မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 March 2010

6 အသည်းကွဲနေသည်





တကယ်လို့ ချစ်သူတွေကို ဆုံဆည်းစေတဲ့ အရာ တစ်ခုကိုပဲ ပြောပါဆိုရင် “ယုံကြည်မှု” လို့ ကျွန်တော် ပြောမယ် ဆို ချစ်သူတွေကို ဝေးကွာစေတဲ့ အရာဟာ “ သံသယ” ပါပဲ။

ကျွန်တော်ဘဝမှာ ချစ်သူနဲ့ စတင်တွေ့ဆုံခဲ့ပုံက သူများတွေလို မဟုတ်ပေမဲ့ သိပ်တော့မထူးခြား လှပါဘူး။ ပြီးတော့ အချစ်ဆိုတာမျိုးကလည်း ဘုရားဖူးသွားရင်းနဲ့ တွေ့တတ်တာမျိုး။ တက္ကသိုလ်တတ်ရင်း ကော်ရစ်တာထောင့်ချိုးမှာ ဝင်တိုက်လို့ စာအုပ်တွေ ကောက်ပေးရင်း ချစ်သူဖြစ်သွားတာမျိုး ၊ ဖိနပ်ပြတ်သွားတဲ့ ကောင်မလေးကို ကူညီရင်း ချစ်သူဖြစ်သွားတာမျိုး ဆိုပြီး ဘယ်သူကမှ အတိအကျမပြောနိုင်လေတော့ ကျွန်တော်လည်း ချစ်သူကို ဘယ်နေရာကနေ တွေ့လိမ့်မယ်လို့ မတွေးခဲ့မိပါ။

ပြီးတော့ ချစ်သူကို ကျွန်တော် မမြင်ဖူးခဲ့ပါ။ သိုသော် ကျွန်တော့်စိတ်ကူးထဲမှာ သူရှင်သန်နေနိုင်တယ်။ ဒါဟာ ကျွန်တော့် ဘဝဖြစ်သလို ၊ ဒါဟာ ကျွန်တော့် အနုပညာဆိုလည်း ဟုတ်တယ်။ ဘယ်လောက်ဝေးနေနေ ဓါတ်ပုံလေးတွေနဲ့ ကျွန်တော်တို့ငေးတယ်။ ဘယ်လောက် အလှမ်းကွာပါစေ စိတ်ကူးတွေနဲ့ ကျွန်တော်တို့ အနေနီးခဲ့ကြတယ်။ ဒါဟာ နှလုံးသားသံစဉ် ၊ ဘဝကို ခြားမမြင်ခဲ့ပါ။

လူဆိုတာ နည်းနည်းတော့လည်း ထူးဆန်းတယ်။ တစ်ခါတစ်လေ ကိုယ့်စိတ်မှာ လုပ်ချင်တာ တစ်မျိုး လုပ်နေမိတာ တစ်မျိုး ဖြစ်နေတတ်တယ်။ ဒီလိုမျိုး ကိုယ်စိတ်ကို ကိုယ်တောင်မှ မညီညွှတ်တတ်တဲ့ လူတွေကြားမှာ အံ့သြစွာ ကောင်းလောက်အောင် ကျွန်တော်နဲ့ ချစ်သူဟာ စိတ်ချင်း ၊ အတွေးချင်း အလိုလို တူနေတတ်တယ်။ ကျွန်တော့်ဘဝမှာလည်း ကိုယ့်ဖာသာကိုယ် မှန်ထဲမှာ ပြန်ကြည့်ရင်တောင်မှ ဒီလောက်ထပ်တုကျ မနေနိုင်ပါဘူး။ သူနဲ့ကျွန်တော်ဟာ အတူတူဖြစ်နေခဲ့ဖူးတယ်။

ကျွန်တော်ရဲ့ အသက်ရှူနှုန်းတွေ သူအလွတ်ရနေခဲ့ သလို ၊ သူ့ရင်ခုန်သံတွေဟာလည်း ကျွန်တော့်အတွက် အရင်းနှီးဆုံးဖြစ်နေခဲ့တယ်။ ဒါကြောင့် ဟန်ထွန်းရဲ့ “ ရင်ခုန်ဘက်သို့ တမ်းချင်း ” သီချင်းဟာ ကျွန်တော်တို့အတွက် ရေးထားသလို ဖြစ်နေခဲ့ပြီး ၊ စည်သူလွင်ရဲ့ “ ထာဝရအဖော် ” သီချင်းကလည်း ကျွန်တော်တို့အတွက် ဆိုထားတယ်လို့ပဲ ထင်မှတ်ခဲ့မိတယ်။

ချစ်သူ ကျွန်တော့်ကို ခဏခဏ ပြောဖူးတဲ့ စကားလေး တစ်ခွန်းရှိတယ်။ ကျွန်တော်က “အလွမ်း” ဓါတ်ခံရှိတယ်တဲ့လေ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တော်က “လွမ်းနေဦးမယ်” သီချင်းကို အမြဲဆိုနေတတ်သလို ၊ ရေးနေမိတဲ့ ကဗျာတွေကလည်း သရုပ်ဖော်ကဗျာတွေ မဟုတ်ရင် “အလွမ်းကဗျာ” တွေပဲ ဖြစ်နေခဲ့တာလေ။

ဒါပေမဲ့ ချစ်သူရယ် ဘယ်သူကများ ချစ်သူကို လွမ်းနေချင်မှာလဲ။ အလွမ်းဆိုတာ စာလုံးနှစ်လုံးပေမဲ့ ခံစားရတဲ့ ရင်ဘတ်တွေက တော်တော်နာတယ်။ ပြီးတော့ ပြောပြလို့လည်း ကောင်းတဲ့ အကြောင်းအရာ မဟုတ်ဘူးလေ။ ကျွန်တော်အရင်က ကဗျာရှည်လေးတစ်ပုဒ်မှာ ရေးခဲ့ဖူးသလို…


၂၀၀၄ ၊ ၂၀၀၅ ၊ ၂၀၀၆
ငါ့ကဗျာတွေ ကျိုးပျက် ခွေခေါက်
လမ်းဘေးမှာ ပုံကျ
ငါနဲ့ အတူတကွ လဲကျနေတယ်။


လို့ဆိုသလိုမျိုးပါပဲ။

ကျွန်တော် ကဗျာတွေ မရေးဖြစ်တာကြာပြီ။ သူငယ်ချင်းတွေကလည်း မေးကြပါတယ်။ ကဗျာတွေမရေးတာကြာပြီနော် နေမကောင်းလို့လား တဲ့။ ကျွန်တော် ပြန်ဖြေပါတယ်။ လူကတော့ နေကောင်းပါတယ်။ ရင်ဘတ်ထဲမှာတော့ ……………….။

Home Sick ဆိုတာ “အိမ်ကိုလွမ်းတဲ့ ရောဂါ” ဆို ချစ်သူကို လွမ်းတဲ့ ရောဂါကို ဘယ်လို နာမည်တပ်မှာလဲ။ ချစ်သူကို သူများတွေကတော့ ပြောကြတယ်.Sweetheart ဆိုပြီး မိန်းကလေးကို သုံးရတယ် တဲ့ ၊ Lover ဆိုတာက ယောက်ျားလေးတွေကို မိန်းကလေးတွေက ခေါ်တာတဲ့ ကျွန်တော်လည်း မသိပါဘူးဗျာ ယောင်ပေပေပါပဲ အုပ်အုပ် မှိုင်းမှိုင်းနဲ့ပေါ့။

ဖြစ်နိုင်ရင်ပေါ့ာ အချစ်ဆိုတာ ချစ်တတ်ရင် ချိုမြိန်ပါတယ်လေ ဒါကြောင့် ကျွန်တော်ကတော့ ကိုယ့်ဖာသာ တစ်ဦးတည်း ဘာသာပြန်သုံးစွဲထားတဲ့ Honey လို့ပဲ ချစ်သူကို နမ်စားသုံးမယ် မှားချင်လည်းမှားနေပါစေတော့။

အချစ်ဆိုတာ မမြင်နိုင်တဲ့ အရာတွေကို ဖြစ်လာစေတယ်။ ကြောက်တတ်တဲ့လူတွေကို ရဲရင့်လာစေတယ်။ ရဲရင့်တဲ့ သူတွေကို ကြောက်တတ်လာစေတယ်။ နေ့ရက်တိုင်းကို အိပ်မက်တွေနဲ့ ရှင်သန်စေနိုင်တယ်။

မထင်မရှားလူကို ကမ္ဘာကျော်စေနိုင်သလို ၊ ကမ္ဘာကျော်တွေကိုလည်း ကျဆုံးသွားစေနိုင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ချစ်တတ်သူ ၊ ချစ်ခွင့်ရနေတာနဲ့တင် လောကဟာ သာယာမှုတွေ ဖြစ်လာစေတယ်။ မနက်ဖြန်တိုင်းကို ကောင်းစွာ နိုးထလာစေနိုင်တယ်။ ကျွန်တော်ဟာလည်း ချစ်တတ်နေသူ တစ်ယောက်မဟုတ်ပါလား။ ကျွန်တော် နေ့ရက်တွေ လှပခဲ့ပါတယ်။



