မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


14 March 2010

0 ငြင်းခဲ့ဖူးပါသည် တရုတ်သိုင်းကားတွေဆီ



ကျွန်တော် အရင်တုန်းကသူငယ်ချင်းတွေ ၊ ဆရာတွေ ၊ အပေါင်းအသင်းတွေ နဲ့ ငြင်းခဲ့ဖူးပါတယ်။ အဲ..တကယ်တော့ ငြင်းတယ် ဆိုတာထက် သူတို့ အမြင်သော အချက်လေးကို ပြောဖူးတယ် ဆိုတာ ပိုမှန်မှာပါ။

ကျွန်တော်တို့သူငယ်ချင်းတွေ စာတွေ အပြိုင်းအရိုင်း ဖတ်နေကြတုန်းကပေါ့။ ဒီလိုပဲ ကိုယ်သန်ရာ သန်ရာ စာတွေ ဖတ်ကြပါတယ်။ ရသလိုင်းတွေပဲ ဖတ်သူ ရှိသလို ၊ ဘာသာပြန်တွေကိုမှ ကြိုက်သူလည်း ရှိတယ်။ ကျွန်တော်ကတော့ အစုံဖတ်ပါ။ ဒီမှာ တစ်နေ့တော့ ဆရာတစ်ယောက် ၊ လေးစားသမှုနဲ့သာ ဆရာလို့ ခေါ်တာ သူနဲ့ ကျွန်တော် သိပ်တော့ မသိပါဘူး။ ဒါပေမဲ့ နာမည်ကြီး ဘာသာပြန်သူတစ်ယောက်ပါ။ ဖြစ်ချင်တော့ တွေ့တွေ့ချင်း စောက်နဲ့ ထွင်းဆိုသလိုပါပဲ။

ဒီဆရာက စာအုပ်စာပေတွေအကြောင်း ပြောရင်း ဘာသာပြန် စာအုပ်တွေ ဘယ်လို အတွေ့အကြုံတွေ ဖြန့်ဝေပေးနိုင်ကြောင်းကို တွင်တွင်ပြောပါလေတော့တယ်။ ဒီမှာ သူငယ်ချင်း တစ်ယောက်က ဘာသာပြန်ဆိုရင် တရုတ်သိုင်းဝတ္ထုတွေကိုလည်း ဘာသာပြန် စာရင်းထဲ ထည့်သင့်လားလို့ ဒီဆရာကို မေးလိုက်ပါတယ်။

ဒီမှာ ဒီဆရာက ...

“ မဟုတ်ဘူး။ ဘာသာပြန်တာ ဆိုပေမဲ့ တရုတ်သိုင်းဝတ္ထုတွေ ဖတ်ခြင်းက ဘာမှ အကျိုး မရှိဘူး။ အလကားပဲ။ ဒီအထဲက ဘာမှလည်း ပညာရစရာ မရှိဘူး။ နောက်ပြီး သူ့အထဲက သိုင်းကွက်ဆိုတာတွေက ဘယ်မှာလဲ အပြင်မှာ ကျင့်လို့ရလို့လား။ အလကားပဲဗျ မဖတ်သင့်ဘူး။ ”

ဒီဆရာက ဒီလို ပြောတော့ ဒီအချိန်မှာ စာပေ အစုံဖတ်နေတဲ့ ကျွန်တော် အပါအဝင် သူငယ်ချင်း တချို့က မကျေနပ် ဖြစ်မိကြတယ်။ ဒါပေမဲ့..ဒီဆရာကလည်း တော်တော်ကို နာမည်ကြီး ဘာသာပြန်ဆရာဆိုတော့ သူ့ကိုလည်း မဟုတ်ဘူးလို့ ဘယ်သူ့မှ ခံမငြင်းလိုကြဘူး။ ဒီမှာ .... မြင်ရင် ၊ တွေ့နေရင် မခံချင်ဖြစ် မိတတ်တဲ့ ကျွန်တော်နဲ့ပါပဲ ၊ တိုးတိုက်မိကြတယ်။

“ ဒီလိုတော့ မဟုတ်သေးဘူး ဆရာ။ ယူတတ်ရင်တော့ နေရာတကာမှာ ပညာတွေချည်းပါပဲဗျာ။ တရုတ်သိုင်းကားတွေမှာလည်း သူ့ဖာသာသူတော့ ပညာတွေ ရှိနေပါတယ်။ ”

ဒီဆရာက ကျွန်တော့်ကို မသိပါဘူး။ ပြီးတော့ ကျွန်တော်က ဘာကောင်မှ မဟုတ်လေတော့။ ဒီလို လူတစ်ယောက်က သူ့ကို ခံငြင်းတော့ သူမခံနိုင်ဘူး ထင်တယ်။ ခေါင်း ဆက်ခနဲ့ ဖြစ်ပြီး....

“ သြ...ဟုတ်လား။ ပြောပါဦးဗျာ။ တရုတ်သိုင်းဝတ္ထုတွေကနေ ဘာတွေများ ပညာယူလို့ ရနေတာလဲ။ သိုင်းတွေ တော်တော် တတ်နေပြီ ထင်တယ် ဟုတ်စ။ ”

“ မဟုတ်ပါဘူးဆရာ။ ဘာမှ ပညာမှ မရပါဘူးဆိုရင်တောင်မှ တရုတ်သိုင်းဝတ္ထုတွေမှာ ပါနေတဲ့ အဓိက မင်းသားကို ကြည့်ကြည့်ပါ။ သူဟာ အားလုံးထက် စည်းကမ်းကောင်းနေမယ်။ အကျင့်စာရိတ္ထ မြင့်မားနေမယ်။ ကိုယ်ကျင့်တရား ကောင်းနေမယ်။ စိတ်ဓါတ်အင်အား ကောင်းနေမယ်။ ဒါလေးတွေက တရုတ်သိုင်းဝတ္ထုတွေထဲက ယူရမဲ့ ပညာတွေပါပဲ။

တရုတ်သိုင်းဝတ္ထုထဲက မင်းသားဟာ ဘယ်လောက်ပဲ ဆင်းရဲနေပါစေ ၊ အခက်အခဲတွေ တွေ့နေပါစေ ။ ဘယ်လောက်ပဲ ပင်ပန်း ကြမ်းတမ်းနေပါစေ။ သူ့မှာ ရှိတဲ့ ကိုယ်ကျင့်တရားတွေ ၊ စွန်လွှတ်မနစ်နာခံမှုတွေ ၊ စိတ်ဓါတ်တွေကို ဘယ်တော့မှ မရတော့ဘူး ၊ မဖြစ်နိုင်တော့ဘူးဆိုပြီး စွန့်လွှတ်လိုက်တာမျိုး မရှိပါဘူး။ ဒါသည်ပင် တရုတ်သိုင်းဝတ္ထုတွေထဲက ဇာတ်ကောင်ဆီက ယူရမဲ့ သင်ခန်းစာပါ ၊ ပညာပါ။

တစ်နည်းပြောရရင် တရုတ်သိုင်းဝတ္ထုတွေက ပေးချင်တာကတော့ “ ကိုယ်ကျင့်တရား ၊ အကျင့်စာရိတ္တ ( Morally ) ” ပါပဲ။ ”

ဒါလေးပြောပြီးတော့ ကျွန်တော်လည်း ဘာမှ ဆက်မပြောဖြစ်ခဲ့တော့ပါ။ တကယ်လည်း ဆက်ပြောချင်လည်း မပြောနိုင်ခဲ့ပါ ၊ ဘာလို့လည်း ဆိုတော့ ဒီဆရာက သူ့လို ဘာသာပြန်ဆရာကို ဒီလို ဘာမှ မဟုတ်တဲ့ လူတစ်ယောက်က အများကြားမှာ ပြောရမလား ဆိုပြီး လက်ဖက်ရည်ဖိုးတောင်မှ မရှင်းပဲ ထထွက်သွားလို့ပါပဲ။ ဒီတော့ ကျွန်တော်ပဲ လက်ဖက်ရည်ဖိုး ရှင်းလိုက်ရပါတယ်။

နောက်တော့ ကျွန်တော်တို့လည်း မေ့မေ့ပျောက်ပျောက်ပါပဲ. ဖြစ်သွားခဲ့ပါတယ်။ ဒါနဲ့ တော်တော်ကြာတော့ ကျွန်တော့်ကို သူငယ်ချင်း တစ်ယောက်က ခေါ်လို့ သူနဲ့ မြို့ထဲ လိုက်သွားရင်း ဒီဆရာနဲ့ လက်ဖက်ရည်ဆိုင်မှာ ထပ်ဆုံပါတယ်။ ကျွန်တော်လည်း ပြန်ထွက်ရင် ကောင်းမလားလို့ စဉ်းစားနေတုံး သူငယ်ချင်းက အတင်းဆွဲပြီး သူထိုင်နေတဲ့ စားပွဲဆီကို တန်းသွားပါတော့တယ်။

ကျွန်တော့်မှာ မျက်နှာတွေ ပူလိုက်တာဗျာ။ အဲဒီတုန်းကတော့ တစ်ဖက်သတ်ကြီး ပြောလို့ ဝင်ပြောလိုက်မိတာပါ။ ဒါပေမဲ့ ခဏကြာတော့ ဒီထက် မျက်နှာ ပိုပူရပါတော့တယ်။

ဒီဆရာက ကျွန်တော့်ကို သူတကယ်ကို တရုတ်ကားထဲက ပညာရစရာတွေကို မမြင်လိုက်မိကြောင်း ၊ ကျွန်တော် ပြောလိုက်မှပဲ ဒီအကြောင်းတွေကို မြင်မိကြောင်း ၊ ဒါကြောင့် ကျေးဇူးတင်မိကြောင်း နဲ့ အရင်က သူ ဒေါသထွက်ပြီး ထပြန်သွားမိတဲ့ အတွက်လည်း တောင်းပန်ကြောင်း ၊ လက်ဖက်ရည်ဖိုးတောင်မှ မရှင်းမိကြောင်း ၊ ဒါကို အခု ပြန်ပြီး သူရှင်းပါရစေလို့ ပြောလာတာပါပဲ။

ဒီမှာ ကျွန်တော် တစ်ခု တွေးလိုက်မိတယ်။ တကယ် စိတ်ဓါတ်ရေးရာ ပြည့်ဝသူတွေဟာ ဒေါသ ထွက်ရင်တော့ ထွက်မိကြပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ ဒီလို ဒေါသထွက်မိတဲ့ အကြောင်း ၊ အမှားကို မြင် အမှန်ပြင်နိုင်တဲ့ အချိန်မှာ ဝန်ခံ တောင်းပန်ဖို့ ဝန်မလေးတတ်ကြတာကိုလည်း ကျွန်တော် တွေ့ခဲ့ ၊ သိခဲ့ရပါတော့တယ်။

ကျွန်တော် သိလိုက်ပါတယ်.။ ဒီဆရာ တစ်ယောက် တရုတ်သိုင်းဝတ္ထုတွေထဲက မင်းသားစရိုက်ဖြစ်တဲ့ ကိုယ်မှားတာကို မှားပါတယ် လို့ ဝန်ခံရဲတဲ့ သတ္ထိရလာပါလားလို့ ကျွန်တော် တွေးမိတယ်။ ဒါဟာလည်း “ ကိုယ်ကျင့်တရား ” ပဲ မဟုတ်ပါလားဗျာ။


မှတ်ချက်။ ။ ညက ကျွန်တော်အတွက် ညနက်တဲ့ အထိ အမှတ်တရ စာလေးစာရေးပေးတဲ့ ညီမလေး သျှင် အတွက် အမှတ်တရပါ.။ သူ ကျွန်တော် အတွက် ရေးပေးတဲ့ စာလေးကတော့ .. “ (Ethic) ကျင့်ဝတ်ဆိုင်ရာ (၁) ” ပါ။ ဖတ်ကြည့်သင့်ပါတယ်.။



ကိုဇော် ခံစားပုံဖော်သည်။


http://zaw357.multiply.com/journal/item/722
မှာ 1.11.2009 က ရေးထားတာပါ။

.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: