မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


26 February 2011

14 Facebook အပါအဝင် ပုံများကို Zoom ဖြင့် ကြည့်ရအောင်



     ပထမဦးဆုံး ပြောချင်တာကတော့ ဒီပို့စ်ဟာ Mozilla Firefox သုံးသူများ အတွက်သာ ဖြစ်ပါတယ်။ ကျန်သော ဘရောက်ဇာများ အတွက် မဟုတ်ပါဘူး။ ဒါကြောင့် တခြားသော ဘရောက်ဇာ သုံးသူများကိုတော့ ကြိုပြီးတော့ တောင်းပန် ထားရမှာပါပဲ။

       ဒါဆိုရင် မော်ဇီလာ သုံးသူများ အတွက်ကို ပြောပြပေးပါ့မယ်။ ဒါလေးကို ဘာကြောင့် သုံးသင့်လဲ ဆိုတော့ အထူးသဖြင့် နှေးကွေး လေးလံလှသော မြန်မာနိုင်ငံရဲ့ အင်တာနက် အနှေးနှုန်းနဲ့ ဆိုရင် google မှာ ကိုယ်ရှာနေသော ပုံတစ်ပုံကို မြင်ရအောင် ၊ Facebook မှာ ကိုယ်ကြည့်ချင်သော ပုံတစ်ပုံကို ကြည့်လို့ရအောင် ဆိုတာ ထိုပုံဆီကို ရောက်အောင် သွားနေတာနဲ့ အချိန် အလွန်ကုန်ပါတယ်။ 

     ဒါကြောင့် ဒီပုံပြီး နောက်တစ်ပုံကို သွားကြည့်တဲ့ အချိန်ဟာ အလွန်ကြာလို့ Facebook အပါအဝင် တခြားသော နေရာများမှ ပုံများကို အသေးစိတ် မြင်ဖို့ အတွက် တစ်ပုံပြီး တစ်ပုံ ကလစ်နှိပ်ကာ သွားရောက် ကြည့်ရှု့ရန် မလိုတော့ခြင်းပါပဲ။ မောက်စ်ရဲ့ ကာဆာလေးကို ကိုယ်ကြည့်ချင်သော ပုံလေးပေါ်မှာ တင်ထားလိုက်တာနဲ့ သူက သူ့ဖာသာ Zoom ဆွဲပြီး ပုံကြီး ချဲ့ပေးမှာ ဖြစ်ပါတယ်။

     ဒီမှာ ကိုယ်ကြိုက်တာကို ရွေးခြယ်ခွင့် ရှိပါတယ်။ အခု သုံးစွဲမဲ့သူဟာ Facebook မှ ပုံတွေကိုပဲ Zoom ဆွဲကြည့်မှာလား ၊ ဒါမှမဟုတ် google image မှ ပုံတွေ အပါအဝင် တခြားသော ( ၁၇ ) မျိုးသော နေရာများမှ ပုံတွေကို Zoom ဆွဲကြည့်မှာလား ဆိုတာကိုတော့ ကိုယ့်ဖာသာ ရွေးရပါလိမ့်မယ်။ ဒီအတွက် ပထမဦးဆုံး အောက်က ပုံလေးကို နှိပ်ပြီး အဲဒီနေရာကို သွားလိုက်ပါ။


      အဲဒီနေရာကို ရောက်ပြီ ဆိုရင် များလှစွာသော add on တွေထဲမှ ရွေးစရာ နှစ်ခု ရှိပါတယ်။ အပေါ်ဆုံးသော နှစ်ခုကိုပဲ ကျွန်တော်တို့ အသုံးပြုပါ့မယ်။ အောက်က ပုံလေးကို ထပ်ကြည့်ပါ။


      ဒီနေရာကို ရောက်ပြီ ဆိုရင် ကိုယ်က Facebook အတွက်ပဲ သုံးမယ် ဆိုရင်တော့ အပေါ်က ကျွန်တော် နံပါတ် ( ၁ ) လို့ ပြထားတဲ့ Add to Firefox ဆိုတဲ့ အစိမ်းလေးကို နှိပ်ပါ။ ဒီလို မဟုတ်ဘဲ ကိုယ်ကတော့ Facebook , google , Twitter , Wikipedia အစရှိသော ( ၁၇ ) မျိုးသော ဆိုက်တွေမှာ ရှိတဲ့ ပုံတွေကို Zoom ချဲ့ကြည့်ဖို့ သုံးမယ် ဆိုရင်တော့ ကျွန်တော် နံပါတ် ( ၂ ) လို့ ပြထားတဲ့ Add to Firefox ဆိုတဲ့ အစိမ်းလေးကို နှိပ်ပါ။

       ကျွန်တော်ကတော့ Facebook တစ်ခုတည်း အတွက် မဟုတ်ဘဲ ၊ ( ၁၇ ) မျိုးလုံး ကြည့်ဖို့အတွက် ဆိုတော့ နံပါတ် ( ၂ ) ကိုပဲ နှိပ်လိုက်ပါမယ်။ အားလုံးကိုလည်း နံပါတ် ( ၂ ) ကိုပဲ နှိပ်ဖို့ အကြံပြုလိုပါတယ်။ 

      ဒါဆိုရင် အောက်က ပုံပါ အတိုင်း Install လုပ်ရန် အကွက်လေး ထပ်ပေါ်လာပါ့မယ်။ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော် ပုံလေးနဲ့ အောက်မှာ ထပ်ရှင်းပြထားပါတယ်။

      

        ဒါလေးကို နှိပ်လိုက်တယ် ဆိုရင် သူ့ဖာသာ Install လုပ်ပါလိမ့်မယ်။ Install လုပ်လို့ ပြီးရင် ဒီအတိုင်း သုံးလို့ မရသေးပါဘူး။ အခု ဖွင့်ထားသော မော်ဇီလာကို Restart လုပ်ဖို့ လိုပါတယ်။ ဒါကြောင့် ဒီ Add on လေးကို သွင်းတော့မယ် ဆိုရင် ကိုယ့်ဖွင့်ထားတဲ့ မော်ဇီလာက အရာတွေကို ( ဥပမာ - ဘလော့ ရေးနေရင် အရင် save ထားဖို့ လိုပါတယ်။ ) ခဏ မသုံးတာ ကောင်းပါတယ်။

        ဒီနေရာမှာ ကျွန်တော် ခဏခဏ ပြောနေရလို့ နည်းနည်းလောက် ပြောချင်ပါတယ်။ မော်ဇီလာ Restart ဖြစ်တယ် ဆိုတာ စက်ကြီးပိတ်ပြီး Windows Restart ဖြစ်သွားတာ မဟုတ်ပါဘူး။ ကိုယ်ဖွင့်ထားသော ဘရောက်ဇာ မော်ဇီလာသာ Restart ဖြစ်သွားမှာ ဖြစ်ပါတယ်။  ပိုရှင်းရန် အောက်က ပုံလေးကို ကြည့်ပါ။

    

       ဒါဆိုရင် မော်ဇီလာ ဘရောက်ဇာက ဖွင့်ထားသမျှတွေကို သူ့ဖာသာ ပိတ်ပြီးတော့ သူ့ဖာသာ Restart လုပ်သွားပါလိမ့်မယ်။ ပြီးရင်တော့ ခုနက ကိုယ်ဖွင့်ထားသမျှ Tab တွေ အတိုင်း မော်ဇီလာ ပြန်ပွင့်လာပါလိမ့်မယ်။ ဒါဆိုရင် သုံးလို့ အဆင်သင့် ဖြစ်ပါပြီ။ မော်ဇီလာရဲ့ Navigation Toolbar မှာ အပြာရောင်နဲ့ Z ဆိုတာလေး ပေါ်လာပါလိမ့်မယ်။ အဲ . . . Navigation Toolbar ဆိုတာ www. ဆိုပြီး ရှာတဲ့  Reload , Stop , Home , Address စတာတွေ ပါတဲ့ ဘာတန်းလေးပေါ့ဗျာ။ အခုတော့ အိမ်ပုံစံလေးရဲ့ ဘေးမှာ အပြာရောင်လေးနဲ့ Z ဆိုပြီး ပေါ်နေပါလိမ့်မယ်။ အောက်က ပုံလေးကို ကြည့်ပါ။

    
           ဒါဆိုရင် Photo Zoom ကို စပြီး သုံးလို့ ရပါပြီ။ ဒီ Z ကလေးရဲ့ ညာဘက်ဘေး အောက်စိုက်နေတဲ့ မြားလေးကို နှိပ်လိုက်မယ် ဆိုရင် သူ့မှာ ပါတဲ့ အသုံးဝင် အလုပ်လုပ်သော ဆိုက်တွေကို ဖော်ပြထားပါလိမ့်မယ်။ အောက်က ပုံလေးကို ကြည့်ပါ။

       

      ဒီလို ပေါ်လာရင်တော့ အဲဒီဘောင်လေးရဲ့ အောက်ဆုံးမှာ ရှိတဲ့ Setting ကို နှိပ်လိုက်ရင်တော့ အောက်က ပုံလေး အတိုင်း ပေါ်လာမှာပါ။


       ဒါဆိုရင်တော့ ကိုယ်က ဘယ်ဆိုက်က ပုံကိုတော့ Zoom နဲ့ ကြည့်မယ်။ ဘယ်ဆိုက်ကိုတော့ မကြည့်ဘူး ဆိုပြီးတော့ အမှန်ခြစ်လေးတွေ ခြစ်လိုက် ဖြုတ်လိုက် လုပ်ပြီးတော့ ချိန်းလို့ ရပါတယ်။ အပေါ်မှာလည်း Setting အနေနဲ့ ပါပါသေးတယ်။ ဒါတွေက သိပ်မလိုအပ်လို့ ဘာမှ မရေးတော့ပါဘူး။ ကိုယ့်ဖာသာ ကလိကြည့်ပါ။

       ဒါဆိုရင် Add on Install လုပ်လို့ အလုံးစုံ ပြီးပြည့်စုံသွားပါပြီ။ ဒါကို ကျွန်တော်တို့ အသုံးပြုတဲ့ အခါမှာ ဘယ်လို အသုံးဝင်တယ် ဆိုတာ ကျွန်တော် ရှင်းပြပါ့မယ်။ ပထမဦးဆုံး Facebook နဲ့ စမ်းကြည့်ရအောင်။ Facebook ရဲ့ Home မှာ ပေါ်နေတဲ့ ပုံတွေပါ။ အောက်က ပုံကို ကြည့်ပါ။


      မူရင်းမြင်နေရသော ပုံပေါ်ကို မောက်စ်ရဲ့ ကာဆာ မြားလေးကို တင်ကြည့်လိုက်ပါ။ ဒါဆိုရင် ကိုယ်တင်လိုက်တဲ့ ပုံက အလိုလို Zoom ဆွဲပြီး တတ်လာပါလိမ့်မယ်။ အောက်က ပုံလေး အတိုင်းပေါ့။


       ဒီပုံကတော့ ပုံတွေ သိမ်းထားတဲ့ ဖိုင်တစ်ခုကို ဖွင့်လိုက်ပါ။ အောက်မှာ ပြထားတဲ့ အတိုင်း ပုံတွေ ရှိသလောက် အသေးလေးတွေနဲ့ ပြထားပါလိမ့်မယ်။  အောက်က ပုံအတိုင်းပေါ့။


        ဒါကို ပုံကြီးနဲ့ ကြည့်ချင်တယ် ဆိုရင် ပုံကို ကလစ်နှိပ်ပြီး ချဲ့ကြည့်ရပါမယ်။ အခုတော့ မလိုတော့ပါဘူး အဲဒီလို မြင်နေရတဲ့ ပုံသေးသေးလေးတွေပေါ်မှာ မောက်စ်ရဲ့ ကာဆာကို တင်လိုက်တာနဲ့ ပုံတွေက အလိုလို Zoom ဆွဲပြီး ကြီးလာပါလိမ့်မယ်။ အောက်က ပုံကို ကြည့်ပါ။


      လူတစ်ယောက်ရဲ့ Profile Picture ကိုလည်း မသဲကွဲလို့ ၊ အပြည့်မပေါ်လို့ ဆိုပြီး ကလစ်နှိပ်ကြည့်စရာ မလိုပါဘူး။ အခုလိုပဲ မောက်စ် ကာဆာလေး တင်လိုက်တာနဲ့ သူက Zoom ဆွဲပြီး အကြီး ချဲ့ပေးပါတယ်။


        အိမ်မှာ ချက်ပြုတ်ပြီး Facebook မှာ ချက်ပြုတ်ထားသမျှတွေကို တင်ကာ သူများတွေကို သွားရည်ကျစေသော ပုံများကိုလည်း အခုလို မောက်စ် ကာဆာလေး တင်ကာ သွားရည်ကျနိုင်ပါတယ်။ အွန်လိုင်းပေါ်မှ နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ :) :)



      ဒီလောက် ဆိုရင် Facebook မှ ပုံတွေ အတွက် အဆင်ပြေလောက်ပြီလို့ ယူဆပါတယ်။ ကိုယ်တိုင် စမ်းကြည့်ပါ။ အတော်ကို ကောင်းမွန်ပြီး လွယ်ကူတာ တွေ့ရပါလိမ့်မယ်။ တစ်ခု ရှိတာက “ အဓိက ကတော့ အင်တာနက် ကွန်နက်ရှင် အနှေး ၊ အမြန်ကို လိုက်ပြီးတော့ ပုံတွေ ပေါ်ဖို့ကတော့ ကြာပါလိမ့်မယ် ” ဆိုတာကိုတော့ အထူး ပြောဖို့ မလိုပေမဲ့ ထပ်ပြီးတော့ သတိပေး ပြောလိုက်ပါရစေ။

       ဒါဆို အခု ထပ်ပြီးတော့ Google Image က ပုံတွေကို စမ်းကြည့်ရအောင်။ ထုံးစံ အတိုင်း Google ကို ဝင်ပါ။ ပြီးရင် Images ကို ထပ်သွားပါ။ ရောက်ပြီ ဆိုရင် ကိုယ်ကြိုက်တာ တစ်ခုခုကို ရေးပြီး ရှာလိုက်ပါ။ ကျွန်တော်ကတော့ ပုရွက်ဆိတ် ဆိုပြီး ( ant ) လို့ပဲ ရှာလိုက်ပါတယ်။ ဒီတော့ ပုရွတ်ဆိတ်နဲ့ ပတ်သတ်တဲ့ ပုံတွေ အကုန် ကျလာပါလိမ့်မယ်။

       အဲဒီလို ပုံတွေထဲက ကိုယ်ကြည့်ချင်တဲ့ ပုံပေါ်ကို မောက်စ်ရဲ့ ကာဆာလေး ချလိုက်ရင် သူ့အလိုလို Google Image က Zoom ဆွဲကာ ပုံကို ချဲ့ပြပါလိမ့်မယ်။ ဒါပေမဲ့ သူချဲ့ပြတဲ့ ပုံက အနည်းငယ်သာ ဖြစ်လို့ သေးငယ်ပါတယ်။ ဒါကို ဒီ Add on လေး ထည့်ထားရင်တော့ သူက Google Image က ချဲ့ပေးတဲ့ Zoom ထက် တင်ထားသော ပုံရဲ့ နဂိုမူလ အရွယ်အစားအတိုင်း ချဲ့ပြပါလိမ့်မယ်။ အောက်က ပုံကတော့ Google Image မှ ချဲ့ပြထားသော ပုံနှင့် ထပ်၍ ချဲ့ရန် အတွက် Loading လုပ်နေသော ပုံလေးပဲ ဖြစ်ပါတယ်။


       ဒီပုံကတော့ Google Image မှ ချဲ့ပေးသော ပုံနှင့် Z Zoom က ချဲ့ပေးသော ပုံကို ယှဉ်ပြထားတာ ဖြစ်ပါတယ်။


         ဒီ Add on လေးကို ဘာလို့ သုံးရလဲဆို အဓိက အားဖြင့်တော့ စာမျက်နှာ တစ်မျက်နှာမှ တစ်မျက်နှာသို့ ကူးပြောင်းသော အချိန်ကုန်မှုကို သက်သာစေပါတယ်။ တန်းစီ မြင်နေတဲ့ ပုံတွေပေါ်မှာ မောက်စ်ရဲ့ ကာဆာလေးကို တင်လိုက်တာနဲ့ သူ့ဖာသာ Zoom ဆွဲပြီး ချဲ့ပေးတာကို ကြည့်နိုင်ပါတယ်။ ပုံတစ်ပုံကို အကြီးချဲ့ပြီး မြင်ရအောင် စာမျက်နှာ တစ်မျက်နှာကနေ နောက်ထပ် တစ်မျက်နှာ ပြောင်းနေစရာ မလိုတော့ဘူးပေါ့။

        ကျွန်တော့် အတွက်ကတော့ အရမ်းကို အဆင်ပြေပါတယ်။ အားလုံးကိုလည်း အဆင်ပြေပြေ နဲ့ အချိန်ကုန် သက်သာစွာ အင်တာနက် သုံးစေချင်လို့ ဒီ Add on လေးကို သုံးစေချင်ပါတယ်။ စမ်းသုံးကြည့်ပါ။

        သုံးလို့ အဆင်မပြေဘူး ဆိုရင် အရှေ့က မော်နီတာကို တူနဲ့ ထုပါ။ အဆင်ပြေတယ် ဆိုရင်တော့ “ ကျေးဇူးတင်ပါတယ် ကိုဇော် ” လို့ ပြုံးပြီး ပြန်ပြောခဲ့ယုံပါပဲ။ ဘယ်ကို ရောက်နေနေ ကျွန်တော့် ဘလော့ကို ဝင်မရရင်လည်း အဆင်ပြေအောင်လို့ ကျွန်တော် pdf လေးပါ လုပ်ပြီး တင်ပေးထားပါတယ်။ လိုချင်သူများ ဒေါင်းပြီး သိမ်းထားလိုက်ပါ။ pdf မှာ ရှိနေတဲ့ လင့်တွေကို နှိပ်ပြီးတော့လည်း လိုရာကို ရောက်နိုင်ပါတယ်။

pdf ဖြင့်

    
        အားလုံးပဲ အဆင်ပြေကြပါစေ။


လေးစားစွာဖြင့်
ကိုဇော်
26.2.2011

Share/Bookmark

22 February 2011

25 တိတ်တခိုး ဝိညာဉ်များ


အမှာ။ ။ အောက်မှာ ရေးထားတာတွေဟာ ဝတ္ထုမဟုတ်သလို စိတ်ကူးယဉ် ရေးထားတာလည်း မဟုတ်ပါ။ အဖြစ်အပျက် တစ်ခုအပေါ် ချချရေးထားတတ်သော ကျွန်တော့်ရဲ့ မှတ်စုများသာ ဖြစ်ပါတယ်။ မှန်တယ် ၊ မှားတယ် ၊ တည့်တယ် ၊ လွဲတယ် ဆိုတာထက် ကျွန်တော့်ရဲ့ အဖြစ်အပျက် တစ်ခုအပေါ် ခံစားချက်သာ ဖြစ်၍ ထိုအတိုင်းလေးပဲ ဖတ်စေလိုပါတယ်။


ကျွန်တော်တို့ အလုပ်ရုံရဲ့အရှေ့ ညာဘက်ထောင့်မှာ တစ်တောင်သာသာလောက်ကို မြေမြှင့်ပြီး အုတ်ဖြင့် ကာရံကာ ဘောင်ခတ်ထားသော ၅ ပေ x ၇ ပေ လောက် ကျယ်သော မြေကွက်လပ်တစ်ခု ရှိ၏။ ထိုမြေကွက်လပ် ကလေးသည် အရင်စက်ရုံက သုံးရေအတွက် စင်မြင့်ကြီး လုပ်ကာ ရေတိုင်ကီကြီး တစ်ခု တင်ထားသော နေရာ ဖြစ်၏။

ထိုစက်ရုံသည် သောက်ရေသန့် စက်များ ၊ ရေသန့် ဆန်ကာများ ၊ ရေသန့်ဘူးများကို လုပ်ရောင်းသော စက်ရုံ ဖြစ်၏။ စက်ရုံ စတည်ကတည်းက ဒီနေရာမှာ လုပ်ခဲ့တာ ဖြစ်ပေမဲ့ မကြာမှီ စက်ရုံမှာ လွန်စွာမှ အောင်မြင်လာသောကြောင့် စက်ရုံကို လက်ရှိ တည်ဆောက်ထားသော ပေ ၂၀၀ x ပေ ၄၀၀ ပတ်လည်ပေါ်မှာ ဘယ်လိုမှ အဆင်မပြေတော့ပေ။ အရင်က ဒီစက်ရုံ မထောင်ခင်မှာ ဒီနေရာလေးဟာ ခြုံနွယ်တွေဖြင့် ပိတ်လှောင်နေသော ကားလမ်းမ ဘေးမှ သာမာန် အဆောက်အအုံ ပျက်ကြီး တစ်ခုမျှသာ ဖြစ်၏။

ထို အဆောက်အအုံ ပျက်ကြီးနဲ့ ပတ်သတ်၍ ထိုပတ်ဝန်းကျင်တွင် သတင်းပေါင်းများစွာ ပြန့်နှံ့နေလေ့ ရှိ၏။ ထိုအဆောက်အအုံပျက်ကြီးသည် အရင်က နိုင်ငံကို နိုင်ငံခြားသားများ လာရောက် ကျူးကျော်၍ စစ်မက် ဖြစ်ပွားသောအခါ သာမာန် ပြည်သူ ပြည်သားတွေ အနေနဲ့ ထိုအဆောက်အအုံကြီးကို စစ်မက် တိမ်းရှောင်သော နေရာအဖြစ် အခြေပြု ခဲ့ရလေ၏။ ထိုနောက် ပို၍ ကြမ်းတမ်းလာသော စစ်ဒဏ်ကို ခံစားရသော အခါမှာ ထိုအဆောက်အအုံနေရာ ပတ်ဝန်းကျင်သည် စစ်တလင်းပြင် ဖြစ်ခဲ့ရလေသည်။ ထို့အတူ မိုးပေါ်မှ ကျဲချသော ဗုံးများကြောင့် ထိုအဆောက်အအုံထဲမှာ စစ်ဗုံးဒဏ် အခံရဆုံး နေရာ ဖြစ်သလို ၊ အစုလိုက် အပြုံလိုက် ပိတ်လှောင်ခြင်း ခံရကာ သေကြေ ပျက်ဆီးခဲ့ရသော နေရာလည်း ဖြစ်လေ၏။ ဤအရာကား ထိုအဆောက်အအုံနဲ့ ပတ်သတ်သော ပါးစပ်သတင်း ၊ ပါးစပ် အတင်းပင် ဖြစ်လေသည်။

သို့သော် ထိုပျက်ဆီးနေသော အဆောက်အအုံ နှင့် မြေနေရာဟောင်းကြီးကို သန့်ရှင်းဖယ်ရှားကာ ရေသန့်ပစ္စည်း စက်ရုံကို တည်ဆောက်သောအခါ ထိုရေသန့် ပစ္စည်းထုတ်လုပ်သော စက်ရုံမှာ အချိန်တို အတွင်းမှာပင် လွန်စွာ အောင်မြင်လေခဲ့လေ၏။ အလုပ်နှင့် ပတ်သတ်သော လုပ်ငန်း ပစ္စည်းများကို ထပ်မံ၍ ချဲ့ထွင်ရင်း နောက်ဆုံး အဆင်ပြေအောင် လုံးဝ နေရာချဲ့ထွင်၍ မရတော့သောအခါ ဒီထက် နေရာ ပိုကျယ်သော မြေနေရာသို့ ပြောင်းကာ လုပ်ငန်းကို ဆက်လက် လည်ပတ်ရန် ထိုအဆောက်အအုံ အဟောင်း နေရာကို လွဲပြောင်း ရောင်းချကာ ပြောင်းရွှေ့သွားလေတော့သည်။



ထိုသို့ လွဲပြောင်း ဝယ်ယူခဲ့သော လူမှာ ကျွန်တော်တို့ အလုပ်ရှင် သူဌေးပင် ဖြစ်လေသည်။ ကျွန်တော် ဒီအလုပ်ကို မရောက်ခင်မှာ သူဌေးက တခြားသော တိုက်ခန်းလေးတွင် ယခု ရောင်းချနေသော ပစ္စည်းများကို စတင်ကာ ရောင်းချ၍ အရှိန်ယူ ကြိုးစားခဲ့ရ၏။ နောက်ပိုင်းမှာ ဝယ်သူတွေ များပြားလာပြီး လိုက်လံ ပို့ဆောင်ရသော အရေအတွက်သည်လည်း ပိုမို တိုးတတ်လာတော့မှ လော်ရီကားများကိုလည်း ထပ်မံ၍ တိုးချဲ့ ဝယ်ယူကာ လိုက်လံ ပို့ဆောင်ပေးရန် နေရာကျယ်သော မြေကွက်ကို ဝယ်ယူရန် ကြိုးစား လေတော့သည်။ ဒါနဲ့ ဒီမြေကွက်နှင့် အဆောက်အအုံကို လွဲပြောင်း ဝယ်ယူဖြစ်ခဲ့တာ ဖြစ်၏။

ဒီအလုပ်နေရာကို လွဲပြောင်းဝယ်ယူပြီး အရင်နေရာမှာ ပစ္စည်းများကို ရွေ့ပြောင်းသည် အထိ ကျွန်တော် ဒီအလုပ်ကို မရောက်သေးပါ။ အားလုံး ပြောင်းရွေ့ပြီး နှစ်ပတ်ကြာတော့မှ ကျွန်တော် ရောက်လာခဲ့တာ ဖြစ်၏။ ဒီရောက်မှ ခင်မင်ရသော သူငယ်ချင်းများကတော့ ကျွန်တော့်ကို “ မင်းက တော်တော် ကံကောင်းတာပဲ။ ဟိုဘက်ကနေ ကွန်ပျူတာတွေ ၊ အလုပ်ပစ္စည်းတွေ ၊ ဘီရိုတွေ ၊ အသုံးအဆောင်တွေ ရွေ့တုန်းကတော့ ရောက်မလာဘူး ၊ အားလုံး ရွေ့ပြီး ပြောင်းပြီးပြီ ဆိုတော့မှ လက်တင် အလုပ်လုပ်ဖို့ ရောက်လာတယ် ” ဟု ဆိုတာ နောက်ပြောင်လေ့ ရှိ၏။ တကယ်လည်း သူတို့ အားလုံး အခြေတည်ကာ ပုံမှန် လည်ပတ်တော့မှ ကျွန်တော် ဒီအလုပ်ကို စဝင်ဖြစ်တာ ဖြစ်သည်။

အလုပ်ကို စဝင်ကတည်းက ကျွန်တော် အလုပ် အဆောက်အအုံ တစ်ခုလုံးရဲ့ အရှေ့ ညာဘက်မှာ တည်ရှိသော မြေကွက်လပ် ခပ်မြင့်မြင့်ကို သိပ်ပြီးတော့ ကြည့်မရခဲ့ပါ။ ဘာကြောင့်မှန်းကို မသိ။ သူ့ဖာသာ နေတာ ဖြစ်ပေမဲ့ ကျွန်တော့် မျက်လုံးထဲမှာ ကန့်လန့်ကြီး လာဖြစ်နေ၏။ ဒီနေရာမှာ အရင်က ဘာရှိခဲ့တာလဲ ဟု စုံစမ်းလိုက်တော့ အရင်က ဒီနေရာမှာ စက်ရုံ တစ်ခုလုံးကို ထောက်ပံ့ပေးသော ရေစည်ကြီး တစ်ခုကို ခပ်မြင့်မြင့် တည်ဆောက်ထားခဲ့ဖူးသည် ဟုသာ သိခဲ့ရသည်။

အခုနောက်ပိုင်းတော့ ရေပေးဝေမှုတွေက အဆင့်မြင့်လာကာ ၂၄ နာရီ ရေပြတ်လပ်သည် ဟူ၍ မရှိ ၊ ရေသောက်အတွက် ရုံးခန်းထဲမှာ အပူ ၊ အအေးစက်ဖြင့် အဆင်ပြေနေ၏။ ထို့ကြောင့် ထိုနေရာတွင် ရေစည်ကြီး တင်ထားစရာ မလိုတော့။ ပြီးတော့ ကျွန်တော်တို့ အလုပ်ရုံမှာ ရေသန့်ပစ္စည်း ထုတ်လုပ်သော စက်ရုံလို ရေအင်အားလည်း များများစားစား လိုသော အလုပ်ရုံ မဟုတ်။ ထို့ကြောင့် ထိုမြေကွက်လပ်သည် ကျွန်တော်တို့ အလုပ်ရုံ အတွက် အပို သက်သက်မျှသာ ဖြစ်၏။ သူက သူ့ဖာသာ နေတာ ဖြစ်ပေမဲ့ ကျွန်တော့် မျက်လုံးထဲမှာ ထိုနေရာက ကန့်လန့်ကြီး လာဖြစ်နေ၏။

တစ်ခါတလေ ထမင်းစား နားချိန် ၊ အားချိန် ဆိုရင် ကျွန်တော် ထို ၅ ပေ x ၇ ပေ ကျယ်သော မြေကွက်ကို သွားရောက်ကာ ဘယ်ရယ်မဟုတ် ကြည့်မိသည်။ ထူးတော့ ထူးဆန်းပေ၏။ အလုပ်ရုံ တစ်ခုလုံး သူ့ဖာသာ သပ်သပ်ရပ်ရပ် ရှိနေသလောက် ထိုမြေကွက်က ထူးဆန်းစွာ ခြုံနွယ်တွေဖြင့် ရှုပ်ပွနေလေ့ ရှိသည်။ အသုံးမပြုသော နေရာ ဖြစ်သောကြောင့် ရှုပ်ပွနေခြင်းလည်း ဖြစ်ပေမည်။ ဘယ်ရယ် မဟုတ်ဘဲ မကြာခဏ သွားရောက် ကြည့်မိပေမဲ့ အုတ်ဘောင်ဖြင့် တစ်တောင်ကျော်ကျော် မြှင့်ထားသော ထိုမြေနေရာပေါ်သို့ မတတ်ကြည့်မိခဲ့ပါ။

တစ်နေ့တော့ ကျွန်တော် ထိုအုတ်ဘောင်ပေါ်ကိုပါ တတ်ပြီး ကြည့်မိ၏။ ဘာကြောင့် ဒီမြေကွက်က ဒီအတိုင်း ဖြစ်နေရတာလဲ ဆိုသော စူးစမ်းချင်စိတ်ကြောင့်လည်း ပါပေမည်။ အနီးနားမှာ ချထားသော တုတ်ချောင်း တစ်ချောင်းဖြင့် ခြုံနွယ်တွေ ထဲမှ ပိုးမွှားများ ထွက်သွားစေရန် ထိုခြုံနွယ်များကိုလည်း အနည်းငယ် ပုတ်ခတ် လိုက်မိသည်။ သို့သော် ဘာကောင်မှ ထွက်မလာပါ။ ဖာသိဖာသာဖြင့် တိတ်ဆိတ် ငြိမ်သက်နေ၏။

လူတကာ မထူးဆန်းသလို လျစ်လျူရှုထားသော မြေကွက်ပေါ်ကို တတ်ကာ ကျွန်တော် ထိုမြေကွက်ပေါ်မှာ ပေါက်နေသော အပင်များ ၊ ခြုံနွယ်များကို ဘာရယ် မဟုတ်ဘဲ ဟိုဟိုဒီဒီ လျှောက်ကိုင်ကြည့်မိသည်။ ထိုနေရာမှာ အလုပ်ရုံ မြေကွက်ရဲ့ ထောင့်ကျနေခြင်းကလည်း အသုံးမဝင်သော အချက် တစ်ချက် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ထိုမြေကွက်မှာ ပေါက်ရောက်နေသော နွယ်ပင်များသည် ဘေးမှ ခြံစည်းရိုးများကိုပင် တွယ်ကပ် ပေါက်နေလေ၏။ ထိုနွယ်များသည် မြေကွက်ပေါ်မှာ ပေါက်နေသော အပင်လတ်များကိုလည်း တွယ်ကပ်ကာ နွယ်တတ်နေကြ၏။

ဘာနွယ်တွေများလဲ ဟု ကျွန်တော် စူးစမ်းကာ ကြည့်မိလိုက်တော့ ကျွန်တော် မျက်လုံးပြူး သွားမိသည်။ ကျွန်တော် ဖတ်ဖူးထားသော စာပေ ဗဟုသုတ အရ နွယ်ပင် မှန်ရင် လက်ယာရစ်သာ ရစ်ပတ်လေ့ ရှိသည် ဟု ဖတ်ရဖူးသည်။ တကယ်လည်း အိမ်မှာ စိုက်ခဲ့ဖူးသော ဘူးပင် ၊ ကြက်ဟင်းခါးပင် အစရှိသော နွယ်ပါသော အပင်များသည် လက်ယာရစ်သာ ရစ်ပတ်၍ အထက်သို့ တတ်ပါသည်။ အခု ဒီမြေကွက်ပေါ်မှာ ပေါက်ရောက်နေသော နွယ်ပင်များသည် အားလုံး လက်ဝဲရစ်သာ သူတို့နှင့် ထိစပ်သမျှကို ရစ်ပတ် နွယ်တတ်နေကြသည်။

ကျွန်တော် ဖတ်ရှု့ခဲ့ဖူးသော စာပေ အတွေ့အကြုံတွေ အရ ရိုးရိုး သာမာန် နွယ်ပင်တွေသည် လက်ယာရစ် နွယ်တတ်ကြ၍ ထူးဆန်းသော နွယ်ပင်များသာ လက်ဝဲရစ် နွယ်တတ်ကြပါသည်။ ထိုနွယ်ပင်များသည် ဥစ္စာစောင့် ဟု လူသိများသော နေရာများမှ နွယ်ပင်များ ၊ သိုက်စောင့်များမှ နွယ်ပင်များ ၊ ရွာတော်ရှင် ၊ မြို့စောင့် စသော နတ်နန်းများမှ နွယ်ပင်များ ၊ မြေမသန့်သော ၊ သင်္ချီုင်းကုန်း သုသာန် နေရာများမှ နွယ်ပင်များ ၊ အောက်လမ်းနည်းဖြင့် စီရင်ထားသော မြေနေရာများမှ နွယ်ပင်များသာ လက်ဝဲရစ် နွယ်တတ်ကြသည်ဟု ဖတ်ရှု့ရဖူးပါသည်။

သို့သော် ထိုစာအုပ်များမှ ဗဟုသုတ အနေနဲ့သာ ဖတ်ရှု့ခဲ့ရတာ ဖြစ်သောကြောင့် အပြင်မှာ ကျွန်တော် တစ်ခါမှ မမြင်ဖူးပါ။ ရှိလိမ့်မည် ဟုပင် မထင်မိကြောင်း ရိုးသားစွာ ဝန်ခံလိုပေသည်။ အခုလို မထင်မှတ်ဘဲ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရတော့ ကျွန်တော် ရုတ်တရက် အံ့သြသွားမိသည်။ ထို့အတူ မကြောက်တတ်သော ကျွန်တော့် ကိုယ်မှ ထူးဆန်းစွာ ကြက်သီးများ ထလာမိ၏။ မွှေးညှင်းပေါက်များမှ စူတတ်လာသော ကြက်သီးများကို ငုံ့ကြည့်ကာ ကျွန်တော် ထူးဆန်းသလို ခံစားရမိသည်။

အခု ကျွန်တော် လာကြည့်နေမိသော အချိန်က ညနေ ၃ နာရီခွဲ လက်ဖက်ရည်သောက်ချိန်သာ ဖြစ်၏။ မိုးချုပ်ချိန် မဟုတ်တော့ ကြောက်ရွံ့နေစရာ မလိုသလို ၊ ကျွန်တော်ကလည်း ကြောက်တတ်သူ မဟုတ်ပါ။ လေလည်း မတိုက် ၊ မိုးလည်းမရွာ ၊ ဘာဆို ဘာမှ ထူးခြားစွာ လှုပ်ရှား ပြောင်းလဲခြင်း မရှိဘဲ ထူးဆန်းစွာ ကျွန်တော့် ကိုယ်မှ ကြက်သီးများ ထလာခဲ့သည်။

ထပ်ပြောရရင် ကျွန်တော်သည် ကြောက်တတ်သူ တစ်ယောက် မဟုတ်ပါ။ သို့သော် . . .



ထူးထူးဆန်းဆန်း ဆိုရင် သူများ အပြောထက် ကိုယ်တိုင် နည်းနည်းလောက် လေ့လာလိုက်ရမှ ကျေနပ်တတ်သော ကျွန်တော့် အတွက် ထိုနေရာသည် စိတ်ဝင်စားစရာ အကောင်းဆုံး နေရာ တစ်ခု ဖြစ်လာပေသည်။ အလုပ် မဝင်ခင် ၊ ထမင်းစားချိန် ၊ လက်ဖက်ရည် သောက်ချိန် ၊ အလုပ်အားချိန် ဆိုရင် ကျွန်တော် တစ်ယောက်တည်း ထိုနေရာကို ရောက်သွားလေ့ ရှိ၏။ ဘယ်လို့လဲ ဆိုသော အမေးကို ဖြေရန် ကျွန်တော့်မှာ အဖြေ မရှိပါ။ စိတ်ဝင်စားမိ၍ စူးစမ်းလို စိတ်ကြောင့်သာ ရောက်သွားခြင်း ဟု ပြောနိုင်ပါလိမ့်မည်။

အလုပ်ရုံမှာလည်း လည်ပတ်နေသော်လည်း ပြောင်းရွှေ့ပြီး တစ်လကျော် နှစ်လ အတောအတွင်းမှာ အသားကျခြင်းတော့ မဖြစ်သေးပေ။ ပြောင်းရွှေ့လာသော ပစ္စည်းများ အသားမကျခြင်း ၊ တိုးချဲ့ထားသော ပစ္စည်းများရဲ့ အသားမကျခြင်းတို့ကြောင့် လည်ပတ်နေသော အလုပ်က သာမာန်ထက် ပို၍ ကြန့်ကြာ နေတတ်သည်။ အထူးသဖြင့် နေ့ဆိုင်းထက် ညဆိုင်းတွင် ပို၍ လည်ပတ်မှုနှုန်း နှေးကွေးနေ၏။ ပုံမှန် အသားမကျသေးသောကြောင့် အလုပ်ကို လေးလံစေသည်။

“ မင်း နှစ်ပတ်လောက် ညဆိုင်းကို ဝင်ကူပေးပါလား။ ပြီးရင် အဲဒီမှာ အလုပ် သွက်သွက် လည်ပတ်နိုင်အောင် လိုတာတွေ ငါ့ကို တင်ပြပေးကွာ ”

သူဌေးရဲ့ ဒီလို ပြောအပြီးမှာတော့ ကျွန်တော် နောက်အပတ်က စပြီး အလုပ် ညဆိုင်းကို ဝင်ခဲ့ရ၏။ နေ့ဆိုင်းထက် စာရင် ကျွန်တော် ညဆိုင်းကို ပိုနှစ်သက်ပါသည်။ နေ့ဆိုင်းရဲ့ မျက်လုံး ရာပေါင်းများစွာနဲ့ အလုပ်လုပ်ရခြင်းထက် စာရင် ညဆိုင်းမှာ ကျွန်တော့် အတွက် လွန်စွာမှ လွတ်လပ်သည်။ အလုပ်ရုံမှာ သူဌေး ညီအစ်ကို ၄ ယောက် ရှိရာမှ သုံးယောက်က ဒီမှာ ရုံးထိုင်ပြီး တစ်ယောက်သော အစ်ကိုကြီးသာ ကုန်ကြမ်း ထုတ်လုပ်ရေး အလုပ်ရုံမှာ ရုံးထိုင်၏။

ကိုယ့်ရဲ့ တာဝန် ကျေပွန်နေရင် ဘယ်သူ့မှ ကြောက်စရာ မလိုပေမဲ့ မကြာခဏ မီတင်တွေ ၊ ဆွေးနွေးချက် ၊ ညွှန်ကြားချက်တွေနဲ့ နေ့ဆိုင်း အလုပ်လုပ်ရခြင်းက စိတ်ဖိစီးမှု အတော်များလေ၏။ ညဆိုင်းမှာတော့ အခုလို ကြီးကြပ်ရုံ ဆိုရင် ညဥ့်ရဲ့ ငြိမ်းအေးမှုနဲ့ အတူ လွန်စွာမှ ချမ်းမြေ့လှသည်။ အလုပ်လျင်မြန် သွက်လက်အောင် ထားသိုသော ပစ္စည်းတွေကို အံဝင်ခွင်ကျအောင် နေရာချထားပုံ ၊ အလုပ်ကို မြန်ဆန်အောင် လူအင်အား တောင်းဆိုရုံ ၊ အထွက်နှုန်း တွက်ချက်ရုံ ၊ သူဌေးထံ လိုအပ်တာများ တင်ပြရုံမှ လွဲ၍ ကျွန်တော့်မှာ အလုပ်မရှိပါ။ အနည်းငယ်တော့ ဝင်ရောက် စစ်ဆေးရ၏။

မနက်ဘက် ထုပ်ပိုးသော ဌာနသို့ လိုအပ်ချက် ပြည့်မှီအောင် ထောက်ပံ့ပေးနိုင်ရင် ညဆိုင်းသမားတွေ အတွက် တာဝန်ကျေသည်ဟု ဆိုနိုင်ပေ၏။ ပုံမှန်လည်ပတ်ရန် လိုအပ်တာတွေ ပြောဆို ၊ မှတ်သား အပြီးမှာတော့ ကျွန်တော့်မှာ လုပ်စရာ မရှိ။



ညက ဖာသိဖာသာ အပျိုတစ်ယောက်လို ရှက်ရွံ့တွန်ဆုတ်စွာ မျက်လွှာချ တိတ်ဆိတ်နေ၏။ မှောင်မည်းနေသော ညဥ့်အရောင်ကို အံတုကာ ဝိုးတဝါး တတ်နိုင်သလောက် ထွန်းညှိနေသော မီးလုံးဝါဝါများသာ တွဲလဲခိုကာ အလုပ်ရုံ ပတ်လည်ကို ငြိမ်သက်ထွန်းညှိ ထားသည်။

အလုပ်ရုံ အရှေ့ဘက် ရုံးခန်းနေရာ တံခါးမှာ ပိတ်ထားပြီ ဖြစ်သောကြောင့် အချောထည် ထုတ်လုပ်ရေးဌာနမှ လူများ အပြင်ထွက်ရန် လုပ်ပေးထားသော စက်ရုံဘေးပေါက်မှ အပြင်ကို ကျွန်တော် ထွက်လာခဲ့၏။ ထူးထူးထွေထွေ ကိစ္စတော့ မရှိပါ ၊ အပျင်းပြေ လမ်းလျှောက်ဖို့နဲ့ ဆေးလိပ်ဖွာချင်လို့သာ ဖြစ်၏။ အလုပ်ရုံရဲ့ ထောင့်ချိုးကို လှမ်းကြည့်လိုက်တော့ ထိုမြေကွက်လပ်လေးက တိတ်ဆိတ်မှုကြောင့် ဝိုးတဝါး အေးစက် ငြိမ်သက်နေ၏။ ဆေးလိပ်ဖွာရင်း လက်မှ နာမည်ကို ပင့်ကြည့်လိုက်တော့ အချိန်က ထမင်းစားချိန်နားကို ညွှန်ပြနေသည်။ မကြာမှီ ထမင်းစားဖို့ ဘဲလ်သံ ထွက်လာပေတော့မည်။

နေ့ဘက်ဆိုရင် စည်ကားလှသော ကင်တင်းကလေးက ညဥ့်ဘက်မှာတော့ တိတ်ဆိတ်မှုက တစ်တစ်ခွခွ ခွစီးကာ နေရာယူထား၏။ ငြိမ်သက်ကာ မည်းမှောင်နေလေ့ ရှိသည်။ ကျွန်တော် တွေးနေစဉ်မှာပင် ထမင်းစားချိန် ဘဲလ်က မြည်လာပြီး အလုပ်လုပ်နေသူများ ကိုယ်စီ ထမင်းထုပ်လေးကို ဆွဲကာ ထွက်လာကြ၏။ မည်းမှောင် ခြောက်ကပ်နေသော ကင်တင်းကလေးကို မီးဖွင့်သူ ဖွင့် ၊ စားပွဲပေါ် ထပ်တင်ထားသော ထိုင်ခုံကို ဆွဲချသူ ဆွဲချနှင့် လှုပ်ရှား အသက်ဝင်လာ၏။ ကင်တင်းမှာ တပ်ထားသော ပန်ကာ ခပ်ကြီးကြီးတို့ကလည်း တဝူးဝူး အော်မြည်ကာ မောင်းနှင်၍ လေစုပ်ထုတ် ပေးတော့သည်။ အေးဆေး ငြိမ်သက်နေသော ပတ်ဝန်းကျင်က ချက်ချင်းပင် ဆူညံကာ ပွက်လောရိုက်သွားလေ၏။

သူတို့ အတွက် ထမင်းစားချိန် တစ်နာရီ အတောအတွင်းမှာ အလုပ်က အကြောင်း ၊ မိသားစု အကြောင်း ၊ ချစ်သူ အကြောင်း ၊ ဝေးရပ်မြေကို လွမ်းဆွတ်ခြင်း အကြောင်း ၊ ပိတ်ရက်မှာ ဘယ်ကို သွားမယ် ဆိုတဲ့ အကြောင်း ၊ အကြောင်းပေါင်း များစွာကို ရင်ဖွင့်ကာ လှစ်ဟဆွေးနွေး ကြသည်။ စိတ်ဖိစီးမှု များလှသော ၊ လူမှုရေးတွေနဲ့ ကျင်လည်နေကြရသော နိုင်ငံခြား အလုပ်သမားများ ဘဝမှာ ဒီလိုနဲ့ပဲ ကျင်လည်ကုန်လွန်ကာ လည်ပတ်ကြရသည် မဟုတ်ပါလား။

စားသောက် ပြောဆိုပြီးတော့ ထမင်းစားချိန် တစ်နာရီ စေ့ကာ အလုပ်ပြန်ဝင်ရန် ဘဲလ်သံကြားတော့ သူတို့ အားလုံး အလုပ်ခွင်သို့ ပြန်ဝင်သွားကြလေ၏။ ဒီအချိန်ထိ ကျွန်တော့်မှာ ထမင်း မစားရသေး။ သူတို့ ထမင်းစားချိန် အပြီး နာရီဝက်လောက်မှ ကျွန်တော် ထမင်းစားတာ အကျင့်လို ဖြစ်နေခဲ့ပြီ။ အလုပ်လုပ်သူတွေက လုပ်နေပြီး ကိုယ်က အလုပ်က ရုံးခန်းမှာ ထမင်းထုပ်ကို ဖွင့်စားနေရင် မကောင်းတတ်လို့ ကျွန်တော် ထမင်းကို ပစ္စည်းတွေ သိမ်းဆည်းကာ စတိုထဲမှ ရုံးခန်းလေးမှာ သွားစားလေ့ ရှိသည်။

ညဘက်ဆို လည်ပတ်မှုက ပစ္စည်း အထုတ် အတွက်သာ ရှိသော ထိုစတိုနေရာမှာ ပိတ်မှောင်၍ မည်းနေလေ့ ရှိသည်။ သွားဖူး ၊ လာဖူး ၊ ရောက်ဖူးနေကြ နေရာဆိုတော့လည်း စတိုထဲမှ မီးချောင်း သုံးချောင်းလောက် ဖွင့်ကာ အထစ်အငေါ့ မရှိ စတိုရုံးခန်းငယ်လေးထဲကို ရောက်သွားပါသည်။

ထိုရုံးခန်းလေးထဲမှာ အဲယားကွန်း တပ်မထားပါ။ စတိုထဲမှာလည်း အဲယားကွန်း မရှိပါ။ ထိုရုံးခန်းငယ်လေး အတွက် သုံးရန် ပန်ကာ ခပ်သေးသေး တစ်လုံးကိုတော့ စားပွဲထောင့်မှာ ပုံစံထိုင်လျက်သား တွေ့ရပေလိမ့်မည်။ ထိုရုံးခန်းလေးရဲ့ ညာဘက် ဘေးမှာ သံတိုင်တွေဖြင့် သေချာ တွဲကပ်ကာ ဖောက်လုပ်ထားပြီး တရုတ်ကပ် မှန်များ တပ်ထားသော ပြတင်းပေါက် တစ်ခု ရှိသည်။ ထိုပြတင်းပေါက်မှ ကြည့်လိုက်ရင် အပြင်မှ ကား အသွားအလာများကို မြင်ရလေ့ ရှိသည်။ ထိုရုံးခန်းလေးသည် အလုပ်ရုံရဲ့ ဘေးဘက်ရှိ ကားလမ်းမကို မျက်နှာမူထားလေ့ ရှိ၏။

အရည်သောက် မပါရင် ထမင်းစားရခက်သော ကျွန်တော့်အတွက် မဖြစ်မနေ စွပ်ပြုတ် တစ်ခွက်တော့ ပါတတ်ပါသည်။ ဒီရုံးခန်း သေးသေးလေးမှာ ထမင်းထိုင်စားတိုင်း ကျွန်တော် တရုတ်ကပ် ပြတင်းပေါက်လေးကို ဖွင့်ကာ အပြင်မှ သွားနေသော ကားများကို ကြည့်မိကာ ဘာရယ်မဟုတ်သော အတွေးများဖြင့် ထမင်းစားလေ့ ရှိသည်။ ကျွန်တော်တို့ အလုပ်ရုံ တည်နေရာမှာ လမ်းထောင့်ချိုး ဖြစ်နေသောကြောင့် ကားလမ်းကို မျက်နှာမူထားသလို ၊ ဘေးချင်းလည်း ကပ်ထား၏။ ပြတင်းပေါက်မှ ကြည့်လိုက်ရင် အောက်ခြေမှာ ရေမြောင်းတစ်ခုကို တွေ့ရလိမ့်မည်။

တစ်ခါတလေတော့ ထမင်းသာ စားနေတာ လက်တစ်ဖက်က စာအုပ်တစ်အုပ်ကို ကိုင်ကာ ကျွန်တော် စာဖတ်နေလေ့ ရှိပြန်ပါသည်။ ဒီလို အခါမျိုးဆိုရင် စာအုပ်ထဲကို စိတ်ဝင်စားမိကာ စားပြီးသား အရိုးအရင်းများကို ရှေ့မှ ထမင်းထုပ် ဖော့ဘူးထဲကို ပြန်မထည့်မိဘဲ မေ့လျော့ကာ ပြတင်းပေါက် အပြင်ကို ပစ်မိတတ်၏။ ဒါပေမဲ့ စိတ်ထဲမှာ ဘယ်လိုမှလည်း မရှိပါ။ သတိထားမိသော နေ့ရက်တွေမှာတော့ ရှေ့မှ ဖော့ဘူးထဲကိုသာ ထည့်ပါသည်။ ဘာစိတ်မှ မရှိတဲ့ အတွက် ဘာမှလည်း သတိမထားမိပါ။

ရက်အနည်းငယ် အကြာမှာတော့ ကျွန်တော် တရုတ်တွေ အစားများသော အရိုးမပါသောဟင်း ချက်စားပါသည်။ ထမင်းစားနေရင်း လက်တစ်ဖက်ကလည်း စာအုပ်ကို ကိုင်ကာ ဖတ်နေပါ၏။ အရိုး မပါသောကြောင့် အရိုးကို လွင့်ပစ်စရာ မလိုပါ။ ဖာသိဖာသာ စားနေရင်း ခဏကြာတော့ ကျွန်တော် ထိုင်နေသော ရုံးခန်း အပြင်မှ သံပြားကို တစ်စုံတစ်ခုနှင့် ခြစ်သံလိုလို ၊ သံဖြတ်ကတ်ကြေးဖြင့် ဖြတ်သံလိုလို ကြားရသည်။ စစကြားတုန်းကတော့ စာထဲမှာ စိတ်ဝင်စားနေသောကြောင့် အိမ်မြှောင်ကဲ့သို့သော အကောင် တစ်ကောင်ကောင်က ကာထားသော သံပြားကို သူတို့ ဘာသာဘာဝ အမြီးဖြင့် ရိုက်ပုတ်ခြင်း ဟုသာ ထင်ခဲ့၏။ သို့သော် ပို၍ ပို၍ ကျယ်လောင် လာခဲ့၏။

သတိမထားမိလို့ မရတော့လောက်အောင် ဖြစ်လာ၏။ ကလေးတစ်ယောက် နောက်ပြောင်ကာ အပြင်မှ သံပြားကို သံချောင်းတစ်ခုဖြင့် ခြစ်သွားသော အသံလောက်ကို ကျယ်လောင် လာသည်။ ဘယ်က ကလေး လာဆော့နေပါလိမ့် ဆိုသော စိတ်ဖြင့် စားလက်စ ထမင်းထုပ်ဖော့ဘူးကို ပြန်မဖုံးမိဘဲ မေ့ကာ ထွက်လာမိ၏။ ကျွန်တော် ဒီအတိုင်း အလုပ်ရုံ အပြင်ကို ထွက်ကာ ပစ္စည်းထားသော စင်ပေါ်ကို တတ်၍ အလုပ်ရုံဘေးကို ကြည့်လိုက်သော အခါ ဘာဆိုဘာမှ မရှိ ၊ ဘယ်သူ့ကိုမှ မတွေ့။ အိမ်မြှောင် ဒါမှမဟုတ် ဒီထက် ကြီးသော အကောင် တစ်ကောင်ကောင်ရဲ့ အမြီးပုတ်သံလို့ပဲ တွေးကာ အလုပ်ထဲကို ပြန်ဝင်ကာ စတို ရုံးခန်းလေးထဲသို့ ပြန်ဝင်လာတော့ ကျွန်တော် မေ့ကာ မဖုံးမိခဲ့သော အရိုးမပါသော အသားတုံးများ မတွေ့တော့ပေ။

ရုတ်တရက် ကျွန်တော် ကြောင်သွားသလို ဖြစ်ကာ ပြီးမှ ကျွန်တော့် သူငယ်ချင်းတွေကို သတိရမိ၏။ သူတို့ ဒီလိုပဲ အမြဲတမ်း နောက်နေကျ မဟုတ်လား။ တစ်ယောက်ပြီး တစ်ယောက် လိုက်မေးသော်လည်း မည်သူ့ဆီကမှ သတင်းမရ။ နောက်ပြောင်ကာ ရုပ်တည်ထားခြင်းမျိုး မဟုတ်ဘဲ ၊ သူတို့ တကယ်ကို မနောက်သော မျက်နှာ တည်တည်များသာ ဖြစ်၏။ ပြီးတော့ သူတို့ရဲ့ အကြောင်းပြချက်ကလည်း ခိုင်လုံသည်။ သူတို့ ခုနကပဲ ထမင်း စားထားကြတာပါ တဲ့။ ဘာမှ မပြောသာဘဲ စိတ်ထဲမှာ အီလည်လည်ဖြင့် အဲဒီနေ့က ထမင်းသာ ကျန်ခဲ့သော ထမင်းထုပ်ကို ဆက်မစားဖြစ်ခဲ့ပါ။



နောက်နေ့ မနက် မိုးလင်းတော့ . . . .

နေ့ဆိုင်းမှ အစ်ကို တစ်ယောက်လို ဖြစ်နေသော တစ်ယောက်ကို ညက အဖြစ်အပျက်ကို ပြောပြပြီး မေးကြည့်တော့မှ သူက ဖြစ်ကြောင်း ကုန်စင်ကို မေးကာ နောက်နောင် အဲဒီနေရာမှာ တစ်ယောက်တည်း ထမင်း မစားဖို့ ပြောလာလေတော့သည်။ သူ့ရဲ့ အဖြေကတော့ နေ့တိုင်း အပြင်ကို အရိုးတွေ အသားစတွေ မထင်မှတ်ဘဲ ပစ်မိနေတော့ သူတို့က သူတို့ကို အစာပစ်ကျွေးတယ် ထင်ကာ နေ့တိုင်း ကျွန်တော့် ထမင်းစားချိန်မှာ လာရောက်စောင့်ဆိုင်း စားသောက်နေတာ ဖြစ်နိုင်သည်ဟု ဆို၏။ မကျွေးဖြစ်သောနေ့ ၊ ကျွေးစရာ မပါသောနေ့မှာ သူတို့ကို သတိရအောင် လာရောက် အသံတွေ ပေးတာဟု ဆို၏။ နောက်နေ့တွေ အဲဒီမှာ သွားမစားနဲ့တော့ အန္တရာယ် ဖြစ်ရင် မကောင်းဘူး ဟု ဆိုပါသည်။

သို့သော် ကျွန်တော် ကိုယ်တွေ့ မျက်မြင်ပေမဲ့ ယုံကြည်လို့ မရသေးပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က ထိုအရာတွေကို မယုံကြည်သောကြောင့်ပင် ဖြစ်၏။

ဒါပေမဲ့ နောက်ထပ် သိပ်မကြာသော ရက်မှာ ကျွန်တော့်ကို သူဌေးက နေ့ဆိုင်းကို ပြန်ခေါ် လိုက်လေ၏။ “ အလုပ်က ဟိုဘက်က Lab တစ်ခုတည်းနဲ့ မနိုင်ဘူးကွ။ မင်း ဒီဘက်မှာပါ Lab အသစ်ဖွင့်ပြီး လုပ်ပေး ၊ QA ကို တခြားလူတွေကို လွှဲထား ၊ မင်း ခဏနား ထားလိုက်တော့ ” ဟု ဆိုကာ ကျွန်တော့်မှာ ချက်ချင်း Lab မင်းသား ဖြစ်ရတော့သည်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်က ရာဘာပစ္စည်း ဆိုတော့ အဓိက ရာဘာရည်တွေကို ဓါတ်ခွဲရသလို ၊ ထုတ်ကုန်တွေကိုလည်း ပြန်လည် စစ်ဆေးရသည်။

အလုပ်ရုံမှာ နေရာသစ် ဆိုတော့ လွတ်နေသော အခန်းကျန်တွေ ရှိနေသော်လည်း ရာဘာရည် စစ်ဆေးရန် သင့်တော်သော နေရာကတော့ ပစ္စည်း အဟောင်းတွေ သိမ်းသော စတိုထောင့်ချိုးမှ အခန်း တစ်ခုပင် ဖြစ်၏။ ထိုအခန်းကို ကျွန်တော် ဝင်ကြည့်လိုက်တော့ ဖုန်တွေ အတော်ကို တတ်နေ၏။ အခန်းမှ ပစ္စည်းဟောင်းတွေကလည်း ဟိုအရင် စက်ရုံမှ အကြွင်းအကျန်များလည်း ပါ၏။ လက်ရှိ စက်ရုံမှ ပြောင်းရွေ့လာရင်း အသုံးမလိုသည်များကိုလည်း ဒီနေရာမှာ ထည့်ထားခြင်း ဖြစ်သည်။ ဒီအခန်းကို တစ်လနေလို့တောင်မှ လိုချင်တာ မရှိရင် မဖွင့်ဖြစ်သော အခန်း ဖြစ်သည်။

လုပ်မယ် ဆိုတော့လည်း နီပေါ နှစ်ယောက်ကို ခေါ်ကာ နှစ်ရက်လုံးလုံး အခန်းထဲမှ ပစ္စည်းများကို တခြားသော အခန်းဟောင်း တစ်ခုသို့ ပြောင်းရသည်။ အခန်းအတော် သန့်သွားတော့ လှောင်ကာ ပူအိုက်လာသောကြောင့် အဲယားကွန်းကို ဖွင့်တော့ ဖွင့်မရ။ မဖွင့်တာ ကြာ၍ ထင်သည် ဂျမ်းဖြစ်နေ၏။ လည်ရင် ခဏသာ လည်ပြီး ဘရိတ်ကာ ခလုတ်မှာ ခဏခဏ ပြုတ်ကျကာ ပြန်ပိတ်သွားလေသည်။

အခန်း တစ်ခုလုံး သန့်ရှင်းရေး လုပ်ပြီးတော့ အဲယားကွန်းကို ပြင်ရန် အဲယားကွန်း ပြင်သောသူတွေကို ဖုန်းဆက် ခေါ်ရင်း စောင့်နေမိ၏။ တစ်နာရီခွဲလောက် အကြာမှာ အဲယားကွန်း ပြင်မဲ့လူ လာတော့ ခုနက စေ့ပြီး ပိတ်ထားသော တံခါးက ဖွင့်မရ။ အလိုလို ကြပ်သွား၏။ လက်ကိုင်ဖုကလည်း လှည့်လို့ ရနေပြီးတော့ကို အထဲမှာ တစ်ခုခုနဲ့ ခံနေသလို ၊ ဆို့ထားသလို လုံးဝကို တွန်းဖွင့် မရဘဲ ကြပ်နေ၏။

ဘယ်လိုမှလည်း တွန်းမရ ၊ ခုနကပဲ အလွယ်တကူ တွန်းဖွင့် ၊ ဆွဲဖွင့်နေသော တံခါးက ရုတ်တရက်ကို ကြပ်သွား၏။ လက်တစ်ဘက်တည်းနဲ့ တွန်းဖွင့်ရသော တံခါးမှာ အခုတော့ လူသုံးယောက် တွန်းတာတောင်မှ လုံးဝ မလှုပ်။ ဘယ်လိုမှ ဖွင့်မရ။ ဒီအခန်းထဲကိုလည်း ဒီတံခါးပေါက် တစ်ခုကပဲ ဝင်လို့ ရ၏။ သုံးယောက်နဲ့ တွန်းလည်း မရ။ လေးယောက် ၊ ငါးယောက်နဲ့ တွန်းသည်။ မရ။ တံခါးက ရုတ်တရက် ကြပ်သွားခြင်းကို နားမလည်သော်လည်း ကြာကြာ နားလည်အောင် တွေးနေဖို့ အချိန်မရ။ ခပ်မြန်မြန်ပဲ တံခါးဟောင်းကို ဘေးမှ သစ်တွေကို ထွင်းကာ ဖျက်ထုတ်လိုက်၏။ တံခါးဟောင်းနေရာမှာ တံခါးသစ်ကို လဲတပ်နေချိန်မှာ အဲယားကွန်း ပြင်သူများကလည်း အဲယားကွန်း အဟောင်းကို ဖုန်ရှင်း၍ သန့်ရှင်းရေး လုပ်ရန် မ၍ အောက်သို့ ချသည်။

လူ ၃ ယောက် ပါသော သူတို့ အဖွဲ့မှာ ထုံးစံ အတိုင်း ဝင်းဒိုး အဲယားကွန်း တစ်လုံးကို နှစ်ယောက် မ လျှင် လုံလောက်ပေပြီ။ အခုတော့ နှစ်ယောက် မ နေရင်း မနိုင်မနင်း ဖြစ်ကာ တပ်ထားသော နေရာမှ မရွေ့ ၊ ဒါလေးတောင်မှ အဖြစ်မရှိရလား ဆိုကာ သူတို့ရဲ့ ဆရာလုပ်သူပါ ဝင်မသည်။ မရ။ နောက်တော့ ကျွန်တော် အပါအဝင် ၅ ယောက် ချွေးပြန်ကာ အားစိုက်၍ လက်ဖျံတွေ နာအောင် မတော့မှ အဲယားကွန် တပ်ထားသော နေရာမှ အပြင်ကို ထွက်လာနိုင်သည်။ တွန်းလှည်းလေးပေါ် တင်ပြီးတော့ သန့်ရှင်းရေး လုပ်ရန် သူတို့ တွန်းထွက်သွားတော့ လက်ဆေးကန်မှ ရေဘုံဘိုင်ကို ဖွင့်ကာ ကျွန်တော် လက်ဆေးဖို့ ရေကို ဖွင့်လိုက်တော့ ရေက ကျမလာ။ အပြင်ကများ ပိတ်ထားလား မသိဘူး ဟု ချက်ချင်း စဉ်းစားမိသည်။

ကျွန်တော် အားကိုးရသော နီပေါလေးကို လှမ်းကာ အပြင်မှ ရေဘုံဘိုင်ပိုက် အဖွင့်အပိတ်ကို သွားဖွင့်ရန် ပြောလိုက်တော့ သူက သွက်လက်ပေါ့ပါးစွာ ထွက်သွား၏။ တကယ်တမ်း ပြောရရင် သူက ကျွန်တော့်ထက် အသက်ကြီးပါ၏။ ဒါပေမဲ့ လူကောင်က သေးသလောက် အလွန်လည်း သွက်လက်သူ ဖြစ်၏။ သူများပြောရင် ပေကပ်ကပ် နိုင်သလောက် ကျွန်တော် ပြောရင် သွက်လက်စွာ လုပ်ပေးသူ ဖြစ်သည်။ သူ့နာမည်က ကာလုမန်း ( Kaluman ) ဟု ခေါ်သည်။ သူတို့ စကားအရ “ ကာလု ” ဆိုတာ “ အရက် ” ကို ခေါ်တာ ဖြစ်၍ man ဆိုတာကတော့ “ လူ ” ဟုသာ အဓိပ္ပါယ် ကောက်ခဲ့မယ် ဆိုရင် သူ့နာမည်က “ အရက်လူ ” ပေါ့။ “ အရက်သမား ” ဟု ဆီလျော်စွာ ဘာသာပြန်ရမည် ထင်သည်။

ဟုတ်ပါတယ် ၊ သူက အရမ်းကို အရက်သောက်သူ တစ်ယောက်ပါ။ သူ့ဆီမှ အမြဲတမ်း အရက်နံ့က တထောင်းထောင်း ထွက်နေတတ်သည်။ အလုပ် လုပ်နေချိန်မှာ သူ အရက် မသောက်ပေမဲ့ အလုပ်နားချိန် ဆိုတဲ့ ထမင်းစားချိန် ၊ တီးတိုင်းချိန်တွေမှာ သူက ပုံစံမပျက် တစ်ခွက် ကစ်လေတော့ သူက ပုံမှန်ကကို မကျတော့ပါဘူး။ ဒါကြောင့် အနံ့တွေက ထွက်နေလို့ သူ့ကို ဘယ်သူ့မှ သေချာ မခိုင်းချင်ကြဘူး။ သူကလည်း လစ်ရင် လစ်သလို အလုပ်ကို ခိုတတ်ပါသည်။ သူကြောက်တာ တစ်ခုပဲ ရှိ၏။ အဲဒါကတော့ “ OT ” ဆိုသော အချိန်ပိုပဲ ဖြစ်သည်။ အချိန်ပို မရမှာ သူ သေမလောက် ကြောက်သည်။ သူ့ကို ဘယ်သူ အချိန်ပို ပေးမလဲ ဆိုတာကိုသာ ကြည့်နေတတ်သူ ဖြစ်သည်။

ညနေ ၅ နာရီထိုးခါ နီးဆိုရင် သူ့ကို ပြန်တော့လို့ တစ်ယောက်ယောက်က ပြောလိုက်ခြင်း ခံရမှာ သူ မျက်နှာငယ်လေးနဲ့ စိုးကြောက်နေသူ ဖြစ်သည်။ ဒီအချိန်မှာ သူ့ကို ဘာခိုင်းခိုင်း မငြင်းတမ်း လုပ်သည်။ ဒီအချိန်မှာ သူ့ကို အိုတီ ပေးနိုင်သော ကျွန်တော့် အထက်မှ မန်နေဂျာ Ms.Ng နှင့် ကျွန်တော့်နားကိုသာ ကပ်ပြီး အလုပ်မှ ပစ္စည်းထုတ်တွေ ရွေ့ရမလား ၊ ပေါင်ဒါကန်တွေ ရှင်းရမလား ၊ ရာဘာရည်တွေ စစ်ရမလား ဟု မေးကာ အမြဲ အသင့်ဖြစ်နေတတ်၏။

ရေပိုက် အဖွင့်အပိတ်ကို ဖွင့်ရန် ထွက်သွားပြီး ခဏ ဆိုသလိုပင် ချက်ချင်း သူပြန်ဝင်လာကာ “ ဖွင့်ပြီးပြီ ” ဟု ဆို၏။ ရေဘုံဘိုင်လေးကို ဖွင့်လိုက်တော့ ရေဘုံဘိုင်ခေါင်းလေးမှ ရေများ ကျလာသည်။ ကျွန်တော် လက်ဆေးနေလို့ မပြီးခင်မှာဘဲ ကျနေသော ရေက ရုတ်တရက် ရပ်သွားလေသည်။ ဘာဖြစ်တာမှန်း မသိတော့ ဘုံဘိုင်ခေါင်းကို ထပ်၍ လှည့်ပြီး ပိတ်လိုက် ဖွင့်လိုက် လုပ်သော်လည်း ရေက ကျမလာတော့။ ဘာဖြစ်တာလဲကွ ဟု ဆိုကာ အလုပ်ရုံ အပြင်ဘက်ကို ထွက်၍ ကြည့်လိုက်တော့ ခုနက “ ကာလုမန်း ” ဖွင့်ထားခဲ့သော ရေပိုက် အပိတ်အဖွင့်လေးက ပြန်၍ ပိတ်နေကာ “ Close ” ဆိုသော နေရာမှာ ရပ်နေ၏။

ဟာ . . . ဘယ်ကောင် ပြန်လာပိတ်သွားတာလဲ ဟု ကျွန်တော် စိတ်ထဲမှာ ခံပြင်းပြီး ပြန်ဖွင့်ကာ အခန်းထဲ ပြန်ဝင်ပြီး လက်ဆေးတော့ ရေးက ကောင်းစွာ လာချေပြီ။ Lab ( သို့ ) ဓါတ်ခန်းတစ်ခု အတွက် ဝယ်ထားတဲ့ ပစ္စည်း အသုံးအဆောင်တွေကို ကာလုမန်းတို့နဲ့ အတူတူ နေရာချနေရင်း တစ်နာရီကျော်လောက် ကြာတော့ အဲယားကွန်း သန့်ရှင်းရေး လုပ်သူတို့က လှည်းလေးကို တွန်းကာ ပြန်ဝင်လာ၏။ အားလုံး သန့်ရှင်းရေး လုပ်ပြီးပြီ ဟုဆို၏။ ခုနက ၅ ယောက် မနိုင်မနင်း ချရသော အဲယားကွန်းကြောင့် ဝိုင်းကူဖို့ ပြင်လိုက်သော်လည်း သူတို့ လုပ်နေကြ အတိုင်း နှစ်ယောက်တည်းနဲ့ အသာ မ ယူကာ ပြန်လည် တပ်ဆင်၍ ရသွားလေသည်။

ဝါယာကြိုးတွေ ၊ လိုအပ်သော တပ်ဆင်မှုတွေ လုပ်ပြီးတော့ အဲယားကွန်း ခလုတ်ကို နှိပ်သော အခါ ဘာမှ အလုပ် မလုပ်ချေ။ ဘာဖြစ်တာလဲ ဟု ဆိုကာ ဝါယာတွေကို ပြန်ဖြုတ်ပြီး အားလုံး စစ်ဆေး၏။ အားလုံး အကောင်း ၊ ပြန်တပ်ကာ ဖွင့်သော်လည်း မရ။ ဒါနဲ့ ခုနက နှစ်ယောက်တည်း တပ်ဆင်လိုက်သော အဲယားကွန်းကို ပြန်ဖြုတ်တော့ နှစ်ယောက်နဲ့ မနိုင်တော့ပြန်ဘူး။ စစချင်း ဖြုတ်သလို ၅ ယောက် ဝိုင်းကာ လက်ဖျံတွေ တန်းအောင် ပင့်မ ရပြန်၏။ အောက်ရောက်လာသော အဲယားကွန်းကို စစ်ဆေးတော့လည်း ဘာပြဿနာမှ မရှိ။ ဒါကြောင့် ဝါယာကြိုးကို အရှည်ဖြင့် တပ်ကာ စမ်းကြည့်တော့ အဲယားကွန်းက ဝူးခနဲ ချက်ချင်း ထနိုးသည်။

အိုကေ . . . ကောင်းသွားပြီ ဟု ဆိုကာ ပြန်၍ မတင်တော့ ခုနကလို နှစ်ယောက်တည်း မလို့ မကြွ။ ၅ ယောက် ဝိုင်းမတာတောင်မှ ချွေးပြန်အောင် မယူရသည်။ အဲယားကွန်း ပြင်သူကလည်း သူ့ တစ်သက်မှာ ဒီလောက် လေးသော အဲယားကွန်း မမြင်ဖူးဟု ဆိုသည်။ အံဝင်ခွင်ကျ ဖြစ်သွားသော အဲယားကွန်းကို မောင်းနှင်ဖို့ ဝါယာကြိုးတွေကို တပ်ကာ ခလုတ်နှိပ်၍ နှိုးလိုက်တော့ မနိုးပြန်။ ဘယ်နေရာမှာမှ ပြစ်ချက်ကိုလည်း ရှာမတွေ့။ ခေါင်းဆောင် တရုတ်ကြီးက အပေါ်မှာ တပ်ဆင်ထားသော အဲယားကွန်းကို ကြည့်ကာ “ မင်း သူဌေးကို ဖုန်းဆက်ချင်တယ် ” လို့ ဆိုလာ၏။

“ ဆက်လေ ” ဟု ဆိုကာ သူဌေး ဖုန်းနံပါတ်ကို ပေးလိုက်တော့ သူက သူတို့ တရုတ်လိုတွေ ကွိစိ ကွစိတွေ ပြောလေတော့သည်။ အတော်ကြာအောင် ပြောပြီးတော့ “ နောက်နေ့မှ ငါတို့ ပြန်လာမယ်ကွာ ” ဟု ဆိုကာ သူတို့ လုပ်ထားသော ပစ္စည်းတွေကို သိမ်းကာ ပြန်သွားလေတော့၏။ ကျွန်တော်လည်း လှောင်အိုက်နေသော အခန်းထဲမှာပဲ နေရာချစရာ ပစ္စည်းတွေကို နေရာချနေမိသည်။ ညနေစောင်းလာတော့ သူဌေး ရောက်လာပြီး ကျွန်တော့်ကို သူ့ရုံးခန်းသို့ လာရန် ခေါ်၏။ ကျွန်တော် ရုံးခန်းထဲ ရောက်တော့ သူက ဖြစ်ကြောင်း ကုန်စင် ပြောပြပါလေတော့သည်။

ဒီအလုပ်ရုံ နေရာဟာ အရင်က စစ်မြေပြင် ဖြစ်ခဲ့ကြောင်း ၊ ဗုံးကျဲခံရ၍ လူပေါင်းများစွာ သေကြေခဲ့သလို ၊ နောက်ပိုင်းမှာလည်း သေဆုံးသော လူတွေကို မြှုပ်နှံခဲ့သော နေရာ တစ်ခုလည်း ဖြစ်ခဲ့ဖူးကြောင်း ၊ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သောကြောင့် ဒီနေရာဟာ မြို့သစ်နေရာ ဖြစ်လာပြီး ကားလမ်းမဘေး ဖြစ်တာကြောင့် စည်ကားလာသော်လည်း ဒီနေရာမှာ ပထမဦးစွာ မြှုပ်နှံထားခဲ့သော မကျွတ်မလွတ်သူများ ရှိနေနိုင်ကြောင်း ပြောလေသည်။

သူဌေးမို့လို့ သူ့ရှေ့မှာ ကျွန်တော် မရယ်မိသော်လည်း သူပြောတာကို ကျွန်တော်က လက်တွေ့သမား ဆိုတော့ မယုံမိပါ။ ဘာဘာညာညာတွေကို ကျွန်တော် မယုံကြည်ပါ။ ငြိမ်၍သာ နားထောင်နေမိတယ် သဘောကတော့ လုံးဝ မကျ ၊ ကျွန်တော်က လက်တွေ့မှ ယုံတတ်သူ တစ်ယောက် မဟုတ်လား။ ဒီတော့ ဘယ်လို လုပ်မလဲ သူဌေး လို့ မေးလိုက်တော့ သူက သူတို့ တရုတ် အယူအဆ နဲ့ မနက်ဖြန် မနက်ကျရင် ကျွေးမွေးကာ အလှူအတန်း လုပ်ပေးပြီး အမျှ ပေးကာ လွတ်ရာ ကျွတ်ရာကို သွားခိုင်းမည် ဟု ပြောလေသည်။ အလှူလုပ်ပြီး အမျှ အတန်း ဝေတာကတော့ ကိုယ်တွေ ထေရဝါဒ ဗုဒ္ဓဘာသာမှာလည်း ရှိသောကြောင့် ကျွန်တော် ဘာမှ ဆက်မပြောဘဲ ငြိမ်နေလိုက်ပါ၏။



နောက်နေ့ မနက် အလုပ်ဝင်တော့ ပြဿနာများစွာက အလုပ်မှာ စောင့်ဆိုင်းနေကြ လေတော့သည်။ ညက အသစ်ပြင်ဆင်ထားသော ကျွန်တော့်ရဲ့ Lab အခန်းက တစ်ညလုံး ဒေါသတကြီး အော်ဟစ်သံများ ၊ ဆဲဆိုသံများ ၊ တစ်ခုခုကို ပေါက်ခွဲသံများ ကြားရသည် ဟု ဆိုကြ၏။ သူတို့လည်း တစ်ယောက်ယောက် လုပ်နေတာ ထင်၍ သွားကြည့်တော့ ဘယ်သူမှ မရှိ။ သို့သော် ထိုအသံကို အားလုံးကတော့ ကြားရသည် ဟု တညီတညွှတ်တည်း ဆိုကြလေသည်။ ကျွန်တော် မယုံသော်လည်း ဒီလောက် လူညီအောင် ပြောဖို့ မလွယ်မှန်း သိသောကြောင့် ငြိမ်သာ ငြိမ်နေလိုကိရသည်။

ခဏကြာတော့ အရင်က ၁၀ နာရီကျော်မှ အလုပ်ဝင်တတ်သော သူဌေးက အစောကြီး ရောက်ချ လာလေသည်။ သူ့လက်ထဲမှာလည်း ကျွတ်ကျွတ်အိတ် အကြီး နှစ်လုံးဖြင့် စားဖွယ် သောက်ဖွယ် ၊ အမွှေးတိုင် ၊ ဖယောင်းတိုင် နှင့် တခြားသော သူတို့ တရုတ်ဆိုင်ရာ ရွှေစက္ကူ ၊ ငွေစက္ကူများလည်း ပါလေသည်။ သူက တစ်ခါသုံး ဖော့ပန်းကန်လေးတွေမှာ သူကိုယ်တိုင် ထည့်ကာ Lab ရဲ့ အပြင်ဘက်မှ နေ၍ သူတို့လို ဆိုင်ရာ ပိုင်ရာတွေကို ပင့်ဖိတ်ကာ ကျွေးမွေး လေတော့သည်။ ပြီးတော့ ရွှေစက္ကူ ၊ ငွေစက္ကူများကိုလည်း ထုတ်ကာ မီးရှို့လေ၏။ ကျွန်တော့်ကိုလည်း “ မင်းလည်း လုပ်သင့်တယ် ” ဟု ဆိုကာ လုပ်ခိုင်း၏။

ဒီဘက်က လူက ဒီလို အလှူအတန်း လုပ်လို့ ဟိုဘက်က ဝိညာဉ်က ရသွားတယ် ဆိုသော အယူအဆကို ရာခိုင်နှုန်းပြည့် ကျွန်တော် လက်မခံနိုင်သော်လည်း ကျွန်တော် မငြင်းခဲ့ပါ။ ကျွေးမွေးကာ အမွှေးတိုင်တွေထွန်း ၊ ရွှေစက္ကူ ၊ ငွေစက္ကူများကို မီးရှို့ကာ ကောင်းရာ မွန်ရာ ရောက်ပါစေဟု ကျွန်တော် အမျှ ပေးဝေ ဖြစ်ခဲ့ပါသည်။ ဒီနောက်တော့ ထို ပန်းကန်တွေ ထိုအရာ အားလုံးကို ဒီအတိုင်းပဲ ထားကာ အလုပ်ကို ဝင်လာခဲ့သည်။ နေ့လည် ၂ နာရီကျော်တော့ အဲယားကွန်း ပြင်သော လူတွေ နောက်တစ်ခေါက် ရောက်လာကာ သူတို့ မနေ့က တပ်ထားသော အဲယားကွန်းကို ဘာမှ မပြင်ဆင်ခြင်း မရှိဘဲ။ ခလုတ်ကို နှိပ်လိုက်တော့ ဝူးခနဲ ထ၍ အဲယားကွန်းက စတင် လည်ပတ်လေတော့သည်။

အဲယားကွန်း ပြင်သော ခေါင်းဆောင် တရုတ်ကြီးက မျက်နှာကြီး ပြုံးကာ ခေါင်းညိတ်၍ ကြည့်နေလေ၏။ ဒီတော့မှ ကျွန်တော် သတိထားမိတာ မနေ့က သူ ဝင်လာတော့ သူ့မှာ အဲယားကွန်း ပြင်တဲ့ ကိရိယာတွေ အစုံအလင်နဲ့ ဆိုပေမဲ့ အခုတော့ ဘာဆို ဘာမှ ပါမလာခဲ့ပါ။ လက်ချည်း ဗလာ သက်သက် ဖြစ်သည်။ သူ ခလုတ်လေး နှိပ်လိုက်ယုံပါပဲ။ မနေ့က တပ်လိုက် ဖြုတ်လိုက် လုပ်ခဲ့ရသော အဲယားကွန်းမှာ အခုတော့ သူ့ဖာသာ အဆင်ပြေသွားလေပြီ။ အံ့သြလွန်း၍ အဲယားကွန်း ခလုတ်ကို ကျွန်တော် ကိုယ်တိုင် ပြန်ပိတ်ကာ ခဏကြာတော့ ခလုတ်ကို ပြန်ဖွင့်ကြည့်တော့ တစ်ချက်တည်း ဝူးခနဲ လည်ပတ်ခဲ့ပါသည်။

မျက်မြင် လက်တွေ့ကို ကျွန်တော့်ရှေ့မှာ ဖြစ်သွားပေမဲ့ အံ့သြမိသောကြောင့် မယုံနိုင်သလို ဖြစ်နေမိ၏။ ပိတ်လိုက် ဖွင့်လိုက် သုံးလေးကြိမ် လုပ်မိသော်လည်း ဘာဆို ဘာမှ မဖြစ်ခဲ့ပါ။ တစ်ချက်နှိပ် တစ်ချက် ဝူးခနဲ ဖြင့် လည်ပတ် နိုးထသွားပါ၏။ အံ့သြတကြီးဖြင့် အဲယားကွန်းကို ကြည့်နေမိသော ကျွန်တော့်ကို အဲယားကွန်း ပြင်သော ခေါင်းဆောင်က လာခေါ်ကာ ပြင်ဆင်ပြီး လက်မှတ်ထိုးရန် ပြေစာ စာရွက်ကို လာပေးလေ၏။ ကျွန်တော်တို့ အလုပ်ရုံရဲ့ ထုံးစံက ပြင်ရသော ဌာနရဲ့ တာဝန်ရှိသူက ဟုတ်မှန်ကြောင်း လက်မှတ် ထိုးပြီးမှ သူဌေးက လက်မှတ်ထိုးရတာ ဖြစ်၏။

သူ ပေးသော ပြေစာ စာရွက်မှာ လက်မှတ်ထိုးပြီး သူ့ကို ကျွန်တော် “ ဘာလို့လဲ ၊ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ” လို့ မေးမိပါသည်။ ဒီတော့ သူက ကျွန်တော့်လက်ထဲမှ ပြေစာ စာရွက်ကို လှမ်းယူကာ ကျွန်တော့် ပုခုံးကိုလည်း လှမ်းဖက်ပြီး အပြင်ကို ခေါ်ထုတ်ပါသည်။ ပြီးတော့ နောက်ထပ် လက်မှတ်ထိုးရန် သူဌေး ရုံးခန်းကို သွားရာ လမ်းတစ်လျှောက်မှာတော့ ရှင်းပြပါ၏။

ဒီနေရာက အရင်က စစ်မြေပြင် ဖြစ်ဖူးလို့ လူပေါင်းများစွာ သေဖူးကြောင်း ၊ နောက်တော့ စစ်အတွင်းမှာ သေတဲ့ လူတွေကိုလည်း ဒီနေရာမှာ မြှုပ်ခဲ့တယ် ဆိုတဲ့ အစဉ်အလာ ရှိခဲ့ကြောင်း ၊ နောက်တော့မှ မြို့သစ်တည်တော့ ဒီနေရာမှာ မြေကွက်တွေ ပေါ်လာကြောင်း ၊ ဒီလို နေရာတွေမှာ အလုပ်လုပ်ရင် သူတို့ကို ပူဇော်ရင် အလုပ်ဖြစ်သလောက် သူတို့ကို မပူဇော်ရင် သူတို့ရဲ့ အနှောက်အယှက်ကို ခံရတတ်ကြောင်း ၊ အရင်က ဒီနေရာမှာ စက်ရုံတည်သွားတဲ့ ရေသန့် ပစ္စည်းစက်ရုံ ဆိုရင် တစ်ပတ်တစ်ခါကို သူတို့ကို ပူဇော် ကျွေးမွေးလေ့ရှိကြောင်း ပြောလာ၏။

နောက်တော့ သူတို့ လုပ်ငန်း အရမ်းတိုးတတ်ပြီး ပြောင်းရွှေ့သွားတော့မှ မင်းတို့ အလုပ်ရုံ ပြောင်းရွှေ့လာကြောင်း ၊ အခု အခန်းကလည်း ဟိုအရင် အလုပ်ရုံကတည်းက ပစ္စည်း အဟောင်းတွေ ထားတဲ့ အခန်း ဆိုတော့ သူတို့မှာ နေ့ရော ညပါ အေးဆေး နေလို့ ရကြောင်း ၊ အခုတော့ မင်းတို့က သူတို့ နေတဲ့ နေရာမှာ အလုပ်လုပ်ဖို့ ပြင်ဆင် လိုက်တော့ သူတို့မှာ ရုတ်တရက် နေစရာ မရှိသလို ဖြစ်သွားပြီး အနည်းငယ် မကျေနပ်ကြောင်း ပြရင်း နှောက်ယှက်တာသာ ဖြစ်ကြောင်း အခုလို သူတို့ကို ကျွေးမွေးပြီး နေရာ ပြောင်းခိုင်းလိုက်တဲ့ အတွက် နောက်ဆိုရင် အေးဆေး သွားပြီ ဖြစ်ကြောင်း ပြောလေတော့သည်။

သူ ပြောသမျှကို ကျွန်တော် ရှင်းလင်းပါသည်။ ပြီးတော့ ခုနကလို လက်တွေ့လည်း ကြုံခဲ့ရပါသည်။ သို့သော် ကျွန်တော် ယုံကြည်လို့ မရသေးပါ။ ကျွန်တော့် စိတ်ထဲမှာ လိပ်ခဲတည်းတည်းသာ ရှိနေဆဲ ဖြစ်ပါသည်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ Lab အခန်းလေးကိုတော့ စတင်၍ လည်ပတ်ကာ အလုပ်စလုပ် ခဲ့ပါတော့သည်။



အခုဆိုရင် ကျွန်တော် ဒီ Lab အခန်းလေးမှာ အလုပ်လုပ် နေခဲ့တာ ၃ နှစ်ကျော်လို့ ၄ နှစ်နား ရောက်ခဲ့ပါပြီ။ အရင်က သူတို့နှင့် ပတ်သတ်ပြီးတော့ ကိုယ်တိုင် မမြင် မတွေ့ မကြုံခဲ့ရဖူးသောကြောင့် ကျွန်တော် ရယ်မောခဲ့ဖူးပါသည်။ သို့သော် မရှိဘူး ဟုလည်း ကျွန်တော် မငြင်းခဲ့ပါ။ ရှိတော့ ရှိတယ် ဒါပေမဲ့ ကိုယ်တွေ့မှ ယုံနိုင်မယ် ဟုသာ ကျွန်တော် ပြောခဲ့ဖူးသူ တစ်ယောက်သာ ဖြစ်ပါလိမ့်မည်။

ဒီနှစ် အပိုင်းအခြားမှာ ကျွန်တော် Lab ခန်းလေးသည် အမြဲတမ်း သပ်ရပ်နေသော အခန်းလေး တစ်ခု အဖြစ် အလုပ်ရုံ တစ်ခုလုံးက ချီးမွမ်း ပြောဆိုခဲ့ကြပါသည်။ ကျွန်တော့်ရဲ့ Lab ခန်းမှာ အထက်က မန်နေဂျာ Ms. Ng နှင့် ကျွန်တော် ၊ ပြီးတော့ ကျွန်တော့်ကို အရာရာ ကူလုပ်ပေးသော “ ကာလုမန်း ” ဆိုသော လူ သုံးယောက်ဖြင့်သာ လည်ပတ်ပါသည်။ အလုပ်များသော အခါမှာတော့ တခြားသော ဌာနမှ လူ နှစ်ဦး ၊ သုံးဦးကို ခေါ်ကာ ကျွန်တော် လုပ်ခဲ့သော်လည်း သာမာန် အားဖြင့်တော့ သုံးယောက်တည်းသာ လည်ပတ်ပါသည်။

တနင်္လာနေ့မှာ စနေနေ့ နေ့ဝက် အထိ ကျွန်တော်တို့ အလုပ်ရုံမှာ သူဌေးပြီးရင် Ms. Ng က အကြီးဆုံးပေမဲ့ စနေ့နေ့ နေ့ဝက်မှ တနင်္ဂနွေနေ့ တစ်လုံးမှာတော့ ကျွန်တော်တို့ စက်ရုံမှာ အချိန်ပို ဆင်းသော လူအားလုံးကို ကျွန်တော်သာ ထိန်းကျောင်းရလေ့ ရှိပါသည်။ လူကလည်း များများစားစား မရှိပါ။ ဘာလို့လဲ ဆိုတော့ နိုင်ငံသားတွေက အလုပ်နားသောကြောင့် တနင်္ဂနွေ ဆိုရင် နိုင်ငံခြားသားများ နှင့်သာ လည်ပတ်ရပါသည်။ သူဌေးကလည်း မလာပါ။ မန်နေဂျာ Ms.Ng ကလည်း မလာပါ။

ဒီအချိန်ဆိုရင်တော့ တနင်္ဂနွေဟာ လေးပင် ပျင်းရှ ခြောက်သွေ့စွာဖြင့် ကုန်လွန်လေ့ ရှိပါသည်။ သို့သော် ဒီလို တိတ်ဆိတ်သော နေ့ရက်များ ဆိုရင် ပို၍ ပို၍ သိလာသလို ခံစားမိသည်။ တစ်ပတ်စာ စာရင်းတွေ အချော မထည့်ထားလေ့ မရှိသော ကျွန်တော်က ဒီလို တနင်္ဂနွေနေ့မှ စုပြုံကာ စားပွဲမှာ ထိုင်ပြီး စာရင်းသွင်းလေ့ ရှိပါသည်။ Paper Work ကို ကျွန်တော် အလွန်ပျင်း၏။ ဒါကြောင့် တခြားနေ့တွေမှာ Production ထဲမှာသာ ပျော်ရွှင်စွာ ပြေးလွှားနေတတ်သော ကျွန်တော် ၊ တနင်္ဂနွေနေ့မှာတော့ Lab အခန်းထဲမှ စားပွဲမှာ ထိုင်ကာ စာရင်းတွေ သွင်းနေရသည်။

အပြင်မှာ လည်ပတ်နေသော စက်သံတွေနဲ့ လူသံတွေကို Lab အခန်းထဲကနေ ကျွန်တော် ခပ်သဲ့သဲ့ ကြားနေရသည်။ စိတ်ဝင်တစား စာရင်းတွေ လုပ်နေရင်း တစ်ခါတလေ ကျွန်တော်ရဲ့ ဆံပင်မွှေးတွေ ရုတ်တရက် ထောင်သွားဖူး၏။ တကိုယ်လုံးမှ မွှေးညှင်းတွေ ထလာဖူး၏။ ကိုယ်က အလုပ်ထဲမှာ စိတ်ဝင်စားနေသော်လည်း . . . လူ ဆိုသော ခန္ဓာကိုယ်မှ သူ့ဖာသာ တုန့်ပြန်မှု ဟုသာ ကျွန်တော် ထင်မိသည်။ တစ်ခါတလေ စာရင်းလုပ်နေသော ကျွန်တော့်နောက်ကနေ တစ်စုံတစ်ဦးက အုပ်မိုးကာ ကြည့်နေသည် ဟု ထင်ကာ နောက်လှည့်ကြည့်သော်လည်း ဘာမှ မရှိပါ။ ဘယ်သူ့မှကိုလည်း မတွေ့ပါ။

ဒီလို ခံစားမှုမျိုးကို လူတိုင်း အလိုလို ခံစားဖူးကြပါလိမ့်မည်။ ကိုယ့်ရဲ့ အနောက်က တစ်ယောက်ယောက်က ရောက်နေပြီ ဆိုရင် ငါ့နောက်မှာ တစ်ယောက်ယောက် ရောက်နေပါလား ဆိုသော ခံစားမှု မျှသာ ဖြစ်ပါလိမ့်မည်။ သို့သော် ကျွန်တော့် လှည့်အကြည့်မှာ ဘယ်သူမှ ရှိမနေခဲ့ပါ။ တစ်ခါတလေတော့ စာရင်းတွေ ထည့်ရင်း စိတ်ဝင်စားနေမိသော ကျွန်တော့် နားထဲသို့ လက်ဆေး ဘင်စင် ရေဘုံဘိုင်ခေါင်းမှ ရေကျသံတွေကို ကြားရလေ၏။ ကျွန်တော် ထကြည့်မိတော့ အမှန်တကယ်ကို ရေဘုံဘိုင်ခေါင်းမှ ရေများ ကျနေတတ်သည်။

ဒီအခါမှာ ကျွန်တော် ရေဘုံဘိုင်ခေါင်းကို ပိတ်ကာ ပြန်လှည်ထွက်လာပြီး စားပွဲခုံမှာ ထိုင်ကာ စာရင်းတွေ စိတ်ဝင်တစား သွင်းနေသော ကျွန်တော် ခဏနေတော့ ဘင်စင်မှ ရေကျသံ ထပ်ကြားမိ ပြန်ပါတော့သည်။ ထပ်သွားကြည့်ရင်လည်း ထပ်ပွင့်နေသော ရေဘုံဘိုင်ကို တွေ့ရပြန်ပါသည်။ ဒီအချိန်မှာ ကျွန်တော့်မှာ ကြက်သီးလည်း မထမိပါ ၊ ဆံပင်လည်း မထောင်မိပါ။

ကျွန်တော်က အရင် ရပ်ကွက်မှာကတည်းက ည တစ်နာရီ ၊ နှစ်နာရီမှ တစ်ယောက်တည်း ပြန်နေကြ ဖြစ်၍ ကြောက်တတ်သူ မဟုတ်ပါ။ ရပ်ကွက်ထဲမှာ လူသေ၍ မသာဖဲဝိုင်း ဖြစ်ရင်လည်း ကိုယ်သာ ဖဲ မရိုက်တာ ( ကျွန်တော်က ဖဲကို ကောင်းကောင်း မရိုက်တတ်ပါ။ 21 လောက်သာ ရိုက်တတ်သူ ဖြစ်ပါတယ်။ ) သူငယ်ချင်းတွေကို ကြိုက်တဲ့အချိန်ထိ ဖဲဝိုင်း အဖော် လိုက်ပေးတတ်သူ ဖြစ်ပါ၏။ ဒါကြောင့် ဒီလောက်ကိုတော့ ကျွန်တော် မကြောက်မိပါ။

သို့သော် ထိုင်ပြီး စာရင်း လုပ်နေတဲ့ အချိန် ကိုယ့် နောက်ကနေ တစ်ယောက်ယောက်က အုပ်မိုးပြီး လာရပ်ကြည့်နေသလို ခံစားမှု ဖြစ်သောအခါ ခန္ဓာကိုယ်မှ အလိုလို ကြက်သီးတွေ ထလာတတ် ၊ ဆံပင်မွှေးတွေ တစ်ယောက်ယောက်က ဆွဲလိုက်သလို ထောင်လာတတ်ခြင်းကိုတော့ ကျွန်တော် အခုထိ နားမလည်ခဲ့ပါ။ ဒါပေမဲ့ ဒီအချိန်မှာ ဆတ်ခနဲ နောက်ကို လှည့်ကြည့်လိုက်သော်လည်း ဘာဆို ဘာမှကို မတွေ့ပါ။ ထိုအရာကတော့ လွန်စွာမှ ထူးဆန်း လှပါသည်။ ယုံကြည်ဖို့လည်း ခက်ခဲလှ၏။

တစ်ခါတလေတော့လည်း ရယ်ရပါသေးသည်။ တနင်္ဂနွေနေ့ ဆိုရင် ဘယ်သူ့ဘယ်သူမှ မရှိသောကြောင့် ဒီလိုတွေ ဖြစ်လာရင် သူကလည်း ကျွန်တော့်ကို နောက်သည်ဟု ကျွန်တော် ထင်လာပါ၏။ ဒါကြောင့် “ ကဲ . . . ပျင်းတယ်ကွာ။ ငါနဲ့ အတူတူ လာထိုင်ပြီး စကားပြောပါလား။ ငါ ထမင်းစားသွားပြီး ပြန်လာရင် မင်း အတွက် အသားလုံး ဝယ်ခဲ့မယ်။ ” ဟု ကျွန်တော့် စားပွဲခုံ ရှေ့မှ ကုလားထိုင်ကို လက်နဲ့ ညွှန်ပြရင်း ကျွန်တော်က ပြောတတ်ပါသည်။ ထမင်းစား ပြန်လာပြီးရင်တော့ ကျွန်တော် တကယ်ကို ဝယ်လာကာ သူ့ကို Lab ခန်းရဲ့ အပြင် ဟိုတစ်ခါ သူဌေး ကျွေးသော နေရာမှာ ဖော့ဘူးလေးနဲ့ ချကာ ကျွေးတတ်ပါသည်။

တစ်ခါတလေတော့လည်း ထမင်းစားရင်း သူငယ်ချင်း တစ်ယောက်ယောက်နဲ့ တွေ့ကာ စကားပြောရင်း အသားလုံး ဝယ်ဖို့ မေ့လာရင်တော့ ကျွန်တော့်ကို သတိပေးသလိုနှင့် ကျွန်တော့်ရဲ့ Lab ခန်းထဲမှာ ဖန်ထည် ပစ္စည်းတွေကို တစ်ခုခုနဲ့ အသံထွက်ယုံမျှသာ ရိုက်လိုက်သလို ရိုက်ကာ ဟိုနေရာက အသံထွက် ဒီနေရာမှာ အသံထွက်ကာ သတိပေးတတ်သည်။ ပထမတော့ မေ့လက်စနဲ့ ကျွန်တော် မေ့နေပါသေးသည်။ နောက်တော့ အကြိမ်ရေ များလာတော့မှ ကျွန်တော် သတိရကာ လက်ဖက်ရည် သောက်သော အချိန်မှာ ထွက်ကာ သွားဝယ်ကာ ကျွေးရ ပြန်ပါသည်။

ဒီလို အချိန်ဆိုရင် ထူးခြားတာ တစ်ခုကတော့ ကျွန်တော့် Lab အခန်း တစ်ခုလုံး ဘာအမျိုးအစားမှန်း မသိသော အနံ့ တစ်ခုက မွှေးကြိုင်လွန်းနေတာပါပဲ။ ဒါပေမဲ့ နောက်နေ့ ကျရင်တော့ ဘယ်နားကမှ ထိုအနံ့က မရပြန်တော့ပါ။ ဒါကလည်း ကျွန်တော် နားမလည်သော အခြေအနေ တစ်ရပ်ပင် ဖြစ်၏။



နောက်ပိုင်းတော့လည်း ကြာလာတော့ ဘာမှ မဟုတ်တော့သလို ရိုးအီ သွားပါတော့သည်။ ဒီလို Lab ကို ပြောင်းပြီး ၆ လလောက် ကြာတော့ အလုပ်ကလည်း ပုံမှန် လည်ပတ်နိုင်တော့မှ ကျွန်တော် အလုပ်ရုံ အပြင်ဘက်က မြေကွက်လပ်လေးကို သတိရမိတော့သည်။ အချိန်ပိုတွေ များကာ ၊ အလုပ်ဌာန အပြောင်းအရွေ့ကြောင့် ဒီနေရာလေးကို ကျွန်တော် အရင်လို စူးစူးစမ်းစမ်း မလုပ်ဖြစ်ခဲ့တာ ကြာပြီ။ ထိုမြေကွက်လပ်လေးကတော့ ခြုံများ ၊ နွယ်များဖြင့် ရှင်သန်ကြီးထွားလျက်ပါပဲ။

ဘာမှ အမိုးအကာ မရှိသော အလုပ်ရုံ ဝန်းကြီးထဲမှာ ဒီနေရာလေးကို ခြုံနွယ်တွေနဲ့ ပိတ်လှောင်နေတာထင် စာရင် အလှပန်းပင်များနှင့် ဆိုရင် ပိုပြီးတော့ သင့်တော်မလား ဆိုကာ ကျွန်တော် အတွေးရမိ၏။ သူဌေးကို ပြောတော့ သူဌေးက “ လုပ်လေ ” လို့ ဆိုကာ ခွင့်ပြုပေမဲ့ ၊ အရင်လို ပြီးပြီးရော လုပ်ခွင့် မပြုတော့ပါဘူး။ သူတို့ကိုယ်တိုင် အရင်လို အမွှေးတိုင် ၊ ဖယောင်းတိုင် ၊ ရွှေငွေ စက္ကူတွေနဲ့ စားစရာများကို ယူလာပြီး ထိုနေရာမှ ဘာညာတွေကို ကျွေးမွေးကာ ထိုမြေကွက်လေးကို ရှင်းလင်းဖို့ ခွင့်တောင်းသည် ဟု ဆိုသည်။

ဒီနေရာမှာ ကျွန်တော့် သူဌေး အငယ်ဆုံးကို ကျွန်တော် အံ့သြမိတာ တကယ်ပါပဲ။ သူက ညီအစ်ကိုတွေ ထဲမှာ အတော်ကို ပြောရခက်ပြီး ခပ်ရွတ်ရွတ် တစ်ယောက် ဖြစ်ပါသည်။ ပြီးတော့ သူက ခရစ်ယာန် တစ်ယောက် ဖြစ်သည်။ စကားပြောရတာ လက်ပေါက်ကပ်သူ ဟု အလုပ်ထဲမှာ ကျော်ကြားသူ ဖြစ်၏။ ဒါပေမဲ့ လက်ပေါက်ကပ်သူ အချင်းချင်းမို့ လက်ပေါက်ချောင်သွားလား မပြောတတ်ပါ။ သူနဲ့ ကျွန်တော် အလွန်ကို အဆင်ပြေပါသည်။ အခုလို ဘာညာတွေကို သူယုံကြည်စွာ ဒီလို လုပ်လိမ့်မယ် လို့လည်း ကျွန်တော် မထင်မိပါ။

အခုလို ယုံယုံကြည်ကြည် လုပ်နေတာ တွေ့တော့ ကျွန်တော့် သူ့ကို မေးမိ၏။ ဒီတော့ သူက ကျွန်တော့်ကို သူ့အယူအဆကို ပြန်ပြောပြပါသည်။ “ သူတို့ကို ယုံတာ မယုံတာ ၊ ရှိတာ မရှိတထက် သူတို့ကို ကျွေးမွေးပြီး အလှူအတန်း လုပ်လိုက်တဲ့ သဘောပဲပေါ့ကွာ။ အဓိကက ကိုယ်လုပ်နေတဲ့ အလုပ်မှာ အနှောက်အယှက် ကင်းဖို့ပဲ မဟုတ်လား။ မယုံဘူး ဆိုပြီး ဒါကို ပေခံနေလို့ ကိုယ့်အလုပ် ကြန့်ကြာနေရင် ဘယ်ကောင်းမလဲ။ ” လို့ ဆိုပါသည်။

အဲဒီလို ကျွေးမွေးလှူတန်းပြီးတော့ ၃ ရက်ကြာမှ ထိုနေရာမှ ခြုံနွယ်တွေကို နီပေါ နှစ်ယောက်ကို မြက်ပင်ဖြတ်တဲ့ စက်နဲ့ ရှင်းလိုက်လေတော့သည်။ ခြုံတွေကလွဲပြီး ဘာဆို ဘာမှ မရှိတဲ့ မြေကွက်လပ်ဟာ အခုလို ခြုံတွေ မရှိတော့ဘဲ ပြောင်ရှင်းရှင်းကြီး ဖြစ်နေတော့လည်း ကြည့်ရတာ အကျည်းတန်သလို ဖြစ်ရပြန်ပါသည်။ ဒါကြောင့် အိမ်ခြံတွေမှာ စိုက်တဲ့ အလှပင်တွေ ဝယ်စိုက်တာမှ လုံးဝ စိုက်၍မရပါ။ စိုက်ပျိုးရေးနဲ့ ပတ်သတ်ပြီး ကျွန်တော်က မကျွမ်းကျင်ပေမဲ့ ကျွန်တော်နဲ့ အလုပ်တွဲလုပ်ရသော ဘင်္ဂလားက သူတို့ဆီမှာလည်း စိုက်ပျိုးရေး ( ယာစိုက်သည် ) လုပ်လာတာ ဆိုတော့ အလွန်ကို ကျွမ်းကျင်သူ ဖြစ်ပါ၏။

ဒါပေမဲ့ သူရော ကျွန်တော်ရော ထိုမြေကွက်ပေါ်မှာ ဘယ်လိုမှ စိုက်၍ မရပါ။ ဒီနေ့ အလှပင်လေးတွေကို ပျိုးဆိုင်က ဝယ်ပြီးတော့ ညနေစောင်းမှ သေချာ မြေချစိုက်လည်း မနက်ဖြန် မနက် ဆိုရင် ညှိုးကာ သေနေလေပြီ။ သို့သော် ဝယ်လာသော ပျိုးပင်များ အားလုံးကို ချစိုက်လိုက်ခြင်း မဟုတ်ပါ။ တချို့သော ပျိုးပင်များ ကျန်နေသေး၏။ တကယ်ဆို အတူတူ ဝယ်လာသော တခြား အပင်ပေါက်တွေက ဒီအတိုင်းပင် ပျိုးပင် အတိုင်း ရှိနေသေးပါသည်။ အဲဒီမြေပေါ် ချလိုက်သော အပင်ပေါက်များကသာ ညှိုးနွမ်း၍ သေဆုံး သွားကြခြင်း ဖြစ်သည်။ လက်တွေ့ စိုက်ပျိုးစားခဲ့သော ဘင်္ဂလားက သူလည်း နားမလည်ဘူး ဟု ဆို၏။ ကျွန်တော်လည်း နားမလည်ပါ။

ဒီလိုနဲ့ တစ်လလောက် မြေကွက်လပ် အတိုင်း ဖြစ်နေတဲ့ ထိုမြေကွက်ဟာ ဘာပင် စိုက်စိုက် နောက်နေ့ မနက် ဆိုရင် ညှိုးနွမ်းကာ သေနေတာ တွေ့ရပါ၏။ ဒါပေမဲ့ တစ်နေ့တော့ ဘင်္ဂလားက သူ့အိမ်မှ အခါကျော်လွန်သွားသော ငရုတ်သီးတောင့်မှည့်များကို ယူလာကာ နေပူလှန်းပြီး ထိုမြေကွက်တွက် ပစ်ကျဲထားလိုက်ရာ အံ့သြစရာ ကောင်းလှစွာ ငရုတ်ပင်ငယ်လေးများ ပေါက်လာတော့သည်။ ဘာပဲပြောပြော ဘာပင်မှ စိုက်မရဘဲ မြေဂတုံးကြီး ဖြစ်ကာ ပြောင်ရှင်းရှင်း ထိုမြေကွက်လပ်လေးတွင် အခုတော့ ငရုတ်ပင်များ ပေါက်လာလေပြီ။

ထိုငရုတ်ပင်များကို မြေကြီးထဲမှာ အမြစ်ပါ ပါအောင် ဝှိက်တူးပြီး တစ်နေရာတည်းမှာ ကန့်ကာ သေချာ စိုက်ပျိုးထားလိုက်ပါ၏။ ဒီအချိန်က စပြီးတော့ ထိုမြေကွက်လပ်မှာ စိုက်သော အပင်များ မသေတော့ပါ။ စိုက်လို့ ရပြီ ဆိုတော့ ဘင်္ဂလားက ဈေးမှ ကန်စွန်းရွက်ပင်များ တခြားသော စားပင်မျိုးများကို ယူလာကာ စိုက်ပါတော့သည်။ သူ့ရဲ့ လက်ကလည်း တကယ်ကို စိုက်ပျိုးရေးလက် လို့ ဆိုရမည် ထင်သည်။ စိုက်သမျှ ဖြစ်မြောက်ပါသည်။ ငရုတ်ပင်များကလည်း အားလုံးပေါင်း ဆယ့်တစ်ပင်ရှိ၍ ကြီးထွားကာ ငရုတ်သီးများ သီးလာ၏။ စိုက်ထားသော တခြား စားပင်များလည်း ကြီးလာ၏။ ဒါပေမဲ့ အလှပန်းပင်တော့ ဘယ်လိုမှ စိုက်၍ မရပါ။

စားပင် သောက်ပင်များသာ ကြီးထွား ဖြစ်ထွန်းလာသောကြောင့် ဒီနေရာလေးကို သူဌေးကိုယ်တိုင် တောင်မှ လာလာကြည့်ပြီး ပြုံးနေလေ့ ရှိသည်။ နောက်တော့ ငရုတ်သီး အတောင့် ၂၀ လောက်နဲ့ ကန်စွန်းရွက် ကျွတ်ကျွတ်အိတ် တစ်လုံး ခူးကာ “ ဒီနေရာက စိုက်တာက သဘာဝ အတိုင်းပဲကွ ၊ ဓါတ်မြေသြဇာတွေ မပါဘူး။ ဈေးက ဝယ်တာက ဓါတ်မြေသြဇာတွေနဲ့ မကောင်းဘူး ” ဟု ဆို၍ သူ့ရဲ့ အလုပ်ရုံထွက် စားပင်များကို စားကြည့်ချင်သော စိတ်ကူးပေါ်လာတယ် လို့ ယူဆမိပါ၏။ သူဌေးအတွက် ခူးအပြီးမှာတော့ အလုပ်မှ မန်နေဂျာများ ၊ စူပါများကလည်း သူတို့ အတွက် ဆိုကာ ငရုတ်သီးများ ၊ ကန်စွန်းရွက်များ ၊ မုန်ညှင်းရွက်များကို ကိုယ်တိုင် ကိုယ်ကျ ခူးလေသည်။

အဲဒီနေ့က ထိုမြေကွက်လေးမှာ စိုက်ထားသော အပင်တွေ ကုန်လုနီးပါး ခူးကြသည်ဟု ဆိုနိုင်သည်။ ကိုယ်တိုင်စိုက်ပျိုးသူ ဘင်္ဂလားကလည်း သူ့အတွက် ယူသွားသလို ကျွန်တော့် ချက်စားရန်ဟု ဆိုကာ ကျွတ်ကျွတ်နှင့် တစ်လုံး ကန်စွန်းရွက်များ ၊ ငရုတ်သီးများ ထည့်ပေးလိုက်သည်။ ကျွန်တော်က ချက်စားခြင်းထက် ဝယ်စားတာ ပိုများသောကြောင့် သိပ်မချက်စားဖြစ်ပါ။ သို့သော် ထိုနေ့ကတော့ ကိုယ့် အလုပ်က ထွက်တဲ့ အလုပ်ထွက် လတ်လတ်ဆတ်ဆတ် ၊ ပြီးတော့ ကိုယ့်အတွက် အချိန်ကုန်ခံကာ ခူးပေးလိုက်သော ဘင်္ဂလားကြောင့် ထိုကန်စွန်းရွက်ကို ကြော်စားလိုက်ပါ၏။

နောက်နေ့ မနက် အလုပ်ဆင်းတော့ ကျွန်တော်လည်း သာမာန်အတိုင်းပါပဲ။ ဘင်္ဂလားကို မြင်တော့လည်း သူလည်း ပုံမှန်ပါ။ ဒါပေမဲ့ မနေ့က ထိုမြေကွက်လပ်မှ ခူးယူသွားသော ငရုတ်သီး ၊ ကန်းစွန်းရွက် ၊ မုန်ညှင်းရွက်များကို စားမိသူ အားလုံး တစ်ယောက်မကျန် ဝမ်းလျောကြသည် ဟု ဆို၏။ မနက် ၁၀ နာရီကျော် သူဌေး ရောက်လာတော့ သူကလည်း မျက်နှာကြီး ရှုံ့မဲ့ကာ မင်းတို့ အဲဒီက အပင်တွေ မစားကြနဲ့။ မနေ့က ငါလည်း စားပြီး ဝမ်းလျောနေတယ် ဟု ဆို၏။ ထိုအခါမှာ အလုပ်ရုံ တစ်ခုလုံးမှ လူတွေကလည်း သူတို့လည်း ဝမ်းလျောတယ် လို့ ပြောကြလေတော့၏။ ဒါပေမဲ့ ကျွန်တော်နဲ့ ဘင်္ဂလားမှာ ဘာမှ မဖြစ်ပါ။ ထိုအရာကလည်း လွန်စွာ ထူးဆန်းနေ၏။

ဒါရဲ့ အကျိုးဆက်ကတော့ အဲဒီအချိန်က စပြီး ထိုမြေကွက်လပ်လေးမှာ စိုက်ထားသော စားပင် သီးပင်များကို ဘယ်သူမှ လာပြီး ခူးမစားတော့တာပဲ ဖြစ်၏။ တစ်ခါတလေတော့ တစ်ယောက်ယောက်က ငရုတ်သီးလေး တစ်တောင့်လောက်တော့ စားတာ ဘာမှ မဖြစ်လောက်ပါဘူး ဟုတွေးကာ လာယူစား ဖူးပါသည်။ ထိုသူလည်း စားပြီး ခဏနေရင် ဗိုက်နာက ဝမ်းလျောပြီး ဆေးခန်းပြေးရလေတော့၏။ နောက်တော့ ဘယ်သူ့မှ လာမခူးစားတော့ချေ။ ကျွန်တော်ကလည်း ချက်စားတာ နည်းပြီး ဝယ်စားတာ များလေတော့ ဒီနေရာက သိပ်ပြီး ခူးမစားဖြစ်ပါ။ ရံဖန်ရံခါမှသာ စားဖြစ်၏။ သို့သော် ဘာဆို ဘာမှ မဖြစ်ပါ။

အခုတော့ ထိုမြေကွက်လပ်လေးမှ ၅ ပေ x ၇ ပေ ကျယ်သော စိုက်ခင်းလေးကတော့ ဘင်္ဂလားရဲ့ စားခင်းကြီးလိုလို ဖြစ်နေပါတော့သည်။



အခု ဒါတွေ ကျွန်တော် ရေးနေတာ စစချင်းမှာ ကျွန်တော် မှာခဲ့သလို ဝတ္ထုဆန်ဆန်လည်း ရေးပြနေခြင်း မဟုတ်ပါ။ ထူးခြားသော အကြောင်းအရာ အဖြစ်အပျက်တွေ ဆိုရင် မှတ်ထားတတ်သော ကျွန်တော့်ရဲ့ မှတ်စုမျှသာ ဖြစ်ပါ၏။ ဒီမှာ အလုပ်လုပ်နေတာ ကြာပြီဖြစ်သောကြောင့် အရင်ကတောင်မှ မကြောက်သေးတာ ကြာလာတော့ ပို၍ပင် မကြောက်မိတော့ပါ။

တစ်ခါတလေ ကျွန်တော့် Lab အခန်းထဲမှာ အမျိုးအမည် ဖော်မပြတတ်သော အမွှေးရနံ့များ ရနေတာ ၊ ညဥ့်ဘက်ဆိုရင် စကားပြောသံ တိုးတိုးတွေ ကြားနေရတာ ၊ တစ်ခါတလေ အခုပဲ ထားသွားသော ပစ္စည်းများ မတွေ့တော့တာ ၊ တစ်ခါတလေ ပစ္စည်းပျောက်နေတယ် ဟု ဆိုကာ ရှာနေသော ပစ္စည်း ခဏနေတော့ ကိုယ့်မျက်စိရှေ့ စားပွဲပေါ် ရောက်နေတာ ၊ တစ်ခါတလေ ရေဘင်စင်မှာ ရေတွေ ဖွင့်လျက် ဖြစ်နေတာ ၊ တစ်ခါတလေ Lab ထဲက ဖန်ထည်ပစ္စည်းများကို အသံထွက်အောင် ရိုက်ခတ်သံတွေ ကြားနေရတယ် ဆိုတာတွေဟာ ကျွန်တော်တို့ အလုပ်ရုံ တစ်ခုလုံး အတွက် မထူးဆန်းတော့ပါဘူး။

အခုမှ ရောက်လာသော လူသစ် တစ်ယောက် ဆိုရင်တော့ ဖြစ်ဖြစ်ခြင်းမှာ အကြောက်လွန် သွားတတ်ပေမဲ့ အချိန်ကြာလာတာနဲ့ အမျှ သူတို့လည်း ရယ်မော ပျော်ရွှင်ကာ မထူးဆန်းတော့ပါဘူး။ မထူးဆန်းဘူး ဆိုပေမဲ့ အရင်က ဘာညာတွေကို မယုံဘူး ဆိုပြီး ပြောခဲ့တဲ့ ကျွန်တော်တောင်မှ အခုတော့ သူတို့လည်း ၃၁ ဘုံသားထဲက ဘုံသား တစ်ဦး အနေနဲ့ သူတို့ဖာသာပဲ လွတ်လပ်စွာ နေထိုင်ခွင့် ပြုကာ နားလည်ထား လိုက်ပါတော့သည်။ သူတို့ကိုလည်း ကျွန်တော် မနှောက်ယှက်သလို ၊ ကျွန်တော်တို့ လုပ်စရာ ရှိရင်လည်း သူတို့ကို ကျွေးမွေးကာ အသိပေးလိုက်ခြင်းဖြင့် ရှောင်ရှားနိုင်ကြောင်း သိလာခဲ့ရပါ၏။ ဒါဆိုရင် သူတို့ကလည်း ထွေထွေထူးထူး မနှောက်ယှက်တော့ပါ။

အခုတော့ ရေဘုံဘိုင်ခေါင်းမှ ရေတွေ ပွင့်နေတာ တွေ့ရင် တွေ့တဲ့ သူက ပိတ်သွားပါသည်။ တစ်နေရာရာမှာ ထူးထူးဆန်းဆန်း အနံ့တွေ မွှေးနေရင် ဘာနံ့လဲ ဟု ဘယ်သူ့ကမှ အထူးဆန်း လုပ်ကာ စူးစမ်း မနေကြတော့ပါ။ အခါကြီး ရက်ကြီးများမှာ အကျွေးအမွေးနဲ့ သူတို့ကို ကျွေးမွေးကြသည်။ သူတို့ကလည်း အခုတော့ ( ကျွန်တော့် အထင် ) စချင် နောက်ချင်လို့ အသံတွေ ပေး ၊ အနံ့တွေ ပေးနေတာက လွဲပြီး ဘာဆို ဘာမှ နှောက်ယှက်ခြင်း မပြုတော့ပါ။

၃၁ ဘုံမှာ ကျွန်တော်တို့ မမြင် ၊ မသိ ။ နားမလည်နိုင်သော အဖြစ်အပျက် အကြောင်းအရာ များစွာ ရှိနေနိုင်ပါသည်။ ဒါကို ဖာသိဖာသာပဲ လျစ်လျူရှု့ကာ ကိုယ်လုပ်ရမဲ့ ကိစ္စ ဖြစ်မြောက်အောင်ပဲ လုပ်တာ အကောင်းဆုံး ဖြစ်မယ် ထင်ပါ၏။ သူတို့ကို ကိုယ်က ဘာတွေလဲ ဆိုကာ သိနားလည်ချင်မိပြီး အတင်းစူးစမ်းမိရင်လည်း အတော်တဆ အန္တရာယ် ရှိလာနိုင်ပါသည်။ ဘာလို့လဲ ဆိုတော့ သူတို့ကို ကျွန်တော်တို့ သာမာန် အချိန်မှာ မြင်တွေ့နေနိုင်တာ မဟုတ်ပါ။ သူတို့ကသာ ကျွန်တော်တို့ကို အမြဲတမ်း မြင်တွေ့နေနိုင်သည် မဟုတ်ပါလား။ ဘာလို့လဲ ဆိုတော့ သူတို့က “ တိတ်တခိုး ဝိညာဉ်များ ” သာ ဖြစ်ပါသည်။

သူတို့ကို “ သရဲ ၊ တစ္ဆေ ၊ မှင်စာ ၊ သဘက် ” ဘာညာ ဟု ဆိုကာ ကျွန်တော် အဓိပ္ပါယ် တိတိကျကျဖြင့် မဖွင့်ဆိုပြတတ်ပါ။ ကျွန်တော့် အတွေးမှာတော့ သူတို့ဟာ ထင်ထင်ရှားရှားဖြင့်လည်း နေခွင့် မရသော “ တိတ်တခိုး ဝိညာဉ်များ ” အဆင့်လောက်မှာပဲ ရှိပါလိမ့်မည်။ အခု ကျွန်တော် ရေးထားတာတွေကလည်း ဝတ္ထုမဟုတ်သလို ဖန်တီးပြီး ရေးထားခြင်းလည်း မဟုတ်ပါ။ တွေ့ကြုံခဲ့ရသော အဖြစ်အပျက် တစ်ခုကို ချရေးထားသော အချိုးမကျသည့် မှတ်စုမျှသာ ဖြစ်ပါလိမ့်မည်။

မည်သို့ပင် ဖြစ်စေ ထိုအရာများကို ကျွန်တော် မယုံကြည်နိုင်သေးပါ။


လေးစားစွာဖြင့်
ကိုဇော်
22.2.2011


တောင်းဆိုခြင်း။ ။

အခု တလော ဘလော့တွေကို စွဲကပ်နေတဲ့ Malware ပြဿနာကို မြန်မြန် ဖြေရှင်းစေနိုင်ဖို့ အတွက် Comment ပေးသူများ အနေနဲ့ ဘယ်နေရာမှာပဲ Comment ရေးရေး Gmail Account မဝင်ဘဲနဲ့ Name/URL ကို ရွေးပြီးတော့ Name နေရာမှာ ကိုယ့်နာမည်ကို ရေးပြီး ရေးပေးဖို့ တောင်းဆိုလိုပါတယ်။ Malware ဆိုလို့လည်း စိတ်မပူသွားပါနဲ့။ ကွန်ပျူတာတွေကို ကူးစက်တာ မဟုတ်ဘဲ ၊ blogspot ကိုပဲ အနှောက်အယှက် အနည်းငယ် ဖြစ်စေသော Malware ပါ။

လွယ်ကူစွာ Comment ပေးရန်အတွက် အောက်က ပုံလေးကို ကြည့်ပါ။



ကိုဇော်


Share/Bookmark

21 February 2011

12 ခက်ဆစ် ( ၅ )


ဟိုးအရင်က ရေးထားတာတွေပါ။ ရေးပြီးမှတော့ မထူးပါဘူး ဆိုပြီး တင်လိုက်ပါတယ် :D




လူပျိုကြီး

ပါး နဲ့ လက်ဝါး
မညားဖူးဘဲ
အတွေးထဲမှာ ဖျားနေသူ။

*** ပန်းနဲ့ရေးတဲ့ ပုံပြင် မှ . . . ( http://www.zaw357.net/2010/02/blog-post_04.html ) ***



အပျိုကြီး

ဝယ်သူ ဝယ်လက် ရှိပါလျက်နဲ့
တတ်ဈေးစောင့်ရင်း
ကုန်ပုပ်သူ။

*** ပန်းနဲ့ရေးတဲ့ ပုံပြင် မှ . . . ( http://www.zaw357.net/2010/02/blog-post_04.html ) ***



ပုစဉ်း

လူက ပြောတယ်။

“ လှံဖျား ပုစဉ်းနားတာကတော့ကွာ ၊ ဘာဖြစ်မှာလဲ။ ” တဲ့။

ပုစဉ်းက တိတ်တခိုး ညည်းတယ်။

“ လှံဖျား ပုစဉ်းနားတာ ဆိုပေမဲ့ ခြေတစ်ချက် ချော်ရင် . . .
လှံသွားက တစ်ချက်ဆော် တာပါပဲ... ၊
သွေးသံ တရဲရဲနဲ့။ ” တဲ့။



ဖား

တစ်ယောက်က ပြောတယ်။

“ ပုံစံကိုက ကပ်ဖား ရပ်ဖား ( လျှက်ဖား ) နဲ့ ဖားဖားယားယားကြီး ”

တဲ့။ ကြီးမားတဲ့ သဘောပေါ့။

နောက်တစ်ယောက်က ပြောတယ်။

“ စည်ပိုင်းကို ဖားပျံကပ်နေသလိုပဲ ”

တဲ့။ သေးငယ်တဲ့ သဘောကို ပြောတယ်။

ဒါနဲ့ သင်ကရော ဘယ်လို “ ဖား ” ပါ သလဲ။



ယာဉ်ထိန်းရဲ

သူ့ကို ကျွန်တော် မြင်ရင် . . . .
သူ့နာမည်ကို ကျွန်တော် ကြားရင် . . . .
သတိရမိတဲ့ သီချင်းလေး တစ်ပုဒ် ရှိတယ်။

“ ဘယ်လို လူကြီးလဲ . . . ဘယ်လို လူကြီးလဲ ၊ မသိဘဲနဲ့ လက်ပြနေပါတယ် . . . ”


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

16 February 2011

29 ဗယ်လင်တိုင်း လက်ဆောင်ကိုး



မှတ်မှတ်ရရပေါ့ဗျာ။ ၂၀၁၁ ဆိုတဲ့ ဒီနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျွန်တော် အွန်လိုင်းပေါ်ကို Gtalk လေးနဲ့ ခဏ တတ်လိုက်မိပါတယ်။ တတ်တတ်ချင်း အကောင့် တစ်ခုက ကျွန်တော့်ကို Invite လုပ်ထားပြီးတော့ လက်ခံမှာလား ၊ လက်မခံဘူးလား ဆိုပြီး Yes Or No နဲ့ စောင့်နေတယ်။

ဒါနဲ့ လက်ခံလိုက်ပါတယ်။ လက်ခံလိုက်တယ် ဆိုရင်ပဲ အဲဒီအကောင့်လေးက စိမ်းပြီးတော့ ချက်ချင်း လိုင်းပေါ်တတ်လာပါတယ်။ သူက ရှိနေတယ် ဆိုတဲ့ သဘောပေါ့ဗျာ။ တတ်တတ်ချင်းပါပဲ။ ကျွန်တော့်ဆီကို စာ တန်းရေးတော့တာပဲ။ ဒါနဲ့ ကျွန်တော်ကလည်း သူနဲ့ ပြန်ပြောဖြစ်ပါတယ်။ သူနဲ့ ကျွန်တော် အတော်ကြာကြာ ပြောဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းတွေ ကျွန်တော် ပြန်မပြောပြချင်ဘူး။

ဒီလိုဗျ . . . သူနဲ့ ကျွန်တော် ပြောခဲ့တာတွေက . . . ဖတ်ပြီးရင်တော့ ဘယ်သူ့ကိုမှ ပြန်ပြောပါနဲ့ဗျာ။ ဘာလို့လဲ ဆိုတော့လေ. . . . . . . .



cold: ပန်းစည်း ပို့ဆောင်ရေးကပါ။ 01 - x x x x x x ကို ဆက်သွယ်ပါရှင်။

zaw357: ဟုတ်ကဲ့ ၊ ကျနော်လည်း ပို့ချင်တယ်ဗျာ။

cold: ဖုန်းခေါ်ပါ။

zaw357: ဟုတ် ၊ ဒါပေမဲ့ ကျနော်က မလေးရှားက ဖြစ်နေတယ်။

cold: kyaw x x x x x @gmail.com ၊ အဲဒါ မလေး ကိုယ်စားလှယ်ပါ။

zaw357: ဟုတ်ကဲ့ ကျနော် ဆက်သွယ်လိုက်ပါ့မယ်။ ဒါနဲ့ ပန်းစည်းကို စိတ်တိုင်းကျ ပုံစံ ဖြစ်အောင် တောင်းဆိုလို့ ရမလား မသိဘူး။

cold: ဟုတ်ကဲ့ ရပါတယ်။

zaw357: ဒီလိုပါ ပန်းတွေ အားလုံးကို နှင်းဆီပန်းတွေချည်းပဲ ဖြစ်စေချင်တယ်။

cold: ဟုတ်ကဲ့ ရပါတယ်။

zaw357: ပြီးတော့ အရောင်ကိုလည်း အနီရောင်တွေ အဖြူရောင်တွေ မဖြစ်စေချင်ဘူး။ ပန်းရောင်လေးတွေ ချည်းပဲ ဖြစ်စေချင်တယ်။

cold: ဟုတ်ကဲ့။

zaw357: ပြီးတော့ ပန်းတွေကိုလည်း ကတော့ပုံ မစည်းစေချင်ဘူး။

cold: ဘာဖြစ်လို့လဲ ရှင်။

zaw357: ကန်တော့ ပုံစံထက် ကျနော်က စက္ကူ လေးထောင့်ဘူးလေးထဲမှာ နှင်းဆီပန်းပွင့်လေးတွေကို သေချာ စီပြီး ထည့်ချင်လို့ပါ။

cold: စိတ်ကူးက ကောင်းလိုက်တာရှင် ၊ တကယ့်ကို Romantic ပါပဲ။

zaw357: နောက်ပြီး . . . အဲ . . နည်းနည်းများ ဇီဇာကြောင်သလို ဖြစ်များ နေမလားဗျာ။

cold: ရပါတယ် ၊ လိုအပ်ချက်များတဲ့ အလျှောက်တော့ ဝန်ဆောင်ခက တိုးလာမှာပေါ့နော်။

zaw357: ဟုတ်ကဲ့ ကျနော် နားလည်ပါတယ်။ ဝန်ဆောင်ခကိုတော့ စိတ်မပူပါနဲ့။

cold: ဒါဆိုရင် ဖြစ်ပါတယ်ရှင်။

zaw357: ဝမ်းသာတယ်ဗျာ ၊ ဒီလို ဝန်ဆောင်မှုတွေ ရှိလာတာကို တကယ်ကို သဘောကျပါတယ်။

cold: ကျမတို့ဘက်ကလည်း ဒီလို မအားလပ်တဲ့ လူတွေ အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီခွင့်ရတဲ့ အတွက် ဝမ်းသာမိပါတယ်။

zaw357: ဟုတ်ကဲ့ ၊ ကျနော်ကလည်း ကျေးဇူး အထူးပါပဲ။

cold: ဒါဆို ဘာများ လိုအပ်ဦးမလဲ မသိဘူး။

zaw357: သြော်. . . ဟုတ်သားပဲ ၊ ပြီးတော့ အဲဒီပန်းစည်းလေးမှာ ကဒ်လေး တစ်ခုကိုလည်း ပန်းရောင်လေးပဲ ဖြစ်စေချင်ပါတယ်။

cold: ဟုတ် ရပါတယ်။

zaw357: အဲဒီကဒ်လေးမှာလည်း ကျနော်က အမြဲတမ်း သတိရနေပါတယ် ဆိုပြီး အောက်ကနေ ကျနော့် နာမည်ကို ရေးချင်တယ်။

cold: ခဏနော် ၊ များသော အားဖြင့်ကတော့ ပန်းစည်းပို့သူတွေက သူတို့နာမည်တွေကို မဖော်ပြတတ် ကြဘူးရှင့် ၊ ပြီးမှ ဘယ်သူပို့လိုက်တယ် ဆိုတာကို ပဟေဠိ လုပ်ချင်ကြတာ . . . ။

zaw357: ဒါ . . . ဒါပေမဲ့ ကျနော်ကတော့ ကျနော့်နာမည် ထည့်ချင်ပါတယ်။

cold: သြော်. . . ဟုတ်ကဲ့ ၊ ဒီလိုဆိုလည်း ထည့်ပေးရမှာပေါ့။

zaw357: ပန်းပွင့်ကိုလည်း ၈ ပွင့် ဖြစ်စေချင်တယ်။

cold: ဘာလို့များပါလိမ့်ရှင်။

zaw357: ၈ ဂဏာန်းက ကျနော့်တို့ အတွက် လပ်ကီး နံပါတ်မို့ပါ။

cold: ဟုတ်ကဲ့ ဖြစ်ရပါစေ့မယ် ၊ ဝန်ဆောင်ခကတော့ ကျသလောက်ပေါ့နော်။

zaw357: ဟုတ်ကဲ့ပါ ၊ ဒီအတွက်ကတော့ မပူပါနဲ့။

cold: ဒါဆို ပြည့်စုံပြီပေါ့နော်။

zaw357: ဟုတ်ကဲ့ ၊ ဒါပေမဲ့ ပို့ရမဲ့ နေရာက ရန်ကုန်မြို့ထဲကနေ အတော်ဝေးတော့ အားတော့ နာတယ်ဗျာ။

cold: ဒီအတွက်တော့ မပူပါနဲ့ရှင် ၊ ကျမတို့က ရန်ကုန် တစ်ခုတည်းတင် လုပ်ပေးတာ မဟုတ်ပါဘူး။

zaw357: ဟုတ်လား။

cold: ဟုတ်ပါတယ်။ ရန်ကုန် ၊ မန္တလေး ၊ မေမြို့ ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ ပဲခူး ၊ မော်လမြိုင် အဲဒီလို မြို့ကြီးတွေ အတော်များများ ဆီကိုပါ ရောက်အောင် ပို့ပေးပါတယ်။

zaw357: ဟာဗျာ . . တကယ်ကို အံ့သြစရာပါပဲလား။ ဒီလိုတွေ ဖြစ်လာတာ ဝမ်းသာလိုက်တာဗျာ။

cold: ဒါဆိုရင် ပြည့်စုံပြီ ထင်တယ်။

zaw357: တစ်ခုတော့ တောင်းဆိုချင်သေးတယ်။ အဲဒီကို ပန်းစည်းလေး ရောက်သွားတဲ့ အခါကျရင် ကျနော့်ကို ဓါတ်ပုံလေး တစ်ပုံတော့ ရိုက်ပြီး ပြန်ပို့ပေးပါလား။

cold: ဒါက ရောက်မရောက် ဆိုတာ ကျမတို့ကို မယုံတဲ့ သဘောလားရှင်။

zaw357: ဟာ . . . မဟုတ် . . . မဟုတ်ပါဘူးဗျာ။ ဒီသဘော မဟုတ်ပါဘူး။ အဲဒီလို ပန်းစည်းလေး ပို့ပေးလိုက်နိုင်တယ် ဆိုတာလေးကို ပြန်ပြန်ကြည့်ပြီး ကျနော် ပီတိ ဖြစ်ချင်လို့ပါဗျာ။

cold: သြော်. . . ဟုတ်ပါပြီ။ ဒါပေမဲ့ ဟိုဘက်က ဓါတ်ပုံ အရိုက်မခံဘူး ဆိုရင် ဘယ်လိုလုပ်မလဲရှင်။

zaw357: ဒီအတွက်တော့ မပူပါနဲ့ဗျာ။ ကျနော် တာဝန်ယူပါတယ်။

cold: ဒီလိုဆိုရင်တော့ ဖြစ်ပါတယ်ရှင်။ ဒါပေမဲ့ ဓါတ်ပုံရိုက်ခနဲ့ ပြန်ပို့ခ ဝန်ဆောင်ခတော့ ပိုလာမှာပေါ့နော်။

zaw357: ဟုတ်ကဲ့ ဒီအတွက်တော့ မပူပါနဲ့ဗျာ။ ဝန်ဆောင်ခကတော့ အားမနာပါနဲ့ ကျသလောက်သာ ပြောပါ။ ကျနော် သဘောတူပါတယ်။

cold: ဟုတ်ကဲ့ ၊ ဒါဆိုရင်တော့ ကျမတို့ဘက်က အစွမ်းကုန် ဆောင်ရွက်ပေးပါ့မယ်ရှုင်။

zaw357: ဟုတ်ကဲ့ ကြားရတာ ဝမ်းသာလိုက်တာဗျာ။

cold: ဒါဆိုရင် ပြည့်စုံပြီလား မသိဘူး။

zaw357: ဟုတ်ကဲ့ ၊ ပြည့်စုံပြီပဲ ဆိုရမယ် ထင်တယ်။

cold: ဒါဆို ရှင်မေ့နေတာ တစ်ခု ကျမ ပြောပြမယ်။

zaw357: ဟုတ်ကဲ့ ပြောပါ။

cold: ရှင် ပန်းစည်းနဲ့ အတူ ချောကလက်လေးရော မထည့်လိုက်ချင်ဘူးလား။

zaw357: ဟာ . . . . ဟုတ်တယ် ၊ ဟုတ်တယ်။ သူကလည်း ချောကလက် အရမ်းကြိုက်တာဗျာ။ ခင်ဗျားကိုတော့ အရမ်းကို ကျေးဇူးတင်သွားပြီ။ တကယ်ကို တော်တယ်ဗျာ ၊ ပြောစရာ မလိုသော ဝန်ဆောင်မှုပါပဲ။ ကျနော် ချောကလက်လည်း ထည့်ပါ့မယ်။

cold: ဒါဆိုရင် ရှင် ကျမတို့ရဲ့ မလေး ကိုယ်စားလှယ်နဲ့ ဆက်သွယ်လိုက်ပါရှင်။ ပြီးရင်တော့ သူကို လိုချင်တာတွေ ၊ ဖြစ်ချင်တာတွေ သေချာ ပြောပြပါ။ ရှင် ပြောတဲ့ အတိုင်း သူက မေးလ်ပို့လိုက်ရင် ကျမတို့က ဒီဘက် ရန်ကုန်ကနေ အားလုံး စိတ်တိုင်းကျ ဆောင်ရွက်ပေးပါ့မယ်။

zaw357: ကျေးဇူးတင်ပါတယ်ဗျာ။ ကျနော် ဆက်သွယ်လိုက်ပါ့မယ်။

cold: ဟုတ်ကဲ့ ၊ ဒါဆို ကျမလည်း ပို့လာတဲ့ မေးလ်ကို စောင့်နေလိုက်ပါ့မယ်။

zaw357: ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ။ ကျနော်လည်း နှစ်တိုင်း စိတ်ထဲမှာသာ ရှိနေတာ ဒီလို ဝန်ဆောင်မှုတွေ မရှိတော့ ကျနော့် အဖွားဆီကို ပန်းစည်းလေးတွေ မပို့ဖြစ်ဘူး။

cold: ရှင် . . . . ၊

zaw357: အမ် . . . ဘာဖြစ်လို့လဲ မသိဘူး။

cold: ရှင် ခုနက ဘာကို ပြောလိုက်တာလဲ။

zaw357: သြော် . . . ကျနော့် အဖွားဆီကို ပန်းစည်းပေးဖို့လေ။ အခုလို ခင်ဗျားတို့ရဲ့ ဝန်ဆောင်မှုတွေ ပေါ်လာမှ ကျနော်လည်း အဖွားဆီကို ပန်းစည်းလေး ပို့နိုင်တာလို့ ပြောတာပါ။

cold: ရှင် အခု ပို့မှာက ရှင် ချစ်သူဆီ မဟုတ်ဘူးလား။

zaw357: အာ . . ပေါက်ပေါက်ရှာရှာဗျာ။ ကျနော့်မှာမှ ချစ်သူ မရှိတာကို . . . ။ အခု ကျနော် ပို့မှာက ကျနော့် အဖေဘက်က အဖွားဆီကိုပါ။

cold: - - - - - - - - -

zaw357: အဖေဘက်က အဖွားဆီကို ပို့ပေးချင်တာပါ။

cold: - - - - - - - - -

zaw357: ဟလို . . . ဟလို . . . ဘယ်ရောက်သွားပြီလဲ မသိဘူး။

cold: ဒီမှာ ရှင် ကျမကို နောက်နေတာတော့ မဟုတ်ပါဘူးနော်။

zaw357: ဟာဗျာ . . မနောက်ပါဘူး ၊ တကယ်ပါ။ ကျနော့် အဖွားဆုံးသွားတာ ၁၅ နှစ်ကျော်သွားပြီဗျာ။ ကျနော့်မှာ သူ့ရဲ့ အုတ်ဂူလေးဆီကို တစ်နှစ်တစ်ခါ ပန်းစည်းလေး ပို့နေကျကို မပို့ဖြစ်တာ အတော်ကို ကြာခဲ့ပြီ။

cold: - - - - - - - - -

zaw357: အခုလို ခင်ဗျားတို့လို ဝန်ဆောင်မှုတွေ ပေါ်လာမှ အဝေးရောက် နေပေမဲ့လည်း ပို့ဖြစ်တော့ မှာပေါ့ဗျာ။ သူ့ကို သန်လျင် တစ်ဘက်ကမ်းက သုသာန် နာမည်က . . . . ဟလို . . ဟလို . . . . ဘယ်ရောက် . . .

cold: - - - - - - - --

zaw357: ရှိရော ရှိသေးရဲ့လား မသိဘူး။

cold: ရှိတယ် ၊ ဒီမှာ ရှင် ကျမကို တမင် လာနောက်နေတာ မဟုတ်လား။

zaw357: ဟာ . . . မဟုတ်တာဗျာ ၊ ကျနော် တကယ် . . . .. .

cold: ဘာမှ တကယ် လာပြောမနေနဲ့။ ချစ်သူ မရှိဘဲနဲ့များ . . . . . .

zaw357: ဗျာ . . . . . ချစ်သူ မရှိတာနဲ့ ပန်းစည်းပေးတာနဲ့ ဘာဆိုင်လို့လဲဗျ။

cold: ဘာလို့ မဆိုင်ရမှာလဲ ၊ ဒီရက်ပိုင်းမှာ ဘာနေ့နဲ့ နီးနေပြီလဲ ရှင် မသိဘူးလား။

zaw357: ဒီနေ့က ၈ ရက်နေ့ဗျာ ၊ နောက်ထပ် ၄ ရက်ဆို ပြည်ထောင်စုနေ့ ၊ အဲဒါရဲ့ နောက်နေ့ ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ လေဗျာ။ အဲဒီတော့ ဘာဖြစ်လို့လဲ။

cold: သြ . . . ရှင်က ဒါပဲ သိတာ မဟုတ်လား။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပြီးတော့ရော ဘာနေ့လဲ သိလား။

zaw357: အမ်. . . မသိဘူးလေ။ ဘာနေ့ မို့လို့လဲ။

cold: ကျမ မှားတာ ၊ ကျမကိုက မှားတာ။ ချစ်သူတောင်မှ မရှိတဲ့ လူကို သွားပြီးတော့ Marketing ဆင်းမိတယ်။

zaw357: ဘာဗျ ၊ ခင်ဗျားက စော်စော်ကားကားပါလား ၊ ကျနော့် ဖာသာ ချစ်သူ မရှိတာ ခင်ဗျားနဲ့ ဘာဆိုင်လဲ။ ခင်ဗျား ပန်းစည်းပို့တဲ့ ဝန်ဆောင်မှု လုပ်တာ မဟုတ်လား။ ကျနော်က ပန်းစည်း ပို့ချင်တယ် ၊ ခင်ဗျားက ပို့ပေးပေါ့။ ဒါဆို ပြီးတာပဲ မဟုတ်လား။ ခင်ဗျားတို့ ပန်းစည်းပို့တဲ့ ဆီက ချစ်သူရှိတဲ့ လူတွေကိုမှ ပို့ပေးမယ် ဆိုတဲ့ စည်းကမ်းတွေ ၊ ဥပဒေတွေ ရှိနေလို့လား။

cold: ရှင်ဟာလေ အတော်ကို ပြောရခက်မဲ့ လူထင်ပါတယ်။

zaw357: အောင်မာ . . . ခင်ဗျားက ပြောရခက်နေတာဗျ။ ဘယ်နှယ့်ဗျာ။

cold: ဒီမှာ ကျမ ပြောမယ်။

zaw357: ဘာလဲ ပြော။

cold: ကျမတို့ ပန်းစည်းပို့ပေးတယ် ဆိုတာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ အတွက် ၊ အဲဒီနေ့က ကမ္ဘာ့ ချစ်သူများနေ့ရှင့်။ ရှင် သိလား။

zaw357: ဒါတော့ ဘယ်သိမှာလဲ။ ခင်ဗျားက စပြောကတည်းက ပန်းစည်း ပို့ဆောင်ရေးကပါ လို့ပဲ ပြောတော့ ကျနော်ကလည်း အမှတ်တရ ပန်းစည်း ပို့ပေးတဲ့ ဝန်ဆောင်မှု လို့ပဲ ထင်တာပေါ့။ ခင်ဗျားတို့ ဖာသာ ချစ်သူများနေ့ အတွက်ပဲ ပို့ပေးတယ် ဘာညာမှ မပြောတာကိုးဗျ။

cold: ဒါကတော့ရှင် ပြောစရာလား။ ဒီနေ့ ဒီရက် အတောအတွင်းမှာ ပန်းစည်း ပို့တယ် ဆိုရင် ချစ်သူများနေ့ အတွက် ဆိုတာ အားလုံး သိကြတာပဲ။

zaw357: ကျနော် မသိဘူးလေဗျာ။

cold: သြ . . . ရှင်ကတော့ ဘယ်သိမလဲ ၊ ရှင်က ချစ်သူမှ မရှိတာကို .. . . ။

zaw357: ဟာ . . . ခင်ဗျားနော် ၊ ဒါကိုချည်းပဲ လာလာ မပြောနဲ့။

cold: မဟုတ်လို့လား ၊ ချစ်သူ ရှိတဲ့ လူဆိုရင် ဒီအချိန်ဆိုရင် ချစ်သူများနေ့ အတွက် ဆိုတာ အလိုလို သိတယ်။

zaw357: ကျနော်က မသိဘူးလေ။

cold: အေးလေ . . ဒါကြောင့် ရှင့်မှာ ချစ်သူ မရှိလို့လို့ ပြောတာပေါ့။

zaw357: ဟာ. . . ခင်ဗျား တော်တော် ခက်ပါလား။ အခု ခင်ဗျား ကျနော့် အဖွားဆီကို ပန်းစည်း ပို့ပေးမှာလား မပို့ဘူးလား ပြော . . .။

cold: ခက်ပါလား ရှင် ၊ ကျမတို့က ချစ်သူရှိတဲ့ လူတွေ အတွက် ချစ်သူများနေ့မှာ ပန်းစည်း ပို့ပြီး ဝန်ဆောင်မှု ပေးတဲ့ အဖွဲ့ရှင့်။ အသက် မရှိတော့တဲ့ လူတွေကို ပို့ပေးတဲ့ အဖွဲ့ မဟုတ်ဘူး။

zaw357: ဒါဆိုလည်း ခင်ဗျားက လာပြီး ကြော်ငြာကတည်းက သေချာ ပြောပါလား။ အခုတော့ ပြောလိုက်ရတာ . . .။

cold: ကျမကလည်း ဖောက်သည် တစ်ယောက်လောက် တိုးမလားလို့ ရှင့်အကောင့်ကို အက်ပြီးတော့ အချိန်ကုန်ခံပြီး ပြောလိုက်ရတာရှင်။ အခုတော့ . . . . .

zaw357: ဘာ အခုတော့လဲ . . . .

cold: အခုတော့ ချစ်သူ မရှိတဲ့ လူတစ်ယောက်ကို စကားပြောနေလို့ ကျမ အချိန်ကုန်တာပေါ့ရှင်။ ဒီတော့ . . . . .

zaw357: အောင်မာ . . . ခင်ဗျားကပဲ ပြောရတယ် ရှိသေး။ ဒီတော့ ခင်ဗျားက ဘာဖြစ်လဲ။ ဘာဖြစ်ချင်လဲ။

cold: ဒီတော့ ရှင်လို့ ချစ်သူ မရှိတဲ့ လူတစ်ယောက်ကို Block မယ်ရှင်။ ဒါပဲ။

zaw357: ဘာဗျ ၊ အခု နှစ်မရှိပေမဲ့ နောက်နှစ် ရှိချင် ရှိလာမှာပေါ့ဗျ။ ခင်ဗျား ပြောပုံက ကျနော်ကပဲ တစ်သက်လုံး ရောင်းမစွံကြီး လိုလို ဘာလိုလိုနဲ့။

cold: ကျမကတော့ ဒီလိုပဲ ထင်ပါတယ်ရှင် ၊ ရှင်နဲ့ စကားပြောရတာ လူ့ဂွစာကြီး ထင်ပါတယ်။

zaw357: ဘာဗျ။

cold: ကဲ . . Block ပြီရှင် ၊ ဘယ်တော့မှ အသုံးဝင်မလာနိုင်တဲ့ အကောင့် တစ်ခုပါပဲ။

zaw357: ဘာကွ ၊ တောက် . . . ဟေ့ ဒီမှာ ဒီနှစ် မဖြစ်ပေမဲ့ နောက်နှစ် ဖြစ်လာမှာပေါ့ဗျာ။ တောက် . . . ပြောပုံကိုက . . . . ငါ့ကိုများ။

cold: - - - - - - - -

zaw357: နောက်နှစ်မှ ခင်ဗျား အရမ်းကောင်းလွန်းတဲ့ ကပ်စတန်မာ တစ်ယောက် လက်လွတ်သွားရပြီ ဆိုပြီး တစ်သက်လုံး နောင်တ ရနေလိမ့်မယ်။ ဒါပဲ။

cold: - - - - - - -

zaw357: ဒီမှာ ခင်ဗျားရဲ့ ဝန်ဆောင်မှုက လုံးဝကို အသုံးမကျတဲ့ ဝန်ဆောင်မှုဗျ။ ခင်ဗျား မှတ်ထားလိုက်။

cold: - - - - - - - -

zaw357: (*$)(@#$)(&@^*(%)&Q@_%*_%_@&%_*@_%&*^

cold: - - - - - - - -

zaw357: $&^@)$^)@&_@*_%&_%&_&_&@($&

cold: - - - - - - - - -

zaw357: %&^$&)%%*^$&$&#&^$*%&*$&$%



အဲဒါပဲဗျာ . . . . ကျွန်တော့်မှာလေ အဲဒီနေ့က ပြောရတာ မောလိုက်တာ။ အဲဒီ သူတို့ ပြောပြောနေတဲ့ ဗယ်လင်တိုင်းဒေး မတိုင်ခင် ရက် အနည်းငယ် အလိုလောက်ကပေါ့။ ကျွန်တော့်မှာ အဲဒီလို ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီ့ အဖြစ်ကိုလေ ရှက်လွန်းလို့ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပြဖြစ်ပါဘူး။ ဘယ်တော့မှ ဘယ်သူ့ကိုမှ မပြောဘူးလို့ ဆုံးဖြတ်ထားတယ်ဗျာ။

ကျွန်တော်လေ . . . . ရှက်လို့ပါ။ သူပို့ပေးမယ် ဆိုတဲ့ ပန်းစည်းက ဗယ်လင်တိုင်း လက်ဆောင်ကိုး




*** Valentine's Day မှာ ရေးထားတာပါ။ အမြင်ကပ်လို့ မတင်ဘဲ အခုမှ တင်လိုက်ပါတယ်။ Valentine's Day မှ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ချစ်သူကို ချစ်ခွင့် ရနေတဲ့ နေ့ရက်တိုင်းဟာ Valentine's Day ပါပဲဗျာ။***


လေးစားစွာဖြင့်
ကိုဇော်
14.2.2011


Share/Bookmark

14 February 2011

13 ခေါင်းစဉ်တူ ၊ မူကွဲများ



တစ်ခါက . . .

ရုပ်ချင်း ခွဲမရအောင် တူသော ညီအစ်ကို နှစ်ယောက် ရှိသတဲ့။ သူတို့နှစ်ယောက်ဟာ ရုပ်ချင်း ခွဲမရအောင် တူယုံမက ပြုမူနေထိုင်ပုံကလည်း တစ်ထပ်တည်းကျနေလေ့ ရှိ၏။ သူတို့ကို မိဘတွေကတောင်မှ မခွဲတတ်အောင် အကြိမ်ကြိမ် ဖြစ်ခဲ့ရ၏။ ဒါပေမဲ့ သူတို့ နှစ်ယောက်က ရုပ်လက္ခဏာတွေသာ တူတာ အတွေးမှာတော့ တစ်ယောက်နဲ့ တစ်ယောက် နည်းနည်းမှ မတူတဲ့ အပြင် လုံးဝကို ဆန့်ကျင်ပြီး ကွဲပြာကြသတဲ့။ ဒီလို ဆန့်ကျင်ဘက် ဖြစ်ပြီး ကွဲပြားတယ် ဆိုတာကလည်း တစ်ယောက်နဲ့ တစ်ယောက် တမင် ဆန့်ကျင်နေတာ မဟုတ်ဘဲ။ သူတို့ဖာသာ စိတ်ထဲက အလိုလို ဖြစ်ပေါ်နေတာပဲ ဖြစ်၏။

အဖြူတစ်ခြမ်း ၊ အနက်တခြမ်း ဆေးသုတ်ထားသော ကျောက်တုံး တစ်တုံးကို တစ်ယောက်က ဘာလို့ အဖြူရောင် တစ်ခြမ်းသုတ်ထားရတာလဲ လို့ တွေးနေချိန်မှာ နောက်တစ်ယောက် ဘာလို့ အနက်ရောင်ကို တစ်ဝက်ပဲ ခြယ်ထားရတာလဲ လို့ စဉ်းစားနေမိတယ် ဆိုပဲ။ အဲဒီလို အကြောင်းအရာတစ်ခု ၊ အဖြစ်အပျက်တစ်ခု ၊ ကိစ္စတစ်ရပ်အပေါ်မှာ အတွေးမတူဘဲ ဆန့်ကျင်စွာဖြင့် သူတို့ဟာ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ကြ၏။ ဒါပေမဲ့ သူတို့ နှစ်ယောက်ဟာ နောက်တော့ အောင်မြင်သော စီးပွားရေးသမား နှစ်ယောက် ဖြစ်လာကြ၏။ အောင်မြင်တာခြင်း တူပေမဲ့ သူတို့ရဲ့ စိတ်ကူး အတွေးတွေကလည်း ငယ်ငယ်ကလိုပဲ ဆန့်ကျင် ကွဲပြားလျက်ပါပဲ။

တစ်နေ့တော့ သူတို့ နှစ်ယောက် စာအုပ် တစ်အုပ်ကို ထုတ်ဝေဖို့ ရေးသားနေတယ် ဆိုတဲ့ သတင်းကို သူတို့ရဲ့ သက်ဆိုင်ရာ အသိုင်းအဝိုင်းကနေ လွင့်ပျံလာ၏။ နှစ်ယောက် စလုံးကလည်း စီးပွားရေး လောကမှာ လေးစားဖွယ်ရာ လူနှစ်ဦးမို့ သူ့လူနဲ့သူ သူတို့ကို လေးစားကြ၏။ သူတို့ အပေါ်မှာလည်း ပုဂ္ဂိုလ်စွဲတွေ ရှိနေကြသည်။ သူတို့ နှစ်ယောက်ရဲ့ ရေးသားနေတယ် ဆိုသော စာအုပ် အကြောင်း တစွန်းတစ ထွက်လာခဲ့ပြီးမှာတော့ သူတို့ရဲ့ ကိုယ်ရေးအရာရှိ အကြံပေး ပြောခွင့်ရှိသူတွေက သူတို့ရဲ့ လူက အမှန်တကယ်ကို စာအုပ်တစ်အုပ်ကို ရေးသားပြုစုနေကြောင်း ဝန်ခံပြောကြားကြ၏။

ဒီတော့ သူတို့ ရေးသားနေတဲ့ စာအုပ်က ဘာအမျိုးအစားလဲ ၊ ဘာတွေ ရေးထားမလဲ ၊ စာအုပ်ရဲ့ နာမည်က ဘာလဲ ဆိုတာကို သူတို့ကို လေးစားသူများ ပိုပြီး သိချင်လာကြသည်။ ဒါပေမဲ့ စာအုပ်မှာ ပါဝင်မဲ့ အကြောင်းအရာများကိုတော့ ဘယ်သူမှ ခန့်မှန်းဖို့ နေနေသာသာ စာအုပ်ရဲ့ နာမည်ကိုတောင်မှ မခန့်မှန်း နိုင်ခဲ့ဘူး။ တစ်ယောက် ရေးတဲ့ စာအုပ်ပါ အကြောင်းအရာတွေနဲ့ နောက်တစ်ယောက် ရေးတဲ့ စာအုပ်ပါ အကြောင်းအရာတွေက ထုံးစံ အတိုင်းပဲ ဆန့်ကျင့်ဘက် ဖြစ်နေမှာလား။ ဒါမှမဟုတ် စာအုပ်ရဲ့ နာမည်ကစပြီး ဆန့်ကျင့်နေမလား ဆိုကာ လောင်းကြေးထပ်ကာ ယှဉ်ပြိုင်ပြောဆိုမှုများပင် ဖြစ်ပေါ်လာခဲ့၏။

ဒီအချိန်မှာ သူတို့ နှစ်ယောက် စာအုပ်တွေကို ရေးသား ပြီးစီးလို့ စာပေစီစစ်ရေးကို တင်ပြထားကြပြီ ဖြစ်၏။ သူတို့ရဲ့ စာအုပ်ကို ဖတ်ပြီးတော့ စာပေစီစစ်သူများက ထုတ်ခွင့် ပြုရနိုးနိုး ၊ ပြန်လည်ကာ ပြင်ဆင်ခိုင်းရနိုးနိုး ဖြစ်နေကြ၏။ ဘာလို့လဲ ဆိုတော့ သုတို့ရဲ့ စာအုပ်နှစ်အုပ်က တကယ်ကို တိုက်ဆိုင်လှစွာ နာမည် တစ်ခုတည်း ဖြစ်နေလေသည်။ စာအုပ်နာမည်က “ လူသား အားလုံးအတွက် လိုအပ်ချက် ” လို့ ပေးထား၏။ သို့သော် စာအုပ်ထဲပါ အချက်အလက်များကား ထုံးစံအတိုင်း တစ်ယောက်နဲ့ တစ်ယောက် လုံးဝကို မတူညီဘဲ ဆန့်ကျင့်ဘက်တွေ ဖြစ်နေကြလေသည်။

နောက်ဆုံးတော့ စာပေစီစစ်ရေးက ထိုစာအုပ်နှစ်အုပ်ကို နာမည်တူဖြင့် ထုတ်ဝေခွင့် ပြုလိုက်လေတော့သည်။ စစချင်း ရောင်းချသော နေ့မှာကတည်းက တစ်ယောက်နဲ့တစ်ယောက် မသိအောင် တိတ်တိတ်ကျိတ်ရေးသော စာအုပ် နှစ်အုပ်က ထူးဆန်းစွာ စာအုပ်နာမည်တူနေတဲ့ အတွက် သူတို့ကို လေးစားသော လူများက အလုအယက် ဝယ်ယူ အားပေးကြလေ၏။ ထိုနောက် ထိုစာအုပ်ပါ အကြောင်းအရာတွေကို ဖတ်ကြည့်လိုက်တော့ ပို၍ပင် အံ့သြရစေတော့သည်။

သူတို့ရဲ့ စာအုပ်မှာ အပိုင်းလိုက် အခန်းလိုက် ခေါင်းစဉ်များဖြင့် “ ကျန်းမာရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး ၊ ဘာသာရေး ” စသည်ဖြင့် ဖော်ပြထားသောလည်း ထို အခန်းခေါင်းစဉ်များ အောက်၌ ရေးထားသော အဖြေ အချက်အလက်များမှာ တစ်ယောက်က “ ညီမျှခြင်း ” ဆိုသော Equal တွေကိုသာ ရေးသားထားပြီး . . .


နောက်ထပ်တစ်ယောက်ကတော့ “ မညီမျှခြင်း ” ဆိုသော Unequal တွေကိုသာ ရေးသားထားလေ၏။


ဥပမာ - တစ်ယောက်ရဲ့ “ လူသား အားလုံးအတွက် လိုအပ်ချက် ” စာအုပ်ပါ “ စီးပွားရေး ” အခန်းမှာ ကမ္ဘာပေါ်မှာ ရှိသော လူသား အားလုံးဟာ ညီတူညီမျှ ဖြစ်သင့်တယ် လို့ တစ်ယောက်က “ ညီမျှခြင်း ” တွေချည်းပဲ ရေးသားထားသော အချိန်မှာ တစ်ယောက်က ဒီအခန်းမှာပဲ လူသား အားလုံးဟာ ညီတူညီမျှ ဖြစ်မနေသင့်ဘူး ဆိုပြီး “ မညီမျှခြင်း ” တွေကိုသာ ချရေးထားလေသည်။

သူတို့ကို လေးစားသော ပုဂ္ဂိုလ်တွေက သူတို့ စာအုပ်တွေကို ဖတ်ပြီးတော့ သူတို့ရဲ့ အယူအဆတွေကို ထောက်ခံသလို ၊ သူတို့ရဲ့ ဆန့်ကျင်ဘက်က လူတွေကတော့ ထိုအချက်ကို ကန့်ကွက် ရှုတ်ချကြ၏။ သန်ရာ သန်ရာကို အားပြုသွားကြပြီးတော့ သူတို့ရဲ့ ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာကာ ဂိုဏ်းတွေ ကွဲပြား သွားကြလေ၏။ ဒီအချိန်မှာ သူတို့ နှစ်ယောက်လုံးရဲ့စာအုပ်ပါ အချက်တွေကို လုံးဝ လက်ခံသောသူ ၊ လုံးဝ လက်မခံနိုင်သော သူ ၊ နည်းနည်း လက်ခံနိုင်သော သူ ၊ များများ လက်ခံနိုင်သောသူ ၊ နှစ်ဘက်စလုံးကို လက်ခံနိုင်သော သူ ၊ နှစ်ဘက်စလုံးကို ကန့်ကွက်သောသူ ၊ နှစ်ဘက်စလုံးကို အခြေခံပြီး ဆင့်ပွား ပေါ်ထွက်လာသော သူ ဆိုကာ အမျိုးမျိုး ကွဲပြား သွားလေတော့သည်။

နှစ်ပေါင်းများစွာ အချင်းချင်း တိုက်ခိုက်ကြပြီးတော့ သူတို့ဖာသာ သူတို့ရဲ့ ရည်ရွယ်ချက် လှုပ်ရှားမှုတွေ အတွက် ခေါင်းစဉ် တစ်ခုကို ရဲတင်းစွာ တပ်လိုက်လေ၏။ ထိုခေါင်းစဉ်ကတော့ သူတို့ နှစ်ယောက်ရဲ့ စာအုပ် နာမည် “ လူသား အားလုံးအတွက် လိုအပ်ချက် ” ဖြစ်ပြီးတော့ သူတို့ရဲ့ အယူအဆ မူဝါဒတွေကိုတော့ သူတို့ဖာသာပဲ နာမည်တပ်လိုက်ကြတယ်။ သူတို့ရဲ့ မူဝါဒ နာမည်တွေကတော့ ရှုပ်ထွေးသလို ၊ များပြားလှလေ၏။

လူသား အားလုံးအတွက် လိုအပ်ချက်များ ညီတူညီမျှ ရှိနေသင့်တယ် လို့ ယူဆသူများက သူတို့ကိုယ် သူတို့ “ ဆိုရှယ်လစ် ” ကွ ၊ “ ကွန်မြူနစ် ” ကွ လို့ သတ်မှတ်ကြ၏။ လူသား အားလုံးအတွက် လိုအပ်ချက်များ ညီမျှနေမှု မရှိသင့်ဘူး ဆိုသူများကတော့ “ အရင်းရှင်များ ” အဖြစ် သူတို့ကိုယ် သူတို့ သတ်မှတ်ကြ၏။ ညီမျှမှု အနည်းငယ်နဲ့ မညီမျှမှုများများ ရှိစေချင်သောသူ ၊ ညီမျှမှု များများနှင့် မညီမျှမှု နည်းနည်းသာ ရှိစေချင်သောသူ ၊ ကိုယ်လုပ်သမျှ လွတ်လပ်စွာ ခံစားချင်သော သူ စသော ထိုသူများကလည်း သူတို့ကိုယ် သူတို့ ဆီမီးဆိုရှယ်လစ်များ ၊ ဆီမီးအရင်းရှင်များ ၊ ဆိုရှယ်အရင်းရှင်များ ၊ ကွန်မြူနစ်ဆန်သော အရင်းရှင်များ ၊ ပရိုကွန်မြူနစ်များ ၊ ဒီမိုကရေစီများ ၊ ပရိုဒီမိုကရေစီများ ၊ ဆိုရှယ်ဒီမိုကရေစီများ ၊ ဒီမိုကရေစီအရင်းရှင်များ စသည်ဖြင့် ခေါင်းစဉ် တစ်ခုအောက်မှာ မူကွဲပေါင်း များစွာ ပေါ်ထွန်းလာကာ ပြိုင်ဆိုင်မှု ပြင်းထန်လာသထက် ပြင်းထန်လာကြသည်။

နှစ်ပေါင်းများစွာ ကြာရှည်ခဲ့ပါသည်။

ပြိုင်ဆိုင်မှု ဘယ်လောက်ထိ ပြင်းထန်လာသလဲ ဆိုရင် သူတို့ရဲ့ မူလ ရည်ရွယ်ချက် ခေါင်းစဉ် ဆိုသော နာမည်ကိုပါ မေ့သွားကြလေတော့သည်။ နောက်ဆုံးတော့ သူတို့ရဲ့ မူဝါဒက ပိုကောင်းတယ် ဆိုတာကိုသာ ယှဉ်ပြိုင်ဖို့ ဖြစ်လာကြလေတော့သည်။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က “ လူသား အားလုံးအတွက် လိုအပ်ချက် ” မဟုတ်ပါလား။ သို့သော် သူတို့ ခေါင်းစဉ်တူ ဆိုတာကို မေ့သွားကြလေပြီ။ အခုတော့ သူတို့မှာ မူဝါဒအတွက် ယှဉ်ပြိုင်မှု လောက်သာ ကျန်နေပါတော့သည်။

တကယ်ဆို အတိတ်ကိုသာ သူတို့ ပြန်လည် မျှော်ကြည့်မိခဲ့မယ် ဆိုရင် သူတို့ရဲ့ ရည်ရွယ်ချက်က ခေါင်းစဉ်တူ ၊ နာမည်တူများပဲ မဟုတ်ပါလား။




*** ဘာရယ် မဟုတ်ဘဲ စိတ်ထဲမှာ အာသီသ ဖြစ်ပြီး လျှောက်ရေးမိတဲ့ အတွေးသာ ဖြစ်ပါတယ်။ အပြင်လောကမှ အတိတ်ရဲ့ သမိုင်းကြောင်းများ မဟုတ်သလို ၊ လက်ရှိနဲ့လည်း မသက်ဆိုင်ပါ။ ကျွန်တော် သိတာက ခေါင်းစဉ် နာမည်လေးသာ ဖြစ်ပါတယ်။ ခေါင်းစဉ် နာမည်က “ လူသား အားလုံးအတွက် လိုအပ်ချက် ” မျှသာ ဖြစ်ပါတယ်။ ***


လေးစားစွာဖြင့်
ကိုဇော်
14.2.2011

.

Share/Bookmark

09 February 2011

17 ရူပဗေဒ သဘောတရား



အထက်တန်း ကျောင်းသားဘဝ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ အလွန်ကို ပျော်စရာ ကောင်းခဲ့ပါ၏။ ပြီးတော့ စိတ်တူကိုယ်တူတွေ ဖြစ်ကြတာ များတာကြောင့် တစ်ယောက်ရဲ့ စိတ်ကူးကို ကျန်သော သူငယ်ချင်းတွေ လိုက်ပြီး သရုပ်ဖော်တဲ့ အခါ အရမ်းကို ပျော်စရာ ကောင်းပါသည်။

သိပ္ပံဘာသာ ဆိုသော ဘာသာရပ်တစ်ခုဟာ အထက်တန်းကျောင်းသား ဖြစ်လာတော့မှ အပိုင်းပိုင်း အစိတ်စိတ် အမွှာမွှာကျကွဲကာ “ ရူပဗေဒ ၊ ဓါတုဗေဒ ၊ ဇီဝဗေဒ ” ဆိုပြီး ကွဲပြားလာခဲ့၏။ စဉ်းစား တွေးတောစရာ တစ်ခုခု ရလာခဲ့ရင် စစ်စစ်ပေါက်ပေါက် လျှောက်တွေးမိတတ်တဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ အတွက် “ ရူပဗေဒ ” ဟာ အဓိက ဇာတ်ကောင် မင်းသား တစ်ယောက် ဖြစ်ခဲ့ရဖူးပါသည်။


- Work Done -


လူတစ်ယောက်သည် မည်မျှပင် ကြိုးစားနေပါစေ ၊ မည်မျှပင် အားစိုက်ထုတ်ပါစေ ၊ မည်မျှပင် အချိန်ကုန်ခံကာ လုပ်နေပါစေ ၊ ရွေ့လျားမှု မရှိရင် “ အလုပ်ပြီးမြောက်မှု ” မရှိ ဟု ဆိုကြသည်။ ထို့ကြောင့် အလုပ်ပြီးမြောက်မှု ဆိုသည်မှာ ရွေ့လျားမှု ရှိမှ အလုပ်ပြီးမြောက်သည်ဟု ဆိုနိုင်ပါလိမ့်မည်။

တခြား တခြားသော ရူပဗေဒ သဘောတရားများကို ကျောင်းမှာ သင်ခန်းစာ အဖြစ် သင်ကြားခဲ့ရပြီး ရပ်ကွက်ကို ပြန်ရောက်ကာ သူငယ်ချင်းတွေနဲ့ တွေ့သော အခါမှာ ကျွန်တော်တို့ ရူပဗေဒကို လက်တွေ့ လေ့လာ သုံးသပ်လေ့ ရှိသည်။ အီနားရှား ဆိုရင် ဘတ်စ်ကား စီးရင်း ဘယ်လို သိနိုင် ၊ ခံစားရနိုင်သည်။ အလင်းပြန်ခြင်း အလင်းယိုင်ခြင်း ဆိုရင် ဘယ်လို သိနိုင်သည် အစရှိသဖြင့် ပြောဆိုကာ ကျွန်တော်တို့ ပျော်ရွှင်ခဲ့ကြ၏။

တစ်နေ့တော့ ကျွန်တော်တို့ ကျောင်းက ဆရာမက သင်လိုက်တာ “ အလုပ်ပြီးမြောက်ခြင်း ” ဆိုသော “ Work Done ” ဖြစ်၏။ သူ့ရဲ့ အဓိပ္ပါယ် အကျုဉ်းချုပ်ကိုက “ ရွေ့လျားမှု ရှိမှသာလျှင် အလုပ်ပြီးမြောက်သည် ” ဟူ၍ ဖြစ်သည်။ ဘယ်သူ့ ဘယ်သူမှ သေချာ မစဉ်းစားမိသေးသော အချိန်မှာ ကျွန်တော့်ဆီကို သူငယ်ချင်း တစ်ယောက်က ရောက်လာ၏။ သူနဲ့ အတူ ပုစ္ဆာပြဿနာ တစ်ခုပါ ပါလာလေသည်။

သူက အလုပ်ပြီးမြောက်ခြင်း ဆိုသော သီအိုရီ အရ သူ စဉ်းစားမိသော ဥပမာ တစ်ခုကို ပြောပြပါသည်။

“ ဆရာမက ပြောတယ်ကွာ။ ရွေ့လျားမှု ရှိမှသာ အလုပ်ပြီးမြောက်တယ်။ ရွေ့လျားမှု မရှိဘဲ ဘယ်လောက်ပဲ အလုပ်လုပ်နေပါစေ ၊ အလုပ်ပြီးမြောက်မှု မရှိဘူး လို့ ပြောတယ်။ ဒါဆို ငါတို့ အိမ်ခေါင်းရင်းက ပဲပြုတ်သည် အဒေါ်ကြီးကို သတိရတယ်ကွာ။ သူ မနက် မိုးမလင်းကတည်းက ပဲပြုတ်တောင်းကို ရွက်ပြီးတော့ ရပ်ကွက်ပတ် ပဲပြုတ် လို့ အော်ပြီး လိုက်ရောင်းနေတာကွ။

မနက် နေမြင့်လို့ ငါတို့ နိုးပြီ ဆိုတဲ့ အချိန်ကျရင် သူက ပဲပြုတ်တောင်းလေးကို ရွက်ပြီး တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ ရောင်းလို့ တောင်းထဲက ပဲပြုတ်တွေ ကုန်ပြီး ပြန်လာပြီ။ ငါတို့ မနက်စာ စားဖို့ ပြင်နေတဲ့ အချိန်မှာ သူကတော့ နေ့လည်စာ စားဖို့ ချက်ပြုတ်နေတယ်။ ငါတို့လည်း မနက်စာ စားပြီးလောက်ရင် သူက မနက် အစောကြီး ထ , ထားရလို့ တရေးတမောတောင်မှ အိပ်နေပြီ။

သူ့အတွက် မနက် မိုးမလင်းခင် ပဲပြုတ် စရောင်းဖို့ ထွက်တဲ့ နေရာက သူ့အိမ်ပဲ ၊ နေမြင့်တော့ ပဲပြုတ်ကုန်လို့ ပြန်လာတော့လည်း သူ့အိမ်ပဲ။ ရွေ့လျားမှု အရ ပြောရမယ် ဆိုရင် သူရဲ့ စမှတ်နဲ့ ဆုံးမှတ် ပြန်ဆုံတဲ့ နေရာက တစ်နေရာတည်းပဲ။ ရူပဗေဒမှာ စမှတ်နဲ့ ဆုံးမှတ် ဆုံနေရင် ဒါကို “ သုည ” ( ၀ ) လို့ ခေါ်တယ် မဟုတ်လား။ ဒါဆို သူ့မှာ အရွေ့ မရှိဘူးပေါ့။ ဒါဆိုရင် သူ မနက် မိုးမလင်းခင်က ထပြီး တစ်လမ်းဝင် တစ်လမ်းထွက် ပဲပြုတ် ရောင်းခဲ့တယ် ဆိုတာ ရွေ့လျားခြင်း မရှိတဲ့ အတွက် အလုပ်ပြီးမြောက်မှု မရှိဘူး လို့ မဆိုနိုင်ဘူးလား။ ”

သူ့ရဲ့ မေးခွန်း အပြီးမှာ ကျွန်တော်တို့ အားလုံး အံ့သြမှုတွေနဲ့ ဆွံ့အနေခဲ့ရပါသည်။ ဘာမှလည်း မပြောနိုင်သလို ဘယ်လိုမှလည်း ပြန်မချေပ နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာ ရပ်ကွက်ကို မိုးမလင်းခင်ကတည်းက လှည့်လည်ကာ ပဲပြုတ် လို့ အော်ဟစ်ပြီး ရောင်းချကာ အခု နေမြင့်နေတဲ့ အချိန်မှာ အိပ်စက်နေတဲ့ ပဲပြုတ်သည် အဒေါ်ကြီးကတော့ နားနားနေနေဖြင့် အိပ်စက်နေပါပြီ။

ထိုအဒေါ်ကြီးကိုတော့ ကျွန်တော်တို့ ဘာမှ သွားမပြောပါ။ သို့သော် ထို အဒေါ်ကြီး မနက် မိုးမလင်းခင် အစောကြီး ထကာ ရပ်ကွက်ပတ်၍ ပဲပြုတ်ရောင်းနေသော်လည်း သူ့ရဲ့ အလုပ်ဟာ အလုပ်ပြီးမြောက်မှု မရှိဘူး ဆိုကာ ပြောတတ်သော သူငယ်ချင်း တစ်ယောက်ကိုတော့ ကျွန်တော် လက်တွေ့ မြင်ခဲ့ ကြုံခဲ့ရဖူးပါသည်။ သူက မည်သို့ပင် ပြောနေစေကာမူ ပဲပြုတ်သည် အဒေါ်ကြီးကတော့ မနက် မိုးမလင်းခင်မှာ ပဲပြုတ် ဟု အော်ကာ ရောင်းနေဆဲပဲ ဖြစ်ပါသည်။

ပဲပြုတ်သည် အဒေါ်ကြီးသည် ရွေ့လျားမှု မရှိတိုင်း အလုပ်မပြီးမြောက်ဘူး ဟု ရူပဗေဒ သဘောတရား အတိုင်း တွေးကာ အိမ်မှာ စိတ်ပျက်၍ ထိုင်နေမည် ဆိုပါက သူ့မိသားစု ငတ်ရမည်မှာ ပို၍ လက်တွေ့ကျသည်ဟု ဆိုနိုင်သည် မဟုတ်ပါလား။ သို့သော် ကျွန်တော့် သူငယ်ချင်းရဲ့ မှတ်တမ်းထဲမှာတော့ ထိုကဲ့သို့ သူများသည် အလုပ်မပြီးမြောက်သော သူများသာ ဖြစ်နေပါတော့သည်။

လောက၌ ထိုကဲ့သို့ သူများ လုပ်နေသော အလုပ်ကို ကြည့်ကာ “ အလုပ်မပြီးမြောက်ဘူး ” ဟု ဆိုကာ ဝေဖန်သူများ ရှိနေနိုင်ပါသည်။ ထိုသို့သော သူများကို ကျွန်တော် မြင်ရသော အခါမှာ ရူပဗေဒ ပညာရှင် “ အိုင်းစတိုင်း ” ပဲပြုတ် ရောင်းနေသော ပုံကို ကျွန်တော့် မျက်လုံးထဲ၌ မြင်မိစေပါသည်။ ထိုအခါ ကျွန်တော် ပြုံးမိပါ၏။ ဘာလို့လဲ ဆိုတော့ အိုင်းစတိုင်း ပဲပြုတ်ရောင်းရင်း အော်သော အသံမှာ မပီကလာ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

“ ပဲပြု ”

ဟု သူ နဖူးမှ ချွေးစေးများ ထွက်လာအောင် ညှစ်ထုတ်ကာ သနားစဖွယ် အော်နေရပါတော့သည်။


- လှုပ်ရှားနေသော ဆင် -


ကျွန်တော့်မှာ သူငယ်ချင်း တစ်ယောက် ရှိပါသည်။ သူ့မှာ သူ၏ အစွဲဟု ဆိုနိုင်သော လက်သုံး စကား တစ်ခွန်း ရှိပါသည်။ ထိုစကားကို သူက အစွဲဖြစ်နေသောကြောင့် ဘာစကားပဲ ပြောပြော ဒီစကားကို ဆွဲယူကာ သုံးစွဲပါသည်။

“ ရှေ့တစ်လှမ်း တိုးမဲ့ ဆင်က နောက်တစ်လှမ်း ဆုတ်လေ့ ရှိတယ်ကွ ”

ဟု သူက ဆိုကာ ကိုးကား ပြောဆိုလေ့ ရှိပါသည်။ သို့သော် သူ ကိုးကားသော စကားပုံ ၊ ဆိုရိုးမှာ မှားယွင်းနေသည်ဟု သူပြောတိုင်း ကျွန်တော် အမြဲလိုလို ခံစားရလေ့ ရှိပါသည်။ ဒါပေမဲ့ သူ့ကို ကျွန်တော် ဘာမှ ပြန်မပြောခဲ့မိပါ။ သူကတော့ ဘာကိစ္စပဲ ဖြစ်ဖြစ် ထိုစကားကို ဆွဲယူ အသုံးပြုလေ့ ရှိပါသည်။ တော်တော်ကိုလည်း နှစ်သက်ပုံ ရပါ၏။

တစ်နေ့တော့ သူ အတန်းထဲမှာ လပတ် စာမေးပွဲ တစ်ခုမှာ သူ ကျပါလေတော့သည်။ ထိုကျသော ဘာသာမှာလည်း သူ အလွန်ကျွမ်းကျင်သော ဘာသာရပ် ဖြစ်ပါ၏။ သူ့ရဲ့ ပညာရည် မှတ်တမ်းကို ကြည့်ကာ ကျွန်တော် အံ့သြနေတုန်း သူက သူ နှစ်သက်သော ထိုစကားကို ဆွဲယူကာ သုံးစွဲပြန်ပါသည်။

“ ရှေ့တစ်လှမ်းတိုး ထိုးမဲ့ ဆင်က နောက်တစ်လှမ်း ဆုတ်သလို ပေါ့ကွာ။ နောက် လပတ်မှာ ငါ ဒီဘာသာမှာ အမှတ် အကောင်းဆုံး ဖြစ်စေရမယ်။ ကြည့်ထား . . . ”

ဟု ကြွေးကြော်ကာ ကြုံးဝါးပါသည်။ သူ ထိုဘာသာရပ်ကို ကျွမ်းကျင်တယ် ဆိုတာ ကျွန်တော် လက်ခံ ပေးနိုင်သော်လည်း အခု ဒီလမှာ ဘာကြောင့် သူ ကျတာလဲ ဆိုတာတော့ ကျွန်တော် မဖြေရှင်းတတ်ပါ။ ဒီအတွေးကြောင့် ကျွန်တော် တွေဝေနေတုန်း သူက သူ့ရဲ့ လက်သုံးစကားကို ထုတ်သုံးတော့ နဂို အခံကိုက မှားနေတယ် ဟု ကျွန်တော့် စိတ်ထဲမှာ ထင်နေသော သူ့လက်သုံး စကား အတွက် ကျွန်တော် ပြောဖြစ်သွား၏။

“ မင်း စကားပုံလေးနဲ့ မင်းတော့ မှန်တယ် လို့ ထင်ချင် ထင်လိမ့်မယ်။ ငါ့ နားထဲမှာတော့ မှားနေသလိုပဲ သူငယ်ချင်း။ တကယ်ဆို ထိုးမဲ့ဆင်က နောက်တစ်လှမ်း ဆုတ်တယ် ဆိုရင်တောင်မှ ငါက လက်ခံချင် လက်ခံမိဦးမယ်။ ထိုးစစ် ဆင်တယ် ဆိုတာ မနိုင်မချင်း တတ်ကာ ၊ ဆင့်ကာ ရှေ့ကို တတ်သွားတာ မဟုတ်လား။ အခြေအနေ မဟန်ရင်တော့ နောက်ပြန် ဆုတ်လာသင့်ရင် ဆုတ်လာ မှာပေါ့လေ။ ဒီလို ရှေ့ကို အားနဲ့ တတ်ထိုးဖို့ အတွက် အားယူတဲ့ အနေနဲ့ နောက်တစ်လှမ်း ဆုတ်တယ် ဆိုရင် ငါ လက်ခံတယ်။
အခုတော့ မင်း ပြောနေတာက ရှေ့ကို တစ်လှမ်း တိုးဖို့ နောက်ကို တစ်လှမ်း ဆုတ်လိုက်တယ် ဆိုတော့ နောက်ကို တစ်လှမ်းဆုတ်ပြီး ရှေ့ကို တစ်လှမ်းပဲ တိုးမှာလို့ ပြောလိုက်တာပဲလေ။ ဒီတော့ နောက် တစ်လှမ်း ဆုတ်ပြီးလို့မှ ရှေ့ကို ပြန်တတ်မှာက တစ်လှမ်းပဲ ဆိုမှတော့ သူငယ်ချင်းရာ မင်းဟာက နောက်ကို မဆုတ်ခင်က နေရာပဲ မဟုတ်လား။ ဒီတော့ မင်းက ရှေ့ကို ရောက်အောင် ဆက်တိုးဖို့မှ မဟုတ်ဘဲ။ မင်းက ရှေ့တိုးတယ် ဆိုပြီး ပြဖို့ အတွက် နောက်ကို ဆုတ်နေတာပဲ။ ဒီတော့ တကယ် ရှေ့တိုးပြန်တော့လည်း ပထမ မူလ ရှိနေတဲ့ နေရာပဲလေ။

တစ်ခုခု ဖြစ်လိုက် ရှေ့ကို တစ်လှမ်းတိုးဖို့ နောက်ကို တစ်လှမ်းဆုတ်လိုက်နဲ့ ဆိုတော့ ငါ့မျက်လုံးထဲ မှာတော့ မင်းက နေရာ မရွေ့ဘဲ နောက်ဆုတ် ရှေ့တိုး လုပ်နေတဲ့ ဆင်ကြီး တစ်ကောင်ပဲ ဖြစ်နေတာ ပါပဲလား။ သူ့ကို နီးစပ်အောင် အပြင်လောကမှာ ဘာနဲ့ ဥပမာ ပေးရမလဲ ဆိုရင် ကလေးတွေ စီးစီးနေတဲ့ “ လှုပ်မြင်းရုပ် ” တွေလိုပေါ့။ သူတို့မှာ ခြေထောက်တွေ မပါဘူး။ အဲဒီအရုပ်တွေမှာ ခြေထောက် အစား လှုပ်လို့သာ ရတဲ့ အောက်ခြေကို ခပ်ပြန့်ပြန့် ပစောက်ပုံစံ အချောင်းတွေ တပ်ထားတယ်။ ဒီတော့ သူတို့ပေါ်ကို တတ်စီးသူ မှန်သမျှက လှုပ်တော့လှုပ် နေတာပါပဲ။ ဒါပေမဲ့ ဘယ်တော့မှ ခရီး မရောက်ဘူး။ လှုပ်တုပ် လှုပ်တုပ် နဲ့ပဲ ပြီးသွားတာပါပဲ။ ”

ကျွန်တော် အဲဒီလို သူ့ကို ပြောလိုက်တော့ သူက နဖူးကြောတွေ ရှုံ့ကာ အတန်ကြာ စဉ်းစားနေ၏။ နောက်တော့ တဟားဟား အော်ရယ်ပြီး . . .

“ အေးကွ . . . မင်းပြောမှပဲ ငါ့ရဲ့ ဆင် စကားပုံကြီး မှားနေတာ သတိထားမိတော့တယ်။ ဟုတ်ပကွာ ၊ ရှေ့တစ်လှမ်းလေး တိုးဖို့ နောက်တစ်လှမ်း ဆုတ်နေမှတော့ ဘယ်လိုလာ ခရီးရောက်တော့မလဲ ၊ လှုပ်ရှားမှုပဲ ရှိပြီး ခရီး မတွင်တော့ဘူးပေါ့ကွာ ”

ဟု ဝမ်းသာ အားရ ပြန်ပြောပါလေတော့သည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ရှေ့ကို တိုးစရာ ရှိတာ မတိုးဘဲနဲ့ နောက်ကို ပြန်ပြန် ဆုတ်နေသော လူမျိုးတွေ တွေ့ရ ၊ မြင်ရ ၊ ကြုံရနိုင်ပါ၏။ ထိုလူများနှင့် တွေ့သော အခါ ကျွန်တော် သူတို့ကို လှုပ်နေသော မြင်းရုပ်ကို စီးနေသော ဆင် တစ်ကောင်ကို မြင်ယောင်ကာ ပုံဖော်ထားလေ့ ရှိပါသည်။

ပြောမဲ့သာ ပြောရတာပါ။ ထိုဆင် ခဗျာမှာလည်း အတော်ကို ဒုက္ခကြီးမားလှပါသည်။ သူ့ရဲ့ မတန်တဆ ခန္ဓာကိုယ်ကြီးဖြင့် မြင်းပေါ် တတ်ထိုင်နေရသောကြောင့် သူတို့ကို ကျွန်တော် အလွန်ပင် စိတ်ကူးထဲမှာပင် သနားနေ မိပါသေးသည်။ သူတို့ဘဝတွေသည် . . .

“ လှုပ်တုပ် . . . လှုပ်တုပ် ” မျှသာ ဖြစ်သည်။


- နွားစာပင် -


ကျွန်တော့်မှာ သူငယ်ချင်း တစ်ယောက် ရှိပါသည်။ သူသည် သူလုပ်နေသော အလုပ်တစ်ခုကို တစ်ယောက်ယောက်က အပြစ်တင်သော အခါ ၊ တစ်ယောက်ယောက်က မကဲ့ရဲ့သော အခါမှာ သူ့ရဲ့ လက်ကိုင် ဆောင်ပုဒ်ကို ဖွင့်ဟလေ့ ရှိသည်။ ထိုဆောင်ပုဒ်၏ မူရင်းသည် ဘယ်က လာလဲ ကျွန်တော် မသိပါ။ သူကတော့ ဒီဆောင်ပုဒ်သည် “ စကော့တလန် ဆောင်ပုဒ် ” ဖြစ်သည် ဟု ဆိုပါသည်။

“ နွားတွေက ပြောတယ်။ လူတွေဟာ မြက်ရဲ့ အရသာကို မသိဘူး . . . တဲ့။ ”

ကျွန်တော့် သူငယ်ချင်း သုံးစွဲသော စကားပုံလေးက ဒီလောက်ပဲ ရှည်ပါ၏။ အတော်အတန်လည်း အတွေးအခေါ် ပါပါသည်။ နွားတွေ စားနေသော မြက် ဆိုတာလည်း နွားတွေ အတွက်တော့ အရသာ ရှိလို့ စားတာ ဖြစ်ပြီး ၊ ဒီမြက်ကို လူတွေ မစားတဲ့ အတွက် လူတွေက မြက်က မကောင်းဘူး လို့ ဆိုတာကို နွားတွေက ဒေါသထွက်လေ့ မရှိဘူး ဟု သူက ဆိုချင်ဟန် တူပါသည်။ သူက ဆောင်ပုဒ်လေးကိုသာ ပြောပြပြီး ထိုဆောင်ပုဒ်ရဲ့ အနက်ကို သူက ချပြကာ ရှင်းပြလေ့ မရှိပါဘူး။ ဒါကြောင့် တောင်ရောက် မြောက်ရောက်သာ ကျွန်တော့်မှာ ဖမ်းဆုပ်နိုင်ပါသည်။

တစ်ခါတလေ သူလုပ်နေသော ၊ သူ တီထွင်နေသော ကိစ္စရပ် တစ်ခုကို တစ်ယောက်ယောာက်က ဒါကတော့ မဖြစ်နိုင်ပါဘူး ဆိုတဲ့ အခါကျရင် သူက သူများတွေလို “ ခွေးဟောင်တိုင်း ထကြည့်ရင် အိပ်ရေးပျက်တယ် ” ဆိုသော အနည်းငယ် ထိပါးရင့်သီးသော စကားလုံးကို မသုံးစွဲပဲ သူက သူ့ကိုယ်သူ နွား အဖြစ်ခံကာ ထိုဆောင်ပုဒ်ဖြင့်သာ ချေပလေ့ ရှိပါသည်။

သူက ဒီလို ပျော့ပျော့ပြောင်းပြောင်း ပြောသော်လည်း ကျွန်တော့် အတွေးမှာတော့ မင်းတို့လည်း ဒီမြက်ရဲ့ အရသာကို သိချင်ရင် လိုက်စားကြည့်ပေါ့ကွာ ၊ ငါ့လို နွားဖြစ်အောင် အရင်လုပ်ပေါ့ ဟု ဆိုကာ စိန်ခေါ်သံများဖြင့် အတိပြီးနေသည် ဟု ခံစားမိပါသည်။ သူကတော့ အမြဲတမ်း ပြုံးလျက်သာ ပြန်ပြောပါ၏။ တကယ်လည်း သူ့ကို ဘာမှ မထိပါးသလို ဖာသိဖာသာ နေနိုင်သူလည်း ဖြစ်၏။

ဟိုတလောက သူနဲ့ ကျွန်တော် တွေ့ဖြစ်တော့ သူက သူ့ကျောပိုးအိတ်ထဲမှ စိမ်းစိမ်း အရည်များ ပါသော ဘူးတစ်ဘူးကို ထုတ်တိုက်၏။ ကွိစိကွစများဖြင့် ရေးထားသောကြောင့် သေချာ ပြုးပြဲ ကြည့်လိုက်တော့ တရုတ်စာ မဟုတ်ဘဲ ဂျပန်စာ ဖြစ်ပါသည်။ ဘယ်လိုပင် ဖြစ်နေပါစေ ဘူးပေါ်ရှိ တံဆိပ်မှာ ပြထားတာက ပင်စိမ်းစိမ်းလေးတို့မှ ထုတ်လုပ်သော အချိုရည် ဟု အကြမ်းဖျဉ်း သတ်မှတ်ကာ သူ့ကို ဒါ ဘာအချိုရည်လဲ လို့ မေးတော့ သူက “ မြက်ပင်က ထုတ်တဲ့ အချိုရည် ” လို့ ဆိုပါ၏။

“ သောက်ကြည့်စမ်းပါ ” လို့ သူက ထပ်၍ တိုက်တွန်းသောကြောင့် ဘူးကို ဒီအတိုင်းဖွင့်ကာ မောချလိုက်တော့ မြက်စိမ်းနံ့ကို လုံးဝ မရဘဲ သဘာဝ အချိုရည် ဆိုသော ဓါတု ဖြည့်စွက် အရသာ မများလွန်းသော အရသာ တစ်ခုကို ရလိုက်ပါ၏။ “ ဘယ်လို နေလဲ ၊ ကောင်းလား ” လို့ သူ့ရဲ့ ထပ်အမေးကို ကျွန်တော် ခေါင်းညိတ်ကာ အဖြေပေးလိုက်ပါသည်။ ဒီတော့ သူက သူ့ထုံးစံ အတိုင်း ခပ်ပြုံးပြုံး လုပ်ပြီး . .

“ ဒါက မြက်က ထုတ်ထားတာ ဆိုတာ မင်းကတော့ သဘောပေါက်မှာပါ။ ငါ ပြန်ရင် ဟိုကောင်တွေကို တိုက်ဖို့ ဒီအချိုရည်ဘူးတွေချည်းပဲ အလေးခံပြီး ဘူး ၂၀ တောင်မှ ဝယ်ထားတယ်။ ဒါမှလည်း နွားစားတယ် ဆိုတဲ့ မြက်ပေမဲ့ သူ့ရဲ့ အရသာကို လူတွေ သိရင် လူတွေလည်း သဘောကျမှာပါ ဆိုတာ သူတို့ သိသွားမှာပေါ့ကွာ။ နို့မို့ဆို လူတွေက မလွယ်ဘူးဟေ့ ၊ ကိုယ် မစားတိုင်း အဲ . . . မလုပ်နိုင်တိုင်း သူများ လုပ်နေတာကို တွေ့ရင် ဘေးကနေ အရသာ မသိဘဲ ကန့်ကွက် ပြောချင်ကြတယ်။

နွားတွေ ဘာလို့ မြက်ကို စားတာလဲ ဆိုတော့ နွား အတွက် ကောင်းလို့ ၊ အရသာ ရှိလို့ ၊ အဟာရ ဖြစ်လို့ပေါ့ကွာ။ မြက်တိုင်းကိုတော့ နွား မကြိုက်တာတော့ ဟုတ်တာပေါ့။ အခုလို အချိုရှည် ထုတ်တဲ့ မြက်ကိုတော့ နွားတွေ ကြိုက်မှကြိုက်ပဲ။ နွား မပြောနဲ့လေကွာ အခု လူတွေတောင်မှ အရမ်းကို ကြိုက်နေကြတာ။ ဒီအချိုရည် ဂျပန်မှာ အခုနောက်ပိုင်း အရမ်း သောက်ကြတာကွ ”

ဟု ဆိုပါသည်။ လူတွေရဲ့ လေ့လာ တီထွင်မှုကတော့ ကြောက်စရာ ကောင်းလှပါသည်။ နွားတွေ အရသာခံကာ စားသုံးသော မြက်ရဲ့ အရသာကိုတောင်မှ လူတွေပါ ခံစားနိုင်အောင် တိုးတတ်သထက် တိုးတတ်အောင် တီထွင် ကြံဆနိုင်ကြပေသည်။ တချို့လူများသည် မြက်ကို နွားစာ အဖြစ်သာ မြင်ပြီး ရပ်နေသော အခါမှာ တချို့တော့ နွားစာ အဖြစ်မှ လူစာ အဖြစ်ကို ရောက်အောင် ဆက်သွားနိုင် ကြပေသည်။

လူ့ပတ်ဝန်းကျင်မှာ သူများတွေ လုပ်နေတာကို မြင်ရင် အမြဲတမ်း အပြစ်တင် ၊ ဝေဖန် ၊ ကဲ့ရဲ့တတ်သူများ ရှိတတ်ပါသည်။ သူတို့ကို ကျွန်တော် မြင်တိုင်း မြက်မစားတော့ဘဲ လူတွေ သောက်နေသော မြက်အချိုရည်ကို လိုက်သောက် နေသော နွားများကိုသာ မြင်ယောင်နေမိပါသည်။ လူတွေရဲ့ စားနပ်ရိက္ခာ ရှားပါးမှုက နွားတွေ အပေါ်မှာပါ သက်ရောက်နိုင်တယ် မဟုတ်ပါလား။ ဒီအချိန်ဆိုရင် နွားဆိုတာ မြက်ပဲ စားရတယ် ဆိုတဲ့ လူတွေကတော့ မြက်အချိုရည်ကို သောက်နေသော နွားတွေ အစား သူတို့ “ မြက် ” တွေများ စားနေကြမလား ဟု မြက်စားနေသော လူတွေကို တလှည့် ပြန်မြင်မိပါသေးသည်။

သူတို့သာ မြက်တွေကို စားရင် မြက်ပင်အောက်ခြေမှ သဲများ ၊ ရွံ့များကိုပါ ဝါးမိပြီး “ တရှပ်ရှပ် ” နဲ့များ ရှုံ့တွတွ ဖြစ်နေမလား လို့ ကျွန်တော် မြင်ယောင်မိပါသည်။


*** ထိုအချိုရည်ရဲ့ နာမည်ကို မမှတ်မိလို့ Google ကပဲ အထက်က ပုံလေးကို ရှာတင်လိုက်ပါတယ်။ ***

ဖြည့်စွက်ချက်။ ။ 2/09/2011 01:11:00 PM Anonymous ရဲ့ ကူညီ ရေးသားထားချက် အရ ထိုအချိုရည်မှာ မြက် မဟုတ်ပါ။ စပါး မျိုးနွယ် တမျိုး ဖြစ်ပါသည်။ Aojiru ဟုဂျပန်လို့ ခေါ်ပါသည်။ http://www.aojiruusa.com/ မှာ ဝင်ရောက် လေ့လာနိုင်ပါသည် လို့ ဆိုပါတယ်။ ကျွန်တော်ကလည်း ဂျပန်လို မဖတ်တတ်တော့ သူငယ်ချင်း ပြောသလောက်ပဲ သိရတာပေါ့လေ။ မြက် မဟုတ်ဘဲ ၊ စပါးပင် ဆိုတော့လည်း ခြောက်သွားရင် “ ကောက်ရိုး ” ဖြစ်ပြီး နွားစားတာပဲ ဆိုတော့ ကျွန်တော်လည်း အထဲက စာသားတွေ မပြင်တော့ဘဲ ခေါင်းစဉ်ကိုသာ “ နွားစာပင် ” လို့ ပြောင်းလိုက်ပါတယ်။ မြက်ရော ၊ စပါးပင် ( ကောက်ရိုး ) ရော နွားစာတွေပဲ မဟုတ်လား။ ဖြည့်စွက်ပေးတဲ့ အတွက် Anonymous ကို ကျေးဇူးတင်ပါတယ်။



မှတ်ချက်။ ။

ဒီဘုံဘဝမှာ ကြုံဆုံရတဲ့ သူငယ်ချင်းတွေနဲ့ အဖြစ်အပျက်လေးတွေကို ဘာစိတ်ကူးမှ မရှိဘဲ ချရေးလိုက်တာပါ။ နေမကောင်း ဖြစ်လို့ နားကောင်းကောင်းနဲ့ နားလိုက်တာ စာကို ရေးချင်စိတ်ပါ မရှိ ဖြစ်သွားတယ်။ ပြီးတော့ လက်ဆောင်ရထားသော စာအုပ်တွေ ၊ ဝယ်ထားတဲ့ စာအုပ်တွေ ၊ အွန်လိုင်းက စာအုပ်တွေကလည်း များသထက် များလာပြီး စာကြွေးတွေ ဖြစ်နေလို့ ဒီစာတွေ ဖတ်တာ များနေလို့ စာကို သိပ်ရေးချင်စိတ် မရှိတော့ သလို ဖြစ်သွားတယ်။ စိတ်ပါလာရင်တော့ ရေးလက်စတွေ လက်စသတ်ဖို့ အများကြီး ရှိပါသေးတယ်။ ရေးပါ့မယ်။

ကျန်းမာ ပျော်ရွှင်ကြပါစေ။


လေးစားစွာဖြင့်
ကိုဇော်

Share/Bookmark