မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 March 2010

10 ဝေဖန်သူ ရဲ့ အဓိပ္ပါယ်

စက်ရုံမှာ နည်းနည်းတော့ ရှုပ်တယ်။ စူပါဗိုက်ဇာတွေ အများကြီး။ ဒီအထဲမှာမှ သူက နည်းနည်းပိုရှုပ်တယ်။ သူက GM ရဲ့ ယောက်ဖ ဖြစ်သလို ၊ GM ညီမ နောက်တစ်ယောက်ကိုလည်း သူဌေးသားတစ်ယောက်က ယူထားလေတော့ သူက GM ရဲ့ ယောက်ဖ ၊ သူဌေးသားနဲ့ မယားညီအစ်ကို ဒီလို တော်တယ်။

သိသိတတ်တတ် မရှိပေမဲ့ လေကတော့ အတော်ထွက်တဲ့သူ။ ပြီးတော့ သူ့စိတ်နဲ့လည်း အရာရာက အဆင်ပြေ မနေတတ်ဘူး။ တွေ့သမျှလူနဲ့ အဆင်ပြေတယ်လို့လည်း မရှိ။ တွေ့ရာ နေရာ ၊ ရောက်ရာ နေရာ ၊ တွေ့တဲ့ လူနဲ့ သူနဲ့ အမြဲတမ်း ပူညံပူညံ ၊ ဆူညံဆူညံ ဖြစ်စမြဲ။ သူနဲ့ တွေ့ဆုံရသူတွေလည်း စိတ်ဆင်းရဲ ရစမြဲ။

ဒါကြောင့် သူဆိုရင် အားလုံးက ရွံကြောက်ကြီးလိုလို သူလာရင် ရှောင်သွားတတ်တယ်။ သူကလည်း သူနဲ့ ပြောမိတဲ့ လူတွေကို ဘယ်သူမှ စိတ်မချမ်းသာစေရဘူး။ တစ်ခုမဟုတ် တစ်ခု အပြစ်ရှာပြောနေတာပဲ။ ဒီတော့ သူလာရင် လူရှဲတယ်။ ဒါပေမဲ့ စက်ရုံမှာ သူ ဘာပြောပြော ၊ ဘယ်လိုပဲ အပြစ်ရှာရှာ ဘာမှ မဖြစ်သလို မတုန်လှုပ်ပဲ အေးချမ်းစွာ ကိုယ့်အလုပ် ကိုယ်လုပ်နေတဲ့ သူတစ်ယောက်တော့ ရှိတယ်။ ပြဿနာစူပါကလည်း သူ့ကိုတော့ တော်တော်ရှိန်တယ်။ ဒါက ကျွန်တော့် “ မန်နေဂျာ ” ။

အဲဒီနေ့က . . . ကျွန်တော့်အလုပ်ထဲမှာ ပြဿနာစူပါ က လာပြီး ဘာဘာညာညာတွေ လာပြောတယ်။ သူနဲ့ မသက်ဆိုင်တဲ့ ဒီ ( Lab ) ကို လာပြီး ဘာညာလာပြောတော့ ကျွန်တော်လည်း ဒေါသတွေ ထွက်ပြီး ပြန်ပြောမိတယ်။ သူကလည်း သူ့ကို ဘယ်သူမှ ပြန်မပြောလေတော့ စိတ်တွေဆိုးပြီး ဝူးဝူးဝါးဝါးနဲ့။ သူနဲ့ ကျွန်တော် တစ်ယောက် တစ်ခွန်း စကားများနေတုန်း ကျွန်တော့်မန်နေဂျာ ရောက်လာတယ်။ မန်နေဂျာ လာတော့ သူက သူ့ဖာသာရှောင်ထွက်သွားတယ်။ ဒါက သူ့အလုပ်မှ မဟုတ်တာ။

ဒေါသတွေနဲ့ တငွေ့ငွေ့လောင်ကျန်နေတဲ့ ကျွန်တော့်ကို မန်နေဂျာက ခေါ်ပြီး စကားပြောတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက် တစ်ခုကို ချပြတာဖြစ်တယ်။ သူရဲ့ ရှင်းပြမှုက ပီပြင်လွန်းလို့ ယောင်ချာချာ
တောင်မှ ဖြစ်မိသေးတယ်။

“ လောကမှာ လူတွေက ဒီလို ရှိတယ်ကွ။ မင်း ဘောလုံးပွဲ ကြည့်ဖူးလား။ ”

“ ဟုတ်ကဲ့။ ကြည့်ဖူးပါတယ်။ ”

“ ဘောလုံးသမားတွေ ဘယ်လောက် အင်တိုက် အားတိုက် ကြိုးစားကစားကြလဲ တွေ့တယ် မဟုတ်လား။ ”

