မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


16 March 2010

0 အဖွားဆီက ရလိုက်တဲ့ အရာ



နိဒါန်း

ကျွန်တော်ဟာ ၂ နှစ်ခွဲသားလောက်ကတည်းက အဖွားနဲ့ အတူတူ ညအိပ်ယာဝင်ရင် အိပ်ခဲ့ရတယ်။ အဖွားက ဗဟုသုတရဖွယ်အကြောင်းအရာများ ၊ ၅၅၀ ဇာတ်နိပါတ်တော်များ ၊ ဟိုးအရင်က ကျွန်တော်တို့ မမှီလိုက်တဲ့ အကြောင်းများ ၊ လေးစားအားကျဖွယ် ပုဂ္ဂိုလ်များအကြောင်း .... ဒီလို အကြောင်းတွေ အဖွားပြောပြတာကို နားထောင်ရင်း ကျွန်တော် ကျွန်တော့် အိပ်ယာဝင်ရာ ညများစွာကို ဖြတ်သန်းခဲ့ရပါတယ်။

ကျွန်တော့်ကို ပထမဦးဆုံး အတွေးအခေါ် ၊ ဗဟုသုတတွေ သင်ပေးခဲ့တာ အဖွားဖြစ်ပါတယ်။ အဖွားပြောတဲ့ အဖြစ်အပျက် ၊ ပုံပြင်လေးတွေမှာ ကျွန်တော် ထပ်ဆင့်ပေါင်းများစွာ စဉ်းစားဖြစ်ခဲ့ပါတယ်။ အဖွားကလည်း မှားရင် မှားတယ် ၊ မှန်ရင် မှန်တယ်ဆိုတာကို အရှိအတိုင်း ပြောရဲ ဆိုရဲအောင် သင်ပေးတတ်ပါတယ်။

တက္ကသိုလ်ဆိုတဲ့ ပညာလေ့လာရာ နေရာ ၊ ဒီသာပေါမောက္ခ ဌာနေမှာ သွားပြီး အသိပညာတွေ မသင်ရသေးရဲ့ ကျွန်တော့်အဖို့ ညဖက် အဖွားရဲ့ အိပ်ယာဝင်ပုံပြင်တွေက ကျွန်တော့်ကို ဗဟုသုတပေါင်းများစွာ ပေးပါတယ်။ ဒီလိုနဲ့ အကြောင်းအရာ တော်တော်များများ ကျွန်တော် တွေးမိ ၊ စဉ်းစားမိလာခဲ့တယ်။ ဒါပေမဲ့.အဖွားမပြောပြ ၊ အသင်ပေးပဲ နဲ့ ကျွန်တော် အဖွားဆီက ရလိုက်တာ တစ်ခု ရှိပါတယ်။ ဒါကတော့.......

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~


ဖြစ်စဉ်(၁)

ကျွန်တော်တို့အိမ်က ရပ်ကွက် ဓမ္မာရုံနဲ့ နီးပါတယ်။ ဒါကြောင့် ဝါကျွတ်သီတင်းကျွတ် ၊ တန်ဆောင်တိုင်ကာလတွေ အပါအဝင် ဘာသာရေးညီညွှတ်တဲ့ ကျွန်တော်တို့ ရပ်ကွက်မှာ တရားပွဲတွေ တော်တော် များများ အချိန်ကြာကြာ ကျင်းပတတ်ကြပါတယ်။

အဖွားက ဓမ္မရုံကို သွားပြီးတရားနာတတ်သလို အိမ်ကနေ တရားလည်း နာနေတတ်တယ်။ အိမ်နဲ့ ဓမ္မာရုံက နီးတော့ တရားဟောသမျှ အတိုင်းသား ကြားရပါတယ်။ အဖွားနဲ့ ကျွန်တော် အိပ်ယာထဲမှာ လှဲနေရင်း တရားနာကြတယ်။ ကျွန်တော် မသိတာ မရှင်းတာကို အဖွားကို မေး ၊ အဖွားက ပြန်ရှင်းပြ.. ဒီလိုပေါ့။ ဒီလိုနဲ့ နှစ်နည်းနည်းကြာလာတော့ တရားပွဲတွေ ရှိတဲ့ ညတွေမှာ တရားနာပြီး မနက်မိုးလင်းရင် အဖွားပြောနေကြ စကားတစ်ခွန်းလို ဖြစ်လာတဲ့ စကားလေး တစ်ခွန်းကို ကျွန်တော် သတိထားမိလာတယ်။ ဒါက.....

“ ညက တရားပွဲလေး ကောင်းလိုက်တာ.။ တရားဟောတဲ့ ဆရာတော်ကလည်း အသံရော ၊ ဥပမာပေးတွေရော ကောင်းတယ်။ ဒီလောက် ကောင်းပါတယ် ဆိုတဲ့ တရားကို ဂရုတစိုက် နာနေရင်းနဲ့ ဘယ်အချိန်အိပ်ပျော်သွားမှန်း မသိလိုက်ဘူး.။ မနက်ရောက်မှကို နိုးတော့တယ်.။ ဘာတွေ ဟောသွားမှန်းကို မသိလိုက်ရတော့ဘူး။ ”

ကျွန်တော်လည်း ငယ်သေးတော့ ဘာမှ သေချာ မသိသေးပါ။


~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~


ဖြစ်စဉ်(၂)


ကျွန်တော်တို့ အိမ်ဘေးက အိမ်မှာ နေတဲ့ လင်မယားမှာ ကလေး ၄ ယောက်ရှိပါတယ်။ မိန်းမက ဈေးရောင်းသလို ၊ ယောက်ျားကလည်း ဈေးရောင်းတယ်။ မိန်းမက အရက်မသောာက်ပေမဲ့ ယောက်ျားကတော့ ချိုးပါပဲ။ နေ့တိုင်းမူးတယ်။ မူးလာတိုင်းလည်း လင်မယား စကားမများတဲ့နေ့ မရှိ။ နည်းနည်းနဲ့ တိုးတိုး များတာနဲ့ ၊ များများ နဲ့ ကျယ်ကျယ် များတာပဲ ရှိမယ်။

ကျွန်တော်လည်း ကလေးအရွယ် ဆိုတော့ ဘာရယ် ၊ ညာရယ် မသိသေးပေမဲ့ ဒီလူကြီး မူးပြီး ညဘက် သူ့မိန်းမကို ရစ်နေတာကြောင့် အရက်သမား နဲ့ အရက်ဆိုတာကို မုန်းနေမိတယ်။ ဒီလို မူးနေတဲ့ ယောက်ျားကို ဘာလို့ ဆက်ပေါင်းနေတာလဲလို့လဲ ဒီမိန်းမကို အံ့သြမိတယ်။ ဒါပေမဲ့ .. ကလေးအတွေးဆိုတော့လည်း ခဏပါပဲ။ နောက်တော့ မေ့သွားတာပါ။

ဒါပေမဲ့ .. မေ့မရတာ တစ်ခုတော့ ရှိနေတယ်ဗျ။ ဒါကတော့ သူတို့ ညဘက် ရန်ဖြစ်ရင် ဘေးပတ်ဝန်းကျင်က လူတွေ အိပ်ရေးပျက်သလို အနှောင့်အယှက်လည်း ဖြစ်တယ်လေ။ ဒီတော့ အိမ်ချင်းကပ်နေတဲ့ ကျွန်တော်တို့လည်း ပိုပြီးတော့ ကြားနေရတော့ ပိုပြီး အိပ်ရေးပျက်ရတယ်။

ဒါပေမဲ့.. ကျွန်တော် ဘာမှ မသိပါဘူး။ အိပ်ပျော်သွားတာပါပဲ။ ဒါပေမဲ့.. ဒီလို ညဘက် ဒီလင်မယား အကြီးအကျယ် ရန်ဖြစ်ပြီး နောက်နေ့ မနက်ဆိုရင် အဖွားပြောနေကြ စကားလေး တစ်ခွန်းကို ကျွန်တော် သတိထားမိလာပြန်တာပါပဲ။

“ ညက ဘေးအိမ်က လင်မယား ရန်ဖြစ်လိုက်တာ တစ်ညလုံးကို မအိပ်ရဘူးဟေ့။ ရိုက်ကြ ၊ နှက်ကြ မဖြစ်ပဲ သူတို့ စကားလုံးတွေနဲ့ ပစ်နေတာ။ ဘေးက လူတွေက ဘယ်လိုလုပ် အိပ်လို့ ရတော့မလဲ.။ ညကတော်တော် အိပ်ရေးပျက်တယ်။ ”

ကျွန်တော် အမြဲလိုလို ကြားနေရတော့ တစ်ခုခုကို စဉ်းစားမိသလို ဖြစ်သွားတယ်။ ဒီလို...


~ ~ ~ ~ ~ ~ ~ ~@ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ဖြစ်စဉ်(၃)

ဒီတော့ ... နောက်.. ကျွန်တော် အသက်လေး နည်းနည်းရလာတော့ ကျွန်တော် ဒီအဖြစ်အပျက်လေး နှစ်ခုကို ယှဉ်တွေးပြီး ကျွန်တော်စဉ်းစားမိလာတယ်။

လူတွေမှာ ကိုယ်နှစ်သက်တယ် ဆိုရင် စိတ်အာရုံကို နှစ်ထားတတ်တယ်လေ။ စိတ်ဆိုတာ အရမ်းနှစ်ထားတာ များရင် ပင်ပန်းပြီး အလိုလို အနားယူတဲ့ အနေနဲ့ အိပ်ပျော်သွားတတ်တယ်။ ဒါကြောင့် စာကျက်နေရင်း အိပ်ပျော်သွားတာတို့ ဘာတို့ ဖြစ်ကြတာ။ ဒါကို သတိလေးနဲ့ ထိန်းပေးရတာ။ အခု ကျွန်တော် အဖွားကလည်း သူနာချင်တဲ့ တရားကို အိပ်ယာထဲက နာနေတော့ လူက အနားရပြီး စိတ်နဲ့ ဦးနှောက်က အာရုံစူးစိုက်နေရတာ ဆိုတော့ စိတ်ပင်ပန်းပြီး အိပ်ပျော်သွားတာပါ။

ဟို လင်မယား ရန်ဖြစ်တာမှာကျတော့ ကျွန်တော့်အဖွားစိတ်ထဲမှာ အနှောင့်အယှက်လေ။ လူတွေမှာ ကိုယ်မနှစ်သက်တာဆိုရင် ပိုပြီး စိတ်က မလိုချင်လေ အာရုံထားမိနေတတ်တယ်။ ဒါပေမဲ့ စူးစိုက်မှုက မရှိတော့ စိတ်ကတော့ မပင်ပန်းဘူး။ စိတ်မပင်ပန်းတော့ လူက လန်းဆန်းနေတယ်။ ကိုယ်မနှစ်သက်တဲ့ အသံတွေကို ကြားလေ လုက အိပ်လို့ မရလေ။ ဒါကို ပိုကြားမိလေလေ။ ဒီမှာ ပိုပြီး အနှောက်အယှက် ဖြစ်မိလေလို့ ကျွန်တော် ထင်တယ်။

ဒါကြောင့် ကျွန်တော် တစ်မျိုးပြောင်းပြီး စမ်းသပ်ကြည့်လိုက်တယ်။ ဒီလင်မယား ညဖက်ရန်ဖြစ်တဲံ့ အချိန်ဆိုရင် ကျွန်တော် သူတို့ ရန်ဖြစ်သံကို ဂရုစိုက်ပြီး နားထောင်ကြည့်တယ်။ သာယာနာပျော်ဖွယ် အသံတော့ မဟုတ်ဘူးပေါ့ဗျာ။ လင်မယား ရန်ဖြစ်ပါတယ် ဆိုမှ တစ်ယောက်နဲ့ တစ်ယောက် ငယ်ကျိုးငယ်နာတွေပါ ဖော်ကြတာပေါ့။ ဒါပေမဲ့..ကျွန်တော် သူတို့ ပြောတာကို ကျွန်တော် အာရုံစိုက်ပြီး သေချာ နားထောင် လိုက်တယ်။ ဇာတ်လမ်းလေး တစ်ပုဒ်ကို နားထောင်နေသလိုမျိုး။

ဒီမှာ ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ။ ကျွန်တော် ကြာကြာ နားမထောင်လိုက်ရဘူး။ ကျွန်တော် အိပ်ပျော်သွားတာပါပဲ။ ဒီမှာ လူတွေရဲ့ စိတ်နေစိတ်ထားလေးကို သဘောပေါက်လိုက်ရပါတယ်။ လူ့စိတ်ဆိုတာ ကိုယ်က ပိုပြီး စိတ်ပါဝင်စားလာလေလေ စိတ်ပင်ပန်းပြီး လွတ်သွားတတ်သလို ၊ စိတ်မှာ အနှောင့်အယှက် ဖြစ်နေတယ် ဆိုလေ ပိုပြီး ကိုယ့်အာရုံထဲ ဝင်လာလေလေပါပဲ။

ဒါကြောင့် အကြောင်းအရာ တစ်ခုခု ၊ အသံ တစ်ခုခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေတယ် ဆိုတဲ့ သူငယ်ချင်းတွေ အတွက်ပါ။

ကျွန်တော် ပြောချင်တာကတော့ ကိုယ့်ရဲ့ “ စိတ်သဘောထား ( Attitude ) ” က အရာရာကို အဆုံးအဖြတ်ပေးသွားတာပါပဲ။



ကိုဇော် ခံစားပုံဖော်သည်။



http://zaw357.multiply.com/journal/item/746 မှာ 11.11.2009 က ရေးထားတာပါ။

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: