မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 December 2009

5 အမေ့ မုန့်ဖိုး




“ ေ ရ ာ႔. . .ယူ ေ လ သ ာ း ။ ”

ကျွန်တော် တုန်ရီစွာနဲ့ ပေးနေသော အမေ့လက်ကို ကြည့်ရင်း စိတ်တွေ အဝေးနေရာကို ပြန်ရောက်ခဲ့ပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ မေမေ မုန့်သည် လာနေပြီ။ ”

“ သြော်..ဟုတ်လား သားရေ။ ”


“ ဟုတ်တယ်..ခေါ်လိုက်မယ်နော်။ ”


“ မခေါ်နဲ့..သားရေ ။ ဒီအသည်က ညစ်ပတ်တယ်ကွ။ နောက်အသည်မှ စားနော်။ ”


“ ဟုတ်ကဲ့။ ”


ဒါနဲ့ပဲ ကျွန်တော် ရဲ့ နေ့လည်မှာ ကျွန်တော့်ဖာသာ အိပ်ပျော်သွားခဲ့တယ်။ တကယ်တော့ မေမေက ကျွန်တော့်ကို သွားရည်စာ မစားစေချင်သေးလို့ နောက်အသည်ဆိုပြီး နှစ်သိမ့်ခဲ့တယ် ဆိုတာ နောက်မှ သိခဲ့ရတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် ကြီးပြင်းခဲ့ရပါတယ်။ အဲဒီတုန်းက ကျွန်တော် ၅ နှစ်။

ကျွန်တော့်မှာ အစ်မ တစ်ယောက်နဲ့ ကျွန်တော် နှစ်ယောက်တည်းသာ မောင်နှမ ရှိပါတယ်။ ငယ်ငယ်ကတည်းက ကွယ်လွန်ခဲ့ ကျွန်တော့်အဖေကို ကျွန်တော် မမှိတ်မိလိုက်ပါ။ ဒီအတွက် ကျွန်တော့်ကို အမေက အဖေလို မေတ္တာတွေပါ ပေးခဲ့တယ်။ အေးဆေးလှတဲ့ ကျွန်တော့်အစ်မ အတွက်ကလည်း အမေ့နားမှာ ကျွန်တော် ကပ်နေလို့ သူ့မှာ မနာလို စရာ မရှိပါ။ သူ့မှာ ကျွန်တော် တစ်ယောက်ပဲ မောင်ရှိတယ်။ ဒီလိုနဲ့ပဲ ကျွန်တော့်ဘဝမှာ မိသားစု ဆိုတာ ဖြစ်လာခဲ့တယ်။

“ မေမေရေ ၊ သားတို့ ကျောင်းသွားတော့မယ်လေ။ လိုက်ပို့မှာ မဟုတ်လား။ ”

အိမ်ထဲရောက်နေတဲ့ မေမေ့ကို ကျွန်တော် လှမ်းအော်ပြောရင်း ကျွန်တော် ခေါ်လိုက်တယ်။

“ လာပါပြီ သားရယ်။ သားဘောင်းဘီတွေ မီးပူ တိုက်နေတာလေ။ အခု မီးပူ ပိတ်နေလို့ပါ။ ”

“ ဟုတ်..သွားမယ် မေမေ။ ”

ကျွန်တော် မေမေ့လက်ကို ဆွဲရင်း ခုန်ပေါက်ပြီး လျှောက်လိုက်လာတယ်။ မမ ကတော့ အေးဆေးသူ ပီပီ အရှေ့မှာ သူ့ဖာသာ ဟိုတွေး ဒီငေးရင်း သွားနေတယ်။

“ မေမေ ။ သား စက်ရုပ်ကြီး လိုချင်တာ ဘယ်တော့ ဝယ်ပေးမှာလဲ။ ထွန်းထွန်း ကို သူ့အမေက ဝယ်ပေးပြီးပြီး ပြောတယ်။ ”

“ ဝယ်ပေးမှာပေါ့ သားရယ်။ မေမေက သားကို ထွန်းထွန်း ထက်ကြီးတဲ့ စက်ရုပ်ကြီး ဝယ်ပေးမှာ. .။”


မေမေ ဒီလို နှစ်သိမ့်လိုက်တိုင်း ကျွန်တော် ကျေနပ် သွားစမြဲ ။ ဘာလို့လည်း ဆိုတော့ မေမေက သူဝယ်ဖို့ လမ်းကြုံတာနဲ့ ဝယ်ပေးမြဲပါပဲ။ ကျွန်တော်တို့ ကျောင်းရှေ့ရောက်လာတော့ ကျောင်းကို ကျွန်တော်တို့လိုပဲ သားသမီးတွေကို မိဘတွေက ကျောင်းလိုက်ပို့ကြတယ်။ ကျွန်တော့်မှာ ထူးခြားတာ တစ်ခုက သေချာ မမြင်ဖူးလိုက်တဲ့ အဖေကို ဘာလို့ သူများတွေလို မရှိတာလည်း ဆိုပြီး ကျွန်တော် စိတ်မကောင်းဖြစ်ပြီး မပူဆာတတ်ခြင်းပါပဲ။

ကျွန်တော့်စိတ်ထဲမှာ အဖေက သေသွားတဲ့ အတွက်ကြောင့် သူများတွေလို မရှိရကောင်းလား ဆိုပြီး ဝမ်းမနည်းမိ ။ ဒါဟာ ပိုလျှံစွာ ကျွန်တော်အပေါ် ဖိတ်ကျနေတဲ့ မိခင်ဆိုတဲ့ မေတ္တာရဲ့ အရှိန်အဟုန် ရေတံခွန်ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ မေမေ မေတ္တာ ရေတံခွန်အောက်မှာ ကျွန်တော် လွန်စွာမှ အေးဆေး ပျော်ဝင်နေခဲ့ပြီ။ မရှိတော့တဲ့ ဖခင်ကို ကျွန်တော် မလွမ်းမိတော့ပါ။ ကျွန်တော်လည်း မမြင်ဖူးခဲ့။

“ သား.။ အရမ်းတွေ မဆော့နဲ့နော်။ ခုန်တွေပေါ်တတ်ပြီး မခုန်ချနဲ့။ အပင်တွေပေါ်လည်း မတတ်နဲ့။ ”

ကျောင်းရှေ့ရောက်တော့ ကျွန်တော့်ကို မေမေက မှာနေကြ အတိုင်း မေမေက မှာတယ်။ မမ ကိုတော့ အထူးအထွေ မှာ စရာမလိုပါ။ မမကတော့ ဒီလို ဘယ်တော့မှ မဆော့သူ တစ်ယောက်။ ကျွန်တော်ကလည်း မေမေမှာ ရင် ပြန်ပြောနေကြအတိုင်းပါပဲ . .

“ ဟုတ်ကဲ့..မေမေ။ ”

ဒါဆိုရင် မေမေကလည်း ထုံးစံအတိုင်း ပိုက်ဆံအိတ်ထဲက ကျွန်တော်တို့ အတွက် မုန့်ဖိုး ကို ထုတ်ပြီး မမ နဲ့ ကျွန်တော့် အိတ်ထဲကို ထည့်ပေးတယ်။ မမ ကတော့ ဘယ်တော့မှ စစ်ဆေးသူ မဟုတ်။ ကျွန်တော်ကတော့ မမ ဘယ်လောက်ရလဲလို့ သွားလုကြည့်မိတတ်တယ်။ ကျွန်တော့်ထက် နှစ်တန်းကြီးသော မမ နဲ့ ကျွန်တော် မုန့်ဖိုးက အတူတူ။ ပြီးရင် မေမေ ပြောတယ်။

“ သား. .၊ မတည့်တာတွေ ဝယ်မစားနဲ့နော်။ ”

ပြီးရင် မမ ဘက်ကို လှည့်ပြီး . .

“ သမီးရော ၊ မတည့်တာတွေ ဝယ်မစားနဲ့နော်။ ”

ဒါဆိုရင် ကျွန်တော်နဲ့ မမ အတူတူခေါင်းငြိမ့်ပြီး ပြောဖြစ်ကြတယ်။

“ ဟုတ်ကဲ့ မေမေ။ ”

ဒါပြီးရင် ကျွန်တော်တို့ ကျောင်းထဲဝင်ကြတယ်။ ကျွန်တော်တို့ကို ကျောင်းပို့ပြီးမှ မေမေက ဈေးထဲမှာ ဖွင့်ထားတဲ့ အထည်ဆိုင်ကို သွားမယ်။ မနက်ကတည်းကနေ ဆိုင်စဖွင့်ထားတာကတော့ မေမေ အစ်မ တစ်ဝမ်းကွဲ ။ မေမေက ကျွန်တော်တို့ကို ကျောင်းပို့ပြီးမှ ဈေးထဲက အထည်ဆိုင်ကို သွားတယ်။ ညနေ ကျောင်းဆင်း ကျွန်တော်တို့ကို လာကြိုတယ်။ ပြီးရင် မေမေအထည်ဆိုင်ကို သွားတယ်။ ညနေ အထည်ဆိုင် သိမ်းမှ ကျွန်တော်နဲ့ မမ မေမေနဲ့ အတူ အထည်ဆိုင်ကနေ ပြန်လာခဲ့ကြတယ်။

ဒါဟာ ကျွန်တော့်ဘဝကို အချိန်များစွာ ကြီးစိုးထားစေမှုပါပဲ။ ဘဝမှာ ဘယ်လို အပြောင်းမလဲတွေ ရှိနေတာလဲ ကျွန်တော် မသိပါ။ လောကကြီးက ဘယ်လို ဖြစ်ပျက် ပြောင်းလဲတတ်တယ် ကျွန်တော် မသိပါ။ ကျွန်တော်ဘဝ လောကကြီးမှာတော့ ဘယ်တော့မှ မပြောင်းလဲပဲ မေမေ ပြောတဲ့ စကားလေး တစ်ခွန်းကတော့ ကျွန်တော့်ကို မုန့်ဖိုးပေးပြီးတိုင်း ပြောတတ်တယ်။

“ သား... မတည့်တာတွေ မစားနဲ့နော်။ ”

တဲ့.။ ဒီစကားကို ကျွန်တော် နှစ်ပေါင်း ၁၅ နှစ်တာမျှ နေ့စဉ် ကြားခဲ့ရတယ်။ မေမေကလည်း နေ့တိုင်းလို ကျောင်းကို လိုက်ပို့နေရင်း အိတ်ထဲကို ကျွန်တော့်ကို မုန့်ဖို့ ထည့်ပေးရင်း ပြောနေကြ။

ဒီလိုနဲ့ ကျွန်တော် အရွယ် ရောက်လာသလို မေမေလည်း ငယ်ငယ်ကလိုတော့ မဟုတ်တော့ဘူး။ အရင်လို သန်မာဖြတ်လတ်မနေပေမဲ့ ကျွန်တော့်အတွက်ဆို မေမေ ကိုယ်တိုင် လုပ်ပေးရမှ ကျေနပ်တယ်။ မေမေ့မှာ တစ်ခု အားရှိစရာ ကောင်းတာက ကျွန်တော် အရွယ် ရောက်လာသလို မမ ကလည်း အရွယ်ရောက်လာတော့ အိမ်မှုကိစ္စတွေကို မေမေ့အစား မမ က ဝိုင်းလုပ်ပေးတယ်။ ဒီတော့ မေမေမှာ ကျွန်တော့်အကျီ င်္ တွေ မီးပူတိုက်ဖို့ ၊ ကျွန်တော့်ကို မုန့်ဖိုးပေးဖို့ ၊ ပြီးတော့ မုန့်ဖိုး ပေးပြီးတိုင်း “ သားမတည့်တာတွေ မစားနဲ့နော်။ ” လို့ မှာဖို့ ၊ ပြီးရင် ဈေးထဲက မေမေ့အထည်ဆိုင်ကို သွားဖို့ ဒါပဲ ရှိတော့တယ်။

ဒီအရွယ်ကြီးရောက်မှ ကျွန်တော့်ကို ကျောင်းလိုက်ပို့ဖို့ကိုလည်း မလိုအပ်တော့ဘူးလို့ ကျွန်တော် ငြင်းဆန်ခဲ့တယ်။ ဒီအရွယ်မှာ ဘယ်မိဘကမှလည်း သူတို့ သားသမီးကို ကျောင်းလိုက်မပို့ကြဘူးလေ။ ဒီအတွက် မေမေမှာ ကျွန်တော့်ကို ပြောဖို့ စကားစု တစ်စု ပိုလာခဲ့တယ်။ ဒါကတော့. .

“ သား. .။ လမ်းသွား လာတာ သေချာ ဂရုစိုက်သွားနော်။ ”

တဲ့။ ကျွန်တော်ဒီစကားကို အသက် ၂၄ မှာ နောက်ဆုံးကြားရတာပါပဲ။ ဘာလို့လည်း ဆိုတော့ ကျွန်တော် ဒီနှစ်မှာ ဘွဲ့ရ ကျောင်းပြီးခဲ့ပြီ။ ဒီအချိန်အထိ မေမေဆီက ကျွန်တော် လက်ဝါးဖြန့် မုန့်ဖိုးတောင်းနေရတုန်းပါပဲ။ ကျွန်တော့်မှာ ဘာမှ အလုပ်ရယ်လို့ မလုပ်ဖူးသေးပါဘူး။ ဒါကြောင့် မေမေ့ဆီက ကျောင်းပြီးသည် အထိ မေမေ့မုန့်ဖိုး နဲ့သာ ကျွန်တော် အသက်ရှင်သန်ခဲ့သည်။ မေမေကလည်း အပြုံးမပျက် ကျွန်တော် လိုသမျှ မျက်နှာ မငယ်ရအောင် ဆောင်ရွက်ပေးရှာသည်။ ထိုနောက်တွင်တော့ မေမေ ပြောနေကြ စကားလေး ကို ပြောစမြဲ. . .

“ သား. ။ မတည့်တာတွေ မစားနဲ့နော်။ ”

ကျောင်းပြီးတဲ့ နောက်မှာတော့ ကျွန်တော် မေမေ့ အသိတစ်ယောက် အဆက်အသွယ်နဲ့ မြို့တစ်မြို့ရဲ့ GEC မှာ ဥက္ကဌ ရာထူးနဲ့ တာဝန်ထမ်းဆောင်ရသည်။ သို့သော် မေမေ့အိမ်နဲ့ ဝေးကွာလှသောကြောင့် ကျွန်တော် ထိုမြို့သို့ မေမေ သူ့အထည်ဆိုင်ကို ပစ်ပြီး ဘယ်လိုမှ မလိုက်နိုင် ၊ နောက်တစ်ခုက မမ က တက္ကသိုလ်မှာ နည်းပြ ပြန်ဖြစ်နေလေပြီ။ မေမေ ကျွန်တော် နောက်လိုက်လာတယ် ထားဦး မမ ကို ဘယ်လို ချန်ထားခဲ့မလဲ။

ဒါကြောင့် အစိုးရ ပေးတဲ့ အိမ်ကွက်မှာ ကျွန်တော် နေရင်း ဒီမြို့က GEC အလုပ်မှာ ကျွန်တော် လုပ်ခဲ့တယ်။ ပညာတတ်သာ ဖြစ်တာ ကျွန်တော် အပြင်လောက အကြောင်း ဘာမှ မသိသေးဘူးဆိုတာ လက်တွေ့မှာ ကျွန်တော် တော်တော်သိလိုက်ရတယ်။ လကုန်လို့ စာရင်းရှင်းတိုင်း ကျွန်တော် ဥက္ကဌ ရာထူးမှ ရသော လခက မလောက် ။ မလောက်တာက ကျွန်တော် သုံးလို့ မဟုတ်ပါ။ ဘယ်က လယ်လို ဖြစ်သွားမှန်း မသိတဲ့ စာရင်းကွာပြီး ကျွန်တော် လတိုင်း အမြဲစိုက်နေရတယ်။

နောက်တစ်ခုကလည်း မြို့နယ်က လူကြီးတွေ လာရင် ဧည့်ခံပွဲ လုပ်ပေးရတယ်။ ဒါကိုလည်း ကျွန်တော်က မသိ။ သူတို့ လာရင် လူကြီး လာစစ်တယ် ဆိုပြီး ကျွန်တော်ရဲ့ ခန်းမ အပြင်အဆင်ကိုပဲ ပြတယ်။ သူတို့ကို ကျွန်တော် ပိုက်ဆံထဲက အအေးတိုက်တယ်။ ဒါလောက်ပါပဲ။ ဒီထက် လိုတယ် လိုလည်း ကျွန်တော် တကယ် မသိရိုး အမှန်။ ဒါပေမဲ့ ကျွန်တော့် စိုက်ရတဲ့ ငွေက တစ်လထက် တစ်လ တိုးလာတယ်။ နောက်တော့ မေမေဆီကတောင်မှ လှမ်းပြီး ကျွန်တော် ပိုက်ဆံ လှမ်းတောင်းရတယ်။

ဒီတော့ မေမေ နဲ့ မမ ကျွန်တော် နေထိုင်ရာ မြို့ကို လိုက်လာပြီး ကျွန်တော့်ကို တွေ့တယ်။ ဒီမှာ ကျွန်တော် နေရတဲ့ အစိုးရ အိမ်ကွက်ကို ကြည့်ပြီး မေမေက စိတ်မကောင်း . “ သားရယ် ၊ မင်းက အလုပ်လုပ်ချင်တယ် ဆိုတဲ့ အလုပ်ကလည်း နေရတာ ဆင်းရဲလိုက်တာ။ ” တဲ့။ ဒီနောက်မှ ကျွန်တော်မှာ ကွာနေတဲ့ စာရင်းကို ဖြည့်ဖို့ မေမေ ကျွန်တော့်လက်ထဲ ပိုက်ဆံ တစ်ထပ်ကြီးပေးသွားတယ်။ ပြီးတော့ မေမေ မှာ ကျွန်တော့်ကို မတွေ့ရလို့ မပြောဖြစ်တာ ကြာနေပြီ ဖြစ်တဲ့ စကားလေးကို ပြောတယ်။

“ သား. . .။ မတည့်တာတွေ မစားနဲ့နော်။ ”

တဲ့။ မေမေကတော့ ပြောရိုးပြောစဉ်ပြောပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့ တစ်မျိုး ဖြစ်သွားတယ်။

“ ကျွန်တော် မတည့်တာတွေ မစားပါဘူး. .၊ မေမေရယ်။ ”

လို့ ကျွန်တော် စိတ်ထဲကပဲ ပြောမိတယ်။ နောက်ထပ် ၂ ပတ်လောက်ကြာတော့ မေမေနဲ့ မမ မပြောမဆိုနဲ့ ကျွန်တော့်ဆီရောက်လာတယ်။ ဒီတော့မှ ကျွန်တော် သိတာက မေမေ က ကျွန်တော်အတွက် ဒီမြို့မှာ အိမ်တစ်လုံး ဝယ်လိုက်တယ် ဆိုတာပဲ။ ကျွန်တော် နေရာတာ ပိုအဆင်ပြေအောင်လို့တဲ့။ ဒါနဲ့ပဲ ကျွန်တော် အိမ်အသစ်လေးကို ချက်ချင်းပြောင်းလာခဲ့တယ်။ ကျွန်တော် တစ်ယောက်တည်းဆိုတော့ ပြောင်းစရာလည်း များများစားစားမရှိခဲ့ပါ။

အိမ်ထဲရောက်တော့ မေမေက ကျွန်တော့်လက်ထဲ အိမ်သော့လေး ပေးရင်း . .

“ သား. ။ သွားတာ လာတာ ဂရုစိုက်နော်။ ”

ဆိုပြီး ကျွန်တော် မနမ်းရတာ ကြာနေပြီ ဖြစ်တဲ့ ကျွန်တော် နဖူးကို နမ်းတယ်။ ဒါနဲ့ပဲ မေမေနဲ့ ကျွန်တော် ၃ လလောက် မတွေ့ဖြစ်ပြန်ဘူး။ မေမေနဲ့ ကျွန်တော် ထပ်တွေ့ဖြစ်တဲ့ အချိန်မှာ ကျွန်တော် အချုပ်ထဲ ရောက်နေပြီ။ မေမေဆီကို ကျွန်တော် အကြောင်းမကြားရဲလို့ မမ ဆီကို ဖုန်းဆက်ဖို့ ကျွန်တော့်သူငယ်ချင်းကို အကူအညီတောင်းပြီး ဖုန်းဆက်လိုက်တော့ . .ချက်ချင်းကို မျက်ဝန်းပေါ်မှာ မျက်ရည်တွေ တပ်ဆင်ပြီး မေမေ လေရဲ့ အလျင်ကို အနိုင်ပိုင်းပြီး ရောက်လာတယ်။

ကျွန်တော့်ကို တွေ့တော့ . . . .

“ ဘယ်လို ဖြစ်တာလဲ. .၊ ငါ့သား။ ”

တဲ့။ သြော်..မေမေ ဆံပင်တွေတောင်မှ ဖြူနေပါရောလား။ မေမေမျက်ဝန်းနားမှာလည်း မျက်ရစ်တွေက တင်းတင်းရင်းရင်း မရှိတော့။ မေမေ့လက်တွေလည်း လက်ပြင်းတွေနဲ့ ပျော့နေပါလား။ မေမေ့ကို ကျွန်တော် ၅ နှစ်လောက်အတွင်း သေသေချာချော ကြည့်မိလိုက်တာပါပဲ။ ဒါပေမဲ့..မေမေ့မှာ ကျွန်တော့်အတွက်နဲ့ အားတွေ ဘယ်က ရလာတာလဲ မေမေ။ ဘာမဆိုင် ရင်ဆိုင်မယ် ဆိုတဲ့ မာန်တွေနဲ့။

“ မသိဘူး မေမေ ။ သားလည်း ဘာမှ မလုပ်ပါဘူး။ အခု ခရိုင်က စာရင်း ဝင်စစ်တာလေ။ ဒီမှာ စာရင်းတွေ ကွာနေတယ် တဲ့။ ”

“ သြော်..ငါ့သားက မေမေ ပြောတဲ့ စကား မေ့သွားတာ ထင်တယ်။ ”


“ ဗျာ..ဘာလဲ မေမေ။ ”

“ ငါ့သားက မတည့်တာတွေ သွားစားမိတယ် ထင်တယ်။ ”

မေမေကတော့ ပြောရိုးထုံးစံ အတိုင်း ပြောပေမဲ့ ကျွန်တော့်မှာ ဖင်ထိုင်ကြသွားတယ်။

“ မဟုတ်တာ မေမေရယ်။ သား ဒီလို မလုပ်ပါဘူး။ ”

“ ဒါဆိုရင် ငါ့သား သွားတာ လာတာ ဂရုမစိုက်လို့ပဲ။ ”

ဒါကတော့ ကျွန်တော် မငြင်းမိတော့ပါ။ ကျွန်တော်ဟာ အရင်က မေမေ့သား ပေမဲ့ မေမေ့သားလေး မဟုတ်တော့ပဲ အရွယ်ရောက်လာတဲ့ သားဆိုတော့ လူကြီးတွေနဲ့ အတူ စားသောက်ဆိုင်တွေ ထိုင်တတ်လာပြီ ၊ ပန်းကုံးတွေ စွပ်တတ်နေပြီ ၊ ပြီးတော့ မေမေ မသိဘူး ဆိုပြီး ညနေဆို ဘီယာဆိုင်လည်း ထိုင်တတ်နေပြီ။ ဒါကတော့ ကျွန်တော့်ပတ်ဝန်းကျင်နဲ့ သတ်ဆိုင်သော ပြောင်းလဲမှု ဆိုပြီး ကျွန်တော်လည်း ဒီလိုပဲ နေလာခဲ့တာပါ။ အခုတော့....မေမေ ပြောနေပြီ။

“ ဒါကတော့ မေမေရာ.။ ”

“ ထားတော့ သား။ အခု သားကိစ္စက ဘယ်လို ဖြစ်နေလဲ။ ”


“ သားလည်း သေချာတော့ မသိဘူး မေမေ ။ ခရိုင်က ရှောင်တခင် ဝင်စစ်တယ်။ သားကလည်း ဘာမှ မလုပ်တော့ အေးဆေးပဲ ဆိုပြီး စာရင်းတွေ ပြတော့မှ ကွာနေမှန်း သိတာ။ ဒါကြောင့် သားကို အလွဲသုံးစားမှု နဲ့ အခုလို ချုပ်ထားတာ။ ”


“ ဒီတော့ ဘယ်လို လုပ်ရင် ရမလဲ။ ”

“ ဒါကတော့ သားလည်း မသိသေးဘူး မေမေ။ သူတို့ ကွာနေတဲ့ ပိုက်ဆံကို ပြန်ဖြည့်ပြီး သားအလုပ်ထွက်ရင် ရမယ် ထင်တယ်။ ”

ဒါနဲ့ပဲ ကျွန်တော် အတွက် ဝယ်ထားတဲ့ ဒီမြို့က အိမ်လေးရယ်။ ရန်ကုန်က ကျွန်တော်တို့ ဘိုးဘွားလက်ထက်ထဲက အိမ်အပို တစ်လုံးကို ရောင်းပြီး ကျွန်တော် အချုပ်အတည်းမှ လွတ်လာခဲ့တယ်။ ကျွန်တော့်အတွက် မေမေ့ပေးတဲ့ မုန့်ဖိုးတွေ များလှချည့်လား မေမေရယ်။

ကျွန်တော့်အမှုကို အားလုံး ဖြေရှင်းပြီးလို့ ကျွန်တော် ရန်ကုန်အိမ် တစ်ခါတည်းပြန်ဖို့ ကားပေါ်တတ်ခါနီးမှာ အရင် အလုပ်က အထက်လူကြီးက ကျွန်တော့်ကို စကားတစ်ခွန်းနဲ့ နှစ်သိမ့်တယ်။ ဟင့်အင်း...နှစ်သိမ့်တာ မဟုတ်ဘူး . .ဒါ. . .

“ အေးကွာ.။ ဒါ ဘဝမှာ သင်ခန်းစာလို့ မှတ်ပေါ့။ နောင် မဖြစ်အောင် ကြိုးစား ဟုတ်ပြီလား။”

ပြောပြလို့မရပေမဲ့ ကျွန်တော့်ရင်ထဲမှာ ခံရခက်တယ်။ စာရင်းတွေ အားလုံးက သူတို့ လက်ထဲမှာလေ။ ဒါနဲ့ပဲ ဒီစကားကို ကြားယောင်ရင်း ကျွန်တော် မေမေ့အိမ်သို့ ပြန်ရောက်ခဲ့ပါတယ်။ ဘဝရဲ့ အလုပ်အတွေ့အကြုံလေးကို ရဖို့ ကျွန်တော့်ကို မေမေပေးရတဲ့ မုန့်ဖိုးက များလိုက်တာ မေမေရယ်။ ဒါပေမဲ့ မေမေ မျက်နှာ မပျက်ခဲ့ဘူး။ အဲဒီညက ကျွန်တော် မေမေနဲ့ စကားပြောနေတော့ မေမေ့မှာ ကျွန်တော့်မျက်နှာကို မြင်နေရတာနဲ့ပဲ အားလုံး တန်တယ်လို့ သဘောထားနေပုံ...။

ကံကြမ္မာဆိုးဆိုတာ အချိန်အတိုင်းအတာ တစ်ခုလေး အတွင်းပါပဲ။ ပထမဦးဆုံး အတွေ့အကြုံ အမျှော်အမြင်နည်းခဲ့စွာ ဖြစ်ခဲ့ရတဲ့ ကျွန်တော့်အတွက် ကံကြမ္မာကောင်း တစ်ခု ရောက်လာပါတယ်။ ပြည်ပမှ သွင်းကုန် ထုတ်ကုန် ကုမ္ပဏီတစ်ခုမှာ မမ အသိတစ်ယောက်ကြောင့် အလုပ်ရပါတယ်။ ဒီအလုပ်မှာ ကျွန်တော်ရဲ့ ပထမ အလုပ်မှာ လို မဖြစ်ရအောင် ကျွန်တော် မျှော်မျှော်မြင်မြင်နဲ့ ကြိုးစားလုပ်ကိုင်ခဲ့တယ်။ ပထမဦးဆုံးရတဲ့ လခကို ကျွန်တော် အားလုံး မေမေ့ကို ပေးခဲ့တယ်။

ပထမအလုပ်မှာ ကျွန်တော် ဒီလို ပေးဖို့လည်း နားမလည်ခဲ့ဘူး။ ဘာဆို ဘာမှ မသိခဲ့တဲ ကျွန်တော့်အတွက် ဘဝရဲ့ ထုထောင်းမှု တစ်စုံကြောင့် ကျွန်တော် သိလာခဲ့တယ်။ ကျွန်တော် လခ ပိုက်ဆံကို ကိုင်ပြီး မေမေ မျက်ရည်တွေ ကျတယ်။ သေချာ တယ် ၊ ကျွန်တော် သိတယ် ၊ မေမေမျက်ရည်တွေက ပူနေမှာ မဟုတ်ဘူး။ ဒါ ဝမ်းသာမျက်ရည်တွေ အေးမြပါ့တယ်။ “ မိဘ မျက်ရည် တစ်စက် သားသမီး ဆင်းရဲတစ်သက် ” လို့ ပြောတတ်ကြပေမဲ့ အခု မိဘ မျက်ရည်ကျပေမဲ့ ကျွန်တော် ဒီအချိန်ကတည်းက မဆင်းရဲခဲ့ပါ။

ကျွန်တော် အလုပ်မှာ ရာထူးတွေ ဆက်ခါ ဆက်ခါ တတ်လာခဲ့တယ်။ ဒီလိုပဲ မေမေ ဆံပင်တွေ လည်း တစ်ပင်ပြီး တစ်ပင် ဖြူလာခဲ့တယ်။ မေမေ ဈေးက အထည်ဆိုင်ကလည်း ဆွေးမျိုးတစ်ယောက် ဆက်ဖွင့်ပါတယ်။ ကျွန်တော်နဲ့ မမ ရတဲ့ လခနဲ့ မေမေ မပူပင်အောင် နေလို့ရနေပါပြီ။ ဒါပေမဲ့ မေမေ ပူနေဆဲပါပဲ။ မေမေပူနေတာ ကျွန်တော့်ကို ။ “ သား. ။ မတည့်တာတွေ မစားနဲ့။ ” လို့ ပြောနေတုန်း ။ “ သား. ။ သွားတာ လာတာ သတိထားနော်။ ” လို့ ပြောနေတုန်း။ ဒါပေမဲ့..ဒီစကားတွေ အခုတော့ သားနားထဲက လျှံကျမနေတော့ပါဘူး မေမေ။

အထက်တန်း အလုပ်ဌာန အတွက် စာမေးပွဲ ဖြေတော့ အသားတင် ၇ ယောက်ရွေးတာမှာ ကျွန်တော်ပါတယ် မေမေ။ ကျွန်တော် အလွန်ပျော်နေသလောက် မေမေကတော့ မျက်နှာ သိပ်မကောင်းဘူး။

“ မေမေ.။ ဘာဖြစ်လို့လဲ နေမကောင်းလို့လား။ ”

“ မဟုတ်ပါဘူး. . သားရယ်။ ”


“ မဟုတ်ပါဘူး မေမေရာ ၊ မေမေ တစ်ခုခု ဖြစ်နေတာ။ ”

“ မေမေက နင် စာမေးပွဲ အောင်လို့ နိုင်ငံခြား ထွက်မှာကို တွေးပြီး မေမေနဲ့ ဝေးဦးမှာ ဆိုပြီး ဖြစ်နေတာဟေ့။ ”

လို့ မမ က ဝင်ပြောတော့မှ ကျွန်တော် သိရတယ်။

“ သြော်..မဟုတ်တာ မေမေရယ်။ ကျွန်တော် က အခု ကလေးလည်း မဟုတ်တော့ဘူးလေ။ အခု အလုပ်မှာလည်း အထက်တန်း မန်နေဂျာတစ်ယောက် ဖြစ်နေပြီလေ။ အခုက သားအတွက် အတွေ့အကြုံရဖို့ သွားမှာပါ မေမေရဲ့။ ဘာလဲ မေမေ သဘောမတူဘူးလား။ ဒါဆိုရင်တော့ သား မလုပ်ဘူး။ ”

“ အို မဟုတ်တာကွယ်။ မေမေ သဘောတူပါတယ်။ မေမေ့သားကိုလည်း အခုက အားလုံးယုံကြည့်နေပါပြီ။ ဒါပေမဲ့ ငါ့သားလေး နဲ့ ဝေးနေရမှာ တစ်ခုကို ပဲ မေမေ စိတ်မကောင်းလို့ပါ။ ဒါပေမဲ့ မေမေ ဖြေနိုင်ပါတယ်ကွယ်။ သားကလည်း မေမေ့ဆီ အမြဲစာရေး ၊ ဖုန်းဆက်နော်။ ”

“ ဟား ဟား ဟား မေမေကလည်းဗျာ။ ကျွန်တော် အခုပဲ သွားတော့မှာ ကျနေတာပဲ။ အများကြီး လိုသေးတယ် မေမေ ၊ နောက်ထပ် အမြန်ဆုံး ၈ လလောက်မှ ထွက်ဖြစ်မှာ။ ထွက်ဖြစ်တော့လည်း မေမေရယ် ၊ သားမှာ ဖုန်းပြောဖို့ ၊ စာရေးဖို့ ဒီမေမေပဲ ရှိတာပဲလေ။ ”

ဒါပေမဲ့ ၈ လဆိုသော အချိန်ဟာ မေမေ ပူပန်နေခဲ့သလိုပါပဲ။ လျင်မြန်စွာနဲ့ ကုန်ဆုံးစေခဲ့ပါတယ်။ နောက်ထပ် ကျွန်တော့်စကား အမှား ဖြစ်တာ တစ်ခု ရှိပါသေးတယ်။ ဒါကတော့ ကျွန်တော် ရဲ့ ဘယ်ဘက် ရင်အုံထဲက တစ်ဖျတ်ဖျတ် ခုန်လာခြင်းပါပဲ။ ၈ လအတောအတွင်းမှာ ကျွန်တော်တို့ အတူတူ လေ့လာရသော ၇ ယောက်အဖွဲ့ထဲမှာ ကျွန်တော် ဘယ်ဘက်က လွတ်နေတဲ့ နံရိုးလေး တစ်ချောင်းပါလာခဲ့တယ်။ ဟုတ်တယ်..၊ သူက ကျွန်တော့်ဘယ်ဘက် နံရိုးလေးပါပဲ။ ကျွန်တော့်ခန္ဓာကိုယ်မှာ လွတ်နေတဲ့ ဘယ်ဘက်နံရိုးလေးကို သူပဲ ဖြည့်ပေးနိုင်မယ် ၊ ကျွန်တော့်ဘဝမှာလည်း သူရှိမှာ ပြည့်စုံမယ် ဆိုတာ ကျွန်တော် မြင်မြင်ချင်း သိလိုက်ရတယ်။

များပြားလှတဲ့ လေ့လာမှုတွေကို ကျွန်တော်တို့ အတူတူတွဲ လုပ်နေရင်း သူ့ကို ကျွန်တော် အကြည့်တွေနဲ့ပဲ စကားတွေ ပြောခဲ့တယ်။ မျက်ဝန်းတွေက စကားတွေ ၊ အသံတွေက ပိုပြီး ထိရောက်စေတယ် မဟုတ်လား။ သူ့နှုတ်ခမ်းဖျားကတော့ တင်းတင်းစေ့ထားတယ်။ ဒါပေမဲ့ သူ့မျက်ဝန်းမှာတော့ ကျွန်တော် မကျွမ်းကျင်တဲ့ ကျွန်တော့်အတွက် အဓိပ္ပါယ် တစ်ခုခု ရှိနေတယ်လို့ ထင်မိတယ်။ ဒါနဲ့ပဲ သူနဲ့ ကျွန်တော် အတူတူ တိုင်းတစ်ပါးမှာ အလုပ်လုပ်ဖို့ ထွက်လာခဲ့တယ်။

လေယာဉ်ကွင်းကို မေမေလိုက်ပို့တော့ မေမေကြိုက်တဲ့ သစ်ခွ နှစ်ခက်ကို ပန်ရင်း မေမေကြိုက်တဲ့ အပြာရောင်ချိတ်ကို ဝတ်ထားပြီး မေမေပြုံးထားတယ်။ မေမေရင်ထဲက ဝမ်းနည်းခြင်းတွေ ကျွန်တော် လှမ်းမြင်ရတယ်။ ကျွန်တော် စိတ်မကောင်းမှာ စိုးလို့ မေမေ ဟန်လုပ်ပြုံးထားတယ် ဆိုတာကိုလည်း ကျွန်တော် မြင်ရတယ်။ ဆေးမဆိုးတတ်တဲ့ မေမေဆံပင်ကတော့ အဖြူအနက် သူတို့ နေရာ အပြိုင်လုရင်း အရောင်တွေ ကွက်နေတယ်။ ဒီနေ့ရက်ကို မေမေဘယ်လောက်များ ဝမ်းနည်းပြီး ရောက်မှာ ကြောက်နေတယ် ဆိုတာ ကျွန်တော် သိနေတယ်။ ကျွန်တော် တစ်ချိန်လုံး မေမေနားမှာပဲ ရှိနေခဲ့တယ်။ ကျွန်တော် လေယာဉ်ပေါ်တတ်တော့မယ် ဆိုမှ မေမေကို ထိုင်ရှိခိုးတော့ မေမေက ကျွန်တော့် အိတ်ထဲကို ပိုက်ဆံ ထည့်ပေးတယ်။ ပြီးတော့. .

“ သား. .။ မတည့်တာတွေ ဝယ်မစားနဲ့နော်။ ”

ဆိုပြီး ထုံးစံ အတိုင်းမှာတယ်။ “ ဒီပိုက်ဆံက ဟိုမှာ သုံးလို့မရဘူး မေမေ ” လို့ ကျွန်တော် မပြောဖြစ်တော့ပါ။ ဟုတ်ကဲ့လို့ ပြောပြီး ကျွန်တော် မေမေကို နှုတ်ဆက်ပြီး လေယာဉ်ကွင်းဘက်ကို ဦးတည်လိုက်တယ်။

ဒါဟာ ခဏဆိုပေမဲ့ ကျွန်တော် ၅ နှစ်ကြာသွားခဲ့ပါတယ်။ ဒီကာလ အတောအတွင်းမှာ ကျွန်တော် နှစ်ပတ်တစ်ခါ မေမေဆီ စာရေးခဲ့တယ်။ တစ်ပတ်တစ်ခါ ဖုန်းဆက်ခဲ့တယ်။ ကျွန်တော် လုံးဝ မပျက်ကွက်ခဲ့။ ဒီလိုပဲ ကျွန်တော်နဲ့ ကျွန်တော် နံရိုးလေးတို့ကလည်း နေ့စဉ် ဖုန်း အဆက်အသွယ် မပြတ်ခဲ့ပါ။ အခုတော့ ကျွန်တော် ပြန်လာခဲ့ပါပြီ။ ကျွန်တော် လက်ဝဲဘက်မှာ လွတ်နေတဲ့ နံရိုးလေးကို နေရာတကျ ဖြည့်ဖို့ ကျွန်တော် ပြန်လာခဲ့တာပါ။ ကျွန်တော်နဲ့သူ ဟိုရောက်ပြီး ၂ နှစ်ကြာမှ ချစ်သူတွေ ဖြစ်ခဲ့တယ်။ အလုပ်ကို ကြိုးစားလုပ်ရင်း ချစ်သူသက်တမ်း ၃ နှစ်ကြာတော့မှ အခုလို ကိုယ့်နိုင်ငံပြန်ပြီး ဆွေမျိုးတွေရှေ့မှာ လက်ထပ်ဖို့ ပြန်လာခဲ့တာပါ။

လေယာဉ်ကွင်းမှာ လာကြိုနေတဲ့ မေမေမျက်နှာက လွန်ခဲ့တဲ့ ၅ နှစ် ကျွန်တော် သွားတုန်းကထက် အရေးအကြောင်းတွေ ပိုများလာခဲ့တယ်။ ဒါပေမဲ့ အခု မေမေရှေ့မှာ ပျော်ရွှင်မှုတွေက အနှံ့အပြား ။ မေမေ လင်းလက်စွာနဲ့ပဲ ပြုံးနေတယ်။ မေမေမှာ ထူးခြားတာက ခုချိန်အထိ မျက်မှန် မတပ်ရသေး။ မေမေဆံပင်တွေကတော့ အဖြုရောင်တွေက အနိုင်ရသူတွေလို အနက်ရောင်တွေကို ဖုံးလွှမ်းလာနေခဲ့ပြီ။ ဒါပေမဲ့ သားကို တွေ့လို့ ပြုံးတဲ့ မေမေ အပြုံးက လင်းလက်နေဆဲ။

“ မေမေ..။ ”

ကျွန်တော် ပြေးပြီး မေမေကို ရင်ထဲ ဆွဲပြီး ဖက်ထားလိုက်တယ်။ ဟိုးအရင်ကတော့ မေမေရင်ခွင်ထဲ ကျွန်တော် ဝင်ခဲ့ရတာပါ မေမေ။

သား.. နေကောင်းရဲ့လား။ ”

မေမေကတော့ ထုံးစံ မပြတ်မေးပါတယ်။

“ ကောင်းတာပေါ့ မေမေရာ ။ ဒီမှာ ကြည့် ..၊ အကောင်းကြီး။ ”

“ ပေး..၊ သားအထုပ်မေမေဆွဲပေးမယ်။ ”

မေမေ..ကတော့ သားနဲ့ တွေ့ရင် အင်အားတွေ ပြည့်နေတယ် ထင်တယ်။ ဒါပေမဲ့ မေမေရယ် စိတ်ပဲ ကျန်တော့တယ် မေမေ တော်တော် ပိန်နေတယ်။

“ ရတယ် မေမေ။ အလုပ်သမားလေးတွေကို ဆွဲခိုင်းလိုက်မယ်။ မေမေ ဒါကြီးဆွဲနေရင် သားနဲ့ စကားကောင်းကောင်း ပြောဖြစ်မှာ မဟုတ်ဘူး။ ရှုပ်နေမယ်။ ”

ဒီလိုတော့ မေမေ သဘောတူတယ်။ သြော်..ကျွန်တော်လည်း တော်တော် ပြောင်းလဲ ရင့်ကျက်ခဲ့ပါရောလား။ အရင်က ဘာမှ မသိလို့ လူတွေ ချောက်တွန်းခံခဲ့ရတဲ့ ကောင်လေး တစ်ယောက်ဆိုတာ အခုနေ ယုံနိုင်ပါ့မလား။ ဒီအချိန်မှာ ကျွန်တော့်အသက် ၃၂ ရှိနေပြီ။

အိမ်မှာ တစ်ပတ်နေတော့ ကျွန်တော်နဲ့ နံရိုးလေး အစီအစဉ်ကို မေမေ့ကို ပြောပြပြီး ကျွန်တော်တို့ အလျင်အမြန် လက်ထပ်ဖို့ ပြင်ဆင်တယ်။ ကျွန်တော်တို့ ရခဲ့တဲ့ ခွင့်က ၃ လ ။ လက်ထပ်ပြီးတော့ ကျွန်တော်တို့ ဟန်းနီးမွန်း အနေနဲ့ ငပလီကို တစ်လလောက် စိတ်ပြေလက်ပျောက် သွားတယ်။ ဒါပေမဲ့ ၃ ရက်တစ်ခါ မေမေ့ကို ကျွန်တော် ဖုန်းခေါ်တယ်။ မေမေ နေကောင်းလား။

ခွင့်စေ့တဲ့နေ့ရက် မရောက်ခင် ရက်ပိုင်း အလိုမှာ မေမေ ကျွန်တော့်ကို လက်ဆောင် တစ်ခုပေးတယ်။ ဒီလက်ဆောင်နဲ့ ပတ်သတ်ပြီး မမ ကတော့ ပြောတယ်။

“ ငါ့မောင်ရေ။ နင့်ကို အနွေးထည် ပေးချင်လို့ ဆိုပြီး အခုမှ သိုးမွှေးထိုးတဲ့ သူကို ခေါ်ပြီး မေမေ့ကို သင်ခိုင်းရတယ်ဟေ့။ ”

“ ဟာ.. ဟုတ်လား မေမေ။ ”


မေမေက ရှက်ကိုး ရှက်ကန်းနဲ့ ရယ်နေတယ်။ မေမေ့မှာ ကံကောင်းတယ် သွားတော့ တစ်ချောင်းမှ မကျိုးသေး။ ဒီအတိုင်းပဲရှိတယ်။ ပြီးတော့ မေမေ့အပြုံးတွေ အသက်ဝင်နေဆဲ။

“ ဟုတ်တယ် ။ သားရယ်။ သားတို့ ဂျပန်မှာ အရမ်းအေးတယ် ကြားလို့ မေမေက သားအတွက် အနွေးထည် ထိုးထားတာကွယ့်။ ”

“ ဟုတ်လား။ လုပ်ပါဦး မေမေရာ ပြပါဦး။ ”


မေမေက သူရဲ့ ဘေးက အထုပ်လေးကို ဖြည်ပြီး ကျွန်တော့်ကို ပေးတယ်။ ကျွန်တော် ထုတ်ကြည့်လိုက်တော့ “ သိုးမွှေးဆွယ်တာလေး ” ။ သြော်. . .ဂျပန်ရဲ့ အေးပုံနဲ့ ဒီဆွယ်တာ ဆိုရင် အိမ်ထဲမှာတောင်မှ ဝတ်လို့မရဘူး။

“ ဟာ..ကောင်းလိုက်တာ မေမေရာ။ ဒါနဲ့ဆိုလို့ကတော့ ကျွန်တော် ဘယ်နေရာပဲ သွားသွား နွေးနေပြီပေါ့။ ကောင်းတယ် အခုထဲက ဝတ်ထားလိုက်တော့မယ်။ ”

ဆိုပြီး ကျွန်တော် ဆွယ်တာကို ကောက်စွပ်လိုက်ပြီး မေမေ့ကို ဖက်ထားလိုက်တယ်။ ပြီးမှ. .

“ မေမေ..သားတို့ လေယာဉ်လက်မှတ်တွေ ရပြီ။ နောက်အပတ်ထဲ ထွက်ရမယ် မေမေ။ ”

မေမေ အပြုံးတို့ ရုတ်တရက် ပြုတ်ကျသွားတယ်။ နေလာလို့ နှင်းတွေ ကွယ်သွားသလိုပါပဲ။ ပြီးမှ. .

“ အေးလေ..ဟုတ်တာပဲ။ ငါ့သားလည်း ခွင့်နဲ့လာတာပဲလေ။ ကျန်းမာရေးဂရုစိုက် သား။ ”

“ ဟုတ်ကဲ့ပါ မေမေ။ ”

“ ပြီးတော့ . .သွားတာ လာတာလည်း သတိထား ဂရိုစိုက်။ သမီးလေးကိုလည်း ဂရုစိုက်နော်။ ”


“ ဟုတ်ကဲ့ပါ မေမေရယ်။ ပေးလက်စနဲ့တော့ မုန့်ဖိုးပါ ပေး မေမေရာ။ ဒါမှ ပြည့်စုံမှာ. . ။ ”

မေမေ က လှစ်ခနဲ့ ပြုံးရင်း . .

“ မေမေလည်း ဒါပြောမလို့ပါပဲသားရယ် ။ ပထမတစ်ခါ သားသွားတော့လေ မေမေလည်း ငါ့သားလေးကို မုန့်ဖိုး မပေးရသေးပါလား ဆိုပြီး လက်ထဲမှာ ရှိတာ ပေးလိုက်တာ ၊ ဟိုမှာ သုံးမလို့ မရတာ မစဉ်းစားမိဘူး။ နောက် အိမ်ပြန်ရောက်မှ သမီးက ပြောမှ သိတော့တယ်။ ”

“ အာ..ဒီအပျိုကြီးကတော့ ဒါကြောင့်လည်း အပျိုကြီး ဖြစ်နေတာ။ ”

“ ဘာရယ်။ ”

မမ က အခန်းထဲက လှမ်းအော်တယ်။ ဒီတော့ မေမေ အပြုံးလေး ပြနှ်ရှင်သန်လာခဲ့တယ်။

“ အခုတော့ မေမေ သားအတွက် မုန့်ဖိုး လုပ်ထားပါတယ် သားရယ်။ ”

“ ဘာလဲ မေမေ။ ”

မေမေ က အိတ်ထဲက စာအိတ်တစ်ခုကို နှိုက်ပြီး ပေးတယ်။ ကျွန်တော်ဖွင့်ကြည့်လိုက်တော့ လဲပြီးသား ဒေါ်လာတွေ.. . ။

“ ဟာ .. . များလှချည်လား မေမေရ။ ”

“ အေးလေ. .မေမေလည်း ဘာမှ လုပ်စရာ မရှိတာပဲ ။ ဒါကြောင် ဘဏ်ထဲက အကုန်ထုတ်ပြီး သားကို မုန့်ဖိုးပေးတာ။ ”

ကျွန်တော့်အတွက် မလိုပါ။ သို့သော် . .ဒါဟာ “ အမေ့မုန့်ဖိုး ” ပဲလေ။

“ ဟုတ်..သားယူမှာပေါ့ မေမေရာ။ ”

နောက်မှပဲ ကျွန်တော် ပုံစံတစ်မျိုးနဲ့ မေမေလှူဖို့ဆိုပြီး ပေးခဲ့တော့မယ်။ အခုတော့ ..မေမေ စိတ်ချမ်းသာဖို့ လိုတယ်။

“ သားပို့ပေးတဲ့ ပိုက်ဆံတွေကိုလည်း မေမေ သုံးနော်။ ပြီးတော့ လှူနော်။ ဒါမှ သားလည်း ကုသိုလ်ရမှာ..။ ”

“ အေးပါ သားရယ်။ လှူတာပေါ့ကွယ်။ သား.....”

“ ဗျာ..မေမေ။ ”

“ ပြောနေကြပေမဲ့ ပြောရဦးမယ် သားရယ်။ ”

“ ဟုတ်ကဲ့..ပြောပါဗျာ။ ”

“ သား. ။ မတည့်တာတွေ ဝယ်မစားနဲ့နော်။ ”

“ ဟာ . . မေမေကလည်း။ စိတ်ချ မေမေ ။ မစားပါဘူး။ ”

ဒီလိုနဲ့ ကျွန်တော် ဒုတိယအကြိမ် နိုင်ငံနဲ့ ခွဲခွာလာခဲ့ပါတယ်။ နောက်ထပ် ၄ နှစ်ကြာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို အလည်တစ်ယောက် ပြန်လာခဲ့တယ်။ မေမေ ကျန်းကျန်းမာမာ ရှိနေဆဲပါ။ ဒီအချိန်မှာ ကျွန်တော်ရဲ့ မျိုးဆက်တစ်ယောက်ကတော့ နံရိုးလေး ဗိုက်ထဲမှာ ဝင်စားနေပြီခဲ့ပြီ။ မေမေရဲ့ အမှာ မေမေရဲ့ ချစ်ခြင်းတွေကို ကျွန်တော် ခွဲခွာပြီး တတိယအကြိမ် နှုတ်ဆက် ထွက်ခွာလာပြီး ကျွန်တော် ပထမ သားလေးကို မွေးတယ်။ ဒုတိယ သမီးလေးကို ကျွန်တော် နောက်ထပ် ၃ နှစ်ခြားပြီးမွေးခဲ့တယ်။

လင်မယား နှစ်ယောက်စလုံးရဲ့ လက်ရှိ အလုပ်အကိုင်နဲ့ ကလေးတွေ ပညာရေးကြောင့် ကျွန်တော်တို့ နိုင်ငံပြန်ဖို့ အရေး ဖြစ်မလာသေးဘူး။ မဖြစ်နိုင်ခဲ့ဘူး။ သားကြီးကလည်း ကျောင်းနေနေပြီ ၊ သမီးလေးတောင်မှ မူကြိုအဆင့်တတ်နေရပြီ။ အရင်လို မအားပေမဲ့ ကျွန်တော် မေမေ့ကို တစ်လတစ်ခါ ကျွန်တော် ရအောင် စာထည့်တယ်။ တစ်ပတ်တစ်ခါ ဖုန်းဆက်တယ်။ မေမေလည်း နေကောင်းနေဆဲပါပဲ။

ဒီလိုနဲ့ တစ်နေ့ ကျွန်တော့်ဘဝမှာ အပြောင်းအလဲ နေ့ရက် တစ်ရက် ရောက်လာပါတယ်။ ဒါကတော့ ကျွန်တော် ကားတိုက်ခံရခြင်းပါပဲ။ ကျွန်တော်လည်း ကားမောင်းနေရင်း မီးပွိုင့်မှာ စောင့်နေတုန်း တစ်ဖက် ကားလမ်းမှ ကားက ဟန်ချက်ပျက်ပြီး ကျွန်တော့်ကားဆီကို အသားလွတ် ဝင်တိုက်တာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် ဖြစ်ဖြစ်ချင်း ကားတံခါးနဲ့ညှပ်ပြီး ခြေထောက်ကျိုးသွားတယ်။ ဒီတော့ ဆေးရုံကို လူနာတင်ယာဉ်နဲ့ ကျွန်တော်ပါသွားတယ်။ ဒီအချိန်မှာ ကျွန်တော် သတိရလိုက်တာက ဒီနေ့ မေမေ့ကို ဖုန်းဆက်ရမဲ့နေ့... . .။

ဒါကြောင့် မမ ဟန်းဖုန်းကို ကျွန်တော် အရင်လှမ်းခေါ်ပါတယ်။ ဖြစ်ချင်တော့ မမ က ဖုန်းကို မကိုင်ဘူး။ နောက်တစ်ခါ ဖုန်းခေါ်လိုက်တော့ မမ ဟန်းဖုန်းကို လာကိုင်တယ်။

“ ဟယ်. . .လို ”

ဆိုတဲ့ ထူးသံကြားတော့ ကျွန်တော် သိလိုက်တယ်။ ဒါ မမ အသံ မဟုတ်ဘူး။ အိမ်က ကြီးမေ အသံ ၊ မေမေ ညီမဝမ်းကွဲ အသံ ။ ဒါကြောင့် ကျွန်တော် ဘယ်သူလို့ မပြောပဲ မမ ကိုပဲ ခေါ်ခိုင်းလိုက်တုန်း။ ကျွန်တော် ဆေးရုံက အခန်းထဲကို သူငယ်ချင်းတစ်စု ရောက်လာတယ်။ ဒီအချိန်မှာ ကျွန်တော် ခြေထောက်ကို ကျောက်ပတ်တီး ကိုင်ပြီးပြီ ၊ ဒဏ်ရာသက်သာအောင် ဆေးလည်း ထိုးပြီးပြီ။ ကျွန်တော် လိုနေတာ မမ ကို ဖုန်းပြောဖို့.။ အခုတော့ မမ ဖုန်းလာမကိုင်ခင် သူငယ်ချင်းတွေ ဝင်လာပြီး. . .

“ ဟေ့ကောင် သက်ဝေ ၊ မင်းကားတိုက်ခံရတယ် ဆိုလို့ လိုက်လာတာကွ..။ ”

ကျွန်တော် ဖုန်းကို လက်နဲ့ပိတ်လိုက်ပေမဲ့ တစ်ဖက်က ကြီးမေ ကြားသွားလား မသိဘူး။ ချက်ချင်း အသံပေါ်လာတယ်။

“ ဟဲ့..အခု ဆက်နေတာ မောင်သက်ဝေလား။ ”

ကျွန်တော် ပြန်မဖြေမိ။

“ ကျွန်တော် မခင်ထား နဲ့ စကားပြောချင်လို့ပါ။ ”

ဒါပဲ ထပ်ပြောလိုက်တယ်။ တစ်ဖက်က အရမ်းတိတ်ဆိတ်သွားတယ်။ ပြီးမှ..ရုတ်တရက် ကျွန်တော် မမျှော်လင့်တာ ဖြစ်လာတယ်။

“ ဟဲ့..ကလေးမလေးရေ..။ မောင်သက်ဝေ ကားတိုက်လို့တဲ့ ဘယ်သူလဲ မသိဘူး ဖုန်းဆက်တယ်။ မေးလို့လည်း မရဘူး။ မြန်မြန်လာကိုင်စမ်း.။ ”

ကျွန်တော် ခေါင်းထဲ မိုက်ခနဲ့ ဖြစ်သွားတယ်။ ကားတိုက်ခံရတုန်းကတောင်မှ ဒီလို မဖြစ်ခဲ့ပါ။ ပြေးသံလွှားသံတွေ ကြားလိုက်ရပြီး ကျွန်တော့်ဖုန်းကို လူတစ်ယောက် ကိုင်သံကြားလိုက်ရတယ်။

“ ဟဲလို ”

သေချာတယ် ။ ဒါ မမ ရဲ့ ခပ်ပြတ်ပြတ်အသံ။

“ မမ ၊ ကျွန်တော်ပါ။ ကျွန်တော် ကားတော့ အတိုက်ခံရတယ်။ ဒါပေမဲ့ ဘာမှ မဖြစ်ဘူး။ ခြေထောက်တော့ ကျိုးသွားတယ်။ ဒါကြောင့် ခဏတော့ ဆေးရုံမှာ နေရမယ်လေ။ မေမေ့ကို ဖုန်းဆက်ဖို့ ဒီည ချိန်းထားတာ ဆိုတော့ ဒီည အနာ မနာအောင် ဆရာဝန်တွေ အိပ်ဆေးတွေ တိုက်လို့ သောက်ပြီး အိပ်လိုက်ရရင် မေမေ နဲ့ မပြောဖြစ်မှာ စိုးလို့ မမ တစ်မျိုးပြောထားပါလို့ လှမ်းပြီး ပြောတာ ၊ ဒါပေမဲ့ ကြီးမေနဲ့ သွားတိုးနေတယ်။ ”

ဟိုဘက်က ဘာမှ ပြန်ပြောသံ မကြားရ။

“ မမ ... မမ။ ဟဲလို ”

“ အေး .. မမ ကြားတယ် မောင်လေး။ ဒါပေမဲ့ ခုနက ကြီးမေ အော်လိုက်တော့ မေမေလည်း ကြားတယ်။ အခု မေမေနောက်မှ ရောက်နေတယ်။ မေမေက ဖုန်းပြောမယ်တဲ့။ ”

“ သြော်..ဟုတ်ကဲ့ ။ ဒါဆိုလည်း ပေးလိုက်ပါ မမ။ ”

ဖုန်းလွဲပေးသံ ကျွန်တော် ကြားနေရတယ်။ ပြီးတော့. . ဖုန်းထဲက စိုးရိမ်မှုတွေ အရင် စီးဝင်လာပြီး ကျွန်တော် ပါးဆီကို တိုးနေတယ်။

“ သား..........။ ”

မေမေအသံက စိုးရိမ်မှုတွေနဲ့ အားပါလှတယ်။

“ ဗျာ...မေမေ။ မေမေအိပ်နေတယ် မှတ်လို့။ သားအခု ဘာဖြစ်နေလဲ သိလား။ ”

“ အေး..ကားတိုက်ခံရတယ်ဆို။ “

“ ဟုတ်တယ် မေမေ ။ သားကလည်းကားထဲကပဲလေ။ ကားအပြင်ကို တိုက်တာ သားက ကားထဲမှာ ရိုက်သလို ဖြစ်ပြီး ခြေထောက်လေးပဲနည်းနည်း ထိတာပါ။ ဘာမှ မဖြစ်ဘူး သိလား မေမေ။ ”

“ ဘာမှ မဖြစ်မှတော့ ဆေးရုံဘယ်တတ်ရမလဲ သားရယ်။ ”

“ သြော်..မဟုတ်ဘူးလေ. . မေမေရယ်။ သားပြောတာက အခု သား မေမေနဲ့ စကားပြောနေနိုင်တယ်လေ။ ဘာမှ မဖြစ်ဘူးလေ။ ဒါကို ပြောတာ ၊ ခြေထောက်က နည်းနည်းလေး ထိသွားတာ။ သား စိတ်ပူတာက သား ညကျရင် မေမေနဲ့ ဖုန်းပြောဖို့ ချိန်းထားတာ မပြောဖြစ်မှာ စိုးလို့ အခု လှမ်းပြီး ပြောထားတာ။ ”


မေမေ ဘက်က တိတ်ဆိတ်နေတယ်။

“ ဟဲလို.. မေမေ. ။ ”

“ အေး..ရှိတယ်.သား။ မေမေ့ကို ဘာမှ မပူနဲ့ ၊ သားသာ မြန်မြန်နေကောင်းအောင် ကြိုးစား ဟုတ်ပြီလား။ ”

“ ဟုတ်ကဲ့။ ”

“ နောက်နေ့တွေလည်း သားခြေထောက်ကို ဂရုစိုက်။ အားလုံးအဆင်ပြေပြီ ကောင်းပြီ ဆိုမှ မေမေဆီဖုန်းဆက်ပေါ့ သားရယ်။ မေမေ ဘာမှ မဖြစ်ပါဘူး။ ”


“ ဟုတ်ကဲ့ မေမေ။ ”


“ ဒါဆို ဖုန်းချလိုက်တော့ သား။ သား နားတော့..။ မေမေလည်း ဘုရားမှာ ရှိခိုးပြီး ဆုတောင်းပေးမယ် ။ သားလည်း ဘုရားစာရွတ်နေနော်.။ ”

“ ဟုတ်ကဲ့ မေမေ။ ဒါဆို သားဖုန်းချလိုက်ပြီနော်။ မေမေလည်း နေကောင်းအောင်နေနော်။ ”

ကျွန်တော် ဖုန်းကို သက်ပြင်နဲ့ အတူ ချလိုက်တယ်။ ဘေးနားက သူငယ်ချင်းတွေကတော့ အားနာစွာနဲ့ တိတ်ဆိတ်ပေးနေတယ်။ မနာကျင်အောင် ထိုးထားသော ဆေးအရှိန်ကြောင့် ထင်တယ် ကျွန်တော် အရမ်းအိပ်ငိုက်လာတယ်။ ခဏကြာတော့ ကျွန်တော် အိပ်ပျော်သွားတယ်။

ကျွန်တော် အိပ်ယာက နှိုးတော့ ကျွန်တော့်ဘေးမှာ စိတ်ပူစွာနဲ့ စောင့်နေတဲ့ ကျွန်တော့်ဇနီး ဇင်မာ ၊ သားနဲ့ သမီးနဲ့ အတူ ရောက်နေတယ်။

“ ကို ဘာဖြစ်သွားလဲ။ ”

“ ခြေထောက်တော့ ကျိုးသွားတယ်။ လူတော့ ဘာမှ မဖြစ်ပါဘူး။ အခုတော့ ကျောက်ပတ်တီးကိုင်ထားတယ်။ ဘာပဲ ပြောပြော နှစ်လလောက်တော့ ငြိမ်နေရတယ် ထင်တယ်။ ”


ဒါပေမဲ့ ကျွန်တော် အထင် မမှန်ခဲ့ပါ။ ကျွန်တော် ကျောက်ပတ်တီးစည်းပြီး ၁၀ ရက်ကျော်တော့ ကျွန်တော် ခြေထောက်ထဲက စူးစူးပြီး အောင့်တယ်။ ဘယ်လိုမှ နေလို့ မရ။ ဒါနဲ့ ကျွန်တော် ခြေထောက်က ကျောက်ပတ်တီးကို ခွာပြီး ဓါတ်မှန်ရိုက်ကြည့်တော့ ကျိုးသွားသော အရိုးမှ အစတစ်ခုက ခြေထောက်မှ အာရုံကြောတစ်ခုကို ထိုးခွဲနေတယ်။

ဒါနဲ့ ကျွန်တော့်မှာ ခွဲစိတ်မှု တစ်ခုကို လုပ်ရတယ်။ ခွဲစိတ်လိုက်တော့မှ ကျွန်တော်ခြေထောက်ထဲမှာ ကျိုးပြီး ညှပ်နေတဲ့ အရိုးလေးတွေ များစွာ ရှိနေတယ်လို့ သိရတယ်။ ဒီလိုနဲ့ ခွဲစိတ်မှု ကျွန်တော် လေးခါ လုပ်ခဲ့ရတယ်။ ပြီးတော့မှ စိတ်ချသေချာရပြီ ဆိုမှ ကျောက်ပတ်တီးကိုင်ပြီး ကျွန်တော် သေချာစွာ အနားရတယ်။ ကားတိုက်မှုလေးတစ်ခုနဲ့ ခြေထောက်လေးကျိုးတာကို ကျွန်တော့်မှာ တော်တော် အလုပ်ရှုပ်သွားတယ်။

ကျွန်တော် သေချာစွာ နားရမှ မေမေ့ဆီ ဖုန်းဆက်ဖို့ သတိရတယ်။ ဒါပေမဲ့လည်း ကျွန်တော် ဖြစ်နေတာ မေမေသိနေတာ ဆိုတော့ စိတ်လည်းမပူမိ။ အခုတော့ ကျွန်တော် မေမေ့ဆီ ဖုန်းဆက်ချင်တယ်။ ကျွန်တော် ဖုန်းလှမ်းခေါ်လိုက်တော့ အိမ်က ဖုန်းကို ကိုင်မဲ့သူ မရှိ ။ ကျွန်တော် ထပ်ခေါ်တယ်။ မရ။ ဒါနဲ့ မမ ဖုန်းကို လှမ်းဆက်လိုက်တော့ မမ ဖုန်းကိုင်တယ်။

“ မမ .. ၊ မေမေရော ကျွန်တော် အိမ်ကို ဖုန်းခေါ်တာ ကိုင်မဲ့သူ မရှိဘူး။ ”

“ သြော် .. ဖုန်းပျက်နေလို့ ဖြစ်မှာပါ။ နင့်သက်သာလား မောင်လေး။ ”


“ ဇင်မာနဲ့ တော့ မမ အမြဲ ဖုန်းပြောဖြစ်ပါတယ်။ ”

“ ဟုတ်ကဲ့.။ အခု အားလုံး အဆင်ပြေသွားပြီ။ စိတ်ချရပြီလေ။ ခြေထောက်လေး ကျိုးတာ ဒီလောက်တောင်မှ ဖြစ်ရတယ်လို့ဗျာ။ လေးခါ ခွဲခန်းဝင်ရတယ်။ ”


“ သြော်..ဒါကတော့ကွယ်.၊ လိုအပ်လို့ပေါ့.။ ”


“ မမ မေမေ နဲ့ စကားပြောချင်တယ်။ ”

“ မမ က အခု ကျောင်းမှာလေ။ နောက်နေ့ကျတော့ ပြောပေါ့ကွာ။ ”


ဒါပေမဲ့ မမရဲ့ နောက်နေ့က နှစ်ပတ်သာ ကြာသွားတယ်။ ကျွန်တော် မေမေနဲ့ စကားမပြောဖြစ်သေး။ ကျွန်တော် ဖုန်းခေါ်တိုင်း မမ ကျောင်းမှာ ၊ အပြင်မှာပဲ ဖြစ်နေတယ်။ အိမ်က ဖုန်းကိုလည်း ခေါ်လို့မရ။ ကျွန်တော် စိတ်ပူလာတယ်။ ဒါနဲ့ ကျွန်တော် ဖုန်းထပ်ခေါ်ပြီး. .

“ မမ ကျွန်တော် မေမေနဲ့ စကားပြောချင်တယ်။ ”

မမ ဘက်က ဘာမှ တုံ့ပြန်မှု မလာ။

“ မမ...ဘာဖြစ်နေတာလဲ။ ”

“ မောင်လေး။ မမ ပြောတာ သေချာ နားထောင်။ ”

“ ဟုတ်ကဲ့။ ”

ဒါပေမဲ့ ကျွန်တော် စိတ်တွေ ပိုပူလာတယ်။

“ မင်း နဲ့ မေမေ နောက်ဆုံး စကားပြောပြီးတော့ မင်းကို မေမေမှာတယ် မဟုတ်လား။ ဘုရားစာရွတ် ၊ မေမေလည်း ဘုရားရှိခိုးပြီး ဆုတောင်းပေးမယ် ဆိုတာလေ.။ ”

“ ဟုတ်ကဲ့ ။ မှတ်မိပါတယ်။ ”

“ အေး...အဲဒီအချိန်က စပြီး မေမေ မင်းအတွက် နေ့တိုင်း ၊ အချိန်တိုင်း ဘုရားရှေ့မှာ ထိုင်ပြီး ဆုတောင်းပေးနေတယ်။ မမ တို့ အိပ်ပြီ ဆိုရင်လည်း မေမေ ဘုရားရှိခိုးနေတုန်း။ မမတို့ မနက် အိပ်ယာနှိုးတော့ မေမေ ဘုရားစင်ရှေ့မှာပဲ။ ကြာတော့ မေမေရယ် ညဘက် အိပ်ရဲ့လား ဆိုတော့လည်း “ အိပ်ပါတယ် သမီးရယ်။ သမီးမောင်လေးက အဝေးမှာ ဆိုတော့ သူ့အတွက် လုပ်ပေးနေလို့ပါ။ ” လို့ပဲ ပြန်ပြောတယ်။

ဒါနဲ့ တစ်နေ့တော့ မမ အိပ်ယာနိုးတော့ မေမေ့ကို ဘုရားစင်ရှေ့မှာ ဘုရားကန်တော့နေတဲ့ ပုံစံ အတိုင်း ကုန်းကုန်းလေးတွေ့နေရတယ်။ ဒီတော့ မမလည်း ဘုရားဝတ်ပြုနေတယ်ပဲ ထင်တာပေါ့။ နောက်တစ်ခါ သွားကြည့်တော့လည်း ဒီလိုပဲ တွေ့ရတယ်။ ဒီတော့မှ မေမေ လို့ ခေါ်တော့ ပြန်မထူးဘူး။ ဒါနဲ့ မမလည်း သွားပြီး မေမေ့ကို ထိလိုက်တော့မှ မေမေ့အသားတွေ အေးစက်နေတယ် မောင်လေး။ ”

“ ဗျာ....ဒါဆို။ ”

“ နေဦး.။ လောပြီးလျှောက်မပြောနဲ့။ မမလည်း သိသိချင်း ကြီးမေတို့ တခြားအိမ်ဖော်လေးတွေကို ခေါ်ပြီး မေမေကို ပွေ့ပြီး ဆရာဝန်ခေါ်လိုက်တော့ ဆရာဝန်က ပြောတယ်။ ဆောင်းတွင်းကြီးမှာ နွေးနွေးထွေးထွေး မနေပဲ တစ်နေရာထဲမှာ ကြာကြာထိုင်နေလို့ မေမေ လေဖြတ်သွားတာတဲ့.။ ”


“ ဟာဗျာ.။ မမတို့ သိပ်ပေါ့တာကိုး ။ ”

“ အေးလေ ထားပါတော့။ မမ တို့လည်း မထင်ဘူးလေ။ ဒါနဲ့ မမလည်း မေမေ့ကို အစွမ်းကုန် ပြုစုကုသပါတယ်။ ဒါကြောင့် မေမေ အရင်လို လမ်းမလျှောက်နိုင်တော့ဘူး မောင်လေး။ စကားကိုလည်း အရင်လို မပြောနိုင်တော့ဘူး ။ ကိုယ်တစ်ခြမ်းလေဖြတ်တာ ဆိုတော့ မင်းလည်း သိပါတယ်။

ဒါကြောင့် မင်းဖုန်းပြောချင်တယ် ဆိုရင် ပြောပါ။ ဒါပေမဲ့ မင်းကို အရင်လို မြန်မြန် ဆန်ဆန် ပြန်ပြောနိုင်မှာမဟုတ်ဘူး။ ဒါကို မင်းသဘောက်ပေါက်ထားဖို့ လိုတယ်။ ”


“ ဟုတ်ကဲ့ပါ မမရာ.။ ဒါပေမဲ့ ဘာလို့ ကျွန်တော့်ကို အသိမပေးရတာလဲ။ ”

“ မင်းကလည်း ခြေထောက်ကျိုးတယ် ဆိုပြီး ပေါ့မနေနဲ့ မင်းလို့ ထိခိုက်ပြီး ဖြတ်လိုက်ရတဲ့ သူတွေ ရှိတယ်။ မင်းက ရိုးရိုး ခြေထောက်ကျိုးတာ မဟုတ်ဘူး။ ဒါပေမဲ့ မေမေ အကြောင်းကို ဇင်မာ ကိုတော့ ပြောပြထားပါတယ်။ ”

“ ဟာ..သူကလည်း ကျွန်တော့်ကို ဘာမှ မပြောဘူး။ ”


“ ဟုတ်တယ်လေ။ မမ မပြောခိုင်းတာ မင်းကလည်း ဒါကို သိရင် အတင်းပြန်လာချင်မယ်။ ဒါဆို မင်းရောဂါကလည်း အလျင်းပျောက်မှာ မဟုတ်ဘူး။ ဒါဆို မင်းခြေထောက်ပါ ဆုံးရှုံးရနိုင်တယ်။ ဒါကြောင့် မပြောတာ။ ”


“ ထားပါတော့ မမ။ ကျွန်တော် မေမေနဲ့ ဘယ်တော့ ဖုန်းပြောရမလဲ။ ”


“ အေး..မင်း ညကျရင် မမ ဟန်းဖုန်းကိုပဲ ခေါ်လိုက်။ မေမေနဲ့ ပေးပြောမယ်။ မမ ပြောတာတော့ မမေ့နဲ့။ ”


မမ နဲ့ ဖုန်းပြောပြီး ခဏနေတော့ ကျွန်တော့်ဇနီး ဇင်မာ သားနဲ့ သမီးနဲ့ အတူ ဝင်လာတယ်။

“ ကို သက်သာလား။ ဘယ်လို နေသေးလဲ။ ”

ကျွန်တော် သူ့ကို တမင် စကားပြန်မပြောပါ။ ကျွန်တော့်ကို သတင်းဝှက်ထားတယ် ဆိုပြီး ကျွန်တော် ကလေးဆိုးကြီးလို စိတ်ကောက် ပြနေလိုက်တယ်။

“ ကို ဘာဖြစ်နေတာလဲ။ ”

ဒီတော့မှ ကျွန်တော် သူ့ကို သေချာ ကြည့်ပြီး. . .

“ ကို အခုပဲ မမ နဲ့ ဖုန်းပြောပြီးပြီ။ မေမေ အကြောင်းလည်း သိလိုက်ရပြီ။ ကို ဒီလကုန် မြန်မာနိုင်ငံ ပြန်မယ်။ ”

“ ဟာ မဟုတ်တာ..။ ”

“ ဘာ မဟုတ်တာလဲ။ ရအောင် ပြန်မယ်။ ”

“ ကို့ ခြေထောက်က သာမာန်ကျိုးတာ မဟုတ်ဘူးနော်။ အရိုးစတွေက အာရုံကြောတွေကို ထိုးမိနေတာ။ အခုတောင်မှ လေးခါခွဲရတယ် မဟုတ်လား။ ဒီအချိန်မှာ အမေ လေဖြတ်တာကို ကို့ကို ပြောလိုက်ရင် ကို အခုလို မရရအောင် ပြန်ရင် ဘာတွေ ဖြစ်လာမလဲ။ ကိုလည်း ဒုက္ခဖြစ်မယ်။ ဒါကြောင့် မပြောတာပါ ကိုရယ်။ ”


“ အေးလေ။ ဘာပဲ ဖြစ်ဖြစ် အခု ကို ကောင်းနေပြီလေ။ ”


“ ရာနှုန်းပြည့် ပြန်ကောင်းလာတာမှ မဟုတ်တာ ကိုရယ်။ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ကြည့်ပါဦး။ ”

ကျွန်တော် ဇင်မာ့ကို ဘာမှ မပြောတော့ပဲ။ နောက်နေ့မှ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး မေးဦးမယ်လို့ တေးထားလိုက်တယ်။ ညရောက်တော့ မေမေ့ဆီ ဖုန်းဆက်တယ်။

“ မေမေ. . ။ ”

မေမေ့ဆီက အသံထွက်မလာ။ ကျွန်တော် ထပ်ခေါ်တယ်။

“ မေမေ.။ ”

“ သား . . . . . . ။ ”

မေမေ့အသံလေးလေးကြီးပါလား။ ဒီတော့မှ မမ ပြောတာကို သတိရတယ်။ သြော်.. ကိုယ်တစ်ခြမ်း လေဖြတ်ထားတာပဲလေ။ ဖြစ်မှာပေါ့။

“ မေမေ နေကောင်းရဲ့လား။ ”

“ေ ကာ င်း ပါ တ ယ် သား ရ ယ် .။ သ ာ း ေ ရ ာ ေ န ေ က ာ င်း လား ။ ”

“ သားက နေကောင်းနေပါပြီ မေမေရယ်။ သား မေမေ့ဆီ သား မြန်မြန် လာခဲ့မယ်နော်။ မေမေ နေကောင်းအောင်နေနော်။ ”

“ ေ အ း . . . ေ အ း . . . သ ာ း အ လု ပ် အား မှ လာ ပါ ကွ ယ်.။ ”

“ ဟုတ်ကဲ့ပါ။ မေမေ အခု နားဦးနော်.။ စကားတွေ အများကြီး ပြောလိုက်ရလို့ မောနေဦးမယ်။ သား နေကောင်းကြောင်း မေမေ့ကို လှမ်းပြောတာ။ ဒါပဲနော်. မေမေ။ ”


“ ေ အ း . . . ေ အ း . . သ ာ း .. ။ ”


ဖုန်းချပြီးတော့ ကျွန်တော် တစ်ကိုယ်လုံး နတ်ဝင်ပူးသလို တုန်တုန်ရီရီ ဖြစ်နေတယ်။ ဖြစ်ရလေ မေမေရယ်.. သားအတွက် ဆုတောင်းရင်းနဲ့မှ ဒီလို ဖြစ်ရတယ်လို့။ ကျွန်တော် မြန်မြန် မေမေ့ဆီ လာခဲ့မယ် မေမေ.။

နောက်နေ့ မနက်ကျတော့ ကျွန်တော် ဆရာဝန်တွေနဲ့ တွေ့ခွင့်တောင်းပြီး ဆေးရုံက ဆင်းချင်ကြောင်း ကျွန်တော်ပြောတော့ ဆရာဝန်တွေက သူတို့ကတော့ ပေးမဆင်းသေးကြောင်း ကျွန်တော့်ခြေထောက်က သာမာန်ထိခိုက်တာ မဟုတ်ပဲ။ အာရုံကြောကို ထိခိုက်တာဖြစ်တော့ သေချာ မပျောက်ကင်းရင် အကြောသေပြီး ဒီခြေထောက်သေသွားနိုင်ကြောင်း ဒါကြောင့် ခဏစောင့်ပြီးမှ ဒဏ်ရာသက်သာမှ ဆင်းစေလိုကြောင်း ၊ တစ်ခု ထူးခြားတာက ဒီလို ရောဂါ ဖြစ်ရင် လူ ၁၀၀ မှာ သုံးယောက်လောက်သာ ကောင်းနိုင်ကြောင်း အခုတော့ ဒီသုံးယောက်ထဲမှာ ကျွန်တော်ပါနေလို့ အံ့သြဝမ်းသာနေမိကြောင်း ၊ အထူးဆန်းဆုံးကတော့ ခန့်မှန်းတာထက် ကျွန်တော့် ခြေထောက်က အလျင်အမြန် သက်သာလာနေကြောင်း ဒါက ဘာကြောင့်လဲတော့ မပြောတတ်ကြောင်း ကျွန်တော့်ကို ရှင်းပြပြီး စိတ်ရှည်စွာ ဆက်နေစေချင်ကြောင်း ရှင်းပြတယ်။

ကျွန်တော် သိလိုက်ပါပြီ။ ကျွန်တော့်ခြေထောက်က ဘာလို့ မြန်မြန်ဆန်ဆန် ကောင်းပြီး သက်သာနိုင်တဲ့ လူအထဲမှာ ပါနေလဲ ဆိုတော့ မေမေနေ့တိုင်း ဘုရားစင်ရှေ့မှာ ကျွန်တော့်အတွက် တောင်းပေးနေတဲ့ ဆုတွေကြောင့်ပါပဲ။ သေချာအောင်ပြောရရင် မေမေ့ကိုယ်ကို အထိခိုက်ခံပြီး ကျွန်တော့်ခြေထောက် သက်သာအောင် ဆုတောင်းပေးခဲ့တဲ့ မေမေ့မေတ္တာတွေကြောင့် ပါပဲ။

အခုတော့ မေမေ့ဆီ ကျွန်တော် မြန်မြန်သွားတွေ့ချင်ပေမဲ့ ကျွန်တော် လက်လျော့ပြီး ဆရာဝန်ကြီးတွေ ညွှန်ကြားတဲ့ အတိုင်း ကျွန်တော် လိုက်နာခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ မေမေ့ဆီကို နေ့တိုင်း ဖုန်းဆက်တော့ မပြတ် ၊ မမ ကလည်းပြောတယ်။ “ နင်နဲ့ စကားပြောနေရလို့ ထင်တယ် ၊ အခု မေမေ တော်တော် သက်သာလာတယ်..” တဲ့။ မေမေနဲ့ ကျွန်တော့်ကြားမှာ မမြင်ရတဲ့ သံယောဇဉ်ကြိုးတွေ ရှိတယ်။

ဘာလိုလိုနဲ့ ကျွန်တော် ခြေထောက်က နောက်ထပ် ထပ်မခွဲရတော့ပေမဲ့ ကျွန်တော် အားလုံးကင်းကင်းရှင်းရှင်းပျောက်အောင် ၅ လလောက် ဆေးရုံမှာ ထပ်နေခဲ့ရတယ်။ အခုတော့ ကျွန်တော် အားလုံးကောင်းသွားခဲ့ပြီ။ ကျွန်တော် ပြန်မယ် ၊ မေမေ့ဆီ ကျွန်တော်သွားမယ်။ ဘာပဲ ပြောပြော မေမေလည်း နေကောင်းနေတဲ့ အချိန် ကျွန်တော့်ကို သတိရနေမှာပဲလေ။ ဆေးရုံက ဆင်းပြီးပြီးချင်း တစ်ပတ် အတောအတွင်း ကျွန်တော် လေယာဉ်လက်မှတ် အပါအဝင် အားလုံးကို ကျွန်တော် ပြီးအောင် လုပ်တယ်။

လာပြီ မေမေ ၊ မေမေ့ဆီ သားလာပြီ။

ကျွန်တော် လေယာဉ်ကွင်းကို ဆင်းတော့ အရင်အခေါက်တွေကလို မေမေ လာကြို မနေပါ။ မမ ကတော့ လာကြိုနေတယ်။ ကျွန်တော်လည်း မေမေ့ကို တွေ့ချင်နေတာနဲ့ ဘယ်သူ့ကိုမှ ဘာမှ မပြောမိဘူး။ ကားပေါ်ကို အထုပ်တွေ တင်ပြီး ဇင်မာ ၊ သားနဲ့ သမီးကို ခေါ်ပြီး မမကို မြန်မြန်ပဲ မောင်းခိုင်းလိုက်တယ်။

“ ရောက်နေတော့မှ သိပ်ပြီး စိတ်ပူမနေနဲ့ မောင်လေး။ မင်းနဲ့ စကားတွေ ပြောနေရကတည်း မေမေလည်း တော်တော် နေကောင်းနေတာ။ အခု ဆို ထိုင်နိုင် ၊ ထနိုင်နေပြီ။ လက်တွေလည်း လှုပ်နိုင်နေပြီ။ ”

မမ ဘာပဲ ပြောပြော ကျွန်တော် မေမေ့ဆီပဲ ရောက်ချင်နေတယ်။ အိမ်ကို ရောက်တော့ ကျွန်တော် အထုပ်တွေတောင်မှ မချနိုင်ဘူး။ အိမ်ထဲတန်းပြေးပြီး မေမေ့ဆီ သွားတော့ ကုတင်ပေါ်မှာ မေမေ့ကို တွေ့ရတယ်။ မေမေကလည်း ကျွန်တော့်ကို မျှော်နေတယ် ထင်တယ်။ လည်တဆန့်ဆန့်နဲ့။

“ မေမေ..။ ”

ကျွန်တော် ခေါ်လိုက်ရင်း မေမေ့ကို ပွေ့လိုက်တယ်။

“ မေမေရာ.။ သားကြောင့် ဒီလို ဖြစ်ရတယ်လို့.။ ”

“ မ ဟု တ် ပါ ဘူး ကွ ယ် .. . ။ ေ မ ေ မ ႕ ဖ ာ သ ာ .... .. ”

“ ဟုတ်ကဲ့ပါ..ထားလိုက်ပါတော့ မေမေရယ်။ အခု သားလည်း ရောက်နေပြီပဲ။ ”

ဒီအချိန်မှာ မမ ၊ ဇင်မာ ၊ သား နဲ့ သမီး အခန်းထဲ ဝင်လာတယ်။ သားနဲ့ သမီးကို တွေ့တော့ မေမေ ပိုပြုံးလာပြီး

“ လ ာ ၾက ဦ း ေ ျမ း ေ လ း .... ”

ဆိုပြီးလှမ်းခေါ်တယ်။ မေမေနဲ့ သူ့မြေးတွေ မတွေ့တာ ကြာပြီပေါ့။ မေမေ တော်တော် ပျော်နေပုံရတယ်။ ကျွန်တော် မမကို လက်ဆွဲ အခန်းပြင်ထွက်လာပြီး. . .

“ မေမေ့ကို အခု ဘယ်လို ကုနေလဲ။ ဘယ်သူနဲ့ ပြနေလဲ။ ”

“ ဒီမှာ မောင်လေး။ ဒါဟာ ငါ့အမေ ဆိုတာလည်း နင် မှတ်ထားဦး။ ပြီးတော့ ငါနဲ့ အနီးကပ်နေတာ။ အခု ဖြစ်တာ ငါ့ရှိရဲ့သားနဲ့ ဆိုပြီး ငါကလည်း စိတ်မကောင်းဘူး။ ဒါကြောင့် ငါလည်း ဒီက အကောင်းဆုံး ဆရာဝန်တွေနဲ့ ပြနေတာပဲ။ ဒါကြောင့် ဒီလောက် ပြန်ကောင်းလာတာလေ။ ”

“ ဟုတ်ပါတယ် မမရယ်။ ကျွန်တော်ကလည်း အဝေးက ဆိုတော့ စိတ်ပူလို့ပါ။ ”

ဒီအချိန်မှာ ဇင်မာ က အခန်းထဲကနေ ထွက်လာပြီး . . .

“ ကို မေမေ ခေါ်နေတယ်။ ”

“ အေး အေး ။ ”


ကျွန်တော်မေမေ့ဆီသွားတော့ . . .

“ သား . . . သား တို့ ခ ရီး ပ န်း လာ တ ယ် ၊ က ေ လ း ေ တြ ေ ရ ာ . န ာ း ေ တ ာ ႕ ေ လ. . ။ ”

“ ဟုတ်ကဲ့ မေမေ။ ”


ကျွန်တော် ကလေးတွေကို ခေါ်သွားဖို့ ဇင်မာ့ကို မျက်စ ပစ်ပြလိုက်ပြီး မေမေ့ကို ကုတင်မှာ အသာအယာလှဲစေလိုက်တယ်။ နောက်ပြီး ကလေးတွေနဲ့ အခန်းပြင် လိုက်ထွက်ပြီး မေမေ့ကို နားစေတော့မယ် ဆိုပြီး ထွက်မယ် လုပ်တော့. .

“ သား . . . ။ ”

“ ဗျာ.။ ”


ကျွန်တော် ပြန်လှည့်သွားလိုက်တော့ . . . မေမေက တစ်ခုခုကို ပြောချင်နေတဲ့ ပုံနဲ့ အတင်းထထိုင်တယ်။ ကျွန်တော်လည်း မေမေ့နား မြန်မြန်သွားလိုက်ပြီး မေမေ့ကို ဝိုင်းထူပေးလိုက်တယ်.။ ထိုင်မိသွားတော့ မေမေ လက်တစ်ဖက်က ခေါင်းရင်းက သေတ္တာသေးသေးလေးထဲကို တုန်တုန်ရင်ရင်နဲ့ နှိုက်လိုက်ရင်း လက်ကိုင်ပုဝါလေး တစ်ခုကို ဆွဲထုတ်လိုက်တယ်။ ပြီးတော့. .

“ ေ မ ေ မ က ဝ င် ငွေ မ ရှိ တာ ကြာ ပြီ သား . .၊ ဒါေ ကြာ င့် သား ကို ေ မ ေ မ မု န့် ဖိုး မေ ပး ရ တာ ကြာ ပြီ ။ သ မီး ဆီ က ပို က် ဆံေ တွ နဲ့ လ ည်း မေ ပး ချ င် ဘူး ။ အ ခု ဒါ က ေ မ ေ မ ပ ထ မ ဦး ဆံု း ေ က် ာ င်း မှာ ဆု ရ တဲ့ ပို က် ဆံ လေး ေ လ ။ ဒါ ကို ေ မ ေ မ အ မွ တ် တ ရ သိ မ်း ထား တာ ။

အ ခုေ တာ့ သား ကို မု န့် ဖိုးေ ပး လို့ ရ ပြီ ။ ဒါ ေ မ ေ မ ပို က် ဆံ အ စ စ်ေ နာ် ၊ ဘ ယ် သူ က မှေ ပး တာ မ ဟု တ် ဘူး ။ ”

“ မေမေရယ်။ ဖြေးဖြေးပြောပါ မောလိုက်တာ။ မေမေ မုန့်ဖိုး ပေးတယ် ဆိုရင် သား ယူမှာပေါ့။ ”


ဒီတော့ မေမေက သူ့ရဲ့ လက်ကိုင်ပုဝါလေးကို အသာလေးဖြေနေတယ်။ ကျွန်တော် မေမေ လက်ကိုင်ပုဝါလေးကို ဖြေပြီးတော့ မေမေထုတ်လိုက်တဲ့ ပိုက်ဆံက ၁၀၀ တန် အသစ်ကလေး တစ်ရွက်။ မေမေတို့ အချိန်က ၁၀၀ ဆိုတာတော့ တော်တော် တန်ဖိုးရှိခဲ့မှာပါ။ မေမေက တုန်တုန်ရီရီနဲ့ ၁၀၀ တန်လေးကို ထုတ်ပြီး ကျွန်တော့်ကို လှမ်းပေးတယ်။

“ ေ ရ ာ႔ . . . ယူ ေ လ သ ာ း ။ ”

ကျွန်တော် စိတ်တွေ အရင်တစ်နေရာကို ရောက်မိနေတယ်။

“ ေ ရ ာ႕ ေ လ . . .ယူ ေ လ သ ာ း ။ ”

မေမေ နောက်တစ်ကြိမ် ထပ်ပြောမှ ကျွန်တော် တွေးနေတာတွေ သတိဝင် လာတယ်။

“ ဟုတ်ကဲ့..မေမေ။ မေမေ့ဆီက မုန့်ဖိုး မရတာ ကြာတော့ အံ့သြသွားလို့ပါ မေမေ.။ ”

မေမေရယ်။ သားမှာ ရှိသမျှ ပစ္စည်းဥစ္စာတွေ ကုန်ချင်ကုန်သွားပါစေ ။ သား မေမေပေးတဲ့ ဒီ ၁၀၀ တန်လေးကို “ ထာဝရ ” သိမ်းထားမှာပါ။

“ သား . ။ ”

မေမေလေသံလေးနဲ့ ခေါ်တယ်။

“ ဗျာ.။ ”

ကျွန်တော် အလန့်တကြားထူးလိုက်တော့. . မေမေက ပြုံးပြီး .. . .

“ ငါ့ သား ေ မ ႕ ေ န ျပီ လ ာ း . ။ ”

“ ဘာကိုလဲ မေမေ။ ”

“ သား . . ။
မ တ ည့် တာေ တွ ဝ ယ် မ စား နဲ့ေ နာ် ။

“ ဟာ ... မေမေရာ။ ”

ဘာကြောင့်မှန်း မသိပေမဲ့ ကျွန်တော် မျက်ဝန်းထဲမှာ မျက်ရည်တွေ အိုင်ပြည့်လာတယ်။ ပြီးတော့ မေမေ့ကို ကျွန်တော် ဖက်ထားလိုက်တယ်။ ကျွန်တော့်အသက် ၄၂ နှစ် ရှိတော့မယ် မေမေ ။ ဒါပေမဲ့ မေမေ မျက်စိအောက်မှာ ကျွန်တော်က ကလေးလေး တစ်ယောက်လိုပါပဲလား မေမေရယ်။

စိတ်ချပါ မေမေ ကျွန်တော် ဒီပိုက်ဆံလေးနဲ့ ဘာမှ မတည့်တာလည်း ဝယ်မစားပါဘူး။ ကျွန်တော် ထာဝရ တစ်သက်လုံး သိမ်းထားမှာပါ။ ဘာလို့လည်း ဆိုတော့ . . .

ဒါက ကျွန်တော် မေမေ ပေးတဲ့ ကျွန်တော့်အတွက် “ အမေ့မုန့်ဖိုး ” လေ။



“ မိဘကျေးဇူးကို အထွေအထူး မဆပ်နိုင်တဲ့ သားသမီးတွေက မိဘစကားကို တသွေမတိမ်း လိုက်နာတာ တစ်ခုတည်းနဲ့ မိဘကျေးဇူးကို ဆပ်ကြတယ်။ ”


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မှတ်ချက်။ ။ မှတ်ချက် အနေနဲ့ နည်းနည်းတော့ ရှင်းပြပါရစေ။ တကယ်တော့ ဒီစာနည်းကို မြန်မာလို “ စိတ်၏ အလျင်ရေးနည်း ” လို့ခေါ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ဘယ်လိုမှ မပေါက်သော ရေးနည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ သဘောသဘာဝက ဘယ်လိုလည်း ဆိုတော့ တစ်ခါတစ်လေ ကျွန်တော်တို့ ဘတ်စ်စီးသွားရင်း ခဏလေး အျေိန်အတောအတွင်းမှာ တိုက်ဆိုက်မှု တစ်ခုကြောင့် အတိတ် ငယ်စဉ်ဘဝ ဖြစ်စဉ်တွေကို ခပ်မြန်မြန် တွေးမိပြီး နောက်မှ လက်ရှိ အချိန်ကို ပြန်ရောက်လာတယ် ဆိုတဲ့ သဘောပါပဲ။ အခု လည်း ဒီလိုနည်းနဲ့ ရေးထားတာပါ။ တခြားနိုင်ငံတွေမှာ ထင်ပေါ်သလောက် ကျွန်တော်တို့ နိုင်ငံမှာ ရေးလို့ မဖတ်ကြပါဘူး။

ဒီဝတ္ထုလေးဟာ တကယ်တော့ ကျွန်တော်ရဲ့ ဝတ္ထုရှည်တစ်ပုဒ်ပါ။ အခုတော့ ဝတ္ထုတို သာသာလောက်နဲ့ ရအောင် “အမေများနေ့ ” အမှတ်တရ အဖြစ်နဲ့ ရေးလိုက်တာပါ။


ခင်မင်ရသော စာဖတ်သူများကို တစ်ခု တောင်းပန်ချင်တာကတော့ ဒီဝတ္ထုလေးကို ကူးယူပြီး ဘယ်နေရာမှမှ ဖော်ပြခြင်း ၊ မေးလ်ထဲကနေ ပို့ခြင်း မလုပ်ကြဖို့ပါပဲ။ အကယ်၍ အမှတ်တရ လိုချင်တယ် ဆိုရင်တော့ ဒီနေရာ ကနေ ဒေါင်းလို့ရပါတယ်။

အမေများနေ့မှာ မိဘကို သတိတရ စိတ်ချမ်းသာအောင် ထားနိုင်ကြပါစေ။ အမေများနေ့အတွက် အမှတ်တရ ရေးပါတယ်။


ကိုဇော် ခံစားပုံဖော်သည်။


.
Share/Bookmark

2 ဒီလိုလူတွေရှိနေလို့ ကျွန်တော် အသက်ရှင်နေတာ (၃)




“ ၇ နာရီ အပြီးပြင်ထားနော်။ မာချေ့ ကားနဲ့ လာခေါ်မယ်။ ”


“ ဟုတ်ကဲ့။ ”


“ ပြန်ရင်လည်း မပူနဲ့။ ပွဲပြီးတာနဲ့ ပြန်လိုက်ပို့မယ်။ ”


“ ဟုတ်ကဲ့။ စိတ်ချပါ. . ကျွန်တော်တို့ ပြင်ထားပြီး စောင့်နေပါ့မယ်။ ”


ဒီလိုပဲ ကျွန်တော့်ကို ဒီမှာလည်း မင်္ဂလာဆောင် လာဖို့ ခဏခဏ ဖိတ်တာ ခံရပါတယ်။ မလေး မင်္ဂလာဆောင်ကိုတော့ ကျွန်တော် တော်တော် စိတ်ဝင်စားတယ်။ ဒါကြောင့် ဖိတ်တိုင်းလည်း သွားဖြစ်တယ်။ ခက်တာက ကျွန်တော့်မှာ ကိုယ်ပိုင်ကား မရှိလေတော့ ညဘက်မှ ကျင်းပတတ်တဲ့ မလေး မင်္ဂလာဆောင်ကို သွားဖြစ်ဖို့ မလွယ် .။ ဒါကြောင့် သူတို့ ကျွန်တော်တို့ကို ဖိတ်ရင် အကြို အပို့ပါ လုပ်ရတယ်။ ကျွန်တော် အားနာပေမဲ့ မတတ်နိုင်။

အရင်က တခြား မင်္ဂလာဆောင်တွေလိုပဲ ကျွန်တော်တို့ကို သူလာကြိုပါတယ်။ “ မာချေ့ ” ဆိုတာ မလေးလို “ အဒေါ် ” လို့ ခေါ်တာပါ။ အခု မင်္ဂလာဆောင်တာကတော့ သူ့ရဲ့ သမီးအငယ်ဆုံးတဲ့။ သူ့မှာ သားသမီး ၅ ယောက်ရှိတယ်။ အားလုံး ကျောင်းပြီးကြတယ်။ ဒီမှာက ကျောင်းပြီးဖို့ ဆိုတာ ဒီမှာ တကယ် မလွယ်လှဘူး။ ပညာသင်စရိတ်ကြီးသလို အရာရာလည်း ဈေးမြင့်တယ်။ ဒါကို သူနဲ့ သူ့ခင်ပွန်းက အလုပ်မှာ ကြိုးစားပြီး သားသမီးတွေကို ပညာတတ်စေခဲ့တယ်။

ဒါနဲ့ ကျွန်တော်တို့လည်း သူရဲ့ မိတ်ဆွေတွေနဲ့ ခင်မင်တဲ့သူတွေထဲမှာ ကျွန်တော်တို့နဲ့ အသိတွေ မရှိပေမဲ့ အလုပ်က အသိတွေက ရှိနေတော့ သိပ်ပြီး ငေါင်မနေရဘူး။ ဧည့်ခံပွဲ လူနည်းနည်းစဲတော့ ကျွန်တော်တို့ကို အပြန် လိုက်ပို့ပါတယ်။ ည ၁၁ နာရီ ထိုးခါနီးလောက်ပေါ့။ အိမ်ပြန်ရောက်တော့ ကျွန်တော်တို့လည်း တန်းအိပ်တာပါပဲ။

မြန်မာတွေမှ မဟုတ်ပါဘူး။ လူမျိုးတိုင်း ရဲ့ ဓလေ့ထုံးစံပါပဲ။ ဒါကတော့ အမှတ်တရလေးတစ်ခုကို ပြန်ပြောတတ်ကြတယ်လေ။ ဒါကြောင့် သူတို့လည်း နောက်နေ့ အလုပ်ရောက်တော့ မနေ့က လူတွေ မင်္ဂလာဆောင်မှာ ဘယ်သူတွေ ဘယ်လို ဝတ်တယ် ၊ နေတယ် ၊ ထိုင်တယ် ဆိုပြီး ပြန်ပြီး ဝါးကြတယ်။ ဒီမှာ ကျွန်တော့်သူငယ်ချင်း “ အလီ ” က သူ့ကို . .

“ မာချေ့. ။ ဒါက သမီး အငယ်ဆုံးဆိုတော့ သူတောင်မှ မင်္ဂလာဆောင်တော့ မာချေ့ ဘာလို့ အလုပ်လုပ်နေသေးလဲ။ ကိုယ်လည်း နှစ်ပေါင်းများစွာ ရှာကျွေးပြီးပြီပဲ။ သူတို့အိမ်မှာ အေးဆေး နေရုံပေါ့။ ”

“ ဟယ်. . မဖြစ်သေးပါဘူးကွယ်။ ”

“ ဘာလို့လဲဗျ. ။ ကိုယ်လည်း ငယ်ငယ်ကနေ ပြုစုလာတာပဲလေ။ အခု သူတို့လည်း အရာရာ ပြည့်စုံနေပြီပဲ။ ကိုယ့်ကို တစ်ခါပြန်ကြည့်သင့်တယ်လေ။ မဟုတ်ဘူးလား။ ”

“ မဟုတ်ဘူးကွဲ့။ “

“ ဗျာ...။ ”

ဒီ “ ဗျာ ” ကိုတော့ အလီပါ မကပါဘူး။ ကျွန်တော်ပါ အားဖြည့်ပြီး ဘေးကနေ ဝိုင်း “ ဗျာ ” ပေးလိုက်တယ်။ ဘာလို့လဲ.. ၊ ဘာကြောင့်လဲ ဆိုတဲ့ သဘောပေါ့။

“ ဟုတ်တယ်ကွယ်။ မင်းတို့က မသိသေးလို့ပါ။ သူတို့ အခု ပညာလည်း စုံသွားပြီ ၊ အိမ်ထောင်လည်းကျသွားပြီ ဆိုလို့ သူတို့အတွက် မပြီးသေးဘူးလေ။ သူတို့အတွက် အခုမှ ဘဝက စတာကွဲ့။ ”

“ ဗျာ.။ ”

ကျွန်တော်တို့ နှစ်ယောက်စလုံးပဲ အတူတူ ထပ် “ ဗျာ ” လိုက်ကြပါတယ်။

“ ဟုတ်တယ်လေ။ သူတို့ အခုမှ အိမ်ထောင်ကျတယ်။ ဒီတော့ သူတို့အိမ်ဝယ်ရဦးမယ်။ ဒီအတွက် အရစ်ကျ ဆပ်ငွေ ပေးရမယ်။ ပြီးတော့ ကားဝယ်ရဦးမယ်... ဒီ့အတွက် အရစ်ကျဆပ်ငွေ ၊ နောက် သားတွေ သမီးတွေ မွေးလာမယ်။ ဒါ့အတွက် သူတို့ရှာတဲ့ ဝင်ငွေထဲက သူတို့ သုံးရမှာလေ။ ဒါကို မာချေ့တို့က သူတို့ အိမ်မှာ သွားထိုင်စားနေရင် ဘယ်လိုလုပ် သူတို့ လောက်တော့မလဲ။

အခု မာချေ့ အသက် ၅၇ နှစ်လေ ၊ မာချေ့ လုပ်နိုင်ပါသေးတယ်။ သူတို့လည်း သူတို့ဖာသာ သူတို့ ဘဝကို ရပ်တည်ပါစေတော့။ မာချေ့လည်း မာချေ့နဲ့ မာချေ့ခင်ပွန်း နှစ်ယောက်တည်း ဘဝကို ရပ်တည်နိုင်ပါသေးတယ်။ မာချေ့တို့ သူတို့ အိမ်မှာ သွားနေရင် သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာပေါ့ကွယ်။ ”


ဆိုသော မြန်မာနိုင်ငံမှာ မိဘ အသက်ကြီးသွားရင် သားသမီးက ထောက်ပံ့ကျွေးမွေးရတယ်။ မိဘက လည်း သားသမီးအပေါ်မှာ ရပ်တည် မှီခို စားသောက်ကြတယ် ဆိုတဲ့ စကားလေးကို ကျွန်တော် သွားကြားမိတယ်။

ဒါပေမဲ့ပေါ့လေ။ မိဘဆိုတာ ဘယ်နေရာ ဘယ်ဒေသမှ မရွေးပါဘူး။ မိမိဆီကသာ အားလုံးပေးဆပ်ချင်ကြတာပါ။ သားသမီးဆီက ပြန်လည်ရရှိဖို့ ဆိုတာ ဘယ်မိဘမှ မစဉ်းစား ၊ မတွေးတော မိကြပါဘူး။ ဒါကြောင့်မို့လည်း မြန်မာ စကားပုံလေး တစ်ခု ဖြစ်လာတာပါ။ “ စုန်ရေ ” ပဲ ရှိတယ် “ ဆန်ရေ “ မရှိဘူးဆိုတာ။


အင်း.....။

တချို့လူတွေက သူများတွေကို ပေးဆပ်ဖို့ အတွက်သာ မွေးဖွားလာတာ.. .၊ သူများဆီက ယူရမယ်ဆိုတာ သူတို့ နားမလည်ခဲ့ကြဘူး။ သူတို့ သိတာ သူတို့ ပေးဆပ်ချင်တာ တစ်ခုတည်းပဲ။


သေချာတယ် . .၊ ဒီလိုလူတွေ ရှိနေလို့ ကျွန်တော် အသက်ရှင်နေတာ. . .။


*** အမေများနေ့ အမှတ်တရ ***


ကိုဇော် ခံစားတင်ပြသည်။



.

Share/Bookmark

29 December 2009

3 ကျွန်တော် ချစ်သော ရှဉ့်ကလေး






အဲဒီနေ့က ကျွန်တော် စိတ်ဓါတ်ကျနေတယ်။ ဒါကြောင့် စိတ်ရှုပ်ရှုပ်နဲ့ စိတ်လက်ပေါ့ပါး လွတ်လပ်ချင်တာနဲ့ ပန်းခြံလေး တစ်ခြံက ခုံတန်းယားလေးပေါ်မှာ ခြေပစ် ၊ လက်ပစ် ထိုင်နေမိတယ်။

ကျွန်တော့်အတွေးတွေက အတိတ်က ဖြစ်ရပ်တွေဆီက မခွာနိုင်။ ဘာလို့များလဲ။ ငါ ဘယ်နေရာတွေ မှာ ကြိုးစားဖို့ လိုနေတာလဲ။ ဘယ်အရာကများ ငါ့ကို ကံမကောင်းအောင် လုပ်စေချင်နေတာလဲ။ ငါ့လောက် ရည်မှန်းချက်ကြီးပြီး အမြင့်ဆုံးရောက်အောင် ကြိုးစားချင်တဲ့ သူ တစ်ယောက်မှ မရှိဘူး။ ဒါတောင်မှ ငါ လိုချင်တာတွေကို ဘာလို့ လှမ်းလို့ မမှီနိုင်တာလဲ။ ဘာလို့ ငါလိုချင်တာတွေမှ အလှမ်းဝေးပြီး ငါ ကျရှုံးနေရတာလဲ။

ဒီလိုတွေ တွေးပြီး ကျွန်တော့်မှာ ချာချာလည်နေတယ်။ ကျွန်တော့်မှာ ချစ်သူတစ်ယောက်ရှိတယ်။ သူနဲ့ လက်မထပ်ရသေး ။ သူနဲ့ ချစ်သူ ဖြစ်ခဲ့တာ ၄ နှစ်ကျော်ပြီ . .၊ ကျွန်တော် လုပ်ငန်း မအောင်မြင်သောကြောင့် ချစ်သူကို လက်မထပ်နိုင်သေး။ သူကလည်း ချစ်သူချင်းတော့ အတူတူနေချင်ရှာမှာပေါ့။ သို့သော် ကျွန်တော်အလုပ် အဆင်ပြေဘူး ၊ မျှော်မှန်းသလောက် အဆင်မပြေဘူး။ အမြဲငြီးနေတတ်တာကြောင့် သူလည်း မပြောသာဘူးထင်တယ်။ ဒီအတွက်လည်း ချစ်သူကို ကျွန်တော် တကယ် အားနာမိတယ်။

အခုတော့ ကျွန်တော် ကြိုးစား အားထုတ်ပြီး အမြင့်ဆုံး ၊ အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားတာတွေ ဘာမှ ဖြစ်မလာခဲ့ ၊ တချို့တလေသာ သာမာန်အနေနဲ့ ဖြစ်လာခဲ့တယ်။ ဒါကို ကျွန်တော် စိတ်ထဲ သိပ်ပြီး သဘောမတွေ့ ၊ ဒါတွေ ကျွန်တော်စဉ်းစားပြီး ကျွန်တော့်ခေါင်း ပိုပြီး နောက်ကျိလာခဲ့တယ်။ စိတ်ရှုပ်ထွေးပြီး နောက်နေတဲ့ ဦးခေါင်းကို အပေါ်သို့ ကျွန်တော်မော့လိုက်တော့ ကျွန်တော့် အမြင်တွေက ဦးခေါင်းထပ်က အုန်းပင်တွေဆီကို ရောက်သွားတယ်။ သြော် . .ကျွန်တော် ထိုင်နေတာက အုန်းပင်တန်းပါလား။ အုန်းပင်တွေ နေရာတကျ တန်းစီပြီး စိုက်ထားတဲ့ ပန်းခြံလေးထဲ ရောက်နေခဲ့တာ။

ဒီလို ကျွန်တော် ဦးခေါင်းမော့ကြည့်နေချိန်မှာ ကျွန်တော့်အထက်က အုန်းပင်ပေါ်မှာ ရှဉ့်လေးတွေက ပြေးလွှားနေတယ်။ ကျွန်တော်ကြည့်လိုက်တော့ ရှဉ့်လေး သုံးကောင် အုန်းပင် တစ်ပင်ကနေ တစ်ပင်ကို ခုန်ကူးနေကြတယ်။ သူတို့ ခန္ဓာကိုယ်နဲ့ အုန်းပင် တစ်ပင် နဲ့ တစ်ပင် အကွာအဝေးကို ခုန်ကူးဖို့ ဆိုတာ ဘယ်လိုမှ လွယ်တာ မဟုတ်။ သူတို့ လက်ရှိရောက်နေတဲ့ အုန်းပင်ရဲ့ အမြင့်ဆုံး အလက်ဆီကို တတ်သွားတယ်။ ဒီကနေမှ အုန်းပင် နောက်တစ်ပင်ရှိရာ အလက်ဆီကို သူတို့ လှမ်းပြီး ခုန်လိုက်ကြတယ်။

သူတို့ ခုန်ကြတာကို အောက်ကနေ ကျွန်တော် အံ့သြတကြီးနဲ့ ကြည့်နေမိတယ်။ သူတို့ လိုချင်ရာ အုန်းလက်ဆီကို လှမ်းခုန်လိုက်တာပါပဲ။ ဒါပေမဲ့ သူတို့ လိုတဲ့ အုန်းလက်ကို မရောက်ပဲ အောက်ဘက်နားဆီမှာ ရှိနေတဲ့ အုန်းလက်ဆီကိုသာ သူတို့ ခန္ဓာကိုယ်က ကျသွားခဲ့တယ်။ ဒါပေမဲ့လည်း သူတို့ ကျရောက်လာတဲ့ အုန်းလက်ကို တွဲခိုပြီး ဒီကနေမှ တဆင့် သူတို့ ပထမ မျှော်မှန်းရာ အုန်းလက်ဆီကို သွက်သွက်လက်လက်ပဲ တတ်သွားတယ်။ သူတို့မှာ ဘာမှ ပင်ပန်းတယ် လို့ မထင်မိ။ ကျွန်တော် ဒါကို ကြည့်ပြီး အတွေးလေး တစ်ချက်ရပြီး ပြုံးပြီး ဘေးဘီကို ကြည့်လိုက်တော့ ကျွန်တော့်ဘေးခုံပေါ်မှာ ကျွန်တော့်လိုပဲ ဦးလေး အရွယ် လူတစ်ယောက် ရှဉ့်လေးတွေကို မော့ကြည့်နေတယ်။

သူကလည်း ခေါင်းကို ကျွန်တော့်ဆီကို လှည့်ရင်း. . .

“ ကိုယ် အခုလို ဒီရှဉ့်ကလေးတွေကို လာထိုင်ပြီး ကြည့်နေမိတာ. နှစ်ပေါင်း ၁၀ နှစ်လောက်ပြီကွ။ ဒါပေမဲ့လည်း ဒီအတောအတွင်းမှာ အရင်က ရှဉ့်တွေ အသက်ကြီးလို့ နောက်ထပ် ရှဉ့်လေးတွေသာ ပြောင်းသွားလိမ့်မယ်။ သူတို့ ဒီလို ခုန်နေတာကတော့ မပြောင်းလဲ သွားဘူး။

သူတို့ ရောက်ရာ နေရာမှာ အမြင့်ဆုံးထိ ကြိုးစားတယ်။ ပြီးတော့ ကိုယ်လိုချင်တဲ့ နေရာကို ရောက်ဖို့ အားကုန်ခုန်ကြတယ်။ ဒါပေမဲ့လည်း သူတို့ လိုချင်တဲ့ နေရာရောက်အောင် သူတို့ ခန္ဓာကိုယ်က မစွမ်းနိုင်တော့ သူတို့ ဘာဖြစ်လဲ ၊ ရောက်တဲ့ နေရာကို အမိအရ ဖမ်းကိုင်ပြီး လိုချင်တဲ့ ပထမနေရာ ရောက်အောင် တွယ်တတ်သွားကြတယ်။
ပြီးတော့ သူတို့ ဒီနေရာမှာ တင်ရပ်မနေဘူး။ သူတို့ လက်ရှိနေရာကနေ အမြင့်ဆုံးကို ထပ်တတ်ကြတယ်။ နောက်ထပ် တစ်နေရာကို ထပ်ခုန်ကြတယ်။

ဒီမှာလည်း သူတို့လိုရာ နေရာ မရောက်ရင်လည်း ရောက်ရာကို ဆွဲကိုင်ပြီး ထပ်တတ်သွားကြတယ်။ ဒါပေမဲ့ ထူးခြားတာ တစ်ခု ရှိတယ်ကွ။ ဒီလို သူတို့ အားကုန် ခုန်လိုက်လို့ လိုရာကို မရောက်ပဲ အောက်ကို ဘယ်အကိုင်းကိုမှ မဆွဲမိပဲ ပြုတ်ကျလာတယ် လို့ မရှိခဲ့ဘူး။ သူတို့ ဒဏ်ရာ အနာတရ ရသွားတယ်လို့ တစ်ခါမှ မတွေ့ဖူးဘူး။ သူတို့ လိုရာ မရောက်ပေမဲ့ တစ်ကိုင်းကိုင်း ၊ တစ်လက်လက်မှာ တွယ်မိသွားပြီး အထက်ကို တတ်သွားတာပါပဲ။ ”


ဒီဦးလေးကြီးက ဒီလို ပြောပြတယ်။ ကျွန်တော်က ဒီနေ့မှ ဒီရှဉ့်လေးတွေကို မြင်မိတာ။ သူက ဒီလို လာကြည့်နေတာ ၁၀ နှစ်တောင်မှ ရှိတော့မယ် ဆိုပဲ။ ကျွန်တော် ခုနက ကျွန်တော့်ရည်ရွယ်ချက် ၊ မျှော်လင့်ချက်များ လိုသလောက်ဖြစ်မလာခဲ့တာ နဲ့ ပတ်သတ်ပြီး ကျနေတဲ့ ကျွန်တော် စိတ်တွေ တစ်ခုခု ကို မြင်လိုက်ရသလို လန်းဆန်း တတ်ကြွလာတယ်။ ဒါနဲ့ ကျွန်တော် ချက်ချင်း ဆုံးဖြတ်ချက်တွေ ချခဲ့တယ်။

၎ နှစ်ကျော် ချစ်ခဲ့တဲ့ ကျွန်တော့်ချစ်သူကို ချက်ချင်း လက်ထပ်တယ်။ အရင်က ခရီးထွက်ဖို့ ပြင်ထားတာတွေကိုလည်း မဖြစ်ဖြစ်အောင် လုပ်ပြီး ခရီးထွက်တယ်။ ကျွန်တော်ရေးမယ်လို့ လုပ်ထားတဲ့ စာတွေကိုလည်း လက်ရှိ အခြေအနေအတိုင်းမှာ အကောင်းဆုံးဖြစ်အောင် ကျွန်တော် ရေးဖြစ်ခဲ့သည်။ အရင်က အင်တင်တင်ဖြစ်နေသော ထုတ်ဝေသူများကိုလည်း ရဲရဲတင်းတင်းပေးထားလိုက်သည်။

ဒီနောက် ကျွန်တော် ခရီးရှည်ကြီးထွက်သည်။ ဒီမှာ ကျွန်တော့်အတွက် စာရေးစရာ ကုန်ကြမ်းများစွာ ပါလာသည်။ ထိုကုန်ကြမ်းတွေနဲ့ အတူ ကျွန်တော် ခရီးက ပြန်ရောက်တော့ ကျွန်တော် စာအုပ်တွေကို ထုတ်ဝေပြီး၍ ပေါက်နေလေပြီ။ နောက်ထပ် စာအုပ်ထုတ်ဖို့ ထုတ်ဝေသူက ကျွန်တော်ကို စောင့်နေခဲ့တယ်။ ဒီနောက်မှာတော့ ကျွန်တော့်မှာ အောင်မြင်မှုတွေ ဆက်တိုက်ရလာခဲ့တယ်။ လူတွေကြားထဲမှာ ခေါင်းမော့ရင်ဆိုင်နိုင်သော စာရေးဆရာ ဆိုသော အခြေအနေ တစ်ရပ်ကို ရောက်ရှိလာခဲ့တယ်။

ဒါနဲ့ တစ်နေ့ ကျွန်တော့်ခရီးတစ်ခုက ပြန်လာပြီး ဧည့်ခံပွဲ တစ်ခု တတ်တော့ ထုတ်ဝေသူတစ်ယောက်က ကျွန်တော့်ကို စာပေဟောပြောပွဲ တစ်ခုကို တတ်ပြီး ဟောပြောပေးဖို့ ကမ်းလှမ်းသည်။ ကျွန်တော်က. . .

“ ကျွန်တော့် အခု အခြေအနေ ဘယ်လောက် ဆိုးနေတယ် လို့ ပြောပြော. . ဒီစာပေ တတ်ဟောဖို့ လောက်တော့ အခြေအနေဆိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဘာလို့လည်း ဆိုတော့ ကျွန်တော်က တစ်ခါမှ စာပေ ဟောပြောပွဲမှာ ဟောခဲ့ဖူးတာ မဟုတ်ဘူး။ ”

ဒီလို ပြောပြီး ကျွန်တော် ငြင်းပယ်လိုက်တော့ ကျွန်တော့်ဘေးနားမှာ ရှိနေတဲ့ ကျွန်တော့်ဇနီးက ကျွန်တော့်ကို နားနားကပ်ပြီး တစ်ခု ပြောတယ်။

“ တစ်ခါက ရှဉ့်လေး တစ်ကောင်ရှိတယ်။ သူက အုန်းပင်ကြီး တစ်ပင်ကနေ နောက်တစ်ပင်ကို ကူးဖို့ အမြင့်ဆုံးကို တတ်ပြီး ခုန်လိုက်တယ်။ ဒါပေမဲ့....”

သူပြောလိုတာက ကျွန်တော် နားလည်သွားပြီ ၊ ကျွန်တော့်ကို မလုပ်ဖူးဘူးဆိုပြီး မလုပ်ပဲ မနေအောင် ၊ မလုပ်ဖူးပေမဲ့ စမ်းပြီး လုပ်ကြည့်ဖို့ ၊ တစ်နည်းပြောရရင် ခုန်ဖို့ ။ ကျွန်တော် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်တယ်။ နောက်လှည့်ထွက်သွားတဲ့ ထုတ်ဝေသူကို လှမ်းခေါ်ပြီး “ ဒီပွဲမှာ ကျွန်တော် ဟောပါ့မယ် ။ ” လို့ ပြောလိုက်တယ်။

တကယ် ဟောရတဲ့နေ့မှာတော့ ကျွန်တော် ထင်ခဲ့သလို အခက်အခဲတွေ အများကြီး ဖြစ်မလာခဲ့ပါ။ အဆင်ပြေပြေနဲ့ ပြီးသွားခဲ့တယ်။ ပြီးတော့ ဒီထက် ထူးခြားတာက ကျွန်တော့်ရင်ထဲမှာ ဒီဟောပြောပွဲ အတွက် ပျော်နေခဲ့တာပဲ။ ဒါနဲ့ ကျွန်တော် ဟောပွဲပြော ၅ ခု ၊ ၆ ခု လောက် ဆက်တိုက် ပြောဟော ဖြစ်ခဲ့သည်။ ကျွန်တော် အကိုင်းလွတ်ပြီး ပြုတ်ကျတယ် လို့ မဖြစ်မိ ၊ တစ်ခုခုကို ဆွဲကိုင်ပြောမိရင်း ကျွန်တော် ပျော်နေမိတယ်။ ဒါနဲ့ပဲ နောက်ပိုင်းမှာ ကျွန်တော် စာပေရေးသားခြင်းရေ ၊ စာပေ ဟောပြောပွဲတွေပါ လိုက်ပြီး ဟောပြောခဲ့ရတယ်။

ဒီလိုပါပဲ။ နောက်ထပ် ဘာကိစ္စပဲ လုပ်ရ လုပ်ရ ၊ ကျွန်တော့်စိတ်ထဲမှာ တစ်ခုခုကို စိုးရိမ်နေပြီ။ အခက်အခဲတော့ ဖြစ်တော့မှာပဲ လို့ထင်နေပြီ။ လိုသလောက် ၊ ထင်သလောက်လည်း ဖြစ်မလာပါလားလို့ တွေးနေမိပြီ ဆိုရင် ကျွန်တော့်ကို သင်ခန်းစာတွေ ပေးခဲ့တဲ့ ရှဉ့်ကလေးကို သွားပြေးပြီး မြင်မိပါတယ်။ ဒါဆိုရင် အလုပ်သစ် တစ်ခုခုကို ကျွန်တော် ရင်ဆိုင် ကြိုးစားဖို့ စိတ်ဓါတ် တွေ လိုလို အင်အား ပြည့်ဝလာခဲ့ပါတယ်။

“ တကယ်တော့လည်း လောကကြီးက ရောက်ရာနေရာမှာ အမြင့်ဆုံး ရောက်အောင် ကြိုးစား ၊ ပြီးရင် ဒီထက် ကောင်းတဲ့အခြေအနေတစ်ရပ်ကို ရဲရဲဝံ့ဝံ့ ခုန်ကူး ကြိုးစားရမှာပါပဲ။ တကယ်လို့ ကိုယ်လိုချင်တဲ့ နေရာကို မရောက်ခဲ့ဘူးဆိုလည်း ပြဿနာတော့ မရှိပါ။ ရောက်ရာနေရာ တစ်ခုခုကို အမိအရ ဖမ်းဆွဲရင်း ဒီအခြေအနေကနေ ထပ်ပြီး အမြင့်ကို ရောက်အောင် ကြိုးစားသွားနိုင်ပါတယ်။

ကိုယ်မျှော်လင့်ထားသော နေရာ မရောက်လို့ ဘာမှ စိတ်သောက ရောက်စရာတော့ မရှိပါ။ ဒီနေရာကို ရောက်အောင် ဆက်ပြီး တိုးတတ်ကြိုးစားခွင့် ကျွန်တော်တို့မှာ ရှိနေတယ်လေ။ ”

မှတ်ချက်။ ။ Chicken Soup For The Soul ထဲမှာလား ၊ တစ်နေရာရာမှာလား ဖတ်ဖူးတယ်ဗျာ။ အခုကတော့ ဟော်လန်စာရေးဆရာ Roger Corman
ရေးထားတဲ့ စာလေးပါ။ ဆောင်းပါး ပေါင်းချုပ် စာအုပ်ထဲက ခေါင်းစဉ်က “ Lovely Squirrel ” ပါ။


ကိုဇော် ခံစားတင်ပြသည်။



Share/Bookmark

28 December 2009

1 ချစ်တတ်သူ

ချစ်တတ်သူ....

ချစ်သူရေ....

မင်း...ထိုင်ဆို
ကိုယ်...မထ...။

မင်း...အိပ်ဆို
ကိုယ်...မနိုး...။

မင်း...ချစ်ဆို
ကိုယ်...မမုန်း...။

မင်း...လာဆို
ကိုယ်...မနေ...။

မင်း..သွားဆို
ကိုယ်..မရပ်..
ချစ်တတ်လို့ပါ...။ ။

ကိုဇော်


http://zaw357.multiply.com/journal/item/220
မှာ 25.4.2009 ကရေးထားတာပါ။
.

Share/Bookmark

1 နဖူးစာ ဆိုတာ ဘာလဲ



သိဝိ မင်းကြီးဟာ

ဥမ္မာဒန္ဒီကို..
မြင်တော့ ဣနြေ္ဒမဆယ်နိုင်ပဲ..
ဆင်ပေါ်က ပြုတ်ကျသတဲ့....။
အင်းလေ.....
သူမရှိတော့တာပဲ ကောင်းပါတယ်..။
ကျွန်တော်ချစ်သူကို မြင်ရင်...
သူ...
ဆင်ပေါ်က ထပ်ပြုတ်ကျဦးမှာပါပဲ....။ ။




ဟိုးရှေးရှေးတုန်းက.....

အိန္ဒိယနိုင်ငံက ရှေးလူကြီးတွေဟာ သူတို့ သားသမီးတွေ မွေးလာတာနဲ့ သူတို့သိကျွမ်းရင်နှီးတဲ့ မိတ်ဆွေတွေထဲက သားသမီးတွေနဲ့ အိမ်ထောင်ချပေးဖို့ သဘောတူတတ်ကြသတဲ့..။ ဒီတော့ သူတို့တွေဟာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရခဲ့ပြီဆိုရင် သူတို့သားသမီးတွေရဲ့ နဖူးပေါ်မှာ သူတို့ သဘောတူထားတဲ့ သူတို့ မိတ်ဆွေရဲ့ သားသမီး အမည်ကို ဆေးမှင်နဲ့ ရေးထားလိုက်ကြသတဲ့...။
( ဥပမာ- သက်မွန်မြင့် နဖူးမှာ ကိုဇော် လို့ ရေးပြီး...၊ ကျွန်တော့်နဖူးမှာ သက်မွန်မြင့် လို့ ရေးသလိုပေါ့လေ..။ ဟဲဟဲ..ဥပမာ ပြောတာပါ...)

ဒီလိုနဲ့ ဒီကောင်လေး ကောင်မလေးတွေဟာ ကြီးလာတော့ သူတို့နဖူးမှာရေးထားတဲ့ သူနဲ့ အိမ်ထောင်ပြုကြရသတဲ့..။
ဒါပေမဲ့ နောင်အခါ ခေတ်ကာလအရ နေရာဒေသတွေ ရွေ့ပြောင်းကြရတော့ နေရပ်ဒေသတွေဟာ တစ်နေရာထဲမှာ နေကြတာ မဟုတ်တော့ နဖူးမှာ နာမည်ရေးထားတဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို တွေ့ကြရဖို့ ကောင်လေး ၊ ကောင်မလေးတွေဟာ နေရာအနှံရှာဖွေ လက်ထပ်ကြရသတဲ့..။ ဒါကို နဖူးစာ ရွာလည်တယ်လို့ခေါ်တယ်လေ..။

နဖူးစာ ရွာလည်ပြီး နဖူးမှာ ကိုယ့်နာမည်ပါတဲ့ ချစ်သူကို တွေ့ကြရလို့ သူတို့ အိမ်ထောင်ပြုကြတဲ့ အခါမှာ ကိုယ့်နာမည်ပါတဲ့ နဖူးလေးကို အမှတ်တရ နမ်းတတ်ကြသတဲ့..။
ငါ့ချစ်သူကို ငါရှာတွေ့ပြီ ဆိုတဲ့ သဘောနဲ့ လက်ထပ်တဲ့အခါမှာ ကိုယ့်နာမည်ပါတဲ့ နဖူးလေးကို နမ်းတာဟာ ဒီနေ့ အထိ အမှတ်တရ ဖြစ်နေဆဲပါ...။

ဒီအချိန်မှာ ကိုယ့်သားသမီးကို ဘယ်မိတ်ဆွေ သားသမီးနဲ့မှ လက်ထပ်ဖို့ သဘောတူညီမှု မရတဲ့သူတွေဟာ သူတို့ရဲ့သားသမီးတွေရဲ့ နဖူးမှာ ဘာနာမည်မှ ရေးမပေးနိုင်ကြဘူးတဲ့..။
ဒီလိုပဲ သူတို့တွေဟာ အပျိုကြီး ၊ လူပျိုကြီးတွေ ဖြစ်လာကြတယ်..။

တချို့ကျတော့ နဖူးမှာ နာမည်တွေ အများကြီးပါတတ်ကြတယ်..။ သူတို့တွေက အိမ်ထောင်ဆက်တွေ များကြပြန်ရော..။ သူတို့ကျတော့ ခြွင်းချက်ဆိုပါတော့လေ..။


ဟော.....


ကျွန်တော် ဒီလိုပြောနေလို့ ငါ့နဖူးမှာ ဘာနာမည်ပါလဲ ဆိုပြီး အခုထပြီး မှန်ထဲမှာ ပြူးပြဲကြည့်ချင်နေပါသလား သူငယ်ချင်း..။ ကြည့်သင့်ပါတယ်လေ..။ ပြီးတော့ နာမည်တစ်ခုကိုလည်း တွေ့အောင်ရှာကြည့်ပါဦး..။ ဒီနာမည်ဟာ သူငယ်ချင်း ချစ်သူပါပဲ..။ သူ့နဖူးလေးမှာလည်း ရှာကြည့်ပါ..။ သူငယ်ချင်းနာမည်ကို တွေ့ရမှာပါ...။ ပြီးရင် ကိုယ့်နာမည်ပါတဲ့ နဖူးလေးကို နမ်းဖို့ကိုလဲ မမေ့ပါနဲ့ဦး....။

အင်း.....

ဒီလောက်ပြူးပြဲရှာနေတာတောင်မှ သူငယ်ချင်း နဖူးမှာ ဘာနာမည်မှ မတွေ့ဘူးဆိုရင်တော့ ကျွန်တော် စိတ်မကောင်းပါဘူး...။ သူငယ်ချင်းဟာ အပျိုကြီး ၊ လူပျိုကြီး ဖြစ်တော့မယ်..။ ဒါတော့ ကျွန်တော်လည်း မတတ်နိုင်ပါ..။

အဲ.......

သူများကိုသာ ပြောနေတာ သတိရလို့ ကျွန်တော် ကိုယ့်ဖာသာကိုယ် နဖူးကို မှန်ထဲ ပြန်ကြည့်လိုက်တော့... နာမည်လေးတစ်ခုကျွန်တော့် နဖူးမှာ တွေ့ရတယ်ဗျာ...။ သေချာဖတ်ကြည့်လိုက်တော့................


“ ----------------------” တဲ့...။
(သက်မွန်ုမြင့်တော့ မဟုတ်ပါဘူး...ဒါက ဥပမာပါဗျာ...။
)


(မှတ်ချက်။ ။ ဟိန္ဒူကျမ်းမှ အချက်အလက်တချို့ကို ဆင့်ပွားရေးထားတာပါ..။)

ကိုဇော်

http://zaw357.multiply.com/journal/item/217 မှာ 22.4.2009 က ရေးထားတာပါ။




Share/Bookmark

3 စာပေဟောပြောပွဲမှ အပြန်



ဒီနေ့ ဆိုပြီး ကျွန်တော်ပုံတွေ တင်ပြီး ရေးနေတာ အခုတော့ သန်းခေါင်ကျော်သွားလို့ မနေ့က ပြောင်းရေးရမယ် ထင်တယ်။ သူငယ်ချင်း ကိုကိုမောင်ရဲ့ ဖိတ်ခေါ်ချက်ကြောင့် ကျွန်တော် မရောက်ရောက်အောင် သွားခဲ့ပါတယ်။ (ဒါကြောင့် အခု အချိန်အထိ နာရီ ၄၀ ကျော် မအိပ်ရသေးပါ။) အခုလည်း အလုပ်ထဲမှာပါ. . .၊ ခဏနေရင်တော့ ခိုးအိပ်တော့မယ်..အဲလ..။




စာပေ ဟောပြောပွဲကို ကျွန်တော်တို့ စောစောပဲ ရောက်သွားလိုက်ပါတယ်။ ပြီးတော့ အထဲမှာ သောက်ရေသောက်ဖို့ အစာပြေစားဖို့ ဘာညာပေါ့ ဝယ်တယ်။ ဒီနေ့တစ်နေ့လုံးကတော့ ကျွန်တော့်ကို လက်မှတ်ကအစ အစားအစာ အရာရာ သူငယ်ချင်း ကိုကိုမောင် က အားလုံး တာဝန်ယူသွားပါတယ်။ (အဟီး.. အသိနောက်ကျလိုက်တာ။ :P ဒီလိုဆို နောင်ဘာပွဲ ဖြစ်ဖြစ် လာမယ်..ဟီး။ )

ဒီပုံလေးကတော့ အခန်းအနားအပြင်အဆင်ပါ။ ခန်းလုံးပြည့်လူတွေ တတ်ရောက်ကြပါတယ်။ အရှေ့ပိုင်းမှာ လူတွေအတွက် ခုံတွေ လွှတ်နေသေးပေမဲ့ အနောက်မှာ မတ်တပ်ရပ်ကြည့်သူတွေ တော်တော်များပါတယ်။
ဒါကတော့ အခမ်းအနား အပြင်အဆင်ပါ။ ( ကျွန်တော်ရိုက်တုန်းက ပါနေတဲ့ ခေါင်းပြတ်တွေကိုတော့ ဖျက်ထားတယ်။ )




ဒီလို ဟောပြောပွဲ မစခင် ဆရာ ၊ ဆရာမတွေက အရှေ့မှာ ထိုင်နေကြတယ်။ ဒီမှာ ဘာပဲ ဖြစ်ဖြစ် စပ်စုတတ်တဲ့ ကျွန်တော်က ( ကိုယ့်ကိုယ်ကိုယ်လည်း သိပါတယ် :P ) ဆရာ ၊ ဆရာမတွေနဲ့ ဓါတ်ပုံတွဲရိုက်ချင်တယ် လို့ သွားပြောမိတယ်။ ဒါနဲ့ပဲ ရိုက်ခွင့်ရလာပါတယ်။ (သူများတွေများဗျာ..ဝတ်ထားလိုက်ကြတာ ပျံနေတာပဲ..ဟီး။ စာပေဟောပြောမှာ သူတို့လား မသိဘူးနော်။
ကျွန်တော်ကတော့ ဒီလိုကြီးပဲ ထသွားမိတယ်။ )


ဒါကတော့ ဆရာ နေဝင်းမြင့်နဲ့ အမှတ်တရ ရိုက်လာတာပါ။





ဒါကတော့ ဆရာမ ဂျူး နဲ့ ရိုက်လာတာပါ။



ဒီအချိန်မှာ အမှတ်တရ စာအုပ်ရောင်းဖို့ ဆရာ ၊ ဆရာမတွေရဲ့ စာအုပ်တွေက အချိန်မှီ မရောက်လာသေးဘူးလို့ ပြောပါတယ်။ ဆရာ ချစ်ဦးညို တစ်ယောက်တည်းသာ စာအုပ်တွေ ရောက်လာလို့ ရောင်းခဲ့ရတယ်။ ( ဈေးကြီးတယ်...အဲလေ.. :P ) အမှတ်တရ တန်ဖိုးကြီးတယ် ။ ဒါကို ပြောတာပါ။

ကျွန်တော်လည်း စာအုပ်လေး ပြေးဝယ်ပြီးတော့ ဆရာချစ်ဦးညိုကို အမှတ်တရ လက်မှတ်ထိုးခိုင်းတယ်။ ( မြန်မာတွေများ ပြောပါတယ်။ ဘယ်သူမှ အစမလုပ်ရဲကြဘူး။ ကျွန်တော် စပြီး စာအုပ်ဝယ် လက်မှတ်ထိုးခိုင်း ၊ အမှတ်တရ ဓါတ်ပုံရိုက် ဆိုတော့မှ နောက်က လိုက်လာလိုက်ကြတာ။ ဟိုဟာတွေလို ပြောရရင် “ ပျားခံ ” နေတာပဲ..ဟီး။ ) ဒါနဲ့ပဲ ဆရာ ချစ်ဦးညိုနဲ့ ကျွန်တော်တို့ နှစ်ယောက်တွဲပြီး ဓါတ်ပုံ ရိုက်ဖို့ ခက်လာပါလေရော။


ဒါနဲ့ အခြေအနေလေး ကြည့်တုန်း လစ်သွားလို့ ဆရာချစ်ဦးညိုနဲ့ ကျွန်တော် တစ်ယောက်တည်း ပုံလေးပဲ ရိုက်လိုက်ရတယ်။ ကျွန်တော့် သူငယ်ချင်း မပါလို့ မတင်ပေးတော့ဘူးနော်။ ဆရာနေဝင်းမြင့် ၊ ဆရာမဂျူးတို့နဲ့လည်း နှစ်ယောက်တည်း တွဲရိုက်ခဲ့ပါသေးတယ်။ ( ဂလို ကဲတာ..။ ) လူရှင်းနေတာကိုး ၊ နောက်မှ လူက များလာတာ.။

ဓါတ်ပုံရိုက်နေရင်း နဲ့ ကျွန်တော် ဆရာမ ဂျူးနဲ့ ၁၀ မိနစ်လောက် ၊ ဆရာနေဝင်းမြင့် နဲ့ ၅ မိနစ် လောက် ၊ ဆရာ ချစ်ဦးညို နဲ့ စာအုပ်မှာ လက်မှတ်ထိုးပေးရင်း ၁၀ မိနစ်လောက် စကားပြောလိုက်ရတယ်။ ဆရာမ ဂျူးကိုလည်း သူ့အကြောင်းတွေ ရေးထားမိကြောင်း ဝန်ခံ ပြောပြမိတယ်။ သူက ကျွန်တော့်နာမည်မေးရင်း သူလည်း နက်ထဲက ကိုဇော် စာတွေ ဆိုတာ ဖတ်ဖူးတယ်။ ( ဟုတ်မဟုတ်တော့ မသိ ။ ဆရာ ၊ ဆရာမတွေဆိုတာ အားပေးတာ ကောင်းတယ်လေ။ ) Blog ကိုတော့ မရောက်ဖူးဘူး လို့ ပြောနေရင်း လူတွေ များလာတော့ ဆရာမ ဂျူးက ကျွန်တော့်ကို Email Address ပေးမယ် ဆိုတာ သူလည်း မေ့သွားတယ် နဲ့တူတယ်။ ကျွန်တော်လည်း မနှောင့်ယှက်ပဲ ထွက်လာခဲ့ပါတယ်။

အောက်က စာအုပ်လေးကတော့ ကျွန်တော် အမှတ်တရ ဝယ်လာခဲ့တဲ့ ဆရာချစ်ဦးညိုရဲ့ “ စစ်သူကြီး ဒလဗန်း နှင့် ရာဇဝင်ဝတ္ထုရှည်များ ” စာအုပ်ပါပဲ။ ဆရာက အမှတ်တရ ရေးပေးရင်း စာအုပ်ထဲမှာ ရှိနေတဲ့ “ ချစ်ဦးညို၏ ဘဝဖြစ်စဉ်အကျဉ်း ” မှာ မွေးသက္ကရာဇ် မှားနေကြောင်း ဒါကြောင့် တစ်နှစ်ကြီးသွားကြောင်း ဟာသလေးပြောရင်း သူ့ရဲ့ သက္ကရာဇ်ကို ပြင်လိုက်ပါတယ်။ အောက်ကတော့ ကျွန်တော် ဝယ်လာခဲ့တဲ့ ဆရာချစ်ဦးညို စာအုပ်လေးပါ။





ဒါကတော့ စာအုပ်ထဲမှာ ကျွန်တော် အမှတ်တရ လက်မှတ်ထိုးခိုင်းလို့ ဆရာ ချစ်ဦးညို ၊ ဆရာနေဝင်းမြင့် ၊ ဆရာမ ဂျူး တို့ရဲ့ အမှတ်တရ လက်မှတ်လေးတွေပါ။ အချိန်မရတော့လို့ ကျွန်တော် Scan မဖတ်ခဲ့ရဘူး။ ဒါကြောင့် Webcam နဲ့ပဲ ရိုက်လိုက်ပါတယ်။ နောက်မှ Scan ဖတ်ပြီး
တင်ပေးပါ့မယ်။





အောက်ကပုံတော့ ဆရာချစ်ဦးညို အမှတ်တရ လက်မှတ်လေးပါ။





အောက်က ပုံကတော့ ဆရာ နေဝင်းမြင့် ရဲ့ အမှတ်တရ လက်မှတ်လေးပါ။
( ကိုဇော် စာတွေများများဖတ်ပါ တဲ့။ ဒီထက် ဖတ်ရရင်လည်း ဆရာရယ်။ )





ဒါကတော့ ဆရာမ ဂျူးရဲ့ အမှတ်တရ လက်မှတ်လေးပါ။



ဒီစာပေ ဟောပြောပွဲမှာ -

၁) ဆရာ နေဝင်းမြင့်က အရင်ဦးဆုံး “ အဖေတို့ ၊ အမေတို့ ၊ ကျွန်တော်တို့ ” ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။

၂)
ဆရာမ ဂျူးက ဒုတိယ အနေနဲ့ “ စာရေးဆရာတစ်ယောက်၏ မှတ်စုများ “ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။


၃) ဆရာ ချစ်ဦးညို က နောက်ဆုံးအနေနဲ့ “ ရွှေမြန်မာတို့၏ စေတနာနဲ့ဝေဒနာ ” ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။


ဆရာ ၊ ဆရာမတွေ ဟောပြောတာတွေကို ကျွန်တော် အကုန်ရေးရရင် ကျွန်တော်လည်း ၃ ပတ်လောက် ရေးရပါလိမ့်မယ်။ သူတို့ လက်တန်းရွတ်တဲ့ ကဗျာတွေ ၊ သီချင်းတွေကိုလည်း ကျွန်တော် လိုက်ရှာရဦးမယ်။ ဒီလို ရေးပြီးရင်လည်း စာဖတ်သူလည်း ၄ ရက်လောက်တော့ ဖတ်ရလိမ့်မယ်။ ဒါကြောင့် ကျွန်တော် ဒီလို စဉ်းစားမိတယ်။

ဆရာ ၊ ဆရာမတွေ ဟောပြောသော စာတွေကို သူ့တို့ဟောပြောသော အချက်လေးတွေ အလိုက် ကျွန်တော် ပို့စ်တစ်ခု အနေနဲ့ ရေးပါ့မယ်။ ဒါဆို ပိုပြီး အဆင်ပြေမယ် လို့လည်း ယူဆမိပါတယ်။


အခုတော့ဗျာ...ကျွန်တော် လည်း .... “ ဝါး ” . . . ။



ကိုဇော် ခံစားတင်ပြသည်။



Share/Bookmark

27 December 2009

8 ခွေးလက်ဆောင် မှတ်တမ်း



ကျွန်တော်သူငယ်ချင်း သင်္ဘောသားတစ်ယောက်က သင်္ဘောက ဆင်းလာတော့ သူ့သူငယ်ချင်း မိန်းကလေးနှစ်ယောက် အသည်းအသန်မှာလိုက်တဲ့ ပစ္စည်းလေးတွေ သွားပေးချင်တယ်။ ဒါနဲ့ လိုက်ခဲ့ဖို့ ကျွန်တော့်ကို အဖော်ခေါ်တယ်။ ကျွန်တော် သူ့အိမ်ကိုရောက်သွားတော့ သူသွားပေးမဲ့ ပစ္စည်းကို ကြည့်လိုက်တော့ “ နိုင်ငံခြား ခွေးလေး နှစ်ကောင် ” ဖြစ်နေတယ်။

“ ဟ. . . မင်း လက်ဆောင်ဝယ်လာတယ် ဆိုတာ ဒီခွေးတွေလား။ ”

“ အေးလေ. . . ဟုတ်တယ်။ ဒါကို ဝယ်လာတာ မလွယ်ဘူးနော်။ ကာကွယ်ဆေးတွေ ဆရာဝန်ထောက်ခံစာတွေနဲ့ကွ။ သူငယ်ချင်း အချင်းချင်း အတင်းမှာ လိုက်လို့သာ ဝယ်လာရတာ။ ”

“ သြော်...အင်း။ ”

ကျွန်တော် ဒီလိုပဲ သံယောင်လိုက်လိုက်တယ်။ တကယ်တော့ သူနဲ့ ကျွန်တော်က ခင်တယ်။ သူ့ရဲ့ သူငယ်ချင်းတွေကို ကျွန်တော် သိယုံပဲ သိတာ ၊ သိပ်မခင်ဘူး။ သူနဲ့ကတော့ အရမ်းခင်တဲ့ သူငယ်ချင်းတွေ ဖြစ်နေပြန်တယ်။

“ ကပ်သီးကပ်သပ်မှာတာကွ။ အခုတော့ ငါ့မှာ ဒီခွေးနှစ်ကောင်နဲ့ တိုင်ပတ်လာတာ။ အခုတော့ သွားပေးရမယ်။ ”

“ မင်းခွေးက အတူတူပဲလား။ ”

“ ဟာ..၊ ဟေ့ကောင်..မင်းဝယ်လာတဲ့ ခွေးလုပ်ပါကွာ။ ”

“ ဟီး..ဟုတ်သားပဲ။ မင်းဝယ်လာတဲ့ ခွေးက အတူတူပဲလား။ ”

“ အေးလေ၊ အမျိုးအစား အတူတူပဲ။ တစ်ဆိုင်ထဲကနေ တစ်လှောင်အိမ်ထဲကနေ ဝယ်လာတာပဲလေ။ ”

“ သြော်..ဘာမှ မဟုတ်ပါဘူးကွ။ မင်းသိတဲ့ အတိုင်းပဲလေ မိန်းမတွေက ကဂျီကကြောင်များလို့ မင်းဝယ်လာတာ အမျိုးအစားမတူရင် လုနေကြမှာ စိုးလို့။ အခုက တစ်ကောင်က အမွှေးလေးတွေ ပိုရှည်နေတယ်လေ။ တစ်ကောင်ကတော့ သာမာန်ပဲ။ ”

“ တူတယ်ကွ။ ဒါပေမဲ့ ဒီခွေးနှစ်ကောင်မှာ တစ်ကောင်က အမွှေးပွပြီး ပိုရှည်နေတာကတော့ ငါလည်း မတတ်နိုင်ဘူး ။ ဒါကတော့ သူတို့ ကြိုက်တဲ့သူ ယူကြပစေပေါ့။ သူတို့ တစ်အိမ်ထဲ နေကြတာပဲလေ။ ”

“ ဒါဆို ဘာလို့ နှစ်ကောင်မှာလည်းကွ။ တစ်ကောင်ဆို မရဘူးလား။ ”

“ ဒါကတော့ကွာ.. တစ်ယောက်တစ်ကောင်လိုချင်လို့နေမှာပေါ့ ။ ”

ဒါနဲ့ပဲ ကျွန်တော်လည်း ဘာမှ ဆက်မပြောဖြစ်ခဲ့ပါဘူး။ သူနဲ့ အတူတူလိုက်သွားပြီး ခွေးလက်ဆောင် သွားပေးလိုက်တယ်။ ပြီးတော့လည်း ဘာရယ် မဟုတ်တော့ ပြီးပြီးပျောက်ပျောက်ပါပဲ ဒီလိုပဲ နေလာခဲ့တယ်။ ခွေးနှစ်ယောက်သွားပေးတယ် ဆိုတာ ဘဝမှာ ဘယ်လောက်မှလည်း ထူးထူးထွေထွေ ဖြစ်လာနိုင်စရာ ရှိမယ်လို့လည်း မထင်မိဘူး။

ဒါပေမဲ့ ၆ လလောက်ကြာတော့ ကျွန်တော့်သူငယ်ချင်းက ကျွန်တော်နဲ့ တွေ့တော့. . .

“ ငါ့ကို တစ်ခုလောက်ကူညီပါဦးကွာ။ ”

“ ဟေ. .ဘာလဲ။ ”

“ ငါ ဟိုတစ်ခါ ခွေးလက်ဆောင်သွားပေးတဲ့ ညီအစ်မလေ။ အခု ပြဿနာတတ်နေတယ်။ ”

“ ဟင် . . ဟုတ်လား။ ဘာလို့လဲ။ ”

“ ထွေထွေထူးထူး မဟုတ်ပေမဲ့ နည်းနည်းတော့ ထူးဆန်းတယ်ကွ။ ငါတို့ သွားပေးတော့ မင်းမှတ်မိတယ် မဟုတ်လား။ ခွေးလေးတစ်ကောင်က အမွှေးပိုရှည်နေတယ်လေ။ ”

“ အေး မှတ်မိတယ်။ ငါတောင်မှ ပြောသေးတယ်လေ။ သူတို့ အမွှေးပွလေးကို လုနေကြဦးမယ်လို့. .”