“ ဟုတ်ကဲ့။ ”

“ သူတို့ ဘယ်လို ကစားပါ့မယ်။ ဘယ်လို ကစားပါတယ် ဆိုပြီး သူတို့ သူများကို ပြောဖူးလား။ ”

“ မပြောကြပါဘူး။ ကြိုးစား ကစားမယ်ပဲ ပြောကြပါတယ်။ ”

“ အေး. . ဟုတ်တယ်။ သူတို့ ပွဲအခြေအနေပေါ်မူတည်ပြီး အင်အားကို ညှစ်ထုတ်ပြီး ကစားကြတယ်လေ။ ”

“ ဟုတ်ပါတယ်။ ဒီလိုပါပဲ။ ”

“ မင်း. . ဘောလုံးပွဲ ဝေဖန်သူ တွေ ဘောလုံးပွဲ မကစားခင် ၊ ဘောလုံးပွဲကစားပြီးမှာ ဝေဖန်တာတွေကိုရော နားထောင်ဖူးလား။ ”

“ ဟုတ်ကဲ့ . .နားထောင်ဖူးပါတယ်။ ”

“ ဘယ်လိုနေလဲ။ ”

“ ဘယ်လိုနေလဲ ဆိုတော့ သူတို့က လက်ရှိ အသင်းရဲ့ လူစာရင်းတွေ အဖြစ်အပျက်တွေကို ခြုံပြီး လေ့လာသုံးသပ် ဝေဖန်တာပါ။ ”

“ ဟုတ်ပြီ။ သူတို့ ပြောသလို အပြင်မှာ တကယ် ဖြစ်လာခဲ့ရဲ့လား။ ”

“ ဒါကတော့ ပြောရခက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဘောပွဲဆိုတာ ဘာမှ အတိအကျပြောလို့ရတာမှ မဟုတ်တာ။ ကိုယ်က ဒီလို ထင်ထားပေမဲ့ တကယ်ကန်တဲ့ အခါမှာ ဖြစ်ချင်မှ ဖြစ်လာတာလေ။ ”

“ ကောင်းတယ် မှန်တယ်။ ဘောပွဲအပြီးမှာရော သူတို့ ထပ်ပြီး ဘောလုံးပွဲကို ဝေဖန်ကြတယ်လေ။ သူတို့ ဝေဖန်တာတွေ မှန်နိုင်လား။ ”

“ ဒါကတော့ သူတို့ အမြင်တွေပါပဲ။ ဥပမာ ဘောလုံးလွဲသွားတယ် ဆိုပေမဲ့ ဘယ်ဘောသမားကမှ ဒီဘောလုံးကြီးကို လွဲစေချင်မှာ မှ မဟုတ်တာ။ အခြေအနေအရသာ လွဲချော်သွားတာ။ ”

“ ဒါပေမဲ့. . ဒီလို ဝေဖန်နေတဲ့ သတင်းကဏ္ဍက ပုဂ္ဂိုလ်တွေက အရင်က ဘောလုံးနဲ့ ပတ်သတ်ပြီး တကယ်ကို ကျွမ်းကျင်ခဲ့သူများပဲ မဟုတ်လား။ ”

“ ဟုတ်ပါတယ်။ သူတို့ဟာ အရင်က ဘောလုံးသမားတွေလည်း ဖြစ်ခဲ့ကြတယ်။ ဘောလုံးနည်းပြ ဆိုသူတွေလည်း ပါတယ်။ ”

“ မှန်တယ်ကွာ။ ငါ အခု မေးလိုက်ပေမဲ့ . . မင်း ပြန်ဖြေတဲ့ အထဲမှာ မင်းဖာသာ အဖြေပြန်ပါသွားပြီပဲ။ တကယ်တော့ ဝေဖန်တယ် ဆိုတဲ့ “ ဝေဖန်သူ ” တွေက သူတို့ မလုပ်နိုင်တော့တဲ့ အရာကိုမှ ပြောနေကြတာပါပဲ။ ဘောလုံးသမားတွေကို ကြည့်လေ အရင်က သူ ကန်နိုင်နေတုန်းမှာ သူက ဘာကို ဝေဖန်နေလို့လဲ သူ့ဖာသာပဲ တစ်နေ့ထက် တစ်နေ့ တိုးတတ်အောင် ကြိုးစားတယ်။ နောက်တော့ သူလည်း မကန်နိုင်တော့ရော သူများ ကန်တာကို ဝေဖန်တော့တာပဲ။

လောကကြီးမှာလည်း ဒီလိုပဲ ကိုယ်လုပ်နိုင်တဲ့ အလုပ်ကို လုပ်နေရရင် သူများကို ဝေဖန်ဖို့ အချိန်မရှိဘူး။ ကိုယ့်မှာ သူများတွေလို မလုပ်နိုင်တော့ဘူးဆိုရင်တော့ သူများတွေ လုပ်နေတာကို ဝေဖန်တော့တာပါပဲ။

ဒါလေးကို မင်းသဘောပေါက်ထားရင် ဝေဖန်တယ်ဆိုပြီး ခေါင်းစဉ်တပ် ပုတ်ခတ်ပြောဆို လာသူတွေကို ပြုံးပြီး မင်းက ဘာမှ မလုပ်နိုင်တော့ဘူးနော် ဆိုတဲ့ အသိနဲ့ ခံစားကြည့်နိုင်လာလိမ့်မယ်။ ငါပြောချင်တာက ဒါပါပဲ။ ”

ဒါကတော့ ကျွန်တောတို့ စက်ရုံမှာ လူတကာနဲ့ မတည့်သော ပြဿနာစူပါ ရှိန်သော ကျွန်တော့် မန်နေဂျာ ရဲ့ ဝေဖန်သူ ဆိုတာကို သရုပ်ခွဲပြမှုပါပဲ။

ကိုဇော် တင်ပြသည်။

.


Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

မောင်သီဟ said...

ဝေဖန်တာကတော့ တခါတခါ ဆိုးလှတယ် တခါတလေ တော့လည်း အဲဒီဝေဖန်တာတွေက ကိုယ့်အတွက် သတိ ပေးသံတွေဖြစ်နေပြန်ရော အဆိုးကောင်းတွဲနေတာပေါ့ဗျာ
း) အဲဒီသူဌေးယောက်ဖကိုတော့ သတိထားဗျို့း)

ဏီလင်းညို said...

ကိုဇော်ရေ.....
ဝေဖန်တာများလွန်းရင်လည်း ကြာတော့ ဘယ်သူမှ ဂရုမစိုက်တတ်ကြတော့ဘူးလေဗျာ.....။
အဲ့ဒါကိုယ်တွေ့...း))
ခင်မင်တဲ့
ဏီလင်းညို

ကိုရီး{ကိုကြီး} said...

မှတ်သားသင့်တာလေးပေါ့ ဦးဇော်ရေ။

မြသွေးနီ said...

ဝေဖန်လေကန်သူတွေကို တအားမုန်း။
လက်တွေ့ အလုပ်လုပ်ပြတဲ့သူတွေက အသံမထွက်တတ်ဘူးလေနော်။

မအားတဲ့ကြားက အရောက်လာသွားတယ်နော။ :)

Unknown said...

တော်လိုက်တဲ့ မန်နေဂျာဗျာ....အပြင်မှာတောင်
တွေ့ လိုက်၇၇င် ဒီထက်ပိုပညာတွေ၇နိုင်အုံးမယ်
ကိုဇော် ကံကောင်းတယ်ဗျ

doublemghetto said...

စားတယ်ဗျို.

Anonymous said...

ကျမ ကိုဇော်ဘလောခ်ကို အမြဲ လိုလို ဖတ်ဖြစ်ပါတယ် ။ ကျမ အသိအမှတ်ပြုတဲ့ စာရေးသူ တစ်ယောက်မို့ လည်းအမြဲလာဖြစ်ပါတယ်။ ကွန်မန့်လဲ မရေးဖူးသလို စီဘောက်မှာတော့ တစ်ခါလောက်တော့ အော်ခဲ့ဖူးပါတယ်။ ဒီပို့စ်ကို ဖတ်ပြီးတော့ ရင်ထဲကနေ တစ်ခုခု ကို ဆွေးနွေးချင်သလို သို့ ဝေမျှချင်သလို ခံစားလာမိလို့ ရေးလိုက်တာပါ ။ ကွန်မန့်တစ်ခု ဟာ စာရေးသူအတွက် စာမူခ လို့ ဘလောခ်ဂါတစ်ဦးရေးတာလည်းဖတ်ဖူးတာမို့ စာမူခ ကို လည်း မြှောက်ပင့်ပေးတဲ့ပုံစံရောက်နေတဲ့စာမူခမျိုးလဲ မပေးချင်တတ်တာ ကြောင့်နားလည်စေချင်ပါတယ်။

