင်ငံပဲ ရှိလိမ့်မယ် ထင်တယ်။ )))

((( ဒီတော့ . . . . )))

((( ဒီတော့ ဒါပဲပေါ့ကွ။ သူတို့နိုင်ငံတွေမှာတောင်မှ မသုံးတာလေ။ ငါတို့ နိုင်ငံတွေကလည်း အချိုမှုန့်ကို မစားဘဲ ရှောင်သင့်ပြီပေါ့။ )))

((( အဲဒီလို လုပ်ဖို့ မင်းကို ဘယ်သူက ပြောလဲ။ )))

((( အင်း . . . အဲ . . . ဒီလိုပဲ ကျန်းမာရေး စာပေတွေထဲမှာ ဖတ်ဖူးတာလေ။ )))

((( သြော် . . . ဟုတ်မှာပေါ့။ ဒါပေမဲ့ သူများနိုင်ငံတွေ အသုံးနည်းတာနဲ့ ဒါကို မကောင်းဘူး လို့ ပြောပြီးတော့ ငါတို့ နိုင်ငံက ဘာလို့ သုံးနေကြတယ် ဆိုတာကိုရော တွေးမိရဲ့လား။ )))

((( အင်း . . မတွေးမိဘူး . . . ငါတို့ နိုင်ငံက လူတွေ အန္တရာယ် ရှိပါတယ် ဆိုတဲ့ အချိုမှုန့်ကို ဘာလို့ သုံးနေကြတာလဲ။ )))

((( ဟုတ်တယ် . . . ဒါက အဖြေပဲ။ ဘာလို့ သုံးနေကြရလဲ ဆိုတော့ ရှင်းပါတယ်ကွာ။ ဒီလောက် ရှင်းနေတာကို . . . )))

((( ပြောစမ်းပါဦး. . .)))

((( ဘာလို့ သုံးနေကြလဲ ဆိုတော့ ဆင်းရဲ လို့ပေါ့ကွာ။ )))

((( အမ် . . . မင်း အဖြေကြီး ကလဲကွာ။ )))

((( ဟုတ်တယ်. . . ဆင်းရဲလို့ ဆိုတဲ့ အထဲမှာ နှစ်မျိုး ရှိတယ်လေ။ ပိုက်ဆံ ဆင်းရဲတာနဲ့ အသိပညာ ဆင်းရဲတာ . . .  အခုက နှစ်ခုလုံး ဖြစ်နေတာကြောင့်ပဲ။ )))

((( အင်း . . . )))

((( တကယ်လို့ အသိပညာ ကြွယ်ဝလာပြီ ဆိုရင် အရင်ထက်တော့ ရှောင်နိုင်ပြီ။ ဒါပေမဲ့လည်း ပိုက်ဆံ ဆင်းရဲနေရင်တော့လည်း ဝယ်သုံးဖြစ်နေဦးမှာပဲ။ ခရုဆီ သုံးဇွန်းထည့်မှ ဟင်းချိုမှာကို အချိုမှုန့် တစ်ဇွန်းထဲနဲ့ အဆင်ပြေနေရင်တော့ လူတွေ သုံးနေကြဦးမှာပဲ။ ပြီးတော့ အချိုမှုန့် တစ်ဇွန်း တန်ဖိုးနဲ့ ခရုဆီ သုံးဇွန်း တန်ဖိုး ဆိုတာကလည်း ကွာတယ်လေ။ ))))

((( အင်းးးးးးးးးးးးးးးးးးးးး )))

((( တကယ်လို့ သူ့တို့မှာ အသိပညာ ဆင်းရဲနေပေမဲ့ ပိုက်ဆံ ချမ်းသာနေပြန်ရင်လည်း သူတို့ကတော့ ဘာမှ မသိဘူး။ ဒါပေမဲ့ ပိုက်ဆံ ချမ်းသာတဲ့ အတွက်ကြောင့်မို့ အကောင်းဆုံး ဆိုတာတွေကို ဝယ်စားနိုင်တဲ့ အတွက် အကောင်းဆုံး ဆိုတဲ့ ပိုက်ဆံ တတ်နိုင်မှ လာဝယ်သုံးကြတဲ့ လူတွေ အတွက် ဖွင့်ထားတဲ့ ဆိုင်တွေကလည်း အချိုမှုန့်ကို ရှောင်ပြီးသား ဖြစ်နေတော့ သူတို့မှာ အသိပညာ နည်းပေမဲ့ ပိုက်ဆံ ချမ်းသာတဲ့ အတွက်ကြောင့် အလိုလို ရှောင်ပြီးသား ဖြစ်သွားခဲ့ပြီ။ )))

((( အင်း . . . )))

((( အဲဒါကြောင့် ငါ ပြောတာ. . . ငါတို့ နိုင်ငံမှာ အချိုမှုန့် ဆန့်ကျင့်ရေးတွေ သိပ်အော် မနေပါနဲ့ကွာ။ အဓိက က အချိုမှုန့်ကို ဆန့်ကျင်ဖို့ မဟုတ်ဘူး။ အဓိက က လူတွေကို ဆင်းရဲနေတဲ့ တွင်းထဲကနေ မြှင့်တင်ပေးဖို့နဲ့ အသိပညာ နဲ့ ပိုက်ဆံပါ ကြွယ်ဝ ချမ်းသာအောင် လုပ်ပေးဖို့က အဓိက မဟုတ်လား။ )))

((( အင်း . . . ဟုတ်ပါတယ်။ )))

သူနဲ့လည်း စကားပြောပြီးရော . . . ကျနော့် စိတ်ထဲမှာ မီးလုံးလေး တစ်လုံး ပွင့်လာသလို ခံစားရတယ်။ ကျနော်တို့ရော စားသောက်ဆိုင် တစ်ဆိုင်မှာ သွားထိုင်စားတော့ အမျိုးအစား တူ ဟင်းတစ်မျိုးထဲကို ဈေးနှုန်းကွာနေလို့  ဘာကြောင့်လဲလို့ မေးမိရင် ဒါက ခရုဆီနဲ့ ချက်တာပါ ဆိုတဲ့ ဟင်းပွဲကို ကျနော်တို့ ဈေးနှုန်းကြီးကြီး ပေးပြီးတော့ စားမိရဲ့လားလို့ ပြန်တွေးမိပါတယ်။

အင်း . . . တကယ်တော့ အချိုမှုန့်က အဓိက မဟုတ်ပါဘူးလေ။ လူတွေ ဆင်းရဲနေတာကသာ အဓိကပါပဲ။ ဆင်းရဲတယ် ဆိုတဲ့ အထဲမှာလည်း ပိုက်ဆံ ဆင်းရဲတာ အပါအဝင် ၊ အသိပညာ ဆင်းရဲမှုကလည်း အကျုံးဝင်နေပါလိမ့်မယ်။


လေးစားစွာဖြင့်
ကိုဇော် ( 26-Apr-2012 )

.

Share/Bookmark

03 April 2012

5 ရွာပြင်မှ နရီကျသော စည်းနဲ့ဝါး


ရွာပြင်မှ နရီကျသော စည်းနဲ့ဝါး

ဟိုးက . . .
ရွာအပြင်မှာ ငါ နေဖို့ . . .
ခပ်ယိုင်ယိုင် တဲတစ်လုံးထိုးထားတယ်။
ကိစ္စ မရှိပါဘူး . . .
ညနေညခင်း ကြယ်စင်တွေ အလင်းမှာ
မြက်သင်ဖြူးကို ကျောခင်းပြီး
ငါ မော့ကြည့်နေမယ်။
အဲဒီ့အချိန်မှာ . . .
ညလေသင်းသင်းက ငါ့ကို ပွေ့ဖက်နမ်းနေမယ်။
တစ်ယောက်တည်းပေမဲ့ ကောင်းကင်က မိုးထားပြီး
မြေပြင်က ငါ့ကို ရွက်ထားလိမ့်မယ်။
ဟိုးအဝေးက ပုရစ်အော်သံ သဲ့သဲ့ကိုလည်း ကြားရနိုင်လိမ့်မယ်။
ဒါဆိုရင် . . .
ငါ့ရဲ့ ရင်ထဲက
အလွမ်းတွေ တဟုန်ထိုး မြုံနေလိမ့်ဦးမယ်။
တိတ်တိတ်ဆိတ်ဆိတ် လွမ်းရတာကို
တစ်ခါတလေ ပိုခုံမင်တယ်။
ရှု့မြင်လိုက်ရတဲ့ ကောင်းကင် တခွင်လုံးကလည်း
ဖျောက်ဆိတ်တွေနဲ့ အပြည့်. . .
တစ်ယောက်ဆိုတိုင်း အထီးကျန်တာ မဟုတ်ဘူး။
အတွေးများနဲ့ ရှင်သန်နေနိုင်သမျှ
ငါ့မှာ နေ့ရက်တွေ ရှိသေးတယ်။
တိုက်ခန်းတွင်းက အဲယားကွန်းလေငွေ့ အေးအေးစက်စက်ကြားမှာ
ငြီးစီစီ ဖြစ်လာတဲ့ တစ်နေ့ . . . 
မင်းလည်း . . .
ငါ့ရဲ့ ရွာပြင်က ဇရပ်လေးကို
တမ်း . . တ . . . လာ . . . မိနေလိမ့်မယ်။

ကိုဇော် - ( 3-Apr-2012 )




Share/Bookmark

01 April 2012

6 ဧပရယ်ဖူးလ်နေ့ အတွက် မဲတစ်ပြား



အရင်က ဒီလို ဧပရယ်ဖူးလ်နေ့မှာ ဆိုရင် ကျွန်တော် ပျော်စရာ ဟာသလေးတွေ ဖြစ်အောင် လုပ်ပြီးတော့ ရေးတတ်ပါတယ်။ အခုတော့ သူများကိုလည်း အရူး မလုပ်ချင်ပါ။ ဘယ်သူ့ကိုမှလည်း အရူး မဖြစ်စေချင်ပါ။ ဒီနေ့ဟာ ကျွန်တော်တို့ နိုင်ငံအတွက် အရေးပါတဲ့ နေ့ရက်တွေထဲက တစ်ရက်လည်း ဖြစ်ပါတယ်။ နိုင်ငံတကာက စောင့်ကြည့်နေရတဲ့ ရက်ပေါ့ဗျာ။ 

" ကြားဖြတ် ရွေးကောက်ပွဲနေ့ " လို့ ဆိုကြပါတယ်။ ကျွန်တော် နေထိုင်တဲ့ မြို့နယ်မှာ မဲပေးခွင့် မရှိပါ။ ဒါကြောင့် မဲကို အဝေးရောက် အဖြစ်သော်လည်းကောင်း ၊ ကြိုတင်မဲ အဖြစ်သော်လည်းကောင်း မပေးရပါ။ သို့သော်လည်း မဲပေးခွင့် ရှိသူများကိုတော့ ကိုယ်ပေးသော တန်ဖိုးရှိ မဲတစ်မဲ အလကား မဖြစ်ရလေအောင် သိသင့် သိထိုက်တာလေးတွေကို ပုံလေးနဲ့ ရှင်းပြချင်ပါတယ်။

ကြီးကြီးမြင်ချင်ရင် ပုံကို ကလစ်နှိပ်ကြည့်ပါ။

ကြီးကြီးမြင်ချင်ရင် ပုံကို ကလစ်နှိပ်ကြည့်ပါ။


တကယ်လို့ ကိုယ်ရဲ့ ဆန္ဒမဲပြားမှာ ကိုယ်ခြစ်ချင်တဲ့ နေရာမှာ ခြစ်လို့ မထင်တာတို့ ၊ မတော်တဆ ( မတော်တဆ ဖြစ်တတ်တယ်လေ။ )  ဖယောင်းတွေ ပေနေခဲ့လို့ ခြစ်မရခဲ့ရင် အားမနာပါနဲ့ ၊ မကြောက်ပါနဲ့။ မဲရုံကော်မတီမှာ ပြပြီးတော့ အသစ် လဲလှယ်နိုင်ပါတယ်။ ကိုယ်ကြိုက်တဲ့ နေရာကို ခြစ်လို့ အဆင်မပြေ မချင်း တစ်ရွက်ပြီး တစ်ရွက် လှဲလှယ်ပြီးတော့ မဲစာရွက် အသစ်မှာ ခြစ်ပါ။

ခြစ်တဲ့ အခါမှာလည်း ကိုယ်ကြိုက်တဲ့ နေရာ တစ်နေရာကိုပဲ အာရုံစိုက်ပြီးတော့ တစ်ခုရဲ့ ဘေးမှာပဲ ( အမှန် ) ခြစ်လေးကို ဘောင်ထဲကနေ ဘောင်ပြင် မထွက်အောင် ခြစ်ပေးပါ။ တခြားနေရာတွေကို မထိပါနဲ့။ သွားလည်း မတို့ပါနဲ့။ ဘာမှလည်း တခြား အကွက်တွေမှာ အမှန် သော်လည်းကောင်း ၊ အမှား ( သို့ ) ကြက်ခြေခတ်သော်လည်းကောင်း မခြစ်ခဲ့ပါနဲ့။ ဘာဆို ဘာမှ မလုပ်ပါနဲ့။ ဒီအတိုင်းပဲ ထားခဲ့ပါ။ 

ပြီးရင် သတ်မှတ်ထားသော မဲပုံးထဲကို ထည့်လိုက်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မဲပေးတာ ပြီးဆုံးပြီလို့ ပြောရမှာပါ။ 

ကျွန်တော့်မှာ မဲပေးခွင့် ရှိရင်တော့ ကျွန်တော့်ရဲ့ တန်ဖိုးရှိတဲ့ မဲတစ်ပြားကို တန်ဖိုးရှိအောင်ကို အသုံးချပြီးတော့ ပေးချင်ပါတယ်။ အခု တစ်ခေါက် မဟုတ်သော်လည်း တစ်ကြိမ် မဟုတ် တစ်ကြိမ် မဲပေးရင်တော့ ဖြစ်နိုင်ကောင်းပါရဲ့ဗျာ။ ဘယ်သူ့ကို ဘယ်ပါတီကို မဲပေးပါလို့ ကျွန်တော် မဆွဲဆောင် ၊ မပြောလိုတော့ပါဘူး။ အားလုံးလည်း ကိုယ်ပိုင် စိတ်ဆန္ဒနဲ့ အတူ လွတ်လပ် ငြိမ်းအေးစွာ ကွဲလွဲပိုင်ခွင့် ရှိပါတယ်။ မိမိကြိုက်ရာကို မဲပေးပါ။ အထက်က ပုံတွေကတော့ ကျွန်တော် Facebook က ယူသုံးတာပါ။ ပြီးတော့ ကျွန်တော်က မဲပေးခွင့် ရှိရင် ဒီပါတီကို . . .  


မဲပေးမှာ ဆိုတော့ ဒီပါတီနဲ့ ပတ်သတ်တဲ့ ပုံလေးတွေကိုပဲ စုထားမိလို့ တခြား ပါတီတွေရဲ့ ပုံတွေ မတင်လိုက်နိုင်ပါဘူး။ ပြီးတော့ ကျွန်တော့် ဘလော့ကလည်း သတင်းဘလော့ မဟုတ်လေတော့ ကျွန်တော် နှစ်သင်ထောက်ခံသော ပါတီကိုပဲ ကျွန်တော် ရှေးရှု့ တင်ပြတာပါ။ သဘောထား ကွဲလွဲသူများ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ 

ဒီနေ့လေးကိုတော့ ကျွန်တော်က ( ကိုသက်တန့်ချို ဆွဲထားတယ်လို့ ထင်ပါတယ်။ မဟုတ်ရင်တော့ မူရင်း ရေးဆွဲသူကို ခရက်ဒစ် ပေးပါတယ်။ ) ပုံလေးတစ်ပုံနဲ့ ကိုယ်စားပြုချင်ပါတယ်။


ယနေ့ ဧပြီ ၁ ရက်နေ့မှသည် ကျွန်တော်တို့ မြန်မာနိုင်ငံသည် တရားမှု စိုးမိုးသော ၊ တရား ဥပဒေ စိုးမိုးသော ၊ တရားသော အချုပ်အချာ အာဏာ တည်တံ့ခိုင်မြဲသော ၊ ပြည်သူလူထု အေးချမ်း သာယာစွာ နေထိုင်နိုင်သော ၊ ပြည်သူတွေ အားထားရသော အမတ်လောင်းတွေ ပေါ်ပေါက်လာပါစေဗျာ။


လေးစားစွာဖြင့်
ကိုဇော်
1-Apr-2012

Share/Bookmark

08 March 2012

12 ငါးထောင်တန် ဖုန်းအပေါ် ဘလော့ဂါ တစ်ယောက်ရဲ့ အမြင် ( Tag )




သြော် . . . ငါးထောင်တန် ဖုန်းအပေါ်မှာ ဘလော့ဂါ တစ်ယောက် အနေနဲ့ အမြင်ကို ရေးရမှာလား။ ဟုတ်ကဲ့ . . ဒီလိုဗျ။ လွန်ခဲ့တဲ့ လအနည်းငယ်ကပေါ့။

ပြုတ်ပြီးတော့ သုတ်စားဖို့ အတွက် အသားတွေကို မီးနည်းနည်းလေးနဲ့ ပြုတ်ထားပြီးတော့ ကွန်ပျူတာနဲ့ ဟိုလိုက်ဖတ် ၊ ဒီလိုက်ဖတ်လုပ်နေတဲ့ အချိန်မှာ ဗြုန်းဆို ကျွန်တော့် သူငယ်ချင်းက ရောက်ချလာပါ၏။ သူ့ကောင်မလေး အတွက် လက်ဆောင်ပစ္စည်း ဝယ်ပေးချင်လို့ အဖော် လိုက်ခဲ့ဖို့ ခေါ်တာပါ။ သူကလည်း ရန်ကုန်ကို လူကြုံရှိတုန်း ပေးချင်လို့ပေါ့လေ။ 

ဗြုန်းစားကြီး ရောက်လာပြီး အလောတကြီး ခေါ်တော့ ကျွန်တော်လည်း ကွန်ပျူတာလေး ကောက်ပိတ်ပြီး ရေချိုးကာ ထလိုက်သွားမိသည်။ မီးဖိုခန်းထဲမှာ မီးနည်းနည်းလေးနဲ့ ပြုတ်ထားတဲ့ အသားအိုးကို လုံးဝကို မေ့သွားခဲ့၏။ အိုးကြီးနဲ့ ရေအများကြီး ထည့်ပြီး မီးနည်းနည်းလေးနဲ့ ပြုတ်ထားတာ ဆိုတော့ သတိမထားမိသလို ဖြစ်သွားခဲ့၏။ ဒီလိုနဲ့ သူနဲ့ လိုက်သွားပြီးတော့ ကားပေါ်မှာ ထိုင်စီးရင်း မိနစ် ၂၀ ကျော်ကြာမှ အသားပြုတ်အိုးကြီးကို သတိရတော့သည်။ 

" ဟာ . . ငါ့ အသားပြုတ်အိုးကြီး "

လို့ ထအော်မိသည်။ ဘေးက သူငယ်ချင်းကလည်း လန့်သွားပြီးတော့ ဘာလဲဟ . . ဘာလဲဟ . .ဆိုပြီး အငြိမ့်ထဲက လူရွှင်တော် ကျော်ထူးလို့ ပြန်အော်၏။

" ငါ အသားပြုတ်အိုးကြီး မေ့ပြီး မီးဖိုပေါ်တင်ထားခဲ့မိပြီ။ "

ဒီလို သူ့ကို အလန့်တကြားထပ် ပြောလိုက်တော့ သူက . . .

" ဒါများကွာ။ မင်း သူငယ်ချင်း တစ်ယောက်ကို ဖုန်းဆက်ပြီးတော့ ပိတ်ခိုင်းလိုက်ပေါ့။ "

လို့ ဆို၏။ ဟုတ်သားပဲ ဟု ဆိုကာ ကျွန်တော် ဖုန်းလှမ်းဆက်ကာ သူငယ်ချင်း တစ်ယောက်ကို အကူအညီတောင်းပြီး ပိတ်ခိုင်းလိုက်ပါသည်။  အခန်းမှ ကျွန်တော့် သူငယ်ချင်း ပိတ်လိုက်သော အခြေအနေမှာ ကျွန်တော့်ရဲ့ အသားပြုတ်အိုးကြီးက ရေခမ်းကာ အနည်းငယ်တောင်မှ တူးချင်ချင် ဖြစ်၍ နေပေပြီ။ နောက်ထပ် ဆယ်မိနစ်လောက်ဆို ရေဓါတ် လုံးဝ ခမ်းကာ အထဲမှ အသားတုံးများပင် ခြောက်သွေ့ပြီး ကျွမ်းလောင် လာပေလိမ့်မည်။

မြို့ထဲကို ကျွန်တော် ရောက်နေသောကြောင့် အခန်းကို ပြန်ရောက်ဖို့ အနည်းဆုံး မိနစ် ၂၀ ကျော် ကြာပေလိမ့်မည်။ တကယ်လို့ ကားလမ်းတွေသာ ပိတ်နေခဲ့ရင် နာရီဝက်ကျော်အောင် ပိုကြာနေပေလိမ့်မည်။ ဒီလောက် ကြာနေမဲ့ အချိန်ဆိုရင်တော့ ခုနကတောင်မှ ရေခမ်းလုလု ဖြစ်နေသော အသားအိုးကြီး မီးပါ ထလောင်နိုင်ပေ၏။ တော်ပါသေးရဲ့ ဘေးအခန်းက သူငယ်ချင်းကို အကူအညီ တောင်းလိုက်နိုင်လို့။

ဒီလို အလွယ်တကူ အကူအညီတောင်းလို့ ရတာဟာ ဘာကြောင့်လဲ ဆိုပြီးတော့ စကားဆက်ပြောရင်း သူငယ်ချင်းနဲ့ ကျွန်တော် ဆွေးနွေးဖြစ်သည်။ ဒီနေရာမှာ အလျင်းသင့်လို့ ပြောရရင် ကျွန်တော့် သူငယ်ချင်းက မဂ္ဂဇင်း တချို့မှာလည်း စာရေးသလို ၊ သူက ရုပ်ရှင်မှတ်တမ်း ရေးတာလည်း အလွန် ဝါသနာ ပါသည်။ သူ့ဝါသနာနဲ့ သူ ဆိုပါတော့။ ဒီတော့ အတော်ကို တိကျသေချာသလို ၊ ဇာတ်လမ်း ဇာတ်ကွက် ကျကျ ၊ ထင်သာ မြင်သာ ဖြစ်အောင် စကားပြောတတ်သူပါ။

ဒီမှာ သူနဲ့ ကျွန်တော် " ပါးစပ်နဲ့ ရုပ်ရှင် " ရိုက်ခဲ့ကြပါသည်။



ရုပ်ရှင် ( ၁ )

ညဥ့်သည် တိတ်ဆိတ်၏။ ပတ်ဝန်းကျင် တခွင်လုံးကို သူ၏ အမှောင်ထုဖြင့် လွှမ်းခြုံထားလေသည်။ တစ်ခါတရံ ဟိုမှ ဒီမှ အော်မြည်လိုက်သော ညပုရစ်တို့၏ ဆွဲဆွဲရစ်ရစ် အသံများမှ လွဲ၍ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေသည်ဟု ဆိုရပေမည်။

ထိုသို့သော အချိန်မျိုးတွင် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ဆန့်ကျင်စွာ လူသား နှစ်ယောက် အမှောင်ထုကို အံ့တုကာ ဟိုနင်း ဒီဖြတ်ဖြင့် အမှောင်လမ်းမှာ ဝိုးတဝါး စမ်းတဝါးဝါးဖြင့် လျှောက်လှမ်းလာနေကြသည်။

" ဟေ့ကောင်  . . သီဟ။ မင်းပြောတဲ့ ရွာကလည်း မရောက်သေးဘူးလားကွာ။ "

မေးသူရဲ့ အသံကလည်း လှိုက်ဖိုစွာဖြင့် မောပန်းကြီးစွာသော အသံ ဖြစ်နေလေသည်။

" ရောက်တော့မယ် ထင်တာပဲ။ ငါလည်း တစ်ခါပဲ ရောက်ဖူးတယ်။ အဲဒီတုန်းက ဆိုတာ အခုနဲ့ဆို နှစ်ပေါင်း ၂၀ ကျော်ပြီလေ။ အခုလို ပတ်ဝန်းကျင် အနေအထားတွေလည်း မဟုတ်ဘူး။ "

ပြန်ဖြေသူရဲ့ အသံမှာလည်း မောပန်းတကြီး လေရှူထုတ်သံတို့ ရောစွက်နေ၏။

" အာ . . . ဒါဆို မင်းဟာက နေ့ဘက်တောင်မှ မနည်း ရှာရမှာကို အခုလို ညကြီး မိုးချုပ် ဆိုတော့ ငါတို့ ရွာကို သွားတဲ့ လမ်းအမှန်ကို တွေ့မှ တွေ့ပါ့မလား။ "

ပထမ စမေးသူက မြေပေါ်သို့ ခြေပစ် လက်ပစ် ထိုင်ချလိုက်ပြီး စိတ်ပျက်စွာ မေးသည်။

" ဒီလမ်းတော့ ဒီလမ်းပဲ ထင်တာပဲ။ သိပ်တော့ မဝေးတော့ဘူး ထင်ပါတယ်။ လာပါကွာ ညကြီးမိုးချုပ် မထိုင်နဲ့ ကိုဇော် ၊ အောက်မှာ မြွေပါး ကင်းပါးကွ။ "

သီဟက ဒီလို ပြောတော့ မြေပေါ်မှာ ခြေပစ်လက်ပစ် ထိုင်နေသော ကိုဇော် လန့်သွားသလို ရုတ်ခနဲ ခုန်ထလိုက်၏။ ဒီအချိန်မှာ သီဟကတော့ အရှေ့က ဦးဆောင်က သွားနေလေပြီ။ ပင်ပန်း မောပန်းလွန်းသော်လည်း မဖြစ်သော အနေအထား အရ သူ သီဟ နောက်သို့ လိုက်ရပေတော့သည်။ မဖြစ်မနေ လိုက်ရခြင်း ဆိုပါတော့။ သီဟကတော့ သူ့လက်ထဲက ခရီးဆောင် လက်နှိပ်ဓါတ်မီးလေးနဲ့ ဟိုဟိုဒီဒီ ထိုးကာ အရှေ့မှာ သွားနေလေသည်။

တကယ်တော့ . . . သူတို့ စီးလာရာ ခရီးစဉ် အဆုံး ကားဂိတ်ကျမှ ဆင်းကာ ချောင်းတစ်ဘက်ကို ဖြတ်ကူးတဲ့ သဗ္ဗန်ဖြင့် ကူးလိုက်ရင် သူတို့ အလိုရှိရာ ရွာလေးကို အလွယ်တကူ ရောက်နိုင်သော်လည်း နေဝင်ချိန် ဒီရေ အတက်မှာ သဗ္ဗန်များ မထွက်ရင် မိုးချုပ်မယ် ဆိုသော သီဟ စကားကို နားယောင်ကာ ဒီလမ်း တစ်ဝက်မှ ဆင်းကာ တောလမ်း အတိုင်း လျှောက်ရင် လိုရာ ရွာသို့ ပိုမြန်မြန် ရောက်နိုင်တယ် ဆိုတဲ့ သီဟ ရဲ့ ထောက်ခံချက် အရ လမ်းတစ်ဝက်မှာ ဆင်းပြီး တောလမ်း အတိုင်း လမ်းဆင်း လျှောက်ခဲ့တာပဲ ဖြစ်သည်။ 

အခုတော့ သူကိုယ်တိုင် ထင်သလို သီဟကလည်း တောလမ်းကို သေချာ မှတ်မိသည် မဟုတ်။ အရင် တခေါက်က လာဖူးတဲ့ အချိန်ကလည်း လွန်ခဲ့သော နှစ် ၂၀ ကျော် အတိတ်များဆီ။ အခုလို ပြောင်းလဲလာသော ပတ်ဝန်းကျင် အတိုင်းအတာ အရ သူ ဘယ်လိုမှ မမှတ်မိနိုင်တော့ချေ။ သို့သော် လျှောက်လာပြီးမှတော့ လိုရာ မရောက်မချင်း ဆက်ကာ ခရီးဆက်ရပေတော့မည်။

ကားပေါ်က ဆင်းကာ တောလမ်းထဲ ဝင်ကာစက မသိသာသော ကျောပိုးအိတ်က အခု ဆိုရင် ပို၍ ပို၍ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လေးလံလာ သလိုလိုပင်။ ဖြစ်နိုင်ရင် အရာ အားလုံးကို ပစ်ချထားကာ စိတ်လက်ပေါ့ပါးစွာဖြင့် လျှောက်လိုက်ချင်စိတ်ကို မနည်းမျိုသိပ် ထားရလေသည်။

" ကိုဇော် . . ကိုဇော်  . . "

" ဟေ . . . ရွာရောက်ပြီလား။ "

သီဟ ရဲ့ အလန့်တကြား အော်ခေါ်သံကြောင့် ကျွန်တော် ပျော်သွားကာ သူ့နား အပြေးသွားရင်း မေးလိုက်သည်။ သူက မချိုမချဉ်ပြုံးရင်း . . .

" ရွာသွားတဲ့ လမ်းတော့ မတွေ့တော့ဘူးကွ။ ငါလည်း မျက်စိ လည်သွားပြီ။ ဒါပေမဲ့ ဒီမှာ ဇရပ်ပျက်ကြီး တစ်ခုတော့ တွေ့တယ်။ "

" ဒါများကွာ ၊ ဒီဇရပ်ပျက်က ဘာလုပ်ရမှာလဲ။ "

" အခု လောလောဆယ်တော့ အကောင်းဆုံးက  မမြင်မကန်းနဲ့ ညဘက်ကြီး တောထဲမှာ လမ်းလိုက်ရှာမဲ့ အစား ဒီဇရပ်မှာ ဒီည အိပ်လိုက်တာ ကောင်းမယ် ကိုဇော်။ မနက် မိုးလင်းမှ ငါတို့ လင်းလင်းချင်းချင်း လမ်းရှာပြီးတော့ သွားကြတာပေါ့။ "

မတတ်သာ အဆုံး ကျွန်တော် ဇရပ်ပျက်ကြီးပေါ် တက်ကာ ကျောပိုးအိတ်ကို ပစ်ချပြီး ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြန်သည်။ ဇရပ်က  လွန်စွာမှ ဟောင်းနွမ်း ဆွေးမြေ့နေလေပြီ။ အကာအရံ ဆိုတာ ကင်းမဲ့နေပြီး ဇရပ်ကြမ်းခင်းတွေက ပေါက်ပြဲလျက် ကျွံကျနေခဲ့သည်။ အမိုးတွေကတော့ အုတ်ကျွတ်မိုး ထား၍ ထင်သည် ဆွေးမြေ့ခြင်း မရှိသော်လည်း ဇရပ်အပေါ်မှာ သစ်ပင်ကြီးများရဲ့ သစ်ကိုင်းများ ကျိုးကျဒဏ် ခံရ၍ တချို့နေရာတွေမှာတော့ ပဲ့ကျကာ မလုံခြုံတော့။ ဇရပ်ခေါင်မိုးကို မော့ကြည့်ရင်း ကြမ်းခင်းပေါ် ပစ်ချထားသော ကျောပိုးအိတ်ပေါ် ခေါင်းမှီချကာ လှဲချလိုက်မိ၏။

" ဟေ့ကောင် . . . ကြမ်းပြင်မှာ လှဲအိပ်ဖို့ မစဉ်းစားနဲ့။ "

သီဟက ရယ်ကျဲကျဲ ပြော၏။

" ဟမ် . . . ကြမ်းပြင်မှာ မအိပ်လို့ မိုးပေါ် တက်အိပ်ရမှာလား။ "

ကျွန်တော် ပေါက်ကွဲစွာ ခပ်ရွတ်ရွတ် မေးလိုက်တော့ သူက ပြောင်စပ်စပ် မျက်နှာပေးဖြင့် . . .

" ဟုတ်တယ်  . .  အမှန်ပဲ။ ငါတို့ မိုးပေါ် တက်အိပ်မှ ဖြစ်မှာ . . . "

" ဘာကွ . . ."

" ဟုတ်တယ် ဟေ့ကောင်။ ငါ မနောက်ဘူး။ အခုလို ဇရပ် ကြမ်းပြင်မှာ အိပ်နေလို့ကတော့ ကျားစာဖြစ်ဖြစ် ၊ စပါးကြီးမြွေစာ ဖြစ်ဖြစ် ငါတို့ နှစ်ယောက် ဖြစ်သွားမှာပဲ။ "

ကျွန်တော် လန့်သွားပြီး ခုန်ထလိုက်မိသည်။

" ဟေ့ကောင် . .  မင်း ပေါက်ကရတွေ လျှောက်ပြောပြီး မင်း မခြောက်နဲ့နော်။ "

" ဟ . . ငါက ခြောက်နေတာ မဟုတ်ဘူး။ တကယ် ပြောပြတာ။ ငါ့အဖေရဲ့ ရွာအကြောင်း ငါက ပိုသိတာပေါ့ကွ။ အခု ငါတို့ တောထဲ ရောက်နေတာလေ။ ခရီးက ပန်းလာတဲ့ အထဲ အခုလို ခပ်လွယ်လွယ် ဇရပ်ကြမ်းပြင်မှာ အိပ်နေရင် နည်းတယ်တောင်မှ ပြောသွားလိမ့်မယ်။ "

" ဒါဆို ငါတို့ ဘယ်မှာ အိပ်ရမှာလဲ။ "

သီဟက ခေါင်းကို မော့ကြည့်ကာ အပေါ်ကို လက်ညှိုးထိုးပြသည်။ ပြီးမှ . . .

" ငါတို့ ဇရပ်ရဲ့ ထုပ်တန်းပေါ် တက်အိပ်ကြမယ်။ "

" ဟာ . . မင်းကွာ ၊ ကြံကြံဖန်ဖန် ၊ မတော်လို့ ပြုတ်ကျမှဖြင့် . . . "

" မကျပါဘူးကွာ။ ဇရပ်ရဲ့ အလယ်က ထုပ်တန်းက နှစ်တန်းပြေးလေကွာ။ ဒီမှာ လူတစ်ယောက် ကျောတခင်း အေးအေးဆေးဆေး အိပ်လို့ ရတယ်။ ကုတင်ပေါ်မှာလိုတော့ လှိမ့်လို့တော့ မရဘူးပေါ့။ ကဲ ပြောနေတာ ကြာတယ်။ တက်ကြမယ်ကွာ။ "

ပြောပြောဆိုဆို . . သူက ဇရပ်ရဲ့ ဘေးနံရံကနေ ကုတ်ဖက်ကာ တုပ်တန်းပေါ်သို့ တက်သွား လေတော့သည်။ တုပ်တန်းပေါ်မှာ မအိပ်ဖူးသော်လည်း အပင်တွေပေါ်တက်ကာ သစ်ကိုင်းတွေ ပေါ်မှာတော့ တက်ဆော့နေကျ ဖြစ်တဲ့ အတွက် သူ ပြောသလို ကျွန်တော့် အတွက် သိပ်တော့မခက်ခဲပါ။ သူ တက်သလို ဇရပ်နံရံကနေ တွယ်တက်ကာ တုပ်တန်းပေါ်ကို ရောက်သွား၏။ တုပ်တန်းပေါ် ရောက်သွားတော့ ထင်သလို သိပ်ပြီးတော့ နေရ ထိုင်ရတာ မခက်ခဲလှပါ။ ကျောပိုးအိတ်ကို နောက်တွင် ခုပြီးတော့ ခုကာ မှီကြည့်လိုက်တော့ အတော် အဆင်ပြေ၏။

ဒီလိုလေး ဆိုရင်တော့ တုပ်တန်းပေါ်မှာ ကျွန်တော်တို့ နှစ်ယောက် မိုးလင်းသည် အထိ မှေးလို့ ရသည်။ ထူးခြားတာက သတ္တဝါတွေ ဒီဇရပ် ပတ်ဝန်းကျင်မှာ အနေနည်းလို့လား မသိ။ ခြင်လုံးဝ မရှိပေ။ ညဥ့်လေပြေကလည်း တဖြူးဖြူး ရှိလှသည်။ တစ်ညနေလုံး တောထဲမှာ လျှောက်ထားရသော ဒဏ်ကြောင့် လူက ပင်ပန်းခြင်းကို ညဥ့်လေနုအေးက တိုးဝှေ့တိုက်ခတ်သောကြောင့် မျက်ကြောများ စင်းကာ ချက်ချင်းပင် အိပ်ငိုက်လာချေ၏။

လူက မှေးတေးတေး ဖြစ်သွားမိတဲ့ အချိန်မှာ နားထဲကို ခြေသံတွေ လိုလို ၊ တောတိုးသံ လိုလို ကြားရသည်။ ပထမတော့ အိပ်မက်လိုလို ၊ အတွေးထဲက ပုံရိပ်လိုလို ထင်မိ၏။ ဒီအချိန်မှာပဲ သီဟဆီမှ စကားသံ တိုးတိုး ထွက်လာသည်။

" ကိုဇော် . . ဟေ့ကောင် ၊ မင်း နိုးနေတယ် မဟုတ်လား။ "

" အေး . . . လူသံ လိုလို ၊ ဘာလိုလို ကြားရတယ်ကွ။ "

" ဟုတ်တယ်။ လူသံ ဆိုတာ သေချာရင်တောင်မှ မင်း မလှုပ်နဲ့။ ပြီးတော့ သတ္တဝါ တစ်ကောင်ကောင် ဖြစ်နေနိုင်တယ်လေ။ "

" ဘာဖြစ်လို့လဲကွ။ လူတွေနဲ့ တွေ့ရင် ငါတို့ သွားဖို့ လမ်းတောင်မှ မေးလို့ ရတာပေါ့။ "

" မဟုတ်ဘူးကွ။ ညကြီး မိုးချုပ်တွေ့ရတဲ့ လူဆိုတာ လူကောင်းမှန်း မသိ ၊ လူဆိုးမှန်း မသိနဲ့ကွ။ သူတို့ အခြေအနေ အမှန်ကို သိရအောင် ခဏတော့ ငြိမ်နေစမ်းပါဦး။ ငါ အခြေအနေ ကြည့်ပြီးတော့ မေးပါ့မယ်။ "

" အိုကေလေ။ "

သူ ပြောတာ အကျိုးသင့် အကြောင်းသင့် ဖြစ်နေလို့သာ ကျွန်တော် ငြိမ်နေလိုက်ရသည်။ စိတ်ထဲကတော့ သိပ်တော့ ဘဝင်မကျလှ။ တောတိုးလာသော အသံတွေကတော့ တဖြေးဖြေး နီးလာချေပြီ။ သို့သော် သတ္တဝါလား ၊ လူလား ဆိုတာ မမြင်ရသေး။ တောတိုးသော အသံ အရ ဆိုရင်တော့ လူဆိုရင် လေးငါးယောက်ထက် မနည်း ၊ သတ္တဝါ ဆိုရင်တော့ သုံးလေးကောင် ဖြစ်ပေလိမ့်မည်။

ရုတ်တရက် တောတိုးသံက ဇရပ်နားကို ရောက်မှ ရပ်သွားလေသည်။ နားစွင့်နေသော ကျွန်တော်တို့ နှစ်ယောက်ရဲ့ ရင်ခုန်သံက ပို၍ ကျယ်လောင် လာချေသည်။ ဆင်များလား ၊ ကျားများလား ၊ ဒါမှမဟုတ် ကျွန်တော်တို့လို ညမအိပ်ဘဲ ခရီးသွားနေသော ခရီးသွားတွေလား။ ဒါဆိုရင်တော့ အဆင်ပြေပြီပေါ့။ ဇရပ်အပြင်မှာ ရပ်နေရာကနေ လှေကား အတိုင်း နင်းကာ ဇရပ်ပေါ်သို့ တက်လာလေသည်။ တစ်ယောက် နှစ်ယောက် သုံးယောက် . . . . . စုစုပေါင်း ခြောက်ယောက်တိတိ။

အယောက်ရေတွက်နေမှတော့ ဒါ လူဖြစ်ကြောင်း သေချာ နေပေပြီ။ သူတို့ တစ်ခုခုကို ပျာယိပျာယာဖြင့် ရောက်လာကြသည်။ ပြီးတော့ ဇရပ် အလယ်မှာ စုထိုင်လိုက်ကာ လက်ထဲမှ ဖယောင်းတိုင် သေးသေးလေးကို မီးထွန်းညှိလိုက်၏။ ထွက်ပေါ်လာသော မီးရောင်ကိုလည်း အပြင်သို့ ပြန့်နှံ့ သွားစေလိုခြင်း ရှိဟန် မတူလှ။ မီးတောက်လေး ဖယောင်းတိုင်မှာ စွဲပြီ ဆိုတာနဲ့ အသင့်ပါလာတဲ့ လက်ထဲက စက္ကူဖြင့် ကာကွယ် ထားလိုက်လေသည်။ ဘာလို့ အလင်းရောင်ကို သူများ မြင်ရမှာ ကြောက်သလဲ လို့ တွေးနေတုန်းမှာ သူတို့ထဲမှာ ခေါင်းဆောင် ဖြစ်ဟန်တူသူက သူ့အိတ်ထဲမှ စာရွက် တစ်ရွက်ကို ထုတ်ကာ ဖြန့်လိုက်လေသည်။

" ဒါ . . . ရွာ အဝင်လမ်းမပဲ။ ဒါက သူကြီးအိမ် ၊ ဒါကတော့ ဆီစက်ပိုင်ရှင် ဦးထွန်း တို့ အိမ်ပဲ။ သူ့ရဲ့ ဟိုဘက်မှာ လမ်းထောင့်ချိုး ၊ အဲဒီမှာ နှစ်ယောက် စောင့်နေ ၊ တစ်ယောက်က အိမ်ရှေ့မှာ စောင့် ၊ ကျန်တဲ့ နှစ်ယောက်က ငါနဲ့ အတူတူ အိမ်ထဲ ဝင်မယ်။ မလိုအပ်ဘဲနဲ့ လက်နက် မသုံးနဲ့။ သူများတွေကိုလည်း ထိခိုက်ဒဏ်ရာ မရစေနဲ့။ ငါ ပြောတာ အားလုံး ရှင်းလား။ "

ဟင် . . . သူ ပြောနေတာ ပထမတော့ ကျွန်တော် နားမလည်ပါ။  အခုတော့ ကျွန်တော် မှန်းမိချေပြီ။ သူတို့ ရွာထဲ ဆီစက် ပိုင်ရှင်ဆီမှ ဓားပြတိုက်ရန် ကြံစည်နေခြင်းပါလား။ ခုနက ဖြေဖြေလျော့လျော့နေမိသော ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားမိသည်။ ခန္ဓာကိုယ်ကို ပြင်ထိုင်ရန် သီဟ့ဘက်ကို လှည့်ကြည့်လိုက်တော့ သီဟက ငြိမ်ငြိမ်နေရန် လက်ဟန်ဖြင့် အသာပြ၏။ အမှောင်ထဲမှာ ဖြစ်သော်လည်း ဇရပ်ကြမ်းပြင်မှ မီးရောင် နည်းနည်းကြောင့် သူ့တို့ကို မြင်ရသော်လည်း ထုပ်တန်းပေါ်မှာ ကျွန်တော်တို့ ရှိနေနိုင်သည် ဟု မထင်တာက တစ်ကြောင်း ၊ ထုပ်တန်းပေါ်က မှောင်နေတာက တစ်ကြောင်းကြောင့် သူတို့ ကျွန်တော်တို့ကို သတိမမူမိကြချေ။

" အားလုံး သဘောပေါက်တယ် ဆိုရင် သွားကြတယ်။ အချိန်သိပ်မရှိဘူး။ မြန်မြန်သွားပြီး မြန်မြန် လုပ်ကြမယ်။ ဘယ်လို အခြေအနေပဲ ဖြစ်ပါစေ . . . ငါတို့ အားလုံး ဒီဇရပ်မှာ ပြန်ဆုံကြမယ်။ "

ပြောပြောဆိုဆိုနဲ့ သူတို့ တစ်ခုခုကို အလောတကြီး ပုံစံဖြင့် ထွက်သွားကြသည်။ ဖယောင်းတိုင် တိုတိုလေးကို မီးမှုတ်သွားသည့်တိုင်အောင် ထုပ်တန်းပေါ်မှာ ကျွန်တော်တို့ ရှိနေတယ် ဆိုတာကို သတိမူမိကြ။ တကယ်လို့ ထုပ်တန်းပေါ်မှာ ကျွန်တော်တို့ ရှိနေမယ် ဆိုတာကို သိများ သိခဲ့ရင်. . . .

" ဟေ့ကောင် . . ."

" - - - - - - - - "

" ဟေ့ကောင် . . ကိုဇော် . . "

သီဟက အသံ ခပ်အုပ်အုပ်ဖြင့် ခေါ်၏။

" ဟေ . . . ဘာလဲ။ "

ကျွန်တော်ကလည်း အသံ ခပ်အုပ်အုပ်ဖြင့် ထူးလိုက်လေသည်။

" တွေ့လား။ သူတို့ ဓားပြတွေ ဖြစ်လိမ့်မယ်။ "

" အေး . . "

" ဒီည ရွာကို ဓားပြတိုက်ဖို့ ထင်တယ်။ ဆီစက်ပိုင်ရှင် အိမ်ကို တိုက်လိမ့်မယ် ထင်တယ်။ "

" ဖြစ်နိုင်တယ် ၊ ငါတို့ ဘာလုပ်ကြမလဲ။ "

"  ဘာလုပ်ရမလဲကွ။ ရွာကို သွားတဲ့ လမ်းက ဒီတစ်လမ်းပဲ ရှိတာလေ။ ငါတို့ သွားပြောချင်တယ် ဆိုရင်တောင်မှ လမ်းက ပျောက်နေတယ်။ လမ်းသိအောင် သူတို့ နောက်ကို လိုက်မယ် ဆိုရင်က ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေမှာပေါ့။ "

" အေးကွာ။ ဓားပြတိုက်မှာကို ကြိုသိနေတာတောင်မှ ဘာမှ မလုပ်နိုင်တဲ့ အဖြစ်ပဲ။ "

" တော်သေးတယ် ဟေ့ကောင် ၊ ငါတို့ ထုပ်တန်းပေါ်မှာ ရှိနေတာကို သိလို့ကတော့ ငါတို့ရဲ့ နောက်ဆုံးညပဲ ဒီညက. . . ။ "

"  ဒါတော့ ဒါပေါ့ကွာ။ အခုလို ဓားပြတိုက်မှာကို သိနေလျက်နဲ့ ဘာမှ မလုပ်နိုင်တာကိုတော့ စိတ်ထဲမှာ မခံချင်ဘူးကွာ။ ဘာပဲ ဖြစ်ဖြစ် ငါတို့ သူတို့ အနောက်ကနေ လိုက်သွားမလား။ "

" အာ . . မလုပ်နဲ့ ဟေ့ကောင် ၊ မင်းက တောကျွမ်းတာလည်း မဟုတ်ဘဲနဲ့။ သူတို့က တောကျွမ်းလို့ ညဘက်ကြီး သွားတတ်ပေမဲ့ မင်းက မကျွမ်းတော့ သူတို့ နောက်က လိုက်သွားရမှာ သူတို့ သိသွားရင် တခါတည်း သေနေလိမ့်မယ်။ "

" ဟူး . . . ဒါဆို ငါတို့ ဘာမှ လုပ်မရတော့ဘူးလား။ "

" ဒါကတော့ ကံကြမ္မာပဲပေါ့ကွာ။ ဒါနဲ့ နေဦး။ သူတို့ ပြောသွားတဲ့ စကားထဲမှာ သူတို့ ဓားပြတိုက်ပြီးလို့ ပြန်လာလို့ ဆုံရင်လည်း ဒီဇရပ်မှာပဲ ဆုံမယ် လို့ ပြောတယ်။ ငါတို့ ဒီထုပ်တန်းပေါ်မှာပဲ နေပြီးတော့ သူတို့ ဘယ်မှာ နေလဲ ဆိုတာကို နားစွင့်ထားကြမယ်။ ဒါက ငါတို့ အလုပ်နိုင်ဆုံးသော အရာပဲ။ "

" သူတို့က မိုးလင်းခါနီးမှ ပြန်လာရင် ငါတို့ကို တွေ့သွားမှာပေါ့။ "

" မဟုတ်တာကွာ။ ဓားပြတိုက်တယ် ဆိုတာ ငါးမျှားသလို အချိန်ယူပြီး စောင့် လုပ်ရတဲ့ အလုပ်မှ မဟုတ်တာကွာ။ မြန်မြန်သွား  ၊ မြန်မြန်တိုက် ၊  မြန်မြန်ယူ ၊ မြန်မြန်ပြန် ၊ မြန်မြန်ခွဲ . . ဒီလိုပဲ လုပ်ရတာလေ။ "

" သြော် . . ဟုတ်သားပဲ။ "

" သူတို့ ဒီကို ပြန်လာရင်လည်း မြန်မြန် ခွဲပြီးတော့ မြန်မြန် ခြေယောင် ဖျောက်ကြလိမ့်မယ်။ ဒါ မတိုင်ခင် သူတို့ ဘယ်မှာ နေကြလဲ ဆိုတာကို ပြောတာ ကြားမိရင်တော့ ငါတို့ ရွာထဲကို ရောက်ရင် ပြန်ပြောပြနိုင်တာပေါ့။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ "

" အင်း . . ဘာလဲ။ "

" ငါတို့ ဒီထုပ်တန်းပေါ်မှာ ရှိနေတာ သူတို့ လုံးဝ သိလို့ မဖြစ်ဘူး။ သိသွားရင်တော့ ငါတို့ကို သတ်သွားမှာ သေချာတယ်။ "

" အေးပါ . . ဒါတော့ ငါ သိပါတယ်။ "

" ဒိုင်း . . . . ဒိုင်း . . . "

" ဟာ . . . "

" ဟော . . . "

ရွာဘက်လို့ ထင်ရတဲ့ နေရာမှ သေနတ်သံ နှစ်ချက် ဆင့်၍ ကြားလိုက်ရ၏။

" ဟာ . . သီဟ ၊ ဒီလူတွေ ရွာသားတွေ ၊ ဒါမှမဟုတ် ဆီစက် ပိုင်ရှင်ကို ပစ်သတ်လိုက်တာလား မသိဘူး။ "

" မဟုတ်နိုင်ဘူးကွ။ သူတို့ ဓားပြတိုက်ပြီးလို့ အပြန်မှာ နောက်ကနေ ရွာသားတွေ လိုက်လာမှာ စိုးလို့ ခြောက်လှန့်ပစ်တဲ့ အသံပဲ ဖြစ်မှာပါ။ "

" သြော် . .  "

" ဒါဆိုရင်တော့ သေချာတယ် ကိုဇော်။ မင်း တိတ်တိတ်နဲ့ ငြိမ်ငြိမ်သာ နေတော့ သူတို့ မကြာခင် ဒီဇရပ်ပေါ် နောက်တစ်ခေါက် ရောက်လာလိမ့်မယ်။ "

" အေးပါ . . "

ပြောလည်း ပြောပြီးတော့ ကျွန်တော်တို့ နှစ်ယောက်လုံး ထုပ်တန်းပေါ်မှာ ငြိမ်နေမိကြ၏။ သိပ်မကြာ . . . ပထမတုန်းက တောတိုးသံတွေထက် ပြင်းထန်သော အသံတွေနှင့် လူသုံးယောက် ဇရပ်ပေါ်သို့ တက်လာ၏။

" ကျော်ကြီးတို့ အဖွဲ့ ရောက်မလာသေးဘူး ထင်တယ်။ "

ဟော . . သူတို့ အထဲက တိုက်ရာပါ တစ်ယောက် နာမည်က ကျော်ကြီး ဆိုသူ ဖြစ်မည်။ ကြုံသလို ပြေးလွှားလာရတာ ဖြစ်၍ အတူတူ ရောက်မလာခြင်းပင်။ သို့သော် သိပ်မကြာလှပါ။ နောက်ထပ် တောတိုးသံ ကြားရပြီး ဇရပ်ပေါ်သို့ နောက်ထပ် သုံးယောက် တက်လာလေ၏။

" ဆရာညွှန့်တို့ ရောက်နေတာ ကြာပြီလား။ "

" သိပ်မကြာသေးဘူး ကျော်ကြီး ၊ မင်းတို့ ဘာလို့ နောက်ကျနေရတာလဲ။ "

" ကျွန်တော်တို့ ဟိုဘက်က ပတ်ပြေးတော့ ရွာထဲက ခွေးတွေက လိုက်ဟောင်ပြီးတော့ ဆွဲနေလို့ ဆရာညွှန့်။ ဒီတော့ လူတွေ ဒီဘက် လိုက်လာလို့ ဟိုးဘက်ကနေ ပတ်ပြီးတော့ ဒီကို ပြန်လာရလို့ နည်းနည်း နောက်ကျသွားတာပါ။ "

" ကဲ . . ထားလိုက်တော့ ၊ တိုက်ရာပါတွေကို မင်းတို့ကို ခွဲပေးမယ်။ ရလာသမျှကို ပုဆိုးပေါ်ကို ဖြန့်ချထားလိုက်။ "

အထုပ် သေးသေး နှစ်ထုပ်ကို ခွဲသယ်လာသော လူနှစ်ယောက်က သူတို့ ဆီမှ အထုပ်တွေကို ဖြန့်ထားသော ပုဆိုးဟောင်းပေါ်သို့ စုလိုက်၏။

" ရော့ . . ဒါက မင်း အတွက် ၊ ဒါက မင်း အတွက် . . ဒါက . . . . ဒါက . . . . ရော့ အင့် ယူကြတော့။ "

သူတို့ ဆရာ ခွဲပေးတာကို ယူပြီးတော့ အသီးသီး သူတို့ရဲ့ အိတ်ထဲကို ထည့်လိုက်ကြလေ၏။

" မင်းတို့ ငါ ဘာမှ မပြောဘဲနဲ့ ဘာမှ မလှုပ်ရှားနဲ့နော်။ တိုက်ရာပါတွေကို ထုခွဲတဲ့ အခါမှာလည်း သတိရှိဦး။ ငါ ဆက်သွယ်ချင်ရင် မင်းတို့ကို ပုလဲမှော်ထဲက အရက်ဆိုင်မှာ ဆက်သွယ်မယ်။ အားလုံး နားလည်လား။ "

" ဟုတ်ကဲ့ ဆရာညွှန့် . . "

" အေး . . ဒါဆို အားလုံး လူစုခွဲမယ်။ ကိုယ် သွားချင်ရာကို သွားကြပေတော့။ သတိလည်း ထားကြဦး။ "

ဆရာညွှန့် ဆိုသူက သူ့အတွက် ဝေစုကို ပုဆိုးပေါ်ကနေ သူ့ရဲ့ အထုပ်ထဲသို့ ပြောင်းထည့် လိုက်လေသည်။ ခေါင်းဆောင်မို့ ထင်သည် သူ့ရဲ့ ဝေစုက သူများတွေထက် နှစ်ဆ မက များပြားလှသည်။ အသီးသီး ထွက်သွားသော သူ့ရဲ့ ဓားပြတိုက်ရာပါတွေကို တစ်ချက်ကြည့်ပြီး သူကလည်း တောထဲသို့ တိုးဝင် ပျောက်ကွယ် သွားလေတော့သည်။

တောသည် ယခုတော့ ဘာဆို ဘာမှ မဖြစ်ခဲ့သလိုပင် တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။

" တောက် . . . "

သီဟ ရဲ့ တောက်ခတ်သံက မိုးချုံးသံ ကဲ့သို့ပင်။

" ဘာဖြစ်တာလဲ ဟေ့ကောင်  . . . . "

" ခံပြင်းလို့ပါကွာ။ "

" ဘာကိုလဲ မင်းကလဲ။ "

" သြော်. . . မင်းမှာလည်း GSM ဖုန်း တစ်လုံးပါတယ်။ ငါ့မှာလည်း မြန်မာနိုင်ငံမှာ လိုင်းကောင်းပါပေ့ ဆိုတဲ့ CDMA 800 ဖုန်း တစ်လုံးပါတယ်။ ဒါပေမဲ့ ငါတို့ ဒီကို ရောက်ကတည်းက လိုင်းက မရှိတော့ဘူး။ လိုင်းက ရှိတယ်ပဲ ထားပါတော့ အခု ငါတို့ သွားမဲ့ ရွာမှာ လက်ကိုင် တယ်လီဖုန်း ဆိုတာ မရှိကြဘူး။ လိုင်းဖုန်းတော့ ရှိပါရဲ့။ ဒါကတော့ ခဏခဏ လိုင်းက ပြတ်တောက်နေတယ် လို့ ကြားတယ်။ "

" ဒီတော့ . . . "

" အခုလို ဓားပြတိုက်မယ် ဆိုတာကို ကြိုသိရတာတောင်မှ ကြိုတင်ပြီးတော့ ငါ တို့ သတင်း မပေးလိုက်နိုင်ဘူး။ ငါတို့သာ ကြိုသတင်း ပေးလိုက်နိုင်မယ် ဆိုရင် ရွာသားတွေ ကြိုတင်ပြီးတော့ ဓားပြတွေကို စောင့်ဖမ်းရုံပဲလေ။ အခုတော့ကွာ . . . တောက်. . . "

" သြော် . . ဒါကတော့ကွာ။ ငါတို့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးတွေက ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် နဲ့ တချို့သော မြို့တွေမှာပဲ ရနေသေးတာကိုး။ နောင်တစ်ချိန် မြန်မာ တစ်နိုင်ငံလုံး တောနေ ရွာပါ မကျန်အောင် ဆက်သွယ်ရေးတွေ ကောင်းပြီးတော့ ဈေးနှုန်းတွေ သက်သာလာရင် မင်းနဲ့ ငါ အခုလို ကြုံတွေ့ရတဲ့ အခါမှာ ကြိုတင် ပြင်ဆင် တားဆီးနိုင်တော့မှာပေါ့ကွာ။ "

" ဟုတ်ပါတယ်။ အခုတော့ တိုးတက်မှု နှေးကွေးလွန်းတဲ့ ငါတို့ နိုင်ငံကိုပဲ အပြစ်တင်ရမလား ၊ ရောင့်ရဲ တင်းတိမ်နေတတ်တဲ့ ငါတို့ လူမျိုးကိုပဲ အပြစ်တင်ရလေမလား . . . ဟူး . . .တကယ်တော့ ဒီနေ့လို အဖြစ်အပျက် ဆိုတာ မဖြစ်သင့်ဘူး။ ငါတို့ တားဆီး လိုက်နိုင်သင့်တာ . . . "

" ဟုတ်ပါတယ် . . ဒါပေမဲ့လည်းကွာ . . . "

" ဟုတ်တယ် . . ဒါပေမဲ့လည်းပေါ့ . . . ငါတို့ နောင်တစ်နေ့ လက်ကိုင်ဖုန်းတွေ  ဈေးပေါပေါနဲ့ ဆင်းရဲသားတွေပါ မကျန် ဝယ်ယူ သုံးစွဲနိုင်ပြီးတော့ ၊ တောနေ ရွာပါ မကျန် ဆက်သွယ်ရေးတွေ လျင်လျင်မြန်မြန်နဲ့ ကောင်းကောင်းမွန်မွန် ဈေးသက်သက်သာသာ နဲ့ ဝယ်ယူနိုင်မဲ့ နေ့ရက်ကိုပဲ စောင့်ရတော့မှာပေါ့ကွာ။ "

" ဟုတ်တယ် . . ငါတို့ ဒီလို အခြေအနေကိုပဲ စောင့်မျှော်ရမှာပေါ့။ "

" တစ်ခုတော့ ရှိတယ် သူငယ်ချင်း . . . "

" ဘာလဲ . . . "

" ဒီလို အဖြစ်အပျက်တွေ ငါတို့ နိုင်ငံရဲ့ သမ္မတကြီးသာ သိသွားခဲ့ရင် အမြန်ဆုံး အကောင်အထည် ပေါ်လာမလားလို့ပေါ့။ "

" ဒါပေါ့ကွာ။ အမြန်ဆုံး ဖြစ်လာနိုင်တာပေါ့။ "

" ဒါဆို ငါတို့ ဒီအဖြစ်အပျက်လေးကို လူတွေ အားလုံး သိအောင် ပြောပြမယ်ကွာ။ မင်း သဘောတူလား။ "

" တူတာပေါ့ကွာ။ ဘယ်မတူဘဲ ရှိပါ့မလဲ။ "

" အိုကေကွာ။  ငါတို့ အားလုံး သိအောင် ရုပ်ရှင် ဇာတ်လမ်းတိုလေး ရိုက်ကြရအောင်. . . "

" အိုကေ . . ဂွတ် . ."

" - - - - - - - - -"



" ကိုဇော် . . . "

" - - - - - - - - "

" ဟေ့ကောင်  . . ကိုဇော် ၊ မင်း ဘာတွေ တွေးပြီး မျက်လုံး မှိတ်ပြီး ပြုံးနေရတာလဲ။ "

ရုတ်တရက် ခုနက သူငယ်ချင်းနဲ့ ပြောမိနေတဲ့ ဇာတ်လမ်းလေးကို ကျွန်တော် အတွေးထဲမှာ ရုပ်ရှင် ရိုက်ရင်း ပြုံးနေမိခြင်းဖြစ်၏။

" သြော် . . ခုနက မင်းနဲ့ ငါနဲ့ ပြောဖြစ်တဲ့ ဇာတ်လမ်းလေးကို ငါ့ စိတ်ကူးထဲမှာ ရုပ်ရှင် ရိုက်နေတာလေ။ "

" မင်းကတော့ကွာ . . . "

" အဟုတ်ကွ။ ငါ ဒီဇာတ်လမ်းလေးကို တော်တော် ကြိုက်နေတယ်။ ပြီးတော့ ထင်သာ မြင်သာလည်း ရှိနေတယ်လို့ ထင်တယ်။ "

" နေဦးကွ။ ငါ အခုပဲ နောက်ထပ် ဇာတ်လမ်းလေး တစ်ခု စဉ်းစားမိတယ်။ "

" ဟုတ်လား . . ပြောစမ်းပါဦး။ "

" ဒီလိုကွ။ မင်း " စစ်ဘုရင် နပိုလီယံ နဲ့ သားမွှေးဆိုင်ရှင် " ဆိုတဲ့ နှလုံးသား အာဟာရလေး ဖတ်ဖူးတယ် မဟုတ်လား။ "

" ဖတ်ဖူးတာပေါ့။ နပိုလီယံက တောရွာလေး တစ်ရွာကို သွားရင်းနဲ့ ရန်သူတွေနဲ့ တွေ့လို့ ပြေးရတယ်။ ဒီတော့  ရန်သူ ရုရှားတွေ လိုက်လာလို့ သားမွှေးဆိုင်ရှင်ရဲ့ ဆိုင်ထဲကို ဝင်ပုန်း ရတယ်လေ။ သူ့ရဲ့ ကိုယ်ရံတော်တွေနဲ့ ကွဲနေတော့ သူလည်း ကြောက်နေတာပေါ့။ ဒီမှာ သားမွှေးဆိုင်ရှင်က သူ့ကို သားမွှေးပုံ အောက်မှာ ပုန်းခိုင်းထားတယ်။ ရုရှားတွေ လာတော့ ဟိုဘက် ထွက်သွားတယ်လို့ ပြောလိုက်တယ်။ ရုရှားစစ်သားတွေက သားမွှေးပုံတွေကို သေနတ်မှာ တပ်ထားတဲ့ ဓားနဲ့ ထိုးကြည့်သေးတယ်။ ပြီးတော့မှ ပြန်ထွက်သွားတာ ဒီမှာ သားမွှေးဆိုင်ရှင်က နပိုလီယံကို ရန်သူတွေသာ တွေ့သွားရင် အသတ် ခံရတော့မယ် ဆိုတာကို သိနေတော့ သားမွှေးပုံ အောက်ထဲမှာ နေရတုန်းက ဘယ်လို ခံစားရလဲ လို့ မေးတယ်လေ။ ဒါကို နပိုလီယံက လက်တွေ့နဲ့ သက်သေပြလိုက်တဲ့ အဖြစ်အပျက်လေး မဟုတ်လား။ "

" မှန်တယ်။ အစစ်ပဲ။ ငါ ဒါလေးကို အခု ဆင့်ပွား စဉ်းစားနေမိပြီး ဇာတ်လမ်းလေး အဖြစ် ပုံဖော်နေတာမိတာကွ။ "

" ဟုတ်လား . . လုပ်စမ်းပါဦး။ မင်း စိတ်ကူးလေးကို . . . ငါလည်း လိုက်တွေးနိုင်မယ် ဆိုရင် ငါ ဇာတ်လမ်း ရုပ်ရှင်လေး ရိုက်မယ်ကွာ။ "

" ဒီလိုကွ . . . . ."

" - - - - - - - - "



ရုပ်ရှင် ( ၂ )

" - - - - - - - - "

" ဦးကို ကူညီပါ ငါ့တူရယ် . . . ကူညီပါ။ "

အသံလည်း ကြားရင်း ကျွန်တော့်ရဲ့ ကုန်စုံဆိုင်ထဲသို့ ဦးလေးကြီး တစ်ဦး အလောတကြီး ဝင်ရောက်လာလေသည်။

" ဦးကို ကူညီပါ ငါ့တူ . . "

" ဘာများဖြစ်လို့လဲ ဦးလေးရဲ့။ "

" ဦး . . . နောက်ကို ရန်သူတွေ လိုက်နေလို့ပါကွယ်။ "

" မဖြစ်နိုင်တာပဲ ဦးရယ်။ ဒီခေတ် ဒီအခါမှာ ရန်သူရယ်လို့ မရှိတော့ပါဘူး။ "

" ရန်သူဆိုတာ မင်း ထင်သလို စာအုပ်ထဲက ရန်သူတွေတော့ ဘယ်ဟုတ်မလဲကွယ်။ သူတို့က ဦးနဲ့ ယှဉ်ပြိုင်ဘက် ပါတီက လူတချို့ပေါ့ကွယ်။ "

" သူတို့က ဦးကို ဖမ်းမိရင် ဘာလုပ်မလို့လဲ။ "

" သူတို့က ဦးကို ဖမ်းမိရင် သူတို့ အလိုရှိရာကို အတင်းအကျပ်နည်းနဲ့ တောင်းဆိုကြမှာပေါ့ကွယ်။ "

" သူတို့က ဦးဆီက အတင်းအကျပ်တောင်းဆိုရအောင် ဦးက ဘယ်သူ မို့လို့လဲ။ "

ကျွန်တော် ဒီလို မေးလိုက်တော့ သူက ဟိုဘက် ဒီဘက် လှည့်ကြည့်ပြီးတော့မှ ခပ်တိုးတိုး ဆို၏။

" ဦးက သမ္မတကြီးလေကွယ်။ "

" ဗျာ . . . မဖြစ်နိုင်တာဗျာ။ သမ္မတကြီးက ဒီလို လမ်းပေါ်မှာ တစ်ယောက်တည်း လျှောက်နေရတယ်လို့ . . . "

" တကယ်ပါ ငါ့တူရယ်။ ဦးက တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး အဆင်မှ ပြေရဲ့လားလို့ ရုပ်ဖျက်ပြီးတော့ လာစစ်ဆေးတာပါ။ ဒီတော့ ကားကလည်း အစုတ်လေးပဲ စီးခဲ့ရတာပေါ့။ ဒီလို စီးလာရင်းနဲ့ ကားက ကားစုတ်ဆိုတော့ ပျက်တယ်လေ။ ဒီမှာ ပြင်နေရင်းနဲ့ ဦးလည်း ဟိုဟိုဒီဒီ လျှောက်ကြည့်နေမိတယ်။  အဲဒီလို အချိန်မှာ ဦးရဲ့ ရုပ်ဖျက်ထားတဲ့ ခေါင်းပေါင်းက ကျွတ်ကျသွားပြီးတော့ ဦးရဲ့ ယှဉ်ပြိုင်ဘက် တခြား ပါတီက သဘောထား တင်းမာသူတွေက ဦးကို တွေ့ပြီးတော့ အတင်းအကျပ် လုပ်ဖို့ လိုက်လာနေကြတာပါပဲ။ "

" ဦးပြောတာ တကယ်ရော သေချာရဲ့လား။ ဦးက ကျွန်တော်တို့ နိုင်ငံရဲ့ သမ္မတကြီး ဆိုတာ တကယ်ပဲလား။ "

" တကယ်ပါ ငါ့တူရယ်။ ဦးကို ကယ်တင်ပါ။ "

" ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ကျွန်တော်ကလည်း အခုလို မြို့နဲ့ အရမ်းဝေးနေတဲ့ နေရာကို ရောက်နေတာ ဆိုတော့ သူများတွေ ပြောပြောနေတဲ့ ရုပ်မြင်သံကြားလည်း မကြည့်ဖူးပါဘူး ၊ သတင်းစာလည်း မဖတ်ဖူးဘူး ၊ ဂျာနယ်တွေလည်း မရောက်တဲ့ နေရာ ဆိုတော့ ဦးကို ကျွန်တော်တို့ နိုင်ငံရဲ့ သမ္မတကြီး ဟုတ်လား မဟုတ်လား ဆိုတာတော့ ကျွန်တော် တကယ်ကို မသိဘူး။ ဒါပေမဲ့ တစ်ယောက် စကား တစ်ယောက် နားနဲ့ ပြောနေတာကတော့ ကျွန်တော်တို့ သမ္မတကြီးက ပြည်သူတွေရဲ့ အသံကို အရမ်းနားထောင်တတ်တဲ့ သမ္မတကြီးလို့ ပြောနေကြတယ်။ အားလုံးကလည်း လေးစားချစ်ခင်ကြတယ်။ ဦးလေး ကျွန်တော်တို့ နိုင်ငံရဲ့ သမ္မတကြီး ဖြစ်ဖြစ် မဖြစ်ဖြစ်ပါ ၊ လူတစ်ယောက်ကို ကယ်တင်တာကတော့ ကောင်းပါတယ်။ ကျွန်တော် ကယ်ပါ့မယ်။ "

" ကျေးဇူးပါပဲ ငါ့တူရယ်။ "

" ဒါပေမဲ့ ဦးကို ကျွန်တော်က ဘယ်လို ကယ်တင်ရမှာလဲ။ "

" ဦးရဲ့ ကိုယ်စောင့်အဖွဲ့ ၊ ကိုယ်ရံတော်တွေကို ဦး . . ဒီမှာ ရှိနေတဲ့ အကြောင်းလေးကို ဖုန်း လှမ်းဆက်ပေးရုံပါပဲ။ "

" ဗျာ . . . ဘယ်လို  . . . "

" ဟုတ်တယ်လေ။ ဦး ဒီမှာ ရှိနေတယ် ဆိုတာကို သူတို့ သိအောင် ဖုန်းလေး ဆက်ပေးရုံပါပဲ။ "

" ဖြစ်ရလေ ဦးရယ်။ ဦးက ဒီနေရာကို အခုမှ ရောက်ဖူးတာကိုး။ ကျွန်တော်တို့ အရပ်ဒေသက မြို့နဲ့  အလှမ်းဝေးပါတယ် ဦးရယ်။ ဒါကြောင့် ဒီမှာ ရုပ်မြင်သံကြား မမိ သလို ၊ သတင်းစာလည်း မရောက်ဘူး။ ဒီလိုပဲ ဆက်သွယ်ရေး ဆိုတာကလည်း အရမ်းကို ဝေးလံခေါင်းပါးလွန်းလို့ တယ်လီဖုန်းဆိုတာ သူများတွေ ပြောလို့ ကြားဖူးတယ် ဆိုရုံပဲ ရှိတာပါ။ "

" ဟေ . . . ဟုတ်လား။ "

" ဟုတ်ပါတယ်။ "

" ဒါဆို မင်းမှာ ဖုန်း မရှိဘူးပေါ့။ "

" ဟုတ်ကဲ့ မရှိပါဘူး။ သူများ ပြောနေတဲ့ လိုင်းဖုန်းလည်း မရှိဘူး ၊ ခြင်းဖုန်းလည်း မရှိဘူး ၊ ဟမ်းဖုန်းလည်း မရှိပါဘူး။ GSM လည်း မရှိဘူး။ CDMA ရော မရှိဘူး . . . ဘာဆို ဘာမှ မမိပါဘူး။ "

"  ဒါဆို မင်းတို့ အရေးပေါ် ကိစ္စ ကြုံလာရင် ဘယ်လို လုပ်ရလဲကွာ။ "

" ကျွန်တော်တို့လား . . "

" အေးလေ . . "

" ကျွန်တော်တို့ အရေးပေါ် ကိစ္စ ကြုံလာရင် ဘယ်လိုလုပ်ရလဲ ဆိုတော့ . . အခု ဦးလိုပဲ လုပ်ရတာပေါ့ ဦးရယ်။ "

" ဘယ်လိုလဲကွ။ ရှင်းပြပါဦး။ "

" ဦးလိုပဲလေ။ ကိုယ် ရှိနေတယ် ဆိုတဲ့ နေရာကနေ ကိုယ် ပြောချင်တယ် ဆိုတဲ့ နေရာ မရောက်ရောက်အောင် ခြေလျင် လျှောက်ပြီးတော့ ၊ ဒါမှမဟုတ် ပြေးလွှားပြီးတော့ သွားရတာပေါ့ ဦးရယ်။ "

" ဟေ . . . "

" ဟုတ်ပါတယ် ဦး။ ကျွန်တော်တို့လို ဆက်သွယ်ရေးတွေ ခက်ခဲနေတဲ့ နေရာက လူတွေ အဖို့တော့ တန်ဖိုးကြီးပါတယ် ဆိုတဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ မကိုင်နိုင်ပါဘူး။ တကယ်လို့ ကိုင်နိုင်တယ်ပဲ ထားပါဦး။ ဆက်သွယ်ရေး ဧရိယာရဲ့ ကန့်သတ်ချက်ကြောင့် ကျွန်တော်တို့ မသုံးနိုင်ပါဘူး။ "

" သြော် . . ."

" တကယ်လို့ပေါ့ ဦးရယ်။ "

" - - - - - - - "

" ဆက်သွယ်ရေး ဧရိယာတွေ ကျယ်ဝန်းလာမယ်။ ဆက်သွယ်ရေး ပစ္စည်း တန်ဖိုးတွေလည်း ကျဆင်းလာမယ်။ ဆက်သွယ်ရေး သုံးစွဲခတွေလည်း သက်သာလာမယ် ဆိုရင်တော့ ကျွန်တော်တို့ အားလုံးဟာ လူနဲ့ ရင်းပြီးတော့ ပြေးလွှား ဆက်သွယ်နေရတဲ့ အချိန်မှာ ဆက်သွယ်ရေး ကိရိယာလေးနဲ့ ဆက်သွယ်လိုက်ပြီးတော့ အဆင်ပြေပြေ အသုံးပြုနိုင်တာပေါ့ ခင်ဗျာ။ "

" ဒါဆို အခု မင်း ဦးကို ဘယ်လို ကူညီမှာလဲ။ ဦး နောက်မှာ သဘောထား တင်းမာတဲ့ အဖွဲ့က လူတွေ လိုက်လာနေကြပြီ။ "

" စိတ်မပူပါနဲ့ ဦး။ ဦးကို ကျွန်တော် ရအောင် ဖွက်ထားပြီးတော့ ဦး ဆက်သွယ်စေချင်တဲ့ နေရာကို ရောက်အောင် ကျွန်တော် ကိုယ်တိုင် ပြေးလွှားပြီးတော့ ရောက်အောင် သွားပြီးတော့ ကူညီပါ့မယ်။ "

" - - - - - - - - "

" တချို့လူတွေ ၊ တချို့နေရာတွေ အတွက် တယ်လီဖုန်းလို ခလုတ်ကလေးတွေ နှိပ်လိုက်ပြီးတော့ ဆက်သွယ်လိုက်လို့ ချက်ချင်း သိပြီးတော့ ချက်ချင်းတော့ အဆင်မပြေနိုင်ပေမဲ့ ကျွန်တော်တို့လို ဆင်းရဲသား ၊ အဆက်အသွယ် ခေါင်းပါးတဲ့ နေရာက လူတွေ အတွက်ကတော့ ဒီနည်းပဲ ရှိတယ် မဟုတ်လား။ "

" - - - - - - - - "

" လာပါ ဦး။ ဦး ကျွန်တော့်ရဲ့ အိမ်အောက်ထပ်က ပစ္စည်း သိုလှောင်ခန်းထဲမှာ ပုန်းနေပါ။ ဒီနေရာကို ကျွန်တော်တို့ အိမ်သားတွေ အပြင် တခြား ဘယ်သူမှ မသိနိုင်ပါဘူး။ ဦး အတွက် လုံခြုံမှာပါ။ "

" - - - - - - - -"

ထိုသမ္မတကြီးလည်း သိုလှောင်ခန်းထဲမှာ အေးဆေး သက်သာစွာဖြင့် ပုန်းအောင်းနေလေတော့သည်။

ဒီအချိန်မှာတော့ ထိုလူငယ်လေးဟာ သူ့ကုန်စုံဆိုင်ကို ရောက်လာသော သဘောထား တင်းမာသူများကို သူ့ကုန်စုံဆိုင်ထဲမှာ ဘာမှ မရှိဘူး ဆိုကာ ဝင်ရှာစေပြီးတော့ ဆိုင်မှာ သူ့ရဲ့ ဇနီးကို ထားခဲ့ကာ သမ္မတကြီးကို ဘေးကင်းစေရန် ရည်ရွယ်၍ သမ္မတကြီးရဲ့ ကိုယ်ရံတော်တွေ ရှိနေတဲ့ နေရာကို ရောက်စေရန် ခြေထောက် နှစ်ချောင်းကို အားပြုကာ ပြေးလွှား၍ ဆက်သွယ်ပေးနေရလေတော့သည်။

တချို့က နံပါတ်ကလေးများကို လက်ချောင်းကလေးများဖြင့် နှိပ်ပြီးတော့ လွယ်ကူစွာ ဆက်သွယ်နေနိုင်ချိန်မှာ တချို့ကျတော့ တစ်နေရာမှ သတင်း တစ်ခုကို တခြားနေရာသို့ ရောက်စေရန် လူအား ၊ အချိန်အားထုတ်ကာဖြင့် ဆက်သွယ်နေကြရသည်။

တကယ်တော့ လူသား အားလုံး အတူတူပင် မဟုတ်တုံလော့။ သင်ရော ၊ ကျွန်ုပ်ရော ၊ တခြားသူတွေရော အားလုံး လွယ်ကူ သက်သာစေနိုင်သော ဆက်သွယ်ရေး ကိရိယာများကို လုပ်ဆောင်နိုင်နေချိန်မှာ ဘာကြောင့်များ လွယ်ကူ သက်သာသော ဆက်သွယ်ရေး ကိရိယာများကို မလုပ်ဆောင်ကြပါသနည်း။ ဘာကြောင့်ပါနည်း။

ကျွန်တော် တစ်ခုတော့ ပြောချင်ပါသည်။ ယခု ကျွန်တော် ရေးနေသော နေရာတွေမှာ သမ္မတကြီး ဆိုကာ ထည့်ရေးထားသူမှာ မြန်မာနိုင်ငံကို အခြေပြု ရေးထားခြင်း မဟုတ်ပါ။ တခါက ရုရှားပြည်မှာ တိုင်းခန်းလှည့်လည်ရင်း အဖြစ်အပျက်လေး တစ်ခုကို သတိရလို့ ထည့်ရေးလိုက်တာပါ။ သင်သည် မည်သူပင် ဖြစ်နေပါစေ။ တစ်နေ့ " ထိုသမ္မတကြီး " ကဲ့သို့ အခက်အခဲ မတွေ့ကြုံရပါဟု မည်သူမှ တပ်အပ်သေချာစွာ မပြောနိုင်ပါ။ ထိုအချိန်မှာ သင့်ကို ကူညီ ဆက်သွယ်ပေးမည့် ဆက်သွယ်ရေး ပတ်ဝန်းကျင်သည် ယခုကဲ့သို့ အလွန် ခေါင်းပါးနေပါက သင်မည်ကဲ့သို့ ခံစားရမည်နည်း။ ထိုအချိန်မှာ ကံကောင်းလှစွာသော ထိုသမ္မတကြီး ကဲ့သို့ ကူညီမည့်သူ သင့်မှာ မတွေ့ခဲ့ဟု ဆိုပါလျင်. . . . . သင်၏ ကံကြမ္မာသည် အဘယ်ကဲ့သို့ ဖြစ်လာမည်နည်း။

မိမိရဲ့ တကိုယ်ကောင်းကျိုးကိုသာ ကြည့်၍ အများပြည်သူရဲ့ လိုအပ်ချက်ကို လျစ်လျူရှု့သူတွေကို သဘာဝကလည်း လက်ပိုက်တော့ ကြည့်နေလိမ့်မည် မဟုတ်ပါ။ တစ်နေ့ တူသော အကျိုးကို ခံစားရသော အခါမှာ သင် မည်ကဲ့သို့ နောင်တ တရားနှင့် ဖြေသိမ့်နေနိုင်မည်နည်း။  ကံကို ယုံကြည်ပါ။ ကံ ကံ၏ အကျိုးကို မေ့မထားပါနဲ့ ဟုသာ ကျွန်တော် ပြောလိုပါသည်။



ကျွန်တော် ဘလော့ဂါ တစ်ယောက်ပါ။

" ငါးထောင်တန် ဖုန်းအပေါ် ဘလော့ဂါ တစ်ယောက်ရဲ့ အမြင် " ဆိုကာ ကိုသက်တန့်ချိုက Tag လာသော အခါမှာ ဟိုးအရင်က " လွတ်လပ်ရုပ်ရှင် " ရိုက်ကူးသူများရဲ့ စိတ်ကူးတွေကို ပုံဖော်ကြတာကို ကျွန်တော် ကြည့်ရင်း ကျွန်တော် စိတ်ကူးထဲမှာ ဖြစ်တည်နေတဲ့ ဖုန်းနဲ့ ပတ်သတ်သော ဇာတ်လမ်းတို ငါးခုထဲမှ လောလောဆယ် နှစ်ခုကို တင်ပြလိုက်ပါတယ်။  ဒီဇာတ်လမ်းလေးတွေနဲ့ ပတ်သတ်လို့ ဘယ်သူ့ကိုမှ ထိခိုက်စေလိုခြင်း မရှိပါဘူး။ ကျွန်တော့် ထုံးစံအတိုင်း ဟိုလိုလို ဒီလိုလို ပြုံးစရာ အတွေးလေး ဖြစ်အောင် ရေးထားရုံပါပဲ။

ကိုသက်တန့်ချိုကတော့ အောက်ပါ မေးခွန်းလေးတွေကို ဖြေခိုင်းထားပါတယ်။ 

၁။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား။

၂။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ။

၃။ ငါးထောင်တန် ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ် ထိုးပြီးလွှတ်တော်ကို တင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ။

၎။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား။

၅။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချ ရေးပေးပါ ။

ကျွန်တော်ကတော့ ဒါတွေကို အချက်တွေနဲ့ သီးသန့် မဖြေခဲ့တော့ပါဘူး။ ဒါတွေ အားလုံးကို ခြုံပြီးတော့ အထက်က ဇာတ်လမ်းတိုလေး နှစ်ခုကိုပဲ ရေးပေးလိုက်ပါတယ်။ ကျေနပ်ကြလိမ့်မယ်လို့ ယူဆပါတယ်။

ဟိုတစ်နေ့က တစ်နေရာမှာ တစ်ယောက်သော လူတစ်ယောက်က အောက်ပါ အတိုင်း ရေးသွားပါတယ်။

" ငါးထောင်တန် ဖုန်း ဟုတ်လား။ မဖြစ်စေချင်ပါဘူးကွာ။ ငါတို့က ဖုန်းကို ၃၅ သိန်းတောင်မှ ပေးဝယ်ထား ရတာ။ အခုလို ငါးထောင်တန် ဖုန်းတွေ ထုတ်ပေးတော့ ငါတို့ အရင်က ဝယ်ထားတဲ့ လူတွေ သေပြီပေါ့။ " 

တဲ့။ ဖြစ်မှ ဖြစ်ရလေဗျာ။ အတော်ကို အတ္တကြီးတဲ့ လူတွေပါလား။ ကိုယ်လို သူလို လူတိုင်း ဆက်သွယ်ရေး ကောင်းကောင်းနဲ့ တန်ဖိုးနည်း ဖုန်းတွေ သုံးနိုင်တာကို မကြည်ဖြူနိုင်တဲ့ လူ ရှိနေသေးတာပဲကိုး။ ဒီလို လူနည်းစုကို ကြည့်ပြီး ၊ လူနည်းစု အရင်းရှင်တွေကို ကြည့်ပြီးတော့ အများပြည်သူတွေ လိုအပ်နေတဲ့ ဈေးနှုန်းသက်သာပြီးတော့ ဆက်သွယ်ရေး ကောင်းမွန်သော ဖုန်းတွေကို မထုတ်ပေးနိုင်ဘူး ဆိုရင်တော့ တစ်ခုခုတော့ မှားနေပြီလို့ ဆိုရမှာပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံက လူသားတွေရဲ့ ကံကြမ္မာပဲပေါ့ဗျာ။

ဒါပေမဲ့ ဒီလို အတ္တကြီးနေတဲ့ လူတွေ ၊ သဘောထား တင်းမာနေကြတဲ့ လူတွေ ၊ သူတို့ရဲ့ သားသမီးတွေ ၊ သူတို့နဲ့ ပတ်သတ်နေတဲ့ သူတွေ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အထက်က သမ္မတကြီးလို သေရေး ရှင်ရေး အသက်တမျှ အကူအညီ လိုနေတဲ့ အချိန်ကျမှ လူတွေ အားလုံး အတွက် ဆက်သွယ်ရေး ဆိုတာ အရေးကြီးပါလား လို့ နောင်တတွေနဲ့ မတွေးမိကြပါစေနဲ့လို့ ဆုတောင်းပေးရင်းနဲ့ တန်ဖိုးနည်း ငါးထောင်တန် ဖုန်းအတွက် လှုပ်ရှားသူတွေ ၊ အားကြိုး မာန်တက် ဆောင်ရွက်နေတဲ့ လူတွေ အားလုံးကို လေးစားစွာဖြင့် ဤပို့စ်ကို ရေးသားကာဖြင့် ဂုဏ်ပြုလိုက်ရပါသည်။


*** သက်တန့်ချို ရဲ့ Tag ပို့စ်ပါ။ ***


လေးစားစွာဖြင့်
ကိုဇော်
8-Mar-2012

Share/Bookmark

04 March 2012

11 3-Mar-2012 မန္တလေး သို့




ပထမ တစ်ကြိမ် လွဲချော်မှုက ဒုတိယ အကြိမ် အတွက် ပို အင်အား ကောင်းအောင် ပြင်ဆင်မှု ဖြစ်သွားစေတယ် ဆိုတာကို ကျနော် သင်ခန်းစာ ယူမိသွားတယ်။ ပြီးတော့ စိတ်ဓါတ်တွေ ပိုပြီးတော့ ပြင်းပြ ထက်သန်သွားစေတယ် ဆိုတာကိုလည်း ကျနော် သတိပြုမိတယ်။ ပြီးတော့ ပိုပြီးတော့ စုစုစည်းစည်း ဖြစ်သွားစေတယ် ဆိုတာ ကျနော့်ကို သင်ကြားပြသတယ်။ 

ကျေးဇူးတင်ပါတယ် မန္တလေး ရဲ့ 3-Mar-2012 . . .။ 

လေးစားစွာဖြင့်
ကိုဇော်
Share/Bookmark

29 February 2012

14 လေနဲ့အတူ လွင့်မျောသော စာ


" လေနဲ့အတူ လွင့်မျောသော စာ "

ကျနော် အရင်လို စာတွေ မဖတ်ဖြစ်တာ ကြာပြီ။
မတွေ့ဖြစ်အောင် သူရော ၊ ကျနော်ရော ရှောင်နေမိတယ်။
သို့သော် . .
တွေ့တာနဲ့ ကျနော် ဒီလို " ဖတ် " မိပေမဲ့ ဒီလိုတော့ " ဖက် " ထားမိပါသည်။
ဟောက်တောင်မှ ဟောက်လို့ . . .။
ဖြစ်ချင်တော့ နာရီ အဟောင်းတစ်လုံးကို ဝယ်မလို့ သွားကြည့်ဖြစ်တယ်။
ရောင်းသူက ဘိုလို မှုတ်ပြီးတော့ ပြောတယ် . . . " စက်ကင်း ( Second ) " တဲ့။
ကျနော် မဝယ်ဖြစ်ခဲ့တော့ပါ။
" စက်ကင်းမဲ့နေပါတယ် " ဆိုနေမှ ဘာလုပ်ရတော့မှာလဲ။
နောက်ထပ် နာရီ တစ်လုံးကိုလည်း ကြည့်မိပါတယ် . . 
အမျိုးအစား ကောင်းတယ် " အိုးရီးရင့် ( Orient ) " လို့ ဆိုတယ်။
သူပြောတဲ့ အသံက မပီတော့ " အိုးရီးပဲ " လို့ ဖြစ်နေသည်။
ကျနော် မဝယ်ဖြစ်ခဲ့ပြန်ပါ။
" စက်မပါဘဲ အိုးချည်းးပဲ " ဆိုမှတော့ ဘယ်လိုလုပ် နာရီက သွားပါတော့မလဲ။
ကျနော် ထိုဆိုင်မှ ထွက်လာခဲ့ပါတယ်။
ဒါနဲ့ လမ်းလျှောက်ရင်း ဖိနပ်နဲ့ တံမြက်စည်း လှဲနေမိတယ်။
မထူးပါဘူး ဖုံတွေ ပိုပို ထူလာတယ်။ ပေ လို့ . .  ပွ လို့ . . .
တယ်လီဖုံး အသံမြည်ရင်  . . . .
" ဟယ်လို " လို့ ထူးရမလား . .
" ဟဲလို " လို့ ထူးရမလား . . .
" ဟလို " လို့ ထူးရမလား . . .
" Hello " လို့ ထူးရမလား . . .
" Helo " လို့ ထူးရမလား . . .
" ဝယ် " လို့ ထူးရမလား . . .
" မိုးရှိ  . . .မိုးရှိ  . .  " လို့ ထူးရမလား . . .
စဉ်းစားနေတာနဲ့ပဲ ဖုန်းက ပြန်ကျသွားတယ်။
နောက်တစ်ခါ လာရင်တော့ လက်ဟန်ခြေဟန်နဲ့ပဲ ထူးလိုက်တော့မယ်။
ဒါပေမဲ့ . . နောက်တော့ မြန်မာလိုပဲ ထူးလိုက်မိတယ်။
" အမိန့်ရှိပါ " လို့ . . . .
ဖြစ်ချင်တော့ ဟိုဘက်က ခေါ်တာက အလုပ်ထဲက တရုတ်မ ဖြစ်နေတယ်။
သူမက နားမလည်ပါ။
ဒါနဲ့ပဲ သူရော ၊ ကျနော်ရော လေတော်တော် ကုန်သွားပါတယ်။
နောက်ဆုံးတော့ မနက်ဖြန် သူဌေးနဲ့ လာတွေ့ပါလို့ ပြောသွားတာပါ။
လေမိုးက အကြောင်းထူးရင် မြောင်းတူးပြီး ပြောင်းဖူးစိုက်ပါတဲ့။
သူ့ကို ကြုံရင် ပြောပြပေးပါ . . . မြောင်းတူးတဲ့ ခေတ်ကုန်ပြီလို့ . . ။
အခုတော့  . . .ရမ်းစိုက်နေကျတာပါပဲ။
ဒါကိုပဲ ပေါက်ပေါက် မျောက်မျောက်လို့ ခေါ်သတဲ့။
( မျောက်တွေ အပင်ပေါက် စိုက်နေသလိုပေါ့။ )
တောပြောင်းပြီး စကောတော့ မရောင်းပါနဲ့။
အခုခေတ်က ဆန်ပြာတဲ့ ခေတ် မဟုတ်တော့ဘူး။
စက်နဲ့ ကြိတ်ပြီးတော့ အလိုလို ပြာပေးတဲ့ ခေတ် ဖြစ်နေပြီ။
လျှောက်ရောင်းရင် ခြေတိုပါလိမ့်မယ်။
အမယ်အိုကြီး တစ်ယောက် ငိုနေသည်။
သူမ ဘာလို့ ငိုနေသည် ဟု ထင်ပါသလဲ။
( ဘာလို့လဲ ) ဟု ကျနော့်ကို ပြန်မမေးပါနဲ့။
ကျနော်က မသိလို့ မေးတာပါ။ ဒါက အရိုးရှင်းဆုံး ပြောတာပါ။
ဖနောင့်နှင့် တင်ပါး တသားတည်း ကျအောင် ပြေးဖူးချင်တယ်။
သို့သော် . . . သေချာ စဉ်းစားတော့ မဖြစ်နိုင်ပါ။
ပြေးရင်လည်း မောရုံပဲ ရှိမှာပေါ့။ ကျနော် မပြေးဖြစ်တော့ပါ။
အတိသယ ဝုတ္တိ ထင်ပါရဲ့. . .
ခြေတိုခြင်းကို ဆိုလိုချင်ပုံ ရပါသည်။
ရှေ့နေ အလုပ်သည် ခြေတိုသည်ဟု ကြားဖူးပါသည်။
သူတို့လည်း တင်ပါးနဲ့ တသားတည်းများ ကျနေလေလိမ့်မလား။
သို့သော် . . .  ရှေ့နေများတွင် အထီးတင် မက  ၊ အမ များပါ ရှိနေသောကြောင့်
ကျနော် စစ်တမ်း မလုပ်ရဲပါ။
ဝက်ကလေး လို့ ဆိုတိုင်း Saluu Lay လို့ မထင်ကြပါနဲ့
ဝက်သားပေါက်ကလေးလည်း ဖြစ်နိုင်ပါတယ်။
ဝက်သားပေါက်ကလေးလိုမျိုးဖြင့် Angel Shaper ပြန်ဝနေလေသည်။
သို့သော် . . . သူမက အသံကောင်းနေတုံးပင်။
( တော်ပါသေးရဲ့ အလျှောက်ကောင်းပေလို့ )
ဒီနေ့ ကိုသာဝ အလွန်ပျော်နေ၏။
အပျော်လွန်နေသည်ဟုလည်း ဆိုနိုင်သည်။
အလည်လွန်နေသော သူကဲ့သို့ပင် သူ တော်တော်နဲ့ နော်မယ်ကို ပြန်ရောက်မည် မထင်ပါ။
သွားချင်ရာ သွားပါစေ သူ စိတ်ချမ်းသာဖို့ပဲ မဟုတ်လား။
ဖဘ မှ ဓါတ်ပုံများ စာများကို ကြည့်ပြီး
လူက အတိတ်ကို ပြန်ရောက်ရောက်သွားသလို ဖြစ်ရသည်။
ဘာလို့လဲ ဆိုတော့ . . .
လွန်ခဲ့သော တစ်နာရီက ရှယ်ထားသော ပုံကို နောက်တစ်ယောက်က ထပ်ရှယ်ပြန်သည်။
ထို့အတူ နောက် တပတ်မှာ နောက်တစ်ယောက်က ထပ်ရှယ်ပြန်လေသည်။
ဒါနဲ့ပဲ ကျနော်သည် ရှေ့သို့ မရောက်ဖြစ်တော့ပါ။
အတိတ်မှာ ချာချာလည်နေပါတော့သည်။
ကျနော့်မှာ လူလည် သူငယ်ချင်း တစ်ယောက် ရှိသည်။
လူလည် ဆိုတာ သူ့ဖာသာသူ ပြောတာပါ။
သူသည် တော်တော်လည်း လည်ပါသည်။
သို့သော် သူလည်တာက လည်ဝယ်တာ မဟုတ်ဘဲ . .
ဒီနေရာမှာပဲ ပတ်ချာလည်နေသော သူမျိုး ဖြစ်သည်။
ထို့ကြောင့် သူသည် လူလည်ကြီး ဖြစ်နေလေတော့သည်။
ကိုလင်းဦး ၏ " တမ်းတ ကော်ဖီ " ကို ထပ်ဖတ်ရင်း
ကျနော် အခု ကော်ဖီသောက်နေမိသည်။
ကျနော် ကော်ဖီမစ်ကို မကြိုက်ပါ။ ဘလက်ကော်ဖီကိုသာ နှစ်သက်သည်။
သို့သော် အခု သောက်နေတာ ကော်ဖီမစ် ဖြစ်သည်။
Mix ဟု ရေးထားသော်လည်း ကျနော် ရေနွေးနှင့် ထပ်ရော ရပြန်လေသည်။
သို့သော် . . . ဒီနေရာမှာ တစ်ခုပြောချင်ပါသည်။
ရေနွေးဟု ဆိုသော်လည်း တကယ်တော့ ရေပူနဲ့မှ ဖျော်၍ ကောင်းပါသည်။
ရေနွေးနဲ့ ဆိုရင် အားလုံး ကောင်းစွာ မပျော်ပါ။
ဒါဆို ဘာကြောင့် ရေပူနဲ့ ဖျော်တယ် လို့ လူတွေ မပြောကြပါသနည်း။
( မသိပါ။ )
ဟုတ်ပါတယ် . .ကျနော်လည်း မသိပါ။
မခင်ဦးမေသည် ဘလော့မှာ ပဲခူး ( ၆ ) ရေးတင်ထားတာ ဖတ်လိုက်ရ၏။
" ပခိုး ဆိုပြီးတော့ ပဲခူးမှာ ဆင်းသွားတယ် " ဆိုသော ဟာသလေးကို သွားသတိရ မိသည်။
မမကွန်ရော ဘယ်မှာ ဆင်းသွားပါသနည်း။
( မသိပါ။ )
ကျနော် မသိတာတွေ တော်တော်များနေပါရောလား။
ဒီနေ့ ထမင်း မစားပါ။
ပေါင်မုန့် တစ်ထုပ်ဝယ်ပြီးတော့ တွေ့ကရာ ညှပ်ကာ အစုံ လုပ်စားဖြစ်သည်။
ငါးပိရည် နှင့်တောင်မှ တိုစားလိုက်ပါသေးသည်။
ငါးပိရည် စားသူ နှင့် မစားသူတို့ တိုက်ပွဲ ဖြစ်ကြသည်။
ကျနော်ကတော့ ဘယ်ဘက်ကမှ မပါချင်ပါ။
သို့သော် . . . မစားသူ များလေ ဈေးနှုန်းကျလေလို့ ထင်မိပါသည်။
ဝယ်လိုအားနည်းရင် ဈေးနှုန်းကျမည် မဟုတ်ပါလား။
ဒါပေမဲ့ . . . တခြားသော သီအိုရီ တစ်ခု အရ
ဝယ်လိုအားနည်းရင် ထုတ်လုပ်မှု ကျပါသည်။
ထို့အတူ ထုတ်လုပ်မှု ကုန်ကျစရိတ်က မကာမိပါ။
ဒီ့အတွက် ကုန်ဈေးနှုန်း တက်ရပြန်လေတော့သည်။
ဒါနဲ့ပဲ ငါးပိရည် တိုက်ပွဲက ကြာရှည်နေလေတော့သည်။
သူတို့ ဖြစ်နေတဲ့ တိုက်ပွဲကို ကျနော် တယောထိုး၍ ကြည့်မနေပါ။
ငါးပိရည်ကို ပေါင်မုန့်နဲ့ တို့စားရင်း ကြည့်နေမိသည်။
( ကောင်းပါသည်. . . စားလို့ )
လိုက်စားကြည့်ပါလို့ ဘယ်သူ့ကိုမှ ကျနော် မဖိတ်ခေါ်ချင်ပါ။
ဝယ်လိုအား မတက်စေချင်သလို ၊ ထုတ်လုပ်မှုကိုလည်း မလျော့ကျစေချင်ပါ။
မည်သို့ပင် ဖြစ်စေ . . . 
တစ်ခါလောက်တော့ ကျနော် သေသေချာချာ ရူးကြည့်ဖူးချင်သည်။
ဘုရားဟော အရ လူတွေ အားလုံးက တစ်ခုခုမှာ အရူးတွေချည်းပဲလို့ မကိုးကားကြပါနဲ့။
ဒါက ယေဘုယျကို ဆိုလိုချင်တာပါ။
ကျနော်ကတော့ သေသေချာချာ ရူးကြည့်ဖူးချင်တာ။
သို့သော် . . . အချိန်မရသေးပါ။
အချိန်ရော ၊ အရှိန်ရော ယူရပါဦးမယ်။
ဘယ်လောက်ပဲ မြင့်တက်နေပါစေ . . . အရှိန်ကုန်ရင်တော့ ပြန်ကျရစမြဲပါ။
ဒါကြောင့် ဘယ်သူမှ မာန်မတက်သင့်ပါ။
ယနေ့ အင်တာဗျူး တစ်ခုကို ဖြေလိုက်ရသည်။
( အောင်လား ) လို့ မမေးပါနဲ့။
အောင်မှတ်ပေးဖို့က သူ့အပိုင်း ဖြစ်ပြီးတော့
ကျနော်ကတော့ အကောင်းဆုံး ဖြေလိုက်ဖို့ပဲ ဖြစ်ပါသည်။
မပြီးသေးပါ။
မနက်ဖြန်မှာ နောက်ထပ် သူဌေးနဲ့ အကျေအလည် ထပ်ပြီးတော့ ညှိနှိုင်းရဦးမယ်။
ညှိရတယ် ဆိုပေမဲ့ ကိုယ့်ဘက်က တောင်းဆိုရမှာတွေပါ။
တကယ်တော့ . . . တောင်းဆိုခွင့် ရမယ် ဆိုရင် သူ့ဆီက တစ်ခုပဲ တောင်းဆိုချင်ပါတယ်။
( တကယ်ပါ။ ) ကျနော် အိမ်ပြန်ချင်တယ်။
ဒီအလုပ်မှာ ကျနော် ဘာမှ ပရက်ရှာ မရှိပါ။
ထို့ကြောင့် ကျနော် အလွန်ပျင်းသည်။
ဒါကြောင့် ကျနော့်မှာ တုံးသွားသည်ဟု ခံစားရသည်မှာ ကြာခဲ့ပြီ။
တကယ်တော့ သူဌေးနဲ့လည်း မတွေ့ချင်ပါ။
သူကလည်း ချော့ပြောလိမ့်မည် ဆိုတာ ကျနော် သိသည်။
ဒါပေမဲ့ . . . ကျနော်ကလည်း ငိုနေခြင်း မဟုတ်ပါ။
ဒီတော့ သူနဲ့ ကျနော် နည်းနည်းတော့ ခက်နေလိမ့်မည်။
( ဒီလို မဟုတ်ရင် ) တော်တော်ကို ခက်ကြလိမ့်မည်။
မငိုနေသူကို ချော့ရတာက အလွန်ခက်ကြောင်း မနက်ဖြန်မှာ သူ သိရပေတော့မည်။
ဘယ်လိုပင် ဖြစ်နေပါစေ . . .
တစ်နေ့မှာ 24 hours သာ ရှိသည်။
သူ့ရဲ့ အချိန် တစ်မိနစ်စာ နဲ့ ကျနော့်ရဲ့ အချိန် တစ်မိနစ်စာ တန်ဖိုးချင်း မတူပါ။
ဒါကို သူ သဘောပေါက်ရင် . . . .
သူ ကျနော့်ကို သိပ်ကြာကြာ ဆွေးနွေးလိမ့်မည် မထင်ပါ။
သူ သဘောမပေါက်ရင်လည်း  . . . .
ကျနော်က အချိန်ဆွဲသော နည်းနဲ့ သူ့ကို သင်ကြား ပြသပေးပါမည်။
ဒါကိုမှ သူက ခေါင်းမာနေရင် . . .
ကျနော် သူ့ကို " သန်း " ပြပါမည်။
ခေါင်းမှ သန်း တော့ မဟုတ်ပါ. . .  " ဝါး " ခနဲ သန်းပြမှာပါ။
ကျနော် အိပ်ချင်ပြီ. . .
ကျနော် အိပ်ပါတော့မည်။
အားလုံးပဲ ပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ။
( သို့မဟုတ် )
ဒီနေ့မှာ အင်တာဗျူး ဖြေမယ့် သူများ အားလုံးလည်း အဆင်ပြေစွာနဲ့ ဖြေဆိုနိုင်ကြပါစေ။


ကိုဇော် ( 29-Feb-2012 )





Share/Bookmark

24 February 2012

8 အတွေး ၊ အမြင် မတူသော မှတ်စု



အထွေထွေကြောင့် စာရှည်ရှည်တွေ မရေးနိုင်သေးပေမဲ့ စိတ်ကတော့ ရောက်ပါတယ်။ ရေးနေရင်းနဲ့ ဆက်ရေးလို့ မရ ဖြစ်ဖြစ်ပြီး ရပ်သွားတတ်တာပါ။ ဒါနဲ့ပဲ ရေးနေရင်း မရေးဖြစ် ဖြစ်နေတာပေါ့ဗျာ။ စာကလည်း မရေးဖြစ်တာ ကြာပြန်တော့လည်း မရေးချင်တော့ပြန်ဘူး။

နောက်တစ်ချက်က စာရေးချင်စိတ် ဆိုတာကလည်း သူများစာတွေရဲ့ စာကို လိုက်ဖတ်ဖြစ်ဖို့ နဲ့ ဖတ်ပြီးသား စာတွေကို ဆင့်ပွား တွေးဖို့ အချိန် ရဖို့တော့ လိုတယ်ဗျ။ အဲ . . . ကျွန်တော့် အတွက် ပြောတာပါ။ ဒါမှလည်း ဆင့်ပွား တွေးမိရင်း စာရေးချင်စိတ်က ပြင်းပြင်းပြပြ ဖြစ်ပေါ်လာတာ။ မဟုတ်ရင်တော့ စိတ်ကသာ စိတ်ထဲမှာ ရေးဖြစ်နေတာ လက်က ကီးဘုတ်ပေါ်ကို မရောက် ဖြစ်နေမိတယ်။ ကီးဘုတ်ပေါ်ကို ရောက်ပြန်တော့လည်း ခဏပဲ။ အရေးတကြီး တခြား ကိစ္စတွေဘက်ကို ရောက်သွားပြီးတော့ ဆက်ပြီး ရေးမရတော့ဘူး။ စိတ်ကူးတွေကလည်း ပျောက်ကုန်ပြန်ရော။ သေချာတာကတော့ အရင်လောက် ဘလော့ရေးဖို့ နဲ့ လိုက်ဖတ်ဖို့ အချိန် မပေးနိုင်တော့တာပါ။

ဘယ်လိုပဲ ဖြစ်ပါစေ။ စိတ်ကူးလေး ပေါ်လာတုန်း ၊ အရင်က အကြောင်းလေးတွေကို ပြန်သတိရတဲ့ အခါလေးတွေမှာတော့ မေ့ မသွားအောင် ကမန်းကတန်း စိတ်ကူးလေးတွေကို အမြန် ချရေးထားလိုက်တာတွေ ရှိနေပါတယ်။ စာရှည်ရှည် မရေးနိုင်တဲ့ အချိန် ၊ စာရေးဖို့ စိတ်ပျောက်နေတဲ့ အချိန်လေးမှာ ရေမော်တာတွေ ရေတက်လာအောင် " ရေချူ " ရသလို ၊ အခုလည်း စာရေးချင်စိတ်လေး ပြန်ကောင်းကောင်း ပေါ်လာအောင် စိတ်ကူးပေါ်ရာ စာလေးတွေကို " စာချူ " တဲ့ သဘောနဲ့ တင်ပါရစေဦး။

အချိန်လေး ရပြီး စာရေးချင်စိတ်လေး ပြန်ဖြစ်လာရင်တော့ အရင်လို ခပ်ရှည်ရှည်လေးတွေ ရေးပါ့မယ်။ အခုတော့ ခပ်တိုတို အတွေး မှတ်စုလေးတွေကို တင်လိုက်ပါတယ်။




အဲဒီ့နေ့ကို မှတ်မှတ်ရရ ပြန်ပြောပြရရင် လေလေး တသင်းသင်းနဲ့ ညနေခင်းပါ။ တိမ်တောက်နေလို့ ထင်တယ်။ အရာရာဟာ လှပပြေပြစ်နေတယ်။ ကျွန်တော်နဲ့ အလွန်ခင်သော သူငယ်ချင်း တစ်ယောက် ရေကန်ကြီး တစ်ကန်နားမှာ ညနေခင်းရဲ့ လေသင်းသင်းနဲ့ တောက်ပ ပြုစားနေသော တိမ်ရောင်တွေ ကြားမှာ စကားတွေ ဟိုရောက် ဒီရောက် ပြောရင်း လမ်းလျှောက်နေခဲ့ကြတယ်။

ခင်မင်ပေါင်းသင်း လာခဲ့သော သူငယ်ချင်းတွေ ထဲမှာတော့ ဒီသူငယ်ချင်းဟာ ကျွန်တော်နဲ့ စိတ်ချင်း အများဆုံး တိုက်ဆိုင်သူလို့ ခေါင်းစဉ် တပ်ရင် ရပါတယ်။ တစ်ခါတလေ စိတ်ချင်း တိုက်ဆိုင်လွန်းလို့ အကြောင်းအရာ တစ်ခုကို ပြိုင်တူ ပြောမိတာ အကြိမ်ကြိမ်ပါပဲ။ ဒီလို တိုင်ဆိုင်ပြီးရင် ထပ်ကာ ပြိုင်တူ ရယ်မိတတ်ကြတာလည်း တူပါသေးတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံတဲ့ အခါမှာ သူနဲ့ကျွန်တော် စကားများရတာ ၊ စိတ်အခန့် မသင့်ဖြစ်ရတာ မရှိသလောက်ပါပဲ။ ပြဿနာတက် ရတယ် ဆိုတာကတော့ မရှိခဲ့ပါဘူး။

အခုလို အေးအေးဆေးဆေး လမ်းလျှောက်ထွက်တဲ့ အခါ ၊ တစ်ခုခု လိုလို့ ရှာဖွေ ဝယ်ယူရမယ့် အခါတွေမှာ သူနဲ့ ကျွန်တော် အတူတူ သွားလေ့ ရှိပါတယ်။ စိတ်တူ ၊ အတွေး ၊ အမြင် တူတော့ သွားရ လာရတာ အတော်ကို အဆင်ပြေတာပါ။ အခုတော့ ဘာရယ် ရည်ရွယ်ချက် မရှိဘဲနဲ့ ခပ်ကြီးကြီး ရေကန်ကြီး ဘေးနားမှာ လမ်းလျှောက် ထွက်လာတာပါ။ ကျွန်တော်တို့ လျှောက်နေတဲ့ ရေကန်ကြီးရဲ့ ဘောင်ကြီးကြီး ဟိုဘက် အခြမ်းမှာတော့ မြန်မာ ပန်းချီကားတွေမှာ မြင်နေကျ ပုံလေး ဖြစ်တဲ့ မိုးခိုးတွေ တလူလူ အူနေတဲ့ ညနေခင်း အကြော်ဆိုင်လေးကို လှမ်းမြင်ရပါတယ်။

သိပ်တော့ မကောင်းလှပါဘူး။ ဘူးသီးကြော် ဆိုရင် ရွှေကြည် ပါပြီးတော့ မွ နေမှ ကြိုက်တဲ့ ကျွန်တော့် အတွက် ဒီဆိုင်က တန်းတော့ မဝင်ပါဘူး။ ဒါပေမဲ့ ဒီရေကန်ကြီး ပတ်ဝန်းကျင်မှာ သူကတော့ ဘုရင်မ တစ်ဆူ ဖြစ်ခဲ့ပါသေးတယ်။ အဲ . . . ဘုရင်မ ဆိုတော့ ကွင်း ( Queen ) လို့ ခေါ်တယ် မဟုတ်လား။ ဒီဆိုင်လေးကလည်း အခုတော့ ကွင်းထဲက ရေကန်ကြီး နားမှာ ရောင်းနေတာပါပဲ။ ထားပါတော့လေ။ မရှိ မဖြစ် ဆိုသလို ဒီကန်ကြီးကို ရောက်ရင် ကျွန်တော်တို့ ဒီအကြော်ဆိုင်လေးမှာ ဝင်စားကြပါတယ်။ ဘူးသီးကြော်သာ မကောင်းတာ ပဲကပ်ကြော် နဲ့ မန္တလေး ပဲကြော်မှာတော့ အတော်ကို ဆွဲဆောင်မှု ရှိအောင် ကောင်းပါတယ်။ အဲ . . . ကျွန်တော့် အတွက်ပေါ့လေ။

ကျွန်တော်တို့ ရပ်ကွက်ကနေ ဒီရေကန်ကြီးဆီကို ရောက်အောင် ကြားထဲက ရပ်ကွက် တစ်ခုကို ဖြတ်ရပါသေးတယ်။ ပြီးတော့ လမ်းချိုးလေးထဲ ဝင်လိုက်ရင် ဒီရေကန်ကြီးရဲ့ ကန်ဘောင်ဆီကို တန်းတက်လိုက်ရုံပါ။ ထိုကန်ဘောင်ကနေ ဟိုဘက် ကန်ဘောင်ကို လှမ်းမျှော် ကြည့်လိုက်ရင် ခုနက ပြောခဲ့တဲ့ မီးခိုး တလူလူနဲ့ အကြော်ဆိုင်လေးကို မြင်ရပါပြီ။ ညနေ လေတသင်းသင်း နဲ့ တိမ်တွေ အရောင် လူးလူးတွေ ကြားမှာ ကျွန်တော်တို့လည်း အထူးအထွေ အရေးတကြီး မရှိတော့ အေးအေးဆေးဆေးပဲ လှမ်းလျှောက်ကာ သွားပါတယ်။

ရပ်ကွက်ထဲက ရေကန်ကြီးရဲ့ ကန်ဘောင် ဆိုတိုင်းလည်း အထင်တော့ မသေးကွေးလိုက်ပါနဲ့။ စက်ဘီး နှစ်စီး ဘေးချင်းယှဉ်ပြီးတော့ ပြိုင်နင်းသွားလို့ ရအောင်ကို ကျယ်ဝန်းပါတယ်။ ဒီလို ကန်ဘောင် ကျယ်ကျယ်ပေါ်မှာ စကားကိုတော့ ကျွန်တော်တို့ ခပ်ကျယ်ကျယ် ပြောခြင်း မဟုတ်ပေမဲ့ ခပ်ပျော်ပျော်ပဲ တောင်ရောက် မြောက်ရောက် ပြောသွားပါတယ်။ ကန်ဘောင်ရဲ့ ထောင်ချိုးလေး ရောက်ရင် ကျွန်တော်တို့ ဘယ်ဘက်ကို ချိုးကွေ့ပြီးတော့ နောက်ထပ် ထပ်လျှောက်ပြီးရင်တော့ ဒီကန်ဘောင်ပေါ်မှ သစ်ပင်ကြီး အရင်းမှာ ပတ်လည်ဝန်းရံပြီး ဆောက်ထားတဲ့ သစ်သားထိုင်ခုံလေး တစ်ခုလည်း ရှိနေပါသေးတယ်။ ဒီထိုင်ခုံလေးကို ကျော်သွားပြီးမှ အကြော်ဆိုင်လေးကို ရောက်မှာပါ။

ကန်ဘောင်လေးရဲ့ ထောင်ချိုးလေး မရောက် တရောက်လောက်မှာ ကျွန်တော်တို့ ချိုးကွေ့မဲ့ ဘက်ကနေ အရှိန် ခပ်ပြင်းပြင်းနဲ့ နင်းလာတဲ့ စက်ဘီး တစ်စီးကို မြင်လိုက်ရတယ်။ စက်ဘီး နင်းသူကို မကြည့်မိခင်မှာဘဲ ဘာကိုများ ဒီလောက် အလောတကြီး နင်းနေပါလိမ့် ဆိုပြီး တွေးမိပါတယ်။ တွေးနေတုန်းမှာပဲ ထိုစက်ဘီးက ကျွန်တော်တို့ လျှောက်လာတဲ့ ကန်ဘောင်ဘက်ကို ရုတ်ခနဲ ချိုးကွေ့လာပါတော့တယ်။ ကျွန်တော်တို့နဲ့ သိပ်မနီးသေးပေမဲ့ ဝေးတော့လည်း မဝေးပါဘူး။ ထင်သာ မြင်သာ ရှင်းရှင်းလင်းလင်း ဖြစ်တော့မှ ကျွန်တော့် သူငယ်ချင်းနဲ့ ကျွန်တော် စက်ဘီးနဲ့ စက်ဘီး နင်းလာသူကို သေချာ ကြည့်မိတော့တယ်။

စက်ဘီးကတော့ မိကျောင်းဘီးလို့ ခေါ်တဲ့ Crocodile စက်ဘီး ခရမ်းနုရောင် လှလှလေးပါ။ စက်ဘီးလေးက အသစ်ဆိုတော့ ညနေ တိမ်တောက်နေတဲ့ အချိန်မှာ ဆိုတော့ ပိုပြီးတော့ ကြွားကြွားဝါဝါ ဖြစ်နေခဲ့ပါတယ်။ စက်ဘီးရဲ့ ဘားတန်းမှာလည်း သိုးမွှေးကြိုး လှလှလေးတွေနဲ့ အတော်ကို ပနံရနေအောင် လှပတင့်တယ်ပါတယ်။ ဒ့ါအပြင် မဟုတ်သေးပါဘူး။ ဒီစက်ဘီးလေးကို ထိန်းကျောင်းလာတဲ့ လူသားကလည်း လှတပတ ကောင်မလေး တစ်ယောက်ပါပဲ။ သူကလည်း သူ့စက်ဘီးနဲ့ လိုက်ဖက် ညီမျှစွာ ခရမ်းနုရောင်လေးကို ဝတ်ထားခဲ့ပါတယ်။ အပေါ်က တီရှပ် ခရမ်းနုရောင်နဲ့ အောက်ကတော့ ဘောင်းဘီတိုကို ခရမ်းနုရောင် နဲ့ လိုက်ဖက် ညီနေခဲ့ပါတယ်။

သူ့ရဲ့ ဝတ်ပုံစားပုံနဲ့ လိုက်ဖက် ညီမှုကို နားလည်လို့ ရပေမဲ့ သူ့ရဲ့ ဘာလို့ စက်ဘီးကို ကန်ဘောင်ပေါ် တက်ပြီးတော့ အမြန်နင်းနေတယ် ဆိုတာကိုတော့ နားလည်လို့ မရပါဘူး။ သူကတော့ ကျွန်တော်ကိုလည်း သတိမထားနိုင်ဘူး ၊ ကျွန်တော့် သူငယ်ချင်းကိုလည်း သတိ မထားအားဘူး ၊ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်ပါဘူး။ သူ့ဖာသာ စက်ဘီးကို မြန်သထက် မြန်အောင် နင်းဖို့ပဲ သူ အာရုံ ရှိနေပုံ ပေါ်ပါတယ်။ နီးသထက် နီးလာပြီး မြန်သထက် မြန်လာတဲ့ သူမ နဲ့ သူမရဲ့ စက်ဘီးလေးကို သေချာ ကြည့်နေတဲ့ အချိန်မှာပဲ သူမနဲ့ စက်ဘီးလေးက ကျွန်တော်တို့ ဘေးကနေ ဝှီးခနဲ အရှိန်ပြင်းစွာနဲ့ ဖြတ်ကျော် သွားပါတော့တယ်။

သူမလည်း ဖြတ်ကျော် သွားပြီးရော အတွေး ၊ အမြင် ၊ စိတ်ကူးတွေ တူတတ်တဲ့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်မျက်နှာ တစ်ယောက် ပြိုင်တူ ကြည့်လိုက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် စကားတစ်ခွန်းစီ ပြိုင်တူ ပြောမိကြတယ်။ ပြိုင်တူ ဆိုပေမဲ့ သူက အနည်းငယ် စောတော့ သူ ပြောတာကို ကျွန်တော် အရင် ပြောပြပါ့မယ်။ သူက ဒီလို ပြောပါတယ်။

" လူ ရိုက်ပြီး စက်ဘီးကို လု ထားလိုက်ရကွာ "

တဲ့။ တကယ်လုပ်မယ်တော့ မဟုတ်ပါဘူး။ စက်ဘီးလေးက တကယ်ကို လှတပတလေးမို့ သူက ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ ထုံးစံ အတိုင်း အရွှန်းဖောက်ပြီးတော့ ပြောတာပါ။ ဒီအချိန်မှာ သူ့ထက် အနည်းငယ်ပဲ နောက်ကျပြီးတော့ ပြိုင်တူ နည်းပါး ပြောဖြစ်သွားတဲ့ ကျွန်တော့် စကားကတော့ . . .

" စက်ဘီး ရိုက်ပြီး လူကို လုထား လိုက်ရကွာ။ "

လို့ ပြောမိတာပါ။ ဒီလို ပြောမိပြီးတော့ ကျွန်တော်တို့ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးမိကြပါတယ်။ အဲဒီတုန်းက ဘာရယ် မဟုတ်ဘဲ ဖြစ်ရပ်လေး တစ်ခုကို အတွေး ၊ အမြင် အမြဲတမ်း လိုလို တူနေတတ်တဲ့ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်ရဲ့ ကွဲပြားသွားတဲ့ အတွေးလေးပါ။

ပြီးတော့လည်း ပြီးသွားခဲ့တာပါပဲ။ စက်ဘီး အပြင်း နင်းသွားတဲ့ ခပ်လှလှ ကောင်မလေးကိုရော ၊ ကောင်မလေး အပြင်း အနင်းခံသွားရတဲ့ ခပ်လှလှ စက်ဘီးလေးကိုရော စိတ်ထဲမှာ မရှိကြတော့ပါဘူး။ ကျွန်တော်တို့ကို ကျော်ဖြတ် သွားပြီးတာနဲ့ ဒီကောင်မလေးနဲ့ စက်ဘီးလေးက ကျွန်တော်တို့ အမြင် ၊ အတွေးထဲကနေ ပျောက်သွားခဲ့တာပါ။ ကျော်ဖြတ်သွားတဲ့ ကောင်မလေးရဲ့ အနောက်ပိုင်း နဲ့ စက်ဘီးလေးရဲ့ အနောက်ပိုင်းကိုလည်း လိုက်ကြည့် စရာ မလိုခဲ့ပါဘူး။ ကျွန်တော်တို့ နှစ်ယောက် ကောင်မလေး နဲ့ စက်ဘီးလေးရဲ့ ရှေ့ဘက် အမြင်ကိုပဲ ပိုင်းဖြတ်ပြီးတော့ ပြောခဲ့ကြတာပါ။

ဘာလို့ လှတပတ ကောင်မလေးက စက်ဘီး လှလှလေးကို ဒလကြမ်း အပြင်းနင်းသွားတာလဲ ဆိုတာလည်း ကျွန်တော်တို့ သိဖို့ မလိုခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ပြီးသွားခဲ့ပါတယ်။



တချို့ကို အခု တလော ကျွန်တော် မြင်နေရတယ်။ အထူးသဖြင့် ဘလော့ တစ်ခုနဲ့ Facebook ပေါ်မှာ သူများတွေက ဒေါင်း ဆိုတာ ဘယ်လို လှတယ် လို့ ပြောရင် သူတို့က ဒေါင်း တစ်ကောင်ရဲ့ လှပပါတယ် ဆိုတဲ့ အရှေ့ပိုင်းကို မမြင်တတ်ကြဘဲ ၊ ကနေတဲ့ ဒေါင်း တစ်ကောင်ရဲ့ ထောင်နေတဲ့ အမြီးရဲ့ အနောက်ဘက်က ပေါ်နေတဲ့ ဒေါင်း ဖင်ပြောင်ကိုပဲ စိတ်ထဲမှာ ရှိနေတတ်ကြပါတယ်။ တကယ်တော့ သူတို့ မှားနေတယ်ဗျာ။ ကဒေါင်း ဆိုတာ ကဒေါင်း ပါပဲ။ ခွပ်ဒေါင်းက ခွပ်ဒေါင်းပါ။ ကတဲ့ ဒေါင်း နဲ့ ခွပ်တဲ့ ဒေါင်း ဆိုတာ တူမှ မတူတာ။ ဒေါင်း ဆိုတိုင်း ကမယ် ဆိုပြီးတော့ ဒေါင်းရဲ့ အနောက်ဘက်ကိုသာ သူတို့ လိုက်မြင်နေ ကြည့်တတ်ကြတာကိုတော့ အံ့သြမိပါရဲ့။

အနောက်ကို ကြည့်ပြီးတော့ အရသာ ခံနေတတ်တဲ့ လူတွေ အတွက်ကတော့ ကျွန်တော် အကြံပေးချင်တာက ဒေါင်းကို ကြည့်ပြီးတော့ ဖင်ပေါ်နေတာကို ဝေဖန်နေမဲ့ အစား " မနုဿီဟ " ကို ကြည့်ပြီးတော့ ပီတီ ဖြစ်နေတာက သူ့အတွက် ပိုပြီးတော့ သင့်လျော်မယ် လို့ ထင်ပါတယ်။ မနုဿီဟ ဆိုတာ ဖင်နှစ်ခွ နဲ့ မဟုတ်လား။ ဖင်ကြည့်ရတာ နှစ်သက်သူတို့ အဖို့ " မနုဿီဟ " က သူတို့ အတွက် ပိုပြီးတော့ ကျေနပ် စရာ ကောင်းမယ် ထင်ပါတယ်။

အဲ . . . ပြောရင်းနဲ့ " ခွပ်ဒေါင်း " တွေ ၊ " ကဒေါင်း " တွေ ၊ " မနုဿီဟ " တွေပါ ပါကုန်မိပြန်တယ်။



