မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 February 2010

2 အိမ်သာ ဋီကာ



“ ဟဲ့ ...ပေါ်ဦး။ လောကမှာ ဘယ်အလုပ်က ဇိမ်အရှိဆုံး အလုပ်လဲကွဲ့။ ”

ဒီလို အရှင်မင်းကြီးက မေးတော့ ပြန်ဖြေရသူက ပညာရှိကြီး ဦးပေါ်ဦး။

“ မှန်လှပါ။ လောကမှာ ဇိမ်အရှိဆုံး အလုပ်က “ အိမ်သာ ” တတ်ပြီး မစင်စွန့်တဲ့ အလုပ်ပါပဲ ဘုရား။ ”

ဒီတော့ မင်းကြီးလည်း အံ့သြသွားတာပေါ့။ ( အံ့သြတယ် ဆိုတော့ ပါးစပ် အဟောင်းသားနဲ့ ဖြစ်နေမယ် ထင်တယ်။ မမြင်ဖူးပါဘူး။ စိတ်ကူးကြည့်တာ။ )

“ အိမ်သာတတ် မစင်စွန့်တဲ့ ကိစ္စ ဆိုတော့ ကျန်တဲ့ အလုပ်တွေက ဇိမ် မရှိဘူးဆိုတဲ့ သဘောပေါ့လေ။ ”

“ ဒီလိုတော့ မဆိုလိုပါဘူး ဘုရား။ သို့သော် သူ့လောက် ဇိမ် မရှိဘူးလို့ ပြောတာပါ ဘုရား။ ”

“ ဒါဆို အရသာထူးတဲ့ သီးနှံတွေစားရတာ ဇိမ် မရှိဘူးလား။ ”

“ မှန်လှပါ . . သူ့လောက် ဇိမ် မရှိပါ ဘုရား။ ”

“ ကခြေသည်တွေ ကပြ အသုံးတော်ခံတာကို ကြည့်ရတာရော ဇိမ်မရှိဘူးလား။ ”

“ မှန်လှပါ . . သူ့လောက်ကို ဇိမ် မရှိပါ ဘုရား။ ”

“ ကာမဂုဏ် ခံစားတာကရော။ ”

“ မှန်လှပါ . . သူ့လောက်ကို ဇိမ် မရှိပါ ဘုရား။ ”

“ မောင်ပေါ်ဦး ၊ ဒါကတော့ မင်း လွန်နေပြီ ထင်တယ်။ ငါ ကိုယ်တော်မြတ်ကို နားလည်အောင် သေချာ ရှင်းပြစမ်း။ ”

“ မှန်လှပါ. . ။ ဒီလိုတော့ ရှင်းပြရ ခက်ပါတယ် ဘုရား။ လက်တွေ့ပြမှသာ မြင်သာပါလိမ့်မယ်။ ဒါကြောင့် ခဏတော့ စောင့်ပေးတော်မူပါ ဘုရား။ ”

ဦးပေါ်ဦးက ဒီလို ပြောတော့ ဘုရင်ကြီးကလည်း စိတ်ထဲမှာ မကျေနပ်သော်လည်း ဘာမှ ဆက်မပြောပဲ စိတ်ထဲမှာတော့ တေးထားသတဲ့။

ဒီလိုနဲ့ ။

မေ့လောက်တဲ့ တစ်နေ့မှာတော့ ဦးပေါ်ဦးက သူကိုယ်တိုင် ရှင်ဘုရင်ကြီး ပွဲတော်တည်ဖို့ စီစဉ်တယ်။ သူစီစဉ်တဲ့ ဒီနေ့ ပွဲတော်တည်ဖို့ အစားအစာတွေကတော့ ဘုရင်ကြီးကို ဝမ်းနူးစေမဲ့ အစားအစာတွေကို သူက ပွဲတော်တည်ဖို့ သေချာ စီစဉ်တယ်။

ဝမ်းနူးစေတဲ့ အစားအစာ ဆိုတာကလည်း အချဉ် အစပ်တွေက များတော့ စားလို့ကတော့ အရမ်းကောင်းပေါ့လေ။ ဒီတော့ ဘုရင်ကြီးလည်း စားကောင်းကောင်းနဲ့ ပွဲတော်တည် လိုက်တာ ဗိုက်ကို ကားနေတယ် ဆိုပဲ။

