မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


27 March 2010

4 ထိကရုံးပင်များ






ကိုယ့်အပေါ် လာကျောရင် သီးမခံတတ်သူ ၊ တင်စီးပြီးပြောရင် နည်းနည်းလေးမှ မခံသူ ၊ တွေ့ရင်တွေ့တာ ၊ ဖြစ်ရင်ဖြစ်တာကို ဟောဟောဒိုင်းဒိုင်း ပြောချလိုက်ရမှ ကျေနပ်သူတွေကို ပြိုင်ပွဲလုပ်မယ် ဆိုရင် “ အထူးဆု ” ရမယ် ဆိုပြီး ကျွန်တော် တွေးထားမိသော ကျွန်တော့် သူငယ်ချင်း တစ်ယောက် ရှိပါတယ်။

သူနဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ အမှတ်ရစရာ ၊ သတိရစရာ များစွာ ရှိပေမဲ့ အမြဲတမ်း သူ့အကြောင်းတွေးမိရင် ပြန်ပြီး ပြုံးမိနေတတ်တဲ့ အဖြစ်အပျက် တစ်ခုတော့ မှတ်မှတ်ထင်ထင် ရှိတယ်။ ဒိုင်ယာရီ မဟုတ်ပေမဲ့ မှတ်စုလေးတွေ ချချရေးထားတတ်တဲ့ ကျွန်တော့် စာအုပ်ထဲမှာတော့ သူနဲ့ ကျွန်တော် ဖြစ်ပျက်ခဲ့တာကို ဒီလို ခေါင်းစဉ် တပ်ထားတယ်။


“ ခင်ဗျားက ပိုချမ်းသာတယ်။ ”



~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~


အဲဒီနေ့က သူနဲ့ ကျွန်တော် ဆရာတစ်ယောက်အိမ်ကို သွားတယ်။ ဆရာက သီတာလမ်းမှာ နေတယ်။ ဆရာနဲ့ ပြောပြီး ဆိုပြီးလို ကျွန်တော်တို့ ပြန်တော့ မြို့ထဲဆက်သွားဖို့ ကိစ္စက ရှိနေသေးတယ်။ ကားစီးဖို့ စောင့်နေရတဲ့ မှတ်တိုင်က သီတာလမ်းမှတ်တိုင်။

သူ့မှာ မဟုတ်မခံ စိတ်ဓါတ်တွေ ကြွယ်ဝနေပေမဲ့ သနားကြင်နာမှု စိတ်ဓါတ်တွေကလည်း ပြည့်လျှံနေလေ့ရှိတယ်။ အဲဒီအချိန်က မြို့ထဲကို ကားစီးမှ ကားခက တစ်ယောက် တစ်ဆယ်ပဲ ကျတဲ့ ခေတ်။ သူနဲ့ ကျွန်တော် နှစ်ယောက် ဆိုတော့ နှစ်ဆယ်ပေါ့။ စကားတပြောပြောနဲ့ ကားမှတ်တိုင် ရောက်တော့ ကျွန်တော့်ပိုက်ဆံအိတ်ကို ကြည့်လိုက်တော့ အိတ်ထဲမှာ အကြွေက မပါ။

“ ဟေ့ကောင် . . မင်းမှာ အကြွေပါလား။ ငါ့မှာ အတန်ကြီး ဖြစ်နေတယ်။ ကားပေါ်ရောက်မှဆို စပယ်ယာက ပွစိပွစိ လုပ်နေဦးမယ်။ ”

ဆိုတော့ သူက သူ့အိတ်ထဲက ၂၀ တန်လေး တစ်ရွက်ထုတ်ပြတယ်။

“ အကြွေဆိုလို့ ဒါပဲ ကျန်တော့တယ်ကွ။ ကျန်တာက ၅၀၀ တန်ပဲ ဖြစ်နေတယ်။ နေပစေကွာ မြို့ထဲ ရောက်တော့မှ တစ်ခုခု စားရင်း လဲတော့မယ်။ ”

သူ့မှာ အကြွေပါရင် ပြီးတာပဲလေ ဆိုပြီး ကျွန်တော့်တို့ စီးမဲ့ကားကို မျှော်နေတုန်း သူ့ဘေးကို ခပ်နွမ်းနွမ်းဝတ်ထားတဲ့ ဦးလေးအရွယ် လူကြီးတစ်ယောက် ရောက်လာတယ်။

“ ငါ့တူရယ် ဦးလေးကို ထမင်းဖိုးလေး နည်းနည်းလောက် လှူပါလားကွယ်။ ”

အသံလာရာကို ကျွန်တော် လှည့်ကြည့်လိုက်တော့ အသက်ကြီးပြီ ဖြစ်သော်လည်း အိုမင်းမစွမ်းတော့ မဟုတ်။ တမင် အိုအောင် ဖန်တီးထားသော အသံနဲ့ ဟန်ပဲ ရှိတယ်။ နွမ်းနေတဲ့ အင်္ကျီကလည်း အလုပ်မလုပ်ပဲ သူများ ဘုန်းကံကို မှီစားနေရသူတို့ အတွက် ဝတ်ရန် သင့်တော်သော ဝတ်စုံ တစ်စုံမျှသာ။ ကျွန်တော် ဒီလို လူတွေကို ဘယ်တော့မှ မလှူ။

တကယ်တမ်း ဆင်းရဲချို့တဲ့လှသော သက်ကြီးရွယ်အိုများ အတွက် ကျွန်တော် အိတ်ထဲက ငွေစများ ကြွေကျသွားတတ်ပေမဲ့ ၊ ဒီလိုလူတွေကိုတော့ ကျွန်တော် ရေမလောင်းချင်။

သူကတော့ ကြားလိုက်ရတဲ့ အသံနဲ့ ဟန်ကြောင့် လက်က အိတ်ထဲကို စမ်းလိုက်မိလျှက်သား ဖြစ်သွားတယ်။ ပြီးမှ အကြွေ ၂၀ သာ ရှိတာကို သတိရသွားသလိုနဲ့ လက်ကို ပြန်ရုတ်ပြီး. . .

“ မင်းမှာ အကြွေမပါတော့ဘူးလား။ ကြည့်ပါဦး။ ”

“ အေးလေ. . မရှိတော့လို့ ငါ့မင်းကို ခုနက မေးတာပေါ့။ ငါ့မှာ ၅၀၀ တန်ပဲရှိတယ်။ ”

သူ့မျက်နှာမှာ လှူလိုက်ချင်သော အငွေ့တွေ ဖြတ်သန်းလို့။ ဒီလိုလူတွေကို ပွားများအောင် ကျွန်တော် ရေမလောင်းချင်ပေမဲ့ သူများရဲ့ အလှူကိုတော့ ကျွန်တော် ပိတ်ပင်လိုခြင်း အလျင်းမရှိ။ ဒါကြောင့် ကျွန်တော် ဘာမှ ဆက်မပြော။ သူကတော့ ဦးလေးကြီးကို တလှည့် ၊ သူ့အိတ်ထဲက ၅၀၀ တန်နဲ့ ၂၀ တန်ကို တလှည့် ကြည့်ပြီး . . .

“ ကျွန်တော် လှူချင်ပါတယ် ဦးလေးရယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကားစီးဖို့ပဲ အကြွေက ပါတော့လို့ ။ အကြွေ မရှိတော့လို့ပါ။ ”

သူက ဒီလို ပြောတော့ ဦးလေးကြီးက . . .

“ ငါ့တူက ဘယ်လောက်လှူချင်လို့လဲကွယ်။ ”

“ ကျွန်တော် ၂၀ လောက်တော့ လှူချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ၅၀၀ တန်ကြီး ဖြစ်နေလို့ ......ဒါကြောင့်ပါ။ ”

ဒီလို ယောင်ဝါးဝါးပြန်ဖြေတယ်။ ဦးလေးကြီးက ရုတ်တရက် ဝမ်းသားသွားသလိုနဲ့. . .

“ ဒါဆို ဒီလို လုပ်ပါလား ငါ့တူရယ်။ မင်း ၅၀၀ တန် ဦးလေး လဲပေးမယ်လေ။ မင်းဦးလေးကို ၂၀ လှူမှာ မဟုတ်လား။ ”

“ ဟုတ်ကဲ့. . . ။ ”

ဘယ်လို လဲပေးမယ် ဆိုတာ မသိပေမဲ့ သူလက်က အိတ်ထဲက ၅၀၀ တန်ကို ဆွဲထုတ်ပြီးသား ဖြစ်သွားတယ်။ နောက် ဦးလေးကြီးကို ကမ်းပေးပြီး လျှက်သား ဖြစ်သွားတယ်။ ဦးလေးကြီးက သူ့ဆီက ၅၀၀ တန်ကို လှမ်းယူလိုက်ပြီး သူ့အင်္ကျီအတွင်းထဲကို လက်နှိက်လိုက်ပြီး ပြန်ထွက်လာတော့ လက်ကိုင်ပုဝါလေးနဲ့ ထုပ်ထားတဲ့ အထုပ်လေး တစ်ခုပါလာတယ်။

အံ့သြနေတဲ့ မျက်လုံး နှစ်စုံ ၊ သူနဲ့ ကျွန်တော် ကြည့်နေတုန်းမှာပဲ ဦးလေးကြီးက လက်ကိုင်ပုဝါလေးကို ဖြန့်လိုက်တော့ အထဲမှာ လိပ်ခေါက်ပြီး သိမ်းထားတဲ့ ပိုက်ဆံ အထပ်လိုက်ကို လှမ်းမြင်လိုက်ရတယ်။ အပေါ်ဆုံးက ၂၀၀ တန် ၊ နောက် ၁၀၀ တန် ၊ နောက် ၅၀ တန် ဆိုသလို အစီစဉ်လိုက် သေသပ်စွာ ထပ်ထားတယ်။ ၂၀၀ တန်တင် ၃ ရွက်လောက် ရှိမယ်။ နောက်ထပ် ပိုက်ဆံ အားလုံးနဲ့ ဆိုရင် သူ့ရဲ့ လက်ကိုင်ပုဝါထဲမှာ ပိုက်ဆံအားလုံးပေါင်း ၁၂၀၀ ၊ ၁၃၀၀ လောက်တော့ အသာလေး။

သူကတော့ သူ့ရဲ့ လက်ကိုင်ပုဝါထဲက ၂၀၀ တန် တစ်ရွက် ၊ ၁၀၀ တန် ၂ ရွက် နဲ့ ၅၀ တန် ၁၀ တန်များဖြင့် ပြန်အမ်းငွေ ၄၈၀ ပြည့်အောင် ထုတ်ရေတွက်နေတယ်။ နှစ်ကြိမ်လောက် ရေတွက်ပြီးတော့. . .

“ ရော့. . ငါ့တူ လှူချင်နေတဲ့ ပိုက်ဆံ ၂၀ ကို နှုတ်ပြီး ကျန်တဲ့ ၄၈၀ ။ ”

ဆိုပြီး လှမ်းပေးပါလေရော။ ပထမတော့ ကြောင်နေတဲ့ သူရော ၊ ကျွန်တော်ရော ငေးနေမိတယ်။ နောက်တော့ သူက ဦးလေးကြီး ကမ်းပေးလာတဲ့ ပိုက်ဆံ ၄၈၀ ကို လှမ်းယူလိုက်ပြီးတော့မှ မဟုတ်မခံ ၊ ဟောဟောဒိုင်းဒိုင်း ဗြောင်ဖွင့်ပြောတတ်တဲ့ သူရဲ့ အကျင့်တွေက ဗီဇအဖြစ်နဲ့ ပေါ်လာတော့တာပါပဲ။

“ ဒီမှာ ဦးလေး။ ”

သူက ဒီလို ခေါ်လိုက်တော့ ဦးလေးကြီးကလည်း “ ဟေ ” ဆိုပြီး ယောင်ဝါးဝါး လှည့်ကြည့်တယ်။

“ ခင်ဗျားဗျာ. . .၊ ကိုယ့်မှာလည်း ပိုက်ဆံတွေ ရှိနေရက်သားနဲ့ ဘာလို့ သူများတွေဆီမှာ လိုက်တောင်းနေတာလဲ။ တကယ်ဆို ကျွန်တော့်မှာ ၅၀၀ တန် နဲ့ ၂၀ တန်လေး နှစ်ရွက် အားလုံးပေါင်းမှ ၅၂၀ ပဲ ရှိတယ်။ ဦးလေးမှာက ၂၀၀ တန်တွေ ၊ ၁၀၀ တန်တွေနဲ့။

တကယ်တမ်း အားလုံးကို ယှဉ်ပြီး တွက်ကြည့်လိုက်ရင် ဦးလေးက သူများဆီက တောင်းနေတယ် သာ ပြောတာ ဦးလေးက ကျွန်တော့်ထက်တောင်မှ ချမ်းသာသေးတယ်။ ကျွန်တော့်မှာ ၅၀၀ ကျော်ပဲ ရှိတာ ဦးလေးမှာက ထောင်ကျော်တောင်မှ ရှိတယ်။ ခင်ဗျားက ကျွန်တော့်ထက် ပိုချမ်းသာတယ်။ ”

“ ဟာ. . .”

ဆိုပြီး ကျွန်တော်ရော ၊ ဦးလေးကြီးပါ ဖြစ်သွားပြီး ဦးလေးကြီးလည်း လှည့်ပြေးတော့တာပဲ။ ကျွန်တော်လည်း ရှက်လည်း ရှက် ၊ ဘာမှ ဂရုမစိုက်ပဲ ပြောနေတဲ့ သူ့ကိုလည်း ဆွဲနေရတာပေါ့လေ။ သူကတော့ နဂိုကတည်းက ခပ်ရွတ်ရွတ်ဆိုတော့ ဘေးက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ ဘေးက လူတွေကလည်း ပြုံးသူကပြုံး ၊ ဒေါသထွက်သူက ထွက်နဲ့ ဝိုင်းကြည့်နေကြတယ်။

သူ့ကို ဆွဲရင်း ခေါ်ရင်းနဲ့ပဲ သီတာလမ်းကားမှတ်တိုင်မှာ ကားစောင့် မစီးဖြစ်တော့ပဲ။ ကျွန်တော်တို့ သူ့ဒေါသတွေကို သယ်ပိုးရင်း လမ်းကျယ်မှတ်တိုင် ရောက်မှပဲ ဘတ်စ်ပေါ် တတ်ဖြစ်တော့တယ်။ ဒါတောင်မှ ဘတ်စ် ပေါ် ရောက်တော့ သူက ပြောနေသေးတယ်။

“ ဒါနဲ့များ တောင်းစားနေသေးတယ်။ သူ့မှာ ပိုက်ဆံတွေ အများကြီး ရှိနေရဲ့သားနဲ့ ။ သူက ငါ့ထက်တောင်မှ ချမ်းသာ သေးတယ်။ ”

တဲ့လေ။ ဘေးက မစို့မပို့ ကြားရတဲ့ သူတွေကတော့ ဘာမှန်း မကွဲပြားဘူးပေါ့။ အခုနေပြန်တွေးကြည့်တော့လည်း သူပြောတာ အဟုတ်ပါပဲ။ ဒါပေမဲ့ အဲဒီအချိန်ကတော့ သူရဲ့ ပြောထွက်မှု နဲ့ ဘေးက လူတွေကြောင့် ကျွန်တော် ပူထူမိနေတာကတော့ ပြောမနေနဲ့တော့. . . ။


~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

တစ်ခါတစ်လေ ကျွန်တော် စဉ်းစားမိပါတယ်။ လူတွေ ပြောပြောနေကြတဲ့ “ အဆိပ်ပင် ရေမလောင်းဘူး ” ဆိုသော စကားကိုပါ။ ဒါပေမဲ့ တချို့လူတွေကတော့ “ အဆိပ်ပင် ” တွေတော့ မဟုတ်ကြပါဘူး။ ဒါတို့က “ ထိကရုန်း ” လို အပင်လေးတွေပါ။ ဒါပေမဲ့ သူတို့ကို ရေများများ လောင်းမိတော့လည်း သူတို့က အပင်သာ အထက်ကို ကြီးထွားမလာတာ ဘေးကိုတော့ ကျယ်ပြန့်တတ်တယ် မဟုတ်လား။

ဒီလို လူမျိုးတွေကို အားပေးအားမြှောက် လုပ်ပြီး ရေများများ လောင်းပေးမိရင် နောင်ဆိုရင် ကျွန်တော်တို့ လူတွေ သွားလို့ မရအောင် သူက လူသွားလမ်းတွေကိုတောင်မှ ဖုံးလွှမ်းသွားအောင် ပေါက်တတ်တယ် မဟုတ်လား။

မြေမွမွလေးမှာ ဖိနပ်ဗလာ ခြေကြွကြွလေးနဲ့ သွားနင်းလို့လည်း မရပေဘုး။


“ ထိကရုံးပင်ဆိုတာ ဆူးတွေနဲ့လေ။ ”


ကိုဇော် ခံစားပုံဖော်သည်။


Share/Bookmark

4 ယောက် ရဲ့ ထင်မြင်ချက်:

ဒဏ္ဍာရီ said...

ဟုတ်တယ် ကိုဇော် .. တချို့လူတွေက တကယ်မလုပ်နိုင် မကိုင်နိုင် အားကိုးမရှိတဲ့ ဘ၀တွေမို့ တောင်းစားကြတယ်။ တချို့ကတော့ လွယ်လွယ်ရမှန်းသိပြီး ရေသာခို အချောင်လိုက်ကြတဲ့ သဘောပေါ့။ အဆိပ်ပင်မဟုတ်ပေမယ့် ထိကရုန်းတွေလို ကျယ်ပြန်လာတဲ့ သဘော ဆိုတဲ့ ဥပမာလေးကို တကယ်နှစ်သက်မိတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

violet said...

အမြင်တစ်မျိုးလေးပါဘဲ
ဟုတ်ပ တစ်ခါတစ်လေ ကိုယ်ကတောင် သူတို့ထက်ဘိုင်ကျနေသေးတယ်
သူတို့က ကိုယ်တွေထက်ဝင်ငွေ ကောင်းနေတတ်တာမျိုးလေ
လုပ်ရဲတာကို ချီးကျူးရမလား
မလုပ်ရဲတဲ့ကိုယ့်ကိုယ်ကို အပြစ်တင်ရမလား
မသိ မသိတော့..

ချော

kyaw said...

ပြုံးစိစိဖြစ်နေပြီဗျာ...တခါတလေ လောကကြီးကအဲဒီလိုလေ......

ဏီလင်းညို said...

ကိုဇော်ရေ....
ဟုတ်ပါ့ဗျာ.....
သူက ကိုယ့်ထက်တောင်ချမ်းသာနေသေးတာမျိုးကြီး....
ဟား...ဟား......
ဒီပို့စ်လေးကြိုက်သဗျိုးးးးးးး
ခင်မင်တဲ့
ဏီလင်းညို

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.