မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 March 2010

2 မျက်မှန်တပ်ကြည့်သူများ



“ ဘယ်လိုလဲ တာခတ်။ ငါ့ အကြွေး မင်း ပေးတော့မလား။ ”

ဒီလို ညစ်နေတဲ့ အချိန်မှာ ဒါဗာဆား လို လူမျိုးနဲ့ လုံးဝ မတွေ့ချင် ၊ ဒါဗာဆားက သူများကို စိတ်ညစ်အောင် လုပ်တဲ့ နေရာမှာ နှစ်ယောက် မရှိ။

“ တောင်းပန်ပါတယ်ဗျာ။ ကျွန်တော့်မှာ မရှိလို့ပါ။ ”

“ ဟ . . . မရှိဘူး ဆိုတာနဲ့ ပြီးရောလား။ မရှိ ၊ ရှိအောင်လုပ်ပေါ့ကွ သူများဆီက ယူတုန်းက ယူထားပြီး။ ”

“ ကျွန်တော့်မှာ ကံက တစ်ချက်လေးမှ မကောင်းခဲ့လို့ပါဗျာ။ ”

“ ဟ . . . ကိုယ့်ဖာသာ ဖြစ်တာကို ကံကို လွှဲမချနဲ့လေကွာ။ မင်းကို ငါ တစ်ခု ပြောမယ်။ ”

ပြောပါ ဆိုသော မျက်နှာနဲ့ သူက မော့ကြည့်လိုက်တော့ ဒါဗာဆားက . . .

“ အူရ်ဖာ ကနေ ပြန်လာတဲ့ ခရီးသည် တစ်ယောက်က ပြောတယ်။ အဲဒီက သူဌေး တစ်ယောက်က ကျောက်တစ်မျိုးကို အလွှာပါးလေး ဖြစ်အောင် လွှာပြီး သူ့အိမ်မှာ အချပ်လိုက်လေး ကာထားတယ်။ သူ့ရည်ရွယ်ချက်ကတော့ အပြင်ကို မြင်ရမယ် အိမ်ထဲလည်း မိုးရေ မဝင်ဘူးပေါ့။

ဒါပေမဲ့ ဒီကျောက် အရောင်က အဝါရောင် ဖြစ်နေတော့ သူအပြင်ကို သူကြည့်သမျှတွေကလည်း အဝါရောင်တွေပဲ ဖြစ်နေတယ် တဲ့။ ဒါ ဖြစ်နိုင်ပါ့မလား။ ”

“ ဖြစ်နိုင်တာပေါ့။ ”



“ မှန်တယ်။ ဘာလို့ ငါ ဒီလို ပြောနိုင်တာလဲ ဆိုတော့ ငါကလည်း အရင်က ဒီလိုပဲ လောကကြီးကို အရောင်ပါတဲ့ မှန်နောက်ကနေ ကြည့်ခဲ့ဖူးလို့ပဲ။ အရောင်ပါတဲ့ မှန်နောက်က ကြည့်နေမိတဲ့ အချိန်က စပြီး ငါ လောကကြီးရဲ့ အမှန်တရားတွေ ဆိုတာကို ဘယ်လိုမှ မမြင်နိုင်တော့ဘူး။

ဒီအချိန်မှာ ကံကြမ္မာကောင်းတွေ ဆိုတာလည်း ဘယ်လိုမှ ရောက်မလာဘူး။ ကိုယ်က လောကကြီးကို ကြည့်တဲ့ အခါမှာ အရောင်မပါတဲ့ မှန်နောက်က ကြည့်မှ ကိုယ့်ရဲ့ အမြင်တွေကလည်း ကြည်လင်လာစေနိုင်တယ်။


အထက်ပါ စာသားလေးတွေကတော့ Richest Man In Babylon စာအုပ်ထဲက စာ အပိုင်းအစများပါပဲ။


ဒီလိုပဲ ကျွန်တော်တို့ ဘဝမှာလည်း အရောင်ပါသော မျက်မှန်မည်းကြီးကို တပ်ပြီး . .

“ လောကကြီးက မှောင်မည်းလှချည့်လား။ ”

လို့ ပြောခဲ့မယ် ဆိုရင် ဘေးက လူတွေက ပါးစပ် အဟောင်းသားလေးနဲ့ ဖြစ်နေကြမှာပါပဲ။ သူတို့ အတွက်ကျတော့ လောကကြီးက ကြည်စင်လို့ နေပါတယ်။ သူတို့မှာ အရောင်ပါသော မျက်မှန် တပ်ထားခြင်း မရှိပဲကိုး။

တကယ်ဆို ဒီကမ္ဘာလောကကြီး သာယာလှပတယ် ၊ မလှပဘူး ဆိုတာ ကိုယ့်မှာ တပ်ထားတဲ့ “ အတ္တ ၊ မာန ၊ မာန် ၊ လောဘ ၊ မောဟ ၊ အာဃာတ ၊ မစ္ဆရိယစိတ် ” ဆိုတဲ့ အရောင်ပါသော မျက်မှန်နောက်မှ မျက်လုံးတွေဖြင့် လူတွေ ၊ လောက ၊ ဘဝ ၊ သဘာဝကြီးကို ကြည့်ခြင်း ၊ မကြည်ခြင်းနဲ့ပဲ ဆိုင်ပါတယ်။

ဒါကြောင့် ဒီကမ္ဘာလောကကြီး သာယာတယ် ၊ မသာယာဘူး ၊ လှပတယ် ၊ မလှပဘူး ဆိုတာ သိဖို့ မိမိမှာ တပ်ထားတဲ့ အရောင်ပါသော မျက်မှန်များကို အရင်ဆုံး ချွတ်ထားလိုက်ပါ။ ဒါမှသာလျှင် ကြည်လင်လှပသော ကမ္ဘာလောကကြီးကို မြင်ရပါလိမ့်မယ်။


မူရင်း ဖတ်ချင်သူများ ဒီနေရာ မှာ နည်းနည်းတော့ ရှာဖတ်ရပါလိမ့်မယ်။


ကိုဇော် ခံစားပုံဖော်သည်။


.
Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

ချစ်ကြည်အေး said...

မျက်မှန် အစိမ်းတပ်ထားတယ် မောင်လေးရေ...လောကကြီး စိမ်းလန်းစိုပြေအောင်...:)

Flower said...

နေပူတဲ့ရက်တွေတော့ မျက်မှန်အနက်တော့ တပ်ပါရစေ
မဟုတ်ရင် မျက်စိစူးတယ်လေ
အမြင်၂မျိုးမြင်တော့ပိုပြီး အမြင်ကျယ်မလားလို့ပါ
မြင်ချင်ရာကို တစ်ယူသန်မြင်နေတာထက်စာရင်
၂မျိုးမြင်တာ ပိုကောင်းမလားလို့လေ. :)