မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 March 2010

10 နွံနစ်ခဲ့သော ကြယ်ပွင့်များ

.




Visit Myanmar Year ဆိုသော ခုနှစ်တစ်ခုကို သတ်မှတ်လိုက်တယ် ဆိုကတော့ မရောက်ခင် ကတည်းက မြန်မာနိုင်ငံမှာ ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ် ကြတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံမှာ အရမ်းကို လေးစားဖွယ်ကောင်းသော ၊ အားလုံးကလည်း လေးစားကြရသော စာရေးဆရာကြီး နှစ်ယောက် ရှိတယ်။ သူတို့ကလည်း ပင်ကိုယ်ရေး ဝတ္ထုပေါင်းများစွာ ၊ ဘာသာပြန်ပေါင်းများစွာ ၊ အကျိုးပြု စာပေ ၊ ဆောင်းပါးပေါင်း များစွာ ရေးသားပြုစုထားပြီး ၊ လက်ရှိလည်း ရေးသားနေသူများ ဖြစ်တယ်။

အခုလို မြန်မာ့ခရီးသွားနှစ် သတ်မှတ်လိုက်တော့ ဘာမှ မဟုတ်တဲ့ ကျွန်တော်တို့တောင်မှ ငယ်ငယ်လေးပေမဲ့ ပျော်မိတယ်။ ဒီလို ရှေ့နောက် တိုင်းထွာ စဉ်းစားတတ်တဲ့ ဆရာကြီးတွေကျတော့ ပိုပြီးတော့ တောင်မှ မြင်တတ်တယ်။ ဆရာကြီးတွေကိုလည်း မြန်မာ့ခရီးသွားနှစ်အတွက် လိုအပ်တာတွေ ညွှန်ပြပေးဖို့ အားလုံးက တောင်းဆိုကြတယ်။

အမျှော်အမြင်ရှိသော ဆရာကြီးတွေ ဆိုတော့လည်း တကယ်ကို မြင်တတ်ပါတယ်။ သူတို့ ဆောင်းပါးပေါင်းများစွာ ရေးပြီး မြန်မာ့ခရီးသွားနှစ်အတွက် လိုအပ်ချက်များကို အကောင်းမြင်သော ပြုပြင်ရန်အတွက် တင်ပြကြတယ်။ ဒါကို ဆရာကြီးတွေက နိုင်ငံမှာ လိုအပ်ချက်တွေကို ထောက်ပြ ဝေဖန်တယ် လို့ မသုံးကြပဲ။ ပိုမို၍ ကောင်းစေချင်သော အချက်များ ဆိုပြီး သူတို့ကိုယ်တိုင် လက်တွေ့ ကောင်းစေချင်သော စေတနာဖြင့် ကိုယ်တိုင် သေချာ ကွင်းဆင်းလေ့လာပြီးမှ ရေးသား တင်ပြကြတယ်။

ဒီတော့ ဆရာကြီးတွေ တင်ပြတာကို အားလုံးကလည်း အခုမှ မျက်စိနှစ်ကွင်း အလင်းရသူတွေလို ထင်းခနဲ ၊ ရှင်းခနဲ ဖြစ်ကာ မြန်မာ့ခရီးသွားနှစ်အတွက် ပြင်ဆင်ကြတယ်။ ဆရာကြီးတွေရဲ့ ကိုယ်တိုင် အပင်ပန်းခံ ကွင်းဆင်းလေ့လာမှုကနေ ရလာတဲ့ အကျိုးကျေးဇူးများပါပဲ။

ဒီအချိန်မှာပဲ တစ်ခါမှလည်း စာအုပ်ဆိုတာ မထုတ်ဖူး ၊ ဘာတစ်ခုမှလည်း သူ့ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ် ဆိုတာလည်း မရှိခဲ့ဖူးသော လူတစ်ယောက် ထွက်ပေါ်လာတယ်။ သူကတော့ သူ့ကိုယ် သူ ဝေဖန်ရေးသမားလို့ ခံယူတယ်။ သူက ဘာကို ဝေဖန်လည်း ဆိုတော့ အထက်က ဆရာကြီးတွေ ပြောတာ ၊ တင်ပြတာတွေ အားလုံးကို တစ်ခု မကျန် ဝေဖန်တယ်။

ကျွန်တော် ဥပမာ အနေနဲ့ ရေးပြမယ်။ သို့သော် ကျွန်တော် ရေးရမှာ အထက်ပါ ဆရာကြီးများကို အလွန် အားနာလှပါတယ်။ ဒါကြောင့် လိုရင်းအချက်ကိုပဲ ရေးပါ့မယ်။

ဆရာကြီး တစ်ယောက်က ပြောတယ်။ မြန်မာခရီးသွားနှစ်မှာ လာလည်မဲ့ ခရီးသွား နိုင်ငံခြားသားများ အတွက် အဆင့်တန်းမှီ အိမ်သာ ဆိုတာ မရှိဘူးတဲ့။ ဟုတ်တယ် ထို အချိန်က မြို့လယ်ခေါင်မှာတောင်မှ အခုလို အိမ်သာတွေ မရှိသေး။ ယင်လုံအိမ်သာဆိုတာ မြို့နေ လူတန်းစားတွေတောင်မှ ဖြစ်သလိုသာ အိမ်သာဆောက်နေကြတာ။ ဒီအချိန်မှာ ရှိနေတဲ့ အိမ်သာတွေက Latrine လို့ခေါ်တဲ့ တွင်းအိမ်သာများသာ ဖြစ်တယ်။

အိမ်သာ အကြောင်း အသေးစိပ် သိချင်ရင်တော့ ဒီမှာ ဖတ်ပေးပါ။

ဒီတော့ နိုင်ငံရပ်ခြားမှာ လာသော သူများ အတွက် မြို့ရွာတွေကို သွားလည်သော အခါမှာ အိမ်သာဆိုပြီး သေချာ မရှိသေးသော နေရာများမှာ ထိုအချိန်က တောထိုင်တယ် ဆိုပြီး ခြုံကြားမှာ အလေးစွန့်သော ဓလေ့လာ ရှိခဲ့ကြတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေသာ မြန်မာနိုင်ငံကို လာလည်ခဲ့ရင် ဟာ ဒီနိုင်ငံက အိမ်သာတောင်မှ မရှိပါလား ဆိုပြီး ဘယ်လောက်များ သိက္ခာကျလေမလဲ ဆိုသော အတွေးဖြင့် ဆရာကြီးတွေက တင်ပြကြတယ်။

ဒီတော့ ဆရာကြီးတွေ ပြောတာကို ဝေဖန်တယ်လို့ ပြောလို့ရပါသလား ၊ ဒါကို လမ်းညွှန်မှု ဆိုသော စကားလုံးဖြင့်သာ သုံးစွဲကြပါတယ်။ ဒီတော့ ဆရာကြီးရဲ့ စကားကို မိမိကိုယ်ကိုယ် ဝေဖန်သူလို့ ခံယူထားသူက ပြောတယ်။

“ ဒါကတော့ မဖြစ်နိုင်ပါဘူးဗျာ။ သူတို့က အဆင့်မြင့်နိုင်ငံက လာတာမို့လို့ ကျွန်တော်တို့က သူတို့လို လိုက်ပြီး သူတို့ သွားလေရာမှာ ကြယ်ငါးပွင့် အိမ်သာတွေ လိုက်မဆောက် ပေးနိုင်ပါဘူး။ မြန်မာကို လာရင် မြန်မာလိုပဲ တတ်ပေါ့ ၊ မတတ်နိုင်ရင် မလာနဲ့လေ.....အစ ရှိသဖြင့် .....။ ”

နောက်ထပ် ဆရာကြီး တစ်ယောက်တော့ သွားလာရေး အတွက် စီးနေကြရတဲ့ ကားတွေကို တင်ပြတယ်။ ဟိုးအရင်က ဘတ်စ်ကားတွေ နေရာမှာ အဆင်မြင့် ဘတ်စ်တွေ ဖြစ်လာစေဖို့ တင်ပြတယ်။ ဖြစ်နိုင်ရင် အဲယားကွန်း ပါသော ဘတ်စ်ကားများပေါ့။ ဆရာကြီးတွေ တင်ပြ လမ်းညွှန်မှုကြောင့်ပဲ အဲယားကွန်း ဘတ်စ်ကားတွေ တင်သွင်းမှာ ယူပြီး ဘတ်စ်တွေ အဖြစ်ပြေးဆွဲတယ်။ ဒါ တိုးတတ်မှု မဟုတ်လား။

“ ဒါကို ဝေဖန်သူကတော့ မြန်မာနိုင်ငံကို လာရင် မြန်မာတွေ နေသလို နေနိုင်ရမယ် ၊ မြန်မာတွေ စီးသလို စီးနိုင်ရမယ်။ ဒါကို အရည်မရ အဖတ်မရ လိုက်ပြီး အဲယားကွန်းဘတ်စ်တွေ ပြေးဆွဲဖို့ တင်ပြတယ် ဆိုတာကတော့ အရမ်းကို ရယ်စရာ ကောင်းပါတယ် . . . . . .. အစ ရှိသဖြင့် ဝေဖန်ပါတယ်။ ”

ဒီလို စာများက တစ်ကြိမ် မဟုတ် ၊ နှစ်ကြိမ် မဟုတ်။ ဆရာကြီးတွေ ရေးသမျှ ၊ လိုအပ်ချက်များကို လမ်းညွှန် တင်ပြသမျှတွေကို တစ်ခု မကျန် အဆိုးမြင် ဝါဒဖြင့် လိုက်ပြီး ဝေဖန်ပါတယ်။ ဒီတော့ တိုးတတ်ရေးအတွက် အားထုတ်ကြိုးပမ်းနေတဲ့ ဆရာကြီးတွေက ငါတို့ ဒါတွေ မရေးလည်း ဘာမှ မဖြစ်ဘူး။ ဒီလောက် တတ်နေရင် တတ်တဲ့သူတွေပဲ ဆက်လုပ်ကြတော့ လို့ ဆိုတယ်။ ကောင်းစေချင်လို့ လုပ်နေ ၊ ပြောနေ ၊ လမ်းညွှန်ပြ နေတဲ့ သူတွေကို အားယုတ်စေတယ်။

သူကတော့ ဘာမှလည်း မြန်မာနိုင်ငံအတွက် မတင်ပြပါဘူး။ သူများ ကောင်းကျိုးအတွက် လမ်းညွှန် တင်ပြတာတွေကို သူက ထိုင်ပြီးတော့ ဝေဖန်ပါတော့တယ်။ မကောင်းတဲ့ အကွက်ကို ကြည့်ပြီး ပြောသူ ၊ လိုတဲ့ အကွက်ကို ကြည့်ပြီး ပြောသူ ဖြစ်တဲ့ အတွက်ကြောင့် လိုတာကို ရှာမှတော့ လိုတာပဲ တွေ့တော့မပေါ့။ သူကလည်း ဒါကိုပဲ ကိုင်ပြီး ဝေဖန်ပါတော့တယ်။

ဒီတော့ အားကြိုးမာန်တတ် ကြိုးစားထားသော ဆရာကြီးတွေမှာ အားယုတ်ရတယ်။ ဒါကြောင့် ဒီဆရာကြီး နှစ်ယောက် ဆက်လက် လေ့လာပြီး တင်ပြမှုမှ ရပ်လိုက် ပါတော့တယ်။ ဒါတင်ပဲလား ဆိုတော့လည်း မဟုတ်ပါ။ ဆရာကြီး နှစ်ယောက်လုံး ဝမ်းနည်းဖို့ ကောင်းလှစွာပဲ စာပေလောက ကပါ အနားယူ သွားတော့တာပါပဲ။ ဘယ်သူမှ ဘယ်လို တောင်းပန်လို့ မရတော့။ ဘယ်လိုမှလည်း ပြောလို့ မရ။ ဆရာကြီး တစ်ယောက် ဆို အရက်ကျေးကျွန်ဖြစ်ပြီး အသက်ပါ ဆုံးရှုံးသွားတယ်။

ဒါဟာ ကောင်းစေချင်လို့ “ ဝေဖန်တယ် ” ဆိုသော စကားလုံးက ပျားရည်သုတ်ထားတဲ့ စိန်အဆိပ်ခဲ တစ်ခု လိုပါပဲ။


~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~


တကယ်ကို တိုးတတ်နေသော နိုင်ငံတွေမှာ ကိုယ့်ကိုယ်ကိုယ် တိုးတတ်စေလိုသော လူတစ်ယောက်ဟာ ကိုယ့်ထက် ပညာ ၊ သဘာကြီးရင့်သူများ ထံကို ချည်းကပ်ပြီး သူတို့ ပြောလေ့ရှိပါတယ်။ သူတို့ကို ပိုပြီး တတ်သိ နားလည်အောင် သွန်သင်ဖို့ပါ။ ဒါကို သူတို့ ဘယ်လို ပြောလဲ ဆိုရင် . . .

“ ကျွန်တော့်ကို လမ်းညွှန်ပေးပါ။ ( Guide လုပ်ပေးပါ။ ) ” လို့ပဲ ပြောတတ်ကြပါတယ်။ “ ကျွန်တော့်ကို ဝေဖန် ပေးပါ။ ( Chastise ပေးပါ။ ) လို့ ဘယ်သူ့မှ မပြောတတ်ကြပါဘူး။ ”

တစ်ခါက. . .

အိုင်းစတိုင်းလ်ကို အစ္စရေးနိုင်ငံက သူတို့နိုင်ငံမှာ လာပြီး သမ္မတ လုပ်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းတဲ့ စာမှာ “ ကျွန်တော်တို့နိုင်ငံကို လာရောက်ပြီး လိုအပ်မှုများကို လမ်းညွှန်ပြသပေးပါ။ ” ဆိုပြီး စာလုံးကို သေချာစွာ အကြီးကြီး ရေးပြီး အောက်ခြေက မျဉ်းပါ တားထားတယ်။

ဒါဟာ ဘာလို့ သူတို့ ကျွန်တော်တို့နိုင်ငံကို လာပြီး ဝေဖန်ပေးပါလို့ မရေးတာလည်း လို့ စဉ်းစားစရာပဲ မဟုတ်ပါလား။ ဒါပေမဲ့ အိုင်းစတိုင်းလ်ကတော့ ယဉ်ကျေးစွာပဲ ကျွန်တော့်မှာ သမ္မတ လုပ်ဖို့ အရည်အချင်း မရှိပါဘူး ဆိုပြီး လက်မခံခဲ့ပါဘူး။

ဘာရယ် မဟုတ်ပါဘူး။ နိုင်ငံတွေ ကွာသွားတော့လည်း သူတို့တွေရဲ့ သုံးစွဲမှု ကွဲပြားသွားတာပါ။ မြန်မာနိုင်ငံမှာတော့ “ လမ်းညွှန်သွန်သင်တယ် ” ဆိုသော အသုံးအနှုန်း သုံးစွဲမှု နည်းတယ် ၊ မဖွံ့ဖြိုးသေးဘူး ဆိုတာ ကျွန်တော် လက်ခံပါတယ်။ ဒီစကားလုံး အစား “ ဝေဖန်တယ် ” ဆိုသော စကားလုံးကိုပဲ ဘာရယ် ညာရယ် မသိပဲ နှစ်ခြိုက်စွာ သုံးစွဲနေကြတာပါ။ အားလုံးကို သိစေချင်ပေမဲ့ ကျွန်တော့်မှာ ဘာအင်အားမှ မရှိပါ။ ကျွန်တော်က သာမာန် လူတစ်ယောက်ပါ။


~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

ကနောင်မင်းသား။ မြန်မာနိုင်ငံကို ဘယ်လောက်တောင်မှ တိုးတတ်စေချင်ခဲ့လဲ။ သူ့ရဲ့ ကြိုးစားမှုတွေက အဲဒီခေတ်ကဆိုတော့ အက်ဒီဆင်လောက်ကတော့ အပျော့ပေါ့ဗျာ။ ဒါပေမဲ့ သူ စမ်းသပ်တဲ့ ရေမြှုပ်ဗုံးကြောင့် ရေသတ္တဝါ သေကြေ ပျက်ဆီးရတယ်။ ဒါကတော့ ရေထဲမှာ စမ်းမှတော့ ရေသတ္တဝါတွေ သေကြေရမှာပေါ။

ဒါပေမဲ့ ဝေဖန်သူတွေက ဒီဗုံးကြောင့် ရေသတ္တဝါတွေ သေရတယ်ဆိုပြီး အပြစ်ကိုပဲ ဝေဖန်ပြောဆိုတယ်။ ဒီဗုံးအောင်မြင်ရင် ဖြစ်ပေါ်လာမဲ့ အကျိုးဆက်ကို မမြင်ကြဘူး။ တကယ်လို့. . .

“ ဒီလို ရေသတ္တဝါတွေ မသေကြေရအောင် နောက်တစ်ခါ စမ်းသပ်ရင် ရေသတ္တဝါတွေ မရှိတဲ့ ကန်မှာ စမ်းသပ်ပါလား။ ”

လို့ လမ်းညွှန်မှု မပြုနိုင်ခဲ့ဘူး။ မြန်မာနိုင်ငံသားတွေ အရိုးစွဲနေတဲ့ “ ဝေဖန်မှု ဆိုတာ ကောင်းတယ် ” ဆိုတဲ့ စကားလုံးကြောင့်ပဲ တိုးတတ်တီထွင်ချင်သူများ စိတ်ဓါတ်တွေ ဦးစိုက်ကြတယ်။ အညွှန့်တွေ တုံးကုန်တယ်။

ဟိုးအရင်က အင်္ဂလန်နိုင်ငံ ဘောလုံးစတား ဒေးဗစ် ဘက်ဟမ်း ( ဘက်ခမ်း လို့လည်း ရေးကြတယ်။ ) ရဲ့ သူ့သားတွေ အပေါ်မှာ ထားတဲ့ စိတ်သဘောထားကို ကျွန်တော် ဖတ်လိုက်ရတယ်။ တော်တော်လည်း သဘောကျတယ်။ သူက ဒီလိုပြောတယ်။

“ ကျွန်တော် . . ကျွန်တော့်သားတွေကို ဘယ်တော့မှ “ ဘာလို့ ဒီလို လုပ်တာလဲ ၊ ဘာလို့ ဟိုဟာ မလုပ်ရတာလဲ ” ဆိုပြီး ဝေဖန်မှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ဒီလို ထိုင် ဝေဖန်နေရင် ကျွန်တော့်သားတွေ တိုးတတ်လာမှာ မဟုတ်ပါဘူး။

မိဘဆိုတာ သားသမီးတွေကို ထိုင်ဝေဖန်နေရမှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ သူများတွေကတော့ ပြောကြတယ်။ မိဘဆိုတာ သားသမီးတွေရဲ့ ပဲ့ကိုင်ရှင်တဲ့။ ကျွန်တော်ကတော့ ဒီလို မတွေးမိပါဘူး။ မိဘဆိုတာ သားသမီးတွေကို လမ်းညွှန်မှု ( Guide ) ပဲ လုပ်ပေးနိုင်ရမယ် လို့ ကျွန်တော် ခံယူထားတယ်။

သူများတွေကတော့ သားသမီးတွေကို သူတို့ ဖြစ်ချင်တဲ့ ပုံစံခွက်ထဲကို အတင်းကို ပုံသွင်းယူကြတယ်။ နောက်ကနေ ပဲ့တစ်ခုလို သားသမီးတွေကို လိုက်ထိန်းကြတယ်။ မရဘူးဆိုရင် ဘာလို့ မရတာလဲ ဆိုပြီး သူတို့ လိုချင်သလို ဖြစ်အောင် ဝေဖန်ပြစ်တင် ကြတယ်။ ဒါ မှားပါတယ်။

ကျွန်တော်ကတော့ ကျွန်တော့်သားတွေကို ကျွန်တော် ဘောလုံးသမားမို့လို့ သူတို့ပါ ဘောလုံးသမား ဖြစ်ရမယ် ဆိုပြီး အတင်း ပဲ့ကိုင်ပြီး ပုံစံသွင်းမယူပါဘူး။ သူတို့ ဘာဖြစ်ချင်လဲ ကျွန်တော့်လေ့လာမယ်။ အဆိုတော် ဖြစ်ချင်တယ် ဆို သူ့မှာ အစွမ်းအစ ရှိလားလို့ ကျွန်တော် ကြည့်မယ်။ ဒီလို အစွမ်းအစ ရှိတယ် ဆိုရင် သူ့ကို ကျွန်တော် အကောင်းဆုံးဖြစ်အောင် လမ်းညွှန်ပေးမယ်။ ဒါက ကျွန်တော့်သားတွေပေါ်မှာ ထားတဲ့ ကျွန်တော့်ရဲ့ သဘောထားပါပဲ။ ”

ဒေးဗစ် ဘက်ဟမ်း က ဒီလို ပြောခဲ့တယ်။ ကျွန်တော် အရမ်းကို နှစ်သက် တန်ဖိုး ထားမိတယ်။ လောကမှာ ဒီလို အဖေတွေ အများကြီး ရှိနေရင် ကောင်းမှာပဲလို့လည်း ရင်ခုန်ကြည်နူးမိတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်တော် ဘက်ဟမ်းလို့ ဖခင်တစ်ယောက်တော့ ဖြစ်ချင်မိသေးတယ်။ သေသေကြေကြေပေါ့။


~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေကို ပြန်လည် ပုံဖော် ခံစားကြည့်ပါ။ ကျောင်းမှာ ဆရာမက စာစီစာကုံးရေးခိုင်းလိုက်တယ်။ ကိုယ်ကလည်း အိမ်မှာ ကစားတောင်မှ မကစားပဲ ကြိုးစားပြီး ရေးခဲ့တယ်။ နောက်နေ့တော့ ဆရာမဆီမှာ စာစီစာကုံးလေးကို တင်ခဲ့တယ်။ ပြီးတော့ ဆရာမက စာစီစာကုံးကို ဖတ်ပြီး ဘယ်လိုများ မှတ်ချက်ပေးတာကို ခံစားဖူးပါသလဲ။

* ဘေးမျဉ်းကြောင်းမပါ။ သပ်ရပ်မှု မရှိ။
* အရေးအသား ညံ့ဖျင်း။
* အကြောင်းအရာ အားနည်း။
* တင်ပြပုံ လုံးဝ မကောင်း။
* ဖျက်ရာ ပြင်ရာများဖြင့် လက်ရေး စုတ်ပြတ် ညစ်ပတ်နေ။

ဆိုသော မှတ်ချက်များသာ ရဖူးပါသလား။ မထူးဆန်းပါဘူး။ ဒါကတော့ မြန်မာနိုင်ငံရဲ့ ကျွန်တော် အထက်က ပြောခဲ့သလို “ ဝေဖန်မှု ” ကို ဦးစားပေးသော မသိစိတ်ကြောင့်ပါပဲ။


J.D. Salinger က သူ့ရဲ့ စာပေဟောပြောပွဲမှာ ဒီလို ပြောတယ်။


“ ကျွန်တော် ငယ်ငယ်က ဆရာတစ်ယောက်က ကျွန်တော် ရေးတဲ့ အက်ဆေးမှာ မှတ်ချက် တစ်ခုပေးဖူးတယ်။ ကျွန်တော် ဒီမှတ်ချက်လေးကို ဘယ်တော့မှ မမေ့ဘူး။ ဆရာက . . .

“ အလွန်ကောင်းသော အတွေးတွေ စုထားတာ ဖြစ်တယ်။ သို့သော် အစီအစဉ်ကျနအောင် နောက်ထပ် တစ်ခါ ထပ်ရေးပြီး ကြိုးစားဖို့ လိုတယ်။ စကားလုံးတွေကိုလည်း ကျစ်ကျစ်လျစ်လျစ် ရှိပါစေ။ စာကို သန့်သန့်ရှင်းရှင်းရေးရင် ဘယ်သူမဆို ဖတ်ရလွယ် စေမှာဖြစ်တယ်။ ထပ်ခါ ထပ်ခါ ဖတ်လိုက် ပြုပြင်ရေးခြင်းဖြင့် တင်ပြပုံ ကောင်းလာမှာ ဖြစ်တယ်။ ”

ဆရာက ဒီလို မှတ်ချက် ရေးခဲ့တယ်။ ဒါကို ကျွန်တော် မမေ့သလို ဒီစာစီစာကုံးလေးကိုပဲ ကျွန်တော် အကြိမ်ကြိမ် ထပ်ပြီး ရေးခဲ့တယ်။ နောက်ဆုံးမှာ ဆရာကိုယ်တိုင်ကကို အံ့သြစရာ ကောင်းလှအောင် ကျွန်တော့်စာစီစာကုံးလေးက ကောင်းလာခဲ့တယ်။ ဆရာရဲ့ မှတ်ချက်လေးကို ကျွန်တော် သတိရတိုင်း ပြန်ဖတ်ရင်းနဲ့ ကျွန်တော် စာရေးချင်စိတ်တွေ များလာပြီး ကျွန်တော် စာရေးဆရာ ဘဝကို ရောက်လာခဲ့ရတယ်။

ကျွန်တော်တို့ အထက်ပါ စာရေးဆရာ အတိုင်း လမ်းညွှန်ပြမှုကို ခံစားကြရရဲ့လား။ ကျွန်တော်တို့ ဘဝမှာ လမ်းညွှန်မှု ထက် ဝေဖန်မှု ဘောင်ထဲက ထွက်နိုင်ကြရဲ့လား။ ဒါကိုရော သေချာ ဆန်းစစ်ကြည့်ပြီးရဲ့လား။


~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

အရာရာကိုတော့ ကျွန်တော် သေချာစွာ မသိနိုင်ပါ။ သို့သော် ဝေဖန်မှု ဆိုသော စကားလုံးအကြောင်းကို ကျွန်တော် သေချာ ခွဲခြမ်း စိတ်ဖြာမိတဲ့ နောက်ပိုင်းမှာတော့ ကျွန်တော့်ဆီက သူများကို “ ဝေဖန်မှု ” ဆိုသော စကားလုံး ထွက်ပေါ်လာလိမ့်မည် မဟုတ်။

မဖြစ်မနေ ပြုပြင်ထောက်ပြစရာ မြင်လာသော အခါမှာ ကျွန်တော် လုပ်ခဲ့မိတာကတော့ “ ဒါလည်း ကောင်းတယ်ဗျာ... ဒီလိုလေး လုပ်လိုက်ရင် ပိုပြီးတော့ ကောင်းလာလိမ့်မယ် လို့ ကျွန်တော် ယုံကြည်တယ် ” ဆိုသော စကားလုံးသာ ကျွန်တော် ထွက်ကျမိပါတယ်။

လူတစ်ယောက်ရဲ့ အပြစ်ကို ထိုင်ပြော ဝေဖန် နေလို့ ဒီလူတိုးတတ်လာလိမ့်မယ် လို့ ကျွန်တော် မထင်မိရိုး အမှန်ပါ။ သူ့ကို တိုးတတ် ကောင်းစေလိုရင် ကောင်းနိုင်မဲ့ အကြောင်းအရာတွေကိုပဲ ညွှန်ပြ တိုက်တွန်းသင့်တယ် လို့ပဲ ကျွန်တော် မြင်မိတယ်။

အပြစ်တင် ဝေဖန်မှုကြောင့် တောက်ပခဲ့သင့်သော ကြယ်ပွင့်ကလေးပေါင်း များစွာ နွံနစ်ခဲ့ရပြီလဲ ကျွန်တော် မသိနိုင်ခဲ့. . . . ။


~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ကျွန်တော် စုထားတဲ့ စာလေးတွေ ရှိပါသေးတယ်။ အကြမ်းအားဖြင့်တော့ “ တသက်လုံး ရှောင်ရမဲ့ စကားလုံး နှစ်လုံး ” လို့ ခေါင်းစဉ်တပ်ထားတယ်။ ဆရာဖေမြင့် ရေးထားသော စာများမှာလည်း တွေ့မိပါတယ်။ ဆရာဖေမြင့် ရေးထားတာကတော့ အရမ်းကောင်းပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ဖာသာပဲ ကျွန်တော့်အမြင်နဲ့ တင်ပြပါ့မယ်။ စာက များတော့ ဒီထက် ကျစ်လျစ်ဖို့ ကျွန်တော် စာလုံးတွေ ရှာနေတုန်းပါပဲ။


***** ကျွန်တော့်တစ်ယောက်တည်းရဲ့ အမြင်တစ်ခုတည်းပါပဲ။ မိမိကြိုက်သလို မိမိ ဘဝကို ပုံဖော်နိုင်ပါတယ်။ *****

မှတ်ချက်။ ။
မဖြစ်မနေမို့ အောက်ကနေ မှတ်ချက် ထပ်ရေးရပါတယ်။ ကျွန်တော် ဘာမှ မဖြစ်ပါ။ အစ်ကိုတစ်ယောက်လို ခင်သော “ ကိုသိုးထိန်း ” ရဲ့ ဆိုက်မှာ သူက သူ့ရဲ့ ပါစင်နယ် အကြောင်းတွေပဲ တင်ပါတယ်။ သူ့ဆိုက်ကို ဘယ်သူမှ မပေးထားတော့ သက်ဆိုင်သူများသာ သိကြပါတယ်။ သူကလည်း အဝေးကပါ။

ဒါကို ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိသူက လာလာပြီး သူလုပ်သမျှ ၊ ရေးသမျှ ၊ တင်သမျှကို အပြစ်ပြော ဝေဖန်နေလို့ စိတ်ပျက် အားငယ်နေတဲ့ သူကို အားပေးတဲ့ အနေနဲ့ ဒီစာတွေကို ရေးတာပါ။ ကျွန်တော် ဘာမှ မဖြစ်ပါ။ မစိုးရိမ်ပါနဲ့။


ခင်မင်အေးချမ်းစွာဖြင့်
ကိုဇော်


.

Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

ချော (အစိမ်းရောင်လွင်ပြင်) said...

အယ် မိဇော်
ညည်းက ကျုပ်ကိုစောင်းပြောတာလားအေ
ကျုပ်ကဝေဖန်တာမဟုတ်ရပါဘူး..
ကိုယ်မလုပ်နိုင်တာ လုပ်နေတဲ့သူမို့ နည်းနည်းလေးမနာလို ဖြစ်မိတာပါ..
ဒါကြောင့်လဲ ညည်းကို ဟိုနေရာမှာ တိုက်လိုက်
ဒီနေရာမှာမကောင်းပြောလိုက် လုပ်နေတာပေါ့လို့
ပြီးတော့ ဘလော့မီးပိတ်ရအောင်က
တော်က တစ်နေကုန် ဘလော့ကို မီးခွက်ကြီးထွန်းပြီး
တင်ထားတာလား..
ထူးဆန့်ပါအေ ညည်းနှယ်. လုပ်စရာရှာလို့
ခိခိ

~ဏီလင်းညို~ said...

ကိုဇော်......
ဒီလိုပဲလေဗျာ.....
ဝေဖန်တာကတော့ နေရာတိုင်းမှာရှိတယ်......။
အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးနဲ့ အပြစ်တင်တဲ့ (ငါပဲသိ.....ငါပဲတတ်တယ်ဆိုတဲ့ အစွဲနဲ့)ဝေဖန်မှုတွေကို ဦးနှောက်ရှိတဲ့ ကာယကံရှင်ကခွဲခြားတတ်ရင် ပြီးတာပါပဲဗျာ.....။
တစ်ခုတော့ရှိမယ်......
တစ်ခါတစ်လေ....စေတနာနဲ့ ဝေဖန်ပေးတာကလည်း အပြောမတတ်တော့ ဝေဒနာဖြစ်သွားတတ်သေးတာပေါ့လေ.....။
ဘာပဲဖြစ်ဖြစ် အားလုံးက ကိုယ့်လမ်း ကိုယ်လျှောက်နေကြရဦးမှာပဲလေ......။ ဒီလိုပါပဲဗျာ.......း))
ခင်မင်တဲ့
ဏီလင်းညို

ညရဲ့ကောင်းကင် said...

ကျွန်တော်ကတော့ ဘာမှမပြောဘူး...
ကိုဇော်ပြောတာတွေ အားလုံးက လုံးဝမှန်နေလို့ပဲ ...

. said...

ဒီလို ကိုဏီရ...
ဒါ ကျနော်အတွက် ရေးထားတာလည်း မဟုတ်ပါဘူး။
အကို တစ်ယောက်ကို ဝိုင်းဖဲ့နေလို့ ကျနော်က မနေနိုင်သူ ဆိုတော့ ကြားကနေ သူ့ကိုလည်း အားပေးရင်း ဝေဖန်တယ် ဆိုတဲ့ အကြောင်းကို ရှင်းပြတာပါ။ သူမျး ကိစ္စ ကိုယ်က လိုက်ရှင်းပေးတာဗျို့။
ကျနော်ကတော့ ဒါတွေ ဂရုကို မစိုက်တတ်တာဗျ။
အပြင်မှတောင်မှ ဂရုမစိုက်သေးတာဗျာ။
ဒီမှာဆို ပိုဆိုးပေါ့။ သူများ ကိစ္စ ဝင်ပြောပေးနေတာဗျ။

ကျနော့်ကို မပူနဲ့ဗျို့....
ကျနော်က အကောင်းကြီး ၊ ကျနော်နဲ့ ဘာမှ မဖြစ်ဘူး။ ကျေးဇူးပါ..

အားလုံးလည်း ကျေးဇူး...

ပျော်ရွှင်ပါစေ
ကိုဇော်

မောင်ဘကြိုင် said...

လာဖတ်သွားတယ်ဗျို့း)

kyaw said...

ကိုဇော်ေ၇..ဒီပိုစ့်လေးကိုတော်တော်ကြိုက်ပါတယ်....ကျွန်တော်တို့ ကျောင်းမှာလည်း
ဆွေးနွေးမှုလေးတွေ လုပ်ကြပါတယ်...ကျွန်တော်တို့ ဆ၇ာတွေက
ကျွန်တော်ပြောနေတာလုံးဝမှားနေ၇င်တောင်မှ
သူတို့ အပြစ်တင်စကားမပြောပါဘူး...ကိုယ့်ဘာ
သာကိုယ် ငါမှားနေပါလားဆိုတာမျိုးကိုသိလာအောင်ဘဲ
ဆွေးနွေးပေးပါတယ်....ကိုယ့်အမှားကိုယ်သိပြီဆိုမှ ဘာလေးလုပ်သင့်တယ်..ဘာပိုကောင်းမယ်
ဆိုတာမျိုးလေးပေါ့ဗျာ...တော်တော်သဘောကျတယ်.....သူတို့ ပညာ၇ှင်ချင်းတွေဆွေး
နွေးတော့လည်း ကိုယ့်အယူအဆကိုယ်တင်ပြကြတာဘဲလေ...အားလုံးက အေးဆေးပါဘဲ..လက်ခံတာကိုလည်း အေးဆေး ဘဲပြောတယ်..လက်မခံတာကိုလည်း အေးဆေးဘဲပြောတယ်....အဲဒါတွေကို အပြင်မယူလာဘူးဗျ..အပြင်ေ၇ာက်၇င်လည်ပင်းဖက်နေတာဘဲ...အတုယူဖို့ ကောင်းတယ်ဗျာ

thu thu win said...

ဟုတ်တယ် အကိုဇော် ။မှားတာကိုပဲ အပြစ်တွေဖို့နေမယ့်အစား ကောင်းတဲ့လမ်းကြောင်းဘက်ကို ညွှန်ပြသင့်တာပါ။

YM said...

တွေးစရာလေး..။
ဒါပေမယ့် ကလောင်သွားက ထက်လွန်းတော့
ဖတ်သူတွေကို ရှကောင်းရှနိုင်တယ်။
:)

မြသွေးနီ
www.myathwayyni.com

Mr. Koe said...

ကိုဇော်ရေးတဲ့အတိုင်းအနောက်နိုင်ငံတွေ- အထူးသဖြင့် USA မှာကျင့်သုံးနေပါတယ်-
ကြာပါပြီ။
အပြုသဘော၊ နဲ့ စေတနာကောင်း ပါတဲ့ပဲ့ပြင်အကြံပေးမှု့  ကိစ္စမှန်သမျှ နာခံလိုက်နာသွားကြတာများပါတယ်၊ ငါသာသိတယ် မင်းမှားတယ် ငါပြောသလိုလုပ်-ဆိုတဲ့ ပုံစံခွက်ဝေဖန်မှု ကတော့ သူပြောတာမှန်နေတယ်ဘဲထားအုံး နာခံဘို့ ခက်တတ်ပါတယ်၊ ကြောက်လို့သာခဏလောက်လုပ်ပြမယ်-ဘယ်တော့မှပြင်လိမ့်မည်မဟုတ်။
အဲဒီအလေ့အထက သက်ဦးဆံပိုင်-dictator နိုင်ငံတွေကသာကျင့်သုံးကြတာပါ-ကိုဇော်တို့လို လူတွေများလာရင်-အဲဒီ ပုံစံခွက်ဝေဖန်မှုတွေ-သက်ဦးဆံပိုင်စံနစ်တွေ
ပျောက်ကွယ်သွားပါလိမ့်မယ်များများသာရေးပါအားပေးပါတယ်။

phyo said...

ကိုဇော်ရေ.. ဝေဖန်မှုက နေရာတိုင်းမှာ ရှိနေမှာပါဘဲ..အဓိက ကတော့ ကိုယ်လုပ်သမျှ လုပ်ရပ်တွေမှာ ပညာရှိသူတော်ကောင်းတွေ မကဲ့ရဲ့တဲ့ အပြုအမူဖြစ်နေဖို့ အရေးကြီးဆုံးပါဘဲ... ကျန်သူတွေ ဘာပြောပြောပေါ့နော်...

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.