မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 March 2010

0 အလွယ်ဆုံး နဲ့ အခက်ဆုံး အရာ

လောကမှာ အလွယ်ဆုံးနဲ့ အခက်ဆုံး အရာ တစ်ခုကို ပြပါဆိုရင် ကျွန်တော့်မှာ ပြစရာ တစ်ခုပဲ ရှိပါတယ်။ ဒါကတော့ ....

“ ရိုးသားမှု ” ပါပဲ.။

~~~~@@~~~~


ကျွန်တော် ခင်ရသော အစ်မကြီး တစ်ယောက်ရှိတယ်။ သူနာမည် “ မဖြူဖြူ ” ဆိုပါတော့။ သူက ဂျပန်ဘာသာနဲ့ ကျောင်းပြီးထားတယ်။ အဖေက ပွဲရုံထောင်ထားတယ်။ ပြည့်စုံတယ် ပေါ့လေ။ ဒါပေမဲ့ သူက မိဘ ပွဲရုံမှာ မလုပ်ချင်ဘူး။ ဒါနဲ့ သင်တန်းတွေ လိုက်တတ်တယ်။ Manage ၊ LCCI တွေ နောက်အစုံပေါ့လေ။ တစ်နေ့တော့ ဂျပန်နိုင်ငံက ဒီမှာ စက်ရုံလာဖွင့်တယ်။ ဒီမှာ သူလည်း သတင်းကြားတော့ သူ့အတွက် အလုပ်လုပ်ဖို့ မလိုအပ်ပေမဲ့ အိနြေ္ဒရှိအောင် အလုပ်သွားလျှောက်တယ်။

သူ့မှာ ဘာအတွေ့အကြုံမှ မရှိပါ။ သင်တန်းဆင်းထားတဲ့ လက်မှတ်လေးတော့ရှိတယ်. နောက်..ဘွဲ့လက်မှတ်လေးပဲ ရှိတယ်။ သူများတွေကတော့ ဘယ်မှာမှ လုပ်ဖူး ၊ မလုပ်ဖူးဘူး။ ထောက်ခံစာပေါင်းများစွာနဲ့ အလုပ်လာ လျှောက်ကြတယ်။ နီးစပ်ရာ လူတွေ ၊ အသိတွေရဲ့ ထောက်ခံစာတွေနဲ့။ ထောက်ခံစာတွေသာ များနေကြတာ... အလုပ်က သေချာ ဘယ်သူမှ လုပ်ဖူးတာ မဟုတ်ဘူး။

ဒီလိုနဲ့ ...အင်တာဗျူး စပါလေရော။ လူတွေက သူတို့ကိုင်လာတဲ့ လက်မှတ်တွေကို အားကိုးပြီး ဖြေကြတယ်။ တကယ်တမ်းဘာမှ မတတ်လေတော့ တကယ်တတ်ကျွမ်းတဲ့ သူတွေက အင်တာလည်းဗျူးရော ဘာမှ သေချာ မဖြေနိုင်။ မဖြူ ကို အင်တာဗျူးတော့ သူက ဘာလက်မှတ်မှ မပါ။ ဘာအတွေ့အကြုံမှလည်း မရှိ။ မရှိတာကို မရှိဘူးလို့ သူကလည်း ပြောရဲတယ် ။ တချို့ အလုပ်တွေက အတွေ့အကြူံ ရှိတဲ့ သူတွေကို ခေါ်လေ့မရှိဘူး။ စိတ်ဓါတ်ကိုပဲ ကြည့်ခေါ်တယ်။ မတတ်တာကို သူတို့ သင်ပေးမယ် ..........ဒီလိုလေ.။

တကယ် မလုပ်ဖူးပဲ နဲ့ အတွေ့အကြုံစာရွက် စာတမ်းတွေကို ကိုင်ထားသူတွေ တကယ်လုပ်ဖူး ကြောင်း အလုပ်အတွေ့အကြုံတွေ မေးတော့ ဘာမှ မပြောနိုင်တော့။ ဒီလိုလူတွေထက် တကယ် မသိတာကို မသိဘူး။ မတတ်တာကို မတတ်ဘူးလို့ အရိုးသားဆုံး ပြောတဲ့ မဖြူကို သူတို့ အလုပ်ခန့်လိုက်ကြတယ်။

ဒီလိုနဲ့ မဖြူ အလုပ်စဆင်းတယ်.။ ကိုယ်မသိတာကို မသိဘူး။ မတတ်တာကို မတတ်ဘူးလို့ အရိုးသားဆုံး ဝန်ခံ လက်ကိုင်ထားသူဆိုတော့ အရာရာကို ဂရုတစိုက် လေ့လာသင်ယူတယ်။ ဒီလိုနဲ့ သူ Purchasing Department ( အဝယ်တော် ) ဌာနမှာ အလုပ်ရတယ်။

ဒီမှာ မြန်မာနိုင်ငံရဲ့ ထုံးစံ အပါအဝင် နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ ကိုယ့်ပစ္စည်းကို ဝယ်ယူအောင်လို့ ကုမ္ပဏီတွေက အဝယ်တော်တွေနဲ့ ပေါင်းထားလေ့ ရှိတယ်။ ဒီအဝယ်တော်တွေကို ကိုယ့်ကုမ္ပဏီကနေ ပစ္စည်းဝယ်ခိုင်း။ ကိုယ်က ကုမ္ပဏီအနေနဲ့ ဘယ်လောက်ဝယ်ရင် အဝယ်တော်ကို ဘယ်လောက် ဆိုပြီး ကော်မရှင်ကို % နဲ့ ပေး လေ့ရှိတယ်။

ဒါဟာ ကုမ္ပဏီတစ်ဖက်က ကြည့်ရင်လည်း သူတို့ ကုမ္ပဏီ အရောင်းတိုးတတ်ရေး လုပ်တာလေ။ ဒါကို အပြစ်ပြောစရာမရှိဘူး။ ဒါပေမဲ့ .. ဒီလို လက်ခံ လုပ်ကိုင်တတ်လား ဆိုတာကတော့ ကိုယ်ရဲ့ ကုမ္ပဏီက အဝယ်တော်ကိုပဲ စစ်ရမှာ။ ဒီမှာ မဖြူ က သူနဲ့ ပတ်သတ်ပြီး တွေ့ဆုံလုပ်ကိုင်ရသော ကုမ္ပဏီတွေ အကုန်လုံးကို သူ့အတွက် ဘာမှ ကော်မရှင် မလိုဘူး။ သူ့ကို ပေးမဲ့ ကော်မရှင်တွေထဲက ကုမ္ပဏီအတွက် နှုတ်ပြီး ဈေးလျော့ပေးဖို့ပဲ ပြောလေ့ရှိတယ်။ ဒါကို သူနဲ့ လုပ်တဲ့ ကုမ္ပဏီတွေနဲ့ သူပဲ သိလေ့ရှိတယ်။

ဒါပေမဲ့ ဖြစ်ချင်တော့ သူအကြောင်းကို စက်ရုံက GM က သူတို့နဲ့ ပတ်သတ်တဲ့ ကုမ္ပဏီတွေနဲ့ ပတ်သတ် စကားပြောရင်း ကုမ္ပဏီမှာ အရမ်းအဖိုးတန်တဲ့ သူတစ်ယောက် ရှိနေကြောင်း သူက သူ့အတွက်ရမဲ့ ကော်မရှင်တွေကိုတောင်မှ သူက မယူပဲ ကုမ္ပဏီအတွက် ဈေးလျော့ပေးဖို့သာ တောင်းဆိုတတ်ကြောင်း။

ဒါတွေကို ကုမ္ပဏီက သူ့ဖာသာ သိသွားပြီးမှတော့ ဂုဏ်ပြုပွဲ တစ်ခု ကျင်းပပြီး မဖြူကို အမှတ်တရ ဂုဏ်ပြုတဲ့ အပြင် Manager ရာထူးကိုပါ ချီးမြှင့်လိုက်ပါတော့တယ်။

~~~~@ @ ~~~~


ဒါတွေ ကျွန်တော် ရေးပြတော့ ဒါကတော့ သူမို့လို့ ဖြစ်သွားတာလေ။ ကျွန်တော်တို့ ၊ ကျွန်မတို့ကတော့ မဖြစ်နိုင်ပါဘူးလို့ ပြောချင်ပါသလား။ ဟုတ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော် အစကတည်းက ရေးခဲ့တာပါ။ ရိုးသားတယ်ဆိုတာ လောကမှာ အလွယ်ဆုံး နဲ့ အခက်ဆုံးပါပဲလို့။ ရိုးသားတယ် ဆိုတာ သူ့အပြင် ဘာမှ မလိုပါ။ ရိုးသားလိုက်ရုံပါပဲ။ ဒါပေမဲ့ ဒီလောက် လွယ်ပါတယ် ဆိုတဲ့ ရိုးသားမှု ကို မရိုးသားနိုင်ကြလို့ လူတွေ တစ်ယောက်ပြီး တစ်ယောက်ကျရှုံးသွားကြတာကို တွေ့ရပါလိမ့်မယ်။

စာလုံးလေး တစ်လုံး ၊ စကားလေး တစ်ခွန်း ပြောင်းပြောလိုက်တာနဲ့ ကိုယ့်အတွက် ကိုယ်ကျိုးတွေ များစွာ ရှိလာနိုင်တယ် ဆိုတာကို သိလိုက်ရရင် လူတွေဟာ စိတ်မထိန်းနိုင်ပဲ ရိုးသားမှု ဆိုတာကို မေ့သွားတတ်ကြပါတယ်။ ဒီလို အသေးလေးတွေ ဆိုပေမဲ့ ဒါဟာ ကိုယ့်ကို နောင်မှာ ဆွဲချသွားမဲ့ ပြစ်ချက်များဆိုတာကို မေ့ထားလို့ မရပါဘူး။

ဒါကြောင့် ကျွန်တော် ပြောပါတယ်.။ လောကမှာ အလွယ်ဆုံး ကလည်း “ ရိုးသားမှု ” ပါပဲ.။ ဒါကို ဖြစ်အောင်လုပ်ဖို့ အခက်ဆုံးကလည်း “ ရိုးသားမှု ” ပါပဲ..။



ကိုဇော် ခံစားပုံဖော်သည်။

http://zaw357.multiply.com/journal/item/714 မှာ 24.10.2009 က ရေးထားတာပါ။
.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: