မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 March 2010

2 ဒီလောက်တော့ နှုတ်ဆက်သင့်ပါတယ်ဗျာ



ဟိုနေ့က ကျွန်တော် ဈေးဝယ်ဖို့ Mall သွားမယ် ဆိုပြီး အိပ်ယာက စောစောထ ၊ ရေချိုးပြီး စက်ဘီးကို ဆွဲလိုက်တော့ ကျွန်တော် စက်ဘီး နောက်ဘီးက လေနည်းနေတယ်.။ Mall က မဝေးပါ..။ အားရင်တော့ ညနေစောင်း လမ်းလျှောက် သွားနေကြ.။ ကားစီးသွားရင် ၃ မှတ်တိုင်ပဲရှိတယ်.။ ဒါပေမဲ့ ကျွန်တော်တို့ အတွက် ဈေးဝယ်သွားရင် သိပ်ပြီးအဆင်မပြေလှပါ.။ နိုင်ငံသားတွေကတော့ ကားတွေနဲ့ Mall ထဲအထိ ဝင်ပြီး ဝယ်စရာရှိတာ ဝယ်ပြီးရင် ကားထဲ ထည့်ပြီး မောင်းသွားရုံပဲလေ.။ ဆိုင်ကယ်လည်း အတူတူပဲ ဆိုပါတော့..၊ ကိုယ်တွေကျတော့ ဘယ်မှာလည်း ကား ၊ ဆိုင်ကယ် ..။ ဘတ်စ်နဲ့ ဆိုရင် မစားသာလှ.။

အထူးသဖြင့် တစ်ပတ်တစ်ခါ ဈေးဝယ်တာဆိုတော့ ပစ္စည်းက များတယ်လေ.။ ဒီတွေကို ကိုင်ပြီး Mall ကနေထွက်ပြီး မှတ်တိုင်ရောက်အောင်တောင်မှ တော်တော်သွားရတယ်.။ ကျွန်တော့်လို နှစ်ပတ်စာ တစ်ခါတည်း ဝယ်တဲ့ သူဆိုတော့ ပိုတောင်မှ ဆိုးသေး..။ ဒါတွေကို သယ်ပြီး ကားမှတ်တိုင်သွားရမှာ မသိရင် အီရတ်စစ်မြေပြင်ထွက်တဲ့ အမေရိကန်စစ်သားလိုလို...။ ဒါမှ မဟုတ်...အိမ်ပဲ ပြောင်းလာတာလားပေါ့..။ ပိုဆိုးတာက ဘတ်စ်ပေါ်မှာ အားနာတယ်.။ ဒါကြောင့် ကျွန်တော် စက်ဘီးနဲ့ပဲ သွားတယ်.။ သူတို့ ဆိုင်ကယ်ရပ်တဲ့နေရာမှာ သေခတ်ထား လိုက်ရုံပဲ.။ လုံခြုံရေးလည်း ရှိတယ် .။ ကွိုင်မရှိဘူး.။

ဝယ်စရာရှိတာ ဝယ်ပြီးရင် အထုပ်တွေကို ကယ်ရီယာနဲ့ ရှေ့ကခြင်း ပြီးတော့ လက်ကိုင်မှာ ချိတ်ပြီး အတွင်းလမ်းက နင်းလိုက်ရုံပဲ..အေးဆေး.။ နောက် စက်ဘီးလေးနင်းလာပြီး ကိုယ့်အိမ်ရှေ့ထိရောက်တယ်လေ.။ လွယ်မှလွယ်...။ ခုတော့ ခက်နေပြီ..။ စက်ဘီး နောက်ဘီးက လေမရှိဘူး.။ ပေါက်နေတာလား. တစ်ယောက်ယောက် နောက်ပြီး လျှော့သွားတာလား.။

သိပ်တော့ ကိစ္စ မရှိသေး.။ ကိုယ့်အိမ်ဘေးနားမှာ တင် ဓါတ်ဆီဆိုင်တွေက ၃ ဆိုင်ရှိတယ်.။ Shell , Petronus , BHP ။ ဒီဆိုင်တွေက ဆီဝယ်သူတွေအတွက် အဆင်ပြေအောင် လေထိုးတံ ၊ ရေတိုင်ကီ ရေဖြည့်ဖို့ ရေ အလာကား ပေးထားတာ.။ အဲ..ကိုယ့်ဖာသာတော့ ထိုးရတာ...၊ ဖြည့်ရတာပေါ့လေ.။ ဒါကတော့ ဘယ်သူမဆို လုပ်တတ်တာပဲလေ.။

