မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 January 2010

0 အချစ်မှာ ဆားကလဲ မရှိမဖြစ် လိုအပ်တယ်




ဖြစ်စဉ် (၁)


ကျွန်တော့် သူငယ်ချင်းထဲမှာ သန့်ဇင် နဲ့ ဖွေးဖွေး ဆိုတဲ့ လင်မယားရှိပါတယ်။ နာမည်ကပဲ စားသွားတာလား မပြောတတ်ဘူး။ သူတို့ရဲ့ အိမ်ထောင်ရေးက အရမ်းအေးချမ်းတယ်။ မြင်သူ သမျှ သွားရည်ကျအောင် ပြဿနာ ကင်းတယ်။ ဘေးအမြင်မှာ အေးချမ်းလှတဲ့ သူတို့ ကျွန်တော့်ကိုပြောတယ်

“ သူတို့အိမ်ထောင်ရေးဟာ အရမ်းခြောက်ကပ်တယ်။ ပျော်စရာမရှိဘူး ၊ ပြဿနာမရှိပေမဲ့ ပျင်းစရာ ကောင်းတယ်။ ”

တဲ့။
ကျွန်တော် လေ့လာလိုက်တော့ သူတို့ရဲ့ ပျော့ကွက် ကို မြင်လာပါတယ်။ ဒါနဲ့ ကျွန်တော် ဒီ လို အကြံပေးပါတယ် ၊ ဒီလိုပါ . . . .



ဖြစ်စဉ် (၂)

အောင်စိုး နဲ့ ၀င်းဥမ္မာ တဲ့။ သူတို့ကတော့ လင်မယားက အရမ်းချစ်ပြီးမှ ယူကြတာပါ။ သဲသဲလှုပ်ကို ချစ်ကြတာ။ သူတို့ ပြောနေကြ စကား နဲ့ ပြောရရင် . . . .

“ နင့်ကို ငါ ဘယ်လောက်ထိ ချစ်လဲ ဆိုရင် နရင်းကို ဘယ်ပြန်ညာပြန် အုပ်ချင်လောက်အောင် ချစ်တာဟ..” ဆိုသလိုပါပဲ။ သူတိုကတော့ တွေ့တာနဲ့ ငြင်းကြ ၊ ခုန်ကြ ၊ သဘောထားကွဲလွဲကြ ၊ စိတ်ကောက်ကြ ၊ စကားမပြောပဲနေကြ ၊ ပြန်ချော့ကြ ၊ စိတ်ဆိုးပြေကြ ၊ စိတ်ပြန်ဆိုးကြ ၊ စိတ်ပြန်ကောက်ကြ ၊ ဒီလိုနဲ့ ရှုပ်နေတာပါပဲ။ သူတို့က ကျွန်တော့်ကိုပြောကြတယ်။ လင်မယား စိတ်ဆိုးနေတဲ့ အချိန်ပေါ့။

“ ငါတို့ အိမ်ထောင်ရေးကတော့ ကြာရင်လွယ်မှာ မဟုတ်ဘူး ၊ ကူညီပါဦး။”

တဲ့။
ကျွန်တော်လေ့လာလိုက်တော့ သူတို့ရဲ့ ပျော့ကွက်ကို မြင်လာပါတယ်။ ဒါနဲ့ ကျွန်တော် ဒီလို အကြံပေးပါတယ်။ ဒီလိုပါ . . . .



ဖြစ်စဉ် (၃)

သူတို့တွေကို ကျွန်တော်အကြံပေးတာကတော့ ...

“ ဒီလိုကွ . . . .ဟင်းတစ်ခွက်မှာ မပါမဖြစ်တာက ဆားကွ။ အိမ်ထောင်ရေး ၊ အချစ်ရေး မှာလဲ မရှိမဖြစ်တာက စိတ်ကောက်မှုပါပဲ။ ဒါပေမဲ့ သူကလဲ ဆားလိုပဲလေ။ ဟင်းတစ်ခွက်မှာ ဆား မပါရင် ပေါ့ရွှတ်ရွှတ် ပေါ့။ များသွားပြန်တော့လဲ စားမရတော့ဘူး။ ဒါကြောင့် အချစ်ရေး ၊ အိမ်ထောင်ရေးမှာ ဆား နဲ့တူတဲ့ စိတ်ကောက်မှု ကို အလိုရှိသလောက် သုံးစွဲဖို့လိုတာပေါ့ကွာ။ ”

ကျွန်တော် ပြောတာ သူတို ပထမ မယုံကြဘူး။ ဒါနဲ့ ကျွန်တော်က ဟင်းမျိုးတူ နှစ်ခွက် တစ်ခွက်ကပေါ့ပြီး တစ်ခွက်က ငန်နေရင် နှစ်ခွက်ရောပေါင်းလိုက်ရ သလို ၊ သူတို့ နှစ်တွဲ ကိုလဲ ပျော်ပွဲစား ထွက်လိုက်တယ်။ သူတို့ တစ်တွဲ ကို တစ်တွဲ အကဲ ခတ်ရင်းနဲ့ ပေါ့တဲ့ လူကလဲ ဆားလေးခတ်တတ်လာတယ်။ အရမ်းငန်နေတဲ့ လူတွေကလဲ ရေလေးထိုး ၊ အာလူးလေးရော တတ်သွားတယ်။

ခုတော့ သူတို့ အိမ်ထောင်ရေးတွေ သာယာစိုပြေနေပါပြီ။ ကျွန်တော့် ကို တွေ့တိုင်းလဲ သူတို့ ပြောကြတယ် . . .

“ မင်းပြောတာ ဟုတ်တယ်ဟေ့
၊ အချစ်မှာလဲ စိတ်ကောက်မှုဆိုတဲ့ ဆားလေးက လိုတယ်ကွ ၊ ပိုရင်သာ မကောင်းတာ ၊ ဒါမှ ပိုပိုချစ်တာကွ ၊ ကျေးဇူးပါပဲ။ ပဲခူးဆားကြီးရေ။”

တဲ့။
ကဲ . . . .ကောင်းကြသေးရဲ့လားဗျာ။ အကြံလဲ ပေးရသေးတယ်။




သူငယ်ချင်းတို့တွေလဲ ချစ်တဲ့သူ နဲ့ ပြောဆို ဆက်ဆံနေတဲ့နေရာမှာ ဆားလေးတွေ ထည့်သုံးနိုင်ပါစေဗျာ။

ကိုဇော်

http://zaw357.multiply.com/journal/item/245/245 မှာ 3.5.2009 ကရေးထားတာပါ။


Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: