မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


31 October 2010

11 “ ပုစ္ဆာများ ” ရဲ့ နောက်ကွယ်




“ ပုစ္ဆာများ ” ဆိုတဲ့ ပို့စ်ကို ကျွန်တော် ရေးဖြစ်တာ တကယ်ကို ဟာသအမြင်လေးနဲ့ပါ။ ဘာရယ်မဟုတ်ဘူး အဲဒီနေ့က ဥာဏ်ပုစ္ဆာလေးတွေ ဖြေကြည့်နေရင်း အတွေးလေး ရလို့ သီတင်းလည်း ကျွတ်ပြီ ဆိုတော့ ရယ်ပြုံးမိစေဖို့ ကျွန်တော့် ထုံးစံ အတိုင်း ခပ်သော့သော့လေးနဲ့ ရေးလိုက်တာပါ။

ဒါပေမဲ့ဗျာ မမျှော်လင့်ဘဲ ရယ်ပြုံးစရာ ဟာသလေးကနေ ထိရှသွားမှုတွေ ဖြစ်ခဲ့တယ်။ ကျွန်တော့် မေးလ်ထဲကို ရင်ဖွင့်စာ ခုနစ်စောင်တောင်မှ လက်ခံရတယ်။ ဒီပို့စ်လေးကို အပြစ် မပြောကြပေမဲ့ သူတို့ ဒဏ်ရာတွေကို သီတင်းကျွတ် ဆိုတဲ့ အရာကပဲ အနာဖေး ခွာပေးလိုက်သလား မသိပါ။ ဒဏ်ရာဟောင်းတွေက ပြန်လည် နိုးထလာကြတယ်။ ရင်ဖွင့်လာသူများကို တစ်ယောက် မကျန် ကျွန်တော် အချိန်ယူပြီး လေးစားစွာ မေးလ် ပြန်ခဲ့ပါတယ်။

ပုစ္ဆာ . . . .

ပုစ္ဆာ . . . .

ပုစ္ဆာ ဆိုတာ တကယ်တော့ ဟိုနေ့က ကျွန်တော် ရယ်ပြုံးမိစေဖို့ ရေးခဲ့တဲ့ ပုစ္ဆာများ ပို့စ်ထက် မက ကျယ်ဝန်းပါတယ်။ အကြောင်းအရာတွေ များပြီး ဟုံသွားမှာ စိုးလို့ ကျွန်တော် ထိုနေ့က ပို့စ်လေးမှာ ရပ်ထား လိုက်တာပါ။ တကယ်တော့ ပုစ္ဆာ တစ်ပုဒ်ကို ဖြေဆိုတယ် ဆိုရာမှာ ဖြေဆိုသူများက ဘက်တူဖို့လည်း လိုပါသေးတယ်။ ဥပမာ - မူလတန်းကျောင်းသား အတွက် ပုစ္ဆာတစ်ပုဒ်ကို ဖြေရင် မူလတန်းကျောင်းသား အတွက် ခက်နေနိုင်ပေမဲ့ တက္ကသိုလ်ကျောင်းသားအတွက်တော့ လွယ်လွယ်လေး ဖြစ်နေနိုင်ပါတယ်။

“ အချစ် ဆိုတာ တွက်၍ မရသော ပုစ္ဆာ တစ်ပုဒ်တော့ မဟုတ်ပါ။ တွက်ရခက်သော ပုစ္ဆာ တစ်ပုဒ်မျှသာ ဖြစ်ပါသည် ” ဟု ကျွန်တော် ရေးခဲ့ပါတယ်။ ပုစ္ဆာ ဆိုတာကို အချစ် ဆိုပြီးတော့ ကျွန်တော်က ဖွဲ့တည်ချင်လို့ တင်စားခဲ့တာပါ။

ဒါဆို အခုလည်း ပုစ္ဆာတစ်ပုဒ်ကို အဖြေရှာတယ် ဆိုရင် ဘက်တူညီဖို့ လိုသလို အချစ်ကို အဖြေရှာရင်လည်း ဘက်တူညီဖို့ လိုပါတယ်။ ဘက်မညီရင် ကိုယ်က အရာအားလုံး ပုံပြီး မျှော်လင့်ချက်တွေနဲ့ ချစ်ခဲ့ပေမဲ့ သူတို့ အတွက်ကျတော့ အပျော်ဆော့နေကြ အရုပ်ကလေး တစ်ရုပ်လို ၊ စိတ်ကျေနပ်အောင် ကစားနေကြ ဂိမ်းတစ်ခုလို ဖြစ်နေနိုင်ပါတယ်။ တစ်ယောက်က လေးနက်နေတဲ့ အချိန်မှာ တစ်ယောက်အတွက်က ပျင်းဖို့ ကောင်းနေတယ် ဆိုတာတွေက အချစ်ကို ခံစားမှု ဘက်မတူ လို့ ဖြစ်ပါလိမ့်မယ်။ 


*** ဒီနေရာမှာ ကျွန်တော့်ကို အချစ် နဲ့ ပတ်သတ်ပြီး ဆရာကြီးလို့ မထင်ပါနဲ့ဦး *** 

ထင်မှာလဲ မဟုတ်ပါဘူး။ ကျွန်တော်ကလည်း ဒီလိုပဲ ကြားဖူးနားဝတွေ ရွတ်ပြတာပါ။ အချစ်ဆိုတာ စိတ္တဇနာမ် လို့ ဆိုကြပါတယ်။ မမြင် ၊ မတွေ့ ၊ မထိ ၊ မကိုင်နိုင်ဘူး လို့ ဆိုတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ မြင်နေရတဲ့ ရင်ဘတ်ထဲကိုတော့ ပြင်းပြင်းရှရှ ထိုးဖောက် မွှေနှောက်နိုင်ပါတယ်။ အချစ်ဆိုတာ အသက်အရွယ် ၊ ဆင်းရဲ ချမ်းသာ ၊ အချိန်အခါ ၊ နေရာ မရွေးဘဲ ထိပ်တိုက်ရင်ဆိုင် ရနိုင်ပါတယ်။ အဲဒီလို ရင်ဆိုင်ခဲ့ရသော လူတွေထဲမှာ ကျွန်တော်ရော မပါဘူးလို့ ဘယ်သူ ပြောနိုင်မှာမို့လို့လဲ။

ကျွန်တော် ဥပမာ ပေးနေကြ အဖြစ်အပျက်လေး ရှိပါတယ်။ ကျွန်တော်တို့ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက လမ်းလျှောက်ဖို့ လေ့ကျင့်ခဲ့ကြတယ်။ နောက်ကျတော့ လမ်းလျှောက် တတ်လာကြတယ်။  အခုလို လူကြီး ဖြစ်လာတဲ့ အထိကို လမ်းလျှောက်ခဲ့ကြပြီ။ ငယ်ငယ် ကလေးဘဝကတော့ လမ်း မလျှောက်တတ် ၊ လျှောက်တတ်နဲ့ လျှောက်စဉ် အခါတုန်းက ခဏခဏ ခလုတ်တိုက် ခဲ့ကြတယ်။ ခဏခဏလည်း ချော်လဲခဲ့ကြတယ်။ အရှိန်ပြင်းရင် နဖူးကွဲ ၊ ဒူးပြဲ ၊ ဗြူးဗြဲ အော်ငိုခဲ့ကြရတယ်။

အခုလို လမ်းလျှောက် ကျွမ်းကျင်လာသော လူကြီး ဘဝမှာတောင်မှ တစ်ခါတလေ ကျွန်တော်တို့ သတိမမူမိတဲ့ အခါမှာ ခလုတ်တော့ တိုက်မိတတ်ပါတယ်။ သို့သော် ငယ်ငယ်ကလိုတော့ ဝုန်းခနဲ ပစ်လဲကျ မသွားဘူးပေါ့။ ဒါပေမဲ့ တစ်ခါတလေတော့ လက်ထောက် မိရုံလောက်တော့ လဲကျမိမှာပါ။ နဖူးကွဲ ၊ ဒူးပြဲ ၊ ဗြူးဗြဲ ဆိုပြီးတော့ အော်ငိုတဲ့ အထိတော့ ဘယ်ရောက်မလဲလေ။ 

ဘယ်လိုပဲ ဖြစ်နေပါစေ။ အချစ်ဆိုတာကလည်း ခလုတ်တိုက် သလိုပါပဲ ၊ အသက်ကြီးငယ် ၊ လူမျိုးမရွေး ၊ ဘာသာမရွေး ခလုတ်တိုက် မိနိုင်ပါတယ်။ ဝုန်းခနဲ ချော်လဲ မကျသွားဘူး ဆိုရင်တောင်မှ သွားနေတဲ့ ခရီးလမ်းမှာ ဟန်ချက်လေးတော့ ပျက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကြီးကြီးကျယ်ကျယ် ဒဏ်ရာ မရခဲ့ရင်ပဲ တော်လှပြီလို့ ဆိုရမှာပါ။

“ ပုစ္ဆာများ ” ပို့စ်ကို ကျွန်တော် ရေးသည်မှာ အားလုံးကို ရယ်ပြုံးစေလို၍သာ ဖြစ်သော်လည်း အနာဟောင်းကို ဆွမိသလို ၊ ရေနူးပြီး ရှူမိသလို ဖြစ်ခဲ့ရသူများကို တောင်းပန်သော အနေနဲ့ ကျွန်တော် ဝတ္ထုလေး တစ်ပုဒ် အမှတ်တရ ရေးပေးပါ့မယ်။ ဒီဝတ္ထုက စိတ်ကူးယဉ်လား ၊ ဆင့်ပွား ခံစားတာလား ၊ ကိုယ်တွေ့လား ဆိုတာကတော့ မမေးပါနဲ့ဗျာ။ ဖတ်ကြည့်ပြီးမှ ကြိုက်နှစ်သက်သလို ခံစား ဆုံးဖြတ်ပေးပါ။

သို့သော်. . . 

လက်ရှိ ကျွန်တော့်မှာ လက်ဆောင်ရေးပေးဖို့ ပို့စ်လေး အချို့တော့ ကျန်နေပါသေးတယ်။ ဒါကြောင့် ဒီပို့စ်လေးတွေကို ရေးရင်းနဲ့ ကျွန်တော် အဆင်ပြေသလို ရေးသွားပါ့မယ်။ လက်ရှိရေးဖို့ ကျန်နေတဲ့ အကြွေးတွေက - 
  • သူငယ်ချင်း ဏီလင်းညို ရဲ့ “ ညာ ” ပို့စ် အဆက် “ တော ”
  • ညီမလေး ဒီဒီ  Inspiration ပေးသော “ ဆင်စီး မြင်းရံ ” 
  • နန်းလေပြေနု အမှတ်တရ ရေးခိုင်းသော “ Correction Pen လို ယောက်ျား ”
  • သူငယ်ချင်း ကျော်ကျော်လွင် ရေးခိုင်းသော “ အယူ - အပေး ”
  • သူငယ်ချင်း တစ်ယောက်အတွက် “ ရှန်တိန် ” 
ဒါပေမဲ့လည်း ဒါတွေကို ဆက်တိုက် ရေးဖြစ်မယ် လို့တော့ မဟုတ်ပါဘူး။ ဒီကြားထဲမှာ စိတ်ကူးပေါက်ရာ စိတ်ထဲ ရှိရာကိုတော့ အရင် ရေးဖြစ်မှာပါ။ သူငယ်ချင်းတွေကို ခင်သော ကျွန်တော့် အတွက်ကတော့ ဒီလိုရေးရတာ ပျော်ပါတယ်။ အမှတ်တရပေါ့လေ။

အဲ . . စကားများပြီး လေပေါနေတာနဲ့ ရေးမယ် ဆိုတဲ့ ဝတ္ထုနာမည်လေး မပြောရသေးဘူး။ ဝတ္ထုနာမည်က 

“ နှလုံးသား ရှိရာ ” 

တဲ့။ ကျွန်တော်ကလည်း လူသားထဲက လူသား တစ်ယောက်ပါပဲဗျာ။ ဘဝ ဆိုတဲ့ ခရီးလမ်းကို ဖြတ်သန်း လျှောက်လမ်းနေတဲ့ ကျွန်တော်လည်း နဖူးပြဲ ၊ ဒူးကွဲ ၊ မူးလဲသာ မကျရင်နေမယ် ကျွန်တော်လည်း “ ခလုတ် ” တော့ တိုက်ခဲ့ဖူးတာပါပဲ။ အဲ . . . လဲတော့ မလဲပေမဲ့ လဲတော့ မလိုလိုလောက်ပါပဲ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

30 October 2010

11 ဓါးသွေးခြင်း အတတ်ပညာ



သင် ဓါးသွေးဖူးပါသလား..?

ကျွန်တော် ဒီလို မေးလိုက်ရင် တော်တော်များများကတော့ ဒါလေးများဗျာ သွေးဖူးတာပေါ့ လို့ ပြောကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဘယ်သူမဆိုတော့ ဓါးလေးကတော့ သွေးဖူးကြမှာပါပဲ။

ကျွန်တော်လည်း ငယ်ငယ်က ကျွန်တော် အဖေက ဓါးလေးတစ်ချောင်း ပေးလို့ သွေးဖူးခဲ့ပါတယ်။ ကျွန်တော့်အဖေက “ သားရေ ဓါးသွေးတယ် ဆိုတာ မလွယ်ဘူးကွ။ ” တဲ့လေ။ ဒီတော့ ကျွန်တော်ကလည်း မခံချင်စိတ် နဲ့ သွေးမိတာပေါ့လေ။ ကျွန်တော်သွေးတဲ့ ဓါးလေးဟာ သွေးလေ ထက်လာလိုက် ၊ တုန်းသွားလိုက် ဖြစ်နေပါတော့တယ်။

ဘာလို့ပါလိမ့် ၊ သွေးရင်းနဲ့ ကျောက်တွေလည်း ပွန်း ၊ ဓါးလေးလည်း စားသွားပြီး ဓါးသွားလေးတောင်မှ လှလှပပ မရှိတော့ပါဘူး။ ဒီလို ဓါးလေး သွေးတာတောင်မှ ဘာလို့ ဓါးက မထက်ပဲနဲ့ ထက်လိုက် တုန်းလိုက် ဖြစ်နေတာပါလိမ့်။ နောက်ဆုံးတော့ ကျွန်တော့်ဓါးသွေးခြင်းက စိတ်တိုင်းမကျပဲနဲ့ ရပ်သွားပါတော့တယ်။ ဒီတော့မှ ဖေဖေက ပြောတယ်။

“ ငါ့သား ဓါးသွေးတာ ဘာလို့ ထက်လာလိုက် ၊ တုန်းသွားလိုက် ဖြစ်နေတာလဲ သိလား။ ” 

 
“ မသိဘူး ဖေဖေ..။ ” 
 
“ အေး ဒါက ဓါးသွေးတယ် ဆိုပေမဲ့ လူလောကမှာ ရှိနေတဲ့ လူမှု ဆက်ဆံရေး လိုပဲ သားရဲ့။ ငါ့သားက ဓါးကို မြန်မြန်ထက်အောင် အစုန်အဆန် သွေးတယ်လေ။ ဒါကြောင့် ငါ့သားသွေးတဲ့ ဓါးသွားနေရာက ကျောက်နဲ့ ထိချက်ဟာ ပုံမှန် မဟုတ်တော့ဘူး။ သူရဲ့ ထိချက်ဟာ ပုံသေ မထိတော့ဘူး။ ထိချက်မှန်လို့ ဓါးသွားလေး ထက်လာပေမဲ့ ဒီလို ထိချက်လေးတွေ အကြိမ် ၁၀၀ သွေးထားတယ် ဆိုပါတော့ ဒါကို ထိချက်မှားပြီး ဓါးလေး စောင်းသွားလို့ ဓါးသွားက ကျောက်ပေါ်မှာ ဒဲ့ကြီး ဖြစ်သွားတာနဲ့ အရင်က သွေးထားတဲ့ အကြိမ် ၁၀၀ ကို ဒီတစ်ကြိမ်ထဲက ဖျက်ပြီး ဓါးသွားကို ပြန်တုံး သွားစေတာပါပဲ။

ဒါဟာ လောကရဲ့ လူမှု ဆိုင်ရာ နေထိုင်မှုလည်း ဖြစ်တယ် သား။ တကယ်လို့ လူတစ်ယောက်ဟာ ကောင်းတာတွေ သူ အကြိမ်ပေါင်းများစွာ လုပ်ထားတယ်ပဲ ထား။ သူ မဟုတ်တာ ၊ မကောင်းတာ တစ်ခု လုပ်လိုက်တာနဲ့ သူအရင်က ကောင်းတာတွေ လုပ်ထားတာတွေကို ဖျက်လိုက်တာပါပဲ။ ဒါဟာ ဓါးသွေးခြင်းက ပေးတဲ့ လူမှုဘဝနေထိုင်နည်း လေး ဆိုပါတော့ကွာ။ ”

ဒီစကားလေးကို ကျွန်တော် အမြဲ အမှတ်ရနေခဲ့ပါတယ်။

ဘဝဆိုတာ ဓါးသွေးသလိုပါပဲ။ အတိမ်းအစောင်း တစ်ခုခု ဖြစ်လို့ကတော့ ဘယ်လိုမှ ပြန်ပြီး အရင်က ကောင်းတာတွေကို အဖတ်ဆယ်လို့မရတော့ပါဘူး။ ဒါကို ပြောတာပေါ့ဗျာ။

“ ဘဝ တုံးတယ် ” ဆိုတာ......


လေးစားစွာဖြင့်

ကိုဇော်


http://zaw357.multiply.com/journal/item/682
မှာ 10.10.2009 က ရေးထားတာပါ။

.

Share/Bookmark

28 October 2010

14 ပုစ္ဆာများ



လူတိုင်း လူတိုင်း ပုစ္ဆာဖြေခြင်းကို ဝါသနာပါကြတယ် လို့ ကျွန်တော် ဆိုရင် လက်ခံနိုင်ကြပါ့မလား။ မဟုတ်ဘူး ငါတို့ကတော့ ပုစ္ဆာဖြေ ရမှာ အရမ်းမုန်းတယ် ဆိုသူများက ကျွန်တော့်ကို ပြန်လည်ကာ ချေပကြမည်လား။ မည်သို့ပင် ဖြစ်ပါစေ ကျွန်တော် ဥပမာ အနေဖြင့် နည်းနည်းတော့ ပြောကြည့်ပါဦးမည်။

တစ်နေရာမှ တစ်နေရာသို့ ကားစီးသွား၍ လည်းကောင်း ၊ လမ်းလျှောက်သွားရင်းဖြင့် လည်းကောင်း လမ်းမ၏ ဘေးတစ်ချက် တစ်ချက်စီမှာ ထောင်ထားသော ကြော်ငြာများတွင် မြင်တွေ့နိုင်ပါသည်။ ၁ + ၂ = ဆိုကာ ဒီဘက်မှာ သွားတိုက်ဆေးဘူးကို ထည့်ထားတတ် သလိုမျိုး။ သူ ဆိုလိုချင်တာက သာမာန် သွားတိုက်ဆေးထက် ဘယ်အရာတွေ ပိုပြီး ပေါင်းစပ် ထားတယ်ပေါ့။ သူ့ဖာသာ ဘယ်လိုပဲ ရည်ညွှန်းပါစေ ၁ + ၂ = ရဲ့ ဒီဘက်က အဖြေက ၃ ဆိုတာ အားလုံးလိုလို သိကြပါ၏၊ ထို့ကြောင့် ထိုပုစ္ဆာရဲ့ အဖြေ ၃ ဆိုတာကို သိပ်ပြီးတော့ စိတ်မဝင်စားကြပါ။ အဘယ့်ကြောင့် ဆိုသော် “ လွယ်ကူသော ” ကြောင့် ဖြစ်သည်။

တစ်ခါတလေတော့ ကျွန်တော်တို့ မဂ္ဂဇင်း ၊ ဂျာနယ်တွေထဲမှ ဥာဏ်စမ်းပုစ္ဆာတွေ ဖြေကြရပါ၏။ အတော်လည်း စိတ်ဝင်စားဖို့ ကောင်းပါသည်။ ခက်ခက်ခဲခဲတွေ မဟုတ်တောင်မှ လွယ်လွယ်ကူကူတော့ မဟုတ်။ အစပြုမိကာ ထိုပုစ္ဆာများကို ဖြေကြည့်မိလျင် လူက စိတ်ဝင်စားမိကာ အဖြေမရမချင်း ဖြေနေမိတော့သည်။ နောက်တော့လည်း ကျွန်တော်တို့ အဖြေတစ်ခုကို မိမိရရ ဆုပ်ကိုင်မိပါတော့သည်။ ဒီအခါမှာ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ တစ်ခုခုကို ကျေနပ်သလို ခံစားရမိတတ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် “ သင့်တော်သော ” ကြောင့် ဖြစ်ပါသည်။

သို့သော် တစ်ချိန်ချိန် တစ်နေရာရာမှာတော့ ကျွန်တော်တို့ ဖြေရှင်း၍ မရသော ပုစ္ဆာများနှင့် ကြုံတွေ့ ရတတ်ပါသည်။ စိတ်ကတော့ ဝင်စားပါသည် ၊ သို့သော် အချိန် အတော်ပေးကာ ထိုပုစ္တာ၏ အဖြေကို ရရန် ခေါင်းပူခံ၍ လေ့လာ တွက်ချက်သော်လည်း အဖြေ မထွက်သော အခါမှာ စိတ်ပျက်အားလျော့စွာ လက်လျော့နောက်တွန့် သွားကြလေ့ရှိပါသည်။ ထိုအချိန် ထိုအခါမှ စ၍ ထိုသူများသည် “ ပုစ္ဆာ္တ ” ကို ကြောက်ရွံသော လူများ ဖြစ်သွားကြပါတော့သည်။ အဘယ့်ကြောင့် ဆိုသော် “ ခက်ခဲလွန်းသော ” ကြောင့် ဖြစ်ပါသည်။



“ အချစ် ” ဆိုတာ “ ပုစ္ဆာ ” တစ်ပုဒ်ဟု ကျွန်တော် တင်စားချင်ပါသည်။

အချစ်ဆိုသည်မှာ တွက်၍ မရသော ပုစ္ဆာတစ်ပုဒ်တော့ မဟုတ်ပါ။ အချစ်ဆိုသည်မှာ တွက်ရခက်သော ပုစ္ဆာ္တတစ်ပုဒ် မျှသာ ဖြစ်ပါသည်။

ထို့ကြောင့်  . . . . . . . . . . . . . . . . . . . . . . . . . . . . . .



ကျွန်တော့်မှာ အပျိုကြီး သူငယ်ချင်း များစွာ ရှိသလို ၊ ကျွန်တော် အပါအဝင် ( ဒါကတော့ ပါအောင်ကို ပြောရတယ် ၊ မပြောရင်လည်း လာဖဲ့မှာ စိုးလို့  :P ) လူပျိုကြီး သူငယ်ချင်း များစွာလည်း ရှိပါသည်။ သူတို့သည် သူတို့ ကိုယ်တိုင်လည်း ပုစ္ဆာများကို ဖြေခဲ့ဖူးပါသည်။ ထို့အတူ သူတို့ကိုယ် သူတို့လည်း ဆရာလုပ်ကာ သူများကို ပုစ္ဆာများစွာ ထုတ်ခဲ့ပါသည်။ သို့သော် သူတို့သည် သူများထုတ်သော ပုစ္ဆာများကိုလည်း မဖြေနိုင်ခဲ့ ၊ သူများကိုလည်း ကိုယ်ထုတ်သော ပုစ္ဆာကို လွယ်လွယ် ဖြေနိုင်သွားလျင် ကိုယ်များ သိက္ခာများ ကျလေမလား ဆိုသော တလွဲအတွေးဖြင့် ခက်ခဲ နက်နဲသော ပုစ္ဆာများကို ထုတ်တတ်ကြပါသည်။

အပျိုကြီး

ဝယ်သူ ဝယ်လက် ရှိပါလျက်နဲ့
တတ်ဈေးစောင့်ရင်း
ကုန်ပုပ်သူ။

ကျွန်တော့် သူငယ်ချင်း အပျိုကြီး တစ်ယောက်ကို ဥပမာ ပေးလိုပါသည်။ သူသည် အလွန်ကို ချောမော လှပသော မိန်းမပျို တစ်ယောက် ဆိုသော ဂုဏ်ထူးကို ၈ တန်းကျောင်းသူ ဘဝမှာ ကတည်းက စပြီး ရခဲ့ပါသည်။ ဝိုင်းဝိုင်းလည်နေသော သူ့ဘေးမှ လူများနှင့် သူ့ဆီသို့ ရောက်လာသော ချစ်သဝဏ်လွှာများကို သူက နည်းနည်းလေးမှ ဂရုမစိုက်။ သူမက မချစ်တတ်၍တော့ မဟုတ်ပါ။ အချစ်ရဲ့ တန်ဖိုးကို မြှင့်ချင်သလို ၊ သူမရဲ့ တန်ဖိုးကိုလည်း မြင့်စေချင်သည်။

ထို့ကြောင့် သူမကို လွယ်လွယ် မရဘူး ၊ သူမက အညှာမလွယ်ဘူး ဆိုသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ချင်သော မာနကြောင့် သူမထံ ချည်းကပ်လာသူများကို ခက်ခဲသော ပုစ္ဆာများကို ထုတ်ကာ ဖြေစေ၏။ သူမကို တကယ်ချစ်ရင် သုံးနှစ်သုံးမိုး ရိုးရိုးသားသား စောင့်ရမည် ဆိုတာလည်း ပါသည်။ အလုပ်ကြိုးစားရမည် ဆိုတာလည်း ပါသည်။ မိမိကိုယ်ကိုယ် အမြဲတမ်း တိုးတတ်အောင် ဖြည့်ဆည်းနေရမည် ဆိုတာလည်း ပါသည်။ တခြား. . . . တခြားသော ပုစ္ဆာများလည်းပါသည်။

ဒါနဲ့ သူမကို ချစ်မိသော သူတွေသည် သုံးနှစ်သုံးမိုးကို ခါးကျိုးမတတ် စောင့်ကြရ လေတော့သည်။ ထိုအထဲမှ တစ်ယောက်က သူ့အပေါ် အလွန် အနွံအတာ ခံသည်။ နှစ်နှစ်ကျော်ကျော် ၊ နှစ်နှစ်ခွဲခန့် ကြာသော အခါမှာ သြော်. .  ဒီလူ မဆိုးပါဘူး ၊ ငါ့အပေါ် အနွံတာ ခံနိုင်တယ် ဆို၍ သူ့ဘက်က ပုစ္ဆာအတွက် အမှတ်ပေးမည် ဟု ကြံကာ ရှိသေး ၊ ထိုသူသည် သူမ၏ တွက်ရခက်သော ပုစ္ဆာများရဲ့ အဖြေကို မစောင့်ဆိုင်းနိုင်၍ ထင်ပါသည် တခြားသော မိန်းကလေး တစ်ယောက်နှင့် အိမ်ထောင်ပြု သွားလေတော့သည်။

ထိုအခါမှာ ယောက်ျားတွေက သစ္စာမရှိဘူး ဆိုကာ “ ကျာပွတ်ကို အမဲဆီ ” သုတ်ကာ ရမ်းပါ လေတော့သည်။ ထိမိ ၊ ခိုက်မိသူများက အမဲဆီလည်း ပေသေး ၊ ကျာပွတ်ဒဏ်လည်း ခံရသေးဖြစ်ကာ ပို၍ ဝေးရာသို့ ရှောင်ရှားကြ လေတော့သည်။ သူတို့ကတော့ သူတို့ နားကပ်လာသူများကို အပွေးကုန်နေသော သနပ်ခါးတုံးကြီး ကဲ့သို့ ပြောင်တင်း မာကျောစွာဖြင့် ဆက်ဆံကြ လေတော့သည်။ သူတို့ကို ချစ်ရေးဆို သူများကိုလည်း သုံးနှစ်သုံးမိုးစောင့် ရမယ် ဆိုသော ပုစ္ဆာခက်ခဲ နှင့်သာ ရင်ဆိုင်စေသည်။ ထိုအခါ သူတို့ကို ချည်းကပ်သူများသည် “ တွက်ရခက်ခဲသော ပုစ္ဆာများ ” ကြောင့် မကြာခင်မှာ ကြောက်ရွံ့ကာ နောက်ဆုတ် သွားတတ်ကြ ပေတော့သည်။

ထိုအခါ ပုစ္ဆာထုတ်သော မိန်းမပျိုသည် မပြောင်းလဲသော သူမ၏ ပုစ္ဆာအတွက် ပြောင်းလဲလာသော အချိန်ကို အံမတု နိုင်သောကြောင့် “ အပျိုကြီး ” များ ဖြစ်လာကြ လေတော့သည်။

လူပျိုကြီး

ပါး နဲ့ လက်ဝါး 
မညားဖူးဘဲ
အတွေးထဲမှာ ဖျားနေသူ။

တကယ်တော့ ယောက်ျားတိုင်းက ရဲရင့်ကြပါ၏။ သို့သော် စကားပုံလေး တစ်ခုကိုတော့ ယောက်ျားတိုင်းက မလွန်ဆန်နိုင်ကြ။ ထိုစကားပုံက “ အချစ်နဲ့ တွေ့ရင် သူရဲကောင်းတွေတောင်မှ ကြောက်ရွံ့တွန့်ဆုတ် သွားကြတယ် ” လို့ ဆို၏။

လူတိုင်း လူတိုင်း အချစ်နဲ့ ထိပ်တိုက် မဟုတ်တောင်မှ သွယ်ဝိုက်ပြီး ဆုံတွေ့ဖူး ကြပါလိမ့်မည်။ ဒီလိုပဲ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကလည်း အချစ်နဲ့ ထိပ်တိုက် ဆုံတွေ့ခဲ့ဖူးပါသည်။ သူက အတော်ကို ချေးများသူ တစ်ယောက် ဖြစ်သောကြောင့် သူချစ်ကြိုက်သော မိန်းကလေးက တော်ရုံအလှနဲ့ ကျေနပ်သူ မဟုတ်ပါ။ ထို့ကြောင့် ထိပ်ဆိုမှ ထိပ် ၊ ခေါင်ဆိုမှ ခေါင် ဆိုသလို “ ထိပ်ခေါင် ”  ဆိုကာ အလှဆုံး ဆိုမှ သူရွေးသည်။ အမျိုးအစား ကောင်းသော ပစ္စည်းတို့သည် တန်ဖိုး မြင့်မားသည် ဆိုသော လူသဘာဝအတိုင်း ထိုမိန်းကလေးကလည်း မာနကြီးမြင့်သည်။

သို့သော် သူကလည်း ထိုမိန်းကလေးမှ မရရင် သေတော့ မလိုလို ဖြစ်ကာ ထိုမိန်းကလေးမှ ထိုမိန်းကလေး ဖြစ်နေလေတော့သည်။ ထို့ကြောင့် ချည်းကပ်သော အခါမှာ ထိုမိန်းကလေးက သူ့ကို ချစ်တယ် ဆိုရင် သုံးနှစ်သုံးမိုး စောင့် ဆိုသော ခက်ခဲသော ပုစ္ဆာဖြင့် တွယ်လေတော့သည်။ ထိုအခါ သကောင့်သားကလည်း “ ငါကွ ယောက်ျား ” ဟု ဆိုကာ လက်သီးလက်မောင်း တန်းပြီး စောင့်မည် ဟု ကြွေးကြော်လေတော့သည်။

သို့သော် ထိုသုံးနှစ်သုံးမိုး ဆိုသည်မှာ တစ်ယောက်ကို တစ်ယောက် စောင့်ကြည့် လေ့လာ အကဲဖြတ်သော အချိန်ဟု ဆိုသည်။ ထို့နောက်မှ သူ့ကို အဖြေပေးသင့် ၊ မပေးသင့်ကို စဉ်းစားမည်ဟု ဆိုသည်။ ထိုအဖြေမှာလည်း သူ့ကို ချစ်မည် ၊ မချစ်မည် ဆိုသည်ကို မသေချာဟု ဆိုသည်။ ထို့နောက်. . . ထို့နောက်မှာတော့ ကျွန်တော့် သူငယ်ချင်းသည် အချိန် နှစ်နှစ်မျှ ကုန်လွန်ပြီးနောက် အသာအယာ နောက်ဆုတ်ခဲ့ လေတော့သည်။ ဟိုဘက် မိန်းကလေးက ဘယ်လို နေလဲ မသိပေမဲ့ သူကတော့ နောက်ထပ် တစ်ယောက်ကို ထပ်ကာ ချစ်မိသည် ဟု ဆိုပြန်လေတော့သည်။

ထို့နောက်မှာလည်း သူ ပုစ္ဆာ ခက်ခက်ကို ထပ်မံ ဖြေဆိုရပြန် လေတော့သည်။ ထို့နောက်. . . . ထို့နောက်. . . အချိန်တွေ တစ်နှစ်ပြီး တစ်နှစ်ကုန်ကာ သူလည်း တစ်ယောက်ပြီး တစ်ယောက် ပြောင်းရင်း ဘယ်သူ့ဆီကမှ ပုစ္ဆာရဲ့ အဖြေကို ရအောင် သူ မဖြေနိုင်ခဲ့ပါ။ သို့သော် သူကတော့ ဘာမှ မပြောင်းလဲဘဲ တစ်ယောက်နဲ့ အဆင်မပြေရင် နောက်တစ်ယောက် ပြောင်းနေပါသည်။

သူကသာ မပြောင်းလဲ ပေမဲ့ အချိန်ကတော့ ပြောင်းလဲ နေသောကြောင့် သူ့ကို တစ်နေ့ထက် တစ်နေ့ ပတ်ဝန်းကျင်ရဲ့ အမြင်မှာတော့ ပြောင်းလဲကာ “ လူပျိုကြီး ” ဟု ခေါ်ဆိုနေကြ လေတော့သည်။



ပုစ္ဆာရဲ့ သဘောတရားကိုက “ လွယ်လွန်းသော ၊ သင့်တော်သော ၊ ခက်ခဲလွန်းသော ” ဆိုသော အခြေအနေ သုံးရပ်ရှိပါသည်။

  • လွယ်ကူသော အခါမှာ လူတွေ တန်ဖိုးမထား ဖြစ်တတ်ပါသည်။
  • သင့်တော်သော အခါမှာတော့ လူတွေ စိတ်ဝင်တစား တွက်ချက်ကြသည်။ အဖြေရသော အခါမှာ သူတို့ ကိုယ်တိုင်လည်း စိတ်ကျေနပ်ကြသည်။ ဖြေဆိုသူများ ပျော်ရွှင်ကြသလို ပုစ္ဆာမေးသူများလည်း ကြည်နူးရသည်။
  • ခက်ခဲလွန်းသော ပုစ္ဆာကို ဖြေရသောအခါ ပထမပိုင်းတွေ စိတ်ပါဝင်စားသော်လည်း အချိန်ကြာ လာတာနှင့် အမျှ စိတ်ဝင်စားမှု လျော့နည်းကာ အဖြေကို ဆက်လက်ပြီး တွက်ချက်ဖို့ စိတ်ဓါတ် အင်အား လျော့နည်း သွားတတ်ကြသည်။ ထို့နောက်မှတော့ ထိုပုစ္ဆာနှင့် ဝေးရာသို့ ရှောင်ဖယ် သွားတတ်ကြသည်။
သို့သော် . . . . 

တချို့သော သူများက လွယ်ကူသော ပုစ္ဆာကို တွက်ချက်ရသော်လည်း စိတ်ဝင်တစား တွက်ချက်တတ် ကြပါသည်။ သင့်တော်သော ပုစ္ဆာကို တွက်ရသော အခါမှာလည်း သူတို့ စိတ်ပါဝင်စားစွာဖြင့် တွက်ချက်ပြီး အဖြေရသော အခါမှာ ဂုဏ်ယူဝမ်းမြောက် တတ်ကြပါသည်။ ခက်ခဲသော ပုစ္ဆာနှင့် ကြုံရသော အခါမှာလည်း မရမချင်း အားကြိုးမာန်တတ် လေ့လာကာ တွက်ချက်တတ်ကြပါသည်။ သို့သော် အချိန်များစွာ ပေးရရင်း ဘဝရဲ့ တခြားသော တန်ဖိုးရှိသော ကိစ္စများ လုပ်ဆောင်ရန် နှောင့်နှေး သွားတတ်ကြပါသည်။ ဒါပေမဲ့ ထိုသူများသည် ထိုကဲ့သို့ ခက်ခက်ခဲခဲ ပုစ္ဆာများကို တွက်ချက်နေရခြင်းကိုပင် ဂုဏ်ယူ နေတတ်ကြ ပါသေးသည်။ အဖြေကတော့ မထွက်သေး။

ယခု  အခါမှာတော့ ဝါလကင်းလွတ်၍ သီတင်းကျွတ်ခဲ့ပါပြီ။ မင်္ဂလာ ခန်းမတွေမှာလည်း သူများတွေ အသီးသီး အခမ်းအနားတွေ ကျင်းပကာ လက်ဆက်ကြပါတော့မည်။

  • လွယ်ကူသော ပုစ္ဆာများကို ထုတ်သူနှင့် လွယ်ကူသော ပုစ္ဆာကို ဖြေခွင့်ရသူတို့ အချိန်တိုအတွင်း အာဝါဟ ဝိဝါဟ ပြုကာ ဘဝရဲ့ တန်ဖိုးရှိသော အချိန်များကို ရင်ဆိုင် ဖြေရှင်းနေကြပါပြီ။ 
  •  သင့်တော်သော ပုစ္ဆာထုတ်သူနှင့် သင့်တော်သော ပုစ္ဆာများကို ဖြေဆိုနိုင်သူများကလည်း သိပ်မကြာခင် အချိန်မှာ အိမ်ထောင် ရက်သားကျကာ ဘဝကို နှစ်ဦးသဘောတူ ရင်ဆိုင်ဖို့ ပြင်ဆင် နေကြပါပြီ။
  • သို့သော် ဒီလို သီတင်းကျွတ် အချိန်ကို ရောက်တိုင်း ကိုယ်ထုတ်ထားသော ပုစ္ဆာခက်ခက်ကြောင့် အဖြေ မရှာနိုင်သူကိုပဲ စိတ်ဆိုး ရလေမလား ၊ ပုစ္ဆာခက်ခက်ကို မေးထားသောကြောင့် အဖြေ မပေးနိုင်၍ ပုစ္ဆာထုတ်သူကိုပဲ အပြစ် တင်ရလေမလား ဆိုတာ မသဲကွဲလေသော “ လူပျိုကြီး ၊ အပျိုကြီး ” များကတော့ အိမ်ကို မင်္ဂလာဖိတ်စာ လာလေတိုင်း အံတကြိတ်ကြိတ်နှင့် သူတို့ ပြောတတ်ကြပုံကဖြင့်. . .

“ အို . . အပူတောင်မှ ငြိမ်းသေး ” ဆိုပဲ။

ဒါပေမဲ့ သူတို့ ရင်ထဲမှာ ဘယ်လောက် ပူပန်နေလိမ့်မလဲ ဆိုတာတော့ သူတို့က လွဲပြီး တခြားလူ သိမှာ မဟုတ်ပါဘူး။

သီတင်းကျွတ်တိုင်း . . .

သီတင်းကျွတ်တိုင်း . . .

သီတင်းကျွတ်တိုင်း . . .

သူတို့ တစ်လကြိုကာ ကထိန်လ ရောက်နေသလို  မီးပုံးပုံ လွှတ်ပွဲ ကျင်းပနေသော သူတို့ ရင်ထဲမှာ ဘယ်တော့မှ အပေါ်ကို ပျံမတတ်နိုင်သော မီးပုံပျံမှ မီးစ တစ်စက တစစ လောင်းကျွမ်း ရင်းနဲ့ပေါ့ဗျာ။

 ဝါလ ကင်းလွတ် သီးတင်းကျွတ် ခဲ့ပါပြီ။ 
ပေးသူ ၊ ယူသူ မျှတူညီသော 
“ ပုစ္ဆာများ ” ထုတ်နိုင် ၊ ဖြေနိုင် သူများ ဖြစ်ကြပါစေ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

27 October 2010

15 ကိုယ် ကူညီတာ အရာ ရောက်ရဲ့လား


အလွန်ကို ကြာလှပြီ ဖြစ်သော ပို့စ်အဟောင်းတစ်ခုပါ။ အဲဒီတုန်းက မိတ်ဆွေတစ်ယောက်နဲ့ ဆွေးနွေးဖြစ်ရင်း တင်မိတာ ဖြစ်ပါတယ်။ အခုလည်း မိတ်ဆွေတစ်ယောက် ကူညီမှု ( အလှူ ) နဲ့ ပတ်သတ်ပြီး စိတ်ထဲမှာ ခံစားနေရတာ တွေ့လို့ ပြန်တင်ပေးလိုက်တာပါ။ ဘယ်သူ့ကိုမှ ရည်ရွယ်တာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အတွေ့အကြုံများကို ချပြထားတာသာ ဖြစ်ပါတယ်။



လူတော်တော်များများက ဆိုတယ်. . . .

“ ကိုယ်က စိတ်သန့်သန့်နဲ့ ကူညီလိုက်တာပဲ ပြီးပြီပေါ့။ ”

တဲ့။ ဒီလို တကယ် ဖြစ်နိုင်ပါ့မလား။ ကိုယ်က စိတ်သန့်သန့်နဲ့ ကူညီသော်လည်း ကူညီရာ မရောက်သော အဖြစ်အပျက်လေးတွေ ရှိနေပါတယ်။

၁) တချို့ကူညီမှုက ကိုယ့်အပေါ် ဝန်ထုပ် ၊ ဝန်ပိုး အဖြစ် သက်ရောက်လာနိုင်ပါတယ်။
၂) တချို့ ကူညီမှုက သူ့ကို ကူညီရာ မရောက်ပဲ ပိုပြီး နှစ်ရာ ရောက်သွားတတ်တယ်။
၃)
တချို့ ကူညီမှုက သူ့ကို နှစ်ရုံတင်မကဘူး သူ့ကို ဘဝပါ ပျက်သွားစေနိုင်တယ်။



၁။ ပုံပြင်လေး တစ်ပုဒ်က ဒီလို ဖော်ညွှန်းတယ်။

တစ်ခါက . . .

နွားနဲ့ မြင်း ဟာ စားကျက်တဲ တစ်ခုထဲမှာ အတူတူနေကြရတယ်။ တစ်နေ့တော့ နွားက လယ်ယာ လုပ်ငန်း လုပ်ကိုင်ပြီး ပြန်လာတော့ ညောင်းညာ ကိုက်ခဲလာတာပေါ့။ ဒီတော့ သူနဲ့ အတူတူနေတဲ့ မြင်းကို ပြောတယ်။

“ မင်းမှာတော့ တစ်နေ့တစ်နေ့ ဘာမှ မလုပ်ရဘူးနော်။ သခင်က သွားစရာ ရှိမှ ခြုံလွှာလှလှလေးတင်ပြီး စီးသွားရုံပဲ။ ပြီးရင်တော့ တစ်နေ့ကုန် မြက်နုလေးတွေ စားချင်တိုင်း စားပေတော့ပဲ။

ငါ့မှာတော့ တစ်နေကုန် ထွန်ယက် စိုက်ပျိုးလိုက်ရတာ စားရတော့လည်း ကောက်ရိုးနဲ့ မြက်ကြမ်းပဲ။ တစ်ခါတစ်လေမှ ပဲဖတ်လေး စားရတာ။ နည်းနည်းလောက် သက်သာအောင် ဘယ်လို လုပ်ရမလဲ ကူညီပါဦး သူငယ်ချင်း ။ ”

ဒီတော့ မြင်းကလည်း ဒေါသထွက်တဲ့ အချိန်သာ ခွာနဲ့ ပေါက်တတ်ပေမဲ့ သာမာန်အချိန်ကတော့ သဘောကောင်းလေတော့ သူကလည်း ဝိုင်းပြီး စိတ်မကောင်း ဖြစ်ပေးတယ်။

“ အေးကွာ. . မင်း အဖြစ်က တော်တော်ဆိုးတာပဲ။ ကျုပ် ဝိုင်းစဉ်းစား ကူညီပေးပါ့မယ်။ ”

လို့ သူကဆိုတယ်။ ဒါနဲ့ တစ်နေ့ သူအကြံရတော့. . .

“ ဒီလို လုပ်ဗျ. . . နောက်နေ့ မနက်မိုးလင်းလို့ လယ်စာရင်းငှားက လယ်ထွန်ဖို့ ခင်ဗျားကို လာခေါ်တဲ့ အခါမှာမြေပေါ်မှာ လှဲအိပ်ပြီး အော်နေဗျာ။ ဒါဆို ခင်ဗျား နေမကောင်းဘူး ထင်ပြီး ခင်ဗျားကို သူတို့ ခိုင်းတော့မှာ မဟုတ်ဘူး။ ”

ဒါနဲ့ မြင်းရဲ့ အကြံပေးချက် အတိုင်းပဲ နောက်နေ့ သူရင်းငှားလာတော့ နွားက မြေပေါ်မှာ အိပ်ပြီး လူးလှိမ့်ပြီး အော်နေတယ်။ ဒီတော့ သူရင်းငှားကလည်း နွားနေမကောင်းဘူး ထင်ပြီး လယ်ပိုင်ရှင်ကို သွားပြောတယ်။ လယ်ပိုင်ရှင်က . . .

“ နွားနေမကောင်းတာတော့ အကြောင်း မဟုတ်ဘူး။ လယ်က ရပ်ထားလို့ မရဘူးကွ။ နွားနေမကောင်းရင် မြင်းကို တပ်ပြီး ထွန်ကွာ။ ”

လို့ ဆုံးဖြတ်ပေးလိုက်တယ်။ ဒီတော့ မြင်းခမျာ သူများကို ကူညီချင်တဲ့ အတွက်ကြောင့် နွားလုပ်ရမဲ့ အလုပ် သူ ဝင်လုပ်ရသလို ဖြစ်သွားတော့တာပါပဲ။ ဒါနဲ့ ညနေစောင်းလို့ အလုပ်လည်း သိမ်းရော မြင်းခမျာမှာ တစ်နေကုန် လယ်ထွန် ထားရလို့ တစ်ကိုယ်လုံးလည်း ညောင်းညာ ကိုက်ခဲနေတယ်။ ကုတ်ပိုးကလည်း ထွန်တံ ထမ်းထားရလို့ ပြဲနေပြီ။ ဒေါသကလည်း အတော်ထွက်နေပြီပေါ့။

ဒါနဲ့ သူလည်း တဲထဲ ရောက်လာရော မြင်းကို နွားက ပြောတယ်. . .

“ မိတ်ဆွေ မြင်းရယ် ၊ ခင်ဗျား အကြံပေးတဲ့ အတိုင်း ကျွန်တော် လုပ်လိုက်တာ ဒီနေ့တစ်နေ့လုံး အလုပ်မလုပ်ရပဲ အေးဆေး သက်သာစွာ နေရပါတယ်။ ဒီအတွက် ကျေးဇူးတင်ပါတယ်။ ”

လို့ ပြောတော့ မြင်းက . . .

“ အေး မင်းသက်သာပေမဲ့ ငါ မသက်သာဘူးကွ။ မင်းကို သနားလို့ ကူညီလိုက်ပေမဲ့ မင်းဝန်ထုပ်ကို ငါက ဝင်ထမ်းနေသလို ဖြစ်တော့တာပဲ။ နောက်နေ့ကစပြီး မင်း အလုပ်မင်းလုပ်တော့. .။ အေး. . မလုပ်လို့လည်း မရတော့ဘူး။ သခင် ပြောနေတာ ဒီနေ့ ကြားလိုက်ရတယ်။

ဒီနွားက ခဏခဏ နေမကောင်း ဖြစ်နေတာပဲတဲ့။ နောက်နေ့ နေမကောင်း ဖြစ်နေသေးတယ် ဆိုရင်တော့ တစ်ခါတည်း သားသတ်ရုံသာ ပို့လိုက်တော့။ အေးလေ . . မင်းကလည်း အလုပ်လုပ်ချင်တဲ့ ကောင်မှ မဟုတ်တာ။

တဲ့။ ဒီလို ခပ်ပြတ်ပြတ် ပြောပြီး မြင်းက အဲဒီအချိန်ထဲက နွားကို စကား မပြောတော့ဘူးတဲ့။ ဒါကြောင့် ကူညီတာကတော့ ဟုတ်ပါတယ် ကိုယ်က မကူညီတတ်ရင် သူဝန်ထုပ် ဝန်ပိုး ကိုယ်က ယူထမ်းသလို ဖြစ်နေလိမ့်မယ် လို့ ဒီပုံပြင်လေးက ပြောပါတယ်။ 




၂။ ကူညီမှု အတွက် အဖြစ်အပျက်လေး တစ်ခုက ဒီလို သင်ကြားတယ်။

တစ်ခါက . . .

လူတစ်ယောက်ဟာ ပင်လယ်ကမ်းစပ်ကနေ ကျောက်ပုစွန်တွေကို ဝယ်ယူပြီး မြို့မှာ ပြန်လည် ရောင်းချတယ်။ သူ့မှာ ပိုက်ဆံက များများ စားစား မရှိတော့ သူ့မှာ ရှိတဲ့ ပိုက်ဆံလေးနဲ့ တတ်နိုင်သလောက်သာ ဝယ်ယူပြီး ပြန်လည် ရောင်းချနိုင်တယ်။ ဒါနဲ့ပဲ သူက လည်ပတ်နေတယ်။

တစ်နေ့တော့ သူက ဒီလို စဉ်းစားမိတယ်။

“ ငါ့မှာ ပိုက်ဆံ အရင်းက များများ မရှိလို့ ၊ များများသာ ရှိခဲ့ရင် ငါ ကျောက်ပုစွန်တွေ များများ ဝယ်ပြီး များများ ရောင်းချရင် အမြတ်များများ ရမှာပဲ။ ”

လို့ တွေးမိတယ်။ ဒါနဲ့ သူ့အိမ်နားမှာ ရှိနေတဲ့ ငွေကြေးတောင့်တင်းသူ ထံမှာ အကူအညီတောင်းတယ်။ ကျွန်တော် ပိုက်ဆံ များများ နဲ့ အရင်းများများ ရင်းချင်လို့ များများရင်းရင် များများ မြတ်လာမယ် ဒါဆို ကျွန်တော်လည်း အဆင်ပြေသလို အန်တီ ကိုလည်း အမြတ်အနေနဲ့ အတိုးပေးပါ့မယ်ပေါ့။

ဒီစကားကြားတော့ အရင်းထုတ်ပေးမဲ့ အန်တီကြီးက ဝမ်းသာ အားရ သဘောတူတယ်။ ဒါပေမဲ့ ဘေးမှာ ရှိနေတဲ့ သူ့သားကတော့ သဘောမတူပဲ. . .

“ မဟုတ်သေးဘူး မေမေ။ များများ ရင်းတိုင်း များများ မြတ်မယ် ဆိုပြီး နေရာ တကာမှာ မတွေးသင့်ဘူး။ သူလုပ်မဲ့ အလုပ်ရဲ့ ဝယ်လိုအားကို ကြည့်ရသေးတယ်။ ဝယ်လိုအားကို မကြည့်ပဲ သူ့က များများ ရင်းရင် ကုန်ပစ္စည်းတွေ ဆုံးရှုံးတာပဲ ရှိတော့မှာပေါ့။ ”

သူက ဒီလို ပြောပေမဲ့ ငွေရှင်အန်တီ နဲ့ ကျောက်ပုစွန် ရောင်းသူလေးဟာ သဘောမတူကြဘူး။ ဒါကြောင့် ငွေရှင် အန်တီကြီး ဆီက ငွေကြေးတွေ ချေးငှားပြီး ကျောက်ပုစွန်တွေ အမြောက်အများ ဝယ်ယူပြီး မြို့မှာ ရောင်းချပါလေရော။ ဒီမှာ အရင်က သူ့ဆီက ပုံမှန် ဝယ်ယူသူတွေလောက်သာ ဝယ်ယူနိုင်ပြီး ကျန်တဲ့ သူတွေက ကျောက်ပုစွန်ရဲ့ ဈေးမြင့်မှုကြောင့် ဝယ်ယူ မစားသုံးနိုင်ဘူး။

တစ်နေ့စာ အားလုံးစုပြီး ရောင်းချရငွေကို စာရင်းချုပ်ကြည့်တော့ သာမာန်ထက် အနည်းငယ်သာ ပိုရောင်းချရတယ်။ ကျန်နေတဲ့ ပိုနေသော ကျောက်ပုစွန်များကို ရောင်းချရဖို့ တခြားဆိုင်ကြီးတွေမှာ သူ အကြွေးထားခဲ့ရတယ်။ လက်ရင်း ရလာတဲ့ ငွေလေးနဲ့ထပ်ပြီး ရင်းနှီးတယ်။ ပုံမှန်ထပ် အနည်းငယ်သာ ပိုလည်ပတ်နိုင်ပြီး ပထမသူ အကြွေးထားခဲ့သော ကျောက်ပုစွန်များက မရောင်းရသေးသောကြောင့် ငွေတွေက အိပ်ကုန်တယ်။

အချိန်ကြာလာတာနဲ့ အမျှ သူရဲ့ ဝယ်လိုအားကလည်း နည်းလာသလို ဖြစ်ပြီး လက်ကျန် အကြွေးထားထားတဲ့ ကျောက်ပုစွန်တွေလည်း ရောင်းချဖို့ ရှိသေးတယ်။ လက်ရှိသယ်လာတဲ့ ကျောက်ပုစွန်တွေကလည်း လက်ရှိရောင်းရမှ သူ့လက်ရှိ သုံးစွဲဖို့ ၊ လည်ပတ်ဖို့က အဆင်ပြေမယ်။

သူ့မှာ သူများက သူ့ကို တိုက်တာ မဟုတ်ပဲ ကိုယ်ရဲ့ ရောင်းလိုအားနဲ့ ကိုယ့်ဖာသာ ပိတ်မိပြီး လက်ရှိ ကျောက်ပုစွန်တွေလည်း ရောင်းမရ ၊ အရင် ကျောက်ပုစွန်တွေလည်း ရောင်းမထွက် ဆိုသော ဝယ်လိုအားနည်းမှု နဲ့ ခံစားရတယ်။

နောက်ဆုံးမှာ ဘာပဲ ပြောပြော အရင်းထုတ်ပေးထားတဲ့ အန်တီကြီးကလည်း သူ့ပိုက်ဆံ သူပြန်လိုချင်လာတာပါပဲ။ ဒါပေမဲ့ အကြွေးပေးထားတဲ့ ကျောက်ပုစွန်တွေကလည်း ရောင်းမထွက်သေး ၊ လက်ရှိရောင်းနေရတဲ့ ကျောက်ပုစွန်တွေကလည်း သူ့ရဲ့ နေထိုင် စားသောက်စရိတ်က ရှိသေးတယ်။

နောက်တော့. . . လည်ရင်း ပတ်ရင်းနဲ့ မလည်ပတ်တော့ပဲ။ အကြွေးပိုက်ဆံ ယူထားတဲ့ အန်တီကြီး ငွေတွေကို ပြန်မပေးနိုင်တော့ပဲ သူ ထွက်ပြေး တိမ်းရှောင် သွားခဲ့ရတယ်။ အန်တီကြီး အနေနဲ့က ကူညီတယ် ဆိုပေမဲ့ သူ့ရဲ့ စေတနာပါပါ ကူညီမှုက ကူညီရာ မရောက်ပဲ တစ်ဖက်သားရဲ့ အခြေအနေ မကြည့်တတ်မှုကြောင့် သူရဲ့ ပုံမှန်လည်ပတ်မှုလေးပါ ကိုယ့်ရဲ့ ကူညီမှုကြောင့် ပျက်ဆီးပြီး ကိုယ်လည်း ဆုံးရှုံးသွားခဲ့တယ်။


 

၃။ ဒါနဲ့ ပတ်သတ်ပြီး ခါးခါးသီးသီး အတွေ့အကြုံ တစ်ခုက ဒီလို မှတ်တမ်းတင်တယ်။

တစ်ခါက . . .

ရပ်ကွက်ထဲမှာ ဆွေစဉ်မျိုးဆက် ရင်ကြပ်ရောဂါ ပါလာတဲ့ လူကြီး တစ်ယောက် ရှိတယ်။ အမြဲတမ်း ကြပ်နေတာ မဟုတ်ပေမဲ့ သူက အေးရင် ကြပ်တယ်။ ဖုန်ထူ ၊ ရှူမိရင် ကြပ်တယ်။ ရင်ကြပ်ရင်လည်း ရင်ဘတ်တစ်လုံးက ဖားဖို ဆွဲနေရသလိုပါပဲ။ သူ့သားသမီးတွေမှာလည်း သူ့လောက် မဆိုးပေမဲ့ ရင်ကြပ်ရောဂါတော့ အမွေ ရှိကြတယ်။

တစ်နေ့တော့ သူ့သူငယ်ချင်း တစ်ယောက်နဲ့ တွေ့တယ်။ တွေ့တွေ့ချင်း သူ အံ့သြသွားတယ်။ သူ့သူငယ်ချင်းက ကျန်းမာ ဝဖြိုး အလှတိုးနေတယ်။ အရင်က သူ ဘာမှ မဖြစ်တဲ့ အချိန်မှာတောင်မှ အမြဲတမ်း “ တဂွမ်ဂွမ် ” နဲ့ ရင်ကြပ်နေတဲ့ သူ။ အခုတော့ ကျန်းမာ ပကတိ ချမ်းသာစွာ ရှိနေတယ်။

ဒါကို သူကလည်း တွေ့တွေ့ချင်း သိလိုက်တယ်။ အားနာစရာ မလိုတဲ့ သူငယ်ချင်းတွေ ဆိုတော့ သူကလည်း ပွင့်ပွင့်လင်းလင်း မေးတယ်။ သူ့သူငယ်ချင်းက လက်ထဲက ကွမ်းဗူးကြီးကို သူ့ဆီကို ထိုးထည့်တယ်။ နောက်မှ. . .

“ ငါ ပြောရင် မင်း ယုံပါ့မလား။ ဗမာဆေး နည်းနည်းလေးကို ငုံထားပြီး ထွက်လာတဲ့ အရည်လေးကို မမြိုချနဲ့ ထွေးထုတ် ၊ အဲဒီကမှ အလိုလို မြိုချမိတဲ့ အရည်နည်းနည်းလေးက ပန်းနာရင်ကြပ်ကို ပျောက်စေတယ်လို့ သမားတော် တစ်ယောက်က ပြောတယ်။

ဒါနဲ့ ငါလည်း ငုံကြည့်တာ ငုံရခက်တယ်ကွာ။ ဒါကြောင့် ကွမ်းကို ဗမာဆေးနဲ့ စားလိုက်တာ .. ၊ အဲဒီကတည်းက ငါ့ရဲ့ ပန်းနာရင်ကြပ်က ပျောက်တော့တာပဲဟေ့။ ”

မယုံရင် မရဲဘူး ဆိုသလိုပဲ သူလည်း မယုံမရဲ နဲ့ စမ်းစားကြည့်တယ်။ သူ့ရဲ့ ရင်ထဲမှာ မြွေတွေ တွန်သလို ဖြစ်နေတတ်တဲ့ ရင်ကြပ်စေတဲ့ ချွဲသလိပ်တွေက ကွမ်းယာနဲ့ ဗမာဆေးကြောင့် အလိုလိုပျော်ကျပြီး သူ သက်သာလာခဲ့တယ်။ ဒါနဲ့ပဲ ကွမ်းကို သူ အမြဲတမ်း စားဖြစ်သွားသလို သူ့ရင်ကြပ်ကလည်း ပျောက်သွားခဲ့တယ်။

ရောဂါဆိုတာ ကိုယ်တိုင် ခံစားရဖူးတဲ့ သူမှ သိတာ ၊ အခုလို ကိုယ်တိုင် ခံစားဖူးပြီး ပျောက်ကင်းဖူးတော့ ကိုယ့်လိုပဲ ခံစားနေရသူတွေကို ခံစားနားလည်ပေးနိုင်တယ်။ ကိုယ်ပျောက်သလို သူတို့ကိုလည်း ပျောက်စေချင်တယ်။ ဒါ လူတိုင်းရဲ့ ချစ်ဖို့ ကောင်းလှတဲ့ စိတ်ခံစားမှု ။

ဒီတော့ သူကလည်း သူ့လို ရင်ကြပ်ရောဂါ ခံစားနေရသူတွေနဲ့ တွေ့ရင် ဗမာဆေးရွက်ကြီး ငုံဖို့ သူကိုယ်တိုင် ပျောက်ကင်းစေခဲ့တဲ့ နည်းနဲ့ အကြံပေးတယ်။

“ အများကြီး မလိုဘူးနော်။ လက်မ လက်သဲခွံ တစ်ဝက်လောက်ကို ငုံထား။ အရည်ကို မြိုမချနဲ့ ထွေးထုတ် ၊ သူ့ဖာသာ ဝင်သွားတဲ့ အရည်နဲ့တင် သလိပ်ပျော် ၊ ချွဲထွက်ပြီး ရင်ကြပ်ပျောက်တယ်။ ”

သူ့နည်းက တကယ်လည်း အဆင်ပြေ ပျောက်ကင်းကြပါတယ်။ အားလုံးလည်း သူ့ကို ကျေးဇူးတင်ကြတယ်။ သူလည်း ဝမ်းတွေ သာလို့ ။ နောက်ထပ် ရင်ကြပ် ပန်းနာ ရှိနေသူတွေကို သူက ထပ်ပြီး လက်ဆင့်ကမ်းပြောပြတယ် . . ပျောက်စေချင်လို့။

တစ်နေ့တော့ . . . သူနဲ့ မျက်မှန်းတန်းမိတဲ့ အိမ်ကို တောင်ပေါ်မြို့မှာ နေတဲ့ သူတို့ အဖေက ရောက်လာတယ်။ မြင်တာနဲ့တင် သိသာတယ်။ ဒီဦးလေးကြီးက အသက်မကြီးသေးပဲ လူက ကိုင်းနေတယ်။ အရွယ် မရောက်သေးပဲ လူက ကုန်းနေတယ်။ သူ့မှာ ပန်းနာ ရင်ကြပ် ရှိတယ်။

ဒီတော့ သူနဲ့ တွေ့တွေ့ချင်း သူက သူ့ကိုယ်တိုင် ပျောက်ကင်းခဲ့တဲ့ ဗမာဆေးရွက်ကြီးနဲ့ ပန်းနာ ရင်ကြပ် ပျောက်ပုံပျောက်နည်းကို ပြောပြတယ်။ ဒီလောက် အင်္ဂလိပ်ဆေးတွေ သောက်တာတောင်မှ မသက်သာတာ ဒီလူကြီးကလည်း မယုံ။ ဒါပေမဲ့ သူ့ကို အားနာလို့ နည်းနည်းတော့ ငုံကြည့်တယ်။

ရင်ဘတ်ထဲမှာ ပြည့်ကြပ်နေတဲ့ ချွဲသလိပ်တွေကို ဆေးရွက်ကြီး အရည်တွေက အရည်ဖျော်ချသွားတယ်။ သူ့သလိပ်တွေ ထွက်လာပြီး ရင်ထဲမှာ နည်းနည်း နေလို့ ကောင်းသွားတယ်။ သူ့အိမ်သားတွေကို ပြောပြတော့ အိမ်သားတွေကလည်း ဝမ်းသာတယ်။ ဒါဆို ဆက်ပြီး ဒီလို ငုံဖို့ တိုက်တွန်းကြတယ်။

သူ့ရဲ့ ပန်းနာ ရင်ကြပ် သက်တမ်းဟာ အနည်းဆုံး အနှစ် ၄၀ ကျော်ခဲ့ပြီ။ သူ့ရင်ဘတ်ထဲမှာလည်း အစိုင်အခဲ ရင်ကြပ်တွေက မြဲနေခဲ့ပြီ။ ဒါတွေကို တစ်နေ့နည်းနည်းစီ ဖျော်ချဖို့ သူ မစဉ်းစားအားတော့. . ဒီဗမာဆေးရွက်ကြီးနဲ့ သက်သာတယ် ဆိုတော့ နည်းနည်းလေးတောင်မှ သက်သာတာ အများကြီး ငုံမယ်ကွာ ဆိုပြီး ကွမ်းသီး လုံးလို ကျစ်ပြီး ငုံတယ်။ အရည်ကို မမြိုချပေမဲ့ ရာခိုင်နှုန်းများလာတော့ အရည်ကလည်း များလာတယ်။

ဒီတော့ လက်သဲခွံတစ်ဝက်လောက်က မမူးပေမဲ့ ဒီလောက်တောင် ဆိုတော့ မတရားမူးတယ်။ ရင်ဘတ်ထဲက ချွဲသလိပ်တွေကလည်း မတရားထွက်တယ်။ ကျောက်ဆိုင်မှာ ကပ်နေတဲ့ ရေညှိတွေကို ရေပိုက်လေး ဖြေးဖြေးချင်း မဖျော်ချပဲ မီးသတ်ပိုက်နဲ့ ထိုးချသလို သူက အမြန်ပျောက်ချင် ဇောနဲ့ ဖျော်ချတယ်။ များများပျော်ကျသလို ကျောက်သားလည်း အနည်းငယ် ထိပါးသလိုပါပဲ။

ဒါကို မြန်မာစကားပုံလေးက “ တန်ဆေး လွန်ဘေး ” လို့ ခေါ်တယ်။

ဒီလိုနဲ့ ဆေးရွက်ကြီး မူးတဲ့ ဒဏ်ကို သူ ကြိတ်မှတ်ခံစားပြီး နှစ်ပေါင်း ၄၀ ကျော်က ရင်ကြပ် ရောဂါကို ရက်ပိုင်းနဲ့ ပျောက်ချင်လို့ လွန်ဆေး အဖြစ် သူသုံးစွဲတယ်။ စိတ်သာ ရှိတာ လူက ဆေးရွက်ကြီး ဒဏ်ကို မခံနိုင် ။ ပြီးတော့ သူ့မှာ အစာအိမ်ရှိနေတာပါ သူက သတိမထားတော့။ နောက်တော့ မူးတယ်. . .မူးတယ် အော်ပြီး ခွေကျတယ်။ ဆရာဝန်ကို ခေါ်ပြတော့ ဆရာဝန်က ရောဂါ ရှာမရ။ နောက်မှ ပါးစပ်ထဲက ဆေးရွက်ကြီး အလုံးလိုက် ထွက်ကျတယ်။

သူ့စိတ်ထဲမှာ နှစ်ပေါင်း များစွာ ရောဂါကို ရက်ပိုင်းနဲ့ ပျောက်ချင်တယ်။ ဒီလို ရောဂါ သက်သာလာတာကိုလည်း မကြုံဖူုးတော့ ပိုမြန်မြန် သက်သာချင်လာတယ်။ နေမကောင်းလို့ ဆရာဝန်က မငုံနဲ့ဦး တားထားရင်းကနေ သူ လူလစ်တာနဲ့ ဆေးရွက်ကြီး ငုံတယ်။ အစာအိမ်ရောဂါကိုလည်း ဂရုမစိုက် ၊ သူ ပန်းနာရင်ကြပ် မရှိတဲ့ လူတစ်ယောက်လို ဖြစ်ချင်တယ်။

သူ့ကို လူလစ်တာနဲ့ တွေ့တဲ့ နေရာက ဝယ်ပြီး ငုံတယ်။ နောက်တစ်ခါ မူးလဲတဲ့ အခါမှာ သူ သတိ တော်တော်နဲ့ မရတော့ဘူး။ ဒါပေမဲ့ ဝမ်းနည်းစွာ နဲ့ပဲ သူ့မှာ ပန်းနာရင်ကြပ်က အံ့သြစရာ ကောင်းလောက်အောင် ပျောက်ကင်းနေခဲ့ပြီ။ သို့သော် သူသုံးစွဲသော နည်းစနစ်သာ မှားခဲ့တာ။ သူ သတိပြန်လည်တော့ ကယောင်ခြောက်ခြားများသာ ပြောနေခဲ့တယ်။ ဘာမှလည်း အစား မဝင် ၊ သူကလည်း မစားချင် ဟုပဲ သတိလည်လာတဲ့ အချိန်မှာ ပြောတယ်။

သူလုပ်ချင်တာ တစ်ခုတည်း ၊ သူ့ပါးစပ်ထဲ သူဝင်စေချင်တာ တစ်ခုတည်း . . . ဒါက ဆေးရွက်ကြီး သူ ငုံချင်တယ်။

နောက်ဆုံးတော့ ဆေးရွက်ကြီး ငုံချင်တာက လွဲလို့ သူ့စိတ်ထဲမှာ ဘာမှ မရှိတော့ဘူး။ သူ့ကို လူလစ်မပေးရဲတော့ဘူး။ လူလစ်တာနဲ့ အပြင်ထွက်ပြီး ဆေးရွက်ကြီး ပြေးငုံတယ်။ ဘာမှလည်း မစား။ သူ တဖွဖွ ပြောနေခဲ့တာ . . .

“ ငါ ရင်ကြပ် ပျောက်ချင်တယ်။ အခု ပျောက်ဖို့ နည်း တွေ့နေပြီလေ။ ဒါကို အရင် ဦးစားပေး လုပ်ရမယ်။ ”

တဲ့။ တတိယအကြိမ် သူ မူးလဲနေတာကို တွေ့ရတော့ မနက် ၅ နာရီမှာ ပဲပြုတ်သည် အဒေါ်ကြီးရဲ့ အိမ်သားများ နှိုးသံနဲ့ အတူ။ သူဘယ်အချိန်က အိမ်ထဲက လစ်ထွက်သွားမှန်း မသိလိုက်ရ။ မူးလဲနေတာ ဘယ်လောက် ကြာပြီလဲ မသိ။ သူ့ခြေတွေ ၊ လက်တွေ အေးစက်ခြင်းနဲ့ ထုံပျံ့နေတယ်။ သတိမရတော့။

အိမ်ကို လာကြည့်တဲ့ ဆရာဝန်က သူ့ကို ချက်ချင်း ဆေးစာနဲ့ ဆေးရုံတင်ခိုင်းတယ်။ အိမ်ကနေ သူထွက်ပြီး ၄ ရက်ကြာတော့ ဆေးရုံပေါ်မှာ သူ ပျောက်ချင်လှစွာသော ပန်းနာရင်ကြပ်ကို ပျောက်လိုဇောကြီးစွာနဲ့ မှားယွင်း ကုထုံးကြောင့် သူ့အသက်ကို ပေးသွားတယ်။ ဆရာကြီးဝန်ကြီးတွေက လူနာ သေဆုံးမှု မှတ်တမ်းမှာ ဒီလိုရေးတယ်။

“ အစာငတ် ၊ အားပြတ်၍ အာဟာရပြတ် သေဆုံးခြင်း ”

တဲ့။ သူဘာကြောင့် သေရတာလဲ ဆိုတဲ့ ဆေးစာကို ဘယ်သူ့မှ သေချာမသိပေမဲ့ အရပ်စကား ၊ အရပ်နားမှာတော့ ရင်ကြပ်ရောဂါ ပျောက်အောင် နည်းပေးလိုက်တဲ့ လူရဲ့ ဆေးရွက်ကြီးကြောင့် မူးလဲ ၊ နဖူးကွဲ ၊ ဒူးပြဲ ၊ အသက်နဲ့ကိုယ် အိုးစားကွဲတယ် လို့ အရပ်စကား ဖြစ်ခဲ့ရတယ်။

ပန်းနာရပ်ကြပ်ကို ပျောက်စေချင်တဲ့ သူသာ ပြန်ကြားရင် ဘယ်လောက်များ ရင်နာ အသည်းစိမ့် ဖြစ်လေလိမ့်မလဲ။ ဘယ်လောက်များ ကွဲကြေမလဲ။ ဘယ်လောက်များ ဝမ်းနည်း လေလိမ့်မလဲ။ အရပ်စကား ၊ အရပ်နားက တော်တော် ခါးဖို့ကောင်းတယ်။ သူရဲ့ ကူညီမှု အပေါ် ဘယ်လောက်များ ရင်နင့် ခံစား နောင်တ ရလိမ့်မလဲ။

တကယ်တော့ ကူညီမှု ဆိုတာ ကူညီသူနဲ့လည်း မဆိုင်ပါ။ ကူညီမှုကို လက်ခံရသူမှာလည်း သင့်တော်သော အထိုက်အလျှောက် ဗဟုသုတ တော့ ရှိဖို့ လိုပါသေးတယ်။ မဟုတ်ရင်တော့ ကိုယ်ကူညီတာက သူများကို နှစ်သလို ဖြစ်ရုံမက သူ့ဘဝကိုပါ ပျက်ဆီး သွားစေနိုင်ပါတယ်။

ဒါဘာလို့လည်း ဆိုတော့ လူဆိုတာ “ အတ္တ နဲ့ လောဘ ” ကို ရှေ့တန်း တင်ထားတတ်ကြတယ် မဟုတ်လား။

ဒါကြောင့် လူတစ်ယောက်ကို ကူညီတယ်ဆိုတာ အလွန် ကောင်းမွန်သော အလေ့အကျင့် တစ်ခုပါ။ သို့သော် ကူညီတာကို အရာ ရောက်ဖို့တော့ လိုပါသေးတယ်။ ဒီလို အရာရောက်ဖို့ ဆိုတာ . . .

၁) ကိုယ့်ရဲ့ ကူညီမှု က “ ကိုယ့်အပေါ် ဝန်ထုပ် ကိုယ်ဝန်ထုပ် ” မဖြစ်အောင် ဆင်ခြင်နိုင်ရမည်။
၂)
ကိုယ့်ရဲ့ ကူညီမှုက သူ့အတွက် နှစ်ရာ မရောက်အောင် ဆင်ခြင်နိုင်ရမည်။

၃)
ကိုယ့်ရဲ့ ကူညီမှုကို သူနားလည် သဘောပေါက်နိုင်သော အခြေခံ ဗဟုသုတ လေးတော့ ရှိရမည်။


ဒါမှသာ ကိုယ် ကူညီလိုက်သော အကူအညီတစ်ခု ၁၀၀ ရာခိုင်နှုန်း ၊ ရာနှုန်းပြည့် အောင်မြင် ပြည့်စုံပါလိမ့်မည်။

Source;
1) The Richest Man In Babylon ( ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် )
2) Mon's Voice
3) Dad's Voice
4) Healthy Magazine
5) Future Magazine


လေးစားစွာဖြင့်

ကိုဇော် ခံစားပုံဖော်သည်။


.

Share/Bookmark

26 October 2010

5 “ U ”



“ U ” 

A B C D E F
G H I J K L
M N O P Q
R S T V W
   X Y Z

I thought it should be 26 characters.
but now only 25........
What did I miss ? ...............

Oh! . . . I miss " U " .



*** ညီငယ် တစ်ယောက် ပေးပို့လာသော စိတ်ကူးလေးပါ။ ဖတ်ဖူးသူများ ပါခဲ့ရင် ဒုတိယအကြိမ် ဖတ်ခြင်းပေါ့ဗျာ။***


လေးစားစွာဖြင့်
ကိုဇော်

.
Share/Bookmark

5 ခက်ဆစ် ( ၄ )





ဂျာနယ်

ခုနစ်မျက်နှာ ကြော်ငြာပါ
ရှစ်မျက်နှာက အတင်းပွဲ
မျက်နှာဝက်က သတင်းပဲ။



မြားနတ်မောင်

လက်တည့်ပုံလည်း မရပါဘူး။
မကောင်းသူထိပ် ၊ ကောင်းသူထိပ် ဆိုပြီး
သူ မျက်စိမှိတ် ပစ်နေတာပါ။

ဒါတောင်မှ. . .
နာမည်က ကြီးနေသေး။



စာအုပ်

သူ့နာမည်ကို ကျွန်တော် ကြိုက်တယ်။
ပညာသားပါပါ ပါပဲ။
မသိသူ ကျော်သွား ၊ သိသူ ဖော်စား ဆိုသလို . . .
“ စာ ” တမ်းတွေ အားလုံးကို အသာလေး “ အုပ် ” ထားတယ်။
တူးဖော် ယူတတ်မှ. . . ။



လူရိုင်း

တကယ်တမ်း ဖြစ်ခွင့်ရမယ် ဆိုရင်
ကျွန်တော် “ လူရိုင်း ”  ဖြစ်ချင်ပါတယ်။
အချွန် ၊ အတတ်တွေနဲ့ ထိုးထိုးထောင်ထောင်
သူ့အဝတ်အစားကို ဝတ်ကာ ဘတ်စ် စီးရင်
တော်တော် ပျော်ဖို့ ကောင်းမှာပါ။

“ ဒူးရင်းသီး ” ကိုင်ပြီး ဘတ်စ် တိုးစီးရသလိုပေါ့။


လေးစားစွာဖြင့်
ကိုဇော်

.
Share/Bookmark

25 October 2010

9 ခက်ဆစ် ( ၃ )





အမှား ၂

ကြက်ခြေခတ်ခြင်း တူတာတောင်မှ
သူများတွေက ကန့်လန့်ဖြတ်တော့ “ ကြက်ခြေနီ ” တဲ့။

ဘေးတိုက်ချင်း ထူးခတ် ၊ “ အမြှောက် ” နဲ့ တူတာတောင်မှ. .
ငါ့ကျတော့. . . 
“ အမှား ”  တဲ့. . . ။



ကား

သူ့အသံထွက် အတိုင်းပဲ
ကြည့်ရတာ ဆင်မယဉ်သာကို မရှိဘူး။
ခြေအစုံကို ဘေးကားထားပြီး
ကို့ယို့ကားယား ပြေးလွှားနေတယ်။



အနုပညာ

“ ဒါ အနုပညာပဲ ”

“ ဟင် ဘယ်ဟာလဲ ”

“ ဒါပဲလေ ”

“ အင်းလေ. . ဘယ်ဟာလဲ ”

“ ကြည့်တတ် ၊ မြင်တတ် ၊ ခံစားတတ်ရင် အရာရာဟာ အနုပညာပဲပေါ့ ”



ကြိတ်ကြံ

သူငယ်ချင်း သုံးယောက် စကားပြောနေတာကို ကျွန်တော် ထိုင်ကြည့်နေမိတယ်။

၁။ “ ကြိတ်ကြံ ဆိုတာကို မကြိုက်ဘူး။ တိုင်တိုင်ပင်ပင် ပွင့်ပွင့်လင်းလင်း လုပ်ရင် ဒီထက် ပိုကောင်း လာနိုင်တယ်။ ”

၂။ “ ငါကတော့ ကြိတ်ကြံတာကို ပိုကြိုက်တယ်။ ကိုယ့်အကြံ သူများ မဦးဘူးပေါ့ ”

“  - - - - - - - - ”

“ - - - - - - - -  ”

“ - - - - - - - - ”

သူတို့ နှစ်ယောက် အပြင်းအထန် ငြင်းနေကြတုန်း တတိယတစ်ယောက် ဝင်ပြောတယ်။

၃။ ငါကတော့ ကြိတ်ကြံ ကို ပိုကြိုက်တယ်။

၁။ က မဲ့တယ်။

၂။ က ပြုံးတယ်။

၃။ က ဆက်ပြောတယ်။

“ ကြိတ်ကြံ ဆိုတာ ရိုးရိုးကြံထက် ပိုချိုတယ်။ ”


လေးစားစွာဖြင့်
ကိုဇော်
.
Share/Bookmark

24 October 2010

20 ကိုကြီးကျောက် . . . သို့



ပထမဦးဆုံး ကိုကြီးကျောက် နေမကောင်းဖြစ်နေတာကို သိခွင့်ရတာက ဘလော့ဂ်ဂါ မောင်မိုးကြောင့်ပါ။ သူ ကိုကြီးကျောက်ဆီကို ဖုန်းဆက်ဖြစ်တယ်။ ကိုကြီးကျောက် နေမကောင်းဘူး လို့ ဆိုတယ်။ ဒါနဲ့ ကျွန်တော်တို့ ကိုကြီးကျောက်ရဲ့ဘလော့မှာ သွားပြီး အားပေးစကား ပြောဖြစ်ကြတယ်။ နောက်တော့ ကိုကြီးကျောက်က သူ နေမကောင်းတဲ့ အကြောင်းကို ပို့စ်တင်ပြောရင်း ရှင်းပြတယ်။ 

နောက်တော့လည်း သာမာန်လူတွေလို ထူထူထောင်ထောင် ဖြစ်တယ်လို့ ထင်မြင်ယူဆမိရအောင်ကို ကိုကြီးကျောက်က စာတွေ ပြန်ရေးခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ Online ရဲ့ ဘလော့ပေါ်မှာ ခင်မင်ရတာ ဆိုတော့ ကျွန်တော်တို့မှာ အမြင်မရှိဘဲ အထင်ပဲ ရှိခဲ့တာပါ။ အဲဒီတော့ . . . အဲဒီ အထင်ဟာ လုံးဝ မှားသွားပါတော့တယ်။ ကိုကြီးကျောက်က ဟန်ဆောင်နေခဲ့ပါတယ်။

နောက်တော့ ကိုအောင် ( ပျူနိုင်ငံ ) က ကိုကြီးကျောက်ဆီ ဖုန်းဆက်ဖြစ်တဲ့ အကြောင်းနဲ့ ကိုကြီးကျောက် နေတော်တော် မကောင်းတဲ့ အကြောင်း သိရပြန်ပါတယ်။ ကျွန်တော် ဖုန်းနံပါတ် ကိုအောင့်ဆီမှာ သိခဲ့ရတယ်။ ဖုန်းနံပါတ်ကို နှိပ်ပြီး Call မဝင်ခင် ပြန်ပြန် ပိတ်မိတာ အကြိမ်ပေါင်း များစွာပါပဲ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်ရဲ့ ခံစားမှုက တကယ်ကို တစ်ခါတလေ တစ်မျိုး ဖြစ်နေတတ်လို့ပါပဲ။

ကိုကြီးကျောက်ရေ. . .

ကိုကြီးကျောက် သိတဲ့ အတိုင်း ကျွန်တော်က အတော်ကို လျှာရှည်တဲ့ လူတစ်ယောက်ပါ။ ဘလော့မှာ ပို့စ်ရေးရင်တောင်မှ ခပ်ရှည်ရှည်တွေ ရေးမိပါတယ်။ ရှင်းပြမိတာတွေ တစ်ခါတလေ များနေတတ်ပြန်တယ်။ ဒါပေမဲ့ ကျွန်တော် စကားသံ မထွက်တဲ့ အခြေအနေ နှစ်မျိုး ရှိတယ်။

၁။ ကျွန်တော် ဒေါသထွက်နေရင် ကျွန်တော် စကားသံ မထွက်ဖြစ်တော့ဘူး။ လက်ကပဲ အရင် ရောက်သွားမိတယ်။

၂။ ကျွန်တော် စိတ်မကောင်း ဝမ်းနည်းနေမိရင် ကျွန်တော် စကားသံ မထွက်ဖြစ်တော့ဘူး။

ဒီလို အခြေအနေတွေ ကိုယ်တိုင်က စိတ်ခံစားမှု ရှိလို့ ကျွန်တော် ကိုကြီးကျောက် နေမကောင်းရာကနေ ဆေးရုံတတ်ရတယ် ဆိုတဲ့ နောက်ပိုင်း ကိုကြီးကျောက်က ဆေးရုံက ဆင်းလာပြီးတော့ ဆိုက့်တကာ့ဆိုက် နေရာတကာ့နေရာမှာ လိုက်ပြီးတော့ မြင်မြင်သမျှ သူ့လက်ရာဆိုတာကို တွေ့လိုက်ရတော့ တစ်မျိုးကြီးပါလားလို့ ထင်မိပါသေးတယ်။

နောက်တော့မှ ကင်ဆာ ရောဂါဖြစ်နေပြီ ဆိုတော့ ကျွန်တော် တစ်မျိုးကြီးက တကယ်ကြီး လို ဖြစ်လာတော့တာပါပဲ။ ဒါကြောင့် ကျွန်တော် လိုင်းပေါ်ကို တတ်မယ် ဆိုရင် အရင်ကလို ကိုကြီးကျောက်နဲ့ တွေ့ရင် . . . .

“ ဝေး . . ကိုကြီးကျောက် ”

“ ဟေ . . ကိုဇော် ”

ဆို ပြီးရင် ကျွန်တော် ဘာများ ဆက်ပြောရတော့မလဲ။

“ နေကောင်းလား ”

ဆိုသော စကားက ဒီအခြေအနေမှာ တော်တော် ရိုင်းတယ် လို့ ခံစားမိပြန်တယ်။

“ ကျန်းမာရေး ဂရုစိုက်ပေါ့ ကိုကြီးကျောက်ရာ ၊ ကျန်းမာခြင်းဟာ လာဘ်တစ်ပါး ”

ဆိုပြီး ပြောမိပြန်ရင်လည်း ကိုယ့်ထက် ကြီးတဲ့ လူကို ကျွန်တော် “ မိကျောင်းမင်း ရေခင်းပြ ၊ ဘုန်းကြီး စာချ ” လုပ်နေသလိုလို ခံစားမိပြန်တယ်။ ဒါကြောင့် အခု နောက်ပိုင်း ကျွန်တော် ကိုကြီးကျောက်ကို လိုင်းပေါ်မှာ တွေ့ပြီး စကားပြောရင် ဘယ်က စပြောရမှန်း မသိနိုင်ခဲ့။

စာလေးနဲ့ ရေးပြီး ပြောတာတောင်မှ ဒီလို ဆိုတော့ ခုနကလို ဖုန်းခေါ်ပြီး မဝင်ခင် အကြိမ်ကြိမ် ပိတ်မိတာကလည်း “ ဟလို ” ဆိုတဲ့ အသံကြားပြီးရင် ဘယ်လို စကားစပြောရမှန်းကို မသိလို့ ဖုန်းကို ခေါ်ပြီး ပြန်ပြန်ပိတ် မိခဲ့တာပါပဲ။ လိုင်းပေါ်မှာ ကိုကြီးကျောက် ရှိနေတယ် ဆိုတာကို Invisible နဲ့ ပုန်းနေတဲ့ ကျွန်တော် တွေ့ပင်မဲ့လည်း မခေါ်ဖြစ်ခဲ့ပါ။ ကိုကြီးကျောက် စခေါ်ရင်တောင်မှ ကျွန်တော် အထစ်ထစ် အငေါ့ငေါ့ ပြန်ပြောနေမိမှာ စိုးလို့ အချိန်ပြည့် လိုင်းပေါ်မှာ ရှိနေတတ်တဲ့ ကျွန်တော် ပုန်းနေမိတော့တာပါပဲ။

အခုတော့ . . . ကိုကြီးကျောက် ရဲ့ ရောဂါ အခြေအနေကို အစ်မ ရွှေစင်ဦး ဘလော့မှာ တွေမိပါတယ်။

“ ကိုကြီးကျောက် အခြေအနေကောင်းတယ် ရွှေစင်ရေ..ဆေးစားပြီး ကင်ဆာ ကို ကြုံ့အောင် လုပ်ပြီး ခွဲရင်ရမယ်။ ”

တော်ပါသေးရဲ့ လို့ ရေတွက်မိပေမဲ့ အခု နောက်ပိုင်းတော့ ကိုကြီးကျောက်နဲ့ စကားမပြောဖြစ်ခဲ့ပါဘူး။ ပြောစရာတွေ ဆွံ့အ နေခဲ့တယ်။

ဟိုတစ်နေ့က ကိုချစ်ဖေ ဘလော့မှာ ကိုချစ်ဖေက ပို့စ်ကဒ်လေးတွေ ပို့ပြီး အားပေးစကား ပြောဖို့ အကြံပေးလာတော့ ရုတ်တရက်ကို ကျွန်တော် ဝမ်းသာသွားမိတယ်။ ကိုယ့်ဖာသာ အားပေး စကားလေးတွေကို ရေးပြီး ပို့ပေးလိုက်မယ်ပေါ့။

ဒါနဲ့ အဲဒီနေ့ပဲ ပို့ကဒ်လေးတွေ သွားဝယ်ပါတယ်။ Happy Birthday ကဒ်တွေပဲ များနေလို့ ၊ ပြီးတော့ အတွေ့အကြုံ ကလည်း မရှိလေတော့ ဘာဝယ်လို့ ဝယ်ပေးရမှန်း မသိပါဘူး။ နောက်မှ အဆင်ပြေမယ် ထင်တဲ့ ကဒ်လေးတွေ ဝယ်လာပြီး စာရေးဖို့ ပြင်ပါတယ်။







ကျွန်တော် ဘာရေးရမလဲ။

ဒါကို စဉ်းစားရင်း အချိန် ၄ ရက်လောက် ကုန်သွားတယ်။ ဘလော့ပေါ်မှာ စာတွေကို အစ်မတစ်ယောက် ပြောသလို စက်က ကျလာသလို ရေးနေတဲ့ ကျွန်တော် ဒီပို့စ်ကဒ်လေးပေါ်မှာ စကားလုံးတွေ ရှာမရဘူး။

“ ကိုကြီးကျောက် နေကောင်းလား ”

ဟာ . . ဒီအချိန်မှာ ဒီစကားက အရိုင်းဆုံး စကားလို့ ကျွန်တော် သတ်မှတ်ထားတယ်။

“ ကျန်းမာရေး ဂရုစိုက်ပါ ၊ ဆေးမှန်မှန် သောက် ၊ နေကောင်းအောင် နေ ”

အစရှိသဖြင့် ဘယ်စကားလုံးမှ အဆင်မပြေ။ ကိုယ်ကပဲ ဆရာကြီး လုပ်နေသလို ဖြစ်နေမှာလည်း ကျွန်တော် စိုးရိမ်မိတယ်။ နောက်ပြီးတော့ ကိုယ့်ထက် ဒီလောက် အတွေ့အကြုံများ လူတစ်ယောက်ကို အားပေးဖို့ ဆိုတာ မလွယ်လှဘူးလို့လည်း ထင်မိပါတယ်။

ဘယ်လိုပဲ ဖြစ်ပါစေ။ အဲဒီအချိန်မှာ ကျွန်တော် စိတ်ထဲ ရင်ထဲမှာ ရှိနေတဲ့ အတိုင်း ကျွန်တော် ပို့စ်ကဒ်လေး နှစ်ခုပေါ်မှာ ချရေးလိုက်ပါတယ်။ ငယ်ငယ်က ရည်းစားစာ ရေးတုန်းကထက် ဆိုးတယ် ကိုကြီးကျောက်ရေ။ ဘောပင်ကိုတောင်မှ မနိုင်သေးတဲ့ ကလေး တစ်ယောက်လိုမျိုး နှစ်ခါ လွတ်ကျသေးတယ်။ စာရေးလို့ ပြီးပြီလို့ ကိုယ့်ဖာသာ ပြန်ကြည့်လိုက်တော့ ထပ်အံ့သြမိပါရဲ့။ ကောက်တိကောက်ကွေးနဲ့ စာကြောင်းတွေကလည်း အောက်စိုက် ၊ အပေါ်ထိုးနဲ့ အမျိုးမျိုးကို ဖြစ်နေတော့တာပါပဲ။

ဒါပေမဲ့ ကျွန်တော် ရင်ထဲက ပြောမပြတတ်သော ခင်မင်မှုတွေ ပါသွားမယ် ဆိုတာကိုတော့ အကြွင်းမဲ့ ယုံကြည်ပါတယ်။ ပြီးတော့ ကျွန်တော် ပြီးပြီးရော ပြောလိုက်တာလည်း မဟုတ်ပါဘူး။ ကျွန်တော် ရင်ထဲမှာ ရှိသမျှကို ပုံဖော် မပြောပြတတ်သူ တစ်ယောက်ရဲ့ ကျောက်ထွင်း အက္ခရာတွေပါပဲ။ ကောက်တိကောက်ကွေး နိုင်ချင် နိုင်မယ် ၊ စာသား ပြေပြစ်ချင်မှ ပြေပြစ်မယ် ၊ ဘယ်လိုပဲ ဖြစ်နေပါစေ အဓိက ရည်ရွယ်တာကတော့ ကိုကြီးကျောက်ကို ကျန်းမာနေကောင်းပြီး ပျော်ရွှင်လန်းဆန်းစွာ အသက်ရှည်ရှည် နေရစေချင်တာပါပဲ။ 

“ ကိုကြီးကျောက် ကျန်းမာ ရွှင်လန်းကာ အသက်ရှည် ပျော်ရွှင်ပါစေ။ ”

“ ကိုကြီးကျောက် ကျန်းမာ ရွှင်လန်းကာ အသက်ရှည် ပျော်ရွှင်ပါစေ။ ” 

“ ကိုကြီးကျောက် ကျန်းမာ ရွှင်လန်းကာ အသက်ရှည် ပျော်ရွှင်ပါစေ။ ” 

လို့ ဆုပန်ရင်း ဝါလကင်းလွတ် သီတင်းကျွတ်မှာ ကိုကြီးကျောက်ကို ကန်တော့ လိုက်ပါတယ် ကိုကြီးကျောက်ရေ...



တစ်ခါတလေ . . . 

ဘယ်လောက်ပဲ စိတ်ဓါတ် အင်အား ကောင်းသူ ဖြစ်နေပါစေ အားငယ်တတ်ပါတယ်။ ဒီလို အချိန်မှာ ကိုယ့်ကို ဘာရယ် မဟုတ်တဲ့ အားပေးမှုလေး တစ်ခုက ထိုလူတစ်ယောက်ကို ရုတ်ခနဲ အင်အား တိုးသွားစေသလိုမျိုး အားရှိစေကာ ရှင်သန်စေ နိုင်ပါတယ်။ သူများတွေ ဖြစ်တာ မြင်ဖူးနိုင်သလို ၊ ကိုယ်တိုင်လည်း ကြုံဖူးကြမှာပါ။ လူတစ်ယောက်ရဲ့ မေတ္တာပါဝင်သော အားပေးမှုက လောကကြီးမှာ အလွန်အင်အား ကြီးပါတယ်။

အခု စာဖတ်သူများမှ ကိုကြီးကျောက်ကို အားပေးချင်တယ် ဆိုရင် အောက်ပါ အတိုင်း ကိုကြီးကျောက်ရဲ့ ဘလော့ကို သွားပြီး အားပေးချင်ရင်လည်း အားပေးလို့ ရပါတယ်။ ဒါမှ မဟုတ် ဖုန်းနဲ့သော်လည်းကောင်း ၊ အမှတ်တရ ပို့စ်ကဒ်လေးများ ပို့ပြီး အားပေးချင်တယ် ဆိုရင် လည်းကောင်း အားပေးနိုင်ကြပါတယ်။

ကျွန်တော်တို့ အားလုံး ကိုကြီးကျောက်အတွက် သီချင်းလေး တစ်ပုဒ် အတူတူ ဆိုကြရအောင်ဗျာ။ 

Michael Jackson - You Are Not Alone




ဘလော့ - http://penai22.blogspot.com

ဖုန်း  - +1 210 787 0932

လိပ်စာ - Nai Pe
            11 Grandin Circle
            Rockville MD 20851
            USA


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

22 October 2010

20 မာရ်နတ်ရဲ့ ရုပ်သွင်ပြင်


အမှာ . .

မရေးတာ အတော်ကို ကြာပြီ ဖြစ်တဲ့ ကျွန်တော့် စာရေးဟန်လေး တစ်ခုကို ပြန်ပြီး နွေးမိခြင်းပါ။ မေ့သွားမှာ စိုးလို့လည်း ပြန်ပြီး အစထုတ် ရေးကြည့်မိလည်း ဖြစ်ပါတယ်။ 



အန်ကယ်ညွှန့် အတော်ကို “ စိတ်ပျက်လက်ပျက် ” ဖြစ်နေသည်။ တကယ်တမ်း အပို မပြောကြေး ဆိုရင် သူ “ စိတ်ပျက် ” နေတာသာ ဖြစ်သည်။ သို့သော် လူတွေရဲ့ ထုံးစံအရ စကားတွေ အပိုပြောရင်း ဘယ်ကနေ ဘယ်လို “ လက်ပျက် ” ဆိုတာက ပါလာလဲ သူလည်း မသိပါ။ တကယ်တော့ သူ  လက်မပြတ်ပါ ၊ လက်လည်း မပျက်စီးသေးပါ ၊ သူ “ စိတ်ပျက် ” နေမိခြင်းသာ ဖြစ်သည်။ 

သူ့နာမည်က ဦးကျော်ညွှန့် ဆိုပေမဲ့ သူ့ကို ခင်သော အားလုံးလိုလိုက အန်ကယ်ညွှန့် ဟုသာ ခေါ်၏။ သူစိတ်ညစ်နေရတဲ့ အကြောင်းရင်းကလည်း တခြားတော့ မဟုတ်။ သူများတွေ ဖြစ်နေကြ ကိစ္စတွေလိုပဲ သူလည်း ကိုယ့်ပစ္စည်းနဲ့ ကိုယ် ဒုက္ခဖြစ်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေခြင်း ဖြစ်သည်။ ( ပါလာပြန်ပြီ ဒီ လက်ပျက်က )

သူ့မှာ ဘိုးဘွားပိုင် မြေကွက်ကို ညီအစ်ကို မောင်နှမတွေ ခွဲဝေပိုင်းဖြတ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူ လိုက်ရလေသည်။ ဘယ်သူက ဘယ်လောက် ပိုင်ဆိုင်သင့်တယ် ဆိုတာကို ငြင်းခုန်နေရင်း ရုံးကြေး ၊ ကနားကြေးတွေ ကုန်ကာ ရိုးရိုးခွဲရင် မြို့ထဲမှာ ခြံတစ်ကွက် ဝယ်နိုင်မဲ့ အမွေပစ္စည်းတွေက ပွန်းတီးပျက်သုံးကာ နှစ်ပေါင်းများစွာ အတွင်း ပါးလျပြီး သူ့လက်ထဲ ရောက်လာတော့ မြို့စွန်က မြို့သစ်မှာသာ မြေကွက်ကလေး တစ်ကွက် ဝယ်နိုင်တော့သည်။ ပေ ၂၀ x ၆၀ ဆိုသော မြေကွက်ကလေး။

အိမ်လေးကို အောက်ခြေက အုတ်ဖိနပ်ခံကာ ခပ်မြင့်မြင့်လေး ဆောက်လိုက်သည်။ မြို့သစ်က အိမ်ယာတွေ ဆိုတော့ မတော်တဆ ရေများကြီးလာမလား ၊ မြွေပါးကင်းပါးပဲ တက်လေမလား ဆိုသော အသက်ကြီး သူတွေရဲ့ စိတ်ပူပန်မှုကြောင့် သူ့အိမ်လေးက သူများတွေထက် ပိုမြင့်သည်။ ဒါကြောင့် သူ့အိမ်လေးက မြင့်မြင့်မားမား ဖြစ်နေသည်။ သူ့အိမ်က ပြဿနာ မရှိပါ။ သူ့မှာ ပြဿနာ တတ်နေတာက ထိုအိမ်ကို ဆောက်ထားသော မြေ ဖြစ်သည်။

မြေက ရွံ့ဆန်သော မြေလည်း မဟုတ် ၊ ဂဝံဆန်သော မြေလည်း မဟုတ် ၊ သဲဆန်သော မြေလည်းမဟုတ်။ ထိုမြေကား မြေဆွေးဆန်သော မြေမျိုးသာ ဖြစ်သည်။ ထိုကြောင့် သူ ဒီမြေကွက်ကို ဝယ်ပြီးကတည်းက ခြံစည်းရိုးကို သုံးပေ အနက်တူးကာ အုတ်ဖောင်ဒေးရှင်းချပြီးမှ အပေါ်မှာ သံဒေါက်တိုင်များ ထောင်ကာ သံစကာကွက်များဖြင့် ကာလိုက်သည်။ ခြံသည် အလုံပိတ် ၊ အပြင်မှ ဘာမှ မမြင်ရ ဆိုပြီး ဖြစ်မနေသလို ၊ အိမ်ထဲမှလည်း အပြင်ကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ရသည်။

ထိုခြံကို စောင့်ဖို့ အင်းခွေးကြီး နှစ်ကောင် မွေးထားသည်။ တဝေါင်းဝေါင်းနှင့် ခြင်္သေ့ နားအူအောင် ထိုးဟောင်တတ်သော အကောင်များ ဖြစ်၏။ အန်ကယ်ညွှန့် ခြံနားကို ဘယ်သူမှ မကပ်ရဲကြ။ တရှူးထိုး ထိုးဟောင်ကာ အပြေးသွားတတ်သည်။ ခြံတံခါးကို ပိတ်ထားသောကြောင့်  အပြင်ထွက် မရသော်လည်း ခြံတံခါးကို လက်အစုံကို ပစ်တင်ကာ အစွမ်းကုန် ဖြဲပြထားသော အစွယ်သွားများဖြင့် ထိုးဟောင်တတ်သည်။ မသိ၍ ခြံနား ကပ်မိသူများမှာ ခွေးနှစ်ကောင်ရဲ့ ရုတ်တရက် အပြေးရောက်လာကာ ထိုးဟောင်မှုကြောင့် လန့်ကာ ချော်လဲ ပြုတ်ကျတတ်ကြသည်။ ( “ လန့် ” မှာ အောက်ကမြစ် ကျန်ခဲ့ရင် ဖြည့်ဖတ်ပါ။ ထိုအတိုင်း မဖတ်ပါနှင့် )

ဒီလို ခြံလုံသော ခွေးနှစ်ကောင် ရှိသောကြောင့် အန်ကယ်ညွှန့် စိတ်ချရသော်လည်း အလွန်ကို စေ့စေ့စပ်စပ် နိုင်ပြီး စပ်စပ်စုစု လုပ်သောကြောင့် သူ စိတ်ညစ်ရ ပြန်လေသည်။ တခြားတော့မဟုတ် သူ့ခြံထဲမှာ လူသွားလမ်းလေးကို အုတ်ခဲလေးတွေ ခင်းထား၏။ ထိုလမ်းလေးမှ လွဲပြီး ကျန်သော နေရာတွေက မြေသားများပင်။ ဒါကို မြေထဲမှာ မင်းမူကာ သောင်းကျန်းနေသော မြေကြွက်များက  မြေထဲမှာ ဖောက်ထွင်းကာ သူတို့ရဲ့ အသိုက်ကို ချဲ့ထွင်ကြသည်။ သူတို့ နယ်မြေချဲ့ထွင် အောင်မြင်မှု အဖြစ် မြေသားပေါ်မှာ သူတို့ ကြွက်တွင်း အဝလေးများ ပေါ်လာတတ်သည်။ 

ဒါကို မြင်ရင် အင်းခွေး နှစ်ကောင်က တွင်းထဲကို သူတို့ နှာခေါင်းကို ထိုးသွင်းကာ အနံ့ခံ၏။ ထိုနောက် ထိုတွင်းထဲမှ ကြွက်နံ့ကို ရလျင် တွင်းထဲမှ ကြွက်ကို ရစေဖို့ သူတို့ လက်အစုံနဲ့ တူးယက်တော့သည်။ ထိုအခါ ကြွက်က ဖောက်ထားသော အပေါက် သေးသေးလေးက ခွေးတူးလို့ တွင်းကြီးကြီး ဖြစ်သွားလေတော့သည်။ မနက် မိုးလင်းလို့ အန်ကယ်ညွှန့် အိပ်ယာမှ ထကာ အိမ်အပြင်ကို ထွက်လိုက်ရင် ညက ဖောက်ထားတဲ့ ကြွက်တွင်းကို ခွေးက ယက်ထားလို့ တွင်းကြီး ဖြစ်နေတာကို တွေ့ရင် ဒေါသတွေ အချောင်းချောင်း ၊ အလုံးလုံး ထွက်သည်။ ဒေါသတွေ အုံကြွသည်။ ပုံကျသည်။ သူပုန်ထသည်။

ဒီအချိန်ဆိုရင် နှပ်နေလောက်ပြီ ဖြစ်သော အန်ကယ်ညွှန့် မမြင်ရတဲ့ မြေကြီးထဲမှ ကြွက်ကို မေတ္တာ မဟုတ်သော ပြောင်းပြန်များ ပို့သည်။ တူးထား ၊ ယက်ထားသော ခွေးနှစ်ကောင်ကိုလည်း တုတ်တစ်ချောင်းနဲ့ လိုက်ရိုက်သည်။ ဒီတော့ ငြိမ်ပြီး လက်ပိုက် ရပ်မနေတတ်သော ခွေးတွေက ခြံဝန်းထဲမှာ လှည့်ပတ် ပြေးကြ၏။ သူက လိုက်ရိုက်၏။ ခွေးက အော်ကာ ၊ အူကာ ၊ အီကာ ပြေး ၊ သူက ကြိမ်းမောင်းကာ လိုက်ရိုက်နဲ့ ပတ်ဝန်းကျင် တစ်ခုလုံး နံနက်ခင်းမှာ နှိုးစက်မလိုဘဲ ဆူပူမှုနဲ့ နိုးလာခဲ့ကြရ၏။

နေ့စဉ် ဆိုတော့ ရက်ကလည်း ဆက်လာ၏။ နံနက် မိုးလင်း ၊ အန်ကယ်ညွှန့် ခြံထဲဆင်း ၊ ကြွက်တွင်းကို ခွေးယက်တာတွေ့ ၊ လူက အော်ဟစ်ဆူပူ ၊ ခွေးတွေ အူ ၊ ဒါပေမဲ့ နောက်ဆုံးတော့လည်း သူ့စိတ်ကြိုက် ခွေးတွေကို ရိုက်အပြီးမှာတော့ သူ့ဒေါသတွေ အတော်ပြေသွား၏။ တချို့တဝက်သော ဒေါသတွေကတော့ မပြေသေး။ ဘာလို့လဲ ဆိုတော့ မြေကြီးထဲမှ ကြွက်များကို သူ လိုက်ရိုက်လို့ မရ၍ ဖြစ်၏။ သူကလည်း မြေကြီးထဲ ဝင်ဖို့ အစီအစဉ် မရှိသေး။ ဒါကြောင့် တူးယက်ထားတဲ့ မြေတွေကိုပဲ ပေါက်တူး တစ်လက် ဆွဲကာ မြေကြီးကို မြေကြီးထဲ ပြန်ထည့်ရတော့သည်။ ဖို့သည်ဟု ဆိုနိုင်သည်။

ဒါက အန်ကယ်ညွှန့်ရဲ့ နေ့စဉ် နံနက်စောစော သွေးပူ လေ့ကျင့်ခန်းလို ဖြစ်နေပါတော့သည်။ နေထိုင်ကောင်းအောင် လှုပ်ရှားမှု အသားပေး အက်ရှင်ကား တစ်ကား ရိုက်နေရသလို သူ နေ့စဉ် သရုပ်ဆောင် နေရသည်။

“ ကိုကျော်ညွှန့် ဘာတွေ လုပ်နေတာလဲဗျ ”

ပေါက်တူး တစ်လက် နဲ့ ခွေးတွေ တူးထားတဲ့ မြေတွေကို ခြစ်ဆွဲပြီး တွင်းထဲ ပြန်ဖို့နေတဲ့ သူ့ကို လမ်းထိပ်မှ ဦးကြည်ဝေက လှမ်းမေးလိုက်တာ ဖြစ်သည်။ သူ မော့ကြည့်လိုက်ပြီး မောနေသော ရင်အစုံဖြင့်. .

“ ခွေး . . . ခွေးတွေလေဗျာ။ ကြွက်တွင်းကို တူးထားလို့ အခု ပြန်ဖို့ နေရတာ ”

“ သြော်. . ဒါဆို အပေါ်က ကွန်ကရစ် ခင်းလိုက်ပါလားဗျာ ၊ ဒါဆို ကြွက်လည်း မဖောက်နိုင်တော့သလို ခွေးလည်း မတူးတော့ဘူးပေါ့ ”

“ ဟာ ဟုတ်တယ်ဗျာ ၊ ဒါကို သတိ မထားမိသလို ဖြစ်သွားတယ် ၊ ကျေးဇူးပဲဗျာ။  မဆလာ ဆရာတွေကို ခေါ်ပြီး လုပ်ဖို့ မေးလိုက်ဦးမယ်ဗျာ။ ”

အန်ကယ်ညွှန့် ခွေးတူးထားတဲ့ တွင်းထဲကို မြေကြီးတွေကို ပေါက်တူးနဲ့ မြန်မြန်ခြစ်ထည့်ပြီး ကိုယ်လက် ဆေးကြောကာ အပြင်ကို ထွက်သွားတော့သည်။



“ ကျွန်တော်က ပိုက်ဆံ ရရင် ပြီးရော ဆိုပြီး မလုပ်ချင်လို့ပါ အန်ကယ်ရယ်။ ဒီပတ်ဝန်းကျင် အားလုံးကို ကျွန်တော် လုပ်ပေးနေကြပါ။ ဒီအတိုင်း အပေါ်က သံမံသလင်း ခင်းလိုက်ရင် အောက်က မြေခံက မကောင်းတော့ ကြွက်က မြေထဲကနေ တွင်းဖောက်ရင် အားလုံး ပြိုကျပြီး ချိုင့်ခွက်တွေ ဖြစ်သွားမှာ အန်ကယ်ရဲ့။ ”

ရပ်ကွက်ထဲမှ မဆလာဆရာကို ခေါ်ပြီးတော့ ခြံဝန်းထဲမှာ ကွန်ကရစ် လောင်းဖို့ အန်ကယ်ညွှန့် မေးတော့ မဆလာဆရာက ရှင်းပြ၏။

“ ဒါဆို ဘယ်လိုမှ လုပ်လို့ မရတော့ဘူးလား ”

“ မရဘူးတော့ မဟုတ်ဘူး အန်ကယ်။ ဒါပေမဲ့ မြေကြီးထဲက ကြွက် မတူးနိုင်အောင် ဆိုတော့ မြေနက်နက် ထဲကို အုတ်ခဲကျိုးတွေ ထည့်ပြီး အောက်ခံမာမှ အပေါ်က ကွန်ကရစ်လောင်းတာ ကောင်းတယ်။ နို့မို့ဆိုရင်တော့ အပေါ်က လောင်းထားတဲ့ ကွန်ကရစ်တွေက အောက်ခြေက ကြွက် တူးတာနဲ့ အတွင်းကို ကျွံကျကုန်မှာပဲဗျ။ ”

“ ဒါဆို ရိုးရိုးအပေါ်က လောင်းလို့ မရဘူးပေါ့ ”

“ ကျွန်တော် ပြောပြီပါရော ၊ အပေါ်က လောင်းရင် အထဲက ကြွက်က တူးနေတော့ မြေတွေပြိုကျပြီး ကွန်ကရစ်က ပြိုကျမှာပဲ ၊ ဒါကြောင့် အကောင်းဆုံးကတော့ တစ်ပေခွဲလောက် အနက်တူးပြီး မြေကြီးထဲကို အုတ်ခဲကျိုးတွေထည့် ၊ ပြီးမှ အပေါ်က ကွန်ကရစ်လောင်းလိုက်ရင် စိတ်ချရပါပြီ။ ”

“ ဟ . .  တစ်ပေခွဲ အထိတောင်မှ အုတ်ခဲကျိုးတွေ တူးထည့်ရရင် အုတ်ခဲကျိုးဖိုးထက် တူးထည့်ခက ပိုကုန်မှာပေါ့။ ပြီးတော့ ကွန်ကရစ်ခင်းမှာက တစ်ခြံလုံးကိုလေ။ ကွန်ကရစ်ဖိုးထက် လက်ခကြီး ဆိုသလို ဖြစ်နေမှာပေါ့ ”

“ ဟုတ်ပါတယ် အန်ကယ် ၊ ကျွန်တော်ကလည်း ပြောပြတာပါ။ တကယ်လို့ အန်ကယ် အပေါ်ယံလေးပဲ ကွန်ကရစ်ခင်းမယ် ဆိုရင်လည်း ကျွန်တော်က လက်ခရလို့ လုပ်ပေးမှာပါပဲ။ ဒါပေမဲ့ အန်ကယ် သဘောပေါက်ပြီးမှ လုပ်တော့ ပိုကောင်းတာပေါ့။ နောင်တစ်နေ့ ကျွံကျရင်လည်း အန်ကယ်အပြစ် မပြောဘူးပေါ့ဗျာ။ ”

“ အင်း . . ဒါဆိုရင်တော့ ကွန်ကရစ် ခင်းဖို့ ကိစ္စကို စဉ်းစားဦးမယ်ကွာ ၊ အရေးကြီးတာက မြေကြီးထဲကို အုတ်ခဲတွေ တူးထည့်တဲ့ လက်ခစရိတ်က အုတ်ခဲကျိုးဈေးထက် ကြီးမှာပဲ ၊ ဒါကို အဓိက စဉ်းစားရမယ်။ ”

“ ဟုတ်ပါတယ် အန်ကယ် ၊ ဒါကို အန်ကယ် သဘောပေါက်ပြီး စဉ်းစားပြီးပြီ ဆိုရင်တော့ အန်ကယ် ကြိုက်သလို ပြောပါ ကျွန်တော် လုပ်ပေးပါ့မယ်။ ”

“ အေးကွာ၊ ဒါဆို အန်ကယ် စဉ်းစားလိုက်ဦးမယ်။ ပြီးရင် မင်းဆီကို အကြောင်းပြန်ပါ့မယ် ”

အဲဒီနေ့က မဆလာဆရာ နဲ့ အန်ကယ်ညွှန့်တို့ ခြံထဲမှာ မြေကို လက်ညှိုး တထိုးထိုးနဲ့ ပြောပြီးတော့ ကွန်ကရစ် ခင်းဖို့ အစီအစဉ်လေးက ချက်ချင်း မဖြစ်မလာသေးဘဲ ရပ်တန့်သွား လေတော့၏။

ဒါပေမဲ့ မရပ်တန့်တာကတော့ နံနက်ခင်း မိုးအလင်းမှာ အန်ကယ်ညွှန့် နိုးလာရင် ခွေးတွေကို ဆူပူ ကြိမ်းမောင်းသံ ၊ မြေကြီးထဲက ကြွက်တွေကို မေတ္တာပြောင်းပြန် ပို့သံ များနှင့်အတူ တဂျစ်ဂျစ်နဲ့ ခွေးတွေ တူးထားသော မြေတွင်းကြီးကို ပေါက်တူးနဲ့ ယက်ခြစ်ကာ ပြန်ဖို့သံကို ပတ်ဝန်းကျင်က လူများ ကြားနေရ လေတော့သည်။



တစ်နေ့တော့ . . .

ညနေခင်းမှာ အန်ကယ်ညွှန့် အိမ်ရှေ့မှာ ကုလားထိုင်လေး ထုတ်ပြီး ရေနွေးကြမ်း သောက်ရင်း စာဖတ်နေတုန်း သူ့ခြံရှေ့မှာ တပ်ထားတဲ့ လူခေါ် ခေါင်းလောင်းလေးက တချွင်ချွင် ထမြည်သည်။ ထိုအသံ မြည်မြည်ချင်း နောက်ဘက် ခြံထဲမှာ ခွေအိပ်နေသော ခွေးနှစ်ကောင်ကလည်း တဝုတ်ဝုတ် ထိုးဟောင်ကာ တရှူးထိုး ထွက်သွားလေတော့သည်။ ပြီးတော့ ထုံးစံအတိုင်း ခြံစည်းရိုးပေါ်ကို လက် ပစ်တင်ကာ ပတတ်ရပ်ပြီး ဆက်ကာ ဆက်ကာ ဟောင်လေတော့သည်။

ခွေးတွေ ဟောင်ရာ အပြင်ကို ကြည့်လိုက်တော့ သူတို့ ခြံရှေ့မှာ လူတစ်ယောက်က ရပ်ကာ သူတို့ လူခေါ်ခေါင်းလောင်းကို တီးနေလေသည်။ စာကြည့်ရာမှာ တပ်သော မျက်မှန်ကို ချွတ်ကာ ခြံဝကို ကြည့်လိုက်တော့ . . .

“ ဟာ. . .ကိုသိန်းကြည် ပါလား ၊ လာလည်တာလား ”

အန်ကယ်ညွှန့် အရင်နေခဲ့သော ရပ်ကွက်မှ မိတ်ဆွေတစ်ဦးကို မြင်လိုက်ရ၍ ဝမ်းသာ အားရစွာဖြင့် ထကာ ထိုးဟောင်နေသော ခွေးများကို ဟန့်၍ ခြံတံခါးကို သွားဖွင့် လေတော့သည်။ ပြီးတော့ ခြံထဲမှာ သူထိုင်ကာ စာဖတ်နေသော ကုလားထိုင်ဘေးမှ ကုလားထိုင်တွင် ထိုင်ရန် နေရာပေးလေတော့သည်။

“ ရော့ဗျာ ရေနွေးကြမ်းသောက် ”

“ ဟုတ်ကဲ့ ၊ အိမ်လေးက မဆိုးဘူးဘဲ။ ကိုကျော်ညွှန့် အတွက်တော့ အေးအေးဆေးဆေး နေရတာပေါ့လေ ”

“ ဟုတ်ပါတယ်ဗျာ။ ရပ်ကွက်ကလည်း အေးချမ်းပါတယ်။ အရင် ခြံပိုင်ရှင်တွေကလည်း ခြံထဲမှာ အပင်ကြီးတွေ စိုက်ထားခဲ့တော့ အတော်အသင့် အရိပ်ရတာပေါ့ဗျာ။ ဒီတော့ ကိုယ့်ဖာသာ အိမ်လေး ဆောက်လိုက်တော့ အတော်ကို အဆင်ပြေပါတယ် ”

“ အေးဗျာ။ ကိုယ်ပိုင် ခြံဝန်းလေးနဲ့ နေရတဲ့ အရသာက တိုက်ခန်းမှာ နေရတာထက်တော့ သာတာ အမှန်ပါပဲ ”

“ ဟုတ်ပါတယ် ၊ ပြီးတော့ လေကောင်း လေသန့်လည်း ရ. . . ရ . . ရ . . ဟာ . . ဒီကောင်တွေ ”

ပြောနေရင်း ဆိုနေရင်း အန်ကယ်ညွှန့် ရုတ်တရက်  အာမေဋိတ်သံကို ပြုကာ ထိုင်နေရာမှ ထ၍ အနီးမှာ ရှိသော တုတ်ကို ဆွဲကာ ခွေးနှစ်ကောင်ရှိရာသို့ ပစ်လိုက်လေတော့၏။ ထိုအချိန်တွင် ခွေးနှစ်ကောင်က မြေကြီးကို တရှူံ့ရှူံ့နမ်းကာ သူတို့ လက်များဖြင့် ကုတ်ခြစ်လျက် တူးယက်နေကြချိန် ဖြစ်သည်။ အန်ကယ်ညွှန့်ရဲ့ အသံနှင့်အတူ ပျံဝဲလာသော တုတ်ပစ်လိုက်တဲ့ ဟန်ကို တွေ့လိုက်ရမှ ခွေးနှစ်ကောင်လည်း ကုတ်ခြစ်နေရာမှ ရှောင်ပြေးကာ သွားပြီး ခြံ အနောက်ဘက်ကို ပြေးဝင်သွား လေတော့သည်။

အန်ကယ်ညွှန့်က ပစ်လိုက်သော တုတ်ကို သွားကောက်ရင်း . . .

“ အဲဒါပဲဗျာ။ ဒီမှာ ပတ်ဝန်းကျင်ကလည်း ကောင်း ၊ လေကောင်းလေသန့် ကလည်း ရ ၊ တိတ်ဆိတ် အေးချမ်းမှုလည်း ဖြစ်ပါရဲ့။ ဒါပေမဲ့ စိတ်မအေးချမ်း ရတာက အဲဒီခွေးနှစ်ကောင် နဲ့ မြေကြွက်တွေကြောင့်ပဲ ”

“ ဘယ်လို ခွေးနှစ်ကောင်နဲ့ မြေကြွက်ကြောင့်လဲ ”

“ ဒီလိုဗျာ ကိုသိန်းကြည်ရေ။ ဒီပတ်ဝန်းကျင်က မြေတွေက မြေခံ မကောင်းတော့ မြေထဲမှာ ကြွက်တွေက အတော်ကို အတွင်းမှာ ဖောက်သဗျ။ သူတို့ အပေါ်ကို ဖောက်လာတဲ့ ကြွက်တွင်းကို အိမ်က ခွေးတွေက ထပ်ယက်တော့ ကျွန်တော့်မှာဖြင့် မနက်မိုးလင်းတိုင်း အဲဒီတွင်းကို ပြန်ဖို့နေရတော့တာပါပဲ ”

“ ဒါဆို အလွယ်လေးပဲဗျာ။ အပေါ်က ကွန်ကရစ် လောင်းလိုက်ပေါ့ဗျာ ”

“ အဲဒီမှာလည်း လာခက်နေပြန်တာပဲ ကိုသိန်းကြည်။ ဒီမြေက အပေါ်ကနေ ရိုးရိုး ကွန်ကရစ် လောင်းလို့ မရဘူးတဲ့။ အောက်က မြေသားက မကောင်းတော့ ကြွက်က အထဲမှာ တူးရင် မြေကြီးတွေ ကျွံကျသွား တတ်တယ် ဆိုပဲဗျ ”

“ ဒါဆို.. . . . . ”

“ အဲဒီတော့ဗျာ။ ကွန်ကရစ် ခင်းမယ် ဆိုရင် မြေကြီးအထဲထိ ရောက်အောင် တူးပြီးတော့ အုတ်ခဲကျိုးတွေကို ထည့် ၊ ပြီးမှ အပေါ်က ကွန်ကရစ် ခင်းမှ မကျွံကျတော့မှာလို့ မဆလာဆရာက ပြောတာပဲ ”

“ ဒါဆိုလည်း အဲဒီလို လုပ်လိုက်ပေါ့ဗျာ ”

“ ဒါက အပြောသာ လွယ်တာလေ ကိုသိန်းကြည်ရယ် ၊ တကယ်လို့ အဲဒီလို လုပ်ပြီ ဆိုရင် ရိုးရိုးကွန်ကရစ် လောင်းခထက် မြေကြီးကို တူးပြီး အုတ်ခဲကျိုးထည့်ခက ပိုပြီး ကုန်ကျမှာဗျ။ ဒါကြောင့် ကျွန်တော့်မှာ ဒါကို ချင့်ချိန်နေရတာပါဗျာ ”

အန်ကယ်ညွှန့် စကားလည်း ဆုံးရော ဦးသိန်းကြည်က သူ့ကို အံ့သြသော မျက်နှာနဲ့ ကြည့်ပြီးတော့ . . .

“ ကိုကျော်ညွှန့် ၊ ခင်ဗျား နောက်များ နေသလားဗျာ ”

“ ဟင်. . . ဘာကိုလဲ ကိုသိန်းကြည်။ ကျွန်တော် မနောက်ပါဘူး။ တကယ်ကို အတည်ပြောတာပါ။ ဘာဖြစ်လို့ များလဲ ”

“ အခု ခင်ဗျား ခြံထဲက မြေကွက်ကို ကြွက်တွေက တူးဖောက် ၊ ခွေးတွေက မြေတူးလို့ ခင်ဗျား စိတ်ညစ်နေရတာ မဟုတ်လား ”

“ ဟုတ်ပါတယ်ဗျာ . . . ဘာဖြစ်လို့လဲ ”

“ ဒီလို သူတို့ တူးလို့ ခင်ဗျားက အပေါ်က သူတို့ တူးလို့ မရအောင် ကွန်ကရစ် ခင်းချင်တာနော် ”

“ မှန်ပါတယ် ကိုသိန်းကြည် ”

“ ဒါပေမဲ့ ကွန်ကရစ်ကို အပေါ်ယံလေးတင် လောင်းမရဘဲ ကျွံကျမှာမို့ မြေကြီးထဲအထိ အုတ်ခဲကျိုးတွေကို ထည့်ပြီးမှ အခြေခိုင်ပြီ ဆိုတော့မှ အပေါ်က ကွန်ကရစ် လောင်းရမယ် လို့ ဆိုတယ်နော် ”

“ ဟုတ်ပါတယ် ဒီအတိုင်းပါပဲ။ ဘာများ ဖြစ်လို့လဲ ကိုသိန်းကြည်။ ကျွန်တော် ပြောတာ မှားလို့လား ”

အန်ကယ်ညွှန့်က ချည်တုံချတုံနဲ့ ဒီလိုလည်း မေးလိုက်ရော ဦးသိန်းကြည်က တဟားဟား ရယ်ပြီးတော့. . .

“ ဟား ဟား ဟား . . ဖြစ်ရလေ ကိုကျော်ညွှန့်ရယ်။ ခင်ဗျားက အခု ဘယ်လို ဖြစ်နေလဲ ဆိုတော့ ကြွက်တွင်းဖောက်တဲ့ ကြွက်တွေနဲ့ တွင်းကို ပိုကြီးအောင် ယက်ထုတ်နေတဲ့ ခွေးတွေ အပေါ်မှာ သူတို့ကြောင့် စဖြစ်တယ် ဆိုပြီးတော့ မကျေမနပ် ဖြစ်နေတာဗျ။ ”

“ ဒါ အမှန်ပဲလေဗျာ။ ကျွန်တော် ဒေါသမထွက်သင့်ဘူးလား ”

“ ဟုတ်ပါတယ် ဒေါသထွက်သင့်ပါတယ်။ ဒါပေမဲ့ ခင်ဗျားက သူတို့ အပေါ်မှာ ဒေါသထွက်နေတာနဲ့ သူတို့ ခင်ဗျားကို အကျိုးပြုနေတယ် ဆိုတာကို မမြင်နိုင်အောင် ဖြစ်သွားတော့တာပဲ ”

“ ဗျာ . . . ဘယ်လို. . . ဘယ်လို ၊ ဘယ်လို အကျိုးပြုနေတာလဲ ”

“ ဟုတ်တယ်လေ။ အခု ကြွက်တွေက တွင်းဖောက်တယ်။ ဒီတွင်းကို ခွေးတွေက ယက်တော့ တွင်းကြီး ပိုဖြစ်လာတယ်။ ဒါကို ခင်ဗျားက တွင်းထဲကို မြေကြီးတွေ ပြန်ဖို့ ဖို့ပဲ စဉ်းစားနေတာကိုး။ တကယ်တော့ သူတို့က ခင်ဗျား မြေတူးခ အကုန်ခံပြီး လူငှား တူးနေရမှာ စိုးလို့ အစားတူး ပေးနေတာဗျ။ ဒီတော့ ခင်ဗျားက အုတ်ခဲကျိုးတွေသာ ဝယ်ထားလိုက်။ သူတို့ မနက်ဘက် တူးထားတဲ့ တွင်းထဲကို အုတ်ခဲကျိုးတွေ ထည့်ပြီးမှ အပေါ်က မြေသားလေး ဖုံးလိုက်ရုံပဲ။

ဒါဆိုရင် အဲဒီ အုတ်ခဲကျိုးတွေ ထည့်ထားတဲ့နေရာကို ကြွက်ကလည်း ထပ်မဖောက်တော့ဘူး။ ခွေးကလည်း အုတ်ကျိုးတွေနဲ့ ဆိုတော့ ထပ်မတူးတော့ဘူး။ ကြွက်ကလည်း နောက်ထပ် တစ်နေရာကို ရှောင်ဖောက်လိမ့်မယ်။ ဒီနေရာကို ခွေးကလည်း ထပ်ပြီး တူးလိမ့်မယ်။ နောက်ထပ် တစ်တွင်း ဖြစ်လာလိုက် ခင်ဗျားက မနက် မိုးလင်းလာတာနဲ့ အုတ်ခဲကျိုးတွေ ထည့်လိုက်နဲ့။ ကြာလာရင် ခင်ဗျား တစ်ခြံလုံး မြေတူးပြီးတော့ အုတ်ခဲကျိုးတွေ ထည့်ပြီးသား ဖြစ်သွားမှာပေါ့ဗျာ။ ”

ဦးသိန်းကြည် ရှင်းပြနေတာကို အန်ကယ်ညွှန့် ငြိမ်ပြီးတော့ နားထောင်နေမိ၏။ ပြီးတော့ လက်ခံ သဘောတူသူတို့ရဲ့ ထုံးစံအတိုင်း ခေါင်းကိုလည်း ဖြေးညှင်းစွာ ငြိမ့်လေသည်။ သူ့စိတ်ထဲမှာ ငါ ဘာလို့ မစဉ်းစားမိတာလဲ ဆိုပြီးတော့လည်း တွေတွေဝေဝေလည်း ဖြစ်နေမိသည်။ ခဏကြာ စဉ်းစားပြီးမှ ရုတ်တရက် ဦးသိန်းကြည် လက်ကို ဆွဲယူခါရမ်းပြီး. . . .

“ ဟုတ်လိုက်တာ ကိုသိန်းကြည်ရယ်။ ကျွန်တော် ဘာလို့ မစဉ်းစားမိတာလဲ မပြောတတ်ဘူး။ အခု ကိုသိန်းကြည် ပြောသလို ဆိုတော့လည်း ကျွန်တော့်ကို ဒုက္ခပေးနေတယ် လို့ ဆိုတဲ့ ကြွက်တွေ ၊ ခွေးတွေက ကျွန်တော့်ကို တစ်ဖက်တစ်လမ်းက ကူညီနေတာပါပဲလား။ ကျေးဇူးတင်လိုက်တာဗျာ။ ကျွန်တော် ကိုသိန်းကြည် ပြောတဲ့ အတိုင်း လုပ်ပါ့မယ်။ ”

“ - - - - - - - ” 



နှစ်လခန့် အကြာ. . .

တစ်နေ့မှာတော့ အန်ကယ်ညွှန့်ရဲ့ ခြံရှေ့တံခါးလေးမှာ တပ်ထားသော လူခေါ် ခေါင်းလောင်းလေးမှ ကျယ်လောင်စွာ အသံထွက်လာသည်။ ခေါင်းလောင်းလေးမှ အသံထွက်လာတော့ ခြံထဲမှာ လှဲနေသော ခွေးနှစ်ကောင်ကလည်း ပြေးထွက်သွားကာ ခြံစည်းရိုးမှာ ပတတ်ရပ်ပြီး ခြံအပြင်မှ လူကို ထိုးဟောင် လေတော့သည်။

ခွေးဟောင်သံ ကြားလို့ အန်ကယ်ညွှန့် အိမ်ထဲမှ ခြံအပြင်ကို ကြည့်လိုက်တော့ ခြံဝမှာ ရပ်နေသူကို တွေ့ရသည်။ သူက ဦးသိန်းကြည်။

“ လာဗျို့ ကိုသိန်းကြည့်၊ ဟဲ့ ခွေးတွေ သွားကြစမ်း ”

အန်ကယ်ညွှန့်ရဲ့ဟန့်သံအပြီးမှာ ခွေးနှစ်ကောင် အနောက်ဘက်သို့ လှည့်ဝင်သွားကြသည်။ ခြံတံခါးကို ဖွင့်ပေးပြီး ဦးသိန်းကြည် ခြံထဲ ဝင်ရန် တံခါးကို လှပ်ပေး လိုက်လေသည်။ ဦးသိန်းကြည် ခြံထဲဝင် အပြီးမှာတော့ သူက ခြံတံခါးကို ပြန်ပိတ်လိုက်၏။ ဒီအချိန်မှာ ဦးသိန်းကြည်က အန်ကယ်ညွှန့်ရဲ့ ခြံတစ်ခြံလုံးကို ဝေ့ဝဲ အကဲခတ်ပြီး ကြည့်နေ၏။

“ အခုလို ကျတော့လည်း ကိုကျော်ညွှန့်ရဲ့ ခြံတစ်ခြံလုံး ကွန်ကရစ်ခင်းလေး ဖြစ်သွားပါရောလားဗျာ ”

“ ဟုတ်တယ် ကိုသိန်းကြည်ရေ။ ကျွန်တော်ကလည်း ဒီ့အတွက် ခင်ဗျားကို ကျေးဇူးတင်နေတာ။ ခင်ဗျား ပေးသွားတဲ့ နည်းအတိုင်း လုပ်လိုက်တာ ကျွန်တော့်မှာ မြေကြီးတူးပြီး အုတ်ခဲကျိုးထည့်ခ လုံးဝ မကုန်တော့ဘဲ။ နေ့တိုင်း နေ့တိုင်း ကြွက်ကဖောက်လိုက် ၊ ခွေးက တွင်း တူးလိုက် ၊ ကျွန်တော်က တွင်ထဲ အုတ်ခဲကျိုး ထည့်လိုက်နဲ့ နေ့တိုင်း တပိုင်တနိုင်လေး လုပ်နေရသလို ဖြစ်နေတာဗျ။

ခွေးတွေကလည်း ကြွက်တွေ အနံ့တိုင်း တူးချင်းတဲ့ နေရာမှာ အချိန်မရွေး တူးတော့တာပဲ။ ကျွန်တော်ကလည်း အရင်လို မဟန့်တော့တဲ့ အတွက် သူတို့ကလည်း ခပ်ရဲရဲ တူးတယ်။ သူတို့ တူးပြီးရင် ကျွန်တော်ကလည်း အသင့်လုပ်ထားတဲ့ အုတ်ခဲကျိုးလေးတွေ ထည့်ပြီး မြေဖို့လိုက်တာပါပဲ။ တစ်လခွဲလောက်လည်း ကြာရော အခုလိုပဲဗျာ။ တခြံလုံး မြေအောက်ထဲကို အုတ်ခဲကျိုး ထည့်ပေးလိုက်သလို ဖြစ်သွားတော့တာပါပဲ။ ”

“ ကောင်းတာပေါ့ဗျာ။ ဒါဆို မြေတူးပြီး အုတ်ခဲကျိုး ထည့်ခ လုံးဝ မကုန်လိုက်ဘူးပေါ့ ”

“ အစစ်ပေါ့ဗျာ။ လုံးဝကို မကုန်တာ။ ကျွန်တော် အပေါ်က ကွန်ကရစ် ခင်းဖို့ မဆလာဆရာကို ခေါ်တော့ သူကတောင်မှ အံ့သြနေတာဗျို့။ ဘယ်လိုလုပ်ပြီး မြေကြီးထဲကို အုတ်ခဲကျိုးတွေကို ထည့်လိုက်တာလဲ လို့တောင်မှ မေးနေသေးတာ။ ကျွန်တော်လည်း ဖြစ်ပျက်ပုံ အားလုံးကို ပြောပြလိုက်တော့ သူကလည်း သဘောကျသွားတယ်။

ဘာလို့လဲ ဆိုတော့ ဒီရပ်ကွက်မှာက ခြံတိုင်းကို ကြွက်တွေက ဖောက်ပြီး အတော် ဒုက္ခပေးတယ်လေဗျာ။ မြေကြီးကို အနက်တူးပြီး အုတ်ခဲကျိုးထည့်ခ ပိုကြီးနေလို့သာ လူတွေ အပေါ်က ကွန်ကရစ် မလောင်းနိုင်ကြတာ။ တကယ်လို့ အပေါ်ယံ ကွန်ကရစ်ပဲ လောင်းရမယ် ဆိုရင် အားလုံးက လောင်းနိုင်တယ်လေဗျာ။ ဒါကြောင့် ကိုသိန်းကြည် ပေးတဲ့ နည်းကို ကျွန်တော်က ပြောပြတော့ သူကလည်း တခြားလူတွေကို ပြန်ပြီး ပြောပြ မျှဝေ နေလေရဲ့ဗျာ။ ”

အန်ကယ်ညွှန့် ပြောသမျှကို ဦးသိန်းကြည်က ပြုံးပြီးတော့ နားထောင်နေ၏။ ပြီးမှ. . . . . .

“ ကောင်းတာပေါ့ ကိုကျော်ညွှန့်။ တကယ်တော့ဗျာ လောကမှာ ဘယ်အရာက ကောင်းပါတယ် ၊ အကျိုးပြုပါတယ် ၊ ဘယ်အရာကတော့ မကောင်းဘူး ၊ အကျိုးမပြုပါဘူး ဆိုပြီး မရှိပါဘူးဗျာ။ ကိုယ့်အတွက် အကျိုးမပြုဘူးလို့ မြင်နေတဲ့ အချိန်ဆိုရင် မကောင်းဘူးပေါ့။ ဒါကို ကိုယ့်အတွက် အကျိုးပြုအောင် မြင်တတ်သွားမယ် ဆိုရင် ကောင်းသွားပြန်ရောဗျ။ ”

“ ဟုတ်တယ်ဗျို့ အမှန်ပဲ ”

“ ဘယ်အရာ ၊ ဘယ်ပစ္စည်း ၊ ဘယ်ဥစ္စာ ၊ ဘယ်သူ ဘယ်ဝါ ၊ ဘယ်လူ ၊ ဘယ်တိရစ္ဆာန် ၊ ဘယ်သတ္တဝါမှ လုံးဝမကောင်းဘူး ဆိုတာ မရှိပါဘူးဗျာ။ အဲဒီလို မကောင်းဘူး ဆိုတာကိုတောင်မှ ကိုယ်က မြင်တတ်ရင် မြင်တတ်သလို ကိုယ့်အတွက် ကောင်းကွက်လေးတွေ ဖြစ်လာတော့တာပါပဲ။ ”

“ ဟုတ်ပါတယ်ဗျာ ကိုသိန်းကြည် ပြောတာ အမှန်ပါပဲ ”

“ သိုးဆောင်း စကားပုံလေး တစ်ခု ရှိတယ်ဗျ။ ကြားဖူးလား ”

“ ဟုတ်ကဲ့ ပြောပါဦး။ ”

“ တကယ်လို့ မြင်တတ်မယ် ဆိုရင် မာရ်နတ်တောင်မှ ထင်သလောက် ရုပ်မဆိုးပါဘူး ”  တဲ့။



*** အရာရာကို ချစ်ခင်သော မျက်စိဖြင့် ကြည့်မြင်တတ်ကြပါစေ။ ***


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

21 October 2010

10 ခက်ဆစ် ( ၂ )





ပိုက်ဆံ

“ ငါတော့ ငါတို့ ပိုက်ဆံကို နာမည်ပြောင်း ပစ်ချင်တယ် ”

လို့ သူငယ်ချင်း ပြောတုန်းက ကျွန်တော် သဘောမပေါက်ခဲ့ဘူး။
အတီးအတ နဲ့ သူ့ကို ကြည့်နေတုန်း သူက ဆက်ပြောတယ်။

“  ဒီ “ ကျပ် ” ဆိုတဲ့ အခေါ်ကြောင့် . . .
လူတွေ “ ကြပ် ” တည်းနေတာလား လို့ပါကွာ ” တဲ့။

ကျွန်တော် နားမလည်နိုင်စွာ ယောင်တိယောင်တောင် ကြည့်နေတုန်း . . .
သူက ဆက်ပြောတယ်။

“ ချောင်ချောင်လည်လည် ဖြစ်အောင်  . . .
ငါတော့  “ ချောင် ” လို့ ပြောင်းသုံးချင်တယ် ” တဲ့။

သူ ရှင်းပြလို့  ပြီးတာတောင်မှ . . .
ကျွန်တော်က နဝေတိမ်တောင် နဲ့။



အရိပ်

အလင်းမှာ သွားတုန်းက ရဲရင့်ခြင်းမျိုးနဲ့
အခု အမှောင်ထဲမှာလည်း ခပ်ရဲရဲ လျှောက်စမ်းပါ။
ခင်ဗျားဘေးမှာ အခုလည်း “ ကျုပ် ” ကပ်ပါနေပါတယ်။
ခင်ဗျား မမြင်တတ်လို့ပါ။



အမှား

သူ့ဖာသာသူ တိတ်တဆိတ် နေခဲ့တာ
အမှန် ဆိုတာ ပေါ်လာမှ
လက်ညှိုး ဝိုင်းထိုးခံရပြီး ပိုနာမည် ကြီးလာတော့တယ်။



သွေး

Passport လုပ်တုန်းက အကြောင်းကို ပြန်သတိရမိတယ်။
ကျွန်တော့် ရှေ့မှာက “ ချင်း ” အမျိုးသား တစ်ယောက်။
မြန်မာ စကားတောင်မှ မပီပါ။ ဝဲတဲတဲ နဲ့ သူ့အသံကို ကြားနေရတယ်။
စစ်ဆေးရေးက သူ့ကို မေးတယ်။

“ ခင်ဗျား သွေးက ဘာလဲ ”

သြော် . . ငါဆိုရင် A သွေး လို့ ဖြေမှ ဆိုပြီး စဉ်းစားနေတုန်း
ထို ချင်း အမျိုးသားက ဖြေတယ်။

“ ကျွန်တော့်သွေးက “ အနီရောင် ” ပါ ” တဲ့။

သူ့ အဖြေနဲ့ ကျွန်တော့် အဖြေ ဘယ်သူက ပိုတိကျမယ် ထင်လဲ။


*** ဟိုနေ့က ခရီးသွားပို့စ် နောက်ဆက်တွဲလေး ရေးလို့ ပြီးတော့မှ WiFi က လွတ်နေတာ မသိဘူး။ ပို့စ်ကို Save လိုက်တာ အကုန်ပျောက်သွားတယ်။ Back ပြန်ခေါ်တာတောင်မှ မရတော့ဘူး။ ဒါနဲ့ နှမြောပြီး စိတ်ပျက်သွားမိတယ်။ ဒါကြောင့် ပို့စ်အရှည် ရေးဖို့ အင်အားလေး မွေးနေတုန်းမှာ ဒါလေးတွေကို စာအုပ်ထဲကနေ ဘလော့ပေါ်လေး တင်ခွင့်ပြုပါ။ 

ကိုယ့်ဖာသာ ခက်ဆစ် ဖွင့်ထားတဲ့ စာလေးတွေပါ။ စာအုပ်ထဲမှာ ၊ စာရွက် အပိုင်းအစများမှာ ရေးထားမိပြီး အရမ်းကို များလာလို့ ဒီမှာ တင်လိုက်တာပါ။ လူတိုင်းနဲ့တော့ သဟဇာတ ကျမယ် လို့ လုံးဝ မမျှော်လင့်မိပါဘူး။ ဒါတွေ ဖတ်ရတာ စိတ်အနှောင့်အယှက် ဖြစ်ရင်   မနှစ်သက်သူများ ကျော်ဖတ်ကြပါကုန်။ ***


လေးစားစွာဖြင့်
ကိုဇော်

.
Share/Bookmark

20 October 2010

11 လွတ်မြောက်ခွင့်



ကိုဇော်ရေ..

“ မိကျောင်းနဲ့ အိမ်မြှောင် ” အကြောင်း ပြောသွားတဲ့ ပုံပြင်ကို သဘောကျတယ်ဗျ။ လေတိုးသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရရင် ကျေနပ်သင့်ပါတယ်ဗျာ။ အမြင့်ပိုင်း ရောက်လာပြီလို့ အသိအမှတ်ပြု ခံလာရတဲ့ သဘောပဲမဟုတ်လား။ ကိုဇော်ရေးလေ့ရှိတဲ့ ပုံစံက ကျွန်တော် ရေးချင်တဲ့ ပုံစံနဲ့ဆင်လို့ ကျွန်တော်ကတော့ ကြိုက်တယ်ဗျာ။ ကျွန်တော်ကလည်း စာကို သိပ်ရှည်ရှည် မရေးချင်ဘူး။ နှလုံးသား အာဟာရ လေးတွေလိုမျိုး တိုတိုနဲ့ လိုရင်းးကို တန်းရောက်တဲ့ စာမျိုးကို သဘောပိုကျတယ်။

ဒါကြောင့် ကိုဇော့် အနေနဲ့ ကိုဇော့်ရေးဟန်ကို မပြောင်းလဲစေချင်လို့ ဒီမေးလ်ကို ပို့ဖြစ်တာပါ။ ကျွန်တော်လည်း စာရေးတာ ၀ါသနာ ပါတယ်လို့ ပြောလို့ရပေမယ့် အဲ့ဒီဝါသနာက အားသိပ်ကောင်းပုံ မရတော့ သိပ်မရေးဖြစ်ဘူးပေါ့ဗျာ။ ကျွန်တော်ရေးခဲ့ဘူးတဲ့ စာတိုတစ်ပိုဒ် နမူနာ ထည့်ပေးလိုက်တယ်။ အချိန်ရခဲ့မယ်ဆိုရင် အပျင်းပြေ သဘောမျိုး ဖတ်လို့ ရတာပေါ့။ နောက်ပြီး ကျွန်တော်တို့ ရေးပုံ ဆင်တယ် ဆိုတာကို သိစေချင်လို့ပါ။



လွတ်မြောက်ခွင့်

တစ်နေ့ . . .

ကျွန်တော် အလုပ်က အပြန် ဆူးလေ မှတ်တိုင်နားမှာ ချိုး ၊ ဆက်ရက် နဲ့ ဗျိုင်းငှက်လေးတွေကို ခြင်းတစ်လုံးစီနဲ့ သယ်လာတာ တွေ့မိတယ်။ လှောင်အိမ် အလွတ်တွေကိုလည်း အခြားတစ်ယောက်က သယ်လာတယ်လေ။ ကျွန်တော်က ငှက်ကလေးတွေကို စိတ်ဝင်စားတယ်။ သူတို့နဲ့ နီးနီးကပ်ကပ် ထိတွေ့ချင်တယ်လေ။ အဲဒါနဲ့ ကြုံတုန်း ချိုးငှက်လေး တစ်ကောင်ကို လှောင်အိမ် တစ်လုံးနဲ့ တွဲဝယ်လိုက်တယ်။

အိမ်ပြန်ရောက်တော့ ငှက်လှောင်အိမ် ကိုးယို့ကားယားနဲ့ ကျွန်တော့်ကို မေမေက တအံတသြ ကြည့်ပါတယ်။ ဘာမှတော့ မပြောပါဘူး။ ငှက်လှောင်အိမ်ကို နေရာချပြီး အမောဖြေ နားနေတဲ့ ကျွန်တော့်အနားကို မေမေ ရောက်လာပါတယ်။ သူဘာကြောင့် ရောက်လာတယ် ဆိုတာကို ကျွန်တော် တွက်မိပါတယ်။ ဒါကြောင့် အငြင်သာဆုံး ကာကွယ် ချေပနိုင်ဖို့ စကားလုံးတွေ စီနေမိတယ်။ မကြာပါဘူး သူ့ထုံးစံအတိုင်း လေသံအေးအေး နဲ့ ကျွန်တော့်ကို တိုက်စစ်ဖွင့်လာပါတယ်။

" သားရယ် တိရိစ္ဆာန်လေးတွေကို ပိတ်လှောင်ထားတာ မေမေ မကြိုက်မှန်း သိရဲ့နဲ့ကွယ်။ ဘာကြောင့် မေမေ မကြိုက်တာကို လုပ်ချင်ရတာလဲ။ "

" အာ မေမေကလည်း ကျွန်တော်က သူတို့ကို ချစ်လို့ပါဗျာ။ ကျွန်တော်သာ ၀ယ်မလာခဲ့ရင် သူတို့ကို သတ်စားမယ့်သူတွေလည်း ၀ယ်သွားနိုင်တာပဲ။ အနည်းဆုံးတော့ ကြပ်သိပ်နေတဲ့ လှောင်အိမ်ထဲကနေ အခုဆို တစ်ကောင်တည်း လွတ်လွတ်လပ်လပ် နေနိုင်ပြီပဲ။ "

" အဲဒါဆိုရင်လည်း တစ်ခါတည်း လွှတ်ပေးလိုက်ပေါ့ကွယ်။ ဘာကြောင့်ထပ်ပြီး ချုပ်နှောင် ထားချင်ရတာလဲ။ သားရဲ့ ခဏတာ စိတ်ပျော်ရွှင်မှု အတွက် သူ့တစ်ဘ၀လုံးကို လှောင်အိမ် ကျဉ်းကျဉ်းလေး ထဲမှာပဲ ချုပ်နှောင်ထားတော့ မှာလား။ သူ့မှာလည်း မေမေတို့လို မိသားစု ရှိမှာပဲလေ။ ဘာအပြစ်မှ မရှိဘဲနဲ့ တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ကျခံရသလို ဖြစ်နေမှာပေါ့ကွယ်။ "

ဒါကတော့ မေမေ့ရဲ့ ချောင်ပိတ် တိုက်ကွက်လေ။ ကျွန်တော့်ကို အကြိမ်ကြိမ် အနိုင်ပိုင်းနိုင်ခဲ့တဲ စကား လက်နက်တွေပေါ့။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ အတတ်နိုင်ဆုံး ချေဖျက်နိုင်ဖို့ ကျွန်တော် ကြိုးစားနေခဲ့မိတယ်။ ဒါကြောင့်....

" ကျွန်တော် လက်ခံပါတယ်။ ဘယ်သူမဆို လွတ်လပ်မှုကိုတော့ သဘောကျကြမှပါပဲ။ ဒါပေမယ့် အဲဒီ လွတ်လပ်မှုနဲ့ အတူ အန္တရာယ်တွေလည်း ကပ်ပါလာနိုင်တယ်လေ။ ဒီလှောင်အိမ်ကနေ ထွက်သွားတာနဲ့ သူ့မှာ အန္တရာယ်တွေက ၀ိုင်းနေနိုင်တယ်။ သူ့ကို ဘယ်ဒေသက ဖမ်းခေါ်လာမှန်းလဲ သိတာမဟုတ်ဘူး။ သူ့ကိုလွှတ်လိုက်တယ်။ ပျံသွားတယ်။ ကျွန်တော်တို့ မျက်စေ့အောက်က ပျောက်သွားရုံနဲ့ပဲ တာဝန်ကျေပြီလို့ ပြောလို့ဘယ်ရမလဲ။ 

အများစုကတော့ ဒီလိုပဲ ပေါ့ပေါ့လေး တွက်ကြမှာပဲ။ သူ့ကို ကယ်တင်လိုက်ပြီ။ ငါတို့ ကုသိုလ် လုပ်လိုက်ပြီလို့လေ။ အမှန်တော့ သူတို့မှာလည်း သူ့နယ်၊ ကိုယ့်နယ်ဆိုတာ ရှိတာပဲ။ ဒီက ပျံသွားတာနဲ့ ဒီနယ်မှာ ဗိုလ်လုပ်နေတဲ့ နယ်ခံချိုးငှက်နဲ့ အသေအကျေ တိုက်ပွဲဝင်ရတော့မယ်။ နောက်ပြီး သူမကျွမ်းတဲ့ နယ်မြေမှာ ဘယ်နေရာမှာ သိမ်းငှက်ရှိပြီး ၊ ဘယ်နေရာမှာ ငှက်ခတ်သမားရှိမယ် ဆိုတာကို သူဘယ်လို သိနိုင်မှာလဲ။ ဒီမှာသာ နေရင် အချိန်တန်တာနဲ့ အဆင်သင့် အစာစားရမယ်။ အဖော်လိုရင်လည်း နောက်တစ်ကောင် ထည့်ပေးလိုက်မယ်လေ။ ကဲ ဘယ်လောက် အဆင်ပြေလဲ။ "

ကျွန်တော့်ရဲ့ လျှောက်လဲချက် အရှည်ကြီးကို လေးလေးနက်နက် နားထောင်နေရင်း မေမေပြုံး နေပါတယ်။ ကျွန်တော်လည်း အားတက်လာပြီး ထပ်ကွန့် ကြည့်လိုက်သေးတယ်။

" သားတို့အနေနဲ့ တစ်ခါတစ်ရံမှာ ကာယကံရှင်ရဲ့ စိတ်ချမ်းသာမှု တစ်ခုကိုပဲ ကြည့်လို့ဘယ်ဖြစ်မလဲ။ ဘာနဲ့ တူလဲဆိုတော့ ကလေးငယ် တစ်ယောက် လောင်စာဆီတွေ အနီးမှာ မီးနဲ့ စော့ကစားနေရင် တွေ့တဲ့ လူကြီးက တားရမှာပဲလေ။ သူ့အတွက် ပျော်ရွှင်စရာ ကောင်းနေမယ့် မီးကို မကစားရလို့ အောင်ဟစ်ငိုယို ဂျီကျနေတဲ့ ကလေးကို လူကြီးက အလိုလိုက်လို့ ဘယ်ဖြစ်မှာလဲ။ ဒီလိုပဲပေါ့ မေမေရာ တချို့ ကိစ္စတွေမှာက ကာယကံရှင်ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေပေမယ့် ၊ သူ့ကောင်းရာ ကောင်းကြောင်း အတွက် အမုန်းခံသင့်ရင် ခံရမှာပေါ့။ မေမေ သဘောတူလား ။ "

ကျွန်တော့်ရဲ့ လိုရာဆွဲပြီး ကိုးကား တင်ပြတာတွေကို ဒီတစ်ခါတော့ မေမေ မချေပနိုင်လောက်တော့ဘူး လို့ တွေးပြီး ကျေနပ်နေမိတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကြည်နူးမှုလေးက ကြာရှည်မခံလိုက်ပါဘူး။ မေမေက ကျေနပ်စွာ ရယ်မောရင်း ကျွန်တော့်ကို ပွဲသိမ်းလိုက်ပါတော့တယ်။

" ဟင်း ဟင်း မေမေ့သားက တော်တော် ရင့်ကျက်လာတာပဲ။ မေမေ တကယ် ၀မ်းသာတယ်ကွယ်။ သားတွက်ပြတာတွေ အားလုံးက နည်းလမ်းကျပါတယ်။ ဒါပေမယ့် သားမစဉ်းမိတာ တစ်ခုရှိတယ်။ ဒါကလည်း ငှက်ကလေးကို မွေးချင်တဲ့ ဆန္ဒက သားကို ဖုံးလွှမ်းထားလို့ပါ။ လူတွေ အများစုပဲ ခံစားမှု တစ်ခုခု ၀င်သွားပြီ ဆိုရင် အမှန်ကို မြင်နိုင်ဖို့ ခဲယဉ်း သွားတတ်တယ်။ အရောင်ပါတဲ့ မျက်မှန်ကို တပ်လိုက်သလိုပေါ့။ ဘာကိုကြည့်ကြည့် အဲဒီအရောင်တွေပဲ မြင်နေရမှာလေ။ ဒီကိစ္စကို သေသေချာချာ တွေးကြည့်ပါ သား ။

ဥပမာ - သားကို ဒီအိမ်ထဲမှာပဲ နေရမယ်။ ဘယ်မှမသွားရဘူး ဆိုရင် သား နေနိုင်မှာလား။ ဘယ်လောက် ကြာကြာ နေနိုင်မှာလဲ။ အခုတောင် ပိတ်ရက်တွေဆိုရင် အိမ်မှာမြဲလို့လား။ ဒီလိုပဲပေါ့ သားရယ် ။ သူတို့လဲ လွတ်လွတ်လပ်လပ် နေချင်ရှာမှာပေါ့။ တောင်ပံပါပြီး ပျံသန်းခွင့် မရတဲ့ ဘ၀က ဘယ်လောက် ၀မ်းနည်းဖို့ ကောင်းလိုက်မလဲ။ 

နောင် ဘာဖြစ်လာမယ် ဆိုတာတော့ သူမပြောနဲ့ မေမေတို့တောင် ကြိုမသိနိုင်ဘူးလေ။ ငှက်ဆိုတာ ပျံရင်း နဲ့သေတယ်လို့တောင် တင်စား တတ်ကြတာပဲ။ လှောင်အိမ်ထဲမှာ နေရင်လည်း တစ်နေ့တော့ သေမှာပဲလေ။ ဒါကြောင့် သေမင်းကို ငုတ်တုတ်ထိုင်ပြီး စိတ်ပင်ပန်း ငြီးငွေ့စွာ စောင့်စားနေရမယ့် အစား ၊ ပျော်ရွှင်စွာ ၀ဲပျံရင်း ရင်ဆိုင် ခွင့်ပြုလိုက်ပါ သားရယ် နော်။ "

မေမေ့ရဲ့ ချေပရခက်တဲ့ စကားလုံး ကွန်ယက်တွေ အောက်မှာ ကျွန်တော် တိတ်ဆိတ်စွာပဲ အတွေးလွန် နေမိတော့တယ်။ ခဏအကြာမှာတော့ ဆုံးဖြတ်ချက် တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်နိုင်ပြီး လှောင်အိမ်ရှိရာ လှမ်းထွက် ခဲ့တော့တယ်။ အကင်းပါးတဲ့ ချိုးငှက်လေး ကျွန်တော့် စိတ်ကူးကို ရိပ်မိသွားပုံ ရတယ်ဗျ။ 

ပျော်ရွှင်စွာ ကျူးရင့်လိုက်လေရဲ့ . . . . . .

တကူ . . . ကူး . . . . ကူး . . .


သိုးမဲ (အိမ်မက်မြေ )


*** ကျွန်တော့် မေးလ်ထဲကို ပို့လာတဲ့ ကိုယ်တိုင်ခံစား ရေးသားထားသော ရသ စာလေး တစ်ပုဒ်ပါ။ သူ့ရဲ့ အတွေး ၊ အရေးအသား ကို အားလုံးလည်း ကျွန်တော်နဲ့ အတူတူ အားလုံးလည်း ခံစားလို့ ရအောင် မျှဝေ လိုက်ပါတယ်။ အပိုဒ်ခွဲ ၊ အဖြတ်အတောက် ၊ အထားအသို သင့်တော်သလို ပြုပြင်လိုက်တာက လွဲလို့ စာကို ပြုပြင်ထားခြင်း မရှိပါဘူး။  ***


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

19 October 2010

14 ခရီးသွား ရသ



အသစ်မဟုတ်ပါ။ ဒီအဖြစ်အပျက်နဲ့ တိုက်ဆိုင်သော နောက်ဆက်တွဲလေး ရေးနေလို့ ဒါလေးကို ဖတ်ဖြစ်ဖို့ လိုတယ် လို့ ယူဆမိလို့ ပြန်တင်လိုက်တာပါ။ 9/12/2009 က ရေးထားတာကို ပြန်တင်လိုက်တာပါ။





“ ခရီးတစ်ခု သွားတော့မယ် ဆိုရင် ခရီးဆောင်အိတ်ထဲမှာ မပါမဖြစ် ပါရမဲ့ အရာက “ စူးစမ်းမှု ”  ” တဲ့။

ဒီလို မှတ်သားစရာ စကားလေးကို ရှိတ်စပီးယားက သူ့ပြဇာတ် ဇာတ်လမ်းမှာတောင်မှ ထည့်အရေးခံရအောင် ပြောခဲ့သူက ဆိုကရေးတီး။ ဒါပေမဲ့ ကျွန်တော့် အတွက် ဝေးပါတယ်။ ကျွန်တော့်အတွက်တော့ ကျွန်တော့်အဖေက ငယ်ငယ်ကတည်းက ပြောပြထားတာ တစ်ခုကတော့ ပိုပြီးတော့ တိကျတယ် လို့ ခံစားမိတယ်။

ဖေဖေက ဒီလို ပြောတယ်။

“ ခရီးတစ်ခု သွားမယ်ဆိုရင် လေ့လာစူးစမ်းမှုကို အခြေခံထားပြီး ဒီခရီးကနေ ကိုယ်က အရာ (၃) မျိုးကို ရအောင်ယူတတ်ရမယ်။ ဒီအရာ (၃) မျိုးကတော့. . .

၁။ ဥစ္စာ ရမလား။


၂။ ပညာ ရမလား။


၃။ ကုသိုလ် ရမလား။

ဆိုတာတွေပဲ။ ဒီ(၃)မျိုးထဲက တစ်ခုခုတော့ ရအောင် လုပ်ရမယ်။ ခရီးတစ်ခုသာ သွားလိုက်တယ်။ ကိုယ့်အတွက် ဒီ(၃)မျိုးထဲက တစ်ခုမှ မရလိုက်ဘူးဆိုရင် အရမ်းကို ညံ့သွားပြီ။

၁။ ဥစ္စာ ရမလား

ခရီးတစ်ခု ထွက်တယ် ဆိုကတည်းက ပိုက်ဆံကုန်ဖို့ သေချာနေပြီ။ ဒီခရီးထွက်မယ် ဆိုပြီး ပြင်ဆင်ရတဲ့ အချိန်တွေ ကုန်နေပြီ။ ဒီတော့ ဒီခရီးက ကိုယ့်ကို ပိုက်ဆံဥစ္စာ ပေးမှာ မို့လို့လား။ ကိုယ်က ဒီခရီးကနေ ဥစ္စာပိုက်ဆံ ရမှာလား။ ကိုယ့်ဖာသာကိုယ် မေးကြည့်.......။

၂။ ပညာ ရမှာလား

ပထမအချက် ဥစ္စာမရဘူးဆိုရင် ကိုယ့်ခရီးကို အလကားတော့ မဖြစ်မခံနဲ့ ဒီခရီးလမ်းတလျှောက်မှာ ဘယ်သူတွေ ဘာလုပ်နေလဲ လေ့လာ စူးစမ်း ၊ ပြီးတော့ ပညာယူ ။ ကိုယ် အခု သွားနေတဲ့ ခရီးဟာ ဘာပညာသင်ဖို့သွားနေတာလဲလို့ စဉ်းစား ၊ ပညာကို တစ်ကူးတက သွားပြီးသင်ဖို့ မဟုတ်ဘူးဆိုရင် သွားရင်းလာရင်းနဲ့ သူများတွေ ဘာလုပ်နေတာလဲဆိုပြီး ပညာယူတတ်အောင် ကြိုးစား ၊ ဒါမှ ကိုယ့်ခရီးမှာ ပညာရမယ်။

၃။ ကုသိုလ် ရမှာလား

နောက်ဆုံး ကိုယ်သွားနေတဲ့ ခရီးဟာ ဥစ္စာလည်း မရဘူး။ ပညာလည်းမရဘူးဆိုပါတော့. .။ ဒါဆိုရင် ကိုယ့်မှာ ဒီသွားတဲ့ ခရီးမှာ တန်ဖိုးရှိအောင် မဖြစ်မနေလုပ်ရမဲ့ ကိစ္စ တစ်ခု ရှိနေတယ်။ ဒါကတော့ “ ကုသိုလ် ” ရအောင် ယူလိုက်တာပဲ။ ကုသိုလ်ယူတယ် ဆိုလို့ အများကြီး၊ အရှည်ကြီးလည်း မစဉ်းစားနဲ့ဦး။ ကုသိုလ်ယူတယ် ဆိုတာ သွားရင်းလာရင်း ပျက်နေတာလေးတွေ ပြင်လိုက်တာ ၊ သူများ ထိခိုက်နိုင်တာလေးတွေ ရှင်းပေးလိုက်တာ ၊ ငွေလှူလိုက်တာ ၊ ကိုယ်စားမဲ့အရာ သူများကို ပေးလိုက်တာ ဒီလိုတွေလည်း ကုသိုလ်ယူလို့ရတာပဲလေ။

အင်း နောက်ဆုံး ဘယ်လိုမှ ဒီပုံစံနဲ့ ကုသိုလ်ယူလို့မရတော့ဘူးဆိုရင် နောက်ဆုံးနည်းကတော့ “ ရှာလို့ တွေ့တဲ့ ဘုရားမှာ ထိုင်ရှိခိုးလိုက်တာပဲ။ ” ဒါဆိုလည်း ကုသိုလ်ရတာပါပဲ။ ဒါမှ ခရီးတစ်ခု သွားတယ်ဆိုတာ တန်ဖိုးရှိတာ။

ခရီးသွားမယ်ဟေ့ ဆိုရင် ဒီသုံးမျိုးထဲက တစ်မျိုးမျိုးတော့ ရအောင် ယူလာခဲ့။ နှစ်မျိုး ၊ သုံးမျိုး စလုံးရတယ် ဆိုရင်တော့ ဒီခရီးဟာ အတိုင်းထက် အလွန်တန်ဖိုးရှိတာပေါ့ကွာ။ ဘာမှ မရလာဘူးဆိုရင်တော့ ကိုယ့်ရဲ့ ခရီးစဉ်က မဟုတ်သေးဘူး။ တစ်ခုခုတော့ မှားနေပြီ။ တန်ဖိုး မရှိဘူး။ ဒါလေးကို ခရီးသွားမယ် ဆိုတိုင်း ခေါင်းထဲမှာ ထည့်ထား။ ”


ဒီလိုမျိုး ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်အဖေ ဆုံးမဖူးပါတယ်။



လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

18 October 2010

16 ခက်ဆစ်





အပြုံး

အလှပဲ ဖြစ်ဖြစ်
ခဏပဲ ဖြစ်ဖြစ်
တစ်ဘဝစာပဲ ဖြစ်ဖြစ်ပေါ့
အဲဒီ “ ပန်း ” ကို လိုချင်တယ်။



လက်ခုပ်

“ ခံစားချက် တူညီမှု ” အကြောင်းကို
သူငယ်ချင်း တစ်ယောက်က ဒီလို ဆိုတယ်။

“ လက်ခုပ် ဆိုတာ နှစ်ဘက် ရှိမှ မြည်တယ် ဆိုပေမဲ့
ချစ်ရေးချစ်ရာမှာတော့ . . . .
ငါတစ်ယောက်တည်းလည်း ဖြစ်တယ်။ ” တဲ့။

ဖြောင်း . . ဖြောင်း . . ဖြောင်း . .

ကျွန်တော် လက်ခုပ်တီးလိုက်တယ်။
အဲဒါ သူနဲ့ ကျွန်တော် “ ခံစားချက် တူညီမှု ” လို့ ဆိုနိုင်ပါတယ်။



ငှက်

“ ငှက် ဆိုတဲ့ နာမည် ခံသူတိုင်း
ပျံသန်းနိုင်ရမှာ မဟုတ်လား ” လို့ ကြီးတော်က ဆိုတယ်။

“ မပျံသန်းနိုင်တဲ့ ငှက်တွေလည်း ရှိပါတယ် ကြီးတော်ရာ ”
လို့ သူက ဆိုတော့ . . . .
“ အို . . မပျံသန်းနိုင်ပဲနဲ့ ငှက်လို့ ဘယ်လိုလုပ် ခေါ်မလဲ ”
 ကြီးတော်က ပြောတယ်။

“ ကျွန်တော့်ကိုလည်း ကြီးတော်ပဲ အတောင်ပံ ညှပ်ထားတာလေ ” လို့
သူဆိုတဲ့ ကြက်တူရွေးက ပြန်ပြောတယ်။



အနာ

“ ဒီဆေးကိုသာ သောက်လိုက် . . .
ဒီအနာ မနာစေရတော့ဘူး ”

ဆိုပြီး ဆရာဝန်က ပြောတော့  . . . .

“ လူနာ ” က မျက်နှာဝင်း သွားသလောက်
“ အနာ ” ကတော့ မျက်နှာငယ်လေးနဲ့ မှိုင်းပြီး
သူ့နာမည်လေးကို သူ ငဲ့ကာ ငေးတယ်။


လေးစားစွာဖြင့် 
ကိုဇော်

.
Share/Bookmark

16 October 2010

13 မျောက်နှစ်ကောင်



လူဆိုတာ သတ္တဝါတွေ ထဲက အကောင် တစ်ကောင်ပါပဲ။ ဒါကြောင့် သတ္တဝါတွေလိုပဲ မှားတတ်ကြတယ်။ မှားတာမှ ကိုယ်မမြင် ၊ မသိ ၊ မကြားတာကို သူများက ဒီလိုလို့ ပြောတာနဲ့ ကိုယ်ရဲ့ ယုံကြည့်မှု ၊ အတွေ့အကြုံများကို လက်လွှတ် အဆုံးရှုံးခံကာ သူများ ပြောတာကို လိုက်ပြီး လက်ခံ ယုံကြည်ကာ မိမိ ယုံကြည်မှု ၊ အတွေ့အကြုံများကို စွန့်လွှတ် လိုက်တတ်ပြီး မှားတတ်ကြတယ်။

ဒီအကြောင်းအရာ နဲ့ ပတ်သတ်ပြီး သုတေသန ပြုသူများရဲ့ မှတ်တမ်းလေး တစ်ခုက ဒီလို ပြောတယ်။

တစ်ခါက . . .

သုတေသန ပြုသူများဟာ မွေးကင်းစ မျောက်လေး နှစ်ကောင်ကို မွေးလာတယ် ဆိုကတည်းက သူတို့ အသင့်ပြုလုပ်ထားတဲ့ သီးသန့် အခန်းထဲမှာ ထည့်ထားလိုက်တယ်။ ဒီအခန်းထဲမှာက မျောက်ကလေး နှစ်ကောင်အပြင် မြွေတွေ ၊ ကင်းခြေများတွေ ၊ ပင့်ကူတွေ ၊ တခြား အဆိပ်ရှိတဲ့ သတ္တဝါတွေနဲ့ အတူတူ ဒီမျောက်လေး နှစ်ကောင်ကိုလည်း အတူတူ ထားလိုက်တယ်။

ဒီလိုနဲ့ မျောက်လေးတွေဟာ တစ်နေ့တခြားကြီးလာခဲ့တယ်။ ဒါပေမဲ့ သူတို့ နဲ့ ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာခဲ့တဲ့ မြွေ ၊ ကင်းခြေများ ၊ ပင့်ကူ အစ ရှိတဲ့ အဆိပ်ပြင်း သတ္တဝါတွေကို ကြောက်ရကောင်းမှန်း သူတို့ မသိကြဘူး။ ငယ်ငယ်ကတည်းက အတူတူနေလာတာ ဆိုတော့ ဒီအကောင်တွေက သူတို့ကို ရန်ပြုနိုင်တယ် ဆိုတာ သူတို့ နားမလည်ခဲ့ကြဘူး။

ဒါနဲ့ မျောက်လေးနှစ်ကောင် တစ်နှစ်သားလောက်မှာ သူတို့ အထဲက မျောက်လေး တစ်ကောင်ကို ဒီအခန်းထဲက ခွဲထုတ်ပြီး အပြင်မှာ ရှိနေတဲ့ သူ့မျောက်မိခင်တွေ ရှိရာ မျောက်အုပ်ဆီကို လွှတ်လိုက်တယ်။ ဒီမျောက်လေး ဝင်ခါစမှာတော့ မျောက်အုပ်ကြီးက ချက်ချင်း လက်မခံဘူး။ ကိုက်ကြ ဖဲ့ကြပေါ့။ နောက်မှ မျောက်ကလေးကို သူတို့ မျောက်အုပ်ကြီးထဲကို ဝင်ခွင့်ပေးလိုက်ကြတယ်။

ဒီတော့မှ မျောက်လေးဟာ အပြင်လောကရဲ့ အတွေ့အကြုံတွေကို စတင် သင်ကြားခွင့်ရတော့တယ်။ မျောက်ကလေးဟာ သူ အရင်က နေခဲ့ရတဲ့ နေရာကလို မြွေတွေကို တွေ့တော့ သွားကိုင်မယ် လုပ်ရင် တခြားမျောက်တွေကသူ့ကို တားကြတယ်။ သူတို့ ကိုယ်တိုင်လည်း အပင်ပေါ်ကို ပြေးတတ်ကြတယ်။ ဒီတော့ မျောက်လေးလည်း ဘာမှန်း ညာမှန်း မသိပဲ သူတို့လို လိုက်ပြေးတတ်တယ်။ သူတို့က “ မြွေဆိုတာ ကိုင်စရာ မဟုတ်ဘူး သေတတ်တယ် ” လို့ ပြောတယ်။

ဒီလိုပါပဲ. . မျောက်လေး အရင်က အခန်းထဲမှာ သိခွင့် မရတဲ့ အရာတွေကို အပြင်လောက က
တခြားသော မျောက်တွေက သင်ပေးကြတယ်။ ဒါနဲ့ မျောက်လေးဟာ အပြင်လောက က မျောက်တွေ ကြားမှာ အရာရာ သင်ကြားခဲ့ရတယ်။ တစ်လလောက် ရှိတော့ မျောက်လေးကို ပြန်ဖမ်းပြီး သူအရင်နေခဲ့တဲ့ အခန်းထဲကို ပြန်ထည့်လိုက်တယ်။

ဒီတော့ မျောက်လေးဟာ အရင် သူနဲ့ တစ်နှစ် အတူတူ နေခဲ့တဲ့ မျောက်လေး လို မဟုတ်တော့ပဲ ၊ အခန်းထဲက မျောက်လေး မြွေတွေနဲ့ ဆော့ ၊ ကင်းခြေများတွေကို ကိုင် ၊ ပင့်ကူတွေနဲ့ ထိတွေ့နေတဲ့ အချိန်မှာ သူကတော့ ဒီအကောင်တွေဟာ ငါ့ကို အန္တရာယ်ပြုနိုင်တယ် ဆိုပြီး သစ်ပင်ပေါ်ကတောင်မှ မဆင်းတော့ဘူး၊

အခန်းထဲက မျောက်လေးက သူ့ကို အရင်လို ဆော့ဖို့ ခေါ်တာတောင်မှ သူ့စိတ်ထဲမှာတော့ ဒါတွေက အန္တရာယ်ပြုနိုင်သော အကောင်တွေ ဆိုပြီး သူ့စိတ်ထဲမှာ တခြားသော မျောက်တွေက ပြောသော စကားများကို ကိုယ်တိုင် မကြုံဖူးပဲ နားဝင်နေခဲ့ပြီ။

တကယ်တော့ ဒီမျောက်ကလေးမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူတွေလည်း ဒီလိုပါပဲ။

ဒီကမ္ဘာ လောကကြီးထဲမှာ ရှိနေတဲ့ နေထိုင်တဲ့ အခိုက်အတန့်လေးမှာ ကိုယ်ကိုယ်တိုင် လေ့လာ ဝေဖန် ဆုံးဖြတ် ဖို့ထက် အရင်က လူတွေက ဘယ်လို ပြောသွားတယ် ဆိုတာကို ပိုပြီးတော့ နားဝင်နေတတ်တယ်။ ကိုယ့်ရှေ့က လူတွေကလည်း နောက်လူတွေကို ဘယ်လိုက ဘယ်လို ဖြစ်တယ် ဆိုပြီး ကိုယ်တိုင် လေ့လာဖို့ထက် သူများ လေ့လာပြီးသားတွေကိုပဲ ခေါင်းထဲ ရိုက်သွင်းတတ်ကြတယ်။

ဒါကြောင့် လူတစ်ယောက် အကြောင်းကို မသိသေးဘူး “ ဒီလူက ဘယ်လိုလေ ” ဆိုပြီး တခြားသူ တစ်ယောက်က ပြောတဲ့ စကားကို ခေါင်းထဲ တစ်သက်လုံး စွဲနေတတ်တယ်။ ဒီလူပြောတာ ဟုတ်မဟုတ် ဆိုတာ ကိုယ်ပိုင် လေ့လာ ဆန်းစစ်သင့်ပါတယ်။

အဖြစ်အပျက်လေးကတော့ ဒါပါပဲ။ 


ဒါနဲ့ . . . အခု စာဖတ်သူကရော အထဲက မျောက်လား ၊ အပြင်က မျောက်လား။

 

*** ငယ်ငယ်က ဖေဖေ ပြောပြခဲ့သော အကြောင်းအရာလေး တစ်ခုပါ။ ***
 

ကိုဇော် ခံစားပုံဖော်သည်။

.

Share/Bookmark

6 ဒုတိယအကြိမ်


အခုအခါမှာ . . . . 

( မြရည်နန္ဒာရပ်က ညည ၇၅၊ ညည ၇၆၊ ညည ၇၈၊ ညည ၇၉၊ ညည ၈၀၊ ညည ၈၁ စတဲ့ရပ်ကွက် အိမ်ထောင်စု ၃၇၇၊ လူဦးရေ ၁၂၇၃ ဦးအတွက် ဆန် အရေးပေါ် လိုနေပါတယ်။ ဆန် ၇ အိတ်ဆို လူ ၁၂၇၃ ဦးစာ ထမင်းထုပ် လောက်ပါတယ်။ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီကြစေလိုပါတယ်။

နက်ဖြန် မြရည်နန္ဒာ ဠ ရပ်ကွက်မှာ ဆေးခန်းဖွင့်ပါမယ်။ ခုံတွေ စားပွဲတွေကတော့ ဆွမ်းလောင်းအသင်းက စစ်ကိုင်းမှာ အရုဏ်ဆွမ်းကပ်ရင် သုံးစွဲတဲ့ စားပွဲတွေ ခုံတွေကိုပဲ သွားယူမယ်။ ပြည့်သူ့ဆေးရုံကြီးက လက်ထောက်ဆရာဝန် ဒေါ်အေးမာက ကုသိုလ်ပြု ကုသပေးပါမယ်။ ) ဦးကောဝိဒ ဘလော့မှ ကူးယူဖော်ပြပါသည်။

အခုတော့ ဆရာတော် ဦးကောဝိဒ ဦးဆောင်ပြီးတော့ ကျန်းမာရေး အထောက်အကူပြု ဆေးကုသရေး နှင့် ဝေငှရေး ကို အားထုတ်ကြိုးပမ်း ဆောင်ရွက်နေပါပြီ။ ကျန်းမာရေး အတွက် ဆေးဝါးများ နဲ့ စားသုံးမှု အတွက် ထမင်းထုပ်များ အတွက် အလှူရှင်များ လိုအပ်နေပါတယ်။ စာဖတ်သူများထဲမှ သဒ္ဓါထက်သန်သော အလှူရှင်များ ပါဝင် လှူဒါန်းကြပါဦးလို့ နှိုးဆော်အပ်ပါတယ်။ 

ဆရာတော် ဦးကောဝိဒ ရဲ့ အဆိုအရတော့ ဦးဇင်း ဦးဆောင်ပြီး ဆန်များ ၊ ခေါက်ဆွဲထုပ်များ ဝေငှဖို့ စီစဉ်နေပါတယ်။ အားလုံးပဲ ရပ်ကြည့် ၊ ထိုင်ကြည့် နေမဲ့ အစား တတ်နိုင်သလောက် ပါဝင်ကူညီ လှူဒါန်း ကြပါဦးလို့ နှိုးဆော်ပါတယ်ဗျာ။

ဆက်သွယ်ရန်ကတော့ ဆရာတော် ဦးကောဝိဒ ကို တိုက်ရိုက် ဆက်သွယ် လှူဒါန်းပေးပါ။

ဦးကောဝိဒ 
+95 92110202
မွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ် စစ်ကိုင်း
Current Account D-1 ဦးကောဝိဒ
( မှတ်ပုံတင် နံပါတ် မလိုပါ )

ကျွန်တော် ဒီနေရာမှာ ဘာလို့ ဓါတ်ပုံ မတင်တာလဲ ဆိုတော့ ဓါတ်ပုံတင်ဖို့ နေရာ မလောက်ငှလို့ပါ။ ဒါကြောင့် အဓိက အားဖြင့် ဒီနေရာ မှာ သွားရောက်ပြီး ဂရုဏာ မျှဝေကာ သူတို့ အတွက် လှူဒါန်းပေးကြပါဦး။


*** ကိုယ့်ရဲ့ ပိုက်ဆံ တစ်ကျပ်က သူများအတွက် ထမင်း တစ်နပ် ဖြစ်နေနိုင်ပါတယ်။ ***


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark
Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.