မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 February 2010

2 ပြဿနာ ဆိုသော လမ်းမများ

ပျင်းရိပေါ့တန်သောသူ
သတိတရားကင်းမဲ့သောသူတို့အား
“ အာနာပါန ” တရားတော်ကို ငါမဟော။

ဗုဒ္ဓ



မနေ့က . . .

ကျွန်တော့်မှာ အလုပ်ချိန်လည်း မဟုတ်ပဲနဲ့ စူပါ တစ်ယောက်ခေါ်သွားတဲ့ Customer တစ်ယောက်ဆီကို လိုက်သွားရသေးတယ်။ တကယ်ဆို သူကလည်း အလုပ်ပိတ်ရက် ၊ ကျွန်တော်ကလည်း အလုပ်ချိန်မဟုတ်ဘူး။ အိပ်ချိန်။

ဒါပေမဲ့ ဒီ စူပါ က ဘယ်သွားသွား ကျွန်တော့်ကိုပဲ ခေါ်တယ်။ လမ်းမှာ သူနဲ့ အလာပ သလာပ ပြောလို့ရတာလည်း ပါတာပေါ့လေ။ သူ ကျွန်တော့်ဆီကို ဖုန်းလှမ်းဆက်တော့ မနက် ၁၁ နာရီကျော် ၊ ကျွန်တော် မအိပ်ရသေး။ ရေချိုး စားသောက်ပြီးရုံသာ။ သူက “ နေ့လည် ၂ နာရီ လာခေါ်မယ် ၊ လိုက်မလား။ ” ဆိုတော့ ကျွန်တော်လည်း သူ့ကို အားနာတာနဲ့ “ အေး. . လိုက်ခဲ့မယ်။ ” ပြောလိုက်ပြီး ဘာမှ မလုပ်နိုင်ပဲ တန်းအိပ်လိုက်တော့တယ်။

သူ ကျွန်တော့်ကို ဖုန်းဆက်ကြိုနှိုး ၊ ကျွန်တော် ရေချိုးပြီး သူ့ နဲ့ ချိန်းထားတဲ့ စက်ရုံရှေ့ကို ရောက်တော့ ၂ နာရီ။ ဒါနဲ့ သူ့ကားပေါ်တတ်ပြီး သွားရင်းနဲ့မှ အခု သွားရတဲ့ ကိစ္စကို သိတော့တယ်။ မနေ့က မနက်က Customer က လာဝယ်သွားတာကို ကျွန်တော့်် သူငယ်ချင်း တစ်ယောက်က ပစ္စည်း မှားရောင်းလိုက်တယ်။ သူလိုချင်တာက ၈ ပေ အမြင့် ၊ ရောင်းလိုက်တာက ၉ ပေ ။ ဒါကြောင့် ဟိုရောက်တော့ တပ်လို့မရတော့ဘူး။

Customer ကလည်း သူ့ဆိုင်ကို မနက်ဖြန်မှာ ဖွင့်မှာ ဆိုတော့ ဖုန်းဆက် ပြောတယ်။ ဒါနဲ့ပဲ သူဌေးက ဒီ စူပါကို လွှတ်ပြီး သွားလဲခိုင်းတာ။ ဒါကို စူပါက ကျွန်တော့်ကို ထပ်ပြီး “ တိုင်ကယ် ” ချိတ်သွားတယ်။

အတော်ကို ဝေးတဲ့ ခရီးတစ်ခုပါပဲ။ တစ်နာရီကို ကီလိုမီတာ ၁၂၀ ကျော်မောင်းနေတာတောင်မှ ၃ နာရီလောက် သိပ်သိပ်သည်းသည်း မောင်းရတယ်။ အိပ်ရေးက မဝသေးတဲ့ ကျွန်တော်ကလည်း ကားထဲမှာ ထိုင်းထိုင်းမှိုင်းမှိုင်း ။ အဝေးပြေးကားလမ်းရဲ့ တပြန့်တပြူး ကျောခင်းထားတဲ့ လမ်းကလည်း ညီညီညာညာ ၊ ကျွန်တော် သူနဲ့ စကားမပြောပဲ ခဏကြာလာရင် လေးလံလာတဲ့ မျက်ခွံတွေက ကျွန်တော့် အမြင်တွေကို ပိပိကျတယ်။

တစ်နေရာရောက်တော့ ကျွန်တော် တော်တော် မျက်လုံးပိတ်မိပြီး ဘယ်လောက် ငိုက်လာမိလဲ မသိဘူး။ ရုတ်တရက် ကားကို တစ်ယောက်ယောက်က ကိုင်လှုပ်လိုက်သလို “ တဒုတ်ဒုတ် ” နဲ့ ခုန်သွားလို့ ကျွန်တော့် မျက်ခွံတွေကို အသာဆွဲလှန်ပြီး အပြင်ကို ကြည့်လိုက်တော့ ကားလမ်းက ပေါ်မှာ အဝါရောင် မျဉ်းကြားလေးတွေနဲ့ ကားလမ်းကို ကန့်လန့်ဖြတ် တားထားသော မျဉ်းဝါတွေကို တွေ့လိုက်ရတယ်။

ဒီနေရာမှာ နည်းနည်းပြောပြဦးမယ်။ လူကူးမျဉ်းကြား ဆိုတာ ကားလမ်းကို အလျားလိုက် တားထားတာပါ။ လူတွေ အတွက်တော့ ကူးဖို့ ကန့်လန်တွေပေါ့။ အခု မျဉ်းတွေကတော့ ကားတွေ အတွက်ပဲ ကန့်လန်ဖြတ်တားထားပြီး လူတွေ အတွက်က ဘာမှ မဆိုင်ဘူး။ ဒီမျဉ်းတွေကို “ အိပ်ချင်ပြေမျဉ်း ” လို့ခေါ်တယ် ဆိုပြီး ကျွန်တော့်အဖေကတော့ ပြောဖူးတယ်။

ဘာလို့ အိပ်ချဉ်ပြေမျဉ်း ဖြစ်ရတာလဲဆိုတော့ လူတွေက ကားမောင်းတာ ကြာလာရင် ပျင်းပြီးတော့ အိပ်ငိုက်သွားလေ့ရှိတယ်။ ဒီတော့ လမ်းကွေ့တွေမှာ ငိုက်ပြီး တောင်တွေနဲ့တိုက် ၊ ချောက်ထဲတွေ ထိုးကျသွားတတ်တယ်။ ဒီတော့ ဒီလိုနေရာတွေမှာ ဒီမျဉ်းလေးတွေကို ကားလမ်းပေါ်မှာ ကန့်လန့်ဖြတ် တားထားလိုက်တယ်။

ဒီမျဉ်းမှာလည်း ပညာပါတယ်။ ဒီအတိုင်း ရိုးရိုးဆေးချည်းပဲ မဟုတ်ဘူး။ ဆေးမသုတ်ခင် သူ့ရဲ့ အောက်မှာ ကား သူ့အပေါ်က ဖြတ်သွားရင် “ ဂလုပ် ၊ ဂလုပ် ” “ ဒုတ် ၊ ဒုတ် ” ဆိုပြီး ခုန်အောင် သံထု ထူထူနဲ့ ခံပြီးမှ အပေါ်က ကတ္တရာစေးလောင်းပြီး ဖုံးထားတယ်။ ဒီအပေါ်ကမှ ဆေးအဝါ သုတ်တယ်။

ဒီတော့ ဒီအပေါ်က ကားမောင်းသွားသူတွေက လမ်းပြင်ညီလို မဟုတ်တော့ ဒါကို ဖြတ်တိုင်း ဂလုဂလု နဲ့ ခုန်နေတော့ အိပ်ငိုက်နေသူတွေ မျက်လုံး ကျယ်သွားစေတယ်။ ဒါပေမဲ့ ဒါတွေ အားလုံးကို မြို့တွင်း လမ်းကွေ့တွေမှာပဲ လုပ်ထားလေ့ရှိတယ်။ အခုတော့ မြို့ပြင် အဝေးပြေးလမ်းပေါ်မှာ ဆိုတော့ ကျွန်တော် တော်တော် အံ့သြသွားတယ်။

ဒါနဲ့ပဲ ဟိုးအရင်က ဖတ်ခဲ့ဖူးတဲ့ Jon Thone ၏ Highways ဆိုတဲ့ စာလေးကို သွားသတိရမိတယ်။ ဒါနဲ့ပဲ ပြန်ပြီး မငိုက်ဖြစ်ပဲ။ ဒီနေ့တော့ ဒီစာလေးရေးမယ် ဆိုပြီး စာလေးကို ပြန်စဉ်းနေမိတယ်။ ဒီစာလေးကတော့ ဒီလို ဘဝရဲ့ အဝေးပြေးလမ်းမတွေကို ပုံဖော်ပြောတယ်။

---------------------------------------------------------------------------------------------------------

တစ်နေ့ အရမ်းကို စိတ်ဓါတ်ကျနေတဲ့ လူတစ်ယောက်က စိတ်ပညာရှင် “ မက်စ် ” ဆီကို ရောက်လာတယ်။ သူတို့က စပိန်နိုင်ငံမှာ နေကြတယ်။ စိတ်ဓါတ်ကျနေသူက “ မက်စ် ” ကို ပြောတယ်။

“ ဆရာ ၊ ကျွန်တော့်မှာ တစ်နေ့တစ်နေ့ ပြဿနာတွေ ပိုများလာတယ် ဆရာ။ တစ်ခုပြီး တစ်ခု တွေ့နေရတယ်။ ” “ ဘယ်လို ပြဿနာတွေ ပိုများလာတာလဲဗျ။ ဘာတွေများ ကြုံတွေနေရလို့လဲ။ ”

ဒီတော့ လူနာက စိတ်ညစ်နွမ်းစွာ နဲ့ သူ့အသံတိုးတိုးကို လေသံနဲ့ ပြောတယ်။

“ ဆရာရယ်။ ကျွန်တော်က ပြဿနာ ကို ရင်ဆိုင်ရမှာ ကြောက်တဲ့ လူတော့ မဟုတ်ပါဘူး။ ”

“ ဟာ. .ကောင်းတာပေါ့။ ဒါအရမ်းကောင်းတဲ့ သဘောထား ပဲလေ။ ”

“ ဟုတ်ပါတယ် ဆရာ။ ဒါပေမဲ့ အခု ကျွန်တော့်မှာက ပြဿနာ တစ်ခုကို ရှင်းလို့ ပြီးတယ် ဆိုရုံပဲ ရှိသေးတယ်။ နောက်တစ် ပြဿနာ တစ်ခုက ရောက်လာတာပဲ ဆရာ။ ဒီ ပြဿနာ ကို ကျွန်တော် ကိုင်တွယ် ဖြေရှင်းလို့ အဆင်ပြေသလောက်ရှိနေပြီ ဆိုရင် နောက်ထပ် ပြဿနာ တစ်ခု ထပ်တွေ့ပြန်တာပါပဲ။

ဒီတော့ ဆရာရယ်။ ပြဿနာတွေကို ဆက်တိုက် ရင်ဆိုင်နေရတော့ ကျွန်တော် ဘယ်လိုမှ ခံနိုင်ရည် မရှိတော့ဘူး။ ကျွန်တော် ကြာရင် တစ်ခုခု ဖြစ်သွားနိုင်တယ်။ ”

ဒီတော့ “ မက်စ် ” က သူ့ကို ဘာမှ တိုက်ရိုက် ရှင်းပြ ပြောဆို မနေပဲ ခဏစောင့်နေတယ်။ ခဏနေတော့မှ. . .

“ ကျွန်တော် ခင်ဗျားကို အမေရိကန် နို်င်ငံက အဝေးပြေးလမ်းတွေ အကြောင်းကို ပြောပြမယ်။ ခင်ဗျား အမေရိကားကို ရောက်ဖူးလား။ ”

“ မရောက်ဖူးဘူး ဆရာ။ ”

“ ဟုတ်ပြီ။ အခု ရောက်ပြီလို့သာ သဘောထားဗျာ။ ကျွန်တော် အခု ပြောပြမယ်။ အမေရိကားမှာ ရှိနေတဲ့ တစ်မြို့နဲ့ တစ်မြို့ကို ကူးသန်းရောင်းဝယ်ဖောက်ကားဖို့ အဝေးပြေးလမ်းတွေ ဖောက်တော့ ဟိုးအရင်က လမ်းဆိုတာ ဖြောင့်နိုင်သမျှ ဖြောင့်မှ လွယ်ကူမယ် ၊ အဆင်ပြေမယ် ဆိုပြီး အဝေးပြေးကားလမ်းဖောက်တဲ့ အင်္ဂျင်နီယာတွေက တောင်တွေကို ဖြတ်ထုတ် ၊ မြေတွေကို ဖို့ပြီး လမ်းတွေကို ဖြောင့်နိုင်သမျှ ဖြောင့်အောင် တည်ဆောက်ခဲ့ကြတယ်။

ဒါပေမဲ့ သူတို့ ထင်သလို သွားလာရေး လွယ်ကူခဲ့ပေမဲ့ လူအသေအပျောက် အလွန်များလာခဲ့တယ်။ ဘာလို့ လူသေများလာလည်း ဆိုတော့ အဝေးပြေးလမ်း ဆိုတာ တစ်မြို့နဲ့ တစ်မြို့ရောက်အောင် မိုင်ပေါင်းများစွာ မောင်းရတာ မဟုတ်လား။ ဘာမှ ဘေးမှာ ထူးထူးခြားခြားလည်း ကြည့်စရာ မရှိ။ ကားပေါ်မှာလည်း ကိုယ်ကလွဲရင် ဘယ်သူမှ မပါဘူး။ နေ့စဉ် ရက်ဆက် ကားမောင်းခွေကို ကိုင်ပြီး တသတ်မှတ်ထဲ ဖောက်လုပ်ထားပြီး ပြန့်ပြူးညီညာနေတဲ့ လမ်းပေါ်မှာ ပျင်းရီငြီးငွေ့စရာ မောင်းနေရတော့ ကြာလာရင် လူတွေက ငိုက်လာတယ်။

ဒီတော့ တဖြောင့်တည်းဆိုတဲ့ နေရာတွေမှာ ကားမောင်းခွေကြီး ကိုင်ပြီး ငိုက်နေလို့ ဘာမှ မဖြစ်ပေမဲ့ ၊ မဖြစ်မနေ လမ်းချိုးလေးတွေ ၊ အကွေ့လေးတွေမှာ ခုနက တောက်လျှောက် အိပ်ငိုက်ပြီး မောင်းလာသူတွေ ကားလမ်းပေါ်ကနေ ချော်ကျတော့တာပဲ။
လူပေါင်းများစွာ သေဆုံးရလို ၊ ဒုက္ခိတများစွာကိုလည်း ဖြစ်လာစေတယ်။ ဒါနဲ့ လမ်းဖောက်တယ် ဆိုတဲ့ အင်္ဂျင်နီယာတွေကတော့ လမ်းဖြောင့်အောင် ဖောက်တာ ဟုတ်ပါပြီ။ အခုလို အသက်နဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာတဲ့ အခါမှာ သူတို့ အပြန်ပြန်အလှန်လှန် စဉ်းစားပြီး လူအများ အံ့အားသင့်စေတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့တယ်။ ဒါက ဘာဖြစ်မယ်လို့ ထင်လဲ။ ”

“ မ. . .မပြောတတ်ဘူး ဆရာ။ ”

“ ဒါကတော့ အဝေးပြေးလမ်းမတွေမှာ ကားလမ်းမတွေကို အရင်လို ဖြောင့်နိုင်သမျှ ဖြောင်အောင် ဆိုတာထက် ၅ ကီလိုမီတာ ( သို့ ) ၁၀ ကီလိုမီတာမှာ တစ်ခု အနေနဲ့ ဖြောင့်နေတဲ့ လမ်းတွေကို တမင်ကို ကောက်သွားအောင် ကွေ့သွားအောင် လုပ်ပြီး ဖောက်လုပ်ဖို့ သဘောတူလိုက်ကြတာပဲ။ ”

“ ဗျာ။ တကယ်လား ဆရာ။ အရင်လို ဖြောင့်နေတာတောင်မှ ဒီလောက် ချောက်ထဲ ကျသေနေဆို ၊ အခုလို တမင်ဖြောင့်နေတာကို ကောက်အောင် လုပ်လိုက်တယ် ဆိုတော့ ပို မသေကုန်ဘူးလား။ ”

“ ဟုတ်ပါတယ်။ လူတွေအားလုံးကလည်း ဒီလိုပဲ တွေးကြပါတယ်။ တကယ်တမ်း လက်တွေ့မှာတော့ အိပ်ငိုက်ပြီး ချောက်ထဲ ကျသွားတယ် ဆိုတဲ့ လူတွေ ၈၇ ရာခိုင်နှုန်း လျှော့နည်းသွားတယ် ဆိုတာပါပဲ။ ”

“ ဟာ . . ဟုတ်လား ဆရာ။ ဘာလို့များလဲ။ ”

“ ဟုတ်တယ်ဗျာ။ အမှန်ပါပဲ။ ဘာလို့လည်း ဆိုတော့ လူဆိုတာ ဖြောင့်တန်းသာယာနေရင် သတိ ဆိုတဲ့ စိတ်က မရှိတော့ဘူး။ ဒီတော့ ပျင်းရိ ငိုက်မျဉ်း လာတတ်တယ်။ လူဆိုတာ အခက်အခဲလေးတွေ တစ်ရာရာမှာပေါ်လာနိုင်တယ် ဆိုတော့မှ အမြဲတမ်း သတိက ရှိနေပြီး ၊ ပျင်းရိ ငိုက်မျဉ်းနေတယ် ဆိုတဲ့ စိတ်တွေက ဖြစ်မလာတော့ဘူး။

ဒီတော့မှ လူက အမြဲတမ်း တတ်ကြွနေတာ။ အမြဲတမ်း ဖြတ်လတ်နေတာ။ ဒါပေမဲ့ လူတွေ အားလုံးကတော့ ပြဿနာ ဆိုရင် ငါတို့ကို ဒုက္ခပေးမဲ့ အရာလို့ပဲ ထင်နေတတ်ကြတယ်။ တကယ်တော့ “ ပြဿနာ ” ဆိုတာ ကိုယ့်ကို “ သတိ ” အမြဲတမ်း ရှိနေအောင် နှိုးဆော်ပေးနေတဲ့ ကျေးဇူးရှင်တွေပါ။


“ ဆရာ ပြောချင်တာ ကျွန်တော် အခုမှ သဘောပေါက်ပါပြီ ဆရာ။ ဒါပေမဲ့ တစ်ခါတစ်လေ ကိုယ်လုပ်တာ မဟုတ်ပဲ သူ့ဖာသာ သူ မထင်မှတ်တဲ့ အချိန်မှာ ပေါ်လာတဲ့ ပြဿနာ တွေ ဆိုရင်ရော။ ဒါကို ဘယ်လို ဥပမာပေးမလဲ ဆရာ။ ”


“ ဒါကိုတော့ မြို့တွင်းက “ အိပ်ချင်ပြေမျဉ်း ” လို့ သဘောထားရမယ်။ ဘာလို့လဲ ဆိုတော့ အဝေးပြေးလမ်းက လမ်းကွေ့ချိုးတွေက ဘယ်နေရာလောက်မှာ ရှိနေတတ်တယ် ဆိုပြီး သိနေနိုင်သလို ကိုယ်လုပ်နေတဲ့ လုပ်ငန်းရဲ့ ပြဿနာ တွေကလည်း ဘယ်အချိန်လောက်ဆို ဖြစ်လာနိုင်တယ် ဆိုပြီး ခန့်မှန်းနေမိနိုင်တယ်။

ကိုယ်လည်း မထင်မှတ်ထား။ မမျှော်လင့်ထားသော အချိန်မှာ ဖြစ်လာတဲ့ ပြဿနာ တွေကတော့ “ အိပ်ချင်ပြေမျဉ်း ” ပေါ်မှာ ကားကို မောင်းလိုက်ရသလိုပဲလေ။ တဒုတ်ဒုတ် ခုန်နေတော့မှ ကိုယ့်ကို ပျင်းရိ ငိုင်မျဉ်းနေတာကို ပြေပြီး သတိ ဝင်လာစေတယ်။ ဒီလို သဘောထားပေါ့ဗျာ။ ”

“ ဟုတ်ကဲ့ပါ ဆရာ။ ကျေးဇူးတင်ပါတယ်။ ”


--------------------------------------------------------------------------------------------------------

ဒါနဲ့ပဲ. . ၊ ဒီစာလေးကို ကျွန်တော် သွားပြီး သတိရတယ်။ ကျွန်တော်တို့ အမြဲတမ်းလိုလို ခံစားနေမိတဲ့ ကိစ္စလေးပါပဲ။

ပြဿနာ တွေကလည်း တစ်ခုပြီး တစ်ခု ပေါ်နေတာပဲ ဆိုတာမျိုး ညည်းမိမယ် ဆိုရင် ၊

ပြဿနာ တွေကတော့ ထင်မထားရာက ပေါ်ပေါ်လာတယ် ဆိုပြီး ပြောမိနေမယ် ဆိုရင် ၊

ပြဿနာ တွေကြောင့် စိတ်ပျက် လက်လျှော့ချင်နေမိပြီ ဆိုရင် ကိုဇော် ဆိုသော ကျွန်တော့်ကို သတိမရချင်နေပါ။ ဒီစာလေးကိုတော့ သတိရလိုက်ပါဗျာ။

source; Jon Thone Highways ကို သင့်တော်သလို ပြင်ဆင်၍
ကိုဇော် ခံစားပုံဖော်သည်။

.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

ကိုယ့်ကိုယ်ကိုလဲ ဒီစာလေးနဲ့ ပြန်အားပေးလိုက်ပါဦး
နေကောင်းကျန်းမာ အဆင်ပြေပါစေ..
အချစ်ရေးလဲ ကောင်းပါစေဗျား.......

မကေ said...

“ ပြဿနာ ” ဆိုတာ ကိုယ့်ကို “ သတိ ” အမြဲတမ်း ရှိနေအောင် နှိုးဆော်ပေးနေတယ် ဆိုတာကို လက်ခံတယ် သတိအပြင် အသိပါပေးတယ်နော်