ဝေဖန်သူကဆိုတာ ကိုယ်မလုပ်နိုင်တော့တဲ့အခါမှာ ကျမှ သူများကို ဝေဖန်အားတယ် ကိုယ်တိုင်းလုပ်နေတုန်းက ဝေဖန်ဖို့အချိန်မရကြဘူးဆိုတာ ကို ကျမ လက်ခံနိုင်ဖို့ အတော်ခဲယဉ်နေတယ် မှန်သယောင်ဖြစ်နေပေမယ့် မှားတော့လဲ မမှားပါဘူး ။
ကျမ မှာ အဒေါ်တစ်ယောက်ရှိပါတယ် သူက မုန့်ဟင်းခါးအရမ်းကြိုက်သူ ပါ ဒါပေမယ့် မုန့်ဟင်းခါးတော့ မချက်တတ်ပါဘူး ဒါပေမယ့်သူ က မုန့်ဟင်းခါးစားတိုင်း မုန့်ဟင်းခါးတစ်ပွဲ ကောင်းမကောင်းကိုတော့ အမြဲ မှတ်ချက်ပေးလေ့ရှိပါတယ်။မုန့်ဟင်းခါးမချက်တတ်သူက မုန့်ဟင်းခါး ကောင်းမကောင်းကို ဝေဖန် သုံးသပ် မှုမှာ မှားတယ်မှန်တယ် ချက်တတ်တယ် မချက်တတ်ဘူးဆိုတာ နဲ့တော့ ဆိုင်မယ်မထင်ပါဘူး။ လူတစ်ယောက်က ဘော်လုံးကို ကောင်းကောင်းကန်တတ်ချင်မှကန်တတ်ပါလိမ့်မယ် ဘောလုံးပွဲကြည့်ရင်တော့ ဘယ်ဘော်လုံးကစားသူက ကောင်းတယ်မကောင်းဘူးဆိုတာ ဝေဖန်တတ်ပါတယ် ။ ကျမ ငယ်ငယ်ကဆို ကျမ ဆရာတွေကို အမြဲဝေဖန်လေ့ရှိပါတယ် ။ ကျမ ဆရာတစ်ယောက် စာအသင်အပြ ကောင်းမကောင်း လိုအပ်ချက် အားနည်းချက် အားသာချက်ကို ကျမ မြင်တဲ့ရှု့ ဒေါင့်ကနေ ဝေဖန်လေ့ရှိပါတယ် ။ အဲဒီလိုပဲ စာပေ ဘက်မှာလဲ ဝေဖန်သူဆိုတာ မရှိမကောင်းရှိမကောင်း ဆိုတဲ့ ငြင်းမရတဲ့အချက်ပါပဲ ။
နောက်တစ်ခုက ကျမ က သရုပ်ဆောင်တစ်ယောက်မဟုတ်ပေမယ့် ကျမ ရုပ်ရှင်ကြည့်တိုင်းမင်းသမီးသို့မင်းသား တစ်ယောက်သရုပ်ဆောင် ကောင်းမကောင်းကို ကျမ ဝေဖန်ပါတယ် ။ ကိုဇော်မန်နေဂျာပြောသွားတဲ့အချက်တွေက ကောင်းပါတယ် ဒါပေမယ့် သူပြောသွားတဲ့ဝေဖန်သူဆိုတာနေရာ နဲ့ အခြေအနအရပဲ မှန်ကန်ပါတယ်လို့ ကျမ ခံစားမိပါတယ်။
ဝေဖန်သူတိုင်းက တော့ အဲဒီတိုင်းဟုတ်မယ်မထင်ပါဘူး
ခင်မင်လေးစားလျက်
HM

ကိုဇော် said...

ကျေးဇူးတင်ပါတယ်..HM
နောက်ထပ် တကယ်အပြင်မှာ ဖြစ်ခဲ့တာလေးကို ပို့စ်အနေနဲ့ စောင့်ဖတ်ပေးပါ။

thu thu win said...

အပြုသဘောဝေဖန်မှုကိုတော့ လူတိုင်းလက်ခံကြပါတယ်။ကောင်းသောညပါအကိုဇော်။

ညလင်းအိမ် said...

ကျွန်တော်ကတော့ အသိတခုရသွားတယ် ...

ဆရာ တစ်ယောက်က ဟာသပုံပြင်တပုဒ်ကို ပြောပြတယ် ...
အရမ်းရယ်ရတယ် ... နားထောင်ပြီးသွားရော အရမ်းစိတ်ချမ်းသာသွားကြတယ် ...
ဒါပေမယ့် ကျောင်းသားတစ်ယောက်က အရယ်ရပ်လိုက်တယ် ... ဒီပုံပြင်ကနေ ဘာတွေ ရနိုင်လဲလို့ စဉ်းစားတယ် ... အဲဒီကနေ သူထင်တဲ့ အတွေးတခု ရသွားတယ် ... ဒီအတွေးဟာ သူ့ဘ၀တသက်စာ ကောင်းဖို့ ဖြစ်သွားတယ် ...

ဘာရယ်မဟုတ်ပါဘူး ... အပေါ်တစ်ယောက်က အရှည်ကြီးရေးသွားလို့ ..