မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 March 2010

1 ဘုံဘိုင်ခေါင်းလေး





စာလေးတစ်ခု ဖတ်လိုက်ရတယ်။ ဒါပေမဲ့ ဒီစာလေးက တိုတိုလေး။ အဓိပ္ပါယ်ကတော့ ကျယ်ပြန့်ဖွံ့ဖြိုး နိုင်လွန်းလှတယ်။ သူ့စာလေးကို ကျွန်တော် အမြင်လေးအတိုင်း မြင်ကြည့်ရအောင်. . . ။ အဖြစ်အပျက်လေးက ဒီလို ပြောတယ်။

ကျွန်တော့် အလုပ်စားပွဲရဲ့ ခပ်လှမ်းလှမ်းမှာ ဘုံဘိုင်ခေါင်းလေး တစ်ခု ရှိတယ်။ ရုံးတွင်းရှိ လူများအားလုံး လက်ဆေးရာ နေရာလေး။ ဘုံဘိုင်ခေါင်းလေးရဲ့ အောက်က ကြွေဇလုံလေးက ဘုံဘိုင်ခေါင်းလေး အန်ချရာ ရေတွေကို စုစည်းသိမ်းဆည်းပေးတယ်။

ဒီ ဘုံဘိုင်ခေါင်းလေးကို ကျွန်တော် ကြည့်နေမိတာ အတော်ကြာခဲ့ပြီ။ ကျွန်တော် အပါအဝင် လူတိုင်း ဘုံဘိုင်လေးကို ဖွင့်ပြီး လက်ဆေးမိကြတယ်။ ပြီးတော့ လက်ဆေးပြီးရင် ဘုံဘိုင်လေးခေါင်းက ပိတ်တံလေးကို လှည့်ပြီး ပိတ်တတ်ကြတယ်။ ဒါက မထူးခြားပါ။ ထူးခြားတာက ဘုံဘိုင်ခေါင်းလေး။


ဟိုးအရင်က ဘုံဘိုင်ခေါင်းလေးတွေကို သံ ၊ ကြေးနဲ့ လုပ်ကြတယ်။ သံ ၊ ကြေးတွေက ရေနဲ့ ထိတွေ့တော့ သံကလည်း သံချေးတတ်တယ် ၊ ကြေးကလည်း ကြေးညှိတတ်တယ်။ ဒါကြောင့် ကြာလာတာနဲ့ အမျှ ကြပ်ပြီး အသုံးရခက်တယ်။ နောက်တစ်ခုက တန်ဖိုး ကြီးမြင့်တယ်။


အခု နောက်ပိုင်းတော့ ပလတ်စတစ်ခေတ် ဆိုတော့ ဘုံဘိုင်ခေါင်းလေးတွေက ပလတ်စတစ်နဲ့ ဖြစ်လာခဲ့တယ်။ ဈေးနှုန်းသက်သာ သလို သံချေး ၊ ကြေးညှိ တတ်ခြင်းမှလည်း ကင်းဝေးတယ်။ သံချေး ၊ ကြေးညှိတတ်နေလို့ ဘုံဘိုင်ခေါင်းလေး ဖွင့်ရကြပ်နေတယ် ဆိုတာလည်း မရှိ။ သံချေး ၊ ကြေးညှိတတ်နေလို့ ပိတ်ရခက်နေတယ် ဆိုတာလည်း မဖြစ်။

ဒါပေမဲ့ ခက်နေတာက လူတွေ။ ကျွန်တော် မြင်နေတယ် ၊ တွေ့နေတယ် ၊ ကြုံနေတယ် ၊ ကြားနေတယ်။ သူတို့ ခေတ်ရဲ့ ပြောင်းလဲမှုကို လိုက်ပြီး မပြောင်းလဲ နိုင်ကြ။ ပြောင်းလဲမှု အလိုက် လိုက်ပြီး မကျင့်သုံးနိုင်ကြ။ အရင်က သုံးခဲ့ဖူးသော သံခေါင်း ၊ ကြေးခေါင်းများကိုသာ စိတ်ထဲမှာ သူတို့ စွဲမှတ်ထင်ထားကြတယ်။

ပလတ်စတစ် ဘုံဘိုင်ခေါင်းလေးရဲ့ အပေါ်က ရေအပိတ် ၊ အဖွင့် ရစ်တံလေးက Power On / Off လို့ ခေါ်တဲ့ နည်းနဲ့ လုပ်ထားတဲ့ နေရာ။ သူ့မှာ များများစားစား မရှိ။ ရေလာရာ အဝလေးကို ရာဘာလေးနဲ့သာ ထိတွေ့ ပိတ်ဆို့ထားတယ်။ ဒီမျက်နှာပြင် နှစ်ခု ထိမိသွားလျှင် ရေပိတ်မိပြီ။ အင်အား သုံးစရာ မလို။ ဒီမျက်နှာပြင်လေး ပွင့်နေလျှင် ရေထွက်ကျလာမည်။ ဒါပါပဲ။

သို့သော် လူတွေမှာ ဒါကို သူတို့ ဂရုမပြုမိနိုင်။ သူတို့ ဟိုးအရင်က သုံးစွဲခဲ့ရဖူးပြီး သံချေး ၊ ကြေးညှိတွေကြောင့် ကြပ်နေတတ်တဲ့ ဘုံဘိုင်ခေါင်းတွေကိုသာ စိတ်ထဲမှာ စွဲထင်နေပြီး အခု ပလတ်စတစ် ဘုံဘိုင်ခေါင်းလေး အပေါ်မှာလည်း သူတို့ အင်အားသုံးကာ ပိတ်မိနေတတ်တယ်။ ဒီတော့ မျက်နှာပြင် နှစ်ခု ထိတွေ့တာနဲ့ သေချာ ပိတ်မိတတ်သော ပလတ်စတစ် ဘုံဘိုင်ခေါင်းလေး ခင်မျာမှာ အင်အား သုံးပြီး အတင်းပိတ်ကြပ်ခြင်း ခံရတော့ သူ့မှာ အရစ်ချော် ၊ အရစ်ပျက် ၊ အရစ်တွေ ကြပ်နေခဲ့တယ်။

ဒါဟာ ပလတ်စတစ် ဘုံဘိုင်ခေါင်းလေးရဲ့ အပြစ်တော့ မဟုတ်ပါ။ သူကတော့ သူ့ကို အတင်းကြပ်ရင်လည်း ခံရမှာ ဖြစ်သလို ၊ မပိတ်ပဲ ထားရင်လည်း ရေတွေ အန်ချပေးမှာပါပဲ။ သင့်တော်ရုံ ပိတ်မိတယ် ဆိုရင် ၊ ချင့်ချိန် အင်အားကို သုံးပြီး ပိတ်တတ်သူ ဆိုလည်း သူက ရေတစ်စက်မကျပဲ ပိတ်ပေးနေမှာပါ။ သေချာ မပိတ်သူနဲ့ အင်အားသုံးပိတ်တတ်သူတွေ လက်ထဲမှာတော့ ပလတ်စတစ်ခေါင်းလေးက သက်ဆိုးကြာရှည် ခံလေ့ မရှိ။

ဒါကြောင့် ပလတ်စတစ် ဘုံဘိုင်ခေါင်းလေးတွေ ခဏခဏ လဲရလေ့ရှိတယ်။

တစ်နေ့တော့ ကျွန်တော် လက်ဆေးပြီး အလုပ်စားပွဲမှာ ထိုင်နေတုန်း ကျွန်တော့်နောက်က သူငယ်ချင်း တစ်ယောက်က ပလတ်စတစ် ဘုံဘိုင်ခေါင်းလေးဆီမှာ လက်ဆေးနေတယ်။ သူက လက်ကို ဆပ်ပြာနဲ့ သေချာ ပွတ်ဆေးနေတယ်။ ဆေးပြီးတော့ စင်သွားပြီဆိုတော့ ဘုံဘိုင်ခေါင်းလေးရဲ့ လှည့်ပိတ်တံ နေရာလေးကို သူက လှည့်ပိတ်ပြီး ဘုံဘိုင်လေးဆီက ထွက်လာတယ်။



ဒါပေမဲ့ လှည့်ထွက်ရုံရှိသေး သူ့ရဲ့ လက်ကို သူ့ဖာသာ ပြန်ပွတ်ကြည့်ရင်း ဘုံဘိုင်ခေါင်း လှည့်တံလေးကို ပြန်ဖွင့်ပြီး ထပ်ဆေးတယ်။ သူ့မှာ မဆေးခင်က အရာ ဒါမှမဟုတ် တစ်ခုခု ပြန်ကပ်ပါ လာသလို ဖြစ်နေလို့ သူထပ်ဆေးတယ်။ ပြီးတော့ စင်သွားပြီ ဆိုပြီး သူ ဘုံဘိုင်ခေါင်း လှည့်တံလေးကို ပိတ်ပြီး လှည့်ထွက် မလို လုပ်တယ်။

လှည့်ထွက်မယ် ဆိုကာ ရှိသေး သူ့ရဲ့ လက်ကို သူ့ဖာသာ ရှုံပွပွ နဲ့ နမ်းကြည့်ပြီး နှာခေါင်းရှုံ့ကာ ဘုံဘိုင်လေးဆီကို ပြန်သွားပြီး လှည့်တံကို ပြန်ဖွင့်ပြီး သူ ထပ်ဆေးတယ်။ သုံးခါလောက် ဆေးပြီးတော့မှ သူ့လက်ကို သူ စင်ကြယ်သွားတယ် ဆိုပြီး သူ့ဖာသာ ယုံကြည့် စိတ်ချသွားတယ်။


ဘာလို့ သူ တစ်ခါတည်းနဲ့ ဘုံဘိုင်ခေါင်းလေးမှာ လက်ဆေးလို့ မပြောင်တာလဲ။ ကျွန်တော် လက်ဆေးရင် ဘာလို့ တစ်ခါတည်းနဲ့ သူလို့ လက်ထဲမှာ ဆပ်ပြာကြောင့် ချွဲနေတာမျိုး ၊ လက်မဆေးခင် တစ်ခုခုကြောင့် လက် ကောင်းစွာ မသန့်တာမျိုး မဖြစ်တာလဲ။ ကျွန်တော် စဉ်းစားကြည့်မိတယ်။

ငါ. . .ဘယ်လို လက်ဆေးလဲ..။
ငါ . ..ဘယ်လို လက်ဆေးလဲ. ။
ငါ . . ဘယ်လို လက်ဆေးလဲ. ။

ကျွန်တော် သိလိုက်ပြီ။ တကယ်တော့ ကျွန်တော့်သူငယ်ချင်းက သူ့လက်ကိုပဲ သူ ဆေးခဲ့တာပါ။ သူ လက်ဆေးမယ် ဆိုပြီး ဘုံဘိုင်ခေါင်းလေးဆီကို လာတော့ ရေကပွင့် မနေဘူးလေ။ ဒါကို သူ လက်ဆေးဖို့ ဘုံဘိုင်ခေါင်းလေးဆီက လှည့်တံလေးကို လှည့်ဖွင့်ရမယ်။ ဒီမှာတင် သူ့လက်မှာ ပေနေတဲ့ အရာတွေက ဘုံဘိုင်ခေါင်းလေးဆီမှာ ပေသွားတာပါပဲ။

သူကတော့ ဒါကို သတိမထားမိ။ သူ့လက်ကို သူ ပြောင်အောင် ဆက်ဆေးတယ်။ ပြီးတော့ သူ ဆေးပြီးပြီ ၊ သူ့လက်ပြောင်ပြီ ဆိုပြီး ရေကို ပိတ်ဖို့ ဘုံဘိုင်ခေါင်းလေးရဲ့ လှည့်တံလေးကို လှမ်းပိတ်လိုက်တယ်။ ဒီတော့ သူ လက်မဆေးခင်က ပေ နေတဲ့ လှည့်တံ နေရာလေးက အရာတွေက သူ့လက်ကို ပြန်ပေတော့တာပါပဲ။ ဒါကို သူက သတိမထားမိတော့ လက်မပြောင်ဘူး ထင်ပြီး ၊ ထပ်ဆေး ၊ ပြန်ပိတ် ၊ ပြန်ပေ ၊ ပြန်ဆေး ဖြစ်နေတော့တာပါပဲ။

ဒါဆို ကျွန်တော် လက်ဆေးတော့ ဘာလို့ မပေတာပါလဲ။ ကျွန်တော့် မသိစိတ်ကို ကျွန်တော် ပြန်စဉ်းစားကြည့်တော့ ကျွန်တော် လက်ဆေးလို့ ပြောင်ပြီ ဆိုရင် ဘုံဘိုင်ခေါင်းလေးရဲ့ ပတ်ဝန်းကျင် ဘုံဘိုင်ခေါင်းလှည့်တံလေးကိုပါ ရေလေးနဲ့ ဘာရယ် မဟုတ်ပဲ ဆေးလိုက်မိတော့ လှည့်တံ နေရာမှာ ပေနေတဲ့ ဆပ်ပြာ နဲ့ တစ်ခုခုတွေက ရေနဲ့ အတူ ပြောင်သွားတော့ ကျွန်တော် လက်ဆေးပြီး လှည့်တံလေးကို ပိတ်တော့ တစ်ခုခု လာပေ သလို ၊ ဆေးလို့ မစင်သလို မဖြစ်တော့တာပါပဲ။

တကယ်တော့ ဘာမှတော့ မဟုတ်ပါ။ ကျွန်တော်တို့ အားလုံး သတိမထား မိတာလေးတွေပါပဲ။ ကျွန်တော်တို့ ဘဝမှာရော ဘယ်လိုတွေ ကျင့်သုံးနေထိုင် တတ်ကြလဲ။

ပလတ်စတစ် ဘုံဘိုင်ခေါင်းလေးကို အင်နဲ့ အားနဲ့ ဖွင့် ၊ ပိတ် မိသူတွေလို ဖြစ်နေလား။

ပလတ်စတစ် ဘုံဘိုင်ခေါင်းလေးကို လျော့တိလျော့ရဲနဲ့ မထိတထိ ပိတ်မိသူတွေလို ဖြစ်နေလား။

ပလတ်စတစ် ဘုံဘိုင်ခေါင်းလေးကို လက်ဆေးပြီး ကိုယ်လက်ပြောင်ပြီ ဆိုပြီး ထွက်သွားတတ်လား။ ပြီးမှ ပြန်လာဆေး ။ ဒီလို ဖြစ်နေတတ်သလား။

ပလတ်စတစ် ဘုံဘိုင်ခေါင်းလေးကို လက်ဆေးပြီး သူ့ကိုပါ ရေလေးနဲ့ နည်းနည်းလေး လောက်တော့ ဆေးလိုက်တတ်တဲ့ အလေ့အကျင့် ရှိနေပါ သလား။

ဘာပဲ ပြောပြော လူတွေရဲ့ အကျင့်စရိုက် လက္ခဏာ ၊ သဘောထားများ ဆိုတာ ဒီမှာ ကွဲပြားသွားပါ လိမ့်မယ်။

Source;
ကျွန်တော့်စာတွေကို မူရင်းအတိုင်း ဖတ်ချင်တယ် ဆိုပြီး လင့်တောင်းသူများ အတွက်ပါ။ တကယ်တော့ နက်ထဲက တချို့ကို ရှာတာ ရှိသလို တချို့ကို ကျတော့ ကျွန်တော် အပြင်စာအုပ်ထဲက အချက်လေးတွေကို ဆင့်ပွားရေးတာ များပါတယ်။ ဒါကြောင့် လင့်ပေးပါ ဆိုလာပါက ကျွန်တော့်အတွက် အခက်တွေ့စေပါတယ်။

ကျွန်တော် ရေးသမျှတွေဟာ မြန်မာလူတွေ နားလည် သဘောပေါက်လွယ်မယ် ထင်သော စကားများနဲ့ ပြုပြင်ရေးသား ထားသောကြောင့် တိုက်ရိုက် “ ၏ ၊ သည် မရွေး ” ဘာသာပြန်ထားတာ အလွန်ရှားပါတယ်။ ကျွန်တော် ဖတ်မိလိုက်တဲ့ အထဲမှာ အစလေး တစ်ခု ၊ နှစ်ခု ဆိုရင် ကျွန်တော့်အတွက် တခြားသော အချက်အလက်တွေနဲ့ ဆင့်ပွားရေးထားတာပါ။

သို့သော် မူရင်း ဖတ်ချင်ပါတယ် ဆိုသောသူများ အတွက် ကျွန်တော် ယခု စာလေးကိုတော့ မူရင်းအတိုင်း တင်ပေးထားလိုက်ပါတယ်။ မူရင်း စာက မလေးရှားမှာ ထုတ်သော Metro Newspaper ထဲက စာလေး ၃ ကြောင်းထဲပါ။



ဒါကို ကျွန်တော်က ဆင့်ပွား ခံစားရေးသားထားတာပါ။ မူရင်းစာလေးကတော့ ဒီလိုပါ။

Tap water is used for multiple purposes.
But how to use your own thinking.

How to turn off after use, and it is your attitude.

ကိုဇော် ခံစားပုံဖော်သည်။





ယခုပို့စ် အတွက်ပါ။

.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

ညလင်းအိမ် said...

ကောင်းမွန်တဲ့ ပို့စ်လေးပါခင်ဗျာ...