မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


16 March 2010

14 ကျွန်တော်နှင့် “ အတွေးစများ ” ( Tag )


“ ငါတို့ကတော့ တွေးမနေဘူးဟေ့။ လက်တွေ့ပဲ ချလုပ်လိုက်တယ်။ လုံးဝ မတွေးတတ်ဘူး။ ”

တဲ့ ပြောကြတယ်။ ကျွန်တော် လက်မခံပါ။ လက်မခံ ဆိုတာထက် ကျွန်တော် ငြင်းများ ငြင်းမိ မလား မသိ။ တကယ်ကို စိတ်ကူးမပါသော လုပ်ရပ်တွေ မှန်သမျှ “ အရူးပျိုးကျဲ ” သလို ဖြစ်နေပါလိမ့်မည်။

ဒါပေမဲ့ အရူးမှာတောင်မှ အတွေးစလေးတွေ ပါပါတယ်။ သို့သော် သူ့ရဲ့ အတွေးစများကို သူ့ဖာသာ မထိန်းသိမ်းနိုင်ပဲ တစစီ ပြန့်ကျဲနေတာပဲ ဖြစ်တယ်။ ဒါကြောင့် သူ့ကို ရုးနေတယ်လို့ ပြောတာ။ သူ့မှာ စိတ်ကူးတွေ ရှိတယ် ၊ အတွေးတွေ ရှိတယ်။ အတွေးတွေကို ထိန်းချုပ်နိုင်ရင် ဒါဟာ “ အရူး ” တစ်ယောက် မဟုတ်နိုင်တော့။ “ အတွေးမရှိဘူး ” ဆိုသော သူကို ကျွန်တော်က “ အရူးထက်တောင်မှ သနားဖို့ ကောင်းတဲ့ လူ ” လို့ ပဲ တင်စားချင်တော့တယ်။


~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

ကျွန်တော် ၁၀ တန်းအောင်ပြီးတော့ လပ်ယားယား နဲ့ ဘာလုပ်ရမှန်း မသိသေးခင် အချိန်မှာ ကျွန်တော့်ဆရာတွေက သူတို့ နောက် လိုက်ဖို့ ခေါ်ကြတယ်။ ဒါနဲ့ ကျွန်တော် သူတို့နောက်ကို လိုက်သွားတယ်။ အဲ. . ဆရာ့အကူပေါ့။ ဂိုက် ခေါ်မလား ၊ ပေတံ ခေါ်မလား ၊ လက်ထောက် ခေါ်မလား ၊ တောင်ဝှေး ခေါ်မလားပဲ။

ဒီတော့ ဆရာတွေက အပေါ်မှာ ရှင်းနေရင် ကျွန်တော်က အောက်မှာ လိုက်ပြီး သူတို့ကို လိုတာတွေ ပြောပြရတယ်။ ဒီတော့ ကျွန်တော့်ထက် သုံးလေးနှစ်သာ ငယ်တဲ့ သင်တန်းသူ ၊ သင်တန်းသားတွေ နဲ့ ကျွန်တော် ရင်းနှီးတယ်။

ဆရာတွေက ကျွန်တော့်ကို “ မောင်ဇော် ” လို့ ခေါ်ကြတယ်။ ဒီတော့ ဒီကလေးတွေကလည်း ကျွန်တော့်ကို “ မောင်ဇော် ” လို့ လိုက်မခေါ်ကြပါဘူး။ ဒီတော့ သူတို့ ကျွန်တော့်ကို ခေါ်ကြတာက “ ကိုမောင်ဇော် ” တဲ့။ ကဲ.................။

ဟိုနေ့က ဘာရယ် မဟုတ်ပါဘူး။ ဒိုမိန်း နာမည်လေး .com မရတော့ ညီမလေး နောနော က တခြားနာမည်တွေ စဉ်းစားခိုင်းနေတော့ . . . “ ဟိဟိ ” ဆိုပြီး သတိရလို့ သွားရှာလိုက်တော့ ကြံကြံဖန်ဖန်ဗျာ www.komgzaw.com ကျတော့ ရနေတယ်။

“ တယ်လေ. . ငါ.. . .“ ကိုမောင်ဇော် ဒေါ့ကွန်း ” လိုက်ရ မကောင်းပဲ ဖြစ်တော့မယ် ။ ”

ဆိုပြီး ကိုယ့်ဖာသာ ရယ်မိတဲ့ အတွေးလေးပါ။

ဘာရယ် မဟုတ်ပါဘူး။ တစ်ခါတစ်လေတော့လည်း ကျွန်တော့်အတွေးတွေက နည်းနည်းတော့လည်း ကြောင် ချင် ကြောင်နေလိမ့်မယ် . . အဲ. . များများကြီးလည်း ကြောင် ချင် ကြောင် နေနိုင်တယ်။ ဒီလိုပါပဲ. . .ကိုယ့်ဖာသာ ဝိုးတဝါးပြုံးမိတယ်။

အဲဒီအထဲမှာမှ နှစ်ပေါင်းများစွာ . . . ဟိုးငယ်ငယ်ကတည်းက အခုအထိ တွေးနေမိတဲ့ စိတ်ကူးအတွေးလေး တစ်ခု ရှိတယ်။ အိပ်မက်လို့လည်း ပြောလို့ရတယ်။ အရင်းနှီးဆုံး သူငယ်ချင်း ငါးယောက်သာ သိတယ်။ အဲဒီ အတွေးစလေးကို ကျွန်တော် အခု ပြောမယ်။


~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ဟိုးတလောက မြလေးသျှင် ရဲ့ ဘလော့မှာ သူတင်ထားတဲ့ မြန်မာနိုင်ငံက လမ်းဘေးမှာ ထိုင်ပြီး ဓါးခြစ်ပန်းချီလေးကို သူက အမှတ်တရ ဝယ်လာပြီး တင်တယ်။
လမ်းဘေး ဆိုပေမဲ့ သူတို့ရဲ့ အနုပညာကတော့ ရင်သပ်မှုမောဖွယ်ရာပါပဲ။ ကြည်နူးရစ်မူးစေတယ်။

ဒီပုံလေးကို ကျွန်တော် ကြည့်ပြီး ၊ ဒီမှာ
ကျွန်တော် အတိတ်တွေကို ပြန်လွမ်းသွားမိတယ်။ သြော်. . . ငါ့အဖြစ်ကလည်းနော် ပန်းချီပုံထဲမှာပဲ ရှိနေသေး ပါလားလို့။

ကျွန်တော်တို့မှာ အမှတ်တရလေးတွေ ရှိကြတယ်။ ကျွန်တော့်သူငယ်ချင်းတွေရဲ့ မွေးနေ့တွေမှာဆို မွေးနေ့ရှင်က အမှတ်တရ ပစ္စည်းတွေ ပြန်ပေးရလေ့ရှိတယ်။ ဒါကိုလည်း အမှတ်တရ သေသေချာချာ သိမ်းထားကြတယ်။ ဒီလို ကျွန်တော် ရပ်ဝန်းမှာ ထွန်းကားတယ်။ ကိုယ်ပိုင် ဘာသာဗေဒနဲ့ပေါ့။

ကျွန်တော့်မွေးနေ့ ရောက်တော့ ထုံးစံအတိုင်း ရွှေတိဂုံ စေတီတော် တတ်ဖူးတော့ လမ်းဘေးမှာ ဓါးခြစ်ပန်းချီဆရာကို တွေ့တယ်။ ကျွန်တော့် သူငယ်ချင်း ၅ ယောက်ကို အမှတ်တရ ဘာမှ မပေးရသေး။ ဒီမှာ နှစ်ပေါင်းများစွာ ရင်ထဲမှာ အမြစ်တည်လာတဲ့ “ အတွေးစလေး ” ဟုန်းခနဲ့ ထတောက်တယ်။

ဟုတ်တယ်. . .ကျွန်တော် ဒါကို ပန်းချီဆရာကို ပြောပြီး ဆွဲခိုင်းမယ်။ ကျွန်တော့် စိတ်ကူး ၊ ကျွန်တော့်အတွေး ၊ ကျွန်တော့် အိပ်မက်လေးကို အပြင်မှာ မဖြစ်သေးတာတောင်မှ ပန်းချီအဖြစ်တော့ ကျွန်တော် ခံစားပြီး သူ့ကို ပုံဖော်စေချင်တယ်။

ဒါနဲ့ ကျွန်တော် ပန်းချီဆရာကို ကျွန်တော့်အတွေးကို ပြောပြတယ်။ နောက်ခံပြာလဲ့လဲ့ မှာ တောင်တန်းတွေ မှိုင်းမှိုင်းလေး ဒီမှာမှ မြင်နေရတဲ့ အဆောက်အဦး ပြီးတော့ ကောင်းကင်မှာ ကျွန်တော် အပါအဝင် သူငယ်ချင်း ၆ ယောက်ကို ငှက်ကလေး ၆ ကောင် အဖြစ်ပုံဖော်ထားတယ်။ ဒါကို သူ့ကို ပြောထားခဲ့ပြီး ကျသင့်တွေ တစ်ခါတည်း အပြီးချေထားခဲ့ပြီး ကျွန်တော်တို့ ဘုရားပေါ်တတ်လာခဲ့တယ်။ အပြန်ဝင်ယူမယ်ပေါ့။

