မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


10 February 2010

0 သြစတြေးယားက “ ရွှေပန်းသီး ”







“$%#$^&*%#%**^$%*$##%#!!@#$%^& ”

ဒီလို အယုတ္တ ၊ အနတ္တ အသံတွေနဲ့ အတူ ရစ်ချက် အိပ်ယာကနေ အိပ်ကောင်းခြင်း မအိပ်ရစွာ နိုးထလာခဲ့တယ်။ အိပ်ရေးမဝလို့ မူးဝေနေတဲ့ ခေါင်းကို ကြည်လင်အောင် ခဏထိုင်နေစဉ်မှာပင် တဖက်ခြံထဲမှာ အသံတွေက ရပ်ဆဲမသွားပဲ ပို၍ပင် ဆိုးလာခဲ့တယ်။

“ @!%&*(&%$#$^&*(&%#%$#^&* ”

ဒါဆိုရင် ရစ်ချက် သိလိုက်ပြီ။ သူ့ခြံထဲက အပင်တစ်ပင်ကြောင့် ဘေးခြံက အော်ဟစ်နေခြင်း။ ဒီနယ်ပယ် တခွင်မှာ ရစ်ချက် ရဲ့ ခြံက ထွက်သော ပန်းသီးကို ဘယ်သူ့မှ မမှီချေ။ အသီးထွက်နှုန်း ၊ အသီးရဲ့ထွားနှုန်း ၊ အသီးရဲ့ အရသာ ဒါတွေကို ဘယ်သူမှ မမှီ။

ရစ်ချက်လိုပဲ အတူတူ မျိုးစေ့ချ စိုက် ၊ အတူတူ ဓါတ်မြေသြဇာကျွေး ၊ နည်းပညာလည်း အတူတူ ၊ ဒါကို ရစ်ချက် ခြံထဲက ပန်းသီးတွေက ပိုပြီးတော့ အထွက်နှုန်းကောင်း ၊ အရသာရှိ ၊ ကြီးထွားကြတယ်။ ဒါကြောင့် ရစ်ချက် ပန်းသီးတွေကို အားကျနေသူတွေ ရှိနေသလို ၊ အခုလို မနာလိုသူတွေလည်း အများသား။ အခု သူ့အိမ်ဘက်က သစ်ကိုင်း တစ်ခုခုက ဟိုဘက်ခြံထဲကို ထွက်နေလို့ ဟိုဘက်အိမ်က အမျိုးသမီးက လာအော်တာ ဖြစ်မယ်။

ရစ်ချက် အိမ်အပြင် ထွက်ကြည့်လိုက်တော့ သူ စိတ်ထဲ ထင်တာ အမှန်ပဲ ဆိုတာ သိလိုက်ရတယ်။ အပင် အနီးနားကို သွားကြည့်လိုက်တော့ သူ့ခြံဘက်ကို အစွန်းလေး ထွက်တယ် ဆိုရုံ ထွက်နေသော ပန်းသီးပင်ရဲ့ အကိုင်းခြောက်လေး တစ်ခုကို တွေ့လိုက်ရတယ်။ အစွန်းအစ မျှသာ ။ သို့သော် သူ့ခြံကို မနာလို ဖြစ်နေသော ဘေးချင်းကပ်မှ အမျိုးသမီးအတွက်ကတော့ ကမ္ဘာပျက်မတတ်။

“ ဒီအကိုင်းလား အမကြီး။ ”

“ ဟုတ်တယ်။ နင် အခု ခုတ်မလား။ ငါတို့ ဝင်ခုတ်ရမလား။ ”

မနက် မိုးတောင်မှ စင်စင်မလင်းသေး။ စိတ်မကြည်လင်စရာဖြင့် ရစ်ချက်ကို လောကက ဆီးကြိုတယ်။ ရစ်ချက် ဒီအမျိုးသမီးကို တားလိုက်ပြီး. . .

“ စိတ်ချပါ အမကြိး။ ကျွန်တော် အခု ခုတ်ပေးပါ့မယ်။ ”

“ ဟေ့ အခု ဆို အခု ခုတ်နော်။ ငါ စောင့်နေမယ်။ ”

ရစ်ချက် လက်ထဲမှာ အစွန်းထွက်နေသော အကိုင်းလေးကို ခုတ်ဖြတ်ဖို့ ဘာမှ မရှိ။ အိမ်ထဲ ဝင်ယူရဦးမည်ပေါ့။ ဒါကို သူမက အခုဆို အခု တဲ့။ ရစ်ချက် လေပူတွေ မှုတ်ထုတ်ပြီး အိမ်ဘက်ကို လှည့်ထွက်လာခဲ့တယ်။ အိမ်ရှေ့ပေါက်ဝရောက်တော့ သူ့ဇနီးကို တွေ့လိုက်ရတယ်။ သူလည်း အိပ်ချင်မူးတူး...။

“ ဘယ်လိုလဲ ရစ်ချက်။ နံနက်ချိန်ခါ တေးသံသာလား။ ”

သူ့ဇနီးကလည်း ဒီလို ပျော်ရွှင်စွာ နေတတ်တယ်။ ရစ်ချက် ပုခုံးတွန့်ပြရင်း အိမ်ထဲက လွှ နဲ့ ရဲတင်းလေးကို ယူပြီး ထွက်လာတော့ သူ့ဇနီးက. . .

“ ရစ်ချက် ၊ ဒီလို အကိုင်းထွက်လာတိုင်း အော်ဟစ်ဆူပူ ၊ နင်ကလည်း တတ်ခုတ်ပေး လုပ်နေတော့မှာလား။ ငါ ပြောသလို လုပ်ပါလား။ ”

ရစ်ချက် တစ်ချက်တွေပြီး စဉ်းစားလိုက်ရင်း တစ်ခွန်းပဲ ပြန်ပြောရင်း လှည့်ထွက်လာတယ်။

“ သူ့ဈေးက များလွန်းတယ်ဟ ။ ”

အစွန်းထွက်နေတဲ့ အပင်ပေါ်ကို ရစ်ချက် တတ်လာတဲ့ အထိ ဘေးခြံမှ အမျိုးသမီး အသံက မရပ်သေး။ သူ အခုပဲ ခုတ်တော့မှာလေ။ ခုတ်ပေးတော့မှာပါ။ အစွန်းထွက်နေတဲ့ အကိုင်းလေးနားကို ရောက်တော့ ရစ်ချက် လက်ထဲက လွှလေးကို ကိုင်ပြီး အစွန်းထွက်နေတဲ့ အကိုင်းလေးကို ဖြတ်ဖို့ လွှလေးတင်လိုက်တော့ သူ့မျက်လုံးတွေက တစ်စုံတစ်ခုကို သွားမြင်တယ်။

ဒါကတော့ အခု အသစ်ထွက်နေတဲ့ အကိုင်းလေးက ခြောက်ခြောက်သွေ့သွေ့လေး ဆိုပေမဲ့ အကိုင်းလေးရဲ့ အရောင်က တခြားနဲ့ မတူ။ အရောင်လေးက ဝါဆိုဆိုလေး။ လွှတင်ထားတဲ့ အကိုင်းပေါ်က သူ့လက်ကို ရုတ်လိုက်ပြီး သူအောက်ပြန်ဆင်းလာခဲ့တယ်။ အကိုင်းထွက်နေတာကို ဖြတ်မယ် ဆိုလို့ ရပ်ကြည့်နေတဲ့ အမျိုးသမီးကတော့ . . .

“ ဖြတ်မယ်ဆို... အခု ဘာလုပ်တာလဲ။ နင်တို့ အကိုင်းက ငါ့တို့ဘက်က သစ်ပင်ကို အရိပ်ကျစေတယ်။ နင် မဖြတ်ဘူးလား။ ”

သူ ဘာမှ ပြန်မပြောပဲ ဒီအမျိုးသမီးကို “ ခဏ ” ဆိုတဲ့ ပုံစံနဲ့ လက်ပြထားပြီး အိမ်ဘက်ကို ပြန်လှည့်လာခဲ့တယ်။ သူ့ကို အိမ်ပေါက်ဝကနေ ရပ်ကြည့်နေတဲ့ သူ့ဇနီးက စိုးရိမ်တကြီးနဲ့. . .

“ ဘာဖြစ်လို့လဲ ရစ်ချက် ၊ ဘာထူးခြားလို့လဲ။ ”

“ ဘာထူးခြားတယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ ဒီသစ်ကိုင်းလေးကို မဖြတ်ရက်သလိုပဲ။ ဒါကြောင့် နင်ပြောသလို လုပ်မယ်။ ”

“ ဟယ်...တကယ်လား။ ”

သူ့ဇနီး ထခုန်မတတ် ဝမ်းသာသွားတယ်။

ဒါနဲ့ပဲ ညနေမှာ ချက်ချင်းကြီး သူတို့ ဟိုဘက်ခြံကို ဈေးကြီးပေးဝယ်လိုက်တယ် ဆိုတဲ့ သတင်းကြီး အားလုံးကြားကြရတော့တာပါပဲ။

ဒီလို ဈေးကြီးပေးဝယ်လိုက်တဲ့ အတွက် သူတို့မှာ စိတ်ချမ်းသာမှုတွေတော့ တော်တော် များများ ရခဲ့ပါတယ်။ အကိုင်းအစွန်းလေးထွက်နေလို့ မနက်မိုးလင်း ကောင်းကောင်းအိပ်လို့မရအောင် အော်ဟစ်မဲ့ လင်မယား မရှိတော့။ ရွက်ခြောက်ကြွေများကို မသိမ်းဆည်းလို့ ဆိုပြီး ရန်လုပ်မည့်သူတွေ မရှိတော့။ သူတို့ဖာသာ ပတ်ဝန်းကျင်လေးက အေးချမ်းသာယာလှသည်။ သူဖြတ်ခါနီးမှ မဖြတ်ရက်ပဲ ထားထားသော အကိုင်းခြောက်လေးကတော့ ရင့်ရော်လျှက် ထူးမခြားနား။

တစ်နေ့တော့ ထူးထူးခြားခြား ဒီအကိုင်းခြောက်လေးက သစ်ရွက်လေးတွေ ထွက်လာတယ်။ သူအံ့သြလို့ သူ့ဇနီးကို ခေါ်ပြမိတယ်။ ဘာရယ် မဟုတ်ပေမဲ့ သူတို့နှစ်ယောက် ဒီအကိုင်းလေးကြောင့် ဈေးများလှသော ဘေးက ခြံကွက်ကိုတော့ ဝယ်ယူဖြစ်ခဲ့တယ်။ အခုတော့ ခြောက်ခြောက်သွေ့သွေ့ အကိုင်းလေးက အရွက်လေးတွေ ထွက်လို့။ အားနည်းသူတစ်ယောက် အလေးတစ်ခုကို မတာ တွေ့လို့ ဘေးကနေ ဝမ်းသာမိသူတွေလို သူတို့ ဝမ်းသာမိတယ်။

ဒါပေမဲ့ ဒီအကိုင်လေးက ဒီလောက်နဲ့ မရပ်ခဲ့ပါဘူး။ နောက်တော့ သစ်ရွက်လေးကနေ သစ်ရွက်တွေ ထပ်ပြီး ဖြာထွက်လာတယ်။ နောက်တော့ အဖူးလေးတွေ ဖူးလာပြီး အသီးလေးတွေ သီးလာခဲ့တယ်။ ပန်းသီးပင်က ဖူးပြီး သီးတော့ ပန်းသီးပဲ ဖြစ်မှာ ပြောစရာ မလိုပေမဲ့ အခုတော့ ပြောရတော့မယ်။ အခု သီးနေတဲ့ အသီးတွေက တခြားပန်းသီးက အသီးနဲ့ မတူပြန်ဘူး။ စသီးကတည်းက ရွှေရောင်လဲ့နေတယ်။

တကယ်လည်း ကြီးလာတော့ ရွှေရောင် အဆင်းရှိသော ပန်းသီးလေးတွေ ဖြစ်လာခဲ့ပါတယ်။ “ ရွှေပန်းသီး ” ။ ကမ္ဘာပေါ်မှာ ပထမဦးဆုံးပေါ်လာသော ရွှေပန်းသီး ၊ ရွှေရောင် အဆင်းရှိနေသော ပန်းသီး ။ မမြင်ဖူးသူများ လာကြည့်ကြတယ်။ လိုချင်သူများ အပြိုင်အဆိုင်ဝယ်ယူကြတယ်။ အပြိုင်အဆိုင် ဝယ်ယူရတော့ ရွှေပန်းသီးတစ်လုံးရဲ့ ဈေးက တခြားပန်းသီးတွေရဲ့ ငါးဖာစာလောက် ဈေးတွေ အပြိုင်ပေးပြီး ဝယ်ယူကြတယ်။





ခြောက်သွေ့နေတဲ့ အကိုင်းလေးကလည်း များများ မသီးပေး။ အပင်တစ်ပင်လုံးမှာလည်း တခြားအကိုင်းတွေက သာမာန်ပန်းသီးမျှသာ သီးတယ်။ ဒီအကိုင်းမှသာ ရွှေရောင်ပန်းသီးလေးများ။ တစ်နေ့တခြား ရွှေပန်းသီးလေးများကို အပြိုင်အဆိုင် လာဝယ်နေကြတာ ဖြစ်လို့ အကိုင်းလေးကလည်း အလျင်မှီအောင် မသီးပေးနိုင်။ ဒါကြောင့် တစ်နေ့တခြား ရွှေပန်းသီး ရအောင် သူ့ထက်ငါ အပြိုင် ဈေးပေးကြလေ။လေ ရစ်ချက် အတွက် ဈေးပိုရလေလေ။ အံ့သြစရာ ကောင်းလှစွာ ရွှေပန်းသီး တစ်လုံးကို ရွှေဒင်္ဂါး တစ်ပြားစာမျှထိ ဖြစ်လာတယ်။

သို့သော် လာဝယ်သူတွေကလည်း သူတို့မှာ အကြံနဲ့ ဒီပန်းသီးလေးကို ဝယ်ယူပြီး ဒီက အစေ့ကို စိုက်လို့ ထို အပင်မှ အသီးသီးခဲ့ပါက ထိုအသီးလေးက ရွှေပန်းသီးလေးပဲ ဖြစ်လာမည်။ ထိုအခါ သူတို့လည်း ရွှေပန်းသီးကို ပြန်ရောင်းစားနိုင်မယ် မဟုတ်ပါလား။ ဒါကြောင့် သူ့ထက် ငါ အပြိုင်ဝယ်ရင်း ရွှေပန်းသီး စိုက်ဖို့ ပြင်ဆင်ကြတယ်။

အချိန်ကာလတွေ ရွေ့လျောသွားကြတယ်။

ရစ်ချက် ရဲ့ ပန်းသီးခြံလေးက အစောင့်တွေတောင်မှ ငှားထားရလောက်အောင် ကြီးကျယ်လာတယ်။ ဒါကလည်း ဒီပန်းသီးလေးကြောင့် ဖြစ်တယ်။ အကိုင်းခြောက်လေးကလည်း သူ့ဖာသာ ဆက်လက်ကြီးထွားလာခြင်းလည်း မရှိဘူး ဒီလိုပဲ ပုံမှန်လေးနဲ့ ရစ်ချက်ကို ရွှေပန်းသီးလေးတွေ သီးပေးတယ်။ ရွှေပန်းသီးရဲ့ ကျော်ကြားမှုကြောင့် နိုင်ငံတကာက လာရောက်ပြီး လေလံဆွဲပြီး ဝယ်ယူကြတယ်။ ဒါနဲ့ပဲ ရွှေပန်းသီးဈေးတွေ ထိုးတတ်လာသလို ရစ်ချက်လည်း ချမ်းသာ ကြွယ်ဝသူ တစ်ဦး ဖြစ်လာခဲ့တယ်။

ဒါပမဲ့လည်း ရစ်ချက်ဆီက ထပ်ပြီး စိုက်ပျိုးမယ် ဆိုပြီး ဝယ်ယူသွားသူတွေက သူတို့ ရွှေပန်းသီးလေးဆီက အစေ့ကို တတ်ကျွမ်းသူတွေနဲ့ ဂရုတစိုက် စိုက်ပျိုးပေမဲ့ အသီးသီးလာတဲ့ အခါမှာ ရွှေပန်းသီးလေးတွေ မသီးလာပဲ ရိုးရိုး ပန်းသီးတွေသာ သီးလာခဲ့တယ်။ ရစ်ချက်ကလည်း ဘာမှ ပြင်ထားခြင်း မရှိပါဘူး။ ဒါပေမဲ့ သူတို့ ဘယ်လိုမှ စိုက်လို့ မရ။

ဒီသတင်းကြားတော့ ရစ်ချက်က သူလည်း နောက်ထပ် မျိုးပွားပြီး ရွှေပန်းသီး ပင် စိုက်သင့်တာပေါ့ ဆိုပြီး အကြံရတယ်။ ဒီအကြံကို သူ သတိမထားမိတဲ့ အတွက် သူ့ဖာသာ သူလည်း ဒေါသတောင်မှ ထွက်သွားတယ်။ နောက်နေ့က စပြီး ရစ်ချက် ရွှေပန်းသီး စိုက်ပျိုးရေး စတင်တော့တယ်။ ဒီလိုနဲ့ အသီး သီးချိန်တန်တဲ့အခါ အကိုင်းခြောက်လေးက သူ့ရဲ့တာဝန် ကျေပွန်စွာ ရစ်ချက်ကို ရွှေပန်းသီးလေးတွေ သီးပေးနေတယ်။

နောက်ထပ် စိုက်ပျိုးထားတဲ့ ရွှေပန်းသီး ပင်လေးတွေက အသီးလေးတွေ သီးလာကြတယ်။ ဒါပေမဲ့ သူ့ဆီက ဝယ်ယူသွားသူတို့ရဲ့ ထုံးစံ အတိုင်း ရွှေပန်းသီးလေးတွေ မသီးလာ ၊ သူလည်းပဲ သာမာန်ပန်းသီးမျှပဲ သီးတယ်။ ဒီသတင်းကြားရော ရွှေပန်းသီး ဈေးနှုန်းဟာ ပိုပြီး မြင့်လာခဲ့တယ်။

နောက်ဆုံးတော့ ဘယ်သူမှ ဘယ်လိုမှ စိုက်လို့ မရခဲ့ဘူး။ ကမ္ဘာပေါ်မှာ ရွှေပန်းသီး သီးပေးနိုင်တဲ့ အပင်ဆိုလို့ ဒီတစ်ပင်ပဲ ရှိတော့တယ်။ ဒီလိုနဲ့ အချိန်ကာလ ရွေ့လျားလာပြီး နှစ်ပေါင်း အတန်ကြာတဲ့ အထိ အကိုင်းလေးကလည်း ရွှေပန်းသီးလေးတွေကို ဆက်ပြီး သီးပေးနေခဲ့တယ်။ ရစ်ချက်တို့လည်း တစ်နေ့ထက် တစ်နေ့ ကြွယ်ဝချမ်းသာ လာခဲ့တယ်။

တစ်နေ့တော့ ကံဆိုးလှစွာ မိုးတွေအလွန်ရွာပြီး အကိုင်းခြောက်လေးကို မိုးကြိုးပစ်သွားခဲ့တယ်။ မိုးလေတွေ စဲပြီး မိုးကြိုးသံကြောင့် ရင်ထိပ်နေတဲ့ ရစ်ချက် အပြင်ကို ကမန်ကတမ်းထွက်ပြီး အကိုင်းလေးကို သွားကြည့်တော့ မြေခ ကြွေကျလို့။ ရစ်ချက်လည်း သူ့ကို နှစ်ပေါင်းများစွာ ရွှေပန်းသီးလေးတွေ သီးပေးခဲ့ပြီး ချမ်းသာကြွယ်ဝစေခဲ့တဲ့ အကိုင်းလေးကို နှမြောတသစွာ ကြည့်နေမိတယ်။

ဒီအချိန်မှာပဲ သူ့နောက်ကို သူ့ဇနီးက ရောက်လာပြီး . . .

“ ရစ်ချက် ၊ ဖြစ်ပြီးမှတော့ ဘာမှ စိတ်မကောင်း မဖြစ်နဲ့ ။ ငါတို့ ပြင်သစ်ကို သွားကြမယ်။ ”

“ ဟင်..ဘာလုပ်ဖို့လဲ။ ”

“ နင် အရမ်းမြတ်နိုးနေတဲ့ ရွှေပန်းသီးလေးတွေကို ဆက်ပြီး အသက်သွင်းဖို့လေ။ ”

“ ဟင်...ဘယ်လို လုပ်ရမှာလဲ။ ပြင်သစ်မှာရော ဘာရှိနေလို့လဲ။ ”

“ ပြင်သစ်မှာ အခု ဆဲလ်ကနေ မျိုးပွားတဲ့ ပညာတစ်ခု အောင်မြင်ထားတယ် လို့ ကြားတယ်။ ဒီအတိုင်း စိုက်လို့ မရတဲ့ နင့်ရွှေပန်းသီး မျိုးတွေကို ဒီနည်းနဲ့ဆို စိုက်လို့ရမယ် လို့ ငါ ယုံကြည့်နေတယ်။ ”

“ တကယ်လား။ တကယ်လား..။ ”

ရစ်ချက်က ဝမ်းသာသော အသံနဲ့ ပြောတယ်။ ပြီးတော့ တစ်နေရာရာကို ကြုံးဝါးသလိုမျိုး. . .

“ တကယ်သာ မျိုးပွားပြီး ရွှေပန်းသီးလေးတွေ ဆက်စိုက်ဖို့ ၊ သူတို့ကို ရှင်သန်ဖို့သာ အခွင့်အရေးရှိနေပါစေ ငါ့မှာ အခု ကြွယ်ဝတာတွေ ကုန်သွားပစေ။ ငါ လုပ်မယ်။ ”

ဒါနဲ့ တစ်ထပ် တစ်လောက်နေတော့ ရစ်ချက်နဲ့ သူ့ဇနီးက သူ့တို့ ပန်းခြံတွေကို လူယုံတွေ လက်ထဲကို လွဲပြီး မိုးကြိုးပစ်ခံထားရတဲ့ သစ်ကိုင်းလေး ၊ သူကနေ သီးသော ရွှေပန်းသီး ၊ သူ့ရဲ့ အစေ့လေးများစွာ နဲ့ ပြင်သစ်နိုင်ငံကို ထွက်ခွာသွားတော့တယ်။

တစ်နှစ် .... သူတို့ ပြန်မလာကြသေးပါ။

နှစ်နှစ်.......သူတို့ ပြန်မလာနိုင်ကြသေး။

သုံးနှစ်မြောက်သော အခါမှာတော့ လက်ထဲမှာ ပျိုးပင်ပေါက်လေးတွေကို တယုတယ ကိုင်ပြီး ရစ်ချက်တို့ ခြံထဲကို ရောက်လာခဲ့တယ်။ ဒီလူဟာ သူနှစ်သက်လှတဲ့ ပန်းသီးခြံလေးကို ခွဲခွာသွားတဲ့ “ ရစ်ချက် ” ကလွဲလို့ ဒီပြင် ဘယ်သူ ရှိဦးမှာလဲ။

အခုတော့ သူ့ရဲ့ ရွှေပန်းသီး မျိုးပွားရေး စီမံကိန်းကို ရည်မှန်းသလို ဖြစ်မြောက်အောင်မြင်ခဲ့ပါပြီ။ သူခြံထဲမှာ အပင်ပေါက်လေးတွေကို စိုက်ပျိုးပြီး နေ့မအား ၊ ညမနား ဂရုစိုက်နေတယ်။ အချိန်တန်တော့ အပင်လေးတွေ ကြီးထွား ရှင်သန်လာကြတယ်။ ဒီအပင်လေးတွေရဲ့ အသီးသီးချိန်ကို ရစ်ချက် နည်းတူ အားလုံးကလည်း သိချင်နေကြတယ်။ အရင်က ဘယ်သူမှလည်း မအောင်မြင် ခဲ့ကြဘူးကိုး။

တချို့ကတော့ အရင်လိုပဲ မအောင်မြင်နိုင်ဘူးလို့ ထင်ကြတယ်။ တချို့က အောင်မြင်လို့ ယုံကြည်ကြတယ်။ အသီးသီးဖို့ အဖူးလေး ၊ နောက် အပွင့်လေး ပွင့်ပြီး အသီးလေးတွေ ထွက်လာတော့ ရစ်ချက် အပင်လေးတွေမှာ “ ရွှေအသီးပေါင်းများစွာနဲ့” ။ လေးနှစ်လောက် ကမ္ဘာပေါ်မှာ ပြတ်တောက်နေသော ရွှေရောင်ပန်းသီးလေးတွေ ပြန်လာလည် အသက်ဝင်လာခဲ့ပါပြီ။

ရစ်ချက်ကတော့ သူ့လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ “ သစ်ကိုင်ခြောက်လေး ” ကို ငုံ့နမ်းရင်း တိုးတိုးလေးပြောလိုက်တယ်။

“ သစ်ကိုင်းခြောက်လေးရယ်။ မင်း ပြန်လည် အသက်ဝင်လာပါပြီ။ ဒီကမ္ဘာမြေကို ရွှေရောင် ပန်းသီးလေးတွေကို စတင်မွေးဖွားပေးခဲ့တဲ့ မင်းရဲ့ အငွေ့အသက်လေးတွေ ထာဝရ ရှင်သန်နေနိုင်ပါပြီ။ ”


မှတ်ချက်။ ။ မူရင်းဝတ္ထုလေးကို စာရေးဆရာ မဟုတ်သော ပန်းသီးစိုက် ကျေးလက်သားတစ်ယောက်က သူတို့ ဘာသာနဲ့ ထိုခေတ် စာအရေးအသားဆိုတော့ တော်တော်ကို ဖတ်ရခက်ပါတယ်။ သူကတော့ ဒါလေးကို ကိုယ်တွေ့ မှတ်တမ်းသဘောမျိုး ရေးထားတာပါ။ ဒါပေမဲ့ ဇာတ်ကြောင်းလေးကို ပုံဖော်မှုမှာတော့ တကယ် ကောင်းလွန်းလှတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ . . တကယ်လို့ အခု ကျွန်တော် ရေးထားတာ တစ်ခုခု လိုအပ်ချက် ရှိနေပါက ကျွန်တော် တင်ပြပုံ ညံ့ဖျင်းမှုတာပါပဲ။

source; Richard Poon Golden Apple Form AU
ကိုဇော် သင့်တော်သလို မြန်မာမှု့ ပြုပါသည်။



Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်:

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.