ဒါနဲ့ စက်ဘီးလေး တွန်းသွားပြီး အနီးဆုံး BHP မှာ လေထိုးဖို့ သွားလိုက်တော့..ROSAK တဲ့ ရေးထားတယ်.။ မလေးလိုပါ.။ “ ပျက်နေတယ် ” ဆိုပါတော့.။ ဘာမှ မဖြစ်သေးဘူး.။ ၃ ဆိုင်တောင်မှ ရှိတာလေ.။ တစ်ဆိုင်မရ နောက် တစ်ဆိုင်ပေါ့.။ ဒါနဲ့ BHP နဲ့ ကပ်လျှက် Patrouus ကိုသွားတော့ ဘာမှတော့ မရေးထားဘူး.။ ထိုးဖို့ ခေါင်းကောက်ကိုင်လိုက်တော့ ခေါင်း နှစ်ဖက်မှာ တစ်ဖက်က ကျိုးနေတယ်.။ ကျိုးနေတဲ့ ဘက်က စက်ဘီး ၊ ဆိုင်ကယ်ကို လေထိုးတဲ့ ဘက်..။

ဒါနဲ့ပဲ နောက်ဆုံး Shell ဆီကို လာခဲ့တယ် ။ လူက ရင်တောင်မှ ခုန်လာတယ်.။ ဒီရောက်တော့လည်း လေထိုးပိုက်က လေမလာ.။ ခလုပ်တွေ အတင်အချလုပ်တယ်.။ မရဘူး.။ နောက်ဆုံး ဆီဆိုင်က လူတွေကို မေးလိုက်တော့မှ ကွန်ပရက်ဆာ ပျက်နေတယ်တဲ့.။

စိတ်တောင်မှ ညစ်သွားတယ်.။ ဒါဆိုရင်တော့ ဘတ်စ်နဲ့ပဲ သွားရတော့မှာပဲ.။ ကျွန်တော် ဈေးဝယ်တယ် ဆိုပေမဲ့ အဓိက ဝယ်တာက Coke တွေပါ.။ ဒါကြောင့်လည်း လေးတာ.။ အခုတော့ နောက်နေ့မှ Coke တွေ ဝယ်တော့မယ် ဆိုပြီး အခန်းကို ပြန်လာတော့.. လမ်းမှာ BHP ဆီဆိုင်ကို ဖြတ်တော့ ကျွန်တော့်ကို နောက်ကနေ လှမ်းခေါ်တာ ကြားလိုက်ရတယ်.။ လှည့်ကြည့်လိုက်တော့ Coke ဘူးတွေ လိုက်ကောက်တဲ့ လူကြီးတစ်ယောက်..။ ပိန်ပိန်ပါးပါး နဲ့ သူ့လက်တွေက အကြောတွေ ထနေတယ်.။ ကျွန်တော် သူ့နားရောက်တော့..

“ မင်း ခုန လေသွားထိုးတာလား.။ ”

“ ဟုတ်ကဲ့..။ မရပါဘူးဗျာ...။ အားလုံးပျက်နေကြတယ် ။ ”

“ ဟုတ်လား..။ ငါ့မှာတော့ လေထိုးပိုက်ပါတယ်.။ မင်းထိုးချင်လား.။ ”

“ ဟုတ်...။ ထိုးချင်တယ်.။ ကျွန်တော့်ကို ပေးထိုးမလား.။ ”

သူ ပြုံးပြီး ခေါင်းငြိမ့်ပြတယ်.။ နောက်...သူအရှေ့ခြင်းထဲမှာ ထည့်ထားတဲ့ လေထိုးပိုက်လေးကို လှမ်းပြီး ကမ်းပေးတယ် ။ ကျွန်တော့်ရဲ့ လက်ထဲရောက်လာတဲ့ လေထိုးပိုက်လေးကို ကြည့်လိုက်တော့ သူ့လေထိုးပိုက်လေးကလည်း သူလိုပဲ အိုနေတယ်.။ ပြီးတော့ သူ့လေထိုးပိုက်ကို ကျွန်တော် ဘယ်လို ထိုးရမှန်း မသိဖြစ်နေတာပဲ.။ သာမာန်လေထိုးပိုက်တွေလို လေထွက်ပိုက်လေးကို ကျွတ်တိုင်မှာ ညှပ် မြေမှာ အောက်ကို ထောက်ပြီး အပေါ်က ထိုးတံနဲ့ ထိုးရတဲ့ လေထိုးပိုက်မျိုး မဟုတ်ဘူး.။

သူ့လေထိုးပိုက်က တမျိုး ၊ ဒါကို ကျွန်တော် ကြည့်ပြီး ခေါင်းကုတ် ၊ ဖင်ကုတ် ဖြစ်နေတယ် ။ ထိုးတံထွက်လာတော့လည်း ထိုးပုံက ပုံစံ မကျ မရဘူး.။ မဝင်ဘူး.။ သူကတော့ ကျွန်တော် လေထိုးနေပြီ မှတ်ပြီး သူ့ဖာသာ အမှိုက်ပစ်ထားတဲ့ ပုံးလေးထဲက Coke ဗူးခွံတွေ လိုက်ရှာနေတယ်.။ နောက်မှ သူ ကျွန်တော့်ကို လှည့်ကြည့်ပြီး..

“ အဆင်ပြေလား.။ ”

“ မပြေဘုူးဗျ..။ ကျွန်တော် မထိုးတတ်ဘူး.။ ”

ဒီတော့မှ သူက ကျွန်တော့်လက်ထဲမှာ သူ့လေထိုးတံလေးကို မြေမှာ ထောက်ပြီး သူ လေထိုးတယ်.။ သူလေထိုးတံနဲ့ သူကျတော့လည်း အထာကျနေလို့ ထင်တယ် .။ လွယ်လွယ်လေးနဲ့ ဝင်သွားတယ်.။ သူလေထိုးရင်းနဲ့ ကျနော့်ကိုတောင်မှ ပြုံးပြလိုက်သေးတယ် ။ သူ့လေးထိုးတံက ထိုးတံကို မြေမှာ စိုက်ပြီး လေအိုးကို အပေါ်မှာ ကိုင်ထိုးရတာ..။ ဘယ်လိုကြီးမှန်း မသိဘူး.။ ဒါပေမဲ့ သူထိုးတော့ လေဝင်သွားတာကို ကျွန်တော့်စက်ဘီးလေး လေပြည့်လာခြင်းက သက်သေပြနေတယ်.။ နောက်တော့ ပြည့်သွားတယ်.။

ကျွန်တော် ကြည့်လိုက်တော့ တကယ်ကို ကျွန်တော့်စက်ဘီလေး လေပြည့်သွားတာဗျာ.။ ဘယ်သူက နောက်ပြီး လေလျှော့သွားတာလဲ မသိဘူး.။ ခုတော့ စက်ဘီး ဘီးက ကျွတ်က မပေါက်ကြောင်းတော့ ပြောနေပါပြီ.။ ကျွန်တော့် စက်ဘီးလေး လေထိုးပြီးတော့ ဒီလူကြီး ကျွန်တော့်ကို ဘယ်လိုလဲ ဆိုတဲ့ ပုံစံနဲ့ ပြုံးပြီး ကြည့်တယ် ။ ကျွန်တော် ပြန်ပြုံးပြလိုက်တယ်.။ နောက် သူ မထင်တာ တစ်ခု ကျွန်တော် လုပ်လိုက်ပါတယ်.။

ဒါကတော့ သူ့ကို လက်ကမ်းပေးလိုက်တာ...ပြီးတော့ ပါးစပ်ကလည်း ကျေးဇူး တင်ပါတယ် ” လို့ ပြောလိုက်ပါသေးတယ်.။ ကျွန်တော် ကမ်းပေးတဲ့ လက်ကို သူ ကြည့်ပြီး ကျွန်တော့်မျက်နှာကို သူ အံ့သြသလို ပါးစပ်ဟနေတယ်.။ ပြီးတော့ အမှိုက်တွေ ၊ ဖုံတွေနဲ့ ပေနေတဲ့ သူလက်လေးကို ပြန်ကြည့်နေတယ်.။ ကျွန်တော် သူလက်ကို ကိုယ်တိုင်ဆွဲပြီး ကျွန်တော် လက်ဆွဲနှုတ်ဆက်လိုက်တယ်.။ နောက် ပါးစပ်ကလည်း နောက်ထပ်တစ်ခါ “ ကျေးဇူးတင်ပါတယ်ဗျာ.။ ” လို့ ထပ်ပြောလိုက်ပါသေးတယ် ။


နောက်တော့ ကျွန်တော် အချိန်မရှိတော့ဘူးလေ.။ ဈေးဝယ်ရဦးမယ်.။ ဒါကြောင့် သူကို ကျောခိုင်းပြီး ထွက်လာခဲ့တယ် .။ ကျွန်တော် ခပ်ဝေးဝေးရောက်တော့ သူ့ကို သတိရလို့ လှမ်းကြည့်လိုက်တော့ သူ ကျွန်တော် လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ လက်လေးကို ကိုင်ပြီး ကြည့်နေတယ်.။

ဒီတော့ ကျွန်တော် စက်ဘီးရပ်လိုက်ပြီး သူ့ကို ဆက်ကြည့်နေလိုက်တော့ သူ Coke ဗူးတွေ ဆက်ကောက်ဖို့ ဟိုဘက်လှည့်သွားတယ်.။ ဟိုဘက် မလှည့်ခင်မှာတော့ သူ့အကျှင်္ီလက်နဲ့ သူ့မျက်နှာကို သုတ်လိုက်တယ်.။ ဒါပေမဲ့ သူသုတ်လိုက်တာက နဖူးဆီကိုလည်း မဟုတ်ဘူး.။ နှုတ်ခမ်းတွေ ၊ မေးတွေလည်း မဟုတ်ဘူး.။ မျက်လုံးနေရာကို....။

တကယ်ဆို သူက ဘာပဲဖြစ်နေပါစေ.။ ဒီအချိန်မှာတော့ ကျွန်တော့်ကို ကူညီသူ တစ်ယောက်ပါ.။ သူသာ မကူညီခဲ့ရင် ကျွန်တော် ဈေးသွားဝယ်ဖို့ အခက်အခဲ ဖြစ်ရမှာပါ.။ ကျွန်တော် ကားနဲ့ သွားရမယ်.။ ပြီးတော့ လမ်းလျှောက်ရဦးမယ်.။ နောက် အထုပ်တွေဆွဲပြီး ဘတ်စ်ပေါ်မှာ ရှုပ်ဦးမယ်.။ ဒီလို ကိုယ့်ကို ကူညီသူ တစ်ယောက်ဟာ ဘယ်လို လူဖြစ်နေပါစေ ကျွန်တော်တို့ လက်လေးတော့ဆွဲပြီး နှုတ်မဆက်သင့်ဘူးဗျာ.။ တကယ်လို့ သူကသာ လိုလားခဲ့ရင် ကျွန်တော် ဝတ်ထားတာတွေ ပေချင်ပေသွားပါစေ ကျွန်တော် သူ့ကို ပွေ့ဖက် နှုတ်ဆက်ဖို့ လိုလာတယ် ဆိုရင်လည်း ကျွန်တော် ပွေ့ဖက် နှုတ်ဆက်ဦးမှာပါပဲ.။

ကျွန်တော့်လက်မှာ ပေသွားတာ ၊ ကျွန်တော့် အင်္ကျီမှာ ပေသွားတာတွေက ဆေးကြောလို့ ပြောင်နိုင်ပါတယ်ဗျာ.။ သူ့ကျေးဇူးကို ကျွန်တော် ဘယ်လို ဆေးလို့ ပြောင်မှာလဲ.။ ကျွန်တော်ဒီလိုပဲ တွေးမိတယ် ။


အဲဒီနေ့က သူ အင်္ကျီလက်နဲ့ မျက်လုံးနေရာကို သုတ်ပြီး သူလှည့်သွားတာကို ကျွန်တော် တွေ့တော့ ကျွန်တော် စိတ်မကောင်းခဲ့ပါ.။ လောကမှာ လူတွေ ဒီလောက်တောင်မှ ခံစားမှုတွေ ကွာခြားနေကြပြီလားလို့ပါ..။

ကျွန်တော် တစ်ခု ပြောဦးမယ်ဗျာ..။ အဲဒီနေ့က ကျွန်တော်လည်း ဈေးမသွားဖြစ် လိုက်တော့ပါ.။



ကိုဇော် ခံစားပုံဖော်သည်.။


http://zaw357.multiply.com/journal/item/703 မှာ 20.10.2009 က ရေးထားတာပါ။

.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

~ဏီလင်းညို~ said...

ကိုဇော်ရေ.....
ဖြစ်သင့်၊ လုပ်သင့်တဲ့ အလုပ်အမှန်ပဲဗျာ...။
လူတိုင်းမှာ ခံစားချက်ရှိတယ်လေဗျာနော့်....
ခင်မင်တဲ့
ဏီလင်းညို

Unknown said...

တကယ်ကို လေးစားအားကျ အတုယူစရာပါပဲ အစ်ကိုရေ လေးစားပါတယ် တကယ်ပါ