ဘုရင်ကြီး ပွဲတော်တည်ပြီးလို့ ခဏတဖြုတ်နားပြီးတော့ ထုံးစံ အတိုင်း အောက်လက် ငယ်သားများက တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို သံတော်ဦး တင်စေဖို့ ညီလာခံကို ကျင်းပတယ်။

ဒီမှာ ဦးပေါ်ဦးက ပညာပြတော့တာပဲ။ ဝမ်းနူးစာတွေနဲ့ ကျွေးထားတဲ့ ဘုရင်ကြီးကို သူက အနားမပေးပဲ ဘုရင့်ကြီးကို လျှောက်တင်စရာ ရှိသူများကို တစ်ယောက်ပြီး တစ်ယောက် အဆက်မပြတ် ဘုရင့်ရှေ့တော်မှောက်
ဝင်ရောက်ခစားပြီး သံတော်ဦးတင်စေတယ်။

ပထမတော့ ဘာမှ မဖြစ်သေးပဲ သာမာန်အချိန်ဆိုတော့ ဘုရင်ကြီးလည်း အေးဆေးစွာပဲ။ အောက်လက်ငယ်သားတွေ သံတော်ဦးတင်တာကို လက်ခံ ကြားနာပြီး ပြန်လည် ဆုံးဖြတ်ပေးတယ်။ ဒါပေမဲ့ တော်တော်ကြာလာတော့ ဝမ်းနူးစာတွေ စားထားတဲ့ ဘုရင်ကြီးရဲ့ ဗိုက်ထဲက ပစ္စည်းတွေက အသံတွေ ပေးပြီး ဘုရင်ကြီးကို အိမ်သာသွားဖို့ အချက်ပေးတယ်။

ဒါပေမဲ့လည်း အခစားဝင်သူတွေက အဆက်မပြတ်ဆိုတော့ ဘုရင်ကြီးလည်း ရုတ်တရက် ထသွားလို့ မဖြစ်ဘူး။ နောက်တစ်ချက်က “ ရှင်ဘုရင့် ဣနြေ္ဒ ရွှေပေးလို့မရ ” လို့လည်း ဆိုထားတယ် မလား။ ဒါကြောင့် ဝမ်းနူးစာတွေ စားထားပြီး အချိန်ကြာလာတာနဲ့ အမျှ ဘုရင်ကြီး ခြေတစ်ဖက်က အိမ်သာကို လှမ်းချင်နေပေမဲ့ သူ့ရဲ့ ရှေ့မှာ အခစားဝင်နေတဲ့ သူတွေက အဆက်မပြတ်ဆိုတော့ ဘုရင်ကြီး ဘယ်လိုမှ ထမရ။

အောက်ကလည်း ထွက်ထွက်ချင်လာတဲ့ ကိစ္စကို အောင့်အီးမျို သိပ့်ရင်း
မျက်နှာပေါ်မှာ ထွက်ထွက်လာနေတဲ့ ချွေးသီးတွေကို သုတ်သုတ်ချရင်း အခစားဝင်လာတဲ့ သူတွေရဲ့ စကားကို သီးခံ နားထောင်နေရတယ်။ ဘုရင်ဆိုတော့လည်း တစ်ခု အားသာချက်ရှိတာက ဘုရင်ဆိုတာ “ မော်ဖူးစေ ” ဆိုမှ မော်ဖူးခွင့်ရှိတာမလား။ ဒီတော့ ဘုရင်ကြီး မျက်နှာပေါ်မှာ ချွေးတွေ သီးထနေအောင် လွယ်မထားနိုင်တဲ့ ကိစ္စကြီးကို လွယ်ထားရတာ ဘယ်သူ့မှ သတိမထားမိကြဘူး။

ဒါနဲ့ပဲ။ အချိန်ကြာလာတာနဲ့ အမျှ ဗိုက်ထဲက စားထားတာတွေက ပိုပြီး ပညာပြလာတော့ ဘုရင်ကြီးလည်း ထရခက် ၊ ထိုင်ရခက် ၊ သွားရခက် ဆိုသလို ဖြစ်လာပြီး နောက်ဆုံး အခြေအနေ မဟန်နိုင်လောက်တော့တဲ့ အချိန်မှ အခစားဝင်သူတွေကို ဦးပေါ်ဦးက တားဆီးလိုက်တော့တယ်။

အခစားဝင်သူတွေ မရှိတော့မှ ဘုရင်ကြီးလည်း စိတ်အနည်းငယ် သက်သာလာပြီး
“ ရှင်ဘုရင့် ဣနြေ္ဒ ရွှေပေးလို့မရ ” ဆိုတဲ့ ဣနြေ္ဒလေးကို ဆယ်က အပြေးရုံတမယ် အိမ်သာသို့ သွားသတဲ့။ ပြီးတော့ အိမ်သာထဲ ဝင်ပြီး သူ့ကိစ္စကို ရှင်းတာပေါ့လေ။ ဒီအချိန်မှာမှ ဘုရင်ကြီး စိတ်ထဲမှာ အိမ်သာတတ်ချင်နေတဲ့ အချိန်မှာ အိမ်သာတတ်လိုက်ရတာ တော်တော် ဇိမ်ရှိပါလား ဆိုတာ သိလိုက်ရတော့တယ်။

ဘယ်ကိစ္စနဲ့မှ မတူပဲ။ အိမ်သာတတ်ချင်နေတဲ့ အချိန်မှာ အိမ်သာတတ်လိုက်ရတဲ့ အတွက် စိတ်လွတ်လပ်ပေါ့ပါး သွားသလိုလည်း ခံစားရတယ်။
ကိစ္စပြီးတော့ ဘုရင်ကြီး အိမ်သာကို ထွက်လာပြီး ညီလာခံကို ပြန်ဝင်လာတော့ ညီလာခံမှာ အသင့်စောင့်နေတဲ့ ဦးပေါ်ဦးကို တွေ့တယ်။

“ ပေါ်ဦး တော့ ငါ့ကို ဘာများ လျှောက်တင်စရာ ရှိနေလို့ပါလိမ့်။ ” လို့ တွေးမိပြီး ဘုရင်ကြီး သူကိုယ်တိုင် မေးထားတာကို မေ့နေတယ်။ ဒီတော့. . .

“ ဟဲ့..ပေါ်ဦး။ ဘာများ လျှောက်တင်စရာ ရှိလို့လဲ။ ”

“ မှန်လှပါ ဘုရား။ တစ်ခွန်းတည်းပါပဲ။ ”

“ အေး...လျှောက်တင်စမ်းပါဦး။ ”

“ မှန်လှပါ။ အိမ်သာတတ်တယ်ဆိုတာ လောကမှ ဇိမ် အရှိဆုံးအလုပ် ပါပဲ ဘုရား။ သူ့လောက် ဘယ်အလုပ်မှ ဇိမ် မရှိပါဘူး။ ”

လို့ လျှောက်တင်တော့တယ်။ ဒီတော့မှ ဘုရင်ကြီးလည်း ဦးပေါ်ဦး အရင်က ပြောထားတာကို သွားသတိရပြီး...

“ သြော်...ပေါ်ဦး။ ငါကိုယ်တော်မြတ်ကို ဝမ်းနူးစာတွေ ကျွေးပြီး အိမ်သာတတ်လို့ မရအောင် အခစားတွေ အဆက်မပြတ် ဝင်ခိုင်းပြီး ဒါကို သက်သေပြတာပေါ့ ဟုတ်လား ပေါ်ဦး။ ”

လို့ မေးတယ်။ ဒီတော့ ဦးပေါ်ဦးကလည်း သူ့ထုံးစံ အတိုင်း ပြုံးလို့သာပဲ နေပါတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်ဆက်တွဲ

အဆက်အနေနဲ့ အိမ်သာနဲ့ ပတ်သတ်တာလေး နည်းနည်းတော့ ပြောချင်တယ်။ အမြဲတမ်း ဆန်းသစ်တီထွင်နေတဲ့ ကမ္ဘာမှာ စကားလုံးတွေကလည်း အမြဲတမ်း သစ်ဆန်းနေပါတယ်။

ဟိုးအရင်ကတော့ ကျွန်တော်တို့ ဘိုးဘွားတွေ ခေတ်က အိမ်သာတတ်ချင်တယ် ဆိုရင် “ တော ” သွားတိုးလိုက်ရုံပဲလေ။ ဘာမှလည်း မလို ။ ဘာမှလည်း မလုပ်ကြ။ ဒါပေမဲ့ အခုလို တိုးတတ်လာသော ခေတ်မှာတော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက တောတိုးရတဲ့ အခြေအနေကို မမှီလိုက်ကြတော့ပါ။ တောမှ မရှိတော့တာ။ ကားလမ်းတွေပဲ ရှိတော့တယ်။ ( ဒါကြောင့် ထင်တယ် တချို့တွေက ခြုံတိုးကြတာ :P )

ကျွန်တော်တို့ စပြီး မှီတဲ့ အခြေအနေကနေ စပြောရရင် ကျွန်တော်တို့ ငယ်ငယ်က စက္ကူနဲ့ သုံးရတဲ့ အိမ်သာ ၊ နောက်တော့ ရေလောင်းအိမ်သာ ဒါတွေကို သုံးခဲ့ကြပါတယ်။ အခု ခေတ်အထိလည်း တောရွာတွေမှာ ဒီလို အိမ်သာကို သုံးနေတုန်းပါပဲ။

ဘယ်လိုပဲ သုံးသုံး ဒီအိမ်သာတွေက သန့်ရှင်းရေ အတွက် သူတို့ ရေကို သီးသန့်လောင်းချရပါတယ်။ ဒီကနေ ဆင်းသွားသော အညစ်အကြေးတွေကလည်း တွင်းထဲကို ကျသွားတယ်။ ဒီလို အိမ်သာကို “ တွင်းအိမ်သာ ” လို့ခေါ်ပါတယ်။ ဒါကို အင်္ဂလိပ် လို ( Latrine ) လို့ ခေါ်တာပါ။




ဒီကနေမှ တဆင့် အဆင့်မြင့်လာတော့ တွင်းအိမ်သာတွေမှ တဆင့်တတ်ပြီး အိမ်သာရဲ့ အညစ်အကြေးခွက်မှာ ဇလုပ်လေး တပ်ထားပြီး ဒီဇလုပ်လေးမှာ ရေလေးကို တဆင့်ခံထားပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီလို ခံထားခြင်းအားဖြင့် တွင်းထဲမှ အညစ်အကြေး အနံအသက်တွေ အပြင်ကို ( အပေါ်ကို ) ပြန်ပြီး တတ်မလာနိုင်တော့ဘူး။

ဒါပေမဲ့ ဒီလို ဇလုပ်ထဲက ရေနဲ့ အညစ်အကြေးတွေ ကျသွားအောင်လို့ သူ့ကို ရေအားပြင်းပြင်းနဲ့ ရေလောင်းချဖို့ လိုတယ်။ ဒီတော့ အိမ်သာ ထိုင်ခွက်ရဲ့ နောက်မှာ ရေလှောင်အိမ်လေး တပ်ထားပြီး ဒီအထဲမှာ ရေတွေကို စုထားတယ်။ ဒီကမှ အဆင့် ရေအားနဲ့ ရေတွေ စီးထွက်ပြီး အညစ်အကြေးတွေ ကျစေအောင် ရေကို ဆွဲချရတယ်။ ဒီလို အိမ်သာကို “ ရေဆွဲ အိမ်သာ ” လို့ ခေါ်ပါတယ်။ ဒါကို အင်္ဂလိပ်လို ( Toilet ) လို့ ခေါ်ပါတယ်။




“ တွင်းအိမ်သာ နဲ့ ရေဆွဲ အိမ်သာ ” မတူ သလို “ Latrine နဲ့ toilet ” ကလည်း မတူပါဘူး။

အခု နောက်ပိုင်း
“ Latrine နဲ့ toilet ” ထက်ပိုပြီး သန့်ရှင်းမှု ကောင်းလာတော့ အိမ်သာထဲမှာကို ရေချိုးဖို့ ဆိုသော နေရာကိုပါ ထည့်ပြီး အသုံးပြုလာတယ်။ ဒါကြောင့် အခု နောက်ပိုင်း “ Latrine နဲ့ toilet ” ဆိုသော စကားလုံးကို မသုံးကြတော့ပဲ အိမ်သာ ဆိုရင် အခင်းကြီးငယ် ကိစ္စများသာ မက တခြားသော ရေချိုးခြင်း နှင့် သန့်ရှင်းရေး ကိစ္စများကိုပါ ဆောင်ရွက်နိုင်အောင် “ သန့်စင်ခန်း ” ဆိုပြီး “ Washroom ” လိုပဲ ခေါ်လာကြပါတယ်။



အခုလည်း နောက်ထပ် ထပ်ပြီး ပြောင်းလာပါသေးတယ်။ မတွင်ကျယ်သေးလို့ပါ။ စကားလုံးတွေ အသစ်အဆန်းပေါ်လာပြီ ဆိုရင် ဟိုးအရင်ကတော့ “ ဂရိ ” က အခြေပြုပါတယ်။ အခုနောက်ပိုင်းတော့ “ စပိန် နဲ့ ဆွီဒင် ” ကနေ အစပြုတာ များတယ်။

အခုတော့ “ ဆွီဒင် ” နိုင်ငံမှာ အစပြု သုံးနေကြတာ “ Clean Room ” ဆိုလားပဲ။ ကျွန်တော်တော့ မရောက်ဖူးလို့ မသိပါ။ ရုပ်ရှင်တွေထဲမှာတွေ့လို့ပါ။ ( သန့်ရှင်းရေး လုပ်ရတဲ့ အခန်းဆိုပြီး အတင်းသွားပြီး သန့်ရှင်းရေးတွေတော့ မလုပ်ကြပါနဲ့။ အထဲက အခန်းကိုက တော်တော် သန့်ရှင်းပြီးသားပါ။ သန့်ရှင်းရေး လုပ်ချင်ရင်တော့ ကျွန်တော့်အခန်းသာ လာခဲ့။ အဟီး။ ညစ်ပတ်နေတာပဲလေ။ )





နောက်ထပ်....နောက်ထပ်လည်း ခေတ်နဲ့ အညီ စကားလုံးတွေက သစ်ဆန်းလာရင် မြန်မာလို့ “ အိမ်သာ ” လို့ ခေါ်လိုက်လို့ အဆင်ပြေပေမဲ့ အင်္ဂလိပ်လိုတော့ နောက်ထပ် သစ်ဆန်းလာပါလိမ့်မယ်။

ပြောချင်တာလေးတွေ ရှိနေသေးပေမဲ့ အခုကတော့ အိမ်သာ ဋီကာလေးကို ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတယ်။

အဲ... ကမ္ဘာပေါ်မှာ “ ဆွိဒင် ” နိုင်ငံက လူတွေက သူတို့ကိုယ် သူတို့ ပညာရှိတွေလို့ ဆိုသဗျ။ ဘာလို့ သူတို့ ဒီလို ပြောတာလည်း ဆိုတဲ့ အကြောင်းရင်းကို လိုက်ရှာကြည့်လိုက်တော့ နှစ်ချက် သွားတွေ့တယ်။ ဒီနှစ်ချက်ကို ကျွန်တော်လည်း ကြိုက်တယ်။ ဘာလို့လဲ ဆိုတော့လေ....................မျှော်.....။


ကိုဇော် ခံစားတင်ပြသည်။


.
Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

ကိုဇော်က အိမ်သာကို အထူးလေ့လာထားတာပဲ.. မြန်မာပြည် ပြန်ရောက်ရင် အိမ်သာ ကန်ထရိုက်လုပ်ဖို့ စိတ်ကူးများရှိနေလားဟင်.. အိမ်သာထဲမှာ ဇိမ်ကောင်းတယ် ဆိုပြီး ၂နာရီလောက်ထိုင်မနေနဲ့ဦး.. ရုံးနောက်ကျလို့ Boss ဆူနေဦးမယ်..

Kriz said...

မှန်လိုက်တာ.. အိမ်သာတက်ရတာ လောကမှာ ဇိမ်အရှိဆုံး..