တကယ်တော့ အပေါ်က စက်ဘီး စီးသွားတဲ့ ကောင်မလေးရဲ့ ဖြစ်စဉ် အပေါ်မှာ မြင်လိုက်ကြတဲ့ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် အတွေးတွေကို အကောင်အထည် ဖော်ကြမယ် ဆိုရင် ကောင်မလေးလည်း ဖူးယောင် သွားနိုင်သလို ၊ စက်ဘီးလေးလည်း ဒဏ်ရာ ရသွားနိုင်ပါတယ်။ ကျွန်တော့် သူငယ်ချင်းက ကောင်မလေးကို ရိုက်ပြီးတော့ စက်ဘီးကို ယူမယ် ဆိုတယ်။ ကျွန်တော်ကလည်း စက်ဘီးကို ရိုက်ပြီးတော့ ကောင်မလေးကို ယူမယ် လို့ ပြောခဲ့တယ် မဟုတ်လား။ တကယ်သာ လုပ်ခဲ့မိရင် ကျွန်တော်ကလည်း စက်ဘီးကို ရိုက် ၊ ကျွန်တော့် သူငယ်ချင်းကလည်း ကောင်မလေးကို ရိုက်နဲ့ ဖြစ်ကြရလိမ့်မယ်။ ပြီးတော့မှ ကိုယ်လိုတာကို ယူကြရမှာပေါ့လေ။

ဒါပေမဲ့ . . . တကယ်တော့ မှားပါတယ်။

အမြင် မတူ ၊ အတွေး မတူ ၊ အယူအဆ မတူတာနဲ့ ကျွန်တော်တို့ တစ်ဘက်လူရဲ့ လိုချင်သော အရာကို ဖျက်ဆီးပစ်စရာ မလိုပါဘူး။ တစ်ဘက်သားကို ထိခိုက်ပြီးမှ ကိုယ့်လိုအပ်ချက်ကို ရယူစရာ မလိုပါဘူး။ အခု ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်နဲ့ စက်ဘီး လှလှလေး စီးလာတဲ့ ကောင်မလေး လှလှလေးတို့ ကိစ္စမှာလည်း ဘယ်သူက ဘယ်အရာကိုမှ ရိုက်စရာ မလိုဘဲ ယူလိုက်နိုင်တာပဲ မဟုတ်ပါလား။ ကိုယ်လိုချင်တာ ရဖို့ အတွက် တခြားသော တစ်ဘက်သားကို ထိခိုက်တယ် ဆိုတာ အတော်ကို ဆိုးရွားတဲ့ အလုပ်ပဲ မဟုတ်ပါလား။

ကျေးဇူးတင်ပါတယ်ဗျာ။ စာဖတ်သူများ ခင်ဗျာ။ အခု တလော ကျွန်တော်လည်း တော်တော်ကို ခက်နေတယ်။

တစ်ခါတလေ ဘာရယ် မဟုတ်ဘဲ။ ဒီလို စာတွေ ချရေးချင်မိလို့ ရေးလိုက်တာပါ။ ဟိုးအရင် ငယ်ငယ်က ဖြစ်ခဲ့ ၊ ကြုံခဲ့တာ ဆိုပေမဲ့ အခုမှ ပိုတွေးမိတာပါ။ အရင်ကတော့ ခပ်လွယ်လွယ်ပဲ " ရိုက်လု လိုက်မယ်  " လို့ ပြောမိတာပါ။ အခုတော့ အမြင် ၊ အတွေး ၊ စိတ်ကူး မတူတာနဲ့ ကျွန်တော်တို့ ရန်သူ ဖြစ်စရာ မလိုပါဘူး ဆိုတာ ကျွန်တာ် သိလာခဲ့ပါပြီ။

အားလုံးရဲ့ မျှခြေ တစ်ခုမှာ အကောင်းဆုံး အခြေအနေ တစ်ရပ်ကို ကျွန်တော်တို့ တည်ဆောက်နိုင်တာပဲ မဟုတ်ပါလား။

တစ်ခု ရှိတာကတော့ " လိုက်လျောညီထွေ ဖြစ်တတ်ဖို့နဲ့ ကိုယ့်ဘက်က သဘောထား မတင်းမာမိဖို့ပဲ  " မဟုတ်ပါလားဗျာ။

လေးစားစွာဖြင့်
ကိုဇော်
24-Feb-2012

Share/Bookmark

22 February 2012

6 အိုဘယ့် . . . တိုင်ရီ



အိမ်း  . . . ဒါတွေ ဒီလို ရေးရေးမိနေလို့ စာမရေးဘဲ ရပ်ထားတာ ခင်ဗျ။ ဒါကို အခုတော့ မနေနိုင် မထိုင်နိုင် ရေးမိပြန်ပါပြီလေ။ 

ရေးမိတော့မှလည်း မထူးပါဘူး။ တန်းလန်းတော့ ရပ်မထားတော့ဘူး။ ( ဒီလို လုပ်ထားမိတဲ့ ပို့စ်တွေက များနေပြီ။ ) ပြီးအောင် ဆက်ရေးလိုက်ပါတော့မယ်။ ဒါပေမဲ့ ကျွန်တော့်မှာလည်း လူတွေထဲက သာမန် လူတစ်ယောက် အတိုင်း နီးရာ ဓါး . . . အဲလေ. . . နီးရာ ဥပဒေကို ကြောက်တတ်သူပါ။ ဒါပေမဲ့ တစ်ခုတော့ ရှိပါတယ်။ ကျွန်တော် ဘယ်တော့မှ တစ်ဖက်စောင်းနင်း ဝေဖန် မပြောပါဘူး။ ဝေဖန်ခြင်းကိုလည်း ကျွန်တော်က မကြိုက်နှစ်သက်လေတော့ ဖြစ်သင့်တာလေး ၊ လိုအပ်ချက်လေးတွေကို ပညာရှိ သတိဖြစ်ခဲတွေ ကြားထဲကမှ ကျွန်တော့်လို ကလေး အတွေးလေးနဲ့ ရေးပြ ကြည့်တာပါ။ ( တစ်ခါတလေကျတော့ လူကြီးတွေက မမြင်လိုက်ပေမဲ့ ကလေးက မြင်တတ် ၊ တွေ့တတ် ကြတယ် မဟုတ်လား။ ) 

ဒီလိုလည်း ဒီလိုပဲ အင်တာနက်ထဲက မြင်မိသမျှ ၊ တွေ့မိသမျှ လေးတွေကို ကလေး အမြင် ၊ ကလေး ရှု့ထောင့်လေးကနေ ချရေးကြည့်မိပါတယ်။ အဖြစ်လေးတွေက ဒီလိုဗျ။



တိုင်ရီ ဆိုတဲ့ ဖိနပ် စက်ရုံကို ကျွန်တော်ကတော့ တကယ်ကို မသိပေါင်ဗျာ။ အခု နှစ်ပတ် အတွင်းမှ သိခဲ့တာပါ။ ဘာတဲ့. . . ဆန္ဒပြတယ် ဆိုလားပဲ။ မြန်မာမှန်ရင် ကြက်ခေါင်းဆိတ် မခံကတော့ ဟိုး ကျွန်တော်တို့ ဘိုးဘေးဘီဘင်ကတည်းက ရှိခဲ့တာ အမှန်ပဲ မဟုတ်ရိုးလားဗျို့။ အခုတော့ ဘယ်က ဘယ်လို စဖြစ်တယ် ကျွန်တော် မသိလိုက်သေးတဲ့ အချိန်မှာ သူတို့ ဆန္ဒပြနေကြပြီ ဆိုပဲ။

တကယ်တော့ ကျွန်တော် မဖြစ်စေချင်ပါဘူး။ ဖွံ့ဖြိုးတိုးတက်ဖို့ အားယူနေတဲ့ အချိန် . . . ၊ ပိတ်ဆို့တားဆီးမှုတွေ ဖွင့်လှစ်တော့မယ် လို့ ပြင်ဆင်နေတဲ့ အချိန် . . . ၊ နိုင်ငံရပ်ခြားမှ ကုမ္ပဏီများ လာရောက် ရင်းနှီးဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ . . . မြန်မာ အလုပ်သမားတွေ ဆန္ဒပြကြတယ် ဆိုတော့ တယ်လည်း မျက်နှာ မလှဘူးပေါ့ဗျာ . . နော့။ ဝင်လာမယ့် ကုမ္ပဏီတွေများ နောက်ပြန်လှည့်သွားမလား ဆိုပြီးတော့ စိုးရိမ်မိတာပါ။ ဒါပေမဲ့လည်း ဖြစ်ပြီ ဆိုတော့မှတော့ ဖြစ်ပြီပေါ့။

ဒီလို ဖြစ်ကြတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လာရောက် ရင်းနှီးဖို့ ပြင်ဆင်နေကြတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ လက်တွန့်သွားမလားလို့ ကျွန်တော်က မဆီမဆိုင် ကြားက ဝင်ပြီးတော့ စိုးရိမ်လိုက်သေးဗျ။ ဟိုတလောကလည်း နိုင်ငံခြားသားတွေ မျက်လုံးပြူးသွားကြရတယ် ဆိုတဲ့ သတင်းကို ဖတ်လိုက်ရသေးတယ်။ သူတို့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံချင်ပေမဲ့ မြန်မာနိုင်ငံရဲ့ မြေကွက်ဈေး အရင်းအမြစ်က မတရားကြီးနေတော့ သူတို့ ချင့်ချိန်နေကြတယ် ဆိုပဲ။ အခုလို ထပ်ဖြစ်တော့ ငါတို့တော့ ထပ်များ နောက်ကျနေဦးမလားဟဲ့ ဆိုကာ ကျွန်တော် စိုးရိမ်မိတာပါ။

စိုးရိမ်တာ စိုးရိမ်တာပါပဲ ၊ ဖြစ်တာကလည်း ဖြစ်နေပြီ။ တကယ်တမ်း ဖြစ်ကြပြီ ဆိုတော့ လက်သည်းဆိတ်တော့ လက်ထိပ်နာတတ်ကြတယ် မဟုတ်လား။ ကိုယ့်နိုင်ငံသား မြန်မာတွေ တစ်နေ့လုံး အလုပ်လုပ် တာတောင်မှ 0.97 ဒေါ်လာ ( တစ်ဒေါ်လာတောင်မှ မပြည့်ပါ။ ) ပြည့်အောင် မရကြတဲ့ လုပ်ခ လစာ အတွက်လည်း တကယ်ကို ဝမ်းနည်းမိပါတယ်။

ဒီနေရာမှာ ကျွန်တော် တွေးမိတာလေးကို ရေးကြည့်ပါမယ်။ အလုပ်ရှင်တွေ အနေနဲ့ကလည်း တစ်နေရာကိုမှ မြန်မာကျပ်ငွေ ၇၅ ကျပ်လေးကနေ ၁၅၀ ကျပ် တိုးတောင်းတာကို တင်းခံနေပြီးတော့ ၁၀၀ ကျပ်သာ တိုးပေးပါတယ်။ တကယ်တော့ အလုပ်ရှင်တွေ အနေနဲ့ စဉ်းစားကြည့်ပါ။ အလုပ်သမား တစ်ယောက်ကို ပေးရတယ် ဆိုတဲ့ လုပ်ခလစာထက် အဆပေါင်းများစွာ ကိုယ့် အတွက် ကျန်မှ သူတို့ အလုပ် လုပ်ကြတာပါ။ ဒီတော့ တစ်ရက် အလုပ်သမား တစ်ယောက်  အလုပ် မဆင်းလို့ သူ့ကို သူနဲ့ လုပ်ခ ၁၀၀၀ ကျပ် ( ဆိုပါစို့ ) သက်သာတယ် ဆိုရင် . . . ။ သူ့ကို ကိုယ် မပေးလိုက်ရတာက ၁၀၀၀ ကျပ် ဆိုပေမဲ့ ဒီအလုပ်သမားကနေ ရရှိလာမယ့် လုပ်အားခကနေ ရရှိလာမယ့် အမြတ်ဝင်ငွေက ၁၀၀၀ ကျပ် မကပါ။ ၂၀၀၀ ကျပ် ဖြစ်နိုင်သလို ၊ ၃၀၀၀ ကျပ်လည်း ဖြစ်နိုင်ပါတယ်။

 ဒီတော့ ကျွန်တော် ဆိုလိုချင်တာက အလုပ်သမား တစ်ယောက် အလုပ် မဆင်းဘူး ဆိုရင် ဒီအလုပ်သမား အတွက် နေ့တွက်ခ ပေးရတာ သက်သာတာပေါ့ကွာ ဆိုတော့ တကယ်တော့ နလပိန်းတုံးတွေ ပြောတာပါ။ ဒီအလုပ်သမား တစ်ယောက်ကနေ ရရှိလာမယ့် လုပ်အား အမြတ်ငွေက ကိုယ့်မှာ ဒီ့ထက် ပိုပါတယ်။ ဒီတော့ အလုပ်သမားတွေ တောင်းဆိုတဲ့ တိုးတက် လစာ ဆိုတာကလည်း တကယ်ကို သူတို့ အတွက် ကျပ်တည်းနေလို့ပါ။ တိုးတက်နေတဲ့ ကုန်ဈေးနှုန်း အရ သူတို့လည်း ဘယ်လိုလုပ်ပြီးတော့ အသက်ရှူချောင်နိုင်ပါ့မလဲဗျာ။ တစ်နာရီ လုပ်ခ ၁၀၀ ကျပ် ဆိုတာက ဘဲဥ တစ်လုံးတောင်မှ ဝယ်မစားနိုင်တာဗျာ။ တိုးပေးသင့်ပါတယ်။

ဒါပေမဲ့ အလုပ်ရှင် သူဌေးဘက်က ကြည့်တော့လည်း ဒီလို တောင်းဆိုလို့ အလွယ်တကူ လိုက်လျောလိုက်ရင် နောက်ဆိုလည်း ဒီလိုပဲ တောင်းဆိုမှာ စိုးရိမ်လို့ ထင်ပါတယ်။ ဒါဆိုရင်လည်း ကျွန်တော် ပြောသလိုမျိုး . . . သူတို့ကို ပေးလိုက်လို့ ကုန်ကျစရိတ်ထက် အခုလို ကိုယ့် အလုပ်ကို ရပ်ထားရလို့ ကိုယ်နစ်နာရတဲ့ ဝင်ငွေကို ပြန်လည်ကာ နှိုင်းယှဉ် ကြည့်စေချင်တယ်။ မြန်မာတွေမှာ အနေ အစားလေး ချောင်ရင် ခဏခဏ အော်ဟစ်တောင်းနေရတာကို ရှက်တတ်ကြတဲ့ အမျိုးပါဗျာ။ အရမ်းကြီးလည်း မစိုးရိမ်ကြပါနဲ့ အလုပ်ရှင်ကြီးတို့။

ပြီးတော့ တိုင်ရီ အလုပ်သမားများ အနေနဲ့ကလည်း အခုဆိုရင် နှစ်ပတ်ကျော် အထိ တင်းခံကာ ဆန္ဒပြခဲ့ကြပြီးပြီလေ။ အလုပ်ရှင် သူဌေးကလည်း ၇၅ ကျပ်ကနေ ၁၀၀ ကျပ် အထိ တိုးပေးပေမဲ့ မလောက်ငလို့ တစ်နေ့ကို ၁၅၀ ကျပ် အထိ ရအောင် တောင်းဆိုနေတယ် လို့ ကြားရပါတယ်။ အခု အချိန်မှတော့ တော်လိုက်ကြရအောင် . . ၊ ပေးသလောက် ၁၀၀ ကျပ်နဲ့ လုပ်လိုက်ကြမယ် ဆိုပြီးတော့ နောက်ဆုတ်လို့ မဖြစ်နိုင်တော့ပါဘူး။ ဒါဆိုရင် နောက်ထပ် . .  နောက်ထပ် ဘယ်တော့မှ အခွင့်အရေးတွေ မရနိုင်တော့သလို ၊ မြန်မာတွေကို ဒီလို ပုံစံခွက်နဲ့ လုပ်လို့ ရပါတယ် ဆိုတဲ့ အစဉ်အလာကြီးကလည်း ဖြစ်လာမှာပါ။ ဒါကြောင့် လုပ်မိမှတော့ ပြီးဆုံးသည့် တိုင်အောင် လုပ်ကြရမှာပါပဲ။

ဒါပေမဲ့ သူတို့တွေက တစ်လကို သုံးသောင်းတောင်မှ မပြည့်သော လခနဲ့ ( တချို့တော့ ငါးသောင်းကျော် ၊ တချို့က ခြောက်သောင်းကျော် ရကြပါတယ်။ ) အလုပ်လုပ်နေရသူတွေသာ ဖြစ်ပါတယ်။ ဒီ့ထက်များ ပိုရရင် အနေအထိုင် ချောင်လည်ရပါစေ ဆိုတဲ့ ရည်ရွယ်ချက်လေး သီးသန့်နဲ့သာ လုပ်နေကြတာပါ။ သူတို့ သူဌေးဖြစ်ကြီးလည်း ရည်ရွယ်တာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလို မလောက်င လို့သာ သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ပြသကြတာပါ။ ဒါပေမဲ့ ဒီလို လောက်ငအောင်လို့ ရဖို့ တောင်းဆိုရန် ဘယ်လောက်များ သူတို့ရဲ့ အလုပ်မလုပ်ဘဲနဲ့ အပိုငွေနဲ့ တောင့်ခံ ရပ်တည်နိုင်မလဲ။ ဒီတော့ သူတို့မှာ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေကြမှာ ၊ ရင်ဆိုင်နေရင်း အံကျိတ်ထားရမှာ မလွဲပါဘူး။

အခုတော့ အလုပ်ရှင် သူဌေးက ရေဖြတ်ထားတယ် ဆိုတဲ့ သတင်းကိုလည်း ကြားရပြန်ပါတယ်။ တာဝန် ရှိသူတွေကလည်းဗျာ ကိုယ့်မြေပေါ်မှာ လာဖွင့်တဲ့ ကုမ္ပဏီတစ်ခုကို ကြည့်တယ် ဆိုရင်လည်း ကိုယ့်မြေပေါ်က ကိုယ့်နိုင်ငံသားတွေကို ပိုကြည့်သင့်ပါတယ်။ တာဝန်ရှိသူတွေ ဆိုတာကလည်း ဝင်ရောက်ဖြေရှင်း ပေးပေမယ့် အောင်မြင်မှု မရရှိဘူးလို့ သိရပါတယ်။ အောင်မြင်အောင် မလုပ်နိုင်ဘဲနဲ့ ဘာလို့ တာဝန် ရှိသူလို့ နာမည် တပ်နေတာလဲ ဆိုတာကိုလည်း ကျွန်တော် နားမလည်နိုင်သေးပါဘူး။

သို့သော် ဘာတာဝန်မှ မရှိသော သူတွေကတော့ ကြားရနေ ဝင်ပြီးတော့ ရေဖြတ်တောက်ခံနေရသော အလုပ်သမားတွေကို သောက်ရေ အပါအဝင် အစားအသောက်များလည်း လှူဒါန်းနေတယ်လို့ သိရ ၊ မြင်ရပါတယ်။ လုပ်သင့်ပါတယ် ၊ ဖြစ်သင့်ပါတယ်။ ဒါ တိုင်ရီက အလုပ်သမား အတွက်ပဲ မဟုတ်ပါဘူး။ ဒါ မြန်မာတနိုင်ငံလုံးနဲ့ ဆိုင်တာပါ။ ဆရာ ဦးဘုန်း ( ဓါတု ) ဟောသွားတဲ့ စာပေဟောပြောပွဲထဲကလို ကိုယ့်မှာ လာမဖြစ်လို့ " အသာတော့ မနေလိုက်ပါနဲ့။ "  " အသာနေရင် အသေနာတယ် " လို့ ဆရာဦးဘုန်းကတော့ သာဓကလေးတွေနဲ့ ဟောသွားပါတယ်။

အခု အလုပ်သမားနဲ့ အလုပ်ရှင် တိုက်ပွဲဟာ တိုင်ရီနဲ့ပဲ ဆိုင်တာ မဟုတ်ပါ။ ကျွန်တော်တို့ မြန်မာတနိုင်ငံသားလုံးနဲ့ ဆိုင်ပါတယ်။ ဒီလိုပဲ ကျွန်တော်က မြင်မိတယ် ၊ ခံစားမိပါတယ်။ အစားအသောက် ၊ သောက်ရေ လှူသူတွေ အားလုံးကိုလည်း ကျေးဇူး အထူးတင်ကြောင်း ဒီနေရာကနေ မှတ်တမ်း တင်အပ်ပါတယ်။

စဉ်းစားကြည့်ပါဦးဗျာ။ ဖောက် ခနဲ အအေးဗူးလေး တစ်ဗူးကို ( ဥပမာ - Coke ပေါ့ ) ဖောက်သောက်ဖို့ မော့လိုက်တဲ့ အချိန်မှာ မြန်မာငွေ ငါးရာကျပ် ကျတယ် ဆိုပါစို့။ ဒီဗူးလေးကို ကုန်အောင် မော့သောက်လိုက်မဲ့ အချိန်မှာ တစ်နာရီတော့ မကြာပါဘူး။ ဒီနေရာမှာ Coke ဗူး မဟုတ်ဘဲ ဘီယာဗူး ဆိုရင်တော့ ပိုဆိုးသွားပြီပေါ့။ ဒီလို တစ်နာရီ မကြာတဲ့ ဗူးတစ်ဗူးကို သောက်နေတဲ့ အချိန်မှာ ဒီအအေးဗူး တစ်ဗူးဖိုး ရအောင် တိုင်ရီက အလုပ်သမားတွေ ဘယ်နှစ်နာရီလောက်များ အလုပ်လုပ်နေကြရမလဲ။

အခုလို သူတို့ မိသားစု အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ အချိန်မှာ ကိုယ် ဂွပ် ခနဲ မော့သောက်လိုက်မဲ့ အအေးဗူး ( သို့ ) ဘီယာဗူးငွေထဲမှ သူတို့အတွက် ( သို့ ) သူတို့ဆင်နွဲနေသော မြန်မာနိုင်ငံကို ကိုယ်စားပြုသော တိုက်ပွဲ အတွက် တတ်နိုင်တဲ့ ဘက်က တတ်နိုင်သလောက် လှူဒါန်းကြပါဦးလို့ နှိုးဆော်လိုက်ပါတယ်။ 

လှူဒါန်းနေသူတွေ အားလုံးကိုလည်း ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်ပါတယ်ဗျာ။

လေးစားစွာဖြင့်
ကိုဇော်
22-Feb-2012

Share/Bookmark

23 January 2012

13 ကြုံရင် ပုံပြင် ပြောပါ ( ၅ )



လူတွေမှာ အမျိုးမျိုး အစားစား ရှိတတ်ကြတယ် မဟုတ်လား။ တချို့က ဘာရယ် မဟုတ် ၊ ကိုယ့်အမြင် ကိုယ့်အတွေးတွေကို တိုက်ရိုက် ချရေးပြကြသလို ၊ တချို့ကျတော့လည်း ပုံတို ပတ်စလေးတွေ ၊ စကားပုံလေးတွေ ၊ ဆိုရိုးစကားလေးတွေ ၊ ပုံပြင်လေးတွေနဲ့ ပြောတတ်ကြတယ်။ ကျွန်တော်ကတော့ ပုံပြင်တွေကို ချစ်တယ်။

အခုတလော တိုက်ပွဲ ပြင်းထန်နေတဲ့ Facebook ပေါ်မှာ ဟိုဟိုဒီဒီ လိုက်ဖတ်ရင်းနဲ့ ဟိုးအရင်က ပုံပြင်လေးတွေကို ပြန်သတိရမိပါတယ်။ သတိရတဲ့ ပုံပြင်ထဲက နှစ်ပုဒ်ကို ဟိုးအရင်က ကျွန်တော့်ကို အိပ်ယာဝင် ပုံပြင်တွေ အနေနဲ့ အဘွား ဖြစ်သူက ပြောပြခဲ့ဖူးပြီး ကျွန်တော် နားထောင်ခဲ့ရဖူးတဲ့ အတိုင်း ပြန်လည် ဝေမျှလိုက်ပါတယ်။



ပုံပြင် ( ၁ )

တစ်ခါက . . .

ရွာကြီး တစ်ရွာမှာရှိတဲ့ လူတွေ အားလုံးဟာ ကြောက်ရွံ့ထိတ်လန့်စွာနဲ့ နေနေကြရသတဲ့။ သူတို့တွေ ဘာကို ကြောက်နေကြတာလဲ ဆိုရင် သူတို့ ရွာကနေ အပြင်ကို သွားမယ် ဆိုရင် တောအုပ်ကြီး တစ်ခုကို ဖြတ်ကျော်ကာ သွားကြရသည်။ အဲဒီ့ တောအုပ်ကြီးထဲက ကျောက်ဂူကြီးထဲမှာ နေထိုင်တဲ့ ဘီလူးကြီး တစ်ကောင်ဟာ လာသမျှ လူတွေကို ဖမ်းဆီးပြီးတော့ စားသောက်လေ့ ရှိ၏။ လူတွေက ကြောက်တာတော့ ကြောက်တယ် ဘယ်လို သုတ်သင် ရှင်းလင်း ရမယ် ဆိုတာတော့ မသိခဲ့ကြဘူး။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ခံစားလာရတော့ ဒီဘီလူးကြီးကို ရှင်းလင်းသုတ်သင်ပစ်ဖို့ စဉ်းစားလာကြ၏။ ဒါပေမဲ့လည်း ဘယ်သူက ဦးဆောင်ပြီးတော့ ရှင်းလင်းမယ် ဆိုတဲ့ ခေါင်းဆောင်ကို ရှာမရတော့ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေရသတဲ့။

ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ရဲ့ ရွာလေးကို လူငယ်လေး တစ်ယောက် ရောက်လာခဲ့၏။ သူက ကိုယ်ခံပညာ သိုင်းကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။ ဒါနဲ့ ထိုလူငယ်လေးက တောအုပ်ထဲမှာ မင်းမူနေတဲ့ ဘီလူးကြီးကို နှိမ်နင်းမယ် ဆိုပြီးတော့ လူငယ်လေးက ဆို၏။ နောက်တော့ သူက တောအုပ်ထဲကို တတ်ကြွစွာ ဝင်ရောက် သွားလေတော့သည်။ ဒါပေမဲ့ သူ့ကို ပြန်ထွက်လာနိုး ပြန်ထွက်လာနိုးနဲ့ ရွာက လူတွေက မျှော်လင့်နေပေမဲ့ ဘယ်တော့မှ ပြန်မထွက်လာတော့ဘူးတဲ့။

ဒီလိုနဲ့ အချိန် တစ်ပတ်လောက်လည်း ကြာရော တောအုပ်ထဲမှာ ဟိုးအရင်က ဘီလူးကြီး ပျောက်ကွယ် သွားကာ သိုင်းကျွမ်းကျင်သော ဘီလူးကြီး တစ်ကောင် ပေါ်ထွက်လာသတဲ့။ ဒီတော့ ရွာသားတွေ အရင်က ဘီလူးထက် ပိုပြီးတော့ ကြောက်ရွံ့လာခဲ့ကြရ၏။ အရင်က ရိုးရိုး ဘီလူးထက် သိုင်းတတ်သော ဘီလူးကို ပိုကြောက်လာရတော့သည်။ အချိန်ကာလ တစ်ခုကြာတဲ့ အထိ သိုင်းကျွမ်းသော ဘီလူးကြီးကို ဘယ်သူမှ မဖီဆန်ရဲတော့ဘူးတဲ့။

တစ်နေ့ကျတော့ သူတို့ရဲ့ ရွာလေးကို ဓါးကိုင်ထားသော လူငယ်လေးတစ်ယောက် ရောက်လာခဲ့သည်။ သူက သူ့ကိုယ်သူ ဓါးသိုင်းပညာရှင်လို့ ဆို၏။ ရွာသားတွေကို ကြောက်လန့်အောင် ခြောက်လှန့်နေသော သိုင်းကျွမ်းတဲ့ ဘီလူးကြီးကို သုတ်သင်ပေးမယ် လို့ ကြွေးကြော်ကာ တောထဲကို ဝင်သွားလေတော့သည်။ ဒါပေမဲ့ တောထဲက ဘာသံမှ မကြားရဘဲ ဓါးကိုင်ထားတဲ့ လူငယ်လေးပါ ပြန်မထွက်လာတော့ဘဲ ပျောက်ကွယ်သွားတော့သည်။

ဒီလိုနဲ့ တစ်ပတ်လောက် ကြာတော့  တောအုပ်ထဲမှာ ဓါးကိုင်သော ဘီလူးကြီး တစ်ကောင် သောင်းကျန်း ခြောက်လှန့်နေတော့သည်။ ရွာသားတွေ အားလုံးလည်း အရင်က ရိုးရိုးဘီလူးထက် သိုင်းတတ်တဲ့ ဘီလူး ၊ သိုင်းတတ်တဲ့ ဘီလူးထက် အခု ဓါးကိုင်တဲ့ ဘီလူးကို ပိုပြီးတော့ ကြောက်ရွံ့လာခဲ့ကြရ၏။ ဓါးကိုင်တဲ့ ဘီလူးကလည်း အရင်က ဘီလူးတွေနဲ့ ဘာမှ မဆိုင်အောင် ပိုပြီးတော့ ရက်စက် သတဲ့။ ဒီလိုနဲ့ အချိန်ကာလ တစ်ခုကြာတဲ့ အထိ ဓါးကိုင်တဲ့ ဘီလူးကို ဘယ်သူ့မှ မဆန့်ကျင်ရဲတော့ဘူးတဲ့။

တစ်နေ့ကျတော့ သူတို့ရဲ့ ရွာလေးကို လှံကိုင်ထားတဲ့ လူငယ်လေး တစ်ယောက် ရောက်လာပြန်၏။ သူက လှံသိုင်းပညာရှင်လို့ ဆို၏။ ရွာသားတွေကို နှောက်ယှက်နေသော ဓါးကိုင် ဘီလူးကြီးကို သုတ်သင်မယ်လို့ ကြွေးကြော်သည်။ ပြီးတော့ ဓါးကိုင် ဘီလူးကြီး ရှိရာ တောအုပ်ထဲသို့ နှိမ်နင်းမယ် ဆိုကာ ဝင်သွားလေတော့သည်။ ဒါပေမဲ့ သူဝင်သွားပြီးတော့ ဘာသံမှ မကြားရတော့ဘဲ လှံကိုင်သော လူငယ်လေးပါ ပြန်မထွက်လာတော့ဘူးတဲ့။

ီဒီလိုနဲ့ တစ်ပတ်လောက် ကြာတော့ တောအုပ်ထဲမှာ လှံကိုင်သော ဘီလူးကြီးတစ်ကောင် ပေါ်ထွက်လာပြီးတော့ ရွာသားတွေကို သောင်းကျန်း ခြောက်လှန့် နှောက်ယှက်နေတော့၏။ လှံကိုင်သော ဘီလူးကြီးကလည်း အရင်က ဘီလူး ၊ သိုင်းဘီလူး ၊ ဓါးဘီလူးတွေနဲ့ ဘာမှ မဆိုင်စွာ ပိုပြီးတော့ ရက်စက် ကြမ်းကြုတ်လာသတဲ့။ ဒီိလိုနဲ့ အချိန်ကာလ တစ်ခု ကြာတဲ့ အထိ ထိုလှံကိုင်သော ဘီလူးကြီးကို ဘယ်သူမှ မဆန့်ကျင်ရဲတော့ဘူးတဲ့။

တစ်နေ့ကျတော့ သူတို့ရဲ့ ရွာလေးကို လေးနဲ့မြား ကိုင်ထားသော လူငယ်လေး တစ်ယောက် ရောက်လာခဲ့သည်။ သူက သူက မြားပစ် ဝိဇ္ဇာ ဟု ဆိုသည်။ ရွာသားတွေကို နှောက်ယှက်နေသော လှံကိုင်ထားသော ဘီလူးကြီးကို နှိမ်နင်းမည်ဟု ဆိုသည်။ ထို့နောက် သူ့ရဲ့ လေးနဲ့မြားကို ယူကာ ဘီလူးရှိရာ တောအုပ်ထဲသို့ ဝင်ရောက်သွားလေတော့သည်။ ဒါပေမဲ့ သူ ဝင်ရောက်သွားပြီးတဲ့နောက် ဘာသံမှ မကြားရတော့ဘဲ လေးနဲ့မြား ကိုင်ထားသော လူငယ်လေးပါ ပြန်မထွက်လာတော့ဘူးတဲ့။

ဒီလိုနဲ့ တစ်ပတ်လောက်လည်း ကြာရော တောအုပ်ထဲမှာ လေးနဲ့မြား ကိုင်သော ဘီလူးကြီး တစ်ကောင် ပေါ်ထွက်လာခဲ့သည်။ ထိုလေးနဲ့မြားကိုင်သော ဘီလူးကြီးက အရင်က ရိုးရိုးဘီလူး ၊ သိုင်းကျွမ်းသော ဘီလူး ၊ ဓါးကိုင်သော ဘီလူး ၊ လှံကိုင်သော ဘီလူးတွေထက် ပိုဆိုးလာကာ ပို၍ ရက်စက်လာလေတော့သည်။ ထိုအခါမှာ ရွာသားတွေက ဟိုးအရင်က ဘီလူးပေါင်းများစွာထက် အခု လေးနဲ့မြား ကိုင်ထားသော ဘီလူးကို ပို၍ ကြောက်ရွံလာကြတော့သည်။

ဒီလိုမျိုး အခြေအနေတွေ အချိန်အခါတွေ များစွာ ပြောင်းလဲလာသော အခါမှာ ရွာသားတွေက စဉ်းစားလာကြ၏။ " ငါတို့မှာ ရိုးရိုးဘီလူးကို ကြောက်နေရတဲ့ အထဲ သိုင်းတတ်တဲ့ ဘီလူးက ပေါ်လာလို့ ပိုကြောက်ကြရတယ်။ သိုင်းတတ်တဲ့ ဘီလူးကို နှိမ်နင်းလို့ မရှိတော့ဘူး ဆိုပေမဲ့ ဓါးကိုင်တဲ့ ဘီလူးပေါ်လာလို့ ပိုပြီး ကြောက်ရပြန်တယ်။ ဓါးကိုင်တဲ့ ဘီလူးပျောက်သွားပြန်တော့လည်း ပိုဆိုးတဲ့ လှံကိုင်တဲ့ ဘီလူးပေါ်လာပြန်တယ်။ လှံကိုင်တဲ့ ဘီလူးပျောက်သွားပြန်တော့လည်း အခုဆို အရမ်းဆိုတဲ့ လေးနဲ့မြားကိုင်တဲ့ ဘီလူးပေါ်လာပြန်တယ်။ နောက် . . . ဒီအတိုင်းသာ ဆက်နေရင် ဒီ့ထက် ဆိုးတဲ့ ဘီလူးတွေပဲ ထပ်ပေါ်လာဦးမယ် ထင်တယ်။ ဒါကြောင့် ငါတို့ ရွာသားတွေရဲ့ စည်းလုံး ညီညွှတ်မှုနဲ့ပဲ ဒီလေးနဲ့မြားကိုင်ထားတဲ့ ဘီလူးကို နှိမ်နင်းရမယ်။ "

ဆိုပြီးဆုံးဖြတ်ကာ ရွာသားတွေ စုပေါင်းပြီးတော့ လေးနဲ့မြား ကိုင်ထားတဲ့ ဘီလူးကို နှိမ်နင်းလိုက်တော့သည်။ လေးနဲ့မြား ကိုင်ထားတဲ့ ဘီလူးကို နှိမ်နင်းပြီးလို့ ဘီလူးကြီး သေသွားတော့မှ သူနေထိုင်ရာ ကျောက်ဂူကြီးထဲကို ဝင်ကြည့်လိုက်တော့ ဒီကျောက်ဂူကြီးထဲမှာ ရတနာ ကျောက်သံပတ္တမြားတွေက အပြည့်ပဲကိုး။ ဒီရတနာတွေရဲ့ လောဘနဲ့ လူစင်စစ်ကနေ ဘီလူး ဖြစ်ပြီးတော့ ဒီနေရာက ရတနာတွေကို သူများတွေ လာယူမှာ စိုးသော စိုးရိမ်စိတ်ကြောင့် ရွာသားတွေကို နှောက်ယှက်ကာ ရက်စက်နေကြတော့တာ ဖြစ်တယ် ဆိုတာ ရွာသားတွေ အားလုံး သဘောပေါက်သွားကြတော့၏။

ဒါနဲ့ သေသွားသော လေးနဲ့မြားကိုင် ဘီလူးအလောင်းကို မြေမြှုပ်ပြီးတော့ ကျောက်ဂူထဲမှာ ရှိသော ရတနာတွေကို ခွဲခြမ်းစိတ်ဖြာ သယ်ယူကာ ရပ်ရွာ အတွက် ကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်ကာ ပျော်ရွှင်စရာကောင်းပြီး စိုးရိမ် ထိတ်လန့်ဖွယ် မရှိသော ရွာလေး တစ်ရွာ ဖြစ်လာခဲ့ပါတော့သည်။

ပုံပြင်လေးကတော့ ဒါပါပဲ၊



ဒီပုံပြင်လေးကိုတော့ ငယ်ငယ်တုန်းက အပေါ်မှာ ကျွန်တော် ရေးပြထားတဲ့ အတိုင်း အဲဒီနေရာလောက် အထိပဲ ကျွန်တော် နားထောင်ခဲ့ရပါသည်။ အခုတော့ ဒီပုံပြင်လေးကို ရေးနေရင်းနဲ့ ကျွန်တော် ဆက်စဉ်းစားနေမိ၏။

ထိုပုံပြင်ရဲ့ အဆုံးသတ်မှာလို ကျောက်ဂူထဲက ရရှိလာတဲ့ ကျောက်မြတ်ရတနာတွေကို အညီအမျှ ဝေခွဲ မယူဘဲ သူတို့ရဲ့ ရပ်ရွာလူကြီး ( သို့ ) ခေါင်းဆောင်က လက်ဝါးကြီးအုပ်ကာ လောဘစိတ်နဲ့ ယူဆောင်သွားခဲ့မယ် ဆိုရင် အရင်က လေးနဲ့မြား ကိုင်သော ဘီလူး အပါအဝင် ဘီလူးပေါင်းများစွာထက် ပို၍ ဆိုးသော ဘီလူး တစ်ကောင်များ ထပ်မံ ပေါ်ပေါက် လာလေဦးမလားလို့ ကျွန်တော် ဆက်စဉ်းစား နေမိပါတော့သည်။



ပုံပြင် ( ၂ )

တစ်ခါက . . .

တိုင်းပြည် တစ်ပြည်မှာ အလွန်ဆိုးသော ၊ အလွန်ပင် ရက်စက် ကြမ်းကြုပ်သော ဘုရင် တစ်ပါး အုပ်စိုးသတဲ့။ ထိုဘုရင်က ပြည်သူလူထုရဲ့ လိုအပ်ချက်တွေ ၊ တောင့်တချက်တွေ ၊ မျှော်လင့်ချက်တွေ ၊ တောင်းဆိုချက်တွေကို ဘယ်တော့မှ မဖြည့်ဆည်းပေးတဲ့ အပြင် အမြဲတမ်း လျစ်လျူရှု့နေသတဲ့။

တိုင်းသူပြည်သားတွေ ငတ်မွတ်ခေါင်းပါးလာပြီးတော့ ဆင်းရဲမွဲတေလာမှုကြောင့် လိုအပ်ချက်တွေကို သွားရောက်တောင်းဆိုသူတွေတော့ ရှိခဲ့ဖူးပါ၏။ သို့သော် ဆူပူမှုဖြင့် တိုင်းပြည် မငြိမ်မသက်အောင် လုပ်တယ် ဆိုသော အကြောင်းပြချက်ဖြင့် ထိုသို့ တောင်းဆိုသူများကို ဖမ်းဆီးလိုက်လေ့ရှိသည်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာလေတော့ လိုအပ်ချက်ကို တောင်းဆိုရဲသူက တောင်းဆိုလိုက် ဘုရင်က ဖမ်းဆီးလိုက် ဆိုတာကြောင့် ဘယ်သူမှ မတောင်းဆိုရဲကြတော့ဘူး။ တောင်းဆိုသမျှ လူတွေ အားလုံးကလည်း ဖမ်းဆီးခံကြရတာကိုး။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ ထပ်ကြာအောင် သူတို့ ငတ်မွတ်စွာ ၊ ဆင်းရဲစွာ ထပ်နေကြရ၏။ ဒါပေမဲ့ တစ်နေ့တော့ သူတို့ထဲက တစ်ယောက်သော ခေါင်းဆောင်က အကြံ တစ်ခု ရ၏။ ဒီအကြံက သူတို့ရဲ့ လိုအပ်ချက်တွေကို ဘယ်လိုမှ တောင်းဆိုလို့ မရတဲ့ ဒီဘုရင်ကို မြန်မြန်သေအောင်လို့ သူတို့ အားလုံး စုပေါင်းက စိတ်ညွှတ်ပြီးတော့ ဆုတောင်းကြမယ် လို့ အဆိုတင်သွင်းသည်။ အားလုံးသော သူတွေကလည်း ဘုရင်ကို မုန်းတီးနေတာ ဆိုတော့ သူ့ရဲ့ အကြံအစည်က အထမြောက်သွားလေသည်။

ဒါနဲ့ တိုင်းသူပြည်သားတွေဟာ မြို့ထဲ ရပ်ကွက်ထဲမှာ ပေါ်ပေါ်တင်တင် လုပ်လို့ မရတဲ့ အတွက် ရွာတစ်ရွာရဲ့ အနောက်ဘက်မှာ ရှိတဲ့ ဝေးလံခေါင်ပါးသော အရပ်ဒေသမှာ ရှိတဲ့ ကျောက်ဂူကြီး တစ်ဂူထဲမှာ တိတ်တဆိတ် ကျင်းပကြသည်။ တိတ်တဆိတ်လို့ ဆိုရတာကတော့ အားလုံးက အသံပြိုင်နဲ့ " ရှင်ဘုရင်ကြီး သေပါစေ " လို့ အော်ဟစ် ဆုတောင်းနေမယ် ဆိုရင် သူတို့အားလုံး အသံက ဟိန်းထွက်လာပြီးတော့ ကျောက်ဂူ အပြင်ဘက် အထိ ရောက်ပြီးတော့ ဘုရင့်ရဲ့ ဘက်တော်သားတွေ ကြားသိကာ သူတို့ အားလုံး ဖမ်းဆီးခံရကာ ဒုက္ခ ရောက်ကုန်မှာ စိုးလို့ပဲ ဖြစ်၏။

ဒါကြောင့် သူတို့ဟာ မဖြစ်မနေ အနေနဲ့ တစ်ပတ်ကို တစ်ကြိမ် ၊ အားလပ်သူများက တစ်ပတ်ကို နှစ်ကြိမ် ၊ ဒီထက် အားလပ်သူများကတော့ တစ်ပတ်ကို သုံးကြိမ် ၊ အလုပ်အကိုင် မရှိသော သက်ကြီးရွယ်အိုတွေကတော့ နေ့စဉ် ကျောက်ဂူထဲကို သွားရောက်ကာ " ဘုရင်ကြီး သေပါစေ " လို့ ရွတ်ဆိုကာ ဆုတောင်းကြသည်။ သူတို့မှာ ဒီလို လူမသိအောင် ကျိတ်ဆုတောင်းရုံက လွဲပြီး တခြား ဘယ်နည်းနဲ့မှလည်း ဖြေရှင်းစရာ နည်းလမ်း မရှိခဲ့ကြဘူး မဟုတ်လား။

ဒီလိုနဲ့ နေ့ရက်မှာ လပြောင်း ၊ လမှ နှစ်ကူး လာခဲ့၏။ အစ ပထမကတော့ သူတို့ရဲ့ ရင်တွင်း ခံစားချက်များကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ခြင်း မလုပ်နိုင်လို့ သူတို့ဟာ ကျောက်ဂူထဲမှာ လွတ်လပ်တိတ်ဆိတ်စွာ ဆုတောင်းပြီး ကျိန်စာ တိုက်နေခဲ့ကြခြင်း ဖြစ်ပေမဲ့ လူတွေ အားလုံး တညီတညွှတ်ထဲ လေးနက်စွာ ဆုတောင်းနေကြလို့ စူးရှသော မေတ္တာ သက်ရောက်ကာ ပို၍ ထက်မြက်လာခဲ့လေတော့သည်။ ဘာလို့လဲ ဆိုတော့ သိပ်မကြာခင် အချိန်မှာ သူတို့ နိုင်ငံက ဘုရင်ကြီးဟာ လူကောင်း ပကတိကနေ ရုတ်တရက် သေဆုံး သွားခဲ့သည်။

ဘုရင်ကြီး သေဆုံးသွားတယ် ဆိုတဲ့ သတင်းလည်း ကြားရော ကျောက်ဂူထဲမှာ တိတ်တဆိတ် ဆုတောင်းပြီး ကျိန်စာ တိုက်နေခဲ့ကြသော တိုင်းသူပြည်သား များစွာ လမ်းမပေါ် တက်ပြီး ပျော်ရွှင်စွာနဲ့ ကခုန်ကြ၏။ သူတို့ကို ဆိုးသွမ်းစွာ ၊ ယုတ်မာစွာ အုပ်ချုပ်နေခဲ့သော ဘုရင်ကြီး သေဆုံးကာ အခုဆို သူတို့မှာ နောက်တက်မည့် ဘုရင်ကြောင့် အေးချမ်းစွာ နေကြရတော့မယ် လို့ သူတို့ မျှော်လင့်လိုက်လို့ပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ မျှော်လင့်ချက် မှားသွားခဲ့သည်။ နောက်ထပ် တက်လာသော ဘုရင်က အရင်က သေဆုံးသွားသော ဘုရင်ထက် လွန်စွာမှ ဆိုးသွမ်းနေလေသည်။

လိုအပ်ချက်တွေ အတွက် တောင်းဆိုတဲ့ တိုင်းသူပြည်သားတွေကို ဖမ်းဆီးရုံတင် မကဘူး။ ကြီးစွာသော အပြစ်ဒဏ်တွေကိုပါ ပေး၏။ ဆူပူသော တိုင်းသူပြည်သားတွေကိုလည်း ရက်စက်စွာ နှိပ်ကွပ်၏။ ဒီလိုနဲ့ ပို၍ ဆိုးသော မင်းတစ်ပါးကို တိုင်းသူပြည်သားတွေ ရရှိခဲ့လေတော့သည်။ ဒီတော့ သူတို့ ဟိုးအရင်တုန်းကလိုပဲ ကျောက်ဂူကြီးထဲကို သွားကာ တိတ်တဆိတ်နဲ့ နောက်ထပ်လာတဲ့ ဘုရင် မြန်မြန်သေအောင် ဝိုင်းပြီးတော့ ဆုတောင်းကြ၏။ သူတို့ရဲ့ ဝိုင်းဝန်း ဆုတောင်းကြတဲ့ စိတ်ဓါတ် ၊ မေတ္တာ အစွမ်းက ကြီးမားတာလား မပြောတတ်ပါ။ နောက်တက်လာတဲ့ ဘုရင်က သိပ်ကြာကြာ ထီးနန်းမှာ မစံစားလိုက်ရဘဲ ဘာရောဂါမှ မရှိဘဲ သေဆုံးသွာ၏။

အခုလို နောက်တက်လာတဲ့ ဘုရင်လည်း ရုတ်တရက် သေဆုံးသွားတော့ တိုင်းသူပြည်သားတွေက ဒါဟာ သူတို့ အားလုံး တညီတညွှတ်တည်း ဝိုင်းဝန်း ဆုတောင်းကြလို့ ဆိုတာကို ပို၍ လက်ခံလာကြ၏။ သူတို့ ပျော်ရွှင်စွာ နေမယ် လို့ စဉ်းစားနေစဉ်မှာပဲ နောက်ထပ် ဘုရင် တစ်ပါးက နန်းတက်လာလေသည်။ ထိုဘုရင်သည် ဟိုးအရင်က ဘုရင်တွေထက် ပို၍ ရက်စက် ကြမ်းကြုပ်လာ၏။ ပို၍ အညှာအတာ ကင်းမဲ့လာ၏။ ထို့ပြင် သူက တိုင်းပြည် အုပ်ချုပ်နေသော ဘုရင်သေအောင်လို့ တိုင်းသူပြည်သားတွေ စုပြီး ဆုတောင်းရွတ်ဆိုနေတာကို သိနေလေသည်။

ထို့ကြောင့် သူက ဘုရင် ဖြစ်လာနဲ့ တပြိုင်နက် သူ့ကို သေပါစေ ဆိုပြီးတော့ ရွတ်ဆို ဆုတောင်းနေသော နေရာများကို စုံစမ်းကာ ပြင်းထန်စွာ အရေးယူလေတော့သည်။ ဒီတော့ တိုင်းသူပြည်သားတွေမှာ ပို၍ လုံခြုံသော နေရာကို ရှာဖွေကာ ဘုရင် မသိနိုင်သော အခြေအနေကျမှ ဆုတောင်းရလေတော့သည်။ ထိုသို့ ဘုရင်က ပို၍ ဆိုးလာသလို ၊ တိုင်းသူပြည်သားတွေကလည်း ဘုရင့် အပေါ်မှာ ပို၍ မုန်းတီးလာကြလေတော့သည်။ သူတို့မှာ တခြားလည်း လုပ်စရာ မရှိ ၊ လုပ်လို့လည်း မရတဲ့ အတွက် . . . သူတို့ လုပ်ခွင့် ရသော ဆုတောင်းခြင်း တစ်မျိုး ဖြစ်သော ဘုရင် မြန်မြန်သေပါစေ ဆိုတဲ့ ဆုတောင်းခြင်းကိုသာ ပို၍ စူးစိုက်စွာ လုပ်ဆောင် ကြလေတော့သည်။

ဒီလိုနဲ့ တိုင်းသူပြည်သားတွေရဲ့ ချစ်ခင်မှု ဆိုသော မေတ္တာစိတ်ကို မရဘဲ ၊ မုန်းတီးမှု ဆိုသော ကျိန်စာတွေသာ ရသော ဘုရင်ဟာလည်း သိပ်ကြာကြာ မခံဘဲ ဘာရောဂါမှ မရှိလျက် ရုတ်တရက် သေဆုံးသွားပြန်လေတော့သည်။ ဒီအချိန်မှာတော့ သူတို့ရဲ့ ရွတ်ဆို ဆုတောင်းပွဲဟာ တိုင်းပြည်မှာ လွန်စွာမှ ထင်ပေါ်ကျော်ကြားနေခဲ့ပြီ။ နောက်တက်လာမဲ့ ဘုရင်ကလည်း ဒီအကြောင်းကို ကြားသိထားခဲ့ပြီးသား ဖြစ်၏။ ဒီတော့ သူကလည်း သူ ဘုရင် ဖြစ်လာတာနဲ့ တပြိုင်နက် သူ့ကို သေပါစေ ဆိုပြီးတော့ ရွတ်ဆို ဆုတောင်းလို့ မရအောင် ပိုပြီးတော့ ရက်စက်စွာ နှိမ်နင်းလေးတော့သည်။ ဆုတောင်းပွဲ ရှိနေသော နေရာတွေကို စုံစမ်းကာ နှိမ်နင်း၏။ ဖမ်းဆီး၏။ အကျဉ်းချလေသည်။

ဒီလိုနဲ့ နောက်တက်လာသော ဘုရင်က ပိုပြီး ပိုပြီး ရက်စက် လာလေတော့သည်။ ဒါပေမဲ့ ဆုတောင်းသူများကလည်း ပို၍ လုံခြုံသော နေရာကို ရှာဖွေကာ ဆုတောင်းလျက် ၊ ကျိန်စာ တိုက်လျက်ပါပဲ။ လူထု အပေါင်းရဲ့ ကျိန်စာကို ခံစားရသော ဘုရင် ခဗျာမှာလည်း ရေရှည် သက်ဆိုး မရှည်နိုင်ဘဲ ဘာရောဂါမှ မရှိလေဘဲ ရုတ်တရက် မေတ္တာစူးကာ သေဆုံးရပြန်လေသည်။ ထို့နောက် ဒီထက် ဆိုးသော ဘုရင် တစ်ပါး နန်းတတ်လာလေတော့သည်။ ဒီတော့ တိုင်းသူပြည်သားတွေကို ပို၍ ရက်စက်စွာ နှိမ်နင်းပြန်လေသည်။ ပြည်သူတွေကလည်း ကျိန်စာတိုက်ကြပြန်သည်။

ဒီလိုနဲ့ ဘုရင် အသစ်တစ်ပါးပြီး တစ်ပါး တတ်လာလိုက် ၊ တက်လာသော ဘုရင် အသစ်ကလည်း ဟိုးအရင်က ဘုရင်တွေထက် ပို၍ ဆိုးလာကာ ပို၍ ရက်စက်လာလေတော့သည်။ ဒီမှာ တိုင်းသူပြည်သားတွေကလည်း ကျိန်စာ တိုက်လိုက်နဲ့ သူတို့ လုံးလည် ချာလည် လည်နေလေတော့သည်။

ဒီနေ့တော့ တိုင်းပြည်မှာ လေးစားရသော ဘုန်းတော်ကြီး တစ်ပါးက အကြံကောင်း တစ်ခုကို ရလေ၏။ သူ့အကြံကောင်းကို အကောင်အထည်ဖော်ဖို့ သူ့ရဲ့ ဒကာတွေကို ဖိတ်ခေါ်ကာ အေးဆေးစွာ ပြောပြလေသည်။ ပထမတော့ သူ့ရဲ့ ဒကာတွေက လက်မခံပေ။ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့လည်း ဆိုကြ၏။ နောက်တော့ ဘုန်းတော်ကြီးရဲ့ ဆိုလိုရင်းကို သဘောပေါက်ကာ ဘုန်းတော်ကြီး ပြောဆိုတဲ့ အတိုင်း လိုက်နာကာ ကျင့်သုံးပါမည် ဟု ဝန်ခံ ကတိပြုလိုက်လေတော့သည်။

ဘုန်းတော်ကြီးရဲ့ အတွေးက ထူးခြားတယ် မဟုတ်ပေမဲ့ ဆန်းကြယ်မှုတော့ ရှိ၏။ တိုင်းသူပြည်သားတွေ ဘုရင် အဆက်ဆက် ဆိုးလွန်းလို့ ဆိုကာ မြန်မြန်သေကြေအောင် ဆုတောင်းကျိန်စာတွေ တိုက်ခဲ့ကြ၏။ ထိုသို့ လုပ်ခဲ့တဲ့ အတိုင်းလည်း ထိရောက်စွာ ထိုဘုရင်တွေသည် လျင်မြန်စွာ နန်းသက် မကြာဘဲ သေဆုံးခဲ့ကြရသည်။ ထိုသို့ ကျိန်စာ တိုက်ခြင်းတွေ ဘုန်းတော်ကြီးတွေ မပါပေမဲ့ ကန့်ကွက်ခြင်းတော့ မရှိခဲ့။ သေဆုံးသွားသော ဘုရင့် နေရာမှာ နောက်ထပ် တက်လာသော ဘုရင်က ရှေ့က ဘုရင်ထက် ပို၍ သာလွန်ကာ ဆိုးသွမ်းနေလေသည်။ ဒီတော့ တိုင်းသူပြည်သားတွေ ဒီဘုရင် သေအောင် ထပ်ကျိန်စာ တိုက်ကြပြန်လေတော့သည်။

ဒီလိုနဲ့ ဘုရင် အသစ်သေလိုက် ၊ နောက်ထပ် အသစ်တက်လာလိုက် ၊ တတ်လာတဲ့ ဘုရင်က အရင် ဘုရင်ထက် ဆိုးနေလိုက် ၊ တိုင်းသူပြည်သားတွေ ကျိန်စာတိုက်လိုက် ၊ သေဆုံးသွားလိုက် ၊ နောက်ထပ် အသစ် တတ်လာလိုက် ၊ တတ်လာတဲ့ ဘုရင် အသစ်ကလည်း အရင်က ဘုရင်တွေထက် ဆိုးလာလိုက်နဲ့ ငါတို့ လုံးလည် ချာလပတ် ရမ်းနေခဲ့ရပြီ။ အခုတော့ ဒကာတို့ ဒီလို မလုပ်သင့်တော့ဘူး ဟု ဘုန်းတော်ကြီးက ဆို၏။ အခု လက်ရှိ ဘုရင်ကို မကောင်းဘူး ဆိုကာ ကျိန်စာတိုက်တယ် ဆိုပါစို့။ ဒီဘုရင်က သေဆုံးပြီး နောက်ထပ် တတ်လာသော ဘုရင်က ပို၍ ဆိုးနေမည် ဆိုပါက ဒကာတို့ရဲ့ လိုအပ်ချက် ဖြစ်သော ဘုရင်ကောင်း ဆိုတာကို ဘယ်မှာ ရလာပါတော့မည်နည်း။

ဒါကြောင့် လုပ်သင့်တာက အခု လက်ရှိ ဘုရင်သာ သေသွားပြီး နောက်ထပ် ပိုဆိုးသော ဘုရင်သစ် တတ်မလာလေအောင် လက်ရှိ ဘုရင်ကိုပဲ အကောင်းဘက်ကို ပြောင်းလဲနိုင်အောင် အသက်ရှည်စေဖို့ ဝိုင်းပြီး ဆုတောင်းပေးရင် မကောင်းဘူးလား ဟု ဘုန်းတော်ကြီးက မြိန့်ကြားလေသည်။ အစ ပထမမှာ တိုင်းသူပြည်သားတွေက လက်မခံ ၊ မဖြစ်နိုင်ဘူးဟု ဆိုပေမဲ့ သူတို့လည်း သိတော့ သိနေခဲ့ပြီ။ ဒါနဲ့ နောက်ဆုံးမှာ ဘုန်းတော်ကြီး ပြောတဲ့ အတိုင်း လက်ခံပြီး သူတို့ ရွတ်ဆိုကာ " ဘုရင် မြန်မြန် သေပါစေ " ဆိုတဲ့ ကျိန်စာ အစား ၊ " ဘုရင် သက်တော် ရာကျော် ရှည်ကာ ကျန်းမာပါစေ ၊ ပြည်သူလူထုကို စောင့်ရှောက်ပါစေ။ " ဆိုတဲ့ ဆုတောင်းကို ပြောင်းဆုတောင်းခဲ့ကြသည်။

ဒီအချိန်မှာတော့ နောက်ထပ် တတ်လာတဲ့ ဘုရင်ကြီးက သူ့အပေါ်မှာ တိုင်းသူပြည်သားတွေ ဟိုးအရင်က ဘုရင်တွေလိုပဲ " မြန်မြန်သေပါစေ " လို့ပဲ ဆုတောင်းနေမယ် လို့ ထင်နေခဲ့ပြီး သူလည်း ကျိန်စာ သင့်ကာ မြန်မြန်သေတော့မှာပဲ လို့ ထင်နေခဲ့၏။ ဒါကြောင့် တိုင်းသူပြည်သားတွေ ကျိန်စာတိုက်မဲ့ နေရာတွေကို စုံစမ်းနေခဲ့၏။ စုံစမ်းလို့ ရသမျှ နေရာတွေကိုလည်း ဆက်လက် ဆုတောင်းလို့ မရအောင် နည်းမျိုးစုံနဲ့ နှောက်ယှက် ဟန့်တားသည်။ ဒီလိုနဲ့ လပေါင်း အတော် ကြာတဲ့ အထိ ဘုရင်ကြီး မသေဆုံးပေ။ သူ့အရင်က ဘုရင်တွေ ဆိုရင် လ အနည်းငယ်သာ ဘုရင်အဖြစ် စံစားရကာ သေဆုံး ကြရလေသည်။ အခုတော့ လမှ နှစ်တောင်မှ ကူးတော့မည် သူ ဘာဆို ဘာမှ မဖြစ်။

ဒီအချိန်မှာတော့ တိုင်းသူပြည်သားတွေဟာ ဘုန်းတော်ကြီးရဲ့ ဆိုဆုံးမမှု အောက်မှာ အားလုံး တညီတညွှတ်တည်း ဘုရင်ကို သေပါစေ ဆိုပြီး ကျိန်စာ မတိုက်တော့ဘဲ ၊ ဘုရင်ကြီး အသက်ရှည်ပါစေ ၊ ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါစေ ဟုသာ ဆုတောင်းမေတ္တာ ပို့နေခဲ့ကြတော့သည်။ အချိန်ကြာလာတာနှင့်အမျှ တိုင်းသူပြည်သားတွေရဲ့ မေတ္တာပို့မှုကလည်း ပိုပြီးတော့ အင်အား ကောင်းလာခဲ့၏။ ဘုရင်ကြဲီး လအနည်းငယ်နဲ့ မသေရုံမက နှစ်စွန်းတောင်မှ ဘာဆို ဘာမှ မဖြစ်။ ကျန်းမာလျက်ပါပဲ။ ဒီအချိန်မှာ ဘုရင်ကြီးက အတော်ကို အံ့သြလျက် ရှိနေခဲ့ပြီ။

ဘာလို့လဲ ဆိုတော့ သူ စုံစမ်းခိုင်းလို့ တိုင်းသူပြည်သားတွေ ဟိုးအရင်ကလို ဆုတောင်းပွဲတွေ လုပ်နေတုန်း ဆိုတာကိုလည်း သတင်းက ရ၏။ ထိုဆုတောင်းပွဲတွေမှာ ဘာတွေ ဆုတောင်းနေတယ် ဆိုတာ သူက မသိပေမဲ့ သူ့အထင်တော့ " ဘုရင် မြန်မြန်သေပါစေ " လို့ဆိုတောင်းနေတာပဲ ဖြစ်ရမည် ဟု သူက ထင်၏။ ဒါကြောင့် ထိုဆုတောင်းပွဲတွေ မလုပ်ဖြစ်အောင် သူ နည်းမျိုးစုံနဲ့ နှောက်ယှက်ဟန့်တားလေ့ ရှိသည်။ အခုတော့ ဒီလို ဆုတောင်းပွဲတွေ တိုင်းသူပြည်သားတွေ လုပ်နေရင်းနဲ့ကို သူ အသက်မသေ ၊ အသက်ရှည်ကာ ကျန်းမာလျက် ရှိနေလေသည်။

ဒါဆို တိုင်းသူပြည်သားတွေ ဘာတွေကိုများ ဆုတောင်းနေကြသလဲ လို့ သူ သိချင်လာသည်။ ဒါကြောင့် တစ်ညသော အခါမှာ ဘုရင်ကြီးဟာ သူ့ရဲ့ လူယုံနဲ့ အတူ ရုပ်ဖျက်ကာ တိုင်းသူပြည်သားတွေ လျှို့ဝှက်စွာ ဆုတောင်းသော ဆုံရပ်နေရာကို တိတ်တဆိတ် စုံစမ်းကာ သာမာန်လူ အသွင်ဖြင့် သွားရောက်လေတော့သည်။ တိုင်းသူပြည်သားတွေ ဆုတောင်းနေသော နေရာကို ရောက်တော့ သူ့အထင်ထက် လွန်စွာမှ များပြားသော ဆုတောင်းနေသူတွေကို မြင်ရလေတော့သည်။ သူကလည်း ရောယောင် လိုက်ပါသွားကာ ဆုတောင်းသူ လိုလိုဖြင့် အထဲကို လိုက်ဝင်သွားလေတော့သည်။

အထဲကို ရုပ်ဖျက်ထားသော ဘုရင်ကြီး ရောက်သွားတော့ ဆုတောင်းနေသူများ၏ အသံများကို ကြားရလေတော့သည်။ တကယ်တော့ ဆုတောင်းနေသူများက တီးတိုး ရွတ်ဆိုကြခြင်းမျှသာ ဖြစ်၏။ သို့သော် လူပေါင်းများစွာရဲ့ ရွတ်ဆိုမှု ဆိုတော့ အသံတွေကို ထင်ရှားစွာ ကြားရလေတော့သည်။

" တိုင်းပြည်ကို အုပ်ချုပ်နေသော ဘုရင်ကြီး ကျန်းမာပါစေ ၊ ချမ်းသာပါစေ ၊ ပြည်သူ လူထုရဲ့ အကျိုးကို သယ်ပိုးနိုင်ပါစေ။ "

ဆိုသော အသံကို ဘုရင်ကြီး လုံးဝ မမျှော်လင့်ထားဘဲ ကြားလိုက်ရလေတော့သည်။ ဒီအသံကို ကြားလိုက်ရတော့ ဘုရင်ကြီးရဲ့ စိတ်ထဲမှာ နွေးခနဲ ဖြစ်သွားကာ ခေါင်းထဲမှာလည်း မိုက်ခနဲ ခံစားလိုက်ရသည်။ သူ့ရဲ့အထင်မှာ တိုင်းသူပြည်သားတွေက သူ့ကို သေပါစေ ဆိုကာ ကျိန်စာ တိုက်နေမယ် လို့ သူက ထင်ထားခဲ့ပေမဲ့ တကယ်တော့ တိုင်းသူပြည်သားတွေက သူ့ကို ဆုတောင်းမေတ္တာ ပို့သနေခဲ့ကြတာ မဟုတ်ပါလား။

အထင်နဲ့ အမြင် လွဲမှားမှုကို လက်တွေ့ မြင်ခဲ့ရသော ဘုရင်ကြီးဟာ အပြန်လမ်း တလျှောက်မှာ များစွာသော အတွေးတွေနဲ့ နန်းတော်ကို ပြန်လာခဲ့၏။ ငါကသာ ငါ့အပေါ်မှာ ကျိန်စာ တိုက်နေမှာပဲ ဆိုပြီးတော့ တားဆီးခဲ့တဲ့ ဆုတောင်းပွဲတွေမှာ သူတို့က တကယ်တော့ ငါ့အပေါ်မှာ ဆုတောင်းမေတ္တာပို့သနေတာပါလား။ ငါကသာ သူတို့ကို နှိပ်ကွပ်နေတာ တကယ်တော့ သူတို့က ငါ့ကို ကောင်းကျိုးလုပ်ပေးဖို့ ဆုတောင်းနေကြတာပါလား ဆိုတဲ့ အသိတွေ ၊ နောင်တတွေနဲ့ ပြန်လာခဲ့သည်။

ဒီလိုစိတ်ကူးတွေနဲ့ အသိတရားတွေ ရသွားခဲ့တဲ့ ဘုရင်ကြီးဟာ နောက်နေ့ မနက်မိုးလင်းတယ် ဆိုတာနဲ့ တပြိုင်နက် သူ့ရဲ့ တိုင်းပြည်မှာ ရှိသော တိုင်းသူပြည်သားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာ မက ဆုတောင်းရွတ်ဆိုပွဲများ ၊ လိုအပ်ချက်များကို လာရောက်တောင်းဆိုပွဲများကို လွတ်လပ်စွာ ပြုလုပ်ခွင့်ပေးပြီးတော့ တိုင်းသူပြည်သားတွေရဲ့ တကယ့် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးကာ ပျော်ရွှင်စွာနဲ့ တိုင်းသူ ပြည်သားတွေ ချစ်သော ဘုရင် တစ်ပါး အဖြစ်နဲ့ နှစ်ပေါင်းများစွာ စိုးစံရင်း အသက်ကြီးရင့်ထိတိုင်အောင် အုပ်ချုပ်ကာ မင်းလုပ်သွားခဲ့ရလေတော့သည်။

ဒီဘုရင်ကြီးကို အတုယူပြီးတော့ နောက်ထပ် တတ်လာတဲ့ ဘုရင်တွေ အားလုံးကလည်း ဒီဘုရင်ကြီး အတိုင်းပဲ ဆက်လက် တိုင်းသူပြည်သားတွေရဲ့ ဆုတောင်းမှုတွေကို လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပေးပြီးတော့ ၊ တိုင်းသူပြည်သားတွေရဲ့ ရင်တွင်းအသံတွေကိုလည်း နားထောင်ကာ ဖြည့်ဆည်းပေး၍ ကောင်းမွန်စွာ အုပ်ချုပ်ပေးနေလေတော့သည်။

အဲဒီအချိန်မှာတော့ တိုင်းသူပြည်သားတွေရဲ့ စုပေါင်းရွတ်ဆိုကာ ဆုတောင်းတဲ့ ဆုတောင်းကတော့  . . . .

" ဘုရင်မင်းကြီး ကျန်းမာ ချမ်းသာပါစေ ၊ အသက်ရှည်ပါစေ ၊ တိုင်းပြည်ရဲ့ အကျိုးကိုလည်း တိုးတတ်အောင် ဆောင်ရွက်နိုင်ပါစေ။ "

ဆိုသော သံပြိုင်ရွတ်ဆိုသံများပဲဖြစ်ပါတော့သည်။

ပုံပြင်လေးကတော့ ဒါပါပဲ။



ဒီပုံပြင်လေးကိုတော့ ငယ်ငယ်တုန်းက အပေါ်မှာ ကျွန်တော် ရေးပြထားတဲ့ အတိုင်း အဲဒီနေရာလောက် အထိပဲ ကျွန်တော် နားထောင်ခဲ့ရပါသည်။ အခုတော့ ဒီပုံပြင်လေးကို ရေးနေရင်းနဲ့ ကျွန်တော် ဆက်စဉ်းစားနေမိ၏။

ဒီလို ဘုရင်မျိုးသာ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိနေခဲ့မယ် ၊ ရှိနေခဲ့တယ် ဆိုရင်ပေါ့လေ။ ကျွန်တော်တို့ တိုင်းသူပြည်သားတွေရဲ့ ရင်ထဲက တကယ်ကို ရွတ်ဆိုချင်နေတဲ့ အသံတွေကို ဒီလို တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဘုရင်ကြီး ပြည်သူတွေထဲ အထိ ရုပ်ဖျက်ဝင်ရောက်ကာ လာရောက် နားထောင်နိုင်ပါစေ . . . လို့သာ။



ကျွန်တော် ငယ်ငယ်တုန်းက နားထောင်ခဲ့ရသော ပုံပြင်လေးတွေပါ။ အခုလို အရွယ်မှာ ပြန်လည် တွေးကြည့်တော့ ထပ်ပြီးတော့ ကွန့်ချင်သော အကြောင်းအရာလေးတွေ ပေါ်လာမိ၏။ ဒါကလည်း ကောင်းစေချင်တဲ့ စိတ်စေတနာနဲ့ပါ။ အခြေအနေ ပေးရင် တခြားသော ပုံပြင်လေးတွေ ဆက်ရေးပါဦးမယ်။ ဖြစ်နိုင်မယ် ဆိုရင်ပေါ့ . . . ဒီပုံပြင်လေးတွေကို ကလေးတွေရဲ့ စိတ် ၊ နား ၊ ရင်ထဲ ရောက်အောင် " ကြုံရင် ပုံပြင် အဖြစ်နဲ့ ပြောပြပေးပါ။ "


ဘာလိုလိုနဲ့ ကျွန်တော် စုထား ၊ စိတ်ကူးပုံဖော်ထားတဲ့ ပုံပြင်လေးတွေကို " ကြုံရင် ပုံပြင် ပြောပါ " ခေါင်းစဉ် အောက်မှာ ရေးခဲ့တာ အခုဆို နံပါတ် ( ၅ ) တောင်မှ ရောက်လာခဲ့ပြီ။ အားပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ အရင်က ပုံပြင်လေးတွေကို ဆက်ဖတ်ချင်ရင် - 







လေးစားစွာဖြင့်
ကိုဇော်
23-Jan-2012

Share/Bookmark

15 January 2012

12 ဝိုင်းတွေးကြည့်ရအောင်


လေးစားရပါသော စာဖတ်သူများ ခင်ဗျာ။

၁၂ ရက်နေ့က ကျွန်တော် စာရေးနေပါသေးတယ်။ ဒါပေမဲ့ ရေးနေရင်း ရင်ခုန်စရာ သတင်းကို ကြားပြီးတော့ ဖြစ်မှ ဖြစ်ပါ့မလား ဆိုတဲ့ အတွေး ၊ ဖြစ်များ ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးတွေကြောင့် စာလည်း ဆက်မရေးနိုင်တော့ပါဘူး။ မောတာ နဲ့ ပျော်တာ ရောသွားတယ် ဆိုပါတော့ဗျာ။ ဒါနဲ့ပဲ နောက်နေ့ ၁၃ ရက်လည်း ရောက်ရော ကိုယ့်အမျိုးတွေ မပါဘဲနဲ့ကို အလွန်ကို ပျော်သဗျာ။ ဝမ်းလည်း လွှတ်သာတယ်။ 

ဒါနဲ့ပဲ ဒီနေ့ အထိ စာရေးဖို့ ပြန်ပျင်းသွားပြန်ရော ဆိုပါတော့။ ဒါပေမဲ့ ဒီနေ့တော့ ပျော်စရာ နှစ်သစ်ကူးပြီး ပျော်စရာ သတင်းတွေ ကြားအပြီးမှာ ရယ်စရာ ပျော်စရာလေး ဖြစ်အောင် " ပုံအတွေး " ပုံလေး တစ်ပုံကို တင်လိုက်ပါတယ်။ ဒီပုံလေးကို ကြည့်ပြီးတော့ လွတ်နေတဲ့ စာနေရာမှာ ဘာဖြည့်ရေးရင် ကောင်းမလဲလို့ ဝိုင်းတွေးကြည့်ရအောင်ဗျာ။ 

အပျော်ပေါ့။ 

ဒါပေမဲ့ ဒီလို ကိုယ်တွေးလိုက်တဲ့ အပျော် အတွေးလေးက မြန်မာနိုင်ငံမှာ မတ်လဆိုရင် သုံးသိန်းကျပ်နဲ့ ရောင်းမဲ့ စီမံချက်အစား မြန်မာနိုင်ငံသား အားလုံး လွယ်ကူစွာ သုံးစွဲ ဝယ်ယူနိုင်သော ၅၀၀၀ ကျပ်တန် ဟန်းဖုန်း စီမံချက် အတွက် အထောက်အကူသာ ဖြစ်လာခဲ့မယ် ဆိုရင် အခုလို တွေးရ ရေးရတာလေးက ပျော်စရာလေး အပြင် ပီတိလေးပါ ဖြစ်လာရမှာပေါ့ဗျာ။ 

ဒီပို့စ်လေးရဲ့ ခေါင်းစဉ် " ဝိုင်းတွေးကြည့်ရအောင် " ဆိုတာလေးကို ထပ်နှိပ်လိုက်ပါ။ ဒါဆိုရင် ပို့စ်ရဲ့ အောက်ခြေမှာ " x ရဲ့ ထင်မြင်ချက် " ဆိုတာလေးကို နှိပ်ပြီးတော့ Comment ရေးပြီး အတွေးလေးကို ထားခဲ့နိုင်သလို ၊ ပို့စ်ရဲ့ အောက်ခြေမှာ ပေါ်လာသော Facebook Plus In Comment Box လေးမှာလည်း ရေးထားခဲ့လို့ ရပါတယ်။ 

ပျော်စရာ အတွေးလေးပေါ့ဗျာ။ အမှတ်တရလေး ရေးခဲ့ကြပါဦး။

 


ဒီပုံလေးရဲ့ မူရင်း ကာတွန်း ဆရာက " ဟာကျူလီ " လို့ သိရပါတယ်။ သူ့ဆီကနေ တိုက်ရိုက် ခွင့်တောင်းထားခြင်း မရှိပါဘူး။ Facebook ကနေ ကျွန်တော် ယူတင်လိုက်တာပါ။

လေးစားစွာဖြင့်
ကိုဇော်
15-Jan-2012
Share/Bookmark