“ အေး ဟုတ်တယ်။ အခုတော့ ဒါက ပြဿနာ တတ်နေပြီ။ ”

“ ဘာလဲ. .သူတို့ လုနေကြလို့လား။ ”

“ မဟုတ်ဘူးကွ။ သူတို့ရောက်ခါစကတော့ကွာ လုတာပေါ့။ တကယ်ကို လုကြတာ။ နောက်တော့ သူတို့ မဲနှိုက်ပြီး တစ်ယောက်က ရသွားတယ်။ သူတို့ဖာသာ ဝေပုံကျသွားတော့ မလုတော့ဘူး။ အမွှေးပွခွေးလေးကို ရတဲ့ သူကလည်း ခွေးလေးကို ချစ်တော့ အမြဲပွေ့ထားတာကွ။ သာမန်အမွှေးလေးနဲ့ ခွေးကို ရသူကလည်း သူ့ခွေးကိုပဲ ဂရုစိုက်တာပေါ့။ အခု ဖြစ်နေတာက သူတို့လည်း တတ်နိုင်သူတွေ ဆိုတော့ အကောင်းတွေပဲ ကျွေးတာကွ။ ခွေးအသားဘူးတွေတောင်မှ ဖောက်ကျွေးတာ။ ခွေးကိုက်ဖို့ အမဲရိုးဆိုရင်တောင်မှ Super One က Ready Made တွေပဲ ကိုဝယ်ကျွေးတာ။

ဒီလို အစားကောင်းစားရတော့ ခွေးလေးတွေကလည်း အရမ်းထွားတယ်။ အမွှေးပွ ခွေးလေးကလည်း ပိုပြီး အမွှေးလေးတွေ ပိုပြီး ချစ်ဖို့ ကောင်းတယ်။ သာမာန်အမွှေးလေးတွေနဲ့ ခွေးလေးကလည်း ချစ်ဖို့ကောင်းတာပဲ။ ဒါပေမဲ့ အခု ပြဿနာတတ်နေတာက အမွှေးပွခွေးလေးကွ။ ”

“ ဘာဖြစ်လို့လဲ၊ နေမကောင်းလို့လား။ ”

“ မဟုတ်ဘူး။ နေကတော့ ကောင်းမှကောင်း။ တစ်ခါကွာ ခြံတံခါးဖွင့်တော့ အပြင်ကို အမွှေးပွခွေးလေးက ထွက်သွားတယ်တဲ့။ ဒီမှာ အပြင်က ခွေးတွေနဲ့ သွားပြီး ရောတယ်။ သူက အကောင်သေးတော့ အပြင်က ခွေးတွေက မကိုက်ပါဘူး။ ဒါပေမဲ့ ခွေးလေးလို့ ထင်လို့ ဟိုလျှက် ဒီလျှက်နဲ့တော့ နေတာပေါ့လေ။

သူတို့လည်း သူတို့ခွေးကို ဖမ်းမိတော့ ရေချက်ချင်းပြန်ချိုးပေးတယ်။ ဒီအချိန်က စပြီး ဒီအမွှေးပွ ခွေးလေးမှာ ခွေးသန်းတွေ ရောက်နေတယ်။ ဒီတော့ အတူတူနေတဲ့ ခွေးနှစ်ကောင်စလုံးမှာ ကူးတာပေါ့ကွာ။ ဒါပေမဲ့ တစ်ကောင်က အမွှေးမပွတော့ သန်းတွေကို ရေချိုးတာနဲ့ ဘီးစိတ်နဲ့ တိုက်လိုက်ရင် ပျောက်သွားတယ်။

အမွှေးပွ ခွေးလေးကတော့ သူရဲ့ အမွှေးတွေက များတော့ ရေချိုးရင်လည်း တော်တော်နဲ့ အခြောက်ဘူး။ ဘီးစိတ်တိုက်ရတာလည်းခက်တယ်။ နောက်တစ်ခုက အမွှေးတွေက ထူပွပြီး များတော့ သန်းတွေကို လွယ်လွယ်နဲ့ ရှင်းရတာ ခက်နေတယ်။ ပြီးတော့ ဒီခွေးသန်းတွေကလည်း လူပေါ်ပါ တတ်ကိုက်တယ်လေကွာ ၊ ဒီတော့ ခွေးကို ချစ်ပေမဲ့လည်း မပွေ့ရဲ မချီရဲတော့ဘူး ဖြစ်နေတယ်။

ဒါကြောင့် ငါ့ကို ဖုန်းဆက်ပြီး ခွေးလေးသန်းပျောက်တဲ့ ဆေးရှာခိုင်းလို့ အဲဒါ ငါလည်း ဘယ်က ဝယ်ရမှန်း မသိလို့ ငါ့ကို ကူညီပြီး လိုက်ဝယ်ပေးပါဦးကွာ။ ”

ဒါနဲ့ သူနဲ့ ကျွန်တော် ခွေးသန်းပျောက်ဆေး ရှာပုံတော် ဖွင့်ရပြန်ပါတယ်။ နောက်ဆုံးတော့ မြို့ထဲက ဆိုင်တစ်ဆိုင်မှာ ရေချိုးရင်ထည့်ချိုး ၊ ပြီးရင် အဆီကို လူးထားရင် ခွေးသန်းတွေ သေတယ် ခွေးက လျှာနဲ့လျက်ရင်လည်း ဘာမှ မဖြစ်ဘူး ဆိုတဲ့ “ ပြင်သစ် ” က ထုတ်တဲ့ ခွေးသန်းပျောက်ဆေးလေးကိုပဲ ဝယ်လာခဲ့ပါတယ်။

ဒီဆေးရတော့ ကျွန်တော် သူငယ်ချင်းလည်း ဝမ်းသာတယ်။ “ ငါ သွားပေးလိုက်ဦးမယ် ။ ” ဆိုပြီး ကျွန်တော်တို့ ခရီးလမ်းမှာပဲ ခွဲခွာလာကြတယ်။ ဒါပေမဲ့ အပြန်လမ်းမှာ ကျွန်တော် အတွေးတွေ တပြုံကြီးနဲ့ ဖြတ်သန်းလာမိတယ်။ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရဖူးတဲ့ “ ဦးချိုလှပသော သမင် ” ပုံပြင်ကိုလည်း သွားသတိရတယ်။

“ ဦးချိုလှပတာကို အမြဲတမ်း ဂုဏ်ယူနေပြီး ညစ်ပတ်ပေရေနေတဲ့ ခြေထောက်တွေကို သူက အမြဲ ကဲ့ရဲ့နေတတ်တယ်။ နောက်တော့ သူ့ကို မုဆိုးကလည်း လိုက်ရော သူအတင်းထွက်ပြေးတာမှာ သူအမြဲ ကဲ့ရဲ့နေတတ်တဲ့ ခြေထောက်က သူ့ဘေးကင်းရာကို သယ်ဆောင်နေပြီး ၊ သူလှပပါတယ် ဆိုပြီး အမြဲဂုဏ်ယူနေတတ်တဲ့ ဦးချိုကတော့ သစ်ပင်က နွယ်တွေနဲ့ ရစ်ပတ်မိပြီး သူထွက်မပြေးနိုင်တော့ပဲ မုဆိုးပစ်လိုက်တဲ့ မြားမှာ အသက်ဆုံးရှုံးခဲ့ရတယ် ဆိုတဲ့ ပုံပြင်လေးပါပဲ။ ”

အခုလည်း ဒီလိုပါပဲ။ အမွှေးပွခွေးလေးကို ချစ်ပါတယ် ဆိုပြီး ဒီချစ်ပါတယ် ဆိုတဲ့ အမွှေးပွလေးမှာ သန်းတွေ များလာပြီး လူကိုပါ ကိုက်တော့ ဒီချစ်ပါတယ် ဆိုတဲ့ အမွှေးပွတွေကို ဘယ်လိုမှ သည်းမခံနိုင်ဖြစ်လာရတယ် မဟုတ်လား။ ချစ်လို့ ပွေ့ထားပါတယ်ဆိုတဲ့ ဒီအမွှေးပွတွေကိုပဲ ဘယ်လိုမှ မပွေ့နိုင်တော့ဘူး မဟုတ်လား။

ဒီလိုပါပဲ. . .။ ကျွန်တော်တို့ ဘဝမှာရော . ။ ချစ်ခင်ပါတယ် နှစ်သက်ပါတယ် ဆိုတဲ့ အရာတွေ အပျက်အဆီး ၊ ယိုယွင်းမှုတွေ ဖြစ်လာပြီး ဆိုရင် ဆက်လက်ပြီး အရင်လို လက်ခံပြီး ချစ်နိုင်ပါ့မလား။

ချစ်လှပါတယ် ဆိုတဲ့ ချစ်သူရဲ့ ဆံပင်တွေ အကုန်ကျွတ်ပြီး ဂတုံးမ ဖြစ်သွားရင် လက်ခံနိုင်မလား။ ( သူက ချစ်တာ ဆံပင်ကိုလား။ )

လှပါတယ် ဆိုတဲ့ ချစ်သူရဲ့ ခြေထောက်လေးတွေ ရေနွေးပူလောက်ပြီး အမာရွတ်ကြီးဖြစ်ကျန်ခဲ့ရင် ဆက်ချစ်နိုင်ဦးမလား။ ( သူက ခြေထောက်ကို ချစ်တာလား။)

ယောက်ျားပီသပြီး ခန္ဓာကိုယ် တောင့်ပါတယ် ဆိုတဲ့ ချစ်သူ လေဖြတ်ပြီး အိပ်ယာထဲ လဲနေရင် ငြူစူဆောင့်အောင့်နေမှာလား။ ( ခန္ဓာကိုယ်က ပျက်စီးတတ်တာ မေ့နေပြီလား။)

ပိုက်ဆံရှာနိုင်တုန်းက ကိုကို (သို့) မောင် နဲ့ ချစ်နေပြီး ရောဂါတစ်ခုခုကြောင့် မလုပ်နိုင်တော့ရင် ဆက်ပြီး ချစ်နိုင်ပြီး ကိုကို (သို့) မောင် လို့ ခေါ်နိုင်ပါဦးမလား။ ( ပိုက်ဆံကို ချစ်နေမိတာလား။)

ဒီလိုတွေနဲ့ ကျွန်တော် ပါဝင်ပြီး လက်ဆောင်လိုက်ပေးဖူးတဲ့ ခွေးလေးက ကျွန်တော့်ကို အတွေးလေးတွေ ပေးသွားခဲ့ပါတယ်။ ကျွန်တော့်တို့ ဘဝမှာ တကယ်တမ်း ဘာတွေက လိုအပ်နေတာပါလိမ့်။ မြင်နေရပြီး ပျက်ဆီးလွယ်တာတွေလား ၊ မမြင်ရတဲ့ ရင်ဘတ်ထဲက မေတ္တာတရားလား။


ကိုဇော် ခံစားတင်ပြသည်။


Share/Bookmark

26 December 2009

6 လဆိုတာ ဘယ်နေရာမှာ မဆို တင့်တယ် တယ်။




အဟဲ... စ စ ချင်း ရယ်ပြရမလို ဖြစ်နေတယ်။ မနေ့ကပဲ ကျွန်တော် ဘလေ
ာ့လောကထဲ စဝင်တာ တစ်နှစ်ပြည့် အမှတ်တရ Banner လေးဆွဲပြီး တင်ထားတော့ ဒီနေ့တော့ ကျွန်တော် နှစ်ပတ်လည်နေ့ မဟုတ်တော့ဘူးဆိုပြီး ဘာတင်ရင် ကောင်းမလဲ စဉ်းစားတော့ ဘာမှကို စိတ်ထဲ မရှိဘူး။ ဒါနဲ့ Google ထဲ ရောက်ချင်ရာ ရောက်ဆိုပြီး နှိပ်လိုက်တာ လမင်းတွေ အကြောင်းရှင်းပြထားတဲ့ ဆိုက်တစ်ခုကို ရောက်သွားတယ်။ ဒါနဲ့ပဲ ကျွန်တော် အောက်က Banner လေးကို ကလိပြီး တင်လိုက်တာ..။

ပြီးတော့ အဲဒီနေရာက စာလေးတစ်ကြောင်းကို အဆင်ပြေသလို ပုံပြောင်းပြီး
ရေးမိတယ်။




ဒါကတော့ Multiply မှာ တင်တဲ့ Banner ပါ။





ဒါကတော့ Blogspot မှာ တင်တဲ့ Banner ပါ။



အဲ..တင်ပြီးပြီချင်းပဲ ခဏနေတော့ ကျွန်တော့်ကို တစ်ယောက်က မေးလ်ပို့တယ်။

“ လဆိုတာ ဘယ်နေရာမှာ မဆို တင့်တယ် တယ်။ ဆိုရင် အိမ်သာတွင်းထဲမှာရော ၊ ရွံနွံဗွက်အိုင်ထဲမှာရော ၊ ကျွဲလူးအိုင်ထဲမှာရော ၊ ဆန်ပြုတ်အိုးထဲမှာရော လှပပါ့မလား။ ”

တဲ့။

ဟိုက်... ကြံကြံဖန်ဖန် လာမေး ၊ လာပြောပါလားဗျာ။ ကျွန်တော် ဒီလောက်ကြီး မပြောပြတတ်ပါ။ ရှင်းလည်း မရှင်းပြတတ်ပါ။ ငြင်းလည်း မငြင်းခုန်ဝံ့ပါ ၊ ဝေလည်းမဝေဖန်ရဲပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က ဘာကောင်မှ မဟုတ်ပဲ။ ငတုံးတစ်ကောင်မို့ပါ။

အဲ..သူပြောတာကိုလည်း စဉ်းစားစရာပါပဲ။ ဒါနဲ့ပဲ စဉ်းစားလိုက်ပါတယ်။ ဒီအချိန်မှာ ကျွန်တော့်ခေါင်းထဲကို “ အော်စကာဝိုင်းလ် ” ရဲ့ စကားလေး တစ်ခွန်း ဝင်လာပါတယ်။ ဒါကတော့. . .

“ နေရာတိုင်းမှာ ဂီတ ရှိတယ်။ ခံစားတတ်သူ အတွက်ပေါ့။ ”

တဲ့။ ဒါဆို . . . . . . . . . . . . . .

“ နေရာတိုင်းမှာ လသာနိုင်တယ်။ မြင်တတ်သူ အတွက်ပေါ့။ “

ကျွန်တော် ဒီလိုပဲ တွေးလိုက်မိပါတယ်။ ဒီထက် ပိုပြီး တွေးချင်သူတွေကတော့. . . .

“ နေရာတိုင်းမှာ အချစ်ရှိတယ်။ ------------------------။ ”

ကွက်လပ်မှာ ကိုယ့်ဖာသာကိုယ်ပဲ ဖြေလိုက်ပေါ့ဗျာ။ ကျွန်တော့်အဖြေနဲ့ တူချင်မှ တူမှာလေ။ မဖြစ်မနေ ကျွန်တော့်ကို ဖြေခိုင်းမယ် ဆိုရင်တော့ . . . . .

“ နေရာတိုင်းမှာ အချစ်ရှိတယ်။ ချစ်တတ်သူအတွက်ပေါ့။ ”

အဲ..မေ့သွားလို့.။ ကျွန်တော် ဒီနေ့ကစပြီး စိတ်ထင်သလို Banner ပြောင်းပါ့မယ်။ ပြီးတော့ အပေါ်ဘက်မှာ အခုလောလောဆယ် ကျွန်တော် အကြိုက်ဆုံး သီချင်းလေးကို နာမည်နဲ့တကွ တိုက်ရိုက်နားထောင်လို့ရအောင် တင်ပေးထားမယ်။ ပျော်ရွှင်ပါစေဗျာ။

ကိုဇော်


Share/Bookmark

1 အမြင်ကို အကြည့်ကပဲ ဆုံးဖြတ်ပါတယ်




တစ်ခါက

စစ်သားလူထွက် တစ်ယောက်နဲ့ ဘုန်းကြီးလူထွက် တစ်ယောက် နဲ့ အိမ်နီးနားချင်း ဖြစ်ကြတယ်။ အပြင်လောကမှာ သေချာ ကျွမ်းကျင်စွာ ရှာဖွေ မစားသောက်တတ်တဲ့ သူတွေ ဆိုတော့ သူတို့ အလုပ်လုပ်ရတာ အရမ်းကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ကိုယ့်ဖာသာကိုယ် ကြိုးစားပြီး ဝီရိယစိုက်ထုတ်လုပ်ကိုင်တော့ သူ့ဖာသာသူ အနည်းငယ်တော့ စုဆောင်းမိကြတယ်။

သူတို့က အိမ်နီးနားချင်းသာ ဖြစ်ကြတာ မေးထူးခေါ်ပြောပဲ အဖြစ်နဲ့ပဲ နေထိုင်ကြတယ်။ ဟက်ဟက်ပက်ပက် မပေါင်းဖြစ်ကြ။ စစ်သားလူထွက်ကလည်း သူ့ဖာသာသူ လုပ်စရာ ရှိတာတွေကို လုပ်တယ်။ ပြန်လာရင် ချက်ပြုတ်စားသောက်တယ်။ ဘုန်းကြီးလူထွက် ဘာလုပ်တယ် ဘာကိုင်တယ် ၊ ဘယ်လိုနေတယ် သူ မသိ ၊ စိတ်လည်း မဝင်စား။ ဘုန်းကြီး လူထွက်ကလည်း ဒီလိုပဲ စစ်သားလူထွက် ဘယ်လို နေတယ် ၊ ဘာတွေ လုပ်တယ် စိတ်မဝင်စား. ၊ ဒီလိုနဲ့ပဲ သူတို့ နေထိုင်လာကြတယ်။

တစ်နေ့တော့. . . ၊ စစ်သားလူထွက် သူစုဆောင်းထားတဲ့ ရွှေတိုရွှေစ အထုပ်လေး ပျောက်သွားခဲ့တယ်။ သူထားရာ နေရာဝန်းကျင်မှာ ဘယ်လိုမှ ပြန်ရှာလို့ မတွေ့တော့ဘူး။ ဒါနဲ့ သူလည်း စိတ်တွေ အလွန်ရှုပ်ပြီး သူ့ပစ္စည်းလေးကို ရှာဖို့ အိမ်အပြင်ထွက်လိုက်တော့ သူ့အိမ်ဘေးက ဘုန်းကြီးလူထွက် က မသင်္ကာစရာ ကုန်းကုန်းကွကွနဲ့ တစ်ခုခုကို ဖွက်နေသလို ၊ တစ်ခုခုကို သိမ်းနေသလို တွေ့လိုက်ရတယ်။

သူ့မှာ သက်သေ မရှိလေတော့ သူ့ပစ္စည်းလေးကို ဘုန်းကြီးလူထွက် ခိုးတာဆိုပြီးလည်း စွပ်စွဲလို့ မဖြစ်။ သက်သေရအောင် သူ ဂရုစိုက်ပြီး ဘုန်းကြီးလူထွက်ကို စောင့်ကြည့်တယ်။ ဘုန်းကြီးလူထွက်ကလည်း မသင်္ကာစရာ ပုံစံနဲ့ ဟိုဟာလုပ် ဒီဟာလုပ် နဲ့ တစ်ခုခုကို ဖွက်နေသလိုပါပဲ။ ဒီတော့ သူလည်း ဘုန်းကြီးလူထွက်ဆီက သက်သေတစ်ခုခု မရလေ ပိုပြီး ဒေါသတွေက ထွက်လေ သူက ဘုန်းကြီးလူထွက်ကို ဘယ်လိုပဲ ကြည့်ကြည့် သူခိုးလို့ပဲ မြင်လေလေပါပဲ။ သူလုပ်သမျှတွေကလည်း သူခိုးတွေ လုပ်ပုံနဲ့ တူနေပြန်တယ်။

ဒါပေမဲ့ ဖြစ်ချင်တော့ မိုးရာသီရောက်တော့မယ် ဆိုတော့ သူတို့ အိမ်ကို ပြင်ဆင်ရင်း ရေတလျှောက်ကို သန့်ရှင်းရေးလုပ်တော့ သူပျောက်နေတဲ့ ရွှေတိုရွှေစအထုပ်လေး ကိုပြန်တွေ့ရတယ်။ တကယ်တော့ သူရဲ့ ရွှေထုပ်လေးကို အစာမှတ်ပြီး ကြွက်က ချီသွားတာပါ။ နောက်မှ အစာမဟုတ်မှန်းသိတော့ သူရောက်ရာနေရာမှာ ထားခဲ့တော့ ရေတလျှောက်ထဲကို ရောက်နေတာ။ ဒါကို အခုမှ သူက ပြန်တွေ့တယ်။

ဒီအချိန်မှာပဲ သူ ရေတလျှောက်ရှင်းနေသလို ဘုန်းကြီးလူထွက်ကလည်း ဟိုတစ်ဖက်မှာ သူ့ဖာသာသူ သူလည်း သူ့အိမ်အတွက် ရှင်းလင်းပြင်ဆင်နေတယ်။ ကိုယ့်ပစ္စည်းလေး ပြန်ရတဲ့ စစ်သားလူထွက် က အခုတော့ သူမြင်နေရတာက ဟိုးအရင် သူပစ္စည်းလေး မပျောက်ခင်ကတည်းက ဘုန်းကြီးလူထွက်ကို ဘုန်းကြီးလူထွက်လို ပုံစံနဲ့ပဲ ပြန်မြင်မိတယ်။ ဘယ်လိုကြည့်ကြည့် သူခိုးပုံမပေါက်တော့ဘူး။

အဖြစ်အပျက်လေးကတော့ ဒါပါပဲ။

ကျွန်တော်တို့ ကြားဖူးနေကြ စကားလေး အတိုင်းပေါ့..“ ဥစ္စာပျောက် ငရဲရောက်တာပါ။ ” ကိုယ့်ပစ္စည်းပျောက်တာနဲ့ သူများကို ထင်မိတတ် ၊ မြင်မိတတ်ပါတယ်။ ကိုယ့်ပစ္စည်း ဘယ်နေရာကို ရောက်နေတယ် ဆိုတာ မသိဘူး။ ဘယ်ဖြစ်နေတာ မသိဘူး။ ဟိုလူ့ကို ထင်မိ ၊ ဒီလူ့ကို စွပ်စွဲမိ ဖြစ်တတ်ပါတယ်။

တကယ်တော့ ကိုယ်ရဲ့ အမြင်အာရုံကို အရောင်ပါသော မှန်တစ်ချပ်နဲ့ ကာထားလိုက်သလိုပါပဲ။ လောကကြီး ဘယ်လောက်လှပနေပါစေ ဘယ်လိုမှ မမြင်နိုင်တော့ပါဘူး။ အရောင်ပါတဲ့ မှန်ကို ဖယ်ပြီး လောကကြီးကို လက်ရှိအတိုင်း ကြည့်တတ်မှသာ အရာရာကို အမှန်အတိုင်းမြင်ပါလိမ့်မယ်။

ဒါကြောင့် “ လူတစ်ယောက်အပေါ် မိမိ ဘယ်လို မြင်တယ် ဆိုတာ သူ့ကို သင် ဘယ်လို အကြည့်နဲ့ ကြည့်လိုက်တယ် ဆိုတဲ့ အပေါ်မှာ မူတည်ပါလိမ့်မယ်။ ”

မှတ်ချက်။ ။ လွန်ခဲ့သော သုံးနှစ်လောက်က ကိုထူး ပြောပြသော ဥပမာလေးပါ။ အခုတော့ မေးလ်တစ်စောင်မှာ ပြန်တွေ့လို့ ကိုထူးပြောပြတဲ့ အတိုင်း အမှတ်တရ ပြန်ရေးလိုက်ပါတယ်။


ကိုဇော်





Share/Bookmark
Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.