ဘုရားပေါ်ရောက်ပြီး ကျွန်တော် ဘုရားရှိခိုး ၊ ပုတီးစိပ်ပြီးတော့ မိုးသားတွေက မျက်နှာညိုတယ်။ ပြီးတော့ တိတ်တဆိတ် အသံမပေးပဲ ဗြုံးဆို ထငိုတယ်။ ရုတ်တရက် ကျွန်တော် ရင်ထဲမှာ စိတ်ထဲမှာ သတိရလိုက်တာက အရှေ့မုခ်က ပန်းချီဆရာပဲ။ ဟာ . . ငါပုံလေးတွေတော့ ရေစိုကုန်တော့မှာပဲ ဆိုပြီး ကျွန်တော် အပြေးသွားချင်တယ်။

ဒါပေမဲ့ လူ ၆ ယောက်ပေါင်းမှ ထီးက ၃ လက်။ အာ . . ဆိုပြီး မိန်းကလေးတွေ ထားခဲ့ပြီး ယောက်ျားလေး ကျွန်တော်တို့ ၃ ယောက် အပြေးတစ်ပိုင်းကျော်ကျော်နဲ့ ထွက်ခဲ့တယ်။ မိုးရေတွေ ခြေထောက်စိုနေပေမဲ့ ကျွန်တော်တို့ကို မဟန့်တားနိုင်ဘူး။ ဒီအချိန်က နေ့လည် ၁ နာရီခွဲပြီ။ လေတွေ ပြိုလာပြီး ထီးရဲ့ ခါးကို ကျွတ်ကျွတ်ညွှတ်စေလည်း လက်ထောက်ကန်ပြီး ကျွန်တော် လှမ်းသွားတယ်။

အလာတုန်းက နေရာမှာ ဗလာ။ ဟာ. . . ဗျာ. . . ။ အင်းလေ. . မိုးကာ မပါ ၊ ဘာမပါနဲ့။ လမ်းဘေးမှာ ဒီအတိုင်းထိုင်ဆွဲနေရတဲ့ ပန်းချီဆရာအဖို့ “ ပီကာဆို ” လိုလည်း ကုတ်အင်္ကျီ ဝတ်ပြီး မာတီနီ တစ်ခွက် ၊ ဆေးလိပ်တစ်ဖက်နဲ့ ဆွဲနေနိုင်တာမှ မဟုတ်တာလေ။ စရံမဟုတ်ဘူး တစ်ခါတည်း အပြတ်ပေးထားမိတဲ့ အနုပညာကြေးအတွက် နှမြောတာလည်း မဟုတ်။ ရင်မှာ တစ်ခုခုကို တုပ်ထားသလိုပဲ။ ထွေးလို့. . . ။

ဘေးဘယ်ညာကြည့်လိုက်တော့ မိုးတွေ သည်းနေတဲ့ လမ်းပေါ်မှာ လူသုံးယောက်မျှသာ။ ဒါက ကျွန်တော်တို့လေ။ အုပ်အုပ်မှိုင်းမှိုင်း မြင်မိသမျှမှာ သတ္တဝါဆိုလို့ ကျန်တာ မရှိ။ ခွေးတောင်မှ ရေတွေဖွေးနေလို့ ချောင်မှာ ကွေးနေရတာလေ။ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ အံ့သြမျက်လုံးတွေနဲ့ ကြည့်နေတဲ့ ဘုန်းကြီးကျောင်းဝန်းထဲက ထမင်းဆိုင် ရောင်းသူတွေ။

ကမူးရှူးထိုးထက် နည်းနည်းပိုနိုင်တဲ့ ခြေလှမ်းတွေနဲ့ ကျွန်တော် ထို ထမင်းဆိုင်ထဲ ဝင်သွားပြီး . . .

“ အစ်ကို ၊ အခုနက မိုးမရွာခင်က ဟိုနေရာမှာ ပန်းချီထိုင်ဆွဲနေတဲ့ ပန်းချီဆရာ ဘယ်ရောက်သွားပြီလဲ. . ဟင်။ ”

“ ဟင်. . ” ဆိုသော ကျွန်တော့်အသံတွေက မိုးရေအေးလို့ မဟုတ်ပဲ တုန်ခါနေလိမ့်မယ်။ အံ့သြတာမှာ စိတ်ရှုပ်မှုတွေရော သွားတဲ့ မျက်နှာကို တပ်ပြီး ထမင်းဆိုင်က အစ်ကိုကြီးက . . .

“ မိုးရွာနေတော့ သိမ်းသွားပြီပေါ့။ ”

“ ဟုတ်. . .၊ သိမ်းတာက ဟုတ်တယ်လေ။ သူတို့ ဘယ်မှာ နေလဲ ၊ ဘယ်မှာ တည်းခိုတတ်လဲ အစ်ကို။ ”

“ သြော်. . ဘယ်မှာ နေလဲတော့ သေချာ မသိဘူး။ ဒါပေမဲ့ . . အခုလို မိုးရွာရင်တော့ သူတို့ ဟိုက ဘုန်းကြီးကျောင်းမှာ ခဏခိုနေတတ်တယ်။ ”

“ ဟုတ်ကဲ့..ဒါဆို ကျေးဇူးပဲနော် အစ်ကို။ ”

ဒီစကားက နောက်မှ ကျန်ခဲ့ပြီး ကျွန်တော်က သူ ညွှန်ပြတဲ့ တစ်ဖက်လမ်းကို ရောက်နေခဲ့ပြီ။ ခြေလှမ်းမြန်မြန်တွေနဲ့။ အနောက်မှာ ဒရောသောပါး လိုက်ပါလာတဲ့ သူငယ်ချင်း နှစ်ယောက်နဲ့။ သူတို့လည်း ထီးဆောင်းရင်းနဲ့ မိုးရေချိုးထားကြတယ်။ သွက်သွက် ဘုန်းကြီးကျောင်းပေါ် လှမ်းတတ်လိုက်တော့ . . .မိုးရေပက်လို့ တံခါးက စေ့ထားတယ်။

“ ဘုန်းဘုန်း ဘုရား . . .ဘုန်းဘုန်းဘုရား။ ”

မိုးသံတွေနဲ့ လေသံတွေကို ဒီအသံက ထိုးခွဲတယ်။

“ ကျွီ. . ” ဆိုသော ဆီပြတ်နေသော ပတ္တာက ခပ်ပျင်းခြောက်ခြောက်သံနဲ့ ပွင့်လာပြီး ဦးဇင်းတစ်ပါးကို တွေ့လိုက်ရတယ်။ မျက်နှာတော်ပေါ်မှာ အံ့သြရိပ်တွေနဲ့. . .

“ မိုးခိုမလို့လား. . လာလေ ဒကာ ၊ အထဲကို ဝင်။ ”

“ မဟုတ်ပါဘူး ဘုရား။ တပည့်တော် လျှောက်တင်စရာ ရှိလို့ပါ။ ”

“ ဟင်. . .၊ ”

အံ့သြရိပ် နှစ်ထပ်ကွမ်းနဲ့ မျက်ခုံးက တွန့်ချိုး ကွေးသွားတယ်။

“ ဘာများလဲ။ ”

“ ဒီလိုပါ ဘုရား။ ဟိုနားမှာ ဓါးခြစ် ပန်းချီဆွဲသူတွေ ဒီမှာတည်းခိုနေကြ ဆိုလို့ လာမေးတာပါ ဘုရား။ အခု သူတို့ ဒီမှာများတည်းနေလားလို့ပါ။ ”

“ သြော်. . ဟုတ်တယ်။ အရင်ကတော့ တစ်ခါတစ်လေ ဒီလိုပဲ ရာသီဥတု ပြောင်းရင် လာတည်းတတ်တယ်။ အခုတော့ မတည်းဘူးကွဲ့။ သူတို့ ပြန်သွားကြပြီ ထင်တယ်။ ”

“ ဗျာ...။ ”

တကယ်လည်း ကျောင်းဝန်းထဲမှာရော ၊ ကျောင်းဆောင်ထဲမှာပါ ဘယ်သူမှ ရှိမနေ။

“ ဒါဆို ခွင့်ပြုပါဦး ဘုရား။ ”

“ ခဏမိုးခိုသွားပါလား ဒကာရဲ့ ၊ အပြင်မှာ မိုးတွေ စွေနေတာကို။ ”

“ မတည်းတော့ပါဘူး ဦးဇင်း ၊ တပည့်တော် ကိစ္စ အရေးကြီးလို့ပါ။ ”

ဦးဇင်းကလည်း မိုးအေးအေးမှာ လေပူတစ်ချက် မှုတ်ထုတ်ပြီး ခေါင်းငြိမ့်ပြတယ်။ အရှေ့ကြည့်လည်း မိုးသည်းသည်းတွေ ၊ အနောက်ကြည့်လည်း မိုးတွေ စွေ။ ကျွန်တော့်မှာသာ သောက တွေနဲ့။ ကျွန်တော့် ဓါးခြစ် ပန်းချီပုံလေး. . . .ဝေး . . . ။

“ ဘယ်လိုလုပ်မလဲ ကိုဇော်။ ”

“ အေးလေ. . ဘယ်လို လုပ်ရမှန်းတောင်မှ မသိဘူး။ မင်းတို့ သိတဲ့ အတိုင်းပဲလေ။ ငါကလည်း ဒါကို လိုချင်ပါပြီ ဆို မရရင် မဖြစ်ဘူး အသည်းအသန်ကွ။ ”

“ ဒါဆို. . . ဒီလိုလုပ်ကွာ။ ”

ကျွန်တော် ခေါင်းဆတ်ပြပြီး သူ့ကို သေချာ ကြည့်လိုက်တော့. . .

“ မြို့ထဲကို ပြေးမယ်။ အဲဒီမှာ ငါ့ အသိတစ်ယောက်ရှိတယ်။ သူကတော့ ဓါးခြစ် မဟုတ်ဘူး။ သူကတော့ ပန်းချီဆရာ ၊ စုတ်တံနဲ့ ဆွဲတယ်။ သူ့ကို သွားဆွဲခိုင်းမယ်ကွာ။ ဒါကတော့ နောက်ဆုံးနည်းပဲ။ ”

“ ကောင်းတယ်ကွာ။ ဘုရားပေါ်မှာ ကျန်နေတဲ့ သူတို့ကို သွားခေါ်ပြီး . . . ဒိုးမယ်။ ”

စိုရွဲနေတဲ့ အဝတ်တွေနဲ့ ခပ်သုတ်သုတ်တတ်ပြီး ကျန်ခဲ့သူတွေကို ခပ်သုတ်သုတ်ခေါ်ကာ ခပ်သုတ်သုတ်ပဲ ပြန်ဆင်းလာခဲ့တယ်။ မိုးတွေ စွေနေတဲ့ လမ်းမမှာ လူ ၆ ယောက် ခပ်သုတ်သုတ်နဲ့ ကားမှတ်တိုင်ကို ၊. . . မှ . . ဘတ်စ်ပေါ်၊ . . . မှ မြို့ထဲ ၊ . . .မှ ရွှေဘုံသာလမ်း။


~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

ခပ်ကုတ်ကုတ် အခန်းထဲမှာ သူရယ် ၊ ကျွန်တော်ရယ် ၊ သူနဲ့ သိတဲ့ ကျွန်တော့်သူငယ်ချင်း ရယ်သာ ဝင်လို့ရတယ်။ ကျဉ်းပေမဲ့ အခန်းက အနုပညာတွေနဲ့ ခပ်ချိုချို လင်းနေတယ်။ ကျန်တဲ့ သူငယ်ချင်းတွေကတော့ ဆိုင်တစ်ခုမှာ ရေနွေးမှုတ် ၊ ချွေးထုတ်နေကြတယ်။

ကျွန်တော် ပြောသမျှကို သူက မျက်လုံးလေး မှေးစင်းပြီး ဈန်ဝင်ခံစားတယ်။ မှော်သွင်းတယ်။ နောက်တော့ ၁၂ လက်မ x ၈ လက်မ စက္ကူပြားလေးပေါ်မှာ စုတ်ချက်တွေ ၊ စုတ်ချက်တွေ ခပ်သွက်သွက်ကျတယ်။

အဖြူဗြောင်ပေါ်မှာ ဆေးသားတွေ အလွှာလိုက်တင်တယ်။ နောက်တော့ ဖောင်းကြွလာတဲ့ ပုံရိပ်တွေကို ဝိုးတဝါးတွေ့ရတယ်။

ဟုတ်တယ်...။ ဒါပဲ.. ကျွန်တော် လိုချင်နေတာ ဒါ. . ဒါ. . ။ ဒီလိုမျိုးပုံ။ နောက်ဆုံးသတ် ငှက်လေး ၆ ကောင်။ လှလိုက်တာ ကျွန်တော် လိုချင်နေတဲ့ ပုံလေး ရပြီ။ ကျွန်တော် ငယ်ငယ်ကတည်းက တွေးထားတဲ့ “ စိတ်ကူး ၊ အတွေး ၊ အိပ်မက်လေး ” အခုတော့ ရုပ်ပုံ အနေနဲ့ ပုံပေါ်လာပြီ။


~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

ကျွန်တော် အတွေးစလေး ၊ ကျွန်တော့်အတွေးစလေးထဲက ပုံလေး ၊ ဒီပုံထဲက ရုပ်ပုံကားချပ်ကတော့ ကျွန်တော်ရဲ့ “ ပြတိုက်ကြီး ” တစ်ခုပါ။ ဒါပေမဲ့ သေးသေးလေးတော့ မဟုတ်ဘူး။ ခန့်ညားစွာ ကြီးကြီးမားမားပါပဲ။



source

ဒီနေရာမှာ ကျွန်တော် ချစ်သော ၊ ကျွန်တော့်ကို ချစ်သော သူငယ်ချင်းများရဲ့ အမှတ်တရ ပစ္စည်းနှစ်ခုစီ ကျွန်တော် ဒီနေရာမှာ ထားချင်တယ်။ ဒီပစ္စည်း နှစ်ခုက . . .

၁) ကျွန်တော့်သူငယ်ချင်းရဲ့ အနှစ်သက်ဆုံး စာအုပ်တစ်အုပ်။
၂) သူနဲ့ ကျွန်တော်ရဲ့ အမှတ်တရ ပစ္စည်းတစ်ခု။

ဒီပစ္စည်း နှစ်ခုက သူနဲ့ ကျွန်တော်ရဲ့ ခင်မင်ရင်းနှီးမှုကို ထာဝရ ဖော်ဆောင်သွားမှာပါ။


၁)
ဒီစာအုပ်ဟာ သူကိုယ်တိုင် ရေးထားတာ ဖြစ်နိုင်သလို ၊ တခြားစာရေးဆရာရဲ့ သူ့အကြိုက် စာအုပ်တစ်အုပ်လည်း ဖြစ်ခွင့်ရှိတယ်။

ကျွန်တော့်သူငယ်ချင်း နှစ်သက်သော စာအုပ်တစ်အုပ်ကို စုပြီး ၊ ဒီလိုမျိုး ကျွန်တော် ခင်သော ၊ ကျွန်တော့်ကို ခင်သော သူငယ်ချင်းများရဲ့ စာအုပ်များကို ပြတိုက်ကြီး ရဲ့ အောက်ခြေမှာ စာအုပ်စင်တွေကို မှန်တပ်ပြီး ကျွန်တော် စီထားမယ်။




ဒီစာအုပ်တွေဟာ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ၊ ခေတ်ပေါင်းများစွာ ပြောင်းလဲ သွားသည့်တိုင်အောင် ဒီစာအုပ်တွေက သမိုင်းကိုလည်း ကိုယ်စားပြုနေမယ်။ ကျွန်တော်နဲ့ သူငယ်ချင်းတွေရဲ့ ခင်မင်မှုကိုလည်း ကိုယ်စားပြုနေမယ်။ ဘာလို့ စာအုပ်တစ်အုပ်စီ တောင်းလဲ ဆိုတော့ “ ကျွန်တော် စာပေကို ချစ်တယ်။ ”

၂)
နောက်တစ်ခုက ပိုအရေးကြီးပါတယ်။ ဒါကတော့ သူရော ၊ ကျွန်တော်ရော နှစ်ယောက်လုံး နှစ်သက် သဘောကျသော အမှတ်တရ ပစ္စည်းတစ်ခု။ ဘာကြီး ဖြစ်ရမယ် လို့ ကျွန်တော် မပြောလိုပါ။ ဒါဟာ ဘောပင်လေး တစ်ချောင်း ဖြစ်ချင်လည်း ဖြစ်မယ်။ ကျောက်ခဲလေး တစ်လုံး ဖြစ်ရင်လည်း ဖြစ်မယ်။ စာလေးရေးထားတဲ့ စာရွက်လေး တစ်ကြောင်း ဖြစ်ရင်လည်း ဖြစ်နေမယ်။

ဒါပေမဲ့ . . .ဒီအရာလေးကြောင့် ကျွန်တော်နဲ့ သူရဲ့ အမှတ်တရကို ပြန်မြင်တိုင်း ကျွန်တော်နဲ့ သူ အပါအဝင် ပြတိုက်ကို လာကြည့်သူများအား ကြည်နူး မြတ်နိုးမိစေမယ်။ ဒီအရာလေးနဲ့ ပတ်သတ်ပြီး သူနဲ့ ကျွန်တော်ရဲ့ အမှတ်တရ ဖြစ်စေတဲ့ အချက်လေးကိုလည်း ပစ္စည်းလေး အောက်မှာ အကျဉ်းချုပ်ဖြေပြထားမယ်။

ဥပမာ - ကဗျာလေး တစ်ပုဒ်ဆိုပါတော့။ ဘယ်နေ့ဘယ်အချိန်တုန်းက သူက ကျွန်တော့်မွေးနေ့မှာ ရေးပေးခဲ့တာပါ။ ( သို့ ) ဘယ်နေ့ ဘယ်အချိန်တုန်းက သူ့ကို ကျွန်တော့််က အသည်းကွဲနေလို့ စိတ်ပြေအောင် ရေးပေးခဲ့တာပါ။ အဲဒီလိုမျိုးလေးပေါ့။ (သို့) နောက်တစ်ခု ကျွန်တော့်သူငယ်ချင်း တစ်ယောက်ရဲ့ အမှတ်တရ စကားလေး ။ ဒါကို ဆိုရင် ကျွန်တော် သူရဲ့ နာမည် ပုံတူလေးနဲ့တောင်မှ ထားလိုက်ချင်တယ်။

သူငယ်ချင်း တစ်ယောက်က ဆိုရင် ဒီလို ပြောဖူးတယ်။ သူက ဘာပြောလဲ ဆိုတော့ . .

“ အချစ်နဲ့ တွေ့ရင် အရာအားလုံးက အရည်ပျော်ကျသွားတယ်။ ”

တဲ့။ ဒါကတော့ သူငယ်ချင်း “ တင်နှင်းရီ ” ပြောခဲ့တဲ့ စကားလေးပါ။ အခု သူ့ရဲ့ ယောက်ျားနဲ့ တွေ့တော့ သူက ဖွင့်ဟတဲ့ စကားပါ။ ဘာတွေ ပျော်ကျသွားလည်း မသိပေမဲ့ ကျွန်တော် ကြိုက်တယ်ဗျာ။ ဘာလို့ သူငယ်ချင်းတွေဆီက အမှတ်တရ ပစ္စည်းတစ်ခုစီ စုထားလည်း ဆိုရင် “ ကျွန်တော် သူငယ်ချင်း ၊ မိတ်ဆွေတွေကို ခင်တယ်။ ”

ဒီလို. . . . ဒီလိုလေးတွေ. . ။

ကျွန်တော် ပြတိုက်ကြီးကို လာရောက်ကြည့်ရှုသူတွေကိုလည်း ကျွန်တော်နဲ့ ခင်မင်ရသော သူငယ်ချင်းများရဲ့ အမှတ်တရများဖြင့် စိမ့်စိမ့်နွေးနွေး ခံစားမိစေချင်တယ်။ ဒီလိုပဲ သူတို့လည်း သူတို့နဲ့ သူတို့ သူငယ်ချင်းတွေလည်း ခင်မင် နွေးထွေးစေချင်တယ်။

သို့သော်. . . .



~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~


သို့သော်. . .

ယနေ့ မဖြစ်နိုင်သေးပါ။ ကျွန်တော်လည်း မလုပ်နိုင်သေးပါ။ ဒါပေမဲ့ ကျွန်တော်ရဲ့ မျှော်လင့်ချက် ၊ ကျွန်တော်ရဲ့ စိတ်ကူး ၊ ကျွန်တော့်ရဲ့ အတွေးစ ၊ ကျွန်တော့်ရဲ့ အိပ်မက် တစ်ခုမျှသာ. . . ။

ဒါပေမဲ့ . . .ခင်မင်ရသော မိတ်ဆွေ ၊ သူငယ်ချင်းများရဲ့ အမှတ်တရများ နဲ့ ကျွန်တော် ရဲ့ အမှတ်တရများ ရှိနေမဲ့ ပြတိုက်ကြီး ကတော့ ကျွန်တော့်ရဲ့ အတွေးထဲမှာတော့ဗျာ ခန့်ညားဝင့်ထည်ဝါစွာ နဲ့ပါပဲ။



~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~


*** မချော ( အစိမ်းရောင်လွင်ပြင် ) Tag ထားတာလေးပါ။ ***

ထုံးစံအတိုင်းပါပဲ။ ကျွန်တော် မချော မတတ်ရသေးသော ကျွန်တော် ခင်မင်သူများကို ထပ် Tag ပါ့မယ်။ “ ခေါင်းစဉ်လေးက “ အတွေးစများ ” ပါ။ ဒါပေမဲ့ ကိုယ်နှစ်သလို စိတ်ကြိုက် ပုံဖော် ခံစားရေးနိုင်ပါတယ်။ အမှတ်တရလေးပေါ့။

* ကိုရီး {ကိုကြီး}
* အလင်းစေတမာန်
* ကိုဇောင်း
* စိုးမိုးဃ်
* ကိုကြည်နိုင် ( ကျုံတိုင်းရွာ )
* မြတ်မွန်
* မြလေးသျှင်

* ရွှေပြည်သူ
* စီစီဇော်ထိပ်
* အမည်မဲ့
* သော်တာ
* မဗေဒါ

ကိုဇော် ခံစားတင်ပြသည်။
(16.3.2010 5.05 AM )

.

Share/Bookmark

14 ယောက် ရဲ့ ထင်မြင်ချက်:

KO GYI said...

အပြေးအလွှား လာကြည့်မိခဲ့ပါတယ်
Tag ထားတဲ့ မောင်နှမတွေ အများကြီးဆိုတော့ ပျော်စရာကြီးဗျာ
ရေးပေးပါ့မယ် ကိုဇော်ရေ...... ခဏတော့ စောင့်ပေးဗျာ
ကျနော့် အကြွေးလေးတွေ ပြတ် သွား အောင် အရင် ဖြတ်လိုက်အုံးမယ်ဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ညရဲ့ကောင်းကင် said...

အတွေးလေးတွေက ဖြစ်မလာရင်တောင် တွေးနေရရင်ပဲ ကျေနပ်ဖို့ ကောင်းနေပါတယ် အစ်ကိုရာ ...

ချော (အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်တဲ့ စိတ်ကူး
အဲဒီစိတ်ကူးလေး အမြန်ဆုံးအကောင်အထည်ဖော်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်..
Tag ထားတာလေးကို ရေးပေးတဲ့အတွက်လည်း
ကျေးဇူးကုဋေပါ..
ဆက်ပြီးတဂ်တဲ့အတွက်လည်း ကျေးဇူးကုဋာ
း)

မောင်ဘကြိုင် said...

ကိုဇော်စိတ်ကူးတွေထဲမှာ ကျွန်တော်တော်လေးသဘောကျ တာတွေရှိတယ် ဖတ်မှတ်သွားပါတယ်ဗျာ
စိတ်ကူးတွေပုံပေါ်လာပါစေဗျာ

certain condition cube said...

အတွေးတွေကို လာရောက် ဖတ်ရှုသွားပါတယ်။

ပျော်ရွှင်ပါစေ

Acube

kyaw said...

ကိုဇော်ေ၇...ေ၇းလိုက်မယ်ဗျာ...အတွေးတွေ ဖြစ်ချင်တာတွေကလည်း အသက် အ၇ွယ်အလိုက် နေ၇ာအလိုက် တခါတလေပြောင်းလည်း မိနေတော့လည်း...အင်းးး....

kyaw said...

ေ၇းမယ်နော်..ကိုဇော်ေ၇...

ဇောင်း said...

ရေးလိုက်ပြီနော် ကိုဇော်
ဒီမှာ ;)

ZaunG

thu thu win said...

အကိုဇော် မင်္ဂလာညပါ။တက်လုပ်ပေးတဲ့အတွက်ကျေးဇူးပါ။

စိုးစိုး said...

စိတ်ကူးလေးကောင်းပါတယ်။
အပြင်မှာလက်တွေ့ဖြစ်လာပါစေလို့ဆုတောင်းပေးပါတယ်။

မြစ်ကျိုးအင်း said...

၇ တန်းတုန်းက ကျောင်းသုံး ဗလာစာအုပ် ပို့လိုက်မယ်လေ။ စတာပါမိဇော်ရာ

စိတ်ကူးက ဆန်းကျယ်ပေမယ့် သူငယ်ချင်းတွေ ကို ချစ်တဲ့ ခင်တဲ့ စိတ်ကို မြင်ရတယ်။

စာအုပ်အတွက်တော့ မပူနဲ့ သပ်သပ်ရပ်ရပ်လုပ် ပြီးပို့လိုက်မယ် ။
တိုက်သာ အရင်ဆောက်ထားနှင့်

မွန် said...

ဟုတ် ရေးပေးပါ့မယ်ရှင်..မာမီဇော်..(စိတ်ရှည် သီးခံ စောင့်ပါရန်:P)

KO GYI said...

ရေးပြီးသွားပြီ ဦးဇော်ရေ။

http://k0gyi.multiply.com/journal/item/81/81

ရွှေပြည်သူ said...

အစ်ကို ကိုဇော်ရေ... Tag လေးကို ခုမှပဲ ရေးနိုင်တာကို ပြောမပြတတ်အောင် အားနာမိပါတယ်။ ဒီမှာ ရေးလိုက်ပါပြီနော်...း)

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.