သြော် တကယ်လို့ ဆက်သွယ်ရေးနည်း ကိရိယာတွေ ဒီလိုမျိုး မဖွံဖြိုးလာခဲ့ဘူးဆိုရင် ချစ်သူတွေ တတီတီနဲ့ ကြေးနန်းရိုက်နေရမှာလား ၊ သူ့ဆီက စာလေးတစ်ခါဖတ်ရဖို့ တစ်လ ၊ နှစ်လလောက်စောင့်နေရမှာလား။

အခုတော့ ဆက်သွယ်ရေးနည်းပညာတွေ တိုးတတ်နေခဲ့တော့ Fax ပို့တယ် ဆိုတာတောင်မှ ဒီခေတ်က ကလေးတွေ မသိကြတော့ဘူး၊ အရင်ကတော့ Fax ပို့တယ်ဆိုတာကို ကျွန်တော်တို့ ထူးဆန်းခဲ့ကြတယ်။ အခုတော့ Fax ထက် အဆင်ပြေပြီး မြန်တယ် ၊ ကုန်ကျစရိတ်သက်သာတဲ့ Email တွေရှိနေခဲ့ပြီ။

ဘယ်နေရာကနေပဲ ဖြစ်ဖြစ် စကားပြောနိုင်တဲ့ လက်ကိုင်ဖုန်းတွေ ရှိနေခဲ့ပြီ။ တိုက်ရိုက်စကားပြောဖို့ Instant Messaging (IM) တွေရှိနေခဲ့ပြီ။ သူ့မျက်နှာကို ကြည့်ပြီး စကားပြောဖို့ VZO Chat , Yahoo , MSN , OOVOO , စတာတွေ ရှိနေခဲ့ပြီ။ စကားပြောဖို့တော့ ကျွန်တော်တို့ အပီဟော့တဲ့ Gtalk လေးကိုပဲ ဆက်သုံးနေကြရတယ်။

အရိုးအရှင်းဆုံးပုံစံနဲ့ အကောင်းဆုံးဝန်ဆောင်မှုကို Gtalk က ဆက်ပေးနေတုန်းပါပဲ။ ဒါလေးနဲ့ သူ့မျက်နှာ ကျွန်တော် မမြင်ရပေမဲ့လည်း ကျွန်တော် သူ့အသံကို စိတ်ကူးထဲမှာ မျက်နှာကို မြင်ယောင်ပြီး မှန်းဆ စကားပြောခဲ့ကြတယ်။ ဒီလိုပဲ ကျွန်တော်တို့ ချစ်ခဲ့ကြပါတယ် ၊ လွမ်းခဲ့ကြပါတယ် ၊ မြတ်နိုးခဲ့ကြပါတယ် ၊ တွယ်တာ သံယောဇဉ်ကြီး ဘဝခရီးကို တိုင်ပင်ခဲ့ဖူးတယ်။ သူ့ရင်ခုန်သံတွေကို နားထောင်ရင်း ကိုယ့်ခံစားချက်တွေ ဝေမျှ ကျွန်တော်တို့ ပျော်ခဲ့ကြသည်။

ဒါပေမဲ့ .......................................................................

တစ်ရက်မှာတော့ ကျွန်တော် Gtalk ကို အလွန်မုန်းခဲ့ပါသည်။ Gtalk ကို မုန်းရတဲ့ အကြောင်းကတော့ Gtalk မှာ ပါတဲ့ Block ဆိုတဲ့ အရာကြောင့်ပါပဲ။ ချစ်သူကို လွမ်းလို့ ကျွန်တော် Online မှာ မျှော်သည် ၊ သူကို မတွေ့။ ရက်တွေ ကူးလာတော့ ကျွန်တော် သိထားသော Gtalk's Block စစ်နည်းလေးနဲ့ စစ်ကြည့်လိုက်တော့ . . . . .သူ ကျွန်တော့်ကို Block ထားတယ်။ ကျွန်တော် မယုံကြည်နိုင်ဘူး။ ဘာပြဿနာမှလည်း မရှိပဲ .၊ သူ ကျွန်တော့်ကို ဘာလို့ Block ရတာလဲ။

ကျွန်တော် ပွင့်လင်းစွာ သိချင်ပေမဲ့ ဘာကိုမှ သိခွင့်မရ ၊ ထိုကာလ အတောအတွင်းမှာ နေမကောင်းဖြစ်နေတဲ့ ကျွန်တော့်ကို သူက ပိုပြီး စိတ်ညစ်ရမှာ စိုးလို့ သူ့ ကိစ္စတချို့ကို မပြောတာလို့ ပြောတယ်။ ဒါဟာ ဖြေရှင်းချက် မဟုတ်ပါ။ ဒီလိုနဲ့ပဲ ကျွန်တော်ရဲ့ သေချာစွာ မသိရမှု နဲ့ သူရဲ့ ပွင့်လင်းစွာ မဖြေရှင်းမှုတွေကြောင့် စကားလေး ၆ မိနစ်ကြာပြောပြီး လပေါင်းများစွာ တူညီခဲ့တဲ့ ရင်ခုန်သံတွေ ၊ နှစ်ပေါင်းများစွာ မျှော်တွေးထားတဲ့ အနာဂတ်တွေ ကွယ်ပျောက်သွားခဲ့တယ်။

ကျွန်တော့်ရင်ထဲမှာ ဘယ်လို ဖြစ်နေတယ် လို့ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပြချင်တော့ပါ။ သိုသော် အဓိက အားဖြင့် ကျွန်တော် ဘယ်လိုမှ ဆက်ပြီး မထိန်းသိမ်းနိုင်ခဲ့သော နေရာ တစ်ခုကတော့ သူငယ်ချင်းတွေ စုပြီး လပေါင်းများစွာ တည်ဆောက်ထားခဲ့ရတဲ့ “ ဖန်တီးနိုင်စွမ်းသော အချစ် ” ဆိုတဲ့ ဆိုဒ်လေးမှာ ကျွန်တော် သူများတွေရဲ့ အချစ်ရေးရာ မေးမြန်မှုမှာ အခုတော့ ဝင်မဆွေးနွေးနိုင်တော့ပါ။ ကျွန်တော် ထိုဆိုဒ်က ထွက်ချင်ပေမဲ့လည်း သူငယ်ချင်းတွေက နားလည်ပေးပြီး ဆက်နေဖို့ပြောကြတယ်။

ထိုဆိုဒ်လေးရဲ့ ဆွေးနွေးခန်းတွေမှာ ကျွန်တော် ဝင်ရောက် ဆွေးနွေးနေကြ ၊ ဖြေနေကြလေ။ အခုတော့........။ အရင်ကဆို ဒီလို ပွင့်ပွင့်လင်းလင်း မမေးရဲသူတွေက ကျွန်တော့်ကို Mail ပို့ပြီး မေးတတ်ကြတယ်။ ကျွန်တော်ကလည်း ဆိုဒ်ထဲမှာရော ၊ Mail မှာပါ ၊ သိသလောက် အစွမ်းကုန် ဖြေခဲ့ပါတယ်။

အခုတော့ သူတို့ အဖွဲ့လေးတွေမှာ မေးမြန်းထားတာ ၊ ဆွေးနွေးထားတာ ၊ Mail ပို့ပြီး မေးထားတာတွေကို ကျွန်တော် သူတို့အဆင်ပြေ ၊ ကျေနပ်အောင် ပြန်မဖြေနိုင်တော့ပါ။ ဘာလို့ ဒီလို ပြန်မဖြေနိုင်တော့တာလဲ ဆိုရင် ကျွန်တော့်မှာ ပြောစရာ ၊ ဖြေစရာ တစ်ခုပဲ ရှိပါတယ်။ ဒါကတော့ ........


“ ကျွန်တော် ကိုယ်တိုင် မပျော်ရွှင်နိုင်သေးပါ . . . .
ကျွန်တော် အသည်းကွဲနေသည်။ ”


ကိုဇော် ခံစားပုံဖော်သည်။


http://zaw357.multiply.com/journal/item/761 မှာ 18.11.2009 က ရေးထားတာပါ။

.
Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

ညလင်းအိမ် said...

ကိုဇော်ရေ ထပ်တူထပ်မျှ ခံစားဖူးပါတယ် ...
ခုတော့လည်း Gtalk မှာ မီးနီလေးပဲ တွေ့ရမလား ...မီးစိမ်းလေးနဲ့ပဲ တွေ့ရမလား စောင့်မျှော်နေရတုန်းဗျို့ ...

ဏီလင်းညို said...

ကိုဇော်ရေ.......
ဒီကတော့......စိမ်းစိမ်းနီနီ....အရေးမစိုက်ပေါင်ဗျာ......။
ရှိမှ မရှိတာကိုး........ဟီးးးးးးး
ခင်မင်တဲ့
ဏီလင်းညို

Violet Noble said...

အသည်းကွဲခဲ့မှန်း အခုမှပဲ သိလိုက်ရတော့တယ်။ :P

Anonymous said...

hello!This was a really brilliant website!
I come from itlay, I was luck to come cross your Topics in baidu
Also I learn a lot in your website really thanks very much i will come every day

Unknown said...

I like too.many thanks.

မိုးယံ said...

အသည်းကွဲတယ်ဆိုတာ ချစ်ခဲ့ရဖူးလို့ ဆိုတော့ ချစ်ခဲ့ရတဲ့ ပုံရိပ်တွေကို ပြန်တွေးရင် ကြည်းနူးကြည့်ယုံနဲ့ ဖြေသာပါတယ်လေ...ခိခိ