မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


10 January 2010

0 အနုပညာ ၃ မျိုး

အနုပညာကို အမျိုးအစားခွဲခြားမယ် ဆိုရင် ( ၃ )မျိုး ရှိပါတယ် လို့ ကျွန်တော် ယူဆပါတယ်။

၁) ပန်းချီနှင့်တူသော အနုပညာ
၂) ပန်းပုနှင့်တူသော အနုပညာ
၃) ဂီတနှင့်တူသော အနုပညာ


၁) ပန်းချီနှင့်တူသော အနုပညာ

အနုပညာတစ်မျိုးရှိသည်။ ထိုအနုပညာသည် ထိ၍ ကိုင်၍သော်လည်း ဘာမှ မထူးခြား ပြင်ညီ ပြောင်ချောချောသာ ဖြစ်သည်။ တခြားတစ်ဖက်မှလည်း သူ့ကို သွား၍ကြည့်လျှင် ဘာမှ မြင်ရလိမ့်မည်မဟုတ်။ သူက တစ်ဖက်တည်းမှ ကြည့်မြင်ခံစားရသော အနုပညာဟု ခေါ်ဆိုနိုင်သည်။ ထိုအနုပညာကို “ ပန်းချီ ” ဟုခေါ်သည်။
သို့သော် သူ့၏ အနုပညာကို နားလည်သူမှသာ တန်ဖိုးထားတတ်သည်။

ထိုကဲ့သို့ အနုပညာကို “ ပန်းချီနှင့်တူုသော အနုပညာ ” ဟု ခေါ်ပါသည်။ တစ်နည်းအားဖြင့် တစ်ဖက်မြင် အနုပညာဟု ခေါ်သည်။


၂) ပန်းပုနှင့်တူသော အနုပညာ

အနုပညာတစ်မျိုးရှိသည်။ ထိုအနုပညာသည် ပန်းချီကဲ့သို့ တစ်ဖက်တည်းမှ ကြည့်၍ ရသော အနုပညာမျိုးမဟုတ်။ သူ့ကို ဘေးပတ်လည် ။ အထက်အောက်မှလည်း ကြည့်နိုင်သည်။ ပန်းချီကဲ့သို့ ကိုင်တွယ် စမ်းသပ်၍ မရသော အရာလည်း မဟုတ်။ သူက ကိုင်တွယ်ကြည့်၍လည်း သူ့၏ ပုံပန်းသဏ္ဍာန်ကို ပုံဖော်နိုင်သည်။ ထိုအနုပညာကို “ ပန်းပု ” ဟုခေါ်သည်။ သူက အဖက်ဖက်မှ ကြည့်မြင် ခံစားနိုင်သော အနုပညာ ဟု ခေါ်ဆိုနိုင်သည်။ သို့သော် သူ့၏ အနုပညာကို နားလည်သူမှသာ တန်ဖိုးထားတတ်သည်။

ထိုကဲ့သို့ အနုပညာကို “ ပန်းပုနှင့်တူသော အနုပညာ “ ဟု ခေါ်ပါသည်။ တစ်နည်းအားဖြင့် အဖက်ဖက်မှ ကြည့်မြင်နိုင်သော အနုပညာဟု ခေါ်ဆိုနိုင်သည်။


၃) ဂီတနှင့်တူသော အနုပညာ

အနုပညာတစ်မျိုး ရှိသည်။ ထိုအနုပညာမှာ ကြည့်၍လည်း မမြင်နိုင် ၊ ကိုင်တွယ် စမ်းသပ်၍လည်းမရ။ ရှေ့တည့်တည့် ၊ အထက်အောက်ဝန်းကျင်မှလည်း ကြည့်၍ မမြင်နိုင်။ သို့သော် သူက ဘာအသံ ၊ ဘာသံစဉ်ဆိုတာကို မသိသော သူတောင်မှ တစ်ခါမှ မကြားဖူးသော သံစဉ်ကို ချက်ချင်းခံစားနိုင်ပြီး စိတ်နှလုံးထဲသို့ ပျော်မွေ့စေကာ စည်းချက်လိုက်၍ ခြေထောက်လေးများ ၊ လက်ကလေးများ ၊ ခေါင်းလေးကို လိုက်လှုပ်စေမိတတ်သော အနုပညာဖြစ်သည်။ ထိုကဲ့သို့ အနုပညာကို “ ဂီတ ” ဟုခေါ်သည်။ သို့သော် ထို အနုပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရန် မလိုအပ် ၊ သိရှိခံစားနိုင်ရုံမျှဖြင့် ပြည့်စုံစေတတ်သည်။

ထိုကဲ့သို့သော အနုပညာကို “ ဂီတနှင့်တူသော အနုပညာ ” ဟုခေါ်သည်။ တစ်နည်း မမြင် ၊ မထိတွေ့နိုင်သော်လည်း သိရှိခံစားနိုင်သော အနုပညာ ဟုခေါ်ဆိုနိုင်သည်။

ဒါကြောင့် အနုပညာ သုံးမျိုးရှိပါတယ် လို့ ကျွန်တော် ယူဆပါတယ်။ ဒါဆိုရင် ရုပ်ရှင်က ဘာအနုပညာလဲ ဆိုရင် ရုပ်ရှင်ဆိုတာ “ ပန်းချီ အနုပညာနဲ့ ဂီတ အနုပညာ ” ကို ပေါင်းစပ်ထားတာပါ။ ဟိုးအရင်တုန်းကဆိုရင် ကျွန်တော့်တို့ ရုပ်ရှင်တွေဟာ အသံထွက် ဇာတ်လမ်းတွေ မဟုတ်သေးပါဘူး။ စကားပြောခန်း တစ်ခန်းပြီးရင် ကြားမှာ သူုတို့ပြောတဲ့ အသံကို စာတန်းထိုးပေးရပါတယ်။ ဒီတော့ ဇာတ်လမ်းကို ကြည့်ရတာ ရသ သိပ်မမြောက်ဘူးပေါ့ဗျာ။

ပြီးတော့ ကတ်ဆတ်ခွေ ဇာတ်လမ်းတွေ တင်ဆက်တဲ့ အခါမှာ ရုပ်ကို မမြင်ရပေမဲ့ အသံကို ကြားရတာနဲ့တင် ကိုယ့်ရဲ့ မျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်လာပြီး ဇာတ်ရုပ်ပေါ်လာပါတယ်။ ရုပ်ရှင်ထက် အဆင့်မြင့်တာကတော့ ဇာတ်ရုံတွေမှာ တိုက်ရိုက်ကပြတဲ့ ဇာတ်ပွဲတွေပါပဲ။ ဒါလို့လည်း ဆိုတော့ ပန်းချီလိုလည်း နောက်ခံရှုခင်းတွေပါတယ်။ မင်းသား ၊ မင်းသမီးတွေကိုလည်း တကယ်ကို အဖက်ဖက်က ဖြစ်အောင် မြင်နေရတယ်။ ပြီးတော့ တိုက်ရိုက် အသံတွေ ကြားနေရတယ်။

ဒါကြောင့် အနုပညာ သုံးမျိုးရှိပြီး.ထို အနုပညာတွေထဲမှာ ဘာမှ တတ်ကျွမ်းစရာ မလိုပဲ ခံစားနိုင်သော “ ဂီတ ” က အဆင်အမြင့်ဆုံးပါပဲ။ ဒီလိုပါပဲ..ဂီတ တစ်မျိုးတည်းမဟုတ်ပဲ။ ပန်းချီ ၊ ပန်းပုနှင့်တူသော အနုပညာများကိုပါ ပါဝင်ပေါင်းစပ်နိုင်သော အနုပညာက ပိုမိုပြီး အဆင့်မြင့်လာပါလိမ့်မယ်။

မှတ်ချက်။ ။ အထက်ပါ အချက်များသည် ကျွန်တော် တစ်ဦးတည်း၏ အမြင်သာ ဖြစ်ပါသည်။


ကိုဇော် ခံစားတင်ပြသည်။


.

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: