မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 March 2010

10 မွေးနေ့လက်ဆောင် အဖြစ်ပဲ ဖြစ်ဖြစ်ပေါ့




ရေးမယ်လို့ စိတ်ကူးမရှိသော စာတစ်ခုကို ကျွန်တော် ချရေးရတော့မယ်။ ဘာလို့ ကျွန်တော် မရေးချင်တာလည်း ဆိုတော့ ဒီလို မသမာမှုမျိုးကို ကျွန်တော် မဖြစ်စေချင်လို့ပါ။ သို့သော်. . .

သို့သော်. . . အခု ကျွန်တော် ဒီလို အဖြစ်မျိုး ကြုံနေခဲ့ရပြီ။


~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~

ဟိုးအရင် နှစ်ပေါင်းများစွာက

ညီအစ်ကို နှစ်ယောက်ဟာ အထည်အလိပ် နဲ့ လူ့သုံးကုန် ပစ္စည်း ထုတ်လို့ဖို့ စိတ်ဓါတ်အင်အားတွေ တတ်ကြွနေကြတယ်။ ဒါပေမဲ့ သူတို့မှာ ငွေအင်အား မရှိ။ နည်းပညာလည်း မပြည့်စုံ။ သူတို့မှာ လုပ်ချင်သော စိတ်သာ ရှိတယ်။

ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ သူ့တို့ သူငယ်ချင်း တစ်ယောက်နဲ့ စပ်ဆက်မိပြီး သူတို့ လုပ်ချင်သော လူ့သုံးကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချ လာနိုင်ခဲ့တယ်။ သုညဘဝကနေ စလာတာ ဆိုတော့ အောင်မြင်အောင် သူတို့ တော်တော်ကို လုပ်ခဲ့ရတယ်။

သူတို့ ပစ္စည်းကို အောင်မြင်အောင် လုပ်မယ် ဆိုသော သူတို့မှာ ရည်ရွယ်ချက် ၂ မျိုးနဲ့ လုပ်ဆောင်တယ်။

၁) သူများနဲ့ ယှဉ်လျှင် ဈေးနှုန်းသက်သာ ရမယ်။
၂)
ဈေးနှုန်းချင်းတူရင် အရည်အသွေးသာရမယ်။


ဒီနှစ်ချက်တည်းနဲ့ ကမ္ဘာပေါ်မှာ ရှိနေသော တခြားသော လူ့သုံးကုန်ပစ္စည်းများကို သူက ယှဉ်ပြိုင်ခဲ့တယ်။ တကယ်လည်း အနိုင်ရသလို တကယ်လည်း ကမ္ဘာကျော်ခဲ့ပြီး လူတကာ လက်စွဲ ဖြစ်အောင် အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ အောင်မြင်မှုကို ဒီမှာ တင်ရပ်လို့မရဘူး။ ရှေ့ဆက်ရမယ်။

တခြားကုမ္ပဏီတွေလိုပဲ ကမ္ဘာကို ခြေရာဆန့်ဖို့ ကိုယ့်နိုင်ငံကနေ ထိုကုမ္ပဏီဆိုတာကို သိစေနိုင်တဲ့ အင်တာနက် ဝန်ဆောင်မှုမှ ကြော်ငြာဖို့ ကုမ္ပဏီဝက်ဆိုက် ဆိုတာ လိုလာခဲ့ပါတယ်။ ဒီအချိန်မှာ အင်တာနက် ဆိုတာ ကမ္ဘာပေါ်မှာ စတင်ပြီး ဖြစ်ထွန်းခါစလေး။

ဒီတော့ ဒီကုမ္ပဏီကလည်း သူ့ရဲ့ ကုမ္ပဏီနာမည်နဲ့ ဝက်ဆိုက်လေး လုပ်တော့ ပြဿနာ တတ်ပါလေရော။ အင်တာနက်ရဲ့ ဝက်ဆိုက်တွေထဲမှာ သူ့ကုမ္ပဏီနဲ့ နာမည်တူ ဝက်ဆိုက် ရှိနေပြီးသားတဲ့။ သူတို့ အဲဒီဝက်ဆိုက်ကို သွားကြည့်တော့ ဝက်ဆိုက်အတွက် ဒိုမိန်းသာ ဝယ်ထားတာ အထဲမှာ ဘာမှ မရှိ။ သူများ အသုံးပြုပြီး ဝယ်ထားပြီးသား ဝက်ဆိုက်ဆိုတော့လည်း သူတို့ ဘာမှ မတတ်နိုင်။ နာမည်တူ မရှား ၊ လုတူမရှားဆိုပေမဲ့ ဝက်ဆိုက်လုပ်ဖို့ ကုမ္ပဏီ နာမည်လာတူနေတယ် ဆိုတာကတော့ ယုံရခက်ခက်။

သူတို့ကို ဝက်ဆိုက် ဖန်တီးတည်ဆောက်သူတို့က အကြံပေးတာကတော့ ဒါ ဝက်ဆိုက်သာ ဝယ်ထားတာ ဘာမှ အသုံးမချသေး။ ဒါကြောင့် ဒီဒိုမိန်းကို ထိုသူ့ဆီမှ ပြန်ဝယ်လိုက်ပါလား။ တကယ်လည်း ထိုနာမည်ဖြင့် ဝက်ဆိုက်လေး ရအောင် ဆိုတာ ထိုနည်းလမ်းမှ အပ တခြားနည်းလမ်းမရှိ။

သူတို့ သတင်းစာမှာ ကြော်ငြာကြတယ်။ ကုမ္ပဏီ ထုတ်ပစ္စည်းတွေမှာလည်း တွဲပြီး ကြော်ငြာတယ်။ ဒီဒိုမိန်းကို ဝယ်ယူထားပြီး မသုံးစွဲပါက ပြန်လည်ရောင်းချပါရန်။ ဒါပေမဲ့ အချိန်သာ ကုန်သွားတယ် မပေါ်လာ။ သူတို့လည်း ဒီလောက် အောင်မြင်လာသော ကုမ္ပဏီဖြစ်နေပြီးမှ ဝက်ဆိုက်လုပ်တော့ တခြားနာမည်နဲ့ဆို ဘယ်လိုမှ မသင့်တော်။ ဒါကြောင့် ဆက်လက်ပြီး ဒိုမိန်း ဝယ်ယူထားသူ ဆီကို ပြန်လည် ရောင်းချဖို့ ဆက်လက် ဆက်သွယ်နေခဲ့တယ်။

ဒါနဲ့ . . .တစ်နေ့တော့. . ။

သူတို့ ကုမ္ပဏီနာမည်နဲ့ ဝက်ဆိုက်လုပ်လို့ မရရင် ဒီနာမည်နဲ့ နောက်မှာ Brand ဆိုတာလေး ထည့်ပြီး ဝက်ဆိုက်လေး လုပ်တော့မယ် ဆိုပြီး သူတို့ ဆုံးဖြတ်လိုက်တော့မှ သူတို့ဆီကို ဖုန်းဆက် အကြောင်းကြားလာတယ် လူတစ်ယောက်က။

သူတို့လိုချင်နေသော ထိုနာမည်နဲ့ ဒိုမိန်းကို သူလုပ်ထားတာဖြစ်ကြောင်း ထိုနာမည် ဒိုမိန်းကို လိုချင်ရင် ဘယ်လောက်နဲ့ ဝယ်ပါ ဆိုပြီး အလွန်များသော ဈေးနှုန်းဖြင့် ရောင်းပါလေတော့သည်။ ကုမ္ပဏီမှာလည်း ကိုယ်ရဲ့ အမှတ်တံဆိပ်ကို ဒီလောက် နာမည်ရအောင် လုပ်ထားပြီးမှ ဒီလို ကမ္ဘာသိအောင် ကြော်ငြာမဲ့ ဝက်ဆိုက်ကျမှ တခြားနာမည်ဆိုရင် မဖြစ်ဘူး ဆိုပြီး နောက်ဆုံးတော့ ထိုသူဆီမှ ဈေးကြီးပေးပြီး ဝယ်လိုက်ရပါတော့တယ်။

ဒီကိစ္စကို အရေးယူဖို့ ဥပဒေနဲ့လည်း ဘယ်လိုမှ မငြိစွန်းပါ။ မတရားသဖြင့်လည်း တရားစွဲလို့ မရ။ ဝက်ဆိုက် နာမည်ဆိုတာ ဦးရာလူက ဥပမာ - .com ဖြင့် အရင်မှတ်ပုံတင်လိုက်ရင် ကျန်တဲ့သူက ဘယ်လိုမှ မရတော့ပဲ။ တခြားသော .net , .org , .us , .info အစရှိသဖြင့်သာ ဒိုမိန်း ဝယ်လို့ရပါတော့မယ်။

ဒါနဲ့ပဲ ကိုယ်ရဲ့ ကုမ္ပဏီနာမည်နဲ့ ဝက်ဆိုက်လေးကို ဈေးကြီးပေးကာ ဝယ်လိုက်ရသော ကုမ္ပဏီမှာ ယနေ ကျော်ကြားနေသော Nike ကုမ္ပဏီပါပဲ။ သို့သော် လူသိနည်းလှပါတယ်။ အစ်ကို တစ်ယောက် ပြောပြလို့သာ သိခဲ့ရတယ်။

သူပြောပြချက်အရ ကမ္ဘာမှာ ကုမ္ပဏီတွေ စပြီး ထောင်ပြီ ဆိုရင် ဒါကို လိုက်ကြည့်နေပြီး ဦးအောင် ထိုကုမ္ပဏီ နာမည်ဖြင့် ဒိုမိန်း ဝယ်ထားလိုက်ပြီး ရင်းထားကာ ထိုကုမ္ပဏီအောင်မြင်လာသော အခါမှာ ပြန်လည်၍ ဈေးကြီးကြီးဖြင့် ပြန်လည်ရောင်းစားကာ သန်းကြွယ်နေသူပင်ရှိသည်ဟု အံ့သြစွာ ကြားသိရပါတယ်။

ဒါကြောင့် အခုနောက်ပိုင်း ကုမ္ပဏီတွေက သူတို့ ကုမ္ပဏီထောင်တော့မယ် ဆိုရင် ကုမ္ပဏီနာမည်နဲ့ ဒိုမိန်းကို အရင် ရအောင် ဝယ်ယူလိုက်တယ်။ နောက်မှ ကုမ္ပဏီကြီးပွားရေးကို ဆက်လုပ်ပါတော့တယ်။

အခုမှ ကျွန်တော် ပြောချင်တာ ရောက်ပါပြီ။

ဟိုးအရင် ကျွန်တော့် ဘလော့လေး စလုပ်တော့ ကျွန်တော့်ကို ကွန်ပျူတာ ဂျာနယ်နဲ့ တခြားသော IT ဂျာနယ်တွေမှာ နည်းပညာအကြောင်းတွေ ရေးနေတဲ့ သူငယ်ချင်း “ ဇေယျာစံ ” က ကျွန်တော့်ကို ပြောပါတယ်။ မင်း နာမည်နဲ့ ဒိုမိန်းလုပ်ထား လုပ်ထား ဆိုပြီး ဒါပေမဲ့ ကျွန်တော်လည်း မလုပ်ဖြစ်ပါဘူး။

အခုတလောမှ ကျွန်တော်က စိတ်ကူးပေါက်ပြီး ဒိုမိန်းဝယ်မယ် လို့ စဉ်းစားမိတယ်။ ဒါပေမဲ့ စာအပြောင်းအရွေ့တွေကလည်း မပြီးသေးတော့ ကျွန်တော် ဒါကို မလုပ်အားသေး။ ညကတော့ ကျွန်တော့်ကို အမြဲတိုက်တွန်းနေတဲ့ အစ်မက ပြောလာလို့ ကျွန်တော်လည်း ဝယ်မယ် ဆိုပြီး လုပ်ပေးမဲ့ ညီလေးကို မေးလိုက်တော့. . .ကျွန်တော် ဝမ်းနည်း အံ့သြသွားတယ်။

kozaw ဆိုသော နာမည်နဲ့ ဒိုမိန်း ဝယ်ထားတယ် ဆိုတာ ထားတော့ ကိုဇော် တွေ အများကြီး ရှိတာကိုး။ အခုတော့ဗျာ။ ကျွန်တော့်နာမည်က “ အင်္ဂါ ၊ ကြာသပတေး ၊ စနေ ” ဆိုသော နေ့နံ သုံးလုံးနဲ့ တည်ဆောက်ထားတာမို့ ကျွန်တော် မေးအကောင့်ဖွင့်တော့ ထိုနာမည်ရင်း သုံးခုနဲ့ အကောင့်က လူတူ ရှိနေပြန်တယ်။ ဒါကြောင့် ထိုနာမည်သုံးလုံးဖြင့် နေ့နံတူ ဗေဒင် ကိန်းဂဏာန်းအရ
အင်္ဂါ ဆိုတာ 3 ၊ ကြာသပတေးဆိုတာ 5 ၊ စနေဆိုတာ 7 ဆို၍ “ zaw357 ” ဆိုပြီး ယူခဲ့တာပါ။

ဒါကြောင့် မေးလ်မှာ zaw357@gmail.com ဆိုပြီး ဖြစ်လာတာပါ။ ဒါကြောင့် ဘယ်ဆိုက်လေးပဲ ရောက်ရောက် ဒီနာမည်လေး zaw357 ဆိုပြီး ကျွန်တော် ဝင်ဖြစ်ခဲ့တယ်။ ဒါကြောင့် ဒီဘလော့လေး စရေးရာမှာလည်း zaw357.multiply.com
zaw357.blogspot.com ဆိုပြီး ဖွင့်ထားမိခဲ့တယ်။ ကိုယ့်ဖာသာ ဖတ်ဖို့ ရေးရင်း တင်ရင်းနဲ့ ဘလော့လေးက လူသိများလာခဲ့တယ်။

ဒီကြားထဲ အားနေတော့ စိတ်ကူးပေါက်ရာလေးတွေ မှတ်ထားနိုင်အောင် ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ ဘလော့လေး တစ်ခု လုပ်မယ်ကွာ ဆိုပြီး စဉ်းစားမိပြန်တယ်။ ဒါကြောင့် နာမည်ကို ထူးထူးဆန်းဆန်း ပေးမနေတော့ပဲ zaw357 ကို ko လေးပဲ တပ်ပြီး kozaw357.multiply.com ဆိုပြီး ကျွန်တော် လုပ်ဖြစ်ခဲ့တယ်။ ဒီဟာလေးကလည်း တကယ်ကို မထင်မှတ်ပဲ အောင်မြင်ခဲ့တယ်။ ဒီနောက်ပိုင်းမှာ ကျွန်တော်လည်း အလုပ်များလာပြီး မအားတော့လို့ ဒီ ကွန်ပျူတာ ဘလော့လေးကိုလည်း ရပ်ထားလိုက်ပြီး zaw357.multiply.com တစ်ခုမှာပဲ ရေးပါတော့တယ်။

ဒါပေမဲ့ zaw357.blogspot.com ဆိုတာ
zaw357.multiply.com မလုပ်ခင်ကတည်းက ဖွင့်ထားတာပါ။ သို့သော် မြန်မာနိုင်ငံက သူငယ်ချင်းတွေ ကြည့်လို့မရဘူး ပိတ်ခံထားရတယ် ဆိုလို့ ကျွန်တော် zaw357.multiply.com မှာ ဆက်ပြီးရေးခဲ့တာပါ။ နောက်မှ ကိုယ်ပိုင်ရေးတာလေးတွေ သီးသန့်တင်ချင်လို့ zaw357.blogspot.com ဒီမှာ ကျွန်တော် ပြောင်းတင်လိုက်တာပါ။

ညကတော့ ကျွန်တော် အရမ်းကို စိတ်ရှုပ် ဝမ်းနည်းမိတယ်။ ကိုဇော် ဆိုတာ နာမည်တူ ရှိလို့ ဆိုပြီး www.kozaw.com ဆိုပြီး မရတာကို ကျွန်တော် လက်ခံပေးနိုင်ပါတယ်။ အခုတော့ www.zaw357.com ဆိုပြီးလည်း မရဘူး။ www.kozaw357.com နဲ့လည်း မရဘူး ဆိုတာကတော့ တော်တော်ကို လွန်သွားပါတယ်ဗျာ။ ဝမ်းလည်း နည်းသလို စိတ်မကောင်းလည်း ဖြစ်မိတယ်။

ကျွန်တော် အထက်မှာ ရေးပြထားသလိုမျိုး။ နောင်တစ်နေ့ ဒိုမိန်း ဖြစ်လာနိုင်တဲ့ နာမည်တွေကို ကြိုရင်းပြီး ဒိုမိန်းဝယ်ထားတာ ဆိုရင်တော့ မလုပ်ပါနဲ့ဗျာ။ ကျွန်တော်က အခု ကုမ္ပဏီ ပိုင်ရှင်လည်း မဟုတ်။ သူဌေးလည်း မဟုတ်သေး။ ဈေးကြီးကြီးပေးပြီး ဝယ်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ဝယ်လည်း မဝယ်နိုင်ဘူး။

အခုတော့ ကျွန်တော်က www.zaw357.com ဆိုတဲ့ ဒိုမိန်းလေးကိုပဲ လိုချင်ပါတယ်။ တခြားသော .net ၊ .org ၊ .us ၊ .info ကျွန်တော် မကြိုက်ပါ။ ကျွန်တော် .com လေးပဲ လိုချင်ပါတယ်။

ဒါကြောင့် ဝယ်ထားသော ဒိုမိန်း ပိုင်ရှင်ခင်ဗျား ကျွန်တော့်ကို ဒီ
www.zaw357.com လေးကို ကျွန်တော် သွားကြည့်တော့ ဘာမှလည်း ဆိုက်ထဲမှာ မပြင်ရသေးပါဘူး။ ဒါကြောင့် အသုံးမလိုဘူး ဆိုရင် ကျွန်တော့်ကို ဒီ ဒိုမိန်းလေးကို ပြန်ပြီး ရောင်းပါဗျာ။


သို့မဟုတ်




နောက်လမှာ ကျရောက်မဲ့ ကျွန်တော့် မွေးနေ့ အမှတ်တရ အနေနဲ့ ဒီ www.zaw357.com ဒိုမိန်းလေးကို မွေးနေ့လက်ဆောင်အဖြစ် ပေးမယ် ဆိုရင် အတိုင်းထက် အလွန် ဝမ်းမြောက်ဝမ်းသာ လက်ခံရမှာပါပဲ။

ဒါကြောင့် တစ်ခုခု ကိစ္စ ရှိရင် စိတ်ထဲမှာ
လိပ်ခဲတင်းတင်း ဖြစ်တတ်တဲ့ ကျွန်တော် www.zaw357.com ဒိုမိန်းလေးကို ဝယ်ယူထားသော ပိုင်ရှင် ဆက်သွယ် အလာကို ကျွန်တော် တစ်ပတ် စာအသစ်မရေး ၊ စာအသစ် မတင်ပဲ စောင့်နေပါ့မယ်ဗျာ။

ကိုယ်လည်း အသုံးမလိုဘူး ၊ ဘာမှလည်း သုံးစရာ မရှိဘူး ဆိုရင် ကျွန်တော့်ကို မေတ္တာဖြင့်
www.zaw357.com ရောင်းမယ်ဆိုရင်သော်လည်းကောင်း ၊ မွေးနေ့လက်ဆောင် အဖြစ်ပေးမယ် ဆိုရင်သော် လည်းကောင်း ကျွန်တော့်ကို ဆက်သွယ်ပေးပါဗျာ။

အောက်မှာကတော့. . . ကျွန်တော် နဲ့ ပတ်သတ်သော နာမည်များဖြင့် ဝယ်ယူထားပြီးသား ဒိုမိန်းများပါပဲ။ သို့သော် ဘာမှ အသုံးမပြုရသေးပါဘူး။ နှိပ်ပြီး သွားရောက်ကြည့်နိုင် ကြပါတယ်။

kozaw ဖြင့် www.kozaw.com

zaw357 ဖြင့် www.zaw357.com

kozaw357 ဖြင့် www.kozaw357.com




*** တဆင့် စကား တဆင့်နားဖြင့် ဒိုမိန်းဝယ်ထားသူ နားသို့ ရောက်ပါစေ။ ***


ကျေးဇူးတင်စွာဖြင့်
ကိုဇော်

.
Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

ကဲ ကဲ
ဝယ်ထားတဲ့သူပေးလိုက်ကြပါ
မွေးနေ့လက်ဆောင်အဖြစ်
တို့ကတော့ ၀ယ်မထားလို့
မပေးတော့ဘူးနော်...

~ဏီလင်းညို~ said...

ကိုဇော်ရေ....
ကြားရတာ... စိတ်မကောင်းဘူးဗျာ....။
ဖြစ်နိုင်ရင်တော့ ဒိုမိန်းလေးရစေချင်ပါ့ဗျား...။
မွေးနေ့မှာ လိုချင်တဲ့ ဒိုမိန်းလေးရပါစေလို့ တစ်ကယ်ပဲဆုတောင်းပေးသွားတယ်ဗျိုးးးးးး
ခင်မင်တဲ့
ဏီလင်းညို

ဝက်ဝံလေး said...

ဟားးးးးးးးး ကိုဇော်ဂျီးးးး မြန်မာလိုရေးထားတာ ဟိုက ဝယ်တဲ့လူက နိုင်ငံခြားသား ဆို ကိုဇော် ရေးထားတာ ဘီရိုရုပ်သိမီတုံး သူ့ ဆိုဒ်ကိုသွား သူ့ကို ဆက်သွယ်ပေါ့ ဟဲဟဲ
လွယ်လွယ်တော့ ရလောက်မယ်မထင်ဘူး (အားတက်အောင်ပြောခဲ့ပြီနော် ) ပိုက်ဆံလိုချင်လို့ သူက ဒီလိုလုပ်ထားတဲ့ဟာကို ဟီးးးးးးးးးးးးးး

ကိုဇော် said...

မဟုတ်ဘူးလေ...ဝက်ရဲ့
အကို့နာမည်နဲ့ ဝယ်သူကတော့ မြန်မာကပဲပေါ့။
ဒါပေမဲ့ Credit card မရှိကြတော့ . .
ဒီလိုပဲ လှမ်းဝယ်ရတာပေါ့။ ဒါကြောင့် သူတို့ နာမည်ပေါက်တာပေါ့.။
ပေါက်လား...ဂေါက်လား..ဟီး။

ချစ်သမီး said...

ဒါဆို အနော်တို့ က စာဆက်ဖတ်လို့ မရသေးဘူးပေါ့
ဝယ်ထားတဲ့ ဦးဦး ကိုကို ဒေါ်ဒေါ် မမ များ
လက်ဆောင်အဖြစ် ပေးလိုက်ပါဂျ။
မွေးနေ့ လက်ဆောင်ဆိုရင် သိပ်တန်ဖိုးရှိမှာ။
လိုလိုချင်ချင် ရှိနေတဲ့ လက်ဆောင်ပေးရတာ
ဘယ်လောက်ပျော်ဖို့ ကောင်းလဲ။

nn

လသာည said...

လိုချင်တာ မရဘူးဆိုတော့ စိတ်မကောင်းစရာပါ..။ မြန်မြန်အဆင်ပြေစေချင်ပါတယ်ရှင်။

ချစ်ကြည်အေး said...

အမြန်ပြန်ရပါစေ...:)

Unknown said...

မြန်မြန် အဆင်ပြေချောမွေ့ပါစေရှင်
မွေးနေ့မှသည် အသက်120ဆိုသော target စီသို့ အစစ အရာရာ အဆင်ပြေချောမွေ့စွာရောက်ရှိပါစေဗျားးးးး

မေသိမ့်သိမ့်ကျော် said...

ဝယ်၍လည်းကောင်း မေတ္တာဖြင့်လည်းကောင်း လိုလားလျက်ရှိသော ဒိုမိန်းများ အမြန်ရပါစေသတည်း။

ခင်တဲ့
မေသိမ့်

မောင်သူရ (မှတ်စု) said...

လူရွှင်တော်ဦးမော့စ် ပြောသလို ခြေလှမ်းလေးတစ်လှမ်း လှမ်းလိုက်တာနဲ့ “ဟော..ရောက်ပေါ့” ဆိုတာမျိုး “ဟော..ရပေါ့” ဖြစ်ပါစေဗျာ။
ခင်မင်တဲ့...
သူရ